← Chapters

ကြီးမြတ်သောရွှေဆည်းလည်း

Vol. 29 Ch. 397

ကြီးမြတ်သောရွှေဆည်းလည်း

Vol. 29 Ch. 397

ခန်းမရှေ့ရှိ ကျောက်တုံးစင်မြင့် ပတ်ဝန်းကျင်သို့ တပည့်များ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာခဲ့ကြသည်။ တပည့်များအားလုံးမှာ ဇူယွမ်နှင့် ဝမ့်လိန်တို့နှစ်ဦးအား အလွန်ပင် စိတ်ဝင်စားလျက် ရှိ၏။

အဘယ့်ကြောင့်ဆိုသော် နှစ်ဦးလုံးမှာ ကလန်ထဲ၌ မသိသူ မရှိလောက်အောင် ကျော်ကြားကြသောကြောင့် ဖြစ်သည်။ ဝမ့်လိန် ဆိုသည်မှာ ဓားကပ်ဘေးတောင်ထွတ်မှ အထူးချွန်ဆုံး ခရမ်းရောင်ခါးစည်း တပည့်များထဲမှ တစ်ဦးဖြစ်ကာ ရှုယန်ထက် များစွာပို၍ ကျော်ကြားသူတစ်ဦး ဖြစ်၏။ ဇူယွမ်မှာမူ ခရမ်းရောင်ခါးစည်း အဆင့်သို့ ရောက်ရှိခါစ တပည့်အသစ်တစ်ဦး ဖြစ်ပါသော်လည်း ကလန်ထဲသို့ ရောက်ရှိလာချိန်မှစ၍ အံ့သြဖွယ် အရည်အချင်းများ များစွာပြသနိုင်ခဲ့ပြီး တပည့် အသစ်များထဲတွင် အထူးချွန်ဆုံး မျိုးဆက်သစ် လူငယ်တစ်ဦးအဖြစ် လူအများ လက်ခံလာကြကာ ကလန်ထဲ၌ ကျော်ကြားသူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဇူယွမ်နှင့်ဝမ့်လိန်တို့နှစ်ဦး၏ တိုက်ပွဲအား အလွန်ပင် စိတ်ဝင်စားနေကြခြင်း ဖြစ်၏။ ဝမ့်လိန်မှ ဇူယွမ်အား အလေးပင် မထားဟန်ဖြင့် ကြည့်ကာ စကားဆိုလိုက်သည်။

“ဂျူနီယာညီတော်ဇူယွမ် မင်းမှာ အရည်အချင်းရှိတယ် ဆိုတာကို ငါသိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အင်ပါယာတစ်ခုကို တစ်နေ့ထဲမှ တည်ဆောက်လို့ မရတာ။ မင်းစားနိုင်တာထက် ပိုပြီးစားချင်ရင် ဒုက္ခရောက်ရလိမ့်မယ်” ဇူယွမ်မှ ခပ်ဖွဖွပင်ရီမောကာ တုံ့ပြန်လိုက်၏။

“အဲဒါဆိုလည်း ကျွန်တော်ကို သင်ကြားပေးပါဦး စီနီယာအစ်ကိုတော် ဝမ့်လိန်”

ဝမ့်လိန်မှာ ခေါင်းကိုခါယမ်းကာ စိတ်မကောင်း ဖြစ်သွားဟန်ဖြင့် ပြောလိုက်သည်။

“အစကတော့ ငါက မင်းအရှက်မကွဲရအောင် နားချပေးမလို့ပဲ။ ဒါပေမဲ့ မင်းကိုက ပိုပြီးခက်ခဲအောင် လုပ်ချင်နေမှတော့ ဒီစီနီယာ အစ်ကိုတော်က အနိုင်ကျင့်တယ်ဆိုပြီး အပြစ်မယူပါနဲ့”

ဝုန်း ...

