← Chapters

ချင်ယုနှင့်ပြန်လည်တွေ့ဆုံခြင်း

Vol. 29 Ch. 402

ချင်ယုနှင့်ပြန်လည်တွေ့ဆုံခြင်း

Vol. 29 Ch. 402

ဆူညံနေသော အဆောက်အဦကြီးထဲတွင် မည်သူကမှ ဇူယွမ့်အား သတိမထားမိခဲ့ပါသော်လည်း ကျိုးချူးချင်ယုမှ ပြုံးပြပြီးသည့် နောက်တွင်တော့ ဇူယွမ်မှာ လူတိုင်း၏ အာရုံစိုက်ခံရသူ ​ဖြစ်လာခဲ့သည်။

“နင်တို့နှစ်ယောက်က အချင်းချင်း သိကြတာလား” ဖန်းရင်မှ အံ့အားသင့်စွာဖြင့် မေးလိုက်၏။

ဖန်းရင်မှာ ဇူယွမ်အား ကျိုးချူးချင်ယု၏ စိတ်ဝင်စားမှုကိုခံရရန် ကြိုးစားနေသော လူငယ်လေးဟုသာ ထင်မြင်မိခဲ့ပါသော်လည်း ချင်ယု၏ အပြုအမူအရ နှစ်ဦးသား အတော်ပင် ရင်းနှီးဟန်ရှိသည်။ ကျိုးချူးချင်ယုမှ ခေါင်းညိတ်ပြကာ စကားဆိုလိုက်၏။

“စီနီယာအစ်မတော် ဖန်းရင် ဇူယွမ်နဲ့ကျွန်မ တိုက်ကြီးတစ်ခုထဲကနေ လာခဲ့တာလေ။ ပြီးတော့ သူက ကျွန်မတို့ အားလုံးထဲမှာ အတော်ဆုံး ဖြစ်ခဲ့တာ။ လုလျိုနဲ့ ကျွန်မတောင်မှ သူနဲ့ယှဥ်လို့ မရဘူး”

ဖန်းရင်မှာ ပျော်ရွှင်စွာ ရီမောနေသည့် ကျိုးချူးချင်ယုအား ကြည့်လိုက်ပြီးနောက် ဇူယွမ်ဖက်သို့ လှည့်ကာ ချီးကျူးလိုက်သည်။

“နင်တို့ ကန်းမင်တိုက်ကြီးက ကျဥ်းကျဥ်းလေး ဆိုပေမဲ့ အရည်အချင်းရှိတဲ့ သူတွေ များတဲ့ပုံပဲ”

ကျိုးချူးချင်ယုနှင့် လုလျိုတို့နှစ်ဦးမှာ အလှပန်းတစ်ရာ နန်းတော်၏ လူငယ်မျိုးဆက်သစ် များထဲတွင် အထူးချွန်ဆုံး တပည့်များဖြစ်ကာ ကလန်၏ အကြီးအကဲများသည်ပင် ကန်းမင်တိုက်ကြီးမှ လာခဲ့သော ထိုမိန်းမငယ်နှစ်ဦးကို အလေးထားခဲ့ကြ၏။

“ဟားဟား ... ကန်းမင်တိုက်ကြီးက အကြောင်းတွေကို ငါလည်း ကြားခဲ့ဖူးပါတယ်။ အခုအချိန်မှာ ဘယ်သူက ပိုထူးချွန်လဲ ဆိုတာကို ဆုံးဖြတ်ဖို့ကတော့ စောလွန်းသေးတယ်”

“အရင်က အစွမ်းအစ ရှိခဲ့ပေမဲ့ အချိန်တန်ရင် မှေးမှိန်ပျောက်ကွယ် သွားရတဲ့သူတွေ အများကြီးပဲ”

“ဂျူနီယာညီမတော် ချင်းယုက အရမ်းအရည်အချင်း ရှိတယ်။ အနာဂတ်မှာလည်း အစ်ကိုတို့ ရှန်ဇူတိုက်ကြီးရဲ့ လူငယ် မျိုးဆက်သစ်တွေ ကြားမှာ ကျော်ကြားလာမှာ အသေအချာပဲ။ အဲဒါကြောင့် ညီမလေး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေဖို့ မလိုပါဘူး”

ကျိုးချူးချင်ယု၏ အနီးတွင် ရစ်ဝဲနေကြသော ယောက်ျားလေးများမှာ မဟူရာမီးတောက် စီရင်စု၏ ထိပ်တန်းအဖွဲ့များမှ ဖြစ်ကြပြီး အဆင့်အတန်း မြင့်မားကြသူများ ဖြစ်သည်။

