← Chapters

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း(၂၂၉)

စက်ကရာသည် စိတ်ပျက်မှုကို ခံစားမိသွားသည်။ ထိုမျှအစွမ်းထက်သော မွေးရာပါသဘာဝစွမ်းရည်ကို သူမထိန်းချုပ်နိုင်သော ခံစားမှုက ပျော်ရွှင်စရာမကောင်းပေ။ ခါးသီးမှုကို သူခံစားမိသွားသည်။ သို့သော်လည်း အကြောင်းအရင်းကို သူခန့်မှန်းနိုင်သည်။ သူ၏ လက်ရှိစွမ်းအားက ထိုမွေးရာပါသဘာဝစွမ်းရည်ကို ထိန်းချုပ်ရန် မလုံလောက်သေးသောကြောင့် ဖြစ်နိုင်၏။

“ ထားလိုက်ပါ… ငါအသက်အန္တရာယ် ကြုံတဲ့အခါကျရင် ဘုရင်အမှတ်အသားက သေချာပေါက် အသက်ဝင်လာလိမ့်မယ်… အဲ့ဒါကို အခု ငါအသုံးမပြုနိုင်ရင်တောင် သေရေးရှင်ရေးအခြေအနေမှာ ဝှက်ဖဲကတ်တစ်ခုအဖြစ် အသုံးပြုနိုင်လိမ့်မယ် ”

သူက နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သော်လည်း အချည်းနှီးသာ ဖြစ်၏။ သို့ဖြစ်၍ သူက ထိုကိစ္စကို ယာယီဘေးချိတ်ထားလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။ မိစ္ဆာချီသည် မိစ္ဆာစံအိမ်ထဲမှ တိုးထွက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်သွားသည်။ သူက မိစ္ဆာချီကို လှည့်ပတ်လိုက်ပြီး သူ၏ ရုပ်ခန္ဓာကိုယ်ကို အားဖြည့်ပေးလိုက်သည်။

မိစ္ဆာချီကို သူလှည့်ပတ်နေစဉ် ထူးဆန်းသောအရာကို ရှာတွေ့သွားသည်။

ကျင့်စဉ်နည်းလမ်းကို အသုံးပြု၍ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားနှင့် နေနှင့်လ၏ အနှစ်သာရကို သူစုပ်ယူနေစဉ် ယင်းတို့က ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို ဖြတ်သန်းစီးဆင်းသွားသည့်အခါ ထူးဆန်းသော မီးခိုးရောင်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ထိုမီးခိုးရောင်စွမ်းအားသည် မိစ္ဆာချီနှင့် ကွဲပြားခြားနားသည်။ ယင်းက စွမ်းအားအသစ်တစ်မျိုး ဖြစ်သည်။ ဝမ်းနည်းမှုစွမ်းအားသည် မရီဒျန်များကို ဖြတ်သန်းသွား၍ မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ ဝင်ရောက်သွားသည်။ ယင်းက မိစ္ဆာချီနှင့် မပေါင်းစပ်သွားပေ။ ယင်းအစား မိစ္ဆာချီ၏ အပေါ်တွင် မီးခိုးရောင်အငွေ့အဖြစ် ဖွဲ့စည်းသွားသည်။ ယင်းက ဝမ်းနည်းမှုစွမ်းအား ကိန်းအောင်းနေသော ဝမ်းနည်းမှုအရှိန်အဝါ ဖြစ်သည်။

သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် သီရှီထျန်၏ မျက်လုံးထဲမှာ ခါးသီးသော အရိပ်အယောင် နောက်တစ်ကြိမ် ထွက်ပေါ်လာကြောင်း မြင်တွေ့ရလိမ့်မည်။ ဝမ်းနည်းခြင်းသွေးကြောက သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေသော်လည်း ထူးဆန်းသည်မှာ ယင်းကို သူမထိန်းချုပ်နိုင်ပေ။ ဝမ်းနည်းမှုစွမ်းအားက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ သူ့ဘာသာ ဝင်ရောက်သွားပြီး နောက်ထပ် မလှုပ်ရှားတော့ပေ။ သူက ဝင်သွားပြီး ပြန်မထွက်လာပေ။

သီရှီထျန်သည် ရယ်ရမည်လော ငိုရမည်လော မသိတော့ပေ။

သူက ဇဝေဇဝါဖြစ်သွားသည်။ ဝမ်းနည်းခြင်းသွေးကြောကို ဖွဲ့စည်းခဲ့ခြင်းက မှန်သည်လော မှားသည်လော သူမပြောတတ်တော့ပေ။ သူသည် မိစ္ဆာသွေးကြောကို မဖွဲ့စည်းခင် လိုအင်ဆန္ဒစွမ်းအားကို စုပ်ယူချင်ခဲ့သည်။

ထို့ကြောင့် သူက လိုအင်ဆန္ဒစွမ်းအင်ကို မိစ္ဆာသွေးကြောထဲသို့ ပေါင်းထည့်ရန် ဆုံးဖြတ်ခဲ့သည်။ သူက မိစ္ဆာသွေးကြောကို အသုံးပြု၍ လိုအင်ဆန္ဒစွမ်းအင်ကို စုပ်ယူရန် ရည်ရွယ်ထားသည်။

သို့သော် ယခုအခြေအနေအရ သူက လိုအင်ဆန္ဒစွမ်းအင်ကို စုပ်ယူနိုင်သော်လည်း ယင်းကို အသုံးမပြုနိုင်ပေ။

ယခု အသုံးမပြုနိုင်လျှင်လည်း ကိစ္စမရှိပေ။ သူက အနာဂတ်မှာ ထိုအတွက် ဖြေရှင်းနည်းတစ်ခုကို ရှာဖွေလိမ့်မည်။

သူက စိတ်အေးအေးထားလိုက်ပြီး ကျင့်ကြံခြင်းမှာ အာရုံစိုက်လိုက်သည်။ တဖြည်းဖြည်း သူက ကျင့်ကြံခြင်းမှာ ဈာန်ဝင်သွားသည်။

သူ၏ အသက်ရှူသွင်းရှူထုတ်မှုက စည်းချက်ညီလာသည်။ ယခုက ညအချိန် ဖြစ်သည်။ ကောင်းကင်ယံမှာ တိမ်မည်းများဖြင့် ပြည့်နှက်နေပြီး လရောင်ခြည်က ကမ္ဘာမြေပေါ်သို့ မကျဆင်းလာနိုင်သော်လည်း လအနှစ်သာရက တလက်လက် တောက်ပနေဆဲပင်။ သီရှီထျန်၏ စုပ်ယူမှုကြောင့် လအနှစ်သာရက ပိုးစုန်းကြူးများသဖွယ် ဝါးအိမ်လေးထဲမှာ စုဝေးသွားကြသည်။

မရေမတွက်နိုင်သော ငွေရောင်အလင်းစက်များက အရပ်မျက်နှာအသီးသီးမှ ရောက်ရှိလာကြပြီး သီရှီထျန်၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ စုဝေးသွားကြသည်။ တစ်ချိန်တည်းမှာ မိုးမြေဝိညာဉ်စွမ်းအားနှင့် လိုအင်ဆန္ဒစွမ်းအင်သည်လည်း သူ၏ မွေးညင်းပေါက်များထဲသို့ အဆက်မပြတ် တိုးဝင်သွားနေကြသည်။

ကျင့်စဉ်နည်းလမ်းကို သူလှည့်ပတ်လိုက်သည့်အခါ မတူညီသော စွမ်းအင်သုံးမျိုးက သူ၏ ခန္ဓာကိုယ်ထဲ၌ သန့်စင်ခံလိုက်ရသည်။

နေနှင့်လ၏ အနှစ်သာရကို စုပ်ယူသော ထိုမြင်ကွင်းက ချင်မိသားစု၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားလိမ့်မည်ဟု သီရှီထျန် မသိထားပေ။

