အခန်း (၁၁၂၅-၁၁၂၆)
Vol. 96 Ch. 1125-1126
အခန်း ၁၁၂၅- ကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ် ပုံစံခွက်နှင့် စစ်ကူ
“အဲ့ဒါက ကျွန်မ ရှင့်ရဲ့ဒဏ်ရာကို ကုသပေးတဲ့အချိန်မှာ ဒဏ်ရာထဲမှာရှိတဲ့ မသေမျိုးမျိုးနွယ်တွေရဲ့ အဆိပ်အတောက်တွေနဲ့ ဘက်တီးရီးယားတွေ အားလုံးကို အမြစ်ပြတ် သန့်စင်ပေးလိုက်လို့ပါ။ ဒါကြောင့် ရှင်ပြောတဲ့ အရင်ကလို ခံစားချက်မျိုး လုံးဝရှိမှာ မဟုတ်တော့ပါဘူး။”
နာ့နာက ဆက်လက်ရှင်းပြလိုက်သည်။ ဟူကျဲမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။ သူသည် ဘက်တီးရီးယားဆိုသည့် စကားလုံးကို တစ်ခါမှ မကြားဖူးသော်လည်း အဆိပ်အတောက်ဆိုသည်ကိုမူ နားလည်သည်။
“ငါတို့ရဲ့ အသွေးအသားထဲကို ကျူးကျော်ဝင်ရောက်သွားတဲ့ အဆိပ်တွေကိုတောင် ဖယ်ရှားပစ်နိုင်တာလား။”
ဟူကျဲက အံ့သြတကြီး မေးလိုက်သည်။
“ဒါပေါ့။ ဖယ်ရှားလို့မရဘူးဆိုရင် အဲ့ဒါက ရှင့်တို့ဆီက နည်းပညာက မတိုးတက်သေးလို့ပဲ။”
နာ့နာက ပြန်ဖြေလိုက်သည်။ ဟူကျဲမှာ အနည်းငယ် ရှက်ကိုးရှက်ကန့် ဖြစ်သွားရသည်။ စက်ပစ္စည်းတစ်ခု၏ အထင်သေးခြင်းကို ခံလိုက်ရသလို သူ ခံစားလိုက်ရသောကြောင့်ပင်။
ရှောင်းယီက ဘေးမှဝင်ပြောလိုက်သည်။
“နာ့နာ မင်းကလည်း စကားပြောတာ အဲ့လောက်အထိ တည့်တိုးကြီး မပြောနဲ့လေ။ နားလည်လား။”
“ဟုတ်ကဲ့ပါ။”
နာပနာက တုံ့ပြန်လိုက်သည်။
“ဟူကျဲ ကျုပ် တစ်ခုလောက် မေးပါရစေ။ ခင်ဗျား ဘာလို့ ဒီအရိုးနဂါးနောက်ကို ဒီအထိ လိုက်လာရတာလဲ။”
ရှောင်းယီက စုံစမ်းကြည့်လိုက်သည်။
ဟူကျဲသည် ယခုအခါတွင် အနည်းငယ် ရင်းနှီးပွင့်လင်းလာပြီဖြစ်၍ ပြန်ဖြေလိုက်သည်။
“ဒီအရိုးနဂါးက မူလက ငါတို့နဲ့ တိုက်ခိုက်နေတာ။ ဒါပေမဲ့ သူက ရုတ်တရက် စစ်မြေပြင်ကနေ ထွက်သွားပြီး ဒီဘက်ကို ဦးတည်လာခဲ့တာပဲ။ ငါတို့ခေါင်းဆောင်က တခြားအခြေအနေတွေ ဖြစ်လာမှာစိုးလို့ သူ့နောက်ကို လိုက်ကြည့်ဖို့ ငါ့ကို လွှတ်လိုက်တာ။”
ရှောင်းယီက ခေါင်းညိတ်ပြီး မေးလိုက်သည်။
“ခင်ဗျားတို့ရဲ့ ရှေ့တန်းစစ်မျက်နှာက အခြေအနေ တော်တော်လေး ဆိုးနေလား။”
“အရမ်းဆိုးတယ်။ အော်... ဟုတ်သားပဲ။ ငါ အခုချက်ချင်း ပြန်သွားရမယ်။”
ဟူကျဲက ချက်ချင်းပြောကာ မတ်တတ်ရပ်ပြီး ပြန်ပြေးရန် ပြင်လိုက်တော့သည်။
“ခဏလေး...ကျုပ်တို့ ခင်ဗျားတို့ရဲ့ ဖိအားတွေကို လျှော့ချပေးဖို့ ကူညီနိုင်မယ်လို့ ထင်တယ်။”
ရှောင်းယီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ဟူကျဲက လှည့်ကြည့်လိုက်၏။
“မင်းတို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးစည်းကို ခိုင်ခိုင်မာမာ ထိန်းထားနိုင်တာနဲ့တင် ငါတို့အတွက် ဖိအားတွေ အများကြီး လျော့သွားပါပြီ။”
ထိုသို့ပြောပြီးသည်နှင့် ဟူကျဲမှာ အဝေးသို့ ပြေးထွက်သွားတော့သည်။ ဟူကျဲ အဝေးသို့ ရောက်သွားသည်အထိ မြေကြီးတုန်ခါနေမှုကို ရှောင်းယီ ခံစားနေရပြီး သူဝေးသွားမှသာ တုန်ခါမှုမှာ ငြိမ်သက်သွားတော့သည်။
