← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အပိုင်း (၇၆) သူခိုးများ၏ဆိုးညစ်သောအကြံ၏အစ

စုမိသားစုက လော့ဟယ်တွင် မုန့်ဆိုင် ဖွင့်ထားသည့်ကိစ္စကို ဝူလီချောင်ရွာသားများကို ဖုန်းကွယ်ထား၍ မရနိုင်ချေ။ လူအများစုက စုမိသားစု၏အခြေအနေကို အားကျနေကြရုံသာ။ သို့သော် ခိုးဆိုးလုယက်ခြင်းနှင့် ပတ်သက်လာလျှင်တော့ သာမန်လူများက ထိုအမှုကို မလုပ်နိုင်ပေ။

သို့သော် လုပ်ရဲသူတချို့ကလည်း ရှိလေသည်။

ချန်လောင်စန်း ( ချန်မျိုးနွယ်၏တတိယသား)သည် တူးမြောင်းအလုပ်သမားများ၏ ငွေစတချို့ကို လိမ်လည်ပြီးကတည်းက သူသည် အချိန်တစ်ခုအထိ အမှန်ပင် ပျော်ရွှင်စွာနေခဲ့ရသည်။ သို့သော် ချန်လောင်စန်းက အစားအသောက်၊ မိန်းမလိုက်စားပြီး လောင်းကစားကြိုက်သည့် အရည်အချင်းမီ လူပေလူတေ ဖြစ်လေသည်။ တစ်ခြားလူများတွင် ထိုငွေစသည့် မိသားစုတစ်ခုလုံး၏တစ်နှစ်စာ စားသောက်စားရိတ်ဖြစ်လေသည်။ ချန်လောင်စန်း၏လက်ထဲတွင်တော့ ထိုငွေများကို နှစ်သစ်ကူးပွဲတော် မတိုင်ခင်ကပင် ကုန်နှင့်သွားတော့သည်။

လက်ထဲတွင် ငွေမရှိသည့်နေ့ရက်များက အလွန်ခက်ခဲပေသည်။ ချန်လောင်စန်းနှင့် သူ့အပေါင်းအပါတစ်သိုက်က အစီအစဥ်ချတော့သည်။ သူတို့သည် မြစ်အနောက်ဘက်ကမ်းက စုမိသားစုကို မျက်စိကျနေလေသည်။

“စုမိသားစုအားလုံးက လူအိုနဲ့ အားနည်းတဲ့ မိန်းမတွေနဲ့ ကလေးတွေချည်းပဲ၊ အိမ်စောင့်ခွေးတွေအတွက်ကတော့ ကြွက်သတ်ဆေးသုံးပြီး ခွေးတွေကို အရင်ဆုံး ဆေးခတ်လိုက်မယ်၊ ပြီးရင် ငါတို့တွေ ငွေနဲ့ ဆိုင်ကို ရအောင်ယူကြမယ်”

ခဏလောက်ငြိမ်သက်သွားပြီးနောက် သူက ဆက်ပြောလေသည်။

“ စုမိသားစုရဲ့ တခြားပိုင်ဆိုင်မှုတွေကိ မပြောနဲ့အုံး လော့ဟယ်မှာ ဖွင့်ထားတဲ့ မုန့်ဆိုင်ကတောင် တစ်ရက်ကို အနည်းဆုံး ငွေ ၁၂စလောက် ရှာနိုင်တယ်”

ချန်လောင်စန်း၏စကားဆုံးသွားသည်နှင့် တခြားလူများအားလုံးမှာ မျက်လုံးများ နီရဲသွားကြတော့သည်။ တစ်ရက်ကို ငွေ၁၀စထက်ပိုရှာနိုင်တယ်တဲ့။ ဒါဘာသဘောပါလိမ့်။ သည်လူများသည် သူတို့ဘဝတွင် ငွေ၁၀စထက်ပို မသုံးခဲ့ဖူးချေ။

“ကောင်းပြီလေ အစ်ကိုကြီးသုံး ငါတို့ဘာလုပ်ဖို့လိုလဲသာပြောလိုက်၊ ငါတို့ညီအစ်ကိုတွေအားလုံး မင်းစကားနည်းထောင်မယ်”

သို့နှင့် စုမိသားစုအားလုံး လော့ဟယ်သို့ မီးပုံးပွဲသွားကြသည့်နေ့တွင် ချန်လောင်စန်းနှင့် တခြားသူများက တစ်ကြိမ် ကြိုးစားခဲ့ပြီး ဖြစ်လေသည်။ ကံဆိုးချင်တော့ သူတို့သည် တံတိုင်းပေါ် တက်လိုက်သည်နှင့် အစောင့်ခွေးက သူတို့ကို တွေ့သွားတော့သည်။ သူတို့တွေ တံတိုင်းအောက်ခြေသို့ အပြေးအလွှား ရောက်သွားပြီး ချန်လောင်စန်းနှင့် တခြားသူများကို ဟောင်တော့သည်။

အစွယ်ထူထူနှင့် လူကြီးအရပ်တစ်ဝက်စာ ရှိသည့် ခွေးကြီးများကို ကြည့်ရင်း ချန်လောင်စန်းသည် အလွန်ကြောက်သွားကာ သူ့ခြေထောက်များက အားပျော့သွားပြီး လက်များသည် ဆက်တိုက် တုန်ခါနေတော့သည်။ သူသည် ကြိုတင်ပြင်ဆင်လာသည့် အိတ်ထဲက ကြွက်သတ်ဆေး သုတ်ထားသည့် အသားတုံးတချို့ကို ထုတ်လိုက်ပြီး ပစ်ချလိုက်၏။

“ လိမ္မာတဲ့ခွေးတွေ လိမ္မာတဲ့ခွေးတွေ အသားများများနဲ့ အရိုးကို စားလိုက်ကြအုံး”

သို့သော်ငြား စုမိသားစု၏ခွေးများအားလုံးကို ယိုကျင့်က ဂရုတစိုက် လေ့ကျင့်ပေးထားလေသည်။ သူတို့သည် ချန်လောင်စန်းပစ်ကျွေးလိုက်သည့်အရိုးများကို အဘယ်မှာစားပါမည်နည်း။ မြေကြီးပေါ်က အသားအပြည့်နှင့် အရိုးများကို တစ်ချက်ပင် လှည့်မကြည့်ပေ။ သူတို့အားလုံးသည် စိတ်အားတက်ကြွကာဖြင့် ချန်လောင်စန်းနှင့် တခြားလူများကို ခုန်ကာ ကိုက်ကြလေသည်။

“ အစ်ကိုကြီးသုံး ဘာလဲ ဒါ ဘာဖြစ်နေတာလဲ”

တံတိုင်းကို ခွထိုင်ထားသည့်လူအားလုံးသည် အလွန်ကြောက်ရွံ့ကြရာ သူတို့ခြေထောက်များမှာ အားပြတ်သွားတော့သည်။ အောက်က ခွေးကြီးများကို ကြည့်ရင်း ကျောချမ်းရုံသာ တတ်နိုင်ကြတော့သည်။

“ သူတို့တွေ ဒီလိုဆက်ပြီးဟောင်နေရင် တခြားလူတွေ သတိထားမိသွားလိမ့်မယ်”

စုမိသားစုအိမ်သည် တူးမြောင်းအလုပ်သမားအဆောင်နှင့် မီတာ ၁၀၀လောက်သာ ဝေးလေသည်။ ထို့ကြောင့် ဒီကိစ္စက ပိုကြီးလာလျှင် တစ်ယောက်တစ်ယောက် သိသွားပေတော့မည်။

ချန်လောင်စန်းသည် အကျပ်ရိုက်သွားပြီး မျက်နှာပေါ်တွင် အလွန်အကျည်းတန်သည့် အမူအရာတစ်ခု ပေါ်လာကာ ရိုင်းရိုင်းစိုင်းစိုင်း တံတွေးထွေးလိုက်လေသည်။

“ ဒီနေ့ ကံမကောင်းတာပဲ၊ နောက်တစ်ခါမှ ထပ်လာကြတာပေါ့”

ထိုသို့ပြောလိုက်ပြီးနောက် သူသည် လူတချို့ကို ဦးဆောင်ကာ တံတိုင်းပေါ်မှ ဆင်းသွားပြီး မှောင်မည်းနေသည့်ညကို အမှီပြုလျှင် မြစ်အရှေ့ဘက်ကမ်းသို့ တိတ်ဆိတ်စွာ ပြန်သွားကြတော့သည်။ ဖောက်ထွင်းခိုးယူခံရမည့်အကြောင်းမှာ သည်အတိုင်း တိတ်တဆိတ် တစ်ခန်းရပ်သွားလေတော့သည်။

နောက်တစ်နေ့မနက်စောစောတွင် ယိုကျင့်သည် တံတိုင်းဘေးတွင် အသားအပြည့်နှင့်အရိုးတချို့ကို တွေ့လိုက်ပြီး တံတိုင်းအောက်ခြေတွင် ပါးစပ်မှအမြှုပ်ထနေသည့် ကြွက်သေတစ်ကောင်ကိုလည်း တွေ့လိုက်ရလေသည်။ သူသည် အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရ၏။ အမျိုးသမီးစုကို မေးလိုက်တော့ အမျိုးသမီးစု မိသားစုက တစ်ယောက်ယောက်က ကြွက်များကို ဆေးခတ်ထားတာ ဖြစ်နိုင်သည်ဟု ဆို၏။ သံသယတို့နှင့် ယိုကျင့်သည့် ရှောင်ဟေးကို ခေါ်ကာ ခြံပြင်ဘက်သို့ ထွက်လာခဲ့တော့သည်။ သေချာပါသည်။ အနောက်ဆောင် အနောက်ဘက်တံတိုင်းအောက်ခြေတွင် ယောကျ်ားကြီးများ၏ မတူညီသည့်အရွယ်အစားရှိသော ခြေရာများကို တွေ့လိုက်ရတော့သည်။

ယိုကျင့်သည် စိတ်ပျက်သွားတော့သည်။ အခုတော့ ဒီအခြေအနေအထိတောင် ရောက်လာပြီပေါ့။ မနေ့ညက ပစ္စည်းတွေခိုးဖို့ အိမ်ထဲခိုးဝင်ချင်နေတဲ့ သူခိုးတွေက ဘယ်သူလဲဆိုတာ စဥ်းစားစရာတောင် မလိုဘူး။ သို့သော် ယိုကျင့်သည် အမျိုးသမီးစုနှင့် တခြားလူများကို ထိုအကြောင်းမပြောလိုက်ချေ။ သူမသည် ဟန်လီနှင့် သူ့ညီလေးကို စုမိသားစု၏အရှေ့ဆောင်တွင် ခေါ်ထားလိုက်တော့သည်။ ထိုအချိန်မှစပြီး ဟန်လီသည် ညတိုင်း ညစောင့်ရသည့်တာဝန်တစ်ခု တိုးလာတော့သည်။

***

ချန်လောင်စန်းနှင့် တခြားသူများသည် ထိုကိစ္စပြီးနောက် အဆောတလျင် ပြန်မလာကြတော့ချေ။ သူသည် စုမိသားစု၏ခွေးများကို ထိန်းသိမ်းရမည့် နည်းလမ်းတစ်ခုကို အကြံထုတ်ပြီးမှ အိမ်သို့ ဝင်နိုင်ပေမည်။ သို့မဟုတ်လျှင် ငွေမရသည့်အပြင် အသက်ပါ ပေးလိုက်ရနိုင်သည်။ သို့ဆိုလျှင် သည်အပေးအယူက ကြီးမားသည့်ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မည်။

အရာအားလုံးက တည်ငြိမ်နေသော်လည်း သည်ကိစ္စပြီးသွားသည့်နောက် ယိုကျင့်သည် တစ်မိသားစုလုံးကို ပိုပြီး ကောင်းကောင်းကာကွယ်နိုင်မည့်နည်းလမ်းကို လေးလေးနက်နက် စတင်စဥ်းစားတော့သည်။ ဟိုကျားဝမ်ရှိ သူမ၏အလုပ်များကို ပြီးဆုံးသွားပြီး စုမိသားစုအိမ်အသစ်ကလည်း ပြီးစီးစွားပြီဖြစ်ရာ သူမသည် ငွေတချို့ထပ်သုံးပြီး လူများကို ထပ်ဝယ်လိုက်လေသည်။

