အခန်း (၂၉၆)
Vol. 30 Ch. 296
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၉၆)
နန်းတော်၏ လမ်းမထက်ရှိ ကျောက်စံအိမ်၏ မြင်းလှည်းပေါ်တွင်။
" အမ အမေက ရှန်းယန်မှာ မရှိဘူးလား။ " ဝူယန်က ရိုသေစွာ မေးလိုက်သည်။ သူမက တရားဝင်ဇနီးနှင့် ရင်ဆိုင်ရချိန်တွင် မလေးမစား မလုပ်ရဲပေ။ ထို့အပြင် ချင်ဘုရင်ကိုယ်တိုင်က ဝမ်ယန်ကို ကျောထောက်နောက်ခံပေးထားသောကြောင့် ဝူယန်တစ်ယောက် မမောက်မာရဲပေ။
" အမေက မြို့တော်ကို သဘောမကျဘူး။ သူရဲ့ ဇာတိကလည်း မခွာချင်ဘူး။ ဒါပေမယ့် အကို ပြန်လာတဲ့အခါ ညီမကို ခေါ်ပြီး သွားလည်ဖို့ အခွင့်အရေး ရလာမှာပါ။ " ဝမ်ယန်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီးက ဘာလို့ အကိုရဲ့ ကလေးတွေအပေါ် ဒီလောက်ကောင်းနေတာလဲ။ အစက ညီမက သူတို့ကို မင်းသားနဲ့ မင်းသမီးလို့ ထင်နေတာ။ " ဝူယန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
" အကိုက ချင်ရဲ့ လူဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အသက်အငယ်ဆုံး စစ်သေနာပတိချုပ်လည်းဖြစ်တယ်။ အရှင်မင်းကြီးက သူကို မျက်နှာသာပေးတာ သဘာဝပဲ။ သူ့ကို ဂရုစိုက်တော့ သူမိသားစုကိုလည်း ဂရုစိုက်တာပေါ့။ " ဝမ်ယန်က ဂုဏ်ယူစွာ ပြုံး၍ ပြောလိုက်သည်။
" အကိုရဲ့ ဂုဏ်သတင်းက တစ်ကမ္ဘာလုံး ပျံ့နှံ့နေတာ။ ချင်မှာတော့ သူ့ကို လေးစားကြပေမယ့် အပြင်မှာတော့ သူ့ကို သတ်ဖြတ်ခြင်းနတ်ဘုရားလို့ ခေါ်ကြတယ်။ " ဝူယန်က ပြောလိုက်သည်။
" သတ်ဖြတ်ခြင်းနတ်ဘုရားလား။ " ဝမ်ယန်က အံ့ဩသွားသည်။
" သတ်ဖြတ်ခြင်းနတ်ဘုရားတင်မဟုတ်ဘူး။ မရှုံးနိမ့်တဲ့ စစ်နတ်ဘုရားလို့လည်း ခေါ်ကြတယ်။ ယန်မှာတုန်းက အကိုရဲ့ နာမည်ကို အကြိမ်ပေါင်းများစွာ ကြားခဲ့ရတယ်။ အကိုရဲ့ ဂုဏ်သတင်းက တကယ်ကို ကြောက်စရာကောင်းနေပြီ။ " ဝူယန်က ပြောလိုက်သည်။
" အပြင်က နာမည်ဆိုးက ချင်ရဲ့ ဂုဏ်သတင်းပါပဲ။ ဒါပေမယ့် သူ့ရဲ့ ဒီနေ့အောင်မြင်မှုတွေက စစ်ရေးစွမ်းဆောင်မှုတွေကနေတစ်ဆင့် ရယူခဲ့တာပဲ။ ဘယ်သူမှ သူ့ကို အပြစ်ပြောလို့မရဘူး။ " ဝမ်ယန်က ပြောလိုက်သည်။