တစ်ခုသိထားရမည်မှာ သာမန်ကျင့်ကြံသူများသည် အခြေခံဒြပ်စင်ငါးပါး ပါဝင်သော မိုးမြေဝိညာဉ်စွမ်းအားကိုသာ စုပ်ယူနိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် လူသားခန္ဓာကိုယ်ထဲမှ ဝိညာဉ်အမြစ်ကို များသောအားဖြင့် အခြေခံဒြပ်စင်ငါးမျိုးဖြင့်သာ ဖွဲ့စည်းထားသောကြောင့် ဖြစ်၏။ ယင်းက နေနှင့်လ၏ အနှစ်သာရကို ကျင့်ကြံသူများ မစုပ်ယူနိုင်ဘူးဟု မဆိုလိုပေ။ သူတို့က နေနှင့်လ၏ အနှစ်သာရကို စုပ်ယူချင်လျှင် ကျင့်စဉ်များကို အားကိုးရလိမ့်မည်။ သို့သော်လည်း နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်သော ကျင့်စဉ်များက အလွန်ရှားပါးသည်။ ယင်းတို့က နဂါးဦးချိုနှင့် ဖီးနစ်ငှက်မွှေးကဲ့သို့ အလွန်တန်ဖိုးကြီးမားသည်။

ထို့ပြင် ကျင့်ကြံသူအားလုံးက နေနှင့်လ၏ အနှစ်သာရကို မစုပ်ယူနိုင်ပေ။ ထိုသို့စုပ်ယူနိုင်ရန် အလွန်ခက်ခဲသော အခြေအနေများ လိုအပ်သည်။

ယခု နေနှင့်လ၏ အနှစ်သာရက သီရှီထျန်၏ ဝါးအိမ်ထဲသို့ အမြန်စုဝေးသွားနေလေရာ အံ့ဖွယ်ကောင်းသော ထိုအဖြစ်အပျက်ကို ချင်မိသားစုက မည်သို့ကြောင့် အာရုံမစိုက်မိဘဲ နေမည်နည်း။

“ ငါမျှော်လင့်ထားသလိုပဲ အဲ့ဒီသီရှီထျန်က သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး… ငါမှတ်မိသလောက်ဆိုရင် အလောင်းသန့်စင်ဂိုဏ်းရဲ့ ဖုတ်ကောင်ကျမ်းစာနဲ့ မိန်းကလေးတွေပဲရှိတဲ့ ရွှမ်နုဂိုဏ်းရဲ့ ကျောက်စိမ်းနှလုံးသားမိန်းမပျိုကျမ်းစာကပဲ လအနှစ်သာရကို စုပ်ယူနိုင်တယ်… တခြားကျင့်စဉ်တွေ အများကြီးရှိပေမဲ့ ကျင့်စဉ်တိုင်းက အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားတယ်… တချို့ကျင့်စဉ်တွေက ဂိုဏ်းရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်… သူက ဘယ်ကျင့်စဉ်ကို တတ်မြောက်ထားတာလဲ မသိဘူး ”

ချင်ရွှမ်းက သူ့ဘာသာ တွေးတောလိုက်သည်။

“ သီရှီထျန်… ရှင်က ဘယ်သူလဲ… ကျွန်မဘာလို့ ရှင်ကို မြင်တိုင်း ရှင့်အနား ချဉ်းကပ်ချင်နေရတာလဲ… ဒီလိုခံစားချက်မျိုး အရင်က တစ်ခါမှမဖြစ်ဖူးဘူး ”

နန်းဆောင်ထဲတွင် ကိုတိုမီက သီရှီထျန်နေထိုင်သော ဝါးအိမ်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေရင်း ကိုယ်ပိုင်အတွေးကမ္ဘာထဲမှာ နစ်မြုပ်နေသည်။

အမှန်တကယ်ပင် ယနေ့ညမှာ လူအများစုက အိပ်မပျော်ကြချေ။ ဝမ်ထောင်သည် ချိုင့်ဝှမ်းဆီသို့ ပြန်လွတ်မြောက်လာပြီးနောက် မျက်နှာသုန်မှုန်သွားသည်။ သူ၏ မျက်နှာပေါ်မှာ ထိတ်လန့်ချောက်ချားသော အမူအရာ ရှိသည်။ သူက စိတ်ထဲမှာ စိုးရိမ်ကြောက်လန့်နေသည်။ စစ်သူရဲဝိညာဉ်ရာထောင်ချီကို ဆင့်ခေါ်ခဲ့သော မြင်ကွင်းက သူ့ကို အတော်လေး ကြောက်လန့်စေသည်။ ထို့ကြောင့် သူက ဖြစ်စဉ်ကို စိတ်အေးအေးထား၍ မစဉ်းစားနိုင်ခဲ့ပေ။

ယခု ထိုအကြောင်းကို သူပြန်စဉ်းစားလိုက်သည့်အခါ စိတ်ထဲ၌ ထပ်မံ ကျိန်ဆဲလိုက်သည်။ မည်သို့ကြောင့် ထိုသို့နတ်ဆိုးတစ်ကောင်က ဤလောကမှာ တည်ရှိနေရသနည်း။ အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က ထိုမျှကြောက်စရာကောင်းသော သက်ရှိအများအပြားကို ဆင့်ခေါ်နိုင်သည်လော။ သူက သေချာပေါက် နတ်ဆိုးတစ်ကောင် ဖြစ်ရမည်။

မည်သို့သူတွေးနေပါစေ အချိန်က လူတစ်ဦးတစ်ယောက်အတွက် မရပ်တန့်ပေးပေ။

အချိန်က အမြဲတမ်း အရှေ့သို့ ရွေ့လျားသွားနေသည်။ ညအချိန်သည် မသေမျိုးကျင့်ကြံသူများအတွက် အလွန်တိုတောင်းဟန် ရ၏။ မကြာမီ တိမ်မည်းများက လွင့်ပြယ်သွားပြီး မိုးကောင်းကင်က ပြန်ကြည်လင်သွားသည်။ နံနက်စောစောအချိန်တွင် နေရောင်ခြည်အလင်းက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ကမ္ဘာပေါ်မှ အရာအားလုံးကို အလင်းရောင်ပေးလိုက်သည်။ ယင်းက ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ခရမ်းရောင်ချီက အရှေ့အရပ်မှ စတင်ပေါ်လျှိုးလာသည်။

" အကိုသီ… ရှင် အထဲမှာ ရှိလား… ကျွန်မ ကိုတိုမီပါ… ရှင့်ကို ကုချင်းသင်ပေးဖို့ ရောက်လာတာပါ ”

နေထွက်လာပြီး သိပ်မကြာမီ သာယာကြည်လင်သော အသံက ဝါးအိမ်အပြင်ဘက်၌ ထွက်ပေါ်လာသည်။ ယင်းက ကြားရသူတိုင်းကို စိတ်ပျော်ရွှင်စေလိမ့်မည်။

“ ဟူး ”

သီရှီထျန်က ညစ်ညမ်းသော လေကို ပါးစပ်မှ မှုတ်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေသော မိစ္ဆာချီက မိစ္ဆာစံအိမ်ထဲသို့ အမြန်ပြန်ဝင်သွားသည်။ သူမျက်လုံးဖွင့်လိုက်သည့်အခါ စူးရှသော အလင်းတန်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း သူမျက်တောင်ခတ်လိုက်သည့်အခါ အလင်းရောင်က ပျောက်ကွယ်သွားသည်။

တစ်ညတာ တိတ်တဆိတ် ကျင့်ကြံပြီးနောက် တိုက်ပွဲမှာ သူရရှိခဲ့သော ဒဏ်ရာများက အပြည့်အဝ သက်သာပျောက်ကင်းသွားသည်။ ဤအခိုက်အတန့်မှာ သူ၏ မိစ္ဆာချီ၊ မိစ္ဆာအာရုံနှင့် စိတ်ဝိညာဉ်က အထွတ်အထိပ်သို့ ပြန်ရောက်ရှိသွားသည်။ သူက ကုတင်ပေါ်မှ ထရပ်လိုက်ပြီး သူ၏ အဝတ်အစားကို သပ်သပ်ရပ်ရပ် ပြုပြင်လိုက်သည်။ ထို့နောက် သူက အိမ်ရှေ့တံခါးဆီသို့ တည်ငြိမ်စွာ လျှောက်သွားသည်။ သို့သော်လည်း သူက စိတ်ထဲမှာ တိတ်တဆိတ် အံ့ဩသွားသည်။

ချင်မိသားစုက သူ့ကို ကုချင်းသင်ပေးရန် ကိုတိုမီကို အမှန်တကယ် စေလွှတ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

“ ကျွီ ”

