အခန်း (၂၉၈)
Vol. 30 Ch. 298
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၉၈)
ထိုအချိန်တွင် ကျန်းမင်က တံဆိပ်ခတ်ထားသော အစီရင်ခံစာတစ်ခုကို ကိုင်ဆောင်ကာ တဲအတွင်းသို့ ဝင်လာခဲ့သည်။ သူကကျောက်ဖုန်းအနီးသို့ တိုးကပ်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
" အရှင် ဒါက ယန်ကောင်းမြို့ထဲမှာပုန်းအောင်းနေတဲ့ ယန်ထင်ရဲ့ ဝူချန်ဆီက အစီရင်ခံစာပါ။"
ကျောက်ဖုန်းက အစီရင်ခံစာကို ဖွင့်ဖတ်လိုက်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားသော်လည်း ခဏအတွင်း ပြန်လည်တည်ငြိမ်သွားသည်။
" ဝေဝူကျိ မင်းက တကယ်ပဲ ငါ့ရဲ့ ချင်ကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်အောင်လုပ်နေတာပဲ။ ဒါပေမယ့် မင်းရဲ့လူတွေကို အရမ်းအထင်ကြီးနေတာပဲ။ စစ်ပွဲဆိုတာ လက်နက်တွေနဲ့ တိုက်ခိုက်ရုံတင်မဟုတ်ဘူး။ သတင်းအချက်အလက်ကလည်း အရေးပါတဲ့ အရာတစ်ခုပဲ။ " ကျောက်ဖုန်းက ပြုံး၍ တွေးလိုက်သည်။
" စစ်သူကြီးတွေ အားလုံး ပြန်ပြီး ပြင်ဆင်ကြတော့။ မနက်ဖြန် မနက်စာစားပြီးတာနဲ့ ချက်ချင်း ထွက်ကြမယ်။ " ကျောက်ဖုန်းက စုဝေးနေကြသော စစ်သူကြီးများကို ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့။ " စစ်သူကြီးများက တဲအတွင်းမှ ထွက်ခွာသွားကြသည်။
နောက်တစ်နေ့တွင် နေရောင်ခြည်ထွက်ပေါ်လာပြီး မနက်စာစားပြီးနောက် ချင်စစ်စခန်းမှ စစ်ခရာသံများ ဝေနယ်စပ်တစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။ အနက်ရောင်ချပ်ဝတ်များက စုရုံးနေကြပြီး ယန်ကောင်းမြို့ဆီသို့ ချီတက်နေကြပြီဖြစ်သည်။
စစ်တပ်သုံးခု၊ စစ်သည်အင်အားသုံးသိန်း။ မြင်းစီးစစ်သည် တစ်သိန်း၊ ခြေလျင်စစ်သည် နှစ်သိန်း။ သူတို့ထဲမှ ၇၀၊ ၈၀ရာခိုင်နှုန်းက လက်နက်ချကျောက်စစ်သည်ဟောင်းများဖြစ်ပြီး ယခု ချင်စစ်ဝတ်စုံကို ဝတ်ဆင်ကာ ချင်လက်နက်များကို ကိုင်ဆောင်ထားကြသည်။ အပြင်ပန်းကြည့်လျှင် သူတို့က ကျောက်စစ်သည်ဟောင်းများ မဟုတ်တော့ဘဲ လုံးလုံး ချင်စစ်သည်များ ဖြစ်နေကြသည်။
၎င်းက ဝူအန်းစခန်းတည်ထောင်ပြီးနောက် ပထမဆုံး တိုက်ပွဲဖြစ်သည်။ အပြစ်သားတပ်ဖွဲ့မှ စစ်သည်များက စိုးရိမ်ပူပန်နေကြဆဲဖြစ်သည်။ ပထမအချက်က သူတို့၏ အသက်များဖြစ်ပြီး ဒုတိယအချက်က ချင်က ပေးထားသော ကတိကို တည်ပါ့မလားဟူသော အချက်ပင်ဖြစ်သည်။
ကျောက်ဖုန်းက သူစုစည်းထားသော အပြစ်သားတပ်ဖွဲ့အပေါ် ယုံကြည်သော်လည်း တပ်ဖွဲ့တစ်ခုတွင် ကြီးကြပ်ရေးတပ်ဖွဲ့ငါးဆယ်စီ ထားရှိထားသည်။ တိုက်ပွဲမှ ဆုတ်ခွာသူ၊ တပ်ဖွဲ့အတွင်း ဆူပူအောင်လုပ်သူ၊ အမိန့်မနာခံသူများကို ကွပ်မျက်မည်ဖြစ်သည်။
ယန်ကောင်းမြို့ရှေ့တွင် ချင်စစ်တပ်က စုရုံးနေကြပြီး သူတို့ ချီတက်လာသည်နှင့်အမျှ ဖိနှိပ်နိုင်စွမ်းတစ်ခုက ကောင်းကင်တစ်ခုလုံး လွှမ်းခြုံသွားသည်။
