← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 16 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 16 Ch. 215-216

(၂၁၅)

ဆူရီရယ်သည် အိမ်တစ်လုံးစာခန့် ကြီးမားလှသည့် ခရုန်းသတ္တုပြားကြီးဘေးရှိ သဲပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ လစ်မစ် ကမ္ဘာတွင် ထိုခရုန်းသတ္တုပြားကြီးသည် ဧရာမ စက်ယန္တရားကြီးတစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ဟဲရိုး ကမ္ဘာတွင်မူ သဲကန္တာရ၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လစ်မစ်သည် မဟာလမ်းစဉ် အပေါ် ဆုပ်ကိုင်ထားနိုင်စွမ်းကို ဆုံးရှုံးသွားသောအခါ ဟဲရိုး နှင့် ဝင်တိုက်မိခဲ့သည်။ ထို့နောက်... ကမ္ဘာနှစ်ခုသည် ပေါင်းစပ်သွားပြီး ပိုင်ဆိုင်ထားသမျှကို တစ်ဝက်စီ ခွဲဝေယူခဲ့ကြသည်။

မိုးကုတ်စက်ဝိုင်းတွင် တောင်တန်းများသည် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေကြသည်။ ၎င်းတို့သည် လစ်မစ် သို့မဟုတ် ဟဲရိုး တစ်ခုခုတွင် တည်ငြိမ်မှုရရှိရန် ကြိုးစားနေခြင်း ဖြစ်သည်။

တည်ငြိမ်မှု...

တည်ငြိမ်မှု အကြောင်း ဆိုရလျှင် ဤနေရာတွင် ဆူရီရယ် ၏ တည်ရှိနေမှု ကိုယ်တိုင်က တည်ငြိမ်မှုပင် ဖြစ်သည်။ မဟာလမ်းစဉ် နှင့် သူမ၏ ချိတ်ဆက်မှုက ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို စည်းစနစ်ကျစေရန် ကျောက်ချပေးထားသည်။ အများစုအတွက်တော့ ထိုသို့ ဖြစ်သည်။

ခရက်... ခရက်...

ဟင်းလင်းပြင်ထဲရှိ အကွဲအက်ပုံစံ ပုံပျက်ယွင်းမှုတစ်ခုသည် မဖြစ်နိုင်သော ပုံသဏ္ဌာန်များအဖြစ် ဖြန့်ကျက်ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းသည် နှစ်ထပ်တိုက် အမြင့်ရှိသော အမည်းရောင် ဖန်သား သတ္တဝါကြီးတစ်ကောင် အဖြစ်သို့ ပေါက်ကွဲထွက်လာသည်။ ၎င်းတွင် စက္ကူခေါက် ကင်းခြေများကဲ့သို့ ခြေထောက်များနှင့် အမည်းရောင် တံလျှပ်ကဲ့သို့ ခန္ဓာကိုယ် ပါရှိသည်။ ၎င်း အနီးတွင် ရှိနေခြင်းကပင် သူမ၏ အာရုံများကို ဖိအားပေးနေသည်။

ဖောက်ပြန်ပျက်စီးနေသည့် သတ္တဝါကြီးသည် သဲထဲတွင် တစ်ဝက်တစ်ပျက် မှောက်ခုံ နစ်မြုပ်နေသော ခရုန်း သတ္တုပြုကြီး အပေါ်တွင် မတ်တတ်ရပ်လိုက်သည်။ အမျိုးသမီး တစ်ဦးသည် ၎င်းအောက်တွင် ဝပ်နေသည်။ သူမသည် ညစ်ပတ်ပေရေပြီး စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ပတ်ဝန်းကျင်ရှိ ပကတိတရားများ ပြိုကွဲပျက်စီးနေချိန်တွင် ဤနေရာ၌ သူမသည် သီတင်းနှစ်ပတ်ခန့်မျှ ခိုအောင်းနေခဲ့ခြင်း ဖြစ်သည်။

ဆူရီယယ် သတ္တဝါကြီးကို ကြည့်လိုက်၏။ အကူယန္တရာလေး၏ ဆွဲဆောင်မှုကြောင့် ဘီလူးကြီးသည် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သူမကို မျိုချပစ်တော့မည် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူမနှင့် မဟာလမ်းစဉ် တို့၏ ချိတ်ဆက်မှုကို ဖယ်ရှားပစ်နိုင်သည့် အပြင် ရုပ်ဝတ္ထုလောကတွင် ၎င်း၏ ကိုယ်ပိုင် တည်ရှိမှုကိုလည်း သက်တမ်းတိုးနိုင်ပေလိမ့်မည်။

ဆူရီရယ်သည် သူမ၏ ဓား ကို ဆွဲထုတ်လိုက်သည်။ ယခုအခါ ၎င်းသည် တစ်မီတာခန့် ရှည်လျားသော အပြာရောင် သတ္တုချောင်းရှည်ကြီး ဖြစ်နေပြီဖြစ်သည်။ ထို့နောက် သတ္တဝါကြီးကို ပစ်ခတ် ဖျက်ဆီးပစ်လိုက်သည်။

ဘုန်း...

၎င်းသည် တစီစီမြည်နေသော ဖရိုဖရဲ အကွဲအစများအဖြစ်သို့ ပြန့်ကျဲသွားကာ အာရုံခံနိုင်ရန်ပင် ခက်ခဲလှသည်။ ၎င်းတို့သည် လောင်ကျွမ်းနေသော အိပ်မက်ဆိုးများနှင့် တူလှသည်။

ဆူရီရယ်သည် သူမ၏ ဓား အတွင်းရှိ လုပ်ဆောင်ချက် မြောက်မြားစွာထဲမှ တစ်ခုကို အသက်သွင်းလိုက်သည်။

ကျီ... ကျီ...

