အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း (၁၅၃) အခွင့်အလမ်းသစ်များ
ကျောက်ဖူကျွင်းက သူမကို ကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
သူက လူတိုင်းကို တိတ်တိတ်နေရန် အချက်ပြရင်း လက်ကာပြလိုက်သည်။
“မိန်းကလေးချန်ဖန်း… မင်း လုပ်ရပ်ရဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေကို မင်း မသိသေးဘူး ထင်တယ်...”
ဤစကားကို ကြားသောအခါ ချန်ဖန်းမှာ တွန့်ဆုတ်သွားပြီး အပြစ်ကို ဝန်ခံရန် သူမ၏ ခေါင်းကို ချက်ချင်း ငုံ့လိုက်၏။
“နောက်တစ်ခါ မဖြစ်စေရဘူးလို့ ကျွန်မ ကတိပေးပါတယ်...”
သူမက မတုံးအပေ။ သူမရှေ့မှ အရေးပါသော ပုဂ္ဂိုလ်ကို စော်ကားရန် မတတ်နိုင်ကြောင်း သူမ သိထားသည်။
“ရိုးသားဖြောင့်မတ်မှုက ဖန်တီးရှင်တစ်ယောက်ရဲ့ အခြေခံအကျဆုံး အရည်အချင်းဆိုတာကို မင်း နားလည်ဖို့ မျှော်လင့်ပါတယ်...”
“ဒါ့အပြင် အခြားသူရဲ့ လက်ရာကို ခိုးချတာက ဖန်တီးမှုလောကမှာ ကြီးမားတဲ့ တားမြစ်ချက်တစ်ခုပဲ... မင်းက ဖန်တီးရှင်တစ်ယောက်ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ငါထင်တယ်...”
ကျောက်ဖူကျွင်းက တင်းမာစွာ ပြောလိုက်၏။
“ဒီကိစ္စကို ငါ လျစ်လျူရှုပေးနိုင်ပေမဲ့ နောင်ကို မင်းကိုယ်မင်း ဆင်ခြင်ဖို့ မျှော်လင့်တယ်...”
ကျောက်ဖူကျွင်းက ခေါင်းလှည့်၍ သူ့တပည့်များကို ခေါ်လိုက်သည်။
“သွားပြီး အဲ့ညကျောင်းအကြောင်း စုံစမ်းချေ... ပြီးတော့ လဲ့ချင်းရဲ့ လိပ်စာကို သေချာပေါက် ရအောင်ရှာခဲ့...”
“ဟုတ်ကဲ့ပါ သူဌေး...”
တပည့်ဖြစ်သူက ပြန်လည် ဖြေကြား၍ ထွက်သွား၏။
လဲ့ချန်၏ အိမ်၌ မြွေဘုရင်ကို မြွေခြံထဲတွင် ထည့်ထားပြီး ဖြစ်သည်။
လဲ့ချန်က မြွေဘုရင်ကို လက်ညှိုးထိုးပြ၍ လဲ့ချင်းကို ပြောလိုက်၏။
“ကြည့်စမ်း... ဒီအကောင်က ငါတို့ရဲ့ မြွေဘုရင်ပဲ... အခုကစပြီး သူက တို့မိသားစုရဲ့ ရတနာဖြစ်လာလိမ့်မယ်...”
လဲ့ချင်းက လဲ့ချန် လက်ညှိုးထိုးပြသည့် အရပ်သို့ စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်ရာ မြွေခြံ၏ အလယ်ဗဟို၌ ခွေနေသော မြွေဘုရင်ကို တွေ့လိုက်ရသည်။ ၎င်း၏ အကြေးခွံများက တဖျပ်ဖျပ် တောက်ပနေပြီး ခမ်းနားထည်ဝါလှ၏။
“ဝိုး... တကယ့်ကို ခမ်းနားတာပဲ...”
လဲ့ချင်းက သက်ပြင်းချလိုက်သည်။
လဲ့ချန်က နှုတ်ခမ်းမဲ့၍ ပြုံးလိုက်၏။
“သေချာတာပေါ့... ဘယ်သူ ဖမ်းလာတာလဲဆိုတာ ကြည့်ဦးလေ...”
“သူက ဟိုအထဲရောက်တာ တစ်ခဏလေးပဲ ရှိသေးတယ်... ချက်ချင်းကို ဟိတ်ဟန်ထုတ်နေကြပြီ...”
လဲ့ချန်က မေးငေါ့ပြ၍ လဲ့ချင်းကို ဆက်ကြည့်ရန် အချက်ပြလိုက်သည်။
လဲ့ချင်း၏ မျက်လုံးများက လဲ့ချန်၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း ပြူးကျယ်သွား၏။ မြွေဘုရင်က မြွေအုပ်ကြီးထဲသို့ ဖြည်းညင်းစွာ တိုးဝင်သွားသည်ကို သူမ တွေ့လိုက်ရသည်။ ၎င်း၏ ခမ်းနားထည်ဝါမှုက ရုပ်ရှင်ထဲမှ ဧကရာဇ်တစ်ပါး တိုင်းခန်းလှည့်လည်နေသည်နှင့် ဆင်တူလှ၏။
မြွေဘုရင်က ခွေလိမ်လှုပ်ရှားသွားပြီး ၎င်း၏ နယ်မြေသစ် အနံ့ကို ခံနေသည့်အလား လျှာကို တဖလပ်ဖလပ် ထုတ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ မြွေများမှာ အစပိုင်းတွင် ဇဝေဇဝါနှင့် လုံးထွေးသွားကြသော်လည်း ဤဧည့်သည်အသစ်၏ ထူးခြားသော သဘာဝကို လျင်မြန်စွာပင် နားလည်သွားကြ၏။
“အိုး... ဟိုမြွေပေါက်စလေးတွေကို ကြည့်စမ်း... အကုန်လုံး အဝေးကို ပုန်းရှောင်ကုန်ကြပြီ...”
