← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း ၆၇။ အစားထိုး တရားခံ

ညသန်းခေါင်ယံကြီး ဖြစ်နေသည့်တိုင် လူတိုင်းမှာ တက်ကြွနိုးကြားနေကြလေသည်။

ဘာကိစ္စပဲဖြစ်လိုက်ဖြစ်လိုက် ညသန်းခေါင်ယံကြီးပဲ ထထဖြစ်နေတော့ ကျုပ်တို့ဝင်းထဲကလူတွေ အကျင့်ဖြစ်နေပါပြီဗျာ.. အိပ်လည်းမအိပ်ချင်ကြပါဘူး.. တကယ်မအိပ်ချင်ကြတာပါ…

စပ်စုချင်လို့ မဟုတ်ပါဘူး တကယ်ပါ.... အဟမ်း..

လူအားလုံးမှာ ယွမ်မိသားစုကို တစ်ဖက်၊ မိမိကိုယ်ကို တစ်လောကလုံး၌ အမှန်ဆုံးထင်နေသော အစ်မကြီးဖန်နှင့် ရှီရှောင်ဝေကို တစ်လှည့် ကြည့်နေကြ၏။

ဘယ်လိုပြောရမလဲ….

လက်ပူးလက်ကြပ် မိနေသော်ငြား မိမိကိုယ်ကို မှန်သည်ထင်ကာ စိတ်ကြီးဝင်နေသော သူကို အမှန်တကယ်ပင် တွေ့ရခဲလှသည်။ အစ်မကြီးဖန်မှာ မိမိတို့မှ မှားသည်ဟု တစ်စက်လေးမျှပင် မထင်ဘဲ ထိုအစား တစ်ဖက်ကိုပင် ပြန်ရန်တွေ့နေသည်။

“နင်တို့မိသားစုက ယွမ်ရှောင်ချွေက ငါတို့ကို အထင်သေးသလို ဆက်ဆံတာလေ.. အဲ့ဒါကို ငါ့သားက စိတ်ဆိုးတာက မှားနေလို့လား.. ဒီလိုအခြေအနေမှ ဘယ်သူကများ စိတ်မဆိုးဘဲ နေမှာလဲ.. လူတွေပြောတာတော့ အရက်မူးရင်ကျွဲခိုးပေါ်တဲ့ ဟမ့်.. နင်တို့မိသားစုက ငါတို့ကို အဲ့လိုထင်နေလို့ ဒီအမှိုက်မလေးက အဲ့လိုပြောတာပေါ့ နင်တို့က အိမ်မှာ ငါတို့မိသားစု မကောင်းကြောင်း ပြောနေကြလို့နေမှာပေါ့..”

အစ်မကြီးဖန် ဆက်ပြီး

"ဘာလဲ.. နင်တို့က တောင်းပန်ဖို့လာတာဆိုပြီး ငါတို့ကို အတင်းအကျပ် ခွင့်လွှတ်ခိုင်းလို့ရမယ် ထင်နေတာလား.. ငါတို့က ခွင့်မလွှတ်နိုင်ဘူး။ ငါ့သားက သူ့အဖေနဲ့အမေ အကြောင်းမဲ့ ဆူပူကြိမ်းမောင်းခံရတာကို စိတ်မကောင်းဖြစ်လို့ ငါတို့ဘက်က မတ်တပ်ရပ်ပေးတာ။ နင်တို့မှာ ပြဿနာရှိရင် ငါ့ဆီပဲ လာခဲ့.."

အစ်မကြီးဖန် ဆက်ပြောပြန်ကာ

"ငါ့သားက ဒါကို တစ်ခါပဲ ရိုက်ခွဲခဲ့တာ။ နင်တို့က တရားခံအစစ်ကို မရှာနိုင်တိုင်း ငါ့သားကိုပဲ လာပုံချလို့ မရဘူး။ ဘာလဲ.. ငါ့သားက အပြစ်ပုံချခံရမယ့် အစားထိုးခံနဲ့ တူနေလို့လား.. ငါပြောလိုက်မယ်... အဝေးကြီးပဲ.. နင်တို့ကိုယ်နင်တို့ ဘာကောင်လဲဆိုတာတောင် နင်တို့မသိဘူး။ ကြည့်ရတာလည်း လူကောင်းသူကောင်းပုံစံတွေ မဟုတ်ကြဘူး။ နင်တို့က လူတွေအများကြီးကို ရန်စထားတာ။ နင်တို့အိမ်ပြတင်းပေါက်တွေကို လာရိုက်ခွဲချင်နေတဲ့သူတွေ တန်းစီနေတာပဲ။ ငါ့သားက အဖြူစင်ဆုံးပဲ။"

"ရှင်းလေ ရှုပ်လေ" ဆိုသည့် စကားရှိသည်ကို အစ်မကြီးဖန်တစ်ယောက် သတိမထားမိခဲ့ပေ။

တကယ်တမ်းတွင် အစ်မကြီးဖန်၏စကားများမှာ တွေးကြည့်လျှင် အဓိပ္ပာယ်ရှိသည်ဟု ထင်နေရသော်လည်း အမှန်တကယ်၌ သူမ ရန်တွေ့နေသည့် အမူအရာနှင့် တတွတ်တွတ် ပြောဆိုနေသော စကားများသည် သားဖြစ်သူကို အလွန်အမင်း ကာကွယ်ပေးနေသည့် စကားများသာဖြစ်ကြောင်း လူတိုင်းကို ထင်မြင်သွားစေသည်။ ပါးနပ်သူများအဖို့မူ ရှည်ရှည်ဝေးဝေး တွေးနေရန်ပင် မလိုအပ်ပေ။

ဟဟ.. ချီးစကားတွေ..

သူ့သားကို ကာကွယ်ချင်လွန်းလို့ ပေါက်ကရတွေပြောနေပြီ..

သေချာတယ် ဒီကိစ္စမှာ ရှီရှောင်ဝေက တရားခံပဲ..

အခုတော့ လက်သည်ပေါ်တာတောင် ဇွတ်ငြင်းချင်နေတယ်…

လူတိုင်း တီးတိုးတီးတိုး ပြောဆိုနေကြပြီး ယွမ်ဟောက်မင်မှာ အလွန်အမင်း ဒေါသထွက်နေ၏။ သူသည် အစ်မကြီးဖန်၏ ငါသည်သာအမှန်ဆုံးဟူသော မျက်နှာထားကိုကြည့်၍ အော်ဟစ်လိုက်လေသည်။

"ကျုပ်မိသားစုက ဘယ်သူ့ကို ရန်စထားလို့လဲ.. ဘယ်သူ့ကို ရန်စမိလဲ ပြောစမ်း.. မိသားစုထဲက လူတိုင်းက ခင်များလိုမျိုးလို့ ထင်နေတာလား.. ခင်များကတော့ တကယ့်ကို ရွံဖို့ကောင်းတာပဲ"

“ကဲပါ စိတ်လျော့ပါဦး”

ကျောက်ရုံမှာ ယောကျာ်းဖြစ်သူကို အမြန်ဆွဲကာ ဖြောင်းဖျပြောဆိုလိုက်ရ၏။

ထို့နောက် လှည့်လိုက်ပြီး ချိုသာသော်လည်း သိမ်မွေ့မှုမရှိသော စကားကို ဆိုလိုက်လေသည်။

"မမဖန်၊ နင်ပြောပုံအရဆိုရင် ငါ့မိသားစုက လူတွေအများကြီးကို ရန်စထားသလို ဖြစ်နေပြီ။ အဲဒီလိုဆိုရင်တော့ ရဲစခန်းမှာပဲ သွားတိုင်လိုက်ကြရအောင်။ ဘာပဲဖြစ်ဖြစ် နင့်မိသားစုက ဒါမျိုးလုပ်တာ အကြိမ်ကြိမ်ရှိနေပြီဆိုတော့ ရဲတွေက သေသေချာချာ စုံစမ်းစစ်ဆေးပေးနိုင်မှာပါ။ တကယ်လို့ နင့်သား ရှောင်ဝေ လုပ်တာမဟုတ်ဘူးဆိုရင်လည်း သူ့မှာ အပြစ်မရှိကြောင်း သက်သေပြပြီးသား ဖြစ်သွားတာပေါ့။ ငါ့မိသားစုလည်း စိတ်အေးရတာပေါ့။ မဟုတ်ရင်တော့ ဒီလိုကိစ္စမျိုးကို ရက်အနည်းငယ်ခြားတစ်ခါ ငါတို့ ခါးစည်းမခံနိုင်ဘူး။ ငါ အခုပဲ ရဲစခန်းကို သွားတော့မယ်။"

"မသွားနဲ့.. သွားလို့မရဘူး"

အစ်မကြီးဖန် အော်ဟစ်တားဆီးလိုက်၏။

သူမမှာ ကိုယ့်ကိုယ်ကိုယ် မှန်လှပြီဆိုပြီး ဟန်ဆောင်နေ​ေသာ်ငြား ငတုံးတစ်ယောက် မဟုတ်ပေ။ လက်ပူးလက်ကြပ် အမိဖမ်းခံလိုက်ရပြီဆိုလျှင် ယခင် ကိစ္စများ၌ သူမသား မလုပ်သည့်တိုင် ဤတစ်ကြိမ်အတွက်မူ လွတ်လမ်းရှိမည် မဟုတ်ပေ။

သူ့သားကို အချုပ်ထဲကို တစ်ရက် တစ်နာရီတောင် အဝင်မခံနိုင်ဘူး....

‘သူက စက်ရုံမှာ အလုပ်လုပ်ရဦးမှာ

တကယ်လို့ သူ့မှာ ဒီလို ရာဇဝင်မျိုး ရှိသွားပြီဆိုရင် အလုပ်အကိုင် ရှာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။ ဒါကို သူမ သေတောင် ခွင့်မပြုနိုင်ဘူး’

အစ်မကြီးဖန် အမြန်ပင် ပြောလိုက်ကာ

"ဒီဝင်းထဲက ကိစ္စလေးကို ဘာလို့ ရဲတွေကို သွားဒုက္ခပေးနေမှာလဲ.. သူတို့မှာ အလုပ်တွေ အများကြီးပါ။ သူတို့ကို အလုပ်မရှုပ်စေသင့်ဘူး။ နောက်ပြီး အရင်တုန်းကလည်း ရဲတိုင်ဖို့ ဘယ်သူမှ မပြောခဲ့ကြဘူးလေ။ အခုမှ ဘာလို့ ရဲတိုင်ချင်နေရတာလဲ.. နင်တို့မိသားစုက ငါ့ကို တမင်သက်သက် ပစ်မှတ်ထားနေတာလား.."

ချန်ချင်းယွီခမျာ စိတ်ထဲမှ

‘အလိုလေး... ဒီမိန်းမတော့ တကယ့်ကို လူတစ်မျိုးပဲ..’

မကြားဖူး မမြင်ဖူးတာတွေ ကြားနေရပါပေါ့လား..

ဒီမိန်းမကြီးကတော့ သူတစ်ပါး စောက်မြင်ကတ်ခံရအောင် လုပ်တဲ့နေရာမှာတော့ ဆရာတစ်ပါးပါပဲ.. အဘွားကြီးကျောက်ကို မယှဉ်နိုင်ပေမဲ့ အမီလိုက်နေတာပဲ..

မှန်ပါသည်၊ ယခင်နှစ်ကြိမ် မှန်ခွဲသွားသူမှာ သူမ၏မိသားစု မဟုတ်မှန်း ချန်ချင်းယွီ သိသော်လည်း အပြင်လူများမှာမူ ထိုသို့မသိကြချေ။ အစ်မကြီးဖန်၏ အပြုအမူများမှာ သူမကိုယ်တိုင်ပင် အပြစ်ရှိကြောင်း ဝန်ခံနေသကဲ့သို့ ဖြစ်နေတော့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ကျောက်ရုံ လှောင်ပြုံးတစ်ချက်ပြုံးရင်း ခနဲ့စကားဆိုလိုက်၏။

"ကိစ္စတွေက ဒီအဆင့်ထိ ရောက်နေပြီပဲ။ ငါတို့က ရဲမတိုင်ဘူးဆိုရင် နင့်မိသားစုကို ငါကပဲ တမင်သက်သက် ပစ်မှတ်ထားနေသလို ဖြစ်နေဦးမယ်။ ရဲတိုင်တာ ဘာမှားလို့လဲ.. မမဖန်... ငါတို့ ဒီဝင်းထဲမှာ နေလာတာ နှစ်တွေမနည်းတော့ဘူး၊ ငါ ဘယ်လိုလူလဲဆိုတာ နင်သိသင့်ပါတယ်။ ငါ ကျောက်ရုံဆိုတာ ပြဿနာရှာတတ်တဲ့လူမျိုး မဟုတ်ဘူး၊ ဒါပေမဲ့ သူများက ငါ့မိသားစုကို ဒီလောက်အထိ လာစော်ကားနေပြီဆိုမှတော့ အနည်းဆုံးတော့ တရားမျှတမှု ရှိအောင် လုပ်ရမှာပေါ့၊ ဟုတ်တယ်မလား.."

ကျောက်ရုံမှာ အမှန်တကယ်ပင် ဒေါသထွက်နေရခြင်းဖြစ်သည်။ မကြာသေးမီ ကာလများအတွင်း သူမ၌ ကံဆိုးမိုးမှောင်ကျမှုများစွာနှင့် ကြုံတွေ့နေရ၏။

အစပိုင်းတွင် အရာရာ အဆင်ပြေချောမွေ့နေခဲ့သော်လည်း ထိုငတုံးမ ယွမ်ရှောင်ချွေကြောင့် ပြဿနာပေါင်းစုံ တက်ခဲ့ရမည်ဟု မည်သူက ထင်ထားမည်နည်း။

အလုပ်အကိုင်ကိစ္စ မပြေလည်သည့်အပြင် လူများစွာကိုလည်း ရန်စမိလျက်သား ဖြစ်သွားခဲ့သည်။ သူမ၏ သူငယ်ချင်းဟောင်း ရှန့်ရှန့်အပြင် စက်ရုံမှ လူကြီးပိုင်းများနှင့် တော်လှန်ရေးကော်မတီတို့ကိုပါ အားနာစရာ၊ ရန်စစရာများ ဖြစ်ခဲ့ရ၏။

ထိုအကြောင်းများကို တွေးမိရုံနှင့်ပင် ကျောက်ရုံတစ်ယောက် ခေါင်းနားပန်းကြီးသွားရသည်။ ထိုသူများမှာ ဤဝင်းထဲရှိ သာမန်လူများကဲ့သို့ မဟုတ်ဘဲ မျက်နှာသာပေးရုံ၊ လက်ဆောင်ပေးရုံနှင့် ပြေလည်မည့်သူများ မဟုတ်ကြချေ။ လောလောဆယ်တွင် တစ်ဖက်မှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးသော်လည်း လူကုံထံများကို ရန်စမိခြင်းမှာ လွယ်လွယ်နှင့် ပြီးပြတ်မည့်ကိစ္စ မဟုတ်ပေ။ ယခု သူမ အကြောက်ဆုံးအရာမှာ ကလဲ့စားချေ တုံ့ပြန်ခံရမည်ကိုပင်။

ကျောက်ရုံမှာ ဖိအားများစွာအောက်တွင် ညဘက်၌ပင် အိပ်မပျော်နိုင် ဖြစ်နေရရှာကာ၊ ထိုသို့ အိပ်မပျော်သည့်အတွက်ကြောင့်ပင် ပြတင်းပေါက်မှန် ခွဲသွားသူကို လက်ပူးလက်ကြပ် မိလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

မှန်ခွဲသူမှာ ရှီရှောင်ဝေ ဖြစ်နေကြောင်း တွေ့လိုက်ရသည့်အခါ သူမ မည်သို့လျှင် ဒေါသ မထွက်ဘဲ နေနိုင်မည်နည်း။

ဒီသောက်ကလေးက ဘယ်လိုခွေးမျိုးလဲ....

သူမသည် ကျိုးကြောင်းဆီလျော်မှု မရှိလှသော မိခင်နှင့် သားဖြစ်သူကို အထင်သေးစွာကြည့်လိုက်ပြီး ပြောလိုက်၏။

"ငါတို့တွေက ဝင်းတစ်ခုတည်းမှာ အတူနေကြတာဆိုတော့ ဒီအတိုင်းပဲ လွှတ်ပေးလိုက်ဖို့ ငါစဉ်းစားထားတာ၊ ဒါပေမဲ့ နင်ကတော့ ငါ့စေတနာနဲ့ ဆန့်ကျင်ဘက်တွေ လျှောက်တွေးနေလိမ့်မယ်လို့ မထင်ထားဘူး။ နင်က အခြေအတင် ငြင်းခုံချင်တယ်ဆိုမှတော့လည်း ကောင်းကောင်းကြီး ငြင်းခုံကြတာပေါ့။ ငါ့မိသားစုက သူများအပေါ် ပြဿနာအရင်မရှာပေမဲ့ ပြဿနာလာရှာရင်လည်း ကြောက်နေမှာ မဟုတ်ဘူး။ နင်က ဘာဖြစ်လို့ ငါတို့ကို ဒီလောက်အထိ လာပြီး အနိုင်ကျင့်နေရတာလဲ.."

"ဟုတ်ပ၊ ဒါကတော့ လွန်လွန်းတယ်။ တစ်ခါမဟုတ်၊ နှစ်ခါမဟုတ်၊ အခုဆို သုံးခါတောင် ရှိနေပြီ။ မှန်တစ်ချပ်ကို အနည်းဆုံး ငွေအနည်းငယ် ပေးရတာလေ၊ သူများအိမ် ပြတင်းပေါက်ကို ဒီလိုမျိုး လျှောက်ရိုက်ခွဲလို့ ဘယ်ဖြစ်မလဲ။"

"နေပါဦး၊ ရှီရှောင်ဝေက ဟောက်ရွှယ်နောက်ကို အမြဲတကောက်ကောက် လိုက်နေတာ မဟုတ်ဘူးလား.. ဘာလို့ သူမအိမ်က မှန်ကို ရိုက်ခွဲရတာလဲ.. ဒါကတော့ တကယ်ကို မမျှော်လင့်ထားတဲ့ ကိစ္စပဲ။"

"ဘာလို့ မမျှော်လင့်ထားရမှာလဲ.. ယွမ်ဟောက်ရွှယ်က သူ့ကို အဖက်မှမလုပ်တာ၊ သူ့ကိုလည်း လက်မခံဘူးလေ။ အချစ်ကနေ အမုန်းဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲ။ ဒီဘက်ခေတ် လူငယ်တွေက သိပ်စိတ်မြန်တာပဲ။ တစ်ခါတလေကျရင် သူတို့ ဘာတွေတွေးနေမှန်းကို မသိဘူး။"

"ဒါကတော့ တကယ့်ကို ရှုပ်ပွေနေတဲ့ ကိစ္စပဲ.."

လူအများ တီးတိုးတီးတိုး ဝေဖန်နေကြသည်။ အစ်မကြီးဖန်သည်လည်း သူမ၏သားကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်မိပြီး လူတိုင်းပြောနေသည်မှာ မှန်ကန်နိုင်သည်ဟု ခံစားလိုက်ရ၏။ အမှန်စင်စစ် မိခင်ဖြစ်သူ အစ်မကြီးဖန်ကိုယ်တိုင်ပင် သူမ၏သားအပေါ် သံသယဝင်နေမိသော်လည်း မည်မျှပင် သံသယရှိပါစေဦးတော့ သူမအနေဖြင့် သားဖြစ်သူဘက်မှ မားမားမတ်မတ် ရပ်တည်ပေးရမည်သာ ဖြစ်သည်။

"နင်တို့ ဘာတွေလျှောက်ပြောနေတာလဲ.. ငါ့သားက နင်တို့ပြောသလို လူမျိုးမဟုတ်ဘူး.."

အစ်မကြီးဖန် အော်ဟစ်လိုက်၏။

ထိုအချိန်တွင် ရှီရှောင်ဝေသည် ယွမ်ဟောက်ရွှယ်ကို သတိရသွားပြီး သူမကို အမြန်လှမ်းကြည့်ကာ ပျာပျာသလဲ ရှင်းပြတော့သည်။

"ဟောက်ရွှယ် ဒါ ငါလုပ်တာမဟုတ်ဘူး၊ တကယ်မဟုတ်ပါဘူး။ မင်းအပေါ်ထားတဲ့ ငါ့ရဲ့မေတ္တာက နေ့အလင်းရောင်လို အထင်အရှားပါပဲ..."

ယွမ်ဟောက်ရွှယ် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အေးစက်စက် သဘောထားဖြင့်

"ငါ့ကို ရှင်းပြနေဖို့ မလိုပါဘူး။ ငါနဲ့ နင်နဲ့ ဘာမှမပတ်သက်ဘူး။ ငါက နင့်ကို အမြဲတမ်း အစ်ကို တစ်ယောက်လိုပဲ သဘောထားခဲ့တာ၊ ငါတို့ကြားမှာ ဘာအချစ်ရေးအချစ်ရာမှ မရှိဘူး"

"မဟုတ်ဘူး.. အဲဒီလိုမဟုတ်ပါဘူး။ ငါမှားသွားမှန်း ငါသိပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို ဒီလိုမျိုး မဆက်ဆံပါနဲ့..."

ရှီရှောင်ဝေ နာကျင်စွာဖြင့် အော်ဟစ်ပြီး

"မင်းလည်း ငါ့အပေါ် သံယောဇဉ်ရှိတယ်ဆိုတာ ငါသိနေတာပဲ၊ မင်းကတော့ အဲဒီလို..."

"ပါးစပ်ပိတ်စမ်း.."

ကျောက်ရုံ ရုတ်တရက် ဒေါသတကြီး ကြားဖြတ်ဟောက်လိုက်ကာ ပြတ်သားသော စကားလုံးများဖြင့်

အော်ဟစ်လိုက်၏။

"နင် ဘာတွေလျှောက်ဖောင်ဖွဲ့နေတာလဲ.. ဘယ်သူက သံယောဇဉ်ရှိလို့လဲ.. ငါ့သမီးက နင်နဲ့ မောင်နှမလိုပဲ သဘောထားတယ်လို့ ရှင်းရှင်းလင်းလင်း ပြောပြီးသားလေ။ နင်က ဘာလို့ ဒီလောက်အထိ ဇွတ်မှိတ်ပြီး ငါ့သမီးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေရတာလဲ.. ဘယ်သူက နင့်ကို စိတ်ဝင်စားနေလို့လဲ.. ဒီနှစ်တွေတစ်လျှောက်လုံး ငါ့သမီးက နင့်အပေါ် ဘယ်တုန်းကမှ အချစ်စိတ်မရှိခဲ့ဘူးဆိုတာ လူတိုင်းလည်း အမြင်ပဲ။ အတင်းအကျပ်တွေလုပ်ပြီး ငါ့သမီး ဂုဏ်သရေညှိုးနွမ်းအောင် မလုပ်နဲ့။ နင်က ဇွတ်အတင်း ညားချင်နေတာလား.. ငါပြောလိုက်မယ်... အိပ်မက်တောင် မမက်နဲ့.. နင့်ရဲ့ အကျင့်စာရိတ္တမျိုးနဲ့တော့ ငါ လုံးဝ သဘောမတူနိုင်ဘူး.."

ကျောက်ရုံသည် သူမ၏သမီးဖြစ်သူအား ဤလူနှင့် မည်သည့်ပတ်သက်မှုမျိုးမှ မရှိစေလိုပေ။ သူမ အလိုလိုက် အကြိုက်ဆောင်ထားရသော သမီးပျိုကို ရှီရှောင်ဝေကဲ့သို့သော လူစားမျိုးနှင့် ပေးစားရန် သူမ တစ်ခါမျှ မစဉ်းစားခဲ့ဖူးချေ။ လီလင်းလင်း၏ မိသားစုပင် ရှီရှောင်ဝေကို အထင်သေးနေသည်ဖြစ်ရာ သူမအဖို့ ပို၍ပင် အထင်သေးလေသည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦး ပတ်သက်မိရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

"ရှောင်ဝေ၊ နင် ဘာတွေတွေးနေလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ လူလားမြောက်နေတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်ပြီး ဒီလောက်အထိ စိတ်ပုပ်တာတော့ ငါမကြိုက်ဘူး။ နင်တို့နှစ်ယောက် ပေါင်းသင်းဆက်ဆံဖို့ဆိုတာ ငါ တကယ် စိတ်မချနိုင်ဘူး။ အရေးကြီးကိစ္စ မရှိရင်တော့ ဟောက်ရွှယ်ကို လာမပတ်သက်ပါနဲ့တော့။"

ကျောက်ရုံမှာ ရှီရှောင်ဝေကို အစိမ်းလိုက်ဝါးမတတ် ရွံရှာမုန်းတီးနေ၏။

ရှီရှောင်ဝေ၏ မျက်နှာမှာ ရဲရဲနီနေပြီး ချန်ချင်းယွီ သူ့ကို လှမ်းကြည့်လိုက်ရာ သူခများ ယခုပင် မေ့လဲတော့မည့်အတိုင်း ခံစားလိုက်ရ၏။ တကယ်ပင်၊ သူမ ပိုပြောနေခြင်း မဟုတ်ဘဲ သူ ကြည့်ရသည်မှာ ကမ္ဘာပျက်နေသကဲ့သို့ပင်။ ချန်ချင်းယွီသည် အိပ်ချင်နေသော်လည်း မျက်လုံးကို ပွတ်သပ်ရင်း ဤနေရာမှ လုံးဝ မထွက်သွားချင်သေးပေ။

ဤအခြေအနေမှာ တော်တော်လေးကို အရှိန်တက်နေပြီ မဟုတ်ပါလား…

လုံးဝ မသွားချင်ပါဘူးနော်..

ကျောက်ရုံ သူမ၏သမီးကို ကာကွယ်သကဲ့သို့ အစ်မကြီးဖန်သည်လည်း သူမ၏သားဘက်မှ ကာကွယ်မည်သာ။ သူမ စူးစူးဝါးဝါးဖြင့် ပြန်ကြိမ်းမောင်းကာ

"ကျောက်ရုံ၊ နင် ဘာပြောလိုက်တာလဲ.. ငါ့မိသားစုက နင့်သမီး ယွမ်ဟောက်ရွှယ်ကို မျက်စိကျနေတယ်လို့ ထင်နေတာလား.. ငါ့သား ရှောင်ဝေမှာ အစစအရာရာ ပြည့်စုံနေတာ၊ ဘာလို့ နင့်သမီးကိုမှ ဇွတ်ကပ်နေရမှာလဲ.. နင်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်လွန်ကဲနေတာပဲ။ အမှန်အတိုင်း ပြောရရင် ငါ့ချွေးမအဖြစ် နင့်သမီးကို တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ငါ့ချွေးမ လာလုပ်ချင်နေတယ်ဆိုရင်တော့ အိပ်မက်ပဲ မက်နေလိုက်.."

ကျောက်ရုံမှာလည်း အားကျမခံ ပြန်ပက်လေသည်။

"အတော်ပဲပေါ့၊ ငါလည်း နင့်သားကို လုံးဝ ထည့်မတွက်ထားဘူး။ ဘာအရည်အချင်းမှ မရှိတဲ့လူကို ဘယ်သူက လိုချင်နေမှာလဲ.."

ယခင်ဆိုလျှင် ကျောက်ရုံသည် ဤကဲ့သို့ ပြောဆိုမည်မဟုတ်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်ကပင် စိတ်တိုစရာများနှင့် ကြုံနေရသဖြင့် ရူးသွပ်မှု ဖြစ်လုနီးပါးပင်။ သူမက ခနဲ့ပြုံးပြုံးလျက်

"အချို့သော အကြောင်းအရာတွေက ပြောနေစရာတောင် မလိုဘူး၊ ငါတို့နှစ်ယောက်စလုံး သိကြတာပဲလေ"

အစ်မကြီးဖန် ဒေါသတကြီးဖြင့် ပြန်အော်ဟစ်လိုက်၏။

"ဘာများ အဟုတ်မှတ်နေလို့လဲ.."

"တော်ကြပါတော့.. ဘာလို့ ကျွန်တော့်ကို ဒီလိုမျိုး ဆက်ဆံနေကြတာလဲ.. ဘာလို့လဲ.."

ရှီရှောင်ဝေသည် အငြင်းပွားနေကြသော အမျိုးသမီးနှစ်ဦးကို ကြည့်ကာ နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီး

"လူတစ်ယောက်ကို ချစ်မိတာက အပြစ်လား.. ဟောက်ရွှယ် ငါ မင်းအပေါ် ဘယ်လိုခံစားရလဲဆိုတာ မင်းသိသားနဲ့။ မင်းက..."

ယွမ်ဟောက်ရွှယ် ချက်ချင်း ကြားဖြတ်ကာ ပြောလိုက်သည်။

"ရှောင်ဝေ၊ ငါက နင့်ကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားတာပါ"

ယွမ်ဟောက်ရွှယ်သည် ရှီရှောင်ဝေနှင့် ရင်းနှီးသောဆက်ဆံရေး ရှိခဲ့သည်မှာ မှန်သော်လည်း သူ့ကို လက်ထပ်ရန်မှာမူ လုံးဝ မဖြစ်နိုင်သော အကြောင်းအရာပင်။ သူမအနေဖြင့် သူ၏ ကြင်နာဂရုစိုက်မှုများကို လက်ခံရရှိခြင်းအား နှစ်သက်သော်လည်း အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရန်မှာမူ သူသည်ကား သူမနှင့် ထိုက်တန်သူ မဟုတ်ပေ။

"ငါက နင့်ကို အမြဲတမ်း အရေးကြီးတဲ့ မိသားစုဝင်တစ်ယောက်လို၊ အစ်ကိုကောင်းတစ်ယောက်လိုပဲ သဘောထားခဲ့တာပါ။"

သူမသည် ရှီရှောင်ဝေနှင့် အချစ်ရေးအရ ပတ်သက်မည်မဟုတ်သော်လည်း သူ့အား အဝေးသို့ တွန်းထုတ်ပစ်ခြင်းမျိုးလည်း မလုပ်ခဲ့ချေ။

"ရှီရှောင်ဝေ၊ နင် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး.. ငါ့အစ်မနဲ့ တန်တယ်များ ထင်နေလား.. ဒီလိုစကားမျိုး ပြောထွက်တယ်နော်.."

ယွမ်ရှောင်ချွေ နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

ရှီရှောင်ဝေမှာ "အား... အား... အား..." ဟု ရူးမတတ် အော်ဟစ်လိုက်၏။

ယွမ်ဟောက်ရွှယ်၏ အကြည့်နှင့် ရုတ်ရုတ်သဲသဲဖြစ်နေသော မြင်ကွင်းကို ကြည့်ရင်း သူ၏စိတ်အစုံမှာ ရုတ်တရက် ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ လူတစ်ယောက်ကို ချစ်ရသည်မှာ ဘာကြောင့် ဤမျှ နာကျင်ရသနည်း။ ရှီရှောင်ဝေသည် ရုတ်တရက် လှည့်ထွက်သွားပြီး "အား..." ဟု အော်ဟစ်ကာ ဝင်းအပြင်ဘက်သို့ တန်းတန်းမတ်မတ် ပြေးထွက်သွားလေသည်။

"ရှောင်ဝေ.."

