← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း ၆၅။ ထိပ်ပြောင်ခြင်း

ယွမ်ရှောင်ချွေတစ်ယောက် အရက်နာကျရာမှ နိုးလာသည့်အချိန်တွင် ညနေသို့ ရောက်ရှိနေပြီဖြစ်၏။

သူမသည် နိုးလာသည့်တိုင်အောင် မိမိပြုသမျှ အမှုအရာအားလုံးကို မှတ်မိနေဆဲဖြစ်သည်။ အရက်မူးပြီး ဘာမှမမှတ်မိတော့သည့် မေ့လျော့ခြင်းဆိုသည်မှာ သူမအတွက် မရှိခဲ့ပေ။

‘သောက်ချီးပဲ.. မူးရင်မမှတ်မိဘူးလို့ ဘယ်ခွေးပြောတာလဲ.. ထွက်ခဲ့စမ်း’

ရှောင်ချွေသည် အရာအားလုံးကို အစအဆုံး အထင်အသားကြီး မှတ်မိနေပြီး သူမ၏ မျက်နှာတစ်ခုလုံးမှာလည်း မိုးမှောင်ကျနေသည့်အလား ညှိုးငယ်နေတော့သည်။

ညနေစောင်းတွင် ကျောက်ရုံ သူမကို ဦးဆောင်၍ တစ်အိမ်တက်ဆင်း လိုက်လံတောင်းပန်ခိုင်း၏။တစ်ဖက်သားကို ဆဲဆိုခဲ့မိသည်ဖြစ်ရာ တောင်းပန်မှုမပြုဘဲ နေ၍မရပေ။

ချန်ချင်းယွီ ယွမ်ရှောင်ချွေ၏ ခေါင်းကို ကြည့်လိုက်ရာ သူမ၏ဦးခေါင်းပေါ်တွင် မိုးတိမ်တောင်များ မှိုင်းအုပ်နေပြီး လျှပ်စီးလက်ကာ မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ ခံစားရသည်။

ယွမ်ရှောင်ချွေ၏ ရုပ်သွင်မှာ မိခင်သေဆုံးသွားသည့်အလား အလွန်အမင်း စိတ်ပျက်အားငယ်နေပြီး သူမ၏ အရုပ်ကြိုးပျက် အသွင်ကို လူတိုင်း မြင်သာနေကြ၏။ လူငယ်တစ်ယောက်၏ ဆဲဆိုခြင်းကို ခံခဲ့ရသဖြင့် လူအများ ဒေါသထွက်ခဲ့ကြသော်လည်း ယွမ်ရှောင်ချွေ၏ သေလူကဲ့သို့ ဖြစ်နေသော ရုပ်သွင်ကို မြင်သောအခါ အားလုံးမှာ သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ပေးခဲ့ကြသည်။ ရှောင်ချွေသည် တစ်လမ်းလုံး တောင်းပန်ရင်း အိမ်သို့ပြန်လာခဲ့ကာ သက်ပြင်းတရှိုက်ရှိုက်နှင့် ဖြစ်နေ၏။

ယခင်နေ့၌ သူမသည် ကောင်းကောင်းမွန်မွန် မပြုမူနိုင်ခဲ့ရုံသာမက ကိစ္စအဝဝကိုပါ ဖျက်စီးပစ်လိုက်မိသည်။ အလုပ်ရရှိရေး လမ်းခရီးသည် အစကတည်းက အခက်အခဲများလှသည်ဖြစ်ရာ ယခုမူ ပို၍ပင် လှိုင်းလေထန်သွားရချေပြီ။

အမှန်စင်စစ် ယွမ်ရှောင်ချွေသည် မိမိကိုယ်ကိုယ် အပြစ်ကင်းသည်ဟု ခံစားနေရ၏။ သူမသည် အရက်မသောက်တတ်သူဖြစ်ပြီး မူလ၌လည်း သောက်ရန် အစီအစဉ်မရှိခဲ့ပေ။ ဒေါ်လေးကျောက်ရုံနှင့် ထိုရှန့်ရှန့်ဆိုသည့် မိန်းမမှ တစ်ယောက်ပြီးတစ်ယောက် ကမ်းလှမ်းလာသဖြင့် အတင်းအကျပ် သောက်ခဲ့ရခြင်းဖြစ်သည်။ ရလဒ်အနေဖြင့်...

"အားလုံးက သူတို့ကြောင့်ပဲ.."

သူတို့သာ အတင်းအကျပ် တိုက်တွန်းခြင်းမရှိခဲ့လျှင် သူမသည် ယခုကဲ့သို့ အမှားကြီးမှားစရာ အကြောင်းမရှိပေ။ ရှောင်ချွေသည် မိမိကိုယ်ကိုယ် အလွန်အမင်း နစ်နာရသည်ဟု တွေးတောကာ ရှေ့ရေးအတွက် စိုးရိမ်စိတ်ဖြင့် ခေါင်းငိုက်စိုက်ကျနေ၏။ ယွမ်မိသားစု၏ အိမ်တွင်းလေထုမှာလည်း ရေခဲတိုက်ကဲ့သို့ အေးစက်နေလေသည်။

ယွမ်ရှောင်ချွေ၏ အမှားသည် ကျောက်ရုံအတွက် ကြီးမားသော ပြဿနာများကို ဖန်တီးပေးလိုက်သဖြင့် ကျောက်ရုံသည် ရှောင်ချွေကို အူလှိုက်သဲလှိုက်ကို မုန်းတီးနေ၏။ အလုပ်မဖြစ်သည့်အပြင် ပြဿနာသာ ရှာတတ်သည့် ဤမိန်းကလေးကို ခေါင်းပါးသည့် ကျေးလက်ဘက်သို့ ရောင်းစားပစ်ပြီး ဇနီးကို နှိပ်စက်တတ်သည့် မုဆိုးဖိုကြီးတစ်ဦးနှင့် ပေးစားပစ်ချင်စိတ် ပေါက်နေမိလေသည်။

သို့သော်လည်း သူမသည် မိမိ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ရဦးမည်။ နှစ်ပေါင်းများစွာ ဟန်ဆောင်လာခဲ့သည်ဖြစ်ရာ လူစိမ်းများရှေ့တွင် မိမိ၏ စရိုက်မှန်ကို အလွယ်တကူ ထုတ်မပြနိုင်သေးပေ။

‘အောင့်အီးရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ရက်ပိုင်းအတွင်း ဒင်းက ကျေးလက်ကို ဆင်းရတော့မှာပဲ။ သူမ ထွက်သွားတာနဲ့ ငါ လုံးဝ ဂရုစိုက်မှာမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် အသက်ရှင်မလား၊ သေမလား ကြည့်ကြသေးတာပေါ့..’

ကျောက်ရုံသည် အပြင်ပန်းတွင် ဟန်ဆောင်ကာ ရှောင်ချွေကို လိုက်လံတောင်းပန်ခိုင်းပြီးနောက် အိမ်ပြန်ရောက်သည်နှင့် မိမိအခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်၏။ရှောင်ချွေကိုလည်း အေးစက်စက် ဆက်ဆံကာ စကားတစ်ခွန်းပင် မဆိုတော့ပေ။ အပြင်တွင်မူ သူမ၏ ပုံရိပ်ကောင်းကို ထိန်းသိမ်းရသော်လည်း အိမ်ထဲတွင်မူ အားလုံးကို လက်လွှတ်လိုက်ပြီဖြစ်သည်။ ယွမ်ရှောင်ချွေသည် သူမအတွက် ပြဿနာရှာရုံသာမက သမီးဖြစ်သူ ဟောက်ရွှယ်အတွက်လည်း အလုပ်ရအောင် မကူညီနိုင်သဖြင့် သူမအတွက် အသုံးမဝင်တော့ပေ။

အိမ်တွင်းလေထု အလွန်ဆိုးရွားနေသဖြင့် ယွမ်ဟောက်မင်သည် အိမ်တွင် မနေနိုင်တော့ဘဲ ဒုတိယဝင်းရှိ ရွှီကောင်းမင်ထံသို့ အရက်ပုလင်းကိုင်ကာ ရောက်လာခဲ့၏။

"ဟော... ရွှီ၊ အိမ်မှာ ရှိလား.."

"ဒါက ဘယ်လိုဖြစ်တာလဲ.."

ရွှီကောင်းမင် မေးလိုက်ရာ ယွမ်ဟောက်မင် ပြန်ဖြေလိုက်သည်။

"တစ်ခွက်လောက် သောက်ရအောင်လေ"

ရွှီကောင်းမင် ဇနီးဖြစ်သူအား ဟင်းနှစ်ခွက်ခန့် ကြော်ခိုင်းရန် ပြင်သော်လည်း၊ ဇနီးဖြစ်သူ ရှီကျန့်ရှန်းမှာ အားနာသည့်ပုံစံဖြင့် ဦးအောင်ပြောလိုက်၏။

"အခုတလော ကျွန်မတို့ဆီမှာ ငွေကြေးကလည်း မချောင်ဘူး၊ အိမ်မှာလည်း ဟင်းချက်စရာက သိပ်မရှိဘူး။ ဒါက..."

ယွမ်ဟောက်မင် : "ကျွန်တော် မြေပဲဆန် ပါလာပါတယ်။ အစ်မကြီးကိုပဲ နည်းနည်းလောက် လှော်ပေးဖို့ အကူအညီတောင်းပါရစေ"

ရွှီကောင်းမင် သက်ပြင်းချကာ ပြောလိုက်သည်။

"မင်းကို ရယ်စရာဖြစ်အောင် ပြမိပြီ။ အခုတလော ငါ့အိမ်က ဧည့်သည်တွေ ဖိတ်ကျွေးလိုက်၊ လျော်ကြေးတွေ ပေးလိုက်ရတာနဲ့ နည်းနည်းတော့ ကျပ်တည်းသွားတယ်။ တကယ်ကို အားနာဖို့ကောင်းပါတယ်"

ယွမ်ဟောက်မင်သည်လည်း ရွှီမိသားစု၏ အသုံးစရိတ်များကို သိထားသဖြင့် ရွှီကောင်းမင်၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်၏။

"ခင်များတို့လည်း မလွယ်ပါဘူးကွာ"

"အေးလေ... ဘယ်သူက လွယ်မှာလဲ.."

ယွမ်ဟောက်မင် ဆက်လက်၍

"အဘိုးကြီးရွှီ အရမ်းကြီး စိတ်မပူပါနဲ့။ ခင်များက လစာကောင်းတာပဲ၊ မကြာခင် ပြန်အဆင်ပြေသွားမှာပါ။ ကျုပ်မှာသာ စိတ်ညစ်ဖို့ကောင်းတာ။ ကျေးလက်ဆင်းရမယ့်ကိစ္စကလည်း လက်တစ်ကမ်းမှာတင် ရှိနေပြီ။ ကျုပ်မှာတော့... အင်း... ခက်ပါဘိ"

ယွမ်ဟောက်မင်သည် ရွှီကောင်းမင်ကို အမှန်တကယ်ပင် အားကျမိသည်။ သားသုံးယောက်စလုံး မြို့ပေါ်မှာ ဆက်နေနိုင်ခြင်းသည် ကြီးမားသည့် ဂုဏ်သိက္ခာတစ်ခုပင် မဟုတ်လော့။

"မင်းလည်း အများကြီး မတွေးပါနဲ့။ လှေနံဓားထစ် မတွေးဘဲ အဆင်ပြေရာကိုပဲ ကြည့်လုပ်ကြတာပေါ့။ ငါတို့ မိဘတွေအနေနဲ့ အစွမ်းကုန် ကြိုးစားပေးရုံပဲပေါ့။ တကယ်ပဲ မတတ်နိုင်တော့ရင်ရော ဘာတတ်နိုင်ဦးမှာလဲ.."

ထိုသို့ပြောပြီးနောက် ခေတ္တရပ်ကာ မေးလိုက်၏။

"မင်းတို့ မိသားစု မနေ့က လူသွားရှာတယ် မဟုတ်လား.. ဘယ်လိုလဲ.. မအောင်မြင်ဘူးလို့ ကြားတယ်.."

ယွမ်ဟောက်မင် စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်လေသည်။

"မအောင်မြင်ရုံတင် မဟုတ်ဘူး၊ လူကိုပါ ရန်စမိလိုက်သလို ဖြစ်သွားတာ။ ရှောင်ချွေက မူးလာရင် အဲဒီလို သောင်းကျန်းတတ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ကျုပ်တော့ တကယ်ကို ခက်နေပြီ။ ကျောက်ရုံဘက်ကလည်း လူတွေကိုလည်း အားနာစရာတွေ ဖြစ်ကုန်ပြီ၊ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး"

ထိုသို့ဖြင့် ယောက်ျားနှစ်ဦးမှာ မြေပဲဆန်ကို အမြည်းအဖြစ်ထားကာ အရက်ကိုသာ ငိုင်တိုင်တိုင် သောက်နေကြ၏။

ယွမ်မိသားစု၏ အခြေအနေမှာ ချန်ချင်းယွီတို့အိမ်ကိုပင် မမီပေ။ ချန်ချင်းယွီတို့အိမ်တွင်မူ ကိုယ်တိုင်မွေးထားသည့် ကြက်မများမှ ရရှိသည့် ကြက်ဥကြော်ကို စားသောက်နေရပြီး အရသာမှာ အလွန်ပင် ထူးကဲလှသည်။ အဘွားကြီးကျောက်မှာ ညစာစားပြီးသည့်တိုင် အရသာကို မေ့မရနိုင်အောင် ဖြစ်နေ၏။ အဘွားကြီးကျောက်သည် ပန်းကန်ဆေးရင်း ချန်ချင်းယွီကို တတွတ်တွတ်ဖြင့် မှာကြားနေလေသည်။

"ငါ ပြောမယ်... ညည်း ငါတို့အိမ်က ကြက်မအိုကြီးကို အမြဲမျက်စိဒေါက်ထောက်ကြည့်ထားဦး။ ကြက်ဥဆိုတာ ရတနာပဲ၊ လက်ဆော့တဲ့လူတွေက ဒါကို အမြဲချောင်းနေကြတာ။ ဟို အဘွားကြီးဟွမ်

ကိုယ်တိုင်ကလည်း လက်ဆော့သလို၊ သူ့အိမ်က မုန့်မုန့်ဆိုတဲ့ ကောင်မလေးကလည်း ဘာမှအသုံးမကျဘူး၊ အစားပဲ သိတာ။ သူတို့ အခွင့်ကောင်းမယူနိုင်အောင် ညည်း အိမ်မှာမရှိရင် ကြက်လှောင်အိမ်ကို သေချာပိတ်ထားရမယ်။ ဒီမြေးအဘွားနှစ်ယောက်က ကြက်ဥတင်မကဘူး၊ ကြက်ပါ ခိုးမယ့်လူတွေ၊ တကယ့်ကို အဆင့်မရှိတဲ့လူတွေ။"

"ကျွန်မ သိပါတယ်"

ချန်ချင်းယွီ ခပ်တိုတိုသာ ပြန်ပြောလိုက်၏။

"အေး... ဒါနဲ့၊ ကျောက်ရုံတစ်ယောက် လူသေကောင်လိုရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ ဘာလို့လဲ.. သူ့သမီး ကျေးလက်ဆင်းရတော့မှာမလို့လား.."

အဘွားကြီးကျောက် စပ်စုလိုက်သည်။

"အပေါင်းကြီးကြီးလူကို သွားရန်စမိလို့လို့ ကြားတယ်"

ချန်ချင်းယွီ ဖြေရင်း မနေ့ညမှအဖြစ်အပျက်ကို ပြန်တွေးကာ ကျောက်ရုံသည် ထိုက်တန်သည့် အကျိုးပေးကို ခံစားရခြင်းဖြစ်သည်ဟု မှတ်ချက်ပြုလိုက်သည်။

ဆက်လက်၍ ချန်ချင်းယွီ ပြောလိုက်၏။

"ကျွန်မ ဒီည အပြင်တစ်ခေါက် ထပ်သွားဦးမယ်"

ထပ်သွားဦးမယ်…

အဘွားကြီးပျောက် မျက်လုံးအပြူးသားဖြင့် "ဟင်......" ဟု ရေရွတ်ရင်း သူမကို သံသယဖြင့် ကြည့်ကာ

"ဒီညလည်း လီတာ့ရှန်းတို့အိမ်ကို သွားဦးမလို့လား.. ဘာလဲ... တစ်ခါတည်းနဲ့ ခြောက်လှန့်ရတာ အားမရသေးဘူးလား.. ညည်းက နေ့တိုင်း သွားခြောက်နေတော့မှာလား.."

ပြီးနောက် အဘွားကြီးကျောက် ချန်ချင်းယွီကို အဓိပ္ပာယ်ပါပါ ကြည့်ရင်း

"ညည်း အပြင်မှာ တခြားလူရှိနေတာတော့ မဟုတ်ပါဘူးနော်.. မဟုတ်ရင် ဘာလို့ ညတိုင်း အပြင်ထွက်ချင်နေရတာလဲ.."

ထိုစကားကို ကြားကြားချင်း ချန်ချင်းယွီ အဘွားကြီးကျောက်၏ ကျောပြင်ကို ဖြန်းခနဲနေအောင် လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး

"ပါးစပ်ပိတ်ထားစမ်း.. ကျွန်မအကြောင်း မကောင်းမပြောနဲ့။ ပြောလိုက်ဦးမယ်... ကျွန်မမှာ တခြားလူရှိရင်တောင် ရှင်တို့နောက်ကွယ်မှာ လုပ်နေမှာမဟုတ်ဘူး။ ကျွန်မက ရှင်တို့ကို ကြောက်နေရမှာလား.. ကျွန်မက မုဆိုးမပဲ၊ နောက်အိမ်ထောင်ပြုချင်ရင်တောင် ဗြောင်ပဲပြုမှာ။ လင်းကျန့်ဝမ်ရဲ့ မျက်နှာကို ထောက်ထားလို့သာ ရှင့်ကို အခုလောလောဆယ် သည်းခံထားတာ၊ စကားကို ဆင်ဆင်ခြင်ခြင်ပြော။ ရှင့်ပါးစပ်က နောက်တစ်ခါ အညစ်အကြေးတွေ ထွက်လာဦးမယ်ဆိုရင် လီတာ့ရှန်းတို့လိုပဲ အိမ်သာကျင်းထဲ ခေါင်းထိုးထည့်ပစ်မယ်။"

ချန်ချင်းယွီ တစ်ချက်ကလေးမျှ အလျှော့မပေးဘဲ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။

ယခုအချိန်တွင် သူတို့နှစ်ဦးမှာ သင့်တင့်လျောက်ပတ်စွာ နေထိုင်နေကြသည်ဟု ထင်ရသော်လည်း ချန်ချင်းယွီသည် အတိတ်မှအကြောင်းများကို မေ့လျော့သွားမည့်သူမဟုတ်ပေ။ ဤအဘွားကြီး သူမအပေါ် မည်မျှ ရက်စက်ရိုင်းစိုင်းခဲ့သည်ကို သူမ မှတ်မိနေဆဲဖြစ်၏။အမှန်တကယ် စိတ်ချင်းဆက်မိနေကြသည်မျိုး မဟုတ်ဘဲ အခြေအနေအရသာ မကောင်းတတ်၍ အတူနေနေကြခြင်း ဖြစ်သည်။

အဘွားကြီးကျောက်မှာ ချန်ချင်းယွီ၏ ရိုက်ချက်ကြောင့် ညစာစားထားသည်များပင် ပြန်ထွက်လာမတတ် ခံစားလိုက်ရပြီး ကျောပြင်တစ်ခုလုံး ပူထူသွားကာ မျက်နှာကြီး ရှုံ့မဲ့သွား၏။

"အမလေး... အားပါလိုက်တာ။ ညည်းက ဘယ်လိုလူလဲ၊ ဘာလို့ လက်ပါရတာလဲ.. ယဉ်ကျေးမှုဆိုတာ လုံးဝမရှိဘူး။"

တစ်ချိန်က အခြားသူများကို ယဉ်ကျေးမှုမရှိဟု ဆဲဆိုခဲ့သော အဘွားကြီးကျောက်မှာ ယခုမူ ကိုယ်တိုင် ထိုစကားကို ပြောနေရချေပြီ..

ချန်ချင်းယွီ အေးစက်စွာ ပြုံးရင်း

"ရှင် ကျွန်မက ဘယ်လိုလူလဲဆိုတာ မေ့သွားမှာစိုးလို့ သတိပေးလိုက်တာ"

ထို့နောက် သူမကို စိုက်ကြည့်လိုက်ပြီး ထပ်လောင်းပြောလိုက်သည်။

"ကျွန်မကို လာပြီး အာရုံမနောက်နဲ့၊ မဟုတ်ရင် ရှင့်ကို အားနာနေမှာမဟုတ်ဘူး"

အဘွားကြီးကျောက် တိုးတိုးလေး ရေရွတ်ကာ

"ငါကလည်း ငါ့သားအတွက် စိုးရိမ်လို့ပါအေ... ညည်း ငါ့သားအပေါ် သစ္စာဖောက်မှာ ကြောက်လို့ပေါ့။ ညတိုင်း အပြင်ထွက်နေတာ ဘယ်ယောက္ခမက စိတ်ချနိုင်မှာလဲ.. အာ... လက်မပါနဲ့ဦးလေ.."

သူမ နောက်သို့ တစ်လှမ်းဆုတ်ကာ အလျှော့ပေးသည့်လေသံဖြင့်

"ကိစ္စရှိလို့ သွားတာဆိုရင်လည်း သွားပေါ့အေ၊ ညည်းရဲ့ စိတ်ရင်းကို ငါသိပါတယ်။ ဒါပေမဲ့ ညည်းအတွက် စိုးရိမ်လို့ပါ၊ ညဘက်ကြီးလမ်းကို ခဏခဏလျှောက်ရင် သရဲနဲ့ တိုးတတ်တယ် မဟုတ်လား.."

အဘွားကြီးကျောက်သည် ပြန်တွေးကြည့်ရင်း ချန်ချင်းယွီ၏ ခွန်အားကို အံ့ဩနေမိ၏။ နေ့ရောညပါ မနားတမ်း လှုပ်ရှားနေနိုင်သည့် သူမ၏ ဇွဲမှာ အံ့မခန်းပင်။ နေ့ဘက်တွင် ငါးမျှားပြီး ညဘက်တွင် ပြဿနာရှာရန် ထွက်နိုင်သည့် သူမ၏ စွမ်းအင်မှာ...

"တကယ်တော့ ငါလည်း ညည်းကို ကောင်းစေချင်လို့ပါ။ ငါ့သားအတွက်လည်း ကလဲ့စားချေပေးချင်ပေမဲ့ ညည်း ခဏခဏ အပြင်ထွက်နေရင် လူတွေ ရိပ်မိသွားမှာ စိုးလို့ပါ။ ညည်းကို သနားလို့ ပြောတာပါအေ။"

အဘွားကြီးကျောက်သည် ပုတ်သင်ညိုကဲ့သို့ အခြေအနေကြည့်ကာ စကားကို ချက်ချင်း ပြောင်းပြောနိုင်လေသည်။ မတတ်နိုင်ပေ၊ မုဆိုးမတစ်ဦးအနေဖြင့် ယခုထက်ထိ အေးအေးဆေးဆေး နေနိုင်ခြင်းမှာ အခြေအနေကို သိတတ်ခြင်းနှင့် ပြတ်သားရိုင်းစိုင်းတတ်ခြင်းတို့ကြောင့်ပင်။

“ဟွန့်..”

ချန်ချင်းယွီ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရာ အဘွားကြီးကျောက်မှာ ဖားသည့်လေသံဖြင့်

"ချွေးမလေးရယ်... ငါက နင့်ကို ယုံပြီးသားပါ"

လီတာ့ရှန်းတို့ လင်မယား အိမ်သာကျင်းထဲ ကျသွားသည့်ကိစ္စကို တွေးမိတိုင်း အဘွားကြီးကျောက်သည် ချန်ချင်းယွီကို ပို၍ပင် ကြောက်ရွံ့ကာ ဖားယားနေရ၏။ ဤမိန်းမသည် ပြောသည့်အတိုင်း အမှန်တကယ် လုပ်ရဲသူဖြစ်ကြောင်း သိနေ၍ ပိုကြောက်မိလေသည်။

တစ်ဖက်တွင်လည်း ချန်ချင်းယွီသည် သူမ၏သားအပေါ် တကယ်ပင် စိတ်ရင်းမေတ္တာရှိသည်ဟု တွေးမိကာ

"နင် ကျန့်ဝမ်အတွက် ကလဲ့စားချေပေးချင်တာ ငါသိပါတယ်။ ဒါပေမဲ့ သတိတော့ထားဦး။ ဒါက မြှောက်ပင့်ပြောတာမဟုတ်ဘူး၊ တကယ် စိုးရိမ်လို့။ ဟိုတစ်ခေါက်ကလည်း သူတို့ကို ဒုက္ခပေးပြီးပြီ၊ အခုတစ်ခေါက် သူတို့က ကြိုတင်ပြင်ဆင်ထားရင် ဘယ်လိုလုပ်မလဲ.."

"ကျွန်မမှာ အစီအစဉ်ရှိပါတယ်"

ချန်ချင်းယွီ အေးစက်စွာ ပြောလိုက်ပြီး

"သူတို့ကို လူတိုင်းက ဝိုင်းပြီး ရွံရှာသွားအောင် ကျွန်မ လုပ်မှာ"

အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ အေးစက်သော အပြုံးကို မြင်သောအခါ ပုခုံးလေးများ တွန့်သွားတော့သည်။ သူမ အမှားကြီး မှားခဲ့ပြီဟု ခံစားလိုက်ရ၏။ချန်ချင်းယွီသည် သူမ၏သားအပေါ် မေတ္တာရှိရုံတင်မကဘဲ အငြိုးအတေးလည်း အလွန်ကြီးသူဖြစ်သည်။ လီတာ့ရှန်းမိသားစုကို သူမထက်ပင် ပို၍ မုန်းတီးနေသကဲ့သို့ပင်။

"ဒါဆိုရင်လည်း သွားပေါ့... ငါ့ကို အကူအညီလိုရင်တော့ ပြော။ သူက ငါ့သားပဲလေ၊ ငါလည်း တတ်နိုင်သလောက် ကူညီချင်တာပေါ့။"

ဤတစ်ကြိမ်တွင်မူ အဘွားကြီးကျောက်သည် စိတ်ရင်းဖြင့် ပြောခြင်းဖြစ်သည်။ ချန်ချင်းယွီ၏ လက်သီးချက်ကို သူမ တကယ်ပင် ကြောက်ရွံ့နေမိ၏။ ယခင် သူမ လက်အောက်တွင် ငြိမ်ကုတ်နေခဲ့သော ချွေးမလေးမှာ သားဖြစ်သူ ဆုံးပါးသွားပြီးနောက်တွင် ဟန်မဆောင်တော့ဘဲ သူမ၏ စရိုက်မှန်ကို ထုတ်ပြနေချေပြီ..

အဘွားကြီးသည် တတွတ်တွတ် ရေရွတ်ရင်း ဘဝ၏ အပြောင်းအလဲများကို တွေးကာ စိတ်မသက်မသာ ဖြစ်နေရှာလေသည်။

‘ခြံဝင်းထဲက ဒီလူအတွေက ချန်ချင်းယွီ ဘယ်လိုလူစားမျိုးလဲဆိုတာ တစ်ယောက်မှ မရိပ်မိကြဘူး..ဟွန်း.. အ,လိုက် ထူလိုက်ကြတာ’

‘ငါ ကျောက်တာ့ရာကတော့ ဉာဏ်ကောင်းလွန်းတော့ အရာရာကို ထိုးဖောက်မြင်နေရတယ်၊ အို.. ငါ ဘယ်လောက်တောင် ပါးနပ်လိုက်လေသလဲ..’

အဘွားကြီးကျောက်မှာ မိမိကိုယ်ကိုယ် တကယ်ကို ပါးနပ်လွန်းသည်ဟု မှတ်ချက်ပြုနေ၏။

အဘွားကြီးကျောက် ရေဇလုံကိုကိုင်ပြီး ရေဘုံဘိုင်သို့ အဝတ်သွားလျှော်စဉ် အစ်မကြီးဖန်ထွက်လာသည်နှင့် တိုးလေသည်။

"ဟယ်... အဝတ်တွေကို ကိုယ်တိုင်လျှော်နေရတာလား.. ညည်းချွေးမက အလုပ်မှမရှိတာ၊ အိမ်မှာ ဒီလောက်အလုပ်လေးတောင် မလုပ်ပေးနိုင်ဘူးလား.."

အစ်မကြီးဖန် လှောင်ပြောင်သည့်နှယ် မေးလိုက်စဉ် အဘွားကြီးကျောက် သူမကို မျက်စောင်းထိုးကြည့်ပြီး

"နင်က ဘာသိလို့လဲ.. ငါက အတည်တကျ အလုပ်သမားဟဲ့၊ အလုပ်သမားဆိုတာ နင်သိလား.. ဒါ ငါ့ရဲ့ အလုပ်ဝတ်စုံ။ ငါ့အလုပ်ကို ငါမြတ်နိုးလွန်းလို့ အလုပ်ဝတ်စုံကိုတောင် သူများလက်ထဲ အပ်မလျှော်နိုင်တာ။"

"အရူးမ.."