ချက်ချင်းဆိုသလိုပင် ဝမ့်လိန်၏ ဦးခေါင်းထက်၌ ပေထောင်ကျော်မျှရှိသော ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး ပြင်းထန်လှသော ဖိအားများက လေထုကို ဆုတ်ဖြဲသွားကာ ကောင်းကင်ကိုပင် တုန်ခါစေသယောင် ရှိနေ၏။

ဝမ့်လိန်မှာ ပွဲအစ၌ပင် သူ၏သန်မာလှသော ချီစွမ်းအင် အရင်းအမြစ်များကို ထုတ်ဖော် ပြသခဲ့သောကြောင့် စောင့်ကြည့်နေကြသော တပည့်များအား အံ့အားသင့်သွား စေခဲ့သည်။

ဝမ့်လိန်၏ လက်များမှာ အညိုရောင်သမ်းလာကာ တဖြည်းဖြည်းနှင့် ပုံမှန်ထက်ပို၍ ရှည်လျားလာခဲ့၏။ ဝမ့်လိန်း၏ လက်ဝါးတဝိုက်၌ လျှစ်စီးများ ရစ်သိုင်းနေလျက်ရှိပြီး ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ထုတ်လွှတ်နေလျက် ရှိသည်။ ဝမ့်လိန်မှ ဖြည်းညင်းစွာဖြင့် စကားဆိုလိုက်၏။

“ဂျူနီယာညီတော်ဇူယွမ် ငါတို့က သိုင်းတစ်ကွက်ထဲကို ခုခံဖို့ သဘောတူထား ​ကြတာဆိုတော့ ငါနည်းနည်းမှတောင် သက်ညှာပေးမှာ မဟုတ်ဘူးနော်။ ငါ့ရဲ့ လက်ဝါးတစ်ချက်နဲ့တင် မင်းသေမလို ​ခံစားသွားရနိုင်တယ်”

ထို့နောက် ဝမ့်လိန်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ လက်များကို အတူတကွ ချိတ်ဆက်လိုက်ပြီးနောက် ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များကို စတင် ရွေ့လျား စေလိုက်သည်။

ဝမ့်လိန်၏ နှုတ်ခမ်းထက်၌ လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာခဲ့ပြီးနောက် ချီစွမ်းအင်များ အားလုံးကို လက်ဝါးထက်သို့ ရွေ့ပြောင်းလိုက်သဖြင့် လျှပ်စီးများပို၍ စုဝေးလာကာ မိုးချုန်းသံများပင် ထွက်ပေါ်လာသယောင် ရှိ၏။

လျှပ်စီးများမှာ ဝမ့်လိန်၏ လက်မောင်းတစ်ခုလုံးအား လွှမ်းခြုံသွားခဲ့ပြီး လျှပ်စီးဓားသွားတစ်ခု အဖြစ်သို့ ပြောင်းလဲသွား၍ ဓားသွားထိပ်မှာ ဝမ့်လိန်၏ လက်ဝါးနှင့် ပေါင်းစပ်သွားခဲ့သည်။ ဝမ့်လိန် ခြေဖဝါးအောက်ရှိ မြေပြင်များမှာ စတင်၍ အက်ကွဲစ ပြုလာ၏။

ကျောက်တုံးစင်မြင့် တဝိုက်၌ စောင့်ကြည့်နေလျက် ရှိသော တပည့်များမှာ အံ့အားသင့်လှသဖြင့် အမူအရာများပင် ပြောင်းလဲကုန်ကြသည်။

“ဟာ ... ဒါ ဓားကပ်ဘေးတောင်ထွတ်က လျှပ်စီးဓားသွား လက်ဝါးပဲ”

“လျှပ်စီးဓားသွား လက်ဝါးက ဓားကပ်ဘေး တောင်ထွတ်ရဲ့ နာမည်ကြီး ကျင့်စဥ်တစ်ခုပဲ။ သူက အရမ်းပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေသလို သုံးစွဲရတဲ့ စွမ်းအင် ပမာဏကလည်း မနည်းဘူး။ မူလစဦး သမ္မတအဆင့် ဆိုရင်တောင် အဲကျင့်စဥ်ကို နှစ်ခါသုံးဖို့ စွမ်းအင်လောက်မှာ မဟုတ်ဘူး”