ရှီရှောင်ဝေ ဝင်းထဲမှ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်ကို ကြည့်ပြီး အစ်မကြီးဖန် စူးစူးဝါးဝါး အော်ဟစ်လိုက်ရှာ၏။

ဘေးမှကြည့်နေသူအားလုံးမှာလည်း မယုံနိုင်အောင် ဖြစ်သွားကြရသည်။

သန်းခေါင်ယံအချိန်ကြီးကို သူ ဘာလုပ်နေတာလဲ.. ဘယ်လောက်တောင် ဆန်းကြယ်တဲ့ မြင်ကွင်းလဲ..

"သူ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့များ သွားတာလား မသိဘူး"

အဘွားကြီးကျောက် ရေနစ်သူဝါးကူထိုးလိုက်၏။

"ဘာ.."

"အေးလေ၊ ဒါက ပြောရခက်တယ်ဟေ့။"

"အလိုလေး... ဒုက္ခပါပဲ၊ ငါတို့ ဘာလုပ်ကြမလဲ.."

"ဘာလုပ်မလဲ စဉ်းစားမနေနဲ့တော့၊ နောက်ကနေ လိုက်ကြစို့.."

မာကျန့်ယီ လူစုကို အမြန်ပင် စီစဉ်ပေးလိုက်သည်။

"အားလုံးပဲ၊ အမြန်လိုက်ကြ.. မြန်မြန်လုပ်၊ ဝမ်တာ့ချွေ... မင်းက ယောင်္ကျားလေးပဲ၊ မြန်မြန်ပြေးလိုက်လေ.. ရှောင်စန်း... မင်းလည်း မြန်မြန်သွား.. အားလုံးပဲ ဝိုင်းကူကြပါဦး.. ငါတို့ဝင်းထဲမှာ ဘာပြဿနာမှ အဖြစ်မခံနိုင်ဘူး.."

လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြရ၏။

အဘွားကြီးကျောက် လက်နှစ်

ဖက်ကို ပွတ်သပ်ရင်း

"ငါလည်း လိုက်မယ်ဟေ့.."

သူမကတော့ ဒီလိုမျိုး မြိုင်မြိုင်ဆိုင်ဆိုင် အခြေအနေမျိုးဆို ကျန်ရစ်ခဲ့မယ့်သူ မဟုတ်ဘူး..

ချန်ချင်းယွီမှာမူ ခေါင်းနားပန်းကြီးလှသဖြင့် နားထင်ကို ပွတ်သပ်နေမိပြီး မြင်ကွင်းတစ်ခုလုံးမှာ တကယ့်ကို ပရမ်းပတာ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

"ငါ့သားသာ တစ်ခုခုဖြစ်ရင် နင်တို့အားလုံးကို အလျော်တောင်းမယ်.."

အစ်မကြီးဖန် ဟိန်းဟောက်လိုက်၏။

ကျောက်ရုံ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး

"ဒါကတော့ အခြေအမြစ်မရှိ စွပ်စွဲတာပဲ မဟုတ်လား.. ကောင်းပြီလေ၊ ငါ နင်နဲ့ အငြင်းမပွားချင်တော့ဘူး။ အရင်ဆုံး လူကို ရှာကြတာပေါ့"

ခြံဝင်းအတွင်းရှိ လူများမှာ ချက်ချင်းဆိုသလိုပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ချန်ချင်းယွီသည် ခြေဖျားထောက်ကာ ချောင်းကြည့်နေစဉ် အဘွားကြီးကျောက်မှာ အခြားသူများနောက်သို့ ကမန်းကတန်း လိုက်သွားသည်ကို မြင်လိုက်ရ၏။

"အမေ... ကျွန်မ မသွားတော့ဘူး၊ ကလေးက အိမ်မှာရှိသေးတယ်"

အဘွားကြီးကျောက် ခေါင်းညိတ်ကာ

"အေး... နင် နေခဲ့လိုက်"

လူအများစုမှာ အတူတူ ထွက်သွားကြသည်။ ဝမ်မေ့လန်၏ မိသားစုတွင်လည်း ကလေးများရှိသဖြင့် သူမ အပြင်မထွက်ခဲ့ပေ။ သူမသည် ချန်ချင်းယွီနှင့်အတူ စုရုံးစုရုံးလုပ်ရင်း မေးမြန်းလိုက်၏။

"သူ အဆင်ပြေပါ့မလား"

ချန်ချင်းယွီ ; "မသိဘူးလေ၊ အဆင်မပြေစရာတော့ မရှိပါဘူးနော်.. သူက အရွယ်ရောက်နေပြ္ပဲဟာ၊ အဲဒီလောက်တော့ နုနယ်မှာမဟုတ်ပါဘူး"

ဝမ်မေ့လန် ဟုတ်သည်မဟုတ်သည်ကို မပြောဘဲ တိုးတိုးလေး ရယ်နေသည်။

အစ်မကြီးဖန် ဘက်လိုက်လွန်းသဖြင့် ရှီရှောင်ဝေမှာ ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူဖြစ်ပြီး အခက်အခဲအနည်းငယ်ကိုပင် မခံစားနိုင်သူ ဖြစ်၏။

သူမ အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။

ချန်ချင်းယွီမှာ ယွမ်မိသားစုအိမ်မှ မှန်ပေါက်နေသည့် အပေါက်ကို ကြည့်ကာ

"ဒီမှန်ကိစ္စက ဒီမှာတင် ပြီးသွားပြီလား"

"လက်ပူးလက်ကြပ် အမိဖမ်းမိတာဆိုတော့ သူတို့ ပြန်လျော်ပေးရမှာပေါ့"

ဝမ်မေ့လန် ပြန်ဖြေလိုက်သည်။

ဝမ်မေ့လန်မှာ တကယ်ပင် အံ့သြနေပုံရပြီး

"ဒါကို ရှီရှောင်ဝေ လုပ်တာလို့ ငါ တကယ်မထင်ထားဘူး"

အမှန်အတိုင်းပြောရလျှင် သူမတို့မိသားစုသည် မူလ၌ အဘွားကြီးကျောက်ကို အသံသယအရှိဆုံး ဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

တကယ်ကို မယုံနိုင်စရာပင်..

သူတို့တစ်ဖက်လူကို မှားယွင်းစွပ်စွဲခဲ့မိပြီ....

သူမသည် ချန်ချင်းယွီကို အနည်းငယ် အားနာသလို ကြည့်လိုက်သည်။

ချန်ချင်းယွီ : "........................"

အိုးမိုင်ဂေါ့.. ဓားစာခံဖြစ်သွားတာပဲ..

သနားစရာ ရှီရှောင်ဝေလေး....

သူမ နှုတ်ခမ်းကိုစေ့ကာ ဘာမှမပြောဘဲ နေလိုက်၏။

ဝမ်မေ့လန် ရုတ်တရက် ချန်ချင်းယွီအနားသို့ တိုးကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။

"ရှောင်ချန်၊ ငါ နင့်ကို တစ်ခုလောက် မေးချင်လို့"

"မေးလေ"

"နင် ကိုယ်ဝန်မရခင်က ဘာတွေစားခဲ့လဲ.. ဒါမှမဟုတ် ရှေးရိုးဆေးနည်း တစ်ခုခု ရှိလား"

ဝမ်မေ့လန် မေးခွန်းကြောင့် ချန်ချင်းယွီမှာ ကြောင်သွားရသည်။

ဝမ်မေ့လန်မှာ သူမ၏ ဝိုင်းစက်ကြည်လင်နေသော မျက်လုံးလေးများကို ကြည့်ရင်း ထပ်မေးလိုက်၏။

"အမြွှာလေးတွေရအောင် ဘာစားခဲ့လဲလို့ မေးတာပါ"

ချန်ချင်းယွီ ခေါင်းကို ကုတ်ရင်း

"ကျွန်မ ဘာမှမစားခဲ့ပါဘူး"

သူမ ဝမ်မေ့လန်ကို ဝေခွဲမရသလို ကြည့်နေမိပြီး အတော်ကြာမှ ဘာကိုဆိုလိုမှန်း နားလည်သွားတော့သည်။

တကယ်ကိုပဲ.. ဒီအစ်မကြီးကတော့ ထူးဆန်းတဲ့ ဇာတ်ကောင်တစ်ယောက်ပဲ..

ရှေ့ခြံကလူတွေ ကလေးရဖို့ ဘယ်လောက်တောင် အသည်းအသန် ဖြစ်နေသလဲဆိုရင် သူမဆီအထိတောင် လာစုံစမ်းနေကြပြီ....

ချန်ချင်းယွီ : "ကျွန်မမှာ ဘာလျှို့ဝှက်ဆေးနည်းမှ မရှိပါဘူး၊ သဘာဝအတိုင်းပါပဲ။ ဒါနဲ့ လျှို့ဝှက်ဆေးနည်းဆိုတာ ရှိလို့လား.. ကျွန်မ တစ်ခါမှတောင် မကြားဖူးဘူး"

ဝမ်မေလန့် : "ဘာလို့ မရှိရမှာလဲ၊ ရှိတာပေါ့။ အရင်တုန်းက သူဌေးကြီးတွေဆီမှာ အဲဒီလိုဆေးနည်းတွေရှိတယ်လို့ ငါကြားဖူးတယ်"

ချန်ချင်းယွီ: "ဟမ်.."

သူမ လက်ကိုဖြန့်ပြရင်း

"ကျွန်မတို့မိသားစုက သူဌေးမှမဟုတ်တာ.. နောက်ပြီး သူဌေးတွေမှာ လျှို့ဝှက်ဆေးနည်းရှိတယ်ဆိုတာလည်း အဓိပ္ပာယ်မရှိဘူးလို့ ကျွန်မထင်တယ်။ သူဌေးတိုင်း သားချည်းပဲ ရနေကြတာမှ မဟုတ်တာ"။

ချန်ချင်းယွီ ဤစကားကို မည်သူမှ ယုံမည်မဟုတ်ဟု တွေးလိုက်မိသည်။ သူမ မကူးပြောင်းလာခင် အနာဂတ် နှစ်ငါးဆယ်ကာလ၌ပင် သဘာဝအတိုင်း ကိုယ်ဝန်ဆောင်လျှင် ကလေး၏ ကျားမကို ထိန်းချုပ်နိုင်သည်အထိ တိုးတက်လာခြင်းမျိုး မတွေ့ခဲ့ဖူးချေ။

ချန်ချင်းယွီ: "တကယ်တော့ သာဖြစ်ဖြစ် သမီးဖြစ်ဖြစ် အတူတူပါပဲ"

ဝမ်မေ့လန် : "အဲဒါတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သားတစ်ယောက်တော့ လိုတာပေါ့။ ငါ့မှာ သမီး သုံးယောက်တောင် ရှိနေပြီ။ သားမရရင် ကျန့်ကော်လည်း လူကြားထဲ မျက်နှာမလှဘူး။ ဘယ်ယောက်ျားကမှ မိသားစုမျိုးဆက်ကို ဆက်ခံဖို့ သားမလိုချင်ဘဲ နေပါ့မလဲ.."

ချန်ချင်းယွီ နှုတ်ခမ်းကိုသာ စေ့ထားလိုက်၏။

ဝမ်မေ့လန် : "ဟေး... အဒေါ်ကြီးရှီဆီမှာ လျှို့ဝှက်ဆေးနည်းများ ရှိမလားလို့.. သူမ ပြောတာမျိုးရော နင်ကြားဖူးလား.. နင့်ယောက္ခမနဲ့ သူမက ရွယ်တူတွေဆိုတော့ သိလောက်မှာပေါ့ မဟုတ်ဘူးလား.."

ချန်ချင်းယွီ : "တစ်ခါမှ မကြားဖူးပါဘူး"

ဝမ်မေ့လန် : "ဟင်း..."

သူမ သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြန်သည်။

သူမတို့နှစ်ယောက် စကားပြောနေကြစဉ် ယွမ်ရှောင်ချွေ တစ်ယောက်တည်း ကျန်ခဲ့သည်ကို သတိမထားမိကြပေ။ တကယ်တော့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထူးမခြားနားလှပေ။ ယွမ်ရှောင်ချွေမှာ ဆယ်ကျော်သက် မိန်းကလေးငယ်လေးတစ်ဦးသာ ဖြစ်၍ အိမ်ထောင်လည်း မကျသေးရာ ဂရုစိုက်ရန်မလိုအပ်ပေ။ သူမ ဝမ်မေ့လန်နှင့် ချန်ချင်းယွီတို့၏ စကားဝိုင်းကို သေချာနားထောင်နေပြီးမှ

ဝင်ပြောလိုက်၏။

"ရွာထဲမှာ ကြားဖူးတာတော့ သလဲသီးအများကြီးစားရင် သားရတတ်တယ်တဲ့။ ဒါပေမဲ့ ကျွန်မကတော့ တစ်ခါမှ မစားဖူးဘူး၊ သလဲသီးဆိုတာ ဘယ်လိုပုံစံမှန်းတောင် မမြင်ဖူးဘူး"

"သလဲသီး.. အဲဒါ အသီးတစ်မျိုးမလား.."

ဝမ်မေ့လန်မှာ အနည်းငယ် ဗဟုသုတရှိသော်လည်း သူမကိုယ်တိုင်လည်း သလဲသီးကို မမြင်ဖူးချေ။

သူတို့က သာမန်မိသားစုလေးတွေမို့ ဒီလို ရှားပါးတဲ့အသီးမျိုးက အရောင်းအဝယ်မရှိပေ......

ချန်ချင်းယွီမှာ နောက်တစ်ကြိမ် ထပ်ပြီး ကြောင်အသွားရပြန်သည်။

လခွမ်း.. သလဲသီးစားရင် သားရမယ်တဲ့လား.. ဒါမျိုး တစ်ခါမှ မကြားဖူးပါဘူး..

သလဲသီးစားချင်လို့ လျှောက်ပြောနေတာပဲဖြစ်မယ်....

"ဒါမျိုးလည်း ကျွန်မ တစ်ခါမှ မကြားဖူးဘူး"

သူမ ဆိုလိုက်မိ၏။

ယွမ်ရှောင်ချွေ : "သလဲသီးဆိုတာက သိပ်တန်ဖိုးကြီးတာ၊ အမတို့ မကြားဖူးတာ မဆန်းပါဘူး။ ကျွန်မတို့ရွာက အဘွားအိုတစ်ယောက်ဆိုရင် ငယ်ငယ်တုန်းက သူဌေးအိမ်မှာ အစေခံလုပ်ခဲ့တာလေ၊ သူက သိပ်ဗဟုသုတစုံတာ။ မြို့ပေါ်ကလူတွေတောင် သူ့လောက်မသိဘူး။ သလဲသီးမှာ အစေ့တွေ အများကြီးပါတာလေ၊ အစေ့များလေ အသီးများလေပဲပေါ့။ ကြည့်လေ... ဒါက အချက်အလက်ချင်း ကိုက်ညီနေတာပဲ မဟုတ်ဘူးလား.."

ချန်ချင်းယွီ နောက်တစ်ကြိမ် ဆွံ့အသွားရပြန်သည်....

ဟုတ်ပါပြီလေ... ကိုယ်ယုံကြည်ရာနဲ့ကိုယ် ပျော်နေကြရင်လည်း ပြီးတာပါပဲ..

ဒါပေမဲ့ ကြည့်လိုက်ပါဦး၊ ဝမ်မေ့လန်ရဲ့ မျက်လုံးတွေက အရောင်တောက်သွားလေပြီ..

အမယ်လေး.. ပညာမဲ့တာ တကယ်ကို ကြောက်ဖို့ကောင်းလိုက်တာ..

"ဒါဆိုရင်တော့ ငါ ပိုပြီး စုံစမ်းကြည့်ရဦးမယ်။ အရောင်းအဝယ်ရှိတာမျိုး တစ်ခါမှ မမြင်ဖူးဘူး"

ဝမ်မေ့လန်မှာ ဝယ်ရခက်လေလေ၊ ပိုပြီး ထိရောက်လေလေဟု အခိုင်အမာ ယုံကြည်သွားပုံရသည်။

ချန်ချင်းယွီ ဘာပြောရမှန်းပင် မသိတော့ပေ။

ယွမ်ရှောင်ချွေ မေးစေ့ကို ဂုဏ်ယူစွာ ပင့်တင်လိုက်ပြီး

"ကျွန်မက ငယ်ငယ်က ရွာမှာနေခဲ့တာဆိုပေမဲ့ အတွေ့အကြုံတော့ အများကြီးရှိတယ်။ ဗဟုသုတကတော့ မြို့ပေါ်က မိန်းကလေးတွေထက် မနိမ့်ပါဘူး"

ချန်ချင်းယွီ မျက်ခုံးတစ်ဖက် ပင့်မိသွား၏။

ယွမ်ရှောင်ချွေထံမှ သတင်းကောင်းတစ်ခု (သလဲသီးကိစ္စ) ကြားလိုက်ရ၍လားမသိ၊ ဝမ်မေ့လန် သူမအပေါ် အနည်းငယ် ပိုပြီး ဖော်ဖော်ရွေရွေရှိလာကာ မေးမြန်းစကားဆိုလိုက်သည်။

"ရှောင်ချွေ... စာမေးပွဲအတွက်ကော အာမခံချက်ရှိလား"

ယွမ်ရှောင်ချွေ၏ မျက်နှာမှာ ချက်ချင်းဆိုသလို ညိုမှောင်သွား၏။ သူမ အရက်မူးခဲ့သည်ဆိုသော်လည်း အမူးပြေသွားသည့်အခါ သဲလွန်စအချို့ကို မှတ်မိနေသေးသည်။ အခြေအနေကို ပြန်တွေးမိသောအခါ ယွမ်ရှောင်ချွေ မျက်နှာပျက်သွားရ၏။

အခုတော့ သူမ တကယ်ကို စိုးရိမ်နေမိပြီ....

ကိစ္စတွေကလည်း အထမမြောက်ခဲ့သလို လူတွေကိုလည်း အမြင်ကတ်အောင် လုပ်မိသွားတယ်..

တကယ်လို့ စာမေးပွဲသာ မအောင်ခဲ့ရင် သူမ ဘာဆက်လုပ်ရပါ့မလဲ..

သူမ ဇာတိရွာကို လုံးဝ (လုံးဝ) ပြန်မသွားချင်ပေ။

ယွမ်ရှောင်ချွေ လေသံမာမာဖြင့်

"စာမေးပွဲကို အတတ်နိုင်ဆုံး ကြိုးစားဖြေမှာပါ"

ဝမ်မေ့လန် : "နင်တို့မိသားစုက တခြားသူတွေထက် အားသာချက်ရှိသားပဲ။ ဦးလေးယွမ်နဲ့ ကျောက်ရုံတို့က တက္ကသိုလ်ဘွဲ့ရတွေပဲလေ၊ နင့်မှာလည်း သေချာသင်ပေးမယ့်သူရှိတော့ တခြားသူတွေထက် အခြေအနေကောင်းတာပေါ့"

ယွမ်ရှောင်ချွေမှာ ချက်ချင်းပင် ပြန်၍ ဘဝင်မြင့်သွားကာ

"ဒါပေါ့၊ ကျွန်မအဖေက သိပ်တော်တာ"

သူမသည် ဖခင်ဖြစ်သူ ယွမ်ဟောက်မင်းကို အလွန်လေးစားပုံရပြီး ဖခင်ဖြစ်သူ၏ လက်ရှိအခြေအနေကို အားမရကာ မကျေမနပ်ပြောလိုက်၏။

"ကျွန်မအဖေက အရည်အချင်းရှိတဲ့သူပါ။ ဒါပေမဲ့ ကံမကောင်းတာက တချို့ခေါင်းဆောင်တွေက အရည်အချင်းကိုမကြည့်ဘဲ အလုပ်ဖြစ်မဖြစ်ပဲ ကြည့်ကြတာ။ အဲဒါကြောင့်လည်း အခုထိ အဖေ ရာထူးမတိုးတာပေါ့။ ဒါတွေက ခေါင်းဆောင်တွေ မျက်စိမရှိလို့ပဲ.."

ချန်ချင်းယွီ : "..."

ယွမ်ရှောင်ချွေမှာ သူမအဖေနှင့် ပတ်သက်လာလျှင် အတော်လေး အားပေးလွန်းသည်ဟု သူမ တွေးမိလိုက်သည်။ ယွမ်ဟောက်မင်၏ အရည်အချင်းနှင့်ဆိုလျှင် အရေးပါသည့်နေရာများတွင် ခန့်အပ်မခံရခြင်းမှာ ပုံမှန်ပင် ဖြစ်၏။

အမယ်လေး နင့်အဖေလို အရည်အချင်းနဲ့ သူဘယ်လို တက္ကသိုလ်တက်ခဲ့လဲဆိုတာ သံသယဝင်နေမိပြီ....

"ကျွန်မအဖေက အစောဆုံး တက္ကသိုလ်ဘွဲ့ရခဲ့တဲ့သူတွေထဲက တစ်ယောက်ပဲ။ လယ်သမားသားတစ်ယောက်က ဒီလိုနေရာအထိ တက်လာနိုင်ဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာ မြင်တယ်မလား.. ကျွန်မအဖေက တကယ်ကို တော်တဲ့..."

ယွမ်ရှောင်ချွေ သူမ ဖခင်အကြောင်း တဖွဖွချီးကျူးနေသည်ကို ကြည့်ရင်း ချန်ချင်းယွီမှာ ဆက်နားမထောင်နိုင်တော့ဘဲ

"ကလေးတွေက ငယ်သေးတော့ ကျွန်မ စိတ်မချလို့ အရင်ပြန်နှင့်တော့မယ်"

သူမသည် လင်းကျန့်ဝမ်ကို ချီးကျူးခဲ့စဉ်က အခြားသူများ မည်သို့ခံစားခဲ့ရမည်ကို ယခုမှပင် ကောင်းကောင်းနားလည်သွားတော့သည်။

သူမ အိမ်အပြန်လမ်းတွင် ဝမ်မေ့လန်မှာ ယွမ်ရှောင်ချွေနှင့် စကားကောင်းနေဆဲပင်။ အမှန်တကယ်ပင် ကလေးရစေမည့် လျှို့ဝှက်ချက်ဆိုသည်မှာ ထိုမျှအထိ အရေးပါလှပေသည်။

သူမ အိမ်ပြန်ရောက်သည့်အခါ ကလေးနှစ်ယောက်မှာ အိပ်ပျော်နေဆဲပင်။ ကလေးငယ်များမှာ အိပ်ရေးဝပြီး ဆူဆူညံညံမလုပ်တတ်သဖြင့် သူမတို့အတွက် အနှောင့်အယှက် သိပ်မဖြစ်လှပေ။ ချန်ချင်းယွီသည် ချက်ချင်းမအိပ်သေးဘဲ မနက်စာအတွက် ပေါက်စီပေါင်းရန် မုန့်စိမ်းနယ်နေလိုက်၏။

ချန်ချင်းယွီ အလုပ်ရှုပ်နေချိန်တွင် အပြင်ဘက်၌မူ တော်တော်လေး စည်ကားနေဆဲပင်။ ခဏအကြာတွင် လူအချို့ ပြန်လာသည့်အသံကို သူမ ကြားလိုက်ရသည်။ အပြင်သို့ ချောင်းကြည့်လိုက်ရာ ကျန်းရှင်းဖှ၏ဖခင် အဘိုးကြီးကျန်းကို တွေ့လိုက်ရ၏။ ထိုလူကြီးသည် တစ်ယောက်တည်း ပြန်လာခြင်းမဟုတ်ဘဲ ကျောက်ရုံတို့နှင့်အတူ ပြန်လာခြင်းဖြစ်သည်။ သူသည် ကျောက်ရုံ၏ နောက်မှကပ်၍ လိုက်လာပြီး သူမ၏ နောက်ပိုင်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေ၏။

ချန်ချင်းယွီ မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီလူကြီးကတော့ တကယ်ကို လူကောင်းမဟုတ်ဘူး..

အဘိုးကြီးကျန်း ; "ကျောက်ရုံ... စိတ်မပျက်ပါနဲ့၊ ငါတို့ သူ့ကို သေချာပေါက် ပြန်ရှာတွေ့မှာပါ။ သူက လူငယ်ပဲဟာ၊ ဘာလို့ ဒီလောက်တောင် အဆင်အခြင်မဲ့ရတာလဲ.. နောက်ပြီး ဒါက မင်းတို့မိသားစု အမှားလည်း မဟုတ်ဘူးလေ"

"ကျွန်မ သိပါတယ်၊ ဒါပေမဲ့ စိတ်ထဲမှာတော့ တစ်မျိုးကြီးပဲ"

ကျောက်ရုံ အလိုက်သင့်ပြန်ပြောလိုက်၏။

"မင်းက စိတ်ထားကောင်းလွန်းလို့ပါ"

ကျောက်ရုံ ခါးသက်သက် အပြုံးဖြင့်

"ကျွန်မလည်း အကျပ်အတည်းဖြစ်နေလို့ပါ"

သူမသည် ချန်ချင်းယွီ၏ အိမ်ရှေ့မှ ဖြတ်သွားစဉ် ချန်ချင်းယွီ၏ မျက်နှာကို စိုက်ကြည့်မိသွားသည်။ သူမ နှုတ်ခမ်းကိုကိုက်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ အကယ်၍ သူမသမီး ရှောင်ချွေသာ ချန်ချင်းယွီ၏ အလှမျိုး အနည်းငယ်လောက်ရှိခဲ့လျှင် ကိစ္စများမှာ ယခုလောက် ခက်ခဲနေမည် မဟုတ်ပေ။ ချန်ချင်းယွီ၏ အလှမှာ မြူဆွယ်သည့်အလှမျိုး မဟုတ်ဘဲ စင်ကြယ်သန့်စင်သည့် နုနုနယ်နယ် ပန်းကလေးပဲ့သို့ အလှမျိုးဖြစ်သည်…… ထိုသို့သော အပြစ်ကင်းစင်သည့် အလှတရားမှာ ပို၍ပင် ဆွဲဆောင်မှုရှိလှ၏။

ကံမကောင်းသည်မှာ သူမသည် ယွမ်ရှောင်ချွေ မဟုတ်သဖြင့် သူမကို ကူညီပေးနိုင်မည် မဟုတ်ပေ။

သူမ တစ်စုံတစ်ယောက်ကို ကြံစည်ချင်လျှင်ပင် အောင်မြင်လိမ့်မည် မဟုတ်ချေ။

ချန်ချင်းယွီသည် နူးညံ့သိမ်မွေ့ပုံရသော်လည်း လင်းကျန့်ဝမ်နှင့် ပတ်သက်လာလျှင်မူ ရူးသွပ်သွားတတ်သလို၊ သူမနောက်တွင်လည်း ဆိုးသွမ်းသည့် ယောက္ခမတစ်ယောက် ရှိနေသေးသည်။

တကယ်ကို မစမ်းဝံ့သည့် လူစုပင်..

အမှန်တကယ်တော့ ကျောက်ရုံသည်လည်း ထိုကိစ္စကို စဉ်းစားခဲ့ဖူး၏။ အဘွားကြီးဟွမ် ချန်ချင်းယွီကို အနိုင်ကျင့်နေခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ကျောက်ရုံ၏ သွေးထိုးပေးမှုကြောင့်ပင် ဖြစ်သည်။ ချန်ချင်းယွီ၏ ဂုဏ်သိက္ခာညှိုးနွမ်းသွားပြီး အဘွားကြီးကျောက်နှင့် အဆင်မပြေဖြစ်သွားလျှင်၊ သူမသည် ညီအစ်မကောင်းတစ်ယောက်အဖြစ် ချဉ်းကပ်ကာ ချန်ချင်းယွီကို အသုံးချနိုင်လိမ့်မည်ဟု သူမ တွေးခဲ့ခြင်းဖြစ်၏။

သို့သော်လည်း ကိစ္စများမှာ ချောချောမွေ့မွေ့ မဖြစ်ခဲ့ပေ။

အဘွားကြီးဟွမ်မှာ သူမ၏ အကွက်ထဲမဝင်ဘဲ ကတုံးဖြစ်သွားခဲ့ရသည်။

ကံကောင်းသည်မှာ အဘွားကြီးဟွမ်မှာ မိုက်မဲသည့် မိန်းမကြီးတစ်ဦးဖြစ်ပြီး ကျောက်ရုံ၏ သွေးထိုးမှုကို သတိမထားမိခဲ့ခြင်းပင်။ ၎င်းမှာ အဘွားကြီးဟွမ်ကိုယ်တိုင်သည်လည်း မကောင်းသောစိတ် ရှိနေခြင်းကြောင့်ဖြစ်ရာ ကျောက်ရုံတစ်ယောက်တည်းကိုသာ အပြစ်တင်၍ မရနိုင်ပေ။ ကျောက်ရုံသည် ချန်ချင်းယွီကို နှမြောတသဟန်ဖြင့် နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်၏။

သူမကို အသုံးချဖို့ကတော့ ခက်ဦးမည်..

ရှောင်ချွေဆီကပဲ ပြန်စရတော့မည်ထင်တယ်.. ဒါပေမဲ့ ရှောင်ချွေကလည်း လူတွေကို အမြင်ကတ်အောင် လုပ်ထားမိပြီ... ဟင်း၊ တကယ်ကို ခက်ခဲလှပါဘိ..

ကျောက်ရုံမှာ မိမိ၏ လှည့်ပတ်ကြံစည်တတ်သော ဉာဏ်မှာ လုံးဝ အသုံးမဝင်သလို ခံစားလိုက်ရပြီး သူမသည် အလယ်ခြံဝင်းဆီသို့ ဦးတည်သွားလေ၏။ ချန်ချင်းယွီ ကျောက်ရုံ၏ အကြည့်ကို ပြန်စဉ်းစားကြည့်ကာ ထိုလူသည် မကောင်းသော ရည်ရွယ်ချက်ရှိနေသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း ချန်ချင်းယွီနှင့် ကျောက်ရုံမှာ မူလကတည်းက အဆက်အဆံ သိပ်မရှိသဖြင့် သူမအနေဖြင့် သတိထားနေသရွေ့ အလွန်အမင်း စိုးရိမ်နေရန်မလိုပေ။

ချန်ချင်းယွီမှာ အိမ်မှာနေရင်း ကျောက်ရုံ သူမအပေါ် မည်သို့သော မကောင်းသည့်အကြံများ ကြံစည်နေသနည်းဟု တွေးတောနေစဉ်၊ ရှီရှောင်ဝေကို လိုက်လံရှာဖွေနေကြသော အဘွားကြီးကျောက်နှင့် အခြားသူများမှာမူ သူ့အား အရိပ်အယောင်ပင် မတွေ့ကြသေးပေ။

အဘွားကြီးကျောက် : "ဒီကောင်လေးက တစ်ယောက်တည်း ထွက်ပြေးသွားတာ၊ ဘယ်ဆီကို ရောက်သွားပါလိမ့်.."

