အခန်း (၂၁၃၅-၂၁၃၇)
Vol. 132 Ch. 2135-2137
အခန်း (၂၁၃၅) ထန်သံတမန်ကို ကွပ်မျက်ခြင်း
"ဟွန်း ဟားဟားဟား... ဒီလိုဆိုတော့လည်း မင်းတို့က ယိုကျိုးဘက်ကို ခိုလှုံတော့မယ်ပေါ့လေ"
လေထုမှာ အပ်ကျသံပင် ကြားရလောက်အောင် တင်းမာနေချိန်၌ လုထင်ကျိမှာမူ ဆန့်ကျင်ဘက်အနေဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
ဤအချိန်တွင် သူ၏ပတ်ဝန်းကျင်၌ ကျားရိုင်းများနှင့် ဝံပုလွေများအလား လူများက ဝိုင်းရံနေကြရာ၊ အနည်းငယ်မျှ သတိလွတ်သွားပါက အချိန်မရွေး အသက်အန္တရာယ် ရှိနိုင်ပေသည်။ သို့သော်ငြားလည်း ပညာရှိတစ်ဦးဖြစ်သော လုထင်ကျိမှာမူ ကြောက်ရွံ့သည့် အရိပ်အယောင်လေးမျှပင် မပြခဲ့ချေ။
"မင်းတို့ ယိုကျိုး ပုန်ကန်သူတွေက တကယ်ကို ရဲတင်းလွန်းလှတာပဲ။ ကျွန်သပေါက် တစ်အုပ်လောက်ကများ၊ မင်းတို့ကို ဘယ်သူက အာဏာပေးထားလို့ အင်ပါယာအစိုးရကို ပြန်လည် ပုန်ကန်ပြီး ဘုရင့်တပ်မတော်ကို ရန်စရဲရတာလဲ"
ယိုကျိုး ပုန်ကန်သူများ၏ တောင်းဆိုချက်ကို ကြားလိုက်ရသည့်အခါ လုထင်ကျိမှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်သွားခဲ့လေသည်။
"ရှာပိုလော် ခါဂန်း၊ ခင်ဗျားကရော အဲဒီလိုပဲ တွေးနေတာလား။ ဒါမှမဟုတ် ခင်ဗျားက အစကတည်းက မဟာထန်နဲ့ ရန်သူဖြစ်ဖို့ ဆုံးဖြတ်ထားပြီးသားလား?"
ပြောဆိုရင်း လုထင်ကျိသည် မျက်နှာချင်းဆိုင်ရှိ ရှာပိုလော် ခါဂန်းအား မော့ကြည့်လိုက်၏။
"ငါကိုယ်တော် အဲဒီလို မပြောခဲ့ပါဘူး"
ရှာပိုလော် ခါဂန်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။ ထိုကျောက်ဆောင်သဖွယ် မာကြောလှသော သူ၏မျက်နှာပေါ်တွင် ရေကန်တစ်ခုအလား ငြိမ်သက်နေပြီး၊ ယခု သူ၏ရှေ့မှောက်၌ ဖြစ်ပျက်နေသော အရာများမှာ သူနှင့် အနည်းငယ်မျှပင် သက်ဆိုင်ခြင်း မရှိသကဲ့သို့ပင်။
ဤအနောက် တာ့ခ် ခါဂန်း ယခုအချိန်၌ မည်သည့်အရာကို တွေးတောနေသနည်းဆိုသည်ကို မည်သူမျှ မသိနိုင်ကြချေ။
"ဟားဟား… အခုက မျက်ခုံးမွှေး မီးလောင်နေတဲ့ အချိန်ရောက်နေပြီလေ၊ ခါဂန်းက တံငါသည်လို အမြတ်ထုတ်ဖို့ တွေးနေတုန်းပဲလား"
"အနောက် တာ့ခ် ဆိုတာ နိုင်ငံငယ်လေး မဟုတ်ဘူး၊ အခု နိုင်ငံအသီးသီးက လှုပ်ရှားမှု မရှိဘဲ အနောက် တာ့ခ်ရဲ့သဘောထားကိုပဲ စောင့်ကြည့်နေကြတာပါ။ ခါဂန်း အနေနဲ့ တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်တာကို ထိုင်ကြည့်ပြီး အကျိုးအမြတ်ကို အလွယ်တကူ ယူချင်နေတယ်ဆိုရင်တော့၊ အဲဒီအချိန်ကျရင် နိုင်ငံအသီးသီးက အနောက် တာ့ခ်ကို သည်းခံမှာ မဟုတ်ဘူးဆိုတာ ငါ စိုးရိမ်မိပါတယ်"
ထိုယိုကျိုး ဗိုလ်ချုပ်က အေးစိမ့်စွာ ပြုံးလျက်ပြောဆိုလိုက်လေသည်။
"ငါကိုယ်တော်မှာ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး"
နောက်ဆုံးတွင်မူ ရှာပိုလော် ခါဂန်းမှာ မျက်မှောင်ကို မသိမသာ တွန့်လိုက်မိတော့သည်။
တောင်ပေါ်မှနေ၍ ကျားနှစ်ကောင် သတ်ပုတ်နေသည်ကို ထိုင်ကြည့်ရင်း၊ နိုင်ငံအသီးသီးနှင့် မဟာထန်တို့ကို အချင်းချင်း သတ်ဖြတ်ခိုင်းရန် သူ၏ရင်ထဲ၌ ဤကဲ့သို့သော အတွေးမျိုး ရှိနေသည်မှာ အမှန်ပင် ဖြစ်၏။ သို့သော်လည်း နိုင်ငံအသီးသီးမှာလည်း မတုံးအလှသဖြင့် ယခုကဲ့သို့ အင်အားစု သုံးခုမှ သံတမန်များ ဤနေရာသို့ တစ်ပြိုင်နက်တည်း စုရုံးရောက်ရှိလာသည့် အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့ခြင်းပင်။
"ဟွန်း"
ထိုယိုကျိုး ဗိုလ်ချုပ်က နောက်တစ်ကြိမ် အေးစက်စွာ ပြုံးလိုက်ပြန်၏။
လက်ရှိ အခြေအနေအရ ရှာပိုလော်ခါဂန်းအနေဖြင့် ဘက်ပေါင်းစုံကို မျက်နှာလုပ်ချင်နေခြင်းမှာ နိုင်ငံအသီးသီးအပေါ်၌ အလုပ်မဖြစ်တော့ချေ။ မည်သို့ပင်ဖြစ်စေကာမူ ယနေ့တွင် သူသည် ဆုံးဖြတ်ချက် တစ်ခုကို မလွဲမသွေ ချမှတ်ရတော့မည် ဖြစ်သည်။
"ဒီနေ့ ငါ စကားတစ်ခွန်း ထားခဲ့မယ်။ အကယ်၍ အနောက် တာ့ခ က သဘောထားကို မပြသေးဘူးဆိုရင် နောင်တစ်ချိန်မှာ ပထမဆုံး ပျက်သုဉ်းသွားမယ့် နိုင်ငံက အနောက် တာ့ခ် အင်ပါယာပဲ ဖြစ်လိမ့်မယ်"
ထိုယိုကျိုး ဗိုလ်ချုပ်က ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်၏။ ထို့နောက် သူ၏အကြည့်များက လူတိုင်းကို ရန်စသည့်အလား တစ်ချက် ဝေ့ကြည့်လိုက်လေသည်။
"ခွေးကောင်"
ဤစကားကို ကြားလိုက်ရသည့်အခါ ရွက်ဖျင်တဲတော်အတွင်းရှိ အနောက် တာ့ခ် လူမျိုးများ အားလုံး၏ မျက်နှာပေါ်၌ ဒေါသရိပ်များ ပေါ်ထွက်လာကြတော့သည်။
ဤနေရာမှာ အနောက် တာ့ခ် အင်ပါယာပင် ဖြစ်ပေရာ၊ ဤလူတို့သည် သူတို့၏ မျက်စိရှေ့မှောက်၌ပင် အနောက် တာ့ခ် တစ်ခုလုံးကို ခြိမ်းခြောက်ရဲခြင်းမှာ တကယ်ကို မောက်မာလွန်းလှပေသည်။ ဒူဝူစီလီနှင့်ဝူနုရှီပိတို့၏ မျက်ဝန်းထဲတွင်ပင်လျှင် ဒေါသရိပ်များ မသိမသာ ပေါ်ထွက်နေကြပြီ ဖြစ်၏။
"ဟူး"
သက်ပြင်းရှည်ကြီးတစ်ခု ရွက်ဖျင်တဲတော်အတွင်း၌ ရုတ်တရက် ထွက်ပေါ်လာလေသည်။ ရှာပိုလော် ခါဂန်းသည် အကြည့်များကို ပြောင်းလိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော စတုတ္ထမင်းသား ဟူးဘားရှ်အား ရုတ်တရက် လှမ်းကြည့်လိုက်၏။
"ဒီလူတွေ ပြောသွားတာကို မင်းလည်း ကြားတယ် မဟုတ်လား။ ဟူအာ ဒီနေ့ ကိစ္စက ပြီးပြတ်ဖို့ ခက်ခဲပါတယ်။ မင်းကိုပဲ အနစ်နာခံရတော့မယ် ထင်တယ်"
ရှာပိုလော် ခါဂန်း၏ ပေါ့ပေါ့ပါးပါးနှင့် တည်ငြိမ်လှသော ဤစကားမှာ ဟူးဘားရှ်၏ နားထဲသို့ ရောက်ရှိသွားသောအခါ သူ၏နှလုံးသားကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့တော့သည်။
လှည့်ပတ်ပြီးနောက် နောက်ဆုံးတွင်မူ ခမည်းတော်သည် သူ့အား သတ်ဖြတ်လိုခြင်းပင် ဖြစ်၏။
ဟူးဘားရှ်၏ ရင်ထဲ၌ အလွန်အမင်း ခါးသီးနေပြီး မျက်ဝန်းထဲ၌လည်း နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုနှင့် မှောင်မိုက်မှုတို့ ဖြစ်ပေါ်လာတော့သည်။
ခမည်းတော်သည် ဤသို့ ပြုလုပ်ခြင်းမှာ အနောက် တာ့ခ် အနေဖြင့် နောင်တစ်ချိန်တွင် သူ့အား အသုံးချ၍ မဟာထန်နှင့် မိတ်ဖွဲ့လာမည်ကို နိုင်ငံအသီးသီးက စိုးရိမ်နေကြသည်ကို ရှင်းလင်းစေရန်၊ ကိုယ့်လမ်းကိုယ် ပိတ်၍ သဘောထားကို ပြသလိုက်ခြင်းပင်တည်း။
သို့သော်လည်း သူတို့မှာ သွေးသားတော်စပ်သော သားအဖများ ဖြစ်ကြသည် မဟုတ်ပါလား။
အခြားတစ်ဖက်တွင်မူ စကားတစ်ခွန်းတည်းဖြင့် ဟူးဘားရှ်၏ ကံကြမ္မာကို ဆုံးဖြတ်လိုက်ပြီးနောက်၊ ရှာပိုလော် ခါဂန်းသည် လုထင်ကျိတို့ဆီသို့ လျင်မြန်စွာ လှည့်ကြည့်လိုက်လေသည်။
"အားလုံးပဲ၊ ငါကိုယ်တော် လည်း ဒီလို မလုပ်ချင်ပါဘူး။ ဒါပေမဲ့ မင်းတို့က ဒီလိုအချိန်မျိုးမှာ ဝင်လာတာကိုး။ အခုတော့ အနောက် တာ့ခ်ရဲ့ထောင်ပေါင်းများစွာသော ပြည်သူတွေရဲ့ လုံခြုံရေးအတွက် မင်းတို့ကို အနစ်နာခံပြီး မင်းတို့ရဲ့ ခေါင်းတွေကို ငှားရတော့မယ်"
"ရှာပိုလော် ခါဂန်း၊ ခင်ဗျား…"
လုထင်ကျိ၏ ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်သွားခဲ့၏။ သူ မထင်မှတ်ထားခဲ့သည်မှာ၊ ရှာပိုလော် ခါဂန်းအနေဖြင့် နောက်ဆုံးတွင် နိုင်ငံအသီးသီးဆီသို့ ခိုလှုံရန် သံမဏိသဖွယ် ခိုင်မာသော ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီး သူ၏သွေးသားရင်းကိုပင် အနစ်နာခံရန် ဝန်မလေးလိမ့်မည် ဆိုခြင်းပင်တည်း။
ရွက်ဖျင်တဲတော်အတွင်းရှိ အနောက် တာ့ခ် ဗိုလ်ချုပ်များ အားလုံးသည်လည်း စိုးရိမ်ထိတ်လန့်နေကြပေသည်။
