အခန်း (၂၈၃-၂၈၄)
Vol. 29 Ch. 283-284
အခန်း။ ၂၈၃
"ပထမဆုံး တာအို..."
"နွားမိစ္ဆာ ကြယ်တာရာ ပင်လယ်ပြပုံ... အသက်ဝင်စေ"
ချန်ကျီရှင်း၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး နောက်တွင် စည်းနှောင်ထားသော ဆံနွယ်များမှာလည်း ရူးသွပ်စွာ လွင့်ပျံလာတော့သည်။ သူ၏ လည်ချောင်းထဲမှ နက်ရှိုင်းလှသော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာ၏။
ချက်ချင်းဆိုသလိုပင် သူ၏ ဝိညာဉ်ပင်လယ်ထက်တွင် ငြိမ်သက်စွာ လွင့်မျောနေသော မဟာတာအို မျိုးစေ့တစ်ခုမှာ တောက်ပလှသော ကြယ်စင်အလင်းတန်းများကို ထုတ်လွှတ်လိုက်တော့သည်။
ဝုန်း
အတိုင်းအဆမဲ့လှသော ကြယ်စင်ပင်လယ်ကြီးမှာ ချန်ကျီရှင်း၏ ဦးခေါင်းထက် ဟင်းလင်းပြင်တွင် ပန်းချီကားတစ်ချပ်အလား ဖြန့်ကျက်သွားခဲ့ကာ ထိုကြယ်တာရာ ကောင်းကင်ယံ ပန်းချီကားထဲတွင် နေမင်းမှာ ထွက်ပေါ်လာပြီး လမင်းမှာ နစ်ဝင်သွားကာ ကြယ်တာရာများမှာလည်း လည်ပတ်နေကြသည်။
ထို့နောက်တွင် ကောင်းကင်ကို ဦးချိုဖြင့် ထိုးဖောက်နိုင်ပြီး မြေပြင်ကို ခြေဖဝါးဖြင့် နင်းခြေနိုင်သည့် ထူထပ်လှသော မြူခိုးများ ဖုံးလွှမ်းနေသည့် ဧရာမ သားရဲကြီးများမှာ ကြယ်စင်ပင်လယ်အတွင်း တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာတော့သည်။
ဆယ်ကောင်….
ရာဂဏန်း……
သုံးရာ….
ငါးရာ…..
ငါးရာ့ငါးဆယ်……
ရှေးဦး နတ်ဘုရား မိစ္ဆာ သုံးထောင်၏ အလယ်တွင်၊ ခွန်အားတာအိုကို ကိုယ်စားပြုသော ကမ္ဘာဦး နွားမိစ္ဆာ ငါးရာ့ငါးဆယ်တို့သည် ကြယ်တာရာ ကောင်းကင်ယံ၌ ခန့်ညားထည်ဝါစွာ ရပ်တန့်နေကြပြီး နေနှင့်လကိုပင် ငုံ့ကြည့်နေကြသည်။
နေမင်းမှာ သူတို့၏ လက်ဖဝါးထဲမှ ဆေးလုံးလေးတစ်လုံးအလား နက္ခတ်ဗေဒါ ဂလက်ဆီကြီးမှာမူ သူတို့၏ ခြေဖဝါးအောက်မှ ရေဇလုံတစ်ခုအလား ဖြစ်နေတော့သည်။
မူး…..
ဘုံကိုးဆင့်နှင့် မြေကိုးထပ်ကို တုန်ခါသွားစေသည့် ဟိန်းဟောက်သံကြီးမှာ ထိုကမ္ဘာဦး နွားမိစ္ဆာ ငါးရာ့ငါးဆယ်ထံမှ ပေါက်ကွဲထွက်လာသည်။ ထိုအသံ၏ နောက်ဆက်တွဲအဖြစ် ကြယ်တာရာများမှာ တစ်ခုပြီးတစ်ခု ကြွေလွင့်ကာ ပျက်စီးသွားခဲ့ရသည်။
"အိုး"
ဝတ်ရုံနက်နှင့် အဘိုးအိုသည် မော့ကြည့်လိုက်ရာ သူ၏မျက်နှာတွင် စိတ်ဝင်စားမှုများ ပိုမိုမြင့်တက်လာသည်။
"ကမ္ဘာဦး နွားမိစ္ဆာ ငါးရာ့ငါးဆယ်ကို ကမ္ဘာမြေ သရုပ်ဖော်ပုံအဖြစ် အသုံးပြုတာလား... ဒါက သမိုင်းတစ်လျှောက်မှာ ပထမဆုံးပဲ"
ထိုအဘိုးအိုမှာ ချီးကျူးစကား မပြောဘဲ မနေနိုင်တော့ပေ။ သို့သော် သူ၏ မျက်ဝန်းများမှာမူ အေးစက်မြဲ အေးစက်နေဆဲပင်။
"ကျင့်စဉ်အဆင့် ကွာခြားချက်ဆိုတာ ကောင်းကင်နဲ့ မြေကြီးလိုပဲ။ မြေပြင်က ဘယ်လောက်ပဲ ခိုင်ခံ့ပါစေ... ကောင်းကင်ရဲ့ အနားစွန်းလေးကိုတောင် ဘယ်လိုလုပ် ထိတွေ့နိုင်မှာလဲ"
ချန်ကျီရှင်းက ဘာမှပြန်မပြောဘဲ အသက်ကို ပြင်းပြင်းရှူကာ နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်သည်။
"ဒုတိယတာအို... ပျံသန်းခြင်း မသေမျိုးပုံရိပ်... အသက်ဝင်စေ"
ဝုန်း …..