တင်းကျပ်စွာ ပိတ်ထားသော ဝါးအိမ်တံခါးက ပွင့်သွားသည်။ စက်ကရာက ဝါးအိမ်ထဲမှ ထွက်လျှောက်လာပြီး အပြင်သို့ ကြည့်လိုက်သည်။ ချောမောလှပသော မိန်းကလေးတစ်ယောက်က ဝါးတောထဲမှာ မတ်တတ်ရပ်နေသည်။ သူက ရိုးရှင်းသော ဝတ်စုံဖြူကို ဝတ်ဆင်ထားသည်။ ယင်းက ဖြူစင်အေးချမ်းသော သူ၏ အကျင့်စရိုက်နှင့် အထူးလိုက်ဖက်သည်။ သူက ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးနှယ် အောက်မေ့ရ၏။ ကံမကောင်းသည်မှာ မျက်နှာကို ဇပဝါဖြင့် ဖုံးအုပ်ထားသောကြောင့် သူ့မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ကိုယ်ဟန်အမူအရာအရ သူက သာမန်မိန်းကလေးတစ်ယောက် မဟုတ်ကြောင်း ထင်ရှား၏။

“ ဒီတော့ ကျုပ်ကို ကုချင်းသင်ပေးမယ့်လူက မိန်းကလေးကိုတိုမီကို… အဲ့ဒါကို ကျုပ်မမျှော်လင့်ထားဘူး… ဒီတော့ ကျုပ်ဘက်က တစ်ခုခုလစ်ဟင်းသွားတာရှိရင် မိန်းကလေး ကျေးဇူးပြုပြီး စိတ်မညိုညင်ပါနဲ့ ”

သီရှီထျန်က ကိုတိုမီကို ကြည်လင်သော မျက်လုံးဖြင့် ကြည့်လိုက်သည်။ သူက တခြားလူများကဲ့သို့ မိန်းကလေးကိုတိုမီကို မျက်နှာချိုသွေးခြင်း မပြုလုပ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူက ကုချင်းသင်ယူနိုင်မည့် အခွင့်အရေးကို အဆင့်မြင့်လက်နက်သန္ဓေသားဆယ်ခုဖြင့် လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့ကြားမှာ အပေးအယူသာ ရှိသည်။ သို့ဖြစ်၍ တစ်ဖက်လူကို သူခယနေရန် မလိုအပ်ပေ။

ထို့ကြောင့် သူက မိန်းကလေးကိုတိုမီကို သာမန်အတိုင်း ပြောဆိုဆက်ဆံသည်။ ထို့ပြင် ကိုတိုမီက ချောမောလှပသော မိန်းကလေးတစ်ယောက် ဆိုလျှင်ပင် သူက အထူးအလေးပေးလိမ့်မည် မဟုတ်ချေ။

အလှအပချင်းနှိုင်းယှဉ်လျှင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ ပိုင်ဟူက ကိုတိုမီထက် နှာတစ်ဖျား ပိုသာသည်။

ထို့ကြောင့် သူက မိန်းကလေးကိုတိုမီကို ပေါ့ပေါ့ပါးပါး ပြောသည်။ မည်သည့်ဝန်မှ သူမခံစားရပေ။

သီရှီထျန်၏ ထိုသို့တုံ့ပြန်မှုကို မြင်သောအခါ ကိုတိုမီ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။ သူက သိမ်မွေ့စွာ ပြောသည်။

“ နေ့တစ်နေ့ရဲ့ နံနက်ခင်းက အတိတ်ဆိတ်ဆုံးနဲ့ အအေးချမ်းဆုံး အချိန်အခါပါပဲ… နေထွက်လာတာနဲ့ အရာအားလုံးက အသစ်တဖန် ပြန်စတင်လိမ့်မယ်… ဒီလိုအချိန်က ကုချင်းသင်ဖို့ အသင့်တော်ဆုံးပါပဲ… ကျွန်မရဲ့ ချင်မိသားစုက ရှင့်ရဲ့ လက်ဆောင်ကို ရရှိပြီးပါပြီ… ဒါကြောင့် ကျွန်မတို့ ချင်မိသားစုက ရှင့်ကို ကုချင်းသင်ပေးရမယ်… ဒီမျိုးဆက်မှာ ကျွန်မက ကုချင်းအကြောင်း နည်းနည်းပါးပါး သိထားပါတယ်… ဒါကြောင့် အကိုသီကို ကျွန်မက ကုချင်းသင်ပေးချင်ပါတယ်… အကိုသီ ဆန္ဒရှိရဲ့လား ”

ကိုတိုမီက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

“ ဒါပေါ့… မိန်းကလေးကိုတိုမီကိုယ်တိုင် ကျုပ်ကို ကုချင်းသင်ပေးမှာပဲ ကျုပ်က ဘယ်လိုလုပ် ဆန္ဒမရှိဘဲ နေပါ့မလဲ… ကျုပ်အိမ်ကနေ ကြိုဆိုပါတယ် ”

သီရှီထျန်က ခေါင်းညိတ်လိုက်ပြီး ကိုတိုမီကို ကြိုဆိုလိုက်သည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ကြိုးခုနစ်ချောင်းတပ် ခရမ်းနက်ရောင်ကုချင်းတစ်ခုက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။

သူက ထိုကုချင်းကို ကုချင်းဘုံထဲမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းက လက်နက်သန္ဓေသားပုံစံမှာသာ ရှိနေသေးသော်လည်း ယင်းကို တီးခတ်ရန် မည်သည့်ပြဿနာမှ မရှိပေ။

ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သူ၏ သက်စောင့်ဓမ္မရတနာ ဖြစ်သည်။ ယင်းက ထိပ်တန်းအဆင့် ဓမ္မလက်နက်ဖြစ်ပြီး ဓမ္မရတနာတစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ဤသို့ဆိုရိုးစကားရှိ၏။ အသက်ရှည်ရှည်နေချင်လျှင် ပိုင်ဆိုင်မှုကို ထုတ်မကြွားသင့်ပေ။ ထို့ကြောင့် သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းအစား အဆင့်နိမ့်အဆင့် ကုချင်းတစ်ခုကို ထုတ်လိုက်သည်။

အခန်း(၂၃၀)

ကိုတိုမီက သီရှီထျန်၏ လက်ထဲမှ ကုချင်းကို ကြည့်လိုက်ပြီး ပြုံးသည်။ သူက သိမ်မွေ့စွာ ပြောသည်။

“ ဒါဆိုရင် ကျွန်မ ယဉ်ကျေးမနေတော့ဘူး… အနာဂတ်မှာ ကျွန်မတို့က အချိန်အကြာကြီး အတူတူရှိနေကြမှာဆိုတော့ ဒီအတိုင်း ခေါ်ဝေါ်နေလို့ အဆင်မပြေလောက်ဘူး… ဒါကြောင့် နောက်ဆိုရင် ကျွန်မက ရှင့်ကို အကိုသီလို့ ခေါ်မယ်… ရှင်က ကျွန်မကို ညီမရှင်းလို့ ခေါ်နိုင်ပါတယ် ”

“ ကောင်းပါပြီ ”

သီရှီထျန်က ထိုသို့သေးငယ်သော ကိစ္စများကို အလေးထားသူ မဟုတ်ပေ။ ဝါးအိမ်ထဲမှာ ကုချင်းအကြောင်း သင်ယူလေ့လာရန် သိပ်အဆင်မပြေကြောင်း သီရှီထျန် ခံစားမိသည်။ အဘယ့်ကြောင့်ဆိုသော် ဝါးအိမ်က လွတ်လွတ်လပ်လပ် မရှိပေ။ ထို့ကြောင့် သူက ဝါးအိမ်၏ အရှေ့တွင် သေးငယ်သော မဏ္ဍပ်တစ်ခု ဆောက်လုပ်လိုက်သည်။

ထိုနေရာသည် ကုချင်းပညာ သင်ယူလေ့လာရန် အထူးသင့်တော်သည်။ သူတို့နှစ်ယောက်သည် မဏ္ဍပ်ထဲသို့ ဝင်ရောက်သွားကြပြီး ကြမ်းခင်းပေါ်မှာ ထိုင်လိုက်ကြသည်။ ကိုတိုမီက သူ၏ ကုချင်းကို စားပွဲခုံပေါ်မှာ တင်လိုက်သည်။ ယင်းက စန္ဒကူးသစ်သားဖြင့် ဖန်တီးပြုလုပ်ထားသော ကြိုးခုနစ်ချောင်းတပ်ကုချင်း ဖြစ်သည်။ အရည်အသွေးကို ကြည့်ရသော် ယင်းက အဆင့်မြင့် ကုချင်းတစ်ခုဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် သူပြောနိုင်သည်။

