အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
အခန်း(၂၃၅)
“ ဟီး ဟီး… အမထျန်ရှင်းက မကြိုက်ဘူးပြောပြီး မျက်နှာကြီးက နီရဲနေတယ် ”
ရှောင်ပိုင်က ပြုံးလိုက်ပြီး မျက်တောင်ခတ်လိုက်သည်။
ရုတ်တရက် ရှောင်ပိုင်၏ စိတ်ထဲမှာ သနားစဖွယ်ကောင်းသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် ဝမ်းသာပျော်ရွှင်နေသော သူ့မျက်နှာက တဖြည်းဖြည်း ညှိုးငယ်သွားသည်။ သူက စိတ်မကောင်းစွာ ပြောသည်။
“ အခုချိန်မှာ အမဇီဖေးရှိနေရင် ဘယ်လောက်ကောင်းလိုက်မလဲ… အမဇီဖေး ဘေးအန္တရာယ်ကင်းဖို့ ငါမျှော်လင့်တယ် ”
သူ့အနားမှာ အမြဲတစေ ရှိနေခဲ့သော ဇီဖေးကို ရှောင်ပိုင်က တွေးမိသွားသည်။ သူက အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း မည်သည့်သဲလွန်စမှ မရှာတွေ့ခဲ့ပေ။
“ ကောင်းပြီ… မျောက်မင်းဝိုင်ရေကန်ကို တစ်ချက်သွားကြည့်ရအောင် ”
ပိုင်ဟူ၏ ခြေဖဝါးအောက်တွင် မိစ္ဆာလေ ထွက်ပေါ်လာသည်။ မိစ္ဆာလေက သူတို့ကို ပင့်မြှောက်၍ ယွမ်ထျန်းနေထိုင်သော လှိုဏ်ဂူဆီသို့ အမြန်ရွေ့လျားသွားသည်။
မျောက်မင်းဝိုင်သည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ သားရဲအားလုံးကို ပိုပြီးမြန်ဆန်စွာ တိုးတတ်သွားစေမည့် အထောက်အပံ့ဖြစ်သည်။ ထို့ကြောင့် မည်သည့်အမှားအယွင်းမှ မဖြစ်ပေါ်အောင် သေချာဂရုစိုက်ရမည်။
သိပ်မကြာမီ ပိုင်ဟူသည် ရှောင်ပိုင်ကို သယ်ဆောင်လျက် ဝိုင်ရေကန်၏ ဝင်ပေါက်ဆီသို့ ရောက်လာသည်။ ထိုအချိန်တွင် ယွမ်ထျန်းက လှိုဏ်ဂူဝင်ပေါက်အရှေ့မှာ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။ သူက လက်နှစ်ဖက်စလုံးဖြင့် တစ်ကိုယ်လုံးကို ကုတ်ခြစ်နေလေရာ ဂနာမငြိမ်ဖြစ်နေပုံပေါ်သည်။
ပိုင်ဟူ ရောက်လာသည်ကို မြင်သောအခါ သူက အမြန်ပြေးလာပြီး ရိုသေလေးစားစွာ ပြောသည်။
“ သခင်မပိုင်ဟူ… မျောက်မင်းဝိုင်ကို အောင်မြင်စွာ ချက်လုပ်ပြီးပါပြီ… နောက်ထပ် ဘာဆက်လုပ်ရမလဲ ကျွန်တော့်ကို ညွှန်ကြားပေးပါ ”
သခင်မ… ။
ပိုင်ဟူက မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူ့နှလုံးသားထဲမှာ ဝမ်းသာပျော်ရွှင်သော ခံစားမှု ဖြစ်ပေါ်လာသည်။ သူက ယွမ်ထျန်း၏ အခေါ်အဝေါ်ကို မငြင်းဆန်ပေ။ သူက ပြောသည်။
" ကောင်းပြီ… အထဲ သွားကြည့်ရအောင်… ယွမ်ထျန်း… ဒီတစ်ကြိမ် မျောက်မင်းဝိုင် ဘယ်လောက်ပမာဏ ချက်လုပ်နိုင်ခဲ့လဲ ”
ပထမဆုံး သူ့ခေါင်းထဲသို့ ဝင်ရောက်လာသော အတွေးက မျောက်မင်းဝိုင်ပမာဏ ဖြစ်သည်။ မျောက်မင်းဝိုင်ပမာဏက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံး၏ အခြေခံအုတ်မြစ်ကို ကိုယ်စားပြုသည်။
“ သခင်မ… အရှင်မင်းကြီးက ချိုင့်ဝှမ်းထဲမှာ မရှိနေပေမဲ့ ကျွန်တော့်ရဲ့ မျောက်မျိုးနွယ်စုက အရှင်မင်းကြီးရဲ့ ညွှန်ကြားချက်အတိုင်း ဘူးသီးခြောက်တွေ လိုက်စုဆောင်းခဲ့ပါတယ်… ကျွန်တော်တို့ ဘူးသီးခြောက်ငါးရာထက်မနည်း စုဆောင်းနိုင်ခဲ့ပါတယ်… ဒီတစ်ခေါက် မျောက်မင်းဝိုင်ပမာဏက ဘူးသီးခြောက်အားလုံးကို ဖြည့်ပေးဖို့ လုံလောက်ပါတယ်… ဝိုင်ရေကန်ထဲက မျောက်မင်းဝိုင်ကို ဘူးသီးခြောက်တွေထဲ ဖြည့်ပေးပြီးတဲ့အခါ နောက်ထပ် မျောက်မင်းဝိုင်အသစ်ကို ချက်ချင်း စတင်ချက်လုပ်နိုင်ပါလိမ့်မယ် ”
ယခု မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ သားရဲအားလုံးနီးပါးက ကျင့်ကြံနိုင်သွားလေရာ ယွမ်ထျန်း၏ လက်အောက်ငယ်သားများက တစ်နေ့ထက်တစ်နေ့ ပိုပြီးရင့်ကျက်လာကြသည်။ သို့သော်လည်း သီရှီထျန်အပေါ် သူတို့၏ သစ္စာရှိမှုက သူတို့၏ အရိုးများထဲထိ စိမ့်ဝင်နေသည်။ သူတို့က သီရှီထျန်အပေါ် သစ္စာဖောက်ရန် တစ်ခါမှ မစဉ်းစားကြပေ။ ထိုအပိုင်းတွင် ပိုင်ဟူသည်ပင် သီရှီထျန်၏ နည်းလမ်းများနှင့် အမြော်အမြင်ရှိမှုကို ချီးကျူးလေးစားရသည်။
ကျားရဲတောင်တန်းဒေသမှာ နေထိုင်ခဲ့စဉ်က သူက ဝိညာဉ်သားရဲတစ်ကောင်သာဖြစ်သော်လည်း ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များကို သိမ်းသွင်းရန် လုပ်ဆောင်ခဲ့သည်။ ထိုနည်းဖြင့်ဆိုလျှင် ထိုဝိညာဉ်သားရဲများက သူ့အပေါ် အကြွင်းမဲ့ သစ္စာခံကြလိမ့်မည်။ သူတို့ကို သိမ်းသွင်းပြီးနောက် သူက “ ချော့တစ်ခါ ခြောက်တစ်လှည့် ”ဗျူဟာကို အသုံးပြုကာ သူတို့၏ မကောင်းသော အတွေးများကို လုံးဝ ဖယ်ရှားပစ်လိုက်သည်။
အနာဂတ်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း ပိုပြီးသန်မာလာသည့်အခါ သီရှီထျန်၏ လက်အောက်ငယ်သားများဖြစ်သော ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များက အရေးပါသော ရာထူးများကို ရရှိလာကြလိမ့်မည်။
“ အဲ့လောက်များတယ်လား ”
ပိုင်ဟူက အံ့ဩသွားသည်။ ထို့ပြင် သူက အလွန်ဝမ်းသာပျော်ရွှင်သွားသည်။ မျောက်မင်းဝိုင်ပမာဏ ပိုပြီးများပြားလေ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အခြေခံအုတ်မြစ်က ပိုပြီးခိုင်မာလေ ဖြစ်သည်။
ယွမ်ထျန်း၏ ဦးဆောင်မှုအောက်မှာ သူတို့က လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားကြသည်။ ဝိုင်ရနံ့က သူတို့၏ မျက်နှာကို ရိုက်ခတ်လာသည့်အခါ သူတို့အားလုံး အလိုအလျောက် စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးနှင့်ချီက သက်ဝင်လှုပ်ရှားလာသည်။ ဝိုင်ရနံ့ထဲမှာပင် အံ့ဖွယ်ကောင်းသော အကျိုးသက်ရောက်မှု ရှိသည်။
ဝိုင်ရေကန်ကို သူကြည့်လိုက်သည့်အခါ ရေကန်ထဲ၌ ပယင်းရောင်နှင့်ဆင်တူသော အရည်က ပြည့်လျှံနေကြောင်း မြင်တွေ့သွားသည်။ ရေကန်ကို သူကြည့်လိုက်သည့်အခါ လိုချင်တောင့်တစိတ် ဖြစ်ပေါ်လာသည်။ ပြင်းပြသော ဝိုင်ရနံ့က ရေကန်ထဲမှ ထွက်ပေါ်နေသည်။