သည်အပိုင်းတွင်တော့ ယိုကျင့်သည် ငွေကို ရေလို သုံးခဲ့တော့သည်။ ကံအားလျော်စွာ မုန်ဆိုင်လုပ်ငန်းက ကောင်းသည်ထက် ပိုကောင်းလာ၏။ ပေါက်ပေါက်ရှာရှာ စိတ်ကူးတစ်ခုဖြင့် ယိုကျူးနှင့် တခြားသူများသည် ရိုးရှင်းသည့်မုန့်ဖုတ်ဖိုတစ်ခုလုပ်ဖို့ အကြံပေါ်လာတော့သည်။

ယိုကျင့် ၏အကြံပြုချက်အောက်တွင် အပူချိန်ကို ကောင်းကောင်းပိုထိန်းနိုင်ရန် မီးသွေးမီဖိုပုံစံ ပြောင်းသွားလေသည်။ မီးသွေးမီးဖိုသုံးမုန့်ဖုတ်ဖိုကို တရားဝင် သုံးလိုက်လေသည်။ အခုတော့ စုကျားရှန်းမုန့်ဆိုင်သည် ဖုတ်ထားသည့်မုန့်များကို စတင်ရောင်းချခဲ့လေပြီ။ ဒါသည် လော့ဟယ်တွင် မုန့်အမျိုးအစားတစ်ခု ဖြစ်လာ၏။ လုပ်ငန်းက အလွန်ကြီးမားသွားသည်ကိုတော့ ပြောရန်ပင် လိုမည်မဟုတ်ပေ။

စုမိသားစု၏အိမ်အသစ်ကို အကြီးကြီး ဆောက်ခဲ့လေသည်။ ယိုကျင့်၏တောင်းဆိုချက်ကြောင့် မြေရိုင်း ၂ဧကလုံးကို အိမ်ရာတစ်ခုလုံးအဖြစ် ထည့်ဆောက်လိုက်လေသည်။ တံတိုင်းများကိုလည်း လူနှစ်ရပ်နီးပါး အမြင့်တစ်ခုရှိသည်အထိ အုတ်များဖြင့် ဆောက်ထားသည်။

အိမ်သည် ခြံဝင်းနှစ်ခုနှင့် ထွက်ပေါက်နှစ်ခုရှိသည်။ ပထမခြံဝင်းနှင့် ဒုတိယခြံဝင်းတို့သည် ကျယ်ဝန်းပြီး အလင်းရောင်ကောင်းကောင်းရသည့် ပင်မခန်းမနှင့် ပင်မဆောင်တို့ရှိကြသည်။ အရှေ့ဆောင်နှင့် အနောက်ဆောင် တစ်ဆောင်စီတွင် အခန်းသုံးခန်းစီပါရှိလေသည်။ ဒုတိယဝင်းက အနည်းငယ် ပိုကျယ်သည်။ စုမိသားစုစာဖတ်ခန်း၊ စတိုခန်းနှင့် လုံးချင်းအိမ်နှစ်လုံးပါသည်။ အထဲက ခြံဝင်းထဲတွင် မြင်သာသည့်အခန်းနှစ်ခုနှင့် ကွယ်နေသည့်အခန်းနှစ်ခု ပါရှိသည်။

အိမ်ထဲကနေရာတိုင်းတွင် လမ်းခင်းကျောက်ပြာများနှင့် ခင်းထားလေသည်။ မိုးရွာလျှင်တောင် ရွှံပေမည်ကို စိုးရိမ်စရာမလိုချေ။ အခန်းတော်တော်များများကို ငွေအကုန်အကျများသည့် မှန်ပြတင်းပေါက်များ တပ်ထားသည်။ ပြတင်းပေါက်များက အနည်းငယ်စျေးကြီးသော်လည်း အလင်းရောင် ကောင်းကောင်းရလေသည်။

ယိုကျင့်သည် ရှေးခေတ်ဗိသုကာပုံစံများကို များများစားစား လေ့လာထားခြင်းမရှိခဲ့ပေ။ သို့သော် ကျောက်အာကတော့ တစ်ခါက ချမ်းသာသည့်မိသားစုတစ်ခုအတွက် အိမ်တစ်လုံး ဆောက်ပေးခဲ့ဖူးသည်။ ထို့ကြောင့် ယိုကျင့်က ကျောက်အာနှင့် ယွိလန်ကိုသာ လက်လွှဲထားလိုက်တော့သည်။ နောက်ဆုံးထွက်လာသည့်ပုံစံကို ယိုကျင့်သည် သဘောကျလေသည်။

ပထမခြံဝင်းထဲတွင် လူတစ်ရပ်အမြင့်ရှိ တတိုင်းမွှေးပင် လေးပင်ကိုသာ စိုက်ထားသည်။ ဒုတိယဝင်းထဲတွင်တော့ ဇီးပန်းပွင့်ပင်များ၊ ကွေ့ဟွားပင် နှင့် ငှက်ပျောရိုင်းပင်နှစ်ပင်ကို စိုက်ထားလေသည်။ ခြေလှမ်းသုံးလှမ်းတိုင်းတွင် အလှဆင်ကျောက်ခဲများကို ခြံဝင်းထဲတွင် ခင်းထားသည်။ ဇရပ်ကို ခြံဝင်းထဲတွင် အလွန်ခံ့ညားစွာ ဆောက်ထားလေသည်။ ယွိလန်ရဲ့ စကားအရဆိုရင်တော့

“ နွေဦးရာသီမှာ မက်မွန်ပန်းရှုစား၊ နွေမှာ မိုးကျ ၊ ဆောင်းဦးမှာ ကွေးဟွာပွင့်ပြီး ဆောင်းတွင်မှာ နှင်းဝေမယ်” တဲ့လေ။

သည်အပင်များအားလုံးကို စုမိသားစုက အဆင်သင့်စိုက်ပျိုးထားခြင်းပင်။ ငွေလည်း သိပ်မကုန်ပေ။ နေရာက လုံလုံလောက်လောက် ကျယ်ဝန်းသဖြင့် အလှပြင်ခန်း၊ မိန်းမခလေးများ နားနေခန်း၊ စတိုခန်းတို့သည် ကောင်းကောင်း ကျယ်ဝန်းလေသည်။ အိမ်ပြီးနောက်တွင် စုစုပေါင်း ၁၄၀လျန် ကုန်သွားတော့သည်။ ပရိဘောဂအသစ်ဝယ်ယူခြင်း အပါအဝင် စုစုပေါင်းကုန်ကျစားရိတ်က ၂၀၀လျန်ရှိသည်။

“မကြီး ညီမလေးတို့အိမ်အသစ်က အရမ်းလှတာပဲ”

သည်နေ့သည် စုမိသားစုက အားလုံးကို စီစဥ်ပြီးနောက် အိမ်အသစ်ကို ပထမဆုံးအကြိမ် လာကြည့်ခြင်းပင်။ အငယ်လေးများက မနားတမ်း စကားပြောနေကြတော့သည်။

“ အေးလေ ဟုတ်ပါ့ ဇရပ်တစ်ခုတောင် ပါသေးတယ်”

သူမသည် ဒူးထောက်လိုက်ပြီး ရှောင်ချီ၏မျက်နှာပေါ်မှ ချွေးများကို တစက်ချင်းသုတ်ပေးလိုက်ကာ ပြုံးရယ်လိုက်လေသည်။

“ ဟုတ်တယ်၊ နင်တို့တွေ နေရာတိုင်းကို ကြည့်ပြီးကြပြီမလား၊ အခန်းကော ရွေးပြီးပြီလား”

ပထမဝင်း၏ပင်မဆောင်ကို အမျိုးသမီးစု၊ ရှောင်ပါ့နှင့် ခန်းအာတို့က နေကြသည်။ ဒုတိယဝင်းရှိ ပင်မခန်းမ၏ အရှေ့ဘက်ခြမ်းက အခန်းကြီးကတော့ ယိုကျင့်၏အိပ်ခန်းနှင့် ကိုယ်ပိုင်စာဖတ်ခန်း ဖြစ်သည်။ ကျန်သည့်အခန်းများကို ညီအစ်မများအား ကိုယ်တိုင်ရွေးခိုင်းလိုက်တော့သည်။

“ ညီမလးကတော့ ရွေးပြီးပြီ၊ ယိုပေါင်နဲ့ညီမလေးက ခြံဝင်းတစ်ခုထဲမှာနေမယ်”

ယိုကျူးက တစ်ခစ်ခစ်ရယ်သည်။ သူမနှင့်ယိုပေါင်သည် အမြဲတမ်းရန်ဖြစ်နေတတ်သော်လည်း အမြွှာများက သံယောဇဥ်အကြီးဆုံးပင်။ ယိုရင်ကလည်း ရွေးလိုက်လေသည်။

“ ညီမလေးက ရှောင်ချီနဲ့ နေလိုက်မယ်၊ သူက ငယ်သေးတယ်ဆိုတော့ တစ်ယောက်ထဲမနေရဲဘူး”

နောက်ဆုံးတွင် ယိုကျူးနှင့်ယိုပေါင်တို့သည် အရှေ့ခြံဝင်းအိမ်တွင် နေကြသည်။ ယိုရင်က ရှောင်ချီကို ခေါ်ကာ နောက်ဆောင်ဝင်းထဲကအိမ်တွင် နေသည်။ ယိုလင်းနှင့် ယိုလော့က ဒုတိယပင်မခန်းမ၏ အနောက်ဘက်ခြမ်းက အခန်းနှစ်ခုတွင် နေသည်။

အသစ်ဝယ်ခဲ့သည် မိသားစု ငါးယောက်မှာ အသက် ၄၀ဝန်းကျင် လင်မယားနှင့် အသက် ၁၄နှစ်အရွယ်သားတစ်ယောက်၊ အသက် ၁၁နှစ်အရွယ် နှင့် ၇နှစ်အရွယ် သမီးနှစ်ယောက် ဖြစ်သည်။ သူတို့မိသားစု၏ မျိုးရိုးနာမည်မှာ စုန့် ဖြစ်၏။ စုန့်မိသားသည် နဂိုကတည်းက အစေခံများ ဖြစ်လေသည်။ သို့သော် သူတို့သခင်မိသားစု ပြိုကွဲသွားပြီးနောက် သူတို့ကို လော့ဟယ်ကို ပို့လိုက်သည်။ နောက်ပိုင်းတွင် ပွဲစားချန်က ခေါ်ထားကာ စုမိသားစုအိမ်သို့ ရောက်လာခြင်းပင်။

ဦးလေးစုန့်နှင့် အဒေါ်စုန့်တို့သည် တော်ကြသည့် အိမ်တော်ထိန်းများ ဖြစ်လေသည်။ ထို့ကြောင့် ယိုကျင့်က တူးမြောင်းအလုပ်သမားဆောင်ကို ဦးလေးစုန့်ဆီ တာဝန်ပေးလိုက်၏။ အဒေါ်စုန့်ကတော့ အိမ်၏ဝေယျာဝစ္စများကို တာဝန်ယူရသည်။ မိသားစုငါးယောက်သည် မီးဖိုဆောင်ဘေးက အခန်းတချို့တွင် နေကြသည်။

စုန့်မိသားစုအပြင် ယွိလန်နှင့် အမျိုးသမီးအလုပ်သမားနှစ်ယောက်ကလည်း အိမ်အသစ်တွင် နေကြသည်။ ကျန်သည့်လူများကိုတော့ မူလအိမ်ဟောင်းတွင်ပင် နေရာချပေးလိုက်လေသည်။ အိမ်ဟောင်း ဆိုသော်ငြား ယိုကျင့်က ကျောက်အာနှင့် သူ့လူများကို ငွေပေးကာ သန့်ရှင်းရေးလုပ်ခိုင်းပြီး အိမ်ဟောင်းကို ပြန်ပြင်ခိုင်းလိုက်လေသည်။ အိမ်နှစ်လုံးကြားတွင် ဘေးဘက်တံခါးတစ်ခု ဖောက်လိုက်ပြီး ဝင်ရ ထွက်ရလွယ်အောင် လုပ်ထားလိုက်သည်။