"နင်ကမှ အရူးမ၊ နင်တို့တစ်မိသားစုလုံး အရူးတွေ။ နင်ကများ ငါဘာလုပ်လုပ် လာစွက်ဖက်နေရသေးတယ်။ နင့်အိမ်ကကိစ္စပဲ နင်ကြည့်စမ်းပါ။ နင့်သား ကျေးလက်ဆင်းရတော့မယ် မဟုတ်လား.. ကြည့်ရတာ သူ့ရုပ်နဲ့ စာမေးပွဲအောင်မယ့်ပုံလည်း မပေါက်ဘူး။ ငါ့သားနဲ့တော့ ကွာခြားချက်က ကောင်းကင်နဲ့မြေကြီးပဲ။ ငါ့သားက တစ်ခါတည်းနဲ့ အတည်တကျဝန်ထမ်း စာမေးပွဲအောင်ခဲ့တာ။ နင်တို့ကျတော့ ယာယီဝန်ထမ်း နေရာလေးတောင် ရဖို့ မသေချာဘူး။ ငါ့သားက တကယ့်လူတော်၊ ဘယ်သူနဲ့မှ မနှိုင်းနဲ့။"

သားနှင့်ပက်သက်လာသောအခါ အစ်မကြီးဖန်သည် ဒေါသထွက်သွားပြီး

"ငါ့သားကလည်း အောင်မှာပါဟဲ့၊ သူက စာအရမ်းတော်တာ နင်ဘာသိလို့လဲ။ ဟွန်း.."

ပြောဆိုပြီးနောက် အစ်မကြီးဖန် လှည့်ထွက်သွား၏။

အဘွားကြီးကျောက်၏ စကားသည် အစ်မကြီးဖန်၏ အားနည်းချက်ကို ကွက်တိမှန်သွားခြင်းဖြစ်သည်။ သူမသည် နှုတ်မှသာ သားဖြစ်သူကို ယုံကြည်သည်ဟု ဆိုသော်လည်း စိတ်ထဲတွင်မူ စိုးရိမ်နေမိ၏။ ယခုတစ်ခေါက် စက်ရုံ၌ ယာယီဝန်ထမ်း (၈၀) ဦးသာ ခေါ်ယူမှာဖြစ်သော်လည်း လျှောက်ထားသူမှာ (၄,၀၀၀) ကျော်ရှိနေသဖြင့် အစ်မကြီးဖန်တစ်ယောက် အတော်လေး စိတ်ပူနေရသည်။

အစ်မကြီးဖန် ဆုတ်ခွာသွားသည်ကို မြင်သောအခါ အဘွားကြီးကျောက် နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် ရွှီကောင်းမင်တို့အိမ်ဘက်ကို မျက်စိကစားလိုက်ရာ ရွှီကောင်းမင်နှင့် ယွမ်ဟောက်မင်တို့ အရက်သောက်နေသည်ကို တွေ့ရသည်။ ယွမ်ဟောက်မင် စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုနေ၏။

"ကျုပ်သမီး ဟောက်ရွှယ်လို မိန်းကလေးမျိုး ကျေးလက်ကို ဘယ်လိုမှ ဆင်းလို့မဖြစ်ဘူး။ သူမသာ ကျေးလက်ဆင်းသွားရင် ဒုက္ခရောက်မှာ အသေအချာပဲ။ ကျုပ်အဖတ်တင်အောင် ပြုစုပျိုးထောင်ထားတဲ့ သမီးလေးက ရှေ့ရေးတက်လမ်း အများကြီးရှိတာ။ ကျေးလက်ဘက်မှာ လူတွေရဲ့ လှည့်စားတာခံရလို့ ဟိုမှာပဲ အိမ်ထောင်ကျကျန်ခဲ့ရင်တော့ အားလုံးပြီးပြီပဲ။ ဒါပေမဲ့ အခု စက်ရုံအခြေအနေကလည်း... အင်း..."

အမှန်စင်စစ် ယာယီဝန်ထမ်း အလုပ်တစ်ခုလောက်ကို ဤမျှ စိုးရိမ်စရာမလိုသော်လည်း ယခုမှာ ၁၉၇၃ ခုနှစ်သို့ ရောက်နေပြီဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကနှင့် မတူတော့ဘဲ ကျေးလက်ဆင်းရခြင်းသည် မည်မျှပင်ပန်းဆင်းရဲသည်ကို လူတိုင်းသိနေကြပြီဖြစ်ရာ မြို့ပေါ်တွင် အလုပ်ရရှိရေးမှာ အလွန်ပင် တန်ဖိုးကြီးလှသော အခွင့်အရေး ဖြစ်နေ၏။

အဘွားကြီးကျောက်သည် အဝတ်လျှော်ခြင်းကို အချိန်ဆွဲရင်း ရွှီကောင်းမင်တို့ ပြောသမျှကို နားစွင့်နေသည်။ အဝတ်လျှော်ပြီးနောက် အိမ်ထဲဝင်လာကာ တိုးတိုးလေး ဆိုလိုက်၏။

"ရွှီကောင်းမင်က မနေ့ညက သရဲတွေ့တယ်လို့ ပြောနေတယ်အေ။"

ချန်ချင်းယွီ ခပ်ပြုံးပြုံးဖြင့် နှာခေါင်းရှုံ့လိုက်ရာ ကျောက်အဘွားကြီး ရိပ်မိသွားပြီး

"ညည်း သူ့ကို သွားခြောက်လိုက်တာလား.."

"မဟုတ်ပါဘူး၊ ဒါပေမဲ့ မနေ့ညက သူတို့အိမ်မှာ ခိုးပြီး စက္ကူတွေ မီးရှို့နေတာ တွေ့ခဲ့တယ်..."

ချန်ချင်းယွီ တိုးတိုးလေး ပြောပြလိုက်ရာ အဘွားကြီးကျောက် မျက်လုံးမှေးမှေးမှာ အရောင်တောက်သွားပြီး

"ဒါလည်း ကောင်းတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့သားအတွက် ရည်စူးပြီး ရှို့ပေးတာဆိုတော့ ငါတို့ဘက်က အမြတ်ထွက်တာပေါ့။"

ချန်ချင်းယွီ ရယ်မောလိုက်၏။

"အမလေး... သူတို့က အဲဒီလိုမျိုး လုပ်နေတယ်ဆိုရင်တော့ ငါတောင် သူတို့ကို ထပ်ပြီး ခြောက်လှန့်ခိုင်းချင်သေးတယ်။ အဲဒါဆို ငါ့သားအတွက် စက္ကူမီးရှို့ပေးမယ့်သူတွေ ပိုများလာမှာပေါ့"

အဘွားကြီးကျောက် စိတ်အားထက်သန်စွာ ဆိုလိုက်သည်။

ချန်ချင်းယွီ သူမကို မျက်စောင်းထိုးကြည့်ကာ

"ရှင်လည်း သတိထားဦး၊ ပြဿနာမရှာနဲ့။ ဟိုတစ်ခေါက် မှန်ရိုက်ခွဲတဲ့ကိစ္စတုန်းကတောင် လူတွေက သံသယဝင်နေကြတာ။ လွန်မသွားစေနဲ့ဦး၊ တကယ်လို့ ရှင်က သရဲယောင်ဆောင်နေတာ လူတွေသိသွားရင် ပြဿနာအကြီးကြီးတက်မယ်။ ရှင့်မှာက ကျွန်မလို အရည်အချင်းရှိတာ မဟုတ်ဘူး။"

ချန်ချင်းယွီ စကားကို ဒဲ့တိုးပင် ပြောလိုက်၏။ သူမသည် စကားကို ကွေ့ပတ်ပြောနေလျှင် ဒုံးဝေးသော ဤအဘွားကြီး နားလည်မည်မဟုတ်ဟု စိုးရိမ်နေလေသည်။

"အေးပါ... သိပါပြီ"

အဘွားကြီးကျောက် ပြန်ပြောလိုက်၏။ သူမသည် မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသော်လည်း ချန်ချင်းယွီထက် အနည်းငယ် လိုအပ်သေးသည်ဟု ဝန်ခံကာ ချန်ချင်းယွီ၏ စကားကို နားထောင်လိုက်သည်။

ယောက္ခမနှင့် ချွေးမတို့ အိမ်ထဲတွင် တတွတ်တွတ်ဖြင့် လျှို့ဝှက်စကားပြောနေကြစဉ်၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမနှစ်ယောက်မှာမူ အလွန်ပျော်ရွှင်နေကြ၏။ သူတို့သည် အမေနှင့် အဖွား ရန်ဖြစ်မည်ကို အကြောက်ဆုံးဖြစ်ပြီး၊ အိမ်တွင်းလေထု အေးချမ်းသာယာနေသဖြင့် ကလေးငယ်များမှာ လူကြီးများ၏ မျက်နှာရိပ်မျက်ကဲကို ကြည့်ရင်း ပျော်ရွှင်နေကြသည်။

ရှောင်ကျားမှာ အရာရာကို သိချင်စိတ်ရှိသူဖြစ်သဖြင့် လူကြီးများစကားပြောနေသည်ကို အသာလေး တိုးကပ်နားထောင်ရန် ကြိုးစားနေ၏။ ချန်ချင်းယွီ သားဖြစ်သူ၏ ပါးဖောင်းဖောင်းလေးကို တစ်ချက်ဆွဲလိုက်ပြီး ကလေးများရှေ့တွင် လူကြီးကိစ္စများကို ဆက်မပြောတော့ပေ။

"ရှောင်ချန်... ရှောင်ချန်ရေ.."

"ဒေါ်လေးမေ့လား.."

"ညည်း အင်္ကျီပြင်ခိုင်းထားတာတွေ ပြီးပြီအေ၊ လာကြည့်ဦး အဆင်ပြေရဲ့လားလို့။"

အဒေါ်ကြီးမေ့သည် အလုပ်လုပ်ရာတွင် အလွန်မြန်သူဖြစ်သည်။ ခြံဝင်းအတွင်းရှိ ဆင်းရဲသော မိသားစုဖြစ်သဖြင့် အလုပ်မျိုးစုံကို လက်ခံလုပ်ကိုင်ပေးလေ့ရှိ၏။ ချန်ချင်းယွီ အဝတ်များကို ယူကာ ကလေးများကို စမ်းဝတ်ခိုင်းလိုက်သည်။ လင်းကျန့်ဝမ်၏ အင်္ကျီဟောင်းများကို ကလေးဝတ်အဖြစ် ပြန်လည်ချုပ်လုပ်ထားခြင်းဖြစ်ပြီး ဖာထေးထားသော နေရာများကို ဖယ်ထုတ်ထားသဖြင့် အဝတ်သစ်ကဲ့သို့ပင် ကြည့်ကောင်းနေ၏။ ကလေးနှစ်ယောက်လုံးအတွက် ခေတ်မီလှသော အင်္ကျီ၊ ဘောင်းဘီလေးများဖြစ်ပြီး ရင်ဘတ်တွင် အိတ်ကပ်လေးများ ပါရှိသည်။

"ကဲ... ကလေးတို့ စမ်းဝတ်ကြည့်ဦး၊ ဘယ်လိုနေလဲလို့။"

ကလေးနှစ်ယောက်လုံး မျက်နှာလေးများ နီမြန်းသည်အထိ စိတ်လှုပ်ရှားစွာဖြင့် အဝတ်လဲလိုက်ကြ၏။ ချန်ချင်းယွီ ကူညီဝတ်ပေးရင်း

"နောင်ကျရင် ကိုယ့်ဘာသာကိုယ် ဝတ်ရမယ်နော်"

"ဟုတ်ကဲ့ပါ.."

ဘောင်းဘီမှာ အနည်းငယ် ရှည်နေသဖြင့် ချန်ချင်းယွီ အောက်နားကို လိပ်တင်ပေးလိုက်သည်။ ကလေးများမှာ ကြီးထွားနှုန်းမြန်သဖြင့် အဝတ်အစားကို အနည်းငယ် ပိုကြီးအောင် ချုပ်လုပ်ထား၏။

"ကြည့်ပါဦး... တကယ်ကို ကြည့်ကောင်းတာပဲ။"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အဝတ်သစ်လေးများကြောင့် ချိုသာသော အပြုံးလေးများဖြင့် ပျော်ရွှင်နေကြရှာသည်။

လင်းကျန့်ဝမ်တွင် အဝတ်အစား အများကြီးမရှိလှပေ။ ထို့ကြောင့် ကလေးနှစ်ယောက်အတွက် ဘောင်းဘီနှစ်ထည်၊ အင်္ကျီနှစ်ထည်နှင့် နွေရာသီဝတ် လက်တိုတစ်ထည်စီ ချုပ်ပြီးသောအခါ အဝတ်စများ ကုန်သွား၏။ ချန်ချင်းယွီသည် အဒေါ်ကြီးမေ့၏ ချုပ်ခကို ပိုက်ဆံဖြင့်ပင် ရှင်းပေးလိုက်သည်။ ဤကိစ္စမျိုးကို ငါးနှင့်လဲ၍ မရပေ၊ တစ်ကဏ္ဍစီသာ ဖြစ်၏။

အဒေါ်ကြီးမေ့ ဝမ်းသာအားရဖြင့် အာမခံလိုက်သည်။

"နောက်လည်း အလုပ်ရှိရင် ငါ့ကိုပဲ ရှာလိုက်ဦးနော်၊ ငါ့လက်ရာကတော့ တကယ့်ကို စိတ်ချရတယ်"

"ကောင်းပါပြီ"

အဘွားကြီးကျောက်သည် တစ်လျှောက်လုံး ဘေးမှ ကြည့်နေသော်လည်း မည်သည့်ကန့်ကွက်မှုမျှ မပြုဘဲ ကျေနပ်စွာ ခေါင်းငြိမ့်နေ၏။ ထိုအခြင်းအရာမှာ အဒေါ်ကြီးမေ့အတွက် ထူးဆန်းနေမိသည်။

အဒေါ်ကြီးမေ့သည် အိမ်ပြန်ရောက်သောအခါ မိသားစုဝင်များကို တိုးတိုးတိတ်တိတ် ဖောက်သည်ချလိုက်၏။

"အဘွားကြီးကျောက်ကအတော်လေး ပြောင်းလဲသွားတာပဲ။ အနည်းဆုံးတော့ မြေးတွေအပေါ် ကောင်းလာတယ်။ ကလေးတွေအတွက် အဝတ်ချုပ်ဖို့ ပိုက်ဆံသုံးတာကိုတောင် ဆဲမနေဘူး။"

အဒေါ်ကြီးမေ့၏ ခင်ပွန်းဖြစ်သူမှာ စက်ရုံမှ ဘွိုင်လာပြုပြင်သူဖြစ်ပြီး အလုပ်မှာ ပင်ပန်းလှသည်။

"စက်ရုံမှာတော့ ညည်းညူတာတွေ ရှိနေတုန်းပဲ။ ဒါပေမဲ့ အိမ်ပြန်ရောက်ရင် ဆဲတာဆိုတာ နည်းသွားတာ အမှန်ပဲ။ အလုပ်ရှိတာနဲ့ မရှိတာ လူကတော့ ကွာခြားသွားတာပဲ၊ အလုပ်ရသွားကတည်းက သူလည်း လူဝင်ဆံ့ပြီး လူတန်းစေ့ ဖြစ်လာတာပေါ့"

"ရှင်ကလည်း ကြည့်ပြောဦးလေ၊ သူက အတည်တကျ အလုပ်သမား ဝန်ထမ်း ဖြစ်သွားတာကိုး"

လူအများမှာ အဘွားကြီးကျောက် ဆဲဆိုမှု နည်းသွားခြင်းမှာ အလုပ်ရသွား၍ ဂုဏ်သိက္ခာရှိလာသောကြောင့်ဟု ထင်နေကြသော်လည်း၊ အမှန်စင်စစ် ချန်ချင်းယွီ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သည်ဟု မည်သူမျှ မတွေးမိကြပေ။

အဒေါ်ကြီးမေ့သည် အဘွားကြီးကျောက်တို့အိမ်ကို အကြာကြီး အာရုံမစိုက်နိုင်ပေ။ သူမ၏ အိမ်တွင် လူဦးရေများပြီး ဝန်ထုပ်ဝန်ပိုး ကြီးမားလှသဖြင့် ရသမျှအလုပ်ကို ကြိုးစားလုပ်ကိုင်နေရသည်။

"ကဲ... ဒါပြီးရင် မီးခြစ်ဗူးကပ်တဲ့ အလုပ်ကို ဆက်လုပ်ရမယ်။ ဒီအလုပ်ကို ရဖို့ ငါအတော် ကြိုးစားခဲ့ရတာ။"

"မေမေ... သမီးလည်း ကူမယ်။"

"အေး... ကောင်းပြီ။"

"ကလေးတွေအမေရေ... ငါတို့လည်း ကြက်နှစ်ကောင်လောက် ဝယ်မွေးရအောင်။ ဘေးအိမ်က ကြက်မွေးတာ ကြည့်ရတာ အဆင်ပြေသား၊ ဥတွေတောင် စဥနေပြီ။ ကြက်ဥဆိုတာ ရောင်းစားလို့လည်း ရသလို၊ ဝယ်ယူရေးစခန်းကို ပို့ရင်လည်း ဝင်ငွေရတာပဲ။ ကျေးလက်တွေမှာတောင် 'ကြက်ဥဘဏ်' လို့ ခေါ်ကြတာ"

ခင်ပွန်းဖြစ်သူ အကြံပေးလာသောအခါ အဒေါ်ကြီးမေ့ စဉ်းစားပြီး ခေါင်းငြိမ့်လိုက်၏။

"ဖြစ်နိုင်တယ်၊ ကြက်မွေးဖို့ကိစ္စကို စုံစမ်းကြည့်ဦးမယ်။"

ချန်ချင်းယွီတို့အိမ်ရှိ ကြက်များ ယနေ့ စတင်ဥနေသည်ကို လူအများ မျက်စိကျနေကြသည်။ အဒေါ်ကြီးမေ့သာမက စတုတ္ထဝင်းရှိ အဘွားကြီးဟွမ်ပင် စိတ်ဝင်စားနေ၏။ အဘွားကြီးဟွမ်တို့အိမ်တွင် အလုပ်သမား နှစ်ဦးရှိသော်လည်း ပိုက်ဆံမှာ သူမလက်ထဲသို့ အပြည့်အဝ မရောက်သဖြင့် အမြဲလိုလို ကျပ်တည်းနေရသည်။ ထို့ကြောင့် အိမ်တွင် ကြက်မွေးရန် တဖွဖွ တိုက်တွန်းလိုက်၏။

ကျန်းရှင်းဖှသည် မိခင်ဖြစ်သူ၏ စကားများကို နားငြီးလာသဖြင့်

"ဟုတ်ပြီ ဟုတ်ပြီ... ဝယ်.. ဝယ်..ကြက်နှစ်ကောင်ပဲ မဟုတ်လား.. ဝယ်လိုက်ရုံပေါ့"

အဘွားကြီးဟွမ်သည် ဝမ်းသာအားရ ဖြစ်သွားကာ

"ဒါက သတင်းကောင်းပဲ၊ ငါ မနက်ဖြန် စုံစမ်းကြည့်ဦးမယ်။ ဒီလို အကျိုးအမြတ်ရှိတာမျိုးကို အဘွားကြီးကျောက်တို့ မိသားစုပဲ တစ်ယောက်တည်း ခံစားလို့ ဘယ်ရမလဲ"

ကျန်းရှင်းဖှသည် အဘွားကြီးများ၏ ကိစ္စကို စိတ်မဝင်စားသော်လည်း၊ အဘွားကြီးကျောက်တို့အိမ်အကြောင်း ပြောသောအခါ စိုပြေရွှန်းလက်နေသော မုဆိုးမလေး ချန်ချင်းယွီကို သတိရသွားသည်။ သူ၏ စိတ်ထဲတွင် တယားယားဖြင့် မရိုးမရွ ဖြစ်လာ၏။ လွန်ခဲ့သော နှစ်လခန့်၌ အရိုက်ခံရသည့် ဒဏ်ရာမှာ အမြဲတမ်း မသက်သာသေးသဖြင့် အာရုံမစိုက်နိုင်ခဲ့သော်လည်း ယနေ့တွင်မူ မကောင်းသော စိတ်ကူးများ ပြန်ဝင်လာပြန်သည်။

"ကျွန်တော် အပြင် ခဏ လမ်းလျှောက်ထွက်ဦးမယ်"

အပြင်ထွက်ဟန် ပြင်နေသော ကျန်းရှင်းဖှကို အဘွားကြီးဟွမ် လှမ်းဟောက်လိုက်၏။

"နင် ဟို လျိုကျင့်ဆိုတဲ့ မိန်းမဆီ သွားမလို့လား.. အဲဒီမိန်းမက အကျင့်မကောင်းဘူး၊ နင့်ကို အသုံးချနေတာ။ နင် အရှုံးမခံနဲ့နော်။"

ကျန်းရှင်းဖှ ဂရုမစိုက်ပေ။

"ကျွန်တော့်ဘာသာ ကျွန်တော် သိပါတယ်၊ အမေ ဝင်မပါစမ်းနဲ့"

သူသည် လျိုကျင့်ဆီသို့ သွားရန် အစီအစဉ်မရှိဘဲ၊ ချန်ချင်းယွီကို ချောင်းမြောင်းရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။ ချန်ချင်းယွီသည် ညနေစောင်းတိုင်း ကလေးများကို ခေါ်၍ အများသုံးအိမ်သာသို့ သွားတတ်သည်ကို သူ သတိထားမိထား၏။ ဤတစ်ကြိမ်တွင်မူ ထိုမုဆိုးမလေးထံမှ တစ်ခုခု အမြတ်ထုတ်ရန် သူ ကြံစည်နေသည်။ ချန်ချင်းယွီသည် တကယ့်ကို အလှပဆုံးပင်။ သူတို့ ခြံဝင်းအတွင်းရှိ မိန်းကလေးများထဲတွင် အလှဆုံးဟု သတ်မှတ်ထားသော ယွမ်ဟောက်ရွှယ်ပင် ချန်ချင်းယွီကို မမီပေ။ ဟောက်ရွှယ်မှာ သာမန်လှသော်လည်း ချန်ချင်းယွီမှာမူ ထူးထူးခြားခြား လှပသူဖြစ်၏။ အလှအပကို ခံစားတတ်သော ယောက်ျားတစ်ယောက်အနေဖြင့် သူသည် ချန်ချင်းယွီကိုသာ အာရုံကျနေလေသည်။

"ဟေ့.. လျိုကျင့်ဆီ မသွားနဲ့ဦးနော်.."

"မသွားပါဘူးဆို... ကျွန်တော့်ကိစ္စ ကျွန်တော် သိတယ်.."

ကျန်းရှင်းဖှသည် မကောင်းသော အကြံဖြင့် အမှောင်ထဲသို့ ထွက်ခွါသွား၏။

အဘွားကြီးဟွမ် ဟိုကြည့်ဒီကြည့်လုပ်ရင်း ခေတ္တစဉ်းစားပြီးနောက် တခိခိရယ်ကာ

"သူ အဲဒီမုဆိုးမလေးကို ပြန်သွားချောင်းတာနေမှာပေါ့။ ဒီမြေခွေးမလေးက တကယ့်မြေခွေးမပဲ၊ လူရှေ့မှာတော့ ဟန်ဆောင်ကောင်းလိုက်တာ။ သူမကသာ မမြှူဆွယ်ရင် ငါ့သားက ဒီလိုမုဆိုးမတစ်ယောက်အပေါ် စိတ်ယိုင်ပါ့မလား.. ဟွန်း.."

အဘွားကြီးဟွမ် နှုတ်ခမ်းကိုစူကာ မထီမဲ့မြင်မျက်စောင်းထိုးလိုက်သည်။ သူမအမြင်တွင် သူမသားဖြစ်သူမှာ အလွန်ပင် ချစ်စရာကောင်းပြီး၊ သူမသားမှ ချစ်မြတ်နိုးခြင်းခံရသည်မှာ ထိုမိန်းကလေးအတွက် ကောင်းချီးတစ်ရပ်ပင် ဖြစ်၏။

ကျန်းရှင်းဖှသည် အပြင်သို့ လေတချွန်ချွန်ဖြင့် အေးအေးလူလူ လမ်းလျှောက်လာပြီး ချန်ချင်းယွီတို့အိမ်တံခါးဝသို့ ရောက်သောအခါ၊ အတိတ်မှ သင်ခန်းစာကို မေ့လျော့ကာ ပြတင်းမှန်၌ ကပ်၍ အထဲသို့ ရိုင်းစိုင်းစွာ ချောင်းကြည့်လေသည်။ သူသည် ယခင်တစ်ခေါက် အရိုက်ခံရခြင်းနှင့် ယခုလုပ်ရပ်ကို ဆက်စပ်တွေးတောခြင်းမရှိဘဲ သူ၏ အကျင့်ဟောင်းအတိုင်း ပြန်လုပ်နေခြင်းဖြစ်၏။

သို့သော် ကံဆိုးချင်​သောအခါ…

သူသည် အဝတ်လဲနေသော အဘွားကြီးကျောက်နှင့် မျက်လုံးချင်း တည့်တည့်တိုးလေတော့သည်။ အဘွားကြီးကျောက် အော်ဟစ်ဆဲဆိုကာ ချက်ချင်းပင် ထွက်လာ၏။

"ဘာကြည့်နေတာလဲ ခွေးကောင် ခွေးမျက်လုံးနဲ့.. နင်ကတော့ ရှက်စရာကောင်းလိုက်တာ၊ ငါလို အဘွားကြီးကိုတောင် ချောင်းကြည့်ရဲတယ်ပေါ့.. နင်က တကယ့်ကို အဆင့်မရှိတဲ့ကောင်ပဲ။ နင်ဘာလို့ မိန်းမနဲ့ကွာရှင်းတာလဲဆိုတာ အခုမှ သိတော့တယ်။ နင့်မိန်းမအကောင်းကြီးကို မကြိုက်ဘဲ ငါလိုအဘွားကြီးကိုမှ ကြိုက်နေတာလား.. ငါအဝတ်လဲနေတာကိုတောင် ချောင်းရဲတယ်၊ နင်က လူမှဟုတ်ရဲ့လား.."

ရှင်မီးချိုင်းပြတ် ဝတ်ထားသော အဘွားကြီးကျောက်သည် အပြင်သို့ပြေးထွက်လာကာ တံမြက်စည်းဖြင့် ရိုက်နှက်တော့သည်။

"ရော့... ဒီမှာ ခံစမ်း.."

ဖုန်း ဖုန်း ဖုန်း..

"အား.. ဘာလုပ်တာလဲ.. လျှောက်မပြောနဲ့လေ၊ ကျွန်တော်က ဒီအတိုင်း လမ်းလျှောက်လာတာပါ.."

"ဟန်ဆောင်မနေနဲ့။ လမ်းလျှောက်လာတာက ငါအဝတ်လဲတာကို ချောင်းကြည့်စရာလား.. နင့်အဖေက ငါ့ကိုကြိုက်နေတာ၊ အခု နင်ကပါ ငါ့ကိုစိတ်ဝင်စားနေတာလား.. နင်တို့တစ်မိသားစုလုံးက ဖားပြုပ်တွေပဲ၊ ငါလိုငန်းမလေးကိုမှ မျက်စိကျနေကြတာ"

"အူး....."

ကျန်းရှင်းဖှမှာ အော်ကလီဆန်လွန်းသဖြင့် အန်ပင်ထွက်ချင်သွား၏။

"ခင်များကြီးကတော့ မရှက်တတ်ဘူးလား.. ဘယ်သူက ခင်များကြီးကို လိုချင်မှာလဲ.. မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ဦး... အား.. အားးး.."

အဘွားကြီးကျောက်၏ ရိုက်ချက်များမှာ ပို၍ကြမ်းတမ်းလာသည်။

"နင်က ငါ့ကို ပြန်ပြောရဲသေးတယ်ပေါ့.. လူတွေ အကုန်ထွက်လာကြည့်ကြပါဦး.. ဒီကောင် ငါအဝတ်လဲနေတာကို ချောင်းကြည့်နေတာ။ ငါ့ရင်ဖုံးအင်္ကျီကို ချွတ်လက်စပဲ ရှိသေးတယ်၊ သူ့ရဲ့ ခိုးကြောင်ခိုးဝှက်မျက်လုံးတွေကို မြင်လိုက်ရတာ။ ကျန်းရှင်းဖှ ဆိုတဲ့ကောင်ပဲ.. ဒီခွေးကောင်က အသိတရား လုံးဝမရှိဘူး.. ငါ့ကို ချောင်းကြည့်နေတာ.. ငါက ငယ်ငယ်တုန်းကလည်း အလှပဂေးပဲ၊ အခုလည်း လှနေတုန်းပဲ၊ ဒါပေမဲ့ နင်ချောင်းကြည့်ဖို့တော့ မဟုတ်ဘူး၊ ဒီခွေးကောင်စုတ်.. နင့်ကို သေအောင်ရိုက်မယ်.."

ဖြန်း.. ဖြန်း.. ဖြန်း..

အဘွားကြီးကျောက်၏ တံမြက်စည်းရိုက်သံမှာ အကျယ်ကြီးထွက်ပေါ်လာပြီး ဒုတိယဝင်းထဲရှိ လူများမှာလည်း အလျှိုလျှို ထွက်လာကြသည်။ သူတို့ လက်ညှိုးထိုးကာ တိုးတိုးတိတ်တိတ် ဝေဖန်နေကြ၏။

ယွမ်ဟောက်မင်သည် မူးရူးကာ ထွက်လာပြီး

"ဘာတွေဖြစ်နေကြတာလဲ.. ဒါက ကြည့်လို့မကောင်းဘူး၊ ရိုင်းစိုင်းလိုက်တာ.. အားလုံးက ယဉ်ကျေးတဲ့လူတွေ ဖြစ်သင့်တာပေါ့... အား.."

ကျန်းရှင်းဖှသည် ရှောင်တိမ်းရန် ကြိုးစားရင်း ယွမ်ဟောက်မင်နှင့် တိုက်မိသွားရာ၊ ယွမ်ဟောက်မင် ဆဲဆိုလိုက်မိ၏။

“မအေ-ိုး”

အဘွားကြီးကျောက် လှောင်ပြုံးပြုံးကာ

"ယဉ်ကျေးတဲ့လူလား.. နင်ကိုယ်တိုင်တောင် ယဉ်ကျေးအောင် မနေနိုင်ဘဲ ငါ့ကို လာမပြောနဲ့.. လူတွေလာကြည့်ကြပါဦး၊ ဒီကောင် ငါ့ကို ချောင်းကြည့်နေတာ.."

"ကျွန်တော် မကြည့်ပါဘူးဆို.."

