အခန်း (၆၇-၆၉)
Vol. 5 Ch. 67-69
အပိုင်း (၆၇) ကောက်ရိတ်သိမ်းခြင်း
ဆောင်းဦးရာသီ၌ လေပြေသည် လတ်ဆတ်နေကာ လော့ဟယ်မြို့၏ တောင်ဘက်ဂိတ်မှ တောင်ဘက်အရပ်ရှိ ဝူလီချောင်မြစ်၏ ဘေးပတ်ပတ်လည်၌ စပါးများဖြင့် ၀င်းဝါစိုပြေလျက်ရှိသည်။ ဆောင်းဦးလေအေးများဖြတ်တိုက်သွားတိုင်း ညွတ်ကိုင်းနေသည့် စပါးပင်များသည် လေနှင့်အတူ ယိမ်းနွဲ့လှုပ်ရှားနေပေသည်။ ထွက်ပေါ်နေသည့် သစ်ရွက်အချင်းချင်း ပွတ်တိုက်သံများသည် ကောက်ရိတ်သိမ်းရန် ကောင်းမွန်သည့် အချိန်ဖြစ်ကြောင်း သာဓကပြနေသည့် နောက်ခံတေးဂီတများ ဖြစ်သည်။ ဆောင်းဦးကောက်ရိတ်ရာသီမှာ လယ်သမားများ အတောင့်တမိကြဆုံး နှစ်တစ်နှစ်၏ ရာသီလည်း ဖြစ်သည်။
စုမိသားစုသည် ဧကနှစ်ခု သုံးခု၌သာ နေကြာစေ့များ ပက်ကျဲ စိုက်ပျိုးထားသည်ဖြစ်ရာ ရင့်မှည့်နေပြီဖြစ်လေသည်။
လမ်းသွယ်၏ ဘေးနှစ်ဘက်ခြမ်းရှိ မြက်ပင်၏အဖျားထိပ်၌ နှင်းစက်များ တွဲခိုနေလေသည်။ ကြီးမားလှပသည့် ဓူဝံကြယ်သည် လမ်းပျောက်သူတို့ကို လမ်းပြပေးနေသဖွယ် ထွန်းလင်းတောက်ပနေသည်။ ထိုအချိန်၌ ကောင်းကင်သည် မှောင်မိုက်နေဆဲဖြစ်လေသည်။ အရှေ့ဘက်ခြမ်း၌ တိမ်ဖြူစလေးများ အနည်းငယ်သာ လွင့်မြောနေသော်လည်း ဝူလီချောင်ရှိ တောင်သူဦးကြီးများမှာ မိုးမလင်းခင်ကပင် လယ်ယာကိုင်းထဲသို့ ရောက်ရှိနေကြသည်။
သူမတို့မိသားစုရှိ ကြက်တစ်ဆယ့်ခုနှစ်ကောင်မှာ ကြီးထွားလာပြီဖြစ်ကာ ဥများဥပေးနိုင်ပြီဖြစ်သည်။ ထိုကြက်များသည် ကြက်ခြံထဲ၌ အိပ်စက်နေကြလေသည်။ မီးဖိုချောင်မှာ မီးခိုးငွေ့များ လွင့်ပျံနေပြီး ပြောင်းဆန်ရနံ့သင်းသင်းလေးသည် အိမ်တစ်ခုလုံး၌ ဖုံးလွှမ်းနေရာ ထိုရနံ့က အိပ်ပျော်နေသည့်လူများကို နိုးထစေခဲ့သည်။
ယိုကျင့်သည် ဆေးကြောသန့်စင်ပြီးနောက် မီးဖိုချောင်ထဲသို့ ၀င်လာခဲ့သည်။ ယနေ့သည် ဝူယာ့အာ ချက်ပြုတ်ရမည့်နေ့ဖြစ်သည်။ ယိုကျင့်နိုးလာသည်ကို မြင်သည်နှင့် သူမသည် အနည်းငယ် စိတ်မကောင်းဖြစ်ကာ ပြောလေသည်။ “ယိုကျင့် စောသေးတယ်လေ။ မနက်စာစားဖို့ နည်းနည်းတော့ စောင့်လိုက်ဦးနော်” မိသားစု၌ အလုပ်ကြိုးစားသော ဆယ်ကျော်သက်များ ရှိနေသဖြင့် နေ့စဉ် သုံးနပ်စာ ချက်ရမည့် အမျိုးသမီးစု၏တာ၀န်ကို ထိုငယ်ရွယ်သူများပေါ်သို့ လွှဲပြောင်းပေးလိုက်ကာ တစ်ယောက်လျှင် ငါးရက်စီ အလှည့်ကျ တာဝန်ယူစေသည်။
ထိုမိန်းကလေးသုံးဦးသည် ဒူပေနံပေခံနိုင်ပေသည်။ သူမတို့သည် စုမိသားစုထံသို့ အလုပ်လုပ်ရန် လာရောက်ကြသော်လည်း ထိုမိသားစု၌ အစားအသောက် လုံလောက်စွာ စားသုံးနိုင်ပေသည်။ ထို့အပြင် ထိုနေရာ၌ နေ့စဉ် အသားဟင်းတစ်ခွက် ရှိနေခြင်းဖြစ်သည်။ အိမ်၌ လုပ်ရသည်ထက်ပင် အလုပ်များကလည်း လွယ်ကူမြန်ဆန်ပေသည်။ ထို့ကြောင့် ထိုမိန်းကလေးသုံးဦးမှာ ပျော်ရွှင်၀မ်းသာလျက် ရှိကြသည်။
ဆောင်းရာသီ၏မနက်ခင်းအစော၌ ရေတွင်းရှိရေများသည် အေးစက်နေကာ ယိုကျင့်သည် ထိုရေများဖြင့် မျက်နှာသစ်ဆေးကြောကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲသို့ ၀င်ကာ ပန်းကန်လုံးနှင့် တူများကို စားပွဲ၌ အစီအရီချလိုက်လေသည်။ ၀ူရာ့အာသည် ပြောင်းဆန်ပြုတ်နှင့် အရွက်ကြော်တစ်ပန်းကန်ကို မနက်စာအဖြစ် ပြင်ဆင်ပေးလေသည်။
မနက်အစော၌ အလုပ်စောစောထလုပ်ရမည့်သူများအားလုံး နိုးထလာကြပြီဖြစ်သည်။ ရှောင်ဝူနှင့် ရှောင်လျှို့တို့သည် ငယ်ရွယ်ကြသေးကာ အစားစားရာတွင် မက်မက်မောမောစားလေ့ရှိကြသည်။
ခဏအတွင်း၌ပင် သူမတို့သည် ဆန်ပြုတ်အိုးတစ်၀က်ကို စားသောက်ပြီးစီကြပေသည်။ မနက်ခင်း၌ စောစီးစွာထရခြင်းကြောင့် ဖြစ်ပေါ်လာသော ငိုက်မျဉ်းမှုကို ဆောင်းလေအေးမှ ကွယ်ပျောက်သွားစေခဲ့သည်။ သူမတို့သည် နောက်ကျော၌ ခြင်းတောင်းကိုယ်စီလွယ်ကာ တံစဉ်များကိုင်လျက် အနီးနားလယ်ကွင်းရှိ နေကြာပန်းများကို အတူတကွရိတ်သိမ်းရန် သွားကြလေသည်။