လဲ့ချန်က ပြုံး၍ ပြောလိုက်သည်။
တကယ်တမ်းပင် မြွေဘုရင် သွားရာလမ်းတစ်လျှောက်ရှိ အခြားမြွေများ အားလုံးက ဤပုဂ္ဂိုလ်ကြီးကို စော်ကားမိမည်ကို ကြောက်ရွံ့နေသည့်အလား လမ်းဖယ်ပေးကြ၏။
အချို့မြွေများဆိုလျှင် သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးကို ထောင့်တစ်နေရာသို့ ကျုံ့ထားပြီး အကဲခတ်ရန် ခေါင်းလေးများကိုသာ ရဲရဲတင်းတင်း ပြူထွက်နေကြသည်။
မြွေဘုရင်က မြွေများကြားတွင် ၎င်း၏ အာဏာကို တဖြည်းဖြည်း တည်ဆောက်နေသည်ကို မြင်သောအခါ လဲ့ချန်မှာ အလွန်တရာ ဝမ်းသာသွား၏။
“ကြည့်စမ်း... အဲ့တာက မြွေဘုရင်ရဲ့ ခမ်းနားမှုပဲ...”
လဲ့ချန်က ပြောလိုက်သည်။
လဲ့ချင်းက မြွေဘုရင်ကို လေးစားအားကျသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
“အစ်ကိုက တကယ့်ကို အံ့သြစရာပဲ... မြွေဘုရင်ကိုတောင် ဖမ်းနိုင်ခဲ့တယ်...”
လဲ့ချန်က လဲ့ချင်း၏ ခေါင်းကို ပုတ်လိုက်သည်။
“မင်းလည်း နောင်ကျရင် အတော်လေး အရည်အချင်း ရှိလာမှာပါ...”
မြွေဘုရင်က မြွေအုပ်ထဲတွင် ၎င်း၏ ကြီးစိုးမှုကို လျင်မြန်စွာ တည်ဆောက်နိုင်ခဲ့ပြီး အခြားမြွေများ အားလုံးက ၎င်းကို အလွန် ရိုသေလေးစားကြ၏။
လဲ့ချန်ကလည်း နေ့စဉ် မြွေခြံထဲတွင် အချိန်ဖြုန်း၍ မြွေဘုရင်နှင့် အပြန်အလှန် ခံစားချက်များ ဖလှယ်နေသည်။
သူက လက်ထဲတွင် အသားတစ်တစ်ကို ကိုင်၍ မြွေဘုရင်ကို မြှူဆွယ်လိုက်၏။
“လာ... မြွေဘုရင်... ဒီဘက်ကို လာခဲ့...”
မြွေဘုရင်က လဲ့ချန်၏ စကားများကို နားလည်ဟန်ရကာ ဖြည်းညင်းစွာ တိုးလာပြီး အသားကို တစ်လုတ်တည်း မျိုချလိုက်သည်။
လဲ့ချန်က ပြုံး၍ မြွေဘုရင်၏ ခေါင်းကို ပုတ်လိုက်၏။
“သိပ်တော်တာပဲ... ချက်ချင်းကို လိမ္မာလာတာ...”
သူက မြွေဘုရင်ကို ပို၍ ရှုပ်ထွေးသော ညွှန်ကြားချက်များ ပေးရန် ကြိုးစားကြည့်သည်။
“သွား... ဟိုအနီရောင်အရာကို ငါ့ဆီ ယူခဲ့...”
မြွေဘုရင်က တစ်ခဏမျှ တုံ့ဆိုင်းသွားဟန် ရှိသော်လည်း လဲ့ချန်၏ ဆိုလိုရင်းကို လျင်မြန်စွာ နားလည်သွားပြီး တိုးသွားကာ အနီရောင် အဝတ်စတစ်ခုကို လဲ့ချန်ထံသို့ ယူဆောင်လာ၏။
လဲ့ချန်က မြွေဘုရင်၏ ခေါင်းကို ပျော်ရွှင်စွာ ပုတ်လိုက်သည်။
“အံ့သြစရာပဲ... မင်းက တကယ့်ကို ငါ့ရဲ့ အရည်အချင်းရှိတဲ့ လက်ထောက်ပဲ...”
မြွေဘုရင်က လဲ့ချန်၏ ချီးမွမ်းစကားကို တုံ့ပြန်သည့်အလား ၎င်း၏ လျှာကို အနည်းငယ် တဖလပ်ဖလပ် လုပ်လိုက်၏။
ထို့အပြင် မြွေဘုရင်က လဲ့ချန်နှင့် ပူးပေါင်း၍ မြွေများကို ဖမ်းဆီးကာ ၎င်းတို့၏ အဆိပ်ကို ထုတ်ယူရာတွင်လည်း ကူညီပေးသည်။
အဆိပ်လိုအပ်သည့် အချိန်တိုင်း လဲ့ချန်က မြွေဘုရင်ကို ပြောလိုက်လေ့ရှိ၏။
“သွား... ဟိုအကောင်ကို ငါ့ဆီ ခေါ်ခဲ့...”
