← Chapters

အခန်း (၂၁၂၉-၂၁၃၁)

Vol. 132 Ch. 2129-2131

အခန်း (၂၁၂၉-၂၁၃၁)

Vol. 132 Ch. 2129-2131

အခန်း (၂၁၂၉) ယိုကျိုးကို တုန်လှုပ်စေခြင်း

“အရှင် ဟောဟိုရှေ့မှာပါပဲ”

ရှေ့မှနေ၍ သတင်းပို့လာသော ယိုကျိုး သံချပ်ကာမြင်းတပ် စစ်သည်က ရှေ့သို့ လက်ညှိုးထိုးပြရင်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။

မိုင်အနည်းငယ်ခန့် ထပ်မံချီတက်ပြီးနောက်၊ ခဏအကြာတွင်မူ အဝေးဆီမှ အနောက်တောင်ဘက်ရှိ ရှေ့တန်းစစ်စခန်းကို လူတိုင်း မြင်တွေ့လိုက်ကြရတော့သည်။

လွင့်မျောနေသော နှင်းမှုန်များကြား၌၊ မှင်ကဲ့သို့ နက်မှောင်လှသော ဧရာမ မြို့ရိုးရှည်ကြီးတစ်ခုမှာ မြေပြင်ပေါ်၌ ခန့်ညားထည်ဝါစွာ မတ်တပ်ရပ် စိုက်ထူနေပေသည်။

သို့သော် ထိုစစ်သည် တင်ပြခဲ့သည်နှင့် ကွဲပြားနေသည်မှာ၊ ရှေ့တန်းစစ်စခန်း၏ အပြင်ဘက်ကို ဝိုင်းပတ်ထားသော ထို မြို့ရိုးကြီးမှာ လူတစ်ရပ်စာမျှသာ မြင့်မားသည် မဟုတ်ဘဲ၊ ပေ သုံးဆယ်၊ လေးဆယ်ခန့် (၁၀ မီတာကျော်) အထိ မြင့်မားနေခြင်းပင် ဖြစ်သည်။ ၎င်းမှာ ကြည့်ရသည်မှာ အလွန် ခန့်ညားလှသလို၊ မြင်တွေ့ရသူတိုင်း၏ အမြင်အာရုံကို ပြင်းထန်စွာ ရိုက်ခတ်နေပေသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မိုးကုပ်စက်ဝိုင်း အစွန်းတွင်၊ အနက်ရောင် နဂါးကြီး တစ်ကောင်အလား တွန့်လိမ်နေသော ထိုမြင့်မားလှသည့် မြို့ရိုးကြီးကို ကြည့်ရင်း၊ သတင်းပို့ရန် ပြန်လာခဲ့သော ယိုကျိုး စစ်သည်မှာ မျက်လုံးများ ပြူးသွားခဲ့ရကာ လုံးဝမယုံကြည်နိုင်သော အမူအရာ ဖြစ်နေတော့သည်။

ဤနေရာမှ အန်းတုန်း အစောင့်အရှောက် နယ်မြေဆီသို့ သွားလိုက် ပြန်လာလိုက်ဆိုလျှင် အချိန်တစ်နာရီခန့်သာ ကြာမြင့်ပေသည်။ သူ ထွက်ခွာလာစဉ်က ထို မြို့ရိုးရှည်ကြီးမှာ မပြီးစီးသေးသလို၊ လူတစ်ရပ်စာခန့်သာ မြင့်မားခဲ့ပြီး ဤမျှအထိ ပြင်းထန်သော ဖိအားမျိုးလည်း မရှိခဲ့ကြောင်းကို သူ ရှင်းလင်းစွာ မှတ်မိနေပေသည်။

သို့သော် သူ ပြန်ရောက်လာသည့် အချိန်မှာမူ၊ အဘယ်ကြောင့် ဤမျှအထိ ပြောင်းလဲသွားရသနည်း၊ တကယ်ကို မယုံကြည်နိုင်စရာပင် ဖြစ်တော့သည်။

“ဝုန်း”

အဝေးဆီရှိ ရှေ့တန်းစစ်စခန်းအတွင်း၌ မီးခိုးမည်းများမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်နေကာ နှင်းမုန်တိုင်းများကို ဖြတ်ကျော်လျက် ကောင်းကင်ယံသို့ တိုးဝင်နေပေသည်။ သံမဏိများ၏ တချွင်ချွင် မြည်သံများမှာလည်း နားထဲသို့ အဆက်မပြတ် တိုးဝင်လာနေသည်။

အန်းလုရှန်း၊ ကောင်းရှန်း၊ ထျန်းချန်းစီ နှင့် ချွေချန်းယုံ တို့မှာ အရှိန်အဟုန် ပြင်းစွာ လည်ပတ်နေသော ထို မြင်ကွင်းကို ကြည့်ရင်း၊ အမူအရာများမှာ တစ်ဦးပြီးတစ်ဦး အလွန်အမင်း လေးနက်သွားကြတော့သည်။

“အရှင် ဟိုမှာ ကြည့်လိုက်ပါဦး”

ထိုအချိန်မှာပင် ထျန်းချန်းစီ၏ အကြည့်များမှာ အဝေးသို့ ရောက်ရှိသွားခဲ့ပြီး၊ မြင့်မားလှသော တောင်ကုန်းငယ်တစ်ခုကို လက်ညှိုးထိုးပြရင်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ဤနေရာမှာ မဟာထန်၏ ရှေ့တန်းစစ်စခန်းနှင့် အတော်လေး ဝေးကွာနေသေးသော်လည်း၊ ထိုတောင်ကုန်းငယ်ပေါ်တွင် ရပ်ကြည့်မည်ဆိုပါက ရှေ့တန်းစစ်စခန်းအတွင်းရှိ အခြေအနေများကို မြင်တွေ့နိုင်မည့် တစ်ခုတည်းသောနေရာ ဖြစ်ပေလိမ့်မည်။

လူတိုင်း မြင်းကို အစွမ်းကုန် ကုန်နှင်လိုက်ကြရာ၊ များမကြာမီမှာပင် ထိုတောင်ကုန်းငယ်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားကြတော့သည်။

“ဒါက…”

လူတိုင်း တောင်ကုန်းထိပ်သို့ ရောက်ရှိသွားခဲ့ပြီး၊ အနက်ရောင် သံမဏိ မြို့ရိုးကြီးကို အစစ်အမှန် မြင်တွေ့လိုက်ရသည့်အခါ၊ ရှေ့တန်းစစ်စခန်းအတွင်းရှိ အခြေအနေများကြောင့်၊ ကြိုတင်၍ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြသော်လည်း၊ ဤအခိုက်အတန့်၌ လူတိုင်း၏ ကိုယ်ထည်မှာ တုန်ခါသွားခဲ့ရပြီး ပြင်းထန်လှသော ထိတ်လန့်မှုကို ခံစားလိုက်ကြရသည်။

လေဟာနယ်လွှာများကို ဖြတ်ကျော်လျက် ထိုမြို့ရိုးကြီးကို ကျော်လွန်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ရှေ့တန်းစစ်စခန်းအတွင်း၌လည်း အလွန်အမင်း အလုပ်ရှုပ်နေကြသည်ကို မြင်တွေ့ရသည်။ သံမဏိ မြို့ရိုးများမှာ တစ်ခုနှင့်တစ်ခု ရှုပ်ထွေးစွာ ချိတ်ဆက်နေကြပြီး၊ အတန်းလိုက်၊ အတန်းလိုက်ဖြင့် အတွင်းပိုင်း တစ်ခုလုံးကို ဖုံးလွှမ်းထားပေသည်။ ၎င်းမှာ ကြည့်ရသည်မှာ သံမဏိ ခံတပ်ကြီး တစ်ခုအလား ခံစားနေရစေသည်။

၎င်းမှာ သံမဏိ မြို့ရိုး တစ်ခုမျှသာ မဟုတ်တော့ဘဲ၊ တည်ဆောက်နေဆဲ ဖြစ်သော၊ ကျယ်ပြောလှသော ဧရာမ သံမဏိ မြို့တော်ကြီး တစ်ခုပင် ဖြစ်တော့သည်

“ဟူး…”

အေးစိမ့်လှသော အလင်းတန်းများ လက်ခနဲ ဖြတ်ပြေးသွားခဲ့ပြီး၊ တောင်ကုန်းထိပ်တွင် ငြိမ်သက်မှုများ လွှမ်းမိုးသွားခဲ့ကာ လေပြင်းများနှင့် နှင်းကျသံများကိုသာ ကြားနေရတော့သည်။ ထိုအခိုက်အတန့်၌ ရှေ့ကို ကြည့်နေသော လူတိုင်းမှာ တစ်ကိုယ်လုံး စိမ့်တက်သွားသော အေးစိမ့်မှုကို ခံစားလိုက်ကြရသည်။

သံမဏိ မြို့တော်ကြီး…

မသိမသာဖြင့် လူတိုင်း၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု လက်ခဲ ဖြတ်ပြေးသွားခဲ့သည်။ ဝမ်ချောင်၏ စစ်ဗျူဟာနှင့် စစ်ပွဲဆိုင်ရာ ကျွမ်းကျင်မှုများအပြင်၊ လောကတစ်ခွင် ကျော်ကြားလှသော အခြားသော စွမ်းဆောင်ရည်တစ်ခုကို သတိရသွားကြခြင်းပင် ဖြစ်သည်။

သို့သော် သူ ဝူရှန်းမြို့တွင် တည်ဆောက်ခဲ့သော သံမဏိ မြို့တော်နှင့် မတူညီသည်မှာ၊ မျက်စိရှေ့ရှိ ဤ သံမဏိ မြို့တော်မှာ များစွာပိုမိုကြီးမားလှပေသည်။

သို့မဟုတ်ပါက ၎င်းကို သံမဏိ မြို့တော်ဟု မခေါ်ဆိုသင့်တော့ဘဲ၊ သံမဏိ ခံတပ်ကြီးဟုသာ ခေါ်ဆိုသင့်တော့ပေသည်။

တည်ဆောက်နေဆဲ ဖြစ်သလို၊ တိုးတက်မှုနှုန်းမှာလည်း အံ့အားသင့်ဖွယ် ကောင်းလှသော သံမဏိ ခံတပ်ကြီး တစ်ခုပင် ဖြစ်ပေတော့သည်

“အရှင်……”

ထိုအချိန်မှာပင် အသံတစ်ခု နားထဲသို့ တိုးဝင်လာသည်။ အနောက်ဘက်မှ ကျောက်ကန်းမှာ လည်ချောင်းကို တစ်ချက် ရှင်းလိုက်ပြီး၊ တံတွေးကို မျိုချလျက် ရှေ့ကို ကြည့်ကာ စကားပြောရန် တွန့်ဆုတ်နေပေသည်။

ဤနေရာတွင် ရှိနေသော သူတို့အားလုံးမှာ တူညီသော အတွေးမျိုး ရှိနေကြသည်မှာ သိသာလှသည်။ ချွေချန်းယုံ၊ ပိုင်ကျန်ထော်လော့တို့၏ မျက်နှာပေါ်တွင်လည်း ပြင်းထန်လှသော စိုးရိမ်ပူပန်မှုများနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါ်ထွက်နေပေသည်။

ဤကောင်စုတ်များကို ဤအတိုင်း ဆက်လက် လုပ်ဆောင်ခွင့် ပေးလို့ မဖြစ်တော့ချေ။ သူတို့၏ မျက်စိရှေ့မှောက်တွင် ဤကဲ့သို့သော ကာကွယ်ရေး အဆောက်အအုံများကို တည်ဆောက်နေကြသည် မဟုတ်ပါလား။

အကယ်၍သာ တားဆီးလိုပါက ယခုတိုက်ခိုက်ခြင်းမှာ အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

“နောက်ဆုံးအသုတ် ရွဲ့လော့ဟယ်တွေ ဒီနေ့ ရောက်နိုင်မလား?”

