အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အပိုင်း (၆၄) ပြဿနာ
အမှန်ပင်။ စုမိသားစု၏ ထမင်းပန်းကန်ကို လွယ်လွယ်နှင့်ကိုင်လို့မရပေ။
ထိုတစ်နပ် စားပြီးနောက် ဟန်ညီအစ်ကိုတို့ကို တူးမြောင်းအလုပ်သမားများအဆောင်၏ ခြံဝင်းဂိတ် မြောက်ဘက်ခြမ်းတွင်ရှိိသည့် အခန်းငယ်လေးထဲတွင် ဦးလေးဝမ်နှင့်အတူ နေရန် စီစဥ်ပေးလိုက်လေသည်။ ခုတင်သည် တော်တော်ကြီးပြီး လူသုံးယောက်အိပ်ရန်အတွက် ကြပ်ညပ်မနေချေ။
ယိုကျင့်က တူးမြောင်းအလုပ်သမားများ၏အဆောင်ကို ဟန်ညီအစ်ကိုအား ခေါ်ပြလိုက်ပြီး
“ ငါတို့တွေက တစ်ခန်းချင်းစီရဲ့ သန့်ရှင်းရေးကို လုပ်ပေးစရာမလိုဘူး၊ အများသုံးနေရာတွေကိုပဲ သန့်ရှင်းရေး လုပ်ပေးဖို့လိုတယ်၊ နေ့တိုင်း ခြံအရှေ့၊ အနောက် တံမြက်လှည်းရမယ်၊ ရေအိမ်တွေကိုလည်း ပုံမှန် သန့်ရှင်းရေးလုပ်ရမယ်၊ ပြီးတော့ ဝင်းထဲမှာ ရေနွေးကျိုဖို့ မီးမွှေးလို့ရတယ်၊ ဒါကြောင့် မီးလောင်တာမျိုး မဖြစ်အောင် မီးကိစ္စကိုတော့ သေချာဂရုစိုက်ရမယ်၊ နင်နေ့တိုင်းလုပ်ရမဲ့ အလုပ်က ဒါပဲ မေးစရာရှိသေးလား”
ဟန်လီသည် တော်တော်စကားနည်းသူတစ်ယောက်ပင်။ ယိုကျင့် ပြောလိုက်သည့်စကားကို နားထောင်လိုက်ပြီး ခေါင်းညတ်ပြကာ ‘ဟုတ်’ တစ်လုံးသာပြောပြီး ဘာမှမမေးတော့ချေ။
သူ့တွင် မေးစရာမရှိတော့သည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်က သူ့ကို ဦးလေးဝမ်ဆီ လွှဲပေးလိုက်တော့သည်။
“ ဦးလေးဝမ် သူတို့နှစ်ယောက်လုံးက ငယ်သေးတယ်၊ ဦးလေးကပဲ အစစအရာရာ ပိုပြီးဂရုစိုက်ပေးဖို့လိုတယ်”
ထို့နောက် သူမသည် ညီအစ်ကိုနှစ်ယောက်ဘက် လှည့်ကာ ပြောလိုက်လေသည်။
“ တစ်ရက် ထမင်း ၃နပ်၊ ထမင်းစားဖို့ ငါတို့အိမ်ကိုပဲ လာခဲ့၊ ထမင်းစားချိန်ရောက်ရင် ယိုရင် ဖြစ်ဖြစ် တခြားလူနဲ့ ဖြစ်ဖြစ် ခေါ်ခိုင်းလိုက်မယ်”
အနားက ဦးလေးဝမ်က ဝမ်းသာဟန်ဖြင့် ပြောလိုက်လေသည်။
“ယိုကျင့် နင် ထမင်းကိစ္စ တာဝန်ယူမယ်ဆိုရင် ငါ့ကိုလည်း ချန်မထားနဲ့နော်”
ယိုကျင့်က ပြုံးကာ ပြောလိုက်လေသည်။
“ ဒါပေါ့ ကျွန်မက လူကြီးကို နောက်မှာချန်ပါ့မလား”
လွန်ခဲ့သည့်နှစ်ရက်က ဦးလေးဝမ်သည် ယိုကျင့်နား ရောက်လာ၏။ သူက တစ်လလျှင် ဝမ်၅၀သာ ယူပြီး ကျန်တာကို စားသောက်စားရိတ် သုံးမည်ဟု ဆိုလေသည်။ သူက စုမိသားစုအား သူ့အတွက် စားသောက်ရေး ကူညီပေးစေချင်လေသည်။ ယိုကျင့်ကလည်း ဦးလေးဝမ်၏ အခြေအနေကို သိထားသည်။ အစောပိုင်းနှစ်များတုန်းက လော့ဟယ်စီရင်စုတွင် ပလိပ်ရောဂါတစ်ခု ဖြစ်သွားခဲ့ပြီး ဦးလေးဝမ်သည် မိသားစုတွင် တစ်ဦးတည်သော ကျန်ရစ်သူ ဖြစ်ခဲ့သည်။ အားထုတ်မှုအနည်းငယ်သာ လုပ်ရသည့်အတွက် သူမ သဘောတူလိုက်လေသည်။
ယိုကျင့်ကို လိုက်ပို့ပေးလိုက်ပြီးနောက် ဦးလေးဝမ်က ဟန်ညီအစ်ကိုကို သူအိပ်နေကျ အခန်းငယ်လေးဆီသို့ ခေါ်သွားလိုက်တော့သည်။
“ မင်းတို့နှစ်ယောက် ခုအချိန်ကစပြီး ဒီမှာ ငါနဲ့နေရမယ်၊ တစ်ယောက်ယောက်က မင်းတို့ကို အနိုင်ကျင့်ရင် ငါ့ကိုပြောနော်”
အရင်က ဦးလေးဝမ်တွင် ပလိပ်ရောဂါကြောင့် ဆုံးပါးသွားသည့် မြေးလေးနှစ်ယောက် ရှိလေသည်။ ထိုကလေးများသာ အသက်ရှင်နေလျှင် သူတို့သည် ဟန်လီနှင့် ရွယ်တူလောက် ရှိနေလောက်ပြီ။
ဟန်လီက ဦးလေးကို သတိဖြင့် ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် မေးလိုက်တော့သည်။
“ ဦးလေးဝမ် အခု ကျွန်တော်ဘာလုပ်ရမလဲ”
သူက သတိအနေထားဖြင့် ရှိနေသည်ကို တွေ့လိုက်သော်လည်း ဦးလေးဝမ်က စိတ်ထဲမထားချေ။ သူက ခဏလောက် စဥ်းစားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
“ဒါဆို အရင်ဆုံး ခြံဝင်းကို သန့်ရှင်းရေးသွားလုပ်လိုက်”
အလုပ်တစ်ခု ရှိလာပြီဖြစ်၍ ဟန်လီသည် သူ့တံမြက်စည်းဖြင့် ခြံအနောက်ဘက်သို့ သွားလိုက်တော့သည်။ ဟန်အာ့ဟွာက ခြေတံတိုလေးဖြင့် အစ်ကိုဖြစ်သူနောက်မှ ကပ်လိုက်သွားလေသည်။ တစ်ယောက်က တံမြက်စည်းလှဲ ပြီး တစ်ယောက်က ကစားနေ၏။ အတန်ငယ် အေးချမ်းမှုကို ခံစားလိုက်ရလေသည်။
စုမိသားစု၏တူး မြောင်းအလုပ်သမားအဆောင်တွင် လူများသည်ထက် များလာလေသည်။ အခုတော့ မျှအိပ်ရသည့်အခန်း ၆ခုလုံးက ပြည့်လုနီးပါးပင်။ ဉာဏ်ကောင်းကြသည့် ဝူလီချောင်ရွာသားများက သူတို့မိသားစု၏ အခန်းလွတ်များနှင့် အိမ်ဟောင်းများကို သန့်ရှင်းရေး လုပ်လိုက်ကြ၏။ စျေးနှုန်းမှာ တစ်ညလျှင် ၃ဝမ်ဖြစ်ပြီး စုမိသားစု၏တူးမြောင်းအလုပ်သမားအဆောင်နှင့် အတူတူဖြစ်သည်။ ထိုအရာက တူးမြောင်းအလုပ်သမားများကို ရွာထဲတွင် နေရန် ဆွဲဆောင်ထားတော့သည်။
မြစ်အနောက်ဘက်ကမ်းမှ အမျိုးသမီးကျောက်နှင့်အတူ လှည်းကိုတွန်းလာသည် ဟယ်ဟော်က မရင်းနှီးသည့် မျက်နှာနှင့် အရွယ်ရောက်ပြီးသား ယောက်ျား သုံးလေးယောက်က ရွာထဲမှ ထွက်လာသည်ကို ကြည့်ရင်း အနည်းငယ် စိုးရိမ်သွားတော့သည်။
“ အခုတော့ ရွာထဲမှာ လာနေတဲ့ သူစိမ်းတွေလည်း အများကြီးပဲ၊ ငါတို့တွေ စည်းကမ်း မတင်းကြပ်ထားရင် တစ်ခုခုဖြစ်မှာ စိုးမိတယ်”
အမျိုးသမီးကျောက်သည် ထိုစကားကို မည်သို့ ကြားချင်ပါမည်နည်း။ သူမက ပြောလိုက်လေသည်။
“ ရှင်ကိုက စိုးရိမ်လွန်ကဲနေတဲ့သူလေ၊ တစ်ယောက်ယောက်က လာနေတယ် အားလုံးက အတူတူ ငွေရှာနိုင်တာ ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား၊ တခြားဘာဖြစ်နိုင်အုံးမှာမလို့လဲ”
အခုတော့ ဟယ်မိသားစု၏ မနက်စားဆိုင်လေးသည် အခြေအနေ ကောင်းသည်ထက် ပိုကောင်းလာလေသည်။ နေ့တိုင်း ငွေဝင်နေသည်ကို ကြည့်ရင်း အမျိုးသမီးကျောက်က ရွာထဲတွင် လူများ ထပ်လာနေမည်ကို မစောင့်စားနိုင်ဖြစ်နေတော့သည်။
***
ဟယ်ဟောက်၏ စိုးရိမ်စိတ်ကလည်း ကျိုးကြောင်းမသင့်သည်တော့ မဟုတ်ပေ။ နှစ်ရက်အတွင်း ရွာထဲတွင် တစ်ခုခု ဖြစ်သွားတော့သည်။
ထိုနေ့ညက မီးများထွန်းစပင်ရှိသေး လူငယ်လေးတစ်ယောက်က မောဟိုက်လှသည့်အသံဖြင့် မိသားစုအိမ်ဝင်း အပြင်ဘက်မှ လှမ်းခေါ်လေသည်။
