အခန်း (၂၁၁-၂၁၂)
Vol. 16 Ch. 211-212
အပိုင်း(၂၁၁)
ကပ်ဆီးယပ်စ်သည် အခြားရွေးချယ်စရာမရှိသဖြင့် အီသန်၏ နောက်သို့ လိုက်ပါသွားခဲ့၏။ အဆင့်နိမ့် အရှင်သခင်သည် သူ၏ မိုင်တစ်ထောင် တိမ်တိုက် ကို သိမ်းပိုက်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ နောက်မှ လိုက်တက်မည်လော သို့မဟုတ် လိုဏ်ခေါင်းထဲတွင် ကျန်ရစ်ခဲ့မည်လော ဆိုသည်ကိုသာ ရွေးချယ်ရန်ရှိတော့သည်။
ကပ်ဆီးယပ်စ် တိမ်တိုက်ပေါ်သို့ ခြေချလိုက်သည်နှင့် အီသန်က စတင် ထွက်ခွာသွားခဲ့သည်။ သူသည် ထို မှော်ပစ္စည်းကို တောင်ကြားအပြင်ဘက်သို့ တည့်မတ်စွာ ပျံသန်းသွားစေခဲ့သည်။ မည်းနက်နေသော ကျောက်နံရံကြီးများသည် သူတို့၏ တစ်ဖက်တစ်ချက်စီတွင် တည်ရှိနေ၏။ သို့သော် အဆင့်နိမ့် အရှင်သခင် တစ်ယောက်၏ မာဒြာ တွန်းကန်အားကြောင့် သူတို့သည် စက္ကန့်ပိုင်းအတွင်း တောင်ထိပ်သို့ ရောက်ရှိသွားကြသည်။
ဤနေရာသည် အမှန်တကယ်အားဖြင့် ရှီရူး တောင်၏ ဒုတိယ အမြင့်ဆုံး တောင်ထိပ်ဖြစ်သည်။ ကျင်း ကလန် ၏ ပင်မ အဆောက်အအုံသည် အမြင့်ဆုံး တောင်ထိပ်တွင် နေရာယူထားသည်။ ထိုနေရာတွင် ခေါင်းဆောင် မိသားစုနှင့် သူတို့၏ လက်အောက်ခံများ နေထိုင်ကြသည်။ ကပ်ဆီးယပ်စ်သည် တစ်မိုင်ခန့် အကွာအဝေးရှိ အမြင့်တစ်နေရာမှ သူတို့၏ နန်းတော်များကို တစွန်းတစ မြင်တွေ့နေရသည်။
မြွေသင်္ချိုင်း မြို့တော်သည် သူတို့၏ အောက်ဘက် အဝေးတစ်နေရာတွင် ကျယ်ပြန့်စွာ တည်ရှိနေသည်။ ၎င်းသည် အဝါရောင် သဲကန္တာရထဲရှိ အရိုးပုံကြီး တစ်ခုနှင့် တူလှသည်။ အီသန်က အောက်ဘက်သို့ ပျံသန်း မသွားပါချေ။ ထိုအစား သူသည် ကလေးနှစ်ယောက် လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း နေထိုင်ရမည့် တောင်ကြားကို စီးမိုးကြည့်ရှုနိုင်ရန် တောင်ထိပ်ကို ပတ်၍ ပျံသန်းသွားခဲ့သည်။
ဤတောင်ထိပ်တွင် ဘုရားကျောင်းတစ်ခု ရှိသည်။ ၎င်းသည် မိုင်ပေါင်းများစွာ အကွာမှ မြင်နိုင်သော တောင်ထိပ်ပေါ်တွင် တည်ရှိနေခြင်းမျိုး မဟုတ်ပေ။ ကျောက်တုံးကြီးထဲ၌ ထွင်းထုတည်ဆောက်ထားခြင်း ဖြစ်သည်။
အနောက်ဘက်မှ ကြည့်လျှင်သာ အပေါ်သို့ တက်သွားသော လှေကားထစ်များ၊ အဝင်ဝ တစ်ဖက်တစ်ချက်စီရှိ မီးလင်းဖိုများနှင့် အတွင်းပိုင်း အရိပ်များဆီသို့ ဦးတည်နေသော ပြောင်လက်နေသည့် မုခ်ဦးကို မြင်တွေ့နိုင်မည် ဖြစ်သည်။ အခြား မည်သည့် ထောင့်မှ ကြည့်ကြည့် ဤနေရာကို မြင်တွေ့နိုင်မည် မဟုတ်ပေ။
ကပ်ဆီးယပ်စ်သည် နေရာတစ်ခုလုံးကို အာရီလီယပ် စွမ်းအင်ကွန်ရက်များ ဖြန့်ကျက်ကာ အံ့သြမှင်တက်စွာဖြင့် စစ်ဆေးကြည့်လိုက်သည်။ ဤနေရာသည် အောက်ဘက်ရှိ မဟူရာ မီးတောက် စမ်းသပ်မှုများနှင့် ဆက်စပ်နေပုံရသည်။ မိသားစု ခေါင်းဆောင်များသည် ထိုစမ်းသပ်မှုများ အကြောင်းကို အမြဲသိရှိခဲ့ကြသည်။ သို့သော်လည်း... ဤကဲ့သို့သော ဘုရားကျောင်းမျိုး တည်ရှိနေသည် ဆိုသည့် ကောလာဟလများကို ကပ်ဆီးယပ်စ် တစ်ခါမှ မကြားဖူးခဲ့ပေ။ အာရီလီယပ် မြေပေါ်တွင် မည်သို့များ လျှို့ဝှက်ချက်များ ရှိနေနိုင်မည်နည်း။