" ချင်စစ်တပ်၊ ဝူအန်းစခန်း။ ဒါက တကယ်ပဲ ချင်ရဲ့ စခန်းအသစ်လား။ လအနည်းငယ်အတွင်းမှာ ဒီလောက်ထိ ခန့်ညားတဲ့ အရှိန်အဝါမျိုး ရှိနေတာလား။ ကြည့်ရတာ ဝူအန်းစခန်းက အရင်က စခန်းဟောင်းတွေနဲ့ ဘာမှမကွာခြားသလိုပဲ။ " မြို့ရိုးပေါ်တွင် ဝေတပ်မှူးက ချင်စစ်တပ်၏ စုစည်းမှုကို မြင်သောအခါ စိတ်ထဲမှ အံ့အားသင့်သွားသည်။
ဝေစစ်သည်အများအပြားကလည်း ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။ ဝေဝူကျိက ချင်ကို ခုခံရန် တစ်နှစ်ကျော်လောက် ပြင်ဆင်နေခဲ့ပြီး လူငယ်အများအပြားကို စစ်ထဲသွင်းခဲ့သော်လည်း သူတို့က သွေးချောင်းစီးတိုက်ပွဲများကို မကြုံတွေ့ဖူးကြပေ။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက ချင်အထူးစစ်သည်များကို မယှဉ်နိုင်ပေ။
" ချင်စစ်တပ်၊ ရက်စက်တဲ့ ချင်စစ်တပ်ပဲ။ ပြီးတော့ ချင်စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောက်ဖုန်းပဲ။ "
" ငါတို့ သူတို့ကို တကယ်ပဲ ခုခံနိုင်ပါ့မလား။ "
မြို့ရိုးပေါ်မှ ဝေစစ်သည်များက ထိတ်လန့်နေကြပြီး တိုက်ပွဲမစခင်ကတည်းက သယတို့၏ စိတ်ဓာတ်များက ယိမ်းယိုင်နေကြပြီဖြစ်သည်။
" တပ်မှူး မြို့ထဲက စစ်သည်အများစုက အသစ်တွေပါ။ သူတို့က စစ်မြေပြင်ကို တစ်ခါမှ မရောက်ဖူးဘူး။ သွေးကိုလည်း မမြင်ဖူးဘူး။ အခု ချင်စစ်တပ် ရောက်လာတော့ သူတို့ အရမ်းကြောက်နေကြတယ်။ ကျွန်တော်တို့ တကယ်ပဲ တောင့်ခံနိုင်ပါ့မလား။ " စစ်သည်တစ်ယောက်က စိုးရိမ်တကြီး ပြောလိုက်သည်။
" ငါတို့ တတ်နိုင်သမျှ လုပ်ကြရမှာပဲ။ ကျန်တာ ကံကိုပဲ လွှဲထားကြတာပေါ့။ ဝေအတွက် ချင်ကို အဆုံးထိ တိုက်ခိုက်ကြမယ်။ " ဝေတပ်မှူးက ပြတ်သားစွာ ပြောလိုက်သည်။
အချိန်များ ကုန်ဆုံးလာခဲ့သည်။ ချင်စစ်တပ်က မတိုက်ခိုက်သေးသော်လည်း ကြောက်စရာကောင်းသော ဖိနှိပ်မှုက ယန်ကောင်းမြို့ကို လွှမ်းခြုံထားသည်။ ကျောက်လုံးပစ်စက်ငါးရာကျော်က မြို့ရှေ့တွင် ရှိနေသည်။ ဒူးလေးကြီးငါးရာကလည်း ၎င်းတို့နှင့်အတူ နေရာချထားသည်။
အားလုံးက ယန်ကောင်းမြို့ကို တိုက်ရိုက်ချိန်ရွယ်ထားကြသည်။ ၎င်းတို့၏ နောက်တွင် ချင်လေးသည်တော်သောင်းချီက နေရာယူထားကြသည်။
ရှေ့တန်းတွင် ကျောက်ဖုန်းက စစ်ရထားပေါ်တွင် ရပ်နေပြီး ယန်ကောင်းမြို့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
" ချင်စစ်သည်တော်တို့ " ကျောက်ဖုန်းက လုံချွမ်ဓားကို ဆွဲထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။
" ဟေ့ ဟေ့ ဟေ့...." ချင်စစ်သည်များ၏ ဟိန်းဟောက်သံက ကောင်းကင်ယံထိ ပဲ့တင်ထပ်သွားသည်။
" သတ် " ကျောက်ဖုန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။
သူ၏ ဘေးမှ သတင်းပို့သူများက အမိန့်ပေးရန် ချက်ချင်း ထွက်ခွာသွားကြသည်။ တစ်ချိန်တည်းတွင် ကျောက်လုံးပစ်စက်များနှင့် ဒူးလေးကြီးများ စတင်ပစ်ခတ်လိုက်ကြသည်။
ဝုန်း ဝုန်း ဝုန်း...
ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး ကျောက်တုံးကြီးများနှင့် မြားများက ယန်ကောင်းမြို့ဆီသို့ ဦးတည်သွားကြသည်။ လေးသည်တော်များကလည်း လေးကြိုးကို ဆွဲပြီး မြားများကို ပစ်လွှတ်လိုက်ကြသည်။
ခဏအတွင်း ယန်ကောင်းမြို့၏ ကောင်းကင်တွင် မြားမိုးများ၊ ကျောက်တုံးကြီးများ၊ မြားကြီးများဖြင့် ဖုံးလွှမ်းသွားသည်။
" ကာကွယ်ကြ။ " မျှော်စင်ပေါ်မှ ဝေတပ်မှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဝေစစ်သည်များက ဒိုင်းများကို မြှောက်လိုက်ကြပြီး အချို့စစ်သည်များကလည်း နောက်တွင် ပုန်းအောင်းလိုက်ကြသည်။ သို့သော် ကြီးမားသော ကျောက်တုံးကြီးများနှင့် ဒူးလေးမြားကြီးများက ဝေစစ်သည်များကို ကြိတ်ခြေသွားကြသည်။ ချင်မြားများ၏ ထက်ရှမှုကို သူတို့ သိခါးကြသော်လည်း ၎င်းကို တုန့်ပြန်ရန် နည်းလမ်းမရှိကြပေ။
ချင်စစ်တပ်က မြားများကို ဆက်တိုက်ပစ်ခတ်နေပြီး ယန်ကောင်းမြို့ တစ်ဝက်နီးပါးကို ဖုံးလွှမ်းသွားခဲ့သည်။ မရေတွက်နိုင်သော ဝေစစ်သည်များက ရှုပ်ထွေးလှသော မြားမိုးများကြောင့် သွေးအိုင်ထဲတွင် လဲကျသေဆုံးသွားကြသည်။ မြို့တစ်ခုလုံးက နာကျင်စွာ အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။
" စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်စီးအောင် လုပ်တဲ့ ဘယ်သူမဆို ခေါင်းဖြတ်ခံရမယ်။ ဒဏ်ရာရတဲ့သူတွေကို ကုသရေးစခန်းကို ချက်ချင်းပို့။ တစ်ယောက်သေရင် တစ်ယောက်က နေရာဝင်ယူ။ ကာကွယ်ရေးကို အကျခံလို့ မဖြစ်ဘူး။ " လုံကျန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။ ချင်မြားမိုးက ရှိနေသော်လည်း သူ၏ ကွပ်ကဲမှုအောက်မှ ဝေစစ်တပ်က တည်ငြိမ်နေဆဲ ဖြစ်သည်။
မြားမိုးများက တစ်နာရီကြာအောင် ပစ်ခတ်နေခဲ့သည်။ ဝေစစ်တပ်ကလည်း အကျအဆုံးများစွာ ရှိနေသည်။
ကျောက်ဖုန်းက မြားမိုးများ ဖုံးလွှမ်းနေသော ယန်ကောင်းမြို့ကို ကြည့်လိုက်သည်။ မြို့ထဲမှ အကျအဆုံးကို မသိရသော်လည်း ထိုတိုက်ခိုက်မှုအောက်တွင် ဝေစစ်တပ်က သေချာပေါက် ထိခိုက်မှုများ ရှိပေလိမ့်မည်။
ကျောက်ဖုန်းက စစ်ရထားပေါ်မှ ဖြည်းညင်းစွာ ဆင်းလိုက်သည်။ သူက လုံချွမ်ဓားကို ကိုင်ထားပြီး သူ၏ အကြည့်များက ဝေမြို့တွင် ရှိနေဆဲ ဖြစ်သည်။