" ညီမ နင်က ငါတို့ ကျောက်မိသားစုထဲ ဝင်လာပြီဆိုတော့ နင်က အကိုရဲ့ ဇနီးပဲ။ နောက်မှာ အကိုရဲ့ ကောင်းတာရော မကောင်းတာရော အတူမျှဝေခံစားရမယ်။ အကိုကို သစ္စာဖောက်မယ့်အရာကိုတော့ ဘယ်တော့မှ မလုပ်ရဘူး။ ဒီလိုလုပ်ရင်တော့ အကိုတင်မကဘူး အမလည်း ခွင့်မလွှတ်ဘူး။ "
" စိတ်ချပါ အမ။ ကျွန်မက အကိုအပေါ်မှာ စိတ်ရင်းမှန်နဲ့ အစွမ်းကုန် အလုပ်အကျွေးပြုပါမယ်။ " ဝူယန်က ခေါင်းညိမ့်ပြလိုက်သည်။ သို့သော် သူမ၏ စိတ်ထဲတွင် အလွန်ရှုပ်ထွေးနေခဲ့သည်။
"အခု ငါက သူနဲ့ လက်ထပ်ပြီးပြီဆိုတော့ ခမည်းတော်ရဲ့ စကားတွေကို နားထောင်ရမှာလား။ ဒါပေမယ့် ငါ အဲ့ဒါကို လုပ်လိုက်ရင် ရက်စက်တဲ့ မိန်းမတစ်ယောက်အဖြစ် သတ်မှတ်ခံရလိမ့်မယ်။ "
ယွင်ကျုံးမြို့၊ စစ်သေနာပတိချုပ်စံအိမ်။
" စစ်သေနာပတိချုပ် စစ်တပ်တစ်ခုလုံးအတွက် ဆယ်ရက်စာရိက္ခာကို ပြင်ဆင်ပြီးပါပြီ။ စစ်သေနာပတိချုပ် အမိန့်ပေးတာနဲ့ စစ်တပ်တစ်ခုလုံး လှုပ်ရှားလို့ ရပါပြီ။ " ကျန်းဟန်က အစီရင်ခံလိုက်သည်။
ယခုအချိန်တွင် ခန်းမထဲမှ လူအားလုံးက လေးနက်သော အမူအရာများဖြင့် ရှိနေကြသည်။
" မြေပုံယူခဲ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ဟန်ချန်းယန်က ကိုယ်ရံတော်အချို့နှင့် မြေပုံတစ်ခုကို ယူလာပြီး ခန်းမအတွင်း ဖြန့်ခင်းလိုက်သည်။
ထိုမြေပုံက ဝေနိုင်ငံ၏ ပထဝီဝင်အနေအထားများကို ပြသထားသည်။ ကျောက်ဖုန်းက ဖြည်းညင်းစွာ ထရပ်ပြီး မြေပုံအနီးသို့ ချဉ်းကပ်သွားသည်။ ခန်းမထဲမှ စစ်သူကြီးများကလည်း မြေပုံဆီသို့ စုရုံးလိုက်ကြသည်။
" ယွင်ကျုံးမြို့က ယန်နဲ့ အနီးဆုံးပဲ။ ဒါပေမယ့် တောင်ဘက်ကို မိုင်ငါးဆယ်လောက်သွားရင် ဝေနိုင်ငံရှိတယ်။ ကျောက်ပျက်စီးပြီးတဲ့နောက်မှာ ဝေဝူကျိက စစ်သည်တွေကို စုစည်းပြီး လေ့ကျင့်ပေးနေခဲ့တယ်။ စစ်အင်အားကိုလည်း တိုးချဲ့ထားတယ်။ ငါ့ရဲ့ ဝူအန်းစခန်း တည်ထောင်ပြီးတဲ့နောက်မှာ ဝေဝူကျိက နယ်စပ်မြို့ဖြစ်တဲ့ ယန်ကောင်းမှည ကာကွယ်ဖို့အတွက် စစ်သည်အလုံးအရင်းနဲ့ တပ်ဖြန့်ထားတယ်။ သတင်းအချက်အလက်တွေအရ စစ်သည်တစ်သိန်းခွဲကျော် စုစည်းထားတယ်။ ရိက္ခါနဲ့ စစ်ကူတွေလည်း ရှိသလို့ ဝေဝူကျိကလည်း ကာကွယ်ရေးကို အားဖြည့်ပေးထားတယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