အီသန်သည် အပြာရင့်ရောင် တိမ်တိုက်ကို လှေကားထိပ်တွင် ဆင်းသက်စေခဲ့သည်။ ထို့နောက် စကားတစ်ခွန်းမှ မဆိုဘဲ ခုန်ဆင်းကာ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ကပ်ဆီးယပ်စ်သည် နေရာအနှံ့ကို စက္ကန့်အနည်းငယ်ကြာ ထပ်မံစစ်ဆေးပြီးနောက်မှ လိုက်ဝင်သွားခဲ့သည်။
ဘုရားကျောင်း အတွင်းရှိ အခန်းမှာ သေးငယ်ပြီး ဗလာဖြစ်လု နီးပါး ဖြစ်နေသည်။ ဖန်ဖြင့် ပြုလုပ်ထားသော တစ်ဖက်နံရံမှ အလင်းရောင်များ ဝင်ရောက်နေသည်။ ထိုဖန်သားပြင်သည် အောက်ဘက်သို့ အနည်းငယ် စောင်းနေသည်။ ထို့ကြောင့် လင်းတုန်း နှင့် ယီရင် တို့ထံသို့ အလင်းပြန်ခြင်းနှင့် ဤနေရာကို မြင်တွေ့စေခြင်းတို့ ဖြစ်ပေါ်စေမည် မဟုတ်ပေ။
ဖန်သားပြင်ပေါ်တွင် ဧရာမ အစီအရင် စက်ဝိုင်းကြီးတစ်ခုကို ရေးဆွဲထားသည်။ ၎င်း၏ အောက်တွင် ရွှေနှင့် ဆင်စွယ်တို့ဖြင့် ပြုလုပ်ထားသော ကျယ်ပြန့်သည့် စားပွဲတစ်လုံး ရှိနေသည်။ စားပွဲပေါ်တွင် သေးငယ်သော အစီအရင် များစွာ ဖုံးလွှမ်းနေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိန်းချုပ်ရေးစနစ် တစ်ခုခု ဖြစ်ရမည်ဟု ကပ်ဆီးယပ်စ် သိလိုက်သည်။ စျေးပေါသော ကျူကုလားထိုင် တစ်လုံးကိုလည်း တွေ့ရပြီး ၎င်းမှာ မကြာသေးမီကမှ ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။ ယင်းက စားပွဲတွင် တာဝန်ကျသူအတွက် ထိုင်စရာနေရာ တစ်ခုကို ဖန်တီးပေးထားသည်။
“ဒါက ဘာကြီးလဲ အီသန်...”
ကပ်ဆီးယပ်စ်က ရင်မောစွာဖြင့် မေးလိုက်၏။
အီသန်က သူ့ဘက်သို့ လှည့်လာသည်။ သူ အခန်း၏ အလယ်ဗဟိုတည့်တည့်တွင် ရပ်နေခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ကြောင်း ကပ်ဆီးယပ်စ် သိထားသည်။
“ဒီအခန်းနဲ့ ရင်းနှီးအောင် လုပ်ထားပါ၊ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်... အင်း၊ အချိန်အတော်ကြာတဲ့အထိ ဒါက မင်းရဲ့ တစ်ခုတည်းသော တာဝန်ဖြစ်လာမှာမို့လို့ပဲ...”
ကပ်ဆီးယပ်စ်သည် သူ၏ စိတ်ဝိညာဉ် အာရုံခံစားမှု အပါအဝင် ထောက်လှမ်းရေး စွမ်းအင်ကြိုးများကို ထိန်းချုပ်မှုများအပေါ် ဖြန့်ကျက်လိုက်သည်။
“ဒီစမ်းသပ်ကွင်းက သူ့ဘာသာ သီးခြား လည်ပတ်နေတာပဲ၊ ထိန်းချုပ်မှုတွေ မလိုအပ်ပါဘူး...”
“အင်ပါယာ ကလန်က သူတို့ရဲ့ တပည့်တွေကို လေ့ကျင့်ပေးဖို့ ဒီစမ်းသပ်ကွင်းကို သုံးတဲ့အချိန်တိုင်း ငါတို့ အဲဒီလိုပဲ အမြဲတမ်း ထင်ခဲ့ကြတာ... တကယ်တမ်းတော့ လုံးလုံးလျားလျား မမှန်ဘူး...”
အီသန်က သူ့ကိုယ်သူ အလွန် သဘောကျနေပုံရသည်။ ထို့ကြောင့် ကပ်ဆီးယပ်စ်သည် အောက်ဘက်တောင်ခြေမှ မရေမရာဖြစ်ပြီး အားနည်းနေသော အီသန်ကိုပင် လွမ်းဆွတ်သွားမိသည်။
“ဒါက...”
အီသန်က အခန်းတစ်ခုလုံးကို ရည်ညွှန်းရန် သူ၏ လက်များကို ဖြန့်ကားပြလိုက်သည်။
“ဒီနေရာက မဟူရာ မီးတောက် စမ်းသပ်မှုတွေရဲ့ ထိန်းချုပ်ရေးစင်တာပဲ၊ စမ်းသပ်ကွင်းတွေက သူ့အလိုလို လည်ပတ်နေလိမ့်မယ်၊ ဒါပေမယ့် သူတို့က အသေးစိတ်ကျတဲ့ ဒါမှမဟုတ် အဆင့်မြင့်တဲ့ လှုပ်ရှားမှုတွေကိုတော့ လုပ်ဆောင်မှာ မဟုတ်ဘူး၊ ကြီးကြပ်မှုနဲ့ လမ်းညွှန်မှုတွေ ရှိလာမယ်ဆိုရင်တော့ မဟူရာ မီးတောက် အကြီးအကဲတွေက သူတို့ရဲ့ မျိုးဆက်သစ်တွေကို အောက်ဘက် အဝေးတစ်နေရာမှာ တကယ်ကို စမ်းသပ်နိုင်မှာပဲ...”
