← Chapters

ယောင်ယောင်၏ခရီးစဥ်

Vol. 29 Ch. 400

ယောင်ယောင်၏ခရီးစဥ်

Vol. 29 Ch. 400

နန်းအတွင်း၌ …

ယောင်ယောင်မှာ အစိမ်းရောင်ဝတ်စုံကို ဆင်မြန်းထားလျက်ရှိပြီး ဆံနွယ်များကို စုချည်ထားကာ ဥယျာအတွင်း စိုက်ပျိုးထားသော အပင်ငယ်များအား ဂရုစိုက်နေပေသည်။ အချိန်အတန်ကြာပြီးနောက်တွင် ယောင်ယောင်မှာ ဆံစနားရှိ ချွေးစက်များကို ခါထုတ်လိုက်ပြီးနောက် မတ်တတ် ထရပ်လိုက်၏။

ယောင်ယောင် အလုပ်ရှုပ်နေစဥ်အတွင်း ထန်ထန်မှာ ဥယျာဥ်အပြင်ဖက်၌ ပျင်းရိစွာ လဲလျောင်းနေခဲ့သည်။

ဇူယွမ် ထွက်ခွာသွားပြီးသည့် အချိန်မှစ၍ ဂူနန်းတစ်ခုလုံးမှာ ခြောက်ကပ်ကပ်ဖြင့် တိတ်ဆိတ်သွားခဲ့ရ၏။

ယောင်ယောင်မှာ တစ်စုံတစ်ခု လစ်ဟာနေသည့် ဂူနန်းအတွင်းသို့ ငေးမောကြည့်ရှု လိုက်မိသည်။ ဤအချိန် ဇူယွမ်မှာ မဟူရာမီးတောက် စီရင်စုအား သွားရောက်နေဆဲပင် ဖြစ်ပေလိမ့်မည်။

ယောင်ယောင်မှာ ခေတ္တမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် ဥယျာဥ်အတွင်းမှထွက်ကာ ထန်ထန့်အားပွေ့ချီ၍ မစ်ရှင်ခန်းမဆီသို့ ထွက်လာခဲ့လိုက်၏။

ဇူယွမ် ထွက်ခွာသွားပြီးသည့် အချိန်မှစ၍ ယောင်ယောင်မှာ မစ်ရှင်ခန်းမသို့ ရံဖန်ရံခါ လာရောက်လေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် မစ်ရှင်များမှတဆင့် ဇူယွမ်အတွက် ရေးဆွဲပေးရန် လိုအပ်သော ကြီးမြတ်သောနဂါး၏ ဖိနှိပ်ခြင်း မှော်စာလုံးအတွက် မူလ အရင်းအမြစ်များကို ရှာဖွေနိုင်သောကြောင့် ဖြစ်၏။ တောင်ထွတ်ပေါ်ရှိ မစ်ရှင်ခန်းမကြီးမှာ တပည့်များစွာနှင့် စည်ကားနေလျက်ရှိသည်။

မစ်ရှင်ခန်းမထဲသို့ ယောင်ယောင် ဝင်ရောက်လာသည်နှင့် တကွ များစွာသော တပည့်များမှာ သူမထံမှ အကြည့်တစ်ချက်မျှ ရရှိနိုင်ရန် မျှော်လင့်နေကြသည်ကို ခံစားလိုက်ရ၏။ ယောင်ယောင်မှာ အလှအပရော အရည်အချင်းရောကြောင့် ကန်ရွှမ်းကလန်ထဲ၌ အလွန်ပင် ကျော်ကြားနေသူတစ်ဦး ဖြစ်သည်။ ယောင်ယောင် အတွင်းတောင်သို့ ရောက်ရှိလာသည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း ကလန်၏ နံပါတ်တစ် အလှဘုရင်မ လီချင်းချန်းနီးနီးပင် လူသိများနေပြီ ဖြစ်၏။

ယောင်ယောင်များမှာ ထိုအကြည့်များအား လျစ်လျူရှု လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့်ပင် ခန်းမအလယ်ရှိ ဧရာမ မူလမှန်ချပ်ကြီးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ မှန်ချပ်ကြီးထဲတွင် အချိန်နှင့်အမျှ စာလိပ်အရောင် အမျိုးမျိုး ပြောင်းလဲ ထွက်ပေါ်နေ၏။ ထိုအရာများမှာ အသစ်ထွက်ပေါ်လာသော တာဝန်များနှင့် မစ်ရှင်များပင် ဖြစ်သည်။

