အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
အခန်း(၂၃၈)
သို့သော်လည်း “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”က အမတသီချင်းတစ်ပုဒ် ဖြစ်သည်။ သံစဉ်အတတ်အကျများနှင့် အပြောင်းအလဲများက အလွန်ရှုပ်ထွေးသည်။ အရေးကြီးဆုံးမှာ ကုချင်းတီးခတ်နေစဉ် အသုံးပြုရသော နည်းစနစ် ဖြစ်သည်။ ယင်းက သေမျိုးသီချင်းများနှင့် လုံးဝ ကွဲပြားခြားနားသည်။ ထိုနည်းစနစ်က အမတသီချင်း၏ စစ်မှန်သော အနှစ်သာရဖြစ်မည်ဟု သီရှီထျန် ခန့်မှန်းလိုက်သည်။
မည်သို့ဖြစ်ပါစေ အမတသီချင်းတစ်ပုဒ်ကို တီးခတ်ရန် လက်ဆယ်ချောင်းစလုံးထဲသို့ ဝိညာဉ်စွမ်းအားကို ထည့်သွင်းထားရသည်။ သို့မှသာ ကုချင်းတီးခတ်သည့်အခါ ဝိညာဉ်စွမ်းအားက ကုချင်းကြိုးများထဲသို့ ဝင်ရောက်သွားနိုင်လိမ့်မည်။ သို့မှသာ အမတသီချင်း၏ မှော်ဆန်သော အံ့ဖွယ်စွမ်းရည်က ထွက်ပေါ်လာလိမ့်မည်။ သူက ကိုတိုမီ၏ ကုချင်းတီးခတ်ပုံကို ကြည့်၍ သံစဉ်အတတ်အကျများနှင့် အပြောင်းအလဲများကို မှတ်သားနိုင်ပေသည်။
သို့သော်လည်း သီချင်း၏ စစ်မှန်သော အနှစ်သာရကို နားလည်တတ်ကျွမ်းချင်သည်ဆိုလျှင် သီချင်း၏ နည်းစနစ်ကို သူသိထားရမည်။
ထိုနည်းစနစ်ကို သူ့အား သင်ကြားပေးရန် ကိုတိုမီကို သူမတောင်းဆိုနိုင်ကြောင်း သီရှီထျန် ကောင်းကောင်း သိသည်။ သို့ဖြစ်၍ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ ကိုတိုမီ၏ ကုချင်းတီးခတ်ပုံကို သေချာဂရုတစိုက် လေ့လာပြီး နည်းစနစ်ကို သူ့ဘာသာ ပုံဖော်ကြည့်ရန် ဖြစ်သည်။
“ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို တီးခတ်ပြီးနောက် ကိုတိုမီက သူ့အား တခြားသီချင်းများကို ဆက်လက် သင်ကြားပေးသည်။ ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ သူတို့နှစ်ယောက်သည် နံနက်ခင်းတိုင်းမှာ အတူကုချင်းတီးခတ်ရင်း အချိန်ကုန်ဆုံးကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အချိန်က လျှင်မြန်စွာ ကုန်လွန်သွားသည်။
သုံးလကြာပြီးနောက် နန်းမြို့တော်ထဲတွင် သီရှီထျန်၏ တိုတမ်က ပြီးမြောက်သွားသည်။ သူက ဟွာဝမ့်ဝူ၏ အကြောင်းကြားစာကို ရရှိသွားပြီး တိုတမ်ကို ကြည့်ရန် နန်းမြို့တော်ဆီသို့ ကိုယ်တိုင် သွားရောက်ခဲ့သည်။
တိုတမ်သည် အလွန်မြင့်မားပြီး ခမ်းနားထည်ဝါသည်။ သူ၏ တစ်ကိုယ်လုံးမှာ အနက်ရောင်အမွှေးများရှိပြီး သူ၏ နဖူးပေါ်မှာ ခရမ်းရောင်ဘုရင်အမှတ်အသား ရှိသည်။ သူက ခေါင်းမြင့်မြင့်မော့လျက် မိုးကောင်ကင်ကို စိုက်ကြည့်နေသည်။ သူ၏ တစ်ကိုယ်လုံးမှ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုရုပ်တုကို ကျွမ်းကျင်ပညာရှင်များက ဆောက်လုပ်ခဲ့ကြောင်း သံသယရှိရန် မလိုပေ။ ရုပ်တုက အလွန်အသက်ဝင်ပြီး ယင်း၏ အရှိန်အဝါက စစ်မှန်သည်။ သူက လောက၏ အထက်မှာ မတ်တတ်ရပ်နေသည့်အလား မြင့်မြတ်ထည်ဝါမှုကို ထုတ်လွှတ်နေသည်။
ရုပ်တု၏ အသွင်သဏ္ဍာန်နှင့် အရှိန်အဝါကြောင့် နန်းမြို့တော်ထဲမှ လူအများအပြားက ၎င်းကို ချက်ချင်း ယုံကြည်ကိုးကွယ်သွားကြသည်။ နန်းမြို့တော်သို့ သီရှီထျန် ရောက်သွားသည့်အခါ လျှို့ဝှက်ဆန်းကြယ်သော အခိုးအငွေ့များက လူတိုင်းထံမှ ထွက်ပေါ်နေကြောင်း ရှင်းလင်းစွာ သူမြင်တွေ့သွားသည်။ တချို့က မီးခိုးရောင်ဖြစ်ပြီး တချို့က အဖြူရောင်ဖြစ်သည်။ မည်သို့ဖြစ်ပါစေ ယင်းတို့အားလုံးက ရုပ်တုထဲသို့ ဝင်ရောက်သွားကြသည်။
တိုတမ်သည် အောက်ခြေမဲ့သော တွင်းနက်တစ်ခုနှင့် ဆင်တူသည်။ ယုံကြည်မှုစွမ်းအားက မည်မျှများပြားပါစေ ၎င်းက မတင်းတိမ်နိုင်ပေ။ ၎င်းက အရပ်မျက်နှာအသီးသီးမှ ဝင်ရောက်လာသော ယုံကြည်မှုစွမ်းအားကို အငမ်းမရ ဝါးမျိုနေသည်။
သီရှီထျန်သည် ရုပ်တု၏ မူလဇစ်မြစ် ဖြစ်သည်။ သူက ယုံကြည်မှုစွမ်းအား ပေါ်ထွက်လာရသော အကြောင်းအရင်းလည်း ဟုတ်သည်။ ထို့ကြောင့် ယုံကြည်မှုစွမ်းအားကို သူအာရုံခံနိုင်သည်။ အဖြူရောင်နှင့် မီးခိုးရောင်အခိုးအငွေ့က တိုတမ်ထဲမှာ စုဝေးသွားနေကြောင်း ရှင်းလင်းစွာ သူမြင်နိုင်သည်။ ယင်းတို့ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကိုလည်း သူအာရုံခံမိသည်။ သို့သော်လည်း ယင်းကို သူအသုံးမပြုနိုင်ပေ။
သူ၏ ခန့်မှန်းမှုအရ ယုံကြည်မှုစွမ်းအားကို သူအသုံးပြုချင်လျှင် ကျောက်စိမ်းပြား၏ အတားအဆီးကို သူချိုးဖြတ်ရလိမ့်မည်။ သို့မှသာ ယုံကြည်မှုစွမ်းအား၏ အသုံးပြုပုံကို သူရရှိလိမ့်မည်။
ထိုကိစ္စနှင့်ပတ်သက်၍ သူက ဆန္ဒမစောပေ။
တိုတမ်က ယခုမှ ဆောက်လုပ်ပြီးစီးသွားလေရာ ကိုးကွယ်ယုံကြည်သူ အများကြီး မရှိသေးပေ။ သို့သော်လည်း အချိန်ကာလတစ်ခုကြာပြီးနောက် အနာဂတ်မှာ ဤတိုတမ်က ဝူပြည်ထောင်မှ တိုင်းသူပြည်သားများ၏ နှလုံးသားထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်သွားလိမ့်မည်ဟု သူယုံကြည်သည်။ ထိုအချိန်ကျလျှင် သူက ကျောက်စိမ်းပြား၏ အတားအဆီးကို သေချာပေါက် ချိုးဖြတ်နိုင်လိမ့်မည်။
သီရှီထျန်သည် အချိန်အများစုတွင် ကုချင်းချိုင့်ဝှမ်းထဲမှာသာ နေထိုင်ခဲ့သည်။
အချိန်သည် မည်သို့မည်ပုံမသိလိုက်ခင် တစ်နှစ်ကုန်ဆုံးသွားသည်။
" ဟူး "
တစ်နှစ်သည် ကြာရှည်သည်ဟု မဆိုနိုင်ပေ။ သို့ဖြစ်၍ ကုချင်းချိုင့်ဝှမ်းထဲမှာ ကြီးမားသော မည်သည့်အပြောင်းအလဲမှ မဖြစ်ပေါ်ခဲ့ပေ။ ခရမ်းဝါးတောသည် ခါတိုင်းကဲ့သို့ သက်ဝင်လှုပ်ရှားနေဆဲပင်။ ခရမ်းဝါးတော၏ အပြင်ဘက်မှ ဝါးအိမ်လေးသည် လေဒဏ်မိုးဒဏ်ကြောင့် ယခင်ကဲ့သို့ သစ်လွင်မတောက်ပြောင်တော့ပေ။ လေပြေလေညင်းသည် အေးစက်စက် အရှိန်အဝါကို သယ်ဆောင်လျက် ချိုင့်ဝှမ်းထဲမှာ တိုက်ခတ်နေသည်။ ယခုက ဆောင်းဦးရာသီ ဖြစ်သည်။ ထို့ကြောင့် အပင်အများစုက စတင်ညှိုးခြောက်သွားကြသည်။