"ကြည့်တယ်.. နင့်မျက်လုံးက ခိုးကြောင်ခိုးဝှက်နဲ့"

ဤအရှုပ်အထွေးထဲတွင် မည်သူမျှ ဝင်မပါချင်သဖြင့် အားလုံး ဘေးမှကြည့်ကာ ဝေဖန်နေကြသည်။

"အမေ ဘာဖြစ်တာလဲ.."

ချန်ချင်းယွီသည် ကလေးနှစ်ယောက်နှင့်အတူ ပြန်ရောက်လာ၏။

"ကလေးတွေကို အိမ်သာထပ်ခေါ်သွားတာလား.."

ရှီကျန့်ရှန်း မေးလိုက်ရာ ချန်ချင်းယွီက ခေါင်းငြိမ့်ပြလိုက်သည်။

သူမ ကလေးနှစ်ယောက်ကို တွန်းလွှတ်လိုက်ကာ

"အိမ်ထဲဝင်ပြီး ရုပ်ပြစာအုပ်သွားဖတ်ကြ၊ အပြင်မထွက်လာနဲ့ဦးနော်"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် တည်ငြိမ်စွာပင် ထွက်သွားကြသည်။ ထိုကလေးငယ်နှစ်ဦးမှာ ငယ်သော်လည်း လောကအတွေ့အကြုံရှိသော လူကြီးလေးများကဲ့သို့ပင်။ အမှန်အတိုင်းပြောရလျှင် သူတို့သည် အမှန်တကယ်ပင် လောကအကြောင်း သိနေကြပြီဖြစ်သည်။ အဘွားကြီးကျောက်မှာ ပြဿနာရှာသည့်နေရာတွင် ဆရာတစ်ဆူဖြစ်သဖြင့် ကလေးများအတွက် ဤအခြင်းအရာမှာ မဆန်းတော့ပေ။

မဆန်းတော့ပါဘူး.. သားတို့ အမြင်ကျယ်နေပါပြီ..

ချန်ချင်းယွီ ကလေးများကို ပို့ပြီးနောက် အဘွားကြီးကျောက်အား မေးမြန်းလိုက်၏။

"အမေ ဘာဖြစ်လို့လဲ.."

အဘွားကြီးကျောက် ခါးထောက်ကာ ဒေါသတကြီး အော်ဟစ်လေသည်။

"ဒီကောင် ငါ့ကို ချောင်းကြည့်နေတာ.."

"နင်တို့ သားအမိက တကယ့်ကို အရှက်မရှိဘူး၊ လူမဟုတ်ကြဘူး.. နင့်ကို သေအောင်ရိုက်မယ်.."

ဖြန်း ဖြန်း ဖြန်း..

ကျန်းရှင်းဖှမှာ အချက်ပေါင်းများစွာ အထုခံလိုက်ရသည်။ တံမြက်စည်းရာများ ထင်နေသော ကျန်းရှင်းဖှ၏ မျက်နှာကိုကြည့်ကာ လူအများမှာ ရယ်မောနေကြ၏။ သနားစရာကောင်းသော်လည်း သူနှင့် ထိုက်တန်ပေသည်။ အဘွားကြီးကျောက်မှာ စိတ်မမှန်သော မိန်းမတစ်ဦးဖြစ်သည်ကို လူတိုင်းသိသော်လည်း၊ သူက ဘာကြောင့် သွားစမိသနည်း..

"ဒါ အထင်လွဲတာပါလို့ ပြောနေတယ်လေ.. အထင်လွဲတာ.. ဘာလို့ နားမထောင်ကြတာလဲ.."

သူ အော်ဟစ်လိုက်၏။

"ကျွန်တော် မချောင်းပါဘူးဆို.."

ရွတ်တွနေတဲ့ အဘွားကြီးကို ကျုပ်ချောင်းပါ့မလားဗျာ.. ခင်များတို့ဘာလို့ မယုံကြတာလဲ..

ကျုပ်က မုဆိုးမလေးထင်လို့ ချောင်းမိတာပါဗျာ.. နုနုဖတ်ဖတ်လေးအစား ဒီလိုရွတ်တွကြီးနဲ့ တိုးလိမ့်မယ်လို့ ကျုပ်လည်း ဘယ်လိုထင်မှာလဲ.. တကယ်ပါဗျာ..

ထိုအချိန်တွင် အဘွားကြီးဟွမ် ပြေးထွက်လာကာ ဒေါသတကြီး ဆဲဆိုလေသည်။

"ကျောက်တာ့ရာ နင် ငါ့သားကို နှိပ်စက်နေတာလား.. နင့်ကို ငါ သေအောင်သတ်မယ်.."

"အမေ သတိထား.."

ချန်ချင်းယွီ လှမ်းသတိပေးလိုက်၏။

ချန်ချင်းယွီ အဘွားကြီးကျောက်ကို ဆွဲဖယ်လိုက်စဉ်၊ အဘွားကြီးဟွမ်မှာ အဘွားကြီးကျောက်ကို ခေါင်းနှင့်တိုက်ပြီး ပညာပေးရန် ပြေးဝင်လာသည်။ သို့သော်... ချန်ချင်းယွီ သူမကို ဆွဲထိန်း၍ ခြေထောက်ဖြင့် ခံထားလိုက်ရာ၊ အဘွားကြီးဟွမ်သည် လမ်းကြောင်းပြောင်းသွားပြီး သူမ၏သားဖြစ်သူနှင့် တည့်တည့်တိုးကာ တိုက်မိသွား၏။

ဗုန်း..

သားအမိနှစ်ယောက်လုံး တစ်ယောက်ပေါ်တစ်ယောက် ထပ်လျက် လဲကျသွားကြသည်။

"ဟက်.."

"အဘွားကြီးဟွမ်လည်း သိပ်မစွမ်းလှပါဘူးအေ။"

"သူ့အသက်အရွယ်နဲ့ ဒီလောက်ပဲ တတ်နိုင်တာပေါ့။"

ကျန်းရှင်းဖှလည်း ဒေါသချောင်းချောင်းထွက်သွားပြီး

"အမေ.. ဘာလို့ ကျွန်တော့်ကို လာတိုက်တာလဲ.. တကယ်ပဲ အရူးမကြီးကျနေတာပဲ.."

သူ အော်ဟစ်ကာ မိခင်ဖြစ်သူကို တွန်းဖယ်လိုက်သည်။

"ကိစ္စတွေကို ပိုဆိုးအောင်မလုပ်နဲ့၊ ကျွန်တော် စိတ်ညစ်နေရတဲ့ကြားထဲ"

မိခင်ဖြစ်သူမှာ သူ့ကို တစ်ခါမှ မကူညီနိုင်သည့်အပြင် ပြဿနာသာ ရှာတတ်သဖြင့် ကျန်းရှင်းဖှတစ်ယောက် အတော်လေး စိတ်တိုနေ၏။

"ငါ့ရှေ့က ဖယ်စမ်း.."

သူသည် ခက်ခဲစွာ ထရပ်လိုက်ပြီး

"နင်တို့မိသားစု စောင့်နေလိုက်ကြ.."

ကျန်းရှင်းဖှ ကြုံးဝါးကာ ခြံပြင်သို့ ဒေါသတကြီး ထွက်သွားတော့သည်။

"သား.. သားရေ.."

အဘွားကြီးဟွမ် လှမ်းခေါ်သော်လည်း ကျန်းရှင်းဖှ လှည့်ပင်မကြည့်တော့ပေ။

အဘွားကြီးကျောက် လှောင်ပြုံးပြုံးကာ ခနဲ့၍ အနာပေါ်ဆားဖြူးလိုက်လေသည်။

"သားမွေးတာ အိုစာမင်းစာအတွက်လို့ လူတွေပြောကြပေမဲ့၊ ဟားဟား... ဒီလိုသားမျိုးနဲ့တော့ ဘာမျှော်လင့်ချက်ရှိမှာလဲ.. သားကောင်းဖြစ်မှသာ အိုရင် အားကိုးရတာ။ ငါ့သားက လူတော်၊ သူ မရှိတော့ရင်တောင် ငါ့အတွက် အလုပ်အကိုင်နဲ့ လုပ်စာကျန်ခဲ့အောင် စီစဉ်ပေးသွားသေးတယ်။ တချို့လူတွေရဲ့ သားတွေကျတော့ လူကသာ သန်သန်မာမာ၊ ဘာမှအသုံးမကျဘူး။ ပြောလိုက်ဦးမယ် ဟွမ်မျိုးရိုးကောင်မ... နင့်သားသာ ငါ့ကို နောက်တစ်ခါ အဲဒီလို လာလုပ်ဦးမယ်ဆိုရင် သူတို့စက်ရုံအကြီးအကဲဆီအထိ ငါသွားတိုင်မယ်။ တကယ့် လူယုတ်မာပဲ.."

အဘွားကြီးဟွမ်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး

"နင်က ဘယ်လိုရုပ်မျိုးနဲ့ ဒီလောက် ယုံကြည်မှုရှိနေတာလဲ.. ဘယ်သူက နင့်ကို လိုချင်မှာလဲ.. ငါ့သားအကြောင်း လျှောက်မပြောနဲ့။ ငါ့သားက ယောက်ျားရင့်မာကြီး၊ သူ ဘာကိုမှ လိုချင်မှာမဟုတ်ဘူး။ နင့်ရဲ့ ချွေးမကိုဆိုရင်တော့ တစ်မျိုးပေါ့။ နင့်ချွေးမ မြေခွေးမလေးက ငါ့သားကို မြှူဆွယ်နေတာနေမှာပေါ့..."

ထိုစကားကို ကြားလိုက်ရသည်နှင့် အဘွားကြီးကျောက်သည် ရှေ့သို့ပြေးဝင်ကာ အဘွားကြီးဟွမ်ကို ဆွဲပြီး ပါးကို အချက်ပေါင်းများစွာ ဆင့်ရိုက်တော့သည်။

"ငါ့ချွေးမက တကယ့်လူကောင်းဟဲ့.. နင်ကများ သူ့အကြောင်း မကောင်းပြောရဲတယ်ပေါ့.. နင့်ပါးစပ်ကို ပိတ်သွားအောင် ငါသင်ခန်းစာပေးမယ်.. နင့်ကို သေအောင်ရိုက်မယ်.. ငါ့ချွေးမရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးချင်သေးတယ်ပေါ့၊ အရှက်မရှိတဲ့ အဘွားကြီး.. နင့်သား ငါ့ကိုချောင်းနေတာ လက်ပူးလက်ကြပ်မိလို့ သူတောင် မရင်ဆိုင်ရဲဘဲ ထွက်ပြေးသွားတာ။ နင်ကများ ငါ့ချွေးမကို ပုပ်ခတ်ချင်သေးတယ်လား.. သေစမ်း.."

ချန်ချင်းယွီ အဘွားကြီးဟွမ်ကို အေးစက်စွာ ကြည့်နေသည်။ အဘွားကြီးဟွမ်၏ စရိုက်မှာ မကောင်းမှန်း သူမ သိပြီးသားဖြစ်၏။ သူမကို မြင်တိုင်း မထီမဲ့မြင်ကြည့်တတ်သည့် ထိုလူယုတ်မာမျက်လုံးများကို ချန်ချင်းယွီ သတိထားမိထားသည်။ယခင်ဆိုလျှင် သူမ လျစ်လျူရှုထားမည်ဖြစ်သော်လည်း ယခုမူ လူပုံအလယ်တွင် စော်ကားလာသဖြင့် သည်းမခံနိုင်တော့ပေ။

ဟဟ.. ဒါက ငါ့အကွက်ပဲ..

ချန်ချင်းယွီ အေးစက်စက် လေသံဖြင့်

"အမေရေ.. ရိုက်စမ်း.. သေရင် ကျွန်မတာဝန်။ ကျွန်မတို့က အမျိုးသမီးချင်းပဲ။ နောက်ကွယ်မှာ ဘာပြောပြော ကျွန်မ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ အခု လူတွေအများကြီးရှေ့မှာ ကျွန်မကို ပုတ်ခတ်ရဲတယ်ပေါ့။ ဘာလဲ.. ရှင့်သားလိုလူမျိုးကို တစ်ကမ္ဘာလုံးက လူတွေက လုယူနေကြမယ် ထင်နေတာလား.. ကျွန်မနဲ့ ကိုကိုကျန့်ဝမ်က အတန်းဖော်တွေ၊ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းချစ်ကြတာ။ သူ မရှိတော့ပေမဲ့ သူက ကျွန်မရင်ထဲမှာ အမြဲရှိတယ်။ ဘယ်သူမှ သူ့နေရာကို အစားမထိုးနိုင်သလို၊ ဘယ်သူမှလည်း ကျွန်မဂုဏ်သိက္ခာကို လာပြီး မညှိုးနွမ်းစေရဘူး။"

"ဘာတွေ အပြစ်ကင်းချင်ယောင် ဆောင်နေတာလဲ.. နင့်ရုပ်က..."

အဘွားကြီးဟွမ် စကားမဆုံးခင်မှာပင် ချန်ချင်းယွီ အဘွားကြီးကျောက်ကို ဘေးသို့တွန်းဖယ်ကာ အဘွားကြီးဟွမ်၏ ဆံပင်ကိုဆောင့်ကိုင်ပြီး အပြင်သို့ ဆွဲထုတ်သွားတော့၏။

"တခြားခြံထဲမှာ လူတစ်ယောက် အိမ်သာကျင်းထဲ ကျသွားတယ်လို့ ကြားတယ်၊ ရှင်လည်း အဲဒီထဲ ဆင်းသင့်တယ်။ ရှင့်ပါးစပ်က အဲဒီလောက် ညစ်ပတ်နေမှတော့ အိမ်သာကျင်းထဲမှာပဲ နေတာ အကောင်းဆုံးပဲ.."

ချန်ချင်းယွီ အဘွားကြီးဟွမ်၏ ဆံပင်ကို အားကုန်ဆွဲထားသည်။

"ရှင်ကိုယ်တိုင်လည်း အမျိုးသမီးဖြစ်ပြီး ဘာလို့ ဒီလောက် ရက်စက်ယုတ်မာရတာလဲ.. ကျွန်မအကြောင်း ပြောရတာ ဝါသနာပါလှတယ်မဟုတ်လား.. မနက်ဖြန် စက်ရုံကို ကျွန်မသွားမယ်။ ကျွန်မ ယောက္ခထီးရော ယောကျာ်းရော စက်ရုံအလုပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတာ။ စက်ရုံဘက်က ရှင်တို့လိုလူတွေ ကျွန်မကို နှိပ်စက်နေတာကို လျစ်လျူရှုထားမယ်လို့ မထင်ဘူး။ ရှင်ကတော့ အလုပ်မရှိပေမဲ့ ရှင့်ယောက်ျား အဘိုးကြီးကျန်းနဲ့ရှင့်သား ကျန်းရှင်းဖှတို့မှာ အလုပ်ရှိတယ်။ စက်ရုံက ဘာလုပ်မလဲဆိုတာ ကျွန်မ ကြည့်ဦးမယ်။ အရေးမယူပေးရင် စက်ရုံရှေ့မှာပဲ ကျွန်မ လည်ပင်းကွင်းစွပ်သေပြမယ်.."

ချန်ချင်းယွီသည် ဤလူများ၏ တတွတ်တွတ် ဆဲဆိုနေမှုကို အမှန်တကယ်ပင် စိတ်ကုန်နေပြီဖြစ်ရာ၊ ဤတစ်ကြိမ်တွင်မူ ပြဿနာကို အကြီးအကျယ် ဖြစ်အောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

အဘွားကြီးဟွမ်သည် ချန်ချင်းယွီကို ပြန်လည်ဆဲဆိုလိုက်၏။

"နိမိတ်မကောင်းတဲ့မိန်းမ.. နင် တစ်ခုခုလုပ်ရဲရင် နင့်ကို ငါသတ်မယ်.."

အဘွားကြီးကျောက် ပြန်ပက်လိုက်ကာ

"နင်ကများ သူများကို လာအနိုင်ကျင့်ပြီး သတ်ချင်သေးတယ်ပေါ့.. လူတွေအကုန် ကြားတယ်နော်.. ဒီမိန်းမ လူသတ်တော့မယ်.. နင်က တကယ့်ကို အောက်တန်းစားပဲ.. သေစမ်း.."

ဆဲဆို၍ အဘွားကြီးဟွမ်ကို လက်သီးဖြင့် ထိုးလေတော့သည်၌

အဘွားကြီးကျောက်၏ လက်သီးချက်များမှာ အားမနည်းလှပေ။

"ဘုရားရေ... လူသတ်နေကြပြီ.."

"နင်က လူသတ်မလို့လား.. နင့်ကို အရင်သတ်မယ်.."

အဘွားကြီးဟွမ်ခမျာ "နင်က အရူးမကြီး..." ဟုအော်၍သာ အော်ဟစ်ငိုယိုနေရ၏။

"နင် ပါးစပ်သရမ်းကတည်းက ငါ့မိသားစုက အနိုင်ကျင့်လို့မရဘူးဆိုတာ သိထားသင့်တယ်။ မနက်ဖြန် ငါနဲ့ ငါ့ချွေးမ စက်ရုံအကြီးအကဲဆီ သွားမယ်၊ နင်စောင့်နေလိုက်.."

အဘွားကြီးကျောက် ဟိန်းဟောက်လိုက်သည်။ မာကျန့်ယီမှာ အပြေးအလွှား ပြေးထွက်လာ၏။ သူသည် အခြေအနေများ ပိုဆိုးလာမည်ကို သိသော်လည်း ဝင်မပါချင်ဘဲ ပျင်းနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ လျစ်လျူရှုထား၍ မရတော့ပေ။ အဘွားကြီးကျောက်မှာ ပြဿနာရှာနေကျဖြစ်သော်လည်း အမြဲတမ်း အေးဆေးနေတတ်သည့် ချန်ချင်းယွီပင် စိတ်ဖောက်ပြန်နေသည်ကို သူ မြင်လိုက်ရ၏။

"ဘယ်လိုဖြစ်လို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ.."

ချန်ချင်းယွီ အလျှော့မပေးဘဲ တုံ့ပြန်လိုက်သည်။

"သူမက ကျွန်မရဲ့ ဂုဏ်သိက္ခာကို စော်ကားတယ်။ တခြားဘာပဲဖြစ်ဖြစ် ကျွန်မ သည်းခံနိုင်ပေမဲ့ ဒါကိုတော့ လုံးဝသည်းမခံနိုင်ဘူး.. သူမ ဘာယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိနေလဲဆိုတာ ဘယ်သူသိမှာလဲ.."

ချန်ချင်းယွီ အဘွားကြီးဟွမ်ကို အေးစက်စွာ စိုက်ကြည့်ရင်း ရုတ်တရက် ဆိုလိုက်၏။

"ဒီလောက် ယုတ်မာတဲ့မိန်းမကြီးက အညစ်အကြေးတွေ စားသင့်တယ်လို့ ကျွန်မ ထင်တယ်.."

"မဟုတ်တာ... အဲဒီလောက်ထိတော့ မဟုတ်ပါဘူး..."

မာကျန့်ယီ တားသော်လည်း၊

ချန်ချင်းယွီမှာ ဂရုမစိုက်ဘဲ

"ဦးလေးမာ၊ ဦးလေးရဲ့စကားက ဘာမှ အရာမရောက်ဘူး။ ပြီးခဲ့တဲ့တစ်ခေါက်က ပြဿနာမရှာဖို့ ဦးလေးပြောခဲ့ပေမဲ့ ကြည့်ဦး၊ သူတို့က ဦးလေးကိုတောင် ဂရုမစိုက်ဘူး။ ဒီနေ့ ဒီသားအမိနှစ်ယောက်ပေါင်းပြီး ကျွန်မတို့ကို အနိုင်ကျင့်နေတာ.."

"ဘယ်သူက ငါ့သားအကြောင်း အရင်ပြောတာလဲ..."

"နင့်သားက ငါအဝတ်လဲတာကို အရင်ချောင်းတာဟဲ့.."

အဘွားကြီးကျောက် ချက်ချင်း ပြန်အော်လေသည်။

"ချောင်းကြည့်တော့ရော ဘာဖြစ်လဲ.. နင့်အသားတွေ လျော့သွားလို့လား.. နင့်ကို ကြည့်ရတာ နင့်အတွက် ဂုဏ်ယူစရာတောင် ဖြစ်သင့်သေးတယ်.."

အဘွားကြီးဟွမ် ရှက်ရကောင်းမှန်းမသိဘဲ ဂုဏ်ယူသလိုပင် ပြန်ပြောလိုက်၏။

ချန်ချင်းယွီ : "ရှင်ကိုယ်တိုင်လည်း အမျိုးသမီးဖြစ်ပြီး ကိုယ်ကျင့်တရား လုံးဝမရှိဘူးပဲ။ အဲဒီလောက်တောင် ဖြစ်နေရင်လည်း အမျိုးသမီးအဖြစ် မခံယူနဲ့တော့.."

ချန်ချင်းယွီသည် ရုတ်တရက် ရူးသွပ်သွားသည့်အလား အဘွားကြီးဟွမ်၏ ဆံပင်များကို ဆောင့်ကိုင်ကာ

"ယောက်ျားစိတ် ပေါက်နေတာဆိုတော့လည်း ယောက်ျားပဲ လုပ်လိုက်တော့.. အရင်ဆုံး ခေါင်းရိတ်ပစ်မယ်.."

တကယ်ပဲ အကုန်ရိတ်ပစ်ဖို့ လိုလို့လား..

လိုတယ်.. ဒီလိုသောက်အဘွားကြီးက ပညာမပေးရင် ခွေးလှေးလိုပဲ ခုန်ခုန်နေမှာ..

ချန်ချင်းယွီမှာ အဘွားကြီးဟွမ် ကတုံးဖြစ်သွားသည်အထိ ဆံပင်များကို ဆွဲနှုတ်ပစ်တော့မည့် အသွင်ရှိသည်။

"အားးး.. ဘာလုပ်တာလဲ.. လွှတ်... နာတယ်၊ အရမ်းနာနေပြီ.."

ချန်ချင်းယွီ ဘာကိုမှ ဂရုမစိုက်တော့ပေ။ တစ်ခါတစ်ရံတွင် ဤကဲ့သို့ ရူးသွပ်ပြရန် လိုအပ်သည်မဟုတ်လော့..

တကယ်ပင်..

‘သူမကသာ အစွယ်ထုတ်မပြရင် လူတိုင်းက သူမကို နာမကျန်းဖြစ်နေတဲ့ ကြောင်တစ်ကောင်လို အနိုင်ကျင့်ကြဦးမယ်..’

သူမသည် ဆံပင်များကို ဆက်တိုက်ဆွဲရင်း

"အမေ ကတ်ကြေးသွားယူ.. သူက အမြဲတမ်း ယောက်ျားကောင်းကြောင်း ပြောနေတာမဟုတ်လား။ ဒီလောက် မိန်းမဘဝကို စိတ်ကုန်နေပြီး ယောက်ျား တကယ်ဖြစ်ချင်နေရင် ကျွန်မ ကူညီပေးမယ်.."

"အေး... လာပြီ.."

ချန်ချင်းယွီ၏ ပုံစံကိုကြည့်ပြီး အဘွားကြီးကျောက်ပင် ထပ်ပြီး အသံမထွက်ရဲတော့ပေ။ သူမသည် အိမ်ထဲသို့ ဝှစ်ခနဲ ပြေးဝင်သွား၏။

"အစ်မကြီးကျောက်ရေ..."

မာကျန့်ယီခမျာ တားသော်လည်း အဘွားကြီးကျောက် နားမထောင်ပေ။ မာကျန့်ယီ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေခြင်းဖြစ်သော်လည်း၊ ဤလူယုတ်မာများမှာ ချန်ချင်းယွီ၏ လက်သီးသံတောင်အောက်တွင် သင်ခန်းစာ ရသင့်သည်မှာ ကြာလှပြီဖြစ်၏။

ချန်ချင်းယွီသည် သူမ၏ စွမ်းအားအစစ်အမှန်ကို ထုတ်မပြနိုင်သော်လည်း "ရူးသွပ်ခြင်း" ကိုမူ အသုံးချနိုင်သည်။

"ချွေးမလေး... ရော့၊ ကတ်ကြေး.."

"အားးး.. ဘာလုပ်မလို့လဲ.. နင် ရူးနေပြီလား.. ငါ့ဆံပင်တွေ..."

ချန်ချင်းယွီ : “ရှင့်မှာ ဆံပင်ရှိနေဖို့ မလိုပါဘူး။ ရှင်က မိန်းမဘဝကိုမုန်းပြီး ယောက်ျားစိတ်ပေါက်နေတာ မဟုတ်လား.. ယောက်ျားတွေဘက်ကပဲ အမြဲပြောနေတာလေ။ ယောက်ျားဖြစ်ရင် ပြီးရောဆိုတဲ့ စိတ်နဲ့ မဟုတ်လား.. အမျိုးသမီးတွေကိုမှ မုန်းနေတာ။ ကျွန်မက ရှင့်ကို ဘာမှမလုပ်ရသေးဘဲနဲ့ ရှင်က ကျွန်မကို အရင်ပုပ်ခတ်တယ်။ ရှင့်ရင်ထဲမှာ ယောက်ျားဖြစ်ချင်နေတာ လူတိုင်းသိတယ်၊ လာ..လာ..ကျွန်မ ကူညီပေးမယ်။"

ချန်ချင်းယွီသည် ကတ်ကြေးကိုကိုင်ကာ ရှပ်... ရှပ်... ရှပ်... နှင့် အဘွားကြီးဟွမ်၏ ခေါင်းကို ချက်ချင်းပင် ကတုံးဆံတောက်ကေ လုပ်ပစ်လိုက်တော့သည်။ အချို့နေရာများတွင်မူ ဦးရေပြား ပြောင်သွားသည်အထိ ရိတ်ပစ်လိုက်၏။

"ဘုရား... ဘုရား.. နင် ရူးနေပြီလား.. ငါ့ကို လွှတ်စမ်း.."

အဘွားကြီးဟွမ် အော်ဟစ်ငိုယိုလိုက်သည်။ အဘွားကြီးဟွမ်သည် ချန်ချင်းယွီ ဆံပင်များကို ဆွဲကာ ညှပ်နေသဖြင့် မလှုပ်ရဲတော့ပေ။ ကတ်ကြေးသည် ဦးရေပြားကို ထိုးမိပြီး သွေးထွက်သွားမှာကို သူမ အသေအလဲ ကြောက်နေမိ၏။

"ကယ်ကြပါဦး.. ဒီမုဆိုးမလေး ရူးနေပြီလား မဟုတ်ဘူး.."

ချန်ချင်းယွီ လှောင်ပြုံးပြုံးကာ

"ရူးတယ်.. ကျွန်မက ရှင့်ကို ကူညီနေတာလေ။ ကျွန်မအကြောင်း မကောင်းပြောချင်တာ မဟုတ်လား.. ကျွန်မကို အနိုင်ကျင့်ရလွယ်မယ် ထင်နေလား.. ကျွန်မကို လှည့်စားလို့ရမယ် ထင်နေလား.. ကောင်းပြီလေ... သေချင်းဆိုးနဲ့ သေကြတာပေါ့.."

ချန်ချင်းယွီ၏ လှုပ်ရှားမှုများမှာ အလွန်မြန်ဆန်လှသဖြင့် မည်သူမျှ အနားမကပ်ရဲကြပေ။ ခဏအတွင်းမှာပင် အဘွားကြီးဟွမ်မှာ ကတုံးနီးပါး ဖြစ်သွားတော့သည်။

သောက်ကျိုးနည်း.. လူတိုင်း ကိုယ့်ခေါင်းကိုယ် ကိုင်လိုက်မိက့၏။

"အမေ.. လာ... လိုက်ခဲ့။ တခြားလမ်းက လူတွေ အိမ်သာကျင်းထဲ ဆင်းကြတယ်လို့ ကြားတယ်။ သူ့ပါးစပ်က အဲဒီလောက် နံနေတာ၊ အဲဒီနေရာနဲ့ အကိုက်ညီဆုံးပဲ။ လာ... သူ့ကို အိမ်သာကျင်းထဲ အတင်းထည့်ပစ်မယ်.."

"အေး... သွားမယ်.."

အဘွားကြီးကျောက်မှာ ပြန်မပြောရဲဘဲ ယောင်နနဖြင့် ထောက်ခံလိုက်ရသည်။

"အား.. အားးး.. ကယ်ကြပါဦး.."

ယောက္ခမနှင့် ချွေးမနှစ်ဦးသည် အဘွားကြီးဟွမ်ကို ဆွဲခေါ်သွားကြ၏။ အမှန်စင်စစ် ချန်ချင်းယွီသည် အဘွားကြီးဟွမ်ကို ကြက်ကလေးတစ်ကောင်လို တစ်ယောက်တည်း မယူသွားနိုင်သော်လည်း သူမ၏ ခွန်အားကို ဖုံးကွယ်ရန်အတွက် အဘွားကြီးကျောက်နှင့်အတူ အားစိုက်ဆွဲနေသည့်အသွင် ဖန်တီးလိုက်ခြင်းဖြစ်သည်။

"တော်ပြီ... တော်ကြပါတော့.."

"ဘုရားရေ... လွှတ်ပေးလိုက်ကြပါဦး..”

"စိတ်အေးအေးထားပါ... စိတ်လျှော့ပါ.."

ဘေးလူများမှာ ဝိုင်းတားကြသော်လည်း ချန်ချင်းယွီ ကျီစယ်နေခြင်းမဟုတ်မှန်း အားလုံးသိကြ၏။

အဘွားကြီးဟွမ် ကတုံးဖြစ်သွားတာကို မမြင်ကြဘူးလား..

သူမ ပြောသည့်အတိုင်း အမှန်တကယ် လုပ်မည့်သူဖြစ်သည်။ လူတိုင်း ဝင်ဖျန်ဖြေချင်ကြသော်လည်း ချန်ချင်းယွီ ကတ်ကြေးကို ကိုင်ထားဆဲဖြစ်သဖြင့် ကြောက်နေကြသည်။

စောစောက ဆံပင်ညှပ်တုန်းကလည်း သူမ တစ်ချက်ကလေးမျှ မတွန့်ဆုတ်ခဲ့ဘူး..

