အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း ၆၉။ ထပ်မံနားစွင့်..
ယနေ့ ရာသီဥတုအခြေအနေမှာ မှိုင်းပျပျနှင့် ညို့နေပြီး သိပ်မကောင်းလှပေ။
သို့တိုင် ရုပ်ရှင်ကြည့်ရန်အတွက် ထက်သန်လှသော လူတိုင်း၏ စိတ်အားတက်ကြွမှုကို မတားဆီးနိုင်ပေ။ စက်မှုစက်ရုံမှ ပြသသည့် ရုပ်ရှင်ဆိုသည်နှင့် ပေါ့သေးသေးမဟုတ်ပေ၊ ယင်းမှာ စက်ရုံရှိ အလုပ်သမားများအတွက် သာမက အလုပ်သမားများ၏ မိသားစုဝင်အားလုံးလည်း ကြည့်ရှု့နိုင်လေသည်။ ဤသည်မှာ ….အလုပ်၏ ခံစားခွင့်တည်း..
အလုပ်ဆင်းချိန် ရောက်သည်နှင့် ဝန်းတစ်ခုလုံးမှာ အစည်ကားဆုံး အချိန်သို့ ရောက်ရှိလာတော့၏။ဟင်းအိုး၊ ဟင်းခွက် ထိခတ်သံများနှင့်အတူ ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေကြသည့် မြင်ကွင်းမှာ သက်ဝင်စည်ကားလွန်းလှသည်။ ချန်ချင်းယွီသည် ထိုသို့သော ဆူညံသံများကို မြတ်နိုး၏။ နောင်ဆယ်စုနှစ်များစွာ ကြာလျှင်ပင် ဤကဲ့သို့ ရိုးရှင်းပြီး နွေးထွေးသည့် လူနေမှုဘဝ စည်ကားပုံမျိုးကို ပြန်လည်တွေ့မြင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
သူမအနေဖြင့် မကြုံဖူးခဲ့သည့် ခေတ်တစ်ခု၏ လူနေမှုပုံစံကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေခဲ့ရသည်။
ပြောရမည်ဆိုလျှင် ခြံဝင်းကြီးမှာ ယခင်နေ့များထက် ပို၍ပင် စည်ကားသက်ဝင်နေ၏။ အဘိုးကြီမာ၏ သားကြီးဖြစ်သူ ပြန်ရောက်လာသည့် သတင်း၊ ကျန်းရှင်းဖှတစ်ယောက် ဖင်ကိုကိုင်ကာ ထော့နဲ့ထော့နဲ့နှင့် ပြန်လာရသည့် မြင်ကွင်းတို့မှာ လူအများ၏ အာရုံကို ဖမ်းစားထားသည်။ မနေ့ညရှိ ပြတင်းပေါက်မှန် ကွဲသည့်ကိစ္စမှာလည်း မပြီးပြတ်သေး။ သို့သော်လည်း ဤဝင်းထဲရှိ လူများ၏ ထူးခြားချက်မှာ ယခင်နေ့၌ မည်မျှပင် ရန်ဖြစ်ထားပါစေ၊ ယနေ့တွင်တော့ ဘာမှမဖြစ်သကဲ့သို့ ပြန်လည် စကားလက်ဆုံ ကျနိုင်ကြခြင်းပင်။
‘ဒါကပဲ ဒီခေတ်ရဲ့ ထူးခြားတဲ့ အငွေ့အသက်လေး ထင်ပါရဲ့’ ဟု ချန်ချင်းယွီ တွေးလိုက်မိ၏။
အိမ်ထဲတွင် ချန်ချင်းယွီတစ်ယောက် ငရုတ်သီးစိမ်းနှင့် ဝက်သားကြော်ကို အားတက်သရော ချက်ပြုတ်နေသည်။ ပုံမှန်ဆိုလျှင် သူမသည် အသားကို ချွေတာစားလေ့ရှိသော်လည်း ယနေ့ ဝင်းထဲမှ မွှေးပျံ့နေသော ဟင်းနံ့များကြောင့် သူမလည်း လက်ရာပြရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ သို့သော်လည်း အခြားအိမ်များမှ ဟင်းနံ့သည် ပြင်းလွန်းသဖြင့် သူမ၏ ဝက်သားကြော်နံ့မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေရသည်။
ထမင်းစားပွဲကို နေရာရွှေ့ကာ မိသားစုဝင်များ ထမင်းစုံစားကြ၏။ အဘွားကြီးကျောက် ဆီဦးထမင်းကို မြိန်ရည်ယှက်ရည် စားရင်း ပြောဆိုလာသည်။
“ငါ ဒီနေ့အလုပ်မှာ ချဲယုံဖုန်းရဲ့ နာမည်ကို အားရပါးရဖျက်ခဲ့တာ.. ဟီဟီ.. ဘယ်လောက်တော်တဲ့ ငါလေးလဲ.. ဒီနေ့တော့ ငါအလုပ်ကြီးတစ်ခု လုပ်ခဲ့တာပဲ”
ချန်ချင်းယွီ သိချင်စိတ်ဖြင့် ကြည့်လိုက်သောအခါ အဘွားကြီးကျောက်မှာ သူမ သုံးလိုက်သည့် လှည့်ကွက်လေးများကို ဖောက်သည်ချတော့သည်။
“မမျှော်လင့်ထားဘူး မဟုတ်လား.. အခု ငါက ဉာဏ်ကို သုံးတတ်နေပြီ”
ချန်ချင်းယွီ လက်မထောင်ပြရင်း ချီးကျူးလိုက်၏။
“ရှင်ကတော့ တကယ်ကို စွမ်းတာပဲ”
အဘွားကြီးကျောက်မှာ ပို၍ပင် ဘဝင်မြင့်သွားကာ နှာခေါင်းရှုံ့၍ ဆိုလိုက်လေသည်။
“သူက ဘာကောင်မို့လို့လဲ၊ လေတစ်ချက်လည်စာတောင် မရှိဘူး..”
ချန်ချင်းယွီသည်လည်း ခေါင်းညိတ်ထောက်ခံလိုက်၏။ သူမသည် နုံအသည့် မိန်းကလေးမဟုတ်သဖြင့် လက်စားချေခြင်းကို အပြည့်အဝ ထောက်ခံသူဖြစ်သည်။
“ဒီနေ့ ရာသီဥတုက သိပ်မကောင်းဘူး၊ နောက်ရက်တွေကျမှပဲ...”
ချန်ချင်းယွီ စကားမဆုံးခင်မှာပင် အဘွားကြီးကျောက် အဓိပ္ပာယ်
ပေါက်သွား၏။ ကလေးများရှိနေသဖြင့် အသေးစိတ် ဆက်မပြောသော်လည်း တစ်ဦးကိုတစ်ဦး မျက်ရိပ်ပြကာ နားလည်လိုက်ကြသည်။ ထို့နောက် အဘွားကြီးကျောက်မှာ ခေါင်းစဉ်ပြောင်း၍ မေးလိုက်၏။
“မာကျန်း ပြန်ရောက်ပြီလား..”
“ပြန်ရောက်ပြီ၊ ယာယီအလုပ်စာမေးပွဲ ဖြေဖို့ ပြန်လာတာလေ။ ဒါပေမဲ့ ဒီရောက်တော့မှ စာရင်းသွင်းလို့ မရတော့ဘူးဆိုတာ သိရတာ”
အဘွားကြီးကျောက် နှုတ်ခမ်းမဲ့ကာ
“... သူကဒီအတိုင်းပဲ။ တကယ်ကို အားကိုးမရတဲ့ကောင်..”
ဒီကောင်ကတော့ တကယ်ကို သုံးစားမရဘူး....
သူမ ကျွစ်စုပ်သပ်လိုက်ရင်း တစ်ဆက်တည်း လျှာကိုသပ်ကာ ပြောလိုက်သည်။
“ကဲ ကဲ... မြန်မြန်စား။ ဒီနေ့ ရုပ်ရှင်ရှိတယ်၊ နေရာကောင်း ရအောင် စောစောသွားကြစို့”
“အင်း၊ ဒါပေမဲ့ ဒီနေ့ မိုးရွာမယ့်ပုံပဲ။ လူသိပ်မများလောက်ပါဘူးနော်”
ချန်ချင်းယွီ ဆိုသော်လည်း အဘွားကြီးကျောက်မှာ လက်မခံပေ။
“မများဘဲ နေမလားအေ။ စက်ရုံက ရုပ်ရှင်ပြပြီဆို လူက ပုရွက်ဆိတ်အုံ တိုးသလိုပဲ။ တခြားစက်ရုံက ရည်စားတွေပါ ခေါ်လာကြဦးမှာ၊ ကြည့်နေလိုက်။ ကဲ... မြန်မြန်လုပ်”
အဘွားကြီးကျောက် စိတ်လောနေလေသည်။ ချန်ချင်းယွီလည်း အမြန်စားလိုက်ရပြီး၊ သူမတွင် ရုပ်ရှင်ကြည့်ဖူးသည့် မှတ်ဉာဏ်များ ရှိသော်လည်း ယခု ကိုယ်တိုင်ကိုယ်ကျ ကြုံရမည်ဖြစ်သဖြင့် စိတ်လှုပ်ရှားနေမိ၏။
“ရုပ်ရှင်ကြည့်ရင် နေကြာစေ့ မပါလို့ မဖြစ်ဘူး။ အမေ ကလေးတွေကို အရင်ခေါ်သွားနှင့်၊ ကျွန်မ နေကြာစေ့ သွားဝယ်လိုက်ဦးမယ်”
“အေးအေး.. အဲ့ဒါဆိုလည်း ပြီးရော”
အဘွားကြီးကျောက် ဝမ်းသာအားရ သဘောတူလိုက်သည်။ ပိုက်ဆံစိုက်ထုတ်စရာ မလိုသည့် ကိစ္စဖြစ်၍ သူမအတွက် ဘာမဆို အိုကေနေ၏။
ရှောင်ကျားနှင့်ရှောင်ယွမ်တို့မှာ မိခင်ဖြစ်သူအား တွေဝေတုံ့ဆိုင်းစွာ စိုက်ကြည့်နေကြလေသည်။ ကလေးလေးနှစ်ယောက်မှာ မိခင်နှင့်မခွဲမခွါ အမြဲကပ်နေချင်သည့် အမေချစ်ကလေးလေးများပင်။ ချန်ချင်းယွီ အနေဖြင့် ကလေးများကို ခဏချင်းအတွင်း ပြောင်းလဲပစ်ဖို့ မမျှော်လင့်ပေ။ မည်သို့ပင်ဖြစ်စေ ကြွက်သတ်ဆေး သောက်ခဲ့သည့် မိခင်ပုံရိပ်မှာ ကလေးများ၏ နုနုနယ်နယ် နှလုံးသားကို အမှန်တကယ် ထိခိုက်စေခဲ့သည် မဟုတ်လော့။
သူတို့မှာ မျက်စိတစ်မှိတ်အတွင်း အမေဖြစ်သူ ပျောက်ကွယ်သွားမှာကို ကြောက်နေကြသည့်အတွက် ချန်ချင်းယွီ အနားမှ လုံးဝမခွါချင်ကြပေ။
ချန်ချင်းယွီလည်း ဤကိစ္စကို အလျင်မလိုဘဲ ဖြည်းဖြည်းချင်းသွားရန်သာ ဆုံးဖြတ်လိုက်၏။
သူမ ကလေးနှစ်ယောက်၏ ခေါင်းကို ပုတ်ပေးရင်း
"ကိုယ့်ဘာသာ ဟိုပြေးဒီပြေး မလုပ်ကြနဲ့ဦးနော်၊ အဘွားနဲ့ပဲ အတူတူနေကြ။ မေမေ လိုတာလေးတွေ ဝယ်ပြီးရင် ချက်ချင်းပြန်လာခဲ့မယ်"
ထို့နောက် အဘွားကြီးကျောက်ဘက်လှည့်ကာ သတိပေးလိုက်လေသည်။
"ကလေးတွေကို သေသေချာချာ ကြည့်ထားနော်၊ မဟုတ်ရင်တော့ ကျွန်မကို ယဉ်ကျေးမှုမရှိဘူးလို့ အပြစ်မတင်နဲ့..”
သူမ စကားလုံးများမှာ ပြင်းထန်သော ခြိမ်းခြောက်မှုများ ပါဝင်နေ၏။
အဘွားကြီးကျောက် : “…..”
ကြည့်စမ်း.. ကြည့်စမ်း..
အမယ်လေး … ငါက ဒီလောက် အားမကိုးရတဲ့သူမို့လို့လား..
အတိတ်၌ သူမ အနေဖြင့် ကလေးနှစ်ယောက်ကို မနှစ်သက်သည်မှာ အမှန်ပင်။ သို့သော် သားဖြစ်သူ ဆုံးပါးသွားပြီးနောက် မျိုးဆက်ဟူ၍ ဤမြေးနှစ်ယောက်သာ ကျန်ရှိလေတော့သည်။
သူမ ရူးနေရင်တောင် ဒီကလေးနှစ်ယောက်ကို နှိပ်စက်မှာမဟုတ်ဘူး..
တကယ်ပြောတာပါ..
သူမ ဦးနှောက်မဲ့နေတဲ့သူမှ မဟုတ်ဘဲ..
ဒီချန်ချင်းယွီကတော့ တကယ်ပဲ လူကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်နေတာပဲ..
အဘွားကြီးကျောက်: "သိပါတယ်အေ၊ သိပါတယ်.. ငါက အဲ့လောက် အားကိုးမရတဲ့သူ မဟုတ်ပါဘူး။ စိတ်ချစမ်းပါ၊ ငါ့မြေးတွေကို ငါအပိုင်ထိန်းထားမှာပေါ့။"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"သိရင် ပြီးတာပဲ။"
သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြလိုက်၏။
အဘွားကြီးကျောက်: "..."
ဒီမိန်းမကတော့ တကယ်ကို ကြောက်စရာကောင်းလိုက်တာ..
ဘယ်လိုလုပ် ဒီလိုချွေးမမျိုးက ဒီလိုရှိရတာလဲ..
အဘွားကြီးကျောက် စိတ်ထဲ၌သာ ကြိတ်ပြောနေသော်လည်း အပြင်ပန်းတွင်မူ ဘာမှမဖော်ပြရဲပေ။
တချို့လူတွေက သွားစမ်းလို့ရတဲ့ အမျိုးအစားတွေ မဟုတ်ဘူးလေ..
မတွေ့ဘူးလား..
ကျန်းရှင်းဖှဆိုတဲ့ ကောင်ကိုပဲကြည့်.. လူက အဲ့လောက် ဒုက္ခတွေ ကြုံနေရတာတောင် ဘာမှနားမလည်သေးဘူး၊ တကယ်ကို ထုံအတဲ့ကောင်..
သူမ၊ ကျောက်တာ့ရာကတော့ အခြေအနေကြည့်ပြီး ဘယ်လိုနေရမလဲဆိုတာ ကောင်းကောင်းသိတယ်..
"မြေပဲရှိရင်လည်း နည်းနည်းဝယ်ခဲ့ဦး။ မြေပဲလှော်က စားလို့တကယ်ကောင်းတာ။"
“သိပြီ”
ချန်ချင်းယွီ ခေါင်းညိမ့်ပြလိုက်သည်။
ရုပ်ရှင်ပြရန် အချိန်လိုသေးသည့်အတွက် ထမင်းစားပြီးနောက် ချန်ချင်းယွီ ခက်သွက်သွက်လေး အပြင်ထွက်သွား၏။ အဘွားကြီးကျောက်မှာ မကျေမနပ်ဖြင့် ပွစိပွစိလုပ်ရင်း ကျန်ခဲ့လေသည်။
"တစ်နေကုန် အလုပ်လုပ်ရတာနဲ့တင် လူက နုံးချိနေပါပြီဆိုမှ... အိမ်ပြန်ရောက်ရင်လည်း ပန်းကန်ဆေး၊ ပန်းကန်ဆေး၊ ပန်းကန်ဆေး.. ငါ့ဘဝက ပန်းကန်ဆေးတာနဲ့တင် ကုန်တော့မယ်။ ဒီမိန်းမ တစ်နေကုန် အိမ်မှာ ဘာလုပ်နေလဲမသိဘူး၊ ပျင်းလိုက်တာမှ လွန်ရော။ အစားမက်၊ အလုပ်ရှောင်၊ မာယာလည်းများတဲ့ ချွေးမမျိုးရတာ တကယ်ကို ကံဆိုးတာပဲ.."
အဘွားကြီးကျောက် တတွတ်တွတ်ဖြင့် ပွစိပွစိပြောနေသော်လည်း အကျယ်ကြီးမပြောရဲပေ။ အိမ်တွင်းရေးမှာ လူသိခံ၍ မဖြစ်ပေ။ ချန်ချင်းယွီ မည်မျှပင် သောင်းကျန်းဆိုးသွမ်း နေသည်ဖြစ်စေ၊ မိသားစုဝင်ဖြစ်နေ၍ တခြားသူများ သိသွား၍ မဖြစ်ပေ။
"ကြည့်စမ်း... ငါ့မျက်နှာတောင် ပန်းကန်လုံးပုံ ပေါက်နေပြီ၊ တစ်နေကုန် ပန်းကန်ပဲ ဆေးနေရလို့.."
အဘွားကြီးကျောက် တညီးညီးတညူညူ လုပ်မဆုံးဖြစ်နေ၏။
အဘွားကြီးကျောက်တို့ မိသားစုတင် အလောတကြီး ဖြစ်နေသည်
မဟုတ်ပေ၊ တစ်ရပ်ကွက်လုံးရှိ တခြားသော မိသားစုအားလုံးမှာလည်း ရုပ်ရှင်ကြည့်ရန် ပြင်ဆင်နေကြသည်။ ထိုအချိန်တွင် အိမ်တံခါးပိတ်နေသော အစ်မကြီးဖန်နှင့် တိုးမိသောအခါ အစ်မကြီးဖန်သည် ခနဲ့တဲ့တဲ့ဖြင့် စကားနာထိုးလိုက်၏။
"အလို... အဒေါ်ကြီးကျောက်ပါလား။ ဒီအလုပ်တွေကို ကိုယ်တိုင်လုပ်နေရတုန်းလား.. ရှင်ခေါ်ထားတဲ့ ထက်မြက်လှချည်ဆိုတဲ့ ချွေးမလေးကရော ဘယ်ရောက်သွားလို့လဲ”
အဘွားကြီးကျောက်သည်လည်း သေးသေးတင်ခံမည့်သူ မဟုတ်၍ ပြန်ပက်လိုက်သည်။
"အို... ငါ့ချွေးမက နေကြာစေ့သွားဝယ်တာလေ။ ရုပ်ရှင်ကြည့်ရင် နေကြာစေ့လေး ဝါးမှ အရသာရှိတာကိုး။ ငါတို့မိသားစုက တချို့သူတွေလို ဟန်ကိုယ့်ဖို့ လုပ်တတ်တဲ့ အမျိုးထဲက မဟုတ်ဘူးအေ့.."
အစ်မကြီးဖန်သည်လည်း အားကျမခံ ပြန်တုံ့ပြန်၏။
"နေကြာစေ့လောက်ကတော့ ဘယ်သူမဆို ဝယ်နိုင်တာပေါ့အေ၊ အပိုတွေ.. ကျွန်မတို့ဆို ဝလို့တောင် နေပြီ။"
"ဟဲ့... ကြွားလည်း တော်တော်လေး ကြွားစမ်းပါဦး။ ဝနေပြီ ဟုတ်လား.. ဘယ်နှခါစားဖူးလို့လဲ၊ နင်စားတာ ဘယ်သူမှတောင် မမြင်မိပါလား"
အဘွားကြီးကျောက် လှောင်ရယ်လိုက်ပြီး
"အဲဒီလောက် ချမ်းသာနေရင်လည်း အိမ်က မှန်ကွဲတာလေးအတွက် ပိုက်ဆံကို ဘာလို့ ဆွဲထားတာလဲ.. တကယ်ပဲ ချမ်းသာတာလား၊ ဟန်ဆောင်နေတာလားဆိုတာတော့ ဘုရားပဲ သိမှာပေါ့။ စကားတွေကလည်း မိုးပေါ်ပျံနေတာပဲ၊ အခု မိုးအုံ့နေတာ နင့်စကားတွေကြောင့် ဖြစ်မယ်.."
"ရှင်... ရှင် ဘာတွေ လာပြောနေတာလဲ.. ကျွန်မမိသားစုက ပိုက်ဆံရှားနေတယ် ထင်နေလား.."
ဒေါသများ ငယ်ထိပ်ရောက်သွားသော အစ်မကြီးဖန်သည် အော်ဟစ်ရင်း တစ်ယွမ်တန်တစ်ရွက်ကို ထုတ်ပေးလိုက်ကာ
"ဟေ့... ကောင်လေး.. ဒီမှာ ပိုက်ဆံ၊ သွား... နေကြာစေ့ သွားဝယ်ချေစမ်း။ ငါတို့မှာ ပိုက်ဆံဆိုတာ မရှားဘူး.."
ရှီတတိယလေးမှာ အဘွားကြီးကျောက်အား အင်မတန် ကျေးဇူးတင်သော အကြည့်ဖြင့်ကြည့်ကာ ‘ဟုတ်ကဲ့’ ဟုဆို၍ ပျော်ပျော်ကြီး ပြေးထွက်သွားလေသည်။ အဖြစ်အပျက်ကို ကြည့်နေသော ရှီရှောင်ဝေမှာ ဆွံ့အလျက် လှမ်းပြောလိုက်၏။
"အမေရာ... တစ်ယွမ်ဖိုးကြီးတောင် ဝယ်ခိုင်းရလား.. အများကြီးပဲဟာ.."
တစ်ယွမ်ဆိုတာ အသားတစ်ကျင်းနီးပါး ဝယ်လို့ရတဲ့ခေတ်လေ....
အမေက တကယ်ပဲ ရက်ရောသွားတာလား.. ဒါမှမဟုတ် အဘွားကြီးကျောက်ကို ရွဲ့ချင်ဇောနဲ့ မှားများ ပေးလိုက်တာလား..
အစ်မကြီးဖန် မျက်လုံးပြူးသွားကာ
“ဘာ..”
သောက်ကျိုးနည်း.. တစ်ယွမ်.. တစ်ယွမ်ကြီးတောင်လား.. တစ်ဆင့်ထင်နေတာလေ.. အမယ်လေး ကိုယ်ကျိုးနည်းပါပြီ.. ဘာလို့ အများကြီးပေးမိတာလဲ..
ဟဲ့ဟဲ့..
“တတိယလေး … တတိယလေး အမယ်လေး.. ပြန်လာ ပြန်လာဦး..”
ရှီတတိယလေးမှာကား အဝေးသို့ရောက်သွားလေပြီ....
ပိုက်ဆံပြန်တောင်းချင်တယ်ပေါ့.. အိပ်မက်တောင်မမက်နဲ့..
အဘွားကြီးကျောက် လှောင်ပြောင်၍ ခနဲ့လိုက်ပြန်၏။
"အို... အေ့... နှမြောနေတာလား.. ခုနတင်ပဲ စားရတာ ရိုးနေပြီဆို။ ပိုက်ဆံလည်း မရှားဘူးဆိုဦးမလား.. ဘာလို့ စကားတွေ ပြန်ပြင်နေရတာလဲ။ အို... ကြည့်ရတာ နင်လည်း ပြောသလောက် မဟုတ်ပါဘူးလား.."
အစ်မကြီးဖန်မှာ ဒေါသကြောင့် တဆတ်ဆတ်တုန်နေပြန်သည်။
သူမသည် စိတ်တိုလွယ်ပြီး ထစ်ခနဲဆို ဒေါသထွက်၍ တုန်နေတတ်သူပင်..
အဘွားကြီးကျောက် : “အမယ်လေး တစ်ယွမ်လောက်နဲ့ဟယ်.. ဘာကိစ္စကြီးဖြစ်တာကြလို့.. ဟိဟိ..”
အဘွားကြီးကျောက်မှာ ကြက်မကြီးနှယ် ရယ်မော၍ ထေ့လုံးထုတ်ပြန်လေသည်။
“ပိုက်ဆံမရှိရင်လည်း မရှိဘူးပြောပေါ့အေ.. ဘာတွေလာဟန်ဆောင်နေတာလဲ.. အံ့ဩပ”
အစ်မကြီးဖန်မှာ ခေါင်းကိုမော့လိုက်ပြီး နှာခေါင်းရှုံ့၍
"ပိုက်ဆံရှားတယ်.. ငါ့မှာ ပိုက်ဆံဆိုတာ ဘယ်တော့မှ မရှားဘူး၊ လာပြီး လျှောက်မပြောနဲ့။ တစ်ယွမ်လောက်ကတော့ ငါ ဂရုမစိုက်ပါဘူး။ သွားစို့.."
တစ်ယွမ်ကြီးတောင်.. ဘုရားရေ.. အမယ်လေး ငါ့နှလုံးသား.. သွေးထွက်နေပြီ နာလိုက်တာ နာလိုက်တာ....
အစ်မကြီးဖန် ထွက်သည်ကို မြင်သည်နှင့် အဘွားကြီးကျောက်မှာ အိမ်ထဲဝှီးခနဲ ပြေးဝင်လာပြီး
"ရှောင်ကျား၊ ရှောင်ယွမ်... မြန်မြန်လုပ်ကြ၊ ငါတို့လည်း သွားရတော့မယ်။ နေရာကောင်းရအောင် သွားလုရမယ်.."
"ဟုတ်ကဲ့.."
ကလေးနှစ်ယောက်လုံးသည်လည်း လူကြီးလေးများနှယ် ခေါင်းတငြိမ့်ငြိမ့်နှင့် အလွန်ကို ဖျတ်လတ်နေကြ၏။
နေရာလုရာမှာတော့ နံပါတ်တစ်ပဲဖြစ်ရမယ်..
အဘွားကြီးကျောက်သည် အိမ်တံခါးကိုသော့ခတ်ပြီး ကလေးနှစ်ယောက်ကို တစ်ဖက်စီဆွဲ၍ မြေးအဖွားသုံးယောက်သား လေပွေအလား ဝှီးခနဲနေအောင် ပြေးထွက်လာကြသည်။ လမ်းတွင် အစ်မကြီးဖန်တို့ကို လိုက်မှီသွားပြီး နှာမှုတ်ပြလိုက်ကာ ခြေလှမ်းပိုသွက်၍ ကျော်တက်ပစ်လိုက်၏။
ကျော်တက်ပစ်မယ်..
အစ်မကြီးဖန် ......
ဟမ့်.. ကျွန်မက ရှင်လို အဘွားကြီး ကျော်တက်တာကို ခံမယ်ထင်လား..
“သွားစို့..”
အဘွားကြီးကျောက်မှာ ဝီရိယစိုက်ထုတ်၍ ကလေးနှစ်ယောက်ကို မချီလိုက်ပြီး ဒုန်းစိုင်း၍ ပြေးသွားလေ၏။
အစ်မကြီးဖန် ......
သောက်ကျိုးနည်း.. ဘယ်လိုဟာမကြီးပါလိမ့်..
အဘွားကြီးကျောက် : ‘ဟမ်.. ညညါးလိုကောင်မ ငါနဲ့လာယှဉ်ချင်သေးတယ်ပေါ့.. အိပ်မက်မက်နေလိုက်’
သူမသည် ကလေးနှစ်ယောက်ကိုချီ၍ တစ်လမ်းလုံးပြေးလာပြီး မောဟိုက်နေကာ ပွစိပွစိ တတွတ်တွတ် ရေရွတ်လိုက်၏။
"နင်တို့နှစ်ယောက်ကလည်း တော်တော်လေး လေးတာပဲ၊ နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ချီရတာ မလွယ်ဘူးဟေ့"
ဂိတ်စောင့်မှာ အဘွားကြီးကျောက်တစ်ယောက် ယုန်တစ်ကောင်ကဲ့သို့ အလျင်မျိုးနှင့် အပြေးအလွှား ရောက်လာသည်ကို မြင်သောအခါ ခေါ်ဝေါ်သတိပေးလိုက်သည်။
"အဒေါ်ကြီးကျောက်... ဒီနေ့ အပြင်မှာ မပြတော့ဘူးနော်၊ ခန်းမဆောင်ထဲ ပြောင်းသွားပြီ။ အဲဒီကိုသာ မြန်မြန်သွားတော့.."
မြင်လား.. မြင်လား.. ဒါက အပေါင်းအသင်းဆံ့ခြင်းရဲ့ အကျိုးကျေးဇူးပဲ..
အတင်းအဖျင်းတွေကို ကျေးဇူးတင်လိုက်တာ.. မဟုတ်ရင် သူမ ဘယ်လိုများ အပေါင်းအသင်းရှိမှာလဲ..
ထမင်းစားဆောင်၏ အတင်းအဖျင်း ဘုရင်မကြီး အဘွားကြီးကျောက်အတွက်မူ ယခုအခါတွင် မိတ်ဆွေသင်္ဂဟလွန်စွာ ပေါများနေ၏။
အဘွားကြီးကျောက် ချက်ချင်းပင် ခန်းမဆောင်ဘက်သို့ ဦးတည်လိုက်ပြီး ပါးစပ်မှလည်း အော်ဟစ်မေးမြန်းလိုက်သည်။
"ဘာလို့ နေရာပြောင်းတာလဲ.. ငါ့ကို လာညာနေတာတော့ မဟုတ်ပါဘူးနော်.."