ဝါးအိမ်လေးထဲတွင် သီရှီထျန်က ညစ်ညမ်းသောလေကို မှုတ်ထုတ်လိုက်သည်။ သူက မျက်လုံးဖွင့်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူက ပြတင်းပေါက်နားသို့ သွား၍ အပြင်ဘက်ကို ကြည့်လိုက်သည်။ သူ၏ အကြည်က အလွန်နက်ရှိုင်းသည်။
" အချိန်က အကုန်မြန်တယ်လို့ မသေမျိုးကျင့်ကြံသူတွေပြောတာ အကြောင်းမဲ့မဟုတ်ဘူးပဲ… ပြန်စဉ်းစားကြည့်မယ်ဆိုရင် မျက်တောင်တစ်ခတ်အတွင်းမှာ တောင်ပိုင်းမြေရိုင်းဒေသကနေ ငါထွက်လာခဲ့တာ တစ်နှစ်ခွဲရှိသွားပြီ… မိစ္ဆာအသင်္ချေချိုင့်ဝှမ်း အခု ဘယ်လိုဖြစ်နေမလဲ ငါသိချင်တယ်… ရှောင်ပိုင်ရော အဆင်ပြေရဲ့လား ”
သီရှီထျန်၏ လေသံထဲမှာ လွမ်းဆွေးမှု တစ်စွန်းတစ်စ ပါရှိသည်။ သူက လူသားလောကမှာ တစ်နှစ်ကျော်ကြာအောင် နေထိုင်ခဲ့သော်လည်း သူ၏ သရုပ်မှန်ကို မည်သည့်အခါမှ မေ့မသွားပေ။ သူ၏ အစစ်အမှန်နေအိမ်က တောင်ပိုင်းမြေရိုင်းဒေသမှာ ဖြစ်သည်။
" အိမ်ပြန်ဖို့ အချိန်ကျပြီ ”
အတွေးတစ်ခုက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ကိုတိုမီ၏ ကုချင်းတီးခတ်ပေးမှုကြောင့် သူ့ခန္ဓာကိုယ်ထဲမှ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောက သူ၏ အသိစိတ်နှင့် အပြည့်အဝ ပေါင်းစည်းသွားသည်။ ယခု သူက မြစိမ်းကုချင်းကို အပြင်သို့ ထုတ်လိုက်မည်ဆိုလျှင်ပင် ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောက သူ၏ အသိစိတ်ကို ယိုယွင်းတိုက်စားနိုင်လိမ့်မည် မဟုတ်ချေ။ သူ၏ အသိစိတ်က ဝမ်းနည်းမှုနှင့် နေသားကျသွားပြီ ဖြစ်၏။
ထို့ပြင် သူက ဤတစ်နှစ်မှာ အပတ်တကုတ် ကြိုးစားကျင့်ကြံခဲ့သည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် မိစ္ဆာချီက သုံးပုံနှစ်ပုံခန့်အထိ မြင့်တတ်သွားသည်။ လွန်ခဲ့သော တစ်နှစ်ကနှင့် နှိုင်းယှဉ်လျှင် သူက နှစ်ဆပိုပြီး သန်မာလာသည်။
အကယ်၍ ဝမ်ထောင်နှင့် နောက်တစ်ကြိမ် သူတွေ့ဆုံလျှင်ပင် တစ်ဖက်လူကို သူယှဉ်ပြိုင်နိုင်သည်ဟု သီရှီထျန် ယုံကြည်ချက်ရှိသည်။ အနည်းဆုံးတော့ ယခင်တစ်ခေါက်ကဲ့သို့ အရှက်ရတော့မည် မဟုတ်ချေ။
သူက ကုချင်းပညာကို သင်ယူတတ်မြောက်သွားပြီး သီချင်းအများစုကိုလည်း ကျွမ်းကျင်ပိုင်နိုင်သွားသည်။ သို့ဖြစ်၍ ချိုင့်ဝှမ်းထဲမှာ ဆက်နေရန် သူ့အတွက် အကြောင်းမရှိတော့ပေ။
ထို့ကြောင့် သူက ဤနေရာမှ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
သူက အရှေ့အရပ်၌ ဖြည်းဖြည်းချင်း ပေါ်ထွက်လာနေသော နေလုံးကို ကြည့်လိုက်သည်။ နေရောင်ခြည်က ကမ္ဘာမြေပေါ်သို့ ဖြာဆင်းကျလာသည်။ ခရမ်းရောင်ချီက အရှေ့အရပ်မှ ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းက အသက်ဓာတ်ဖြင့် ပြည့်နှက်နေသည်။
" အရှေ့အရပ်က မြှောက်တတ်လာတဲ့ နေမှာ အသက်ဓာတ်နဲ့ ပြည့်နှက်နေတယ်… ဒါပေမဲ့ မိစ္ဆာမျိုးနွယ်စုရဲ့ အသက်ဓာတ်က ဘယ်မှာလဲ ”
သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ စိတ်ဓာတ်ပြတ်သားသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တင်းကျပ်စွာ လက်သီးဆုပ်လိုက်သည်။ အညံ့မခံအရှုံးမပေးသော ဆန္ဒနှင့် အဆုံးမဲ့သော တိုက်ခိုက်ချင်စိတ်က သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
ဤတစ်နှစ်အတွင်းမှာ ကုချင်းချိုင့်ဝှမ်းထဲတွင် ကိုတိုမီမှလွဲ၍ သူ့ဆီသို့ ရောက်လာသည့် တစ်ဦးတည်းသောလူက လင်းသွဲ့ ဖြစ်သည်။ ကိုတိုမီနှင့် သူ့ကြားတွင် အချိန်ကြာလာသည်နှင့်အမျှ သူ့အပေါ်ထားသော ကိုတိုမီ၏ ခံစားချက်က တဖြည်းဖြည်း ပိုနက်ရှိုင်းလာကြောင်း သီရှီထျန် သတိထားမိသည်။ သို့သော်လည်း သူက ယင်းကို ဘာမှမသိသည့်အလား ဟန်ဆောင်နေခဲ့သည်။
သူက နံနက်တိုင်းမှာ ကိုတိုမီထံမှ ကုချင်းပညာကို သင်ယူလိမ့်မည်။ သင်ကြားမှုပြီးသွားလျှင် သူက အခန်းထဲသို့ ပြန်ဝင်သွားပြီး ကျင့်ကြံလိမ့်မည်။ သူက ကိုတိုမီနှင့် အချိန်ကြာကြာ အတူမနေဝံ့ပေ။
လင်းသွဲ့သည် မကြာမကြာ သူ့ဆီသို့ ရောက်လာပြီး စကားပြောလေ့ရှိသည်။ သီရှီထျန်သည် လင်းသွဲ့ထံမှတဆင့် မသေမျိုးကျင့်ကြံခြင်းလောကအကြောင်း အများကြီး သိရှိသွားသည်။ ထို့ပြင် သူက လက်တလော အပြောင်းအလဲများကိုလည်း သိရှိသွားသည်။
ထို့ကြောင့် သူက ချိုင့်ဝှမ်းအပြင်သို့ မထွက်သွားသော်လည်း မသေမျိုးကျင့်ကြံခြင်းလောကမှ အင်အားစုအားလုံးက မကြာခင် ဖွင့်လှစ်တော့မည့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအတွက် အသင့်ပြင်နေကြကြောင်း သိရှိသွားသည်။ လင်းသွဲ့၏ ပြောစကားအရ ချင်မိသားစုသည်ပင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအတွက် စတင်ပြင်ဆင်နေပြီ ဖြစ်သည်။
“ အကိုသီ… ကုချင်းသင်ဖို့ အချိန်ရောက်ပြီ ”
သီရှီထျန်က အတွေးများနေစဉ် သူရင်းနှီးကျွမ်းဝင်သော ကိုတိုမီ၏ အသံက ခါတိုင်းကဲ့သို့ ထွက်ပေါ်လာသည်။
သီရှီထျန်က အခန်းထဲမှ ပစ္စည်းများကို ကြည့်လိုက်သည့်အခါ ခန္ဓာကိုယ်တုန်ယင်သွားသည်။ အခန်း၏ အပြင်အဆင်သည် အလွန်ရိုးရှင်းပြီး သာမန်ဖြစ်သည်။ ယခင်ကနှင့် အများကြီး မကွာခြားသွားပေ။ အခန်းက ရိုးရှင်းသော်လည်း နွေးထွေးသည်။
“ ထွက်သွားဖို့ အချိန်ကျပြီ… ဒီနေရာက ငါ့အိမ်မဟုတ်ဘူး… ငါ့အိမ်က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှာ ”
စက်ကရာသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်သည်။ သူက လက်တစ်ဖက်ကို မြန်ဆန်စွာ ဝှေ့ယမ်းလိုက်လေရာ အခန်းထဲမှ ပစ္စည်းပစ္စယအားလုံးက ဗလာသိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားကြသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အခန်းက ဟာလာဟင်းလင်း ဖြစ်သွားသည်။
“ ထွက်လာစမ်း ”
