← Chapters

မိတ်ဆွေဟောင်း

Vol. 29 Ch. 401

မိတ်ဆွေဟောင်း

Vol. 29 Ch. 401

မဟူရာမီးတောက် စီရင်စုမှာ ရှန်ဇူတိုက်ကြီး၏ အနောက်တောင်ဖက်တွင် တည်ရှိခြင်းဖြစ်ပြီး ဧရိယာကြီးမားကာ သမာန်တိုက်ငယ် တစ်ခု၏ တစ်ဝက်ခန့်မျှ ကျယ်ဝန်းလေသည်။ ထို့ကြောင့် ရှန်ဇူတိုက်ကြီးမှာ မည်မျှပင် ကြီးမားကြောင်း သိရှိနိုင်၏။

ရှန်ဇူတိုက်ကြီးမှာ ကန်ရွှမ်း ကောင်းကင်ဘုံ၏ ကောင်းချီး ခြောက်ဆယ် ရာခိုင်နှုန်းခန့်မျှ ရရှိထားခြင်းသည်ပင် မထူးဆန်းတော့ချေ။ ရှန်ဇူတိုက်ကြီး၏ အရွယ်အစားသည်ပင် အခြားတိုက်ငယ်များနှင့် များစွာ ကွာခြားနေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ဇူယွမ်တို့အဖွဲ့မှာ မဟူရာမီးတောက် စီရင်စုအား ရောက်ရှိနိုင်ရန်အတွက် အချိန် ဆယ်ရက်နီးပါးမျှ ကုန်ဆုံးခဲ့ရ၏။

အဆုံးမဲ့ ကောင်းကင်ထက်၌ ရွက်လှေငယ်မှာ အလင်းတန်း တစ်ခုအလား လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။ ရွက်လှေငယ်၏ ကိုယ်ထည်မှာ မူလမှော်စာလုံးများ မှေးမှိန်စွာ တောက်ပနေခဲ့ပြီး လှေငယ်မှာ မိုးကုပ်စက်ဝိုင်းဆီသို့ အလျင်အမြန် တိုးဝင်ပျောက်ကွယ် နေသယောင် ရှိနေ၏။

ရွက်လှေထက်မှ အခန်းငယ်တစ်ခုတွင် ဇူယွမ်မှာ မျက်ဝန်းများကို တင်းကြပ်စွာ ပိတ်ထားလျက်ရှိပြီး အရှေ့တွင် ရှေးဟောင်းသစ်သား ဒြပ်စင်များ ပျံ့ကျဲနေ၏။ ထို့နောက် သစ်သားဒြပ်စင်များထဲမှ ရိမူချီစွမ်းအင်များ ထွက်ပေါ်လာကာ ဇူယွမ်၏ နှာခေါင်းမှတဆင့် အသွေးအသားများထဲသို့ စီးဝင် သွားလေတော့သည်။

ခရီးသွားနေစဥ် အချိန်အတွင်း၌ပင် ဇူယွမ်မှာ ရိမူချီများကို စုပ်ယူ၍ ထိုက်ရိ အမှတ်အသားအား ပြီးပြည့်စုံနိုင်စေရန် လုပ်ဆောင်နေခဲ့၏။

အချိန်အချို့ ကြာပြီးနောက်တွင် ဇူယွမ်မှာ မျက်ဝန်းများ ပြန်လည် ပွင့်ဟလာခဲ့ပြီး ရှေ့တွင်ရှိနေသော သစ်သား ဒြပ်စင်များမှာလည်း ဖုန်မှုန့်အဖြစ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဇူယွမ်၏ ခန္ဓာကိုယ်၌ နက်မှောင်သော အစိမ်းရောင် အလင်းတန်းများ ပေါ်ပေါက်လာပြီးနောက် တဖြည်းဖြည်းနှင့် ပြန်လည် ပျောက်ကွယ်သွား၏။

ဇူယွမ်မှာ ထိုက်ရိ အမှတ်အသားအား အနည်းငယ်မျှ ထပ်မံ ပြုလုပ်နိုင်ခဲ့သဖြင့် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ် လိုက်သည်။ ထိုက်ရိ အမှတ်အသားအား ပြီးပြည့်စုံနိုင်စေရန် တစ်ရက်တည်းဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ ဖြည်းညင်းစွာ ပြုလုပ်သွားရမည်သာ ဖြစ်၏။