ပိုင်ဟူသည် ကျောက်တုံးဇွန်းခွက်ဖြင့် ဝိုင်ကို ခပ်ယူလိုက်ပြီး တစ်ငုံမြည်းစမ်းကြည့်လိုက်သည်။ ဤတစ်ခေါက် ဝိညာဉ်ဝိုင်က ယခင်ကနှင့် ကွဲပြားခြားနားကြောင်း သူရှာတွေ့သွားသည်။ ယင်းထဲမှာ ပါဝင်သော စွမ်းအင်အနှစ်သာရက နှစ်တစ်ရာမျောက်မင်းဝိုင်ထက် မနိမ့်ကျပေ။
ယင်းကို ဘုရင်အဆင့် မျောက်မင်းဝိုင်ဟု ခေါ်နိုင်သည်။
အမှန်မှာ ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ မည်သို့ဖြစ်ပါစေ ဤတစ်ကြိမ် ဝိုင်ချက်လုပ်ရာတွင် အသုံးပြုခဲ့သော ကုန်ကြမ်းပစ္စည်းအားလုံးက အလွန်တန်ဖိုးကြီးမားသည်။ ဥပမာ နှစ်တစ်ထောင်သက်တမ်းရှိသော သစ်သီးများ၊ ဂျင်ဆင်းများနှင့် လင်ဇီးများ အစရှိသည်တို့ ဖြစ်ကြသည်။ ယင်းတို့ထဲမှ ပါဝင်ပစ္စည်းတစ်ခုစီက ဤလောက၏ အဖိုးတန်ဝိညာဉ်ရတနာများ ဖြစ်ကြသည်။ ထိုသို့ကုန်ကြမ်းပစ္စည်းများဖြင့် ချက်လုပ်ထားသော ဝိညာဉ်ဝိုင်က ဘုရင်အဆင့်မှာမရှိလျှင် နတ်ဘုရားများက သေချာပေါက် မျက်စိကန်းနေခြင်း ဖြစ်လိမ့်မည်။
ပိုင်ဟူသည် ဝိုင်ရေကန်ထဲမှ မျောက်မင်းဝိုင်အားလုံးကို ဘူးသီးခြောက်များထဲသို့ ချက်ချင်း ဖြည့်သွင်းရန် ယွမ်ထျန်းကို တုံ့ဆိုင်းမနေဘဲ အမိန့်ပေးလိုက်သည်။ ထို့နောက် ဘူးသီးခြောက်များကို သီရှီထျန်၏ လှိုဏ်ဂူဆီသို့ ရွှေ့ပြောင်းပြီး ချိပ်ပိတ်ထားမည်။ သို့သော်လည်း ဝိုင်ရေကန်သည် ခမ်းခြောက်သွား၍ မရပေ။ မျောက်မင်းဝိုင်က ရေကန်ထဲမှာ အနည်းဆုံး ငါးပုံတစ်ပုံ ကျန်နေခဲ့ရမည်။ သို့မှသာ ဒုတိယအသုတ် ဝိုင်ချက်လုပ်သည့်အခါ အချိန်အများကြီး ပိုသက်သာလိမ့်မည်။
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက မြန်ဆန်စွာ တိုးတတ်လာနေစဉ် ကြီးမားသော အပြောင်းအလဲတစ်ခုက ဝူတိုင်းပြည်မှာ ထွက်ပေါ်လာသည်။
ဝူတိုင်းပြည်၏ ဧကရာဇ်သည် သက်တော်ငါးဆယ်တွင် နာမကျန်းမှုကြောင့် နတ်ရွာစံသွားသည်။
ဧကရာဇ်ဟောင်းတွင် သားတော်နှစ်ပါးသာ ရှိသည်။ တစ်ယောက်က ဟွာဝမ့်ဝူဖြစ်ပြီး အခြားတစ်ယောက်က ဟွာချင်း ဖြစ်သည်။ ဟွာချင်းသည် ထီးနန်းအရိုက်အရာဆက်ခံနိုင်ရန် လောကဝတ်ပြုခန်းမ၏ အကူအညီကို ရယူခဲ့သည်။ သို့သော်လည်း လောကဝတ်ပြုခန်းမက သီရှီထျန်၏ လက်ချက်ကြောင့် ပျက်စီးသွားခဲ့သည်။
သို့ဖြစ်၍ ယခု သူ့မှာ ထီးနန်းအရိုက်အရာဆက်ခံနိုင်ရန် ကူညီပေးနိုင်မည့် အင်အားကြီးမားသော အထောက်အပံ့မရှိတော့ပေ။
ထို့ပြင် ဟွာဝမ့်ဝူက အိမ်ရှေ့စံမင်းသားဖြစ်ပြီး ဝူတိုင်းပြည်၏ တော်ဝင်မိသားစုစည်းမျဉ်းအရ ဧကရာဇ်၏ အကြီးဆုံး သားတော်သည်သာ ထီးနန်းဆက်ခံခွင့်ရှိသည်။ ထို့ကြောင့် ညီလာခံထဲမှ ဝန်ကြီးအားလုံးက ဟွာဝမ့်ဝူကို ထောက်ခံကြသည်။ သို့ဖြစ်၍ မည်သည့်မတော်တဆမှုမှ မရှိလျှင် သူက သေချာပေါက် ဝူတိုင်းပြည်၏ ဧကရာဇ်အသစ်ဖြစ်လာလိမ့်မည်။
ယင်းက လူတိုင်း မျှော်လင့်ထားပြီးသားအရာ ဖြစ်သည်။ ဟွာဝမ့်ဝူ ဧကရာဇ်ဖြစ်လာခြင်းက မထူးဆန်းပေ။ ထို့ပြင် ဝူတိုင်းပြည်သည် အရှေ့ပိုင်းဒေသ၏ ပြည်ထောင်သုံးခုအနက် တစ်ခုဖြစ်သည်။ ဝူတိုင်းပြည်က သေမျိုးလောကမှ တိုင်းပြည်တစ်ခုဖြစ်လေရာ ကြီးမားသော မည်သည့်တုံ့ပြန်မှုမှ မဖြစ်ပေါ်ခဲ့ပေ။
သို့သော် ဝူတိုင်းပြည်တစ်ခုလုံးကို အံ့ဩထိတ်လန့်သွားစေခဲ့သည်မှာ၊ သေမျိုးများကိုသော်လည်းကောင်း သို့မဟုတ် မသေမျိုးကျင့်ကြံသူများကိုသော်လည်းကောင်း အံ့ဩထိတ်လန့်သွားစေခဲ့သည်မှာ ဟွာဝမ့်ဝူ ဧကရာဇ်ဖြစ်လာပြီးနောက် ပထမဆုံး ထုတ်ပြန်လိုက်သော အမိန့်တော် ဖြစ်သည်။
ဧကရာဇ်အမိန့်တော်က အောက်ပါအတိုင်း ဖြစ်သည်။
“ အရှေ့ပိုင်းဒေသက သုံးပိုင်းကွဲနေတယ်… ပြည်ထောင်သုံးခုက နှစ်ပေါင်းရာချီကြာအောင် အပြန်အလှန် တိုက်ခိုက်နေကြတယ်… စစ်ပွဲတွေက သေကြေပျက်စီးမှုတွေနဲ့ ဆုံးရှုံးနစ်နာမှုတွေကို ဖြစ်စေခဲ့တယ်… ဒါပေမဲ့ ဝူတိုင်းသူပြည်သားတွေက အင်အားကြီးမားတဲ့ ဘယ်ရန်သူကိုမှ အလျော့မပေးခဲ့သလို အညံ့မခံခဲ့ဘူး… သန်မာတဲ့ ရန်သူတွေက နေရာတိုင်းမှာ ရှိတယ်… သူတို့တွေကို အမြဲတစေ သတိထားနေရမယ်… ဝူတိုင်းသူပြည်သားတွေရဲ့ ရဲစွမ်းသတ္တိက ဘယ်တော့မှ မပျောက်ကွယ်သွားရဘူး… ငါအရှင် နန်းမတတ်ခင်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ တောအုပ်တစ်ခုထဲ ရောက်သွားပြီး မြင့်မြတ်သားရဲတစ်ကောင်ဖြစ်တဲ့ ကျားနက်ကို ကံကောင်းပြီး မြင်တွေ့ခဲ့တယ်… မြင့်မြတ်သားရဲကျားနက်က ငါအရှင်ကို ပညာသင်ကြားပေးခဲ့ပြီး မြင့်မြတ်သွေးမျိုးဆက်ကို ချီးမြှင့်ပေးခဲ့တယ်… ဒါကြောင့် ငါအရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာ မြင့်မြတ်သွေးက စီးဆင်းနေတယ်… ငါက ဝူတိုင်းပြည်ရဲ့ ဧကရာဇ်ဖြစ်တယ်… ဒါကြောင့် ဝူတိုင်းသူပြည်သားအားလုံးက မြင့်မြတ်သားရဲကျားနက်ရဲ့ မျိုးဆက်တွေဖြစ်တယ်… မြင့်မြတ်သားရဲကျားနက်အပေါ် ရိုသေလေးစားမှု ဖော်ပြတဲ့အနေနဲ့ ဝူတိုင်းပြည်က တိုတမ်တစ်ခုကို ဆောက်လုပ်မယ်… မြင့်မြတ်သားရဲကျားနက်က ဝူတိုင်းသူပြည်သားတွေကို ကာကွယ်စောင့်ရှောက်ပေးလိမ့်မယ်… မြင့်မြတ်သားရဲကျားနက်ရဲ့ စောင့်ရှောက်မှုအောက်မှာ ပြည်ထောင်သုံးခုက တစ်ခုတည်း ပေါင်းစည်းသွားလိမ့်မယ် ”
ထိုဧကရာဇ်အမိန့်တော်ကို ထုတ်ပြန်လိုက်သည့်အခါ ကြီးမားသော ပေါက်ကွဲမှုတစ်ခုက ဝူတိုင်းပြည်ထဲမှာ ထွက်ပေါ်လာဟန် ရ၏။
သေမျိုးလူသားများ၏ မျက်လုံးထဲတွင် မြင့်မြတ်သားရဲက နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော အထွတ်အမြတ် တည်ရှိမှုတစ်ခု ဖြစ်သည်။ သူက အဆင့်အတန်း မြင့်မားပြီး တန်ခိုးဩဇာ ကြီးမားသည်။ သို့ဖြစ်၍ ဝူတိုင်းပြည်ထဲမှာ မြင့်မြတ်သားရဲ၏ တိုတမ်တစ်ခုကို တည်ဆောက်ခြင်းက ပြည်သူပြည်သားများအတွက် ဝမ်းသာစရာကိစ္စ ဖြစ်သည်။
