အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
အခန်း(၂၃၂)
“ ကောင်းပြီ ”
ယင်းကို စက်ကရာ ကြားသောအခါ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ ဝူတိုင်းပြည်ကို ကျုပ်ရောက်လာတဲ့အချိန်မှာ ကုချင်းနတ်သမီးရဲ့ ကုချင်းပညာက သာလွန်ထူးခြားတယ်လို့ လူတွေ ချီးကျူးပြောနေကြတာကို ကျုပ်ကြားခဲ့တယ်… ကုချင်းအသံကြားရင် လိပ်ပြာတွေတောင် ကခုန်ကြတယ်ဆိုပဲ… ဒီနေ့ ကျုပ်က ဒဏ္ဍာရီဆန်တဲ့ ကုချင်းအသံကို ကိုယ်တိုင် ခံစားနားထောင်နိုင်တော့မယ် ”
ထိုအချိန်က သူကြားခဲ့ရသော ကောလဟာလများကို ပြန်တွေးမိသောအခါ သီရှီထျန်၏ မျက်လုံးထဲတွင် မျှော်လင့်သောအကြည့် ထွက်ပေါ်လာသည်။ တစ်ခုသိထားရမည်မှာ ကိုတိုမီသည် ဤသုံးလစလုံးတွင် တစ်ခါမှ ကုချင်းမတီးပြခဲ့ပေ။
ကိုတိုမီက နှုတ်ခမ်းဖွင့်ဟလိုက်ပြီး ပြုံးသည်။ သူက ကျောက်စိမ်းလက်ချောင်းများဖြင့် ကုချင်းကြိုးများကို ညင်သာစွာ ဆွဲလှုပ်လိုက်သည်။
" တီး… တင်… "
သာယာငြိမ့်ညောင်းသော ကုချင်းအသံက ပျံ့လွင့်သွားသည်။ တိတ်ဆိတ်သော ညချမ်းအချိန်ဝယ် ကုချင်းအသံက ချိုင့်ဝှမ်းထဲမှာ အထီးကျန်စွာ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ ချိုင့်ဝှမ်းထဲ၌ သစ်ခွပန်းတစ်ပင်တည်း ရှင်သန်နေသည့်အလားပင်။ ထို့ပြင် ကိုတိုမီ၏ လက်ဆယ်ချောင်းက ကုချင်းကြိုးများပေါ်မှာ မြန်ဆန်စွာ ရွေ့လျားနေသည်။ သူက တစ်ခါတစ်ရံ ကုချင်းကြိုးများကို ညင်သာစွာ ဆွဲလှုပ်၍ တစ်ခါတစ်ရံ ကြမ်းတမ်းစွာ ဆွဲလှုပ်သည်။ ကုချင်းတီးခတ်နေသော သူ၏ လှုပ်ရှားမှုများက ရွေ့လျားနေသော တိမ်ကဲ့သို့ သို့မဟုတ် စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့ညင်သာသည်။ သဘာဝဆန်သော အရှိန်အဝါက သူ့ထံမှ အလိုအလျောက် ထွက်ပေါ်နေသည်။
ကိုတိုမီတီးခတ်နေသော သီချင်းကို သီရှီထျန် မသိပေ။ သို့သော်လည်း ကုချင်းအသံက သာယာငြိမ့်ညောင်းပြီး အေးချမ်းသည်။ တစ်စုံတစ်ယောက်က ယင်းကို နားထောင်လိုက်သည့်အခါ အလိုအလျောက် စိတ်ကြည်လင်သွားလိမ့်မည်။ သူက သဘာဝအသံဖြစ်ဟန်တူသော ကုချင်းအသံထဲမှာ စီးမြောသွားသည်။ တစ်ချိန်တည်းမှာ သက်တောင့်သက်သာရှိသော ခံစားမှုက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။
သူ၏ စိတ်က ဟာလာဟင်းလင်း ဖြစ်သွားဟန် ရ၏။ သူက မသိစိတ်မှ အလိုအလျောက် မျက်လုံးမှိတ်လိုက်သည်။
ကုချင်းအသံက သီရှီထျန်၏ နားထဲသို့ ဝင်ရောက်လာသည့်အခါ ထူးဆန်းသော စွမ်းအင်တစ်မျိုးက သူ၏ စိတ်ထဲမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ကုချင်းအသံကြောင့် သူ၏ မျက်ခွံက လေးလံလာသည်။ သူက ငိုက်မျဉ်းလာသည်။
သို့သော်လည်း သီရှီထျန် တိတ်တဆိတ် အိပ်မောကျတော့မည့်အချိန် အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက သူ၏ မိစ္ဆာစံအိမ်ထဲမှ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းထံမှ ထွက်ပေါ်လာသည်။ အေးစက်သော စွမ်းအားက မိစ္ဆာသွေးကြောကို ဖြတ်သန်း၍ သူ၏ ဦးခေါင်းဆီသို့ ဆန်တတ်လာသည်။
အေးစက်သော ခံစားမှုက သူ၏ ငိုက်မျဉ်းမှုကို ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။
“ မဟုတ်ဘူး… ဒီကုချင်းအသံက တစ်ခုခု လွဲမှားနေတယ်… ဝိုင်ရောပဲ… တစ်ခုခုမူမမှန်ဘူး ”
သီရှီထျန်သည် အသိပြန်ဝင်သွားပြီးနောက် အစောနက သူသောက်ခဲ့သော ဝိုင်က တစ်ခုခုလွဲမှားနေကြောင်း ရှာတွေ့သွားသည်။ ဝိုင်၏ ယဇ်မူးနိုင်စွမ်းက အံ့မခန်းပင်။ သူ၏ လက်ရှိ စွမ်းအားအရ သာမန်ဝိုင်ကို အခွက်တစ်ထောင် သောက်လျှင်ပင် သူမမူးနိုင်ပေ။
သို့သော်လည်း ဤဝိုင်တစ်ခွက်က သူ့ကို သတိမေ့မျောစေနိုင်သည်အထိ အလွန်အားကောင်းသည်။ ထို့ပြင် ကုချင်းအသံသည် သာမန်မဟုတ်ပေ။ တစ်စုံတစ်ယောက်က သေချာဂရုတစိုက် နားထောင်မည်ဆိုလျှင် ကုချင်းအသံထဲမှာ ဖော်မပြနိုင်သော စွမ်းအင်တစ်မျိုး ကိန်းအောင်းနေကြောင်း သတိပြုမိလိမ့်မည်။ တစ်စုံတစ်ယောက်သည် ယင်းကို နားထောင်နေစဉ် တဖြည်းဖြည်း မျက်ခွံလေးလံလာပြီး ငိုက်မျဉ်းလာလိမ့်မည်။
ယင်းကို ဝိုင်၏ ယဇ်မူးနိုင်စွမ်းဖြင့် ပေါင်းစပ်လိုက်သည့်အခါ သူက သေချာပေါက် အသိစိတ်ပျောက်သွားပြီး အိပ်ပျော်သွားလိမ့်မည်။
သီရှီထျန်က တိတ်တဆိတ် အံ့ဩသွားသည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက အရေးကြီးအခိုက်အတန့်မှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ထုတ်လွှတ်ပေးခဲ့သောကြောင့် မဟုတ်လျှင် သူက သေချာပေါက် အိပ်ပျော်သွားလိမ့်မည်။
သို့သော်လည်း ထူးဆန်းသည်မှာ သူသည် ကိုတိုမီထံမှ ရန်လိုစိတ်ကိုသော်လည်းကောင်း သို့မဟုတ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုသော်လည်းကောင်း မခံစားရပေ။ ယင်းက သူ့ကို စိတ်ရှုပ်ထွေးစေသည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းမှ ထုတ်လွှတ်ပေးသော အေးစက်စက် အရှိန်အဝါကြောင့် သူ၏ အသိစိတ်က ပြန်ကြည်လင်သွားသည်။
သို့သော်လည်း ဝိုင်တန်ခိုးက မလွင့်ပြယ်သေးဘဲ သူ၏ ဦးခေါင်းဆီသို့ ဆက်လက် တိုးဝင်လာနေဆဲဖြစ်ကြောင်း သီရှီထျန် ရှာတွေ့သွားသည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက သူ့ကို မကာကွယ်ပေးထားလျှင် သူက ယဇ်မူးသွားလိမ့်မည်။