အတွေးတစ်ချက်နှင့်အတူ သီရှီထျန်က နောက်ထပ် ဗလာသိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်သည်။ သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကျင့်ကြံသူအများအပြားကို သတ်ဖြတ်ခဲ့လေရာ သိုလှောင်အိတ်များက သူ့အတွက် မရှားပါးပေ။ သူ့မှာ ထိုသို့သိုလှောင်အိတ်များ တစ်ရာခန့် ရှိသည်။
သူအမိန့်ပေးလိုက်သည့်အခါ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက ပြင်းထန်စွာ လှုပ်သွားပြီး ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ ခရမ်းရောင်ဘုရင်အမှတ်အသားထဲမှ ခရမ်းရောင်ရေကန်ပေါ်တွင် မြစိမ်းကုချင်းက တောက်ပသော အစိမ်းရောင်အလင်းကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။
မြစိမ်းကုချင်း၏ အပေါ်တွင် ဝဲကတော့တစ်ခုက ထွက်ပေါ်လာသည်။ ပြင်းထန်သော စုပ်ယူအား ထွက်ပေါ်လာသည့်အခါ ဝဲကတော့က ကုချင်းကို တစ်လုပ်တည်း ဝါးမျိုသွားသည်။
“ တင်… တုန် ”
မြစိမ်းကုချင်းသည် ခရမ်းရောင်ဘုရင်အမှတ်အသားထဲမှ ပြန်ထွက်လာသည်။ အပြင်သို့ ပြန်ရောက်လာပြီးနောက် ကုချင်းက အလွန်စိတ်လှုပ်ရှားသွားသည့်အလား ကုချင်းကြိုးများက တုန်ခါသွားပြီး ကြွပ်ဆပ်သော ကုချင်းအသံကို ထုတ်လွှတ်လိုက်သည်။ အကန့်အသတ်မဲ့သော အသက်ဓာတ်စွမ်းအားက ရုတ်တရက် ပေါ်လျှိုးလာသည်။
သို့သော်လည်း သီရှီထျန်၏ လှုပ်ရှားမှုက အလွန်မြန်ဆန်သည်။ မြစိမ်းကုချင်း ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူက ကုချင်းကို ဗလာသိုလှောင်အိတ်ထဲသို့ အမြန်ထည့်သွင်းလိုက်သည်။ ကုချင်းက မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားသည်။ သို့တိုင် ယင်း၏ အရှိန်အဝါက ပျံ့လွင့်သွားခဲ့ဆဲပင်။
မြစိမ်းကုချင်းကို သီရှီထျန် ထုတ်ယူလိုက်သည့်အခိုက် ကုချင်းချိုင့်ဝှမ်းထဲမှ ပုဂ္ဂိုလ်အများအပြားက တစ်ပြိုင်နက် မတ်တတ်ထရပ်လိုက်ကြသည်။ သူတို့အားလုံးက သီရှီထျန်၏ ဝါးအိမ်လေးဆီသို့ ကြည့်လိုက်ကြသည်။
ဝါးအိမ်အရှေ့မှ မဏ္ဍပ်ထဲမှာ မတ်တတ်ရပ်နေသော ကိုတိုမီက ယင်းကို တခြားလူများထက် ပိုပြီးနက်ရှိုင်းစွာ အာရုံခံမိသွားသည်။ ဝါးအိမ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်ယင်သွားစေသည်။ သူက အံ့ဩသော အမူအရာဖြင့် ဝါးအိမ်ဆီသို့ ကြည့်လိုက်သည်။
“ အဲ့ဒီအရှိန်အဝါက အကိုသီရဲ့ အခန်းထဲကနေ ထွက်ပေါ်လာတာလား… စောစောက ကုချင်းအသံကို ငါကြားလိုက်ရတယ်… အဲ့ဒါက ကုချင်းရဲ့ အရှိန်အဝါလား… ဒါပေမဲ့ အဲ့ဒီအရှိန်အဝါကို အရမ်းရင်းနှီးတယ်လို့ ငါခံစားရတယ်… ဘာဖြစ်လို့ပါလိမ့်… ”
ကိုတိုမီ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှုနှင့် အံ့ဩမှု ထွက်ပေါ်လာသည်။ သူက တိတ်တဆိတ် တွေးတောလိုက်သည်။ သို့သော်လည်း အခန်းထဲမှ အရှိန်အဝါက မည်သည့်အရာဖြစ်ကြောင်း သူအတည်မပြုနိုင်ပေ။ သို့သော်လည်း သူက ထိုအရှိန်အဝါကို အလွန်ရင်းနှီးလေရာ ယင်းက သူသိထားသော ပစ္စည်းတစ်ခုခု ဖြစ်ရမည်။
“ ကျွီ ”
ကိုတိုမီ ဇဝေဇဝါဖြစ်နေစဉ် ဝါးအိမ်၏ တံခါးကို အထဲမှ ဆွဲဖွင့်လိုက်သည်။ ထို့နောက် ဝတ်စုံနက် ဝတ်ဆင်ထားသော သီရှီထျန်က အိမ်အပြင်သို့ ထွက်လျှောက်လာသည်။ သူက ကိုတိုမီ၏ အရှေ့သို့ လျှောက်သွားသည်။
ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် ကိုတိုမီသည် သီရှီထျန်ကို မြင်တွေ့သွားစဉ် မကောင်းသော တစ်စုံတစ်ခု ဖြစ်ပေါ်လာတော့မည်ဟု အာရုံရသွားသည်။ ဤအခိုက်အတန့်မှာ သူ၏ ခံစားချက်က ပိုပြီးပရမ်းပတာ ဖြစ်လာသည်။
“ အကိုသီ… ”
အခန်း(၂၃၉)
ကိုတိုမီသည် စေ့စပ်သေချာသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူ့နှလုံးသားထဲမှ သံယောဇဉ်အမျှင်တန်းသည် သီရှီထျန်နှင့် တိတ်တခိုး တွဲညိနေသည်။ ထို့ကြောင့် သူက အကြည့်တစ်ချက်ဖြင့်ပင် သီရှီထျန်၏ အပြောင်းအလဲကို မြင်တွေ့သွားသည်။ သူက မသိစိတ်မှ သီရှီထျန်၏ လက်ကို ကြည့်လိုက်သည်။ ယနေ့တွင် သီရှီထျန်သည် ကုချင်းလေ့ကျင့်သည့်အခါတိုင်း သူသယ်ဆောင်လာလေ့ရှိသော ကုချင်းကို မယူလာခဲ့ပေ။ ထိုအချက်က ကိုတိုမီ၏ နှလုံးသားကို ပိုပြီးဂနာမငြိမ်ဖြစ်စေသည်။
သီရှီထျန်သည် သူ့အရှေ့မှ မိန်းကလေးကို ကြည့်လိုက်သည်။ ကိုတိုမီသည် ဤချိုင့်ဝှမ်းထဲမှာ သူနှင့်အတူ တစ်နှစ်ကျော် ရှိနေခဲ့သည်။ စိတ်ရှုပ်ထွေးသော အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက မထူးမခြားနား အမူအရာဖြင့် ကိုတိုမီဆီသို့ လျှောက်သွားသည်။ တစ်ခဏကြာ နှုတ်ဆိတ်နေပြီးနောက် သူက ပါးစပ်ဖွင့်ဟလိုက်ပြီး ပြောသည်။
“ ငါထွက်သွားတော့မယ် ”
“ ထွက်သွားမယ်လား… အကို ဘယ်သွားမှာလဲ ”
ထိုစကားက ကိုတိုမီ၏ အသိစိတ်ကို မိုးကြိုးပစ်ချသွားဟန် ရ၏။ ဇာပဝါအောက်မှ သူ့မျက်နှာက ဖြူဖျော့သွားသည်။
“ ဒုန်း ”
သူ၏ လက်ထဲမှာ ကိုင်ထားသော ကုချင်းသည်ပင် အောက်သို့ ကျယ်လောင်စွာ ပြုတ်ကျသွားသည်။ သီရှီထျန်၏ စကားက သူ့ကို အမှန်တကယ် ထိတ်လန့်ချောက်ချားစေသည်။
“ ကုချင်းချိုင့်ဝှမ်းက အချိန်ကြာကြာ ငါနေထိုင်သင့်တဲ့နေရာ မဟုတ်ဘူး… ဒီကို ငါရောက်လာတာက ကုချင်းပညာကို သင်ယူချင်လို့ပဲ… အခု ကုချင်းပညာကို ငါတတ်မြောက်သွားပြီဆိုတော့ ဒီနေရာမှာ ဆက်နေဖို့ အကြောင်းမရှိတော့ဘူး ”
သီရှီထျန်သည် ကိုတိုမီကို မကြည့်ဘဲ အဝေးသို့ အကြည့်လွှဲလိုက်သည်။ ကိုတိုမီ၏ ဝမ်းနည်းပူဆွေးသော အမူအရာကို သူမရင်ဆိုင်နိုင်ဟန် ရ၏။ သူက နှလုံးသားကို ကျောက်ခဲကဲ့သို့ မာကျောစေပြီး ဆက်ပြောသည်။
“ ဒါ့အပြင် ငါအိမ်ပြန်လာမှာကို စောင့်နေကြတဲ့ လက်အောက်ငယ်သားတွေ အများကြီး ရှိတယ်… အပြင်မှာ ဘယ်လောက်ကြာကြာ ငါနေနေပါစေ တစ်နေ့ အိမ်ကို ပြန်သွားရလိမ့်မယ်… ဒီအတောအတွင်း ငါ့ကို စိတ်ရောကိုယ်ပါ ကုချင်းသင်ကြားပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်… မင်းက ငါ့အတွက် နေ့တိုင်း ‘ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ’ တီးခတ်ပေးခဲ့တယ်… ဒါကြောင့် ငါမထွက်သွားခင် မင်းကို လက်ဆောင်တစ်ခု ပြန်ပေးပါရစေ ”
