← Chapters

အခန်း (၁၁၂၁-၁၁၂၂)

Vol. 96 Ch. 1121-1122

အခန်း (၁၁၂၁-၁၁၂၂)

Vol. 96 Ch. 1121-1122

အခန်း ၁၁၂၁ - ကျန်းရွှဲ့၏ စွမ်းပကားနှင့် မသေမျိုးမျိုးနွယ်စု၏ တုံ့ပြန်မှု

“မှားရမှာလား။ မင်းသာ သူမရဲ့ လေ့ကျင့်ပေးမှုအောက်မှာ ပါဝင်ခဲ့ဖူးရင် သူမကို သေချာပေါက် မှတ်မိနေမှာပဲ။ ဘယ်တော့မှလည်း မှားမှာမဟုတ်ဘူး။”

“ဟုတ်တယ်။ သူမက မင်းကို နက်နက်ရှိုင်းရှိုင်း အမှတ်ရသွားစေလိမ့်မယ်။”

ထိုစဉ်မှာပင် ကျန်းရွှဲ့ လျှောက်လာပြီး ခန့်ညားလေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ငါ ကွပ်ကဲမှုကို တာဝန်ယူတာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက် ကန့်ကွက်စရာရှိလား။”

မဟာမိတ်အဖွဲ့အတွင်းရှိ ထိုလူပုမျိုးနွယ်စု စစ်သည်များသည် ချက်ချင်းပင် မတ်တပ်ရပ် အလေးပြုလိုက်ကြပြီး “မရှိပါ” ဟု တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။

ကျန်ရှိနေသော လူပုများမှာမူ သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ခဏတာ တွေဝေသွားပြီးမှ “မရှိပါ” ဟု တစ်ယောက်ပြီးတစ်ယောက် လိုက်လံဖြေဆိုလိုက်ကြသည်။

ကျန်းရွှဲ့သည် စည်းကမ်းမဲ့ပြီး ဖရိုဖရဲဖြစ်နေသော ထိုလူပုစစ်သည်များကို အေးစက်စွာ တစ်ချက်ကြည့်ကာ စစ်သုံးယာဉ်တစ်စီးပေါ်သို့ တက်လိုက်သည်။ ဟုတ်ပါသည်...။ သူမက စစ်သုံးယာဉ်တစ်စီးကိုပါ သိမ်းပိုက်လိုက်ခြင်းပင်။

ထိုယာဉ်မောင်းမှာမူ မကျေနပ်သည့် အရိပ်အယောင်မျှပင် မပြရဲပေ။

“ခဏနေရင် ငါ့ နောက်ကနေ လိုက်ခဲ့ကြ။ ငါတို့ မင်းတို့ကို စောင့်နေမယ်။”

ကျန်းရွှဲ့က ထိုလူပုစစ်သည်များကို ပြောလိုက်သည်။

“ဟုတ်ကဲ့။”

မဟာမိတ်အဖွဲ့အတွင်းရှိ လူပုစစ်သည်များ၏ အသံမှာ အကျယ်ဆုံးနှင့် အညီညာဆုံး ဖြစ်နေဆဲပင်။

“ကျန်တဲ့ စစ်သုံးယာဉ်တွေကတော့ အတန်းလိုက်စီပြီး ရှေ့ကိုပဲ ကြိတ်ချေပြီး တက်လာခဲ့။ စစ်သုံးယာဉ် မောင်းနှင်တဲ့ ငါ့ရဲ့ နည်းစနစ်ကို သေချာကြည့်ထား။”

ကျန်းရွံ့က ဆိုသည်။

“ဟုတ်ကဲ့။”

ကျန်းရွှဲ့သည် စစ်သုံးယာဉ်ကို မောင်းနှင်ကာ ရှေ့ဆုံးမှ ဦးဆောင်၍ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားတော့သည်။

“ရှေ့တန်း ခံစစ်ကြောင်းတွေ ဖယ်ပေးလို့ရပြီ။”

ကျန်းရွှဲ့ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

မဟာမိတ်အဖွဲ့မှ လူပုစစ်သည်များသည် ဂျက်ဖ်၏ လက်အောက်ငယ်သားများကို ချက်ချင်းဆွဲထုတ်ကာ ဘေးသို့ ဖယ်ပေးလိုက်ကြသည်။

ဂျက်ဖ်နှင့် ကော်နာတို့သည် အနောက်ဘက်မှ ရပ်ကြည့်ရင်း အခြေအနေအရပ်ရပ်ကို အကဲခတ်နေကြသည်။

“ဒီအမျိုးသမီးက ဘယ်သူလဲ။ အရမ်းကို ဩဇာညောင်းတာပဲ။”

ဂျက်ဖ်တစ်ယောက် အံ့အားသင့်သွားခဲ့သည်။ ထိုအခါ ကော်နာက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ နောက်ထပ် နည်းပြတစ်ယောက်ပေါ့။ နည်းပြ ကျန်းယွင်ထျန်းထက်တောင် ပိုပြီး ခက်ထန်ပြင်းထန်သေးတယ်။”

“နည်းပြကျန်းထက်တောင် ပိုတော်တာလား။ ပြီးတော့ သူမက အမျိုးသမီးတစ်ယောက်လား။”

ဂျက်ဖ်တစ်ယောက် မယုံနိုင်သလို ခံစားလိုက်ရသည်။

“ငါက အမျိုးသမီးတွေအပေါ် အမြင်စောင်းတာမျိုး မဟုတ်ပေမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အမျိုးသားတစ်ယောက်ကို မမှီနိုင်ဘူးလေ။ ဒါက မွေးရာပါ အခြေအနေအရ သတ်မှတ်ထားတာပဲ။”