ချက်ချင်းပင် ခရုန်း သတ္တုပြားကြီးသည် ပျော်ဝင်ပျောက်ကွယ်သွားသည်။ အမှိုက်သိုက်နှင့် တူသော အရာများ ဝန်းရံနေသည့် သဲပြင်ပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော အမျိုးသမီးသာ ကျုံ့ကျုံ့လေး ကျန်ရစ်ခဲ့သည်။

ဆူရီရယ်၏ အာရုံစွန်းတွင် တစ်စုံတစ်ခုက တစီစီ မြည်နေသည်။ သူမ၏ အာရုံစိုက်မှုကို ရရှိရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် သူမက ၎င်းကို လျစ်လျူရှုထားလိုက်သည်။

"[မူဘတ်တီယန်...]"

ဆူရီရယ် ၏ လက်ထောက် အကူ ယန္တရားက ပြောလိုက်သည်။ အမျိုးသမီး၏ ခေါင်းသည် သူမ၏ နာမည်ကို ကြားလိုက်ရသဖြင့် ဆတ်နဲ မော့လာသည်။

"[သင့်ကို အသက်ရှင်ဖို့ ရွေးချယ်ထားတယ်... သင်က တောရိုင်းမြေတစ်ခုကို အခြေချဖို့ ကမ္ဘာသစ်တစ်ခုမှာ စတင်ရလိမ့်မယ်... ဒီတာဝန်ကို လက်ခံလား...]"

မူဘတ်တီယန်သည် ဆူရီရယ် ၏ ပခုံးပေါ်ရှိ မီးခိုးရောင် မီးခိုးငွေ့ ပုံသဏ္ဌာန် ရှိသည့် အကူ ယန္တရားကို စိုက်ကြည့်နေသည်။ ထို့နောက်... သူမသည် ဆူရီရယ် ကို စိုက်ကြည့်လိုက်၏။

မူလ ကမ္ဘာတွင် ဆူရီရယ်သည် ဖြူဖျော့ပြီး ပိန်လှီသော အမျိုးသမီး တစ်ဦး ဖြစ်ခဲ့သည်။ ပင်လယ်ရေညှိကဲ့သို့ ဆံပင်များနှင့် မျက်နှာ၏ တစ်ဝက်ခန့် နေရာယူထားသော မျက်လုံးများ ရှိခဲ့သည်။

ယခုတိုင် ထိုရုပ်သွင်မှာ ရှိနေဆဲ ဖြစ်သည်။ သို့သော် ပြီးပြည့်စုံနေခဲ့ပြီ ဖြစ်သည်။ သူမ၏ ဆံပင်များသည် နေရောင်ဟပ်နေသော မြရောင် ရှိသည်။ သူမ၏ အသားအရေမှာ ဆင်စွယ်ရောင် ဖြစ်ပြီး မျက်လုံးများမှာ တောက်ပသော ခရမ်းရောင် ဖြစ်ကာ ကံကြမ္မာ၏ ထင်ရှားသော မှော်သင်္ကေတ များ ထွင်းထုထားသည်။

သူမ၏ ကလေးဘဝ သူငယ်ချင်းများသာဆိုလျှင် သူမတွင် အပြစ်အနာအဆာကင်းပြီး ယမင်းရုပ်လေး တစ်ခုလို လှပသော ထာဝရရှင်သန်သူ တစ်ဦး၏ ခန္ဓာကိုယ် ရှိသည်ဟု ပြောကြမည် ဖြစ်သည်။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း လေးထောင်ကျော်ကတည်းက အိုမင်းရင့်ရော်၍ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ ဤကဲ့သို့ ပြောဆိုခြင်းမှာ သင့်လျော်လှပေသည်။

သူမသည် အဘီဒန် တို့၏ သံချပ်ကာကို ဝတ်ဆင်ထားသည်။ ထိုသံချပ်ကာသည် ချောမွေ့ပြီး လုံးဝ အဖြူရောင် ဖြစ်ကာ ကိုယ်လုံးပေါ်သို့ လောင်းချထားသကဲ့သို့ ရှိနေသည်။ သူမသည် ခါးတွင်တော့ တစ်မီတာခန့်ရှည်သည့် အပြာရောင် သတ္တုချောင်းလေးကို ချိတ်ဆွဲထားသည်။ သူမသည် ၎င်းကို အသုံးပြု၍ နားလည်နိုင်စွမ်းမရှိသော သတ္တဝါကြီးကို ပစ်ခတ်ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သည်။

လစ်မစ်တွင် ‘တေရာဗာ’ ဟုခေါ်သော သတ္တဝါများ ရှိသည်။ ၎င်းတို့သည် ပြီးပြည့်စုံသော လူသား အမျိုးသား၊ အမျိုးသမီးများနှင့် တူပြီး နတ်ဘုရားများကဲ့သို့ စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ တေရာဗာ များသည် အစာစားရန်အတွက်သာ လူသားပုံစံယူသော သဘာဝ စွမ်းအင် ပုံရိပ်ယောင်များ ဖြစ်သည်။ သို့သော် လစ်မစ်ကမ္ဘာသည် ထိုအချက်ကို မည်သည့်အခါကမျှ မသိရှိခဲ့ပေ။

သေဆုံးသွားပြီဖြစ်သော လစ်မစ် ကမ္ဘာတွင် မွေးဖွားခဲ့သည့် မူဘတ်တီယန် သည် သူမကို တေရာဗာ တစ်ပါးဟု ထင်မှတ်နေခဲ့မည်မှာ သေချာလှသည်။