သီရှီထျန်က သိုလှောင်အိတ်တစ်ခုကို ထုတ်လိုက်ပြီး ပြောသည်။
“ ဒီထဲမှာ မင်းအပိုင် ပစ္စည်းတစ်ခုရှိတယ်… အဲ့ဒါက ငါတို့ရဲ့ ခွဲခွာခြင်းအမှတ်တရလက်ဆောင်ပါ ”
သူက စကားဆုံးသည်နှင့် သိုလှောင်အိတ်ကို ကိုတိုမီထံ ကမ်းပေးလိုက်သည်။
“ အကိုသီ… ရှင်… ”
ကိုတိုမီသည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သူမြင်တွေ့ဖူးသော သီရှီထျန်၏ မျက်နှာကို ကြည့်လိုက်သည်။ သူ့နှလုံးသားက စူးရှနာကျင်လာသည်။
အတိတ်တွင် သူသည် သီရှီထျန်ကို ဖွင့်ပြောပြီးသွားလျှင် သူ၏ ခံစားချက်ကို သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာမှာ မြှုပ်ကွယ်ထားမည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ထိုခံစားချက်ကို တစ်ခါမှ သူမမြှုပ်ကွယ်နိုင်ခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခံစားချက်က ပိုပြီးနက်ရှိုင်းလာသည်။ ထိုသို့ဖြစ်ရသော အကြောင်းအရင်းကို သူကိုယ်တိုင်ပင် နားမလည်ပေ။
ယခု သီရှီထျန် ထွက်သွားတော့မည်ဟု သူကြားသောအခါ စိုးရိမ်ကြောင့်ကြလာသည်။
သူက သီရှီထျန်ကို ဤနေရာမှာ ဆက်နေရန် တိုက်တွန်းချင်သည်။ သို့သော်လည်း အခြားတစ်ဖက်မှာ ချင်မိသားစု၏ တာဝန်က သူ့အား သတိပေးနေသည်။ သူက သီရှီထျန်ကို ထွက်မသွားရန် တားဆီးချင်သည်။ သို့သော်လည်း သူပါးစပ်ဟလိုက်သည့်အခါ မည်သည့်စကားလုံးမှ မထွက်လာပေ။
နောက်ဆုံးမှာ သူက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်။
“ အကို ဒီမှာ ဆက်နေလို့မရဘူးလား ”
ကိုတိုမီက သီရှီထျန်ကို မျှော်လင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ခါးသီးမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထိုမေးခွန်း၏ အဖြေကို သူသိထားပြီးသား မဟုတ်ပါလော။ သူ့မှာ သီရှီထျန်ကို ဤနေရာမှာ ဆက်နေခိုင်းနိုင်မည့် မည်သည့်အကြောင်းပြချက်မှ မရှိပေ။
သူက သီရှီထျန်၏ အရှေ့မှာ “ ချစ်ပါတယ် ”ဟုပင် ဖွင့်မပြောနိုင်ပေ။ သို့ဖြစ်လေရာ သီရှီထျန်၏ ထွက်သွားမှုကို တားဆီးနိုင်သော အခွင့်အရေး သူ့ဆီမှာ မည်သို့ရှိမည်နည်း။
" ကောင်းမွန်တဲ့ ကိစ္စတွေမှာ အဆုံးသတ်ရှိစမြဲပါ… ဒီနေ့ ခွဲခွာခြင်းက နောင်တစ်ချိန် ပြန်လည်တွေ့ဆုံဖို့ ဖြစ်တယ်… ကုချင်းချိုင့်ဝှမ်းထဲမှာ တစ်နှစ်ကျော် ငါနေထိုင်ခဲ့တယ်… နောက်ထပ် ငါဆက်နေလို့ မဖြစ်ဘူး… ဘာမှစိတ်မပူပါနဲ့… ငါ့နှလုံးသားထဲမှာ မင်းကို အမြဲတမ်း အမှတ်ရနေမှာပါ ”
သီရှီထျန်သည် သူ၏ နှလုံးသားကို ကျောက်ခဲကဲ့သို့ မာကျောစေပြီးနောက် စိတ်ဓာတ်ပြတ်သားစွာ ပြောသည်။ ကိုတိုမီ၏ ခံစားချက်ကို မည်သို့ကြောင့် သူမမြင်နိုင်ဘဲ နေမည်နည်း။ သို့သော်လည်း ယင်းကို သူလက်မခံနိုင်ပေ။
သူတို့၏ သရုပ်က ကွဲပြားခြားနားသည်။ သူက မိစ္ဆာဖြစ်ပြီး ကိုတိုမီက လူသားဖြစ်သည်။ မှန်ပေသည်။ သီရှီထျန်အတွက်တော့ မျိုးနွယ်စုနှစ်ခုကြားမှ အမြင်မတူညီမှုက သူ့အတွက် ကိစ္စကြီးမဟုတ်ပေ။ သို့သော် သူ့မှာ ကိုတိုမီအပေါ် အမြင်ကောင်းရှိသော်လည်း ယင်းက အချစ်အဆင့်သို့ မရောက်ရှိခဲ့ပေ။ ထို့ပြင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာ သူ၏ ပြန်အလာကို စောင့်နေကြသော ရှောင်ပိုင်နှင့် သူ၏ လက်အောက်ငယ်သားများ ရှိနေကြသေးသည်။ သူက မိန်းမတစ်ယောက်အတွက် သူတို့ကို မစွန့်ပစ်နိုင်ပေ။
“ အကို တကယ်ပဲ ဆက်နေလို့မရဘူးလား ”
ကိုတိုမီက နောက်တစ်ကြိမ် ထပ်မေးသည်။
“ ငါတို့ အနာဂတ်မှာ ပြန်တွေ့ဆုံကြမှာပါ ”
သီရှီထျန်က လေးနက်စွာ ပြောသည်။ သူ့စကားထဲမှ အဓိပ္ပာယ်က အလွန်ရှင်းလင်းသည်။
“ ကောင်းပြီ… ညီမ အကိုပေးတဲ့ လက်ဆောင်ကို လက်ခံလိုက်မယ် ”
ကိုတိုမီက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့မျက်လုံးထဲ၌ ဝမ်းနည်းမှုက အထင်အရှား ရှိနေဆဲပင်။ သူက လက်ဆန့်ထုတ်လိုက်ပြီး အဖြူရောင်သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်သည်။
သီရှီထျန်၏ လက်ထဲမှ သိုလှောင်အိတ်ကို သူလှမ်းယူလိုက်စဉ် သူ့လက်ထဲမှ အဖြူရောင်သိုလှောင်အိတ်ကို သီရှီထျန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူက သိမ်မွေ့စွာ ပြောသည်။
“ အကိုထွက်သွားတော့မယ်ဆိုတော့ ဒီသိုလှောင်အိတ်ကို ညီမ လက်ဆောင်ပေးလိုက်မယ်… ဒီအိတ်ထဲမှာ ညီမနားလည်ထားတဲ့ ကုချင်းမှတ်စုတွေ ရှိတယ်… အဲ့ဒါက အကို့ကို ကူညီပေးနိုင်မယ်လို့ ညီမမျှော်လင့်ပါတယ် ”
ကိုတိုမီသည် ကျင့်ကြံခြင်းမိသားစုတစ်ခုမှ မျိုးဆက်ဖြစ်သည်။ သီရှီထျန်က စိတ်ဆုံးဖြတ်ထားကြောင်း သူမြင်သောအခါ သီရှီထျန် စိတ်ပြောင်းလဲရန် မည်သို့မှ မဖြစ်နိုင်တော့ကြောင်း သူသိလိုက်သည်။ သူက အတင်းအကျပ် တားဆီးမည်ဆိုလျှင်ပင် ရလဒ်ကို မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် သူက သီရှီထျန်ကို ဤနေရာမှာ ဆက်နေရန် မတောင်းဆိုတော့ပေ။ ယင်းအစား သူက စိတ်ခံစားချက်များကို တဖြည်းဖြည်း ပြန်စုစည်းလိုက်ပြီး သီရှီထျန်အတွက် မကြာသေးခင်ကမှ သူပြင်ဆင်ထားသော သိုလှောင်အိတ်တစ်ခုကို လက်ဆောင်ပေးလိုက်သည်။
ကိုတိုမီသည် သိုလှောင်အိတ်ကို ဆုပ်ကိုင်ထားစဉ် ယင်းထံမှ နွေးထွေးမှုကို ခံစားမိသွားသည်။ တစ်ခဏကြာ စဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ အနာဂတ်မှာ ညီမတို့ သေချာပေါက် ပြန်တွေ့ဆုံကြမှာပါ ”
သီရှိထျန်သည် စိတ်ဓာတ်ပြတ်သားစွာ ထွက်သွားသည်။ သူက နှုတ်ဆက်စကားပြောပြီးနောက် အနောက်လှည့်၍ ကုချင်းချိုင့်ဝှမ်းထဲမှ အမြန်ထွက်သွားသည်။
