← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 16 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 16 Ch. 213-214

အပိုင်း(၂၁၃)

ယီရင်သည် စစ်တပ်ကြီး တစ်ခုလုံးကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ စစ်သည်တော် နှစ်ဦးက သူမထံသို့ ဓားများဖြင့် မျက်စိတစ်မှိတ်အတွင်း ခုတ်ပိုင်းတိုက်ခိုက်လာသည်။ အခြားတစ်ဦးကလည်း ခုန်ပျံတိုက်ခိုက်လာသည်။ ထို့အပြင် နောက်ထပ် နှစ်ဦးက လက်တစ်ဖက်တွင် ဒိုင်းလွှားများကို ကိုင်ဆောင်ကာ အခြားတစ်ဖက်ရှိ လှံများဖြင့် သူမထံသို့ ထိုးသွင်းတိုက်ခိုက်လာကြသည်။ အဝေးရှိ စစ်သည်တော်များထံမှလည်း လှံတိုများသည် သူမထံသို့ မိုးရွာချသကဲ့သို့ ကျဆင်းလာသည်။ သူမ၏ အောက်ဘက် မြေကြီးထဲမှလည်း ကျောက်သားလက်တံများ ထွက်ပေါ်လာကာ သူမ၏ ခြေကျင်းဝတ်များကို လှမ်းဆွဲကြသည်။

ထိုအရာအားလုံးသည် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

သို့သော်... ယီရင်သည် ထိုတိုက်ခိုက်မှု အားလုံးကို ပြန်လည် တွန်းလှန်နိုင်ခဲ့သည်။

မမြင်ရသော ဓားသွားများသည် သူမ၏ ခြေထောက်နားရှိ ကျောက်သားလက်တံများကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်လိုက်ကာ မြေကြီးကိုပင် ဖွာလန်ကြဲသွားစေသည်။ သူမ၏ ရွှေအဆင့်သင်္ကေတ သည် ဓားတစ်လက်ကို ကာကွယ်တားဆီးလိုက်သည်။ သူမ၏ အားလပ်နေသော လက်တစ်ဖက်က အခြားဓားတစ်လက်ကို ရင်ဆိုင်လိုက်သည်။ ထို့နောက် သူမ၏ ဓားသည် အပေါ်မှ ပြုတ်ကျလာသော စစ်သည်တော်ကို ထိုးဖောက်သွားသည်။ ၎င်းကို ကျောက်သားတူတစ်လက်သဖွယ် အသုံးပြုကာ အခြားအပေါင်းအပါ တစ်ဦး၏ ခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။ သူမ တိုက်ခိုက်သူ နည်းစနစ်အား အသုံးပြုသည်ကို သူ လုံးဝ မမြင်တွေ့ခဲ့ရပေ။ သို့သော် ငွေရောင် ဓားအလင်းတန်းများသည် လေထဲရှိ လှံတိုများကို ရိုက်ချပစ်လိုက်သည်။ သူမ၏ ခြေကန်ချက် နှစ်ချက်သည် ရန်သူနှစ်ဦး၏ ဒိုင်းလွှားများကို ထိမှန်သွားသည်။ ၎င်းတို့ကို လေထဲသို့ လွင့်စဉ်သွားစေပြီး ကျောက်တိုင်များပေါ်တွင် ရိုက်ခတ် ပျက်စီးသွားစေသည်။

လင်းတုန်း အားကျစိတ်ဖြင့် ကြည့်နေမိသည်။ သူ ဤကဲ့သို့ တိုက်ခိုက်နိုင်ရန် အချိန်မည်မျှ ကြာဦးမည်နည်း။

ဘုန်း...

ရုတ်တရက်... သူ မမြင်လိုက်ရသော တိုက်ခိုက်မှုတစ်ခုက သူ၏ ဦးခေါင်းကို နောက်မှ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ နာကျင်မှုနှင့်အတူ အဖြူရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ သံမဏိအဆင့် ခန္ဓာကိုယ် သည် စွမ်းအင်များကို စုပ်ယူလိုက်သည်။ သူသည် ချက်ချင်းပင် လှိမ့်ကာ မတ်တတ်ရပ်လိုက်ပြီး အိတ်ကပ်ထဲမှ ငွေတစ်ဝက် ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။

မီးခိုးရောင် စစ်သည်တော်သည် အနီးရှိ ကျောက်တိုင်နောက်သို့ ဝင်ရောက်သွားသော်လည်း ၎င်း၏ တည်ရှိနေမှုကို သူ ခံစားသိရှိနိုင်ပေသည်။ ၎င်း၏ တိုက်ခိုက်မှု လာနေသည်ကိုလည်း သူ ခံစားသိရှိနိုင်မည် ဖြစ်သည်။ သို့သော် သူ၏ တုံ့ပြန်နိုင်စွမ်းက မီပါ့မလား ဆိုသည်မှာမူ အခြားကိစ္စတစ်ခု ဖြစ်သည်။

