← Chapters

ထွက်ခွာခြင်း

Vol. 29 Ch. 399

ထွက်ခွာခြင်း

Vol. 29 Ch. 399

နောက်တစ်နေ့၌

ဂူနန်း၏ အပြင်ဖက်တွင် ဇူယွမ်မှာ သပ်ရပ်စွာ ဝတ်ဆင်ထားကာ ထွက်ခွာရန် အသင့်ဖြစ်နေလေသည်။ ယောင်ယောင်မှာ ထန်ထန့်အား ပွေ့ချီထားရင်းဖြင့် စကားဆိုလိုက်၏။

“တကယ်တော့ ငါက ထန်ထန့်ကို နင်နဲ့အတူ ထည့်ပေးလိုက်ချင်တာ။ ဒါပေမဲ့ ထန်ထန်က နဂါးဒေါသအဆိပ်ကို နှိမ်နင်းဖို့အတွက် သွေးအဆီအနှစ်တွေ အများကြီး ဆုံးရှုံးခဲ့ရလို့ အခုထိပြန်ပြီး နာလန်မထူနိုင်သေးဘူး”

“အဲဒါကြောင့် ဒီခရီးကို နင်တစ်ယောက်တည်း သွားရတော့မယ်”

ယောင်ယောင်၏ ရင်ခွင်ထဲတွင် ရှိနေသော ထန်ထန်မှာ နဂါးဒေါသ အဆိပ်ဆိုသည့် စကားလုံးအား ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဇူယွမ်အား မကျေနပ်သော မျက်ဝန်းများဖြင့် ကြည့်​နေလေတော့သည်။ ဇူယွမ်၏ နဂါးဒေါသ အဆိပ်အား ဖိနှိပ်ပေးနိုင်ရန် ထန်ထန်မှာ သွေးအဆီအနှစ်များ ဆုံးရှုံးခဲ့ရကာ များစွာ ထိခိုက်ခဲ့ရ၏။

ဇူယွမ်မှာ မကျေမနပ်ဖြင့် ကြည့်နေသော ထန်ထန်အား ဂရုပင်မစိုက်ဘဲ ပြုံး၍ တုံ့ပြန်လိုက်သည်။

“မစိုးရိမ်ပါနဲ့ … ခရီးတွေ အများကြီး သွားခဲ့ဖူးလို့ အတွေ့အကြုံ ရှိပါတယ်”

ယောင်ယောင်၏နီဆွေးသော နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားသဖြင့် ဇူယွမ်မှာ အတွေ့အကြုံ များသော်လည်း သူမ စိတ်မချသေးကြောင်း ထင်ရှားနေ၏။

“နင့်ခန္ဓာကိုယ်ထဲက နဂါးဒေါသအဆိပ် ထကြွလာတာ သိပ်မကြာသေးဘူး။ အဲဒါကြောင့် ခရီးသွားတဲ့အခါကြရင် သေချာဂရုစိုက်။ အဆိပ်ထကြွလာမဲ့ အရာတွေကို ရှောင်နော်”

ဇူယွမ်မှာ ယောင်ယောင်၏စကားများအား လေးနက်စွာ နားထောင်၍ ခေါင်းညိတ် ပြလိုက်သည်။ နဂါးဒေါသအဆိပ် ထကြွလာခဲ့ပါက ဖြစ်လာမည့် အကျိုးဆက်များအား ဇူယွမ်မှ ရှင်းလင်းစွာ နားလည်ထားသည့်အပြင် ဤခရီးလမ်းတွင် ယောင်ယောင် လိုက်ပါလာခြင်း မရှိသည့်အတွက် အဆိပ်သာ ထပ်မံထကြွလာခဲ့ပါက အသက်ကိုပင် ဆုံးရှုံးရနိုင်၏။

ကံကောင်း ထောက်မစွာဖြင့် ဇူယွမ်မှာ မူလစဦး စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး နောက်တွင် များစွာ သန်မာလာခဲ့သောကြောင့် ကိုယ့်ဘာသာ ပို၍ ကာကွယ်နိုင်တော့မည် ဖြစ်သည်။

