အခန်း (၁၁၂၉-၁၁၃၀)
Vol. 96 Ch. 1129-1130
အခန်း ၁၁၂၉ - အရိုးနဂါးများကို နှိမ်နင်းခြင်း၊ ကုသခြင်းနှင့် ဆက်လက်ချီတက်ခြင်း
“ဟားဟား...ငါ ဒီလောက် အားရကျေနပ်စရာကောင်းတဲ့ တိုက်ပွဲမျိုး တစ်ခါမှ မကြုံဖူးဘူး။”
“ဟုတ်တယ်။ ခုခံနေဖို့ မလိုဘဲ တိုက်စစ်ပဲ ဆင်ရုံပဲဆိုတော့ အရမါးအားရဖို့ကောင်းတယ်။ ပြောရရင် ဒီကာကွယ်ရေးဝတ်စုံတွေက တကယ် အဆင့်မြင့်တာပဲ။”
“တကယ် ကောင်းလွန်းတယ်။ ဒီပစ္စည်းတွေကို ငါတို့ ထာဝရဝတ်ထားလို့ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။”
“မင်း ဘာတွေ တွေးနေတာလဲ။ ဒါတွေက အပြင်လူတွေရဲ့ ပစ္စည်းတွေလေ။ သူတို့က ငါတို့ကို ခဏသုံးခွင့်ပေးထားတာပဲ ဖြစ်မှာပါ။ လောဘ သိပ်မကြီးနဲ့။”
“ဟုတ်ပါပြီ။ စကားတွေကို အသာထားလိုက်စမ်းပါ။ ဒီပစ္စည်းတွေ ဝတ်ထားရတုန်း ဟိုဘက်က အရိုးနဂါးတွေကို အပြတ်ရှင်းကြရအောင်။”
ဧရာမလူသားများ၏ စိတ်ဓာတ်မှာ သက်တံကဲ့သို့ ထည်ဝါနေပြီး ၎င်းတို့မှာ အရေအတွက်အားဖြင့်လည်း အသာစီးရနေသောကြောင့် ရှေ့တန်းမှ အရိုးနဂါးများကို သတ်ဖြတ်ရန် နောက်ဘက်ရှိ စစ်သုံးယာဉ်များ၏ အကူအညီပင် မလိုအပ်တော့ပေ။
တိုက်ပွဲတစ်ခုလုံးမှာ နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် ဧရာမလူသားများသည် နောက်ဆုံးကျန်ရှိသော အရိုးနဂါးတစ်ကောင်ကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်နိုင်ခဲ့ကြသည်။
အရိုးနဂါးများ၏ နောက်ကွယ်တွင် ရှိနေခဲ့သော ဝတ်ရုံနက်ဝတ်ဆင်ထားသူမှာ မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်းပင် မသိပေ။
ရှောင်းယီနှင့် သူ၏အဖွဲ့မှာ နောက်ဘက်ရှိ အတော်လေး ဝေးကွာသောနေရာ၌ ရှိနေသောကြောင့် ထိုဝတ်ရုံနက်၏ လှုပ်ရှားမှုကို သတိမထားမိခဲ့ကြပေ။
ရှောင်းယီတို့အဖွဲ့က ဝတ်ရုံနက်အချို့ကို စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ပြီးကတည်းက မသေမျိုးမျိုးနွယ်စုဝင်များမှာ အလွန်သတိကြီးလာကြပြီး အပြင်လူများရှေ့တွင် ပေါ်မလာကြတော့ပေ။
အရိုးနဂါးအားလုံးကို သတ်ဖြတ်ပြီးနောက် ဧရာမလူသားများသည် အရိုးစများ ဖုံးလွှမ်းနေသော စစ်မြေပြင်ပေါ်တွင် တိုက်ရိုက်ထိုင်ချလိုက်ကြသည်။
၎င်းတို့မှာ အောင်ပွဲရခဲ့သော်လည်း ကိုယ်ခန္ဓာ၏ ကြံ့ခိုင်မှုနှင့် အားအင်များကို အမြောက်အမြား အသုံးပြုခဲ့ရသောကြောင့် အနားယူရန် လိုအပ်နေခြင်းဖြစ်သည်။
ထိုစဉ် ရှောင်းယီက နာ့နာနှင့်အတူ လျှောက်လာပြီး ပြောလိုက်သည်။
“ခေါင်းဆောင်ကျား ဧရာမလူသားအချို့မှာ အရိုးနဂါးတွေရဲ့ ကုတ်ခြစ်တာ ခံထားရတာကို ကျုပ်တွေ့လိုက်တယ်။ ကျုပ်ရဲ့ ဆေးဘက်ဆိုင်ရာ စက်ရုပ်ကို ခင်ဗျားတို့အတွက် စစ်ဆေးခွင့်ပြုပါ။”
“ဟားဟားဟား...ဒါတွေက အသေးအဖွဲ ဒဏ်ရာလေးတွေပါ။ ကိစ္စမရှိပါဘူး။”
ကျားကျန့်က အားရပါးရ ရယ်မောရင်း ပြန်ဖြေလိုက်သည်။
