← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း ၆၁။ စုံထောက်အဘွားကြီးများ

သရဲခြောက်သည့်သတင်းမှာ အပြင်သို့ ပျံ့နှံ့မသွားခဲ့ပေ။

သို့သော် မစင်ကျင်းထဲမှ လောလောလတ်လတ် ထွက်လာခါစ လီတာ့ရှန်းတို့ လင်မယားမှာ အတော်လေး ထိတ်လန့်သွားကြသော်လည်း နောက်ပိုင်းတွင်မူ ထိုအကြောင်းကို ထုတ်ပြောရဲကြပေ။

‘အယူသီးမှုကို ပြန့်ပွါးအောင်လုပ်ရင်တော့ သူတို့ရဲ့ ကောင်းစားနေတဲ့ နေ့ရက်လေးတွေ သွားပြီပေါ့ လက်ပတ်နီတွေက အိမ်တံခါးလာခေါက်မှာ အသေအချာပဲ’

သူတို့သည် သရဲခြောက်သည်ဟု မပြောဝံ့ကြဘဲ အပြင်လူများကိုမူ "မတော်တဆ ခြေချော်ကျခြင်း" ဟုသာ အကြောင်းပြလိုက်ကြသည်။ ဤ "ခြေချော်ခြင်း" ဆိုသည့် စကားလုံးမှာ အတော်ပင် အဓိပ္ပာယ်ပါလှ၏။ လူတိုင်းမှာ ဤကဲ့သို့သော ခြေချော်ခြင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

သို့သော် မည်သို့ပင်ဆိုစေကာမူ သူတို့လင်မယား မစင်ကျင်းထဲသို့ ကျသည့်သတင်းမှာ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ အလုပ်ခေါ်စာအကြောင်းမှာ သက်ဝင်စည်ကားနေပြီး စာမေးပွဲမှာလည်း နောက်တစ်လမှ ဆိုသော်လည်း၊ လက်ရှိတွင်မူ ဤ "မစင်ကျင်းထဲ ကျသည့်သတင်းကြီး" မှာ ခေတ်စကားအရဆိုရလျှင် ထိပ်သီးခေါင်းကြီးပိုင်း ဖြစ်နေတော့၏။

လီတာ့ရှန်း မစင်ကျင်းထဲ ကျသွားခြင်းကြောင့် လူများမှာ ရွှီကောင်းမင် နှင့် အဘိုးကြီးကျန်းတို့ သားအဖအကြောင်းကို တစ်ကျော့ပြန် ပြန်ပြောလာကြပြန်သည်။ သူတို့သုံးယောက် မစင်ကျင်းထဲ ကျသည်မှာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကောလဟာလအတိုင်း အမျိုးမျိုး ဝေဖန်နေကြ၏။ မူလက ဘယ်သူမှ မပြောတော့သည့် ကိစ္စသည် ယခုမှ ပြန်အစဖော်ခံရသောအခါ ရွှီကောင်းမင် တစ်ယောက် ဒေါသထွက်လွန်း၍ သေတော့မတတ် ဖြစ်နေရသည်။

သူသည် စိတ်ထဲမှနေ၍ လီတာ့ရှန်းကို ကျိန်ဆဲနေမိ၏။

‘ဒီကောင် လီတာ့ရှန်းက နမိတ်မရှိတဲ့ကောင်ပဲ၊ မင်းဘာသာမင်း ကံမကောင်းတာ ထားပါဦး၊ ဘာလို့ သူများကိုပါ လာဆွဲထည့်ရတာလဲ၊ တကယ် သေသင့်တဲ့ကောင်...’

ရွှီကောင်းမင်နှင့် ဇနီးဖြစ်သူ ရှီကျန့်ရှန်းတို့သည် ကြိုတင်တိုင်ပင်ထားခြင်း မရှိသော်လည်း၊ သတင်းကြားကြားချင်းတွင် သူတို့နှစ်ဦးလုံး လင်းကျန့်ဝမ်ကို သတိရလိုက်ကြသည်။ လူများသည် အပြင်တွင်သာ အယူသီးမှုကို တိုက်ဖျက်ရမည်ဟု အော်နေကြသော်လည်း၊ သူတို့ကဲ့သို့ အသက်အရွယ်ကြီးသူများအတွက်မူ ဤအယူအဆများသည်ကား အမြစ်တွယ်နေပြီဖြစ်၏။ ပါးစပ်မှ မယုံဟုပြောသော်လည်း စိတ်ထဲတွင်မူ ထိတ်လန့်နေကြသည်။

'လင်းကျန့်ဝမ်က သရဲဖြစ်ပြီး သူတို့ကို လာကပ်နေတာများလား..'

ရွှီကောင်းမင်၏ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်နေရ၏။

‘မဖြစ်တော့ဘူး…နောက်ရက်ကျလျှင် လင်းကျန့်ဝမ်အတွက် စက္ကူလေး ဘာလေး သွားရှို့ပေးမှ ဖြစ်တော့မယ်...’

လူမှာ သရဲကို မယှဉ်နိုင်ပေ။ စိတ်ဆိုးမာန်ဆိုးဖြင့် ရူးကြောင်ကြောင် လုပ်တတ်သည့်လူထက်၊ ဦးနှောက်ရှိသည့် သရဲကို ပိုကြောက်ရသည်။ လင်းကျန့်ဝမ်သည် သူ့အမေ အဘွားကြီးကျောက်ကဲ့သို့ ဦးနှောက်မရှိသူ မဟုတ်သဖြင့် အကယ်၍ လာစာရင်းရှင်းလျှင် မည်သို့လုပ်ကြမည်နည်း။

'ကောင်းကင်နဲ့ မြေကြီးပဲ သိပါစေ၊ လင်းကျန့်ဝမ်ရဲ့ အမေကို အသုံးချပြီး ပုံရိပ်ကောင်းအောင် လုပ်ခဲ့တယ်၊ အလုပ်ကို လိမ်ယူခဲ့တယ် ဆိုပေမဲ့ တခြား မကောင်းမှုတွေကိုတော့ ငါတို့ မလုပ်ခဲ့ပါဘူး။ ငါတို့က နည်းနည်းပါးပါးလေးပဲ နှောင့်ယှက်ခဲ့တာပါ။ ဘုရား၊ တရား၊ နတ်ဗြဟ္မာများ မစကြပါ၊ ကူညီပေးကြပါဦး...'

ချန်ချင်းယွီမှာ ရွှီကောင်းမင်၏ အတွေးပေါင်းစုံကို မသိရှာပေ။ သူမသည် ဝင်းထဲတွင် အပြစ်ကင်းစင်သော ပန်းလေးတစ်ပွင့်ကဲ့သို့ နေနေ၏။ တစ်ခါတရံတွင် ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာ လူကို အတော်လေး လှည့်စားနိုင်၏။ ယခင်ဘဝတွင် သူမသည် အရပ်ရှည်ပြီး ထွားကြိုင်းသောကြောင့် အပြစ်ကင်းချင်ယောင်ဆောင်လျှင် မည်သူမျှ မယုံကြသော်လည်း၊ ယခုဘဝတွင်မူ သွယ်လျနွဲ့နှောင်းပြီး ဖြူစင်သည့် မျက်နှာလေး ရှိနေသောကြောင့် ဘာမှမပြောလျှင်ပင် သူမကို မည်သူမျှ သံသယမဝင်ကြပေ။

'အားကြီးတဲ့ သရဲမနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ..'

ချန်ချင်းယွီ ဝင်းထဲတွင် ဟန်မပျက် ပြောနေလေသည်။

"သူတို့မိသားစု ဘာတွေ မကောင်းတာ လုပ်ထားလို့လဲဟင်.. မတော်တဆ ခြေချော်တာကိုတောင် သရဲမလို့ ထင်ရအောင်အထိ။"

သူမ ဆက်ပြောပြန်၏။

"အဲဒီ မစင်ကျင်းက တကယ် ရွံစရာကြီးနော်၊ အထဲကိုတောင် ဝင်ကုန်သေးတယ်ဆိုတော့ တွေးကြည့်ရုံနဲ့တင် အန်ချင်စရာကြီး။"

"သူတို့ ကျင်းထဲမှာ နာရီဝက်လောက် နေခဲ့ရတယ်ဆိုတော့ အနံ့တွေ စွဲနေလောက်ပြီ။ နောက်ဆို သူတို့ကို ထိမိတာက မစင်ကို လက်နဲ့ သွားထိတာနဲ့ အတူတူပဲ မဟုတ်ဘူးလား.."

"အော့..."

"တကယ်ပဲ တွေးကြည့်ရုံနဲ့တင် ရွံစရာကြီး။"

"တော်ပြီ တော်ပြီ၊ မပြောနဲ့တော့၊ မခံနိုင်တော့ဘူး..."

"ဒါပေါ့၊ ကျွန်မတို့ဝင်းထဲကလူ မဟုတ်လို့ တော်သေးတာပေါ့။"

ချန်ချင်းယွီ စကားလမ်းကြောင်းလေး ဖော်ပေးလိုက်ပြန်သည်။

"သူတို့ဝင်းထဲကလူတွေက တကယ် စိတ်ကောင်းရှိတာပဲ။ သန်းခေါင်ယံကြီးကို မစင်ကျင်းထဲကနေ ဆွဲထုတ်ပေးရတာ ဘယ်လောက် ပင်ပန်းပြီး ရွံစရာကောင်းလိုက်မလဲ။ အခုက ရာသီဥတုကလည်း ပူလာပြီဆိုတော့... သူတို့က တကယ် လူကောင်းတွေပဲ။ ဒါက သာမန်ပတ်သက်မှုမျိုးနဲ့ လုပ်ပေးနိုင်တာ မဟုတ်ဘူး၊ တကယ်ပဲ ကျေးဇူးတင်လို့ကို ဆုံးမှာ မဟုတ်တော့ဘူး။"

ချန်ချင်းယွီ စကားစလိုက်သည်နှင့် တခြားလူတစ်ယောက်မှာ ချက်ချင်း ဝင်ပြောလိုက်၏။

"ဟေး... နင်ပြောမှ သတိရတယ်။ သူတို့မိသားစု တကယ်ပဲ ကျေးဇူးတင်ပွဲ ကျွေးသင့်တာ။ ရွှီကောင်းမင်တို့ လင်မယားတုန်းက မှိုဆိပ်သင့်တာတောင် ဝင်းထဲကလူတွေကို ထမင်းဖိတ်ကျွေးသေးတာပဲ။ အခုကိစ္စက ရွှီကောင်းမင်တို့ထက် ပိုပြင်းထန်တာလေ၊ လူတွေက ရွံရွံရှာရှာနဲ့ ကူညီပေးခဲ့ရတာ၊ အဲဒါကို ကျွေးမွေးရမှာပေါ့။"

"ငါလည်း အဲလိုပဲ ထင်တယ်၊ ကျွေးသင့်တယ်။"

"မကျွေးရင်တော့ ကူညီတဲ့လူတွေက အလကား လုပ်ပေးရသလို ဖြစ်နေမှာပေါ့။ ဘယ်လောက် ရွံစရာကောင်းလဲ..."

ချန်ချင်းယွီ မဝံ့မရဲဖြင့် ပြောလိုက်၏။

“ကျွန်မတို့ ဒီလိုမျိုး မပြောကြရအောင်၊ တကယ်လို့ သူတို့က မကျွေးချင်ဘူးဆိုရင် ကွန်မတို့က ကောလာဟလ ဖြန့်တယ်ဆိုပြီး အပြစ်တင်ခံရဦးမယ်..."

လူအုပ်ကြီး တစ်ယောက်တစ်ပေါက် ဖြစ်နေစဉ် ရှီကျန့်ရှန်းမှာ ဝင်ပြောလိုက်သည်။

"သူတို့မိသားစု ဒီလောက်တော့ အလိုက်မသိဘဲ မနေလောက်ပါဘူးနော်.."

သူမသည် စိတ်ထဲတွင် ကြောက်နေသော်လည်း အတင်းအဖျင်း ပြောရာတွင်မူ နောက်မကျပေ။ လူများလျှင် ယန်စွမ်းအင်များ များပြီး ပိုဘေးကင်းသည်ဟု သူမ ယူဆထား၏။

"သူတို့သာ ထမင်းမကျွေးရင်တော့ ငါကတော့ တကယ် အထင်သေးမိမှာပဲ၊ လူတွေက သူတို့အတွက် ဘယ်လောက် ပေးဆပ်ခဲ့ရလဲ။"

ရှီကျန့်ရှန်းသည် လီတာ့ရှန်းတို့နှင့် မရင်းနှီးသော်လည်း၊ သူမတို့မိသားစုသည်ကား ဧည့်ခံပွဲကျွေး၍ အရှုံးပေါ်ခဲ့ခြင်းကြောင့် တခြားလူများလည်း သူမတို့ကဲ့သို့ ကံဆိုးသည်ကို မြင်ချင်နေခြင်းဖြစ်၏။

‘ငါ့အိမ်မှာ မကောင်းရင် သူများအိမ်လည်း မကောင်းရဘူးဆိုသည့် အင်မတန် ရိုးရှင်းသော အတွေးမျိုးပင်’

"မစင်ကျင်းထဲက ဆွဲထုတ်ရတာ လွယ်တာမှတ်လို့၊ ညစ်ပတ်ပြီး ရွံစရာကောင်းလိုက်တာ။ အဲဒါကို ဘာမှ အသိအမှတ်မပြုရင်တော့ တကယ် ယုတ်မာတာပဲ။"

"ဒါပေါ့၊ တစ်နပ်မကဘူး၊ နှစ်နပ်ကျွေးရင်တောင် နည်းသေးတယ်။ သာမန်လူဆို ဘယ်သူက အဲဒီလို လုပ်ပေးချင်မှာလဲ..."

"ဒီလူက ဦးလေးရွှီလောက် သဘောမကောင်းဘူးပဲ။"

ထိုနေ့ဧည့်ခံပွဲတွင် စားသောက်ပြီး လူတိုင်း ဝမ်းလျှောခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ ရွှီကောင်းမင်ကို အပြစ်မတင်ကြတော့ပေ။ အကြောင်းမှာ ရွှီကောင်းမင်သည် ပုံရိပ်ကောင်းကို အမြဲ တည်ဆောက်ထား၍ မေ့အေ့လျော့လျော့ ဖြစ်သွားကြ၏။

ချန်ချင်းယွီသည် မျက်တောင်လေး ခတ်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သို့သော် သူမသည် ယနေ့တွင် ရွှီကောင်းမင်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသေးသောကြောင့် ရှီကျန့်ရှန်း၏ စကားကို ထောက်ပြခြင်း မပြုဘဲ စကားဆိုလိုက်သည်။

"ဦးလေးရွှီနဲ့ ဒေါ်လေးရှီတို့လို လူတိုင်းက သဘောကောင်းနေတာမှ မဟုတ်တာ။ သူတို့က ပိုက်ဆံ နှမြောနေတာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ သူတို့ ဝင်ငွေအပေါ်မှာလည်း မူတည်တာပေါ့လေ။"

သူမ စကားထဲတွင် အဓိပ္ပာယ်ဝှက်ကာ အခြေအနေကို စပ်စုလိုက်ခြင်းဖြစ်၏။

"သူတို့ ဝင်ငွေက မနည်းဘူး၊ ငါ သိတာပေါ့။ လီတာ့ရှန်းက အဆင့် ၆ လုပ်သားဖြစ်နေပြီ၊ အဲဒါကြောင့်လည်း တပည့်တွေ လက်ခံနိုင်တာ။ တပည့်လက်ခံဖို့ဆိုတာ အဆင့် (၅) အထက် ရှိရတာလေ။ အဆင့် (၈) က အမြင့်ဆုံးပဲဆိုတော့ သူရတာ နည်းမှာမဟုတ်ဘူး။ အနည်းဆုံးတော့ ယွမ် ၈၀ ကျော်လောက် ရှိမှာပဲ။ လျှပ်စစ်ဂဟေဆော်တဲ့သူတွေဆိုရင် နွေရာသီမှာ အပူဒဏ်ခံစရိတ်တောင် ရသေးတယ်၊ တခြားလူတွေ မရဘူး။"

ရှီကျန့်ရှန်း၏ သတင်းအချက်အလက်မှာ အလွန်စုံလင်လှသည်။

ချန်ချင်းယွီ မျက်ခုံးလေး ပင့်လိုက်ပြီး အံ့ဩဟန်ဖြင့်

"ဒါဆို ဝင်ငွေက တော်တော်ကောင်းတာပဲ။ မိသားစုဝန်ထုတ်ဝန်ပိုးသာ မရှိရင်တော့ အိမ်နီးချင်းတွေကို ကောင်းကောင်းမွန်မွန် ကျွေးမွေးပြီး ကျေးဇူးတင်သင့်တာပေါ့။"

"သူ့မှာ ဘာဝန်ထုပ်ဝန်ပိုး ရှိမှာလဲ။ သမီးနှစ်ယောက်ပဲ ရှိတာ၊ သမီးကြီးက ကျေးလက်ဆင်းသွားရပြီ၊ သမီးငယ်ကလည်း အိမ်ထောင်ကျသွားပြီ။ သူတို့က အတော်လေး မျက်နှာလိုက်ကြတာလို့ ကြားတယ်၊ သမီးကြီးကိုကျတော့ လင်ပါသမီးလို ဆက်ဆံပြီး သမီးငယ်ကိုကျတော့ အသည်းစွဲ ချစ်ကြတာ။ သမီးငယ်ကလည်း အိမ်ထောင်ကျတာ နေရာကောင်း ရတယ်လို့ ကြားတယ်။"

"ဪ... ဒါဆိုရင်တော့ သူ့မိသားစုက ပူစရာ ဘာမှမရှိတော့ဘူးပေါ့။"

"ဒါပေါ့၊ ပိုက်ဆံတွေ စုနေရုံပဲ။"

"ဟယ်... ဟိုဘက်ဝင်းကလူတွေတော့ သနားစရာပဲနော်။"

ထိုစဉ် အဘွားကြီးဝမ် ရုတ်တရက် ကောက်ခါငင်ခါ ပြောလိုက်၏။

"အဘွားကြီးဟွမ် ညည်းက ဟိုဘက်ဝင်းအကြောင်း ကောင်းကောင်း သိမှာပေါ့.."

အဘွားကြီးဟွမ် ရုတ်တရတ် ကြောင်သွားပြီး

"ဘာလို့ ငါက သိရမှာလဲ.."

အဘွားကြီးဝမ် အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကာ ပြောလိုက်လေသည်။

"မသိဘူးလား.. ငါကြားတာတော့ ညည်းသား ကျန်းရှင်းဖှရဲ့ 'သူငယ်ချင်းကောင်း' က အဲဒီဝင်းထဲမှာ ရှိတယ်ဆိုပဲ ဟဲဟဲ..."

အားလုံး အဘွားကြီးဟွမ်ကို ဝိုင်းကြည့်လိုက်ကြသဖြင့် သူမမှာ ခေတ္တမျှ ထိတ်လန့်သွားပြီးမှ ပြန်တုံ့ပြန်ပြောလိုက်၏။

"နင် ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါ ဘာမှမသိဘူး။ ငါ့သားက အပေါင်းအသင်း ဆံ့တော့ သိတဲ့လူ များတာပါ၊ ထူးထူးခြားခြား မရှိပါဘူး။"

ချန်ချင်းယွီ တစ်ခုခုကို စဉ်းစားနေမိသည်။ ဝင်းထဲရှိ အတင်းအဖျင်းအဖွဲ့ထဲ ရောက်သွားခြင်းသည် သတင်းအချက်အလက် ရရှိရန် အလွန်လွယ်ကူလှ၏။ အဘွားကြီးဝမ်၏ စကားအရ ကျန်းရှင်းဖှတွင် ထိုဝင်းထဲ၌ ရည်းစားတစ်ယောက် ရှိနေပုံရသည်။

ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်လိုက်၏။

"ဒါဆိုရင်တော့ သူတို့ဝင်းက တကယ်ကို 'နဂါးတွေ ကျားတွေ ဝပ်စံရာ' (လူစွမ်းကောင်းတွေ လျှို့ဝှက်ချက်တွေ အများကြီးရှိတဲ့နေရာ) ပဲပေါ့နော်။"

"ဟယ်... ဒီစကားလုံးလေးက သုံးတတ်လိုက်တာ၊ တကယ်ပဲ စာတတ်ပေတတ်ဆိုတော့ ထွက်လာတဲ့ စကားက မတူဘူးပဲ။"

"အင်..."

ဤမျှလေး ပြောမိသည်ကိုပင် ချီးကျူးခံရသဖြင့် ချန်ချင်းယွီ တစ်ယောက် အနည်းငယ် ရှက်သွားမိ၏။

အမှန်အတိုင်းဆိုရလျှင် ချန်ချင်းယွီသည် ယခင်ဘဝ၌ တက္ကသိုလ်တက်ခဲ့ဖူးသည်ဆိုသော်လည်း အားကစားအထူးပြုကျောင်းသူ ဖြစ်ခဲ့သဖြင့် အချိန်အတော်များများကို လေ့ကျင့်ရေးကွင်းထဲမှာသာ ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် သူမ၏ ပညာရေးမှာ ထူးထူးချွန်ချွန် မရှိခဲ့ပေ။ ယခုဘဝတွင်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အထက်တန်းအောင်ထားသည်ဆိုသော်လည်း ထိုသုံးနှစ်တာကာလမှာ ရုန်းရင်းဆန်ခတ် ပြဿနာများဖြင့်သာ ပြည့်နှက်နေခဲ့၏။ ကျောင်းသားများ စာသင်ချင်သော်လည်း ဆရာများမှာ ပြဿနာတက်မည်စိုး၍ မည်သည်ကိုမှ သင်ကြားမပေးနိုင်သည့် ခေတ်ကာလဖြစ်ခဲ့သည်။

ချန်ချင်းယွီသည် ပညာရေးနှင့်ပတ်သက်လျှင် အမှတ်ရစရာ သိပ်မရှိကာ၊ နောက်နောင် တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည်ကျင်းပလျှင်လည်း ဝင်ဖြေရန် တစ်ခါမျှ မစဉ်းစားဖူးခဲ့ပေ။

သို့သော် ယခုတွင် "တကယ်ပဲ စာတတ်ပေတတ်ပဲ" ဟု အချီးကျူးခံရသောအခါ ချန်ချင်းယွီ တစ်ယောက် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။ တခြားအရာများအတွက် ချီးကျူးခံရလျှင် သူမ မရှက်သော်လည်း ဤကိစ္စမှာမူ သူမအတွက် တကယ်ကို အနေခက်လှ၏။

ချန်ချင်းယွီ ခေါင်းလေးငုံ့ထားလိုက်သည်။

"ကြည့်ပါဦး၊ အရှက်အတော်ကြီးတဲ့ ကလေးမလေးပဲ။"

အဘွားကြီးဝမ် မှတ်ချက်ချလိုက်၏။

ချန်ချင်းယွီ ရှက်ပြုံးလေး ပြုံးပြလိုက်ရာ သူမ၏ အပြစ်ကင်းစင်ပြီး ရိုးသားသည့် သဘာဝလေးမှာ ပို၍ပင် ပေါ်လွင်သွားတော့သည်။

"ဟဲ့... ငါ့သား ကျန်းရှင်းဖှအကြောင်း ပြောတာ ရပ်ကြစမ်းပါ။ ငါ့သားက ဘက်စုံတော်တဲ့လူပါ။ လီတာ့ရှန်းတို့ မိသားစုအကြောင်းပဲ ပြောကြရအောင်။ သူတို့မှာ သားမရှိဘူးဆိုတော့ အဲဒီအဘိုးကြီး အဘွားကြီးနှစ်ယောက်က ပိုက်ဆံတွေ ဒီလောက်စုပြီး ဘာလုပ်မှာလဲ.. သေရင်တောင် နာရေးအလံကိုင်ပေးမယ့် သားမရှိဘဲနဲ့... သနားစရာကြီး။"

"ဟုတ်ပါ့တော်... သားမရှိတာကတော့ တကယ်ကို သနားစရာကောင်းတဲ့ ကိစ္စပဲ။"

ချန်ချင်းယွီသည် ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့် စကားများကို နားမထောင်ချင်သော်လည်း ဝင်ပြော၍မကောင်းသည့်အတွက် နှုတ်ဆိတ်နေခဲ့သည်။ ဤအဘွားကြီးများနှင့် ငြင်းခုံနေခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်၏၊ သူတို့၏ ခေါင်းမာပြီး အမြစ်တွယ်နေသော အတွေးအခေါ်များကို ပြောင်းလဲ၍ ရနိုင်မည်မဟုတ်ပေ။

သို့သော် သူမ စကားလမ်းကြောင်းကိုမူ တစ်မျိုးလှည့်လိုက်သည်။

"လီတာ့ရှန်းတို့က သားမရှိပေမဲ့ သမီးကိုတော့ ချစ်ကြတာပဲ မဟုတ်လား။ သူ့သမီးရဲ့ယောက်ျားက အိမ်ပါသားမက်အဖြစ် အိမ်ကို လာနေပေးတာလားဟင်.."

"ဟဲ့... နင်ကတော့ လုပ်ပြီ၊ ဘယ်ကလာတဲ့ အိမ်ပါသားမက်ဖြစ်ရမှာလဲ.. သူတို့ စိတ်ကူးယဉ်နေတာပါအေ..."

ချန်ချင်းယွီ ချက်ချင်းပင် စိတ်ဝင်တစား နားထောင်သည့်ပုံစံ ဖမ်းလိုက်ရာ အဘွားကြီးများမှာ ပို၍ပင် ဝင့်ကြွားသွားကြ၏။

"နင်က ဘာမှလည်း မသိပါလား။ ငါတို့ဝင်းထဲကလူတွေနဲ့ ပိုပြီး ရောရောနှောနှော နေစမ်းပါဦး၊ မဟုတ်ရင် ဘာမှမသိဘဲ ငါတို့မျက်နှာပါ အရှက်ရနေဦးမယ်။"

ချန်ချင်းယွီ ရိုရိုသေသေဖြင့် ခေါင်းငြိမ့်ကာ သင်ခန်းစာကို လက်ခံလိုက်သည်။

"ဟုတ်ကဲ့ပါ၊ ကျွန်မကို ပြောပြပါဦးနော်။"

"လီတာ့ရှန်းရဲ့ သမီးယောက်ျားက သူ့အိမ်မှာ လာနေပေးမှာ မဟုတ်ဘူး။ သူ့ဘက်က မိသားစုက အတော်လေး ချမ်းသာတာအေ။ နှစ်ဖက်မိသားစု အခြေအနေကို နှိုင်းယှဉ်ရင် လီတာ့ရှန်းတို့ဘက်က အများကြီး နိမ့်ကျတယ်။ အဲဒီတော့ သူက ဘယ်လိုလုပ်ပြီး အိမ်ပါသားမက်အဖြစ် လာခိုင်းရဲပါ့မလဲ။ လီတာ့ရှန်းရဲ့ သမီးယောက်ျားက သူတို့အလုပ်ရုံ ညွှန်ကြားရေးမှူး ချဲယုံဖုန်း ရဲ့ ညီလေးလေ။ လီတာ့ရှန်းက ဘယ်လိုလုပ် ရဲပါ့မလဲ.."

"ချဲယုံဖုန်းရဲ့ မိသားစုက အဲဒီလောက်တောင် တန်ခိုးထွားတာလားဟင်.."

"အဲဒါကတော့ အဲဒီလိုကြီးလည်း မဟုတ်ပါဘူး။ ချဲယုံဖုန်းဆိုတာကလည်း ကပ်စားနေတဲ့လူပါ၊ သူ့မိသားစုက ဘာမှမဟုတ်ပါဘူး။ သူ အာဏာရှိလာတာက သူ့ယောက္ခမကြောင့်လေ။ အဲဒါကြောင့် သူ့မိသားစုက တန်ခိုးထွားလာတာ။ ဒါပေမဲ့ ငါကြားတာတော့ ချဲယုံဖုန်းရဲ့ မိန်းမက သူ့ယောက္ခမတွေကို သိပ်ပြီး လေးစားတာ မဟုတ်ဘူးတဲ့။ အားလပ်ရက်တွေမှာတောင် အိမ်မပြန်သလို ဂရုလည်း မစိုက်ဘူးလို့ ကြားတယ်။ တချို့ကတော့ ဒါက ကောလာဟလပါလို့ ပြောကြပေမဲ့ 'မီးမရှိဘဲ မီးခိုးမထွက်ဘူး' လို့ ငါတော့ ထင်တယ်။ ချဲယုံဖုန်းရဲ့ မိန်းမရော ကလေးတွေပါ သူ့ဘက်က အိမ်ကို တစ်စက်လေးမှ မလာကြတာ။ ဒါပေမဲ့ ချဲယုံဖုန်းက အခုတော့ အလုပ်ရုံမှူး ဖြစ်နေပြီဆိုတော့ သူ့မိန်းမဘက်ကိုပဲ အားကိုးနေရတာ မဟုတ်တော့ဘူးလေ..."

သူ၏ ဩဇာအရှိန်အဝါဖြင့် သူ့မိသားစုကိုလည်း ကူညီပေးနိုင်ခဲ့သဖြင့် ချဲယုံဖုန်း၏ မောင်နှမငယ်များမှာ အတော်လေး အဆင်ပြေနေကြသည်။ သို့သော် ချဲယုံဖုန်း၏ မိခင်မှာ ချွေးမကြီးထံမှ အသိအမှတ်ပြုမှု မရရှိသည့်အတွက်ကြောင့် ထိုအဖက်အလုပ်မခံရသမျှ ဒေါသများကို ချွေးမငယ်ဖြစ်သူအပေါ် ပုံချကာ အစေခံတစ်ယောက်ကဲ့သို့ နှိပ်စက်လေ့ရှိ၏။ ထိုအစေခံကဲ့သို့ ဆက်ဆံခံနေရသူမှာ လီတာ့ရှန်း၏ သမီးပင် ဖြစ်သော်လည်း လီတာ့ရှန်းတို့ လင်မယားမှာမူ မျက်နှာချိုသွေးကာ ဖားနေကြဆဲပင်။ သူတို့မှာ တကယ့်ကို အပေါစားဆန်သည့် လူစားမျိုးများ ဖြစ်ကြသည်။

ချန်ချင်းယွီ တစ်ယောက် ဆွံ့အသွားမိ၏။ သူမသည် ဝင်းထဲရှိ "စုံထောက်အဖွဲ့ကြီး" ကို တကယ်ပင် အထင်သေးမိခဲ့သည်။ သူတို့အကုန်သိနေကြသည်... ဤမျှအထိ အသေးစိတ်ကျသည့် သတင်းအချက်အလက်များကိုပင် သူတို့ လက်လှမ်းမီနေကြ၏။

ချန်ချင်းယွီ အံ့ဩတကြီးဖြင့် ပြောလိုက်မိလေသည်။

"ဒေါ်လေးတို့ သိတာတွေက အများကြီးပဲနော်... တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ..."