ထိုစဉ် ကျန်းယွင်ထျန်းက လျှောက်လာပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် သူ့ရဲ့ အပြေးနှုန်းနဲ့ ကြာချိန်ကို ကြည့်မယ်ဆိုရင် ဧရာမဘီလူးမျိုးနွယ်တွေရဲ့ စစ်မြေပြင်က ဒီကနေ ကီလိုမီတာ တစ်ထောင်ကျော်လောက် ဝေးမယ်ထင်တယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဧရာမဘီလူးမျိုးနွယ်တွေက တကယ် အစွမ်းထက်တာပဲ။ ဒီလောက် အဝေးကြီးအထိ ပြေးလာပြီးတာတောင် အရိုးနဂါးနဲ့ အပြင်းအထန် တိုက်ခိုက်နိုင်သေးတယ်။ ဒဏ်ရာရပြီးနောက်မှာလည်း သူတို့ရဲ့ ပြန်လည်နာလန်ထူနိုင်စွမ်းက တကယ့်ကို အံ့မခန်းပဲ။”
“ဟုတ်ပါတယ်။ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာမျိုးက နှစ်နာရီအတွင်း အကောင်းပကတိ ပြန်ဖြစ်နိုင်တယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပဲ။”
ကျန်းယွင်ထျန်းကလည်း မှတ်ချက်ပေးလိုက်သည်။
ထိုအချိန်တွင် အဝေးမှ ဂူးလ်များသည် အရိုးနဂါးမှာ မြေမှုန့်ဖြစ်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် နောက်သို့ ပို၍ ဆုတ်ခွာသွားကြတော့သည်။
ရှောင်းယီက ၎င်းတို့ကို တစ်ချက်ကြည့်လိုက်သည်။
“ငါတို့ ဧရာမဘီလူးမျိုးနွယ်တွေကို ကူညီဖို့ လိုအပ်နေပုံပဲ။ ငါတို့သာ ဧရာမဘီလူးတွေကို စစ်ကူပေးနိုင်ရင် ငါတို့ဘက်က အားသာချက် ပိုရလာလိမ့်မယ်။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမဲ့ ဒီလောက် အကွာအဝေးကြီးကို ကားမောင်းသွားမယ်ဆိုရင် အနည်းဆုံး ဆယ်နာရီလောက် ကြာလိမ့်မယ်။”
ရှောင်ယီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“အရင်ဆုံး ပြန်ကြရအောင်။ ပြီးမှ အသေးစိတ် ဆွေးနွေးကြတာပေါ့။”
ထို့နောက် အားလုံး စစ်ကားပေါ်တက်ကာ မြို့ရိုးနောက်ဘက်သို့ ပြန်မောင်းလာခဲ့ကြသည်။ ရှောင်းယီ အချိန်ကို ကြည့်လိုက်သောအခါ နံနက် ၃ နာရီ ၂၅ မိနစ် ရှိနေပြီဖြစ်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ဆုလာဘ်- ကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ် ပုံစံခွက် (SSS အဆင့်) ၁။”
“တကယ်ကို အိပ်ချင်နေတုန်း ခေါင်းအုံပေးလိုက်သလိုပဲ။”
ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ မြို့ရိုးထဲ ရောက်သောအခါ ရှောင်းယီသည် မှာစရာရှိသည်များကို မှာကြားပြီးနောက် ပြန်သွားခဲ့တော့သည်။
“ဧရာမဘီလူးကြီးတွေကို စစ်ကူပေးဖို့ ပြင်ဆင်ထားကြ။ အဓိကကတော့ တင့်ကားတပ်မပဲ။ လေယာဉ်ကွင်း တစ်ခုကိုပါ ပြင်ထားလိုက်။ ပြီးရင် ငါပြန်လာတာကို စောင့်နေ။”
ရှေ့တန်းတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိသော်လည်း အနီးအနားတွင် ကုန်ကြမ်းပစ္စည်းများ မရှိသဖြင့် ထုတ်လုပ်၍ မရပေ။ ထို့ကြောင့် သူကိုယ်တိုင် ပြန်သွားကာ ထုတ်လုပ်ပြီးမှသာ ပြန်လည် ကူးသန်းရောင်းဝယ်ရမည်ဖြစ်သည်။
ရှောင်းယီ၏ ညွှန်ကြားချက်ကို ကြားလိုက်ရသည်နှင့် ကျန်းယွင်ထျန်းမှာ ရှောင်းယီသည် တစ်ခုခု ကောင်းကောင်းရလာပြန်ပြီဖြစ်ကြောင်း ချက်ချင်း နားလည်သွားပြီး “ဟုတ်ကဲ့” ဟု ကျယ်လောင်စွာ တုံ့ပြန်လိုက်တော့သည်။
ရှောင်းယီ ထွက်ခွာသွားပြီးနောက် ကျန်းယွင်ထျန်းသည် ချက်ချင်းပင် တပ်ဖွဲ့ ဖွဲ့စည်းကာ နောက်ဘက်ရှိ မြေနေရာကို ညှိရန်နှင့် လေယာဉ်ကွင်းတစ်ခု တည်ဆောက်ရန် စတင်လုပ်ဆောင်တော့သည်။