"မဟုတ်ပါဘူးဗျာ၊ ဒီနေ့က ရာသီဥနု မကောင်းဘူးလေ၊ မိုးရွာမှာ စိုးလို့ လူကြီးတွေက ခန်းမထဲ ပြောင်းခိုင်းတာပါ။ အထဲမှာ ရုပ်ရှင်ကြည့်ရမှာကို ဝမ်းသာရဦးမယ်။ ဒီလို အခွင့်အရေးမျိုးက အလကားရတာ မဟုတ်ဘူးနော်"
အဘွားကြီးကျောက်မှာ ထိုစကားကို စိတ်ရင်းအပြည့်နှင့် သဘောတူလိုက်၏။ သူမသည် ခန်းမထဲ၌ တစ်ခါမှ ရုပ်ရှင်မကြည့်ဖူးပေ။ အတိတ်တွင် အလုပ်သမားမိသားစုဝင်များမှာ အမြဲတမ်း လဟာပြင်တွင် ပြသသော ရုပ်ရှင်များကိုသာ ကြည့်ခဲ့ရပြီး ယခုကဲ့သို့ အခွင့်အရေးမျိုး မကြုံခဲ့ရပေ။ ခန်းမဆိုသည်မှာ အရေးကြီးသော အခမ်းအနားများအတွက်ဖြစ်ပြီး သူမ ကိုယ်တိုင်မှာလည်း ဝန်ထမ်းမဟုတ်ခဲ့၍ တစ်ခါမှ အခွင့်အရေးမရခဲ့ချေ။
အဘွားကြီးကျောက်သည် ခန်းမသို့ အပြေးအလွှား ရောက်သွားချိန် ပွက်ပွက်ညံနေသော ဆွေးနွေးသံများကို ကြားလိုက်ရလေသည်။
ခန်းမဆောင်အတွင်းသို့ လူအများအပြား ရောက်ရှိနေကြပြီဖြစ်ရာ ရှေ့တန်းထိုင်ခုံများမှာ လူပြည့်လျှံနေချေပြီ။ အဘွားကြီးကျောက်သည် လျှပ်စီးပမာ ဖျတ်လတ်သော အရှိန်အဟုန်ဖြင့် အလယ်တန်းရှိ ထိုင်ခုံသုံးခုံကို အမိအရ နေရာယူလိုက်ပြီး ကလေးနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီတွင် ထားကာ အမောတကော ထိုင်ချလိုက်၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ခမျာလည်း တစ်လမ်းလုံး ပြေးလာရသဖြင့် မောဟိုက်လွန်းလှကာခွေးကလေးများပမာ လျှာလေးများပင် ထွက်နေရှာတော့သည်။
သို့သော်လည်း ထိုသုံးယောက်စလုံး၏ မျက်နှာတွင်မူ ဂုဏ်ယူဝင့်ကြွားမှုများ အထင်းသား ပေါ်လွင်နေပေသည်။
"ငါတို့သာ အနည်းငယ် နှေးကွေးသွားရင် နောက်ဆုံးတန်းမှာ ထိုင်ရတော့မှာ.. အခုထက် ပိုနောက်ကျသွားရင် ထိုင်စရာနေရာတောင် ရှိတော့မှာမဟုတ်ဘူး"
အဘွားကြီးကျောက် ပြောလိုက်ရာ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကလည်း လူကြီးလေးများပမာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံကြလေ၏။
အဘွားကြီးကျောက် ဆက်လက်၍ မှာကြားလိုက်သည်။
"နင်တို့အမေ ရောက်လာလျှင်တော့ နှစ်ယောက်တစ်ခုံထဲ ပူးထိုင်ကြ၊ ပြီးမှ အမေ့ကို တစ်ခုံပေးလိုက်နော်"
"ဟုတ်ကဲ့ပါ.."
ကလေးနှစ်ယောက်မှာ ပြိုင်တူ ပြန်ပြောကြ၏။
ခန်းမဆောင်အတွင်း၌ ရုပ်ရှင်ကြည့်ရခြင်းမှာ ရှားပါးလှသော အခွင့်အရေးဖြစ်သဖြင့် လူတိုင်းမှာ စိတ်လှုပ်ရှားနေကြသည်။ အဘွားကြီးကျောက်ကဲ့သို့ပင် များစွာသောသူတို့မှာလည်း ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်၏။ အကြောင်းမှာ ဤနေရာသည် အလုပ်သမား ဝန်ထမ်း မိသားစုဝင်များအတွက် အမြဲတမ်း ခွင့်ပြုလေ့ရှိသော နေရာမဟုတ်သောကြောင့်ပင်။ အဘွားကြီးကျောက်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း တစ်ကိုယ်တည်း ရေရွတ်နေသည်။
"လူတွေသာ ဒီထက်များလာရင် ထိုင်ခုံလောက်မှာ မဟုတ်တာ သေချာတယ်.. ငါ စောစောလာခဲ့တာ တကယ့်ကို ကံကောင်းလှပါလား”
ရှေ့တန်းဖြစ်စေ၊ နောက်တန်းဖြစ်စေ အရေးမကြီးတော့ဘဲ ထိုင်ခုံရရှိထားခြင်းသည်သာ အဓိကဖြစ်သည်ဟု သူမ ယူဆထား၏။ အဘွားကြီးကျောက်သည် ပိုမိုဝင့်ကြွားလာကာ ကြွားလုံးထုတ်လိုက်လေသည်။
"တွေ့လား... ငါ့အစွမ်းကို သိပြီမဟုတ်လား"
ရှောင်ကျား၏ ဖောင်းနေသော ပါးပြင်လေးများမှာ နီမြန်းနေသော်လည်း ဝမ်းသာအားရ ထောက်ခံပေးလိုက်၏။
"သားတို့ တကယ့်ကို တော်တာပဲနော်"
မိမိတို့နောက်မှ ရောက်လာသောသူများ နောက်ဆုံးတန်းတွင် နေရာရှာနေရသည်ကို မြင်သောအခါ အဘွားကြီးကျောက်သည် ရင်ကိုကော့၍ ခေါင်းကိုမော့ကာ ဂုဏ်ယူစွာ ကြည့်နေတော့သည်။ မိမိတို့နှင့် တစ်ရပ်ကွက်တည်းသားများကို တွေ့ရသောအခါ "ဟော... သူတို့တောင် ငါ့လောက် မစောပါလား" ဟု စိတ်ထဲမှ ကြုံးဝါးနေမိ၏။ အစ်မကြီးဖန်တို့ မိသားစုနှင့် ကျန်းမိသားစုဝင် လေးဦးမှာမူ အဘွားကြီးကျောက်တို့ထက် ခြေလှမ်းအနည်းငယ် နောက်ကျသွားသဖြင့် နောက်ဆုံးတန်း၌သာ ထိုင်ကြရလေသည်။ အဘွားကြီးဟွမ်၏ မျက်နှာမှာ မှိုင်တွေနေပြီး ဘေးရှိ ကျန်းရှင်းဖှမှာလည်း မကျေမနပ် ဖြစ်နေ၏။
တစ်ဖက်တွင်မူ ချန်ချင်းယွီသည် နေကြာစေ့များ ဝယ်ယူပြီးနောက် ပြန်လာနေပြီဖြစ်သည်။ ထိုခေတ်အခါက နေကြာစေ့ဆိုသည်မှာ ထမင်းကဲ့သို့ အဓိကအစာမဟုတ်သလို ဈေးနှုန်းမှာလည်း သက်သာလှသည်မဟုတ်သဖြင့် ဝယ်ယူသူ နည်းပါးလှ၏။ သို့သော်လည်း ချန်ချင်းယွီမှာမူ ရုပ်ရှင်ကြည့်ရင်း နေကြာစေ့ဝါးရခြင်းမှာ လွဲချော်၍မရသော ရသတစ်ခုဟု ယူဆသဖြင့် နှစ်ကျင်းခန့်ကို ရက်ရက်ရောရော ဝယ်ယူခဲ့လေသည်။
သူမသည် လွယ်အိတ်ကို လွယ်ကာ ဖြတ်လမ်းမှ အမြန်လျှောက်လာစဉ် လမ်းသွားလမ်းလာတစ်ဦးနှင့် မတော်တဆ တိုက်မိသွား၏။
"အို... စိတ်မရှိပါနဲ့ရှင်၊ ကျွန်မ မရည်ရွယ်ပါဘူး... ဟော... ရှင်ပါလား.."
တိုက်မိသူမှာလည်း "တောင်းပန်ပါတယ်..." ဟု အလျင်အမြန် ဆိုလာသော်လည်း ချန်ချင်းယွီမှာ ထိုသူကို ချက်ချင်းပင် မှတ်မိသွားသည်။
"ရှင့်ကို မှတ်မိတယ်.. ပြီးခဲ့တဲ့တစ်ခေါက်က ရှင့်ဆီက ကိတ်မုန့်တွေ အကုန်ဝယ်လိုက်တဲ့သူလေ၊ မှတ်မိရဲ့လား.."
ထိုအမျိုးသမီးငယ်မှာ ချန်ချင်းယွီနှင့် ရွယ်တူခန့်သာ ရှိသဖြင့် "မမ" ဟု ခေါ်ရမည်လား၊ "ညီမ" ဟု ခေါ်ရမည်လား ဝေခွဲမရဖြစ်နေသဖြင့် အမည်နာမကို ချန်လှပ်၍သာ ခင်မင်စွာ နှုတ်ဆက်လိုက်၏။အမျိုးသမီးငယ်သည်လည်း ချန်ချင်းယွီကို ချက်ချင်းမှတ်မိသွားကာ ပြန်ပြောလိုက်သည်။
"မှတ်မိတာပေါ့ရှင်၊ ရှင့်မှာ ကလေးနှစ်ယောက် ရှိတယ်မဟုတ်လား"
ချန်ချင်းယွီသည် အမျိုးသမီးငယ် သယ်ဆောင်လာသော ခြင်းတောင်းကို ကြည့်ကာ လေသံကိုနှိမ့်၍ မေးမြန်းလေသည်။
"ပစ္စည်းကောင်းတွေ ပါသေးလား.."
"ပါတာပေါ့.. ဒီနေ့တော့ ကိတ်မုန့်အပြင် နှမ်းလုံးသကြားခဲတွေလည်း ပါသေးတယ်။ ကြည့်ပါဦး... အကုန်လုံး ပစ္စည်းကောင်းတွေချည်းပဲ"
ခြင်းတောင်းထဲတွင် ပစ္စည်းများစွာ ကျန်ရှိနေသေးသည်ကို ကြည့်ခြင်းအားဖြင့် ယနေ့တွင် သူ၏အရောင်းအဝယ်မှာ မကောင်းလှကြောင်း သိသာလှ၏။ အမှန်စင်စစ် သူသည် ယနေ့တွင် ကံမကောင်းစွာဖြင့် လူအချို့၏ ချောင်းမြောင်းဖမ်းဆီးခြင်းကို ခံခဲ့ရသေးသည်။ ပစ္စည်းဝယ်ဟန်ဆောင်ကာ အချိန်ဆွဲ၍ သတင်းပေးဖမ်းဆီးရန် ကြံစည်သူများထံမှ လက်ဦးအောင် ထွက်ပြေးလာခဲ့ရသဖြင့် သူ၏ရင်မှာ တုန်လှုပ်နေဆဲ ဖြစ်သည်။ ဤခေတ်အခါ၌ ပစ္စည်းဝယ်ယူခြင်းမှာ ပြဿနာကြီးကြီးမားမား မရှိသော်လည်း ရောင်းချခြင်းမှာမူ ထောင်နန်းစံရသည်အထိ ဘေးဒုက္ခကြီးမားလှ၏။
"ကျွန်မ ရောင်းလို့ သိပ်မထွက်သေးဘူး။ ရှင် တစ်ခုခု လိုချင်လား.. လိုချင်ရင် ချိန်ပေးပါ့မယ်၊ ကျွန်မလည်း အမြန်သွားရမှာမို့လို့ပါ"
အမျိုးသမီးငယ် ပြောလာ၏။
ချန်ချင်းယွီ တွန့်ဆုတ်မနေဘဲ ပြတ်သားစွာပင် ဆိုလိုက်လေသည်။
"ဈေးတွက်လိုက်ပါ၊ ရှိသမျှ အကုန်လုံးကို ကျွန်မ ယူပါ့မယ်"
အမျိုးသမီးငယ်မှာ အံ့အားသင့်သွားကာ
"ရှင်... တကယ်ပြောတာလား.."
"တကယ်ပါ၊ အကုန်လုံး ယူမယ်၊ ရှင်လည်း မြန်မြန်လုပ်ပေးပါ"
ချန်ချင်းယွီမှာလည်း ရုပ်ရှင်ကြည့်ရန် အချိန်မလင့်စေလိုသဖြင့် လောနေခြင်း ဖြစ်၏။ အမျိုးသမီးငယ်သည် ဝမ်းသာအားရဖြင့် "ကောင်းပါပြီရှင်.. ကျွန်မမှာ ဒီနှစ်မျိုးပဲ ရှိတာပါ၊ အကုန်ယူမယ်ဆိုရင်တော့ ဈေးလျှော့ပေးပါ့မယ်..." ဟု ဆိုကာ ပစ္စည်းများကို စတင်ထုတ်ပိုးပေးလေတော့သည်။
နံရံထောင့်တစ်ခုတွင် အမျိုးသမီးနှစ်ဦးသည် ခပ်ကုတ်ကုတ်ဖြင့် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခုကို ဆောင်ရွက်နေကြသယောင် ရှိနေ၏။ အမှန်စင်စစ် သူတို့သည် ကိတ်မုန့်နှင့် နှမ်းလုံးသကြားခဲ အနည်းငယ်ကို အလျင်အမြန် လဲလှယ်ရောင်းချနေကြခြင်းသာ ဖြစ်သည်။
"ကဲ... အဆင်ပြေပြီဆိုရင် ကျွန်မ သွားတော့မယ်၊ အလုပ်လေးတွေ ရှိသေးလို့"
ချန်ချင်းယွီ ဆိုလိုက်၏။
"သွား... သွား၊ မြန်မြန်သွား၊ ကျွန်မလည်း အမြန်သွားရတော့မယ်.."
အမျိုးသမီးငယ်မှာ ပစ္စည်းများ အကုန်ရောင်းလိုက်ရသဖြင့် ခြင်းတောင်းထဲတွင် ဘာမျှမကျန်တော့သော်လည်း မှောင်ခိုဈေးကွက်ကို စောင့်ကြည့်ဖမ်းဆီးနေသူများ၏ ရန်ကို ကြောက်ရွံ့နေဆဲဖြစ်ရာ အိမ်သို့ အမြန်ပြန်ရန်သာ စိတ်စောနေတော့သည်။ ဘေးကင်းရေးသည်သာ အဓိကဖြစ်သဖြင့် ဤကဲ့သို့ တင်းမာနေသော အခြေအနေမျိုးတွင် အပြင်၌ ကြာရှည်မနေသင့်ကြောင်း သူမ နားလည်ထား၏။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ စကားမဆိုဘဲ နားလည်မှုယူလိုက်ကြပြီး မိမိတို့လမ်းအတိုင်း ခွဲခွာသွားကြလေသည်။ ဤသည်မှာ ဒုတိယအကြိမ်မြောက် အရောင်းအဝယ်ဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး အမည်နာမကိုပင် မိတ်မဆက်ကြပေ။ ဂရုတစိုက်ရှိကြသောသူများ ဖြစ်ကြသည့်အလျောက် "ကံရှိရင် ပြန်ဆုံကြတာပေါ့" ဟုသာ စိတ်ထဲ၌ မှတ်ယူထားကြ၏။
ချန်ချင်းယွီသည် ယခုအချိန်တွင် မိမိ၏ ပင်ကိုယ်စရိုက်ကို ဖုံးကွယ်၍ အေးဆေးစွာ နေထိုင်ရန်သာ ဆုံးဖြတ်ထားသည်။ ခေတ်စနစ်၏ အခြေအနေမှာ တင်းမာလွန်းလှရာ ခေတ်မီသော ကမ္ဘာမှ ရောက်ရှိလာသူတစ်ဦးအဖို့ လုံးဝအသားကျရန် မလွယ်ကူလှပေ။ မိမိ၏ အမှားတစ်ခုကြောင့် ဒုက္ခရောက်မည်ကို သူမ အမြဲသတိထားနေရ၏။ သူမသည် မိမိကိုယ်ကိုယ် အစွမ်းထက်သူတစ်ဦးဟု မမှတ်ယူဘဲ သာမန်လူထက် အနည်းငယ် ပိုတော်သူဟုသာ ယူဆထားသဖြင့် အရာရာတွင် ဆင်ခြင်တုံတရားဖြင့်သာ လုပ်ဆောင်လေ့ရှိသည်။
ချန်ချင်းယွီသည် ပတ်ဝန်းကျင်ကို ကျွမ်းကျင်စွာ လှည့်ပတ်သွားလာရင်း အိမ်ရာဝင်းကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ရုပ်ရှင်ကြည့်မည့်သူများ ထွက်ခွာသွားကြပြီဖြစ်ရာ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
သို့သော်လည်း အပြင်လောက၏ ဆူညံမှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိသူများလည်း ရှိပေသေးသည်။ ဥပမာအားဖြင့် ရှေ့ဝင်းထဲတွင် နေထိုင်သော အသက် ၇၀ ကျော် အဘွားအိုသည် မည်သည့်လှုပ်ရှားမှုတွင်မဆို ပါဝင်လေ့မရှိဘဲ အမြဲတမ်း အိမ်၌သာ ရှိနေတတ်၏။ ထို့ကြောင့် အပြင်၌ မည်သည့်ကိစ္စမျိုးပင် ရှိစေကာမူ အိမ်ရာဝင်းကြီး၏ တံခါးများကို သော့ခတ်ရန် မလိုပေ။ ဆိုရသော် အမြဲတမ်း လူရှိနေသောကြောင့်တည်း။
ချန်ချင်းယွီသည် အိမ်သို့ ခေတ္တဝင်ကာ ပစ္စည်းများကို ချထားပြီးနောက် ညောင်းညာနေသော လက်မောင်းများကို ဆန့်ထုတ်ကာ အကြောဆန့်လိုက်၏။ သူသည် နွားတစ်ကောင်ကဲ့သို့ ခွန်အားဗလနှင့် ပြည့်စုံသူဖြစ်ရာ အနည်းငယ်မျှသော အလုပ်ဖြင့် မောပန်းနွမ်းနယ်သွားခြင်း မရှိပေ။ ရုပ်ရှင်ကြည့်ရန် ပြန်ထွက်ခါနီးမှ နေကြာစေ့များ ဝါးသည့်အခါ လည်ချောင်းခြောက်မည်ကို သတိရသဖြင့် ရေဘူးတစ်ဘူးကို အမြန်ဖြည့်ကာ ယူဆောင်ခဲ့လေသည်။
အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် အလယ်ဝင်းဘက်မှ စူးစူးဝါးဝါး ရန်ဖြစ်သံများကို သဲ့သဲ့ကြားလိုက်ရသဖြင့် ချန်ချင်းယွီသည် ခြေလှမ်းကို တုန့်ခနဲ ရပ်လိုက်၏။ ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးနောက် စပ်စုလိုစိတ်ဖြင့် အသံလာရာဘက်သို့ ခြေသံဖွဖွနင်း၍ တိုးကပ်သွားလေသည်။ ချောင်းကြည့်လိုက်သောအခါ ရန်ဖြစ်နေသူများမှာ အခြားသူမဟုတ်ဘဲ ယွမ်မိသားစုဝင်များ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။
ယင်းမှာ အထူးအဆန်းတော့ မဟုတ်ပေ။
မကြာသေးမီကပင် ထိုမိသားစု၏ အခြေအနေမှာ တစ်ခုခုကို အလိုမကျဖြစ်နေကြသယောင် ရှိနေကြလေသည်။
ချန်ချင်းယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ အလယ်ဝင်းရှိ အိမ်တိုင်း၏ တံခါးနှင့် ပြတင်းပေါက်များ လုံခြုံစွာ ပိတ်ထားသည်ကို အတည်ပြုပြီးနောက် အသာအယာ လျှိုဝင်ကာ ယွမ်တို့အိမ်၏ ပြတင်းပေါက်အောက်တွင် ကုတ်ကုတ်လေး ထိုင်၍ နားစွင့်နေလိုက်၏။
ရန်ဖြစ်နေသော ဇနီးမောင်နှံမှာ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့ပင် ဖြစ်သည်။
ကျောက်ရုံ : "ဒါ ကျွန်မအပြစ်၊ ဒါ ကျွန်မအပြစ်ပဲ ဟုတ်ပြီလား.. ရှင်က ကျွန်မကိုပဲ အပြစ်တင်နေတာ၊ ကျွန်မက ဘာများ ထပ်လုပ်နိုင်ဦးမှာလဲ.."
ယွမ်ဟောက်မင်၏ လေသံမှာ ပိုမိုခက်ထန်လာပြီး
"ဘာလုပ်နိုင်မှာလဲ ဟုတ်လား.. ဒီလောက် ကိစ္စသေးသေးလေးကိုတောင် မင်းက ပျက်စီးအောင် လုပ်ခဲ့တာ၊ မင်းက ဘယ်လိုမိန်းမလဲ.. မိန်းမတွေ အလုပ်လုပ်လျှင် ဘယ်တော့မှ အဆင်မပြေဘူးဆိုတာ ငါသိသားပဲ။ ကြည့်စမ်း... အခုတော့ ကိစ္စလည်း မအောင်မြင်ဘူး၊ လူလည်း အငြိုးခံလိုက်ရပြီ။ ငါတို့သမီး ဟောက်ရွှယ်သာ ယာယီဝန်ထမ်းအလုပ် မရခဲ့ရင် ဘယ်လိုလုပ်မလဲ.. မင်းက သမီးကို ကျေးလက်ဘက်ကို ဆင်းခိုင်းချင်လို့လား.. တစ်နေကုန် လယ်ထဲမှာ အလုပ်လုပ်ရမယ့်ဘဝကို မင်းက ကြည့်ရက်လို့လား.. ငါတို့သမီးက ဒီလောက်လှတာ၊ ကျေးလက်က လူရမ်းကားလေးတွေက ယုတ်မာတဲ့ အကြံနဲ့ တစ်ခုခုလုပ်လိုက်ရင် မင်း ဘယ်လိုလုပ်မလဲ.. ပြောစမ်းပါဦး.."
ကျောက်ရုံသည်လည်း ပြန်လည် တုံ့ပြန်လေသည်။
"ကျွန်မကရော ဒီလိုဖြစ်ချင်လို့လား.. ရှောင်ချွေက အရက်မူးရင် ဒီလိုမျိုး သောင်းကျန်းလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ကျွန်မလည်း ရှန့်ရှန့်ဆီကို နေ့တိုင်းသွားပေမဲ့ သူက ကျွန်မကို လုံးဝဂရုမစိုက်ဘူး။ သူက ညွှန်ကြားရေးမှူးလီနဲ့ ပတ်သက်မှု ရှိနေတာလေ။ သူသာ ကူညီရင် အားလုံးအဆင်ပြေနိုင်ပေမဲ့ အခုတော့ သူက ကျွန်မကို စိတ်ဆိုးသွားပြီ။ ကျွန်မမှာ တခြားနည်းလမ်း မရှိတော့ဘူး။ ရှောင်ချွေကတော့ လူတွေကို အငြိုးထားခံလိုက်ရပြီဆိုတော့ တခြားဟာကို စဉ်းစားရတော့မယ်။ ဒုတိယဝင်းက ချန်ချင်းယွီက တကယ့်ကို အလှပဂေးပဲ။ အိမ်ထောင်ကျဖူးပြီး ကလေးရှိတယ်ဆိုပေမဲ့ အလှအပကတော့ အားသာချက်တစ်ခုပဲ။ သူ့ကိုသာ ကျွန်မတို့ဘက်ပါအောင် ဖျောင်းဖျပြီး အသုံးချနိုင်ရင် အကျိုးအမြတ် တစ်ခုခုရနိုင်မလားလို့ ကျွန်မ စဉ်းစားနေတာ။ ဒါပေမဲ့ သူက ခေါင်းမာလွန်းတော့ အရှုံးနဲ့ အမြတ် မကာမိမှာကိုလည်း ကြောက်ရသေးတယ်..."
ပြတင်းပေါက်အောက်၌ ပုန်းကွယ်နေသော ချန်ချင်းယွီ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
ဪဟော... ငါ့ကိုပါ အသုံးချဖို့ ကြံနေကြတာကိုး....
လူယုတ်မာတွေ..
အိမ်ရာဝင်းထဲတွင် အဘွားကြီးဟွမ်နှင့် အဘွားကြီးရှီတို့ကဲ့သို့ အကျင့်မကောင်းသူများ ရှိသော်လည်း ကျောက်ရုံကဲ့သို့ ယုတ်မာပရိယာယ်များလှသောသူမျိုး မရှိခဲ့ဖူးပေ။
ယွမ်ဟောက်မင်၏ အသံ ဆက်လက်ထွက်ပေါ်လာ၏။
"ချန်ချင်းယွီလား.. သူက တကယ်ပဲ လှပါတယ်။ သူ့ကိုသာ ငါတို့ကိစ္စထဲ ဆွဲသွင်းနိုင်ရင်တော့ နည်းလမ်းကောင်းတစ်ခုပဲ။ ကျောက်ရုံ... မင်းက အရည်အချင်းရှိတာ ငါသိပါတယ်၊ ဝင်းထဲမှာလည်း လူချစ်လူခင်များတာပဲ။ မင်းသာ သေချာကြိုးစားရင် ချန်ချင်းယွီကို စည်းရုံးနိုင်မှာပါ… သူက မုဆိုးမလေးပဲလေ၊ သူ ဒုက္ခရောက်လို့ ငါတို့မိသားစုအတွက် အကျိုးရှိမယ်ဆိုရင် ဒါဟာ သူ့အတွက် ဂုဏ်ယူစရာတောင် ဖြစ်ဦးမှာပေါ့။ ငါတို့နှစ်ယောက်စလုံးက ကလေးတွေ အဆင်ပြေဖို့အတွက် လုပ်နေကြတာပဲ။ ငါကလည်း အစွမ်းအစ မရှိသူမို့လို့ မင်းကို ဒီနှစ်တွေမှာ ပင်ပန်းစေခဲ့ပြီ..."
ကျောက်ရုံ ယွမ်ဟောက်မင်၏ လက်ကို ချက်ချင်းအုပ်ကိုင်ကာ ချိုသာစွာ နှစ်သိမ့်လိုက်၏။
"ဒီလိုမပြောပါနဲ့ရှင်၊ ရှင့်မှာ အရည်အချင်းရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ သူတို့ကသာ လူတော်ကို မသိကြတာပါ.. ရှင့်မှာသာ နောက်ခံကောင်းကောင်းရှိရင် မာကျန့်ယီထက်တောင် ရာထူးကြီးဦးမှာပါ.. ရှင့်ရဲ့ အရည်အချင်းကို ရှင်ကိုယ်တိုင် လျှော့မတွက်ပါနဲ့"
"ရှင်မ... မင်းက တကယ့်ကို ကောင်းတဲ့ဇနီးပဲ၊ ငါ့ဘဝမှာ မင်းလိုမိန်းမမျိုး ရခဲ့တာ တကယ်ကို ကံကောင်းတာပဲ..."
နှစ်ဦးသား အချစ်ကြည်နူးစပြုလာကြပြန်၏။
ပြတင်းပေါက်အောက်မှ ချန်ချင်းယွီမှာမူ …
နင်တို့က ခုနတင် ရန်ဖြစ်နေပြီး အခုကျ ချစ်ကြည်နူးတစ်တီတူး နေကြပြန်ပြီ ဖွီ.. ရွံစရာကောင်းလိုက်တာ....
ဒါလားရန်ဖြစ်တာ....
ကြည့်ရသည်မှာ ယွမ်ဟောက်မင်သည် ကျောက်ရုံကို လှည့်စားဖျောင်းဖျရာ၌ အလွန်ပင် ကျွမ်းကျင်လှပေသည်။ ကျောက်ရုံသည် စိတ်ထားယုတ်ညံ့သူ ဖြစ်သော်လည်း ယွမ်ဟောက်မင်ကမူ သူမထက်ပင် ပို၍ ဆိုးသွမ်းနေ၏။ သူသည် ဇနီးဖြစ်သူ၏ နောက်ကွယ်၌ ပုန်းကွယ်ကာ အကျိုးအမြတ်များကိုသာ ရယူပြီး မကောင်းသတင်းဟူသမျှကိုမူ ဇနီးဖြစ်သူအား ခါးစည်းခံခိုင်းနေခြင်းတည်း။ ချန်ချင်းယွီသည် ဤကဲ့သို့သော လူစားမျိုးကို အကြိမ်ကြိမ် မြင်ဖူးထားသဖြင့် တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်ကာ စက်ဆုပ်ရွံရှာမိလေသည်။
ချန်ချင်းယွီသည် နှုတ်ခမ်းကို မဲ့လိုက်ကာ ဤဇနီးမောင်နှံကို ကြည့်၍ စကားပင် မဆိုနိုင်တော့ပေ။
‘တကယ်ပါပဲ.. ငါ့ကိုကြည့်ရတာ အဲဒီလောက်တောင် အူကြောင်ကြောင်နိုင်နေလို့လား.. ငါ့ကို အသုံးချပြီး သူတို့မိသားစုအတွက် အကျိုးအမြတ်ရှာဖို့ ကြံနေကြတာလား.. ငါကများ သူတို့အတွက် အနစ်နာခံပေးမယ့် အရူးလို့ ထင်နေကြတာလား..’
‘ငါက ရူးနေတဲ့သူမို့လို့လား ငါ့ကိုများ မေတ္တာရှင်မလေး မှတ်နေတာလား’
‘ဘယ်ကနေများ ဒီလောက် ယုံကြည်ချက်တွေ ပြည့်နေကြာတာပါလိမ့်..’
‘ငါ့လက်သီးတွေ ယားလာပြီ..’
သူတို့၏ ယုံကြည်ချက်များသည် မည်သည့်နေရာမှ ရောက်ရှိလာသည်ကို ချန်ချင်းယွီ စဉ်းစား၍မရပေ။ ၁၉၅၀ ပြည့်လွန်နှစ်များမှ တက္ကသိုလ်တက်ခဲ့ဖူးသော ပညာတတ်များဖြစ်ပါလျက်နှင့် အခြားသူများကို အရူးမှတ်ကာ ကိုယ်ကျင့်တရား ပျက်ပြားနေကြပုံမှာ အံ့ဩဖွယ်ပင်။ သူတို့၏ ယုတ်မာမှုမှာ အတိုင်းအဆမရှိတော့ချေ။
ယခုမူ ချန်ချင်းယွီ သေချာနားလည်သွားလေသည်။ ၁၉၅၀ ပြည့်နှစ်များမှ တက္ကသိုလ်ကျောင်းသားများ ဖြစ်ပါလျက် အဘယ်မျှ မတိုးတက်ဘဲ လက်ရှိနေရာတွင် တန့်နေရသည်မှာ….
စောက်ကျင့်မှ မကောင်းတာကို....
ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ဟာတွေ..
လူတိုင်းကို အရူးလိုဆက်ဆံနေတယ်....
ချန်ချင်းယွီမှာ သူတို့အား အကြိမ်တစ်ထောင်မက အထင်သေးမိ၏။ ထိုလင်မယားမှာ အတော်လေးရွံစရာကောင်းလှပြီး အင်မတန် တစ်ကိုယ်ကောင်းဆန်ကာ ကမ္ဘာကြီးမှာ မိမိကိုဗဟိုပြု လည်ပတ်နေသည့်အလား ထင်နေသည့် စောက်ရူးများပင်..
