အခန်း (၂၁၃၂-၂၁၃၄)
Vol. 132 Ch. 2132-2134
အခန်း (၂၁၃၂) ရှာပိုလော် ခါဂန်း လုပ်ကြံခံရခြင်း
“ဗိုလ်ချုပ်အနေနဲ့ အံ့အားသင့်မနေပါနဲ့၊ ကျွန်တော် ဘာပြောနေသလဲဆိုတာ ကျွန်တော် သိပါတယ်။ အစ်ကိုတော်ကြီးက သူ့ရဲ့ ကိုယ်ပိုင် အကြိုက်နဲ့ အရှုံးအမြတ်တွေကို အရမ်း ဦးစားပေးလွန်းနေတယ်။ ပြီးတော့ အဲဒီအရာတွေကို အင်ပါယာရဲ့ အကျိုးစီးပွားထက်တောင် အပေါ်မှာ ထားထားပါတယ်။ အကျိုးအပြစ်တွေကို တရားမျှတစွာ ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက် မချနိုင်ဘူးဆိုရင် ဒါဟာ ငါတို့ အနောက် တာ့ခ်အတွက် ကံကောင်းခြင်း မဟုတ်ပါဘူး”
ဟူးဘားရှ်သည် ခေါင်းပင် လှည့်မကြည့်ဘဲ တည်ငြိမ်စွာ ဆိုလိုက်သည်။
“ငါ ဒီကျိန့်ကွမ်း ကျန့်ယောင် စာအုပ်ကို ဖတ်ကြည့်တဲ့အခါ၊ အထဲက စကားအချို့ကို တကယ် ခံစားမိတယ်”
“ဧကရာဇ်တစ်ပါး၏ ကျင့်ဝတ်မှာ ပြည်သူလူထုကို ဦးစွာ ရှင်သန်စေရန် ဖြစ်သည်။ အကယ်၍ မိမိကိုယ်ကိုယ် ကောင်းစားရန်အတွက် ပြည်သူကို ထိခိုက်စေခြင်းသည်၊ ဗိုက်ဝရန်အတွက် မိမိ၏ ပေါင်သားကို လှီးဖြတ်စားသကဲ့သို့ ဖြစ်သည်။ ဗိုက်ဝသွားသည့်အခါ ခန္ဓာကိုယ်မှာမူ သေဆုံးသွားရပေလိမ့်မည်။”
“လောကကို အေးချမ်းစေလိုပါက၊ မိမိကိုယ်ကိုယ် ဦးစွာ တည့်မတ်ရမည်။ ကိုယ်တိုင် တည့်မတ်နေပါလျက် အရိပ် တွန့်လိမ်နေခြင်းမျိုး သို့မဟုတ် အထက်က ကောင်းမွန်စွာ အုပ်ချုပ်နေပါလျက် အောက်က ဖရိုဖရဲ ဖြစ်နေခြင်းမျိုး မရှိနိုင်ချေ။”
“ဗိုလ်ချုပ် နားမလည်တာ ငါ သိပါတယ်။ ဗိုလ်ချုပ်အနေနဲ့ ဒီစကားနှစ်ခွန်းက ‘ဧကရာဇ် တစ်ဦးဟာ တရားမျှတရမယ်၊ အရာရာမှာ နိုင်ငံတော် အကျိုးစီးပွားကို ဦးစားပေးရမယ်’ လို့ ဆိုလိုတာကို သိထားရင်ပဲ လုံလောက်ပါပြီ”
ဟူးဘားရှ်က အေးအေးဆေးဆေး ပြုံးလျက် ဆိုလိုက်သည်။
ဒူဝူစီလီမှာ မှင်တက်သွားခဲ့ပြီး စကားတစ်ခွန်းမျှပင် ပြန်မပြောနိုင်တော့ချေ။
သူ ရပ်နေသော နေရာမှ လှမ်းကြည့်လိုက်သည့်အခါ၊ ဤအခိုက်အတန့်၌ စတုတ္ထမင်းသား ဟူးဘားရှ်၏ အကြည့်များမှာ စူးရှတောက်ပနေပြီး၊ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း လူကို တုန်လှုပ်စေနိုင်လောက်အောင် ခန့်ညားလှသဖြင့် လူတိုင်းကို အလိုလို ယုံကြည်ကိုးစားသွားစေပေသည်။
ဒီလူက သူ သိကျွမ်းခဲ့တဲ့ အဲဒီစတုတ္ထမင်းသား အမှန်ပဲလား။
ဒူဝူစီလီ တစ်ကိုယ်လုံးမှာ ကျောက်ရုပ်တစ်ရုပ်အလား အံ့အားသင့်နေတော့သည်။
“အစ်ကိုတော်ကြီး ငါတို့တွေ နောက်ဆုံးမှာ တကယ်ပဲ ဒီအဆင့်အထိ မရောက်သွားဖို့ မျှော်လင့်ပါတယ်”
ဟူးဘားရှ်သည် ဒူဝူစီလီကို ဂရုမစိုက်တော့ဘဲ၊ အစ်ကိုတော်ကြီး ထွက်မသွားခင် ပြောခဲ့သော နောက်ဆုံး စကားတစ်ခွန်းကို ဦးနှောက်ထဲ၌ ပြန်လည်မြင်ယောင်ရင်း၊ လက်သီးကို ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်ပြီးမှ ပြန်လည် လွှတ်ပေးလိုက်သည်။
လူတိုင်းမှာ ကြီးထွားလာရန် သင်ယူကြရသည် မဟုတ်ပါလား။
လွန်ခဲ့သော တစ်နှစ်ကျော်က ခါတွန် ရုတ်တရက် ကွယ်လွန်သွားပြီးနောက်၊ ရှာပိုလော် ခါဂန်း၏ သူ့အပေါ် ထားရှိသော အချစ်များမှာ တစ်ဟုန်ထိုး ကျဆင်းသွားခဲ့သလို၊ မျိုးနွယ်စုအတွင်းရှိ သူ၏ အခြေအနေမှာလည်း အလွန်ဆိုးရွားသွားခဲ့သည်။ ဤအရာ အားလုံးကပင် သူ့အား လျင်မြန်စွာ ကြီးထွားလာစေခဲ့ပြီး အရာများစွာကိုလည်း နားလည်စေခဲ့သည်။
သူသည် နောက်ဆုံးတွင် တစ်လှမ်းချင်းစီဖြင့် ဤအဆင့်သို့ တွန်းပို့ခြင်း ခံခဲ့ရပေသည်။ အစ်ကိုတော်ကြီးက သူ့ကို အထင်သေးခဲ့သလို၊ ဒူဝူစီလီကလည်း သူ့ကို မှားယွင်းစွာ မြင်ခဲ့ကြသည်။ သူသည် နူးညံ့သိမ်မွေ့သူ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းမှာ အမြဲတမ်း အလျှော့ပေးနေမည် သို့မဟုတ် ထိုင်ပြီး အသေခံနေမည်ဟု လုံးဝ အဓိပ္ပာယ် မရချေ။
အစ်ကိုတော်ကြီး၊ မိုက်မဲတဲ့ ကိစ္စမျိုးကိုတော့ လုံးဝမလုပ်ပါနဲ့၊ ကျွန်တော် လက်တွေ့ လုပ်ဆောင်လာတာကို အစ်ကိုတော် မြင်ချင်မှာ မဟုတ်တာတော့ သေချာတယ်။
မသိမသာဖြင့် ဟူးဘားရှ်၏ မျက်ဝန်းအိမ် နက်ရှိုင်းရာ နေရာ၌ အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ အရာရာတိုင်းမှာ ငြိမ်သက်သွားတော့သည်။
“ဟူး”
လေအေးများ ဟိန်းဟောက်တိုက်ခတ်နေပြီး မြောက်ဘက်မှ နှင်းမုန်တိုင်းများမှာ တစ်ဟုန်ထိုး ကျဆင်းလာနေပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီး၊ အနောက် တာ့ခ် အင်ပါယာတစ်ခုလုံး အပြင်ပန်းတွင် ငြိမ်သက်နေသော်လည်း၊ တိတ်တဆိတ်တွင်မူ လှိုင်းလုံးကြီးများ လှုပ်ခတ်နေလျက် အလွန်အမင်း တင်းမာနေပေသည်။
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့ကို ဗဟိုပြုလျက် အနောက် တာ့ခ် တစ်ခုလုံးမှာ မသိမသာဖြင့် အုပ်စုနှစ်စု ကွဲပြားသွားခဲ့သည်။ အထက်ရှိ ဗိုလ်ချုပ်များ၊ အထက်တန်းလွှာများမှသည် အောက်ခြေရှိ သာမန် ဗိုလ်ချုပ်များ၊ စစ်သည်များနှင့် သိုးထိန်းများအထိ ထိုအုပ်စုများထဲတွင် ပါဝင်လာကြကာ၊ တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်ရင်ဆိုင်နေကြသဖြင့် လေထုမှာ အလွန် တင်းမာနေပေသည်။
ဟူးဘားရှ်၏ ရွက်ဖျင်တဲ အပြင်ဘက်တွင်လည်း ထိပ်တန်း သံချပ်ကာမြင်းတပ် အမြောက်အမြားမှာ ပုံရိပ်များ ထင်ဟပ်နေပေသည်။ ထိုမြင်းတပ်များမှာ ဟူးဘားရှ်ကို အလွှာလိုက် ဝိုင်းပတ်စောင့်ကြပ်နေကြပြီး၊ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်နေကြသဖြင့်၊ မည်သူမျှ ချဉ်းကပ်လာသည်နှင့် သူတို့၏ သတိပြုမှုကို ချက်ချင်း ရရှိသွားပေလိမ့်မည်။
မတော်တဆ ဖြစ်လာမည်ကို စိုးရိမ်ရပေသည်။ ပထမမင်းသားက စတုတ္ထမင်းသားကို ဒုက္ခပေးမည်ဟု စကားထုတ်ထားခဲ့ပြီးဖြစ်သဖြင့်၊ ဟူးဘားရှ်အနေဖြင့်လည်း မကာကွယ်ဘဲ မနေနိုင်ချေ။
ဟူးဘားရှ်အစွမ်းကုန် သတိထားနေသော ဤကာလအတွင်းမှာပင်၊ တစ်အနောက် တာ့ခ် အင်ပါယာအတွင်း၌ အရေးကြီးသော ကိစ္စရပ်ကြီးများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။
ပထမဦးစွာ အနီးကပ်ဆုံးရှိ ယွီစန်းမှ သံတမန်အဖွဲ့တစ်ခုမှာ အနောက် တာ့ခ် အင်ပါယာသို့ ရောက်ရှိလာခဲ့သည်။ သူတို့သည် ယွီစန်း၏ အမတ်ချုပ်ကြီး ဝန်ကြီးချုပ်ချင်းလင်၏ အမိန့်ကို သယ်ဆောင်လာကြပြီး၊ အနောက် တာ့ခ် အင်ပါယာနှင့်အတူ သိုးထိန်းများ ကပ်ဘေးသင့်သည့် ကိစ္စကို ဆွေးနွေးရန် ဖြစ်သည်ဟု ဆိုကြသည်။
များမကြာမီမှာပင် ယိုကျိုးမှ သံတမန်အဖွဲ့ တစ်ခုမှာလည်း အနောက် တာ့ခ် အင်ပါယာ အတွင်းသို့ လိုက်ပါဝင်ရောက်လာခဲ့သည်။
ထို့နောက်တွင် မဟာထန်မှ သံတမန်အဖွဲ့ တစ်ခုမှာလည်း အနောက် တာ့ခ် အင်ပါယာ သို့ ရောက်ရှိလာသည့်အခါတွင်မူ သာမန် သိုးထိန်းများပင်လျှင် အင်ပါယာ အတွင်းရှိ ထူးဆန်းလှသော လေထုကို ခံစားမိလိုက်ကြတော့သည်။
အနောက် တာ့ခ် အင်ပါယာမှာ မသိမသာဖြင့် နိုင်ငံအသီးသီးနှင့် မဟာထန်ကြားရှိ အက်ကွဲကြောင်းများကြားတွင် ညပ်နေခဲ့ပြီဖြစ်သည်။ နိုင်ငံအသီးသီး၏ ပေါ်ထွက်လာမှုနှင့် ဖိအားများ ပေးလာမှုကြောင့် သာမန် သိုးထိန်းများပင်လျှင် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်လာကြရသည်။
သို့သော် အင်ပါယာတစ်လုံးခုတွင် မည်သူမျှ ထိုကိစ္စကို ထုတ်ဖော် မပြောဆိုကြဘဲ၊ အရာရာတိုင်းမှာ သိမ်မွေ့သော်လည်း ကျိုးပျက်လွယ်လှသော ဟန်ချက်တစ်ခုကို ထိန်းသိမ်းထားကြပေသည်။
လူတိုင်းမှာ ရှာပိုလော် ခါဂန်း၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ကြည့်လျက် စောင့်ဆိုင်းနေကြပေသည်။
ကျိုးပျက်လွယ်လှသော ထိုဟန်ချက်ကြားမှာပင်၊ ရက်အနည်းငယ် ကြာပြီးနောက်တွင်၊ အရေးကြီးသော ကိစ္စရပ်ကြီးတစ်ခုမှာ နောက်ဆုံး၌ ဖြစ်ပွားခဲ့တော့သည်။
“ဝုန်း”
နံနက်ခင်းအချိန်၌၊ ရွှေရောင် ရွက်ဖျင်တဲမှာ ရုတ်တရက် အရှိန်အဟုန်ဖြင့် ပွင့်သွားခဲ့ပြီး၊ အနောက် တာ့ခ် သံချပ်ကာမြင်းတပ် စစ်သည်တစ်ဦးမှာ နှင်းမှုန်များကို သယ်ဆောင်လျက် အလွန်အရေးတကြီး ဝင်ရောက်လာခဲ့သည်။
“အရှင်မင်းသား မကောင်းတော့ဘူး၊ ကိစ္စဖြစ်ပြီ”
