အခန်း (၂၁၇-၂၁၈)
Vol. 16 Ch. 217-218
အပိုင်း(၂၁၇)
သူမသည် လေးလံသော ကျောက်တံခါးကြီးကို လက်တစ်ဖက်ဖြင့် ဘေးသို့ တွန်းဖယ်လိုက်သည်။ ထိုအခါ ဖရိုဖရဲဖြစ်မှုသည် အပုပ်နံ့တစ်ခုကဲ့သို့ သူမကို ရိုက်ခတ်သွားသည်။ တံခါး၏ အခြားတစ်ဖက်ရှိ အခန်းမှာ ရုံးခန်းတစ်ခန်းစာမျှသာ ကျယ်ဝန်းသည်။ ဟင်းလင်းပြင် အက်ကွဲကြောင်းများကြောင့် လုံးဝကို မှောင်မည်းနေသည်။ တရားသူကြီး နှစ်ပါး၏ လက်နက်များ ဤနေရာတွင် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့်အတိုင်း ဖြစ်နေသည်။
သို့သော် ထိုကဲ့သို့သော ပဋိပက္ခမျိုးသည် ဤခိုလှုံရာစခန်းနှင့် လစ်မစ် ရှိ အခြားသူ အားလုံးနီးပါးကို ဖျက်ဆီးပစ်နိုင်လောက်သည်။
တစီစီမြည်နေသော အက်ကွဲကြောင်း အသိုက်ကြီးကို ကျော်လွန်၍ အခန်းထဲတွင် သူမ များများစားစား မမြင်နိုင်ခဲ့ပေ။ သို့သော် အလယ်ဗဟိုတွင် စားပွဲတစ်ဝက်ခန့် ကျန်ရှိနေသေးသည်။ ထိုစားပွဲပေါ်တွင် လက်သီးဆုပ်ခန့်ရှိသော ဘောလုံးတစ်လုံးက အပြာရောင် လင်းလက်နေသည်။ ၎င်းမှာ အချက်ပြစက် တစ်ခု ဖြစ်သည်။ ဤနေရာရှိ ဖရိုဖရဲဖြစ်မှုများ အားလုံးက ၎င်းကို ပျက်စီးယိုယွင်းစေခဲ့မည်မှာ သေချာလှသည်။ အဝေးမှ နံရံပေါ်တွင် ရှေးဟောင်း သွေးများနှင့် အသားစများ ပက်ဖြန်းထားသကဲ့သို့ ရှိနေသည်။ တံခါး မပိတ်မီလေးတွင် လူတစ်ယောက် ပေါက်ကွဲထွက်သွားသည့်အလား ထင်မှတ်ရသည်။
"[အကြွင်းအကျန်တွေကို ခွဲခြားသိမြင်ဖို့ မဖြစ်နိုင်ပါဘူး...]"
သူမ၏ လက်ထောက် ယန္တရားက အစီရင်ခံလိုက်သည်။
"[ဖရိုဖရဲဖြစ်မှုနဲ့ အချိန်တွေက အဲ့တာတွေကို ခွဲခြမ်းစိတ်ဖြာလို့ မရနိုင်တဲ့အထိ ဖျက်ဆီးပစ်လိုက်ပါပြီ...]"
အချက်ပြစက်သည် သူမ၏ ဓား နှင့် ဆက်လက် တုံ့ပြန်နေဆဲ ဖြစ်သည်။ ၎င်းတွင် မက်ဆေ့ခ်ျ တစ်ခု ပါဝင်ကြောင်း ညွှန်ပြနေသည်။ သူမသည် ၎င်းကို လက်ခံရယူရန် လက်လှမ်းလိုက်သော်လည်း တုံ့ဆိုင်းသွားခဲ့သည်။
အကြောင်းပြချက် တစ်ခုခုကြောင့် မဟုတ်ပေ။ စဉ်းစားရန် အချိန်ခဏ ယူလိုက်ခြင်းလည်း မဟုတ်ပေ။ သူမ ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။
လစ်မစ် ၏ သေဆုံးမှုအတွက် ကြိုတင်ပြင်ဆင်ရန် အော့ဇရီရယ် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲတစ်ခုအပြီးတွင် ဤမက်ဆေ့ခ်ျကို သူမအတွက် သူ ချန်ထားခဲ့ခြင်းလော။ သို့မဟုတ် ဂြိုဟ်ကို ကျော်လွန်ကာ တိုက်ပွဲ မစတင်မီကတည်းက ဤမက်ဆေ့ခ်ျကို သူ ပြင်ဆင်ထားခဲ့ခြင်းလော။
မည်သို့ပင်ဖြစ်စေ ၎င်းသည် သတင်းကောင်း မဟုတ်ပေ။ ဤမက်ဆေ့ခ်ျသည် အော့ဇရီရယ် ဘေးကင်းကြောင်း၊ ပျော်ရွှင်နေကြောင်းနှင့် အလုပ်ပြန်လုပ်ရန် အသင့်ဖြစ်နေကြောင်း သူမကို ပြောပြမည့်အရာ မဟုတ်ပေ။
သူမကိုယ်တိုင်အတွက် သူမ ကြောက်ရွံ့နေသည်။ အဘီဒန် တို့အတွက် သူမ ကြောက်ရွံ့နေသည်။ ထို့အပြင် အဘီဒန် တရားရုံး သို့ သူမ မဝင်ရောက်မီကတည်းက သိကျွမ်းခဲ့သော ထိုလူသားအတွက် သူမ ကြောက်ရွံ့နေခဲ့သည်။ သူမအတွက် သူသည် အမြဲတမ်း အော့ဇရီရယ် သာ ဖြစ်ခဲ့သည်။ သို့သော် သူမ ဖီးနစ်ငှက် ဆူရီရယ် မဖြစ်လာမီ အချိန်ကာလ တစ်ခု ရှိခဲ့ဖူးသည်။ သူတို့သည် သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။