သီရှီထျန်သည် ပြန်နိုးနေပြီဖြစ်သော်လည်း ကိုတိုမီ ထိုသို့လုပ်ဆောင်ရသော ရည်ရွယ်ချက်ကို စူးစမ်းသိချင်သည်။ တစ်ဖက်လူက သူ့ကို သတိမေ့မျောစေရန် ထိုသို့နည်းလမ်းကို အမှန်တကယ် အသုံးပြုခဲ့သည်။ ထို့ကြောင့် သူက ပြန်နိုးနေပြီဖြစ်ကြောင်း မဖော်ပြပေ။ ယင်းအစား သူက မျက်လုံးမှိတ်ထားလျက် ယဇ်မူးနေဟန် ဟန်ဆောင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က စားပွဲခုံပေါ်သို့ ပြုတ်ကျသွားသည်။
" ခရက် "
ကြွပ်ဆပ်သော မြည်သံနှင့်အတူ သူ့လက်ထဲမှ ဝိုင်ခွက်က အောက်သို့ ပြုတ်ကျသွားပြီး အပိုင်းပိုင်း အက်ကွဲသွားသည်။
“ တင် ”
ကိုတိုမီ၏ ကုချင်းအသံက ရပ်တန့်သွားသည်။ သူက ကုချင်းကို ဘေးမှာ ချထားလိုက်ပြီး စားပွဲခုံပေါ်မှာ အိပ်ပျော်နေသော သီရှီထျန်ကို ကြည့်လိုက်သည်။ စိတ်ရှုပ်ထွေးသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက နားလည်ရန် အလွန်ခက်ခဲသည်။
မှန်ပေသည်။ သူက သီရှီထျန် ယဇ်မူးသွားစေရန် တမင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူယူဆောင်ခဲ့သော ဝိုင်သည် သာမန်ဝိုင် မဟုတ်ပေ။ ယင်းက ဝိညာဉ်ဝိုင် ဖြစ်သည်။ သေမျိုးလောကမှ ဝိုင်သည် သာမန်လူများကိုသာ ယဇ်မူးစေနိုင်သည်။ ယင်းကို သေမျိုးဝိုင်ဟု ခေါ်ကြသည်။ မသေမျိုးကျင့်ကြံသူများ ချက်လုပ်သော ဝိုင်များတွင် အဖိုးတန်ဝိညာဉ်ဆေးပင်များ၊ သစ်သီးသစ်ဥများနှင့် ပန်းပင်များ ပါဝင်ကြသည်။ သို့ဖြစ်၍ ဝိညာဉ်ဝိုင်က သေမျိုးဝိုင်ထက် အရသာပိုရှိပြီး ပိုပြီးမွှေးပျံ့သည်။ ထို့ပြင် ဝိညာဉ်ဝိုင်က မသေမျိုးကျင့်ကြံသူများကို ယဇ်မူးစေနိုင်သည်။
သီရှီထျန် အစောနက သောက်ခဲ့သော ဝိညာဉ်ဝိုင်ကို ‘ မူးဝေအမတဝိုင် ’ဟု ခေါ်သည်။ ထိုဝိုင်ကို ဒဏ္ဍာရီလာ ဝိုင်သစ်ပင်မှ သစ်သီးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
‘ မူးဝေအမတဝိုင် ’ကို ချက်လုပ်ရန် ဝိုင်သစ်သီးကို တခြားအဖိုးတန်အပင်များနှင့် ရောနှောရသည်။ ထို့ကြောင့် ‘ မူးဝေအမတဝိုင် ’မှာ အရသာတစ်မျိုးတည်းရှိခြင်း မဟုတ်ပေ။ ဝိုင်သောက်ပြီးလျှင် လျှာပေါ်မှာ အကန့်အသတ်မဲ့သော အရသာများ ထွက်ပေါ်လာလိမ့်မည်။
ဝိုင်သောက်လိုက်သည့်အခါ တစ်စုံတစ်ယောက်သည် ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံး တစ်ပြိုင်နက် ပွင့်သွားသည်ဟု ခံစားမိသွားလိမ့်မည်။ ယင်းက မိခင်၏ ဝမ်းဗိုက်ထဲသို့ ပြန်ရောက်သွားစေသကဲ့သို့ နွေးထွေးသော ခံစားမှုကို ပေးသည်။ ထိုသို့အခြေအနေမျိုးတွင် တစ်စုံတစ်ယောက်က အိပ်ပျော်သွားပြီး အရာအားလုံးကို မေ့သွားလိမ့်မည်။
‘ မူးဝေအမတဝိုင် ’သည် တန်ဖိုးကြီးမားသည်။ တစ်စုံတစ်ယောက်သည် ယင်းကို သောက်လိုက်လျှင် စိတ်ဝိညာဉ်သန့်စင်ခံရလိမ့်မည်။ ယင်းက ကျင့်ကြံခြင်းအဆင့်ကို လွယ်ကူမြန်ဆန်စွာ ချိုးဖြတ်နိုင်စေရန် ကူညီပေးလိမ့်မည်။ သို့သော် ယင်း၏ ယဇ်မူးနိုင်စွမ်းက အလွန်ပြင်းထန်သည်။ တစ်စုံတစ်ယောက်သည် မည်မျှစိတ်ခွန်အား သန်မာပါစေ ‘ မူးဝေအမတဝိုင် ’ကို သောက်လိုက်လျှင် သေချာပေါက် ယဇ်မူးသွားလိမ့်မည်။
ဒဏ္ဍာရီအရ မသေမျိုးကျင့်ကြံသူများသည်ပင် ‘ မူးဝေအမတဝိုင် ’ကို သောက်လိုက်သည့်အခါ ယဇ်မူးသွားကြလိမ့်မည်။ အကယ်၍ သေမျိုးတစ်ယောက်က ယင်းကို သောက်လိုက်မည်ဆိုလျှင် ရက်တစ်ထောင်ကြာသည်အထိ အိပ်ပျော်သွားလိမ့်မည်။ မှန်ပေသည်။ ရက်တစ်ထောင်က လွန်ကြူးစွာ ပြောထားခြင်းဖြစ်သည်။ သို့သော်လည်း ဝိုင်၏ ယဇ်မူးနိုင်စွမ်းက စစ်မှန်သည်။ ထို့ကြောင့် ယင်းကို “ မူးဝေအမတဝိုင် ”ဟု ခေါ်ဆိုခြင်းပင်။
ယင်းက အလွန်ရှားပါးသော ဝိညာဉ်ဝိုင်ဖြစ်သည်။ ဝိုင်နှစ်သက်သော လူတချို့က ယင်း၏ အရသာကို မြည်းစမ်းရန် သန့်စင်သော ရေဖြင့် ရောစပ်သောက်ကြသည်။ ယင်းက မျောက်မင်းဝိုင်ကဲ့သို့ တန်ဖိုးကြီးမားသော ဝိညာဉ်ဝိုင်တစ်မျိုး ဖြစ်သည်။ ဤလောကတွင် လူအနည်းစုသာ ထိုသို့ဝိုင်ကို ပိုင်ဆိုင်ထားကြသည်။
အစောနက သူတီးခတ်လိုက်သော သီချင်းသည် သာမန်မဟုတ်ပေ။ ယင်းကို ‘ နွေဦးနိုးထသီချင်း ’ဟု ခေါ်သည်။ ‘ နွေဦးနိုးထသီချင်း ’သည် မကြာခင် နွေဦးရောက်လာတော့မည်ကို ရည်ရွယ်သည်။ ယင်းက နားထောင်သူကို နွေဦးလေပြေက သူ့မျက်နှာအား ပွတ်သပ်သွားသည်ဟု ခံစားမိစေလိမ့်မည်။ နွေဦး၏ နွေးထွေးမှုက အိပ်စက်အနားယူချင်သော ဆန္ဒကို လှုံ့ဆော်ပေးသည်။ ယင်းက ကလေးချော့တေးနှင့် ဆင်တူသည်။
‘ နွေဦးနိုးထသီချင်း ’ကို ‘ မူးဝေအမတဝိုင် ’နှင့် တွဲစပ်လိုက်သည့်အခါ သူ၏ အစီအစဉ်ထဲသို့ သီရှီထျန် မည်သို့မကျရောက်ဘဲ နေမည်နည်း။
ကိုတိုမီက အိပ်ပျော်နေသော သီရှီထျန်ကို ကြည့်လိုက်သည်။ သီရှီထျန်၏ မျက်နှာသည် ချောမောခန့်ညားသည်ဟု မဆိုနိုင်ပေ။ သာမန်ထက် အနည်းငယ်သာ ပိုသာသည်။ သို့တိုင် သူ၏ မျက်နှာအမူအရာက အမြဲတမ်း မထူးမခြားနား ရှိနေသည်။ ဤသည်မှာ သူက မည်သူ့ကိုမှ အလေးမထားသည့်အလားပင်။
ထို့ပြင် သူ့မှာ တမူထူးခြားသော ရင့်ကျက်မှု ရှိသည်။ ဤသည်မှာ သူ၏ နောက်ကြောင်းတွင် ဇာတ်လမ်းတစ်ပုဒ် ရှိနေသည့်အလားပင်။ ယင်းက သူ၏ ကိုယ်ပိုင်ဆွဲဆောင်မှုတစ်မျိုး ဖြစ်သည်။
အကယ်၍ သူက လမ်းထဲမှာ လမ်းလျှောက်မည်ဆိုလျှင် မိန်းကလေးငယ်များစွာ၏ အကြည့်ကို သေချာပေါက် ဆွဲဆောင်သွားလိမ့်မည်။ အတိုချုပ်ဆိုရသော် သူက ပြိုင်ဘက်ကင်း ချောမောခန့်ညားသူ မဟုတ်သော်လည်း လူအုပ်ကြားထဲမှာ ထင်ထင်ရှားရှား ပေါ်လွင်နေမည့် တမူထူးခြားမှုကို ပိုင်ဆိုင်ထားသည်။
ကိုတိုမီက သီရှီထျန်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက တိုးညင်းစွာ ပြောသည်။
“ အကိုသီ… အကိုက ဘယ်လိုလူမျိုးလဲ… ညီမ ဒီလိုလုပ်တဲ့အတွက် အကိုပြန်နိုးလာတဲ့အခါ ညီမကို အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်… အခုလိုလုပ်ရတာ ညီမမှာ ပြောစရာစကားတွေ အများကြီး ရှိနေလို့ပါ ”