ထိုမှော်ပစ္စည်း (စစ်သည်တော်) ထံမှ သူ ခံစားရသည့်အရာမှာ ပို၍ပင် စိတ်ဝင်စားဖွယ် ကောင်းနေသေးသည်။ အပြည့်အဝ ရှင်းပြ၍ မရနိုင်သော နည်းလမ်းတစ်ခုဖြင့် ထိုစစ်သည်တော်သည် အသိဉာဏ်ကင်းမဲ့နေသည်ဟု သူ ခံစားလိုက်ရသည်။ ၎င်း၏အထဲတွင် မည်သည့် အသက်ဝိညာဉ်ကိုမျှ သူ မခံစားရပေ။ ၎င်းသည် ညွှန်ကြားချက်အတိုင်း လှုပ်ရှားနေသော မာဒြာ အစုအဝေးတစ်ခုမျှသာ ဖြစ်သည်။

သို့သော် အရှုပ်ထွေးဆုံး ပုံစံထုတ်ထားသော မှော်ပစ္စည်း ပင်လျှင် ထိန်းချုပ်မည့်သူ မပါဘဲ သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ မတိုက်ခိုက်နိုင်ပေ။ အနည်းဆုံးတော့ မှော်ပစ္စည်း များနှင့် ပတ်သက်၍ သူ နားလည်ထားသလောက်ဆိုလျှင် ထိုသို့မဖြစ်နိုင်ပေ။

စစ်သည်တော်သည် ကိုယ်ကိုကိုင်း၍ ထွက်လာသည်။ သူ၏ ငွေတစ်ဝက် ဓားမြှောင်ဖြင့် ခုတ်ပိုင်းမှုကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် ၎င်း၏ ဓားရိုးဖြင့် သူ၏ ပခုံးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ မာဒြာများသည် သံမဏိ ခန္ဓာကိုယ် သို့ ထပ်မံ စီးဆင်းသွားပြန်သည်။ သူ၏ သန့်စင်သော အမြုတေ ပင်လျှင် မှောင်မည်းသွားသည်အထိ...။

စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုသည် သူ၏ ကိုယ်ထဲတွင် ဟာလာဟင်းလင်း အပေါက်ကြီး တစ်ခုနှင့် တူနေသည်။ သူ့ကို မြေပြင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ တဆတ်ဆတ် တုန်ယင်နေစေသည်။ သူသည် မျက်လုံးများကို စုံမှိတ်ထားချင်ခဲ့သည်။ သို့သော် ထိုသို့မလုပ်ဘဲ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားလိုက်သည်။ သူ၏ ခုခံနိုင်စွမ်းမရှိသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာမည့် နောက်ထပ် ထိုးနှက်ချက်ကို စောင့်ကြည့်နေခဲ့သည်။

သို့သော် စစ်သည်တော်သည် နောက်ဆုတ်သွားခဲ့သည်။ ၎င်းသည် အခြားသူများနှင့် ပူးပေါင်းကာ ယီရင် ကို သွားရောက် တိုက်ခိုက်လေသည်။

လင်းတုန်းသည် အနက်ရောင် သို့မဟုတ် ငွေရောင် အလင်းတန်းများ ရံဖန်ရံခါ လက်ခနဲ ဖြစ်သွားသည်မှလွဲ၍ တိုက်ပွဲကို မမြင်နိုင်ခဲ့ပေ။ သို့သော် မိနစ်အနည်းငယ် ကြာပြီးနောက် ယီရင် သည် နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ အသံမြည်စွာ ပြုတ်ကျသွားခဲ့သည်။

စစ်သည်တော်များသည် သူတို့ နှစ်ဦးစလုံးကို လျစ်လျူရှုကာ နောက်ဆုတ်သွားကြသည်။ ကျောက်တိုင်တောအုပ်၏ အရိပ်များထဲတွင် ပျော်ဝင်သွားကြသည်။ သူတို့ အောက်ဘက်ရှိ အစီအရင် သည်လည်း စွမ်းအင် ရပ်တန့်သွားခဲ့သည်။

"အနည်းဆုံးတော့ သူတို့က ငါတို့ကို မသတ်သွားဘူးပဲ..."

လင်းတုန်းသည် မြေပြင်ကို မျက်နှာမူလျှက် စကားပြောလိုက်၏။ သူ ရွေ့လျားရန် အင်အား မရှိတော့ပေ။ ထို့ပြင် ယီရင် သူ့စကားကို ကြားမည်ဆိုတာကိုလည်း သူ သိထားသည်။

ယီရင်ထံမှလည်း ညည်းတွားသံ တစ်ချို့ ထွက်ပေါ်လာခဲ့လေသည်။

...

“အဲဒီလိုဆိုရင်တော့ ငါ သိပ်လုပ်စရာ မလိုလိုက်ဘူး... လင်းတုန်း ကို တားဖို့ စစ်သည်တော်တွေကို ပိုပြီး လွှတ်လိုက်လို့ ရပေမယ့် အဲဒီလိုလုပ်ဖို့ မလိုခဲ့ဘူးလေ...”