“ဝမ့်လိန်က တော်တော်ပါးနပ်တဲ့ သူပဲ။ တစ်ကွက်ပဲ ချရမယ်ဆိုတော့ လျှပ်စီးဓားသွား လက်ဝါးကျင့်စဥ်နဲ့  စွမ်းအားအကုန်သုံးပြီး တိုက်ခိုက်ဖို့ ​ကြံစည်ထားတာပါလား”

“လျှပ်စီးဓားသွား လက်ဝါးက တစ်ချက်ထဲနဲ့ ရန်သူရှုံးချင်ရှုံး မရှုံးရင် ကိုယ်ရှုံးရတဲ့ ကျင့်စဥ်ပဲ”

“ ... ”

စောင့်ကြည့်နေသော တပည့်များထံမှ ဝေဖန်ဆွေးနွေးသံများ အဆက်မပြတ် ထွက်ပေါ်နေလျက်ရှိကာ ဝမ့်လိန်မှ ပါးနပ်စွာဖြင့် လျှပ်စီးဓားသွား လက်ဝါးကို အသုံးပြုခြင်းအား ချီးကျူးနေခဲ့ကြသည်။

ကျောက်တုံး လှေကားထက်တွင် ရှိနေသော လီချင်းချန်၏ အေးစက်စက် မျက်နှာမှာ ပို၍ ခက်ထန်လာခဲ့ပြီးနောက် ကျောင်းဇူအား ကြည့်ကာ မေးမြန်းလိုက်၏။

“ဒါကလည်း နင့်ရဲ့အကြံတွေပဲ မဟုတ်လား”

လီချင်းချန်မှာ ပထမ၌ ဝမ့်လိန်၏ သိုင်းတစ်ကွက်အား ဇူယွမ်မှ ခုခံရန် စိန်ခေါ်ခြင်းကို ဝမ့်လိန်မှ မောက်မာထောင်လွှား သောကြောင့် စိန်ခေါ်ခဲ့သည်ဟု ထင်မှတ်ခဲ့ပြီး ဇူယွမ်မှ လွယ်ကူစွာ ကျော်ဖြတ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် လက်ခံပေးခဲ့ခြင်း ဖြစ်သော်လည်း စိန်ခေါ်မှုမှာ ကျောင်းဇူနှင့် ဝမ့်လိန်တို့နှစ်ဦး၏ အကြံအစည်များသာ ဖြစ်နေခဲ့သည်။

လျှပ်စီးဓားသွား လက်ဝါးနှင့်သာ ဆိုလျှင် ဝမ့်လိန်မှာ တစ်ချက်တည်းဖြင့် မည်သည့်ပြိုင်ဖက်ကို မဆို အဆုံးသတ်ပစ်နိုင်လိမ့်မည်။

လီချင်းချန်၏ စကားအား ကြားလိုက်ရသောအခါ ကျောင်းဇူမှ ခပ်ဖွဖွရီမောကာ ပြန်၍ပြောလိုက်၏။

“စီနီယာအစ်မတော်လီ မြင့်မြတ်သော နန်းတော်နဲ့ တခြားကလန်က တပည့်တွေနဲ့ တိုက်ခိုက်ရတဲ့ အခါကြရင် တိုက်ပွဲက ဘယ်လောက်ထိ ပြင်းထန်မလဲ ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူးလေ”

လီချင်းချန်၏ဘေးတွင် ရှိနေသော ပိုင်လီမှာ ဝမ့်လိန်၏ ပုံရိပ်အား ငေးမောကာ ခေါင်းကို ခါယမ်း လိုက်လေသည်။ ဇူယွမ်မှာ ရှုယန်အား ကိုင်တွယ်နိုင်ရန်ပင် ခက်ခဲစွာ ရုန်းကန်ခဲ့ရ၏။ ထို့ကြောင့် ရှုယန်ထက် အဆပေါင်းများစွာ ပို၍သာလွန်သော ဝမ့်လိန်၏ တိုက်ခိုက်မှုအား မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဝမ့်လိန်မှ လျှပ်စီးဓားသွား လက်ဝါးကျင့်စဥ်ကို ထုတ်ဖော်ပြသ လိုက်သည့် အချိန်မှစ၍ တိုက်ပွဲအဆုံးသတ်အား လွယ်ကူစွာပင် ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။

ဇူယွမ်မှ ရှုံးနိမ့်သွားမည် ဆိုပါက အရှက်တရားမရှိစွာ ကောင်းကင်အဆင့် တာဝန်တွင် ပါဝင်ရန် တောင်းဆိုရဲတော့မည် မဟုတ်ချေ။ ထိုသို့ဖြစ်လာပါက အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားမည်ပင် ဖြစ်၏။

ဝုန်း ...