ချန်ချင်းယွီ တကယ်ကို အံ့ဩသွားခြင်း ဖြစ်၏။ သူမ၏ လေသံမှာ အားကျနှစ်သက်မှုများ ပါဝင်နေသဖြင့် အဘွားကြီးများမှာ ပို၍ပင် ဂုဏ်ယူဝင့်ကြွားသွားကြတော့သည်။

"ရှောင်ချန်... အဲဒါကြောင့် ငါပြောတာပေါ့၊ အိမ်ထဲမှာပဲ အမြဲတမ်း အောင်းမနေပါနဲ့လို့။"

"ရှောင်ချန်ကတော့ လူအကဲခတ် တော်သားပဲ။ ငါတို့က တကယ်ကို အရည်အချင်းရှိကြတာ။"

ချန်ချင်းယွီ လက်မလေး ထောင်ပြလိုက်ပြီး

"ဒေါ်လေးတို့ အားလုံးက တကယ်ကို တော်ကြတာပဲ... ရဲစခန်းက အရာရှိတွေတောင် ဒေါ်လေးတို့လောက် သိပါ့မလား မသိဘူး။ ဒေါ်လေးတို့ တကယ်ကို မယုံနိုင်စရာပဲ... ဒါတွေအားလုံးကို ဘယ်လိုများ သိကြတာလဲဟင်.."

"ဟဲ့... အပျော့ပါအေ၊ တစ်နိုင်ငံလုံးမှာ အဆင့် (၃) လောက်ပဲ ရှိပါသေးတယ်။"

"နင်ကတော့ ကြွားလိုက်တာ... အဆင့် (၃) ဟုတ်လား.. တကယ်လို့ အဆင့် (၃) ဆိုရင်တောင် အဲဒါ ငါပဲ ဖြစ်ရမယ်။"

"ငါက မကြွားပါဘူး။ ဒီရပ်ကွက်ထဲမှာ ငါမသိတဲ့ ကိစ္စဆိုတာ မရှိသလောက်ပဲ။"

"အဲဒီတော့... ငါ့မျက်စိအောက်ကနေ ဘာမဆို ဖုံးကွယ်လို့ ရမယ် ထင်နေလား.. ငါ ဘာကို မသိမှာလဲ.. နေ့စဉ်ဖြစ်ပျက်သမျှ ကိစ္စတွေပဲ ဖြစ်ဖြစ်၊ ကြိုက်တာကို မေးစမ်းပါ၊ ငါ အကုန်သိတယ်။"

ချန်ချင်းယွီတစ်ယောက် တကယ်ကို အထင်ကြီးသွားမိသည်။ ရှေ့ကတည်းက သူမအနေဖြင့် စကားများများပြောပြီး ပိုစပ်စုခဲ့သင့်သည်ဟုပင် ခံစားလိုက်ရ၏။

‘ကြည့်စမ်း... ဒီဘွားတော်တွေက တကယ်ကို အကုန်

နှိုက်နှိုက်ချွတ်ချွတ် သိကြတာပဲ...’

သို့သော်လည်း ဤအချက်သည်ပင် ချန်ချင်းယွီကို သတိတစ်ခု ပေးလိုက်သည်။ နောင်တွင် သူမကိုယ်တိုင်လည်း ပို၍သတိထားရမည်ဖြစ်ပြီး မာန်တက်ပြီး ပေါ့ပေါ့ဆဆ မနေသင့်ကြောင်း ဆင်ခြင်မိသွား၏။

ချန်ချင်းယွီ ဆက်မေးလိုက်၏။

"ဒါဆို လီတာ့ရှန်းတို့လင်မယား မစင်ကျင်းထဲ ကျသွားတာဆိုတော့ သူတို့ကို ပိုတောင် အထင်သေးကြတော့မှာပေါ့နော်.."

"ဒါပေါ့အေ... ချဲယုံဖုန်းမိန်းမရဲ့ မိသားစုက ချဲယုံဖုန်းမိသားစုကို အထင်သေးတယ်၊ ချဲယုံဖုန်းမိသားစုကလည်း လီတာ့ရှန်းတို့မိသားစုကို ပြန်နှိမ်တယ်။ ဟူး... ဒါက သံသရာကြီးလို ဖြစ်နေတာ။"

ချန်ချင်းယွီသည် သူတို့ပြောသမျှကို ခဏကြာ နားထောင်ပြီးနောက် ငြိမ်သက်သွားသည်။

စကားပြောရသည်မှာ မောသွားသော အဘွားကြီးဟွမ်မှာ ထရပ်လိုက်ကာ

"ငါ အိမ်သာ ခဏသွားဦးမယ်။"

"ကျင်းထဲ မကျအောင် သတိထားဦးနော်။"

"ပါးစပ်ပိတ်ထားစမ်း..."

အဘွားကြီးများ တစ်ယောက်တစ်ခွန်း နောက်ပြောင်ကျန်ရစ်ခဲ့ပြီး အဘွားကြီးဟွမ် ထွက်သွားလေသည်။ သူမ ထွက်သွားသည်နှင့် အဘွားကြီးဝမ် လေသံကို နှိမ့်ကာ အမြန်ပင် တိုးတိုးလေး ပြောလေ၏။

"နင်တို့ မသိသေးဘူး၊ ကျန်းရှင်းဖှမှာ အဲဒီဝင်းထဲက ရည်းစားရှိတယ်ဟဲ့... အဲဒီမိန်းမမှာလည်း တခြားယောက်ျားရှိသေးတယ်လို့ ကြားတာပဲ၊ ကျန်းရှင်းဖှကတော့ သိသိကြီးနဲ့ ရောနေတာ။ အဲဒီမိန်းမ နာမည်က လျှိုကျင့်တဲ့၊ ရုပ်ကတော့ သာမန်ပါပဲ၊ ဒါပေမဲ့ ကျန်းရှင်းဖှနဲ့ ငြိနေတာ နှစ်ချီနေပြီ။ ကျန်းရှင်းဖှရဲ့ မိန်းမက ဒီကိစ္စကြောင့်ပဲ ကွာရှင်းသွားတာလေ။"

"ဟမ်.. သူက ရူးနေတာလား.. ကိုယ့်မိန်းမနဲ့ကိုယ် အေးအေးဆေးဆေး မနေဘဲ တခြားယောက်ျားရှိတဲ့ မိန်းမနောက်ကို လိုက်နေတယ်ဆိုတော့.."

"ဟူး... အတည်မဟုတ်လောက်ပါဘူး၊ အပျော်သဘောပဲ ဖြစ်မှာပါ။ လောကမှာ အလကားရတဲ့ ထမင်းထုပ်မှ မရှိတာ။ ဒါပေမဲ့ ကျန်းရှင်းဖှရဲ့မိန်းမကတော့ အဲဒါကို လက်မခံနိုင်ဘူးလေ၊ အဲဒါနဲ့ ပြတ်သွားကြတာ။ အရင်ကတော့ အဲဒီမိန်းမက နောက်ယောက်ျား ရှာမရသေးဘူး၊ အခုတော့ နောက်တစ်ယောက် တွေ့သွားပြီဆိုတော့ သူ့သမီးကိုတောင် ဂရုမစိုက်တော့ဘူး”

"ဂရုမစိုက်ဘူးလို့သာ ပြောတာ၊ ကျန်းမုန့်မုန့်ကလည်း ဂရုစိုက်ပုံမရပါဘူး။ အမေဖြစ်သူက ထွက်သွားပြီး ပြန်မလာတော့တာကို သူကတော့ သိပ်ဝမ်းနည်းနေပုံ မပေါ်ဘူး။"

"သူက ဘာလို့ ဝမ်းနည်းမှာလဲ.. ငယ်ငယ်ကတည်းက အဘွားကြီးဟွမ်လက်ပေါ်မှာ ကြီးလာတာလေ။ သူ့အမေက သူ့ကို သိပ်မှ ဂရုမစိုက်ခဲ့တာ။ အမေဖြစ်သူကလည်း သမီးလေးမို့လို့ နောင်တရနေခဲ့တာလေ (သားမရလို့)။"

ချန်ချင်းယွီ— "..."

'အမျိုးသမီးတွေကလည်း လောကကြီးရဲ့ တစ်ဝက်ကို မတ်မတ်ရပ်ပြီး ထောက်မပေးထားနိုင်တာပဲ မဟုတ်ဘူးလား..'

‘ကြည့်ရတာ အလကားစကား ထင်ပါရဲ့’

သို့သော် သေချာကြည့်လျှင် သားကို သမီးထက် ပိုမျက်နှာသာပေးသည့်လူများမှာ ၂၁ ရာစုခေတ်တိုင်အောင် အများအပြား ရှိနေဆဲပင်။

ပိုင်ဖုန်းရှန်းတစ်ဦးသာ ကျိုးကြောင်းဆီလျော်သည့် စကားတစ်ခွန်း ဆိုလိုက်သည်။

"ကျန်းမုန့်မုန့်က ဒီလိုမျိုး ပေါ့ပေါ့ပါးပါး နေတတ်တာပဲ ကောင်းပါတယ်။ အမေက ပစ်သွားလို့၊ ဂရုမစိုက်လို့ ဆိုပြီး ဝမ်းနည်းမနေရတော့ဘူးပေါ့။"

ဒါကလည်း ဟုတ်တာပါပဲ...

"ဟေး... ဒါနဲ့ ရှောင်ချန်၊ နင် ရဲစခန်းမှာရှိတဲ့ နင့်အတန်းဖော်နဲ့ အဆက်အသွယ် ရှိသေးလား.."

ချန်ချင်းယွီ ပြတ်ပြတ်သားသားပင် ခေါင်းခါလိုက်၏။

"မရှိပါဘူး၊ လုံးဝ မရှိတော့ဘူး။"

သူမ ခဏစဉ်းစားပြီး ထပ်ဖြည့်ပြောလိုက်၏။

"သူ့ကို ကျွန်မ မသိဘူး၊ မရင်းနှီးဘူး၊ ပြီးတော့ အပေါင်းအသင်းလည်း မလုပ်ချင်ဘူး။"

အားလုံး ချန်ချင်းယွီကို ဝိုင်းကြည့်လိုက်ကြသည်။ ယခင်ဆိုလျှင် သူမသည် ဤကဲ့သို့ စကားမျိုး ပြောမည့်သူ မဟုတ်ပေ။ ချန်ချင်းယွီနှုတ်ခမ်းလေးကို စေ့လိုက်ပြီး မငျေမနပ်ဟန်ဖြင့် ရင်ဖွင့်လိုက်၏။

"ကျွန်မ စက်ဘီးသွားမှတ်ပုံတင်တုန်းက သူက ဘာမှလည်း မစုံစမ်းဘဲ ကျွန်မစက်ဘီးကို ခိုးလာတာလား ဘာလားဆိုပြီး စွပ်စွဲတာလေ... ဒေါ်လေးတို့ဆိုရင်ကော အဲဒီလို အတန်းဖော်မျိုးကို အပေါင်းအသင်း လုပ်ချင်ပါ့မလား.. တခြားရဲအရာရှိတစ်ယောက်ကသာ အမြန်ဝင်မရှင်းပြရင် ကျွန်မတော့ အဖမ်းခံရမှာ သေချာတယ်။"

"အင်း... တကယ်တော့ သူက သူ့အလုပ်ကို သူ တာဝန်ကျေချင်လို့လည်း ဖြစ်မှာပါ၊ အဲဒါက ကောင်းတဲ့အချက်ပဲလေ"

ရှီကျန့်ရှန်း ခြောက်ကပ်ကပ် လေသံဖြင့် ဝင်ပြောလိုက်သည်။

"ကျွန်မက စိတ်အားငယ်ပြီး ပြဿနာဖြစ်မှာ ကြောက်တယ်၊ အဲဒါကြောင့် သူ့ကို မပတ်သက်ရဲသလို အပေါင်းအသင်းလည်း မလုပ်ရဲတော့ဘူး။"

"ဟူး..."

ချန်ချင်းယွီ သူမကို အရင်ဆုံး မေးခဲ့သည့် ပိုင်ဖုန်းရှန်း ကို ကြည့်ကာ မေးလိုက်သည်။

"ဒေါ်လေးပိုင်... ဘာကိစ္စရှိလို့လဲဟင်.."

ပိုင်ဖုန်းရှန်း ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ ရှင်းပြလိုက်၏။

"ဝမ်တာ့ချွေ ရဲ့ ပြီးခဲ့တဲ့အကြိမ် ကြင်ဖက်တွေ့ပွဲက ငါ့ကြောင့် ပျက်သွားသလို ဖြစ်သွားလို့လေ၊ အဲဒါကြောင့် ရဲဘော်ကွမ်အတွက် နောက်တစ်ယောက်လောက် ထပ်ရှာပေးချင်လို့။"

"ဘယ်သူ့ကို မိတ်ဆက်ပေးမလို့လဲ.."

"ငါတို့ဝင်းထဲကလူလား.."

"ငါတို့ဝင်းထဲမှာ လူပျိုလူလွတ်တွေ အများကြီးပဲလေ။"

လင်စန်းရှင်းတစ်ယောက် ရုတ်တရက်ဆိုသလို ပျာပျာသလဲ ဖြစ်သွားရသည်။ သူမ မျက်စိကျထားသည့် ယွမ်ဟောက်ဖုန်းကို ပိုင်ဖုန်းရှန်း ကြားဖြတ်လုယူသွားမလားဆိုပြီး စိုးရိမ်မိသွားခြင်းဖြစ်၏။ ဟောက်ဖုန်းဆိုသည်မှာ သူမ သမီးအတွက် သားမက်လောင်းအဖြစ် တကယ်ကို ရည်ရွယ်ထားသူ မဟုတ်လော့။

‘မိဘတွေကလည်း ပညာတတ်တွေ၊ ယောက္ခမကလည်း သဘောကောင်းပြီး မရက်စက်တတ်၊ အမျိုးသားကလည်း အလုပ်အကိုင် အတည်တကျရှိသလို အိမ်နဲ့လည်း သိပ်မဝေးလှ...’

ဤအချက်များမှာ သားမက်လောင်းတစ်ယောက်အတွက် ပြည့်စုံလွန်းလှသည်။ အလုပ်ကိစ္စကြောင့် အိမ်တွင်် ကြာကြာ မရှိတတ်သော်လည်း ထိုအချက်မှာ ပြဿနာမဟုတ်ပေ၊ သူတို့ ညှိနှိုင်း၍ ရ၏။ သူမသည် မိမိသဘောကျထားသည့် သားမက်ကို သူများ လုသွားမည်စိုးသဖြင့် ပိုင်ဖုန်းရှန်းကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။

တစ်ခါတရံတွင် ကြောက်သည့်အရာမှာ ရှေ့မှောက်သို့ ရောက်လာတတ်စမြဲပင်။

"ဟောက်ဖုန်းမှာ အခုထိ ရည်းစားမရှိသေးဘူးလို့ ငါကြားတယ်၊ အဲဒါကြောင့် သူ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့အေ။"

"ဟယ်... အဲဒါက မကောင်းပါဘူးနော်.."

"ဟုတ်ပ၊ နင် အဲဒီလိုလုပ်လိုက်ရင် ယွမ်မိသားစုနဲ့ ဝမ်တာ့ချွေတို့ မိသားစု ကြားထဲမှာ ဘယ်လိုလုပ် မျက်နှာချင်းဆိုင်ရတော့မှာလဲ။"

"အေးလေ၊ အဲဒါကတော့ တကယ် မသင့်တော်ဘူး။"

ပိုင်ဖုန်းရှန်းမှာ ရှင်းပြလိုက်သည်။

"အဲဒါက ဘာဖြစ်လဲ၊ ငါ ဝမ်တာ့ချွေကို မေးပြီးပြီ။ သူက ဘာမှမဖြစ်ဘူးတဲ့။ သူကိုယ်တိုင်ကတောင် အရေးမစိုက်ဘူးဆိုမှတော့ ဘာမှ ပူစရာမရှိတော့ဘူးပေါ့။"

ချန်ချင်းယွီ ဘေးမှ လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ရာ လူတိုင်း၏ မျက်နှာများမှာ တစ်ယောက်တစ်မျိုးစီ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ထိုအထဲတွင် လင်စန်းရှင်း၏ မျက်နှာမှာ အဆိုးဆုံးပင်။ အမှန်တကယ်၌ လင်စန်းရှင်း၏ အတွေးကို လူတိုင်း ရိပ်မိနေကြပြီဖြစ်သည်။ သူမမှာ သူမ၏ အကြံအစည်ကို လျှို့ဝှက်ထားသည်ဟု ထင်နေသော်လည်း တကယ်တမ်းတွင် တစ်ရပ်ကွက်လုံး သိနေကြသည်သာ။

ရှီရှန်းမှာ စကားသိပ်မပြောဘဲ ငြိမ်နေ၏။ သူသည် အလုပ်မရှိသဖြင့် မိန်းမအုပ်စုကြားထဲတွင် အမြဲရောနေတတ်သည့် ယောကျ်ားကြီးဖြစ်သော်လည်း ယခုအချိန်တွင်မူ တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်နေသည့်ပုံ ပေါက်နေသည်။ ထိုမကျေနပ်မှုမှာ မည်သူ့ကို ဦးတည်နေသည်ကိုမူ မသိရပေ။ ရှီကျန့်ရှန်းမှာလည်း အတော်လေး မကျေမနပ် ဖြစ်နေပုံရ၏။

"အချိန်လည်း တော်တော်လင့်နေပြီဆိုတော့ ကျွန်မ အိမ်ပြန်ပြီး ထမင်းဟင်း ပြင်လိုက်ဦးမယ်နော်။"

ချန်ချင်းယွီ စကားဦးသမ်းလိုက်သည်။

"အေးအေး၊ လူစုခွဲကြစို့။"

"ဟဲ့... ပိုင်ဖုန်းရှန်း အတူတူပြန်ရအောင်။ ဒီလူတွေ့ပေးမယ့် ကိစ္စကို ယွမ်မိသားစုကို ပြောပြီးပြီလား.."

ရှီကျန့်ရှန်း ပိုင်ဖုန်းရှန်းနောက်သို့ ကပ်လိုက်သွား၏။ သူမတွင်လည်း တစ်စုံတစ်ခုသော အကြံရှိနေပုံပေါ်သည်။ ယခုခေတ်တွင် အလုပ်ရှိသည့် မိန်းကလေးနှင့် ယောကျ်ားလေးများမှာ အလွန်ပင် မျက်နှာပွင့်ကြ၏။ ရွှီကောင်းမင်တို့၏ တတိယသားမှာလည်း အလုပ်ရှိသူဖြစ်သဖြင့် အလုပ်ရှိသည့် မိန်းကလေးတစ်ယောက် ရှာရသည်မှာ မခဲယဉ်းသော်လည်း ရှီကျန့်ရှန်း အဘယ်ကြောင့် ဤမျှ အလောတကြီး ဖြစ်နေရသနည်းဆိုသည်ကိုမူ မသိရပေ။

ချန်ချင်းယွီ ထိုကိစ္စများကို စိတ်မဝင်စားပေ။ ယနေ့တွင် သတင်းအချက်အလက်များစွာ ရရှိခဲ့သဖြင့် သူမအတွက် အကျိုးရှိလှသည်။ ဝင်းထဲတွင် ပြဿနာများလေ သူမကို လူအာရုံစိုက်မှု နည်းလေဖြစ်သဖြင့် ကောင်းလှ၏။ မုဆိုးမငယ်လေးတစ်ယောက်အဖြစ် နေထိုင်ရသည်မှာ လူအများ၏ အကြည့်များကို ခံရတတ်သဖြင့် သူမမှာ မည်သူ့မျက်စိကျခြင်းကိုမှ မခံလိုပေ။

ချန်ချင်းယွီ၏ နေထိုင်မှုသည်သက်သောင့်သက်သာ ရှိသော်လည်း ဝင်းထဲရှိ လူငယ်များမှာ လာမည့် စာမေးပွဲအတွက် အသည်းအသန် ပြင်ဆင်နေကြသဖြင့် အတော်လေး တင်းမာနေကြသည်။ ယနေ့ဆိုလျှင် လူငယ်တစ်ယောက်မှ အပြင်ထွက် စကားပြောခြင်းမရှိဘဲ အိမ်ထဲမှာပင် စာကျက်နေကြ၏။ ယခုတစ်ခေါက် အလုပ်ခေါ်စာမှာ အရေအတွက် များသည်ဆိုသော်လည်း စက်ရုံကြီးဖြစ်သဖြင့် လျှောက်ထားသူမှာလည်း မနည်းလှပေ။ သူတို့ဝင်းမှာ လူငယ်အနည်းငယ်သာ ရှိသော်လည်း တချို့ဝင်းများတွင်မူ အိမ်တစ်အိမ်တည်းမှပင် စာမေးပွဲဖြေမည့်သူ အများအပြား ရှိနေကြသဖြင့် အားလုံးမှာ ပြိုင်ဘက်များ ဖြစ်နေကြသည်။

"ရှောင်ချန်..."

ချန်ချင်းယွီ အမြန်ထွက်ကြည့်

လိုက်ရာ

"ဒေါ်လေးမေ့ပါလား။"

"ငါ့သားက မြစ်ကမ်းနားမှာ တီကောင်တွေ သွားတူးလာတယ်၊ နင်လိုချင်လား.. ငါးမျှားဖို့ပဲဖြစ်ဖြစ်၊ ကြက်စာကျွေးဖို့ပဲဖြစ်ဖြစ် ကောင်းတယ်နော်။"

အဒေါ်ကြီးမေ့၏ မိသားစုမှာ ဆင်းရဲသော်လည်း သူမသည်ကား အကောင်းမြင်တတ်သူ ဖြစ်သည်။ သူမ၏ သားသမီးများမှာလည်း လိမ္မာရေးခြားရှိကာ နည်းမျိုးစုံဖြင့် စားဝတ်နေရေးအတွက် ကြိုးစားကူညီတတ်ကြ၏။

အဒေါ်ကြီးမေ့ အနည်းငယ် အားနာဟန်ဖြင့်

"ငါ့သားက ပင်ပင်ပန်းပန်း တူးလာတာဆိုတော့..."

ဤကဲ့သို့ အရာမျိုးဖြင့် ပစ္စည်းလဲလှယ်ရန်မှာ ရှက်စရာကောင်းသည်ကို သူမသိသော်လည်း ဘဝမှာ ဆင်းရဲနေသဖြင့် အရှက်အကြောက်ကို ဘေးဖယ်ထားရသည်။

‘မိခင်တစ်ယောက်အနေဖြင့် သားသမီးတွေ ဗိုက်ဝဖို့ကသာ အဓိက မဟုတ်ပါလား’

"လဲမှာပေါ့။"

တီကောင်မှာ တန်ဖိုးမရှိသော်လည်း တူးရသည်မှာ အချိန်ကုန် လူပင်ပန်းလှ၏။ ထို့ကြောင့် သူတို့နှစ်ဦးမှာ တီကောင်များနှင့် ငါးလေးတစ်ကောင် လဲလှယ်ရန် သဘောတူလိုက်ကြသည်။

တကယ်တမ်း၌ ချန်ချင်းယွီသည် ဤကဲ့သို့ တွားသွားတတ်သည့် သတ္တဝါများကို အလွန်ရွံတတ်သူဖြစ်၏။ မြွေ၊ တီကောင်၊ ပိုးကောင်များကို မြင်ရုံနှင့်ပင် ကြက်သီးထတတ်သော်လည်း ကြက်မကြီးများမှာမူ အလွန်ကြိုက်ကြသည် မဟုတ်လော့။ ချန်ချင်းယွီသည် သစ်ကိုင်းနှစ်ခုကို တူအဖြစ် သုံးကာ တီကောင်များကို ကြက်စာကျွေးလိုက်သည်။ အိမ်ရောက်စ အစိမ်းသက်သက် ဖြစ်နေသည့် ကြက်မကြီးနှစ်ကောင်မှာ တီကောင်များကို မြင်သည်နှင့် အလုအယက် စားကြပြီး ချက်ချင်းပင် လန်းဆန်းတက်ကြွသွားကြ၏။ တိရစ္ဆာန်ဆိုသည်မှာလည်း အစားကောင်းဆိုလျှင် မက်ကြသည်မှာ အမှန်ပင်...

ကလေးလေး ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည်လည်း ဘယ်အချိန်ကတည်းက ရောက်နေသည်မသိ၊ စပ်စုကာ မေးမြန်းကြလေသည်။

"မေမေ... ဒီအကောင်ရှည်ရှည်လေးတွေက တီကောင်တွေလား.. ကြက်မကြီးတွေက တီကောင်စားရတာ ကြိုက်တယ်၊ ဟုတ်တယ်မလား.."

"ဟုတ်တယ်လေ။"

ချန်ချင်းယွီ ခေါင်းညိမ့်ပြပြီး ကလေးနှစ်ယောက်ကို မေးလိုက်၏။

"သားတို့ သမီးတို့ကော ကျွေးကြည့်ချင်လား.."

"ဟုတ်၊ ကျွေးချင်တယ်..."

ကလေးနှစ်ယောက်မှာ တူကို ကျွမ်းကျင်စွာ မကိုင်တတ်သေးသော်လည်း တုန်တုန်ချိချိဖြင့် ကြက်မကြီးများကို တီကောင်ကျွေးနေကြသည်။ ကြက်မကြီးမှာတီကောင်ကို ဆိတ်ချလိုက်သည်ကို မြင်သောအခါ ရှောင်ကျားလေးမှာ "ဟိုး..." ဟု အံဩတကြီး အော်လိုက်၏။

ရှောင်ယွမ်မှာ ကြက်အိမ်ကို စိုက်ကြည့်ရင်း တတွတ်တွတ်ရွတ်နေသည်။

"ကြက်မကြီး... ဥတွေ အများကြီး ဥပေးရမယ်နော်..."

ကလေးများအတွက်မူ ကြက်ဥရဖို့သည်သာ အရေးကြီးဆုံးကိစ္စ ဖြစ်နေ၏။

ချန်ချင်းယွီ တစ်ယောက် ရယ်မောလိုက်မိသည်။

"ကျန်တဲ့ တီကောင်တွေကိုတော့ အခု မကျွေးတော့ဘူး၊ မနက်ဖြန်ကျမှ ကျွေးမယ်။ အဲဒီအခါကျရင် သားတို့သမီးတို့ပဲ ကျွေးရမယ်၊ ဟုတ်ပြီလား.."

"ဟုတ်ကဲ့..."

ချန်ချင်းယွီ ကလေးနှစ်ယောက်၏ ပုံစံကိုကြည့်ပြီး သတိပေးလိုက်သည်။

"လက်ကို ကြက်အိမ်ထဲ လျှောက်မထည့်နဲ့နော်၊ ဆိတ်တတ်တယ်။ သိလား.."

"ဟုတ်ကဲ့၊ သိပါပြီ။"

သူတို့သားအမိ သုံးယောက်သား အေးအေးလူလူ ရှိနေစဉ်၊ တစ်ဖက်အိမ်မှ ရှီရှောင်ဝေမှာ မျက်နှာသေဖြင့် ထွက်လာ၏။ "မဖွယ်မရာစာအုပ်" ကိစ္စဖြစ်ပွါးပြီးချိန်မှစ၍ သူသည် လူရှေ့တွင် သိပ်မပေါ်လာပေ။ တစ်ခါတရံ အပြင်ထွက်၍ လူချင်းတိုးလျှင်ပင် ဘာကိုမှ မမြင်သလိုမျိုး အလောတကြီး သွားတတ်သည်။

ယခုလည်း ထိုနည်းအတိုင်းပင်။ သူသည် ချန်ချင်းယွီတို့ သားအမိကို မမြင်ချင်ယောင်ဆောင်ကာ အိမ်ပြင်သို့ ခပ်သွက်သွက် ထွက်သွား၏။ ကြည့်ရသည်မှာ အိမ်သာသွားမည့်ပုံပင်။ ဤလူစားမျိုးမှာ အိမ်သာမတက်ချင်ဘဲနှင့် အိမ်ပြင်ထွက်မည့်သူ မဟုတ်ပေ။

သို့သော် သူရှေ့ဝင်းထဲသို့ ရောက်သည့်အခါ လီလင်းလင်း အိမ်ထဲမှ ထွက်လာသည်နှင့် တိုးလေသည်။ ချန်ချင်းယွီ၏ နားများမှာလည်း အတင်းအဖျင်းသတင်းကို စောင့်နားထောင်နေသည့် ယုန်နားရွက်များကဲ့သို့ ထောင်သွားရ၏။ သူမသည် ခေါင်းငုံ့ပြီး ကြက်အိမ်ကို စိုက်ကြည့်နေသော်လည်း မျက်လုံးထောင့်မှနေ၍ တံခါးဝရှိ အခြေအနေကို အကဲခတ်နေသည်။

ရှီရှောင်ဝေ လီလင်းလင်းကို မြင်သောအခါ အထင်အမြင်သေးသည့် အပြုံးဖြင့် နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်၏။

"စိတ်အပြောင်းအလဲ မြန်လိုက်တာ။"

သူအနေဖြင့် လီလင်းလင်းကို မကြိုက်သည်မှာ အမှန်ဖြစ်

သော်လည်း လီလင်းလင်း သူ့ကို ကြိုက်ခဲ့ဖူးလေသည်။ သူ၏ အမြင်တွင်မူ လီလင်းလင်းသည် သူ့အပေါ်၌သာ အဆုံးထိ သစ္စာရှိရမည်ဖြစ်ပြီး၊ ယခုကဲ့သို့ တခြားသူကို ပြောင်းကြိုက်ခြင်းမှာ မိန်းမကောင်းတို့ ကျင့်ဝတ်ကို မစောင့်ထိန်းဘဲ စိတ်ကစားခြင်းဟု ယူဆကာ စိတ်ထဲမှ နှိမ်နေခြင်းဖြစ်၏။

လီလင်းလင်းမှာလည်း ရှီရှောင်ဝေဤကဲ့သို့ ပြောလိမ့်မည်ဟု မထင်ထားသဖြင့် နာကျင်စွာ ကြည့်နေမိသည်။ သို့သော် ခဏအကြာတွင် သူမ၏ စိတ်ထဲ၌ မခံချင်စိတ်တို့ ဖြစ်ပေါ်လာပြီး ပြန်တုံ့ပြန်လိုက်၏။

"ကွယ်ရာမှာ သူများအတင်းပြောတတ်တဲ့လူကရော ဘယ်လောက်များ လူကောင်းမို့လို့လဲ.."