ရှေ့တွင်ရှိသော အန်းလုရှန်းက ရုတ်တရက် မေးမြန်းလိုက်သည်။

လူတိုင်း တိတ်ဆိတ်သွားခဲ့ပြီး၊ နောက်ဆုံးတွင်မူ ထျန်းချန်းစီ ၏ အသံ ထွက်ပေါ်လာသည်။

“မဖြစ်နိုင်ပါဘူး”

ထိုအသံမှာ အလွန်ပင် ခြောက်ကပ်နေပေသည်။

သူသည် သတင်းအချက်အလက်နှင့် ကင်းလှည့်ရေးပိုင်းကို တာဝန်ယူထားသူ ဖြစ်သည်။ ယိုကျိုး၏အနောက်ဘက် မိုင်ရာနှင့်ချီသော နေရာများတွင် သူသည် စစ်သည်များနှင့် သူလျှိုများကို လွှတ်ထားသော်လည်း၊ ရွဲ့လော့ဟယ် စစ်သည်များ၏ ခြေရာလက်ရာကို လုံးဝရှာမတွေ့သေးချေ။

တောင်ကုန်းထိပ်တွင် လူတိုင်း တိတ်ဆိတ်သွားကြတော့သည်။

ဤ ခံတပ်ကြီးကို စတင်တည်ဆောက်သည့် အချိန်မှာ အလွန်ပင် ကောင်းမွန်လှပေသည်။ ယိုကျိုးမှလူများ အသင့်မဖြစ်သေးခင်အချိန်ကို ကွက်တိ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် မဟာထန်ဘက်မှာလည်း ယိုကျိုးကို တိုက်ခိုက်ရန် အကြောင်းပြချက် မရှိသေးသဖြင့်၊ ဂိုဂူလျော ကို တိုက်ခိုက်မည့် စစ်ကြေညာစာကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။ အကယ်၍ ယခုအချိန်တွင်သာ တိုက်ခိုက်မည်ဆိုပါက မဟာထန်နှင့် တရားဝင် လမ်းခွဲလိုက်ခြင်းနှင့် တူညီသွားမည်ဖြစ်ကာ မဟာထန်ဘက်ကလည်း မည်သည့် အဟန့်အတားမျှ ရှိတော့မည် မဟုတ်ပေ။

တစ်ခါ စတင်လိုက်သည်နှင့် ၎င်းမှာ နောက်ဆုံး အဆုံးအဖြတ် စစ်ပွဲကြီးသာ ဖြစ်ပေလိမ့်မည်။

ဤသည်မှာ လွယ်လင့်တကူ ဆုံးဖြတ်ချက်ချနိုင်သည့် ကိစ္စ မဟုတ်ချေ။

“ကောင်းရှန်း”

အန်းလုရှန်း က မျက်လုံးများကို ကျုံ့လျက် ရှေ့ကို ကြည့်နေပြီး ခေါင်းလှည့်မကြည့်ဘဲ ခေါ်လိုက်သည်။

ကောင်းရှန်း က စကားမပြောဘဲ ထိုနည်းတူပင် စဉ်းစားနေပေသည်။

“ခဏစောင့်ဦး အခုက တိုက်ခိုက်ဖို့ အချိန် မဟုတ်သေးဘူး”

ခဏကြာသော် ကောင်းရှန်း၏အသံ ထွက်ပေါ်လာခဲ့သော်လည်း အနည်းငယ်မျှပင် တွေဝေခြင်း မရှိပေ။

သည်းမခံနိုင်ပါက စီမံကိန်းကြီး ပျက်ပြားသွားလိမ့်မည် မဟုတ်ပါလော။ လက်ရှိ အခြေအနေမှာ မဟာထန်နှင့် စတင်တိုက်ခိုက်ရန် အချိန် မဟုတ်သေးချေ။

ထို့ပြင် မဟာမိတ်ဖွဲ့မည့် ကိစ္စမှာလည်း နိုင်ငံအသီးသီးကြားတွင် ခေတ္တမျှသာ သဘောတူညီမှု ရရှိထားခြင်းဖြစ်ပြီး၊ အသေးစိတ် အချက်အလက်များကို ဆွေးနွေး တိုင်ပင်ခြင်း မပြုရသေးချေ။ ပို၍အရေးကြီးသည်မှာ အကယ်၍သာ သူတို့ဘက်က တိုက်ခိုက်မည်ဆိုပါက မဟာထန်ဘက်တွင် တစ်စုံတစ်ရာသော ထောင်ချောက် ရှိနေမလား ဆိုသည်ကိုလည်း ခန့်မှန်းရ ခက်ခဲလှပေသည်။

ဖြစ်နိုင်သည်မှာ သူတို့ဘက်က တိုက်ခိုက်လာမည့် အချိန်ကို သူတို့က ကြိုတင် စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။

“ခွေးကောင်”

ကောင်းရှန်း၏စကားကို ကြားလိုက်ရသည့်အခါ အန်းလုရှန်း၏မျက်နှာမှာ အေးစိမ့်သွားခဲ့ပြီး နောက်ဆုံးတွင်မူ လက်သီးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။

ယိုကျိုး၏ ထိပ်တန်းစစ်သည် ခြောက်သိန်းကို ပိုင်ဆိုင်ထားသလို၊ ပညာရှိ အမတ်များနှင့် ဗိုလ်ချုပ်များ၊ ပြီးတော့ နိုင်ငံအသီးသီး၏ မဟာမိတ်များ၊ ပြီးတော့ ရွဲ့လော့ဟယ် သံချပ်ကာမြင်းတပ် နှစ်သောင်းနီးပါး တပ်စွဲထားသော စစ်စခန်းအတွင်း၌၊ ယခု သူ၏ အရှိန်အဝါမှာ ယခင်နှင့် လုံးဝမတူညီဘဲ များစွာသာလွန်နေသော်လည်း၊ ယခုအခါတွင်မူ ဒေါသကို မျိုသိပ်ထားရဦးမည် ဟုတ်လား။

တကယ်ကို အဓိပ္ပာယ် မရှိလိုက်တာ။

ဤအခိုက်အတန့်၌၊ ချန်းကျိုးရှေ့တန်းစစ်စခန်း၏ အပြောင်းအလဲကို သိရှိနေသူမှာ အန်းလုရှန်း တို့ တစ်ဖွဲ့တည်း မဟုတ်ချေ။

ဂိုဂူလျောအင်ပါယာ၏ နယ်စပ်ဒေသတွင်မူ၊ ယွန်းဂျယ်စိုးမွန်းသည် သူကိုယ်တိုင် ပြုပြင်ထားသော နဂါးဝတ်ရုံအကျပ်ကို ဝတ်ဆင်ထားလျက်၊ ဝတ်ရုံစများမှာ လေထဲတွင် လွင့်ပျံနေပေသည်။ သူသည် အရှေ့ဘက် အရပ်ဆီသို့ လှမ်းကြည့်နေလျက်၊ အမူအရာမှာလည်း အလွန်အမင်း လေးနက်နေပေသည်။

ချန်းကျိုးသည် မဟာထန်၏ ရှေ့တန်းစစ်စခန်း ဖြစ်သလို၊ စစ်သည်အင်အား သိန်းနှင့်ချီ၍ စုစည်းထားသောနေရာ ဖြစ်ပေသည်။

နောင်တစ်ချိန်တွင် အရေးကြီးလှသော စစ်မြေပြင် ဖြစ်လာမည့် ဤနေရာကို ယွန်းဂျယ်စိုးမွန်းအနေဖြင့် သူလျှိုများ လွှတ်၍ စုံစမ်းခြင်း မပြုဘဲ မည်သို့ နေပါမည်နည်း။

“နောက်ဆုံးတော့ စတင်လိုက်ပြီပေါ့”

“မျိုးနွယ်ခြားဘုရင်၊ ကြည့်ရတာ သိပ်မကြာခင်မှာပဲ ငါတို့တွေ တကယ် စစ်တိုက်ရတော့မယ် ထင်တယ်”

ယွန်းဂျယ်စိုးမွန်းသည် သတင်းစာလွှာကို ဆုပ်ကိုင်ထားလျက် အဝေးဆီသို့ လှမ်းကြည့်နေကာ၊ ဝေးကွာလှသော အရှေ့ဘက်ဆီမှ မသိမသာ ထွက်ပေါ်နေသော မြေပြင်တုန်ခါသံများနှင့် ရုတ်တရက် ထွက်ပေါ်လာသော မီးခိုးမည်းများကို ခံစားနေရင်း၊ ဦးနှောက်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားတော့သည်။

ယခုအချိန်အထိ သူသည် မဟာထန်၏ ထိုမျိုးနွယ်ခြားဘုရင်ကို လူကိုယ်တိုင် မတွေ့ဖူးသေးချေ။

မာန်ရှဲ့ကျောက်၊ ယွီစန်း၊ အနောက် တာ့ခ်၊ အာရပ်…… ထိုမျိုးနွယ်ခြားဘုရင် ကြီးထွားလာသည့် ဖြစ်စဉ်အတွင်းမှာပင်၊ သူသည် ပတ်ဝန်းကျင်ရှိ နိုင်ငံအတော်များများကို အနိုင်ယူခဲ့ပြီး ဖြစ်သည်။ ဂိုဂူလျောနှင့် အရှေ့ တာ့ခ်၊ ပြီးတော့ ရှီနှင့် ခီတန်တို့မှာမူ၊ အကြောင်းအမျိုးမျိုးကြောင့် ထိုဖြစ်စဉ်အတွင်းမှာ ဝမ်ချောင်နှင့် အကြီးအကျယ် တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှုများ မရှိခဲ့ကြချေ။

သို့သော် ဤအရာအားလုံးမှာ သမိုင်းအဖြစ် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

မကြာမီမှာပင် အရှေ့မြောက်ပိုင်းရှိ အင်ပါယာ အားလုံးမှာ မဟာထန်၏ ဤမျိုးနွယ်ခြားဘုရင်နှင့် ရန်သူများ ဖြစ်လာကြတော့မည်ဖြစ်ကာ၊ နောက်ဆုံး အဆုံးအဖြတ် စစ်ပွဲကြီးကို ဆင်နွှဲကြရတော့မည် ဖြစ်သည်။

တိုက်ပွဲ မစတင်သေးသော်လည်း ယွန်းဂျယ်စိုးမွန်းအနေဖြင့် ပြင်းထန်လှသော ဖိအားတစ်ခုကို ခံစားနေရပြီ ဖြစ်သည်။

အကယ်၍ ယခင်ကဆိုလျှင် ထိုအတွေ့အကြုံမရှိသေးသော ကောင်လေးမှာ အနောက်တောင် စစ်ပွဲကို အနိုင်ရရှိခဲ့လျှင်ပင် သူ ဂရုစိုက်လိမ့်မည် မဟုတ်သော်လည်း၊ ယခုအခါတွင်မူ

လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ရပ်တည်နေသူမှာ၊ အတွေ့အကြုံမရှိသော လူငယ်မြို့စား မဟုတ်တော့ဘဲ၊ အစွမ်းထက်လှသော၊ လောကတစ်ခွင် အသိအမှတ်ပြုထားသော၊ စစ်နတ်ဘုရားပင် ဖြစ်ပေတော့သည်။

“မင်း ရောက်နေပြီ မဟုတ်လား”

ယွန်းဂျယ်စိုးမွန်းသည် အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ရာ၊ မျက်ဝန်းထဲတွင် ပြင်းထန်လှသော တိုက်ခိုက်လိုစိတ်များ ပန်းထွက်လာတော့သည်။

ဘာကိုမျှ မမြင်တွေ့ရသော်လည်း၊ သူ၏ရင်ထဲတွင်မူ ပြင်းထန်သော ခံစားချက်တစ်ခု ရှိနေပေသည်။ လောကတစ်ခွင် ကျော်ကြားလှသော၊ အာရပ်ကို ပျက်သုဉ်းစေခဲ့သော၊ ကုန်းမြေကမ္ဘာ တစ်ခုလုံး၏ ပထမဆုံးသော စစ်နတ်ဘုရားမှာ၊ အရှေ့မြောက်ပိုင်း ဒေသသို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်နိုင်ကြောင်း ပင် ဖြစ်သည်။

“စစ်ပွဲ…… စတင်တော့မှာလား?”

