အခန်း (၂၉၃)
Vol. 30 Ch. 293
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၉၃)
အခန်းထဲတွင် ဝူယန်က စိတ်လှုပ်ရှားစွာဖြင့် ထိုင်နေသည်။
တံခါးပွင့်လာပြီး ကျောက်ဖုန်းက အခန်းထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။ သူက ဝူယန်ကို တစ်ချက် ကြည့်လိုက်ရာ သူမက ပို၍ စိတ်လှုပ်ရှားသွားမိသည်။
" ယောကျာ်း " ဝူယန်က တုန်လှုပ်စွာဖြင့် ခေါ်လိုက်သည်။
ကျောက်ဖုန်းက ဝူယန်ကို တိတ်တဆိတ် အကဲခတ်နေသည်။ " ယန်ဘုရင်က လက်ဆောင်အများကြီးပေးထားတယ်။ သူက မတရားခံထားရတာဆိုတော့ ဒီအတိုင်း ငြိမ်နေမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ချင်ရဲ့ ဖိအားကြောင့် သူက ဒီမင်းသမီးကို ပို့လိုက်ရတုန်းပဲ။ ယန်ဘုရင်က သူမကို ဘာလုပ်ခိုင်းခဲ့တာလဲ။ ငါ့ကို လုပ်ကြံခိုင်းတာလား။ "
သူက စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ ရှိနေသကဲ့သို့ နန်းတွင်း၏ ရှုပ်ထွေးမှုများကိုလည်း ကြုံတွေ့ခဲ့ရသည့်အပြင် သူက သမိုင်းကြောင်းနှင့် ပက်သက်ပြီး နားလည်မှုများစွာ ရှိနေသည်။
ကျောက်ဖုန်းက ၎င်းကို သိပ်ဂရုမစိုက်ပေ။ ဝူယန်က သူ့ရှေ့တွင် အကာအကွယ်မရှိရပ်နေပြီး သူမက သူ့ကို ရုတ်တရက် ဓားနှင့်ထိုးလျှင်တောင် ကျောက်ဖုန်းကို ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ပေ။ သူက မတိုက်ခိုက်ရသည်မှာ ကြာပြီဖြစ်သော်လည်း ကျင့်ကြံခြင်းကိုမူ မရပ်တန့်ခဲ့ပေ။
နာမည် - ကျောက်ဖုန်း
အစစ်အမှန်ချီ - ၈၅၇၂
ခွန်အား - ၁၃၈၄၁
အမြန်နှုန်း - ၁၂၉၃၂
ရုပ်ခန္ဓာ - ၁၁၅၂၃
စိတ်ဝိညာဉ် - ၁၀၅၃၄
သက်တမ်း - ၁၉၇ နှစ်
စွမ်းဆောင်မှုရမှတ် - ၉၈၉
သိုလှောင်နေရာ - ၈၉ ကုဗ
ကျင့်စဉ် - နဂါးဆင်ကျမ်း
သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး
ကျောက်ဖုန်း၏ အကြည့်က ဝူယန်ပေါ်သို့ ကျရောက်သွားသည်။
" မင်းနာမည်ဘယ်လိုခေါ်လဲ။ "
" ကျွန်မနာမည် ဝူယန်ပါ။ " ဝူယန်က တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။
" ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ကိုယ်လုပ်တော်ပဲ။ ငါ အများကြီး မပြောချင်ဘူး။ ဒီည မင်္ဂလာဦးညပြီးရင် မင်းကို ရှန်းယန်ကိုပို့ဖို့ ငါစီစဉ်ပေးမယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" ယောကျာ်းက ကျွန်မနဲ့ အတူမနေချင်ဘူးလား။ " ဝမ်ယန်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" ဒါက စစ်စခန်းပဲ။ မိန်းမိတွေ နေရမယ့်နေရာမဟုတ်ဘူး။ ငါ့မိန်းမနဲ့ ကလေးတွေအားလုံးက ရှန်းယန်မှာ ရှိနေကြတာ။ မင်းလည်း မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ရှိလာမှာပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ကျောက်ဖုန်းက ဝူယန်ကို သိပ်အလေးမထားပေ။ အကယ်၍ အချို့ညများတွင် လိုအပ်ချက်များရှိခဲ့လျှင်တောင် လှပသော အစေခံများစွာ ရှိနေသည်။
