နေရာရရှိခြင်း
Vol. 29 Ch. 398
ကျောက်တုံးစင်မြင့် တစ်ခုလုံး၌ အက်ကွဲကြောင်းများဖြင့် မြင်မကောင်းအောင် ပျက်စီးနေလျက် ရှိသော်လည်း စင်မြင့်၏ အလယ်ဗဟိုနေရာမှာ အနည်းငယ်မျှပင် ပျက်စီးခြင်းမရှိဘဲ ဇူယွမ်မှာလည်း ထိုနေရာတွင် ခြစ်ရာတစ်ခုမျှ မရှိဘဲ ကောင်းမွန်စွာ ရပ်နေခဲ့သည်။
ကျောက်တုံးစင်မြင့် တဝိုက်တွင် စောင့်ကြည့်နေကြသော တပည့်များမှာ ဇူယွမ်အား မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ် ရလောက်အောင် အံ့အားသင့်သွားခဲ့ကြ၏။
“ဒါ ... ”
လီချင်းချန်နှင့် ကျောင်းဇူတို့သည်ပင် မမျှော်လင့်ထားသော မြင်ကွင်းကြောင့် အံ့သြသွားခဲ့ရပေသည်။
ပိုင်လီမှာ အနည်းငယ် တွေဝေသွားခဲ့ပြီးနောက် ရွှေဆည်းလည်းကြီးအား ကြည့်ကာ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ရေရွတ်လိုက်၏။
“ဇူယွမ်သုံးသွားတာ ဘာကျင့်စဥ်လဲ မသိဘူး။ ခုခံနိုင်စွမ်းက ကြောက်စရာပဲ”
ဝမ့်လိန်၏ ပြင်းထန်လှသော တိုက်ခိုက်မှုထံမှ ဇူယွမ်အား ကာကွယ် ပေးထားခဲ့သော ရွှေဆည်းလည်းကြီးကို သာမန်မျက်စိနှင့်ပင် မြင်နိုင်ပေသည်။
“ဒါက တော်တော်ကောင်းတဲ့ အကာအကွယ်ပဲ” ကျောင်းဇူမှ စကားဆိုလိုက်သည်။
“ဒါပေမဲ့ အကာအကွယ်ကို အသုံးပြုနိုင်တာနဲ့တော့ သူ့ရဲ့စွမ်းရည်ကို သက်သေ မပြနိုင်ဘူးလေ”
လီချင်းချန်၏ နှုတ်ခမ်းထက်တွင် လှောင်ပြောင်လိုသော အပြုံးတစ်ပွင့် ပေါ်လာကာ ကျောင်းဇူအားကြည့်၍ တုံ့ပြန်လိုက်သည်။
“ဂျူနီယာမောင်တော် ကျောင်းဇူက ဇူယွမ့်ကို ထပ်ပြီး စမ်းသပ်သင့်တယ်လို့ ပြောနေတာလား”
ကျောင်းဇူ၏ အမူအရာမှာ အေးခဲသွားခဲ့ရ၏။ ကျောင်းဇူနှင့် ဝမ့်လိန်တို့နှစ်ဦးမှာ အကြံအစည်ရှိစွာဖြင့် တိုက်ခိုက်မှု တစ်ကွက်အား ခုခံခြင်းစိန်ခေါ်မှုကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကြိုတင် ပြင်ဆင်ထားခဲ့သော တိုက်ပွဲမှာ မထင်မှတ်စရာကောင်းလောက်သော အလှည့်အပြောင်းများ ဖြစ်ပေါ်သွားခဲ့၏။ ယခုအချိန်မှ တိုက်ခိုက်မှု တစ်ကွက်က မလုံလောက်ဟုဆိုကာ စကားကို အမျိုးမျိုးပြောမည် ဆိုပါက မျက်နှာ ပျက်လောက်အောင် အရှက်ရစရာ ဖြစ်သွားပေလိမ့်မည်။