သူမသည် မက်ဆေ့ခ်ျကို လက်ခံလိုက်သည်။ ထိုအခါ သူမ၏ အာရုံများသည် အဆုံးမဲ့ အဖြူရောင်ထဲတွင် နစ်မြုပ်သွားခဲ့သည်။
ဤသည်မှာ အဘီဒန် တို့၏ ဌာနချုပ်ဖြစ်သော ဆန်တမ် တွင် မက်ဆေ့ခ်ျပို့ရန် လုံးဝ သာမန် နည်းလမ်းတစ်ခုပင် ဖြစ်သည်။ အာရုံများနှင့် အတွေ့အကြုံများကို မျှဝေခြင်းသည် အထူးအဆန်း မဟုတ်ပေ။ ဤကဲ့သို့သော အတွေ့အကြုံမျိုးကို ဖန်တီးရန် အော့ဇရီရယ် အတွက် စက္ကန့်ပိုင်းမျှသာ ကြာမြင့်မည် ဖြစ်သည်။
သို့သော် ဤမက်ဆေ့ခ်ျအတွင်းရှိ ကမ္ဘာသည် တကျွတ်ကျွတ် မြည်နေပြီး ပျက်စီးမှုများနှင့် ဖရိုဖရဲဖြစ်မှုများကြောင့် မှေးမှိန်ညစ်နွမ်းနေသည်။ ၎င်းသည် အပြစ်အနာအဆာများဖြင့် ပြည့်နှက်နေသည်။ အစက်အပြောက်များ ထနေသော ရုပ်ရှင်ဖလင် တစ်ခုမှတစ်ဆင့် သူမ ကြည့်နေရသကဲ့သို့ ဖြစ်နေသည်။ သူမ၏ နားထဲတွင်လည်း အနှောင့်အယှက်များက အဆက်မပြတ် တစီစီ မြည်နေသည်။
အနည်းဆုံးတော့ သူမ တစ်ယောက်တည်း မဟုတ်ပေ။
အော့ဇရီရယ်သည် သူမ၏ အရှေ့တွင် ပြောင်လက်နေသော အမည်းရောင် သံချပ်ကာကို ဝတ်ဆင်၍ ရပ်နေသည်။ အော့ဇရီရယ် ၏ ဂုဏ်ကျက်သရေ ဝတ်ရုံ သည် သူ၏ အနောက်တွင် ဆူပွက်နေသော အရိပ် ခြုံလွှာ တစ်ခုကဲ့သို့ လွင့်ဝဲနေသည်။ အဖြူရောင် ဆံပင်များသည် သူ၏ ကျောပြင်ပေါ်သို့ ဖြာကျနေသည်။ သို့သော် အရာအားလုံးသည် တစ်ဝက်တစ်ပျက် မေ့ပျောက်နေသော အိပ်မက်တစ်ခုကဲ့သို့ ဝေဝါးနေသည်။ သူ၏ မျက်နှာသည် မပီပြင်သော်လည်း မှတ်ဉာဏ်ထဲမှ လစ်လပ်နေသော အစိတ်အပိုင်းများကို သူမ ဖြည့်စွက်ကြည့်နိုင်ပေသည်။ အေးစက်ပြီး၊ ခပ်ခွာခွာနေတတ်ကာ၊ တင်းမာသော မျက်နှာမျိုးပင်။
အပြင်မှာဆိုလျှင် သူသည် သူမ တွေ့ဖူးသမျှ အဘီဒန် အားလုံးထက် ပို၍ ဟာသဉာဏ် ရွှင်သူ ဖြစ်သည်။ သို့သော် သူသည် ဆိုးရွားသော သတင်းတစ်ခုအတွက် မိမိကိုယ်ကို အသင့်ပြင်ထားသည့် လူတစ်ယောက်ကဲ့သို့ မျက်နှာအမူအရာကို အမြဲတမ်း ဖော်ဆောင်ထားတတ်သည်။
“ဆူ... လှနေတယ်... လိုရင်းကိုပဲ ပြောမယ်၊ ဘာလို့လဲဆိုတော့... အသတ်ခံရမယ်...”
သူ စကားပြောနေသည်။ သူမကို စကားပြောနေခြင်း ဖြစ်သည်။ အကြောင်းမှာ ဤအရာကို သူမ ရှာတွေ့မည်ကို သူ သိထားသောကြောင့် ဖြစ်သည်။ သူ သိထားခဲ့သည်မှာ သေချာလှသည်။ သို့သော် သူ မည်သို့ပင် ကြိုတင်ခန့်မှန်းခဲ့စေကာမူ၊ သူ၏ မက်ဆေ့ခ်ျကို ဖျက်ဆီးပစ်မည့် ဤအခန်းထဲမှ တိုက်ပွဲတစ်ခုကိုတော့ သူ ထည့်မတွက်ခဲ့မိပေ။
သူသည် သူမ၏ အရှေ့တွင် အမှန်တကယ် ရပ်နေသည်ဟု သူမ ယုံကြည်သွားလောက်သည်အထိ မြင်ကွင်းသည် ခေတ္တမျှ ပီပြင်လာခဲ့သည်။
“နင့်ကို မစွန့်ပစ်ခဲ့ပါဘူး... ငါ ကမ္ဘာဆယ့်ခြောက်ခုကို ဖော်ထုတ်ထားတယ်... ဒီလိုမျိုး အဆောက်အအုံတစ်ခု..."
သူ၏ နှုတ်ခမ်းများ လှုပ်ရှားနေသည်ကို ယခု သူမ မြင်နိုင်ပြီ ဖြစ်သည်။ သို့သော် သူမ နားကန်းသွားသကဲ့သို့ မည်သည့်အသံမျှ မကြားရပေ။
“နင် လုပ်မယ်ဆိုတာ သေချာတယ်... ကန့်သတ်နယ်မြေ... ငါ လု... တကယ်ပဲ ငါ့ကို သေစေလိမ့်မယ်..."