သူမ၏ အမေ လူအကဲခတ်ခြင်းမှာ တကယ်မှန်သည်ဟု လီလင်းလင်း ပို၍ ခံစားလာရသည်။ ဤရှီရှောင်ဝေဆိုသည့် အမျိုးသားမှာ အားကိုးထိုက်သည့် အမျိုးသားမျိုး လုံးဝမဟုတ်ပေ။ လီလင်းလင်း သူ့ကို ဂရုမစိုက်တော့ဘဲ အရှေ့သို့ ကျော်တက်သွားကာ "ခွေးကောင်းဆိုတာ လမ်းမပိတ်ဘူး" ဟု ပြန်လည်ရေရွတ်လိုက်လေ၏။

"နင်......"

ရှီရှောင်ဝေမှာ လီလင်းလင်း သူ့အပေါ် ဤမျှ ရိုင်းပြလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏ စိတ်ထဲတွင် လီလင်းလင်းသည် သူ့နောက်သို့ အမြဲတကောက်ကောက် လိုက်နေရမည့်သူ၊ သူ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုပဲ ချစ်နေရမည့်သူဟု သတ်မှတ်ထားခြင်း ဖြစ်သည်။ ရှီရှောင်ဝေသည် မိမိကိုယ်ကိုယ် အမွှမ်းတင်ရန်အတွက် လီလင်းလင်းကို အမြဲအသုံးချခဲ့သော်လည်း ယခုအခါ လီလင်းလင်း သူ့ကို ဂရုစိုက်ခြင်း မရှိတော့သဖြင့် သူသည် ထိုနေရာ၌ပင် ဆွံ့အကာ ရပ်ကျန်ရစ်ခဲ့၏။

ချန်ချင်းယွီ ထိုပွဲကို ကြည့်ပြီး ခေါင်းခါလိုက်မိသည်။

'မိမိကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ၊ ဘဝဆိုတာ ရှေ့မှာရှိနေတာ၊ ဘယ်သူက အချစ်ကိုပဲ နံပါတ်တစ်ထားပြီး နေရဲမှာလဲ။ မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာကတော့ မကောင်းဘူး'

ချန်ချင်းယွီ စိတ်ထဲမှ တွေးနေမိ၏။ ထိုပွဲလေး ပြီးသွားသောအခါ ချန်ချင်းယွီလည်း အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

နေဝင်ရိုးရီ အချိန်ရောက်လာသဖြင့် အိမ်တိုင်း၏ မီးဖိုချောင်မှ မီးခိုးများ ထွက်လာနေပြီဖြစ်၏။ ချန်ချင်းယွီ အစားများများစားသူဖြစ်သဖြင့် ဟင်းချက်လျှင်လည်း အမြောက်အမြား ချက်တတ်သောကြောင့် တံခါးပိတ်၍သာ ချက်ပြုတ်လေ့ရှိသည်။ ယနေ့တွင် မည်သည့်အိမ်မှ အသားဟင်းချက်နေသည်မသိ၊ အနံ့များ မွှေးပျံ့နေ၏။ ထိုအနံ့မှာ အလယ်ဝင်းဘက်မှ လာခြင်းဖြစ်သဖြင့် ချန်ချင်းယွီ တစ်ချက်မျှ ထွက်ကြည့်ပြီးနောက် သူမအလုပ်ကို သူမ ဆက်လုပ်နေလိုက်သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ လက်ချင်းချိတ်ကာ သွားရောက်စပ်စုကြပြီးနောက် ခဏအကြာတွင် တောက်တောက် တောက်တောက်နှင့် ပြေးပြန်လာကြ၏။

"မေမေ... ဦးလေးယွမ်တို့အိမ်မှာ အသားချက်နေတာ။"

"ဘာလဲ.. သားတို့ သမီးတို့ စားချင်လို့လား.."

ကလေးနှစ်ယောက် ရှက်ပြုံးလေး ပြုံးကာ သူတို့ ဗိုက်ကလေးကို ပွတ်ပြီး "နည်း... နည်းနည်းလောက်ပါ" ဟု ဆိုလာကြသည်။

ချန်ချင်းယွီ စဉ်းစားကြည့်မိ၏။ မကြာသေးမီကာလများတွင် သူတို့အိမ်မှာ ငါးပဲ စားဖြစ်နေပြီး အသားမစားရသည်မှာ ကြာပြီဖြစ်၏။

"ဒါဆိုရင်လည်း မလောနဲ့ဦး၊ မနက်ဖြန်ကျရင် မေမေ အသားဝယ်ပြီး ချက်ကျွေးမယ်။ ဟုတ်ပြီလား.."

"ဟုတ်..."

ကလေးနှစ်ယောက်လုံး ချက်ချင်းပင် တက်ကြွသွားတော့သည်။

အသားချက်သည့် ရနံ့မှာ ဝင်းထဲတွင် ပျံ့နှံ့နေသဖြင့် အလုပ်မှ ပြန်လာကြသူများမှာ မိမိအိမ်မှ ဟင်းနံ့ဖြစ်ပါစေဟု ဆုတောင်းရင်း အိမ်ထဲသို့ ခပ်သွက်သွက် ဝင်သွားကြသည်။ အဘွားကြီးကျောက်သည်လည်း ထိုနည်းအတိုင်းပင်။ သို့သော် သူမသည် အိမ်ရှေ့သို့ ရောက်သည်နှင့် လူသေကောင် ထပြီး အော်သကဲ့သို့ အော်ဟစ်တော့၏။

"အို... ဘုရားရေ... ဒါ ငါတို့အိမ်က စက်ဘီးလား.. အမလေး... ငါ့အိမ်မှာလည်း စက်ဘီးရှိနေပြီပဲ... ဘုရားရေ... ဘုရားက ကျောက်တာ့ရာကို တကယ်ပဲ မျက်နှာသာ ပေးတာပဲ။ ငါ့သက်တမ်းတစ်လျှောက်မှာ စက်ဘီးတစ်စီး ပိုင်ဆိုင်ရလိမ့်မယ်လို့ မထင်ထားဘူး။ ဒါတွေအားလုံးက ပါတီရဲ့ မူဝါဒကောင်းလို့၊ စက်ရုံရဲ့ မူဝါဒကောင်းလို့ပါပဲ။"

အဘွားကြီးကျောက်သည် အိမ်ပြန်ရောက်သည်နှင့် စက်ဘီးပေါ်သို့ လှဲချလိုက်ကာ စကားမပြောနိုင်တော့ဘဲ ငိုချင်းချကာ အော်ဟစ်နေလေသည်။ သူမသည် စက်ဘီးကို သေချာပွတ်သပ်ရင်း အသည်းစွဲ ဖြစ်နေရှာ၏။

"ကြည့်စမ်း... ကြည့်စမ်း... ဒါက ဖီးနစ်တံဆိပ်ရဲ့ အထိအတွေ့ပဲ၊ တခြားစက်ဘီးတွေနဲ့ မတူဘူး။ ဟင်... ဒါက ဘာလို့ ခြင်းတောင်းလေး ပါနေတာလဲ.."

"ကျွန်မ ဝယ်ထားတာပါ။"

ချန်ချင်းယွီ ပြန်ပြောလိုက်သည်။

"တကယ်ကို ကောင်းတာပဲ၊ နင် လုပ်တာ တော်တယ်။"

သူမ၏ အော်ဟစ်သံကြောင့် အလုပ်ပြန်လာသည့် အမျိုးသားအချို့လည်း ဝိုင်းအုံလာကြ၏။ ယောကျ်ားဆိုသည်မှာ ကား၊ စက်ဘီး ဆိုလျှင် မချစ်သူမရှိသဖြင့် အားလုံး၏ မျက်လုံးထဲတွင် မနာလိုမှုများ ရောယှက်နေကြသည်။ အဘွားကြီးကျောက်ကဲ့သို့ လူမျိုးမှာ စက်ဘီးလက်မှတ် ရသွားသည်ကို တွေးမိပြီး မနာလိုဖြစ်နေကြခြင်းပင်။ ထိုစဉ်က ရဲရဲဝံ့ဝံ့ ဝင်မကူညီခဲ့မိသည့် မိမိကိုယ်ကိုယ်သာ အပြစ်တင်နေကြမိ၏။

‘ဌာနခွဲမှူးဝမ်က စက်ဘီးလက်မှတ် ပေးလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ’

ကြည့်နေသူများမှာ ခါးသက်သော မျက်ရည်များပင် ဝဲလာမိကြသည်။

‘နောင်တရလိုက်တာ... အဲ့ဒီတုန်းက တက်တက်ကြွကြွနဲ့ ရှေ့ထွက်ပြီး ကူညီခဲ့သင့်တာကို ချီးပဲ...’

‘အရာရှိတစ်ယောက်အတွက် အလုပ်လုပ်ပေးရတယ်ဆိုတာ ဇွဲရှိရှိနဲ့ အခွင့်အရေးကို အရယူတတ်ရတယ်’

‘ဘာပဲဖြစ်ဖြစ် ဝန်ထမ်းရေးရာဌာနက ဌာနခွဲမှူးဆိုတာလည်း အရာရှိ တစ်ယောက်ပဲလေ…အခွင့်အရေးကို အမိဖမ်းခဲ့သင့်တာ’

"ဒေါ်ကြီးကျောက်... ခင်ဗျားတို့အိမ်တော့ ဟုတ်နေပြီပဲ။ အခု စက်ဘီးတောင် ဝယ်နိုင်ပြီဆိုတော့ ဘယ်လိုလဲ.. နောင်ဆို စက်ဘီးစီးပြီး အလုပ်သွားတော့မှာလား.."

"ငါက ဘာလို့ စီးရမှာလဲ၊ စက်ရုံက ဒီနားလေးတင်ဟာကို။ ဒီစက်ဘီးကို ငါ့ချွေးမ သုံးဖို့ ချန်ထားတာ။ သူက နေ့တိုင်း ငါးသွားမျှားရတာလေ၊ အရင်ကဆို ဘတ်စ်ကားနဲ့ သွားရတော့ ကားခ နှစ်ခေါက်စာ ကုန်တယ်။ အခုတော့ ကောင်းပြီ၊ အဲဒီပိုက်ဆံတွေ အကုန်သက်သာသွားပြီ။"

အဘွားကြီးကျောက်မှာ တွက်ကိန်းကို သေချာချထားပြီးဖြစ်၏။

"ငါ့ချွေးမက နေ့တိုင်း ငါးရနေတာ၊ စားလို့မကုန်ရင် ငါတို့ ငါးခြောက်လှမ်းထားလို့ ရတယ်။ ဆောင်းတွင်းကျရင်လည်း ဟင်းကောင်းတစ်ခွက် ပိုရတာပေါ့။ အမလေး... နေ့တိုင်း သွားမှကို ဖြစ်တော့မယ်။ ကားခ သက်သာတာရယ်၊ ဟင်းဖိုး သက်သာတာရယ်ဆိုရင် စက်ဘီးဖိုးတောင် ပြန်ကျေသွားဦးမယ်။"

“…….”

တွက်ရေးကတော့ စက်သူဌေးပါပဲ......

မည်သို့ပင်ဖြစ်စေ အဘွားကြီးကျောက်အတွက်မူ ဤစက်ဘီးမှာ ချန်ချင်းယွီ၏ လက်ထဲတွင်ရှိနေမှသာ အရှုံးမရှိဟု ယူဆထားသည်။

"ဒီစက်ဘီးကို ငါ့ချွေးမပဲ စီးရမယ်။"

စက်ဘီးလာကြည့်သည့် အမျိုးသားကြီးများမှာ အဘွားကြီးကျောက်ကို လူအိုကြီးဖြစ်ပြီး အူကြောင်ကြောင်နိုင်သည်ဟု ပြောရမည်လား သို့မဟုတ် အကွက်မြင်တတ်သူဟုပင် ဆိုရမည်လား ဝေခွဲမရဖြစ်သွားကြ၏။ လူတိုင်း အချိန်အတော်ကြာ စဉ်းစားကြည့်ပြီးမှ ခွဲခြားရခက်ကြောင်း လက်ခံလိုက်ကြရသည်။

သို့သော် သေချာပြန်တွေးကြည့်လျှင် အဘွားကြီးကျောက်ပြောသည်မှာလည်း မှားတော့မမှားပေ။ ဤစက်ဘီးမှာ အဘွားကြီးကျောက်လက်ထဲတွင်ရှိလျှင် ကြွားရုံသက်သက် ကိရိယာတစ်ခုသာ ဖြစ်သော်လည်း၊ ချန်ချင်းယွီလက်ထဲတွင်မူ တကယ့်ကို အသုံးဝင်လှသည်။ ဤမုဆိုးမလေးမှာ ငါးမျှားရာတွင် တကယ့်ကို ကျွမ်းကျင်လှသည် မဟုတ်လော့။နေ့စဉ်နေ့တိုင်း အများကြီး မရသော်လည်း သာမန်ယောကျ်ားများထက်စာလျှင် အများကြီးသာ၏။ငါးမျှားဝါသနာရှင် အတော်များများပင်လျှင် ချန်ချင်းယွီကို မယှဉ်နိုင်ကြပေ။

"ဒေါ်ကြီးကျောက်... ခင်ဗျားပြောတာလည်း ကျိုးကြောင်းဆီလျော်မှု ရှိသားပဲ။"

"ဒါပေါ့အေ၊ အိမ်ထောင်မှုကို စနစ်တကျ ထိန်းသိမ်းတတ်တဲ့နေရာမှာ ငါ့ကို ဘယ်သူမှီမှာလဲ.."

သူမ မာန်တက်ဟန်ဖြင့် နှာခေါင်းလေး ရှုံ့လိုက်ရင်း

"ဘယ်အိမ်ကလဲမသိဘူး၊ ဟင်းနံ့က မွှေးနေတာပဲ။"

"အလယ်ဝင်းထဲက အိမ်ဖြစ်မှာပေါ့..."

ဟင်းနံ့အကြောင်း ပြောမိသည်နှင့် အားလုံးလည်း လူစုခွဲလိုက်ကြသည်။ အဘွားကြီးကျောက်လည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် အိမ်ထဲသို့ ဝင်လာခဲ့၏။

ချန်ချင်းယွီ ကျီစယ်ပြောဆိုလိုက်လေသည်။

"ဒီနေ့ အိမ်ပြန်တာ နောက်ကျလှချည်လား.. လူတွေ အလုပ်ဆင်းချိန်မှ ပြန်လာတာဆိုတော့ ရှင် အချိန်ပိုတွေများ ဆင်းနေတာလား"

အဘွားကြီးကျောက် လေသံကို နှိမ့်ကာ

"ဒီနေ့ ငါတို့ ထမင်းချက်ဆောင်မှာ ထူးထူးခြားခြား အထူးဟင်းချက်တဲ့ အလုပ်တစ်ခု လက်ခံလိုက်ရလို့လေ၊ အဲဒါ ကူလုပ်ပေးနေလို့ နောက်ကျသွားတာ။"

သူမ ပို၍ လေသံလျော့ကာ တိုးတိုးလေး ပြောလိုက်၏။

"ကြည့်စမ်း... ငါတို့ တစ်ယောက်တစ်ဘူးစီ ဝေပေးလိုက်လို့ အရွက်ကြော်တွေ ရလာတယ်။ ဒါက အထူးဟင်းပွဲက ထွက်လာတာ၊ အထဲမှာ အသားမျှင်လေးတွေတောင် ပါတယ်။"

အဘွားကြီးကျောက်သည် ပထမဆုံးအကြိမ် ဤကဲ့သို့ အထူးခံစားခွင့် ရရှိခြင်းဖြစ်သဖြင့် အိမ်နီးချင်းများ ကြားသွားမည်စိုး၍ ခိုးကြောင်ခိုးဝှက် လုပ်နေရှာ၏။

"ပူပူနွေးနွေးလေးပဲ ရှိသေးတာဆိုတော့ ပြန်နွှေးနေဖို့ မလိုတော့ဘူးနော်။"

"နောက်ထပ် ဟင်းသီးဟင်းရွက်လေးတွေ နည်းနည်းထည့်ပြီး ထပ်ကြော်လိုက်ရင် ဟင်းအိုး ပိုကြီးသွားမှာပေါ့။"

"ဒါဆိုရင် အရသာ ပေါ့သွားမှာပေါ့၊ ဒီအတိုင်းပဲ ထားလိုက်ပါ။"

အဘွားကြီးကျောက် ပြန်မငြင်းတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။

"ဟိုဘက်အိမ်မှာ ဘယ်သူက အသားချက်နေတာလဲ.."

"ကျောက်ရုံတို့ အိမ်လေ"

"သူတို့အိမ်ကတော့ စားနိုင်သောက်နိုင် ရှိသားပဲ။"

"ကလေးတွေကို အားရှိအောင် ကျွေးချင်လို့ ဖြစ်မှာပေါ့။ ဟောက်ရွှယ် ရော ရှောင်ချွေရော ဒီတစ်ခေါက် စာမေးပွဲ ဖြေကြမှာလေ။ အောင်ပါ့မလားတော့ မသိဘူး။"

အဘွားကြီးကျောက် ခဏစဉ်းစားပြီး မှတ်ချက်ပေးလိုက်၏။

"ယွမ်ဟောက်ရွှယ်ကတော့ ဖြစ်နိုင်ခြေရှိတယ်၊ ယွမ်ရှောင်ချွေကတော့ လုံးဝမဖြစ်နိုင်ဘူး။ ပြီးတော့လေ... ငါတော့ ကျောက်ရုံက မရိုးသားဘူးလို့ အမြဲခံစားနေရတယ်"

ချန်ချင်းယွီ အဘွားကြီးကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

‘ဟုတ်လှချည်လား... ဒီအဘွားကြီးက အတော်လေး ဦးနှောက်ရှိသားပဲ...’

"နင် ငါ့ကို အထင်မသေးနဲ့။ ငါစားခဲ့တဲ့ ဆားက နင်လျှောက်ခဲ့တဲ့ လမ်းထက်တောင် ပိုများသေးတယ်။ ငါက သူတို့ကို မနာလိုလို့ ပြောတာ မဟုတ်ဘူးနော်။ သူတို့အိမ်က တကယ်ကို ထူးဆန်းတယ်။ မိန်းမတစ်ယောက်က ဒီလောက်အထိ သဘောကောင်းပြီး ယောက်ျားရဲ့ တခြားသမီးကို ကိုယ်ပိုင်သမီးလေးလိုမျိုး ပြုစုစောင့်ရှောက်ပေးတယ်ဆိုတာ ငါတော့ မယုံဘူး။ ဘယ်လိုမှ မဖြစ်နိုင်တာ... ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်မျိုး တစ်ခါမှ မကြားဖူးဘူး။ ဟိုခေတ်ဟောင်းတုန်းက သားမရှိတဲ့ မယားကြီးတွေက မယားငယ်ရဲ့သားကို မွေးပေးတာမျိုးတော့ ရှိဖူးတယ်။ ဒါပေမဲ့ ကျောက်ရုံမှာက သားရော သမီးရော ရှိတာပဲ၊ အဲဒါကို ယွမ်ရှောင်ချွေအပေါ် တကယ်ကြီး ကောင်းနေပါ့မလား.. သူက တကယ်ပဲ အဲဒီလောက် စိတ်ကောင်းရှိတယ်ဆိုရင် ဘာလို့ ကလေးငယ်ငယ်ကတည်းက မြို့ထဲကို ခေါ်မလာခဲ့တာလဲ.. ငါ့အမြင်မှာတော့ သူ တစ်ခုခု ကြံစည်နေတာပဲ။ ငါ နင့်ကို ပြောပြမယ်... နင်က ငယ်သေးတော့ မသိဘူး။ တချို့လူတွေက အဘွားကြီးဟွမ်လိုမျိုး ဒေါသတကြီးနဲ့ အော်ဟစ်နေတတ်ပေမဲ့ အဲဒီလိုလူကို ကြောက်စရာမလိုဘူး။ သူတို့က ဗိုက်ထဲမှာ ဘာလျှိုဝှက်အကြံအစည်မှ မသိမ်းထားနိုင်ဘူး၊ ရှိသမျှ အကုန်ထုတ်ပြတတ်ကြတာ။ ဒါပေမဲ့ တချို့လူတွေကတော့... ဟဲဟဲဟဲ... သူတို့ကတော့ စိတ်ကူးဉာဏ် အတော်များတာ။ အပြင်ပန်းမှာ ဖော်ရွေပြနေပေမဲ့ အတွင်းထဲမှာတော့ တွက်ကိန်းတွေ အများကြီးပဲ။ နင်ကိုယ်တိုင်လည်း အဲဒီလိုပဲ မဟုတ်ဘူးလား.. အပြင်မှာတော့ သနားစရာလေးလို ဟန်ဆောင်ပြီး ကွယ်ရာမှာတော့ လက်သီးပြင်းပြင်းနဲ့ ထိုးတတ်တာ။"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့... ရှင်ကြီး ပြောတာ တကယ်မှန်ပါတယ်။"

"ဟယ်... နင်က တော်တော်တောင် ပြန်မငြင်းပါလား။ ဒါပေမဲ့လည်း ငါပြောတာက တကယ် မှန်နေတာကိုး။ ဒါနဲ့... လူတွေ ဘာလို့ အလုပ်လုပ်ချင်ကြတာလဲဆိုတာ သိပြီ။ အလုပ်လုပ်တာ တကယ်ကို အကျိုးရှိတာပဲ။ အရင်က ငါက ဝင်းထဲမှာပဲ အောင်းနေတော့ ဒီလောက်ပဲ သိတာ၊ ဘာဦးနှောက်မှ မရှိဘဲ သူများကစားတာကို ခံခဲ့ရတယ်။ အခု ငါအလုပ်လုပ်တော့ လူပေါင်းစုံနဲ့ ထိတွေ့ရတယ်၊ အတွေ့အကြုံတွေ များလာတော့ အရင်ကထက် ပိုစဉ်းစားတတ်လာပြီ။ အခု ငါက အရင်က ငါမဟုတ်တော့ဘူး၊ ထူးခြားတဲ့ ငါဖြစ်နေပြီ။"

ချန်ချင်းယွီ၏ နှုတ်ခမ်းများ တွန့် လိမ်သွားကာ "..."

‘မြှောက်ပင့်အမွှမ်းတင်လိုက်တာနဲ့ ဂွေးတက်အောင်ကတယ်ဆိုတာ သူလိုလူမျိုးပဲ’

သူမ တစ်ချက်ကြည့်လိုက်ပြီး

"အမေ သွားကြားထဲမှာ အသားစ ငြိနေတယ်နော်။"

"ဟင်.. အာ......"

သူမ အမြန်ပင် လျှာဖြင့် လိုက်ယက်လိုက်ပြီး ရှက်ကိုးရှက်ကန်း ပြောလိုက်လေသည်။

"အဲဒါ... အဲဒါကလေ... ဟဲဟဲ၊ ထမင်းချက်ဆောင်မှာ ဧည့်သည်တွေအတွက် ကြက်သားချက်တာ၊ အဲဒါ တစ်တုံးလောက် ခိုးစားလိုက်မိလို့ပါ။ နင်တို့အတွက် မယူလာပေးချင်လို့ မဟုတ်ဘူးနော်... အဲဒါက တကယ်ကို ယူလာလို့ မရလို့ပါ။"

"ကျွန်မ သိပါတယ်..."

အဘွားကြီးကျောက် စိတ်သက်သာရာ ရသွားသည်။ ဤအရူးမ သူမကို ရိုက်နှက်မည်စိုး၍ပင်။ ပြောရလျှင် ချန်ချင်းယွီ၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ပြင်းထန်လှသဖြင့် တစ်ခါတည်းနှင့် သူမကို ကြောက်သွားစေခဲ့၏။ အဘွားကြီးကျောက်သည် ချန်ချင်းယွီကို မပြစ်မှားချင်သည့်အပြင် ယခုအခါ သူတို့နှစ်ဦးမှာ အကျိုးစီးပွားချင်း တူညီနေကြသဖြင့် ပြဿနာရှာရန် အကြောင်းမရှိတော့ပေ။

"ဟော... ရှောင်ကျားနဲ့ ရှောင်ယွမ်က ဘာလို့ အလယ်ဝင်းဘက်ကို သွားပြီး အနံ့မခံကြတာလဲ.."

ဘယ်အိမ်မှာပဲဖြစ်ဖြစ် အသားချက်လျှင် ကလေးများမှာ သွားပြီး အနံ့ခံတတ်ကြသည်သာ။ ချန်ချင်းယွီတစ်ယောက်သာ ချက်ပြုတ်လျှင် အမြဲတမ်း သတိကြီးစွာဖြင့် တံခါးပိတ်ချက်သော်လည်း၊ ကျောက်ရုံတို့အိမ်မှာ မဟုတ်ပေ။ ပြတင်းပေါက်ဖွင့်ကာ ဆီသံတစီစီနှင့် ချက်ပြုတ်နေသဖြင့် အနံ့မှာ အလွန်မွှေးနေ၏။

"သွားပြီး ပြန်လာကြပြီလေ။ မဟုတ်ရင် ကျောက်ရုံတို့အိမ်က အသားချက်နေတာလို့ ကျွန်မ ဘယ်လိုသိပါ့မလဲ.."

"ဒါဆို ငါလည်း သွားကြည့်ဦးမယ်။"

ချန်ချင်းယွီ "..."

'ကောင်းပါလေရော...'

‘အံ့ဩပါရဲ့’

အဘွားကြီးကျောက်သည် အလယ်ဝင်းသို့ ရောက်သွားသောအခါ ကျောက်ရုံတစ်ယောက် ခါးစည်းဝတ်စုံနှင့် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။ သူမက အနားသို့သွားကာ တစ်ချက်ချောင်းကြည့်ပြီး

"ကျောက်ရုံ... နင့်အိမ်က ဒီနေ့ ဟင်းတွေကတော့ အတော်အသားပါလှချည်လား။ ဧည့်သည်ဖိတ်ထားလို့လား.."

ကျောက်ရုံ ပြုံးကာ ပြန်ပြောလာ၏။

"ဟုတ်တယ်... ကျွန်မယောက်ျား ယွမ်က ဦးလေးမာနဲ့ အစ်ကိုရွှီတို့ကို ဖိတ်ပြီး တစ်ခွက်တစ်ဖလား သောက်ကြမလို့လေ။ အဲဒါကြောင့် ကျွန်မကလည်း ဇနီးကောင်းပီပီ ဟင်းကောင်းလေးတွေ ပြင်ပေးနေတာ။"

"အေး... ငါလည်း ပြောမလို့၊ ဝင်းထဲဝင်တာနဲ့ အနံ့က မွှေးနေတာပဲ။"

အဘွားကြီးကျောက်သည် ကျောက်ရုံတို့ထံမှ ဘာမှအလကားရမည်မဟုတ်သည်ကို သိသဖြင့်၊ ကလေးများကို ဖယ်ရှားကာ အိမ်သို့ ပြန်လာခဲ့တော့သည်။ ကျောက်ရုံသည် ဝင်းထဲတွင် လူချစ်လူခင် များသူဖြစ်သော်လည်း ကလေးများကို တစ်လုပ်တစ်ဆုတ် မြည်းစမ်းခိုင်းလေ့ မရှိပေ။ ထို့ကြောင့် အဘွားကြီးကျောက်သည် ယခင်၌ ဘာမှမပေးခဲ့သည်မှာ မိမိကိုယ်ကိုယ် မှားယွင်းမှုမရှိဟု ပို၍ပင် ယုံကြည်လာ၏။

‘လူတိုင်းကလည်း အတူတူပါပဲ၊ သူမကသာ ထင်ပေါ်နေလို့ လူတွေက သူမကို ကပ်စေးနှဲတယ် အတ္တကြီးတယ် ပြောနေကြတာ ဟွန့်... နင်တို့လည်း အတူတူပဲကို’

ယခုမူ သူမ "အလင်းပွင့်" သွားပြီဖြစ်၏။

"ငါ နင့်ကို ပြောဦးမယ်... အမလေး..."

သူမ ထပ်မံအတင်းပြောရန် ပြင်နေစဉ်မှာပင် ရပ်ကွက်ရုံးမှ အုပ်ချုပ်ရေးမှူးလျန် ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် အဘွားကြီးကျောက် အမြန်ပင် ပြေးထွက်သွားလေသည်။

"အုပ်ချုပ်ရေးမှူးလျန်... ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ.. အထဲမှာ ခဏထိုင်ပါဦးလား.."