အခြေအနေမှာ အလွန် မြန်ဆန်စွာ ပြောင်းလဲသွားခဲ့၏။ အစပိုင်းတွင် ရှာမူလယ်ကိစ္စကို ဆွေးနွေးနေကြခြင်း ဖြစ်ပြီး ယခုတိုင်အောင် ရှာမူလယ်၏ အလောင်းမှာ အေးစက်နေသော မြေပြင်ပေါ်၌ ရှိနေသေးသည်။ သို့သော်လည်း လူတိုင်းက ထိုအလောင်းအား တစ်ချက်မျှပင် လှည့်မကြည့်ကြတော့ချေ။ ဆွေးနွေးနေသည့် အဓိက အကြောင်းအရာမှာလည်း ထိုလုပ်ကြံမှုမှ မိုင်ပေါင်း သိန်းသောင်းချီ၍ ကွာဝေးသွားခဲ့ပြီး နိုင်ငံအသီးသီး၏ လျှို့ဝှက် အားပြိုင်ပွဲကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ လူတိုင်းအား မည်သို့ ပြုလုပ်ရမည်ကို မသိနိုင်အောင် ဖြစ်သွားစေတော့သည်။
ရွက်ဖျင်တဲတော်၏ တံခါးဝ၌ ရပ်နေသော ယိုကျိုး ဗိုလ်ချုပ် တစ်ဦးတည်းသာလျှင် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ဟားဟားဟား ရှာပိုလော် ခါဂန်း၊ ခင်ဗျား ဒီနေ့ ဆုံးဖြတ်ချက်အတွက် လုံးဝ နောင်တရမှာ မဟုတ်ဘူး"
"ဒါပေမဲ့၊ ငါကိုယ်တော် မှာ မေးစရာ တစ်ခု ရှိသေးတယ်"
ထိုအချိန်မှာပင် ရှာပိုလော် ခါဂန်းက နောက်တစ်ကြိမ် ပြောဆိုလိုက်၏။
"ဘာမေးစရာ ရှိလို့လဲ"
ထိုယိုကျိုး ဗိုလ်ချုပ်မှာ ဤစကားကို ကြားလိုက်ရသောအခါ မှင်တက်သွားခဲ့ပြီး သူ၏ ရယ်သံလည်း ရုတ်တရက် ရပ်တန့်သွားလေသည်။
"ငါကိုယ်တော်က ဒီလောက်ကြီးမားတဲ့ ပေးဆပ်မှုကို လုပ်ခဲ့တာ၊ သားတစ်ယောက်ကိုတောင် အနစ်နာခံခဲ့တာ။ ဆန်အိတ် နှစ်သိန်း ဆိုတာကတော့ လုံးဝမလုံလောက်ဘူး။ အကယ်၍ စစ်ဆင်ရေးသာ အောင်မြင်မယ်ဆိုရင် ငါကိုယ်တော်က မဟာထန်ရဲ့ ထက်ဝက်ကို လိုချင်တယ်"
ရှာပိုလော် ခါဂန်းသည် ထိုယိုကျိုး ဗိုလ်ချုပ်အား စိုက်ကြည့်ရင်း တစ်လုံးချင်းစီ ပြတ်ပြတ်သားသား ပြောဆိုလိုက်လေသည်။
"ဘာ"
ရွက်ဖျင်တဲတော်အတွင်းရှိ ယိုကျိုး လူများသာမက ဘေးနားရှိ ယွီစန်း လူမျိုးများပင်လျှင် မျက်လုံးပြူးသွားခဲ့ကြပြီး၊ ပလ္လင်ပေါ်ရှိ ရှာပိုလော် ခါဂန်းကို လုံးဝမယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေကြလေသည်။
ရှာပိုလော် ခါဂန်းမှာ ရူးသွပ်သွားခဲ့ပြီလား၊
ဤမဟာမိတ်အဖွဲ့အတွင်း၌ နိုင်ငံမည်မျှ ပါဝင်နေသနည်း ဆိုသည်ကို သူ သိပါ၏လော။ အနောက် တာ့ခ် တစ်ခုတည်းကပင် မဟာထန်၏ နယ်မြေထက်ဝက်ကို ခွဲဝေယူလိုခြင်းမှာ တကယ်ကို ခြင်္သေ့ကဲ့သို့ ပါးစပ်ကြီးဟကာ မောက်မာလွန်းလှပေသည်။
ယိုကျိုး၊ ဂိုဂူလျော၊ အရှေ့ တာ့ခ်၊ ရှီ၊ ခီတန်၊ ယွီစန်း... ဤနိုင်ငံများ အားလုံး ပေါင်းလိုက်မှသာ အနောက် တာ့ခ်နှင့် ညီမျှပြီး မဟာထန်၏ နယ်မြေတစ်ဝက်ကိုသာ ခွဲဝေယူရမည်လော။
"မဖြစ်နိုင်ဘူး အများဆုံး ဗဟိုစီရင်စုကိုပဲ ခင်ဗျားကို ပေးနိုင်မယ်"
ထိုယိုကျိုး ဗိုလ်ချုပ်က ပြင်းထန်သော လေသံဖြင့် ပြောဆိုလိုက်၏။
ရိုးရှင်းလှသော ယိုကျိုး ဗိုလ်ချုပ်တစ်ဦးအနေဖြင့် ဤကဲ့သို့သော ဆွေးနွေးပိုင်ခွင့်မျိုး ရှိမည်မဟုတ်သည်မှာ သေချာလှပေသည်။ ထွက်မလာခင်ကတည်းက ကောင်းရှန်းနှင့် အန်းလုရှန်းတို့က အရာအားလုံးကို ကြိုတင် စီစဉ်ထားခဲ့ပြီးဖြစ်ကြောင်း သိသာလှ၏။
"ငါကိုယ်တော်မှာ ပြည်သူတွေ အများကြီး ရှိတယ်၊ ပြီးတော့ မရေမတွက်နိုင်တဲ့ နွားတွေ၊ သိုးတွေနဲ့ စစ်မြင်းတွေလည်း ရှိတယ်။ သေးငယ်တဲ့ ဗဟိုစီရင်စုလေးတစ်ခုတည်းနဲ့ ဘယ်လိုလုပ် နေရာချထားနိုင်မှာလဲ။ ပြီးတော့ ငါတို့ အနောက် တာ့ခ က အားလုံးက ထိပ်တန်း သံချပ်ကာမြင်းတပ်တွေချည်းပဲ၊ တစ်ယောက်ချင်းစီတိုင်းက စစ်တိုက် အရမ်းတော်ကြတယ်။ ရှီဖြစ်ဖြစ်၊ ခီတန် ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂိုဂူလျော အင်ပါယာ ဖြစ်ဖြစ် ငါတို့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။ တစ်ခါ စစ်တိုက်ပြီဆိုတာနဲ့ ငါတို့က နိုင်ငံအသီးသီးကြားမှာ အဓိက အင်အားစုပဲ"
"ဒါကြောင့် တစ်ဝက် တစ်ဝက်ထက် လုံးဝလျှော့ပေးလို့ မရဘူး"
နောက်ဆုံးတွင်မူ ရှာပိုလော် ခါဂန်းသည် သူ၏ထိုင်ခုံပေါ်မှ ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်လေသည်။
သူ၏ အကြည့်များမှာ နက်ရှိုင်းနေပြီး တစ်ကိုယ်လုံးမှလည်း ကြီးမားလှသော အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာတော့၏။
"ခမည်းတော်"
ရင်ကွဲနာကျခြင်းသည် နှလုံးသားသေဆုံးခြင်းထက် ပိုဆိုးပေသည်။ မြေပြင်ပေါ်၌ ဒူးထောက်နေသော ဟူးဘားရှ်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ထဲ၌ အေးစက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့၏။
သူ လုံးဝ မထင်မှတ်ထားခဲ့သည်မှာ၊ နောက်ဆုံးတွင် သူသည် အရေးမပါသော ပစ္စည်းတစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီး၊ ခမည်းတော်နှင့် နိုင်ငံအသီးသီးကြား အပေးအယူလုပ်ရာ၌ အကျိုးအမြတ်များ တောင်းဆိုရန် အသုံးချခံ အာမခံပစ္စည်း တစ်ခု ဖြစ်သွားခဲ့ရခြင်းပင်တည်း။
"ငါးပုံတစ်ပုံ ပြီးတော့ ကွမ်နေးတောက် တစ်ခု ထပ်ပေါင်းပေးမယ်။ ဒီထက်ပိုပြီး လုံးဝ မရဘူး။ ဒါက ငါတို့ စစ်ဗျူဟာမှူးနဲ့ အရှင်သခင ရဲ့ နောက်ဆုံး စည်းမျဉ်းပဲ"
ထိုယိုကျိုး ဗိုလ်ချုပ်က အော်ဟစ်လိုက်လေသည်။
ရှာပိုလော် ခါဂန်း၏လောဘမှာ တကယ်ကို အံ့ဩစရာ ကောင်းလွန်းလှပေ၏။ အကယ်၍ မထွက်ခွာမီက စစ်ဗျူဟာမှူး သေချာစွာ မှာကြားထားခဲ့ခြင်း မရှိပါက၊ သူသည် ယခုလောက်ဆိုလျှင် ဒေါသတကြီးဖြင့် ထွက်သွားခဲ့လောက်ပြီ ဖြစ်သည်။
"သုံးပုံတစ်ပုံ၊ ဒီထက် လုံးဝလျှော့ပေးလို့ မရဘူး မဟုတ်ရင် မင်းတို့ဘာသာ မင်းတို့ သွားပြီး မဟာထန်နဲ့ သွေးထွက်သံယို သွားတိုက်ကြတော့"
ရှာပိုလော် ခါဂန်းက အနည်းငယ်မျှပင် အလျှော့မပေးချေ။
ရွက်ဖျင်တဲတော်အတွင်း၌ အနောက် တာ့ခ်ဗိုလ်ချုပ်များ အားလုံးမှာ အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်ကြတော့ပေ။
သူတို့ရှေ့ရှိ ရှာပိုလော်ခါဂန်းမှာ သူတို့ မှတ်မိနေသော ပုံစံနှင့် ကောင်းကင်နှင့်မြေကြီးအလား ကွာခြားနေ၏။ တည်ငြိမ်ပြီး ခန့်ညားသော ပုံစံမျိုး အနည်းငယ်မျှပင် မရှိတော့ဘဲ စျေးထဲ၌ ဈေးဆစ်နေသော ဈေးသည် တစ်ဦးဟု ဆိုလျှင်ပင် လွန်မည်မထင်ပေ။
သို့သော်လည်း ယခုအခိုက်အတန့်၌ ရှာပိုလော် ခါဂန်းသည် သူတို့ကို လုံးဝ ဂရုမစိုက်တော့ချေ။ စျေးထဲမှ ငြင်းခုံမှုများမှာ အများဆုံးအားဖြင့် ငွေအနည်းငယ်မျှသာ ကွာခြားပေမည်။ သို့ရာတွင် ယခု သူတို့ ငြင်းခုံနေကြသည်မှာ မဟာထန်ကို သိမ်းပိုက်ပြီးနောက် ရရှိလာမည့် အခွင့်အရေးများနှင့် ပတ်သက်နေခြင်း ဖြစ်၏။ ၎င်းသည် ကျယ်ပြန့်လှသော နယ်မြေများနှင့် သက်ဆိုင်နေသကဲ့သို့ အနောက် တာ့ခ် အင်ပါယာ တစ်ခုလုံး၏ အနာဂတ်နှင့်လည်း သက်ဆိုင်နေပေသည်။
မိမိ၏ ပြည်သူများအတွက် အကြီးမားဆုံးသော အကျိုးအမြတ်ကို သူ ရယူပေးရပေမည်။
သို့မှသာ အနစ်နာခံခဲ့ရသော စတုတ္ထမင်းသားအတွက်လည်း တန်ဖိုးရှိမည် ဖြစ်၏။
"လေးပုံတစ်ပုံ၊ အများဆုံး လေးပုံတစ်ပုံပဲ စစ်ဗျူဟာမှူးက ကြိုပြောထားပြီးသား၊ ဒီထက်ပိုတောင်းရင် ခင်ဗျား မဟာထန်ဆီပဲ သွားခိုလှုံလိုက်ပါတော့"
ထို ယိုကျိုး ဗိုလ်ချုပ်မှာ နောက်ဆုံးတွင် စိတ်မရှည်တော့ဘဲ အော်ပြောလိုက်လေသည်။
ယိုကျိုး၊ ဂိုဂူလျော၊ အရှေ့ တာ့ခ် နှင့် အနောက် တာ့ခ် အင်ပါယာများ၊ ထို့ပြင် ယွီစန်း... ဤသို့လျှင် အင်အားကြီးမားသော အဖွဲ့ငါးဖွဲ့ ပေါင်းစည်းထားခြင်း ဖြစ်ရာ၊ အနောက် တာ့ခ် အင်ပါယာ တစ်ခုတည်းက လေးပုံတစ်ပုံကို ရယူခြင်းသည်ပင် အကြီးမားဆုံးသော အလျှော့ပေးမှု ဖြစ်နေပြီတည်း။ ပုံမှန်ရသင့်သော ငါးပုံတစ်ပုံထက် အများကြီး ပိုလွန်နေပြီ ဖြစ်၏။ ၎င်းမှာ စစ်ဗျူဟာမှူးကြီး မှာကြားလိုက်သည့် ဤခရီးစဉ်၏ နောက်ဆုံး စည်းမျဉ်းပင် ဖြစ်သည်။