ထို့ပြင် ဟွာဝမ့်ဝူသည် ဧကရာဇ်ဖြစ်လာပြီးနောက် သူ၏ အမိန့်တော်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လိုက်သည်။ သူက အမိန့်တော် ထုတ်ပြန်ပြီးသည်နှင့်တစ်ပြိုင်နက် တိုင်းပြည်အတွင်းမှ လက်သမားကျွမ်းကျင်ပညာရှင်များကို ဆင့်ခေါ်လိုက်ပြီး သီရှီထျန် သူ့အား ပေးထားသော ကျားနက်ရုပ်ပုံအတိုင်း ရုပ်တုတစ်ခု စတင်ဆောက်လုပ်စေသည်။
မြင့်မြတ်ရုပ်တုကို ဝူနန်းမြို့တော်၏ အလယ်ခေါင်မှာ တည်ဆောက်လိုက်သည်။ ဒီဇိုင်းအရ ရုပ်တုသည် မီတာသုံးဆယ် မြင့်မားလိမ့်မည်။
ဟွာဝမ့်ဝူသည် ဉာဏ်ကောင်းသူ ဖြစ်သည်။ သူက ရုပ်တုဆောက်လုပ်ရန် အလျင်လိုနေသော်လည်း ဝူတိုင်းသူပြည်သားများ၏ သဘောထားကို မလွန်ဆန်နိုင်ပေ။ ထို့ကြောင့် သူက အကြံဉာဏ်တစ်ခု ထုတ်လိုက်သည်။ အရင်ဆုံး သူက သီရှီထျန်၏ သရုပ်ကို မြင့်မြတ်သားရဲအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူ့မှာ မြင့်မြတ်သားရဲ၏ မျိုးဆက်သွေးရှိပြီး ဝူတိုင်းသူပြည်သူအားလုံးကို မြင့်မြတ်သားရဲ၏ မျိုးဆက်များအဖြစ် ကြေညာလိုက်သည်။ သူက ထိုနည်းလမ်းကို အသုံးပြု၍ ဝူတိုင်းပြည်နှင့် သီရှီထျန်ကြားမှ ဆက်ဆံရေးကို ပိုပြီးနီးကပ်စေသည်။
ထို့ပြင် ထိုနည်းလမ်းက တိုင်းသူပြည်သားများ၏ ယုံကြည်လက်ခံမှုရရှိရန် အများကြီး ပိုလွယ်ကူစေလိမ့်မည်။
အထွတ်အမြတ်ပုဂ္ဂိုလ်များ၏ မျက်လုံးထဲတွင် လူသားများက လှည့်စားရန် အလွယ်ကူဆုံး သတ္တဝါဖြစ်သည်။ ယေဘုယျအားဖြင့်ဆိုရသော် လူသားများက အယုံလွယ်ကြသည်။ ထို့ကြောင့် ဧကရာဇ်အမိန့်တော်ကို ထုတ်ပြန်လိုက်သည့်အခါ လူအများစုက လက်ခံသွားကြသည်။
မြင့်မြတ်သားရဲ၏ မျိုးဆက်ဟူသော နာမည်က မည်မျှဂုဏ်ရှိလိုက်သနည်း။ သို့ဖြစ်၍ တခြားအတွေးရှိသူများက အလွန်နည်းပါးသည်။ မည်သို့ဖြစ်ပါစေ အတိတ်မှာ သူတို့က သာမန်လူသားများ ဖြစ်ခဲ့ကြသည်။ ယခု သူတို့က မြင့်မြတ်သားရဲ၏ မျိုးဆက်ဟူသော ဂုဏ်ပုဒ်ကို ရရှိသွားကြသည်။ အရူးမှသာလျှင် ထိုသို့ကိစ္စကို ငြင်းဆန်လိမ့်မည်။ ထို့ကြောင့် ပြည်သူလူထု၏ နှလုံးသားကို သိမ်းပိုက်လိုက်သော ဟွာဝမ့်ဝူ၏ ဤလှုပ်ရှားမှုက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
တိုတမ်က တစ်နေ့ထက်တစ်နေ့ ပိုပြီးပြည့်စုံလာနေသည်။
သို့သော်လည်း လောလောဆယ်တွင် အဓိကဇာတ်ကောင်ဖြစ်သော သီရှီထျန်က ထိုကိစ္စကို အရေးမစိုက်နိုင်သေးပေ။
" တင်း… တုန် "
ခရမ်းဝါးတောက လျှို့ဝှက်ဆန်းကြယ်မှုနှင့် ခမ်းနားထည်ဝါမှုကို ထုတ်လွှတ်နေသည်။ ခရမ်းဝါးတောက မြင်ရသူတိုင်းကို မျက်စိပဒေသာဖြစ်စေသည်။ ခရမ်းဝါးတောထဲ၌ ဝါးအိမ်တစ်လုံးနှင့် ဝါးအိမ်မဏ္ဍပ် ရှိသည်။
ဤအခိုက်အတန့်မှာ မဏ္ဍပ်ထဲတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ အမျိုးသားက ဝတ်စုံနက် ဝတ်ဆင်ထားပြီး မထူးမခြားနားအရှိန်အဝါနှင့် အေးစက်မှုကို ထုတ်လွှတ်နေသည်။ အမျိုးသမီးသည်တော့ ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာကို အဖြူရောင်ဇာပဝါတစ်ခုက ဖုံးအုပ်ထားသည်။ အမျိုးသမီးသည် မဏ္ဍပ်ထဲမှာ ထိုင်နေစဉ် ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေသည်။ သူက သူ့အရှေ့မှ အမျိုးသားကို တိတ်တဆိတ် ငေးကြည့်နေသည်။ သူ့မျက်လုံးထဲမှာ သိမ်မွေ့ညင်သာမှု ရှိ၏။
မဏ္ဍပ်ထဲမှ အမျိုးသားနှင့် အမျိုးသမီးသည် သီရှီထျန်နှင့် ကိုတိုမီ ဖြစ်သည်။
ဤအခိုက်အတန့်မှာ ကုချင်းတီးခတ်နေသူက သီရှီထျန်ဖြစ်သည်။
သူ၏ လက်ချောင်းများက ကုချင်းကြိုးများပေါ်မှာ မြန်ဆန်စွာ ရွေ့လျားသွားနေသည်။ သူက ကြိုးတစ်ချောင်းစီကို အဆက်မပြတ် ဆွဲလှုပ်နေသည်။ ကုချင်းအသံသည် သာယာငြိမ့်ညောင်းပြီး ချောမွေ့သည်။
ကုချင်းအသံက မတ်စောက်သော တောင်တန်း သို့မဟုတ် စီးဆင်းနေသော ရေနှင့် ဆင်တူသည်။ သို့သော်လည်း တချို့နေရာများတွင် ကုချင်းအသံက တင်းမာနေသည်။
ထူးဆန်းသည်မှာ ကုချင်းကို သီရှီထျန် တီးခတ်နေစဉ် တမူထူးခြားသော လွှမ်းမိုးဗိုလ်ကျမှုက ကုချင်းအသံထဲမှာ ပါဝင်နေသည်။ ယင်းမှာ သူက ဤလောကမှ သက်ရှိအားလုံး၏ အထက်မှာ တည်ရှိနေသည့်အလားပင်။
ထို့ကြောင့် ကုချင်းအသံက ပုံမှန်သီချင်းမှ သွေဖယ်သွားသည်။
ထိုသီချင်းသည် သေမျိုးလောကမှာ မြင်တွေ့နိုင်သော “ တောင်မြင့်ရေစီးသီချင်း ” ဖြစ်သည်။
ပုံမှန်အားဖြင့် “ တောင်မြင့်ရေစီးသီချင်း ”က သဘာဝတရား၏ အလှအပများနှင့် ရှုခင်းများကို ဖော်ညွှန်းသော သီချင်းတစ်ပုဒ် ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုသီချင်းကို နားဆင်မည်ဆိုလျှင် တောတောင်များကြားထဲမှာ ခရီးထွက်နေသည်ဟု ခံစားမိသွားလိမ့်မည်။ သို့သော်လည်း သီရှီထျန်၏ လက်ထဲမှာ သီချင်းက မူလပုံစံနှင့် ကွဲပြားသွားသည်။
တခြားလူများ တီးခတ်လျှင် စိတ်ကူးယဉ်နိုင်မည့် မြင်ကွင်းက နာမည်ကျော်ကြားသော တောင်တန်းပုံရိပ်များ ဖြစ်လိမ့်မည်။ သို့သော်လည်း သီရှီထျန် တီးခတ်လိုက်သည့်အခါ မိုးကောင်းကင်ကို ထိုးဖောက်သွားမည့် ဧရာမတောင်ထွတ်ပုံရိပ်က ထွက်ပေါ်လာသည်။ ထို့အတူပင် မြစ်သည်လည်း ငြိမ်သက်မနေဘဲ လှိုင်းတဝုန်းဝုန်းထနေသည်။ ဤသည်မှာ မြစ်က တစ်လောကလုံးကို ဖျက်ဆီးဝါးမျိုတော့မည့်အလားပင်။
ယင်းက “ မူလတောင်မြင့်ရေစီးသီချင်း ”နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
အခန်း(၂၃၆)
ထိုသို့ပုံစံက သီရှီထျန်၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထားနှင့် လိုက်ဖက်သည်။