ဆူရီရယ်သည် အန္တရာယ် မရှိကြောင်း ပြသသည့် အနေဖြင့် သံချပ်ကာလက်အိတ် စွပ်ထားသော လက်တစ်ဖက်ကို မြှောက်ပြလိုက်သည်။ သို့သော် အမျိုးသမီးမှာ လန့်ဖျပ်သွားပြီး ထွက်ပြေးလေသည်။ သူမသည် သဲများကို ခလုတ်တိုက်ပြီး ဒူးတိုက် လက်ထောက်လျက် လဲကျသွားသည်။ သို့တိုင် လေးဘက်ထောက် တွားသွားရန် ကြိုးစားနေဆဲ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပတ်အတွင်း ဆူရီရယ်သည် သဲကန္တာရထဲတွင် နေထိုင်နေသော လူသားများကို ခြေရာခံရန် ကြိုးစားနေခဲ့သည်။ ဂြိုဟ်၏ နေရာအများစုကို ရှင်းလင်းပြီးပြီ ဖြစ်သည်။ လူဦးရေ အားလုံးနီးပါးမှာ သေဆုံးသွားခြင်း သို့မဟုတ် ကယ်ဆယ်ခံရခြင်း နှစ်မျိုးထဲမှ တစ်မျိုး ဖြစ်သွားကြပြီ ဖြစ်သည်။

ဤဂြိုဟ်သည် ဤစကြဝဠာအတွင်း လူနေထိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ အသိဉာဏ်ရှိသော လူဦးရေ ကျဆင်းလာသည်နှင့်အမျှ ဖရိုဖရဲဖြစ်မှု စွမ်းအားက ပိုမို အားကောင်းလာသည်။ ထို့အပြင် မဟာလမ်းစဉ် မှာလည်း ပို၍ ဝေးကွာသွားခဲ့သည်။

မဟာလမ်းစဉ်၏ ဆုတ်ယုတ်မှုကြောင့်ပင် တိကျစွာ နေရာရှာဖွေရန် မဖြစ်နိုင်သလောက် ဖြစ်သွားစေသည်။ အနည်းဆုံးတော့ အဘီဒန် တစ်ပါးအတွက်ပင်။

သူမသည် မူဘတ်တီယန် ၏ သက်စောင့်စွမ်းအင် လမ်းကြောင်းကို လိုက်ရန် သူမ ပိုင်ဆိုင်ထားသည့် ရှေးဟောင်း စွမ်းအားများကို အားကိုးခဲ့ရသည်။ သို့သော် ပကတိတရားများ၏ ဖောက်ပြန်ပျက်စီးမှုက ၎င်းကိုလည်း အနှောင့်အယှက် ပေးခဲ့သည်။

စတုရန်းကီလိုမီတာ နှစ်သောင်းကျော် ကျယ်ဝန်းသော အပျက်အစီးများကြားတွင် လွတ်မြောက်နေသော သားကောင်တစ်ကောင်ကို အမဲလိုက်ရခြင်းမှာ သူမ မှတ်မိနေသည်ထက် ပို၍ ခက်ခဲလှသည်။ သူမသည် မဟာလမ်းစဉ် ၏ စွမ်းအားကို အားကိုးလွန်းခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူမ၏ ကျွမ်းကျင်မှုများ လျော့ကျလာပြီ ဖြစ်သည်။

ဆူရီရယ်က သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အပြာရောင် အနားကွပ်ထားသော အလင်းတံခါး တစ်ခုသည် မူဘတ်တီယန် ၏ အရှေ့တည့်တည့်တွင် လင်းလက် ပေါ်ထွက်လာသည်။ ၎င်းသည် အသစ်ဖွဲ့စည်းထားသော “ပိုင်အိုနီးယား ၈၀၈၉” ကမ္ဘာပေါ်ရှိ မြက်ခင်းပြင် တစ်ခုကို ပြသနေသည်။ ထိုနေရာတွင် ခပ်ကြမ်းကြမ်း တဲအိမ်စုစုများသည် ငွေရောင် ငှက်ကြီးတစ်ကောင်ကို ဝန်းရံထားကြသည်။

အမျိုးသမီးသည် အလင်းတံခါး ကို ယိုင်နဲ့နဲ့ ဖြတ်သန်းသွားသည်။ ထိုအခါ ငွေရောင် ငှက်ကြီးက အော်ဟစ်လိုက်ပြီး ကျန်လူများကို သတိပေးလိုက်သည်။ ညကောင်းကင်ယံတွင် သေးငယ်သော လိမ္မော်ရောင် လတစ်စင်းသာ အထီးကျန်စွာ ထွန်းလင်းနေသည်။ မည်သည့် ကြယ်မျှ မဖွဲ့စည်းရသေးပေ။ ထိုအရာက ပုံမှန်ပင် ဖြစ်သည်။ ကမ္ဘာများသည် စုပြုံနေသော ကမ္ဘာ့အက်ကွဲစများမှ စတင်ကာ မျိုးစေ့များကဲ့သို့ အပြင်ဘက်သို့ ကြီးထွားလာကြခြင်း ဖြစ်သည်။

ဝှစ်...