“ဒီပန်းက ကျွန်မမျက်နှာထက်တောင် ကြီးသေးတယ်” အာ့ယာသည် နေကြာပန်းတစ်ခုကို ဖြတ်ယူလိုက်ပြီး သူမ၏မျက်နှာနှင့် နှိုင်းယှဉ်ပြလိုက်သည်။ ထို့နောက် တခစ်ခစ်ရယ်ကာ ပန်းအား ခြင်းတောင်းထဲသို့ ထည့်လိုက်တော့သည်။
၀ူရာ့အာသည်လည်း နေကြာပန်းကို လျင်မြန်စွာခုတ်ယူနေရင်း သူမ၏လက်ထဲရှိအလေးချိန်ကြောင့် ထောက်ခံသည့်အနေဖြင့် တုံ့ပြန်လိုက်သည်။ “ဟုတ်တယ် ဒီပန်းတွေက တော်တော်ကြီးတာပဲ”
ယိုကျင့်သည် ရှိသမျှ မြေဩဇာနှင့် မြေဆွေးများကို ယခုမြေပေ့်၌ အသုံးပြုခဲ့ကာ မြေကြီးကို ပြုပြင်ပြောင်းလဲခဲ့သည်။ ထို့အတွက် နေကြာပန်းများ ကောင်းမွန်စွာ ကြီးထွားသည်မှာ မထူးဆန်းတော့ချေ။ ကောင်းမွန်သည့် ရိတ်သိမ်းမှုဖြစ်သည်ဟုဆိုနိုင်သည်။
မိန်းမငယ်လေးများသည် စလိုက်နောက်လိုက်ဖြင့် လုပ်ကိုင်နေကြသော်လည်း အလုပ်၌ နှောင့်နှေးခြင်း မရှိကြချေ။ နေထွက်လာသည့်အချိန်၌ နေကြာပန်းများပေါ်ရှိ နှင်းစက်များမှာ ပျောက်ကွယ်သွားပြီဖြစ်ကာ စိုက်ပျိုးထားသည့် ဧကတစ်၀က်ရှိ နေကြာပန်းများကိုလည်း ရိတ်သိမ်းပြီးပြီ ဖြစ်သည်။
နေကြာပန်းရိုးတံများကို မြေကြီး၌ ဖြန့်ကျဲထားကာ သဘာ၀အတိုင်း အခြောက်ခံထားလေသည်။ ထို့နောက် မီးလောင်တိုက်သွင်းပြီး ပြာအဖြစ်နှင့် မြေကြီးကို အာဟာရဓာတ် ဖြည့်တင်စေမည်ဖြစ်သည်။ ယိုကျင့်နှင့်အခြားလူများသည် နေကြာပန်းများကို အိမ်သို့ယူပြန်လာကြသည်မှာ ငါးကြိမ်မြောက် ရှိလေပြီဖြစ်သည်။
နေလုံးသည် တဖြည်းဖြည်း မြင့်တက်လာပြီဖြစ်ရာ ဆောင်းဦးရာသီ၏အေးစက်မှုမှ နွေးထွေးပူလောင်မှုအဖြစ်သို့ ပြောင်းလဲသွားပေသည်။ ရိတ်သိမ်းရန် ထက်၀က်မျှ ကျန်ရှိနေသေးသည်ကို မြင်သည်နှင့် ယိုကျင့်သည် သူမ၏ပခုံးပေါ်ရှိ ထူထဲသည့် လက်ကိုင်ပဝါစကို ယူကာ နဖူးမှချွေးများကို သုတ်လိုက်တော့သည်။ “ဒီလောက်ဆို တော်ပြီ။ မနက်ဖြန်မနက်စောစောမှ ထပ်လုပ်ကြမယ်”
သူမ၏မှာကြားမှုကြောင့် များပြားလှသည့်လူတစ်စုမှာ သူတို့၏အလုပ်များကို လက်စသတ်လိုက်ကြပြီး ခုတ်ယူထားသည့် နေကြာပန်းများကို ခြင်းထဲထည့်ကာ အိမ်သို့ သယ်ဆောင်သွားကြသည်။ လမ်းပေါ်၌ စပါးများကို အခြောက်လှမ်းရန် စပါးခြောက်လှမ်းရမည့် ကွင်းပြင်ထဲသို့ လှည်းများဖြင့် ပင်ပန်းကြီးစွာ သယ်ယူသွားလာနေရသော ရွာသားအများစုနှင့်လည်း တွေ့မိပေသည်။ သူတို့သည် ယိုကျင့်ကို ပြုံး၍ နှုတ်ဆက်ကြလေသည်။ “ယိုကျင့် ကလေးမ နေတောင် ခေါင်းပေါ်မရောက်သေးဘူး အိမ်ပြန်တော့မလို့လား”
“ဟုတ်တယ် အဒေါ်ဝူရဲ့ ကျွန်မတို့အိမ်က မိန်းကလေးတွေချည်း ရှိတာလေ။ နေပူခံလို့မဖြစ်ဘူး” သူမသည် အပြုံးလေးဖြင့် ရှေ့သို့တိုးလာကာ စုမိသားစု အိမ်တံခါးရှေ့ရှိ ဝူဇနီးမောင်နှံ၏ လှည်းကို ကူညီ တွန်းပေးလိုက်သည်။ ထိုမှသာ ထိုစုံတွဲအား နှုတ်ဆက်လိုက်ရင်း ခြံတံခါးဖွင့်ကာ အိမ်ထဲသို့ ၀င်လေသည်။
ထိုအချိန်တွင် စုမိသားစု၏ခြံ၀န်းထဲ၌ အရွယ်အစား စုံလင်လှသော နေကြာပန်းများဖြင့် ပြည့်နေလေကာ မြေကြီးပေါ်၌ ခြေချရန်ပင် ခက်ခဲလှသည်။ နေကြာပန်းများအား ကျိတ်နင်းမိမည်ကို စိုးသောကြောင့် ယိုကျင့်သည် ဂရုတစိုက် လမ်းလျှောက်ရလေသည်။ ထို့နောက် မီးဖိုချောင်ထဲမှ ရေနွေးကိုယူကာ ဆေးကြောသန့်စင်လိုက်သည်။ သူမသည် အမျိုးသမီးစုထံ၌ ကပ်တွယ်နေသည့် ခမ်းအားကို ခေါ်ယူရန် မီးဖိုချောင်သို့ မသွားခင် အ၀တ်လဲလိုက်လေသည်။ သို့မှသာ အမျိုးသမီးစုသည် ယိုကျူးနှင့် အကူကောင်မလေးသုံးဦးအား မီးဖိုချောင်၌ ဆက်လက် သင်ကြားပေးနိုင်မည်ဖြစ်သည်။
ယွိလန်သည် အလုပ်ကြမ်းများ လုပ်ကိုင်ဖူးခြင်းမရှိသည့်အပြင် ဟင်းချက်စွမ်းရည် မပိုင်နိုင်သော်လည်း ချည်ထိုးပန်းထိုး၌ ထူးချွန်ပြောင်မြောက်လှသည်။ ထို့အပြင် သူမသည် ကလေးများကို ချော့မြူကာ လေ့ကျင့်သင်ကြားပေးရာ၌ ကောင်းမွန်ပေသည်။ သူမသည် စုမိသားစုရှိ သမီးငယ်လေးများကို နေ့စဉ်နေ့တိုင်း ရေးတတ်၊ ဖတ်တတ်စေရန် စာသင်ကြားပေးလေ့ရှိသည်။ သူမ၏ အစီအစဉ်ကျစွာ သင်ကြားပေးမှုမှာ အသေးစိတ်ကျလှပေသည်။