“မွေးရာပါ အခြေအနေကတော့ အဲ့ဒီအတိုင်းပါပဲ။ ဒါပေမဲ့ ကျုပ်တို့က နောက်ရရှိလာတဲ့ လေ့ကျင့်မှုတွေနဲ့ မွေးရာပါ ချို့ယွင်းချက်တွေကို အစားထိုး ပြုပြင်လို့ရတာပဲလေ။”

ကော်နာက ပြန်ပြောလိုက်သည်။ ဂျက်ဖ်တစ်ယောက် ခဏမျှ မှင်တက်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

နောက်ရရှိလာသည့် လေ့ကျင့်မှုဖြင့် မွေးရာပါ ချို့ယွင်းချက်ကို ပြုပြင်ခြင်း...။ ၎င်းမှာ မည်သူမဆို ပြောနိုင်ပြီး ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း ထိုသို့သော ချို့ယွင်းချက်ကို ပြုပြင်ရန် မည်မျှ ခက်ခဲသည်ကို ဂျက်ဖ် ကောင်းကောင်း သိထားသည်။

ဤအချက်တစ်ခုတည်းနှင့်ပင် ဂျက်ဖ်သည် ကျန်းရွှဲ့အပေါ် လေးစားအားကျစိတ်များဖြင့် ပြည့်နှက်သွားခဲ့ရလေသည်။

ရှေ့တန်း ခံစစ်ကြောင်းမှာ ဖယ်ပေးပြီးသား ဖြစ်နေပြီဖြစ်ရာ ကျန်းရွှဲ့သည် စစ်သုံးယာဉ်ကို မောင်းနှင်ကာ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် တိုက်ရိုက် ပြေးဝင်သွားတော့သည်။

တိုးဝှေ့တက်လာသော ထိုအရိုးစုများသည် ချက်ချင်းပင် အတိုက်ခံရပြီး ကြိတ်ချေခြင်း ခံလိုက်ရသည်။ ထိုအရိုးစုများသည် စစ်သုံးယာဉ်အပေါ် စိတ်ဝင်စားမှု မရှိပုံရပြီး လုံးဝ ဂရုမစိုက်ဘဲ ရှေ့သို့သာ ဆက်လက် တိုးဝင်နေကြသည်။

သို့သော် အနောက်မှ စီတန်းလာသော စစ်သုံးယာဉ်တန်းကြီးကမူ သူတို့၏ လမ်းကြောင်းကို တိုက်ရိုက် ပိတ်ဆို့ထားလိုက်သည်။

ကျန်းးရွှဲ့၏ စစ်သုံးယာဉ်သည် အရိုးစု အုပ်စုကြီးထဲတွင် နစ်မြုပ်နေသော်လည်း ဘယ်ညာ ကွေ့ဝိုက် မောင်းနှင်နေပြီး ထိုသို့ မောင်းနှင်နေစဉ်မှာပင် အမြောက်ပြောင်းကို အောက်သို့နှိမ့်ကာ ဘေးဘယ်ညာသို့ ယမ်းခါပစ်လိုက်သည်။

ဤအမြောက်ပြောင်းမှာ သံတုတ်ကြီး တစ်ချောင်းကဲ့သို့ပင် အနားသို့ ကပ်လာသော အရိုးစုများကို တိုက်ရိုက် ရိုက်ခွဲကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတော့သည်။

“ဒီနည်းပြ ကျန်းရွှဲ့က အရမ်းကြောက်စရာကောင်းတာပဲ။”

အနောက်မှနေ၍ ကျန်းရွှဲ့ အရိုးစုအုပ်ကြီးထဲသို့ စစ်သုံးယာဉ်ဖြင့် ထိုးဖောက်ဝင်ရောက်သွားသည်ကို ကြည့်ကာ ဂျက်ဖ်တစ်ယောက် မချီးကျူးဘဲ မနေနိုင်တော့ပေ။

“ဟုတ်တယ်။ ကျွန်းပိုင်ရှင်ကလွဲရင် သူမက ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအားရှင် ဖြစ်လိမ့်မယ်။”

ကော်နာသည် တစ်နေ့လုံး အပန်းဖြေစခန်းရှိ ဘားထဲတွင် အချိန်ဖြုန်းနေတတ်သူ ဖြစ်သော်လည်း အခြေအနေကိုမူ အမှန်တကယ် ရှင်းရှင်းလင်းလင်း မြင်သူဖြစ်ပေသည်။

ထိုစကားကို ကြားသောအခါ ဂျက်ဖ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ကျွန်းပိုင်ရှင်ရှောင်းက ပိုတောင် အစွမ်းထက်သေးတာလား။”

ကော်နာက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ အတိုင်းအဆမရှိဘူး။ တစ်ခါက တောတွင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခုမှာ နည်းပြ ကျန်းယွင်ထျန်းနဲ့ နည်းပြ ကျန်းရွှဲ့တို့ နှစ်ယောက်လုံးဟာ နတ်သူငယ် မျိုးနွယ်စုရဲ့ အထူးချွန်ဆုံး စစ်သည်တွေနဲ့ ရင်ဆိုင်ခဲ့ဖူးတယ်။ နတ်သူငယ်မျိုးနွယ်စု လုံးဝကို အရေးနိမ့်သွားခဲ့ရသလို ကျုပ်တို့ ကျွန်းပိုင်ရှင်ကလည်း နည်းပြကျန်းနဲ့ နည်းပြကျန်းရွှဲ့တို့ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားခဲ့တယ်။ သူတို့ လက်ဦးမှု မယူခဲ့ကြပေမဲ့ ကျန်းယွင်ထျန်းနဲ့ တခြားသူတွေကတော့ ကျွန်းပိုင်ရှင်ကို အနိုင်ယူဖို့ အခွင့်အရေး လုံးဝမရှိဘူးလို့ အမြဲပြောလေ့ရှိတယ်။”

