အခန်း (၂၉၁)
Vol. 30 Ch. 291
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၉၁)
" မြင်းတပ်ဖွဲ့ လေ့ကျင့်တာ ဘယ်လိုလဲ။ " ကျောက်ဖုန်းက ကျန်းဟန်ကို ကြည့်ပြီး မေးလိုက်သည်။
" ကျောက်မြင်းတပ်ရဲ့ မြင်းစီးမြှားပစ်ပညာက တကယ်ကို ကောင်းမွန်ပါတယ်။ ဒါ့အပြင် သူတို့ထဲက အများစုက အရင်နယ်စပ်တပ်ဖွဲ့ကဖြစ်လို့ လေ့ကျင့်ရေးက အများကြီး မလိုအပ်ပါဘူး။ အခု ကျွန်တော်လက်အောက်က မြင်းတပ်တွေက တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ " ကျန်းဟန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" ကောင်းတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " အချိန်ကျရင် မင်းကို စစ်မှန်တဲ့ မြင်းတပ်တစ်ခုကို ကွပ်ကဲခိုင်းမယ်။ "
" အရှင် စစ်မှန်တဲ့ မြင်းတပ်က ဘယ်လိုမျိုးလဲ။ " ကျန်းဟန်က မျှော်လင့်ချက်များဖြင့် မေးလိုက်သည်။
" နောက်ကျရင် မင်းသိရလိမ့်မယ်။ ငါပြောနိုင်တာကတော့ ငါတကယ် မြင်းတပ်ကို တည်ထောင်ပြီးသွားရင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကျောက်မြင်းတပ်ထက် အနည်းဆုံး ငါးဆလောက် ပိုအားကောင်းလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကျောက်မြင်းတပ်ထက် ငါးဆပိုအားကောင်းမယ်။ " ကျန်းဟန်၏ အမူအရာက လေးနက်သွားသည်။
" စစ်တပ်ထဲမှာ အခြားဘာကိစ္စရှိသေးလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ကြီးကြီးမားမား ကိစ္စတော့ မရှိပါဘူး။ စစ်သူကြီးလီယောင်အကြောင်းပဲရှိတယ်။ " ကျန်းဟန်က တွန့်ဆုတ်စွာ ပြောလိုက်သည်။
" သူဘာဖြစ်လို့လဲ။ " ကျောက်ဖုန်းက အနည်းငယ် အံ့ဩသွားပြီး မေးလိုက်သည်။
" ဒါက ကြီးမားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စစ်တပ်ထဲက တပ်မှူးတော်တော်များများက သူကို မလေးစားကြဘူး။ " ကျန်းဟန်က သာမန်အတိုင်း ပြောလိုက်သည်။
" ဟုတ်မှာပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " သူက စစ်ရေးအောင်မြင်မှုတွေ မရှိသေးဘူး။ ငါသာ သူလက်အောက်မှာဆိုရင်လည်း သေချာပေါက် ယုံကြည်မှာ မဟုတ်ဘူး။ တကယ်လို့ သူပြောင်းလဲချင်ရင် စစ်ရေးစွမ်းဆောင်မှုတွေနဲ့ပဲ သက်သေပြရလိမ့်မယ်။ အဲ့ဒါကလွဲလို့ အခြားနည်းလမ်းမရှိဘူး။ "
ကျောက်ဖုန်းကလည်း လီယောင်ကို သိပ်အထင်မကြီးပေ။ သူက လီစီ၏ တောင်းဆိုမှုကြောင့် စစ်တပ်ထဲသို့ ရောက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် လီယောင်ကို မလေးစားသော တပ်မှူးများရှိနေခြင်းက မထူးဆန်းပေ။ အကယ်၍ လီယောင်က စစ်တပ်ကို ကွပ်ကဲပြီး အောင်မြင်မှုများ ရယူနိုင်လျှင် တပ်မှူးများ၏ ယုံကြည်မှုကို ရယူနိုင်ပေလိမ့်မည်။