ယိုကျင့်သည် ရှေးရိုးရာစကားလုံးများကို မှတ်မိသကဲ့သို့ လက်ရေးအရာ၌လည်း ထူးချွန်ပေသည်။ သို့သော် သူမ၏မွေးရာပါအရည်အချင်းအား ဖုံးကွယ်ရန်အတွက် ယွိလန်ဆီမှ စာလုံးအက္ခရာများကို ကြိတ်မှိတ်ကာ သင်ကြားရပေသည်။ ထို့အပြင် ယွိလန်သည် ညီမဖြစ်သူများကို ကျင့်၀တ် ဓလေ့ထုံးတမ်းများကိုပင် နေ့စဉ်သင်ကြားပေးလေသည်။ သူမသည် ယိုကျင့်၏ညီမများအပေါ်၌ မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိပေသည်။
သူမသည် ယိုကျင့်ဆီမှ ဓလေ့ထုံးတမ်းများ သင်ကြားပေးရန် ပြောကြားခံရသည့်အခါ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သို့သော် စုမိသားစုထံ၌ ရက်အနည်းငယ်ကြာ နေထိုင်ပြီးချိန်တွင် ထိုမိသားစု၏ အကြီးဆုံးမမလေး၏ စွမ်းဆောင်ရည်ကို သိမြင်လိုက်ရသောကြောင့် သူမသည် စကားကို ပေါ့ပေါ့တန်တန် မပြောရဲတော့ဘဲ ကလေးများ၏ သင်ကြားရေး၌သာ စိတ်နှစ်ထားတော့သည်။ သူမသည် စုမိသားစုရှိ ကလေးများကို စာပေ၊ ကဗျာနှင့် ဓလေ့ထုံးတမ်းများ သင်ကြားပေးရာ၌ လွန်စွာ အလေးအနက်ထားခဲ့သည်။ စုမိသားစုရှိ ကလေးများသည်လည်း လိမ္မာရေးခြားရှိသည့်အပြင် ဉာဏ်ရည်ထက်မြက်ကြသည့်အတွက် ထိုကလေးများကို သင်ကြားရာ၌ များစွာ အားစိုက်ထုတ်ရန် မလိုအပ်ခဲ့ချေ။
.............
ရက်အနည်းငယ်ကြာပြီးနောက် စုမိသားစု၏ နေကြာပန်းများ အားလုံးရိတ်သိမ်းပြီးချိန်တွင် ပွဲစားချန်သည် သတင်းကောင်းတစ်ခုကို ယူဆောင်လာခဲ့သည်။
“ယိုကျင့် ကလေးမ မင်းကိုပြောပြမယ်။ ဒီတစ်ခေါက်ဆိုင်ကိုတော့ မင်းသဘောတွေ့မှာ သေချာတယ်”
ပွဲစားချန်သည် သကြားရည်ကို ပါးစပ်အပြည့် တစ်ကျိုက်တည်း မော့သောက်လိုက်ကာ သတင်းကောင်းကို ပြောလေသည်။
“မင်းအရင်က ရောင်းခဲ့တဲ့ ဆီးချိုရည် ဆိုင်လေးရဲ့နောက်က ကုန်စုံဆိုင်က ဆိုင်ရှင်က လော့ဟယ်မြို့က ထွက်သွားရတော့မှာမလို့ ဆိုင်ကို ရောင်းတော့မလို့တဲ့။ သတင်းကြားကြားချင်း မင်းကိုလာပြောပြတာ”
“ဆိုင်ရှင်လီက သူ့ဆိုင်ကို ရောင်းမလို့လား” ယိုကျင့်သည် လီအာ့ရှန်ဆိုသောသူအား သဘာ၀ကျစွာပင် မှတ်မိလေသည်။ သူမသည် နွေရာသီတစ်လျှောက်လုံးတွင် ထိုလူ၏ဆိုင်ရှေ့၌ ဆီးချိုရည် ရောင်းချလာခဲ့သည်။
“သူ့ဆိုင်က အခြေအနေကောင်းနေတာကို ဘာလို့ ရုတ်တရက်ကြီးရောင်းရတာလဲ”
ယိုကျင့်သည် ထိုဆိုင်ရှင်အား မှတ်မိကြောင်း ကြားသိသည့်အခါ ပွဲစားချန်သည် အနည်းငယ် ပျော်ရွှင်မိသွားသည်။ “လီအာ့ရှန်ရဲ့ မွေးရပ်မြေက သူ့အဖေ ဆုံးတယ်ဆိုပြီး သတင်းပါးလိုက်လို့ ဂါရ၀ပြုဖို့ ပြန်ရမှာ။ သူက ငါတို့လော့ဟယ်စီရင်စုက မဟုတ်ဘူးလေ။ အသက်ကြီးလာတော့ သူ့ရဲ့ အသိုက်အမြုံကို ပြန်ချင်တာပေါ့။ အဲဒါနဲ့ ဆိုင်ရောင်းဖို့ ဖြစ်လာတာပဲ။ သတင်းကြားကြားချင် လီအာ့ရှန်ဆီကနေ ကြမ်းခင်းဈေးကို မေးထားတယ်။ မင်းစိတ်ကျေနပ်လောက်မှာပါ”
လီအာ့ရှန်၏ဆိုင်မှာ မကြီးမားသော်လည်း နေရာကောင်း၌ တည်ရှိပေသည်။ အရှေ့ဈေးနှင့် အနောက်ဈေး ဆုံရာတွင် ဆိုင်တည်ထားခြင်းကြောင့် ထိုဆိုင်တံခါးရှေ့မှ လူပေါင်းများစွာ ဖြတ်သန်းသွားလာကြသည်။ ထိုသို့အခြေအနေကို ယိုကျင့်ကြိုက်နှစ်သက်ပေသည်။ ထိုဆိုင်သည် သေးငယ်သော်လည်း နေရာကောင်း၌ တည်ထားသည့်ဆိုင်မှာ ရှားပါးပေသည်။ ထို့ကြောင့် သူမသည် ဈေးမေးလိုက်သည်။ “အဲဒါဆို ဆိုင်ရှင်လီက ဘယ်လောက်နဲ့ ရောင်းမယ်ပြောလိုက်လဲ”
ပွဲစားချန်သည် ဘာစကားမျှမဆိုဘ လက်နှစ်ချောင်းသာ ထောင်ပြလိုက်သည်။ ယိုကျင့်သည် ထိုအရာကို မြင်သည့်အခါ မျက်မှောင်ကျုံ့သွားမိသည်။ “အဲလောက် ဈေးကြီးတာလား”
ယိုကျင့်သည် ယခင်က ဆိုင်ခန်းများကို ကြည့်ဖူးပေသည်။ ထိုအရွယ်ပမာဏရှိသည့် ဆိုင်ခန်းများသည် အများဆုံး လျန်းတစ်ရာမျှသာ ရှိပေသည်။ လီအာ့ရှန်သည် ထိုကဲ့သို့ ပမာဏကို တင်ရောင်းရဲပေသည်။