ကောင်းကင်ကြီးမှာ နောက်တစ်ကြိမ် ပေါက်ကွဲထွက်သွားပြန်သည်။ မမြင်နိုင်သော ဓားအရှိန်အဝါများမှာ ချန်ကျီရှင်း၏ ခန္ဓာကိုယ်အလယ်မှ အတားအဆီးမဲ့ ထွက်ပေါ်လာတော့သည်။ ဓားအရှိန်အဝါများမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကောင်းကင်နှင့် မြေကြီးမှာလည်း တုန်ခါသွားရသည်။
အတိတ်ကာလ တစ်လျှောက်လုံးမှ မရေမတွက်နိုင်သော ဓားတာအို အရှင်သခင်ကြီးများ၏ ပုံရိပ်များမှာ ဟင်းလင်းပြင်၌ ထွက်ပေါ်လာကြသည်။
သူတို့မှာ ရှေးဟောင်းကာလကို ဓားတစ်စင်းဖြင့် ထောက်မခဲ့ကြပြီး ပြိုင်ဘက်ကင်း ကျော်ကြားမှုကို တည်ဆောက်ခဲ့ကြသည့် ဓားတာအို ဘိုးဘေးကြီးများ ဖြစ်ကြသည်။
ယခုအခါ သူတို့၏ ဓားတာအိုများမှာ ချန်ကျီရှင်းအတွက် ကိုယ်ပိုင်ဓားတာအို တည်ဆောက်ရန် အာဟာရများ ဖြစ်လာခဲ့သည်။
ဘုန်း ဘုန်း ဘုန်း
ထိုဓားတာအို အရှင်သခင်ကြီးများထဲမှ အချို့မှာ လေနှင့်အတူ မိုင်ပေါင်း သုံးသောင်းခရီးကို နှင်ကြသူများ၊ အချို့မှာ အရှေ့ပင်လယ်လှိုင်းတံပိုးများကို နင်းကာ မိစ္ဆာများကို နှိမ်နင်းကြသူများ၊ အချို့မှာ ကောင်းကင်တံခါးကို ဖွင့်လှစ်ကြသူများ ဖြစ်ကြသည်။
ပုံရိပ်တိုင်းမှာ အသက်ဝင်နေပြီး သူတို့၏ ခေတ်အသီးသီးမှ ပြိုင်ဘက်ကင်း အရှိန်အဝါများကို ထုတ်ဖော်ပြသနေကြသည်။
ဤပုံရိပ်လွှာကြီး ပေါ်ထွက်လာသည်နှင့် မသေမျိုး တောင်ကုန်း၏ အပြင်ဘက်ရှိ မရေမတွက်နိုင်သော ဓားကျင့်ကြံသူများမှာ တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြတော့သည်။
"လေနဲ့အတူ မိုင်သုံးသောင်းခရီးနှင်တဲ့ အဲဒီဓားသမားက ငါတို့ရဲ့ လွတ်လပ်ခြင်း ဓားဂိုဏ်းတည်ထောင်သူ ယဲ့ရှောင်ယောင်ပဲ"
"အရှေ့ပင်လယ် လှိုင်းတံပိုးတွေကို နင်းပြီး မိစ္ဆာနှိမ်နင်းနေတာက ငါတို့ အရှေ့ပင်လယ် ဓားဂိုဏ်းရဲ့ ဘိုးဘေးပဲ သူက ပင်လယ်ထဲက မိစ္ဆာကြီးကို နှိမ်နင်းပြီးမှ ဂိုဏ်းကို တည်ထောင်ခဲ့တာ"
"ဟား... အဲဒါ ကွန်လွန် ဓားနတ်ဘုရားပဲ"
မယုံကြည်နိုင်သော အော်ဟစ်သံများမှာ ဓားကျင့်ကြံသူများထံမှ ဆက်တိုက် ထွက်ပေါ်လာနေသည်။ ဓားကျင့်ကြံသူတစ်ဦးဖြစ်သည့် ချိုက်ချင်းချီမှာလည်း ထိုနေရာ၌ ရှိနေ၏။
သူသည် ကောင်းကင်ကို ကြည့်ကာ လောကကြီးကို ရယ်မောနေသော အရှင်သခင်ကြီးတစ်ဦး၏ ပုံရိပ်ကို ကြည့်ရင်း တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။
"ဆရာ... ဆရာလား"
ရှေးဟောင်းနယ်မြေငယ်အတွင်း၌ပင် အဝေးမှ တောင်ထိပ်တစ်ခုပေါ်တွင် ဆံပင်ဖရိုဖရဲနှင့် အေးစက်သော အကြည့်ရှိသည့် လူငယ်တစ်ဦးမှာ တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် ချန်ကျီရှင်းရှိရာသို့ မော့ကြည့်လိုက်သည်။
"ခေတ်အဆက်ဆက်က ဓားတာအိုတွေကို ကိုယ်ပိုင်ဓားတစ်စင်းအဖြစ် ပြောင်းလဲပစ်တာလား"
ဖူချင်းရွှီက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ မျက်ဝန်းများတွင်လည်း လှိုင်းတံပိုးများ ထွက်ပေါ်လာ၏။
...
...
ဝုန်း
နောက်တစ်ခဏတွင် ထိုဓားတာအို အရှင်သခင်ကြီးများ၏ ပုံရိပ်များမှာ တစ်ပြိုင်နက်တည်း ကြေမွကာ ပျက်စီးသွားတော့သည်။ သူတို့၏ နေရာတွင် ဝတ်ရုံဖြူဝတ်ဆင်ကာ ဓားတစ်စင်းကို ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ထိုပုံရိပ်မှာ မသေမျိုး အလင်းတန်းများ ဖုံးလွှမ်းနေသဖြင့် မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပေ။ ထိုမြူခိုးများကြားမှ ပုံရိပ်မှာ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ ပေါ်ထွက်လာသော မျက်နှာမှာ ချန်ကျီရှင်းနှင့် တစ်ပုံစံတည်းပင်။
ဝတ်ရုံနက်နှင့် အဘိုးအို စကားပြောရန်ပင် မစောင့်တော့ဘဲ...
"တတိယတာအို... နတ်ဘုရားလှိုင်းတံပိုး ဝိညာဉ်သန့်စင်ပုံ... အသက်ဝင်စေ"
ချန်ကျီရှင်းက အေးစက်သော အသံဖြင့် ဆက်လက်အော်ဟစ်လိုက်တော့သည်။
ဖုန်း…..