ကန်ရွှမ်းကလန်ထဲ၌ တာဝန်များကို ကောင်းကင်၊ မြေကြီးနှင့် လူသားဟူ၍ အဆင့်သုံးမျိုး ခွဲခြားထား၏။ ကောင်းကင်အဆင့် တာဝန်အား ရွှေရောင် အမှတ်အသားဖြင့် မှတ်သားလေ့ရှိပြီး တာဝန်သုံးမျိုးထဲတွင် အရှားပါးဆုံး ဖြစ်သည်။

မြေကြီးအဆင့်တာဝန်အား ငွေရောင်ဖြင့် မှတ်သားထားကာ လူသားအဆင့် တာဝန်အား အစိမ်းရောင်ဖြင့် အသီးသီး ခွဲခြားမှတ်သားထား၏။

မှန်ချပ်ထဲ၌ အများဆုံး ပေါ်လာလေ့ရှိသော စာလိပ်များမှာ အစိမ်းရောင်သာဖြစ်ပြီး ရံဖန်ရံခါမှသာ ငွေရောင်စာလိပ်များ ပေါ်ပေါက်လာလေ့ရှိသည်။ ထို့ကြောင့် မြေကြီးအဆင့် တာဝန် ပေါ်ပေါက်လာသည့် အခါတိုင်းတွင် တပည့်များမှ အလုအယက် ရယူကြရလေ့ ရှိ၏။

ယောင်ယောင်မှာ မည်သည့်တာဝန်ကိုမှ လက်ခံရယူခြင်း မရှိဘဲ စာလိပ်ပေါ်၌ ရေးသားထားသော မစ်ရှင်နှင့် ဆုလာဒ်တို့၏ အချက်အလက်များကိုသာ ဖတ်ရှုနေခဲ့သည်။

ယောင်ယောင်မှာ အချိန်အတန် ကြာသည်အထိ စာလိပ်များအား ကြည့်ရှုနေခဲ့ပြီးနောက် ခေါင်းအား ခါယမ်းလိုက်တော့၏။ ယနေ့တွင်လည်း အသုံးဝင်မည့် ဆုလာဒ်တစ်ခုမှ ရှာ၍မတွေ့ခဲ့ပေ။

ဝုန်း ...

ယောင်ယောင်မှ လှည့်ပြန်သွားရန် ကြံရွယ်နေစဥ်မှာပင် ခန်းမထဲ၌ ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရပေသည်။ ခန်းမထဲတွင်ရှိနေသော တပည့်များမှာလည်း မှန်ချပ်ကြီးအား အလျင်အမြန် ကြည့်ရှု လိုက်ကြပြီးနောက် ချက်ချင်းဆိုသလို တီတိုးဆွေးနွေးသံများ ထွက်ပေါ်လာခဲ့၏။

ယောင်ယောင်မှာ တစ်ဖက်သို့လှည့်၍ မှန်ချပ်ကြီးအား ကြည့်ရှု လိုက်သော အခါတွင် ရွှေလိပ်စာလိပ် တစ်ခုအား တွေ့ရှိလိုက်ရသည်။

“ကောင်းကင်အဆင့် တာဝန် ...”

ယောင်ယောင်မှာ အလွန်ပင် အံ့အားသင့်သွားခဲ့ရ၏။ ဇူယွမ်တို့ ထွက်ခွာ သွားသည်မှာပင် မကြာသေးသောကြောင့် ဤမျှလောက် အချိန်တိုလေးအတွင်း ကောင်းကင်အဆင့် တာဝန်တစ်ခု ပေါ်ပေါက်လာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ယောင်ယောင်မှ စာလိပ်အား အနီးကပ်ဖတ်ရှုရန် ​ဆုံးဖြတ်လိုက်သည်။

“ကလန်အား နောက်ဆုံးရရှိထားသော သတင်း အချက်အလက်များ တင်ပြခြင်း။ ရှန်ဇူတိုက်ကြီး၏ အနောက်အရပ်တွင် ရှေးဟောင်း အပျက်အစီးများကို တွေ့ရှိခဲ့ရ၏။ ထို့ကြောင့် ကလန်မှ အကူအညီ ပေးပါရန် အထူး တောင်းဆိုပါသည်”

“တာဝန်အတွက် လူနှစ်ဦး လိုအပ်ပြီး ရွေးချယ်ခံအဆင့် ဖြစ်ရမည်”