ဤအောင်မြင်မှုသည် ရှောင်းယီကြောင့်ဟု ဆိုရမည်ဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့အနေဖြင့် ဤအရိုးနဂါးများကို ဤမျှမြန်မြန် နှိမ်နင်းနိုင်မည်မဟုတ်ပေ။ ပို၍အရေးကြီးသည်မှာ ဤအရိုးနဂါးများကို ရှင်းလင်းပြီးပါက ဧရာမလူသားမျိုးနွယ်စုသည် အခြားသော ရှေ့တန်းစစ်မျက်နှာများကို သွားရောက်ကူညီနိုင်မည်ဖြစ်သည်။ ကျားကျန့်အနေဖြင့် မသေမျိုးမျိုးနွယ်စုကို လုံးဝမောင်းထုတ်နိုင်တော့မည့် မျှော်လင့်ချက်ကို မြင်နေရပြီဖြစ်သည်။
ရှောင်းယီက ပြန်ပြောလိုက်သည်။
“မသေမျိုးမျိုးနွယ်စုက ဒဏ်ရာတွေထဲမှာ အသားကို ပုပ်ပွစေတဲ့ သေခြင်းတရားစွမ်းအင်တွေကို ချန်ထားခဲ့တတ်တယ်လို့ ဟူကျဲ ပြောတာ ကျုပ်ကြားဖူးတယ်။ နာ့နာက အဲ့ဒါတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သူ စစ်ဆေးပေးတာကို မလိုချင်ဘူးဆိုတာ သေချာရဲ့လား။”
ထိုစကားကို ကြားသောအခါ ကျားကျန့်မှာ အနည်းငယ် မှင်တက်သွားခဲ့သည်။ ထိုအခါ အနီးတွင် ရပ်နေသော ဟူကျဲက ချက်ချင်း ရှေ့တက်လာပြီး ပြောလိုက်သည်။
“ခေါင်းဆောင် သူ့ကို စစ်ဆေးခွင့်ပေးလိုက်ပါ။ ဒါက တကယ်ထိရောက်တယ်။”
ထိုအခါ ကျားကျန့်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဒါဆိုရင်တော့ မဟာမိတ်ခေါင်းဆောင်ရှောင်းကို ဒုက္ခပေးရတော့မှာပဲ။”
ဤအဆင့်တွင် ကျားကျန့်သည် ရှောင်းယီတို့ မဟာမိတ်အဖွဲ့၏ အစွမ်းအစအပေါ် သံသယမရှိတော့ပေ။ ထို့ပြင် ဧရာမလူသားမျိုးနွယ်စုအနေဖြင့် အရိုးနဂါးများကို မောင်းထုတ်နိုင်လျှင်တောင် မသေမျိုးမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းရန်မှာ ဤအပြင်လူ၏ အကူအညီ လိုအပ်မည်ဖြစ်ကြောင်း သူ ကောင်းကောင်းနားလည်ထားသည်။ ဧရာမလူသားများသည် အရေအတွက် ကန့်သတ်ချက်ရှိသောကြောင့် နေရာတိုင်းကို မလွှမ်းမိုးနိုင်ပေ။
“နာ့နာ မင်းကို အပ်လိုက်ပြီနော်။”
ရှောင်းယီက သူ့ဘေးရှိ နာနိုစက်ရုပ်ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့။”
နာ့နာက တုံ့ပြန်လိုက်ပြီးနောက် စက်ရုပ်အတွင်းမှ နာနိုရိုဘော့များကို ဧရာမလူသားများ၏ ခန္ဓာကိုယ်အတွင်းသို့ စစ်ဆေးရန် စေလွှတ်လိုက်တော့သည်။
ရလဒ်များမှာ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဧရာမလူသားအားလုံးနီးပါး၏ ခန္ဓာကိုယ်ထဲတွင် သေခြင်းတရားစွမ်းအင် အကြွင်းအကျန်အချို့ ရှိနေကြပြီး ၎င်းမှာ အမှန်စင်စစ် မသေမျိုးမျိုးနွယ်စုမှ သယ်ဆောင်လာသော ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်များသာ ဖြစ်သည်။
ထိုအရာများသည် ဧရာမလူသားများ၏ ကိုယ်ခံအားစနစ်နှင့် ခန္ဓာကိုယ်အတွင်းတွင် အားပြိုင်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုအရာများမှာ ဧရာမလူသားများကို စဉ်ဆက်မပြတ် နှိပ်စက်နေခြင်းပင်။
ဆေးပညာအဆင့်အတန်း နိမ့်ကျသော ဧရာမလူသားမျိုးနွယ်စုအတွက်မူ ဤသည်မှာ အလွန်ခက်ခဲသော ကိစ္စဖြစ်သော်လည်း နာ့နာအတွက်မူ အလွန်လွယ်ကူသော အလုပ်ဖြစ်သည်။