ကိုတိုမီသည် အဝေးသို့ ထွက်သွားသော ပုံရိပ်ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။ သူက သီရှီထျန်ပေးခဲ့သော သိုလှောင်အိတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ မကြာမီ သူ၏ မျက်လုံးများက စိုစွတ်လာသည်။ သလင်းကျောက်နှင့်ဆင်တူသော မျက်ရည်စက်များက သူ၏ ပါးပြင်ထက်သို့ ကျဆင်းသွားသည်။
“ ဟား ဟား… ငါမျှော်လင့်ထားသလိုပဲ သီရှီထျန်က ကုချင်းချိုင့်ဝှမ်းထဲမှာ ဆက်ရှိနေတုန်းပဲ… တစ်နှစ်ကြာသွားပြီ… ငါဒီနေရာမှာ မင်းကို တစ်နှစ်ကြာအောင် ဇွဲကောင်းကောင်းနဲ့ စောင့်နေလိမ့်မယ်လို့ မင်းမျှော်လင့်ထားမှာ မဟုတ်ဘူး… မင်းနဲ့ ငါ့ကြားက ရန်ငြိုးကို မဖြေရှင်းနိုင်ရင် ငါကောင်းကောင်း အိပ်စက်နိုင်မှာ မဟုတ်ဘူး ”
ကုချင်းချိုင့်ဝှမ်းထဲမှ သီရှီထျန် ထွက်သွားသည့်အချိန် သူသည် ချိုင့်ဝှမ်း၏ ဝင်ပေါက်နှင့် မနီးမဝေးတွင် အနက်ရောင်ပုံရိပ်တစ်ခုက လျှို့ဝှက်စွာ ပုန်းအောင်းနေကြောင်း သတိမပြုမိခဲ့ပေ။ ထိုပုံရိပ်က အေးစက်စက် အကြည့်ကို ထုတ်ဖော်ထားသည်။ သူ၏ မျက်လုံးထဲမှာ နက်ရှိုင်းသော အမုန်းတရားရှိသည်။ သူ၏ နှလုံးသားထဲတွင် ဒေါသက လှိုင်းလုံးကြီးများသဖွယ် တလိပ်လိပ် ပေါ်လျှိုးနေသည်။
“ ဟွန့်… အဲ့ဒီနေ့က တိုက်ပွဲကို ငါသေချာစဉ်းစားပြီးသွားပြီ… အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က အဲ့လောက်များပြားတဲ့ ရုပ်သေးရုပ်တွေကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါမယုံဘူး… ရုပ်သေးဂိုဏ်းက လက်ရွေးစင်တပည့်တွေတောင် အဲ့လိုမလုပ်နိုင်ကြဘူး… ဒီတစ်ကြိမ် ငါ့ရင်ထဲက မကျေနပ်မှုကို အပြီးတိုင် ဖယ်ရှားပစ်ရမယ် ”
ထိုပုဂ္ဂိုလ်သည် သီရှီထျန်နှင့် တိုက်ခိုက်ခဲ့သော ဝမ်ထောင်မှလွဲ၍ တခြားမဟုတ်ပေ။ သီရှီထျန်ထုတ်လွှတ်ခဲ့သော စစ်သူရဲဝိညာဉ်ရာထောင်ချီကြောင့် သူက ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည်။ သူစိတ်အေးသွားပြီးနောက် ထိုကိစ္စကို သေချာပြန်တွေးကြည့်လိုက်သည့်အခါ တစ်စုံတစ်ခုလွဲမှားနေကြောင်း ရှာတွေ့သွားသည်။ ရုပ်သေးရုပ်များသည် အရေအတွက်ရာထောင်ချီသည်။ ထိုရုပ်သေးရုပ်အားလုံးက အခြေတည်နယ်ပယ်မှာရှိရန် မည်သို့မှ မဖြစ်နိုင်ပေ။ မည်သို့ဖြစ်ပါစေ ရုပ်သေးရုပ်တစ်ရုပ် ဖန်တီးပြုလုပ်ရန် ငွေကုန်ကြေးကျ အလွန်များသည်။
သူက ခေါင်းအေးအေးထားပြီး အချိန်အတော်ကြာ စဉ်းစားလိုက်သောအခါ သီရှီထျန်က သူ့ကို လှည့်စားခဲ့ခြင်းဖြစ်ကြောင်း သိသွားသည်။ ထို့ကြောင့် သူက မခံမရပ်နိုင်အောင် ဒေါသထွက်သွားသည်။ သူက မကျေနပ်မှုအားလုံးကို သီရှီထျန်ပေါ်မှာ တိုက်ရိုက် ပုံချလိုက်သည်။
ထို့ကြောင့် ကုချင်းချိုင့်ဝှမ်း၏ အပြင်ဘက်တွင် တစ်နှစ်ကျော်ကြာအောင် စိတ်ရှည်စွာ သူစောင့်ဆိုင်းနေခဲ့သည်။ ယနေ့ သီရှီထျန်က ကုချင်းချိုင့်ဝှမ်း၏ အပြင်သို့ ထွက်လာကြောင်း သူမြင်သွားသောအခါ တစ်နှစ်ကျော်ကြာအောင် သူမျိုသိပ်ထားခဲ့သော ဒေါသနှင့် မကျေနပ်မှုက အပြင်သို့ ပေါက်ကွဲထွက်လာသည်။
ဝမ်ထောင်၏ မျက်လုံးထဲမှ အေးစက်စက် အကြည့်သည် အဆိပ်ပြင်းသော မြွေဟောက်တစ်ကောင်၏ အကြည့်နှင့် ဆင်တူသည်။ ထိုရုပ်သေးရုပ်များက အတုအယောင်ဖြစ်ကြောင်း သူသိသော်လည်း သီရှီထျန်ကို ကုချင်းချိုင့်ဝှမ်း၏ အရှေ့မှာ တိုက်ခိုက်ရန် သူမရည်ရွယ်ထားပေ။ မည်သို့ဖြစ်ပါစေ သီရှီထျန်၏ ခွန်အားက အလွန်သန်မာကြောင်း သူသိသည်။ သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အချိန်တစ်ခုထိ မရှုံးဘဲ တိုက်ခိုက်နိုင်သည်။
တစ်နည်းဆိုရသော် သူ့မှာ ပိုပြီးအဆင့်မြင့်သော တစ်စုံတစ်ယောက်ကို စိန်ခေါ်နိုင်စွမ်းရှိသည်။
ဝမ်ထောင်သည် သီရှီထျန်ထက် ကျင့်ကြံခြင်းအဆင့်ပိုမြင့်သော်လည်း မဆင်မခြင်တိုက်ခိုက်ရန် မစဉ်းစားထားပေ။ အနည်းဆုံးတော့ သူက ကုချင်းချိုင့်ဝှမ်းနှင့် ဝေးရာကို တိုက်ပွဲနယ်မြေအဖြစ် ရွေးချယ်လိမ့်မည်။ သို့မဟုတ်ဘဲ သူတို့၏ တိုက်ပွဲက ချင်မိသားစုကို အချက်ပေးလိုက်လျှင် မမျှော်လင့်ထားသော ပြဿနာများ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူက နောက်ထပ် ခဏကြာအောင် သည်းခံလိုက်သည်။
သီရှီထျန်သည် ကုချင်းချိုင့်ဝှမ်းထဲမှ ထွက်သွားပြီးနောက် သူ့လက်ထဲမှ သိုလှောင်အိတ်ကို ကြည့်လိုက်သည်။ သိုလှောင်အိတ်က မွှေးပျံ့သော ရနံ့ကို ထုတ်လွှတ်နေသည်။ သူက မိစ္ဆာအာရုံကို ပို့လွှတ်၍ သိုလှောင်အိတ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ အံ့ဩသွားသည်။
“ ဪ ကိုတိုမီ ကိုတိုမီ… အနာဂတ်မှာ ငါမင်းကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ ”
သူက စိတ်ထဲမှာ ခါးသီးစွာ ပြုံးလိုက်သည်။ သူက ခေါင်းယမ်းလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ နှလုံးခုန်သံက ရုတ်တရက် ပိုမြန်လာသည်။
သိုလှောင်အိတ်ထဲမှာ သစ်လွင်တောက်ပြောင်သော စာအုပ်တစ်အုပ် ရှိသည်။ စာအုပ်အဖုံးပေါ်တွင် ရေးထားသော စာလုံးများက “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ” ဖြစ်သည်။
ကိုတိုမီက ချင်မိသားစု၏ “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို အမှန်တကယ် ကူးယူရေးသားခဲ့ပြီး သူ့ကို လက်ဆောင်ပေးခဲ့သည်။
စာအုပ်သည် အသစ်ဖြစ်ပြီး စာအုပ်ပေါ်မှ လက်ရေးကို ကြည့်ခြင်းအားဖြင့် သူက ယင်းကို မကြာသေးခင်ကမှ ရေးသားခဲ့ကြောင်း ထင်ရှားပေသည်။ ကျင့်ကြံခြင်းမိသားစုများတွင် ထိုသို့စာအုပ်က အလွန်တန်ဖိုးကြီးမားလေရာ အပြင်သို့ မပျံ့နှံ့စေရန် လုံးဝ တားမြစ်ထားလိမ့်မည်။