ကိုတိုမီက ကုချင်းကို ထုတ်၍ စားပွဲခုံပေါ်သို့ တင်လိုက်လေရာ ကုချင်းကို စစချင်း မသင်ပေးရန် ရည်ရွယ်ထားပုံပေါ်သည်။ သူက လှပသော မျက်လုံးများဖြင့် သီရှီထျန်ကို ကြည့်လိုက်သည်။ သူစကားပြောလိုက်သည့်အခါ သူ၏ ပန်းနုရောင်နှုတ်ခမ်းက ဖွင့်ဟသွားသည်။

" ကုချင်းက ဂီတတူရိယာတစ်ခုဖြစ်တယ်… ဒီလောကမှာ ပုလွေ၊ ဗုံ၊ စောင်း၊ နှဲ အစရှိတဲ့ ဂီတတူရိယာတွေ အများကြီး ရှိတယ်… အဲ့ဒီထဲမှာ ကုချင်းက ပိုပြီးနာမည်ကျော်ကြားတယ်… ရှေးဟောင်းစာအုပ်တွေထဲမှာတောင် ‘ ကုချင်း၊ စစ်တုရင်၊ လက်ရေးအလှနဲ့ ပန်းချီ ’ဆိုပြီး ပညာရပ်လေးခုရှိတယ်လို့ ဖော်ပြခဲ့ကြတယ်… ဒါကြောင့် ကုချင်းကို ထိပ်တန်း ဂီတတူရိယာလို့ သတ်မှတ်နိုင်တယ်… အကိုသီက လက်နက်သန္ဓေသားဆယ်ခုကို ကုချင်းပညာသင်ယူနိုင်မယ့် အခွင့်အရေးအတွက် လဲလှယ်ခဲ့တယ် ”

“ ဒီတော့ ကျွန်မ အကိုသီကို မေးခွန်းတစ်ခု မေးချင်တယ်… အကိုသီရဲ့ နှလုံးသားထဲမှာ ကုချင်းက ဘာပါလဲ ”

ထိုသို့ပြောပြီးနောက် ကိုတိုမီက ကြည်လင်သော မျက်လုံးတစ်စုံဖြင့် သီရှီထျန်ကို တိတ်တဆိတ် ကြည့်လိုက်သည်။

သီရှီထျန်က လေးနက်စွာ တွေးတောလိုက်သည်။ ကုချင်းအကြောင်း ပြောရလျှင် ယင်းက သူ၏ အတိတ်ဘဝ၌ ဟွာရှားပြည်၏ တန်ဖိုးအကြီးမားဆုံး ဂီတတူရိယာဖြစ်သည်။ ရှေးခေတ်ကာလမှစတင်၍ မျက်မှောက်ခေတ်အထိ ကုချင်းက မည်သည့်အခါမှ မတိမ်ကောသွားပေ။ ယင်းက ခေတ်ကာလအမျိုးမျိုးကို ဖြတ်သန်းသွားနေသော ရေစီးကြောင်းနှင့် ဆင်တူသည်။

ထိုစဉ် သီရှီထျန်၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးသောအကြည့် ထွက်ပေါ်လာသည်။ သူက အတိတ်ဘဝကို ပြန်လည်အောက်မေ့သွားဟန် ရ၏။ တစ်ချိန်တည်းမှာ ချီးကျူးလေးစားသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

အချိန်တစ်ခဏကြာပြီးနောက် သူက ကိုတိုမီနှင့် မျက်လုံးချင်းဆုံလိုက်ပြီး လေးနက်စွာ ပြောသည်။

“ ကုချင်းက နှလုံးသား… လူတွေရဲ့ နှလုံးသား… သဘာဝတရားရဲ့ နှလုံးသား ”

သီရှီထျန်သည် အတိတ်ဘဝ၌ သူဖတ်ခဲ့ဖူးသော မှတ်တမ်းတစ်ခုကို ပြန်သတိရသွားသည်။ ထိုမှတ်တမ်းထဲမှာ ကုချင်း၏ ဆင့်ကဲပြောင်းလဲပုံက အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက သူ့ကို လေးနက်သောအမြင် ကျန်ရစ်စေခဲ့သည်။

မှတ်တမ်းထဲတွင် ဖော်ပြထားသည်မှာ ကုချင်းက ဟွာရှားပြည်၏ အောင်မြင်မှု ကျရှုံးမှုကို မျက်မြင်သက်သေပြုပေးခဲ့သည်။ ကုချင်းက ဟွာရှားပြည်သူပြည်သားများ၏ လွတ်လပ်သော အတွေးများနှင့် ဆန္ဒများကို တိတ်တဆိတ် ဖော်ပြပေးသည်။ ဘိုးဘေးများသည် သူတို့၏ ညွှန်ကြားမှုများကို ကုချင်းမှတဆင့် ပြောပြလေ့ရှိသည်။ ဖူရှီ၊ ရှင်းနုန်၊ အဝါရောင်ဧကရာဇ်နှင့် ယုရှန်း အစရှိသော ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးများဆီမှာပင် ကုချင်းနှင့်ပတ်သက်သော ဒဏ္ဍာရီများ ရှိခဲ့ကြသည်။ ကုချင်းသည် လောကတစ်ခွင်၌ နာမည်ကျော်ကြားသည်။ ကွန်ဖြူးရှပ်ဝါဒမှာလည်း ကုချင်းက ပါဝင်သည်။ ဟွာရှားပြည်၏ နာမည်ကျော်ကြားသော စာပေပညာရှင်အများစုက ကုချင်းကို တတ်မြောက်ကြသည်။ သူတို့က သူတို့၏ အတွေးအခေါ်များကို ကုချင်းမှတဆင့် ပြန်လည်ဝေမျှကြသည်။

ကုချင်းသည် လူသားနှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော အေးချမ်းမှု၊ စစ်မှန်မှုနှင့် လွတ်လပ်မှု အစရှိသော အရာများ၏ အသံ ဖြစ်သည်။ ထို့ကြောင့် ကုချင်းက ဟွာရှားပြည်၏ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်ဟု ဆိုကြသည်။

ကုချင်းအသံသည် တစ်စုံတစ်ယောက်၏ အတွင်းစိတ်အသံ ဖြစ်သည်။

သီရှီထျန်က ထိုခေတ်ကာလကို ကိုယ်တိုင်မတွေ့ကြုံခဲ့ဖူးပေ။ သို့သော်လည်း ကုချင်းက မည်မျှမြင့်မြတ်ထည်ဝါကြောင်း သူစိတ်ကူးကြည့်နိုင်သည်။ ကုချင်းသည် ဟွာရှားပြည်၏ ပထမဆုံး ဂီတတူရိယာ ဖြစ်သည်။

ထို့ကြောင့် ရှေးဟောင်းစာလိပ်ထဲ၌ နတ်ဘုရားတေးသွားကို သူမြင်သောအခါ သူ၏ သက်စောင့်မိစ္ဆာလက်နက်ကို ကုချင်းအဖြစ် ဖန်တီးသန့်စင်ရန် တုံ့ဆိုင်းမနေခဲ့ပေ။ ကုချင်းသည် အတွင်းစိတ်အသံဖြစ်ပြီး နှလုံးသား၏ အသံဖြစ်သည်။

“ အကိုသီက ကုချင်းကို တကယ်ချစ်မြတ်နိုးတဲ့လူပဲ… ကုချင်းအသံက နှလုံးသားရဲ့ အသံ… ပြောတာ ကောင်းတယ် ”

ကိုတိုမီက မျက်လုံးဝင်းလက်သွားသည်။ ခရမ်းရွှေကုန်းမြေသည် ဟွာရှားပြည်နှင့် မတူညီပေ။ သို့သော်လည်း ဤနေရာ၏ ပထမဆုံး ဂီတတူရိယာပစ္စည်းသည် ကုချင်းဖြစ်သည်။ သို့ဖြစ်၍ သီရှီထျန်၏ စကားက ကုချင်း၏ အဓိပ္ပာယ်အမှန်ကို ဖော်ထုတ်ပြခဲ့သည်။

“ ကျုပ်က ဂီတအကြောင်း ဘာမှမသိပါဘူး… ကျုပ်ပြောလိုက်တာက ကြားဖူးနားဝရှိတဲ့ စကားပါ ”