ယခုတစ်ကြိမ် ကုသမှုမှာ ဟူကျဲကို ကုသစဉ်ကထက်ပင် ပို၍မြန်ဆန်နေသေးသည်။ အကြောင်းမှာ အားလုံးမှာ ကာကွယ်ရေးဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အရိုးနဂါးများ ဒဏ်ရာပေးနိုင်သော နေရာမှာ အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အရာအားလုံး ပြီးစီးရန် မိနစ်နှစ်ဆယ်ခန့်သာ ကြာမြင့်ခဲ့ပြီး ထိုအချိန်အတော်များများကိုလည်း ဧရာမလူသားများ၏ ခန္ဓာကိုယ်ထဲတွင် ယခင်ကတည်းက ရှိနေခဲ့သော ရောဂါပိုးဟောင်းများကို ဖယ်ရှားရန်အတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
“အားလုံး ပြီးပါပြီ။ သူတို့ရဲ့ ပြန်လည်နာလန်ထူနိုင်စွမ်းနဲ့ဆိုရင် အနားယူစရာတောင် မလိုတော့ဘူး။”
နာ့နာက ရှောင်းယီထံ ပြန်လာပြီး ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ပင်ပန်းသွားပြီ...ကျေးဇူးပဲ။”
ထိုအချိန်တွင် ဧရာမလူသားများမှာ ၎င်းတို့အချင်းချင်း ပြန်လည်ဆွေးနွေးနေကြပြီဖြစ်သည်။
“ငါ့ဗိုက်က ဒဏ်ရာဟောင်းကြီး တော်တော်သက်သာသွားသလိုပဲ။ သေခြင်းတရားစွမ်းအင်ရဲ့ တိုက်စားမှုကို မခံစားရတော့ဘူး။”
“ငါလည်း အတူတူပဲ။ ဘယ်တော့မှ လုံးဝအသားမကျခဲ့တဲ့ ငါ့ပေါင်က ဒဏ်ရာလည်း အခု သက်သာသွားပြီ။”
“ဟုတ်တယ်။ အရင်က ငါ့ကိုယ်ပေါ်မှာ ဒဏ်ရာပေါင်း တစ်ရာကျော်ရှိခဲ့တာ။ အချိန်တိုင်း သေခြင်းတရားစွမ်းအင်ရဲ့ နှိပ်စက်မှုကို ခံခဲ့ရတယ်။ အခု တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားရတယ်။”
ဧရာမလူသားများ၏ ဆွေးနွေးမှုကို ကြားသောအခါ ခေါင်းဆောင်ကျားကျန့်က ရှောင်းယီကို ထပ်မံကျေးဇူးတင်စကားဆိုလိုက်သည်။
“ဒီတစ်ကြိမ်တော့ တကယ် ကျေးဇူးတင်ပါတယ်။”
“အားမနာပါနဲ့။ ကျုပ်တို့ရဲ့ ပန်းတိုင်က အတူတူပဲလေ။ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်တွေကို ကုသပေးတာကလည်း ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ပါပဲ။”
ရှောင်းယီက လက်ကာပြရင်း ပြန်ဖြေလိုက်သည်။ ကျားကျန့်က ခေါင်းညိတ်ပြီး အာကာသအက်ကွဲကြောင်းရှိရာဘက်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ချင်ရင် အဲ့ဒီအက်ကွဲကြောင်းကို ငါတို့ ထိန်းချုပ်နိုင်မှဖြစ်မယ်။ အဲ့ဒါကို ထိန်းချုပ်နိုင်သရွေ့တော့ မသေမျိုးမျိုးနွယ်စုတွေ ငါတို့ကမ္ဘာထဲကို ဆက်တိုက်ဝင်ရောက်လာနိုင်မှာ မဟုတ်ဘူး။”
ရှောင်းယီက ခေါင်းညိတ်လိုက်သော်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒါပေမဲ့ အဲ့ဒီအက်ကွဲကြောင်းအထိ တိုက်စစ်ဖွင့်ဖို့ဆိုတာ တော်တော် ခက်ခဲမှာကို ကျုပ် စိုးရိမ်မိတယ်။”
“တကယ် မလွယ်ဘူး။ အက်ကွဲကြောင်းနဲ့ နီးကပ်လာလေလေ ရင်ဆိုင်ရမယ့် ခုခံမှုက ပိုပြီး ကြီးမားလေလေပဲ။”
ကျားကျန့်က ပြန်ပြောလိုက်သည်။
“မသေမျိုးတွေရဲ့ လူအင်အားနဲ့ ဖိတိုက်တဲ့စစ်ဗျူဟာက အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။”
ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“သူတို့က လူအင်အားသုံးရင် ကျုပ်တို့ကလည်း အင်အားချင်း တုံ့ပြန်ရမှာပေါ့။ ကျုပ် အသက်ရှင်ကျန်ရစ်သူ အားလုံးကို မသေမျိုးတွေရဲ့ လေဟာနယ်တံခါးတွေကို စုပေါင်းတိုက်ခိုက်ဖို့ အကြောင်းကြားထားပြီးပြီ။ သူတို့သာ အဲ့ဒီနေရာတွေကို သိမ်းပိုက်နိုင်ရင် ဒီရှေ့တန်းစစ်မျက်နှာကို တိုက်ရိုက်လာနိုင်ပြီး ကျုပ်တို့အားလုံး စုပေါင်းပြီး ရှေ့ကို ချီတက်နိုင်လိမ့်မယ်။”