အခုတော့ စုကျားရှန်းမုန့်ဆိုင်၏ လစဥ်ဝင်ငွေသည့် ၄၀၀ , ၅၀၀ လျန်ကြားတွင် ပုံမှန်ရှိလေသည်။ ယိုကျင့်သည် အိမ်အသစ်အတွင် အနည်းငယ် အသုံးလွန်သွားသော်လည်း အရမ်းမဆိုးသေးချေ။ အနည်းဆုံးတော့ သုံးစရာပြတ်သွားသည့် အခြေအနေမဟုတ်သေးပေ။

***

စုမိသားစု၏ အိမ်သစ်တက်ပွဲနေ့သည် မေလ ၁၉ရက်နေ့ဖြစ်၏။ ဖိတ်ထားသည့် အဓိကဧည့်သည်များမှာ စုမိသားစုနှင့် အရင်က ဆက်ဆံခဲ့ဖူးသည့် ဝူလီချောင်ရွာသားများ ဖြစ်လေသည်။ စုစုပေါင်း အရေအတွက်မှာ စားပွဲ ၆ဝိုင်း ၇ဝိုင်းသာရှိသည်။ ထို့အပြင် ယိုကျင့်က လော့ဟယ်က ဒုတိယသခင်ကြီးဟွမ်ကိုလည်း ဖိတ်စာတစ်ခု ပို့လိုက်သည်။

စုမိသားစုအိမ်ဆောက်တော့ ဝူလီချောင်ရွာသားများက နေ့တိုင်းတွေ့နေရသည်။ တံတိုင်းကို အရင်ကာလိုက်ပြီး လူတို့၏ စပ်စုလိုသည့် မျက်လုံးများကို တားဆီးလိုက်သော်လည်း သူတို့၏စပ်စုလိုစိတ်ကို တားမလို့မရနိုင်ပေ။ ခြံဝင်းတံတိုင်းချည်းကပင် အလွန်မြင့်ပြီး အပြာရောင်အုတ်ဖြင့် ဆောက်ထားသည်ကို သိနိုင်သည်။ အခြေခံအားဖြင့် ရွှေအုတ်နှင့် ငွေအုတ်တို့ဖြင့် ဆောက်ထားခြင်းဖြစ်၏။ ကုန်ကျစားရိတ်မှာ အလွန်များပေလိမ့်မည်။

မေ ၁၉ရက်နေ့တွင် စုမိသားစု၏ ဖိတ်စာရသည့် လူများအားလုံးက စုအိမ်တော်သို့ စောစော ရောက်လာကြ၏။ သူတို့သည်လည်း တော်တော်သိချင်နေကြသည်။ ဖိတ်စာမရသည့် ရွာသားများကတော့ အိမ်သစ်တက်ပွဲကို တစ်ရွာလုံး မဖိတ်သည့်အတွက် စုမိသားစုက အလွန်ကပ်စေးနဲကြောင့် စိတ်ထဲတွင် ကြိတ်ရွတ်နေရင်း အပြင်ဘက်မှသာ စိတ်အားထက်သန်စွာ ကြည့်နေနိုင်လေတော့သည်။

ယိုကျင့်သည် ထိုကိစ္စကို ဂရုမစိုက်ပေ။ အစောပိုင်းကတည်းက အစားအသောက်များကို လုံလုံလောက်လောက် ပြင်ဆင်ထားလေသည်။ သူမသည် မည်သူ့ကိုမှ ငှားရမ်းရန်မလိုပေ။ စုကျားရှန်းဆိုင်ကလည်းက တစ်ရက် ပိတ်ထားသည့်အတွက် မိသားစုဝင်များနှင့်တင် လုံလောက်လေသည်။

စားသောက်ပွဲကို ဖွယ်ဖွယ်ရာရာ တည်ခင်းထားသည်။ ဖိတ်ထားသည့် ရွာသားများက အကောင်းစားဟင်းကြီးရှစ်မျိုးလုံးကို ပါးစပ်တွင် ဆီများ ပေကျံနေသည်အထိ စားသောက်ကြလေသည်။ သူတို့သည် ပိုစားသောက်နိုင်ရန် သူတို့၏အစာအိမ်ကို ပိုကြီးလာစေချင်နေကြတော့သည်။

တချို့မှာ အားရပါးရ စားသောက်ကြသော်လည်း တချို့က ထိုသို့ မဟုတ်ပေ။ အမျိုးသမီးကျောက်မိသားစုသည် ဟိုတုန်းက သူ့အိမ်ဦးနတ် ပြောခဲ့သည့်စကားကို နောက်ဆုံးတော့ နားလည်သွားတော့သည်။ စုမိသားစု၏ မိဘမဲ့ကလေးများနှင့် မုဆိုးမက တစ်နှစ်အတွင်း ကြီးကျယ်ခမ်းနားသည့်အိမ်တွင် နေရသည်။ နောက်တစ်နှစ်စောင့်ရန် အဘယ်မှာ လိုအပ်ပါမည်နည်း။ အခုတော့ စုမိသားစုက သူတို့ လက်လှမ်းမမီနိုင်တော့သည့် နေရာသို့ ရောက်သွားချေပြီ။

အမျိုးသမီးကျောက်သည် သူတို့က ပိုမြင့်သည့်ကိုင်းတစ်ခုကို တက်နေသည်ဟု ခံစားလိုက်ရတော့သည်။ သို့သော် ချမ်းသာခြင်းနှင့်ဂုဏ်ဒြပ်ကြောင့် အမြင်ကွယ်သွားသူများကလည်း ရှိစမြဲပင်။

“ ကျွန်မတို့ကောင်လေးက ဒီနှစ်ဆို ၁၄နှစ်လေ၊ ကျွန်မက စုမိသားစုဆီ သွားပြီး လက်ထပ်ဖို့ ကမ်းလှမ်းမယ်ဆိုရင် ရှင်ဘယ်လိုထင်လဲ”

“ အဲဒီစိတ်ကူးကို မြန်မြန်ဖျက်လိုက်တော့၊ စုမိသားစုက မိန်းကလေးတွေကို ကြည့်လိုက်အုံး၊ အားလုံးက အရည်အသွေးကောင်းတဲ့ အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေကို ဝတ်ထားကြတာ၊ ဒီလောက်ကောင်းတဲ့ ပစ္စည်းမျိုး ရှင်တွေ့ဖူးလို့လား၊ ရှင့်သားက လော့ဟယ်မြို့က သခင်လေးလည်း မဟုတ်၊ ဖားတိုင်းက တွေ့သမျှ အသားစားချင်နေတာနဲ့ မတူဘူးလား”

အမျိုးသမီးက စကားဆုံးသွားသည်နှင့် စားပွဲတစ်ခုတည်းက မျက်နှာပိန်ပိန်ပါးပါး အမျိုးသမီးငယ်လေးက ပြန်ပြောလိုက်လေသည်။

“ သူမက သူ့ကို မျက်စိကျချင်ကျနေမှာပေါ့”

အမျိုးသမီးသည် တစ်ခုခု ပြောချင်နေလေသည်။ သို့သော် သိပ်မဝေးလှသည့်နေရာ၌ မျက်နှာပေါ်တွင် တည်ငြိမ်သည့်အပြုံးတစ်ခုနှင့် ယိုကျင့်ကို မြင်လိုက်ရတော့ သူမ၏အသုံးမကျသည့်အကြီးဆုံးသားကို သတိရသွားပြီး အမှန်ပင် ညှိုးငယ်သွားတော့သည်။ သူမသည် ဝန်မခံချင်ပါသော်လည်း စုမိသားစုက သူမတို့၏မိသားစုကို စိတ်ဝင်စားမည်မဟုတ်သည်ကို အမှန်ပင် ခံစားမိလေတော့သည်။

…

အပိုင်း (၇၇) ချမ်းသာကြွယ်၀မှုက ဘေးလူတွေကို မနာလိုဖြစ်စေတယ်

ယနေ့သည် စုမိသားစု၏ ရက်ကောင်းရက်မြတ် ဖြစ်သည့်အတွက် မိသားစု၀င်တိုင်းသည် လှပသေသပ်စွာ ၀တ်စားဆင်ယင်ထားကြသည်။ ချောမွေ့သည့် ချည်သား၌ ပိုးသားအနည်းငယ် ရောယှက်ဖောက်ထားသော အ၀တ်ကို ၀တ်ဆင်ထားကြသည့်အတွက် နေရောင်အောက်၌ တောက်ပနေကြသည်။ စုမိသားစုရှိ သမီးပျိုများသည် တစ်နှစ်တာမျှ အာဟာရဖြည့်ခဲ့ကြသည့်အတွက် လှပပြည့်ဖြိုးနေကြသည်။ ပိန်ပါးခြောက်ကပ်ခဲ့သော အမျိုးသမီးစုသည်ပင် အသားအရေ ကောင်းမွန်လာခဲ့ကာ မြင်သူတိုင်းသည် သူမ၏ ပျိုမြစ်မှုကို ခန့်မှန်းနိုင်ပေသည်။

အကြီးဆုံးသမီးနှစ်ဦးဖြစ်သူ ဆယ့်သုံးနှစ်ရှိပြီဖြစ်သော ယိုကျင့်နှင့် တစ်ဆယ့်တစ်နှစ်ရှိပြီဖြစ်သော ယိုရင်တို့မှာ လှပထွားကျိုင်းလာခဲ့သည်။ သူမတို့၏ မက်မွန်ပုံစံ မျက်၀န်းလေးများသည် အမျိုးသမီးစုနှင့် တူညီလှကာ အနည်းငယ် အထက်သို့ မြင့်တက်လာကြသည်။ ယဉ်ကျေးပျူငှာသော အပြုံးလေးများကို သူမတို့၏ မျက်နှာ၌ ပန်ဆင်ထားကြလေသည်။ ပိန်ပါးမွဲခြောက်သည့် အသားအရေနှင့် နီကျင့်ကျင့်ဆံနွယ်များရှိသော ကျေးလက်နေမိန်းကလေးများနှင့် ယှဉ်ပါက သူမတို့၏အလှမှာ ထိပ်တန်းဖြစ်သည်။

ယိုကျင့်သည် အခြားလူများနှင့် ဆက်သွယ်ပြောဆိုနေပုံကို ကြည့်ကာ အမျိုးသမီးကျိုးသည် သက်ပြင်းအရှည်ကြီးတစ်ချက် ချမိလေသည်။ အဆုံး၌ သူမတို့‌တွင် ရေစက်မပါရှိခဲ့ပေ။

စုမိသားစု၏ အိမ်တက်ပွဲ၌ စုမိသားစု၀င်များသည် အတွေးကိုယ်စီဖြင့် ပျော်ရွှင်နေကြလေသည်။ အထူးသဖြင့် မတွေ့တာကြာမြင့်ပြီဖြစ်သော ရင်းနှီးသည့်ပုံရိပ်တစ်ခုသည် သူမတို့၏အိမ်၀သို့ ရောက်ရှိလာသည့်အခါ၌ ယိုကျင့်၏ခံစားချက်သည် ပို၍ပင်ကောင်းမွန်လာတော့သည်။

“သခင်ငယ်ရှောင်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”

ယိုကျင့်သည် ဟိုမရောက်ဒီမရောက်အရွယ် ကလေးငယ်လေးများကို နှစ်သက်ပေသည်။ ရှောင်လင်ဖုန်းသည် သူမထက် နှစ်၀က်မျှသာ ငယ်ရွယ်သော်လည်း ယိုကျင့်၏မျက်၀န်းထဲ၌ ထိုသခင်လေးသည် ကလေးမျှသာဖြစ်သည်။