မြွေဘုရင်က လျင်မြန်စွာ တိုးသွားပြီး ပစ်မှတ်မြွေကို ရှာဖွေကာ ၎င်း၏ အမြီးကို ညင်သာစွာ ကိုက်၍ လဲ့ချန်ထံသို့ ဆွဲခေါ်လာတတ်သည်။
လဲ့ချန်က အဆိပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ညှစ်ထုတ်ပြီးနောက် မြွေဘုရင်ကို ဆုလာဘ်အဖြစ် အထူးအစာ အနည်းငယ် ကျွေးလိုက်၏။
မြွေဘုရင်က ထိုလုပ်ငန်းစဉ်ကို နှစ်သက်သဘောကျပြီး အကြိမ်တိုင်း တက်ကြွစွာ ပူးပေါင်းပါဝင်သည်။
တစ်ခါတစ်ရံတွင် လဲ့ချန်မှာ ဤမြွေက ၎င်းကိုယ်၎င်း ဝိညာဉ်တစ်ခုအဖြစ် ကျင့်ကြံထားလေသလားဟုပင် ခံစားမိသည်။
သေချာသည်မှာ မြွေများကို ဖမ်းဆီးခြင်းနှင့် အဆိပ်ထုတ်ယူခြင်းအပြင် မြွေဘုရင်က လဲ့ချန်ကို အစာကျွေးရာတွင်လည်း ကူညီပေးသေးသည်။
တစ်ခါတစ်ရံ၌ လဲ့ချန်မှာ မြွေများကို ဂရုစိုက်ရန် အလွန်အလုပ်များနေတတ်သဖြင့် မြွေဘုရင်က ကလေးထိန်း အခန်းကဏ္ဍမှ ပါဝင်၍ မြွေငယ်လေးများကို စောင့်ရှောက်ပေး၏။
၎င်းက မြွေငယ်များကြားတွင် ရွေ့လျားသွားလာကာ သူတို့ကို နှစ်သိမ့်ပေးပြီး မကြောက်ရန် ပြောနေသည့်အလား ၎င်း၏ ခန္ဓာကိုယ်ဖြင့် ညင်သာစွာ ထိတွေ့ပေးသည်။
သတ်မှတ်ထားသော အစာကျွေးချိန် ရောက်သောအခါ မြွေဘုရင်က ရှူးရှူးရှားရှား အသံပြု၍ မြွေအားလုံးကို စုရုံးလာစေရန် ဆွဲဆောင်ပေးသဖြင့် လဲ့ချန်အတွက် အစာကျွေးရသည်မှာ များစွာ ပိုမို လွယ်ကူသွား၏။
လဲ့ချန်က သူ့ရင်ထဲမှ ကျေးဇူးတင်စိတ်ဖြင့် ဤမြင်ကွင်းကို ကြည့်နေသည်။
သူက အနားသို့ လျှောက်သွားပြီး မြွေဘုရင်၏ ခေါင်းကို ပုတ်၍ ပြောလိုက်၏။
“မင်းက တကယ့်ကို ငါ့ရဲ့ အရည်အချင်းရှိတဲ့ လက်ထောက်ပဲ...”
မြွေဘုရင်က လဲ့ချန်၏ အထိအတွေ့ကို ကျင့်သားရနေပြီ ဖြစ်ကာ တုံ့ပြန်သည့်အနေဖြင့် ၎င်း၏ အမြီးကို လှုပ်ယမ်းလိုက်သည်။
မကြာသေးမီက လဲ့ချင်းမှာ စိတ်ကူးဉာဏ်သစ် တစ်ခု ရထားပုံပေါ်ပြီး သူမ၏ အခန်းထဲတွင် ရက်ပေါင်းများစွာ နေထိုင်နေခဲ့၏။
မြွေများကို အစာကျွေးပြီးနောက် လဲ့ချန်က ခြံဝင်းထဲတွင် ဆောင့်ကြောင့်ထိုင်၍ လက်ထဲမှ တုတ်ချောင်းငယ်ကို ကိုင်ကာ မြွေဘုရင်ထံ ဝှေ့ယမ်းပြလိုက်သည်။ အထူး လေ့ကျင့်ပေးပြီးနောက် မြွေဘုရင်က လဲ့ချန်၏ အမိန့်များကို ပို၍ နားလည်နိုင်လာသည်။
“ကောင်းပြီ... လှည့်လိုက်...”
လဲ့ချန်က အော်ပြောလိုက်၏။ ထိုအခါ မြွေဘုရင်က ကနေသည့်အလား သူ့ပတ်လည်တွင် သွက်လက်စွာ လှည့်ပတ်သွားသည်။
“ဟေး... မဆိုးဘူးပဲကွ...”
လဲ့ချန်က ပြုံး၍ မြွေဘုရင်၏ ခေါင်းကို ပုတ်လိုက်သည်။
“လာ... နောက်တစ်ခါ ဂျွမ်းထိုးပြစမ်းပါဦး...”
မြွေဘုရင်က နားလည်သွားပြီး မြေပြင်ပေါ်တွင် အမှန်တကယ် လိမ့်ပြလိုက်ရာ လဲ့ချန်မှာ တဟားဟား ရယ်မောလိုက်ရ၏။
ထိုစဉ်မှာပင် တံခါးက ကျီခနဲ ပွင့်သွားပြီး လဲ့ချင်းက အိမ်ထဲမှ နောက်ဆုံးတွင် ထွက်လာသည်။
သူမ၏ လက်ထဲတွင် ဂါဝန်တစ်ထည်ကို ကိုင်ထားပြီး ၎င်းမှာ ပထမဆုံးအကြိမ် ပြသလိုက်သည့် မူကြမ်းဗားရှင်း ဖြစ်၏။
“အစ်ကို... မြွေဘုရင်ကို လေ့ကျင့်ပေးနေပြန်ပြီလား...”