“အရှင်မင်းမြတ်ဘက်မှာ၊ မနေ့ညက မငြိမ်မသက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ တစ်စုံတစ်ယောက်က ရွက်ဖျင်တဲထဲမှာ အရှင်မင်းမြတ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပုံ ရပါတယ်။ အရှင်မင်းမြတ်က အကြီးအကျယ် ဒေါသထွက်နေပြီး၊ အခု ရွက်ဖျင်တဲတော်ထဲမှာ လူတိုင်းကို ဆင့်ခေါ်နေပါတယ်။ ဗိုလ်ချုပ်တွေ၊ အထက်တန်းလွှာတွေ အကုန်လုံး ရောက်နေကြပြီဖြစ်ပြီး၊ အခုအရှင်မင်းသား တစ်ယောက်ပဲ ကျန်ပါတော့တယ်”
ထိုအနောက် တာ့ခ်စစ်သည်မှာ မြေပြင်ပေါ်၌ ဒူးတစ်ဖက် ထောက်လျက် အရေးတကြီး လျှောက်တင်လိုက်ရာ စကားအနည်းငယ် ပြောပြီးရုံနှင့်ပင် သူ၏နဖူးပေါ်မှ ချွေးအေးများမှာ စီးကျလာတော့သည်။
“ဘာ”
ထိုစကားကို ကြားလိုက်ရသည့်အခါ ရွက်ဖျင်တဲအတွင်း၌ စတုတ္ထမင်းသား ဟူးဘားရှ်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
“ဘယ်လိုဖြစ်လို့ ဒီလိုကိစ္စမျိုး ဖြစ်ရတာလဲ”
ဘေးနားရှိ ဒူဝူစီလီကလည်း မနေနိုင်ဘဲ ဝင်ရောက် မေးမြန်းလိုက်သည်။
“အသေးစိတ် အခြေအနေကို သိလား”
“မသိပါဘူး”
ထို အနောက် တာ့ခ် စစ်သည်က ခေါင်းငုံ့ထားလျက် မျက်နှာမှာ ဖြူလျော့နေပေသည် -
“လက်ရှိမှာ သတင်းအချက်အလက် အားလုံးကို ပိတ်ဆို့ထားသလို၊ အသေးစိတ် အခြေအနေကိုလည်း ဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့ မနေ့ညက မိုးမလင်းခင် အချိန်မှာ၊ ဆန်မီတောင်ပေါ်ကနေ ခါဂန်းကို စောင့်ရှောက်တဲ့ လန်းဝေ့အစောင့်အလောင်း အတော်များများကို သယ်ချလာတာ တွေ့ရပါတယ်။ အရှင်မင်းမြတ်က အမိန့်ထုတ်ထားတာက လက်ဖက်ရည် တစ်ခွက်စာခန့် အချိန်အတွင်းမှာ အရှင်မင်းသားအနေနဲ့ ရွက်ဖျင်တဲတော်ထဲကို အမြန်ဆုံး ဝင်ရောက်တွေ့ဆုံရမယ် ဆိုတာပါပဲ”
ခဏတာမျှ အချိန်အတွင်း ရွက်ဖျင်တဲအတွင်းရှိ လေထုမှာ အလွန်အမင်း တင်းမာသွားခဲ့ပြီး ဒူဝူစီလီ၏အမူအရာမှာလည်း လေးနက်သွားကာ သူ၏အနောက်ရှိ ဟူးဘားရှ်ကို ချက်ချင်း လှမ်းကြည့်လိုက်မိသည်။
သတင်းပို့လာသော စစ်သည်က အသေးစိတ် အခြေအနေကို မသိရှိဟု ဆိုသော်လည်း၊ အဘယ်ကြောင့်လဲမသိဘဲ သူ့တွင်မူ အလွန်အမင်း မကောင်းသော ခံစားချက်တစ်ခု ရှိနေပေသည်။
“အရှင်မင်းသား၊ ဒီကိစ္စက တစ်ခုခုတော့ မှားနေပြီ……”
ဒူဝူစီလီက ဆိုလိုက်သည်။ သူသည် တစ်ဘဝလုံး စစ်တိုက်လာခဲ့သူ ဖြစ်သဖြင့်၊ ဤကိစ္စအတွင်းမှ ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်များကို ချက်ချင်း ခံစားမိလိုက်ခြင်းပင် ဖြစ်သည်။
“သိပြီ”
ဟူးဘားရှ်က ခေါင်းကို ခါယမ်းလိုက်ပြီးနောက် မသဲမကွဲသော သက်ပြင်းတစ်ချက်ကိုသာ ချလိုက်မိသည်။
သို့သော် ထိုမျှသာဖြစ်ပြီး ဟူးဘားရှ်မှာ လျင်မြန်စွာ တည်ငြိမ်သွားခဲ့ကာ၊ သူ၏ အကြည့်များကို ဖြည်းညင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက်၊ လက်ထဲရှိ ကျိန့်ကွမ်း ကျန့်ယောင် စာအုပ်ကို ဆက်လက် ကြည့်ရှုလိုက်သည်။ ထိုစာအုပ်မှာ ပါးလွှာလှသော စာမျက်နှာ တစ်မျက်နှာသာ ကျန်ရှိတော့ပေသည်။
“အပြင်မှာ ငါ့ကို စောင့်နေပါ၊ ငါ ချက်ချင်း ထွက်လာခဲ့မယ်”
ဟူးဘားရှ်က ခေါင်းပင် မော့မကြည့်ဘဲ တည်ငြိမ်စွာ ဆိုလိုက်သည်။ ထိုအသံထဲမှ ထွက်ပေါ်နေသော တည်ငြိမ်မှုများကြောင့် လူတိုင်းမှာ အလိုလိုပင် လိုက်ပါ ငြိမ်သက်သွားကြတော့သည်။
ထိုအနောက် တာ့ခ်စစ်သည်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် အလျင်အမြန် ထွက်ခွာသွားတော့သည်။
ဒူဝူစီလီမှာလည်း အစပိုင်းတွင် တုန်လှုပ်သွားသော်လည်း၊ များမကြာမီ တည်ငြိမ်သွားခဲ့ကာ၊ ဟူးဘားရှ်၏ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်စောင့်လျက် သူ့အား ကာကွယ်ပေးနေတော့သည်။
“သွားကြစို့”
ခဏတာမျှ အချိန်အတွင်း နောက်ဆုံးစာမျက်နှာကို ဖတ်ပြီးသည့်အခါ၊ ဟူးဘားရှ်သည် ကျိန့်ကွမ်း ကျန့်ယောင်စာအုပ်ကို ပိတ်လိုက်ပြီး၊ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လျက် ရွှေရောင် ရွက်ဖျင်တဲအတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
တောင်ထိပ် တစ်ခုလုံးမှာ အလွန်အေးစိမ့်နေပေသည်။
နှင်းမုန်တိုင်းများကြား၌၊ ဆန်မီတောင်ထိပ်ရှိ ဧရာမ ရွက်ဖျင်တဲတော်၏ ပတ်ဝန်းကျင်တွင်၊ ယခင်ကထက် များစွာပိုမိုများပြားသော ရွက်ဖျင်တဲတော် လန်းဝေ့အစောင့်များ ရှိနေပေသည်။ ထို လန်းဝေ့များမှာ ကိုယ်ကို မတ်မတ်ထားလျက် ဓားရှည်များကို လက်ဖြင့် ဖိထားကြပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း စိုးရိမ်ထိတ်လန့်ဖွယ်ရာ ဖြစ်နေသဖြင့် လေထုမှာ သိသိသာသာ တင်းမာနေပေသည်။
ဟူးဘားရှ်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသော်လည်း များစွာထုတ်မပြောတော့ဘဲ ဒူဝူစီလီတို့ကို ဦးဆောင်ကာ အမြန်ဆုံး ဝင်ရောက်သွားတော့သည်။
ဟူးဘားရှ်သည် လိုက်ကာကို ဖွင့်၍ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ သိန်းငှက်မြားများအလား ပြင်းထန်လှသော အကြည့်ပေါင်းများစွာမှာ သူ့ဆီသို့ တစ်ဟုန်ထိုး ရောက်ရှိလာတော့သည်။
ဧရာမ ရွက်ဖျင်တဲတော် အတွင်း၌ လူများမှာ စိပ်လှပြီး နေရာလပ်ပင် မရှိတော့ချေ။ ဟူးဘားရှ်က ခေါင်းမော့ကြည့်လိုက်ရာ အထက်ရှိ ကျားသရေခင်းထားသော ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေသည့် ရှာပိုလော် ခါဂန်းကို တစ်ချက်တည်းဖြင့် မြင်တွေ့လိုက်ရသည်။ သူ၏အမူအရာမှာ အေးစိမ့်နေပြီး အကြည့်များမှာလည်း ရက်စက်လှသဖြင့် ကြည့်ရသည်မှာ အလွန် ကြောက်စရာကောင်းလှပေသည်။
သူ၏ဘယ်ဘက်လက်ဘက်တွင်မူ၊ ယွီစန်း သံတမန်အဖွဲ့မှာ အနက်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။ ဟူးဘားရှ် ဝင်လာသည်ကို မြင်လိုက်ရသည့်အခါ သူတို့တွေက ခေါင်းလှည့်ကြည့်ကြပြီး တစ်ယောက်ပြီးတစ်ယောက် အေးစိမ့်စွာ ပြုံးနေကြပေသည်။
ထိုနေရာ၏ ရှေ့ဘက်၊ သူနှင့် မဝေးလှသော နေရာ၌မူ၊ များပြားလှသော အနောက် တာ့ခ် ဗိုလ်ချုပ်များနှင့် လူအုပ်ကြားထဲတွင် ရပ်နေကာ၊ လူတိုင်း၏ ဝိုင်းရံမှုကို ခံထားရသည့် ပထမမင်းသား အီဖီဒီယွန်းနှင့် ဝူနုရှီပိတို့ ရှိနေပေသည်။
ဟူးဘားရှ် ဝင်လာသည်ကို မြင်လိုက်ရသည့်အခါ သူက အေးစိမ့်စွာ တစ်ချက် ပြုံးလိုက်ပြီး၊ မျက်ဝန်းထဲ၌ သရော်လှောင်ပြောင်သော အရိပ်အယောင်များ လက်ခနဲ ပေါ်ထွက်သွားကာ ချက်ချင်း ခေါင်းလှည့်သွားတော့သည်။
စတုတ္ထမင်းသားကို စိုက်ကြည့်နေသော အကြည့်ပေါင်းများစွာထဲမှ ရှစ်ဆယ်ရာခိုင်နှုန်းခန့်မှာ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသော အရိပ်အယောင်များ ပြည့်နှက်နေပေသည်။
ဟူးဘားရှ်၏ အကြည့်များမှာ လျှပ်စစ်တန်းများအလား စူးရှလှပြီး လူတိုင်း၏အကြည့်များကို တစ်ဦးချင်းစီ မှတ်သားထားလိုက်သည်။
“သားတော်က ခမည်းတော်ကို အလေးပြုပါတယ်”
လျင်မြန်စွာပင် ဟူးဘားရှ်သည် ရှေ့သို့ လှမ်းသွားခဲ့ပြီး စိတ်ကို တည်ငြိမ်အောင်ထားကာ ရိုသေစွာ အလေးပြုလိုက်သည်။
ရှာပိုလော် ခါဂန်းက စကားမဆိုဘဲ သားရဲတစ်ကောင်အလား ရက်စက်လှသော မျက်ဝန်းများဖြင့် ဟူးဘားရှ်ကို စိုက်ကြည့်နေပြီး၊ အကြည့်များမှာ အလွန်အမင်း အေးစိမ့်နေပေသည်။
“ဟူအာ ငါကိုယ်တော် မင်းကို မေးမယ်၊ မနေ့ညက မင်း ဘယ်မှာ ရှိနေလဲ”
တင်းမာလှသော ထိုလေထုကြား၌ ရှာပိုလော်၏ အေးစိမ့်လှသော အသံမှာ ကျားဟိန်းသံအလား ရွက်ဖျင်တဲတော် အတွင်း၌ ဟိန်းထွက်လာခဲ့ပြီး၊ ထိုအသံထဲတွင် မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိချေ။
“ခမည်းတော်ကို လျှောက်တင်ပါတယ်၊ သားတော်က မနေ့က ရွက်ဖျင်တဲထဲမှာပဲ ရှိနေခဲ့ပြီး ဘယ်ကိုမှ မသွားခဲ့ပါဘူး”
ဟူးဘားရှ်ရင်ထဲ၌ တစ်ချက် တုန်လှုပ်သွားသော်လည်း များမကြာမီ သတိပြန်ဝင်လာခဲ့ကာ ကိုယ်ကို ကိုင်းလျက် အလေးပြုလိုက်သည်။
“ငါကိုယ်တော် ထပ်မေးမယ်၊ မင်းနဲ့ အမြဲတမ်း ရင်းနှီးတဲ့ ရှာမူလယ်ကရော ဘယ်မှာလဲ”
ရှာပိုလော်က ထပ်မံ မေးမြန်းလိုက်သည်။
“ဒါက…… သားတော် မသိပါဘူး”
ဟူးဘားရှ်က တည်ငြိမ်သော အမူအရာဖြင့် လျှောက်တင်လိုက်သည်။
ရှာမူလယ်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သိုးစားကျက်သို့ ပြန်သွားခဲ့ပြီး သိုးထိန်းများကို ဦးဆောင်ရန် သွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယခုအခါ နှင်းကပ်ဘေး ကျရောက်နေချိန်တွင် သူ ဘယ်မှာ ရှိနေသလဲဆိုသည်ကို သူ ဘယ်လို သိနိုင်ပါမည်နည်း။
“ဟုတ်လား။ ငါကိုယ်တော် မေးမယ် ဒါက ဘာလဲ?”