ယိုကျင့်၏ အမူအရာကို ကြည့်ကာ ဈေးကြီးသည်ဟု ထင်နေကြောင်း သိသည်နှင့် ပွဲစားချန်သည် အမြန်ခုခံပြောဆိုလိုက်သည်။
“ဆိုင်ရှင်လီရဲ့ ဈေးပမာဏက များပေမဲ့ လိုချင်တယ်ဆိုရင် သူနဲ့ ဈေးညှိပေးပါ့မယ်။ မင်းတတ်နိုင်တဲ့ ပမာဏကို ပြောလိုက် ဆိုင်ရှင်လီနဲ့ သွားညှိပေးမယ်။ ဘယ်လိုလဲ”
ပွဲစားချန်သည် ထိုကိစ္စ၌ ယိုကျင့်၏ယုံကြည်မှုကို ရရှိထားသည်နှင့်အညီ ယိုကျင့်နှင့် စုမိသားစု၏ ငွေရှာနိုင်စွမ်းကို သိသောကြောင့် သူသည် စုမိသားစုကို ရိုးရှင်းစွာပင် မျက်နှာသာပေးလေသည်။
ယိုကျင့်သည် ပြန်မဖြေခင် ခဏမျှ စဉ်းစားလိုက်သည်။ “တစ်ရာ့ခြောက်ဆယ်လျန်းပဲ မဟုတ်ရင် မေ့လိုက်တော့” အချိုမုန့်ဆိုင်ဖွင့်ခြင်းသည် အစပိုင်း၌ ငွေများစွာ ကုန်ကျရန် လိုအပ်ပေသည်။ ယခုတွင် သူမအိမ်၌ စားသောက်နေထိုင်ရန် စောင့်နေသည့် လူဆယ့်လေးယောက်ရှိပေသည်။ ထို့အတွက် သူမသည် အရဲမစွန့်ရဲပေ။
ပွဲစားချန်သည် ခဏတာမျှ တွေဝေပြီးနောက် ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ မြို့ပေါ်သွားပြီး ဈေးညှိလိုက်ဦးမယ်” ထိုသို့ပြောပြီးသည်နှင့် ပွဲစားချန်သည် အမြန်ပြန်သွားလေသည်။ နောက်ရက်၌ သတင်းကောင်းကို ယူဆောင်လာခဲ့သည်။
လီအာ့ရှန်သည် ဆိုင်ကို၀ယ်ယူမည့်သူမှာ စုမိသားစုမှ မိန်းကလေးဖြစ်ကြောင်း ကြားသိသည်နှင့် သူ၏သတ်မှတ်ထားသော ပမာဏကို တစ်ရာ့ခုနှစ်ဆယ်လျန်ထိ လျှော့ချပေးခဲ့သည်။ ထို့နောက် အနောက်ခြံ၀န်းကျဉ်းရှိ အိမ်ခန်းနှစ်လုံးကိုပါ စုစုပေါင်း ငွေတစ်ရာ့ခြောက်ဆယ်လျန်းဖြင့် ရောင်းချခဲ့သည်။
လီအာ့ရှန်သည် ထိုသို့ မျက်နှာသာပေးသည့်အတွက် ယိုကျင့်သည်လည်း ပျော်ရွှင်စွာ လက်ခံခဲ့သည်။ ပစ္စည်းနှင့် ငွေသည် နှစ်ဦးနှစ်ဖက် ၀မ်းမြောက်၀မ်းသာ လဲလှယ်ပြီးပြီဖြစ်သည်။ ပွဲစားချန်သည် ထိုသို့သော ကိစ္စရပ်များ ကိုင်တွယ်ရာ၌ ကျွမ်းကျင်ပေသည်။ နောက်တစ်ရက်၌ သော့တွဲများနှင့် စာချုပ်ကို ယိုကျင့်ဆီသို့ လွှဲအပ်ရင်း ယိုကျင့်အာ့ ဆိုင်ရှင်စုဟု စနောက် ခေါ်ဝေါ်ခဲ့သည်။
“ဆိုင်ရှင်စု အနာဂတ်မှာ ကျွန်တော့်စီးပွားရေးလေးကို ကြည့်ရှုစောင့်ရှောက်ပေးပါဦး”
ယိုကျင့်သည် ပွဲစားချန်၏စကားကြောင့် အနည်းငယ် ရှက်ရွံ့သွားကာ မျက်နှာ၌ အပြုံးဖျော့ဖျော့ တစ်ခုကို ချန်ရစ်ထားလေသည်။ “နောင်နောက် ဦးလေးစီးပွားရေးကို စီစဉ်ဖို့ နေရာတစ်ခု ရှာတွေ့မှာပါ”
..................
ထိုအချိန်မှစ၍ ကုန်စိမ်းဆိုင်ကို အချိုမုန့်ဆိုင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ယိုကျင့်သည် နွားလှည်း ငှားယူကာ လီအာ့ရှန်ထားခဲ့သည့် မလိုအပ်သည့် ပရိဘောဂများကို စုအိမ်သို့ ပို့ဆောင်ခဲ့သည်။ ဆက်လက်၍ ဆိုင်ကို ကောင်းမွန်အောင် ပြုပြင်မွမ်းမံလေသည်။ ပြတင်းပေါက်များအား ရှင်းလင်းလှပသည့် နံရံကပ်စက္ကူများဖြင့် ကပ်ထားပြီး ဆိုင်ထဲရှိ အလင်းရောင်ကို တိုးပွားစေလိုက်သည်။ သစ်သားစင်များ၊ သစ်ပင်ပုများနှင့် ကြွေအိုးများကို ဆိုင်၏ထောင့်၌ ဆီလျော်အောင် အလှဆင်လိုက်သည်။ ယခင်ရှိ မှိန်ဖျော့ဖျော့ ကုန်စိမ်းဆိုင်လေးသည် ယခု၌ များစွာ ကွဲပြားသွားလေသည်။
ယွိလန်၏လက်ရေးသည် လှပသေသပ်သောကြောင့် ယိုကျင့်သည် စုမိသားစု၏ မုန့်ဆိုင်အတွက် အမှတ်အသားတစ်ခု ရေးသားပြုလုပ်ရန် တောင်းဆိုလိုက်သည်။ ထို့နောက် လက်သမားကို ဆိုင်းဘုတ်အဖြစ် ပြန်လည်ပြောင်းလဲ ပြုလုပ်ခိုင်းပြီး ဆိုင်တံခါး၀အပြင်၌ အ၀တ်နီစအုပ်ကာ ချိတ်ဆွဲထားလေသည်။ ဆိုင်ဖွင့်ပွဲနေ့ ရောက်သည်နှင့် ထိုအစကို ဖွင့်လှစ်မည်ဖြစ်သည်။