ကောင်းကင်ယံမှ တိမ်တိုက်များမှာ ရူးသွပ်စွာ လိပ်တက်လာတော့သည်။
တောင်ကမ္ဘာကြီး ဟိန်းဟောက်သံနှင့် ပင်လယ်ဒီရေလှိုင်းကြီးများ ရိုက်ခတ်သံအလား ပြင်းထန်လှသော ဝိညာဉ်အာရုံများသည် ဟင်းလင်းပြင်၌ အလျင်အမြန် စုစည်းသိပ်သည်းသွားပြီး စာလုံး ကိုးလုံးအဖြစ် ပုံပေါ်လာသည်။
နှိမ်နင်း ဖောက်ထွက် တံဆိပ်ခတ်…..
လွှမ်းမိုး ပြိုကွဲ တည်ငြိမ်…..
ချုပ်နှောင် ပြောင်းလဲ ဟင်းလင်းပြင်……
စာလုံးတစ်လုံးချင်းစီတွင် မတူညီသော စွမ်းအားကိုယ်စီ ကိန်းအောင်းနေကြ၏။
"စတုတ္ထတာအို... မလှုပ်မယှက် တောက်ပသော ဘုရင်ပုံရိပ်... အသက်ဝင်စေ"
"ပဉ္စမတာအို... သောင်းခြောက်ထောင်သော သဘာဝ ကောင်းကင်ဆွဲငင်အားပုံရိပ်... အသက်ဝင်စေ"
ချန်ကျီရှင်းက စာကြောင်းနှစ်ကြောင်းကို ဆက်တိုက်အော်ဟစ်လိုက်သည်နှင့် မရေမတွက်နိုင်သော ကျမ်းစာသင်္ကေတများနှင့် ဂါထာတော်များမှာ သူ၏ခန္ဓာကိုယ်မှ ပျံထွက်လာပြီး နောက်ကျောဘက်တွင် စုစည်းသွားကြသည်။
အတိုင်းအဆမရှိ မြင့်မားလှသော ဧရာမ ပုံရိပ်ကြီးတစ်ခုမှာ ချန်ကျီရှင်း၏ နောက်၌ ပေါ်ထွက်လာခဲ့၏။
၎င်းမှာ ခန့်ညားထည်ဝါလှသော ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူပင်။ တစ်ကိုယ်လုံးမှာ အပြာနက်ရောင် တောက်နေပြီး ကြာပန်း ပလ္လင်ထက်တွင် ရပ်တည်နေကာ ဦးခေါင်းထက်၌ ပွင့်ချပ်
ငါးခုပါသော သရဖူကို ဆောင်းထားသည်။
ဆံနွယ်များမှာ အောက်သို့ စီးကျနေပြီး မျက်လုံး သုံးလုံးရှိရာ ဘယ်ဘက်မျက်လုံးက အထက်သို့၊ ညာဘက်မျက်လုံးက အောက်သို့နှင့် တတိယမျက်လုံးက ရှေ့တည့်တည့်သို့ ကြည့်နေသည်။
ဦးခေါင်းနောက်ဘက်တွင် နက်မှောင်သော မီးလျှံများမှာ ပြင်းထန်စွာ တောက်လောင်နေ၏။ လက်ယာလက်ထဲတွင် နဂါးရှစ်ကောင် ပတ်နွယ်နေသည့် နက်မှောင်သော ဓားတစ်စင်းကို ကိုင်ဆောင်ထားပြီး လက်ဝဲလက်ထဲတွင်မူ နက်မှောင်သော ကြိုးတစ်ချောင်းကို ကိုင်ထားသည်။ ထိုကြိုး၏ တစ်ဖက်တွင် ချိတ်တစ်ခုပါရှိပြီး အခြားတစ်ဖက်တွင်မူ သူတော်စင်လက်နက်တစ်ခု ရှိနေသည်။
ထို့နောက်တွင် ထိုရုပ်ပွားတော်ကြီး၏ ဘေး၌ အတိုင်းအဆမဲ့သော ကြယ်စင်ပင်လယ်ကြီး တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။
သို့သော် ထိုပင်လယ်အတွင်းရှိ နေ၊ လ၊ ကြယ်တာရာများနှင့် နဂါးငွေ့တန်း ဂလက်ဆီကြီးမှာမူ ဆွဲငင်အားတစ်ခုကြောင့် ဟန်ချက်ပျက်ကာ ရုန်းကန်လှုပ်ရှားနေကြရသည်။
"ကမ္ဘာမြေ သရုပ်ဖော်ပုံ ငါးခုတောင်လား..."
ညစ်ပတ်သော ဝတ်ရုံနှင့် အဘိုးအိုသည် မျက်လုံးများကို မှေးစိုက်လိုက်ပြီး သူ၏ အမူအရာမှာ လေးနက်ကာ ခက်ထန်သွားတော့သည်။
ချန်ကျီရှင်းသည် တာအို အနည်းငယ်ကိုသာ နားလည်ထားသည်ဟု သူ ထင်ခဲ့သော်လည်း ယခုမူ ချန်ကျီရှင်းမှာ တာအိုများကို နားလည်ရုံသာမက တာအိုမျိုးစေ့များအဖြစ်ပါ စုစည်းကာ ပုံရိပ်လွှာများအထိ ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။
"ဒဏ္ဍာရီထဲက နတ်ဘုရားကိုးပါး ကျင့်စဉ်လား သီအိုရီအရပဲ ရှိခဲ့တဲ့ ဒီကျင့်စဉ်ကို တကယ် ကျင့်ကြံအောင်မြင်တဲ့သူ ရှိနေတာလား"
အဘိုးအို၏ မျက်ဝန်းများတွင် အရောင်တစ်ချက် လက်သွားသည်။
နောက်တစ်ခဏတွင် သူသည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ချန်ကျီရှင်းကို တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်တော့သည်။
ချန်ကျီရှင်းကို အခြားသော ပုံရိပ်လွှာများ ထပ်မံ ထုတ်ဖော်ခွင့် သူ ပေးတော့မည် မဟုတ်ပေ။
"သတ်စေ"
ချန်ကျီရှင်း၏ ဆံနွယ်နက်များမှာ လေထဲတွင် လွင့်ပျံနေပြီး သူ၏လက်ကို အောက်သို့ ပြင်းထန်စွာ ဖိချလိုက်သည်။
ချက်ချင်းဆိုသလိုပင် နွားမိစ္ဆာ ငါးရာ့ငါးဆယ်မှာ တစ်ပြိုင်နက်တည်း လက်သီးများ ပစ်သွင်းလိုက်ကြရာ ထိုအရှိန်အဝါမှာ ကြယ်တာရာများကို ကြေမွစေပြီး လမင်းကို ပွင့်ထွက်စေကာ မြေကမ္ဘာ၏ အခြေအမြစ်ကိုပင် လှုပ်ခတ်သွားစေတော့သည်။
"ငါ့ကို လီဟွာထျန်းလို အဆင့်နိမ့် နိဗ္ဗာနအဆင့်လို့ မင်း ထင်နေတာလား"
အဘိုးအိုက လှောင်ပြုံးပြုံးရင်း သူ၏ညာလက်ကို လှည့်လိုက်ရာ ခရမ်းရွှေရောင် တူတစ်စင်း ထွက်ပေါ်လာသည်။
"ဖျက်ဆီးစမ်း"
သူက အော်ဟစ်လိုက်ပြီး လက်ထဲရှိ တူဖြင့် နွားမိစ္ဆာ ပုံရိပ်လွှာကြီးကို ရိုက်ချလိုက်သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း….