“နတ်သူငယ်မျိုးနွယ်စုက တောတွင်းစစ်ဆင်ရေးမှာ ဒီနည်းပြနှစ်ယောက်ကို ရှုံးသွားတယ် ဟုတ်လား။”

ဂျက်ဖ်၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။

“မယုံနိုင်စရာကြီးလို့ ခံစားနေရတယ်မလား။”

ကော်နာက ပြုံးကာ မေးလိုက်သည်။

“ကျုပ်လည်း ဒီအကြောင်းကို ကြားရုံပဲ ကြားခဲ့ရတယဆိုရင် သေချာပေါက် ယုံမှာမဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီပြိုင်ပွဲပြီးကတည်းက နတ်သူငယ်မျိုးနွယ်စု စစ်သည်တွေဟာ ကျန်းယွင်ထျန်းတို့ရဲ့ သင်ကြားမှုကို အပြည့်အဝ လက်ခံသွားကြတယ်။”

“မာနကြီးတဲ့ နတ်သူငယ်မျိုးနွယ်စုက လူသားတွေဆီက သင်တန်းကို လက်ခံလိုက်တယ် ဟုတ်လား။”

ဂျက်ဖ်မှာ များစွာသော အကြောင်းအရာများကြောင့် သူ၏ ကမ္ဘာကြီးအပေါ် အမြင်များ ပျက်စီးနေသကဲ့သို့ ခံစားလိုက်ရသည်။

ကော်နာက ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်က အံ့ဖွယ်လူသားတစ်ယောက်ပဲ။ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ မတူညီတဲ့ မျိုးနွယ်စုတွေဟာလည်း လုံလောက်တဲ့ လေးစားမှုကို ရရှိကြသလို လူသားတွေရဲ့ ထူးဆန်းတဲ့ အကြည့်တွေကိုလည်း ခံစရာမလိုဘူး။”

“ဒါက ကျုပ်တို့ အပါအဝင် နတ်သူငယ်မျိုးနွယ်စုတွေက လူသားတွေနဲ့ အများကြီး ဆင်တူနေသေးလို့ လေးစားမှု ရရုံပါ။”

ဂျက်ဖ်က ပခုံးတွန့်ရင်း ပြန်ပြောလိုက်သည်။ ကော်နာက ခေါင်းခါယမ်းလိုက်၏။

“ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲကို ပထမဆုံး ဝင်ရောက်ခဲ့တဲ့ မျိုးနွယ်ခြားတွေက ဘယ်သူတွေလဲဆိုတာ ခင်ဗျားသိလား။”

ဂျက်ဖ်တစ်ယောက် အနည်းငယ် မှင်တက်သွားပြီးနောက် ခေါင်းခါပြလိုက်သည်။

“မျိုးနွယ်စုတစ်ခုလုံး ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲကို တကယ်တမ်း ဝင်ရောက်ပြီး မဟာမိတ်အဖွဲ့အတွင်းမှာ နေထိုင်နေကြတာက ဝံပုလွေလူသား မျိုးနွယ်စုပဲ။”

“ဝံပုလွေလူသား မျိုးနွယ်စု ဟုတ်လား။”

ဤတစ်ကြိမ်တွင်မူ ဂျက်ဖ်တစ်ယောက် အမှန်တကယ် ထိတ်လန့်သွားတော့သည်။

“သူတို့ကိုလည်း မဟာမိတ်အဖွဲ့ထဲက လူသားတွေက လက်ခံကြတာပဲလား။”

“ကြားတာတော့ အစပိုင်းမှာတော့ သူတို့ကို လက်မခံကြဘူးတဲ့။ ဒါပေမဲ့ ကျွန်းပိုင်ရှင်ရှောင်းက လူတွေကို မေတ္တာတရားနဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေနဲ့ သိမ်းသွင်းခဲ့သလို အားလုံး သူတို့ကို လက်ခံလာအောင်လည်း အရမ်းကို ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တယ်။”

ကော်နာက ပြန်ဖြေလိုက်သည်။

“ပြီးတော့ မဟာမိတ်အဖွဲ့ထဲက လူတွေက ဝံပုလွေလူသားတွေဟာ တကယ်တော့ ပေါင်းသင်းရတာ အရမ်းလွယ်ကူမှန်း ဖြည်းဖြည်းချင်း သိလာခဲ့ကြတယ်လေ။”

ဂျက်ဖ်တစ်ယောက် ခေါင်းညိတ်လိုက်ပြီး အတွေးနက်သွားတော့သည်။

ရှေ့တန်းစစ်မြေပြင်တွင်မူ စစ်သုံးယာဉ်များသည် မည်သူမျှ တားဆီး၍မရနိုင်ဘဲ ရူးသွပ်စွာ ဆက်လက် ထိုးဖောက်နေဆဲပင်။

ရှောင်းယီနှင့် အခြားသူများသည် ရှေ့တန်းကို တိုးမြှင့်ရန် စစ်သုံးယာဉ်များကို ကွပ်ကဲနေစဉ်မှာပင် ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူ အားလုံးသည်လည်း မသေမျိုးမျိုးနွယ်စု၏ လေဟာနယ်တံခါးများကို တစ်ပြိုင်နက်တည်း အလုံးအရင်းနှင့် တိုက်ခိုက်ခဲ့ကြသည်။