ကျားကျန့်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“ဒီနည်းလမ်းက အလုပ်ဖြစ်တယ်။ တကယ်တော့ ငါတို့ အက်ကွဲကြောင်းရှိတဲ့နေရာအထိ တိုက်ခိုက်ခဲ့တာ အတော်ကြာပြီဆိုတော့ ဟိုဘက်မှာ အခြေအနေ ဘယ်လိုရှိမလဲဆိုတာ အသေအချာ မပြောနိုင်ဘူး။ အခုလောလောဆယ်တော့ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့တက်တာက ပိုကောင်းတယ်။”
“ကောင်းပါပြီ။ ဒါဆိုရင်တော့ ရှေ့ကို နည်းနည်း ထပ်တိုးကြည့်ကြမလား။”
ရှောင်းယီက မေးလိုက်သည်။
“အင်း ဆက်သွားကြမယ်။”
ကျားကျန့်သည် ဧရာမလူသားများ၏ စိတ်ဓာတ်တက်ကြွနေစဉ်တွင် ရှေ့ဆက်တိုးရန် ပြင်ဆင်လိုက်သည်။
ရှောင်းယီနှင့် သူ၏အဖွဲ့မှာလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
အဝေးတွင်မူ အရိပ်ထဲ၌ ပုန်းကွယ်နေသော ဝတ်ရုံနက်ဝတ်ဆင်ထားသူတစ်ဦးသည် ဧရာမလူသားများနှင့် ရှောင်းယီတို့၏ လှုပ်ရှားမှုကို မြင်သောအခါ ထိုအချက်အလက်များကို အက်ကွဲကြောင်းဆီသို့ ချက်ချင်း ပေးပို့လိုက်တော့သည်။
ကျောက်တုံးအိမ်အတွင်းမှ ဝတ်ရုံနက် ကိုးဦးမှာ တိတ်ဆိတ်သွားခဲ့ကြလေသည်။ ခဏအကြာတွင် ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။
“ငါးမန်းသွား အရိုးနဂါးကို ဆင့်ခေါ်ဖို့ အနည်းဆုံး ၁၂ နာရီ ကြာလိမ့်မယ်။ ရှေ့တန်းစစ်မျက်နှာက ဧရာမလူသားတွေရဲ့ တိုက်စစ်ကို ဘယ်လိုမှ မတားဆီးနိုင်ဘူး။ အဲ့ဒါကြောင့် ငါတို့ရဲ့ ခံစစ်ကြောင်းကြောင်းကို ကျုံ့လိုက်ပြီး အားလုံးကို တစ်နေရာတည်းမှာ စုစည်းဖို့ ငါအကြံပြုချင်တယ်။ ငါတို့ တစ်ယောက်ချင်းစီ အချေမှုန်းခံနေရတာကို ထပ်ပြီး ခွင့်မပြုနိုင်တော့ဘူး။”
“သဘောတူတယ်။”
အခြားဝတ်ရုံနက်များကလည်း တစ်ဦးပြီးတစ်ဦး ထောက်ခံလိုက်ကြသည်။
မကြာမီမှာပင် မသေမျိုးတပ်ဖွဲ့များအား စုစည်းရန် အမိန့်ထုတ်ပြန်လိုက်တော့သည်။ တစ်ခဏချင်းအတွင်းမှာပင် စစ်မျက်နှာအားလုံးရှိ မသေမျိုးများမှာ စတင်ဆုတ်ခွာသွားကြတော့သည်။
လေဟာနယ်တံခါးမှတစ်ဆင့် အသက်ရှင်ကျန်ရစ်သူများကို ကျူးကျော်နေသော မသေမျိုးများမှာလည်း ပြန်လည်ဆုတ်ခွာသွားကြသည်။
ဧရာမလူသားမျိုးနွယ်စုနှင့် ရှောင်းယီတို့ နှစ်ကီလိုမီတာခန့်သာ ရှေ့တိုးရသေးချိန်တွင် မသေမျိုးများမှာ ရုတ်တရက် ဆုတ်ခွာသွားကြသည်။
ထိုအခါ ဟူကျဲတစ်ယောက် အံ့သြစွာ ပြောလိုက်မိသည်။
“မသေမျိုးစစ်တပ် ဆုတ်ခွာတာမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။”
ကျားကျန့်သည်လည်း လျင်မြန်စွာ ဆုတ်ခွာသွားသော မသေမျိုးများကို ကြည့်လိုက်သည်။
“မသေမျိုးမျိုးနွယ်စုက သူတို့ရဲ့ ခံစစ်ကြောင်းကြောင်းကို ကျုံ့ပစ်ဖို့ ပြင်နေပြီထင်တယ်။”
နောက်မှ လိုက်ပါလာသော ရှောင်းယီသည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရလေသည်။
“ဧရာမလူသားတွေဘက်က စစ်မြေပြင်အခြေအနေက တစ်ပွဲလုံးရဲ့ အရှုံးအနိုင်ကို တကယ် သက်ရောက်မှုရှိတာပဲ။”
သူက မှတ်ချက်ပေးလိုက်သည်။
အခန်း ၁၁၃၀ - မသေမျိုးမျိုးနွယ်စု၏ ခံစစ်ကြောင်းကို ကျုံ့ပစ်ခြင်းနှင့် လူထုလှုပ်ရှားမှု