ယွမ်ဟောက်မင်သည် မိမိကိုယ်ကိုယ် ကျေနပ်အားရနေဟန်ဖြင့် ဇနီးဖြစ်သူကို ဆက်လက်ချော့မော့နေသည်။
"ရှင်မ... မင်းမှာ တာဝန်တွေပိပြီး ပင်ပန်းနေမှာကို ငါသိပါတယ်။ ဒါပေမဲ့ ငါက ယောက်ျားတစ်ယောက်ဆိုတော့ ဒီလိုကိစ္စမျိုးတွေကို လုပ်ရတာ မသင့်တော်ဘူးလေ.. ငါလည်း စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ကလေးတွေရဲ့ အမေဖြစ်တဲ့ မင်းပဲ ဒါတွေကို ကိုင်တွယ်နိုင်မှာပါ။ ငါတို့ ဟောက်ရွှယ်လေးက ငယ်ငယ်ကတည်းက အဖိုးတန်လေးလို ပြုစုပျိုးထောင်လာတာ၊ သူ့အနာဂတ်အတွက်ပဲ မဟုတ်လား။ သူသာ အခြေအနေကောင်းတဲ့သူနဲ့ အိမ်ထောင်ကျရင် သူ့အစ်ကို ဟောက်ဖုန်းကိုလည်း ကူညီနိုင်မှာပေါ့.. ဒါမှ ငါတို့ယွမ်မိသားစု ကြီးပွားမှာ.. ငါတို့ ကျေးလက်ကိုသာ ဆင်းသွားရရင် ဘာမှကျန်တော့မှာ မဟုတ်ဘူး"
ယွမ်ဟောက်မင်၏ အပြောကောင်းမှုကြောင့် ကျောက်ရုံသည် စိတ်ပြေသွားကာ
"ကျွန်မ သိပါတယ်ရှင်.. ချန်ချင်းယွီကို ကျွန်မ တတ်နိုင်သလောက် စည်းရုံးကြည့်ပါ့မယ်.. ဒါပေမဲ့ သူက ခေါင်းမာတော့ ကိစ္စတွေ ပျက်စီးသွားမှာကိုလည်း စိုးရိမ်ရတယ်.. ဒါကြောင့် နှစ်ဖက်စလုံးကနေ ကိုင်တွယ်ရမယ်. . ရှင်လည်း ရှောင်ချွေကို နားဝင်အောင် ပြောရမယ်နော်"
ယွမ်ဟောက်မင် သက်ပြင်းချကာ
"ချန်ချင်းယွီ ရှိနေတာပဲ၊ ဘာလို့ ရှောင်ချွေကို ရှေ့တန်းတင်နေဦးမှာလဲ။ ရှောင်ချွေက ငါ့သမီးပဲလေ၊ သူသာ ယောက်ျားတွေအများကြီးနဲ့ ပတ်သက်နေရင် ငါတို့အတွက် အရှက်ရစရာ ဖြစ်လိမ့်မယ်..."
"ဘယ်သူက သွားပြောမှာလဲ.. ရှင်က အပိုတွေ စိုးရိမ်နေတာပါ.. အဲဒီလူကြီးတွေကရော သူတို့ဂုဏ်သိက္ခာကို မငဲ့ကြဘူးလား.. ရှောင်ချွေသာ အဲဒီလူကြီးတစ်ယောက်ယောက်ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ရင် ငါတို့မိသားစုအတွက် နောက်ခံကောင်းတစ်ခု ရမှာပေါ့။ ရှင့်မှာက ဘာနောက်ခံမှ မရှိတာ မဟုတ်လား"
ကျောက်ရုံ၏ တည်ငြိမ်သွားသော ခံစားချက်များမှာ တစ်ဖန် အုံကြွလာပြန်၏။
သူမနှင့် ယွမ်ဟောက်မင်၏ အငြင်းပွါးမှုဆယ်ခုတွင် ကိုးခုမှာ ယွမ်ရှောင်ချွေနှင့် ပက်သက်ပြီး ဖြစ်ကြခြင်းပင်။
ကျောက်ရုံမှာ ယွမ်ရှောင်ချွေကို အူထဲအသည်းထဲမှ လှိုက်၍ မုန်းတီးနေလေသည်။
တရားမဝင်သမီးကများ ဘာအခွင့်အရေးကို လိုချင်နေရတာလဲ....
သူ့အမြင်တွင် ရှောင်ချွေနှင့် သူမ၏မိခင်မှာ မိမိအိမ်ထောင်ရေးကို ဖျက်ဆီးသူများသာ ဖြစ်၏။ ရှောင်ချွေ၏မိခင်မှာ ယွမ်ဟောက်မင်၏ ပထမဇနီးဖြစ်သည်ကိုမူ သူမ ဂရုမစိုက်ပေ။
ထိုစဉ်အခါက ကျေးလက်ရွာလေး၌ မင်္ဂလာပွဲကျင်းပကာ လူသိရှင်ကြား လက်ထပ်ခဲ့ကြသော်လည်း သူတို့သည် အိမ်ထောင်ရေးကို တရားဝင် မှတ်ပုံတင်ခဲ့ခြင်း မရှိကြပေ။
ကျောက်ရုံမှာမူ မိမိသည်သာ အရင်ဆုံး မှတ်ပုံတင်ခဲ့သူဖြစ်၍ ယွမ်ဟောက်မင်၏ တစ်ဦးတည်းသော တရားဝင်ဇနီးဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားသည်။ ရှေးရိုးစွဲ လူ့အဖွဲ့အစည်း၏ ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲကျင်းပခြင်း၊ နတ်ကန်တော့ခြင်းနှင့် ကောင်းကင်မြေကြီးကို ကန်တော့၍ လက်ထပ်ခြင်းသည်သာ အတည်ဖြစ်သည်ဟူသော အယူအဆများကို သူမ ဂရုမစိုက်ပေ။
သူ့အတွက်မူ "တရားဝင် ဇနီးသည်" ဆိုသည့် ဘွဲ့ထူးသည်သာ အရာရာဖြစ်၏။
ထို့ကြောင့် ယွမ်ဟောက်မင် ယွမ်ရှောင်ချွေဘက်မှ ကာကွယ်ပြောဆိုတိုင်း ကျောက်ရုံသည် ဒေါသအလိပ်လိပ် ထွက်ရမြဲတည်း။ ယနေ့ ရန်ဖြစ်ရခြင်း၏ အရင်းအမြစ်မှာလည်း ယွမ်ရှောင်ချွေပင် ဖြစ်၏။ ယွမ်ရှောင်ချွေသည် သူမ ကံကောင်းခြင်းများကို ဖျက်ဆီးနေသည်ဟု သူမ ယူဆလေသည်။ လူအများမှာ ချန်ချင်းယွီကို အမင်္ဂလာ နိမိတ်မကောင်းသူဟု ဆိုကြသော်လည်း ကျောက်ရုံ၏ အမြင်တွင်မူ ယွမ်
ရှောင်ချွေသည်သာ တကယ့် အမင်္ဂလာမ ဖြစ်နေ၏။
"ကျွန်မကို စိမ်းကားလှချည်ရဲ့လို့ မထင်ပါနဲ့.. ရှောင်ချွေက ရှင့်သမီးဆိုရင် ကျွန်မသမီးလည်း ဖြစ်တာပါပဲ.. ဒီနှစ်တွေမှာ သူ့အပေါ် ကျွန်မ ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ ရှင်အသိဆုံးပါ။ သူ့ကို ဒုက္ခပေးချင်စိတ် ကျွန်မမှာ မရှိပါဘူး.. ဒါပေမဲ့ ဒါဟာ မိသားစုအကျိုးအတွက် လုပ်နေရတာလေ.. ကျွန်မတို့ ဟောက်ရွှယ်လေး မြို့မှာ ဆက်နေနိုင်ဖို့ဆိုရင် တစ်ယောက်ယောက်ကတော့ အနစ်နာခံရမှာပေါ့။ ရှောင်ချွေက လိမ္မာပါတယ်၊ ဒါပေမဲ့ ဟောက်ရွှယ်က ပိုပြီး အရေးကြီးတယ်… ဟောက်ရွှယ်သာ အိမ်ထောင်ကောင်းရင် ရှင့်အတွက်လည်း နောက်ခံကောင်းရမယ်၊ ရာထူးလည်း တက်မှာပေါ့.. ရှင့်ထက် ညံ့တဲ့သူတွေတောင် ရာထူးတက်နေတာ ရှင်ကြည့်ရက်လို့လား.. ကျွန်မကတော့ လုံးဝ မကြည့်ရက်ဘူး"
ကျောက်ရုံ ဆက်လက်၍ ရှန့်ရှန့်ကို နမူနာပြကာ သူ၏ မနာလိုမှုကို ဖွင့်ဟလေသည်။
"ရှန့်ရှန့်ကို ကြည့်ပါဦး.. ကျောင်းတုန်းက သူက ကျွန်မကို ဘယ်နေရာမှာ ယှဉ်နိုင်လို့လဲ.. ဒါပေမဲ့ အခုတော့ သူက အနုပညာအဖွဲ့ရဲ့ ခေါင်းဆောင်တောင် ဖြစ်နေပြီ။ သူက အနုပညာအကြောင်း ဘာသိလို့လဲ.. ကျွန်မတို့က သူ့ထက် မညံ့ပါဘူး.. ဒါကို ကျွန်မ လက်မခံနိုင်ဘူး၊ ရှင်လည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ မျှော်လင့်ချက်က ဟောက်ရွှယ်ပဲ ရှိတာ.. မဟုတ်ရင် ရှောင်ချွေကို အားကိုးမလို့လား.. သူ့ကို မချစ်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက တကယ်ကို ရုပ်မလှဘူးလေ"
"သူ့မှာသာ ချန်ချင်းယွီလို ရုပ်ရည်မျိုး ရှိရင်တော့ ကျွန်မ သူ့ကို ဘယ်လိုနည်းနဲ့မဆို မြို့မှာပဲ ဆက်ထားမှာပေါ့.. အဆက်အသွယ် ကောင်းကောင်းနဲ့ဆိုရင် သူ့အနာဂတ်က တောက်ပနေမှာ သေချာတယ်။ ဒါပေမဲ့ သူ့ရုပ်ရည်နဲ့ကတော့ မဖြစ်နိုင်ဘူးလေ.. ဒါကြောင့် ဟောက်ရွှယ်ကိုပဲ ကျွန်မတို့ ကာကွယ်ရမယ်.. ဟောက်ရွှယ် အိမ်ထောင်ကောင်းမှ ကျွန်မတို့အနာဂတ်က လှပမှာ။ ရှင်သာ ရှောင်ချွေကိုပဲ တတွတ်တွတ် ပြောနေရင် ကျွန်မတို့အတွက် အနာဂတ်ဆိုတာ ရှိမှာမဟုတ်ဘူး.. ရှင် သဘောတူတယ် မဟုတ်လား.."
ယွမ်ဟောက်မင်သည် နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီး
"ငါ... အားလုံးကို နားလည်ပါပြီ"
သူသည် ညှိုးငယ်သော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်၏။
ကျောက်ရုံ ဆက်လက်၍ ဖျောင်းဖျပြောဆိုပြန်သည်။
"ရှင်က ကျွန်မကို အကြံပေးသလို ကျွန်မကလည်း ရှင့်ကို အကြံပေးပါရစေ.. ယောက်ျားတစ်ယောက်အတွက် ရာထူးဂုဏ်ရှိန်က အရေးကြီးဆုံးပဲ။ ရှင်လည်း အသက်အရွယ် ဒီလောက်ရနေပြီ၊ ဒီအတိုင်းပဲ တစ်သက်လုံး နေသွားတော့မှာလား.. သမီးသာ အိမ်ထောင်ကောင်းရင် ငါတို့အနာဂတ်က ပိုတောက်ပလာမှာပါ.. အခုတော့ ရှောင်ချွေကို အသုံးချပြီး ဟောက်ရွှယ်ကို အရင်ကာကွယ်ထားရမယ်.. ပြီးမှ ဟောက်ရွှယ်အတွက် နေရာကောင်းရှာပေးရင် ကျွန်မတို့အားလုံး ဂုဏ်ရှိန်တက်လာမှာပေါ့။ ဟောက်ရွှယ်သာ ဩဇာရှိတဲ့သူနဲ့ အိမ်ထောင်ကျသွားရင် ရှောင်ချွေကို မြို့ပြန်ခေါ်ဖို့ဆိုတာ ခလုတ်နှိပ်သလောက် လွယ်သွားလိမ့်မယ်"
ယွမ်ဟောက်မင် မည်သို့ပင် ပြန်လည်တုံ့ပြန်သည်ဖြစ်စေ ပြတင်းပေါက်အောက်မှ နားထောင်နေသော ချန်ချင်းယွီမှာမူ သူတို့၏ စကားလုံးများကြောင့် နားပင် ညစ်ညမ်းသွားသကဲ့သို့ ခံစားနေရ၏။
‘ဒါတွေက ဘယ်လိုလူစားမျိုးတွေလဲ.. ဘယ်လိုတောင် စက်ဆုပ်ဖို့ကောင်းလိုက်သလဲ..’
ချန်ချင်းယွီသည် မနေ့ညက စားထားသော ထမင်းများပင် ပြန်အန်ထွက်ချင်စိတ် ပေါက်လာတော့သည်။ သူတို့မိသားစုတစ်ခုလုံးမှာ တစ်ယောက်ထက်တစ်ယောက် ယုတ်မာနေကြသူများသာ ဖြစ်၏။ ထို့ပြင် ချန်ချင်းယွီသည် တစ်ခုကိုလည်း ရိပ်မိလိုက်သည်။ ယွမ်ဟောက်မင်သည်လည်း ဇနီးဖြစ်သူနှင့် အကြံတူနေသော်လည်း ဟန်ဆောင်ကောင်းနေခြင်းသာ ဖြစ်၏။ ဤနည်းဖြင့် သူသည် မကောင်းမှုဟူသမျှကို ကျောက်ရုံအပေါ် ပုံချကာ မိမိကိုယ်ကိုယ်မူ ဘာမျှမသိရှာသော လူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်နိုင်ပေလိမ့်မည်။
‘တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့ လူစားပဲ..’
ချန်ချင်းယွီသည် ထိုမိသားစုကို အလွန်အမင်း ရွံရှာမိ၏။ သူတို့သည် တစ်ရပ်ကွက်လုံးတွင် အညစ်ပတ်ဆုံးနှင့် အရှက်အမဲ့ဆုံးသူများ ဖြစ်ကြသည်။ သူမသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးကို အပေါ်သို့ လှန်ကြည့်လိုက်စဉ် ရုတ်တရက် ခြေသံအချို့ကို ကြားလိုက်ရ၏။ ချန်ချင်းယွီသည် ဖျတ်ခနဲ သတိကပ်လိုက်ကာ ဘေးဘက်သို့ အမြန်ရှောင်လိုက်ပြီး ဘေးအိမ်မှ ပြတင်းပေါက်ဘောင်ကို အရှိန်ယူ နင်းကျော်ကာ တံတိုင်းပေါ်သို့ လျှပ်စီးပမာ ခုန်တက်၍ ပုန်းကွယ်လိုက်လေသည်။
ချန်ချင်းယွီသည် ခေါင်မိုးစွန်းမှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်၏။
"ဟင်....."
ယွမ်ရှောင်ချွေပါလား....
သူက ဘယ်အချိန်က ပြန်ရောက်နေတာလဲ..
ယွမ်ရှောင်ချွေသည် အပြေးအလွှား ပြန်လာဟန်တူပြီး မျက်နှာတစ်ခုလုံး နီမြန်းနေလေသည်။ သူသည် အိမ်ထဲသို့ လှမ်းခေါ်ရန် ပြင်ဆင်နေစဉ်မှာပင် အပေါ်ဘက်မှ လုံးခြေထားသော စက္ကူစတစ်ခု သူ၏ကိုယ်ပေါ်သို့ ကျလာခဲ့သည်။ ရှောင်စုသည် ဇဝေဇဝါဖြင့် အပေါ်သို့ မော့ကြည့်လိုက်သော်လည်း ချန်ချင်းယွီမှာ ဖျတ်ခနဲ ပုန်းကွယ်လိုက်ပြီ ဖြစ်၏။
"ဘယ်သူမှ မရှိပါလား..."
သူသည် လုံးခြေထားသော စက္ကူစကို ဖြန့်ကြည့်လိုက်ရာ ၎င်းမှာ တစ်ပဲတန် အကြွေစေ့လေး တစ်စေ့ဖြစ်နေသည်။ ရှောင်ချွေမှာ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားကာ ရှေ့နောက်လှန်၍ အထပ်ထပ် ကြည့်နေမိ၏။
ဘာကိုဆိုလိုတာလဲ....
၎င်းပေါ်တွင် စာသားတစ်လုံးမျှ ရေးသားထားခြင်းမရှိဘဲ ငွေတစ်ပဲတန် သက်သက်သာ ဖြစ်၏။
သူမသည် ခေါင်မိုးပေါ်သို့ တစ်ဖန် ပြန်ကြည့်သော်လည်း မြင့်မားသောနေရာတွင် ရှိနေသည့်အပြင် ချန်ချင်းယွီသည်လည်း ဘေးသို့ တိုးကပ်ပုန်းကွယ်နေသဖြင့် ရှောင်ချွေမှာ ဘာမျှ မမြင်ရတော့ဘဲ စိတ်ထဲ၌ သံသယများ ပြည့်နှက်နေလေသည်။
ထိုသို့ အကြွေစေ့ကို ကြည့်ကာ နှောင့်နှေးနေသည့် အချိန်မှာပင် အိမ်ထဲမှ ကျောက်ရုံ၏ စကားသံကို အတိုင်းသား ကြားလိုက်ရ၏။
"ရှောင်ချွေကိစ္စနဲ့ ပတ်သက်ရင်တော့ ရှင့်အနေနဲ့ ကျွန်မစကားကို နားထောင်ရမယ်။ ဒါကို အတည်ပြုလိုက်ပြီ။ ကျွန်မ နည်းလမ်းနှစ်မျိုးနဲ့ သွားမယ်။ ချန်ချင်းယွီကို အသုံးချတဲ့ အကြံအစည်က အောင်မြင်မလာခဲ့ရင်တော့ ရှောင်ချွေဘက်က ပိုပြီး ကြိုးစားရလိမ့်မယ်"
ယွမ်ရှောင်ချွေသည် ဇဝေဇဝါဖြင့် ခေါင်းကို စောင်းကာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ခြေသံကို သတ်၍ ရှေ့သို့ တိုးကပ်သွားသည်။ ထို့နောက် ချန်ချင်းယွီ စောစောမှ ထိုင်သွားခဲ့သော နံရံထောင့်လေးတွင်ပင် ကုတ်ကုတ်လေး ထိုင်၍ နားစွင့်နေလိုက်၏။
ခေါင်မိုးစွန်းတွင် ပုန်းနေသော ချန်ချင်းယွီမှာမူ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။
သူ့ထံတွင် ရေးစရာ စက္ကူမပါသော်လည်း ပိုက်ဆံမှာမူ အမြဲ ဆောင်ထားတတ်သူဖြစ်ပြီး၊ ထိုအကြွေစေ့မှာ စောစောပိုင်း မုန့်သည် အမျိုးသမီးငယ်ထံမှ အကြွေပြန်အဖြစ် ရရှိခဲ့ခြင်းဖြစ်ကာ အလောတကြီး ဖြစ်နေသဖြင့် ရှောင်ချွေထံသို့ ပစ်ချပေးလိုက်ခြင်းသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ရှောင်ချွေအနေဖြင့် ကျောက်ရုံနှင့် သူ့ဖခင်တို့၏ စကားကို အနည်းငယ်မျှ နားထောင်ခွင့်ရသွားပါက ထိုမိန်းကလေးသည် နောင်တွင် ပို၍ သတိထား ဆင်ခြင်နိုင်ပေလိမ့်မည်။
အမှန်စင်စစ် ချန်ချင်းယွီနှင့် ယွမ်ရှောင်ချွေတို့မှာ ခင်မင်သူများ မဟုတ်ကြပေ။ တိတိကျကျ ပြောရလျှင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးပင် မရှိကြချေ။ သို့သော်လည်း မိမိကို အသုံးချရန် ယုတ်မာစွာ ကြံစည်နေကြသည်ကို သိနေရသော ချန်ချင်းယွီအဖို့ ဤအတိုင်း ကြည့်မနေနိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် ယွမ်ရှောင်ချွေသည် စကားတစ်လုံးမျှ မဟဘဲ ငြိမ်သက်နေခဲ့သည်။ အိမ်ထဲမှ လူများ မိမိအကြောင်းကို ပြောနေကြသည်ကို ကြားရသောအခါ ရှောင်ချွေမှာ စူးစမ်းလိုစိတ် ပြင်းပြသွားကာ ပြတင်းပေါက်အောက်တွင် ဝပ်၍ နားစွင့်နေ၏။ မိမိထံသို့ ငွေတစ်ပဲတန် မည်သူ ပစ်ချပေးခဲ့သည်ဆိုသည်ကိုပင် သူမ ဂရုမစိုက်နိုင်တော့ဘဲ အတွင်းမှ စကားသံများဆီသို့သာ အာရုံအပြည့် ရောက်ရှိနေလေသည်။
ယွမ်ဟောက်မင် သက်ပြင်းချရင်း
"ဟင်း... ငါ ရှောင်ချွေအပေါ် တကယ်ပဲ အားနာမိတယ်"
ကျောက်ရုံမှာ အေးစက်စက် လေသံဖြင့် ပြန်ပြောလေ၏။
"ဘာကို အားနာနေရတာလဲ.. ဒီနှစ်တွေမှာ သူ့အပေါ် ကျွန်မတို့ တတ်နိုင်သလောက် ကောင်းခဲ့တာပဲ မဟုတ်လား။ အခု မိသားစုက သူ့ကို လိုအပ်နေတဲ့အချိန်မှာ သူက မိသားစုအတွက် အကျိုးပြုသင့်တာပေါ့"
ကျောက်ရုံသည် ချန်ချင်းယွီကို အသုံးချရန် ကြံစည်ထားသော်လည်း သူစိမ်းထက် မိမိလူကို အသုံးချရန်မှာ ပို၍ လွယ်ကူကြောင်း ကောင်းစွာ နားလည်ထားသည်။ ချန်ချင်းယွီသည် အပေါ်ယံ၌ ရိုးသားသယောင် ထင်ရသော်လည်း စိတ်လိုက်မာန်ပါ လုပ်တတ်သူဖြစ်ကြောင်း သူ သိထားသဖြင့် ယုံကြည်မှု အပြည့်အဝ မရှိလှပေ။ သို့သော်လည်း ယွမ်ရှောင်ချွေကိုမူ သူ၏ လက်ခုပ်ထဲက ရေကဲ့သို့ အလွယ်တကူ ကိုင်တွယ်နိုင်မည်ဟု တွက်ချက်ထား၏။
"ရှောင်ချွေကို ရှေ့တန်းတင်ရုံနဲ့ ကျွန်မကို လူဆိုးလို့ မထင်လိုက်ပါနဲ့.. သူက မိသားစုအတွက် အကျိုးပြုခဲ့တာပဲ၊ သူ့ရဲ့ကျေးဇူးကို ကျွန်မ ဘယ်လိုလုပ် မေ့ပါ့မလဲ။ ဟောက်ရွှယ်ရဲ့ အနာဂတ် တောက်ပသွားတဲ့တစ်နေ့ကျရင် ညီအစ်မအချင်းချင်း သံယောဇဉ်ကို ငဲ့ပြီး ရှောင်ချွေကို မြို့ပြန်လာနိုင်အောင် သေချာပေါက် ကူညီမှာပေါ့။ ရှင့်အနေနဲ့ ကျွန်မစကားကိုပဲ နားထောင်စမ်းပါ"
ယွမ်ဟောက်မင်သည် အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ
"ဒါဆိုလည်း... မင်းသဘောအတိုင်းပဲ လုပ်ကြတာပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ကိစ္စမအောင်မြင်ဘဲ ရှောင်ချွေက ပြဿနာရှာခဲ့လို့ သူတို့က ရှောင်ချွေကို သဘောမကျကြတော့ဘူးဆို"
ကျောက်ရုံ နှာခေါင်းတစ်ချက်ရှုံ့ကာ
"ဒါကြောင့်လည်း ရှန့်ရှန့်ကို ရှာရမှာပေါ့.. သူက ဒီလိုမျိုး လူကပ်ပေးတဲ့နေရာမှာ အရမ်းကျွမ်းကျင်တာ၊ လူတော်တော်များများကိုလည်း မိတ်ဆက်ပေးဖူးတယ်။ မဟုတ်ရင် သူ့လိုမိန်းမက ဒီအဆင့်အထိ ဘယ်လိုရောက်လာမှာလဲ.. ပညာလည်းမရှိ၊ ကိုယ်ကျင့်တရားလည်းမကောင်းတဲ့သူက ဘာကိုအားကိုးပြီး ဒီနေရာရမှာလဲ.. သူ တက္ကသိုလ်တက်တုန်းကတောင် တခြားသူရဲ့နာမည်ကို ခိုးသုံးခဲ့တာလားလို့ ကျွန်မ သံသယရှိမိတယ်.. အခြေခံသင်္ချာတောင် မတွက်တတ်တဲ့သူက ခေါင်းဆောင်ဖြစ်နေတာဟာ နောက်ကွယ်မှာ ဘယ်လောက်တောင် ညစ်ပတ်တဲ့အလုပ်တွေ လုပ်ခဲ့သလဲဆိုတာ ပြနေတာပဲ။ တကယ်လို့ အဆင်မပြေရင်တော့ ဒီလျှို့ဝှက်ချက်နဲ့ သူ့ကို ဖိအားပေးပြီး ကူညီခိုင်းရမှာပဲ.. ဒါပေမဲ့ အဲဒီနည်းကိုတော့ နောက်ဆုံးမှ သုံးတာကောင်းမယ်.. ရှောင်ချွေက ငယ်ပါသေးတယ်၊ သူက ကျွန်မတို့လိုအပ်တဲ့လူတွေနဲ့ ပတ်သက်ပြီးသွားရင် ရှန့်ရှန့်ရဲ့ မိတ်ဆွေဟောင်းတွေကိုပါ ပြန်ပြီး ဧည့်ခံခိုင်းလို့ရတယ်.. ရှန့်ရှန့်ကို တစ်ခုခုပေးလိုက်ရင် သူ သေချာပေါက် ကူညီမှာပါ"
ခေါင်မိုးတွင် ချောင်းနားထောင်နေသော ချန်ချင်းယွီ ......
ချီးပဲ.. သေစမ်း.. ရှင်တို့ စောက်ကျင့်ယုတ်လှချည်လား..
တိရစ္ဆာန်လောက်တောင် အဆင့်မရှိတဲ့ဟာတွေ..
ပြတင်းအောက်မှ ယွမ်ရှောင်ချွေ ....
သေစမ်း.. ငါ ဘာကြားလိုက်တာလဲ..
ကိုယ်နားကိုယ်တောင် မယုံနိုင်ဘူး..
အပေါ်နှင့်အောက်၊ ခေါင်မိုးနှင့် မြေပြင်... နေရာကွဲပြားသော်လည်း ထိုအမျိုးသမီးနှစ်ဦးစလုံးမှာမူ တစ်ဦးကိုတစ်ဦး မမြင်ရဘဲ မျက်လုံးအစုံ ပြူးကျယ်ကာ တုန်လှုပ်ခြောက်ခြားနေ၏။
ယွမ်ရှောင်ချွေသည် ကျောင်းမတက်ရဘဲ ဝင်းထဲရှိ အဘွားအိုများနှင့်သာ အချိန်ကုန်လွန်စေခဲ့သူ ဖြစ်သဖြင့် လူမှုရေးနှင့် ပတ်သက်နွယ်သော အတင်းအဖျင်းများ၊ ရှုပ်ထွေးပွေလီသော ဆက်ဆံရေးများအကြောင်းကို နားရည်ဝနေသူ ဖြစ်သည်။ ထို့ကြောင့် သူမသည် အရာရာကို နားမလည်သော အရူးတစ်ယောက် မဟုတ်ပေ။ ယခုအခါတွင်မူ သူမ၏ မျက်ခုံးအစုံမှာ ဒေါသနှင့် တုန်လှုပ်မှုကြောင့် ထောင်တက်မတတ် ဖြစ်နေရရှာ၏။
အိမ်ထဲမှ ယွမ်ဟောက်မင်၏ သက်ပြင်းချသံက တစ်ဖန် ထွက်ပေါ်လာပြန်သည်။
"ဟင်း... ငါ့မှာ အဲဒီကလေးကို အားနာလိုက်တာ.. ဒါပေမဲ့ မင်းပြောသလို သူက အရက်မူးလျှင် သောင်းကျန်းတတ်တာလေ။ အခုဆို သူ သတိရှိနေတဲ့ အချိန်မှာတောင် ဒီလိုကိစ္စမျိုးကို လုပ်နိုင်ပါ့မလား"
ကျောက်ရုံ ယုံကြည်ချက်အပြည့်ဖြင့်
"ရှင့်ဘက်ကသာ ကျွန်မနဲ့ ပူးပေါင်းပေးပါ.. သူ့ကို အကျိုးအကြောင်းပြပြီး သံယောဇဉ်နဲ့ သိမ်းသွင်းရမှာပေါ့.. သူက ငြင်းဆန်နိုင်ပါ့မလား"
"ဟင်း... တကယ်ကို အရှက်ရဖို့ကောင်းလိုက်တာ.. သူကတော့ ဖခင်ဖြစ်တဲ့ ငါ့ကို သေချာပေါက် အငြိုးထားတော့မှာပဲ"
ယွမ်ဟောက်မင်သည် ပါးစပ်ကသာ တတွတ်တွတ် ညည်းတွားနေသော်လည်း ဇနီးဖြစ်သူ၏ အကြံအစည်ကို ပြတ်ပြတ်သားသား ငြင်းဆန်ခြင်း မပြုခဲ့ပေ။
ထိုစကားများကို ကြားနေရသော ယွမ်ရှောင်ချွေ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားတော့သည်။
ကျောက်ရုံ သွေးအေးအေးဖြင့် ဆက်လက်၍
"ဒါက ကိစ္စမရှိပါဘူး.. သူ ကျွန်မတို့အတွက် အလုပ်အကျွေး ပြုပြီးသွားပြီဆိုရင် ကျေးလက်ကို ဆင်းရမယ့်အချိန်လည်း ရောက်လာမှာပဲ.. သူ့ကို မြို့နဲ့ ဝေးတဲ့နေရာကို ပို့လိုက်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ ကျေးလက်မှာ သူ နောင်တရနေခဲ့ရင်တောင် ကျွန်မတို့ကို ပြဿနာလာရှာနိုင်မှာ မဟုတ်တော့ဘူး.. ကျေးလက်ကဘဝက ဘယ်လောက်ပင်ပန်းပြီး ဆင်းရဲတယ်ဆိုတာကို သူ တကယ်တမ်း ခံစားရတဲ့အခါကျမှ သူ့ကို မြို့ပြန်ခေါ်ဖို့ နည်းလမ်းရှာပေးရမှာပေါ့.. အဲဒီအချိန်ကျရင် သူက ကျွန်မတို့ကို ကျေးဇူးတင်နေမှာပဲ၊ အငြိုးထားမှာ မဟုတ်တော့ဘူး.. ရှင် စိုးရိမ်မနေပါနဲ့"
အမှန်စင်စစ်တွင်မူ ကျေးလက်သို့ ရောက်ရှိသွားသူတစ်ဦးကို မြို့သို့ ပြန်လည်ပြောင်းရွှေ့ရန်မှာ ပြောသလောက် မလွယ်ကူလှပေ။
အကယ်၍သာ လွယ်ကူခဲ့ပါမူ လူအများစုသည် ကျေးလက်သို့မဆင်းရစေရန် နည်းလမ်းမျိုးစုံဖြင့် အသည်းအသန် ကြိုးစားနေကြမည် မဟုတ်ချေ။
လွန်ခဲ့သော နှစ်အနည်းငယ် မာကျန်းတို့ ကျေးလက်သို့ ဆင်းသွားကြစဉ်ကမူ စိတ်အားထက်သန်မှု အပြည့်ဖြင့် သွားခဲ့ကြခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ထိုဘဝသည် မည်မျှပင် ပင်ပန်းဆင်းရဲလှကြောင်း လူတိုင်း သိရှိနေကြပြီ ဖြစ်သည်။ အိမ်တိုင်းတွင်လည်း လုပ်သားအင်အား လိုအပ်နေသဖြင့် စက်မှုစက်ရုံရှိ ယာယီဝန်ထမ်းနေရာများမှာ အလွန်ပင် အလုအယက် ဖြစ်နေရခြင်း ဖြစ်၏။
ကျောက်ရုံသည် ယွမ်ရှောင်ချွေ ပြန်လာနိုင်လိမ့်မည်ဟု မထင်မှတ်ထားသော်လည်း ယွမ်ဟောက်မင်အား လှည့်စားဖျောင်းဖျရန် ဝန်မလေးခဲ့ပေ။ ယွမ်ဟောက်မင်သည်လည်း အမှန်တရားကို ရိပ်မိပုံရသော်လည်း မသိချင်ယောင်ဆောင်ကာ မိမိအကျိုးအတွက်သာ ကြည့်နေလေသည်။ သူတို့နှစ်ဦးစလုံးမှာ ကိုယ်ပိုင်တွက်ကိန်းများ ရှိကြသော်လည်း ပန်းတိုင်မှာမူ တစ်ခုတည်းသာ ဖြစ်၏။
"စိတ်မပူပါနဲ့ရှင်၊ ကျွန်မက ရှောင်ချွေအတွက် အကောင်းဆုံး ဖြစ်အောင် စဉ်းစားပေးမှာပါ.. တကယ်တော့ စဉ်းစားကြည့်လေ၊ ယောက်ျားတွေနဲ့ အိပ်တယ်ဆိုတာ တစ်ယောက်နဲ့အိပ်လည်း အတူတူ၊ နှစ်ယောက်နဲ့အိပ်လည်း အတူတူပါပဲ.. ယောက်ျားတွေနဲ့ ပိုပတ်သက်လေလေ သူ့မှာ ပိုပြီး အားကိုးရမယ့် နောက်ခံတွေ များလာလေလေပေါ့။ အဲဒီလူတွေက ရာထူးဂုဏ်ရှိန် ရှိတဲ့သူတွေဆိုတော့ ရှောင်ချွေအတွက် အရှုံးမရှိပါဘူး.. ကျွန်မအမြင်မှာတော့ သူက ပိုတောင် မြတ်ဦးမယ်"
ကျောက်ရုံ၏ အရှက်မဲ့လှသော စကားများအဆုံးတွင်မူ ယွမ်ရှောင်ချွေသည် အောင့်အည်းမထားနိုင်တော့ပေ။ သူမသည် ဝုန်းခနဲ ထရပ်ကာ အိမ်ထဲသို့ ပြေးဝင်သွားပြီး ကျောက်ရုံအား အမိအရဆွဲကာ ပါးကို ရိုက်ပစ်လိုက်သည်။
"ဒီမိန်းမယုတ်.. နင်က တကယ့်ကို ယုတ်မာလွန်းတယ်.. ငါက နင့်ကို လူကောင်းထင်လို့ မိသားစုလို ယုံကြည်ခဲ့တာ.. ကွယ်ရာမှာ ငါ့ကို ဒီလိုမျိုး စတေးဖို့ ကြံစည်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်၊ ဒီမိန်းမယုတ်.. နင်က အဲဒီလောက်တောင် အိပ်ချင်နေရင် တခြားသူတွေနဲ့ သွားအိပ်ပါလား.. ဘာလို့ ငါ့ကိုမှ အသုံးချချင်ရတာလဲ.. နင့်ကို ငါ သတ်ပစ်မယ်.."