စုမိသားစု၏ မုန့်ဆိုင်မှာ ဖွင့်လှစ်တော့မည်ဖြစ်၍ ယိုကျင့်သည် အလုပ်များလျက် ရှိသည်။ သူမသည် ဝါနုရောင်နှင့် ကြာပန်းရောင်ရှိသည့် ဖဲသားများကို အိမ်သို့ ၀ယ်ပြန်လာပြီး ယွိလန်အား လိုအပ်သည်များကို မှာကြားလိုက်သည်။ ထို့နောက် သူမသည် အဖွဲ့တစ်ခုဖွဲ့ကာ လက်ကျပ်အင်္ကျီနှင့် စကပ်များကို ချုပ်လုပ်စေပြီး အမျိုးသမီးစု၊ယိုကျင့်၊ယိုရင်၊ယိုကျူးနှင့် အာ့ယာတို့ကို သုံးဦးတစ်တွဲဖြင့် စီလိုက်ကာ အင်္ကျီရင်ဘတ်နား ဘယ်ဘက်၌ “စုကျားရှန်း”ဟူသော စာလုံးကို ချည်ထိုး အလှဆင်စေသည်။
“စုကျားရှန်း”သည် ယိုကျင့်ဖွင့်မည့် ဆိုင်နာမည် ဖြစ်သည်။
ယွိလန်၏လက်ရာမှာ ကျွမ်းကျင်ပြောင်မြောက်သကဲ့သို့ ကျန်သည့်သုံးဦးမှာလည်း အချုပ်အလုပ် အတတ်ပညာကို နားလည်တတ်ကျွမ်းပေသည်။ ထိုလေးဦးသည် အင်္ကျီများကို ချုပ်လုပ်နေလေသည်။ ယိုကျင့်သည် သစ်ခွများ၊ ဂျုံများ၊ ပဲလုံးများနှင့် မုန့်ပြုလုပ်ရန် လိုအပ်သည့် အဆာပလာများကို လုံလောက်သည်ထိ စုဆောင်းပြီးသည်နှင့် ကုန်မာခန်းဟု သတ်မှတ်ထားသည့် ဆိုင်၏အနောက်ခန်းထဲသို့ ထည့်လိုက်လေသည်။ အင်္ကျီများမှာလည်း ချုပ်လုပ်ပြင်ဆင်ပြီးပြီဖြစ်ကာ ယွိလန်သည် အင်္ကျီမရသေးသည့် ကျန်ကလေးများအတွက် ပိုသည့်ပစ္စည်းများဖြင့် အပေါ်၀တ် ချုပ်လုပ်ပေးလေသည်။
အမျိုးသမီးစုသည် လွန်ခဲ့သည့် အတောအတွင်း ရင်းနှီးခဲ့သည့် အမျိုးသမီးကျောင်းနှင့်အတူ အနီးအနားရှိ ဗေဒင်ဆရာထံသွားကာ ဆိုင်ဖွင့်ရန် ရက်ကောင်းရက်မြတ်ကို မေးမြန်းခဲ့သည်။ နို၀င်ဘာလရှစ်ရက်နေ့သည် မင်္ဂလာရှိသောနေ့ဖြစ်သည်။
မျက်စိတစ်မှိတ်စာအတွင်းပင် ငါးရက်မြောက်နေ့သို့ ရောက်ကာ နောက်ဆုံးပြင်ဆင်မွမ်းမံရန် အငယ်လေးနှစ်ဦးအပါအ၀င် မိသားစုအကုန်လုံး ဆိုင်သို့လာရောက်ကြလေသည်။ သို့သော် ဆိုင်သည် လေးဆယ်မီတာသာရှိ၍ ဒါဇင်လောက်လူဦးရေနှင့်ပင် ပြည့်နှက်နေလေသည်။
မုန့်စင်၌ ယိုကျင့်သည် မု့န်များကို ကိုယ်တိုင်ကိုယ်ကျ စီရီထားပြီး အမျိုးအစားတစ်ခုစီ၏ရှေ့၌ ယိုလန်ရေးထားသည့် လက်ရေးလှ စာသားဆိုင်ဘုတ်သေးလေးများ ထားရှိလေသည်။ ယိုလန်သည် လက်ရေးကို လှပဆန်းပြားစွာ ရေးသားထားသဖြင့် ယိုကျင့်ကျေနပ်မိသည်။
စုမိသားစုအတွင်း လပေါင်းများစွာ စစ်ဆေးအကဲဖြတ်ပြီးနောက် စုမိသားစု မုန့်ဆိုင်၏စင်ပေါ်၌ အမျိုးအစားရှစ်မျိုးကို ထားရှိလေသည်။ အမည်အားဖြင့် ကွေ့ဟွားမုန်ကြွပ်၊ သကြားနှစ်ကိတ်၊ ပဲပူတင်း၊ စကော်လာကိတ်၊ ပဲနီမွှေးကိတ်၊ ကွေ့ဟွားမုန့်၊ ပဲနီနှစ်ပန်ကိတ်နှင့် လေးရောင်စုံခြယ်ကိတ်တို့ ဖြစ်သည်။
…
အပိုင်း (၆၈) စုကျားရှန်း
နိုဝင်ဘာ ၈ရက်နေ့ စုမိသားစုဆိုင် ရှေ့တွင်
ယိုကျင့်သည် တံခါးရှေ့တွင် ချိတ်ဆွဲထားသည့် မီးရှုးမီးပန်းများကို မီးညှိကာ ဆိုင်းဘုတ်ကို ဖုံးအုပ်ထားသည့် အနီရောင်အဝတ်စအား ဆွဲချလိုက်လေသည်။ ‘စုကျားရှန်း’ ကို စီးပွားရေးအနေဖြင့် တရားဝင်ဖွင့်လှစ်လိုက်တော့သည်။
ဆိုင်ထဲတွင် ကောင်တာရှေ့တွင် ရပ်နေသည့် ၀ူရာ့အာသည် အနည်းငယ် စိတ်လှုပ်ရှားနေ၏။ သူမ၏ မုန့်လုပ်ပါရမီက အာ့ယာနှင့် ချန်းရှောင်ဟဲတို့လောက် မကောင်းသဖြင့် ယိုကျင့်က သူမကို ဧည့်သည်များအား ဧည့်ခံပေးရန် တာဝန်ချပေးလိုက်သည်။ သို့သော် ၀ူရာ့အာသည် ကျေးရွာတွင် ကြီးပြင်းလာသူ ဖြစ်လေသည်။ ဤသို့သော အတွေ့အကြုံမျိုး မရှိပေ။ အနေခက်သည့် ခံစားချက်ဖြစ်သည်က သဘာဝပင်။
သူမ စိတ်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသဖြင့် သူမဘေးတွင် ရပ်နေသည့် ယိုရင်က လေသံဖြင့် အားပေးလိုက်၏။
“ ဘာမှ စိုးရိမ်စရာမလိုဘူး၊ ဧည့်သည်ဝယ်ချင်တာကို ပေးလိုက်ပြီးရင် ပိုက်ဆံကောက်ရုံပဲ”
သူမသည် ဆိုင်ရှင်တစ်ယောက်နှင့် တူနေတော့သည်။ သူမ လော့ဟယ်သို့ ပထမဆုံးရောက်လာစဥ်က မျက်ခုံးနှ င့်မျက်လုံးကြားက တွန့်ရှုံ့ကာ ကြောက်ရွံ့နေသည့်အမူအရာသည် ထပ်မရှိတော့ပေ။ ဣန္ဒြေအပြည့်အမူအရာနှင့် တည်ငြိမ်သည့် စိတ်ထားတစ်ခုက အစားထိုးဝင်ရောက်လာလေသည်။