ဝူလိမ့်မှာ ကျယ်လောင်စွာ ရီမောလိုက်ပြီးနောက် မြေပြင်အား ဆောင့်နင်းချလိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းကာ ဇူယွမ်အား အေးစက်စွာကြည့်၍ လျှပ်စီးများ တလက်လက်ထနေသော လက်ဝါးအား ဖြည်းညင်းစွာဖြင့် မြှောက်တင်လိုက်သည်။

“လျှပ်စီးဓားသွား လက်ဝါး ... ”

ဝမ့်လိန်မှ အော်ဟစ်ကာ လက်ဝါးအား လွှဲရိုက်လိုက်သည်နှင့်တကွ ကောင်းကင်ထက်မှ ကျယ်လောင်သော မိုးထစ်ချုန်းသံများ ထွက်ပေါ်လာခဲ့ပြီး လက်ဝါးထက်မှ လျှပ်စီးများမှ ပို၍လင်းလက်လာခဲ့၏။

ဝုန်း ...

ပေရာချင်းမျှရှိသော ဓားသွားများနှင့် ပြည့်နှက်နေသည့် လျှပ်စီးလက်ဝါးကြီးက ကောင်းကင်ထက်မှ ဗုံးတစ်လုံးအလား ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်ကာ ဆင်းသက်လာပြီး ကျောက်တုံးစင်မြင့် တစ်ခုလုံးပင် စတင်၍ ကွဲအက်လာခဲ့ရသည်။

ကျောက်တုံး စင်မြင့်ထက်တွင် ရှိနေသော ဇူယွမ်၏ အဝတ်များမှာ တဖျတ်ဖျတ် လွှင့်ခါနေလျက် ရှိ၏။ ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ကောင်းကင်ထင်မှ ကျဆင်းနေလျက်ရှိသော လျှပ်စီးလက်ဝါးကြီးအား မော့၍ ကြည့်လိုက်လေသည်။

“အံ့သြလောက်စရာ စွမ်းအင်ပဲ”

ဇူယွမ်၏ မျက်ဝန်းများ အနည်းငယ် ပြူးကျယ် သွားခဲ့သော်လည်း ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မှပင် မရှိဘဲ စိတ်အား ထက်သန်မှုများနှင့်သာ ပြည့်နှက်နေခဲ့၏။

“အဟက် ... .ဒီအချိန်က ငါရဲ့ စပါးအုံးနဂါးချီကို စမ်းသပ်ဖို့ အချိန်ကောင်းပဲ”

မူလစဦး စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက်တွင် ဇူယွမ်၏ ချီစွမ်းအင် အရင်းအမြစ်များမှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။ ဇူယွမ်၏ ချီစွမ်းအင်များ သန်မာလာသည်နှင့်အမျှ သူ၏ စပါးအုံး နဂါးချီမှာလည်း ပို၍အံ့အားသင့်ဖွယ် ကောင်းလာခဲ့၏။

ဇူယွမ်မှာ လက်များကိုအတူတကွ ချိတ်ဆက်ကာ မျက်လုံးများကို ညင်သာစွာ ပိတ်လိုက်ပြီးနောက် ချီပင်လယ်ထဲ၌ လင်းလက် တောက်ပနေလျက် ရှိသော ချီကြယ်ပွင့် ထောင့်နှစ်ရာအား ရွှေရောင်ချီ စွမ်းအင်လှိုင်းများ အဖြစ်သို့ ပြောင်းလဲကာ အသွေးအသားများထဲသို့ စီးဝင်စေလိုက်သည်။

ဝုန်း ...