သို့သော်လည်း ကိုတိုမီက ချင်မိသားစု၏ စည်းမျဉ်းများကို ဂရုမစိုက်ဘဲ “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို သူ့အတွက် အမှန်တကယ် ကူးယူရေးသားခဲ့သည်။ ကိုတိုမီ၏ ထိုသို့လုပ်ရပ်က ချင်မိသားစု၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည်မှာ လုံးဝ သေချာသည်။
ကိုတိုမီသည် “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို သူ့အား မသင်ကြားပေးနိုင်ဘူးဟု ပြောခဲ့သည်။ သို့သော်လည်း သူမထွက်သွားခင်မှာ ကိုတိုမီက သူ့အား ထိုမျှတန်ဖိုးကြီးမားသော လက်ဆောင်ကို ပေးအပ်ခဲ့သည်။ ထိုစာအုပ်ထဲမှာ ပါဝင်နေသော ကိုတိုမီ၏ ချစ်ခြင်းမေတ္တာက သီရှီထျန်ကို ခါးသီးမှု ခံစားရစေသည်။ သူက ကိုယ့်ကိုယ်ကိုယ် ခါးသီးစွာ ပြုံးလိုက်သည်။ အနာဂတ်တွင် ထိုကျေးဇူးတရားကို မည်သို့ပြန်ပေးဆပ်ရမည်ဖြစ်ကြောင်း သူမသိတော့ပေ။
တစ်ခဏကြာပြီးနောက် သူက အတွေးများကို ပြန်စုစည်းလိုက်သည်။ သူက ထိုအကြောင်းကို နောက်ထပ် မစဉ်းစားတော့ပေ။ သူက သိုလှောင်အိတ်ကို ခန္ဓာကိုယ်ပေါ်မှာ သေချာချိတ်ဆွဲလိုက်ပြီး အဝေးသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။
အခန်း(၂၄၀)
သုံးမီတာ လေးမီတာခန့် သူပျံသန်းသွားပြီးနောက် စက်ကရာ၏ ပုံရိပ်က မြူနှင်းထဲမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည့်အခါ “ ချွင် ချွင် ချွင် ”ဟူသော မြည်သံများ ထွက်ပေါ်လာသည်။ အရေအတွက်များပြားသော အနက်ရောင်လခြမ်းကွေးဓားများက သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှာ မြန်ဆန်စွာ ဖွဲ့စည်းသွားကြသည်။ ထိုဖြစ်စဉ်က အလွန်မြန်ဆန်သည်။ မိစ္ဆာမြူနှင်းဓားသွားနှစ်ဆယ်က စက္ကန့်ပိုင်းလေးအတွင်း ဖွဲ့စည်းသွားကြပြီး အေးစက်စက်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။ တစ်ဆက်တည်းမှာ ယင်းတို့က ကောင်းကင်နှင့် မြေကြီးကြားမှာ ထီးထီးမားမား ရပ်နေသော သူ့အနောက်မှ ဧရာမသစ်ပင်ကြီးထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
“ ဘန်း… ဘန်း… ဘန်း ”
မိစ္ဆာမြူနှင်းဓားသွားများသည် ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှာကြပြီး ဖော်မပြနိုင်အောင် ထက်ရှသည်။ ယင်းတို့၏ စွမ်းအားက ဓားပျံတစ်လက်နှင့် နှိုင်းယှဉ်နိုင်သည်။
ရှေးဟောင်းသစ်ပင်ကြီးသည် ဤနေရာမှာ နှစ်ပေါင်းများစွာကြာအောင် ရှင်သန်နေသော်လည်း မိစ္ဆာမြူနှင်းဓားသွားများ၏ တိုက်ခိုက်မှုကို မည်သို့ခုခံတားဆီးနိုင်မည်နည်း။ သစ်ပင်ကြီးက မျက်စိတစ်မှိတ်အတွင်းမှာ အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသည်။ သို့သော်လည်း မိစ္ဆာမြူနှင်းဓားသွားများ၏ အဓိကပစ်မှတ်က သစ်ပင်ကြီး မဟုတ်ပေ။ ယင်းတို့က သစ်ပင်ကြီးကို ပိုင်းဖြတ်သွားပြီးနောက် အရှိန်မလျော့ဘဲ ဆက်လက် ပျံသန်းသွားကြသည်။
ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ချီအားလှိုင်းများက ရှေးဟောင်းသစ်ပင်ကြီးကို အပိုင်းပိုင်းအစစ ကွဲထွက်သွားစေသည်။ ရှေးဟောင်းသစ်ပင်ကြီး၏ အကာအကွယ်မရှိတော့သည့်အခါ ယင်း၏ အနောက်မှ ပုံရိပ်က အပြင်ဘက်မှာ ရှင်းလင်းထင်ရှားစွာ ထွက်ပေါ်လာသည်။
“ မင်းကို ”
ထိုပုံရိပ်ကို သီရှီထျန်မြင်သောအခါ သူက ရုတ်တရက် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ လေသံက ရေခဲတမျှ အေးစက်သွားသည်။ သူ၏ လေသံထဲမှာ သတိထားသော အရိပ်အမြွက် ပါရှိသည်။
“ ဟွန့်… အရင်တစ်ခေါက်တုန်းက မင်းက အပေါစားရုပ်သေးရုပ်တွေကို လှည့်ကွက်အနေနဲ့ အသုံးပြုပြီး ငါ့လက်ထဲကနေ လွတ်မြောက်သွားခဲ့တယ်… အဲ့ဒီတုန်းက အစော်ကားခံရမှုကို ပြန်ဆေးကြောဖို့အတွက် ကုချင်းချိုင့်ဝှမ်းရဲ့ အပြင်ဘက်မှာ တစ်နှစ်ကျော်ကြာအောင် ငါစောင့်ဆိုင်းနေခဲ့တယ်… ငါ့ရဲ့ ဇွဲကောင်းမှုက အချည်းနှီးမဖြစ်သွားဘူး… ဒီနေ့ ကုချင်းချိုင့်ဝှမ်းထဲကနေ မင်းပြန်ထွက်လာပြီ… ဒီတစ်ကြိမ် မင်းနဲ့ငါ စာရင်းအပြတ်ရှင်းမယ်… ဂိုဏ်းတူညီလေးယင်ရီက မင်းရဲ့ လက်ထဲမှာ သေသွားခဲ့တယ်… ဒါ့အပြင် အရင်တစ်ခေါက်မှာ မင်းငါ့ကို လှည့်စားခဲ့တယ်… အဲ့ဒါကြောင့် ဒီနေ့ မင်းသေချာပေါက် သေရမယ် ”
သူ့အရှေ့မှ ပုဂ္ဂိုလ်သည် ဝမ်ထောင်မှလွဲ၍ တခြားမဟုတ်ပေ။ ဝမ်ထောင်သည် ကုချင်းချိုင့်ဝှမ်းမှစ၍ သူ့အနောက်သို့ တိတ်တဆိတ် လိုက်လာခဲ့သည်။
ဝမ်ထောင်၏ စကားထဲမှာ မကျေနပ်မှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူက စိတ်ထဲမှာ အနည်းငယ် စိုးရိမ်ကြောက်လန့်နေသည်။ သူက အစောနက အခြေအနေကို တိတ်တဆိတ် တွေးတောလိုက်သည်။
အရင်တစ်ခေါက်တွင် နန်းမြို့တော်၏ အရှေ့မှာ သီရှီထျန်က သူ့ကို အကွက်ဆင်၍ သူ၏ တည်နေရာကို ဖော်ထုတ်ခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူက ပိုပြီးတိုက်ရိုက်ကျသော နည်းလမ်းကို အသုံးပြုခဲ့သည်။ သီရှီထျန်က သူ၏ တည်နေရာကို တိုက်ရိုက် ဖော်ထုတ်နိုင်ခဲ့သည်။
တစ်နှစ်အတွင်းမှာ သီရှီထျန်က ထိုမျှတိုးတတ်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ထိုသို့တိုးတတ်မှုနှုန်းဖြင့်ဆိုလျှင် သူက မသေမျိုးကျင့်ကြံခြင်းလောကမှာ ပါရမီရှင်တစ်ပါးအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထို့ကြောင့် ဝမ်ထောင်သည် သီရှီထျန်ကို ယနေ့ အပြတ်ရှင်းပစ်ရန် စိတ်ဆုံးဖြတ်လိုက်သည်။ သို့မဟုတ်လျှင် နောင်နှစ်အနည်းငယ် ကြာပြီးသည့်အခါ သီရှီထျန်က သူ့ကို သေချာပေါက် ကျော်လွန်သွားလိမ့်မည်။