“ ဦးလေးသူကြီး ရွာထဲမှာ ပြဿနာဖြစ်နေပြီ”
ညစာစားပြီးနောက် ခြံထဲတွင် အေးအေးလူလူရှိနေသည့် ဟယ်ဟောက်သည် ပြဿနာတက်နေပြီဟု ကြားလိုက်ချိန်၌ ချက်ချင်းထထိုင်လိုက်တော့သည်။ သူသည် ခြံတံခါးကို မြန်မြန်သွားဖွင့်လိုက်ပြီး
“ဘာဖြစ်တာလဲ”
“ တတိယဦးလေးချန်ရဲ့အိမ်မှာ နေတဲ့ ..နေတဲ့ တူးမြောင်းအလုပ်သမားတွေက ပြောတယ် သူ့ငွေ ပျောက်သွားတယ်တဲ့၊ အခုသူ တတိယဦးလေးချန်နဲ့ စကားများနေကြတယ်”
လူငယ်လေးက ဆူညံသံ ကြားလိုက်ရပြီး စိတ်လှုပ်ရှားစရာအကြောင်း ကြည့်ရန် သွားလိုက်လေသည်။ သို့သော် နှစ်ဘက်လုံးက ရန်ဖြစ်တော့မည်ကို တွေ့လိုက်ရသဖြင့် ရွာထဲကလူကြီးများက အခြေအနေကို လာထိန်းပေးဖို့ သူ့အား သူကြီးကို အခေါ်လွှတ်လိုက်ခြင်းပင်။ ထို့ကြောင့် လူငယ်လေးက အမောတကောဖြင့် တစ်လမ်းလုံး ပြေးလာလိုက်တော့သည်။
“ချန်အိမ်ရဲ့တတိယသားဟုတ်လား”
ဟယ်ဟောက်သည် ထိုအကြောင်းကို ကြားလိုက်သည်နှင့် ပြဿနာ၏အတိမ်အနက်ကို သိသွားတော့သည်။ ဒီချန်မျိုးနွယ်က ဝူလီချောင်မှာ အယုတ်မာဆုံး လူလိမ်လူကောက်ပဲ။ သူသည် ခြံတံခါးကို မြန်မြန် ပိတ်လိုက်တော့သည်။
“မြန်မြန် တစ်ချက်လောက်သွားကြည့်ရအောင်”
ဟယ်ဟောက်သည် ချန်မျိုးနွယ်၏အိမ်တံခါးပင်မရောက်သေးချေ၊ အဝေးမှနေ၍ ချန်မျိုးနွယ်ခြံဝင်ထဲက ရန်ပွဲကို ကြားလိုက်ရလေသည်။ အမှောင်ထဲတွင် ခြံအပြင်မှဘက်နေ၍ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ရပ်ကြည့်နေသူများ ရှိနေသည်။ ဟယ်ဟောက်က မျက်မှောင်ကျုံ့လိုက်၏။ သူသည် လူကြားထဲ အလျင်အမြန် တိုးဝင်သွားပြီး ခြံထဲသို့ ဝင်သွားလိုက်သည်။ မြင်ကွင်းထဲ ဝင်လာသည်က ငွေပျောက်သွားသည့် တူးမြောင်းအလုပ်သမားခေါင်းဆောင်သည် အဖွဲ့နှစ်ခုနှင့် ချန်မျိုးနွယ်တို့ပင်။ အခြေအနေက တင်းမာနေပြီး နောက်တစ်စက္ကန့်နေလျှင် ရန်ပွဲတစ်ခု ထဖြစ်တော့မည့်နှယ်။
“ကျုပ်တို့ မရှိတုန်းက ကျုပ်တို့ငွေတွေကို ခိုးသွားတာခင်ဗျားလေ၊ မဟုတ်ရင် ဘယ်သူက ဝင်လာအုံးမှာလဲ”
ခေါင်းဆောင်က သူ့မျက်နှာပေါ်တွင် အကြောများ ထောင်တက်လာသည်အထိ အလွန် ဒေါသထွက်နေလေသည်။ သူသည် တခြားနေရာမှ တူးမြောင်းလိုက်တူးရန် အလုပ်သမားများနောက် လိုက်လာခြင်းဖြစ်သည်။ သူ့မိသားစုအတွက် ရှာထားသမျှငွေများ ဖြစ်ပြီး သူ့မျက်မမြင်မိခင်ကြီးအတွက် ကုသပေးနိုင်ရန်လည်း ဖြစ်လေသည်။ အခုတော့ ထိုငွေများ ပျောက်သွားပြီဖြစ်ရာ ဒေါသမထွက်ဘဲ ဘယ်ရှိမည်နည်း။
သို့သော် ချန်မျိုးနွယ်ကလည်း ဝူလီချောင်တစ်ရွာလုံးတွင် နာမည်ကြီးလူသွမ်းတစ်ယောက် ဖြစ်လေသည်။ ငယ်ငယ်ကတည်းက တခြားသူများအပေါ် အမြတ်ထုတ်ခဲ့သည်။ ထိုလူစကားကို ပြန်ဖြေရလျှင် သူသည် လူးဆိုးလူသွမ်းလုံးလုံး ဖြစ်တော့သည်။
“ အားလုံးက သက်သေအပေါ်ပဲ မူတည်တာ၊ မင်းက ငါ့ကို မင်းငွေတွေခိုးတယ်လို့ပြောတယ်၊ သက်သေတော့ ရှိရမယ်လေ ဟုတ်တယ်မလား”
သည်တစ်ကြိမ်တွင် စုစုပေါင်းလူငါးယောက်က ချန်မျိုးနွယ်အိမ်တွင် တည်းခိုကြပြီး အားလုံးမှာ တနယ်တကျေးက လူများ ဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် နာမည်ဆိုးနှင့် ကျော်ကြားသည့် ချန်မျိုးနွယ် အကြောင်းကို မသိခဲ့ကြချေ။ သူတို့ အခိုးခံရလျှင်တောင် ဘာမှလုပ်ရဲမည် မဟုတ်မှန်း ချန်မျိုးနွယ်ကလည်း သေချာသိသည်။ ထို့ကြောင့် သူသည် လူငါးယောက်၏ ငွေကို ခိုးရဲခြင်းပင်။
“ခင်ဗျား”
ခေါင်းဆောင်၏ ဦးဆောင်မှုနောက်က လူငယ်နှစ်ယောက်က ရှေ့သို့ အတင်းတက်လာသော်လည်း ခေါင်းဆောင်က တားလိုက်လေသည်။ ချန်မျိုးနွယ်အိမ်တွင် တည်းကြသည့် သည်တူးမြောင်းအလုပ်သမား ငါးယောက်သည် သူတို့ကိုယ်ပေါ်တွင် ရှိသည့် ငွေများကလွဲလျှင် ချန်အိမ်တွင် သိမ်းထားခဲ့သည် ငွေအားလုံးကို အခိုးခံလိုက်ရသည်။ ထိုငွေများသည် အိမ်သို့ ပြန်ပို့မည့်ငွေများ ဖြစ်သည်။ သူတို့သည် မည်သို့ မျိုသိပ်ထားနိုင်ပါမည်နည်း။
“ ကိုင်း ဘာဖြစ်ကြတာလဲ”
ဤုဒေါသနှင့်အော်လိုက်သည့် အသံကြောင့် အားလုံးက လှည့်ကြည့်လိုက်ကြလေသည်။ ဟယ်ဟောက် ရောက်လာခြင်းပင်။
ချန်မျိုးနွယ်သည် နှစ်ပေါင်းများစွာ လူဆိုးတစ်ယောက်ဖြစ်ခဲ့ပြီး လိမ်ညာလှည့်စားသည့်နေရာတွင်လည်း အဆိုးတကာ့ထိပ်ခေါင်ပင်။ သူသည် သူကြီးရောက်လာသည်ကို တွေ့လိုက်သောအခါ သူ့စိတ်ထဲတွင် လုပ်ကြံကာ လူဆိုးက အရင်ညည်းညူပြလိုက်လေသည်။
“ သူကြီး ခင်ဗျားလာတာ အတော်ပဲ၊ ဒီအပြင်လူတွေက ကျုပ်အိမ်မှာ နေလို့ဝသွားတော့ ငွေမပေးကြဘူး၊ အခုတော့ ကျုပ်ကပဲ သူတို့ငွေတွေကို ခိုးပါတယ်လို့ စွပ်စွဲနေကြတယ်၊ ရွာသူကြီးတစ်ယောက်အနေနဲ့ ခင်ဗျား ကျုပ်တို့အတွက် တရားမျှတအောင် လုပ်ပေးရမယ်နော်”
“ ငွေခိုးသွားတာ ဘယ်သူလဲဆိုတာ ရှင်းနေတာပဲ၊ ခင်ဗျားက ကျုပ်တို့ကို တည်းခိုခမပေးဘူးဆိုရင် ချောက်ချလိုက်သေးတယ်”
ငွေအခိုးခံလိုက်ရသည့် အပြင်လူများအားလုံးသည် အလွန်ဒေါသထွက်သွားပြီး ဒေါသထွက်ထွက်ဖြင့် ချန်မျိုးနွယ်အား လက်ညိုးထိုးကာ ပြောလိုက်လေသည်။
ချန်မျိုးနွယ်က သူ့ကို သူကြီးဟု ခေါ်လိုက်တာ တွေ့လိုက်ရသဖြင့် ရှေ့က မျက်နှာနီနီနှင့်လူကလည်း လှည့်လာပြီး ဟယ်ဟောက်ကို လက်ဖမိုးချင်းယှက်ကာ ပြောလိုက်တော့သည်။
“ ခင်ဗျားက ရွာသူကြီးပေါ့ ဟုတ်လား၊ ကျုပ်တို့တွေ ဒီအိမ်မှာ နေကြပါတယ်၊ မနေ့က လုပ်အားခ ထုတ်ခဲ့ပါတယ်၊ ဒီနေ့ အလုပ်ဆင်းတော့ ငွေတွေအားလုံး မရှိတော့တာ သိလိုက်ရတယ်၊ အခန်းကလည်း အခုထိ ရှုပ်ပွနေတုန်းပါပဲ၊ ကျုပ်တို့ပစ္စည်းကို သူ့အပြင် ဘယ်သူက ဝင်လာပြီး ရှာနိုင်မှာလဲ”
“ ခင်ဗျားကို ငွေဘယ်လောက်ပျောက်သွားတာလဲ”
ဟယ်ဟောက်သည် မျက်မှောင်ကျုံ့လိုက်ပြီး ရှုပ်ပွနေသည့် ခြံထဲသို့ ဝင်လိုက်လေသည်။ ဒီချန်မျိုးနွယ်က ပိုပိုပြီး အထိန်းအကွပ်မဲ့လာတာပဲ။
“ကျုပ်က ငွေ ၇ပြား” “ ကျုပ်က ငွေ ၆ပြား “ ကျုပ်က....”