လဲ့ချင်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်... သူက သိပ်တော်တာ... သေချာ အသုံးမချရင် နှမြောစရာကြီး ဖြစ်သွားမှာပေါ့... အခု သူ ဘယ်လောက် လိမ္မာနေပြီလဲဆိုတာ ကြည့်ဦး...”
လဲ့ချန်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်၏။
မလှမ်းမကမ်းရှိ ချုံပုတ်များ နောက်ကွယ်တွင် လူရိပ်အချို့က ဤအရာအားလုံးကို တိတ်တဆိတ် အကဲခတ်နေကြသည်။
သူတို့က ကျောက်ဖူကျွင်း၏ တပည့်များ ဖြစ်ကြ၏။ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းက သူတို့ ညကျောင်းသို့ အကြိမ်အနည်းငယ် သွားရောက်ခဲ့ပြီး လဲ့ချင်း ထိုနေရာတွင် အတန်းတက်နေကြောင်း အတည်ပြုနိုင်ရုံသာမက လဲ့ချန်၏ အိမ်ကိုပါ ရှာတွေ့ခဲ့ကြသည်။
“ဘုရားရေ... ဟိုမြွေကို ကြည့်စမ်း...”
သူတို့ထဲမှ တစ်ယောက်က အံ့သြတကြီး အာမေဍိတ်သံ ပြုလိုက်သည်။
“အဲ့လဲ့ချန်က တကယ့်ကို နာမည်နဲ့ လိုက်ဖက်တာပဲ... အဲ့လို မြွေမျိုးကိုတောင် သူ အမှန်တကယ် လေ့ကျင့်ပေးနိုင်တယ်...”
“ရွာက ကောလာဟလတွေက အမှန်ပဲ ထင်တယ်... သူ့ဆီမှာ မြွေဘုရင် တကယ် ရှိနေတာပဲ...”
သူတို့က ခြံဝင်းထဲမှ လဲ့ချင်းကို မြင်သောအခါ သူတို့၏ မျက်လုံးများထဲတွင် အံ့သြမင်တက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
သူတို့ထဲမှ တစ်ယောက်က တီးတိုး ပြောလိုက်သည်။
“ဟိုကောင်မလေးရဲ့ ဂါဝန်က တကယ့်ကို လှတာပဲ... ပထမဆုံး မူကြမ်းဆိုပေမဲ့ တော်တော်လေး ထူးခြားနေပြီ... ငါတို့ သူဌေး သဘောကျတာလည်း အံ့သြစရာမရှိပါဘူး...”
ထို့နောက် အဖွဲ့က အနီးကပ် ထပ်ကြည့်လိုက်ရာ အစောက ပြသခဲ့သော ဂါဝန်နှင့် နှိုင်းယှဉ်လျှင် ဤဂါဝန်တွင် မြွေ၏ သွင်ပြင်လက္ခဏာကိုလည်း ပေါင်းစပ်ထည့်သွင်းထားသော်လည်း ဒီဇိုင်းက မပြည့်စုံသေးဘဲ ရလဒ်က မထင်ရှားသေးကြောင်း သိလိုက်ကြ၏။
“သူမရဲ့ ဖန်တီးမှုတွေက ထူးခြားနေတာ အံ့သြစရာ မရှိပါဘူး... အသင့်ရှိနေတဲ့ နမူနာတွေ ရှိနေတာကိုး...”
သူတို့က အတန်ကြာအောင် ဆက်လက် အကဲခတ်နေပြီးနောက် တိတ်တဆိတ် ထွက်ခွာသွားကြသည်။
သူတို့က အနီးနားရှိ တယ်လီဖုန်းရုံ တစ်ရုံကို ရှာတွေ့သွားပြီး တစ်ယောက်က ကျောက်ဖူကျွင်း၏ ဖုန်းနံပါတ်ကို လျင်မြန်စွာ ခေါ်ဆိုလိုက်၏။
“သူဌေး... ကျွန်တော်တို့ လဲ့ချင်းကို ရှာတွေ့ပြီ...”
သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အိုး... ဟုတ်လား... သူ ဘယ်မှာလဲ...”
ကျောက်ဖူကျွင်း၏ အသံက သူ့တပည့်များထက်ပင် ပို၍ စိတ်လှုပ်ရှားနေဟန် ရှိ၏။
“လဲ့ချန်ရဲ့ အိမ်မှာပါ... သူတို့က မိသားစုတွေလေ... လဲ့ချန်မှာ မြွေခြံတစ်ခုရှိပြီး အထဲမှာ မြွေတွေ အများကြီး ရှိနေတာကိုလည်း ကျွန်တော် တွေ့ခဲ့တယ်...”
တပည့်ဖြစ်သူက သတင်းပို့လိုက်သည်။
ကျောက်ဖူကျွင်း၏ မျက်လုံးများက အရောင်လက်သွား၏။
“ကောင်းတယ်... မင်းတို့ အလုပ်ကို ကောင်းကောင်း လုပ်ခဲ့တယ်... ငါ အခုချက်ချင်း လာခဲ့မယ်... မင်းတို့ ဟိုမှာပဲ ဆက်စောင့်နေကြ...”