အဘွားကြီးကျောက် ရုတ်တရက် ပြေးထွက်လာသဖြင့် အုပ်ချုပ်ရေးမှူးလျန်မှာ လန့်သွားရှာ၏။

"အစ်မကြီးဖန်တို့အိမ်ကို လာတာပါ။"

အဘွားကြီးကျောက်၏ မျက်လုံးသေးသေးလေးများမှာ အရောင်တောက်သွားကာ ချက်ချင်းပင် မျက်နှာချိုသွေးလိုက်သည်။

"သူတို့အိမ်က ဟိုဘက်မျက်နှာချင်းဆိုင်မှာလေ၊ ကျွန်မ လိုက်ပို့ပေးမယ်။"

"မလိုပါဘူး၊ မလိုပါဘူး။"

ထိုစဉ် အစ်မကြီးဖန် ထွက်လာပြီး အံ့ဩသွားကာ ပြောလိုက်၏။

"အုပ်ချုပ်ရေးမှူးလျန်... ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ.. တကယ့်ကို ဂုဏ်ယူစရာပါပဲ။ လာ... လာ... အိမ်ထဲဝင်ပြီး စကားပြောရအောင်။"

"ကောင်းပါပြီ... ခင်ဗျားတို့ သားလည်း အိမ်မှာ ရှိတယ်မဟုတ်လား.. ကျွန်တော် လာတာက ကျေးလက်ကိုဆင်းဖို့ ကိစ္စ ဆွေးနွေးချင်လို့ပါ။ ဒီကိစ္စအတွက် တိုက်တွန်းနေတာ ကြာပြီ၊ ခင်ဗျားတို့ဘက်က ဘာသတင်းမှ မပေးသေးဘူးနော်။ ဒါက ရှောင်လွှဲလို့ရတဲ့ ကိစ္စမဟုတ်ဘူးဆိုတာ သိထားဖို့ လိုတယ်။"

ရပ်ကွက်တိုင်း၌ ခေါင်းမာသည့်လူများ ရှိတတ်စမြဲမို့ ရပ်ကွက်ရုံးရှိ တာဝန်ရှိသူများအနေနှင့် တစ်အိမ်တက်ဆင်း လိုက်လံတိုက်တွန်းရလေ့ရှိသည်။ မဟုတ်လျှင် သူတို့ဘက်မှ တာဝန်ပျက်ကွက်ရာ ရောက်ပေမည်။ ဤဝင်းမှလူများကို စည်းရုံးရသည်မှာ ခက်ခဲမှန်း သိထားသဖြင့် အုပ်ချုပ်ရေးမှူးလျန်ကိုယ်တိုင် ဦးစီးကာ ရောက်လာခြင်းဖြစ်၏။

"ဒါတွေက ရှောင်လွှဲလို့ရတဲ့ ကိစ္စတွေ မဟုတ်ဘူး။ ခင်ဗျားက ဝန်ထမ်းကောင်းတစ်ယောက်၊ စက်ရုံရုံးခန်းကလူဆိုတော့ မူဝါဒတွေက ဘယ်လိုရှိတယ်ဆိုတာ သိမှာပါ"

အုပ်ချုပ်ရေးမှူးလျန် လေးလေးနက်နက် ပြောလိုက်သည်။

အစ်မကြီးဖန် တစ်ယောက် အလွန်အမင်း မကျေမနပ် ဖြစ်နေသော်လည်း ပြန်မပြောရဲသဖြင့် ဆင်ခြေသာ ပေးလိုက်လေ၏။

"အခု စက်ရုံက အလုပ်သမားတွေ ခေါ်နေတာ မဟုတ်လား.. ကျွန်မသားသာ စာမေးပွဲအောင်သွားရင် အလုပ်ရပြီး မြို့မှာ ဆက်နေလို့ရတာပဲ မဟုတ်လား.. ကျွန်မတို့မှာ ကလေးတစ်ယောက်ကို ကျေးလက်ကိုပို့ထားပြီးပြီ၊ ဒုတိယတစ်ယောက်ကိုတော့ တကယ်ပဲ မလွှတ်နိုင်တော့ဘူး။ မူဝါဒကို မထောက်ခံတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကြည့်ပါဦး... ကျွန်မသားက ကျောင်းတောင် မပြီးသေးဘူး၊ စာမေးပွဲရလဒ်လည်း မထွက်သေးတော့ အခုကတည်းက ဆုံးဖြတ်ဖို့ မလိုသေးဘူး ထင်တာပဲ။ အုပ်ချုပ်ရေးမှူးလျန်ရယ်... ကျွန်မတို့ကို အချိန်လေး နည်းနည်းလောက် ပေးပါဦး၊ အခြေအနေလေး ကြည့်ပါရစေဦး"

အုပ်ချုပ်ရေးမှူးလျန်သည် စက်ရုံဘက်မှ ရုတ်တရက် အလုပ်ခေါ်လိုက်သဖြင့် သူတို့အလုပ်များကို အနှောင့်အယှက်ဖြစ်စေသည်ဟု စိတ်ထဲမှ ညည်းတွားနေမိသော်လည်း၊ အပြင်ပန်းတွင်မူ စက်ရုံဝန်ထမ်းများ၏ အကျိုးအတွက် လုပ်ဆောင်ပေးနေခြင်းဖြစ်ရာ လူတိုင်းက သူ့ကို လက်မထောင် ချီးကျူးကြသည်။

"စက်ရုံက အမြဲတမ်းဝန်ထမ်း ခေါ်တာမဟုတ်ဘူး၊ ယာယီအလုပ်သမားပဲ ခေါ်တာ။ အဲဒါက မြို့နေခွင့် သတ်မှတ်ချက်နဲ့ ဘယ်လိုလုပ် ကိုက်ညီမှာလဲ.."

"စာမေးပွဲအောင်ရင် တစ်နှစ်စာချုပ် ရမှာပဲလေ။ နောက်ဆိုရင် ကျွန်မသားက အမြဲတမ်းဝန်ထမ်း ဖြစ်လာနိုင်တာပဲ။ ပြီးတော့ ကျွန်မတို့မိသားစုက မပူးပေါင်းတာ မဟုတ်ပါဘူး၊ သမီးကြီးကို ကျေးလက်ကိုပို့ထားတာ ရှင်လည်း အသိပဲလေ။ အခု သားလေးအတွက် ဒီအခွင့်အရေး ရလာတာကိုတော့ လက်လွတ်မခံနိုင်ဘူး"

သူမသည် အုပ်ချုပ်ရေးမှူးလျန်ကို အားနာမနေတော့ဘဲ ဆက်ပြောလိုက်သည်။

"အုပ်ချုပ်ရေးမှူး... ကျွန်မကလေးက နောက်တစ်လလောက်ဆို စာမေးပွဲဖြေရတော့မယ်။ အဲဒီအချိန်ထိမှ အလုပ်မရသေးရင်တော့ သတ်မှတ်ထားတဲ့ မူဝါဒတွေကို လက်ခံပါ့မယ်လို့ အာမခံပါတယ်။ အခုတော့ ကျွန်မတို့ကို စဉ်းစားဖို့ အချိန်လေး နည်းနည်းလောက် ပေးပါဦး"

အုပ်ချုပ်ရေးမှူးလျန် သက်ပြင်းချကာ

"ကောင်းပါပြီ၊ ခင်ဗျားတို့ နားလည်ရင် ပြီးတာပါပဲ"

ပြောဆိုကာ တံခါးဖွင့်၍ ထွက်လာသောကြောင့် အဘွားကြီးကျောက်မှာ ဘေးသို့ အမြန်ပင် ရှောင်လိုက်ရသည်။

‘ဟော... အဘွားကြီးက တံခါးဝမှာ အတင်းချောင်းနားထောင်နေခြင်းပင်’

အုပ်ချုပ်ရေးမှူးလျန် "..."

'ဒီအဘွားကြီးကတော့ တကယ်ကိုပါပဲ နေရာတကာကို ပါနေတော့တာပဲ'

ဤအဘွားကြီး မည်သို့သော လူစားမျိုးဖြစ်သည်ကိုလည်း သူလည်း သိထား၏။

"ခင်ဗျား ပြန်တော့၊ ကျွန်တော် ကျောက်ရုံတို့အိမ် သွားဦးမယ်"

ဤမိသားစု နှစ်ခုလုံးမှာ ခေါင်းမာကြသူများ ဖြစ်သည်။ ပြောရလျှင် ဤဝင်းကြီးမှာ ကျယ်ဝန်းပြီး ဝင်းငါးခုရှိကာ လူဦးရေ များပြားသော်လည်း ကျေးလက်ဆင်းရမည့် အရွယ်ရောက်သူမှာ သိပ်မရှိလှပေ။ အုပ်ချုပ်ရေးမှူးလျန်အလယ်ဝင်းဘက်သို့ လျှောက်သွားစဉ် အဘွားကြီးကျောက် တိုးတိုးလေး ကပ်ပြောလိုက်၏။

"ကျောက်ရုံက ဒီနေ့ ဧည့်ခံပွဲ လုပ်နေတာ၊ အခုသွားရင် အတော်ပဲ"

အုပ်ချုပ်ရေးမှူးလျန် ခြေလှမ်းရပ်သွားကာ

"ဧည့်ခံပွဲ ဟုတ်လား.."

ယခုအချိန်မျိုးတွင် သွားရသည်မှာ သိပ်မသင့်တော်လှပေ။

"ဟုတ်တယ်... ဝင်းထဲက အဘိုးကြီးမာနဲ့ ရွှီကောင်းမင်တို့ကိုပါ ဖိတ်ထားတာ"

အုပ်ချုပ်ရေးမှူးလျန် ဝေခွဲမရဖြစ်သွားသော်လည်း ရောက်လက်စနှင့်မို့ ဆက်သွားလိုက်တော့သည်။

အဘွားကြီးကျောက် ဝရန်တာကို မှီရင်း ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေဆဲပင်။

ကြည့်ရသည်မှာ အတော်လေးကို အကွက်ချောင်းနေသည့် ပုံစံမျိုးဖြစ်၏။

ကျောက်ရုံ သည် အုပ်ချုပ်ရေးမှူးလျန်ကို မြင်သောအခါ အနည်းငယ် နေရခက်သွားသော်လည်း အမြန်ပင် အိမ်ထဲသို့ ဖိတ်ခေါ်ကာ သူများမြင်မည်စိုး၍ တံခါးကို အမြန်ပိတ်လိုက်သည်။ ဘာမှမမြင်ရတော့သဖြင့် အဘွားကြီးကျောက်လည်း နှုတ်ခမ်းလေးမဲ့ကာ အိမ်သို့ ပြန်လာခဲ့ရ၏။

အဘွားကြီးကျောက် အိမ်ပြန်ရောက်သည်နှင့် ချွေးမဖြစ်သူကို သတင်းပေးတော့သည်။

"နင် သိလား.. အုပ်ချုပ်ရေးမှူးလျန်က ကျေးလက်ဆင်းဖို့ကိစ္စ တစ်အိမ်တက်ဆင်း လိုက်စည်းရုံးနေတာ။ အစ်မကြီးဖန်တို့အိမ်ကို သွားပြီးတော့ အခု ကျောက်ရုံတို့အိမ် ရောက်နေပြီ။ သူတို့ ဒီည ထမင်းကောင်းကောင်း စားနိုင်ပါ့မလားတောင် မသိဘူး"

"အဲဒီလိုမျိုး တစ်အိမ်တက်ဆင်း လိုက်စည်းရုံးရတာလား.."

ချန်ချင်းယွီ အံ့အားသင့်စွာ မေးလိုက်မိသည်။

"အဆန်းမှတ်လို့လားအေ... ဒါပေါ့၊ လိုက်စည်းရုံးရတာပေါ့။ လူတွေကို သူတို့ဘာသာ စာရင်းပေးခိုင်းရင် ဘယ်သူက ကျေးလက်ကိုဆင်းချင်မှာလဲ.. လူတိုင်းက ကျေးလက်ကို ဆင်းရမှာထက် မြို့မှာ အလုပ်လက်မဲ့ လေလွင့်နေရတာကို ပိုကြိုက်ကြတာ။ ဒါပေမဲ့ တခြားနည်းလမ်းမှ မရှိတာပဲ။ နင် ယုံမလား... ရှီရှောင်ဝေသာ အလုပ်မရှိဘဲ မြို့မှာ ဆက်နေမယ်ဆိုရင် စက်ရုံက အစ်မကြီးဖန်ရဲ့ အလုပ်ကိုပါ ပိတ်ပစ်လိုက်လိမ့်မယ်။ ငါကြားတာတော့ ကျောက်ရုံတို့မှာလည်း အရင်တုန်းက အသက်ပြည့်တာ သားတစ်ယောက်ပဲ ရှိတာ၊ သူတို့လည်း ကျေးလက်ကို မဆင်းစေချင်ကြဘူးလေ။ သူတို့က နောက်ကျကျန်နေတဲ့ လူတွေပဲ။ ကြည့်နေလိုက်... သူတို့ကလေးတွေထဲက တစ်ယောက်ယောက်တော့ ကျေးလက်ဆင်းရမှာ သေချာတယ်။ ငါ အာမခံတယ်... အဲဒါ ယွမ်ရှောင်ချွေပဲ ဖြစ်လိမ့်မယ်"

ချန်ချင်းယွီ စိတ်ထဲမှ တွေးလိုက်မိသည်။

'ကျောက်ရုံမှာ ဒီထက်ပိုပြီး ရက်စက်တဲ့ အစီအစဉ်ရှိနေတာကိုတော့ ရှင်ကြီး မသိသေးဘူးပဲ။ ကျေးလက်ဆင်းရတာက ဘာမှမဟုတ်သေးဘူး၊ သူက ယွမ်ရှောင်ချွေကို သူများဆီ ထိုးပေးဖို့အထိ ကြံစည်နေတာ။'

ချန်ချင်းယွီ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး မေးလိုက်၏။

"အုပ်ချုပ်ရေးမှူးလျန်က ကျောက်ရုံတို့အိမ် သွားတာပေါ့နော်.."

"အေးလေ၊ ဒါပေမဲ့ ငါတော့ သွားမချောင်းတော့ပါဘူး။ မာကျန့်ယီတို့က ဟိုမှာ ထမင်းသွားစားနေတာဆိုတော့ ငါသွားချောင်းနေရင် ကြည့်မကောင်းဘူးလေ။"

သူမသည် မာကျန့်ယီအပေါ်၌ အနည်းငယ် ထောက်ထားဟန်ရှိသည်။

"ဩော်။"

"ဟဲ့... ငါက အလကားပြောတာ မဟုတ်ဘူးနော်။ မာကျန့်ယီက ငါ့အပေါ်တော့ အဆင်ပြေပါတယ်။ သူက ဖားရလွယ်တဲ့လူစားမျိုး ဆိုပေမဲ့ ငါ့လိုလူနဲ့တော့ ကွက်တိပဲ။ ဘာပဲဖြစ်ဖြစ် ငါ့ကို ဘယ်တုန်းကမှ အသာစီးမယူခဲ့ဘူးလေ၊ အဲဒီတော့ သူ ငါ့ကို ဖားနေတာကလည်း ကောင်းတာပဲ မဟုတ်လား.. ငါကလည်း သူ့ကို မျက်နှာသာ ပေးရဦးမှာပေါ့။"

"အင်း အင်း ဟုတ်ပါပြီ”

‘ရှင့်သဘော ရှင့်သဘောပဲ...’

"ဟဲ့... မြန်မြန်စားစမ်းပါ၊ စားပြီးရင် ငါ စက်ဘီးစီးလေ့ကျင့်မလို့။ အမလေး... အခု ငါတို့မှာ စက်ဘီးရှိနေပြီဆိုတော့ ငါလည်း တတ်အောင် သင်ရတော့မယ်။ နင် စက်ဘီးစီးတတ်လား.."

"တတ်တာပေါ့၊ ခဏနေရင် အမေသွားလေ့ကျင့်လေ၊ ကျွန်မ နောက်ကနေ တွန်းပေးမယ်။"

အဘွားကြီးကျောက် ဝမ်းသာအားရ ဖြစ်သွားကာ

"တကယ်လား... အတော်ပဲ..."

သူမ စက်ဘီးမစီးတတ်သေး၍ သင်ရသည်မှာ မည်မျှခက်ခဲသည်ကိုလည်း မသိရှာပေ။ မိမိတို့မိသားစုသည် စက်ဘီးတစ်စီး တကယ်ဝယ်နိုင်လိမ့်မည်ဟု မည်သူမှလည်း ထင်မထားကြပေ။ အဘွားကြီးကျောက် လက်ဝါးချင်း ပွတ်လိုက်ရင်း စိတ်လှုပ်ရှားနေဟန်ဖြင့် ဆိုလိုက်၏။

"ဒါဆို ငါ့ကို မလဲအောင်တော့ ထိန်းပေးဦးနော်။"

"စိတ်ချစမ်းပါ၊ ရပါတယ်။"

စက်ဘီးစီးသင်ရမည်ကို စိတ်လှုပ်ရှားနေသော အဘွားကြီးကျောက်မှာ နားပူနားဆာ လုပ်နေတော့သည်။

"ဒါဆို မြန်မြန်စား၊ အချိန်အကြာကြီး လေ့ကျင့်ရအောင်"

သို့သော် ခဏအကြာတွင် သူမထပ်ဖြည့်ပြောလိုက်ပြန်၏။

"အလယ်ဝင်းထဲက ကျေးလက်ဆင်းဖို့ ခေါ်တဲ့ကိစ္စမှာ အုပ်ချုပ်ရေးမှူးလျန်ဘယ်လောက်အထိ အောင်မြင်မလဲမသိဘူး။"

"ဒီကျေးလက်ဆင်းဖို့ ခေါ်တဲ့ကိစ္စက ဘာရလဒ်မှ ထွက်လာမှာမဟုတ်ဘူး၊ သူ ဘယ်သူ့ကိုမှ စည်းရုံးနိုင်မှာ မဟုတ်ဘူး။"

ယင်းမှာ အလကားပြောခြင်းမဟုတ်၍ အဘွားကြီးကျောက်သည်လည်း ထောက်ခံသည်။

‘ပိုကောင်းတဲ့ အနာဂတ်ရှိနေတာကို ဘယ်သူက ကျေးလက်ကို ဆင်းချင်ပါ့မလဲ။ ယာယီအလုပ်သမားဖြစ်တာ ဘာဖြစ်လဲ.. တစ်နှစ်လောက် အချိန်ဆွဲထားနိုင်ရင် တစ်နှစ်စာ အကျိုးအမြတ် ရတာပဲလေ... ဒီလို ရုတ်တရက် အလုပ်ခေါ်တာက စက်ရုံဝန်ထမ်းတွေအတွက် အခွင့်အရေးကောင်းပဲ မဟုတ်လား’

ဤသည်မှာ သူတို့စက်ရုံဖြစ်နေ၍သာ ခေါ်နိုင်ခြင်းဖြစ်သည်။ တခြားစက်ရုံများ၌ ဤဂုဏ်သိက္ခာမျိုး မရှိပေ။ ထို့ကြောင့် စက်ရုံရှိလူတိုင်း ဂုဏ်ယူနေကြခြင်းပင်။

အဘွားကြီးကျောက် ပုံမှန်မဟုတ်ဘဲ တရားသဖြင့် စကားတစ်ခွန်း ဆိုလိုက်၏။

"ငါလည်း ကျေးလက်ကလာတာပဲ၊ အဲဒီမှာ ဘဝက ဘယ်လောက်ခက်ခဲတယ်ဆိုတာ ငါသိတာပေါ့။ ဘယ်သူက ကိုယ့်ကလေးကို ကျေးလက်ပို့ချင်မှာလဲ.. ကြည့်နေလိုက်... နောက်တစ်လကျော်လို့ အလုပ်ခန့်တာတွေ ပြီးသွားတဲ့အခါ ရပ်ကွက်ထဲမှာ အတော်လေး ဆူညံသွားလိမ့်မယ်။ ကျေးလက်ဆင်းရမယ့်အရွယ် ရောက်နေတဲ့သူတွေက ဘယ်လိုလုပ် ရှောင်လွှဲလို့ ရမှာလဲ.. မရနိုင်ပါဘူး။ ပြဿနာတွေ အများကြီး တက်ဦးမှာ။"

အဘွားကြီးကျောက် ပြောသည်မှာ မှန်သည်။ အုပ်ချုပ်ရေးမှူးလျန်၏ ခရီးစဉ်မှာ အချည်းနှီး ဖြစ်ခဲ့ရ၏။ သို့သော်လည်း သူသည် တာဝန်အရ မလုပ်ဘဲ မနေနိုင်ပေ။ ကျောက်ရုံတို့ လင်မယားမှာ စကားကောင်းကောင်း လှည့်ပတ်ပြောတတ်ကြသော်လည်း အစ်မကြီးဖန်တို့ကဲ့သို့ပင် အလုပ်ခေါ်စာမေးပွဲ ပြီးသည်အထိ စောင့်ကြည့်ဦးမည်ဟုသာ ဆိုကြသည်။

သို့သော် အုပ်ချုပ်ရေးမှူးလျောင်မှာ တကယ်ပင် စိတ်ဆိုးသွား၏။ သူတို့မိသားစုသည် ဖန်မိသားစုနှင့် မတူပေ။ ဖန်မိသားစုမှာ ကလေးတစ်ယောက် ကျေးလက်ပို့ထားပြီးပြီဖြစ်ကာ၊ ကျောက်ရုံတို့သည်ကား တစ်ယောက်မှ မပို့ရသေးပေ။

မိန်းကလေးနှစ်ယောက်လုံး ယာယီအလုပ်သမား စာမေးပွဲအောင်သွားလျှင်ပင် ရပ်ကွက်ကော်မတီသည် စက်ရုံအရာရှိများထံ သတင်းပို့ဦးမည်ပင်၊ သူတို့ ဤမျှအထိ လိုက်လျောပေးနေမည် မဟုတ်ပေ။

‘ကလေး လေးယောက်ရှိတာကို တစ်ယောက်မှ မလွှတ်ချင်ဘူး ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စပဲ’

အုပ်ချုပ်ရေးမှူးလျန် မကျေမနပ် ဖြစ်သွားသဖြင့် ကျောက်ရုံ မရမက တားပြီး ဧည့်ခံသော်လည်း သူသည် မျက်နှာထားတင်းတင်းဖြင့် ထွက်သွားလေသည်။

လူတိုင်းမှာ ကိုယ့်ရှုထောင့်နှင့်ကိုယ် ရှိကြသည်သာ...

အုပ်ချုပ်ရေးမှူးလျန် မျက်နှာပျက်ပြီး ထွက်သွားသည်ကို ခိုးကြည့်နေသည့် အဘွားကြီးကျောက်မှာ ပြောဆိုလိုက်၏။

"ကြည့်နေလိုက်... အုပ်ချုပ်ရေးမှူးလျန်က စက်ရုံကို သွားတိုင်မှာ သေချာတယ်။"

"ဘယ်လို သိတာလဲ.."

ချန်ချင်းယွီ ပြန်မေးလိုက်ရာ အဘွားကြီးကျောက်မှာ ငါသိငါတတ်ပုံစံဖြင့်

"ငါက အကုန်သိတာပေါ့အေ။ အုပ်ချုပ်ရေးမှူးလျန်က ရက်စက်တတ်တဲ့သူ မဟုတ်ပါဘူး၊ သူတို့မှာလည်း လုပ်ငန်းခွင် လိုအပ်ချက်တွေ ရှိတာလေ။ သူ သေချာ မစီမံနိုင်ရင် သူလည်း အပြောခံရမှာပဲ။"

အဘွားကြီးကျောက် မိသားစုတွင် ကျေးလက်သို့ ဆင်းရမည့်သူ မရှိသဖြင့် ဤကိစ္စတွင် သူမမှာ ဘက်မလိုက်ဘဲ အမှန်အတိုင်း မြင်နိုင်သည်။ အမှားအမှန်ရယ်ဟူ၍ မဟုတ်ဘဲ လူတိုင်းမှာ ကိုယ့်အခက်အခဲနှင့်ကိုယ် ရှိနေကြခြင်းပင်။

"ကဲ... စက်ဘီးစီး သင်ရအောင်..."

ချန်ချင်းယွီ အော်လိုက်၏။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ပျော်ရွှင်စွာ ခုန်ပေါက်ကြလိုက်ကြပြီး

"စက်ဘီးသင်မယ်... မေမေ... သားတို့ သမီးတို့ အရွယ်ရောက်ရင်ကော စက်ဘီးစီး သင်လို့ရမလား.."

ချန်ချင်းယွီ

ခေတ္တစဉ်းစားပြီး ကလေးများကို ပြောလိုက်လေသည်။

"ဒါဆို မေမေ ကတိတစ်ခု ပေးမယ်၊ ဟုတ်ပြီလား.."

ကလေးနှစ်ယောက်က မျက်လုံးဝိုင်းလေးများဖြင့် စိုက်ကြည့်နေကြ၏။

"သားတို့ သမီးတို့ အစားကောင်းကောင်းစားပြီး ကျန်းကျန်းမာမာနဲ့ ကြီးလာမယ်ဆိုရင်... အလယ်တန်းတက်တဲ့အခါ တစ်ယောက်ကို စက်ဘီးတစ်စီးစီ ဝယ်ပေးမယ်။"

ရှောင်ကျားနှင့် ရှောင်ယွမ် "ဝါး..."

"ဘယ်လိုလဲ.. သဘောကျရဲ့လား.."

"ဟုတ်... သဘောကျတယ်..."

ကလေးနှစ်ယောက်မှာ ကတိပျက်မည်စိုး၍ ချန်ချင်းယွီအား "လက်သန်းချင်း ချိတ်မယ်..." ဟု ဆိုကြသည်။

ချန်ချင်းယွီ ပြုံးကာ ကလေးများ စိတ်တိုင်းကျ လုပ်ပေးလိုက်၏။

"လက်သန်းချင်း ချိတ်မယ်၊ ကတိအတည်ပဲနော်..."

အဘွားကြီးကျောက်မှာ ချန်ချင်းယွီကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်ကာ ဝေဖန်လိုက်သည်။

"နင် ကြွားတတ်တာလည်း လွန်ရောပဲ..."

‘ဘုရားရေ... စက်ဘီးဆိုတာ ဂေါ်ဖီထုပ်မှ မဟုတ်တာ၊ ဝယ်ချင်တိုင်း ဝယ်လို့ရပါ့မလား...ကလေးတွေကို လှည့်စားနေတာ’

"အဲဒီအချိန်ကျရင် ကျွန်မ မဝယ်နိုင်ဘူးလို့ ဘယ်သူပြောလဲ.. ဘာလို့ ကြွားတာ ဖြစ်ရမှာလဲ။ ဆယ်နှစ်လောက် လိုသေးတာကို။ ဆယ်နှစ်အတွင်း စက်ဘီးနှစ်စီးစာ ပိုက်ဆံ ကျွန်မ မစုနိုင်ဘူး ထင်လို့လား.."

"ပိုက်ဆံစုရတာ လွယ်တယ် ထင်နေလား.."

အဘွားကြီးကျောက် ပြန်ငေါ့လိုက်သော်လည်း ကတိပေးခဲ့သည်မှာ မိမိမဟုတ်ဘဲ ချန်ချင်းယွီကိုယ်တိုင် ဖြစ်သဖြင့် သူမ ဂရုမစိုက်တော့ပေ။

"ထားပါတော့၊ ငါနဲ့မဆိုင်ပါဘူး။ နင့်သဘောအတိုင်း လုပ်ပါ။ တကယ်လို့ သူတို့ ကြီးလာတဲ့အခါ ဒါကို မှတ်မိပြီး နင့်ဆီ လာတောင်းရင် ဘယ်လိုလုပ်မလဲ.."

"အဲဒီအချိန်ကျရင် ကျွန်မမှာ ပိုက်ဆံရှိနေမှာပေါ့။"

သူမ ပြုံးလိုက်ပြီး မိမိကိုယ်ကို ယုံကြည်ဟန်ဖြင့်

"ကျွန်မရဲ့ အရည်အချင်းကို ကျွန်မ ယုံကြည်တယ်လေ။"

အဘွားကြီးကျောက် နှုတ်ခမ်းများ တွန့်လိမ်သွားကာ "..."

'တကယ့် လူကြွားမပဲ။ ကြွားထား...ကြွားထား... အခုထိ ငါ့လစာကိုပဲ အမှီပြုပြီး နေနေရတာကို။'

"အမေ စက်ဘီးစီး သင်ဦးမှာလား.."

"သင်မှာပေါ့..."

သူမ စိုးရိမ်တကြီးဖြင့် မေးလိုက်ပြန်၏။

"နင် ငါ့ကို တမင်သက်သက် လဲအောင်တော့ လုပ်မှာ မဟုတ်ဘူးမလား.."

ချန်ချင်းယွီ မဲ့ရွဲ့သွားကာ

"...ကျွန်မက အဲဒီလို လူစားမျိုးလား.."

"ဟဲဟဲ... မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။"

တကယ်တမ်း သူမမှာ ချန်ချင်းယွီကို ထိုသို့သော လူစားမျိုးဟု ထင်သော်လည်း မပြောရဲပေ။

"နင်က အဲဒီလိုလူ လုံးဝ မဟုတ်ပါဘူး..."

အဘွားကြီးကျောက် ဖားယားသည့်လေသံဖြင့် ပြောလိုက်သည်။

"နင်က လူကောင်းဆိုတာ ငါသိသားပဲ၊ ငါ့ကို တမင် လျစ်လျူရှုမှာ မဟုတ်ပါဘူး။ ချွေးမလေးရယ်... ဒါက အသစ်စက်စက် စက်ဘီးကြီးလေ၊ ငါ့ကို ဂရုမစိုက်ရင်တောင် စက်ဘီးကိုတော့ ဂရုစိုက်ရမှာပေါ့။ ဟဲဟဲဟဲ။"

သူမ၏ ရယ်သံမှာ ကျီးကန်းအော်သံနှင့် တူနေတော့၏။

"သွားကြစို့။"

‘အံ့ဩပါ့... ငါ့ကိုများ သောက်အဘွားကြီး... ကျွန်မက အဲ့လောက်အထိ အားယားနေသူ မဟုတ်ပါဘူးနော်...’

၆၂။ ကံကောင်းပါစေ ချန်ချင်းယွီ

ညသန်းခေါင်ယံအချိန်..

“ဝုန်း..”