"ဘယ်သူသိမှာလဲ.. မြန်မြန်လေး ရှာကြရအောင်။ သူက ယောက်ျားလေးမို့လို့ တော်သေးတာပေါ့၊ မိန်းကလေးသာဆိုရင် တကယ်ကို စိတ်ပူစရာပဲ"

"ဟုတ်ပါပေ့"

အဘွားကြီးကျောက်: "တခြားဟာတွေက အဆင်ပြေပေမဲ့ ဒီကောင်လေး စိတ်လိုက်မာန်ပါ တစ်ခုခု လုပ်မိမှာကိုပဲ ကြောက်တာ။ မှန်ခွဲရင်း အမိဖမ်းခံရတာကတင် အရှက်ရစရာ လုံလောက်နေပြီ။ အခုတော့ သူ့ရည်းစားကိုပါ ဆုံးရှုံးလိုက်ရပြီ..."

"ဟောက်ရွှယ်က သူ့ရည်းစားမှမဟုတ်တာ။ သူကပဲ စိတ်ကူးယဉ်နေတာလေ၊ ဟောက်ရွှယ်က သူ့ကို ကြိုက်မကြိုက်ဆိုတာကိုတောင် သူ မစဉ်းစားဘူးလား.. အမှန်အတိုင်း ပြောရရင် သူက ယွမ်ဟောက်ရွှယ်နဲ့ လုံးဝ မထိုက်တန်ပါဘူး"

"အဲဒါတော့ ဟုတ်တယ်"

အားလုံး သူ့ကို လိုက်ရှာရင်း စကားဖောင်ဖွဲ့နေကြသည်။

"ဟောက်ရွှယ်က လှလည်းလှတယ်၊ အိမ်ခြေယာခြေလည်း ကောင်းတယ်၊ သီချင်းဆို ကတတ်တာလည်း ရှိသေးတယ်။ သူမကတော့ အလားအလာရှိတာ အသေအချာပဲ။ ရှောင်ဝေနဲ့သာ ညားသွားရင်တော့ တကယ်ကို နှမြောစရာကြီး။ ရှောင်ဝေမှာ ဘာရှိလို့လဲ.. အလုပ်တောင် မရှိတဲ့ဟာကို"

"အလုပ်မရှိတာတင် မကဘူး၊ သူက အကျင့်စာရိတ္တလည်း မကောင်းဘူး။ အပြင်က မဖွယ်မရာစာအုပ်တွေကို ခိုးဖတ်နေတာ။ အဲဒီလိုလူမျိုးတွေက မကောင်းဘူး။ ဒီလောက်အရွယ်နဲ့ အဲဒီလိုစာအုပ်တွေကို ခိုးဖတ်နေရင် ကျန်းမာရေး ထိခိုက်ကုန်မှာပေါ့။ အဲဒါတော့ မဖြစ်သင့်ဘူး"

လင်စန်းရှင်း တိုးတိုးလေး ပြောလိုက်၏။ သူမမှာ ထိုသို့ပင်ဖြစ်သည်၊ တစ်စုံတစ်ယောက်အကြောင်း မကောင်းပြောလျှင်ပင် အလွန်အမင်း လျှို့ဝှက်ကာ ဘေးဘီကို ကြောက်လန့်တကြား ကြည့်ရင်း လေသံအနိမ့်ဆုံးဖြင့် ပြောတတ်သည်။

အဘွားကြီးကျောက် လင်စန်းရှင်းကို ကြည့်ကာ စိတ်မရှည်သလို မျက်လုံးလှန်လိုက်မိပြီး သူမမှာ တကယ့်ကို မဝံ့မရဲ သွေးကြောင်နိုင်လွန်းသည်ဟု တွေးလိုက်၏။

သူမကိုကြည့်ပါဦး..

တစ်စုံတစ်ယောက်အကြောင်း မကောင်းပြောတာပဲကို ဘာများကြောက်စရာရှိတာကြလို့.. မဟုတ်တာပြောနေတာမှ မဟုတ်ဘဲ.. ဟုတ်တာတွေပြောလွန်းလို့ မခံနိုင်ကြတာ....

ပြောပြီးသွားပြီပဲ၊ ဘာဖြစ်လဲ.. ဘာကို ဖုံးကွယ်နေစရာရှိသလဲ.. မကျေနပ်ရင် ချကြရုံပေါ့..

ပိုင်ဖုန်းရှန်း ခေါင်းညိတ်ကာ ထောက်ခံလိုက်လေသည်။

"ဟုတ်တယ်၊ ရှောင်ဝေက အသက်ကြီးလာလေ ပိုပြီး တာဝန်မဲ့လာလေပဲ။ ဘာအကြောင်းမှမရှိဘဲ သူများအိမ်ကမှန်ကို ဘယ်လိုဖြစ်ပြီး သွားခွဲရတာလဲ.. အဲဒါက တကယ်ကို လက်ခံနိုင်စရာ မရှိဘူး"

လူစုကြီးမှာ လူပျောက်ရှာရန် ထွက်လာကြခြင်းဖြစ်သော်လည်း လမ်းတစ်လျှောက်တွင် အတင်းအဖျင်းလေးများမှာ မပါမဖြစ် ပြောမိကြလေသည်။ ရှီရှောင်ဝေမှာ ဒေါသတကြီး ဝုန်းခနဲ ပြေးထွက်သွားခြင်းဖြစ်၍ အနီးအနားမှာ ရှိနေလိမ့်မည်ဟု သူတို့မထင်ထားကြပေ။ သို့သော် မမျှော်လင့်ဘဲ ရှီရှောင်ဝေက ထိုစကားများကို ကြားသွားလေ၏။ ထိုအခါ သူ၏ စိတ်ဓာတ်များမှာ ချက်ချင်းပင် ထပ်မံပြိုလဲသွားရပြန်သည်။

သူ၏ စိတ်ခံစားချက် အကာအကွယ်တံတိုင်းမှာ တကယ်ကို ဖျက်ရလွယ်လွန်းလှသည်..

ရုတ်တရက် ရှီရှောင်ဝေ အော်ဟစ်လိုက်သဖြင့် အဘွားကြီးကျောက်တို့မှာ လန့်သွားကြပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။

"ခင်ဗျားတို့ အဘွားကြီးတွေက ကွယ်ရာမှာ ကျွန်တော့်အကြောင်း မကောင်းပြောနေကြတာပဲ.. ခင်ဗျားတို့အားလုံး လူယုတ်မာတွေ.."

ရှီရှောင်ဝေ အော်ဟစ်ဆဲဆိုလိုက်သည်။

သူသည် ဟစ်အော်ရင်း ပို၍ပင် ဝမ်းနည်းလာကာ စိတ်ဖောက်ပြန်သလို ဖြစ်လာပြီး ထပ်မံ အော်ဟစ်ပြန်၏။

"ကျွန်တော်က ဒီလောက်တော်နေတာကို ခင်ဗျားတို့က မနာလိုဖြစ်နေကြတာ.. ခင်ဗျားတို့ လူကောင်းတွေ မဟုတ်ဘူး.."

ဆဲဆိုပြီးနောက် သူသည် လှည့်၍ ပြေးပြန်လေသည်။

ဒီကောင်လေးကတော့ တကယ်ကို တစ်မျိုးကြီးပဲ...

အဘွားကြီးကျောက်မှာ "လိုက်ကြဟေ့.." ဟု အော်ပြောလိုက်၏။

အခုမှ မလိုက်လျှင် ဘယ်အချိန် သွားလိုက်မည်နည်း။

အဘွားကြီးကျောက်နှင့် အခြားသူများမှာ ကမန်းကတန်း လိုက်ကြလေသည်။

"ဘာလို့ လိုက်နေကြသေးတာလဲ.. ခင်ဗျားတို့ကို မမြင်ချင်ဘူး"

သူ့အထင်တွင် ထိုအဘွားကြီးများမှာ အလွန်အမင်း စေတနာပိုနေကြသည်ဟု ထင်နေ၏။

"နေဦးလေ.."

သူတို့က လိုက်လေလေ၊ ရှီရှောင်ဝေက ပိုမြန်မြန် ပြေးလေလေပင်။

ဘယ်လိုပဲဖြစ်ဖြစ် သူသည် လူငယ်တစ်ယောက်ဖြစ်၍ အဘွားကြီးများ၏ အရှိန်မှာ သူ့ကို မမီနိုင်ပေ။ အဘွားကြီးကျောက်မှာ ဒေါသထွက်လာပြီး အော်ဟစ် အကူအညီတောင်းလိုက်သည်။

"မြန်မြန်လာကြဦး.. အားလုံး မြန်မြန်လာကြ၊ ရှီရှောင်ဝေ ဒီမှာရှိတယ်.."

"ထပ်လိုက်နေရင် တစ်ခုခုဖြစ်သွားရင် ခင်ဗျားတို့ တာဝန်ယူရမှာနော်"

ရှီရှောင်ဝေ ပြန်အော်ပြန်၏။

"အားလုံး မြန်မြန်လာကြပါဦး၊ ရှီရှောင်ဝေက အသက်မရှင်ချင်တော့ဘူးလို့ ပြောနေတယ်.."

အဘွားကြီးကျောက် အော်ဟစ်လိုက်ပြန်သည်။

"တစ်ခုခုဖြစ်ရင် တာဝန်ယူရမယ်" ဆိုသည်မှာ ဒုက္ခရောက်ခြင်းနှင့် အတူတူပင်ဖြစ်ပြီး၊ ၎င်းမှာ သေချင်သည်ဟု ပြောခြင်းနှင့်လည်း ထပ်တူကျနေသည် မဟုတ်ပါလား..

တူချင်တူ မတူချင်နေ ငါတူတယ်ဆို တူတာပဲ....

အဘွားကြီးကျောက် ဆက်တိုက် အော်ဟစ်နေသဖြင့် ခြံဝင်းအတွင်းရှိ လူအများအပြားမှာလည်း ထိုဘက်သို့ ဦးတည်လာကြသည်။

"တောက်.. ဒီအဘွားကြီးကတော့ကွာ.. ခင်ဗျားက အမြဲတမ်း ကျွန်တော့်ကို ဒုက္ခပေးနေတာပဲ.."

ရှီရှောင်ဝေ ဆဲရေးလိုက်၏။

ထိုသို့ ပြောနေသော်လည်း ရှီရှောင်ဝေမှာ တကယ်တမ်းတွင် အတော်လေး စိတ်လှုပ်ရှားပြီး ပျော်နေမိသည်။ ယခင်၌ ခြံဝင်းထဲတွင် သူသည် ဤကဲ့သို့ အာရုံစိုက်ခြင်းကို တစ်ခါမှ မရရှိခဲ့ဖူးသော်လည်း ယခုမူ အခြေအနေမှာ လုံးဝ (လုံးဝ) ကွဲပြားသွားပြီဖြစ်၏။ လူတိုင်း၏ အကြည့်များမှာ သူ့အပေါ်သို့ ရောက်ရှိနေသယောင် ခံစားနေရသည်။

သူသည် အရေးအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်သွားလေပြီ....

ရှီရှောင်ဝေမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ဒုက္ခပေးသည်ဟု ဆိုသော်လည်း ဝမ်းသာလွန်း၍ ဆံပင်များပင် ထောင်ထမတတ် ဖြစ်နေ၏။

"ကျွန်တော့်နောက်ကို မလိုက်ကြနဲ့၊ ဘယ်သူမှ မလိုက်နဲ့တော့"

သူသည် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိနေခြင်းကြောင့် စိတ်ထဲမှ အလွန်အမင်း ဝမ်းသာနေမိသော်လည်း အပြင်ပန်းတွင်မူ ကြောက်စရာကောင်းဟန်ဖမ်းကာ လှည့်ကြည့်လိုက်ပြီး ပါးစပ်ဖျားမှာမူ ပြုံးစိစိ ဖြစ်နေလေသည်။

"အမလေး ဘုရားရေ.."

မိုးပင်လင်းနေပြီဖြစ်ရာ အဘွားကြီးကျောက်မှာ လန့်သွားရသည်။

ဒီကလေး ဘာတွေလုပ်နေတာလဲ.. တကယ်ကို ကြောက်စရာကြီး....

အဘွားကြီးကျောက် ရပ်လိုက်ပြီး ရင်ဘတ်ကို ဖိကာ

"အမလေး... သူ ရူးသွားပြီလား မသိဘူး.."

ရှီရှောင်ဝေ: "မလုပ်... အား.."

သူသည် လမ်းကို သေချာမကြည့်မိဘဲ လမ်းဘေးရှိ ရေမြောင်းထဲသို့ "ဗြုန်း" ခနဲ ပြုတ်ကျသွားလေသည်။ အဘွားကြီးကျောက်

၎င်းကို မြင်သည့်အခါ "အိုး.." ဟု ရေရွတ်လိုက်မိ၏။

သူမသည် အပြေးအလွှား သွားလိုက်ပြီး "မြန်မြန်၊ မြန်မြန်.. မြန်မြန် လာဖမ်းထားကြဦး.." ဟု အော်ဟစ်ကာ သူ့ပေါ်သို့ အုပ်မိုးလိုက်လေသည်။

ပိုင်ဖုန်းရှန်းမှာလည်း အလျှော့မပေးပေ။ ခြံဝင်းထိန်းသိမ်းရေး တာဝန်ရှိသူ၏ မိသားစုဝင်တစ်ဦးအနေဖြင့် သူမသည်လည်း ရှေ့တန်းက ပါဝင်ရမည်သာ..

ပိုင်ဖုန်းရှန်းနှင့် အဘွားကြီးကျောက်တို့သည် ရေမြောင်းထဲသို့ ဆင်းသွားကြပြီး ရှီရှောင်ဝေ၏ တစ်ဖက်တစ်ချက်စီကို ဖမ်းကာ သူ၏ပေါင်ပေါ်တွင် ခွထိုင်လိုက်ကြ၏။ အဘွားကြီးကျောက် မောဟိုက်နေသော လေသံဖြင့် ဝင့်ကြွားစွာ ဆိုလိုက်လေသည်။

"ကဲ... မိအောင် မဖမ်းနိုင်ဘူးများ မှတ်နေလား.."

"အား.."

"ဒီကောင်စုတ်လေး... တော်တော်ပြေးနိုင်တာပဲ.."

ပြေးဦးလေ.. အခုပြေးပါဦးလား....

သူမသည် လေလေးတဖြူးဖြူးဖြင့် အမောဖြေနေရပြီး လေများမှာလည်း တဝူးဝူးတိုက်နေသည်။

ဒီလောက် စိတ်ရင်းကောင်းတဲ့ အိမ်နီးချင်းမျိုး ဘယ်မှာသွားရှာလို့ရမလဲ....

အဘွားကြီးကျောက်မှာ မောနေဆဲဖြစ်ပြီး ဗိုက်ထဲမှ တစ်မျိုးဖြစ်လာကာ ပွတ်သပ်လိုက်စဉ် ဘုံ.... ဆိုသည့် အသံကျယ်ကြီးနှင့်အတူ လေလည်သွားလေသည်။

ရှီရှောင်ဝေ: "ဟာ... သောက်ကျိုးနည်း.. ခင်ဗျား ဘာလုပ်တာလဲ.."

အပြင်ဘက်တွင် ဖြစ်နေသော်လည်း ရှီရှောင်ဝေမှာ အနံ့ဆိုးကြီး တစ်ချက်တည်း တိုးဝင်လာသလို ခံစားလိုက်ရ၏။

"ခင်ဗျား... လေလည်လိုက်တာလား.."

သူမ သူ့ရင်ဘတ်ပေါ်မှာ ထိုင်နေခြင်းဖြစ်ရာ ထိုအနံ့ဆိုးမှာ သူ့နှာခေါင်းထဲသို့ တိုက်ရိုက်ဝင်ရောက်လာခြင်းပင်။

အဘွားကြီးကျောက် ထိုစကားကို ကြားရသည်မှာ စိတ်မချမ်းသာသဖြင့်

"နင်ကလည်း ဘယ်လိုပြောလိုက်တာလဲ.. လူဆိုတာ လေလည်တတ်တာပဲလေ.. နောက်ပြီး ငါ နင့်ကို ဘာမှလုပ်တာမဟုတ်ဘူး၊ လေတစ်ချက်လည်တာပဲကို.. အဲဒါကိုတောင် နင်က မကျေနပ်ဘူးလား.. နင်ကတော့ တော်တော်လေး စိတ်ကျေနပ်အောင် ထားရခက်တဲ့လူပဲ"

ပိုင်ဖုန်းရှန်း နှာခေါင်းကိုပိတ်ကာ

"ညည်းလေက တကယ်လည်း နည်းနည်းနံတယ်အေ့"

"မဆိုင်တာ.. အသံကျယ်ရင် မနံဘူး၊ နံတဲ့လေက အသံမထွက်ဘူးလေ။ ညည်းက ဒါတောင် နားမလည်ဘူးလား.."

ဖုန်း..

နောက်တစ်ချက် ထပ်ထွက်လာပြန်သည်..

အဘွားကြီးကျောက် ဆက်ပြောပြန်ကာ

"ငါ ဘာလို့ လေလည်နေရတာလဲ.. ရှီရှောင်ဝေနောက်ကို လိုက်ရင်းနဲ့ လေတွေအများကြီး မျိုချမိလို့ မဟုတ်ဘူးလား.. တကယ်ပဲ... ငါ ဘာတွေလုပ်နေမိတာလဲ.. ဒါတွေက ငါနဲ့လည်း မဆိုင်ဘဲနဲ့ ကုသိုလ်ရအောင် လုပ်ပေးနေတာကို"

ပိုင်ဖုန်းရှန်းမှာမူ အဘွားကြီးကျောက် နောက်တစ်ကြိမ် လေထပ်လည်မှာကို ကြောက်လှသဖြင့် နှာခေါင်းကို မလွှတ်တမ်း ပိတ်ထားလေသည်။

အဘွားကြီးကျောက်မှာ သူမကိုယ်သူမ ရွံရှာခြင်းမရှိဘဲ လေလည်ရသည်မှာ နေလို့ကောင်းသည်ဟုပင် ခံစားနေရ၏။

"မြန်မြန်လာကြ၊ ငါတို့ ဒီမှာရှိတယ်.. ဒီကောင် ရှောင်ဝေက အသက်မရှင်ချင်တော့ဘူးဆိုလို့"

သူမ အော်ခေါ်လိုက်လေသည်။

ရှီရှောင်ဝေ: "ဘယ်သူက ပြောလို့..."

သူ စကားရပ်သွားပြီးမှ

"ဟုတ်တယ်.. ကျွန်တော် မရှင်ချင်တော့ဘူး၊ ဘာဖြစ်လဲ.. ကျွန်တော့်ကို ဟောက်ရွှယ်နဲ့ သဘောမတူရင် ကျွန်တော် မရှင်တော့ဘူး"

အဘွားကြီးကျောက်: ကျွစ်.. ကျွစ်.. ကျွစ်..

သူမ ရှီရှောင်ဝေကို အထင်သေးစွာ ကြည့်ကာ

"နင် သေတာရှင်တာက တခြားသူတွေနဲ့ ဘာဆိုင်လို့လဲ.. ငါကတော့ ဒါမျိုးတွေကို အခါတစ်သိန်းလောက် မြင်ဖူးတယ်၊ အလကားပဲ"

ဗြိ..

နောက်ထပ် အသံကျယ်ကျယ်နှင့် လေတစ်ချက် ထွက်လာပြန်သည်။ အဘွားကြီးကျောက် ဗိုက်ကို စိုးရိမ်တကြီး ပွတ်သပ်ရင်း

"ငါ အအေးမိသွားတာ ထင်တယ်"

"ပါးစပ်ပိတ်ထားစမ်းပါ.."

ရှီရှောင်ဝေမှာ ထိုအနံ့ဆိုးကြောင့် ရူးမတတ် ဖြစ်နေရ၏။ သူသည်

အဘွားကြီးကျောက်၏ ဖင်အောက်တည့်တည့်မှာ ရှိနေခြင်းဖြစ်ရာ ရှီရှောင်ဝေမှာ ဒေါသတကြီးဖြင့် ဆဲဆိုလေတော့သည်။

"ခင်ဗျား အောင့်ထားလို့ မရဘူးလား.. ကျွန်တော် မရှင်ချင်တော့ဘူး.. တကယ်ကို မရှင်ချင်တော့ဘူး.. ဒါက လွန်လွန်းတယ်.. ကျွန်တော့်ပါးစပ်ရှေ့တင် လာပြီး လေလည်နေတာလား.. ခင်ဗျား လူမဟုတ်ဘူး.."

အဘွားကြီးကျောက်: "..."

ပစ္စည်းကောက်တဲ့သူ၊ ဆဲတာကို ခေါင်းခံတဲ့သူတွေအကြောင်း ကြားဖူးပေမဲ့ လေလည်တာကို လိုက်ကောက်တဲ့သူ (လေနံ့ခံရတဲ့သူ) ကတော့ ဒါ ပထမဆုံးပါပဲ..

တကယ်ကို လက်တွေ့ကျကျ ပထမဆုံး မြင်ဖူးတာပါ။

"ဒါက တကယ့်ကို ပထမဆုံးပဲ.."

ရှီရှောင်ဝေ အော်ငိုရင်း

"ခင်ဗျားတို့အားလုံး ကျွန်တော့်ကို ဝိုင်းနှိပ်စက်နေကြတာ.."

အဘွားကြီးကျောက် ဒီကလေးကို ကြည့်ပြီး ဝေခွဲမရဖြစ်နေသည်။

ရှီရှောင်ဝေ နှာခေါင်းကိုပိတ်ကာ အော်ငိုနေစဉ် အစ်မကြီးဖန်နှင့် အခြားသူများ ရောက်ရှိလာကြ၏။

"ရှောင်ဝေ.. ငါ့သား ရှောင်ဝေ.."

"ဒီမှာ... မသေသေးဘူး.. အသက်ရှိပါသေးတယ်"

အဘွားကြီးကျောက် အော်ပြောလိုက်သည်။

အစ်မကြီးဖန် ဝုန်းခနဲ ပြေးဝင်လာသော်လည်း အဘွားကြီးကျောက် ရှောင်လိုက်သဖြင့် ရှီရှောင်ဝေမှာ "အု.." ဟု အသံထွက်သွားလေ၏။

အစ်မကြီးဖန် သားဖြစ်သူပေါ် ဝုန်းခနဲ ပစ်လဲချလိုက်ရာ ရှီရှောင်ဝေခမျာ အသည်းခိုက်မတတ် အောင့်သွားပြီး ဘေးရှိ ပိုင်ဖုန်းရှန်းပင် လွင့်ထွက်မတတ် ဖြစ်သွားသည်။

အဘွားကြီးကျောက်မှာ ရင်ဘတ်ကိုပုတ်ရင်း သူမကိုယ်သူမ လျင်မြန်လို့ တော်သေးသည်ဟု ပြန်တွေးမိ၏။

"သားရယ်... ဘာတွေလုပ်နေတာလဲ.. အမေ့ကို လန့်အောင်မလုပ်ပါနဲ့ဦး။ ဒီကမ္ဘာပေါ်မှာ မိန်းကလေးကောင်းတွေ အများကြီးရှိပါသေးတယ်၊ ဘာလို့ ဒီလိုလုပ်ရတာလဲ.. အမေ့မှာ သားနဲ့ သားညီလေး နှစ်ယောက်ပဲ ရှိတာလေ။ သားသာ တစ်ခုခုဖြစ်သွားရင် အမေ ဘယ်လိုလုပ်မလဲ.."

အစ်မကြီးဖန် သားဖြစ်သူကို မလွှတ်တမ်း ဖက်ထားကာ

"ဒီကလေးက ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ။"

"ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော်နဲ့ ဟောက်ရွှယ်က တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာ။ ကျွန်တော်တို့ သေချာပေါက် အတူတူနေလို့ရတာကို အားလုံးက ခင်ဗျားတို့ကြောင့်၊ ခင်ဗျားတို့အမှားတွေချည်းပဲ။"

ရှီရှောင်ဝေ မရပ်မနား အော်ဟစ်နေသဖြင့် ယွမ်ဟောက်မင်မှာ ဒေါသထွက်လွန်း၍ မျက်ခုံးများပင် တလှုပ်လှုပ် ဖြစ်နေသည်။ သူ့အနေဖြင့် မိမိသမီးကို အရာရှိမိသားစုထဲ ပေးစားပြီး အနာဂတ်ကောင်းစေချင်သည်ဖြစ်ရာ ဒီကောင်ကြောင့် သမီးဂုဏ်သိက္ခာ အညှိုးနွမ်းမခံနိုင်ပေ..

"ခွေးကောင်လေး လျှောက်မပြောနဲ့.. ငါ့သမီးက ဘယ်တုန်းက မင်းနဲ့ ချစ်နေလို့လဲ။ လူမဆန်တဲ့ကောင်၊ ငါ့သမီးဂုဏ်သိက္ခာကို ဖျက်ဆီးနေတာ။ မင်းလိုကောင်ကို ငါ အသေသတ်မယ်။"

ယွမ်ဟောက်မင် ပညာတတ်တစ်ဦးပီပီ သိက္ခာကို အမြဲထိန်းသူဖြစ်သော်လည်း ယခုမူ မအောင့်နိုင်တော့ဘဲ ရှေ့သို့ပြေးထွက်ကာ အားမနာတမ်း ထိုးကြိတ်တော့သည်။

အဘွားကြီးကျောက် : "အမလေး... သွားပြီ~"

ဗြိ~~

ပိုင်ဖုန်းရှန်း: "........."

နှာခေါင်းကိုပိတ်ပြီး အဝေးဆုံးမှာ သွားရပ်နေလိုက်သည်။

အခြားသူများလည်း တိတ်တဆိတ် နောက်ဆုတ်သွားကြသော်လည်း အခြေအနေကို ဆက်ကြည့်နေကြဆဲပင်။

ယွမ်ဟောက်မင် ရှီရှောင်ဝေကို ဆွဲလားထိုးလားလုပ်ရာ အစ်မကြီးဖန်သည်လည်း သားဖြစ်သူကို အနှိပ်စက်မခံနိုင်ပေ။ ထို့ကြောင့် လူနှစ်ယောက် လုံးထွေးသတ်ပုတ်ကြလေ၏။

မာကျန့်ယီ: "မချကြနဲ့တော့။ ခင်ဗျားတို့နှစ်ယောက် မချကြနဲ့ဦး။"

တကယ်ကို အလုပ်မလုပ်ချင်တဲ့ နေ့တစ်နေ့ပါပဲ....

"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ၊ ဒါက အပြင်မှာလေ။ ဒီလိုလုပ်တာ လူကြားထဲ အရှက်ကွဲတာကို သိကြရဲ့လား.. သိက္ခာရော ရှိကြသေးရဲ့လား.."

မာကျန့်ယီ အသားကုန်ရုန်းပြီး လူများကို ဆွဲဖယ်ကာ ဒေါသတကြီး ပြောလေ၏။

"ဒါတွေသာ အပြင်ပျံ့သွားရင် စက်ရုံက ခင်ဗျားတို့ကို ဘယ်လိုမြင်မလဲ.. ဘာလို့ နည်းနည်းလေးမှ မစဉ်းစားကြတာလဲ.."

အစ်မကြီးဖန် မကျေနပ်သော်လည်း လူကြားထဲ အရှက်မကွဲချင်တော့သဖြင့် အားငယ်သည့်နှယ် ပြောလိုက်၏။

"ကျွန်မသားက အပြစ်မရှိပါဘူး"

"ခင်များသားက ဘာအပြစ်မှမရှိရမှာလဲ။ ငါ့ဖင့်ကြီးပဲ အပြစ်မရှိ.. မှန်ခွဲတာကို ငါကိုယ်တိုင် လက်ပူးလက်ကြပ်မိတာတောင် အပြစ်မရှိဘူးလား.. ပြီးတော့ ငါ့သမီးနဲ့ ဘာမှမပတ်သက်ပါဘဲနဲ့ ငါ့သမီးကိုပါ ဆွဲထည့်နေတာ ဒါအပြစ်မရှိတာလား.. ငါပြောထားမယ်၊ ငါ့သမီးဂုဏ်သိက္ခာကို ဖျက်ဆီးပြီး ငါ့သမီးကို ခင်များသားနဲ့ ပေးစားမယ်လို့များ မထင်နဲ့။ အိမ်မက်ပဲ မက်နေလိုက်.. ဒီဘဝမှာ ဘယ်တော့မှ မဖြစ်နိုင်ဘူး.."

ယွမ်ဟောက်မင် ဒေါသတကြီးဖြင့် သားအမိနှစ်ယောက်ကို စိုက်ကြည့်နေသည်။

ရှီရှောင်ဝေမှာ ဘာမှဂရုမစိုက်ဘဲ အသံထွက်ငိုတော့၏။

"ဟီး... ဟီး... ခင်ဗျားတို့က လူကို နှိပ်စက်နေတာ.. ဒီလိုကြီး ဝိုင်းနှိပ်စက်နေကြတာ။"

အဘွားကြီးကျောက်: "ဟော... ငိုပါပြီ.."

သူမ ရှီရှောင်ဝေကို စိတ်ဝင်တစား ကြည့်နေပြီး တိတ်တဆိတ် အောက်ကို တစ်ချက် ငုံ့ကြည့်လိုက်သည်။

ဒါက ယောက်ျားတစ်ယောက်နဲ့ လုံးဝ မတူဘူးပဲ....

ရှီရှောင်ဝေကတော့ ဘာမှဂရုမစိုက်ဘဲ ငိုမြဲငိုဆဲပင်။

အစ်မကြီးဖန် : "အမလေး... ငါ့သားလေးရယ်၊ အမေ သိပါတယ် သားရင်ထဲမှာ ဆင်းရဲနေမှာကို။ ငါ့ရဲ့ သားလိမ္မာလေးရယ်..."

အစ်မကြီးဖန်သည်လည်း လိုက်ငိုတော့သည်။

အဘွားကြီးကျောက်: ကျွစ် ကျွစ်..

သားအမိနှစ်ယောက် ဖက်ငိုနေကြသည်မှာ ဘာမှမသိသူဆိုလျှင် သူတို့ကပဲ ခံရသူတွေဟု ထင်ရပေလိမ့်မည်။

ဒါပေမဲ့ တကယ်တော့...