" ငါက ကျောက်ဖုန်း ဝူအန်းစခန်းရဲ့ စစ်သေနာပတိချုပ်ပဲ။ ချင်စစ်သည်တို့ ဒီမြို့ကို ထိုးဖောက်တဲ့ တိုက်ပွဲမှာ မြို့ထဲ ဝင်ရောက်သတ်ဖြတ်နိုင်တဲ့ သူကို ဆုချီးမြှင့်မယ်။ နိုင်ငံအတွက် ရန်သူတွေကို သတ်ဖြတ်တဲ့ စစ်သည်တွေက ရာထူးတိုးမြှင့်ခံရမယ်။ အပြင်သားတပ်ဖွဲ့က စစ်သည်တွေက သူတို့ရဲ့ ကျွန်အဆင့်က လွတ်မြောက်ခွင့်ရမယ်။ "
" နိုင်ငံတော်အတွက် ကျဆုံးတဲ့သူတွေက အထူးစစ်သည်ဖြစ်ဖြစ် အပြစ်သားတပ်ဖွဲ့ကဖြစ်ဖြစ် အားလုံးက နန်းတွင်းက နစ်နာကြေးကို ရရှိမယ်။ ဒါက စစ်သည်ပါးလုံးကို ပေးတဲ့ ငါ့ရဲ့ ကတိပဲ။ "
" ကိုယ်ရံတော်တွေ " ကျောက်ဖုန်းက လုံချွမ်ဓားကို မြှောက်ပြီး အော်ဟစ်လိုက်သည်။
" ရှိပါတယ်။ " ကျန်းမင်က ကိုယ်ရံတော် ၁၅၀၀ ကို ဦးဆောင်ပြီး အော်ဟစ်လိုက်သည်။
" ကိုယ်ရံတော်တပ်ဖွဲ့က တိုက်ပွဲကို ကြီးကြပ်ရမယ်။ ဆုတ်ခွာရဲတဲ့သူရှိရင် ခေါင်းဖြတ်။ " ကျောက်ဖုန်းက အော်ဟစ်လိုက်သည်။
" အမိန့်အတိုင်းပါ။ " ကိုယ်ရံတော်များက ပြန်ပြောလိုက်ကြသည်။ သူတို့က ခါးမှ ဓားများကို ဆွဲထုတ်ပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။
ကိုယ်ရံတော်များက ကျောက်ဖုန်းအပေါ် အကြွင်းမဲ့ သစ္စာရှိကြပြီး စစ်တပ်ထဲမှ ဝါရင့်စစ်သည်များဖြစ်ကြသည်။ အားလုံးက အလောင်းတောင်နှင့် သွေးပင်လယ်ကို ဖြတ်ပြီး ကျောက်ဖုန်းနောက်သို့ လိုက်ခဲ့သူများဖြစ်ကြသည်။ ထို့အပြင် သူတို့က သိုင်းပညာများကိုလည်း လေ့ကျင့်ထားကြသည်။
" စစ်သည်အားလုံး ငါ့အမိန့်ကို နာခံကြ။ ငါ့နောက်ကနေ လိုက်ပြီး သတ်ကြ။ " ကျောက်ဖုန်းက ကျယ်လောင်စွာ အော်ဟစ်ပြီး ယန်ကောင်းမြို့ဆီသို့ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။
စစ်တပ်ထဲမှ ဝါရင့်စစ်သည်များများက သူတို့၏ ရဲဘော်ရဲဘက်များကို ဦးဆောင်ပြီး နောက်မှ လိုက်ပါသွားကြသည်။ ရှေ့ပြေးတပ်ဖွဲ့က လှိုင်းလုံးများသဖွယ် ယန့ကောင်းမြို့ဆီသို့ ချီတက်သွားကြသည်။
ကျောက်ဖုန်းက လုံချွမ်ဓားကို ကိုင်ပြီး ရှေ့ဆုံးမှ ဦးဆောင်နေသည်။ ကျောက်ဖုန်းနောက်သို့ လိုက်ပါခဲ့သူများက ၎င်းကို ကျင့်သားရနေကြပြီဖြစ်သည်။
"စစ်သေနာပတိချုပ်နောက်လိုက်ပြီး သတ်ကြ။ "
" သတ်..." စစ်သည်များက ကျောက်ဖုန်းနောက်မှ လိုက်ပါလာရင်း ဟိန်းဟောက်လိုက်ကြသည်။ အပြစ်သားတပ်ဖွဲ့မှ စစ်သည်များက ရှေ့ဆုံးမှ ဦးဆောင်နေသော ကျောက်ဖုန်းကို ကြည့်ပြီး မှင်သက်သွားကြသည်။