ထိုသို့ပြောနေစဉ် သူက ရှာသွေးဖြာသွားသည်။
အပြင်လူများ၏ အမြင်တွင် သူက ချင်မိသားစု၏ အကြီးဆုံး သခင်မလေးဖြစ်သည်။ သူက ချင်မိသားစု၏ ပုလဲရတနာ ဖြစ်သည်။ ထို့ကြောင့် မည်သူကမှ သူ့ကို မရိုသေဘဲ မနေဝံ့ပေ။ သူသည် ငယ်စဉ်ကတည်းက လိုချင်သော အရာမှန်သမျှကို ပိုင်ဆိုင်ခဲ့သည်။ သူက ဤလောက၏ အပျော်ရွှင်ဆုံး မိန်းကလေးတစ်ယောက်ဖြစ်ခဲ့သည်။
သို့သော်လည်း သူ့နှလုံးသားထဲမှာ တခြားလူများကို ပြောမပြနိုင်သော ကိစ္စအများကြီး ရှိသည်။ ချင်မိသားစု၏ နှစ်ပေါင်းများစွာကြာအောင် လွှဲပြောင်းပေးအပ်လာခဲ့သော သမိုင်းပေးတာဝန်က သူ၏ ပခုံးပေါ်သို့ ရောက်လာသည်။ ထိုတာဝန်က သူ့အတွက် လှောင်ချိုင့်တစ်ခု ဖြစ်သည်။
သူ့အပေါ်မှာ ကျရောက်နေသော ဖိအားက အလွန်ကြီးမားသည်။ သူအရွယ်ရောက်လာပြီး ပိုပြီးသိနားလည်လာသည်နှင့်အမျှ ခွန်အားကင်းမဲ့မှုကို ခံစားရလာသည်။
ပိုပြီးဆိုးဝါးသည့်အချက်မှာ သူက ထိုအကြောင်းများကို တခြားလူများထံ ရင်မဖွင့်နိုင်ခြင်းပင်။ ယင်းက သူ၏ နှလုံးသားထဲမှာ အစိုင်အခဲတစ်ခုပမာ ရှိနေသည်။
ကိုတိုမီသည် ကုချင်းချိုင့်ဝှမ်းထဲမှာသာ အမြဲတစေ နေထိုင်ခဲ့သည်။ ထို့ကြောင့် သူတွေ့ဆုံဖူးသော လူများက ချင်မိသားစုဝင်များနှင့် ချင်မိသားစု၏ တပည့်များသာ ဖြစ်ကြသည်။ သူက အပြင်လူများနှင့် တစ်ခါမှ တရင်းတနှီး မဆက်ဆံဖူးပေ။
သီရှီထျန်၏ ရောက်လာမှု၊ သူ၏ တမူထူးခြားသော အကျင့်စရိုက်နှင့် လျှို့ဝှက်ဆန်းကြယ်သော နောက်ခံက ကိုတိုမီ၏ စိတ်ဝင်စားမှုကို ရရှိသွားသည်။ မြူခိုးအလွှာထုတစ်ခုက သီရှီထျန်ကို ဖုံးကွယ်ထားသည့်အလား သူ့ကို ထွင်းဖောက်မမြင်နိုင်ပေ။ ထို့ကြောင့် ကိုတိုမီက သီရှီထျန်အကြောင်း ပိုပြီးစူးစမ်းသိချင်လာသည်။
ထိုအချက်များက ကိုတိုမီ၏ နှလုံးသားထဲမှာ ပုံပြင်ဆန်သော ခံစားမှုတစ်ခု ဖြစ်ပေါ်စေသည်။ ယင်းက ချင်မိသားစုထဲမှာ တစ်ခါမှ သူမတွေ့ကြုံဖူးသောအရာ ဖြစ်သည်။ ထို့ကြောင့် သီရှီထျန်ကို ကုချင်းသင်ပေးရန် သူကိုယ်တိုင် ရောက်လာခဲ့သည်။ သူက ထိုအခြေအနေကို အသုံးပြု၍ သီရှီထျန်အကြောင်း ပိုပြီးနားလည်ရန် ကြိုးစားချင်သည်။
သုံးလကြာအောင် နံနက်တိုင်း နှစ်ယောက်အတူတူ အချိန်ကုန်ဆုံးခဲ့ကြသည်။ ထိုအတောအတွင်းမှာ ကိုတိုမီသည် သီရှီထျန်အပေါ် အမျိုးအမည်မသိသော ခံစားချက် ဖြစ်ပေါ်လာသည်။ သီရှီထျန်ကို ကြည့်လိုက်သည့်အခါတိုင်း သူ့မျက်လုံးထဲမှာ ထူးခြားသောအရောင် ထွက်ပေါ်လာသည်။
အခန်း(၂၃၃)
“ အကိုသီ… ဘာကြောင့်လဲ ညီမမသိဘူး… အကို့ကို ကုချင်းဘုံအပြင်ဘက်မှာ ညီမ စတွေ့တဲ့အချိန် အကို့နား ချဉ်းကပ်ချင်တယ်လို့ ခံစားမိတယ်… အဲ့ဒါကြောင့် အကို့ကို ညီမကိုယ်တိုင် ကုချင်းသင်ပေးဖို့ အဖေ့ဆီမှာ ခွင့်တောင်းခဲ့တယ် ”
ကိုတိုမီက သိမ်မွေ့စွာ ပြောသည်။
အိပ်ပျော်နေသော သီရှီထျန်ကို ကြည့်လိုက်သည့်အခါ သူ့နှလုံးသားထဲ၌ မျိုသိပ်ထားသော စကားများ ပြောရန် ခွန်အားရှိလာသည်။
“ အကိုက ကုချင်းအကြောင်း ဘာမှမသိပေမဲ့ အရာအားလုံးကို အလေးအနက်ထားပြီး သင်ယူတယ်… အကိုက ကုချင်းအပေါ် ဘယ်လောက် အလေးအနက်ထားလဲ ညီမမြင်တဲ့အခါ ညီမသိထားသမျှအားလုံး အကို့ကို ပြောပြချင်လာတယ် ”
“ အကိုသီ… ဒီရက်တွေမှာ ညီမရဲ့ နှလုံးသားက တစ်ခုခုပြောင်းလဲသွားတယ်လို့ ခံစားရတယ်… နံနက်ခင်းအချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်… အကို့ကို မမြင်နိုင်တဲ့အခါ အကို့ရဲ့ ပုံရိပ်က ညီမရဲ့ စိတ်ထဲမှာ အမြဲတမ်း ထွက်ပေါ်လာတယ် ”
ကိုတိုမီက သူ့ကိုယ်သူ စကားပြောနေဟန် ရ၏။ သူက သူ့ကိုယ်ပိုင်အတွေးများကို ဖြည်းဖြည်းချင်း ပြောသည်။ စကားပြောနေစဉ် သူ၏ မျက်နှာက ပန်းနုရောင်သန်းလာသည်။
“ အမေပြောပြဖူးတဲ့ ပုံပြင်ထဲကအတိုင်း ညီမ တွေ့ကြုံနေတာလို့ ထင်တယ်… ညီမ အကို့ကို ချစ်မိနေပြီ ထင်တယ် ”
ကိုတိုမီ၏ မျက်နှာက ပန်းသီးကဲ့သို့ နီရဲလာသည်။ သူ၏ လည်တိုင်ပေါ်မှာပင် ပန်းနုရောင်အလွှာတစ်ခု ထွက်ပေါ်လာသည်။ သူ၏ နှလုံးခုန်သံက တဖြည်းဖြည်း မြန်ဆန်လာသည်။ သူအသက်ရှူထုတ်လိုက်သော လေက အနည်းငယ် ပူနွေးလာသည်။
သီရှီထျန်ဆီမှာ ကိုတိုမီကို ဆွဲဆောင်နိုင်သော အရှိန်အဝါရှိနေခြင်းက မငြင်းဆန်နိုင်သော အမှန်တရား ဖြစ်သည်။ သို့သော်လည်း အကြောင်းအရင်းကို သီရှီထျန်ကိုယ်၌ပင် မသိပေ။ အမှန်မှာ ယင်းက သူစုပ်ယူထားသော မြစိမ်းကုချင်းမှ ထုတ်လွှတ်နေသည့် အရှိန်အဝါကြောင့် ဖြစ်သည်။ မြစိမ်းကုချင်းသည် သူ့ခန္ဓာကိုယ်ထဲမှ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို ဖိနှိပ်ပေးနေရုံသာမက တမူထူးခြားသော အရှိန်အဝါကိုလည်း ထုတ်လွှတ်ပေးနေသည်။
မြစိမ်းကုချင်းသည် ချင်မိသားစု တည်ထောင်သူဘိုးဘေး၏ အထွတ်အမြတ်ရတနာ ဖြစ်သည်။ ချင်မိသားစု၏ မျိုးဆက်သွေးမရှိလျှင် ယင်းကို မည်သူမှ အသုံးမပြုနိုင်ပေ။ မြစိမ်းကုချင်းမှ ထုတ်လွှတ်နေသော အရှိန်အဝါကြောင့် ကိုတိုမီသည် သီရှီထျန်ကို စမြင်သည်နှင့်ချက်ချင်း ရင်းနှီးကျွမ်းဝင်ချင်သောစိတ် ဖြစ်ပေါ်လာသည်။ သူက သီရှီထျန်အတွက် မသိစိတ်မှ သူ့နှလုံးသားကို လမ်းဖွင့်ပေးလိုက်သည်။
ထိုအရှိန်အဝါက ကိုတိုမီ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားသည်။ ထို့ပြင် ဤသုံးလမှာ သူတို့နှစ်ယောက်က နံနက်ခင်းတိုင်း အတူတူ ရှိနေခဲ့ကြသည်။ သူစိမ်းယောင်္ကျားလေးတစ်ယောက်နှင့် အတူတူ ရှိနေခြင်းကို ဤမတိုင်ခင် ကိုတိုမီ တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။ သို့ဖြစ်၍ အသစ်အဆန်းတစ်ခုကို စကြုံလိုက်ရသော ကိုတိုမီအတွက် သီရှီထျန်က သူ့နှလုံးသားထဲမှာ အရိပ်မည်းတစ်ခု ဖြစ်လာသည်။