နားစည်ကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး နွားမိစ္ဆာ ငါးရာ့ငါးဆယ်လုံး နောက်သို့ ယိုင်နဲ့သွားကြသည်။ အဘိုးအိုမှာလည်း လက်မောင်း တုန်ခါသွားကာ နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်။
သို့သော်လည်း ခဏအတွင်းမှာပင် အဘိုးအိုသည် တူကို ပြန်လည် ဝေ့ယမ်းကာ ချန်ကျီရှင်းထံသို့ ပြေးဝင်လာသည်။
သူ ခြေလှမ်း နှစ်လှမ်းမျှသာ လှမ်းရသေးချိန်တွင် ဝိညာဉ်အာရုံဖြင့် ဖန်တီးထားသော စာလုံးများမှာ သူ၏ ဝိညာဉ်ပင်လယ်ထဲသို့ ချက်ချင်း တိုးဝင်လာတော့သည်။
တုန်လှုပ်စေ….ထိုးဖောက်စေ….ကြေမွစေ….တံဆိပ်ခတ်စေ…..ညှိုးနွမ်းစေ…အေးခဲစေ…ထိန်းချုပ်စေ….မိစ္ဆာအာရုံ ဖြစ်စေ…..
စုစုပေါင်း မတူညီသော စွမ်းအား ကိုးမျိုးမှာ သူ၏ ဝိညာဉ်ထဲတွင် တစ်ပြိုင်နက် ပေါက်ကွဲသွားသည်။ အဘိုးအိုသည် အလွန်အင်အားကြီးသော်လည်း ထိုခဏ၌ ခေါင်းကို ဆုပ်ကိုင်ကာ နာကျင်စွာဖြင့် ညည်းညူရင်း ယိုင်သွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြင်းထန်လှသော ဆွဲငင်အားတစ်ခုက သူ၏ခြေထောက်များကို မြေကြီးထဲသို့ အမြစ်တွယ်သွားသကဲ့သို့ ဆွဲကပ်ထားလိုက်ရာ သူသည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ချလွင်….
နွေဦးမိုးကြိုး ပေါက်ကွဲသံအလား ပြင်းထန်လှသော ဓားဟိန်းသံကြီးတစ်ခု ဟင်းလင်းပြင်၌ ပဲ့တင်ထပ်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံကြီးတစ်ခုလုံးကို ဖြတ်ကျော်ကာ နေနှင့်လကိုပင် မြောင်းတစ်ခုအလား နှစ်ခြမ်းခွဲပစ်မည့် စူးရှတောက်ပသော ဓားအလင်းတန်းကြီးမှာ သူ့ထံသို့ စောင်းငဲ့ကာ ပျံသန်း၍ ဝင်ရောက်လာသည်။
ထိုဓားအလင်းနောက်တွင်မူ လောကီအညစ်အကြေးအားလုံးကို သန့်စင်ဖယ်ရှားပစ်မည့် မိစ္ဆာနှိမ်နင်းရေး ဇင်တောင်ဝှေးကြီးမှာလည်း အခြားတစ်ဖက်မှနေ၍ သူ၏ဦးခေါင်းထက်သို့ ပြင်းထန်စွာ ကျဆင်းလာတော့သည်။
သူတို့မှာ ပျံသန်းခြင်း မသေမျိုးပုံရိပ်နှင့် မလှုပ်မယှက် တောက်ပသော ဘုရင်ပုံရိပ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုပင်။
"ဟမ်"
ညစ်ပတ်ပေရေနေသော ဝတ်ရုံနှင့် အဘိုးအိုသည် မော့ကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာမှာ ပထမဦးဆုံးအကြိမ်အဖြစ် ပြောင်းလဲသွားသည်။ သူ၏မှောင်မှိုင်သော မျက်ဝန်းများတွင် သွေးကြောမျှင်များ နီရဲကာ ယှက်ဖြာလာတော့သည်။
ထို့နောက်တွင် အဘိုးအိုသည် သူ၏ဝိညာဉ်ပင်လယ်အတွင်းမှ နာကျင်မှုကို အံတုရင်း ခရမ်းရွှေရောင်တူကို လေထဲသို့ မြှောက်တင်လိုက်ပြီး လက်နှစ်ဖက်ဖြင့် လက်ကွက်များကို အလျင်အမြန် ဖော်ဆောင်လိုက်သည်။
"နောက်ဆုတ်စမ်း"
ဝုန်း
ခဏချင်းမှာပင် ခရမ်းရွှေရောင်တူမှာ လေထဲတွင် ကြီးထွားလာပြီး ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ အတိုင်းအဆမရှိ ကြီးမားလာသည်။
ထိုခရမ်းရောင် မိုးကြိုးတူထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော ဖိအားမှာ ကောင်းကင်ကို အက်ကြောင်းထင်စေပြီး စကြဝဠာကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်မည့်အလား ရှိနေ၏။
ခရမ်းရောင် မိုးကြိုးတူမှာ ဘေးတိုက်ဝေ့ယမ်းကာ နေနှင့်လကို ထိုးဖောက်မည့် ဓားအလင်းတန်းနှင့် မိစ္ဆာနှိမ်နင်းရေး လက်နက်၏ ပြင်းထန်လှသော စွမ်းအားများကို ရိုက်ချလိုက်တော့သည်။
ဂျိန်း….