အီသန်က ပြောလိုက်သည်။

“ခင်ဗျားက ယီရင် ဆီကို ပိုလွှတ်လိုက်သင့်တာ...” ဟ

ကပ်ဆီးယပ်စ်က ပြောလိုက်သည်။ လောလောလတ်လတ် မှတ်ဉာဏ်များကို မှတ်တမ်းတင်ထားနိုင်ရန် သူ့ အနီးတွင် အိပ်မက် မှတ်တမ်းပြား တစ်ခု ရှိနေစေချင်မိသည်။ သူကိုယ်တိုင်ကလည်း ဓားပညာရှင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် အဆင့်နိမ့် ရွှေအဆင့် တွင်ပင် သူမ ပြသသွားသော ကျွမ်းကျင်မှုနှင့် ထိန်းချုပ်နိုင်စွမ်းတို့ကို ကြည့်ကာ အံ့အားသင့်ခဲ့ရသည်။ သူမ၏ ဆရာဖြစ်သူနှင့် မဆုံတွေ့လိုက်ရသည်ကို သူ အလွန် နှမြောတသ ဖြစ်မိသည်။

“ဝိညာဉ်အကြွင်းအကျန် အပေါ် ဖက်တွယ်ထားတဲ့ အသေဆုပ်ကိုင်ထားမှုကိုသာ လွှတ်ချနိုင်မယ်ဆိုရင် သူက အဆင့်မြင့် ရွှေအဆင့် ကို အချိန်မရွေး ရောက်သွားနိုင်တယ်...”

အီသန်က သက်ပြင်းချကာ ပြောလိုက်သည်။

“မကြာခင်မှာပဲ သူက မင်းကို ကျော်တက်သွားနိုင်တယ်...”

ကပ်ဆီးယပ်စ်သည် မြေကြီးပေါ်တွင် ပက်လက်လှန်နေသော စုတ်ပြဲနေသည့် ဝတ်ရုံနှင့် မိန်းကလေးကို ကြည့်လိုက်သည်။ သူမ၏ အသက်ရှူသံတိုင်းသည် ကြမ်းတမ်းပြီး ပြင်းထန်နေသည်။

“ဒီ စမ်းသပ်မှု တွေကို လုပ်ဆောင်ဖို့ ငါတို့ ဘယ်လောက်တောင် ကုန်ကျနေလဲဆိုတာကို ထည့်တွက်ကြည့်ရင် သူက အနည်းဆုံး ငါ့နေရာကိုတောင် မယူနိုင်ဘူးဆိုရင် ငါ စိတ်ပျက်မိမှာပဲ...”

အီသန်သည် ကပ်ဆီးယပ်စင်ကို ထိန်းချုပ်ရေး အစီအရင် အရှေ့ရှိ ကုလားထိုင်ပေါ်သို့ ဖြည်းညင်းစွာ တွန်းထိုင်စေလိုက်သည်။

“စမ်းသပ်ကွင်းက နေထွက်နေတဲ့ အချိန်မှာပဲ အလုပ်လုပ်တာ... ဒီညတော့ မင်း မိသားစုဆီ ပြန်လို့ရပါပြီ... တကယ်လို့ မင်းက စောစော အနားယူချင်တယ် ဆိုရင်လည်း ရပါတယ်၊ သူတို့ ကျိုးပဲ့သွားတဲ့အထိ ဖိအားပေးလိုက်ပေါ့...”

ကပ်ဆီးယပ်စ်သည် သူ့ကို မဲ့ရွဲ့ကာ ကြည့်လိုက်သည်။ သို့သော် သူ၏ ဝိညာဉ် အာရုံခံစားမှုသည် ထိန်းချုပ်ခုံပေါ်တွင် ရွေ့လျားနေပြီ ဖြစ်သည်။ ဤ စမ်းသပ်မှု များကို သူ ဦးစီးလုပ်ဆောင်ရမည် ဆိုလျှင် ထိန်းချုပ်မှုများကို မိမိ၏ ကိုယ်ပိုင်ဓားကဲ့သို့ ကျွမ်းကျင်စွာ သိရှိထားရန် လိုအပ်ပေသည်။

...

ကဏန်းသားသည် ပြာနှင့် ကျွမ်းနေသော ဆီအရသာ ထွက်နေသည်။ ယီရင်သည် ၎င်းကို ပြန်ထွေးထုတ်ပစ်လုနီးပါး ဖြစ်သွားသည်။ သို့သော် လိုအပ်ချက်အရ ဤထက်ဆိုးရွားသော အစားအစာများကိုလည်း သူမ မျိုချခဲ့ဖူးသည်။ သူမသည် အရသာကို လျစ်လျူရှုထားလိုက်သည်။ ထို့နောက် စည်းကမ်းကြီးမှု သက်သက်ဖြင့်သာ ဝါးကာ မျိုချပစ်လိုက်သည်။

လင်းတုန်းကမူ ပျို့အန်သံထွက်ကာ ပြန်ထွေးထုတ်ပစ်လိုက်သည်။

“ဒါ... ဒါက အစားအစာ မဖြစ်နိုင်ဘူး...”

သူက ပြောလိုက်သည်။

“ပုပ်ဟောင်နေတာက နင့် မီးလေ...”