အခန်း (၁၅၄) မိသားစုထဲမှ ထွက်ပေါ်လာသော ဒီဇိုင်နာ
ကျောက်ဖူကျွင်းက သူ၏ ဂျစ်ကားကို မောင်းနှင်၍ ဖုန်ထူသော မြို့လမ်းမများကို ဖြတ်သန်းလာပြီးနောက် လဲ့ချန်၏ အိမ်ရှေ့သို့ နောက်ဆုံးတွင် ရောက်ရှိလာ၏။
သူက ကားပေါ်မှ ဆင်းဆင်းချင်းပင် လဲ့မိသားစု၏ တံခါးကို ကမန်းကတန်း ခေါက်လိုက်သည်။
တံခါးက လျင်မြန်စွာ ပွင့်သွားပြီး လဲ့ချန်က ခေါင်းပြူကြည့်လိုက်၏။ ကျောက်ဖူကျွင်း ဖြစ်နေသည်ကို သူ မြင်သောအခါ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“ဟေး... သူဌေးကျောက်... ဘယ်လေနှင်လို့ ရောက်လာတာလဲ...”
လဲ့ချန်က နောက်ပြောင်လိုက်၏။
ကျောက်ဖူကျွင်းက တခစ်ခစ် ရယ်မော၍ ပြောလိုက်သည်။
“ညီလေးလဲ့ချန်... အကြောင်းမရှိဘဲနဲ့တော့ ငါက ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူးလေ...”
“မင်းနဲ့ ဆွေးနွေးစရာ ကိစ္စနှစ်ခုရှိတယ်...”
လဲ့ချန်က ကျောက်ဖူကျွင်းကို အိမ်ထဲသို့ ဝင်ခွင့်ပြုရန် ဘေးသို့ ဖယ်ပေးလိုက်ပြီး သူတို့နှစ်ယောက် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်ကြ၏။
ထိုအခိုက်တွင် လဲ့ချင်းကလည်း အခန်းထဲမှ ထွက်လာပြီး ဤမမျှော်လင့်ထားသော ဧည့်သည်ကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်သည်။
“သူဌေးကျောက်... ခင်ဗျား စိတ်ထဲရှိတာကိုသာ ပြောပါ...”
လဲ့ချန်က ကျောက်ဖူကျွင်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ဖြည်းဖြည်းချင်း ပြောရန် အချက်ပြလိုက်၏။
ကျောက်ဖူကျွင်းက လက်ဖက်ရည် တစ်ငုံ သောက်၍ အဓိကကိစ္စကို စတင်လိုက်သည်။
“ပထမကိစ္စက လဲ့ချင်းကို ငါ့ဆိုင်မှာ ဒီဇိုင်နာတစ်ယောက်အဖြစ် လာလုပ်ဖို့ ဖိတ်ခေါ်ချင်လို့ပါ...”
“သူမရဲ့ ထူးခြားတဲ့ အမြင်နဲ့ ဖန်တီးမှု အရည်အချင်းတွေက ငါတို့ရဲ့ မြို့ငယ်လေးမှာ လူသိများနေပြီလေ...”
လဲ့ချင်းမှာ ဤစကားကို ကြားသောအခါ အလွန်ဝမ်းသာသွား၏။
လဲ့ချန်က မျက်ခုံးပင့်၍ သူ့ညီမကို ကြည့်လိုက်ရာ သူမ၏ သဘောထားကို မေးမြန်းနေဟန် ရှိသည်။
“အမ်... ကျွန်မဆီမှာ ထူးထူးခြားခြား အရည်အချင်းတွေရှိမယ် မထင်ပါဘူး...”
လဲ့ချင်းက ယုံကြည်မှုကင်းမဲ့နေပြီး တိကျသော အဖြေတစ်ခု ပေးရန် ချီတုံချတုံဖြစ်နေ၏။
ထိုအရာကို မြင်သောအခါ ကျောက်ဖူကျွင်းက ကမန်းကတန်း ဆက်ပြောလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မြို့ထဲမှာ ပြသထားတဲ့ မိန်းကလေးလဲ့ချင်းရဲ့ ဂါဝန်ကို မြင်လို့ ငါ ဒီကို ရောက်လာတာပါ... မင်းဆီမှာ အရည်အချင်းရှိတာ သေချာပါတယ်... ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့...”
ထို့နောက် သူက ထပ်ဖြည့်ပြောလိုက်၏။
“လစာနဲ့ ခံစားခွင့်တွေအတွက်တော့ မိန်းကလေးလဲ့ချင်းကို သေချာပေါက် မျက်နှာငယ်စေမှာ မဟုတ်ပါဘူး...”
လဲ့ချန်က ပြုံး၍ ပြောလိုက်သည်။
“သူဌေးကျောက်... ခင်ဗျားရဲ့ ပထမဆုံး ကမ်းလှမ်းချက်က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ...”
“ဒါပေမဲ့ ကျွန်တော့်ညီမရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိပါဘူး... သူမကိုပဲ အရင် စဉ်းစားခိုင်းလိုက်တာ ပိုကောင်းမယ်...”
“ဒုတိယကိစ္စကို အရင်ပြောကြတာပေါ့...”
ကျောက်ဖူကျွင်းက သူ အနည်းငယ် လောသွားကြောင်း သတိပြုမိသွားသဖြင့် လက်ဖက်ရည်ပန်းကန်ကို ချ၍ တည်ကြည်လေးနက်စွာ ပြောလိုက်၏။
“ဒုတိယကိစ္စက မြို့ပြသုတေသန အင်စတီကျုအတွက် မြွေဆိပ်သုတေသန ပစ္စည်းတွေကို ငါက အထူး ထောက်ပံ့ပေးနေတာ...”