မီးရှူးမီးပန်းများ ကုန်သွားပြီးနောက် ကျန်ခဲ့သည့် ယမ်းနံ့သည် မုန့်နံ့နှင့် ရောသွားပြီး စည်ကားလှသည့်လမ်းများပေါ်တွင် လွှင့်ပျံ့သွားလေသည်။ ယိုကျင့်၏ လက်ခုပ်သံနှင့် “ နှစ်ခုဝယ် တစ်ခုလက်ဆောင်’ဟူသည့်အော်သံကြောင့် ဆိုင်ဖွင့်ပြီးမကြာခင်မှာပင် ဧည့်သည်များသည် ဝင်လာကြတော့သည်။
ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် မိန်းမတစ်ယောက်က ခြေလှမ်းစိပ်စိပ်ဖြင့် ဆိုင်ထဲဝင်လာကာ မေးလိုက်၏။
“ ဘာမုန့်ပွဲတွေ ရှိလဲ”
ဧည်သည်တစ်ယောက်က တံခါးမှ ဝင်လာသည်ကို တွေ့လိုက်သည်နှင့် ယိုရင်သည် မျက်နှာလေးကို ပြုံးကာ ယိုကျင့် ကြိုတင်ပြင်ဆင်ထားသည့် မုန့်များကို ယူထုတ်လာပြီး အတုံးလေးများ တုံးကာ
“သခင်မ မြည်းကြည့်ပါအုံး၊ ကျွန်မတို့ဆိုင်မှာ အခုလောလောဆယ်တော့ မုန့်အမျိုးပေါင်း ၈မျိုး ရှိပါတယ်၊ ဆိုင်ဖွင့်ပြီး ပထမသုံးရက်အတွင်းမှာ နှစ်ခုဝယ် တစ်ခုလက်ဆောင်ပါရှင့်”
အလကားစားရမည့် စိတ်ထားတစ်ခုကြောင့် အမျိုးသမီးငယ်လေးသည် ပန်းကန်ပေါ်က ဝါးချောင်းလေးကို ကောက်ကိုင်လိုက်ပြီး မုန့်တစ်တုံးကို ထိုးကာ ပါးစပ်ထည့်လိုက်လေသည်။ ထို့နောက် သူမ၏မျက်လုံးက မသိမသာ လင်းလက်သွား၏။ သူမသည် တခြားအရသာ ၇မျိုးလုံးကို မြည်းကြည့်လိုက်လေသည်။ ထို့နောက်မှ သူမက ကျေနပ်ကာ ခေါင်းညိတ်ပြလိုက်ပြီး
“ ဒါဆို ကျွန်မအတွက် ကွေ့ဟွားပဲနီမုန့် တစ်ခုနှင့် လေးရောင်ခြယ်မုန့်တစ်ခု ထုပ်ပေးပါ”
၀ူရာ့အာသည် ကောင်တာတွင် ရပ်နေပြီး သူမ၏ပါးစပ်ကို မဟနိုင်သော်လည်း သူမ၏လက်နှင့် ခြေများက အလွန်သွက်လက်လေသည်။ သူမသည် အမျိုးတောင်းသည့်မုန့်နှစ်မျိုးကို အချိန်တိုအတွင်း ထုပ်ပိုးပေးလိုက်တော့သည်။ ယိုရင်က ပြုံးကာ ရှင်းပြလိုက်၏။
“ သခင်မ ကျွန်မတို့ဆိုင်က အခုမှဖွင့်တာဆိုတော့လေ ‘နှစ်ခုဝယ်ရင် တစ်ခုလက်ဆောင်’ပေးပါတယ်၊ ကျွန်မတို့ မုန့်လေးတစ်ခုလောက် လက်ဆောင်ပေးမှာပါ၊ ဘယ်တစ်ခု လိုချင်လဲရှင်”
“ဒါဆိုရင် ဂန္ဓမာရနံ့မုန့်လေးပါ”
အမျိုးသမီးသည် ငွေချေလိုက်ပြီးနောက် မုန့်ထုပ်ကိုယူကာ စုကျားရှန်းမှ ထွက်လာခဲ့လေသည်။ အထဲ၌ ယိုရင်၏ လက်ထဲတွင် မုန့်ဆိုင်၏ပထမဆုံးဝင်ငွေ ရောက်လာလေသည်။ သူမသည် အလွန် ပျော်နေလေသည်။
စုကျားရှန်းသည် မုန့်များကို အလယ်အလတ်စျေးနှုန်းမှ အနိမ့်ဆုံးစျေးနှုန်းအထိ စီစဥ်ကာ နေချထားလေသည်။ စျေးအကြီးဆုံးမှာ လေးရောင်ခြယ်မုန့်နှင့် ဂန္ဓာမာရနံ့မုန့်ဖြစ်ပြီး တစ်ခုကို ငွေ၁ပြား ပေးရသည်။ စျေးသက်သာပြီး အလွယ်တကူရနိုင်သည့် ကွေ့ဟွားပဲမုန့်က တစ်ခုကို ဝမ်၂၀ပြားသာပေးရသည်။ မုန့်တစ်ခုအတွက် ငွေတစ်စ ၊ ငွေတစ်ပြားပေးရသည့် မုန့်ဆိုင်ကြီးများထက်စာလျှင် စုကျားရှန်း၏ စျေးနှုန်းက သာမန်လူလတ်တန်းစားများအတွက် အလွန်သက်သာသည်ဟု ဆိုနိုင်လေသည်။
နေရာကောင်းတစ်ခုလည်းဖြစ်သဖြင့် ယိုကျင့်သည် ခပ်ကျယ်ကျယ် အော်ရောင်းနေ၏။ ဆောင်းဦးလေနှင့်အတူ အဝေးသို့ လွင့်ပါသွားသည့် မုန့်နံ့သင်းသင်းလေးက စုကျားရှန်း ပထမဆုံးဖွင့်ရက်မှာပင် ဧည့်သည်များကို ဆွဲဆောင်နေတော့သည်။ ဆိုင်ပိတ်ချိန်ရောက်တော့ မီးဖိုထဲမှ အမျိုးသမီးစု၊ ယိုကျူးနှင့် သုံးယောက်သားသည် လက်များကိုမြောက်ကာ အလွန် ပင်ပန်းသွားကြတော့သည်။ သို့သော် သူတို့အားလုံးသည် အလွန်ပျော်နေကြလေသည်။ ပင်ပန်းလေလေ လုပ်ငန်းကောင်းလေလေပင်။
ယိုကျင့်နှင့် ၀ူရာ့အာတို့က တံခါးတစ်ချပ်စီ လိုက်တပ်ပြီး ဆိုင်ရှေ့မျက်နှာစာကို အနည်းငယ် သန့်ရှင်းရေး လုပ်လိုက်ကြ၏။ ထို့နောက် အားလုံးသည် အနောက်ဘက်တံခါးမှထွက်လာကာ မနက်က ငှားလာသည့် မြည်းလှည်းပေါ်သို့ တက်လိုက်ကြပြီး မြို့တံခါးမပိတ်ခင် ဝူလီချောင်သို့ မြန်မြန် ပြန်လာကြတော့သည်။
စုမိသားစု၏ကလေးတချို့နှင့် တစ်နေ့လုံးအိမ်တွင် စောင့်နေရသည့် ယွိလန်က အမျိုးသမီးစု၊ ယိုကျင့် နှင့် တခြားလူများ ပြန်လာသည်ကို တွေ့လိုက်ရ၏။ သူမသည် အပြေးအလွှား သူတို့ကို ဆီးကြိုနှုတ်ဆက်လိုက်တော့သည်။