ဆူရီရယ်သည် အလင်းတံခါး ကို ပိတ်ပစ်လိုက်သည်။ ထိုအခါ မဟာလမ်းစဉ် ကို ဖြတ်သန်းသွားသော တံခါးပေါက် ပျောက်ကွယ်သွားသည်။ မူဘတ်တီယန်ကို သူမ၏ ကိုယ်ပိုင် ကမ္ဘာနှင့် ဝေးကွာသော ကမ္ဘာတစ်ခုတွင် ပိတ်မိကျန်ရစ်စေခဲ့သည်။ နေရာပြောင်းရွှေ့ခြင်းအတွက် သူမထံမှ နှုတ်ထွက် သဘောတူညီချက်ကို မည်သည့်အခါကမျှ မရရှိခဲ့ပေ။ ဤသည်မှာ အဘီဒန် လုပ်ထုံးလုပ်နည်းနှင့် ဆန့်ကျင်နေသည်။

သို့သော် လူတို့သည် ဆက်နေခြင်းက ကြောက်မက်ဖွယ်ကောင်းသော သေဆုံးခြင်း သို့မဟုတ် မျိုးဗီဇပြောင်းလဲခြင်းကို ဦးတည်းသွားနိုင်ကြောင်း မသိမြင်မချင်း နေရာပြောင်းရွှေ့ခြင်းကို ငြင်းဆန်တတ်ကြစမြဲပင်။

လစ်မစ် နှင့် ဟဲရိုး တို့ ပေါင်းစပ်မှုနှင့် ဖောက်ပြန်ပျက်စီးမှုများ ကြားမှ လူသားအဖြစ် အသက်ရှင် ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူ နှစ်ဆယ့် တစ်သိန်း အနက်မှ ဤနေရာတွင် သူမ စတင် အလုပ်လုပ်ခဲ့သည့် စံသတ်မှတ်ချိန် နှစ်ဝက်အတွင်း လူ ဆယ့်လေးသိန်းကို သူမ ကယ်တင်နိုင်ခဲ့သည်။

အခြားသူများမှာ သေဆုံးသွားကြခြင်း ဖြစ်နိုင်သလို၊ သူမ၏ အာရုံစိုက်မှုမှ အချိန်ကြာမြင့်စွာ ရှောင်တိမ်းနေခဲ့ကြသဖြင့် အဆုံးသတ် မတိုင်မီ သူတို့ကို ရှာတွေ့နိုင်မည့် မျှော်လင့်ချက် သူမတွင် မရှိတော့ပေ။

ပထမဆုံး နေ့တွင် ဆူရီယယ်သည် လူငါးသိန်းကို ပိုင်အိုနီးယား ၈၀၈၉ သို့ ကယ်တင် ပို့ဆောင်ပေးခဲ့သည်။ သူတို့သည် အလင်းတံခါး ကို ဖြတ်သန်းရန် စနစ်တကျ တန်းစီခဲ့ရသည်။ ယခုအချိန်တွင်မူ တစ်ပတ်လျှင် တစ်ယောက် ရှာတွေ့ရန်ပင် သူမ ကံကောင်းဖို့ လိုနေပြီ ဖြစ်သည်။

ထို့အပြင် ဤကမ္ဘာအတွက် အချိန် တစ်ပတ်ပင် မကျန်တော့ပေ။

သူမ ခံစားသိရှိနိုင်ပေသည်။ မဟာလမ်းစဉ် သည် ဤ ကမ္ဘာ အပေါ် ဆုပ်ကိုင်ထားနိုင်စွမ်းကို ဆုံးရှုံးနေပြီ ဖြစ်သည်။ နောက်ထပ် လူတစ်ယောက်ကို သူမ ရှာဖွေ မတွေ့ရှိနိုင်မီမှာပင် ဟဲရိုး နှင့် လစ်မစ် တို့သည် တစ်ခုနှင့်တစ်ခု အတူတကွ ဟင်းလင်းပြင် ထဲသို့ လိုက်ပါသွားကြတော့မည် ဖြစ်သည်။

***

အပိုင်း(၂၁၆)

ဝှစ်...

ဆူရီရယ်သည် လေထုထဲသို့ ပျံတက်သွားခဲ့သည်။ သူမ၏ အောက်ဘက်ရှိ မြေပြင်သည် တိုက်ကြီးတစ်တိုက်စာမျှ ကြီးမားသော စက်ယန္တရားကြီး အဖြစ်မှ သဲကန္တာရ အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ထိုမှတဖန် ပြန်လည် ပြောင်းလဲနေခဲ့သည်။

လေထုသည် မြေပြင်ထက်ပင် ပို၍ ဖရိုဖရဲ ဖြစ်နေသည်။ ဟာရီကိန်း မုန်တိုင်း ခြောက်ခု တစ်ခုနှင့်တစ်ခု စစ်ခင်းနေသကဲ့သို့ လိမ်ယှက်နေသည်။ သို့သော်... သူမ၏ အကာအကွယ် အခွံအတွင်းတွင်မူ မည်သည့်အရာကိုမျှ သူမ မခံစားရပေ။ ထိုအကာအကွယ်အောက်တွင် သူမသည် ကြယ်များဆီသို့ပင် ထိုးဆင်းသွားနိုင်ပေရာ လေသည် သူမအတွက် ထိုက်တန်သော ပြိုင်ဘက် မဟုတ်ခဲ့ပေ။

အထက်မှ ကြည့်လျှင် ကမ္ဘာကြီးသည် လျင်မြန်စွာ ပြောင်းလဲနေသော ပုံရိပ်များနှင့် အာရုံခံစားမှု အစုအဝေးကြီး တစ်ခု ဖြစ်နေသည်။ ၎င်းသည် မိမိဘာသာ ကျပန်း ပြန်လည်နေရာယူနေသော အဓိပ္ပာယ်မဲ့ ပဟေဠိ အစိတ်အပိုင်းများနှင့် တူလှသည်။ ၎င်းသည် မဟာလမ်းစဉ် ကို တွန်းကန်နေပြီး ပြိုကွဲရန် အသင့်ဖြစ်နေပေပြီ။

