← Chapters

တာဝန်ခွဲဝေခြင်း

Vol. 29 Ch. 403

တာဝန်ခွဲဝေခြင်း

Vol. 29 Ch. 403

မီးအိမ်ငယ်များ ထွန်းညှိထားသော အခန်းတစ်ခုထဲတွင် လီချင်းချန်၊ ကျောင်းဇူနှင့် ဇူယွမ်တို့အုပ်စု ရှိနေကြသည်။

“အကြီးအကဲဝူ” လီချင်းချန်မှာ သူမ၏အရှေ့တွင် ရှိနေသော ဖြူဖွေးသော ဆံပင်များနှင့် မီးခိုးရောင်ဝတ်စုံအား ဆင်မြန်းထားသော အဘိုးအိုအား အရိုအသေပြုလိုက်၏။ အဘိုးအို၏ အမူအရာမှာ အေးစက်ခက်ထန် နေလျက်ရှိကာ စည်းကမ်း တင်းကြပ်သော အကြီးအကဲ တစ်ဦး၏ ပုံသဏ္ဌာန် ထွက်ပေါ်နေပေသည်။

ဤအဘိုးအိုမှာ ဝူလင်းဟု ခေါ်တွင်ပြီး မဟူရာမီးတောက် စီရင်စုမှ ကောင်းကင်အဆင့် တာဝန်အား ကြီးကြပ်ရန် ​ကလန်မှစေလွှတ်ခဲ့သော အကြီးအကဲ ဖြစ်၏။

“ဒီတစ်ခေါက် တာဝန်ကို မင်းဦးဆောင် ရလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး လီချင်းချန်”

အကြီးအကဲဝူမှ လီချင်းချန်အား ခေါင်းညိတ်ပြကာ စကားဆိုလိုက်သည်။ ကလန်၏ ရွေးချယ်ခံ တပည့်တစ်ဦးနှင့် ပြောဆို ဆက်ဆံရသော အချိန်၌ ​အေးစက် ခက်ထန်နေသော  အကြီးအကဲသည်ပင် အနည်းငယ် ပျော့ပြောင်း သွားသယောင် ရှိ၏။

အကြီးအကဲမှ လီချင်းချန်တို့ အဖွဲ့အား တစ်ဦးချင်း လိုက်ကြည့်နေခဲ့ပြီး ဇူယွမ်အား တွေ့သောအခါတွင် ခေတ္တမျှ အံ့အားသင့် သွားပြီးနောက် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ဘယ်လိုဖြစ်လို့ မူလစဦး စတုတ္ထအဆင့် တပည့်က ပါလာရတာလဲ။ ဒီအဆင့်လောက်နဲ့ တာဝန်ကို လုပ်ဆောင်နိုင်မယ် ထင်လို့လား။ ဒါက လက်မခံနိုင်စရာပဲ”

အကြီးအကဲဝူမှာ ကလန်ပြင်ပ၌ မစ်ရှင်များစွာကို သွားရောက် ကြီးကြပ်နေလေ့ရှိပြီး တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့်သာ ကလန်သို့ ပြန်လာလေ့ရှိ၏။ ထို့ကြောင့် ကလန်သို့ ရောက်ရှိလာသည်မှာ ခြောက်လခန့်သာ ရှိသေးသော ဇူယွမ်အား မသိရှိပါချေ။

အကြီးအကဲဝူ၏ စကားအား ကြားလိုက်ရသောအခါ ကျောင်းဇူ၏ နှုတ်ခမ်းထက်၌ လျှို့ဝှက်သော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ အကြီးအကဲဝူမှာ လွန်စွာ စည်းကမ်းတင်းကြပ်သူ တစ်ဦးဖြစ်ပြီး ပြဿနာရှာတက်သော တပည့်များအား သည်းမခံနိုင်သူ ဖြစ်၏။ အကြီးအကဲဝူ အမုန်းဆုံးအရာမှာ ဆုလာဒ်ရယူရန်သာ အသုံးဝင်သော တပည့်များဖြစ်သည်။ ဇူယွမ်သည် ထိုသို့သော အကြီးအကဲနှင့် တွေ့ဆုံရသည်မှာ လွန်စွာကံဆိုးခြင်း ဖြစ်၏။

ကျောင်းဇူ၏ ဘေးတွင် ရှိနေသော ချင်းဟိုင်တို့မှာလည်း အကြီးအကဲဝူ၏ အလိုမကျဟန်ရှိနေသော အပြုအမူကြောင့် ကျေနပ်အားရ နေခဲ့သည်။ လီချင်းချန်မှ လျင်မြန်စွာဖြင့် တုံ့ပြန်လိုက်၏။