တစ်ချိန်တည်းမှာပင် အခြားအရပ်မျက်နှာ တစ်ခု၊ အရှေ့ တာ့ခ်တို့၏ မြင့်မြတ်ရာ တောင်တန်းပေါ်တွင်မူ၊ ဝူဆူမစ်ရှ် ခါဂန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက်၊ အရှေ့ တာ့ခ် ၏ ဗိုလ်ချုပ်များအားလုံးကို ဦးဆောင်ကာ ရွက်ဖျင်တဲအတွင်းမှ ထွက်လာခဲ့ပြီး၊ အရှေ့ဘက် အရပ်ဆီသို့ လှမ်းကြည့်နေပေသည်။

အရှေ့မြောက်ပိုင်း ချန်းကျိုးတစ်ဝိုက်၏ အပြောင်းအလဲမှာ အန်းလုရှန်းနှင့် ယွန်းဂျယ်စိုးမွန်း တို့ကိုသာ တုန်လှုပ်စေခဲ့သည် မဟုတ်ဘဲ၊ အရှေ့ တာ့ခ် အင်ပါယာ၏ ဤအုပ်ချုပ်သူကိုလည်း တုန်လှုပ်စေခဲ့ပေသည်။

အနောက် တာ့ခ်၏ ရှာပိုလော်ခါဂန်းနှင့် မတူညီသည်မှာ၊ ဝူဆူမစ်ရှ် ခါဂန်းမှာ သက်လတ်ပိုင်းအရွယ် ရောက်နေပြီ ဖြစ်သော်လည်း များစွာ ပိုမိုငယ်ရွယ်လှပေသည်။ မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေးများ သိပ်သည်းစွာ ပေါက်နေလျက်၊ နက်မှောင်ပြီး နက်ရှိုင်းလှသော အကြည့်များက တစ်ကိုယ်လုံးကို တောရိုင်းတိရစ္ဆာန် တစ်ကောင်အလား ရိုင်းစိုင်းမှုနှင့် ကျူးကျော်လိုစိတ်များ ပြည့်နှက်နေစေသည်။

ဝူဆူမစ်ရှ် ခါဂန်းသည် အရှေ့ တာ့ခ်အတွင်း ဖရိုဖရဲ ဖြစ်နေချိန်တွင် ခါဂန်း ရာထူးကို ဆက်ခံခဲ့ခြင်း ဖြစ်ကာ၊ သူ နန်းတက်ချိန်မှာ ရှာပိုလော်ထက် များစွာနောက်ကျလှပေသည်။ ထို့ကြောင့် သူ၏ကိုယ်ပေါ်တွင် ရှာပိုလော်ကဲ့သို့ နေရာတိုင်းတွင် အတားအဆီးများနှင့် ရင်ဆိုင်ခဲ့ရသော စိတ်ပျက်မှုများ မရှိဘဲ၊ တက်ကြွမှုနှင့် ရည်မှန်းချက်ကြီးမားမှုများကိုသာ အစဉ်အမြဲ ထိန်းသိမ်းထားပေသည်။ သူသည် ချောင်းမြောင်းနေသော တောဝံပုလွေ တစ်ကောင်အလား ဖြစ်သော်လည်း သူ၏ လက်သည်းများနှင့် သွားများမှာမူ အစဉ်အမြဲ ထက်မြက်နေပေသည်။

တောင်ဘက်မှ အပြောင်းအလဲများမှာလည်း သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“ခါဂန်း မဟာထန်ဘက်ကတော့ တကယ် လက်တွေ့ စလုပ်တော့မှာ ထင်တယ်”

ထိုအချိန်မှာပင် အနောက်ဘက်မှ ကြမ်းတမ်းလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ နှင်းခဲများကို နင်းလျှောက်လာသော ခြေသံများနှင့်အတူ၊ သံချပ်ကာကို အပြည့်အစုံ ဝတ်ဆင်ထားသည့် ထည်ဝါလှသော ပုံရိပ်တစ်ခုမှာ ဝူဆူမစ်ရှ် ခါဂန်း ၏ အနောက် မလှမ်းမကမ်းသို့ ရောက်ရှိလာတော့သည်။

ဤသူ၏ အကြည့်များမှာ အေးစိမ့်လှပြီး သိန်းငှက်နှင့် ဝံပုလွေများအလား ရက်စက်လှပေသည်။ တစ်ကိုယ်လုံးတွင်လည်း ပေါက်ကွဲထွက်တော့မည့် ခွန်အားများ ပြည့်နှက်နေပေသည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ အရှေ့ တာ့ခ်၏ ဗိုလ်ချုပ်ဖြစ်သော သံမဏိမြင်းစီးစစ်သူကြီး ပိလဲ့လီပင် ဖြစ်တော့သည်။

သံမဏိမြင်းစီးစစ်သူကြီး ပိလဲ့လီမှာ ခွန်အား အလွန်ကြီးမားလှသလို စစ်တိုက်ရာတွင်လည်း ကျူးကျော်လိုစိတ် ပြင်းပြလှပေသည်။ လက်တွေ့တွင် သူသည် အရှေ့ တာ့ခ်၌ နှစ်ပေါင်းများစွာ တပ်စွဲခဲ့စဉ်အတွင်း၊ အထွတ်အထိပ် ရောက်နေသော ကျန်းရှို့ကွေးနှင့် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့သော်လည်း၊ ကျန်းရှို့ကွေး ၏ တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ခုခံနိုင်ခဲ့ခြင်းကပင် သူ၏ စွမ်းဆောင်ရည်ကို သက်သေပြနေပြီ ဖြစ်သည်။

“တကယ်ကို အထင်သေးလို့ မရပါဘူး၊ ငါကိုယ်တော် အခုမှ နည်းနည်း နားလည်သွားပြီ၊ ဘာလို့ ကုထိုက်ပိုင်နဲ့ အာရပ်တွေဟာ သူ့လက်ထဲမှာ ပျက်သုဉ်းခဲ့ရတာလဲ ဆိုတာကိုပေါ့”

ဝူဆူမစ်ရှ် ခါဂန်းက မျက်တောင်ကို တစ်ချက် ခတ်လိုက်ရင်း ပြောဆိုလိုက်သည်။

တောင်ဘက်မှ ထန်လူမျိုးများ၏ခြေလှမ် မှာ သူ ထင်ထားသည်ထက် များစွာပိုမိုမြန်ဆန်လှပေသည်။ မဟာမိတ်ဖွဲ့မည့် အရိပ်အယောင်များ ပြသနေသော နိုင်ငံအသီးသီးကို ရင်ဆိုင်နေရသော်လည်း၊ မဟာထန်မှာမူ အမြဲတမ်း ဤမျှအထိ အရှိန်အဝါ ပြင်းထန်နေဆဲ ဖြစ်သည်။ တစ်လှမ်းပြီးတစ်လှမ်း၊ အရှိန်အဟုန်မှာ ပိုမို မြန်ဆန်လာခဲ့သဖြင့် လူတိုင်းအပေါ် ပေးစွမ်းနေသော ဖိအားများမှာလည်း ပိုမိုကြီးမားလာပေတော့သည်။

“အခုတော့ အန်းလုရှန်းဘက်က ဘာလုပ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပေါ့”

ဝူဆူမစ်ရှ် ခါဂန်းသည် ယိုကျိုး အရပ်ဆီသို့ လှမ်းကြည့်နေလျက် တိုးတိုးလေး ရေရွတ်လိုက်သည်။

ဤတစ်ကြိမ် နိုင်ငံအသီးသီး မဟာမိတ်ဖွဲ့ရာတွင် အန်းလုရှန်းကို ခေါင်းဆောင်အဖြစ် မသိမသာ သတ်မှတ်ထားကြပေသည်။

အန်းလုရှန်း မှာ မဟာထန်၏ စစ်သည်အင်အား တောင့်တင်းလှသော နယ်စပ် ဗိုလ်ချုပ် တစ်ဦးမျှသာဖြစ်ပြီး ဧကရာဇ်တစ်ဦး မဟုတ်သဖြင့်၊ ဝူဆူမစ်ရှ် ခါဂန်း သို့မဟုတ် ယွန်းဂျယ်စိုးမွန်း ကဲ့သို့သော နိုင်ငံအုပ်ချုပ်သူများနှင့် နှိုင်းယှဉ်၍ မရသော်လည်း၊ သူ မဟာမိတ်ခေါင်းဆောင်ရာထူးကို တာဝန်ယူသည့် အပေါ်တွင်မူ မည်သူကမျှ ကန့်ကွက်ခြင်း မရှိကြချေ။

မဟာထန်၏ လူသားကသာ မဟာထန်အကြောင်းကို အသိဆုံး ဖြစ်ရပေမည်။

ရန်သူ့အတွင်းမှ လူသား တစ်ဦးက နိုင်ငံအသီးသီး အတွက် ပိုမို အကျိုးရှိစေလိမ့်မည် မဟုတ်ပါလား။

ဤအခိုက်အတန့်၌ အခြားတစ်ဖက် ရှေ့တန်းစစ်စခန်းအတွင်း၌မူ….မဟုတ်ပါချေ။ ယခုအခါတွင်မူ ၎င်းကို ရှေ့တန်းခံတပ်ကြီးဟု ခေါ်ဆိုသင့်တော့ပေသည်။

အကြောင်းမှာ ယခု ဝမ်ချောင်သည် စစ်စခန်းတစ်ခုကို တည်ဆောက်နေရုံမျှ မဟုတ်သလို၊ ရိုးရှင်းလှသော ကာကွယ်ရေး အဆောက်အအုံများကို ပြုလုပ်နေရုံမျှလည်း မဟုတ်ဘဲ၊ အစစ်အမှန် ခိုင်မာလှသော ခံတပ်ကြီးတစ်ခုကို တည်ဆောက်နေခြင်း ဖြစ်သောကြောင့် ဖြစ်သည်။

ဤခံတပ်ကြီးတွင် ဆူးခွများနှင့် ဆူးချွန်များ သာမက၊ အပြင်ဘက်အဝိုင်းမှ မြင့်မားလှသော မြို့ရိုးကြီးများ ပါဝင်နေသလို၊ အတွင်းပိုင်းတွင်လည်း ဒုတိယတန်း ကာကွယ်ရေး၊ တတိယတန်း ကာကွယ်ရေးများနှင့် ဧရာမ မြို့ပြ တည်ဆောက်ပုံများ ပါဝင်နေပေသည်။

ဤသည်မှာ စစ်သည်အင်အား ခုနစ်သိန်း၊ ရှစ်သိန်း သို့မဟုတ် ထိုထက်မကသော အင်အားများကို လက်ခံထားနိုင်မည့် ဧရာမ မြို့တော်ကြီး တစ်ခုပင် ဖြစ်တော့သည်။

စစ်သည်များကို အချိန်အကြာကြီး လေ့ကျင့်ပေးထားခြင်းမှာ အရေးကြီးလှသည့် အချိန်၌ အသုံးပြုရန်ပင် ဖြစ်သည်?

အန်းလုရှန်းအား အစစ်အမှန် လက်ဆောင်တစ်ခု ပေးနိုင်ရန်အတွက်၊ ဝမ်ချောင်သည် အစပိုင်းတွင် မည်သည့် လှုပ်ရှားမှုမျှ မပြဘဲ၊ မြို့ရိုးနှင့် အတွင်းပိုင်း မြို့ပြ တည်ဆောက်ပုံများအတွက် လိုအပ်သော ကိရိယာ တန်ဆာပလာ အားလုံးနီးပါးကို ရှေ့တန်းစစ်စခန်းအတွင်းသို့ ကြိုတင် သယ်ယူထားခဲ့ခြင်း ဖြစ်သည်။

သောင်းနှင့်ချီသော သံမဏိ သေတ္တာကြီးများကို ရှေ့တန်းစစ်စခန်းအတွင်းသို့ သယ်ဆောင်ထားခဲ့ခြင်းမှာ၊ ဤကိစ္စကို မင်းဆရာ ဝမ်ကျုံးစစ်နှင့် အာပူစစ် တို့ပင်လျှင် ယခင်က သတိမထားမိခဲ့ကြချေ။

******

အခန်း (၂၁၃၀) ခံတပ်ကြီး တည်ဆောက်ပြီးစီးခြင်း

“မယုံနိုင်စရာပဲ”

နာရီအနည်းငယ်အတွင်းမှာတင် ဧရာမ ခံတပ်ကြီးတစ်ခုမှာ မြေပြင်မှ ထိုးထွက်လာခဲ့ပြီး ပုံသဏ္ဌာန် စတင်ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ဤအခိုက်အတန့်၌ ဝမ်ကျုံးစစ်နှင့် အာပူစစ်တို့ပင်လျှင် နက်နဲလှသော တုန်လှုပ်မှုကို ခံစားလိုက်ကြရသည်။

ဝမ်ချောင်သည် ရှေ့တန်း ချန်းကျိုးနယ်မြေတွင် ရှေ့တန်းစစ်စခန်းတစ်ခု တည်ဆောက်မည်ဟုသာ ပြောခဲ့သော်လည်း၊ ဤမျှအထိ စနစ်ကျပြီး ပြည့်စုံလှသော သံမဏိ ခံတပ်ကြီးတစ်ခုကို ဤနေရာ၌ တည်ဆောက်လိမ့်မည်ဟု တစ်ခါမျှ မပြောခဲ့ချေ။

ဝမ်ချောင်နှင့် အတူတူ စစ်တိုက်ခဲ့ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း၊ ဝမ်ချောင်၏ ထူးခြားလှသော စစ်ဆင်ရေးပုံစံမှာ သူတို့နှစ်ဦးကို အမြဲတမ်း အံ့အားသင့်စေဆဲပင် ဖြစ်သည်။

“ဒီ သံမဏိ ခံတပ်ကြီးသာ ရှိမယ်ဆိုရင်၊ ငါတို့တွေ အရှေ့မြောက်ပိုင်းမှာ တကယ်ကို အခြေခိုင်ခိုင်နဲ့ ရပ်တည်နိုင်ပြီ ဖြစ်သလို၊ နိုင်ငံအသီးသီးရဲ့ အင်အားစုတွေကိုလည်း အေးအေးဆေးဆေး ရင်ဆိုင်နိုင်တော့မှာပါ”

အာပူစစ်သည် ထုံလော့မြင်းကို စီးနင်းထားလျက် သူ၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း၊ ရင်ထဲတွင်မူ အတွေးပေါင်းများစွာ လှုပ်ခတ်နေပေသည်။

ဝမ်ချောင်၏ နည်းလမ်းများမှာ ရန်သူများကိုသာမက၊ သူတို့ကဲ့သို့သော မဟာမိတ်များကိုလည်း အမြဲတမ်း အကြီးအကျယ် တုန်လှုပ်စေပေသည်။