အရေးကြီးဆုံးသော အချက်မှာ ဇူယွမ့်ထံ၌ ရှေးဟောင်းသစ်သား ဒြပ်စင်များ အနည်းငယ်မျှသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

“လူတိုင်း နားထောင်ကြပါ။ ငါတို့ မဟူရာမီးတောက်ရဲ့ တောင်တန်းတွေဆီကို ရောက်ရှိတော့မယ်” လီချင်းချန်မှ ကြေညာလိုက်၏။

ဇူယွမ်မှာ အခန်းအပြင်သို့ ထွက်လာသော အခါတွင် လူတိုင်းမှ စုဝေးနေလျက် ရှိ​နေသည်ကို တွေ့ရှိလိုက်ရသည်။ ဇူယွမ်မှာ ခေါင်းကိုမော့ကာ အဝေးသို့ မျှော်ကြည့်လိုက်သော အခါတွင် မိုးကုပ်စက်ဝိုင်း၏ အဆုံးသတ်၌ အနက်ရောင် တောင်တန်းကြီး တစ်ခုအား မြင်တွေ့လိုက်ရ၏။

မီးတောင်၏အနီးသို့ ရောက်ရှိလာသည်နှင့် အမျှ ပြင်းထန်လှသော အပူလှိုင်းများကို ခံစားလိုက်မိပေသည်။

“ငါတို့က မဟူရာမီးတောက်ရဲ့ တောင်တန်း အပြင်ဖက်က မြို့တော်ဆီမှာ တည်းခိုကြရမှာ။ တခြားကလန်က တပည့်တွေကလည်း အဲနေရာမှာလည်း အခြေချကြလိမ့်မယ်။ အဲဒါကြောင့် ကလန်က အခြေအနေတွေကို စောင့်ကြည့်ဖို့နဲ့ တခြားအဖွဲ့က ကြီးကြပ်သူတွေကို ဆက်သွယ်နိုင်ဖို့အတွက် အကြီးအကဲ တစ်ယောက်ကို ကြိုတင် စေလွှတ်ထားတယ်”

လီချင်းချန်မှ အဖွဲ့အားကြည့်ကာ စကားဆက်လိုက်၏။

“ငါတို့ အခြေအနေတွေကို သိရဖို့အတွက် မဟူရာမီးတောက် မြို့တော်ထဲဝင်ပြီး အကြီးအကဲနဲ့ အရင်ဆုံး တွေ့ကြရမယ်”

လူတိုင်းမှ ခေါင်းညိတ် ပြလိုက်ကြသည်။ လီချင်းချန်မှာ မည်သည့်စကားမှ ဆက်၍မဆိုနေတော့ဘဲ ရွက်လှေအား အရှိန်မြှင့်လိုက်ပြီးနောက် ခေတ္တမျှသော အချိန်လေး အတွင်းမှာပင် မဟူရာမီးတောက် တောင်တန်းအနီးရှိ စည်ကားလှသော မြို့တော်ကြီးဆီသို့ ရောက်ရှိလာခဲ့၏။

မြို့တော်ကြီးမှာ ပျားပန်းခတ်မျှ စည်ကားနေလျက် ရှိကာ အရပ်မျက်နှာအစုံမှ တောက်နေသော ပုံရိပ်များ ဟိုဟိုဒီဒီ သွားလာနေကြသည်။

“မီးတောက် ပေါက်ကွဲမှုကြောင့် မဟူရာမီးတောက် စီရင်စုဆီကို ကျင့်ကြံသူတွေ တော်တော်များများ ရောက်လာပြီး သူတို့ရဲ့ကံတရားကို လာစမ်းသပ်ကြတယ်” ရွက်လှေငယ်အား မြို့တော်​ဆီသို့ ဆင်းသက်လိုက်ပြီးနောက် လီချင်းချန်မှ စကားဆိုလိုက်၏။

မဟူရာမီးတောက် စီရင်စုမှာ စည်ကားလှသော ​နေရာ တစ်ခုဖြစ်ပြီး စနစ်ကျသော မြို့ပြ တည်ဆောက်မှုများကြောင့် လူအများမှ လွယ်ကူစွာ ဖြတ်သန်း သွားလာနိုင်ကာ စျေးဆိုင် အမျိုးအစား စုံလင်စွာနှင့် လူနေထူထပ်သော မြို့တော်တစ်ခုပင် ဖြစ်သည်။