“အကြီးအကဲဝူ ဒီတပည့်အသစ်လေးက မူလသူတော်စင် တောင်ထွတ်က ဇူယွမ်လို့ ခေါ်ပါတယ်။ ခရမ်းရောင်ခါးစည်း အဆင့်ကို တက်သွားတာ မကြာသေးပါဘူး။ ဇူယွမ်က ကလန်ကို ရောက်လာတာ ခြောက်လလောက်ပဲ ရှိသေးတယ်ဆိုပေမဲ့ သူ့ရဲ့ တိုက်ပွဲစွမ်းရည်ကတော့ အံ့မခန်းပဲ။ ဇူယွမ်က တောင်ထွတ်ရွေးချယ်တဲ့ အခမ်းအနားမှာ ချန်ပီယံ ဖြစ်ခဲ့ရုံတင် မဟုတ်ဘဲ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ ပြိုင်ပွဲမှာပါ ချန်ပီယံဖြစ်ခဲ့တာ။ အခုဇူယွမ်က မူလစဦး စတုတ္ထအဆင့်ပဲ ရှိသေးတယ် ဆိုပေမဲ့ သူ့ရဲ့ တိုက်ပွဲ စွမ်းရည်ကတော့ မူလစဦး သတ္တမအဆင့် တစ်ယောက်ထက် မနိမ့်ဘူး”

“ဟုတ်လား”

အကြီးအကဲဝူမှ ဇူယွမ်အား အကဲခတ်လိုဟန်ဖြင့် ကြည့်ရှုလိုက်သည်။

“ဒါပေမဲ့ သူက အခုမှ ခရမ်းရောင်ခါးစည်း တပည့်ဖြစ်ကာစပဲ ရှိသေးတာ မဟုတ်လား။ ဝါရင့် ခရမ်းရောင် ခါးစည်း တပည့်တွေဖြစ်တဲ့ ချင်းဟိုင်တို့နဲ့ ဘယ်ယှဥ်လို့ ရပါ့မလဲ”

အကြီးအကဲဝူမှာ အလိုမကျ ဖြစ်နေသေးပါသော်လည်း ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချကာ ဇူယွမ်အားကြည့်၍ စကားဆိုလိုက်၏။

“ကောင်းပြီလေ … အခုမင်းကလည်း ဒီကိုရောက်နေပြီ ဆိုမှတော့ ကောင်းကောင်းသင်ယူပြီး အတွေ့အကြုံယူပါ။ အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု မဖြစ်ပါစေနဲ့”

ဇူယွမ်မှာ စိတ်ထဲမှ သက်ပြင်းချကာ အဘိုးအိုအား ခေါင်းညိတ်ပြလိုက်သည်။ အကြီးအကဲဝူမှာ ခေါင်းကိုခါယမ်းကာ အကြည့်များကို ရုတ်သိမ်းလိုက်၏။ အကြီးအကဲ၏ အမြင်တွင်မူ ဇူယွမ်မှာ ကောင်းကင်တံဆိပ်ပြား ရရှိနိုင်ရန် လိုက်ပါလာသူ သက်သက်သာဖြစ်ပြီး မည်သည့်အရာမှ အားကိုး၍ မရနိုင်သော တပည့်တစ်ဦးသာ ဖြစ်သည်။

“အကြီးအကဲဝူ ဒီမှာအခြေအနေတွေ ဘယ်လိုရှိလဲ”

လီချင်းချန်မှ စကားဝိုင်း ဦးတည်ရာအား ပြောင်းလဲလိုက်၏။  လီချင်းချန်မှာ ဇူယွမ်အား ခေါ်ဆောင်လာခဲ့သူဖြစ်ပြီး အကြီးအကဲဝူ၏ စိတ်ဆတ်သော အကျင့်ကြောင့် ဇူယွမ်အား တာဝန်မှ ဖယ်ထုတ် ပစ်လိုက်မည်ကို စိုးရိမ်နေခဲ့လေသည်။ ထိုသို့သာဖြစ်ခဲ့ပါက ဇူယွမ်၏ ခရီးစဥ်မှာ အချိန်ဖြုန်းရုံ သက်သက်သာ ဖြစ်သွားရပေလိမ့်မည်။