“ဝုန်း”

ဤအခိုက်အတန့်၌ မြေပြင်မှာ တုန်ခါနေပြီး၊ သံတူများဖြင့် ထုနှက်သံများမှာလည်း နားမပြတ်ထွက်ပေါ်နေပေသည်။ ဝမ်ချောင်သည် စစ်မြင်းပေါ်တွင် ခန့်ညားစွာ ထိုင်နေလျက်ရှိသော်လည်း၊ သူ၏အနောက်ရှိ ဝမ်ကျုံးစစ်နှင့် အာပူစစ်တို့ကိုမူ သတိမမူမိချေ။

သူ၏ အကြည့်များမှာ လျှပ်စစ်တန်းများအလား စူးရှလှပြီး ရှေ့တန်းခံတပ်ကြီး အတွင်းရှိ တည်ဆောက်ရေး အခြေအနေ တစ်ခုလုံးကို အစဉ်မပြတ် ထိန်းချုပ်နေပေသည်။

မြို့ရိုးနှင့် မြို့ပြ တည်ဆောက်ပုံများသာ မကဘဲ၊ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ဤမျှအထိ အရှိန်အဟုန် ပြင်းစွာ လုပ်ဆောင်နေစဉ်မှာပင်၊ စစ်စခန်း တစ်ခုလုံး၌ ဝမ်ချောင်နှင့် အခြားသော လူအနည်းငယ်သာ သိရှိမည့် ဧရာမ စစ်ကြောင်း အစီအစဉ်ကြီးတစ်ခုကို တည်ဆောက်နေကြောင်း မြင်တွေ့ရမည် ဖြစ်သည်။

“ဘယ်လိုရှိလဲ”

လေအေးများ တိုက်ခတ်လာသည့်အခါ ဝမ်ချောင်၏ ဝတ်ရုံစများမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေသော်လည်း၊ သူ၏ အကြည့်များမှာ မဝေးလှသော နေရာရှိ ဝင်္ကပါအဖိုးအို ဆီသို့ ရောက်ရှိသွားပေသည်။

မကြာမီ ရောက်ရှိလာတော့မည့် အရာမှာ နိုင်ငံအသီးသီးကြားတွင် သမိုင်းတလျှောက် မကြုံဖူးသေးသော အကြီးမားဆုံး ထိပ်တိုက်တွေ့ဆုံမှုကြီး ဖြစ်ပေလိမ့်မည်။ မြို့ရိုးများနှင့် အတွင်းပိုင်း ကာကွယ်ရေး အဆောက်အအုံများဖြင့်သာဆိုလျှင် လုံးဝလုံလောက်မှု မရှိချေ။

ဝမ်ချောင်အနေဖြင့်လည်း သူ၏မျှော်လင့်ချက် အားလုံးကို ဤသံမဏိ ခံတပ်ကြီး တစ်ခုတည်းအပေါ်တွင်သာ ပုံအောလိမ့်မည် မဟုတ်ပေ။

“စစ်ကြောင်း အစီအစဉ်က ခြောက်ဆယ်ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ မင်းဘက်က နောက်ဆုံး အစီအရင်တွေကို ချိတ်ဆက်ပေးလိုက်တာနဲ့၊ အစီအစဉ်တစ်ခုလုံးဟာ အပြည့်အဝ ပုံပေါ်လာပါလိမ့်မယ်”

ဝင်္ကပါအဖိုးအိုက လေးနက်စွာ ဆိုလိုက်သည်။

ဝမ်ချောင်တောင်းဆိုထားသော အရာမှာ ယခင်က တစ်ခါမျှ မရှိဖူးသေးသော ရှုပ်ထွေးလှသည့် စစ်ကြောင်းအစီအရင်ကြီး ဖြစ်ပေသည်။ ဤအစီအရင်ကြီးကို သောင်းနှင့်ချီသော သေးငယ်လှသည့် အစီအရင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကာ၊ ခံတပ်လုံးတစ်ခုသည်ပင်လျှင် ဤအစီအရင်ကြီး၏ အစိတ်အပိုင်း တစ်ခုမျှသာ ရှိသေးသည်။

“ဒီခံတပ်ကြီး တစ်ခုလုံးကတော့ သုံးရက်အတွင်းမှာ အပြည့်အဝ ပြီးစီးပါလိမ့်မယ်၊ အဲဒီနောက်ပိုင်းကိုတော့ ခင်ဗျားကိုပဲ အပ်ပါတယ်”

ဝမ်ချောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။

စကားပြောနေစဉ်မှာပင် ပတ်ဝန်းကျင်မှ ဟိန်းဟောက်သံများ ထပ်မံထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်၏ ရှေ့တွင် ခဏတာမျှ အချိန်အတွင်းမှာပင်၊ ယခင်က ပေ သုံးဆယ် (၁၀ မီတာကျော်) ခန့် မြင့်မားနေသော သံမဏိ မြို့ရိုးကြီးမှာ ရုတ်တရက် နောက်ထပ် တစ်ထပ် မြင့်တက်သွားခဲ့ပြီး၊ ပိုမို ခန့်ညားထည်ဝါလှသော အသွင်ကို ဆောင်သွားတော့သည်။

ရှေ့တန်းခံတပ်ကြီး တစ်ခုလုံးမှာ မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် အပြီးသတ်ရန် နီးကပ်လာနေပေပြီ။

“အင်း”

ဘေးနားရှိ ဝင်္ကပါအဖိုးအိုက ခေါင်းညိတ်ပြလိုက်သည်။ သူသည်လည်း အရပ်မျက်နှာ အသီးသီးမှ လှုပ်ရှားသံများကို ကြားနေရပြီး၊ နှင်းမုန်တိုင်းများကြား၌ ဤမျှအထိ အရှိန်အဟုန် ပြင်းစွာ လုပ်ဆောင်နေကြသည်ကို ကြည့်ရင်း၊ ဝင်္ကပါအဖိုးအိုပင်လျှင် ရင်ထဲ၌ စိတ်လှုပ်ရှားသွားခဲ့ရသည်။

ဤသံမဏိခံတပ်ကြီးမှာ ဝင်္ကပါအဖိုးအို၏ ရှုထောင့်မှ ကြည့်လျှင်ပင် အလွန်အမင်း တုန်လှုပ်စရာ ကောင်းလှပေသည်။ သူသည် မည်သူတစ်ဦးတစ်ယောက်မျှ ဤကဲ့သို့သော နည်းလမ်းဖြင့် မြို့ပြတည်ဆောက်သည်ကို မမြင်ဖူးခဲ့သလို၊ အတိုင်းအတာမှာလည်း ဤမျှအထိ ကျယ်ပြောလှပေသည်။ အသုံးပြုထားသော လူအင်အားမှာ များပြားလှသော်လည်း၊ အရာရာတိုင်းမှာ အစီအစဉ်တကျ ရှိနေပေသည်။

ဤအရာ အားလုံးမှာ အမှန်တကယ်ပင် နတ်ဘုရားများ၏ လက်ရာအလား ပြောင်မြောက်လှပေသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ဆောက်ရေး နည်းပညာမှာ ကြည့်ရသည်မှာ ဤကမ္ဘာနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ပင်။

ဝမ်ချောင်ကတော့ ထိုအရာများကို များစွာ သတိမပြုမိဘဲ၊ အရာအားလုံးကို စီစဉ်ပြီးနောက် ဝမ်ကျုံးစစ် တို့နှင့်အတူ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များကို တိုင်ပင် ဆွေးနွေးရန် ပြင်လိုက်သော်လည်း၊ နောက်တစ်ခဏ၌မူ…

“ဝုန်း”

ဝမ်ချောင်သည် ရုတ်တရက် မျက်တောင် တစ်ချက် ခတ်လိုက်မိကာ ခေါင်းကို ရုတ်တရက် မော့ကြည့်လျက် မြို့၏မြောက်ဘက်အရပ်ဆီသို့ လှမ်းကြည့်လိုက်မိသည်။

အန်းလုရှန်း။

ဝမ်ချောင်၏ မျက်ဝန်းများ ကျုံ့သွားခဲ့ရပြီး၊ အမူအရာမှာလည်း ရုတ်တရက် အလွန်အမင်း အေးစိမ့်သွားတော့သည်။

ဤအခိုက်အတန့်၌ မျက်စိဖြင့် မမြင်တွေ့ရသော်လည်း၊ ဝမ်ချောင်သည် အာကာသ လွှာများကို ဖြတ်ကျော်လျက်၊ မြောက်ဘက် အလွန်ဝေးကွာလှသော နေရာတစ်ခုရှိ ရင်းနှီးလှသော အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရခြင်းပင် ဖြစ်သည်။

နောက်တစ်ခဏ၌ လူတိုင်း သတိမမူမိခင်မှာပင် ဝမ်ချောင်၏ကိုယ်မှာ လှုပ်ခါသွားခဲ့ပြီး၊ လျှပ်စီးတန်းတစ်ခုအလား မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။ သူ နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာသည့် အချိန်မှာမူ မြောက်ဘက်ရှိ သံမဏိ ခံတပ်ကြီး၏ ထူထဲလှသော မြို့ရိုးထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝေးကွာလှသော ထိုမြင့်မားလှသည့် တောင်ကုန်းငယ်ပေါ်တွင်၊ အန်းလုရှန်းသည်လည်း တစ်စုံတစ်ရာကို ခံစားမိလိုက်သဖြင့် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်မိသည်။

“ခွေးကောင် တကယ်ပဲ သူပါလား”

အန်းလုရှန်း၏ကိုယ်မှာ တစ်ချက်တုန်ယင်သွားခဲ့ရပြီး၊ မျက်နှာမှာလည်း ရုတ်တရက် အလွန်အမင်း ကြည့်ရဆိုးသွားတော့သည်။

သူ၏အနောက်တွင်မူ လူတိုင်း၏ အမူအရာ လေးနက်သွားကြသည်။ အစပိုင်းတွင် သူတို့ ဘာဖြစ်မှန်း မသိခဲ့ကြသော်လည်း၊ နောက်တစ်ခဏ၌ အန်းလုရှန်း၏ မျက်နှာပေါ်မှ ထိုနာကျည်းလှသော အမူအရာကို မြင်လိုက်ရသည့်အခါ တစ်စုံတစ်ရာကို ရိပ်မိသွားကြလျက် ချက်ချင်း နားလည်သွားကြတော့သည်။

“သူပဲ”

လူတိုင်း၏ အမူအရာ တင်းမာသွားကြပြီး အဝေးဆီသို့ လှမ်းကြည့်နေကြသော်လည်း၊ မည်သူမျှ စကားမဆိုကြချေ။

“ဝုန်း”

နောက်တစ်ခဏ၌ မြေပြင်မှာ တစ်ချက်တုန်ခါသွားခဲ့ပြီး၊ ပြင်းထန်လှသော အရှိန်အဝါ တစ်ခုမှာ ကောင်းကင်ယံသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။ အဝေးမှ မြို့ရိုးထိပ်ပေါ်တွင် ဝမ်ချောင်သည် မြေပြင်ကို တစ်ချက် နင်းလိုက်ရာ၊ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများကို ချက်ချင်း ထုတ်လွှတ်လိုက်သဖြင့် ကျင့်စဉ်အရှိန်အဝါများမှာ ကောင်းကင်သို့ ပန်းထွက်သွားတော့သည်။

ထိုကျင့်စဉ်အရှိန်အဝါမှာ အရှိန်အဟုန် ပြင်းထန်လှပြီး၊ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော ဧရာမ တိုင်လုံးကြီး တစ်ခုအလား ဖြစ်နေသဖြင့်၊ မိုင်ပေါင်း ဆယ်ချီ၍ ဝေးကွာနေပါစေဦး၊ ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

ဤမျှသာမက……

ထိုကျင့်စဉ်အရှိန်အဝါ တိုင်လုံးကြီးအတွင်း၌ သိသာထင်ရှားလှသော ရန်စလိုသည့် အငွေ့အသက်များ ပါဝင်နေပေသည်။

“ဟွန်း”

မြင့်မားလှသော မြို့ရိုးထိပ်တွင် ဝမ်ချောင်က အေးစိမ့်စွာ ပြုံးလိုက်ပြီးနောက်၊ သူ၏အရှိန်အဝါများကို အထွတ်အထိပ်အထိ ချက်ချင်း မြှင့်တင်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ချွင်ခနဲအသံနှင့်အတူ ဝမ်ချောင်၏ အနောက်၊ ခံတပ်ကြီး တစ်ခုလုံး၏ အလယ်တွင် ပေ ၁၀၀ ကျော် (မီတာ သုံးဆယ်ကျော်) မြင့်မားလှသော အလံတိုင်ကြီး တစ်ခုမှာ လူတိုင်း၏ စုပေါင်းအင်အားဖြင့် ရုတ်တရက် ထောင်မတ်သွားခဲ့သည်။ ဧရာမ အလံကြီးတစ်ခုမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေပြီး၊ အလံပေါ်ရှိ “ဝမ်” ဟူသော စာလုံးမှာ အလွန်အမင်း မာန်ဝံ့လှပေသည်။ ၎င်းမှာ နှင်းမုန်တိုင်းများကြား၌ ပြင်းထန်လှသော ဖိအားများကို ထုတ်လွှတ်နေလျက် အရပ်မျက်နှာ အသီးသီးကို စိန်ခေါ်နေပေတော့သည်။