အိပ်ခန်းထဲသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ် ပုံစံခွက် ကို အသုံးပြုလိုက်သည်။ ကုန်ကြမ်းပစ္စည်းအားလုံး အစုံအလင်ရှိနေသဖြင့် လေယာဉ်တစ်စင်းကို ချက်ချင်း ထုတ်လုပ်လိုက်တော့သည်။
ဤကဲ့သို့သော အကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ်မျိုးသည် သတ္တုပမာဏ အမြောက်အမြား လိုအပ်သောကြောင့် ရှောင်းယီက လောလောဆယ်တွင် တစ်စင်းသာ ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ယီရန်ပင်း မဟာမိတ်အဖွဲ့သည် လေယာဉ်ကွင်းများကို လွန်ခဲ့သောအချိန်ကတည်းက တည်ဆောက်ထားခဲ့ပြီးဖြစ်သည်။ အနှေးနှင့်အမြန် လေယာဉ်များ ပေါ်လာလိမ့်မည်ဆိုသည်ကို အသက်ရှင်ကျန်ရစ်သူ အားလုံးက သိထားကြလေသည်။ ယခုအခါ မဟာမိတ်အဖွဲ့တွင် လူအင်အား အလုံအလောက်ရှိနေသဖြင့် ကြိုတင်ပြင်ဆင်ထားမှုများမှာ အသုံးတည့်လာပြီဖြစ်သည်။
ထုတ်လုပ်ပြီးသော အကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ်ကို လေယာဉ်ကွင်းပေါ်သို့ တိုက်ရိုက် နေရာချလိုက်သည်။ ၎င်းမှာ အုတ်မြစ်ကျောက်ကျွန်း၏ အားသာချက်ပင် ဖြစ်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသရွေ့ မည်သည့်နေရာတွင် ရှိနေပါစေ ပစ္စည်းများကို တိုက်ရိုက်အသုံးပြုနိုင်ပြီး ထုတ်လုပ်ထားသော အရာများကိုလည်း ကျွန်း၏ မည်သည့်နေရာတွင်မဆို ချထားနိုင်ပေသည်။
လေယာဉ်ကွင်းမှာ တိုက်လေယာဉ်ကွင်း၏ ဘေးတွင်ရှိသည်။ အပြင်းအထန် လေ့ကျင့်နေကြသော ရှုံးတိနှင့် တခြားသူများသည် ဘေးရှိလေယာဉ်ကွင်း၌ ထူးထူးခြားခြား ကြီးမားလှသော လေယာဉ်ကြီးတစ်စင်း ရောက်ရှိနေသည်ကို ရုတ်တရက် တွေ့လိုက်ရတော့သည်။
“ဒါက ဘယ်လိုလေယာဉ်မျိုးလဲ။ ဒီလောက်ကြီးတာကြီးက ပျံလို့ရော ရပါ့မလား။”
“ဟုတ်ပါ့။ ငါတို့ရဲ့ စစ်ကားတွေတောင် အထဲကို မောင်းဝင်သွားလို့ ရမယ့်ပုံပဲ။”
“ဒီလေယာဉ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လိုရှိမလဲ မသိဘူး။”
“မေးနေစရာတောင် မလိုဘူး။ သူ့အရွယ်အစားကို ကြည့်တာနဲ့တင် တိုက်ခိုက်ရေးစွမ်းအားက အံ့မခန်းဖြစ်မှာ သေချာတယ်။”
သူတို့၏ အမြင်တွင် အရွယ်အစား ကြီးမားလေလေ တိုက်ခိုက်ရေးစွမ်းအား ပိုကောင်းလေလေဟု ထင်မှတ်နေကြသည်။
ထိုအချိန်တွင် ရှောင်းယီ ရောက်လာပြီး ရှုံးတိကို မြင်သောအခါ ချက်ချင်း ခေါ်လိုက်သည်။
“ဦးလေးအန်းဆီသွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု တောင်းခဲ့။ ပြီးရင် အဲ့ဒါကို ဒီသယ်ယူပို့ဆောင်ရေးလေယာဉ်ထဲကို ရွှေ့လိုက်။”
“ဟုတ်ကဲ့။”
ရှုံးတိက တုံ့ပြန်ပြီး ချက်ချင်း ပြေးထွက်သွားတော့သည်။
ဆယ်မိနစ်ခန့် ကြာသောအခါ ရှုံးတိသည် လူတစ်စုနှင့်အတူ လေယာဉ်ကွင်းသို့ ပြန်ရောက်လာခဲ့သည်။ သူတို့နောက်တွင် အသေးစားလှေတစ်စင်း တင်ထားသော ကားတစ်စီး ပါလာခဲ့လေသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို တစ်နှစ်လျှင် တစ်ကြိမ်သာ ရွှေ့ပြောင်းနိုင်သဖြင့် လောလောဆယ်တွင် ရှောင်းယီအနေဖြင့် လှေငယ်လေးကို ပြုပြင်ပြီး လေယာဉ်ပေါ်သို့ တင်ဆောင်ရန်သာ တတ်နိုင်ပေသည်။
“ဘာလို့ တစ်နှစ်မှ တစ်ခါပဲ ရွှေ့လို့ရတာလဲဆိုတာ တကယ်ကို နားမလည်နိုင်ဘူး။”