အကြီးအကဲဝူမှာ ဇူယွမ်အား စိတ်ထဲ မထားနေတော့ဘဲ လုပ်ငန်းတာဝန်များအား စတင်ဆွေးနွေးလိုက်၏။

“ဒီတစ်ခေါက် မဟူရာမီးတောက် စီရင်စုမှာ ပေါ်ထွက်လာတဲ့ မီးလျှံအဆီအနှစ် သွေးကြောက အရမ်းတန်ဖိုးရှိတယ်။ အဲဒါကြောင့် တခြားအင်အားကြီး ကလန်တွေဖြစ်တဲ့ မြင့်မြတ်သော နန်းတော်၊ မြောက်ပိုင်း နဂါးပင်လယ်ခန်းမနဲ့ အလှပန်းတစ်ရာ နန်းတော်တွေက တပည့်တွေလည်း ဒီကို ရောက်ရှိနေကြပြီ”

“မဟူရာမီးတောက် စီရင်စုက ငါတို့ ကလန်ကြီး လေးခုရဲ့ ပိုင်ဆိုင်မှုထဲမှာ မပါတဲ့ အတွက်ကြောင်​့ မီးလျှံအဆီအနှစ် သွေးကြောက ဘယ်ကလန်က ရယူနိုင်မလဲဆိုတာ ဆုံးဖြတ်ရ ခက်နေတုန်းပဲ”

လီချင်းချန်တို့အုပ်စုမှ ခေါင်းညိတ် ပြလိုက်သည်။ အကယ်၍ မဟူရာမီးတောက် စီရင်စုသာ ကန်ရွှမ်းကလန်၏ နယ်မြေ အစိတ်အပိုင်းများတွင် ပါဝင်နေခဲ့ပါက အခြားကလန်များမှ ခွဲဝေရယူလိုလျှင် စစ်ပွဲတစ်ခုကို စတင် ရပေလိမ့်မည်။

မီးလျှံအဆီအနှစ် သွေးကြောမှာ မဟူရာ မီးတောက်စီရင်စုတွင် တည်ရှိနေခြင်း ဖြစ်ပြီး ပြောရမည်ဆိုလျှင် ဒေသအတွင်းမှ အဖွဲ့ငယ်လေးများကသာ ရယူ ပိုင်ဆိုင်သင့်၏။ သို့သော်လည်း ထိုအဖွဲ့ငယ်များ၌ အရင်းအမြစ်များအား လက်ဝါးကြီး အုပ်နိုင်သော နောက်ခံအင်အားမျိုး ပိုင်ဆိုင်ခြင်း မရှိသည့်အတွက် အင်အားကြီး ကလန်များမှ ဝင်ရောက် စွက်ဖက်ခြင်းကို ခွင့်ပြုထားရခြင်း ဖြစ်ပေသည်။ ဝူလင်းမှ ဖြည်းညင်းစွာ စကားဆိုလိုက်၏။

“မင်းတို့ မရောက်လာခင်မှာပဲ တာဝန်ခွဲဝေဖို့အတွက် မြင့်မြတ်သော နန်းတော်၊ မြောက်ပိုင်းနဂါး ပင်လယ်ခန်းမ၊ အလှပန်းတစ်ရာ နန်းတော်နဲ့ တခြားအင်အားကြီး အဖွဲ့တချို့နဲ့ ငါဆွေးနွေးခဲ့တယ်”

လီချင်းချန်မှ အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။

“အဲကိစ္စကိုတောင် ဆုံးဖြတ်ပြီးပြီလား”

“ဆွေးနွေးရတာ မလွယ်ကူဘူး။ ဘယ်သူကမှ အရှုံးမခံချင်ကြဘူးလေ”

ဝူလင်းမှာ ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက် ဆက်၍ပြောလိုက်၏။

“အဲဒါကြောင့် နောက်ဆုံးမှာ စွမ်းရည်ပေါ် မူတည်ပြီး ခွဲဝေကြမယ်လို့ ဆုံးဖြတ်လိုက်တယ်”

ဝူလင်းမှ အင်္ကျီ လက်မောင်းအိုးအား ဝေ့ယမ်းလိုက်သည်နှင့် တကွ ချီစွမ်းအင်များ ထွက်ပေါ်လာကာ ကြီးမားသော မြေပုံကြီး တစ်ချပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒါက မီးလျှံအဆီအနှစ် သွေးကြောရဲ့ မြေပုံပဲ။ သွေးကြောက မြေပြင်ရဲ့ အနက်ပိုင်းထဲထိ ရောက်ရှိနေပြီး တော်တော်လည်း ကျယ်ဝန်းတဲ့အတွက် ရယူနိုင်သလောက် တော်တော် အကျိုးဖြစ်ထွန်းစေမှာ အမှန်ပဲ” အကြီးအကဲဝူမှ မြေပုံအား ထောက်ပြကာ ရှင်းပြလိုက်၏။