ယွင်ကျုံးမြို့တွင် တပ်စွဲထားကတည်းက ဝေနှင့်ပက်သက်သော သတင်းများကို ဆက်တိုက်စုံစမ်းနေခဲ့သည်။ ယွင်ကျုံးမြို့မှာ ဝူအန်းစခန်းကို တည်ထောင်ခြင်းက ဝေကို ပစ်မှတ်ထားခြင်းဖြစ်သည်ကို ဝေဝူကျိက သိထားသည်။
" ယန်ကောင်းမြို့မှာ ဒီလောက်စစ်အင်အားစုစည်းထားတာကို ကြည့်ရင် ဝေဝူကျိက တင်းတင်းကျပ်ကျပ် ကာကွယ်ဖို့ ရည်ရွယ်ထားတာ ရှင်းနေပါတယ။ ထိုးဖောက်ဖို့ကတော့ မလွယ်လောက်ဘူး။ " ကျန်းယန်က လေးနက်စွာ ပြောလိုက်သည်။
" ကျန်းမင် ယန်ကောင်းမြို့မှာ တပ်စွဲထားတဲ့ ဝေစစ်သေနာပတိချုပ် အသေးစိတ်အချက်အလက်တွေကို စစ်သူကြီးတွေသိအောင် ပြောပြလိုက်ပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" ယန်ကောင်းမြို့ကို ကာကွယ်နေတဲ့ စစ်သေနာပတိချုပ်နာမည်က လုံကျန်းပါ။ လုံကျန်းက လွန်ခဲ့တဲ့ နှစ်နှစ်က စစ်သေနာပတိချုပ် ဖြစ်ခဲ့ဘူးတယ်။ ဝေဝူကျိက နယ်စပ်ကို စောင့်ကြပ်ဖို့ သူ့ကို ပြန်ခေါ်ထားတာပဲ။ ပြီးတော့ လုံကျန်းရဲ့ လက်အောက်မှာ ဝေဝူကျိကိုယ်တိုင်ရွေးချယ်ထားတဲ့ လက်ထောက်စစ်သူကြီး အများအပြားရှိနေတယ်။ သူတို့က ဝေနိုင်ငံရဲ့ တက်သစ်စကြယ်ပွင့်တွေဖြစ်ပြီး အားလုံးက စစ်တပ်ကို ကွပ်ကဲနိုင်ကြတယ်။ " ကျန်းဟန်က အားလုံးကြားအောင် ပြောလိုက်သည်။
" ယန်ကောင်းမြို့ထဲမှာ ဝေအထူးစစ်သည်ငါးသောင်းနဲ့ စစ်သည်သစ် တစ်သိန်းရှိတယ်။ ယန်ကောင်းမြို့ကို စစ်သည်တစ်သိန်းခွဲနဲ့ ကာကွယ်ရေးတည်ဆောက်ထားတဲ့အပြင် ဝေရဲ့ အနောက်ဘက်က ဟဲလျိုမြို့မှာလည်း ဟန်ကုစခန်းကို ကာကွယ်ဖို့ စစ်သည်နှစ်သိန်းခွဲကို တပ်စွဲထားပါတယ်။ အဲ့ဒီမှာတော့ ဝေစစ်သေနာပတိချုပ် ဖန်ကျွမ်းရဲ့ မျိုးဆက် ဖန်ဝူကို ကြီးကြပ်ဖို့ တာဝန်ပေးထားတယ်။ "
" ဒါ့ကြောင့် ဝေနယ်စပ်မှာ တပ်ဖြန့်ထားတဲ့ စစ်အင်အား စုစုပေါင်းလေးသိန်းရှိတယ်။ ပြီးတော့ တလျန်မြို့တော်ကို ကာကွယ်ဖို့ စစ်သည်နှစ်သိန်းရှိသေးတယ်။ အဲ့ဒီထဲမှာ နန်းတွင်းကိုယ်ရံတော် ငါးသောင်းနဲ့ ဝေဝန်ကြီးတွေရဲ့ ကိုယ်ပိုင်စစ်သည်တွေနဲ့ ကျွန်တွေကို ထည့်မတွက်ရသေးဘူး။ ပြီးတော့ ယန်ကောင်းမြို့ထဲမှာ စစ်သည်တစ်သိန်းခွဲအတွက် တစ်နှစ်စာ လုံလောက်တဲ့ ရိက္ခါတွေ သိုလှောင်ထားတယ်။ "