အကယ်၍ ဤပမာဏထက် ပိုလွန်သွားပါက နောင်တစ်ချိန်တွင် ပြဿနာကြီးများ ဖြစ်ပေါ်လာနိုင်ပေသည်။
"သဘောတူတယ်"
ရှာပိုလော်က တွေဝေခြင်း အလျဉ်းမရှိဘဲ ပြတ်ပြတ်သားသားပင် ချက်ချင်းအဖြေပေးလိုက်၏။
သဘောတူညီမှု ရရှိသွားသည့် အခိုက်အတန့်၌ ရှာပိုလော် ခါဂန်း၏ ဝတ်ရုံစများသည် လေမတိုက်ဘဲနှင့် တဖျပ်ဖျပ် လွင့်ပျံနေပြီး၊ သူ၏ အကြည့်များမှာလည်း စူးရှတောက်ပနေလေသည်။ သူ၏ ရင်ထဲ၌လည်း အဆုံးမရှိသော ရည်မှန်းချက်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့၏။
ထိုစဉ်က သူသည်လည်း အရပ်မျက်နှာ ရှစ်ခုလုံးကို သိမ်းပိုက်ပြီး လောကကြီးတစ်ခုလုံးကို ရှင်းလင်းချင်သည့် ကြီးမားသော ရည်မှန်းချက်များ ရှိခဲ့ဖူးပေသည်။ သို့သော်လည်း မဟာထန်ကြောင့် အားလုံး ပျက်စီးခဲ့ရပြီး၊ နောက်ဆုံးတွင်မူ လက်ရှိ အခြေအနေကိုသာ ထိန်းသိမ်းရင်း မည်သည့် အောင်မြင်မှုမျှ မရှိသော ဧကရာဇ် တစ်ပါးအဖြစ်သာ နေထိုင်ခဲ့ရသည်။ သို့ရာတွင် ယခုအခါ ဤ မဟာ အအေးလှိုင်းကြီးသည် သူ့အတွက် ယခင်က တစ်ခါမျှ မရှိဖူးသေးသော အခွင့်အရေးကြီး တစ်ခုကို ပေးအပ်လိုက်ပြီ ဖြစ်သည်။
"ဟူအာ ခမည်းတော်ကို အပြစ်မတင်ပါနဲ့။ မဟာထန်ဆိုတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကို ရှင်းလင်းပြီးသွားရင်၊ တစ်လောကလုံးမှာ ဘယ်နိုင်ငံကမှ ငါတို့ အနောက် တာ့ခ် ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်ကျရင် ငါကိုယ်တော်က အူစုမီရှီကို အရင်သတ်ပြီး အရှေ့ တာ့ခ်ကို အလွယ်တကူ သိမ်းပိုက်မယ်၊ ပြီးရင် အခွင့်ကောင်းယူပြီး ယိုကျိုးကို ချေမှုန်းမယ်၊ ခြေလျင်တပ်ပဲ ရှိတဲ့ ဂိုဂူလျော ကိုလည်း ရှင်းလင်းပစ်မယ်... အဲဒီနောက်တော့ တစ်လောကလုံးကို ပေါင်းစည်းပြီး၊ တစ်ချိန်က မဟာထန်နဲ့ အာရပ်တို့ထက် သာလွန်တဲ့ မဟာ တာ့ခ် အင်ပါယာကြီးကို တည်ထောင်ပြီး အရင်က မရှိဖူးတဲ့ တောက်ပတဲ့ သမိုင်းကို ဖန်တီးမယ်"
ဤအခိုက်အတန့်၌ ရှာပိုလော် ခါဂန်း၏ စိတ်လှုပ်ရှားမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူ၏အကြည့်များမှာလည်း လူတို့ကို လွှမ်းမိုးနိုင်လောက်အောင် စူးရှနေပေသည်။
မသိမသာဖြင့် သူသည် အချိန်များကို ဖောက်ထွက်ကာ အဆုံးမရှိသော အနာဂတ်ဆီသို့ ရောက်ရှိသွားသကဲ့သို့ပင်။ သူသည် ကမ္ဘာကြီး၏ အရှင်သခင် ဖြစ်လာပြီး လောကမှ လူသားအားလုံးကို အထက်မှနေ၍ ငုံ့ကြည့်နေရသည့် အခိုက်အတန့်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားနေရ၏။
ဤအခိုက်အတန့်၌ ရှာပိုလော် ခါဂန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေလေတော့သည်
"လူတွေ လာကြစမ်း စတုတ္ထမင်းသားကို ဆွဲထုတ်သွားကြ"
များမကြာမီမှာပင် ရှာပိုလော် ခါဂန်းက မြေပြင်ပေါ်၌ ဒူးထောက်နေသော ဟူးဘားရှ်အား လက်ညှိုးထိုးလျက် အမိန့်ပေးလိုက်လေသည်။
သူ၏ အကြည့်များ ပြောင်းသွားခဲ့ပြီး လုထင်ကျိတို့ဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်ပြန်၏။
"အားလုံးပဲ၊ နိုင်ငံနှစ်ခု စစ်ဖြစ်ရင် သံတမန်ကို မသတ်ရဘူး ဆိုပေမယ့်၊ အနောက် တာ့ခ် နဲ့ နိုင်ငံအသီးသီးကြားက မဟာမိတ်အဖွဲ့အတွက် မင်းတို့ကိုတော့ အနစ်နာခံရတော့မယ်"
"လူတွေ လာကြစမ်း၊ သူတို့ကို သတ်လိုက်"
ရှာပိုလော် ခါဂန်းက တွေဝေခြင်း အလျဉ်းမရှိဘဲ ရက်စက်သော အမူအရာဖြင့် ပြောဆိုလိုက်လေသည်။
"ဝုန်း"
ရှာပိုလော်၏ စကားအဆုံး၌ ရွက်ဖျင်တဲတော်အတွင်းရှိ အခြေအနေမှာ ရုတ်တရက် အပြင်းအထန် ပြောင်းလဲသွားတော့သည်။ အစွမ်းထက်လှသော ရွက်ဖျင်တဲတော် လန်းဝေ့စစ်သည်များသည် ချက်ချင်းပင် နှစ်ဖွဲ့ခွဲသွားကြပြီး၊ တစ်ဖွဲ့မှာ စတုတ္ထမင်းသား ရှိရာဆီသို့ ခုန်ဝင်သွားကာ၊ အခြားတစ်ဖွဲ့မှာ လုထင်ကျိနှင့် မဟာထန်သံတမန်အဖွဲ့၏ သံချပ်ကာ စစ်သည်များဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားကြလေသည်။
ဤမျှသာမကသေး ရှာပိုလော် ခါဂန်း အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် သံချပ်ကာများ၏ တချွင်ချွင် မြည်သံများနှင့်အတူ သံမဏိ ဖိနပ်သံများမှာ မိုးပေါက်များအလား ဆက်တိုက် ထွက်ပေါ်လာကာ အရပ်မျက်နှာ အသီးသီးမှ တစ်ဟုန်ထိုး ရောက်ရှိလာကြ၏။ အချိန်တိုအတွင်းမှာပင် အနောက် တာ့ခ် ၏ သံချပ်ကာမြင်းတပ် မည်မျှပင် အမိန့်ရရှိပြီး တိမ်တိုက်များအလား စုရုံးရောက်ရှိလာကြသည်ကို မသိနိုင်တော့ဘဲ၊ ဗဟိုရှိ ဆန်မီတောင်အား အထပ်ထပ် ဝိုင်းပတ်ထားလိုက်ကြတော့သည်။
မဟာထန်၏ သံတမန်ကို ကွပ်မျက်ခြင်းမှာ မဟာထန်ကို တရားဝင် စစ်ကြေညာခြင်းနှင့် အတူတူပင် ဖြစ်ရာ၊ ဤကိစ္စမှာ သေးငယ်သော ကိစ္စရပ် မဟုတ်တော့ချေ။
******
အခန်း (၂၁၃၆) အစွမ်းထက်လှသော အကူအညီ
ရှာပိုလော် ခါဂန်း သည် ဤနေရာအား စစ်တပ်ကြီးဖြင့် ရေတစက်မျှပင် မထွက်နိုင်အောင် ဝိုင်းပတ်ထားခြင်းမှာ၊ သတင်းများ ပေါက်ကြားသွားမည်ကို ကာကွယ်ရန်အတွက် အလုံအလောက် စဉ်းစားပြီး ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိသာလှပေသည်။
အနည်းဆုံးတော့ အရှေ့မြောက်ပိုင်း၏ စစ်ပွဲကြီး မစတင်မီအချိန်၌၊ သူသည် မဟာထန်နှင့် ကြိုတင်၍ ထိပ်တိုက် မတွေ့လိုသေးချေ။
လုထင်ကျိ နှင့် ဝမ်ချောင်တို့ကြားရှိ ဆက်ဆံရေးမှာ သာမန်မဟုတ်သဖြင့်၊ ၎င်းမှာလည်း သူ သတင်းပေါက်ကြားမည်ကို မလိုလားသော အဓိက အကြောင်းရင်း တစ်ခု ဖြစ်ပေသည်။
ခဏတာမျှ အချိန်အတွင်းမှာပင်၊ ရွက်ဖျင်တဲတော် လန်းဝေ့အစောင့်အချို့မှာ ကျားရိုင်းများနှင့် ဝံပုလွေများအလား ဘယ်ညာမှ ခုန်ဝင်လာကြပြီး၊ ဟူးဘားရှ်အား တင်းကျပ်စွာ ဖမ်းချုပ်လိုက်ကြလေသည်။
"ခမည်းတော်"
ဤအခိုက်အတန့်၌ ဟူးဘားရှ်သည် ရှေ့မှ ရှာပိုလော် ခါဂန်းအား လှမ်းကြည့်ရင်း၊ အမှန်တကယ်ပင် အားလုံးကို လက်လျှော့လိုက်ပြီ ဖြစ်တော့သည်
ယခင်က သူ၏ရင်ထဲ၌ အခြေအနေများ ပြောင်းလဲသွားနိုင်မည်၊ ဖခင်ဖြစ်သူအနေဖြင့် နောက်ဆုံးတွင် သူ့အား လွှတ်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်လေးများ အနည်းနှင့်အများ ရှိနေခဲ့ပေသည်။ သို့သော်လည်း အနောက် တာ့ခ်၏ အကျိုးစီးပွားနှင့် မိမိ၏ ရည်မှန်းချက်များအတွက် ဖခင်သည် ပြတ်သားစွာဖြင့်၊ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ သူ့အား အနစ်နာခံရန် ရွေးချယ်လိုက်ပြီ ဖြစ်၏။
ထိုအခိုက်အတန့်၌ သူ၏ရင်ထဲတွင် အမြဲတမ်း ကြင်နာယုယခဲ့သော ဖခင်မှာ အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်
မဟုတ်ပါချေ… တစ်နည်းအားဖြင့် ပြောရလျှင် အစကတည်းက သူ့အား အမှန်တကယ် ကြင်နာယုယခဲ့သူမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်သော ခါတွန်တစ်ဦးတည်းသာ ရှိခဲ့ခြင်း ဖြစ်ပေမည်
ဟူးဘားရှ်သည် မိမိ၏ ဦးခေါင်းကို နက်ရှိုင်းစွာ ငုံ့ချလိုက်လေတော့သည်။
"ရှာပိုလော် ခင်ဗျား တကယ် ရဲတယ်ပေါ့"
အခြားတစ်ဖက်တွင်မူ လုထင်ကျိက ပြင်းထန်သော လေသံဖြင့် အော်ဟစ်လိုက်၏။
"သူတို့ကို သတ်လိုက်"
ရှာပိုလော် ခါဂန်း၏အသံမှာ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ အလွန်အမင်း ရက်စက်နေပေသည်။
သို့သော် နောက်တစ်ခဏ၌…..