“ ဘယ်လိုနေလဲဟင်”
ယိုကျင့်သည် ဆိုင်တွင် လူများနေမည် စိုးရိမ်ခဲ့လေသည်။ ထို့အပြင် ယိုလင်၊ ယိုလော့နှင့် ယိုချိုးတို့ကလည်း ငယ်သေးသည်ဖြစ်ရာ မျက်စိတစ်မှိတ်အတွင်း ပြန်ပေးဆွဲသမားများကို ဖမ်းခံသွားရနိုင်သည်ကလည်း ဖြစ်နိုင်လေသည်။ ထို့ကြောင့် ယွိလန်နှင့် ယိုပေါင်ကို အိမ်စောင့်ချန်ခဲ့ပြီး ကလေးများကို စောင့်ရှောက်ခိုင်းထားလိုက်တော့သည်။
အမျိုးသမီးစု၏ ပင်ပန်းနေသည့်လက်များက သူမကို ဖက်ရန် လက်ဆန့်နေသည့် ရှောင်ပါးကို လှမ်းချီလိုက်၏။ ထို့နောက် သူမသည် ဝမ်းသာပျော်ရွှင်စွာဖြင့် ခုတင်ဆီသို့ လျှောက်သွားရင်း ပြောလိုက်လေသည်။
“ အလုပ်က အရမ်းအဆင်ပြေတယ်၊ ကျွန်မရဲ့လက်တွေတောင် မမချင်လောက်အောင် ပင်ပန်းနေပြီ”
အမျိုးသမီးစု၏ အဓိကအလုပ်မှာ အမယ်များကို ပြင်ဆင်ပေးရခြင်းဖြစ်သည်။ အာ့ယာနှင့် ရှောင်ဟဲတို့က အားစိုက်ထုတ်မှုအများဆုံးလုပ်ရသည့် ဂျုံနယ်ခြင်းအလုပ်ကို တာဝန်ယူရသည်။ အမျိုးသမီးစုကပင် ပင်ပန်းသည်ဆိုလျှင် တခြားလူများအတွက်တော့ ဆိုဖွယ်ပင်မရှိချေ။
အားလုံးက အလွန်ပင်ပန်းကြသော်လည်း သူတို့သည် ဝမ်းသာပျော်ရွှင်နေကြလေသည်။ ဆိုင်မဖွင့်ခင် ယိုကျင့်က အာ့ယာတို့သုံးယောက်အား အခြေခံလခ ပေးမည်ဟု ပြောခဲ့လေသည်။ စုကျားရှန်း၏ စီးပွားရေးကောင်းလေလေ သူတို့လည်း ငွေပိုရလေလေ ဖြစ်မည်။ ထို့ကြောင့် သူတို့သုံးယောက်သည် အားပိုထုတ်ကြလေသည်။
အရှေ့ဆောင်တွင် သည်နေ့ဝင်ငွေကို တွက်ချက်ပြီးနောက် ယိုကျင့်က ငွေများကို ငွေသိမ်းရန် အထူးလုပ်ထားသည့် သစ်သားဗီရိုငယ်လေးထဲတွင် သော့ခတ်ထားလိုက်လေသည်။ ထို့နောက် သူမ၏ပင်ပန်းနေသည့် ခန္ဓာကိုယ်ကို သယ်ကာ အားလုံးကို ပြောလိုက်၏။
“ ရက်နည်းနည်းလောက် ကြာပြီး စီးပွားရေးကလည်း ကောင်းနေတယ်ဆိုရင် ကျွန်မ လူနည်းနည်းလောက် ထပ်ခေါ်လိုက်ပါမယ်”
သူမ ထွက်လာသည်ကို မြင်လိုက်ကြသဖြင့် အားလုံးသည် သူမအား မျှော်လင့်တကြီး ကြည့်လိုက်ကြလေသည်။ အားလုံးက သူတို့ သည်နေ့ရှာခဲ့သည့်ငွေပမာဏကို သိချင်နေကြ၏။ ယိုကျင့်သည် အချိန်မဆိုင်းနေတော့ဘဲ ဝမ်းသာအားရ ပြောလိုက်လေသည်။
“ ကျွန်မတို့အားလုံးဒီနေ့ ငွေ ၉စ ရှာနိုင်ခဲ့တယ်”
ဒါသည် ကုန်ကျစားရိတ်များကို နှုတ်ပြီးနောက် အကြမ်းဖျဥ်းတွက်ထားသည့် အသားတင်အမြတ် ဖြစ်လေသည်။ နေ့စဥ်တိုးတက်မှုနှုန်းနှင့် ယှဥ်လျှင် ကြီးမားသည့်ကွားခြားမှုတ်စခု ဖြစ်နေသေးသော်လည်း အလွန်ကောင်းသည့်ရလဒ်တစ်ခုပင်။
“ ငွေ ၉စတောင်၊ အများကြီးပဲ”
အားလုံးက အံ့ဩသွားကြတော့သည်။ သူတို့ တူးမြောင်းအလုပ်သမားများ၏ တစ်လစာဝင်ငွေကို တစ်နေ့ထဲနှင့် ရှာနိုင်ဖို့ မျှော်လင့်မထားခဲ့ကြချေ။
ယိုကျင့်က သူမလက်မောင်းပေါ်သို့ တွယ်တက်နေသည့် ရှောင်ချီကို ချီလိုက်ပြီး ပြုံးကာ ပြောလိုက်၏။
“ ဒီနေ့က ပထမဆုံးနေ့လေ၊ ကျွန်မ ခန့်မှန်းထားတာတော့ မနက်ဖြန် ပိုရောင်းကောင်းလိမ့်မယ်၊ ဒီနေ့ည ကျွန်မတို့ ပိုပြီး ကြိုးစားရမယ်”
မုန့်လုပ်ရန်အတွက် ကုန်ကြမ်းများကို ညကတည်းက ကြိုတင်ပြင်ဆင်ထားရ၏။ ဤနည်းဖြင့် ဒုတိယနေ့အတွက် ဝန်အများကြီး သက်သာနိုင်လေသည်။
ယိုရင်နှင့် ၀ူရာ့အာက ညနေစာပြင်ဆင်ပြီးသွားတော့သည်။ မိသားစု ၁၄ယောက်ကို စားပွဲနှစ်လုံး ခွဲထားလိုက်သည်။ မြိန်ရေရှက်ရေ တစ်နပ်စာ စားပြီးသွားသည့်နောက် အမျိုးသမီးစုနှင့် တခြားသူများက အင်္ကျီလက်ကို ခေါက်တင်ကာ တဖန်အလုပ်စကြပြန်သည်။ မီးမွေးထား၏။ ပဲများကို ဆေးကြောထားသည်။ သူတို့သည် ည၁၀နာရီလောက်အထိ အလုပ်များခဲ့ကြပြီးနောက်တွင်တော့ ရေချိုးသန့်စင်ကာ အိပ်ရာဝင်လိုက်ကြတော့သည်။
***
နောက်တစ်နေ့မနက်စောစောတွင် စုကျားရှန်း၏ တံခါးဖွင့်ပြီး မကြာခင်မှာပင် ဧည့်သည်များ တစ်သုတ်ပြီတစ်သုက် ရောက်လာကြတော့သည်။ သူတို့အများစုက မနေ့က အိမ်နီးချင်းများထံမှ ကြားခဲ့ခြင်းပင်။ ထပ်ရောက်လာသည့် ဧည့်သည်များလည်း ရှိလေသည်။ တစ်မနက်ခင်း ကုန်သွားပြီးနောက် ဝင်ငွေသည် မနေ့က စုစုပေါင်းဝင်ငွေကို မီလာတော့သည်။