ဤမိန်းမသည် ယခင်က ကိုယ့်ကိုယ်ကိုယ် သတ်သေရန်အထိ ကြိုးစားခဲ့ဖူးသူ မဟုတ်ပါလား..

အဘွားကြီးဟွမ်သည်လည်း ဤယောက္ခမနှင့် ချွေးမမှာ အတည်လုပ်နေခြင်းဖြစ်ကြောင်း သိသွားသဖြင့် အသေအလဲ ကြောက်လန့်နေ၏။ သူမသည် စူးစူးဝါးဝါး အော်ဟစ်ကာ

"ကယ်ကြပါ.. ကျွန်မကို ကယ်ကြပါ.. အိမ်သာကျင်းထဲ မသွားချင်ဘူး.. ဒီမိန်းမ ရူးသွားပြီ.."

ချန်ချင်းယွီ၏ အသံမှာ ပြတ်သားနေသည်။

"ရှင်က ကျွန်မကို ရူးတယ်လို့ ပြောရင် ကျွန်မကလည်း ရူးပြရမှာပေါ့။ ရှင်က ကျွန်မအကြောင်း သတင်းလွှင့်လို့ရပြီး ကျွန်မကြတော့ ပြန်မတိုက်ခိုက်ရဘူးလား.. ကျွန်မက ပြန်လုပ်ရင် ရူးတာလား.. ဒါ ဘာယုတ္တိရှိလဲ.. ရှင်ဘက်ကပဲ အမှန်တရားလား.. သူများကို ပုပ်ခတ်ရတာ ပျော်တယ်မဟုတ်လား.. အောက်တန်းစား အလုပ်တွေလုပ်ရတာ ဝါသနာပါတာ မဟုတ်လား.. ရှင့်ပါးစပ် သရမ်းရင် ဘာဖြစ်မလဲဆိုတာ ကျွန်မပြမယ်။ ဒီနေ့ ကျွန်မအကြောင်း ပြောနိုင်သလို၊ မနက်ဖြန် တခြားသူအကြောင်းလည်း ပြောဦးမှာပဲ။ ကျွန်မ တရားမျှတမှုကို ဖော်ဆောင်နေတာ.."

"ဟုတ်တယ်.. ငါ့ချွေးမ ပြောတာ မှန်တယ်.."

အဘွားကြီးကျောက်မှာ အဘွားကြီးဟွမ်ကို ဆွဲလိမ်ရင်း စိတ်ထဲမှ

‘ဒီအဘွားကြီးကို ငါ အသက်ရှူကျပ်အောင် လုပ်ပစ်မယ်.. ငါ့ချွေးမအကြောင်း ပြောရဲသေးတယ်ပေါ့.. အခုတော့ မှတ်ပြီလား..’

သူမသည် ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်ရင်း၊ မိမိတွင် သားကောင်းတစ်ယောက်ရှိခဲ့သည်ကို ကျေးဇူးတင်နေမိသည်။ လင်းကျန့်ဝမ်၏ မျက်နှာသာ မရှိလျှင်၊ ယနေ့ သူမသာ ထိုကဲ့သို့ စကားမှားမိပါက ကတုံးဖြစ်သွားမည့်သူမှာ သူမကိုယ်တိုင်ပင် ဖြစ်နိုင်သည်ဟု တွေးကာ ကြက်သီးထသွား၏။ ကတုံးဖြစ်သွားသော အဘွားကြီးဟွမ်ကို ကြည့်ရင်း ချန်ချင်းယွီသည် တကယ့်ကို ရက်စက်သူဖြစ်ကြောင်း သူမ နားလည်သွားသည်။

‘အမယ်လေး.. သားရေ အမေ ကျေးဇူးတင်လိုက်တာ.. အမေ ကတုံးမဖြစ်ချင်ဘူး.... တကယ်ပါ..’

"အားးး... ကယ်ကြပါ.. ကယ်ပါဦး.. ဦးလေးမာ..."

အဘွားကြီးဟွမ် အသားကုန်အော်ဟစ်နေပြီး မာကျန့်ယီမှာလည်း

"ရှောင်ချန်... ရှောင်ချန်... စိတ်လျှော့ပါဦး။ အဘွားကြီးဟွမ်က ပါးစပ်သရမ်းမိတာ ငါသိပါတယ်။ သူ့ကို ညည်းကို တောင်းပန်ခိုင်းပါ့မယ်။ ဒီလိုတော့ မလုပ်ပါနဲ့။ ညည်း ဒီလိုလုပ်ရင် သူက ရဲတိုင်လိမ့်မယ်..."

"မကြောက်ဘူး.."

ချန်ချင်းယွီ အော်ပြောလိုက်ကာ

"သူက ကျွန်မကို စော်ကားနိုင်ပြီး ကျွန်မက ပြန်မလုပ်ရဘူးလား.. တိုင်ချင်ရင် တိုင်၊ ထောင်ကျချင်လည်း ကျမယ်။ ရဲတွေကလည်း အမှန်အတရားကို သိမှာပါ။ ဒါ ကျွန်မအမှားလို့ မယုံဘူး.. ကျွန်မ ပြန်ထွက်လာရင် သူ့ကို ထပ်ပြီး ရှင်းမယ်.. သူတို့မိသားစုက ဥပဒေမရှိသလို အနိုင်ကျင့်နေတာကို ကျွန်မ လက်မခံနိုင်ဘူး။ အမေ... မနက်ဖြန် စက်ရုံကိုသွားပြီး အကြီးအကဲတွေကို ရှာမယ်။ အားလုံး အေးဆေးမနေရအောင် လုပ်ပစ်မယ်.."

"မဟုတ်ဘူး... မဟုတ်ဘူး..."

မာကျန့်ယီသည် ရဲတိုင်မည်ဆိုသော စကားက ချန်ချင်းယွီကို မတားနိုင်မှန်း သိသွားသဖြင့် ချက်ချင်း စကားလမ်းကြောင်း ပြောင်းလိုက်ရသည်။

"ညည်းရဲ့ ကလေးတွေကို ထောက်ထားပါဦး..."

ချန်ချင်းယွီ : "ကျွန်မမှာ တစ်ခုခု ဖုံးကွယ်ထားတာ ရှိရင်တောင် ကျွန်မယောက္ခမက ကလေးကို ကောင်းကောင်း စောင့်ရှောက်မှာပါ။ ကလေးကို မူကြိုပို့လိုက်လို့လည်း ရတယ်။ ကျွန်မတို့မိသားစုရဲ့ အလုပ်အကိုင်ကိုပဲ ဖြစ်ဖြစ်၊ ဂုဏ်သိက္ခာကိုပဲ ဖြစ်ဖြစ် အခွင့်ကောင်းယူဖို့ ကြိုးစားနေတာဆိုရင်တော့ အဲဒီညစ်ပတ်တဲ့ အတွေးတွေကို ရပ်လိုက်စမ်းပါ.. အမေ... ကျွန်မတို့မှာ အားကိုးရာ မရှိတာ မဟုတ်ဘူး.."

အဘွားကြီးကျောက်သည်လည်း

"ဟုတ်တယ်၊ ငါတို့ စက်ရုံကို သွားမယ်။ စက်ရုံက ငါတို့ကို မကူညီဘူးဆိုတာ ငါမယုံနိုင်ဘူး။ ငါ့ယောက်ျားရော ငါ့သားရော စက်ရုံအတွက် အလုပ်လုပ်ရင်း သေသွားကြတာ။ နင်တို့က ငါတို့ကို ဒီလောက် အနိုင်ကျင့်ရလွယ်မယ် ထင်နေလား.. လောကမှာ တရားမျှတမှု မရှိဘူးဆိုတာ ငါမယုံဘူး"

ထိုအကြောင်းကို တွေးမိလေ အဘွားကြီးကျောက်မှာ ပို၍ ဒေါသထွက်လေဖြစ်ရာ အဘွားကြီးဟွမ်၏ ပါးကို နောက်ထပ် အချက်ပေါင်းများစွာ ဆင့်ရိုက်လေတော့သည်။

"လူသတ်နေကြပြီ.."

အဘွားကြီးဟွမ် အော်ဟစ်နေသော်လည်း အဘွားကြီးကျောက် မရပ်ပေ။

မာကျန့်ယီမှ ခေါင်းများပင် မူးနောက်လာပြီး ခပ်တင်းတင်းဆိုကာ အာမခံလိုက်၏။

"ဒီတစ်ခါတော့ လွှတ်ပေးလိုက်ကြပါတော့။ နောက်ဆုံးအကြိမ် ဖြစ်စေရမယ်လို့ ငါအာမခံတယ်။ အဘွားကြီးဟွမ်... နင့်မိသားစုအတွက် ပြဿနာမဖြစ်စေချင်ရင် အခုချက်ချင်း တောင်းပန်လိုက်တော့.."

အဘွားကြီးဟွမ်မှာ တကယ်ပင် ကြောက်လန့်တကြားဖြင့် တစာစာ တောင်းပန်နေလေသည်။

"ကျွန်မ မှားပါပြီ.. ကျွန်မ မှားပါပြီ.. လွှတ်ပေးကြပါတော့ ဘုရားရေ.."

ယောက္ခမရော ချွေးမပါ အရူးတွေ ဖြစ်ကုန်ပြီ.... ကယ်ကြပါ....

"ငါ တကယ်မှားတာပါ။ နောက်ကို ဘာမှ ထပ်မပြောတော့ပါဘူး၊ နင်တို့အကြောင်း မကောင်းတာ တစ်လုံးမှ မပြောတော့ပါဘူး.."

ချန်ချင်းယွီ အဘွားကြီးဟွမ်၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ရင်း အေးစက်စွာ ဆိုလိုက်၏။

"ရှင်က ကောလာဟလတွေ ဖြန့်ပြီး ကျွန်မရဲ့ ဂုဏ်သိက္ခာကို ပုပ်ခတ်ခဲ့တာလေ"

ချန်ချင်းယွီ ဆုပ်ကိုင်ထားသည့် အားကြောင့် အဘွားကြီးဟွမ်မှာ သူမလက်မောင်း ညိုမည်းသွားပြီဟု သေချာပေါက် ခံစားနေရသည်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ငါက ကောလာဟလတွေ ဖြန့်ခဲ့မိပါတယ်။ ငါက လူယုတ်မာပါ၊ တမင်တကာ လုပ်ခဲ့တာပါ။ စိတ်ရင်းမကောင်းလို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ ငါ မှားမှန်း တကယ်သိပါပြီ။ ကျေးဇူးပြုပြီး လွှတ်ပေးပါ.."

ချန်ချင်းယွီ နှာခေါင်းရှုံ့ကာ

"ကျွန်မမိသားစုက ရှင့်ကို ဘာစော်ကားခဲ့လို့လဲ.. ရှင်က ကျွန်မတို့ကိုပဲ အမြဲ ပြဿနာရှာနေတာ။ အခုလည်း ကျွန်မဂုဏ်သိက္ခာကို ဖျက်စီးဖို့ ကြိုးစားတယ်။ ကျွန်မမိသားစု အဆင်ပြေနေတာကို ရှင် မနာလိုဖြစ်နေတာ မဟုတ်လား.. ကျွန်မ ယောက္ခမမှာ အလုပ်ရှိတာကို မနာလိုဖြစ်တယ်၊ ကျွန်မ ငါးအနည်းငယ် မိလာတာကိုတောင် ရှင် မနာလိုဖြစ်နေတာ။ ရှင်က တကယ့်ကို စိတ်ပုပ်တဲ့သူပဲ"

"ဟုတ်ပါတယ်... အားလုံး ငါ့အမှားပါ။ တောင်းပန်ပါတယ်။ လွှတ်ပေးပါတော့"

မာကျန့်ယီ ဝင်ဖျန်ဖြေကာ

"ရှောင်ချန်... စိတ်လျှော့ပါဦး။ အားလုံးက သူ့အမှားတွေပါ။ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်ပါနော်။ နောက်တစ်ခါ သူ တစ်ခွန်းတောင် ထပ်ပြောရင် ခြံဝင်းထဲကနေ သူတို့မိသားစု နှင်ထုတ်ခံရအောင် ငါကိုယ်တိုင် ရပ်ကွက်ကော်မတီနဲ့ စက်ရုံကို သွားတိုင်ပေးမယ်။ အဲဒါဆိုရင်ကော အဆင်ပြေရဲ့လား.."

တကယ်တမ်း လူတစ်ယောက်ကို နှင်ထုတ်ရန်မှာ မလွယ်ကူသော်လည်း မာကျန့်ယီမှာ အဘွားကြီးဟွမ်ကို ခြောက်လှန့်ရန်နှင့် ချန်ချင်းယွီကို စိတ်အေးစေရန် ဤသို့ ပြောလိုက်ခြင်းဖြစ်သည်။

အဘွားကြီးဟွမ်မှာ တကယ်ပင် ထိတ်လန့်သွားပြီး

"ဦးလေးမာ... ဒီလိုတော့ မလုပ်ပါနဲ့... ဘယ်လိုလုပ်ပြီး..."

"ပါးစပ်ပိတ်ထားစမ်း.."

မာကျန့်ယီ ဟောက်လိုက်ပြီး

"နင်သာ ပြဿနာမရှာရင် ဒီကိစ္စတွေ ဖြစ်လာပါ့မလား.. နင့်သားရော ဘယ်မှာလဲ.. ပြဿနာစရှာတဲ့သူက သူပဲ၊ အခု ဘယ်ထွက်ပြေးသွားတာလဲ.."

"သူ... သူ အပြင်ခဏ ထွက်သွားတာပါ"

ချန်ချင်းယွီ ရုတ်တရက် ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်ပြီး

"ညဉ့်နက်သန်းခေါင်ကြီး သူတစ်ယောက်တည်း အပြင်သွားတာ မလုံခြုံဘူးလေ။ အမေ... ရဲစခန်းသွားရအောင်။ သူ့ကို ရှာပေးဖို့ ရဲတွေကို အကူအညီတောင်းရမယ်။ နောက်လမ်းက တစ်ယောက်နဲ့ သူက ခင်တယ်လို့ ကြားတယ်၊ အဲဒီအိမ်ကို သွားရှာကြည့်ရင် ကောင်းမလား..."

"မသွားပါနဲ့.. မသွားကြပါနဲ့.."

အဘွားကြီးဟွမ်မှာ ယခုမူ အသေအလဲ ကြောက်သွားရပြီဖြစ်သည်။ သူမသား အပြင်ထွက်သွားသည်မှာ လျှိုကျင်းနှင့် သွားတွေ့ခြင်းဖြစ်ကြောင်း သူမ သိနေ၏။ အိမ်ထောင်ရှိသည့် အမျိုးသမီးနှင့် ဖောက်ပြန်နေသည်ကိုသာ လက်ပူးလက်ကြပ်မိပါက သူမသား ထောင်နန်းစံရပေတော့မည်..

သူမသည် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး

"ငါ မှားပါပြီ၊ ငါ တကယ်မှားတာပါ။ နင်တို့အကြောင်း မကောင်းပြောခဲ့တာ ဒီအဘွားကြီးက ပါးစပ်သရမ်းမိတာပါ။ နင်တို့ဘဝလေး အဆင်ပြေနေတာကို မနာလိုဖြစ်မိတာပါ။ အားလုံး ငါ၊ ဒီအဘွားကြီးအမှားပါ။ တောင်းပန်ပါတယ်၊ နောက်ဆိုရင် နင်တို့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ့မယ်။ ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့တော့"

ချန်ချင်းယွီက အဘွားကြီးဟွမ်ကို စိုက်ကြည့်နေစဉ် ဘေးရှိ အိမ်နီးချင်းများမှာလည်း ဝိုင်းဝန်း ဖြန်ဖြေကြသည်။

"ရှောင်ချန်... လွှတ်ပေးလိုက်ပါတော့။ သူလည်း မှားမှန်းသိသွားပါပြီ၊ နောက်ဆို နေရာတကာ ရဲရဲတောက် လုပ်ရဲမှာ မဟုတ်တော့ပါဘူး"

"ဟုတ်တယ်... ကြည့်ပါဦး၊ သူလည်း ကတုံးဖြစ်သွားပြီပဲ။ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်ပါ"

"ငါတို့အားလုံး ညည်းဘက်မှာ ရှိပါတယ်၊ သူ နောက်ဆို ညည်းအကြောင်း မကောင်းသတင်း ဖြန့်ရဲတော့မှာ မဟုတ်ပါဘူး။ ငါတို့အားလုံး စောင့်ကြည့်ပေးပါ့မယ်"

ချန်ချင်းယွီ တိုးညင်းစွာ ဆိုလိုက်၏။

" 'ဝေးကွာတဲ့ ဆွေမျိုးထက် နီးစပ်တဲ့ အိမ်နီးချင်းက ပိုအားကိုးရတယ်' ဆိုတဲ့ စကားရှိတယ်။ ဒါပေမဲ့ အဘွားကြီးဟွမ်ကတော့ ဒီစကားကို နားလည်ပုံမရဘူး။ သူတောင် နားမလည်တာ၊ ကျွန်မက ဘာလို့ နားလည်ပေးနေရမှာလဲ.."

"နားလည်ပါပြီ... ငါ နားလည်ပါပြီ... နောက်ဆို ဘာမှ မိုက်မိုက်ကန်းကန်း မလုပ်တော့ပါဘူး..."

အဘွားကြီးဟွမ်မှာ ချန်ချင်းယွီ နောက်တစ်ကြိမ် ဒေါသပေါက်ကွဲမည်ကို တကယ်ပင် ကြောက်နေမိသည်။

ချန်ချင်းယွီသည် အဘွားကြီးဟွမ်ကို အေးစက်စက် စိုက်ကြည့်နေရာ၊ အဘွားကြီးဟွမ်မှာ နောက်သို့ပင် တွန့်သွားမိ၏။ အမြဲအေးဆေးနေတတ်သည့် လူတစ်ယောက် ဒေါသထွက်လာခြင်းမှာ ပြဿနာအမြဲရှာတတ်သူထက် ပို၍ ကြောက်စရာကောင်းလှသည်။

ချန်ချင်းယွီသည် လက်ထဲမှ ကတ်ကြေးကို အဘွားကြီးဟွမ်၏ နဖူးနားသို့ ရုတ်တရက် ကပ်လိုက်၏။

“အား.."

"ဘုရားရေ.."

"ရှောင်ချန်... ရှောင်ချန်..."

လူအများမှာ ထိတ်လန့်တကြား အော်ဟစ်ကုန်ကြသည်။

ချန်ချင်းယွီ တည်ငြိမ်စွာဖြင့် အလွန်ပင် နစ်မြောဟန် သရုပ်ဆောင်လိုက်ကာ

"ကျွန်မရင်ထဲမှာ ကိုကိုကျန့်ဝမ်တစ်ယောက်ပဲ ရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မကို ပုပ်ခတ်စော်ကားတဲ့သူ ဘယ်သူမဆို အပြစ်ပေးခံရမယ်.. ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်၊ ဒါပေမဲ့ နောက်တစ်ခါ ရှိလာရင်တော့ ဒီလောက်နဲ့ မပြီးဘူးဆိုတာ မှတ်ထား.."

သူမသည် အဘွားကြီးဟွမ်ကို တွန်းဖယ်လိုက်ပြီး "ထွက်သွား.." ဟု အော်ဟစ်လိုက်၏။ ထို့နောက် လူအများကို ဂရုမစိုက်တော့ဘဲ အိမ်ထဲသို့ တည့်တည့်ဝင်သွားတော့သည်။

လူတိုင်းမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ကြ၏။ အဘွားကြီးဟွမ်မှာမူ သေဘေးမှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရပြီးမှ အားရပါးရ ငိုချလိုက်လေသည်။

အဘွားကြီးကျောက် လှောင်ပြုံးပြုံးကာ ခနဲ့လိုက်၏။

"ငိုနေဖို့ ဘာအခွင့်အရေးရှိလို့လဲ.. ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပဲ.."

"ငါတို့က မုဆိုးမနှစ်ယောက် ဖြစ်နေပေမဲ့ အနိုင်ကျင့်ရလွယ်တဲ့သူတွေ မဟုတ်ဘူး။ ငါတို့ ဒုက္ခရောက်နေတုန်း လာနင်းချင်တဲ့သူရှိရင် လုံးဝ မဖြစ်နိုင်ဘူး၊ မှတ်ထားကြ.."

အဘွားကြီးကျောက် ပြောဆိုကာ အိမ်ထဲသို့ ဝင်သွားတော့သည်။

ယောက္ခမနှင့် ချွေးမနှစ်ဦးစလုံး အိမ်ထဲဝင်ပြီး တံခါးကို ဗုန်းခနဲ ပိတ်လိုက်ကြ၏။ ခဏတာ တိတ်ဆိတ်သွားပြီးမှ လူအများကြားတွင် တိုးတိုးတိတ်တိတ် စကားပြောသံများ ထွက်ပေါ်လာသည်။ ကတုံးဖြစ်သွားသော အဘွားကြီးဟွမ်ကို ကြည့်ရသည်မှာ အမွှေးနှုတ်ခံထားရသော ကြက်မတစ်ကောင်ကဲ့သို့ အလွန်ပင် သနားစရာ ကောင်းလှ၏။

အဘွားကြီးဟွမ်သည် ခဏမျှ ငိုသံတိတ်သွားပြီးနောက် ပို၍ ကျယ်လောင်စွာဖြင့် ပြန်လည်အော်ဟစ် ငိုကြွေးလေတော့သည်။

"ဝါးးးးးးးးးးးးး"

အခန်း ၆၆။ စည်ကားသက်ဝင် ညအလှသဘင်..

အဘွားကြီးဟွမ် ခေါင်းပြောင်သွားပြီ..

အဘွားကြီးဟွမ် မြည်တမ်းငိုကြွေးနေသော်လည်း မည်သူမှ မသနားကြပေ။ ဤကိစ္စမှာ ချန်ချင်းယွီ၏ အလွန်လည်း မဟုတ်ပေ။

အဘွားကြီး ဘာလို့ သူများ မကောင်းကြောင်း ပါးစပ်သရမ်းသလဲ.. ခံပေါ့..

ကြည့်စမ်းပါဦး.. အခုဘာဖြစ်သွားတုန်း.. ခေါင်းပြောင်သွားပြီလေ.. ဒါက ကိုယ့်ဒုက္ခကိုယ် ကိုယ့်ဘာသာရှာတာပဲ..

အဘွားကြီးဟွမ်မှာ လူတကာ အမြင်ကတ်ခံရသူဖြစ်၍ လူအများမှာ သူမကိုကြည့်ကာ ရယ်မော၍ အတင်းချနေကြ၏။

အမှန်စစ်စစ် ချန်ချင်းယွီ၏ အလွန်ဖြစ်ကြောင်း ယူဆသူများလည်းရှိသည်။

မုဆိုးမလေးက ရူးနေပြီ.. ကတ်ကြေးနဲ့တောင် ခြိမ်းခြောက်နေတာ.. ဒါက မဖြစ်သင့်ဘူးလေ…

သို့သော် လူသား၏အကျင့်ဆိုသည်မှာ အားနည်းသူကိုသာ အနိုင်ကျင့်တတ်ကြပြီး အားကြီးသူကိုကြောက်တတ်ကြသည်သာ။ ထို့ကြောင့်လည်း ချန်ချင်းယွီအလွန်ဟု ယူဆသည့်တိုင် ပါးစပ်မှထုတ်မပြောရဲကြပေ၊ အနှီ မုဆိုးမလေးမှာ ရူးသွပ်လွန်းလှသည် မဟုတ်လော့။

လူဆိုတာ ဒုက္ခကိုရှောင်ကွင်းပြီး ချမ်းသာသုခပဲလိုချင်ကြတာလေ..

ထို့ကြောင့် လူအများစုမှာ ချန်ချင်းယွီကို အထင်သေးကြသော်လည်း ပ်းစပ်မှ ထုတ်မပြောဘဲ နောက်ကွယ်၌သာ အတင်းပြောကြ၏။

မာကျန့်ယီ : “ ကောင်းပြီ.. အခုတော့ ခင်များ ဘယ်လိုငိုရမလဲဆိုတာ သိသွားပြီပေါ့၊ သိရင်လည်း နောက်ဆို မှတ်ထား ကိုယ့်ပါးစပ်ကြီးကို မသရမ်းမိစေနဲ့.. မဟုတ်ရင် ဒီထက်မကဆိုးသွားမယ်မှတ်..”

မာကျန့်ယီ အဘွားကြီးဟွမ်ကို ဆူပူကြိမ်းမောင်းလိုက်ပြီးနောက် ထိုအဘွားကြီးကို လျစ်လျူရှု့ကာ လက်ကိုနောက်ပစ်၍ ထွက်ခွါသွားသည်။ အမှန်တကယ်၌ မာကျန့်ယီမှာ မကျေမနပ်ဖြစ်နေ၏။ အဘွားကြီးဟွမ်နှင့် ကျန်းရှင်းဖှမှာ ဝင်းထဲတွင် ပွက်ပွက်ညံ ပြဿနာရှာနေသော်ငြား အဘိုးကြီးကျန်းတစ်ယောက် သေချင်ယောင်ဆောင်နေကာ ထွက်မလာပေ။ ထို့ကြောင့် မာကျန့်ယီ အဘယ်မှာ ဒေါသမထွက်ဘဲ ရှိမည်နည်း။

သူတို့က သူတို့ကိစ္စကို ကိုယ့်ဘာသာ မဖြေရှင်းကြဘဲ ဝင်းတာဝန်ခံ သူ့ကိုပဲ ဂရုစိုက်စေချင်နေတယ်.. ငါ့ခြေထောက်ကြီးပဲ ဂရုစိုက်.. တောက်.. ဒီအိမ်ရာဝင်း တာဝန်ခံနေရတာကို ကံဆိုးလိုက်တာ..

မာကျန့်ယီ : ‘အာ.. ဝင်းတာဝန်ခံအဖြစ် မလုပ်ချင်မိတဲ့ မလွယ်ကူလှတဲ့ နောက်ထပ်နေ့တစ်ရက်ပါလား… ရွှီကောင်းမင် တာဝန်ခံဖြစ်ဖို့ ဘာတွေများအားကျနေတာပါလိမ့်.. ငါတော့ ဒုက္ခများလွန်းလို့ သေတော့မယ်..’

မာကျန့်ယီ ထွက်ခွါသွားသော်လည်း တခြားသူများမှာ မပြန်ကြသေးပေ၊ အဘွားကြီးဟွမ်၏ ကံဆိုးမှုကို ကြည့်နေကြဆဲဖြစ်၏။ နောက်ဆုံးတွင် အဘွားကြီးဟွမ်မှာ သဘောပေါက်သွားပြီး အော်သံတစ်ချက်ပြုကာ ဆဲဆိုလိုက်လေသည်။

“ဘာကြည့်နေတာလဲ.. နင်တို့လို အိမ်နီးချင်း စိတ်ဓာတ်မရှိတဲ့ လူယုတ်မာတွေ.. ငါ ဒီလိုဖြစ်နေတာတောင် ကူညီချင်စိတ်မရှိကြဘူး။ အတွင်းပုပ်နေတဲ့ ဟာတွေ..”

အဘွားကြီးဟွမ်မှာ လူတိုင်းကို ပတ်ရမ်းတော့၏။

လူတိုင်းမှာလည်း မခံချင်ကြပေ။

“အိုးဟိုး.. ဘာလို့ကျုပ်တို့က ခင်များကို ကူညီရမှာလဲ၊ ခင်များက အိမိနီးချင်းဆို ရှောင်ချန်ကလည်း အိမ်နီးချင်းပဲလေ.. ကျုပ်အထင်တော့ ရှောင်ချန်လုပ်တာ မှန်တယ်လို့ ထင်တယ်..”

အဒေါ်ကြီးမေ့မှာ ရွဲ့တဲ့တဲ့ ရယ်လိုက်ပြီး

“ရှင်သာ ပါးစပ်ကြီးက မဟုတ်ကဟုတ်ကတွေ မပြောရင် ဒီလိုဖြစ်မလား”

အစ်မကြီးဖန်မှာ နှာခေါင်းရှုံ့ကာ

“ရှောင်ချန်အတွက် အထိခိုက်မခံဆုံးက လင်းကျန့်ဝမ်ဆိုတာ မသိဘူးလား.. ရှင်က သူ့ရဲ့သိက္ခာကို သွားစော်ကားတာကို သူ ဒေါသထွက်တာ မထူးဆန်းပါဘူး”

လင်စန်းရှင်းမှာလည်း ရေရွတ်လိုက်ကာ

“ရှင်ကတော့ အမြဲတမ်း ပြဿနာတက်နေတော့တာပဲ.. ပြဿနာရှာတဲ့နေရာမှာလည်း တော်ပါပေတယ်…ဒါပေမဲ့ ဘယ်တော့မှလည်း မဖြေရှင်းနိုင်ဘူး”

ပိုင်ဖုန်းရှန်း သက်ပြင်းချ၍

“နေ့တိုင်း နေ့တိုင်း နင်ရှိနေရင်ကို ဝင်းထဲမှာ ပြဿနာတက်တော့တာပဲ.. နင် ဘာဖြစ်လို့များ ဒီလို စကားတွေကို လျှောက်ပြောနေရတာလဲ.. နင်ကတော့ တကယ်ကိုပဲ.. ဘာပြောရမှန်းကို မသိတော့ဘူး။ ဒီနေ့မှာ ရှောင်ချန်အကြောင်း ပြောတယ် မနက်ဖြန်ဆို ငါတို့အကြောင်း ဖြစ်လာမှာပဲ.. ဟင်း.. နင့်ကို ငါတို့ကူညီရင် ငါတို့ပဲ အရူးဖြစ်သွားမှာပေါ့”

ဝမ်မေ့လန်မှာလည်း ဤအဘွားကြီး သူမကို သားမမွေးနိုင်သည့် ကိစ္စနှင့်ပက်သက်၍ ပြောခဲ့ဖူးကြောင်း သတိရသွားသည်။

“အာ.. နင့် ဂုဏ်သတင်းကတော့……”

ရှီကျန့်ရှန်းမှာ သူများပြောစကားများကို သဘောတူမိ၏။

လူတိုင်းပြောကြသည်မှာ အဘွားကြီးကျောက်သည် လူမုန်းများသည်ဟုပင်၊ သို့သော်လည်း တကယ်တမ်း၌ အဘွားကြီးဟွမ်သည်လည်း သူမသာကိုယ်မသာ အနေအထားရှိနေသည်။ သူတို့နှစ်ဦးမှာ ဝင်းထဲမှ ပုန်းကွယ်နေသော နဂါးနှင့်ဖီးနစ်များနှယ် ရှိနေပြီး အင်မတန် လူမုန်းများလှ၏။ အဘွားကြီးကျောက်မှာ ယခုတွင် အလုပ်လုပ်နေပြီဲဖြစ်၍ အနည်းငယ် ပြေပြစ်လာသော်လည်း အဘွားကြီးဟွမ်သည်ကား ယခင်အတိုင်း အမြင်ကတ်ဖွယ် ကောင်းဆဲပင်။

လူတကာ မုန်းခံနေရသော အဘွားကြီးဟွမ်မှာ ဒေါသတကြီးဖြင့် ကျိန်ဆဲနေပြန်သည်။

“နင်တို့လို ယုတ်မာညစ်ထေးတဲ့ လူတွေ၊ တစ်ယောက်မှ မကောင်းဘူး.. မှတ်ထားကြစမ်း၊ နင်တို့တစ်နေ့ နောင်တရစေရမယ်။ အဲဒီအရူးမက ဒီနေ့ ငါ့ကို တိုက်ခိုက်တယ်၊ နင်တို့ကိုလည်း တစ်နေ့ တိုက်ခိုက်မှာပဲ..”