ထိုယောက်ျားလေးများမှာ အဆောက်အဦထဲသို့ ကျိုးကျူးချင်ယု ဝင်ရောက်လာသည့် အချိန်မှစ၍  ပျားများက ပန်းပွင့်ငယ်ကို ဝန်းရံနေသည့်အလား ချင်ယု၏ အနီး၌သာ စုဝေးနေခဲ့ကြ၏။ သို့သော်လည်း မည်မျှပင် ကြိုးစားစေကာမူ ကျိုးချူးချင်ယုနှင့် စကားစမြည် ပြောဆိုရန်ပင် အခွင့်အရေးမရနိုင်ဘဲ သူမထံမှ ယဥ်ကျေး သိမ်မွေ့သည့် အပြုံးတစ်ပွင့်ကိုသာ ရရှိခဲ့ကြသောကြောင့် စိတ်ညစ်ခဲ့ကြရသည်။

သူတို့အားလုံးအား အနည်းငယ်မျှပင် အလေးမထားခဲ့သော အလှဘုရင်မလေးမှာ ဇူယွမ့်ကို တွေ့လိုက်ရသည်နှင့် တကွ ပြုံးရွှင် သွားခဲ့သောကြောင့် စိတ်အလိုမကျ ဖြစ်သွားခဲ့ရ၏။ ထို့ကြောင့် ထိုယောက်ျားလေးများမှာ ဇူယွမ်အား သိမ်ငယ်သွားစေရန် စကားများဖြင့် တိုက်ခိုက် ကြလေတော့သည်။

ကန်ရွှမ်းကလန်မှာ မဟူရာမီးတောက် စီရင်စုမှ အုပ်စုငယ်များနှင့် နှိုင်းယှဥ်၍ မရအောင် အင်အားကြီးသော ကလန်တစ်ခု ဖြစ်၏။ သို့သော် ထိုလူငယ်လေးများမှာလည်း သက်ဆိုင်ရာ အဖွဲ့များ၏ သာမန်တပည့်များ မဟုတ်ကြချေ။ ထို့ကြောင့် ကန်ရွှမ်းကလန်မှ လီချင်းချန်ကဲ့သို့ ရွေးချယ်ခံတပည့် မဟုတ်ဘဲ သာမန်တပည့် တစ်ဦးသာ ဖြစ်သော ဇူယွမ်အား ကြောက်ရွံ့နေစရာ အကြောင်း မရှိပါပေ။

ထိုစကားများကို ကြားရသောအခါ ကျိုးချူးချင်ယုမှာ အပြုံးမပျက် ခဲ့ပါသော်လည်း သူမ၏ မျက်ဝန်းများ၌ စိတ်အနှောင့်အယှက် ဖြစ်သော အရိပ်အယောင်များ ယှက်သန်း သွားခဲ့သည်။ ဒီကောင်စုတ်တွေက တကယ်ကို ရွံဖို့ကောင်းတာပဲ ...

ယန်ရွှမ်းမှာမူ ဇူယွမ်အား မည်သည့်စကားနှင့်မှ မဝေဖန်ခဲ့ဘဲ အပြုံးမပျက်သာ ရှိနေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်အား ကြောက်မက်ဖွယ်ရာ ကောင်းသည့်သူ တစ်ဦးဟု ခံစားခဲ့ရသောကြောင့် ဖြစ်သည်။

ဇူယွမ်မှာ နှိမ့်ချနေသော စကားများကို ကြားနေရပါသော်လည်း တည်ငြိမ်လျက်သာ ရှိပြီး အနည်းငယ်မျှ ဒေါသထွက်သော အရိပ်အယောင် မရှိခဲ့ချေ။

သို့သော် ဇူယွမ်အား နှိမ့်ချပြောဆို နေသူများကို လီချင်းချန်မှ အေးစက်စက်ဖြင့် ကြည့်ကာ တည်ငြိမ်စွာပင် စကားဆိုလိုက်၏။

“ဇူယွမ်က ကန်ရွှမ်းကလန်ကို ရောက်လာတာ ​ခြောက်လလောက်ပဲ ရှိသေးတယ် ဆိုပေမဲ့ ကလန်ရဲ့ အငယ်ဆုံး ခရမ်းရောင်ခါးစည်း တပည့်တစ်ယောက် ဖြစ်နေပြီ။ အနာဂတ်မှာလည်း သူက ရွေးချယ်ခံ တစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်။ အဲဒါကြောင့် သူ့ရဲ့ အရည်အချင်းကို သံသယဖြစ်စရာ မလိုဘူး”