အသက်ရှင်ကျန်ရစ်သူ အများစုမှာမူ မသေမျိုးမျိုးနွယ်စု၏ တပ်ဖွဲ့များကိုသာ တိုက်ခိုက်နိုင်ကြသည်။ အကြောင်းမှာ သူတို့ကျွန်းများ အနီးရှိ မသေမျိုးမျိုးနွယ်စု၏ လေဟာနယ်တံခါးများသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရှိနေသောကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ရှောင်းယီနှင့် ယခင်က သဘောတူထားသည့်အတိုင်း မသေမျိုးမျိုးနွယ်စုအပေါ် ထိုးစစ်ဆင်လိုက်ကြပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရှောင်းယီဘက်ရှိ ခံစစ်ကြောင်း သုံးခုတွင်လည်း အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွားပြီဖြစ်သည်။ မသေမျိုးမျိုးနွယ်စုသည် စစ်သုံးယာဉ်များ၏ ကြိတ်ချေမှုအောက်တွင် တဖြည်းဖြည်း ဆုတ်ခွာနေရသဖြင့် မသေမျိုးမျိုးနွယ်စု၏ အနောက်တန်းမှ အာရုံစိုက်ခြင်းကို ခံလိုက်ရတော့သည်။

“ဒီခံစစ်ကြောင်း သုံးခုက လုံးဝ ပျက်စီးသွားပြီ။ သူတို့ကို ထောက်ပံ့ဖို့ စစ်ကူတွေ စေလွှတ်ရမယ်။ အနည်းဆုံးတော့ ဒီနေရာကို တည်ငြိမ်အောင် အရင်လုပ်ရမယ်။”

“ဟုတ်တယ်။ အကယ်၍ ဒီနေရာ သုံးခုသာ ဆုံးရှုံးသွားရင် ပြိုင်ဘက်ရဲ့ တစ်နေရာတည်းကနေ ဖောက်ထွက်သွားတာကို ခံရနိုင်တယ်။ ငါတို့ သူတို့ကို တားဆီးထားရမယ်။”

“ဒါဆိုရင် အနီးဆုံးမှာရှိတဲ့ တပ်ဖွဲ့တွေကို ထောက်ပံ့ပေးဖို့ စေလွှတ်လိုက်။ ပြီးတော့ အဲ့ဒီဟာတွေက ဘာတွေလဲဆိုတာ ချက်ချင်း စုံစမ်းစစ်ဆေးစမ်း။”

“ဟုတ်ကဲ့။”

ကျောက်တုံးအိမ်တစ်လုံးအတွင်းတွင် ဝတ်ရုံနက်များ ခြုံထားသော လူသားပုံသဏ္ဍာန် အချို့ ထိုင်နေကြသည်။ ကျောက်တုံးအိမ်နှင့် မလှမ်းမကမ်းတွင် ကြီးမားလှသော ဧရာမဟင်းလင်းပြင်အက်ကွဲကြောင်းကြီး တစ်ခုအတွင်းမှ မသေမျိုးမျိုးနွယ်စုဝင် အမျိုးမျိုးတို့မှာ အဆက်မပြတ် ထွက်ပေါ်လာနေဆဲပင်။

တစ်နာရီအတွင်းမှာပင် ရှောင်းယီ၏ စစ်သုံးယာဉ်တပ်ဖွဲ့များသည် ရှေ့တန်းကို ကီလိုမီတာ ၅၀ ခန့်အထိ တိုးမြှင့်နိုင်ခဲ့သည်။

ရှောင်းယီသည် တစ်ယောက်တည်း အလွန်အကျွံ နက်ဝင်သွားမည်ကို စိုးရိမ်သဖြင့် ရပ်နားရန် အမိန့်ပေးလိုက်၏။ သို့မဟုတ်ပါက သူတို့သည် ယခုထက် ပိုမို ဝေးကွာစွာ တိုးမြှင့်နိုင်မည် ဖြစ်သည်။

“နည်းပြ ကျွန်းပိုင်ရှင်က ကီလိုမီတာ ၅၀ အမှတ်အသားမှာ ခံစစ် အဆောက်အဦးတွေ အရင်တည်ဆောက်ဖို့ အမိန့်ပေးလိုက်ပါတယ်။”

စစ်သည်တစ်ဦးသည် ကျန်းယွင်ထျန်းထံသို့ ပြေးလာပြီး သတင်းပို့လိုက်သည်။

“ကောင်းပြီ။ အားလုံးပဲ ခံစစ် အဆောက်အဦးတွေကို အတူတူ ဝိုင်းပြီး တည်ဆောက်ကြ။ စစ်သုံးယာဉ်တွေကတော့ စောင့်ကြည့်ဖို့အတွက် ခံစစ်အဆောက်အဦးတွေရဲ့ အနောက်မှာပဲ နေကြရမယ်။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

ယခုအခါ ယီရန်ပင်း မဟာမိတ်အဖွဲ့က တာဝန်ယူထားသော နေရာသုံးခုစလုံးတွင် ခံစစ်အဆောက်အဦးများကို ထိုနေရာ၌ပင် စတင်တည်ဆောက်ကြတော့သည်။ သူတို့သည် ယီရန်ပင်းမဟာမိတ်အဖွဲ့မှ ထောက်ပံ့ပေးသော ကုန်ကြမ်းများဖြင့် ခိုင်ခံ့သော မြို့ရိုးကြီးကို လျင်မြန်စွာ တည်ဆောက်နိုင်ခဲ့သည်။

မြို့ရိုးပေါ်တွင် ကြီးမားသော တံခါးပေါက်များစွာကို ချန်ထားခဲ့သည်။ ဤတံခါးပေါက်များသည် နောင်တွင် စစ်သုံးယာဉ်များ စစ်ဆင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ချန်ထားခြင်း ဖြစ်ပေသည်။