" အရှင်ပြောတာ မှန်ပါတယ်။ " ကျန်းဟန်က ခေါင်းညိမ့်လိုက်သည်။ လီယောင်နှင့် ပက်သက်လျှင် သူက သတိထားနေဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့က ကျောက်ဖုန်းနှင့်အတူ သေခြင်းရှင်ခြင်းတိုက်ပွဲများကို တိုက်ခိုက်လာသူများဖြစ်ပြီး လီယောင်က အပြင်လူတစ်ယောက်သာဖြစ်သည်။
လီယောင်က နန်းတွင်းမှ ဝန်ကြီးလီစီ၏ သားဖြစ်သည်။ ကျန်းဟန်နှင့် တုဆွေတို့က လီယောင်နှင့် ရင်းနှီးမှု သိပ်မရှိကြပေ။ ဝူအန်းစခန်းမှ စစ်သူကြီးများ၏ အတွင်းစည်းထဲကို လီယောင်အနေဖြင့် ဝင်ရောက်နိုင်ခြင်းမရှိသေးပေ။
" အင်း သူတို့က လီယောင်ကို မယုံကြည်လို့ ရပေမယ့် သူရဲ့ စစ်မိန့်တွေကို ငြင်းဆန်လို့ မရဘူး။ တကယ်လို့ သူတို့က စစ်မိန့်ကို မနာခံရင် ငါလည်း ကာကွယ်နိုင်မှာ မဟုတ်ဘူး။ " ကျောက်ဖုန်းက ကြိုတင်သတိပေးလိုက်သည်။
" စိတ်ချပါ အရှင်။ စစ်တပ်ထဲက တပ်မှူးဆယ်ယောက်မှာ ကိုးယောက်လောက်က ကျွန်တော်တို့ ညီအကိုဟောင်းတွေပါ။ သူတို့က မယုံကြည်တာမျိုးရှိပေမယ့် စစ်မိန့်တွေကိုတော့ ငြင်းဆန်မှာ မဟုတ်ဘူး။ " ကျန်းဟန်က ပြန်ဖြေလိုက်သည်။
" အပြစ်သားတပ်ဖွဲ့ထဲမှာ မငြိမ်မသက်ဖြစ်တာတွေ ရှိသေးလား။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
ယခုတစ်ကြိမ် အပြစ်သားတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းသော ပမာဏက အလွန်ကြီးမားပြီး စုစုပေါင်း ၂၃၀၀၀၀ ကျော် ရှိသည်။
" စိတ်ချပါ အရှင်။ အဲ့ဒီစစ်သည်တွေအားလုံးက မှတ်တမ်းတင်ထားပြီးသားပါ။ အပြစ်သားတပ်ဖွဲ့က စစ်သည်အားလုံးက စစ်မိန့်တွေကို လိုက်နာကြပါတယ်။ သူတို့ မိသားစုနဲ့ ကလေးတွေရဲ့ အသက်ကို ရင်းပြီး မငြင်းဆန်ရဲပါဘူး။ အမိန့်ကို မလိုက်နာဘဲ ထွက်ပြေးဖို့ ကြိုးစားတဲ့ လူအချို့လည်း ရှိပါတယ်။ အဲ့လိုလူတွေကိုတော့ သတိပေးဖို့ လူအများရှေ့မှာ ကွပ်မျက်ခိုင်းထားပါတယ်။ " ကျန်းဝန်က အေးစက်စွာ ပြောလိုက်သည်။
ကျောက်ဖုန်းနောက် နှစ်ချီကြာအောင် လိုက်လာပြီးနောက် ကျန်းဟန်ကလည်း ပြတ်သားလာခဲ့ပြီး အခြေအနေကို ကောင်းကောင်း ကိုင်တွယ်နိုင်လာသည်။
" တုဆွေနဲ့ အခြားသူတွေကိုလည်း အဲ့လိုလုပ်ဖို့ ညွှန်ကြားလိုက်။ မကောင်းတဲ့ ရည်ရွယ်ချက် ရှိသူအားလုံးကို ရှင်းလိုက်။ " ကျောင်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
ယန်နိုင်ငံ၊ ကျိမြို့တော်။
" အရှင်မင်းကြီး ကျောက်ဖုန်းက သတင်းပို့လာပါတယ်။ ချင်ဘုရင်က သူ့ကို ကျွန်တော်မျိုးတို့ ယန်မင်းသမီးနဲ့ လက်ထပ်ဖို့ ခွင့်ပြုလိုက်ပြီလို့ ပြောပါတယ်။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်ပါလဲ။ " ချင်ချင်းက ယန်ဘုရင်ကို ကြည့်ပြီး မေးလိုက်သည်။
ထိုအချိန်တွင် ယန်ဘုရင်၏ အမူအရာက ပြောင်းလဲနေပြီး ဒေါသထွက်နေသည်မှာ ထင်ရှားသည်။