“မင်းဆီမှာ မြွေဆိပ်တွေ ရှိပြီး ကိုယ်ပိုင်မြွေခြံရှိတယ်လို့ ကြားလို့ မင်းဆီကနေ နည်းနည်းလောက် ဝယ်ချင်လို့ပါ...”
လဲ့ချန်၏ မျက်လုံးများက အရောင်လက်သွားသည်။ သူ့ထံတွင် ရှိသော မြွေဆိပ်များကို ရောင်းချရန် သူ လိုလားနေခဲ့သည်မှာ ကြာပြီဖြစ်၏။
သို့သော်လည်း သူက အခက်တွေ့နေဟန် ဟန်ဆောင်လိုက်သေးသည်။
“အင်း... ခင်ဗျား သိတဲ့အတိုင်းပဲ... မြွေဆိပ်က ကိုင်တွယ်ရလွယ်တဲ့အရာမှ မဟုတ်တာ...”
“မင်းရဲ့ မြွေတွေကို ကောင်းကောင်း ဂရုစိုက်ထားတာပဲ...”
ကျောက်ဖူကျွင်းက ပြုံး၍ သူ့စကားကို ဖြတ်ပြောလိုက်၏။
“မင်း ဒီအသုတ်ကို သေချာပေါက် ရောင်းချင်နေမယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်... မြွေအဆိပ်ကို ဘယ်လောက် အတိုင်းအတာအထိ ကောင်းကောင်း သိမ်းဆည်းထားနိုင်သလဲ...”
လဲ့ချန်က ခေါင်းကုတ်၍ အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။
“အမှန်အတိုင်း ပြောရရင် သူဌေးကျောက်... သေချာမအေးခဲထားတဲ့အတွက် ဒီမြွေဆိပ် အသုတ်က သိပ်ကောင်းချင်မှ ကောင်းမှာ...”
“ဒါက...”
ကျောက်ဖူကျွင်းက မျက်မှောင်ကြုတ်လိုက်၏။
“အဲဒါက ကိုင်တွယ်ရ နည်းနည်း ခက်ခဲလိမ့်မယ်...”
သူတို့နှစ်ယောက်မှာ တစ်ခဏမျှ တိတ်ဆိတ်သွားကြသည်။
ရုတ်တရက် ကျောက်ဖူကျွင်းက သူ့ပေါင်ကို ပုတ်၍ ပြောလိုက်၏။
“ဒါပေမဲ့ ကိစ္စမရှိပါဘူး... မြွေဆိပ်က အန္တရာယ် ကင်းတယ်လို့ မင်း အာမခံနိုင်သရွေ့ အပူချိန်ထိန်း ကိရိယာတွေ ထောက်ပံ့ပေးဖို့ လူတစ်ယောက်ကို ငါ ရှာနိုင်ပါတယ်... ဒါကြောင့် အအေးခံဖို့ ကိစ္စအတွက် မင်း စိတ်ပူစရာ မလိုပါဘူး...”
ဤစကားကို ကြားသောအခါ လဲ့ချန်၏ မျက်လုံးများက ထပ်မံ အရောင်လက်သွားသည်။
“အံ့သြစရာပဲ... သူဌေးကျောက်... ခင်ဗျားက တကယ့်ကို ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပဲ...”
“အရည်အသွေးမြင့် မြွေဆိပ်တွေ မင်း ထောက်ပံ့ပေးနိုင်ဖို့ နောက်မှ ကိရိယာတွေ လာပို့ပေးဖို့ လူတစ်ယောက်ကို ငါ လွှတ်လိုက်မယ်...”
ကျောက်ဖူကျွင်းက လျင်မြန်စွာ စီစဉ်လိုက်၏။
လဲ့ချန်မှာ ချက်ချင်းပင် တက်ကြွသွားသည်။
“အရမ်းကောင်းတယ်... အဲ့ကိရိယာတွေက မြွေဆိပ်ရဲ့ အရည်အသွေးကို သိသိသာသာ တိုးတက်စေလိမ့်မယ်...”
လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြုံးလိုက်ကြ၏။ ကျောက်ဖူကျွင်းက ဆက်ပြောသည်။
“ဒါပေမဲ့ အခြေအနေကို နားလည်ဖို့အတွက် မင်းရဲ့ လက်ရှိ မြွေဆိပ်ကို ငါ အရင် စစ်ဆေးဖို့ လိုတယ်...”
“ပြဿနာ မရှိပါဘူး... ကျွန်တော် အခုချက်ချင်း သွားယူလိုက်ပါ့မယ်...”
လဲ့ချန်က ပြောရင်းဆိုရင်း လှည့်၍ အခန်းထဲသို့ ဝင်သွား၏။
တစ်ခဏအကြာတွင် သူက ပုလင်းငယ် အချို့ကို ကိုင်၍ ထွက်လာပြီး ကျောက်ဖူကျွင်းထံ ကမ်းပေးလိုက်သည်။
“ရော့... ဒါတွေ အကုန်ပဲ...”
ကျောက်ဖူကျွင်းက ပုလင်းကို ယူ၍ သေချာစွာ စစ်ဆေးပြီးနောက် အနံ့ခံကြည့်လိုက်၏။ သူက မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
“ဟင်း... တကယ်ပဲ ပြဿနာ ရှိနေတာပဲ...”
“ဒါပေမဲ့ ကိစ္စမရှိပါဘူး... အပူချိန်ထိန်း ကိရိယာတွေ ရောက်လာတာနဲ့ အရည်အသွေးက ပြန်ကောင်းလာမှာပါ...”