ဟူးဘားရှ်၏ အဖြေကို ကြားလိုက်ရသည့်အခါ ရှာပိုလော် ခါဂန်း၏အသံမှာ ပိုမိုအေးစိမ့်သွားခဲ့သည်။ ဟူးဘားရှ်နှင့် ဒူဝူစီလီတို့ သတိမမူမိခင်မှာပင် ဘုန်းခနဲ အသံနှင့်အတူ အနက်ရောင် ပုံရိပ်တစ်ခု လက်ခနဲ ဖြတ်ပြေးသွားခဲ့ပြီး၊ ရှာပိုလော် ခါဂန်း ၏ အနောက်ရှိ ကိုယ်လုံးထွားကျိုင်းလှသော လန်းဝေ့အချို့က ပစ်ချလိုက်သဖြင့် အနောက် တာ့ခ် အင်ပါယာ၏ ဗိုလ်ချုပ်ဝတ်စုံကို ဝတ်ဆင်ထားသော အလောင်းတစ်ခုမှာ ဟူးဘားရှ်၏ရှေ့တွင် ပြင်းထန်စွာ ကျရောက်သွားတော့သည်။
ပြင်းထန်လှသော အင်အားကြောင့် မြေပြင်တစ်ခုလုံးပင် အနည်းငယ် တုန်ခါသွားဟန်ရှိသည်။
ထိုအလောင်းကို လှန်ကြည့်လိုက်သည့်အခါ ပေါ်ထွက်လာသော မျက်နှာကို မြင်လိုက်ရသည်နှင့် ထိုမျက်ခုံးမွှေးအထက်ရှိ မှဲ့နက်လေးကို မြင်လိုက်ရသည့်အခါ ဟူးဘားရှ်၏ မျက်နှာမှာ ပြင်းထန်သော အသက်ရှူသံနှင့်အတူ ပြောင်းလဲသွားတော့သည်။
ရှာမူလယ်။
ခုနကတင် ခမည်းတော် မေးမြန်းခဲ့သော ထိုအနောက် တာ့ခ် ဗိုလ်ချုပ် ပင် ဖြစ်သည်။
သို့သော် ဟူးဘားရှ် ထင်ထားသည်နှင့် ကွဲပြားနေသည်မှာ၊ ရှာမူလယ်၏ မျက်နှာမှာ စက္ကူချပ်အလား ဖြူလျော့နေပြီး သေဆုံးနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှပေသည်။ ထို့ပြင် သူ၏ နှုတ်ခမ်းများမှာ ညိုမည်းနေသဖြင့်၊ ကြည့်ရသည်မှာ အဆိပ်မိ၍ သေဆုံးခဲ့ခြင်းပင် ဖြစ်သည်။
ခဏတာမျှ အချိန်အတွင်း ဟူးဘားရှ်၏ နှလုံးသားမှာ ပြင်းထန်စွာ ကျုံ့သွားခဲ့ရပြီး၊ အလွန်အမင်း မကောင်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့သည်။ မှန်ပေသည်…
“အမွေမခံထိုက်တဲ့သား ငါကိုယ်တော်ရဲ့ ရှေ့မှောက်မှာတောင် မင်းက လိမ်ရဲသေးတယ်ပေါ့”
ရှာပိုလော် ခါဂန်း တစ်ကိုယ်လုံးမှာ ဒေါသကို ထိန်းမရလောက်အောင် ဖြစ်နေပြီး၊ ထို အေးစိမ့်လှသောအသံမှာ ဧရာမ ခေါင်းလောင်းကြီး တစ်ခုအလား ရွက်ဖျင်တဲတော် တစ်ခုလုံး၌ ဟိန်းထွက်နေတော့သည်။
“ခမည်းတော် သားတော် မလိမ်ရဲပါဘူး”
ဟူးဘားရှ်က အလျင်အမြန် ချေပပြောဆိုလိုက်သည်။
သို့သော် အကြီးအကျယ် ဒေါသထွက်နေသော ရှာပိုလော် ခါဂန်းကမူ လုံးဝ နားမထောင်တော့ချေ။ သူ၏အသံမှာ ကျယ်လောင်လှပြီး အထက်မှနေ၍ တိုးဝင်လာသည်။
“ရှာမူလယ်က မင်းရဲ့မယ်တော်က မင်း အတွက် သတ်မှတ်ပေးထားတဲ့ လူယုံတော် ဆိုတာ၊ အင်ပါယာအတွင်းမှာ လူတိုင်း သိကြတယ်။ မင်းလို သားမိုက်၊ မင်းက တိတ်တဆိတ် မဟာထန်ဘက်ကို ပါနေတာကို ငါ သိထားပေမဲ့၊ မင်းက ဒီလောက်အထိ ရဲတင်းလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။ ရှာမူလယ်ကို ခိုင်းစေပြီးတော့ ငါကိုယ်တော်ရဲ့ အစားအသောက်ထဲမှာ တိတ်တဆိတ် အဆိပ်ခတ်ခိုင်းတယ်ပေါ့ အကယ်၍ ငါကိုယ်တော်သာ ကံမကောင်းလို့ မနေ့က အဲဒီအရက်ကို သောက်မိသွားရင်၊ အကျိုးဆက်က မှန်းဆလို့တောင် ရမှာ မဟုတ်ဘူး”
“မင်းလို သားမိုက်ဟာ တကယ်ကို သေရကျိုးတောင် မနပ်ဘူး”
ရှာပိုလော် ခါဂန်း၏ မျက်နှာမှာ နီမြန်းနေပြီး၊ ထိုဒေါသတကြီး အော်ဟစ်သံမှာ မိုးကြိုးပစ်လိုက်သည့်အလား ရွက်ဖျင်တဲတော် တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။
******
အခန်း (၂၁၃၃) ကျားဆိုးသည်ပင် သားကို ပြန်စား၏
“ဝုန်း”
ဟူးဘားရှ်၏မျက်နှာမှာ ဖြူလျော့သွားခဲ့ပြီး၊ မြေပြင်ပေါ်သို့ ဘုန်းခနဲ ဒူးထောက်လိုက်သည်။
“ခမည်းတော် ဒေါသကို ထိန်းတော်မူပါ။ ဟူးဘားရှ်အနေနဲ့ ခမည်းတော်ကို အမြဲတမ်း ရိုသေကိုးကွယ်ခဲ့တာပါ၊ ဒီလိုကိစ္စမျိုးကို လုံးဝ လုပ်ဆောင်မှာ မဟုတ်ပါဘူး”
“ခွေးကောင် မင်းက လျှောက်လဲချက် ပေးရဲသေးတယ်ပေါ့”
ရှာပိုလော် ခါဂန်းမှာ အလွန်အမင်း ဒေါသထွက်နေပေသည်။
အနောက် တာ့ခ် အင်ပါယာ၏ အုပ်ချုပ်သူအနေဖြင့်၊ သူ၏ သိုင်းပညာမှာ အလွန် မြင့်မားလှပေသည်။ ပထမမင်းသား အီဖီဒီယွန်းဖြစ်စေ၊ စတုတ္ထမင်းသား ဟူးဘားရှ်ဖြစ်စေ၊ သူတို့၏ သိုင်းပညာမှာ သူ့ကို မယှဉ်နိုင်သလို၊ ဝူနုရှီပိကဲ့သို့သော ဗိုလ်ချုပ်များပင်လျှင် သူ့ထက် နိမ့်ကျပေသည်။ ထို့ကြောင့် ရှာပိုလော် ခါဂန်းအနေဖြင့် မင်းသားများ ပုန်ကန်မည့် ကိစ္စကို တစ်ခါမျှ ထည့်မတွက်ခဲ့သလို၊ ကြိုတင် ကာကွယ်ခြင်းလည်း မပြုခဲ့ချေ။
သို့သော် ဟူးဘားရှ်က ဤမျှအထိ ယုတ်မာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
သူသည် ကိစ္စဖြစ်ပြီးနောက် ဟေးဆွေ့ ရှာမန်ကို မေးမြန်းကြည့်ခဲ့ရာ၊ ထိုအစားအသောက်များအတွင်းရှိ အဆိပ်မှာ အလွန်ပြင်းထန်လှပြီး၊ အနောက် တာ့ခ် ၏ ရှေးဟောင်းကျမ်းစာများတွင် မှတ်တမ်းတင်ထားသော နတ်ဝံပုလွေ နတ်ဆိုးအဆိပ်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ တစ်ခါ အဆိပ်မိသည်နှင့် ကုသရန် ဆေးမရှိတော့ချေ။ အကယ်၍ သူသာ သတိမထားခဲ့မိပါက ယခုအချိန်တွင် အသက်ပျောက်နေခဲ့ပြီ ဖြစ်သည်။
သို့သော်ငြားလည်း သူ၏ သစ္စာရှိလှသော လန်းဝေ့အတော်များများမှာမူ သေဆုံးခဲ့ရပြီ ဖြစ်သည်။
တစ်ဖက်လူမှာ သေချာစေရန်အတွက် အဆိပ်ငွေ့ကိုပင် အသုံးပြုခဲ့သေးသည်။
ဟူးဘားရှ်အပေါ်တွင် သူ တစ်စုံတစ်ရာ မကျေနပ်မှု ရှိသော်လည်း၊ မည်သို့ပင်ဖြစ်စေ မိမိ၏ သားအရင်းဖြစ်သဖြင့် သေကြောင်းကြံစည်မည့် အဆင့်အထိတော့ မရောက်ခဲ့ချေ။ သို့သော် မနေ့ညက ဖြစ်ပျက်ခဲ့သော အရာကမူ သူ၏သည်းခံနိုင်စွမ်းကို လုံးဝကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
“ရှာပိုလော် ခါဂန်း၊ အနောက် တာ့ခ် အင်ပါယာမှာ ဖခင်က ကြင်နာပြီး သားသမီးက ရိုသေတယ်လို့ အမြဲကြားဖူးခဲ့ပါတယ်။ ငါတို့ရဲ့ အမတ်ချုပ်ကြီးတောင်မှ အားကျနေခဲ့တာပါ။ ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
“ဟူးဘားရှ်က ငယ်ရွယ်သေးတယ်၊ သူ့တစ်ယောက်တည်းရဲ့ အင်အားနဲ့တော့ ဒီလောက်အထိ လုပ်ရဲမှာ မဟုတ်ပါဘူး။ ဒါဟာ သူနဲ့ မဟာထန်က သံတမန်တွေ ပူးပေါင်းကြံစည်တဲ့ ရလဒ်ပဲ ဖြစ်ရမယ်။ ထန်လူမျိုးတွေက ဒီလိုကိစ္စမျိုး လုပ်ရဲတယ်ဆိုကတည်းက သူတို့ရဲ့ရည်ရွယ်ချက်က အတော်လေး ရက်စက်တာ သိသာပါတယ်။ သူတို့ကို လုံးဝ မယုံကြည်သင့်တော့ဘူး။ ခါဂန်းအနေနဲ့ အခုထိ သူတို့အပေါ်မှာ မျှော်လင့်ချက် ထားနေတုန်းပဲလား”
“ဟူးဘားရှ်ရဲ့ကိစ္စကတော့ အရှင်မင်းမြတ်ရဲ့ မိသားစုရေးရာ ဖြစ်ပေမဲ့၊ အထက်လူကြီးကို ပြန်လည် စော်ကားပြီး ခါဂန်းကို လုပ်ကြံဖို့ ကြိုးစားတာကတော့ လုံးဝခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကြီးပါပဲ။ အခု လောကမှာရှိတဲ့ လူအားလုံးက စောင့်ကြည့်နေကြတာပါ။ အကယ်၍ ခါဂန်းအနေနဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ် မပေးဘူးဆိုရင်၊ လောကက လူတွေ စိတ်ပျက်သွားကြပါလိမ့်မယ်။ နောင်တစ်ချိန်မှာ ခါဂန်းက အနောက် တာ့ခ်ကို ဘယ်လို အမိန့်နဲ့ အုပ်ချုပ်မှာလဲ”
ဘေးနားမှ အေးစိမ့်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ယွီစန်း ဗိုလ်ချုပ်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးမှာ ရှေ့သို့ အနည်းငယ် တိုးလာလျက် ရုတ်တရက် ပြောဆိုလိုက်သည်။
“မှန်တယ်”
ထိုသူ၏ စကားအဆုံးတွင်ပင် ဝူနုရှီပိသည်လည်း အမူအရာ လေးနက်နေလျက်၊ ဝတ်ရုံကို ခါယမ်းကာ ပထမမင်းသား၏ အနောက်မှ ထွက်လာခဲ့သည် -