"ဝုန်း"
ဆိုးရွားလှသော အော်ဟစ်သံများနှင့်အတူ ပြိုင်ဘက်ကင်းလှသော အရှိန်အဝါကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။ ထိုအရှိန်အဝါမှာ မုန်တိုင်းကြီးတစ်ခုအလား တစ်ဟုန်ထိုး တိုက်ခတ်သွားပြီး ခုန်ဝင်လာသော ရွက်ဖျင်တဲတော် လန်းဝေ့များနှင့် အနီးအနားရှိ အနောက် တာ့ခ် ဗိုလ်ချုပ်များ အားလုံးကို လွင့်စင်သွားစေတော့သည်။
လုထင်ကျိ၏ ဘေးနား၌ အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီးနောက်၊ ပုံရိပ်နှစ်ခုမှာ ဟာလာဟင်းလင်း ပြင်ထဲမှနေ၍ ရုတ်တရက် ပေါ်ထွက်လာလေသည်။ ထိုသူနှစ်ဦးမှာ အနက်ရောင်နှင့် အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး၊ အရှိန်အဝါများမှာလည်း ဒီရေလှိုင်းများအလား ပြင်းထန်လှကာ အလွန်အမင်း အစွမ်းထက်သည့်ဟန် ရှိပေသည်။
တစ်ချိန်တည်းမှာပင် ရှူးခနဲ အသံများနှင့်အတူ အေးစိမ့်လှသော အလင်းတန်း နှစ်ချက် လက်ခနဲ ဖြတ်ပြေးသွားခဲ့ပြီး၊ ဟူးဘားရှ်၏ ဘေနား၌ သွေးများ ပန်းထွက်သွားကာ၊ ရွက်ဖျင်တဲတော် လန်းဝေ့နှစ်ဦး၏လည်ပင်းများ ပြတ်တောက်သွားလျက် အဝေးသို့ လွင့်စင်သွားကြတော့သည်။
"မိုက်ရိုင်းလိုက်တာ၊ မင်း ရဲတယ်ပေါ့"
ရွက်ဖျင်တဲတော်အတွင်း၌ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာရာ၊ ထိုအသံကြောင့် ရွက်ဖျင်တဲတော်တစ်ခုလုံးပင် ကွဲအက်လုမတတ် ဖြစ်သွားခဲ့ရသလို၊ ဧရာမ ဆန်မီတောင်ကြီးပင်လျှင် ဝုန်းခနဲ တုန်ခါသွားခဲ့ရ၏။ ရှာပိုလော် ခါဂန်းမှာ ဆံပင်နှင့် မုတ်ဆိတ်များ ထောင်မတ်နေပြီး မျက်ဝန်းများမှာလည်း မိုးကြိုးများအလား တောက်ပနေလျက်၊ နေရာတစ်ခုဆီသို့ ရက်စက်စွာ စိုက်ကြည့်နေကာ အလွန်အမင်း ကြောက်စရာကောင်းနေပေသည်။ သို့သော် သူ၏ ဤစကားများမှာ လုထင်ကျိကို ရည်ရွယ်ခြင်း မဟုတ်ဘဲ၊ ဟူးဘားရှ်၏ အနောက်ရှိ ဒူဝူစီလီကို ရည်ရွယ်ခြင်းပင် ဖြစ်၏။
ခုနက အခိုက်အတန့်၌ ဒူဝူစီလီသည် ဓားကို မြှောက်ကာ ခုတ်ချလိုက်ခြင်းဖြင့်၊ ဟူးဘားရှ်အား ဖမ်းချုပ်ထားသော ရွက်ဖျင်တဲတော် လန်းဝေ့နှစ်ဦးကို တိုက်ရိုက်ပင် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
"ဒူဝူစီလီ၊ မင်း တကယ်ကို ရဲတင်းလွန်းလှချည်လား"
တစ်ချိန်တည်းမှာပင် မိုးကြိုးပစ်ချလိုက်သည့်အလား ဟိန်းဟောက်သံနှင့်အတူ ဝူနုရှီပိသည် ဓားကို ဆွဲထုတ်လိုက်ပြီး၊ မဝေးလှသော နေရာရှိ ဒူဝူစီလီကို ကြည့်ရင်း အလွန်အမင်း ဒေါသထွက်နေတော့သည်။
ခါဂန်းမှာ တာ့ခ် လူမျိုးများကြား၌ အမြင့်မြတ်ဆုံးသော အဆင့်အတန်း ရှိသူ ဖြစ်ရာ၊ ဒူဝူစီလီ၏ ဤလုပ်ရပ်မှာ ပုန်ကန်ခြင်းနှင့် အတူတူပင် ဖြစ်တော့သည်။
"ခမည်းတော် တကယ်ပဲ ဒီလောက်အထိ ရက်စက်ရတာလား။ ခမည်းတော်ရဲ့ မဟာ တာ့ခ် အိပ်မက်အတွက် သားတော်ကို နည်းနညး်လေးတောင် တွေဝေခြင်း မရှိဘဲ အနစ်နာခံဖို့ ဆုံးဖြတ်လိုက်တာလား။ အန်းလုရှန်းနဲ့ မဟာမိတ်ဖွဲ့လိုက်တာနဲ့ မဟာထန်ကို အလွယ်တကူ ချေမှုန်းနိုင်ပြီး ဒီ မဟာ အအေးလှိုင်းကြီးကို ကျော်ဖြတ်နိုင်မယ်လို့ ခမည်းတော် တကယ်ပဲ ယုံကြည်နေတာလား"
နန်းဆောင်အတွင်း၌ အသံတစ်ခု ထွက်ပေါ်လာလေသည်။ ဟူးဘားရှ်၏ ဆံပင်ရှည်များမှာ တဖျပ်ဖျပ် လွင့်ပျံနေပြီး၊ သူသည် ဖြည်းညင်းစွာ ခေါင်းမော့လာခဲ့ရာ မျက်ဝန်းများမှာ နီရဲနေလျက် အသံမှာလည်း အလွန်အမင်း နာကျင်ကြေကွဲဖွယ် ကောင်းလှပေသည်။
"အမွေမခံထိုက်တဲ့သား မင်း ဘာလုပ်ချင်တာလဲ၊ ငါကိုယ်တော်ကို ဆန့်ကျင်ချင်တာလား?"
ရှာပိုလော် ခါဂန်းက မျက်လုံးများကို ကျုံ့လိုက်ပြီး အလွန်အမင်း အေးစိမ့်သော လေသံဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်၏။
ယခုအချိန်အထိ သူသည် ဟူးဘားရှ်အား အနစ်နာခံရန် ဆုံးဖြတ်ချက်ကို အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိသေးချေ။
"ခမည်းတော်က သားတော် ကို သတ်ချင်မှတော့၊ သားတော်မှာလည်း ရွေးချယ်စရာ လမ်းမရှိတော့ပါဘူး။ သားတော် ကို အပြစ်မတင်ပါနဲ့"
ဟူးဘားရှ်က ရုတ်တရက် ပြောဆိုလိုက်ရာ သူ၏အမူအရာမှာလည်း ရုတ်တရက် အလွန်အမင်း ပြတ်သားသွားတော့သည်။
ရွက်ဖျင်တဲတော်အတွင်း၌ ရှာပိုလော် ခါဂန်း၏ မျက်မှောင်များမှာ တလှုပ်လှုပ် ဖြစ်သွားခဲ့ရပြီး မကောင်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့၏။
သူ သတိမဝင်လာခင်မှာပင် နောက်တစ်ခဏ၌ ဟူးဘားရှ်က ဝတ်ရုံကို ခါယမ်းလျက် ရုတ်တရက် အမိန့်ပေးလိုက်လေသည်။ ရွှီးခနဲ အသံနှင့်အတူ စူးရှလှသော လေမှုတ်သံတစ်ခုမှာ နှင်းမုန်တိုင်းများကို ဖောက်ထွက်လျက် ကောင်းကင်ယံသို့ တိုးဝင်သွားတော့သည်။
တစ်ခဏတာမျှသာ ကြာလိုက်သကဲ့သို့ ရှိသော်လည်း၊ အလွန် ကြာရှည်လှသော ရာစုနှစ်များစွာကို ဖြတ်သန်းသွားရသကဲ့သို့လည်း ခံစားရပေသည်။ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီးများမှာ အရပ်မျက်နှာ အသီးသီးမှ ထွက်ပေါ်လာခဲ့ရာ၊ ယခင်က ရှာပိုလော် ခါဂန်း စစ်သည်များ စုစည်းစဉ်က ဖြစ်ပေါ်ခဲ့သော လှုပ်ရှားမှုထက်ပင် များစွာပိုမိုကြီးမားလှပေသည်။ ရုတ်ရုတ်သဲသဲ အခြေအနေအတွင်း၌၊ စစ်သည်အင်အား မည်မျှပင် ဆန်မီတောင် အရပ်ဆီသို့ ဝိုင်းပတ် ချီတက်လာကြသည်ကို မသိနိုင်တော့ချေ။
"ဟူးဘားရှ် မင်း ရဲတယ်ပေါ့"
ရွက်ဖျင်တဲတော်အတွင်း၌ အီဖီဒီယွန်းမှာ အလွန်အမင်း အံ့အားသင့်ကာ ဒေါသထွက်နေတော့သည်။ သူသည် အံကို တင်းတင်းကြိတ်လျက် မဝေးလှသော နေရာရှိ ဟူးဘားရှ်ကို စိုက်ကြည့်နေရာ၊ သူ၏မျက်နှာမှာ ပုံပျက်လုမတတ် ဖြစ်နေပေသည်။
ယနေ့ကိစ္စမှာ သူ ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်မှာ မှန်ကန်လှသော်လည်း၊ ယခု အခြေအနေသို့ ရောက်ရှိလာသည့် အခါတွင်မူ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်မှ လုံးဝကင်းလွတ်သွားခဲ့ပြီဖြစ်ကြောင်း သိသာလှပေသည်။ သူ ပို၍မထင်မှတ်ထားခဲ့သည်မှာ၊ သူ၏အမြင်၌ ပင်ကိုယ်အားဖြင့် ကြောက်ရွံ့တတ်သော စတုတ္ထမင်းသားတွင် ဤကဲ့သို့သော နည်းလမ်းများနှင့် မှန်းဆ၍မရနိုင်လောက်အောင် နက်ရှိုင်းလှသော အကြံအစည်များ ရှိနေခြင်းပင် ဖြစ်သည်။
သူသည် စစ်တပ်များကို ကြိုတင်၍ တပ်ဖြန့်ထားခဲ့သည်ပေါ့။
ထို့ပြင် ယခုအခြေအနေကို ကြည့်ခြင်းအားဖြင့် သူသည် မဟာထန်နှင့် ကြိုတင် ပူးပေါင်းကြံစည်ထားခဲ့ပြီး ဖြစ်နိုင်ချေ အလွန် များပြားလှပေသည်။
"ဝူနုရှီပိ သူ့ကို ငါ့အတွက် သတ်ပေးစမ်း"
အီဖီဒီယွန်းက ဟူးဘားရှ်ကို လက်ညှိုးထိုးကာ အလွန်အမင်း ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်၏။
အခြားတစ်ဖက်တွင်မူ ဟူးဘားရှ်က သူ့အား လုံးဝ ဂရုမစိုက်ချေ။
"မိစ္ဆာဧကရာဇ်၊ ဝူရှန်းရွာသူကြီး၊ စီနီယာနှစ်ဦး နောက်ပိုင်းကိုတော့ စီနီယာတို့ကိုပဲ အပ်ပါတယ်"
ဟူးဘားရှ်သည် ဤစကားကို ပြောဆိုပြီးနောက် ကိုယ်ကို ကိုင်းကာ ဂါရဝပြုလိုက်ပြီး၊ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်မှာ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။
ရွက်ဖျင်တဲတော်အတွင်း၌ လုထင်ကျိ၏ ဘေးနားတွင် စောင့်ရှောက်ပေးနေသူများမှာ အခြားသူများ မဟုတ်ဘဲ၊ ဝမ်ချောင်၏ဆရာဖြစ်သော ဝူရှန်းရွာသူကြီးတို့ပင် ဖြစ်ကြသည်။
ကြိုတင် ပြင်ဆင်ထားလျှင် အောင်မြင်နိုင်ပြီး၊ ကြိုတင် ပြင်ဆင်မထားလျှင် ရှုံးနိမ့်တတ်သည် မဟုတ်ပါလော။ အနောက် တာ့ခ် ကဲ့သို့သော ကြီးမားလှသည့် ကိစ္စရပ်အတွက် ဝမ်ချောင်အနေဖြင့် လုထင်ကျိ တစ်ဦးတည်းကိုသာ စေလွှတ်၍ ကိုင်တွယ်ဖြေရှင်းစေမည် မဟုတ်သည်မှာ သေချာလှပေသည်။ ထို့ကြောင့် သူသည် ဆရာဖြစ်သူ မိစ္ဆာဧကရာဇ်လူအိုကြီးနှင့် ဝူရှန်းရွာသူကြီးတို့အား အထူးတလည် လိုက်ပါစောင့်ရှောက်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
"ဝုန်း"