လီချင်းချန်မှ အဖွဲ့အား ဦးဆောင်ကာ မြို့တော်၏ ဗဟိုချက် နေရာတွင် ရှိသော ခမ်းနားထည်ဝါလှသည့် အဆောက်အဦကြီး ရှိရာသို့ ဦးတည်လိုက်၏။ ၎င်း၏ဂိတ်ဝတွင် သစ်သားပြားဖြင့် မူလစဦး အဆင့်ထက် နိမ့်ပါးသူများ မဝင်ရဟု ရေးဆွဲထားလေသည်။

ဇူယွမ်မှာ ထိုသို့ ခွဲခြားဆက်ဆံသည့် စကားလုံးများကို မြင်လိုက်ရသည့်အတွက် ပြောစရာစကားပင် မရှိလောက်အောင် ဆွံ့အသွားမိ၏။

“ဒီနေရာက အင်အားကြီး ကလန်က အုပ်စုတွေ အခြေချမဲ့နေရာပဲ။ နင်တို့မှာ လုံလောက်တဲ့စွမ်းအင် မရှိဘူးဆိုရင် ဒီထဲဝင်နိုင်ရုံနဲ့ ဘာမှထူးမှာ မဟုတ်ဘူး” လီချင်းချန်မှာ ဇူယွမ်အား တစ်ချက်မျှကြည့်၍ အဆောက်အဦထဲသို့ ဝင်ရောက် သွားလေတော့သည်။

ဇူယွမ်တို့အဖွဲ့မှလည်း လျင်မြန်စွာ လိုက်၍ ဝင်ရောက်လိုက်၏။ အဆောက်အဦ၏ အတွင်းပိုင်းမှာ အလွန်ပင် ကျယ်ဝန်းလှပြီး အုပ်စုများစွာ နေရာမလပ် ရှိနေပေသည်။

အဆောက်အဦထဲရှိ ဆူညံနေသော စကားသံများမှာ ဇူယွမ်တို့အုပ်စု ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လီချင်းချန်၏ လှပတင့်တယ်မှုကြောင့် တိတ်ဆိတ်သွားရပြီး သူမကိုသာ အလုအယက် ​ငေးမောလိုက်ကြ၏။

သို့သော်လည်း ဇူယွမ်တို့၏ခါး၌ ချိတ်ဆွဲထားသော ကန်ရွှမ်းကလန်၏ အမှတ်အသားအား သတိပြုမိ သွားကြသည်နှင့်တကွ အကြည့်များအား လျင်မြန်စွာ ရုတ်သိမ်း သွားခဲ့ကြသည်။ လီချင်းချန်အား စိတ်ဝင်စားမိသော ယောက်ျားလေးများသည်ပင် လည်မြိုထဲသို့ တံထွေးမြိုချရုံသာ တက်နိုင်၏။

ကန်ရွှမ်းကလန်ကဲ့သို့ အင်အားကြီး ကလန်တစ်ခုမှ တပည့်များအား မည်သူကမှ မရိုမသေမပြုရဲပါချေ။ လီချင်းချန်၏ လှပတင့်တယ်သော မျက်နှာလေးမှာ အေးစက်စက်သာ ရှိနေပြီး အကြည့်များကို လျစ်လျူရှုကာ လှေကားထစ်များဆီသို့ လျှောက်လှမ်း သွားခဲ့သည်။

“အားရိုး ... ဒါက ကန်ရွှမ်းကလန်ရဲ့ နံပါတ်တစ် အလှဘုရင်မလေး လီချင်းချန် မဟုတ်လား။ ဒီတစ်ခေါက် တာဝန်ကို နင်က ဦးဆောင်ရတာပေါ့လေ” ဇူယွမ်တို့အုပ်စု အပေါ်သို့ တက်လာနေစဥ်မှာပင် ရွှတ်နောက်နောက် မိန်းမငယ် တစ်ဦး၏ အသံကို ကြားလိုက်ရ၏။

လီချင်းချန်မှာ အေးစက်စက်ဖြင့် အသံလာရာသို့ မော့ကြည့်လိုက်ပြီးနောက် မျက်လုံးများ အတန်ငယ် ပြူးကျယ်သွားခဲ့ရသည်။