“ပြီးတော့ ...  ”

ယောင်ယောင်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဇူယွမ်အားကြည့်၍ စကားဆက်လိုက်၏။

“နင် ကောင်းကင်အဆင့် တာဝန်မှာ ပါခွင့်ရဖို့ ငါသိက္ခာအကျခံပြီး လီချင်းချန်ဆီမှာ တောင်းဆို ပေးထားရတာနော်။ ငါ့ကို အရှက်ရအောင် မလုပ်နဲ့”

“အဲလိုမှ မဟုတ်လို့ကတော့ ...  ... ”

ယောင်ယောင်မှာ စကားဆုံးသည်ထိ ဆက်၍ မပြောသော်လည်း ဇူယွမ်အား ခြိမ်းခြောက်နေသည်မှာ ထင်ရှားပေသည်။ ဇူယွမ်မှာ တုန်လှုပ်နေဟန်ဖြင့် ခေါင်းညိတ်ကာ အားယူ၍ ပြုံးပြလိုက်၏။

ယောင်ယောင်မှ ဆက်၍ပြောလိုက်သည်။

“အဲဒါဆိုရင် သွားတော့လေ။ ကြီးမြတ်သော နဂါးရဲ့ဖိနှိပ်ခြင်း မှော်စာလုံးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ငါရှာကြည့်ထားပေးမယ်။ နင်လည်း ခရီးသွားရင်း အပြင်မှာ ရှာလို့ရရင် ယူလာခဲ့ပေါ့”

ကြီးမြတ်သောနဂါး၏ ဖိနှိပ်ခြင်း မှော်စာလုံးမှာ​ နဂါးဒေါသအဆိပ်အား နှိမ်နှင်းထားနိုင်ရုံသာမက ၎င်း၏ စွမ်းအင်များကိုပါ ရယူသုံးစွဲ​စေနိုင်၏။ သို့သော် မှော်စာလုံးအား ရေးဆွဲနိုင်ရန် လိုအပ်သော အရင်းအမြစ်များမှာ လွန်စွာရှားပါးပြီး စုဆောင်းနိုင်ရန် ခက်ခဲလှပေသည်။

ယောင်ယောင်၏ စကားအား ကြားလိုက်ရသောအခါ ဇူယွမ်မှာ နွေးထွေးသွားသလို ခံစားမိ၏။ ယောင်ယောင်မှာ အခြားသူများနှင့် ခပ်ခွာခွာသာ နေလေ့ရှိသော်လည်း ဇူယွမ်နှင့် နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ပြီးနောက်တွင် ဖြည်းညင်းစွာဖြင့် ပို၍ရင်းနှီးလာခဲ့သည်။

ဇူယွမ်မှ ယောင်ယောင်၏လှပဖူးငုံနေသော မျက်နှာလေးအား ကြည့်ကာပြောလိုက်သည်။

“စိတ်ချပါ အစ်မကြီးယောင်ယောင် ကျွန်တော် စွမ်းအားကြီးလာပြီ ဆိုတာနဲ့ အမကြီးနဲ့အတူ ဆရာသခင်ကန်းယွမ်ကို ရှာဖွေမှာပါ။ ပြီးတော့ အမကြီးကို ထိခိုက်လာတဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်ခွင့်လွှတ်မှာ မဟုတ်ဘူး”

ယောင်ယောင်မှာ အံ့အားသင့်သွားကာ သူမ၏မျက်ဝန်းထဲမှ အလေးမထားတတ်သော အရိပ်အယောင်တို့ အနည်းငယ် ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် လျင်မြန်စွာပင် မျက်မှောင်ကြုတ်ကာ တုံ့ပြန်လိုက်သည်။

“နင်ကငါ့ကို ဘယ်လိုလို့ ကာကွယ် ပေးနိုင်ဦးမှာလဲ။ နင်ရှေ့ဆက်လျှောက်ရမဲ့ လမ်းက အများကြီး ကျန်သေးတယ်”