ဝမ်ချောင်နှင့် သူ၏အနောက်ရှိ ထိုဧရာမအလံကြီးကို မြင်တွေ့လိုက်ရသည့်အခါ၊ တောင်ကုန်းပေါ်ရှိ အန်းလုရှန်း၊ ကောင်းရှန်း၊ ချွေချန်းယုံ နှင့် ထျန်းချန်းစီတို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး အလွန်အမင်း ကြည့်ရဆိုးသွားကြတော့သည်။

အကယ်၍ ယခင်က ဝမ်ချောင်သည် ထိုသံမဏိ ခံတပ်ကြီး အတွင်း၌ ရှိနေနိုင်ကြောင်း မသဲမကွဲ ခန့်မှန်းခဲ့ကြရလျှင်၊ ယခုအခါတွင်မူ ဝမ်ချောင်သည် ထိုလွင့်ပျံနေသော ဧရာမ စစ်သေနာပတိအလံအားဖြင့်၊ အရှေ့မြောက်ပိုင်းရှိ နိုင်ငံအားလုံးကို သူ၏ တည်ရှိမှုကို ရှင်းလင်းစွာ ပြသလိုက်ခြင်းပင် ဖြစ်သည်။

ဝမ်ချောင်သည် အရှေ့မြောက်ပိုင်းသို့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“အန်းလုရှန်း မင်းရဲ့ ခွေးသက်ကို ငါ ဘယ်တော့ လာယူမလဲဆိုတာ မှန်းကြည့်စမ်း?”

တစ်ချိန်တည်းမှာပင်၊ ပြင်းထန်လှသော သိစိတ်တစ်ခုမှာ အာကာသ လွှာများကို ဖြတ်ကျော်လျက်၊ အေးစိမ့်ပြီး ကျယ်လောင်လှသော၊ မည်သည့် ခံစားချက်မျှ မပါဝင်သော အသံတစ်ခုမှာ တောင်ကုန်း ပတ်ဝန်းကျင် တစ်ခုလုံး၌ ရုတ်တရက် ဟိန်းထွက်လာတော့သည်။

“ခွေးကောင်”

ထိုကဲ့သို့ အထက်စီးမှ ရပ်တည်ကာ အထင်သေးမှုများ ပြည့်နှက်နေသော အသံကို ကြားလိုက်ရသည့်အခါ လူတိုင်းမှာ ဒေါသရိပ်များ မျက်နှာပေါ်၌ ဖုံးကွယ်မရအောင် ပေါ်ထွက်လာတော့သည်။

ဤမျှအထိ မောက်မာလှသောကောင်မှာ တကယ်ကို ရဲတင်းလွန်းလှပေသည်

သူသည် ဤနေရာတွင် သံမဏိ ခံတပ်ကြီး တစ်ခု တည်ဆောက်လိုက်ရုံဖြင့်၊ သူတို့တွေ သူ့ကို ဘာမှ မလုပ်နိုင်တော့ဘူးလို့ တကယ်ပဲ ထင်နေတာလား။

တတိယအသုတ် ရွဲ့လော့ဟယ် စစ်သည် နှစ်သောင်းသာ ရောက်ရှိလာမည်ဆိုပါက၊ ယိုကျိုးနှင့် နိုင်ငံအသီးသီး၏ စစ်သည်အင်အားများကို စုစည်းကာ တစ်ဟုန်ထိုး တိုက်ခိုက်လိုက်လျှင်၊ ဝမ်ချောင်တည်ဆောက်ထားသော ဤခံတပ်ကြီးမှာ မည်မျှပင် ခိုင်မာပါစေဦး၊ သူတို့ကို ဟန့်တားနိုင်လိမ့်မည် မဟုတ်ချေ။

“သွားကြစို့”

ထိုအချိန်မှာပင် အန်းလုရှန်းက ရုတ်တရက် လှည့်ပြန်လိုက်ကာ၊ မြင်းဝမ်းကို ညှပ်လျက် ခေါင်းလှည့်မကြည့်ဘဲ အဝေးဆီသို့ အရှိန်အဟုန်ဖြင့် စီးနင်း ထွက်ခွာသွားတော့သည်။

“အခုက သူနဲ့ ထိပ်တိုက်တွေ့ရမယ့် အချိန် မဟုတ်သေးဘူး”

“ထိုက်ရှီကလည်း နာလန်ထူနေတုန်းပဲ ရှိသေးတယ်၊ ငါတို့ အခု သူနဲ့ ယှဉ်လို့ မရသေးဘူး။ အရာရာတိုင်း အသင့်ဖြစ်တဲ့ အထိ စောင့်ဦးမယ်၊ အဲဒီအချိန်ကျမှ သူ့ကိုရော အဲဒီခွေးဧကရာဇ်ကိုရော အတူတူ သတ်ပစ်မယ်”

အန်းလုရှန်း၏ အသံမှာ အဝေးဆီမှ ထွက်ပေါ်လာပေသည်။

သည်းမခံနိုင်ပါက စီမံကိန်းကြီး ပျက်ပြားသွားလိမ့်မည် မဟုတ်ပါလော။ ခဏတာမျှသော အရှက်ရမှုကို သည်းခံနိုင်မှသာ၊ နောက်ဆုံးတွင် မာန်တက်နိုင်မည့် အောင်မြင်မှုကို ရရှိနိုင်ပေလိမ့်မည်။

သူသည် တစ်နေ့တွင် ဝမ်ချောင်အား ယနေ့ သူ၏မောက်မာမှုများအတွက် သေချာပေါက် တန်ဖိုး ပြန်ပေးဆပ်စေရမည်။

“ဟွန်း…. မင်းကို နောက်ထပ် ရက်အနည်းငယ်လောက် အသက်ရှင်ခွင့် ပေးထားလိုက်ဦးမယ်”

လူတိုင်း၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ပေါ်ထွက်သွားသော်လည်း၊ ရင်ထဲ၌ မည်မျှပင် မကျေမနပ် ဖြစ်နေပါစေဦး၊ ယခုအချိန်မှာ စိတ်လိုက်မာန်ပါ လုပ်ဆောင်ရမည့် အချိန် မဟုတ်ကြောင်းကိုမူ သိရှိထားကြပေသည်။

ခဏတာမျှ အချိန်အတွင်းမှာပင် လူတိုင်း မြင်းကို အစွမ်းကုန် ကုန်နှင်လိုက်ကြကာ ဝမ်ချောင် ပေါ်မလာခင်မှာပင် လေအေးများကြား၌ ပျောက်ကွယ်သွားကြတော့သည်။

အခြားတစ်ဖက်တွင်မူ ဝမ်ချောင်သည် ဝတ်ရုံစများ လွင့်ပျံနေလျက် မြင့်မားလှသော ခံတပ်ထိပ်ပေါ်တွင် ရပ်နေပေသည်။ သူသည် အန်းလုရှန်းတို့အဖွဲ့မှာ လျင်မြန်စွာ ဆုတ်ခွာသွားသည်ကို ခံစားနေရသော်လည်း ဝမ်ချောင်ကတော့ လိုက်လံမတိုက်ခိုက်ခဲ့ချေ။

အန်းလုရှန်းတို့အဖွဲ့မှာ အလွန်ပါးနပ်လှသလို၊ သူတို့ နောက်ဆုံး ရပ်တန့်ခဲ့သော နေရာမှာလည်း ဤနေရာနှင့် အလွန် ဝေးကွာလှပေသည်။ ဝမ်ချောင်အနေဖြင့် လိုက်လံတိုက်ခိုက်မည်ဆိုလျှင်ပင်၊ သူတို့ဘက်က အေးအေးဆေးဆေး ထွက်ပြေးလွတ်မြောက်ရန်အတွက် လုံလောက်သောအချိန် ရှိနေပေသည်။

ထို့ပြင် အန်းလုရှန်းဘေးနားရှိ ကောင်းရှန်းမှာ သေဆုံးခြင်း မရှိသေးသဖြင့်၊ ၎င်းမှာ အမြဲတမ်း ဘေးအန္တရာယ တစ်ခု ဖြစ်နေပေသည်။ ဝမ်ချောင်အနေဖြင့် အန်းလုရှန်းအား အကွက်ဆင်နေသကဲ့သို့၊ အန်းလုရှန်း ဘက်ကလည်း တစ်စုံတစ်ရာသော ပြင်ဆင်မှုများ ရှိနေနိုင်သည်မှာ ပြောရန် ခက်ခဲလှပေသည်။

“အရှိန်မြှင့်ကြစမ်း၊ နောက်ထပ် အင်အားဖြည့် စစ်တပ်ကြီးက မကြာခင် ရောက်တော့မယ်”

ဝမ်ချောင်က ခေါင်းလှည့်ကြည့်လိုက်ကာ လေးနက်စွာ ဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ”

အနောက်ဘက်မှ လူတိုင်းက ကျယ်လောင်သောအသံဖြင့် ပြန်လည် ဖြေကြားလိုက်ကြသည်။

ဝမ်ချောင်၏ အမိန့်နှင့်အတူ သံမဏိ ခံတပ်ကြီး တစ်ခုလုံးတွင် သံရည်ကျိုဖိုများ၏ ဟိန်းဟောက်သံများမှာ ပိုမိုကျယ်လောင်လာခဲ့သည်။ ထိုအသံမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေလျက် အဝေးကြီးအထိ ပျံ့လွင့်နေပေသည်။

လေအေးများကြားတွင် ဝမ်ချောင်သည် မြို့ရိုးထိပ်ပေါ်တွင် ရပ်နေလျက် ယိုကျိုးအရပ်ဆီသို့ လှမ်းကြည့်နေကာ လှုပ်ရှားခြင်း မရှိပေ။ သို့သော် သူ၏ အမူအရာမှာမူ ပိုမိုအေးစိမ့်လာနေပေသည်။

“အခုဆိုရင် အနောက် တာ့ခ်တစ်ခုပဲ မဖြေရှင်းရသေးတာ ကျန်တော့တယ်”

မသိမသာဖြင့် ဝမ်ချောင်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု လက်ခနဲ ဖြတ်ပြေးသွားခဲ့သည်။

အရှေ့မြောက်ပိုင်းရှိ သံမဏိ ခံတပ်ကြီး တည်ဆောက်ပြီးစီးသွားသည့် အခါ၊ မဟာထန်၏ အရှေ့မြောက်ပိုင်း အခြေခံအုတ်မြစ်မှာ အပြည့်အဝ ခိုင်မာသွားတော့မည် ဖြစ်သည်။ အနည်းဆုံးတော့ မြေမျက်နှာသွင်ပြင် အားသာချက်အရ ယိုကျိုး နှင့် ပတ်ဝန်းကျင်ရှိ နိုင်ငံများကို ယှဉ်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ယခုအခါ တစ်ခုတည်းသော မသေချာသေးသည့် အချက်မှာ အနောက် တာ့ခ် အင်ပါယာ၏ သဘောထားပင် ဖြစ်တော့သည်။

ဝမ်ချောင်သည် သတင်း ရရှိထားပြီး ဖြစ်သည်မှာ ချင်းလင်သည် မျှော်လင့်ထားသည့်အတိုင်း အန်းလုရှန်းဘက်သို့ ပါဝင်သွားခဲ့ပြီ ဖြစ်သည်။ အနောက်တာ့ခ်သာ သဘောတူညီချက် ပေးလိုက်မည်ဆိုပါက မှတ်ဉာဏ်ထဲမှ ထိုဧရာမ စစ်ပွဲကြီးမှာ ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာတော့မည် ဖြစ်သည်။

ဝမ်ချောင် ယုံကြည်နေသည်မှာ အန်းလုရှန်းဘက်ကလည်း ယခုအခါ အနောက် တာ့ခ် အင်ပါယာ ကို စည်းရုံးရန်အတွက် အလုပ်ရှုပ်နေပေလိမ့်မည်။

သို့သော် မည်သို့ပင်ဖြစ်စေ ဝမ်ချောင်အနေဖြင့် သူ့ကို အောင်မြင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။

ဝမ်ချောင်က ရင်ထဲမှ တွေးတောရင်း၊ ဖြည်းညင်းစွာ ခေါင်းလှည့်ကြည့်လိုက်ကာ အနောက်မြောက်ဘက်ရှိ အနောက် တာ့ခ် အင်ပါယာ တည်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်မိသည်။