ထိုအစွမ်း သုံးခု ထိပ်တိုက်တွေ့ဆုံသွားချိန်တွင် မိုးကြိုးပေါင်းသောင်းခြောက်ထောင် တစ်ပြိုင်နက် ပေါက်ကွဲသံအလား ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီး နယ်မြေငယ်တစ်ခုလုံးကို အခြေအမြစ်မှ တုန်ခါသွားစေသည်။
ပြင်းထန်လှသော ရိုက်ခတ်မှု လှိုင်းလုံးကြီးများမှာ ပင်လယ်ဒီရေများအလား အထပ်ထပ်အခါခါ ပျံ့နှံ့သွားတော့သည်။ ပေပေါင်း ငါးသောင်းခန့် ကျယ်ဝန်းသော ပတ်ဝန်းကျင်အတွင်းရှိ တောင်ထိပ်များမှာ တစ်ခုပြီးတစ်ခု ကြေမွပျက်စီးကာ မြေပြန့်များ ဖြစ်သွားခဲ့ရသည်။
ထိုအကွာအဝေးအတွင်းရှိ တုံ့ပြန်မှု နှေးကွေးသော ပါရမီရှင် လူငယ်များမှာလည်း ရိုက်ခတ်မှုလှိုင်းများကြားတွင် ဖုန်မှုန့်များအလား ပျောက်ကွယ်သွားကြတော့သည်။
ဘုန်း ဘုန်း ဘုန်း
ခေတ်အဆက်ဆက် ဓားတာအို အရှင်သခင်ကြီးများ၏ စွမ်းအားဖြင့် ဖန်တီးထားသော ဝတ်ရုံဖြူ ဓားမသေမျိုးပုံရိပ်နှင့် မလှုပ်မယှက် တောက်ပသော ဘုရင်ပုံရိပ်တို့မှာ တစ်ပြိုင်နက်တည်း နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ရပြီး သူတို့၏ ခိုင်မာနေသော ပုံရိပ်လွှာများမှာလည်း ဝေဝါးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ခရမ်းရောင် မိုးကြိုးတူမှာလည်း မူလလက်ဖဝါးအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားပြီး နောက်သို့ လည်ထွက်ကာ အဘိုးအို၏ လက်ထဲသို့ ပြန်လည် ကျရောက်လာသည်။
ဘုန်း
ခရမ်းရောင် မိုးကြိုးတူကို ကိုင်ထားသော သူ၏ညာဘက်လက်အင်္ကျီစမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး တုန်ခါနေသော ခြောက်ကပ်ကပ် လက်မောင်းကြီး ပေါ်ထွက်လာသည်။ သူ၏ လက်မခြေရင်းမှ သွေးနီရဲရဲများမှာ တစ်စက်ချင်း စီးကျလာ၏။
"မင်းက... တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ"
ညစ်ပတ်သော ဝတ်ရုံနှင့် အဘိုးအိုသည် သွေးထွက်နေသော သူ၏ညာလက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်ကျီရှင်းဘက်သို့ ခေါင်းမော့ကြည့်လိုက်ရာ သူ၏နောက်ကျိနေသော မျက်ဝန်းများမှ အေးစက်လှသော အလင်းတန်းများ ထွက်ပေါ်လာသည်။
"ဒါပေမဲ့ မင်းသိလား... ဘာလို့ ခေတ်အဆက်ဆက်မှာ ပါရမီထူးချွန်တဲ့သူတွေ အဲဒီထဲမှာ ထာဝရအသက်ရှင်ခြင်းအဆင့်အထိ ရောက်နိုင်တဲ့သူတွေတောင်မှ နိဗ္ဗာနအဆင့်ကို ဘယ်တော့မှ မကျော်လွှားနိုင်ခဲ့ကြတာလဲ"
အဘိုးအိုသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏လက်မခြေရင်းမှ ဒဏ်ရာမှာ ချက်ချင်းပင် ပြန်လည် ကျန်းမာသွားသည်။
ထို့အပြင် ဝိညာဉ်ပင်လယ် တိုက်ခိုက်ခံရမှုကြောင့် အနည်းငယ် ယိုင်နဲ့သွားသော သူ၏ အရှိန်အဝါမှာလည်း အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
"ဘာလို့လဲဆိုတော့... မင်းတို့လို အဆင့်တွေမှာ နိဗ္ဗာနအဆင့်ကို အသေအလဲ ထိုးနှက်နိုင်တဲ့ စွမ်းအားမျိုး ဘယ်တုန်းကမှ မရှိခဲ့လို့ပဲ"
ဘုန်း
အဘိုးအိုသည် နောက်ထပ် တစ်လှမ်း ထပ်မံ တိုးလိုက်ရာ လေငြိမ်နေသော်လည်း သူ၏ဝတ်ရုံကြီးမှာမူ တဖျပ်ဖျပ် လွင့်နေတော့သည်။ ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ ကောင်းကင်နှင့် မြေကြီးအနှံ့ လွှမ်းခြုံသွားတော့သည်။
အခန်း။ ၂၈၄
ဘုန်း….