ဇူယွမ်မှာ ရှက်ရွံ့သောကြောင့် မျက်နှာပင် နီမြန်းလာရကာ ပြန်၍​ပြောလိုက်၏။

“ကျွန်တော် တိုးတက်လာဖို့ အချိန်နည်းနည်းတော့ လိုဦးမှာပေါ့ အစ်မကြီးကလည်း”

ယောင်ယောင်၏ နီထွေးသော နှုတ်ခမ်းအစုံမှာ အနည်းငယ်မျှ ပြုံးယောင် သမ်းသွားပြီး ဇူယွမ်အားကြည့်၍ စကားဆိုလိုက်သည်။

“နင် ဝူအင်ပါယာ အရှင်နဲ့လည်း ရင်ဆိုင်ဖို့ ရှိသေးတယ်နော်”

ဇူယွမ်မှာ ဒေါသထွက်လာဟန်ဖြင့် တုံ့ပြန်လိုက်၏။

“ကျွန်တော့်ကိုသာ စောင့်ကြည့်နေလိုက်”

ဇူယွမ်မှာ တစ်ဖက်သို့လှည့်၍ ထွက်ခွာတော့မည့်ဟန် ပြင်ပြီးမှ ယောင်ယောင့်အား လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ပေးထားတဲ့ ကတိကို တည်နိုင်အောင် ကြိုးစားမှာပါ”

ထို့နောက် ဇူယွမ်မှာ မြေပြင်အား ဆောင့်နင်းချလိုက်ပြီး ချီတိမ်တိုက်တစ်ခု ဖန်တီးကာ ကောင်းကင်ထက်သို့ ပျံသန်းသွားလေတော့၏။

လွန်ခဲ့သော အတိတ်ကာလ၌ ဇူအင်ပါယာ၏ မြင့်မြတ်သော ရှေးဟောင်း နယ်မြေထဲတွင် ကန်းယွမ်နှင့် ယောင်ယောင်တို့အား တွေ့ရှိခဲ့ရပြီး ကန်းယွမ်မှ ဇူယွမ်အား ယောင်ယောင့်ကို စောင့်ရှောက်ပေးပါရန် တောင်းဆိုထားခဲ့သည်။

သို့သော်လည်း ပြီးခဲ့သော နှစ်များအတွင်း ယောင်ယောင်ကသာ သူ့ကို ကာကွယ် စောင့်ရှောက်ခဲ့ရ၏။

ဇူယွမ်၏ဘေးတွင် ယောင်ယောင်သာ ရှိမနေခဲ့ပါက ယနေ့တွင် ဒီနေရာထိ ရောက်ရှိနိုင်မည်လားပင် မသေချာပါချေ။ ထို့ကြောင့် ဇူယွမ်မှာ ယောင်ယောင်အား နှလုံးသားထဲမှပင် နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိပေသည်။

ဇူယွမ်မှာ ယောင်ယောင့်ထံ၌ ကျေးဇူးကြွေးများစွာ တင်နေခဲ့ရပြီး ယခုအချိန်ထိ ပြန်လည် ပေးဆပ်နိုင်သော အင်အားမရှိသေးပေ။

မည်သို့ပင် ဆိုစေကာမူ အနာဂတ်၌ ဇူယွမ်ပို၍ သန်မာလာပြီး လုံလောက်သော အနေအထားသို့ ရောက်ရှိအောင် ကြိုးစား၍ ယောင်ယောင်အား အမြဲတစေ ကာကွယ်ပေးသွားမည်ပင် ဖြစ်၏။

ဂူနန်းဝ၌ ထန်ထန့်အားပွေ့ပိုက်ကာ မတ်တတ်ရပ်လျက် ရှိနေသော ယောင်ယောင်၏ ဆံနွယ်များမှာ လေယူရာသို့ ယိမ်းနွဲ့နေကြလေသည်။ မနက်ခင်းကောင်းကင် နေမင်း၏ ရောင်ခြည်ဖြာမှု အောက်တွင် ယောင်ယောင်၏ ခန္ဓာကိုယ် ကောက်ကြောင်းများမှာ ထင်ရှားစွာ ပေါ်လွင်နေကာ နတ်ဘုရားမလေးအလား တင့်တယ်လှပနေ၏။ ယောင်ယောင်မှာ ထွက်ခွာသွားသော ဇူယွမ်၏ပုံရိပ်အား ငေးကြည့်နေရင်းဖြင့် ခပ်ဖွဖွ ပြုံးလိုက်မိသည်။