အံ့အားသင့်နေကြသော အကြည့်များအောက်၌ပင် ဇူယွမ်အား ရစ်ခွေထားသော ရွှေဆည်းလည်းကြီးမှာ ရွှေရောင်အခိုးအငွေ့ စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ဇူယွမ်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် စီးဆင်းသွားခဲ့သည်။
“ဒီခုခံရေးစနစ်က တကယ်ကောင်းတာပဲ”
ဇူယွမ်၏ မျက်နှာပေါ်၌ ပျော်ရွှင်မှု အရိပ်အယောင်များ ယှက်သန်းနေ၏။ ဇူယွမ်မှာ အသစ်ရရှိလာသော ခုခံရေးစနစ်အား စမ်းသပ်ကြည့်နိုင်ရန်သာ မျှော်လင့်ထားခဲ့ပြီး ဤမျှလောက် ကောင်းမွန်လိမ့်မည်ဟု မမျှော်မှန်းမိခဲ့ပေ။
ဇူယွမ်လက်ရှိ အသုံးပြုခဲ့သော ခုခံရေးစနစ်များ အားလုံးထဲတွင် ဤကြီးမြတ်သော ရွှေဆည်းလည်းမှာ အကောင်းမွန်ဆုံးပင် ဖြစ်သည်။ သို့သော် ဤနည်းလမ်းသည် ခုခံခြင်းအတွက်သာ အသုံးဝင်ပြီး နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်ရန် အချိန်ကာလတစ်ခုမျှ စောင့်ဆိုင်းရမည် ဖြစ်၏။
ဇူယွမ်မှာ အံ့အားသင့်ကာ ဆွံ့အနေသော ဝမ့်လိန်အားကြည့်၍ တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။
“ကျွန်တော့်ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ အစ်ကိုတော် ဝမ့်လိန်”
ဝမ့်လိန်မှာ ဒေါသသွေးကြောင့် မျက်နှာပင် နီရဲလာခဲ့ပြီး အံကိုကြိတ်ကာ အော်ဟစ်လိုက်၏။
“မင်းရဲ့ အကာအကွယ်ကို မချိုးဖျက်နိုင်ဘူးလို့ ငါမယုံဘူး”
ဝုန်း ...
ဝမ့်လိန်၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ထပ်မံပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း လျှပ်စီးဓားသွား လက်ဝါးကို အသုံးပြုခဲ့ခြင်းကြောင့် ချီစွမ်းအင်များမှာ ယခင်ကထက် သိသာစွာပင် လျော့ပါးနေ၏။
ဇူယွမ်၏ မျက်ဝန်းများ၌ သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ဇူယွမ်မှာ ဝမ့်လိန်အား သည်းခံလိုစိတ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ တိုက်ခိုက်မှု တစ်ကွက်အား ခုခံခြင်းစိန်ခေါ်မှုမှာ ထောင်ချောက်တစ်ခု ဖြစ်ပြီး ဇူယွမ့်ထံ၌ ကြီးမြတ်သော ရွှေဆည်းလည်းသာ မရှိခဲ့ပါက လွန်စွာ ဆိုးရွားလှသော အခြေအနေ တစ်ခုသို့ပင် ရောက်ရှိသွားနိုင်သည်။
ထို့အပြင် ယခုအချိန်တွင်လည်း ဝမ့်လိန်မှ ရှုံးနိမ့်ခြင်းကို ဝန်ခံရန် ငြင်းဆန်ခဲ့၏။ ထို့အတွက် ဇူယွမ်မှာလည်း ဝမ့်လိန် တောင့်တနေသော တိုက်ပွဲအား ဖန်တီးပေးရန် အဆင့်သင့်ပင် ဖြစ်သည်။
“အဟမ့် ...”