ကျန်းမင်က ယန်ကောင်းနှင့် ဝေနိုင်ငံတစ်ခုလုံး၏ စစ်အင်အားကို အသေးစိတ် တင်ပြလိုက်သည်။ ထိုသတင်းအချက်အလက်များက နန်းတွင်းမှသာမက ကျောက်ဖုန်း၏ ယန်ထင်ဆီမှ လာခြင်းဖြစ်သည်။
နှစ်အနည်းငယ် ကုန်ဆုံးသွားပြီဖြစ်ပြီး ယန်ထင်ကလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ အင်မော်တယ်ဝိုင်ခန်းမက နိုင်ငံအသီးသီးမှ ဝန်ကြီးများကို ဧည့်ခံကျွေးမွေးနေသောကြောင့် သတင်းအချက်အလက်များစွာကို ရရှိထားသည်။
" စစ်သူကြီးတို့ ဒါကတော့ ယန်ကောင်းမြို့ရဲ့ အခြေအနေပဲ။ ဘယ်လိုထင်ကြလဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အစပိုင်းမှာ ကျွန်တော်က ယန်ကောင်းမြို့ရဲ့ ရိက္ခါလမ်းကြောင်းကို ဖြတ်တောက်ပြီး မြို့ထဲက ဝေစစ်တပ်ကို ကျွန်တော်တို့နဲ့ ရင်ဆိုင်လာအောင် ဖိအားပေးဖို့ တွေးခဲ့မိတယ်။ ဒါပေမယ့် အခုတော့ ဝေဝူကျိက အဲ့ဒါကို ကြိုတင်ခန့်မှန်းပြီးသားပဲ။ သူတို့ကို တိုက်ပွဲထဲ ဝင်ရောက်လာအောင် ဖိအားပေးဖို့က မဖြစ်နိုင်ဘူး။ " လီယောင်က လေးနက်စွာ ပြောလိုက်သည်။
" ဝေဝူကျိက မင်းဆက်နှစ်ဆက်ကို ဖြတ်သန်းလာတဲ့ စစ်သေနာပတိချုပ်ဟောင်းတစ်ယောက်ပဲ။ သူ့ရဲ့ ကွပ်ကဲနိုင်စွမ်းက သံသယဖြစ်စရာမလိုဘူး။ မင်းတို့တွေးသမျှကို သူကြိုတွေးပြီးသားပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ကျွန်တော်မှာ မရှင်းတဲ့ ကိစ္စတစ်ခုရှိသေးတယ်။ " တုဆွေက ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" ပြောပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဝေနိုင်ငံက ချင်ကို အရင်ဆုံး တိုက်ခိုက်ခဲ့တာပဲ။ အခု ချင်က တရားမျှမျှတတနဲ့ တပ်လှန့်လိုက်တော့ ဝေနိုင်ငံက အကူအညီမဲ့သွားပြီ။ ဒါပေမယ့် ဝေဝူကျိက အချိန်ဆွဲရင် ဘာအကျိုးအမြတ်ရမှာလဲ။ အခြားနိုင်ငံတွေက ဝေနိုင်ငံကို ကူညီဖို့ စစ်တပ်စေလွှတ်ရဲပါ့မလား။ " တုဆွေက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။
" ရှိတာပေါ့။ " ကျောက်ဖုန်းက အလွန်သေချာနေသည်။
စစ်သူကြီးများအားလုံးက ကျောက်ဖုန်းဆီသို့ ရောက်သွားခဲ့သည်။
" ချူနိုင်ငံပဲ။ " ကျောက်ဖုန်းက တိုက်ရိုက်ပြောလိုက်သည်။
" ချူနိုင်ငံလား။ သူတို့က လုပ်ရဲပါ့မလား။ " တုဆွေက လေးနက်စွာ မေးလိုက်သည်။