အဆောက်အဦ၏ အမြင့်ထပ်တစ်ခုတွင် လူတစ်စုမှ စုဝေးနေလျက်ရှိ၏။ ထိုလူစု၏ အလယ်တွင် ပန်းရုံဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး လီချင်းချန်တို့အား ပြုံး၍ကြည့်နေသော အလွန်လှပသည့် မိန်းမငယ်တစ်ဦး ရှိနေလေသည်။

သူမ၏ဘေးတွင် ရှိနေသူ အများစုမှာလည်း မိန်းမငယ်များသာ ဖြစ်ကြပြီး ငယ်ရွယ်လှပသူများသာ ဖြစ်၏။ ထို့ကြောင့် အဆောက်အဦ တစ်ခုလုံးတွင် ရှိနေသော ယောက်ျားသားများက သူမတို့အုပ်စုအား ဝံပုလွေမှ အစာချောင်းသလို လျှိူ့ဝှက်စွာ ငေးမောနေခဲ့ကြသော်လည်း မည်သူကမှ လာရောက် နှောင့်ယှက်ရဲဟန် မရှိကြပေ။

အဘယ့်ကြောင့်ဆိုသော် ထိုမိန်းမငယ်လေးများမှာ အလှပန်းတစ်ရာ နန်းတော်ကလန်မှ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

“ဖန်းရင် ... အလှပန်းတစ်ရာ နန်းတော်က ဒီတစ်ခေါက် နင့်ကို လွှတ်လိုက်တာပေါ့”

လီချင်းချန်မှာ ထိုချစ်စဖွယ် မိန်းမငယ်လေးကို ကြည့်ကာ အံ့အားသင့်ဟန်ဖြင့် စကားဆိုလိုက်၏။ လီချင်းချန်နှင့် ထိုမိန်းမငယ်လေးမှာ မိတ်ဆွေဟောင်းများ ဖြစ်ကြပြီး သက်ဆိုင်ရာ ကလန်များမှ စေလွှတ်သော တာဝန်များကို လုပ်ဆောင်နေရစဥ်အတွင်း အကြိမ်ရေ အနည်းငယ်မျှ တွေ့ဆုံခဲ့ကြဖူးသည်။

“ငါတို့ ပြန်တွေ့ရတာ မကောင်းဘူးလား” ဖန်းရင်မှ ပြုံးကာ နှုတ်ဆက်လိုက်၏။

လီချင်းချန်မှာ တွေဝေမနေတော့ဘဲ သူမတို့ အုပ်စုထံသို့ လျှောက်လှမ်း သွားလိုက်လေသည်။

“အဟီး ... .စီနီယာအစ်ကိုတော် ကျောင်းဇူပါလား။ ကျွန်မတို့ မတွေ့ရတာ တော်တော်ကြာပြီနော်” ဖန်းရင်မှ လီချင်းချန်၏ အနောက်မှ လိုက်ပါလာသော ကျောင်းဇူအား ပြုံးကာ စကားဆိုလိုက်၏။

ကျောင်းဇူမှ ခပ်ဖွဖွပြုံးကာ နှုတ်ဆက်လိုက်သည်။

“စီနီယာ အစ်မတော်ဖန်းရင်က ပိုပိုပြီး လှလာပါလား”

ဖန်းရင်မှာ ပါးပြင်လေးများ နီမြန်းသွားကာ ပြုံး၍ပြောလိုက်၏။

“အစ်ကိုတော်တို့ ကလန်ရဲ့ နံပါတ်တစ် အလှဘုရင်မလေး ရှိနေမှတော့ ကျွန်မက ဘယ်လိုလို့ လှနိုင်ပါတော့မလဲ”

လီချင်းချန်တို့ စကားစမြည် ပြောဆိုနေကြစဥ်၌ ချင်းဟိုင်တို့အုပ်စုမှာ ကူကယ်ရာမဲ့စွာဖြင့် လှပလှသော မိန်းမငယ်လေးများအား ငေးမောကြည့်ရှု နေကြလေသည်။