ရှောင်လင်ဖုန်းသည် ဖြူဖွေးသည့် အ၀တ်အစားကို ၀တ်ဆင်လာကာ ရှုပ်ထွေးလှသည့် လူအုပ်ကို မြင်ချိန်၌ အနည်းငယ် တုံ့ဆိုင်းသွားမိသည်။ ထိုလူအုပ်ကြားမှာ ထွက်ပေါ်လာသော ယိုကျင့်၏မျက်နှာလေးကို မြင်လိုက်မှသာ သူ၏မျက်နှာ၌ အပြုံးလေးဖြစ်တည်လာတော့သည်။

“စုမိန်းကလေးက မတရားလိုက်တာ။ ဒီလိုအိမ်တက်ပွဲ ရှိနေတာတောင် ဖိတ်ဖော်မရဘူး။ ဒါနဲ့ ဒီမှာ တော်တော်ဆူညံနေတာပဲ။ ငါခြေတော်တင်ပြီး နားရမဲ့ တိတ်တိတ်ဆိတ်ဆိတ်နေရာလေးများ မရှိဘူးလား”

သူ၏အပြုအမူများနှင့် ပတ်သက်၍ ယိုကျင့်သည် စိတ်ဆိုးဒေါသထွက်ခြင်းမရှိခဲ့ပေ။ သူမသည် ပြုံးမြဲပြုံးနေခဲ့ကာ ထိုသခင်ငယ်လေးအား ခြံထဲသို့ ခေါ်ဆောင်လာခဲ့သည်။ “ဒီနေ့အိမ်တက်ပွဲက အနီးအနားက ရွာသားတွေ ပျော်အောင် လုပ်ပေးတာပါ။ ဒီလို အဆင့်အတန်းမြင့်တဲ့ သခင်လေးက ကျွန်မတို့လို နိမ့်ကျတဲ့နေရာကို လာမယ်မထင်ထားလို့ ဘာမှပြင်မထားမိဘူး”

ယိုကျင့်သည် ထိုလူငယ်အား အရှေ့ဘက်ခြံ၀န်းရှိ နားနေခန်းထဲသို့ ခေါ်သွားလိုက်သည်။ သူမ ၀င်ရောက်ပြီး ခဏအကြာ၌ မိန်းကလေးတစ်ဦးသည် ရေနွေးကြမ်းပြင်ဆင်လာကာ ဆက်သလေသည်။

ယိုကျင့်သည် ထိုရေနွေးကြမ်းပန်းကန်အား ရှောင်လင်ဖုန်း၏ရှေ့သို့ ကိုယ်တိုင်ကိုယ်ကျ တည်ခင်းပေးလိုက်သည်။ “သခင်လေးရဲ့ အလိုမကျမှုကို ဒီရေနွေးကြမ်းနဲ့ပဲ ဖြေသိမ့်လိုက်ပါနော်။ ဒီနေရာကတော့ တော်တော် တိတ်ဆိတ်ပြီး သန့်ရှင်းတဲ့နေရာပါ။ ဒါနဲ့ သခင်လေးက မြို့တော်ကို ပြန်သွားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး လော့ဟယ်စီရင်စုကို ပြန်ရောက်လာတာလဲ”

နှစ်သစ်ကူးမတိုင်ခင် လအနည်းက ရှောင်လင်ဖုန်းသည် အစ်ကိုဖြစ်သူ ရှောင်လင်ယွီကို ဆွဲကာ ဆိုင်၌ အချိုမုန့်များ ၀ယ်ယူရန်ရောက်လာခဲ့ကြောင်း ယိုကျင့်မှတ်မိသေးသည်။ ထို့အပြင် မြို့တော်သို့ ပြန်သည့်လမ်းတစ်လျှောက်၌ ထိုမုန့်များကို စားမည်ဖြစ်ကြောင်း ပြောခဲ့သေးသည်။

ထွက်သွားတာဖြင့် နှစ်၀က်တောင်မရှိသေးဘူး။ ဘယ်လိုလုပ်ပြန်လာတာလဲ။

ရှောင်လင်ဖုန်းသည် ရေနွေးကြမ်းအား တစ်ငုံမျှသောက်ကာ ရနံမွှေးကာ အရသာရှိလှသော နူးညံ့သည့် ပဲနီမွှေးကိတ်လေးကို ကောက်ကာ ပါးစပ်ထဲ၌ ထည့်ပြီး ဖြည်းညှင်းစွာ အရသာခံလေသည်။ ပြီးမှသာ ယိုကျင့်အား ဖြေကြားခဲ့သည်။ “ငါ့အစ်ကိုက လော့ဟယ်စီရင်စုမှာ လုပ်စရာလေး ရှိတာနဲ့ ငါပါပြန်လိုက်လာခဲ့တာ။ ဘာလဲ မကျေနပ်ဘူးလား”

အမှန်မှာ ယိုကျင့်သည် ရှောင်လင်ယွီ လိုက်ပါမလာခဲ့သည့်အကြောင်းကို မေးချင်နေခဲ့သည်။ ရှောင်လင်ဖုန်းသည် လူချောလေး ဖြစ်ကာ ရှောင်လင်ယွီသည် လူချောကြီးဖြစ်ပေသည်။ သို့သော် သူမသည် ထိုစကားများကို ပြန်လည်မျိုချလိုက်ကာ အပြုံးလေးဖြင့် စကားဆက်လေသည်။ “ဒီနှစ်မှာ ကျွန်မတို့မိသားစုက အရသာအသစ် စမ်းလုပ်ထားတာတွေရှိတယ်။ သခင်လေး မစားဖူးသေးဘူးလားလို့ စဉ်စားနေတာ”

“တကယ်လား။ ဘာအရသာလဲ” ရှောင်လင်ဖုန်းသည် စုမိသားစု ပြုလုပ်သည့်မုန့်များအပေါ်၌ ကောင်းမွန်သည့် မျှော်လင့်ချက်လေးရှိပေသည်။ အရသာသည် အမှန်ပင် ကောင်းမွန်လှသည်။ အစားအသောက်နှင့်ပတ်သက်သည်နှင့် ရှောင်လင်ဖုန်း၏အပြုအမူပုံစံမှာ ပြောင်းလဲသွားတော့သည်။

“အဲဒါဆို ဒီသခင်လေးမြည်းဖို့ မြန်မြန်မပြင်ပေးသေးဘူးလား”

ယိုကျင့်သည် အားနာစွာ ငြင်းဆိုလိုက်ရသည်။ “ဒီနေ့က အိမ်တက်ပွဲလေ။ အဲ့တော့ ရှင်လာမယ်မှန်း မသိလို့ ကျွန်မတို့လည်း မပြင်လိုက်မိဘူး။ သခင်ငယ်လေးရယ် ဒီလိုလုပ်ပါ့လား။ မနက်ဖြန် ဆိုင်ဖွင့်တာနဲ့ မနက်စောစော အိမ်ကို လာပို့ပေးမယ်လေ ဘယ်လိုလဲ”

ရှောင်လင်ဖုန်းသည် တည့်မတ်စွာထိုင်လိုက်ကာ လက်ကို ဝေ့ရမ်းလိုက်သည်။ “ရတယ် မနက်ဖြန်မှ ဆိုင်ကို လာစားလိုက်မယ်” မည်သည့်အရာမဆို ပူပူနွေးနွေးစားသုံးခြင်းက အရသာအရှိဆုံးဖြစ်သည်။

အမျိုးသမီးစုသည် ထိုလူငယ်ကို မမြင်ဖူးပေ။ ချောမောလှသည့် လူငယ်တစ်ဦး ရောက်ရှိလာပြီး ယိုကျင့်သည် ထိုလူငယ်ကို နားနေခန်းသို့ ခေါ်ဆောင်သွားကြောင်း သိသည်နှင့် အမြန်ပင် ရောက်လာခဲ့သည်။ “ယိုကျင့် ဒါက”

ယိုကျင့်သည် အမျိုးသမီးစုကိုမြင်သည်နှင့် မတ်တတ်ထရပ်ကာ ရှောင်လင်ဖုန်းနှင့် နှစ်ဦးသားအား အချင်းချင်း မိတိဆက်ပေးလိုက်သည်။ “အမေ ဒါက သခင်လေးရှောင်ပါ သမီးတို့ရဲ့ ဆီးချိုရည်လုပ်နည်းကို ၀ယ်သွားတဲ့ ရှောင်မိသားစုကပါ”

ထို့နောက် ရှောင်လင်ဖုန်းဘက်သို့ တဖန်ပြန်လှည့်ကာ မိတ်ဆက်ပေးပြန်သည်။ “သခင်လေးရှောင် ဒါက ကျွန်မ‌အမေပါ မျိုးရိုးစုပါ”

ရှောင်လင်ဖုန်းသည် လူကြီးများနှင့်ပတ်သက်လျှင် စည်းနှင့်ဘောင်နှင့် နေထိုင်သူဖြစ်သည်။ သူသည် မတ်တတ်ရပ်လိုက်ပြီး ခါးညွှတ်ကာ အငယ်တို့၏ အစဉ်အလာအတိုင်း အမျိုးသမီးစုကို ဂါရ၀ပြု နှုတ်ဆက်လေသည်။ “ဒေါ်လေးစုကို နှုတ်ခွန်းဆက်သပါတယ်”

အမျိုးသမီးစုသည် ထိုသို့ အရိုအသေပြုခံရသည်မှာ ပထမဦးဆုံးဖြစ်သောကြောင့် အနည်းငယ် ရှက်ရွံ့မိသည်။ သူမစည် ကယောက်ကယက်ဖြင့် ထိုသို့ အရိုအသေပြုရန် မလိုအပ်ကြောင်း ပြောလိုက်သည်။ “အဲ့လိုဆိုလည်း လူကြီးမင်းရှောင်ကို ဆက်ဧည့်ခံလိုက်ဦးနော်။ အမေ မနှောင့်ယှက်တော့ဘူး” ထိုအချိန်၌ အမျိုးသမီးစုသည် ယောက်ျားသားတစ်ဦးနှင့် မိန်းမပျိုတစ်ဦးသည် အခန်းထဲ၌ နှစ်ယောက်တည်း ရှိရန် မသင့်တော်ကြောင်းကိုပင် မစဉ်းစားနိုင်တော့ချေ။ ခြောက်ကပ်ကပ် ပြုံးရင်းသာ ထွက်သွားလေသည်။

ကံကောင်းထောက်မစွာဖြင့် ယိုကျင့်သည် ထိုအချက်ကို မမေ့လျော့ခဲ့ချေ။ ဦးလေးစုန့်၏သားဖြစ်သူ စုန့်ဟွာကို ခေါ်ကာ ဧည့်ခံခိုင်းလေသည်။ စုန့်ဟွာသည် ကိစ္စအများအပြား၌ ကူညီနေနိုင်ပြီဖြစ်သည်။

ရှောင်လင်ဖုန်းသည်လည်း ကြာမြင့်စွာ မနေခဲ့ချေ။ ရေနွေးကြမ်းနှင့် မုန့်များစားရန် ခဏသာ ထိုင်ခဲ့ပြီး ယူဆောင်လာခဲ့သည့် ဂုဏ်ပြုလက်ဆောင်ကို ယိုကျင့်အား ပေးလိုက်သည်။ ထို့နောက် ယိုကျင့် ပြင်ပေးသည့် မုန့်ဘူးကိုယူကာ မြို့ထဲသို့ ပြန်သွားလေသည်။

အိမ်တက်ပွဲပြီးသည်နှင့် လက်တိုလက်တောင်း အမျိုးသမီးလေးဦးဖြစ်သည့် စုန့်မိသားစုဇနီး၊ အမျိုးသမီးလီနှင့် ပိုင်ကျီတို့သည် စားပွဲများကို ရှင်းလင်းနေကြသည်။ အမျိုးသမီးစုသည် ပင်မအခန်းရှိ ကုလားထိုင်ပေါ်၌ထိုင်ကာ ရေနွေးကြမ်းသောက်နေလေသည်။ ထို့နောက် သူမသည် စိတ်ပေါ့ပါးစွာ သက်ပြင်းချလိုက်သည်။ “အရင်နှစ် ဒီအချိန်လောက်တုန်းက လော့ဟယ်စီရင်စုမှာ အခြေချတုန်းကဆို ဒီလိုဘ၀မျိုး နေရလိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ဖူးဘူး”

အနောက်၌ အမျိုးသမီးစု၏ ပခုံးနှင့် လက်မောင်းကို နှိပ်နယ်ပေးနေသော ယိုကျင့်သည် ထိုစကားကြောင့် မရယ်မိဘဲ မနေနိုင်ချေ။ “အစပဲရှိပါသေတယ်။ နောက်နှစ်နှစ်လောက်ဆို ဒီထက်ပိုကောင်း‌လာမှာ”

“သမီးကို ယုံပါတယ်” အမျိုးသမီးစု၏စိတ်ထဲ၌ ကျေနပ်အားရနေခဲ့သည်။ သူမတို့မိသားစုရှိ အကြီးဆုံးသမီးသည် အခြားမိသားစုရှိ ကလေးများထက် ပို၍ စွမ်းဆောင်နိုင်ကြပြီး အငယ်လေးများသည် အလိုက်သိကာ အပြုအမူကောင်းများရှိကြပေသည်။ လွန်ခဲ့သည့်ဆယ်နှစ်ခန့်က ယွဲ့မိသားစု၏ ငရဲခန်း၌ သူမတို့မည်သို့ ရှင်သန်နိုင်ခဲ့ကြောင်းကိုပင် မမှတ်မိသကဲ့သို့ ဖြစ်လာခဲ့သည်။

.......