သီရှီထျန်၏ အရှိန်အဝါက ယခင်ကထက် အများကြီး ပိုသန်မာလာကြောင်း ဝမ်ထောင် အာရုံခံမိသောအခါ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤလောကတွင် ခွန်အားကြီးမားသူက အားနည်းသူကို ဝါးမျိုလိမ့်မည်။ အထူးသဖြင့် မသေမျိုးကျင့်ကြံခြင်းလောကတွင် ထိုဥပဒေက ပိုပြီးထင်ရှားသည်။ မသေမျိုးကျင့်ကြံသူများသည် အစွမ်းထက်ရန်သူများကို မမွေးမြူချင်လျှင် သူတို့၏ ရန်သူများကို တစ်ခါတည်း အပြတ်ရှင်းပစ်နိုင်ရန် လုပ်ဆောင်ကြရသည်။ ထိုသို့မဟုတ်ဘဲ သူတို့လွတ်မြောက်သွားလျှင် သူတို့က နှစ်ရာပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံပြီး ပုန်းအောင်းနေကြလိမ့်မည်။ ထို့နောက် တံခါးပိတ်ကျင့်ကြံခြင်းမှ သူတို့ပြန်ထွက်လာသည့်အခါ အစွမ်းကြီးမားသော ရန်သူများ ဖြစ်လာကြလိမ့်မည်။ ထိုအချိန်ကျလျှင် သေဆုံးသွားမည့်လူက မည်သူဖြစ်မည်ကို အသေအချာ ပြောနိုင်တော့မည် မဟုတ်ချေ။
သီရှီထျန်၏ တိုးတတ်မှုအမြန်နှုန်းက ဝမ်ထောင်ကို ကြောက်ရွံ့စေသည်။
သူက နောက်ထပ် မည်သည့်စကားမှမပြောဘဲ သွေးနီရောင်အလံတိုင်ကို ထုတ်လိုက်ပြီး အမြန်ဝှေ့ယမ်းလိုက်သည်။ သွေးတိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြပြီး လေထဲသို့ ပျံတတ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သွေးတိမ်တိုက်များက အချင်းတစ်မိုင်ကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းသွားကြသည်။
ယခုအချိန်မှာ ဤဧရိယာက ဤလောကထဲမှ သီခြားကွဲထွက်သွားဟန် ရ၏။
ဝမ်ထောင်သည် စလှုပ်ရှားလိုက်သည်နှင့်ချက်ချင်း ဤဧရိယာကို ချိပ်ပိတ်လိုက်ပြီး မည်သူမှ ထွက်မပြေးနိုင်အောင် အတားအဆီးတစ်ခု ခင်းကျင်းလိုက်သည်။
ထို့နောက် သွေးနီရောင်ချိတ်ကောက်နှစ်ခုက သူ၏ လက်ထဲမှ ပျံသန်းထွက်သွားကြသည်။ ချိတ်ကောက်နှစ်ခုသည် ပြင်းထန်စွာ တုန်ယင်သွားကြသည်။ သွေးနီရောင်အလင်းက ချိတ်ကောက်ပေါ်မှာ ရေစီးကြောင်းပမာ ရွေ့လျားနေသည်။ မကြာမီ သွေးချိတ်ကောက်နှစ်ခုက မှိတ်တုတ်မှိတ်တုတ် ထွန်းလင်းသွားကြပြီး သွေးနီရောင်ကင်းခြေများနှစ်ကောင်အဖြစ် ပြောင်းလဲသွားကြသည်။ ကင်းခြေများတစ်ကောင်က အထီးဖြစ်ပြီး အခြားတစ်ကောင်က အမဖြစ်သည်။
ကင်းခြေများနှစ်ကောင်စလုံးက ဆယ်ပေနီးပါး ရှည်လျားကြသည်။ ၎င်းတို့က ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်ကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့၏ အရှိန်အဝါက မိစ္ဆာသားရဲတစ်ကောင်အောက် မလျော့ပေ။
မသေမျိုးကျင့်ကြံခြင်းလောကတွင် ဓမ္မရတနာများ၏ စွမ်းအားကို တိုးမြှင့်နိုင်သော နည်းလမ်းတစ်ခု ရှိသည်။ ယင်းက သေဆုံးသွားသော မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာဝိညာဉ်ကို ဆွဲထုတ်ပြီး ဓမ္မရတနာနှင့် ပေါင်းစပ်သော နည်းလမ်းဖြစ်သည်။ ထိုနည်းဖြင့်ဆိုလျှင် ဓမ္မရတနာ၏ စိတ်ဝိညာဉ်က ပိုသန်မာလာပြီး ယင်း၏ စွမ်းအားက ပိုအားကောင်းလာလိမ့်မည်။ ယင်းတို့က ဓမ္မရတနာနှင့် ပေါင်းစပ်ထားသော မိစ္ဆာဝိညာဉ်များကိုပင် ဆင့်ခေါ်နိုင်ကြသည်။ မိစ္ဆာဝိညာဉ်များသည် အသိစိတ်ဖယ်ရှားခံလိုက်ရပြီးနောက် တိုက်ခိုက်ရန်မှလွဲ၍ တခြားဘာမှမသိကြတော့ချေ။ ယင်းက အလွန်အစွမ်းထက်သော နည်းလမ်းဖြစ်သည်။ မိစ္ဆာဝိညာဉ်များကို ဆင့်ခေါ်ပြီး ဓမ္မရတနာနှင့် ပေါင်းစပ်တိုက်ခိုက်သည့်အခါ ဓမ္မရတနာ၏ စွမ်းအားက အဆပေါင်းများစွာ တိုးတတ်သွားလိမ့်မည်။
ထိုသို့ဓမ္မရတနာကို ရုပ်လွန်ဓမ္မရတနာဟု ခေါ်ကြသည်။ ရုပ်လွန်ဓမ္မရတနာများသည် သာမန်ဓမ္မရတနာများထက် အများကြီး ပိုအစွမ်းထက်ကြသည်။ ထို့ပြင် ယင်းတို့က အလားအလာကောင်းများကိုလည်း ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း ရုပ်လွန်ဓမ္မရတနာကို ဖန်တီးရန်သည် လွယ်ကူသောအရာ မဟုတ်ပေ။ အထူးသဖြင့် မိစ္ဆာဝိညာဉ်များကို ဓမ္မရတနာနှင့် ပေါင်းစပ်သည့်အခါ အောင်မြင်နိုင်ခြေ အလွန်နည်းပါးသည်။
ပေါင်းစပ်မှု တစ်ခါကျရှုံးသွားသည့်အခါတိုင်း မိစ္ဆာဝိညာဉ်က တိုက်ရိုက် ဖျက်ဆီးခံရလိမ့်မည်။ ထို့ပြင် ဓမ္မရတနာ၏ အဆင့်သည်လည်း နိမ့်ကျသွားလိမ့်မည်။ သို့ဖြစ်၍ ပေါင်းစပ်မှု အကြိမ်ကြိမ် ကျရှုံးသွားလျှင် ဆုံးရှုံးမှုက သေးငယ်လိမ့်မည် မဟုတ်ချေ။
ရုပ်လွန်ဓမ္မရတနာကိစ္စသည် ဝမ်ထောင် ဖုံးကွယ်ထားသော အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သည်။ သူမှလွဲ၍ တခြားမည်သူမှမသိပေ။ သူက ရုပ်လွန်ဓမ္မရတနာ၏ အစွမ်းကို တခြားလူများ၏ အရှေ့မှာ တစ်ခါမှ မထုတ်ပြခဲ့ပေ။
သို့သော်လည်း ဤတစ်ကြိမ်တွင် သူက သီရှီထျန်ကို တစ်ခါတည်း အမြစ်ဖြတ်သုတ်သင်ပစ်ချင်သောကြောင့် သူ၏ ဝှက်ဖဲကတ်ကို တုံ့ဆိုင်းမနေဘဲ ထုတ်ဖော်လိုက်သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် သီရှီထျန်အပေါ် သူ၏ သတ်ဖြတ်ချင်စိတ်က မည်မျှကြီးမားကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
“ ရှဲ ”
“ ရှဲ ”
သွေးနီရောင်ကင်းခြေများနှစ်ကောင်သည် အသိစိတ်ဖယ်ရှားခံရပြီးနောက် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ရန်သာ သိကြတော့သည်။ ၎င်းတို့က လေထဲသို့ ပျံတတ်သွားရင်း ချောက်ချားဖွယ်ကောင်းစွာ အော်မြည်လိုက်ကြသည်။ ၎င်းတို့၏ အော်သံထဲမှာ အလွန်ပြင်းထန်သော သွေးညှီနံ့ ပါဝင်နေသည်။
ကင်းခြေများဆီမှာ မရေမတွက်နိုင်သော ခြေထောက်များ ရှိသည်။ ယင်းတို့က အနီရောင်ဓားသွားများသဖွယ် အလွန်ထက်ရှကြသည်။ ၎င်းတို့က လေထဲတွင် သီရှီထျန်ဆီသို့ ရက်စက်ကြမ်းကြုတ်စွာ ရွေ့လျားသွားကြပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်ဖော်လိုက်ကြသည်။
၎င်းတို့က ချောက်ချားဖွယ်ကောင်းစွာ အော်မြည်လိုက်ကြပြီး သီရှီထျန်ဆီသို့ ခုန်အုပ်လိုက်ကြသည်။
“ ဟွန့်… ဝမ်ထောင်… မင်းမှာ ငါ့ကို သတ်နိုင်တဲ့အရည်အချင်း မရှိဘူး ”
သီရှီထျန်သည် သူ့အရှေ့မှ ဧရာမကင်းခြေများနှစ်ကောင်ကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အေးစက်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်။ ထိုသွေးနီရောင်ကင်းခြေများနှစ်ကောင်က မသေခင်မှာ မိစ္ဆာသားရဲများဖြစ်ခဲ့ကြကြောင်း မည်သို့ကြောင့် သူမမြင်နိုင်ဘဲ နေမည်နည်း။ ကံမကောင်းစွာပင် ၎င်းတို့က အသတ်ခံလိုက်ကြရသည်။ ထို့ပြင် ၎င်းတို့က ငြိမ်းငြိမ်းချမ်းချမ်း မသေဆုံးသွားကြချေ။ ၎င်းတို့၏ ဝိညာဉ်သည်ပင် မသေမျိုးကျင့်ကြံသူများ၏ အသုံးချခံလိုက်ရသည်။