အဘွားကြီးကျောက်မှာ ယခုအချိန်၌ သူမတွင် ဝါးစရာနေကြာစေ့ မရှိနေသည်ကို နောင်တရနေပြီး ချန်ချင်းယွီ ဤပွဲကို လာမကြည့်ခြင်းအတွက် နှမြောစရာကြီးဟု တွေးနေမိသည်။

ဒီလိုပွဲမျိုးကို မကြည့်ရဘူးဆိုတာ မဖြစ်သင့်ဘူးလေ....

နှမြောစရာပဲ.. နှမြောစရာပဲ..

ရှီရှောင်ဝေ ပို၍ကျယ်ကျယ်အော်ငိုပြီး

"ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော် ဟောက်ရွှယ်နဲ့ပဲ အတူနေချင်တယ်"

"အိပ်မက်မက်နေလိုက်။"

ယွမ်ဟောက်မင် ထပ်ပြီး ထိုးကြိတ်ချင်သော်လည်း ရှီရှောင်ဝေ၏ ပုံစံကိုကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး

"မင်းလိုလူမျိုးက ငါ့သမီးကို ယူချင်တယ်ပေါ့၊ အိပ်မက်မက်တာက ပိုမြန်ဦးမယ်။ ငါ့ကို အကျပ်ကိုင်ချင်တာလား.. မရဘူး.. ဖွီ.."

ရွှီကောင်းမင် ယွမ်ဟောက်မင်ကို ဆွဲထားပြီး

"အဘိုးကြီးယွမ်၊ အခုအခြေအနေက သူ့ကိုပြောနေလို့လည်း မရဘူး၊ အရင်ပြန်ကြရအောင်။ ငါတို့အားလုံး အမှန်တရားကို သိကြပါတယ်။ လူတွေရဲ့မျက်စိက အမှန်သိပါတယ်၊ လျှောက်မပြောကြပါဘူး။ သူ့ကို ဒေါသထွက်နေတာနဲ့ မတန်ဘူး၊ လာ... ငါနဲ့အတူ ပြန်ရအောင်"

ရွှီကောင်းမင်မှာ ယွမ်ဟောက်မင်နှင့် ရင်းနှီးသူဖြစ်သဖြင့် ဖြောင်းဖျနေကာ

"မင်းက သူ့ကို ဒီလိုလိုက်ပြောနေရင် ဘာမှမသိတဲ့သူတွေက တကယ်ပဲ တစ်ခုခုရှိနေတယ်လို့ ထင်ကုန်လိမ့်မယ်၊ ဒါက အလကားနေရင်း အရှုံးပေါ်တာပေါ့။ လာပါ... သူတို့ဘာသာသူတို့ သောင်းကျန်းပါစေ၊ မင်းနဲ့ မဆိုင်တော့ဘူး"

ယွမ်ဟောက်မင် : "သူတို့က တကယ်ကို လွန်လွန်းတယ်.."

ယွမ်ဟောက်မင် : "ထွီ.."

သူ တံတွေး တစ်ချက်ထွေးထုတ်လိုက်ပြီး ရွှီကောင်းမင်မှ "သွားကြစို့" ဟု ဆိုကာ ယွမ်ဟောက်မင်ကို ခေါ်ထုတ်သွား၏။ ယွမ်ဟောက်မင် ထွက်သွားသည်ကို မြင်မှ မာကျန့်ယီလည်း သက်ပြင်းချနိုင်တော့သည်။ အစ်မကြီးဖန်နှင့် သားဖြစ်သူက ငိုနေဆဲဖြစ်ရာ မာကျန့်ယီ နားထင်ကိုပွတ်ရင်း

"အိမ်ကျမှပဲ အေးအေးဆေးဆေး ပြောကြရအောင်လား.."

"မရဘူး.."

ရှီရှောင်ဝေ: "ကျွန်တော် ပြန်မလာဘူး၊ ခင်ဗျားတို့အားလုံး ကျွန်တော့်ကို အထင်သေးနေကြတာ၊ ကျွန်တော် မပြန်ဘူး။"

"အမေ့ရဲ့ သားလိမ္မာလေးရယ်၊ အမေ့ကို စိတ်မပူအောင် မလုပ်ပါနဲ့ဦး။ အိမ်ပြန်ကြရအောင်၊ အိမ်ပြန်ပြီး သူတို့ကို တောင်းပန်ခိုင်းကြမယ်။ ကြည့်စမ်း... သား လဲကျသွားတာ ဘယ်နားတွေ နာကုန်ပြီလဲ မသိဘူး၊ အမေ့ရင်ကို ခွဲမသွားပါနဲ့ဦး.. ..."

သားအမိနှစ်ယောက် ဆွဲလားရမ်းလား လုပ်နေကြသည်ကို ကြည့်ပြီး အဘွားကြီးကျောက်မှာ ကြက်သီးတဖြန်းဖြန်း ထမိသည်။

သူမကတော့ ဒီနှစ်ယောက်ကို တကယ်ကို ကြည့်မရတော့ဘူး..

အဘွားကြီးကျောက် နှုတ်ခမ်းကိုမဲ့ကာ လက်ပိုက်ပြီး ပြန်လာခဲ့၏။ ကြည့်ရတာ တကယ်ကို စိတ်ပျက်စရာကောင်းလှသည်။

အခြားသူအချို့လည်း စိတ်ကုန်သွားကြသဖြင့် အဘွားကြီးကျောက်နှင့်အတူ ပြန်လာကြ၏။

"ငါတို့ ခြံဝင်းကြီးကတော့ တကယ့် အချစ်ရူးတွေပဲ ထွက်တာပဲ.."

ဘယ်သူက ရေရွတ်လိုက်မှန်းမသိ....

အဘွားကြီးကျောက် ပြန်စဉ်းစားကြည့်သောအခါလည်း ဟုတ်နေသည်ဟု တွေးမိလေသည်။

သူ့သားဖြစ်သူကလည်း အဲဒီလိုမျိုး အတင်းအကျပ် လက်ထပ်ယူခဲ့ပြီး အိမ်ထဲကို ဝံပုလွေတစ်ကောင် ခေါ်သွင်းလာသလို ဖြစ်ခဲ့ရတယ်..

ချန်ချင်းယွီမှာ အနိုင်ကျင့်ခံရမည့်သူမျိုး မဟုတ်ပေ။ သူမသည် လက်ကိုနောက်ပစ်ကာ ရှေ့ဆုံးမှ စဉ်းစားခန်းဝင်ကာ လျှောက်လာသည်။ ချန်ချင်းယွီမှာ အလျှော့ပေးတတ်သူ မဟုတ်သော်လည်း ကျန့်ဝမ်အပေါ်မှာတော့ တကယ်ကို စိတ်ရင်းနှင့် ဂရုစိုက်ရှာ၏။

ဒါကို ဘယ်လိုခေါ်မလဲ..

အပြန်အလှန် သံယောဇဉ်ပေါ့..

ဒါဆို ရှီရှောင်ဝေကိုကျ ဘယ်လိုခေါ်မလဲ..

ဟင်္သာကိုမှ စားချင်တဲ့ ကျီးကန်း.. (လိပ်ပြာကန်ကိုမှ မျှော်တဲ့ဖား..)

ဆင်အဝှါကို ခွေးမျှော်....

ဒီကောင်ကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ယောင်ချာချာဖြစ်နေတာ..

အဘွားကြီးကျောက် အထင်သေးစွာဖြင့် နှုတ်ခမ်းကိုမဲ့လိုက်သည်။ ရှီရှောင်ဝေ မည်မျှပင် ပြဿနာရှာရှာ၊ ကျောက်ရုံနှင့် သူမခင်ပွန်းတို့မှာ သူတို့နှစ်ယောက်ကို သဘောတူမည်မဟုတ်ကြောင်း သူမ အသိဆုံးဖြစ်၏။

ရှီရှောင်ဝေကတော့ သူတို့နောက်မှာ ငိုမြဲငိုဆဲပင်....

"မိန်းမကျနေတာပဲ၊ မိန်းမတွေထက်တောင် ပိုငိုနေသေးတယ်၊ ယောက်ျားစစ်စစ် မဟုတ်ဘူး"

နောက်မှလိုက်လာသည့် လင်စန်းရှင်းမှာလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။

အဘွားကြီးကျောက် အာပေါင်အာရင်းသန်သော်လည်း ပြောသမျှသည်ကား အဓိပ္ပာယ်ရှိလှ၏။

ဒါက ဘယ်လိုယောက်ျားမျိုးလဲ..

အားလုံး ခြံဝင်းထဲသို့ တဖြည်းဖြည်း ပြန်ရောက်လာကြသည်။ ခြံဝင်းတံခါးဝသို့ ရောက်ခါနီးတွင် လူငယ်နှစ်ယောက် ဟိုကြည့်ဒီကြည့် လုပ်နေသည်ကို မြင်လိုက်ရသဖြင့် အဘွားကြီးကျောက်မှာ အော်ဟစ်လိုက်၏။

"ဟေ့.. ဘာလုပ်နေကြတာလဲ.. ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်နေကြတာလဲ.."

"အဒေါ်... အထင်မမှားပါနဲ့၊ ကျွန်တော်တို့က လူဆိုးတွေမဟုတ်ပါဘူး.. သတင်းလာပေးတာပါ။ ဒီခြံထဲမှာ ကျန်းရှင်းဖှဆိုတဲ့သူ ရှိပါသလား.."

"ရှိတယ်လေ.. ဘာဖြစ်လို့လဲ.."

သူမ၏ အမူအရာမှာ အနည်းငယ် ပျာယာခတ်သွားသော်လည်း ချက်ချင်းပင် ပြန်ထိန်းလိုက်သည်။ ကံကောင်းသည်မှာ ထိုအချိန်တွင် သူမ၏မျက်နှာကို မည်သူမှ သတိမထားမိလိုက်ခြင်းပင်။

"တော်သေးတာပေါ့.. ခြံဝင်းတံခါးကြီးက အကျယ်ကြီး ပွင့်နေတာ၊ လူလည်း မရှိသလိုပဲဆိုတော့ မသေချာလို့ပါ။ ကျွန်တော်တို့က နောက်လမ်းကပါ။ ကျန်းရှင်းဖှ ခွေးကိုက်ခံရလို့ ဆေးရုံကို ပို့ထားရပါတယ်။ သူ့မိသားစုကို သတင်းလာပေးတာ။ ဆေးရုံကို မြန်မြန်သွားကြပါဦး၊ ကျန်းရှင်းဖှမှာ ပိုက်ဆံလည်း ပါမလာဘူး"

အဘွားကြီးကျောက် "ဘာ...." ဟု အံ့သြတုန်လှုပ်စွာဖြင့် အော်လိုက်သည်

"သူ ခွေးကိုက်ခံရတယ် ဟုတ်လား.."

"ဟုတ်ကဲ့၊ သူ တကယ်ကံဆိုးတာပဲ။ ဘယ်ကမှန်းမသိတဲ့ လေလွင့်ခွေးတစ်ကောင်က လာကိုက်သွားတာ။ ခွေးကိုတော့ မဖမ်းမိလိုက်ဘူး၊ သူ့ကိုတော့ ဆေးရုံ အမြန်ပို့ပေးထားပါတယ်"

အဘွားကြီးကျောက်မှာ ဆွံ့အသွားရသည်။ သူမ ချက်ချင်းပင် ချန်ချင်းယွီကို သံသယဝင်မိသွား၏။

ချန်ချင်းယွီ ထွက်သွားစဉ်က ကျန်းရှင်းဖှကို သင်ခန်းစာပေးမည်ဟု ပြောခဲ့သည် မဟုတ်လော့။

အဘွားကြီးကျောက် တွေးလိုက်

မိသည်။

‘ဒီမိန်းမကိုတော့ တကယ် သွားမစသင့်ဘူး။ သူ ရူးသွားရင် ဘယ်လိုထူးဆန်းတာတွေ လုပ်ဦးမလဲ ဘယ်သူသိမှာလဲ.. ငါတော့ သူ့ကို သွားမရှုပ်တာ အကောင်းဆုံးပဲ..’

အဘွားကြီးကျောက် တည်တည်ငြိမ်ငြိမ်ဟန်ဆောင်ကာ

"ဒီမှာ ခဏစောင့်နေဦး၊ ငါ သူတို့မိသားစုကို သွားခေါ်ပေးမယ်"

"သတင်းလေးပဲ တစ်ဆင့် ပါးပေးပါဦး..."

"မရဘူး၊ ငါတို့နှစ်အိမ်က ဆက်ဆံရေး အရမ်းဆိုးတယ်"

လူငယ်နှစ်ယောက်မှာ ဘာပြောရမှန်းမသိဘဲ ဆွံ့အသွားရသည်။

ဒါဆို ခင်များ စောစောက ဘာလို့ ဒီလောက် အချိန်ဆွဲနေရတာလဲ..

ခင်များ တမင်လုပ်နေတာမလား....

သို့သော်လည်း ထိုအဘွားကြီးမှာ အလျှော့ပေးမည့်ပုံ မရှိသဖြင့် လူငယ်နှစ်ယောက်မှာ ဘာမှမပြောရဲတော့ပေ။

"ဘာဖြစ်တာလဲ.. ဘယ်သူ့ကို ရှာနေတာလဲ.."

မကြာမီ အခြားသူများလည်း ရောက်လာကြသည်။ လူငယ်နှစ်ယောက်မှာလည်း "ကျွန်တော်တို့ ဒီမှာ..." ဟု ဆိုကာ စိတ်ရှည်လက်ရှည်ဖြင့် ထပ်ခါထပ်ခါ ရှင်းပြနေရလေ၏။

လူငယ်နှစ်ယောက် ရှစ်ကြိမ်မြောက်အဖြစ် ရှင်းပြ၍အပြီး နောက်ဆုံး အဘွားကြီးဟွမ်သည် နောက်ဘက်မှ ပြေးထွက်လာပြီး အော်ဟစ်ငိုယိုလေသည်။

"ငါ့သားလေး.. ဘာဖြစ်တာလဲ.... ငါ့ရဲ့ရှင်းဖှလေး ဘာဖြစ်သွားတာလဲ.... ကောင်းကင်ကြီးမှာ မျက်စိမရှိဘူးလား.."

သူမ ရှေ့သို့ပြေးလာရင်း ငိုယိုကာ မေးမြန်းလေ၏။

"ငါ့သား ဘယ်လိုနေလဲ.. အဆင်ပြေရဲ့လား.. အဲဒီအသေနာခွေးက ငါ့သားကို ဘယ်လိုဖြစ်ပြီး လာကိုက်ရတာလဲ.."

လူငယ်နှစ်ယောက် : "သူ့ဖင်ကို ကိုက်သွားတာဗျ၊ တင်ပါးတစ်ဖက်ကို တစ်ချက် အသေအချာ ကိုက်သွားတာ။ ကိုယ်တိုင်ပဲ သွားကြည့်လိုက်တော့။ ကျွန်တော်တို့ သွားရတော့မယ်"

"မရဘူး.. နင်တို့ ငါ့ကို ဆေးရုံအထိ လိုက်ပို့ပေးရမယ်။ မသွားကြနဲ့ဦး။ နင်တို့က ဘာလို့ ဒီလောက်တောင် စိတ်ကောင်း မရှိကြတာလဲ.."

အဘွားကြီးဟွမ်မှာ နည်းနည်းလေးမှ ယဉ်ကျေးပျူငှာခြင်း မရှိပေ။

ထိုစကားကို ကြားလိုက်ရသည့် အဘွားကြီးကျောက်မှာ ဗြုန်းခနဲ ရယ်ချလိုက်ပြီး

"ဒါကတော့ တကယ့်ကို ထူးဆန်းတာပဲ၊ သူကတော့ ငါတို့ကို အတင်းကပ်တွယ်နေပြီ"

အဘွားကြီးဟွမ်၏ မျက်နှာ ပျက်သွားပြီး သူမ ဆဲရေးချင်သော်လည်း မာကျန့်ယီ တကယ်ဒေါသထွက်နေသည်ကို သတိရသွားသဖြင့် တွေဝေသွားကာ အောင့်ထားလိုက်ရသည်။

လူငယ်နှစ်ယောက်မှာလည်း သူတို့နှင့် ရင်းနှီးသူများမဟုတ်သဖြင့်

ကမန်းကတန်း ဆိုလိုက်ကြ၏။

"ကျွန်တော်တို့ ခဏနေရင် အလုပ်သွားရတော့မယ်၊ အချိန်မရှိဘူး။ နောက်ပြီး ဒါက ကျွန်တော်တို့နဲ့လည်း မဆိုင်ဘူးလေ။ ကုသိုလ်လုပ်တာနဲ့တော့ အလုပ်အပျက်မခံနိုင်ဘူး.."

မာကျန့်ယီလည်း ထိုအချိန်တွင် ပြန်ရောက်လာပြီး

"မောင်ရင်တို့ သွားလို့ရပါပြီ၊ အလုပ်ရှုပ်သွားစေလို့ အားနာပါတယ်။ သတင်းလာပေးတာ ကျေးဇူးတင်ပါတယ်"

"ရပါတယ်၊ ကျေးဇူးတင်စရာ မလိုပါဘူး"

အဘွားကြီးဟွမ်မှာ အလွန်အမင်း မကျေမနပ်ဖြစ်ကာ ညည်းတွားလိုက်၏။

"ငါ့လို အဘွားကြီးက ဆေးရုံကို တစ်ယောက်တည်း ဘယ်လိုသွားရမှာလဲ.. ဝမ်တာ့ချွေ... နင် ငါနဲ့ လိုက်ခဲ့စမ်း"

ဝမ်တာ့ချွေ သူမကို ဂရုမစိုက်ဘဲ ရယ်ကျဲကျဲဖြင့် ထွက်သွားလေသည်။

အဘွားကြီးဟွမ် : "ဒီဘက်ခေတ် လူငယ်တွေကတော့ တကယ်ကို မကောင်းဘူး၊ အိမ်ထောင်ဖက် မတွေ့တာ မဆန်းပါဘူး။ ဒီလိုပုံစံနဲ့ ဘယ်သူကများ လိုချင်မှာလဲ.."

မာကျန့်ယီ: "တော်ပါတော့၊ ခင်ဗျားက အမြဲတမ်း ဒီလိုဖြစ်နေရင် ဘယ်သူက ခံနိုင်မှာလဲ.."

အဘွားကြီးကျောက်: "ဟုတ်ပ"

မာကျန့်ယီ နားထင်ကိုပွတ်ရင်း

"အဒေါ်ကျောက်... အိမ်ပြန်ပြီး အနားယူလိုက်ပါဦး၊ ခဏနေရင် အလုပ်သွားရတော့မှာ မဟုတ်လား.. အနားမယူရင် ဘယ်မှာ အားရှိပါ့မလဲ.."

အဘွားကြီးကျောက်: "ဒါက ဘာခက်တာမှတ်လို့၊ ငါကတော့ အားအင်တွေ ပြည့်နေတုန်းပဲ"

သူမမှာ တကယ်ပင် ဖျတ်လတ်တက်ကြွနေဆဲဖြစ်သည်။

မာကျန့်ယီ: "ကဲ... သွားကြစို့၊ အားလုံး အိမ်ပြန်ပြီး ခဏလောက် အနားယူကြပါဦး"

မာကျန့်ယီ၏ ပင်ပန်းနွမ်းနယ်နေသော ပုံစံကို ကြည့်ပြီး အဘွားကြီးကျောက်မှာ "ယောက်ျားတွေက မိန်းမတွေလောက် မကြံခိုင်ပါဘူး" ဟု စိတ်ထဲမှ တွေးလိုက်မိသည်။ သူတို့နှစ်ယောက်စလုံး တစ်ညလုံး မအိပ်ခဲ့ရသော်လည်း ယောက်ျားများမှာ လူသေကဲ့သို့ ဖြစ်နေကြပြီး အဘွားကြီးဖြစ်သူ သူမမှာမူ အားအင်များ ရှိနေသေး၏။

နှိုင်းယှဉ်လို့တောင် မရပေ..

သူမ တိုးတိုးလေး ရယ်လိုက်မိသည်။

သို့သော်လည်း သူမ ထိုစေတနာကိုတန်ဖိုးထား၏။ မာကျန့်ယီ အားလုံးကို အိမ်ပြန်နားရန် တိုက်တွန်းသဖြင့် အဘွားကြီးကျောက်လည်း အိမ်ပြန်လာခဲ့သည်။ အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ချန်ချင်းယွီ လဲလျောင်းနေသည်ကို တွေ့လိုက်ရသဖြင့် "နင်က ဘာလို့ ထွက်မကြည့်တာလဲ.." ဟု စပ်စုမေးလိုက်၏။

ချန်ချင်းယွီ : "ကြည့်စရာမလိုဘဲ ဘာဖြစ်နေလဲဆိုတာ ကျွန်မ သိတယ်လေ"

သူမသည် အုတ်ခုတင် အိပ်ရာပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး မလှုပ်ချင်တော့ပေ။

"ဒါနဲ့... ရှီရှောင်ဝေကို တွေ့ခဲ့ကြလား.."

အဘွားကြီးကျောက် : "တွေ့ခဲ့ပါပြီအေ့၊ သူကတော့ သောင်းကျန်းနေတာပဲ။ ငါတို့ ခြံဝင်းထဲက ယောက်ျားတွေကတော့ တကယ်ကို အသုံးမကျတာ။ ငါ့သားတစ်ယောက်ပဲ အဆင့်ရှိတာ၊ တခြားလူတွေကို ကြည့်ပါဦး။ ဒါပေမဲ့ ဒီတစ်ခါတော့ အခြေအနေကောင်းသွားတယ်၊ ငါတို့လည်း ဒီကိစ္စကနေ လွတ်သွားပြီ။ ငါလည်း အပြစ်မရှိတော့ဘူး"

ချန်ချင်းယွီ ရယ်မောရင်း ရေရွတ်ပြောဆိုလိုက်၏။

"ဒါမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်မ တကယ် မထင်ထားဘူး"

"ဘယ်သူက ထင်မှာလဲ.. ဪ... ဒါနဲ့၊ ကျန်းရှင်းဖာ ခွေးကိုက်ခံရတယ်တဲ့။ အဲဒါ နင်လုပ်တာလား.."

ချန်ချင်းယွီ မျက်လုံးလေးများ ဝိုင်းသွားပြီး ကမန်းတတမ်းဖြင့် ငြင်းဆိုလိုက်၏။

"မဟုတ်ပါဘူး၊ ကျွန်မကို လာမစွပ်စွဲနဲ့။ သူက ကံဆိုးလို့ပါ၊ ဘယ်သူက သူ့ကို လေလွင့်ခွေးတွေ လိုက်ရန်ရှာခိုင်းလို့လဲ.. ကျွန်မအမှား မဟုတ်ဘူးနော်"

အဘွားကြီးကျောက် သူမကို လုံးဝ မယုံပေ။

သူမ၏ စိတ်ထဲတွင် ချန်ချင်းယွီမှာ မိစ္ဆာမလေးတစ်ယောက် ဖြစ်နေပြီး လုံးဝ လူကောင်းမဟုတ်ဟု မှတ်ယူထား၏။

သူမ ချန်ချင်းယွီကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုဖြစ်ကြောင်းကို လုံးဝမယုံကြည်

ပေ။ ချန်ချင်းယွီခမျာ သနားစဖွယ်ဖြင့်

"တကယ်ပါဆို။ ကျွန်မ တကယ်ကို အပြစ်မရှိပါဘူး.."

အဘွားကြီးကျောက်: "အော်။"

ချန်ချင်းယွီ: "ဟင်း... အမေကလည်း... ထားလိုက်ပါတော့လေ၊ ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။"

အဘွားကြီးကျောက်: "အော်။"

ချန်ချင်းယွီ: "ဒီလို ရှုပ်ရှုပ်ထွေးထွေးကိစ္စတွေထဲ ကျွန်မက ဘာလို့ ပါဝင်ပတ်သက်နေမှာလဲ.."

အဘွားကြီးကျောက်: "အော်။"

ချန်ချင်းယွီ မျက်လုံးလှန်လိုက်မိပြီး ဘာမှထပ်မပြောတော့ဘဲ အခြားသူများ ထင်ချင်သလိုသာ ထင်ပါစေတော့ဟု ဆုံးဖြတ်လိုက်သည်။

အဘွားကြီးကျောက်: "ဪ... ဒါနဲ့၊ ဒီနေ့ လီတာ့ရှန်းတို့ မိသားစုကို နင် နောက်တစ်ခါ ထပ်ပြီး ပညာပေးလိုက်ပြန်ပြီလား.."

ချန်ချင်းယွီ: "..."

"အမှန်အတိုင်းပြောရရင် ကျွန်မ သူတို့ကို ဘာမှမလုပ်ရပါဘူး၊ သူတို့ဘာသာသူတို့ အိမ်သာကျင်းထဲ ခုန်ဆင်းသွားကြတာပါ"

အဘွားကြီးကျောက်၏ နှုတ်ခမ်းများ တလှုပ်လှုပ်ဖြစ်သွားပြီး ချန်ချင်းယွီကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ "ငါ ယုံမယ်ထင်နေလား စောင့်ကြည့်လိုက်လေ" ဆိုသည့် အဓိပ္ပာယ်မျိုး ပေါက်နေ၏။

သူမတစ်သက်တွင် အိမ်သာကျင်းထဲကို မိမိဘာသာ ခုန်ဆင်းသွားသည့်လူအကြောင်း တစ်ခါမှ မကြားဖူးချေ။

ချန်ချင်းယွီ: "တကယ်ပြောတာပါ.."

သူမ၏ မျက်လုံးလေးများမှာ ဝိုင်းစက်ကာ အနက်ရောင်အရောင်တောက်နေပြီး ပြောသမျှစကားထဲတွင် လိမ်ညာမှု တစ်လုံးမှ မပါသကဲ့သို့ပင်။

သို့သော်လည်း ဘယ်သူမှ မယုံကြသည်မှာ သိသာလှသည်။

ဒါကတော့... ချန်ချင်းယွီမှာ ဘာမှမတတ်နိုင်ဘဲ ကောင်းကင်ကိုကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။ သူမကိုယ်သူမ တကယ်ကို အပြစ်မရှိသကဲ့သို့ ခံစားရသည်။ တကယ်လည်း သူမလုပ်ခြင်း မဟုတ်သော်ငြား မည်သူမှ မယုံကြပေ။

လူတွေကလည်း ခက်လိုက်တာ သူမ ဒီလောက် အပြစ်ကင်းတာကို..

"ငါ့သက်တမ်းတစ်လျှောက်မှာ အိမ်သာကျင်းထဲ ခုန်ဆင်းတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ အဲဒီလို ဝါသနာရှိတဲ့သူလည်း မတွေ့ဖူးဘူး"

အတိုချုပ်ပြောရလျှင် နင် ငါ့ကို လိမ်လို့မရပါဘူး ဟူ၍ပင်....

ချန်ချင်းယွီ : "ထားလိုက်ပါတော့၊ ထားလိုက်ပါတော့.. ကျွန်မ ပင်ပန်းနေပြီ၊ အရေးမကြီးပါဘူး"

ဘယ်လိုပဲဖြစ်ဖြစ် သူမ ရှင်းပြလို့ရမည်မဟုတ်ပေ။

အဘွားကြီးကျောက်၏ မျက်လုံးထဲတွင် သူမမှာ မိစ္ဆာမလေးတစ်ယောက်ကဲ့သို့ ဖြစ်နေလေပြီ။

"ချွေးမရယ်၊ နင်ကတော့ တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ ဒါတွေအားလုံးက နင့်ကျေးဇူးတွေပါ။ မဟုတ်ရင် ငါသာ လက်စားချေချင်တယ်ဆိုရင် ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ နင်ကတော့ တကယ့်ကို အရည်အချင်းရှိတာပဲ။ သူတို့ကို သေသေချာချာလေး ပညာပေးလိုက်နိုင်တယ်"

သူမ နောက်နေခြင်းမဟုတ်ပေ။ အဘွားကြီးကျောက်သည် ဤကိစ္စနှင့် ပတ်သက်၍ အမှန်အတိုင်း ပြောနေခြင်းဖြစ်ပြီး ချန်ချင်းယွီကို တကယ်ပင် ကျေးဇူးတင်နေမိ၏။ သူမသည် စိတ်လိုက်မာန်ပါ လုပ်တတ်သူဖြစ်သော်လည်း ဉာဏ်လည်းကောင်းသူဖြစ်သည်။ ချန်ချင်းယွီမှာ သူမထက် ပိုတော်၏။

သူမ တစ်ယောက်တည်းသာဆိုလျှင် လွန်ခဲ့သော အချိန်ကတည်းက အကြိမ်ကြိမ် အရှုံးပေးခဲ့ရမည်မှာ ကြာလှပြီ....

အဘွားကြီးကျောက်သည် မိမိ၏ စရိုက်ကို အတိုင်းအတာတစ်ခုအထိ သိသည်။ သူမမှာ တိုက်ခိုက်ရာတွင် တော်သော်လည်း စိတ်မြန်ပြီး အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် မလုပ်တတ်ပေ။ အခြားသူများ၏ လှည့်ကွက်များကိုလည်း မမြင်တတ်ချေ။

ချန်ချင်းယွီ ရှိနေသဖြင့် အခြေအနေများမှာ သေချာပေါက် ပိုမိုကောင်းမွန်လာခဲ့သည်။

"ဟင်း... သူက အရင်တုန်းက ငါ့သားကို လူတွေ ဝိုင်းဖယ်ကြဉ်အောင် ဦးဆောင်ခဲ့တယ်၊ ပင်ပန်းတဲ့ အလုပ်တွေကိုမှ ရွေးခိုင်းတယ်၊ ဆရာတစ်ယောက်အနေနဲ့လည်း ဘာမှသင်မပေးခဲ့ဘူး။ အခု သူ့ကိုကြည့်စမ်း၊ ဘယ်လောက် အရှက်ရဖို့ကောင်းလဲ.. အိမ်သာကျင်းထဲကို တစ်ခါပြီးတစ်ခါ ပြုတ်ကျနေတာ၊ ဘယ်သူကမှ သူ့ကို ရွံမှာမဟုတ်ဘူးလို့ ငါမယုံဘူး။ နေဦး... ဒီသတင်းကို လူတိုင်းသိအောင် ငါ လိုက်ဖြန့်ဦးမယ်.. လူတိုင်းက သူ့ကို နှာခေါင်းရှုံ့ကြမှာပဲ၊ သူ ဘယ်လိုခံစားရမလဲ ကြည့်ကြသေးတာပေါ့။ ဟား.. ဒီတစ်ခါတော့ သူ အရှက်ကွဲတာ တကယ်ကို ထိုက်တန်ပါတယ်.."

ချန်ချင်းယွီ: "နောက်တစ်ယောက်ကတော့ ချဲယုံဖုန်းပဲ။"

အဘွားကြီးကျောက်: "ကောင်းပြီ.. ငါ နင့်စကားကို နားထောင်မယ်.."