လီချင်းချန်သည် ဇူယွမ်နှင့် ယောင်ယောင်တို့၏ ပတ်သက် ဆက်နွယ်မှုအား သဘောမကျမိ ပါသော်လည်း ယခုရှိနေသော အုပ်စုငယ်များမှ ထိပ်တန်း တပည့်များထက် ဇူယွမ်မှာ များစွာ သာလွန်သည်ဟု ခံစားမိခဲ့သည်။

လီချင်းချန်၏ စကားအား ကြားလိုက်ရသော အခါတွင် အဆောက်အဦထဲမှ ရီသံများမှာ တိတ်တိတ်သွားခဲ့ပြီး ဇူယွမ်အား ကြောက်မက်ဖွယ်ရာ ကောင်းသော သူတစ်ဦးအလား ကြည့်မိလိုက်ကြ၏။ သူတို့ လှောင်ပြောင်ခဲ့သော ဤကောင်လေးသည် ထိုမျှလောက် အရည်အချင်းရှိသူ ဖြစ်မှန်း မထင်မှတ်မိခဲ့ချေ။

ကျိုးချူးချင်ယုမှာ ဇူယွမ်အားကြည့်၍ ကျေနပ်အားရစွာ ပြုံးလိုက်သည်။ သူမ ခန့်မှန်းထားသည့်အတိုင်း ကန်ရွှမ်းကလန်ကဲ့သို့ နေရာ၌ပင် ဇူယွမ်မှာ ထူးချွန် ထက်မြက်သည့် တပည့်တစ်ဦး ဖြစ်လာခဲ့၏။

လီချင်းချန်၏ စကားအား ကြားလိုက်ရသောအခါ ယန်ရွှမ်းမှာ မျက်ခုံးအနည်းငယ် ပင့်တက်သွားကာ မျက်ဝန်းထဲ၌ အဓိပ္ပါယ်ဖော်၍ မရနိုင်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် လီချင်းချန်အား ငေးကြည့်လိုက်မိ၏။ လီချင်းချန်မှာ ဇူယွမ်အား အမြဲတစေ အေးစက်စက်သာ ဆက်ဆံတက်သူ ဖြစ်သောကြောင့်် ယခုကဲ့သို့ သူ့ဖက်မှ ကာကွယ်ပြောဆို ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဇူယွမ်မှာ လီချင်းချန်မှ ကာကွယ်ပေးခဲ့ခြင်းကြောင့် အံ့သြမိခဲ့ပါသော်လည်း ပြောရမည် ဆိုပါလျှင်မူ ထိုကဲ့သို့သော အရေးမပါသူများ၏ ဝေဖန်စကားများအား အရေးတယူ ပြုမူနေရန်ပင် မထိုက်တန်ဟု ခံစားမိသည်။

ဖန်းရင်မှာ လက်ချောင်းလေးများဖြင့် နှုတ်ခမ်းအစုံအား အုပ်၍ ခပ်ဖွဖွရီမောကာ တုံ့ပြန်လိုက်၏။

“​ကြည့်ရတာ ငါထင်တာ မမှားဘူးပဲ။ ကန်းမင်တိုက်ကြီးမှာ အရည်အချင်းရှိတဲ့ သူတွေ တကယ်ကိုရှိနေတာပဲ”

လီချင်းချန်မှာ မည်သည့်စကားမှ ဆက်၍ မဆိုနေတော့ပဲ ဤနေရာမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

“ညကြရင် တွေ့ဆုံပွဲတစ်ခု လုပ်ဖို့ရှိတယ်။ နင်တို့မှာ ဘာမှလုပ်စရာ မရှိဘူးဆိုရင် လာခဲ့ကြပါလား” ဖန်းရင်မှ ပြုံးကာ ပြောလိုက်၏။ သူမ၏ပုံစံမှာ မစ်ရှင်လာရောက် လုပ်ဆောင်သည်နှင့် မတူဘဲ ပျော်ပွဲစား ထွက်လာသကဲ့သို့ ဖြစ်နေပေသည်။ လီချင်းချန်မှ ခေါင်းညိတ် ပြပြီးနောက် လှည့်ထွက်သွားတော့၏။

ဇူယွမ်မှာ ကျိုးချူးချင်ယုအားကြည့်၍ ခေါင်းညိတ်ပြကာ လီချင်းချန်နောက်သို့ လိုက်ပါသွားခဲ့သည်။ ဇူယွမ်တို့ ထွက်ခွာသွားပြီးသည့် နောက်တွင် ကျိုးချူးချင်ယု၏ ဘေးတွင် ရှိနေသော မိန်းမငယ်လေးမှ ဖန်းရင်အားကြည့်၍ မေးလိုက်၏။