“ငါတို့ အနောက် တာ့ခ် အင်ပါယာအနေနဲ့ အခုလို အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီး အထက်အောက် စည်းလုံးနေတာဟာ အဆင့်အတန်း ခွဲခြားမှု ပြင်းထန်ပြီး အထက်လူကြီးကို ရိုသေကြလို့ပါပဲ။ အမိန့်ဆိုရင်လည်း တစ်သဝေမတိမ်း လိုက်နာကြရတာပါ။ အကယ်၍ အထက်ကို ပြန်လည် စော်ကားတဲ့သူကို ပြစ်ဒဏ် မပေးဘူးဆိုရင်၊ နောင်တစ်ချိန်မှာ အရှင်မင်းမြတ်ရဲ့ အရှိန်အဝါက ဘယ်မှာ ကျန်တော့မှာလဲ”
“ပြီးတော့ မင်းသား တစ်ပါးအနေနဲ့ ခါဂန်းကို လက်ဖျားနဲ့ ထိရုံတင်မကဘဲ တိတ်တဆိတ် အဆိပ်ခတ်တာက၊ သားအဖ သံယောဇဉ်ကို လုံးဝ ဖြတ်တောက်လိုက်တာပါပဲ။ ဒါကြောင့် သူဟာ ငါတို့ တာ့ခ်ရဲ့မင်းသားလို့ မသတ်မှတ်ထိုက်တော့ပါဘူး။ အရှင်မင်းမြတ်အနေနဲ့ မိန်းမသားတစ်ယောက်လို စိတ်မပျော့သင့်ပါဘူး”
“စတုတ္ထမင်းသားဟာ သေကို သေရမယ်”
ဝူနုရှီပိမှာ ခါး၌ ချိတ်ဆွဲထားသော ဓားရှည်ကို လက်ဖြင့် ဖိထားလျက်၊ အမူအရာမှာ အလွန်အမင်း တင်းမာနေပေသည်။
သူသည် ပြောဆိုနေစဉ်မှာပင်၊ မြေပြင်ပေါ်၌ ဒူးထောက်နေသော ဟူးဘားရှ်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်ရာ၊ အကယ်၍ ခါဂန်းသာ ခေါင်းညိတ်လိုက်မည်ဆိုပါက သူ့အား ချက်ချင်း ဓားဖြင့် ပိုင်းဖြတ်ပစ်တော့မည့်အလား ရှိနေပေသည်။
နှစ်ဖက်စလုံးက စကားဆိုလိုက်သည့်အခါ ရွက်ဖျင်တဲတော်အတွင်းရှိ လေထုမှာ တင်းမာသွားခဲ့ပြီး၊ ဗိုလ်ချုပ်များအားလုံး၏ မျက်နှာမှာလည်း ပြောင်းလဲသွားကြတော့သည်။
ဤအချိန်တွင် ပထမမင်းသား အီဖီဒီယွန်းမှာ သူ၏ရင်ထဲရှိ သတ်ဖြတ်လိုသော အရှိန်အဝါများကို ဖုံးကွယ်မထားတော့ဘဲ ဟူးဘားရှ်ကို ရက်စက်စွာ စိုက်ကြည့်နေတော့သည်။
“စတုတ္ထညီငယ် မင်းက ငါ့ကို တကယ်ပဲ စိတ်ပျက်အောင် လုပ်လိုက်တာပဲ မင်း က ငါတို့ အနောက် တာ့ခ်ကို မဟာထန်နဲ့ မဟာမိတ်ဖွဲ့စေချင်လို့ ဒီလိုကိစ္စမျိုးအထိ လုပ်ရဲတယ်ပေါ့၊ သားအဖ သံယောဇဉ်ကိုတောင် မငဲ့တော့ဘူးလား”
“ခမည်းတော်၊ စတုတ္ထညီငယ်ဟာ ဒီလို ကြီးမားလှတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာကြောင့် လုံးဝ လျှော့ပေါ့ မပေးသင့်ပါဘူး”
ပထမမင်းသား အီဖီဒီယွန်းမှာ အလွန်အမင်း ဒေါသထွက်နေသည့်အလား ဟန်ဆောင်ပြောဆိုလိုက်သည်။
“အရှင်မင်းမြတ် မဖြစ်ပါဘူး ပထမမင်းသား မင်းရဲ့ရည်ရွယ်ချက်က တကယ်ကို ရက်စက်လွန်းလှတယ်”
ထိုအချိန်မှာပင် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ဒူဝူစီလီ၏ မျက်နှာမှာလည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။
သူသည် စတုတ္ထမင်းသားနှင့် အမြဲတမ်း အတူတူ ရှိနေခဲ့သူ ဖြစ်ရာ၊ စတုတ္ထမင်းသား တစ်ခုခု လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုသည်ကို သူ ဘယ်လိုလုပ် မသိဘဲ နေပါမည်နည်း။ ရှာမူလယ် သေဆုံးခြင်းက အလွန်ထူးဆန်းလွန်းလှသဖြင့်၊ ဤကိစ္စမှာ အပေါ်ယံ မြင်တွေ့ရသလောက် ရိုးရှင်းမည် မဟုတ်ချေ။
လွန်ခဲ့သော ရက်အနည်းငယ်က ပထမမင်းသား၏ ဟူးဘားရှ်အပေါ် ခြိမ်းခြောက်မှုများကို ပြန်လည်တွေးတောကြည့်သည့်အခါ၊ ဒူဝူစီလီမှာ မည်မျှပင် ဉာဏ်နှေးပါစေဦး၊ အမှန်တရားကို ရိပ်မိသွားပြီ ဖြစ်သည်။ ပထမမင်းသား နှင့် ဝူနုရှီပိတို့၏ အလွန်အမင်း အလျင်စလို ဖြစ်နေသော အမူအရာများအရ၊ ဤကိစ္စမှာ ဆယ်ပုံကိုးပုံခန့် သူတို့နှင့် ပတ်သက်နေနိုင်သလို၊ ၎င်းမှာ အပြစ်ရှာပြီး အကွက်ဆင်ခြင်းပင် ဖြစ်ရပေမည်။
“ဗိုလ်ချုပ်”
မြေပြင်ပေါ်တွင် ဟူးဘားရှ်က ရုတ်တရက် အော်ဟစ်လိုက်ကာ ဒူဝူစီလီကို တားဆီးလိုက်သည်။
ထိုစကားတစ်ခွန်းကပင် လူတိုင်း၏ အာရုံကို သူ့ထံသို့ ချက်ချင်း ရောက်ရှိသွားစေတော့သည်။
ဟူးဘားရှ်သည် မြေပြင်ပေါ်ရှိ ရှာမူလယ်၏အလောင်းကို တစ်ချက် ကြည့်လိုက်ရာ၊ မျက်ဝန်းထဲ၌ ဝမ်းနည်းသော အရိပ်အယောင်များ လက်ခနဲ ပေါ်ထွက်သွားသော်လည်း၊ များမကြာမီမှာပင် အသက်ကို ပြင်းပြင်းရှူသွင်းလျက် လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားတော့သည်။
“ခမည်းတော်၊ ခမည်းတော်ရဲ့သိုင်းပညာကို တစ်လောကလုံး သိကြပါတယ်။ ရှာမူလယ် တစ်ယောက်တည်းရဲ့ အင်အားနဲ့ ခမည်းတော်ကို ဘယ်လိုလုပ် လုပ်ကြံနိုင်မှာလဲ။ အကယ်၍ သားတော်မှာ တကယ်ပဲ ပုန်ကန်လိုတဲ့ စိတ်ရှိမယ်ဆိုရင်၊ ဘာလို့ ရှာမူလယ် ကိုပဲ လွှတ်မှာလဲ။ ဒီကိစ္စမှာ အကွက်ဆင်ပြီး အပြစ်ဖို့ထားတာက သိသာလွန်းလှပါတယ်”
ဟူးဘားရှ်က တည်ငြိမ်စွာ လျှောက်တင်လိုက်သည်။ လူပေါင်း ထောင်နှင့်ချီ၍ သူ့အား လက်ညှိုးထိုးနေကြသလို၊ အခြေအနေ အားလုံးက သူ့အတွက် ဆိုးရွားနေပါစေဦး၊ ဟူးဘားရှ်မှာမူ အနည်းငယ်မျှ ပျာယာခတ်ခြင်း မရှိချေ။
ဟူးဘားရှ်၏ တည်ငြိမ်လှသော အသံကြောင့် ရွက်ဖျင်တဲတော် တစ်ခုလုံးမှာ ရုတ်တရက် အတော်လေး တိတ်ဆိတ်သွားခဲ့ရသည်။ ရှာပိုလော် ခါဂန်းပင်လျှင် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိကာ ဟူးဘားရှ်ကို စိုက်ကြည့်နေမိသည်။
“အောင်မြင်မှာ မဟုတ်တာ သေချာတဲ့ လုပ်ကြံမှု တစ်ခုကို၊ ခမည်းတော်နဲ့ လူတိုင်း မသိကြဘူးလို့ ကျွန်တော် မယုံကြည်ပါဘူး။ ဒါ့အပြင် မဟာထန်ရဲ့ စစ်တပ်တွေက မိုင်ပေါင်း ထောင်ချီပြီး ဝေးကွာနေသလို၊ စစ်တပ် အားလုံးကလည်း ယိုကျိုးဘက်ကို ဦးတည်နေကြတာပါ။ ဒါပေမဲ့ ယွီစန်း နဲ့ အနောက် တာ့ခ်ကတော့ အနီးကပ်ဆုံးမှာ ရှိနေကြတယ်။ ဘယ်သူက ဒီကိစ္စကို လုပ်ဖို့ အလားအလာ အရှိဆုံးလဲ ဆိုတာကိုတော့ လူတိုင်းရဲ့ ရင်ထဲမှာ သိကြပါလိမ့်မယ်”
ထိုစကားတစ်ခွန်းကြောင့် ရွက်ဖျင်တဲတော်အတွင်းရှိ ယွီစန်းသံတမန်အဖွဲ့ဝင်များ အားလုံး မျက်နှာ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။
သို့သော် ရွက်ဖျင်တဲတော် အတွင်းရှိ အနောက် တာ့ခ် ဗိုလ်ချုပ် အမြောက်အမြားမှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ တစ်စုံတစ်ရာကို မသဲမကွဲ ရိပ်မိသွားကြသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက စတုတ္ထမင်းသား၏ ဤစကားများမှာ ပို၍ယုံကြည်ရပေသည်။
“…… ဒါ့အပြင် အကယ်၍ သားတော်သာ အောင်မြင်ခဲ့မယ်ဆိုရင်တောင်၊ အစ်ကိုတော်ကြီးနဲ့ ဗိုလ်ချုပ်ဝူနုရှီပိတို့ ရှိနေသေးတာပဲလေ။ သားတော်အနေနဲ့ အနောက် တာ့ခ် တစ်ခုလုံးကို လုံးဝထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါနဲ့ နှိုင်းယှဉ်ရင် ဒီလုပ်ရပ်သာ အောင်မြင်သွားခဲ့မယ်ဆိုရင် ပထမမင်းသားနဲ့ ဗိုလ်ချုပ်ဝူနုရှီပိတို့ကပဲ အကျိုးအရှိဆုံး ဖြစ်လာမှာပါ။ ဒါကြောင့် ဒီကိစ္စကို ဘယ်သူက နောက်ကွယ်ကနေ ခိုင်းစေခဲ့တာလဲ ဆိုတာကိုတော့ လူတိုင်း ကျွန်တော့်ထက် ပိုပြီး နားလည်ကြပါလိမ့်မယ်”
စတုတ္ထမင်းသားက လေးနက်စွာ ဆိုလိုက်သည်။
“ခွေးကောင် အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောပြီး သူတစ်ပါးကို မဟုတ်မတရား စွပ်စွဲရဲတယ်ပေါ့”
ထိုစကားကို ကြားလိုက်ရသည့်အခါ အခြားသူများ စကားမပြောရသေးခင်မှာပင်၊ ပထမမင်းသားမှာ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားတော့သည်။
ဟူးဘားရှ်အနေဖြင့် စကားအနည်းငယ်ဖြင့် ဤကိစ္စကို သူ့ဆီသို့ လှည့်ပြောင်းနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
“ဟူးဘားရှ်၊ ဒါဟာ မင်းရဲ့မဟုတ်မတရား စွပ်စွဲမှုပဲ”