အလှပန်းတစ်ရာ နန်းတော်မှ မိန်းမငယ်လေးများ ကြားတွင် အထင်ပေါ်ဆုံးသူမှာ အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားသော မိန်းမငယ်လေး ဖြစ်၏။ မိန်းမငယ်လေး၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး အလွန်တရာမှ ချောမောကာ လီချင်းချန်နှင့်ပင် နှိုင်းယှဥ်၍ရလေသည်။

ထိုမိန်းမငယ်လေး၏ အထူးခြားဆုံးအချက်မှာ ဆွဲဆောင်မှုရှိစွာ တောက်ပနေသည့် မက်မွန်ပန်းကဲ့သို့ မျက်ဝန်းလေးများ ဖြစ်၏။ မိန်းမငယ်လေးမှာ အမှန်တကယ်ပင် လှပလွန်းပေသည်။ ယောက်ျားသားများ အားလုံးမှာ မိန်းမငယ်ထံမှ အကြည့်ပင် မခွာနိုင်လောက်အောင် သူမ၏ အလှတရားများမှာ ညှို့ဓာတ်ပြင်းလှ၏။ ထို့ကြောင့် လီချင်းချန် မရောက်ရှိခင်အထိ အဆောက်အဦ တစ်ခုလုံးမှ ယောက်ျားလေးများ၏ အကြည့်မှာ ထိုမိန်းမငယ်ထံ၌သာ ရှိနေခဲ့သည်။

ချင်းဟိုင်တို့ အုပ်စုမှာလည်း ထိုမိန်းမငယ်၏ အလှတရားများထံမှ အကြည့်မခွာနိုင်အောင် ဖြစ်နေရ၏။ ချင်းဟိုင်တို့မျှသာ မကဘဲ ယောက်ျားလေး အတော်များများမှာ သူမ၏အနီး၌ စုဝေးနေကြခြင်း ဖြစ်သည်။ သူမအနီးတွင် စုဝေးနေသော ယောက်ျားလေးများမှာ ငယ်ရွယ်ခန့်ညားသူများ ဖြစ်ကြပြီး ထိုထဲတွင် အဖြူရောင်ဝတ်စုံနှင့် ပြုံးယောင် သမ်းနေသော လူငယ်လေးမှာ အထင်ပေါ်ဆုံးဖြစ်၏။

ထိုလူငယ်လေးမှာ ချောမော ခန့်ညားလှကာ ကြင်နာတတ်ဟန်ရှိ၏။ သို့သော်လည်း ချင်းဟိုင်တို့မှာ ထိုလူငယ်၏ ခါးတွင် ချိတ်ဆွဲထားသော တံဆိပ်ပြားအား တွေ့လိုက်ရသော အခါတွင် အလိုမကျဟန်ဖြင့် သက်ပြင်း ချမိလိုက်ကြသည်။

“မြင့်မြတ်သော နန်းတော် ... ”

လီချင်းချန်မှာ အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသော လူငယ်လေးအား ကြည့်၍ အေးစက်စက်ဖြင့် စကားဆိုလိုက်၏။

“ဒီနေရာမှာ မြင့်မြတ်သော နန်းတော်ကလန်က လူတစ်ယောက်နဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားမိဘူး”

လူငယ်မှ ခပ်ဖွဖွရီမောကာ အရိုအသေပြု၍ နှုတ်ဆက်လိုက်သည်။

“မြင့်မြတ်သော နန်းတော်က ယန်ရွှမ်းပါ”

“ရွေးချယ်ခံတစ်ယောက် ဖြစ်တဲ့ စီနီယာ အစ်မတော် လီချင်းချန်မှာ ပြဿနာ တစ်စုံတစ်ရာ ရှိတယ်ဆိုရင် ကျွန်တော်တို့ မြင့်မြတ်သော နန်းတော်က စီနီယာအစ်ကိုတော် ဝမ့်ချီနဲ့ ကောင်းကျင့်ကို ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်က ဘာမှမဟုတ်တဲ့ အညာတရ တစ်ယောက်ပဲမို့လို့ စီနီယာအစ်မတော်ရဲ့ အာရုံစိုက်မှုကို မခံယူဝံ့ပါဘူး”