ရှောင်းယီက လူများ လှေငယ်ကို လေယာဉ်ပေါ်တင်နေသည်ကို ကြည့်ရင်း အားမလိုအားမရ ညည်းတွားလိုက်သည်။
ကမ္ဘာကြီး၏ စည်းမျဉ်းများကလည်း မတတ်နိုင်ပေ။ ယခင် အသက်ရှင်ကျန်ရစ်သူများ၏ စွမ်းဆောင်ရည်အရဆိုလျှင် ရှောင်းယီ၏ အဆင့်သို့ ရောက်ရှိရန် ဆယ်စုနှစ်တစ်ခု သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်သည်။ သို့သော် ရှောင်းယီမှာမူ ရက်ပေါင်း ၁၁၀ အတွင်းမှာပင် ဤနည်းပညာအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကမ္ဘာကြီး၏ စည်းမျဉ်းများသာ ရဲတိုင်၍ရမည်ဆိုလျှင် “ဟယ်လို ၁၁၀ လား... ဒီမှာ လူတစ်ယောက် ဂိမ်းထဲမှာ ချိစ် (Cheat) တွေ သုံးနေလို့ပါ” ဟုပင် တိုင်တန်းမိပေလိမ့်မည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ကိစ္စပြီးသွားသောအခါ ရှောင်းယီက ရှုံးတိကို ခေါ်လိုက်သည်။
“ရှုံးတီ ငါနဲ့ လိုက်ဖို့ လေယာဉ်မှူး နည်းနည်းလောက် ထပ်ခေါ်လိုက်ပါ။”
“ဟုတ်ကဲ့။”
ရှုံးတိက ထူးချွန်သော လေယာဉ်မှူး အချို့ကို ရွေးထုတ်ပြီး ရှောင်းယီနှင့်အတူ မြို့ပြန်ကျောက်ကို သုံးကာ ရှေ့တန်းသို့ ကူးပြောင်းလိုက်ကြသည်။
ဤအကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ်ကိုမူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရှေ့တန်းသို့ ပို့ပေးလိုက်ရုံသာ ဖြစ်သည်။ ရှောင်းယီ ရှေ့တန်းသို့ ပြန်ရောက်လာသောအခါ ကျန်းယွင်ထျန်းက လျှောက်လာပြီး မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ငါတို့ အဆင်သင့်ဖြစ်နေပြီ။ လေယာဉ်က ဘယ်မှာလဲ။”
“မကြာခင် ရောက်လာတော့မှာပါ။”
ရှောင်းယီက ပြန်ဖြေပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားကာ လေယာဉ်ကြီးကို လဲလှယ်လိုက်သည်။
ထူးထူးခြားခြား ကြီးမားလှသော သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးကို မြင်သောအခါ ကျန်းယွင်ထျန်းမှာ ခဏတာ မှင်သက်သွားခဲ့ပြီးသည့်နောက် စိတ်လှုပ်ရှားသွားတော့လေသည်။
“အံ့သြစရာပဲ ကျွန်းပိုင်ရှင်...ဒီလောက်ကြီးတဲ့ လေယာဉ်ကြီးကိုတောင် ရအောင် ယူနိုင်ခဲ့တာလား။”
ထိုအတောအတွင်း မျိုးနွယ်ခြားများသည် ထိုဧရာမ အရာကြီးကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေကြသည်။
“ဒါက ဘာကြီးလဲ။ ဘယ်လိုလုပ် ဒီလောက်တောင် ကြီးနေရတာလဲ။”
“ဟုတ်ပါ့...။ ဘီးတွေလည်း ပါတာကြည့်ရင် အရင်က တပ်သားသယ်တဲ့ ကားလိုမျိုးလားပဲ။”
“ဒါပေမဲ့ ဒီလောက်ကြီးနေတာကြီးက မြန်မြန်ပြေးနိုင်ပါ့မလား။ အခု ငါတို့က ပိုမြန်တဲ့ သယ်ယူပို့ဆောင်ရေးကို လိုအပ်နေတာလေ။”
“ဒါပေမဲ့ ဒီအပြင်လူတွေရဲ့ အရှင်သခင် ယူလာသမျှ အရာအားလုံးကတော့ သာမန်အတွေးနဲ့ တိုင်းတာလို့ မရဘူး။ စောင့်ကြည့်ကြတာပေါ့။”
အခန်း (၁၁၂၆) - လေယာဉ်ပေါ် ပထမဆုံးအကြိမ် ရောက်ရှိခြင်းနှင့် ဟူကျဲ ပြန်ရောက်လာခြင်း
တစ်ဖက်တွင် မျိုးနွယ်ခြားများ အပြင်းအထန် ဆွေးနွေးနေကြစဉ်၌ ရှောင်းယီနှင့် အခြားသူများမှာမူ အကြီးစား ကုန်တင်လေယာဉ်ကြီး ပေါ်သို့ တက်သွားကြပြီ ဖြစ်သည်။
“ကျွန်းပိုင်ရှင် ဝန်ထမ်းအားလုံးကို ခေါ်သွားရမှာလား။”