ညစ်ပတ်ပေရေနေသော ဝတ်ရုံနှင့် အဘိုးအိုသည် လက်ဖဝါးထဲ၌ နောက်ကျိသော ချီစွမ်းအင်များကို ဆုပ်ကိုင်ရင်း ချန်ကျီရှင်းထံသို့ တစ်လှမ်းချင်း တိုးကပ်လာသည်။
သူ၏ မျက်နှာမှာ အေးစက်တည်ငြိမ်နေပြီး သေလူတစ်ယောက်ကဲ့သို့ အသက်မဲ့နေသော မျက်ဝန်းများထဲတွင် မည်သည့် ခံစားချက်အရိပ်အယောင်မျှ မရှိပေ။
မသေမျိုး တောင်ကုန်း၏ အပြင်ဘက်တွင်မူ အဘိုးအို နောက်သို့ ဆုတ်သွားရသည်ကိုလည်းကောင်း၊ လက်မှ သွေးထွက်သွားသည်ကိုလည်းကောင်း မြင်တွေ့ခဲ့ရ၍ မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့ကြသော ကျင့်ကြံသူများမှာ ယခုအခါ ထိုမျှော်လင့်ချက်များ ပြန်လည် ပျောက်ကွယ်သွားခဲ့ရသည်။
"နိဗ္ဗာနအဆင့်ဆိုတာ... တကယ့်ကို ယှဉ်ပြိုင်လို့ မရနိုင်တဲ့ အရာပါပဲ"
"ဟုတ်တယ်... ချန်ကျီရှင်းက ဒီနိဗ္ဗာနအဆင့် မိစ္ဆာကြီးကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ရင်တောင် ဘာထူးမှာလဲ။ နိဗ္ဗာနအဆင့်ရဲ့ ပထမအဆင့်ကို ရောက်ပြီဆိုတာနဲ့ သေမျိုးမဟုတ်တော့သလို ဖျက်ဆီးလို့လည်း မရတော့ဘူး။ သွေးတစ်စက် ရှိနေရုံနဲ့ ပြန်လည်ရှင်သန်နိုင်စွမ်း ရှိတယ်။ တစ်ချက်တည်းနဲ့ အပြတ်မသတ်နိုင်သရွေ့ သူ့ရဲ့ တာအို အခြေခံကို အမြစ်မဖြတ်နိုင်သရွေ့ သူ့ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ပြီးတော့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်က ကျင့်ကြံသူတစ်ယောက်မှာ နိဗ္ဗာနအဆင့်ကို တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ စွမ်းအားမျိုး မရှိဘူးဆိုရင်တော့ ခဏတဖြုတ် ယှဉ်နိုင်
ရင်တောင်မှ အချိန်ကြာလာတာနဲ့အမျှ ရှုံးနိမ့်ပြီး သေဖို့ပဲ ရှိတော့တယ်"
"တကယ်လို့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ကသာ နိဗ္ဗာနအဆင့်ကို အနိုင်ယူနိုင်မယ်ဆိုရင် ရှေးဟောင်းကာလ တစ်လျှောက်လုံးမှာ ဒါကို လုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူးလေ"
တောင်ပိုင်းပင်လယ် အရပ်ရပ်မှ လာရောက်ကြသော ကျင့်ကြံသူများသည် မှော်မှန်ပြင်အတွင်းရှိ မြင်ကွင်းများကို ကြည့်ကာ သက်ပြင်းချရင်း ခေါင်းခါနေကြတော့သည်။
စီကုန်းမိသားစု၏ ရွှေရောင်ရထားလုံး အတွင်း၌မူ...
"ကောင်းတယ်"
စီကုန်းရွှမ်ကျီး၏ မျက်ဝန်းများတွင် ဝမ်းသာအားရ ဖြစ်မှုများ ပေါ်ပေါက်လာပြီး သူသည် နေရာမှ ဝုန်းခနဲ ထရပ်လိုက်မိသည်။
သူသည် ချန်ကျီရှင်းကို မည်သို့ ကိုင်တွယ်ရမည်ကို စိုးရိမ်နေခဲ့ပြီး နောက်ဆုံးတွင် မိသားစု၏ အစွမ်းထက်လက်နက်များကို အသုံးပြုကာ ချန်ကျီရှင်းကို အတင်းအဓမ္မ သတ်ဖြတ်ရန်နှင့် ချန်မိသားစုနှင့် အလုံးစုံ စစ်မက်ဖြစ်ပွားရန်ပင် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် ယခုကဲ့သို့ နိဗ္ဗာနအဆင့် အင်အားကြီးတစ်ဦး မမျှော်လင့်ဘဲ ပေါ်ထွက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဟားဟားဟား... ကောင်းကင်ကြီးက ငါ့ကို ကူညီနေတာပဲ"
စီကုန်းရွှမ်ကျီးသည် မထိန်းနိုင်ဘဲ အော်ဟစ်ရယ်မောလိုက်ပြီးနောက် ဝိုင်ခွက်ကို ကောက်ယူကာ အသာအယာ ငုံ့သောက်လိုက်သည်။
"ချန်ကျီရှင်း... ချန်ကျီရှင်း... မင်းက မသေမျိုး တာအိုကိုတောင် သွားပြီး ရန်စဝံ့တယ်ပေါ့လေ။ သူတို့က စည်းမျဉ်းတွေကိုတောင် ဂရုမစိုက်ဘဲ မင်းကို တိုက်ခိုက်နေပြီဆိုတော့ မင်းကတော့ သေဖို့ပဲ ရှိတော့တာပေါ့"
ဤအချိန်တွင် စီကုန်းရွှမ်ကျီးသည် စိတ်အခြေအနေ အလွန်ကောင်းမွန်နေသည်။
လူတိုင်းကလည်း ချန်ကျီရှင်းမှာ မလွဲမသွေ ကြုံတွေ့ရတော့မည့် ဘေးဒုက္ခကြီးမှ လွတ်မြောက်
နိုင်တော့မှာ မဟုတ်ဘူးဟု ယုံကြည်နေကြပြီ ဖြစ်သည်။
...
...
ရှေးဟောင်းနယ်မြေငယ် အတွင်း၌...
"သေစမ်း"
ညစ်ပတ်နေသောဝတ်ရုံနှင့်အဘိုးအိုက အေးစက်သော အသံဖြင့် ပြောလိုက်ပြီး ချန်ကျီရှင်းကို အပိုင်းပိုင်းဖြစ်သွားအောင် ရိုက်ချရန် လက်ကို မြှောက်လိုက်သည်။
ထိုစဉ် ဟင်းလင်းပြင်၏ အပူချိန်မှာ ရုတ်တရက် မြင့်တက်သွားတော့သည်။
မရေမတွက်နိုင်သော မီးလျှံကြာပန်းများ ပွင့်လန်းလာ၏။ ရွှေရောင်နေမင်း ဆယ်စင်းမှာ ကောင်းကင်ယံ၌ ထွက်ပေါ်လာပြီး လောကကြီးတစ်ခုလုံးကို တောက်လောင်နေသော ရွှေရောင်ကမ္ဘာကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ချော်ရည်များဖြင့် ဖွဲ့စည်းထားပြီး တောက်လောင်နေသော ဧရာမ လက်ဝါးကြီးတစ်ဖက်မှာ အဘိုးအို၏ အပေါ်သို့ ဖိချလိုက်တော့သည်။
ဆဋ္ဌမတာအို မီးလျှံဧကရာဇ် နတ်ဘုရားပုံရိပ်….