လူငယ်လေးမှ ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ပြီးနောက် အနက်ရောင် ဝတ်စုံအား ဆင်မြန်းထားသော မိန်းမငယ်လေးနှင့်သာ စကားစမြည် ပြောဆိုနိုင်ရန် အာရုံစိုက်နေခဲ့၏။ ထိုလူငယ်လေးမှာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံနှစ်ဦးရှေ့၌ပင် စိုးထိတ်မှု အနည်းငယ်မျှ မရှိကြောင်း ထင်ရှားနေသည်။

အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားသော မိန်းမငယ်လေးသည် လူတိုင်းအား ယဥ်ကျေးသိမ်မွေ့စွာ ပြုံးပြနေခဲ့သော်လည်း မည်သူနှင့်မှ ရင်းနှီးစွာ ဆက်ဆံလိုဟန် မရှိပေ။

ဖန်းရင်မှာ လီချင်းချန်အား ကြည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဂျူနီယာမောင်တော် ယန်ရွှမ်းက ရွေးချယ်ခံ တစ်ယောက် မဟုတ်ပေမဲ့ မြင့်မြတ်သော နန်းတော်မှာ တော်တော်ကျော်ကြားတဲ့ သူပဲ။ ဒါပေမဲ့ ငါသူ့ကို ဖိတ်ထားတာ မဟုတ်ဘူးနော်။ သူ့ဘာသာ ငါ့ရဲ့ ဂျူနီယာ ညီမတော်တွေကို လာကြည့်တာ”

လီချင်းချန်မှ အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားသော မိန်းမငယ်လေးအား ကြည့်ရှုလိုက်လေသည်။ မိန်းမငယ်လေး၏ ချိုမြိန်လှသော အလှတရားများကြောင့် လီချင်းချန်သည်ပင် နှစ်ခါပြန်ကြည့်မိသည်အထိ ဖြစ်ရ၏။

မိန်းမငယ်​လေးမှာ ကန်ရွှန်းကလန်၏ တပည့်အုပ်စုအား တစ်ဦးချင်း လိုက်ကြည့် နေခဲ့ပြီးနောက် အနောက်ဆုံးတွင် ရှိနေသော ဇူယွမ်အား တွေ့လိုက်ရသော အခါတွင် မျက်ဝန်းများ လင်းလက်သွားခဲ့သည်။

မိန်းမငယ်လေးအား တွေ့လိုက်ရသောအခါ ဇူယွမ်မှာလည်း ခပ်ဖွဖွ ရီမောမိလိုက်၏။ ထိုအနက်ရောင် ဝတ်စုံအား ဆင်မြန်းထားသော ညှို့အားပြင်းလှသည့် မိန်းမငယ်လေးမှာ ဇူယွမ်၏ မိတ်ဆွေဟောင်း ကျိုးချူးချင်ယုပင် ဖြစ်သည်။

ကျိုးချူးချင်ယုနှင့် လျူလျိုတို့ နှစ်ဦးမှာ အလှပန်းတစ်ရာ နန်းတော်အား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဤနေရာ၌ ပြန်လည် တွေ့ဆုံရလိမ့်မည်ဟု ဇူယွမ်မှ မမျှော်မှန်းမိခဲ့ပေ။

ဇူယွမ်မှာ သူမနှင့် အတော်အသင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သောကြောင့် ခေါင်းကိုမော့၍ပြုံးကာ လက်ဝေ့ယမ်းပြလိုက်၏။

ဇူယွမ်၏ အပြုအမူအား လူအုပ်ကြီးမှ သတိထားမိသွားခဲ့သည်။ ချင်းဟိုင်တို့မှာလည်း မိန်းမငယ်အား ငေးမောကြည့်ရှု နေခဲ့သဖြင့် ဇူယွမ်၏ လုပ်ရပ်အား မျက်မှောင်ကြုတ် မိကြ၏။

မင်းကိုယ်မင်း သိပ်ပြီး ဆွဲဆောင်မှု ရှိတယ်လို့ ထင်နေတာလား ... မြင့်မြတ်သော နန်းတော်က လူငယ်လေးတောင် သူမနဲ့ စကားစမြည် ပြောခွင့်ရဖို့ အခုထိ ကြိုးစားနေရတုန်း ဆိုတာကို မမြင်တာလား ...