ကျန်းယွင်ထျန်းက လေယာဉ်ခန်းအတွင်းရှိ ကျယ်ပြောလှသော နေရာလွတ်ကြီးကို ကြည့်ရင်း မေးလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“အကုန်လုံးကို ခေါ်ခဲ့လိုက်ပါ။ ဒါပေမဲ့ ထိုင်ခုံတော့ မလောက်ဘူး။ လူတိုင်း ကြမ်းပြင်ပေါ်မှာပဲ ထိုင်ရလိမ့်မယ်။”
“ဒါက လုံးဝ ပြဿနာမဟုတ်ပါဘူး။”
ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီလေယာဉ်ခန်းက အရမ်းကြီးလွန်းတယ်။ ငါတို့ ကမ္ဘာဟောင်းက အကြီးဆုံး ကုန်တင်လေယာဉ်ထက်တောင် ပိုကြီးနေသေးတယ်။”
ရှောင်းယီက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“မင်း အရင်က အကြီးဆုံး ကုန်တင်လေယာဉ်ကို မြင်ဖူးလို့လား။”
“မြင်ဖူးတယ်။ အဲ့ဒါ An-225 ပဲ။ ငါ တစ်ခါ လေ့လာခွင့် ရခဲ့ဖူးတယ်။ အဲ့ဒီလေယာဉ်ကို ခရီးသည်တင်လေယာဉ်အဖြစ် ပြောင်းလိုက်ရင် လူနှစ်ထောင်လောက် ဆန့်ပြီး ကုန်စည်တင်ဆောင်နိုင်မှုက တန်ချိန် ၃၀၀ အထိ ရှိတယ်လို့ ပြောကြတယ်။ သူက ခရီးဝေး ပျံသန်းမှုမှာ စံချိန်တင်ထားတဲ့ ကောင်လေ။”
ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။ လူတိုင်း လေယာဉ်ပေါ် တက်ပြီးသည်နှင့် ခါးပတ်များ ပတ်ထားရန် ညွှန်ကြားကာ လေယာဉ်မောင်းခန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။
ဤကုန်တင်လေယာဉ်သည် လူရော ကုန်စည်ပါ တင်ဆောင်နိုင်သော်လည်း ပေါ့ပေါ့ပါးပါး ပျံသန်းနိုင်ရန်အတွက် လူများကိုသာ တင်ဆောင်လာခြင်းဖြစ်သည်။ အကြောင်းမှာ ကုန်ပစ္စည်းများကိုမူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အချိန်မရွေး လဲလှယ်သွယ်ယူနိုင်သောကြောင့်ပင်။
“လေယာဉ် မကြာခင် ပျံတက်ပါတော့မယ်။ ခရီးသည်များ ခါးပတ်ပတ်ထားခြင်း ရှိ၊ မရှိကို ထပ်မံစစ်ဆေးပေးကြပါ။”
လေယာဉ်ခန်းအတွင်းမှ ကြေညာသံ ထွက်ပေါ်လာခဲ့သည်။
တင့်ကားတပ်ဖွဲ့ဝင်များမှာ ပထမဆုံးအကြိမ် လေယာဉ်စီးဖူးခြင်းဖြစ်၍ အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ ကျန်းယွင်ထျန်း၏ အသံကို ကြားလိုက်ရသည်နှင့် သူတို့သည် ခါးပတ်များ လုံခြုံမှုရှိ၊ မရှိကို အလေးအနက်ထား၍ အလျင်အမြန် စစ်ဆေးလိုက်ကြလေသည်။
မကြာမီ ကုန်တင်လေယာဉ်ကြီးသည် ပြေးလမ်းပေါ်က စတင်ရွေ့လျားလာခဲ့သည်။ အပြင်ဘက်ရှိ မျိုးနွယ်ခြားများမှာလည်း ထိုဧရာမ အရာဝတ္ထုကြီးကို မမှိတ်မသုန် စိုက်ကြည့်နေကြသည်။
“ဒီအရာကြီးက တကယ်ပဲ ဧရာမဘီလူးမျိုးနွယ်စုတွေကို သွားကူညီနိုင်မှာ သေချာလို့လား။”
ထျန်းဝူက သံသယစိတ်ဖြင့် မေးလိုက်သည်။
“ကျုပ်လည်း မသေချာဘူး။ ဒါပေမဲ့ သူ့ရဲ့ အရွယ်အစားကတော့ လုံလောက်သလိုပဲ။”
ရွှမ်းချီက ပြန်ဖြေလိုက်သည်။
ဤအကြီးစား ကုန်တင်လေယာဉ်မှာ အလျား မီတာ ကိုးဆယ်နီးပါးရှိပြီး ထိုဧရာမဘီလူးကြီးများ သို့မဟုတ် အရိုးနဂါးများထက်ပင် ပိုမိုကြီးမားနေသေးသည်။
“ဒါပေမဲ့ ဒီအရှိန်နဲ့ဆိုရင် ဟိုကိုရောက်ဖို့ လပေါင်းများစွာ ကြာမှာပဲ။”
လေယာဉ်ကြီး အရှိန်အေးအေးဖြင့် ပြေးလမ်းပေါ် လိမ့်နေသည်ကို ကြည့်ကာ ထျန်းဝူက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“မဟုတ်ဘူး..ကြည့်စမ်း... သူ အရှိန်မြှင့်နေပြီ။”