ဝမ်မေ့လန်မှာ နှာခေါင်းရှုံ့လိုက်ပြီး ပြန်ပက်လိုက်၏။

“ကျွန်မတို့က သူတပါးကို မကောင်းမပြောဘူး၊ ကျွန်မတို့ကို ဘယ်သူက လာတိုက်ခိုက်မှာလဲ.. လူတိုင်းကို ရှင့်လိုမျိုးလို့ မထင်နဲ့”

သူမသည် အဘွားကြီးဟွမ်ကို တစ်ချက်ကြည့်ပြီး လှောင်ပြုံးပြုံးကာ အိမ်ထဲသို့ ဝင်သွားလေသည်။

တခြားသူများလည်း အဘွားကြီးဟွမ်၏ အားကိုးရာမဲ့ ဒေါသကိုကြည့်ကာ…အဘယ်ကြောင့် မိမိတို့ကို ဆဲဆိုနေရသနည်းဟု သိချင်မိကြ၏။

ခင်များကြီး စောစောကပဲ ဒူးထောက်နေပြီးတော့..

ဒီမိန်းမကြီးက အားနည်းသူကို အနိုင်ကျင့်ပြီး အားသာသူကိုကြောက်တဲ့ လူစားမျိုးပဲ..

လူတိုင်းမှာ အဘွားကြီးဟွမ်ကို ရွံရှာစက်ဆုပ်စွာ ကြည့်လိုက်ကြပြီး နှာခေါင်းရှုံ့၍ ထွက်ခွါသွားကြ၏။

အဘွားကြီးဟွမ်မှာ မြေကြီးထိုင်ကာ အော်ဟစ် မြည်တမ်းနေလေသည်။

မည်သူမှ သူမကိုချော့ရန် မကြိုးစားကြပေ။

ဘယ်သူလာအောင်လို့ လုပ်ပြနေတာလဲ..

ခင်များ တအားတွေတော်နေရင်… ဆက်ဆဲနေလေ..

အခုတော့ ဘေးကကြည့်နေတဲ့သူကိုတောင် လိုက်ဆဲနေပြီးတော့..

လူအားလုံး ထွက်သွားပြီးသည့်နောက် ပြတင်းပေါက်မှန်မှ အခြေအနေကို အကဲခတ်နေသော အဘွားကြီးကျောက်မှာ ပြောဆိုလိုက်လေသည်။

“တစ်ရွာလုံးက ရွံနေတာကို သူ့ကိုယ်သူ လူချစ်လူခင်ပေါတယ် ထင်နေတာလား.. တကယ့် အမှိုက်ပဲ.. ခံရတာ နည်းတောင်နည်းသေးတယ်.. ဟေး… ဟိုမှာကြည့်စမ်း၊ အမွေးကျွတ်နေတဲ့ ကြက်မနဲ့တောင် တူနေပြီ။ နောက်ဆိုရင်ရော ဒီလောက် စောင်းချိတ်ပြောရဲဦးမလား ကြည့်ကြသေးတာပေါ့..”

ထို့နောက် သူမ၏ချွေးမဖြစ်သူကို ချက်ချင်း မျက်နှာချိုသွေးပြီး မေးမြန်းလိုက်၏။

“ချွေးမလေး… နင် ဘာမှမဖြစ်ဘူးမလား..”

“ကျွန်မက ဘာဖြစ်ရမှာလဲ.. ကျွန်မက ခေါင်းပြောင်သွားတာမှ မဟုတ်တာ”

ချန်ချင်းယွီ ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်လေသည်။

“အဲဒါ မဟုတ်ဘူးလေ… ငါကိုပဲ လူတွေက ပွင့်ပွင့်လင်းလင်းရှိတယ်လို့ ထင်နေကြတာကို၊ အခုကျတော့ နင်က ကွယ်ရာမှာ နေမယ်ဆိုပြီး အခုတော့… လူတွေ တစ်မျိုး ထင်ကုန်ကြမှာ မဟုတ်ဘူးလား…..”

ချန်ချင်းယွီ လက်ခါပြပြီး

“တစ်ခါတလေ ဒေါသထွက်ပြတာလည်း ကောင်းပါတယ်၊ မဟုတ်ရင် ကျွန်မကို ဒေါသ မရှိဘူးလို့ ထင်နေကြဦးမယ်”

သူမ လက်ကိုခါပြီး အိမ်ထဲဝင်သွားရင်း ပြုံးရွှင်စွာဖြင့်

“ရှောင်ကျား၊ ရှောင်ယွမ်… မေမေ ပြန်လာပြီ။ ဘာလုပ်နေကြလဲ.. အိပ်ချင်နေပြီလား.. မေမေ သိပ်ပေးမယ်လေ”

အဘွားကြီးကျောက် : “…”

စိတ်နေစိတ်ထား ပြောင်းလဲသွားတာ မြန်လိုက်တာ.. ခြောက်လပိုင်း မိုးတိမ်တွေလိုပဲ..

ကြောက်စရာကောင်းလိုက်တာ..

ချန်ချင်းယွီမှာ အမှန်တကယ်ကို အကြီးအကျယ် ရူးသွပ်နေသည်ဟု အဘွားကြီးကျောက် ခံစားနေရသည်။ သူမ စိတ်နေသဘောထားမှာ အပြောင်းအလဲ မြန်လွန်းလှ၏။

မမြင်ဘူးလား.. စောစောကပဲ ဒေါသတွေ အကြီးအကျယ် ထွက်နေတာလေ..

အခုကြတော့ ပြုံးရွှင်လို့ ရှောင်ဟုန်မောက် (ဦးထုပ်နီဝတ် ကောင်မလေး) ထဲက ဝံပုလွေကြီးလိုပဲ.. အမယ်လေး ကြည့်ရတာ ကြက်သီးထစရာကောင်းလိုက်တာ..

ရှောင်ယွမ်လေးမှာ မိခင်အား တိုးတိုးလေး မေးမြန်းလိုက်၏။

“မေမေ စောစောက စိတ်ဆိုးနေတာလား”

ချန်ချင်းယွီ : “ဟုတ်တယ် သူက မေမေ့ မကောင်းကြောင်းပြောနေလို့ မေမေ သူတို့ပညာပေးလိုက်တာ.. ဒါပေမဲ့ ကလေးတို့ မေမေ့ကို အတုမယူရဘူးနော် ကလေးဆိုတာ ကတ်ကြေးကို မကိုင်ရဘူး”

“ကတ်ကြေး....”

ချန်ချင်းယွီ ချက်ချင်းဆိုသလို ရိပ်မိလိုက်သည်မှာ ကလေးများ ထိုရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကို မြင်တွေ့ခဲ့ပုံမရပေ။ ၎င်းမှာလည်း ကျိုးကြောင်းဆီလျော်လှသည်။ အဘွားကြီးကျောက် အမြဲတမ်းလိုလို စိတ်တိုတတ်သဖြင့် ကလေးများမှာ နေသားကျနေပြီဖြစ်ကာ အဘွားကြီးကျောက် ဒေါသထွက်နေသည်ကိုသာ သိပြီး သူမ ချန်ချင်းယွီ ပါ ဒေါသထွက်နေသည်ကို သိကြမည်မဟုတ်ပေ။ ကလေးများမှာ အသံကြား၍သာ နိုးလာခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းမိ၏။

သူမ ချက်ချင်းပင်

"သားတို့သမီးတို့ လိမ်လိမ်မာမာနဲ့ အိပ်နေကြလားဆိုတာ မေမေ ကြည့်ပါရစေဦး"

"ဟုတ်ကဲ့.."

ကလေးနှစ်ယောက်မှာ အဝတ်အစားများလဲပြီး သူတို့၏ စောင်လေးများထဲတွင် ဝင်အိပ်နေကြပြီဖြစ်သည်။

"သိပ်လိမ္မာတာပဲ.. တို့ရဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်က တကယ့်ကို ကလေးလိမ္မာလေးတွေပဲ"

ချန်ချင်းယွီ ချီးကျူးလိုက်၏။

ချန်ချင်းယွီ သူတို့ပါးလေးများကို တို့ထိလိုက်ပြီး အသာအယာ ဖျစ်ညှစ်လိုက်စဉ် ကလေးနှစ်ယောက်မှာ အိပ်ချင်မူးတူး ဖြစ်နေကြပြီဖြစ်သည်။ သူမ သူတို့လေးများကို အသာအယာ ပုတ်သိပ်ပေးလိုက်ရာ ကလေးများမှာ မကြာခင်မှာပင် အိပ်ပျော်သွားကြ၏။ ချန်ချင်းယွီ၏ အတွေးများမှာ တရစပ် လှုပ်ရှားနေသည်။ အမှန်အတိုင်းပြောရလျှင် ယနေ့ဖြစ်ပွားသော ပြဿနာများမှာ လုံးဝ မထင်မှတ်ထားဘဲ ကြုံတွေ့ရခြင်းဖြစ်၏။ အမှန်တကယ်၌ ကျန်းရှင်းဖှသည် အဘွားကြီးကျောက်ကို ကြည့်နေခြင်းမဟုတ်ဘဲ သူမကို မြင်ချင်နေခြင်းဖြစ်မှန်း ချန်ချင်းယွီ သိနေသည်။

အရှက်မရှိတဲ့ ခွေးကောင်စုတ်..

ချန်ချင်းယွီ လက်သီးကို တင်းတင်းဆုပ်ကာ

"ဒီကောင် ပြီးခဲ့တဲ့တစ်ခေါက်က အထောင်းခံရတာ မဝသေးဘူးထင်တယ်။ သူ့ရဲ့ ဒီလို ကာမရာဂစိတ်နဲ့ ချောင်းကြည့်တဲ့အကျင့်ကြောင့် အထုခံရတာဆိုတာကို သူ သဘောမပေါက်သေးရင် ငါ ထပ်ပြီး သတိပေးရတာပေါ့"

အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာဖြင့် အားပေးအားမြှောက် ဟစ်အော်လိုက်၏။

"ဟုတ်တယ်၊ သူ့ကို ပညာပေးလိုက်စမ်း.. သူ့သွားတွေ ကျိုးသွားအောင် ထိုးပစ်.. အဲဒီခွေးမသားက ငါ့ကိုတောင် ချောင်းကြည့်ရဲတယ်ပေါ့.. ငါလို အပြစ်ကင်းစင်တဲ့ အဘွားအိုတစ်ယောက်ကို အဲဒီလို လူယုတ်မာက ဘယ်လိုတောင် ကြည့်ရဲရတာလဲ.. သူကတော့ တကယ့်ကို မတရားတာပဲ.. သူက နာမည်ပျက်နဲ့ လူမိုက်ပဲ.."

အဘွားကြီးကျောက်သည် အလွယ်တကူ ထိန်းချုပ်၍ရသောသူ မဟုတ်ပေ။ သူမသည် ပြဿနာကို ပိုကြီးအောင်လုပ်ရာတွင် ဆရာကျသူတစ်ဦးဖြစ်သည်။

အမှန်စင်စစ် အဘွားကြီးကျောက်မှာ မသမာသောစိတ်ဖြင့် ပြဿနာရှာနေခြင်း မဟုတ်ဘဲ သူမ တကယ်ထင်သည့်အတိုင်း ပြောဆိုနေခြင်းသာဖြစ်၏။

သူမ ဆက်၍ ဆဲဆိုလေသည်။

"အဲဒီ ညစ်ပတ်တဲ့ကောင်၊ အမြဲတမ်း မိန်းမတွေကိုပဲ စိုက်ကြည့်နေတာ၊ သူ့မျက်လုံးတွေက အဆီတွေပြန်နေပြီး ရွံစရာကြီး.. ငါလို အဘွားကြီးကိုတောင် မချန်ဘူး.. မနက်ဖြန်ကျရင် စက်ရုံကိုသွားပြီး သူ့အကြောင်း အကုန်ဖွင့်ချပစ်မယ်၊ အဲဒီ အရှက်မရှိတဲ့ အကောင်.."

သူမ တဝကြီး ဆဲဆိုပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကာ လှည့်မေးလိုက်၏။

"နင် ဒီည အပြင်ထွက်မလို့လား.."

ချန်ချင်းယွီ ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

"အင်း"

"ငါတို့အိမ်ကို တစ်ယောက်ယောက်က စောင့်ကြည့်နေမှာ မဟုတ်ဘူးလား.."

အဘွားကြီးကျောက် စိုးရိမ်တကြီး မေးပြန်၏။

"ကျွန်မ အရှေ့ပေါက်ကနေ မသွားဘူး"

သူမအိမ်ကို ထိုမျှအထိ အနီးကပ် စောင့်ကြည့်နိုင်မည့်သူ မရှိနိုင်သဖြင့် အပြင်ထွက်သည်နှင့် တံတိုင်းကို ကျော်တက်ရန် သူမ စီစဉ်ထားသည်။

"စိတ်မပူပါနဲ့ ၊ ကျွန်မ ဘာမှမဖြစ်စေရဘူး။"

"အေးအေး၊ ကောင်းပြီလေ"

အဘွားကြီးကျောက်သည် ဤကိစ္စတွင် ချန်ချင်းယွီအပေါ် အတော်လေး ယုံကြည်မှုရှိ၏။ ချန်ချင်းယွီမှာ ပြဿနာရှာသည့်နေရာတွင် အင်မတန် လက်စွမ်းထက်သူ မဟုတ်လော့။ ကျောက်တာ့ရာဆိုသော သူမမှာလည်း နှစ်ပေါင်းများစွာကတည်းက ရပ်ကွက်ထဲတွင် ဘယ်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဗိုလ်ကျစိုးမိုးလာခဲ့သူဖြစ်သော်လည်း နောက်ဆုံးတွင်တော့ ဤကောင်မလေး၏ လက်ချက်ဖြင့် အသေအလဲ အရိုက်ခံခဲ့ရဖူးသည်။

ထို့ကြောင့် သူမအနေဖြင့် ချန်ချင်းယွီအတွက် စိုးရိမ်နေစရာမလိုပေ။

တကယ်ကို စိုးရိမ်နေစရာ မလိုတာပါ..

ဒီအရူးမက ပြဿနာရှာတဲ့နေရာမှာ နံပါတ်နှစ်ဆို ဘယ်သူမှ တစ်လို့ မပြောရဲဘူး....

အရူးမဆိုတာ အရူးမပဲ၊ သူ ဘာမှမဖြစ်ပါဘူး.. အရူးတွေကို ဘယ်သူမှ မနိုင်ဘူး..

"ငါ နင့်အတွက် တံခါးကို ဟထားပေးမယ်။"

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်သည်။

ယခုအချိန်တွင် ချန်ချင်းယွီမှာ အပြင်ထွက်ရန် လုံးဝ အလျင်မလိုသေးပေ။ ထို့ကြောင့် ပြင်ဆင်စရာများ ပြင်ဆင်ရန် အဘွားကြီးကျောက်ကို မေးလိုက်၏။

"ကျွန်မတို့အိမ်မှာ ပိတ်ဖြူစတစ်စ ရှိတယ်မလား.. အဲဒါလေး ရှာပေးပါဦး၊ ခေါင်းစွပ်တစ်ခု လုပ်မလို့"

"အေး၊ ရှိပါတယ်၊ အရင်တစ်ခေါက် ကျန့်ဝမ်ဆုံးတုန်းက သုံးထားတဲ့ဟာလေ။ ခေါင်းစွပ်လုပ်ဖို့တော့ အသားက သိပ်မလောက်ဘူး၊ အစအနလေးတွေ ဆက်ပြီးမှ လုပ်ရလိမ့်မယ်..."

"ရတယ်၊ ပေးသာပေးပါ။ လှလှပပဖြစ်ဖို့ မလိုဘူး၊ သုံးလို့ရရင် ပြီးတာပဲ..."

ညမှာ တိတ်ဆိတ်နေသော်လည်း လေတဖြူးဖြူး တိုက်ခတ်နေသည်။ လူအများ အိပ်မပျော်သေးသည့်အတွက် ချန်ချင်းယွီမှာ အပြင်ထွက်ရန် အလျင်မလိုသေးပေ။

ယခုအချိန်တွင် မည်သူမျှ အိပ်မပျော်ကြသေးဘဲ ဒုတိယဝင်းထဲရှိ လူတိုင်း ချန်ချင်းယွီ အကြောင်းကိုသာ ပြောဆိုနေကြသည်။

အမှန်အတိုင်းပြောရလျှင် ချန်ချင်းယွီ၏ ယနေ့တုံ့ပြန်မှုမှာ အနည်းငယ် လွန်ကဲသည်ဟု အဘွားကြီးကျောက် ထင်နေသော်လည်း အမှန်တကယ်တွင်မူ လူတိုင်းမှာ ၎င်းကို ထူးဆန်းသည်ဟု မထင်ကြဘဲ လက်ခံထားကြ၏။ ထို့ကြောင့် တစ်ခါတစ်ရံတွင် မိမိ၏ ပုံရိပ်တစ်ခုကို တည်ဆောက်ထားခြင်းမှာ လိုအပ်လှသည်၊ အထူးသဖြင့် ၁၉၇၀ ပြည့်လွန်နှစ်များကဲ့သို့သော ခေတ်ကာလမျိုးတွင် သာ၍လိုအပ်လှ၏။

ချန်ချင်းယွီသည် လင်းကျန့်ဝမ်အပေါ် အစွဲအလမ်းကြီးသူ၊ အချစ်ရူးတစ်ယောက်အဖြစ် အမြဲတမ်း ပုံဖော်ခဲ့သည်။ လင်းကျန့်ဝမ်မရှိတော့သော်လည်း ချန်ချင်းယွီမှာ သူ့အကြောင်းကိုသာ အမြဲတစေ ပြောဆိုနေတတ်သဖြင့် လူတိုင်းမှာ ယင်းကို အကျင့်ဖြစ်နေကြပြီဖြစ်၏။

တကယ့်ကို အကျင့်ဖြစ်နေကြပါပြီ..

ဟ.. လင်းကျန့်ဝမ် အကြောင်းကို ထပ်ချည်းတလဲလဲသာ ပြောမနေရင် သူမ ချန်ချင်းယွီက ဘယ်လိုလုပ်ပြီး ဝင်းထဲမှာ အချစ်ရူးမလေး ဖြစ်လာနိုင်မှာလဲ..

ဤသို့ မကြာခဏ ထပ်ချည်းတလဲလဲ ဂါထာရွတ်သည့်အလား ရေရွတ်နေ၍သာ လူတိုင်းမှာ သူမ လင်းကျန့်ဝမ်ကို အလွန်တရာမျှ ချစ်မြတ်နိုးခဲ့ကြောင်း သိနေကြပြီး ယခုကဲ့သို့ သူမသိက္ခာကို စော်ကားသည့်အခါ စိတ်ရူးပေါက်သွားခြင်းမှာ ပုံမှန်ကိစ္စပင် ဖြစ်၏။ ထို့ကြောင့် လူတိုင်း အံ့အားသင့်သွားကြသော်လည်း ပြန်လည်စဉ်းစားကြည့်လျှင် ထူးဆန်းသည်ဟု မဆိုနိုင်တော့ပေ။

မှန်ပါသည်၊ ဤအပြုအမူမှာ သူမ၏ ပုံမှန်စရိုက်နှင့် အမှန်တကယ် ကိုက်ညီနေသည်။

ပြန်တွေးကြည့်လျှင်လည်း အံ့ဩစရာ မရှိလှပေ။ သူမသည် အချစ်ဆိုသည်မှာ ဘေးနားတွင် ကပ်ပါ မျောလွင့်နေသော အိမ်မက်တစ်ခုသာဖြစ်ကြောင်း အမြဲပြောလေ့ရှိပြီး သူမ၏ ပေါက်ကွဲမှုများမှာ လုံးဝကို သဘာဝကျနေ၏။

သို့သော် မည်သူမျှ မမျှော်လင့်ထားသည်မှာ အဘွားကြီးတစ်ယောက် ချန်ချင်းယွီ၏ ဆွဲလားရမ်းလားလုပ်မှုကြောင့် ထိပ်ပြောင်သွားခြင်းပင် ဖြစ်သည်။ ၎င်းမှာ တကယ့်ကို မမျှော်လင့်ထားသော ကိစ္စဖြစ်ပြီး မည်သို့ပင်ဆိုစေကာမူ အဘွားကြီးဟွမ်မှာ နှုတ်သီးကောင်းလှသူဖြစ်သဖြင့် သူမ ထိပ်ပြောင်သွားသည်ကို လူတိုင်းကျေနပ်နေကြ၏။

သူမ၏ ပါးစပ်သရမ်းမှုမှာ သိပ်ကိုထက်မြက်ပြီး လူမုန်းများလှသည်။

အထင်ရှားဆုံး သာဓကမှာ အရှေ့ဝင်းရှိ သားဦးရရန် အပြိုင်အဆိုင် ကြိုးစားနေကြသည့် မိသားစုနှစ်စု ဖြစ်၏။ အဘွားကြီးဟွမ်သည် ထိုမိသားစုများတွင် သားယောက်ျားလေး မရှိခြင်းကို အမြဲတစေ သိသိသာသာရော၊ မသိမသာပါ လှောင်ပြောင်လေ့ရှိသည်။ ယခုအခါ ဝမ်မေ့လန်နှင့် လင်စန်းရှင်းတို့မှာ အလွန်ပင် ပျော်ရွှင်နေကြ၏။ ကလေးသုံးယောက်ကို အိပ်ရာဝင်စေပြီးနောက် ဝမ်မေ့လန်မှာ ကိုယ်လက်သန့်စင်ကာ သူမ၏ အခန်းသို့ ပြန်လာခဲ့သည်။ အခန်းထဲတွင် ဝမ်ကျန့်ကော် ရေဒီယို နားထောင်နေ၏။

ဝမ်မေလန် မျက်နှာသုတ်ရင်း

"ရှောင်ချန်က ပုံမှန်ဆို သိပ်ပြီး နုနယ်အားငယ်ပုံပေါက်တာ၊ ဒီနေ့တော့ သူ့ကိုယ်သူ ကာကွယ်ပြောဆိုနိုင်သားပဲ။ အဒေါ်ကြီးကျောက် သူ့ကို အဲဒီလို နှိပ်စက်နေတာကို ဘာလို့ ငြိမ်ခံနေခဲ့လဲ မသိဘူး"

ဝမ်ကျန့်ကော် ဝမ်မေ့လန်ကို တစ်

ချက်ကြည့်ကာ ဆိုလိုက်သည်။

"သူ ဘာလုပ်လုပ် ဘာဆိုင်လို့လဲ.. သူက အဘွားကြီးဟွမ်ကို မကြောက်ပေမယ့် သူ့ယောက္ခမဖြစ်တဲ့ အဘွားကြီးကျောက်ကိုတော့ ကြောက်မှာပေါ့"

ဝမ်ကျန့်ကော်မှာ ချန်ချင်းယွီအပေါ် နက်နက်ရှိုင်းရှိုင်း သတိမပြုမိသော်လည်း ချန်ချင်းယွီ လုပ်ရပ်မှာ မမှားဟု သူခံစားရ၏။ ယောက္ခမအပေါ် သားသမီးဝတ်ကျေပွန်ခြင်းမှာ ပြုလုပ်သင့်သည့် အရာသာဖြစ်သည်။

လူကြီးများမှာ တစ်ခါတစ်ရံ ရုန့်ရင်းကြမ်းတမ်းတတ်သော်လည်း သူတို့သည် လူကြီးများသာ ဖြစ်၏။ ထို့ကြောင့် နောက်မျိုးဆက်မှာ ရိုသေသင့်သည်သာ..

"နောက်ရက်နည်းနည်းဆို ငါ့အမေ မွေးနေ့ရောက်ပြီ။ သူ့အတွက် လက်ဆောင်ဝယ်ပေးဖို့ မှတ်ထားဦး၊ ရှပ်အင်္ကျီတစ်ထည်လောက်ပေါ့။"

"ကျွန်မတို့မှာ အဝတ်အထည် ဝယ်ယူခွင့်လက်မှတ်တွေ သိပ်မကျန်တော့ဘူး"

ဝမ်မေ့လန် တိုးတိုးလေး ညည်းတွားလိုက်လေသည်။

“မလောက်ရင်လည်း တစ်ယောက်ယောက်ဆီမှာ လဲလိုက်ပေါ့။ ငါ့အမေက တစ်နှစ်မှာ မွေးနေ့တစ်ခါပဲ ရှိတာ။ သူ ငါ့ကို ဒီလောက်နှစ်တွေအထိ ပြုစုပျိုးထောင်လာတာ၊ အင်္ကျီတစ်ထည်တောင် မရထိုက်ဘူးလား.. ငါတို့ သားသမီးတွေ အခုမှ ဝတ်မကျေရင် ဘယ်တော့ကျေမှာလဲ.. ငါတို့မှာ သားယောက်ျားလေး မရသေးလို့ အမေက အိမ်နီးချင်းတွေကြားမှာ မျက်နှာငယ်နေရတာ။ ဒီကိစ္စမှာ ငါတို့က သူ့ကို မျက်နှာပျက်အောင် လုပ်ထားပြီးသား၊ ဒါတောင် သူက ဘာမှမညည်းဘဲ ငါတို့ကလေးတွေကိုတောင် ကူထိန်းပေးနေသေးတာ။ အခြားနည်းနဲ့ပဲဖြစ်ဖြစ် ငါတို့ ပြန်ပေးဆပ်ရမယ်။ အခုမှ မလုပ်ရင် ဘယ်တော့လုပ်မလဲ..”