ယွမ်ရှောင်ချွေသည် ဒေါသတကြီးဖြင့် ကျောက်ရုံ၏ ဆံပင်များကို ဆွဲကာ ပါးကို တရစပ် ရိုက်နှက်တော့သည်။
ယွမ်ဟောက်မင်သည် အလန့်တကြားဖြင့် ကြားထဲမှ ဝင်ဆွဲကာ
"ရှောင်ချွေ.. နင် ဘာလုပ်နေတာလဲ.. ဒါ နင့်ရဲ့ မိထွေးလေ.."
"မိထွေး ဟုတ်လား.. မိထွေးဆိုတာ အကုန်လုံး အတူတူပဲဆိုတာ ငါ သိခဲ့သားပဲ၊ အခုတော့ ငါ့အထင်က မှန်သွားပြီ။ ဒီနှစ်တွေမှာ ဟန်ဆောင်နေပြီးတော့ အခုမှ နင့်ရဲ့ ဗီဇအစစ်က ပေါ်လာတာပေါ့လေ.. နင်က ကျောက်စိုင်လို နှလုံးသားရှိတဲ့ ရက်စက်တဲ့ မိန်းမပဲ၊ နင့်ကို သေအောင် ရိုက်မယ်..."
"ဟဲ့... နင် ဘာလုပ်တာလဲ.. လွှတ်စမ်း... အခုချက်ချင်း လွှတ်စမ်း.."
ယွမ်ဟောက်မင်သည် ယွမ်ရှောင်ချွေကို အတင်းဆွဲဖယ်လိုက်သော်လည်း ရှောင်ချွေမှာ သူ့ဖခင်ကို အားကုန်တွန်းထုတ်ပစ်လိုက်သည်။
"ကျွန်မနားက ထွက်သွား.. ရှင်က ကျွန်မအဖေ ဟုတ်သေးရဲ့လား.. ယွမ်ဟောက်ရွှယ်က ရှင့်သမီးဆိုရင် ကျွန်မကရော ရှင့်သမီးမဟုတ်ဘူးလား.. ဒီမိန်းမယုတ်က ကျွန်မကို ဒုက္ခပေးဖို့ ကြံစည်နေတာကို ရှင်က သဘောတူရက်တယ်လေ၊ ရှင် လူရော ဟုတ်ရဲ့လား”
ယွမ်ရှောင်ချွေသည် သူမဖခင်ကို အမြဲတမ်း ကြည်ညိုလေးစားခဲ့သူဖြစ်ရာ ယခုကဲ့သို့ ရုတ်တရက် ရိုက်ခတ်လိုက်သော ဒဏ်ချက်ကြောင့် သူ၏ စိတ်ခံစစ်များ ပြိုလဲသွားကာ မျက်ရည်အလိမ်းလိမ်းဖြင့် အော်ဟစ်ငိုယိုတော့သည်။ သူမသည် မျက်ရည်များကို လက်ဖြင့် သုတ်ပစ်လိုက်ပြီး ရေမှုတ်ကို ဆွဲယူကာ ကျောက်ရုံကို တရစပ် ထုနှက်လိုက်၏။
"ဒီမိန်းမယုတ်.. နင် ငါ့ကို ဒုက္ခပေးဖို့ ကြံနေတာပေါ့.. ပြီးခဲ့တဲ့တစ်ခေါက်က နင် ငါ့ကို အပြင်မှာ ထမင်းခေါ်ကျွေးတာ စိတ်ကောင်းရှိလို့လို့ ငါထင်နေတာ၊ တကယ်တော့ နင်က ငါ့ကို သူတစ်ပါးလက်ထဲ ထိုးအပ်ဖို့ ကြံနေတာပဲ.. နင် ဘယ်လိုတောင် ရက်စက်ရတာလဲ.. အဲဒီ ပါတီအတွင်းရေးမှူးဆိုတာ ငါ့အဖေထက်တောင် အသက်ကြီးသေးတယ်၊ ပြီးတော့ အဲဒီ ညွှန်ကြားရေးမှူး လီ ဆိုတဲ့လူကလည်း ရုပ်ကိုက အချာကြီး.. အဲဒီလို လူအိုကြီးတွေဆီကို နင်က ငါ့ကို ထိုးအပ်ရဲတယ်ပေါ့လေ.. အား... နင့်ကို သေအောင် ရိုက်မယ်.."
ကျောက်ရုံ ဤမျှအထိ ယုတ်မာလိမ့်မည်ဟု ရှောင်ချွေ လုံးဝမထင်ထားခဲ့ပေ။ စဉ်းစားလေလေ ပို၍ နာကျည်းဝမ်းနည်းလေလေ ဖြစ်လာလေသည်။ ကျောက်ရုံသည် လူကောင်းတစ်ယောက်ဟု သူမယုံကြည်ခဲ့သော်လည်း အမှန်တရားမှာမူ မိုးနှင့်မြေကဲ့သို့ ကွာခြားနေ၏။
"နင်က ငါ့အဖေကိုလည်း လုယူတယ်၊ အခု ငါ့ကိုပါ ဒုက္ခပေးဖို့ ကြံစည်နေတယ်၊ နင့်ကို ငါ လွယ်လွယ်နဲ့ မလွှတ်ဘူး.. နင့်ကို ငါ တရားစွဲမယ်.. ထောင်ထဲရောက်အောင် ပို့မယ်.."
မိမိကိုယ်ကိုယ် "ယဉ်ကျေးသိမ်မွေ့သူ" ဟု သတ်မှတ်ထားသော ကျောက်ရုံသည် ဒေါသမီးဟုန်းဟုန်းတောက်နေသော ယွမ်ရှောင်ချွေကို မည်သို့မျှ မယှဉ်နိုင်ချေ။
ရှောင်ချွေသည် အလွန်ပင် လက်မြန်ခြေမြန်ရှိလှရာ ကျောက်ရုံ၏ ဆံပင်များကို လက်တစ်ဆုပ်စာမျှ ဆွဲနှုတ်လိုက်ပြီးနောက် ဟိန်းဟောက်လိုက်ပြန်သည်။
"နင်က အဲဒီလောက်တောင် အရှက်မရှိရင် နင်ကိုယ်တိုင်ပဲ သွားအိပ်ပါလား.. မဟုတ်ရင် နင့်သမီးကိုပဲ အိပ်ခိုင်းပါလား.. နင်တို့အားလုံးက တစ်ဂိုဏ်းတည်းပဲ... အဖေ၊ ဒီကျောက်ရုံက လူကောင်းမဟုတ်ဘူးဆိုတာ ရှင် အခုတော့ မြင်ပြီမဟုတ်လား။ ရှင် ရှာထားတဲ့ မိန်းမက ဘယ်လိုလူစားလဲဆိုတာ ကြည့်စမ်းပါဦး.."
မည်သူမျှ မိမိဇနီး အဖောက်ပြန်ခံရသည့် "ဦးချိုတပ်ခံရခြင်း" မျိုးကို အလိုမရှိကြပေ။ ယွမ်ဟောက်မင်၏ မျက်နှာမှာလည်း အလွန်ပင် ပျက်ယွင်းနေသော်လည်း သူသည် သမီးဖြစ်သူကိုသာ အပြစ်တင်စကား ဆိုလေသည်။
"ရှောင်ချွေ... နင် ဘာတွေ လျှောက်ပြောနေတာလဲ.. ဒါ နင့်အမေပဲလေ။ သူက နင့်ကို မွေးထားတဲ့ အမေအရင်းမဟုတ်ရင်တောင် ဒီနှစ်တွေမှာ နင့်အပေါ် အရမ်းကောင်းခဲ့တာပဲ။ နင်က ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရက်ရက်စက်စက် ကျောခိုင်းရက်တာလဲ.. ဒါက ငါ့ကို တကယ်ပဲ စိတ်ပျက်စေတယ်"
သူ ဆက်လက်၍ လေပြေထိုးကာ
"ငါတို့အားလုံးက မိသားစုတွေပဲလေ။ နင်က သူ့ကို ဘာမှတောင် မမေးဘဲ ဒီလိုမျိုး ဆက်ဆံရသလား.. ငါ နင့်ကို ဒီလိုပဲ ဆုံးမခဲ့တာလား.. မိသားစုချင်းပဲ အေးအေးဆေးဆေး ဆွေးနွေးလို့မရတဲ့ ကိစ္စဆိုတာ ရှိလို့လား.."
ခေါင်မိုးပေါ်တွင် ဝပ်နေသော ချန်ချင်းယွီမှာမူ ဤစကားများကို ကြားသောအခါ …
‘ဒီယုတ်မာတဲ့ လူယုတ်မာကတော့ လူတွေကို လှည့်စားဖျောင်းဖျတဲ့နေရာမှာ တကယ့်ကို ဆရာကျတာပဲ..’
‘နင်ကတော့ အာမခံရောင်းတဲ့ အလုပ်လုပ်သင့်တာ....’
ချန်ချင်းယွီ ရှောင်ချွေအတွက် စိုးရိမ်ပေးနေစဉ်မှာပင် ယွမ်ရှောင်ချွေ ဟိန်းဟောက်၍ ပြန်ပြောလိုက်၏။
"ကျွန်မ ဘယ်လိုလုပ်ပြီး တည်တည်ငြိမ်ငြိမ် နေနိုင်မှာလဲ.. သူက ဒီလိုမျိုး ယုတ်မာတာကို သိနေရတာတောင် ကျွန်မက အေးအေးဆေးဆေး နေရမှာလား.. ရှင့်အမြင်မှာ ကျွန်မက ဘာမှမသိတဲ့ အရူးလို့ ထင်နေတာလား.."
"ငါတို့ နင့်ကို ဒီလောက်နှစ်တွေအကြာကြီး ပြုစုပျိုးထောင်လာခဲ့တာ..."
"အပိုတွေ ပြောမနေနဲ့.."
ရှောင်ချွေ အသားကုန် အော်ဟစ်လိုက်သည်။
"အဖေ ကျောင်းတက်တုန်းက ကျွန်မအမေရဲ့ ပိုက်ဆံတွေကို အားကိုးခဲ့ရတာ မဟုတ်ဘူးလား.. ကျွန်မအမေဟာ အသက် ၁၅၊ ၁၆ နှစ်ကတည်းက ဒီအိမ်ကို ရောက်လာပြီး မငြီးမငြူဘဲ ပင်ပင်ပန်းပန်း လုပ်ကျွေးခဲ့တာ။ သူ ဘယ်လောက်တောင် အလုပ်တွေ လုပ်ခဲ့ရသလဲ.. အမေကသာ အဖေ့ရဲ့ ပညာရေးကို မထောက်ပံ့ခဲ့ရင် အဖေ တက္ကသိုလ်တက်နိုင်ပါ့မလား.. အဖေ တက္ကသိုလ်တက်ပြီးတော့မှ အမေ့ကို ကျောခိုင်းခဲ့တာလေ၊ အခုမှ ဘာတွေ လာပြီး အပြစ်တင်နေတာလဲ.. ကျွန်မကို ကျွေးထားတယ်ဆိုပြီး ခုမှ လာပြောမနေနဲ့၊ အမေက အဖေ့ကို လုပ်ကျွေးခဲ့တုန်းကကျတော့ ဘာလို့ အပြစ်မတင်ခဲ့တာလဲ.. အမေသာ နေ့တိုင်း ပင်ပင်ပန်းပန်း အလုပ်မလုပ်ခဲ့ရင် ဒီလောက် ရောဂါတွေမရဘဲ စောစောစီးစီး သေဆုံးသွားမှာ မဟုတ်ဘူး.. အဲဒီတုန်းက အမေက လယ်လုပ်ရရုံတင်မကဘဲ အဘိုးအဘွားတွေနဲ့ အဒေါ်ကိုပါ ပြုစုခဲ့ရတာ.. ဒါတောင်မှ အဖေ့ကျောင်းစရိတ်အတွက် မြို့ကိုတက်ပြီး အဝတ်လျှော်တဲ့အလုပ်အထိ လုပ်ပြီး ပိုက်ဆံရှာပေးခဲ့တာ.. အဖေ ဘယ်လိုတောင် ကျေးဇူးကန်းရတာလဲ.. နောက်ပြီး ဒါတွေကို ထားလိုက်ဦး၊ ကျွန်မကို ကျွေးတာက ရှင့်ရဲ့ တာဝန်ပဲလေ.. ကျွန်မက ရှင့်သမီးပဲ၊ ရှင်က မကျွေးလို့ ဘယ်သူက ကျွေးမှာလဲ.."
"နင်...နင်... နင်..."
ယွမ်ဟောက်မင်သည် ဒေါသကြောင့် လက်ညှိုးတဆတ်ဆတ်တုန်ရင်း ရှောင်ချွေကို ချိန်ကာ
"နင်... နင်... စိတ်ကုန်စရာ ကောင်မလေး.. နင် ဘာတွေ ပြောနေတာလဲ.."
ယွမ်ရှောင်ချွေမှာမူ နည်းနည်းမျှ နောက်မဆုတ်ဘဲ ပြန်လည်တုံ့ပြန်လိုက်သည်။
"ကျွန်မ ပြောတာ ဘာမှမမှားဘူး.."
ယွမ်ရှောင်ချွေသည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ကျောက်ရုံအား ပါးကို နောက်ထပ် အကြိမ်အနည်းငယ် ဆင့်၍ ရိုက်နှက်လိုက်ပြန်၏။ ကျောက်ရုံမှာ နာကျင်လွန်းလှသဖြင့် "တော်တော့.." ဟု စူးစူးဝါးဝါး အော်ဟစ်တော့သည်။
"မတော်နိုင်ဘူး.. ငါက ဘာလို့ တော်ရမှာလဲ.. နင့်ကို လူကောင်းမှတ်နေတာ၊ တကယ်တော့ နင်က အရှက်မရှိတဲ့ မိန်းမယုတ်ပဲ။ နင်လုပ်သမျှ အကုန်လုံးကို လူတိုင်းသိအောင် ငါ လိုက်ပြောမယ်၊ နင်က ဘယ်လိုလူစားလဲဆိုတာ တစ်လောကလုံး သိစေရမယ်"
ကျောက်ရုံ ဒေါသတကြီးဖြင့် ပြန်လည်ရိုက်နှက်ရန် လက်ရွယ်လိုက်သော်လည်း ရှောင်ချွေ ဖျတ်ခနဲ ရှောင်လိုက်ပြီး ဆဲဆိုလိုက်၏။
“ငါ့ကို ရိုက်ချင်တယ်ပေါ့.. ရိုက်လို့မရဘူးဟေ့၊ နင်က တကယ့်ကို စိတ်ပျက်ဖို့ကောင်းတဲ့ ခွေးမကြီး.."
သူမသည် ခါးထောက်လိုက်ကာ ပြတ်သားသော လေသံဖြင့်
"ငါ ပြောလိုက်မယ်၊ ငါ့ကို အနိုင်ကျင့်လို့ရမယ်လို့ မထင်နဲ့.. ငါ ဘယ်ယောက်ျားနဲ့မှလည်း အိပ်မှာမဟုတ်ဘူး၊ ကျေးလက်ကိုလည်း ဆင်းမှာမဟုတ်ဘူး.. နင်တို့ ဘာပဲလုပ်လုပ် ငါ့ကို မြို့မှာ ဆက်နေနိုင်အောင် လုပ်ပေးရမယ်.. တကယ်လို့ နင်တို့ ငါ့ကို မကူညီရင် နင်တို့လုပ်ခဲ့တဲ့ ယုတ်မာမှုတွေ၊ နင်တို့ ဖိတ်ခေါ်ခဲ့တဲ့ လူတွေအကြောင်းနဲ့ နင့်ရဲ့ သူငယ်ချင်းဟောင်းအကြောင်းတွေကို လူတိုင်းသိအောင် လိုက်ပြောပစ်မယ်။ နင့်သူငယ်ချင်းက တခြားသူရဲ့ နာမည်ကို ခိုးသုံးပြီး တက္ကသိုလ်တက်ခဲ့တယ်ဆိုတဲ့ ကိစ္စကိုလည်း ငါ သိထားပြီးသား.. ငါ့ကို မြို့မှာနေခွင့်မပေးရင် ဒါတွေကို နင့်နာမည် သုံးပြီးတော့ပဲ အကုန်ဖွင့်ချပစ်မယ်။ ဟွန်း.."
ယွမ်ရှောင်ချွေသည် နည်းနည်းမျှ အလျှော့မပေးဘဲ အော်ဟစ်စိန်ခေါ်နေ၏။ သူမသည် မျက်နှာကို သုတ်လိုက်ကာ
"ငါ့ကို အသုံးချဖို့ ဘယ်တော့မှ မစဉ်းစားနဲ့.."
ထို့နောက် နာကျည်းချက်အပြည့်ဖြင့် ကျိန်ဆဲလိုက်ပြန်သည်။
"ငါက စိတ်ကောင်းနဲ့ နင်တို့ကို ရုပ်ရှင်ကြည့်ဖို့ လာခေါ်တာ၊ တော်သေးတာပေါ့... တော်သေးလို့ ကောင်းကင်ကြီးက မျက်စိရှိလို့ပေါ့.. ငါသာ အခု ပြန်မလာခဲ့ရင် နင်တို့ရဲ့ ဗီဇအစစ်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ.. သွားစမ်း.. တကယ့်ကို ယုတ်မာတဲ့ လူစားတွေ.."
သူမသည် ထိုလူယုတ်မာ ဇနီးမောင်နှံကို စက်ဆုပ်စွာ ကြည့်လိုက်ပြီး
"ငါ စောင့်ကြည့်နေမယ်။ နင်တို့ ငါ့ကို မကူညီရင် ဘာဖြစ်မလဲဆိုတာ စောင့်သာကြည့်နေကြ.."
ထို့နောက် ကျောခိုင်းထွက်ခွါသွားလေ၏။
"ဒီ ကောင်မစုတ်လေး... နင် ဘာလုပ်မလို့လဲ.."
ယွမ်ဟောက်မင် ဒေါသတကြီး အော်ဟစ်ကျန်ရစ်လေသည်။
"ကျွန်မ ရုပ်ရှင်သွားကြည့်တော့မယ်၊ ဘာစာမှလည်း ဆက်ဖတ်မနေတော့ဘူး.. ဘာပဲဖြစ်ဖြစ် ကျွန်မ မြို့မှာ ဆက်နေနိုင်အောင် ရှင်တို့ မလုပ်ပေးဘူးဆိုရင်တော့ ကျွန်မဘက်က ယဉ်ကျေးနေမှာ မဟုတ်ဘူး။ ရှင်တို့ဆီက သတင်းကောင်းကိုပဲ စောင့်နေမယ်"
ယွမ်ရှောင်ချွေ သည် ခေါင်းမာစွာဖြင့်ပင် ပြတ်ပြတ်သားသားပြော၍ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွါသွား၏။
ချန်ချင်းယွီသည် မျက်ရည်များကြားမှ ကျောခိုင်းထွက်သွားသော ရှောင်ချွေကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းတိုးတိုး ချလိုက်မိသည်။ ရှောင်ချွေသည် ငိုယိုရင်း ထွက်သွားသော်လည်း ချန်ချင်းယွီမှာမူ နေရာမှ မရွေ့သေးပေ။ ဤနှလုံးသားမရှိသော လူနှစ်ဦး နောက်ထပ် ဘယ်လိုယုတ်မာမှုတွေ ကြံစည်ဦးမလဲဆိုသည်ကို သူ ဆက်လက်စောင့်ကြည့်လိုသေးသည်။ ကျောက်ရုံမှာမူ အပြင်းအထန် အရိုက်ခံထားရသော်လည်း ယွမ်ဟောက်မင်မှာဂရုစိုက်ပုံမရပေ။
ကျောက်ရုံသည် နာကျင်လွန်းလှသဖြင့် ဒေါသတကြီး ငိုယိုကာ
"ကြည့်စမ်း... ရှင့်ရဲ့ သမီးလိမ္မာလေးကို ကြည့်စမ်းပါဦး.. ကျွန်မကို ဒီလိုမျိုး ရိုက်နှက်သွားတာလေ။ ဒီနှစ်တွေမှာ သူ့အပေါ် ကျွန်မ ဘယ်လိုထားခဲ့သလဲ.. ကျွန်မမှာ ကျေးဇူးကြီးမားတာမျိုး မရှိရင်တောင် အပင်ပန်းခံ ပြုစုခဲ့တာပဲ၊ အခုတော့ သူက ကျွန်မကို ဒီလိုမျိုး စော်ကားသွားတာ။ ရှင်က သူ့ကို ဒီအိမ်မှာ ဆက်ထားချင်သေးတာလား.."
ယွမ်ဟောက်မင်၏ မျက်နှာသည် မည်းမှောင်သွားကာ
"သူ့လက်ထဲမှာ ငါတို့ရဲ့ အားနည်းချက်တွေ ရှိနေတာလေ။ သူ့ကိုသာ ကျေးလက်ကို အတင်းပို့လိုက်ရင် သူက ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ.."
"သူ့ကို ဒီမှာ ထားလို့မဖြစ်ဘူး.."
ကျောက်ရုံ အော်လိုက်၏။
"သူ သေချာပေါက် ကျေးလက်ကို ဆင်းရမယ်။ သူ့မျက်နှာကို ကျွန်မ နောက်ထပ် မမြင်ချင်တော့ဘူး။ ဘယ်လိုနည်းနဲ့မှ မမြင်ချင်တော့ဘူး"
သူမ နာကျည်းခါးသီးစွာဖြင့်
"အဲဒီ ကျေးဇူးကန်းတဲ့ ကောင်မလေးကို ကျွန်မ တစ်စက္ကန့်တောင် ထပ်မတွေ့ချင်တော့ဘူး”
ယွမ်ဟောက်မင်သည် နားထင်ကို ပွတ်လိုက်ရင်း
"ဒါက ပြောသလောက် မလွယ်ဘူးလေ.. သူက သွားမှာ မဟုတ်ဘူး.. နောက်ပြီး သူက စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူဆိုတော့ လျှောက်ပြောရင် ငါတို့ပဲ ပိုဒုက္ခရောက်ကုန်လိမ့်မယ်.. မင်းက သူ့ကို အဆိပ်ခတ်ပြီး စကားမပြောနိုင်အောင် လုပ်ထားလို့မှ မရတာ... လုပ်နိုင်ရင်တောင် သူက စာရေးပြနိုင်သေးတာပဲ မဟုတ်လား.."
ခေါင်မိုးပေါ်မှ ချန်ချင်းယွီမှာမူ ဤစကားကို ကြားရသောအခါ အလွန်အမင်း တုန်လှုပ်သွားတော့သည်။ ဤဖခင်ဖြစ်သူ၏ စကားအရ သူသည် ထိုကဲ့သို့ ယုတ်မာသော နည်းလမ်းကိုပင် စဉ်းစားဖူးပုံရ၏။
ဤသည်မှာ မိမိ၏ သမီးအရင်းအပေါ် ထားရှိသင့်သော စိတ်ထားလော့။
ကျောက်ရုံ ဆက်လက်၍
"ဒါဆို ဘာလုပ်ရမှာလဲ.. သူ မြို့မှာနေဖို့က အရမ်းခက်ခဲသလို သူ့ရဲ့ အခြေအနေက ဟောက်ရွှယ်ကိုပါ ထိခိုက်လာရင် ဘယ်လိုလုပ်မလဲ.. ရှင် အရင်က ပြောခဲ့တဲ့ ဝမ်တာချွေ့နဲ့ ပေးစားဖို့ ကိစ္စကလည်း..."
"ရှောင်ချွေက အိမ်ထောင်ရေးမှတ်ပုံတင်ဖို့ အသက်မပြည့်သေးဘူးလေ။ ငါတို့ငယ်ငယ်တုန်းကလို မှတ်ပုံတင်မလိုဘဲ မင်္ဂလာပွဲလုပ်ရုံနဲ့ ယူလို့ရတဲ့ ခေတ်မဟုတ်တော့ဘူး"
"ဒါဆို ဘာလုပ်ကြမလဲ.."
ကျောက်ရုံသည် အံကို တင်းတင်းကြိတ်ကာ
“ကျွန်မတို့ ဒါကို အပြီးအပြတ် ဖြစ်အောင် လုပ်ရမယ်။ သူ့လက်ထဲမှာ ကျွန်မတို့ရဲ့ အားနည်းချက်ရှိနေသလို ကျွန်မတို့ကလည်း သူ့ကို ပြန်ပြီး ထောင်ချောက်ဆင်ရမယ်။ သူသာ အိမ်ထောင်မကျခင်မှာ ယောက်ျားနဲ့ ဖောက်ပြန်နေတယ်ဆိုရင် ကျွန်မတို့စကားကို သူ သေချာပေါက် နားထောင်ရလိမ့်မယ်။ မဟုတ်ရင် ဒါကို ဖွင့်ချလိုက်တာနဲ့ သူလည်း ဘဝပျက်မှာပဲ"
သူမ မဲ့ပြုံးပြုံးရင်း
"တကယ်တော့ ကျွန်မက သူ့အတွက် အားကိုးရမယ့် လူတစ်ယောက်ကို ရှာပေးမလို့ပါ.. ဒါပေမဲ့ သူက ဒီလိုမျိုး တုံ့ပြန်လာတော့လည်း ကျွန်မက ရက်စက်တယ်လို့ မပြောနဲ့တော့.. ကျန်းရှင်းဖှဆိုတဲ့ လူယုတ်မာရှိတယ် မဟုတ်လား.. ကျွန်မတို့ အကွက်ဆင်ပြီး သူတို့နှစ်ယောက်ကို အတူတူ အိပ်ခိုင်းလိုက်မယ်။ ဒါဆို အားလုံးက အပြီးအပြတ် ဖြစ်သွားပြီ.. သူ ကျေးလက်ကို ဆင်းချင်ချင် မဆင်းချင်ချင် သွားရတော့မှာပဲ.. ပြီးတော့ ကျန်းရှင်းဖှကိုလည်း ကျွန်မတို့ ထိန်းချုပ်ထားလို့ရတယ်.. ကျွန်မတို့မိသားစုအတွက် ရှေ့ထွက်ပေးမယ့်သူ လိုအပ်နေတာလေ။ ဝမ်တာ့ချွေက လှည့်စားရလွယ်ပေမယ့် သူက လူရိုးကြီး။ ကျန်းရှင်းဖှကတော့ အကွက်ကျတဲ့သူပဲ.. သူ့ရဲ့ အားနည်းချက်တွေ ကျွန်မတို့လက်ထဲမှာ အများကြီးရှိရင်တော့ သူ ကျွန်မတို့ကို မလှန်ရဲဘူး.. ပြီးတော့ သူက လူလွတ်လေ.. သူ အိမ်ထောင်မပြုသရွေ့ သူ့ကို တခြားကိစ္စတွေမှာပါ သုံးလို့ရတယ်။ နောက်မှ ရှောင်ချွေကို သနားတယ်ဆိုရင်တောင် သူ့ကို ပြန်ခေါ်ပြီး ကျန်းရှင်းဖှနဲ့ပဲ ပေးစားလိုက်လို့ ရတာပဲ"
ခွေးမ ယွမ်ရှောင်ချွေက ကျန်းရှင်းဖှလိုကောင်နဲ့ပဲ ထိုက်တန်တယ်....
ဟမ့်.. အဘွားကြီးဟွမ်လို မကောင်းတဲ့ ယောက္ခမလည်းရှိသေးတယ်.. ခွေးမလေး နင်ကောင်းကောင်းကြီး ခံစမ်း....