လဲ့ချန်နှင့် ကျောက်ဖူကျွင်းတို့က ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြစဉ် လဲ့ချင်းကမူ ဒီဇိုင်နာကိစ္စကို စဉ်းစားနေဆဲ ဖြစ်သည်။
သူမက ခေါင်းငုံ့ထားပြီး သူမ၏ လက်ချောင်းများက အင်္ကျီအစွန်းကို စိုးရိမ်တကြီး ကိုင်တွယ်ကစားနေ၏။
ကျောက်ဖူကျွင်း အဆိုပြုသော အခြေအနေများက အမှန်တကယ်ပင် အလွန် စိတ်ဝင်စားစရာ ကောင်းသော်လည်း သူမတွင် လက်ခံရန် ယုံကြည်မှု အမှန်တကယ် မရှိပေ။
သူမ၏ ဖန်တီးမှု စိတ်ကူးဉာဏ် အများစုမှာ လဲ့ချန်၏ အကြံပြုချက်များမှ လာခြင်း ဖြစ်သည်။ သူမ လွတ်လပ်စွာ ဖန်တီးရမည်ဆိုလျှင် ယုံကြည်မှု သိပ်မရှိလှချေ။
“ကျွန်မ... ကျွန်မ ကောင်းကောင်း လုပ်နိုင်မယ် မထင်ဘူး...”
လဲ့ချင်း၏ အသံက သဲ့သဲ့လေးသာ ကြားရ၏။
လဲ့ချန်က သူ၏ ညီမ တုံ့ဆိုင်းနေသည်ကို သတိပြုမိသွားပြီး သူမ၏ ခေါင်းကို လှမ်းပုတ်လိုက်သည်။
“ညီမလေး... မကြောက်ပါနဲ့... မင်းက ငယ်ငယ်ကတည်းက အဝတ်အစားတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း စိတ်ဝင်တစားရှိခဲ့တယ်ဆိုတာ မမေ့နဲ့လေ... ဘေးအိမ်က အဒေါ်ဝမ်တောင် မင်းချုပ်တဲ့ အဝတ်အစားတွေကို ချီးကျူးခဲ့သေးတာပဲ...”
“သူဌေးကျောက်က မင်းကို အဲ့လောက် အသိအမှတ်ပြုနေမှတော့ မင်းရဲ့ အရည်အချင်းတွေက အစစ်အမှန်ဖြစ်နေလို့ပဲ နေမှာပေါ့...”
“ဒါပေမဲ့... အစ်ကို... ကျွန်မရဲ့ ဖန်တီးမှုက...”
လဲ့ချင်းက တစ်စုံတစ်ခုကို ပြောလိုသော်လည်း လဲ့ချန်က ဖြတ်ပြောလိုက်၏။
“ဒီဇိုင်းဆွဲတဲ့ အပိုင်းကို အေးအေးဆေးဆေး အချိန်ယူပြီး လုပ်လို့ရပါတယ်... သူဌေးကျောက်က မင်းကို အိမ်ကနေပဲ ဖန်တီးမှုတွေ လုပ်လို့ရတယ်လို့ ပြောထားတာပဲ... ဒါဆို မိသားစုကိုလည်း ဂရုစိုက်လို့ ရတာပေါ့...”
“ဒါ့အပြင် ငါက လွယ်လွယ်နဲ့ အလျှော့ပေးမယ့်သူမှ မဟုတ်တာ... မင်း ဒုက္ခရောက်နေတာကို ငါက လက်ပိုက်ကြည့်နေမယ်လို့ ထင်နေတာလား...”
လဲ့ချန်က ပေါ့ပါးသော လေသံဖြင့် သူမကို မျက်စိမှိတ်ပြလိုက်သည်။
ကျောက်ဖူကျွင်းက လျင်မြန်စွာ ထပ်ဖြည့်ပြောလိုက်၏။
“ဟုတ်ပါတယ် မိန်းကလေးလဲ့ချင်း... မင်း စိတ်ပူစရာ မလိုပါဘူး...မင်းရဲ့ စိတ်ကူးကို ငါက အပြည့်အဝ လေးစားပါတယ်…မင်း အိမ်ကနေပဲ ဒီဇိုင်းဆွဲလို့ ရပါတယ်... ပြီးတော့ ချုပ်ပြီးသွားရင် ငါ့ဆိုင်ကို နမူနာအထည် လာပို့ပေးပေါ့...”
“ဒီဇိုင်းဖန်တီးမှု အခကြေးငွေ အတွက်ကတော့ တစ်ထည်ချင်းစီ အလိုက် တွက်ချက်ပေးမှာပါ... မင်းကို သေချာပေါက် မျက်နှာငယ်စေမှာ မဟုတ်ပါဘူး...”
လဲ့ချင်း၏ စိတ်များက လွင့်မျောသွားသည်။
အိမ်မှာနေရင်း ဖန်တီးရမယ်... ဒါဆို သူမ နှစ်သက်တဲ့ အလုပ်ကို လုပ်ရင်း အိမ်ကိုလည်း ဂရုစိုက်လို့ ရတာပေါ့...။
ပြီးတော့ မိသားစု ဝင်ငွေကို ဖြည့်တင်းဖို့နဲ့ အစ်ကို့ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့ ငွေရှာခွင့် ရနိုင်သေးသညါ။ ဤသည်က နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့ အခြေအနေပဲ။
“ဒါဆို... ဒါဆို ကျွန်မ စမ်းကြည့်ရမလား...”
နောက်ဆုံးတွင် လဲ့ချင်းက ခေါင်းမော့လာပြီး လူနှစ်ယောက်၏ အားပေးမှုဖြင့် သတ္တိများ မွေးနိုင်ခဲ့၏။
“အဲ့လိုမှပေါ့...”