ဖန်သားပြင်တို့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည့် အသံသည် ဆိတ်ငြိမ်သော ညဉ့်နက်ပိုင်းတွင် ဟိန်းထွက်သွားတော့သည်။

ရွှီကောင်းမင်တစ်ယောက် ဆဲရေးတိုင်းထွာရင်း အိပ်ရာမှ ကုန်းရုန်းထလာခဲ့၏။ ဒေါသငယ်ထိပ်အထိ ဆောင့်တက်နေပြီး ရင်ထဲတွင် မီးဟုန်းဟုန်းတောက်နေသကဲ့သို့ ခံစားနေရသည်။ ပြီးခဲ့သည့်တစ်ခေါက်၌ မည်သူလုပ်သွားမှန်းပင် ရှာမတွေ့သေးမီ ယခု နောက်တစ်ကြိမ် ထပ်မံကြုံတွေ့ရပြန်လေပြီ။

“ဘယ်သူလဲ၊ အမေလိုး... ဘယ်သူလဲဟေ့။ မပြီးနိုင်မစီးနိုင်ဘူးလား၊ လူကို အနိုင်ကျင့်နေတာလား။ ငါ ရွှီကောင်းမင်ကို အနိုင်ကျင့်လို့ရတယ် ထင်နေတာလား။”

ရွှီကောင်းမင်သည် ဒေါသတကြီးဖြင့် မြေပေါ်တွင် ခုန်ဆွခုန်ဆွ ဖြစ်နေတော့သည်။ သူတို့အိမ်ရှိမှန်များကို အသစ်လဲထားသည်မှာ မကြာသေးပေ။ ထို့ပြင် အထဲသို့ လွင့်စင်လာသည့် ကျောက်ခဲမှာလည်း အတော်လေး ကြီးမားလှ၏။ ယခင်တစ်ခေါက် ကျောက်ခဲသည် အဝေးသို့ လွင့်စင်သွားသောကြောင့် မှန်သာကွဲပြီး လူဘာမှမဖြစ်ခဲ့ပေ။

သို့သော် ယခုတစ်ကြိမ်တွင်မူ ကျောက်ခဲကြီးသည် သူတို့အိပ်သည့် ခုတင်ဘေးကို သီသီလေး ကပ်ကျသွားခြင်းဖြစ်သည်။ လူကို သေလောက်အောင် လန့်သွားစေသည့် ကိစ္စပင်။

“ရဲတိုင်ရမယ်၊ ဒီကိစ္စကို ရဲတိုင်မှ ဖြစ်တော့မယ်။ မဟုတ်ရင် ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး။ ဘာလို့လဲဟ။ ဘာလို့ ငါ့အိမ်ကိုပဲ တမင်ရည်ရွယ်ပြီး နှိပ်စက်နေကြတာလဲ။”

ရွှီကောင်းမင် တစ်ယောက် ဒေါသတကြီး အော်ဟစ်နေစဉ်မှာပင် အလယ်ဝင်းထဲတွင်လည်း ဆူညံပွက်လောရိုက်သွားပြန်သည်။

‘ကြည့်စမ်း၊ ဒီတစ်ခါလည်း သူတို့အိမ်နှင့် ယွမ်ဟောက်မင်တို့အိမ်ပဲ’

ယွမ်ဟောက်မင်တို့အိမ် အရင်အပေါက်ခံရပြီးနောက် ရွှီကောင်းမင်တို့အိမ် ထပ်မံအပေါက်ခံရခြင်း ဖြစ်၏။

မိသားစုနှစ်စုလုံး လူစုမိသွားကြပြီး ရွှီကောင်းမင်သည် အလယ်ဝင်းသို့ ရောက်လာခဲ့သည်။

“အဘိုးကြီးမာ၊ အဘိုးကြီးမာ ထပါဦးဗျ။”

မာကျန့်ယီတစ်ယောက် နောက်တစ်ကြိမ် ဆွဲနှိုးခံလိုက်ရပြန်၏။ သူသည် မတတ်သာဘဲ အိပ်ရာမှ လေးလံစွာ ထလာကာ မေးမြန်းလိုက်သည်။

“ဘာဖြစ်ကြပြန်ပြီလဲဗျာ”

“ကြားရတာတော့ ယွမ်အိမ်နဲ့ ရွှီအိမ်က မှန်တွေ ထပ်အပေါက်ခံရပြန်ပြီတဲ့”

ပိုင်ဖုန်းရှန်း စကားဆိုလိုက်၏။ သူမသည် စောစောနိုးနေခဲ့သော်လည်း သူမ၏ အမျိုးသားဖြစ်သူသည် သူတပါးကိစ္စတွင် ဝင်မပါချင်မှန်း သိနေသောကြောင့် ငြိမ်နေခဲ့ခြင်းဖြစ်သည်။ မာကျန့်ယီသည် အင်္ကျီကို ပခုံးပေါ်တင်လျက် ထွက်လာကာ “ဘာဖြစ်တာလဲ” ဟု ထပ်မံမေးမြန်းပြန်၏။

ယွမ်ဟောက်မင်တစ်ယောက် ဒေါသထွက်လွန်းသဖြင့် တုန်ရင်နေပြီး ဆဲဆိုကြိမ်းမောင်းနေသည်။

“တကယ်ကို အသိဉာဏ်မဲ့တဲ့ အောက်တန်းစားတွေပဲ၊ ဒီလောက် ယုတ်မာတဲ့အလုပ်မျိုးကို လုပ်ရက်တယ်။ တစ်ခါပြီးတစ်ခါ ဆိုတော့ ငါတို့အိမ်ကို အနိုင်ကျင့်လို့ရတယ် ထင်နေကြတာပဲ။ လွန်လွန်းတယ်။ ဒီလူကို မဖမ်းမိလို့ကတော့ မဖြစ်တော့ဘူး”

ရွှီကောင်းမင်သည်လည်း ထောက်ခံလိုက်၏။

“ဟုတ်တယ်၊ မဖမ်းမိရင် လူထုရဲ့ ဒေါသက ပြေမှာမဟုတ်ဘူး။ ဒီလိုမျိုး ဘယ်မှာရှိဖူးလို့လဲ။”

သူ့အိမ်သည်ကား ဤရက်ပိုင်းအတွင်း တကယ်ပင် ဆုံးရှုံးမှုများ ကြီးမားလှသည်။ ကံဆိုးသည့် ကိစ္စမှန်သမျှတွင် သူတို့အိမ် မပါဝင်သည်ဟူ၍ မရှိပေ။

“ခင်ဗျားတို့ ထွက်လာတုန်းက လူမတွေ့လိုက်ဘူးလား”

မာကျန့်ယီ အမေးကြောင့် သူတို့မှာ

“သန်းခေါင်ယံအချိန်ကြီးလေ၊ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ။ မှန်ကွဲသံကြားလို့ ထလာတဲ့အချိန်မှာ အဲဒီသူခိုးက လစ်ပြေးသွားပြီ။ ဒါပေမဲ့ ကျွန်တော်ကြည့်ရတာတော့ ဒါ တခြားသူ မဟုတ်ဘူး၊ ကျိန်းသေပေါက် ငါတို့ ဝင်းထဲကလူပဲ ဖြစ်ရမယ်။ ပြင်ပလူဆိုရင် ဒီလောက် မြန်မြန် ဘယ်ပြေးနိုင်ပါ့မလဲ။ ပြီးတော့ တံခါးမကြီးကိုလည်း ဂျက်ထိုးထားတာပဲ။ ဒါ ကိုယ့်လူအချင်းချင်း လုပ်တာပဲ ဖြစ်ရမယ်။”

“ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်။”

မာကျန့်ယီသည်လည်း ဤသည်မှာ ဝင်းထဲကလူ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိဘဲမနေပေ။ သို့သော် သူသည် ဤပြဿနာများကြား မပတ်သက်ချင်သလို အထောက်အထားလည်း ရှာမရပေ။ လက်ပူးလက်ကြပ် မမိသရွေ့ မည်သူမှ ဝန်ခံမည် မဟုတ်ကြောင်း သိထားသဖြင့်

“ဒါဆို မနက်ဖြန်ကျရင် အားလုံးကို အစည်းအဝေးခေါ်ပြီး ပြောလိုက်မယ်လေ။ အထောက်အထား မရှိဘဲနဲ့တော့ လူတိုင်းကို လိုက်စစ်နေလို့လည်း မရဘူးမလား။ ပြီးတော့ စစ်လည်း ဘာထူးမှာလဲ။ ဒီလိုကိစ္စမျိုးက လုပ်ပြီးတာနဲ့ ပြေးကြတာပဲ၊ ဘာမှ ရှာတွေ့မှာ မဟုတ်ဘူး။”

မာကျန့်ယီ သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။

“မနက်ဖြန် ကျွန်တော် ဝင်းထဲက လူတွေကို ပြောပေးပါ့မယ်၊ နောက်ထပ် မဖြစ်အောင်ပေါ့။ ဘယ်လိုလဲ။”

ရွှီကောင်းမင်နှင့် ယွမ်ဟောက်မင်တို့သည် မကျေမနပ် ဖြစ်နေကြသော်လည်း မတတ်သာပေ။ ပြတင်းပေါက်မှန်များ ကွဲသွားသည်မှာ အမှန်ဖြစ်ပြီး၊ လူမမိသည်မှာလည်း အမှန်ဖြစ်၏။လက်ပူးလက်ကြပ် မမိသရွေ့ မည်သူမျှ ဝန်ခံမည် မဟုတ်သည်မှာ သေချာလှသည်။

နှစ်ယောက်သား ဒေါသထွက်နေကြစဉ် မာကျန့်ယီက လေသံတိုးတိုးဖြင့် အကြံတစ်ခု ပေးလိုက်၏။

“ခင်ဗျားတို့ တကယ်ပဲ စိတ်မချဘူးဆိုရင် ညဘက်ကျ လူမသိအောင် နည်းနည်း ချောင်းကြည့်ကြမလား။ ဘယ်သူလုပ်သလဲဆိုတာ ချောင်းကြည့်ပြီး လက်ရဖမ်းပေါ့၊ ဒီလိုကိစ္စက လက်ပူးလက်ကြပ်မိမှ ရတာ။ အခြား ဘယ်လောက်ပဲ ပြောပြော သူတို့က ဝန်မခံရင် ဘာမှလုပ်လို့မရဘူး။ ခင်ဗျားတို့ကိုယ်တိုင်လည်း စဉ်းစားကြည့်လေ၊ ဟုတ်တယ်မလား။”

ရွှီကောင်းမင်သည် နှုတ်ခမ်းကို တင်းတင်းစေ့လျက် ခေါင်းညိတ်ပြသည်။

“တောက်.. ငါ ရွှီကောင်းမင်လို လူကောင်းက ဘယ်လို လူယုတ်မာကို သွားစော်ကားမိလို့ ငါ့အိမ်ကိုပဲ တမင်ရည်ရွယ်ပြီး နှိပ်စက်နေရတာလဲ။ ငါ့လက်ထဲသာ မိကြည့်စမ်း၊ သူ့ကို အကောင်းအတိုင်း မထားဘူး။”

လူအများမှာ ဝိုင်းဝန်းဒေါသထွက်နေကြသလို ဘေးမှ အကဲခတ်နေသည့် တချို့မှာလည်း တိုးတိုးတိတ်တိတ်ဖြင့် ဝေဖန်နေကြသည်။

“ခင်ဗျားတို့တော့ တစ်ယောက်ယောက်ကို သွားစော်ကားမိပြီ ထင်တယ်၊ နှစ်ယောက်စလုံးက တစ်ပြိုင်တည်း အပေါက်ခံရတာဆိုတော့ ခင်ဗျားတို့ နှစ်ယောက်စလုံးနဲ့ ပတ်သက်နေတဲ့သူကို စဉ်းစားကြည့်ကြပေါ့”

“ဟုတ်တယ်၊ မဟုတ်ရင် ခင်ဗျားတို့ကိုပဲ တောက်လျှောက် လိုက်လုပ်နေမှာ မဟုတ်ဘူး။”

ယွမ်ဟောက်မင်နှင့် ရွှီကောင်းမင်သည် ရင်းနှီးကြသည်မှာ မှန်သော်လည်း နှစ်ယောက်စလုံးကို ရန်ငြိုးထားမည့်သူကိုမူ တကယ်ပင် စဉ်းစားမရပေ။ အထူးသဖြင့် ယွမ်အိမ်ဆိုလျှင် ယွမ်ဟောက်မင်သည် အပေါ်ယံ၌ လူအေးဖြစ်သဖြင့် ဘယ်သူနှင့်မျှ အငြင်းအခုန် ဖြစ်လေ့မရှိ။ ဇနီးဖြစ်သူ ကျောက်ရုံသည်လည်း လူမှုရေးအရပ်ရပ်တွင် ပြေပြစ်သူဖြစ်ပြီး ဝင်းထဲရှိသူများနှင့် အဆင်ပြေကြသူများ ဖြစ်သည်။

သူတို့မိသားစု မည်သူ့ကို စော်ကားမိသနည်းဟူသည်မှာ တကယ်ပင် တွေးမရသည့် ပဟေဠိတစ်ခု ဖြစ်နေ၏။

ရွှီအိမ်မှာမူ အစာအဆိပ်သင့်သည့် ကိစ္စကြောင့် သူတို့ကို မကျေနပ်သူ ရှိနိုင်သည်။ အစာအဆိပ်မသင့်သည့် တစ်ဦးတည်းသောသူ ဖြစ်သော အဘွားကြီးကျောက်နှင့်လည်း သူတို့သည် ဆက်ဆံရေး မပြေလည်ကြပေ။

ရွှီကောင်းမင်၏ ရန်သူကို ရှာဖွေမည်ဆိုလျှင် အားလုံးသည်လည်း ဖြစ်နိုင်သလိုလို၊ မည်သူမှလည်း မဟုတ်သလိုလိုပင်။ ယွမ်ဟောက်မင်တို့ အိမ်အတွက်မူ ပို၍ပင် ရှာမရ ဖြစ်နေ၏။

ယွမ်ဟောက်မင်နှင့် ရွှီကောင်းမင်သည် ဤညတွင် အတူတူ သောက်စားကြသည်ကို မနာလို၍ ပြတင်းပေါက် လာခွဲခြင်းမှာလည်း မဖြစ်နိုင်ပေ။ အကယ်၍ ထိုသို့ဆိုလျှင် မာကျန့်ယီ၏ အိမ်သည်လည်း အပေါက်ခံရမည်သာ။

အားလုံး အဖြေရှာမရဘဲ ဝိုင်းဝန်းဆွေးနွေးနေကြစဉ် တစ်ဖက်တွင်မူ အဘွားကြီးကျောက်သည် တံခါးကို မှီလျက် အသက်ကို ပြင်းပြင်းရှူနေရရှာသည်။

“ဟူး... ဟူး...”

ဟုတ်ပါသည်။ ယနေ့ည ဤကိစ္စကို လုပ်ဆောင်ခဲ့သူမှာ... သူမ ပင်....

အဘွားကြီးကျောက်သည် ယနေ့ စက်ဘီးတစ်စီး ဝယ်လိုက်မိရာမှ ကွယ်လွန်သွားရှာသည့် သားဖြစ်

သူ သက်ရှိထင်ရှားရှိစဉ်၌ ကားနှင့် စက်ဘီးများကို အလွန်နှစ်သက်ခဲ့ပုံကို သတိရသွားမိသည်။ သားဖြစ်သူကို တမ်းတမိသည့်စိတ်ဖြင့် သူမမှာ အိပ်၍မပျော်နိုင် ဖြစ်ခဲ့ရ၏။ သူမသည် အတ္တကြီးသည့် အဘွားကြီးတစ်ဦး ဖြစ်သော်လည်း အမိနှင့်သား နှစ်ယောက်တည်း အားကိုးတကြီး နေထိုင်ခဲ့ကြသည့် သားအရင်းခေါက်ခေါက်ကိုမူ အလွန်ပင် ချစ်မြတ်နိုးသည်။ သားကိုလွမ်းသည့်

စိတ် ပိုတိုးလာသည်နှင့်အမျှ ရင်ထဲတွင်လည်း ခံစားရခက်လာသဖြင့် နောက်ဆုံးတွင် အိပ်ရာမှ ထလိုက်၏။

ယွမ်ဟောက်မင်နှင့် ရွှီကောင်းမင်ဆိုသည့် ကောင်စုတ်နှစ်ယောက်သည် လီတာ့ရှန်းကို မြှောက်ပင့်ပေးပြီး သူမသားကို ဒုက္ခပေးခိုင်းခဲ့ကြသည် မဟုတ်လော့..

ထိုအသိဝင်လာသည်နှင့် သားဖြစ်သူအတွက် ကလဲ့စားချေပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် သန်းခေါင်ယံအချိန်၊ လေတဖြူးဖြူး တိုက်ခတ်နေသည့်

မှောင်မည်းသောညတွင် အဘွားကြီးကျောက်တစ်ယောက် စိတ်လိုက်မာန်ပါဖြင့် ထလာကာ အလယ်ဝင်းသို့ တန်းတန်းမတ်မတ် သွားတော့၏။ ဦးစွာ ယွမ်ဟောက်မင်အိမ်ကို ခဲနှင့်ထုသည်၊ ထို့နောက် ရွှီကောင်းမင်အိမ်ကို ဆက်ထုကာ အလုပ်ပြီးသည်နှင့် သူမအိမ်ရှိရာသို့ အမြန်ပြေးဝင်လာခဲ့၏။ သို့သော် ယနေ့တွင် ရွှီကောင်းမင်၏ တုံ့ပြန်မှု အတော်မြန်ဆန်လှသည်။ သူမ ပြေးဝင်လာပြီး မကြာမီမှာပင် မီးများ လင်းထိန်သွား၏။

အဘွားကြီးကျောက်မှာ စိတ်လိုက်မာန်ပါ အလုပ်တစ်ခုကို လုပ်ပြီးမှ ကြောက်စိတ်ဝင်လာတတ်သည့် အမျိုးအစား ဖြစ်သည်။ ဤသည်မှာ ပုံမှန် ရန်ဖြစ်ရုံမျှသာ မဟုတ်ဘဲ သန်းခေါင်ယံအချိန်တွင် မှန်လာခွဲခြင်း ဖြစ်ရာ ပြဿနာမှာ အတော်ကြီးသွားပြီဖြစ်၏။ အဘွားကြီးမှာ ကြောက်လွန်းသဖြင့် တံခါးကိုမှီကာ မလှုပ်ရဲတော့ဘဲ လက်ခြေများပင် အေးစက်လာလေသည်။

အတန်ကြာမှ ရွှီကောင်းမင်တစ်ယောက် အလယ်ဝင်းတွင် ရှိနေဆဲဖြစ်ကြောင်း မြင်ရသဖြင့် သူမသည် ခြေလှမ်းများကို ခက်ခက်ခဲခဲ ရွှေ့ကာ အခန်းထဲသို့ ဝင်လာပြီး စောင်ထဲသို့ အမြန်တိုးဝင် အိပ်လိုက်၏။

ထိုအချိန်တွင် ချန်ချင်းယွီကား မျက်လုံးပွင့်နေပြီ ဖြစ်သည်။

အဘွားကြီး အပြင်ထွက်သွားသည်မှာ အိမ်သာသွားသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤမျှကြီးမားသည့် အလုပ်ကို လုပ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

အမှန်စင်စစ် ဤကိစ္စမျိုးသည် တစ်ကြိမ်တည်းဆိုလျှင် လူတိုင်း၏ သံသယမှာ အကန့်အသတ် ရှိနိုင်သော်လည်း၊ ယခုကဲ့သို့ နှစ်

ကြိမ်ဆက်တိုက် ဖြစ်လာသည့်အပြင် အလယ်ဝင်းမှ ဒုတိယဝင်းသို့ ဦးတည်ချက် တူနေသည်မှာ အတော်ပင် သိသာလွန်းလှ၏။ အုတ်ခဲနှင့် ပစ်ပေါက်သူသည် ရှေ့ဝင်း သို့မဟုတ် ဒုတိယဝင်းမှ လူဖြစ်ရမည်ကို လှုပ်ရှားမှုလမ်းကြောင်းအရ သိနိုင်ပေသည်။ တစ်ကြိမ်တည်းဆိုလျှင် တိုက်ဆိုင်မှုဟု ဆိုနိုင်သော်လည်း နှစ်ကြိမ်ဆိုလျှင်မူ...

“နောက်ဆို ဒါမျိုး မလုပ်နဲ့တော့”

ချန်ချင်းယွီ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

အဘွားကြီးကျောက်မှာ လန့်ဖျပ်သွားပြီး တုန်တုန်ရင်ရင်ဖြင့်

“နင် မအိပ်သေးဘူးလား”

“အမေလုပ်တာနဲ့ နိုးလာတာပေါ့။ ဒါနဲ့... မှန်သွားခွဲဖို့ ဘယ်လိုစိတ်ကူးရတာလဲ။”

“ရင်ထဲမှာ မကျေနပ်လို့ဟေ့။”

အဘွားကြီးကျောက် ဆက်ပြောလိုက်၏။

“ငါ့သားက အဲဒီလောက် အေးဆေးတာကို သူတို့က ဘာလို့ ဒီလိုလုပ်ရတာလဲ။”

“မနာလိုလို့ပေါ့။ လူက သာနေတော့ သူတို့က မနာလိုဖြစ်ကြတာ။ ဒီရက်ပိုင်းတော့ ထပ်မလုပ်နဲ့တော့၊ လူမိသွားရင် မကောင်းဘူး။”

အဘွားကြီးကျောက် ညည်းညူသံဖြင့် ပြန်ပြောလိုက်သည်။

“အေးပါ... သိပါတယ်”

ချန်ချင်းယွီ မီးကို ဖွင့်လိုက်ပြီး

“ဝင်းထဲမှာ ဒီလောက် ဆူညံနေတာကို ငါတို့အိမ်က ဘာတုံ့ပြန်မှုမှ မရှိရင် ပိုထူးဆန်းသွားလိမ့်မယ်။”

သူမသည် အင်္ကျီကို ထပ်ဝတ်လိုက်ပြီး ပြတင်းပေါက်မှ ချောင်းကြည့်လိုက်ရာ ရွှီကောင်းမင် အလယ်ဝင်းမှ ပြန်လာသည်ကို မြင်လိုက်ရသည်။ မှောင်နေသော်လည်း သူ့မျက်နှာမှာ အတော်ပင် တင်းမာနေသည်ကို ရိပ်မိနိုင်၏။ ချန်ချင်းယွီ ပြတင်းပေါက်လိုက်ကာကို ပြန်ချလိုက်ပြီး

“စောစောအိပ်တော့”

အဘွားကြီးကျောက် စိုးရိမ်တကြီးဖြင့် မေးလိုက်မိ၏။

“သူတို့က သံသယဝင်ရင် ဘယ်လိုလုပ်မလဲ”

“သံသယဝင်လည်း သူတို့ကိစ္စပေါ့။ အမေကတော့ ဒီရက်ပိုင်း ငြိမ်ငြိမ်နေ၊ သူတို့က လက်ပူးလက်ကြပ်မိအောင် စောင့်နေကြမှာ။ ဘယ်သူက ဘယ်လိုပဲ သံသယဝင်ဝင်၊ အမေကတော့ ‘ငါမလုပ်ဘူး’ ဆိုတဲ့အတိုင်း မျက်နှာပြောင်ပြောင်နဲ့သာ နေလိုက်။”

“...”

“နင် စိတ်ချပါ။ ဘာပဲဖြစ်ဖြစ် ငါတော့ ဝန်မခံဘူး။ သူတို့ကို တစ်ခုခု မလုပ်ရရင် ငါက ရင်ထဲမှာ မကျေဘူး။ နင်ပဲ စဉ်းစားကြည့်လေ၊ ငါတို့မိသားစုက အတော်လေး ခက်ခက်ခဲခဲ ဖြတ်သန်းနေရတာကို ဒီလူတွေက ဘာလို့ ဒီလောက် ယုတ်မာနေကြတာလဲ။ ကွယ်ရာမှာ တမင် လာပြီး ရန်တိုက်ပေးကြတယ်။ ငါတို့ ကောင်းကောင်းမွန်မွန် နေရမှာကို သူတို့က ကြောက်နေကြတာ။”

အဘွားကြီးကျောက်မှာ အိပ်ချင်စိတ်လည်း မရှိတော့ဘဲ ချန်ချင်းယွီကို တတွတ်တွတ် ညည်းညူပြနေလေသည်။

ချန်ချင်းယွီမှာမူ အိပ်ချင်နေပြီ ဖြစ်သဖြင့် အသံဗလုံးဗထွေးဖြင့်

“သူတို့က မသမာတာကို အမေကလည်း ကလဲ့စားချေပြီးပြီပဲ။ ကဲ... တော်ပြီ၊ အိပ်တော့ အိပ်တော့”

အဘွားကြီးကျောက် နှုတ်ခမ်းကို စူလိုက်ပြီး မကျေမနပ်ဖြင့် “အိပ်ဖို့ပဲ သိတယ်” ဟု တိုးတိုးလေး ညည်းတွားလိုက်၏။

စကားပြောဖော်မရှိတော့သဖြင့် အဘွားကြီးလည်း မကြာမီ အိပ်ပျော်သွားသော်လည်း အခြားအိမ်များမှာမူ အိပ်မပျော်နိုင်ကြသေးပေ။ ရွှီကောင်းမင်တို့အိမ်တွင် ကွဲအက်နေသည့် မှန်စများကို သိမ်းဆည်းနေကြဆဲဖြစ်သည်။ ရွှီကောင်းမင်သည် စိတ်အေးအေးထားကာ အခြေအနေကို သုံးသပ်လိုက်၏။

“အရင်ဆုံး ယွမ်ဟောက်မင်အိမ်ကို ပေါက်တယ်၊ ပြီးမှ ငါတို့အိမ်ကို ပေါက်တာ။ အဲဒီလူက ရှေ့ကိုပဲ ပြေးတာ ဖြစ်ရမယ်။ ဒါကြောင့် ငါတို့ဝင်း ဒါမှမဟုတ် ရှေ့ဝင်းကလူ လုပ်တာပဲ။”

“ဘာလို့လဲ။”

“မေးနေဖို့ လိုသေးလို့လား။ ပေါက်ပြီးတာနဲ့ အိမ်ထဲကို တန်းပြေးဝင်လို့ရအောင်ပေါ့။ အနောက်ဝင်းကလူဆိုရင် ငါတို့အိမ်ကို အရင်ပေါက်မှာပေါ့၊ ဒါမှ ထွက်ပြေးရတာ လွယ်မှာ။”

ရွှီကောင်းမင် ဆက်လက် သုံးသပ်

ပြလိုက်၏။

“ရှေ့ဝင်းနဲ့ ဒုတိယဝင်းထဲမှာဆိုရင်တော့... သံသယ အရှိဆုံးလို့ ထင်တာကတော့ ဟိုအဘွားကြီး ကျောက်တာ့ရာပဲ။ သူက ငါတို့အိမ်ကို အမြဲတမ်း ကြည့်မရဖြစ်နေတာ။ ငါတို့အိမ်ပဲ အပေါက်ခံရတာဆိုရင် သူ့ကို တန်းစွပ်စွဲမိမှာပဲ။ ဒါပေမဲ့ အခုက ယွမ်ဟောက်မင်အိမ်ပါ ပါနေတော့ နည်းနည်း ထူးဆန်းနေတယ်။ သူက ယွမ်ဟောက်မင်အိမ်ကိုတော့ သွားမပေါက်လောက်ဘူးလေ။ ဒါကြောင့် တခြားလူများလားလို့ စဉ်းစားနေတာ။”

အကယ်၍ သူတို့အိမ်တစ်အိမ်တည်းဆိုလျှင် တရားခံကို ချက်ချင်း ဖော်ထုတ်နိုင်မည်ဖြစ်သော်လည်း ယခုမူ သံသယမှာ ဝေဝါးသွားရသည်။

“ဒါဆို မနက်ဖြန် ချန်ချင်းယွီဆီမှာ ကျွန်မ စပ်စုကြည့်ရမလား”

ရှီကျန့်ရှန်း ပြောလိုက်ပြီး ထပ်မံ၍ ဖြည့်ပြောပြန်၏။

“ချန်ချင်းယွီက ဉာဏ်သိပ်မရှိဘူး၊ မေးသမျှအကုန် ပြန်ပြောမှာပဲ။”

“ကောင်းပြီလေ။”

သူသည် သူ့ဇနီးကို အတော်ပင် ယုံကြည်မှုရှိလှသည်။ အဘွားကြီးကျောက် ချွေးမကို အမှတ်ရသွားပြီးနောက် ရွှီကောင်းမင် ထပ်မံမှာကြားပြန်သည်။

“မနက်ဖြန်ကျရင် မင်း စက္ကူငွေ နည်းနည်းသွားဝယ်ဦး၊ လင်းကျန့်ဝမ်အတွက် တိတ်တိတ်လေး သွားမီးရှို့ပေးရအောင်။ သရဲခြောက်တယ်ဆိုတဲ့ ကိစ္စကတော့... ယုံတာ မယုံတာထက်စာရင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပဲ။”

“အေးပါ၊ အဲဒါ ကျွန်မ သိပါတယ်။ ရှင်အလုပ်က ပြန်လာရင်လည်း သတိထားဦးနော်၊ ညဉ့်နက်တဲ့အထိ အပြင်မှာ မနေနဲ့။ ကျွန်မကတော့ စိတ်မချဘူး။”

“ဒါတော့ စိတ်ချပါ။ သရဲဆိုတာ နေ့ခင်းကြောင်တောင် ထွက်လာတာ ငါ တစ်ခါမှ မမြင်ဖူးသေးဘူး။”

“အင်းပါ။”

နှစ်ယောက်သား သန်းခေါင်ယံအချိန်တွင် အယူသီးသည့် ကိစ္စများကို တိုင်ပင်နေကြသကဲ့သို့ ယွမ်ဟောက်မင်တို့ လင်မယားလည်း အိပ်မပျော်နိုင်ဘဲ ရှိနေကြသည်။

ယွမ်ဟောက်မင်၏ မျက်နှာမှာ အတော်ပင် ပျက်ယွင်းနေပြီး ဒေါသတကြီး ဆဲဆိုနေ၏။

“တကယ်ကို ငါ့ခေါင်းပေါ်အထိ လာပြီး အနိုင်ကျင့်နေကြတာပဲ။ ငါ ယွမ်ဟောက်မင်က ပညာတတ်တစ်ယောက်မို့လို့ ဘယ်သူနဲ့မှ အငြင်းအခုန် မဖြစ်ချင်တာ။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးက မပြီးနိုင်မစီးနိုင် ဖြစ်နေပြီ။ ဒါကတော့ လူကို လွန်လွန်ကျူးကျူး စော်ကားတာပဲ”

ဇနီးဖြစ်သူ ကျောက်ရုံသည်လည်း အလေးအနက် စဉ်းစားနေ၏။

“တကယ်ပဲ ဘယ်သူလုပ်တာလဲမသိဘူး။ ရှေ့ဝင်း ဒါမှမဟုတ် ဒုတိယဝင်းကလူ ဖြစ်ရမယ်။”

“ဒေါ်ကြီးကျောက် ဖြစ်မလား။ သူက အမြဲတမ်း ပြဿနာရှာတတ်တာပဲမဟုတ်လား။ ရွှီကောင်းမင်နဲ့လည်း အမြဲတမ်း ထိပ်တိုက်တွေ့နေတာလေ။”

ကျောက်ရုံ ခေါင်းခါပြကာ ငြင်းလိုက်သည်။

“မဖြစ်နိုင်ဘူးလို့ ထင်တယ်။ သူနဲ့ ကျွန်မတို့အိမ်နဲ့က ဘာမှပတ်သက်တာမှ မရှိတာ။ ကျွန်မတို့အိမ်ကို လာပေါက်စရာ အကြောင်းမရှိဘူး။ ကျန်းမိသားစုအိမ်ကို သွားပေါက်မယ်ဆိုရင်တောင် ကျိုးကြောင်းဆီလျော်သေးတယ်။ ကျွန်မတို့အိမ်ကိုတော့ ဘာလို့လာပေါက်မှာလဲ။”

‘ဉာဏ်ကောင်းသူတွေကတော့ အမြဲတမ်း အများကြီး တွေးတတ်ကြတာပဲ’

ကျောက်ရုံ သည်လည်း လူလည်တစ်ယောက်ဖြစ်၍ ကိစ္စရပ်တိုင်းကို အထပ်ထပ်အခါခါ စဉ်းစားနေပြီး ခွဲခြမ်းစိတ်ဖြာနေ၏။

“မနက်ဖြန်ကျရင် ရှောင်ချွေကို ပြောပြီး ချန်ချင်းယွီဆီမှာ စကားနာထိုးကြည့်ခိုင်းရမယ်။ ချန်ချင်းယွီက ဘယ်လိုသဘောထားရှိလဲဆိုတာ သိရအောင်လို့။”

“ကောင်းပြီလေ။”

သမီးများဖြစ်ကြသော ယွမ်ရှောင်ချွေ၊ ဟောက်ရွှယ်နှင့် ဟောက်ယွဲ့တို့မှာ အခန်းထဲသို့ ပြန်ဝင်၍ အနားယူသွားကြပြီဖြစ်သည်။ ကျောက်ရုံသည် သူတို့ကို အခန်းသန့်ရှင်းရေး မခိုင်းတော့ဘဲ မိမိဘာသာသာ လုပ်ဆောင်လိုက်၏။သူမသည် ခဏမျှ ငြိမ်သက်သွားပြီးနောက် စကားဆိုလိုက်သည်။

“ဆက်ကြည့်ကြသေးတာပေါ့။ ဒီလူက နှစ်ကြိမ်တောင် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်ဆိုရင် တတိယအကြိမ် ထပ်လာဦးမှာပဲ။ အဲဒီအချိန်ကျမှ လူမိရင် ဘယ်သူလဲဆိုတာ သိရမှာပေါ့။ ကဲ... ကျွန်မ ဒါတွေ သိမ်းလိုက်ဦးမယ်။”

သူမသည် မှန်စများကို လှည်းကျင်းရင်းမှ ယောကျာ်းဖြစ်သူအား မေးလိုက်လေသည်။

“အရင်တစ်ခေါက်က ကျွန်မပြောတဲ့ကိစ္စကို ခင်ဗျား ဘယ်လိုစဉ်းစားမိလဲ”

ယွမ်ဟောက်မင်မှာ အနည်းငယ် အနေရခက်သွားပြီးနောက်

“ငါက စာပေသမား ပညာတတ်တစ်ယောက်ပါ။ ကိုယ့်သမီးအရင်းကို ဒီလိုမျိုး ရောင်းစားသလိုမျိုး လုပ်ဖို့ကျတော့ ငါ တကယ် လက်မရဲဘူး။ အခုလည်း စာမေးပွဲအတွက် စာရင်းပေးထားကြပြီမဟုတ်လား။ သူတို့ဘာသာသူတို့ ဖြေနိုင်ရင်လည်း ဖြေနိုင်ကြမှာပါ။”

ကျောက်ရုံ ခနဲ့တဲ့တဲ့ လေသံဖြင့်

“ရှင်ကလည်း ရိုးအလိုက်တာ။ စာရင်းပေးထားတဲ့လူ ဘယ်လောက်တောင် များနေပြီလဲဆိုတာ ရှင်သိလား။ အခုဆိုရင် ထောင်နဲ့ချီနေပြီ။ အယောက်ရှစ်ဆယ်ပဲ ခေါ်မှာကို ဟောက်ရွှယ်က ရှေ့ဆုံးက ပါမယ်လို့ ရှင်က တပ်အပ်ပြောနိုင်လို့လား။ ကျွန်မတို့က သမီးကို ရုံးခန်းထဲမှာ အလုပ်လုပ်စေချင်တာလေ။ ဒါက ကလေးကစားစရာ မဟုတ်ဘူး။ နည်းလမ်းသာ ရှိမယ်ဆိုရင် ကျွန်မလည်း ဒီလိုအကြံမျိုး မပေးပါဘူး။ ဒါက ရှောင်ချွေအတွက်လည်း အကျိုးရှိတာပဲ။ ရှင်လည်း ဟောက်ရွှယ်ကို ကျေးလက် ပို့လိုက်ရမှာကို မလိုလားဘူးမဟုတ်လား။”

ယွမ်ဟောက်မင်သည် နာကျင်ခက်ခဲစွာဖြင့် မျက်နှာကို လက်နှင့် အုပ်လိုက်မိသည်။ ကျောက်ရုံမှာ သူ့ကို အထင်အမြင်သေးစွာ ကြည့်နေ၏။

‘သူကတော့ ထုံးစံအတိုင်း မတတ်သာသည့်ပုံစံ ဖမ်းနေပြန်ပြီ..နောက်ဆုံးကျရင် မကောင်းတဲ့အလုပ်မှန်သမျှ သူမကပဲ လုပ်ရတာပဲ…’

အမှန်တကယ်၌ ယွမ်ဟောက်မင်သည်လည်း သဘောတူနေမှန်း သူမ သိထားသည်။

ရှောင်ချွေကို အသုံးချပြီး ဟောက်ရွှယ်အား မြို့ပေါ်မှာ ကျန်ရစ်အောင် လုပ်နိုင်မည်ဆိုလျှင် အကောင်းဆုံးပင် မဟုတ်ခေါ့။

‘အဲ့ဒီ တောသူ အစေခံမလေးက အခြားတန်ဖိုး ဘာရှိဦးမှာလဲ..’