“ကျွန်တော်က သူတို့ရဲ့ လေ့ကျင့်ရေးကို အာဏာပိုင်ခွင့် ရမှာလား...”
ကပ်ဆီးယပ်စ်က မေးလိုက်၏။
အကယ်၍ သူသာ ဆုံးဖြတ်ခွင့်ရှိပါက ကလေးနှစ်ယောက်စလုံး ဤနေရာတွင် ရှိနေမည် မဟုတ်ပေ။ စမ်းသပ်ကွင်းသည် ယီရင် တစ်ယောက်တည်းအတွက်ပင် အလွန် ခက်ခဲအဆင့်မြင့်လွန်းနေသည်။ ထို့အပြင် လင်းတုန်း ရှိနေခြင်းကလည်း သူမကို အနှောင့်အယှက် ဖြစ်စေရုံသာ ရှိမည်ဖြစ်သည်။
“မင်းက စမ်းသပ်ကွင်းကို ပုံမှန်ထက် နည်းနည်းပိုခက်အောင် လုပ်မလား ဒါမှမဟုတ် တကယ့်ကို ရက်ရက်စက်စက် လုပ်ပစ်မလားဆိုတာ ရွေးချယ်ချင်တဲ့ အာဏာကို လိုချင်တယ်ဆိုရင်တော့၊ ဟုတ်တယ်၊ အဲဒါက မင်းရဲ့ လုပ်ပိုင်ခွင့်ထဲမှာ အပြည့်အဝ ရှိတယ်...”
ကပ်ဆီးယပ်စ်က ထိန်းချုပ်ရေး စက်ဝိုင်းများကို ဆက်လက် စစ်ဆေးနေသည်။
“တကယ်လို့ ကျွန်တော်က စမ်းသပ်မှု အစိတ်အပိုင်းတချို့ကို ပိတ်ပစ်ချင်တယ် ဆိုရင်ရော...”
“ဝမ်းသာစရာကောင်းတာက အဲဒါကတော့ မင်းရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မပါဘူး၊ တချို့ မှော်ပစ္စည်း တွေကို ဘယ်အချိန်၊ ဘယ်လိုမျိုး မင်းရဲ့စွမ်းအင်တွေ ထောက်ပံ့ပေးမလဲ ဆိုတာကိုတော့ မင်းရွေးချယ်နိုင်တယ်၊ ဒါမှမဟုတ် ဘာမှမလုပ်ဘဲ နေဖို့ ရွေးချယ်မယ်ဆိုရင်လည်း စမ်းသပ်မှုတွေက သူတို့ရဲ့ ပုံမှန် အခက်အခဲအဆင့်အတိုင်းပဲ လည်ပတ်နေလိမ့်မယ်...”
အီသန်က အမူအရာ ပြုလုပ်ကာ မာဒြာ အနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ဖန်သားပြင်ရှိ အစီအရင် စက်ဝိုင်းက လင်းလက်သွားသည်။
ရုတ်တရက်ဆိုသလို ပြတင်းပေါက်၏ မြင်ကွင်းတွင် လင်းတုန်း က အသက်သွင်း သလင်းကျောက်ထံသို့ လှမ်းနေပြီး သူ့ ဘေးတွင် ယီရင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူတို့သည် အပြင်ဘက် ပေအနည်းငယ် အကွာတွင်သာ ရှိနေသကဲ့သို့ ပီပြင်လှသည်။
ကပ်ဆီးယပ်စ်သည် စိတ်ဝင်စားသွားကာ သူ၏ စွမ်းအင်ကြိုးမျှင် တစ်ခုကို ဖန်သားပြင်ထဲသို့ စေလွှတ်လိုက်သည်။
ရှာဖွေမှု စတင်ပြီးနောက် အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် ၎င်းကို တွေ့ရှိသွားသည်။ အဝေးမှ အရာဝတ္ထုများကို မြင်တွေ့နိုင်ရန် ရည်ရွယ်ထားသော အလင်းဓာတ် အမြုတေကြိုး တစ်ခု ဖြစ်သည်။ အစီအရင်က ၎င်းကို အသက်သွင်းပေးရုံသာ ဖြစ်ပြီး ပြတင်းပေါက်အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
သို့တိုင်အောင် ထိုအရာသည် ဝိညာဉ်ပန်းပဲ နှင့် အစီအရင် ပညာရပ်၏ မယုံနိုင်လောက်အောင် အံ့မခန်း လက်ရာတစ်ခု ဖြစ်နေဆဲပင်။ အီသန်က ၎င်းကို မည်သို့ ပြန်လည်ပြုပြင်ခဲ့သနည်း။ ဤမျှ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော တည်ဆောက်မှုမျိုးသည် ယခုအချိန်တွင် ပျက်စီးယိုယွင်းနေသင့်ပြီ ဖြစ်သည်။
အီသန်က ဖန်သားပြင်ကို ဖြတ်၍ ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်၏။
“ဒီကလေးတွေကို စမ်းသပ်ဖို့က မင်းအပေါ်မှာပဲ မူတည်နေတယ်၊ သူတို့ကို တွန်းအားပေးပါ၊ မီးထဲမှာထည့်ပြီး ထုဆစ်ပေးပါ၊ ဒါမှ သူတို့က ခိုင်မာတဲ့ သံမဏိတွေ ဖြစ်လာလိမ့်မယ်...”