ကျောက်ရုံ သူမ၏ယုတ်မာလှသော အကြံအစည်ကို အဆုံးသတ်လိုက်သည်။
"သူ ကျွန်မကို ရိုက်ခဲ့တာကို မုန်းပေမဲ့ ရှင်မြင်တဲ့အတိုင်း ကျွန်မက သူ့အနာဂတ်အတွက်ပါ ထည့်တွက်ပေးနေတာပဲလေ။ ကဲ... ရှင် ဘယ်လိုသဘောရသလဲ.."
ယွမ်ဟောက်မင်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး
"ကောင်းပြီလေ... မင်း သဘောရှိသရွေ့သာ လုပ်တော့"
ကျောက်ရုံ၏ မျက်နှာတွင် အောင်နိုင်သူတစ်ဦးကဲ့သို့သော အပြုံးတစ်ခု ပေါ်လွင်လာ၏။
ခေါင်မိုးပေါ်မှ ဤစကားလုံး အလုံးစုံကို နားထောင်နေသော ချန်ချင်းယွီမှာမူ လက်ဖျားခြေဖျားများပင် တုန်ယင်လာကာ တစ်ခုခုကို ပြတ်ပြတ်သားသား လုပ်ဆောင်လိုစိတ်များ ပြင်းပြလာတော့သည်။
‘ဒီလောကကြီးမှာ ဒီလောက်တောင် ယုတ်မာတဲ့လူတွေ ရှိသေးတာလား..’
အဘွားကြီးဟွမ်ဆိုလျှင် နှုတ်သီးကောင်းလျှာပါးရှိရုံသာ ဖြစ်သော်လည်း ဤဇနီးမောင်နှံမှာမူ အရိုးထဲအထိ ယုတ်မာရက်စက်သူများ ဖြစ်၏။ သူတို့သည် ရွှီကောင်းမင်နှင့် အဘယ်ကြောင့် အဆင်ပြေနေကြသနည်းဆိုသည်မှာ မထူးဆန်းတော့ချေ။ အားလုံးမှာ အုပ်စုတူ အဆွယ်ပွါးတူများသာ ဖြစ်ကြပေသည်။
မဟုတ်သေး... ရွှီကောင်းမင်ဆိုလျှင်ပင် ဤမျှ ယုတ်မာလွန်းလှသော တိရစ္ဆာန်ရဲကဲ့သို့ လူစားများကို ကြည့်နိုင်လိမ့်မည် မဟုတ်ချေ။
"ငါ... ဒီကိစ္စကို သေချာပေါက် ဖွင့်ချရမယ်.."
အပြစ်မဲ့တဲ့သူတွေကို အကောက်ကြံချင်တယ်ပေါ့..
စဉ်းတောင်မစဉ်းစားနဲ့....
အခန်း ၇၀။ မီးပျက်ခြင်း
ချန်ချင်းယွီသည် နံရံတွင်ကပ်၍ ချောင်းနားထောင်ပြီးနောက် အရှေ့ပေါက်မှ ထွက်မရဲသဖြင့် နံရံပေါ်မှ ခုန်ချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် လူတိုင်းမှာ ရုပ်ရှင်ကြည့်ရန် သွားရောက်နေကြပြီးပတ်ဝန်းကျင်တွင် လူတစ်ယောက်မှ မရှိချေ။
ချန်ချင်းယွီသည် အမြန်ပြေးထွက်လာရာ လမ်းတွင် စက်ရုံဘက်သို့ ဦးတည်ပြေးနေကြသော အခြားလူများနှင့် ဆုံမိ၏။ သူတို့အားလုံးမှာ နောက်ကျနေကြသူများ ဖြစ်သည်။ လမ်းတွင် ယွမ်ရှောင်ချွေ့နှင့် မဆုံမိခဲ့ပေ၊ သူမမှာ အတော်လေး ခပ်သွက်သွက် လျှောက်သွားပုံရသည်။ ချန်ချင်းယွီ စက်ရုံသို့ အပြေးအလွှား ရောက်သွားသောအခါမှ ရုပ်ရှင်ပြသမည့်နေရာကို ခန်းမထဲသို့ ပြောင်းလိုက်
ကြောင်း ကြားလိုက်ရ၏။ စက်ရုံက အတော်လေး စာနာထောက်ထားမှုရှိသည်ဟု သူမ မှတ်ချက်ပြုလိုက်မိသည်။
အံမယ်.. မဆိုးပါဘူး..
ယနေ့မှာ မိုးအုံ့နေသဖြင့် ပုံမှန်အချိန်ထက် ပို၍ စောစီးစွာ မှောင်နေပြီဖြစ်၏။
ချန်ချင်းယွီ ခန်းမထဲသို့ ဝင်သွားသောအခါ ရုပ်ရှင်ပင် မစရသေးချေ၊ သို့သော် လူတိုင်း မည်မျှစောစော ရောက်နေကြသည်မှာ သိသာလှပြီး၊ ခန်းမတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေပြီး ထိုင်ခုံမရသူများမှာ လူသွားလမ်းများပေါ်တွင် အပြည့် ထိုင်နေကြသည်။ ချန်ချင်းယွီသည် ခြေဖျားထောက်၍ လိုက်ကြည့်လိုက်သည်။ အဘွားကြီးကျောက်မှာ အစောကြီး ရောက်နေခဲ့ရာ အနောက်တန်းတွင် ရှိနေစရာ အကြောင်းမရှိပေ။ ချန်ချင်းယွီသည် ခြေဖျားထောက်၍ အရှေ့ဘက်သို့ ခဏကြာ လိုက်ရှာကြည့်ပြီးနောက် နောက်ဆုံးတွင် လူအုပ်ကြီးထဲမှ အဘွားကြီးကျောက်ကို ရှာတွေ့သွားတော့သည်။
"ခွင့်ပြုပါဦး၊ ခွင့်ပြုပါဦး၊ လမ်းလေး ဖယ်ပေးပါဦး"
သူမ ပါးစပ်မှ တစာစာပြောရင်း အတင်းတိုးဝင်သွား၏။
"မတိုးနဲ့လေ၊ အရှေ့မှာ နေရာမရှိတော့ဘူး။"
"ဟုတ်တယ်၊ အနောက်မှာပဲ နေလိုက်တော့။"
"အမယ်လေး ဒီလူအုပ်ကြီးကြား တွန်းလိုက်ဆွဲလိုက်နဲ့ ဗိုက်တောင်ကြီးသွားလိမ့်မယ်..”
"ဘာတွေ လျှောက်ပြောနေတာလဲ..."
"ဟားဟားဟား.."
ချန်ချင်းယွီ အော်ပြောလိုက်ကာ
"ကျွန်မ အရှေ့မှာ ထိုင်ခုံရှိပါတယ်.. ပစ္စည်းတစ်ခု ထွက်ယူတာပါ၊ ခွင့်ပြုပါဦး..."
သူမသည် စကားကို လျှောက်ပြောနေခြင်းသာ ဖြစ်သော်လည်း လူပင်လယ်ကြီးထဲသို့ အတင်းတိုးဝင်နိုင်ခဲ့လေသည်။
တကယ်ကို လူပင်လယ်ကြီးပါရှင်..
အချိန်ကူးပြောင်းလာသည့် အချိန်မှစ၍ ယခုမှသာ ဤမျှများပြားလှသော လူပင်လယ်ကြီးကို ချန်ချင်ယွီ မြင်ဖူးခဲ့ရ၏။ လူအုပ်ကြီးကြာရထဲမှ သေးငယ်လှသော နေရာလွတ်လေးများကို ချန်ချင်းယွီ လျင်မြန်စွာတိုးဝှေ့ပြီး အဘွားကြီးကျောက်ရှိသော ခုံတန်းသို့ သက်စွန့်ဆံဖျား သွားခဲ့ရလေသည်။ ပါးစပ်မှလည်း တဖွဖွရေရွတ်နေရ၏။
“ခွင့်ပြုပါရှင်.. ခွင့်ပြုပါရှင်.. ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်ပါတယ်”
အဘွားကြီးကျောက် ချန်ချင်းယွီကို မြင်သည်နှင့် အော်ပြောလိုက်သည်။
"အလိုလေး... ညည်း နောက်ဆုံးတော့ ရောက်လာပြီပဲ.. ကဲ... ငါ့ချွေးမအတွက် နေရာလေး ဖယ်ပေးကြပါဦး၊ သူ့ကို ပေးဝင်လိုက်ကြပါ။ မြန်မြန်လုပ်၊ ညည်းကို မြို့ပြင်က ထုံရှန်း ဘက်မှာ နေကြာစေ့သွားဝယ်နေသလား အောက်မေ့တာ၊ ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ"
"နေကြာစေ့တွေ စားရင် ရေငတ်မှာစိုးလို့ အိမ်ကို ရေဘူးပြန်ယူနေတာနဲ့ ကြာသွားတာပါ"
ချန်ချင်းယွီ ခပ်တိုးတိုး ပြန်ပြောလိုက်၏။
နောက်ဆုံးတွင် သူမသည် အဘွားကြီးကျောက်အနားသို့ အတင်းတိုးဝင်နိုင်ခဲ့သည်။ အဘွားကြီးကျောက်မှာ ရှောင်ကျားကို ပွေ့ချီကာ ဘေးခုံသို့ ရွှေ့လိုက်ပြီး ကလေးနှစ်ယောက်ကို အလယ်တွင် ထိုင်ခိုင်းလိုက်၏။ ချန်ချင်းယွီမှာ သက်ပြင်းချရင်း ထိုင်ချလိုက်ပြီး…
အမလေး... အတင်းတိုးဝင်လာရတာ တကယ်ကို မလွယ်ကူပါလား..
ဘုရားရေ.. ရုပ်ရှင်ပွဲတော်ထက်တောင် စည်ကားနေပါလား..
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ကလေးငယ်နှစ်ယောက်မှာ ခုံတစ်ခုံတည်းတွင် အတူထိုင်နေကြသည်။
သူတို့မှာ ကိုယ်လုံးလေးများသေးသဖြင့် အနည်းငယ် ကျဉ်းကျပ်သော်လည်း အဆင်ပြေပြေ ထိုင်နိုင်ကြ၏။
ရှောင်ကျား သူ၏ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် မော့ကြည့်ကာ
"မေမေ၊ လူအတော်များများက ဒီမှာလာထိုင်ဖို့ နေရာလာတောင်းကြတာ၊ ဒါပေမဲ့ အဘွားက သူတို့ကို ဆူပြီး မောင်းထုတ်လိုက်တယ်"
ရှောင်ယွမ်သည်လည်း သူမ၏ နူးညံ့ချိုသာသော အသံလေးဖြင့် ခေါင်းညိမ့်ထောက်ခံကာ
"ဟုတ်တယ်၊ ဟုတ်တယ်၊ အဘွားက တကယ်ကြီးကို ကြောက်စရာကောင်းတာ.."
အဘွားကြီးကျောက်
နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး
"ငါက ဘယ်သူ့အတွက် လုပ်နေတာမှတ်လို့လဲ။ ညည်းတို့ ထိုင်ရအောင် လုပ်ပေးတာလေ.. ငါ ကျောက်တာ့ရာရဲ့ နေရာကို လာလုတဲ့သူမှန်သမျှ အကုန်လုံးကို ချပစ်မှာ"
လုပ်ရဲရင် စမ်းကြည့်လိုက်.. ကျောက်တာ့ရာဆိုတာ အလကား နာမည်ကြီးနေတာ မဟုတ်ဘူး..
အဘွားကြီးကျောက်ပတ်ဝန်းကျင်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူမသည် သူများအတွက် ထိုင်ခုံနေရာဦးပေးရန် ဤမျှစောစော ရောက်လာခဲ့ခြင်း မဟုတ်ပေ၊
အိမ်မက်တောင် မမက်လေနဲ့.. ဤထိုင်ခုံပေါ်တွင် 'ကျောက်တာ့ရာ' ဆိုသည့် နာမည်ကို ထွင်းထုထားပြီးသားဟု သူမ ပြောခဲ့သည်မဟုတ်ပါလား.. ဘယ်သူမှ လာလုဖို့ အစဉ်းစားနဲ့....
အဘွားကြီးကျောက် တတွတ်တွတ် ရေရွတ်နေပြီးနောက်
"နေကြာစေ့လေး ပေးဦး"
"ရော့... ဒီမှာ"
ချန်ချင်းယွီ ကမ်းပေးလိုက်၏။
"ကျွန်မ အများကြီး ဝယ်လာခဲ့တယ်၊ အဝစားလို့ရတယ်"
သူမ ထပ်မံ ပြောလိုက်လေသည်။
သူမသည် ကလေးများကိုလည်း ဝေပေးလိုက်ပြီး ကလေးနှစ်ယောက်မှာ ထိုင်ခုံတွင် ပျော်ရွှင်စွာ မှီထိုင်ရင်း မျက်နှာလေးများ ဝင်းပနေကြ၏။ ရုပ်ရှင်ကြည့်ရင်း နေကြာစေ့စားရသည့် အရသာကို သူတို့ ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်သည်။ ယခင်က တစ်ခါမှ ဤသို့ မလုပ်ခဲ့ဖူးချေ။
ချန်ချင်းယွီ : "ရေငတ်ရင် မေမေ့ကိုပြောနော်၊ ဒီမှာ ရေပါတယ်။ ဒါပေမဲ့ အများကြီးတော့ မသောက်နဲ့ဦး။ အိမ်သာသွားချင်လို့ အပြင်ကို အတင်းတိုးထွက်သွားရင် ပြန်ဝင်လာဖို့ ခက်လိမ့်မယ်"
သူမသည် နောက်ဘက်ရှိ လူပင်လယ်ကြီးကို လှည့်ကြည့်မိပြီး အနည်းငယ် ထိတ်လန့်သွား၏။ ဤမျှ လူများလွန်းလှသဖြင့် တစ်ခုခုဖြစ်ခဲ့လျှင် အတော်လေး အန္တရာယ်များနိုင်သည်ဟု တွေးမိသွားသည်။
ဖူး... ဖွဟဲ့.. လွဲပါစေ ဖယ်ပါစေ..
သောက်ကျိုးနည်း ကံမကောင်းတဲ့ အရာတွေ လျှောက်မတွေးစမ်းနဲ့..
"အပြင်မှာ မိုးအုံ့နေပြီး လေလည်း အတော်တိုက်နေတယ်။ မိုးရွာတော့မယ် ထင်တယ်၊ ကျွန်မ အမြန်ထွက်လာလို့ မိုးကာဝတ်ဖို့ မေ့ကျန်ခဲ့တယ်။ အပြန်ကျရင် မိုးမရွာပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ"
ချန်ချင်းယွီ သူမဘာသာ ရေရွတ်မိသည်။
အဘွားကြီးကျောက် : "ကိစ္စမရှိပါဘူး၊ မိုးရွာရင် အိမ်ကို အပြေးပြန်လိုက်ပေါ့၊ အဝေးကြီးမှ မဟုတ်တာ"
ချန်ချင်းယွီ ပခုံးတွန့်ပြလိုက်ပြီး တိတ်တဆိတ်နေလိုက်၏။
သူမသည် နောက်သို့တစ်ချက် ထပ်မံလှည့်ကြည့်လိုက်ရာ ၎င်းတို့နေထိုင်ရာ ဝင်းအတွင်းရှိ လူအားလုံးမှာ အမှန်တကယ်ပင် စောစောစီးစီး ရောက်ရှိနေကြသည်ကို တွေ့ရသည်။ သူမနောက်ကပ်လျက် တန်းတွင်တော့ အဘိုးကြီးကျန်း၏ မိသားစုနှင့် အစ်မကြီးဖန်၏ မိသားစုတို့ ရှိနေကြ၏။ ထိုထက် ပို၍ နောက်ကျသောနေရာတွင် မာမိသားစုကို တွေ့လိုက်ရသည်။
ဝင်းထဲမှ အခြားလူအတော်များများကိုလည်း ထိုနေရာတွင် တွေ့ရ၏။
ယွမ်ဟောက်ရွှယ်နှင့် သူမ၏ ညီမငယ် ယွမ်ဟောက်ယွဲ့တို့လည်း ရောက်နေကြသည်။
သို့သော် ယွမ်ရှောင်ချွေ့ကိုမူ မတွေ့ရပေ။
ယွမ်ဟောက်ဖုန်းမှာမူ ရထားခရီး ထွက်နေရသဖြင့် အိမ်တွင် မရှိချေ။
ချန်ချင်းယွီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အရှေ့တန်းတွင် ဝမ်ကျန့်ကော်၏ မိသားစုကို တွေ့လိုက်ရ၏။ သူတို့မှာ ပို၍ပင် စောစီးစွာ ရောက်နှင့်နေကြသည်။ အဘွားကြီးဝမ်သည် အရှေ့ဆုံးတန်းတွင် ဂုဏ်ယူဝင့်ကြွားစွာ ထိုင်နေလေ၏။
"အမေ... ကျွန်မ အဒေါ်ကြီးဝမ်ရဲ့ ခင်ပွန်းကို တစ်ခါမှ မမြင်ဖူးသလိုပဲနော်"
ချန်ချင်းယွီ တိုးတိုးလေး ကပ်မေးလိုက်သည်။
ပုံမှန်ပွဲလမ်းသဘင်များတွင်ဖြစ်စေ၊ စက်ရုံတွင်း လှုပ်ရှားမှုများတွင်ဖြစ်စေ သူမသည် သူ့ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ချန်ချင်းယွီသည် သူ့အကြောင်းကို မမှတ်မိသလောက်ပင် ဖြစ်နေ၏။ သူမ အိမ်ထောင်ကျလာသည်မှာ လေးနှစ်ကျော်၊ ငါးနှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း သူ မည်သို့ပုံစံရှိသည်ကိုပင် မမှတ်မိသေးချေ။ သေချာသည်မှာ သူမသည် ထိုသူ့ကို ခဏခဏ မတွေ့ခဲ့ရ၍ မျက်မှန်းမတန်းမိခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ချန်ချင်းယွီ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
အဘွားကြီးကျောက်
နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး
"ညည်းကို ထားလိုက်ပါဦး၊ ငါတောင် သူ့ကို မြင်ရခဲတယ်။ အဲဒီအဘိုးကြီးက မာနကလည်း ခေါင်ခိုက်နေတာ။ တစ်ခါက နှစ်သစ်ကူးတုန်းက သူ့သားအိမ်ကို လာလည်တယ်၊ အဲဒီမှာ လမ်းထဲက ကလေးဆိုးလေးတချို့က ဗြောက်အိုးတွေဖောက်ရင်း သူ့အပေါ်ကို နှင်းတွေနဲ့ ပက်မိရော။ အဲဒါ နှင်းလေးနည်းနည်းပါ၊ ဘာများ အရေးကြီးလို့လဲ.. နွားချေးမှ မဟုတ်တာ၊ ကိစ္စမရှိပါဘူး။ နှစ်သစ်ကူးအချိန်ကြီးဆိုတော့ စိတ်ဆိုးစရာလည်း မဟုတ်ဘူးလေ။ ဒါပေမဲ့ အဲဒီအဘိုးကြီးက ဒေါသကြီးတယ်၊ အရမ်းစိတ်ဆိုးသွားပြီး ကလေးတွေကို သူတို့အိမ်တွေအထိ ဆွဲခေါ်သွားပြီး မိဘတွေကို ဖြေရှင်းခိုင်းတော့တာပဲ။ ဝမ်ကျန့်ကော်က ရှက်ကိုးရှက်ကန့်ဖြစ်ပြီး သူ့အဖေနဲ့ ပြန်အငြင်းပွားကြတယ်လေ။ အဲဒီနောက်ပိုင်း အဘိုးကြီးက ဒီဘက်ကို တစ်ခါမှတောင် မလာတော့ဘူး"
"ဪ..."
ချန်ချင်းယွီ သံရှည်ဆွဲ ရှည်ရှည်ဝေးဝေး ရေရွတ်လိုက်သည်။
"အဲဒီအဘိုးကြီးက စည်းကမ်းတွေ အင်မတန်ကြီးတာ၊ ညည်းမမြင်ဘူးလား.. အဒေါ်ကြီးဝမ်က အိမ်ပြန်ရမှာထက် တို့ဝင်းထဲမှာပဲ နေချင်နေတာ။ အဲဒီအဘိုးကြီးက တကယ်ကို ကိုင်တွယ်ရခက်တဲ့လူစား"
အဘွားကြီးကျောက် ဝေဖန်လိုက်၏။ ထိုကဲ့သို့ ခေါင်းမာသည့် အဘိုးကြီးမျိုးကို လူအများစု လက်လျှော့ကြရမည်ဟု သူမ ထင်နေမိသည်။
အဘွားကြီးဝမ်၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာကို ကြည့်ပြီး အဘွားကြီးကျောက်မှာ
"တွေ့လား.. သူက သူ့သားရဲ့အိမ်မှာ နောက်ထပ်တစ်ည ထပ်နေရလို့ ပျော်နေတာ ဖြစ်မှာပေါ့"
ချန်ချင်းယွီ ခပ်ပြုံးပြုံးဖြင့်
"ရုပ်ရှင်ကြည့်ရလို့ ပျော်စရာကောင်းနေတာလည်း ဖြစ်နိုင်တာပဲဥစ္စာ"
"ညည်းက ငယ်သေးလို့ မသိသေးတာပါ.."
အဘွားကြီးကျောက် ချန်ချင်းယွီကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
မိန်းမပျိုလေးတစ်ယောက်က အဘွားကြီးတစ်ယောက်ရဲ့ စိတ်ကူးတွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ..
ဟူး.... ညည်းတို့ ငယ်ပါသေးတယ်အေ..
ချန်ချင်းယွီ မျက်ခုံးပင့်လိုက်မိ၏။
အဘွားကြီးကျောက် : "ဟေ့... သိလား၊ တို့စက်ရုံက တကယ့်ကို စက်ရုံကြီးပဲဟေ့.. ကြည့်စမ်း... လူတွေ ဒီလောက်တောင် များတာတောင် မလာသေးတဲ့သူတွေ အများကြီး ကျန်သေးတယ်။ ဒီခန်းမကြီး တစ်ခုလုံး ပြည့်လျှံနေတာပဲ.."
သူမ အရှေ့ဘက်ကို လှည့်ကြည့်ပြီး တစ်စုံတစ်ခုကို အံ့ဩတကြီး ရှာဖွေတွေ့ရှိသွားသည့်အလား ဆိုပြန်သည်။
"အရှေ့ဆုံးတန်းတောင် မပြည့်သေးပါလား၊ ဘာလို့ ဘယ်သူမှ မထိုင်ကြတာလဲ"
ချန်ချင်းယွီ : "ဒါတွေက လူကြီးပိုင်းတွေအတွက် ချန်ထားတာ မဟုတ်လား"
အဘွားကြီးကျောက် သက်ပြင်းချရင်း
"ကြည့်စမ်း... အထက်လူကြီးဖြစ်ရတာ ဘယ်လောက်ကောင်းလဲ။ ရုပ်ရှင်ကြည့်ရင်တောင် အရှေ့ဆုံးတန်းမှာ ထိုင်ရတယ်။ ငါရော ဘယ်တော့မှ အဲဒီလို အဆင့်မျိုး ရောက်မှာပါလိမ့်"
"ဖူး... ဟားဟား.."
ဘေးပတ်ဝန်းကျင်မှ လူအတော်များများမှာ ထိုစကားကြောင့် မအောင့်နိုင်ဘဲ ရယ်မောလိုက်ကြ၏။
ခင်များကြီးကတော့ မှန်းရဲလိုက်တာဗျာ....
အရှေ့ဆုံးတန်းမှာ ထိုင်ရမယ့် လူကြီးဆိုတာ ဘယ်လိုလူစားမျိုး ဖြစ်ရမလဲ....
မမြင်ဘူးလား.. ထောက်ပံ့ပို့ဆောင်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး မာကျန့်ယီတောင်မှ ခုံတစ်ခုံရဖို့ အဆင်ပြေသလို ရှာထိုင်နေရတာလေ....
အရှေ့ဆုံးတန်းဆိုတာ သူတို့တောင် အိမ်မက်မက်လို့ မရတဲ့အရာပဲ…
ခင်များကြီးရဲ့ ရည်မှန်းချက်ကတော့ တကယ်ကို အတိုင်းအဆမရှိပါပဲ....
သူက ထမင်းစားဆောင် ပြတင်းပေါက်မှာတောင် ထမင်းဦးအောင် တိုးနိုင်သေးတာ မဟုတ်ဘူး....ထမင်းစားဆောင်ကနေ အရင်ဆုံး ဦးအောင် ထွက်နိုင်ဖို့ပဲ ကြိုးစားသင့်တာ..
[ဆိုလိုတာက ထမင်းဟင်း ခူးခပ်ဝေပေးတဲ့အဆင့်တောင် မဟုတ်ဘူးလို့ပြောတာပါ]
ဒီအဘွားကြီးကတော့ လေလုံးတွေ ထွားနေတော့တာပါပဲ..
အဘွားကြီးကျောက် : "ကြည့်စမ်းပါဦး၊ အရှေ့ဆုံးတန်းမှာ ခုံအလွတ်တွေ အများကြီးပဲ။ လူကြီးတွေ တစ်ယောက်မှ ရောက်မလာသေးဘူး။ ဒီအတိုင်း အလကားထားရတာ နှမြောစရာကြီး"
အရှေ့မှ အဘွားကြီးတစ်ယောက်မှာ မနေနိုင်ဘဲ လှည့်ကြည့်ကာ ဝင်ပြောလိုက်၏။
"လူကြီးဆိုတာ အမြဲတမ်း နောက်ဆုံးမှ ခန့်ခန့်ညားညား ရောက်လာကြတာလေ။ ဘယ်လိုလုပ် စောစောရောက်ပါ့မလဲ။ သူတို့က နေရာဦးစရာတောင် မလိုဘူး။ နောက်ပြီး လူကြီးတွေက ကိုယ်တိုင်လာတာ ရှားပါတယ်၊ သူတို့ရဲ့ မိသားစုဝင်တွေပဲ လာကြတာများတယ်"
အထက်လူကြီးများမှာ ရုပ်ရှင်တစ်ကားကို အရေးမလုပ်ကြချေ။
သူတို့အိမ်မှာတင် သီးသန့်ပြသပွဲ လုပ်ကြည့်လို့ရနေတာကို.. အထူးအထွေ ရွေးချယ်နေစရာ မလိုဘူးလေ..
ဒီလို ဆူညံပွက်လောရိုက်နေတဲ့ ပတ်ဝန်းကျင်မျိုးကို သူတို့က ဘယ်လို့ ကြိုက်ပါ့မလဲ..
အဘွားကြီးကျောက် : "ဟေ့... ဟိုမှာ ချဲယုံဖုန်း မဟုတ်လား.. ဂဟေဆက်အလုပ်ရုံက အလုပ်ရုံမှူး ချဲယုံဖုန်း မဟုတ်လား.. သူက အရှေ့ဆုံးတန်းမှာ ထိုင်နေတာပဲ.. တကယ်ပါပဲ၊ မာကျန့်ယီက လူဖျင်းတစ်ယောက်မှန်း ငါသိသားပဲ။ ဘာလို့ သူက လူကြီးတွေကို ပိုပြီး ဖားရမယ်မှန်း မသိရတာလဲ.. သူက အလုပ်ရုံမှူးထက် သိပ်နိမ့်တာလည်း မဟုတ်ဘဲနဲ့၊ အရှေ့တန်းမှာ ထိုင်လို့ရသားနဲ့.. အခုတော့ ငါ့နောက်မှာ လာထိုင်နေရတယ်.. တကယ်ကို အသုံးမကျတဲ့ အမှိုက်ပဲ"
သူမ မကျေမနပ်ဖြစ်နေလေသည်။
အရှေ့မှ အဘွားကြီးသည်လည်း ထောက်ခံကာ
"ချဲယုံဖုန်းက ပါတီအတွင်းရေးမှူးကျန့်ရဲ့ သမက်လေ၊ အရှေ့ဆုံးတန်းမှာ ထိုင်ခွင့်ရှိတာပေါ့။ ချဲယုံဖုန်းဘေးက မိန်းမကို မြင်လား.. အဲဒါ သူ့မိန်းမ၊ ပါတီအတွင်းရေးမှူးကျန်းရဲ့ သမီးလေ"
ချန်ချင်းယွီ စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ပြီး "ဒါကြီးက ချဲယုံဖုန်းရဲ့ မိန်းမလား.." ဟု ရေရွတ်လိုက်မိ၏။
သူမ ကြည့်လိုက်သောအခါ ထိုမိန်းမမှာ အမှန်တကယ်ပင် အတော်လေး ဝဖြိုးနေသည်ကို တွေ့ရသည်။ ယခုခေတ်တွင် လူတိုင်းမှာ ပိန်ပိန်ပါးပါးသာ ရှိကြသဖြင့် လူဝကြီးများကို တွေ့ရခဲ၏။ သို့သော် ချဲယုံဖုန်း၏ ဇနီးမှာမူ အတော်လေး လုံးပတ်ကြီးပြီး အရပ်လည်း မြင့်သည်၊ အနည်းဆုံး ၁.၇ မီတာလောက် ရှိမည်ဖြစ်ကာ ပုခုံးကျယ်၍ ခါးအင်မတန် တုတ်သည်။ ချန်ချင်းယွီ၏ အမြင်အရ ထိုမိန်းမသည် အနည်းဆုံး ပေါင် ၁၆၀ သို့မဟုတ် ၁၇၀ လောက် ရှိပေလိမ့်မည်။
ဆိုရသော်… ထိုမိန်းမမှာ အင်မတန် ထွားကြိုင်းလှ၏....
ကြီးမားတုတ်ခိုင်သော မိန်းမ၏နံဘေးတွင် ချဲယုံဖုန်းမှာ မီးခြစ်ဆံလေးနှယ် ရှိနေလေသည်။
သောက်ကျိုးနည်း.. ကြည့်လိုက်တာနဲ့ ကွာဟချက်ကြီးက ကြီးမားလိုက်တာ....