မိစ္ဆာဧကရာဇ်လူအိုကြီးသည် စကားပို တစ်ခွန်းမျှပင် မပြောချေ။ ဟူးဘားရှ်၏ စကားအဆုံးတွင် သူသည် ဝူနုရှီပိကို တိုက်ခိုက်ခွင့်ပင် မပေးတော့ဘဲ လက်ကို မြှောက်ကာ ရိုးရှင်းစွာပင် တစ်ချက်ရိုက်ချလိုက်လေသည်။ ပြိုင်ဘက်ကင်းလှသော အရှိန်အဝါကြီးတစ်ခုမှာ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး၊ သူ၏ မျက်စိရှေ့ရှိ အနောက် တာ့ခ် ဗိုလ်ချုပ်များအားလုံးကို ပင်လယ်လှိုင်းတံပိုးများအလား လွင့်စင်သွားစေတော့သည်။
ထိုကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါကြောင့် ရှာပိုလော် ခါဂန်းနှင့် ဝူနုရှီပိတို့ပင်လျှင် အလွန်အမင်း ထိတ်လန့်သွားကြရ၏။
"ကိုယ့်သေတွင်း ကိုယ်တူးတာပဲ"
မိစ္ဆာဧကရာဇ်လူအိုကြီး၏ အမူအရာမှာ အေးစိမ့်နေပြီး ဤအနောက် တာ့ခ် လူမျိုးများကို ကြည့်နေသည်မှာ ပုရွက်ဆိတ် တစ်အုပ်ကို ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။
အကယ်၍ ဟူးဘားရှ်၏ တောင်းဆိုချက်ကြောင့်သာ မဟုတ်ပါက၊ သူနှင့် ဝူရှန်းရွာသူကြီး တို့မှာ ဤမျှအထိ အချိန်အကြာကြီး စောင့်ဆိုင်းနေစရာပင် မလိုချေ။ ဝမ်းနည်းစရာ ကောင်းသည်မှာ နောက်ဆုံးတွင် ရှာပိုလော် ခါဂန်းနှင့် အနောက် တာ့ခ် အင်ပါယာတစ်ခုလုံးမှာ အန်းလုရှန်းနှင့်နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ဘက်သို့ ပါဝင်သွားခဲ့ခြင်းပင် ဖြစ်သည်။
"ကျိုးရှုန်း၊ ငါက လုပညာရှိနဲ့ စတုတ္ထမင်းသားကို ကာကွယ်ပေးမယ်၊ မင်းက သူတို့ကို သတ်ဖို့ တာဝန်ယူလိုက်"
မိစ္ဆာဧကရာဇ်လူအိုကြီးသည် အေးစိမ့်သော အမူအရာဖြင့် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ပြောဆိုလိုက်လေသည်။
သိုင်းပညာ မည်မျှပင် မြင့်မားပါစေ၊ နောက်ဆုံးတွင် အကန့်အသတ် ရှိပေသည်။ အနောက် တာ့ခ် အင်ပါယာရှိ သန်းနှင့်ချီသော လူများအားလုံးကို သူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင် အနောက် တာ့ခ် အင်ပါယာတစ်ခုလုံးကို အုပ်ချုပ်ရန်နှင့် အခြေအနေ အားလုံးကို ထိန်းချုပ်ရန် ဟူးဘားရှ်ကိုသာ လိုအပ်ပေလိမ့်မည်။ သို့သော်လည်း ရှာပိုလော် ခါဂန်းနှင့် ဝူနုရှီပိတို့လောက်ကို ကိုင်တွယ်ရန်အတွက်မူ ဝူရှန်းရွာသူကြီး၏ အနုစိတ်အဆင့်အင်အားဖြင့် လုံလောက်သည်ထက်ပင် ပိုမိုနေပြီ ဖြစ်၏။
"ဟူး"
ဝူရှန်းရွာသူကြီး၏အမူအရာမှာ ခံစားချက် ကင်းမဲ့နေပြီး၊ မိစ္ဆာဧကရာဇ်လူအိုကြီး၏ စကားကို ကြားလိုက်ရသည့်အခါ သူ၏ကိုယ်မှာ လှုပ်ခါသွားခဲ့ပြီး မျက်နှာချင်းဆိုင်ရှိ လူအုပ်ကြီးဆီသို့ တိုက်ရိုက်ပင် ခုန်ဝင်သွားတော့သည်။
ဝုန်း၊ သူ လက်ထဲရှိ အဖြူရောင် တောင်ဝှေးဖြင့် မြေပြင်ကို တစ်ချက် ထောက်လိုက်ရုံမျှဖြင့် ပြိုင်ဘက်ကင်းလှသော အရှိန်အဝါများ တစ်ဟုန်ထိုး ထွက်ပေါ်လာတော့သည်။ အား၊ ဆိုးရွားလှသော အော်ဟစ်သံများနှင့်အတူ မရေမတွက်နိုင်သော လူများမှာ အဝေးသို့ လွင့်စင်သွားကြပြီး၊ အထူးသဖြင့် ထို ရွက်ဖျင်တဲတော် လန်းဝေ့ များမှာမူ တစ်ဝက်ခန့် ချက်ချင်း သေဆုံးသွားကြတော့သည်။
ရှာပိုလော် ခါဂန်းပင်လျှင် လေထဲသို့ ရောက်နေစဉ်မှာပင် ထို ကြောက်မက်ဖွယ်ကောင်းလှသော အင်အားကြောင့် ဘေးသို့ လွင့်စင်သွားခဲ့ရကာ ပေ ၃၀ ကျော် (၁၀ မီတာကျော်) အထိ ရောက်ရှိသွားတော့သည်။
"ဟားဟား ထင်တဲ့အတိုင်းပဲ၊ ငါတို့ အရှင်သခင်က မင်းတို့မဟာထန်က လှုပ်ရှားလာလိမ့်မယ်လို့ ကြိုပြီး ခန့်မှန်းထားတာပါ။ နတ်ဘုရင်နှစ်ပါး၊ ထွက်လာခဲ့ပါတော့"
ထိုအချိန်မှာပင် ကျယ်လောင်လှသော ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။
အဝေးဆီတွင်၊ မိစ္ဆာဧကရာဇ်လူအိုကြီးနှင့် ဝူရှန်းရွာသူကြီးတို့ ရွက်ဖျင်တဲတော်အတွင်း ပေါ်လာကတည်းက အခြေအနေ မကောင်းကြောင်း ရိပ်မိသွားသော ယိုကျို ဗိုလ်ချုပ် အချို့မှာ အပြင်ဘက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီ ဖြစ်သည်။
ဝူရှန်းရွာသူကြီး မှ ပတ်ဝန်းကျင် တစ်ခုလုံးကို နှိမ်နင်းလိုက်သည်ကို မြင်တွေ့ရသော်လည်း ထိယိုကျိုး ဗိုလ်ချုပ်မှာ အနည်းငယ်မျှ ပျာယာခတ်ခြင်း မရှိဘဲ၊ အကြည့်များမှာ လျှို့ဝှက်ဆန်းကြယ်နေကာ ရုတ်တရက် လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်၏။ နောက်တစ်ခဏ၌ အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီး၊ ပြင်းထန်လှသော လေစီးကြောင်းများကြား၌ အနက်ရောင် ဝတ်ရုံနှင့် ပုံရိပ်တစ်ခုမှာ တစ္ဆေတစ်ကောင်အလား လျင်မြန်လှသော အရှိန်ဖြင့် ရုတ်တရက် ပေါ်ထွက်လာကာ ဝူရှန်းရွာသူကြီး ကို လက်ဝါးဖြင့် ရုတ်တရက် ဝင်ရောက် ကာကွယ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် အခြား ပုံရိပ်တစ်ခုမှာလည်း ပြိုင်ဘက်ကင်းလှသော အရှိန်ဖြင့် လှုပ်ရှားလာခဲ့ရာ ထိုယိုကျိုး ဗိုလ်ချုပ်၏စကားသံ အဆုံးမှာပင် သူသည် မိစ္ဆာဧကရာဇ်လူအိုကြီး၊ လုထင်ကျိနှင့် ဟူးဘားရှ်တို့ဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်လာတော့သည်။
"ဝုန်း"
လက်ဝါးနှစ်ခု ထိခတ်သွားသည့် အခိုက်အတန့်၌ ဟာလာဟင်းလင်း ပြင်ထဲတွင် အဆုံးမရှိသော လှိုင်းလုံးကြီးများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး၊ ဆန်မီတောင် ထိပ်တစ်ခုလုံးမှာ မိုးကြိုးပစ်ချလိုက်သည့်အလား ပေါက်ကွဲသွားသကဲ့သို့ ဖြစ်ကာ၊ တောင်တန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး အဆုံးမရှိသော အရှိန်အဝါများမှာ ပင်လယ်လှိုင်းလုံးကြီးများအလား အရပ်မျက်နှာ အသီးသီးသို့ လွှမ်းမိုးသွားတော့သည်။
"အား"
လူတိုင်းမှာ မူလကတည်းက ပြင်းထန်စွာ ဒဏ်ရာရထားခဲ့ရာ၊ ဤအချိန်တွင် လေလှိုင်းများ၏ ရိုက်ခတ်မှုကို ထပ်မံ ခံလိုက်ရသည့်အခါ ကောက်ရိုးစများအလား အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားကြတော့သည်။
ဘုန်း၊ မိစ္ဆာဧကရာဇ်လူအိုကြီးနှင့် ဟူးဘားရှ်ကို ဝင်ရောက် တိုက်ခိုက်သော အမည်းရောင်ဝတ်လူ၏ ကိုယ်ထည်မှာ တုန်ခါသွားခဲ့ပြီး ကြီးမားလှသော အင်အားကြောင့် အနောက်သို့ လွင့်စင်သွားခဲ့ရသည်။ သို့သော် သူ၏ တုံပြန်မှုမှာ အလွန် မြန်ဆန်လှသဖြင့် လေထဲတွင် တစ်ပတ်လည်ကာ မိစ္ဆာဧကရာဇ်လူအိုကြီးနှင့် အကွာအဝေးကို လျင်မြန်စွာ ချဲ့လိုက်တော့သည်။
"မင်းတို့တွေပဲ"
မိစ္ဆာဧကရာဇ်လူအိုကြီး၏အကြည့်များမှာ သိန်းငှက်များအလား စူးရှနေပြီး ကိုယ်ထည်မှာမူ အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိချေ။ သူသည် လက်ဝါးကို တစ်ချက် ဝှေ့ယမ်းကာ သူ၏ အနောက်ရှိ စတုတ္ထမင်းသား ဟူးဘားရှ်ကို ကာကွယ်ရန် အရှိန်အဝါတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီးနောက် မျက်နှာချင်းဆိုင်ရှိ အမည်းရောင်ဝတ်လူကို လှမ်းကြည့်လိုက်လေသည်။
ဤအခိုက်အတန့်၌ မိစ္ဆာဧကရာဇ်လူအိုကြီး၏ အမူအရာမှာ ရုတ်တရက် အလွန်အမင်း လေးနက်သွားတော့သည်။
ရုတ်တရက် ပေါ်ထွက်လာသော ဤပုံရိပ်နှစ်ခုမှာ အခြားသူများ မဟုတ်ဘဲ၊ သူတို့ အစဉ်တစိုက် ရင်ဆိုင်တိုက်ခိုက်နေပြီး စုံစမ်းနေခဲ့သော အမည်းရောင်ဝတ် လူများပင် ဖြစ်သည်။ ထို့ပြင် ၎င်းတို့မှာ အမည်းရောင်ဝတ်အဖွဲ့အစည်း၏ ထိပ်တန်းကျွမ်းကျင်သူများပင် ဖြစ်ကြသည်။
မိစ္ဆာဧကရာဇ်လူအိုကြီး၏ လက်ရှိ ကျင့်စဉ်အဆင့်မှာ အနုစိတ်အဆင့် ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ဂူကောင်းကင်အဆင့်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ သို့သော် ခုနက သူ၏ လက်ဝါးချက်ကို တစ်ဖက်လူက တိုက်ရိုက် ခံနိုင်ရည် ရှိခဲ့ရုံသာမက ဒဏ်ရာပင် မရရှိခဲ့ခြင်းမှာ တကယ်ကို မထင်မှတ်ထားစရာပင် ဖြစ်သည်။
ဤအချက် တစ်ချက်တည်းဖြင့်ပင်၊ ဤသူတို့မှာ သာမန် သခင်များမဟုတ်ကြောင်း သိသာလှပေသည်။
"ဟားဟားဟား၊ စိတ်ဝင်စားစရာပဲ၊ ငါ့ရဲ့ လက်ဝါးချက်ကို ခံနိုင်တဲ့သူ မရှိတာ အတော်ကြာပြီ"