အချိန်ကြာလာသည်နှင့်အမျှ အမျိုးအမည်မသိသော ခံစားချက်က သူ့နှလုံးသားထဲမှာ မွေးဖွားလာသည်။ သီရှီထျန်က အမြဲတစေ အေးစက်စက်ပုံစံဖြင့် ရှိနေလေရာ ထိုအကြောင်းကို ကိုတိုမီ ဖွင့်မပြောဝံ့ပေ။
သူ့ရင်ထဲမှ ခံစားချက်ကို ဖွင့်ပြောနိုင်သောသတ္တိ ကိုတိုမီမှာ မရှိပေ။ ထို့ကြောင့် နောက်ဆုံးမှာ သူက ဤနည်းလမ်းကို ရွေးချယ်လိုက်သည်။
သူက သီရှီထျန်ကို အရင်အိပ်မောကျသွားစေရန် ပြုလုပ်မည်။ ထို့နောက် သူ့နှလုံးသားထဲမှ ခံစားချက်ကို အိပ်ပျော်နေသည့် သီရှီထျန်အား ဖွင့်ပြောမည်။
သို့သော်လည်း ကိုတိုမီ မသိသည်မှာ စက်ကရာက တကယ် အိပ်မပျော်သွားခြင်းပင်။ သူက တစ်ချိန်လုံး အသိစိတ်ရှိနေသည်။ ကိုတိုမီက သူ့အား ချစ်စကားဖွင့်ပြောနေကြောင်း သီရှီထျန် ကြားသောအခါ သူက စိတ်ထဲမှာ ခါးသီးစွာ ပြုံးလိုက်သည်။
“ သူက လူသား… ငါက မိစ္ဆာ ”
အမှန်မှာ သီရှီထျန်သည် ဤရက်များတွင် ကိုတိုမီ သူ့ကို ကြည့်သော အကြည့်က တမူထူးခြားနေကြောင်း သတိပြုမိသည်။ သူ၏ မျက်ဝန်းထဲမှာ နားလည်ရခက်ခဲသော အဓိပ္ပာယ် ရှိသည်။ ထို့ကြောင့် သူက မထူးမခြားနားအမူအရာနှင့် အေးစက်စက်ပုံစံကို အမြဲတမ်း ထုတ်ဖော်ပြခဲ့သည်။ သူတို့က မဏ္ဍပ်ထဲမှာ အတူတူ ထိုင်ပြီးလျှင် ကုချင်းအကြောင်းသာ ပြောကြသည်။ တခြားကိစ္စများကို မပြောကြချေ။ ကုချင်းသင်ကြားပြီးသွားလျှင် သူက အခန်းထဲသို့ ပြန်သွားပြီး ကျင့်ကြံလိမ့်မည်။
သို့သော် ကိုတိုမီက သူ့ကို တကယ် ချစ်မိသွားလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
စက်ကရာသည် ငိုရမည်လော ရယ်ရမည်လော မသိတော့ပေ။ ပထမအနေနှင့် ယောင်္ကျားမိန်းမကြားမှ အချစ်ရေးရာကို သူမစဉ်းစားနိုင်သေးပေ။ သူ့ခေါင်းထဲမှာ အမြန်ဆုံး ပိုသန်မာလာရန် မည်သို့လုပ်ဆောင်ရမည်ဟူသော အတွေးသာလျှင် ရှိ၏။ ဒုတိယအနေနှင့် သူတို့၏ သရုပ်က မတူညီပေ။ သူက မိစ္ဆာဖြစ်ပြီး ကိုတိုမီက လူသားဖြစ်သည်။ ခရမ်းရွှေကုန်းမြေ၏ လက်ရှိအခြေအနေအရ မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်က မီးနှင့် ရေကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်ကြသည်။
ထိုသို့အခြေအနေမျိုးမှာ သူက မည်သို့ကြောင့် ကိုတိုမီကို စိတ်ဝင်စားနိုင်မည်နည်း။
ဤအတောအတွင်းမှာ ကိုတိုမီက သူ့အပေါ် အမှန်တကယ် ကြင်နာပေးခဲ့ကြောင်း သူမြင်သည်။ ကိုတိုမီနှင့်ပတ်သက်၍ သူ့မှာ အမြင်ကောင်းရှိသည်။ သို့သော်လည်း ထိုထဲမှာ မည်သည့်ခံစားချက်မှ မပါဝင်ပေ။ ထို့ကြောင့် ကိုတိုမီ၏ ရင်ဖွင့်မှုကို သူကြားသောအခါ မအံ့ဩပေ။ ယင်းအစား ခါးသီးမှုကို ခံစားမိသွားသည်။
“ အကိုသီ… ချင်မိသားစုက မြင့်မြတ်တယ်လို့ လူအများကြီးက ထင်နေကြတယ်… ဒါပေမဲ့ ချင်မိသားစုက ခရမ်းရွှေကုန်းမြေအတွက်၊ သမိုင်းပေးတာဝန်အတွက် ဘယ်လောက် စတေးခဲ့တယ်ဆိုတာ အပြင်လူတွေ မသိကြဘူး… ချင်မိသားစုဝင်တစ်ယောက်အနေနဲ့ ညီမမွေးလာကတည်းက သမိုင်းပေးတာဝန်ကို လွှဲပြောင်းယူခဲ့ရတယ်… ညီမမှာ ကိုယ်ပိုင်အချစ်ကို ရှာဖွေဖို့ အခွင့်အရေးမရှိဘူး… ညီမရဲ့ ဘဝလက်တွဲဖော်ကို ညီမ မဆုံးဖြတ်နိုင်ဘူး ”
“ ညီမ ဒီတစ်ခေါက်မှာ ‘ မူးဝေအမတဝိုင် ’နဲ့ အကို့ကို အိပ်ပျော်စေခဲ့တယ်… ဘာလို့လဲဆိုတော့ ညီမရဲ့ ခံစားချက်ကို အကို့ကို ဖွင့်ပြောချင်လို့ပဲ… ဒါပေမဲ့ ဒီအကြောင်းကို အကို ဘယ်တော့မှ သိမှာမဟုတ်ပါဘူး… ဒီနေ့ပြီးသွားရင် ညီမရဲ့ ခံစားချက်ကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာပဲ မြှုပ်နှံထားလိုက်ပါမယ်… တခြားဘယ်သူကိုမှ မသိစေရဘူး ”
စကားပြောနေစဉ် သူ့အသံက တိုးညင်းသွားသည်။ ကောင်းကင်ယံမှ မပြည့်စုံသော လမင်းကို သူမော့ကြည့်လိုက်သည့်အခါ ဝမ်းနည်းသော အရှိန်အဝါက သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။
ချင်မိသားစု၏ သမိုင်းပေးတာဝန်ကြောင့် သူ့မှာ အချစ်ရှာဖွေရန် အခွင့်အရေးမရှိပေ။
ကိုတိုမီက သီရှီထျန်ကို တိတ်တဆိတ် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူက မတ်တတ်ရပ်လိုက်ပြီး ဝါးအိမ်ထဲသို့ ဝင်သွားသည်။ သူက စောင်တစ်ထည်ကို ယူလာပြီး သီရှီထျန်ပေါ်မှာ ခြုံပေးလိုက်သည်။ ထို့နောက် သူက ကုချင်းကို သယ်လျက် ချင်မိသားစုစံအိမ်ဆီသို့ ပြန်သွားသည်။ သူ၏ ကြော့ရှင်းတင့်တယ်သော ပုံရိပ်က အမှောင်ထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ထိုအခိုက်အတန့်မှာ ချင်စံအိမ်၏ ဥယျာဉ်ထဲတွင် ချင်ရွှမ်းနှင့် သခင်မချင်က အတူတူ ရပ်နေကြသည်။ သူတို့က ခရမ်းဝါးတော၏ ဦးတည်ရာဆီသို့ ကြည့်နေကြသည်။
တစ်ခဏကြာပြီးနောက် ဝမ်းနည်းသော အရိပ်အယောင်က သခင်မချင်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက သက်ပြင်းချလိုက်ပြီး ပြောသည်။
“ ကျွန်မတို့တွေ ရှင်းအာကို ခက်ခဲပင်ပန်းစေပြီ ”
ချင်ရွှမ်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်စွာ ပြောသည်။
“ အဲ့ဒါက ချင်မိသားစုရဲ့ မျိုးဆက်တိုင်း လုပ်ဆောင်ရမယ့် တာဝန်ပဲ… ချင်မိသားစု တည်ထောင်သူဘိုးဘေးက နောင်နှစ်တစ်ရာအတွင်းမှာ မြစိမ်းကုချင်း သေချာပေါက် ပြန်ပေါ်လာလိမ့်မယ်လို့ အမှာစကားချန်ခဲ့တယ်… ဒါပေမဲ့ မြစိမ်းကုချင်းကို ငါတို့ရှာဖွေလို့ မရဘူး… အပြင်လူတွေကပဲ ပြန်ယူဆောင်နိုင်တယ်… ဒါကြောင့် အဲ့ဒါက ရှင်းအာရဲ့ တာဝန်ပဲ ”