“ငါတို့ သဘောတူထားတဲ့ နည်းလမ်းကတော့ ရိုးရှင်းပါတယ်။ နောက်သုံးရက် အကြာမှာ သက်ဆိုင်ရာကလန် အသီးသီးက တပည့်တွေကို မီးလျှံအဆီအနှစ် သွေးကြောရှိတဲ့ နေရာကို ပို့ဆောင်ပြီးတော့ ပိုင်ဆိုင်မှုကို ခွဲဝေကြမှာ”

ထို့နောက် အကြီးအကဲဝူမှ လက်အား ဝေ့ယမ်း လိုက်သည်နှင့် အလင်းတန်းဆယ်ခု ပေါ်ထွက်လာကာ လီချင်းချန်တို့ဆီသို့ ရောက်ရှိလာခဲ့သည်။

လီချင်းချန်တို့မှ လက်ခံရယူကာ ကြည့်ရှုလိုက်သော အခါတွင် မူလမှော်စာလုံးများ ခပ်မှိန်မှိန် လင်းလက်နေသော လက်ဝါးအရွယ်မျှ အလံငယ်လေးကို တွေ့ရှိလိုက်ရ၏။

“မိုင်တစ်ရာ ပတ်လည်တိုင်းမှာ အလံတစ်ခုကို စိုက်ထူလို့ရတယ်။ လူတစ်ယောက်က အလံတစ်ခုကို ကာကွယ်နိုင်ပြီး အဲမိုင်တစ်ရာ ပတ်လည်က အလံပိုင်ရှင်ရဲ့ သက်ဆိုင်ရာကလန်ရဲ့ အပိုင် ဖြစ်သွားလိမ့်မယ်”

လီချင်းချန်တို့မှ လက်ထဲတွင် ရှိနေသော အလံငယ်​လေးအား စိတ်ဝင်တစားဖြင့် ကြည့်ရှုလိုက်ကြသည်။ ကြည့်ရသည်မှာ သွေးကြော အဆီအနှစ် တိုက်ပွဲသည် အလွန်ပင် စိတ်ဝင်စားစရာ ကောင်းမည့်ဟန် ရှိ၏။

အလံတစ်ခုသည် လူတစ်ဦး၏ ပိုင်နက်အား ကိုယ်စားပြုသည်။ မီးတောက် အဆီအနှစ်၏ ဝေစုအား ခွဲဝေရယူနိုင်ရန် လူတစ်ဦးမှ အလံတစ်ခုကိုသာ ကာကွယ်ရန် လိုအပ်၏။ ထိုဆုံးဖြတ်ချက်မှာ ကလန်များ၏ အကြီးအကဲများမှ ပိုင်နက်နှင့် ပက်သတ်သော ပြဿနာများအား ဖြေရှင်းနိုင်ရန် ချမှတ်ခဲ့သော စည်းမျဥ်းများပင် ဖြစ်သည်။

“လူတစ်ယောက်က အလံတစ်ခုကိုပဲ ရယူလို့ရတာလား။ အဲလိုဆို ကျွန်တော်တို့ တစ်ဖွဲ့လုံး ပေါင်းရင်တောင် မိုင်တစ်ထောင်ပဲ ရယူနိုင်မှာပေါ့” ကျောင်းဇူမှ မေးမြန်းလိုက်၏။

“မိုင်တစ်ထောင် ဆိုရင်တောင် တော်တော်များတဲ့ ပမာဏဖြစ်နေပါပြီ” ဝူလင်းမှ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

“သွေးကြော အဆီအနှစ်ရဲ့ ဗဟိုနေရာက မိုင်သုံးထောင်ပဲ ကျယ်ဝန်းတာ။ ကလန်ကြီးတွေက တပည့်တွေ အလံတစ်ခုစီ ယူနိုင်ဖို့တောင် မလောက်ငဘူး”

“အဲဒါကြောင့် ပိုင်နက်ကို ရယူနိုင်ဖို့အတွက် တိုက်ပွဲတွေ အများကြီး ဖြစ်ရလိမ့်မယ်”