တူးမြောင်းအလုပ်သမားတွေရဲ့ လုပ်အားခက တော်တော်များတာပဲ။ ဒါပေမဲ့ တခြားအလုပ်တွေထက် စာရင် တော်တော်ပင်ပင်ပန်းပန်းနဲ့ ကာယအားနဲ့လုပ်ရတဲ့အလုပ်။ သူတို့အားလုံးကလည်း ဆင်းရဲတဲ့မိသားစုကလာတာ။ သူတို့တွေ ဒေါသမထွက်ဘူးဆိုရင် ထူးဆန်းနေမှာပေါ့။
ဟယ်ဟောက်သည် သူ့အမြင်အာရုံက မှောင်မိုက်သွားသည်ကို ခံစားလိုက်ရလေသည်။ သူသည်လည်း လယ်သမားတစ်ယောက်ပင်။ ထို့ကြောင့် ငွေ ခြောက်ပြား ခုနှစ်ပြားသည် မိသားစုတစ်ခုအတွက် အရေးကြီးမှန်း သူသိနိုင်လေသည်။ ပင့်သက်ရှိုက်လိုက်ပြီး ချန်မျိုုးနွယ်ကို ကြည့်ကာမေးလိုက်၏။
“ လောင်စန်း မင်းအိမ်မှာ ဖြစ်သွားတာဆိုတော့ အိမ်ထောင်ဦးစီးတစ်ယောက်နေနဲ့ ဘယ်သူပဲ လုပ်လုပ် မင်းက ဖြေရှင်းချက် ပေးရမယ်”
ဒါသည် ယုတ္တိရှိလေသည်။ ဒါပေမဲ့ ချန်မျိုးနွယ်ရဲ့ အကျင့်က ဘယ်လိုမလို့လဲ။ သူက ဘာရှင်းပြနိုင်မှာလဲ။ ချန်မျိုးနွယ်သည် သူကြီးစကားကို ကြားလိုက်သည်နှင့်ချက်ချင်း သူ့လက်ကို ဆန့်ကာ အကူအညီမဲ့သလို ဟန်ဆောင်လိုက်တော့သည်။
“ ကျုပ်က ဘာလုပ်နိုင်မှာလဲ၊ ကျုပ်က သူခိုးကို ပေးဝင်ခဲ့တာလည်း မဟုတ်၊ ပြီးတော့ သူတို့တွေ တကယ်ပဲ ငွေပျောက်သွားတာလား လိမ်နေတာလားဆိုတာ ဘယ်သူကသိမှာလဲ၊ သူတို့က ငွေတွေ ပျောက်သွားတယ်လို့ ပြောတယ်၊ ကျုပ်လည်းပြောနိုင်တာပဲ သူတို့ပြောင်းလာပြီးမှ ကျုပ်မိသားစုမှာ ငွေဘယ်လောက် ၊ မဟုတ်ဘူး၊ ငွေစ ၁၂စမက ပျောက်ပါတယ်လို့ ပြောလို့ရတာပဲ”
သည်အခိုက်တွင် ငွေပျောက်သွားသည့် နစ်နာသူငါးယောက်က ဒေါသပြန်ထွက်လာရုံမက ဟယ်ဟောက်နှင့် အပြင်က ကြည့်နေကြသည့်ရွာသားများကကလည်း ချန်မျိုးနွယ်၏ ယုတ်မာမှုကို သိသွားသည့်စိတ်က တစ်ဖန်ပြန်ပေါ်လာတော့သည်။ ဒါက လူဆိုးကအရင်ငိုပြလိုက်တဲ့နည်းပဲ။
ချန်မျိုးနွယ်သည် ရွာထဲတွင် နှစ်ပေါင်းများစွာနေလာခဲ့သူ ဖြစ်သည်။ သူသည် ကလေးများထံမှပင် ကြက်ဥလိမ်စားတတ်သည့် လူယုတ်မာတစ်ယောက်ပင်။ ရွာထဲက လူတိုင်းက သူခိုးထားမှန်း သိလျှင်တောင် ချန်မျိုးနွယ်က သူတို့မှာ သက်သေမရှိသည့်အကြောင်းကိုသာ မရမက ပြောနေတော့သည်။ ဘယ်သူကမှ သူ့ကို ဘာမှမလုပ်နိုင်ချေ။
ချန်မျိုးနွယ်၏ အောင်နိုင်သူရုပ်ကို မြင်လိုက်ရတော့ လူငါးယောက်သည် အလွန်ဒေါသထွက်သွားပြီး သွေးများက ခေါင်းအထိပင် ထိုးတက်သွားတော့သည်။ သည်တစ်ကြိမ်တွင် လူငယ်နှစ်ယောက်နှင့် အားသန်သည့်လူများက အတင်းပြေးတက်သွားလေသည်။ သူတို့၏ အိုးတစ်လုံးလောက်ရှိသည့် လက်သီးများက ဝင့်ကြွားနေသည့် ချန်မျိုးနွယ်၏မျက်နှာဆီသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။
တူးမြောင်းအလုပ်သမားအဖြစ် လုပ်နိုင်ကြသူများသည် အနည်းငယ်အားကောင်းကြလေသည်။ ချန်မျိုးနွယ်ကတစ်သက်လုံး လိမ်လည်ပြီး နေထိုင်လာသူဖြစ်လေသည်။ သူသည် အရပ်မပုသော်လည်း ပိန်ပါးသည်။ ထိုအားကုန် သုံးလိုက်သည့် လက်သီးချက်ကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။
“ခွပ်”
ချန်မျိုးနွယ်သည် မြေပေါ်သို့ လဲကျသွားတော့သည်။ နှာခေါင်းထဲမှ သွေးများ ထွက်လာ၏။ သူသည် ဝက်လို ခွေးလို မိတ်ဆွေများကို အားပြုရင်း ဒယိမ်းဒယိုင်ဖြင့် ထရပ်လိုက်လေသည်။
“ အိုက်ယား မင်းတို့တွေ ငါ့ကို လဲသွားအောင် ရိုက်ရဲတယ်ပေါ့လေ ငါ့ညီအစ်ကိုတို့”
သည်နေ့ ချန်မျိုးနွယ်နားတွင် သဝေထိုးနေကြသည့်လူအားလုံးကလည်း ရှိနေသည်။ သူတို့သည် ချန်မျိုးနွယ်က နှာခေါင်းသွေးထွက်သည်အထိ ထိုးခံလိုက်ရသော်လည်း သူတို့၏သတ္တိများကို ရဲဆဲတင်ကာ ရှေ့တိုးလိုက်ကြလေသည်။ သူတို့သည် လက်တုံ့မပြန်နိုင်လျှင် လော့ဟယ်တွင် မည်သို့ လှည့်ပတ်သွားလာနိုင်ပါတော့မည်နည်း။
ငွေပျောက်သွားသည့်ကောင်လေးက ဒေါသထွက်သွားတော့သည်။ နှစ်ဘက်လုံးက စတင်ထိုးကျိတ်ကြလေသည်။ သူတို့သည် လူငါးယောက်သာရှိပြီး အားလုံးက ငယ်ရွယ်သန်မာကြသော်လည်း ချန်မျိုးနွယ်ဖက်တွင် လူ ၇ယောက် ၈ယောက် ရှိနေရာ အင်အားမမျှဖြစ်နေလေသည်။
အော်ဟစ်သံ၊ လက်သီးဖြင့် ထိုးကျိတ်သံ ၊ အသားချင်းတိုက်မိသည့် အသံများ..... အခင်းဖြစ်သည့်နေရာမှာ ချက်ချင်း ဖရိုဖရဲ ဖြစ်သွားတော့သည်။ ဟယ်ဟောက်သည် ထိုနေရာတွင် ရှိနေသော်လည်း သူက တစ်ယောက်တည်း ဖြစ်နေ၏။ သူသည် သူတို့ကို မတားနိုင်ပေ။ သူက အပြင်ဘက်တွင် စိတ်လှုပ်ရှားကာ ကြည့်နေကြသူများကို ဝင်လာရန် လက်ယှက်ခေါ်လိုက်ပြီး ရန်ပွဲကို ဖြန်ဖြေခိုင်းရတော့သည်။ ထိုးနက်ခြင်းကြောင့် မျက်လုံးများနီရဲနေသည့် လူနှစ်စုကို ခွဲဖို့ရာ အချိန်တော်တော်ယူလိုက်ရလေသည်။
နှစ်ဘက်လုံးက ဒဏ်ရာအချို့ ရသွားကြသော်လည်း တူးမြောင်းအလုပ်သမားများသည် မျက်နှာပေါ်တွင် အပေါ်ယံ ပွန်းပဲ့ရုံလောက်သာ ဖြစ်ကြပြီး အားလုံးက မတ်မတ်ရပ်နေကြလေသည်။ ချန်မျိုးနွယ်ဖက်တွင်တော့ အားလုံးက နှာခေါင်းနှင့်မျက်နှာများ ယောင်ကိုင်းကာ ပွန်းပဲ့ကုန်ကြသည်။ သူတို့သည် နာကျင်မှုကြောင့် အော်ဟစ်ညည်းတွားနေကြတော့သည်။
ချန်မျိုးနွယ်၏ အလိမ်ခံခဲ့ရဖူးသည့် ရွာသားများအားလုံးက စိတ်ထဲတွင် ကျိတ်က အလွန်ပျော်နေကြလေသည်။ ဒီလိုလူမျိုးက တစ်ယောက်ယောက်ရဲ့ အရိုက်ခံရဖို့ ထိုက်တန်တယ်။ ချန်မျိုးနွယ်နှင့် ရန်ငြိုးရန်စဟောင်းရှိသည့် ရွာသားတချို့က ချန်မျိုးနွယ်ကို မျက်စိမှိတ်ပြကြလေသည်။ သူတို့၏ စိတ်ထဲတွင် တော်တော်ပျော်နေကြ၏။
ဒါပေမဲ့ ချန်မျိုးနွယ်ဆိုတာ ဘယ်သူမလို့လဲ။ သူ့အိမ်ရှေ့ကို ဖြတ်လျှောက်သွားတဲ့သူကိုတောင် သူ့နွားခိုးသွားပါတယ်လို့ စွပ်စွဲရဲတဲ့သူလေ။ သူက ဒီအတိုင်းလဲပြီး အရိုက်ခံနေပါ့မလား။ သူသည် မြေကြီးပေါ်သို့ လှဲချလိုက်ပြီး သူ့ကျိုးနေသည့်နှာခေါင်းကို အုပ်ကာ အော်ဟစ်သောင်းကျန်းတော့သည်။
“အမလေး လူသတ်ပါတယ်ခင်ဗျ ရုံးတော်ကို သတင်းပို့ပေးကြပါ”
ချန်မျိုးနွယ်၏မိန်းမကလည်း ဇပြင်းသည့်စရိုက်ရှိလေသည်။ ဘေးတွင် ရွံ့ရွံ့လေး ရပ်နေသည့် သမီးဖြစ်သူကို မျက်ရည်ထွက်သည်အထိ ဆွဲဆိတ်လိုက်လေသည်။ ထို့နောက် သူမက မြေကြီးပေါ် ဘုတ်ခနဲထိုင်ချကာ အော်ငိုတော့သည်။
“ မတရားလိုက်တာရှင် လူကောင်းတွေကို ဖိနှိပ်နေပါတယ်ရှင့်”
လူကြီးငိုသံနှင့် ကလေးများငိုသံတို့က ရောနှောသွားပြီး ချန်မိသားစုသည် ထိုခဏတွင် အမှန်ပင် အသက်ဝင်နေလေတော့သည်။
…
အပိုင်း (၆၅) ပြဿနာ(၂)
ဟယ်ဟောက်သည် ထိုမိသားစုတစ်စုလုံး၏ အပြုအမူကြောင့် ခေါင်းကိုက်ချင်သလိုဖြစ်လာ၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ “အကုန်လုံး ရပ်ကြ”
ဆူညံနေခဲ့သည့် လူလိမ်ကြီးစန်းချန်သည်ပင် တိတ်ဆိတ်သွားကာ ကြောက်မက်ဖွယ် အရောင်အဝါများဖြင့် ပြည့်နေသော ဟယ်ဟောက်ကို ကြောင်ကြည့်နေမိခဲ့သည်။