အခန်း ၁၁၂၂ - အနောက်ဘက်မှ ပုံမှန်မဟုတ်သော အခြေအနေနှင့် မသေမျိုးမျိုးနွယ်စု၏ အရိုးနဂါးများ စတင်လှုပ်ရှားလာခြင်း

မသေမျိုးမျိုးနွယ်စုကို တိုက်ခိုက်နေသည့် ရှေ့တန်းစစ်မျက်နှာရှိ ဆန်တောမျိုးနွယ်စု ခုခံကာကွယ်နေသော နေရာတွင် မသေမျိုးမျိုးနွယ်စု၏ တိုက်ခိုက်မှု အရှိန်အဟုန်မှာ သိသိသာသာ လျော့နည်းသွားသည်ကို ရုတ်တရက် သတိပြုမိလိုက်ကြသည်။

မျိုးနွယ်စုခေါင်းဆောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ချင်ချင်းလုံကို သွားရောက်ရှာဖွေကာ ပြောလိုက်သည်။

“မသေမျိုးမျိုးနွယ်စုမှာ တစ်ခုခုမှားနေပြီလို့ ငါခံစားရတယ်။ သူတို့ရဲ့ တိုက်ခိုက်မှုအရှိန်က ရုတ်တရက် အားပျော့သွားတယ်။ သူတို့ နောက်ထပ် အကြံအစည်သစ်တစ်ခုခု ကြံစည်နေတာများလား။”

ချင်ချင်းလုံသည် တိလင်းထျန်းရှားမှ ဆန်တောမျိုးနွယ်စုနှင့် ပူးပေါင်းကာ ခံစစ်ကို ကူညီရန် စေလွှတ်ခြင်း ခံထားရသူဖြစ်သည်။

သူသည်လည်း ဤအခြေအနေကို သတိပြုမိပြီး တိတ်တဆိတ် တွေးလိုက်မိသည်။

‘ယီရန်ပင်းရဲ့ အစီအစဉ် အောင်မြင်ပုံရတယ်။ သူ့ရဲ့ ထိုးစစ်က မသေမျိုးမျိုးနွယ်စုကို ခေါင်းခဲသွားစေပြီပဲ။’

“သူတို့မှာ ဘယ်လို အကြံအစည်ပဲရှိရှိ ကျုပ်တို့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ရှေ့တန်းကို တိုးမြှင့်ရမယ်။”

ချင်ချင်းလုံက ပြန်ဖြေလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။

“မင်းပြောတာ မှန်တယ်။ ဒါဆို ငါတို့ ရှေ့တိုးကြတော့မလား။”

“ဟုတ်တယ်။ ရှေ့တိုးမယ်။”

ချင်ချင်းလုံက ပြောလိုက်သည်။

“ကျုပ် အခုချက်ချင်း ကျုပ်တို့အဖွဲ့ကို စုစည်းလိုက်မယ်။ ပြီးရင် အတူတူ လှုပ်ရှားကြတာပေါ့။”

“ကောင်းပြီ။”

မျိုးနွယ်စုခေါင်းဆောင်က ပြန်ဖြေပြီးနောက် သူ၏ မျိုးနွယ်စုဝင်များထံ ပြန်သွားကာ စုစည်းမှုများ စတင်ပြုလုပ်တော့သည်။

ဆန်တောမျိုးနွယ်စုနှင့် တိလင်းအဖွဲ့တို့၏ ပူးပေါင်းခံစစ်အပြင် အခြားသော ကမ္ဘာခြားမျိုးနွယ်စုများသည်လည်း သူတို့ ရင်ဆိုင်နေရသော မသေမျိုးမျိုးနွယ်စု၏ ထိုးစစ်များ ရုတ်တရက် အားပျော့သွားသည်ကို သတိပြုမိလိုက်ကြသည်။

ယခင်က သူတို့အားလုံးသည် ခံစစ်ကို အသည်းအသန် ခုခံနေရသော်လည်း ယခုအခါမှာမူ ရုတ်တရက် အခြေအနေမှာ ပိုမိုလွယ်ကူသွားခဲ့သည်။

ထိုကမ္ဘာခြားမျိုးနွယ်စုများသည် အလွန်ထူးဆန်းနေသဖြင့် မသေမျိုးမျိုးနွယ်စုက တစ်စုံတစ်ရာ လှည့်ကွက်သုံးနေခြင်း ရှိ၊ မရှိကို တစ်ယောက်ပြီးတစ်ယောက် စုံစမ်းစစ်ဆေးကြတော့သည်။

“သတင်းပို့ပါတယ် မျိုးနွယ်စုခေါင်းဆောင် မသေမျိုးမျိုးနွယ်စုရဲ့ တပ်ဖွဲ့တွေဟာ အနောက်ဘက်ကို ဆုတ်ခွာသွားပုံရပါတယ်။”

“သတင်းပို့ပါတယ်။ ရန်သူတွေက ဝိုင်းရံထားတဲ့ နယ်မြေတစ်ခုလုံးရဲ့ အနောက်ဘက်ခြမ်းကို ဦးတည်ရွှေ့လျားနေကြပါတယ်။”

“သတင်းပို့ပါတယ်...”