သူ၏ မျက်နှာအမူအရာ မှောင်မည်းသွားပြီး သူမ၏ ပခုံးပေါ်မှနေ၍ အနောက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ လက်ထဲတွင် တံစဉ် တစ်လက် ပေါ်လာသည်။ ၎င်းသည် အော့ဗ်ဆီးဒီးယန်း ကျောက်နက် ဓားကောက်တစ်လက်ကဲ့သို့ ရှည်လျားပြီး ကွေးညွတ်နေသော ဓားသွားတစ်ခု ဖြစ်သည်။ အနည်းဆုံးတော့ ၎င်းသည် ထိုကဲ့သို့ ပုံသဏ္ဌာန် ဖော်ပြနေခြင်း ဖြစ်သည်။
ဤသည်မှာ မက်ဆေ့ခ်ျ၏ အဓိက အနှစ်သာရ ဖြစ်ကြောင်း သူမ သေချာ သိထားသည်။ သို့သော် တစီစီမြည်နေသော အသံမှလွဲ၍ သူမ ဘာကိုမျှ မကြားရပေ။ နောက်ဆုံးတွင် သူ၏ အသံသည် သူမ၏ အာရုံစွန်းတွင် တစ်ဖန် ပြန်လည် ပေါ်ထွက်လာသည်။
“တကယ်လို့ ငါသာ ဘာမှ မလုပ်ခဲ့ရင်၊ အရာအားလုံးက ဒီအတိုင်းပဲ ဆက်ရှိနေလိမ့်မယ်... ငါ မ..."
အိပ်မက်ကမ္ဘာသည် အသံဗလံများဖြင့် စူးရှစွာ မြည်ဟည်းသွားသည်။ မက်ဆေ့ခ်ျ မှတ်တမ်းတင်ထားမှု ရုတ်တရက် ပြတ်တောက်သွားချိန်တွင် အရောင်များသည် သူမ၏ မျက်လုံးများထဲတွင် လိမ်ယှက်သွားကြသည်။
၎င်းမှာ အနှောင့်အယှက် မဟုတ်ပေ။ စကားပြောနေစဉ်အတွင်း သူ တိုက်ခိုက်ခံလိုက်ရသဖြင့် မက်ဆေ့ခ်ျ အဆုံးသတ်သွားခြင်း ဖြစ်သည်။
သို့ဆိုလျှင် တိုက်ပွဲသည် ဤနေရာမှ စတင်ခဲ့ပြီး ကမ္ဘာကြီးထဲသို့ ဆက်လက် ပျံ့နှံ့သွားခြင်း ဖြစ်သည်။
“လက်ထောက်လေး...”
ဆူရီရယ် က နှုတ်ဖြင့် အမိန့်ပေးလိုက်သည်။
“အော့ဇရီရယ် ရဲ့ မက်ဆေ့ခ်ျမှာ ပါဝင်နိုင်ခြေရှိတဲ့ အကြောင်းအရာကို ပြန်လည် တည်ဆောက်ပါ... ခွင့်ပြုကုဒ် ဆူရီရယ် သုည-သုည-ခြောက်...”
လက်ထောက် ယန္တရားသည် ရိုးရှင်းသော ခန့်မှန်းချက်များကို လုပ်ဆောင်ရန် အလွန်ပင် စွမ်းဆောင်နိုင်သည်။ သို့သော် တရားသူကြီး များအကြား အပြန်အလှန် ဆက်သွယ်မှုများသည် အများအားဖြင့် နှုတ်ဖြင့် အတည်ပြုချက် လိုအပ်ပေသည်။ ဆန်တမ် က တရားစီရင်ရေး အာဏာပိုင်ခွင့် ထပ်တူကျမှု မှန်သမျှကို မှတ်တမ်းကောင်းကောင်း တင်ထားချင်သောကြောင့် ဖြစ်သည်။
"[မပြည့်စုံတဲ့ သတင်းအချက်အလက်တွေကို စံသတ်မှတ်ထားတဲ့ အော့ဇရီရယ် ရဲ့ ခန့်မှန်းချက် ပုံစံနဲ့ ဖြည့်စွက်ထားပါတယ်... အကောင်းဆုံး ပြန်လည်ဖန်တီးမှုကို အောက်မှာ ဖော်ပြထားပါတယ်...]"
မက်ဆေ့ခ်ျသည် အသံသာ ပါဝင်သည်။ သို့သော် အော့ဇရီရယ် သည် သူမ၏ နားထဲသို့ တိုက်ရိုက် ပြောနေသကဲ့သို့ ဖြစ်နေသည်။ မောပန်းနွမ်းနယ်နေသော ဟာသနှောသည့် သူမ သူငယ်ချင်း၏ အသံပင် ဖြစ်သည်။
"ဆူရီရယ်... ဒီနေ့ နင် တော်တော်လေး လှနေမယ်ဆိုတာ ငါ သေချာတယ်... လိုရင်းကိုပဲ ပြောမယ်၊ ဘာလို့လဲဆိုတော့ သတ်ပစ်ဖို့ လိုအပ်နေတဲ့ မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်နေလို့ပဲ... ငါ နင့်ကို မစွန့်ပစ်ခဲ့ပါဘူး... ငါ မရှိတဲ့အချိန်မှာ ဖောက်ပြန်ပျက်စီးသွားမယ့် ကမ္ဘာဆယ့်ခြောက်ခုကို ငါ ဖော်ထုတ်ထားတယ်၊ ပြီးတော့ တစ်ခုချင်းစီမှာ ဒီလိုမျိုး အဆောက်အအုံတစ်ခုကို ပြင်ဆင်ထားခဲ့တယ်... မာကီရယ်က ဂါဒရယ် ကို လွှတ်မယ်ဆိုတာ ငါ သေချာတယ်၊ ပြီးရင် နင်က သွားဖို့ တောင်းဆိုလိမ့်မယ်... တကယ်လို့ ငါ မရှိသေးဘူးဆိုရင် ဖရိုဖရဲဖြစ်မှု အနှောင့်အယှက်တွေကြောင့် ဆယ့်ခြောက်ခုထက် ပိုပြီး ခန့်မှန်းဖို့ မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့် ကန့်သတ်နယ်မြေ သတ်မှတ်တာကိုသာ ဆက်လုပ်ပါ... တကယ်လို့ ဒါက ငါ့ကို အသေသတ်မသွားဘူး ဆိုရင်တော့ ငါ အချိန်အများကြီး ယူရတော့မှာ မဟုတ်ပါဘူး..."