အိမ်အသစ်သို့ ပြောင်းရွှေ့ပြီး အိမ်၌ လူများစွာ ရှိနေသည့်တိုင် ယိုကျင့်သည် သူမ၏သတိကို မလွှတ်ချ‌ရဲသေးပေ။ သူမသည် ပန်းထိန်သမားတစ်ဦးကို ငှားယူကာ စူးရှလှသည့် သံဆူးကြိုးများကို အခွေလိုက် ပြုလုပ်ခိုင်းပြီး အိမ်အဟောင်းနှင့် အိမ်အသစ်၏ နံရံပတ်ပတ်လည်၌ တပ်ဆင်ထားလိုက်သည်။

မြစ်အနောက်ကမ်းရှိ စုမိသားစုအိမ်ရှေ့သို့ အမှတ်မထင် ဖြတ်သွားမိသော လူအိုကြီးချန်သည် ကြီးမားသည့် နံရံပေါ်ရှိ ဆူးခွေလိပ်များကို ငေးကြည့်နေမိသည်။ ရွာသားများ‌ ပြောကြားသည့် အိမ်တက်ပွဲရှိ အစားအစာများ ကောင်းမွန်ပုံနှင့် မျိုးရိုးမြင့် သခင်လေးတစ်ဦးလာရောက်ကာ ပိုးချည်များ လက်ဆောင်ပေးသွားကြောင်းကို စဉ်းစားကာ လူအိုကြီးချန်၏စိတ်၌ မတင်မကျ ဖြစ်လာခဲ့သည်။ သူသည် ပို၍ပင် စိတ်ပြတ်သားလာကာ စုမိသားစု၏ ကံကောင်းမှုအား ကဲ့ထုတ်ရန် ကြံရွယ်လိုက်သည်။

“ဒီတစ်ခါ အောင်မြင်တာနဲ့ စုမိသားစုလို အိမ်အကြီးကြီးဆောက်ပြီး ငါတို့ကို ခစားမဲ့ လူတွေ ငှားလို့ရပြီ”

ထိုသူ၏စကား‌ကြောင့် ကျန်သောသူများ၏ စိတ်သည် အနည်းလှုပ်ရှားသွားခဲ့သည်။ သို့သော်လည်း အနည်းငယ် တုံ့ဆိုင်းမိနေသေးသည်။ “ဒါပေမဲ့ အစ်ကိုကြီး အဲ့လိုဆို ကျွန်တော်တို့က အိမ်ကို လုယက်တဲ့ဓားပြတွေဖြစ်မသွားဘူးလား”

ထိုလူသည် ရိုးရှင်းစွာ ခိုးယူလာခဲ့သူဖြစ်ရာ စုမိသားစုရှိ မိန်းကလေးကို ပြန်ပေးဆွဲရန် ကြံရွယ်‌နေသော လူအိုကြီးချန်၏ တွေးတောမှုနှင့် ပြောင်းပြန်ပင်အချိုးကျနေခဲ့သည်။

လူအိုကြီးချန်သည် ခုနကတလွဲတွေးနေသည့် လူ၏ခေါင်းကို ရိုက်ချလိုက်သည်။ “တကယ်ကို ဉာဏ်မရှိတဲ့ဟာတွေ အဲ့နံရံက ဆူးခွေတွေ မမြင်ဘူးလား။ အဲဒါတွေနဲ့ ငါတို့က ဘယ်လိုအထဲကို၀င်ရမှာလဲ။ ပြီးတော့ အထဲရောက်ပြီးထားပါဦး သူတို့ရဲ့ငွေတွေ ဘယ်မှာထားလဲ မင်းသိလို့လား”

စုမိသားစု၏ ပိုင်ဆိုင်မှုများကို စဉ်းစားမိသည်နှင့် လူအိုကြီးချန်၏မျက်၀န်းများမှာ အလိုလောဘကြောင့် ရဲတွတ်လာခဲ့သည်။ “အကြီးဆုံးကလေးမကိုသာ ဖမ်းလိုက် ကျန်တာ အမြတ်ထိုင်တွက်နေရုံပဲ”

လူအိုကြီးချန်၏ ညစ်နွမ်းသည့် နှလုံးသားမှာ စုမိသားစု၏ ထည်ဝါမှုကြောင့် ပို၍ကြီးထွားလာခဲ့သည်။ သူ့အတွက် ဆယ်လျန်းမျှသော ငွေပမာဏအနည်းငယ်နှင့်ပင် မလုံလောက်တော့ချေ။ “အဲ့ကလေးမကို ဖမ်းပြီးတဲ့အချိန်ကျ သူတို့ကို လျန်းတစ်ထောင်တောင်းရမယ်။ မဟုတ်ဘူး လျန်းနှစ်ထောင်”

“လျန်းနှစ်ထောင်” ထိုနေရာရှိ အများစုမှာ ကျေးလက်၌ ခိုးယက်သောင်းကျန်းနေကြသူများသာ ဖြစ်ကြသည်။ ထိုမျှသော ငွေပမာဏအား မည်သို့မြင်ဖူးမည်နည်း။ များပြားလှသည့် ငွေစများကို တွေးမိချိန်၌ ထိုလူများ၏ မျက်၀န်းသည်လည်း လောဘကြောင့် နီရဲလာခဲ့သည်။ အသိစိတ်ကပ်နေသော လူတစ်ယောက်သာ သူ၏ပေါင်ကို ရိုက်လိုက်ရင်း သဘေယတူလိုက်သည်။ “စန်း‌သာ့ကော ပြောသမျှကိုပဲ နားထောင်မယ်။ ကျွန်တော်သဘောတူတယ်။ ဘာခိုင်းမလဲ ရတယ်”

တစ်ယောက် ထောက်ခံသည်နှင့် ကျန်သောသူများကပါ ဆက်လက်ထောက်ခံကြသည်။ တွေဝေတုံ့ဆိုင်းနေသည့် သူသည်ပင် လူတိုင်း၏အကြည့်ကြောင့် အံကြိတ်ကာ သဘောတူလိုက်ရသည်

လူအိုကြီးချန်အိမ်၌ သောက်စားနေကြသည့် ထိုလူအုပ်စုသည် ရရှိလာမည့် လျန်းနှစ်ထောင်အား မည်သို့ ခွဲဝေရမည်ကို စဉ်းစားရင်း ပျော်ရွှင်နေကြပေသည်။ လူအိုကြီးချန်၏ ပျက်နေသည့် တံခါးမှ ပိန်ပိန်ပါးပါး ပုံရိပ်လေးသည် အမှောင်ရိပ်မှ နေ၍ ထိုသူတို့ပြောသော စကားများကို နားထောင်ကြောင်း မည်သူမျှ မသိခဲ့ကြပေ။

လူအိုကြီးချန်၏မိစားစု၌ သားနှစ်ယောက် သမီးနှစ်ယောက် ရှိလေသည်။ သားနှစ်ယောက်သည် အဖေဖြစ်သူ၏ စိတ်နေသဘောထားအတိုင်းဖြစ်ကာ စိတ်ကြီးကြသည်။ သမီးနှစ်ဦး၌ အကြီးဖြစ်သူမှာ တစ်ဆယ့်ငါးနှစ် ရှိပြီဖြစ်ရာ အငယ်ဖြစ်သူမှာ ရှစ်နှစ်ရှိပြီဖြစ်သည်။ သူမသည် ငယ်စဉ် သိတတ်စအရွယ်ကတည်းကပင် လူအိုကြီးချန်လင်မယားနှင့် သားနှစ်ဦးထံမှ အနိုင်ကျင့် နှိပ်စက်ခံလာရသည့်အတွက် သူမ၏ နှလုံးသားအောက်ခြေ၌ နှစ်ပေါင်းများစွာ သိုဝှက်ထားသော အာဃာတများ ရှိလေသည်။

ချန်ရှောင်းစွေ့သည် လူအိုကြီးချန်၏ အငယ်ဆုံးသမီးဖြစ်သည်။ လူအိုကြီးချန်နှင့် အခြားလူများသည် စုမိသားစု၏ အကြီးဆုံးမိန်းကလေးကို ပြန်ပေးဆွဲရန် ကြံစည်နေကြောင်း ကြားသိသည်နှင့် သူမသည် ထိတ်လန့်သွားခဲ့ရသည်။ မည်သို့ဆက်လုပ်ရမည်ကို မသိသောကြောင့် ချန်မိသားစု၏ အကြီးဆုံးသမီးဖြစ်သူ ချန်ရှောင်းဟုန်ကိုသာ ပြောပြခဲ့ရသည်။ “မမကြီး အဖေက စုအိမ်က ညီအစ်မတွေကို တကယ် ပြန်ပေးဆွဲမလို့လား”

သူမသည် စုမိသားစုရှိ အကြီးဆုံးသမီး၏ အပြုံးလှလှလေးများကို နှစ်သက်ပေသည်။ ထိုအစ်မသည် သူမတစ်ခါမျှ မစားဖူးခဲ့သော မုန့်ချိုချိုလေးများကို ပေးဖူးပေသည်။ ထိုအရသာမှာ ကောင်းလွန်းလှသောကြောင့် မနေ့ညကပင် အိပ်မက်နေခဲ့ကာ စားချင်စိတ်များ တဖွားဖွားပေါ်နေခဲ့သည်။

ချန်ရှောင်း‌စွေ့၏စကားများကို နားထောင်ပြီးနောက် ‌ချန်ရှောင်းဟုန်၏ မျက်၀န်း၌ ထူးဆန်းလှသည့် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ သူမ၌ အခြားနည်းလမ်းမရှိပေ။ ဖခင်ဖြစ်သူသည် သူမအား ရောင်းစားရန် အစီအစဉ်ဆွဲနေခဲ့သည်။ ထိုလူကြီးသည် အမှန်ပင် ပြုလုပ်တော့မည်ဖြစ်သည်။

အစ်မဖြစ်သူဆီမှ တုံ့ပြန်မှုမရှိသောကြောင့် ‌ချန်ရှောင်းစွေ့သည် သူမအား တွန်းနှိုးကာ တိုက်တွန်းလိုက်သည်။ “မမကြီး ဘာတွေစဉ်းစားနေတာလဲ။ သမီးတို့ဘယ်လိုလုပ်ကြမလဲ”