ဝမ်မေ့လန် : “သိပါပြီ”

သူမလည်း အနည်းငယ် စိုးရိမ်နေမိ၏။ သူမ စက်ရုံမှာ အလုပ်လုပ်ရသူဖြစ်ပြီး သူမနှင့် မတည့်သူအချို့မှာ ဤကိစ္စကို အသုံးချကာ သူမကို လှောင်ပြောင်တတ်ကြသည်။

“မင်းလည်း သားယောက်ျားလေးတွေ အများကြီးမွေးထားတဲ့သူတွေဆီမှာ တိုင်းရင်းဆေးနည်းတွေ၊ ဗေဒင်ယတြာတွေ လိုက်မေးကြည့်ဦး”

ဝမ်ကျန့်ကော် ထပ်ပြောလာ၏။

ဝမ်မေလန် : “သိပါတယ်၊ ကျွန်မတို့ဝင်းထဲက အဒေါ်ကြီးရှီဆို သားသုံးယောက်ဆက်တိုက် မွေးထားတာလေ။ ကျွန်မ သူ့ကို မေးကြည့်ဖူးတာ ကြာပါပြီ၊ သူကတော့ ထူးထူးခြားခြား ဘာမှမရှိပါဘူးလို့ပဲ ပြောတာပဲ။”

“အခြားသူတွေကိုလည်း မေးကြည့်ဦးလေ။ အဒေါ်ကြီးရှီက လည်တယ်၊ သူက အမှန်အတိုင်း ပြောပြမှာမဟုတ်ဘူး။ သူ့မိသားစုကပဲ လူစွမ်းကောင်းဖြစ်နေအောင် အခြားသူတွေ သားမရတာကိုပဲ သူက လိုလားမှာ”

ဝမ်ကျန့်ကော် နှာခေါင်းရှုံ့ရင်း ဝေဖန်ပြောလေသည်။

“အပြင်ထွက်ပြီး နည်းလမ်းကောင်းတွေ စုံစမ်းကြည့်စမ်းပါ။”

“ဟုတ်ကဲ့ပါ”

ဝမ်မေ့လန် ပြောပြောဆိုဆိုနှင့် ဝမ်ကျန့်ကော်အနား တိုးကပ်သွားပြီး သူ့ကို ဆွဲလိုက်၏။ ဝမ်ကျန့်ကော်

စိတ်မရှည်စွာဖြင့် ငြင်းဆိုကာ

“ဒီနေ့ ငါ စိတ်မပါဘူး။ မင်းပဲ အိပ်တော့”

ဝမ်ကျန့်ကော် နားထင်ကို ပွတ်ရင်း လှဲချလိုက်သော်လည်း သူ တကယ် စိတ်မပါပေ။ ဝမ်မေ့လန်မှာ ရုပ်ရည်မဆိုးသော်လည်း သားယောက်ျားလေး မမွေးနိုင်ခြင်းမှာ ဝမ်ကျန့်ကော်ကို အနှောင့်အယှက် အပေးဆုံးအရာ ဖြစ်နေသည်။ သူ အိပ်ရာပေါ်တွင် လဲလျောင်းရင်း အခြားအရာများကို စဉ်းစားနေမိ၏။

ဝမ်မေ့လန်မှာ သားရမည့် ကံပါမလာခြင်းလည်း ဖြစ်နိုင်ပေသည်။ အမှန်တကယ်၌ သူသည် အပြင်တွင် ဖောက်ပြန်မှုအချို့ ရှိခဲ့ဖူး၏။ သို့သော် အဆုံးစွန်ထိ မရောက်ခဲ့ပေ။ စင်စစ်တွင် သူသည် ကာမကိစ္စကို အသည်းအသန် မက်မောသူမဟုတ်ဘဲ သားယောက်ျားလေး ရလိုသည့် ရည်ရွယ်ချက်တစ်ခုတည်းဖြင့်သာ ဖြစ်သည်။

သို့သော်လည်း လူသိရှင်ကြား ပေါက်ကြားသွားပြီး အလုပ်အကိုင် ထိခိုက်မည်ကိုလည်း သူ ကြောက်ရွံ့နေသဖြင့် ရှေ့ဆက်တိုးရန် တွန့်ဆုတ်နေခြင်းဖြစ်၏။ အပြင်မှအမျိုးသမီးများကိုလည်း သူ လုံးဝ မယုံကြည်သဖြင့် တော်တော်လေး စိတ်ဒွိဟ ဖြစ်နေရသည်။

တကယ်တမ်းတွင် သူသည် ချန်ချင်းယွီကို တိတ်တခိုး သဘောကျနေမိ၏။ သူမသသည် လှပပြီး နုနယ်သိမ်မွေ့သော စရိုက်ရှိသည်၊ ထို့အပြင် အမြွှာကလေးများကိုပင် မွေးပေးထားနိုင်သူ မဟုတ်လော့။

သို့သော် ထိုအတွေးမှာ ခေတ္တမျှသာဖြစ်သည်။ ဝမ်ကျန့်ကော်မှာ ပါးနပ်သူတစ်ဦးဖြစ်ပြီး၊ ပါးနပ်သူတို့ ထုံးစံအတိုင်း အမြဲတမ်း အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို ချိန်ဆတတ်၏။ အဘွားကြီးကျောက်မှာ ရိုးရိုးကုတ်ကုတ် ပုဂ္ဂိုလ်မျိုးမဟုတ်ကာ၊ ချန်ချင်းယွီမှာလည်း အချစ်ရူးမလေး ဖြစ်နေသဖြင့် သူ လုံးဝ အန္တရာယ်ဖြင့် မကစားရဲပေ။

သူက သားပဲ လိုချင်တာပါ၊ အဲ့ဒီ ပြဿနာအိုး မိုင်းကွင်းထဲကိုတော့ မနင်းချင်ပါဘူး....

ထို့ကြောင့် သူ လက်လျော့ထားရသည်။

အဲ့ဒီ မုဆိုးမလေးက မသင့်တော်ဘူး..

သို့သော် သူနှင့်ရင်းနှီးသည့် အပြင်ရှိအမျိုးသမီးမှာ အလွန်ပင် ရှားပါးလှ၏။ ဝမ်ကျန့်ကော် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"ကျန့်ကော်.."

ဝမ်ကျန့်ကော်: "အိပ်တော့။ ဟိုတိုင်းရင်းဆေးနည်းကိုပဲ သေချာစုံစမ်းထားဦး။"

"သိပါပြီ"

ဝမ်ကျန့်ကော် သူမအပေါ် ရည်ရွယ်ချက်ရှိရှိ စဉ်းစားခဲ့ဖူးသည်ကို ချန်ချင်းယွီ လုံးဝမသိခဲ့ပေ။ လှပသည့် မုဆိုးမလေးတစ်ဦးမှာ မလိုလားအပ်သည့် အကြည့်များကို ဆွဲဆောင်မိစမြဲပင်။ အမြဲတမ်းလည်း မသမာသော ရည်ရွယ်ချက်ရှိသူများ ရှိတတ်ကြ၏။ နာမည်ကျော် လူဆိုးမကြီး အဘွားကြီးကျောက်ကြောင့်သာ ချန်ချင်းယွီမှာ ပြဿနာများစွာနှင့် ဝေးကွာနေခဲ့ရခြင်း ဖြစ်သည်။

သူမသည် ပြဿနာများကို မကြောက်သော်လည်း ၎င်းတို့ကို အမြဲတမ်း ရင်ဆိုင်နေရခြင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

အဘွားကြီးကျောက်၏ ဒေါသတကြီး တုံ့ပြန်မှုများ ရှိသည့်ကြားမှပင် လင်းကျန့်ဝမ် မရှိတော့သည့်အချိန်မှစ၍ လူအများအပြားမှာ သူတို့မိသားစုအပေါ် ပြဿနာရှာရန် ကြိုးစားနေကြသည်။ အကယ်၍ သူတို့မိသားစုသာ အလျှော့ပေးခြင်း သို့မဟုတ် အားနည်းသည့် အရိပ်အယောင် ပြလိုက်မည်ဆိုပါလျှင် တစ်စုံတစ်ယောက်သည် ထိုအနံ့ကိုခံမိပြီး သူတို့နောက်သို့ လိုက်လာကြမည်မှာ အသေအချာပင်။

ချန်ချင်းယွီ ဤအချက်ကို ကောင်းကောင်းသိသဖြင့် လူအများ သူတို့မိသားစုကို သံသယဝင်မည်ကို ဂရုမစိုက်ဘဲ ယနေ့တွင် ကျန်းရှင်းဖှကို ပညာပေးဖို့ အပြင်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။

သန်းခေါင်ယံအချိန်တွင် လေများ တဖြူးဖြူးတိုက်လာပြီး ကောင်းကင်ယံမှာလည်း မိုးရွာတော့မည့်အတိုင်း အုံ့မှိုင်းနေသည်။ ချန်ချင်းယွီ သူမ၏ "မိုးကာအင်္ကျီ" ကို ဝတ်လိုက်၏။

အင်း။

ဒါက ပြဿနာရှာဖို့အတွက် အထူးဝတ်စုံပေါ့..

သူမမှာ မိမိကိုယ်တိုင်အတွက် အထူးပြုလုပ်ထားသည့် ခေါင်းစွပ်ကိုပင် ဝတ်လိုက်သေးသည်။ ၎င်းမှာ အပေါက်သုံးပေါက်ပါသည့် အဖြူရောင် အဝတ်အိတ်တစ်ခုဖြစ်ကာ အမြင်အာရုံကြည်လင်ပြီး အသက်ရှူရန် လုံလောက်၍ အတော်ကို ကောင်းလှ၏။

အဘွားကြီးကျောက် ချန်ချင်းယွီ ဝတ်စားဆင်ယင်နေသည်ကို ကြည့်ပြီး ဆိုလိုက်မိလေသည်။

"နင့်မှာ ဒီလို ထူးထူးဆန်းဆန်း လှည့်ကွက်တွေ အများကြီး ရှိနေတာပဲ"

"ကျွန်မက သူ့နည်းသူ့ဟန်နဲ့ ပြန်တုံ့ပြန်ရုံပါ"

မူလက သူမ ချန်ချင်းယွီသည် ရိုးသားဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း ယခုအခါတွင်မူ ညဘက်၌ မသမာသည့်အမှုများကို လုပ်ဆောင်နေသော ကြွက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေရ၏။

သို့သော် သူမ ဘာတတ်နိုင်မှာလဲ..

၎င်းမှာ သူမမိသားစု၏ အခြေအနေဖြစ်နေသည် မဟုတ်ပါလား…

ဤနည်းလမ်းသည်သာ သူမအတွက် အဆင်ပြေဆုံးဖြစ်ပေမည်။

ချန်ချင်းယွီ လူတိုင်းအိပ်မောကျနေသည်ကို သေချာစေရန် ပြတင်းပေါက်မှတစ်ဆင့် အသာအယာ ချောင်းကြည့်လိုက်ပြီးနောက် တံခါးကို ဖြည်းညင်းစွာဖွင့်ကာ ခြေသံလုံလုံဖြင့် ထွက်လာခဲ့သည်။ ထို့နောက် သူမသည် ပြတင်းပေါက်ဘောင်ကို အထောက်အကူပြု၍ အိမ်ခေါင်မိုးပေါ်သို့ အလျင်အမြန် တက်လိုက်၏။ ခေါင်မိုးပေါ်ရောက်သည်နှင့် ချက်ချင်းမလှုပ်ရှားသေးဘဲ ဘေးကင်းသည်ဟု စိတ်ချရမှသာ တိတ်တဆိတ် ထွက်ခွာသွားလေသည်။

ချန်ချင်းယု၏ "ရုပ်ဖျက်မှု" မှာ အလွန်ပင် ပြည့်စုံလှသဖြင့် သူမ၏ ဖခင်ရင်းပင်လျှင် မှတ်မိမည်မဟုတ်ပေ။

မကြာသေးမီက ချန်ချင်းယွီသည် ရပ်ကွက်ထဲရှိ အဘွားကြီးများနှင့် ရောနှောနေထိုင်ခဲ့သဖြင့် ကျန်းရှင်းဖှ၏ အရှုပ်အထွေးများကို ကောင်းကောင်း သိရှိထား၏။ သူ့တွင် အပြင်၌ အမျိုးသမီးတစ်ဦး ရှိနေပြီး သူမမှာ သူမ၏ခင်ပွန်း၏ အလုပ်ကို ဆက်ခံထားသည့် လျိုကျင့်အမည်ရှိ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်သည်။

သို့သော် ထိုအမျိုးသမီးမှာ မုဆိုးမမဟုတ်ပေ၊ သူမ၏ ခင်ပွန်းမှာ အသက်ရှင်လျက် ရှိနေသေး၏။ သို့သော် ကျန်းရှင်းဖှမှာ ထိုအိမ်သို့ ခဏခဏ အဝင်အထွက် ရှိနေတတ်လေသည်။

၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များမှာ ရှေးရိုးစွဲဆန်သည်ဟု လူတိုင်း ပြောကြသော်လည်း ချန်ချင်းယွီအမြင်တွင်မူ ထိုခေတ်ရှိ ရှေးရိုးစွဲဆန်သည်ဆိုခြင်းမှာ အရာရာသည် နှေးကွေးလွန်းပြီး သတင်းစကားများ အလှမ်းမဝေးခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်ဟု ထင်မိ၏။

မဟုတ်ရင်တော့ ဟဲဟဲ...

သူတို့တွေ ဘယ်လောက်တောင် လည်ကြသလဲ ကြည့်ဦးလေ..

ချန်ချင်းယွီ ဝင်းထဲသို့ ရောက်လာချိန်တွင်

"ဝုတ် ဝုတ်......"

လမ်းကြားထဲတွင် ဝပ်နေသော လမ်းဘေးခွေးနှစ်ကောင်မှာ ကျောကုန်းများကို ကွေးကာ ချန်ချင်းယွီကို ကြည့်ပြီး ဟောင်လေတော့သည်။

ချန်ချင်းယွီ : "ရှူး.."

"ဝုတ် ဝုတ် ဝုတ်.."

လမ်းဘေးခွေးများမှာ ပို၍ ပြင်းပြင်းထန်ထန် ဟောင်လာပြီး ချန်ချင်းယွီ နောက်သို့ ရန်လိုစွာ လိုက်ဟောင်နေလေ၏။

ချန်ချင်းယွီ တွေးမိသည်မှာ သူမ၏ ဝတ်စားဆင်ယင်မှုသည် ခွေးများကို ခြောက်လှန့်လိုက်မိသလားဟူ၍ပင်…

ဟဲ့ သောက်ကျိုးနည်း.. ခွေးကပါ သရဲထင်နေပြီလား..

သို့သော် ချန်ချင်းယွီမှာ ကြောက်မနေပေ။ သူမ တံတိုင်းပေါ်သို့ ခုန်တက်လိုက်ပြီး သူမ၏ လှုပ်ရှားမှုကြောင့် ခွေးများမှာ ပို၍ ဒေါသထွက်ကာ တံတိုင်းအောက်မှ လိုက်ဟောင်ပြီး ဟိန်းဟောက်နေကြသည်။

"ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ်..."

ချန်ချင်းယွီသည် တံတိုင်းကိုပတ်၍ ဝင်းထဲသို့ ဝင်ခဲ့၏။ ဤအချိန်တွင် လီတာ့ရှန်းနှင့် ဇနီးဖြစ်သူတို့မှာ အိမ်ပြန်သွားကြပြီဖြစ်သည်။

ချန်ချင်းယွီမှာ လီတာ့ရှန်းတို့လင်မယားကို ရှာရန် အလျင်မလိုသေးပေ။ ထိုအစား သူမသည် တစ်အိမ်တက်ဆင်း လိုက်လံစောင့်ကြည့်ရာ မကြာခင်မှာပင် ကျန်းရှင်းဖှကို ရှာတွေ့သွား၏။

ကျန်းရှင်းဖှမှာ တကယ့်ကို အရှက်မရှိသူပင်။

သူသည် လျိုကျင့်နှင့် တစ်အိပ်ရာတည်း အတူအိပ်နေပြီး လျိုကျင့်၏ ခင်ပွန်းမှာမူ သားဖြစ်သူနှင့်အတူ သွားအိပ်နေ၏။

ချန်ချင်းယွီ : "..."

နင်တို့တွေ တကယ်ကို ရွလွန်းကြတာပဲ..

ယခုအချိန်တွင် ကျန်းရှင်းဖှနှင့် လျိုကျင့်တို့မှာ အိပ်ရာထဲတွင် ရှိနေကြသော်လည်း မအိပ်သေးဘဲ စကားပြောနေကြသည်။ လျိုကျင့်မှာ တိုးတိုးလေး ကပ်ပြောနေ၏။

"ရှင် ကျွန်မဆီ မလာတာ ကြာပြီ၊ ကျွန်မ ရှင့်ကို ဘယ်လောက်လွမ်းနေလဲ သိရဲ့လား"

ကျန်းရှင်းဖှ ဝင့်ကြွားစွာ ပြုံးလိုက်ပြီး

"မင်း ငါ့အပေါ် ဘယ်လိုခံစားရလဲဆိုတာ ငါသိပါတယ်။ ဘာလဲ.. စက်ရုံမှာ နေ့တိုင်းတွေ့နေရတာနဲ့ မလုံလောက်ဘူးလား.. အခုလို အတူတူရှိနေမှ ဖြစ်မှာလား.."

"စက်ရုံမှာက လူတွေ အဝင်အထွက် များတယ်လေ၊ ရှင်နဲ့ စကားတစ်ခွန်း ပိုပြောလိုက်ရင်တောင် သူတို့က အတင်းပြောကြမှာ။ အခုလိုမျိုး အေးအေးဆေးဆေး မရှိဘူးလေ။ ဒါနဲ့ ရှင့်ဒဏ်ရာက ဘယ်လိုလဲ.. ဘယ်သူလုပ်သွားတာလဲဆိုတာ သိပြီလား.. သဲလွန်စရော ရပြီလား.."

"မရသေးဘူး။ အဲဒီကောင်ကိုသာ မိလို့ကတော့ နောင်တရအောင် လုပ်ပစ်မယ်။ အဲဒီကောင်က ငါ့ကို ဒုက္ခိတဖြစ်အောင် လုပ်သွားတာ၊ တောက်... ငါသာ ကြံ့ခိုင်လို့ပေါ့၊ မဟုတ်ရင် ဒီတစ်ခါတော့ ဒုက္ခလှလှတွေ့မှာ။ အယုတ်တမာကောင်.."

ကျန်းရှင်းဖှ အကဲခတ်သည့်သဘောဖြင့် သွေးတိုးစမ်း မေးလိုက်လေသည်။

"ငါ ဒဏ်ရာရသွားလို့ မင်းယောက်ျားကတော့ သိပ်ပျော်နေမှာပေါ့ ဟုတ်လား.."

အမှန်တကယ်၌ သူ့တွင် ရန်သူ အများအပြားမရှိသလို၊ သူ့ကို လက်ဖျားနှင့်တောင် ထိရဲသူ မရှိဟု သူယူဆထား၏။ ထို့ကြောင့် လျိုကျင့်၏ ယောက်ျားဖြစ်သူမှာတစ်ယောက်ယောက်ကို ငှားပြီး သူ့ကို လုပ်ခိုင်းခြင်းဖြစ်မည်ဟု သူ သံသယဝင်မိသည်။

လျိုကျင့်မှာ ပါးနပ်သူဖြစ်သဖြင့် ချက်ချင်းပင်

"ရှင် သူ့ကို သံသယဝင်နေတာလား.. အဲဒီလိုဆိုရင်တော့ ကျွန်မ လက်မခံနိုင်ဘူးနော်။ ရှင် သူ့အကြောင်း သိသားပဲ၊ သူက အေးအေးဆေးဆေး နေတတ်တဲ့သူ။ ကျွန်မတို့မိသားစုက ရှင့်အကူအညီကြောင့် အများကြီး အဆင်ပြေနေတာ၊ ရှင်သာမရှိရင် ကျွန်မတို့ ဒီလောက် ကောင်းကောင်းမွန်မွန် နေနိုင်မှာမဟုတ်ဘူး။ သူက အဲဒီလိုမျိုး လုပ်မယ့်သူမဟုတ်ပါဘူး။ ကျွန်မတို့မိသားစုအပေါ် အထင်မမှားပါနဲ့"

ကျန်းရှင်းဖှ ပြန်ချော့မော့လိုက်ကာ

"ကြည့်စမ်း၊ ငါက ဒီတိုင်း မေးကြည့်တာပါ။ မင်းကို ငါ သံသယမဝင်ပါဘူး"

ထို့နောက် သူ ပြုံးလိုက်ပြီး ထပ်နှစ်သိမ့်လိုက်၏။

"မင်းက အတွေးလွန်နေတာပါ"

လျိုကျင့် : "ရှင် ကျွန်မတို့ကို အထင်လွဲသွားမှာ စိုးလို့ပါ။ အထင်လွဲပြီး နောက်ခါမလာတော့ဘူးဆိုရင် ကျွန်မ ဘယ်လောက် စိတ်မကောင်းဖြစ်ရမလဲ.. ကျွန်မရင်ထဲမှာတော့ ရှင်ကပဲ ကျွန်မယောက်ျားပါ။ ဒါနဲ့ ပြောပါဦး၊ ကျွန်မအပြင် အခြားမိန်းမ ရှိသေးလား.. ရှင့်ဝင်းထဲမှာ ချောချောလှလှ မုဆိုးမလေး တစ်ယောက်ရှိတယ်လို့ ကြားတယ်၊ ရှင်တို့နှစ်ယောက် ဘာမှမရှိကြဘူးမလား.."

"မင်းကတော့ လျှောက်ပြောပြီ။ ငါနဲ့သူနဲ့ ဘာရှိမှာလဲ.. အဲဒီလိုလူမျိုးကို ငါက လှည့်တောင်မကြည့်ဘူး၊ သူက နိမိတ်မကောင်းတဲ့သူပဲ.."

လျိုကျင့်၏ မျက်လုံးများအရောင်တောက်သွားပြီး အင်မတန် နစ်မွန်းနေဟန်ဖြင့်

"ဘာပဲဖြစ်ဖြစ် ရှင် ကျွန်မတစ်ယောက်တည်းကိုပဲ ချစ်ရမယ်"

"ငါ မင်းတစ်ယောက်တည်းကိုပဲ ကြိုက်တာပေါ့။ ငါ့မိန်းမနဲ့တောင် မင်းအတွက်ကြောင့် ကွာရှင်းခဲ့တာလေ၊ ငါ့စိတ်ကို မင်းမသိဘူးလား.."

ကျန်းရှင်းဖှ ဆက်ပြောလိုက်ပြန်သည်။

"မင်းပြောတဲ့ အဲဒီမုဆိုးမလေးကို ငါ လုံးဝစိတ်မဝင်စားဘူး။ ပြီးတော့ သူ့ယောက္ခမအကြောင်းလည်း မင်းသိသားပဲ၊ ထမင်းစားဆောင်က အဘွားကြီးကျောက်လေ၊ အဲဒီမိသားစုက တကယ့်ကို ပြဿနာပဲ။ ငါက သူတို့အိမ်နဲ့ မိုင်ပေါင်းများစွာ ဝေးဝေးနေတာတောင် ကြည့်ဦး ငါ့မျက်နှာကို.. တောက်.... အဲဒီအဘွားကြီးကျောက်က သူ အဝတ်လဲနေတာကို ငါက ချောင်းကြည့်တယ်ဆိုပြီး စွပ်စွဲပြီး ငါ့ကိုတောင် ရိုက်လိုက်သေးတယ်။ တကယ့်ကို အမှိုက်မကြီးပဲ.. အဲဒီမိန်းမကြီးက ငါ့ကိုတောင် လက်ပါရဲတယ်ပေါ့၊ သူ့ကို ပညာပေးရမယ်။ အဲဒီ နိမိတ်မကောင်းတဲ့ အဘွားကြီးကို တခြားသူတွေကသာ သူ့ရဲ့ အကျိုးအကြောင်းမရှိတဲ့ အပြုအမူတွေကြောင့် ကြောက်ရင်ကြောက်မယ်၊ ငါကတော့ မကြောက်ဘူး.."

ကျန်းရှင်းဖှမှာ စဉ်းစားမိလေ ဒေါသထွက်လေ ဖြစ်နေ၏။

လျိုကျင့် သနားကရုဏာဖြင့်

"စောစောက မေးတော့လည်း ရှင်က မပြောဘူး။ အဲဒီမိန်းမကြီးကိုး.. ဘယ်လိုတောင် နှလုံးသားမရှိတာလဲ.."

ကျန်းရှင်းဖှ : "မရှိလို့ပေါ့၊ သူက ရူးနေတာ။ ငါက သူ့အိမ်ရှေ့က ဖြတ်သွားရုံတင်ရှိသေးတယ်၊ သူ့ကို ကြည့်နေတယ်ဆိုပြီး ပြောတာ။ အဲဒီအဘွားကြီးက ငါ့အဖေကတောင် သူ့ကို သဘောကျနေတာဆိုပြီး ပြောသေးတယ်။ သူ ရူးနေတယ်လို့ မထင်ဘူးလား.."

ကျန်းရှင်းဖှသည် ပြောရင်းပြောရင်းနှင့် ပို၍ပင် ဒေါသထွက်လာသည်။

လျိုကျင့် သူ့ကို ချော့မော့ရင်း ကူညီဆဲဆိုပေးလိုက်၏။

"အဲဒီ သေချင်းဆိုး အဘွားကြီး၊ ဘယ်လိုတောင် လုပ်ရက်တာလဲ.. ရှင်းဖှ၊ ရှင် တကယ့်ကို မတရားအလုပ်ခံရတာပဲ"

"အဲဒီ သေနာမကြီးက ငါ့ကို မဟုတ်မတရား စွပ်စွဲရဲတယ်ပေါ့.. နေနှင့်ဦးပေါ့၊ တစ်နေ့မဟုတ် တစ်နေ့တော့ သူ့ကို ပညာပေးရမယ်။ သူက သူ့ချွေးမ ဖောက်ပြန်မှာကို အကြောက်ဆုံး မဟုတ်လား.. ငါသာ သူ့ချွေးမကို ရအောင်ကြံလိုက်ရင် သူ ဘာဆက်လုပ်မလဲ ကြည့်ကြသေးတာပေါ့.."

ကျန်းရှင်းဖှ ဒေါသတကြီး ပြန်ပြောလိုက်သည်။

လျိုကျင့်တစ်ယောက် စိတ်ထဲတွင် အထင်အမြင်သေးစွာဖြင့် မျက်လုံးလှန်လိုက်မိ၏။

‘အလကားယောကျာ်းတွေ.. ပါးစပ်ကသာ ချီးစကားတွေ လျှောက်ပြောနေတာ၊ ပြောတော့ အဲ့ဒီ မုဆိုးမလေးကို စိတ်မဝင်စားဘူးဆိုပြီး.. အခုကျတော့ အကွက်ချ ကြံစည်ချင်နေတယ်ပေါ့..’

"ဟွန့်၊ ရှင် အခြားဘယ်သူ့ကိုမှ ရှာခွင့်မရှိဘူး။ ရှင်က ကျွန်မ တစ်ယောက်တည်းအတွက်ပဲ ဖြစ်ရမယ်။"

ကျန်းရှင်းဖှကို အခြားသူတစ်ယောက် ရှာခွင့်မပေးနိုင်ပေ။ အကယ်၍ သူသာ အခြားသူတစ်ယောက်ကို တွဲသွားလျှင် သူမအတွက် မည်သူက ပိုက်ဆံသုံးပေးတော့မည်နည်း။

"ကျွန်မ ဂရုမစိုက်ဘူး၊ ရှင် ကလဲ့စားချေချင်ရင် တခြားနည်းလမ်းသုံး။ အခြားမိန်းမရှာတာကိုတော့ ကျွန်မ ခွင့်မပြုနိုင်ဘူး၊ လုံးဝပဲ၊ လုံးဝပဲ..."

ကျန်းရှင်းဖှမှာ ကျေနပ် ဝင့်ကြွားစွာဖြင့်

"မင်း ငါ့ကို ချစ်မှန်း ငါသိပါတယ်.."

"ရှင့်အပေါ်ထားတဲ့ ကျွန်မ ချစ်မေတ္တာက နေ့ခင်းရဲ့ နေအလင်းရောက်တွေလို ထင်ရှားပါတယ်။"

ထိုနှစ်ယောက်မှာ မကြာခင်မှာပင် တတွတ်တွတ်နှင့် အချစ်နယ်ကျွံနေကြပြန်သည်။

ချန်ချင်းယွီ : "..."

တကယ့်ကို ရွံစရာကြီး..

ဒီလို ရွံစရာကောင်းတဲ့အကောင်ရဲ့ ပစ်မှတ်ထားခြင်းကို အကြောင်းမဲ့ ခံနေရတာ…ဘယ်သူကများ ရွံရှာစိတ် မဖြစ်ဘဲ နေပါ့မလဲ..

ခွေးကောင်.. နင် စောင့်နေစမ်း..

ချန်ချင်းယွီ ထိုအကောင်ကို မည်သို့ကိုင်တွယ်ရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် သူ ထလာသည်ကို မြင်လိုက်ရ၏။

"ငါ အိမ်သာသွားလိုက်ဦးမယ်။"

ကျန်းရှင်းဖှ သူ့ဗိုက်ကို ပွတ်လိုက်မိသည်။ ပြီးခဲ့သည့်တစ်ခေါက် စားပြီးကတည်းက ဝမ်းလျှောထားသဖြင့် သူ၏ဗိုက်မှာ အမြဲတမ်းလိုလို မအီမသာဖြစ်ကာ ယခုလည်း တဂေါ့ဂေါ့နှင့် မြည်နေလေ၏။

"ကျွန်မ လိုက်ခဲ့ပေးမယ်လေ။"

"မလိုပါဘူး.."

ကျန်းရှင်းဖှ ရယ်ရင်း အင်မတန် ကြည်နူးနေဟန်ဖြင့်

"ကြည့်စမ်း၊ မင်းက ငါ့ကို မယုံတာလား.. ဒီကလေးမလေးကတော့ ငါမရှိရင်ကို မနေနိုင်တာပဲ.."

လျိုကျင့် : "ကျွန်မ ရှင့်ကို ကြိုက်တာကိုး.."

ဝေါ့..ထွီ..

ချန်ချင်းယွီမှာ ပျို့တက်လာသဖြင့် ပါးစပ်ကို အမြန်ပိတ်လိုက်ရပြီး အသံတစ်ချက်မှ မထွက်အောင် နေလိုက်ရသည်။

‘ဒီရွံစရာကောင်းတဲ့ ခံစားချက်ကြီးကတော့.. တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေတောင် ထသွားရတယ်..’

ကျန်းရှင်းဖှမှာမူ တစ်စုံတစ်ယောက် သူ့ကို ချောင်းမြောင်းစောင့်ဆိုင်းနေသည်ကို လုံးဝ ရိပ်မိခြင်း မရှိသေးပေ။

သူသည် မည်သူ့ကိုမှ ဂရုမစိုက်သလိုမျိုး သီချင်းလေးတညည်းညည်းနှင့် ထွက်လာခဲ့သည်။ ခိုးစားနေခြင်းဖြစ်သော်လည်း ကိုယ့်အိမ်ကိုယ်

ပြန်ရသကဲ့သို့ပင် ရဲရဲတင်းတင်း ရှိလှ၏။ သူ သီချင်းညည်းရင်း ထွက်လာသည်နှင့်တစ်ပြိုင်နက်

"ဝူး ဝုတ် ဝုတ်.."

ခွေးများ ပြန်ဟောင်သံ ထွက်ပေါ်လာသည်။

ကျန်းရှင်းဖှ : "ဘာလို့ ဟောင်နေတာလဲ.."

"တောက်... ခွေးနှစ်ကောင်ကများ ငါ့ကိုဟောင်ရဲတယ်ပေါ့.. ယောက်ျားတွေကို ပျော့ညံ့တယ်မှတ်နေလား.. သွားစမ်း.."

သူ အော်ဟစ်လိုက်ပြီး ကျောက်ခဲတစ်လုံးကောက်၍ ခွေးများကို တည့်တည့်ပစ်လိုက်၏။

"ဝုတ် ဝုတ် ဝုတ် ဝုတ်.."

လမ်းဘေးခွေးမှာ ချက်ချင်းပင် အမွေးအမှင်များ ထောင်သွားပြီး ကျန်းရှင်းဖှကို ပို၍ပြင်းထန်စွာ ဟောင်လေတော့သည်။

"တောက်.. ဒီခွေးတွေက ငါ့ကိုဟောင်ရဲတယ်.. ဒီတိရစ္ဆာန်လေးတွေကတော့ မရပ်မနားဖြစ်နေတာပဲ"

သူ ကျောက်ခဲကို ထပ်ကောက်ပြီး ပစ်လိုက်ပြန်၏။ ထို့နောက် အနားသို့ လျှောက်သွားကာ "ကန်သတ်ပစ်မယ်..." ဟုဆိုကာ ကန်လိုက်လေသည်။

"အုအု... ဝေါင်.."