သီရှီထျန်၏ မျက်နှာက မထူးမခြားနား ရှိနေသည်။ သူက ကိုယ့်ကိုယ်ကိုယ် အထင်မကြီးပေ။

နံနက်ခင်းအချိန်တွင် ကိုတိုမီသည် သီရှီထျန်ကို ကုချင်းစမသင်ကြားပေးပေ။ ယင်းအစား သူက ကုချင်း၏ သမိုင်းကြောင်းများ၊ ဂီတအခြေခံအကြောင်းများနှင့် ဂီတသီအိုရီများအကြောင်း ပြောပြသည်။ မည်သို့ဖြစ်ပါစေ သီရှီထျန်က ယခုမှ ကုချင်းစသင်မည့်လူ ဖြစ်သည်။ သူက ဂီတအကြောင်း ဘာမှမသိထားသူ ဖြစ်သည်။ ထို့ကြောင့် သူက ကုချင်းမသင်မီ အခြေခံမှ စသင်ယူရမည်။ သို့မှသာ သူက ကုချင်းသံစဉ်များကို ဖတ်နိုင်လိမ့်မည်။

ကိုတိုမီက သီရှီထျန်ကို သီအိုရီအကြောင်း စရှင်းပြသည်။ သူက တီးခတ်နည်းအကြောင်း ဘာမှမသင်ကြားပေ။ ယင်းမှာ သူက ကုချင်းတီးခတ်နည်းအကြောင်း မသင်ကြားပေးချင်သောကြောင့် မဟုတ်ပေ။ ယင်းအစား သူက သီရှီထျန်ကို တစ်ဆင့်ပြီးမှတစ်ဆင့် လမ်းညွှန်ပေးရန် ရည်ရွယ်ထားသည်။

သူက ဖြည်းဖြည်းချင်း သင်ယူရလိမ့်မည်။ ယင်းက ကလေးငယ်တစ်ယောက်ကို လမ်းလျှောက်သင်ကြားပေးခြင်းနှင့် ဆင်တူသည်။ ကုချင်းတီးခတ်နည်းကို မသင်ကြားပေးမီ ဂီတအခြေခံများကို အရင်သိထားရမည်။

အကယ်၍ သူသာ ကုချင်းတီးခတ်နည်းကို ချက်ချင်း သင်ယူမည်ဆိုလျှင် လမ်းမလျှောက်တတ်သေးဘဲ ပြေးနိုင်ရန် ကြိုးစားနေသူနှင့် ဆင်တူသွားလိမ့်မည်။ သူက သေချာပေါက် ချော်လဲလိမ့်မည်။

သီရှီထျန်က ဉာဏ်ကောင်းသူဖြစ်လေရာ ထိုသဘောတရားကို ကောင်းမွန်စွာ နားလည်သည်။ ထို့ကြောင့် သူက ကုချင်းတီးခတ်နည်း သင်ရန် အလျင်မလိုပေ။ မည်သို့ဖြစ်ပါစေ သူက ချိုင့်ဝှမ်းထဲမှာ အချိန်အကြာကြီးနေရန် စဉ်းစားထားသည်။ သူက ကုချင်းကို တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် သင်ယူရန် ရည်ရွယ်ထားသည်။ သို့ဖြစ်၍ အချိန်ကြန့်ကြာမှုနှင့်ပတ်သက်ပြီး သူမစိုးရိမ်ပေ။

သူက ဦးနှောက်ကို အလုပ်ပေးလိုက်ပြီး ကိုတိုမီပြောပြသော ဂီတအခြေခံများနှင့် ဂီတသံစဉ်များအကြောင်း အာရုံစိုက်၍ နားထောင်သည်။

ယင်းတို့ကို သူ၏ ကိုယ်ပိုင်ဗဟုသုတများအဖြစ် ပြောင်းလဲပစ်လိုက်သည်။ တစ်ဖက်လူက အလေးအနက် သင်ကြားပေးနေစဉ် သီရှီထျန်က အာရုံစိုက်၍ နားထောင်သည်။

အချိန်သည် မည်သို့မည်ပုံ မသိလိုက်ဘဲ ကုန်ဆုံးသွားသည်။ ကိုတိုမီသည် နံနက်မိုးလင်းသွားတိုင်း နှစ်နာရီမှ လေးနာရီအထိ သီရှီထျန်ကို သင်ကြားပေးသည်။ ကျန်အချိန်များတွင် သီရှီထျန်ကို ကိုယ့်ဘာသာ လေ့လာမှတ်သားစေသည်။

ထိုသို့ဖြင့် သီရှီထျန်သည် ကုချင်းသင်ယူမည့် သူ၏ ပထမခြေလှမ်းကို ပြီးမြောက်သွားသည်။

… … …

တော်ဝင်နန်းတော်၏ စံအိမ်တစ်ခုထဲမှ စာကြည့်ခန်းထဲတွင် ဟွာဝမ့်ဝူက မိန်းကလေးတစ်ယောက်နှင့်အတူ စာလေ့လာနေသည်။

ဤအခိုက်အတန့်မှာ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ သူက ခံစားချက်ကို မထိန်းချုပ်နိုင်သည့်အလား အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

သူက ပါးစပ်မှ အံ့ဩစွာ ရေရွတ်လိုက်သည်။

“ အရမ်းကောင်းတယ်… ဆရာသီကတော့ ဆရာသီပါပဲ… သူသဘောတူပြီးတာနဲ့ သိပ်မကြာဘူး တစ်ညတည်းနဲ့ လောကဝတ်ပြုခန်းမတစ်ခုလုံးကို အပြတ်ချေမှုန်းလိုက်တယ်… ခန်းမရဲ့ အကြီးအကဲခြောက်ယောက်စလုံး အသတ်ခံလိုက်ကြရတယ်… ဟွာချင်း… ဟွာချင်း… ငါ့ရဲ့ ချစ်ညီလေး… အခု လောကဝတ်ပြုခန်းမ မရှိတော့ဘူး… ရာဇပလ္လင်ကို မင်းငါနဲ့ ဘယ်လိုယှဉ်လုမှာလဲ ”

သူက မျက်လုံးဝင်းလက်နေသည်။ သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရန် ခက်ခဲနေပုံပေါ်သည်။ သူ၏ မျက်နှာက ရွှင်လန်းတောက်ပနေသည်။ သူ၏ အကြည့်က စူးရှနေသည်။

လောကဝတ်ပြုခန်းမ ဖျက်ဆီးခံလိုက်ရသော သတင်းက နံနက်စောစောအချိန်မှာတင် သူ၏ နားထဲသို့ ရောက်လာသည်။ ထိုအချိန်မှာ ပထမဆုံး သူစဉ်းစားမိသွားခြင်းက ဆရာသီဖြစ်သည်။ လောကဝတ်ပြုခန်းမကို ဖျက်ဆီးပစ်လိုက်သူက ဆရာသီဖြစ်မည်ဟု အကြွင်းမဲ့ သူယုံကြည်သည်။ သူက သီရှီထျန်၏ စွမ်းအားကို ပိုပြီးလေးနက်စွာ နားလည်သွားသည်။

သီရှီထျန်၏ ရက်စက်ကြမ်းကြုတ်သော ပုံရိပ်ကို ပြန်စဉ်းစားမိသောအခါ ကြောက်ရွံ့ရိုသေမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

သီရှီထျန်က တိုတမ်တစ်ခု ဆောက်လုပ်ပေးရန် သူ့ကို တောင်းဆိုခဲ့ကြောင်း သူမှတ်မိသည်။ သီရှီထျန်၏ တောင်းဆိုမှုကို နည်းနည်းမှ သူလျစ်လျူမရှုဝံ့ချေ။ နန်းတတ်ပြီးနောက် ပထမဆုံး သူလုပ်ဆောင်မည့်အရာက တိုတမ်ဆောက်လုပ်ပေးပြီး ဆရာသီ၏ ယုံကြည်မှုကို ရယူရန် ဖြစ်သည်။

“ ဝမ့်ဝူ… နင် အဲ့ဒီဆရာသီကို ဘယ်ကနေ ရှာလာတာလဲ… လောကဝတ်ပြုခန်းမတောင် သူ့အရှေ့မှာ ဘာမှမဟုတ်ဘူး ”

မိန်းကလေးက အံ့ဩစွာ ပြောသည်။ လောကဝတ်ပြုခန်းမကို သူ့မောင်တော်၏ နောက်ကွယ်မှ ပုဂ္ဂိုလ်က ဖျက်ဆီးပစ်လိုက်ကြောင်း သူကြားသောအခါ အလွန်အံ့ဩသွားသည်။ အတိတ်မှာ ဟွာဝမ့်ဝူသည် လောကဝတ်ပြုခန်းမကို ဖျက်ဆီးပစ်ရန် သူ့မှာ အစီအစဉ်ရှိကြောင်း ပြောခဲ့သည်။ သို့သော်လည်း လောကဝတ်ပြုခန်းမက ထိုမျှလွယ်ကူမြန်ဆန်စွာ ဖျက်ဆီးခံရလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