လီချင်းချန်နှင့် ကျောင်းဇူတို့သည်ပင် မျက်လုံးများ ပြူးကျယ်သွားခဲ့ရ၏။ အကန့်အသတ်ရှိသော နယ်မြေတစ်ခုအား ရယူနိုင်ရန်အတွက် တိုက်ခိုက်ကြသော တိုက်ပွဲများမှာ မည်မျှပင် ပြင်းထန်လိမ့်မည်ကို မှန်းဆ၍ ရနိုင်ပေသည်။

ထို့အပြင် မြင့်မြတ်သော နန်းတော်၊ မြောက်ပိုင်းနဂါး ပင်လယ်ခန်းမ၊ အလှပန်းတစ်ရာ နန်းတော်နှင့် အခြားသော အင်အားကြီး အဖွဲ့များမှာလည်း မီးလျှံအဆီအနှစ် သွေးကြောအား လက်လျှော့ချင်ကြမည် မဟုတ်ပေ။

“သွေးကြော အဆီအနှစ်ရဲ့ ဧရိယာတလျှောက် အဆင့်လေး သားရဲတွေဖြစ်တဲ့ ကောင်းကင်ဘုံ မီးတောက်ရှီးရီ သတ္တဝါတွေ ရှိနေကြတယ်။ အဲဒါကြောင့် မင်းတို့သေချာ သတိထားမှရမယ်”

“ပြီးတော့ သွေးကြောအဆီအနှစ်ရဲ့ ဗဟိုချက်မက ဒီနေရာပဲ”

ဝူလင်း၏ လက်ချောင်းများ ဝေ့ယမ်းလိုက်သည်နှင့် တကွ မြေပုံ၏ အလယ်ဗဟို နေရာမှာ အနီရောင်သို့ ပြောင်းလဲသွားခဲ့သည်။

“ငါတို့ရယူနိုင်တဲ့ နယ်မြေက အကန့်အသတ်ရှိတဲ့ အတွက်ကြောင့် အရင်းအမြစ်များတဲ့ နေရာကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားရလိမ့်မယ်”

အကြီးအကဲဝူမှ အနီရောင် သမ်းနေသော မြေပုံ၏ အလယ်ဗဟိုအား ညွှန်ပြကာ စကားဆိုလိုက်၏။

“လီချင်းချန်နဲ့ ကျောင်းဇူက အသန်မာဆုံးမို့လို့ ဒီဗဟိုချက်မ နေရာကို သိမ်းပိုက်ဖို့ ကြိုးစားသင့်တယ်”

“ချင်းဟိုင်၊ ပိုင်လီနဲ့ တခြားသူတွေကတော့ ဗဟိုချက်မနဲ့ အနီးနားက နယ်မြေတွေကို ရယူဖို့ ကြိုးစားရမယ်” အကြီးအကဲဝူမှ မြေပုံပေါ်ရှိ နေရာများအား ညွှန်ပြကာ  မှာကြားလျက်ရှိသည်။ အသက်ရှူစာအနည်းငယ်မျှ အချိန်အတွင်း၌ပင် အနီရောင် သမ်းနေသော မြေပုံအစိတ်အပိုင်းမှာ အနီရောင် အစက်အပြောက် ကိုးခုအဖြစ် ကွဲထွက်သွားခဲ့၏။

အကြီးအကဲဝူမှာ တပည့်တစ်ဦးစီအား တာဝန်များကို ခွဲဝေပေးအပ် နေလေသည်။ မျက်စိတမှိတ်စာမျှ အချိန်အတွင်း တာဝန်ပေးအပ်ခြင်း ပြီးဆုံးသွားပြီး ဇူယွမ်တစ်ဦးသာ ကျန်ရှိခဲ့၏။ ဇူယွမ်မှာ ရွေးချယ်စရာ မရှိဘဲ မေးမြန်းလိုက်ရ ပေတော့သည်။

“ ကျွန်တော်ကရော”

အကြီးအကဲဝူမှာ ဇူယွမ်အားကြည့်၍ သက်ပြင်းချလိုက်မိ၏။ အခြားကလန် အသီးသီးမှ စေလွှတ်ခဲ့သော တပည့်များမှာ အင်အားကြီးသူများသာ ဖြစ်သည့်အတွက် ဤမူလစဦး စတုတ္ထအဆင့်သာ ရှိသေးသော ကောင်လေးမှာ သူ့အား ခေါင်းကိုက်​စေသည်။

လီချင်းချန်မှာ ထိုလူငယ်လေးသည် အားမနည်းသူဟု ဆိုခဲ့ပါသော်လည်း သူမယုံကြည်နိုင်သေးပေ။