“အဓိပ္ပာယ် မရှိတာတွေ”
“ပထမမင်းသားက ဒီလိုလူမျိုး မဟုတ်တာ သေချာတယ်”
ပထမမင်းသား ဘက်တော်သားများမှာလည်း တစ်ဦးပြီးတစ်ဦး ဝိုင်းဝန်းဆဲဆိုကြတော့သည်။ အီဖီဒီယွန်းအနေဖြင့် ဤကဲ့သို့သော ကိစ္စမျိုး လုပ်လိမ့်မည်ဟု သူတို့တွေ လုံးဝ မယုံကြည်ကြဘဲ၊ ၎င်းမှာ စတုတ္ထမင်းသား၏ မဟုတ်မတရား စွပ်စွဲမှုသာ ဖြစ်သည်ဟု ယူဆကြပေသည်။
သို့သော် စတုတ္ထမင်းသားမှာမူ ကိုယ်ကို မတ်မတ်ထားလျက် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ၊ ကုလားထိုင်ပေါ်ရှိ ရှာပိုလော် ခါဂန်း ကိုသာ စိုက်ကြည့်နေပေသည်။
ဘေးတစောင်းတွင်မူ ဝူနုရှီပိမှာ ဤမြင်ကွင်းကို ကြည့်ရင်း၊ မျက်ဝန်းထဲ၌ အေးစိမ့်လှသော အလင်းရောင် တစ်ချက် လက်ခနဲ ဖြတ်ပြေးသွားတော့သည်။
ဤကလေးကို လုံးဝ ချန်ထားလို့ မဖြစ်တော့ချေ။
ဟူးဘားရှ်၏ စွမ်းဆောင်ရည်မှာ သူ့အား ပိုမို၍ အံ့အားသင့်စေပေသည်။ ဧကရာဇ်ကို လုပ်ကြံခြင်းမှာ သေးငယ်လှသော ပြစ်မှု မဟုတ်ချေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဟူးဘားရှ်အနေဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရုံတင်မကဘဲ၊ ချေပ ပြောဆိုရာတွင်လည်း အကျိုးအကြောင်း ခိုင်လုံလှသလို စနစ်တကျ ရှိနေပေသည်။ အနောက် တာ့ခ် တွင်သာမကဘဲ ပတ်ဝန်းကျင်ရှိ နိုင်ငံအားလုံးတွင် ကြည့်မည်ဆိုလျှင်ပင် ဤသူမှာ ထိပ်တန်း အဆင့်တွင် ရှိနေပေသည်။
ခါတွန် ကွယ်လွန်ပြီးနောက်ပိုင်း နှစ်အနည်းငယ်အတွင်းမှာပင်၊ စတုတ္ထမင်းသား၏ အပြောင်းအလဲမှာ လုံးဝတခြားစီ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“တကယ်ကို မထင်ထားခဲ့ဘူး၊ အဲဒီအမျိုးသမီးကို သတ်လိုက်တာကတောင် ဒီလို အပြောင်းအလဲတွေ ဖြစ်လာစေတယ်ပေါ့။ ဒါပေမဲ့…… ဝမ်းနည်းစရာပဲ……”
ဝူနုရှီပိမှာ ရင်ထဲမှနေ၍ ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဟူးဘားရှ်ပြသနေသော စွမ်းဆောင်ရည်မှာ အီဖီဒီယွန်းထက်ပင် များစွာ သာလွန်နေပေသည်။ အကယ်၍သာ ဖြစ်နိုင်မည်ဆိုပါက၊ သူသည် ရှေ့တွင်ရှိသော ဟူးဘားရှ်ကိုသာ ခေါင်းဆောင်အဖြစ် ပိုမိုရွေးချယ်လိုပေသည်။
“ဟူအာ မင်းက ငါကိုယ်တော် ကို တကယ်ပဲ စိတ်ပျက်အောင် လုပ်လိုက်တာပဲ”
ဝူနုရှီပိစကားပြောရန် ပြင်လိုက်စဉ်မှာပင် ရှာပိုလော် ခါဂန်း၏ ခန့်ညားပြီး အေးစိမ့်လှသော အသံမှာ ရွက်ဖျင်တဲတော် အတွင်း၌ ရုတ်တရက် ဟိန်းထွက်လာတော့သည်။
“ငါကိုယ်တော် မထင်ထားတာက ဒီလို အချိန်အထိ မင်းက အမှားကို ဝန်မခံဘဲ ဆက်ပြီးတော့ လျှောက်လဲချက် ပေးနေတုန်းပဲပေါ့”
“ခမည်းတော်”
ဟူးဘားရှ်၏ကိုယ်မှာ တစ်ချက် တုန်ခါသွားခဲ့ရပြီး ခေါင်းမော့ကြည့်လိုက်ရာ ဤတစ်ကြိမ်တွင်မူ သူ၏မျက်နှာမှာ အမှန်တကယ် ဖြူလျော့သွားခဲ့ပြီ ဖြစ်သည်။
သူသည် စကားအများကြီး ပြောခဲ့သော်လည်း၊ ခမည်းတော် အနေဖြင့် စကားတစ်ခွန်းမျှပင် နားမထောင်ခဲ့သည်ကို သူ မထင်ထားခဲ့ပေ။ သူသည် ဤကိစ္စမှာ ဟူးဘားရှ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အစကတည်းက ဆုံးဖြတ်ထားပြီးပုံ ရပေသည်။
“လူတွေ လာကြစမ်း”
ရှာပိုလော် ခါဂန်းက လက်ဝါးကို ဝှေ့ယမ်းလျက် ဟူးဘားရှ်ကို ဖမ်းဆီးရန် အမိန့်ပေးလိုက်ပြီး၊ တိုက်ရိုက်ပင် သတ်ဖြတ်ရန် ပြင်လိုက်သော်လည်း၊ ထိုအချိန်မှာပင် နှင်းမုန်တိုင်းများကို ဖောက်ထွက်လာသော ရယ်မောသံတစ်ခုမှာ ရွက်ဖျင်တဲတော် အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
“ဟားဟားဟား သားအဖချင်း သတ်ဖြတ်နေကြတဲ့ ပြဇာတ်ကောင်းလေး တစ်ပုဒ်ပါလား။ မင်းတို့ တာ့ခ် လူမျိုးတွေက ငါတို့ ထန်လူမျိုးတွေ အချင်းချင်း သတ်ဖြတ်ကြတာကို အမြဲတမ်း လှောင်ပြောင်ခဲ့ကြတာပဲ၊ ဒါပေမဲ့ မင်းတို့ တာ့ခ် လူမျိုးတွေလည်း ဘာမှ မထူးပါလား”
လိုက်ကာ ပွင့်သွားခဲ့ပြီး နှင်းငွေ့များမှာ လိုက်ကာကြားမှနေ၍ တစ်ဟုန်ထိုး တိုးဝင်လာတော့သည်။ နှင်းစက်များမှာ ရွက်ဖျင်တဲတော် တစ်ခုလုံးသို့ လွင့်စင်သွားခဲ့ပြီး၊ အလင်းရောင် တစ်ချက် လက်သွားကာ ပုံရိပ်တစ်ခုမှာ ခြေလျင်တပ်သား ခုနစ်ဦး၊ ရှစ်ဦးခန့်ကို ဦးဆောင်လျက် အပြင်ဘက်မှ ဝင်ရောက်လာခဲ့သည်။
ထန်လူမျိုး။
ရွက်ဖျင်တဲတော်အတွင်းသို့ ဝင်လာသော လူအုပ်ကို မြင်လိုက်ရသည့်အခါ အတွင်း၌ ဆူညံသွားခဲ့ပြီး လူတိုင်း၏ မျက်နှာမှာ ပြောင်းလဲသွားကြတော့သည်။
အထက်ရှိ ရှာပိုလော် ခါဂန်း ပင်လျှင် မျက်တောင် တစ်ချက် ခတ်လိုက်မိကာ၊ မျက်ဝန်းထဲ၌ မသိမသာသော စိုးရိမ်မှုများ ပေါ်ထွက်လာတော့သည်။
ဤ ထန်လူမျိုးများမှာ မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့သလို၊ မိမိဘာသာ တိုက်ရိုက် ဝင်ရောက်လာကြလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
ဤနေရာမှာ အနောက် တာ့ခ် ၏အချက်အချာ နေရာ ဖြစ်သဖြင့်၊ ထန်သံတမန် ခုနစ်ဦး၊ ရှစ်ဦးမှာ မည်သို့မျှ ဂရုစိုက်စရာ မရှိသော်လည်း၊ သူတို့၏ အနောက်တွင်ရှိသော မဟာထန်ကိုမူ လူတိုင်း စိုးရိမ်ရပေသည်။
“လုပညာရှိ မင်းက ဘာလုပ်ချင်တာလဲ။ ငါကိုယ်တော်က မင်းတို့ကို ဝင်လာဖို့ ခွင့်ပြုခဲ့တာ မဟုတ်ဘူး”
ရှာပိုလော် ခါဂန်း၏ အမူအရာမှာ အေးစိမ့်နေပြီး ရုတ်တရက် ပြောဆိုလိုက်သည်။
ရှေ့တွင်ရှိသော ပညာရှိဆန်လှသော ထိုပုံရိပ်မှာ အခြားသူ မဟုတ်ဘဲ၊ စုန့်ဘုရင်၏ လုပညာရှိပင် ဖြစ်တော့သည်။
လီဟန် နန်းတက်ပြီးနောက်ပိုင်းတွင်၊ လုထင်ကျိမှာ သူ၏ထူးချွန်လှသော အရည်အချင်းများကြောင့် ဟုန်လုစစ်(တော်ဝင်သံတမန်ရေးရာဝန်ကြီးဌာန)သို့ ပြောင်းရွှေ့ခံခဲ့ရပြီး၊ ဟုန်လုဝန်ကြီးရာထူးကို တာဝန်ယူခဲ့ရသည်။
ဤတစ်ကြိမ် မဟာထန်က အနောက် တာ့ခ် အင်ပါယာ သို့ သံတမန်များ လွှတ်သည့် အခါတွင်လည်း၊ လုထင်ကျိ မှာ အဓိက သံတမန်အဖြစ် ဆန်မီတောင်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံအသီးသီး စစ်တိုက်ကြမယ်၊ အုပ်စုအသီးသီး အားပြိုင်ကြမယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ မင်းသား နှစ်ပါးအပေါ်မှာပဲ ပုံကျသွားတာကတော့ တကယ်ကို မထင်ထားစရာပါပဲ။ လုအနေနဲ့ ဒီနေ့သာ ရောက်မလာခဲ့ဘူးဆိုရင်၊ လူအတော်များများကတော့ အမှောင်ဖုံးနေကြဦးမှာဖြစ်သလို၊ အနောက် တာ့ခ် အင်ပါယာတစ်ခုလုံးလည်း များမကြာမီမှာပဲ ပြောင်းလဲသွားတော့မှာကို စိုးရိမ်မိပါတယ်”
လုထင်ကျိမှာ ရယ်မောပြောဆိုနေသော်လည်း သူ၏စကားအနည်းငယ်မှာ ရွက်ဖျင်တဲတော် အတွင်းရှိ လူတိုင်း၏ မျက်တောင်များကို တုန်လှုပ်သွားစေတော့သည်။
“ငါ့ရဲ့ စတုတ္ထမင်းသားလေး မင်း အခုထိ မမြင်နိုင်သေးဘူးလား။ ရှာမူလယ်ရဲ့လုပ်ကြံမှုက ပထမမင်းသား လုပ်ခဲ့တာ ဖြစ်ပေမဲ့၊ ဒီရွက်ဖျင်တဲတော်အတွင်းက လူတိုင်းကတော့ မင်းကို သတ်ချင်နေကြတာပဲ။ အဲဒီအထဲမှာ မင်းရင်ထဲကနေ ရိုသေကိုးကွယ်နေတဲ့ ခမည်းတော်လည်း အပါအဝင်ပဲ”
လုထင်ကျိက ဝတ်ရုံကို ခါယမ်းလိုက်သော်လည်း၊ ရွက်ဖျင်တဲတော် အတွင်းရှိ အခြားသူများကို ဂရုမစိုက်ဘဲ မြေပြင်ပေါ်၌ ဒူးထောက်နေသော စတုတ္ထမင်းသား ကိုသာ ငုံ့ကြည့်လိုက်သည်။
“ရှာမူလယ်ရဲ့အင်အားကတော့ တကယ်ကို ပြောစရာ မရှိပါဘူး၊ မင်းရဲ့ခမည်းတော်ကို ဘယ်လိုမှ မထိခိုက်နိုင်ဘူးဆိုတဲ့ ရိုးရှင်းလှတဲ့ အမှန်တရားကို သူ မသိဘူးလို့ မင်း တကယ် ထင်နေတာလား?”