ထိုလူငယ်လေး ဖြတ်သန်းလာခဲ့ရသော ဘဝခရီးစဥ်တိုင်းတွင် သူမရှိနေခဲ့၏။ တစ်ချိန်က အားနည်းခဲ့သော ဤကောင်လေးမှာ ကြီးမြတ်သော ဇူအင်ပါယာမှ ထွက်လာခဲ့ပြီး ယခုဆိုလျှင် ကန်ရွှမ်း ကောင်းကင်ဒေသ၏ အရေးပါသော ကလန်ကြီးတစ်ခု၌ပင် နေရာတစ်ခု ရရှိနေခဲ့ပြီ ဖြစ်သည်။

ဤဇူယွမ်ဆိုသော ကောင်လေးမှာ ထူးခြားသည့် လူငယ်လေး ဖြစ်ကြောင်း သူမသိရှိထား၏။ ထိုသို့မဟုတ်လျှင် အဘိုးဟေးမှ တပည့်အဖြစ် ရွေးချယ် လက်ခံခဲ့မည် မဟုတ်ပေ။

အနာဂတ်၌ သေးငယ်သော အင်ပါယာတစ်ခုမှ လာခဲ့သည့် ထိုလူငယ်လေးမှာ လူတိုင်း လေးစားအားကျရမည့် အမြင့် တစ်နေရာထိပင် ရောက်ရှိသွားပေလိမ့်မည်။

သို့သော် ယောင်ယောင်မှာ တစ်စုံတစ်ခုကို ကြိုတင် ခန့်မှန်းနေမိသည့်အလား စိတ်ထင့်နေခဲ့၏။ ထိုအချိန်သို့ ရောက်လာမည့် အနာဂတ်၌ ဇူယွမ်နှင့် မပက်သတ်လိုသော စိတ်မျိုး ဖြစ်နေမိသည်။

...

ကန်ရွှမ်းကလန်၏ အပြင်ဖက်၌ ဇူယွမ်မှာ အဖွဲ့ထဲမှ အခြားသူကိုးဦး စောင့်ဆိုင်းနေသော တောင်ထွတ်ပေါ်သို့ ဆင်းသက်လိုက်၏။ အဖွဲ့အား ဦးဆောင်လျက်ရှိနေသော မိန်းမငယ်မှာ သတိပြုမိစရာ ကောင်းလောက်အောင် လှပနေပေသည်။ ထိုမိန်းမငယ်မှာ နာမည်ကြီး ရေခဲအလှဘုရင်မလေး လီချင်းချန်ပင် ဖြစ်၏။

ယနေ့တွင်လည်း လီချင်းချန်မှာ သပ်ရပ်သော အဖြူရောင်ဝတ်စုံကိုသာ ဆင်မြန်းထားခဲ့ပြီး အေးစက်လှသော အရှိန်အဝါများအား အဝေးမှပင် ခံစား၍ရနိုင်ပေသည်။ လီချင်းချန်၏ တည်ငြိမ်မှုမှာ ယောင်ယောင့်နှင့် အနည်းငယ် ကွာခြား၏။ ယောင်ယောင်မှာ မည်သူ့ကိုမှ အလေးမထားသော ဟန်ပန်ရှိပြီး လီချင်းချန်မှာမူ ပြဿနာများမှ ရှောင်ရှားချင်သည့်အတွက် ထိုသို့ တည်ငြိမ်နေဟန် ရှိသည်။

လီချင်းချန်၏ဘေးတွင် ရှိနေသော ကျောင်းဇူမှာ ထက်ရှလှသော အရှိန်အဝါများကို ထုတ်လွှတ်နေလျက်ရှိပြီး ဇူယွမ်အား တစ်ချက်မျှကြည့်ကာ မျက်နှာလွှဲသွား၏။