ထိုအခိုက်အတန့်၌ သူ၏ ဓားသွားများအလား ထက်မြက်လှသော အကြည့်များမှာ အာကာသလွှာများကို ဖြတ်ကျော်လျက်၊ အဆုံးမရှိသော အဝေးဆီသို့ လှမ်းကြည့်နေသည့်အလား ခံစားနေရပေသည်။

……

“ဝုန်း”

သုံးရက် ကြာပြီးနောက်တွင်၊ အရှေ့မြောက်ပိုင်း ဒေသတစ်ခုလုံး တုန်ခါသွားခဲ့ရကာ၊ ဝမ်ချောင်၏ သံမဏိ ခံတပ်ကြီးမှာ နောက်ဆုံး၌ အပြည့်အဝ တည်ဆောက် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

……

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ တောင်ဘက်သို့ ဆင်းလာနေသော နှင်းမုန်တိုင်းများမှာ ဘိုင်ကယ်အိုင်ကို ဖြတ်ကျော်ပြီးနောက် မြက်ခင်းပြင် နိုင်ငံများ၏ နယ်စပ်သို့ ရောက်ရှိသွားခဲ့သည့် အခါတွင်မူ၊ တောင်ဘက်သို့ တိုးဝင်လာသောအရှိန်မှာ ရုတ်တရက် သိသိသာသာ နှေးကွေးသွားပုံ ရပေသည်။

တစ်ကုန်းမြေကမ္ဘာလုံးရှိ နိုင်ငံအသီးသီးမှာမူ အပြင်ပန်းတွင် ရေခဲကပ်ဘေးကို ခုခံနေကြသဖြင့် လူထုကြားတွင် ငြိမ်သက်နေသကဲ့သို့ ရှိသော်လည်း၊ တိတ်တဆိတ်တွင်မူ နိုင်ငံအသီးသီး၏ နန်းတွင်းများ၌ လှိုင်းလုံးကြီးများ လှုပ်ခတ်နေလျက် လေထုမှာလည်း အလွန်အမင်း တင်းမာနေပေသည်။ လူတိုင်း၏ အကြည့်များမှာ အလိုလိုပင် အနောက် တာ့ခ်မြက်ခင်းပြင်ကြီးဆီသို့ စုစည်းသွားကြတော့သည်။

နှင်းမုန်တိုင်းများက ရက်စက်စွာ တိုက်ခတ်နေပြီး၊ လွန်ခဲ့သော ရက်အနည်းငယ်နှင့် ယှဉ်လျှင် တစ်တာ့ခ် မြက်ခင်းပြင်လုံးရှိ အပူချိန်မှာ ပိုမို နိမ့်ကျလာနေပေသည်။

ဆန်မီတောင်ပတ်ဝန်းကျင်၌ နှင်းမှုန်များ ဖုံးလွှမ်းနေပြီး၊ တာ့ခ် သံချပ်ကာမြင်းတပ် စစ်ကြောင်းများမှာ တောင်ခြေမှနေ၍ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားကြသော်လည်း၊ နယ်မြေတစ်ခုလုံးမှာမူ ပိုမိုတိတ်ဆိတ်လာနေပေသည်။

ဆန်မီတောင်နှင့် မဝေးလှသော နေရာ၌၊ ထူထဲလှသော သားရေများဖြင့် ဖုံးအုပ်ထားသည့် ရွှေရောင် ရွက်ဖျင်တဲတစ်ခုအတွင်းတွင်၊ မီးသွေးများမှာ တောက်လောင်နေပေသည်။ ဒူဝူစီလီသည် ခန္ဓာကိုယ်ကို စောင်းလျက် လဲလျောင်းနေကာ၊ ဘယ်ဘက်လက်ဖြင့် စားပွဲတစ်ခုကို မှီထားလျက် ပျင်းရိစွာဖြင့် အရက်သောက်နေပေသည်။

မလှမ်းမကမ်းရှိ နေရာတစ်ခုတွင်မူ၊ ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးမှာ စားပွဲပေါ်တွင် မှောက်လျက် စာဖတ်နေပေသည်။

သူ ဖတ်နေသော အရာမှာ တာ့ခ် ကျမ်းစာများ မဟုတ်ဘဲ၊ မဟာထန်မှ ကျိန့်ကွမ်း ကျန့်ယောင် (ဧကရာဇ် ထိုက်ကျုံး၏ နိုင်ငံရေးရဲ့ အရေးကြီးတဲ့ အနှစ်ချုပ်) ဟူသော စာအုပ်ပင် ဖြစ်တော့သည်။

******

အခန်း (၂၁၃၁) ပထမမင်းသား၏ သတ်ဖြတ်လိုသော အရှိန်အဝါ

ဤစာအုပ်မှာ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက မဟာထန်မှ ဝူအမည်ရှိသော အရာရှိတစ်ဦး ပြုစုခဲ့ခြင်း ဖြစ်သည်။ ၎င်းတွင် ထိုက်ကျုံးဧကရာဇ် နန်းစံခဲ့သော ၂၃ နှစ်တာ ကာလအတွင်းရှိ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အရေးကြီးသော လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ အကြောင်းအရာများမှာ အလွန်ကျယ်ပြန့်လှပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အစရှိသော ကဏ္ဍစုံ ပါဝင်ပေသည်။ အထူးသဖြင့် ဧကရာဇ်နှင့် ပြည်သူတို့၏ ဆက်ဆံရေး၊ ပညာရှိများကို ခန့်အပ်အသုံးချပုံနှင့် အေးချမ်းနေစဉ်မှာပင် ဘေးအန္တရာယ်ကို ကြိုတင်တွေးတောခြင်းအစရှိသည့် အချက်များကို အဓိကထား ဆွေးနွေးထားပေသည်။

စတုတ္ထမင်းသား ဟူးဘားရှ်သည်လည်း အစွမ်းကုန် အားစိုက်ထုတ်ပြီးမှသာ ဤစာအုပ်အစုံကို ရရှိခဲ့ခြင်း ဖြစ်သည်။

“အရှင်မင်းသား အခြေအနေက မျက်ခုံးမွှေး မီးလောင်နေသလို အရေးကြီးနေပါပြီ၊ အရှင်ကတော့ ဒီမှာစာဖတ်ဖို့ စိတ်ကူးရှိနေတုန်းပဲ”

ဒူဝူစီလီသည် သားရေဘူးအတွင်းရှိ အရက်များကို အကုန်မော့သောက်လိုက်ပြီးနောက်၊ ဘေးနားရှိ ဟူးဘားရှ်ကို ကြည့်ကာ ခေါင်းကိုသာ တရမ်းရမ်း လုပ်နေတော့သည်။

“အရှင်နဲ့ပထမမင်းသားဟာ လက်တွေ့မှာ ရေနဲ့မီးလို ဖြစ်နေကြပြီ။ အခု အရေးကြီးတာက မဟာအအေးလှိုင်း မဟုတ်တော့ဘဲ ခါဂန်း ရာထူး လုပွဲပဲ။ ပထမမင်းသားကတော့ အရှင့်ကို လုံးဝလွှတ်ပေးမှာ မဟုတ်ဘူး”

ဒူဝူစီလီ၏ စိတ်ရင်းအတိုင်း ဆိုရလျှင်မူ သူသည် သေလျှင်သေသွားပါစေ မဟာထန်ဘက်သို့ ပါဝင်လိမ့်မည် မဟုတ်သလို၊ ဝမ်ချောင်နှင့်လည်း မည်သည့်ပတ်သက်မှုမျိုးမျှ ရှိလိုလိမ့်မည် မဟုတ်ချေ။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ယခုအခါတွင်မူ သူသည် သွားစရာ လမ်းမရှိတော့ချေ။ ယခုအခါ ဝူနုရှီပိ အာဏာရနေသဖြင့်၊ ဝူနုရှီပိအနေဖြင့် အခွင့်အရေး ရသည်နှင့် သူ့အား သတ်ပစ်ရန်ပင် တွေဝေနေလိမ့်မည် မဟုတ်ပေ။

ဒူဝူစီလီ အနေဖြင့် ပြန်လည် နာလန်ထူလိုပါက၊ စတုတ္ထမင်းသား ဟူးဘားရှ်ကို ကူညီလျက် မဟာထန်ဘက်သို့ ပါဝင်ရန်သာ ရှိတော့သည်။

“ဗိုလ်ချုပ်အနေနဲ့ ဘာလို့ အလိုလိုနေရင်း ပျာယာခတ်နေရတာလဲ။ အခြေအနေက အဲဒီအဆင့်အထိ မရောက်သေးပါဘူး။ ပြီးတော့ ငါတို့တွေ ဘယ်လောက်ပဲ စိုးရိမ်နေပါစေ၊ ဖြစ်လာမယ့် အရာကတော့ ဖြစ်လာမှာပဲလေ။ ဒါကြောင့် အရင်ဆုံး တည်ငြိမ်အောင် ထားပြီးမှ အဖြေရှာတာက ပိုကောင်းပါလိမ့်မယ်”

ဟူးဘားရှ်သည် ကိုယ်ကို မတ်မတ်ထားလျက် ခါးကို ဆန့်ကာ တည်ငြိမ်သော အမူအရာဖြင့် ဆိုလိုက်သည်။

“ငါ စာဖတ်တဲ့ ကိစ္စကတော့…… မင်း နားမလည်ပါဘူး”

“ဟွန်း…သူ နားမလည်ပေမဲ့ ငါ နားလည်တယ်”

ထိုအချိန်မှာပင် အလွန်အမင်း အေးစိမ့်လှသော အသံတစ်ခု ရုတ်တရက် ရွက်ဖျင်တဲအတွင်း၌ ဟိန်းထွက်လာသည်။

ထိုအသံကို ကြားလိုက်ရသည့်အခါ ဟူးဘားရှ်၏ စာမျက်နှာ လှန်နေသော လက်မှာ ရပ်တန့်သွားခဲ့ပြီး မျက်နှာမှာလည်း အနည်းငယ် ပြောင်းလဲသွားတော့သည်။

အခြားတစ်ဖက်တွင်မူ ဒူဝူစီလီ ၏ အမူအရာ လေးနက်သွားခဲ့ကာ၊ လက်ထဲရှိ သားရေဘူးကို ချလိုက်ပြီး ကိုယ်ကို မတ်မတ် ထိုင်လိုက်ပေသည်။

ခဏတာမျှ အချိန်အတွင်းမှာပင်၊ ရွှေရောင် ရွက်ဖျင်တဲ၏ လိုက်ကာမှာ ပြင်းထန်သော အားတစ်ခုဖြင့် ပွင့်သွားခဲ့ပြီး၊ နှင်းမှုန်များနှင့်အတူ အေးစိမ့်လှသော လေပြင်းများမှာ အရှိန်အဟုန်ဖြင့် တိုးဝင်လာတော့သည်။ ရွက်ဖျင်တဲအတွင်း တောက်လောင်နေသော မီးဖိုမှာလည်း ခဏချင်းအတွင်း မှိန်သွားခဲ့ရကာ၊ နီရဲနေသော မီးသွေးတုံးများမှာလည်း တရှူးရှူး မြည်သံများ ထွက်ပေါ်လာတော့သည်။

လိုက်ကာ အပြင်ဘက်တွင်မူ၊ ပြင်းထန်လှသော အရှိန်အဝါများ ပိုင်ဆိုင်ထားသည့် ပုံရိပ်နှစ်ခုမှာ တစ်ဦးရှေ့ တစ်ဦးနောက်ဖြင့်၊ ဖိအားများပေးလျက် အထဲသို့ လှမ်းဝင်လာကြသည်။

“အစ်ကိုတော်”

ဟူးဘားရှ်သည် အရှေ့ဆုံးမှ လူကို တစ်ချက်တည်းဖြင့် မှတ်မိလိုက်သည်။

“ဝူနုရှီပိ”

ဒူဝူစီလီသည်လည်း မျက်မှောင်ကြုတ်လျက် အနောက်မှ လိုက်ပါလာသော ဝူနုရှီပိကို မှတ်မိလိုက်ပေသည်။

ရွက်ဖျင်တဲအတွင်းရှိ လေထုမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။

အနောက် တာ့ခ် အင်ပါယာ အတွင်းရှိ နန်းလုပွဲမှာ ပိုမို ပြင်းထန်လာနေပေသည်။ ပထမမင်းသား အီဖီဒီယွန်းနှင့် စတုတ္ထမင်းသား ဟူးဘားရှ်တို့ကြားရှိ ပဋိပက္ခမှာ အနောက် တာ့ခ် အင်ပါယာတစ်ခုလုံး သိရှိထားကြသည့် ကိစ္စပင် ဖြစ်သည်။ ဒူဝူစီလီ နှင့် ဝူနုရှီပိတို့မှာမူ တာလာ့စ် စစ်ပွဲမတိုင်ခင်ကတည်းက တစ်ဦးနှင့်တစ်ဦး အဆင်မပြေဘဲ ရန်သူများအလား ဖြစ်နေခဲ့ကြခြင်း ဖြစ်သည်။