ယီရင်က ပြောရင်း ဆိုးရွားလှသော အသားနောက်တစ်ဖဲ့ကို သွားဖြင့် ကိုက်ဖြဲလိုက်သည်။

သူတို့၏ ဂူအပြင်ဘက်တွင် မီးခိုးတအိအိ ထွက်နေသော မီးပုံငယ်လေး တစ်ခု ရှိသည်။ ၎င်းကို မီးမွှေးနိုင်ရန် လင်းတုန်းမှာ ညနက်သည်အထိ အချိန်ယူခဲ့ရသည်။ သူသည် မီးစာကို စတင်လောင်ကျွမ်းစေရန် မဟူရာ မီးတောက် မာဒြာ ကို အသုံးပြုခဲ့သည်။ ယခုအခါ ထိုစွမ်းအင်များ ကျန်ရစ်နေခြင်း ဖြစ်သည်။

မဟူရာ မီးတောက်၏ အော်ရာ သည် သဘာဝ မီးတောက်တစ်ခု၏ ကျန်းမာသော အနီနှင့် လိမ္မော်ရောင်မျိုး မဟုတ်ပေ။ သွေးရောင်လွှမ်းသော အနီရဲရဲနှင့် ချေးတက်နေသည့် အနက်ရောင်များ ရောယှက်နေသည်။ မီးတောက်များသည် အလင်းရောင် အနည်းငယ်သာ ပေးစွမ်းနိုင်ပြီး မီးခိုးများ အလွန်အမင်း ထွက်နေသည်။ ထို့အပြင် လောင်ကျွမ်းနေသော သေခြင်းတရားနှင့် တူသည့် အရသာကိုလည်း ပေးစွမ်းနေသည်။

သို့သော်... ယီရင်သည် တောထဲတွင် အစိမ်းစားခြင်း၏ ဆိုးကျိုးများကို ခံစားဖူးသည်။ ဤကဲ့သို့ ညစ်ညမ်းနေသော မီးတောက်သည်ပင်လျှင် ဘာမှမရှိခြင်းထက်မူ ပိုကောင်းသေးသည်။ ဤတောရိုင်းသတ္တဝါများတွင် မည်သည့် ရောဂါများ သို့မဟုတ် ကပ်ပါးကောင်များ ပါလာနိုင်သည်ကို မည်သူမျှ မပြောနိုင်ပေ။

လင်းတုန်းသည် အနီရောင်အကြောများ ပါရှိသော အနက်ရောင် သစ်သီးတစ်လုံးကို ပါးစပ်ထဲသို့ ထပ်ပစ်ထည့်လိုက်သည်။ သူသည် ဝါးနေရင်း မျက်နှာရှုံ့မဲ့သွားသည်။ ယီရင်ကမူ ထိုအသီးများသည် အသားထက်ပင် သည်းခံရန် ပိုခက်ခဲသည်ဟု ထင်မြင်မိသည်။ ၎င်းတို့သည် သူမ၏ လျှာကို ပူလောင်သွားစေပြီး မည်သည့် အရသာကိုမျှ မခံစားနိုင်အောင် ဖြစ်သွားစေသည်။ ထို့နောက်... ကဏန်းကို စားရမည်ဆိုပါက ၎င်းသည် အားသာချက် တစ်ခုလည်း ဖြစ်နိုင်ပေသည်။

ထိုအသီးများသည် မာဒြာ အတွင်းရှိ အညစ်အကြေးများကို လောင်ကျွမ်းဖယ်ရှားပေးမည့် အဆင့်နိမ့် ဝိညာဉ်သစ်သီးများ ဖြစ်မည်ဟု သူမ သေချာပေါက် သိထားသည်။ သို့သော် အခြားကိစ္စရပ်များ အားလုံးအပြင် လျှာပူလောင်သည့်ဒဏ်ကိုပါ ထပ်မံ သည်းခံရန် သူမတွင် အင်အားမရှိတော့ပေ။

***

အပိုင်း(၂၁၄)

လင်းတုန်းသည် အက်ကွဲနေသော ကဏန်းလက်မကို ဘေးသို့ ဖယ်ထားလိုက်ပြီး မီးတောက်များထဲသို့ စိုက်ကြည့်နေသည်။

“ငါတို့က ပထမဆုံး အကြိမ်မှာတင် အောင်မြင်ဖို့ ရည်ရွယ်ထားမှ မဟုတ်တာ... ဟုတ်တယ်မလား”

သူက စိတ်အား ပြန်လည် တက်ကြွစေဖို့ ရည်ရွယ်၍ ပြောလိုက်သည်။

ယီရင်သည် ကဏန်းအပိုင်းအစကို ဆုပ်ကိုင်ထားသော လက်ကို တင်းကျပ်လိုက်သည်။ အခွံမှာ အက်ကွဲသွားသည်။

“နင်က အဲဒီလို ထင်နေတာလား... တကယ့် ရန်သူက နင့်ကို ဒုတိယအကြိမ် အခွင့်အရေးပေးလောက်တဲ့အထိ သဘောကောင်းမယ်လို့ နင် ထင်နေတာလား...”

သူမ၏ လေသံကြောင့် သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သို့သော် တောင်းပန်လောက်သည်အထိ ယီရင်၏ လေသံတွင် စေတနာ မပါလှ။ သူလည်း ထိုလောက်တော့ သိသည်သာ။ သူသည် စစ်မြေပြင်တွင် ကြီးပြင်းလာခဲ့သူ မဟုတ်နိုင်သော်လည်း သူတို့ နှစ်ဦး သိကျွမ်းခဲ့သည့် လအနည်းငယ် အတွင်းမှာပင် တကယ့် ရန်သူ အမြောက်အမြားနှင့် ရင်ဆိုင်ခဲ့ရပြီး ဖြစ်သည်။

“တကယ့် ရန်သူနဲ့ ပတ်သက်ရင် ငါတို့မှာ သတင်းအချက်အလက် တချို့တော့ ရှိမှာပဲ...”