" နိုင်ငံတွေကြားမှာ အကျိုးစီးပွားက အပြန်အလှန်ရှိတာပဲ။ ငါတို့ချင်က နိုင်ငံနှစ်ခုကို ဆက်တိုက်သိမ်းပိုက်လိုက်တာဆိုတော့ ချူနိုင်ငံကလည်း ထိတ်လန့်သွားတာ မဆန်းပါဘူး။ ဒါပေမယ့် ချူနိုင်ငံက တကယ်ပဲ စစ်ကူလွှတ်ခဲ့ရင်လည်း ဒါက ငါတို့ ထိန်းချုပ်မှုအောက်မှာ အဲ့ဒါက ငါတို့ ထိန်းချုပ်မှုအောက်မှာမရှိဘူး။ အရှင်မင်းကြီးကပဲ အဲ့ဒါကို ဆုံးဖြတ်ချက်ချလိမ့်မယ်။ ငါတို့ရဲ့ တာဝန်က ဝေနိုင်ငံကို ထိုးဖောက်ပြီး ချေမှုန်းဖို့ပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ရဲ့ အမိန့်ကို စောင့်နေပါတယ်။ " ခန်းမတစ်လုံးအတွင်းရှိ စစ်သူကြီးသုံးယောက်နှင့် လက်ထောက်စစ်သူကြီးခြောက်ယောက်တို့က တစ်ညီတစ်ညွှတ်တည်း ပြောလိုက်သည်။ အားလုံးက ကျောက်ဖုန်းအကော် ကြီးမားသော ယုံကြည်မှုကို ပြသနေကြသည်။
" အရှင်မင်းကြီးက ဝေကို နှစ်လကြာမှ တိုက်ခိုက်ဖို့ အမိန့်ထုတ်ခဲ့ပေမယ့် တကယ်တော့ တစ်လကြာရင် တိုက်ခိုက်မှာပဲ။ သတ်မှတ်ထားတဲ့ အချိန်က နှစ်ရက်ပဲ လိုတော့တယ်။ ယန်ကောင်းမြို့ကို ဝေဝူကျိက အင်အားတောင့်တင်းအောင် လုပ်ထားတယ်ဆိုပေမယ့် ထိုးဖောက်လို့မရတဲ့ အရာမဟုတ်ဘူး။ " ကျောက်ဖုန်းက အားလုံးကို ဝေ့ကြည့်လိုက်သည်။
" စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ဖို့ အဆင်သင့်ပါပဲ။ " လီယောင်က ချက်ချင်း ပြောလိုက်သည်။ သူကလည်း ပထမဆုံးတိုက်ပွဲဖြစ်သောကြောင့် သူ့ကိုသူ သက်သေပြရန် ထိုအခွင့်အရေးကို အသုံးချမည်ဖြစ်သည်။
"ယန်ကောင်းမြို့ကို အင်အားအပြည့်နဲ့ တိုက်ခိုက်ရမယ်။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ မနက်ဖြန်ညမှာ စစ်တပ်က စခန်းကို ရုတ်သိမ်းပြီး ဝေဘက်ကို တောင်ဘက်အရပ်အတိုင်း ချီတက်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " အားလုံးက တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေလိုက်ကြသည်။
" ကောင်းပြီ။ အားလုံး သွားပြီးပြင်ဆင်ကြတော့။ "ကျောက်ဖုန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့။ " အားလုံးက တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲမှ ထွက်ခွာသွားကြသည်။