“မှတ်ချက်။ ရှေးဟောင်း အပျက်အစီးများကြား၌ ထူးဆန်းသော အပင်ငယ်တစ်ခု၏ ဖိနှိပ်ခြင်းခံထားရသော နဂါးမျိုးနွယ်ဝင်ဟု ယူဆရသည့် မူလသားရဲ တစ်ကောင်၏ အရိုးစုအား တွေ့ရှိခဲ့ရပါသည်”

“ဝိုး ...  ... ကောင်းကင်အဆင့် တာဝန် ပေါ်လာတာ မယုံနိုင်စရာပဲ”

“ဒါပေမဲ့ ဘာမှ မထူးဘူးလေ။ ရွေးချယ်ခံအဆင့်မှ ဒီတာဝန်ကို လက်ခံလို့ရမှာတဲ့။ ဘယ်လောက်တောင် ခက်တဲ့ တာဝန်မို့လို့လဲ မသိဘူး”

“ကောင်းကင်အဆင့် တာဝန်ဆိုမှတော့ ခက်ပြီပေါ့ကွ”

ယောင်ယောင်မှာ ဆွေးနွေးသံများကို လျစ်လျူရှုထားလျက် စာလိပ်၏ နောက်ဆုံးစာကြောင်းအား ပြန်လည် ဖတ်ရှုလိုက်၏။

“ထူးဆန်သော အပင်ငယ်၏ ဖိနှိပ်ခြင်း ခံထားရသော နဂါးမျိုးနွယ်ဝင်ဟု ယူဆရသည့် မူလသားရဲ တစ်ကောင်၏ အရိုးစု ...” ယောင်ယောင်မှာ ဖတ်ရှုနေရင်းဖြင့် မျက်ဝန်းများ လင်းလက်တောက်လာခဲ့သည်။

“နဂါးနိုင်သစ်ပင်များလား”

နဂါးနိုင်သစ်သားဒြပ်စင်မှာ ကြီးမြတ်သော နဂါး၏ ဖိနှိပ်ခြင်း မှော်စာလုံးအား ရေးဆွဲနိုင်ရန် လိုအပ်သော မူလ အရင်းအမြစ် တစ်ခု ဖြစ်သည်။

ယောင်ယောင်မှာ မှန်ချပ်ကြီး၏ အောက်တွင် ထိုင်နေသော စီမံခန့်ခွဲရေးမှူးဆီသို့ သွားကာမေးလိုက်၏။

“ဒီကောင်းကင်အဆင့် တာဝန်က ရွေးချယ်ခံ တပည့်မှ လုပ်ဆောင်လို့ ရမှာလား”

စီမံခန့်ခွဲရေးမှူးမှ ယောင်ယောင့်အား ကြည့်၍ ခေါင်းညိတ် ပြလိုက်သည်။

“ကျွန်မ ဒီတာဝန်ကိုယူလို့ ရမလား” ယောင်ယောင်မှ ဆက်လက် မေးမြန်းလိုက်၏။

စီမံခန့်ခွဲရေးမှူးမှာ အံ့အားသင့်သွားကာ ခေတ္တမျှ တွေဝေ နေခဲ့ပြီးနောက် မစ်ရှင်ခန်းမအား လက်ရှိ တာဝန် ယူထားသော အကြီးအကဲနှင့် တိုင်ပင်လိုက်သည်။ ယောင်ယောင်မှာ စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့၏။

အချိန်အချို့ ကြာပြီးသည့် နောက်တွင် ခန့်ခွဲရေးမှူးမှ ယောင်ယောင့်အား ခေါင်းညိတ်ပြကာ စကားဆိုလာခဲ့သည်။

“ငါတို့ရဲ့ ဆုံးဖြတ်ချက်အရ မင်းက ရွေးချယ်ခံတစ်ယောက် မဟုတ်ပေမဲ့ ရွေးချယ်ခံ တပည့်တွေနဲ့ ယှဥ်နှိုင်တဲ့ စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားတာကြောင့် ဒီတာဝန်ကို လုပ်ဆောင်နိုင်ပါတယ်”

သူတော်စင် မှော်စာလုံး တောင်ထွတ်၌ ယောင်ယောင်မှာ တောင်ထွတ် တစ်ခုလုံးမှ တပည့်များကို တစ်ဦးတည်းဖြင့် ဖိနှိပ် ပြနိုင်ခဲ့သောကြောင့် သူမ၏ အရည်အချင်းမှာ သံသယဖြစ်ဖွယ်ပင် မရှိပါချေ။ ယောင်ယောင်မှ ခေါင်းငြိမ်ပြကာ တုံ့ပြန်လိုက်၏။

“အဲဒါဆို ကျွန်မ ဒီတာဝန်ကိုယူမယ်”