သူမ ချန်ချင်းယွီကို ဆွဲကာ စိတ်လှုပ်ရှားစွာဖြင့်

"နင်ကတော့ ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးဇနီးပဲ၊ ဒါကတော့ ငြင်းစရာမလိုဘူး။ ငါ့ရဲ့ကျန့်ဝမ်က နင့်လိုလူကို လက်ထပ်ခဲ့ရတာ တကယ်ကို ကံကောင်းတာပဲ.."

ချန်ချင်းယွီ အဘွားကြီးကျောက်ကို သေချာစိုက်ကြည့်ပြီး

"အမေ... ဒီလောက်ကြီးလည်း ချိုသာမနေပါနဲ့ဦး"

အမယ်လေး.. ကြက်သီးထလိုက်တာ..

အဘွားကြီးကျောက် မျက်လုံးလေးများ ပြူးသွားကာ အခိုင်အမာ ပြောလိုက်၏။

"ငါ အမှန်အတိုင်း ပြောတာပါ၊ ကျိန်ဆိုရဲတယ်.."

‘ဪ......’

ချန်ချင်းယွီ အာမေဍိတ်သံကို သံရှည်ဆွဲ၍ ပြန်တုံ့ပြန်လိုက်မိလေသည်။

ပုံမှန်အတိုင်း နေစမ်းပါရှင်.. ရွံစရာတွေ မလုပ်စမ်းပါနဲ့..

အခန်း ၆၈။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း

ဒီတစ်လောမှာ အတင်းအဖျင်းတွေ၊ တစ်ယောက်နဲ့တစ်ယောက် ပုတ်ခတ်တာတွေနဲ့ တော်တော်လေးကို ရှုပ်ယှက်ခတ်နေတာပဲ..

ပြီးခဲ့သည့်ရက်များအတွင်း ကိစ္စများ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေပြီး နေ့စဉ် စည်ကားမြိုင်ဆိုင်နေ၏။

တကယ်ကို မနည်းမနောပါပဲ....

ဆိုရလျှင် လူတိုင်းမှာ အမီလိုက်နေရပြီး တကယ်ကို အလုပ်များနေကြသည်။ ဝင်းထဲရှိ လူများမှာ တစ်ညလုံး ရှီရှောင်ဝေကြောင့် အလုပ်များခဲ့ကြ၍ မျက်လုံးများ ဖောင်းအစ်ကာ မျက်ကွင်းများမှာ အာဟွားဟွား ပန်ဒါများကဲ့သို့ ညိုမဲနေကြ၏။

တော်တော်ကို ပင်ပန်းနေကြတာပါ..

သို့သော် ယနေ့ခေတ်၏ လူများမှာ အလုပ်ပျက်ကွက်ရန် အလွန်ပင် ဝန်လေးကြပြီး၊ လူ့အဖွဲ့အစည်းအတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံ၍ ကြိုးစားဆောင်ရွက်နေကြသည်။

အလုပ်ကြိုးစားရမယ်လေ.. ဒီလို တက်ကြွလှုပ်ရှားနေတဲ့ ခေတ်မှာ လူတိုင်းက အလုပ်ကြိုးစားနေကြတာ..

အချောင်ခို၍ အလုပ်မလုပ်ချင်သူမှာ တကယ်ပင် နည်းပါးလှ၏။

အဘွားကြီးကျောက်ကဲ့သို့ လူမျိုးမှာမူ ထိုတွေ့ရခဲသည် လူမျိုးဖြစ်သော်လည်း သူမသည် အလုံးစုံ ပျင်းရိနေခြင်းတော့ မဟုတ်ပေ။

ထို့အပြင် ထမင်းစားဆောင်ရှိ အလုပ်များမှာလည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်။ သို့သော် အဘွားကြီးကျောက်မှာ နှေးကွေးပြီး အချိန်ဆွဲဖင်လေးတတ်သော်ငြား ထမင်းစားဆောင်တွင် လူချစ်လူခင်အများဆုံး ဖြစ်သည်မှာ ငြင်း၍မရပေ။ ထုံးစံအတိုင်းပင် ယနေ့နံနက်စောစော၌ မျက်ကွင်းများညိုမဲနေသော အဘွားကြီးကျောက်သည် လူတိုင်းနှင့် စကားလက်ဆုံကျနေ၏။

"နင်တို့ စက်ရုံရုံးခန်းက အစ်မကြီးဖန်ကို သိတယ်မလား.. မနေ့ညက သူ့သားက အိမ်နီးချင်းအိမ်က ပြတင်းပေါက်ကို မှန်နဲ့ပေါက်ခွဲနေတုန်း လက်ပူးလက်ကြပ် အမိခံလိုက်ရတယ်လေ။ ဟဲ့... ဘာမှတ်လို့လဲ.... သူက ရှက်ရကောင်းမှန်းလည်း မသိဘူး၊ အဲဒါတင်မကသေးဘူး တော်တော်လေးကို မောက်မာနေသေးတာ၊ ကိုယ်လုပ်တာကိုယ် မှန်တယ်ဆိုပြီး လုပ်နေတာ။ ဘာ.. ဘယ်သူ့အိမ်ကို ပေါက်တာလဲလို့ မေးတာလား.. နင်တို့အားလုံး သိပါတယ်၊ ယွမ်ဟောက်မင်လေ၊ သူ့မိန်းမက ကျောက်ရုံလေ... အေး... အဲဒီအိမ်ပဲ..."

အဘွားကြီးကျောက်သည် တတွတ်တွတ်ဖြင့် အတင်းအဖျင်းများ ဖြန့်ဝေနေလေသည်။

"အဲဒီကလေးက အမှားလုပ်ထားတာ သိသာနေတာကို တော်တော်လေး ပြဿနာရှာတတ်တဲ့ ကောင်လေးပဲ။ မနေ့ညက အပြင်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ လုပ်လို့ တစ်ရပ်ကွက်လုံး ဝိုင်းရှာလိုက်ရသေးတယ်။ ငါ့မျက်ကွင်းတွေ ညိုနေတာ ကြည့်ဦး၊ သူ့ကို လိုက်ရှာပေးနေရလို့ပေါ့..."

အဘွားကြီးကျောက်၏ အတင်းအဖျင်း ဇာတ်လမ်းများမှာ ရှေ့ဆက်နေဆဲပင်။

"ငါတို့ရပ်ကွက်က ကျန်းရှင်းဖှလေ၊ ငါတို့စက်ရုံက စက်ပြင်သမား၊ အဲဒီလူကလည်း တစ်မျိုးပဲ.. မနေ့ညက သူငယ်ချင်းအိမ်သွားတာ ညသန်းခေါင်ယံမှာ လမ်းဘေးခွေး ကိုက်ခံလိုက်ရတယ်လေ။ ဘယ်နေရာမှာလဲဆိုတာ ခန့်မှန်းကြည့်စမ်း.. ဟိဟိ... သူ့ဖင်ကိုတဲ့.. ဖင်ကို တစ်ချက်တည်း ဟပ်လိုက်တာ.. ခွေးရူးပြန်ကာကွယ်ဆေး ထိုးဖို့ ဆေးရုံခေါ်သွားရတယ်၊ သူ့မှာက ပိုက်ဆံကလည်း တစ်ပြားမှ ပါမလာဘူး..."

အဘွားကြီးကျောက် ရောက်လာချိန်မှစ၍ လူတိုင်း၏ အားလပ်ချိန်များမှာ ရေထိပန်းကလေးများနှယ် စိုပြေနေ၏။

တကယ့်ကို... စည်ကားမှစည်ကား၊ အုန်းအုန်းကျွက်ကျွက်ပါပဲ..

ဝန်ထမ်းရေးရာဌာနက ညွှန်ကြားရေးမှူးဝမ် တောင် တစ်ခါတလေ လမ်းလျှောက် လာတတ်သေးတယ်၊ တကယ်တော့ အတင်းလေး ဘာလေး နားထောင်….အဲအဲ..

အဟမ်း.. အမှတ်မထင် လှည့်လည်စစ်ဆေးတာပါ..

အတင်းအဖျင်း နားထောင်ဖို့ သက်သက်လာတာ မဟုတ်ပါဘူးနော်..

လူအများ အားတက်သရော ဆွေးနွေးနေကြပြီး ထမင်းစားဆောင်တွင် မနက်စောစော ထမင်းလာယူသူများမှာလည်း တစ်စုံတစ်ခုကို ပိုကြားချင်သကဲ့သို့ နားစွင့်နေကြသည်။

သို့သော် ယနေ့တွင် အတင်းအဖျင်းသတင်းမှာ ဤမျှသာမကဘဲ အတော်လေး စည်ကားလှ၏။ စားသောက်ဆောင်မှ အဘွားကြီးစွန်းမှာလည်း သတင်းထူးကြီးတစ်ခု ရှိနေပုံရသည်။ သူမသည် လူအများကို လျှို့ဝှက်စွာဖြင့်

“ဟဲ့... ကျန်းရှင်းဖှကို ခွေးကိုက်တာ ငါသိတာပေါ့၊ ငါတို့ ဝင်းကြီးရဲ့ တံခါးဝမှာပဲလေ။ အဲဒီလူက လျှိုကျင့်ကို သွားရှာတာလေ၊ ဟဲဟဲ... နင်တို့ပဲ စဉ်းစားကြည့်တော့။ ခွေးကိုက်ခံရတာ ထိုက်တန်တာပေါ့၊ ဘယ်သူက သူ့ကို သူများမိန်းမနဲ့ ဖောက်ပြန်ခိုင်းလို့လဲ။ ဒါက လင်ရှိမယားကို သွားရှုပ်တာလေ၊ ကောင်းကင်ကြီးကတောင် သူ့ကို ကြည့်မရတော့တာ နေမှာပေါ့။ ငါပြောပြဦးမယ်၊ ဒီခွေးကိုက်တာက ကိစ္စအကြီးကြီး မဟုတ်သေးဘူး၊ ဒါက အသေးအမွှားလေးပဲရှိသေးတာ၊ ငါတို့ရပ်ကွက်ထဲမှာ မနေ့ညကမှ ကိစ္စအကြီးကြီး ဖြစ်သွားတာဟဲ့။”

အဘွားကြီး ကျောက်၏ မျက်ဝန်းများ လှုပ်ခတ်သွား၏။

အဘွားကြီးစွန်းသည် လီတာ့ရှန်းတို့ လင်မယား၏ ဘေးခြံဝင်းတွင် နေထိုင်သည်ဖြစ်၍ အိမ်နီးချင်းအဖြစ် သတ်မှတ်လို့ရလေသည်။သို့သော် သူမက မသိချင်ယောင်ဆောင်ကာ မေးလိုက်၏။

“နင်တို့ရပ်ကွက်ထဲမှာ ဘာဖြစ်လို့လဲ..”

“ဘာဖြစ်ရမလဲ... ဟဲဟဲ.. ကိစ္စက အကြီးကြီးပဲ၊ ငါတို့ဘေးဝင်းက လီတာ့ရှန်းတို့ လင်မယားလေ၊ သူတို့ သရဲခြောက်ခံရပြီး အောက်လမ်းနည်းနဲ့ ပြုစားခံလိုက်ရတယ်တဲ့၊ ကြောက်စရာကြီးနော်..”

ထိုအခါ ထမင်းစားဆောင်မှ လူအနည်းငယ်သည်ပါ စပ်စုချင်စိတ်ဖြင့် တိုးကပ်လာကြကာ

“သရဲခြောက်ခံရတာ ဟုတ်လား.. အခုခေတ်ကြီးမှာ ဒီလို အယူသီးတာတွေကို ဝါဒဖြန့်လို့ မရဘူးလေ၊ သူတို့မိသားစုက ရူးသွားပြီလား၊ ဒီလိုပြောရဲအောင်... ရပ်ကွက်က လူကြီးတွေ လာဖမ်းမှာ မကြောက်ဘူးလား.. ဒါက လျှောက်လုပ်တာပဲ။”

အဘွားကြီးစွန်းမှာ လျှို့ဝှက်တဲ့ အမူအရာဖြင့်

“နင်တို့က ဘာသိမှာလဲ၊ သူတို့ကလည်း ဝန်မခံချင်ပါဘူး။ ဒါပေမဲ့ မနေ့ညက မျက်လုံးပေါင်းများစွာက အတိုင်းသား မြင်လိုက်ကြတာလေ။ သူတို့ တကယ် သရဲခြောက်ခံရတာ။ မနေ့ညက ကျန်းရှင်းဖှကို ခွေးအကိုက်ခံရတော့ ဆူညံသွားပြီး လူတော်တော်များများ ထွက်လာကြတယ်မလား။ အားလုံးကလည်း စေတနာနဲ့ ကျန်းရှင်းဖှကို ဆေးရုံပို့ပေးကြသေးတယ်။ ဒါပေမဲ့ ကျန်းရှင်းဖှကို ပို့တဲ့လူတွေ ထွက်သွားရုံရှိသေးတယ်၊ လီတာ့ရှန်းက အော်ကြီးဟစ်ကျယ်နဲ့ ‘သရဲ... သရဲမလာပြီ..’ ဆိုပြီး အော်တော့တာပဲ။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ဝင်းထဲကလူတွေ အများကြီး ရှိနေတာကို ဘယ်သူမှ မမြင်ရဘူး၊ လီတာ့ရှန်းတို့ လင်မယား နှစ်ယောက်တည်း မြင်ပြီး ဟိုပြေးဒီပြေးနဲ့ ‘သရဲကြီးက လေထဲမှာ’ ဆိုပြီး အော်နေကြတာ၊ တခြားလူတွေကတော့ တစ်ယောက်မှ မမြင်ရဘူးလေ။”

အဘွားကြီး ကျောက်မှာ နှုတ်ခမ်းများ တွန့်မဲ့သွားရသည်။

“သူတို့ပြောတဲ့ သရဲဆိုတာ တံတိုင်းပေါ်က လူကို မဟုတ်ဘူးဆိုတာ သေချာလို့လား..” ဟု စိတ်ထဲမှ တွေးနေမိသော်လည်း ဘာမှမသိသလိုပင် ဆက်နားထောင်နေလိုက်၏။ အခြားသူများမှာလည်း အဘွားကြီးစွန်းကို စိတ်ဝင်တစား ကြည့်နေကြ၏။

ဤသို့သော ထူးဆန်းဖြစ်ရပ်မျိုးမှာ လူကို ပို၍ စပ်စုချင်စိတ် ဖြစ်စေသည်ပင်..

အဘွားကြီးစွန်းသည်လည်း ဂုဏ်ယူစွာ ပြုံးလိုက်သည်။ ဤစားသောက်ဆောင်၏ အတင်းအဖျင်းဘုရင်မမှာ သူမသာလျှင် ဖြစ်ရမည်။

“အဲဒီလိုနဲ့ နှစ်ယောက်သား အော်ဟစ်နေကြတုန်း လီတာ့ရှန်းရဲ့ မိန်းမက ဘာစိတ်ပေါက်သွားလဲ မသိဘူး၊ ရုတ်တရက် လီတာ့ရှန်းကို ဆွဲပြီး အိမ်သာကျင်းထဲ ခုန်ချလိုက်တာလေ.. ‘သရဲက အညစ်အကြေးကို ကြောက်တယ်’ တဲ့.. တကယ်နော်၊ အဲဒီအချိန်မှာ ငါလည်း ထွက်ကြည့်နေတာ၊ သူတို့ဘာသာသူတို့ ခုန်ချသွားတာကို အတိုင်းသား မြင်လိုက်ရတာ။ ဗြုန်းဆိုပြီး ခုန်ချသွားတာပဲ.. အမလေး... ငါတော့ အနားတောင် မကပ်ရဲဘူး၊ ရွံစရာကြီး.. တကယ်ကို ရွံစရာကြီး။”

“နင် လူသွားမကယ်ဘူးလား..”

အဘွားကြီးကျောက် မေးလိုက်ရာ

အဘွားကြီးစွန်းမှာ ပြန်ဖြေ၍

“ငါက ဘာသွားကယ်ရမှာလဲ.. သူတို့ဘာသာ အလိုအလျောက် ခုန်ချတာလေ၊ ငါတို့က သွားဆွဲတင်ရင် သူတို့ဆန္ဒကို ဆန့်ကျင်ရာကျမှာပေါ့။ နောက်ပြီးတော့ ငါက စားသောက်ဆောင်မှာ အလုပ်လုပ်တဲ့သူလေ၊ ငါသာ သွားကယ်လို့ကတော့ ရွံစရာကောင်းလွန်းလို့ သေသွားမှာပေါ့။ အဲဒီလိုဆို စားသောက်ဆောင်မှာ ဘယ်လို အလုပ်လုပ်တော့မလဲ.. စက်ရုံက လူတွေက ငါတို့ စားသောက်ဆောင်ကို ရွံကုန်ကြမှာပေါ့။ ဒါက အားလုံးအတွက် ငဲ့ညှာလို့ ငါအနားမကပ်တာ၊ တခြားလူတွေလည်း ဘယ်သူမှ မကပ်ရဲကြဘူး။ အိမ်သာကျင်းထဲ ခုန်ချတာလေ... စဉ်းစားသာကြည့်တော့။ ငါကတော့လေ... ဒီမနက် အလုပ်မလာခင်မှ သူတို့ကို ဆွဲတင်နိုင်ကြတာ။ သူတို့ဘာသာ ဆင်းသွားတာဆိုတော့ ဘယ်သူက ဒုက္ခခံချင်မလဲ.. နောက်ဆုံးတော့ သူတို့ဝင်းထဲကလူတွေက သူတို့သမီးကို သွားခေါ်ပေးမှ၊ မနက်စောစော သမက်ဖြစ်သူက လူတွေခေါ်လာပြီးတော့မှ ဆွဲတင်လိုက်ရတာ။ မမြင်ဘူးလား.. ဒီနေ့ လီတာ့ရှန်း အလုပ်မလာနိုင်ဘူးလေ။”

အဘွားကြီးစွန်း၏ သတင်းမှာတကယ်ကို ရွံစရာကောင်းသလို ထူးဆန်းလှသည်။ အားလုံးမှာလည်း အံ့အားသင့်နေကြ၏။

“အဲဒါ တကယ် သရဲခြောက်တာလား..”

“ဘယ်သူသိမှာလဲ.. ဒါပေမဲ့ လူကတော့ ပြုစားခံရသလိုပဲ အိမ်သာကျင်းထဲ ခုန်ချသွားတာလေ၊ ပုံမှန်လူဆိုရင် ဘယ်သူက အိမ်သာကျင်းထဲ ခုန်ချမှာလဲ..”

အဘွားကြီးကျောက် ခပ်အေးအေးလေသံဖြင့်

“ပြုစားခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ဒီလို ခုန်ချတာကတော့ တကယ် ရွံစရာကောင်းတာပဲ။ သူတို့ လင်မယား နှစ်ကြိမ်ရှိပြီမလား.. သူတို့ အလုပ်ရုံက လူတွေကိုပဲ သနားမိတယ်၊ တစ်နေ့ကုန် အတူတူနေရတာဆိုတော့ ဘယ်လောက် ရွံစရာကောင်းမလဲ၊ နှစ်ခါတောင်ဆိုတော့ အနံ့က အရိုးထဲတောင် စွဲနေလောက်ပြီ။”

“အော့...”

“အမလေး... နင်ပြောမှပဲ တကယ် ရွံစရာကြီး။ ဒါနဲ့ပဲ ဒီမနက် သူတို့ဝင်းထဲက လူတွေကို ကြည့်လိုက်ရင် တစ်ယောက်မှ မျက်နှာမကောင်းကြဘူး၊ မလွယ်ပါလားနော်။”

“အေးလေ၊ လီတာ့ရှန်းသာ စားသောက်ဆောင်က ဝန်ထမ်းဆိုရင် နှစ်ခါတောင် ခုန်ချပြီးကတည်းက ရာထူးပြောင်းခံရမှာ သေချာတယ်။”

အဘွားကြီးကျောက် ထပ်ပြောပြန်ကာ

“အဲ... သူတို့ အလုပ်ရုံမှူးက လီတာ့ရှန်းနဲ့ အမျိုးတော်တာပဲ၊ ကာကွယ်ပေးမှာပေါ့။ လီတာ့ရှန်း ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ တစ်ကိုယ်လုံး နံစော်နေမှာတော့ သေချာတယ်။”

“အဲဒါတော့ ဟုတ်တာပေါ့..”

အဘွားကြီးစွန်းမှာ အလေးအနက် ဆိုလေ၏။

“စဉ်းစားကြည့်လေ၊ ညတစ်ဝက်လုံး အိမ်သာကျင်းထဲမှာ နေခဲ့ရတာဆိုတော့ အနံ့က စိမ့်ဝင်မနေပေဘူးလား။ သူတို့သမက်ရဲ့ မျက်နှာဆိုတာလေ... မည်းမှောင်နေတာပဲ။ သူတို့သမီးကလည်း တတွတ်တွတ် ဆူနေတာ၊ ဒီလောက် အဖေနဲ့အမေအပေါ် မသိတတ်တဲ့သမီးမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။”

“အဲဒီသမက်က သူတို့အလုပ်ရုံမှူးရဲ့ ညီလား..”

အဘွားကြီးကျောက် စုံစမ်းသလို မေးလိုက်ရာ

“ဟုတ်တာပေါ့၊ သူပဲ..”

“ဒါဆို သူက အလုပ်မလုပ်ဘူးလား.. အလုပ်ရုံမှူး အစ်ကိုရှိတာပဲ၊ အလုပ်တစ်ခု ရဖို့က လွယ်လွယ်လေး မဟုတ်ဘူးလား..”

အဘွားကြီးစွန်း နှာခေါင်းရှုံ့ကာ

“အလုပ်ရဖို့ လွယ်တယ်ဟုတ်လား.. နင်ကလည်း ဘာတွေ တွေးနေတာလဲ။”

သူမ အသံကိုနှိမ့်ကာ လျှို့ဝှက်စွာ ပြောပြလေသည်။

“နင်တို့က ချဲယုံဖုန်းက အစွမ်းထက်တယ် ထင်နေတာလား.. သူက မိန်းမဘက်က ကျွေးတာကို စားနေရတဲ့သူလေ၊ သူ့မိန်းမဘက်က သူတို့မိသားစုကို ဘာအကျိုးအမြတ်မှ မပေးဘူး။ ငါကြားတာတော့ ချဲယုံဖုန်းက သူ့ညီအတွက် အလုပ်ရှာပေးချင်တာတောင် သူ့မိန်းမဘက်က ကူညီမပေးဘူးတဲ့။ စက်ရုံထဲမှာ အလုပ်ရုံမှူးတွေ အများကြီး ရှိရက်နဲ့ ဘာလို့ ချဲယုံဖုန်းကို အေးစက်စက် ဆက်ဆံကြသလဲဆိုတာ သိလား.. သူက ကိုယ့်အရည်အချင်းနဲ့ တက်လာတာ မဟုတ်ဘဲ ယောက္ခမ အရှိန်အဝါနဲ့ တက်လာလို့လေ။ သူ့မိန်းမကလည်း သူ့ကို လူရာမသွင်းဘူး၊ စက်ရုံကို လာရှာရင်တောင် အော်ဟစ်ခိုင်းစေနေတာ၊ ဘယ်သူက သူ့ကို လေးစားမှာလဲ..”

“ဪ..”

အဘွားကြီးကျောက် အာမေဍိတ်သံကို သံရှည်ဆွဲလိုက်၏။

“ကြည့်နေလိုက်... ချဲယုံဖုန်းရဲ့ မိန်းမက ထပ်သောင်းကျန်းဦးမှာ။ သမက်ရဲ့ ယောက္ခမက အိမ်သာကျင်းထဲ ခုန်ချတယ်ဆိုတာ ဘယ်လောက် အရှက်ရဖို့ ကောင်းလဲ။ အရာရှိမိသားစုက သမီးဖြစ်ပြီး ဘယ်သူက ဒါကို သည်းခံနိုင်မှာလဲ။”

အဘွားကြီးစွန်းမှာ အတွေ့အကြုံရှိသူပီပီ မှတ်ချက်ပြုလေသည်။

အဘွားကြီးကျောက်လည်း ခေါင်းညိတ်ကာ

“အဲဒါတော့ ဟုတ်တယ်၊ ဒါပေမဲ့ အဲဒီအရာရှိသမီးက ဘာဖြစ်လို့ ချဲယုံဖုန်းကို မျက်စိကျသွားတာလဲ မသိဘူး။”

“ရုပ်ချောတာကိုး.. ချဲယုံဖုန်းက ရုပ်မချောရင် ယောကျာ်းပိုင်းလုံး လုပ်လို့ရမလား.. မျက်ခုံးကောင်း၊ မျက်လုံးကောင်းနဲ့ မင်းသားကျနေတာပဲ၊ စကားကလည်း ချိုတော့ မိန်းမတွေ သဘောကျတာပေါ့။ ငါတို့လည်း မိန်းမချင်းပဲ၊ နားလည်ကြတာပဲလေ။”

အဘွားကြီးစွန်း ထူးခြားသော အမူအရာနှင့် ထပ်ဖြည့်ပြောလိုက်ပြန်၏။

“အဲဒီကိစ္စမှာလည်း တော်မှာပေါ့၊ အိပ်ရာပေါ်မှာ အစွမ်းပြနိုင်လို့ အလုပ်ရုံမှူး ဖြစ်လာတာ မဟုတ်ဘူးလား.. ယောက်ျားဆိုတာ တစ်ခုခုတော့ ထူးခြားနေမှပေါ့၊ မဟုတ်ရင် အလုပ်လုပ်တာလည်း မဟုတ်ဘဲ ဘယ်လို ရာထူးရမလဲ..”

အဒေါ်ကြီးများ အားလုံး တဟားဟား ရယ်မောကြကုန်သည်။ စကားလုံးများထဲမှာ အဓိပ္ပာယ်တွေ အများကြီး ပါဝင်နေ၏။

အဘွားကြီးကျောက်မှာမူ ချဲယုံဖုန်းကို အတော်လေး မုန်းတီးနေသူဖြစ်သည်။ ထိုလူမှာ သူမသားကို ဒုက္ခပေးခဲ့သည် မဟုတ်လော့။ သူမ မျက်လုံးလေး လှန်ကြည့်ကာ ကန့်ကွက်လိုက်၏။

“ငါကတော့ အဲဒီလို မထင်ဘူး၊ သူက အိပ်ရာပေါ်မှာလည်း အသုံးမကျလောက်ပါဘူး။”

“ဘာလို့လဲ..”

“နင်က သူ့ကို သိလို့လား..”

အဘွားကြီးကျောက် : “စဉ်းစားကြည့်လေ၊ တကယ်လို့ သူက အိပ်ရာပေါ်မှာသာ အစွမ်းပြနိုင်ရင် သူ့မိန်းမက သေချာပေါက် ကျေနပ်နေမှာပေါ့။ ရုပ်ကလည်းချော၊ စကားကလည်းအချို၊ အိပ်ရာပေါ်မှာလည်း ဟုတ်နေမှတော့ သူ့မိန်းမက နေ့တိုင်း ပျော်နေရမှာပေါ့။ ဒါဆိုရင်လည်း သူ့ယောက်ျားမျက်နှာကို ထောက်ပြီးတော့ ယောက္ခမအိမ်ဘက်ကိုလည်း နည်းနည်းပါးပါး အလိုက်အထိုက် ဆက်ဆံမှာပေါ့။ ဟိုစကားပုံတောင် ရှိသေးတယ်လေ... ဘာအိမ်... ဘာကျီးကန်းလဲ..”

“ချစ်ခြင်းက အိမ်ခေါင်မိုးပေါ်က ကျီးကန်းအထိတောင် ရောက်တယ်ဆိုတာလား..”

[မြန်မာစကားပုံ လူကိုချစ်တော့ ခွေးလည်းချစ်ပေးရတယ် ဆိုတဲ့ပုံစံမျိုးပါပဲ]

အဘွားကြီးကျောက် : “အေးအေး၊ အဲဒါပဲ.. တကယ်သာ အဆင်ပြေနေရင် အဲဒီစကားပုံအတိုင်း ဖြစ်နေမှာပေါ့။ အခုဟာက အိပ်ရာပေါ်မှာ အသုံးမကျလို့ သူ့မိန်းမက မျက်နှာဆိုးပြပြီး ပြဿနာရှာနေတာနေမှာ။ ဒီအလုပ်ရုံမှူး ရာထူးဆိုတာလည်း... သူ့အရည်အချင်းနဲ့ ဘာမှမဆိုင်ဘူးလို့ ငါထင်တယ်။ စဉ်းစားကြည့်လေ၊ အရာရှိတစ်ယောက်ရဲ့ သမက်က ဘာကောင်မှမဟုတ်ဘဲ နေနေရင် အဲဒီအရာရှိလည်း အရှက်ကွဲတာပေါ့။ ဒါကြောင့် နည်းနည်းပါးပါးတော့ တွန်းတင်ပေးရတာပေါ့”

“ဟယ်... နင်ပြောတာလည်း ဟုတ်သလိုပဲနော်။”

အဘွားကြီးကျောက် : “ဟုတ်သလိုလို မလုပ်နဲ့၊ တကယ်ကို ဟုတ်တာ.. သူက အိပ်ရာပေါ်မှာ အသုံးမကျတဲ့လူ ဖြစ်နေလို့သာ သူ့မိန်းမက မျက်နှာမကောင်းတာ။ သူများတွေရှေ့မှာတောင် သူ့မျက်နှာကို မထောက်တာ”

သူမ အားတက်သရော နာမည်ဖျက်ပေးလိုက်၏။

“အဒေါ်ကြီးကျောက် ပြောတာ မှန်တယ်။”

“တကယ်ပဲ၊ ဒီလိုခွဲခြမ်းစိတ်ဖြာကြည့်လိုက်မှ အားလုံးက ကွက်တိပဲ။”

“အင်း... သူက လူကသာ အရပ်အမောင်းကောင်းပြီး ထွားထွားကြိုင်းကြိုင်းနဲ့၊ ဘယ်လိုဖြစ်လို့ အသုံးမကျရတာလဲ..”

“ဒီကိစ္စက လူကောင်ထွားတာနဲ့ မဆိုင်ဘူးဟဲ့။ တချို့က လူကသာ ထွားတာ၊ ပစ္စည်းကကျတော့ လက်သန်းလောက်ပဲ ရှိတာ၊ ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ..”

“ဒါလည်း ဟုတ်တာပဲ။”

“အဟမ်း... ငါပြောပြမယ်၊ နင်တို့ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့ဦးနော်..”

ထိုစဉ် ထမင်းစားဆောင်မှ စားဖိုမှူးကြီး ဆရာဖု အနားတိုးလာပြီး အသံကိုနှိမ့်ကာ

“ငါ ရေချိုးခန်းမှာ သူနဲ့ ဆုံဖူးတယ်။ သူက လူကသာ အရပ်ရှည်တာ၊ တကယ်တမ်းကျတော့ သာမန်ယောက်ျားတွေလောက်တောင် မရှိဘူး၊ သေးသေးလေးပဲ။”

အားလုံး စိတ်လှုပ်ရှားစွာဖြင့်

“ဟယ်... တကယ်ကြီး အသုံးမကျတာလား..”