ဇူယွမ်မှ ချီစွမ်းအင်များအား ပေါက်ကွဲ ထွက်ပေါ်စေတော့မည့် အချိန်၌ပင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထို့နောက် ကောင်းကင်ထက်တွင် ရှိနေသော ဝမ့်လိန်အနီး၌ အဖြူရောင် ချီစွမ်းအင်တစ်ခု ရစ်ဝဲလာကာ လေထုများကိုပင် အေးခဲ သွားစေခဲ့ပြီးနောက် ဝမ့်လိန်၏ ခန္ဓာကိုယ်မှတဆင့် အသွေးအသားများကိုပါ အေးစက်သွားစေခဲ့သည်။
ဝမ့်လိန်မှာ အရိုးများထိပါ အေးစက်မှုကို ခံစားနေရပြီး ကြောက်လန့် တကြားဖြင့် လှမ်းကြည့်လိုက်သော အခါတွင် ကျောက်တုံး လှေကားထက်တွင် ရှိနေသော လီချင်းချန်၏ လက်ဝါးထံ၌ အဖြူရောင် စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်ကို တွေ့ရှိလိုက်ရ၏။
“ဓားကပ်ဘေး တောင်ထွတ်က တပည့်တွေ အကုန်လုံးက ဒီလိုဆိုးရွားတဲ့ အရှုံးသမားတွေ ချည်းပဲလား” လီချင်းချန်မှ အေးစက်စွာ စကားဆိုလိုက်သည်။
ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များမှာ ရှက်စိတ်ကြောင့် မျက်နှာများပင် ရဲတွတ်သွားရ၏။ ကျောင်းဇူ၏ မျက်နှာ အမူအရာမှာလည်း ပျက်ယွင်းနေရသည်။ လီချင်းချန်း၏ စကားလုံးများမှာ သူ့အား ဆိုလိုခြင်းဖြစ်ကြောင်း နားလည်လိုက်၏။ ထို့နောက် ကျောင်းဇူမှာ အင်္ကျီလက်မောင်းအိုးအား ဝေ့ယမ်းကာ သက်တန့်အသွင် စွမ်းအင်လှိုင်းများကို ထုတ်ဖော်၍ အေးခဲမတက် ဖြစ်နေသော ဝမ့်လိန်အား ကူညီပေးလိုက်သည်။ ကျောင်းဇူမှ တိုးညင်းစွာ စကားဆိုလိုက်၏။
“ဝမ့်လိန် မင်းက ရှုံးနေပြီဆိုမှတော့ ဇူယွမ့်ကို ထပ်ပြီး အနှောင့်အယှက် ပေးမနေနဲ့တော့”
ဝမ့်လိန်မှာ အရှက်ရသောကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့ရသည်။ သူသည် ဇူယွမ်အပြင်းအထန် ရင်ဆိုင်ခဲ့ရသော ရှုယန်ထက် များစွာသန်မာသူ ဖြစ်သဖြင့် ဇူယွမ်အား လွယ်ကူစွာပင် အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်မိခဲ့၏။
သို့သော်လည်း ဇူယွမ်မှာ တစ်လပင် မရှိသေးသော အချိန်အတွင်း၌ များစွာ တိုးတက်လာခဲ့ပြီး ကောင်းမွန်လှသော ခုခံရေးစနစ်ကိုပါ တတ်မြောက်နေခဲ့သည်။ ထိုခုခံရေးစနစ်အား ရှုယန်နှင့် တိုက်ခိုက်ခဲ့စဥ်၌ ဇူယွမ်မှ အသုံးပြုခဲ့ဖူးခြင်း မရှိပေ။
ကျောက်တုံးစက်မြင့် ပတ်ဝန်းကျင်၌ စောင့်ကြည့်နေကြသော တပည့်များမှာ ဇူယွမ်အား လေးစားအားကျသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှု နေကြ၏။ ဇူယွမ်မှာ ယခုအချိန်၌ ရှုယန်ထက်ပင် များစွာပို၍ သန်မာနေခဲ့ပြီ ဖြစ်သည်။