ကျန်းယွင်ထျန်းကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“အင်း သူတို့လည်း သူတို့ရဲ့ အသာစီးရထားတဲ့ အင်အားတွေကို တစ်နေရာတည်းမှာ စုစည်းချင်ပုံရတယ်။ ဒါပေမဲ့ ဒါက အဓိပ္ပာယ်မရှိပါဘူး။ သူတို့ ငါတို့မဟာမိတ်အဖွဲ့ရဲ့ တင့်ကားတပ်ဖွဲ့အကြောင်းကို အတွေ့အကြုံရှိပြီးသားပဲ ဖြစ်လိမ့်မယ်။ အင်အားတွေကို စုစည်းလိုက်တာက ငါတို့အတွက် သူတို့ကို ဗုံးကြဲရတာ ပိုလွယ်သွားစေရုံပဲ ရှိမယ်။”
“သူတို့သာ အင်အားမစုစည်းရင် ဗုံးတောင် ကြဲနေစရာမလိုဘူး။ ငါတို့ရဲ့ လူအင်အားနဲ့တင် ရှင်းပစ်လို့ရတယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဆိုးကျိုးနှစ်ခုထဲက တစ်ခုကို ရွေးရမယ်ဆိုရင် အနည်းဆုံးဖြစ်မယ့်ဟာကိုပဲ လူတွေက ရွေးကြတာပဲ။ သူတို့ရဲ့ အခုရွေးချယ်မှုက သူတို့အတွက် အကျိုးအရှိဆုံး ဖြစ်လိမ့်မယ်။”
“မှန်တယ်။ အကယ်၍ သူတို့သာ အင်အားမစုစည်းဘူးဆိုရင် ငါတို့ သူတို့ကို ဒီထက်တောင် မြန်မြန် ရှင်းပစ်နိုင်ဦးမယ်။ အခုလို လုပ်လိုက်တော့ သူတို့ရဲ့ ဗျူဟာကို ငါတို့ သေချာမသိနိုင်တော့ဘူး။ ဒါကြောင့် ရှေ့ကို အဆင်ခြင်မဲ့ တိုးဖို့ တွန့်ဆုတ်နေရတယ်။”
ကျန်းယွင်ထျန်းက ဆက်ပြောသည်။
ကျန်းယွင်ထျန်း၏ ခန့်မှန်းချက်ကို ကြားသောအခါ ရှောင်းယီ မျက်မှောင်ကြုတ်သွားခဲ့လေသည်။
အကယ်၍ မသေမျိုးမျိုးနွယ်စုက တကယ်ပဲ ထိုကဲ့သို့ရည်ရွယ်ချက်ရှိနေသည်ဆိုလျှင် သူတို့ အချိန်ဆွဲနေခြင်းသာ ဖြစ်ရမည်။
ဖြစ်နိုင်သည်မှာ သူတို့သည် ပို၍ကြီးမားသော အကြံအစည်တစ်ခုအတွက် အချိန်ယူ ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်။
ထိုစဉ် ကျားကျန့်က လျှောက်လာပြီး ရှောင်းယီ၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ပြောလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ရန်သူတွေက ခံစစ်ကြောင်းကြောင်းကို ကျုံ့ပစ်နေပြီ။ မင်း ဘယ်လိုထင်လဲ။”
“ရန်သူတွေက ခင်ဗျားတို့ရဲ့ တိုက်စစ်ကို မခုခံနိုင်တော့ဘူးလို့ ခံစားရလို့ သူတို့ရဲ့ ခုခံစစ်ကြောင်းကို နောက်ဆုတ်လိုက်တာပဲ ဖြစ်လိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အင်း...ဒါပေမဲ့ ရှေ့မှာ သူတို့ ချောင်းမြောင်းတိုက်ခိုက်ဖို့ ပြင်ထားမလားဆိုတာကို ငါ နည်းနည်းစိုးရိမ်မိတယ်။ ဒါကြောင့် ရှေ့တိုးဖို့ နည်းနည်း တွန့်ဆုတ်နေတယ်။”
ကျားကျန့်က မျက်မှောင်ကြုတ်ကာ ဆိုသည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ချောင်းမြောင်းတိုက်ခိုက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့ရဲ့ အခြေအနေကို ကျုပ်တို့ သွားစမ်းကြည့်ရမယ်။ စိုးရိမ်စိတ်နဲ့ ဒီမှာပဲ တွန့်ဆုတ်နေရင် ရန်သူကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ပြင်ဆင်ချိန် ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ သူတို့ နောက်ကွယ်မှာ ပိုကြီးမားတဲ့ အကြံအစည် ရှိနေမှာကိုလည်း ကျုပ် စိုးရိမ်မိတယ်။”
ကျားကျန့်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ ဒါဆိုရင် ရှေ့ကို ဆက်တိုးကြတာပေါ့။”