ကြည့်ရှုနေသည့် ရွာသားများသည်လည်း သဘာ၀ကျစွာပင် ၀င်ရောက်မစွက်ဖက်ခဲ့ပါချေ။ လူအိုကြီးစန်းချန်(တတိယသား)နှင့် ပတ်သက်သည့်ကိစ္စများ၌ ၀င်ရောက်ပတ်သက်ခြင်း မရှိသည်က ပိုကောင်းပေသည်။ ၀င်ရောက်စွက်ဖက်နိုင်စွမ်းရှိလျှင်ပင် သွားရောက်မပတ်သက်သည်က မိမိ အတွက် အကောင်းဆုံးဖြစ်ပေသည်။
“မင်းအသက်က ဒီလောက်တောင် ကြီးနေပြီကို ပြဿနာတွေ လှည့်ပတ်ရှာနေတုန်းလား။ မင်းမရှက်ဘူးလား ဟမ်” ဟယ်ဟောက်သည် ဘေးရှိလူငယ်နှစ်ဦးထံသို့ မျက်နှာမမူခင် စန်းချန်အား စိတ်အလိုမကျစွာ ဆူငေါက်လိုက်သည်။ “အမြန် ဆွဲထူပေးလိုက်ကြ မင်းပုံစံလည်း ပြန်ကြည့်ဦး။ ဘယ်လိုပုံစံတောင်ပေါက်နေပြီလဲ”
ဆွဲထူခံလိုက်ရသည့် လူအိုကြီးစန်းချန်မှာ အစ၌ ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။ သူသည် အဖေဖြစ်သူအား ဒေါသကြောင့် အသက်ဆုံးရှုံးစေခဲ့ကာ ညီမဖြစ်သူကိုပင် ရောင်းစားကာ လက်ထပ်စေခဲ့သည့် လူမျိုးဖြစ်သည့်အတွက် အမှန်ပင် အရေထူလှသည်။ သူညစ်ပတ်နေသော ၀တ်ရုံလက်စကို ခါလိုက်ကာ မျက်၀န်းထောင့်ရှိ မရှိမဲ့ရှိမဲ့ မျက်ရည်များကို ဟန်ဆောင်သုတ်ရင်း ပြောလေသည်။ “အစ်ကိုကြီးဟယ်ဟောက် အစ်ကိုက ရွာသူကြီးလေ။ အခြားလူတွေက အစ်ကို့ရဲ့ ဝူလီချောင်နယ်မြေထဲကလူကို အနိုင်လာကျင့်တာမျိုးကို လက်ပိုက်ကြည့်နေလို့မရဘူး။ သူတို့ ကျွန်တော့်ကို ဘယ်လောက်တောင်ရိုက်ထားလဲ ကြည့်ဦး။ ဒီနေ့ ဆေးဖိုး ငွေဆယ်လျန် မပေးရင် ဒီကိစ္စကို မကျေအေးပေးနိုင်ဘူး”
“အစ်ကိုကြီး ဟယ်ဟောက်ရယ် ကျွန်မတို့အတွက် မျှတအောင်လုပ်ပေးပါ။ ကျွန်မတို့ မိသားစု၀င် ခြောက်ယောက်ခုနှစ်ယောက်လောက်က သူ့အပေါ်ပဲ မှီခိုနေရတာပါ။ သူသာတစ်ခုခုဖြစ်ခဲ့ရင် ကျွန်မတို့မိသားစုက အဖမဲ့ကလေးတွေနဲ့ မုဆိုးမဘ၀နဲ့ပဲ နေသွားရလိမ့်မယ်” စန်းချန်၏ အမျိုးသမီးဖြစ်သူသည် ငိုကြွေးနေသော သမီးဖြစ်သူအား သူမ၏လက်ဖြင့် ဆွဲဆိတ်လိုက်ကာ ပို၍ ၀မ်းပန်းတနည်း ငိုကြွေးစေသည်။ ထိုသို့ဖြင့် သူမတို့မိသားစုအား သနားကရုဏာသက်စေရန် ကြံဖန်လျက်ရှိသည်။
စန်းချန်၏ဇနီးဖြစ်သူနှင့် သားသမီးများ၏ ငိုကြွေးသံသည် ဟယ်ဟောက်အား ပို၍ပင် စိတ်ညစ်ညူးစေခဲ့သည်။ သူ၏မျက်ခုံးနှစ်ခုမှာ တဖြည်းဖြည်းနှင့် ထိကပ်လုနီးပါးဖြစ်လာခဲ့သည်။ အသွင်တူလို့ အိမ်သူဖြစ်သည်မှာ မှန်ပေသည်။ ထိုမိသားစုရှိ တစ်ဦးချင်းစီ၌ လူကိုလှည့်ဖျားတတ်သည့် စွမ်းရည်များပိုင်ဆိုင်ထားကြသည်။ ဟယ်ဟောက်သည် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီးနောက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “တော်တော့ တော်သင့်ပြီ”
လူအိုကြီးချန်မိသားစုသည် အမှန်ပင် ရေဆိုးရေညစ်များ ဖြစ်ကြသည်။ သူသာ သူကြီးမဟုတ်ပါက ထိုသို့ကိစ္စများတွင် ၀င်ရောက်ပတ်သက်လိုခြင်းမရှိပေ။ ဟယ်ဟောက်သည် ရှေးဦးစွာ သူ့အား မုန်းတီးစွာ ကြည့်နေသည့် အပြင်လူများဘက်သို့ လှည့်လိုက်သည်။ “မင်းတို့က သူ ပိုက်ဆံခိုးတယ်လို့ ပြောတယ်နော်။ မင်းမှာသက်သေရှိလား။ ပြီးတော့ မင်းတို့က သူများကိုလည်း ရိုက်ထားသေးတယ်။ ဒီကိစ္စက ဟွင်း”
ထိုစကားကိုကြားချိန်၌ တူးမြောင်းလုပ်သားငါးဦး၏ စိတ်သည် အေးခဲမှောင်မိုက်သွားတော့သည်။ သူတို့သည် ဒီနယ်မြေနှင့် မသက်ဆိုင်သူများ ဖြစ်၍ စွမ်းဆောင်နိုင်ရည်မှာ အကန့်အသတ်ရှိပေသည်။ ရုံးတော်သို့ သွားရောက်တိုင်ကြားလျှင်ပင် စွပ်စွဲသည်ဟုသာ အမည်တပ်ခံရပေလိမ့်မည်။ ဘယ်လိုလုပ်ရမလဲ။
လုပ်သားငါးဦး၏ နာကျည်းသည့် မျက်၀န်းများသည် ဟယ်ဟောက်ထံသို့ ကျရောက်လာသောကြောင့် သူသည် လူအိုကြီးချန်ဘက်သို့ လှည့်ကာ ဆိုလေသည်။
“လူအိုကြီးချန် မင်းကအိမ်ပိုင်ရှင်လေ။ သူတို့က မင်းတို့နေရာမှာ ငှားနေပြီး ပိုက်ဆံပျောက်သွားတယ်ဆိုတာ မင်းအပြစ်လဲမကင်းဘူး။ မင်းမှာလည်း တာ၀န်ရှိတယ်။ သူတို့ငါးယောက်လုံးရဲ့ ငှားရမ်းခကို ပြန်ပေးလိုက်။ ပြီးရင် ဒီကိစ္စကို ဒီမှာပဲပြီးလိုက်တော့”
“ဘာလို့လဲ။ သူတို့က ကျွန်မတို့အိမ်မှာ နေတာ ဘယ်နှရက်မှမကြာသေးဘူး။ သူတို့ဆီကလည်း ဘာမှသိပ်ရတာ မဟုတ်ဘူးလေ” လူအိုကြီးချန်၏ အမျိုးသမီးဖြစ်သူမှာ အလိုရမ္မက်ကြီးသူဖြစ်သည်။ ရရှိထားသည့်ငွေများကို ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း ကြားသိချိန်၌ သူမသည် အမှန်ပင် တုန်လှုပ်သွားခဲ့သည်။ သူမသည် မတ်တတ်ရပ်ကာ ဟယ်ဟောက်အား လက်ညှိုးငေါက်ငေါက်ထိုးရင်း ပြောလေသည်။
“ရှင်က ရွာသူကြီးဖြစ်ပြီး အပြင်လူတွေကို ကာကွယ်ပေးတယ်။ ရုံးတော်မှာ တိုင်ချက်ဖွင့်ပြီး ရှင့်ရဲ့သူကြီးဂုဏ်ပုဒ်ကို ဖြုတ်ပစ်မှာ မကြောက်ဘူးလား။ အဲ့ကျမှ ကျွန်မတို့အပေါ် အာဏာ ပြနိုင်သေးလား ကြည့်ကြတာပေါ့”
“ငါဟယ်ဟောက်က ပညာတတ်ပြီး ထူးချွန်နေတဲ့လူမဟုတ်ပေမဲ့ ငါ့ဘ၀မှာ လုပ်ခဲ့သမျှ ကိစ္စရပ်တိုင်းအပေါ် စိတ်သန့်တယ်။ ငါတရားမမျှတဘူးလို့ ထင်တဲ့သူရှိရင် ကြိုက်တဲ့အချိန် ရုံးတော်ကို သွားပြီး တိုင်ချက်ဖွင့်လို့ရတယ်” ဟယ်ဟောက်သည် လူအိုကြီးချန်အား စိုက်ကြည့်ကာ ရှင်းလင်းစွာ ပြောကြားလိုက်သည်။
“ငါအရှက်ရမိတဲ့ကိစ္စကတော့ ဒီလူတွေကို သူတို့ပျောက်သွားတဲ့ငွေတွေ ပြန်မပေးနိုင်တာပဲ။ ရုံတော်ကို တိုင်ချက်ဖွင့်တာက အကောင်းဆုံးနည်းလမ်းပဲ။ အဲဒါဆို သူတို့ရဲ့ ပျောက်သွားတဲ့ငွေလည်း ပြန်ရှာနိုင်ပြီး ခိုးသွားတဲ့ သူခိုးလည်း အဖမ်းခံပြီး သုံးနှစ်ကနေငါးနှစ်ထိ ထောင်နန်းစံရုံပဲ”
ဟယ်ဟောက်သည် အတည်ပေါက်အသံဖြင့် ပြောနေသောကြောင့် ခိုးယူထားသူမှာ သဘာ၀ကျစွာပင် အပြစ်ရှိသကဲ့သို့ ခံစားလာရသည်။ လူအိုကြီးချန်သည် မိန်းမဖြစ်သူအား ဒေါသတကြီး ကြည့်လိုက်သည်။ ငါ့ကို ဒုက္ခရောက်စေချင်နေတာလား။ တစ်ယောက်ချင်းစီအား ငွေပြန်ပေးရလျှင် သူအိတ်ကပ်ထဲမှ ယွမ်အနည်းငယ်သာ လျော့သွားမည်ဖြစ်ရာ အနည်းဆုံးမှ လူတစ်ယောက်ကို နှစ်ယွမ်မျှသာ ပြန်လည်ပေးချေရမည်ဖြစ်သည်။ သူဖွက်ထားခဲ့သည့် ဖောင်းပွနေသော ငွေထုတ်အား တွေးမိကာ လူအိုကြီးချန်သည် အံကြိတ်ရင်း လက်ခံလိုက်တော့သည်။
“အဲ့လိုဆိုမှတော့ ငါချန်စန်းကလည်း အကျိုးအကြောင်းသင့်ပြီး သဘောထားမြင့်မြတ်တဲ့သူပဲ။ မင်းနဲ့အတူ ကုသိုလ်လုပ်တယ်ပဲ သဘောထားလိုက်ပါ။ ဒီငါးယောက်ကိုလည်း မိတ်ဆွေအချင်းချင်း ကူညီတယ်ပဲထားလိုက်တော့”
သူ၏အိတ်ကပ်ထဲသို့ နှိုက်ကာ တစ်လစာ ငွေပေးချေမှု၏ ထက်၀က်မျှငွေကြေးကို ရှာဖွေကာ ပေးဝေလိုက်သည်။ ထို့နောက်သူသည် အခြားသောလုပ်သားလေးပေါ်သို့ လက်တင်ကာ ၀မ်းနည်းဖွယ် ဒေါသထွက်ဟန်ဖြင့် ပြောလေသည်။