ကျောက်တုံး လှေကားထက်တွင် ရှိနေသော လီချင်းချန်မှာ ကျောင်းဇူအားကြည့်၍ တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်၏။
“အခု ဇူယွမ်က ဝမ့်လိန်ရဲ့စိန်ခေါ်မှုကို နိုင်သွားပြီဆိုတော့ အရည်အချင်း ရှိတယ်လို့ လက်ခံပြီလား”
ကျောင်းဇူမှာ ခါးတွင် ချိတ်ဆွဲထားသော ဓားအိမ်အား ဆုပ်ကိုင်ထားကာ ပြန်၍ တုံ့ပြန်လိုက်သည်။
“စီနီယာအစ်မတော်လီက ဇူယွမ့်ကို အဖွဲ့ထဲ ထည့်ချင်တဲ့ ကိစ္စကို ကျွန်တော် မကန့်ကွက်တော့ပါဘူး။ ဒါပေမဲ့ အစ်မတော်ကို အကြံလေးတော့ ပေးပါရစေ။ သူ့ဆီမှာ ကောင်းမွန်တဲ့ အကာအကွယ်ရှိရုံနဲ့ အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ဘူးလို့ မပြောနိုင်ဘူး”
“ငါတို့ရဲ့တာဝန်က ဇူယွမ်ကြောင့် ကျရှုံးခဲ့ရရင် ငါကိုယ်တိုင် အပြစ်ဒဏ်ခံယူမှာပါ။ နင်စိုးရိမ်ပေးနေစရာ မလိုဘူး” လီချင်းချန်မှ အေးစက်စက် အသံဖြင့် ပြောလိုက်၏။ ထို့နောက် လီချင်းချန်မှ အရှေ့သို့ထွက်ကာ လူအုပ်ကြီးအားကြည့်၍ ကြေညာလိုက်သည်။
“ငါတို့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်အရ ဇူယွမ့်ကို ကောင်းကင်အဆင့် တာဝန်မှာ ပါဝင်ခွင့်ပြုလိုက်တယ်။ အဲဒါဆို ကန့်ကွက်ချင်တဲ့သူ ရှိလား”
ဇူယွမ်တို့၏ တိုက်ပွဲအား စောင့်ကြည့်နေခဲ့သူ အများစုမှာ သက်ဆိုင်ရာ တောင်ထွတ်များမှ ထူးချွန်သော ခရမ်းရောင်ခါးစည်း တပည့်ဖြစ်ပြီး ယနေ့တွင် ကောင်းကင်အဆင့် တာဝန် ပါဝင်မည့် ဇူယွမ့်နေရာအတွက် ငြင်းခုန်ခြင်းအား လာရောက် ကြည့်ရှုခဲ့ကြခြင်း ဖြစ်၏။
သို့သော် ဝမ့်လိန်နှင့် တိုက်ခိုက်မှုတွင် ဇူယွမ်မှာ သူ၏ အစွမ်းများအား ထုတ်ဖော်ပြသခဲ့ပြီး စောင့်ကြည့်နေခဲ့သော မည်သည့် တပည့်ကမှ ရွှေဆည်းလည်း အကာအကွယ်အား ချိုးဖျက်နိုင်မည်ဟု ယုံကြည်ချက် မရှိကြပေ။
ယခုအချိန်၌ ဇူယွမ်မှာ ရှုယန်နှင့် ပြန်လည် တိုက်ခိုက်ရမည် ဆိုလျှင်ပင် လွယ်ကူစွာ အနိုင်ရရှိ နိုင်လောက်အောင် သန်မာနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် လီချင်းချန်မှလည်း ဇူယွမ်အား ထောက်ခံ ပေးထားသောကြောင့် ကောင်းကင်အဆင့် တာဝန်အား လုပ်ဆောင်ရန် ဇူယွမ်အား မည်သူကမှ မကန့်ကွက်ရဲတော့ချေ။ တပည့်များမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်း ချလိုက်ကြ၏။ မည်သူကမှ လီချင်းချန်၏ စကားအား မကန့်ကွက်ခဲ့ကြပေ။ လီချင်းချန်မှ ခေါင်းညိတ်ကာ စကားဆက်လိုက်သည်။
“ကန့်ကွက်မဲ့သူ မရှိဘူးဆိုတော့ ကောင်းကင်အဆင့် တာဝန်ကို လုပ်ဆောင်ဖို့အတွက် အဖွဲ့ဝင်တွေ အားလုံးကို သတ်မှတ်ပြီးသွားပြီ ဆိုတာ မကြာခင် ကြေညာတော့မှာပါ”