“သူသာ သေသွားမယ်ဆိုရင် မင်းရဲ့အစ်ကိုတော်ကြီး က အကျိုးအရှိဆုံး ဖြစ်လာမှာကိုလည်း ဒီကိစ္စတွေကို မင်း ပြောပြနေစရာ မလိုပါဘူး။ အဲဒီတုန်းက ပြင်းထန်လှတဲ့ သတ်ဖြတ်မှုတွေကြားကနေ ထိုးဖောက် ထွက်လာပြီး တစ်နိုင်ငံလုံးရဲ့ အရှင်သခင် ဖြစ်လာတဲ့သူဟာ သာမန်လူတစ်ယောက် ဖြစ်နိုင်ပါ့မလား။ ဟူးဘားရှ် မင်းက မင်းရဲ့ခမည်းတော်ကို တကယ်ပဲ အထင်သေးလွန်းနေတာပဲ”
လုထင်ကျိက ခေါင်းကို ခါယမ်းလျက် သက်ပြင်းချလိုက်သည်။ ဒီနေ့ ဖြစ်ပျက်နေသော ပြဇာတ်ကို သူပင်လျှင် ဆက်ကြည့်ရန် စိတ်မရှည်တော့ချေ။
“ဒါ့အပြင် ဟေးဆွေ့ ရှာမန်ဟာ မင်းရဲ့ခမည်းတော်နဲ့ အမြဲတမ်း အတူရှိနေခဲ့သူပဲ။ ဒီနေ့လို အရေးကြီးတဲ့ကိစ္စမှာ သူက ဘာလို့ ဒီနေရာမှာ ရှိမနေတာလဲ။ မင်းရဲ့ခမည်းတော်ရဲ့ ဆန္ဒကို မင်း အခုထိ နားမလည်သေးဘူးလား”
******
အခန်း (၂၁၃၄) ဘက်ပေါင်းစုံမှ အားပြိုင်မှုများ
ဤစကားတို့သည် ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှပေရာ စတုတ္ထမင်းသား ဟူးဘားရှ်၏ တစ်ကိုယ်လုံးကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေခဲ့ပြီး မျက်နှာမှာလည်း စက္ကူတစ်ချပ်ကဲ့သို့ ဖြူလျော့သွားခဲ့ရ၏။
“မဖြစ်နိုင်ဘူး ဒါ လုံးဝမဖြစ်နိုင်ဘူး”
ဤအခိုက်အတန့်၌ ဟူးဘားရှ်သည် ဦးခေါင်းကို မော့ကြည့်လျက် မိမိ၏ဖခင်အား ပင်ကိုယ်ဗီဇအရ လှမ်းကြည့်မိလေသည်။ သို့သော်လည်း မျက်နှာချင်းဆိုင် ပလ္လင်ပေါ်ရှိ ရှာပိုလော် ခါဂန်းသည် ဟူးဘားရှ်၏ အကြည့်ကို ခံစားမိသည်နှင့်တစ်ပြိုင်နက် မသိမသာ ခေါင်းလွှဲကာ ရှောင်ဖယ်သွားခဲ့၏။
ဟူးဘားရှ်၏ နှလုံးသားတစ်ခုလုံး ရေနက်ပိုင်းသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
အရာရာတိုင်းမှာ ကြိုတင်စီစဉ်ထားသည့် အကွက်များသာ ဖြစ်ပေသည်။
ဟေးဆွေ့ ရှာမန်သည်လည်း ဤနေရာ၌ ရှိမနေခဲ့ချေ။
ခမည်းတော်သည် တကယ်ပင် သူ့အား သတ်ဖြတ်လိုနေခြင်း ဖြစ်သည်။
အမှန်တရားမှာ ဤမျှအထိ ရက်စက်လိမ့်မည်ဟု ဟူးဘားရှ်လုံးဝ မထင်ထားခဲ့မိပေ။ မိမိ၏ဖခင်အား နားဝင်အောင် ပြောပြရန်နှင့် အမှန်တရားကို ရှင်းပြရန် ကြိုးစားခဲ့သော်လည်း၊ အမှန်စင်စစ်တွင်မူ အမှန်တရားဟူသည်မှာ အစကတည်းက အရေးမပါခဲ့တော့ချေ။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အခြားသူများထက်ပင် ဟူးဘားရှ်အား အသေချင်ဆုံးဖြစ်နေသည့် ပထမမင်းသား အီဖီဒီယွန်းပင်လျှင် မှင်တက်သွားခဲ့ရ၏။
ခမည်းတော်က တမင်တကာ လုပ်နေတာပဲ။
သူကလည်း စတုတ္ထညီငယ်ကို သတ်ချင်နေတာလား။
ဤရလဒ်မှာ သူကိုယ်တိုင်ပင် မျှော်လင့်မထားခဲ့သော အရာ ဖြစ်ပေသည်။
ရှာမူလယ်၏ ဖြစ်ရပ်မှာ သူ၏အကြံအစည်ဆိုသည်မှာ မှန်ကန်လှ၏။ သူသည် ဟူးဘားရှ်အား လုပ်ကြံရန် တိုက်ရိုက်လူလွှတ်လောက်အောင်အထိတော့ မမိုက်မဲခဲ့ချေ။ သို့သော်လည်း ခမည်းတော်သည် သူ၏ဓားကိုငှားကာ လူသတ်နေခြင်းပင် ဖြစ်သည်။ ခမည်းတော်သည် သူ၏လှုပ်ရှားမှုမှန်သမျှကို ကြိုတင်သိရှိနေခဲ့ခြင်းက အီဖီဒီယွန်းကို အငိုက်မိသွားစေပြီး ရုတ်တရက် ဘာလုပ်ရမှန်းမသိအောင် ပျာယာခတ်သွားစေခဲ့၏။
“လုပညာရှိ ခင်ဗျားက ပညာတတ်တစ်ယောက်၊ ဗဟုသုတ ကြွယ်ဝသူတစ်ယောက် ဖြစ်ပြီး သိုင်းလောကသား မဟုတ်တာကြောင့် ငါက ရိုရိုသေသေ ဆက်ဆံခဲ့တာပါ။ ဒီနေရာမှာ လျှောက်မပြောပါနဲ့။ ဒီကိစ္စက ငါတို့ အနောက် တာ့ခ်ရဲ့ မိသားစုရေးရာ ဖြစ်သလို ပုဂ္ဂိုလ်ရေး ကိစ္စလည်း ဖြစ်တာကြောင့် မဟာထန်ဘက်က ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်”
ရှာပိုလော်၏ ဟိန်းထွက်နေသော အသံကြီးသည် ရွက်ဖျင်တဲတော်အတွင်း၌ ပျံ့လွင့်သွားခဲ့၏။ ဤအချိန်တွင် သူသည်လည်း နှုတ်ဆိတ်မနေနိုင်တော့ချေ။
လုထင်ကျိ၏ သိုင်းပညာမှာ ပြောစရာ မရှိသော်လည်း ပညာတတ်တစ်ယောက်၏ နှုတ်ထွက်စကားသည် သိုင်းလောကမှ အားကောင်းလှသည့် ပုဂ္ဂိုလ်များထက်ပင် ပိုမို ကြောက်စရာကောင်းနေသည် မဟုတ်ပါလော။
“ခါဂန်း… ဒါက ခါဂန်းရဲ့မိသားစုရေးရာလို့ပဲ ဇွတ်ပြောမယ်ဆိုရင်လည်း ကျွန်တော့်မှာ ပြောစရာ မရှိတော့ပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်တို့အရှင်နဲ့ စတုတ္ထမင်းသားကြားမှာ သံယောဇဉ်တစ်ခု ရှိခဲ့ဖူးပါတယ်။ အနောက် တာ့ခ် အင်ပါယာမှာ ဒီလိုကိစ္စမျိုး ဖြစ်နေတယ်လို့ ကြားရတဲ့အခါ ကျွန်တော်တို့အရှင်က တကယ်ကို စိုးရိမ်နေခဲ့တာပါ။ သူက ပြောပါတယ်... သူငယ်ချင်းဆိုတာ တစ်ဦးကိုတစ်ဦး ကူညီရမယ်တဲ့။ အကယ်၍ စတုတ္ထမင်းသားသာ မဟုတ်မတရား စွပ်စွဲခံရပြီး မတရားမှုတွေနဲ့ ရင်ဆိုင်နေရမယ်ဆိုရင် ကျွန်တော်တို့အရှင်ကတော့ လုံးဝ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး”
လုထင်ကျိသည် ပြုံးလျက် ရုတ်တရက် ပြောဆိုလိုက်လေသည်။
သူ့စကားကြောင့် ရွက်ဖျင်တဲတော်အတွင်းရှိ လူတို့၏ အမူအရာမှာ ထူးဆန်းသွားခဲ့ကြ၏။ အထူးသဖြင့် ယွီစန်းသံတမန်များဆိုလျှင် ရင်ထဲမှနေ၍ ဆဲရေးနေကြတော့သည်။
ရှာမူလယ်က အနောက် တာ့ခ် ခါဂန်းကို လုပ်ကြံရန် ကြိုးစားသည့်ကိစ္စမှာ မနေ့ည မိုးမလင်းခင်လေးမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ ထို့ပြင် ရှာပိုလော် ခါဂန်းက သတင်းကို ချက်ချင်း ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ ဝမ်ချောင်သည် မဟာထန်၌ ဝေးကွာစွာ ကျန်ရစ်နေခဲ့သည်ဖြစ်ရာ သတင်းသွားပို့လျှင်ပင် တစ်ရက်မက ကြာမြင့်မည်ကို သူက မည်သို့ သိနိုင်ပါမည်နည်း။
လုထင်ကျိ၏ ဤစကားများမှာ ဗြောင်လိမ်နေခြင်းဖြစ်ကြောင်း သိသာလွန်းလှပေသည်။
“ဒါ့အပြင် ခါဂန်းလည်း သိတဲ့အတိုင်း... အရှင်မင်းမြတ်နဲ့ ကျွန်တော်တို့ အရှင်က ဧကရာဇ်နဲ့အမတ် ဆက်ဆံရေးထက် ပိုပါတယ်။ သူတို့က ရင်းနှီးတဲ့ မိတ်ဆွေတွေလည်း ဖြစ်ကြတာပါ။ အထူးသဖြင့် အခုလို လောကကြီး ဖရိုဖရဲ ဖြစ်နေချိန်မှာ မရိုးမသား လုပ်ချင်တဲ့သူတွေ ရှိနေတာကြောင့် အရှင်မင်းမြတ်က စစ်ရေးနဲ့ အုပ်ချုပ်ရေး အာဏာအားလုံးကို အရှင့်ဆီ လွှဲအပ်ထားခဲ့ပါတယ်။ အကယ်၍ အရှင်က တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အဲဒီအချိန်ကျရင် ကျွန်တော်တို့ အရှင်မင်းမြတ်တောင် တားနိုင်မှာ မဟုတ်တော့ဘူးလို့ ထင်မိပါတယ်”
လုထင်ကျိ က တစ်စုံတစ်ခုကို ဆိုလိုချင်ဟန်ဖြင့် အေးအေးဆေးဆေး ပြောကြားလိုက်၏။
“အဓိပ္ပာယ် မရှိလိုက်တာ လုထင်ကျိ၊ မင်း ဘာကို ဆိုလိုတာလဲ။ မင်းက အနောက် တာ့ခ် ကို ခြိမ်းခြောက်ချင်တာလား။ ရှာပိုလော် ခါဂန်း လုပ်ကြံခံရတာကိုတောင် မင်းတို့ မဟာထန်က လူဆိုးကို ကာကွယ်ပြီး မတရားမှုကို အားပေးချင်နေတာလား”
ဘေးနားရှိ ယွီစန်း သံတမန်က မနေနိုင်တော့ဘဲ ဟိန်းဟောက်လိုက်လေသည်။