“တစ်နေ့နေ့ တစ်ခုခုလိုအပ်လို့ ဦးလေးတို့အိမ်ကို ပြန်လာနေမယ်ဆိုရင် ဘယ်အချိန်မဆို ကြိုဆိုပါတယ်”
လုပ်သားများထဲမှ အငယ်ဆုံးသော လုပ်သားလေးသည် သူ၏ပခုံးပေါ်ရှိ လေးလံလှသော လက်မောင်းကို ဖယ်ချလိုက်ကာ လုပ်သားခေါင်းဆောင်၏နောက်သို့ လိုက်သွားလေသည်။ သူတို့သည် လူအိုကြီးချန်၏အိမ်မှာ ယူဆောင်လာသည့် အထည်အဟောင်းများကို ပိုက်ကာသာ မြစ်၏အနောက်ဘက်ခြမ်းသို့ ဦးတည်လိုက်သည်။
ပြဿနာသည် ထိုသို့ဖြင့် ပြီးဆုံးသွားလေသည်။ ရွာသားများသည်လည်း စိတ်၀င်တစားကြည့်ရှုရန် မရှိတော့သောကြောင့် သက်ဆိုင်ရာ နေရာသို့ အသီးသီးပြန်သွားကြလေသည်။ ဟယ်ဟောက်သည် ညစ်တစ်တစ်အပြုံးနှင့် လူအိုကြီးချန်ကို ကြည့်ကာ သက်ပြင်းနက်နက်ချရင်း ခေါင်းရမ်းကာ ထွက်သွားတော့သည်။
မသက်ဆိုင်သည့်သူများ ထွက်သွားသည်နှင့် လူအိုကြီးချန်၏ဇနီးဖြစ်သူသည် ဒေါသတကြီး အပြစ်တင်တော့သည်။
“ရှင်ဒဏ်ရာရခဲ့တာကို ဘာလို့ ငွေပေးဖို့ သဘောတူလိုက်တာလဲ။ သူတို့က ကျွန်မတို့အိမ်မှာနေသွားတာလေ။ အဲ့ငှားရမ်းခက ကျွန်မတို့အပိုင်ပဲ။ အခုတော့ အကုန်အလဟဿဖြစ်ကုန်ပြီ”
လူအိုကြီးချန်သည် သူ၏ဒဏ်ရာရနေသော မေးစေ့ကို ဆုပ်ကိုင်ကာ ညည်းညူနေပြီးနောက် ပြန်လည်ချေပတော့သည်။ “ငါက ပေးချင်နေတယ်များ ထင်နေလား။ အဲ့ဟယ်ဟောက်ရဲ့မျက်နှာက ကျောက်မီးသွေးလို မည်းသည်းနေတာလေ။ အဲ့ငွေနည်းနည်းလေးကို ပြန်မပေးဘဲနေရင် တကယ်လို့ အဲ့လူတွေက ရုံးတော်ကို သွားတိုင်ရင် ဘယ်လိုလုပ်မတုံး”
ထိုသို့ပြောပြီးသည်နှင့် သူ၏အသံသည် ကွဲအက်ကာ သေးငယ်သွားတော့သည်။ သူသည် အပြင်လူများကို မျက်နှာသာပေးသည့် ဟယ်ဟောက်အား ငြိုးတေးထားလေသည်။
ဟယ်ဟောက်အကြောင်းပြောရင်းဖြင့် လူအိုကြီးချန်သည် မကျေမနပ်စွာဖြင့် ကျိန်းဝါးနေတော့သည်။
“သူ့ကိုယ်သူ တရား၀င်ရွာသူကြီးများ ထင်နေလား။ ငါတို့ကို အနိုင်ကျင်ဖို့ပဲသိတယ်။ ငါ့သားသာ အောင်မြင်လာခဲ့ရင် မင်းကို ဘယ်လိုပညာပြမလဲ ကြည့်ကြတာပေါ့”
ထိုစုံတွဲသည် မြေကြီး၌ လူးလှိမ့်နေခဲ့၍ ပေပွနေလေသည်။ လူအိုကြီးချန်သည် အခြားတစ်ဖက်ခြမ်း၌ ငြိမ်ကုပ်နေသော အကြီးဆုံးသမီးအား ကန်ကျောက်လိုက်ကာ ခိုင်းလေသည်။ “ငါ ဆေးကြောဖို့ ရေယူလာခဲ့”
အကန်ခံရသော ချန်ရှောင်ဟုန်မှာ ထိုအပြုအမူများနှင့် အကျွမ်းတ၀င် ရှိနေခဲ့ကာ မိဘများအတွက် ဆေးကြောရန် မီးဖိုချောင်ထဲသို့သွားကာ ရေနွေးတည်၍ ပြင်ဆင်ပေးလေသည်။ အနောက်ရှိ လူအိုကြီးချန်မှ သူမအား ကျိန်ဆဲနေသည်ကိုလည်း ကြားနေရသည်။
“ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်လောက်ထိသာ ကျွေးမွေးလာရတာ ဘာမှအသုံးမကျဘူး။ ငါ့ဆန်တွေကို အလကား ထိုင်စားနေတယ်။ ငွေတတ်နိုင်တဲ့သူတွေ့ကြည့် နင့်ကို ချက်ချင်းရောင်းစားပစ်မယ်”
ချန်ရှောင်းဟုန်၏ မျက်ခုံးများသည် မကျေနပ်မှုဖြင့် တွန့်ချိတ်သွားကာ လက်များသည်လည်း တုန်ရီလာသည်။ သူမသည် လူအိုကြီးချန်၏ အကြီးဆုံးသားဖြစ်သူ ချန်တာ့ဟုန်၏ ခြေထောက်ပေါ်သို့ ရေနွေးများ မတော်တဆ ဖိတ်မိသွားခဲ့သည်။ ချန်တာ့ဟုန်သည် သူမကို ပိတ်ကန်လိုက်သောကြောင့် သူမသည် ရေနွေးဇလုံနှင့်အတူ လဲကျသွားခဲ့ရသည်။ မိဘနှင့် အစ်ကိုဖြစ်သူ၏ ဆူဆဲအပြစ်တင်မှုများကို နားထောင်နေရသော်လည်း သူမ၌ ငိုကြွေးရန်ပင် သတ္တိမရှိခဲ့ချေ။ သူမသည် အမြန်ပင် ဇလုံကိုယူကာ မီးဖိုချောင်ထဲသို့ ရေနွေးတည်ရန် ပြေးသွားခဲ့သည်။
…………
ဝူလီချောင်ရွာသို့ ရောက်ရှိခဲ့သည် လုပ်သားငါးဦးသည် အမှောင်ထဲသို့ စမ်းတဝါးဝါးဖြင့် လျှောက်လှမ်းနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ခွေးဟောင်သံများနှင့် ဝံပုလွေအူသံများကို ကြားနေရသည်။ ညဘက်၌ တိုက်ခတ်သောလေသည်လည်း အေးစက်လှပေသည်။
အငယ်ဆုံးလုပ်သားသည် ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး မည်သည့်နေရာသို့ သွားရမည်မှန်း မသိသဖြင့် တစ်ဦးကိုတစ်ဦးသာ ကြည့်နေမိကြသည်။ ခေါင်းဆောင်သည့်လုပ်သားမှာ အသံခက်နက်နက်ဖြင့် မပြောခင် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ “သွားမယ် မြစ်အနောက်ဘက်ခြမ်းကို သွားရအောင်”
မြစ်အနောက်ဘက်ခြမ်းရှိ တူးမြောင်းလုပ်သားဆောင်မှာ မီးလင်းနေသေးသည်ကို အဝေးမှ လှမ်းမြင်နေရသောကြောင့် ထိုလူအုပ်စုမှာ ရွေးချယ်စရာမရှိဘဲ ကံကိုသာ ပုံအပ်ဖို့ ပြင်လေတော့သည်။ သူတို့သည် အစကပင် စုမိသားစု၏အိပ်ဆောင်၌ နေထိုင်ချင်ခဲ့သော်လည်း အခန်းများမှာ ပြည့်နှက်သွားခဲ့ပြီ ဖြစ်သောကြောင့် ရွေးချယ်စရာမရှိဘဲ မြစ်အရှေ့ဘက်ကမ်းရှိ လူအိုကြီးချန်၏ အိမ်၌သာ သွားရောက်ငှားရမ်းခဲ့ရသည်။ တစ်လစာသည် တခါတည်းပြောင်သွားမည်ဟု ဘယ်သူထင်မည်နည်း”
အနားယူတော့မည့် ဦးလေး၀မ်သည် အပြင်ရှိ တံခါးခေါက်သံကို ကြားသောကြောင့် ဟန်လီနှင့် ဟန်အာ့ဟွာကို အိပ်နှင့်ရန် အချက်ပြလိုက်သည်။ သူသည် အပြင်၀တ်ကို၀တ်ဆင်ကာ မီးအိမ်ကိုယူပြီး ခြံ၏အရှေ့ဘက်တံခါးသို့သွားလေသည်။ “ဒီလောက်နောက်ကျနေတာကို ဘယ်သူလဲ”
“ဦးလေး ကျွန်တော်တို့က မြစ်တစ်ဖက်ခြမ်းမှာနေတဲ့ လုပ်သားတွေပါ။ ဦးလေးတို့နေရာမှာ တစ်ညလောက် တည်းခိုချင်လို့ ရမလား” ခေါင်းဆောင်လုပ်သားမှာ လက်နှစ်ဖက်ယှက်ကာ ရှက်ရွံ့စွာဖြင့် တောင်းဆိုမေးမြန်းလေသည်။
ဤနေရာ၌ နေထိုင်လိုကြောင်း ကြားသည့်အခါ ဦးလေး၀မ်သည် လက်ရမ်းကာ ငြင်းဆိုလိုက်သည်။
“အခန်းတွေ အကုန်ပြည့်နေပြီ။ နေစရာနေရာမကျန်တော့ဘူး”
နေရာမကျန်တော့ကြောင်း ကြားသိအခါ သူတို့သည် စိတ်ပျက်သွားပြီး ထွက်သွားရန် ပြင်ဆင်လိုက်ကြသည်။ အငယ်ဆုံးလုပ်သားမှာ လက်မလျှော့ဘဲ ဆက်လက်တောင်းဆိုလေသည်။
“ဦးလေး ကျွန်တော်တို့က မြစ်တစ်ဖက်ကမ်းက လူအိုကြီးချန်ဆီကနေ လှည့်ဖျားခံရလို့ပါ။ သူက ကျွန်တော်တို့ငွေတွေကို ခိုးသွားတာပါ။ တခြား ရွေးချယ်စရာမရှိလို့ တောင်းဆိုတာပါ။ ညလည်းနက်နေပြီဆိုတော့ မြို့တံခါးလည်း ပိတ်နေပြီ။ သွားစရာမရှိတာမလို့ ကျွန်တော်တို့ကို နေခွင့်ပေးပါ။ ကျေးဇူးပြုပြီး ကူညီပါဦးလေးရယ်”
လူအိုကြီးချန်၏အိမ်၌ ငှားရမ်းနေထိုင်သည့် လုပ်သားများဟု ကြားသိချိန်၌ ဦးလေး၀မ်သည် မျက်မှောင်ကြုတ်မိသွားတော့သည်။ “မင်းတို့က သူ့အိမ်မှာ ဘာလို့သွားနေကြတာလဲ”
ဦးလေး၀မ်သည် သနားကရုဏာသက်မိကာ ထိုလူငါးဦးကို ခြံ၏တစ်ဖက်ခြမ်းရှိ တစ်ဦးတည်း အခန်းများ၏ အဆုံး၌ လစ်လပ်နေသော အခန်းသို့ ခေါ်သွားကာ သော့ဖွင့်ပေးလိုက်သည်။
“ဒီမှာပဲ နေလိုက်ကြပါလား။ အခန်းတွေအကုန်လုံးက လပေးနဲ့ချေရတာ။ မင်းတို့အတွက်လည်း မလွယ်တော့ အရင်ဆုံးတစ်ရက်စာပဲ ပေးထားလိုက်ပါ”