မသေမျိုးကျင့်ကြံသူများသည် အလွန်ရက်စက်ကြသည်။ သူတို့က မိစ္ဆာသားရဲများ၏ အမြူတေဓာတ်လုံးနှင့် ရုပ်ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်ကိုပင် အလွတ်မပေးချင်ကြပေ။
မိစ္ဆာသားရဲများက ထိုသို့ဆက်ဆံခံနေရကြောင်း သီရှီထျန် မြင်သောအခါ ဖော်မပြနိုင်သော ဒေါသက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည့်အခါ သူ၏ ဘေးပတ်ဝန်းကျင်တွင် မိစ္ဆာမြူနှင်းဓားသွားနှစ်ဆယ်က နောက်တစ်ကြိမ် ဖွဲ့စည်းသွားကြသည်။
မိစ္ဆာမြူနှင်းဓားသွားများသည် ရပ်တန့်ခြင်းမရှိဘဲ သွေးနီရောင်ကင်းခြေများနှစ်ကောင်ကို ခုတ်ပိုင်းလိုက်ကြသည်။ မိစ္ဆာမြူနှင်းဓားသွားများ၏ ထက်ရှမှုက သီရှီထျန်၏ အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ သို့သော်လည်း မိစ္ဆာမြူနှင်းဓားသွားများက ကင်းခြေများနှစ်ကောင်ပေါ်သို့ ကျရောက်သွားသည့်အခါ ၎င်းတို့က သွေးနီရောင်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။ မိစ္ဆာမြူနှင်းဓားသွားများထဲမှာ ကိန်းအောင်းနေသော ဓားချီက ဖျက်ဆီးခံလိုက်ရသည်။
ကင်းခြေများ၏ ခြေထောက်များ ရွေ့လျားသွားသည့်နေရာတိုင်း မိစ္ဆာမြူနှင်းဓားသွားများက ပိုင်းဖြတ်ခံလိုက်ကြရသည်။
ကင်းခြေများ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် နည်းနည်းမှ မလျော့ကျသွားပေ။
သို့သော်လည်း သီရှီထျန်၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူက အတွေးတစ်ချက်နှင့်အတူ ဒုစရိုက်ခုနစ်ပါးမိစ္ဆာကုချင်းကို ဆင့်ခေါ်လိုက်သည်။ ထိုအခါ သူ၏ မိစ္ဆာစံအိမ်ထဲ၌ မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအင်ကို အမြဲမပြတ် စုပ်ယူနေသော နတ်ဆိုးကုချင်းက ကျောက်စိမ်းအလင်းတန်းအဖြစ် အသွင်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အပြင်ဘက်သို့ တိုးထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နတ်ဆိုးကုချင်းက သူ၏ ဘယ်လက်ပေါ်မှာ ထွက်ပေါ်လာသည်။ သူက ညာဘက်လက်က ကုချင်းကြိုးများပေါ်သို့ ကျဆင်းသွားသည်။ သူက လက်ငါးချောင်းကို အမြန်လှုပ်ရှားလိုက်ပြီး ကုချင်းကြိုးများကို တီးခတ်လိုက်သည်။ သူ့မှာ ကုချင်းပညာရှင်တစ်ယောက်၏ သိမ်မွေ့ညင်သာမှု မရှိပေ။ ကုချင်းကို သူကိုင်လိုက်သည့်အခိုက် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်လာသည်။
“ တင်… တင်… တုန်… တုန်… ”
သူက ကုချင်းကြိုးတစ်ချောင်းစီကို ဆွဲလှုပ်လိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်က ဤအခိုက်အတန့်မှာ သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက သူ၏ လက်ငါးချောင်းမှတဆင့် ကုချင်းကြိုးများပေါ်သို့ စီးဆင်းသွားနေကြောင်း မြင်ရလိမ့်မည်။ ယင်းက ကုချင်းနည်းစနစ်မှလွဲ၍ တခြားမဟုတ်ပေ။ ထိုသို့လွှမ်းမိုးဗိုလ်ကျသော ကုချင်းနည်းစနစ်ကသာလျှင်ပင် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ အစစ်အမှန်စွမ်းအားကို ဆွဲထုတ်ပေးနိုင်လိမ့်မည်။
အတိတ်တွင် သီရှီထျန်က ကုချင်းကို အကြမ်းပတမ်း တီးခတ်ခဲ့သည်။ ကုချင်းအကြောင်း သူဘာမှမသိသောကြောင့် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ စွမ်းအားအပြည့်အဝကို သူမထုတ်ဖော်နိုင်ခဲ့ပေ။ သူက အလွန်ဆုံး ငါးဆယ်ရာခိုင်နှုန်းကိုသာ ထုတ်လွှတ်နိုင်သည်။ ယခု သူက ကုချင်းနည်းစနစ်ကို တတ်ကျွမ်းသွားပြီဖြစ်လေရာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ အစစ်အမှန်စွမ်းအားကို ထုတ်လွှတ်နိုင်သွားသည်။
… … …
သီရှီထျန်က ဝမ်ထောင်နှင့် အသေအကြေတိုက်ပွဲ ဆင်နွှဲနေစဉ် ကုချင်းချိုင့်ဝှမ်းထဲ၌ ကိုတိုမီက တိတ်တဆိတ် မတ်တတ်ရပ်နေလျက် ငေးငိုင်နေသည်။
ကြည်လင်သော မျက်ရည်စက်များက သူ၏ ပါးပြင်ထက်မှ ပုလဲလုံးများသဖွယ် ကျဆင်းနေသည်။
“ ဟင်း ”
ထိုစဉ် သက်ပြင်းချသံက ကိုတိုမီ၏ နားထဲသို့ ဝင်ရောက်လာသည်။ မည်သည့်အချိန်ကမှန်းမသိ ရောက်နေသော သခင်မချင်က ဝမ်းနည်းကြေကွဲနေသော ကိုတိုမီကို ကြည့်၍ ခေါင်းခါလိုက်သည်။
“ ငတုံးမလေး… သီရှီထျန်က လူကောင်းဖြစ်ပြီး ဒီမျိုးဆက်ရဲ့ အထူးချွန်ဆုံး လူငယ်ပါရမီရှင်တွေထဲက တစ်ယောက်ဆိုပေမဲ့ သူက ချင်မိသားစုဝင် မဟုတ်ဘူး… ပြီးတော့ သူက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်… ညည်းအဖေက သူ့ကို တစ်နှစ်ကျော်ကြာအောင် လေ့လာစောင့်ကြည့်ခဲ့ပေမဲ့ ဘာမှမရှာတွေ့ခဲ့ဘူး… ငါ့သမီး သူ့ကို ချစ်မိရင် အမြဲတမ်း ဝမ်းနည်းနေရလိမ့်မယ်… အမေ့စကားကို နားထောင်ပြီး သူ့ကို မေ့ပစ်လိုက်ပါ ”
ကိုတိုမီကအကြည့်ပြန်ရုပ်လိုက်ပြီး သူ့ဘေးမှ သခင်မချင်ကို ကြည့်လိုက်သည်။ သူက အားတင်းကာ ပြုံးပြလိုက်ပြီး ပြောသည်။
“ အမေ သမီးကို ဆွဲဆောင်ဖို့ မလိုပါဘူး… ချင်မိသားစုဝင်တစ်ယောက်အနေနဲ့ သမီးမှာ မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်ရှိတယ်ဆိုတာ သမီးနားလည်ပါတယ်… ဖြစ်နိုင်တာက ဒီဟာက သမီးရဲ့ တဒင်္ဂ အိမ်မက်လှလှလေး ဖြစ်မယ် ”
“ ဟူး… အမေတို့ သမီးကို ခက်ခဲပင်ပန်းစေမိပြီ ”
သခင်မချင်က သက်ပြင်းချလိုက်ပြီး ပြောသည်။
“ သမီးရဲ့ အကိုသီ ဘာလက်ဆောင်ပေးခဲ့လဲ သမီးကြည့်လိုက်ပါလား… ဒီအတောအတွင်း သူ သမီးကို လုံးဝ ဂရုမစိုက်ခဲ့ဘူးဆိုတာ မဖြစ်နိုင်လောက်ပါဘူး ”
ခွဲခွာခြင်းအမှတ်တရလက်ဆောင်ဟူသည် တစ်စုံတစ်ယောက်အပေါ် မည်မျှတန်ဖိုးထားကြောင်း ဆိုလိုပေသည်။