သူက အကျိုးသင့်အကြောင်းသင့် ပြောလိုက်သည်။

“ငါတို့ လုပ်နေတာက အဲဒါပဲလေ၊ သတင်းအချက်အလက် စုဆောင်းနေတာ... အဲဒီ မှော်ပစ္စည်း ကို အနိုင်ယူချင်ရင် သူ ဘယ်လို အလုပ်လုပ်လဲဆိုတာကို ငါတို့ သိထားဖို့ လိုတယ်...”

သူမက နောက်ထပ် ရွံရှာဖွယ် ကဏန်းသား တစ်ဖဲ့ကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ အခွံလွတ်ကိုမူ မီးထဲသို့ ပစ်ထည့်လိုက်သည်။

“အဲဒါ မှော်ပစ္စည်း မဟုတ်ဘူး...”

ပါးစပ်ထဲတွင် ဂဏန်းသားများ ပြည့်နေလျက်နှင့် သူမက ပြောလိုက်သည်။

သူက စိတ်ဝင်တစားဖြင့် ရှေ့သို့ ကိုင်းလာသည်။

“ဒါဆို ဝိညာဉ်အကြွင်းအကျန် လား... အစီအရင် က ခိုင်းစေထားတာလား...”

“နင်က အခု ကျောက်စိမ်းအဆင့် ရောက်နေပြီလေ... အဲဒါက ဝိညာဉ်အကြွင်းအကျန် လိုမျိုး နင် ခံစားမိလို့လား...”

“ငါ့ရဲ့ အတွေ့အကြုံက နင့်လောက် မရှိပေမယ့်၊ အဲဒါကတော့ ငါသိထားသမျှ ဖြစ်နိုင်ခြေတွေကို ကုန်သွားစေတာပဲ... တကယ်လို့ အဲဒါက ဝိညာဉ်အကြွင်းအကျန် လည်း မဟုတ်ဘူး၊ မှော်ပစ္စည်း လည်း မဟုတ်ဘူးဆိုရင်လေ...”

ယီရင်က စောစောက ရေတံခွန်တွင် ဖြည့်လာခဲ့သော အခေါင်းပွ ကဏန်းခွံထဲမှ ရေကို မော့သောက်လိုက်သည်။ ပါးစပ်ထဲမှ အရသာကို ဆေးကြောပစ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ ထို့နောက် မီးပုံ၏ ဘေးတစ်ဖက်သို့ ထွေးထုတ်လိုက်သည်။

“အဲဒါက ဖန်တီးသူ နည်းစနစ် တစ်ခုပဲ...”

“နည်းစနစ် တစ်ခု ဟုတ်လား...”

“သေချာတာပေါ့... အဆင့်မြင့် ဝိညာဉ်အကြွင်းအကျန် တစ်ခုခုဆီကနေ အမြုတေကြိုး ကို ခိုးယူခဲ့တာ ဖြစ်နိုင်တယ်၊ အဲဒါကို အစီအရင် စက်ဝိုင်း ထဲမှာ ချည်နှောင်ပြီး ဟိုသလင်းကျောက်လုံးနဲ့ ဆက်သွယ်ထားတာပဲ...”

လင်းတုန်းသည် စုတ်တံတစ်ချောင်းကို ဆွဲထုတ်ကာ မင်ရည်တွင် နှစ်လိုက်ပြီး မှတ်စုများ စတင် ရေးမှတ်နေသည်။ သူ ဘာတွေများ ရေးမှတ်နေသနည်း။ ဤအရာသည် အခြေခံထဲက အခြေခံအကျဆုံး အရာသာ ဖြစ်သည်။

“ကျင်းလုံ လည်း အဲဒီလို လုပ်တယ်...”

သူမက ပြောလိုက်သည်။

“ရှေးဟောင်း အပျက်အစီး ထဲမှာ သူနဲ့ အသက်ရှူကြိမ် တစ်ကြိမ် နှစ်ကြိမ်လောက် တိုက်ခိုက်ခဲ့ဖူးတယ်၊ သူ့ရဲ့ လှုပ်ရှားမှုတွေက မြွေတွေနဲ့ တူတယ်...”

လင်းတုန်းသည် သူမ၏ စကားများကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သော်လည်း စာရေးနေဆဲပင် ဖြစ်သည်။

“နည်းစနစ် တစ်ခုက ဘယ်လိုလုပ်ပြီး ကိုယ်ပိုင် အသိဉာဏ် ရှိနေနိုင်မှာလဲ...”

သူက စုတ်တံကို ကိုင်ထားလျက် ရပ်တန့်သွားပြီး သူမ၏ အဖြေကို စောင့်ဆိုင်းနေသည်။

“တကယ်ကို စွမ်းအားကြီးတဲ့ ကျင့်ကြံသူ တော်တော်များများက သက်ရှိတစ်ကောင်လို ပုံစံမျိုးကို ဖန်တီးနိုင်ကြတယ်... သူတို့ရဲ့ ဝိညာဉ်အကြွင်းအကျန်က လာတဲ့ အစိတ်အပိုင်း တစ်ခုကို ထည့်သွင်းထားတယ်လို့တော့ ပြောကြတာပဲ၊ ဒါပေမယ့် အသေးစိတ်ကိုတော့ ငါ မပြောနိုင်ဘူး... ငါ့ဆရာဆိုရင် ရန်သူ သေသွားတဲ့အထိ၊ ဒါမှမဟုတ် နည်းစနစ်ကို ဖျက်ဆီးပစ်တဲ့အထိ လေထဲမှာ ပျံသန်းပြီး နောက်ကနေ လိုက်တိုက်ခိုက်နိုင်တဲ့ ဓားတစ်လက်ကို ဖန်တီးနိုင်ခဲ့တယ်...”