ရွှေရောင်စပါးအုံးချီ စွမ်းအင်များမှာ ဇူယွမ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ထက်၌ ရွှေရောင်စပါးအုံး တစ်ကောင်အား ခပ်ရေးရေးမျှ မြင်တွေ့နေရ၏။ ရွှေရောင်စပါးအုံးကြီးမှာ ကောင်းကင်ထက်၌ ဝေ့ဝဲနေခဲ့ပြီးနောက် ဇူယွမ်၏ ခန္ဓာကိုယ်အား ရစ်ခွေလိုက်ကာ တဖြည်းဖြည်းနှင့် ကြီးမားသော ရွှေဆည်းလည်းကြီး တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။

“စပါးအုံးနဂါးချီ အံ့ဖွယ်စပါးအုံးရဲ့ ကြီးမြတ်သော ရွှေဆည်းလည်း ... ”

ဇူယွမ်မှ အော်ဟစ်လိုက်၏။ ၎င်းကြီးမြတ်သော ရွှေဆည်းလည်းမှာ ဇူယွမ်၏ ချီစွမ်းအင်များ တိုးတက်လာမှုကြောင့် ရရှိလာခဲ့သော ဘိုးဘေးနဂါး ပုရပိုက်မှ ခုခံခြင်းနည်းလမ်း တစ်ခု ဖြစ်သည်။

ဝုန်း ...

လျှပ်စီးလက်ဝါးကြီးနှင့် ရွှေရောင်ဆည်းလည်းကြီးတို့ ပြင်းထန်စွာ တွေ့ဆုံသွားခဲ့၏။

ဒေါင် ...

သတ္တုနှစ်ခု တိုက်ခတ်မိသော အသံမှာ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဝူး ...

ပြင်းထန်လှသော စွမ်းအင် လှိုင်းဂယက်များမှာလည်း ကျောက်တုံးစင်မြင့်အား ရိုက်ခတ်ခဲ့ကာ စင်မြင့်ပေါ်ရှိ သစ်သား ထောက်တိုင်များပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။

ကျောက်တုံးစင်မြင့် တဝိုက်တွင် စောင့်ကြည့်လျက်ရှိသော တပည့်များမှာ လှိုင်းဂယက်များကြောင့် လျင်မြန်စွာ အနောက်သို့ ဆုတ်ခွာ လိုက်ကြသော်လည်း ကျောက်တုံးစင်မြင့်ထံမှ အကြည့်ပင် မခွာနိုင်ကြချေ။

ကောင်းကင်ထက်၌ ရှိနေသော ဝမ့်လိန်မှာ ကျောက်တုံးစင်မြင့်၌ ဖြစ်ပေါ်နေသော အပျက်အစီးများကို ကြည့်၍ ကျေနပ်အားရနေလျက် ရှိ၏။

“ဇူယွမ်ဆိုတဲ့ကောင်က ဘဝင်မြင့်ပြီး ငါ့တိုက်ခိုက်မှုကို ခေါင်းမော့ လက်ခံလိမ့်မယ်လို့ မထင်မိဘူး ဟားဟားဟား ...” ဝမ့်လိန်မှ ကျယ်လောင်စွာ ရီမောပစ်လိုက်သည်။

လျှပ်စီးဓားသွား လက်ဝါးကြောင့် ဇူယွမ်အပြင်းအထန် ဒဏ်ရာ ရရှိသွားမည်မှာ သေချာနေသောကြောင့် ကောင်းကင်အဆင့် တာဝန်တွင် ပါဝင်နိုင်တော့မည် မဟုတ်ပေ။ လေပြေတစ်ချက် တိုက်ခတ်သွားပြီးနောက် ဖုန်မှုန့်များနှင့် ပြည့်နှက်နေသော ကျောက်တုံးစင်မြင့်၏​မြင်ကွင်းမှာ တဖြည်းဖြည်းနှင့် ရှင်းလင်းလာခဲ့၏။

ဖုန်မှုန့်များ ရှင်းလင်းသွားပြီးသည့် နောက်တွင် ကျောက်တုံးစင်မြင့်မှာ ပျက်စီးနေခဲ့သည်ကို လူတိုင်းမှ တွေ့ရှိလိုက်ရသည်။ စင်မြင့်၏ နေရာတိုင်းတွင် ကြီးမားသော အက်ကြောင်းများ ဖြစ်ပေါ်နေခဲ့ပြီး အလွန်ပင် ပျက်စီးနေခဲ့သောကြောင့် စောင့်ကြည့်နေသော တပည့်များမှာ တံထွေးများပင် မြိုချလိုက်မိကြ၏။