သူ၏ အသံသည် တည်ကြည်လေးနက်သွားသည်။
"ငါတို့ ပြောင်းလဲရမယ် ဆူရီရယ်... တကယ်လို့ ငါသာ ဘာမှ မလုပ်ခဲ့ရင်၊ အရာအားလုံးက ဒီအတိုင်းပဲ ဆက်ရှိနေလိမ့်မယ်... ငါ မ..."
အသံ ပြတ်တောက်သွားသည်။
သူမ၏ မျက်လုံးများသည် နံရံပေါ်ရှိ သွေးများဆီသို့ အလိုအလျောက် ပြန်လည် ရောက်ရှိသွားသည်။ သူသည် သူမ ဤနေရာတွင် ရပ်နေသည်ကို မြင်တွေ့ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ရာချီကတည်းက သူမကို သူ မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။
သူကိုယ်တိုင်အတွက် မဟုတ်လျှင်တောင် သူမအတွက်တော့ သူ စောင့်ကြည့်ကာကွယ်ပေးနေဆဲ ဖြစ်သည်။
သူမ၏ နှလုံးခုန်သံသည် နားထဲတွင် ဆူညံစွာ မြည်ဟည်းနေသည်။ အသက်ရှူနှုန်းသည် အနည်းငယ် မြန်ဆန်လာသည်။ ထို့အပြင်... အဒရီနယ်ဂလင်းများက ဟော်မုန်းများကို သူမ၏ သွေးကြောထဲသို့ ညှစ်ထုတ်ပေးလိုက်သည်။ သူမသည် ဤရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို ဖြတ်တောက်မပစ်ရန် ရွေးချယ်လိုက်သည်။
သူမ၏ သူငယ်ချင်းအတွက် ကြောက်ရွံ့မှုကို သူမ ခံစားပါစေတော့။
***
အပိုင်း(၂၁၈)
စမ်းသပ်မှုများကို စတင်ပြီး လေးရက်မြောက်နေ့ နံနက်ခင်း၌ လင်းတုန်းသည် ဆယ်လ်ဗန် မြစ်မျိုးစေ့ ထည့်ထားသော သေတ္တာကို သူ၏ လွယ်အိတ်ထဲမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် အသစ်စက်စက် ဖန်တီးထားသော မာဒြာပြား တစ်စုံကို လှမ်းပေးလိုက်၏။
ဆယ်လ်ဗန် က သူ့အား ရွှင်လန်းစွာ ပြုံးပြရင်း လက်ပြနှုတ်ဆက်လေသည်။
လင်းတုန်းကမူ ထိုအရာလေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။
တစ်စုံတစ်ယောက်သည် မျက်နှာမပါရှိသည့် သူ၏ ဝိညာဉ်အသေးအမွှားလေးကို အခြားအရာတစ်ခုဖြင့် အစားထိုးလိုက်ခြင်း ဖြစ်ရမည်။ ယခု သူမြင်နေရသည်က ရေ မာဒြာ ဖြင့် ဖန်တီးထားသော အမျိုးသမီးငယ်လေး တစ်ဦးပင် ဖြစ်နေသည်။ လင်းတုန်း၏ မာဒြာပြားများကို မြင်ပြီး အစာစားရန် ပါးစပ်ဟလိုက်သည့် အချိန်အထိ ၎င်းကို အခြားသတ္တဝါတစ်ကောင်ဟု သူ ထင်မှတ်နေခဲ့မိသည်။
အရင်က တောက်ပပြီး အလင်းပေါက်နေသော အပြာရောင် အရုပ်လေးတစ်ရုပ်သာ ဖြစ်ခဲ့သော်လည်း ယခုမူ အပြာရင့်ရောင် အမျိုးသမီးငယ်လေး ဖြစ်လာခဲ့လေပြီ။ သူမတွင် ရှည်လျားပြီး လွင့်ပျံနေသော ဆံကေသာများနှင့် ခြေထောက်များကို ဖုံးကွယ်ထားသည့် လှိုင်းတွန့် ဂါဝန်တစ်ခု ပါရှိသည်။ ထို့ပြင် ပြုံးလိုက်သည့်အခါ ရှင်းလင်းစွာ မြင်ရသော သွားလေးများနှင့် စူးစမ်းလိုစိတ်အပြည့်ရှိသော မျက်လုံးများလည်း ရှိနေလေသည်။
ယခုအခါ ထိုမျက်လုံးလေးများကို မှိတ်ထားပြီး အစာစားရန်အတွက် သူမ၏ ပါးစပ်ကို ဟထားသည်။ လင်းတုန်းသည် သူမ၏ လျှာလေးကိုပင် မြင်လိုက်ရသည်ဟု ထင်မှတ်မိ၏။
ယခု သူမတွင် လျှာတစ်ခု ရှိနေပြီဖြစ်သည်။ ထို့အပြင် မျက်ခွံများလည်း ပါရှိလာလေသည်။
လင်းတုန်း မှင်တက်စွာဖြင့် ပြောင်းလဲမှုများကို ရှာဖွေရန် သေတ္တာ၏ အနားသတ်များကို မျက်စိကစားကြည့်လိုက်သည်။ သူ ချက်ချင်းပင် တစ်ခုကို တွေ့ရှိသွား၏။ အစီအရင် ရေးဆွဲထားသော မှန်သားများ အံဝင်ခွင်ကျ မဖြစ်သည့် ထောင့်တစ်နေရာကို တွေ့လိုက်ရခြင်း ဖြစ်သည်။