သို့သော် ချန်ချင်းယွီသည် ထိုမိန်းမမှာ ပါတီ အတွင်းရေးမှူးကျန်း၏ သမီးဖြစ်ကြောင်း ချက်ချင်းသတိရသွားသည်။ သူမသည် အတွင်းရေးမှူးကျန်းကို သိသည်လေ.. နောက်ဆုံးတစ်ခေါက် နံရံကျော်တက်တုန်းက... အဟမ်း.. ဟို... သူမ နံရံကျော်ခဲ့သည်မှာ အကြိမ်ပေါင်းမနည်းတော့သော်လည်း ထိုလူကြီးလူကောင်းများ၏ ညစာစားပွဲအကြောင်းကိုမူ ကောင်းကောင်းမှတ်မိနေ၏။
ဖော်ရွေပုံရသည့် ထိုရဲဘော်ဟောင်းကြီးမှာ ပါတီ အတွင်းရေးမှူးကျန်းပင် ဖြစ်သည်။ သူကို ကြည့်လိုက်လျှင် ကြင်နာတတ်သည့် လူကြီးလူကောင်းတစ်ဦးနှင့် တူသော်လည်း တကယ်တမ်းမှာမူ အင်မတန် ယုတ်ညံ့သူဖြစ်၏။
ထိုစဉ်က သူတို့အားလုံး ယွမ်ရှောင်ချွေကို အခွင့်ကောင်းယူရန် ကြိုးစားနေကြသည်မှာ သိသာလှသည်။
အကယ်၍ ယွမ်ရှောင်ချွေသာ သူမ၏ မိတ်ကပ်များကို ဖျက်ဆီး၊ ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်ပြီး အရက်မူးသလိုမျိုး မရမ်းကားခဲ့လျှင် ဖြစ်လာမည့် နောက်ဆက်တွဲရလဒ်မှာ တွေးဝံ့စရာပင် မရှိချေ။
သေချာသည်မှာ သူ၏ ယဉ်ကျေးသိမ်မွေ့သော ရဟန်းသူတော်စင်ကဲ့သို့ အသွင်အပြင်မှာ ဟန်ပြသက်သက်သာ ဖြစ်၏။ သို့သော် ချဲယုံဖုန်း၏ ဇနီးမှာ သူမဖခင်နှင့် သိပ်မတူလှချေ။ ပါတီ အတွင်းရေးမှူးကျန်းသည် အသက်မငယ်တော့သော်လည်း အင်မတန် သန့်ပြန့်ယဉ်ကျေးပြီး ပိန်ပိန်ပါးပါး ရှိလှသည်။ သူ၏ အသွင်အပြင်ကို ကြည့်ရုံဖြင့် ဤကဲ့သို့သော ကိစ္စရပ်များကို လုပ်ဆောင်လိမ့်မည်ဟု မည်သူမျှ ထင်ကြမည်မဟုတ်ပေ။
သို့သော် ချဲယုံဖုန်း၏ ဇနီးမှာမူ ကြည့်လိုက်သည်နှင့် ခပ်ထန်ထန် ပုံစံရှိပြီး ပွင့်လင်းလွန်းသည့် လူစားမျိုး ဖြစ်၏။
အဘွားကြီးကျောက် ချောင်းကြည့်ရင်း
"သူ့ကို ဒီလိုပုံစံမျိုး မြင်ဖူးတာ ဒါပထမဆုံးပဲ။ ပါတီ အတွင်းရေးမှူးကျန်းနဲ့ လုံးဝမတူဘူးပဲနော်"
ချန်ချင်းယွီလည်း အပြည့်အဝ ထောက်ခံသည့်အနေဖြင့် ခပ်ပြုံးပြုံးသာ ခေါင်းညိမ့်လိုက်၏။
"ကြည့်စမ်း... ချဲယုံဖုန်းဆိုရင် သူ့မိန်းမကြောင့်နဲ့တင် အရှေ့ဆုံးတန်းမှာ ထိုင်နေနိုင်တာ။ သားရယ်... မင်းမှာ ဘာလိုနေလို့လဲ.. မင်းကို ပံ့ပိုးပေးမယ့်သူတစ်ယောက်ပဲ လိုတာပါ။ အဲဒီလိုလူသာရှိရင် မင်းက သူ့ထက်တောင် သာဦးမယ်။"
အဘွားကြီးဟွမ်နှင့် အခြားလူများမှာ အနောက်ဘက်တွင်ထိုင်ရင်း တတွတ်တွတ် ရေရွတ်နေကြသည်။ တစ်ညတွင်းချင်း ထိပ်တန်းရောက်သွားချင်သည့် စိတ်ကူးမျိုး မည်သူမှာ မရှိဘဲ နေပါ့မည်နည်း။
အဘွားကြီးဟွမ်သည် သူမ၏သားမှာ အရည်အချင်းအပြည့်ရှိပြီး အခွင့်အရေးသာ လိုနေခြင်းဖြစ်သည်ဟု ခံစားနေရ၏။ ချဲယုံဖုန်းသည်လည်း ယခင် သာမန်အလုပ်သမားတစ်ယောက်သာ ဖြစ်ခဲ့ပြီး မိန်းမအရှိန်အဝါကို အသုံးချကာ ရာထူးတက်လာခြင်းဖြစ်သည်။ သူမ၏သားသည်လည်း သူ့ထက် မနိမ့်ပါပေ။ အဘွားကြီးဟွမ်သည် ချေယုံဖုန်းကို အတော်လေး မနာလိုဖြစ်နေမိသ၏။
အိမ်ထောင်ပြုရုံနဲ့ သူမသားရဲ့ဘဝ အောင်မြင်နိုင်မည်ဆိုလျှင် အဲ့မိန်းမက ရုပ်မချောလည်း ဘာအရေးလဲ..
"မိန်းမယူရင် ရုပ်ရည်တစ်ခုတည်း ကြည့်လို့မရဘူး။ ရုပ်ချောတာက အပိုပဲ။ တချို့က ရုပ်တော့ချောပါရဲ့၊ ဒါပေမဲ့ လာဘ်ပိတ်တဲ့ မိန်းမတွေ။ သူတို့နားကပ်တဲ့သူတိုင်း ဒုက္ခရောက်ကုန်တာပဲ။"
သူမသည် နာမည်တပ်မပြောရဲသော်လည်း ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုအဘွားကြီး ကျောက်တာ့ရာမှာ အင်မတန် ရက်စက်လှသူဖြစ်၍ လူကြားထဲတွင် အရှက်မကွဲချင်ပေ။
"တို့တွေက အရည်အချင်းရှိပြီး အကျင့်စာရိတ္တကောင်းတဲ့၊ မိသားစုအသိုင်းအဝိုင်းကောင်းတဲ့သူမျိုးကိုပဲ ရှာရမယ်။ အဲဒါမှ မှန်ကန်တဲ့အလုပ်။ ယောက်ျားတစ်ယောက်ဆိုတာ တောက်ပတဲ့ အနာဂတ်ရှိရမယ်"
အဘွားကြီးဟွမ် မနားတမ်း လေပေါနေတော့သည်။
ချန်ချင်းယွီမှာ မျက်စောင်းထိုးချင်သွားသော်လည်း အဘွားကြီးကျောက်မှာမူ ထိုမျှအထိ ယဉ်ကျေးမနေပေ။
"ညည်း စိတ်ကူးယဉ်တာကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ညည်းသားကိုရော ဘယ်သူကများ လိုချင်မှာလဲဆိုတာ ထည့်မတွေးဘူးလား.. မိန်းမနဲ့ကွာထားတဲ့သူ၊ ကြည့်လိုက်ရင်လည်း မျက်လုံးက ကလည်ကလည်နဲ့ ကြွက်မျက်နှာနဲ့၊ ညည်းလိုမျိုး စိတ်ပုတ်တဲ့အမေ၊ လော်လီတဲ့အဖေ၊ နောက်ပြီး ကျွေးရမယ့် ကလေးကလည်း ရှိသေးတယ်။ ဘယ်လို မိန်းကလေးကောင်းကများ ဒီလိုမိသားစုထဲကို ဝင်ချင်မှာလဲ.. သူတို့က အနုံအတွေတွေမှ မဟုတ်တာ"
အဘွားကြီးကျောက် ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်လေသည်။
အဘွားကြီးဟွမ် အဘွားကြီးကျောက်ကို သွားမစသော်လည်း အဘွားကြီးကျောက်သည်ကား လုံးဝယဉ်ကျေးမနေပေ။
သူမကတော့ ထုံးစံအတိုင်း လူမုန်းများမယ့် လမ်းကိုပဲ ရွေးလျှောက်နေတာ....
"မိန်းမဆီက ကပ်စားချင်တဲ့ ယောက်ျားတွေတောင်မှ ရုပ်ရည်လေးတော့ ရှိရသေးတာ။ ညည်းသားကတော့ အသုံးမကျတဲ့ အမှိုက်ပုံပဲ၊ ရုပ်ကလည်းဆိုးသေး၊ ရည်မှန်းချက်ကလည်း ကြီးသေးတယ်.."
ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ မကြားချင်ယောင်ဆောင်နေကြသော်လည်း ရယ်ချင်စိတ်ကို အောင့်ထားကြရသည်။
ထမင်းစားဆောင်မှ အဘွားကြီးကျောက်ဆိုသည်မှာ စက်ရုံနှင့် ဝန်ထမ်းမိသားစုဝင်းထဲတွင် အတော်လေး နာမည်ကြီး၏။
ယနေ့ သူမပြောပုံဆိုပုံကို ကြည့်ရသည်မှာ အမှန်ပင် နာမည်နှင့်လိုက်ဖက်လှပေသည်။
သူတို့ကတော့ တွေ့လိုက်တိုင်း ဒီလိုပဲပြဿနာရှာနေကြတာ..
"ညည်းတို့လင်မယားကလည်း ရုပ်ဆိုးတယ်၊ ညည်းသားကလည်း ရုပ်မချောဘူး၊ ဒါကြောင့် ဘာမှလျှောက်ပြီး စိတ်ကူးမယဉ်နေနဲ့"
အဘွားကြီးကျောက် ဆက်ပြောလိုက်၏။
"ကျောက်တာ့ရာ.. ပါးစပ်ပိတ်ထားစမ်း.. ဒါက ညည်းနဲ့ ဘာဆိုင်လို့လဲ.. ငါတို့ကိစ္စထဲကို ဘာလို့ လာဝင်ပါနေတာလဲ.. ငါ့သားက ရုပ်ချောပြီးသား၊ ညည်းက ဘာသိလို့လဲ.. တခြားသူတွေက ငါ့သားရဲ့ အာရုံစိုက်မှုကိုရဖို့ အတင်းတောင်းဆိုနေကြတာ..."
"အိပ်မက်ယောင်မနေနဲ့.. သူ့ကို အတင်းတောင်းဆိုနေကြတယ် ဟုတ်လား.. အဲဒါကို ဘယ်သူက ယုံမှာလဲ.. ညည်းသားကိုဆိုရင် လမ်းဘေးခွေးတွေတောင် ကြိုက်ပါ့မလားလို့ ငါသံသယဖြစ်မိတယ်။ အဲဒါကြောင့်လည်း ဘယ်သူမှ မကြိုက်လို့ ညည်းက အတင်းမြှောက်ပင့်နေရတာ မဟုတ်လား"
"ညည်း.."
"ငါ ညည်းကို ဆွဲဖြဲပစ်မယ်.. ငါ့အကြောင်း ပြောတာက ထားပါဦး၊ ငါ့သားကိုပါ ပြောရဲတယ်ပေါ့.. ညည်းလို အဘွားကြီး၊ ညည်းလို အောက်တန်းစား..."
အဘွားကြီးဟွမ် ဒေါသတကြီး အော်ဟစ်တော့သည်။
အဘွားကြီးဟွမ် အတင်းရှေ့သို့ တိုးလာသော်လည်း အဘိုးကြီးကျန်း သူမကို အမြန်လှမ်းဆွဲလိုက်ပြီး "မင်းတို့ ဘာလုပ်နေတာလဲ.. မရှက်ကြဘူးလား.. ပါးစပ်ပိတ်ထားစမ်း.." ဟု ခပ်တိုးတိုး ဟောက်လိုက်၏။
ဤနေရာသည် ဝင်းထဲတွင် မဟုတ်ဘဲ စက်ရုံထဲ၌ဖြစ်သဖြင့် သူသည် ဤကဲ့သို့ အရှက်ကွဲမခံနိုင်ပေ။
သူတို့နှစ်ဦးမှာ ကွာရှင်းထားကြသော်လည်း အဘွားကြီးဟွမ် အရှက်ကွဲလျှင် မည်သူမှ သူမကို အသိအမှတ်ပြုမည်မဟုတ်ဘဲ နောက်ဆုံးတွင် သူသာလျှင် အရှက်ရလိမ့်မည်။ အဘွားကြီးကျောက်မှာမူ... သူမသည်ကား အရှက်မရှိသည့်အပြင် ဘာကိုမှလည်း ဂရုမစိုက်ပေ။ သူမကဲ့သို့ အဘွားကြီးတစ်ယောက်မှာ သူမ၏ဂုဏ်သိက္ခာကို ဂရုမစိုက်သော်လည်း သူအနေဖြင့် ထိုသို့မဖြစ်နိုင်ချေ။
သူက ယောက်ျားတစ်ယောက်ဖြစ်ပြီး သိက္ခာကို ထိန်းရမည်မဟုတ်ပါလား..
"စိတ်အေးအေးထားပါ၊ သူပြောတာတွေကို အတည်မယူနဲ့။ ရုပ်ရှင်စတော့မယ်၊ ရုပ်ရှင်ပဲ ကြည့်ရအောင်"
အဘိုးကြီးကျန်း ပြောရင်း အဘွားကြီးဟွမ်ကို တားလိုက်သည်။
သူသည် အဘွားကြီးဟွမ်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆွဲညှစ်ထား၏။ အဘွားကြီးဟွမ် ပြန်အော်ချင်သော်လည်း အဘိုးကြီးကျန်း၏ အကြည့်ကိုမြင်သောအခါ နောက်ဆုံးတွင် အောင့်သက်သက်ဖြင့်သာ ငြိမ်နေလိုက်တော့သည်။ အဘိုးကြီးကျန်းမှာ အဘွားကြီးကျောက်ကို တစ်ချက်လှမ်းကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မကျေမနပ်ဖြစ်နေသည့် အမူအရာကို ပြလိုက်၏။
သို့သော်လည်း သူသည် သူမနှင့် ပတ်သက်မိအောင် မလုပ်လိုပေ၊ ဤအဘွားကြီးမှာ သူသည် သူမကို စိတ်ဝင်စားနေသည်ဟု ကောလာဟလများ လိုက်ဖြန့်နေသည့် အဖြစ်ကို သူ မလိုချင်ပေ။
လူကြားထဲတွင် ဤကောလာဟလကို ပို၍ အရှိန်မတက်သွားစေရန် သူ သတိထားနေရ၏။
အဘိုးကြီးကျန်း စိတ်ကိုထိန်းထားသော်လည်း ကျန်းရှင်းဖှမှာမူ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီကို ခက်ထန်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
ကျန်းရှင်းဖှသည် ချန်ချင်းယွီအပေါ် အမြဲတမ်း ရမ္မက်ဇောများ ရှိနေခဲ့သော်လည်း တစ်ခါမှ မအောင်မြင်ခဲ့သဖြင့် အကြီးအကျယ် စိတ်ပျက်နေရသူဖြစ်၏။
မနေ့ကသာ သူမမိသားစုနှင့် ရန်မဖြစ်ခဲ့ရင် သူက လျှိုကျင့်ဆီ
သွားပါ့မလား..
နောက်ပြီး လျှိုကျင့်ဆီ မသွားခဲ့ရငါ ခွေးအကိုက်ခံရပါ့မလား..
အဘွားကြီးကျောက်နှင့် ထိုမုဆိုးမလေးမှာ သူနှင့် တကယ်ကို ကံမပါသူများဟု သူ ခံစားနေရသည်။ သူတို့နှင့် ပတ်သက်မိတိုင်း ကောင်းကျိုးတစ်ခါမှ မပေးခဲ့ချေ..
သို့သော်လည်း ထိုမုဆိုးမလေးမှာ တကယ်ကို လှပလွန်းလှသည်..
ကျန်းရှင်းဖှသည် ချန်ချင်းယွီကို အကြည့်မခွာဘဲ စိုက်ကြည့်နေသည်။
ချန်ချင်းယွီမှာ သူ့အတွက် ကံမကောင်းစေသူဟု ခံစားနေရသော်လည်း ရမ္မက်ကြီးလှသော ကျန်းရှင်းဖှမှာ သူမကို မြင်လျှင် အလိုဆန္ဒများ တောက်လောင်လာရမြဲဖြစ်၏။ သူ၏ ဇနီးဟောင်းဖြစ်စေ၊ လျှိုကျင့်ဖြစ်စေ ထိုမုဆိုးမလေးကို မမှီနိုင်ကြချေ။ ချန်ချင်းယွီမှာ ငြင်းမရအောင် လှပလွန်းသည်။ ဝင်းတစ်ခုလုံး ဝိုင်းဝန်းအသိအမှတ်ပြုထားရသည့် အလှပဂေး ဟောက်ရွှယ်ပင်လျှင် ချန်ချင်းယွီနှင့် ယှဉ်လျှင် မှေးမှိန်သွားရ၏။
လုံးဝကို ယှဉ်လို့မရပါဘူး..
ချန်ချင်းယွီ၏ အလှမှာ ယနေ့ခေတ် ခေတ်စားနေသည့် "တိုင်းပြည်အေးချမ်း သာယာဝပြောခြင်း" ကို ကိုယ်စားပြုသည့် ပြည့်ပြည့်ဖြိုးဖြိုး အလှမျိုး မဟုတ်ဘဲ စင်ကြယ်ပြီး နတ်သက်ကြွေသလား အောက်မေ့ရသည့် ထူးခြားသော အလှမျိုးဖြစ်သည်။ ကျန်းရှင်းဖှမှာ စကားလုံးဖြင့် ဖော်ပြရခက်သော်လည်း ချန်ချင်းယွီသည် ရိုးရှင်း၍ အဆီအငေါ်တည့်လှသည့် အလှတရား၏ ပြယုဂ်ပင် ဖြစ်၏။ သူမသည် အမှန်တကယ်ပင် လှပလွန်းလှသည်....
ကျန်းရှင်းဖှ အဘွားကြီးဟွမ်ကို "နေရာလဲရအောင်" ဟု တိုးတိုးလေး ပြောလိုက်၏။
အဘွားကြီးဟွမ်သည်လည်း သဘောတူလိုက်ကာ "အေး... အေး"
ကျန်းရှင်းဖှသည် နေရာလဲလိုက်ရာ ယခုအခါ ချန်ချင်းယွီနှင့် ပို၍ နီးကပ်သွားလေသည်။ သူ၏အမေ ဘာမှမေးမနေဘဲ လဲပေးသည်ကို သူ သဘောကျမိ၏။
သူမသည် အတော်လေး အလိုက်သိတတ်သူပင်..
တကယ်တမ်း၌ ကျန်းရှင်းဖှသည် သူ၏အမေကို အထင်သေးသူဖြစ်သည်။ ဘာအရည်အချင်းမှမရှိဘဲ အော်ဟစ်ဆဲဆိုတတ်သည့် မိန်းမကြီးတစ်ယောက်ဟုသာ မြင်နေ၏။
သူသည် ချန်ချင်းယွီကို စိုက်ကြည့်ရင်း မှောင်နေသည့်အချိန်တွင် ရုပ်ရှင်ကြည့်ရခြင်းမှာ အတော်လေး မဆိုးလှဟု ရုတ်တရက် တွေးမိသွားသည်။
တစ်ခုခုဖြစ်ခဲ့ရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး..
ချန်ချင်းယွီအနေဖြင့်လည်း တစ်ခုခုပြောရဲလိမ့်မည်ဟု သူ မယုံကြည်ချေ။
ဘာမှမဖြစ်ခဲ့ရင်တောင် သူကတော့ အမြဲတမ်း အခွင့်ကောင်းယူနိုင်သည် မဟုတ်ပါလား..
ကျန်းရှင်းဖှသည် ထူးဆန်းစွာ ပြုံးလိုက်တော့သည်။
တစ်ခါတစ်ရံတွင် အရာရာမှာ အပြန်အလှန် ရှိတတ်ကြ၏။ ကျန်းရှင်းဖှ အမှောင်ထဲတွင် မည်သို့အခွင့်ကောင်းယူရမည်ကို ကြံစည်နေသကဲ့သို့ ချန်ချင်းယွီသည်လည်း အမှောင်ထဲတွင် တစ်စုံတစ်ယောက်ကို သင်ခန်းစာပေးရန် အကောင်းဆုံးဖြစ်သည်ဟု တွေးနေမိသည်။ သူမတွင် နောက်စေ့၌ မျက်လုံးမပါသော်လည်း တစ်စုံတစ်ယောက် သူမကို စိုက်ကြည့်နေသည်ကို အမြဲတမ်း အာရုံခံနိုင်စွမ်း ရှိ၏။
ချန်ချင်းယွီသည် မျက်လွှာချလိုက်ပြီး လက်ချောင်းလေးများကို ကစားရင်း အဘွားကြီးကျောက်အနားသို့ တိုးကပ်ကာ နားနားတွင် စကားအချို့ တိုးတိုးလေး ပြောလိုက်သည်။
အဘွားကြီးကျောက် ချန်ချင်းယွီကို အံ့ဩတကြီး ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောဘဲ အနောက်သို့ တိတ်တဆိတ် လှည့်ကြည့်လိုက်၏။
သေမင်းကို သွားဖိတ်ခေါ်နေသည့်သူ တစ်ယောက် မည်သို့ သေသွားမလဲဆိုသည်ကိုသာ သူမ ကြည့်ချင်နေတော့သည်..
အဘွားကြီးကျောက်သည် ကျန်းရှင်းဖှကို အင်မတန် အထင်သေး၏။
ဒါဟာ ငါ့ချွေးမလေ.. သူက ကိုယ့်မိန်းမကိုယ်တိုင် ရှာမထားဘဲ သူများမိန်းမကိုမှ ယုတ်ညံ့တဲ့ စိတ်ထားနဲ့စိုက်ကြည့်နေရသလား....
ချန်ချင်းယွီသာမက သူမကိုယ်တိုင်ပင် သူ့ကို ရိုက်ပစ်ချင်နေပြီဖြစ်၏။
ဒင်းက ဘယ်လိုခွေးစားမျိုးပါလိမ့်....
အဘွားကြီးကျောက် ကလေးများထိုင်သည့် ခုံနောက်ကျောတွင် လက်တင်ထားပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့၏ အလယ်တွင် ထိုင်နေကြသည်။
ချန်ချင်းယွီ ရောက်လာပြီး မကြာမီမှာပင် ပိတ်ကားကြီးပေါ်၌ အလင်းတန်းများ ပေါ်လာပြီး တစ်ပြိုင်နက်တည်းမှာပင် မီးများ အမြန်မှိန်သွား၏….နောက်ဆုံးတော့ ရုပ်ရှင်စတင်ပါပြီ.. ဆူညံပွက်လောရိုက်နေသည့် ပတ်ဝန်းကျင်မှာလည်း ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
လူတိုင်းမှာ အင်မတန် စိတ်လှုပ်ရှားနေကြ၏။
ရုပ်ရှင်အစ စာတန်းများ ထိုးလာပြီး ဇာတ်လမ်းမှာ ယခုခေတ်တွင် ရေပန်းအစားဆုံးဖြစ်သည့် သူလျှိုဖမ်းသည့် အက်ရှင်သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစား ဖြစ်သည်။ အကယ်၍ ရုပ်ရှင်ဝင်ငွေကောင်းမည့် ကားကို ပြောရမည်ဆိုလျှင် ဤကဲ့သို့သော ဇာတ်ကားမျိုးမှာ ထိပ်ဆုံးမှဖြစ်ပြီး လူတိုင်းက ကြိုက်နှစ်သက်ကြ၏။
၇၀ ခုနှစ်ရဲ့ box office စာရင်းဝင်ဆိုတာ ဒါမျိုးကားပဲ....
၉၀ ခုနှစ်လွန်ကာလဖွားဖြစ်သော ချန်ချင်းယွီအတွက်မူ ဤမျှ ရှေးကျသည့် ရုပ်ရှင်မျိုးကို အမှန်တကယ်ပင် တစ်ခါမှ မမြင်ဖူးချေ။
ရုပ်ရှင်၏ ထုတ်လုပ်မှုပိုင်းမှာ ခေတ်နောက်ကျနေသော်လည်း ဇာတ်လမ်းမှာမူ စိတ်ဝင်စားစရာကောင်းလှပြီး အစပိုင်းကတည်းက အတော်လေး ရင်ဖိုစရာ ကောင်းနေသည်။ အနောက်ရှိ ကျန်းရှင်းဖှပင်လျှင် ချန်ချင်းယွီကို မကြည့်တော့ဘဲ ရုပ်ရှင်ကိုသာ အာရုံစိုက်နေ၏။ကျန်းရှင်းဖှဘက်မှ ထူးခြားသည့် လှုပ်ရှားမှု မရှိသည်ကို မြင်သောအခါ ချန်ချင်းယွီမှာ စိတ်လျှော့ပြီး ရုပ်ရှင်ကြည့်နေသော်လည်း သတိကိုမူ လုံးဝမလွှတ်ထားပေ။ ကျန်းရှင်းဖှ၏ အကြည့်များကို သူမ အာရုံခံမိခဲ့သည်ဖြစ်ရာ သူ ငြိမ်ငြိမ်လေး နေလိမ့်မည်ဟု သူမ မယုံကြည်ပေ။ ထို့ကြောင့် ချန်ချင်းယွီမှာ လိုအပ်သည့် နိုးကြားမှုကို ဆက်လက် ထိန်းသိမ်းထားသည်။
ဇာတ်လမ်းမှာ အလှည့်အပြောင်းများဖြင့် အင်မတန် ဆွဲဆောင်မှုရှိပြီး အမှုမှာလည်း ပို၍ ရှုပ်ထွေးနက်နဲလာ၏။ ချန်ချင်းယွီပင်လျှင် ဇာတ်လမ်းထဲသို့ စတင် နစ်ဝင်လာတော့သည်။ ဤခေတ်၏ ရိုက်ကူးရေး နည်းပညာမှာ အဆင့်မမြင့်လှသော်လည်း ဇာတ်လမ်းဆင်ပုံမှာ နောက်ပိုင်းခေတ် ဇာတ်ကားများစွာကို သာလွန်ပြီး ပရိသတ်၏ အာရုံကို ဖမ်းစားထားနိုင်၏။
ချန်ချင်းယွီအဖို့ ဤကားကို ပထမဆုံးအကြိမ် ကြည့်ဖူးခြင်းဖြစ်ရာ မည်သူက လူဆိုးဖြစ်သည်ကိုပင် ခွဲခြားမရနိုင်လောက်အောင် ဇာတ်လမ်းမှာ ထင်မှတ်မထားသည့်အတိုင်း ဖြစ်နေသည်။
သူမမှာ စိတ်ဝင်တစား ကြည့်နေသကဲ့သို့ ဘေးရှိ ကလေးနှစ်ယောက်မှာလည်း ပိတ်ကားကို မျက်တောင်မခတ် ကြည့်နေကြ၏။ မျက်ခုံးလေးများ တွန့်ချိုးကာ ခေါင်းလေးများ စောင်းလျက် အာရုံစိုက်နေကြသည်မှာ လက်ထဲမှ နေကြာစေ့များကိုပင် မေ့နေကြသည်။ ချန်ချင်းယွီ စားလက်စအိတ်ကို သိမ်းဆည်းလိုက်ပြီး ကြိုးချည်အပြီးတွင်ပင် ရုတ်တရက် "ဝူး" ခနဲ အသံနှင့်အတူ ပိတ်ကားကြီးမှာ မှောင်အတိ ကျသွားတော့၏။
ဟဲ့.. သောက်ကျိုးနည်း..
ချန်ချင်းယွီ လန့်သွားသည်။
ကလေးငယ်နှစ်ယောက်မှာလည်း ကြောက်လန့်တကြား "မေမေ.." ဟု အော်လိုက်ကြ၏။
ချန်ချင်းယွီ : "ရပါတယ်၊ မကြောက်နဲ့နော်၊ မေမေ ဒီမှာရှိတယ်၊ အဘွားလည်း ရှိတယ်"
ချန်ချင်းယွီသည် ဘာဖြစ်သွားမှန်း မသိသော်လည်း ကလေးများကို အသေအချာ ကာကွယ်ထားပြီး "အမေ... ကလေးတွေကိုလည်း ကောင်းကောင်းထိန်းထားဦးနော်" ဟု သတိပေးလိုက်သည်။
“အေးပါ ငါသိပါတယ်”
အဘွားကြီးကျောက် ပြန်ဖြေရင်း
ကျိန်ဆဲလိုက်၏။
"ဒါ ဘာတွေဖြစ်ကုန်တာလဲ.. ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ပျောက်သွားရတာလဲ"
အဘွားကြီးကျောက် ဆဲဆိုနေသကဲ့သို့ အခြားသူများမှာလည်း ဝိုင်းအော်ကြလေသည်။
"ဘာဖြစ်တာလဲဟ.. ကြည့်လို့ကောင်းနေတုန်းရှိသေးတယ်.."
"ဟုတ်ပ.. ဘယ်လိုဖြစ်ပြီး ပျောက်သွားရတာလဲ.. ရုပ်ရှင်ကို ဘယ်လိုပြနေတာလဲ.."
"မြန်မြန်ပြင်ပေးကြပါဦး.. ဘာဖြစ်တာလဲ.. ကြည့်လို့တောင် မပြီးသေးဘူး.."
"မြန်မြန်ပြင်.."
"အရေးကြီးတဲ့ အခန်းရောက်ခါမှပဲ.."
လူတိုင်း အပြန်အလှန် ဆွေးနွေးငြင်းခုံနေကြသဖြင့် တစ်ခန်းလုံး ဆူညံပွက်လောရိုက်သွား၏။ လူတိုင်းမှာ စိုးရိမ်တကြီး ဖြစ်နေကြပြီး အမှောင်ထဲတွင် ပျာယာခတ်နေကြသည်။
"အား.. ဘယ်ကကောင်က ငါ့တင်ပါးကို လာဆွဲတာလဲ.. ဒီမှာ... ငါက ယောက်ျားကြီးဟ.. သောက်ခွေးပဲ.."
"ဟားဟားဟား.. အမလေး... ငါက အဘွားကြီးပါအေ၊ နင်တို့လက်တွေက ဘယ်ကို လာစမ်းနေကြတာလဲ.."
"အား... သတိထားဦးလေ၊ ငါ့ခြေထောက်ကို တက်နင်းမိပြီ..."
မှောင်အတိကျနေသည့်ကြားတွင် နောက်ထပ် ရှုပ်ရှုပ်ထွေးထွေး အခြေအနေများ ပေါ်ပေါက်လာသည်။ မည်သည့်ခေတ်အခါမျိုးတွင်မဆို အခွင့်အရေးသမားအချို့မှာ အမြဲရှိနေတတ်ပြီး အခွင့်အရေးရသည်နှင့် တစ်ပါးသူကို နှောက်ယှက်ရန် ကြံစည်တတ်ကြ၏။ အော်ဟစ်သံများနှင့် ဆဲဆိုသံများမှာ ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်လာသည်။ ထိုင်ခုံရသူများမှာ အတော်လေး အဆင်ပြေသော်လည်း လူသွားလမ်းများပေါ်တွင် ပြည့်ညှပ်နေသူများမှာမူ အတော်လေး ပြဿနာတက်နေကြ၏။
ရုပ်ရှင်ပိတ်ကားသာ လင်းနေပါက အနည်းငယ် မြင်ရဦးမည်ဖြစ်သော်လည်း ယခုမူ ခန်းမကြီးအတွင်း ပြတင်းပေါက်ပင် မရှိသဖြင့် ပိတ်မှောင်နေတော့သည်။
လုံးဝကို မှောင်အတိပင်..