“အစွမ်းရှိမရှိတော့ ငါမသိဘူး၊ ဒါပေမဲ့ သေးတာတော့ တကယ်သေးတယ်။ ပြီးခဲ့တဲ့လက အလုပ်ရုံထဲမှာ ဘောင်းဘီကျွတ်ပြီး အရှက်ကွဲတဲ့ ကောင်လေးဟော်ကို သိတယ်မလား.. အဲဒီကောင်လေးထက်တောင် သေးသေးလေး။”

“အမလေး.. ဒါဆိုရင်တော့ တကယ်ကြီး အသုံးမကျတာပဲ။”

“ဟင်.. ဒါဆို သူ့မိန်းမခမျာ သနားစရာကြီးနော်။”

“ဒါနဲ့များ ဘာအရသာ ရှိတော့မှာလဲ။”

“အေးလေ၊ အဲဒါ ပြောတာပေါ့။”

အဘွားကြီးကျောက် ဆွံ့အသွားရလေသည်။

နေပါဦး.. ငါက ချဲယုံဖုန်းကို နာမည်ဖျက်ချင်လို့ လျှောက်ပြောနေတာလေ.. တကယ်ကြီးတဲ့လား..

အမယ်လေး.. ငါရဲ့အတွေးတွေက ကွက်တိကျလှချည်လား..

ဟယ်.. ဘယ်လိုတောင် မှန်နေရတာလဲ.. ဟိဟိ

“ဟယ် အဘွားကြီးကျောက် ညည်း ဘယ်လိုသိလဲ..”

အဘွားကြီးကျောက် သက်ပြင်းကို အရှည်ကြီးချလိုက်ရင်း

“ဒါကြောင့် ပြောတာပေါ့၊ လူကို အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာ..”

“ဟုတ်ပဟဲ့..”

“သူ့မိန်းမခမျာလည်း တကယ်ကို ဒုက္ခရောက်ရှာတာပဲ။”

“ဟူး... ဒါကြောင့်လည်း သူတို့မှာ ကလေးမရှိတာနေမှာ။”

“ဟင်.. သူတို့မှာ ကလေးမရှိဘူးလား.. သူက အမြုံကြီးလား..”

အဘွားကြီးကျောက် အံ့ဩတကြီး မေးလိုက်သည်။

“အင်... ကလေးမရတာက မိန်းမတွေရဲ့ ပြဿနာ မဟုတ်ဘူးလား..”

အဘွားကြီးကျောက် တရားမျှတဟန်ဖြင့် ပြန်ပြောလိုက်၏။

“မိသားစုအများစုမှာတော့ ကလေးမရတာ မိန်းမကြောင့်လို့ ပြောကြတာပေါ့၊ ဒါပေမဲ့ ဒီလူ့မိသားစုမှာတော့ မဟုတ်တာ သေချာတယ်။ သူကမှ အသုံးမကျတာ၊ သူ့မိန်းမက ဘယ်လောက်ပဲ ကလေးရနိုင်စွမ်းရှိရှိ အလကားပဲပေါ့.. တောမှာ သီးနှံစိုက်သလိုပေါ့ဟဲ့၊ မျိုးစေ့မှ မချဘဲနဲ့ ပျိုးပင်က ဘယ်လိုလုပ် ထွက်လာပါ့မလဲ..”

အားလုံး ရုတ်တရက် သဘောပေါက်သွားကြကာ

“အင်း... ဟုတ်သားပဲ..”

“တကယ်ကို မှန်လိုက်တဲ့စကား။”

“ဒါပေါ့၊ ဒါပေါ့။”

အဘွားကြီးကျောက်မှာ ချဲယုံဖုန်း၏နာမည်ကို အဖတ်ဆယ်မရအောင် ဖျက်ဆီးပစ်လိုက်နိုင်၍ ကိုယ့်ကိုယ်ကိုယ် သဘောကျနေ၏။

ဟွန်း..

‘ငါ ကျောက်တာ့ရာက ဘယ်လိုလူလဲဆိုတာတောင် မသိဘဲနဲ့ ငါ့သားကို လာပညာပြချင်သေးတယ်.. ဒီလူကို ကောင်းကောင်းကြီး မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးရမယ်။ ငါ... ငါကျောက်တာ့ရာနဲ့ ချန်ချင်းယွီ၊ တို့ယောက္ခမနဲ့ ချွေးမ နှစ်ယောက်ပေါင်းရင် ဘယ်လို ဘီလူးသရဲကိုမဆို နှိမ်နင်းနိုင်တယ်ဟဲ့..’

ထိုအချိန်တွင် အဘွားကြီးကျောက်တစ်ယောက် ‘ဒီလိုချွေးမမျိုး ရှိတာကလည်း တော်တော်လေး အဆင်ပြေသားပဲ’ ဟု တွေးနေမိသည်။

အနည်းဆုံးတော့ ချန်ချင်းယွီက အသုံးဝင်တယ်လေ..

သူတို့နှစ်ယောက်က တစ်ယောက်က အနု၊ တစ်ယောက်က အကြမ်း... ဟဲဟဲ..

သူမ၊ ကျောက်တာယာတစ်ယောက် “အနုနည်းသုံးသူ” လို့ အခေါ်ခံရမယ့်နေ့ ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး..

ဒါပေမဲ့ နာမည်ဖျက်တဲ့နေရာမှာတော့ သူမက ထိပ်တန်းပဲ..

အရင်ကတော့ သူမ မသိခဲ့လို့၊ အခု သိသွားပြီဆိုတော့ ဒီကိစ္စက ဒီလောက်နဲ့တင် ပြီးသွားမှာ မဟုတ်ဘူး..

ငါ့မိသားစုကိုတောင် လာအနိုင်ကျင့်ရဲသေးတယ်။ ချဲယုံဖုန်းကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးရမယ်..

အဘွားကြီးကျောက် : “ဒါနဲ့... နင်တို့ပြောတဲ့ ဒီယောက်ျားတွေ ပန်းသေပန်းညှိုးဖြစ်တာက ကုလို့ရလား..”

“ဘယ်သူသိမှာလဲ၊ သူတို့ကိုယ်တိုင်မှ ဝေဒနာခံစားနေရတာ မဟုတ်တာ။”

အဘွားကြီးကျောက် : “ဒါဆိုရင် ချဲယုံဖုန်းက အသုံးမကျဘူးဆိုတာ သိနေရင် သူတို့ဘာလို့ ဆေးရုံမသွားကြတာလဲ..”

“အရှက်ကွဲမှာ ကြောက်လို့နေမှာပေါ့..”

“ငါလည်း အဲဒီလိုပဲ ထင်တာပဲ...”

အားလုံး တစ်ယောက်တစ်ပေါက်နှင့် ချဲယုံဖုန်းအကြောင်းကိုသာ ပါးစပ်မနားတမ်း ပြောနေကြလေ၏။

မှန်တာပေါ့၊ မှန်ပြတင်းပေါက် အခွဲခံရတာ၊ ခွေးက ဖင်ကို ကိုက်တာ၊ အိမ်သာကျင်းထဲ ခုန်ချတာတွေထက်စာရင် အခုလို ဇာတ်လမ်းကြွကြွ အတင်းအဖျင်းတွေကမှ လူတိုင်းရဲ့ အကြိုက်ဆုံး မဟုတ်ပါလား....

ထမင်းစားဆောင်တွင် အုတ်အုတ်ကျက်ကျက် ဆွေးနွေးနေကြရာ ဌာနမှူးဝမ်ပင် တံခါးဝမှာ ဆောင့်ကြောင့်ထိုင်ပြီး သတင်းများကို အားရပါးရ နားထောင်သွားသေးသည်။

ဌာနမှူးဝမ်တစ်ယောက် သတင်းပေါင်းစုံကို ကြားပြီးနောက် တက်ကြွစွာဖြင့် တခြားသူများကို ပြန်လည်မျှဝေဖို့ တိတ်တဆိတ် ထွက်ခွါသွား၏။

ဒီသတင်းက တကယ်ကို ပေါက်ကွဲထွက်သွားမတတ် အစွမ်းထက်လွန်းတယ်....

ဘယ်သူက ထင်ထားမှာလဲ၊ ချဲယုံဖုန်းက အသုံးမကျဘူးတဲ့..

‘ငါ အရင်က ရေချိုးခန်းမှာ ချဲယုံဖုန်းနဲ့ ဆုံဖူးသလား..’

‘အင်း... မမှတ်မိတော့ဘူး’

‘ကိစ္စမရှိပါဘူး၊ နောက်တစ်ခါ ဆုံရင်တော့ သေချာကြည့်ရမယ်.. အတည်ပြုဖို့တော့ လိုတာပေါ့။’

အဘွားကြီးကျောက်

ထမင်းစားဆောင်တွင် တဗျစ်ဗျစ်နှင့် အတင်းပြောနေပြီး အခြေအနေမှာ အတော်လေး ဟန်ကျနေသည်။ သို့သော် ချန်ချင်းယွီတစ်ယောက်မှာ မွန်းတည့်ခါနီးမှ အိပ်ရာနိုးခဲ့၏။

‘မတတ်နိုင်ဘူးလေ၊ သူမက အိပ်ပုပ်ကြီးချင်လို့ မဟုတ်ဘဲ တကယ်ကို မခံနိုင်တော့လို့ပါ.... ဘာပဲပြောပြော သူမက သံမဏိနဲ့ လုပ်ထားတာမှ မဟုတ်တာ၊ ညတိုင်း အပြင်ထွက်နေရတော့ အိပ်ရေးပြန်ဖြည့်ရတာပေါ့’

သို့သော် ချန်ချင်းယွီတွင် အစီအစဉ် ရှိနေ၏။ မုန့်ခြောက်များကို ထုတ်ပြီး ဗီရိုပေါ်တွင် တင်ထားပေးသောကြောင့် ကလေးနှစ်ယောက် မနက်နိုးသည်နှင့် သူတို့ဘာသာသူတို့ ယူစားနိုင်ကြသည်။ ချန်ချင်းယွီအိပ်နေသည့်အတွက် ကလေးနှစ်ယောက်မှာလည်း အိပ်ရာမထဘဲ မုန့်စားပြီး အိပ်ရာထဲမှာပင် ခေါင်းချင်းဆိုင်ကာ ရုပ်ပြစာအုပ် ကြည့်နေကြ၏။

အခေါက်ပေါင်းများစွာ ဖတ်ပြီးသား ဖြစ်သော်လည်း ကလေးများမှာ အတော်လေး သဘောကျနေကြဆဲပင်။

ချန်ချင်းယွီ နိုးလာသည်ကို မြင်သောအခါ ရှောင်ယွမ် အနားတိုးကပ်လာပြီး နူးနူးညံ့ညံ့လေး ခေါ်လိုက်သည်။

“မေမေ..”

“ထချင်နေပြီလား..”

ရှောင်ယွမ်မှာ မိခင်၏ပါးပြင်ကို ပွတ်သီးပွတ်သပ်လုပ်ရင်း

“မထချင်သေးဘူး”

ကောင်မလေးမှာ အိပ်ရာပေါ်တွင်ထိုင်ပြီး ခြေထောက်လေးများ တင်ပျဉ်ခွေထားကာ ဆံပင်လေးများသည်လည်း ဖရိုဖရဲ ဖြစ်

နေ၏။ ချန်ချင်းယွီလည်း အိပ်ရာမှထကာ ပုခုံးလေးများကို နှိပ်ရင်း မေးမြန်းလိုက်သည်။

“မနက်ပိုင်း အပြင်မှာ ဘာထူးသလဲ..”

ကလေးနှစ်ယောက်လုံး ခေါင်းကို တညီတည်း ခါပြကြ၏။

ရှောင်ကျား : “ဒီနေ့ အရမ်းတိတ်ဆိတ်နေတာပဲ”

ကလေးငယ်လေးမှာ ခေါင်းလေးကို ကုပ်ရင်း နားမလည်နိုင်စွာဖြင့်

“ဘယ်သူမှ စကားမပြောကြဘူး။”

သူတို့နေသည့် ဝင်းကြီးထဲတွင် ဤသို့တိတ်ဆိတ်နေခြင်းမျိုးမှာ အတော်လေး ရှားသည်လေ။

ချန်ချင်းယွီမှာ ဘာကြောင့်လဲဆိုသည်ကို သိနေသည်။ မနေ့ည၌ တစ်ညလုံး လူတိုင်း အိပ်ရေးပျက်ထားကြသည်ဖြစ်ရာ မနက်ပိုင်းတွင် အိပ်ရေးပြန်ဖြည့်နေကြသည်မှာ သဘာဝပင်။

ချန်ချင်းယွီ အိပ်ရာထ မျက်နှာသစ်လိုက်နေစဉ် ဝင်းထဲ၌ တကယ်ပင် တိတ်ဆိတ်နေပြီး အိမ်တိုင်း တံခါးများကို ပိတ်ထားကြ၏။

အားလုံးက လူသားတွေပဲလေ၊ ဘယ်သူမှ သံမဏိနဲ့ လုပ်ထားတာမှ မဟုတ်တာ....

ချန်ချင်းယွီ အားလုံးပြင်ဆင်ပြီးနောက် အရုဏ်တက်ချိန်၌ နယ်ထားသော မုန့်နှစ်များကို သကြားမုန့်များအဖြစ် ပြုလုပ်လိုက်သည်။ မူလတွင် ပေါက်စီပေါင်းရန်အတွက် ရည်ရွယ်ထားသော်လည်း ဟင်းချက်ရမည်ကို ပျင်းရိနေ၍ သကြားမုန့်များသာ ပြုလိုက်၏။

"မေမေ၊ ဒီနေ့ သားတို့ ငါးသွားမျှားဦးမလား.."

အိမ်ထောင်ဦးစီးလေး ရှောင်ကျားမှာ မေးလာသည်။

"ဒီနေ့တော့ မသွားတော့ဘူး"

ချန်ချင်းယွီ ဆိုကာ၊ သူမ၏ ဆံပင်လေးများကို သပ်ရင်း

"ခဏနေရင် မေမေ ဆံပင်သွားညှပ်မလို့၊ ရှောင်ကျားလည်း ဆံပင်ညှပ်ရတော့မယ်"

ရှောင်ကျား အံ့ဩသွားရာ၊ ချန်ချင်းယွီ ပြုံး၍ ကျီစယ်လိုက်လေသည်။

"ဘာလဲ.. ဆံပင်မညှပ်ချင်ဘူးလား.."

"ညှပ်ချင်တာပေါ့.."

ရာသီဥတု စတင်ပူပြင်းလာပြီဖြစ်ရာ ဆံပင်တိုတိုညှပ်ထားခြင်းမှာ ပို၍ သက်သောင့်သက်သာ ရှိသည်လေ။

ရှောင်ယွမ် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အားကျမခံပြောလိုက်၏။

"ရှောင်ယွမ်လည်း ညှပ်ချင်တယ်"

ချန်ချင်းယွီ သူမကို ပြုံး၍ စနောက်လိုက်၏။

"ဆံပင်ညှပ်လိုက်ရင် ဆံပင်နှစ်ဖက် ခွဲကျစ်လို့ မရတော့ဘူးနော်၊ ညှပ်မှာလား.."

ရှောင်ယွမ်လေး ဇဝေဇဝါ ဖြစ်သွားသည်။ အစ်ကိုဖြစ်သူနှင့် တူချင်သော်လည်း သူမ ဆံပင်ကျစ်ရသည်ကို သဘောကျပြီး ခေါင်းစီးပန်းလေးများကိုလည်း လှသည်ဟု ထင်နေ၏။ အကယ်၍ ဆံပင်တိုညှပ်လိုက်လျှင် ပန်းလေးများ ပန်၍ရတော့မည် မဟုတ်ပေ။

ကောင်မလေးခမျာ အတော်လေးကို ဝေခွဲမရ ဖြစ်နေလေသည်။

"ရှောင်ယွမ်က အစ်ကိုနဲ့ အရာအားလုံး တူနေစရာ မလိုပါဘူး၊ ရှောင်ယွမ် ကိုယ်တိုင် ဘာကို သဘောကျလဲဆိုတာပဲ အရေးကြီးတယ်။ ယောက်ျားလေးနဲ့ မိန်းကလေးက သဘာဝချင်း မတူဘူးလေ"

ချန်ချင်းယွီ၏ ပြောစကားကြောင့် ရှောင်ယွမ်လေးမှာ မျက်ခုံးလေးများ တွန့်၍ စဉ်းစားနေ၏။

"လူတိုင်းက မိမိအကြိုက်ကို မိမိ ရွေးချယ်ပိုင်ခွင့် ရှိတယ်လေ။"

ချန်ချင်းယွီ၏ စကားကြောင့် ရှောင်ယွမ်သည် အတန်ကြာအောင် တွန့်ဆုတ်နေပြီးမှ အလှအပဘက်ကို မလွန်ဆန်နိုင်တော့ဘဲ ဆိုလိုက်မိသည်။

"ဒါဆို ရှောင်ယွမ် ဆံပင်မညှပ်တော့ဘူး"

ချန်ချင်းယွီ တဟားဟား ရယ်မောနေမိ၏။

သူမသည် အရင်ဘဝ၌ ဆံပင်တိုသာ ထားခဲ့ပြီး ဆံပင်အရှည် တစ်ခါမှ မထားဖူးခဲ့ပေ။ ယခုဘဝတွင် ဆံပင်အရှည်ထားရသည့် ခံစားချက်ကို မြည်းစမ်းကြည့်ပြီးပြီဖြစ်သော်လည်း လပိုင်းလောက်နှင့်ပင် သူမ အတော်လေး ငြီးငွေ့နေပြီ ဖြစ်သည်။ ဟူး... ဆံပင်တို ထားဖူးသည့်သူများသာ သိလိမ့်မည်။

ဆံပင်တိုက အဆင်ပြေဆုံးပင် မဟုတ်ပါလား..

အချိန်အတော်ကြာ ဆံပင်တို ထားခဲ့သူတစ်ဦးအဖို့ ဆံပင်အရှည်နှင့် နေသားကျရန် တကယ်ပင် ခက်ခဲလှ၏။

အထူးသဖြင့် ယခုခေတ်တွင် ခေါင်းလျှော်ရသည်ကအစ အဆင်မပြေလှရာ ဆံပင်အရှည်မှာ တကယ်ပင် ဒုက္ခများလှသည်။ အားသာချက်တစ်ခု ရှိသည်ဆိုလျှင်...

ဆံပင်အရှည်ဖြင့် သရဲလုပ်ပြီး ခြောက်လှန့်ရသည်မှာ ပိုအဆင်ပြေသည်ဟု ဆိုနိုင်သော်လည်း သရဲခြောက်ရန်မှာမူ မည်သို့သောပုံစံနှင့်မဆို ရသည်ဖြစ်ရာ ဆံပင်အရှည်ကြီး ရှိနေရန် မလိုအပ်လှပေ။

ချန်ချင်းယွီမှာ မိမိအလိုအတိုင်း သက်သောင့်သက်သာ ဖြစ်မည့်ဘက်ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

"မေမေ၊ မေမေက ဆံပင်ကို တိုတိုလေး ညှပ်ပစ်မှာလား.."

ချန်ချင်းယွီ ခေါင်းညိတ်၍

"အင်း၊ ဟုတ်တယ်"

ရှောင်ယွမ် ပါးဖောင်းဖောင်းလေးများကို ဖောင်းလိုက်ပြီး ဝေခွဲမရလေသံဖြင့်

"ဒါပေမဲ့ ဆံပင်တိုက မလှဘူး"

ကလေးမလေးမှာ ဆံပင်အရှည်ကို ပို၍ လှသည်ဟု ထင်နေခြင်း ဖြစ်၏။

ချန်ချင်းယွီ : "မေမေက အရမ်းတိုအောင် မညှပ်ပါဘူး၊ အဘွားတို့လို ဆံပင်တိုမျိုး မဟုတ်ဘဲ ပုခုံးလောက်အထိပဲ ညှပ်မှာ။ ဒါဆိုရင် အနံ့အသက်လည်း သိပ်မရှိတော့ဘူး၊ သိပ်လည်း မရှည်တော့ဘူးလေ"

ဆံပင်တိုလွန်းလျှင် သူမ၏ ပန်းကလေးနှယ် နုနယ်ပျော့ပျောင်းသော စရိုက်နှင့် မကိုက်ညီသဖြင့် ချန်ချင်းယွီ အဒေါ်ကြီးများ ညှပ်လေ့ရှိသော ဆံပင်တိုပုံစံမျိုးကို မညှပ်ရန် စဉ်းစားထားသည်။ ထိုစဉ် အဒေါ်ကြီးမေ့ အပြင်မှ ပြန်လာရင်း သူတို့အိမ်ရှေ့မှ ဖြတ်သွားစဉ် ချန်ချင်းယွီ၏ စကားကို ကြား​သောအခါ သူမ လှမ်းမေးလိုက်၏။

"ရှောင်ချန်၊ ဆံပင်ညှပ်မလို့လား.."

ချန်ချင်းယွီ အပြင်ထွက်၍ "ဟုတ်ကဲ့" ဟု ပြန်နှုတ်ဆက်လိုက်သည်။

အဒေါ်ကြီးမေ့ : "ညည်းဆံပင်က အရှည်ကြီးပဲ၊ ဒါကို ရောင်းရင် ပိုက်ဆံရတယ်လေ.. ညည်းက ဆံပင်အလကား ညှပ်ရရုံတင်မကဘူး၊ ပိုက်ဆံတောင် ပြန်ရဦးမှာ.. အတော်ပဲ.."

ချန်ချင်းယွီ စရောက်ခါစတွင်ဆံပင်များမှာ အနည်းငယ် ခြောက်သွေ့၍ ဝါကျင်ကျင် ဖြစ်နေသော်လည်း ပြီးခဲ့သည့် လအနည်းငယ်အတွင်း အစားအသောက် ကောင်းကောင်း စားခဲ့ရသဖြင့် ဆံပင်များမှာ အတော်လေး ရှည်လာပြီး ယခုဆိုလျှင် နက်မှောင်သော ဆံပင်ကျစ်ဆံမြီးကြီး ဖြစ်နေပြီဖြစ်သည်။ ထိုသို့သော ဆံပင်မျိုးမှာ အတော်လေး တန်ဖိုးရှိလှရာ အဒေါ်ကြီးမေ့ခမျာ အားကျမဆုံး ဖြစ်နေရှာ၏။

"ငါ့မှာက သားပဲရှိတာ နှမြောဖို့ကောင်းလိုက်တာ၊ မဟုတ်ရင် သူ့ဆံပင်ကို အရှည်ထားခိုင်းပြီး ပိုက်ဆံရအောင် ရောင်းပစ်မှာ။"

အဒေါ်ကြီးမေ့မှာ အမြဲတမ်း မိသားစုဝင်ငွေ တိုးအောင် မည်သို့လုပ်ရမလဲဆိုသည်ကိုသာ တွေးနေတတ်သည်။

ချန်ချင်းယွီ ရယ်မောရင်း စနောက်လိုက်ကာ

"ယောက်ျားလေးလည်း ရတာပဲလေ.. ဘယ်သူက မရဘူး ပြောလို့လဲ.. မျက်နှာသာ ပြောင်နိုင်ရင် ဘာမဆို ဖြစ်တာပဲ။ ဆံပင်အရှည်ထားဖို့က အချိန်အကြာကြီး စောင့်ရပေမယ့် တစ်ခါထားရင် အကြာကြီး ညှပ်စရာ မလိုတော့ဘူးလေ။ ဆံပင်ညှပ်ခကလည်း ပိုက်ဆံကုန်တာပဲ မဟုတ်လား"

"အဲဒါလည်း ဟုတ်သားပဲ.."

အဒေါ်ကြီးမေ့ အလေးအနက် စဉ်းစားဟန်ဖြင့် ပြောရာ ချန်ချင်းယွီ အံ့ဩသွားပြီး "ကျွန်မက စတာပါ.." ဟု ကပျာကယာ ပြန်ပြောလိုက်ရသည်။

ယခုခေတ်တွင် မည်သည့်ယောက်ျားမှ ဆံပင်အရှည် ထားလေ့မရှိပေ။

"ညည်းပြောတာလည်း ဟုတ်တာပဲ။ ငါ သေချာ စဉ်းစားကြည့်ဦးမယ်"

သူမ စကားကြောင့် ချန်ချင်းယွီတစ်ယောက် ဆွံ့အသွားရ၏။ သူမ၏ ကြောင်အမ်းအမ်း မျက်နှာထားကို မြင်သောအခါ အဒေါ်ကြီးမေ့ ရယ်မောလိုက်ပြီး

"ငါလည်း စတာပါအေ"

ဘယ်လောက်ပဲ ပိုက်ဆံလိုနေပါစေ၊ ယောက်ျားတစ်ယောက်က ဆံပင်အရှည်ထားဖို့ ဆိုသည်မှာ မဖြစ်နိုင်သည်ကို သူမလည်း သိပါ၏။

ချန်ချင်းယွီ : "..."

အဒေါ်ကြီးမေ့ ချန်ချင်းယွီ၏ ကြောင်အမ်းအမ်း မျက်နှာလေးကို ကြည့်ကာ သက်ပြင်းတစ်ချက်ချရင်း ဆိုလိုက်၏၌

“ငါပြောရဦးမယ် ရှောင်ချန်ရယ်၊ ညည်းက တကယ်ကို လှတာပဲအေ။ ဖြူဖြူစင်စင် သန့်သန့်ပြန့်ပြန့်လေး။ ဒါကြောင့်လည်း ကျောက်ရုံက သူ့သမီး ယွမ်ရှောင်ချွေထက် ညည်းက ပိုလှတယ်လို့ ခဏခဏ ပြောနေတာနေမှာ”

ချန်ချင်းယွီ ပုခုံးလေးတွန့်ပြကာ

“အစ်မကျောက်ကလည်း နှိုင်းယှဉ်ရတာကို တကယ် ဝါသနာပါတာပဲ။ နှိုင်းယှဉ်ချင်ရင်လည်း ဟောက်ရွှယ်နဲ့ ရှောင်ချွေကိုပဲ နှိုင်းယှဉ်ရမှာပေါ့၊ ကျွန်မနဲ့ ဘာဆိုင်လို့လဲ.. သူတို့က ညီအစ်မတွေလိုဟာကို။ ကျွန်မက သူတို့ထက် အများကြီး အသက်ကြီးတယ်လေ”

“အဲဒါလည်း ဟုတ်သားပဲ။ ဒါပေမဲ့ ညည်းက သူတို့ထက် အသက်ကြီးတယ်လို့ကို မထင်ရဘူးအေ”

အဒေါ်ကြီးမေ့ ထောက်ခံလေသည်။

ဟောက်ရွှယ်နှင့် ရှောင်ချွေအကြောင်း ပြောမိရင်း အဒေါ်ကြီးမေ့သည် အသံကို နှိမ့်လိုက်ကာ တီးတိုးမေးလာ၏။

“ဒီနေ့ သူတို့ ထွက်လာကြသေးလား..”

ချန်ချင်းယွီ နားမလည်နိုင်သဖြင့် အဒေါ်ကြီးမေ့ကို ကြောင်ကြည့်နေမိသည်။

“ရှီရှောင်ဝေ၊ ဟောက်ရွှယ်၊ ရှောင်ချွေနဲ့ လင်းလင်းတို့ကို ပြောတာလေ။”

ချန်ချင်းယွီ ခေါင်းခါပြလိုက်ပြီး ပြန်မေးလိုက်မိလေသည်။

“မမြင်မိပါဘူး။ သူတို့က ဘယ်လိုဖြစ်ပြီး အတူတူ ရှိနေကြတာလဲ..”

‘ငါ ဒီမနက် ခဏလေး အိပ်လိုက်တာနဲ့ ငါမသိတဲ့ အတင်းအဖျင်းတွေ ထပ်ထွက်လာပြန်ပြီလား..’ ဟု တွေးကာ ချန်ချင်းယွီ အဒေါ်ကြီးမေ့ကို ဘေးသို့ အမြန်ဆွဲထုတ်သွားရင်း

“ဒေါ်လေးမေ့၊ ဘာတွေ ဖြစ်ကုန်ပြန်ပြီလဲ..”

သူတို့ဝင်းထဲ၌ ခဏလေး မျက်စိလွှဲလိုက်သည်နှင့် အတင်းအဖျင်းများမှာ ပျံဝဲနေတော့သည်။ ချန်ချင်းယွီ၏ မျက်ဝန်းများမှာလည်း စပ်စုချင်စိတ်ဖြင့် တောက်ပနေ၏။

အဒေါ်ကြီးမေ့ : “ဘာမှ ထွေထွေထူးထူး မဖြစ်ပါဘူး၊ ဒါပေမဲ့ ရှောင်ဝေက ဟောက်ရွှယ်နောက်ကို တကောက်ကောက် လိုက်နေတယ် မဟုတ်လား.. လင်းလင်းကကျတော့ ရှောင်ဝေကို ကြိုက်တယ်၊ ရှောင်ဝေက မှန်ခွဲလိုက်တာကလည်း ရှောင်ချွေကြောင့်လေ... အဲဒါ သူတို့တွေ ဆုံမိရင် ဘယ်လို ဖြစ်သွားမလဲလို့ ငါက တွေးနေတာ။ အခုခေတ် လူငယ်တွေရဲ့ ပတ်သက်မှုတွေက တော်တော် ရှုပ်ထွေးတာပဲ၊ ငါတို့ခေတ်တုန်းကလို ရိုးသားဖြူစင်တာမျိုး မဟုတ်တော့ဘူး။ သူတို့ဆုံရင် ဇာတ်လမ်းတွေ ဘာတွေ ဖြစ်ဦးမလားလို့ စပ်စုချင်လို့ပါအေ”

ချန်ချင်းယွီ ခေါင်းခါရင်း

“ကျွန်မတော့ ဘာမှမမြင်ဘူး၊ ဘာတွေ ဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ”

အဒေါ်ကြီးမေ့ သက်ပြင်းချကာ “ညည်းကလည်းအေ... သတင်းဦး သတင်းထူးလေးတောင် မမီဘူး၊ တကယ်ကို ရိုးအလွန်းတယ်”

သူမ ပြောရင်း …….

“အမလေး... အမေ့..”

သူမ ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်ပြီး မျက်လုံးများပင် ပြူးထွက်သွားသည်။

“ဒေါ်လေးမေ့၊ ဘာဖြစ်လို့လဲ.. အဆင်ပြေရဲ့လား..”