ဆူရီရယ်သည် စောစောက သူမကို ဖမ်းဆွဲရန် ကြိုးစားခဲ့သော တစီစီမြည်သံဆီသို့ နောက်ဆုံးတွင် အာရုံစိုက်လိုက်သည်။ ၎င်းသည် မျှင်းမျှင်းလေးသာ ကြားနေရသော တီးတိုးသံ တစ်ခုနှင့် တူသည်။ တစ်စုံတစ်ယောက်က အိပ်မက်ထဲမှနေ၍ သူမ၏ နာမည်ကို ခေါ်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်သည်။

"[နောက်ထပ် ဆက်သွယ်မှု ရရှိပါပြီ...]"

သူမ၏ လက်ထောက် အကူ ယန္တရားက အစီရင်ခံလိုက်သည်။

"[ထုတ်လွှင့်နေတဲ့ နေရာကိုတော့ မသိရသေးပါဘူး...]"

"အကောင်းဆုံး ခန့်မှန်းကြည့်ပါ..."

ဆူရီရယ် က ပြောလိုက်သည်။

သူမသည် သူမ၏ လက်ထောက် အကူ ယန္တရား နှင့် စကားပြောရသည်ကို သဘောကျသည်။ ၎င်းသည် လူတစ်ယောက်နှင့် အတော်လေး တူပေသည်။ ထိုအကြောင်းပြချက်ကြောင့်ပင် ၎င်း၏ ပုံသဏ္ဌာန်ကို သူမ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူမသည် လူများနှင့် စကားပြောဆိုရသည်ကို နှစ်သက်သည်။ ထိုရိုးရှင်းသော စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်လေးသည် သူမ၏ အလုပ်မှ အထီးကျန်မှု ဖိအားများကို လျှော့ချပေးရန် လုံလောက်ခဲ့ပေသည်။

အများအားဖြင့်တော့ ထိုသို့ပင် ဖြစ်သည်။

[အခုနောက်ဆုံး ထုတ်လွှင့်မှုကြောင့် ခန့်မှန်းချက် တိကျမှုက ငါးဆယ့်လေး ရာခိုင်နှုန်းအထိ တက်သွားပါပြီ...]

ထိုအရာသည် ထုတ်လွှင့်မှု၏ မူလနေရာကို သူမ ရှာဖွေရန် ကြိုးစားခဲ့သော ပြီးခဲ့သည့် သုံးကြိမ်ထက် ပိုမို ကောင်းမွန်နေသည်။ ၎င်းသည် အဘီဒန် အချက်ပြစက် တစ်ခု၏ အသံနှင့် တူနေသည်။ တစ်စုံတစ်ယောက်က အကူအညီတောင်းခံရန် ချန်ထားရစ်ခဲ့သကဲ့သို့ ဖြစ်သည်။ သို့သော် ကဏ္ဍ နှစ်ဆယ့်တစ် ထိန်းချုပ်ရေးစင်တာသည် သူမ မရောက်မီကတည်းက ၎င်းအကြောင်းကို ကြားသိခဲ့ရမည်သာ ဖြစ်သည်။ ထို့အပြင် ၎င်းသည် သူမ၏ ခေါင်းထဲရှိ အသံတစ်ခုကဲ့သို့ ရှင်းလင်းပြတ်သားနေသင့်ပေသည်။

ထိုအသံသည် ဆူညံသံများ နောက်တွင် ပုန်းကွယ်နေသည်။ ဆိုလိုသည်မှာ ၎င်းသည် အဘီဒန် အချက်ပြစက် မဟုတ်ခြင်း သို့မဟုတ် ပေါင်းစပ်မှု၏ ပြင်းထန်သော အင်အားများကြားတွင် ပျက်စီးသွားခြင်း တစ်ခုခု ဖြစ်နိုင်ပေသည်။

ဆူရီရယ် သည် သူမ၏ လက်ထောက် ယန္တရား ညွှန်ပြသော ကိုဩဒိနိတ်များဆီသို့ လေထုကို ဖောက်ထွင်း၍ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့သည်။ သူမ ပျံသန်းခြင်းကို ပေါ်ထင်ပင် လုပ်ဆောင်နေသည်။ မည်သူကမျှ သတိပြုမိမည် မဟုတ်ပေ။ ထို့အပြင် ဤကမ္ဘာသည် ကောင်းကင်ပျံ နတ်ဘုရားမ ဒဏ္ဍာရီများကြောင့် အနှောင့်အယှက် ဖြစ်စေနိုင်သော ကံကြမ္မာ နှင့် ချိတ်ဆက်မှု မရှိတော့ပေ။

သူမ အနေဖြင့် ဟင်းလင်းပြင်ကို ကွေးညွတ်ကာ ထိုနေရာသို့ တိုက်ရိုက် သွားရောက်နိုင်ပေသည်။ သို့သော် တိုက်ရိုက် ဟင်းလင်းပြင် ခရီးသွားခြင်းသည် တိကျမှု မရှိလှပေ။ မျက်စိတစ်ဆုံးကဲ့သို့ အလွန် တိုတောင်းသော ခရီးစဉ်များ သို့မဟုတ် တိကျမှု သိပ်အရေးမကြီးသော အလွန် ရှည်လျားသည့် ခရီးစဉ်များအတွက်သာ ပို၍ သင့်လျော်ပေသည်။