လင်းတုန်း၏ စုတ်တံသည် စာမျက်နှာပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွားသည်။

“ဒါဆို ငါတို့ လုပ်ရမှာက အဲဒီ နည်းစနစ်ကို ဖျက်ဆီးပစ်ဖို့ပဲပေါ့...”

“ငါတို့ လုပ်ရမှာ ဟုတ်လား...”

ယီရင်က တီးတိုးရေရွတ်လိုက်၏။

“နားထောင်စမ်း... အဲဒီ အမြုတေကြိုး ကို ချန်ထားခဲ့တဲ့ သူက အနည်းဆုံးတော့ အီသန် လောက် စွမ်းအားကြီးတဲ့သူပဲ... ပိုတောင် ကြီးနိုင်သေးတယ်၊ ပြီးတော့ အဲဒါက နင့်ရဲ့ ကာကွယ်သူ နည်းစနစ်ကို စမ်းသပ်ဖို့ ရည်ရွယ်ထားတာ၊ ဆိုလိုတာက နင်က အဲဒါကို ဖြတ်ကျော်ဖျက်ဆီးဖို့ ရည်ရွယ်ထားတာပဲ... ဘယ်ဟာကို သွားပြီး ဖျက်ဆီးဦးမလို့လဲ...”

သူမသည် ရေအပြည့်ပါသော အခွံကို သူမ၏ဘေးသို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။ ထိုအခါ ရေများသည် သူမ၏ လက်ကောက်ဝတ်ပေါ်သို့ လျှံကျသွားသည်။

သူ မျက်တောင်ခတ်လိုက်သည်။ သူ၏ မျက်လုံးများသည် ကလေးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစင်စွာ ပြူးကျယ်နေသည်။

“နောက်ပြီး တကယ့် ရန်သူက နင် အဆင်သင့် ဖြစ်တဲ့ အထိ စောင့်နေမယ် ထင်လား...”

မိမိတွင် အစီအစဉ် တစ်ခု သို့မဟုတ် လျှို့ဝှက်လက်နက် တစ်ခု ရှိနေမှသာ အမြဲတမ်း တိုက်ခိုက်၍ မရနိုင်ပေ။ မည်သူကမျှ မိမိကို ညဘက် အပြည့်အဝ အိပ်စက်ခွင့်ရရန်၊ ပူနွေးသော အစားအစာ စားရန်နှင့် မာဒြာ ကို လှည့်ပတ်ခွင့်ရရန် စောင့်ဆိုင်းနေပြီးမှ တိုက်ခိုက်မည် မဟုတ်ပေ။ အိပ်မှုန်စုံမွှားဖြင့် လက်မောင်းမှ သွေးထွက်နေပြီး အူထဲတွင် အဆိပ်များ ပြည့်နေလျက် တိုက်ခိုက်ရရန် အလားအလာ ပိုများပေသည်။

သူမကိုယ်တိုင် ကျင်းလုံ ကို တိုက်ခိုက်ခဲ့စဉ်က မိစ္ဆာ သားရဲ များနှင့် ရူးသွပ်နေသော ဝိညာဉ်အကြွင်းအကျန် များ ပြည့်နှက်နေသည့် ပိရမစ်ကြီး တစ်ခုကို ဖြတ်ကျော် တိုက်ခိုက်လာခဲ့ရခြင်း ဖြစ်သည်။ သူမ အကောင်းဆုံး အခြေအနေသို့ ရောက်သည်အထိ သူက စောင့်ဆိုင်းပေးခဲ့သလော။ မပေးခဲ့ချေ။ ။ အခြား မည်သူကမျှလည်း ထိုသို့ ပြုလုပ်ပေးမည် မဟုတ်ပေ။

“တကယ်လို့ ငါက အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပြီးမှ တိုက်မယ်ဆိုရင်...”

ယီရင်က ပြောလိုက်၏။

“အခုအချိန်ဆို ငါ့အရိုးတွေ အထွတ်အမြတ် တောင်ကြား ထဲမှာ ဆွေးမြည့်နေလောက်ပြီ... နင် အဲဒီထဲကို ဒိုင်ဗင်ထိုးဆင်းရမယ်၊ ဒါမှမဟုတ်ရင်လည်း အိမ်ကိုပဲ ကမန်းကတန်း ပြန်ပြေးလိုက်တော့…”

အနည်းဆုံး ရှက်ရွံ့သွားသည့် အမူအရာကို ပြသရန်လောက်တော့ လင်းတုန်း သိတတ်ပါသေးသည်။

"ငါတို့ ချက်ချင်း တိုက်ခိုက်ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."

"အေးပါ၊ မဟူရာ မီးတောက် စမ်းသပ်မှုက နင့်ရဲ့ ခြေထောက် အပြေးအမြန်နှုန်းကို စမ်းသပ်နေတယ်လို့များ နင် ထင်နေတာလား..."