“ ဒါ့အပြင် ရှင်းအာ မွေးတုန်းက ငါတို့တွေ ပုရောဟိတ်ဆရာကို မေးမြန်းခဲ့ကြတယ်… ရှင်းအာရဲ့ အနာဂတ်ခင်ပွန်းက ကုချင်းဘုံထဲက မြစိမ်းကုချင်းကို အပြင်ကို ပြန်ယူလာပေးမယ့်လူလို့ သူဟောခဲ့တယ်… အဲ့ဒီအတွက် ပုရောဟိတ်ဆရာက သူ့ရဲ့ သက်တမ်းအနှစ်သုံးဆယ်ကို စတေးခဲ့ရတယ်ဆိုတာ မင်းလည်း သိတာပဲ… ပြောရမယ်ဆိုရင် ပုရောဟိတ်ဆရာရဲ့ ဟောကြားမှုက မမှားနိုင်ဘူး… ချင်မိသားစုရဲ့ အကျိုးအတွက် ငါက ရှင်းအာပေါ်မှာ ဖခင်တာဝန် မကျေပွန်ခဲ့ဘူး ”
ချင်ရွှမ်းသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ယံမှ လခြမ်းကွေးကို ကြည့်လိုက်သည်။ ယနေ့ည၏ မှိန်ဖျော့သော လရောင်ခြည်ထဲမှာ ဝမ်းနည်းမှုတစ်စွန်းတစ်စ ကိန်းအောင်းနေဟန် ရ၏။ သူက ချင်မိသားစုခေါင်းဆောင်ဖြစ်လေရာ မိသားစု၏ အကျိုးစီးပွားကို အဓိကဦးစားပေးရမည်။
ချင်မိသားစု၏ သမိုင်းပေးတာဝန်က ခရမ်းရွှေကုန်းမြေမှ သက်ရှိအများအပြား၏ ကံကြမ္မာနှင့် ဆက်စပ်နေသည်။ သို့ဖြစ်၍ မည်သည့်အမှားအယွင်းမှမရှိအောင် သူဂရုစိုက်ရမည်။ အကယ်၍ အမှားပါသွားခဲ့လျှင် ချင်မိသားစုက မဟာအပြစ်သားအဖြစ် ထာဝရ သတ်မှတ်ခံရလိမ့်မည်။ ထိုသို့နာမည်ဆိုးကို သူလက်မခံနိုင်ပေ။ ထို့အတူ ချင်မိသားစုက လက်မခံနိုင်ပေ။
“ ယောင်္ကျား… ရှင် အဲ့ဒီသီရှီထျန်ကို ဘယ်လိုမြင်လဲ ”
သခင်မချင်သည် ထိုအကြောင်းကို ဆက်မပြောချင်သည့်အလား သီရှီထျန်အကြောင်း ရုတ်တရက် ပြောသည်။
ချင်ရွှမ်းက တစ်ခဏကြာ စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။
“ သူ့ကို ငါထွင်းဖောက်မမြင်နိုင်ဘူး… ဒီသုံးလအတွင်းမှာ သူက ကုချင်းကို အမှန်တကယ် လေးလေးနက်နက် သင်ယူလေ့လာတယ်… သူက ဝါးအိမ်ထဲမှာပဲ တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေပြီး ကုချင်းချိုင့်ဝှမ်းအပြင်ကို တစ်ခါမှ မထွက်သွားဘူး… သူက ကျင့်ကြံဖို့ကလွဲလို့ ဘာမှမသိတဲ့ အရူးတစ်ယောက်လိုပဲ… ဒါ့အပြင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတယ်… သူက အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်လို့ ထင်ရပေမဲ့ သူ့ရဲ့ တကယ့်စွမ်းအားက အဲ့ထက်ပိုတယ် ”
ချင်ရွှမ်း၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။ သူ့ထက် ငယ်ရွယ်သော မျိုးဆက်သစ်ကျင့်ကြံသူတစ်ယောက်ကို သုံးလကြာအောင် စောင့်ကြည့်လေ့လာခဲ့သည့်တိုင် တစ်ဖက်လူကို အပြည့်အဝ သူထွင်းဖောက်မမြင်နိုင်ခဲ့ပေ။
“ ထားလိုက်ပါ… သူက ကုချင်းကို ချစ်မြတ်နိုးတဲ့လူဖြစ်မယ်… သူသင်ယူနေတာက သေမျိုးလောကရဲ့ ကုချင်းပညာရပ်တွေပဲ… သူက အဲ့ဒီအတွက် တန်ဖိုးကြီးမားတဲ့ လက်ဆောင်ကို ချင်မိသားစုဆီ ပေးကမ်းခဲ့တယ်… ကုချင်းသင်ပြီးသွားတဲ့အခါ သူ့ဘာသာ ထွက်သွားပါစေ ”
ချင်ရွှမ်းသည် သီရှီထျန် ပြဿနာရှာမည်ကို မစိုးရိမ်ပေ။ ဤနေရာသည် ကုချင်းချိုင့်ဝှမ်း ဖြစ်သည်။ သာမန်ပုဂ္ဂိုလ်များက ကုချင်းချိုင့်ဝှမ်းထဲမှာ ပြဿနာမရှာဝံ့ကြချေ။ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သော သွေးတိမ်ဂိုဏ်းသည်ပင် ချင်မိသားစုကို ရန်မပြုဝံ့သည် မဟုတ်ပါလော။
အခြားတစ်ဖက်တွင်… ။
သီရှီထျန်သည် ကိုတိုမီထွက်သွားသော်လည်း ပြန်မထလာပေ။ တစ်စုံတစ်ယောက် သူ့အပေါ် သံသယဝင်မည်ကို သူစိုးရိမ်သည်။ ထို့ကြောင့် သူက တစ်ညလုံး စားပွဲခုံပေါ်မှာ မှောက်အိပ်နေသည်။ အာရုဏ်တတ်ချိန်သို့ ရောက်သည့်အခါ ကုချင်းအသံက ချိုင့်ဝှမ်းထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
“ ဟူး ”
သီရှီထျန်က အိပ်စက်နေသော်လည်း သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုက တစ်ခါမှ မရပ်တန့်သွားပေ။ ဆေးမီးဖိုက အဆက်မပြတ် လှည့်ပတ်နေပြီး ကျင့်ကြံသူအလောင်းများကို သန့်စင်ပေးနေသည်။ ဤအခိုက်အတန့်မှာ သူက ငါးယောက်မြောက် ကျင့်ကြံသူအလောင်းကို သန့်စင်နေသည်။
သီရှီထျန်သည် မျက်လုံးဖွင့်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်မှ စောင်ကို ပြန်သိမ်းလိုက်သည်။ စောင်ပေါ်တွင် အမွှေးရနံ့တချို့ ကျန်ရစ်နေဟန် ရ၏။ စောင်ကို ကြည့်နေစဉ် အတွေးများစွာက သူ့ခေါင်းထဲမှာ ထွက်ပေါ်လာသည်။ စိတ်ရှုပ်ထွေးသောအကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ ထို့နောက် သူက စောင်ကို အခန်းထဲမှာ ပြန်ထားလိုက်သည်။
“ တင်း… တုန်… တင်း… တုန် ”
ထိုစဉ် သာယာငြိမ့်ညောင်းသော ကုချင်းအသံက ချိုင့်ဝှမ်းထဲမှာ ပျံ့လွင့်သွားသည်။ ကုချင်းအသံက နွေဦးစမ်းရေနှင့် ဆင်တူသည်။ ယင်းက တစ်စုံတစ်ယောက်၏ စိတ်ကို တည်ငြိမ်အေးချမ်းစေသည်။ ကုချင်းအသံကို နားထောင်နေစဉ် စမ်းချောင်းတစ်ခုက သူ့ဘေးနားမှာ ထွက်ပေါ်လာသည်ဟု သီရှီထျန် ခံစားမိသွားသည်။ သူ၏ စိတ်က ချက်ချင်း အနည်ထိုင်သွားပြီး တည်ငြိမ်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ စိတ်ဝိညာဉ်က ကုချင်းအသံထဲမှာ စီးမျောသွားသည်။
အခန်း(၂၃၄)
“ အဲ့ဒါ ဘာသီချင်းလဲ ”
သီရှီထျန်က သီချင်းကို ဂရုတစိုက် နားထောင်လိုက်သည်။ မကြာမီ သူ၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။ သူက ရုတ်ချည်း မတ်တတ်ထရပ်လိုက်သည်။ သူ၏ နှလုံးက တဒုန်းဒုန်း ခုန်မြည်လာသည်။ စိုးရိမ်ကြောင့်ကြသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့ပြင် သူ၏ အမူအရာက အမြဲတမ်း ပြောင်းလဲသွားသည်။