ဝုန်း …
ထိုဧရာမ လက်ဝါးကြီးက ဖိချလိုက်ရာ အဘိုးအိုမှာ မြေပြင်ထဲသို့ နစ်ဝင်သွားတော့သည်။
အဘိုးအို ပြန်လည် မတုံ့ပြန်နိုင်ခင်မှာပင်...
သတ္တမတာအို အစွန်းရောက် အအေးဓာတ် နတ်ဘုရားအလင်းပုံရိပ်... အသက်ဝင်စေ
အအေးဓာတ်များက ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံးကို ခိုင်မာသော ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ပေတစ်သောင်း ပတ်လည်အတွင်းရှိ အရာအားလုံးမှာ အစွန်းရောက် အအေးဓာတ်ရှိသော ရေခဲတောင်ကြီး ဖြစ်သွားခဲ့သည်။
ရှူး
ကောင်းကင်အထိ ရောက်နိုင်သော အပြာရောင် ဦးချိုများရှိပြီး တစ်ကိုယ်လုံး ရေခဲများ ဖုံးလွှမ်းနေကာ တောင်ကြီးတစ်မျှ ကြီးမားလှသော ရှေးဟောင်း ရေခဲနဂါးကြီးတစ်ကောင်မှာ ဟိန်းဟောက်ရင်း ပေါ်ထွက်လာသည်။
အဘိုးအိုသည် မီးလျှံများ ဖုံးလွှမ်းနေသော ဧရာမ လက်ဝါးကြီးကို လက်တစ်ဖက်ဖြင့် ထောက်ကန်ထားရင်း မြေပြင်မှ ခက်ခဲစွာ ထရပ်လိုက်ရသည်။
သူ၏ တစ်ကိုယ်လုံးမှာ နေရာအနှံ့ လောင်ကျွမ်းနေပြီး သူ၏ မျက်ခုံးနှင့် မုတ်ဆိတ်မွေးများမှာလည်း မီးလောင်ကျွမ်းသံများ ထွက်ပေါ်နေ၏။
သူ ပြန်လည် မတုံ့ပြန်နိုင်ခင်မှာပင်...
ဝူး
ရှေးဟောင်း ရေခဲနဂါးကြီးမှာ ခုန်အုပ်လိုက်ပြီး သူ၏ စိမ်းပြာရောင် ချွန်ထက်သော လက်သည်းများဖြင့် အဘိုးအို၏ ဦးခေါင်းကို မြေပြင်ပေါ်သို့ ပြန်လည် ဖိချလိုက်သည်။
ထို့နောက် နဂါးကြီးမှာ ခေါင်းကိုမော့၍ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ပါးစပ်ကို အကျယ်ကြီး ဖွင့်ကာ အောက်မှ အဘိုးအိုကို ငုံ့ကြည့်လိုက်သည်။
အတိုင်းအဆမဲ့သော အအေးဓာတ်များမှာ နဂါးကြီး၏ ပါးစပ်အတွင်း စုစည်းသွားတော့သည်။
ဝုန်း
နောက်တစ်ခဏတွင် ထိုအအေးဓာတ်များမှာ ရေတံခွန်ကြီးတစ်ခုအလား အဘိုးအို၏ မျက်နှာပေါ်သို့ တိုက်ရိုက် ပန်းထွက်သွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အဘိုးအို၏ တစ်ကိုယ်လုံးတွင် နှင်းခဲများ ဖုံးလွှမ်းသွားပြီး ခဏမျှ ရုန်းကန်လိုက်ရသော်လည်း သူ၏ ခန္ဓာကိုယ်မှာ တစ်လက်မချင်းစီ အေးခဲသွားခဲ့ပြီ ဖြစ်သည်။
"နိုင်သွားတာလား"
မသေမျိုး တောင်ကုန်း၏ အပြင်ဘက်တွင်မူ တောင်ပိုင်းပင်လယ် အရပ်ရပ်မှ ကျင့်ကြံသူများမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင်စရာ မြင်ကွင်းကြောင့် မှင်တက်နေကြတော့သည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းနယ်မြေငယ် အတွင်း၌ ချန်ကျီရှင်း၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသော်လည်း သူသည် ရေခဲပိတ်နေသော အဘိုးအိုကိုသာ စိုက်ကြည့်နေပြီး လျှော့ပေါ့သည့် အရိပ်အယောင် လုံးဝမပြပေ။
ကမ္ဘာမြေ သရုပ်ဖော်ပုံ ခုနစ်မျိုးကို တစ်ပြိုင်နက် ထိန်းချုပ်ထားရသည့် ဖိအားမှာ သူ၏ ခံနိုင်ရည် အတိုင်းအဆကို ကျော်လွန်နေပြီ ဖြစ်သည်။
ဖြောက် ဖြောက်….
အဘိုးအိုကို ပိတ်လှောင်ထားသည့် ရေခဲပြင်ပေါ်တွင် အက်ကြောင်းများ စတင် ပေါ်ပေါက်လာသည်။
ဖြောက် ဖြောက် ဖြောက်….
အက်ကြောင်းများမှာ မှန်တစ်ချပ် မြေပေါ်ကျကွဲသကဲ့သို့ လျင်မြန်စွာ ပွားများလာတော့သည်။ ဤအခြေအနေကို မြင်သော်လည်း ချန်ကျီရှင်းမှာ အံ့ဩခြင်းမရှိဘဲ အသက်ကို ပြင်းပြင်းရှူကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ဆေးလုံးများကို လက်တစ်ဆုပ်စာ ယူ၍ ပါးစပ်ထဲသို့ အကုန် ပစ်ထည့်လိုက်သည်။
ဆေးလုံးများမှာ ခန္ဓာကိုယ်ထဲ ရောက်သည်နှင့် ချီစွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ သွေးကြောများအတွင်း စီးဆင်းသွားတော့သည်။
ထိုစွမ်းအားကြီးမားလှသော ချီစွမ်းအင်များသည် သူ၏ ဝိညာဉ်ပင်လယ်ထဲသို့ စုစည်းသွားရာ ပုံရိပ် ခုနစ်ခုကြောင့် ခမ်းခြောက်လုနီးပါး ဖြစ်နေသော ချီစွမ်းအင်များမှာ ချက်ချင်း ပြန်လည် ပြည့်ဖြိုးလာခဲ့ပြီ ဖြစ်သည်။
"အဋ္ဌမမြောက် တာအို..."