"ငါက သတင်းအချက်အလက် စုဆောင်းချင်ရုံပါ... တကယ်လို့ ငါတို့သာ အဲဒါကို ပိတ်ချနိုင်ရင် နောက်ထပ် စမ်းသပ်မှု ဆီကို လမ်းလျှောက်သွားလို့ ရနိုင်တယ်လေ... ငါတို့ စပြီး တစ်ရက်တည်းနဲ့ ဒီကနေ ထွက်သွားနိုင်ရင် အီသန် အံ့သြသွားမှာ မဟုတ်ဘူးလား..."

ယီရင်က သူ့ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်သည်။

"အီသန် က ငါတို့ကို ဒီကနေ မြန်မြန် ထွက်သွားစေချင်တယ်လို့ နင် ထင်နေတာလား... တကယ်လို့ ငါတို့ သင်ခန်းစာ မရဘူးဆိုရင် သူက ငါတို့ကို အဝင်ဝမှာ ပြန်ချထားခဲ့မယ်လို့ နင် မထင်ဘူးလား..."

လင်းတုန်း မျက်နှာနီမြန်းသွားသည်။ သူ၏ မင်အိုးထဲတွင် ကျင့်ကြံခြင်း ပညာရပ်များ၏ အနက်ရှိုင်းဆုံးသော ဉာဏ်ပညာများ ကိန်းဝပ်နေသကဲ့သို့ အသေအချာ စစ်ဆေးကြည့်ရှုနေလေသည်။

"မဟုတ်ပါဘူး၊ ဒါပေမယ့် ပြဿနာတစ်ခုကို ဖြေရှင်းဖို့ နည်းလမ်း တစ်ခုတည်း ရှိတာတော့ မဟုတ်နိုင်ဘူးလေ... တကယ်လို့ ငါတို့ဘာသာ အဖြေတစ်ခု ရှာတွေ့ခဲ့မယ်ဆိုရင်..."

ယီရင်က မတ်တတ်ရပ်လိုက်ပြီး သူမကိုယ်သူမ ဖုန်ခါလိုက်သည်။

"ငါ မာဒြာ လှည့်ပတ် ကျင့်ကြံတော့မယ်..."

သူမက ရုတ်တရက် ဖြတ်ပြောလိုက်သည်။

ထို့နောက်... လှည့်ထွက်သွားခဲ့၏။

ယီရင်သည် ဂူအဝင်ဝ၌ ဒူးထောက်ထိုင်ချလိုက်သည်။ အော်ရာ ကို တည်ငြိမ်စွာ လှည့်ပတ်နိုင်ရန် သူမ၏ အသက်ရှူနှုန်းကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။ ၎င်းသည် သူမ၏ စိတ်ကိုလည်း ငြိမ်သက်သွားစေသော အကျိုးသက်ရောက်မှု ရှိပေသည်။

သူမ ယနေ့ ဖြစ်ရပ်များကို ပြန်လည်၍ သုံးသပ်လိုက်၏။ လင်းတုန်း ကြောင့် သူမ တိုက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်း မဟုတ်ပေ။

ရန်သူများကို ခွဲထုတ်ပစ်ရန်အတွက်မျှသာ ဖြစ်စေကာမူ သူမနှင့်အတူ ယှဉ်တွဲတိုက်ခိုက်မည့် ဒုတိယလူ တစ်ယောက် ရှိနေခြင်းက ကောင်းမွန်မည်မှာ သေချာလှသည်။ လက်ရှိအခြေအနေတွင်မူ သူမသည် အချိန်အနည်းငယ်မျှ ပို၍ အသက်ရှင်နိုင်ရန်အတွက်သာ အစွမ်းကုန် ရုန်းကန်တိုက်ခိုက်ရင်း အချိန်ပြည့် ခံစစ်အနေအထားဖြင့်သာ ရှိနေခဲ့ရသည်။ ထိုအရာသည် တိုက်ပွဲတစ်ခုကို အနိုင်ရရန် နည်းလမ်းမဟုတ်ကြောင်းကိုလည်း သူမ သိထားသည်။

သို့သော် သူမတွင် ရွေးချယ်စရာ မရှိခဲ့ပေ။ သူမ၏ မာဒြာ သည် ထိန်းချုပ်မှုအောက်မှ လွတ်ကင်းကာ လူးလွန့်နေသလို ခံစားရသည်။

၎င်းမှာ မဖိတ်ခေါ်ထားသည့် ဧည့်သည် (ခါးမှ အနီရောင် ဖဲကြိုး) ကြောင့် မဟုတ်ပေ။ ၎င်းသည် လတ်တလောတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ဓားသူတော်စင်၏ အထုံးအဖွဲ့ကို ဆန့်ကျင် ရုန်းကန်ခြင်းမရှိဘဲ ကျေနပ်နေပုံရသည်။

သူမ ဆက်လက်၍ စဉ်းစားနေလိုက်၏။ သူမ၏ ရှုံးနိမ့်မှုကို ဖြစ်ပေါ်စေသူမှာ ဓားသူတော်စင် ကိုယ်တိုင်ပင် ဖြစ်သည်။