“ အဲ့ဒီသီချင်းက ငါ့ရဲ့ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောထဲက ဝမ်းနည်းမှုကို တကယ်ကြီး ဖယ်ရှားပေးနိုင်တယ်… အဲ့ဒါက ဘာသီချင်းလဲ… သီချင်းမှာ ဒီလောက်အံ့ဖွယ်ကောင်းတဲ့ အစွမ်းအာနိသင်ရှိတယ်လား ”
မှန်ပေသည်။ ထိုသီချင်းကို သူနားထောင်နေစဉ် သူ၏ အသိစိတ်က ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောထဲမှ ထုတ်လွှတ်နေသော ဝမ်းနည်းမှုနှင့် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားသည်။ သူက ဝမ်းနည်းမှုကို ခံစားမိသွားသည်။ သို့သော်လည်း သူ၏ အသိစိတ်က ယခင်အတိုင်း ကြည်လင်နေဆဲပင်။ သူ၏ အသိစိတ်က ဝမ်းနည်းမှုထဲမှာ မနစ်မြုပ်သွားပေ။ ထိုသို့အခြေအနေက အလွန်အံ့ဖွယ်ကောင်းသည်။ တစ်ခုသိထားရမည်မှာ သူက ဤသုံးလတွင် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောထဲမှ ထုတ်လွှတ်နေသော ဝမ်းနည်းမှုနှင့် ပေါင်းစည်းနိုင်ရန် ကြိုးစားကြည့်ခဲ့သည်။
သို့သော်လည်း ရလဒ်က သူ့ကို စိတ်ပျက်စေခဲ့သည်။ မည်သည့်နည်းလမ်းမှ အသုံးမဝင်ခဲ့ပေ။ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောမှ ထုတ်လွှတ်နေသော ဝမ်းနည်းမှုကို ဖယ်ရှားရန် လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ ဝမ်းနည်းမှုကို ဖယ်ရှားလိုက်မည်ဆိုလျှင် ယင်းက ဝမ်းနည်းခြင်းမိစ္ဆာသွေးကြော ဆက်ဖြစ်နေဦးမည်လော။ ထိုသို့အခြေအနေအတွက် ဖြေရှင်းနည်းတစ်ခုသာ ရှိသည်။ ဖြေရှင်းနည်းမှာ သူ၏ အသိစိတ်ကို ဝမ်းနည်းမှုနှင့် တစ်သားတည်း ပေါင်းစည်းရန် ဖြစ်သည်။
သို့မှသာလျှင် သူက ဝမ်းနည်းမှုဖြင့် နောက်ထပ် သက်ရောက်ခံရတော့မည် မဟုတ်ချေ။ သို့မှသာ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောက သူ၏ ခန္ဓာကိုယ်ထဲမှာ အမှန်တကယ် ဖွဲ့စည်းသွားလိမ့်မည်။
ထိုအချိန်ကျလျှင် သူက ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို ဖိနှိပ်ပေးရန် မြစိမ်းကုချင်းကို လိုအပ်တော့မည် မဟုတ်ချေ။ ထို့ပြင် သူက မိုးမြေကြားမှ ဝမ်းနည်းမှုစွမ်းအင်ကို လွတ်လပ်စွာ စုပ်ယူနိုင်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောက သူ့အပိုင်ဖြစ်လာလိမ့်မည်။ ထို့နောက် သူက ဒုတိယမြောက် မိစ္ဆာသွေးကြောကို ဖွဲ့စည်းနိုင်သွားလိမ့်မည်။
ဤသုံးလအတွင်းမှာ နည်းလမ်းအမျိုးမျိုးကို သူအသုံးပြုခဲ့သော်လည်း မဖြေရှင်းနိုင်ခဲ့သည့် လျှို့ဝှက်အန္တရာယ်က ထိုသီချင်းသံကြောင့် အပြောင်းအလဲ စတင်ဖြစ်ပေါ်လာလိမ့်မည်ဟု သီရှီထျန် မမျှော်လင့်ထားခဲ့ပေ။
သို့ဖြစ်လေရာ မည်သို့ကြောင့် သူမအံ့ဩဘဲ နေမည်နည်း။
“ အဲ့ဒီသီချင်းကို ငါရမှဖြစ်မယ် ”
ချက်ချင်းဆိုသလိုပင် အတွေးတစ်ခုက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ယင်းက သူ၏ မသိစိတ်မှ စေခိုင်းမှု ဖြစ်သည်။ ထိုသီချင်းကို သူရရှိမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်အန္တရာယ်က ပျောက်ကွယ်သွားလိမ့်မည်။ ယင်း၏ ဆိုလိုရင်းမှာ သူက နောက်ထပ် မည်သည့်အတားအဆီးမှ မတွေ့ကြုံဘဲ အဆင့်တတ်နိုင်သွားလိမ့်မည်။ သို့ဖြစ်၍ သူ၏ နှလုံးသားထဲမှာ လိုချင်တပ်မက်စိတ် ဖြစ်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူက ကုချင်းအသံ ထွက်ပေါ်လာသော ဦးတည်ရာဆီသို့ လျှောက်သွားသည်။ သူက လမ်းလျှောက်နေရင်း ကုချင်းအသံကို နားထောင်နေသည်။ ကုချင်းအသံကြောင့် သူ၏ အသိစိတ်က ကြေးမုံကဲ့သို့ ကြည်လင်သွားသည်။ သူ၏ အသိစိတ်ထဲမှာ မြူတစ်မှုန်မှ မရှိတော့ပေ။ ထိုသို့အခြေအနေမျိုးမှာ သူ၏ အသိစိတ်က ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောထဲမှ ဝမ်းနည်းမှုနှင့် ပေါင်းစည်းသွားသည်။ သူ၏ အသိစိတ်က ကြည်လင်နေသောကြောင့် ဝမ်းနည်းမှု၏ သက်ရောက်မှုကို မခံရပေ။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။
သူက တစ်လှမ်းချင်း တစ်လှမ်းချင်း အရှေ့သို့ လျှောက်သွားသည်။ အချိန်ကာလတစ်ခု ကြာပြီးနောက် သူက ခရမ်းဝါးတောကို ဖြတ်ကျော်သွားသည်။ မကြာမီ သူ့အရှေ့မှာ ခမ်းနားထည်ဝါသော စံအိမ်တစ်ခု ထွက်ပေါ်လာသည်။ ယင်းက ချင်မိသားစုစံအိမ် ဖြစ်သည်။ စံအိမ်၏ ဂိတ်တံခါးအရှေ့၌ အဖိုးအိုတစ်ယောက်က ကုလားထိုင်ပေါ်မှာ ထိုင်နေသည်။
အဖိုးအိုက ကုချင်းအသံကို တိတ်တဆိတ် နားထောင်နေသည်။ သူ၏ အပြုအမူက အလွန်သဘာဝကျသည်။ ထူးဆန်းသည်မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ မည်သည့်ဝိညာဉ်စွမ်းအားမှ မရှိပေ။ သူက သာမန်အဖိုးအိုတစ်ယောက် ဖြစ်ပုံပေါ်သည်။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်မွှေးက အဖြူရောင်သို့ ပြောင်းနေသည်။
ချင်စံအိမ်၏ အရှေ့သို့ သီရှီထျန် ရောက်လာသည့်အခါ အဖိုးအိုက မျက်လုံးဖွင့်လိုက်ပြီး သူ့ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ထူးဆန်းသောအလင်း ထွက်ပေါ်လာသည်။ တစ်ခဏကြာပြီးနောက် သူက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
" မင်းက ကုချင်းပညာသင်ဖို့ ကုချင်းချိုင့်ဝှမ်းဆီ ရောက်လာတဲ့ ကောင်လေးမဟုတ်လား… မင်းက သေမျိုးလောကရဲ့ ကုချင်းပညာပဲ သင်ချင်တယ်… အသံတိုက်ခိုက်မှုကိုတော့ မသင်ချင်ဘူး… မင်းက မဆိုးဘူးပဲ… ဒါပေမဲ့ မင်းက ချင်မိသားစုရဲ့ တပည့်တစ်ယောက်မဟုတ်လို့ စံအိမ်ထဲ ဝင်ခွင့်မရှိဘူး ”