ဧရာမလူသားများသည် ရှေ့သို့ တစ်ဖန် စတင်ချီတက်လိုက်ကြပြန်သည်။ ရှောင်းယီသည် တရစပ် ဆုတ်ခွာနေသော မသေမျိုးများကို ကြည့်လိုက်၏။
“ငါ ခဏ ပြန်ဦးမယ်။ အကယ်၍ ပြဿနာတစ်ခုခု ရှိလာရင် ငါ့ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ ချက်ချင်း ဆက်သွယ်လိုက်ပါ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုလိုက်သည်။ ဗီလာသို့ ပြန်ရောက်သည်နှင့် သူသည် သူ၏ လက်ကိုင်ဖုန်းကို ချက်ချင်း ဖွင့်ကြည့်လိုက်တော့သည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ဂရုထဲရှိ လူတိုင်းမှာ မသေမျိုးများ ဆုတ်ခွာသွားသည့်အကြောင်းကို ဆွေးနွေးနေကြသည်။
“ငါတို့ဘက်က မသေမျိုးတွေ ဆုတ်ကုန်ပြီ။ လေဟာနယ်တံခါးထဲကနေ ဘာမသေမျိုးမှ ထွက်မလာတော့ဘူး။”
“ငါတို့ မဟာမိတ်အဖွဲ့က လေဟာနယ်တံခါးကနေတစ်ဆင့် ရှေ့တန်းကို ချီတက်သွားပြီးပြီ။ ရှေ့တန်းက မသေမျိုးတွေလည်း ဆုတ်ခွာနေကြတယ်။”
“ငါတို့ဆီမှာလည်း အတူတူပဲ။ ပင်လယ်ထဲက လေဟာနယ်တံခါးတွေကနေ မသေမျိုးတွေ ထွက်မလာတော့ဘူး။ ငါတို့ ဟိုဘက်ကို မသွားရသေးပေမဲ့ ခဏနေရင် သွားကြည့်တော့မယ်။”
ခဏအတွင်းမှာပင် ဂရုထဲ၌ မသေမျိုးများ ဆုတ်ခွာသွားသည့်အကြောင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
၎င်းတို့၏ ဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီက ချက်ချင်း ဝင်ပြောလိုက်သည်။
“လူတိုင်းကို ပင်လယ်ထဲက လေဟာနယ်တံခါးတွေကနေ ဖြတ်မသွားဖို့ ကျုပ် အကြံပြုချင်တယ်။ ရှေ့တန်းစစ်မျက်နှာမှာ ကျုပ်တို့ အခုထိ ပင်လယ်ကို မတွေ့ရသေးဘူး။ အဲ့ဒါကြောင့် အဲ့ဒီလေဟာနယ်တံခါးတွေက မသေမျိုးတွေရဲ့ အဓိက အခြေစိုက်စခန်းနဲ့ နီးနေနိုင်တယ်လို့ ကျုပ် သံသယရှိတယ်။ အကယ်၍ ကုန်းမြေပေါ်က လေဟာနယ်တံခါးတွေကနေ မသေမျိုးတွေ ထွက်မလာတော့ဘူးဆိုရင်တော့ ဟိုဘက်ကို သွားကြည့်လို့ ရပါတယ်။ ဒါပေမဲ့ ဘေးကင်းရေးကိုတော့ အထူးဂရုစိုက်ကြပါ။”
“သူဌေး ပေါ်လာပြီဟေ့။ သူဌေး ပြောတာမှန်သမျှကို ကျုပ်တို့ နားထောင်ပါ့မယ်။”
“ငါ ဟိုဘက်ကို မသွားရသေးလို့ တော်သေးတယ်။ မဟုတ်လို့ မသေမျိုးတွေရဲ့ အခြေစိုက်စခန်းနဲ့သာ တန်းတိုးမိရင် အားလုံး ပွဲသိမ်းသွားနိုင်တယ်။”
“သူဌေး ဒီတစ်ခါ မသေမျိုးတွေ ဆုတ်ခွာသွားတာက ဘယ်လို အခြေအနေလဲ။”
“ဟုတ်တယ်။ မနေ့ကအထိ အားတက်သရော တိုက်ခိုက်နေကြတုန်းလေ။ ဘာလို့ ဒီနေ့ကျမှ ရုတ်တရက် ဆုတ်ခွာသွားတာလဲ။”
ရှောင်းယီက ထပ်ရှင်းပြလိုက်သည်။
“ဘာလို့လဲဆိုတော့ ရှေ့တန်းစစ်မျက်နှာမှာ နောက်ထပ် အောင်ပွဲကြီးတစ်ခု ရရှိခဲ့လို့ပဲ။ မသေမျိုးမျိုးနွယ်စုက သူတို့ ရှေ့ဆက် မတောင့်ခံနိုင်တော့ဘူးလို့ ခံစားရလို့ ခုခံစစ်ကြောင်းကို ကျုံ့ပစ်လိုက်တာပါ။”
“ဒါကြောင့်ကိုး။ ဒါဆို ငါတို့တွေ သူဌေးကြောင့် နောက်တစ်ကြိမ် ထပ်ပြီး ကယ်တင်ခံလိုက်ရတာပေါ့ ဟုတ်လား။”
“ဒါပေါ့။ သူဌေးက ငါတို့ကို တစ်ကြိမ်မက ကယ်တင်ခဲ့ပြီးပြီ။ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။”