ကျောင်းဇူမှ မည်သည့်စကားမှ ဆိုမလာခဲ့ပါသော်လည်း ကျောင်း၏ အနောက်တွင် ရှိနေသော ချင်းဟိုင်မှ ဟန်လုပ်ပြုံး၍ စကားဆိုလာလေသည်။

“ဂျူနီယာညီတော်ဇူယွမ် မင်းက ဒီတာဝန်မှာ အသုံးမဝင်ဘူးဆိုတာ သိပေမဲ့ အခုလို စီနီယာ အစ်ကိုတော်၊ အစ်မတော်တွေကို စောင့်ခိုင်းထားတာတော့ နည်းနည်း မလွန်ဘူးလား”

အဖွဲ့ထဲ၌ ကျောင်းဇူအပါအဝင် ဓားကပ်ဘေးတောင်ထွတ်မှ လေးဦးပါဝင်ကာ ချင်းဟိုင်သည်လည်း ထိုထဲမှ တစ်ယောက် ဖြစ်၏။

ချင်းဟိုင်၏ ဘေးတွင်မူ ဓားကပ်ဘေး တောင်ထွတ်မှ မိန်းမငယ်တစ်ဦး ရှိနေလေသည်။ ထိုမိန်းမငယ်လေးမှာ အလွန်ပင် ချစ်စဖွယ် ကောင်းသော မျက်နှာရှိသော်လည်း မာနထောင်လွှားမည့်ဟန် ရှိ၏။ မိန်းမငယ်မှ ဇူယွမ့်အားကြည့်ကာ လေးနက်စွာပြုံး၍ ပြောလိုက်သည်။

“မနေ့ တိုက်ပွဲပြီးထဲက ဂျူနီယာမောင်တော် ဇူယွမ်မှာ အကာအကွယ် ကောင်းကောင်း ရှိတယ်ဆိုတာကို လူတိုင်း သိကြလောက်ပါပြီ။ သူက သူ့ကိုယ်သူတော့ ဘယ်လို ကာကွယ်ရမလဲ သိမှာပါ ... အဟက်”

ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များမှ ဇူယွမ်အား အလိုမကျ ဖြစ်နေသည်မှာ ထင်ရှားလှပြီး စကားတိုင်းတွင် ကဲ့ရဲ့ရှုတ်ချလိုသော စကားလုံးများ ပါဝင်နေ၏။

ကျောင်းဇူမှာ ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များကို တားဆီးခြင်း မရှိသည့်အပြင် ထိုစကားများအား မကြားသည့်အလား တည်ငြိမ်နေခဲ့သည်။

ဇူယွမ်မှာ မျက်မှောင်ကြုတ်လျက် ပြန်၍ တုံ့ပြန်တော့မည့် အချိန်မှာပင် လီချင်းချန်မှ ဓားကပ်ဘေး တောင်ထွတ်အုပ်စုအား အေးစက်စက်ဖြင့် ကြည့်ကာ စကားဆိုလိုက်၏။

“ငါတို့က တာဝန်ကို အတူတကွ လုပ်ဆောင်ရမဲ့ အဖွဲ့သားတွေပဲ။ အဲဒါကို အဖွဲ့သား အချင်းချင်း အလေးမထားသလို လုပ်လာရင် ငါ့ကို ညှာတာမှု မရှိဘူးဆိုပြီး အပြစ်မတင်ကြနဲ့”

လီချင်းချန်၏ စကားအား ကြားလိုက်ရသောအခါ ချင်းဟိုင်နှင့် အခြားတပည့်များမှာ ရှက်ရွံ့တုန်လှုပ်စွာဖြင့် ပါးစပ် ပိတ်သွားကြတော့သည်။

လီချင်းချန်မှာ အင်္ကျီလက်မောင်းအိုးအား ဝေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် လက်ဝါးထက်၌ အလင်းရောင်တစ်ခု တောက်ပလာခဲ့ပြီး အသက်ရှူစာ အနည်းငယ်မျှ အချိန်အတွင်း၌ပင် ပေရာကျော်မျှရှိသော ရွက်လှေတစ်စင်း အ​ဖြစ်သို့ ပြောင်းလဲသွား၏။