"မိုးကြိုးဧကရာဇ်၏ ဖြစ်တည်မှုပုံရိပ်... အသက်ဝင်စေ"
ချန်ကျီရှင်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်နှင့် စူးရှတောက်ပလှသော မိုးကြိုးအလင်းတန်းများ ဟင်းလင်းပြင်၌ ဖျတ်ခနဲ ပေါ်လာတော့သည်။
နောက်တစ်ခဏတွင် တောက်လောင်နေသော မိုးကြိုးပေါင်း သောင်းခြောက်ထောင်မှာ ကမ္ဘာကြီးကို ဖျက်ဆီးတော့မည့်အလား ကောင်းကင်ယံမှ ဝုန်းခနဲ ကျဆင်းလာခဲ့သည်။
ထိုဟိန်းဟောက်သံကြီးများကြောင့် သစ်တောများမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး အေးခဲနေသော မြေပြင်မှာလည်း တစ်ခဏချင်းမှာပင် မိုးကြိုးပင်လယ်ကြီး ဖြစ်သွားတော့သည်။
ထိုမိုးကြိုးပင်လယ်အတွင်း၌ ရှေးဟောင်း မိုးကြိုးနဂါးများနှင့် ငွေရောင်မြွေများမှာ ဟိုမှသည်သို့ ကူးခတ်နေကြသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးပင်လယ်ကြီး၏ အလယ်တွင် အရောင်အသွေးစုံသော လျှပ်စီးများ စုစည်းသွားပြီး ပေတစ်ထောင်ခန့် မြင့်မားသည့် ဧရာမ လူသားပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုပုံရိပ်မှာ မိုးကြိုးပေါင်းများစွာကြားတွင် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး နေနှင့်လကို နင်းကာ လောကကြီးကို ငုံ့ကြည့်နေ၏။
၎င်း၏ လက်ဝဲလက်ထဲတွင် မိုးကြိုးများဖြင့် ဖွဲ့စည်းထားသော နတ်ဘုရား လှံတံတစ်စင်းကို ကိုင်ဆောင်ထားပြီး လက်ယာလက်မှာမူ မိုးကြိုးအကျဉ်းထောင် ကမ္ဘာကြီးတစ်ခုလုံးကို မတင်ထားသည်။
၎င်းမှာ ချန်ကျီရှင်း ပိုင်ဆိုင်သမျှ ပုံရိပ်များထဲတွင် တိုက်ခိုက်ရေးစွမ်းအား အရှိဆုံးဖြစ်သည့် မိုးကြိုးဧကရာဇ်၏ ကိုယ်ပွားပင်။
ဝုန်း …
ညစ်ပတ်နေသောဝတ်ရုံနှင့်အဘိုးအိုကို ပိတ်လှောင်ထားသည့် ရေခဲပြင်မှာ မမြင်နိုင်သော ဖိအားတစ်ခုကြောင့် အစိတ်စိတ်အမွှာမွှာ ကြွေကျသွားတော့သည်။
"ချန်ကျီရှင်း"
အဘိုးအိုသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။ ယခင်က မည်သည့်ခံစားချက်မျှ မရှိသော သူ၏မျက်နှာမှာ ယခုအခါ လုံးဝ ပြောင်းလဲသွားပြီး အသက်မဲ့သော မျက်ဝန်းများမှာလည်း မကြုံစဖူး ဒေါသမာန်များဖြင့် ပြည့်နှက်နေ၏။
"ငါ... တကယ်ပဲ ဒဏ်ရာရသွားတာလား။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ပဲ ရှိသေးတဲ့သူက... ငါ့ကို သွေးထွက်အောင် တကယ်ပဲ လုပ်နိုင်ခဲ့တာလား..."
သို့သော်လည်း သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် မိုးကြိုးပင်လယ်အတွင်းရှိ ဧရာမ ပုံရိပ်ကြီးမှာ သူ၏ လက်ဝဲလက်ကို နောက်သို့ ဆွဲဆန့်လိုက်ပြီး ဖြစ်သည်။ အဆုံးမရှိသော မိုးကြိုးချီစွမ်းအင်များမှာ လက်ဖဝါးထဲတွင် စုစည်းသွားကာ အပြာရောင် တောက်ပနေသော လှံတံကြီးအဖြစ် ပြောင်းလဲသွားသည်။
ဝုန်း….
နောက်တစ်ခဏတွင် ကမ္ဘာမြေကို တုန်ခါသွားစေသည့် ပေါက်ကွဲသံကြီးနှင့်အတူ ထိုမိုးကြိုးနတ်ဘုရားလှံတံမှာ မိုးကြိုးဧကရာဇ်၏ လက်ထဲမှ ပစ်လွှတ်လိုက်ရာ နေနှင့်လကို ထိုးဖောက်မည့်အလား ကောင်းကင်ယံကို ဖြတ်သန်းသွားတော့သည်။ လှံတံဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဟင်းလင်းပြင်မှာ ပြိုကွဲကာ ပျက်စီးသွားခဲ့ရသည်။
ညစ်ပတ်နေသောဝတ်ရုံနှင့်အဘိုးအို၏ မျက်စိသူငယ်အိမ်များမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရသည်။
တစ်ချိန်တည်းမှာပင် အခြားသော ပုံရိပ် ခုနစ်ခုလုံးမှာလည်း သူ့ထံသို့ တစ်ပြိုင်နက်တည်း ဦးတည်၍ တိုက်ခိုက်လိုက်ကြရာ အမြင့်မြတ်ဆုံးသော တာအိုပုံရိပ် ရှစ်ခုလုံးမှာ မလွတ်နိုင်သည့် သတ်ကွင်းတစ်ခုကို ဖန်တီးလိုက်ကြတော့သည်။