ဦးလေး၀မ်၏ ကြင်နာတတ်မှုကို ကြည့်ကာ ထိလူငါးဦးမှာ ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ကြသည်။ သူတို့သည် ငွေအမြန်စုကာ ငှားရမ်းခကို ဦးလေး၀မ်ဆီသို့ ချက်ချင်း လက်လွှဲပေးလိုက်သည်။ ဦးလေး၀မ်အား တရိုတသေလိုက်ပို့ပြီးချိန်၌ အခန်းကို တစ်ချက်ကြည့်လိုက်ကြသည်။ ခုတင်သည် လူငါးယောက်စာ ဆန့်ပေသည်။ အခန်းထဲ၌ စားပွဲ၊ထိုင်ခုံ၊ ခုံတန်းလျားများနှင့် ပြည့်နေ၍ သေးငယ်သည်ဟု ထင်ရသော်လည်း တစ်ညစာအတွက် နေရာတစ်ခု ရသည်ကိုပင် ပျော်ရွှင်နေခဲ့ကြသည်။
ဦးလေး၀မ်သည် နောက်တစ်နေ့ မနက်အစော၌ အဆောင်သို့ နေ့စဉ်အချိန်မှန် လာရောက်ကြည့်ရှုတတ်သော ယိုကျင့်အား ကိစ္စများကို အကြမ်းဖျင်း ရှင်းပြလေသည်။ “သူတို့က အခန်းတစ်ခန်းမှာ တစ်ညတည်းနေတာပါ။ စုမိန်းကလေး ဒီလူအိုကြီးကို ကိုယ့်ဘာသာ ဆုံးဖြတ်လို့ဆိုပြီး အပြစ်မတင်နဲ့နော်”
ဦးလေး၀မ်၏စကားများကို နားထောင်ကာ ယိုကျင့်သည် အပြုံးလေးဖြင့် ပြောလေသည်။
“ဦးလေး လုပ်တာမှန်ပါတယ်။ သူတို့ကို တညနေခိုင်းလိုက်တာက ကျွန်မတို့အတွက် အကူအညီ သေးသေးလေးပါပဲ။ ဒါနဲ့မြစ်အရှေ့ဘက်ခြမ်းက ဘာဖြစ်ကြတာလဲ” စုမိသားစုသည် မြစ်၏ အနောက်ဘက်ခြမ်း၌ နေထိုင်ပေသည်။ ရွာနှင့် ဝေးသည့်နေရာ၌ နေထိုင်ရခြင်း၏ကောင်းကျိုးမှာ အေးချမ်းကာ လွတ်လပ်ပေသည်။ ဆန့်ကျင်ဘက်မှာ ရွာထဲ၌ဖြစ်ပျက်သည်များကို မသိခြင်းဖြစ်သည်။
ထိုသို့ပြောသည့်အတွက် ဦးလေး၀မ်သည် ဖြစ်ပျက်သမျှကို အခဲမကြေစွာ ပြောတော့သည်။
“အဲ့ဒီလူအိုကြီးချန်က ကောင်းတဲ့သူမဟုတ်ဘူး။ ကြိုးစားပမ်းစားစုထားတဲ့ အလုပ်သမားလေးတွေရဲ့ ပိုက်ဆံက အခိုးခံလိုက်ရတယ်။ သူကြီးသာ လက်ဦးမှုမယူဘဲ ငှားရမ်းခတွေ ပြန်မတောင်းခဲ့ရင် အဲ့လူလေးတွေ လမ်းပေါ်မှာ ညအိပ်နေရတော့မှာ”
ဦးလေး၀မ်၏ စကားများမှ ဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်းနားထောင်ရင်း ယိုကျင့်ငည် မျက်မှောင်ကြုတ်ကာ မေးမြန်းလေသည်။ “အဲ့လုပ်သားတွေက ရုံးတော်ကို မတိုင်ဘူးလား။ ရုံးတော်ကရော ဒီလောက်ငွေအများကြီးပျောက်တာကို လျစ်လျူရှုထားတာလား”
ဦးလေး၀မ်သည် သက်ပြင်းချကာ ပြောလေသည်။ “ကလေးမယိုကျင့် မင်းတို့မိသားစုက ဒီကိုပြောင်းလာတာ နှစ်၀က်လောက်ပဲ ရှိသေးလို့ သိမှာမဟုတ်ဘူး။ အဲ့လူအိုကြီးချန်က အဆိပ်ပြင်းတယ်။ ဦးလေးတို့ နယ်ပယ်တဝိုက်မှာ သူ့အကြောင်းမသိတဲ့သူ မရှိဘူး။ သူ့ကို ရုံးတော်မှာ မတိုင်တဲ့သူ မရှိတာမဟုတ်ဘူး။ ခိုးထားတဲ့ ပိုက်ဆံတွေကို သူဘယ်နား ဖွက်ထားမှန်း မသိလို့ ရုံးတော်ကလည်း သက်သေ ရှာပေးလို့မရဘူး။ အဲဒါနဲ့ ခံရတဲ့လူတွေလည်း လက်လျှော့ပြီး ကိုယ့်ကိုယ်ကိုယ် ကံမကောင်းဘူးလို့ပဲ မှတ်လိုက်ရတာ”
“အဲ့လောက်တောင်ဆိုးတာလား” ယိုကျင့်သည် ထိုသို့ပြောရင်း မကောင်းသည့်ခံစားချက်ကို ရလိုက်သည်။ သူမ၏မိသားစု၀င်များသည် အားနွဲ့သည့် မိန်းမသားများသာ ဖြစ်ကြသည်။ ထိုလူအိုကြီးချန်သာ မျက်စိကျသွားပါက အမှန်ပင် ပြဿနာများလိမ့်မည်။
ဦးလေး၀မ်သည် ကူကယ်ရာမဲ့စွာသာ ခေါင်းရမ်းတော့သည်။ “ဘယ်သူကရောသေချာသိမှာတဲ့လဲ”
…
အပိုင်း (၆၆) ဆောင်းဦးရာသီ
ယိုကျင့်၏ အကြံပေးမှုကြောင့် ဦးလေးဝမ်သည် သူ့မြေသားအိမ်လေးကို ထိုတူးမြောင်းအလုပ်သမား ၅ယောက်ထံ ငှားရမ်းလိုက်လေသည်။ တစ်ယောက်လျှင် တစ်ရက်ကို ဝမ် ၁ပြား သတ်မှတ်ပြီး လူငါးယောက်အား ဆယ်ရက်စာ ကောက်ခံလိုက်၏။ တူးမြောင်းအလုပ်သမား ၅ယောက်ကလည်း ဦးလေးဝမ်၏ ယိုယွင်းနေသည့် မြေသားအိမ်လေးကို မငြိုငြင်ကြပေ။ အနည်းဆုံးတော့ သူတို့အတွက် နေထိုင်ရန် နေရာတစ်နေရာ ရှိလာသည် မဟုတ်ပါလား။
ဦးလေးဝမ်လည်း ဝမ်းသာရလေသည်။ သူ၏ဟောင်းနွမ်းပြီး ယိုယွင်းနေသည့် အိမ်လေးက တစ်ရက်ကို ဝမ် ၅ပြား ဝင်ငွေ ရှိလာ၏။ သူသည် စုမိသားစု၏ တူးမြောင်းအလုပ်သမား အဆောင်တွင် အလကား နေထိုင်ရသည်။ ဒါသည် ပြီးပြည့်စုံလွန်းလှ၏။ တူးမြောင်းအလုပ်သမားအချို့က ဝူလီချောင်တွင် ချန်မျိုးနွယ်လူကြီးကို မကြာခဏတွေ့ရသဖြင့် ဒေါသထွက်ကြရသော်လည်း ထိုကိစ္စကို ပြီးဆုံးသွားပြီဟု သတ်မှတ်လိုက်တော့သည်။
သို့သော် ချန်မျိုးနွယ်၏ကိစ္စက ယိုကျင့်အား သတိပေးနေသလို ဖြစ်နေလေသည်။ သူမ၏မိသားစုက တူးမြောင်းအလုပ်သမားများ၏ ငွေကို ခိုးမည်မဟုတ်သော်လည်း တူးမြောင်းအလုပ်သမားများ အကြောင်းကို မည်သူကသိပါမည်နည်း။ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် သူမမိသားစု၏လုပ်ငန်းကို ထိခိုက်နိုင်သည် မဟုတ်ပါလား။
ယခုမူ စုမိသားစု၏တူးမြောင်းအလုပ်သမား အဆောင်ကလည်း လူပြည့်သွားပြီး စုမိသားစုကို တစ်ရက်လျှင် ငွေလေးစ ဝင်ငွေရှာပေးနိုင်လာသည်။ ဆောက်လုပ်ရေးအတွက် ကုန်ကျစားရိတ်ကလည်း အရင်းကြေနှင့်နေပြီး ဖြစ်သည်။ အခုတော့ နေ့တိုင်းရလာသည့် ဝင်ငွေက အမြတ်များသာ ဖြစ်လေသည်။ ဤမျှကောင်းမွန်သည့် စီးပွားရေးကို သူမက မည်သို့လက်လွှတ်နိုင်ရက်ပါမည်နည်း။
အချိန်က ဆောင်းဦးဝင်လာလေသည်။ စုမိသားစုက ဟိုကျားဝမ်တွင် ဝယ်ထားခဲ့သည့် စိုက်ပျိုးမြေ ၁၆ဧကကလည်း မူလပိုင်ရှင်၏ရိတ်သိမ်းရန် စောင့်မျှော်နေသည်။ ထို့နောက်တွင်တော့ စုမိသားစု၏ မြေဖြစ်လာလိမ့်မည်။ ယခုတလောတွင် ဆီးဖျော်ရည်ရောင်းအားကလည်း အများကြီးကျသွားသည်။ ယိုကျင့်သည် သည်လုပ်ငန်းကို ရပ်လိုက်တော့သည်။ စုအိမ်၏ဘေးက နေကြာခင်းကလည်း အပွင့်ကြီးကြီးနှင့် အဆံပြည့်လေသည်။ အနည်းငယ်ငိုက်ကျနေသည့် နေကြာပွင့်တို့က လူများကို ကောင်းမွန်သည့် ရိတ်သိမ်းမှုဖြစ်ကြောင်း ပျော်ရွှင်စွာ ပြောပြနေတော့သည်။
ယိုကျင့်သည် အရင်က သူမ ခွေးလေးကောင် ဝယ်ခဲ့သည့်လူနားက နောက်ထပ်ခွေးလေးနှစ်ကောင် ထပ်ဝယ်လာခဲ့၏။ ယခုတော့ မိသားစုတွင် လူနည်းပြီး လုပ်စရာက ပိုများလာသည်။ ခွေးများ၏ တိုက်ခိုက်ရေးအင်အားကို လေ့ကျင့်ပေးပြီးလျှင် ၎င်းက ကလေးများထက် အများကြီးအားကောင်းသည်။
ယိုကျူး၏ ဟင်းချက်အရည်အချင်းကလည်း ဖြည်းဖြည်းချင်း တက်လာသည်။ အမျိုးသမီးစုက စိတ်ရှည်သည့်ဆရာဖြစ်ပြီး ယိုကျူးက ဇွဲကောင်းသည့်တပည့်ဟု ဆိုနိုင်လေသည်။ နှစ်ယောက်သား ပေါင်းလိုက်သောအခါ အောင်မြင်မှုသာ ရရန်ကျန်တော့သည်။
"မကြီး မုန့်အသစ်လေး လုပ်ထားတာ မြည်းကြည့်ပါအုံး"
ညစ်ပတ်နေသည့် ကြောင်လေးတစ်ကောင်လို မျက်နှာတွင်ပေကျံနေသည့် ယိုကျူးက ဆီးပန်းပွင့်ပုံစံလုပ်ထားသည့် မုန့်ပန်းကန်ကို အရှေံအရှေ့ဆောင်သို့ယူလာပြီး ယိုကျင့်အား ပျော်ရွှင်စွာဖြင့် ရတနာကို ဆက်သတော့သည်။
ယိုကျင့်က ဝမ်တစ်ရာကို ကြိုးဖြင့်တင်းနေအောင် ချည်လိုက်ပြီး စားပွဲပေါ်တင်လိုက်၏။ ထို့နောက် သူမက ဟာသနှော၍ မေးလိုက်တော့သည်။
"ငါ့ဆီလာပြီး အဆိပ်စမ်းခိုင်းတာလား အရသာစမ်းခိုင်းတာလား"