ကျောက်ရုံ ယွမ်ဟောက်မင်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး နားချလိုက်၏။

“ရှင် ကျွန်မစကားကို နားထောင်ပါ။ ရှောင်ချွေအတွက် ကျွန်မ အားလုံး အဆင်သင့် ပြင်ထားပေးပါ့မယ်။ ကျေးလက်ကို သွားရရင်တောင် သူ ကောင်းကောင်းမွန်မွန် နေရမှာပါ။”

ယွမ်ဟောက်မင် ပင်ပန်းနွမ်းနယ်စွာဖြင့် ဟန်လုပ်ကာ မေးလေသည်။

“တကယ်လို့ ဒီလိုဖြစ်သွားရင် သူ နောက်ပိုင်း ဘယ်လိုလုပ် အိမ်ထောင်ပြုနိုင်တော့မှာလဲ”

“ဘယ်သူက အိမ်ထောင်မပြုနိုင်ဘူး ပြောလို့လဲ။ ကျွန်မ အကုန်စဉ်းစားထားပြီးသား။ အချိန်တန်ရင် သူ့ကို ဝမ်တာ့ချွေနဲ့ ပေးစားလိုက်မယ်။”

ကျောက်ရုံ ထိတ်လန့်ဖွယ် စကားကို ဆိုလိုက်၏။

ယွမ်ဟောက်မင်မှာ ဟာခနဲ ဖြစ်သွားပြီး

“ဘာ.. အဲဒီလူက အသက်ကြီးကြီးကြီးကို။”

“ဝမ်တာ့ချွေက အသက်နည်းနည်း ကြီးပေမဲ့ သူက အမြဲတမ်းဝန်ထမ်းလေ။ ရှောင်ချွေနဲ့ဆိုရင် ပိုတောင် ပိုသေးတယ်။ ရှောင်ချွေက ကျွန်မတို့အတွက် ဒီကိစ္စတွေ လုပ်ပေးပြီးရင် အပျိုစင်လည်း မဟုတ်တော့ဘူး။ အဲဒီအချိန်ကျရင် ဝမ်တာ့ချွေနဲ့ ညားတာက သူ့အတွက် မရှုံးပါဘူး။ ကျွန်မ အပင်ပန်းခံပြီး ဝမ်တာ့ချွေရဲ့ အောင်သွယ်ကိစ္စတွေကို ဖျက်ဆီးခဲ့တာ၊ ကန့်လန့်တိုက်ခဲ့တာတွေက ဒါအတွက်ပဲ မဟုတ်လား။ ဝမ်တာ့ချွေက နောက်ထပ် နှစ်နှစ်လောက်အထိ အိမ်ထောင်ဖက် ရှာမတွေ့သေးရင် ရှောင်ချွေနဲ့ ပေးစားလိုက်ဖို့ပဲ။ ဒီကိစ္စကို စိတ်ချပါ၊ ကျွန်မလက်ထဲရောက်ရင် အပိုင်ပဲ။ ဒါကြောင့် ရှောင်ချွေ ကျေးလက်ကို သွားရတာက ခဏတဖြုတ် သွားနားနေသလိုပါပဲ။ ရှင်လည်း တကယ် စိတ်မကောင်းဖြစ်မနေပါနဲ့။”

“ဒါပေမဲ့ ဝမ်တာ့ချွေလို ပေပေတေတေ လူစားမျိုးက ရှောင်ချွေနဲ့တော့ မထိုက်တန်ဘူး ထင်တယ်။”

ကျောက်ရုံ၏ ရင်ထဲတွင် ငြီးငွေ့စိတ်ကုန်မှုတို့ ဖြတ်သန်းသွား၏။

‘ကိုယ့်မျက်နှာကိုယ် မှန်ထဲမကြည့်တဲ့ ကောင်စုတ်.. မျက်နှာရချင်တာပဲသိတယ်’

သူမ စိတ်ထဲမှ ကျိန်ဆဲနေမိ၏။

‘ဝမ်တာ့ချွေက ရှောင်ချွေနဲ့ မထိုက်တန်ဘူးတဲ့လား။ ရှောင်ချွေဆိုတာ အလုပ်အကိုင်မရှိတဲ့ တောသူမလေးပဲ။ နယ်ကနေ မြို့တက်လာတာဆိုတော့ အောက်သံက မပျောက်သေးဘူး။ နောက်ဆို အပျိုစင်တောင် ဖြစ်ပါဦးမလား မသိဘူး။ ဝမ်တာ့ချွေနဲ့ ရရင်ပဲ ဘုရားထူးရဦးမှာ။

ဒါကိုတောင် လာပြီး နှာခေါင်းရှုံ့နေသေးတယ်..’

ကျောက်ရုံ စိတ်ထဲတွင်သာ တွေးနေသော်လည်း အပြင်ပန်း၌မူ

“ဒါပေမဲ့ ဝမ်တာ့ချွေမှာ အလုပ်ရှိတယ်လေ။ အခုခေတ်မှာ အလုပ်ရှိတဲ့သူက အိမ်ထောင်ဖက် ရှာရတာ အလွန်လွယ်တာ။ ကျွန်မသာ ဝမ်တာ့ချွေရဲ့ အောင်သွယ်ပွဲတွေမှာ မနှောင့်ယှက်ခဲ့ရင် သူနဲ့ ဟိုကောင်မလေး ကွမ်ထင်းထင်းတို့တောင် အကြောင်းပါနေလောက်ပြီ။ အလုပ်ရှိတဲ့ အမျိုးသမီးတွေတောင် သူ့ကို မျက်စိကျနေတာ၊ ရှောင်ချွေက အလုပ်မှ မရှိတာပဲ။ ရှင် လက်တွေ့ကျကျ စဉ်းစားရမယ်။ ပြီးတော့ သူသာ ဝမ်တာ့ချွေနဲ့ ညားသွားရင် ကျွန်မတို့ မျက်စိအောက်မှာပဲ ရှိနေမှာဆိုတော့ ပိုမကောင်းဘူးလား။”

“အင်းလေ... မိန်းမက ပိုပြီး အမြော်အမြင် ရှိတာပဲ။”

“ရှင် သိရင် ပြီးတာပါပဲ။ ရှောင်ချွေက ရှင့်သမီးဆိုပေမဲ့ ကျွန်မသမီးလည်း ဟုတ်တာပဲ။ ကျွန်မကတော့ သူ့ကို ဒုက္ခမရောက်စေပါဘူး။ သူ့အတွက် ကျွန်မ အကြံအစည်တွေ အကုန် ဆွဲထားပြီးသားပါ။”

“အေးပါ... မင်း သဘောအတိုင်းပဲ လုပ်ပါတော့။”

“ကောင်းပြီ။”

ကျောက်ရုံ ကျေနပ်အားရစွာ ပြုံးလိုက်ပြီးနောက် ဆိုလိုက်သည်။

“ဒါဆို မနက်ဖြန်ကျရင် ကျွန်မ သူ့ကို အင်္ကျီအသစ် သွားဝယ်ပေးလိုက်မယ်။ ပြင်ပြင်ဆင်ဆင်လေး လုပ်ပေးရမယ်၊ ဒီလို တောစံပယ်ပုံစံနဲ့တော့ မဖြစ်ဘူးလေ။”

“အင်း... မင့်သဘောပါ။”

ကျောက်ရုံ၏ အပြုံးများ ပို၍ တောက်ပလာပြီး သူမသည် ယွမ်ဟောက်မင်ကို ဖက်လိုက်ကာ နားသွင်းလိုက်၏။

“ရှင် သိပါတယ်၊ ကျွန်မ လုပ်သမျှ အားလုံးက ဒီမိသားစုအတွက်၊ ကျွန်မတို့အားလုံး ပိုကောင်းလာဖို့အတွက်ပဲလေ။”

ယွမ်ဟောက်မင်သည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်လေသည်။ သူတို့နှစ်ဦး စကားပြောဆိုနေသည်ကို ယွမ်ဟောက်ရွှယ် တံခါးဝတွင် ရပ်လျက် အစအဆုံး ကြားသွားသည်ကိုမူ သူတို့မသိလိုက်ကြပေ။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အတန်ကြာအောင်တွေဝေနေပြီးမှ နောက်ဆုံးတွင် အခန်းထဲသို့ ပြန်လှည့်ဝင်သွား၏။

မှန်အပေါက်ခံရသည့်ကိစ္စသည် မိသားစုနှစ်စုလုံးကို ဒေါသထွက်စေသည်မှာ မှန်သော်လည်း အခြေအနေကောင်းသည့် မိသားစုများဖြစ်၍ ငွေရေးကြေးရေးအရသိပ်ပြီး နှမြောတသခြင်း မရှိကြပေ။ သို့သော် ဝင်းထဲရှိ အခြားသူများမှာ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုးဖြင့် အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ အချို့မှာ ညသန်းခေါင်ယံအိပ်မောကျနေသဖြင့် မသိလိုက်သော်လည်း နံနက်အိပ်ရာထသောအခါ မှန်များ ထပ်မံအပေါက်ခံရသည့်သတင်းမှာ ရေပန်းစားနေတော့၏။

အဘွားကြီးကျောက်သည်လည်း လူအုပ်ထဲဝင်ကာ မသိသလို ဟန်ဆောင်ချင်သော်လည်း အလုပ်သွားရန် အချိန်ကပ်နေသဖြင့် အိမ်မှ အမြန်ထွက်လာခဲ့ရသည်။

သို့သော် အိမ်မှမထွက်မီ ကြက်ဖင်ကိုတစ်ချက်စမ်းသွား၏။ ကြက်မကြီး ဥ၊ မဥ ဆိုသည်မှာ သူမအတွက် အမြဲတစေ စောင့်ကြည့်ရသည့် အရေးကြီးကိစ္စဖြစ်နေသည်။

‘နံနက်တိုင်း တစ်ချက်တော့ စမ်းရမှ နေသာထိုင်သာ ရှိတာ’

ချန်ချင်းယွီ အိပ်ရာထ၍ မျက်နှာသစ်သည့်အချိန်တွင် အလုပ်သွားမည့်သူများ အားလုံးနီးပါး ထွက်ခွါသွားကြပြီဖြစ်၏။သူမသည် နံနက်ခင်း ရေဘုံဘိုင်တွင် လူတိုးရသည်ကို မနှစ်သက်သဖြင့် လူရှင်းသည့်အချိန်မှသာ ကလေးနှစ်ယောက်ကို ခေါ်ကာ သွားတိုက်၊ မျက်နှာသစ်ရန် ထွက်လာခဲ့သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ သွားတိုက်တံဟောင်းများမှာ အမွှေးများ လန်နေပြီဖြစ်သဖြင့် ချန်ချင်းယွီ အသစ်ဝယ်ပေးထား၏။

ကလေးငယ်နှစ်ယောက်မှာ သွားတိုက်ရင်း ပါးစပ်ထဲမှ အမြှုပ်များကို တဗြူးဗြူးနှင့် မှုတ်ထုတ်နေကြ၍ ချန်ချင်းယွီ မာန်မဲလိုက်ရသည်။

“ဘာလုပ်နေတာလဲ၊ မြန်မြန်ထွေးထုတ်လိုက်တော့”

ကလေးငယ်များမှာ ရယ်ကျဲကျဲဖြင့် ထွေးလိုက်ကြ၏။

ကလေးများ သန့်သန့်ရှင်းရှင်း ဖြစ်သွားကာမှ ချန်ချင်းယွီ ရှောင်ယွမ်၏ ဆံပင်ကို ဆိတ်နားရွက်ပုံစံ နှစ်ဖက်ခွဲစည်းပေးလိုက်သည်။ ကောင်မလေးမှာ သူမ၏ ဆံပင်လေးများကို ခါယမ်း၍ ကျေနပ်ချိုသာစွာ ပြုံးပြနေ၏။ ထိုစဉ် ကျောက်ရုံတစ်ယောက် မျက်နှာသစ်ရန် ဒုတိယဝင်းသို့ ရောက်လာပြီး ချန်ချင်းယွီကို မြင်သည်နှင့် စကားစကာ စမ်းသပ်လိုက်သည်။

“ချင်းယွီ... အခုမှ ထတာလား”

“ကျွန်မကတော့ နေ့တိုင်း ဒီအချိန်ပါပဲ။ မနက်ခင်း လူတွေ အလုပ်သွားဖို့ လုယက်နေကြတဲ့အချိန်မှာ ကျွန်မလို အိမ်ရှင်မက ဘာသွားလုနေစရာ လိုလို့လဲ။ မလောတော့လည်း ခဏစောင့်လိုက်တာပေါ့။ ကလေးတွေ နိုးတဲ့အချိန်နဲ့လည်း ကွက်တိပဲလေ။ ဒါနဲ့ ဒေါ်လေးကျောက်ရုံက ဒီနေ့ အလုပ်မသွားဘူးလား”

“ဒီနေ့ အလုပ်မှာ ကိစ္စလေး ရှိလို့ ခွင့်ယူထားတာပါ”

ကျောက်ရုံ ပြန်ဖြေလိုက်၏။

ချန်ချင်းယွီ ဘာကိစ္စလဲဟု ဆက်မမေးတော့ဘဲ ပြုံးပြကာ အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။ နံနက်စာ ပြင်ဆင်ရန် ကြည့်လိုက်မိခါမှ အိမ်ရှိ ရိက္ခာများ အတော်မြန်မြန် ကုန်နေသည်ကို သတိထားမိသွား၏။ ဤသို့ဆိုလျှင် မှောင်ခိုဈေးသို့ သွား၍ ရိက္ခာထပ်ဝယ်ရဦးမည်။ မှောင်ခိုစျေးရှိ၍သာပင်၊ အစိုးရ သတ်မှတ်ပေးထားသည့် ရိက္ခာဝေစုမှာ သူတို့အိမ်အတွက် လုံးဝ မလောက်ငပေ။

ချန်ချင်းယွီသည် နံနက်စောစောစီးစီး မုန့်ဖုတ်နေသဖြင့် မုန့်နံ့လေး သင်းပျံ့နေ၏။

‘တော်တော်လေးကို ကောင်းကောင်းစားနေကြတာပဲ’

ကျောက်ရုံ တိုးတိုးလေး ရေရွတ်လိုက်သည်။

ချန်ချင်းယွီ ကလေးများကို မုန့်ဝေပေးလိုက်ရာ ကလေးလေးနှစ်ယောက်မှာ တံခါးဝတွင် ထိုင်ကာ လိမ်လိမ်မာမာ စားနေကြ၏။ ရှီကျန့်ရှန်း ထွက်လာသောအခါလည်း ထိုမြင်ကွင်းမှာ သူမအတွက် မထူးဆန်းတော့ပေ။ သားဖြစ်သူ ဆုံးပါးသွားပြီးနောက် အဘွားကြီးကျောက်သည် မြေးနှစ်ယောက်အပေါ်တွင် အတော်လေး ကောင်းလာခဲ့သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ယခင်ထက်စာလျှင် ပို၍ အာဟာရရှိရှိ စားသောက်နေရ၏။

ကျောက်ရုံ ရှီကျန့်ရှန်းကို မြင်သောအခါ “သူတို့လည်း အဆင်ပြေနေကြတာပဲနော်” ဟု မှတ်ချက်ပြုလိုက်သည်။

“သားကလည်း မရှိတော့ဘူးဆိုတော့ နောက်ပိုင်း မြေးတွေကိုပဲ အားကိုးရမှာလေ။ အဘွားကြီးကျောက်သာ မအ,ဘူးဆိုရင် သူတို့ကို အဝကျွေးပြီး ကျန်းကျန်းမာမာ ကြီးထွားအောင် ထားမှာပေါ့။ သူ့မြေးကိုပဲ မျှော်လင့်ချက်ထားရတာကိုး။ ချန်ချင်းယွီကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိတဲ့သူဆိုတော့ အဘွားကြီးကျောက် ခိုင်းတာလုပ်၊ ပြောတာနားထောင်နေရတာပါပဲ”

ရှီကျန့်ရှန်း ဆိုလိုက်၏။

လူတို့၏ အစွဲအလမ်းမှာ အတော်ပင် နက်ရှိုင်းလှသည်။ သူတို့အားလုံးမှာ ချန်ချင်းယွီကို ပျော့ညံ့သည့် မိန်းမသားတစ်ဦးဟုသာ ယုံကြည်နေကြဆဲပင်။

ရှီကျန့်ရှန်း ဆက်ပြီး ထေ့ငေါ့ပြောလိုက်၏။

“နင် ယုံလား၊ ချန်ချင်းယွီက အိမ်ထဲမှာ ပြောင်းဖူးမုန့်ကြမ်းပဲ ကိုက်နေမှာ”

ထိုအချိန်တွင် ချန်ချင်းယွီမှာ အိမ်ထဲ၌ မုန့်အိအိကြီးကို အားပါးတရ စားနေခြင်းဖြစ်သည်။

အင်း... အမှန်တော့ အပြင်က ပြောနေသမျှကို သူမ ကြားနေရသည်။ သို့သော်လည်း စားဖို့သည်သာ ပိုအရေးကြီးသည် မဟုတ်လော့။

ကလေးနှစ်ယောက် စားသောက်ပြီးနောက် အိမ်ထဲဝင်ကာ မုန့်များကို ကိုယ်စီ ထပ်ယူကြပြန်၏။

ကျောက်ရုံသည် ရှီကျန့်ရှန်းနှင့် ဆက်စကားမပြောဖြစ်တော့ဘဲ အလယ်ဝင်းသို့ အမြန်ပြန်သွားသည်။

“မေမေ၊ ဒီနေ့ ငါးသွားဖမ်းမှာလား”

ရှောင်ကျားအမေးကြောင့် ချန်ချင်းယွီ ပြန်ဖြေလိုက်၏။

“သွားမှာပေါ့..”

ချန်ချင်းယွီ နေ့လယ်စာအတွက် ပြင်ဆင်နေပြီး၊ နောက်ပိုင်း ရာသီဥတု ပူလာလျှင်မူ ထမင်းဘူးယူသွားရန် အဆင်မပြေတော့ပေ။ ချန်ချင်းယွီသည် ပထမဆုံးအကြိမ်အဖြစ် စက်ဘီးနောက်တွင် ကလေးနှစ်ယောက်ကို တင်၍ ငါးမျှားထွက်လာခဲ့သည်။ ကလေးနှစ်ယောက်မှာ ဘယ်သူ ရှေ့မှာ ထိုင်ရမလဲဆိုသည်ကို စုံ၊ စမ်၊ စိ၊ ကိုက် လုပ်ကာ ဆုံးဖြတ်နေကြ၏။

“ဒီနေ့လည်း အပြင်ထွက်ပြန်ပြီလား”

ရှီကျန့်ရှန်း လှမ်းမေးလိုက်ရာ

ချန်ချင်းယွီ ခေါင်းညိတ်ပြပြီး ဖြူဖြူစင်စင်လေး ပြုံးပြ၍ တုံ့ပြန်လိုက်သည်။

“ဟုတ်ကဲ့ရှင်။ ကျွန်မတို့အိမ်က ဆောင်းတွင်းအတွက် ငါးခြောက်လေးတွေ စုထားချင်လို့ပါ”

ရှီကျန့်ရှန်း နှုတ်ခမ်းကို စူလိုက်၏။ သူမသည် ချန်ချင်းယွီကို တားကာ မနေ့ညမှ ကိစ္စများကို စပ်စုချင်သော်လည်း သူမမှာ ထွက်သွားတော့မည်ဖြစ်၍ “ပြန်လာရင် စကားလာပြောဦးနော်” ဟုသာ မှာလိုက်ရသည်။

“ဟုတ်ကဲ့ပါရှင်~”

ချန်ချင်းယွီသည် ရှီကျန့်ရှန်း ဘာလုပ်ချင်သည်ကို ဂရုမစိုက်ဘဲ သူမ၏ အစီအစဉ်အတိုင်းသာ ရှေ့ဆက်သွား၏။ အတင်းအဖျင်း နားထောင်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းသော်လည်း ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ရခြင်းမှာ ပို၍ အရေးကြီးသည်။

ချန်ချင်းယွီ ကလေးနှစ်ယောက်ကို တင်ကာ မြစ်ကမ်းနားသို့ ရောက်လာခဲ့၏။ မြစ်ကမ်းနားတွင် နေ့စဉ် ငါးမျှားသူများဖြင့် စည်ကားနေတတ်ပြီး အများစုမှာ အဘိုးကြီးများ ဖြစ်ကြသည်။

‘သူတို့က အလုပ်မရှိ အကိုင်မရှိ နေ့တိုင်အားနေကြတာကိုး.. အဲ့တော့ စိတ်ရှည်ရှည်လည်း ထားနိုင်တာပေါ့’

ချန်ချင်းယွီကဲ့သို့သော အမျိုးသမီးငယ်တစ်ဦး ကလေးတစ်ဖက်နှင့် လာရောက်ငါးမျှားခြင်းမှာ အတော်ပင် တွေ့ရခဲလှ၏။

သူမ ရောက်ရောက်ချင်းပင် နေရာတစ်နေရာရှာကာ ပြင်ဆင်လိုက်သည်။ သို့သော် ယနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ရင်းနှီးသည့် လူတစ်ယောက်နှင့် ဆုံမိ၏။

သူမ ထိုင်ပြီး မကြာမီမှာပင် သူမ၏ ဘေးနားသို့ လူတစ်ယောက် ငါးမျှားရန် ရောက်လာသည်။ ချန်ချင်းယွီ တစ်ချက်ကြည့်လိုက်ပြီး အံ့ဩတကြီးဖြင့် နှုတ်ဆက်လိုက်၏။

“အင်.. ရဲဦးလေးကြီး... ရှင်ပါလား”

ထိုလူမှာ အခြားသူမဟုတ်ပေ၊ ယခင်တစ်ခေါက် ဝင်းထဲတွင် အစာအဆိပ်သင့်သည့်ကိစ္စကို လာရောက်ဖြေရှင်းပေးခဲ့သည့် အသက်ကြီးကြီး ရဲအရာရှိကြီးပင် ဖြစ်သည်။

ရဲအရာရှိ ပြုံးကာ

“ငါ အဝေးကနေ ကလေးနှစ်ယောက်ခေါ်လာတာကို ကြည့်ပြီး မင်းဖြစ်မယ်လို့ ထင်နေတာ။ ဒါနဲ့... မင်းက နေ့တိုင်းလာတာလား”

“လာဖြစ်သလောက်ပါပဲ။ ဦးလေး ဒီနေ့ အလုပ်မသွားဘူးလား။”

‘ကြည့်စမ်း... ဘာဖြစ်လို့ တစ်ယောက်ပြီးတစ်ယောက် အလုပ်မသွားကြတာလဲ။ ကျောက်ရုံလည်း မသွား၊ ဒီရဲအရာရှိကြီးလည်း မသွားဘူး ရှင်တို့တွေ အတော်အားကြပါလား..’

ရဲအရာရှိမှာ ရယ်ရင်း

“ငါတို့က အလှည့်ကျ နားရတာလေ၊ ဒီနေ့ ငါ့နားရက်။ မင်း... ဟာ.. မင်း ငါးမျှားတံ လှုပ်နေပြီ၊ မြန်မြန် မြန်မြန်။”

ချန်ချင်းယွီလည်း အလျင်အမြန် လှုပ်ရှားလိုက်ပြီး

“အမလေး... ကျွန်မ ကံကောင်းပုံများ... ဟေ့..”

ကလေးငယ်နှစ်ယောက်မှာ ချန်ချင်းယွီဘေးသို့ တပြေးညီ ရောက်လာကြပြီး အော်ဟစ်အားပေးလိုက်ကြသည်။

“မေမေ ကြိုးစား.. မေမေ ကြိုးစား..”

“ဒါပေါ့..”

သူမသည် ငါးမျှားတံကို အမြန်ရုတ်လိုက်ရာ တကယ်ပင် ငါးတစ်ကောင် ပါလာခဲ့၏။ ချန်ချင်းယွီကျေနပ်စွာ ပြုံးလိုက်ပြီး “မဆိုးဘူး မဆိုးဘူး” ဟု ရေရွတ်လိုက်သည်။

အမှန်စင်စစ် ချန်ချင်းယွီ၏ ငါးမျှားပညာမှာ ဝါရင့်ငါးမျှားသမားများနှင့် ယှဉ်လျှင် သာမန်မျှသာ ဖြစ်သော်လည်း သူမ အသုံးပြုသည့် ငါးစာမှာ အတော်ကောင်းသဖြင့် လာသည့်အခါတိုင်း အနည်းနှင့်အများရတတ်လေ၏။

ရဲအရာရှိမှာ ချီးကျူးစကားဆိုကာ

“မင်းက မဆိုးပါလား၊ ဒါကြောင့်လည်း ငါးမျှားရတာကို ဒီလောက် ဝါသနာပါနေတာကိုး။ လက်ကကောင်းသားပဲ”

ချန်ချင်းယွီ၏ အပြုံးများ ပို၍ ဝေဆာသွားသည်။

“မင်းက အရင်ကနဲ့ နည်းနည်း ကွဲပြားသွားသလိုပဲ။ ငါ အရင်က မင်းကို မြင်တုန်းကတော့ မင်းရဲ့ အဘိုးနဲ့ အဘွားတို့ ဆုံးပါးသွားတဲ့အချိန်တုန်းကပေါ့၊ အဲဒီတုန်းကတော့ မင်းက ကြောက်ကြောက်လန့်လန့်နဲ့ ပျော့ညံ့နေသလိုပဲ။ အခုလို စိတ်ဓာတ်မာမာနဲ့ ပြန်ထလာနိုင်တာ ဝမ်းသာစရာပါပဲ။”

ချန်ချင်းယွီ : “...”

‘နေပါဦး ဦးလေးရယ်၊ ရှင် စကားပြောတတ်ရဲ့လား။ မပြောတတ်ရင်လည်း မပြောပါနဲ့လား.. လူပျော်နေတဲ့အချိန်မှာ စိတ်မကောင်းစရာတွေ လာပြောရသလား။’

ချန်ချင်းယွီသည် ထိုရဲအရာရှိအဘိုးကြီးကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောတော့ပေ။ သူမသည် ငါးစာကို အသစ်တပ်ကာ ငါးကိုသာ ဆက်မျှားနေလိုက်၏။

“မင်းက အထက်တန်းအောင်ပြီးတာနဲ့ ချက်ချင်း လက်ထပ်လိုက်တာမလား။ မင်းအဖေက မိတ်ဆက်ပေးတာလား။”

“မဟုတ်ပါဘူး၊ ကျွန်မ အမျိုးသားက ကျွန်မရဲ့ အတန်းဖော်ပါ”

‘တကယ်ပါပဲ... မမေးသင့်တာတွေကိုပဲ ရွေးမေးနေတော့တာပဲ။ ရဲဆိုတဲ့အတိုင်းပဲ အင်မတန်စပ်စုလှချည်လား..’

ချန်ချင်းယွီသည် ဤအဘိုးကြီးမှာ ငါးဖမ်းရန် တကယ်စိတ်ပါသည်ထက် သူမ၏ကိုယ်ရေးကိုယ်တာများကို စပ်စုချင်နေမှန်း ရိပ်မိသွားသည်။ ထို့ကြောင့် သူမ ဦးအောင်စပြုကာ ပြန်မေးလိုက်၏။

“ဦးလေးက ဘာလို့ မြို့တော်ရဲဗျူရိုကနေ ရဲစခန်းကို ပြောင်းလာတာလဲဟင်။”

သူမ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ “ဦးလေး တစ်ခုခု အမှားလုပ်ခဲ့လို့လား” ဟု ထပ်မေးလိုက်၏။

‘အနာကို ဆားသိပ်တာတော့ ကျွန်မလည်း လုပ်တတ်တယ်ရှင့်’

ရဲအရာရှိ : “...”