ဤအချိန်တွင် ကျန်းရှင်းဖှမှာ ငြိမ်မနေနိုင်တော့ချေ။ သူသည် မူလကတည်းက ချန်ချင်းယွီကို နှောက်ယှက်ရန် ကြံစည်နေခဲ့သော်လည်း အခွင့်မသာခဲ့၍ ငြိမ်နေရ၏။ ယခုမူ အခွင့်အရေးမှာ လက်ဝယ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ချန်ချင်းယွီ မည်သည့်နေရာတွင် ထိုင်သည်ကို သူ ကောင်းကောင်းသိသဖြင့် မတ်တပ်ရပ်ကာ သူမရှိရာသို့ ကိုယ်ကိုကိုင်းလိုက်ရင်း တိတ်တဆိတ် ရယ်မောနေမိ၏။
ကောင်းကင်ကြီးက ငါ့ကို ကူညီနေတာပဲ..
တကယ်ပါပဲ... ဒါဟာ ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ..
ကျန်းရှင်းဖှသည် မိမိကိုယ်ကို ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရသူ၊ အထူးပင် ကံကောင်းသူဟု ခံစားနေရသည်။
မမြင်ဘူးလား.. ဘုရားသခင်က သူ့အပေါ် အင်မတန် ကြင်နာလွန်းနေတာ....
မဟုတ်ရင် ဒီလို အခွင့်အရေးမျိုး ရပါ့မလား..
သူသည် ထိုမုဆိုးမလေးကို နှောက်ယှက်ရန် အခွင့်အရေး ရှာနေခဲ့သည်မှာ ယခု နတ်ကောင်းနတ်မြတ်မှ ပေးသနားလိုက်သကဲ့သို့ပင်။ ဤသည်မှာ ကံကောင်းခြင်းမဟုတ်လျှင် အဘယ်နည်း.. သူသည် အမှန်တကယ်ပင် ကံထူးသူကြီး ဖြစ်ပေတော့မည်..
ကျန်းရှင်းဖှသည် နတ်ပြည်ရောက်နေသကဲ့သို့ ခံစားနေရသည်။
သူသည် နောင်ရေးကို စိတ်ကူးယဉ်ရင်း သွားဝါကြီးများ ပေါ်အောင် ပြုံးလိုက်မိ၏။ သူသည် မုဆိုးမလေးကို နမ်းရန် ကိုယ်ကို ကိုင်းလိုက်ပြီး လက်မှာလည်း လှမ်းလိုက်ပြီဖြစ်သည်။ ကျန်းရှင်းဖှ၏ ရင်ဘတ်မှာ တဒိန်းဒိန်း ခုန်နေပြီး ပျော်လွန်းသဖြင့် ကောင်းကင်သို့ပင် ပျံတက်သွားမတတ် ခံစားနေရ၏။သူသည် တကယ်ကို... "အား.."
မီးများ ငြိမ်းသွားသောအခါ ချန်ချင်းယွီသည် ပို၍ပင် သတိထားလိုက်သည်။
ဟမ့်.. ငါ့မှာ ဒီလိုမျိုး နိုးကြားတဲ့သတိမရှိရင် ငါက ဆန်ဒါချန်ပီယံ ဖြစ်နေပါ့မလား.. ရယ်စရာကောင်းလိုက်တာ.... ငါက နိုင်ငံ လက်ရွေးစင်ဟဲ့..
ချန်ချင်းယွီသည် သူမ၏ ပတ်ဝန်းကျင်ကို အမြဲ သတိထားနေသူ ဖြစ်၏။
အဓိက အချက်မှာ ကျန်းရှင်းဖှပင်..
ထို့ကြောင့် သူသည် ကောက်ကျစ်စဉ်းလဲစွာဖြင့် အနားသို့ တိုးကပ်လာသောအခါ ချန်ချင်းယွီ ချက်ချင်း သတိပြုမိသွားသည်။ သဘာဝအတိုင်းပင် သူမသည် ဤကဲ့သို့သော လူမျိုးကို အကောင်းမြင်ပေးမည် မဟုတ်ချေ။ မှောင်နေသဖြင့် ချန်ချင်းယွီသည် တိတ်တဆိတ်သာ နေလိုက်ပြီး ကျန်းရှင်းဖှ ကိုယ်ကို ကိုင်းလိုက်သည့် တစ်ခဏအတွင်းမှာပင် သူမ သူ၏ လက်မောင်းကို ဖမ်းဆွဲကာ အားဖြင့် ဆောင့်ချပစ်လိုက်၏။
ကျန်းရှင်းဖှ၏ အဆုတ်ကွဲမတတ် အော်သံကြီး ထွက်ပေါ်လာလေသည်။
"ဘာဖြစ်တာလဲ.. ဘာတွေ ဖြစ်ကုန်တာလဲ.."
ကျန်းရှင်းဖှ၏ အော်သံကြောင့် အရာအားလုံး တိတ်ဆိတ်သွားသလိုပင်။ လူတိုင်း ငြိမ်ကျသွားကြ၏။ ချန်ချင်းယွီ ဂရုမစိုက်ပေ။ သူမသည် ကျန်းရှင်းဖှကို အဆုံးစွန်အထိ စိတ်ကုန်နေပြီဖြစ်သည်။
တစ်ခါပြီးတစ်ခါ၊ ဘယ်တော့မှ မရပ်တန့်နိုင်တော့ဘူး.. ခွေးသူတောင်းစား.. နင့်ကို ဆေးရုံမှာ ထာဝရနေသွားရအောင် လုပ်ပစ်မယ်....
မိန်းမတစ်ယောက်အနေဖြင့် ချန်ချင်းယွီသည် ဤကဲ့သို့သော ကိစ္စရပ်များတွင် မရိုးသားသူများကို အင်မတန် စက်ဆုပ်ရွံရှာ၏။
လူလောက၏ အမှိုက်သရိုက် လူယုတ်မာများကို မိန်းမတိုင်းမုန်းတီးကြလေသည်။
ချန်ချင်းယွီသည်လည်း ထိုနည်းတူပင်။
သူမသည် ယခင်က ပညာပေးခဲ့သည်မှာ အတော်လေး သိမ်မွေ့လွန်းသဖြင့် ဤလူ သူမကို အနိုင်ကျင့်၍ ရမည်ဟု ထင်နေခြင်းဖြစ်ကြောင်း တွေးမိသွား၏။
ယခုအချိန်ကတော့ အကောင်းဆုံးပင်....
သူမသည် လက်ကို မြှောက်ကာ ပါးကို နှစ်ချက်ဆင့်၍ ရိုက်ချလိုက်သည်—ဖြန်း.. ဖြန်း.. ဖြန်း..
ကျန်းရှင်းဖှ၏ မျက်နှာကို အားပါပါဖြင့် ရိုက်နှက်လိုက်၏။
ကျန်းရှင်းဖာသည် နာကျင်လွန်းသဖြင့်
"အား......"
အူလှိုက်သဲလှိုက် အော်ဟစ်မိပြန်၏....
ချန်ချင်းယွီသည် အင်အားအပြည့်ရှိနေသည်၊ သူမသည် တစ်နေကုန် အများကြီးစားသော်လည်း ကိုယ်အလေးချိန်တက်မလာဘဲ ထိုအားအင်များမှာ အလကားဖြစ်မသွားချေ။ သူမသည် ကျန်းရှင်းဖှ၏ပါးကို အချက်ပေါင်းများစွာ ဆက်တိုက်ရိုက်နှက်လိုက်ရာ ကျန်းရှင်းဖှမှာ ခေါင်းထဲတွင် ဝုန်းခနဲဖြစ်သွားပြီး ပါးစပ်ထဲ၌လည်း သံချေးနံ့ကဲ့သို့ သွေးနံ့များဖြင့် ပြည့်သွားကာ ပါးစပ်တစ်ခုလုံး ထုံကျင်သွားတော့၏။
သွားနှစ်ချောင်း ကျွတ်ထွက်သွားပြီ.....
"အား.. ဘာက ငါ့ကိုလာမှန်တာလဲ.. ဘယ်သူက ဒီလောက်ယုတ်မာရတာလဲ၊ ဘာလို့ ဒီလောက်ပြင်းပြင်းထန်ထန် ရိုက်ရတာလဲ.."
"အမလေး... ငါ့မျက်နှာပေါ်က စေးကပ်ကပ် အရာတွေက ဘာတွေလဲ.."
"ဘုရား ဘုရား.."
ကျန်းရှင်းဖှသည် သူ၏ပါးစပ်ကို အုပ်ထားရင်း ဘာဖြစ်သွားသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
"အား......... ငါ့သွားတွေ.."
"ဟမ်... ရွံစရာကြီး"
"အမလေး... ဒါတွေက သွားတွေလား.. အီး.. အနံ့ဆိုးထွက်နေတာ မဆန်းပါဘူး.. အီး.."
ကျန်းရှင်းဖှ : "တောက်... အား.."
ဂွပ်..
ကျန်းရှင်းဖှသည် ဖမ်းဆွဲခံလိုက်ရပြီး ထိုင်ခုံပေါ်သို့ အားဖြင့် အဆောင့်ခံလိုက်ရ၏။
သူ၏လက်မောင်းမှ တဂျွတ်ဂျွတ်မြည်သံကို ကြားလိုက်ရပြီးနောက် သူသည် ထပ်မံအော်ဟစ်လိုက်ပြန်သည် ။
ကျိုးပြီ၊ ကျိုးပြီ၊ သူ သေချာပေါက် ကျိုးသွားပြီ....
"ငါ့လက်မောင်းကျိုးသွားပြီ.. အား........."
ကျန်းရှင်းဖှ ရင်ကွဲမတတ် အော်ဟစ်နေ၏။
"ဘာဖြစ်တာလဲ.. ဘာလို့ တစ်ယောက်ယောက်က ရိုက်နေတာလဲ.."
"ဟုတ်ပ.. ဘာလို့ ရိုက်နေတာလဲ.."
"ဘာတွေဖြစ်ကုန်တာလဲ.."
အခြေအနေမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ အဘွားကြီးကျောက်
ချက်ချင်းတုံ့ပြန်ကာ အော်ဟစ်၍
"ဘယ်က ကောင်စုတ်က ငါ့ကို လာထိရဲတာလဲ.. ငါ့မှာ မြေးတောင်ရနေပြီဟဲ့.. ဒီကောင်စုတ်က ငါ့ကို လာထိရဲတယ်ပေါ့.. ဘာလဲ.. ငါ့ကို အနိုင်ကျင့်ရလွယ်တယ် ထင်နေတာလား.."
အဘွားကြီးကျောက်၏ စကားများမှာ အခြားသူများကိုလည်း လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး
"ဟုတ်တယ်၊ ဘယ်သူ့လက်ကမဆို မရိုးမသား လုပ်လာရင် ငါလည်း အားနာနေမှာမဟုတ်ဘူး။ ငါ့ကို အနိုင်ကျင့်ရလွယ်တယ်လို့ တကယ်ထင်နေတာလား.. တောက်... ငါ့တင်ပါးကို နောက်တစ်ခါ ထပ်ကိုင်ကြည့်စမ်း၊ နင့်ကို ဆွဲဖြဲပစ်မယ်.."
"အား... ကယ်ကြပါဦး.. လူသတ်နေကြပြီ.."
ကျန်းရှင်းဖှ နာကျင်လွန်းသဖြင့် အော်နေရရှာ၏။
"ဘာတွေ အော်နေတာလဲ.. ဒါကို ရုပ်ရှင်များ မှတ်နေသလား.. လူသတ်တယ် ဟုတ်လား.. ကျန်းရှင်းဖှ.. နင်က ပြဿနာရှာနေတာပဲ၊ နင်လို ယုတ်မာတဲ့ကောင် ပါးစပ်ပိတ်ထားစမ်း.. နင်က ဘယ်လိုလူစားလဲ.. ပြောစမ်း၊ နင်က ဒီလိုရုတ်ရုတ်သဲသဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး နှောက်ယှက်ဖို့ ကြံနေတာလား.."
အဘွားကြီးကျောက်သည် ကျန်းရှင်းဖှကို စကားပြောခွင့်ပင်မပေးဘဲ အကျယ်ကြီး အော်ပြောလိုက်သည်။
"ကြည့်ကြစမ်း၊ ကြည့်ကြစမ်း.. ဒီမှာ ဒီလိုရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကို အခွင့်ကောင်းယူမယ့်သူ ရှိနေတယ်.. အားလုံး သတိထားကြ.. တချို့ယောက်ျားတွေက အသက်အရွယ်မရွေးဘဲ မြင်သမျှမိန်းမကို လိုက်နှောက်ယှက်ဖို့ ကြံနေတာ.. မိန်းမတို့... သတိထားကြ.."
"ဟုတ်တယ်.. မိန်းမတွေ တစ်ယောက်နဲ့တစ်ယောက် စုစုဝေးဝေးနေပြီး ကူညီကြစို့။ ဘယ်ယောက်ျားမဆို လက်ကမြင်းလာတာတွေ့ရင် မျက်နှာကို ကုတ်ပစ်လိုက်ကြ.."
"ဟုတ်တယ်.. အဲဒီလိုပဲ လုပ်ရမယ်.."
အမျိုးသမီးအတော်များများမှာ အော်ဟစ်ထောက်ခံကြပြီး ကျန်ရှိနေသူများလည်း အနည်းငယ် စိတ်အေးသွားကြ၏။ ရုတ်တရက် မီးမှောင်သွားချိန်တွင် တစ်စုံတစ်ယောက် လက်ကမြင်းခံရသည်မှာ တကယ်ပင် ထိတ်လန့်စရာကောင်းလှသည်။ သို့သော် အဘွားကြီးကျောက်၏ စကားများကြောင့် လူတိုင်း သိသိသာသာ ပြန်လည်တည်ငြိမ်သွားကြ၏။
သူတို့အားလုံးမှာ "ဘယ်သူမဆို လက်ကမြင်းလာရင် မျက်နှာကို ကုတ်ပစ်ကြဟေ့.." ဟု ဝိုင်းအော်ကြသည်။
"ဟုတ်တယ်၊ ကုတ်ပစ်လိုက်.. လူကြားထဲ မျက်နှာမပြရဲအောင် လုပ်ပစ်လိုက်ကြ.."
လူတိုင်း အသံကုန်ဟစ်အော်နေကြသော်လည်း အဘွားကြီးဟွမ်မှာမူ စိုးရိမ်တကြီးဖြင့် လှမ်းမေးနေ၏၌
"သား... သားလေး၊ အဆင်ပြေရဲ့လား"
ရုတ်ရုတ်သဲသဲဖြစ်နေသော်လည်း မီးပြတ်သွားသည်မှာ ခဏသာရှိသေးသဖြင့် လူတိုင်း၏မျက်စိမှာ အမှောင်ထဲတွင် ကျင့်သားမရသေးချေ။ သို့သော် အဘွားကြီးဟွမ်သည် သူမ၏သားမှာ ဘေးနားတွင်ရှိနေမှန်း သိသဖြင့် အမြန်ထူရန် ကြိုးစားလိုက်ရာ မတော်တဆ သူ၏လက်မောင်းကို တိုက်မိသွားတော့သည်။
ကျန်းရှင်းဖှ : "အား......... သတိထားဦးလေ.."
အဘွားကြီးဟွမ် : "ဘာဖြစ်လို့လဲ.. အမလေး... သားရယ်၊ သားလက်မောင်းက ဘာဖြစ်သွားတာလဲ.. ဒီနှလုံးသားမရှိတဲ့ကောင်တွေ၊ အမှောင်ထဲမှာ ဘာတွေလုပ်နေကြတာလဲ.. ငါ့သားလေး.."
အဘွားကြီးကျောက် အားနာမနေဘဲ အော်ပြောလိုက်၏။
"ဒီလောက် မှောင်အတိကျနေတဲ့အချိန်မှာ ကိုယ့်နေရာမှာကိုယ် အေးအေးဆေးဆေးမထိုင်ဘဲ လျှောက်လုပ်နေမှတော့ အထုခံရတာ မဆန်းပါဘူး၊ အဲဒါ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ.. မနက်ဖြန်ကျရင် အားလုံး သေချာကြည့်ထားကြနော်၊ အရိုက်ခံထားရတဲ့သူတွေ၊ မျက်နှာမှာ အကုတ်ခံထားရတဲ့သူတွေဟာ အမှောင်ကို အခွင့်ကောင်းယူပြီး ယုတ်မာချင်တဲ့သူတွေပဲ ဖြစ်လိမ့်မယ်.. အဲဒီလိုလူတွေကို မှတ်ထားကြ.. သူတို့က လူကောင်းတွေမဟုတ်ဘူး.."
ချန်ချင်းယွီသည် အဘွားကြီးကျောက် သူမနှင့် အပေးအယူ အင်မတန်မျှနေသည်ဟု တွေးကာ တိတ်တဆိတ် ပြုံးနေမိသည်။
"နင်က ဘာတွေ လျှောက်ပြောနေတာလဲ၊ နင်ကို သေအောင်ရိုက်ပစ်မယ်..."
အဘွားကြီးဟွမ်သည် အရှေ့ကို အတင်းလှမ်းဆွဲလိုက်သည်၊ သူမ သေသေချာချာ မမြင်ရသော်လည်း အသံလာရာအရပ်ကိုတော့ သိနေ၏။ သို့သော် အဘွားကြီးဟွမ်၏လက်သည် အဘွားကြီးကျောက်ဆီသို့ မရောက်ခင်မှာပင် လေတိုးသံတစ်ခုနှင့်အတူ... ဖြန်း..
ပါးရိုက်သံ အကျယ်ကြီး ထွက်ပေါ်လာသည်..
အဘွားကြီးဟွမ်မှာ သူမ၏သွားများ ပြုတ်ထွက်သွားသလို ချက်ချင်း ခံစားလိုက်ရပြီး
"ငါ့သွားတွေ......"
"အမလေး... ငါ့မျက်နှာကို လာမှန်တယ်.. အီး... ရွံစရာကြီး"
သွားအမှန်ခံလိုက်ရသူမှာ အော်ဟစ်တော့သည်။
"သွားမတိုက်တာ ဘယ်လောက်တောင် ကြာနေပြီလဲမသိဘူး၊ နံစော်နေတာပဲ.."
အမှန်အတိုင်း ပြောရလျှင် အဘွားကြီးဟွမ်နှင့် ကျန်းရှင်းဖှ သားအမိနှစ်ယောက်မှာ သွားမတိုက်သည်မှာ နှစ်နှင့်ချီနေပြီ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူတို့ကိုယ်တိုင်မှာ ဘာမှမဖြစ်သလို နေကြသည်။
သို့သော် သွားအမှန်ခံလိုက်ရသူမှာ ထိုအနံ့မှာ အိမ်သာကျင်းနံ့နှင့်ပင် တူလှသည်ဟု ဆို၏။
အဘွားကြီးဟွမ် : "ကျောက်တာ့ရာငါ ညည်းကို သတ်ပစ်မယ်.."
အဘွားကြီးကျောက် : ‘သောက်ခွေး..’
သူမ ပြန်အော်လေသည်။
"ငါ့ကို လာမစွပ်စွဲနဲ့၊ ငါ ညည်းကို မရိုက်ဘူး။"
တကယ်တမ်း ထိုအရေးကြီးသည့်အချိန်တွင် ချန်ချင်းယွီက လက်ဦးမှုယူလိုက်ခြင်း ဖြစ်သည်။
သူရဲကောင်းက အလှလေးကို ကယ်တင်ခြင်းမျိုးပေါ့....
မဟုတ်သေးပါဘူး... ချွေးမက ယောက္ခမကို ကယ်တင်ခြင်းပေါ့..
အဘွားကြီးကျောက်မှာ မှန်သောစကားဆိုသည့်အလား
"ညည်း ရူးကြောင်ကြောင်ထပြီး ကိုယ့်ပါးကိုယ် ပြန်ရိုက်မိတာ နေမှာပေါ့၊ ဘယ်သူသိမှာလဲ.."
အဘွားကြီးဟွမ် : "ညည်း လျှောက်ပြောနေတာ.."
"ညည်းကသာ လျှောက်ပြောနေတာ.. ညည်းတို့ မိသားစုတစ်စုလုံး လျှောက်ပြောနေကြတာ.."
သူတို့နှစ်ယောက် အချင်းများနေကြ၏။
သို့သော် သူတို့၏ ရန်ဖြစ်သံမှာ လူအများ၏ အာရုံစိုက်မှုကို သိပ်မရလှပေ။
ဟုတ်ပါသည်၊ လုံးဝ မရခြင်းပင်..
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူတို့နှစ်ယောက်တည်း ရန်ဖြစ်နေကြခြင်း မဟုတ်၍ပင်။ ဤခန်းမကြီးမှာ ဝန်ထမ်းအားလုံး ဆံ့သဖြင့် အင်မတန် ကျယ်ဝန်းလှပြီး သူတို့ ပြဿနာတက်နေချိန်တွင် အခြားနေရာများ၌လည်း ဆူညံပွက်လောရိုက်နေကြသည်။
လူပြည့်ကျပ်နေသည့် လူသွားလမ်းများပေါ်တွင်လည်း ငြင်းခုံသံများဖြင့် ပြည့်နေ၏။ အနီးနားရှိ လူအနည်းငယ်မှလွဲ၍ ဤရုတ်ရုတ်သဲသဲဖြစ်မှုကို မည်သူက အာရုံစိုက်နေပါမည်နည်း။ ခန်းမတစ်ခုလုံးမှာ လူအချင်းချင်း တွန်းတိုက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းများဖြင့် ဖရိုဖရဲ ဖြစ်နေတော့သည်။
အဘွားကြီးကျောက်နှင့် အဘွားကြီးဟွမ်တို့၏ အသံမှာ စူးရှသော်လည်း လူအများ၏ အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေ။
သူတို့ ရန်ဖြစ်ရုံသာ ရှိသေးသော်လည်း အဝေးတစ်နေရာတွင် လက်သီးလက်မောင်းတန်း တိုက်ပွဲများပင် ဖြစ်နေချေပြီ..
"ငါ့ကို လွှတ်စမ်း၊ ခွေးသူတောင်းစားရဲ့.. နင်က ဒီအခွင့်အရေးကို သုံးပြီး ငါ့ကို လာကုတ်ပြီးတော့ ငါ့အကျင့်စာရိတ္တကို ဖျက်ဆီးဖို့ ကြံနေတာ မဟုတ်လား.. အခုတော့ ခံပေတော့.."
"ဟေ့ကောင်... ငါ့ကို လွှတ်စမ်း.. ငါက ယောက်ျားကြီးပါဟ၊ ဘာလို့ ငါ့တင်ပါးကို လာဆွဲနေတာလဲ.. တောက်... ဘေးနားမှာ မိန်းမတွေရှိနေတာ မမြင်ဘူးလား.. အား... နေဦး၊ နင်က ငါ့ကို ယောက်ျားမှန်းသိလို့ တမင်လုပ်နေတာလား... အမလေး ဘုရားရေ၊ အားလုံး သတိထားကြဦး.. ယောက်ျားတွေကိုပဲ ရွေးပြီး နှောက်ယှက်နေတဲ့ ကောင်တွေ ရှိနေတယ်.."
"ဘယ်သူ ငါ့အိတ်ထဲ နှိုက်နေတာလဲ.. အား... သူခိုး.. အားလုံး သတိထားကြ.. သူခိုးဖမ်းကြပါဦး.."
"ဘယ်သူ ငါ့ဘောင်းဘီကို လာဆွဲနေတာလဲ...."
"ငါ့အင်္ကျီကို ဘယ်သူ လာချွတ်နေတာလဲ...."
အော်ဟစ်သံများ၊ ဆဲဆိုသံများဖြင့် ခန်းမတစ်ခုလုံး လုံးဝကို ပွက်လောရိုက်နေတော့သည်။
ချန်ချင်းယွီသည် ဤမျှအထိ ရုတ်ရုတ်သဲသဲဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သူတို့မှာ ထိုင်ခုံများတွင် ရှိနေကြပြီး မည်သူမျှ လျှောက်မသွားသရွေ့ ဘေးကင်း၏။ ချန်ချင်းယွီသည် အဘွားကြီးကျောက်အနားသို့ တိုးကပ်ကာ ကလေးနှစ်ယောက်ကို ဖက်ထားရင်း
"မကြောက်နဲ့နော်၊ ကိစ္စမရှိဘူး.. မေမေ ဒီမှာရှိတယ်"
ကလေးငယ်များမှာ အတော်လေး သတ္တိရှိကြပြီး သူတို့အနားတွင် အဘွားနှင့် မေမေရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
သူတို့မှာ သိပ်မကြောက်ကြဘဲ ပြန်၍ပင် နှစ်သိမ့်ပေးနေ၏။
"မေမေလည်း မကြောက်နဲ့နော်.."
"လိမ္မာလိုက်တာ။ မကြာခင် မီးပြန်လာတော့မှာပါ"
"ငါ့လက်မောင်း... ငါ့လက်မောင်း... ငါ့ကို ဆေးရုံပို့ပေးကြပါ၊ ဆေးရုံပို့ပေးကြပါဦး..."
"ငါ့သားလေး၊ ငါ့သားလေးရယ်... နင်တို့ နှလုံးသားမရှိတဲ့ကောင်တွေ.. ဖယ်ကြစမ်း၊ လမ်းဖယ်ပေးကြ၊ ငါ့သား အပြင်ထွက်လို့ရအောင် လမ်းဖယ်ပေးကြစမ်း.."
အဘွားကြီးဟွမ် အော်ဟစ်ငိုယိုလေတော့သည်။
သူမသည် သူမ၏သားကို အပြင်သို့အတင်းတွန်းထုတ်ရန် ကြိုးစားနေသော်လည်း အဘိုးကြီးကျန်းနှင့် ကျန်းမုန့်မုန့်တို့မှာမူ တစ်လက်မပင် မရွေ့ဘဲ ခုံမှာသာ ဆက်ထိုင်နေကြ၏။ ဤမိသားစုမှာ အမှန်တကယ်ပင် ထူးဆန်းလှသည်။ ကျန်းမိသားစု၏ ထုံးစံမှာ အတ္တကြီးလွန်းခြင်းပင်တည်း.. အဘိုးကြီးကျန်းက ဂရုမစိုက်သလို ကျန်းမုန့်မုန့်မှာလည်း လူသေတစ်ယောက်နှယ် ငြိမ်နေ၏။
အဘွားကြီးဟွမ်တစ်ယောက်သာ သားဖြစ်သူကို တွဲထားရင်း
"နင်တို့ ကောင်စုတ်တွေ၊ လမ်းဖယ်ကြစမ်း.. နင်တို့ မျက်စိမပါကြဘူးလား.. ငါ့သား ဒဏ်ရာရထားတာ မမြင်ဘူးလား.. အခုချက်ချင်း လမ်းဖယ်ပေးကြ.. တောက်... ကူညီရမယ့်အစား အချိန်ဆွဲနေကြတယ်၊ ငါ့ကို သတ်နေကြတာပဲ... အား.."
နေ့ခင်းဘက်သာဆိုလျှင် လူတိုင်း သူမကို အလိုက်သင့် ဆက်ဆံကြပေလိမ့်မည်၊ သို့သော် ယခုမှာ အမှောင်အတိကျနေချိန် ဖြစ်သည်။
အဘွားကြီးဟွမ် အင်မတန် ရမ်းကားနေသလို အခြားလူများမှာလည်း အလျှော့ပေးမည့်သူများ မဟုတ်ကြချေ။ ဖြန်းခနဲ ပါးရိုက်သံတစ်ခု သူမ၏မျက်နှာပေါ်သို့ ကျရောက်လာသော်လည်း မည်သူရိုက်လိုက်မှန်းပင် အဘွားကြီးဟွမ် မသိလိုက်ချေ..
"အား.. ဘယ်သူ ငါ့ကိုရိုက်တာလဲ.. ကောင်းပြီလေ၊ နင်တို့ လူကြီးမိဘမရိုသေတဲ့ကောင်တွေ၊ သေချင်နေကြတာလား.. ငါ နင်တို့ကို သေအောင်ရိုက်ပစ်မယ်... အား.. အား... အား.."
တစ်စုံတစ်ယောက် အဘွားကြီးဟွမ်၏ ဆံပင်ကို ဆွဲပြီး အချက်ပေါင်းများစွာ ကန်ကျောက်ပစ်လိုက်သည်..
ကျန်းရှင်းဖှသည်လည်း မြေပြင်ပေါ်သို့ ဆွဲချခံလိုက်ရပြီး
"အား.."
"အား... အား.." ဟူသော အော်ဟစ်သံများမှာ ထိုနေရာတစ်ခုလုံးတွင် ဟိန်းထွက်နေသည်။
"သားလေး.."
အဘွားကြီးဟွမ် ငိုယိုရင်း
"နင်တို့ သေချင်နေတာလား၊ ငါ့သားကို..."
သားအမိနှစ်ယောက်စလုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး လူအများ၏ တက်နင်းခြင်းကို အကြိမ်ကြိမ် ခံလိုက်ရ၏။
အဘွားကြီးဟွမ်၏ ပါးစပ်မှာ အင်မတန် ကြမ်းတမ်းလွန်းလှသဖြင့် မည်သည့် စိတ်ကောင်းရှိသူမှ ဝင်မကူရဲကြချေ။ သူမမှာ လုံးဝကို ကျိုးကြောင်းဆင်ခြင်ဉာဏ် မရှိသူဖြစ်သောကြောင့်ပင်။
အခြေအနေ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို မြင်သောအခါ အဘိုးကြီးကျန်း၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ကစားလာပြီး သူသည် နေရာတစ်ခုသို့ ရွှေ့လိုက်သည်။ သူသည် သားဖြစ်သူကို ဂရုမစိုက်သည့်အပြင် သူ့တွင်လည်း ကိုယ်ပိုင် ယုတ်ညံ့သည့် စိတ်ကူးများ ရှိနေ၏။
ဒါကတော့ မိသားစုထုံးစံပင်..
ဒီမိသားစုက ဒီလိုမျိုးပင်....
အဘိုးကြီးကျန်းသည် ချန်ချင်းယွီကို သွားမနှောက်ယှက်ချေ။ ချန်ချင်းယွီမှာ ငြင်းမရအောင် လှပလွန်းသော်လည်း လူတိုင်းတွင် ကိုယ်ပိုင်အကြိုက် ရှိကြသည်သာ။ အဘိုးကြီးကျန်းသည် နုနယ်ပျိုမြစ်သည့် မိန်းကလေးမျိုးကို မကြိုက်ဘဲ လှုပ်ရှားမှုတိုင်းတွင် ဆွဲဆောင်မှုအပြည့်ရှိပြီး ရင့်ကျက်သည့် အလှမျိုးကိုသာ ပိုနှစ်သက်သည်။
အဓိကအချက်မှာ …ရင်သားထွားထွားနှင့် တင်ပါးကြီးကြီး ရှိရမည်..