“စီနီယာအစ်မတော် ဖန်းရင် ခုနက အစ်မတော် လီချင်းချန် ပြောသွားတာတွေက တကယ် ဖြစ်နိုင်ပါ့မလား။ ဇူယွမ်ကို ကြည့်ရတာ အဲဒီလောက်လည်း မသန်မာသလိုပဲ”

ဖန်းရင်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျိုးချူးချင်ယုအား ကြည့်၍ စကားဆိုလိုက်သည်။

“ငါပြောနိုင်တာကတော့ ဇူယွမ်ရဲ့ ကျင့်ကြံရေး အဆင့်က မူလစဦး စတုတ္ထအဆင့် ဆိုတာပဲ”

ဖန်းရင်၏စကားအား ကြားလိုက်ရသောအခါ မိန်းမငယ်လေးများမှာ စိတ်မထိန်းနိုင်ဟန်ဖြင့် ရီမောလိုက်ကြ၏။ ယခု မစ်ရှင် လာရောက် လုပ်ဆောင်ကြသော အလှပန်းတစ်ရာ နန်းတော်မှ မိန်းမငယ်များတွင် တပည့်အသစ်ဖြစ်သော ကျိုးချူးချင်ယုမှလွဲ၍ ကျန်သူများမှာ မူလစဦး ဆဋ္ဌမအဆင့်သို့ ရောက်ရှိပြီးကြသူများ ဖြစ်သည်။ ထို့ကြောင့် မူလစဦး စတုတ္တအဆင့်မှာ မိန်းမငယ်များအတွက် နိမ့်ပါးလှ၏။

မဟူရာမီးတောက် စီရင်စု၏ အုပ်စုများမှာလည်း ဖန်းရင်၏ စကားအား ကြားလိုက်ရသော အခါတွင် ခေါင်းကိုခါယမ်းကာ ကြိတ်၍ ရီမော နေကြတော့သည်။ သူတို့မှာ လီချင်းချန်၏ စကားများကြောင့် ဇူယွမ်အား အရည်အချင်းရှိ၍ ကြောက်မက်ဖွယ် ကောင်းလှသူ တစ်ဦးဟု ထင်မှတ်မိခဲ့၏။ သို့သော်လည်း ဇူယွမ်မှာ မူလစဦး စတုတ္တအဆင့်ရှိသူ တစ်ဦးသာ ဖြစ်နေခဲ့ပေသည်။

ထိုအဆင့်မျှသာ ရှိသေးသော ဇူယွမ်သည် ကန်ရွှမ်းကလန်မှ တပည့်တစ်ဦး ဖြစ်နေလျှင်ပင် သူတို့အတွက် ကြောက်ရွံ့စရာ မရှိပါချေ။ ဖန်းရင်၏စကားများအား အံ့အားတကြီး မဖြစ်သောသူမှာ ကျိုးချူးချင်ယုတစ်ဦးသာ ရှိခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အပေါ်ယံ၌ မြင်နေရသောအရာမှာ  ဇူယွမ်၏ အရည်အချင်း အစစ်အမှန် မဟုတ်ကြောင်း သူမရှင်းလင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။

အတိတ်ကာလများတွင် သူတော်စင် အကြွင်းအကျန် နယ်မြေ၌ အသန်မာဆုံး ဖြစ်ခဲ့သော ဝူဟောင်သည်ပင် အားအနည်းဆုံးဟု ယူဆ၍ရသော ဇူယွမ့်ထံတွင် ရှုံးနိမ့်သွားခဲ့ရ၏။ ဖန်းရင်မှာ လီချင်းချန်၏ အနောက်တွင် လိုက်ပါသွားသော ဇူယွမ်၏ပုံရိပ်အား ငေးကြည့်၍ ခေါင်းကိုခါယမ်းကာ ရေရွတ်လိုက်သည်။

“ပုံမှန်ဆို လီချင်းချန်က အေးစက်စက်နဲ့ ဆိုတော့ သူ့ရဲ့ဂျူနီယာ မောင်တော် တစ်ယောက်ကို ကာကွယ်ဖို့အတွက် ဒီလောက်ထိ အပိုစကားတွေ ပြောလိမ့်မယ်လို့  မထင်မိလိုက်ဘူး။ ငါတောင် သူမ လှည့်စားတာ ခံရတော့မလို့ပဲ”

“ဒါပေမဲ့ သူများတွေကို ကြွားဝါနေလည်း ဘာမှမထူးပါဘူး။ မဟူရာမီးတောက် တောင်တန်းတွေဆီကို ရောက်တာနဲ့ အမှန်တရားက ပေါ်လာမှာပဲဟာ”

All Chapters