ရွှမ်းချီက လေယာဉ်၏ အရှိန်မှာ စတင်မြင့်တက်လာသည်ကို သတိပြုမိသွားခဲ့သည်။
အရှိန်က ပိုပိုမြန်ဆန်လာရာ ထျန်းဝူမှာ အံ့အားသင့်လွန်း၍ မျက်လုံးများပင် ပြူးထွက်သွားခဲ့သည်။
“ဒီလောက်ကြီးတဲ့ အရာကြီးက ဘယ်လိုလုပ် ဒီလောက်မြန်မြန် သွားနိုင်ရတာလဲ။”
လေယာဉ်၏ အရှိန်သည် သူစီးဖူးသော ကား၏အရှိန်ထက်ပင် ချက်ချင်းသာလွန်သွားသည်ကို မြင်သောအခါ ထျန်းဝူတစ်ယောက် တုန်လှုပ်စွာ ပြောလိုက်မိသည်။
လေယာဉ်အတွင်း၌မူ တင့်ကားတပ်ဖွဲ့ဝင်များသည် ထိုင်ခုံနှင့် ကပ်ပါသွားသလို ခံစားနေရသည်။ သူတို့သည် ထိုင်ခုံလက်ကိုင်များကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားလိုက်ကြရသည်။
လေယာဉ်ပျံတက်မည့် အရှိန်သို့ ရောက်ရှိသွားသည်နှင့် ရှောင်းယီက ထိန်းချုပ်မောင်းတံကို ဆွဲတင်လိုက်သည်။ လေယာဉ်ဦးခေါင်း ဖြည်းညှင်းစွာ မြင့်တက်လာပြီးနောက် ဧရာမ လေယာဉ်ကိုယ်ထည်ကြီးမှာ ကောင်းကင်ယံသို့ စတင်ပျံတက်သွားတော့သည်။
အမှန်စင်စစ် ဤခရီးစဉ်၏ လေယာဉ်မှူးများမှာ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ ဖြစ်ကြသည်။ ကမ္ဘာ့စည်းမျဉ်းများနှင့် စနစ်၏ အကူအညီကြောင့် ရှောင်းယီအတွက် လေယာဉ်မောင်းနှင်ရန်မှာ လုံးဝ ပြဿနာမရှိပေ။
ကျန်းယွင်ထျန်းမှာမူ လေယာဉ်မောင်းတတ်ပြီးသားဖြစ်၍ အခြားလေယာဉ်မှူးများကို ရှင်းပြသင်ကြားပေးရန် လိုအပ်သည်။
ပထမဆုံးအကြိမ် ပျံသန်းဖူးသည့် လေယာဉ်ခန်းအတွင်းရှိ စစ်သည်တော်များမှာ နတ်ပြည်သို့ တက်လှမ်းနေရသကဲ့သို့ ခံစားနေရသည်။ သူတို့သည် လက်ကိုင်များကို မည်မျှအင်အားသုံး ဆုပ်ကိုင်ထားသနည်းဆိုလျှင် လက်ဖမိုးများပင် ဖြူဖျော့နေတော့သည်။
အပြင်ဘက်မှ ပျံတက်မှုကို ကြည့်နေကြသော မျိုးနွယ်ခြားများမှာမူ လုံးဝ ဆွံ့အသွားကြပြီဖြစ်သည်။ အကယ်၍ ၎င်းတို့ကိုယ်တိုင်သာ မမြင်ခဲ့ရပါက ဤမျှကြီးမားသော အရာဝတ္ထုကြီး ကောင်းကင်ပေါ်သို့ တိုက်ရိုက်ပျံတက်သွားနိုင်သည်ကို မည်သူက ယုံကြည်နိုင်ပါမည်နည်း။
မကြာမီ ကုန်တင်လေယာဉ်ကြီးသည် ဝေးကွာလှသော ကောင်းကင်ယံထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
တစ်စုံတစ်ယောက်က တံတွေးကို ဂလုခနဲ မြိုချလိုက်သည့်အသံကြောင့့် ဘေးမှကြည့်နေကြသူများမှာလည်း ကြောင်အမ်းအမ်းဖြစ်နေရာမှ သတိပြန်ဝင်လာကြတော့သည်။
“ငါ အခု ဘာကြီး မြင်လိုက်တာလဲ။ အဲ့ဒီအရာကြီးက တကယ်ပဲ ကောင်းကင်ပေါ် ပျံတက်သွားနိုင်တယ်လား။”
“မြန်လိုက်တာမှ လွန်ရော။ တစ်နာရီကို ကီလိုမီတာ တစ်ထောင်လောက်တောင် သွားနေသလားပဲ။”
“အနည်းဆုံး တစ်နာရီ ကီလိုမီတာ တစ်ထောင်တော့ ရှိမှာပဲ။ ဒီအရှိန်နဲ့ဆိုရင် ဒီကနေ ဟိုဘက်က ဟင်းလင်းပြင်အက်ကွဲကြောင်းဆီ ရောက်ဖို့ လေးနာရီလောက်ပဲ ကြာလိမ့်မယ်။”
“သေစမ်း... ဒီမျိုးဆက်ရဲ့ အပြင်လူတွေက ဒီလောက်တောင် အစွမ်းထက်တာလား။ အရင်က အပြင်လူတွေဆီမှာ ဒီလိုမျိုး ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။”
ရွှမ်းချီက စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပေးလိုက်သည်။
“ကျွန်းပိုင်ရှင်ကတော့ ငါတို့ကို အံ့သြစရာတွေ ဆက်တိုက်ပေးနေတော့တာပဲ။”