ထို့ကြောင့် သူက ဟွာဝမ့်ဝူပြောသော ဆရာသီအကြောင်း မစူးစမ်းဘဲ မနေနိုင်ပေ။

“ တော်ဝင်အမတော်… ဆရာသီအကြောင်း ငါပြောဖို့ မသင့်တော်ဘူး… အမတော် သိထားရမှာက သူက သာလွန်ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ပါးပဲ… ငါတို့ သူ့ကို ရန်ပြုလို့ မရဘူး ”

ဟွာဝမ့်ဝူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်စွာ ပြောသည်။

“ ခမည်းတော်ရဲ့ ကျန်းမာရေးအခြေအနေက ပိုပိုဆိုးလာနေတယ်… တော်ဝင်သမားတော်ကြီးကို ငါမေးမြန်းပြီးပြီ… ခမည်းတော်က နောက်ထပ် လအနည်းငယ်ပဲ အသက်ရှင်နိုင်တော့မှာ ငါစိုးရိမ်တယ်… ငါ့ရဲ့ ညီတော်က လောကဝတ်ပြုခန်းမရဲ့ အထောက်အပံ့မရှိရင် ငါ့ကို ဘာမှမခြိမ်းခြောက်နိုင်ဘူး… တကယ်လို့ ဘာအမှားမှမရှိရင် ထီးနန်းက ငါ့အတွက်ဖြစ်လိမ့်မယ်… ဒါပေမဲ့ ခမည်းတော် နတ်ရွာစံသွားတဲ့အခါကျရင် တခြားပြည်ထောင်နှစ်ခုရဲ့ အခြေအနေကို လျစ်လျူရှုထားလို့ မဖြစ်ဘူး… ဒါကြောင့် အမတော်ကို ငါအကူအညီတစ်ခု တောင်းချင်တယ်… မင်းရဲ့ ‘ ကောင်းကင်ဖီးနစ်တပ်မတော် ’ကို နယ်စပ်ဒေသဆီ ရွှေ့ပြောင်းပေးနိုင်မလား ”

အခန်း(၂၃၁)

“ ဘာမှစိတ်မပူပါနဲ့ ဝမ့်ဝူ… အဲ့ဒီအကြောင်း ငါတွေးထားပြီးပြီ… ‘ ကောင်းကင်ဖီးနစ်တပ်မတော် ’က နယ်စပ်ဒေသကို ရောက်နေပြီ… တကယ်လို့ တစ်ယောက်ယောက်က ဝူပြည်ထောင်ကို ကျူးကျော်ဖို့ ဆန္ဒရှိတယ်ဆိုရင် သူတို့တွေကို သတ်ပစ်ဖို့ ငါတုံ့ဆိုင်းနေမှာ မဟုတ်ဘူး ”

မိန်းကလေးက မျက်ခုံးပင့်တင်လိုက်ပြီး သူရဲကောင်းအရှိန်အဝါနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ သူက ပိုးအိမ်ထဲမှာ ကြီးပြင်းလာသူ မဟုတ်ပေ။ သူက မိန်းကလေးဖြစ်လင့်ကစား စစ်ပွဲများနှင့် အလောင်းများကြားထဲမှာ ကြီးပြင်းလာသူဖြစ်သည်။

" တော်ဝင်အမတော် ငါ့ဘက်မှာ ရှိနေရင် ဘာကိုမှ ငါမစိုးရိမ်တော့ပါဘူး ”

ဟွာဝမ့်ဝူက ပျော်ရွှင်စွာ ပြောသည်။ သူက အပြင်ဘက်သို့ ကြည့်လိုက်လေရာ သူ၏ မျက်လုံးထဲ၌ စိတ်ဓာတ်ပြတ်သားမှု ထွက်ပေါ်လာသည်။ သူက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။

သူက ထီးနန်းဆက်ခံနိုင်ရန် အရာအားလုံးကို ပြင်ဆင်ထားသည်။ အမှန်မှာ သူ့ဆီမှာလည်း ကြီးမားသော ရည်မှန်းချက် ရှိသည်။ အကယ်၍ ဆရာသီ၏ ယုံကြည်မှုကို သူရယူနိုင်မည်ဆိုလျှင် သူက အရှေ့ဘက်ကုန်းမြေ၏ ပြည်ထောင်သုံးခုစလုံးကို ပေါင်းစည်းနိုင်သော ပထမဆုံးရှင်ဘုရင်ဖြစ်လာလိမ့်မည် မဟုတ်ပါလော။ ယင်းက မည်သို့ဂုဏ်သိက္ခာနည်း။ ယင်းက မည်မျှကြီးမားသော အောင်မြင်မှုဖြစ်မည်နည်း။ အကယ်၍ ထိုသို့သူလုပ်ဆောင်နိုင်မည်ဆိုလျှင် သူ၏ ဂုဏ်သတင်းက နောင်မျိုးဆက်ပေါင်းများစွာအထိ ဆက်လက် တည်တံ့သွားလိမ့်မည်။

သို့သော်လည်း သူ၏ ကြီးမားသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ပထမဆုံးခြေလှမ်းက တိုတမ်တစ်ခု ဆောက်လုပ်ရန် ဖြစ်သည်။ သူ၏ အိမ်မက်ကို အကောင်အထည်ဖော်ရန် မည်သည့်အရာကိုမဆို သူစတေးနိုင်သည်။

အကယ်၍ သီရှီထျန်သာ ဟွာဝမ့်ဝူမှာ ထိုသို့ရည်မှန်းချက်ရှိကြောင်း သိမည်ဆိုလျှင် သူ့ကို တားဆီးလိမ့်မည် မဟုတ်ချေ။ ယင်းအစား သူက တုံ့ဆိုင်းမနေဘဲ ကူညီပေးလိမ့်မည်။ ဝူတိုင်းပြည် ပိုပြီးကြီးမားလာလျှင် တိုတမ်အား ကိုးကွယ်ယုံကြည်သူများ ပိုများပြားလာလိမ့်မည်။ ထိုသို့ဆိုလျှင် သူစုဆောင်းနိုင်မည့် ယုံကြည်မှုစွမ်းအားက ပိုများလာလိမ့်မည်။ သို့ဖြစ်လေရာ မည်သို့ကြောင့် သူက ကန့်ကွက်ရမည်နည်း။

ယခု ကြည့်ရသည်မှာ သီရှီထျန်၏ တိုတမ်အကြံအစည်က မကြာခင် အောင်မြင်တော့မည့်ဟန် ရ၏။

ထိုအခိုက်အတန့်မှာ ကုချင်းချိုင့်ဝှမ်း၏ အပြင်ဘက်တွင် ဝမ်ထောင်သည် အချိန်တော်တော်ကြာ တွေးတောစဉ်းစားနေသည်။ မနေ့ညက တိုက်ပွဲက တစ်စုံတစ်ခုလွဲမှားနေကြောင်း သူခံစားမိသည်။ သို့သော်လည်း သူသေချာစဉ်းစားသည့်တိုင် မည်သည့်နေရာက လွဲမှားနေကြောင်း သူမရှာဖွေနိုင်သေးပေ။ ယင်းက သူ့ကို စိတ်ရှုပ်စေပြီး ဇဝေဇဝါဖြစ်စေသည်။

“ ဟာ… အခု ငါမှတ်မိပြီ… သီရှီထျန် ပထမဆုံး ခေါ်ထုတ်လိုက်တဲ့ နှစ်ကောင်က တစ်ကိုယ်လုံး ခရမ်းရောင်ချည်းပဲ… ဒါပေမဲ့ နောက်ပိုင်း သူခေါ်ထုတ်လိုက်တဲ့ အကောင်တွေက ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းပဲ ခရမ်းရောင်ပြောင်းနေတယ်… အဲ့ဒီနှစ်ခုကြားမှာ ခြားနားမှုတစ်ခုခု ရှိနေမလား… မဟုတ်မှလွဲရော နောက်ပိုင်း သူခေါ်ထုတ်လိုက်တဲ့ အကောင်တွေက ပထမနှစ်ကောင်လောက် အစွမ်းမထက်တာလား ”