“မနက်ဖြန်ပဲ ထွက်ခွာရလိမ့်မယ်။ အဲဒါကြောင့် မနက်ဖြန် မနက်ကြရင် ထွက်ခွာခြင်း တောင်ထွတ်ကို လာခဲ့ပေးပါ” ခန့်ခွဲရေးမှူးမှ မှာကြားလိုက်သည်။

ယောင်ယောင်မှာ ခေါင်းညိတ် ပြလိုက်ပြီးနောက် ခန်းမထဲမှ တီတိုး ဆွေးနွေးသံများကို လျစ်လျူရှုကာ လှည့်ထွက်သွားခဲ့၏။

နောက်တစ်နေ့မနက်၌ …

ယောင်ယောင်မှာ ထန်ထန့်အားပွေ့ချီ၍ ထွက်ခွာခြင်း တောင်ထွတ်သို့ ရောက်ရှိလာခဲ့သည်။ တောင်ထွတ်ပေါ်၌ သူမအား တစ်စုံတစ်ဦးမှ စောင့်ဆိုင်းနေသည်ကို တွေ့ရှိလိုက်ရ၏။ ထိုလူမှ တစ်ဖက်သို့ လှည့်လာသော အခါတွင် မူလသူတော်စင် တောင်ထွတ်၏ ရွေးချယ်ခံတပည့် ယဲ့ကယ် ဖြစ်နေသည်ကို သိရှိလိုက်ရပေသည်။

ယဲ့ကယ်မှာ တာအို အဝတ်အစားများကို ဝတ်ဆင်ထားလျက်ရှိကာ ချောမော ခန့်ညားသော သူ၏ အသွင်အပြင်နှင့် လိုက်ဖက်​နေ၏။

ပြောရမည်ဆိုလျှင် ယဲ့ကယ်မှာ ရုပ်ရည်ရော အရည်အချင်းရောတွင် အပြစ်ပြောစရာ မရှိအောင် ပြည့်စုံသူတစ်ဦးဖြစ်ပြီး သူ၏ ကြင်နာဟန်ရှိသော အပြုံးမှာလည်း ဆွဲဆောင်မှုရှိလှသည်။ ထို့ကြောင့် ယဲ့ကယ်မှာ ကန်ရွှမ်းကလန်ထဲရှိ မိန်းငယ်များ အကြားတွင် အလွန်ပင်ကျော်ကြား၏။

ယောင်ယောင်မှာ ယဲ့ကယ်ကို မြင်လိုက်ရသော အခါတွင် အံ့အားသင့်သွားဟန်ဖြင့် မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ မေးမြန်းလိုက်သည်။

“နင်ကရော ဒီတာဝန်ကို ယူခဲ့တာလား”

ယဲ့ကယ်မှာ ယောင်ယောင်၏ အလိုမကျသော စကားသံအား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အလျင်အမြန်ပင် ရှင်းပြလိုက်၏။

“ဂျူနီယာညီမတော် ယောင်ယောင် အခုအချိန်မှာ ရွေးချယ်ခံ တပည့်တွေက မစ်ရှင်လုပ်တဲ့သူကလုပ်၊ သီးသန့်ကျင့်ကြံတဲ့သူက ကျင့်နဲ့ လူသိပ်မရှိဘူးလေ။ အဲဒါကြောင့် ဒီတာဝန်မှာ လူပြည့်ရအောင် အစ်ကိုတော့်ကို တာဝန်ပေးလာလို့ပါ”

အမှန်မှာမူ ယဲ့ကယ်သည်လည်း သီးသန့်ကျင့်ကြံ နေခဲ့ခြင်းဖြစ်ပြီး ယောင်ယောင်မှ ကောင်းကင်အဆင့် တာဝန်အား လုပ်ဆောင်မည်ဟူသော သတင်းကို ကြားသိခဲ့ရသည့်အတွက် ကျင့်ကြံခြင်းကို ရပ်ဆိုင်းကာ တာဝန်အား ရယူခဲ့ခြင်း ဖြစ်ပေသည်။ ယောင်ယောင်မှ တည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်၏။

“နင့်အချိန်တွေကို ငါ့အတွက်နဲ့ မဖြုန်းတီးပါနဲ့”

ယောင်ယောင်မှာ ဆင်ခြင်တုံတရား ရှိသူ ဖြစ်သောကြောင့် ယဲ့ကယ်၏ ရည်ရွယ်ချက်အား ရှင်းလင်းစွာ သိရှိနေခဲ့သည်။ ယဲ့ကယ်မှ သက်ပြင်းချကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။