မည်သို့ဖြစ်ပါစေ သားရဲဘုရင်တစ်ပါးကို ကုချင်းအား ငြိမ့်ငြိမ့်ညောင်းညောင်း တီးခတ်ခိုင်းရန် မည်သို့မှမဖြစ်နိုင်ပေ။ လူတိုင်းမှာ ကိုယ်ပိုင်တီးခတ်ဟန် ရှိ၏။ လွှမ်းမိုးဗိုလ်ကျသောပုံစံက သီရှီထျန်၏ ကိုယ်ပိုင်တီးခတ်ဟန် ဖြစ်သည်။ အနာဂတ်မှာ သူက ထိုပုံစံအတိုင်း ဆက်ပြီး တီးခတ်သွားလိမ့်မည်။
ကိုတိုမီသည် သီရှီထျန်တီးခတ်သော သီချင်းကို နားထောင်နေစဉ် စိတ်ထဲမှာ အံ့ဩသွားသည်။ သီရှီထျန်၏ တမူထူးခြားသော တီးခတ်ပုံက မှားယွင်းသည်ဟု သူမမြင်ပေ။ “ တောင်မြင့်ရေစီးသီချင်း ”က သေမျိုးလောက၏ နာမည်ကျော်ကြားသော တောင်တန်းများနှင့် မြစ်ချောင်းများကို ရည်ညွှန်းသော သီချင်းဖြစ်သည်။ ယင်းက အေးချမ်းသာယာမှုကို ပေးစွမ်းသည်။ သို့သော်လည်း သီရှီထျန်၏ မောက်မာထောင်လွှားသော တီးခတ်ဟန်က တမူထူးခြားသော ရသတစ်မျိုးကို ဖြစ်ပေါ်စေသည်။
ကိုတိုမီသည် ချင်မိသားစု၏ ဤမျိုးဆက်မှ ကုချင်းပါရမီရှင်တစ်ဦး ဖြစ်သည်။ အတိတ်မှာ သူက ကုချင်းကို တီးခတ်၍ လိပ်ပြာများ ကခုန်လာစေရန် ဆွဲဆောင်နိုင်ခဲ့သည်။ ကုချင်းနှင့်ပတ်သက်လျှင် သူ၏ အတွေးအခေါ်များနှင့် အမြင်က တခြားလူများထက် ပိုပြီးသာလွန်သည်။
ထို့ကြောင့် သူက သီရှီထျန်၏ ကိုယ်ပိုင်တီးခတ်ဟန်ကို မှားယွင်းသည်ဟု မခံစားရပေ။ ယင်းအစား သူက အလွန်သဘောကျသည်။ လူတိုင်းစီမှာ ကိုယ်ပိုင်တီးခတ်ဟန် ရှိထားသင့်သည်။ သို့မှသာလျှင် သူတို့တီးခတ်လိုက်သော သီချင်းများက တခြားလူများနှင့် မတူဘဲ ကွဲပြားနေလိမ့်မည်။
“ တုန် ”
နောက်ဆုံးသံစဉ်သည် အမြင့်သံ ဖြစ်သည်။ ယင်းကို သီရှီထျန် တီးခတ်လိုက်သည့်အခါ ကြီးမားသော တောင်ထွတ်တစ်ခုက မြေကြီးထဲမှ တိုးထွက်လာပြီး တိမ်တိုက်များဆီသို့ မြှောက်တတ်သွားဟန် ရ၏။ ကုချင်းအသံ ရပ်သွားပြီးသည့်တိုင် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဟုန်က မပျောက်ကွယ်သွားပေ။ ယင်းက လေထဲမှာ ဆက်လက် ရစ်ဝဲနေသည်။
“ အကိုသီတီးခတ်တဲ့ ‘ တောင်မြင့်ရေစီးသီချင်း ’က တမူထူးခြားပြီး တစ်မျိုးနားထောင်လို့ကောင်းတယ်… အကိုက အခုကတည်းက ကိုယ်ပိုင်တီးခတ်ဟန်ကို ပိုင်ဆိုင်ထားနိုင်ပြီ… ဒါပေမဲ့ အကိုက မကြာသေးခင်ကမှ ကုချင်းကို စသင်ကြားခဲ့တာဆိုတော့ ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုနေသေးတယ်… ကုချင်းကြိုးတွေကြားက အချိတ်အဆက်နဲ့ စည်းချက်ကို ကောင်းကောင်း မဖမ်းဆုပ်နိုင်သေးဘူး… ဒါပေမဲ့ အလုံးစုံ ခြုံပြောရရင် အရမ်းကောင်းတယ် ”
ကိုတိုမီက သီရှီထျန်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ အကြည့်က သိမ်မွေ့ညင်သာသည်။ ထို့ပြင် သူ၏ မျက်လုံးထဲမှာ ချစ်ခင်မြတ်နိုးသော ခံစားမှုက နက်ရှိုင်းစွာ ဖုံးကွယ်နေသည်။ သူက သီရှီထျန်တီးခတ်သော “ တောင်မြင့်ရေစီးသီချင်း ”နှင့်ပတ်သက်၍ ကောင်းသည် ဆိုးသည်ကို ဝေဖန်သုံးသပ်လိုက်သည်။ သူက မည်သည့်အရာကိုမှ ထိန်ချန်မထားပေ။
သီရှီထျန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက ကိုတိုမီ၏ အကြည့်နှင့် မတွေ့ဆုံရန် တမင်ရှောင်လွှဲလိုက်သည်။ ထိုနေ့ညတွင် ကိုတိုမီ၏ ရင်တွင်းစကားများကို သူကြားပြီးနောက် သီရှီထျန်က ဘာမှမသိဟန် ဆက်ဟန်ဆောင်လိုက်သည်။ သူက ခါတိုင်းကဲ့သို့ မထူးမခြားနားအမူအရာကို ထုတ်ဖော်ထားသည်။
" မိန်းကလေးကိုတိုမီ… ကျွန်တော် ‘ တောင်မြင့်ရေစီးသီချင်း ’ကို တီးခတ်နိုင်သွားပြီ… ဒါပေမဲ့ ‘ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ’လို့ခေါ်တဲ့ သီချင်းက သတ္တဝါတွေရဲ့ အသိစိတ်ကို ကြည်လင်အေးချမ်းစေနိုင်တယ်လို့ တစ်ယောက်ယောက်ဆီကနေ ကျွန်တော် ကြားခဲ့တယ်… နောက်တစ်ပုဒ်ကို အဲ့ဒီသီချင်း ကျွန်တော့်ကို သင်ပေးနိုင်မလား ”
သီရှီထျန်က “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”အကြောင်း ရုတ်တရက် ပြောသည်။ သူက ထိုသီချင်းကို ပုံမှန်နည်းလမ်းဖြင့် သင်ယူနိုင်မည်လော ကြိုးစားကြည့်ချင်သည်။
“ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”က သူ့အတွက် အလွန်အရေးကြီးသည်။ ယင်းကို သူနားထောင်လိုက်သည့်အခါ သူ၏ အသိစိတ်က ကြည်လင်သွားပြီး ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောမှ ထုတ်လွှတ်နေသော ဝမ်းနည်းမှုနှင့် ပေါင်းစည်းသွားသည်။ သို့သော်လည်း သီချင်းသံ ရပ်သွားပြီးနောက် ဝမ်းနည်းမှုနှင့် နောက်တစ်ကြိမ် သူထိတွေ့လိုက်သည့်အခါ သူ၏ အသိစိတ်က ဝမ်းနည်းမှုအခြေအနေထဲသို့ ကျရောက်လုဆဲဆဲ ဖြစ်သွားသည်။
သို့ဖြစ်၍ “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”၏ အကူအညီမပါလျှင် သူက ဝမ်းနည်းမှုနှင့် ပေါင်းစည်းနိုင်လိမ့်မည် မဟုတ်ချေ။
“ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း”သည် သူ့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်အန္တရာယ်ကို ယခုအချိန်မှာ ဖယ်ရှားပေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်နိုင်သည်။
သူသည် ချင်မိသားစုထဲမှ မည်သူနှင့်မှ မရင်းနှီးပေ။ ပုံမှန်အားဖြင့် ချင်မိသားစု၏ တပည့်များသည် ချင်စံအိမ်ထဲမှာ သူတို့ဘာသာ ကျင့်ကြံကြသည်။ သူတို့သည် စံအိမ်အပြင်သို့ ထွက်လာကြပြီး သူနှင့် မဆက်သွယ်ကြချေ။ သူတို့ကြားမှာ မည်သည့်ရင်းနှီးကျွမ်းဝင်မှုမှ မရှိပေ။ ထို့ကြောင့် ကိုတိုမီမှလွဲလျှင် ထိုသီချင်းကို တခြားတစ်ယောက်ထံမှ သူသင်ယူနိုင်ရန် မည်သည့်နည်းလမ်းမှ မရှိပေ။