ကမ္ဘာခြားမျိုးနွယ်စုများ ရရှိထားသော သတင်းအချက်အလက်အားလုံးသည် မသေမျိုးမျိုးနွယ်စုများ ဝိုင်းရံထားသည့် နယ်မြေတစ်ခုလုံး၏ အနောက်ဘက်ခြမ်းသို့ စစ်သည်အင်အားများ ပြောင်းရွှေ့နေကြောင်း ညွှန်ပြနေခဲ့သည်။

“ဘာလို့ မသေမျိုးမျိုးနွယ်စုက အနောက်ဘက်ကို ရွှေ့လျားနေတာလဲ။ သူတို့က အနောက်ဘက် ခံစစ်ကြောင်းကို ဖောက်ထွက်ဖို့ အင်အားအလုံးအရင်းနဲ့ စုစည်းချင်လို့လား။”

“အဲ့ဒီလိုတော့ မဖြစ်နိုင်ဘူး။ တကယ်လို့ အခြားဘက်တွေသာ ကျရှုံးသွားရင် သူတို့ ခံစစ်ကြောင်းကို ဖောက်ထွက်နိုင်ခဲ့ရင်တောင် ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။”

“အမှန်ပဲ။ ငါတို့က အဲ့ဒီ ဟင်းလင်းပြင်အက်ကွဲကြောင်းကို ထိန်းချုပ်ထားနိုင်သရွေ့ သူတို့က အရင်းအမြစ်မရှိတဲ့ ရေတွေ၊ အမြစ်မရှိတဲ့ သစ်ပင်တွေလို ဖြစ်သွားမှာပဲ။”

“ပြီးတော့ အခု အခြေအနေကို ကြည့်ရတာ မသေမျိုးမျိုးနွယ်စုက အခြားဘက်တွေမှာ ခံစစ်ကို ထိန်းထားရင်းနဲ့ ပိုလျှံနေတဲ့ တပ်ဖွဲ့တွေကို အနောက်ဘက်ကို ပြောင်းရွှေ့နေပုံရတယ်။”

“အနောက်ဘက်မှာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။”

ဤသည်မှာ ကမ္ဘာခြားမျိုးနွယ်စုအားလုံး၏ စိတ်ထဲတွင် ရှိနေသော မေးခွန်းပင်ဖြစ်သည်။

သို့သော် ဘေးချင်းကပ်လျက် စစ်မျက်နှာများမှ ကမ္ဘာခြားမျိုးနွယ်စု ခေါင်းဆောင်များ တွေ့ဆုံပြီးနောက် နောက်ဆုံးတွင် တူညီသော သဘောထားတစ်ခု ရရှိခဲ့ကြသည်။

ယင်းမှာ အနောက်ဘက် စစ်မြေပြင်တွင် ဘာပဲဖြစ်နေပါစေ ဤအခြေအနေသည် သူတို့အတွက် ပြင်းထန်သော ထိုးစစ်ဆင်ရန် အခွင့်အရေးဖြစ်ပြီး မသေမျိုးမျိုးနွယ်စုကို အဘက်ဘက်ကနေ ရုန်းကန်ရအောင် ပြုလုပ်ရန်ပင် ဖြစ်သည်။

ဝိုင်းရံပိတ်ဆို့ထားသည့် နယ်မြေ၏ အနောက်ဘက်ခြမ်းတွင်မူ ရှေ့တန်းစစ်မျက်နှာ သုံးခုစလုံးမှာ အလွန်နက်ရှိုင်းစွာ တိုးမြှင့်ထားပြီးဖြစ်သည်။

ရှောင်းယီသည် မဟာမိတ်အဖွဲ့အတွင်းရှိ ပေါကြွယ်ဝသော အရင်းအမြစ်များနှင့် လူအင်အားကို အသုံးပြုပြီး အစွမ်းထက်သော သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေး စွမ်းရည်များကို ပေါင်းစပ်ကာ ၂ နာရီအတွင်းမှာပင် လီတစ်ရာ (မိုင် ၃၀ ခန့်) ရှည်လျားပြီး အမြင့် ၉ မီတာ၊ အနံ ၅ မီတာရှိသော မြင့်မားသည့် မြို့ရိုးကြီးကို ရှေ့တန်းတွင် တည်ဆောက်ခဲ့သည်။

ဤမြို့ရိုးကြီးကြောင့် စစ်သည်များနှင့် ကမ္ဘာခြားမျိုးနွယ်စုဝင်များ အားလုံး သက်ပြင်းချနိုင်ခဲ့ကြပြီး နောက်ဆုံးတွင် ခြေကုပ်ယူနိုင်ခဲ့ကြပြီ ဖြစ်သည်။

ထိုစဉ်မှာပင် ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ နှစ်ဦးလုံးသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ရှောင်းယီရှိရာသို့ ရောက်ရှိလာကြသည်။

“ကျွန်းပိုင်ရှင် မြို့ရိုးတည်ဆောက်မှု ပြီးပါပြီ။”

ကျန်းယွင်ထိန်နှင့် ကျန်းရွှဲ့တို့က ပြောလိုက်ကြသည်။

“အင်း...မသေမျိုးမျိုးနွယ်စုလည်း အခုလောက်ဆို လှုပ်ရှားလာလောက်ပြီ။။”

ရှောင်းယီက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

“သူတို့မှာ တကယ်ပဲ ဦးနှောက်ရှိတယ်ဆိုရင်တော့ လှုပ်ရှားလာသင့်တယ်။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

ထိုစဉ် စစ်သည်တစ်ဦး အပြေးရောက်လာပြီး အလေးပြုကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်၊ နည်းပြ၊ မသေမျိုးမျိုးနွယ်စုရဲ့ တပ်ဖွဲ့ကြီးတစ်ခု ရှေ့ဘယ်ဘက်ခြမ်းမှာ ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ အော့ခ်မျိုးနွယ်စုနဲ့ လူပုမျိုးနွယ်စုတွေရဲ့ ခံစစ်ကြောင်းတွေကို စစ်ကူပေးဖို့ မသေမျိုးတပ်ဖွဲ့ကြီးတွေ လာနေတာကိုလည်း တွေ့ရှိရပါတယ်။”

“အဟက်...သူတို့ တကယ်ရောက်လာတာပဲ။”