လမ်းဘေးခွေးတစ်ကောင်မှာ သူ့ကိုကန်သည့်ခြေထောက်ကို ပြန်ကိုက်လိုက်လေသည်..

"ဝုတ်... ဝေါင်.."

"တောက်.. သောက်ခွေးစုတ်က ငါ့ကိုကိုက်ရဲတယ်ပေါ့.. သေအောင် ရိုက်သတ်ပစ်မယ်.."

သူသည် ခွေးကို အတင်းခါထုတ်ပြီး ကျောက်ခဲကောက်ကာ ပစ်ပေါက်လိုက်၏။

ထို့နောက် ဘာယဉ်ကျေးမှုမှမရှိသည့်အလား တရစပ် ဆဲဆိုနေတော့သည်။

"အုအု... ဝုတ် ဝုတ်.."

ခွေးနှစ်ကောင်မှာ ကျန်းရှင်းဖှကို ဝိုင်းထားပြီး သူ့ခြေထောက်ကို မလွှတ်တမ်း ကိုက်ကြလေ၏။

ချန်ချင်းယွီမှာ ကြောင်အသွားကာ

"......"

ဤမျှလောက်အထိ ကိုယ့်သေတွင်းကိုယ်တူးသည့်လူမျိုးကို သူမ တစ်ခါမှမမြင်ဖူးပေ။

သူမ လက်တောင်မလှုပ်ရသေးခင်မှာတင် ဤလူမှာ သေဖို့လမ်းရှာနေပြီဖြစ်သည်။

ဟိုလီရှစ်.. သေလမ်းရှာနိုင်စွမ်းကတော့ ဩချလောက်ပါပေတယ်..

ချန်ချင်းယွီတစ်ယောက် သရဲယောင်ဆောင်ရန် ပြင်ဆင်လာခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ခံစားလိုက်ရပြီး ပွဲကြည့်ရုံသာ ကြည့်နေသင့်သည်ဟု တွေးလိုက်မိ၏။ သူမ၏ ဝင်းထဲရှိလူများမှာ သူမ ဘာမှလုပ်ပေးရန်မလိုဘဲ အားလုံး ကိုယ်စီစွမ်းရည်ရှိကြသူများဖြစ်ကြောင်း သူမ နောက်ဆုံးတွင် နားလည်သွားသည်။

ယခင်တစ်ခေါက်တွင်လည်း ယွမ်ရှောင်ချွေ အတွက် သူမ စိုးရိမ်ခဲ့ရသော်ငြား အရက်မူးနေသော ယွမ်ရှောင်ချွေမှာ လက်စွမ်းပြသွားပြီး လွတ်မြောက်သွားရုံသာမက ကျောက်ရုံကိုပါ ပြဿနာတက်အောင် လုပ်သွားနိုင်ခဲ့၏။ သူမကိုယ်တိုင်အတွက်မူ ကောင်းကောင်းမွန်မွန် မဖြစ်ခဲ့သော်လည်း... အလျှော့ပေးလိုက်ခြင်းသည်လည်း ဘာမှထူးလာမည်မဟုတ်ပေ။

ထို့ကြောင့် ယွမ်ရှောင်ချွေမှာ အရာရာကို သူမဘာသာ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ခဲ့သည်။

ယခုတစ်ကြိမ်တွင် သူမက ကျန်းရှင်းဖှကို ကိုင်တွယ်ချင်ခဲ့သော်လည်း ကျန်းရှင်းဖှမှာ သူ့ဘာသာသူ ပြဿနာရှာနေပြီဖြစ်၏။ သူမ လက်မလှုပ်ရသေးခင်မှာပင် သူသည် လမ်းဘေးခွေးများကို ရန်စလိုက်သည်။ ဤအခြေအနေမှာ တကယ်ကို အဓိပ္ပာယ်မရှိလှပေ။

လုံးဝကို အဓိပ္ပာယ်မရှိတာပါ.. ကျွန်မကို လှုပ်ရှားခွင့်လေး ပေးပါဦး..

ကျန်းရှင်းဖှ လမ်းဘေးခွေးများအား ကန်ကျောက်နေသည်ကို ချန်ချင်းယွီ ကြည့်နေ၏။ သူ၏ ထိုအပြုအမူသည် ခွေးများကို ပို၍စိတ်ဆိုးစေကာ နှစ်ကောင်လုံးမှာ သူ့ကို ဝိုင်းတိုက်ခိုက်ကြတော့သည်။

ကျန်းရှင်းဖှ : "တောက်... ဒီတိရစ္ဆာန်လေးတွေက ငါ့ကိုကိုက်ရဲတယ်.. မင်းတို့ကို သေအောင်ရိုက်ပြီး ခွေးသားစားပစ်မယ်.."

သူ ခွေးနှစ်ကောင်ကို ရူးသွပ်စွာ ကန်ကျောက်နေ၏။ လမ်းဘေးခွေးနှစ်ကောင်မှာ မရှောင်နိုင်ဘဲ နှစ်ကောင်လုံး အကန်ခံလိုက်ရသည်။ ယခုအခါ ခွေးများမှာ ကျောကုန်းကိုကွေး၍ ဟိန်းဟောက်ကာ ကျန်းရှင်းဖာဆီသို့ ခုန်အုပ်ကြလေသည်။

ကျန်းရှင်းဖှ : "အား.."

"ဝုတ် ဝေါင် ဝေါင် ဝေါင်.."

အစပိုင်းတွင် ခွေးများမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့်သဘောသာ ရှိသော်လည်း ယခုအခါတွင်မူ နှစ်ကောင်လုံး ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်နေကြပြီဖြစ်၏။

ပုံမှန်အားဖြင့် လမ်းဘေးခွေးများသည် လူကို ရန်မမူတတ်ကြပေ၊ သန်းခေါင်ယံအချိန်တွင် အသံအနည်းငယ်ကြားရုံဖြင့် သတိရှိရှိ ဟောင်တတ်ခြင်းမှာ သဘာဝပင်ဖြစ်သည်။ ချန်ချင်းယွီ ဖြတ်သွားစဉ်၌လည်း သူမကို ဟောင်ခဲ့ကြ၏။ သို့သော် ထိုခွေးနှစ်ကောင်မှာ သူမနောက်ကို လိုက်ကိုက်ခြင်းမရှိခဲ့ပေ၊ ကျန်းရှင်းဖှ ကျောက်ခဲနှင့် အရင်ပစ်ပေါက်မိခြင်းသည်သာ အမှားတည်း။

"ဝုတ် ဂီး.."

ကျန်းရှင်းဖှ : "အား၊ တိရစ္ဆာန်စုတ်.."

"အူးအု..."

ကျန်းရှင်းဖှမှာ ခြေသလုံးမှ နာကျင်မှုကို ခံစားလိုက်ရပြီး အိမ်ရှေ့တံခါးဝရှိ တုတ်တစ်ချောင်းကို ဆွဲကာ ဘာမှမစဉ်းစားဘဲ ရမ်းလိုက်ရာ ခွေးနှစ်ကောင်မှာ နာကျင်စွာ အူသွားသော်လည်း ပို၍ပင် ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်လာသည်။

ခွေးတစ်ကောင် ရှေ့သို့ ခုန်အုပ်လာသဖြင့် ကျန်းရှင်းဖှမှာ အသည်းအသန် ရှောင်လိုက်ရသော်လည်း အခြားတစ်ကောင်သည်မူ သူ့ဘောင်းဘီကို လှမ်းကိုက်လိုက်ရာ — ဖြိခနဲ..

သူ့ဘောင်းဘီမှာ ဆုတ်ပြဲသွားလေပြီ..

ကျန်းရှင်းဖှ : "အားးးး.."

သူ၏ အော်ဟစ်သံများကြောင့် အိမ်ထဲရှိလူများ နိုးလာကြသည်။ ချန်ချင်းယွီမှာ ပို၍ သတိထားလိုက်ပြီး အိမ်ခေါင်မိုးပေါ်တွင် မလှုပ်မယှက် ဝပ်နေလိုက်၏။

"ဘာဖြစ်တာလဲ.. ခွေးတွေ ဘာလို့ဟောင်နေတာလဲ.."

"လမ်းကြားထဲက လမ်းဘေးခွေးတွေလား.. သူတို့က လူမကိုက်ဘူး မဟုတ်လား.."

"ဘယ်သူသိမှာလဲ.."

"အပြင်မှာ ဘယ်သူလဲ.."

"ဘာဖြစ်တာလဲ.."

လူများမှာ အပေါ်င်္အကျီများကို ကမန်းကတန်း ကောက်စွပ်ပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ လျိုကျင့်နှင့် သူမ၏ခင်ပွန်းလည်း ပါလာ၏။ လျိုကျင့်မှာ အများကြီး စဉ်းစားနေစရာမလိုဘဲ ယင်းမှာ ကျန်းရှင်းဖှဖြစ်မှန်း သိလိုက်သည်။

သောက်သုံးမကျတဲ့အကောင်.. အိမ်သာတောင် ဖြောင့်ဖြောင့်မသွားတတ်ဘူးလား..

သူမမှာ သူ့ကို စိတ်ထဲမှ ဆဲရေးနေမိသော်လည်း အပြင်ပန်းတွင်မူ အလွန်စိုးရိမ်နေသည့် ပုံစံမျိုး ပြရ၏။

"အစ်ကိုကျန်း ဖြစ်လိမ့်မယ်။ သူ ကျွန်မယောက်ျားနဲ့ စကားပြောဖို့ အိမ်ကိုလာတာ၊ အခုလေးတင် အိမ်သာသွားတာ..."

လူတိုင်း သူမ၏စကားကို သိပ်မယုံကြည်ကြသည့် အမူအရာများ ချက်ချင်းပေါ်လာသည်။

လျိုကျင့်မှာမူ သူတို့ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဂရုမစိုက်ဘဲ ပြီးစလွယ်သာ ဖြေလိုက်ခြင်းဖြစ်၏။ လူတိုင်း စိုးရိမ်တကြီးဖြင့် တံမြက်စည်းများကိုယ်စီကိုင်ကာ သတိထားပြီး ထွက်လာကြသည်။ လီတာ့ရှန်းတို့ လင်မယားလည်း ပါလာသော်လည်း သူတို့မှာ သတိကြီးစွာဖြင့် အနောက်ဆုံးမှ လိုက်လာကြ၏။

ချန်ချင်းယွီ မျက်လုံးကို အသာမှေးလိုက်ပြီး အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းရှင်းဖှမှာ ခွေးနှစ်ကောင်နှင့် ဆက်လက် တိုက်ပွဲဝင်နေဆဲပင်။ ခွေးတစ်ကောင်မှာ အတော်လေး ပါးနပ်ပြီး လူအင်အားများလာသည်ကို သိလိုက်ပုံရသဖြင့် အူလိုက်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော် ဒေါသထွက်နေသော ကျန်းရှင်းဖှမှာ

"ထွက်ပြေးမလို့လား.. မရဘူး.."

သူ ရှေ့သို့ ခုန်အုပ်လိုက်ပြီး

တုတ်နှင့် အားရပါးရ ရိုက်ချရန် ပြင်လိုက်သည်။ လမ်းဘေးခွေးမှာ ဟောင်ရင်း ထွက်ပြေးရန် ကြိုးစားသော်လည်း တံတိုင်းထောင့်တွင် ပိတ်မိသွားရာမှ ရုတ်တရက်

ရှေ့သို့ ခုန်ဝင်လိုက်သဖြင့် ကျန်းရှင်းဖှမှာ ဟန်ချက်ပျက်ကာ လဲကျသွား၏။

"ဝုတ် ဝုတ်.."

အခြားခွေးတစ်ကောင်သည်လည်း ခုန်အုပ်လိုက်ပြီး ကျန်းရှင်းဖှ၏ ဖင်ပြောင်တင်ပါးကို လှမ်းကိုက်လိုက်လေသည်..

"အားးးးးး......"

ကျန်းရှင်းဖှမှာ အဆုတ်ကွဲမတတ် အသံကုန် အော်ဟစ်လေ၏။

"ဘုရားရေ..

" "ဒါက... ကယ်ကြပါဦး.."

"ဘာလို့ အဲဒီလောက်အထိ လိုက်ကိုက်နေရတာလဲ.."

အခြားခွေးတစ်ကောင်သည်လည်း အရှုံးမပေးဘဲ…

ဟပ် ခနဲ..

သူ့၏ အခြားတစ်ဖက်သော တင်ပါးကို ထပ်ကိုက်လိုက်ပြန်သည်။ ထို့နောက် လူအများ လက်နက်ကိရိယာများနှင့် ရောက်လာသည်ကို မြင်တော့မှ ခွေးနှစ်ကောင်မှာ အူလိုက်ပြီး အမြီးကုပ်ကာ လျှပ်တပြက်အတွင်းမှာပင် ထွက်ပြေးပျောက်ကွယ်သွားကြ၏။

"ငါ့တင်ပါး.."

ကျန်းရှင်းဖှမှာ အော်ဟစ်ညည်းတွားနေသည်။

သူ့မှာ အကိုက်ခံရသည့် ဒဏ်ရာ အတော်များများရသွားပြီး တစ်ကိုယ်လုံးလည်း မခံမရပ်နိုင်အောင် ဖြစ်နေ၏။

"ငါ့ကို ဆေးရုံ အမြန်ပို့ပေးကြပါဦး..."

"ဟာ... ဒါက..."

"သွားပါ၊ သွားပါ၊ ပို့ပေးလိုက်ကြပါဦး။"

"ဒါပေမဲ့ ဒါက တို့နဲ့ ဘာဆိုင်လို့လဲ.. သူက တို့ဝင်းထဲက လူလည်း မဟုတ်ဘဲနဲ့။"

"ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ဒီအတိုင်းကြီး ပစ်ထားလို့လည်း မကောင်းဘူးလေ။"

ဓာတ်မီးအလင်းရောင်မှာ ကျန်းရှင်းဖှအပေါ်သို့ ကျရောက်သွားရာ သူ၏ အခြေအနေမှာ တကယ့်ကို ရုပ်ပျက်ဆင်းပျက်ပင်။ ဘောင်းဘီမှာ အဖတ်ဖတ်ပြဲနေပြီး အတွင်းခံဘောင်းဘီတိုလေးသာ ကျန်တော့ကာ တင်ပါးကို လက်နှင့် အုပ်ထားရသည်။ သူ့အတွင်းခံ၏ အနောက်ဘက်တွင် အပေါက်ကြီး နှစ်ပေါက်ဖြစ်နေပြီး တစ်စုံတစ်ယောက်မှာ "အရှေ့ဘက်မဟုတ်လို့ တော်သေးတာပေါ့..." ဟု တိုးတိုးလေး ပြောလိုက်၏။

"ဟိ.."

"ကဲ ကဲ၊ လူသားချင်းစာနာပြီး ကူညီပေးလိုက်ကြရအောင်။"

ဝင်းတိုင်းမှာ ဝင်းတာဝန်ခံ ရှိစမြဲပင်။ ယခုလည်း ဝင်းတာဝန်ခံမှာ လျိုကျင့်ကို အဓိပ္ပာယ်ပါပါဖြင့် ကြည့်ကာ သတိပေးလိုက်၏။

"လျိုကျင့်၊ နောက်နောင် ဝင်းထဲမှာ ပြဿနာတွေ မတက်အောင် ဆင်ခြင်ဦး"

လျိုကျင့်မှာ မျက်ရည်ဝိုင်းသွားပြီး သနားစဖွယ် ပုံစံမျိုး ဖမ်းလိုက်သည်။

"မြန်မြန်၊ သူ့ကို ထူပေးကြဦး။"

"တွန်းလှည်းတစ်စီးလောက် ငှားရမလား.."

"ရပါတယ်၊ သူ လမ်းလျှောက်နိုင်ဦးမှာပါ။"

လူတိုင်း သူ့ကို လိုက်ပို့ပေးကြပြီး လျိုကျင့်နှင့် သူမ၏ခင်ပွန်းမှာလည်း သဘာဝကျကျပင် လျစ်လျူရှု၍မရပေ။ ထို့ကြောင့် သူတို့လည်း လိုက်ပါသွားကြပြီး အခြားအမျိုးသားအချို့နှင့်အတူ ဆေးရုံသို့ လိုက်ပို့ကြသည်။ ကျန်ရှိနေသူများမှာ သူတို့ကို ကြည့်ကာ ခေါင်းခါနေကြလေ၏။

"တကယ့်ကို အရှုပ်ထုတ်ပဲ။"

လူတိုင်း ထိုမြင်ကွင်းကို ရယ်စရာတစ်ခုနှယ် ကြည့်နေကြသည်။ လီတာ့ရှန်းတို့ လင်မယားလည်း အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြ၏။ သူတို့မှာ မကြာသေးမီကပင် စိတ်ဓာတ်ကျနေခဲ့ပြီး အတော်လေးကို စိတ်မသက်မသာ ဖြစ်နေကြရသည်။

မစင်တွင်းထဲ ကျခဲ့ရသည့်ကိစ္စကို ဘယ်သူကများ စိတ်မဆိုးဘဲ နေပါ့မလဲ..

ယင်းမှာ တကယ့်ကို အရှက်ရစရာဖြစ်ပြီး လူတိုင်းလည်း သိနေကြသည်။

သူတို့၏ သမက်ဖြစ်သူသည်ပင် ညည်းတွားနေသော်လည်း သူတို့အနေဖြင့် သရဲမြင်ခဲ့သည်ဟုအတိအလင်း မပြောရဲကြပေ။

ထိုသို့ပြောဆိုခြင်းမှာ ခေတ်နောက်ပြန်ဆွဲသော အယူသည်းမှုကို အားပေးရာရောက်မည် မဟုတ်လော့။

ထိုနှစ်ယောက်မှာ လူအုပ်၏ အနောက်ဆုံးတွင် ရပ်နေကြ၏။ အိမ်ခေါင်မိုးပေါ်တွင် ပုန်းနေသော ချန်ချင်းယွီမှာ သူတို့၏ စိတ်ဓာတ်ကျနေသည့် ပုံစံကို ကြည့်ပြီး ကျောက်ခဲလေးတစ်လုံးကို ကောက်ကာ ပစ်ပေါက်လိုက်သည်။ ဗုန်း ဆိုသည့် အသံနှင့်အတူ လီတာ့ရှန်းကို ထိမှန်သွားပြီး လီတာ့ရှန်း လှည့်ကြည့်လိုက်စဉ်မှာပင် ချန်ချင်းယွီ အိမ်ခေါင်မိုးပေါ်မှ ချက်ချင်း ခုန်ချလိုက်၏။ သူမ တစ်ကိုယ်လုံး အဖြူရောင် ဝတ်ဆင်ထားပြီး ခေါင်းတွင်လည်း အဖြူရောင် မျက်နှာစွပ်ကို စွပ်ထားသည်..

သူမကိုယ်တိုင် လုပ်ထားခြင်းဖြစ်၏..

အဖြူရောင် လူရိပ်ကြီးတစ်ခုက ကောင်းကင်မှ ကျဆင်းလာသယောင်..

လီတာ့ရှန်း : "အားးးးးး.. သရဲ.. သရဲမ.."

သူ လူအုပ်ကို တိုးဝှေ့ကာ ရှေ့သို့ အသည်းအသန် ပြေးတော့သည်။ လူတိုင်း ထိုရုတ်ရုတ်သဲသဲဖြစ်ရပ်ကို ပြန်လှည့်ကြည့်လိုက်ကြသဖြင့် ချန်ချင်းယွီလည်း အမြန်ပင် ရှောင်တိမ်းလိုက်ရ၏။

ဟမ်း.. လူမြင်ခံလို့ဖြစ်မလား..

သူမ ထိုလူများကို ခြောက်လှန့်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်သော်လည်း မဆိုင်သော အခြားသူများကို မခြောက်လိုပေ။

သူမမှာလည်း ကိုယ်ကျင့်တရားဆိုင်ရာ စည်းတစ်ခုတော့ ရှိပါတယ်နော်.. အဟမ်း..

ပြဿနာရှာတာကတော့ တစ်ပိုင်းပေါ့..

ဘယ်သူမှ မရှိတော့ဘူး..

ချန်ချင်းယွီ အောက်သို့ ခုန်ချပြီး ဘေးသို့ ရှောင်လိုက်ကာ လျင်မြန်စွာပင် ထောင့်တစ်ခုထဲသို့ ပျောက်ကွယ်သွားပြီး အိမ်ခေါင်မိုးပေါ်သို့ ပြန်တက်သွားသည်။

လီတာ့ရှန်းတစ်ယောက် အော်ဟစ်ကာ ရှေ့သို့ ဒုန်းစိုင်းပြေးရင်း "သရဲ.. သရဲမကြီး.." ဟု အော်နေ၏။

"မိန်းမ၊ မိန်းမ... ငါ့ကို ပစ်မသွားနဲ့ဦး.. အား... ကယ်ကြပါဦး.."

လီတာ့ရှန်း၏ ဇနီးမှာ သရဲကို မမြင်လိုက်ရသော်လည်း အလွန်အမင်း ထိတ်လန့်သွားကာ သူ့နောက်သို့ လိုက်ပြေးလေသည်။

"ဟာ... ဒါ ဘာတွေဖြစ်နေတာလဲ.."

"သရဲက ဘယ်မှာလဲ...."

"အမေရေ... လီတာ့ရှန်း၊ လူတွေကို အဲဒီလို လိုက်မခြောက်နဲ့လေ.."

ဤအချိန်တွင် သတ္တိနည်းသောသူများမှာ "အိမ်ပြန်ကြစို့၊ ပြန်မယ်.." ဟုဆိုကာ သူတို့မိသားစုဝင်များကို အမြန်ပင် ဆွဲခေါ်သွားကြသည်။

သတ္တိရှိသူအချို့သည်ကား မလှုပ်မယှက် ရှိနေကြ၏။ လီတာ့ရှန်းမှာ ခေါင်းထဲတွင် တဝီဝီမြည်နေပြီး အသိစိတ်ကြိုးလေး ပြတ်တောက်တော့မည့်အလား "သရဲ.." ဟုသာ အော်နေတော့သည်။

သူ့ဇနီးမှာ သူ့နောက်က ပြေးလိုက်လာ၏။

ဗုန်း..

လီတာ့ရှန်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

"မိန်းမ... အား.."

လီတာ့ရှန်း၏ ဇနီးမှာလည်း အရှိန်မသတ်နိုင်ဘဲ ထပ်လျက်သား လဲကျသွားပြန်၏။

ထိုနှစ်ယောက်၏ အခြေအနေကို ကြည့်ပြီး ကျန်ရှိနေသူများမှာ ရာသီဥတု ပူသော်လည်း ကျောထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။

"နင်... တစ်ခုခု မြင်လိုက်လား.."

"ဟင့်အင်း၊ ဘာမှမမြင်ဘူး။ နင်ကော တစ်ခုခု မြင်လား.."

"ငါလည်း မမြင်ဘူး။"

မည်သူမှ ထိုလင်မယားအနားသို့ မချဉ်းကပ်ရဲကြဘဲ အားလုံး လူစုစုဖြင့်သာ မြေပြင်ပေါ်တွင် တုန်တုန်ရင်ရင် ဖြစ်နေသော လီတာ့ရှန်းတို့ လင်မယားကို စိုက်ကြည့်နေကြ၏။ အကယ်၍ ပြီးခဲ့သည့်တစ်ခေါက် ကိစ္စသာ မရှိခဲ့လျှင် သူတို့ ဤမျှ ကြောက်ကြမည်မဟုတ်သော်လည်း ထိုဖြစ်ရပ်ကြောင့် အမှန်တကယ်ပင် ထိတ်လန့်နေကြခြင်းဖြစ်သည်။

သူတို့အားလုံး စိတ်ထဲတွင် လုံးဝကို မသက်မသာ ဖြစ်နေကြရ၏။

လီတာ့ရှန်း : "သရဲရှိတယ်၊ သရဲရှိတယ်၊ အဲဒါ သရဲဖြစ်ရမယ်။"

လင်မယားနှစ်ယောက်မှာ မြေပြင်ပေါ်တွင် တစ်ဦးကိုတစ်ဦး ဖက်ထားရင်း တုန်တုန်ရင်ရင်ဖြင့် ထိုင်နေကြသည်။ ချန်ချင်းယွီမှာ တံတိုင်းပေါ်တွင် ထိုင်ကာ သူတို့ကို ကြည့်နေလေသည်။ သူမ ကိုယ်ဟန်အနေအထားကို အနည်းငယ် ပြောင်းလိုက်ပြီး ဤထောင့်မှကြည့်လျှင် တံခါးဝတွင် စုနေသောလူအုပ်မှာ သူမကို လုံးဝမြင်နိုင်မည်မဟုတ်ပေ။ သို့သော် လီတာ့ရှန်းတို့ လင်မယားသာ မော့ကြည့်လိုက်မည်ဆိုပါက သူမကို မြင်နိုင်မည်ဖြစ်၏။

ဘယ်သူမှ မလှုပ်ရှားကြပေ။ ချန်ချင်းယွီ စိတ်ရှည်လက်ရှည်ပင် စောင့်နေလေသည်။ သူမ အခြားတစ်ဖက်ကို ဝေ့ကြည့်ကာ သူမကို မြင်မည့်သူ မရှိကြောင်း သေချာအောင်လုပ်ပြီးမှ လီတာ့ရှန်းတို့ လင်မယားကိုသာ စိုက်ကြည့်နေလိုက်၏။

လူဆိုသည်မှာ တစ်စုံတစ်ယောက်စိုက်ကြည့်နေလျှင် အလိုလို သိတတ်ကြသည်သာ..

လီတာ့ရှန်းတို့ လင်မယားမှာလည်း တစ်ခုခုကို ခံစားမိသွားပုံရသည်။ လီတာ့ရှန်း မော့ကြည့်လိုက်ပြီး ရင်ခေါင်းသံကြီးဖြင့် "အားးးးးးးး.." ဟု အော်ဟစ်လိုက်မိ၏။

သူ့ဇနီးမှာလည်း ထိုအသံကိုကြားပြီး လှမ်းကြည့်လိုက်ရာ လီတာ့ရှန်းထက်ပင် ပို၍ကျယ်လောင်စွာ အော်ဟစ်တော့သည်။ သူမ တံတိုင်းဆီသို့ လက်ညှိုးထိုးရင်း နားကွဲမတတ် အသံဖြင့် "သရဲမ.. သရဲမ.." ဟု ဟစ်အော်နေ၏။

တံခါးဝတွင် စုဝေးနေကြပြီး မလှုပ်ရဲအောင် ကြောက်နေကြသော လူအုပ်မှာလည်း ယခုအခါ ပို၍ပင် တုန်လှုပ်သွားကြသည်။

"ဘုရားရေ.. တကယ်ပဲ သရဲရှိနေတာလား.. တို့တွေ အပြင်ထွက်ကြည့်သင့်လား.."

"နင်ပဲသွားကြည့်တော့၊ ငါတော့ ကြောက်လှပြီ။"

"ကောင်းကင်နဲ့မြေကြီးက နတ်မင်းအပေါင်းတို့ ကယ်မတော်မူကြပါ..."

"ကွမ်ရင်မယ်တော်စောင့်ရှောက်တော်မူပါ.. ကျွန်မ ဘာအကုသိုလ်မှ မလုပ်ခဲ့ပါဘူး.."

"ဟုတ်တယ်၊ ဟုတ်တယ်။ မကောင်းတာမလုပ်ရင် သရဲမမြင်ရဘူး။ မကောင်းတာလုပ်တဲ့သူတွေပဲ မြင်ရတာ။ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း သူတို့တွေ မစင်တွင်းထဲ ကျခဲ့ကြတာလေ။"

လူတိုင်း တတွတ်တွတ် ပြောနေကြသည်။ ထိုစဉ်မှာပင် လီတာ့ရှန်း၏ဇနီးမှာ ထူးဆန်းသော အကြံတစ်ခု ရသွားပြီး၊ သူမ ပြီးခဲ့သည့်တစ်ခေါက်ကို သတိရသွားကာ လီတာ့ရှန်းကို ဆွဲပြီး ပြောလိုက်၏။

"မစင်တွင်းထဲ ခုန်ချရအောင်.. ပြီးခဲ့တဲ့တစ်ခေါက် တို့တွေ ခုန်ချလိုက်တော့ သရဲမ ပျောက်သွားတာလေ.. မြန်မြန်.. ဒီလို ညစ်ပတ်တဲ့အရာတွေကို သရဲတွေတောင် ကြောက်တယ်၊ မြန်မြန်လုပ်.."

လီတာ့ရှန်း: "ဟမ်.."

"မြန်မြန်လုပ်ပါဆို.."

ထိုနှစ်ယောက်မှာ ယိုင်တိယိုင်တိုင်ဖြင့် ထရပ်လိုက်ကြပြီး မစင်တွင်းရှိရာဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားကြသည်။

ချန်ချင်းယွီ : ‘သောက်ကျိုးနည်း…’

ကျွန်မလည်း သူတို့အတွေးတွေကို လိုက်မမီတော့ပါဘူးရှင်.. ဆန်းပြားလိုက်ကြတာ..

ကျန်တဲ့လူများ: ‘……’

ဘယ်သူမှ ဘာမှမလုပ်နိုင်ခင်မှာတင် ထိုအဘွားကြီးမှာ လီတာ့ရှန်းကို ဆွဲကာ အိမ်သာကျင်းအဖုံး အပေါ်မှတင်ထားသော ကျောက်တုံးများကို ဖယ်ရှားပြီး ပလုံ ဆိုသည့် အသံနှင့်အတူ ခုန်ချလိုက်လေတော့သည်...

ပလုံ..

ဟဲ့ သောက်ခွေးပဲ.. လုပ်ရဲလှချည်လား..