ထျန်းဝူကလည်း ခေါင်းညိတ်လိုက်သည်။
“ကျွန်းပိုင်ရှင်ရှောင်းကတော့ တကယ်ကို အားကိုးရလွန်းပါတယ်။”
သတ်မှတ်ထားသော အမြင့်ပေသို့ ရောက်ရှိသွားပြီးနောက် လေယာဉ်သည် တည်ငြိမ်စွာ စတင်ပျံသန်းတော့သည်။ ကျန်းယွင်ထျန်းက အသံချဲ့စက်ကို ထပ်ဖွင့်လိုက်ပြီး အကြောင်းကြားလိုက်သည်။
“လူတိုင်းပဲ အိမ်သာ အသုံးပြုနိုင်ပါပြီ။”
လေယာဉ်ခန်းအတွင်းရှိ စစ်သည်အချို့မှာ ချက်ချင်းပင် ထရပ်ကာ အိမ်သာများဆီသို့ ပြေးသွားကြတော့သည်။
အခြားစစ်သည်များမှာမူ ပြတင်းပေါက်များတွင် ကပ်၍ အပြင်ဘက်ကို ကြည့်နေကြသည်။ နံနက်ခင်း နေဝန်းနီကြီး ထွက်ပေါ်လာချိန်တွင် သူတို့အောက်၌ တိမ်တိုက်ဖြူဖြူလေးများက လွင့်မျောနေကြသည်။
“ငါတို့ တိမ်တွေရဲ့ အပေါ်ကို ရောက်နေတာပဲ။”
“အရမ်းလှတာပဲ။ မင်းရဲ့ လက်ကိုင်ဖုန်းနဲ့ မြန်မြန် ဓာတ်ပုံရိုက်ထားလိုက်စမ်းပါ။”
“ငါ ဖုန်းမယူလာမိဘူး။ နောက်ကျရင် ငါ့ကို ပုံပြန်ပို့ပေးဦးနော်။ သူများတွေကို ပြပြီး ကြွားရအောင်လို့။”
“ငါတို့ လေကြောင်းခံတပ်ပေါ်မှာတုန်းကတောင် ဒီလောက်အမြင့်အထိ မပျံဖူးဘူး။”
ရှောင်းယီက အဖွဲ့ကို ဦးဆောင်ပြီး ဧရာမဘီလူးကြီးများရှိရာသို့ ဦးတည်သွားနေစဉ် ဧရာမဘီလူးကြီး ဟူကျဲမှာမူ ဧရာမဘီလူးမျိုးနွယ်စုတို့၏ တိုက်ပွဲရှေ့တန်းစစ်မျက်နှာအနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခင်က မသေမျိုးမျိုးနွယ်စုသည် ကျားကို တောင်ပေါ်ကနေ မျှားထုတ်ခြင်း နည်းဗျူဟာကို သုံး၍ ဧရာမဘီလူးမျိုးနွယ်စုကို အင်အားခွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုအစား ခံစစ်စည်း၏ ဤအပိုင်းတွင် မသေမျိုးမျိုးနွယ်စုအတွက် ပို၍ အခက်တွေ့သွားစေခဲ့သည်။
ရွေးချယ်စရာမရှိတော့သဖြင့် မသေမျိုးမျိုးနွယ်စုသည် ယခင်က ခွဲထုတ်ထားသော အရိုးနဂါးများကို ပြန်လည်ခေါ်ယူလိုက်ရပြီး ဧရာမဘီလူးမျိုးနွယ်စုကို တစ်ဖန် ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။
ဧရာမဘီလူးခေါင်းဆောင်သည် ထိုအရိုးနဂါးနှစ်ကောင် ပြန်ရောက်လာသည်ကို မြင်သောအခါ မသေမျိုးမျိုးနွယ်စုသည် သူတို့၏အင်အားကို ဖြိုခွဲပြီးမှ ချေမှုန်းရန် ကြံစည်နေခြင်းဖြစ်ကြောင်း ပို၍ သေချာသွားတော့သည်။
“ခေါင်းဆောင် စောစောက သူတို့အကွက်ထဲ မဝင်သွားတာ ကံကောင်းတယ်။ မဟုတ်ရင် ငါတို့ တကယ် အန္တရာယ်ရှိသွားနိုင်တယ်။”
“ဟုတ်တယ်။ ခုနက ထွက်သွားတဲ့ အရိုးနဂါးနှစ်ကောင်လုံး ပြန်ရောက်လာကြပြီ။”
“ဒါပေမဲ့ အရင်ဆုံး ထွက်သွားတဲ့တစ်ကောင်တော့ ပြန်မလာသေးဘူး။ ဟူကျဲလည်း ပြန်မလာသေးဘူး။ တစ်ခုခုများ ဖြစ်သွားတာလား။”
အရိုးနဂါးများ၏ တိုက်ခိုက်မှုကို ခုခံနေရင်း ဧရာမဘီလူးခေါင်းဆောင်သည် ဟူကျဲသွားခဲ့သော ဘက်သို့ စိုးရိမ်တကြီး ကြည့်လိုက်မိသည်။
ဟူကျဲသည် ဧရာမဘီလူးလူငယ်မျိုးဆက်ထဲတွင် ထူးချွန်သူတစ်ဦး ဖြစ်သော်လည်း လူငယ်သာ ဖြစ်သေးသည်။ သူ၏ပြိုင်ဘက်မှာ တိုင်ရန်နိုဆောရပ်စ်မှ ဖြစ်တည်လာသော အရိုးနဂါးတစ်ကောင် ဖြစ်သည်။ အကယ်၍ တစ်ဖက်ကသာ ချုံခိုတိုက်ခိုက်ရန် စီစဉ်ထားပါက ဟူကျဲအတွက် အမှန်တကယ် အန္တရာယ်ရှိနိုင်ပေသည်။
“ဖျစ်....”