သူတို့ဝင်းထဲတွင် ထိုကဲ့သို့သော မိန်းမမျိုး မရှိချေ။ အကယ်၍ ရှိခဲ့လျှင်လည်း ကျောက်ရုံသည်သာ အနီးစပ်ဆုံး ဖြစ်လိမ့်မည်။ သို့သော် ကျောက်ရုံသည် အနည်းဆုံး ဆယ်နှစ်လောက် ပိုငယ်လျှင်မူ အကောင်းဆုံးဖြစ်လိမ့်မည်၊ ယခုအရွယ်မှာ အနည်းငယ် အသက်ကြီးလွန်းနေပြီ.... သူကိုယ်တိုင်လည်း မငယ်တော့သော်လည်း သူတစ်ပါးကိုမူအထင်သေးနေ၏။ သူ့မျက်စိထဲတွင် ကျောက်ရုံမှာ အတော်အသင့် ကိုက်ညီသော်လည်း သူမသည် အနားမှာ မရှိသဖြင့် သူ နှောက်ယှက်စရာ လူမရှိဖြစ်နေသည်။
သူသည် ဤရုတ်ရုတ်သဲသဲ အခြေအနေကို အခွင့်ကောင်းယူချင်ဇောဖြင့် ယားကျိကျိ ဖြစ်နေသော်လည်း အနားတွင် သင့်တော်သူ မရှိချေ။ မုဆိုးမလေးမှာ သူကြိုက်သည့် အမျိုးအစားမဟုတ်သည့်တိုင် မြည်းစမ်းကြည့်ရန် ဝန်မလေးသော်လည်း အဘွားကြီးကျောက်မှာ အလျှော့ပေးမည့်သူ မဟုတ်သည်ကို သူသိ၏။ အမှောင်အတိကျနေသဖြင့် ဘာမှမမြင်ရသော်လည်း စောစောမှ ကျန်းရှင်းဖှ အထုခံလိုက်ရသည်မှာ အဘွားကြီးကျောက် လက်ချက်ဖြစ်မည်ဟု အဘိုးကြီးကျန်း အခိုင်အမာ ယုံကြည်နေသည်။
အဘိုးကြီးကျန်းသည် ခဏမျှ တွန့်ဆုတ်နေပြီး ချန်ချင်းယွီကို သွားမနှောက်ယှက်ရဲပေ။ သူသည် အားနည်းသူကို အနိုင်ကျင့်ပြီး အားသာသူကို ကြောက်တတ်သည့် နေရာတွင် ဆရာတစ်ဆူပင်..
အဘိုးကြီးကျန်း ခဏမျှ စဉ်းစားလိုက်ပြီး မျက်လုံးများ အနည်းငယ် မှေးလိုက်၏။ အစ်မကြီးဖန်မှာ သူ့ဘေးတစ်ခုံကျော်တွင် ရှိနေသည်။ အစ်မကြီးဖန်၏ ပုံမှန်အပြုအမူများကို တွေးမိသောအခါ သူသည် တိုးတိုးလေး ရယ်မောလိုက်မိသည်။ သူသည် လက်ကို လှမ်းလိုက်ပြီး သူမ၏ တင်ပါးကို တည့်တည့်မတ်မတ် ဦးတည်လိုက်ရာ... "အား.."
ယောက်ျားတစ်ယောက်၏ အော်သံကြီး ထွက်ပေါ်လာတော့သည်..
အဘိုးကြီးကျန်း "......"
ကျန်တဲ့လူတွေ "......"
ရှီရှောင်ဝေ : "တောက်... ဘုရားရေ.. ဘယ်ကကောင်က ငါ့တင်ပါးကို လာဆွဲတာလဲ.. အေ-ိုး... ဒီယုတ်မာတဲ့ကောင်.."
သူသည် အဘိုးကြီးကျန်း၏လက်ကို ဆွဲဖမ်းပြီး သူ့အနားသို့ ဆွဲငင်လိုက်၏။
အဘိုးကြီးကျန်းမှာလည်း "အမလေး... ဘုရားရေ~" ဟု ရေရွတ်လိုက်မိသည်။
သူသည် ပါးစပ်ပိတ်ထားသင့်၏။ ယခုမူ သူ စကားပြောလိုက်သည်နှင့် အရာအားလုံး ထင်ရှားသွားလေသည်။
ရှီရှောင်ဝေမှာ ချက်ချင်းပင် စိတ်ဓာတ်များ အကုန်ပြိုလဲသွားကာ
"အား...ခင်များ...ခင်များလို အဘိုးကြီးယုတ်၊ ကျုပ်ကို လာဆွဲတာ ခင်များကိုး.. နိမိတ်မရှိတဲ့အဘိုးကြီး၊ ခင်များ မကောင်းတာ ကြံနေတာပဲ.. ဒီအသက်အရွယ်ကြီးမှ ဘာလို့ ကွာရှင်းတာလဲလို့ ကျုပ်စဉ်းစားနေတာ၊ တကယ်တော့ ခင်များက ယောက်ျားချင်း ကြိုက်တာကိုး.. အား...ငါ ညစ်ပတ်သွားပြီ၊ ငါ ညစ်ပတ်သွားပြီ.. ကျုပ် ခင်များကို သတ်ပစ်မယ်.."
ရှီရှောင်ဝေမှာ မကြာသေးမီကပင် အလိုမကျမှုများဖြင့် စိတ်တိုလွယ်နေပြီး အသေးအမွှားကိစ္စလေးများဖြင့်ပင် ဒေါသပေါက်ကွဲတတ်နေသည်။
သူလည်း မတတ်နိုင်ချေ၊ စာမေးပွဲဖိအားများမှာ သူ့ကို ရူးသွပ်မတတ် ဖြစ်စေပြီး ကျေးလက်ဆင်းရမည့် ကိစ္စမှာလည်း ဖိအားအင်မတန် ကြီးမားလှ၏။
သူ ဘယ်လိုလုပ် စိတ်မတိုဘဲ နေမလဲ..
တစ်ခုခုဆိုလျှင် ပေါက်ကွဲရန် အသင့်ဖြစ်နေသူပင်..
ရှီရှောင်ဝေသည် လက်ကို အားကုန်လွှဲကာ ရမ်းလိုက်သည်။
"ခင်များကို မရိုးမသားလုပ်
တယ်ပေါ့ ကျုပ်ပညာပေးပြမယ်.. အနိုင်ကျင့်ချင်တယ်ပေါ့ ကျုပ်ပညာပေးပြမယ်.. ကျုပ်ကို အလေးမထားဘူးပေါ့ ခင်များကို သင်ခန်းစာပေးပြမယ်.. ကျုပ်ကို လာမထိရဲအောင် သင်ပေးမယ်.. အား......... ငါ ညစ်ပတ်သွားပြီ.. ခင်များလို အဘိုးကြီးယုတ်ကို ကျုပ်သတ်ပစ်မယ်.."
ရှီရှောင်ဝေ စိတ်ပျက်အားငယ်စွာဖြင့် ဟိန်းဟောက်နေ၍ အစ်မကြီးဖန်လည်း သတိဝင်လာပြီး
"နင်လို အဘိုးကြီးယုတ်က ငါ့သားကိုတောင် လာထိရဲတယ်ပေါ့.. ငါ နင်နဲ့ အသေအလဲ တိုက်မယ်.."
အစ်မကြီးဖန်သည် ထိုင်ခုံပေါ်မှ ခုန်ထပြီး အဘိုးကြီးကျန်းကို ချက်ချင်း ဖိချလိုက်ကာ သူမ၏ လက်သည်းကုတ်ချက်များဖြင့် ဆွဲရမ်းတော့သည်..
"အား... ကယ်ကြပါဦး.. လူသတ်နေကြပြီ.."
ကြည့်စမ်း... သားအဖနှစ်ယောက်စလုံး အော်တာချင်း တူနေလိုက်တာ.. ဒါပေမဲ့ ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေတာဆိုတော့ ဘယ်သူက ဂရုစိုက်ပါ့မလဲ..
"နားလည်မှုလွဲတာပါ၊ ဒါတွေအားလုံး နားလည်မှုလွဲတာပါ..."
"နားလည်မှုလွဲတာ ဟုတ်လား.. နင်က မရိုးသားတဲ့ အဘိုးကြီးယုတ်ဆိုတာ ငါသိတယ်.."
ဖရိုဖရဲ အခြေအနေများက နေရာအနှံ့ စိုးမိုးနေတော့သည်။
ချန်ချင်းယွီသည် ကလေးတစ်ယောက်ကို လက်တစ်ဖက်စီဖြင့် မြဲမြဲပွေ့ထားပြီး ဤကိစ္စများတွင် ဝင်မပါချင်သော်လည်း အခြေအနေကိုတော့ စူးစမ်းချင်နေသေး၏။ မီးပြတ်နေသည်မှာ အတန်ကြာပြီဖြစ်သဖြင့် လူတိုင်း၏မျက်စိမှာ အမှောင်ထဲတွင် စတင်ကျင့်သားရလာကြပြီဖြစ်သည်။ ခန်းမ၏ ထောင့်ပေါင်းစုံမှ ဆဲဆိုသံများနှင့် အော်ဟစ်သံများမှာ ဟိန်းထွက်နေဆဲပင်။
ချန်ချင်းယွီ - "ဘုရား... ဘုရား.."
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ သူတို့မိခင်၏ လည်ပင်းကို ဖက်ထားရင်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။
"မေမေ... ဟိုမှာ ရန်ဖြစ်နေကြတာလား.."
ချန်ချင်းယွီ : "ဖြစ်နိုင်တယ်၊ ဒါပေမဲ့ မေမေလည်း သေသေချာချာ မမြင်ရဘူး။"
တကယ်တမ်း မည်သူတွေ အထုခံနေရသည်ကို သူမ ကောင်းကောင်းသိ၏။ သူတို့မှာ ခံထိုက်၍ ခံရခြင်းသာတည်း..
အဘွားကြီးကျောက် နှမြောတသသဖြင့် အသံတိုးတိုး ပြောလာလေသည်။
"ရွှီကောင်းမင်တို့ မိသားစုက ဘာလို့ ဒီနားမှာ မရှိရတာလဲ.. ရှိရင်တော့ ငါပါ အခွင့်ကောင်းယူပြီး သူ့ကို အချက်ပေါင်းများစွာ ထုလိုက်မှာ.."
ချန်ချင်းယွီ - "..."
သူမ၏ နှုတ်ခမ်းများမှာ တွန့်လိမ်သွားမိကာ…
'လူတိုင်းလည်း ဒီလိုပဲ တွေးနေကြမှာပဲ'
‘တောက်.. ဟေး... ပြောပါဦး၊ ဘာလို့ သူမရဲ့ အသုံးမကျတဲ့ အဖေတို့ မိသားစုက ဒီစက်ရုံက မဟုတ်ရတာလဲ.. တကယ်လို့သာ ဒီစက်ရုံကဆိုရင် အနည်းဆုံးတော့ သူတို့ကို အချက်ပေါင်းများစွာ ထုရိုက်လို့ ရတာပေါ့..’
ချန်ချင်းယွီလည်း အတော်လေး နှမြောတသ ဖြစ်နေမိ၏။
နေရာအနှံ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ ယွမ်ရှောင်ချွေသည် မလှမ်းမကမ်းရှိ အတွင်းရေးမှူးပိုင်ကို လှမ်းမြင်လိုက်ရပြီး သူ့အနားသို့ အတင်းတိုးဝှေ့သွား၏။ အမှန်တကယ်၌ သူမသည် ပါတီ အတွင်းရေးမှူးကျန့်၊ ဒုတိယစက်ရုံမှူး ဟယ်၊ ညွှန်ကြားရေးမှူးလီ စသည့်လူများကို ရိုက်ချင်နေခြင်းဖြစ်သော်လည်း သူတို့တစ်ယောက်မှ ဤနေရာတွင် မရှိကြချေ။
စဉ်းစားကြည့်လျှင်လည်း ညွှန်ကြားရေးမှူးလီနှင့် ဒုတိယ ညွှန်ကြားရေးမှူးဝမ်တို့မှာ ဤစက်ရုံမှမဟုတ်သဖြင့် ဤနေရာသို့ ရောက်လာမည်မဟုတ်သည်မှာ သဘာဝကျသည်။ ကျန်သည့်ခေါင်းဆောင်နှစ်ဦးမှာလည်း ရာထူးမြင့် လူကြီးပိုင်းများဖြစ်သဖြင့် ဤကဲ့သို့ ရှုပ်ထွေးပြီး အရေးမပါသည့် နေရာမျိုးသို့ လာခဲလှ၏။
သို့သော် အတွင်းရေးမှူးပိုင်မှာ တစ်နည်းနည်းဖြင့် ရောက်ရှိနေခဲ့သည်။ ယွမ်ရှောင်ချွေသည် မျက်ရည်များကို သုတ်ရင်း အတွင်းရေးမှူးပိုင် ရှေ့မှလျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် သူ့နောက်သို့ အတင်းတိုးဝှေ့လိုက်သွား၏။ အမှန်တွင် ယွမ်ရှောင်ချွေကိုယ်တိုင်လည်း သူမ ဘာကြောင့် လိုက်သွားသည်ကို သေချာမသိသော်လည်း ထိုသူသည်လည်း 'ထိုလူစု' ထဲမှ တစ်ယောက်ဖြစ်သည်ဟု တွေးမိလိုက်သည်နှင့် ဒေါသကြောင့် အံကြိတ်မိတော့သည်။
သူ့မှာ အပြစ်မရှိဘူးဟု မပြောနဲ့....
ယွမ်ရှောင်ချွေသည် ထိုနေ့မှလူများကို အသည်းထဲမှ မုန်းတီးနေ၏။
သူတို့ထဲတွင် လူကောင်းတစ်ယောက်မှ မပါချေ....
သူမသာ ထိုနေ့တွင် မူးမနေခဲ့လျှင် သူမ၏ အပျိုစင်ဘဝမှာ ဆုံးရှုံးသွားနိုင်ပြီး လူအများ၏ စော်ကားမှုကို ခံရပေလိမ့်မည်။ ဤသည်ကို တွေးမိလေ ယွမ်ရှောင်ချွေမှာ ဒေါသထွက်လေပင်။
ဘာလို့ သူမတစ်ယောက်တည်း ဒီလိုခံစားရတာလဲ.. ဘာလို့ သူမကပဲ အနစ်နာခံရတာလဲ.. တကယ်လို့ မိသားစုအတွက် အနစ်နာခံရမယ်ဆိုရင်တောင် ဘာလို့ ဟောက်ရွှယ်ကို အနစ်နာမခံခိုင်းတာလဲ..
ယွမ်ရှောင်ချွေသည် ဒေါသများဖြင့် ပြည့်နှက်နေပြီး အတွင်းရေးမှူးပိုင်ကို မြင်လိုက်ရခြင်းမှာ သူမ၏ ဒေါသမီးကို ပို၍ လောင်မြိုက်စေသည်။
ဤလူများ ဟန်ဆောင်ကောင်းလွန်းသည်ကို မြင်ရသည်မှာ ယွမ်ရှောင်ချွေအတွက် အင်မတန် ရွံစရာကောင်းလှ၏။
သူ ထိုင်ချလိုက်သည်ကို မြင်လျှင် ယွမ်ရှောင်ချွေမှာ အနားသွားပြီး လက်သီးဖြင့် ထိုးရမလားဟု ဝေခွဲမရဖြစ်နေသည်။ သို့သော် သူမသာ ဇွတ်ပြေးသွားလျှင် သေချာပေါက် အဖမ်းခံရမည်ဖြစ်ပြီး သူတို့ဘက်တွင်လည်း လူအင်အား တော်တော်များများရှိနေ၏။ ယွမ်ရှောင်ချွေ တစ်ယောက်တည်း အချိန်အတော်ကြာ ဝေခွဲမရဖြစ်နေစဉ်မှာပင် တိုက်တိုက်ဆိုင်ဆိုင် မီးပြတ်သွားတော့သည်..
ယွမ်ရှောင်ချွေ : ‘အလိုလေး..’
အမလေး... ဘုရားရေ၊ သေဆုံးသွားတဲ့ သူမရဲ့မိခင်ကများ ကောင်းကင်ကနေ စောင့်ရှောက်နေတာလားမသိဘူး..
သူမ သွားရိုက်လျှင် ကောင်းမလား၊ မသွားဘဲနေရမည်လား ဝေခွဲမရဖြစ်နေစဉ်မီး ပြတ်သွားခဲ့၏။
မီးပြတ်သွားတာလား..
ဘုရားရေ..
ဒါဟာ တကယ့်ကို ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ..
ယွမ်ရှောင်ချွေ့ ဤမျှအထိ ကံကောင်းလိမ့်မည် မထင်ထားခဲ့ပေ။ ခဏလောက် ဝေခွဲမရဖြစ်နေပြီးနောက် သူမ ရှေ့ကို ရုတ်တရက် ပြေးထွက်သွားပြီး ထိုလူကို ပါးပိတ်ရိုက်ပစ်လိုက်၏....
ကိုယ့်စိတ်စေရာအတိုင်းပဲ လုပ်တော့မယ်..
"အား... ဘယ်သူက ဘာလုပ်နေတာလဲ.."
ယွမ်ရှောင်ချွေ သူမရိုက်လိုက်လိုက်သူသည် လူမမှားကြောင်း ချက်ချင်းသိလိုက်ပြီး အချက်ပေါင်းများစွာ ထပ်မံကန်ကျောက်ပစ်လိုက်သည်။ သူမသည် ယောက်ျားတစ်ယောက်၏ အထိခိုက်မခံဆုံးနေရာကို ကန်လိုက်ပြီး အကြိမ်အနည်းငယ် ကုတ်ခြစ်
လိုက်ကာ ချက်ချင်း ပြန်ထွက်ပြေးလာခဲ့၏.. ထို့နောက် သူမ လူအုပ်ထဲကို အမြန်ပဲ ရောနှောဝင်ရောက်သွားခဲ့သည်။
ကံကောင်းသည်မှာ ထိုလူသည် ရှေ့တန်းတွင် ထိုင်နေခြင်းဖြစ်ပြီး အကယ်၍ လူအုပ်ကြားထဲဆိုလျှင် တိုးဝှေ့ရိုက်နှက်ရန်မှာ မဖြစ်နိုင်ပေ။
ယွမ်ရှောင်ချွေ ရိုက်နှက်ပြီးနောက် ရင်များ တဒိန်းဒိန်းခုန်နေသော်ငြားနောင်တ သိပ်မရပေ။ ထိုလူယုတ်မားများအားလုံး ဤနေရာတွင် မရှိခြင်းကိုသာ နှမြောနေမိသည်။
မဟုတ်ရင်တော့ အားလုံးကို ရိုက်ပစ်လိုက်မှာ..
ဒါဟာ တကယ့်ကို
ရွှေရောင်အခွင့်အရေးပဲ..
သူတို့ ဒီမှာမရှိကြတာ အရမ်းနှမြောဖို့ကောင်းတယ်..
နှမြောစရာကြီးပဲ..
လူတစ်ယောက်ကို ရိုက်ပြီးသည့်နောက် အပြစ်ရှိသည့်နှယ် ခံစားနေရသော ယွမ်ရှောင်ချွေမှာ အပြင်ထွက်ရန် အတင်းတိုးဝှေ့ရင်း လူကြားထဲ ညှပ်နေ၏။
"အား... မတွန်းကြပါနဲ့.. ဘယ်သူတွေ တွန်းနေတာလဲ.. ဘာလို့ တွန်းနေကြတာလဲ.. အပြင်မထွက်ခင် ခဏလောက် စောင့်ကြပါဦး.."
"တောက်... တစ်ယောက်ယောက်က ငါ့ခြေထောက်ကို တက်နင်းသွားတယ်..."
"ဘာတွေ ဒီလောက် တွန်းနေကြတာလဲ.. စိတ်ပျက်ဖို့ကောင်းလိုက်တာ..."
ညည်းညူသံများ နေရာအနှံ့မှာ ပျံ့လွင့်နေလေသည်။
လူတစ်ယောက်ကို လက်စွမ်းပြပြီးသည့်တိုင် တည်ငြိမ်အေးဆေးနေသော ချန်ချင်းယွီနှင့်မတူ၊ ယွမ်ရှောင်ချွေမှာမူ ရင်တဒိန်းဒိန်း ခုန်နေရှာ၏။ သူမသည် အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ဤနေရာမှ အမြန်ဆုံး လွတ်မြောက်ရန်သာ စိတ်အားထက်သန်နေလေသည်။
သူမသည် လမ်းပိတ်နေသူမှန်သမျှကို အတင်းတိုးဝှေ့တွန်းဖယ်ရင်း ရှေ့သို့ တိုးသွား၏။
"အား.."
"အမလေး ဘုရားရေ.."
"နင် သေချင်နေတာလား.. ဘဝသစ်ကူးဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလား...."
သဘာဝအတိုင်းပင် လူအများမှာ ခန်းမထဲ၌ ဆက်မနေလိုကြတော့ဘဲ အပြင်သို့ အတင်းတိုးထွက်ကြရာ တစ်ယောက်နှင့်တစ်ယောက် တိုက်မိတွန်းမိရင်း ဆဲဆိုသံများမှာလည်း အကြိမ်ပေါင်း ရှစ်ရာမက ထွက်ပေါ်နေသည်။ သို့သော် ချန်ချင်းယွီမှာ အပြင်သို့ မထွက်သေးဘဲ အဘွားကြီးကျောက်ကိုပါ ဆွဲထားလိုက်ရင်း
"လူတွေ အရမ်းကျပ်နေတာ၊ အခုချက်ချင်း မထွက်ကြရအောင်။ လူအုပ်ပိပြီး ဒုက္ခရောက်ကုန်လိမ့်မယ်"
အမှန်အတိုင်းဆိုရလျှင် ချန်ချင်းယွီသည် အနည်းငယ် စိုးရိမ်နေမိသည်။ ဤခေတ်လူများမှာ လူအုပ်ပိခြင်း၏ အန္တရာယ်ကို သိပ်မသိကြသော်လည်း ခေတ်သစ်မှ သူမသည်ကား ကောင်းကောင်းနားလည်ထား၏။
အဘွားကြီးကျောက်မှာလည်း "လူတိုင်း အပြင်ထွက်ဖို့ ကြိုးစားနေကြတာပဲကို..." ဟု ဆိုကာ အထွန့်တက်လိုက်လေသည်။
သူမသည်လည်း စိတ်မြန်လက်မြန်ရှိသူဖြစ်ရာ လူများအပြင်ထွက်နေသည်ကို ကြည့်ပြီး အထဲ၌ ငြိမ်မနေချင်တော့ပေ။ သို့သော် ချန်ချင်းယွီမှာ ပြတ်သားသောလေသံဖြင့်
"အမေ၊ ကျွန်မစကားကို နားထောင်ပါ"
အဘွားကြီးကျောက်မှာ ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးနောက် လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။
ထိုစဉ် ခုံတန်းများတွင် ပိတ်မိနေသူအချို့မှာ ငြူစူပြောဆိုလာ၏။
"ခင်ဗျားတို့လည်း မြန်မြန်ထွက်ကြလေဗျာ၊ မဟုတ်ရင် ကျွန်တော်တို့လည်း ထွက်လို့မရဘူး ဖြစ်နေတယ်.."
အဘွားကြီးကျောက်သည် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့သည်။
"နင်တို့ သေချင်နေတာလား.. အသက်ရှင်ရတာ ငြီးငွေ့လို့ ဘဝကူးဖို့ အလောတကြီး ဖြစ်နေကြတာလား.... ဘယ်သူက နင်တို့ကို အထဲမှာ ထိုင်ခိုင်းလို့လဲ.. ငါတို့ကတော့ မထွက်သေးဘူးဟဲ့.. ဒီလောက်တောင် အလောတကြီးဖြစ်နေရင် ပျံထွက်သွားကြလေ.. နင်တို့က ဘာမို့လို့ ငါ့ကို လာညည်းပြနေတာလဲ.. ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာတောင် မသိကြဘူးလား...."
"ဒီအဘွားကြီးကတော့..."
အဘွားကြီးကျောက် အားကျမခံ ပြန်အော်လိုက်ကာ
"အဘွားကြီးဖြစ်တော့ ဘာဖြစ်လဲ.. ငါ့ကို လာမစမ်းနဲ့၊ မဟုတ်ရင် ငါလည်း အားနာနေမှာ မဟုတ်ဘူး"
သူမ၏ အစွမ်းပြ ဟိန်းဟောက်သံကြောင့် အထဲတွင် ပိတ်မိနေသူများမှာ ငြိမ်သက်သွားကြတော့သည်။
ဤခေတ်တွင် ရဲတင်းသူကို ပို၍ရဲတင်းသူကသာ နှိမ်နင်းနိုင်သည်မဟုတ်ပါလား…
အဘွားကြီးကျောက်သည် အလျှော့ပေးမည့်သူ မဟုတ်ချေ။
သူမသည် ခါးထောက်လိုက်ပြီး
"လူတွေ ဒီလောက်များတာ၊ အကုန်လုံး အတင်းတိုးထွက်နေကြရင် လူအုပ်ပိပြီး သေကုန်မှာပေါ့။ ငါက အားလုံးရဲ့ အကျိုးအတွက် အပြင်မထွက်သေးတာကို၊ နင်တို့လို ကျေးဇူးမသိတဲ့ကောင်တွေကများ"
ချန်ချင်းယွီမှာ တဟားဟား ရယ်မောမိတော့သည်။
အဘွားကြီးကျောက်ကဲ့သို့ လူစားမျိုးနှင့်ဆိုလျှင် အရာရာမှာ ကိုင်တွယ်ရ ပို၍လွယ်ကူလှ၏။သူမ၏ ပြတ်သားရဲတင်းမှုမှာ အင်မတန် အသုံးဝင်လှပေသည်။
သို့သော်လည်း စက်ရုံ၏ အရေးပေါ်တုံ့ပြန်မှုမှာ အတော်လေး ညံ့ဖျင်းလှ၏။ ခန်းမကြီးအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်နေသည်မှာ အတန်ကြာသည့်တိုင် မည်သည့်လူကြီးမှ ထွက်၍ မကိုင်တွယ်ကြသေးချေ။
ချန်ချင်းယွီ၏ စိတ်အာရုံ လှုံ့ဆော်လိုက်၍လား မသိနိုင်၊ နောက်ဆုံးတွင် တစ်စုံတစ်ယောက်မှာ စင်မြင့်ပေါ်သို့ တက်လာပြီး အော်ဟစ်လိုက်တော့သည်။
"တိတ်ကြစမ်း.. အားလုံး တိတ်တိတ်နေကြ.. ကျွန်တော့်စကားကို နားထောင်ကြပါဦး.. ကျွန်တော် သတင်းဖြန့်ချိရေးဌာနက ကျန်းဝေမင်ပါ။ အပြင်မှာ မိုးရွာပြီး လျှပ်စီးလက်လို့ လျှပ်စစ်လိုင်းတွေ ပျက်စီးသွားတာကြောင့် မီးပြတ်သွားတာပါ။ ဘာမှ မစိုးရိမ်ကြပါနဲ့.. ဒီမှာ လူတွေ အများကြီးရှိနေတာမို့လို့ လူအုပ်ပိတာမျိုး မဖြစ်အောင် သတိထားကြပါ။ ထိုင်ခုံမှာ ထိုင်နေတဲ့သူတွေက လမ်းပေါ်ကလူတွေကို အရင်ထွက်ခွင့်ပေးလိုက်ကြပါ။ အချင်းချင်း မတွန်းကြပါနဲ့.. အကြီးအကျယ် မတော်တဆဖြစ်သွားရင် ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး။ ဒါကြောင့် မလောကြပါနဲ့၊ ဖြည်းဖြည်းချင်း လျှောက်ကြပါ.. ရန်ဖြစ်နေတဲ့သူတွေ၊ ပြဿနာရှာနေတဲ့သူတွေလည်း ချက်ချင်းရပ်ကြပါ.. ဒါဟာ ပြဿနာရှာရမယ့်အချိန် မဟုတ်ဘူး။ အားလုံး သတိထားကြပါ.. ဘာကိစ္စပဲရှိရှိ အပြင်ရောက်မှ ရှင်းကြပါ။ ဒီနေရာမှာ ဆူဆူပူပူ မလုပ်ကြပါနဲ့.. မဟုတ်ရင်တော့ မနက်ဖြန် စက်ရုံက ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး ပြဿနာရှာတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပါလိမ့်မယ်။ ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး.. အားလုံး စနစ်တကျ အပြင်ထွက်ကြပါ၊ သတိထားကြပါဦး.."
အမှန်တကယ်၌ သူသည် ထိုထက်စော၍ ထွက်လာသင့်သော်လည်း မီးပြတ်သွားသည်နှင့် အတွင်းရေးမှူးပိုင်မှာ အတိုက်ခိုက်ခံလိုက်ရသဖြင့် ပတ်ဝန်းကျင်ရှိလူများမှာ ပျာယာခတ်သွားကာ အချိန်များစွာ ကုန်ဆုံးသွားခဲ့ရ၏။ မည်သူမှာ အတွင်းရေးမှူးပိုင်ကို ဤမျှ ရန်ငြိုးထားနေသည်ကိုမူ မည်သူမျှ မတွေးဆနိုင်ချေ။
ကျန်းဝေမင်မှာ သတင်းဖြန့်ချိရေးဌာန၏ အကြီးအကဲဖြစ်ပြီး ယနေ့ ရုပ်ရှင်ပြသမှုကို တာဝန်ယူထားသူဖြစ်ရာ ထပ်မံနှောင့်နှေးရန် မဝံ့တော့ဘဲ အမြန်ပင် ထွက်၍ ထိန်းသိမ်းရတော့သည်။
"အားလုံးပဲ ပြဿနာမရှာကြပါနဲ့.. မဟုတ်ရင် မနက်ဖြန် စက်ရုံက အပြင်းအထန် အရေးယူပါလိမ့်မယ်။ မြန်မြန်လေး အပြင်ထွက်ကြပါ၊ တစ်ယောက်နဲ့တစ်ယောက် မတွန်းကြနဲ့ဦး..."
ခေါင်းဆောင်တစ်ယောက် ထွက်၍ အမိန့်ပေးလိုက်သောအခါ လူအုပ်ကြီးမှာ စနစ်တကျ ပြန်ဖြစ်လာပြီး တွန်းထိုးဆဲဆိုသံများ သိသိသာသာ လျော့နည်းသွားသည်။ မနက်ဖြန် အရေးယူခံရမည်ကို အားလုံး ကြောက်ရွံ့သွားကြပုံရ၏။
ချန်ချင်းယွီနှင့် အဒေါ်ကြီးကျောက်တို့မှာလည်း အချင်းချင်း တိုးတိုးလေး စကားပြောနေကြသည်။ အဘွားကြီးကျောက်က သက်ပြင်းချရင်း
"ဒါ ဘာတွေ ဖြစ်ကုန်တာလဲ မသိပါဘူးအေ"
ချန်ချင်းယွီသည်လည်း နှမြောတသစွာဖြင့်
"ရုပ်ရှင်က တကယ်ကြည့်လို့ ကောင်းနေတာ၊ အခုတော့ မကြည့်ရတော့ဘူး"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း လူကြီးများ၏ စကားကို နားလည်နေသည့်အလား ထောက်ခံကြရှာ၏။
"ဟုတ်တယ်.."
တစ်မိသားစုလုံး သက်ပြင်းချရင်း မကျေမနပ်ဖြစ်နေလေသည်။
"ဟူး..."
တကယ်ကို နှမြောစရာပဲ..
ဇာတ်လမ်းလေးကောင်းနေတာကို မီးကပြတ်....