အကြီးအကဲဝူမှာ ခေတ္တမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် အနီရောင် နယ်မြေ၏ အပြင်ဖက် တစ်နေရာအား ညွှန်ပြကာ စကားဆိုလိုက်၏။

“ဒီနေရာကို အောင်မြင်အောင် ရယူပေးပါ”

အကြီးအကဲ၏ စကားအား ကြားလိုက်ရသောအခါ ချင်းဟိုင်နှင့် အခြားတပည့်များ၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အရိပ်အယောင်များ ယှက်သန်းလာခဲ့သည်။ ဇူယွမ်အား တာဝန်ချထားပေးသော နေရာမှာ ဗဟိုချက်မ၏ ဧရိယာထဲတွင် မပါဝင်သည့်အတွက် မီးတောက် အဆီအနှစ်များလည်း ကြွယ်ဝလိမ့်မည် မဟုတ်ချေ။ အကြီးအကဲဝူမှ ဇူယွမ်၏ အရည်အချင်းအား မယုံကြည်သည်မှာ ထင်ရှားလှပြီး အပြင်ဖက် နေရာ တစ်ခုတွင်သာ တာဝန်ချပေးခဲ့၏။ လီချင်းချန်မှ လျင်မြန်စွာပင် တုံ့ပြန်လိုက်သည်။

“အကြီးအကဲဝူ ဇူယွမ်က အဲဒီလောက် အားနည်းတဲ့သူ မဟုတ်ပါဘူး”

ကောင်းကင်အဆင့် တာဝန်အတွက် ဆုလာဒ်မှာ လူတစ်ဦး၏ ပါဝင် လုပ်ဆောင်ရမှုအပေါ် မူတည်၍ ပေးအပ်ခြင်း ဖြစ်၏။ ထိုသို့ ဇူယွမ် တစ်ဦးတည်းကိုသာ ဗဟိုချက်မ အပြင်ဖက်တွင် တာဝန်ခွဲဝေပေးခဲ့ပါက ဇူယွမ်မှာ ကောင်းကင် တံဆိပ်ပြားအား ရရှိနိုင်တော့မည် မဟုတ်ချေ။ အကြီးအကဲဝူမှ လက်ကိုဝေ့ယမ်းပြကာ ပြောလိုက်သည်။

“တပည့်တွေရဲ့ လုံခြုံမှုအတွက် ငါ့မှာ တာဝန်ရှိတယ်။ ပြီးတော့ လူတစ်ယောက်က သူစားနိုင်တာထက် ပိုပြီးမစားသင့်ဘူး။ ခေါင်းမာပြီး မိုက်မဲလို့ အခန့်မသင့်တဲ့ မတော်တဆမှုတွေ ဖြစ်သွားမယ်ဆိုရင် အကျိုးဆက်တွေကို ငါပဲခံယူရမှာ”

“ဒီကိစ္စနဲ့ ပက်သတ်ပြီး ဆွေးနွေးစရာ မရှိတော့ဘူး။ ​သူ့မှာ တကယ် အရည်အချင်း ရှိတယ်ဆိုရင် အဲနေရာကိုပဲ ရအောင် ကာကွယ်ပါစေဦး” အကြီးအကဲဝူ၏ အမူအရာမှာ ခက်ထန်နေလျက် ရှိ၏။

“မင်းတို့အားလုံး ငါ့ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လိုက်နာသင့်တယ်။ နောက်သုံးရက်ကြာလို့ တိုက်ပွဲစပြီ ဆိုတာနဲ့ ငါတာဝန်ခွဲပေးတဲ့ အတိုင်း မင်းတို့ နေရာတွေကို ကာကွယ်ကြပါ”

ဇူယွမ်မှာ တာဝန်ပေးအပ်ခြင်း ခံရသော မြေပုံပေါ်ရှိ နေရာအားကြည့်၍ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်မိသည်။ ဇူယွမ်မှာ အကြီးအကဲနှင့် ငြင်းခုံလိုစိတ် မရှိဘဲ တာဝန်ပေးအပ်ခြင်း ခံထားရသည့်​နေရာအား သိမ်းပိုက်နိုင်ရန်သာ ဦးစားပေး စဥ်းစားရန် ဆုံးဖြတ်ခဲ့၏။ မည်သို့ပင် ခက်ခဲနေစေကာမူ ကောင်းကင် တံဆိပ်ပြားအား ရရှိနိုင်ရန် ကြိုးစားရပေလိမ့်မည်။

All Chapters