အတွေးတစ်ခုက ဝမ်ထောင်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ မနေ့ညက သူတွေ့ကြုံခဲ့သော စစ်သူရဲဝိညာဉ်များက အရောင်ကွဲပြားနေကြောင်း သူသတိထားမိသွားသည်။ ထိုအကြောင်းကို ပိုပြီးသူတွေးကြည့်လေလေ တစ်စုံတစ်ခု လွဲမှားနေကြောင်း ပိုပြီးသူခံစားမိလာလေ ဖြစ်သည်။ သို့သော်လည်း စစ်သူရဲဝိညာဉ်တစ်ထောင်လုံး သူ့အား ဝိုင်းရံတိုက်ခိုက်ကြမည်ဆိုလျှင် သူ့အတွက် အခြေအနေမကောင်းနိုင်ပေ။ ထိုအခြေအနေက သူ့အား ကြောက်ရွံ့မှု ခံစားရစေသည်။

သို့ဖြစ်၍ အဖြေရှာဖွေရန် အကောင်းဆုံး နည်းလမ်းက သီရှီထျန်ကို ရှာဖွေပြီး နောက်တစ်ကြိမ် တိုက်ခိုက်ကြည့်ရန် ဖြစ်သည်။ သို့သော်လည်း ထိုသို့သူစဉ်းစားမိသောအခါ အနည်းငယ် တုံ့ဆိုင်းသွားသည်။ မနေ့ညက အခြေအနေက သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေခဲ့သည်။ ထိုအကြောင်းကို သူပြန်စဉ်းစားလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များက ထောင်မတ်သွားကြသည်။

သူ၏ အမူအရာက အစဉ်အမြဲ ပြောင်းလဲသွားပြီး သူ၏ မျက်လုံးထဲ၌ အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ အချိန်အတန်ကြာပြီးနောက် သူက နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်သည်။

" ထားလိုက်ပါတော့… ဘာပဲပြောပြော အခု သီရှီထျန်က ကုချင်းချိုင့်ဝှမ်းထဲမှာ ပုန်းအောင်းနေတယ်… အခြေအနေကို ဆရာ့ဆီ အရင်သတင်းပို့ရမယ်… ဆရာရဲ့ ညွှန်ကြားချက်ရမှပဲ နောက်ထပ် ဘာဆက်လုပ်ရမလဲ ငါဆုံးဖြတ်မယ် ”

သူက ဆုံးဖြတ်ချက်ချပြီးနောက် သွေးနီရောင်ဓားတိုတစ်ချောင်းကို အမြန်ထုတ်လိုက်ပြီး ယင်းပေါ်မှာ သူ၏ နတ်ဘုရားစိတ်အာရုံကို တံဆိပ်ရိုက်ခတ်လိုက်သည်။ ထို့နောက် ဓားပျံက အဝေးသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက လေထဲ၌ မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားသည်။ ယင်း၏ အလျင်က အလွန်မြန်ဆန်သည်။

အချိန်သည် တိတ်တဆိတ် ကုန်ဆုံးသွားသည်။

မသေမျိုးကျင့်ကြံသူများအတွက် အချိန်က အလွန်တိုတောင်းဟန် ရ၏။ ထို့ကြောင့်ပင် သူတို့က အချိန်ကို အလွန်တန်ဖိုးထားကြသည်။ သို့သော်လည်း အချိန်သည် တစ်စုံတစ်ယောက်အတွက် ရပ်တန့်မပေးပေ။ အချိန်သည် တိတ်တဆိတ် ဆက်လက် ရွေ့လျားသွားနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သုံးလကုန်ဆုံးသွားသည်။

ဤသုံးလအတွင်းမှာ သီရှီထျန်က ချိုင့်ဝှမ်းထဲမှာ တိတ်တဆိတ် ပညာသင်ယူနေသည်။ သူက တစ်ခါမှ ချိုင့်ဝှမ်းအပြင်သို့ မထွက်သွားခဲ့ပေ။ သူက အချိန်အများစုတွင် အပတ်တကုတ် ကြိုးစားကျင့်ကြံသည်။ အချိန်အားလပ်သည့်အခါတိုင်း သူက မိုးမြေဝိညာဉ်စွမ်းအားနှင့် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူပြီး မိစ္ဆာချီကို စုဆောင်းလိမ့်မည်။ တစ်ချိန်တည်းမှာ သူက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် သိမ်းဆည်းထားသော ကျင့်ကြံသူအလောင်းများကိုလည်း အဆက်မပြတ် သန့်စင်နေသည်။ ကျင့်ကြံသူအလောင်းရာပေါင်းများစွာက တစ်လောင်းပြီးတစ်လောင်း စွမ်းအင်စစ်ထုတ်ခံလိုက်ရသည်။

ပထမဆုံး မိစ္ဆာသွေးကြောကို ဖွဲ့စည်းပြီးနောက် သူ၏ ကျင့်ကြံခြင်းက မြန်ဆန်စွာ တိုးတတ်လာသည်။ မိစ္ဆာချီတိုးတတ်မှု၏ အဟန့်အတားက သူအဆင့်ချိုးဖြတ်သွားပြီးနောက် ပျောက်ကွယ်သွားသည်။ တစ်နည်းဆိုရသော် သူ၏ မိစ္ဆာချီက နေ့စဉ်နှင့်အမျှ တိုးပွားသွားနေသည်။ ဆေးမီးဖိုထဲ၌ မိစ္ဆာချီပမာဏက တဖြည်းဖြည်း များပြားလာသည်။

ယခုကဲ့သို့ စိတ်အေးလက်အေး သူကျင့်ကြံနိုင်သော အကြိမ်ရေက အလွန်နည်းပါးသည်။ သူက ဤအဆင့်သို့ မြန်ဆန်စွာ ရောက်ရှိလာသော်လည်း လက်ရှိ သူ့အခြေအနေကို သီရှီထျန် ကောင်းမွန်စွာ သိသည်။ တကယ့်ပညာရှင်များ၏ အရှေ့မှာ သူက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။ သူက ထိုသို့မတွေးချင်သော်လည်း ယင်းက အမှန်တရားဖြစ်သည်။ အမှန်တရားကို သူငြင်းဆန်နေရန် မလိုပေ။

ယင်းက သဏ္ဍာန်မဲ့သော ဖိအားဖြစ်သည်။ ထိုသို့ဖိအားကြောင့် သူက ရသမျှအချိန်တိုင်းမှာ အပတ်တကုတ် ကြိုးစားကျင့်ကြံသည်။ တစ်ချိန်တည်းမှာ သူက မြစိမ်းကုချင်း၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်အန္တရာယ်ကို ဖယ်ရှားရန် ကြိုးစားကြည့်သည်။ သို့သော်လည်း ရလဒ်က သူ့ကို စိတ်ပျက်စေသည်။ မြစိမ်းကုချင်းက ယင်းကို ဖိနှိပ်ပေးရုံသာ လုပ်ဆောင်နိုင်သည်။ မြစိမ်းကုချင်းထဲမှ စွမ်းအင်က သူ၏ ထိန်းချုပ်မှုအောက်မှာ မရှိပေ။ သို့ဖြစ်၍ အချိန်သုံးလကြာသွားသည့်တိုင် မည်သည့်တိုးတတ်မှုမှ မရှိပေ။

သို့သော် ဤသုံးလအတောအတွင်းမှာ သူက ဂီတအခြေခံကို ဖမ်းဆုပ်နိုင်ခဲ့သည်။ ဂီတသံစဉ်များကို မည်သို့ဖတ်ရှုရမည်ဖြစ်ကြောင်း၊ ဂီတသံစဉ်တစ်ခုစီက မည်သည်ကိုဆိုလိုကြောင်း၊ ကုချင်းကြိုးများကို မည်သို့ကိုင်တွယ်ရမည်ဖြစ်ကြောင်း အစရှိသဖြင့် သူနားလည်တတ်ကျွမ်းသွားသည်။ သူက ရေမြှုပ်သတ္တဝါတစ်ကောင်ကဲ့သို့ ဗဟုသုတအားလုံးကို အငမ်းမရ စုပ်ယူနေသည်။

သူကြားလိုက်သော မည်သည့်ဗဟုသုတကိုမဆို သေချာစဉ်းစားလေ့ရှိသည်။

သီရှီထျန်သည် မွေးရာပါဉာဏ်ကောင်းသူ ဖြစ်သည်။ သို့ဖြစ်၍ သင်ယူလေ့လာခြင်းက သူ့အတွက် ခက်ခဲသောအလုပ် မဟုတ်ပေ။