ချန်ချင်းယွီ ကပျာကယာ မေးလိုက်သော်လည်း အဒေါ်ကြီးမေ့မှာ ချန်ချင်းယွီ၏ နောက်ကျောကိုသာ စိုက်ကြည့်ရင်း “အမလေး.....” ဟု ဆက်တိုက် အော်နေတော့၏။

ချန်ချင်းယွီလည်း ကြောင်အမ်းအမ်းဖြစ်ရာမှ သတိဝင်လာပြီး နောက်သို့ အမြန်လှည့်ကြည့်လိုက်ရာ... ပိန်ညှောင်ညှောင်နှင့် လူမမာရုပ် ပေါက်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူသည် ကျောပိုးအိတ် အကြီးကြီးတစ်လုံးကို လွယ်ထားပြီး အဒေါ်ကြီးမေ့ကို ကြည့်ကာ “အဒေါ်ကြီး..” ဟု ပြုံး၍ နှုတ်ဆက်နေ၏။

ချန်ချင်းယွီမှာမူ… “ဒါ... ဘယ်သူလဲ.. ငါ တစ်ခါမှ မမြင်ဖူးပါလား..” ဟု ဇဝေဇဝါ ဖြစ်နေတော့သည်။

အဒေါ်ကြီးမေ့၏ အသံမှာ ကြက်ဆင်တစ်ကောင် အော်သကဲ့သို့ စူးစူးဝါးဝါး ထွက်ပေါ်လာကာ

“မာကျန်း...... နင်... နင် ဘယ်လိုဖြစ်ပြီး ပြန်လာတာလဲ......”

“ဘယ်သူလဲ.. ဘယ်သူလဲ..”

ချန်ချင်းယွီ မသိနားမလည်စွာ လိုက်မေးနေမိ၏။

အဒေါ်ကြီးမေ့ ဘာမှ ပြန်မပြောနိုင်သေးခင်မှာပင် ဆူညံသံကြား၍ ထွက်ကြည့်သော ရှီကျန့်ရှန်းသည်လည်း ထိုလူကို မြင်မြင်ချင်း “အမလေး.....” ဟု ထိတ်လန့်တကြား အော်ဟစ်လိုက်ပြန်သည်။

လူတိုင်းမှာ အော်ဟစ်နေသော ကြက်မများကဲ့သို့ ဖြစ်ကုန်ကြ၏။

ချန်ချင်းယွီမှာမူ ခေါင်းကိုသာ ကုပ်နေမိတော့သည်။

ထိုပိန်ပိန်ပါးပါး အမျိုးသားသည် လူတိုင်းကို ပြုံးပြနေပြီးနောက် သူ၏ အကြည့်များမှာ ချန်ချင်းယွီထံသို့ ကျရောက်သွား၏။ သူ စပ်စုလိုဟန်ဖြင့် မေးမြန်းလိုက်ကာ

“ဒါက ဘယ်သူလဲ..”

ဆူညံသံကြောင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း ပြေးထွက်လာကြကာ ချန်ချင်းယွီ၏ ဘေးတစ်ဖက်တစ်ချက်မှနေ၍ ချောင်းကြည့်နေကြသည်။ မာကျန်းဆိုသည့် လူမှာ အတော်လေး ဖော်ရွေဟန်ဖြင့်

“အို... ဝင်းထဲမှာ လူသစ် ရောက်နေတာလား။ ဒါ ဘယ်သူ့မိန်းမလဲ.. ကလေးတောင် ရနေပြီလား..”

ထိုသို့ဆိုကာ သူတို့အိမ်ဘက်ကို ကြည့်ရင်း အံ့ဩတကြီး မေးမြန်းလိုက်၏။

“လင်းကျန့်ဝမ်က အိမ်ထောင်ကျသွားပြီလား..”

အဒေါ်ကြီးမေ့ အတန်ကြာမှ သတိပြန်ဝင်လာပြီး

“မာကျန်း နင် ဘာကိစ္စ ပြန်လာတာလဲ.. ရှောင်ချန်၊ ညည်း သူ့ကို မသိဘူးမလား.. သူက ဦးလေးမာရဲ့ သားအကြီးဆုံး မာကျန်းလေ။ လွန်ခဲ့တဲ့ နှစ်အတော်ကြာက ကျေးလက်ဘက်ကို ဆင်းသွားတာ”

ချန်ချင်းယွီလည်း ထိုအခါမှ “ဪ~” ဟု သဘောပေါက်သွားတော့သည်။

တိုင်းပြည်အတွက် ကျေးလက်အရပ်သို့ သွားမည်ဟု အားတက်သရော ထွက်သွားခဲ့သော်လည်း ရက်အနည်းငယ်ပင် မခံဘဲ ပြန်လာချင်၍ ငိုယိုတောင်းပန်ခဲ့သော ထိုလူပင် ဖြစ်၏။ ချက်ချင်း ပြန်လာ၍ မရမှန်း သိသဖြင့် ကျေးလက်အရပ်ရှိ ကျေးရွာလူကြီး၏ သမီးကို အမြန် လက်ထပ်လိုက်ပြီး ရွာရှိ ကျောင်းဆရာအလုပ်ဖြင့် ကောင်းကောင်းစား၊ ကောင်းကောင်းနေကာ မိန်းမလုပ်စာ စားနေသူဖြစ်ကြောင်း ကြားဖူးသည်။ သူ၏ ဖခင်အရင်းဖြစ်သူပင် အတော်လေး စိတ်ဆိုးကာ သားအဖြစ်မှ စွန့်လွှတ်ချင်သည်အထိ ဖြစ်ခဲ့ရသည့် သူပင်..

“မာကျန်း ဒါက ကျန့်ဝမ်ရဲ့ မိန်းမ ရှောင်ချန်လေ၊ ဒီကလေးနှစ်ယောက်က သူတို့ရဲ့ ကလေးတွေပေါ့”

အဒေါ်ကြီးမေ့ မိတ်ဆက်ပေးလိုက်၏။

မာကျန်း သက်ပြင်းချကာ

“ငါ တောဆင်းသွားတုန်းက လင်းကျန့်ဝမ်က ကောင်လေးပဲ ရှိသေးတာ၊ အခုတော့ မိန်းမနဲ့ ကလေးတောင် ရနေပြီပေါ့။ သူ အခု ဘာလုပ်နေလဲ.. စက်ရုံမှာ အလုပ်လုပ်နေတာလား..”

ထိုမေးခွန်းကြောင့် လူတိုင်း၏ မျက်နှာများမှာ ပျက်ယွင်းသွားကြသည်။

အဒေါ်ကြီးမေ့ ချန်ချင်းယွီကို တစ်ချက်ကြည့်ကာ

“ကျန့်ဝမ်က... ဆုံးရှာပြီ”

“ဘာ.....”

မာကျန်း မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်ပြီး ရှီကျန့်ရှန်းကို ကြည့်ကာ မေးချလိုက်လေသည်။

“အဒေါ်ကြီးရှီ၊ ဦးလေးရွှီက လူသတ်လိုက်တာလား..”

ရှီကျန့်ရှန်းမှာ ထိုစကားကြောင့် သီးသွားမတတ် ဖြစ်သွားရ၏။

‘ငါ သိသားပဲ၊ ဒီကောင်ပြန်လာတာ ပြဿနာပဲ..’

ပါးစပ်တစ်ပေါက်နဲ့ ပြဿနာရှာနေတဲ့အကောင်....

သူမ အမြန်ပင် ပြန်အော်လိုက်ရ၏။

“နင် လျှောက်မပြောနဲ့ဦး။ ဒီလိုစကားမျိုး ပြောရင် နင့်ဦးလေးက လူကြားထဲ ဘယ်လို မျက်နှာပြရမလဲ.. နင်က ဘာလို့ အဲဒီလို တွေးရတာလဲ.. ကျန့်ဝမ်က စက်ရုံမှာ သူခိုးဖမ်းရင်းနဲ့ အန္တရာယ်ဖြစ်သွားတာပါ”

ဒီခွေးကောင်လေးက ပြန်လာလာချင်း ဆောက်နဲ့ထွင်းနေတော့တာပဲ....တကယ်လို့ ဒီစကားတွေ ပြန့်သွားရင် သူတို့ ဘယ်လို ဆက်နေကြတော့မလဲ..

မာကျန်းမှာ အဘွားကြီးရှီ၏ စကားကို ဂရုမစိုက်ဘဲ

“သူ ဘယ်တုန်းက ဆုံးတာလဲ..”

“ဒီနှစ် အစပိုင်းကပဲ”

အဒေါ်ကြီးမေ့ သက်ပြင်းချရင်း ဖြေကာ ချန်ချင်းယွီကို ကြည့်ပြီး တားမြစ်စကားဆိုလိုက်သည်။

“အနာဟောင်းကို ဆွသလို မဖြစ်ပါစေနဲ့တော့၊ ဒီကိစ္စကို ထပ်မပြောနဲ့တော့”

မာကျန်း နှုတ်ခမ်းကို တွန့်လိုက်ရင်း

“ဘဝဆိုတာ တကယ်ကို ခန့်မှန်းရခက်တာပဲ။ အဒေါ်ကြီးရှီ၊ အဒေါ်ကြီးတို့လို အိုမင်းနေတဲ့သူတွေတောင် အသက်ရှင်နေသေးတယ်၊ ဒါပေမဲ့ လင်းကျန့်ဝမ်လို လူငယ်လေးကတော့ ဆုံးသွားပြီ။ သူက ငါ့ထက်တောင် အများကြီး ငယ်သေးတာကိုး”

အဘွားကြီးရှီမှာ ထိုစကားကြောင့် အသက်ရှူပင် မှားသွားရသည်။

ဒီလူယုတ်မာ ပြောနေတာက လူစကား ဟုတ်ရဲ့လား....

နင်မပြောတတ်ရင်လည်း ပါးစပ်ပိတ်ထားစမ်းပါ....

သူမ ကျိန်ဆဲတော့မည်အချိန်တွင် လူတစ်ယောက်သည် ခြံဝင်းထဲမှ အရှိန်ဖြင့် ပြေးထွက်လာပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်၏။

“သားကြီး....”

ပိုင်ဖုန်းရှန်းတစ်ယောက် သူမ၏သားကြီး ပြန်လာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ သူမသည် သားဖြစ်သူထံ ပြေးသွားပြီး အော်ဟစ်ငိုယိုတော့သည်။

“နင်... နင် ကောင်စုတ်လေး.. နောက်ဆုံးတော့ ပြန်လာပြီပေါ့လေ.. ဒီနှစ်တွေတစ်လျှောက်လုံး အမေ နင့်ကို ဘယ်လောက်လွမ်းနေခဲ့ရလဲ သိရဲ့လား.. နားမလည်တဲ့ကလေး.. နင့်အဖေနဲ့ငါက ကျေးလက်ကို မဆင်းပါနဲ့လို့ တားထားရက်နဲ့ နင်က ဇွတ်သွားခဲ့တာလေ။ နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦးမှပေါ့၊ နင့်ရုပ်နဲ့ ကျေးလက်အရပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဘာကူညီနိုင်မှာမလို့လဲ.. ရွာကလူတွေတောင် နင့်ရဲ့ ပိန်ညှောင်ညှောင်ရုပ်ကြီးကို လက်ခံမှာမဟုတ်ဘူး.. နင်က ကျေးလက်ဆင်းသွားတယ်.. ငါ့ကို သတ်နေတာပဲ.. ရွာမှာ အိမ်ထောင်ကျပြီး ပြန်တောင်မလာတော့ဘူး.. နားမလည်တဲ့ကောင်၊ ငါ့ကို အရူးဖြစ်အောင် လုပ်နေတာပဲ..”

ပိုင်ဖုန်းရှန်းမှာ စိတ်လှုပ်ရှားလွန်း၍ စကားများပင် ထစ်ငေါ့နေတော့သည်။ သားဖြစ်သူ ကျေးလက်သို့ ဆင်းသွားကတည်းက တစ်ခေါက်မှ ပြန်မလာခဲ့သဖြင့် ပိုင်ဖုန်းရှန်းခမျာ တွေးမိတိုင်း တရှုံ့ရှုံ့ငိုခဲ့ရသည်သာ။ ယခု မြင်မြင်ချင်းမှာပင် သားဖြစ်သူကို ဖက်ထားရင်း တဗုန်းဗုန်း ထုရိုက်နေ၏။

ချန်ချင်းယွီ ကလေးများကို ဆွဲပြီး နောက်ကို အသာဆုတ်လိုက်သည်။ သူမကိုယ်တိုင် ကျေးလက်သို့ မဆင်းခဲ့ဖူးသော်လည်း ဤဝင်းထဲသို့ ရောက်နေသည်မှာ လအနည်းငယ်ရှိပြီဖြစ်ရာ ကျေးလက်ဆင်းသူတို့၏ ဆင်းရဲဒုက္ခများအကြောင်း တော်တော်များများ ကြားဖူးနားဝရှိနေ၏။ ပိုင်ဖုန်းရှန်းတို့ မိသားစုကဲ့သို့ပင် သားသမီး ကျေးလက်ဆင်းသွားကတည်းက ပြန်မဆုံရသေးသည့် မိသားစုများစွာ ရှိနေသဖြင့် ဤသို့ ပြန်ဆုံချိန်တွင် စိတ်လှုပ်ရှားကြသည်မှာ သဘာဝပင်။

ရှေ့ဝင်းနောက်ဝင်းရှိ လူများလည်း အုတ်အုတ်ကျက်ကျက် ဖြစ်လာကြပြီး လူတိုင်း စပ်စုချင်စိတ်ဖြင့် စုရုံးလာကြသည်။

ပိုင်ဖုန်းရှန်း သားဖြစ်သူကို တင်းတင်းဖက်ထားပြီး တစ်ကိုယ်လုံးကို စစ်ဆေးကြည့်ရင်း

“နင် ပိန်သွားတာပဲ.. ဘယ်လိုဖြစ်လို့ ဒီလောက် ပိန်သွားရတာလဲ.. ရွာမှာ နေရတာ တကယ်ပဲ ပင်ပန်းလွန်းပါတယ်၊ နင်ကလည်း...”

မာကျန်း : “အမေ... ကျွန်တော် အဆင်ပြေပါတယ်။ တကယ်တော့ အဆင်ပြေပြေ နေခဲ့ရတာပါ။ ကျွန်တော့်ယောက္ခမတွေက ရွာမှာ ချမ်းသာတဲ့သူတွေပဲ၊ စားတာသောက်တာလည်း ကောင်းပါတယ်”

“လျှောက်မပြောနဲ့.. စားတာကောင်းရင် ဘာလို့ ဒီလောက် ပိန်နေရမှာလဲ.. အဲဒါ ထားပါဦး၊ နင် ဘာလို့ ဒီအချိန်မှ ပြန်လာရတာလဲ.. ဘာဖြစ်လို့လဲ..”

ဘေးနားရှိလူများမှာလည်း ဘာကြောင့်ဆိုသည်ကို သိချင်သဖြင့် တိတ်ဆိတ်စွာ နားစွင့်နေကြသည်။

မာကျန်း ; “စက်ရုံမှာ အလုပ်ခေါ်နေတယ်ဆို.. အဲဒါ လျှောက်ဖို့ ပြန်လာတာလေ။ ကျွန်တော်ကလည်း ဝန်ထမ်းမိသားစုဝင်ပဲဆိုတော့ အရည်အချင်း ပြည့်မီတာပဲ။ မြို့ပေါ်မှာ ယာယီအလုပ်လေးပဲ ရရ၊ တောမှာနေရတာထက်တော့ ပိုကောင်းမှာပဲလေ”

“ဟင်.. နင် ဘယ်လို သိတာလဲ..”

ပိုင်ဖုန်းရှန်း အံ့အားသင့်၍ မေးလိုက်ရာ၊ မာကျန်း ရယ်မောရင်း

“ညီမလေးက စာရေးပြီး ပြောပြတာလေ”

ပိုင်ဖုန်းရှန်းမှာ စိတ်လှုပ်ရှားသွားပြီး

“အဲဒီကောင်မလေးကတော့ သူ့အစ်ကိုအပေါ် တကယ် သိတတ်တာပဲ”

ထို့နောက် စကားလမ်းကြောင်းမှာ တတိယသားဆီသို့ ရောက်သွားပြန်သည်။

“အဲဒီကောင်မလေးကပဲ ကောင်းတာ၊ ဟို တတိယကောင်ကျတော့ မုဆိုးမနောက်ပဲ တကောက်ကောက် လိုက်နေတယ်။ လူပျိုလေးဖြစ်ပြီးမှ သူ့ထက် ဆယ်နှစ်လောက် ကြီးတဲ့မိန်းမကို ဇွတ်ယူမယ် လုပ်နေတာ၊ ငါတော့ သူ့ကို စိတ်တိုလွန်းလို့...”

“ဟမ်း... အဟမ်း.. မေမေ... တော်တော့၊ လူကြားထဲ အဲဒီလောက်ကြီး ပြောမနေနဲ့လေ၊ ရှက်စရာကြီး”

မာကျန်း ပိုင်ဖုန်းရှန်းကို တားလိုက်ရသည်။

ဘယ်အချိန်ကတည်းက ထွက်ကြည့်နေမှန်းမသိသော ရှီရှောင်ဝေသည် တိုးတိုးလေး ပြောလိုက်၏။

“ခင်များ ပြန်လာလည်း လျှောက်လို့ မရဘူး။ သူတို့က မြို့နေထိုင်ကြောင်း အိမ်ထောင်စုဇယားရှိမှ လက်ခံတာလေ။ ခင်များ အိမ်ထောင်စုက ရွာဘက်ကို ပြောင်းသွားပြီ မဟုတ်လား..”

“ဗျာ.. အိမ်ထောင်စု လိုတယ်ဟုတ်လား.. အမလေး... ဒါဆိုရင်တော့ ငါ အလကား လာခဲ့တာပဲပေါ့”

မာကျန်း အော်ဟစ်လိုက်သည်။

ပိုင်ဖုန်းရှန်း: “...”

ဘေးက ကြည့်နေသူများ: “...”

ချန်ချင်းယွီလည်း ထိုလူကို ကြည့်ရင်း စိတ်ထဲမှ ထူးဆန်းနေမိသည်။

‘ဘုရားရေ.. နင်က အချက်အလက်လေးတောင် သေချာ မစုံစမ်းဘဲ ပြန်လာတာလား..’

သို့သော် ဤလူနှင့် ပတ်သက်သည့် သတင်းများကို ပြန်တွေးကြည့်လျှင် ဤသို့သော ပေါ့ဆမှုမျိုးမှာ သူ့အတွက် အဆန်းမဟုတ်ပေ။

အံ့ဩစရာလည်း မရှိပါဘူးလေ..

ချန်ချင်းယွီ ကလေးများလက်ကို ကိုင်ရင်း ဆက်ကြည့်နေစဉ် မာကျန်း ချက်ချင်းပင် အမူအရာ ပြောင်းသွားသည်ကို တွေ့လိုက်ရ၏။ ဤလူမှာ စိတ်ဓာတ်ကျမနေဘဲ

“ကိစ္စမရှိပါဘူး၊ အိမ်ထောင်စု မရှိလို့ လျှောက်မရလည်း နဂိုကတည်းက အမေတို့ဆီ လာလည်တယ်လို့ပဲ သဘောထားလိုက်မယ်လေ၊ အလကားဖြစ်သွားတာမှ မဟုတ်တာ”

ဤလူမှာ တော်တော်လေး ပေါ့ပေါ့ပါးပါး နေတတ်သူ ဖြစ်ပုံရသည်။ အခြေအနေကို ချက်ချင်း လိုက်လျောညီထွေအောင် ပြောင်းလဲနိုင်သည်လေ..

ပိုင်ဖုန်းရှန်းမှာ “ဒီကလေး... နင်ဟာလေ...” ဟု ဆိုကာ သားကြီးကို တင်းတင်းဖက်ထားပြန်၏။ သူမတွင် သားသမီး လေးယောက်ရှိသော်လည်း ဦးဆုံးရသော သားကြီးကို အချစ်ဆုံး ဖြစ်ပုံရ၏။ သူမက မျက်ရည်များကို သုတ်ရင်း

“ကဲ... အိမ်ထဲဝင်ကြစို့။ အမေ နင့်အတွက် အသားဟင်း ချက်ပေးမယ်။ နင့်ညီမလေးကပဲ သူ့အစ်ကိုအပေါ် တကယ် သိတတ်တာ။ ဟို အသုံးမကျတဲ့ ဒုတိယနဲ့ တတိယကတော့... တစ်ယောက်က ဘယ်ပျောက်နေမှန်းမသိဘူး၊ နောက်တစ်ယောက်ကတော့ မုဆိုးမအိုကြီးနောက်ပဲ တကောက်ကောက် လိုက်နေတယ်။ ငါတော့ သူတို့ကို စိတ်တိုလွန်းလို့..”

ပြောဆိုကာ သားဖြစ်သူကို အိမ်ထဲသို့ ခေါ်သွားလေသည်။

လူအများမှာ ပိုင်ဖုန်းရှန်းတို့ မိသားစု အိမ်ထဲဝင်သွားသည်ကို ကြည့်နေကြစဉ် ဘေးဘီသို့ ချန်ချင်းယွီ တစ်ချက်လှမ်းကြည့်လိုက်သောအခါ ရှီရှောင်ဝေနှင့် လီလင်းလင်းတို့အားလုံး သက်ပြင်းချကာ စိတ်အေးသွားတဲ့ အမူအရာတွေကို တွေ့လိုက်ရ၏။

ချန်ချင်းယွီ : ‘ သောက်ကျိုးနည်း.. ဟင်... ဘာဖြစ်ကြတာလဲ..’

ခဏအကြာမှ သူမ သဘောပေါက်သွားကာ…

သူတို့တွေက နောက်ထပ် ပြိုင်ဘက်တစ်ယောက် မတိုးချင်ကြတာပဲ..

မာကျန်းသည် တောအရပ်ဒေသတွင် နှစ်အတော်ကြာ အခြေချနေထိုင်ခဲ့သူ ဖြစ်သော်လည်း ကျောင်းဆရာတစ်ဦး ဖြစ်ခဲ့ခြင်းကြောင့် သူ၏စာပေအရည်အချင်းမှာ သေချာပေါက် အထင်သေး၍မရနိုင်ပေ။ ထို့ကြောင့် ပြိုင်ဘက်တစ်ဦး တိုးလာမည်ကို စိုးရိမ်သော ဝင်းထဲရှိ လူများအဖို့ သူ အလုပ်လျှောက်ခွင့်မရခြင်းမှာ ဝမ်းသာစရာ သတင်းတစ်ခုသာ ဖြစ်နေ၏။

ချန်ချင်းယွီသည် ထိုအခြေအနေအရပ်ရပ်ကို ထွင်းဖောက်မြင်နေသော်လည်း သူမနှင့်မသက်ဆိုင်သဖြင့် လျစ်လျူရှုထားလိုက်၏။ သူမသည် မာကျန်းကို ယခင်လည်း တစ်ခါမှပင် မြင်ဖူးခဲ့ပေ။

“မေမေ၊ သား ဆံပင်ညှပ်ချင်ပြီ.. ဆံပင်ညှပ်ချင်ပြီ..”

ရှောင်ကျား အော်ဟစ်ပူဆာနေလေသည်။ ချန်ချင်းယွီ ပြုံးရယ်ရင်း

“အေးအေး၊ မေမေ ပြင်ဆင်ပြီးတာနဲ့ သွားကြမယ်လေ”

“ဟုတ်ကဲ့..”

ကလေးနှစ်ယောက်သား စက်ဘီးရှိရာသို့ အပြေးအလွှား သွားနှင့်ကြလေပြီ။ ချန်ချင်းယွီသည် အိမ်တံခါးကို အမြန်ပိတ်ကာ ထွက်လာခဲ့စဉ် အဒေါ်ကြီးမေ့နှင့် အခြားသူများမှာ လူစုစုဖြင့် မာကျန်းအကြောင်းကို အားရပါးရ အတင်းပြောနေကြသည်ကို တွေ့ရသည်။ မာကျန့်ယီတို့ မိသားစု၏ နောက်ခံကောင်းခြင်းမှာ အပြင်ပန်းသာဖြစ်ပြီး အတွင်း၌မူ ဖြေရှင်းမကုန်နိုင်သော ပြဿနာများစွာ ရှိနေသည်မှာ အထင်အရှားပင်။

ချန်ချင်းယွီ စက်ဘီးကို တွန်း၍ အပြင်ထွက်လာစဉ် ရှီကျန့်ရှန်းမှာ စပ်စုလိုဟန်ဖြင့် လှမ်းမေးလိုက်၏။

“ရှောင်ချန်၊ အပြင်သွားမလို့လား..”

“ဆံပင်သွားညှပ်မလို့ပါ”

ထိုအခါမှ ရှီကျန့်ရှန်းသည် စိတ်မဝင်စားတော့သလို မျက်နှာလွှဲသွားလေသည်။ ဤရက်ပိုင်းတွင် မာကျန်း ပြန်လာသည့် သတင်းထက် ပို၍ စိတ်လှုပ်ရှားစရာ ဘာမှမရှိတော့ချေ။ လူများမှာ တစ်ယောက်တစ်ပေါက်နှင့်

“အဲဒီကောင်ကတော့ အခုထိ စိတ်လိုက်မာန်ပါ လုပ်တုန်းပဲ။ အခြေအနေကို သေသေချာချာတောင် မစုံစမ်းဘဲ ပြန်လာရတယ်လို့။ လမ်းစရိတ်က အလကားရတယ် မှတ်နေလား မသိဘူး၊ တကယ်ကို ပေါ့ပျက်ပျက်နိုင်တာ။”

“သူ တောမှာ အိမ်ထောင်ကျသွားတယ်ဆို.. ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ.. နေပါဦး... သူ အိမ်ထောင်ကျတာ ကြာပြီဆိုတော့ ကလေးကော ရပြီလား..”

“သူ တောမှာ နေခဲ့တာ အတော်ကြာပေမဲ့ ဒုက္ခသိပ်ရောက်ပုံမရဘူးနော်။ ကြည့်ဦး၊ ရုပ်က သိပ်မပြောင်းလဲဘူး။ ဟိုလမ်းထဲက ဆွေမိသားစုက ကောင်လေးကို ကြည့်ဦး၊ အိုစာသွားလိုက်တာ။”

“အဲဒီကောင်ကလည်း အချစ်လွယ်တဲ့အမျိုး၊ မိန်းမထဘီနားခိုစားနေတာနေမှာပေါ့...”

ဘေးလူတို့၏ အတင်းအဖျင်းသံများကို နားစွင့်ထားရင်း ချန်ချင်းယွီသည် စက်ဘီးကို အပြင်သို့ တွန်းထုတ်လာခဲ့သည်။ ကလေးနှစ်ယောက်ကို နောက်၌တင်ကာ ဆံပင်ညှပ်ဆိုင်သို့ တန်းစီးလာခဲ့၏။ သူတို့သားအမိ သုံးယောက်လုံး ဆံပင်ညှပ်ခမှာ အလကားဖြစ်သွားရုံတင်မကဘဲ အမြတ်ပင် ကျန်သေးသည်။ ရှောင်ယွမ်လေးမှာ ဆံပင်ကို အရှည်မဖြတ်ဘဲ အဖျားလေးများသာ တိလိုက်သော်လည်း ချန်ချင်းယွီ၏ ဆံပင်မှာမူ အရှည်ကြီး ဖြစ်နေသဖြင့် ပြန်ရောင်း၍ ရလေသည်။ သူမက အရမ်းတိုအောင် မညှပ်ခဲ့သော်လည်း ရောင်းရငွေမှာ သုံးယောက်စာ ဆံပင်ညှပ်ခကို ဖူလုံလိုက်သည့်အပြင် လက်ထဲ၌ ဆယ်ပြားပင် ပိုကျန်သေး၏။

ကလေးနှစ်ယောက်မှာ ဆံပင်ညှပ်ပြီးသဖြင့် ဆိုင်ထဲရှိ ခုံပုလေးများပေါ်တွင် ထိုင်ကာ လှုပ်စိလှုပ်စိ လုပ်နေကြစဉ် ချန်ချင်းယွီသည်ကား မှန်ရှေ့၌ ဆံပင်ဆက်ညှပ်နေဆဲပင်။ ထိုစဉ် ဆိုင်တံခါးပွင့်သံနှင့်အတူ ဧည့်သည်အသစ်တစ်ဦး ရောက်လာသည်။ ချန်ချင်းယွီ မှန်ထဲမှ လှမ်းကြည့်လိုက်ပြီး“ဝါး.. ဘယ်သွားသွား ရင်းနှီးတဲ့ မျက်နှာတွေနဲ့ပဲ ဆုံနေပါလား..” ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ဝင်လာသူမှာ ကွမ်ထင်းထင်း ဖြစ်၏။ ကွမ်ထင်းထင်းသည်လည်း ချန်ချင်းယွီနှင့် ဆုံမည်ဟု မထင်ထားသဖြင့် မျက်ခုံးလေးပင့်ကာ ပြုံးလိုက်ရင်း နှုတ်ဆက်လာသည်။

“အို... ချန်ချင်းယွီ၊ နင်လည်း ဆံပင်ညှပ်ဖို့ ရောက်လာတာလား..”

သူမ နောက်မှ ကလေးနှစ်ယောက်ကို တစ်ချက်ကြည့်ကာ

“နင်ကတော့ ဘယ်သွားသွား ကလေးတွေကို တကောက်ကောက် ခေါ်လာတာပဲနော်၊ ငါတော့ တကယ် အံ့ဩမိတယ်။ နင်ကတော့ နင့်ကမ္ဘာလေးထဲမှာပဲ ပိတ်မိနေပြီးတော့ ပညာမတတ်တဲ့ အဒေါ်ကြီးတွေနဲ့ ဘာမှမခြားတော့ဘူး။ ငါသာ အလုပ်ထွက်ပြီး ကလေးတွေနဲ့ပဲ အချိန်ကုန်ရမယ်ဆိုရင်တော့ မခံနိုင်လောက်ဘူး။ ငါက ရည်မှန်းချက် ကြီးတယ်လေ၊ ဒီလို သာမန်ဘဝမျိုးကို မလိုချင်ဘူး။ အော်... ဒါနဲ့၊ ငါ စက်မှုစက်ရုံကို အလုပ်ပြောင်းဖို့ ကိစ္စ အားလုံးအဆင်ပြေသွားပြီ၊ ဟဟ။ အခုကစပြီး ငါတို့အားလုံးက စက်ရုံဝန်ထမ်း မိသားစုဝင်တွေ ဖြစ်ကုန်ကြပြီပေါ့”

ကွမ်ထင်းထင်း ကြွားဝါလေသည်။

ချန်ချင်းယွီသည် ထိုကိစ္စကို မှတ်မိနေသော်လည်း ကွမ်ထင်းထင်း ဤမျှ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကွမ်ထင်းထင်းမှာ ကြွားဝါတတ်ပြီးသူမကို အမြဲအထင်သေးသော်လည်း ချန်ချင်းယွီမှာ အရေးတယူ မလုပ်ချေ။

‘လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် နေကြတာပဲ၊ ဘယ်သူ့ကို ဘယ်သူ ဂရုစိုက်နေမှာလဲ.. နင် ကောင်းကောင်းနေရလို့ ငါ့ကို ပိုက်ဆံပေးသုံးတာမှ မဟုတ်တာ၊ ဘာတွေ ကြွားစရာရှိပြီး ဘာတွေ အသာစီးရနေလို့လဲ..’