“ရှောင်းစွေ့ မမနဲ့အဝေးကြီးကို ထွက်ပြေးချင်လား” သူမ၌ သည်းခံနိုင်စွမ်း မရှိတော့ချေ။ အစာငတ်ကာ အေးခဲနေရခြင်းတို့ကို ခံစားရသည်မှာ လုံလောက်ပေပြီ။ ထိုကဲ့သို့မိဘများ ရှိနေသည့်အတွက် သူမသည် ယခုကဲ့သို့ ဒုက္ခခံနေရခြင်းဖြစ်ကာ သူမသည် ထိုကဲ့သို့သော နေ့ရက်များကို နေထိုင်လိုခြင်းမရှိတော့ချေ။

ချန်ရှောင်းစွေ့သည် အသက်ရှစ်နှစ်သာ ရှိသေးရာ ထိုသို့ကိစ္စမျိုးကို မည်သို့နားလည်နိုင်မည်နည်း။ အစ်မဖြစ်သူမှာ မည်သည့်နေရာသို့ ထွက်ပြေးမည်ကိုပင် သူမမသိချေ။

“မမကြီး ဘယ်ကိုထွက်ပြေးဦးမှာလဲ။ အဖေသာသိရင် အစ်မကို သေချာပေါက်ရိုက်မှာ”

ချန်ရှောင်းဟုန်သည် လွန်ခဲ့သောနှစ်မတိုင်ခင်က ထွက်ပြေးခဲ့ဖူးသည်။ လူအိုကြီးချန်သည် သူမအား ရှာတွေ့သည့်အခါ အဆက်မပြတ်ရိုက်နှက်ပြီး ကိစ္စများ မတည်ငြိမ်ခင်အထိ အစာမကျွေးဘဲ ပစ်ထားခဲ့သည်ကို သူမ မှတ်မိပေသည်။ အဘယ်ကြောင့် ထပ်၍ ထွက်ပြေးချင်ရသနည်း။

ချန်ရှောင်းဟုန်သည် ဆက်လက်၍ ဒုက္ခမခံချင်တော့ပေ။ ယခင်နှစ်များက ဖခင်ရိုက်နှက်ခဲ့သည်များကို ပြန်တွေးရင်း သူမသည် နှုတ်ခမ်းကို သွေးထွက်လုမတတ် ကိုက်ဖြတ်လိုက်သည်။ ထိုသို့ဖြင့် အကြံတစ်ခု ရလာလေသည်။ “ရှောင်စွေ့ အစ်မဒီကိစ္စကို ယိုကျင့်ကို သွားပြောချင်တယ်”

ထိုသို့ပြောပြီးနောက် ညီမဖြစ်သူ ပြောကြားချင်သည်ကို ဂရုမစိုက်ဘဲ လူအိုကြီးချန်ရှိရာ ပင်မအခန်းကိုသာ သူမ မထွက်ခွာခင်အထိ သေချာစောင့်ကြည့်ခိုင်းထားခဲ့သည်။ ချန်မိသားစု၏ အိမ်တံခါးကို ကျော်သည်နှင့် သူမသည် အနောက်မှခွေးများလိုက်နေသည့်နှယ် တရစပ်ပြေးလွှားနေခဲ့သည်။ သို့မဟုတ် သူမ၏ရှေ့၌ ဆွဲဆောင်နေသည့် အလင်းတန်းတစ်ခုကို မြင်သည်နှယ် မရပ်မနားပြေးလွှားခဲ့သည်။

…

အပိုင်း (၇၈) သတင်းပေး

“နင့် အဖေက ငါ့ကို ပြန်ပေးဆွဲချင်တာကို နင်က ငါ့ကို ဘာလို့ လာပြောပြတာလဲ”

ဧည့်ခန်းထိပ်တွင် ထိုင်နေသည် ယိုကျင့်က ပူပြင်းနေသည့်မျက်လုံးများနှင့် သူမရှေ့တွင်ရပ်နေသည့် ကောင်မလေးကို ကြည့်လိုက်လေသည်။

“ နင် ဘာရည်ရွယ်ချက် ရှိလို့လဲ”

စုတ်ပြတ်ကာ ဖရိုဖရဲဖြစ်နေသည့် လူကို ကြည့်လိုက်ပြီး ယိုကျင့်သည် ချွေ့ဖုန်းရွာက သူမ၏ နေ့ရက်များကို သတိမရဘဲ မနေနိုင် ဖြစ်သွားတော့သည်။ သူမနဲ့ ကံခြင်းတူတဲ့ တစ်စုံတစ်ယောက်ကို မကူညီတာ မဟုတ်ပါဘူး။ တကယ်လို့များ လုပ်ဇာတ်ဖြစ်နေရင်ကော။ ယိုကျင့် ချန်လောင်စန်း၏ ‘မဟာအောင်မြင်မှု’အကြောင်းကို အလွန်ရင်းနှီးထားသူဖြစ်သည်။ သည့်အပြင် ပြီးခဲ့သည့်အခေါက်က ပစ္စည်းခိုးရန် သူမ၏အိမ်ထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ချင်ခဲ့သူကလည်း ချန်လောင်စန်းဖြစ်နေမှန်း နက်နက်ရှိုင်းရှိုင်း သံသယဖြစ်မိသည်။

နွေးထွေးသည့် ဖယောင်းတိုင်မီးများနှင့် သင်းပျံ့ပျံ့ရနှံတစ်ခုကြားတွင် ရပ်ကာ ချန်ရှောင်ဟုန်သည် စုယိုကျင့်ကို အကာအကွယ်မဲ့ကာ ကြည့်နေလိုက်လေသည်။ စောစောစုစည်းထားခဲ့သည့် သတ္တိများသည် ပျေက်ကွယ်သွားတော့သည်။ အခုတော့ သူမသည် အခိုက်တန့် စိတ်လိုက်မာန်ပါ လုပ်ခဲ့မိပြီး ပြန်သွားလို့လည်းမရ ဆက်နေလို့လည်း မရသည့် အခြေအနေသို့ ရောက်သွားသည်ကို ခံစားမိလိုက်တော့သည်။

အမှတ်တမဲ့ သူမ၏လက်နှစ်ဖက်လုံးသည် ဖြူဆွတ်နေအောင် လျှော်ထားသည့် ဖျင်ကြမ်းအင်္ကျီ လက်အနားကို ဆုပ်ထားလိုက်လေသည်။ ချန်ရှောင်ဟုန်သည် ခေါင်းငုံ့ထားလိုက်၏။ အချိန်တော်တော်ကြာမှ သူမက မပီမပြင် ရွတ်လိုက်တော့သည်။

“ ငါ ဒီမှာဆက်မနေချင်တော့ဘူး...”

သူမ၏အသံသည် တိုးသော်လည်း ယိုကျင့်၏နားက အလွန်ပါးလေသည်။ သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ပြီးနောက် သူမကမေးလိုက်တော့သည်။

“ နင်က နင့်အိမ်မှာ ဆက်မနေချင်တော့လို့ နင် ချန်အိမ်ကနေ ထွက်ပြေးနိုင်အောင် ငါ့ကို အကူအညီတောင်းချင်လို့ ဒီသတင်းနဲ့ အပေးအယူ လာလုပ်တာပေါ့”

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူမသည် ချန်ရှောင်ဟုန်ကို ခေါင်းစခြေဆုံး ကြည့်လိုက်ပြီး

“ ဒါမှမဟုတ် နင်က ငါတို့အိမ်မှာ လာနေချင်နေတာလား”

ချန်ရှောင်ဟုန်သည် ဤသို့ တဲ့မေးခံလိုက်ရသဖြင့် အနည်းငယ် မလုံမလဲဖြစ်သွားတော့သည်။ သူမသည် ဘဝကောင်းစားရေးအတွက် သည်သတင်းကို အားကိုးကာ စုအိမ်တွင် နေရရေးအတွက် အလဲအလှယ် လုပ်ချင်ခဲ့တာ အမှန်ဖြစ်ကြောင်း အလိုလိုပင် ပြောမထွက်ရဲတော့ပေ။

မျက်နှာပေါ်တွင် မလုံမလဲဟန်အတိုင်းသား ပေါ်နေသည့် ချန်ရှောင်ဟုန်ကို ကြည့်လိုက်ပြီး ယိုကျင့်က မဲ့ကာ ပြောလိုက်တော့သည်။

“ အခုလေးတင်ပဲ နင်က ပြောတယ်၊ နင့်အဖေက လူမဟုတ်ဘူးတဲ့ ပြီးတော့ ငွေအတွက် ငါ့ကို ပြန်ပေးဆွဲချင်ခဲ့တာတဲ့၊ နင်လည်း အတူတူပဲမလား၊ အခု ငါ့ကို ပြန်ပေးဆွဲမယ်ဆိုတဲ့ သတင်းကို အသုံးချပြီးတော့ နင်က ပိုကောင်းတဲ့ဘဝတစ်ခု နေနိုင်မှာတဲ့လား”

စုယိုကျင့်က သူမအမုန်းဆုံး သတ္တဝါနှင့် သူမကို အတန်းအစားတစ်ခုထဲဟု ပြောလိုက်တော့ ချန်ရှောင်ဟုန်သည့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့သည်။ သူမက အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်၏။

“ ငါက အဲလို မဟုတ်ဘူး”

အမြဲလိုလိုပင် ယိုကျင့်သည် သူမ၏မိသားစုအရေးကိုသာ ဂရုစိုက်လေသည်။ သူမသည် တခြားသူများ၏ အရေးကိစ္စထဲ ဘယ်တော့မှာ ကြားမဝင်ချင်ခဲ့ပေ။ နောက်ဆုံး ရှေးခေတ်ကတည်းက စေတနာကောင်းခြင်းကို မြည်းတစ်ကောင်၏အသည်းနှင့် အဆုတ် ဟု တင်စားကြလေသည်။ သူမက ထိုသို့ပြောလိုက်သည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်က ပြန်ပြောလိုက်တော့သည်။

“ဒါဆို နင် ဘာလိုချင်တာလဲ၊ စေတနာကြွေးတစ်ခုကို ပြန်ပေးဆပ်ခိုင်းတာလား၊ ဒါက အမှန်ဆိုရင်တော့ ငါ ပြန်ဆပ်မဲ့ ကျေးဇူးကလည်း အလိုလို အမှန်တကယ်ဖြစ်လာမှာပါ”

အစပိုင်းတွင် ချန်ရှောင်ဟုန်သည် သည်သတင်းကို အသုံးချကာ စုမိသားစု၏လှေပေါ်သို့ တက်ချင်ခဲ့ခြင်းပင်။ သို့သော် သူမ ဘာမှမပြောနိုင်ခင်မှာပင် ကြီးကျယ်လှသည့်စုယိုကျင့်က သည်လမ်းကို ပိတ်ထားလိုက်လေသည်။ ထိုအရာလွဲလျှင် သူမသည် ရုတ်တရက် ဘာမှကို မစဥ်းစားတတ်တော့ချေ။

သူမက ဘာတစ်ခွန်းမှမပြောဘဲ အချိန်တော်တော်ကြာအောင် တွေဝေနေသည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်က သက်ပြင်းချလိုက်လေသည်။ နောက်ဆုံးတွင် သူမ၏စိတ်သဘောထားသည့် အနည်းငယ် ပျော့ပြောင်းသွားတော့သည်။

“ အခု မှောင်နေပြီ၊ ပြန်သွားပြီးမှ ဖြည်းဖြည်းချင်း စဥ်းစားလိုက်အုံးပေါ့”

ပြောပြီးသည်နှင့် သူမသည် ဦးလေးကို လိုက်ပို့ခိုင်းလိုက်တော့သည်။

“ အကြီးမမလေး ကျွန်တော်မြင်မိသလောက်တော့ ချန်မိသားစုကလေးမက တကယ်ပြောနေတာ ထင်တယ်၊ ချန်လောင်စန်းက မမလေးကို တကယ်ပဲ လာပြီး ပြန်ပေးဆွဲရဲလောက်တဲ့ သတ္တိရှိတယ်မလား”