ထို့အပြင် အချက်ပြစက်သည် အလွန် ဖရိုဖရဲဖြစ်နေသော ပတ်ဝန်းကျင်တွင်ပင် လပေါင်းများစွာတိုင်အောင် တည်ရှိနေခဲ့သည်။ သူမ မရောက်မီ စက္ကန့်အနည်းငယ်မျှတော့ ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။

ပျံသန်းမှုသည် သူမကို သမုဒ္ဒရာ တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းသည် ကမ္ဘာနှစ်ခုစလုံးတွင် သမုဒ္ဒရာ ဖြစ်ခဲ့သောကြောင့် ယခုလည်း သမုဒ္ဒရာအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ ဖရိုဖရဲ ဖြစ်မှုများကြောင့် ပျံသန်းနေသော နဂါးတစ်ကောင်၏ ကျောပေါ်ရှိ ရေတစ်ခွက်ကဲ့သို့ လှုပ်ခါနေလျှင်တောင်မှ ၎င်းသည် သမုဒ္ဒရာပင် ဖြစ်သည်။

ဤနေရာတွင် တီးတိုးသံသည် ပို၍ ကျယ်လောင်လာပုံ ရသော်လည်း ပို၍ ရှင်းလင်းလာခြင်းကား မရှိပေ။ ထို့ကြောင့် သူမသည် ရေထဲသို့ ထိုးဆင်းသွားခဲ့သည်။

သူမ ထိုသို့ လုပ်လိုက်သည်နှင့် တပြိုင်နက် သူမ၏ ဓားထံသို့ အချက်ပြမှု တစ်ခု ရောက်ရှိလာသည်။ ဆိုလိုသည်က ဤအချက်ပြစက်သည် သူမ၏ လက်နက်ကို တုံ့ပြန်သည့်အနေဖြင့် အသက်ဝင်လာခြင်း ဖြစ်သည်။ သို့သော် သူမအနေဖြင့် ဓား ကို တုံ့ပြန်ခွင့် ပြုမပြု ရွေးချယ်နိုင်ပေသည်။

သိချင်စိတ် ပြင်းပြသွားသဖြင့် သူမက ၎င်းကို ပြန်လည်ထုတ်လွှင့်ခွင့် ပြုလိုက်သည်။ ထိုအခါ အစိမ်းရောင် အလင်းတန်းတစ်ခု သူမ၏ မြင်ကွင်းတွင် ပေါ်လာသည်။ ၎င်းမှာ ကီလိုမီတာ ရာဂဏန်းအနည်းငယ် ကွာဝေးသော ကိုဩဒိနိတ်များ ဖြစ်ပြီး သမုဒ္ဒရာ အတွင်း၌ပင် ရှိနေသေးသည်။ သူမအတွက် သီးသန့် ချိန်ညှိထားသော အရာတစ်ခုကို သေဆုံးနေသည့် ကျပန်းကမ္ဘာတစ်ခု၏ မျက်နှာပြင်ပေါ်တွင် တွေ့ရှိရခြင်းမှာ အလွန် အန္တရာယ်များပြီး သံသယဖြစ်ဖွယ် ကောင်းကြောင်း သူမ၏ လက်ထောက် ယန္တရားက သတိပေးခဲ့သည်။ သို့သော် သူမက ဆက်လက် လိုက်လံ ရှာဖွေခဲ့သည်။

ဤနေရာတွင် သူမအတွက် သတင်းစကား တစ်ခု ချန်ထားရစ်မည့်သူမှာ တစ်ယောက်တည်းသာ ရှိသည်။ ဤနေရာသည် အော့ဇရီရယ် ၏ ပုန်းအောင်းရာ နေရာပင် ဖြစ်နိုင်ပေသည်။

ဤအရာက သူ၏ အကျင့်စရိုက်နှင့် အတိအကျ တူညီနေသည်။ သူမ မည်သည့်နေရာသို့ ရောက်လာမည်ကို ကြိုတင်ခန့်မှန်းပြီး ထိုနေရာတွင် ပုန်းအောင်းကာ သူမကို စောင့်ဆိုင်းနေခြင်းမျိုး ဖြစ်သည်။ သေဆုံးနေသော ကမ္ဘာတစ်ခုတွင် စောင့်ဆိုင်းနေခြင်းက သူ၏ အမြင်တွင် အထာကျစေရန် ပံ့ပိုးပေးရုံမျှသာ ဖြစ်သည်။

သူမသည် ရေပြင်ကို ဖြတ်သန်းခွဲထွက်သွားခဲ့သည်။ သို့သော် တစ်စက္ကန့်မပြည့်မီမှာပင် အတင်းအကျပ် ရပ်တန့်လိုက်ရသည်။ လက်ချောင်းအရွယ်အစားခန့်ရှိသော ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခုသည် မီတာ ရာပေါင်းများစွာတိုင်အောင် ဒေါင်လိုက် ဆန့်တန်းနေသည်။ ၎င်း၏ အနားသတ်များသည် ဖရိုဖရဲ စွမ်းအင်များဖြင့် တစီစီ မြည်နေပြီး ၎င်း၏ အလယ်ဗဟိုသည် ဟင်းလင်းပြင် ထဲသို့ မျက်နှာမူနေသည်။ ရေများသည် အဆုံးမဲ့ ရေတံခွန်ကြီး တစ်ခုကဲ့သို့ ထိုအထဲသို့ ပန်းထွက်နေသည်။ သို့သော် ထိုအရာက သူမကို စိုးရိမ်စေခြင်း မဟုတ်ပေ။

ဤကဲ့သို့သော အက်ကွဲကြောင်းများသည် အဘီဒန် တို့၏ တိုက်ပွဲအပြီးတွင် အများအားဖြင့် ကျန်ရစ်ခဲ့တတ်သည်။