"ဒီလို ပြိုင်ဘက်မျိုးကို သတ်ရတာမှ နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတာ"
လေထဲတွင် အမည်းရောင်ဝတ် လူတစ်ဦးမှာ လှုပ်ရှားခြင်း မရှိဘဲ ရပ်တန့်နေလျက် ရုတ်တရက် ပြောဆိုလိုက်ရာ သူ၏အသံထဲတွင် သွေးဆာမှုများနှင့် ရူးသွပ်မှုများ ပါဝင်နေပေသည်။
သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ကြီးမားလှပြီး အလွန်အမင်း အစွမ်းထက်လှသည်။ သို့သော် အထူးခြားဆုံးမှာ သူ၏ အနောက်တွင် ပေါ်ထွက်နေသော ချောက်နက်ကြီး၏ ပုံရိပ်ယောင်ပင် ဖြစ်သည်။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ၎င်းအတွင်း၌ အဆုံးမရှိသော အနက်ရောင် ရေစီးကြောင်းများ လှုပ်ရှားနေပြီး အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်လှသည့်ဟန် ရှိပေသည်။
ထိုနေရာနှင့် မဝေးလှသော အခြား ဟာလာဟင်းလင်း ပြင် တစ်နေရာတွင်လည်း၊ အခြား အမည်းရောင်ဝတ် ကျွမ်းကျင်သူ တစ်ဦးမှာ ထိုနည်းတူ လေထဲတွင် ရပ်တန့်နေပေသည်။ ပထမ အမည်းရောင်ဝတ်လူနှင့် မတူညီသည်မှာ သူ၏ အနောက်တွင် အမှောင် ကြယ်တာရာတစ်ခု ပေါ်ထွက်နေခြင်းပင် ဖြစ်သည်။ ကောင်းကင်ယံ၌ မရေမတွက်နိုင်သော ကြယ်တံခွန် ဥက္ကာခဲများမှာ ပွင့်နေသော ထို "အမှောင် ကြယ်တာရာ အပေါက်" ၏ အနောက်ဘက်မှ ဖြတ်ပြေးသွားနေကြသည့်ဟန် ရှိပေသည်။
ဤသူနှစ်ဦးမှာ မိစ္ဆာဧကရာဇ်လူအိုကြီးအား အလွန် ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေပြီး၊ ယခင်က တွေ့ဆုံခဲ့ဖူးသော ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း၏ မည်သည့် ကျွမ်းကျင်သူနှင့်မျှ လုံးဝ မတူညီချေ။
"မင်းတို့တွေက ဘယ်သူတွေလဲ"
မိစ္ဆာဧကရာဇ်လူအိုကြီးသည် မျက်လုံးများကို ကြုတ်လျက် အေးစိမ့်စွာ မေးမြန်းလိုက်သည်။
မဝေးလှသော နေရာ၌ ဝူရှန်းရွာသူကြီးမှာလည်း ယခုအချိန်တွင် အနားသို့ ရောက်ရှိလာခဲ့ပြီး မိစ္ဆာဧကရာဇ်လူအိုကြီးနှင့် ပခုံးချင်းယှဉ်လျက် လေးနက်သော အမူအရာဖြင့် ရပ်နေပေသည်။
ဤတစ်ကြိမ် အနောက် တာ့ခ်၏ ကိစ္စမှာ မဟာထန်တစ်ခုတည်းသာမက၊ ယခု ကြည့်ရသည်မှာ ယိုကျိုးနှင့ နိုင်ငံအသီးသီးကလည်း ကြိုတင်ပြင်ဆင်ထားကြပုံ ရပေသည်။ ခုနက လက်ဝါးချင်း ထိခတ်မှုတွင် သူသည်လည်း မည်သည့် အသာစီးမျှ မရရှိခဲ့ချေ။
******
အခန်း (၂၁၃၇) ထိုက်စန်း နှင့် ယွန်စန်း
"ဟားဟား.. မင်းတို့တွေက မကြာခင် ငါတို့လက်ချက်နဲ့ သေရတော့မှာမို့၊ ဒီနတ်ဘုရားရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ပြောပြလိုက်ပါ့မယ်။"
"ငါတို့က နတ်ဘုရားတွေထဲက ကောင်းကင်ကြမ္မာ နတ်ဘုရားသုံးပါးဖြစ်တယ်။ ငါက ထိုက်စန်းဖြစ်ပြီး၊ သူကတော့ ယွန်စန်းပဲ။ ငါတို့က အဖွဲ့အစည်းအတွင်းက သစ္စာဖောက်တွေနဲ့ အလွန်ခက်ခဲတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူထားတာ ဖြစ်ပြီး၊ အဖွဲ့အစည်းအတွင်းမှာတော့ 'ထိုက်' မျိုးဆက် ပုဂ္ဂိုလ်တွေရဲ့ အောက်မှာပဲ ရှိတယ်။"
"ပုံမှန်အခြေအနေမျိုးမှာဆိုရင် ငါတို့က အဖွဲ့အစည်းရဲ့ အချက်အချာ နေရာကနေ ထွက်လာစရာ မလိုပါဘူး။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ထျန်းဖူ နတ်ဘုရားက မင်းတို့လက်ချက်နဲ့ သေသွားခဲ့သလို၊ ထိုက်ရှီကလည်း အကြီးအကျယ် ဒဏ်ရာရသွားခဲ့တယ်။ ဒါကြောင့် ‘ထျန်း'ရဲ့ အစီအစဉ်အတွက် ဒီလို သာမန်လူတွေရဲ့ ကိစ္စတွေကို ငါတို့ ကိုယ်တိုင် ကိုယ်ကျ လာရှင်းရတာပဲ"
ထိုက်စန်းအမည်ရှိသော အမည်းရောင်ဝတ် ကျွမ်းကျင်သူမှာ လေထဲတွင် တွဲလောင်းရပ်နေလျက်၊ အထက်စီးမှနေ၍ အလွန်အမင်း မောက်မာကြွားဝါစွာ ပြောဆိုလိုက်လေသည်။
မိစ္ဆာဧကရာဇ်လူအိုကြီးနှင့် ဝူရှန်းရွာသူကြီးတို့သည် ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲ၌ လေးလံသွားကြ၏။ သူတို့နှစ်ဦးသည်လည်း ထိုက်ရှီ နှင့် ထျန်းဖူ နတ်ဘုရားတို့ကို မြင်တွေ့ခဲ့ဖူးသဖြင့်၊ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းအကြောင်းကို အနည်းငယ် သိရှိထားကြသည်။ မျက်စိရှေ့ရှိ ဤသူမှာ 'ထိုက်' မျိုးဆက် ကျွမ်းကျင်သူ မဟုတ်သော်လည်း၊ သူ၏ အမည်တွင် 'ထိုက်' ဟူသော စာလုံး ပါဝင်နေခြင်းကပင် သူ၏ အဆင့်အတန်းကို ဖော်ပြရန် လုံလောက်လှပေသည်။
ထို့ပြင် ခုနက တိုက်ခိုက်ခဲ့သော အခိုက်အတန့်၌ ဤသူနှစ်ဦးသည် ၎င်းတို့အား အလွန် ထူးခြားသော ခံစားချက်ကို ပေးစွမ်းခဲ့သည်။ ထို ဂန်ချီလှိုင်းများမှာ နက်ရှိုင်းပြီး မှောင်မိုက်နေကာ၊ သဘာဝတရား၏လှိုင်းများ မသိမသာ ပါဝင်နေသဖြင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားတစ်မျိုးမျိုးနှင့် ဟန်ချက်ညီနေပုံ ရပေသည်။
"ထိုက်စန်း၊ သူတို့နဲ့ စကားအများကြီး မပြောနေနဲ့။ သူတို့ကို မြန်မြန် သတ်လိုက်ပြီး နိုင်ငံအသီးသီး မဟာမိတ်ဖွဲ့တဲ့ ကိစ္စကို အမြန်ဆုံး ပြီးပြတ်အောင် လုပ်ကြရအောင်။ အဲဒီနောက်မှာ သုတ်သင်ရှင်းလင်းရေး အစီအစဉ်ကို စတင်ရမယ်၊ ထပ်ပြီး အချိန်ဆွဲနေလို့ မရတော့ဘူး။ ထျန်းက နည်းနည်းတောင် မကျေမနပ် ဖြစ်နေပြီ"
ဤအချိန်၌ အစောပိုင်းကတည်းက စကား သိပ်မပြောခဲ့သော ယွန်စန်းမှ ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်ရာ သူ၏ အမူအရာမှာ အလွန်အမင်း အေးစိမ့်နေပေသည်။
သူတို့သည် ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းအတွင်းရှိ အလွန် ရှေးကျသော ကျွမ်းကျင်သူများ ဖြစ်ကြပြီး၊ အသက်ရှင်သန်ခဲ့သော အချိန်နှင့် စွမ်းအား ရင်းမြစ်များမှာ နန်တောက် ကြယ်တာရာခြောက်ပါးထက်ပင် များစွာ သာလွန်ပေသည်။ အဖွဲ့အစည်းက သူတို့ကို စေလွှတ်လိုက်ခြင်းကပင် ဤစစ်ဆင်ရေး၏ အရေးပါမှုကို သက်သေပြရန် လုံလောက်လှပေသည်။
"ကြည့်ရတာ မင်းတို့ကို စောစောစီးစီးပဲ အသေပို့ပေးရတော့မယ် ထင်တယ်"
ထိုက်စန်းက ထိုစကားကို ကြားလိုက်ရသည့်အခါ အေးစိမ့်စွာ ပြုံးလိုက်ပြီး လျင်မြန်စွာ သတိပြန်ဝင်လာခဲ့သည်။
"ဝုန်း"
ကောင်းကင်ယံ၌ မိုးကြိုးသံများ ဟိန်းထွက်လာပြီးနောက်၊ ထိုက်စန်းသည် လက်ဝါးနှစ်ဖက်ကို စုစည်းလိုက်လေရာ၊ သူ၏ အနောက်ရှိ ဟာလာဟင်းလင်း ပြင်ထဲမှ မှောင်မိုက်ပြီး နက်ရှိုင်းလှသော၊ အနုစိတ်အဆင့်အထက်ရှိ စွမ်းအားတစ်ခုကို ဆွဲထုတ်လိုက်ကာ သူ၏ လက်ဝါးနှစ်ဖက်ထဲသို့ စီးဝင်သွားစေတော့သည်။
တရှူးရှူး မြည်သံများနှင့်အတူ ထို ထူးခြားလှသော အမှောင်နတ်စွမ်းအားများသည် ချက်ချင်းပင် မိုးကြိုးအသွင် ပြောင်းလဲသွားပြီး၊ အလွန် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် မိုးကြိုးအစအနလေးများအဖြစ် လျင်မြန်စွာ ကွဲထွက်သွားကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။
ထိုအနက်ရောင် မိုးကြိုးများ၏ နောက်ခံတွင် ထိုက်စန်းမှာ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလာပြီး တစ်ကိုယ်လုံးမှ အရှိန်အဝါများမှာလည်း သိသိသာသာ မြင့်တက်လာတော့သည်။
"ဝုန်း"
နောက်တစ်ခဏ၌ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ထိုက်စန်းသည် ကိုယ်ကို ခုန်ပစ်လိုက်ပြီး မိစ္ဆာဧကရာဇ်လူအိုကြီးဆီသို့ တိုက်ရိုက်ပင် ခုန်ဝင်သွားတော့သည်။ အခြားတစ်ဖက်တွင်လည်း ယွန်စန်းသည် လေထဲသို့ ပျံတက်သွားကာ ဝူရှန်းရွာသူကြီး အား တိုက်ခိုက်လိုက်လေသည်။
သူ၏ အနောက်ဘက်ရှိ ဟာလာဟင်းလင်း ပြင်မှာ ဟိန်းဟောက်နေပြီး၊ ဝူရှန်းရွာသူကြီးသည် သူ၏ အနောက်ရှိ အမှောင် ဟာလာဟင်းလင်း ပြင်ထဲမှ အဆုံးမရှိသော စွမ်းအားကြီးများ ထွက်ပေါ်လာကာ သူ၏ ကိုယ်တွင်းသို့ စီးဝင်သွားပြီး သူ၏ အင်အားနှင့် အရှိန်အဝါကို တိုးမြင့်ပေးနေကြောင်း ခံစားနေရသည်။
ဤမျှသာမကသေး၊ယွန်စန်း ခုန်ထွက်လာသည်နှင့် တစ်ပြိုင်နက် ဆန်မီတောင်ထိပ်တစ်ခုလုံးမှာ ဝုန်းခနဲ တုန်ခါသွားခဲ့ပြီး၊ မြေပြင်မှ မြေကြီးများနှင့် နှင်းခဲများမှာ လေထဲသို့ လွင့်တက်သွားကာ တစ်စုံတစ်ရာ၏ ဆင့်ခေါ်မှုကို ခံလိုက်ရသည့်အလား ယွန်စန်း ၏ ပတ်ဝန်းကျင်၌ သေးငယ်သော ဥက္ကာခဲများအဖြစ် စုစည်းသွားတော့သည်။