သူမ၏ ရွှေအဆင့်သင်္ကေတက ရန်သူကိုသာ တိုက်ခိုက်ချင်နေချိန်တွင် သူမကို ကာကွယ်ပေးရန် သူမက အတင်းအကျပ် ခိုင်းစေခဲ့သည်။ သူမ၏ ဆရာဖြစ်သူသည် ဘယ်လိုတိုက်ခိုက်ရမည်ဆိုသည်ကို အမြဲတမ်း သင်ပေးရန် ကြိုးစားနေသော မြုပ်နှံထားသည့် အလိုအလျောက် တုံ့ပြန်မှု ဗီဇ တစ်ခုကို ထိုဝိညာဉ်အကြွင်းအကျန်ထဲတွင် ချန်ထားရစ်ခဲ့သည်။ သူမ၏ ဆရာသည် ဘဝတစ်လျှောက်လုံး နီးပါး တိုက်ခိုက်သူ တစ်ဦး ဖြစ်ခဲ့သည်။ ရန်သူ၏ အရှေ့တွင် နောက်ဆုတ်ကာ မိမိကိုယ်ကို ကာကွယ်ခြင်းသည် သူ၏ သဘာဝ မဟုတ်ပေ။ ဆရာဖြစ်သူ၏ ဝိညာဉ်အကြွင်းအကျန် ကို စုပ်ယူပြီးကတည်းက သူမသည် အစွမ်းကုန် တိုက်ခိုက်နေချိန်တွင်သာ အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း ခံစားခဲ့ရသည်။

ဆရာဖြစ်သူ၏ ဝိညာဉ်အကြွင်းအကျန် ကို ခွဲထုတ်ခြင်းသည် အဆင့်မြင့် ရွှေအဆင့် သို့ သွားရန် အမြန်ဆုံးနည်းလမ်း ဖြစ်သည်ဟူသော အီသန် ၏ စကားမှာ မှန်ကောင်းမှန်နိုင်ပေသည်။ သို့သော် ယင်းက အခြားနည်းလမ်းများလည်း ရှိသေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ပို၍ နှေးကွေးသော နည်းလမ်းများပင် ဖြစ်သည်။ သူမသာ လုံလောက်အောင် ကြိုးစားမည်ဆိုလျှင် ထိုမကြိုဆိုသော ဧည့်သည်၏ ရှေ့တစ်လှမ်းတွင် အမြဲရှိနေနိုင်ပြီး တစ်ချိန်တည်းမှာပင် ဆရာဖြစ်သူ၏ အသံကိုလည်း သူမ၏ အနားတွင် ရှိနေစေနိုင်သည်။

သူမ၏ ဆရာသည် သူမကို သင်ခန်းစာ တစ်ခု ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထို့အပြင် သူ သင်ပေးချင်သောအရာကို သူမ မသင်ယူမချင်း သူမ၏ ဓားပေါ်တွင် သူ၏လက်ကို တင်ထားကာ သူ၏ လမ်းစဉ် အတိုင်း သူမကို ဆွဲခေါ်သွားမည် ဖြစ်သည်။

ဤသည်မှာ ဓားသူတော်စင် ထံမှ သင်ယူနိုင်မည့် သူမ၏ နောက်ဆုံး အခွင့်အရေးပင် ဖြစ်သည်။ အီသန် က သူမကို လုပ်ခိုင်းရုံသက်သက်ဖြင့် ထိုအခွင့်အရေးကို သူမ အလဟဿ မဖြုန်းတီးပစ်နိုင်ပေ။

ထို့အပြင်.... ဝန်ခံမည် မဟုတ်သော်လည်း သူမ စိုးရိမ်နေသည့် အရာ တစ်ခု ရှိသည်။ အကယ်၍ သူမသည် ဆရာဖြစ်သူ၏ ဝိညာဉ်အကြွင်းအကျန်ကို ခွဲထုတ် အသုံးပြုလိုက်မည် ဆိုပါက သူ၏ အသံ ပျောက်ကွယ်သွားမည် ဖြစ်သည်။ သူမ၏ ခေါင်းထဲတွင် သူမနှင့် ထိုမကြိုဆိုသော ဧည့်သည် သာ ကျန်ရစ်နေမည် ဖြစ်သည်။ တစ်ဖန် ပြန်လည် အထီးကျန်သွားမည် ဖြစ်သည်။

ယီရင်သည် သူမ၏ စိတ်ပျက်အားငယ်မှုများကို ငြိမ်သက်သွားစေရန် အသက်ရှူခြင်းကို အာရုံစိုက်ကာ မာဒြာ ဆက်လက် လှည့်ပတ်နေခဲ့သည်။ အဆင့်မြင့် ရွှေအဆင့် သို့ ရောက်ရှိရန် သူမတွင် အချိန်များစွာ ရှိနေသေးသည်။ ဤကဲ့သို့ စိတ်မရှည်ခြင်းက သူမ၏ တိုးတက်မှုကို ထိခိုက်စေရုံသာ ရှိမည်ဖြစ်သည်။

ထို့အပြင် မနက်ဖြန်တွင် သူမသည် စမ်းသပ်မှု ကို ဖြတ်ကျော်ရန် နောက်ထပ် အခွင့်အရေး တစ်ကြိမ် ရဦးမည် ဖြစ်ပေသည်။

 

 

All Chapters