ချန်ရှောင်ဟုန်ကို လိုက်ပို့ပေးလိုက်ပြီးနောက် ဦးလေးစုန့်က ဧည့်ခန်းထဲတွင်ထိုင်နေသည့် ယိုကျင့်ကို စိုးရိမ်တကြီး မေးလိုက်လေသည်။

“ ကျွန်တော်တို့တွေ ရုံးတော်ကို တိုင်ကြားလိုက်ကြရင်ကော၊ အရာရှိတွေကို သူတို့ကို ဖမ်းခိုင်းလိုက်ရမလား”

သို့သော် ယိုကျင့်သည် တည်တည်ငြိမ်ငြိမ်ပင် ခေါင်းခါပြလိုက်လေသည်။

“ အခုက ကျွန်မတို့မှာ သက်သေမရှိဘူးလေ၊ တကယ်လို့ ကျွန်မတို့က တရားရုံးကို သွားတိုင်ရင်တောင် ဘယ်သူမှ ဒီကိစ္စကို ဂရုစိုက်ကြမှာမဟုတ်ဘူး”

အခုလေးတင် ချန်ရှောင်ဟုန်ရဲ့မျက်လုံးထဲက ချန်လောင်စန်းကို မုန်းတဲ့စိတ်ကို မလွတ်တမ်း တွေ့ခဲ့သေးတယ်လေ။ သူမအနေနဲ့ ၁၀၀% မသေချာပေမဲ့ ချန်ရှောင်ဟုန်ရဲ့စကားတွေကတော့ မှန်လောက်တယ်။ ခဏလောက်စဥ်းစားလိုက်ပြီးနောက် သူမက ပြောလိုက်လေသည်။

“ ကျွန်မတို့က တစ်ကြိမ်ကို တစ်လှမ်းပဲ လှမ်းနိုင်တာ၊ အခု ကျွန်မတို့ သူတို့အစီအစဥ်ကို သိထားပြီဆိုတော့ ကြိုပြီး သတိထားလို့ရတောပေါ့”

သည်ကိစ္စသည် အရေးကြီးကိစ္စ ဖြစ်လေသည်။ ယိုကျင့်က အမျိုးသမီးစုကို ဖုံးကွယ်ထားမှာ မဟုတ်မှန်း ပြောရန်ပင်မလိုချေ။ အမျိုးသမီးစု စိတ်ပူပန်ခြင်းကို ဖယ်ရှားပေးမည့် ပြဿနာများကို ဆွဲထုတ်လိုက်ခြင်းကလည်း အရှုံးထက် အမြတ်က ပိုအလေးသာပေသည်။

သေချာပါသည်။ ယိုကျင့် စကားဆုံးသွားသည်နှင့် အမျိုးသမီးစုသည် ရင်ဘတ်ကို ဖိကာ ယိုကျင့်ကိုခြေမကိုင်မိလက်မကိုင်မိဖြစ် ကြည့်လိုက်ပြီး

“ ဒါဆို အမေတို့ဘာလုပ်ကြမလဲ”

သူမသည် သမီးဖြစ်သူအား အားကိုးတတ်သည့်အကျင့်ဖြစ်နေတော့သည်။ သူမ၏ ပထမဆုံး တုံ့ပြန်ချက်က သူမ၏မျှော်လင့်ချက်အားလုံးကို ယိုကျင့်ပေါ်တွင် အမြဲပုံချထားခြင်းပင်။

“အမေကရော ဘယ်လိုလုပ်သင့်တယ်လို့ထင်လဲ”

ယိုကျင့်က ထိုကိစ္စကို အလိုလို အဖြေရှာပြီးသားပင်။ လော့ဟယ်သို့ ပြောင်းလာကတည်း အမျိုးသမီးစုသည် သူမကိုယ်သူမ မိသားစု၏ကျောရိုးတစ်ခုလို ဘယ်တုန်းမှ မသတ်မှတ်ခဲ့ဘဲ အရာအားလုံးကို ယိုကျင့်ပေါ်တွင်သာ မှီခိုထားခဲ့သည်။ သို့သော် အရင်က အိမ်ကိစ္စ အလုပ်များပြားခဲ့လေသည်။ ယိုကျင့်သည် အမျိုးသမီးစု၏ အားနည်းချက်ကို ဖြည်းဖြည်းချင်း လမ်းပြပြီး ပြင်ဆင်ပေးရန် အချိန်မရှိခဲ့ပေ။ အခုတော့ သူမသည် အားလပ်လာပြီဖြစ်ရာ အမျိုးသမီးစု၏ ကိုယ့်အားကိုယ်ကိုးမှုကို စတင်ပျိုးထောင်ပေးချင်သည်မှာ သဘာဝပင်။

သမီးဖြစ်သူက သူမ၏သဘောထားကို မေးလာသည်တွင် အမျိုးသမီးစုမှာ အံ့အားသင့်သွားတော့သည်။ သူက ဘာလုပ်ရမယ်ဆိုတာ ဘယ်လိုလုပ်သိပါ့မလဲ။ သို့သော် သမီးဖြစ်သူ၏ စိတ်အားထက်သန်နေသည့် မျက်လုံးထဲတွင် မျှော်လင့်ချက်ကို တွေ့လိုက်ရသောအခါ အမျိုးသမီးစုမှာ ရုတ်တရက် ရှက်စိတ်ဖြစ်သွားတော့သည်။ သူမ၏မျက်နှာသည် မသိမသာပူနွေးသွားတော့သည်။

“ အမေလေ ဘာလုပ်ရမလဲမသိဘူး...”

အမှန်တွင်တော့ အမျိုးသမီးစုကိုလည်း အပြစ်ပြောလို့မရပေ။ နောက်ဆုံး သူမသည် တစ်ဘဝလုံး တခြားလူအပေါ် မှီခိုလာခဲ့သည်။ ယွဲ့မိသားစုမှ ထွက်လာချိန်ကပင် ယိုကျင့်နှင့် တခြားကလေးများ၏ ပြင်းပြသည့်လှုံ့ဆော်မှုကြောင့် သူမဘဝတွင် ဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးသည့် တစ်စုံတစ်ခုကို ပြုလုပ်ရန် သတ္တိရှိလာခြင်းပင်။

ယိုကျင့်သည် မသိမသာ သက်ပြင်းချလိုက်မိတော့သည်။ အလျင်လိုနေလဲ အပိုပဲလေ။ အမျိုးသမီးစု၏ဘေးတွင်ထိုင်လျက် သူမအတွက် ရေနွေးတစ်ပန်းကန်လောင်းထည့်ပေးလိုက်ကာ

“ ချန်လောင်စန်းက သမီးတို့းမိသားစုအပေါ် မျက်စိကျနေတာ ဖြစ်နိုင်ခြေ အရမ်းများတယ်၊ သမီးတို့မိသားစုမှာ ယိုလင်၊ ယိုလော့နဲ့ တချို့က ငယ်ကြသေးတယ်၊ သမီးကလည်း အခုလောလောဆယ် နေ့တိုင်း အလုပ်များနေတာ၊ အမေရယ်၊ ယွိလန်ရယ် အန်တီစုန့်တို့ရယ်ကိုပဲ အိမ်ကိစ္စအတွက် ဒုက္ခပေးရတော့မယ်၊ သူတို့ကို အနီးကပ်စောင့်ရှောက်ပေးလိုက်ပါ”

နောက်ဆုံးတွင် ယိုကျင့်သည် မိသားစု၏ အငယ်လေးများကို ပို၍စိတ်ပူရလေသည်။ ချန်လောင်စန်းက သူမအပေါ် လှုပ်ရှားခဲ့ရင် အန္တရာယ်ကနေ လွတ်မြောက်အောင်လုပ်ဖို့ ယုံကြည်ချက်ရှိသေးတယ်။ ဒါပေမဲ့ အငယ်တွေကျတော့ရော။ သူတို့တွေက ယိုကျင့်နဲ့ အခြေခံသိုင်းပညာ လေ့ကျင့်ထားတယ်ဆိုပေမဲ့ သူတို့အားလုံးက ငယ်ငယ်လေးပဲရှိသေးတာလေ။ ရွယ်တူနဲ့တွေ့ရင်တောင့် နိုင်နိုင်ချေရှိသေးတယ်။ ချန်လောင်စန်းနဲ့ တခြားသူတွေအားလုံးက အရွယ်ရောက်ပြီးသား ယောက်ျားသားတွေချည်းပဲ။ သူတို့တွေကို ဘယ်လိုနိုင်ပါ့မလဲ။

“ အင်း အမေ သိပါပြီ”

အမျိုးသမီးစုသည် အားတက်သရာ ခေါင်းညိတ်ပြလိုက်၏။ သူမသည် သမီးအကြီးဆုံးကို များများစားစား မကူညီနိုင်သော်လည်း သူမကို ဆွဲမထားမိအောင်တော့ အကောင်းဆုံး ကြိုးစားခဲ့လေသည်။ သားအမိနှစ်ယောက်သည် တော်တော်ကြာအောင် စကားပြောလိုက်ပြီးနောက် ယိုကျင့်က လေးလံသည့်ခြေထောက်များကို ဆွဲကာ အနားယူရန် အခန်းထဲသို့ ပြန်လာခဲ့တော့သည်။

***

ချန်လောင်စန်းတို့ လောဘသားတစ်စုသည် အမှန်ပင် ပြောသည့်အတိုင်းလုပ်တတ်သူများဖြစ်လေသည်။ နှစ်ရက် သုံးရက်အတွင်း သူတို့က အဆင်သင့် ပြင်ဆင်ပြီးသွားကြတော့သည်။ သူတို့သည် အသုံးဝင်လောက်သည့် အရည်အသွေးနိမ့်ဆေးများကို ဝယ်ထားလိုက်သေးသည်။

ယိုကျင့်သည် ဟိုကျားဝမ်သို့ နှစ်ရက် သုံးရက်တစ်ခါလောက် သွားရလေသည်။ ချန်လောင်စန်းက မြစ်တစ်လျှောက် ရက်တော်တော်များများ လျှောက်ကြည့်လိုက်ပြီး မြစ်တစ်ဘက်ကမ်းက စုမိသားစုကို စောင့်ကြည့်နေတော့သည်။ နောက်ဆုံးတွင် သူသည် စုယိုကျင့်၏ခရီးစဥ်ကို သိသွားတော့သည်။ သူနှင့် သူအပေါင်းအပါများက ထိုအကြောင်းကို ဆွေးနွေးတိုင်ပင်လိုက်ကြပြီး နောက်တစ်ကြိမ် စုယိုကျင့် အပြင်ထွက်မည့်အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ယခုမူ စုမိသားစုတွင် မြည်းလှည်းနှစ်စီး ရှိလာပြီဖြစ်သည်။ တစ်စီးကို ယိုရင်၊ ယိုကျူးနှင့် တခြားကလူများက နေ့တိုင်းလော့ဟယ်သို့သွားရန် သွားရေးလာရေးအတွက် တာဝန်ယူပေးရသည့် ဟန်လီက မောင်းပေးရသည်။ နောက်တစ်စီးကိုတော့ယိုကျင့် နေ့တိုင်း သွားရေးလာရေးတွက် စုန့်ဟွာက တာဝန်ယူပေးရလေသည်။ သည်နေ့သည် ယိုကျင့်က ဟိုကျားဝမ်သို့သွားကာ စိုက်ပျိုးထားသည့် ပျိုးပင်များကို စစ်ဆေးရန် သွားရမည့်နေ့ဖြစ်သည်။

ရာသီကလည်း ဇွန်လရောက်လာပြီး အပူချိန်က မြင့်လာသည်။ တရားဝင်လမ်းနှစ်ဘက်လုံးက ပုရစ်သံများက အလွန်ဆူညံလှ၏။ မြည်းလှည်းထဲတွင်ထိုင်နေသည့် ယိုကျင့်သည်လည်း ခန်းဆီးများကို ချထားသည်။ သူမသည် မနက်စောစော အိပ်ရာချိန်က ဇီးဖျော်ရည်ထည့်ထားသည့် ဗူးသီးခြောက်ကို ယူကာ နွေရာသီ၏အပူကို သက်သာစေရန် ရေတွင်းထဲတွင် ညသိပ်ကာ ချိတ်ဆွဲထားခဲ့သည်။