အဖိုးအိုက သာမန်ကာလျှံကာ ပြောသည်။ သို့သော်လည်း ထိုစကားများက သီရှီထျန်၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ သူ့နှလုံးက ချက်ချင်း တင်းကျပ်သွားသည်။ ဤသည်မှာ အဖိုးအို၏ စကားကို သူနားမထောင်လျှင် ကပ်ဘေးတစ်ခုက သူ့ထံသို့ ကျရောက်လာတော့မည့်အလားပင်။
သီရှီထျန်သည် အဖိုးအိုကို အထင်မသေးဝံ့ပေ။ ချင်စံအိမ်၏ ဂိတ်တံခါးကို စောင့်ကြပ်နေသော ပုဂ္ဂိုလ်က မည်သို့ကြောင့် သာမန်အဖိုးအို ဖြစ်နိုင်မည်နည်း။ ထို့ကြောင့် သူက ဂိတ်တံခါးအရှေ့မှာ ရပ်လိုက်သည်။ သူက အရှေ့သို့ ဆက်မသွားဘဲ ကုချင်းအသံကို တိတ်တဆိတ် နားထောင်လိုက်သည်။
ကုချင်းအသံသည် အချိန်တစ်ခဏကြာပြီးနောက် တဖြည်းဖြည်း တိုးညင်းသွားပြီး ပျောက်ကွယ်သွားသည်။ သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး ဂိတ်တံခါးအရှေ့မှ အဖိုးအိုကို ကြည့်လိုက်သည်။ သူက ရိုသေလေးစားစွာ မေးသည်။
" အဖိုး… အဲ့ဒီသီချင်းရဲ့ နာမည်ကို ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပေးနိုင်မလား ”
သူ၏ လေသံထဲမှာ နှိမ့်ချမှု ပါဝင်သည်။
“ ကောင်လေး… မင်းက လူကြီးသူမကို သိတတ်သားပဲ… အဲ့ဒီသီချင်းကို ‘ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ’လို့ ခေါ်တယ်… အဲ့ဒီသီချင်းကို မကြာခဏ နားထောင်မယ်ဆိုရင် အဲ့ဒါက မင်းရဲ့ ကိုယ်တွင်းနတ်ဆိုးကို ဖယ်ရှားပေးလိမ့်မယ်… မင်းရဲ့ အသိစိတ်ကို ကြည်လင်စေပြီး စိတ်ဝိညာဉ်ကို သန့်စင်ပေးလိမ့်မယ်… ဒါ့အပြင် တခြားအကျိုးအမြတ်တွေလည်း ရှိသေးတယ်… အဲ့ဒါက မကောင်းဆိုးဝါးစွမ်းအင်၊ မိစ္ဆာစွမ်းအင်နဲ့ ရိုင်းစိုင်းတဲ့ စွမ်းအင်တွေကို သန့်စင်ပေးနိုင်တယ်… မြင့်မားတဲ့ အဆင့်တစ်ခုထိ ကျင့်ကြံမယ်ဆိုရင် အဲ့ဒီသီချင်းက သေလွန်ဝိညာဉ်တွေကိုတောင် သန့်စင်ပေးနိုင်တယ် ”
ထိုသို့ပြောပြီးနောက် အဖိုးအိုက စက်ကရာကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။ သူက ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။
“ ကောင်လေး… တကယ်လို့ ချင်မိသားစုထဲ မင်းဝင်ရောက်မယ်ဆိုရင် ‘ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ’အပြင် အံ့ဖွယ်ကောင်းတဲ့ တခြားသီချင်းတွေကိုလည်း သင်ယူနိုင်လိမ့်မယ် ”
“ ကျေးဇူးတင်ပါတယ် အဖိုး ”
ယင်းကို ကြားသောအခါ သီရှီထျန်က ခေါင်းယမ်းလိုက်ပြီး အဖိုးအိုကို ကျေးဇူးတင်လိုက်သည်။ သူက အနောက်လှည့်ပြီး ထွက်သွားသည်။
ဤအတောအတွင်းမှာ သူသည် ချင်မိသားစုက သာမန်ကျင့်ကြံခြင်းမိသားစုတစ်ခု မဟုတ်ကြောင်း ရှာတွေ့သွားသည်။ ချင်မိသားစု၏ တည်ရှိမှုက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ အထူးသဖြင့် မနေ့ညက ကိုတိုမီ၏ စကားကို သူနားထောင်ပြီးနောက် ပိုပြီးသေချာသွားသည်။
သမိုင်းပေးတာဝန်… ။
ယင်းက မည်သည့်အရာနည်း။
ချင်မိသားစု၏ နောင်မျိုးဆက်တိုင်း ထမ်းဆောင်ရသော တာဝန်။
သို့ဖြစ်လေရာ ယင်းက သာမန်လျှို့ဝှက်ချက် မဟုတ်နိုင်ပေ။ ထုံးစံအားဖြင့် ထိုသို့မိသားစုတစ်ခုထဲမှာ ပုန်းကွယ်နေသော ကျွမ်းကျင်ပညာရှင်များ သေချာပေါက် ရှိရမည်။ ချင်မိသားစု၏ အစစ်အမှန်အင်အားသည် အပေါ်ယံ သူမြင်နိုင်သည်ထက် အဆပေါင်းများစွာ ပိုကြီးမားလိမ့်မည်။
ချင်မိသားစုထဲမှာ အစွမ်းထက်ပုဂ္ဂိုလ်များ တည်ရှိသည်ဟု မသိစိတ်မှ သူခံစားမိသည်။
“ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်းက ငါ့အတွက် အရမ်းအသုံးဝင်တယ်… အဲ့ဒါကို ရယူဖို့ နည်းလမ်းတစ်ခု ငါစဉ်းစားရမယ်… မဟုတ်ရင် ငါ့ခန္ဓာကိုယ်ထဲက လျှို့ဝှက်အန္တရာယ်ကို ငါဖြေရှင်းနိုင်မှာမဟုတ်ဘူး ”
သီရှီထျန်က သူ့စိတ်ထဲမှာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ မည်သည့်နည်းလမ်းကို သူအသုံးပြုရပါစေ ‘ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ’ကို သေချာပေါက် ရရမည်။
… … …
“ အမထျန်ရှင်း… အမထျန်ရှင်း… အမြန်ထွက်လာပါဦး… အကိုယွမ်က မျောက်မင်းဝိုင်ကို ချက်လုပ်ပြီးသွားပြီ ”
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင် သီရှီထျန် ထွက်သွားပြီးနောက် လူတိုင်းက အပတ်တကုတ် ကြိုးစားကျင့်ကြံနေကြသည်။ သူတို့က အချိန်ရသည့်အခါတိုင်း ခွန်အားတိုးမြှင့်ရန် လုပ်ဆောင်နေကြသည်။ ဤသုံးလတွင် ချီဟောင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ တတိယမြောက် မရီဒျန်ကို ဖွင့်လှစ်နိုင်သွားသည်။ ယခုအချိန်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးက အတားအဆီးမဲ့စွာ ဖွင့်လှစ်သွားသည်။ သူက ဝိညာဉ်သားရဲနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ပိုင်ယွဲ့၊ ယင်းခုန်းနှင့် တခြားသားရဲဘုရင်များသည်တော့ သူတို့က ဒုတိယမြောက် မရီဒျန်ကို ဖွင့်လှစ်နိုင်သွားကြပြီး တတိယမြောက် မရီဒျန်ကို ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြသည်။
သူတို့တစ်ကောင်စီသည် အနာဂတ်၌ အရှင်မင်းကြီးကို အကူအညီပေးနိုင်မည့် လက်အောက်ငယ်သားများ ဖြစ်လာရန် အစွမ်းကုန် ကြိုးစားနေကြသည်။ ထို့ကြောင့် သူတို့က စက္ကန့်တိုင်း ပိုပြီးသန်မာလာရန် အလုပ်ကြိုးစားကြသည်။
ရှောင်ပိုင်သည်လည်း ပိုင်ဟူ၏ တိုက်ရိုက် လမ်းညွှန်ပေးမှုနှင့် ဆေးလုံးအမျိုးမျိုး၏ ထောက်ပံ့ပေးမှုကြောင့် မြန်ဆန်စွာ တိုးတတ်လာသည်။ သူ၏ တိုးတတ်မှုက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာ အမြန်ဆုံး ဖြစ်သည်။ လအနည်းငယ်အတွင်းမှာ သူက မရီဒျန်နှစ်ခုကို ဖွင့်လှစ်နိုင်သွားသည်။ ယခု သူက အခြေခံအုတ်မြစ်ခိုင်မာရန် ကြိုးစားနေသည်။ အခြေခံအုတ်မြစ်ခိုင်မာသွားသည်နှင့် သူက တတိယမြောက် မရီဒျန်ကို ချိုးဖြတ်ရန် စတင်လိမ့်မည်။