“ ဟူး ”

သူက မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ အမှောင်ထုက နေ့အချိန်ကို တဖြည်းဖြည်း အစားထိုးသွားသည်။ ညရောက်လာသည့်အခါ လစန္ဒာက ကောင်းကင်ယံမှာ မြင့်မြင့်ချိတ်ဆွဲသွားသည်။ ခရမ်းဝါးတောထဲတွင် ကျေးငှက်များနှင့် ပိုးကောင်များက မကြာခဏ အော်မြည်နေကြသည်။ လရောင်ခြည်က ခရမ်းဝါးတောပေါ်သို့ ကျဆင်းလာပြီး တိတ်ဆိတ်အေးချမ်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။ ယင်းက မြင်ရသူတိုင်းကို စိတ်ကြည်လင်အေးမြစေသည်။

သီရှီထျန်၏ မျက်လုံးထဲတွင် မျှော်လင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သုံးလကြာ အခြေခံအုတ်မြစ်တည်ဆောက်ပြီးနောက် ဂီတနှင့်ပတ်သက်သော အခြေခံများနှင့် သီအိုရီများကို သူနားလည်တတ်ကျွမ်းသွားသည်။ ဤမနက်တွင် ကိုတိုမီသည် မနက်ဖြန်မှစ၍ သူ့အား ကုချင်းတီးခတ်နည်း စသင်ကြားပေးမည်ဟု ပြောခဲ့သည်။

တစ်နည်းဆိုရလျှင် သူက မနက်ဖြန်တွင် ကုချင်းကို အမှန်တကယ် သင်ကြားနိုင်တော့မည်။

“ အကိုသီ ”

ရင်းနှီးကျွမ်းဝင်သော ခေါ်သံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။ ထိုခေါ်သံကို ကြားသောအခါ ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထို့ပြင် တုံ့ဆိုင်းသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သို့သော်လည်း သူက အိမ်ရှေ့တံခါးဆီသို့ လျှောက်သွားဆဲပင်။ သူက တံခါးကို ဆွဲဖွင့်လိုက်လေရာ အိမ်ရှေ့မဏ္ဍပ်တွင် မတ်တတ်ရပ်နေသော ကိုတိုမီကို မြင်သွားသည်။ မဏ္ဍပ်ထဲမှ စားပွဲခုံပေါ်တွင် ဝိုင်ကရားနှင့် ဟင်းလျာတချို့ တည်ခင်းထားသည်။

သီရှီထျန် ထွက်လာသည်ကို မြင်သောအခါ ကိုတိုမီက ဝမ်းသာပျော်ရွှင်သွားသည်။ သူက သိမ်မွေ့စွာ ပြောသည်။

“ အကိုသီက ဒီသုံးလအတွင်းမှာ ဂီတအခြေခံအကြောင်း ကြိုးစားပမ်းစား သင်ယူလေ့လာခဲ့တာကို ညီမ မြင်တယ်… မနက်ဖြန်မှာ အကိုသီကို ကုချင်းတီးခတ်နည်း တရားဝင် စသင်ကြားပေးတော့မယ်… ဒါကြောင့် ညီမက ဒီညမှာ အကိုသီနဲ့ အတူအောင်ပွဲခံရအောင် ဟင်းလျာတချို့ ပြင်ဆင်လာခဲ့ပါတယ် ”

“ ကျေးဇူးတင်ပါတယ် ”

သီရှီထျန်သည် တစ်ခဏကြာ တုံ့ဆိုင်းသွားပြီးလျှင် မဏ္ဍပ်ဆီသို့ လျှောက်သွားသည်။ ထို့နောက် သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။

ကိုတိုမီက ကျောက်စိမ်းသဖွယ် ဖြူဖွေးသော သူ့လက်ကို ထုတ်၍ ဝိုင်ကရားကို လှမ်းယူကာ သီရှီထျန်အတွက် တစ်ခွက်ငှဲ့ထည့်ပေးလိုက်သည်။ ဝိုင်ခွက်ထဲတွင် အစိမ်းရောင်အရည်တစ်မျိုးက ပြည့်လျှံသွားသည်။ တစ်ချိန်တည်းမှာ မွှေးပျံ့ပြီး စူးရှသော ဝိုင်အနံ့က လေထဲတွင် ပျံ့နှံ့သွားသည်။ တစ်စုံတစ်ယောက်သည် ဝိုင်အနံ့ကို ရှူရုံဖြင့် ယင်းကို သောက်ချင်လာလိမ့်မည်။ ယင်းက အလွန်ဆွဲဆောင်နိုင်ပေသည်။

“ ဒီဟာက ညီမအဖေ အရမ်းတန်ဖိုးထားတဲ့ နှစ်တစ်ရာဝိုင်ပါ… အကိုသီ မြည်းစမ်းကြည့်ပါ… ပုံမှန်ဆိုရင် အဖေတောင် အဲ့ဒါကို အများကြီး မသောက်ရက်ဘူး… အဖေက အဲ့ဒါကို ရတနာတစ်ခုလို တန်ဖိုးထားတာ… ဒီဟင်းလျာတွေကတော့ ညီမကိုယ်တိုင် ပြင်ဆင်လာတာပါ ”

ကိုတိုမီက သီရှီထျန်ကို စိုက်ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပြောသည်။ သီရှီထျန်ကို ကြည့်နေစဉ် သူ၏ မျက်လုံးထဲမှာ ပုံမှန်မဟုတ်သော စိတ်ခံစားမှုတစ်မျိုး ထွက်ပေါ်လာဟန် ရ၏။

“ ကျေးဇူးတင်ပါတယ် မိန်းကလေးကိုတိုမီ ”

သီရှီထျန်က ကိုတိုမီ၏ အကြည့်ကို တမင်ရှောင်ဖယ်လိုက်ပြီး သူ့အရှေ့မှ ဝိုင်ခွက်ကို ကောက်ယူကာ တစ်ကျိုက်မော့လိုက်သည်။ ဝိုင်က သူ၏ ပါးစပ်ထဲသို့ စီးဝင်သွားသည်နှင့်ချက်ချင်း နွေးထွေးမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ဝိုင်သည် လည်ချောင်းမှတဆင့် သူ့ဝမ်းဗိုက်ထဲသို့ တန်းမတ်စွာ စီးဆင်းသွားသည်။

ထို့နောက် အံ့ဖွယ်ကောင်းသော အရသာက သူ၏ ပါးစပ်ထဲမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ သူ့နှလုံးသားထဲတွင် ဝမ်းသာပျော်ရွှင်သော စိတ်ခံစားမှု ထွက်ပေါ်လာသည်။ ဝိုင်သောက်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က လေထဲသို့ မြှောက်တတ်သွားဟန် ရ၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးက တစ်ချိန်တည်း ပွင့်သွားကြသည်။

ဖော်မပြနိုင်သော သက်တောင့်သက်သာရှိမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူက တိမ်တိုက်ကဲ့သို့ လွင့်မျောသွားနေသည်ဟု ခံစားမိသွားသည်။

“ ကောင်းလိုက်တဲ့ဝိုင် ”

သီရှီထျန်သည် အချိန်အတန်ကြာ အရသာခံပြီးနောက် ချီးကျူးလိုက်သည်။ သူက ဝိုင်ကို သူ့နှလုံးသားထဲမှ အမှန်တကယ် ချီးကျူးလိုက်သည်။ ဝိုင်အရသာသည် သူ၏ မျောက်မင်းဝိုင်နှင့် နှိုင်းယှဉ်နိုင်ပေသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။

ယင်းကို ကိုတိုမီကြားသောအခါ ဇာပဝါအောက်မှ သူ့မျက်နှာက စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။ သူက ကုချင်းကို ထုတ်လိုက်ပြီး သူ့လက်များကို ကုချင်းကြိုးများပေါ်မှာ တင်လိုက်သည်။ သူက ပြုံးလိုက်ပြီး ပြောသည်။

" ဝိုင်နဲ့ တွဲဖက်လို့အကောင်းဆုံးက ဂီတပဲ… အကိုသီက မနက်ဖြန် ကုချင်းကို စသင်ကြားတော့မှာဆိုတော့ ဒီနေ့ ညီမက အကိုသီအတွက် သီချင်းတစ်ပုဒ် တီးခတ်ပြီး ဖျော်ဖြေပေးပါမယ်… အကိုသီ နားဆင်ပါ ”

All Chapters