" ကျောက်ဖုန်း သူက အသက်ငယ်ပေမယ့် အခုတော့ ငါ့ကို လှည့်စားသွားပြီ။ ဘာအကြောင်းရင်းမှမရှိဘဲ ငါ သမီးတစ်ယောက်ကို သူ့ဆီ ပေးလိုက်ရတော့မယ်။ " ယန်ဘုရင်က စိတ်ပျက်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုး ဒီကျောက်ဖုန်းကို ရိုးရိုးလေးပဲ တွေးခဲ့တာ။ ဒါပေမယ့် မကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ အနည်းဆုံးတော့ ကျွန်တော်မျိုးတို့ တော်ဝင်မိသားစုက အခု ကျောက်ဖုန်းနဲ့ ဆွေးမျိုးတော်စပ်သွားပြီဆိုတော့ နောက်တစ်ခုခုဖြစ်လာရင် ကျောက်ဖုန်းအနေနဲ့ ထည့်သွင်းစဉ်းစားဖို့ မျှော်လင့်ရမှာပဲ။ " ချင်ချင်းက တွန့်ဆုတ်စွာ ပြောလိုက်သည်။
" ချင်ချင်း မင်းအတွေးလွန်နေပြီ။ ကျောက်ဖုန်းက ရက်သက်တဲ့ လူတစ်ယောက်ပဲ။ အခုဆို သူ့ကို သတ်ဖြတ်ခြင်းနတ်ဘုရားလို့တောင် ရည်ညွှန်းနေကြပြီ။ သူက ပိုင်ချီလိုပဲ ရက်စက်ပြီး သူ့ရဲ့ နည်းလမ်းတွေက ကြောက်စရာကောင်းတယ်။ သူက မိန်းမတစ်ယောက်အတွက် ဘယ်တော့မှ တွန့်ဆုတ်နေမှာမဟုတ်ဘူး။ ဒီတစ်ခါတော့ ငါတို့ရှုံးသွားပြီ။ " ယန်ဘုရင်က သက်ပြင်းချလိုက်သည်။
" အရှင်မင်းကြီး ဘယ်မင်းသမီးကိုကျောက်ဖုန်းနဲ့ လက်ထပ်ပေးဖို့ စီစဉ်ထားလဲ။ " ချင်ချင်းက မေးလိုက်သည်။
" ဟူး.... သင့်တော်တဲ့ အသက်အရွယ်ထဲမှာဆို ဝူယန်တစ်ယောက်ပဲ ရှိတော့တယ်။ " ယန်ဘုရင်က သက်ပြင်းချပြီး ပြောလိုက်သည်။
" မင်းသမီးဝူယန်လား။ သူက အရှင်မင်းကြီးရဲ့ အချစ်ဆုံးသမီးတော်လေ။ ပြီးတော့ အိမ်ရှေ့စံမင်းသားနဲ့လည်း ဆက်ဆံရေးကောင်းတယ်။ သူမကို အခုလို လက်ထပ်ပေးလိုက်တာက ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ " ချင်ချင်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
" ငါ့ရဲ့ တော်ဝင်အမိန့်က အဲ့ဒီလို သစ္စာဖောက်သား ဝေဖန်နိုင်တဲ့အရာမဟုတ်ဘူး။ ပြီးတော့ ဝူယန်က..."ယန်ဘုရင်၏ အမူအရာက အေးစက်သွားသည်။
" တစ်ယောက်ယောက် ဝူယန်ကို ခန်းမထဲ ခေါ်လာခဲ့စမ်း။ "
" အမိန့်အတိုင်းပါ။ " နန်းတွင်းအရာရှိတစ်ယောက်က အလျင်အမြန် ထွက်ခွာသွားသည်။
" ချင်ချင်း မင်းသွားပြီး ပြင်ဆင်ထားလိုက်။ မနက်ဖြန် မင်းသမီးကို မင်းကိုယ်တိုင် လိုက်ပို့ပေးရမယ်။ " ယန်ဘုရင်က ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ချင်ချင်းက ဦးညွှတ်ပြီး ဆုတ်ခွာသွားသည်။
မကြာမီ မင်းသမီးဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ခန်းမထဲသို့ ဝင်လာသည်။
" ခမည်းတော်ကို ဂါရဝပြုပါတယ်။ " မင်းသမီးဝူယန်က ယန်ဘုရင်ကို ဦးညွှတ်လိုက်သည်။
" ဝူယန် ထိုင်ပါဦး။ " ယန်ဘုရင်၏ အကြည့်များက နူးညံ့သွားသည်။
" ကျေးဇူးတင်ပါတယ် ခမည်းတော်။ " ဝူယန်က ထိုင်လိုက်သည်။