လျှပ်စီးဓားသွား လက်ဝါးမှာ အမှန်တကယ်ပင် ဓားကပ်ဘေး တောင်ထွတ်မှ ပြင်းထန်သော ကျင့်စဥ်တစ်ခု ဖြစ်ပေသည်။

“ဇူယွမ်က သူ့အတိုင်းအတာထက် ပိုပြီး လောဘတက်တာကိုး။ ဇူယွမ်ကို မပြောနဲ့ဦး ရှုယန်လို လူမျိုးတောင်မှ စီနီယာအစ်ကိုတော် ဝမ့်လိန်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“အစ်ကိုတော် ဝမ့်လိန်က ဇူယွမ့်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တမင်လုပ်ခဲ့တဲ့ပုံပဲ။ အဲဒါမှ ဇူယွမ်က ကောင်းကင်အဆင့် တာဝန်ကို ပါဝင်လို့ မရတော့မှာလေ”

“ဘယ်လိုပဲဖြစ်ဖြစ် ဇူယွမ် မောက်မာနေတာလည်း တော်လောက်ပြီ ထင်ပါတယ်။ သူက ခရမ်းရောင်ခါးစည်း အဆင့်သို့ ရောက်ခါစ တပည့်အသစ် ဆိုပေမဲ့ ကောင်းကင်အဆင့် တာဝန်ကိုတောင် လောဘတက်ချင်နေတာလေ”

“ ... ”

ဝေဖန်ဆွေးနွေးသံများမှာ အဆက်မပြတ် ထွက်ပေါ်နေလျက် ရှိ၏။ ကျောက်တုံးစင်မြင့်မှ ဖုန်မှုန့်များ အလုံးစုံ ရှင်းလင်းသွားပြီးနောက် လူတိုင်းမှာ ကျောက်တုံးစင်မြင့်၏ အလယ်ဗဟိုသို့ အလုအယက် ကြည့်ရှုလိုက်ကြကာ ဝေဖန်ဆွေးနွေးသံများ တိတ်ဆိတ်သွားခဲ့ရသည်။

ကောင်းကင်ထက်တွင် ရှိနေသော ဝမ့်လိန်၏ မျက်နှာမှာလည်း ခက်ထန်သွားကာ မျက်ဝန်းများ၌ မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။ ကျောက်တုံး လှေကားထက်တွင် ရှိနေသော လီချင်းချန်နှင့် ပိုင်လီတို့ နှစ်ဦးလုံးမှာ အံ့အားသင့်သွားခဲ့ရသည်။ ကျောင်းဇူ၏ မျက်ဝန်းများမှာလည်း ကျဥ်းမြောင်းသွားခဲ့ရ၏။

ဖုန်မှုန့်များ အလုံးစုံ ရှင်းလင်း သွားပြီးနောက် ပျက်စီးနေခဲ့သော ကျောက်တုံးစင်မြင့်၏ အလယ်ဗဟိုနေရာမှာ အနည်းငယ်မျှ ပျက်စီးခြင်း မရှိသည်ကို လူတိုင်းမှ တွေ့ရှိခဲ့ကြရသည်။ ထိုပျက်စီး​ခြင်းမရှိသော အလယ်ဗဟို၌ ဇူယွမ်မှာ မျက်လုံးများကို မှိတ်ထားကာ မတ်တတ် ရပ်နေလျက်ရှိပြီး ရွှေဆည်းလည်းကြီးမှ ဇူယွမ်အား ကာကွယ်ထားခဲ့၏။ လူတိုင်းမှ ထိုမြင်ကွင်းအား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှု နေမိကြလေသည်။

မည်သူကမှ ဝမ့်လိန်၏ ပြင်းထန်လှသော တိုက်ခိုက်မှုအား ဇူယွမ်မှ ပြီးပြည့်စုံစွာ ခုခံထားနိုင်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

All Chapters