ထိုဥက္ကာခဲတစ်ခုစီတိုင်းတွင် အံ့မခန်းဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေပြီး၊ ကျယ်လောင်သော အသံများနှင့်အတူ မိုးပေါက်များအလား စိပ်လှစွာဖြင့် ဝူရှန်းရွာသူကြီးဆီသို့ ဦးစွာ ပစ်ပေါက်လိုက်တော့သည်။
ထိုဥက္ကာခဲငယ်လေးများ၏ စွမ်းအားနှင့် အရှိန်အဟုန်အရဆိုလျှင်၊ တောင်တစ်ခုလုံးကိုပင် အမှုန့်ကြိတ်ပစ်နိုင်စွမ်း ရှိရာ သွေးနှင့်သားဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်အတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
"ဟွန်း"
အခြားတစ်ဖက်တွင်မူ မိစ္ဆာဧကရာဇ်လူအိုကြီးသည် အေးစိမ့်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏ ညာလက်မှ လက်ညှိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်လိုက်လေသည်။ နောက်တစ်ခဏ၌ ဝီခနဲ အသံနှင့်အတူ လေထုမှာ တုန်ခါသွားခဲ့ပြီး၊ လေထဲတွင် သေးငယ်သော အလင်းကွင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ မိစ္ဆာဧကရာဇ်လူအိုကြီး၏ လက်ညှိုးနှင့် လက်ခလယ်ကို ဝိုင်းပတ်သွားတော့သည်။
ထိုအလင်းကွင်း တုန်ခါသွားသည့်အခါ၊ ၎င်းအတွင်းမှ ဂူကောင်းကင်အဆင့်၏ အချိန်နှင့်အာကာသ လှိုင်းစွမ်းအားအချို့ပင် မသိမသာ ထွက်ပေါ်လာတော့သည်။ ထို့ပြင် မိစ္ဆာဧကရာဇ်လူအိုကြီး၏ အရှိန်အဝါမှာလည်း ဤသေးငယ်လှသော အချိန်နှင့်အာကာသ အလင်းကွင်းကို အသုံးပြုလိုက်ပြီးနောက် သိသိသာသာ မြင့်တက်သွားတော့သည်။
ပညာရပ်မှသည် အနုပညာသို့၊ အနုပညာမှသည် တရားသို့…
မိစ္ဆာဧကရာဇ်လူအိုကြီးမှာ ဂူကောင်းကင်အဆင့်သို့ မရောက်ရှိသေးသော်လည်း သူ၏ စွမ်းအားများအပေါ် လေ့လာမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ဂူကောင်းကင်အဆင့် ၏ စွမ်းအားအချို့ကိုလည်း နားလည်သဘောပေါက်နေပြီ ဖြစ်သည်။ သို့သော် ထိုစွမ်းအားများမှာ မတည်ငြိမ်သေးသည်သာ ရှိပေသည်။
"ဝုန်း"
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦးမှာ ထပ်မံ ထိခတ်သွားကြပြီး၊ ထိုက်စန်း နှင့် မိစ္ဆာဧကရာဇ်လူအိုကြီးတို့ကို ဗဟိုပြုလျက် ပြိုင်ဘက်ကင်းလှသော လေလှိုင်းကြီးများမှာ အရပ်မျက်နှာ အသီးသီးသို့ လွှမ်းမိုးသွားတော့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မိစ္ဆာဧကရာဇ်လူအိုကြီး၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော ဂူကောင်းကင်အဆင့်နှင့် နီးစပ်သည့် စွမ်းအားကို ခံစားလိုက်ရသည့်အခါ ဤအခိုက်အတန့်၌ ထိုက်စန်းပင်လျှင် တုန်လှုပ်သွားရတော့သည်။
သူ၏ မျက်စိရှေ့ရှိ ဤရိုးရိုးရှင်းရှင်း အဖိုးအိုတွင် ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
"နဂါးဖြူ နတ်သိုင်း"
အခြားတစ်ဖက်တွင်လည်း ဝူရှန်းရွာသူကြီးမှာ မိမိ၏ အစွမ်းထက်လှသော လျှို့ဝှက်သိုင်းပညာကို အသုံးပြုလိုက်လေသည်။
နဂါးဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ဝူရှန်းရွာသူကြီး၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာလည်း တစ်ဟုန်ထိုး မြင့်တက်သွားတော့သည်။
ကြေးခွံများ ရှင်းလင်းစွာ ပေါ်လွင်နေပြီး အသက်ဝင်လှသော နဂါးဖြူကြီးတစ်ကောင်မှာ သူ၏ ကိုယ်တွင်းမှ ရုတ်တရက် ပန်းထွက်လာခဲ့၏။ သို့သော် ဤအရာမှာ အစသာ ရှိသေးသည်။ နောက်ထပ် ဟိန်းဟောက်သံ တစ်ခုနှင့်အတူ ဒုတိယမြောက် နဂါးဖြူကြီးမှာလည်း သူ၏ကိုယ်တွင်းမှ ထွက်ပေါ်လာပြန်သည်။ ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်... အချိန်တိုအတွင်းမှာပင် အလွန်အမင်း အစွမ်းထက်လှသော နဂါးဖြူကြီး ကိုးကောင်တိတိမှာ သူ၏ကိုယ်တွင်းမှ ပန်းထွက်လာတော့သည်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင် ဝူရှန်းရွာသူကြီး၏ နဂါးဖြူ နတ်သိုင်း၏ ကြမ်းတမ်းပြင်းထန်မှုမှာ အဆပေါင်းများစွာ တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။
သိုင်းပညာလမ်းကြောင်းတွင် ဝူရှန်းရွာသူကြီး မှာ မိစ္ဆာဧကရာဇ်လူအိုကြီးနှင့် မတူညီသော လမ်းကြောင်းတစ်ခုကို ယာယီ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဂူကောင်းကင်အဆင့် ၏ စည်းမျဉ်းများကို နားလည်မှု၌ မိစ္ဆာဧကရာဇ်လူအိုကြီးကို မမီသော်လည်း၊ နဂါးဖြူနတ်သိုင်း၏ ထူးခြားမှုကြောင့် စွမ်းအားပိုင်းတွင်မူ ဝူရှန်းရွာသူကြီးမှာ မိစ္ဆာဧကရာဇ်လူအိုကြီးထက်ပင် ပိုမိုခရီးရောက်နေပြီ ဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း…
လေထဲတွင် ပေပေါင်း ဆယ်ချီ၍ ရှည်လျားလှသော နဂါးဖြူကြီးများမှာ ပျံသန်းထွက်ပေါ်လာကာ ကိုက်ဖြတ်ရိုက်နှက်လျက်၊ ယွန်စန်း ထုတ်လွှတ်လိုက်သော ဥက္ကာခဲများကို အပိုင်းပိုင်း အစစ ဖျက်ဆီးပစ်လိုက်တော့သည်။
ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီးများနှင့်အတူ၊ သူတို့နှစ်ဦးမှာလည်း ဟာလာဟင်းလင်း ပြင်ထဲ၌ လျင်မြန်စွာ တိုက်ခိုက်နေကြတော့သည်။
တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာသော ဂန်ချီ လှိုင်းများမှာ အရပ်မျက်နှာ အသီးသီးသို့ လွှမ်းမိုးသွားခဲ့ပြီး၊ ဝူရှန်းရွာသူကြီး၊ မိစ္ဆာဧကရာဇ်လူအိုကြီးနှင့် ထိုက်စန်း၊ ယွန်စန်း ဟူသော ထိပ်တန်း ကျွမ်းကျင်သူ လေးဦးမှာ ဆန်မီတောင် ထိပ်ရှိ ကောင်းကင်ယံ၌ အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက်နေကြတော့သည်။
"မဟာထန်မှာ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ လူတွေ ရှိနေရတာလဲ"
တောင်ထိပ်မှ လေထဲသို့ ပျံတက်သွားပြီး အစက်အပြောက် လေးခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသော ထိုက်စန်း နှင့် မိစ္ဆာဧကရာဇ်လူအိုကြီးတို့ကို ကြည့်ရင်း၊ မြေပြင်ပေါ်ရှိ ထိုယိုကျိုး ဗိုလ်ချုပ်မှာ အံကို တင်းတင်းကြိတ်ထားလျက် အံ့အားသင့်သလို ဒေါသလည်း ထွက်နေတော့သည်။ သူသည် ဤ အမည်းရောင်ဝတ် လူများ၏ အစွမ်းအစကို အလွန် ကောင်းစွာ သိရှိထားသူ ဖြစ်သည်။ သူတို့က မိမိကိုယ်ကိုယ် နတ်ဘုရားများဟု ခေါ်ဆိုကြသော်လည်း၊ သူတို့၏ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများကို ထည့်တွက်မည်ဆိုပါက ထိုသို့ ခေါ်ဆိုခြင်းမှာ အနည်းငယ်မျှပင် မလွန်ကဲလှချေ။
"သခင် အခု ဘယ်လို လုပ်ကြမလဲ"
အနောက်ဘက်ရှိ အခြား ယိုကျိုး ဗိုလ်ချုပ်တစ်ဦးက မေးမြန်းလိုက်ရာ သူ၏ အသံထဲတွင် မသိမသာ ထိတ်လန့်နေမှုများ ပါဝင်နေပေသည်။
ဤတစ်ကြိမ် အနောက်ဘက် ခရီးစဉ်၌ သူတို့သည် ထိုက်စန်း နှင့် ယွန်စန်း တို့ကိုသာ စေလွှတ်လိုက်လျှင် အရာရာ အဆင်ပြေချောမွေ့သွားမည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း၊ အခြေအနေများမှာ သူတို့ ထင်ထားသလို ဖြစ်မလာခဲ့ချေ။
ဦးဆောင်လာသော ယိုကျိုးဗိုလ်ချုပ်မှာ နှုတ်ဆိတ်နေလျက် မျက်လုံးများမှာလည်း အဆက်မပြတ် ပြောင်းလဲနေတော့သည်။
"အများကြီး လျှောက်မစဉ်းစားနဲ့၊ အရင်ဆုံး ဟူးဘားရှ်ကို သတ်ဖို့ ကြိုးစား သူ့ကို သတ်နိုင်တာနဲ့၊ မဟာထန်က ဘာပဲ ဆက်လုပ်ချင်လုပ်ချင် ဘာမှ လုပ်လို့ မရတော့ဘူး"
လက်ရှိ အခြေအနေအရ စတုတ္ထမင်းသားဟူးဘားရှ်မှာ မဟာထန်နှင့် ပူးပေါင်းထားကြောင်း ဧကန်မလွဲပင် ဖြစ်၏။ အကယ်၍ သူ့အား ကြိုတင် သတ်ဖြတ်နိုင်မည်ဆိုပါက၊ မိစ္ဆာဧကရာဇ်လူအိုကြီးနှင့် ဝူရှန်းရွာသူကြီးတို့ တိုက်ပွဲကို အနိုင်ရရှိလျှင်ပင် အနောက် တာ့ခ်အနေဖြင့် နိုင်ငံအသီးသီးဆီသို့ ခိုလှုံသွားမည့် အဖြစ်ကို တားဆီးနိုင်မည် မဟုတ်ချေ။
အသံအဆုံးတွင် သူတို့အချို့မှာ လျင်မြန်စွာ သတိပြန်ဝင်လာကြပြီး အခြား အရပ်မျက်နှာ တစ်ခုဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားကြတော့သည်။
...