ဂိတ်တံခါးစောင့်အဖိုးအိုနှင့် စကားပြောပြီးနောက် ထိုသီချင်းက ဒီဏ္ဍာရီလာ အသံတိုက်ခိုက်မှုသီချင်းတစ်ပုဒ်ဖြစ်ကြောင်း သူနားလည်သွားသည်။ ချင်မိသားစုထဲတွင် ထိုသို့သီချင်းတစ်ပုဒ်က သေချာပေါက် အထွတ်အမြတ်ရတနာ ဖြစ်လိမ့်မည်။ ချင်မိသားစုက အပြင်လူကို ထိုသို့သီချင်း မည်သို့သင်ကြားပေးနိုင်မည်နည်း။ အချိန်အတော်ကြာ စဉ်းစားပြီးသည့်တိုင် အကြံဉာဏ်ကောင်းတစ်ခုက သူ့ခေါင်းထဲမှာ မထွက်ပေါ်လာပေ။ ထို့ကြောင့် သူက ကိုတိုမီထံမှ ထိုသီချင်းကို သင်ယူနိုင်မည်လော ကံစမ်းကြည့်ချင်သည်။
“ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်းလား ”
အံ့ဩသော အရိပ်အယောင်က ကိုတိုမီ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သီရှီထျန်ကို အထူးအဆန်း ကြည့်လိုက်ပြီး ပြောသည်။
" အဲ့ဒီသီချင်းက ချင်မိသားစုရဲ့ အမတသီချင်းတွေထဲက တစ်ပုဒ်ပါ… ချင်မိသားစုက အဲ့ဒီသီချင်းကို အပြင်လူတွေဆီ တစ်ခါမှ မသင်ပေးဘူး… လူအနည်းစုပဲ အဲ့ဒီသီချင်းကို သိကြတယ်… အကိုသီက အဲ့ဒါကို ဘယ်လိုလုပ် သိတာလဲ ”
သေမျိုးလောကတွင် မြင်တွေ့ရသော သီချင်းများက သာမန်သီချင်းများ ဖြစ်ကြသည်။ ယင်းတို့ကို သေမျိုးလူသားများက ခံစားနားဆင်ကြသည်။ မသေမျိုးကျင့်ကြံသူများ ဖန်တီးထားသော သီချင်းများကိုတော့ အမတသီချင်းများဟု ခေါ်ကြသည်။ သေမျိုးလူသားများက အမတသီချင်းများကို နားမထောင်နိုင်ကြချေ။ အမတသီချင်းများထဲမှာ မှော်ဆန်သော အံ့ဖွယ်စွမ်းရည်များ ရှိသည်။
အမတသီချင်းများထက် ပိုပြီးအဆင့်မြင့်သော သီချင်းများကို နတ်ဘုရားသီချင်းများဟု ခေါ်ကြသည်။ ရှေးဟောင်းစာလိပ်ထဲမှ သီရှီထျန် ရရှိခဲ့သော ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားက နတ်ဘုရားအဆင့် သီချင်းဖြစ်သည်။ အမတသီချင်းများနှင့် နတ်ဘုရားသီချင်းများကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ဟူ၍ ထပ်ခွဲထားသေးသည်။
ယင်းကို သီရှီထျန်ကြားသောအခါ သူ၏ ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဝါးအိမ်ထဲမှာ ကျွန်တော် ကျင့်ကြံနေတဲ့အချိန် ချင်မိသားစုရဲ့ စံအိမ်ထဲမှာ တစ်ယောက်ယောက်က ‘ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ’ တီးခတ်နေတာကို မမျှော်လင့်ဘဲ ကျွန်တော် ကြားခဲ့တယ်… အဲ့ဒီသီချင်းကို ကျွန်တော် ကြားတဲ့အခါမှာ ကျွန်တော်ရဲ့ စိတ်က ကြည်လင်လာပြီး အေးချမ်းမှုကို ခံစားမိသွားတယ်… အဲ့ဒီသီချင်းကို ကျွန်တော် အရမ်းနှစ်သက်ပါတယ်… ဒါပေမဲ့ ကျွန်တော်က အဲ့ဒါကို သာမန်ကာလျှံကာ မေးလိုက်တာပါ… အဲ့ဒါက ချင်မိသားစုရဲ့ အမတသီချင်းတစ်ပုဒ်ဖြစ်နေမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး… ထားလိုက်ပါ… စောစောက ကျွန်တော် ဘာမှမပြောခဲ့ဘူးလို့ မိန်းကလေးကိုတိုမီ သဘောထားလိုက်ပါ… ဘာပဲပြောပြော ချင်မိသားစုနဲ့ ကျွန်တော့်ကြားမှာ သဘောတူညီမှုတစ်ခု ရှိတယ်… ကျွန်တော်က သေမျိုးလောကရဲ့ သီချင်းတွေပဲ သင်ယူနိုင်မယ်… အမတသီချင်းကို သင်ပေးဖို့ ကျွန်တော် မတောင်းဆိုသင့်ဘူး ”
“ အကိုသီ… ”
ယင်းကို ကိုတိုမီကြားသောအခါ သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက တစ်ခဏ တွေးတောပြီးနောက် ခေါင်းမော့လိုက်ပြီး ပြောသည်။
“ အမတသီချင်းတွေက ချင်မိသားစုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်… အဲ့ဒါတွေက အရမ်းတန်ဖိုးကြီးမားပါတယ်… အကိုသီက ချင်မိသားစုရဲ့ တရားဝင်တပည့်တစ်ယောက် မဟုတ်တာကြောင့် အမတသီချင်းတွေကို သင်ယူဖို့ မဖြစ်နိုင်ပါဘူး… ချင်မိသားစုဝင်တစ်ယောက်အနေနဲ့ ညီမက ချင်မိသားစုရဲ့ စည်းမျဉ်းတွေကို မဖောက်ဖျက်နိုင်ပါဘူး ”
သူ၏ လေသံထဲမှာ တောင်းပန်သော အရိပ်အယောင် ပါရှိသည်။ သူက သီရှီထျန်အပေါ် အမှန်တကယ် ခံစားချက်ရှိသည်။ သို့သော်လည်း သီရှီထျန်ကို ချင်မိသားစု၏ အမတသီချင်းတစ်ပုဒ် သင်ကြားပေးရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
လူတိုင်း၏ နှလုံးသားထဲမှာ အကန့်အသတ်တစ်ခု ရှိသည်။ ကိုတိုမီ၏ နှလုံးသားထဲတွင် ချင်မိသားစုက အရာအားလုံးထက် သာလွန်သည်။ သူက ချင်မိသားစု၏ သမိုင်းပေးတာဝန်ကြောင့် သူ့ကိုယ်ပိုင်ဘဝ၏ ပျော်ရွှင်မှုကိုပင် အစတေးခံနိုင်သည် မဟုတ်ပါလော။
ယင်းကို သီရှီထျန်ကြားသောအခါ သူက အများကြီး စိတ်မပျက်သွားပေ။ သူက အလျင်စလို ပြောသည်။
“ ကျွန်တော်ကြောင့် မိန်းကလေးကိုတိုမီကို အခက်အခဲမဖြစ်စေလိုပါဘူး… ကျွန်တော်က ဒီအတိုင်းပဲ ပြောလိုက်တာပါ… အလေးအနက်မထားပါနဲ့… စောစောက စကားကို ဘယ်တုန်းကမှ ကျွန်တော် မပြောခဲ့ဘူးလို့ မှတ်လိုက်ပါ ”
သို့သော်လည်း ကိုတိုမီက သူမျှော်လင့်မထားသော အံ့ဩမှုကို ပေးသည်။
ကိုတိုမီက ပြုံးလိုက်ပြီး ပြောသည်။
“ အကိုသီ… ညီမက အကို့ကို ‘ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ’ မသင်ပေးနိုင်ပေမဲ့ ညီမ ဒီကိုလာတဲ့အခါတိုင်း အကိုနားထောင်လို့ရအောင် ‘ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ’ တီးခတ်ပေးမယ်လေ ”
နံနက်ခင်းအချိန်က မြန်ဆန်စွာ ကုန်လွန်သွားသည်။
ကိုတိုမီ ထွက်သွားပြီးနောက် သီရှီထျန်က မဏ္ဍပ်ထဲမှာ တစ်ယောက်တည်း ထိုင်နေသည်။ သူက ဦးခေါင်းထက်သို့ တဖြည်းဖြည်း ရွေ့လျားနေသော နေလုံးကို မော့ကြည့်လိုက်သည်။ သူ၏ အကြည့်က လေးနက်သွားသည်။
“ ကိုတိုမီ ကိုတိုမီ… မင်းအပေါ် အခုလို ငါလှည့်စားလိုက်ရတဲ့အတွက် အပြစ်ရှိစိတ်ကို ငါခံစားရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး… နောင်ကျရင် ငါမင်းအပေါ် ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိတော့ဘူး ”
သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ အကြောင်းအရင်းကို သူမသိသော်လည်း ကိုတိုမီက သူ့အတွက် “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို နေ့စဉ် တီးခတ်ပေးမည်ဟု သဘောတူလိုက်ကြောင်း သူကြားသည့်အခါ သူ့နှလုံးသားထဲ၌ အပြစ်ရှိစိတ် ဖြစ်ပေါ်လာသည်။ သူက မိန်းကလေးတစ်ယောက်၏ ဖြူစင်သန့်ရှင်းသော ခံစားချက်အပေါ် အခွင့်အရေးယူလိုက်သည်ဟု သီရှီထျန် ခံစားမိသွားသည်။
အကယ်၍သာ ထိုနေ့ညက ကိုတိုမီ၏ ဖွင့်ပြောမှုကို သူမကြားခဲ့လျှင် သူက ယခုကဲ့သို့ အပြစ်ရှိစိတ် ခံစားရလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ပြဿနာမှာ ချင်မိသားစု၏ အကြီးဆုံး သခင်မလေးက သူ့အပေါ် ခံစားချက်ရှိနေကြောင်း ရှင်းလင်းပီသစွာ သူကြားခဲ့သည်။ ထိုအကြောင်းကို သူပြန်စဉ်းစားလိုက်သည့်အခါ ထိုနေ့ညတွင် အမှန်တကယ် သူအိပ်ပျော်သွားခဲ့ရန် ဆန္ဒရှိလာသည်။
မှန်ပေသည်။ ယခုအခြေအနေက သူ၏ တွက်ချက်မှုအတွင်းမှာ ဖြစ်သည်။
သူသည် ချင်စံအိမ်အရှေ့မှ ပြန်လာပြီးနောက် “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”အကြောင်း လေးနက်စွာ တွေးတောလိုက်သည်။ ထိုသီချင်းက ချင်မိသားစု၏ လျှို့ဝှက်ချက်ဖြစ်ရမည်။ ယင်းကို အပြင်လူများက သင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရက်ပေါင်းများစွာကြာအောင် သူစဉ်းစားပြီးနောက် အတွေးတစ်ခုရလာသည်။ “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို မဖြစ်မနေ သူသင်ယူရန် မလိုအပ်ပေ။ သူက ယင်းကို ကိုယ်တိုင် မသင်ယူနိုင်လျှင်ပင် တခြားလူများ၏ တီးခတ်မှုကို နားထောင်နိုင်သေးပေသည်။ ယင်းက သူ့အတွက် အကျိုးသက်ရောက်မှု ရှိသည်။
ထို့ကြောင့် ကိုတိုမီကို သူစဉ်းစားမိသွားသည်။ ချင်မိသားစုထဲမှ တခြားလူများက “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို မသိထားနိုင်သော်လည်း ကိုတိုမီက ယင်းကို သေချာပေါက် သိထားလိမ့်မည်။ အကယ်၍ သူက ကိုတိုမီကို သူ့အတွက် နေ့စဉ် သီချင်းတီးခတ်ပေးရန် တိုက်ရိုက် တောင်းဆိုမည်ဆိုလျှင် သူ့အပေါ် ခံစားချက်ရှိနေသော ကိုတိုမီက ငြင်းဆန်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယင်းက သံသယတချို့ ဖြစ်ပေါ်စေနိုင်သည်။ သူ၏ လုပ်ရပ်က ချင်မိသားစုထဲမှ တခြားလူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားမည်ဆိုလျှင် မမျှော်လင့်ထားသော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့် သူက “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို သင်ယူချင်သည်ဟု ပြောကာ လမ်းစဖွင့်ပေးလိုက်ပြီး သူ့ကို နေ့စဉ် သီချင်းတီးခတ်ပေးမည်ဟု ကိုတိုမီကိုယ်တိုင် စပြောလာရန် တမင်လုပ်ဆောင်ခဲ့သည်။ ထိုနည်းဖြင့်ဆိုလျှင် မည်သူမှ သူ့အပေါ် သံသယဝင်တော့မည် မဟုတ်ချေ။
ထိုသို့လုပ်ဆောင်နိုင်ရန် သူ့အပေါ် ကိုတိုမီထားသော ခံစားချက်က အရေးကြီးဆုံး ဖြစ်သည်။
အခန်း(၂၃၇)
တစ်နည်းဆိုရသော် သူက ကိုတိုမီ၏ ခံစားချက်ကို အသုံးချခဲ့ခြင်း ဖြစ်သည်။ အရိုးသားဆုံးဝန်ခံရလျှင် အကယ်၍ သူ့မှာ တခြားရွေးချယ်စရာ ရှိမည်ဆိုလျှင် ထိုနည်းလမ်းကို လုံးဝ သူအသုံးပြုလိမ့်မည် မဟုတ်ချေ။
“ ထားလိုက်ပါတော့… ဒီတစ်ကြိမ် ငါသီရှီထျန်က မင်းအပေါ် အကြွေးတင်သွားပြီ… ငါ့ရဲ့ ခန္ဓာကိုယ်ထဲက လျှို့ဝှက်အန္တရာယ် ပျောက်ကွယ်သွားတဲ့အခါ အဲ့ဒီအကြွေး ငါမင်းကို ပြန်ဆပ်မယ် ”
သူ့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်အန္တရာယ်ကို အမြန်ဆုံး ဖယ်ရှားရန် သူလုပ်ဆောင်ရမည်။ သူက ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောအတွက် အများကြီး အချိန်မပေးနိုင်ပေ။ ထို့ကြောင့် ဤအတွက် အပြစ်ရှိစိတ်ကို သူခံစားရလျှင်ပင် နောင်တရလိမ့်မည် မဟုတ်ချေ။
ဤတစ်ကြိမ်တွင် သူက ကိုတိုမီ သူ့ကို နေ့စဉ် တီးခတ်ပေးမည့် “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်အန္တရာယ်ကို အမြန်ဖယ်ရှားမည်ဟု စိတ်ဆုံးဖြတ်ထားသည်။ သို့မဟုတ်ဘဲ တခြားနည်းလမ်းများကို သူရှာဖွေမည်ဆိုလျှင် နောက်ထပ် အချိန်ပိုကြန့်ကြာသွားလိမ့်မည်။
သီရှီထျန်က နက်နဲစွာ တွေးတောနေစဉ် ခြေလှမ်းသံများက သူ့နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
" ဟီး ဟီး… အကိုသီ… ရှောင်သွဲ့က အကိုသီကို တွေ့ဖို့ နောက်ထပ် ရောက်လာပါပြီ… ညီမကို မကြိုဆိုတော့ဘူးလား ”
သီရှီထျန်က ခေါင်းလှည့်လိုက်လေရာ ပိန်ပါးသေးငယ်သော မိန်းကလေးတစ်ယောက်က သူ့ဆီသို့ လျှောက်လာနေကြောင်း မြင်တွေ့သွားသည်။ ထိုမိန်းကလေးက သွက်လက်ချက်ချာပုံပေါ်ပြီး သူ၏ မျက်နှာက ပြုံးရွှင်နေသည်။
“ မင်းကို… မင်းမှာ ငါ့ကို လာတွေ့ဖို့ အချိန်ရောရှိရဲ့လား… ဘာကိစ္စရှိလို့ ငါ့ကို လာတွေ့တာလဲ ”
ထိုမိန်းကလေးကို မြင်သောအခါ သီရှီထျန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ယခု ရောက်လာသော မိန်းကလေးသည် ကုချင်းချိုင့်ဝှမ်းထဲမှာ သူ့ကို ဇာမဏီဆေးလုံးနည်းပညာရပ် ရောင်းလိုက်သော လင်းသွဲ့မှလွဲ၍ တခြားမဟုတ်ပေ။ သူက ချင်မိသားစု၏ စမ်းသပ်မှုကို ကျော်ဖြတ်သွားပြီးနောက် ချင်မိသားစု၏ တပည့်တစ်ယောက်ဖြစ်လာခဲ့သည်။ မကြာခင် သူက ချင်မိသားစု၏ တရားဝင်တပည့်တစ်ယောက် ဖြစ်လာတော့မည်။ သီရှီထျန်က ကုချင်းချိုင့်ဝှမ်းထဲမှာ နေထိုင်နေကြောင်း သူသိသွားပြီးနောက် အားလပ်သည့်အချိန်တိုင်းမှာ သီရှီထျန်ဆီသို့ အလည်ရောက်လာလေ့ရှိသည်။
“ အကိုသီ အဲ့လိုပြောရင် ညီမ ဝမ်းနည်းတယ်… အကြောင်းမရှိရင် အကို့ကို လာတွေ့လို့ မရဘူးလား ”