သူမ အာရုံများကို တတ်နိုင်သမျှ အဝေးဆုံးသို့ ဆန့်တန်းလိုက်သောအခါ ကောင်းကင်ယံသို့ လွင့်ပါးသွားသည်နှင့်အမျှ တဖြည်းဖြည်း ပိုမိုကျယ်ဝန်းလာသော အခြား အက်ကွဲကြောင်းများကို တွေ့ရှိလိုက်ရသည်။ ဖရိုဖရဲ အနှောင့်အယှက်များကြောင့် ကီလိုမီတာ တစ်ဝက်ထက် ပိုဝေးသော နေရာမှ မည်သည့်အရာကိုမျှ သူမ မထောက်လှမ်းနိုင်ခဲ့ပေ။ သို့သော် ထိုအက်ကွဲကြောင်းများသည် ဆက်လက် သွားနေနိုင်သေးသည်။ အကယ်၍ ၎င်းသာ တရားသူကြီး များအကြား တိုက်ပွဲတစ်ခု ဖြစ်ခဲ့မည်ဆိုလျှင် ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် နေမင်းများကို မျိုချနိုင်လောက်အောင်ပင် ကျယ်ဝန်းသွားနိုင်ပေသည်။

ယခုအချိန်တွင် ၎င်းကို စမ်းသပ်ရန် မဖြစ်နိုင်တော့ပေ။ ဤကမ္ဘာ၏ ကြယ်များသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ စကြဝဠာ တစ်ခုစီတွင် လူနေထိုင်သော ဂြိုဟ်တစ်လုံးတည်းသာ ရှိခဲ့သည်။ ထို့ကြောင့် ၎င်းသည် ကမ္ဘာကြီး အပိုင်းပိုင်း မကွဲထွက်မီ နောက်ဆုံး ပျောက်ကွယ်သွားမည့် အရာဖြစ်သည်။

သူမသည် အခြား ဟင်းလင်းပြင် အက်ကွဲကြောင်းများကို ရှောင်တိမ်းကာ ဆက်လက် ပျံသန်းသွားခဲ့သည်။ ပေါင်းစပ်ထားသော ကမ္ဘာများ၏ ဖရိုဖရဲဖြစ်မှုနှင့် လစ်မစ်၏ ဖောက်ပြန်ပျက်စီးမှုတို့သာ မရှိခဲ့လျှင် သူမသည် ဤကမ္ဘာသို့ ရောက်ရှိလာသည့် စက္ကန့်မှာပင် ၎င်းတို့ကို အာရုံခံမိမည် ဖြစ်သည်။

နောက်ဆုံးတွင် ဟင်းလင်းပြင် အက်ကွဲကြောင်း မုန်တိုင်းများအောက်၌ အချက်ပြစက်၏ တည်နေရာကို သူမ ရှာတွေ့သွားခဲ့သည်။

၎င်းသည် မြို့တစ်မြို့စာ အရွယ်အစားရှိသော ကျောက်သား အမိုးခုံးကြီး တစ်ခုအောက်တွင် သူမကို စောင့်ဆိုင်းနေသည်။

ဤနေရာတွင် အဘီဒန် နည်းပညာများ ရှိနေသည်။ အထက်ရှိ ရေများနှင့် အပြင်ဘက် ကမ္ဘာကြီး၏ ဖရိုဖရဲဖြစ်မှုများကြားမှပင် အမိုးခုံးကြီးမှာ မည်သည့် ထိခိုက်မှုမျှ မရှိဘဲ တည်ငြိမ်နေသည်။ သူမသည် အောက်ဘက်သို့ လျှောဆင်းသွားခဲ့သည်။ သို့သော် သူမ ပိုမို နီးကပ်သွားသည်နှင့်အမျှ ကျောက်သားတွင် အပေါက်တစ်ခု ပွင့်လာခဲ့သည်။

"[ကဏ္ဍ ထိန်းချုပ်ရေးစင်တာ ကို အသိပေးလိုက်တာက ပိုပြီး ပညာရှိရာ ကျပါလိမ့်မယ်...]"

သူမ၏ လက်ထောက် ယန္တရားက ပြောလိုက်သည်။

အကယ်၍ အောက်ဘက်တွင် တကယ်ပင် အော့ဇရီရယ် ရှိနေခဲ့ပြီး သူ ပြောစရာရှိသည်ကို သူမ မကြားရမီ အခြား တစ်နေရာသို့ လွှဲပြောင်းပေးအပ်လိုက်ပါက သူသည် သူမကို မည်သည့်အခါကမျှ ခွင့်လွှတ်မည် မဟုတ်ပေ။ သူမသည် အပေါက်ထဲသို့ လွင့်မျော ဝင်ရောက်သွားခဲ့သည်။

အမိုးခုံးကြီး၏ အတွင်းပိုင်းသည် အလွန် ရိုးရှင်းလှသည်။ အားလုံးပေါင်းမှ အခန်းတစ်ခန်းတည်းသာ ဖြစ်သည်။ ၎င်း၏ တည်ဆောက်မှုကို ပိုမို တည်ငြိမ်စေရန် မဟာလမ်းစဉ် ဖြင့် အားဖြည့်ထားပြီး မြို့တစ်မြို့ကို မျိုချနိုင်လောက်အောင် ကြီးမားလှသည်။