ကပ်ဆီးယပ်စ်သည် ခါးကို မတ်လိုက်ပြီး အဆင့်နိမ့် အရှင်သခင် သူ့ဘက် လှည့်လာကာ သူနှင့် မျက်လုံးချင်း ဆုံမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
“ကိုယ့်မိသားစုကို ဖျက်ဆီးမယ့် အထဲမှာ ကျွန်တော် ပါဝင်မှာ မဟုတ်ဘူး၊ တကယ်လို့ ခင်ဗျားက သူတို့ကို အလွဲသုံးစားလုပ်ဖို့သက်သက် မွေးစားခဲ့တာဆိုရင် အခွဲခေါင်းဆောင်တွေဆီ သတင်းပို့ပြီး မြွေသင်္ချိုင်း ကနေ သူတို့ကို ဖယ်ရှားပစ်မယ်...”
အီသန်က ပြန်လည် မတုံ့ပြန်သဖြင့် ကပ်ဆီးယပ်စ်က ဆက်ပြောလိုက်သည်။
“နောက်ပြီး အာရီလီယပ် မိသားစုက ကျွန်တော် မရှိဘဲနဲ့ အဆင်ပြေမှာ မဟုတ်ဘူး၊ အခုလို အချိန်မျိုးမှာဆို ပိုဆိုးတယ်၊ ကျင်း ကလန် က ကျွန်တော်တို့ရဲ့ နယ်မြေတွေကို လွတ်လွတ်လပ်လပ် စိုးမိုးသွားလိမ့်မယ်...”
အီသန်က ကပ်ဆီးယပ်၏ ပခုံးပေါ်သို့ နှစ်သိမ့်ပေးဟန်ဖြင့် လက်တစ်ဖက်ကို တင်လိုက်သည်။
“ကျင်း ကလန် နဲ့ ပတ်သက်လို့တော့ ငါကိုယ်တိုင် သွားရှင်းလိုက်မယ်...”
ကပ်ဆီးယပ်စ် အသံထွက်၍ မပြောခဲ့သော်လည်း ထိုစကားက သူ့အတွက် တကယ်ကို နှစ်သိမ့်မှု ဖြစ်စေသည်။
“လောလောဆယ်တော့ မင်းနဲ့ငါ သဘောတူညီမှု တစ်ခု လုပ်ရအောင်၊ တကယ်လို့ မင်းက လင်းတုန်း နဲ့ ယီရင် ကို အရှုံးပေးသွားတဲ့အထိ ဖိအားပေးနိုင်မယ် ဆိုရင် သူတို့ကို စမ်းသပ်မှုတွေကနေ လွှတ်ပေးမယ်၊ ပြီးတော့ လင်းတုန်း ကိုလည်း ကျင်းလုံ အပေါ် ထားရှိတဲ့ ကတိကဝတ်ကနေ လွတ်မြောက်စေမယ်၊ အဲဒီလိုဆိုရင် မင်းလည်း အတိုတောင်းဆုံး အချိန်အတွင်းမှာ မင်းရဲ့ ပုံမှန်တာဝန်တွေဆီ ပြန်သွားခွင့်ရလိမ့်မယ်...”
အီသန်က သူ့ကို ပြုံးရွှင်စွာ ကြည့်လိုက်သည်။
“ဒါကြောင့် အသေချာဆုံးနဲ့ သနားကြင်နာမှု အရှိဆုံး လုပ်ရပ်က သူတို့ကို မင်းမှာရှိသမျှ အစွမ်းအစ အကုန်သုံးပြီး တိုက်ခိုက်ဖို့ပဲ...”
ကပ်ဆီးယပ်စ်၏ ဗိုက်ထဲတွင် တစ်စုံတစ်ခု ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူ ငြင်းခုံ၍ မရနိုင်ခဲ့ပေ။ လူငယ်များကို ကြမ်းတမ်းသော လောကကြီးအတွက် ကြိုတင်ပြင်ဆင်ပေးခြင်းနှင့် သူတို့ကို အလွဲသုံးစားပြုခြင်း ကြားတွင် သိမ်မွေ့သော စည်းမျဉ်းတစ်ခု ရှိနေသည်။ သို့သော် သူတို့ကို အလျင်အမြန် လက်နက်ချစေရန်မှာ သိပ်တော့ ခက်ခဲမည် မဟုတ်ပေ။ အနည်းဆုံးတော့ လင်းတုန်းက လွယ်ကူပေလိမ့်မည်။ သူတို့ လက်နက်ချသွားသည်နှင့် အီသန်က သူ့ ကတိကို တည်လိမ့်မည် ဖြစ်သည်။
အဆင့်နိမ့် အရှင်သခင်က ဆင်စွယ်စားပွဲကို ပုတ်လိုက်၏။
“အခုတော့ ငါတို့ ကံကောင်းနေပုံရတယ်၊ သူတို့က စမ်းသပ်ကွင်းကို ပထမဆုံးအကြိမ် စမ်းသပ်နေကြပြီ၊ ဒါတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ မင်းကို ငါ ပြပါရစေ...”