ခေါင်းဆောင် စိတ်အာရုံ အနည်းငယ် လွင့်သွားသည့် ခဏချင်းမှာပင် အရိုးနဂါးက အခွင့်အရေးကို အရယူကာ သူ၏လက်မောင်းကို ကုတ်ခြစ်လိုက်တော့သည်။
“ခေါင်းဆောင် သတိထား...။”
ဘေးနားရှိ ဧရာမဘီလူးများက အော်ဟစ်သတိပေးလိုက်ကြသော်လည်း သူတို့ ကိုယ်တိုင်မှာလည်း ပြိုင်ဘက်များနှင့် လုံးထွေးနေရသဖြင့် လာရောက်ကူညီရန် မဖြစ်နိုင်ပေ။ ဧရာမဘီလူးတိုင်းတွင် ကိုယ်စီပြိုင်ဘက်များ ရှိနေကြပြီး အချို့ဆိုလျှင် တစ်ယောက်တည်းနှင့် အများအပြားကို ရင်ဆိုင်နေရသည်။
ခေါင်းဆောင်သည် သူ၏စိတ်ကို ပြန်လည်စုစည်းကာ ရှေ့မှ အရိုးနဂါး သုံးကောင်ကို အာရုံစိုက် ရင်ဆိုင်လိုက်သည်။ သို့သော် ခန္ဓာကိုယ်မှ ဒဏ်ရာက တစ်စစ နာကျင်လာပြီး အရိုးနဂါးသုံးကောင်၏ ဖိအားပေးတိုက်ခိုက်မှုကို ခံနေရတော့သည်။
“ကျစ်...ကျစ်... ကျစ်”
အဝေးရှိ ဝတ်ရုံနက်ဝတ်ထားသူက ထိုမြင်ကွင်းကို ကြည့်ကာ လှောင်ရယ်လိုက်သည်။
ဤအတားအဆီးသာ ပွင့်သွားပါက မသေမျိုးမျိုးနွယ်စုအတွက် အောင်ပွဲမှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာမည် ဖြစ်သည်။
ထိုစဉ် အဝေးဆီမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“ခေါင်းဆောင်...ကျုပ် ကူညီဖို့ ပြန်လာပြီ။”
ထိုအသံကို ကြားလိုက်ရရာ ခေါင်းဆောင်မှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။
“ဟူကျဲပဲ...ဟူကျဲ ပြန်လာပြီ။”
ဘီလူးများက ဝမ်းသာအားရ ကြွေးကြော်လိုက်ကြပြီး သူတို့၏ တိုက်ခိုက်လိုစိတ်များမှာလည်း ပြင်းထန်စွာ မြင့်တက်လာတော့သည်။
လှောင်ရယ်နေသော ဝတ်ရုံနက်ဝတ်ထားသူမှာမူ ဟူကျဲ ပြန်ရောက်လာသည်ကို မြင်သောအခါ ဆွံ့အသွားတော့သည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ တိုင်ရန်နိုဆောရပ်စ် အရိုးနဂါးက ဒီဘီလူးကို ဘယ်လိုဖြစ်ပြီး ရှုံးသွားရတာလဲ။”
အဆိုးဆုံးအနေဖြင့် ရှုံးနိမ့်သွားလျှင်တောင် ဤမျှမြန်မြန်ဆန်ဆန် ဇာတ်သိမ်းသွားစရာ အကြောင်းမရှိပေ။
သွားရမည့်အကွာအဝေးနှင့် အချိန်ကို တွက်ချက်ကြည့်ပါက ဟူကျဲသည် ထိုနေရာတွင် ၁၀ မိနစ်ခန့်သာ အချိန်ဖြုန်းခဲ့ပုံရသည် မဟုတ်ပါလော။