“အကြီးဆုံးမမလေး ဒီနေ့ တဖြည်းဖြည်း ပူလာပြီနော်၊ တောင်ပေါ်မှာ ရေလုံလုံလောက်လောက်ရှိလို့ ကျေးဇူးတင်ရမယ်၊ ဒီတော့ ခြောက်ကပ်မနေဘူး”

ထိုသူမှာ စုမိသားစုက ငှားရမ်းထားသည့် ရေရှည်အလုပ်သမားငါးယောက်ထဲမှ အသက်အကြီးဆုံးသူ ဟို့ဝေ ဖြစ်သည်။ သူသည် မြက်ဦးထုပ်ကိုဆောင်းထားပြီး ပျိုးပင်များ၏အခြေအနေကို သေသေချာချာ လေ့လာနေသည့် ယိုကျင့်ဘေးမှာ လိုက်လာကာ ဝမ်းသာအားရ မှတ်ချက်ပေးလေသည်။ ဟို့ဝေသည် အသက်၄၀နား နီးသည့် လူကြီးတစ်ယောက်ဖြစ်၏။ စုမိသားစု၏ အကြီးဆုံးမိန်းမငယ်လေးရှေ့တွင်ပင် သူသည် လေးစားသမှုအပြည့်ထားလေသည်။

နောက်မှထပ်စိုက်ထားသည့် မျိူးစေ့များကို သေသေချာချာ ကြည့်လိုက်ပြီးနောက် ယိုကျင့်က ကျေနပ်စွာ ပြောလိုက်၏။

“ နောက်မှစိုက်ထားတဲ့မျိုးစေ့တွင်ကလည်း ရှင်လောက်တယ်၊ နောက်ဆုံးမြေဩဇာထည့်က ပြီးခဲ့ကလဝက်တုန်းကနော်၊ မြေဩဇာများင် အမြစ်တွေ အလွယ်တကူလောင်သွားတတ်တယ်၊ ဒီတော့ မြေဩဇာထည့်ဖို့ စိတ်မပူလည်းရတယ်”

စုမိသားစုသည် အိမ်အသစ်သို့ ပြောင်းလာပြီးနောက်တွင် ယိုကျင့်က ဆူးနှင်းဆီနှင့် ကွေးဟွာပန်း နှစ်ဧက ပြောင်းစိုက်ခဲ့သည်။ အခုတော့ သူတို့သည် အမြစ်စတွယ်နေပြီး ကျေနပ်စရာကောင်းလောက်အောင် ကြီးထွားလာကြလာ ယိုကျင့်မှာ အလွန်ပျော်ရွှင်နေတော့သည်။

တောင်ကို ပတ်လျှောက်လိုက်ပြီးနောက် သူတို့သည် ပြန်ဆင်းလာကြ၏။ ချွေးသံရဲရဲနှင့်လူများသည် တောင်ခြေတွင် ဆောင်ထားသည့် မြက်တဲထဲတွင် ထိုင်လိုက်ပြီး ရေတစ်ခွက်နှစ်ခွက်လောက် အဝသောက်လိုက်ကြသည်။ ယိုကျင့်က လက်ကိုင်ပုဝါကို ထုတ်ကာ နှဖူးမှ ချွေးများကို တစ်စက်ချင်း သုတ်လိုက်ပြီး သူမက ပြောလိုက်၏။

“ ဒီသစ်ဆွေးမြေဩဇာလုပ်တာကို အချိန်ရွှေ့လို့မရဘူး၊ ပျိုးပင်တွေနဲ့ နေကြာမျိုးစေ့စိုက်ထားတဲ့ ခြံတွေကလွဲရင် တခြားနေရာတွေအတွက် မြေဩဇာလုပ်ဖို့ အနီးကပ်ဂရုစိုက်မှရမယ်၊ အဲဒီနေရာတွေက နောက်နှစ်ဆိုရင် စိုက်ပျိုးလို့ရလာလိမ့်မယ်”

စုမိသားစု၏ ဧက၁၀၀ တောင်စောင်းမြေရိုင်းတွင် နှစ်ရှည်အလုပ်သမား လေးယောက်သာရှိသော်လည်း ပြဿနာတစ်စုံတစ်ရာ မရှိချေ။ ပျိုးပင်များကို စောင့်ရှောက်ရသည်က သီးနှံများကို စောင့်ရှောက်ရသလောက် မပင်ပန်းချေ။ ထိုလေးယောက်၏အဓိကအလုပ်မှာ မြေဩဇာလုပ်ခြင်းနှင့် မြေဆီမြေနှစ် ဖြစ်အောင် လုပ်ပေးရခြင်းပင်။ ယိုကျင့်၏စကားကို ကြားလိုက်တော့ ဟို့ဝေက မျက်မှောင်ကျုံ့ပြီး သူမကို အတွန့်တက်လေသည်။

“ မမလေး ကျွန်တော်တို့ မြေဩဇာလုပ်တာ နှေးနေတာ မဟုတ်ဘူး၊ နောက်ချေးက ရှာရခက်နေတာ၊ ကျွန်တော်တို့ရွာမှာတောင် ကိုယ်တိုင်အတွက် လုံလုံလောက်လောက်မရှိဘူးလေ၊ ဝယ်ရတာကလည်း ပြဿနာတစ်ခုပဲ”

“ ဒါက တကယ့်ပြဿနာပဲနော်၊ ဦလေးဟို့ ဦးလေးက နောက်ချေးတွေကို ဝယ်ဖူးတယ်ဆိုတော့ ဦးလေးမှာ စိတ်ကူးလေးများ မရှိဘူးလား”

ယိုကျင့်သည် သည်ပြဿနာကို အရင်ကမစဥ်းစားခဲ့ဖူးချေ။ ယခု ဟို့ဝေပြောလိုက်မှ ရေရှည်အတွက် ထည့်သွင်းစဥ်းစားရန်လိုသည့် အရေးကြီးကိစ္စမှန်း သဘောပေါက်သွားတော့သည်။ အကြီးဆုံးပြဿနာမှာ မြေဩဇာမရှိလျှင် သည်မြေရိုင်း ဧက၁၀၀သည် အမှန်ပင် သုံးစားမရ ဖြစ်သွားတော့မည်။

ဟို့ဝေသည့် ဆေးတံကို မှုတ်ထုတ်လိုက်ပြီးနောက် တုံ့ဆိုင်းကာဖြင့် ပြန်ဖြေလိုက်လေသည်။

“ကျွန်တော်တို့ မြေက အရမ်းကြီးတယ်၊ ကျွန်တော်တို့ ကိုယ်ဟာကို ဝက်နဲ့နွားတွေ မွေးရင်ကော ဘယ်လိုလဲ၊ ဒီလိုဆိုရင် နောက်ချေးစုရမဲ့ ပြဿနာလည်း ဖြေရှင်းပြီးသား ဖြစ်သွားမယ်မလား၊ အကြီးဆုံးမမလေး ဘယ်လိုထင်လဲ”

ဟို့ဝေက ပြောလိုက်သည်နှင့် ယိုကျင့်၏မျက်လုံးများ အရောင်တောက်သွားတော့သည်။ သူ့စကားကို ကြားလိုက်ပြီးနောက် ယိုကျင့်က သဘောတူလိုက်တော့သည်။

“ဒါဆိုရင် ကျွန်မတို့ ဝက်စာရှာရတော့မှာပေါ့၊ ကျွန်မတို့မှာက အခု ပစ္စည်းတော်တော်များများ ပြတ်လပ်နေတယ်၊ ကြက်မွေးပြီး သူတို့ကို တောင်ပေါ်မှာ လွှတ်ထားရင် ပိုကောင်းလိမ့်မယ်၊ ဒီလောက်ကြီးတဲ့ တောတစ်ခုမှာ အစာရေစာတော့ မရှားလောက်ပါဘူးနော်”

ယိုကျင့်၏စကားကို ကြားလိုက်ပြီးနောက် ဟို့ဝေက ဝမ်းသာအားရ လက်ခုပ်တီးလိုက်တော့သည်။ သူသည် သွားပေါ်အောင် ပြုံးလိုက်ပြီး

“ အကြီးဆုံးမမလေးက အသေးစိတ်တွေးတတ်တာပဲ၊ ကျွန်တော်သာဆိုရင် ဒီလောက်အများကြီး ဘယ်တော့မှ တွေးမိမှာမဟုတ်ဘူး”

ဟို့ဝေ၏ သိသိသာသာ မြှောက်ပင့်သည့်စကားကို ကြားလိုက်ရတော့ ယိုကျင့်၏နှုတ်ခမ်းထောင့်မှ အပြုံးသည့် အနည်းငယ် မှိန်ဖျော့သွားတော့သည်။ သူမသည် သည်လိုပုံစံမျိုးကို မကြိုက်သော်လည်း ထိုကိစ္စကို ဘာမှတ်ချက်မှ မပေးလိုက်ချေ။ သူမသည် သည်အတိုင်း ပြောလိုက်လေသည်။

“ ဒါဆိုရင် ကျွန်မ ဒီကိစ္စကို ဦးလေးဟို့ဝေကိုပဲ လွဲထားလိုက်တော့မယ်၊ ကျွန်မတို့ရွာထဲမှာ ကြက်သားဖောက်ပြီး ရောင်းတဲ့သူ ရှိမလား ကြည့်လိုက်အုံးမယ်၊ ပြီးရင် ကျွန်မ ပေါက်စျေးအတိုင်း ဝယ်လိုက်မယ်၊ ကြက်ပေါက် ၃၀၀ ၊ ၄၀၀လောက် အရင်မွေးမယ်ဆို ဘယ်လိုလဲ”

ယိုကျင့်သည် ရေကြည်လျှင် ငါးမရှိနိုင်သည့် စည်းမျဥ်းကို ကောင်းကောင်း သတိထားမိလေသည်။ အခြေခံစိတ်ဓာတ်ကို မြင့်တင်ပေးရန်မှာ ပွဲခက သင့်တော်သည့်ပမာဏအတွင်း ဖြစ်နေလျှင် သူမက လက်ခံပေးနိုင်လေသည်။

ဟို့ဝေကလည်း ဤသို့သောအလုပ်မျိုးကို ဆန္ဒရှိမည်က သဘာဝပင်။ ပေါက်စျေးအတိုင်းဆိုလျှင်တောင် သူသည် ထိုမှငွေတချို့ ရှာနိုင်လိမ့်မည် မဟုတ်ပါလား။ ထို့တောက် သူသည် ရင်ဘတ်ကိုပုတ်ကာ ထိုကိစ္စကို သဘောတူလိုက်တော့သည်။

“ ကောင်းပြီလေ ကျွန်တော် ဒီကိစ္စမှာ မမလေးကို သေချာပေါက်ကူညီပါမယ်”

ယိုကျင့်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမသည် တောင်ပေါ်တွင် ကြက်မွေးရန်အတွက် ပြင်ဆင်ရန် လိုအပ်သည့် ကြက်စာခွက်များကိစ္စကို သူနှင့် ခဏလောက် တိုင်ပင်လိုက်သည်။ ကြက်ငယ်လေးများ၏ အစောပိုင်းအဆင့်အစာကိုတော့ ပြင်ဆင်ပေးရန်လိုအပ်သည်။ ထိုအရာက တခြားသောနှစ်ရှည်အလုပ်သမားများကို မနာလိုစိတ်ဖြစ်သွားစေတော့သည်။ အားလုံးက စိတ်ထဲတွင် ဟို့ဝေကို ကြိတ်ဆဲနေကြပြီး အကျိုးအမြတ်များသည့် တာဝန်ကိုရခဲ့ပြီး အလုပ်ရှင်ထံမှ အထင်ကြီးခံရသည့်အတွက် အားကျနေကြတော့သည်။

All Chapters