ဤအခိုက်အတန့်၌ အခြား အရပ်မျက်နှာ တစ်ခုတွင်မူ။
"စတုတ္ထညီငယ် မင်း ဒီလောက်တောင် ကမန်းကတန်းနဲ့ ဘယ်ကို သွားမလို့လဲ?"
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ စတုတ္ထမင်းသား ဟူးဘားရှ်မှာ ရှုပ်ထွေးနေသော အခြေအနေများကြားမှ အဝေးသို့ ထွက်ပြေးရန် ကြိုးစားနေစဉ်မှာပင်၊ အလင်းရောင် တစ်ချက် လက်သွားပြီးနောက် သူ၏ရှေ့တွင် ပုံရိပ်နှစ်ခု ရုတ်တရက် ပိတ်ဆို့ရပ်တန့်လာတော့သည်။
ရှေ့ဆုံးမှ လူမှာ အခြားသူ မဟုတ်ဘဲ ပထမမင်းသား အီဖီဒီယွန်းပင် ဖြစ်ပြီး၊ သူ၏အနောက်တွင် ရပ်နေသော ကိုယ်လုံးထွားကျိုင်းလှသည့် သူမှာမူ ဗိုလ်ချုပ် ဝူနုရှီပိပင် ဖြစ်လေသည်။
ဆန်မီတောင် ပတ်ဝန်းကျင်ရှိ မြက်ခင်းပြင် တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး သတ်ဖြတ်သံများမှာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေလျက် ရှိ၏။ သူတို့ ရပ်နေသော နေရာမှ လှမ်းကြည့်လိုက်မည်ဆိုပါက သတ်ဖြတ်သံများကို အဆက်မပြတ် ကြားနေရပြီး၊ တစ်မြက်ခင်းပြင်လုံးရှိ စစ်သည်အင်အားများမှာ အုပ်စုနှစ်စု ကွဲကာ အပြင်းအထန် တိုက်ခိုက်နေကြသည်ကို မြင်တွေ့ရပေသည်။
ထို သတ်ဖြတ်သံများမှာ လေထဲရှိ ထိပ်တန်း ကျွမ်းကျင်သူ လေးဦး၏ တိုက်ပွဲများနှင့် ဟန်ချက်ညီနေသဖြင့် လူတိုင်း၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်နေကြရသည်။
သို့သော် ရှုပ်ထွေးနေသော အခြေအနေများကြား၌ အဖြေရှာရန် ကြိုးစားနေသူမှာ ယိုကျိုး လူများသာ မကဘဲ၊ ပထမမင်းသား အီဖီဒီယွန်းသည်လည်း ထိုနည်းတူ တွေးတောမိခဲ့လေသည်။
သူ့အား သတ်ဖြတ်လိုက်နိုင်သည်နှင့် ပြဿနာ အားလုံးမှာ ပြေလည်သွားမည် မဟုတ်ပါလော။
"အစ်ကိုတော်"
မျက်နှာချင်းဆိုင်၌ ဟူးဘားရှ်မှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရင်ထဲ၌ လေးလံသွားခဲ့ပြီး ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်တော့သည်။ သူ၏ ဘေးနားရှိ ဒူဝူစီလီမှာလည်း အမူအရာ လေးနက်သွားခဲ့ကာ ဓားရှည်ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ဟူးဘားရှ်၏ ဘေးနားတွင် ကာကွယ်ရပ်တည်လိုက်လေသည်။
"ဟွန်း ဒီ 'အစ်ကိုတော်' ဆိုတဲ့ အခေါ်အဝေါ်ကိုတော့ ငါ လက်မခံရဲပါဘူး။ စတုတ္ထညီငယ်၊ ဒါက မင်းကို နောက်ဆုံးအကြိမ် ခေါ်တာပဲ၊ ငါ့ရဲ့ညီကောင်းလေး၊ မင်းက တကယ်ပဲ ငါ့မျက်လုံးကို ပွင့်သွားစေခဲ့တာပဲ ငါ့ရှေ့မှာတော့ အမြဲတမ်း အားနည်းချင်ယောင် ဆောင်နေခဲ့ပြီး၊ နောက်ဆုံးမှာ ဒီလောက်အထိ အကြံအစည်တွေ နက်ရှိုင်းနေမယ်၊ စစ်တပ်ကိုတောင် ကြိုတင် ခေါ်ထားနိုင်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး။ မင်းက အချိန်အကြာကြီး ကြိုတင် ပြင်ဆင်ထားခဲ့တာပဲ ဖြစ်ရမယ်။"
အီဖီဒီယွန်းက လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောဆိုလိုက်သည်။
သူ တကယ်ကို တွက်မှားခဲ့လေသည်။ ဤ စတုတ္ထညီငယ်မှာ အပြင်ပန်းတွင် မြင်ရသကဲ့သို့ လွယ်ကူစွာ ကိုင်တွယ်နိုင်သူ မဟုတ်ချေ။ သို့သော် ထိုသို့ ဖြစ်လေလေ၊ သူသည် ဟူးဘားရှ်အား ပိုမို၍ သတ်ဖြတ်လိုလေလေပင် ဖြစ်တော့သည်။
"အစ်ကိုတော်၊ အစ်ကိုတော်က ကျွန်တော့်ကို အထင်သေးခဲ့တာ မဟုတ်ပါဘူး၊ အစ်ကိုတော်က ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်လွန်းနေခဲ့တာပါ"
လွယ်လင့်တကူ ထွက်ပြေး၍ မရနိုင်တော့ကြောင်းကို သိရှိလိုက်ရသည့်အခါ ဟူးဘားရှ်မှာ ပြန်လည်တည်ငြိမ်သွားခဲ့ပြီး၊ သူ၏ မျက်နှာပေါ်တွင်လည်း အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိတော့ချေ။
"အစ်ကိုတော်နဲ့ ခမည်းတော်တို့က ကျွန်တော့်ရဲ့ ခေါင်းကို သုံးပြီး အန်းလုရှန်းနဲ့ နိုင်ငံအသီးသီးကို သဘောထား ပြသချင်နေတာပါ။ ကျွန်တော့်ကို လက်ပိုက်ပြီး အသေခံစေချင်တာလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အကယ်၍ အစ်ကိုတော်တို့သာ မလှုပ်ရှားခဲ့ဘူးဆိုရင်၊ ကျွန်တော် ပြင်ဆင်ထားတဲ့ လူတွေကလည်း လုံးဝစတင်လှုပ်ရှားမှာ မဟုတ်ပါဘူး"
အနောက် တာ့ခ်တွင် မိမိကိုယ်ကို အနစ်နာခံကာ အသေခံမည့် ယဉ်ကျေးမှုမျိုး လုံးဝ မရှိချေ။ ဤအချက်မှာ အလယ်ပိုင်းလွင်ပြင်နှင့် လုံးဝကွဲပြားခြားနားလှပေသည်။ ရှာပိုလော် ခါဂန်းနှင့် အီဖီဒီယွန်းတို့က သူ့အား အနစ်နာခံရန် သံမဏိသဖွယ် ဆုံးဖြတ်ထားပြီးဖြစ်ရာ၊ ဟူးဘားရှ်အနေဖြင့် မည်သို့ ပြန်လည်မခုခံဘဲ နေနိုင်ပါမည်နည်း။
"ပြီးတော့ အစ်ကိုတော်တို့ နိုင်ငံအသီးသီးနဲ့ မဟာမိတ်ဖွဲ့တာကို သေချာအကဲဖြတ်ပြီး၊ အကျိုးအကြောင်း စဉ်းစားပြီးမှ လုပ်မယ်ဆိုရင်တော့၊ နောက်ဆုံးမှာ အနောက် တာ့ခ် ကို ဒီကပ်ဘေးကနေ လွတ်မြောက်အောင် ဦးဆောင်နိုင်မယ်ဆိုရင်တော့ ထားလိုက်ပါတော့။ ဒါပေမဲ့ အစ်ကိုတော်ရော ခမည်းတော်ရောက ကိုယ်ပိုင်အတ္တတွေနဲ့ မဟာထန်ကို ရင်ဆိုင်ဖို့အတွက် နိုင်ငံအသီးသီးနဲ့ မဟာမိတ်ဖွဲ့ခဲ့ကြတာပဲ။ အကျိုးအပြစ်တွေကို သေချာ ချိန်ဆဖို့တောင် အချိန်မပေးခဲ့ကြဘူး။ အနောက် တာ့ခ်အင်ပါယာ တစ်ခုလုံးကို ချောက်ကမ်းပါးထဲ တွန်းပို့မယ့် အလုပ်မျိုးကို ကျွန်တော် လုံးဝခွင့်ပြုမှာ မဟုတ်ဘူး"
ဟူးဘားရှ်က ပြတ်သားစွာ ပြောဆိုလိုက်လေသည်။
တော်ဝင်မိသားစုဝင် တစ်ဦးအနေဖြင့် ငယ်စဉ်ကတည်းက သူ သင်ယူခဲ့ရသည့် ပညာရေးမှာ၊ ပထမအချက်က ပိုမိုအစွမ်းထက်လာရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ အနောက် တာ့ခ် အင်ပါယာ အတွင်းရှိ ပြည်သူအားလုံးအပေါ် တာဝန်ယူရန်ပင် ဖြစ်သည်။
ဤအချက်တွင် အနောက် တာ့ခ်နှင့် အလယ်ပိုင်းဒေသတို့ကြားတွင် မည်သည့် ကွာခြားချက်မျှ မရှိချေ။
ခါဂန်း ဟူသော စကားလုံး နှစ်လုံးမှာ မိမိကိုယ်ကျိုး အတွက်သာ မဟုတ်ပါချေ။
"အဓိပ္ပာယ် မရှိလိုက်တာ လျှောက်ပြောမနေနဲ့"
အီဖီဒီယွန်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်သွားခဲ့သည်။
"ဟူးဘားရှ်၊ မင်း ထွက်ပြေးလို့ မရပါဘူး။ ဒီနေ့ ဘယ်လိုပဲဖြစ်ဖြစ် မင်း သေကို သေရမယ် ဝူနုရှီပိ၊ သူ့ကို သတ်လိုက်"
ချွင်ခနဲ ဓားမြည်သံတစ်ခုနှင့်အတူ၊ ဝူနုရှီပိမှာ ဘေးနားတွင် အချိန်အတော်ကြာကတည်းက စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့ပြီဖြစ်ရာ၊ အီဖီဒီယွန်း၏ စကားအဆုံးတွင် သူ၏ စိတ်ဆန္ဒအရ ပြိုင်ဘက်ကင်းလှသော ဓားအရှိန်အဝါကြီးတစ်ခုမှာ ငွေရောင် ရေတံခွန်ကြီးတစ်ခုအလား ကောင်းကင်ယံသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။ သူသည် ဟာလာဟင်းလင်း ပြင်ကို ခွဲဖြာလျက် ဟူးဘားရှ်ဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
"ဟူးဘားရှ်၊ ဒူဝူစီလီ၊ မင်းတို့ လက်လျှော့လိုက်ကြပါတော့။ ဒီနေ့ မင်းတို့ နှစ်ယောက်လုံးကို တစ်ခါတည်း အသေပို့ပေးမယ်"
ဝူနုရှီပိ၏အသံမှာ မိုးကြိုးသံများအလား လေဟာနယ် တစ်ခုလုံး၌ ဟိန်းထွက်နေတော့သည်။ ဤဓားချက်မှာ ဟူးဘားရှ်ကိုသာမက ဒူဝူစီလီကိုပါ တစ်ပါတည်း လွှမ်းခြုံထားလေတော့သည်။
******