“ဒါ တကယ် ကောင်းတာပဲ။ နောက်ဆုံးတော့ မသေမျိုး ပြဿနာကို စိတ်မပူရတော့ဘူး။ နောက်ဆုံးတော့ ငါတို့ အဆင့်တက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပဲ အာရုံစိုက်လို့ ရပြီ။”
လူတိုင်း၏ တုံ့ပြန်မှုများကို မြင်သောအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။
“လောလောဆယ် မသေမျိုးတွေကို ပြန်တိုက်ထုတ်နိုင်ခဲ့ပေမဲ့ သူတို့မှာ တခြားအကြံအစည်တွေ ရှိနေမှာကို ကျုပ်တို့ စိုးရိမ်နေရတုန်းပဲ။ ဒါကြောင့် လူတိုင်း စုပေါင်းပြီး မသေမျိုးတွေကို မရပ်မနား ဆက်တိုက်ချေမှုန်းဖို့ ကျုပ် အကြံပြုချင်ပါတယ်။ မဟုတ်ရင် သူတို့က အချိန်မရွေး ပြန်လာဦးမှာပဲ။”
“ဆက်ပြီး အင်အားသုံးတိုက်ခိုက်ရမယ် ဟုတ်လား။ အဲ့ဒါက လေဟာနယ်တံခါးကို ဖြတ်ပြီး မသေမျိုးတွေကို ဆက်တိုက်ရမယ်လို့ ဆိုလိုတာလား။”
“အဲ့ဒီသဘောပဲနေမှာပေါ့။ မင်းတို့ မဟာမိတ်အဖွဲ့ထဲမှာ မသေမျိုးတွေ ကျန်နေသေးလို့လား။”
“အဲ့ဒီလောက်အထိ လုပ်ဖို့ လိုလို့လား။ ရှေးစကားတောင် ရှိတယ်လေ ပိတ်မိနေတဲ့ ရန်သူကို အသေအလဲ မလိုက်နဲ့တဲ့။”
“ဟေး... မင်း ဒီစကားကိုရော မကြားဖူးဘူးလား။ ‘အင်အားရှိတုန်းမှာ အားနည်းနေတဲ့ ရန်သူကို အမြစ်ပြတ်အောင် လိုက်ရမယ်။ နာမည်ကျော်ဖို့ပဲ ကြည့်တဲ့ ရှန့်ယွီ လို လူစားမျိုး မဖြစ်စေနဲ့’ ဆိုတာလေ။”
“ငါကတော့ သူဌေးကို ထောက်ခံတယ်။ ဒီကမ္ဘာက မသေမျိုးမျိုးနွယ်စုကို တစ်ခါတည်း အပြတ်ရှင်းလိုက်တာ ပိုကောင်းတယ်။ ဘာပဲဖြစ်ဖြစ် အခု တိုက်ပွဲက ငါတို့ မဟာမိတ်အဖွဲ့တွေဘက်မှာ မဟုတ်တော့ဘူးလေ။ ဘာကို စိုးရိမ်နေကြတာလဲ။”
“ငါလည်း သဘောတူတယ်။ အခုချက်ချင်း ငါတို့ရဲ့စစ်တပ်ကို ပြင်ဆင်ပြီး လေဟာနယ်တံခါးကနေတစ်ဆင့် တိုက်ခိုက်ဖို့ အဆင်သင့်လုပ်ထားလိုက်တော့မယ်။”
အခြား အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့များ၏ တုံ့ပြန်မှုကို မြင်သောအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။
“လူတိုင်းပဲ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံရေးကို အထူးဂရုစိုက်ကြပါ။ အရာရာတိုင်းမှာ သတိထားပါ။ ကျုပ်တို့ ရှေ့တန်းကနေ မသေမျိုးတွေကို ဆက်ပြီး ဖိအားပေးနေမှာပါ။”
“သူဌေးက ရှေ့ကနေ တရစပ် ဖိအားပေးနေတော့ ကျုပ်တို့အတွက် ဝန်ထုပ်ဝန်ပိုးက အများကြီး လျော့သွားတာပေါ့။ ကောင်းပြီ... တိုက်ပွဲမီးလျှံတွေကို ရှေ့တန်းဆီ သယ်သွားဖို့ ပြင်ကြစို့။ ငါတို့ မဟာမိတ်အဖွဲ့တွေက ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပဲ ဖြစ်ရမယ်။”
“မှန်တယ်။ ဒီတစ်ခါသာ အပြတ်မရှင်းထားရင် သူတို့ နောက်တစ်ခေါက် ပြန်လာတဲ့အချိန် ငါတို့က ဒီကမ္ဘာကနေ မထွက်သွားရသေးရင် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မယ်။”
“ကျုပ်တို့ မဟာမိတ်အဖွဲ့ကတော့ လေဟာနယ်တံခါးရဲ့ ဟိုဘက်ခြမ်းကို စူးစမ်းနေပြီ။ အကယ်၍ ဘေးကင်းတယ်ဆိုရင် စစ်ကူတွေ ချက်ချင်း ပို့တော့မှာပါ။”
လူတိုင်း၏ တုံ့ပြန်မှုများကို ကြည့်ပြီး ရှောင်းယီက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
“ကလင်...လင်...လင်...”