လင်းသွဲ့က စိတ်မကောင်းဖြစ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း မကြာမီ သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
" မနေ့ညက ချင်စံအိမ်က ညီအမတချို့နဲ့ အပြင်ထွက်သွားခဲ့တယ်… အကိုသီ ကြားမိဦးမှာတော့ မဟုတ်ဘူး… အခု နန်းမြို့တော်ထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပေါ်နေတယ်… တိုတမ်ကို အကိုသီ ကြားဖူးလား ”
သူက လေသံပြောင်းလိုက်ပြီး တိုတမ်အကြောင်း ရုတ်တရက် ပြောသည်။
ထိုစကားကို ကြားသောအခါ သီရှီထျန်၏ မထူးမခြားနား မျက်နှာပေါ်မှာ စိတ်လှုပ်ရှားသော အမူအရာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
“ လင်းသွဲ့က တိုတမ်အကြောင်း ပြောလာတယ်… မဟုတ်မှလွဲရော ဟွာဝမ့်ဝူက ထီးနန်းဆက်ခံသွားပြီး ငါမှာကြားထားတဲ့အတိုင်း စလုပ်ဆောင်နေပြီလား "
အချိန်ကို တွက်ချက်ရလျှင် ယခုက အချိန်မှန်ဖြစ်သည်။ သူက လောကဝတ်ပြုခန်းမကို ဖျက်ဆီးပစ်ခဲ့သည်။ သို့ဖြစ်၍ မည်သည့်မတော်တဆမှုမှ မရှိလျှင် ဟွာဝမ့်ဝူက ယခုအချိန်မှာ သေချာပေါက် ထီးနန်းဆက်ခံသွားလိမ့်မည်။
တိုတမ်သည် ဟွာဝမ့်ဝူကို သူတောင်းဆိုထားသောအရာ ဖြစ်သည်။ ယင်းက ယုံကြည်မှုစွမ်းအားကို သူစုဆောင်းနိုင်မည့်ကိစ္စနှင့် သက်ဆိုင်နေသည်။ ယုံကြည်မှုစွမ်းအားက အနာဂတ်မှာ သူ့အတွက် ကြီးမားသော အကျိုးအမြတ်များ ပေးစွမ်းလိမ့်မည်ဟု မသိစိတ်မှ သူအာရုံရနေသည်။ ယင်းက သာမန်လူများ တွေးတောနိုင်သောအရာ မဟုတ်ပေ။
သီရှီထျန်သည် အတိတ်ဘဝတွင် စီးပွားရေးပညာရှင်တစ်ယောက် ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူ၏ မျက်လုံးက အလွန်စူးရှသည်။ မည်သည့်အရာက သူ့အတွက် အကျိုးရှိနိုင်ကြောင်း အကြည့်တစ်ချက်ဖြင့် သူပြောနိုင်သည်။ ထို့ကြောင့် သူက နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်ကျော်ကြားသော စီးပွားရေးပညာရှင်တစ်ယောက် ဖြစ်လာခဲ့ခြင်းပင်။
ယုံကြည်မှုစွမ်းအားသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ယင်းက သာမန်မသေမျိုးကျင့်ကြံသူများ၏ အမြင်မှာကဲ့သို့ တန်ဖိုးမရှိသောအရာ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် သူက ဟွာဝမ့်ဝူကို ထောက်ပံ့ပေးရန် တုံ့ဆိုင်းမနေဘဲ ဆုံးဖြတ်ခဲ့ခြင်းပင်။ ယုံကြည်မှုစွမ်းအားက အနာဂတ်မှာ သူ့အပေါ် မည်သို့ကောင်းကျိုးများ ပေးစွမ်းမည်ဖြစ်ကြောင်း သူစူးစမ်းသိချင်သည်။
“ တိုတမ်လား… ဘာတိုတမ်လဲ ”
မှန်ပေသည်။ တိုတမ်က မည်သည့်အရာဖြစ်ကြောင်း သီရှီထျန် သိထားပြီးပြီ ဖြစ်၏။ သို့သော်လည်း သူက တခြားလူများအရှေ့မှာ ယင်းကို ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။ တိုတမ်သည် လျှို့ဝှက်ချက် ဖြစ်သည်။ ဝူတိုင်းပြည်ထဲတွင် တိုတမ်၏ အစစ်အမှန်နောက်ကြောင်းကို သိထားသော လူများက လက်ငါးချောင်းမပြည့်ပေ။ ထို့ကြောင့် သူက ဇဝေဇဝါဖြစ်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး ခေါင်းခါလိုက်သည်။
လင်းသွဲ့သည် ပျော်ပျော်နေတတ်သူ ဖြစ်သည်။ သီရှီထျန်က ထိုအကြောင်းကို ဘာမှမသိထားကြောင်း မြင်သောအခါ သူက တိုတမ်အကြောင်း ပြောပြရန် စိတ်အားထက်သန်လာသည်။ သူက မရပ်မနား ပြောသည်။
“ အကိုသီက ဘာမှမသိသေးဘူးကို… ဝူတိုင်းပြည်ရဲ့ ဧကရာဇ်အသစ်က ထီးနန်းဆက်ခံပြီးတဲ့နောက် သူ့မှာ မြင့်မြတ်သားရဲကျားနက်ရဲ့ သွေးမျိုးဆက်ရှိတယ်လို့၊ သူက မြင့်မြတ်သားရဲရဲ့ မျိုးဆက်ဖြစ်တယ်လို့ ကြေညာလိုက်တယ်… အခု ဝူတိုင်းပြည်ရဲ့ ပြည်သူပြည်သားအားလုံးက မြင့်မြတ်သားရဲကျားနက်ရဲ့ မျိုးဆက်တွေ ဖြစ်သွားကြပြီ… အဲ့ဒါကြောင့် သူတို့အားလုံးက ကျားနက်ကို သူတို့ရဲ့ တိုတမ်အဖြစ် ယုံကြည်ကိုးကွယ်သွားကြပြီ ”
“ အခုဆိုရင် ဝူတိုင်းပြည်ထဲက လက်သမားကျွမ်းကျင်ပညာရှင်တွေက နေ့ညမပြတ် အလုပ်များနေကြတယ်… သူတို့က နန်းမြို့တော်ရဲ့ အလယ်ခေါင်မှာ ကျားနက်ရုပ်တုကို ဆောက်လုပ်နေကြတယ်… ညီမ မနေ့ညက ချင်စံအိမ်ရဲ့ ညီအမတွေနဲ့အတူ အဲ့ဒီကျားနက်ရုပ်တုကို သွားကြည့်ခဲ့တယ်… ရုပ်တုက ပြီးလုနီးပါးပဲ… အဲ့ဒီကျားနက်က အရမ်းမြင့်မြတ်ထည်ဝါတယ်… ”
လင်းသွဲ့သည် သီရှီထျန်ကို သူသိထားသမျှအားလုံး အိတ်သွန်ဖာမှောက် ပြောပြသည်။ သူက အရာအားလုံးကို အသေးစိတ် ပြောသည်။
“ ကြည့်ရတာ ဟွာဝမ့်ဝူက အလုပ်ကောင်းကောင်း လုပ်နေတဲ့ပုံပဲ… ငါ့ကို သူစိတ်မပျက်စေခဲ့ဘူး… ဒီလိုဆိုရင် ငါသူ့ကို အကျိုးအမြတ်တချို့ ပြန်ပေးသင့်တယ် ”
သီရှီထျန်က စိတ်ထဲမှာ သူ့ဘာသာ ရေရွတ်လိုက်သည်။ ဟွာဝမ့်ဝူ၏ လုပ်ရပ်နှင့်ပတ်သက်၍ သူ့မှာ အမြင်ကောင်းရှိသည်။ အထူးသဖြင့် သူ့ကိုယ်သူ မြင့်မြတ်သားရဲကျားနက်၏ မျိုးဆက်ဟု ကြေညာလိုက်သည့်အပိုင်း ဖြစ်သည်။
ယင်းက တိုင်းသူပြည်သားများ၏ ငြင်းဆန်မှုကို အတိုင်းအတာတစ်ခုထိ ဖယ်ရှားပေးရုံသာမက သူ၏ ဂုဏ်သတင်းကိုလည်း မြန်ဆန်စွာ တိုးတတ်စေသည်။ ထိုနည်းဖြင့်ဆိုလျှင် သူက ယုံကြည်မှုစွမ်းအားကို အလွယ်လေး စုဆောင်းနိုင်သွားလိမ့်မည်။ အထွတ်အမြတ်ပုဂ္ဂိုလ်များ၏ ဉာဏ်များမှုကို သာမန်ပြည်သူပြည်သားများက မှန်းဆနိုင်လိမ့်မည် မဟုတ်ချေ။
ထိုအတွေးများက သူ၏ စိတ်ထဲမှာ ဖျတ်ခနဲ ထွက်ပေါ်လာသည်။ သို့သော်လည်း သူက မထူးမခြားနား ပြောသည်။
“ အို အဲ့ဒီလိုလား… အနာဂတ်မှာ ငါအခွင့်အရေးရတဲ့အခါ နန်းမြို့တော်ကို တစ်ချက်လောက် သွားကြည့်ရမယ် ”