စားပွဲအလွတ်ပေါ်သို့ ပန်းကန်ကို ဂရုတစိုက်တင်လိုက်ပြီးနောက် ယိုကျူးက နှုတ်ခမ်းစူကာ ချွဲချွဲနွဲ့နွဲ့ ပြန်ပြောလေသည်။
"မကြီးနော်"
အစတုန်းကတော့ သူမ လုပ်ထားတာတွေက အဝင်ဆိုးပေမဲ့ အမေကတော့ အခု သူမ တိုးတက်လာတယ်တဲ့။ မကြီးကတော့ သူမကို အခုထိ ဟာသလုပ်နေတုန်း။
သူမ၏ပုံစံကို တွေ့လိုက်ရပြီးနောက် ယိုကျင့်က ထပ်မစတော့ပေ။ သူမဘေးက လက်ကိုင်ပဝါနှင့် လက်ကို သုတ်လိုက်ပြီးနောက် အဝါရောင်ဇီးပန်းပွင့်ပုံ အချိုမုန့်လေးကို လက်ဖြင့်ဖဲ့လိုက်ကာ ပါးစပ်ထဲ ထည့်လိုက်လေသည်။ ဂန္ဓာမာပန်းနံ့သင်းသင်းလေးက သူမ၏ပါးစပ်ထဲတွင် ချက်ချင်း သင်းပျံ့သွားတော့သည်။ မုန့်၏ပါ၀င်ပစ္စည်းများက မြို့က မုန့်ဆိုင်များလောက် မထူးခြားသော်လည်း ထူးခြားသည့်အရသာတစ်ခု ရှိနေသေးသည်။
ယိုကျင့်သည် နဂိုကတည်းက ဗိုက်နည်းနည်း ဆာနေရာ နှစ်ခု သုံးခုလောက် ပါးစပ်အပြည့်စားလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
"မဆိုးဘူး၊ ဒီမုန့်နာမည်က ဘယ်လိုခေါ်လဲ"
မကြီးထံမှ မှတ်ချက်ကောင်းရလိုက်ပြီးနောက် ယိုကျူးက သွားဖြီးပြလိုက်ပြီး
" အမေက ဒါကို ဘယ်လိုခေါ်လည်း မသိဘူးတဲ့၊ အဘိုး သင်ပေးတာလို့ပဲ ပြောတယ်"
ထိုနောက် သူမသည် အငယ်လေးများကို မြည်းခိုင်းရန် မုန့်ကို အားရဝမ်းသာ ယူထွက်သွားပြီး သူမ ရှိနေတုန်း အစ်မတစ်ယောက်၏ အောင်မြင်မှုကို ပြသလိုက်တော့သည်။
တစ်ဖက်တွင်တော့ အနောက်ဆောင်ထဲတွင် ယိုကျင့်သည် သူမမိသားစု၏ မုန့်ဆိုင်ဖွင့်မည့် မျှော်လင့်ချက်အကြောင်း စတင်စဉ်းစားလိုက်တော့သည်။ ယခုမူ သူမ၏မိသားစုတွင် အရင်း ငွေစ ငါးရာကျော်ရှိပြီး အမျိုးသမီးစု၏ အလွန်ကောင်းသည့် ဟင်းချက်လက်ရာ ရှိသည်။ အမျိုးသမီးစု၏ ကျန်းမာရေးက မကောင်းသော်လည်း လူသစ်တစ်ယောက် နှစ်ယောက်ခန့် ဝယ်နိုင်သည်။ သို့ဆိုလျှင်တော့ ပြဿနာမရှိတော့ပေ။
ယိုကျင့်သည် ထိုအကြောင်းကို ရက်တော်တော်ကြာအောင် မြုံထားပြီးနောက် အမျိုးသမီးစုနှင့် တိုင်ပင်လိုက်တော့သည်။
အမျိုးသမီးစုသည် စီးပွားရေးအကြောင်း သိပ်မသိသော်လည်း လူများကို မုန့်လုပ်နည်းသင်ပေးရန်က ပြဿနာကြီးတစ်ခု မဟုတ်ပေ။
" အမေတို့ရဲ့ဟင်းချက်နည်းကို အပြင်လောကကို လက်ဆင့်ကမ်းသလို ဖြစ်မနေဘူးလား"
ဒီခေတ်လူတွေက မိသားစုထဲမှာပဲ လက်ဆင့်ကမ်းတာကို အရမ်းစွဲလမ်းလာခဲ့ကြတာပဲ။ အမျိုးသမီးတစ်ယောက်အနေနဲ့ အမျိုးသမီးစုလည်း သူမရဲ့မိသားစုဆီက လက်ခံရလာတဲ့ ဟင်းချက်နည်းတွေကို သမီးတစ်ယောက်ကို ပေးတာတောင် မလွယ်တာ အပြင်လူဆိုရင်တော့ ပြောမနေနဲ့တော့ပေါ့။
ယိုကျင့်သည် ထိုအချက်ကို စဉ်းစားထားပြီးဖြစ်၏။ အမျိုးသမီးစုမေးခွန်းအပေါ် သူမ၏ စိတ်ထဲက အစီအစဉ်ကို ပုံဖော်ပြလိုက်လေသည်။
" သမီး မိန်းကလေးတချို့ကို သွားဝယ်လာမယ် ပြီးတော့ အမေက သူတို့ကို သင်ပေးပေါ့၊ သူတို့ရဲ့ဘဝက သမီးတို့ လက်ထဲမှာပဲ၊ သူတို့တွေ အပြင်လောကကို ဖြန့်ရဲခဲ့ရင် သမီးတို့က သူတို့ကို အပြစ်ပေးလို့ ရတယ်လေ ပြီးတော့ သမီးတို့က အမယ်တွေကို သိမ်းထားလို့ရတယ်၊ သူတို့ကို ဂျုံနှယ်တာပဲ ကူခိုင်းပေါ့၊ ဒီလိုဆို ဖြစ်တယ်မလား"
ယိုကျင့်၏ အစီအစဉ်ကို နားထောင်ပြီးနောက် အမျိုးသမီးစုက စိတ်အေးသွားကာ ခေါင်းညိတ်လိုက်တော့သည်။
"သမီးက ဒါတွေ အားလုံးကို စဉ်းစားပြီးပြီဆိုမှတော့ အမေက ငြင်းစရာမရှိတော့ပါဘူး"
***
လော့ဟယ်မြို့တွင် လူများကို အရောင်းအဝယ်လုပ်သည့် ဈေးကြီးတစ်ခု ရှိသည်။ ဈေးကို လတိုင်း ၁၀ရက်နှင့် ၂၂ရက်တွင် ဖွင့်သည်။ လူကုန်ကူးသူများနှင့် လူများကို ဝယ်လိုသူများက အရောင်းအဝယ် လုပ်ရန် သည်နှစ်ရက်တွင် ဈေးသို့လာကြသည်။
ယိုကျင့်သည် သည်နှစ်မှ ၁၂နှစ်သာ ရှိသေး၏။ သူမတစ်ယောက်တည်း လူကုန်ကူးသည့်ဈေးသို့ သွားလို့ မရသည်မှာ ပြောရန်ပင်မလိုချေ။ သူမနှင့် ရင်းနှီးသည့် ပွဲစားချန်ထံသို့ တန်းသွားလိုက်တော့သည်။ ပွဲစားချန်သည် သည်အလုပ်ကို ကိုင်တွယ်ပေးရာတွင် စေတနာပါလေသည်။
ရှေးခေတ်ကာလက လူဆင်းရဲများ၏ ဘဝသည် ဘာမှတန်ဖိုးမရှိမှန်း ယိုကျင့် သိထားသော်လည်း သည်လိုမြင်ကွင်းမျိုးကို ပထမဆုံးမြင်ဖူးခြင်းပင်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူအို၊ လူငယ်များသည် ညစ်ပတ်ပေရေနေသည့်မျက်နှာများဖြင့် ထုံထုံထိုင်းထိုင်းရပ်ကာ အရွေးခံရန် စောင့်နေကြလေသည်။ လူကုန်ကူးသူက ဧည့်သည်များကို စိတ်အားထက်သန်ကာ နှုတ်ဆက်နေ၏။
ကြိုးနဲ့တန်းစီပြီး ချည်ခံထားရတဲ့သူတွေမှာလည်း သူမကို နှာခေါင်း မျက်လုံးတွေပါတာပဲမလား။ ယိုကျင့်သည် တိရိစ္ဆာန်များကို ရောင်းချနေသည်နှင့်တူသည်ဟု တွေးမိလိုက်တော့သည်။
ဝယ်သူက တံခါးဆီ လာနေသည်ကို တွေ့လိုက်ရသဖြင့် လူကုန်ကူးသူက သွားဖြီးကာ မြန်မြန် နှုတ်ဆက်လိုက်၏။
"ဆရာ အိမ်မှာ ခိုင်းဖို့ ဘယ်လိုဟာမျိုးလိုချင်လဲ၊ ကျုပ်ဆီမှာ အကုန်ရှိတယ်၊ တစ်ချက်ကြည့်လိုက်ပါအုံး"
ဝါကျင်ကျင်သွားများနှင့် လူကုန်ကူးသူကို ကြည့်လိုက်ပြီး ပွဲစားချန်က အနည်းငယ် မျက်မှောင်ကျုံ့လိုက်လေသည်။ ထို့နောက် သူက ယိုကျင့်ကို ကြည့်လိုက်၏။
" မိန်းကလေးစု နင်ဘယ်လိုထင်လဲ"
ပိုင်ရှင်က နောက်က ဝတ်ကောင်းစားလှနဲ့ အသက် ၁၁နှစ် ၁၂နှစ်အရွယ်ကလေးမ ဖြစ်နေတာကိုး။ ဖောင်းပြည့်ပြည့်ပါးနှင့် လူကုန်ကူးသူက မြောက်ပင့်လေဟန် အပြုံးဖြင့် သူမကို ပြုံးပြလိုက်လေသည်။
“သခင်မလေး အေးအေးကြည့်နော်၊ သင့်တော်တဲ့သူ တွေ့ရင် ကျုပ်ကို ပြောလိုက်”
ယိုကျင့်သည် သူမ၏လက်ဖြင့် နှာခေါင်းကို အသာအယာ ကာထားလိုက်ပြီးနောက် ကျစ်ကြိုးတစ်ချောင်းဖြင့် တင်းနေအောင် ဆက်ကာချည်ခံထားရသည့် လူများကို သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီး အသက် ၁၄၊ ၁၅နှစ်အရွယ် ကောင်မလေး ၃ယောက်ကို ရွေးလိုက်ကာ ပွဲစားချန်ကို ခေါင်းညိတ်ပြလိုက်လေသည်။
ပွဲစားချန်က မသိမသာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဘေးတွင် လက်များကို ပွတ်နေသည့် လူကုန်ကူးသူနှင့် စျေးညှိလိုက်တော့သည်။ ယိုကျင့်သည် ငွေချေလိုက်ပြီး လူသုံးယောက် အရောင်းအဝယ်စာချုပ်ကို ယူလိုက်၏။ သူတို့သည် စျေးထဲမှ ထွက်တော့မည့်ဆဲဆဲတွင် ယိုကျင့်သည် ခေါင်းငုံ့ထားသည့် မိန်းမတစ်ယောက်ကို သတိထားမိသွားတော့သည်။ ထို့ကြောင့် သူမက ရှေ့သို့တလှမ်းတိုးကာ မေးလိုက်၏။
“ ဒီလူကရော ဘယ်လောက်လဲ”
ယိုကျင့်က လမ်းတစ်လျှောက်လုံး ဒုက္ခပေးလာသည့် မိန်းမကို မေးလိုက်သည်ကို မြင်လိုက်တော့ လူကုန်ကူးသူက ရွံရှာသလို မျက်မှောင်ကျုံ့လိုက်ပြီး ပြန်ဖြေ၏။