၎င်းသည် သေချာပေါက် ပြောင်းလဲသွားခြင်းဖြစ်သည်။ လင်းတုန်းသည် မှန်ကို မခွဲဘဲ ဖွင့်နိုင်မည့်နည်းလမ်းကို ရှာဖွေရန် သေတ္တာတစ်ခုလုံးရှိ အပြစ်အနာအဆာများကို နာရီပေါင်းများစွာ ရှာဖွေခဲ့ဖူးသည်။ သူသည် ထိုချို့ယွင်းချက်ရှိနေသော နေရာတစ်လျှောက် လက်မဖြင့် ပွတ်ဆွဲလိုက်ရာ သေတ္တာ၏ ထိုထောင့်နေရာက ပွင့်လာခဲ့သည်။ သူသည် တစ်ဖက်တွင်လည်း ထိုလုပ်ငန်းစဉ်အတိုင်း ထပ်မံလုပ်ဆောင်လိုက်သောအခါ သေတ္တာ၏ အဖုံးမှာ ပွင့်ဟလာလေသည်။
ဆယ်လ်ဗန် သည် အစာတောင်းနေဆဲဖြစ်သောကြောင့် သူသည် သေတ္တာပေါ်မှ မျက်စိမခွာဘဲ မာဒြာပြား များကို အတွင်းသို့ ထည့်ပေးလိုက်သည်။ ၎င်းတို့သည် ဆယ်လ်ဗန် ထံသို့ ရောက်သည်နှင့် ချက်ချင်း အရည်ပျော်သွားပြီး အလင်းတန်းများအဖြစ် သူမ၏ လည်ချောင်းထဲသို့ စီးဆင်းသွားလေသည်။
အီသန်။ အီသန် လုပ်လိုက်ခြင်းပင် ဖြစ်ရမည်။
လွန်ခဲ့သောတစ်ပတ် သူ အစာကျွေးပြီးကတည်းက ဆယ်လ်ဗန်၏ ပုံပန်းသဏ္ဍာန် သိသိသာသာ ပြောင်းလဲသွားသည်ကို သူ လက်ခံရမည် ဖြစ်သည်။ ထို့အပြင် အခြားတစ်စုံတစ်ယောက်က သေတ္တာကို မည်သို့ဖွင့်ရမည်ကို သိရှိသွားပြီးနောက် ပြန်ပိတ်သွားခြင်း ဖြစ်ရမည်။ သို့မဟုတ်ပါက အဆင့်နိမ့် အရှင်သခင်သည် တစ်ခုခု လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ရမည်။ သို့သော် မည်သည့်အရာကို လုပ်ခဲ့သနည်း။ မည်သည့်အတွက်ကြောင့်နည်း။
သူသည် အသေးစိတ် စုံစမ်းချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသော်လည်း မည်သည့်မေးခွန်းများ မေးရမည်ကိုပင် သေချာမသိသေးပေ။ အကယ်၍ သူ့တွင် အကူ ယန္တရား တစ်ခုသာ ရှိခဲ့လျှင် သူမ၏ မာဒြာ ပါဝင်ဖွဲ့စည်းမှုများကို စစ်ဆေးနိုင်ပြီး မည်သည့်အရာများ ပြောင်းလဲသွားသည်ကို သိရှိနိုင်မည် ဖြစ်သည်။ ဖစ်ရှာ ဂီရှာ ကမူ သူ့ကို ပြောပြနိုင်စွမ်း ရှိသည်။ သို့သော် သူသာ တောင်ပေါ်မှ ထွက်ခွာသွားပါက လက်မြှောက်အရှုံးပေးလိုက်ပြီဟု သတ်မှတ်ခံရမည် ဖြစ်သည်။
ရှင်းလင်းသော အဖြေများ မရရှိနိုင်သည့်အတွက် သူမကို လွယ်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ အီသန် က သူ့အတွက် သိသာထင်ရှားသော အရိပ်အမြွက်များ ချန်ထားခဲ့ခြင်း ရှိမရှိကို နောက်မှ သေချာပြန်လည် စစ်ဆေးကြည့်ရမည်ဟု တွေးလိုက်၏။
ဆယ်လ်ဗန် အကြောင်းကို ခေါင်းထဲမှ ထုတ်ပယ်လိုက်ပြီးနောက် သူနှင့် ယီရင် တို့သည် စမ်းသပ်မှုကို ဒုတိယအကြိမ် စိန်ခေါ်ရန် ပြင်ဆင်လိုက်ကြသည်။
လင်းတုန်းသည် အနီနှင့်အမည်း ရောယှက်နေသော သလင်းကျောက်ကို လက်မောင်းများဖြင့် ပွေ့ပိုက်ထားလိုက်သည်။ ထို့နောက် မီးတောက် ခြုံလွှာ သိုင်းကွက်ကို အသက်သွင်းကာ ကျောက်တိုင်တောအုပ်ထဲသို့ အပြေးအလွှား ဝင်ရောက်သွားလေသည်။ သူ၏ ကြွက်သားများသည် မဟူရာ မီးတောက် မာဒြာ ကြောင့် ပူလောင်နေပြီး စက္ကန့်တိုင်းသည် တရှဲရှဲ မြည်နေသကဲ့သို့ ခံစားနေရ၏။ ခြေလှမ်းတိုင်းတွင် ဖုန်မှုန့်များ လွင့်စင်ကျန်ရစ်ခဲ့ပြီး သူ၏ ဒူးခေါင်းများထဲသို့ နာကျင်မှုများ စူးဝင်လာသည်။ ထို့အပြင် ရေစိုနေသော စောင်တစ်ထည်ကို ဖြတ်၍ လေကို ရှူသွင်းရန် ကြိုးစားနေရသကဲ့သို့ သူ၏ အသက်ရှူသံများမှာလည်း နှေးကွေးလေးလံနေလေသည်။