တိုတမ်က တိုးတတ်နေပြီဖြစ်သော်လည်း ရွှေရုပ်တုက အပြည့်အဝ မပြီးမြောက်သေးပေ။ ရွှေရုပ်တု ပြီးမြောက်သွားပြီး ဝူနန်းမြို့တော်ထဲမှာ ထွက်ပေါ်လာသည့်အခါ ယင်းက ယုံကြည်မှုစွမ်းအားကို စုဆောင်းနိုင်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် ဝူတိုင်းသူပြည်သားများ သူ့ကို ကိုးကွယ်ပူဇော်သည့်အခါ သူတို့ထံမှ ယုံကြည်မှုစွမ်းအားက ရုပ်တုထဲသို့ အလိုအလျောက် ဝင်ရောက်သွားလိမ့်မည်။
ကျောက်စိမ်းပြားထဲမှ ဖော်ပြချက်အရ ရွှေရုပ်တုသည် ယုံကြည်မှုစွမ်းအားကို စုဆောင်းပြီးနောက် တခြားရုပ်တုများနှင့် ကွဲပြားခြားနားသွားလိမ့်မည်။ ယုံကြည်မှုစွမ်းအား ပိုများပြားလာလေ ရွှေရုပ်တုက ပိုပြီးထူးခြားလေ ဖြစ်သည်။ အကယ်၍ ရွှေရုပ်တုကို ဤနေရာမှာ ထားမည်ဆိုလျှင် ယင်းက ယုံကြည်မှုစွမ်းအားကို နှစ်ပေါင်းများစွာကြာအောင် စုဆောင်းနိုင်လိမ့်မည်။
ထိုအချိန်ကျလျှင် မသေမျိုးကျင့်ကြံသူများသည်ပင် ရွှေရုပ်တုကို မြင်သည့်အခါ ဖိနှိပ်မှုကို အလိုအလျောက် ခံစားသွားရလိမ့်မည်။ ရွှေရုပ်တုသည် အထွတ်အမြတ်စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်သည်။ ယင်းက သူ့ကိုယ်ပိုင်စွမ်းအား မဟုတ်ပေ။ ယင်းအစား သူ့အပေါ် ကိုးကွယ်ပူဇော်ကြသူများ၏ ယုံကြည်မှုစွမ်းအား ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ပြည်သူပြည်သားများ ကိုးကွယ်ပူဇော်သည့်အခါ သူတို့၏ စိတ်ထဲမှာ ရုပ်တုက တန်ခိုးဩဇာ ကြီးမားပြီး အလွန်မြင့်မြတ်ထည်ဝါသည်ဟု စဉ်းစားနေသောကြောင့် ဖြစ်သည်။
ထိုသို့အတွေးက ရွှေရုပ်တုကို အထွတ်အမြတ်စွမ်းအား အမှန်တကယ် ပိုင်ဆိုင်သွားစေလိမ့်မည်။
ရှေးဟောင်းဘုံကျောင်းများထဲမှ နတ်ဘုရားရုပ်တုများကို ဥပမာယူနိုင်သည်။ နတ်ဘုရားရုပ်တုများသည် ဘုံကျောင်းထဲ၌ နှစ်ပေါင်းရာချီ တည်ရှိပြီးနောက် အံ့ဖွယ်စွမ်းအားကို ပိုင်ဆိုင်သွားကြသည်။ ကျင့်ကြံသူများသည်ပင် ထိုနတ်ဘုရားရုပ်တုများ၏ အရှေ့မှာ အလွယ်တကူ ခေါင်းမမော့ဝံ့ကြချေ။ ယင်းက ကိုးကွယ်ပူဇော်သူများ၏ ယုံကြည်မှုစွမ်းအားကြောင့် ဖြစ်သည်။
အခြားတစ်ချက် ရှိသေးသည်။ ယခု ရွှေရုပ်တုက နန်းမြို့တော်ထဲမှာ တည်ရှိနေသည်။ အကယ်၍ ဝူတိုင်းပြည် အန္တရာယ်ကျရောက်သည့်အခါ တိုတမ်က နန်းမြို့တော်ကို ကာကွယ်ပေးမည့် စွမ်းအားကို ထုတ်လွှတ်ပေးလိမ့်မည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။
ထိုအချက်အလက်များသည် ကျောက်စိမ်းပြားထဲမှ သီရှီထျန် ရှာတွေ့ခဲ့သောအရာဖြစ်သည်။ သို့သော် ယင်းကို သူ့ကိုယ်ပိုင်မျက်စိဖြင့် မမြင်ရသေးပေ။ ထို့ကြောင့် ရုပ်တုပြီးမြောက်သွားသည့်အခါ နန်းမြို့တော်ဆီ သူသွားရောက်ရန် ရည်ရွယ်ထားသည်။
လင်းသွဲ့သည် သီရှီထျန်နှင့် အချိန်အကြာကြီး စကားမပြောပေ။ သူက စိတ်ဝင်စားဖွယ်ကိစ္စများကို ပြောပြပြီးနောက် ပြန်ထွက်သွားသည်။ မဏ္ဍပ်ထဲတွင် သီရှီထျန်က မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်လိုက်သည်။
နောက်တစ်နေ့တွင် ကိုတိုမီ ထပ်ရောက်လာသည်။ သူပြောထားခဲ့သည့်အတိုင်း ကိုတိုမီက “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို တီးခတ်ပေးသည်။ သီချင်းကို နားထောင်နေစဉ် သီရှီထျန်၏ အသိစိတ်က တမူထူးခြားသော အခြေအနေသို့ ဝင်ရောက်သွားသည်။ သူ့စိတ်က မြူတစ်မှုန်မှမရှိတော့ဘဲ ကြည်လင်သန့်စင်သွားသည်။ ထိုသို့အခြေအနေအောက်မှာ သူက ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောထဲမှ ဝမ်းနည်းမှုနှင့် ပေါင်းစည်းရန် ကြိုးစားလိုက်သည်။ သူမျှော်လင့်ထားသကဲ့သို့ပင် မည်သည့်ဘေးထွက်ဆိုးကျိုးမှမရှိဘဲ သူ၏ အသိစိတ်က ဝမ်းနည်းမှုနှင့် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားသည်။
တစ်နည်းဆိုရလျှင် သူ၏ စိတ်က ဝမ်းနည်းမှုကို တဖြည်းဖြည်း နေသားကျသွားသည်။
သို့သော် ထိုသို့နေသားကျသော လုပ်ငန်းစဉ်က အလွန်နှေးကွေးသည်။ “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ဖြင့်ပင် အရှိန်မတိုးမြှင့်နိုင်ပေ။ သူက ယင်းကို ဖြည်းဖြည်းချင်းသာ လုပ်ဆောင်နိုင်ပေသည်။ ကြည့်ရသည်မှာ ထိုသီချင်းကို နေ့စဉ် သူနားထောင်မည်ဆိုလျှင်ပင် နှစ်ဝက် သို့မဟုတ် တစ်နှစ်ခန့် အချိန်ယူရလိမ့်မည်။
သို့သော်လည်း သီရှီထျန်သည် သီချင်းကို နားထောင်ရုံမျှသာ လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သူက ကိုတိုမီတီးခတ်သော လက်ကွက်များနှင့် သီချင်းသံစဉ်များကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူက ယင်းတို့ကို စိတ်ထဲမှာ မှတ်ထားလိုက်သည်။
“ တခြားလူတွေရဲ့ ပစ္စည်းတွေက အမြဲတမ်း တခြားလူအပိုင်ပဲ ဖြစ်နေမှာ… အဲ့ဒါကို မင်းလက်နဲ့ ကိုယ်တိုင်ကိုင်ထားနိုင်မှ မင်းအပိုင်ဖြစ်လိမ့်မယ် ”
သူက အမြင်မှတဆင့် “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို သင်ယူနိုင်ရန် ကြိုးစားချင်သည်။ မည်သို့ဖြစ်ပါစေ သူက ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောတစ်ခုတည်းကိုသာ မဖွဲ့စည်းချင်ပေ။ သူက တခြားလိုအင်ဆန္ဒသွေးကြောများကိုလည်း ဖွဲ့စည်းချင်သည်။ ထိုအချိန်ကျလျှင် လျှို့ဝှက်အန္တရာယ်က ပြန်ပေါ်လာနိုင်သည်။ သူက ကုချင်းချိုင့်ဝှမ်းထဲမှာ အမြဲတမ်း နေနိုင်မည်မဟုတ်သကဲ့သို့ ကိုတိုမီကိုလည်း နေ့တိုင်း သူ့အတွက် ကုချင်းတီးခိုင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် “ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ”ကို သူကိုယ်တိုင် တီးခတ်နိုင်ခြင်းက ပိုပြီးကောင်းမွန်သည်။
ယင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း ဖြစ်သည်။
ထိုသီချင်းကို သူတီးခတ်နိုင်မှသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မည်။