“ သခင်မလေးက သူ့ကို ယူမယ်ဆိုရင် ငွေ၈စ နဲ့ယူလေ ဘယ်လိုလဲ”
“စျေးကြီးလိုက်တာ”
ယိုကျင့်သည် အခုလေးတင် လူသုံးယောက်ကို စုစုပေါင်း ငွေ၅စနှင့် ဝယ်ခဲ့ပြီးဖြစ်လေသည်။ ထို့ကြောင့် သည်တစ်ယောက်ကို ငွေ၈စ ပေးရမည်ဆိုလျှင် အလွန် စျေးအလွန်းကြီးနေသည်။
ယိုကျင့်က တော်တော်စိတ်ဝင်စားနေသည်ကို တွေ့လိုက်ရသဖြင့် လူကုန်ကူးသူက သူမကို ချက်ချင်း ရောင်းထုတ်ပစ်ချင်နေလေသည်။ ထို့ကြောင့် သူက ကမ်းလှမ်းလိုက်၏။
“ သခင်မလေး မင်းတကယ်လိုချင်တယ်ဆိုရင် ငွေ ၇စ နဲ့ယူမလား၊ သခင်မလေး သူ့ကို ကျုပ် မြို့တော်ကနေ အရာရှိမိသားစုတစ်ခုကနေ ဝယ်ခဲ့တာဗျ ၊ ငွေ၇စက တကယ် စျေးမကြီးပါဘူး”
နှစ်ယောက်သည် အပြန်အလှန် စျေးဆစ်ကြလေသည်။ နောက်ဆုံးတွင် မျက်နှာရောအသက်ပါ သေချာမသိရသည့်မိန်းမကို ငွေ၆စနှင့် ပေးဝယ်ခဲ့တော့သည်။ လူကုန်ကူးစျေးမှ ထွက်လာပြီးနောက် ပွဲစားချန်နှင့် လမ်းခွဲကာ အားလုံးသည် ယိုကျင့်ငှားထားသည့် မြည်းလှည်းတစ်ခုပေါ် တက်လိုက်ကြပြီး ဝူလီချောင်သို့ ဦးတည်လာကြလေသည်။
အမျိုးသမီးစုမှလွဲလျှင် စုမိသားစုကလူတိုင်းသည် ယိုကျင့်က မြို့ပေါ်တက်ပြီး လူသွားသည့်အကြောင်း မသိကြချေ။ သူမသည် တစ်ယောက်တည်း သွားလိုက်ပြီး ငါးယောက်ပြန်လာကာ ၄ယောက်မှာ ညစ်ပတ်ပေရေနေရာ ညီအစ်မများက စိတ်ဝင်တစားဖြင့် စုရုံးလာကြတော့သည်။
ယိုကျင့်သည် သူတို့လေးယောက်ကို စုမိသားစု၏ခြံဝင်းထဲ ခေါ်လာလိုက်ပြီး သူတို့ကို အရင်ဆုံး ရေချိုးခိုင်းလိုက်တော့သည်။ အမျိုးသမီးစုက သူမအရင်က ဝတ်ခဲ့သည့် အဝတ်အစားအဟောင်း လေးစုံကို ဆွဲထုတ်လာပြီး သူတို့လေးယောက်ကို ပေးလိုက်၏။ သူတို့နှင့် မကိုက်သော်လည်း ညစ်ပတ်နံစော်နေသည့် အဝတ်အစားများထက်စာလျှင်တော့ အများကြီးကောင်းလေသည်။
လေးယောက်လုံးသည် သေချာရေချိုးသန့်စင်ပြီးနောက် သူတို့၏အသွင်အစစ်အမှန်က ပေါ်လာ၏။ ဆယ်ကျော်သက် ၃ယောက်လုံးသည် ဆင်းရဲသည့်မိသားစုမှ ဖြစ်သည်။ သူတို့၏အသွင်အပြင်က သိမ်မွေ့သည်ဟုသာ မှတ်ယူနိုင်သော်လည်း လုပ်ရည်ကိုင်ရည်ရှိပြီး လုပ်နိုင်ကိုင်နိုင်လေသည်။
မြို့တော်က အရာရှိမိသားစုဝင်တစ်ယောက်ဟု ပြောသူက ထိုင်းထိုင်းမှိုင်းမှိုင်းနှင့် နောက်ဆုံးတွင် သူမ၏ မူလအသွင်အပြင်ပေါ်လာတော့သည်။ ဆံထုံးထုံးထားပြီး အသက်က ၂၀ဝန်းကျင်သာ ရှိပြီး သူမ၏ အသွင်အပြင်မှာ သာမန်မျှဖြစ်သော်လည်း သူမ၏မျက်ခုံး၊ မျက်လုံးတို့က အတားအဆီးမရှိ လွတ်လပ်သည်။ ရေချိုးသန့်စင်ပြီးနောက်တွင် သူမသည် ယိုကျင့်အား တလေးတစားဖြင့် ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လေသည်။
“ ယွိလန် သခင်မလေးကို ကျေးဇူးတင်ပါတယ်”
သူမသည် တပတ်နွမ်း ရွာသူမအဝတ်အစားကို ဝတ်ဆင်ထားသော်လည်း ယွိလန်၏အမူအရာသည် သူမဘေးက ရွံ့ရွံ့ကလေးရှိနေသည့်တောသူကလေးမ သုံးယောက်နှင့် သိသိသာသာသာ ကွာခြားနေသည်။ ယိုကျင့်က ကျေနပ်ကာ ခေါင်းညိတ်ပြလိုက်၏။ ငွေ၆စသည် အလဟသ မဖြစ်ဟု ကောက်ချက်ချလိုက်တော့သည်။
“ ယောက်မယွိလန် အရမ်းကို ယဥ်ကျေးလွန်းနေပါပြီ”
သူတို့လေးယောက်နှင့် အတန်ကြာအောင် စကားပြောလိုက်ပြီးနောက် ယိုကျင့်သည် သူတို့လေးယောက်၏ နောက်ခံကို အကြမ်းဖျဥ်းသိလာလေသည်။ အာ့ယာ၊ ချန်ရှောင်ဟဲ နှင့် ၀ူရာ့အာ တို့အားလုံးက မိဘများရောင်းစားတာ ခံလိုက်ရပြီး လူကုန်ကူးသူများနှင့် စစ်မြေပြင်ဖြစ်နေသည့် မြောက်ပိုင်းမှ လိုက်ကာ လော့ဟယ်မြို့သို့ ရောက်လာခြင်း ဖြစ်သည်။ ငယ်ငယ်ကတည်းက သူတို့သည် အလုပ်ကြမ်းများနှင့် ရင်းနှီးကြလေသည်။ ယွိလန်ကတော့ သူမ၏ခင်ပွန်းမိသားစုမှာ မူလက မြို့တော်ရှီ အဆင့်၉ အရာရှိတစ်ယောက် ဖြစ်၏။ ယွိလန်သည် မူလက ကျီရန်( အဆင့်သုံးပညာရှင်) တစ်ယောက်၏ သမီး ဖြစ်လေသည်။ ငယ်ငယ်ကတည်းက အရေးအဖတ် တတ်သည်။ မျှော်လင့်မထားဘဲ သဘာဝကပ်ဘေးတစ်ခုကြောင့် မိသားစု ဖျက်ဆီးခံလိုက်ရသည်။ ယွိလန်သည့် အဆင့်နိမ့် ပြည်သူတစ်ယောက် ဖြစ်လာတော့သည်။
ဘဝအတွေ့အကြုံ အနည်းငယ်ကို နားထောင်ပြီးနောက် ယိုကျင့်က ဘာမှမပြောပေ။ အမျိုးသမီးစုကတော့ မျက်ရည်ဝဲနေတော့သည်။
“ နောက်ဆို ဘာတွေလုပ်ရမလဲဆိုတာကို အရင်ပြောမယ်၊ အာ့ယာ နင်တို့သုံးယောက်က မီးဖိုဆောင်မှာ အမေနဲ့ ယိုကျူးအတွက် အလုပ်ပေးရမယ်၊ ယောက်မယွိလန်ကတော့ မိသားစုက မိန်းကလေးတွေကို နေ့တိုင်း စာအရေးအဖတ် သင်ပေးပြီး အမေ့ကို ကူပြီး ရှောင်ပါ့နဲ့ ခန်းအာကို ထိန်းပေးရမယ်”
ရှောင်ပါ့နှင့် ခန်းအာတို့သည် ၆လသားအရွယ် ကျော်လာပြီဖြစ်၏။ ငြိမ်ငြိမ် မနေကြသည့်အချိန် တစ်ခုဖြစ်ရာ အမျိုးသမီးကမှ မနိုင်တော့ချေ။
ယွိလန်သည် ကလေးမွေးဖူးပြီး ထိန်းကျောင်းဖူးလေသည်။ သို့သော် အိမ်က ကပ်ဘေးတွင် သားသမီးများနှင့် ကွဲကွာခဲ့ရသည်က သနားစရာပင်။ အခုတော့ တဝူးဝူးတဝါးဝါး ပြောနေသည့် ရှောင်ပါ့နှင့် ခန်းအာကို တွေ့လိုက်ရသဖြင့် သူမ၏ကလေးနှစ်ယောက်ကို သတိရသွားတော့သည်။ သူမ၏မျက်နှာက မသိလိုက်ခင်မှာပင် နီရဲသွားလေသည်။ သူမ၏လက်ကို ဆန့်ကာ သူစိမ်း မကြောက်တတ်သည့် ရှောင်ပါ့ကို ချီလိုက်ပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြောလိုက်၏။
“ အို ကျွန်မ တကယ်သေသေချာချာ လုပ်နိုင်ပါတယ်”
သူမသည် သည်ဘဝတော့ ကံဆိုးမိုးမှောင်ကျပြီဟု တွေးထားခဲ့လေသည်။ စုမိသားစုသည် သူမ၏ အရင်အနှစ် နှစ်ဆယ်ကထက် ပိုဆိုးရွားသော်လည်း သူမ၏ခေါင်းကို ကာကွယ်ပေးမည့် အမိုးတစ်ခု ရှိသေးသည်။ ဖုန်မှုန့်ထဲတွင် လူးလှိမ့်နိုင်သေးသည်ကပင် ကံကောင်းခြင်းပင်။
တစ်ကြိမ်တည်းနှင့် စုမိသားစုတွင် လူလေးယောက် တိုးလာ၏။ ကံအားလျော်စွာ လက်ရှိအိမ်က ကြီးနေသေးသည်။ ယိုကျင့်သည် အာ့ယာတို့သုံးယောက်ကို အနောက်ဆုံး၏ နောက်ဖေးခန်းများကို သန့်ရှင်းရေး လုပ်ကာ နေခိုင်းလိုက်ပြီး ယွိလန်နှင့် မိန်းကလေးသုံးယောက်ကိုတော့ အနောက်ဆောင်က ယိုရင်တို့ညီအစ်မအခန်း၏ ဘေးအခန်းတွင် နေခိုင်းလိုက်လေသည်။
အမျိုးသမီးစုသည် ယိုကျူးနှင့် ကလေးမသုံးယောက်ကို ခေါ်ကာ မီးဖိုဆောင်တွင် နေ့တိုင်း မုန့်လုပ်နည်းသင်ပေးလေသည်။ ယိုကျင့်ကတော့ ပွဲစားချန်နှင့် အပြန်အလှန်ဆက်သွယ်ရင်း အလုပ်များ နေ၏။ သူမသည် ဆောင်းမဝင်ခင် သင့်တော်သည့်ဆိုင်တစ်ခုကို ရှာပြီး မုန့်ဆိုင်တစ်ခု ဖွင့်ချင်လေသည်။ ယွိလန်က ယိုကျင့် မှာထားသည့်အတိုင်း တနေ့ကို တစ်နာရီ နှစ်နာရိသုံးကာ မိသားစုမှ မိန်းကလေးများကို အရေးအဖတ်သင်ပေးလေသည်။ သူတို့သည် စုတ်တံနှင့် မှင် မတတ်နိုင်သဖြင့် သူမက သစ်ကိုင်းခြောက်ဖြင့် ခြံထဲက မြေပေါ်တွင် ပုံဆွဲပြီးရေးပြရင်း သင်ပေးလေသည်။ ဒါကပင် တော်တော် ထိရောက်လေသည်။