သူ ခဏမျှ ဆွံ့အသွားပြီးမှ ခပ်သွက်သွက် ပြန်ပြောလိုက်သည်။

“မဟုတ်ပါဘူး၊ ဘယ်နေရာမှာပဲ အလုပ်လုပ်လုပ် အတူတူပါပဲ”

ချန်ချင်းယွီ : “အို... ရှားရှားပါးပါးပဲနော်။”

သူမ သက်ပြင်းတစ်ချက်ချရင်း

“လူဆိုတာ အမြင့်ကိုတက်ဖို့ ကြိုးစားကြပြီး ရေကတော့ အောက်ကိုပဲ စီးဆင်းတယ်လို့ ကြားဖူးတာ၊ အခုတော့ ဆန့်ကျင်ဘက်ကို မြင်ဖူးသွားပြီ။ လောကကြီးမှာ အကုန်ရှိတာပဲနော်”

ရဲအရာရှိ : “...”

ချန်ချင်းယွီ : “ဩော် ဒါနဲ့၊ ဟိုတစ်ခေါက်က အသားနှပ်ရောင်းတဲ့သူတွေ ဘာဖြစ်သွားပြီလဲဟင်။ မိသွားတော့ သူတို့ကို ဘာလုပ်လိုက်ကြလဲ။”

သူမ သိချင်စိတ်ဖြင့် မေးလိုက်မိ၏။

“မှောင်ခိုရောင်းဝယ်မှု၊ အထူးသဖြင့် ငွေကြေးအမြောက်အမြား ပါဝင်ပတ်သက်နေတဲ့ အခြေအနေမျိုးဆိုရင်တော့ ထောင်ကျမှာပဲ။ ပြစ်ဒဏ်ကလည်း အတော်လေး ပြင်းထန်လိမ့်မယ်။ အဲဒီမိသားစုက တကယ် သတ္တိရှိတာပဲ၊ တောင်ပေါ်မှာ ကိုယ်ပိုင် မွေးမြူရေးခြံတောင် တည်ထောင်ထားကြတာတဲ့။ သူတို့ ရူးနေကြတာလား။”

သူလည်း စဉ်းစား၍မရပေ။ ငွေမရှိလျှင် မဖြစ်သည်မှာ မှန်သော်လည်း ငွေရဖို့အတွက် ဤမျှကြီးမားသည့် စွန့်စားမှုကို လုပ်ရန် ထိုက်တန်သလော့။

ရဲအရာရှိမှာ ခေါင်းခါရင်း ပြောပြလိုက်သည်။

“သူ့မိသားစုကတော့ ရှစ်နှစ်၊ ဆယ်နှစ်လောက် ထွက်လာရမှာ မဟုတ်ဘူး။ ဒါကြောင့် လူဆိုတာ အမှားမလုပ်သင့်ဘူး”

ချန်ချင်းယွီ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် ခံစားချက်တစ်ခု ဝင်လာမိ၏။ နောက်နှစ်အနည်းငယ်ကြာလျှင် ဈေးကွက်စီးပွားရေးနှင့် လွတ်လပ်စွာ ကုန်သွယ်မှုများပေါ်လာပြီး အခြေအနေများ ဤမျှ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူထင်ထားပါမည်နည်း။ မှောင်ခိုရောင်းဝယ်ရုံမျှဖြင့် ထောင်ကျခဲ့ရသည့် ထိုခေတ်ကို ပြန်တွေးကြည့်လျှင် အတော်ပင် ဝမ်းနည်းကြေကွဲစရာ ကောင်းလှသည်။ သို့သော် ချန်ချင်းယွီသည် စကားပြောဖော်ရရန်သာ မေးလိုက်ခြင်းဖြစ်ပြီး ထိုကိစ္စများကို တကယ်တမ်း စိတ်ဝင်စားနေသည် မဟုတ်ပေ။

“အဲဒီကိစ္စကြောင့် ဦးလေးရွှီက စည်သွပ်ဗူးတွေ ဝယ်ပြီး တစ်အိမ်တက်ဆင်း လိုက်တောင်းပန်နေရတာလေ။ ကျွန်မတို့အိမ်ဆိုရင် စည်သွပ်ဗူးတစ်ဗူး အလကားရလိုက်သေးတယ်..”

“မင်းတို့အိမ်က ကံကောင်းတာပေါ့၊ ဝမ်းမလျှောလိုက်ဘူးလေ။”

ချန်ချင်းယွီ : “ဟုတ်တယ်၊ ကျွန်မက အမြဲတမ်း ကံကောင်းတတ်တာ။”

“မေမေ၊ မေမေ... မြန်မြန်..”

ချန်ချင်းယွီ : “ကြည့်စမ်း၊ ကြည့်စမ်း.. ပြောသားပဲ၊ ဒီနေ့ ကျွန်မ အတော် ကံကောင်းနေတာပါဆို..”

ချန်ချင်းယွီသည် လိပ်တစ်ကောင်ကို ဖမ်းမိလိုက်ခြင်း ဖြစ်သည်။

သူမ ကံကောင်းပုံမှာ အံ့မခန်းပင်..

ယခုအချိန်တွင် ချန်ချင်းယွီသည် တစ်ယောက်ယောက်နှင့် အမြဲအတူ ငါးမျှားချင်နေမိ၏။ သူမ၏ ကံကောင်းခြင်းမှာ မယုံနိုင်စရာပင်။ ပြီးခဲ့သည့်တစ်ခေါက် ပိုင်ဖုန်းရှန်းတို့နှင့် ငါးဖမ်းစဉ်၌လည်း ငါးအကောင်းစား မိခဲ့ပြီး၊ ယနေ့ ဤရဲအရာရှိ အဘိုးကြီးနှင့် ဆုံသောအခါလည်း တစ်ကောင် ထပ်မိပြန်သည်။

ဟဲဟဲ..

သူမနှင့်အတူ တစ်စုံတစ်ယောက်ရှိတိုင်း ငါးအကောင်းစား မိတတ်သည်ထင်၏။

ချန်ချင်းယွီ : “မဆိုးဘူး၊ မဆိုးဘူး။”

ရဲအရာရှိလည်း အတော်ပင် အံ့အားသင့်သွားပြီး ထပ်မံ ချီးမွမ်းမိပြန်သည်။

“မင်းကတော့ အံ့ဩစရာပဲဟေ့..”

ချန်ချင်းယွီ ပြုံးကာ မေးလေးမော့၍ ဝင့်ကြွားစွာ ဆိုလိုက်၏။

“ဒါပေါ့၊ မဟုတ်ရင် ကျွန်မက နေ့တိုင်း ဘယ်လာနိုင်ပါ့မလဲ”

သူမသည် ဤလိပ်ကြီးကို မိမိကိုယ်တိုင်အတွက် သိမ်ထားရန် အစီအစဉ်မရှိပေ။ ရဲအရာရှိ ပြန်သွားချိန်မှ သူများနှင့် လဲလှယ်ရန် စဉ်းစားထားသည်။ ချန်ချင်းယွီသည် သူမ၏ ကံကောင်းခြင်းများကြောင့် မျက်နှာတွင် အပြုံးများ ဝေဆာနေသော်လည်း သူမ၏ဘေးရှိ လူကြီးမှာမူ ဘာမှပင် မမိသေးချေ။

ရဲအရာရှိမှာ စကားစပ်ရန် ကြိုးစားရင်း ပြောပြန်၏။

“ငါမှတ်မိသလောက်ဆိုရင် မင်းနဲ့ ငါတို့ရဲစခန်းက ကွမ်ထင်းထင်းတို့က အထက်တန်းတုန်းက အတန်းဖော်တွေ မဟုတ်လား”

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

“တစ်နှစ်တည်းသားတွေပါ၊ ဒါပေမဲ့ ကျွန်မ သူ့ကို သိပ်မသိပါဘူး”

“သူက ဒီရက်ပိုင်း အလုပ်ပြောင်းဖို့ အလုပ်ရှုပ်နေတာ၊ စက်မှုစက်ရုံကို သွားချင်နေတာလေ”

ချန်ချင်းယွီ အံ့ဩတကြီးဖြင့် မေးလိုက်မိသည်။

“ဩော်... အဲလို ပြောင်းလို့ရတာလား။ ရဲအရာရှိတွေက စက်ရုံတွေကို ပြောင်းလို့ရလို့လား။ အဲဒါ တကယ် ဖြစ်နိုင်လို့လားဟင်”

“သူက မင်းတို့စက်ရုံရဲ့ လုံခြုံရေးဌာနကို ပြောင်းမှာနေမှာပါ။ လုံခြုံရေးဌာနကလည်း ရဲဌာနလိုပါပဲ။ အဲဒီကို ရောက်သွားပြီဆိုရင်တော့ နောက်ပိုင်းမှ လုံခြုံရေးဌာနကနေ တခြားနေရာကို ထပ်ပြောင်းလို့ ရတာပေါ့။”

ချန်ချင်းယွီက ထိုအကြောင်းအရာများကို နားမလည်သလို စိတ်လည်းမဝင်စားလှသဖြင့် "ဩော်" ဟုသာ ခေါင်းညိတ်ပြလိုက်၏

သူမသည် ငါးဖမ်းခြင်းအပေါ်၌သာ အာရုံပြန်စိုက်ထားလိုက်သည်။

ရဲဦးလေးကြီး၏ ကံကောင်းခြင်းအားလုံးကို ချန်ချင်းယွီ စုပ်ယူထားမိလေသလားမသိ၊ ထိုနေ့နံနက်ခင်းတွင် သူမ ငါး ငါးကောင်ခြောက်ကောင် မိသော်လည်းထိုလူကြီးမှာ တစ်ကောင်မှပင် မမိသေးပေ။

ချန်ချင်းယွီ သူ့ကို သနားကရုဏာသက်သော မျက်လုံးများဖြင့် ကြည့်ကာ ရိုးသားစွာပင် အကြံပေးလိုက်သည်။

"ဦးလေး... နောက်ဆိုရင် ငါးမဖမ်းဘဲနေတာ ပိုကောင်းမယ်ထင်တယ်၊ ဒါက ဦးလေးနဲ့ သိပ်မကိုက်ဘူး။"

ရဲအရာရှိမှာ ဆွံ့အသွားရ၏။ သူကဲ့သို့ ဝါရင့်တစ်ယောက်မှာ မိန်းမပျိုလေးတစ်ယောက်၏ အလှောင်ပြောင်ခံလိုက်ရသည် မဟုတ်လော့။

"ဒါကတော့လေ..."

ချန်ချင်းယွီ ပျော်ရွှင်စွာဖြင့် ဆက်ပြောလေသည်။

"ပုံမှန်ဆိုရင် ကျွန်မက ငါးအသေးလေး နှစ်ကောင်၊ သုံးကောင်ပဲ မိတာပါ။ ဒီနေ့မှ ထူးထူးခြားခြား ကံကောင်းနေတာ။"

သူမ ထပ်လောင်းပြောဆိုလိုက်ပြန်၏။

"ဒါ ဦးလေး ကံဆိုးလို့လားမသိဘူးနော်။ ဦးလေး ဒီနားမှာ ထိုင်နေတော့ ငါးတွေက ကျွန်မဆီပဲ အကုန်ရောက်လာပြီး ကျွန်မရဲ့ ငါးဖမ်းကံက ပိုတက်လာသလိုပဲ။"

ရဲအရာရှိမှာ ပြောစရာ စကားလုံးပင် ရှာမတွေ့တော့ပေ။

'ငါက ကံဆိုးလို့ ငါးတွေက မင်းဆီပဲ သွားကုန်တာပေါ့လေ..'

သူမ တမင်သက်သက်ပင် ထပ်မံဖိတ်ခေါ်လိုက်သေးသည်။

"ဦးလေး... နောက်တစ်ခါ ငါးမျှားထွက်ရင် ကျွန်မကိုပဲ လိုက်ရှာလိုက်နော်။ ကျွန်မတို့ကလည်း သိနေကြပြီဆိုတော့ စကားပြောလို့ ရတာပေါ့။"

ရဲအရာရှိမှာ ဘာမှပင် ပြန်မပြောနိုင်တော့။

'မင်းရဲ့ ပါးစပ်လေး ပြုံးစိစိဖြစ်နေတာကိုသာ ငါမမြင်ရင် မင်းပြောတာကို ယုံမိမှာပဲ။'

'ငါရှိနေရင် ငါးပိုရမယ်ဆိုပြီး ငါ့ကို ကံဆိုးတဲ့လူလို့ သတ်မှတ်နေတာ သိသာလွန်းနေတာပဲ..'

အတော်ကို သိသာလွန်းလှသည်....

"အင်း... ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ပြီထင်တယ်။ ဘာမှလည်း မမိတာနဲ့ ပြန်တော့မယ်"

ချန်ချင်းယွီ နှမြောတသဟန်ဖြင့်

"အာ.. ပြန်တော့မလို့လား။ ပုံးအလွတ်ကြီးနဲ့ ပြန်ရတာ မကောင်းပါဘူး ဦးလေးရယ်"

"ရပါတယ်... ကိစ္စမရှိဘူး.."

ရဲအရာရှိ အဘိုးကြီးမှာ စကားဆိုကာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွါသွားလေသည်။

ချန်ချင်းယွီ သူ့ကို တားဆီးသော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက် ကလေးများကို လှမ်းခေါ်လိုက်ပြီး

"ဗိုက်ဆာကြပြီလား။ အခုစားမလား၊ ခဏနေမှ စားမလား။"

ကလေးများမှာ "ခဏနေမှ" ဟု ပြန်ဖြေကြရာ သူမသည်လည်း ငါးကိုသာ ဆက်မျှားနေလိုက်၏။

ရဲအရာရှိ အဘိုးကြီး ဤနေရာသို့ အဘယ်ကြောင့် လာသနည်းဟု သူမ တွေးတောနေမိသည်။ သူပုံစံမှာ ငါးဖမ်းတတ်သည့်ပုံလည်း မပေါက်ပေ။

‘အရင်တစ်ခေါက် အစာအဆိပ်သင့်တဲ့ ကိစ္စကြောင့် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးဖို့ လာတာလား..တကယ်ကိုပဲ... အသားတွေက ပုပ်နေမှန်း သေချာနေတာတောင် ဒီလောက်အထိ အသေးစိတ် လိုက်စစ်နေတာ အတော်လေးတော့ စေ့စပ်သားပဲ..’

ဒါပေမဲ့ ဒါက သူမနှင့် မဆိုင်တဲ့ ကိစ္စပဲလေ..

ချန်ချင်းယွီ ငါးဆက်မျှားနေစဉ် စဉ်းသားနေသော သူမ၏ ထင်မြင်ချက်မှာ မှန်ကန်နေခဲ့သည်။

ရဲအရာရှိမှာ အမှန်တကယ်ပင် ထိုအကြောင်းကြောင့် ရောက်လာခြင်း ဖြစ်၏။ သူတို့မိသားစုတစ်စုတည်းသာ အစာအဆိပ်မသင့်ခဲ့သဖြင့် ချန်ချင်းယွီတို့သည် အသားပုပ်နေမှန်းသိ၍ တမင်ရှောင်ရှားခဲ့ခြင်းလားဟု သူ သံသယဝင်နေခြင်းပင်။ သို့သော် ချန်ချင်းယွီ၏ ပုံစံမှာ ထိုမျှအထိ လည်ပတ်ဉာဏ်များသည့်ပုံ မပေါ်ပေ။

အမှန်စင်စစ် ဤကဲ့သို့သော ကိစ္စမျိုးမှာ သက်သေပြရန် အလွန်ခက်ခဲလှသည်။

ထို့ကြောင့်ပင် သူသည် နောက်ဆုံးတွင် ပစ္စည်းများသိမ်းကာ ထွက်သွားခဲ့ခြင်း ဖြစ်၏။

သူ မပြန်လျှင် ပို၍ပင် အရှက်ရဖွယ် ဖြစ်တော့မည်။

‘ဟို မုဆိုးမလေးက ငါးတွေ တစ်ကောင်ပြီးတစ်ကောင် မိနေတာ..သူကတော့ တစ်ကောင်မှ မမိ။ တွေးကြည့်ရုံနှင့်တင် စိတ်ညစ်စရာကြီး’

နှိုင်းယှဉ်ခံနေရသည်မှာ ပို၍ပင် စိတ်မသက်မသာ ဖြစ်စေသည်။

ထို့ကြောင့်ပင် သူ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်၏။

ရဲအရာရှိ ထွက်သွားသောအခါမှ ချန်ချင်းယွီလည်း ပို၍ စိတ်ပေါ့ပါးသွားသည်။ သူမ အမှားမလုပ်ထားသော်လည်း သူ့ကဲ့သို့ လူမျိုးဘေးနားရှိနေလျှင် ဖိအားတစ်ခုခု ခံစားနေရစမြဲပင်။ အမှန်တကယ်၌ ချန်ချင်းယွီသည် သူမ၏ အဘိုးအဘွားများ ဆုံးပါးသွားသည့်အချိန်မှ အခြေအနေများကို သူ့အား မေးမြန်းချင်နေမိ၏။

သို့သော် ရုတ်တရက်ကြီး ထမေးလျှင် သံသယဝင်စရာ ဖြစ်နိုင်သဖြင့် မကောင်းပေ။

ထို့အပြင် သူ ဘယ်လိုလူစားမျိုးလဲဆိုသည်ကို သူမ မသိသေးပေ။

‘လူ၏မျက်နှာကို မြင်နိုင်သော်လည်း စိတ်ကိုမူ မမြင်နိုင်ပေ’

"ရဲဘော်... ရဲဘော်လေး။"

ချန်ချင်းယွီ မော့ကြည့်လိုက်ရာ

"ရှင်.."

မျက်မှန်တပ်ထားပြီး ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး အဝေးမှ လျှောက်လာသည်။ သူ့ပုံစံမှာ... ဘယ်လိုပြောရမလဲ၊ …. ရုံးခန်းတစ်ခုခုတွင် အလုပ်လုပ်သည့် ပုံစံမျိုးပေါက်နေ၏။ သူ ဘာကိစ္စရှိသနည်းဟု သူမ တွေးနေစဉ်မှာပင် ထိုလူမှာ ယဉ်ကျေးပျူငှါစွာဖြင့်

"ညီမလေး... ညီမလေး လိပ်တစ်ကောင် မိထားတာ တွေ့လိုက်လို့ပါ။ အဲဒါကို ကျွန်တော့်ကို လဲပေးလို့ ရမလားခင်ဗျာ။"

"ဘယ်လိုမျိုး လဲချင်လို့လဲဟင်"

သူမကတော့ လဲလှယ်ဖို့ အဆင်သင့်ပင်။

"ဒီလိုလုပ်ပါလား၊ ကျွန်တော် ဆယ်ယွမ်ပေးမယ်၊ အဆင်ပြေရဲ့လား။"

ချန်ချင်းယွီမှာ ချက်ချင်းပင် သတိထားသွားပြီး

"ပိုက်ဆံတော့ မယူချင်ဘူးရှင့်၊ အဲဒါက ပစ္စည်းရောင်းတာ ဖြစ်သွားမှာပေါ့။ မဟုတ်ဘူး၊ မဟုတ်ဘူး... လဲချင်တယ်ဆိုရင် ငါးနဲ့လဲလို့ရတယ်၊ ပုစွန်နဲ့လည်း ရတယ်။"

သူမ ဆက်ပြောလိုက်ကာ

"ဒီလိပ်က အတော်လေး အသားကျတာနော်၊ နည်းနည်းလေးနဲ့တော့ မလဲနိုင်ဘူး။"

"ဒါဆို ခဏစောင့်ဦးနော်။"

ထိုလူငယ်သည် အမြန်ထွက်သွားကာ အဝေးရှိ အဘိုးကြီးတစ်ဦးထံ သွား၍ တစ်ခုခု ပြောဆိုလိုက်၏။ထို့နောက် ပြန်လာကာ

"ကောင်းပါပြီ၊ ငါးနဲ့ပဲ လဲကြတာပေါ့။ ငါးကြီးကြီး ဆယ်ကောင် ပေးမယ်၊ ဘယ်လိုလဲ။"

ချန်ချင်းယွီ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ။"

လိပ်တစ်ကောင်၏ တန်ဖိုးမှာ ထိုဝန်းကျင်တွင်ပင် ရှိ၏။ ငါးတစ်ကောင်လျှင် တစ်ယွမ်ခန့် တန်သဖြင့် ဤလဲလှယ်မှုမှာ တန်တူညီမျှသည်ဟု ဆိုနိုင်သည်။

"ဒါဆို ခဏလေး စောင့်ပါဦး။"

မျက်မှန်နှင့်လူငယ်သည် အခြားငါးဖမ်းသမားများထံ သုတ်ခြေတင် ပြေးသွားပြန်၏။

ချန်ချင်းယွီ : “...”

သူမ၏ နှုတ်ခမ်းအစုံ တွန်လိမ်သွားရ၏။ ဤလူသည် အခြားသူများထံမှ ငါးကိုဝယ်ပြီး သူမထံမှ လိပ်ကို ပြန်လဲနေခြင်းဖြစ်ကြောင်း ရိပ်မိလိုက်သည်။

သို့သော်လည်း……

သူမအရင်ပြောခဲ့သလိုပင်၊ ဒါက သူမနှင့်မဆိုင်သည့်ကိစ္စ..

ဘာပဲဖြစ်ဖြစ် သူမက ပိုက်ဆံယူနေတာမှ မဟုတ်တာ..

ချန်ချင်းယွီသည် ဤနေရာတွင် ငါးအမြဲ လာမျှားလေ့ရှိသည်။ ငါးဝယ်လျှင်သာဝယ်မည်…

ရောင်းတော့မရောင်းဘူးလေ..

ချန်ချင်းယွီသည် ထိုလူငယ်နှင့် အမြန်ပင် အဆင်ပြေအောင်လဲလှယ်လိုက်၏။

သူမဘက်က မရှုံးလျှင် ပြီးတာပါပဲ..

ချန်ချင်းယွီ၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားပြီး သူမ အနေဖြင့် ဤသို့သောကိစ္စမျိုးကို သိပ်မနှစ်သက်သော်လည်း အခြားသူများမှာ နှစ်သက်ပုံရသည်။ သူမဘက်မှ တောင်းဆိုစရာမလိုဘဲ အမြဲတမ်း အခွင့်အရေးကောင်းများ ရတတ်စမြဲတည်း။ ချန်ချင်းယွီသည် ပစ္စည်းများကို သိမ်းဆည်းရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်ပြီး ကလေးငယ်နှစ်ယောက်ကို လှမ်းခေါ်လိုက်သည် ။

“လာကြ၊ လာစားကြတော့၊ စားပြီးရင် အိမ်ပြန်ကြမယ်..”

ရှောင်ကျား : “ဟင်..”

သူ ကြောင်တောင်တောင်လေး ကြည့်နေ၏။

ရှောင်ယွမ်သည်လည်း ခေါင်းလေးစောင်းကာ ကြည့်နေရှာသည်။

ချန်ချင်းယွီ ပြုံးလိုက်ပြီး

“မေမေက တစ်ယောက်ယောက်နဲ့ ငါးတွေအများကြီး လဲလိုက်လို့လေ၊ အဲဒါကြောင့် စောစောပြန်လို့ရပြီ။ တွေ့လား၊ မကောင်းဘူးလား။”

“ကောင်းတယ်..”

ကလေးနှစ်ယောက်မှာ ပျော်လွန်းသဖြင့် ခုန်ဆွခုန်ဆွ လုပ်နေကြ၏။

ချန်ချင်းယွီသည်လည်း တောက်ပစွာ ပြုံးရင်း

“ကဲ လာ... စားဖို့ ပြင်ကြရအောင်။”

ဤသည်မှာ နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ပြီး ချန်ချင်းယွီသည် မိမိကိုယ်ကို ကောင်းကောင်းမွန်မွန် ထားချင်သည်။ အပြင်မှာ နေ့လယ်စာစားရခြင်း ဖြစ်သော်လည်း ပျော်ပွဲစားထွက်ရသည့် ခံစားချက်မျိုး ရစေ၏။ ချန်ချင်းယွီသည် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ကာ စားသောက်နေစဉ် စောစောမှမျက်မှန်နှင့်လူငယ် နောက်တစ်ကြိမ် ရောက်လာပြန်သည်။

ချန်ချင်းယွီ : “......”

သူမ မော့ကြည့်လိုက်ပြီး

“ဘာဖြစ်လို့လဲဟင်။”

မျက်မှန်နှင့်လူငယ် : “နောက်ပိုင်းမှာ ဒါမျိုး ထပ်မိခဲ့ရင် ကျွန်တော်နဲ့ လာလဲလို့ရပါတယ်။ ဈေးကောင်းပေးမယ်လို့ အာမခံတယ်။ ကျွန်တော့်ရဲ့ လိပ်စာလေး ပေးခဲ့မယ်နော်။”

ချန်ချင်းယွီ : “ရှင်.. ဩော်... ဟုတ်ကဲ့။”

သူမမှာ အနည်းငယ် ဆွံ့အသွားရသော်လည်း ခေါင်းကို ခပ်သွက်သွက် ညိတ်ပြလိုက်သည်။

သူမ တကယ်သွားဖြစ်မည် မသွားဖြစ်မည် မသေချာသော်လည်း ဤနေရာတွင် ငြင်းဆန်နေရန် မလိုအပ်ပေ။ ထိုလူငယ် ရေးပေးသည့် လိပ်စာကို ယူလိုက်ပြီးနောက် မျက်မှန်နှင့်လူငယ်သည် ကျေနပ်စွာ ထွက်ခွါသွား၏။

ဘာကြောင့်မှန်းမသိ၊ ချန်ချင်းယွီသည် ထိုမျက်မှန်နှင့်လူငယ်ကိုကြည့်ပြီး တီဗီဇာတ်လမ်းတွဲများထဲမှ မိန်းမစိုးတစ်ယောက်ဖြစ်သည့် စုဖေရှန့်နှင့် ခပ်ဆင်ဆင်တူသည်ဟု ခံစားလိုက်ရသည်။

သူမ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ထိုလူငယ်သည် အဘိုးကြီးတစ်ဦး ငါးဖမ်းနေသည်ကို အနားတွင် လိုက်ပါကူညီနေသည်ကို မြင်လိုက်ရ၏။ ထိုအဘိုးကြီးမှာ အရာရှိကြီးတစ်ဦးဖြစ်ပြီး ဤလူငယ်မှာ သူ့အတွင်းရေးမှူး သို့မဟုတ် လက်ထောက်ဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်မိသည်။

နားမလည်နိုင်တော့ဘူး....

ချန်ချင်းယွီမှာ မိမိနှင့်မဆိုင်သည့် ကိစ္စများတွင် ဝင်မပါဘဲ ပွဲကြည့်ပရိသတ်အဖြစ်သာ နေရန် ဆုံးဖြတ်ထား၏။

“မေမေ။ လိပ်သားက စားလို့ကောင်းလားဟင်။”

ချန်ချင်းယွီ : “မသိဘူးကွယ်၊ မေမေကတော့ ဒါမျိုးတွေကို မစားရဲဘူး။ ဒါပေမဲ့ စဉ်းစားကြည့်လေ၊ လိပ်တစ်ကောင်တည်းနဲ့ ငါးတွေအများကြီး လဲလို့ရတာဆိုတော့ တန်တယ်မဟုတ်လား။”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာခေါင်းကို တပြိုင်တည်း ညိတ်လိုက်ကြပြီး “တန်တယ်..” ဟု အကျယ်ကြီး အော်လိုက်ကြသည်။

ချန်ချင်းယွီ ပြုံးလိုက်မိ၏။ သူမသည် ဘဝကို ပိုကောင်းအောင် လုပ်ချင်ရုံသာ ရှိခဲ့သော်လည်း ငါးဖမ်းခြင်းမှာ ပုံမှန်ဝင်ငွေတစ်ခု ရလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

‘အတော်လေးတော့ ကောင်းသားပဲ’

သို့သော်လည်း ယခုရာသီ၌သာ ငါးမျှားခြင်းမှာ အဆင်ပြေမည်ဖြစ်ပြီး ဆောင်းတွင်းရောက်လျှင် ရေခဲသွားမည်ဖြစ်ကာ နွေရာသီဆိုလျှင်လည်း အလွန်ပူလွန်းလိမ့်မည်။

ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို ခေါ်ကာ အမြန်ပြန်လာခဲ့သည်။ စက်ဘီးတွင် ငါးပုံးချိတ်ထားသဖြင့် ဖြည်းဖြည်းချင်းသာ နင်းလာရ၏။

“မေမေ၊ ဟိုမှာ ဒေါ်လေးကျောက်ရုံနဲ့ မမရှောင်ချွေ..”

မျက်စိလျင်သည့် ရှောင်ကျားမှာ သမဝါယမ ကုန်တိုက်ကြီးထဲမှ ထွက်လာသည့် ကျောက်ရုံနှင့် ယွမ်ရှောင်ချွေတို့ကို လက်ညှိုးထိုးပြသည်။ ယွမ်ရှောင်ချွေသည် ဖောင်းကားနေသည့် အဝတ်အိတ်တစ်အိတ်ကို ကိုင်ထားပြီး သူမ၏ မျက်လုံးများတွင်ကား အောင်နိုင်သူတစ်ယောက်ကဲ့သို့ အပြုံးများ ဝေဆာနေ၏။

ချန်ချင်းယွီမှာ “ဩော်..” ဟုသာ ရေရွတ်လိုက်သည်။

သူတို့သည် လမ်းတစ်ဖက်တစ်ချက်စီတွင် ရှိနေကြပြီး ယွမ်ရှောင်ချွေတို့သည်လည်း သူတို့ကို မြင်သွား၏။ သူမသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်လှမ်းပြလိုက်သည်။ ချန်ချင်းယွီသည်လည်း ပြုံးလျက် ပြန်လည်နှုတ်ဆက်လိုက်ပြီး အသီးသီး လမ်းခွဲခဲ့ကြ၏။ ချန်ချင်းယွီတို့သားအမိလည်း အိမ်သို့ အမြန်ပြန်ခဲ့ကြသည်။

နောက်ပိုင်းတွင် အစားအသောက် ကောင်းကောင်းစားရပြီး အပြင်မကြာခဏ ထွက်ရသဖြင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ယခင်ထက် အတော်လေး သန်မာလာကြ၏။ စက်ဘီးစီးရသည်မှာ ပင်ပန်းသော်လည်း အိမ်ရောက်သည့်အခါ သူတို့မှာ နားမနေကြဘဲ ဝင်းထဲတွင် ‘ထုပ်ဆီးတိုးတမ်း’ ကစားနေကြပြန်သည်။ ချန်ချင်းယွီနှင့် အဒေါ်ကြီးမေ့တို့မှာကား “အသုံးစရိတ်” များကို တွက်ချက်နေကြ၏။

တီကောင်များနှင့် လဲလှယ်ရန် အဒေါ်ကြီးမေ့ မေးလာသောအခါ ချန်ချင်းယွီက ခေါင်းခါလိုက်သည်။

ငါးအသေးလေးများနှင့် လဲလှယ်နေသည်မှာ မှန်သော်လည်း အမြဲတမ်းမှာ သိပ်ပြီး မသင့်တော်လှပေ။

ဤအတိုင်း ဆက်လုပ်နေလျှင် လူများအမြင်၌ ထူးဆန်းသည်ဟု ထင်သွားကြလိမ့်မည်။

မိသားစုအများအပြားမှာ စားဝတ်နေရေး ခက်ခဲနေကြချိန်တွင် တီကောင်များနှင့် လဲလှယ်

နေသည်မှာ ကြား၍မကောင်းပေ။

ချန်ချင်းယွီ ငြင်းပယ်မှုမှာ အဒေါ်ကြီးမေ့ မျှော်လင့်ထားသည့်အတိုင်းပင်… သူမအနေဖြင့် နားလည်နိုင်သည်သာ။

‘ဘယ်သူကရော ငါးနဲ့တီကောင်ကို လဲမှာလဲ..’