ရွက်လှေပေါ်၌ များစွာသော မူလမှော်စာလုံးများ ခပ်မှိန်မှိန် လင်းလက်နေကာ ရိုးရှင်း ချောမွတ်နေသော လှေကိုယ်ထည်အား အလှဆင်ထားသယောင် ဖြစ်နေလေသည်။

“မဟူရာမီးတောက် စီရင်စုက ငါတို့ကန်ရွှမ်းကလန်နဲ့ အတော်လေး ဝေးတယ်။ အဲဒါကြောင့် ငါတို့ ဒီမူလ အသုံးအဆောင်နဲ့ ပျံသန်းသွားဖို့ လိုအပ်တယ်။ ဒီမိုးမခနွယ် ရွက်လှေနဲ့ဆိုရင် ဆယ်ရက် အတွင်းတော့ စီရင်စုဆီကို ရောက်လိမ့်မယ်”

“လူတိုင်း လှေပေါ်ကို တက်ကြတော့”

လီချင်းချန်းမှ ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ပိုင်လီနှင့် အခြားသူများမှာ လှေပေါ်သို့ လျင်မြန်စွာ တက်သွားခဲ့ကြသည်။ ကျောင်းဇူမှာလည်း ဇူယွမ်အား တစ်ချက်မျှ ကြည့်ပြီးနောက်တွင် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား လှေပေါ်သို့ တက်​စေလိုက်တော့၏။

လီချင်းချန်မှာ ဇူယွမ့်ဆီသို့ လျှောက်လှမ်းလာကာ သတိပေးလိုက်သည်။

“ခရီးတလျှောက်လုံး တက်နိုင်သမျှ စကားနည်းအောင်နေပါ။ တာဝန် လုပ်ဆောင်တဲ့အချိန် အင်အားကြီးတဲ့ ရန်သူတွေနဲ့ တွေ့ရင် ငါ့ကိုလွှဲပေးပါ”

ဇူယွမ်၏ ကာကွယ်ရေး စနစ်မှာ ကောင်းမွန်ပါသော်လည်း လီချင်းချန်၏ အမြင်တွင်မူ ပြန်လည် တုံ့ပြန်ခြင်းနည်းစနစ် တစ်ခုမျှသာရှိပြီး တာဝန်လုပ်ဆောင်ချိန်၌ ကိုယ့်ကိုယ်ကို ကာကွယ်ရုံမျှလွဲ၍ အသုံးမဝင်ဟု သတ်မှတ်ထားခဲ့၏။

လီချင်းချန်မှာ ဇူယွမ်အား သတိပေးပြီးသည့်နောက်တွင် ရွက်လှေဆီသို့ ပျံသန်းသွားလိုက်သည်။ ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်လိုက်မိ၏။ ယမန်နေ့က ဇူယွမ်ပြသခဲ့သော စွမ်းအင်မှာ လုံလောက်မှုရှိပုံ မရပေ။ ထိုသို့ဖြစ်နေရသည်မှာ ဝမ့်လိန်ကြောင့်ပင် ဖြစ်သည်။ အဘယ့်ကြောင့် နှစ်ဦးချင်း တိုက်ခိုက်ရန် စိန်ခေါ်ခြင်းမပြုဘဲ တိုက်ခိုက်မှု တစ်ကွက်အား ခုခံရန်သာ စိန်ခေါ်ရပါသနည်း။

သူရဲဘော ကြောင်တဲ့ကောင် ... ..!

ဇူယွမ်မှာ တီတိုး ကျိန်ဆဲလိုက်ပြီးနောက် ရွက်လှေပေါ်သို့တက်ကာ နေရာတစ်ခု၌ ထိုင်ချလိုက်တော့၏။

ထို့နောက် ချီစွမ်းအင်များမှ ရွက်လှေအား လွှမ်းခြုံသွားခဲ့ပြီး ချက်ချင် းဆိုသလိုပင် ရွက်လှေမှာ သက်တံ့အသွင်သို့ ပြောင်းလဲသွားကာ မိုးကုပ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ် သွားခဲ့သည်။

All Chapters