၎င်းသည် အိပ်မက်ဆိုးတစ်ခုထဲတွင် ပြေးလွှားနေရသကဲ့သို့ပင် ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှု ဝေဒနာခံစားနေရချိန်တွင် မီးခိုးရောင် အရိပ်များသည် အရပ်မျက်နှာ အသီးသီးမှ သူ့ကို လိုက်လံဖမ်းဆီးနေကြသည်။ သူသည် ယခင်ကထက် ပိုမိုမြန်ဆန်စွာ လှုပ်ရှားနေကြောင်းကို သိသော်လည်း ရွှံ့နွံများထဲတွင် ရုန်းကန်နေရသကဲ့သို့ ခံစားနေရဆဲဖြစ်သည်။
နောက်ဆုံးတွင် သူသည် အသက်ရှူခြင်း နည်းစနစ်ကို ရပ်တန့်လိုက်ပြီး သန့်စင်သော လေကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုလေသည် သူ၏ သွေးကြောများထဲသို့ ချိုမြိန်သော အသက်စွမ်းအင်များကို စီးဆင်းသွားစေသည်။ သို့သော် ထိုအချိန်တွင် သူ၏ မာဒြာ လမ်းကြောင်းများသည် မီးတောက် ခြုံလွှာ ၏ ဝန်ထုပ်ဝန်ပိုးကို မခံနိုင်တော့ပေ။ သိုင်းကွက်မှာ တဖျပ်ဖျပ် လင်းလက်သွားပြီးနောက် ငြိမ်းသတ်သွားကာ ချိတ်ပိတ်အစီအရင်မှာလည်း မှေးမှိန်သွားသည်။ ထိုခဏတွင် စစ်သည်ရုပ်တု တစ်ကောင်၏ ဓားချက်က သူ၏ လက်ထဲမှ သလင်းကျောက်ကို ရိုက်ချလိုက်လေသည်။
ငွေရောင် မာဒြာ ဓားသွားတစ်ခုသည် တောအုပ်ထဲမှ ထွက်ပေါ်လာပြီး စစ်သည်ရုပ်တုကို ထက်ပိုင်းပိုင်းဖြတ်လိုက်သည်။ သို့သော်လည်း စမ်းသပ်မှု ကျရှုံးကြောင်း အချက်ပေးသည့် ကြေးစည်သံက ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
စစ်သည်ရုပ်တုများ ပြောင်းလဲသွားခဲ့သည်။
၎င်းတို့သည် အမြဲတမ်း ကျောက်သားလက်နက်များကို ကိုင်ဆောင်ထားတတ်ကြသည်။ သို့သော် တစ်ခါတစ်ရံတွင် ထိုလက်နက်များသည် ဓား အော်ရာ များဖြင့် တောက်ပလာပြီး ပတ်ဝန်းကျင်ရှိ ကျောက်တိုင်များကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိလာကြသည်။
စစ်သည်ရုပ်တုတိုင်းသည် တောက်ပသော ငွေရောင်လက်နက်များကို ကိုင်ဆောင်ထားခြင်း မရှိပေ။ သို့သော် ယီရင် ကမူ ထိုသို့ကိုင်ဆောင်ထားသော ရုပ်တုများကိုသာ ပို၍ သဘောကျလေသည်။ ၎င်းတို့၏ လက်နက်များ ပတ်လည်တွင် စုဝေးနေသော အော်ရာ များကြောင့် ၎င်းတို့ လာနေသည်ကို သူမ အာရုံခံနိုင်ပေသည်။ ထို့နောက် အဆုံးမဲ့ ဓား လမ်းစဉ် နည်းစနစ်ဖြင့် ၎င်းတို့ကို အလွယ်တကူ နုတ်နုတ်စဉ်း ပစ်နိုင်မည် ဖြစ်သည်။ ထိုရုပ်တုများ ပေါ်လာသည့်အခါ သူမသည် မျက်စိတစ်မှိတ်အတွင်း ဖယ်ရှားပစ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် အသက်ဝင်နေသော ရုပ်တုတစ်ခုက သူမကို ကျော်ဖြတ်ပြီး လင်းတုန်း ကို မဖမ်းမိခင် သူတို့နှစ်ဦးသည် ကျောက်တိုင်များကြားထဲသို့ အတော်အတန် နက်ရှိုင်းစွာ ဝင်ရောက်သွားနိုင်ခဲ့သည်။
သို့သော် သူတို့သည် ထိုထက်ပို၍ ခရီးမဆက်နိုင်ခဲ့ကြပေ။
ယီရင်၏ စိတ်ပျက်ဒေါသထွက်မှုများမှာ ကြီးထွားလာ၏။ သူမသည် ဓားတစ်လက်ကို ကိုင်ဆောင်ပြီး ဒေါသတကြီးဖြင့် ဤတောင်ကြားထဲမှ ဖောက်ထွက်သွားချင်စိတ်များပင် ပေါ်ပေါက်လာသည်။ သူမသည် ယခုထက် များစွာပို၍ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အကယ်၍ သူမ၏ အစစ်အမှန် စွမ်းရည်ကိုသာ အသုံးပြုနိုင်မည်ဆိုလျှင် ဓားကိုင်ဆောင်ထားသော စစ်သည်ရုပ်တုတိုင်းကို ၎င်းတို့၏ ကိုယ်ပိုင် အော်ရာ ဖြင့်ပင် ထက်ပိုင်းခွဲပစ်နိုင်ပေလိမ့်မည်။ ထို့နောက် လင်းတုန်း ကို ကလေးတစ်ယောက်ကဲ့သို့ ချီပိုးကာ အဆုံးအထိ သယ်ဆောင်သွားနိုင်မည် ဖြစ်သည်။