***
အပိုင်း(၂၁၂)
လင်းတုန်းသည် သူ၏ လက်ဝါးထဲရှိ သလင်းကျောက်လုံးကို ပင့်မြှောက်လိုက်သည်။ မဟူရာ မီးတောက် မာဒြာ များသည် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေသည်။ သလင်းကျောက်သည် မှောင်မည်းပြီး သွေးရောင်လွှမ်းသော အလင်းရောင်ဖြင့် တောက်ပသွားသည်။ မြေပြင်တစ်လျှောက်လုံးတွင် အစီအရင် များ လင်းလက်လာသည်။ ထိုအချိန်တွင်ပင် သူသည် ထူထပ်လှသော ကျောက်တိုင် တောအုပ်ကြီးကို မျက်နှာမူလိုက်သည်။
ဝှစ်... ဝှစ်...
အရိပ်များထဲတွင် မီးခိုးရင့်ရောင် ပုံသဏ္ဌာန်များ စတင် စုစည်းလာသည်။ ၎င်းသည် မမြင်ရသော အင်အားတစ်ခုက ကျောက်စရစ်ခဲများကို ဆွဲယူကာ ပိုကြီးမားသော ပုံသဏ္ဌာန်တစ်ခုအဖြစ် တဖြည်းဖြည်း တည်ဆောက်နေသည်နှင့် တူလှသည်။ ၎င်းတို့ ဖွဲ့စည်းလာသည်နှင့်အမျှ ပုံသဏ္ဌာန်များ ပိုမို ပီပြင်လာသည်။ နောက်ဆုံးတွင် ရှေးဟောင်း စစ်သည်တော်များ၏ ရုပ်တုများနှင့် တူလာသည်။ သူတို့သည် တောင့်တင်းခိုင်မာပြီး သံချပ်ကာများကို အထပ်ထပ် ဝတ်ဆင်ထားသည်။ ထို့အပြင် ထူထဲသော ဒိုင်းလွှားများနှင့် ဓားများ သို့မဟုတ် လှံများကို ကိုင်ဆောင်ထားကြသည်။
၎င်းတို့ထဲမှ သုံးခုမှာ ဖွဲ့စည်းမှု ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သို့သော် သူတို့၏ အနောက်ဘက် အမှောင်ထုထဲတွင် တစ်ဝက်တစ်ပျက် တည်ဆောက်ထားသော အခြား ပုံသဏ္ဌာန်များလည်း ရှိနေသေးသည်။
ယီရင်သည် သူမ၏ ဓားကို မြှောက်ကိုင်လိုက်သည်။
လင်းတုန်းသည် ကျောက်တိုင်များရှိရာသို့ ပြေးထွက်သွားသည်။
၎င်းတို့သည် မှော်ပစ္စည်း များ ဖြစ်စေ၊ မယုံနိုင်လောက်အောင် ခိုင်မာသော ဝိညာဉ်အကြွင်းအကျန် များ ဖြစ်စေ သူ၏ တာဝန်မှာ အတူတူပင် ဖြစ်သည်။ သလင်းကျောက်ကို ဆက်လက် အသက်ဝင်နေစေရန် မီးတောက် ခြုံလွှာ ကို သူ ဆက်လက် ထိန်းသိမ်းထားရမည် ဖြစ်သည်။ ထို့အပြင်... သူ၏ မဟူရာ မီးတောက် အမြုတေ မှာလည်း ထပ်မံ၍ ကုန်ခန်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သို့သော် ဤစစ်သည်တော်များသည် ဖွဲ့စည်းရန် အချိန်ယူနေကြသည်။ ထို့ကြောင့် သူသာ သူတို့ကို ကျော်ဖြတ်သွားမည်ဆိုလျှင် ဘာများ ဖြစ်လာမည်နည်း။
သူသည် ရှေ့ဆုံးတန်းရှိ စစ်သည်တော်များကို ခုန်ကျော်လိုက်သည်။ သူ၏ ခြေကျင်းဝတ်များနှင့် ခြေသလုံးကြွက်သားများတွင် နာကျင်မှုက စူးအောင့်သွားသည်။ သူ၏ ခုန်အားကြောင့် မျက်နှာနှင့် ကျောက်တိုင် တိုက်မိမတတ် ဖြစ်သွားရသည်။ သူသည် ကိုးရိုးကားယားဖြင့် ဒယိမ်းဒယိုင် ကျဆင်းသွားခဲ့သည်။ သို့သော် ဆက်၍ ပြေးနေခဲ့ပြီး တစ်ဝက်တစ်ပျက် ဖွဲ့စည်းထားသော စစ်သည်တော်နှင့် တိုးမိမည့် အချိန်တိုင်း ကျောက်တိုင်များကို ပတ်၍ ရှောင်တိမ်းခဲ့သည်။
သူ၏ အကြံအစည် အလုပ်ဖြစ်ခဲ့သည်။ အရှေ့ဘက်ရှိ စစ်သည်တော်များသည် အနောက်ဘက်ရှိ စစ်သည်တော်များထက် ပိုမို လျင်မြန်စွာ ဖွဲ့စည်းနိုင်ကြသည်။ ထို့ကြောင့် သူသည် စမ်းသပ်မှု ကို အပြေးကျော်ဖြတ်နိုင်ခဲ့သည်။
မီးတောက် ခြုံလွှာ ၏ စွမ်းအင်မြှင့်တင်မှု ပါဝင်နေသော်လည်း ကျောက်တိုင်များ၏ အဆုံးသို့ ရောက်ရန် အသက်ငါးကြိမ် ခြောက်ကြိမ်ခန့် ဖြည်းညင်းစွာ ရှူသွင်းလိုက်ရသည်။ သူ ၎င်းတို့ကို ကျော်ဖြတ်သွားသောအခါ ကျောက်တိုင်များသည် ရုတ်တရက် ပျောက်ကွယ်သွားကြသည်။ သူသည် နေရောင်ခြည်အောက်တွင် တစ်ဖန် ပြန်လည် ရပ်တန့်သွားရသည်။
နောက်ထပ် မုခ်ဦးတစ်ခုက သူ၏ရှေ့တွင် ပေါ်လာသည်။ ၎င်းသည် မူလ အဝင်ဝနှင့် အသွင်တူနေသော်လည်း ကွဲလွဲချက် နှစ်ခု ရှိနေသည်။