ဤလုထင်ကျိသည် စကားပြော အလွန်ကောင်းလွန်းလှ၏။ လျှာသုံးလက်မဖြင့် အမည်းကို အဖြူဖြစ်အောင် ပြောနိုင်သကဲ့သို့ သေနေသည်ကိုတောင် ရှင်အောင် ပြောနိုင်သည့်သူပင် ဖြစ်သည်။ သူ့အား ဤအတိုင်း ဆက်ပြောခွင့် ပေးထားပါက နောက်ဆုံးတွင် မည်သို့သော အခြေအနေသို့ ရောက်ရှိသွားမည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ချေ။
“ဟွန်း ဗိုလ်ချုပ် ခင်ဗျားက ကျွန်တော့်ကို အနောက် တာ့ခ်ကိစ္စမှာ ဝင်စွက်တယ်လို့ ပြောတယ်၊ ဒါဆို ခင်ဗျားတို့ကရော ဘာလုပ်နေတာလဲ။ ခင်ဗျားတို့ ဒီတစ်ခေါက် အနောက် တာ့ခ်ကို ဘာလို့ ရောက်လာသလဲဆိုတာ ကျွန်တော်တို့ မသိဘူးလို့ မထင်ပါနဲ့။ အနောက်တောင် စစ်ပွဲတုန်းက ခင်ဗျားတို့က မာန်ရှဲ့ကျောက် နဲ့ ပူးပေါင်းပြီး မဟာထန်ကို ကျူးကျော်ခဲ့ကြတယ်။ ကျွန်တော်တို့က ဒါကို ပြန်မရှင်းခဲ့ဘူး။ တာလာ့စ် စစ်ပွဲမှာလည်း ခင်ဗျားတို့က အာရပ်တွေနဲ့ ပူးပေါင်းခဲ့ကြပြန်တယ်။ ကျွန်တော်တို့က သဘောထားကြီးစွာနဲ့ ခင်ဗျားတို့ကို လွှတ်ပေးခဲ့ပြီး အရင်က ကိစ္စတွေကို ပြန်မရှင်းခဲ့ဘူး။ အခု ခင်ဗျားတို့က ဒီမှာ လာပြီး ပြဿနာ ရှာနေပြန်ပြီ။ တကယ်ပဲ ကျွန်တော်တို့အရှင်ကို လှံကိုင် မြင်းစီးခိုင်းပြီး စစ်တပ်ကြီးနဲ့ ကုန်းမြင့်ပေါ်ကို တက်တိုက်ခိုင်းစေချင်တာလား?”
“အဲဒီတုန်းက မင်းဆရာ ဝမ်ကျုံးစစ်ဟာ လော့ရှဲမြို့အထိ စစ်တပ်နဲ့ ချီတက်ခဲ့ပြီး ခင်ဗျားတို့ရဲ့ ဧကရာဇ်နဲ့ အမတ်တွေကို မြို့စွန့်ပြေးအောင် လုပ်ခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ကုန်းမြင့် ရောဂါကြောင့် အရှင်က စစ်တပ်ကို ပြန်ဆုတ်ခဲ့ရလို့ အောင်မြင်မှု အပြည့်အဝ မရခဲ့တာပါ”
“ဒါပေမဲ့ အခုတော့ မျိုးနွယ်ခြားဘုရင်က ခင်ဗျားတို့ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ။ တကယ်လို့ အရှင်ကိုသာ လက်တွေ့လုပ်ဆောင်အောင် ဖိအားပေးမယ်ဆိုရင် ဒီတစ်ခေါက်တော့ ခင်ဗျားတို့ ပြေးစရာ နေရာ ရှိမှာ မဟုတ်တော့ဘူး”
လုထင်ကျိက အေးစက်စွာ ပြောဆိုလိုက်လေသည်။
“မင်း…”
ထိုယွီစန်းဗိုလ်ချုပ်မှာ စကားဆွံ့အသွားခဲ့ရ၏။ သူ့အား အေးစိမ့်စွာ ပြုံးကြည့်နေသော လုထင်ကျိကို ကြည့်ရင်း စကားတစ်ခွန်းမျှပင် ထပ်မံ မပြောဆိုနိုင်တော့ချေ။
“ကုန်းမြင့် ရောဂါ” ဟူသော စကားလုံး လေးလုံးသည် ဝမ်ချောင်ကြောင့် တစ်လောကလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။
ထိုစဉ်က ယွီစန်း အင်ပါယာသည် မိမိတို့ကိုယ်ကို နတ်ဘုရား စောင့်ရှောက်သောနိုင်ငံ၊ နတ်ဘုရား ရွေးချယ်ထားသော လူမျိုးဟူ၍ သတ်မှတ်ခဲ့ကြပြီး မြေမျက်နှာသွင်ပြင် အားသာချက်ကို အသုံးပြုကာ နိုင်ငံအသီးသီးကို စိတ်တိုင်းကျ တိုက်ခိုက်ခဲ့ကြသည်။ အင်အားကြီးသည့် ရန်သူနှင့် တွေ့ဆုံပါက ကုန်းမြင့်ပေါ်သို့ ချက်ချင်း ပြန်လည်ဆုတ်ခွာသွားကြခြင်းပင် ဖြစ်၏။ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း လုပ်ရပ်မှန်သမျှကို မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်း မရှိဘဲ လုပ်ဆောင်ခဲ့ကြသည်။
သို့သော် ဝမ်ချောင်ကြောင့်၊ သေးငယ်လှသော ဟုန်ကျင်ထျန်းကြောင့် ထိုဒဏ္ဍာရီကြီးမှာ ပျက်သုဉ်းသွားခဲ့ရပြီ ဖြစ်သည်။
ယခုအခါ ယွီစန်း အင်ပါယာ၌ အားကိုးစရာ သဘာဝခံတပ် မရှိတော့သကဲ့သို့၊ ဝမ်ချောင်၏ တိုက်ခိုက်မှုများကြောင့် ယွီစန်းအင်ပါယာ၏ အင်အားမှာလည်း အကြီးအကျယ် ထိခိုက်ခဲ့ရပြီ ဖြစ်သည်။
လက်ရှိ မဟာထန်ကြီးမှာ အကြီးအကျယ် ချဲ့ထွင်နေပြီး စစ်သည်အင်အား တစ်သန်းအထိ ပိုင်ဆိုင်ထား၏။ ကုန်းမြင့်ပေါ်သို့သာ တစ်ကြိမ် တက်ရောက် တိုက်ခိုက်မည်ဆိုပါက အမတ်ချုပ်ကြီးပင်လျှင် တားဆီးနိုင်မည်ဟု အာမခံချက် မရှိတော့ချေ။
အမတ်ချုပ်ကြီးသည် အစွမ်းထက်ပေမယ့် စစ်နတ်ဘုရားကလည်း လွယ်ကူသော ပုဂ္ဂိုလ် မဟုတ်ပေ။
ထို့ပြင် ဤပဋိပက္ခမှာ အဓိကအားဖြင့် ယိုကျိုးနှင့် မဟာထန်ကြားမှ ကိစ္စပင် ဖြစ်၏။ ယွီစန်းက ယခု ဝင်ရောက်စွက်ဖက်နေခြင်းမှာ အဓိကနှင့်သာမညကို မှားယွင်းစေပြီး မဟာထန်ကို ရန်စနေသကဲ့သို့ ဖြစ်နေသဖြင့် ၎င်းမှာ ကောင်းမွန်သောကိစ္စ မဟုတ်ကြောင်းကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လုထင်ကျိ သည် သူ့အား ဒေါသတကြီး စိုက်ကြည့်နေသော ယွီစန်းဗိုလ်ချုပ်အား လှောင်ပြုံးဖြင့် ကြည့်နေ၏။
ယခု ယွီစန်းမှာ အရင်လို မဟုတ်တော့ချေ။ မဟာထန်ကို ဆန့်ကျင်လျှင် သေလမ်းသာ ရှိတော့မည်။
“ဟားဟားဟား ပညာရှိကြီးက တကယ်ကို အရှိန်အဝါ ကြီးတာပဲ။ ပါးစပ်ဖွင့်လိုက်ရင် မျိုးနွယ်ခြားဘုရင်၊ ပိတ်လိုက်ရင် မျိုးနွယ်ခြားဘုရင်နဲ့။ ခင်ဗျား မေ့နေတာ တစ်ခုကတော့... ဒီနေရာက အနောက် တာ့ခ်ပါ၊ မဟာထန်မဟုတ်ဘူး”
စကားပြောနေစဉ်မှာပင် ကြမ်းတမ်းလှသော ရယ်မောသံတစ်ခုသည် မကောင်းသော ရည်ရွယ်ချက်များနှင့်အတူ ရွက်ဖျင်တဲတော် အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ခဏတာမျှ အချိန်အတွင်းမှာပင် ရွက်ဖျင်တဲတော်၏ လိုက်ကာမှာ ပွင့်သွားခဲ့ပြီး၊ ပြင်းထန်လှသော အရှိန်အဝါ အချို့နှင့်အတူ ထူထဲလှသော သားမွှေးဝတ်စုံများကို ဝတ်ဆင်ထားသော သူတို့သည် မဖိတ်ခေါ်ဘဲ ဝင်ရောက်လာခဲ့ကြလေသည်။ ၎င်းတို့သည် ဘေးလူကို ဂရုမစိုက်ဘဲ ရွက်ဖျင်တဲတော်အတွင်းသို့ တစ်ဟုန်ထိုး ဝင်ရောက်လာကြခြင်းပင် ဖြစ်၏။
ထိုသူတို့သည် မောက်မာလှသော အကြည့်များဖြင့် လူတိုင်းအား တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် မျက်နှာချင်းဆိုင်ရှိ ရှာပိုလော် ခါဂန်းဆီသို့ အကြည့်များ ရောက်ရှိသွားကြတော့သည်။ ဤသည်ကို မြင်တွေ့လိုက်ရသောအခါ ရွက်ဖျင်တဲတော်အတွင်းရှိ လူအားလုံး မျက်နှာ ပျက်သွားကြသော်လည်း ပလ္လင်ပေါ်ရှိ ရှာပိုလော် ခါဂန်းမှာမူ တည်ငြိမ်နေဆဲ ဖြစ်၏။ ကြည့်ရသည်မှာ သူသည် ဤလူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ကြိုတင် သိရှိနေသကဲ့သို့ ဤနေရာသို့ ရောက်ရှိလာကြမည်ကိုလည်း သိရှိနေသည့်ဟန် ရှိပေသည်။
“ခင်ဗျားတို့က ဘယ်သူတွေလဲ။ ဒီနေရာက ခင်ဗျားတို့ စကားပြောရမယ့် နေရာလား”
လုထင်ကျိက အေးစိမ့်စွာ မေးမြန်းလိုက်သည်။
“ဟဲဟဲ ငါတို့ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ ခင်ဗျားနဲ့လည်း မဆိုင်ဘူး။ ခင်ဗျား မှတ်ထားရမှာက ငါတို့က ယွီစန်း လူမျိုးလည်း မဟုတ်ဘူး၊ အနောက် တာ့ခ်လူမျိုးလည်း မဟုတ်ဘူး။ ငါတို့က ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေကို ကြည့်မရဖြစ်နေတဲ့ ရှာပိုလော် ခါဂန်း ရဲ့ သူငယ်ချင်းတွေပဲ”
ထိုသူက ရန်စလိုသော လေသံဖြင့် ပြောဆိုလိုက်၏။
ယွီစန်း လူမျိုးများ၊ ထန်လူမျိုးများနှင့် မတူညီသည်မှာ ထိုသူတို့သည် မိမိတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားကြခြင်းပင် ဖြစ်သည်။