ချန်ချင်းယွီသည်လည်း ငွေကြေးချို့တဲ့သူ မဟုတ်ပေ။ သူမ ဂရုမစိုက်သည့်အလား အေးအေးဆေးဆေးပင် ပြန်မေးလိုက်သည်။

“ရဲစခန်းကလည်း ကောင်းသားပဲ၊ ဘာလို့ ပြောင်းဖို့ စဉ်းစားတာလဲ..”

ကွမ်ထင်းထင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့်

“ရဲစခန်းက ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့ အသေးအဖွဲ ကိစ္စတွေ၊ အတင်းအဖျင်းတွေနဲ့ပဲ အချိန်ကုန်နေရတာ။ ငါလို လူငယ်လေးတစ်ယောက်နဲ့ မလိုက်ဖက်ပါဘူး။ ငါကတော့ စက်ရုံကိုပဲ သွားချင်တယ်၊ သတင်းဖြန့်ချိရေးဌာနမှာ အသံလွှင့်သူ လုပ်ရမှာလေ၊ အဲဒါကမှ ငါနဲ့ ပိုကိုက်ညီတာ”

ကွမ်ထင်းထင်းသည် ထိုနေရာသို့ ပြောင်းရွှေ့ရန် ကြိုးစားအားထုတ်ခဲ့ရသော်လည်း ၎င်းမှာ ရာထူးတိုးခြင်းပင် ဖြစ်သည်။ ယခုခေတ်တွင် ဝန်ထမ်းထောင်သောင်းချီရှိသော စက်ရုံကြီးတစ်ခု၌ အလုပ်လုပ်ရခြင်းမှာ ရဲစခန်းထက် ပို၍ ဂုဏ်ရှိသလို ခံစားခွင့်များလည်း ပိုကောင်း၏။ ကွမ်ထင်းထင်းမှာ ထုံးစံအတိုင်း ဝင့်ကြွားနေဆဲပင်။ အနာဂတ်ကို သိနေသော ချန်ချင်းယွီအတွက်မူ ရဲစခန်းမှာ ပိုကောင်းသည်ဟု ထင်သော်လည်း ၎င်းမှာ သူမနှင့်မဆိုင်သော ကိစ္စပင် ဖြစ်သည်။

သူမသည် ကွမ်ထင်းထင်းနှင့်လည်း ထိုမျှမခင်မင်သည့်အပြင် တစ်ဖက်လူ ကြွားဝါနေသည်မှာလည်း အထင်အရှားပင်။ ချန်ချင်းယွီသည် အလိုမကျလျှင် ပေါက်ကွဲတတ်သူ မဟုတ်ပေ၊ ကွမ်ထင်းထင်းကိုလည်း အရေးမလုပ်သောကြောင့် ပြုံးလျက်ပင် မေးလိုက်၏။

“နင်လည်း ဆံပင်ညှပ်မလို့လား..”

“ဟုတ်တယ်၊ ငါက ဌာနအသစ်ကို ပြောင်းရမှာဆိုတော့ သေချာပြင်ဆင်ရမှာပေါ့။ နေရာသစ်၊ ရုပ်ရည်သစ်နဲ့လေ..”

သူမ ခုံတွင်ဝင်ထိုင်ရင်း ချန်ချင်းယွီ၏ ဆံပင်တိုကို ကြည့်ကာ ဝေဖန်လေကန်လေသည်။

“ဒီဆံပင်ပုံစံက သိပ်ကြည့်မကောင်းဘူး။ ကျစ်ဆံမြီးအရှည်ကြီး ကျစ်လို့မရတော့ဘူးလေ”

ချန်ချင်းယွီမှာ အလျဉ်းဂရုမစိုက်ပေ။

“ဒီလောက်ဆို အဆင်ပြေပါတယ်၊ ပေါ့ပေါ့ပါးပါး ရှိတာပေါ့”

“ငါကတော့ ဒီလောက်အထိ တိုအောင် မညှပ်ပါဘူး။ အော်... ဒါနဲ့၊ နင်တို့ဝင်းထဲက ယွမ်ဟောက်ဖုန်း ဆိုတဲ့လူကို သိလား.. သူက ဘယ်လိုလူလဲ.. နင်တို့ဝင်းထဲက အဒေါ်ကြီးပိုင်ကလေ...”

သူမ အသံကိုနှိမ့်ကာ ဆက်ပြောလာ၏။

“ငါ့ကို သူ့နဲ့ မိတ်ဆက်ပေးမလို့တဲ့။ သိတယ်မလား... အလုပ်အကိုင် အဆင့်အတန်းရှိပြီး ရုပ်ရည်လေးကလည်း ရှိနေတော့ ကောင်လေးတွေက ဝိုင်းဝိုင်းလည်နေတာပဲ။ သူက ဘယ်လိုလဲ.. ငါ့ကို နည်းနည်းလောက် ပြောပြပါဦး။”

ချန်ချင်းယွီမှာ လေသံအေးအေးဖြင့်

“မသိဘူး၊ သိပ်မရင်းနှီးဘူး”

ကွမ်ထင်းထင်း အံ့ဩသွားကာ

“ဟင်..”

ချန်ချင်းယွီ : “ငါ သူ့ကို သိပ်မသိဘူး။ နင်ပဲ တခြားလူတွေကို စုံစမ်းကြည့်လိုက်ပါဦး။ ငါ ဒီဝင်းထဲကို အိမ်ထောင်ကျပြီး ရောက်လာတဲ့နှစ်မှာ သူက အလုပ်စဝင်နေပြီဆိုတော့ ဝင်းထဲမှာ သိပ်မရှိဘူး။ အဲဒါကြောင့် ငါ သူ့ကို သိပ်မသိတာ”

ကွမ်ထင်းထင်း စိတ်ပျက်သွားဟန်ဖြင့်

“နင်ကလည်း... ဘာလို့ ဒီလောက်တောင် လူမှုရေးမရှိရတာလဲ..”

“ဟဲဟဲ..”

ချန်ချင်းယွီ၏ အပြုံးထဲတွင် ဆွံ့အသွားသည့် အရိပ်အယောင်အချို့ စွက်ဖက်နေသည်။ မှန်ထဲမှတစ်ဆင့် သူမ၏ဆံပင်ကို ညှပ်ပေးနေသော အဘိုးကြီးနှင့် အကြည့်ချင်းဆုံမိရာ အဘိုးကြီး၏ မျက်နှာတွင်လည်း "မပြောချင်တော့ဘူး" ဆိုသည့် အမူအရာမျိုး ဖြစ်ပေါ်နေ၏။

အဘိုးကြီး၏ အသက်အရွယ်နှင့်ဆိုလျှင် ကွမ်ထင်းထင်း၏ ကြွားဝါမှုကို ထွင်းဖောက်မြင်နိုင်သည်မှာ အဆန်းမဟုတ်ပေ။ လောကတွင် ဤကဲ့သို့သော စရိုက်မျိုးကို မနှစ်မြို့သူများလည်း ရှိစမြဲပင်။

အဘိုးကြီးမှာလည်း တကယ့်ကို စကားပင် ဆက်မပြောချင်တော့ပေ။ သူတို့နှစ်ဦးသည် ရှားရှားပါးပါး အကြည့်ချင်းဆုံကာ အချင်းချင်း မျက်စပစ်ပြလိုက်ကြသည်။

ကွမ်ထင်းထင်းမှာ သူမ၏ စကားကို မရပ်တန့်သေးဘဲ ဆက်လက်ကြွားဝွနေ၏။

“အခု စက်ရုံမှာ ငါက အသံလွှင့်သူအဖြစ် အလုပ်လုပ်ရမှာလေ။ နင် အသံလွှင့်သူဆိုတာ သိတယ်မလား.. ပုံမှန်ဆိုရင် ရုပ်ရည်လေးလည်း ရှိဖို့လိုတယ်။ တကယ်တော့ ငါက အနုပညာအဖွဲ့ဆီ ပြောင်းချင်တာ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီလို ပြောင်းဖို့ စနစ်က မရှိဘူးလေ။ ဒါပေမဲ့ အသံလွှင့်သူ ဖြစ်ရတာလည်း မဆိုးပါဘူး။ ငါက အလုပ်လုပ်ရင် တော်တော်လေး စွမ်းဆောင်ရည် ရှိတာဆိုတော့ တစ်နေ့မှာ နာမည်ကြီးလာမှာ သေချာတယ်”

ချန်ချင်းယွီ … “ဪ”

ကွမ်ထင်းထင်း ; “ငါက...”

“ကဲ... ရပြီ..”

ဆံပင်ညှပ်ဆရာမှာ ကတ်ကြေးကို သိမ်းလိုက်ရင်း

“ဆံပင်ညှပ်လို့ ပြီးပြီ၊ ကြည့်လိုက်ဦး”

ချန်ချင်းယွီ ခေါင်းကို ဟိုဘက်ဒီဘက် လှည့်ကြည့်ကာ ကျေနပ်စွာပြုံး၍ ဆိုလိုက်၏။

“ကြည့်ကောင်းတယ်၊ ကျေးဇူးပဲနော်”

ဆံပင်ညှပ်ဆရာမှာ ကွမ်ထင်းထင်းဘက် လှည့်ကာ

“နင်ကော ဆံပင်ညှပ်မှာလား.. တိုတိုလေး ညှပ်မလား..”

“ဘယ်လိုဖြစ်ပြီး ညှပ်ရမှာလဲ.. ကျွန်မက ဆံပင်အရှည်ပဲ ထားချင်တာ။ ဆံပင်တိုတာက အဆင်မပြေဘူး။ ဘိုးဘိုး... ဆံပင်ကို ဘယ်လိုထိန်းသိမ်းရင် နက်မှောင်ပြီး တောက်ပလာမလဲဆိုတာ သိလား..”

“အဲဒါကို ဘယ်သူသိမှာလဲ.. နှမ်းနက်စားရင် ကောင်းတယ်လို့တော့ ကြားဖူးတယ်။ နင် စမ်းကြည့်ချင်ကြည့်ပေါ့၊ ဒါပေမဲ့ နှမ်းနက်က ဈေးမချိုဘူးနော်... အဲဒီပိုက်ဆံနဲ့ တခြားလုပ်စရာတွေ အများကြီး ရှိသေးတာပဲ။ အခုခေတ် လူငယ်လေးတွေကတော့ အလှအပကို တကယ် ဂရုစိုက်ကြတာပဲ”

“ကျွန်မ အသံလွှင့်တဲ့သူ ဖြစ်တော့မှာလေ၊ ရုပ်ရည်ကို သေချာမပြင်ဆင်လို့ ဘယ်ဖြစ်မလဲ”

ကွမ်ထင်းထင်းမှာ ခပ်ရိုင်းရိုင်းပင် ပြန်ပြောလိုက်၏။

ချန်ချင်းယွီသည် စကားထဲဝင်မပါတော့ဘဲ ပိုလာသော ဆယ်ဆင့်ပြားလေးကို အိတ်ထဲထည့်ကာ နှုတ်ဆက်စကား ပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ် ဘိုးဘိုး၊ ကျွန်မ သွားတော့မယ်နော်”

အဘိုးကြီး လက်ပြကာ နှုတ်ဆက်ကျန်ရစ်၏။

ကွမ်ထင်းထင်းသည် ချန်ချင်းယွီနှင့် ကလေးနှစ်ယောက် ထွက်သွားသည်ကို ကြည့်ကာ နှာခေါင်းရှုံ့ရင်းခပ်တိုးတိုး ကဲ့ရဲ့လိုက်လေသည်။

“တောသူမ..”

ချန်ချင်းယွီ: “...”

‘တောက်.. ဒီမိန်းမကတော့... ငါ့ကို တကယ်ပဲ စိတ်ကောင်းရှိတဲ့သူလို့ ထင်နေတာလား..’

ချန်ချင်းယွီသည် နောက်သို့ လှည့်ကာ ပါးရိုက်ပစ်ချင်စိတ်ကို အတော်လေး ထိန်းလိုက်ရသည်။ သူမသည် တကယ့်ကို စိတ်ပျက်စရာ ကောင်းလွန်းလှ၏။

ချန်ချင်းယွီသည် ဤဘဝတွင် သူမ၏ စိတ်နေစိတ်ထားမှာ အများကြီး ပိုကောင်းလာသည်ဟု ခံစားရသည်။ အကယ်၍ ယခင်ဘဝသာဆိုလျှင် သူမသည် ထိုမိန်းမကို သေချာပေါက် သင်ခန်းစာ ပေးလိုက်ပြီး ဖြစ်လိမ့်မည်။ ချန်ချင်းယွီသည် နှုတ်ခမ်းလေး စူလိုက်ပြီး အပြင်သို့ ထွက်လာခဲ့၏။ သူမ လက်ကို မြှောက်ကာ ဆံပင်များကို စုစည်း၍ မြင်းမြီးပုံစံလေး ခပ်ပေါ့ပေါ့ စည်းလိုက်သည်။

“ဟင်း... နေလို့ကောင်းလိုက်တာ..”

ဆံပင်အရှည်မှ ဆံပင်တိုသွားသောအခါ ခံစားရသည့် လန်းဆန်းမှုကိုမူ ဤသို့ မလုပ်ဖူးသူများ နားလည်နိုင်မည် မဟုတ်ပေ။ ဆံပင်ကို အစွန်းရောက်အောင် တိုတိုလေး မညှပ်ထားသော်လည်း ယခင်ကထက်စာလျှင် အများကြီး ပေါ့ပါးနေသည်။

ကလေးနှစ်ယောက်မှာလည်း ဆံပင်တိုတိုလေးများဖြင့် ဝင့်ကြွနေကြပြီး ရှောင်ကျားတစ်ယောက် ပျော်ရွှင်စွာဖြင့်

“မေမေ၊ သားဆံပင်က အများကြီး တိုသွားပြီနော်”

ချန်ချင်းယွီ : “ဟုတ်တယ်၊ ဘယ်လို ခံစားရလဲ..”

“နည်းနည်းတော့ အေးသွားသလိုပဲ..”

ချန်ချင်းယွီ ရယ်မောရင်း “ရှောင်ယွမ်လေးကော..” ဟု မေးလိုက်စဉ်၊ ကျစ်ဆံမြီးနှစ်ဖက်နှင့် အရှေ့ဆံပင် ဝဲလေးဖြင့် ချစ်စရာကောင်းနေသော ရှောင်ယွမ်လေးမှာ ချွဲ့နွဲ့သောလေသံလေးဖြင့်

“ရှောင်ယွမ်လေးက ပိုလှသွားတယ်”

ချန်ချင်းယွီမှာ သဘောကျကာ ရယ်မောမိတော့သည်။

“မေမေ၊ အိမ်ပြန်ကြတော့မလား..”

ချန်ချင်းယွီ : “ကဲ... သွားကြစို့..”

စက်ဘီးရှိခြင်းမှာ တကယ့်ကို အဆင်ပြေလှသဖြင့် လူတိုင်း အဘယ်ကြောင့် စက်ဘီးလိုချင်ကြသည်ကို သူမ သဘောပေါက်သွားရ၏။ ကလေးနှစ်ယောက်ကို နောက်၌တင်ကာ နင်းလာရင်း

“လေတိုးလာတာ ခံစားရလား..”

“ဟုတ်ကဲ့.. လေတွေ တိုးနေတယ်”

ကလေးများ ပြိုင်တူ ပြန်ဖြေကြ၏။

ချန်ချင်းယွီသည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ မည်းမှောင်နေသော တိမ်တိုက်အချို့ကို တွေ့လိုက်ရသည်။ ၎င်းမှာ အဆန်းတော့ မဟုတ်ပေ၊ မနေ့ည အပြင်ထွက်စဉ်ကတည်းက ကောင်းကင်မှာ အုံ့မှိုင်းနေပြီး လေတိုက်နေသဖြင့် နောက်ရက်များတွင် မိုးရွာနိုင်သည်ဟု သူမ ခန့်မှန်းထားခဲ့၏။ မိုးရွာမည်ဟု တွေးမိသည်နှင့် မှိုရှာထွက်သည့် ကိစ္စကို သတိရကာ ချန်ချင်းယွီ စိတ်ဝင်စားသွားသည်။ မှိုရှာရခြင်းမှာ တကယ့်ကို ပျော်စရာ ကောင်းသည်ပင်။

ကွမ်ထင်းထင်း သူမကို အိမ်ထောင်ရှင်မတစ်ဦးအဖြစ် အထင်သေးသော်လည်း ချန်ချင်းယွီမှာမူ ဤဘဝနှင့် အတော်လေး အသားကျနေပြီဖြစ်သည်။ သူမသည် ပြဿနာရှာချင်လျှင်ပင် ယခုအချိန်တွင် မလုပ်လိုသေးပေ။ ဤနှစ်များအတွင်း အေးအေးဆေးဆေး နေထိုင်ရခြင်းမှာ အကောင်းဆုံးဖြစ်၏။

မည်သို့ပင်ဖြစ်စေ၊ မိမိကိုယ်တိုင် ပျော်ရွှင်နေသရွေ့ အချိန်ဖြုန်းနေသည်ဟု မဆိုနိုင်ချေ။

ချန်ချင်းယွီသည် သူတစ်ပါး၏ အမြင်ကို သိပ်ဂရုမစိုက်ဘဲ ကလေးများကို မေးမြန်းလေသည်။

“မိုးရွာပြီးရင် မေမေတို့ မြို့ပြင်ဘက်ကို မှိုသွားရှာကြမလား..”

“ဟုတ်.. သွားမယ်..”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ပျော်ရွှင်စွာဖြင့်

“မေမေ သားတို့ စက်ဘီးနဲ့ သွားကြမယ်၊ အခု သားတို့မှာ စက်ဘီးရှိပြီလေ..”

“ဟုတ်တာပေါ့”

ချန်ချင်းယွီ ထောက်ခံပြောကာ ခေါင်းငြိမ့်ပြလိုက်၏။

“ရှောင်ချန်ရေ~”

ချန်ချင်းယွီ စက်ဘီးနင်းလာစဉ် တစ်စုံတစ်ယောက်မှ လှမ်းခေါ်လိုက်သဖြင့် လှည့်ကြည့်လိုက်ရာ စက်ဘီးတစ်စီးနှင့် လာနေသော ကျောက်ရုံကို တွေ့လိုက်ရသည်။

ကျောက်ရုံ ချန်ချင်းယွီကို အံ့ဩတကြီး ကြည့်ကာ မေးမြန်းလာ၏။

“ဘာလို့ ဆံပင်ကို ဒီလောက်တိုအောင် ညှပ်ပစ်လိုက်တာလဲ..”

“နွေရာသီ ရောက်တော့မှာဆိုတော့ အရမ်းပူလို့ပါ”

ပြန်ဖြေရင်း သူမကိုယ်တိုင်လည်း စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။

“အလုပ်ဆင်းချိန်တောင် မရောက်သေးဘူး မဟုတ်လား.. အစ်မကျောက် နောက်တစ်ခါ ခွင့်ထပ်ယူပြန်ပြီလား..”

ကျောက်ရုံ အနေရခက်စွာ ပြုံးလိုက်ပြီး

“ကိစ္စလေးတစ်ခု ရှိလို့ နေ့ခင်းပိုင်း ခွင့်ယူလိုက်တာပါ”

အမှန်စင်စစ် ထိုနေ့ခင်းမှာ သူမသည် ရှန့်ရှန့်ထံသို့ သွားရောက်တောင်းပန်ခဲ့ခြင်း ဖြစ်သည်။ ရှန့်ရှန့်၏ ကြားဝင်စေ့စပ်ပေးမှု မပါဘဲနှင့်မူ ထိုလူကြီးပိုင်းများကို တောင်းပန်ရန် လမ်းစရှာနိုင်မည်မဟုတ်ကြောင်း သူမ ကောင်းကောင်းသိ၏။ သို့သော်လည်း သူမသည် တစ်ဖက်လူကို အတော်လေး စိတ်ဆိုးအောင် လုပ်ခဲ့မိသဖြင့် ယနေ့တွင် တံခါးဝမှပင် အငြင်းခံခဲ့ရလေသည်။

ကျောက်ရုံမှာ ဒေါသများ တောက်လောင်နေ၏။ သူမ၏ ရည်မှန်းချက် မအောင်မြင်သည့်အပြင် အခြေအနေမှာ ပို၍ ဆိုးရွားသွားခဲ့ရာ စိတ်မသက်မသာ ဖြစ်နေရသည်။ မိမိသမီးအရင်းကို ကျေးလက်သို့ မည်သို့ စိတ်ဖြင့် လွှတ်နိုင်မည်နည်း။ ကျောက်ရုံသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ အတင်းအကျပ် ပြုံးပြကာ

“ညည်း ဆံပင်တိုလေးနဲ့လည်း ကြည့်ကောင်းသားပဲ..”

ချန်ချင်းယွီ ခပ်ပြုံးပြုံးဖြင့် ပြန်တုံ့ပြန်လိုက်သည်။

“လှတာ မလှတာထက် နေလို့ကောင်းဖို့က ပိုအရေးကြီးပါတယ်”

ကျောက်ရုံ နှုတ်ခမ်းကို တွန့်လိုက်ပြီး

“ရှောင်ချန်၊ ညည်း တစ်နေ့ကုန် ကလေးနှစ်ယောက်နဲ့ အိမ်မှာပဲ အချိန်ဖြုန်းနေတာ နှမြောစရာကြီး။ ညည်းက အထက်တန်းအောင်ထားတာ မဟုတ်လား.. အခု စက်ရုံမှာ အလုပ်ခေါ်နေတာပဲ၊ သွားလျှောက်ပါလား။ ညည်းက ဘက်စုံက ကိုက်ညီတာပဲ၊ မလျှောက်ရင် နှမြောစရာကြီး”

သူမ၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ဝေ့ဝဲနေပြီး ထပ်ပြောလာပြန်၏။

“တကယ်လို့ ညည်းလျှောက်မယ်ဆိုရင် ငါ့မှာ အဆက်အသွယ်တွေ ရှိတယ်၊ စက်ရုံထဲဝင်နိုင်အောင် ငါ ကူညီပေးလို့ ရတယ်”

ချန်ချင်းယွီ ရယ်မောလိုက်ပြီး

“အစ်မကျောက်မှာ အဆက်အသွယ်တွေ ရှိရင် အဲဒါတွေကို ရှောင်ချွေနဲ့ ဟောက်ရွှယ်အတွက်ပဲ သုံးလိုက်ပါလား”

သူမ ဆက်လက်၍ ပြတ်ပြတ်သားသားပင် ဆိုလိုက်၏။

“သူတို့သာ စက်ရုံထဲ အလုပ်မရရင် ကျေးလက်ဆင်းကြရမှာလေ။ အစ်မက သူတို့ကို မလွှတ်ချင်ဘူး မဟုတ်လား.. အစ်မကျောက်က စိတ်ထားကောင်းတဲ့သူဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုအရေးကိုပဲ ပိုတွေးသင့်တယ်နော်။ ကျွန်မကတော့ အလုပ်မလုပ်လည်း ဖြစ်တယ်၊ တကယ်လို့ အလုပ်လုပ်မယ်ဆိုရင် ကလေးနှစ်ယောက်က ဘယ်သူနဲ့ နေမှာလဲ.. ကျောင်းကြိုကျောင်းပို့နဲ့ ပြီးတော့ ကလေးထိန်းကျောင်းကလည်း သုံးနှစ်အရွယ်ကလေးတွေကိုမှ လက်မခံတာ”

ကျောက်ရုံမှာ အနေရခက်စွာ ပြုံးရင်း

“သူတို့အတွက်လည်း ငါ စဉ်းစားပေးတာပေါ့၊ ဒါပေမဲ့ ရှောင်ချွေက အလယ်တန်းပဲ အောင်ထားတာဆိုတော့ နည်းနည်းတော့ လိုအပ်ချက် ရှိနေတာပေါ့။ ဟူး... ငါလည်း စိတ်ပူနေရပါတယ်”

“အစ်မကျောက်မှာ အဆက်အသွယ်တွေ အများကြီးပဲ၊ ရှောင်ချွေကို ဒီမှာပဲ နေနိုင်အောင် သေချာပေါက် လုပ်နိုင်မှာပါ။ အစ်မက အရည်အချင်းအရှိဆုံးဆိုတာ လူတိုင်းသိတာပဲ။ အရင်တုန်းကလည်း တခြားသူတွေ မနေရရင်တောင် ရှောင်ချွေနဲ့ ဟောက်ရွှယ်တို့ကတော့ ဒီမှာပဲ ကျန်ခဲ့ရမယ်လို့ လူတိုင်း ပြောနေကြတာ။ အစ်မရဲ့ အရည်အချင်းက ထိပ်တန်းပဲလေ။ ရှောင်ချွေက သမီးအရင်း မဟုတ်လို့ဆိုပြီး ကျေးလက်ကိုတော့ တမင် သက်သက်ကြီး မလွှတ်လောက်ပါဘူး၊ ဟုတ်တယ်မလား..”

ချန်ချင်းယွီ ရိသဲ့သဲ့ ပြောချလိုက်လေသည်။

ဤသို့ ခနဲ့ရသည်မှာ တကယ့်ကို အရသာရှိလှသည် မဟုတ်လော့..

ကျွန်မကိုလာစမ်းချင်တယ်ပေါ့.. အနာပေါ်ဆားဖြူးတဲ့နေရာမှာ ကျွန်မလည်း မညံ့ပါဘူးနော်..

ထင်သည့်အတိုင်းပင် ကျောက်ရုံမှာ ပို၍ပင် မျက်နှာပျက်သွားရသည်။

ယခင်ဆိုလျှင် ကျောက်ရုံသည် မည်သည့်အခြေအနေမျိုးတွင်မဆို ဟန်မပျက် နေနိုင်သော်လည်း ယခုနောက်ပိုင်းတွင်မူ သူမ တကယ်ကို အခက်တွေ့နေရ၏။ ပြဿနာများမှာ တောင်လိုပုံနေပြီး တစ်ခုမှလည်း အဆင်မပြေဖြစ်နေရာ စိတ်အခြေအနေမှာ အတော်လေး ဆိုးရွားနေ၏။ ကျောက်ရုံ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဆိုလိုက်လေသည်။

“သူတို့အတွက် ငါ အစွမ်းကုန် ကြိုးစားပေးရမှာပေါ့.. ဒီရက်ပိုင်း ငါ ခွင့်တွေ ဘယ်လောက်တောင် ယူထားရလဲ ကြည့်ဦး၊ ဟူး..”

ချန်ချင်းယွီသည်လည်း ထပ်လောင်း၍ မြှောက်ထိုးပင့်ကော် လုပ်လိုက်ကာ

“အစ်မကျောက် သေချာပေါက် လုပ်နိုင်မှာပါ။ အစ်မ မလုပ်နိုင်ဘူးလို့ ဘယ်သူပြောပြော ကျွန်မကတော့ မယုံဘူး”

သူမ ကျောက်ရုံကို ကောင်းကင်အထိ မြှောက်တင်ပေးလိုက်သော်လည်း ကျောက်ရုံမှာမူ လုံးဝ မပျော်နိုင်ရှာဘဲ ဟန်ဆောင်အပြုံးပင် မပြုံးနိုင်တော့ပေ။

“ငါ ရုတ်တရက် ကိစ္စတစ်ခု သတိရလို့ အခု သွားလိုက်ဦးမယ်”

“ဪ... အမကြီး အလုပ်ရှုပ်နေတာပဲ”

ချန်ချင်းယွီမှာ ကျန်ရစ်ခဲ့လေသည်။

ကျောက်ရုံသည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ အမြန် ထွက်ခွာသွားတော့၏။ ချန်ချင်းယွီဂရုမစိုက်ဘဲ သီချင်းလေး တအေးအေးနှင့် စက်ဘီးနင်းကာ အိမ်သို့ ပြန်လာခဲ့သည်။ လမ်းကြားထဲသို့ ရောက်သောအခါ ဝင်းထဲသို့ပင် မဝင်ရသေးခင်မှာပင် ကလေးများ ပျော်ရွှင်စွာ ခုန်ပေါက်နေကြသည်ကို တွေ့လိုက်ရပြီး တစ်ဦးချင်းစီ၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေကြသည်။

ဝမ်နာ့နာလည်း ထိုနေရာ၌ ရှိနေ၏။ ထိုကောင်မလေးသည် သူတို့ကို အဝေးမှ မြင်မြင်ချင်း လှမ်းခေါ်လိုက်ကာ အော်ဟစ် သတင်းပေးလေသည်။

“ရှောင်ကျား၊ ရှောင်ယွမ်... ဒီည စက်ရုံမှာ ရုပ်ရှင်ပြမှာတဲ့.. ရုပ်ရှင်သွားကြည့်ကြရအောင်..”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ “ဝါး..” ဟု အံ့ဩတကြီး အော်ဟစ်ကာ စက်ဘီးပေါ်မှ ဆင်းရန် ကြိုးစားကြတော့၏။ ချန်ချင်းယွီလည်း ကလေးနှစ်ယောက်ကို အမြန်ပင် မြေကြီးပေါ်သို့ ချပေးလိုက်၏။

ကလေးနှစ်ယောက်သည် နာ့နာထံသို့ တကောက်ကောက် ပြေးသွားကြရင်း “ဘယ်အချိန်မှာလဲ.... သွားကြည့်ချင်တယ်..” ဟု စိတ်လှုပ်ရှားစွာ မေးကြတော့သည်။

ထိုအချိန်တွင် လမ်းကြားထဲရှိ ကလေးအားလုံးမှာ လမ်းထောင့်၌ စုရုံးနေကြပြီး မျက်နှာများမှာ ဝင်းပနေ၏။

“မှောင်တာနဲ့ ပြမှာတဲ့.. ငါ့အဖေက သတင်းရလာတာ..”

နာ့နာမှာ အားလုံးထဲတွင် ဂုဏ်အယူနိုင်ဆုံး ဖြစ်နေသည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်လုံးလေးများမှာလည်း အရောင်တောက်နေကြ၏။

ချန်ချင်းယွီကိုယ်တိုင်လည်း စိတ်လှုပ်ရှားသွားရသည်။

ဟော... ဤဘဝတွင် လဟာပြင်ရုပ်ရှင်ကို ပထမဆုံးအကြိမ် ကြည့်ဖူးတော့မည် မဟုတ်ပါလား..

ဟိဟိ....

All Chapters