“အစ်ကိုတော်”

စတုတ္ထမင်းသားမှာ လက်ထဲရှိ စာအုပ်ကို အလျင်အမြန် ချလိုက်ပြီး၊ မတ်တပ်ထရပ်ကာ ကြိုဆိုလိုက်သည်။

ဒူဝူစီလီသည် အလွန်အမင်း မလိုလားသော်လည်း၊ မတ်တပ်ထရပ်ကာ လိုက်ပါ လုပ်ဆောင်ရုံသာ ရှိတော့သည်။

“ဟွန်း”

ပထမမင်းသားက အေးစိမ့်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက်၊ ထပ်မံ၍ စကားမဆိုဘဲ ဟူးဘားရှ်ကို ကျော်ဖြတ်ကာ စားပွဲနောက်သို့ လျှောက်သွားလိုက်ပြီး၊ စတုတ္ထမင်းသား၏ မူလ အဓိက နေရာတွင် အနည်းငယ်မျှ အားနာခြင်း မရှိဘဲ ထိုင်ချလိုက်တော့သည်။

ဝူနုရှီပိမှာမူ ခါး၌ ဓားရှည်ကို ချိတ်ဆွဲထားလျက် ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားကာ အီဖီဒီယွန်း၏ အနောက်တွင် ရပ်လိုက်ပေသည်။

ဟူးဘားရှ်နှင့် ဒူဝူစီလီတို့၏ မျက်မှောင်များမှာ တလှုပ်လှုပ် ဖြစ်သွားသော်လည်း၊ သူတို့နှစ်ဦးစလုံးမှာ စကားမဆိုကြချေ။

“စတုတ္ထညီငယ် အစ်ကိုတော် အနေနဲ့ တကယ်ကို မထင်ထားခဲ့ဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းက ခမည်းတော်က ဗိုလ်ချုပ်တွေကို စုစည်းပြီး မဟာမိတ်တပ်ဖွဲ့ ကိစ္စကို ဆွေးနွေးတဲ့ အချိန်မှာ မင်းက မဟာထန်ဘက်ကနေ ပွင့်ပွင့်လင်းလင်း ထောက်ခံပြီး နိုင်ငံအသီးသီးရဲ့ မဟာမိတ်ဖွဲ့မှုကို ဆန့်ကျင်ရဲတယ်ပေါ့။ ငါ့ကိုရော ဗိုလ်ချုပ် ဝူနုရှီပိကိုရော ရန်စတာလား?”

အီဖီဒီယွန်းက ခေါင်းမော့ကြည့်ကာ သူတို့နှစ်ဦးကို တစ်ချက် ဝေ့ကြည့်လျက် အေးစိမ့်စွာ ပြုံးလိုက်သည်။

ဟူးဘားရှ်နှင့် ဒူဝူစီလီ တို့မှာ ထိုစကားကို ကြားလိုက်ရသည့်အခါ ရင်ထဲ၌ လေးလံသွားကြသည်။ ရန်သူ လာလျှင် မကောင်းသော ရည်ရွယ်ချက် ပါလာမြဲ ဖြစ်သည်။ သူတို့နှစ်ဦးမှာ ပြစ်တင် ရှုတ်ချရန်အတွက် ရောက်ရှိလာခြင်း ဖြစ်ပေသည်။

“အစ်ကိုတော် ဟူးဘားရှ်မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး။ အဲဒီအချိန်ကတော့ အခြေအနေအရသာ တင်ပြခဲ့တာ ဖြစ်ပြီး၊ အစ်ကိုတော်ကို သီးသန့်ရန်စလိုတဲ့ ဆန္ဒ မရှိပါဘူး”

ဟူးဘားရှ်သည် ကိုယ်ကို အနည်းငယ် ကိုင်းလျက် လေးနက်စွာ ဆိုလိုက်သည်။

“ကျွန်တော့် အမြင်အရတော့ မဟာထန်က အရှိန်အဝါ ကြီးမားသလို၊ စစ်သည်အင်အားလည်း တောင့်တင်းလှပါတယ်။ စစ်အင်အား၊ ရင်းမြစ် ဒါမှမဟုတ် အမျိုးမျိုးသော သိုလှောင်မှုတွေမှာ ကျွန်တော်တို့ထက် များစွာသာလွန်နေပါတယ်။ ဒါ့အပြင် မဟာထန်ရဲ့ အဲဒီ မျိုးနွယ်ခြားဘုရင်ရဲ့ စစ်ဗျူဟာတွေကလည်း နတ်ဘုရားတွေလို ဆန်းကြယ်လွန်းလှပါတယ်။ ဝန်ကြီးချင်းလင်တောင်မှ သူ့ကို အကြီးအကျယ် ကြောက်ရွံ့နေရသလို၊ ကုန်းမြေတစ်ခုလုံးက အသိအမှတ်ပြုထားတဲ့ စစ်နတ်ဘုရားလည်း ဖြစ်ပါတယ်။ လောကမှာ ကြည့်မယ်ဆိုရင် ဘယ်သူကများ သူ့ကို ယှဉ်နိုင်မှာလဲ”

“အနောက်တောင် စစ်ပွဲ၊ တာလာ့စ် စစ်ပွဲ၊ အနောက်မြောက် စစ်ပွဲ…… ဘယ်စစ်ပွဲကြီးမှာမဆို၊ နိုင်ငံအသီးသီးက စစ်သည်အင်အား အသာစီးရနေသလို ယုံကြည်မှုတွေလည်း ပြည့်နေခဲ့တာပဲလေ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့တွေဟာ တစ်ခါမှ မအောင်မြင်ဘဲ အလဲလဲအကွဲကွဲ ရှုံးနိမ့်ခဲ့ရတာပဲ မဟုတ်လား။ ဒါကြောင့် ဒီတစ်ခေါက်မှာလည်း ကျွန်တော်တို့က နိုင်ငံအသီးသီးနဲ့ ပူးပေါင်းလိုက်ရုံနဲ့၊ မဟာထန်ကို တကယ်ပဲ အနိုင်ရနိုင်မယ်လို့ အစ်ကိုတော် ထင်လို့လား”

“ဟူးဘားရှ်အနေနဲ့ မဟာထန်ဘက်ကနေ ဘက်လိုက်လိုတဲ့ ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ အခြေအနေအရ ကြည့်မယ်ဆိုရင် အင်ပါယာရဲ့ အကျိုးစီးပွားက ကိုယ်ပိုင် ခံစားချက်တွေထက် များစွာပိုမိုအရေးကြီးပါတယ်။ အစ်ကိုတော်အနေနဲ့ ဒါကို နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

စတုတ္ထမင်းသားက ဆိုရင်း နောက်ထပ် တစ်ကြိမ် အလေးပြုလိုက်ပြန်သည်။

“အဓိပ္ပာယ် မရှိလိုက်တာ”

သို့သော် မျှော်လင့်မထားဘဲ ဟူးဘားရှ်၏ စကားအဆုံးတွင် အီဖီဒီယွန်းက ရုတ်တရက် ဟိန်းဟောက်လျက် သူ့ကို တားဆီးလိုက်သည်။ အီဖီဒီယွန်း၏အကြည့်များမှာ လျှပ်စစ်တန်းများအလား စူးရှလှပြီး ဟူးဘားရှ်ကို စိုက်ကြည့်နေသည်။

“ဘာ အင်ပါယာရဲ့ အကျိုးစီးပွားလဲ၊ အဓိပ္ပာယ် မရှိတဲ့ စကားတွေပဲ။ မင်းက မဟာထန်နဲ့ တိတ်တဆိတ် ဆက်သွယ်နေပြီးတော့ အချင်းချင်း ပူးပေါင်းနေကြတာကို ငါ မသိဘူးလို့ ထင်နေတာလား?”

“အစ်ကိုတော်”

“ပါးစပ်ပိတ်ထားစမ်း”

အီဖီဒီယွန်းက ရုတ်တရက် မတ်တပ်ထရပ်ကာ အံကြိတ်လျက် ဟူးဘားရှ်ကို ရက်စက်စွာ စိုက်ကြည့်နေသည်။

“စကားတွေ အများကြီး ပြောနေတာက၊ တကယ်တော့ မင်းက ငါနဲ့ ခါဂန်းရာထူးကို လုချင်နေတာ မဟုတ်လား?”

ခဏတာမျှ အချိန်အတွင်း ရွက်ဖျင်တဲအတွင်း၌ တိတ်ဆိတ်သွားခဲ့ရသည်။ အီဖီဒီယွန်းက မျက်လုံးများကို ကြုတ်လျက် တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး သူ၏ရင်ထဲရှိ ရန်လိုမှုများကိုလည်း အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိချေ။

တာ့ခ်လူမျိုးများမှာ ထန်လူမျိုးများ၏ စည်းကမ်းများကို လိုက်နာခြင်း မရှိချေ။ မည်သူက သားဦးဖြစ်သနည်း သို့မဟုတ် မည်သူက ပညာရှိသနည်း ဆိုသည့် အချက်များထက်၊ သူတို့သည် ခွန်အားကိုသာ ယုံကြည်ကြသည်။ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်သာလျှင် ခါဂန်း ရာထူးကို ဆက်ခံခွင့် ရှိပေသည်။

ဤအချက်ကြောင့်ပင် မင်းသား အားလုံးမှာ ခါဂန်း ရာထူး လုပွဲတွင် တရားဝင် ပါဝင်ခွင့် ရှိနေပေသည်။ ဟူးဘားရှ်လည်း အပါအဝင် ဖြစ်ပေသည်။

သူ၏ အမြင်အရမူ အကယ်၍ ဟူးဘားရှ်သာ သူ့ကို ယှဉ်ပြိုင်ရဲမည်ဆိုပါက၊ သူသည် သူ့အား ကိုယ်တိုင်ကိုယ်ကျ အပိုင်းပိုင်း ဆွဲဖြဲပစ်လိမ့်မည် ဖြစ်သည်။

“အစ်ကိုတော် အစ်ကိုတော် ဘာကိုပြောချင်နေလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ ဟူးဘားရှ်မှာ အစ်ကိုတော်ကို ဆန့်ကျင်လိုတဲ့ဆန္ဒ လုံးဝမရှိပါဘူး”

အချိန်အတော်ကြာပြီးနောက်တွင် ဟူးဘားရှ်က တိတ်ဆိတ်မှုကို ဖြတ်တောက်လျက် ပြန်လည်ပြောဆိုလိုက်သည်။ ပြောဆိုနေစဉ်မှာပင် နောက်တစ်ကြိမ် ကိုယ်ကို ကိုင်းကာ အလေးပြုလိုက်ပြန်သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အီဖီဒီယွန်း၏ အကြည့်များမှာ ပိုမို အေးစိမ့်လာခဲ့သည်။ အနောက်ဘက်တွင်မူ ဝူနုရှီပိ၏ အကြည့်များမှာ ဓားသွားများအလား စူးရှလှပြီး ဟူးဘားရှ်နှင့် ဘေးနားရှိ ဒူဝူစီလီ တို့ကို အစဉ်မပြတ် ဝေ့ကြည့်နေပေသည်။

အီဖီဒီယွန်းက စကားတွေ အများကြီး ပြောခဲ့ခြင်းမှာ ဟူးဘားရှ်အား ဒေါသထွက်အောင် ဆွပေးလိုခြင်းဖြစ်ကာ၊ တစ်ချိန်တည်းမှာပင် အမှားတစ်ခုခု လုပ်ဆောင်လာအောင် ဖိအားပေးခြင်းဖြင့် သူ့အား ပိုမိုကိုင်တွယ်ရန် သို့မဟုတ် တိုက်ရိုက် သတ်ပစ်ရန်အတွက် ဖြစ်သည်။ သို့သော် ဟူးဘားရှ်ကတော့ အနည်းငယ်မျှ စိတ်လှုပ်ရှားခြင်း မရှိသည့်အပြင်၊ အပြုအမူ တိုင်းတွင်လည်း ယဉ်ကျေးပျူငှာလှသဖြင့် မရိုသေသော အချက် တစ်စုံတစ်ရာမျှ မရှိချေ။ ဤအချက်ကြောင့် အီဖီဒီယွန်းမှာ ဒုက္ခပေးလိုသော်လည်း မည်သည့်နေရာမှ စတင်ရမည်ကို မသိနိုင်လောက်အောင် ဖြစ်နေရသည်။

မြက်ခင်းပြင်ပေါ်က လူသားများမှာ ပင်ကိုယ်အားဖြင့် ကြမ်းတမ်းလှသော်လည်း၊ ဟူးဘားရှ်တွင် ဤမျှအထိ စိတ်ရှည်သည်းခံနိုင်စွမ်းရှိနေခြင်းမှာ ဝူနုရှီပိပင်လျှင် များစွာအံ့အားသင့်သွားရသည်ဟု ဆိုရပေမည်။