ပထမအချက်မှာ ကြားရှိ လေထုသည် ကြည်လင်မနေခြင်း ဖြစ်သည်။ ၎င်းသည် မှိုင်းတိုက်နေပြီး အခိုးအငွေ့များ ထနေသည်။ ထို့ကြောင့် အခြားတစ်ဖက်တွင် မည်သည့်အရာ စောင့်ကြိုနေသည်ကို သူ မမြင်နိုင်ပေ။ ဒုတိယအချက်မှာ တိုင်ပေါ်ရှိ ဆေးရောင်ဖြင့် ရေးသားထားသော စာသားဖြစ်သည်။ ‘စမ်းသပ်မှု တစ်’ အစား ‘စမ်းသပ်မှု နှစ်’ ဟု ရေးသားထားသည်။
မုခ်ဦး၏ အလယ်ဗဟိုရှိ မီးခိုးရောင် နယ်မြေကို စဉ်းစားလိုက်ချိန်တွင် သတိပေးချက် တစ်ခုက သူ၏ ဝိညာဉ် ကို တုန်လှုပ်သွားစေသည်။ ၎င်းကို သူ၏ အသစ်ရရှိထားသော ကျောက်စိမ်းအဆင့် အာရုံများမှ အချက်ပြမှုတစ်ခုအဖြစ် သူ မှတ်ယူလိုက်သည်။ သူသည် အရှိန်လျှော့လိုက်ပြီး မီးခိုးငွေ့များကို ပိုမို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ ၎င်းသည် သူ၏ နံရိုးအိမ် တစ်လျှောက် ကြက်သီးထသွားစေသော သိပ်သည်းလှသည့် အော်ရာ ဖြစ်နေသည်။
၎င်းသည် မည်သည့် အော်ရာ အမျိုးအစားဖြစ်သည်ကို သူ မသိပေ။ သို့သော် သူ သေချာပေါက် သိထားသည်မှာ ၎င်းကို သူ သွားရောက် ထိတွေ့မည် မဟုတ်ကြောင်းပင် ဖြစ်သည်။
လင်းတုန်းသည် သဲကြမ်းများ ပါဝင်သော မြေဆီလွှာ လက်တစ်ဆုပ်စာကို ကော်ယူလိုက်သည်။ ထို့နောက် မုခ်ဦး ကြားရှိ အတားအဆီးဆီသို့ ပစ်ပေါက်လိုက်သည်။ မြေဆီလွှာများသည် တစီစီမြည်သွားပြီး ပျောက်ကွယ်သွားသည်။
“သွားစမ်း...”
ယီရင်၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် သူ အနောက်သို့ လှည့်ကြည့်လိုက်သည်။ သတ္တုနှင့် ကျောက်တုံး ရိုက်ခတ်သံများကိုလည်း ကြားလိုက်ရသည်။ ထို့အပြင် ကျောက်ချပ်ပြားများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်သွားသကဲ့သို့ ဟိန်းဟောက်သံကြီး တစ်ခုကိုပါ ကြားလိုက်ရသည်။
မီးခိုးရောင် မာဒြာ များသည် မုခ်ဦး၏ အရှေ့တွင် စတင် စုဝေးလာသည်။ အကယ်၍ အခြားအရာများ၏ အမြုတေ များသည် ကျောက်စရစ်ခဲလေးများသာ ဖြစ်ခဲ့လျှင် ဤအရာမှာ ဧရာမ ကျောက်ဆောင်ကြီး တစ်ခု ဖြစ်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းသည် ချိုပါသော သံခမောက်ကို ဆောင်းထားသည့် မိုးထိမတတ် မြင့်မားသော ကျောက်သား ဘီလူးကြီး တစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။ ထိုဘီလူးကြီးသည် လက်တစ်ဖက်စီတွင် ခက်ရင်းခွ သုံးခွ တစ်ချောင်းစီကို ကိုင်ဆောင်ထားသည်။
၎င်းသည် မြေကြီးပေါ်တွင် ခြေကို ခိုင်မြဲစွာ ချကာ ရပ်ထား၏။ ၎င်း၏ အနောက်ဘက်ရှိ မုခ်ဦးအတွင်းမှ အော်ရာ အတားအဆီးမှာ တဖျပ်ဖျပ် လင်းလက်သွားပြီး ပျောက်ကွယ်သွားသည်။
လင်းတုန်းသည် သူ၏ ကျန်ရှိနေသော မာဒြာ ကို လက်သည်းခွံ အရွယ်အစားမျှသာ ထိန်းချုပ်ထားနိုင်တော့သည်။ သူ၏ လက်ထဲရှိ သလင်းကျောက်မှာလည်း စတင် မှေးမှိန်လာသည်။ သို့သော်ငြားလည်း ဘီလူးကြီးက သူ၏ ခက်ရင်းခွဖြင့် သူ့ကို တိုက်ခိုက်လာသောအခါ သူ တစ်ခုခုတော့ လုပ်ရမည် ဖြစ်သည်။
မဟူရာ မီးတောက် မာဒြာ အမြစ်များသည် သူ၏ စွမ်းအင်လမ်းကြောင်းများ တစ်လျှောက် လျှောဆင်းသွားသည်။ ထို့နောက် ၎င်းတို့အားလုံး ပေါက်ကွဲထွက်သွားပြီး လောင်ကျွမ်းနေသော အပူအင်အား တစ်ခုကို အသက်သွင်းလိုက်သည်။ မီးတောက် ခြုံလွှာ သည် ပိုမို မြင့်မားစွာ တောက်ပလာသည်။ သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ လေထုသည် အမည်းရောင်နှင့် အနီရောင်များ ရောယှက်ကာ တကျွတ်ကျွတ် မြည်နေသည်။ သူသည် လက်သီး၏ ကျောဘက်ဖြင့် ခက်ရင်းခွကို ရိုက်ချလိုက်သည်။
ဘုန်း...