ရှောင်းယီက လှောင်ပြုံးပြုံးလိုက်သည်။

“အစ်ကိုကျန်း၊ အစ်မရွှဲ့ မင်းတို့နှစ်ယောက် အခုလောလောဆယ် ပြန်သွားလိုက်ကြဦး။ စစ်သုံးယာဉ်တွေကို ဆက်လက်ဦးဆောင်ပြီး ရန်သူ့စစ်ကူတွေကို ချေမှုန်းလိုက်ကြပါ။ တစ်ခုတော့ မှတ်ထား... ရန်သူ့တပ်တွေကိုပဲ ချေမှုန်းပါ။ စစ်မျက်နှာကို ရှေ့ထပ်မတိုးနဲ့ဦး။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းနှင့် သူ၏ဇနီးတို့က တုံ့ပြန်လိုက်ကြသည်။

ထို့နောက် သူတို့သည် မိမိတို့၏ ရှေ့တန်းစစ်မျက်နှာများဆီသို့ ပြန်သွားကြပြီး ရန်သူ့စစ်ကူများဆီသို့ စစ်သုံးယာဉ်တပ်ဖွဲ့ကို ဦးဆောင်ကာ တစ်ကျော့ပြန် ထိုးနှက်လိုက်ကြပြန်သည်။

ရှောင်းယီသည်လည်း စစ်သုံးယာဉ်များကို မြို့ရိုးတံခါးမှ မောင်းထွက်ရန် အမိန့်ပေးလိုက်ပြီး ချဉ်းကပ်လာသော စစ်ကူများကို ကြိတ်ချေတော့သည်။

“ဒါက ခဲယမ်းမီးကျောက်တွေ အများကြီး သက်သာတာပဲ။”

“ဟုတ်တယ်။ ဘာပဲလာလာ အကုန်လုံးကို နင်းခြေသွားလိုက်ရုံပဲ။”

“ငါ အဲ့ဒီစစ်သုံးယာဉ်မောင်းတွေကို အရမ်းအားကျတာပဲ။ ငါလည်း နောက်ကျရင် ငါတို့တပ်ကြပ်ကို စစ်သုံးယာဉ်တပ်စုဆီ ပြောင်းရွှေ့လို့ရမလားလို့ မေးကြည့်ရမယ်။”

“ငါလည်း မေးရမယ်။”

စစ်သုံးယာဉ်များက မြို့ရိုးရှေ့တွင် ရန်သူများကို နင်းခြေချေမှုန်းနေသဖြင့် မြို့ရိုးပေါ်ရှိ စစ်သည်များမှာ အလွန်ပင် စိတ်အေးလက်အေး ရှိနေကြသည်။ မသေမျိုးအနည်းငယ်သာ မြို့ရိုးအနီးသို့ ချဉ်းကပ်နိုင်ကြပြီး ချဉ်းကပ်နိုင်ခဲ့လျှင်ပင် ထိုလူစုကွဲနေသော မသေမျိုးများက မြို့ရိုးကို တစ်စုံတစ်ရာ ထိခိုက်အောင် မလုပ်နိုင်ကြပေ။

ရှောင်းယီသည် မြို့ရိုးပေါ်တွင် ရပ်နေရင်း မသေမျိုးစစ်ကူများ၏ အခြေအနေကို ဂရုတစိုက် အကဲခတ်နေခဲ့သည်။ ရန်သူဘက်က စစ်ကူများ စီစဉ်ထားသည်ဆိုလျှင် ကွပ်ကဲသူတစ်ဦးလည်း ရှိနေသင့်ပေသည်။

သို့သော် ရှောင်းယီသည် ဤတစ်ကြိမ်တွင် မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ပေ။ ဝတ်ရုံနက်ခြုံထားသူများ သို့မဟုတ် အခြားသော ထူးခြားသည့် မသေမျိုးမျိုးနွယ်ဝင်များကို သူ မတွေ့ရပေ။

စစ်သုံးယာဉ်များ နာရီဝက်ခန့် ထိုးစစ်ဆင်ပြီးနောက် မသေမျိုးမျိုးနွယ်စုဝင်များ စတင်ဆုတ်ခွာသွားကြသည်။

“ငါတို့စစ်သုံးယာဉ်တွေရဲ့ စွမ်းပကားကို သူတို့ သိသွားကြပြီလား။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါဆိုရင် မင်းတို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ငါကြည့်ချင်သေးတယ်။”

ထိုအချိန်တွင် မိုးချုပ်နေပြီဖြစ်ရာ မသေမျိုးများသည်လည်း ပိုမိုတက်ကြွလာကြသည်။

သို့သော် မည်မျှပင် တက်ကြွလာပါစေ ယီရန်ပင်းမဟာမိတ်အဖွဲ့က စောင့်ကြပ်ထားသော ခံစစ်ကြောင်း သုံးခုကိုမူ နောက်တစ်ကြိမ် ထပ်မံ မတိုက်ခိုက်ရဲကြတော့ပေ။

ဟင်းလင်းပြင်အက်ကွဲကြောင်းဘေးရှိ ကျောက်တုံးအိမ်ထဲတွင် ဝတ်ရုံနက်ခြုံထားသူ ကိုးဦးသည်လည်း ရှေ့တန်းမှ သတင်းများကို လက်ခံရရှိထားပြီးဖြစ်သည်။

သူတို့ရှေ့တွင် ကြီးမားသော ပုံရိပ်ယောင်ပြကွက် တစ်ခုရှိနေပြီး ယင်း၌ စစ်သုံးယာဉ်တစ်စီးက သောင်းကျန်းနေသည်ကို မြင်တွေ့နေရသည်။

“ဒါက ဘာလဲ။”