ရွက်ဖျင်တဲတော်၏ အထက်ပိုင်းတွင်မူ ရှာပိုလော် ခါဂန်းသည် ဘာမှ မသိရှိဟန်ဖြင့် ရှိနေပြီး ၎င်းတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို မေးမြန်းရန် ဆန္ဒမရှိသကဲ့သို့၊ သို့မဟုတ် ကြိုတင် သိရှိထားပုံ ရပေသည်။
ယိုကျိုး သံတမန်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော စတုတ္ထမင်းသား ဟူးဘားရှ်၏ မျက်ဝန်းထဲတွင်မူ အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ဤလူတို့၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိလိုက်လေသည်။
ယခု လက်ရှိ အနောက် တာ့ခ် အင်ပါယာအတွင်း၌ သံတမန်အဖွဲ့ သုံးဖွဲ့သာ ရှိ၏။ ယွီစန်း တစ်ဖွဲ့၊ မဟာထန်တစ်ဖွဲ့၊ ကျန်ရှိနေသည်မှာ ယိုကျိုးသံတမန် အဖွဲ့ပင် ဖြစ်သည်။
ခမည်းတော်သည် သူတို့အချင်းချင်း ထိပ်တိုက် မတွေ့ဆုံစေရန်အတွက် သူတို့ တည်းခိုရာ နေရာများကို ဝေးကွာစွာ ခွဲခြားထားခဲ့ခြင်း ဖြစ်၏။
ထို့ပြင် ရွက်ဖျင်တဲတော်အတွင်း၌ မဟာထန်၏ သံတမန်များ ရှိနေခြင်းကြောင့်၊ ယိုကျိုးမှ အန်းလုရှန်း၏အဆင့်အတန်းမှာ ထူးခြားနေဆဲ ဖြစ်သည်။ သူသည် ပုန်ကန်ခြင်းကို တရားဝင် မလုပ်ဆောင်သေးသရွေ့ မဟာထန်၏ လက်အောက်ခံ နယ်ခြားစောင့် ဗိုလ်ချုပ် ဖြစ်နေဆဲပင်။ ထို့ကြောင့် မဟာထန်ကို ဗြောင်ကျကျ ဆန့်ကျင်၍ မရသေးချေ။
ဤကဲ့သို့သော အချိန်မျိုးတွင် သူတို့၏ ကိုယ်ပေါ်၌ ယိုကျိုး နှင့် ပတ်သက်သော အမှတ်အသား တစ်စုံတစ်ရာမျှ ပါရှိလာမည် မဟုတ်ခြင်းမှာ သေချာလှပေသည်။
ပိုမိုအရေးကြီးသည်မှာ အန်းလုရှန်း၏ လက်အောက်တွင် ဟူလူမျိုးများ အမြောက်အမြား ရှိနေခြင်းကြောင့် ရုပ်ရည်ကို ကြည့်ရုံမျှဖြင့် ခွဲခြားရန် မလွယ်ကူပေ။
“ရှာပိုလော် ခါဂန်း၊ ခါဂန်း အနေနဲ့ ဆုံးဖြတ်ချက် ချပြီးပြီဆိုရင်တော့ တချို့ကိစ္စတွေကို ပြောရတာ လွယ်သွားပြီ”
ဦးဆောင်လာသော ယိုကျိုးဗိုလ်ချုပ်က ဦးခေါင်းကို မော့ထားလျက် မောက်မာစွာ ဆိုလိုက်၏။ သူသည် လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်လေသည်။
“သယ်လာခဲ့ကြစမ်း”
ခဏတာမျှ အချိန်အတွင်းမှာပင် မြေခွေးသားမွှေးဝတ်စုံများကို ဝတ်ဆင်ထားသော ကျွမ်းကျင်သူ အချို့သည် နှစ်ယောက်တစ်တွဲစီဖြင့် ဧရာမ ကြေးသေတ္တာကြီး ဆယ့်လေး၊ ငါးလုံးကို အပြင်ဘက်မှ သယ်ဆောင်လာကြ၏။
ထိုသူတို့သည် ရွက်ဖျင်တဲအတွင်းသို့ ဝင်ရောက်လာပြီးနောက် သူတို့လက်ထဲမှ သေတ္တာများကို မြေပြင်ပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်ကြသည်။ ထို့နောက် ချက်ချင်း ဖွင့်လိုက်ကြသောအခါ ရွှေရောင်များ ဝင်းလက်သွားခဲ့ပြီး ရွှေငွေ ရတနာများ အပြည့်ပါရှိသော သေတ္တာကြီးများသည် လူတိုင်း၏ မျက်စိရှေ့မှောက်၌ ပေါ်ထွက်လာတော့သည်။
“ခါဂန်း၊ ဒါက ကျွန်တော့်ရဲ့ အရှင်သခင်က ခါဂန်းအတွက် လက်ဆောင်အဖြစ် ပေးပို့လိုက်တာပါ။ အကယ်၍ ခါဂန်း အနေနဲ့ ကျွန်တော့် အရှင်နဲ့ မဟာမိတ်ဖွဲ့ပြီး တရားဝင် စစ်တပ်လွှတ်ဖို့ သဘောတူမယ်ဆိုရင်၊ ကျွန်တော့် အရှင်က အနောက် တာ့ခ်အတွက် လက်နက်တွေ၊ သံချပ်ကာတွေနဲ့ ဆန်အိတ် နှစ်သိန်းကိုလည်း အနောက် တာ့ခ်ရဲ့ အရေးပေါ် အခြေအနေကို ကူညီဖို့အတွက် ပံ့ပိုးပေးပါလိမ့်မယ်။ ဒါဟာ အစပိုင်း အဆင့်ပဲ ရှိပါသေးတယ်”
ထို ယိုကျိုး ဗိုလ်ချုပ်သည် ဘေးလူကို ဂရုမစိုက်ဟန်ဖြင့် ပြောဆိုလိုက်လေသည်။
ဤစကားတစ်ခွန်းက ရွက်ဖျင်တဲတော်အတွင်းရှိ အနောက် တာ့ခ် ဗိုလ်ချုပ်များကို တက်ကြွသွားစေခဲ့၏။
ဤယိုကျိုး သံတမန်တို့၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ သူတို့အတွက်မူ လျှို့ဝှက်ချက် မဟုတ်ပေ။ ဆယ့်လေး၊ ငါးသေတ္တာစာ ရွှေငွေရတနာများမှာမူ ထားလိုက်ပါဦး၊ မဟာ အအေးလှိုင်း ကျရောက်နေချိန်တွင် ဤရွှေငွေတို့သည် အသက်မဲ့သော အရာများသာ ဖြစ်၏။ သို့သော်လည်း ဆန်အိတ် နှစ်သိန်းဆိုသည်မှာမူ အနည်းငယ်မျှသော ပမာဏ မဟုတ်ချေ။
ဤနှင်းမုန်တိုင်းကြောင့် အနောက် တာ့ခ်၌ ဆုံးရှုံးမှုများ များပြားခဲ့သကဲ့သို့ ရိက္ခာလည်း အကြီးအကျယ် ပြတ်လပ်နေခြင်းဖြစ်၏။ အန်းလုရှန်း ပေးပို့လိုက်သော ဤလက်ဆောင်များသည် နှင်းထဲတွင် မီးသွေး ပို့ပေးသကဲ့သို့ပင် ဖြစ်ပြီး လူတိုင်း၏ ရင်ထဲသို့ ကွက်တိ ရောက်ရှိသွားစေခဲ့သည်။
ထိုယိုကျိုး ဗိုလ်ချုပ်သည် ပလ္လင်ပေါ်ရှိ ရှာပိုလော် ခါဂန်းကို စိုက်ကြည့်နေ၏။ မျှော်လင့်ထားသည့်အတိုင်းပင် ဤအခြေအနေများကို ကြားသိလိုက်ရသောအခါ ရှာပိုလော် ခါဂန်း ပင်လျှင် စိတ်လှုပ်ရှားသွားသည့် အမူအရာ ပေါ်ထွက်လာခဲ့၏။
ဤအခြေအနေများကို သူတို့သည် အရင်က ရှာပိုလော်အား မပြောပြခဲ့ပေ။ ဤကဲ့သို့သော အကျိုးသက်ရောက်မှုကို ရရှိလိုသဖြင့် ယခုမှသာ ထုတ်ဖော်ပြောကြားခြင်း ဖြစ်ပေသည်။
“ဒါပေမဲ့ ခါဂန်းအနေနဲ့ ငါ့အရှင်သခင်ကို လက်ဆောင်တစ်ခုတော့ ပြန်ပေးရပါလိမ့်မယ်”
ထိုယိုကျိုး ဗိုလ်ချုပ်သည် ယုံကြည်မှု အပြည့်ဖြင့် မောက်မာစွာ ပြုံးလိုက်ပြီး ရုတ်တရက် လှည့်ကြည့်ကာ၊ ဘေးနားရှိ လုထင်ကျိနှင့် မဟာထန်စစ်သည်များကို လက်ညှိုးထိုးပြလိုက်လေသည်။
“ငါတို့အတွက် ဒီလူတွေကို သတ်ပေးရမယ်”
နောက်ဆုံး စကားတစ်ခွန်း၌မူ အေးစိမ့်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပြည့်နှက်နေတော့၏။
ရွက်ဖျင်တဲတော်အတွင်း၌ ပထမတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ပြီး၊ နောက်တစ်ခဏ၌မူ ဧရာမ ကျောက်တုံးကြီးတစ်တုံး ကျရောက်သွားသကဲ့သို့ လှိုင်းလုံးကြီးများ ထပေါ်လာခဲ့၏။ ဤစကားကို ကြားသိလိုက်ရသော လူတိုင်း၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ထွက်လာတော့သည်။
ဤယိုကျိုးသံတမန်တို့သည် လူပုံအလယ်တွင် ဤကဲ့သို့သော တောင်းဆိုချက်မျိုးကို လုပ်ရဲလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
မဟာထန်၏ သံတမန်များကိုသာ သတ်ဖြတ်လိုက်ပါက ၎င်းမှာ မဟာထန်ကို တရားဝင် စစ်ကြေညာလိုက်ခြင်းနှင့် တူညီသွားမည် ဖြစ်၏။ အနောက် တာ့ခ် အင်ပါယာ အနေဖြင့်လည်း ပြန်လည်ဆုတ်ခွာရန် လမ်းစမရှိတော့ဘဲ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့အတွင်းသို့သာ ဝင်ရောက်ရတော့မည် ဖြစ်ပေသည်။
စတုတ္ထမင်းသား ဟူးဘားရှ်နှင့် ပထမမင်းသား အီဖီဒီယွန်းတို့ကြားမှ ပဋိပက္ခ၊ ထို့ပြင် ရှာပိုလော် ခါဂန်း လုပ်ကြံခံရသည့် ကိစ္စများကိုမူ ဤအချိန်၌ မည်သူမျှ ဂရုမစိုက်တော့ချေ။
လုထင်ကျိက အမှန်တရားကို ဖွင့်ချလိုက်ပြီးနောက်တွင်၊ လူတိုင်း နားလည်သွားကြသည်မှာ အနောက် တာ့ခ်၏ မင်းသားနှစ်ပါးသည် လက်တွေ့၌မူ ဤတစ်ကြိမ် ဘက်ပေါင်းစုံမှ အင်အားစုများ အားပြိုင်မှုကြားတွင် အသုံးချခံ နယ်ရုပ်များအဖြစ်သာ ရောက်ရှိသွားခဲ့ကြရခြင်းပင် ဖြစ်တော့သည်။
******