တွန်းကန်ခံလိုက်ရသော ခက်ရင်းခွသည် မြေပြင်တွင် ဆယ်ပေခန့် နက်သော မြောင်းတစ်မြောင်းကို တူးဆွသွားသည်။ အမည်းရောင် မြေစာများကို နေရာအနှံ့ ပက်ဖြန်းသွားစေသည်။ သို့သော် ထိုရိုက်ခတ်မှုကို သူ သိပ်မခံစားလိုက်ရပေ။ သူ၏ လက်မောင်းကို အလွန် လျင်မြန်စွာ လှုပ်ရှားလိုက်ရသဖြင့် တံတောင်ဆစ်နှင့် လက်ကောက်ဝတ်တို့တွင် ဖြစ်ပေါ်လာသော ဒဏ်ကပင် လက်နက်ကို အနည်းငယ် ပုတ်ထုတ်လိုက်ရခြင်းထက် များစွာ ပို၍ နာကျင်စေသည်။
‘ဒါပဲလေ...’
လင်းတုန်း သဘောကျ နှစ်ခြိုက်သွားသည်။ ၎င်းမှာ သူ၏ သံမဏိအဆင့် ခန္ဓာကိုယ် ဖြင့်သာ ခံနိုင်ရည်ရှိမည့် အလွန် ကြီးမားလှသော စွမ်းအားတစ်ခုပင် ဖြစ်သည်။ သူ၏ တံတောင်ဆစ်မှာ စုတ်ပြဲသွားသကဲ့သို့ နာကျင်မှုဖြင့် ပူလောင်နေသည်။ သို့သော် ၎င်းမှာ ပြန်လည် သက်သာလာနေပြီ ဖြစ်သည်။
သို့သော်... ခန္ဓာကိုယ် စွမ်းအားအတွက် သူ ဝမ်းသာအားရ မဖြစ်နိုင်သေးပေ။ သူ့တွင် အောင်မြင်ရမည့် စမ်းသပ်မှု တစ်ခု ရှိနေသည်။ အတားအဆီး ပွင့်သွားပြီ ဖြစ်ရာ စမ်းသပ်မှု ကို သူ အဆုံးသတ်နိုင်ပြီ ဆိုသည့် သဘောပင် ဖြစ်သည်။
ထို့နောက် ရှေ့သို့ သွားရန် မြေကြီးကို ကန်လိုက်ချိန်တွင် သူ၏ မဟူရာ မီးတောက် အမြုတေ သည် ရုတ်တရက် ငြိမ်းသတ်သွားသည်။
သူ၏ လက်ထဲရှိ သလင်းကျောက်လုံးမှာ မှောင်မည်းသွားသည်။ အော်ရာ အတားအဆီးသည် မုခ်ဦးအတွင်း၌ တစ်ဖန် ပြန်လည် လင်းလက်လာသည်။ သူ၏ ခြေထောက်များ ခွေယိုင်သွားသည်။ သို့သော် မြေကြီးပေါ်သို့ မလဲကျမီ သူ၏ သန့်စင်သော အမြုတေမှ မာဒြာ ကို ပြောင်းလဲ ဆွဲယူလိုက်သည်။
ဧရာမ စစ်သည်တော်ကြီးမှာလည်း ပျော်ဝင်သွားသည်။ မီးခိုးရောင် မာဒြာ သည် အနှစ်သာရအဖြစ် မှေးမှိန်သွားပြီး လွင့်စဉ်သွားသည်။ လေထဲတွင် တစ်ဝက်တစ်ပျက် မြင်ရသော မီးပွားများအဖြစ် လွင့်ပါးသွားခြင်း ဖြစ်သည်။
“တောင်...”