“တစ်ခါမှ မမြင်ဖူးဘူး။ သတ္တုနဲ့ လုပ်ထားတာ ဖြစ်ရမယ်။”

“ဒါက အရမ်းလေးရမယ်။ မဟုတ်ရင် ငါတို့စစ်သည်တွေကို အခုလို လွယ်လွယ်ကူကူ ကြိတ်ချေနိုင်မှာ မဟုတ်ဘူး။”

“ဒီလိုအရာမျိုးကို အရိုးနဂါးနဲ့ ကိုင်တွယ်သင့်တယ်။”

“ဒါပေမဲ့ အရိုးနဂါးက ဘီလူးကြီးတွေနဲ့ ရင်ဆိုင်နေရတာဆိုတော့ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။”

ထိုစဉ် ဝတ်ရုံနက်ခြုံထားသူများ၏ ခေါင်းဆောင်က ပြောလိုက်သည်။

“အရင်ဆုံး အရိုးနဂါးတစ်ကောင်ကို သွားပြီး စမ်းသပ်ကြည့်ဖို့ စီစဉ်လိုက်ပါ။”

“ဟုတ်ကဲ့။”

ကျန်ရှိသော ဝတ်ရုံနက်ခြုံထားသူများက သဘောတူညီလိုက်ကြသည်။

ဧရာမဘီလူးမျိုးနွယ်စု စောင့်ကြပ်နေသော ခံစစ်ကြောင်းတွင် ဧရာမဘီလူးကြီး တစ်ထောင်ကျော်သည် သူတို့ရှေ့ရှိ ဧရာမ ဒိုင်နိုဆော အရိုးစုများအား လက်ဗလာဖြင့် တိုက်ခိုက်နေကြသည်။

ထိုဒိုင်နိုဆော အရိုးစုများသည် ဝတ်ရုံနက်ခြုံထားသူများ ပြောဆိုနေသော အရိုးနဂါးများပင် ဖြစ်သည်။

ဤခံစစ်ကြောင်းတွင် အရိုးနဂါး အရေအတွက်မှာ ဧရာမဘီလူးများထက် နှစ်ဆကျော် ပိုများနေသည်မှာ ထင်ရှားလှပေသည်။

ဧရာမဘီလူးတစ်ဦးသည် အရိုးနဂါး နှစ်ကောင် သို့မဟုတ် နှစ်ကောင်ထက်မကကို ရင်ဆိုင်နေရသော်လည်း သူတို့က ကြံ့ကြံ့ခံနေကြဆဲပင်။

ရုတ်တရက် ဧရာမဘီလူးတစ်ဦးနှင့် တိုက်ခိုက်နေသော အရိုးနဂါးတစ်ကောင်သည် စစ်မြေပြင်မှ ဆုတ်ခွာလိုက်ပြီး ဘေးတစ်ဖက်သို့ အလျင်အမြန် ရွှေ့လျားသွားခဲ့သည်။

ထိုဧရာမဘီလူး၏ ဖိအားမှာ ချက်ချင်းပင် လျော့နည်းသွားပြီး အနီးနားရှိ မျိုးနွယ်စုဝင်တစ်ဦးကို ကူညီရန် လက်အားသွားခဲ့သည်။

အရိုးနဂါး တစ်ကောင်တည်းသာ ထွက်ခွာသွားခြင်း ဖြစ်သော်လည်း ဧရာမဘီလူးများသည် နောက်ဆုံးတွင် အသက်ရှူချောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ယင်းမှာ ခဏတာမျှသာ ဖြစ်သည်။ သူတို့သည် အရိုးနဂါး ထွက်ခွာသွားသော လမ်းကြောင်းသို့ စိုးရိမ်တကြီး ကြည့်လိုက်မိကြသည်။ အကယ်၍ ဤအရိုးနဂါးသည် အခြားသော ခံစစ်ကြောင်းများဆီသို့ သွားရောက် တိုက်ခိုက်မည်ဆိုပါက အခြေအနေမှာ ဆိုးရွားသွားပေလိမ့်မည်။

“ဟူကျဲ အဲဒီအရိုးနဂါးကို အခုချက်ချင်းသွားတား။ သူ့ကို တခြားရှေ့တန်းတွေဆီ လုံးဝ ပေးမသွားစေနဲ့။”

ဧရာမဘီလူး ခေါင်းဆောင်က မိုးကြိုးပစ်သံကဲ့သို့ အသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

“ဟုတ်ကဲ့။”

ထူးထူးခြားခြား ကြံ့ခိုင်တောင့်တင်းသော ဧရာမဘီလူးကြီးတစ်ဦးက တုံပြန်လိုက်သည်။

ဘေးတစ်ဖက်စီရှိ ဧရာမဘီလူးကြီးများသည် ဟူကျဲရှေ့ရှိ အရိုးနဂါးကို ချက်ချင်း ကြားဖြတ်တိုက်ခိုက်ပေးလိုက်သဖြင့် ဟူကျဲသည် စစ်မြေပြင်မှ ဆုတ်ခွာနိုင်သွားပြီး ထွက်ခွာသွားသော အရိုးနဂါးနောက်သို့ အလျင်အမြန် လိုက်လံ ဖမ်းဆီးတော့သည်။

အရိုးနဂါးရော ဧရာမဘီလူးကြီးပါ အလွန်လျှင်မြန်လှရာ တစ်ဦးက လိုက်၊ တစ်ဦးက ပြေးဖြင့် မကြာမီမှာပင် အဝေးသို့ ပျောက်ကွယ်သွားကြတော့သည်။

“သူ အချိန်မီ တားနိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်။”

ဧရာမဘီလူး ခေါင်းဆောင်က တိုးတိုးလေး ရေရွတ်လိုက်လေသည်။

All Chapters