ရှောင်ပိုင်သည် ကျားဖြူမေမေကို အကိုကြီးနှင့်အတူ သွားကယ်တင်ရန် ဆန္ဒပြင်းပြနေသည်။ ထို့ကြောင့် သူက အပျင်းမခိုဘဲ အပတ်တကုတ် ကြိုးစားနေသည်။
ယနေ့တွင် ရှောင်ပိုင်က ပိုင်ဟူနေထိုင်သော လှိုဏ်ဂူထဲသို့ စိတ်လှုပ်ရှားစွာ ပြေးလာပြီး အော်ပြောလိုက်သည်။ သူ၏ လေသံထဲမှာ ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။
ပိုင်ဟူသည် တိတ်တဆိတ် ကျင့်ကြံနေခြင်းမှ မျက်လုံးပြန်ဖွင့်လိုက်ပြီး ရှောင်ပိုင်ကို ကြည့်လိုက်သည်။ သူက သိမ်မွေ့စွာ ပြုံးလိုက်ပြီး ရှောင်ပိုင်ကို ပွေ့ချီလိုက်သည်။
ရှောင်ပိုင်၏ ခန္ဓာကိုယ်က တမူထူးခြားဟန် ရသည်။ သူက မရီဒျန်နှစ်ခုကို ဖွင့်လှစ်ပြီးပြီဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်အရွယ်အစားက ကြီးကြီးမားမား မပြောင်းလဲသွားပေ။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းကို ပိုင်ဟူသည်ပင် မစဉ်းစားနိုင်ပေ။ ယင်းက အလွန်အံ့ဖွယ်ကောင်း၏။
“ အဲ့ဒီမျောက်ကလေးက မျောက်မင်းဝိုင်ကို ဒီလောက်မြန်မြန် ချက်လုပ်နိုင်တယ်လား… အရမ်းကောင်းတယ်… တစ်ချက်သွားကြည့်ရအောင်… ဒီတစ်ခေါက်ဝိုင်က အရင်တစ်ခေါက်ထက် ပိုပြီးကောင်းလောက်တယ်… အခြေခံအုတ်မြစ်တည်ဆောက်တဲ့အခါ မျောက်မင်းဝိုင်က အကောင်းဆုံး အထောက်အပံ့ပဲ… ရှောင်ပိုင်… မျောက်မင်းဝိုင်နဲ့ဆိုရင် နင့်ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက ပိုပြီးမြန်ဆန်လာလိမ့်မယ်… ဒါ့အပြင် နင့်ရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်လည်း ပိုပြီးခိုင်မာလာလိမ့်မယ် ”
ပိုင်ဟူက စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက အပြည့်အဝ မပျောက်ကင်းသေးပေ။ အကယ်၍ ထိုမျောက်မင်းဝိုင်ကို သူသောက်လိုက်မည်ဆိုလျှင် သူ၏ ဒဏ်ရာများက မြန်ဆန်စွာ ပြန်သက်သာသွားလိမ့်မည်။ ထို့ပြင် မျောက်မင်းဝိုင်သည် အခြေခံအုတ်မြစ် တည်ဆောက်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်ကိုလည်း အားဖြည့်ပေးနိုင်သည်။
“ ဟုတ်တယ်… အကိုကြီးသိရင် အရမ်းဝမ်းသာသွားမှာ သေချာတယ် ”
ပိုင်ဟူ၏ ရင်ခွင်ထဲတွင် ရှောင်ပိုင်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ သူက ပိုင်ဟူကို အမြန်သွားရန် တိုက်တွန်းလိုက်သည်။ သို့သော်လည်း သူက သီရှီထျန်ကို မစဉ်းစားမိဘဲ မနေနိုင်ပေ။
“ ဟွန့်… နင့်ရဲ့ အကိုကြီးက သေမျိုးလောကထဲမှာ ဘယ်လောက်တောင် ပျော်နေလဲ မသိဘူး… သူက ဒီအရှုပ်ထုပ်ကြီးကို ငါ့ဆီ ဒီလောက်အကြာကြီး ပစ်ထားတယ်… သူပြန်လာတဲ့အခါကျရင် ငါသူ့ကို ကောင်းကောင်း ဆူပစ်မယ် ”
ပိုင်ဟူက နှုတ်ခမ်းဆူလိုက်ပြီး စိတ်ဆိုးစွာ ပြောသည်။ သို့သော်လည်း သူ့မျက်လုံးထဲမှာ မဖော်ပြနိုင်သော စိတ်ခံစားမှု ရှိသည်။
ရှောင်ပိုင်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပိုင်ဟူ၏ မျက်နှာကို ကြည့်လိုက်သည်။ ယခုအချိန်မှာ ပိုင်ဟူ၏ မျက်နှာက ခင်ပွန်းကို စိတ်ဆိုးနေသော ဇနီးတစ်ယောက်၏ မျက်နှာအမူအရာမျိုး ဖြစ်သည်။
ထို့ကြောင့် ရှောင်ပိုင်က စူးစမ်းလိုစွာ ပြောသည်။
“ အမထျန်ရှင်း… ရှောင်ပိုင်ကို သားရဲတစ်သောင်းဂိုဏ်းက လူဆိုးတွေ ဖမ်းသွားတဲ့အခါတုန်းက သူတို့ပြောနေတာကို ရှောင်ပိုင် ကြားခဲ့တယ်… ယောင်္ကျားနဲ့ မိန်းမ အတူတူရှိနေကြရင် သူတို့ကို လင်မယားလို့ ခေါ်ကြတယ်တဲ့… လင်မယားတွေက ရန်ဖြစ်ရတာကို သဘောကျကြတယ်တဲ့… ဆူပူကြိမ်းမောင်းတာက ချစ်လို့တဲ့… ဒီရက်တွေမှာ အမထျန်ရှင်းက ငါ့အကိုကြီးကို ခဏခဏ ဆူပူကြိမ်းမောင်းနေတယ်… အဲ့ဒါ ငါ့အကိုကြီးကို အမထျန်ရှင်း သဘောကျနေလို့လား ”
ရှောင်ပိုင်က ကလေးဆန်သော လေသံဖြင့် မေးသည်။ သူ၏ မျက်လုံးထဲမှာ စူးစမ်းသိလိုသော အရိပ်အယောင် ရှိသည်။
" ဖွီ "
ပိုင်ဟူ၏ မျက်နှာက နီမြန်းသွားသည်။ သူက ရှောင်ပိုင်ကို ခေါင်းခေါက်ရန် ပြင်လိုက်သည်။ သို့သော်လည်း သူ၏ လက်က ရှောင်ပိုင်၏ ခေါင်းပေါ်သို့ ကျရောက်သွားသည့်အခါ ညင်သာသော ပွတ်သပ်မှုအဖြစ် ပြောင်းလဲသွားသည်။ သူက အလျင်စလို ပြောသည်။
“ ရှောင်ပိုင် နင်ဘာတွေ ပြောနေတာလဲ… ငါက ဘယ်လိုလုပ် နင့်အကိုကို ကြိုက်မှာလဲ… အဲ့ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး ”
သူက အမြန်ငြင်းဆန်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။
“ ဟွန့်… နင့်အကိုက ငါ့ရဲ့ ခင်ပွန်းဖြစ်လာဖို့ အရည်အချင်းမပြည့်မီသေးဘူး… ငါ စုထျန်ရှင်းက ငါ့လောက် မသန်မာတဲ့ မိစ္ဆာတစ်ကောင်ကို ဘယ်တော့မှ ပြန်မကြိုက်ဘူး… မိစ္ဆာမျိုးနွယ်စုထဲမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက် သူဖြစ်လာတဲ့အထိ အရင်ကြိုးစားရလိမ့်မယ် ”
သူက ပါးစပ်မှ ထိုသို့ငြင်းဆန်နေသော်လည်း သူ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်သည်။ သူ့မှာ သီရှီထျန်အပေါ် အမှန်တကယ် မည်သည့်ခံစားချက်မှ မရှိခြင်းလော။ ထိုမေးခွန်းအတွက် သူ့မှာ အဖြေမရှိပေ။
သီရှီထျန်ထွက်သွားသည့်အချိန်မှစ၍ သူကျင့်ကြံပြီးသွားတိုင်း သီရှီထျန်ကို တွေးမိလိမ့်မည်။ သီရှီထျန်က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ ထောင်သောင်းချီသော သားရဲများကို သူ့လက်ထဲ မည်သို့လွှဲအပ်ခဲ့ကြောင်း ပိုင်ဟူ စဉ်းစားမိသောအခါ စိတ်ဆိုးသွားပြီး အံတင်းတင်းကြိတ်လိုက်သည်။