သို့သော် ဤသို့ ဖြစ်လေလေ၊ ဝူနုရှီပိအနေဖြင့် ဟူးဘားရှ်ကို ပို၍သည်းမခံနိုင်လေလေ ဖြစ်သည်။ ပထမမင်းသား အီဖီဒီယွန်းသာလျှင် အနောက် တာ့ခ် အင်ပါယာ၏ အစစ်အမှန် ခေါင်းဆောင် ဖြစ်ရမည် ဖြစ်ကာ သူသည် စတုတ္ထမင်းသားအား ဝမ်ချောင်နှင့် ပူးပေါင်းသွားမည့် အဖြစ်မျိုးကို လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

ရွက်ဖျင်တဲအတွင်း၌ တိတ်ဆိတ်မှုများ လွှမ်းမိုးနေပေသည်။

အီဖီဒီယွန်းသည် ရှေ့တွင်ရှိသော ဟူးဘားရှ်ကို နက်နဲစွာ စိုက်ကြည့်နေပြီး၊ နောက်တစ်ခဏ၌ သူ၏ ခြေလှမ်းမှာ လှုပ်ခါသွားခဲ့ပြီး ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

“အရှင်မင်းသား”

ဒူဝူစီလီ၏ ကိုယ်ထည်မှာ တုန်ခါသွားခဲ့ပြီး ချက်ချင်းပင် စိုးရိမ်သော အမူအရာ ပေါ်ထွက်လာတော့သည်။

“စိတ်အေးအေးထားပါ၊ ငါ ဘာမှ မလုပ်သေးပါဘူး”

ပထမမင်းသားက ခေါင်းလှည့်ကာ ဒူဝူစီလီကို တစ်ချက် လှမ်းကြည့်လိုက်ရာ အကြည့်များမှာ အလွန်အမင်း အေးစိမ့်နေပေသည်။ ထို့နောက်တွင်မူ သူ၏ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ကာ စတုတ္ထမင်းသား ဟူးဘားရှ်၏ နားနားသို့ ကပ်လိုက်ပေသည်။

“စတုတ္ထညီငယ် မင်းက ငါ့ကို မင်းကို သတ်ခိုင်းအောင် ဖိအားပေးနေတာပဲ”

အီဖီဒီယွန်းက ဟူးဘားရှ်၏ နားနားတွင် တိုးတိုးလေး ဆိုလိုက်သည်။ သူ၏အသံမှာ ခြင်လေးတစ်ကောင် မြည်သံအလား အလွန် တိုးညင်းသော်လည်း၊ ထိုအသံထဲမှ ထွက်ပေါ်နေသော အေးစိမ့်မှုများမှာမူ ဓားသွားများအလား ထက်မြက်လှပေသည်။

သို့သော် သူ၏မျက်နှာပေါ်တွင်မူ မည်သည့်အရာမှ ဖော်ပြခြင်း မရှိဘဲ၊ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်နေပေသည်။

“အစ်ကိုတော်”

ဟူးဘားရှ်၏ကိုယ်မှာ တုန်ခါသွားခဲ့ရပြီး ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်မိသည်။

သို့သော် မျက်နှာချင်းဆိုင်ရှိ အီဖီဒီယွန်းကတော့ သူ့အား ထပ်မံ ဂရုမစိုက်တော့ဘဲ၊ သူ၏ ဝတ်ရုံကို ခါယမ်းလျက် ရုတ်တရက် လှည့်ပြန်လိုက်ကာ၊ လိုက်ကာကို ဖွင့်ပြီး ပြင်ပမှ နှင်းမုန်တိုင်းများကြားသို့ တိုက်ရိုက် လှမ်းဝင်သွားတော့သည်။

“ဗိုလ်ချုပ် သွားကြစို့”

စကားသံ မဆုံးခင်မှာပင် သူ၏ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။

ရွက်ဖျင်တဲအတွင်း၌ ဝူနုရှီပိ၏ အမူအရာမှာ အေးစိမ့်နေပြီး၊ အကြည့်များမှာ လျှပ်စစ်တန်းများအလား လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်၊ ဓားရှည်ကို လက်ဖြင့် ဖိကာ ရွက်ဖျင်တဲအတွင်းမှ လိုက်ပါ ထွက်ခွာသွားတော့သည်။

ရှေ့တွင် မိုင်ပေါင်း ရာနှင့်ချီ၍ ဝေးကွာသောအရပ်၌၊ ဝူနုရှီပိသည် ပထမမင်းသား၏ အနောက်မှ လျင်မြန်စွာ လိုက်ပါသွားပြီး နှစ်ဦးသား ဘေးချင်းယှဉ် လျှောက်လှမ်းနေကြသည်။

“ကြည့်ရတာ ဟူးဘားရှ်ကတော့ ငါ့ကို ဆန့်ကျင်ဖို့အတွက် လုံးဝဆုံးဖြတ်ထားပုံရတယ်”

အီဖီဒီယွန်းက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အေးစိမ့်စွာ ဆိုလိုက်သည်။

ယခုတစ်ကြိမ် ကိုယ်တိုင် ပေါ်ထွက်လာခြင်းမှာ သူ ဟူးဘားရှ်အား ပေးအပ်သော နောက်ဆုံး အခွင့်အရေး ဖြစ်သည်။ အကယ်၍ ဟူးဘားရှ်သာ ညီအစ်ကို သံယောဇဉ်ကို တကယ်ထည့်တွက်မည်ဆိုပါက၊ ရာထူးလုပွဲကို စွန့်လွှတ်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ခုနက တွေ့ဆုံစဉ်မှာပင် သူသည် သဘောထားကို အလျင်အမြန် ပြောင်းလဲလျက် ခေါင်းငုံ့ အမှားဝန်ခံရပေလိမ့်မည်။ ယခုကဲ့သို့ သူ၏ ရှေ့တွင် အကျိုးအကြောင်းများစွာကို လိုက်လံငြင်းခုံနေလိမ့်မည် မဟုတ်ပေ။

အီဖီဒီယွန်းအတွက်မူ ဤအရာက သူ၏ ရင်ထဲရှိ ခန့်မှန်းချက်များကို ပိုမိုခိုင်မာသွားစေခဲ့သလို ဟူးဘားရှ်ကို ကိုင်တွယ်ရန် ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မာသွားစေခဲ့သည်။

“အချိန် သိပ်မကျန်တော့ဘူး၊ အရှင်မင်းသား သတိမထားမိဘူးလား။ မကြာသေးခင်က အင်ပါယာအတွင်းကို ရောက်လာတဲ့ နိုင်ငံအသီးသီးက သံတမန်တွေက ပိုပြီးများလာသလို၊ ပိုပြီးလည်း စိပ်လာနေတယ်။ ဝန်ကြီးချုပ်ချင်းလင်တောင်မှ ခါဂန်းကို တွေ့ဖို့အတွက် သံတမန်တွေ လွှတ်ထားပါတယ်။ ငါတို့ အနောက် တာ့ခ် အင်ပါယာဟာ တစ်လောကလုံးရဲ့ အာရုံစိုက်ရာ နေရာ ဖြစ်နေပါပြီ”

“အရှင်မင်းမြတ်အနေနဲ့ ဒီစစ်ပွဲမှာ ကြားနေအဖြစ် ရပ်တည်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်နေတာပါ။ ဆုံးရှုံးမှုတွေကို အနည်းဆုံး ဖြစ်အောင် လုပ်ချင်နေတာပါ။ ဒါပေမဲ့ နိုင်ငံအသီးသီးကတော့ ဒါကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူး။ ကျွန်တော်မျိုး ခန့်မှန်းရသလောက်ဆိုရင် အရှင်မင်းမြတ် ဆုံးဖြတ်ချက်ချမယ့် အချိန်က ဒီကာလအတွင်းမှာပဲ ဖြစ်ပါလိမ့်မယ်”

“မဟာထန်လား ဒါမှမဟုတ် နိုင်ငံအသီးသီးလား၊ အရှင်မင်းမြတ်က တစ်ခုတည်းကိုပဲ ရွေးချယ်ရပါလိမ့်မယ်”

“အရှင်မင်းသားလား ဒါမှမဟုတ် စတုတ္ထမင်းသားလား အရှင်မင်းမြတ်က ထိုနည်းတူပဲ တစ်ယောက်တည်းကိုပဲ ရွေးချယ်ရပါလိမ့်မယ်”

ဝူနုရှီပိက လေးနက်စွာ ဆိုလိုက်သည်။

အီဖီဒီယွန်း၏ အကြည့်များမှာ ချက်ချင်းပင် အလွန်အမင်း စူးရှသွားတော့သည်။

“ဒီလိုဆိုရင်တော့ သူ့ကို ထပ်ပြီး ချန်ထားလို့ လုံးဝ မဖြစ်တော့ဘူး”

လွန်ခဲ့သော လအနည်းငယ်က နိုင်ငံပေါင်းစုံတွေ့ဆုံပွဲတော်တွင် သူသည် မဟာထန်၏ ကြွယ်ဝချမ်းသာမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသလို၊ မဟာထန်၏ အင်အားကြီးမားမှုကိုလည်း မြင်တွေ့ခဲ့ရသည်။ ထို့ပြင် မဟာထန်၏ မောက်မာမှုများကိုလည်း ထိုနည်းတူ မြင်တွေ့ခဲ့ရသည်။

အကယ်၍ အနောက် တာ့ခ် အင်ပါယာ သာ မဟာထန်ဘက်သို့ ပါဝင်သွားမည်ဆိုပါက၊ မဟာထန်၏ လက်အောက်ခံအဖြစ်သာ ထာဝရ နေထိုင်သွားရမည် ဖြစ်ကာ၊ အမြဲတမ်း သူတစ်ပါး၏ မျက်နှာကို ကြည့်နေရပေလိမ့်မည်။ အနာဂတ်၏ အနောက် တာ့ခ် ခါဂန်းတစ်ဦးအနေဖြင့်၊ သူသည် ခါးကို နှိမ့်ကာ သူတစ်ပါးကို ဖားယားနေရသော ခါဂန်းတစ်ဦး ဖြစ်လာရန် လုံးဝမလိုလားချေ။

သူသည် ဟူးဘားရှ်အား အနောက် တာ့ခ် အင်ပါယာကို မှားယွင်းသော လမ်းကြောင်းပေါ်သို့ ပို့ဆောင်သွားမည့် အဖြစ်မျိုးကို လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

လေအေးများ ပြင်းပြင်းထန်ထန်တိုက်ခတ်နေပြီး၊ သူတို့နှစ်ဦးမှာ လျင်မြန်စွာ ထွက်ခွာသွားကြကာ တောင်ထိပ် အရပ်ဆီ၌ ပျောက်ကွယ်သွားတော့သည်။

အခြားတစ်ဖက်၊ ရွှေရောင် ရွက်ဖျင်တဲအတွင်း၌မူ…

“တကယ်ကို ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်ပဲ။ အီဖီဒီယွန်းကတော့ တကယ်ကို သတ်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ကြည့်ရတာ ဒီကာလအတွင်းမှာပဲ သူ အလျင်အမြန် လုပ်ဆောင်တော့မှာ သေချာတယ်”

အချိန်အတော်ကြာပြီးနောက်တွင် ဒူဝူစီလီ က ရုတ်တရက် ပြောဆိုလိုက်သည်။

ရန်သူလာလျှင် မကောင်းသော ရည်ရွယ်ချက် ပါလာမြဲ ဖြစ်သည်။ အီဖီဒီယွန်းနှင့် ဝူနုရှီပိတို့ ရောက်ရှိလာခြင်းက သူ့အား ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်များကို ခံစားရစေခဲ့သည်။

“အစ်ကိုတော်ကတော့ ရူးသွပ်သွားခဲ့ပြီ”

ဟူးဘားရှ်က ခေါင်းမော့ကြည့်လိုက်ကာ၊ ဆန်မီတောင်အရပ်ဆီသို့ လှမ်းကြည့်ရင်း ရုတ်တရက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တော့သည်။

ဒူဝူစီလီသည် ရှေ့တွင်ရှိသော အမူအရာ တည်ငြိမ်နေလျက် အနည်းငယ်မျှ စိတ်လှုပ်ရှားခြင်း မရှိသော ဟူးဘားရှ်ကို ကြည့်ရင်း တစ်ခဏတာမျှ မှင်တက်သွားတော့သည်။

“အစ်ကိုတော်ကတော့ ရူးသွပ်သွားခဲ့ပြီ” ဟူသော စကားတစ်ခွန်းထဲ၌ ပါဝင်နေသော သတင်းအချက်အလက်များမှာ များပြားလွန်းလှပေသည်။ ဤမျှအထိ တည်ငြိမ်လှသော လေသံဖြင့် ထိုကဲ့သို့သော စကားမျိုးကို ပြောနိုင်သော ဟူးဘားရှ်မှာ၊ သူ သိကျွမ်းထားခဲ့သော ထိုစတုတ္ထမင်းသားနှင့် လုံးဝ မတူညီတော့သကဲ့သို့ပင်။

******

All Chapters