ချန်ချင်းယွီသည် အိမ်ရှေ့တွင် ထိုင်ကာ ငါးများကို သန့်ရှင်းရေးလုပ်နေသည်။ ထိုညအတွက် စားမည့်ငါးများအပြင် ကျန်သည့်ငါးများကို ဆားနယ်ထားရန် သူမ စီစဉ်ထား၏။

သူမ အလုပ်ရှုပ်နေစဉ်မှာပင် ကျောက်ရုံမှာ ယွမ်ရှောင်ချွေကို ခေါ်၍ ဝင်းထဲဝင်လာသည်။ အထဲရောက်သည်နှင့် ယွမ်ရှောင်ချွေမှာ နှာခေါင်းကို ပိတ်ကာ ညည်းတွားလိုက်၏။

“ဒါ ဘာအနံ့လဲ။ ညှီလိုက်တာ..”

သူမသည် ချန်ချင်းယွီကို ကြည့်ကာ မောက်မာစွာဖြင့်

“ချန်ချင်းယွီ... ငါက ရန်လုပ်ချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ နင်ကနည်းနည်းတော့ သတိထားသင့်တယ်နော်.. ကြည့်ဦး၊ ဝင်းတစ်ခုလုံး ညှီစော်နံနေတာပဲ။ ဒီလောက် အနံ့ပြင်းနေတာကို ဘယ်သူက အပြင်ထွက်ပြီး စကားလာပြောရဲတော့မှာလဲ..”

အမှန်တကယ်တွင် ငါးအနံ့မှာ ထိုမျှအထိ မပြင်းသော်လည်း ယွမ်ရှောင်ချွေသည်ကား အပြစ်ရှာချင်နေခြင်းသာ ဖြစ်သည်။

‘ဒေါ်လေးကျောက်ရုံ ပြောတာကတော့ သူတို့အိမ်မှန်ကို ပေါက်တဲ့သူက ရှေ့ဝင်း ဒါမှမဟုတ် ဒုတိယဝင်းကလူပဲ ဖြစ်ရမယ်တဲ့။ အဲဒီထဲမှာဆိုရင် အဘွားကြီးကျောက်က သံသယ အရှိဆုံးပဲ’

သူမ မသေချာသော်လည်း ချန်ချင်းယွီကို မြင်သည်နှင့် အပြစ်ရှာရန် ဝန်မလေးပေ။

ချန်ချင်းယွီ လှောင်ပြောင်သည့်ဟန်ဖြင့် ပြုံးလျက် ထေ့ငေါ့လိုက်၏။

“ဘာလဲ... နင်တို့အိမ်က အသားကြော်တဲ့အနံ့ ဝင်းထဲမှာ ပျံ့နေတာကျတော့ နင်တို့က ကြိုက်ပြီး၊ ငါတို့ ငါးချက်မယ့်အနံ့ကျတော့ မကြိုက်ဘူးလား။ ငါ့ငါးက နင်တို့ အသားလောက်တော့ အရသာမရှိပါဘူး။ ငါတို့ ငါးစားရတာကို ညည်းက မနာလိုဖြစ်နေတာတော့ မဟုတ်ဘူးမလား။”

“ဘယ်သူက နင်တို့အိမ်ကို မနာလိုဖြစ်နေမှာလဲ။ ဘာရှိလို့ မနာလိုဖြစ်ရမှာလဲ”

ယွမ်ရှောင်ချွေ မကျေမနပ်ဖြင့်ပြန်ပြောလေသည်။

ချန်ချင်းယွီ လေသံပျော့ပျော့လေးဖြင့် ရိုးသားဟန်ဆောင်ကာ

“ငါတို့ ငါးစားရတာကို မနာလိုဖြစ်နေတာပေါ့။ မဟုတ်ရင် နင်က ဘာလို့ ဒီလောက်အထိ ဒေါသထွက်နေရတာလဲ။”

သူမ အပြုံးမပျက်ဘဲ ဆက်၍ပြောလိုက်ပြန်၏။

“လူတိုင်းက တစ်ခါတလေ တစ်ခုခု ချက်ပြုတ်ကြတာပဲ၊ နင် မကြိုက်ရုံနဲ့ ငါတို့ကို လာပြီး မချုပ်ချယ်နိုင်ပါဘူး၊ ဟုတ်တယ်မလား။”

ယွမ်ရှောင်ချွေ : “နင်.. နင်တို့အိမ်က လူကောင်းတွေ မဟုတ်...”

ကျောက်ရုံ ချက်ချင်းပင် ယွမ်ရှောင်ချွေကို တားလိုက်ကာ

“ရှောင်ချွေ... တော်ပြီ၊ အားလုံးက အိမ်နီးချင်းတွေပဲ၊ နင် ဘာလုပ်နေတာလဲ။ ချင်းယွီလေး... ငါ့သမီးက ကလေးပဲ ရှိသေးလို့ စိတ်မြန်သွားတာပါ၊ သူက မကောင်းတဲ့စိတ်နဲ့ ပြောတာ မဟုတ်ပါဘူး။ စိတ်ထဲမထားပါနဲ့နဲ့ဦး။”

သူမ အစောပိုင်း၌ ဘာမှမပြောဘဲ နေခဲ့သော်လည်း ယခုမှ ရုတ်တရက် ဝင်ပြောလာသည်။

ချန်ချင်းယွီ မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြုံးလိုက်၍

“ကျွန်မ ဘာမှ စိတ်ထဲမထားပါဘူး။”

ကျောက်ရုံ နှုတ်ခမ်းကို စေ့လိုက်ပြီးနောက်

“ရှောင်ချွေ... လာ အိမ်ပြန်ရအောင်။ နင် အင်္ကျီတွေလည်း စမ်းဝတ်ကြည့်ရဦးမယ်၊ ဒီည ငါတို့ အပြင်မှာ သွားစားကြမှာလေ။”

ယွမ်ရှောင်ချွေ : “ဟင်း..”

ယွမ်ရှောင်ချွေ နှာခေါင်းရှုံ့၍ ကျောက်ရုံနောက်သို့ လိုက်ပါသွားရင်း တတွတ်တွတ် ရေရွတ်နေ၏။

“ဒေါ်လေးကျောက်ရုံရယ်... ဘာလို့ ကျွန်မကို သူ့ကို ပြန်ဆဲခွင့်မပေးတာလဲ။ သူတို့အိမ်က လူကောင်းတွေ မဟုတ်ပါဘူး။ ကျွန်မတို့အိမ်မှန် အပေါက်ခံရတာ ဆယ်ပုံကိုးပုံက သူတို့လက်ချက်ပဲ။ သူ့ယောက္ခမ လုပ်တာကို သူ မသိဘဲ မနေပါဘူး၊ အခုတော့ လူကောင်းဟန်ဆောင်နေလိုက်တာ။ သူ့ရဲ့ ဟန်ဆောင်ကောင်းတဲ့ပုံစံကို ကျွန်မ တကယ် ကြည့်မရတာ။”

ကျောက်ရုံ ယွမ်ရှောင်ချွေကို အိမ်ထဲသို့ တွန်းပို့ရင်းမှ ရှင်းပြလိုက်ရသည်။

“နင်ကလည်း အူကြောင်ကြောင် ကလေးလေးပဲ။ သက်သေမရှိဘဲနဲ့ အဲဒီလို သွားပြောလို့မရဘူးလေ။ မဟုတ်ရင် လူတွေက နင့်ကို ရန်ပွဲရှာတဲ့သူ၊ မဟုတ်မမှန် စွပ်စွဲတဲ့သူလို့ မြင်ကုန်မှာပေါ့။ ပြီးတော့ အဘွားကြီးကျောက်က ဘယ်လိုလူစားလဲဆိုတာ နင်လည်း သိတာပဲ။ အခွင့်အရေးသာ ရကြည့်စမ်း၊ နင့်ကို အသေကိုက်မှာ။ သူတို့နဲ့ သွားပြီး ထိပ်တိုက်မတွေ့တာ အကောင်းဆုံးပဲ။”

ယွမ်ရှောင်ချွေ : “ကျွန်မကတော့ သူ့ကို မကြောက်ပါဘူး။”

“ဒါလည်း မရဘူးလေ။ ကြည့်စမ်း... ရှီကျန့်ရှန်းတို့၊ အဘွားကြီးဝမ်တို့တောင် သူ့ကို မယှဉ်နိုင်တာ။ နင်ကတော့ ရှေ့ကနေ သွားပြီး အမိုက်ခံမနေနဲ့ဦး။ နင်သာ အရိုက်ခံရရင် ဒေါ်လေးက စိတ်မကောင်းဖြစ်ရမှာ။ မိန်းကလေးတစ်ယောက်က ဒီလို အဘွားကြီးတွေ ဘယ်လောက်အထိ လက်ရဲဇက်ရဲ ရှိတယ်ဆိုတာ သိမှာမဟုတ်ဘူး။ ဒေါ်လေးပြောတာ နားထောင်စမ်းပါ။”

ယွမ်ရှောင်ချွေ : “ကောင်းပါပြီ ဒေါ်လေးရယ်။ ဒေါ်လေးက စိတ်ထားကောင်းလွန်းတယ်။”

ကျောက်ရုံ ပြုံးလိုက်ပြီး

“ကဲ... လာ၊ အင်္ကျီတွေ စမ်းဝတ်ကြည့်ရအောင်။”

“မေမေ~”

ယွမ်ဟောက်ရွှယ် အခန်းထဲမှ ထွက်လာကာ ယဉ်ကျေးသိမ်မွေ့စွာဖြင့်

“ရှောင်ချွေ၊ အင်္ကျီအသစ်တွေ ဝယ်လာပြီလား”

ယွမ်ရှောင်ချွေမှာ အနည်းငယ် အားနာသွားကာ နေရခက်ဟန်ဖြင့်

“ဝယ်လာပြီ... အဲ... ငါက အင်္ကျီအသစ် ဝယ်လိုက်တာ။ နင်ကတော့...”

ယွမ်ဟောက်ရွှယ် : “ငါကတော့ ဝမ်းသာတာပေါ့။ အရင်တုန်းက ငါ ကျောင်းတက်နေတော့ အဝတ်အစား သိပ်ဟောင်းလို့မရဘူးလေ၊ အတန်းဖော်တွေ ရယ်စရာ ဖြစ်ကုန်မှာပေါ့။ အဲဒါကြောင့် အင်္ကျီအသစ်တွေ ခဏခဏ ဝယ်ဖြစ်ခဲ့တာ။ အဲဒီတုန်းက နင်လည်း ဘာမှ မပြောခဲ့ပါဘူး။ ငါတို့က ညီအစ်မတွေပဲဟာ၊ ဒါတွေကို ဘယ်သူက လိုက်ပြီး တွက်ကပ်နေမှာလဲ။”

ယွမ်ရှောင်ချွေ : “အင်းအင်း။”

ကျောက်ရုံ : “လာ... အင်္ကျီ လဲကြည့်ရအောင်။”

ယွမ်ရှောင်ချွေသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူမသည် အခန်းထဲဝင်ကာ ရှပ်အင်္ကျီကို ထုတ်လိုက်၏။ ၎င်းမှာ အနီရဲရဲအရောင်ဖြစ်ပြီး ကျောက်ရုံတစ်ယောက် သူမ၏ အဆက်အသွယ်များကို အသုံးချကာ ခက်ခက်ခဲခဲ ဝယ်ပေးထားခြင်း ဖြစ်သည်။ သာမန်လူဆိုလျှင် ထိုကဲ့သို့သော ပစ္စည်းမျိုးကို ဝယ်ရန် မလွယ်ကူပေ။ ရှပ်အင်္ကျီသာမက အပေါ်ထပ် အင်္ကျီလက်ပြတ် တစ်ထည်လည်း ပါဝင်ပြီး ၎င်းမှာလည်း အသစ်စက်စက်ပင် ဖြစ်၏။

“နင် အတွင်းကော အပြင်ကော အကုန်လဲလိုက်။ ဒီည ထမင်းစားပွဲမှာ အရာရှိတွေ ပါမှာမို့လို့ ခဏနေရင် ဒေါ်လေး နင့်ကို သေချာ ပြင်ပေးမယ်။ ဒေါ်လေး နင့်ကို အရှိအတိုင်း ပြောမယ်နော်။ နင်က ဟောက်ရွှယ်နဲ့ မတူဘူး။ သူက စာတော်တော့ စာမေးပွဲ ဧကန်မုချ အောင်မှာ။ ဒါပေမဲ့ နင်ကတော့ ရွာမှာနေတုန်းက နင့်အမေက နင့်ကို စာမသင်ပေးခဲ့တော့ အခုပြန်တက်လည်း အခြေခံက မကောင်းဘူး၊ အထက်တန်းကို မအောင်နိုင်ဘူးလေ။ ဒါက တခြားသူတွေထက် အစပျိုးတာ နိမ့်နေတာပေါ့။ အဲဒါကြောင့် ဒေါ်လေးက အရာရှိတွေကို ထမင်းကျွေးရင်း နင်ကလည်း စကားချိုချိုလေးတွေ ပြော၊ သူတို့ကို ဖားပေးပေါ့။ ဒါဆိုရင် အဲဒီ ‘ယာယီဝန်ထမ်း’ နေရာကို ရသွားရင် နင် ကျေးလက်ကို သွားစရာ မလိုတော့ဘူး။ မဟုတ်ရင် ဟောက်ရွှယ်က မြို့ပေါ်မှာ ကျန်ခဲ့ပြီး နင်တစ်ယောက်တည်း နယ်ဆင်းရမှာကို ဒေါ်လေး စိတ်မကောင်းဘူး။ လူတွေကလည်း ဒေါ်လေးကို ဘယ်လိုပြောကြမလဲ။ ဒေါ်လေးက နင့်အမေအရင်း မဟုတ်ပေမဲ့ နင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ နင် သိပါတယ်နော်။”

ယွမ်ရှောင်ချွေ ခေါင်းကို အားရပါးရ ညိတ်ပြလိုက်သည်။

“ကျွန်မ သိပါတယ် ဒေါ်လေး”

သူမ မြို့ပေါ်ရောက်လာသည့် နှစ်အနည်းငယ်အတွင်းမှာပင် ကျေးလက်ထက် အဆပေါင်းများစွာ ပိုကောင်းသည့် ဘဝကို ရရှိခဲ့၏။ သူမ၏ အမေအရင်းမှာ သူမကို ချစ်သည် မှန်သော်လည်း အဘိုးအဘွားများသည်ကား သူမကို လူရာမသွင်းခဲ့ပေ။ သူမအမေမှာလည်း အမြဲတမ်း သည်းခံရန်သာ ပြောခဲ့သဖြင့် ဘဝသည် စိတ်ပျက်စရာ ကောင်းလှသည်။ မြို့ပေါ်ရောက်မှသာ ဘဝအစစ်အမှန်ကို သိရှိခဲ့ရပြီး ကျောက်ရုံသည်လည်း သူမအပေါ်တွင် အလွန်ကောင်းသည်ဟု သူမ ထင်မှတ်နေရှာ၏။

“ကျွန်မ အားလုံး နားလည်ပါတယ်။”

“နားလည်ရင် ပြီးတာပါပဲ။ ဒီညကျရင် ကိုယ့်ဘက်က တက်တက်ကြွကြွနဲ့ အစွမ်းကုန် ကြိုးစားနော်။ လူကြီးတွေရှေ့မှာ နှုတ်ချိုတာ အမှားမရှိပါဘူး။ ဒီနေ့ တွေ့မှာက စက်ရုံက ဒုတိယစက်ရုံမှူးလေ။ သူက နင့်ကို သဘောကျသွားရင် ‘အမြဲတမ်းဝန်ထမ်း’ နေရာတောင် ရနိုင်သေးတယ်။ ဒါပေမဲ့ အဲဒါကတော့ ဒေါ်လေး လောလောဆယ် မမျှော်လင့်ရဲသေးဘူး။ ယာယီဝန်ထမ်း ရရင်ကိုပဲ အတော်ကောင်းနေပါပြီ။”

ယွမ်ရှောင်ချွေ ခေါင်းညိတ်လိုက်သည်။

“ခဏစောင့်ဦး၊ ရှေ့ဝင်းက ဝမ်မေ့လန်ဆီမှာ ရေမွှေးတစ်ပုလင်း ရှိတယ်ထင်တယ်။ ငါ သွားငှားပြီး နင့်ကို ဆွတ်ပေးမယ်။”

ယွမ်ရှောင်ချွေမှာ အံ့ဩတကြီး မော့ကြည့်လိုက်ပြီးနောက် အမြန်ပင် ခေါင်းငုံ့ကာ

“ဒေါ်လေး... ကျွန်မအပေါ် သိပ်ကောင်းတာပဲ”

“ဒါက လုပ်သင့်လုပ်ထိုက်တာပါပဲ။”

သူတို့နှစ်ယောက် စကားပြောနေသည်ကို ယွမ်ဟောက်ရွှယ် တံခါးဝတွင် ခဏမျှ နားထောင်နေပြီးမှ ခြေသံဖွဖွဖြင့် အခန်းထဲ ပြန်ဝင်သွားသည်။ သူမသည် အတန်ကြာ တွေဝေနေပြီးမှ စိတ်ကို ခိုင်ခိုင်ထားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ထို့နောက် နားကို အုပ်ကာ စာကိုသာ အသည်းအသန် ကြည့်နေလေသည်။

ထိုအချိန်တွင် ချန်ချင်းယွီသည် ငါးဆားနယ်များကို စင်ပေါ်သို့ တင်ပြီးနေပြီ ဖြစ်သည်။ သူမသည် ငါးသန့်ရှင်းရေးလုပ်ရာမှ ရလာသည့် အပိုပစ္စည်းများကို အိတ်နှင့်ထည့်ကာ တံခါးဝသို့ ယူလာပြီး “မီမီ... မီမီ~” ဟု လှမ်းခေါ်လိုက်၏။

ကြောင်လေးမှန်သမျှကို သူမမှာ“မီမီ” ဟုသာ နာမည်ပေးထားလေသည်။

ချန်ချင်းယွီ ခေါ်လိုက်သည်နှင့် ကြောင်လေးများ ချက်ချင်းပင် ပြေးထွက်လာကြ၏။ သူမသည် ထောင့်တစ်နေရာတွင် ငါးများကို ချပေးလိုက်ပြီး

“လာ... ဒါတွေက နင်တို့အတွက်”

သူမသည် ငါးခြောက်လှန်းရန်အတွက် ငါးခေါင်းများကို အကုန်ဖြတ်ထားခြင်း ဖြစ်သည်။

ကြောင်လေးများမှာ ချက်ချင်းပင် ဝိုင်းအုံစားသောက်နေကြ၏။ ချန်ချင်းယွီ လက်ကို ခါကာ ပြန်လှည့်ထွက်ခဲ့သည်။ ဤကြောင်လေးများမှာ တောကြောင်လေးများ ဖြစ်ပြီးအတော်ပင် လွတ်လပ်ပေါ့ပါးကြ၏။ အဒေါ်ကြီးမေ့၏ ပြောပြချက်အရဆိုလျှင် ချမ်းအေးသည့် အချိန်၌ သူမသည် အားနည်းနေသော ကြောင်တစ်ကောင်ကို အိမ်ထဲခေါ်ကျွေးပြီးမှ ပြန်လွှတ်ရန် ကြိုးစားခဲ့သော်လည်း ကြောင်လေးမှာ လက်မခံဘဲ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

တကယ်ကို လေနှင်ရာ လွင့်ပါသွားသည့်အတိုင်း လွတ်လပ်လွန်းလှ၏။

ချန်ချင်းယွီ အိမ်ထဲသို့ ပြန်လှည့်အလာတွင် ကျောက်ရုံနှင့် ထိပ်တိုက် ဆုံမိသည်။ ကျောက်ရုံသည် ချန်ချင်းယွီကို တစ်ကိုယ်လုံး အကဲခတ်လိုက်၏။ ချန်ချင်းယွီမှာ အလုပ်လုပ်နေရသဖြင့် ဆံပင်များကို အထက်သို့ စုစည်းထားသော်လည်း ဆံစအချို့မှာ ပြေကျနေသည်။ သူမသည် အရပ်အလွန်မရှည်သော်လည်း ကိုယ်လုံးကိုယ်ပေါက် ညီညာကာ မျက်နှာလေးမှာလည်း နုနယ်သိမ်မွေ့ လှပလှ၏။

အကယ်၍ ရှောင်ချွေသာ ချန်ချင်းယွီကဲ့သို့ လှမည်ဆိုလျှင် သူမ ဘာမှ စိတ်ပူနေစရာ မလိုတော့ပေ။

သို့သော် ရှောင်ချွေမှာ သူမအမေအရင်းနှင့် ပိုတူသဖြင့် ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်ပြီး ‘ချောမောသည်’ ဟု မဆိုနိုင်ပေ။

ကျောက်ရုံသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ချန်ချင်းယွီကို သူမ လှည့်စား၍ မရမှန်း သိထားသည်။ အဘွားကြီးကျောက်ဆိုသည်မှာ ဒေါသထွက်လာလျှင် မည်သူ့ကိုမှ ဂရုစိုက်မည့်သူ မဟုတ်ပေ။ သူမသည် အသိဉာဏ်မရှိသည့် လူမိုက်မကြီးတစ်ဦး ဖြစ်သလို အကြောင်းပြချက်မရှိဘဲ ရန်စတတ်သူဖြစ်သဖြင့် အလွယ်တကူ သွားမနှောင့်ယှက်ရဲပေ။

သူမသည် နှမြောတသဟန်ဖြင့် ဝမ်မေ့လန်တို့အိမ်ဘက်သို့ ထွက်သွား၏။

ချန်ချင်းယွီသည် ကျောက်ရုံ၏ နောက်ကျောကို ကြည့်ကာ ထိုမျက်နှာပေးမှာ ဘာကို ဆိုလိုသနည်းဟု နားမလည်နိုင် ဖြစ်နေရသည်။

အကယ်၍ ချန်ချင်းယွီသာ အနည်းငယ် သိလိုက်မည်ဆိုလျှင်

ကျောက်ရုံကို “အရှက်မရှိတဲ့မိန်းမ” ဟု ကျိန်ဆဲမိပေလိမ့်မည်။

သို့သော်လည်း မိမိတို့အိမ်မှ အဘွားကြီးကျောက်သည်လည်း ထိုကဲ့သို့သော လူစားမျိုး ဖြစ်နေသဖြင့် သူတို့ မုဆိုးမနှစ်ယောက်ကို မည်သူမှ လာမနိုင်ကျင့်ရဲခြင်း ဖြစ်သည်ဟုလည်း တွေးမိပေမည်။

လင်းကျန့်ဝမ် ဆုံးပါးသွားကာစ လူအများ ပြဿနာအမျိုးမျိုး လာရှာခဲ့ကြသည်မှာ စမ်းသပ်ခြင်းတစ်မျိုးပင်။

သူတို့သည် တကယ်ပင် အနိုင်ကျင့်၍မရမှန်း သိသွားကြသောအခါမှသာ အားလုံး ငြိမ်သွားကြခြင်း ဖြစ်၏။ ချန်ချင်းယွီသည် ကျောက်ရုံ ဘာတွေးနေသည်ကို ဂရုမစိုက်သော်လည်း ကျောက်ရုံတစ်ယောက် ယွမ်ရှောင်ချွေကို အင်္ကျီအသစ်ဝယ်ပေးကာ အလှပြင်ပေးနေခြင်းမှာ ယွမ်ရှောင်ချွေအတွက်ဟုဆိုလျှင် သူမ မဆိုထားနှင့် သရဲပင် ယုံမည်မဟုတ်ပေ။

ခန့်မှန်းရသလောက် ကျောက်ရုံတွင် မကောင်းသည့် အကြံအစည် ရှိနေပေလိမ့်မည်။ ချန်ချင်းယွီသည် သူတို့နောက်သို့ လိုက်ကြည့်သင့် မကြည့်သင့် တွေဝေနေမိသည်။ အကယ်၍ လိုက်သွားလျှင်မူယွမ်ရှောင်ချွေကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ပေလိမ့်မည်။ အကယ်၍ ရှောင်ချွေကိုယ်ယ်တိုင် သူမဘာသာ လိုလိုလားလား လုပ်ခြင်းဆိုလျှင်သူမ ဝင်မပါတော့ပေ။ သို့သော် ယွမ်ရှောင်ချွေသာ အတင်းအကျပ် အသုံးချခံရသည်ဆိုပါက သူမ အနည်းဆုံး တစ်ခုခု ကူညီနိုင်ပေလိမ့်မည်။

ယွမ်ရှောင်ချွေမှာ ဆူညံဆူညံ လုပ်တတ်သော်လည်း စိတ်ရင်းမှာ မဆိုးလှကာ ဉာဏ်နည်းပြီး အူကြောင်ကြောင်နိုင်ရုံသာ ရှိ၏။ချန်ချင်းယွီသည် သူမကို မနှစ်သက်သော်လည်း ကျောက်ရုံ မကောင်းကြံနေသည်ကို သိသိကြီးနှင့် လျစ်လျူမရှုနိုင်ပေ။ အမျိုးသမီးအချင်းချင်း ဖြစ်သဖြင့် ချန်ချင်းယွီသည် ဤကဲ့သို့သော ကိစ္စမျိုးတွင် အမျိုးသမီးတစ်ဦးကို ဖျက်ဆီးမည့်သူအား အလွန်ပင် အထင်သေးလှသည်။

ကျောက်ရုံသည် ရှေ့ဝင်းမှ ချက်ချင်း ပြန်လာခဲ့သည်။ သူမ၏ လက်ထဲတွင် ရေမွှေးပုလင်း ပါလာပြီး မျက်နှာမှာလည်း ပြုံးပျော်နေ၏။

ချန်ချင်းယွီ တစ်ချက်လှမ်းကြည့်လိုက်ရာ “ဟုတ်နေပြီ” ဟု အတည်ပြုလိုက်သည်။

ချန်ချင်းယွီသည် ပြတ်သားသည့်သူဖြစ်သဖြင့် တွေဝေမနေတော့ပေ။ ကျောက်ရုံ၏ အမူအရာကို ကြည့်ပြီး ညနေစောင်းတွင် သူတို့နောက်သို့ လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ ယွမ်ရှောင်ချွေ တကယ်ပင် မလိုလားဘူးဆိုလျှင် သူမ ကွယ်ရာမှ ကူညီပေးနိုင်သည်။ သူမသည် သူတော်ကောင်း မဟုတ်သော်လည်း ယွမ်ရှောင်ချွေ အလှည့်စားခံရသည်ကို ထိုင်မကြည့်နိုင်ပေ။

ချန်ချင်းယွီသည် ဆုံးဖြတ်ချက်ချပြီးနောက် များများစားစား ထပ်မတွေးတော့ပေ။ အဘွားကြီးကျောက်ကိုပင် ပြောပြရန် အစီအစဉ်မရှိဘဲ အိမ်မှာ ရိက္ခာကုန်နေသဖြင့် မှောင်ခိုဈေးသွားမည်ဟူသော အကြောင်းပြချက်ဖြင့် သူတို့နောက်သို့ ခိုးလိုက်ရန် ပြင်ဆင်လိုက်၏။

ထိုအချိန်တွင် ကျောက်ရုံသည် ယွမ်ရှောင်ချွေကို အလှပြင်ပေးနေသည်။ ဆံပင်ကို ကျစ်ဆံမြီးရှည် နှစ်ဖက် ကျစ်ပေးပြီး မျက်ခုံးဆွဲပေးကာ ပေါင်ဒါများ ရိုက်ပေးထား၏။ ရေမွှေးများကိုလည်း ဆွတ်ပေးလိုက်သည်။ ယွမ်ရှောင်ချွေသည် သာမန်မျှသာ ချောသော်လည်း ‘အသက် ၁၈ နှစ်အရွယ်တွင် မလှသည့် မိန်းကလေးမရှိ’ ဟူသော စကားအတိုင်း ပြင်ဆင်လိုက်သောအခါ လူမြင်သူမြင်တွင် တင့်တယ်သွား၏။

ကျောက်ရုံ ပြုံးရွှင်စွာဖြင့်

“တကယ် လှသွားတာပဲ။”

ယွမ်ရှောင်ချွေသည်လည်း မှန်ထဲ၌ မိမိကိုယ်ကို ကြည့်ကာ အလွန်ပင် ကျေနပ်နေလေသည်။

ယခုအချိန်တွင် သူမသည် မိမိကိုယ်ကို ယွမ်ဟောက်ရွှယ်ထက် မနိမ့်ကျဟု ခံစားနေရ၏။ သူတို့မှာ ညီအစ်မများ ဖြစ်ကြသော်လည်း လူတိုင်း သူမကို ဟောက်ရွှယ်ထက် ညံ့သည်ဟု ပြောလေ့ရှိသည်။ ယခုမူ သူမသည် ထူးခြားသွားပြီဟု ထင်မှတ်နေရှာ၏။ သို့သော်လည်း သူမသည်ကား သူတပါး၏ သားကောင် ဖြစ်နေမှန်း သူမ ကိုယ်တိုင်ပင် မသိရှာပေ။

ကျောက်ရုံ အဓိပ္ပာယ်ပါပါဖြင့်

“မဆိုးဘူး... တကယ် မဆိုးဘူး။”

“ဒီနေ့ကိစ္စကတော့ ကျိန်းသေပေါက် အောင်မြင်မှာပါပဲ။”

ချန်ချင်းယွီ : ‘နင် အိပ်မက်ယောင်နေတာပဲ..’

All Chapters