လင်းတုန်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခု မဟုတ်တော့ပေ။ စမ်းသပ်မှုကို စတင်ခဲ့သည့် နေ့ရက်များမှစ၍ သူသည် သူမကို အံ့အားသင့်စေခဲ့သည်။ အထင်ကြီးလာစေခဲ့သည်။ မီးတောက် ခြုံလွှာ သိုင်းကွက်သည် သူ့အတွက် အံဝင်ခွင်ကျဖြစ်နေသော ဓားအိမ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် ယခင်က သူ လိုအပ်နေခဲ့သော အရာအားလုံးကို ဖြည့်ဆည်းပေးခဲ့၏။ ပေါက်ကွဲထွက်မတတ် မြန်ဆန်သော အရှိန်အဟုန်၊ ရုတ်တရက် ထွက်ပေါ်လာသော အင်အားများနှင့် ရန်သူများကို လက်သီးချင်းယှဉ်၍ ရင်ဆိုင်ရဲသည့် လုံလောက်သော ယုံကြည်မှုများ ရရှိလာခြင်း ဖြစ်သည်။
အမှန်တကယ်တော့ ယခု သူသည် သူမနှင့် ရင်ပေါင်တန်းနိုင်လာပြီဖြစ်ရာ သူနှင့်အတူ ယှဉ်တွဲတိုက်ခိုက်ရခြင်းမှာ ပျော်ရွှင်စရာတစ်ခု ဖြစ်လာခဲ့သည်။ သူတို့သည် သူတို့၏ အကောင်းဆုံး အခြေအနေရောက်မှသာ စမ်းသပ်မှုများကို သုံးရက် သို့မဟုတ် လေးရက်လျှင် တစ်ကြိမ်ခန့် စိန်ခေါ်နိုင်ကြသည်။ သူ၏ ဝိညာဉ် သည် သူမကဲ့သို့ လျင်မြန်စွာ ပြန်လည် မကောင်းမွန်နိုင်သလို သူမ၏ ဒဏ်ရာများသည်လည်း သူ၏ ဒဏ်ရာများထက် ပို၍ ကြာရှည်စွာ တည်ရှိနေတတ်သည်။ သူမသည် စမ်းသပ်မှု ပြုလုပ်ရမည့် နေ့ရက်များကို မျှော်လင့်နေတတ်သည်။ အကြောင်းမှာ ထိုနေ့ရက်များသည် သူတို့နှစ်ဦး အတူတကွ တွဲဖက်၍ တိုက်ခိုက်ရမည်ကို ဆိုလိုသောကြောင့် ဖြစ်သည်။
အကယ်၍ သူမသည် မိမိ၏ အစွမ်းအစ အပြည့်အဝကိုသာ အသုံးပြုခွင့်ရမည်ဆိုလျှင် လင်းတုန်း နှင့်အတူ ယှဉ်တွဲတိုက်ခိုက်ရင်း အသင်းအဖွဲ့တစ်ခုအဖြစ် လေ့ကျင့်သင်ယူရခြင်းမှာ အားလပ်ရက် အပန်းဖြေခရီးထွက်ရသကဲ့သို့ ပေါ့ပါးနေမည် ဖြစ်သည်။ ၎င်းသည် ဓားသူတော်စင် က သူမကို ကလေးဘဝအိမ်လေး၏ ပြာပုံထဲမှ ကယ်တင်ခဲ့ပြီးကတည်းက သူမဘဝ၏ အကောင်းဆုံး အချိန်ကာလတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် သူမသည် ခြေချင်းခတ်ခံထားရသကဲ့သို့ ဖြစ်နေသည်။ ဝန်ထုပ်ဝန်ပိုးများက သူမကို ဖိနှိပ်ထားလေသည်။
သူမသည် အဆင့်မြင့် ရွှေအဆင့် သို့ တက်လှမ်းမည့် အတားအဆီးတွင် ပိတ်မိနေသည်။ မဖိတ်ခေါ်ထားသော ဧည့်သည်က ချိတ်ပိတ်အစီအရင်ကို တွန်းကန်ရုန်းထွက်ကာ သူမကို တစ်နေ့ထက်တစ်နေ့ ပို၍ လွှမ်းမိုးလာခဲ့သည်။
ထိုအရာ သူမ၏ အမြုတေ ထဲသို့ ထပ်မံတိုးဝင်မလာစေရန် ထိန်းချုပ်ထားရေးအတွက် သူမ၏ အာရုံစူးစိုက်မှု တစ်ဝက်ကို ပေးထားရသည်။ ညတိုင်း သူမသည် ခါးရှိ ကြိုးကို ပို၍ တင်းကျပ်စွာ စည်းနှောင်ကာ ဓားသူတော်စင်၏ ချိတ်ပိတ်အစီအရင်ကို အားဖြည့်ရန် ကြိုးစားခဲ့သည်။ ထိုအနီရောင်ကြိုး၏ သွေးဆာနေမှုများ သူမကိုယ်ထဲသို့ စိမ့်ဝင်လာသည်ကို ခံစားနေရ၏။
၎င်းအရာတစ်ခုတည်းကတော့ သူမကို ဒုက္ခိတဖြစ်သွားစေရန် လုံလောက်မည် မဟုတ်ပေ။ သူမသည် ဘဝတစ်လျှောက်လုံး နီးပါး ဤကပ်ပါးကောင်နှင့် ရင်ဆိုင်ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုအခါတွင် သူမ၏ ကိုယ်ပိုင် မာဒြာ များကပင် သူမကို ပြန်လည်တိုက်ခိုက်နေကြလေပြီ။