"တောက်... တကယ်ပဲ.."

"ဘုရားရေ.."

"အီးးး... သူတို့ကို ကယ်သင့်လား၊ မကယ်သင့်ဘူးလား.."

"ရွံစရာကြီး.."

"ဒါ ဘာကြီးလဲ.. သူတို့က သရဲ သရဲလို့ အော်ပြီး အိမ်သာကျင်းထဲ ခုန်ချတိုင်း တို့က လိုက်ကယ်နေရမှာလား.. ငါတော့ မသွားဘူးနော်၊ သိပ်ကြောက်ဖို့ကောင်းတာပဲ။"

"သရဲခြောက်နေတာလေ၊ ဘယ်သူက မကြောက်ဘဲ နေမှာလဲ.. ငါလည်း မသွားဘူး..."

"ဟေး... နင်တို့ ကြည့်ဦး၊ ပြီးခဲ့တဲ့တစ်ခေါက်လည်း သူတို့ဘာသာသူတို့ ခုန်ချခဲ့တာ မဟုတ်လား.. သရဲမက သူတို့ကို အိမ်သာထဲ တွန်းထည့်တာလို့ သူတို့က ပြောခဲ့သေးတယ်၊ ငါကတော့ အဲဒါ မဖြစ်နိုင်ဘူးလို့ ပြောခဲ့သားပဲ..."

"အခုလည်း ဒီအတိုင်းကြီး ခုန်ချသွားတာပဲ၊ သရဲပူးနေတဲ့ ပုံစံမျိုး မပေါက်ဘူးလား.."

...

မြင်ကွင်းတစ်ခုလုံး ရုတ်တရက် ရှုပ်ထွေးသွားပြီး လူတိုင်းမှာလည်း ပြိုင်တူ စကားများ ပြောမိကုန်ကြ၏။ ယခုတစ်ကြိမ်တွင်မူ မည်သူမျှ သူတို့ကို သွားမကယ်ရဲကြတော့ပေ။

အဖြစ်အပျက်မှာ ကြောက်စရာလည်း ကောင်းသလို ရွံစရာလည်း အင်မတန် ကောင်းလှသည် မဟုတ်ပါလား..

ချန်ချင်းယွီမှာ ကြောင်အသွားပြီး သူမကိုယ်သူမ အတွေ့အကြုံ နုနယ်သေးသူလေးဖြစ်ကြောင်း နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။ ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

‘သူမ ဘာမှ မလုပ်ရသေးပါဘူး၊ တကယ်ကို ဘာမှ မလုပ်ရသေးတာပါ..’

ချန်ချင်းယွီမှာ ခေါင်းကို ကုတ်ရင်း ဤကဲ့သို့ ထူးဆန်းသောနေရာတွင် ကြာကြာမနေဝံ့တော့ဘဲ တံတိုင်းကို နင်းကာ အိမ်ခေါင်မိုးစွန်းများအတိုင်း လျင်မြန်စွာ ထွက်ခွါလာခဲ့၏။

ဘုရားရေ... သူမတစ်သက် ဤကဲ့သို့သော မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ..

လူတစ်ယောက် မိမိအလိုအလျောက် မစင်တွင်းထဲ ခုန်ချလိမ့်မည်ဟု မည်သူက ထင်ထားပါ့မည်နည်း..

ချန်ချင်းယွီမှာ တကယ်ကို အံ့အားသင့်သွားရသည်။

ထိုမြင်ကွင်းမှာ အတော်လေး "ခမ်းနား" လှသော်လည်း မစင်တွင်းထဲမှ လူကို ပြန်ဆွဲထုတ်နေသည့် မြင်ကွင်းကိုကား ချန်ချင်းယွီ မကြည့်ရဲပေ။

အခြားသူများ လုပ်ချင်လုပ်လိမ့်မည်ဖြစ်သော်လည်း သူမမှာ မလုပ်နိုင်ပေ။

သူမ တကယ်ကို မခံစားနိုင်ပါ၊ ပျို့အန်မိတော့မယ်..

ညဉ့်နက်ပိုင်းတွင် လေကလေး တဖြူးဖြူး တိုက်ခတ်နေပြီး ချန်ချင်းယွီမှာ ခပ်သွက်သွက် လျှောက်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ညဉ့်နက်နေပြီဖြစ်၍ လမ်းတွင် လူနှင့် တိုးခြင်းမရှိပေ။ သူမ အိမ်သို့ အမြန်ပြန်လာခဲ့ပြီး ထူးထူးခြားခြား တိတ်ဆိတ်နေသော ဝင်းထဲသို့ ရောက်သောအခါ အသာအယာ ခုန်ဆင်း၍ အိမ်ထဲသို့ တိုးဝင်လိုက်၏။

ဟူး..

တကယ့်ကို အလုပ်ရှုပ်တဲ့ ညတစ်ညပါပဲ..

ချန်ချင်းယွီမှာ လတ်တလော ကာလများအတွင်း အတော်လေး အလုပ်ရှုပ်နေခဲ့သဖြင့် ခဏလောက် အနားယူရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။

သူမသည် သူမ၏ "အလုပ်သုံး ပစ္စည်းကိရိယာများ" ကို အမြန်သိမ်းဆည်းလိုက်ပြီး အဝတ်အစားလဲကာ လှဲလျောင်းလိုက်၏။

အဘွားကြီးကျောက်မှာ အိပ်မောကျနေပြီး ချန်ချင်းယွီ ပြန်ရောက်လာသည်ကိုပင် မသိလိုက်ပေ။ ချန်ချင်းယွီမှာ စိတ်လှုပ်ရှားနေသဖြင့် အိပ်၍ မပျော်သေးပေ။

သူမသည် နံရံတွင် ချိတ်ထားသော ဓာတ်ပုံ …

လင်းကျန့်ဝမ်၏ ပုံတူကားချပ်ကို ကြည့်လိုက်သည်။ ချန်ချင်းယွီ ထိုဓာတ်ပုံမှန်ကို သုတ်ပေးရင်း ရေရွတ် ပြောဆိုလိုက်၏။

"နောက်တစ်ယောက်က ချဲယုံဖုန်းပဲ။ သူတို့က ရှင့်ကို ရွံစရာကောင်းအောင် လုပ်ခဲ့ရင်၊ ကျွန်မကလည်း သူတို့ကို ပြန်ပြီး ရွံစရာကောင်းအောင် လုပ်ပြမယ်။ စိတ်မပူပါနဲ့၊ ရှင့်အတွက် သူတို့ကို ကျွန်မ ကိုင်တွယ်ပေးမယ်။ သူတို့ထဲက တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး။"

ချန်ချင်းယွီ ခေါင်းခါလိုက်မိသည်။ သူမသည် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်၏ လွှမ်းမိုးမှုကို အတော်လေး ခံနေရကြောင်း သိလိုက်၏။ လင်းကျန့်ဝမ်နှင့် သူမကိုယ်တိုင် ထိတွေ့ဆက်ဆံဖူးခြင်း မရှိသော်လည်း ရန်သူအပေါ်တွင်မူ တူညီသော နာကျည်းမှုကို ခံစားနေရသည်။ သို့သော် ၎င်းမှာ ကိစ္စမရှိပေ၊ ယခု သူမသည် ချန်ချင်းယွီ ဖြစ်နေပြီဖြစ်၍ ဤအရာများကို လုပ်ဆောင်ပေးခြင်းမှာ မှန်ကန်သောအလုပ်ပင် ဖြစ်သည်။

ချန်ချင်းယွီ လင်းကျန့်ဝမ်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် အုတ်ကုတင်ပေါ်တွင် ပြန်လှဲလိုက်၏။

လှဲချလိုက်သည်နှင့် တစ်ပြိုင်နက် အဘွားကြီးကျောက်မှာ တုန်တုန်ရင်ရင် ဖြစ်နေသည်ကို သူမ သတိထားမိလိုက်သည်။

ချန်ချင်းယွီ : "ဘာလုပ်နေတာလဲ.. သရဲမြင်လို့လား.."

အဘွားကြီးကျောက်: "..."

သန်းခေါင်ယံအချိန်မှာ ဓာတ်ပုံကို စကားပြောနေတာလား..

သောက်ကျိုးနည်း.. ကယ်ကြပါ..

ငါ ကြောက်တယ်..

သူက ငါ့သားအရင်း ဖြစ်နေပေမဲ့ ဒါကလည်း ကြောက်စရာကြီးပဲလေ..

ဘယ်လို လူကောင်းကများ သန်းခေါင်ယံကြီးမှာ ဓာတ်ပုံကြီးကို စကားပြောနေပါ့မလဲ....

ဒါက သန်းခေါင်ယံ၊ သန်းခေါင်ယံကြီးလေ..

အဘွားကြီးကျောက် တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေလိုက်ရ၏။

"ငါ... ငါ အိပ်မက်ဆိုး မက်လို့ပါ"

ညည်းကိုကြောက်လို့ပါလို့လည်း အမှန်အတိုင်းက ပြောလို့မရဘူး.. အမယ်လေး ငါ့ဘဝနှယ်..

“ဒါဆိုလည်း အိပ်တော့လေ”

ချန်ချင်းယွီ ပြန်ငေါက်လိုက်လေသည်။

သူမသည် ဘေးတစ်စောင်းလှည့်ကာ ကလေးနှစ်ယောက်ဘက်သို့ မျက်နှာမူလိုက်၏။ ကလေးလေးများ၏ မျက်နှာလေးများမှာ ပန်းရောင်သန်းနေပြီး အိပ်ပျော်နေစဉ် နှုတ်ခမ်းလေးများမှာလည်း စူထွက်နေကြသည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း ကလေးလေးများမှာ အနည်းငယ် ဝလာကြပြီး ချန်ချင်းယွီနှင့် ပို၍ပင် တူလာကြ၏။

ချန်ချင်းယွီသည် တစ်ခါမျှ ကလေးမမွေးဖူး၊ မပြုစုဖူးသော်လည်း မိမိကလေးမှာ လောကတွင် အလှဆုံးဖြစ်သည်ဟု ခံစားနေရသည်။

မှန်ပါသည်၊ ၎င်းမှာ သူမ၏ စိတ်ကူးယဉ်မှု သက်သက် မဟုတ်သည်မှာ သေချာ၏။ ကိုယ်တိုင်သည်လည်း လှပသူဖြစ်ရာ ကလေးများမှာလည်း အမွေဆက်ဆံထားသည်မှာ မဆန်းလှပေ။

ချန်ချင်းယွီမှာ မကြာခင်မှာပင် အိပ်မောကျသွားတော့သည်။

"ခွမ်း.."

"ဒီကောင်စုတ်လေး၊ ငါ့တို့အိမ်ပြတင်းပေါက်ကို မှန်နဲ့ပေါက်တာ နင်မှန်း ငါသိသားပဲ.. အခုတော့ လက်ပူးလက်ကြပ် မိပြီ.."

ရုတ်တရက် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာ၏။

ချန်ချင်းယွီမှာ အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုပွတ်ရင်း မေးလိုက်မိသည်။

"အပြင်မှာ ဘာတွေ ဆူညံနေတာလဲ.."

အိပ်ပျော်ကာစ ရှိသေးသော အဘွားကြီးကျောက်လည်း အိပ်ရာမှ ထထိုင်လိုက်၏။

အိပ်ရေးမဝသေးသော အဘွားကြီးကျောက်မှာ အင်္ကျီကို ထပ်ဝတ်လိုက်ရင်း

"ငါ သွားကြည့်လိုက်ဦးမယ်"

“ကျွန်မလည်း လိုက်မယ်”

ယနေ့ ဘာတွေဖြစ်နေမှန်း သူမ တွေးမရတော့ပေ၊ တစ်ညတည်းနှင့် ကိစ္စတော်တော်များများ ဖြစ်ပျက်နေသည်။

ချန်ချင်းယွီလည်း အင်္ကျီဝတ်ကာ နှစ်ယောက်သား အပြင်သို့ ထွက်လာခဲ့ကြ၏။ အိမ်တိုင်းလိုလို မီးချောင်းများ လင်းနေကြသည်ကို မြင်လိုက်ရပြီး သူတို့သည် ရှီကျန့်ရှန်းတို့ လင်မယားနှင့် တိုးလေသည်။

ရွှီကောင်းမင်၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး ပြတင်းပေါက်မှန် ခွဲသူမှာ အဘွားကြီးကျောက် မဟုတ်ကြောင်း စိတ်ထဲမှ မှတ်ချက်ချလိုက်၏။

"အလယ်ဝင်းကို သွားကြည့်

ရအောင်"

ရွှီကောင်းမင် ခပ်သွက်သွက် ပြောလိုက်သည်။

ထိုအချိန်တွင် အလယ်ဝင်းထဲမှ လူများမှာ ဆဲဆိုနေကြပြီဖြစ်၏။

"ဒီလောက် ယုတ်မာတဲ့သူရှိမှန်း ငါသိနေတာ၊ ငါတို့အိမ်မှန်တွေကို အမြဲခွဲနေတာ.. ငါ ချောင်းနေတာ နှစ်ရက်ရှိပြီ၊ အခုတော့ မိပြီပေါ့.. နင်ပဲကိုး.. ဒီကောင်စုတ်လေး၊ ပြောစမ်း... ငါတို့က နင့်ကို ဘာလုပ်လို့လဲ.. နင်က ဘာလို့ ဒီလောက် ယုတ်မာရတာလဲ.."

"ငါ့သမီး ဟောက်ရွှယ်နဲ့ နင်က အတန်းဖော်တွေလေ၊ ဝင်းထဲမှာလည်း သင့်တင့်အောင် နေကြတာပဲ။ ပြောစမ်း၊ ဘာလို့ ဒါမျိုးလုပ်ရတာလဲ.."

၎င်းမှာ ကျောက်ရုံ၏ အသံဖြစ်ပြီး

လူတိုင်း အလယ်ဝင်းဆီသို့ စုပြုံတိုးဝင်သွားကြသည်။

ချန်ချင်းယွီ တွေးမိသည်မှာ...

တစ်စုံတစ်ယောက်က ကျောက်ရုံ၏ ပြတင်းပေါက်ကို ခွဲလိုက်၍ အဖမ်းခံရခြင်း ဖြစ်နိုင်မလား..

ဒါက... ဒီလိုမျိုး မကောင်းတဲ့အကျင့်မှာလည်း ဆက်ခံမယ့်သူ ပေါ်လာတာလား..

ဒါကတော့ တကယ့်ကို အဓိပ္ပာယ်မရှိလှပေ..

သိချင်စိတ်ဖြင့် ချန်ချင်းယွီသည် အဘွားကြီးကျောက်နောက်မှ အလယ်ဝင်းသို့ လိုက်လာခဲ့၏။ ရောက်ရောက်ချင်းမှာပင် အလယ်ဝင်းရှိ အိမ်ထောင်စုအားလုံး အပြင်ထွက်နေကြသည်ကို မြင်လိုက်ရသည်။ စတုတ္ထဝင်းမှ လူများပင် စောစောစီးစီး ရောက်နေကြပြီး ထိပ်ပြောင်သွားသော အဘွားကြီးဟွမ်ပင် ပါလာသေး၏။

အိမ်တိုင်း မီးလင်းနေသဖြင့် ရှီရှောင်ဝေကို လိုက်ရှာနေစရာမလိုဘဲ တန်းမြင်လိုက်ရသည်။

ချန်ချင်းယွီ: "……………………………………………………………………"

ဟိုလီရှစ်....

သူမ၏ ဆွံ့အသွားမှုမှာ အရာအားလုံးကို ဖော်ပြနေသယောင်..

အဘွားကြီးကျောက်မှာလည်ူ ခေါင်းကိုကုတ်ရင်း အနည်းငယ် ဝေခွဲမရဖြစ်နေသည်။

ဘာလို့ တစ်စုံတစ်ယောက်က ဒီလိုအပြစ်မျိုးကို သူမအစား အသည်းအသန် လက်ခံချင်နေရတာလဲ..

သူမ ရှီရှောင်ဝေကို ကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်ကာ…

အိုးဟို …သူက ကလေးကောင်းလေးပဲ..

အိမ်နီးချင်းအတွက် ကိုယ်စား အပြစ်ခံယူပေးတာပဲ.. ချီးမွမ်းထိုက်ပါပေတယ်..

ဒါပေမဲ့ သူ ဘာလို့ အဲဒီလိုလုပ်ရတာလဲ..

အဘွားကြီးကျောက် စူးစမ်းစွာဖြင့်

"ဘာလို့ အဲဒီလို ဖြစ်ရတာလဲ.."

ရှီရှောင်ဝေ၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွား၏။ ယွမ်ဟောက်မင်တစ်ယောက် ဤမျှညဉ့်နက်သည်အထိ မအိပ်ဘဲ စောင့်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူသည် နှုတ်ခမ်းကို တင်းတင်းစိကာ ဘာမှမပြောဘဲ နေလိုက်သည်။

အစ်မကြီးဖန် အလျင်အမြန်ပင် ရှေ့သို့ တိုးလာပြီး

"ဘာလုပ်တာလဲ.. ငါ့ရှောင်ဝေကို လွှတ်လိုက်စမ်း.. ဒါက အထင်လွဲတာပါ"

"ဘာအထင်လွဲတာလဲ.. ငါ သူ့ကို လက်ပူးလက်ကြပ် မိတာလေ.."

ယွမ်ဟောက်မင် ရုန့်ရင်းစွာဖြင့် ပြန်ပြောလေသည်။

"ငါတို့နှစ်မိသားစုကြားမှာ ဘာပြဿနာမှ မရှိဘူးမလား.. ရှောင်ဝေက ဘာလို့ ဒါမျိုးလုပ်ရတာလဲ.. နင်လည်း ကလေးမဟုတ်တော့ဘူး၊ ဒါကတော့ လွန်လွန်းတယ်.."

မာကျန့်ယီ : "ရှောင်ဝေ၊ ပြောစမ်း... ဘာလို့ ဒါမျိုးလုပ်ရတာလဲ.. တစ်ခါတုန်းကတော့ ငါတို့ လွှတ်ပေးခဲ့တယ်၊ အခုတော့ ထပ်ခါတလဲလဲ လုပ်နေပြီ။ ဒါက တကယ်ကို လွန်လွန်းနေပြီ။"

ရှီရှောင်ဝေ ချက်ချင်းပင် အော်ပြောလိုက်၏။

"ကျွန်တော် မလုပ်ဘူး.."

"နင်က လိမ်ရဲသေးတယ်ပေါ့.. မလုပ်ဘူး ဟုတ်လား.. ဘာမှမလုပ်ဘဲနဲ့ လက်ပူးလက်ကြပ်မိတာကို မလုပ်ဘူးလို့ ပြောရဲတယ်ပေါ့.. ငါ့ကို လူအထင်နေတာလား.."

ရှီရှောင်ဝေ၏ မျက်နှာမှာ ပို၍ နီမြန်းလာသည်။

"ငါ့သားက မလုပ်ဘူးဆိုရင် မလုပ်ဘူးပဲ။ ဒါက အထင်လွဲတာ သေချာတယ်။"

အစ်မကြီးဖန်မှာ သူမ၏သားကို အလွန်ကာကွယ်ပေးသူဖြစ်၏။ သူမဆက်ပြောပြန်ကာ

"ဒါ့အပြင် ငါ့သား တကယ်လုပ်ခဲ့တယ်ဆိုရင်တောင် နင်တို့က သူ့ကို ဘာလို့ ဒီလောက် ဒေါသထွက်အောင် လုပ်ခဲ့လဲဆိုတာ နင်တို့ဘာသာ ပြန်စဉ်းစားဦး"

"နင်.. ဘာတွေ လျှောက်ပြောနေတာလဲ.."

ယွမ်ရှောင်ချွေ ခါးထောက်ပြီး ပြန်ပြောလိုက်၏။

"နင်တို့က အမှားလုပ်ထားပြီး တခြားသူကို ပြန်ဆင်ခြင်ခိုင်းတယ်ပေါ့.. ဘယ်လောက်တောင် အရှက်မရှိတာလဲ.. နင်တို့က မျက်နှာနှစ်မျိုးနဲ့ပဲ.. လက်ပူးလက်ကြပ်မိတာတောင် ဒီလိုစကားမျိုး ပြောရဲသေးတယ်၊ ဘယ်လိုမိသားစုမျိုးလဲ မသိဘူး.."

"ကလေးမ၊ နင်က ဘယ်လိုစကားပြောတာလဲ.."

ယွမ်ရှောင်ချွေ : "ဘယ်လိုပြောရမလဲ.. ကျွန်မက အမှန်အတိုင်း ပြောနေတာ"

ရွှီကောင်းမင်လည်း မကျေမနပ် ဖြစ်သွားကာ

"ရှောင်ဝေ၊ မင်းလုပ်တာကတော့ အကျိုးအကြောင်း မရှိလွန်းဘူး။ ငါတို့ကို ထပ်ခါတလဲလဲ ဗိုလ်ကျနေတာပဲ မဟုတ်လား.. ငါ မင့်အပေါ် အမြဲတမ်း ကောင်းကောင်းဆက်ဆံခဲ့တယ် မဟုတ်လား.. ငါတို့အပေါ် ဘာလို့ ဒီလိုလုပ်ရတာလဲ.."

ရှီရှောင်ဝေ ရွှီကောင်းမင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ဤအဘိုးကြီး ရူးသွားပြီဟု တွေးမိသည်။

အဘိုးကြီး ရူးနေလား..

သူက ဘယ်တုန်းက အဘိုးကြီးအိမ်ကို သွားခွဲခဲ့လို့လဲ..

ဒါ သူ့ကို နာမည်ဖျက်ဖို့ ကြံစည်နေတာလား..

သူ ချက်ချင်းပင် တရစပ် ပြန်ပြောတော့၏။

"ဘယ်သူက ခင်ဗျားအိမ်ကို ခွဲလို့လဲ.. ဒါ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ.. ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။"

ရွှီကောင်းမင် : "ဒီကောင်စုတ်လေးကတော့.."

"ကျွန်တော် ခင်ဗျားအိမ်ကို မခွဲဘူး၊ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။"

"နင်... နင်.."

အစ်မကြီးဖန် : "ကျွန်မသားက ရှင့်အိမ်ကို မခွဲပါဘူး အစ်ကိုရွှီ၊ တော်လောက်ပြီ။ ကျွန်မတို့ကလေးတွေကို အနိုင်ကျင့်ရလွယ်တယ်လို့ မထင်ပါနဲ့။ တို့တွေက ဒီလိုအလုပ်မျိုး မလုပ်ဘူး။"

ရွှီကောင်းမင် ဒေါသထွက်သွားပြီး

"ငါတို့ဝင်းထဲမှာ ပြတင်းပေါက်မှန် ခွဲခံရတာ အကြိမ်ကြိမ်ရှိပြီ။ အခါတိုင်း ငါ့မိသားစုနဲ့ အဘိုးကြီးယွမ်တို့ မိသားစုပဲ ခံရတာ။ ငါတို့တွေ စောင့်ကြည့်ဖို့ သဘောတူထားကြတာလေ။ ဘာလဲ... သူက အရင်လက်ဦးမှုယူပြီး ဖမ်းမိသွားလို့၊ ငါ့အိမ်ကို ခွဲဖို့ အခွင့်အရေး မရသေးခင်မှာတင် ငြင်းနေတာလား.. ငါ့ကို လူအထင်နေတာလား.."

"ခင်ဗျားက လူအ.. အ,တာပဲလေ။ ကျွန်တော် ခင်ဗျားအိမ်ကို မခွဲဘူး၊ သူ့အိမ်ကိုပဲ ခွဲတာ။ မနေ့က ယွမ်ရှောင်ချွေက ကျွန်တော့်ကို ဆဲဆိုသွားတာလေ၊ ကျွန်တော်က ကလဲ့စားမချေရဘူးလား.."

ရှီရှောင်ဝေ လုံးဝ မကျေမနပ်ဖြင့် ပြန်အော်သည်။

တောကလာတဲ့ လောက်ကောင်မလေး ယွမ်ရှောင်ချွေက ဘာမို့လို့လဲ..

အဲဒီကောင်မလေးက သူ့ကို ဆဲရဲတယ်ပေါ့။

သူ လုံးဝ လက်မခံနိုင်ပေ။

"မနေ့က သူ ကျွန်တော့်ကို စော်ကားသွားလို့ သူ့ကို ပညာပေးချင်ရုံတင်ပါ။"

ယွမ်ဟောက်မင် နှာခေါင်းရှုံ့ရင်း

"မနေ့က.. အရင်က နှစ်ခါတောင် ဖြစ်ခဲ့သေးတယ်လေ၊ အဲဒါလည်း မင်းပဲ မဟုတ်လား.. မင်းကတော့ အကျင့်ကို ပါနေတာပဲ။"

"ကျွန်တော် မဟုတ်ဘူး.."

ရှီရှောင်ဝေ အော်ပြောကာ

"ကျွန်တော့်ကို အပြစ် လာမပုံနဲ့.. ကျွန်တော် တစ်ခါပဲ လုပ်တာ၊ အရင်ကဟာတွေ ကျွန်တော် မဟုတ်ဘူး။"

"ဟုတ်တယ်၊ အရင်ကဟာတွေ ကျွန်မသား မဟုတ်ဘူး။ ဘာလို့ အရာရာကို ကျွန်မသားအပေါ်ပဲ ပုံချချင်နေရတာလဲ.. မရဘူးနော်.. ကျွန်မ ဒါကို ခွင့်မပြုနိုင်ဘူး.. လုံးဝပဲ.. အရင်က ကိစ္စတွေဖြစ်တိုင်း ကျွန်မသားက အိမ်မှာပဲ ရှိနေတာ။ ကျွန်မ သက်သေခံနိုင်တယ်။ ဒီအတိုင်း ပြောချင်ရာပြောပြီး ကျွန်မသားကို လာမစွပ်စွဲနဲ့။ ကျွန်မသားက အပြစ်ကင်းတယ်။"

"လက်ပူးလက်ကြပ်မိတာတောင် အပြစ်ကင်းတယ် ဟုတ်လား.."

"လက်ပူးလက်ကြပ်မိတယ်ဆိုတာ ဘာကိုပြောတာလဲ.. နင်တို့ ဖမ်းမိတာက အခုတစ်ခေါက်လေ၊ အရင်က မဟုတ်ဘူး။ အရင်က ကျွန်မသား မဟုတ်ဘူး… ဒါ့အပြင် မနေ့က ယွမ်ရှောင်ချွေက ကျွန်မတို့မိသားစုကို အဲဒီလောက် စော်ကားသွားတာ၊ ကျွန်မသား စိတ်တိုတာ သဘာဝပဲ မဟုတ်လား.. ဘယ်သူကများ စိတ်မတိုဘဲ နေမှာလဲ.. နင်တို့မိသားစုက တို့ကို အနိုင်ကျင့်လွန်းတယ်။ တို့တွေက ဒေါသတောင် ထွက်ခွင့်မရှိဘူးလား.."

"နင်တို့ကတော့ ဆင်ခြေပေးတာ တကယ်တော်တာပဲ၊ အခုထိ ငြင်းနေတုန်း။ နင်တို့မိသားစု မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ.. နင့်သားကတော့ တကယ်ကို မဟုတ်ကဟုတ်ကနဲ့..."

နှစ်ဖက်စလုံးမှာ ချက်ချင်းပင် အခြေအတင် စကားများကြတော့သည်။

ချန်ချင်းယွီ ထိုရှုပ်ထွေးနေသော မြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ သူမ၏ ပြတင်းပေါက် သုံးကြိမ်တိုင်တိုင် အခွဲခံခဲ့ရသည်မှာ လူသုံးယောက်၏ လက်ချက်ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါ့မည်နည်း။

သို့သော်လည်း လူတိုင်းမှာ ရှီရှောင်ဝေသာ တရားခံဖြစ်သည်ဟု အခိုင်အမာ ယုံကြည်သွားကြလေပြီ..

ဟဲဟဲ၊ အစားထိုး တရားခံလေးပေါ့..

ရှီရှောင်ဝေမှာလည်း အလျှော့မပေးဘဲ အသံကုန်အော်ပြောနေ၏။

"ခင်ဗျားတို့မိသားစုသာ ကိုယ်ကျင့်တရား မပျက်ဘူးဆိုရင် ကျွန်တော် ဘာလို့ ဒါမျိုးလုပ်မှာလဲ.. အရာရာကို ကျွန်တော့်အပေါ်ပဲ အပြစ်လာမပုံနဲ့.. ဒီနေ့ကိစ္စမှာတောင် ကျွန်တော် ဘာမှ မမှားဘူး။"

လူတိုင်း သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ပြတင်းပေါက်မှန်ခွဲနေတုန်း လက်ပူးလက်ကြပ် အမိခံရတာတောင် ဒီလောက် ဝင့်ကြွားနေရဲသေးတယ်လား..

ရှီရှောင်ဝေမှာ တကယ်ကို ဝင့်ကြွားနေသည်။

ထပ်မံ၍ "ကျွန်တော် ဘာမှ မမှားဘူး.. ကျွန်တော် မကြောက်ဘူး.." ဟု ဟစ်အော်ပြန်၏။

အစ်မကြီးဖန် : "ကျွန်မသားက ဘာမှ မမှားဘူးဆိုရင် မမှားတာပဲ။ နင်တို့မိသားစုသာ ဘာတွေလုပ်ခဲ့လဲဆိုတာ ပြန်စဉ်းစားကြဦး.. ပြန်ပြီး ဆင်ခြင်ကြဦး။"

ချန်ချင်းယွီခမျာ ပါးစပ်လေး အဟောင်းသားဖြင့် အံ့သြသွားရရှာသည်။

‘ရှင်တို့မိသားစုကတော့ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တဲ့ နေရာမှာတော့ ထိပ်တန်းပါပဲရှင်..’

ယုံကြည်ချက်ရှိလွန်းလှချည်လား.. ဘယ်ကနေများ ဒီလောက် ယုံကြည်ချက်တွေ မြင့်မားနေရတာလဲ..

ဘုရားရေ....

All Chapters