တစ်နေရာရာမှ ကြေးမောင်းခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် တောင်ကြားတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ၎င်းမှာ အရှုံးကို ဆိုလိုခြင်းဖြစ်မည်ဟု လင်းတုန်း ယူဆလိုက်ရသည်။
ပထမအကြိမ် ကြိုးစားမှုတွင် မအောင်မြင်ခဲ့သည့်အတွက် လင်းတုန်း ခေတ္တမျှ နောင်တရနေမိသည်။ သို့သော် မဟူရာ မီးတောက် ပြသပေးခဲ့သည့် အလားအလာသည် စိတ်ပျက်မှု အားလုံးကို လောင်ကျွမ်းဖယ်ရှားပေးလိုက်သော နေမင်းကြီးနှင့် တူလှသည်။ သူသည် ကျောက်တိုင်များဆီသို့ ပြန်လှည့်လာခဲ့သည်။ လေချွန်ရင်း လက်တစ်ဖက်ဖြင့် သလင်းကျောက်လုံးကို အပေါ်သို့ ပစ်မြှောက်၍ ဖမ်းနေခဲ့သည်။
မီးတောက် ခြုံလွှာ ကို တိုးတက်စေရန် လိုအပ်သမျှအရာအားလုံးကို သူ စတင် စာရင်းပြုစုနေပြီ ဖြစ်သည်။ ၎င်းသည် ပေါက်ကွဲထွက်တတ်သော လှုပ်ရှားမှုများအတွက် ကောင်းမွန်သည်။ လက်သီးထိုးခြင်း၊ ခုန်ခြင်း၊ ကန်ခြင်း ကဲ့သို့ ရုတ်တရက် အားအင်ပေါက်ကွဲမှုက မည်သည့် အရာအတွက်မဆို ကောင်းမွန်လှသည်။ သို့သော် တည်ငြိမ်သော ခွန်အားအတွက်၊ အလေးအပင် မရန် သို့မဟုတ် သယ်ဆောင်ရန် သို့မဟုတ် အကွာအဝေးရှည် ပြေးရန်အတွက်မူ အခြား နည်းစနစ် တစ်ခုကို သူ လိုအပ်မည် ဖြစ်သည်။
မီးတောက် ခြုံလွှာ ကို အကောင်းဆုံး အသုံးချနိုင်ရန်အတွက် သူ၏ မဟူရာ မီးတောက် မာဒြာ အခြေခံကို သန့်စင်ပေးမည့် ဆေးလုံးများကို သူ အလိုရှိသည်။ သို့မှသာ နည်းစနစ်ကို ပိုမိုလွယ်ကူစွာ အသက်သွင်းနိုင်မည် ဖြစ်သည်။ ၎င်းကို ပိုမိုကြာရှည်စွာ အသက်ဝင်နေစေရန် လေ့ကျင့်နိုင်မည် ဖြစ်သည်။ ထို့အပြင် တိကျသော မေးခွန်းများကို ဖြေဆိုနိုင်ရန် လေ့ကျင့်မှုများလည်း ပြုလုပ်နိုင်မည် ဖြစ်သည်။ သူ ဘယ်လောက် မြန်မြန် လှုပ်ရှားနိုင်မည်နည်း။ သူ၏ ခန္ဓာကိုယ်က ဘယ်လောက်အထိ ဒဏ်ခံနိုင်မည်နည်း။ နည်းစနစ်ကို တစ်ကြိမ်လျှင် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုတည်းမှတဆင့်သာ စီးဆင်းစေနိုင်မည်လော။
၎င်းသည် ယီရင် နှင့် ရင်ပေါင်တန်းနိုင်ရန် သူ အတိအကျ လိုအပ်နေသော လက်နက် ဖြစ်နိုင်သည်။ သူ ၎င်းကို ကျွမ်းကျင်ပိုင်နိုင်ရန်သာ လိုအပ်သည်။
ထိုသို့ တွေးလိုက်မိသည်နှင့် တပြိုင်နက် တိုက်ပွဲတစ်ခုကို သူ ဆက်လက် ကြားနေရဆဲဖြစ်ကြောင်းလည်း သတိပြုမိလိုက်သည်။ အော်ဟစ်သံများ၊ သတ္တုပေါ်သို့ ကျောက်တုံးများ ကျဆင်းသံများနှင့် ပြင်းထန်သော ရိုက်ခတ်သံများပင်...။
လင်းတုန်းသည် သူ၏ ခြေလှမ်းများကို အရှိန်တင်လိုက်သည်။ သူသည် ကျောက်တိုင်များကြားတွင် ခပ်ရွရွ ပြေးသွားလေသည်။ အနောက်ဘက်တန်းရှိ ကျောက်သားစစ်သည်တော်များသည် စတင်၍ ပျော်ဝင်ပျောက်ကွယ်နေကြပြီ ဖြစ်သည်။ ၎င်းတို့က သူ့ကို လျစ်လျူရှုထားကြသည်။ သို့သော် ယီရင် နှင့် နီးကပ်စွာ ရှိနေသော စစ်သည်တော်များမှာမူ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ သူမသည် တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
ထိုအခါ သူမကို သူ မြင်တွေ့လိုက်ရသည်။
အထွတ်အမြတ် တောင်ကြားတွင် ဆရာဖြစ်သူ၏ ဝိညာဉ်အကြွင်းအကျန် ကို သူမ တိုက်ခိုက်စဉ်က သူသည် ကြေးအဆင့် သို့ပင် မရောက်ရှိသေးပေ။ ထိုတိုက်ပွဲကို အမှန်တကယ် နားလည်ခံစားနိုင်ရန် သူ၏ အာရုံခံနိုင်စွမ်းများက အားနည်းလွန်းနေခဲ့သည်။
ယခုမူ သူသည် အံ့သြမှင်တက်စွာ ကြည့်ရှုနေမိသည်။ ထိုသို့ကြည့်ရှုနေစဉ် ပတ်ဝန်းကျင် အခြေအနေကိုပင် မေ့လျော့သွားခဲ့တော့သည်။
**