တစ်ခါတစ်ရံတွင် သူမ၏ ရွှေအဆင့် အမှတ်အသား သည် သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားတတ်သည်။ သူမက နောက်ဆုတ်စေချင်သော အချိန်များ၌ ရန်သူများကို ရုတ်တရက် ပြေးဝင်တိုက်ခိုက်တတ်၏။ ဆိုရလျှင် အခြေအနေမှာ ပို၍ ဆိုးရွားလာနေသည်။ ယခုအခါ သူမ၏ ကိုယ်ပိုင် သိုင်းကွက်များကပင် သူမကို ဆန့်ကျင်ရန် ကြိုးစားလာကြသည်။
ဆရာဖြစ်သူ၏ ဝိညာဉ်အကြွင်းအကျန် နှင့်အတူ သူမကိုယ်ထဲတွင် နစ်မြုပ်နေသော ဆရာ့ထံမှ ဗီဇများက သူမကို သူမကိုယ်သူမ အားဖြည့်ပြီး တိုက်ပွဲထဲသို့ ပြေးဝင်ရန် တွန်းအားပေးနေကြသည်။ ရန်သူများဆီသို့ ပစ်လွှတ်ရန် ပြင်ဆင်ထားသော မာဒြာ များသည် သူမ၏ ဓားထဲသို့ စီးဝင်သွားပြီး လက်နက်ကို ပိုမိုထက်မြက်လာစေရန် ပြုလုပ်ပေးတတ်သည်။ ထို့ကြောင့် သူမသည် နည်းဗျူဟာများကို ပြောင်းလဲရပြီး ဆရာဖြစ်သူ၏ သင်ခန်းစာများနှင့် အံဝင်ခွင်ကျဖြစ်အောင် လိုက်လျောညီထွေ ပြုမူရသည်။ ဤအချက်က တိုက်ပွဲအတွင်းမှ တန်ဖိုးရှိသော စက္ကန့်များကို ဆုံးရှုံးစေလေသည်။
၎င်းအရာများ အားလုံးပေါင်းစပ်သွားသောအခါ အခြားလူတစ်ယောက်၏ လက်များဖြင့် တိုက်ခိုက်ရန် ကြိုးစားနေရသကဲ့သို့ ဖြစ်နေသည်။ အချို့ရက်များတွင် သူမ ခြေနှစ်လှမ်းပင် မလှမ်းနိုင်တော့ဟု ခံစားရလေသည်။
သူမသည် အမြုတေ ထဲရှိ ငွေရောင် ဝိညာဉ်အကြွင်းအကျန် ကို ဆက်သွယ်အသုံးပြုနိုင်ပြီး တစ်ခါတစ်ရံတွင် ထိုသို့လုပ်ရန် သွေးဆောင်ခံရတတ်သည်။
ယင်းက သူမ၏ မာဒြာ များကို ခိုးယူကာ စမ်းသပ်မှု အောင်မြင်မည့် အခွင့်အရေးကို ဖျက်ဆီးနေချိန်တွင်ပင်၊ ၎င်းသည် ဆရာဖြစ်သူ၏ အသံကို ကြားရမည့် နောက်ထပ် အခွင့်အရေးတစ်ခု ဖြစ်နေသေးသည်။
ယီရင် ထိုအရာကို လက်မလွှတ်နိုင်ခဲ့ပေ။ ထို့အပြင် အဆုံးမဲ့ ဓား လမ်းစဉ် နှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှု မှန်သမျှသည် သူမအတွက် စိန်ထက်ပင် ရှားပါးလှသည်။ ဆရာဖြစ်သူ၏ အသံသာ မရှိပါက သူမသည် မိမိ၏ လမ်းစဉ် တွင် ကျန်ရစ်သည့် တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်သွားပေလိမ့်မည်။
ဆရာဖြစ်သူကို ဖျက်ဆီးပစ်ဖို့ မကြိုးစားပါဘဲနှင့် သူမသည် တစ်နေ့တွင် အဆင့်မြင့် ရွှေအဆင့် သို့ တက်လှမ်းနိုင်မည် ဖြစ်ကြောင်း သေချာပေါက် ယုံကြည်ထားလေသည်။
နေ့ရက်တိုင်းတွင် ကြေးစည်သံက ပို၍ ကျယ်လောင်လာသယောင်တော့ ရှိလေသည်။ လင်းတုန်းသည် ဒူးထောက်ချလိုက်ပြီး မြေကြီးထဲသို့ ဗလာလက်ဝါး သိုင်းကွက်ကို နက်ရှိုင်းစွာ ရိုက်သွင်းလိုက်သည်။ သူသည် သန့်စင်သော အမြုတေကို ကျောက်စိမ်းအဆင့် သို့ တက်လှမ်းထားပြီးဖြစ်ရာ ထိုသိုင်းကွက်သည် သူ မျှော်လင့်ရဲသည်ထက်ပင် ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ၎င်းသည် စမ်းသပ်မှုကို အသက်သွင်းပေးထားသော အစီအရင် ကိုပင် ပျက်စီးလုမတတ် ဖြစ်သွားစေ၏။ အကယ်၍ သူသာ ၎င်းကို ဖျက်ဆီးနိုင်ခဲ့လျှင် စမ်းသပ်မှု၏ လုပ်ဆောင်ချက်များသည် ရပ်တန့်သွားမည် ဖြစ်သည်။ ထိုအချိန်အတွင်း သူတို့သည် စမ်းသပ်မှုကို ဖြတ်ကျော်သွားနိုင်မည် ဖြစ်သည်။
သို့သော် ထိုမျှနှင့် မလုံလောက်ခဲ့ပေ။ စစ်သည်ရုပ်တုများသည် သူ့ထံသို့ အုံခဲကာ ပြေးဝင်လာကြသည်။ ထို့နောက် သူ၏ လက်ထဲမှ သလင်းကျောက် ပြုတ်ကျသွားသည်အထိ ဝိုင်းဝန်းရိုက်နှက်ကြလေသည်။ ကြေးစည်သံ ထွက်ပေါ်လာချိန်တွင် သူသည် နာကျင်စွာ အော်ဟစ်လိုက်မိလေတော့၏။
***