ကျောက်ဖုန်း၏ လေးနက်သော အမူအရာကို ကြည့်ပြီး ဝူယန်က ခေါင်းညိမ့်ရုံသာ တတ်နိုင်တော့သည်။ " ဟုတ်ကဲ့ပါ။ "
ကျောက်ဖုန်းက ဘာမှမပြောတော့ဘဲ ဝူယန်ဆီသို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။ နောက်ထပ်ကတော့ ပြင်းထန်ပြီး စိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲတစ်ခုကို စတင်လေတော့သည်။
နောက်တစ်နေ့တွင်
" အရှင် စတုတ္ထကတော်ကို ဒီလောက်မြန်မြန် ပြန်ပို့မလို့လား။ လောလောဆယ် စစ်ပွဲမရှိသလို ယွင်ကျုံးမြို့ကလည်း အေးချမ်းပါတယ်။ အရှင်က ဘာလို့ ဒီလောက်လောနေတာလဲ။ " ကျန်းမင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" ငါသူမကို မယုံဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" အရှင်က ယန်ဘုရင်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ထင်နေတာလား။ ဒါပေမယ့် အဲ့ဒါက မဖြစ်နိုင်ပါဘူး။ သူမက အရှင်ရဲ့ ကိုယ်လုပ်တော် ဖြစ်နေပြီပဲ။ အရှင်က သူမရဲ့ ကမ္ဘာပဲလေ။ တကယ်လို့ သူမက အရှင်ကို သစ္စာဖောက်ရဲရင် သူမ အသက်ရှင်မှာ မဟုတ်ဘူး။ " ကျန်းမင်က နားလည်သွားသော်လည်း အနည်းငယ် အံ့ဩသွားသည်။
ဤခေတ်တွင် မိန်းမတစ်ယောက်က လက်ထပ်လိုက်လျှင် သူမက ခင်ပွန်း၏ ပိုင်ဆိုင်မှု ဖြစ်သွားပြီဖြစ်သည်။
" အဲ့ဒါကို စိတ်ပူနေဖို့မလိုဘူး။ သူမက လှောင်အိမ်ထဲက ငှက်ကလေးလို့ ကျေကျေနပ်နပ်နဲ့ နေမယ်ဆိုရင် နေပေါ့။ အဲ့လိုမဟုတ်ဘဲ သူမက ယန်ကိုပဲ တမ်းတနေဦးမယ်ဆိုရင်တော့ ငါ့ကို အပြစ်တင်လို့မရဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ရှန်းယန်က လျို့ဝှကအမိန့်တော်နှစ်ခု ရောက်လာပါတယ်။ " ကျန်းဟန်က မြို့မျှော်စင်ပေါ်သို့ တက်လာသည်။
" ယူခဲ့စမ်း " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
ကျန်းဟန်က ရှေ့တိုးလာပြီး တံဆိပ်ခတ်ထားသော အမိန့်စာနှစ်ခုကို ကျောက်ဖုန်းကို ပေးလိုက်သည်။ ကျောက်ဖုန်းက ယူပြီး တစ်ခုကို ဖွင့်လိုက်သည်။ ၎င်းက ရှောက်ဖူမှ အမိန့်ဖြစ်ပြီး ချင်ဘုရင်ရဲ့ တံဆိပ်လည်း ပါဝင်နေသည်။
" ချင်နယ်မြေအတွင်းက ကုန်သည်အားလုံးကို ဝေနိုင်ငံဆီ ဆန်စပါး၊ ကြေးနီ၊ သံ၊ စစ်အသုံးဆောင်ပစ္စည်းတွေ ရောင်းချခြင်းကို လုံးဝ တားမြစ်လိုက်သည်။ ပြစ်မှုကျူးလွန်သူများကို ပြင်းထန်စွာ အပြစ်ပေးမည်။ အခြားနိုင်ငံက ကုန်သည်တွေကိုလည်း ဝေနိုင်ငံကို ကုန်ပစ္စည်းမျာ ပို့ဆောင်ခြင်းကို တားမြစ်လိုက်တယ်။ ပမအကြိမ် တွေ့ရှိရင် သူတို့ရဲ့ နိုင်ငံကို ပြန်ခွင့်ပေးပြီး ထပ်ပြီးတွေ့ရင် ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းပြီး ပြည်နှင်ဒဏ်ပေးမယ်။ "