သို့သော် အတွင်းတွင် မည်သည့် လမ်းများ၊ အဆောက်အအုံများမျှ မရှိပေ။

အခွံများသာ ရှိသည်။

ကီလိုမီတာ ရာပေါင်းများစွာ ရှည်လျားသော အတန်းလိုက် ရှိနေသည့် ပွင့်လင်းမြင်သာသော သက်ရှိ အခွံများသာ ဖြစ်သည်။ အားလုံးထဲတွင် လူများ ပြည့်နှက်နေပြီး အရည်များထဲတွင် အိပ်စက်ကာ လွင့်မျောနေကြသည်။

အခွံများကို ၎င်းတို့ကြားတွင် နေရာလွတ်များ ထားရှိ၍ ဇယားကွက်ပုံစံ စီစဉ်ထားသည်။ သို့မှသာ အထဲမှ ထွက်လာသူများ လမ်းလျှောက်ထွက်သွားနိုင်မည် ဖြစ်သည်။ သို့သော် အခြား မည်သည့် အထောက်အကူပြု အဆောက်အအုံများမျှ မရှိပေ။ နေထိုင်စရာများ၊ ရေများ၊ အပင်များ လုံးဝ မရှိပေ။ အခွံ တစ်ခုစီတိုင်းမှ အလင်းရောင် မှိန်မှိန်လေး ထွက်ပေါ်နေသော်လည်း ၎င်းမှာ တစ်ခုတည်းသော အလင်းရောင်ပင် ဖြစ်သည်။

"[လူဦးရေ တစ်ဆယ့်နှစ်သန်း၊ လေးသိန်း၊ လေးသောင်း၊ ငါးထောင်၊ ခြောက်ရာ သုံးဆယ့်နှစ် ယောက် ရှိပါတယ်...]"

သူမ၏ လက်ထောက် ယန္တရားက အစီရင်ခံလိုက်သည်။

"[ပြီးတော့ ယဉ်ကျေးမှုအရ အရေးပါတဲ့ အမှတ်လက္ခဏာတွေ ပါဝင်တဲ့ ကုန်တင်သေတ္တာ တချို့လည်း ရှိပါတယ်...]"

"မူလ ဇာစ်မြစ်နေရာက ဘယ်မှာလဲ..."

"[ကမ္ဘာစဉ် နှစ်-တစ်-ခြောက်၊ လစ်မစ် ကမ္ဘာကပါ...]”

သေချာပါသည်။ အဘီဒန်တို့သည် ဟဲရိုး ၏ အထက်တန်းလွှာများကို ရွှေ့ပြောင်းပေးခဲ့သည်။ ထို့အပြင် သူမကိုယ်တိုင်လည်း ပေါင်းစပ်သွားသော ကမ္ဘာမှ အသက်ရှင်ကျန်ရစ်သူ တစ်သန်းခွဲကို ကယ်တင်ခဲ့သည်။

သို့သော် လစ်မစ် ၏ လူဦးရေကိုကား မည်သူမျှ မကယ်တင်ခဲ့ပေ။ သူတို့၏ ကမ္ဘာသည် အဆုံးသတ်ရန် ကံကြမ္မာဖန်လာခဲ့သည်။ ထို့ကြောင့် အဘီဒန် တို့က ၎င်းကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အော့ဇရီရယ် မှလွဲ၍...။ သူသည် ပျက်စီးတော့မည့် ကမ္ဘာတစ်ခု၏ ထူးခြားသော မျိုးဗီဇများနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းထားရန် လုံလောက်သော လူဦးရေကို ကယ်တင်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် အမိုးခုံးကြီး အတွင်းရှိ နေရာလွတ်တွင် နောက်ထပ် ထူးခြားချက် တစ်ခု ရှိနေသေးသည်။ ၎င်းမှာ လေထုထဲတွင် မုန်တိုင်းတစ်ခုကဲ့သို့ တစီစီမြည်နေသော ဟင်းလင်းပြင် အက်ကွဲကြောင်းများပင် ဖြစ်သည်။ အဆောက်အအုံ၏ ဖွဲ့စည်းပုံနှင့် အခွံများသည် မပျက်မစီး ရှိနေဆဲ ဖြစ်သည်။ အော့ဇရီရယ်သည် ၎င်းတို့ကို ကာကွယ်ပေးခဲ့မည်မှာ သေချာလှသည်။ သို့မဟုတ်ပါက ဟင်းလင်းပြင်က ၎င်းတို့ကို ယခုအချိန်တွင် မျိုချသွားလောက်ပြီ ဖြစ်သည်။

သို့တိုင်အောင် ဤနေရာတွင် ဖရိုဖရဲဖြစ်မှု အနှောင့်အယှက်များက အလွန် အားကောင်းနေခဲ့သည်။ လေထုသည် ထိုအရာများနှင့်အတူ တကျွတ်ကျွတ် မြည်နေသည်။ ထို့ကြောင့် ဆူရီရယ် သည် အက်ကွဲကြောင်း တစ်ခုစီ၏ ပတ်လည်တွင် သတိထား၍ သွားလာခဲ့ရသည်။ ၎င်းတို့က သူမကို ခြိမ်းခြောက်နိုင်၍ မဟုတ်ပေ။ သံလိုက်တွင် သံကပ်သကဲ့သို့ သူမ ထိုအရာများနှင့် ကပ်ငြိသွားနိုင်သည်။

အက်ကွဲကြောင်းများသည် ခြံဝင်း၏ အဆုံးဘက်ရှိ တံခါးတစ်ချပ် ပတ်လည်တွင် အထူထပ်ဆုံး ဖြစ်နေသည်။ ထိုတံခါးပေါ်တွင် တံစဉ် တစ်လက်၏ ပုံသဏ္ဌာန်ကို မှတ်သားထားသည်။

***

 

All Chapters