ကျောက်ဖူကျွင်းက နားရွက်တိုင်အောင် ပြုံးဖြီးနေပြီး သူ့ပေါင်ကို ပုတ်လိုက်သည်။
“မိန်းကလေးလဲ့ချင်းက တကယ့် အရည်အချင်းရှိတဲ့သူဆိုတာ ငါ သိပြီးသားပါ...”
“နောင်ကို ငါတို့သာ ပူးပေါင်းလိုက်ရင် ကြီးကျယ်တဲ့ အောင်မြင်မှုတွေ သေချာပေါက် ရလာမှာပဲ...”
သူ့ညီမ မျက်နှာပေါ်မှ ပြန်လည် လန်းဆန်းလာသော အရောင်အဝါကိုကြည့်ရင်း လဲ့ချန်က ကျေနပ်သွား၏။
လဲ့ချင်းနှင့် ပတ်သက်သည့် ကိစ္စကို ဖြေရှင်းပြီးနောက် လဲ့ချန်နှင့် ကျောက်ဖူကျွင်းတို့က မြွေဆိပ် အကြောင်းအရာသို့ ပြန်လှည့်လာကြသည်။
ကျောက်ဖူကျွင်းက လဲ့ချန် ယူလာသော မြွေဆိပ်ကို သေချာစွာ စစ်ဆေးလိုက်၏။ အရည်အသွေး အမှန်တကယ် ကျဆင်းသွားသော်လည်း မြွေဆိပ်ကိုယ်တိုင်က အသက်ဝင်နေဆဲဖြစ်ပြီး သေချာ ကိုင်တွယ်ပါက အသုံးပြုနိုင်သေးသည်။
“ညီလေးလဲ့ချန်... မင်း မြွေတွေကို ကောင်းကောင်း မွေးထားတာပဲ... အကုန်လုံးက မျိုးကောင်းမျိုးသန့်တွေချည်းပဲ...”
မြွေဆိပ်ကို စစ်ဆေးနေရင်း ကျောက်ဖူကျွင်းက အာမေဍိတ်သံ ပြုလိုက်၏။
“အထူးသဖြင့် ဟိုမြွေဘုရင်ပဲ... ဝိုး…ငါ့ တစ်သက်မှာ ဒီလောက် ခမ်းနားတဲ့ မြွေကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ...”
လဲ့ချန်က ပြုံးလိုက်သော်လည်း ဘာမှ မပြောချေ။
“မနက်ဖြန် အပူချိန်ထိန်း ကိရိယာကို မင်းဆီ လာပို့ခိုင်းလိုက်မယ်...”
ကျောက်ဖူကျွင်းက သူ၏ လက်ထဲမှ ပုလင်းကို ချ၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“အဲဒါကို ဘယ်လို အသုံးပြုရမလဲဆိုတာကို အသေးစိတ် သင်ပေးဖို့ လူတစ်ယောက်ကို ငါ စေလွှတ်ပေးမယ်... ဒါကြောင့် ရှုပ်ထွေးနေမှာကို မင်း စိတ်ပူစရာ မလိုပါဘူး...”
“အဲ့တာက နောက်ဆုံးပေါ် နည်းပညာပဲ... ပြီးတော့ အဲဒါကို လည်ပတ်ရတာက ဘုံဘိုင်ခေါင်း ဖွင့်သလိုမျိုးပဲ အရမ်းလွယ်ကူတယ်...”
ဤကိရိယာများကို သူကိုယ်တိုင် ဝယ်ယူရမည်ဆိုလျှင် ငွေအမြောက်အမြား ကုန်ကျမည်ကို သိထားသဖြင့် လဲ့ချန်မှာ အလွန် ကျေးဇူးတင်သွား၏။
“ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ် သူဌေးကျောက်...”
ကျောက်ဖူကျွင်းက လက်ကာပြလိုက်သည်။
“အားနာနေစရာ မလိုပါဘူး... ဒါက နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့ အခြေအနေပဲလေ...”
“သုတေသန အင်စတီကျုရဲ့ တာဝန်ကို ပြီးမြောက်ဖို့ မင်းက ငါ့အတွက် အရည်အသွေးမြင့် မြွေဆိပ်တွေ ထောက်ပံ့ပေးဖို့ လိုတယ်...”
“စကားမစပ်... အဲ့အပူချိန်ထိန်း ကိရိယာရဲ့ အလုပ်လုပ်ပုံ သဘောတရားကို မင်းဆီ အသေးစိတ် ရှင်းပြဖို့ လိုသေးတယ်...”
“အဲ့ဟာကို ဖရွန်လို့ ခေါ်တဲ့ အအေးပေးပစ္စည်း တစ်မျိုးကို အသုံးပြုထားတာ... အဲဒါက အရမ်းအံ့သြစရာ ကောင်းတယ်... အပူချိန်ကို သုညအောက် ဒီဂရီ ဆယ်ဂဏန်းအထိ လျှော့ချပေးနိုင်ပြီး ရေခဲထက် အများကြီး ပိုထိရောက်တယ်...”
ရှားပါးရတနာတစ်ခုကို မိတ်ဆက်ပေးနေသည့်အလား ကျောက်ဖူကျွင်းက အပူချိန်ထိန်း ကိရိယာ၏ အလုပ်လုပ်ပုံများကို အသေးစိတ် ရှင်းပြနေ၏။
လဲ့ချန်က စိတ်ရှည်လက်ရှည် နားထောင်ရင်း တစ်ခါတစ်ရံတွင် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။