" အခု ချင်က ဝေကို ဝိုင်းထားပြီ။ အရင်က ကျောက်နဲ့ ဝေက မဟာမိတ်တွေပဲ။ ကျောက်ပျက်စီးသွားပေမယ့် ကုန်သွယ်မှုက ရှိနေတုန်းပဲ။ အခု ချင်က စီးပွားရေးပိတ်ဆို့မှု လုပ်လိုက်ပြီဆိုတော့ ဝေက ခက်ခဲတော့မှာပဲ။ ဝေနိုင်ငံက ချီ၊ ချူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပေမယ့် သူတို့က ရိက္ခါတွေကို အများကြီး ရောင်းမှာမဟုတ်ဘူး။ ဒီစီးပွားရေးပိတ်ဆို့မှုကြောင့်ညဝေနိုင်ငံအတွင်းမှာ ဖရိုဖရဲ ဖြစ်လာလိမ့်မယ်။ ဖရိုဖရဲဖြစ်မှုတွေ အထွတ်အထိပ်ကို ရောက်တဲ့အချိန်က စစ်တပ် လှုပ်ရှားရမယ့်အချိန်ပဲ။ " ကျောက်ဖုန်းက အမိန့်စာကို ဖတ်ပြီး ပြုံးလိုက်သည်။
စီးပွားရေးပိတ်ဆို့လိုက်ပြီဖြစ်သောကြောင့် ချင်က တစ်လနှစ်လအတွင်း ဝေနိုင်ငံကို တိုက်ခိုက်ပေလိမ့်မည်။
" ဒုတိယအမိန့်စာ " ကျောက်ဖုန်းက အမိန့်စာကို ဖွင့်လိုက်သည်။ ထိုထဲတွင် ချင်ဘုရင်ကိုယ်တိုင်ရေးသားထားသော အမိန့်တော်ပါဝင်သည်။
" နောက်တစ်လအကြာမှာ ဝေနိုင်ငံကို ချေမှုန်းဖို့ စစ်တပ်ကို ချီတက်စေ။ ဒီစစ်ဆင်ရေးမှာ မင်းရဲ့ ဝူအန်းစခန်းက ယွင်ကျုံးမြို့ကနေ တောင်ဘက်ကို ချီတက်ပြီး ဝေနိုင်ငံကို တိုက်ခိုက်ရမယ်။ ပြီးတော့ ဟန်ကုခံတပ်စခန်းက အရှေ့ဘက်ကို ချီတက်လိမ့်မယ်။ ဝေမြို့တော်ကို ထိုးဖောက်ပြီး ဝေဘုရင်ကို ဖမ်းဆီးနိုင်တဲ့သူက အမြင့်ဆုံး စွမ်းဆောင်မှုကို ရရှိမယ်။ " ကျောက်ဖုန်း၏ အမူအရာက လေးနက်သွားပြီး အမိန့်တော်ကို ပိတ်လိုက်သည်။
" အရှင် တစ်ခုခု ဖြစ်တော့မှာလား။ " ကျန်းဟန်က မေးလိုက်သည်။
" ချင်က ဝေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အဲ့ဒါ ကောင်းတယ်။ " ကျန်းဟန်က ဝမ်းသာသွားပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ " ကျွန်တော်တို့ ဝူအန်းစခန်းကလည်း ဝေနိုင်ငံကို တိုက်ခိုက်ရမှာလား။ "
" နောက်လဝက်နေရင် မင်းသိလာလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
" ကျွန်တော် နားလည်ပါပြီ။ " ကျန်းဟန်က စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။
ကျောက်ဖုန်းက ဝေနိုင်ငံရှိရာဘက်သို့ အေးစက်စွာ စိုက်ကြည့်လိုက်သည်။ " ဝေနိုင်ငံရဲ့ မြို့တော် တလျန်။ အရင်ဆုံး ထိုးဖောက်နိုင်တဲ့သူက အမြင့်ဆုံး စွမ်းဆောင်မှုကို ရရှိလိမ့်မယ်။ ဟွမ်ယိ ခင်ဗျားက ကျုပ်ထက် အသက်ကြီးပေမယ့် ကျုပ် ခင်ဗျားကို ရှုံးမှာမဟုတ်ဘူး။ ဒီတစ်ခါ ဝေကို ချေမှုန်းတဲ့ စွမ်းဆောင်မှုကို ကျုပ်ရယူမယ်။ "
ဝေနိုင်ငံ၊ တလျန်မြို့တော်။