လီချင်းချန်နှင့် ဖန်းရင်တို့လည်း ဇူယွမ်အား ကြည့်မိလိုက်ကြလေသည်။ ဖန်းရင်မှ လှောင်ပြောင်လိုဟန်ဖြင့် ရေရွတ်လိုက်၏။

“နင်တို့ကလန်က ဒီကောင်လေးက စိတ်ဝင်စားစရာ ကောင်းသားပဲ”

ဖန်းရင်သည် ဇူယွမ်အား ကျိုးချူးချင်ယု၏ အာရုံစိုက်မှု ရရှိနိုင်ရန် ကြိုးစားနေသော လူငယ်တစ်ဦးဟုသာ မှတ်ယူပြီး အထင်သေးနေမိ​ပေသည်။

ဇူယွမ်အား ကြည့်ရှုနေလျက်ရှိသော လီချင်းချန်မှာလည်း အမူအရာ ပျက်ယွင်းနေရ၏။ ဒီကောင်လေး လူကြားထဲ အရှက်ကွဲမှာ မစိုးရိမ်ဘူးလား ...

ကျိုးချူးချင်ယုမှာ ဇူယွမ်၏ ဝေ့ရမ်း နှုတ်ဆက်မှုကို တွေ့မြင်သော်လည်း ပြန်၍ တုံ့ပြန်ခြင်း မရှိသောကြောင့် ဇူယွမ်မှာ နေရခက်သွား လေသည်။ ချင်းဟိုင်တို့ အုပ်စုမှာ ထိုအဖြစ်အပျက်အား ကြည့်ကာ တီတိုးလှောင်ပြောင် လိုက်ကြ၏။ ဇူယွမ်မှာ နောင်တရဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

သို့သော်လည်း ခေတ္တမျှ ကြာပြီးနောက်တွင် မည်သည်ကိုမှ စိတ်ဝင်စားဟန် မရှိသော ကျိုးချူးချင်ယုမှာ ပျော်ရွှင်စွာ ရီမောလိုက်ပြီးနောက် ပါးပေါ်လက်တင်၍ ဇူယွမ်အားကြည့်ကာ အလွန်လှပစွာ ပြုံးပြလိုက်၏။

သူမ၏ မျက်ဝန်းလေးများမှာ လခြမ်းကွေးသဖွယ် ဖြစ်သွားပြီး မြေခွေးမလေးအလား ပြုံးကာ နှုတ်ဆက်လိုက်သည်။

“ဟေ့ ... .မတွေ့ရတာ ကြာပြီနော် ဇူယွမ်”

အလွန်ကျေနပ် ပျော်ရွှင်နေဟန်ဖြင့် ​ရီမောနေသော ကျိုးချူးချင်ယုကြောင့် လီချင်းချန်နှင့် ဖန်းရင်တို့သည်ပင် အံ့အားသင့်သွားရ၏။

ကျိုးချူးချင်ယု၏ အပြုံးမှာ ယခင်ကကဲ့သို့ ဟန်ဆောင်ပြုံးနေခြင်း မဟုတ်ဘဲ သူမ၏ နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း ပျော်ရွှင်နေဟန်ဖြင့် ပြုံးနေခြင်း ဖြစ်ကြောင်း အတူတကွ လိုက်ပါလာသော မိန်းမငယ်များမှ သိရှိ​နေခဲ့သည်။ ချင်းဟိုင်နှင့် အခြားသူများ၏ မျက်နှာအမူအရာမှာ ခက်ထန်သွားခဲ့ရ၏။

ယန်ရွှမ်း၏ မျက်နှာပေါ်မှ ကြင်နာဟန်ရှိသော အပြုံးမှာလည်း ဇူယွမ်အား ကြည့်နေရင်းဖြင့် ပျောက်ကွယ် သွားခဲ့သည်။

လူအုပ်ကြီး၏ အာရုံစိုက်မှုကို ရရှိလိုက်သောကြောင့် ဇူယွမ်၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရပြီး စိတ်အလိုမကျဟန်ဖြင့် မြေခွေးမလေးအလား ပြုံးပြနေသော ကျိုးချူးချင်ယုအား ကြည့်လိုက်၏။ အရူးတစ်ယောက်သည်ပင် ကျိုးချူးချင်ယုမှ ဇူယွမ့်အား ကစားလိုက်ခြင်း ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ ဒီကောင်မလေးက အရင်တုန်းကလိုပဲ စိတ်အနှောင့်အယှက် ဖြစ်စေတုန်းပါလား ...

All Chapters