" ခမည်းတော်က သမီးတော်ကို လက်ထပ်ပေးဖို့ ရွေးချယ်လိုက်ပြီမဟုတ်လား။ " ဝူယန်က အရင်ဆုံး စကားစပြောလိုက်သည်။
" ဝူယန် ခမည်းတော် မှားသွားခဲ့တယ်။ " ယန်ဘုရင်က သက်ပြင်းချလိုက်သည်။ " အခု ငါတို့ ယန်နိုင်ငံက အတွင်းရောအပြင်ရော ပဋိပက္ခတွေနဲ့ ကြုံနေရပြီး နိုင်ငံအင်အားကလည်း ဆုတ်ယုတ်နေပြီ။ "
" အဲ့ဒီတုန်းက ချင်သာ ဝင်မကူညီခဲ့ရင် ငါတို့ ယန်နိုင်ငံက ကျောက်နိုင်ငံ လက်ချက်နဲ့ ပျက်စီးသွားလောက်ပြီ။ အခု နိုင်ငံက ရှင်သန်နေသေးပေမယ့် ဘဏ္ဍာရေးက အားနည်းနေပြီ။ စစ်အင်အားကလည်း ဆုတ်ယုတ်နေပြီ။ ကျောက်နိုင်ငံက မရှိတော့ပေမယ့် ချင်က ကျောက်နယ်မြေကို သိမ်းပိုက်ပြီး ပိုပြီး အင်အားကြီးလာပြီ။ "
" ဝံပုလွေတွေလို ကြောက်စရာကောင်းတဲ့ ချင်က ဘေးနားမှာ ရှိနေတာ ခမည်းတော် စိတ်မအေးနိုင်ဘူး။ ပြီးတော့ ကျောက်ဖုန်းဆိုတဲ့ နာမည်ကို မင်းလည်း ကြားဖူးမှာပါ။ ဒီလူငယ်က အသက်ငယ်ပေမယ့် ရဲစွမ်းသတ္တိရှိပြီး ချင်ရဲ့ စစ်သေနာပတိချုပ်တွေအောက် မနိမ့်ကျဘူး။ သူက ငါတို့ ယန်နိုင်ငံရဲ့ ဘေးက ယွင်ကျုံးမှာ တပ်စွဲထားတော့ ခမည်းတော်ကို ပိုပြီး စိတ်မသက်မသာ ဖြစ်စေတယ်။ " ယန်ဘုရင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" ခမည်းတော်က သမီးတော်ကို သူနဲ့ လက်ထပ်စေချင်တာ သူ့ကို စည်းရုံးဖို့လား။ " ဝူယန်က မေးလိုက်သည်။
" စည်းရုံးဖို့လား။ " ယန်ဘုရင်က ခေါင်းခါလိုက်သည်။ " သူကချင်ဘုရင်ရဲ့ မျက်နှာပေးမှုကို ရထားပြီး ကြီးမားတဲ့ ရာထူးကို ဆုပ်ကိုင်ထားတယ်။ သူ့ကို ဘယ်လိုလုပ်စည်းရုံးနိုင်မှာလဲ။ "
" ခမည်းတော်က သမီးတော်ကို ဘာလုပ်စေချင်တာလဲ။ " ဝူယန်က ခေါင်းမော့ပြီး ယန်ဘုရင်ကို ကြည့်လိုက်သည်။ သူမ၏ ခမည်းတော်က သူမအား တစ်ခုခု လုပ်စေချင်နေသည်ကို သူမမြင်နိုင်လေသည်။
" ခမည်းတော်က လောလောဆယ် သမီးတော်ကို ဘာမှမလုပ်ခိုင်းပါဘူး။ မင်း သူ့ရဲ့ မျက်နှာသာပေးမှုကို ရအောင် အစွမ်းကုန် ကြိုးစယးစေချင်တယ်။ ဖြစ်နိုင်ရင် မင်းကို အရမ်းယုံကြည်လာအောင် လုပ်ရမယ်။ " ယန်ဘုရင်က လေးနက်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ဝူယန်က ခေါင်းညိမ့်လိုက်သည်။
" တစ်နေ့မှာ ချင်က ငါတို့ ယန်နိုင်ငံကို တိုက်ခိုက်ခဲ့ရင်.... တစ်နေ့မှာ ကျောက်ဖုန်းက ယန်ကို တိုက်ခိုက်ဖို့ စစ်တပ်ကို ဦးဆောင်ခဲ့ရင်..." ယန်ဘုရင်၏ မျက်လုံးများထဲတွင် အေးစက်မှုတစ်ခု ပေါ်လာသည်။ " ယန်နိုင်ငံအတွက် မင်း သူ့ကို ဖယ်ရှားပစ်နိုင်ဖို့ မျှော်လင့်ပါတယ်။ "
ထိုစကားများကို ကြားသောအခါ ဝူယန်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ ယန်ဘုရင်က ထိုသို့ ပြောလာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပုံရပြီး ယခုအချိန်တွင် အလွန်မှင်သက်နေခဲ့သည်။