" အရှင်မင်းကြီး မကောင်းတော့ဘူး။ ချင်ရဲ့ ကုန်သည်တွေက ကျွန်တော်မျိုးတို့ ဝေကို ဆန်စပါး ရောင်းတာတွေ ရပ်တန့်လိုက်ပါပြီ။ ပြီးတော့ ကျောက်နဲ့ဟန်က ကုန်သည်တွေလည်း အတူတူပါပဲ။ ကျွန်တော်မျိုးတို့ ဝေကို ကုန်သွယ်မှု ရပ်ဆိုင်းလိုက်ပါတယ်။ ပေးထားပြီးသား ငွေတွေလည်း မရသေးပါဘူး။ " ဝေနိုင်ငံမှ ဝန်ကြီးတစ်ယောက်က စိုးရိမ်တကြီး ပြောလိုက်သည်။
" ဒါက ဆန်စပါးတင်မဟုတ်ဘူး။ ကြေးနီနဲ့ သံထည်ပစ္စည်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ ချင်ကုန်သည်တွေက သူတို့ရဲ့ ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းလိုက်တာပဲ။ " အခြားဝန်ကြီးတစ်ယောက်က ပြောလိုက်သည်။
" ဘာလို့လဲ။ ချင်က ဝေကို တိုက်ခိုက်ဖို့ ကြံစည်နေတာလား။ " ဝေဘုရင်က ချင်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
ခန်းမထဲတွင် ဆွေးနွေးသံများ ဆူညံနေပြီး ဝန်ကြီးအများစုက စိုးရိမ်ပူပန်နေကြသည်။ အကယ်၍ ချင်က ဝေကို တိုက်ခိုက်လာလျှင် ဝေနိုင်ငံက ခုခံနိုင်မည်မဟုတ်ပေ။ ထိုအချိန်တွင် ဝန်ကြီးတော်တော်များများက လွတ်မြောက်ရာလမ်းကိုပင် စဉ်းစားနေကြပြီဖြစ်သည်။
" ဦးရီးတော် ဒီအခြေအနေမှာ ဘာလုပ်သင့်လဲ။ " ဝေဘုရင်က ဝေဝူကျိဘက်သို့ လှည့်လိုက်သည်။
" အရှင်မင်းကြီး ချင်က ကျောက်နိုင်ငံကို သိမ်းပိုက်ပြီး ငြိမ်းချမ်းအောင် လုပ်ဆောင်ပြီးပါပြီ။ အခု သူတို့ အားသွားပြီပေါ့။ ကျောက်ကျရှုံးပြီးတဲ့နောက်မှာ ကျွန်တော်မျိုးတို့ ဝေက ချင်ရဲ့ တိုက်ခိုက်မှုကို ခံရဖို့က ရှောင်လွှဲလို့မရပါဘူး။ " ဝေဝူကျိက သက်ပြင်းချလိုက်သည်။
" ငါတို့ ဝေနိုင်ငံက တကယ်ပဲ ပျက်စီးဖို့ ကံပါလာတာလား။ " ဝေဘုရင်၏ မျက်နှာက ဖြူဖျော့သွားသည်။
ဟန်ဘုရင်နှင့် ကျောက်ဘုရင် ဘာဖြစ်သွားသည်ကို သူသိနေသည်။ သူတို့က ရှန်းယန်တွင် အကျဉ်းကျနေကြပြီး ဟန်ဘုရင်က အေးအေးချမ်းချမ်း ရှိနေနိုင်သော်လည်း ကျောက်ဘုရင်ကတော့ မကုန်ဆုံးနိုင်သော နှိပ်စက်မှုတွေကို ခံစားနေရပေလိမ့်မည်။
" အရှင်မင်းကြီး မစိုးရိမ်ပါနဲ့။ ကျောက်မကျရှုံးခင်ကတည်းက ကျွန်တော်မျိုး ချင်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေခဲ့တာပါ။ စစ်သည်သစ်တွေ စုဆောင်းပြီး လေ့ကျင့်ပေးထားပါတယ်။ လက်ရှိ ကျွန်တော်မျိုးတို့ ဝေမှာ စစ်သည်အင်အား ခြောက်သိန်းရှိပါတယ်။ ချင်နဲ့ ယှဉ်ပြိုင်ဖို့ လုံလောက်ပါတယ်။ ပြီးတော့ ကျွန်တော်မျိုးက ချူနိုင်ငံနဲ့ ဆက်သွယ်ပြီးပါပြီ။ ကျွန်တော်မျိုးတို့ ဝေနိုင်ငံက ချင်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမယ်ဆိုရင် သူတို့က စစ်ကူတွေ စေလွှတ်ပေးမယ်လို့ ပြောပါတယ်။ " ဝေဝူကျိက ကျယ်လောင်စွာ ပြောလိုက်သည်။
" ချူက စစ်ကူတွေ စေလွှတ်ပေးမှာလား။ အဲ့ဒါ ကောင်းတယ်။ အခုအချိန်မှာ ချင်ကို ယှဉ်နိုင်တာ ချူပဲရှိတယ်။ ချူရဲ့ အကူအညီနဲ့ဆို ငါတို့ ဝေက ကျရှုံးမှာမဟုတ်ဘူး။ " ဝေဘုရင်က အနည်းငယ် စိတ်သက်သာရာရသွားသည်။