“အစ်ကိုက ဇူယွမ်ထက်တော့ သာပါတယ်။ ဟုတ်တယ် မဟုတ်လား”

ယောင်ယောင်မှာ တည်ငြိမ်နေလျက်ပင် ရှိသည်။

“ဟူး ... ဂျူနီယာ ညီမတော်တွေ အများကြီး အစ်ကို့ကို သဘောကျကြပေမဲ့ အစ်ကို ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ဖူးဘူး။ အခုတော့ ကံတရားက တစ်ပတ် ပြန်လည်ပြီနဲ့ တူပါတယ်” ယဲ့ကယ်မှ စိတ်မကောင်း ဖြစ်နေဟန်ဖြင့် ကောင်းကင်အား ကြည့်ကာ သက်ပြင်းချလိုက်၏။

ယောင်ယောင်မှာ ခေတ္တမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် စကားဆိုလိုက်သည်။

“မစ်ရှင်လုပ်နေတုန်း ဒုက္ခ မရောက်ချင်ဘူးဆိုရင် အပိုစကားတွေ အများကြီး မပြောနဲ့”

ယဲ့ကယ်မှာ နောင်တရနေဟန်ဖြင့် ယောင်ယောင့်အား ကြည့်လိုက်ပြီးနောက် လေးနက်စွာ တုံ့ပြန်လိုက်၏။

“ဒီတာဝန်က အရမ်းခက်ခဲမှာဖြစ်လို့ ညီမတော်ရော အစ်ကိုရော သေချာ သတိထားရ လိမ့်မယ်”

ယဲ့ကယ်မှ တာဝန်အကြောင်းအား ပြောကြား လာသောကြောင့် ယောင်ယောင်မှ စိတ်ဝင်စားဟန်ဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။

“ဘာလို့လဲ”

ယောင်ယောင်၏ အကြည့်ကြောင့် ယဲ့ကယ်မှာ စိတ်နှလုံးများပင် မတည်မငြိမ် ဖြစ်သွားရကာ မျက်နှာလွှဲ၍ စကားဆက်လိုက်၏။

“ဒီတာဝန်ကို ဘယ်သူက အကူအညီတောင်းတာလဲ သိလား”

“ဘယ်သူကလဲ” ယောင်ယောင်မှာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် မေးလိုက်သည်။

“ဒီလူက ပုံမှန်ဆိုရင် မစ်ရှင်တွေကို တစ်ယောက်တည်း လုပ်ဆောင်လေ့ ရှိပြီးတော့ ဆုလာဒ်တွေကို ဘယ်သူနဲ့မှ မျှမယူချင်တဲ့ သူမျိုးပဲ။ အဲဒါကိုတောင် အခုတစ်ခါ အကူအညီ တောင်းလာရတယ် ဆိုတော့ သူပြဿနာတချို့နဲ့ ရင်ဆိုင်နေရတာ သိသာတယ်။ ပြီးတော့ သူတောင် ဒုက္ခရောက်နေတယ် ဆိုမှတော့ ဒီတာဝန်က တော်တော် ခက်ခဲမဲ့ပုံပဲ” ယဲ့ကယ်မှ ခပ်ဖွဖွ ရီမောကာ ဆက်၍ပြောလိုက်၏။

“ဂျူနီယာညီမတော် ယောင်ယောင် သူက ဘယ်သူလဲ ဆိုတာကို ခန့်မှန်းနိုင်လား”

ယောင်ယောင်မှာ ခေတ္တမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် စကားလုံးနှစ်လုံးကို ရေရွတ်လိုက်သည်။

“ချူချင်း ...”

သူမသည် ဤကောင်းကင်အဆင့် တာဝန်အား နံပါတ်တစ် ရွေးချယ်ခံတပည့်မှ အကူအညီ တောင်းလာခြင်း ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ကြည့်ရသည်မှာ ဤတာဝန်သည် အတော်ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်ပုံရ၏။

မည်သို့ပင် ဆိုစေကာမူ နဂါးနိုင်သစ်ပင်မှာ ကြီးမြတ်သော နဂါး၏ ဖိနှိပ်ခြင်း မှော်စာလုံးအား ရေးဆွဲနိုင်ရန် အဓိက လိုအပ်သော မူလအရင်းအမြစ်တစ်ခု ဖြစ်သဖြင့် ခက်ခဲသော ခရီးကြမ်း ဆိုလျှင်ပင် သူမရအောင် သွားရပေလိမ့်မည်။

All Chapters