ကျောင်းဇူတို့ အုပ်စုမှာ စိတ်ညစ်သွားဟန်ဖြင့် လျင်မြန်စွာ ထွက်ခွာသွားကြ၏။ လီချင်းချန်မှာ ကျောင်းဇူတို့အား ဂရုပင်မစိုက်ဘဲ ဇူယွမ့်ထံသို့သွားကာ ချီးကျူးလိုက်သည်။
“ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ နင်က ငါ့ကို စိတ်မပျက်စေခဲ့ဘူး”
လီချင်းချန်၏ ဘေးမှ လိုက်ပါလာသော ပိုင်လီမှာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းဖြင့် အံကိုကြိတ်ကာ မေးလိုက်၏။
“ဇူယွမ် နင့်ရဲ့အကာအကွယ်က အရမ်းကောင်းတာပဲ။ ငါနည်းနည်းလောက် ထိုးကြည့်လို့ရမလား”
ဇူယွမ်မှာ မေးမြန်းလာသော မိန်းမငယ်အားကြည့်ကာ ပြုံးပြလိုက်သည်။ ပိုင်လီဟု ခေါ်သော ထိုမိန်းမငယ်လေးမှာ ပိန်သွယ်ကာ အားနည်းသည့်ဟန် ရှိသော်လည်း ဟုန်ယာတောင်ထွတ်မှ အလွန်ပင်ထူးချွန်သော ခရမ်းရောင်ခါးစည်း တပည့်တစ်ဦး ဖြစ်၏။ သူမထံမှ လက်သီး တစ်ချက်သည်ပင် ဝမ့်လိန်၏ တိုက်ခိုက်မှုထက် များစွာ ကြောက်မက်ဖွယ် ကောင်းနိုင်ပေသည်။
ထို့ကြောင့် ဇူယွမ်မှာ မည်သည့်စကားမှ ပြန်၍ဖြေကြားခြင်း မရှိဘဲ လီချင်းချန်အား အရိုအသေပြုကာ စကားဆိုလိုက်၏။
“ကျွန်တော့်ကို ကူညီပေးခဲ့တာတွေ အတွက် ကျေးဇူး အများကြီးတင်ပါတယ် စီနီယာ အစ်မတော်”
လီချင်းချန်၏ ကူညီမှုသာ မပါဝင်ခဲ့ပါက ဇူယွမ်မှာ ကောင်းကင်အဆင့် တာဝန်အား လုပ်ဆောင်နိုင်ရန် စိတ်ပင်ကူး၍ ရမည်မဟုတ်ပေ။
လီချင်းချန်မှာ လက်အားဝေ့ယမ်းပြကာ ဇူယွမ့်အားကြည့်၍ တုံ့ပြန်လိုက်သည်။
“ငါတို့ မနက်ဖြန်ပဲ မဟူရာမီးတောက်စုကို သွားကြရမှာ။ အဲဒါကြောင့် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်”
“ပြီးတော့ နင့်ရဲ့ ကာကွယ်ရေးစနစ်က ကောင်းနေတာနဲ့ပဲ ဘဝင်မြင့် မနေနဲ့ဦး။ ဒီတာဝန်မှာ နင့်ဆီက ဘာမှ မမျှော်မှန်းထားဘူး ဆိုပေမဲ့ အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် နေဖို့တော့ မျှော်လင့်တယ်”
ဇူယွမ်အား မှာကြားပြီးသည်နှင့် တကွ လီချင်းချန်မှာ နက်မှောင်သော ဆံနွယ်များကို ခါယမ်းကာ တစ်ဖက်သို့ လှည့်၍ ထွက်ခွာသွား၏။ ဇူယွမ်မှာ လီချင်းချန်၏ ဆွဲဆောင်မှုရှိသော ပုံရိပ်အား ကြည့်ကာ ရေရွတ်လိုက်မိသည်။
“စီနီယာ အစ်မတော်က တကယ်ကို အေးစက်စက်နိုင်တဲ့ သူပဲ”
ဇူယွမ်မှာ ခပ်ဖွဖွရီ မောလိုက်ပြီးနောက် မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ယှက်သန်းလာခဲ့၏။
“ကောင်းကင်အဆင့် တာဝန် ... နောက်ဆုံးတော့ လုပ်ဆောင် ရတော့မှာပေါ့”