လော့လင်တန်ထံမှ ဖုန်းဝင်လာသဖြင့် ရှောင်းယီ ချက်ချင်း ဖုန်းကိုင်လိုက်သည်။
“အရှင်... ကျုပ်တို့ စင်းနန် အင်ပါယာကို သိမ်းပိုက်နိုင်ခဲ့ပါပြီ။”
လော့လင်တန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
စင်းနန် အင်ပါယာ၏ အတိုင်းအတာမှာ ၎င်းတို့၏ ကောင်းကင်မိုးကြိုး မင်းဆက်နှင့် အဆင့်တူနီးပါးပင်။ စင်းနန် အင်ပါယာကို နှစ်ရက်၊ သုံးရက်အတွင်းမှာပင် သိမ်းပိုက်နိုင်လိမ့်မည်ဟု လော့လင်တန် တစ်ခါမှ မတွေးဖူးခဲ့ပေ။
သို့သော် ရှောင်းယီ ပေးအပ်ထားသော လက်နက်များနှင့် တိုက်လေယာဉ်များ၏ ပံ့ပိုးမှုကြောင့် ကောင်းကင်မိုးကြိုး မင်းဆက်၏ တပ်ဖွဲ့များသည် မည်သူမျှ မတားဆီးနိုင်သော အင်အားဖြင့် ချီတက်နိုင်ခဲ့ခြင်းဖြစ်သည်။
စင်းနန် အင်ပါယာ၏ ဧကရာဇ်သည် နန်းတော်အတွင်း၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ ယခုအခါ ပတ်ဝန်းကျင်ရှိ နိုင်ငံလေးနိုင်ငံလုံးမှာ ကောင်းကင်မိုးကြိုး မင်းဆက်၏ လက်အောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ဤကဲ့သို့သော ခမ်းနားထည်ဝါသည့် အခြေအနေမျိုးမှာ ကောင်းကင်မိုးကြိုး မင်းဆက်၏ အတိတ်က ဧကရာဇ်များ အမြဲတစေ လိုလားခဲ့သော်လည်း မအောင်မြင်ခဲ့သော အရာပင်ဖြစ်သည်။ ယခုအခါ လော့လင်တန်က လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ရာ သူ မည်သို့မျှ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
ရှောင်းယီက ခေါင်းညိတ်ပြီး မေးလိုက်သည်။
“စင်းနန် အင်ပါယာထဲမှာ မသေမျိုးမျိုးနွယ်စုရဲ့ ခြေရာလက်ရာတွေ တွေ့သေးလား။”
စင်းနန် အင်ပါယာ၏ အခြေအနေထက် ရှောင်းယီက ထိုနေရာရှိ မသေမျိုးများကို ပို၍ စိုးရိမ်နေခြင်းဖြစ်သည်။ အကြောင်းမှာ ယခင်က စင်းနန် အင်ပါယာမှ စေလွှတ်လိုက်သော တမန်မှာ ဂူးလ်တစ်ကောင် ဖြစ်နေသောကြောင့်ပင်။
လော့လင်တန်က ချက်ချင်း ပြန်ဖြေလာခဲ့သည်။
“အခုထိတော့ ဘာမှ မတွေ့ရသေးပါဘူး။”
“အခု ကောင်းကင်မိုးကြိုး မင်းဆက်က အင်ပါယာ လေးခုကို ပိုင်ဆိုင်ထားပြီဆိုတော့ လောလောဆယ် နယ်မြေထပ်မချဲ့နဲ့ဦး။ အရင်ဆုံး ကောင်းကင်မိုးကြိုး မင်းဆက်ရဲ့ နယ်မြေအားလုံးကို သေချာစစ်ဆေးပြီး မသေမျိုး ကိုးကွယ်တဲ့ ဘာသာတွေ လုံးဝမရှိစေဖို့ တားမြစ်ထားပါ။”
ရှောင်းယီက ဆက်လက် ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
လော့လင်တန်က တုံ့ပြန်ပြီးနောက် မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ကူတာ အင်ပါယာ နန်းတော်ထဲမှာရှိတဲ့ လေဟာနယ်တံခါးက မသေမျိုးတွေနဲ့ တိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာကို တိုက်ရိုက် ရောက်နိုင်တာလား။”
“အင်း... နယ်မြေစစ်ဆေးတာတွေ ပြီးသွားတာနဲ့ ခင်ဗျားတို့ရဲ့ စစ်တပ်တွေကို အဲ့ဒီလေဟာနယ်တံခါးကနေတစ်ဆင့် ရှေ့တန်းကို ပို့လိုက်ပါ။ ကျုပ်တို့ မသေမျိုးတွေနဲ့ အဆုံးအဖြတ် တိုက်ပွဲ တိုက်ကြမယ်။”
ရှောင်းယီက လေးနက်သော လေသံဖြင့် ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။ စစ်ဆေးတာတွေ လုပ်ဖို့ ကျုပ်ကို တစ်ရက် အချိန်ပေးပါ။ မနက်ဖြန် ဒီအချိန်လောက်မှာ စစ်တပ်တွေ လွှတ်ဖို့ စီစဉ်လိုက်ပါ့မယ်။”
လော့လင်တန်က ချက်ချင်း ပြောလိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင် ဒီလောက်ပဲ။”
ရှောင်းယီ ဖုန်းချလိုက်သည်။
လော့လင်တန်စည် သူ၏ဘေးတွင်ရှိနေသော လော့ရယ်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။
“ငါတို့ နယ်မြေအတွင်းက အင်ပါယာအားလုံးက ဘာသာရေးဆိုင်ရာ စစ်တမ်းကို အခုချက်ချင်းကောက်ယူလိုက်။ အကယ်၍ ပုံမှန်မဟုတ်တာ တစ်ခုခုတွေ့ရင် အရင်ဖမ်းဆီးထားပြီး နောက်မှ စစ်ဆေးမယ်။”