သည်နေ့နေ့လယ်စာအတွက် ယိုကျင့်က အနောက်စျေးသို့ သွားပြီး အသားပေါင်မုန့် ၁၄လုံးဝယ်ကာ ပြန်လာခဲ့လေသည်။ စုမိသားစုအားလုံးက အသားပေါင်မုန့်ချည်း သက်သက် စားလိုက်ကြပြီး အလုပ်ဆက်လုပ်ကြ၏။
အနောက်ဘက် မီးဖိုချောင်ထဲတွင် အမျိုးသမီးစုသည် မုန့်များကို ပုံသွင်းဖိုထဲ ဂရုတစိုက်ထည့်ကာ အလုပ်များနေလေသည်။ သည်ပုံသွင်းဖိုများကို ယိုကျင့်က လုပ်ထားခြင်းဖြစ်၏။ သူမသည် အရင်ဆုံး ယွိလန်အား ပုံဆွဲခိုင်းလိုက်ပြီး လော့ဟယ်မြို့က နာမည်ကြီးလက်သမားကို ပုံသွင်းခိုင်းလိုက်လေသည်။ မုန့်တစ်ခုစီပေါ်တွင် ‘စုကျားရှန်း’ ဟူသည့် စကားလုံးကို ရိုက်နှိပ်ထား၏။ ဤနည်းဖြင့် ကိုယ်တိုင်ကြော်ငြာပြီးသား ဖြစ်သွားတော့သည်။
“ ငါတို့တွေ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဒီရက်ပိုင်းလဲကျော်လာရော ပိန်ကျသွားတော့မှာပဲ”
အမျိုးသမီးစုက အားရပါးရမုန့်နယ်နေသည့် အာ့ယာနှင့် ရှောင်ဟဲအား ပျော်ရွှင်ကာ မှတ်ချက်ပေးတော့သည်။
ဘေးတွင် ပဲနီအနှစ်လုပ်နေသည့် ယိုကျူးက ပြန်ဖြေလိုက်၏။
“ ဟုတ်တယ် မကြီးကလည်း ပြောတယ် သမီးတို့ ဒီတစ်သုတ်ကုန်ရင် တစ်ရက်နားတော့မယ်တဲ့၊ ရောင်းကောင်းလွန်းလို့ ငွေမရှာရမှာစိုးလို့ ဆိုင်တံခါးတောင် မပိတ်ရက်ဘူး”
ထိုစကားသည့် မီးဖိုဆောင်ထဲမှာ လူများကို ရယ်ပြုံးမိသွားစေသည်။ သန့်ရှင်းကျန်းမာရေးအတွက် ယိုကျင့်က အားလုံးကို ခေါင်းတွင် ကြာပွင့်ပုံလက်ကိုင်ပဝါ စည်းထားခိုင်းလေသည်။ အဖြူခံ လက်အဝကျဥ်းအင်္ကျီနှင့် ကြာပန်းပုံအတွန့်စကတ်တို့က ဝမ်းဆက် ဖြစ်သည်။ အလွန်သိမ်မွေ့သည့်အရောင်စပ်ပုံက မုန့်လာဝယ်သည့် ဧည့်သည်များကို လန်းဆန်းသွားစေလေသည်။
ဒုတိယနေ့နှင့် တတိယနေ့များတွင် ရောင်းအား အလွန်ကောင်းခဲ့သည်။ အသေးစားလုပ်ငန်း၏ သုံးရက်မြောက်နေ့ကုန်သွားချိန်၌ ယိုကျင့်၏စုဘူးသည် စုစုပေါင်း ငွေ ၄၃စ ရရှိခဲ့သည်။ လေးရက်မြောက်နေ့တွင် ရောင်းအားက တဖြည်းဖြည်း ကျသွားသော်လည်း တနေ့အသားတင်အမြတ် ငွေ ၇စ , ၈စ လောက်ကျန်သည်အထိ ထိန်းထားနိုင်သေးသည်။
သည်နှစ်ဆောင်း၏ ပထမဆုံးနှင်းကျချိန်၌ ယိုကျင့်သည် ၁၅နှစ် ၁၆နှစ်အရွယ် မိန်းကလေး ၃ယောက်ကို ထပ်ဝယ်ခဲ့လိုက်လေသည်။
“ အခုချိန်ကစပြီး နင်တို့ နှစ်ယောက်က မီးဖိုချောင်မှာ ကူပေးရမယ်၊ ချွေ့ချွေ့ နင်က ကျစ်စူး ဆီကနေ ဧည့်သည်တွေကို ဘယ်လိုဧည့်ခံရမလဲဆိုတာ သင်ထားလိုက်”
ကျစ်စူးသည် ၀ူရာ့အာ၏နာမည် အသစ် ဖြစ်သည်။ ယွိလန်၏အကြံပေးချက်အရ ယိုကျင့်က အသစ်ဝယ်လာသည့် အစေခံမလေးများ၏ နာမည်အားလုံးကို ပြောင်းပေးလိုက်လေသည်။ အာ့ယာကို ချွေ့ချွေ့ ဟု နာမည်ပြောင်းပေးလိုက်ပြီး ရှောင်ဟဲကို ပိုင်ကျီဟု ပြောင်းလိုက်လေသည်။ ထိုနာမည်များက မုန့်ဆိုင်နှင့် လိုက်ဖက်သွားတော့သည်။
မုန့်ဆိုင်တွင် အကူသုံးယောက် ထပ်ရောက်လာသဖြင့် နောက်ဆုံးတော့ အမျိုးသမီးစုသည် သည်နေရာကို လက်လွှတ်နိုင်သွားတော့သည်။ သူမသည် မနက်ပိုင်းတွင် မြို့သို့လိုက်လာပြီး ပြင်ဆင်စရာတချို့ ပြင်ဆင်ပေးခဲ့သည်။ နေ့လယ်စာမစားခင် တစ်လလောက် ပစ်ထားခဲ့ရသည့် အငယ်ဆုံးလေးနှစ်ယောက်ကို ကြည့်ရန် အိမ်သို့ပြန်သွားရသည်။
“ အခု နှင်းတောင်ကျနေပြီနော်၊ ဧည့်သည်တွေ ပါးသွားမှာ စိုးမိတယ်”
မိတ်ကပ်ရောင်အနွေးထည်လေးကို ဝတ်ထားသည့် ကျစ်စူးက အအေးဓာတ်ကြောင့် အနည်းငယ် နီရဲနေသည့် သူမ၏လက်ဖျားများကို ပွတ်ရင်း ပြောလိုက်လေသည်။ အပြင်ဘက်က နှင်းပွင့်မျာကို ကြည့်ရင်း သူမသည် မစိုးရိမ်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။
ယိုကျင့်က ရလာသည့်ငွေများကို အံဆွဲထဲထည့်လိုက်ပြီး ခေါင်းမမော့ဘဲ ပြန်ဖြေလိုက်၏။
“ ရပါတယ်၊ လုပ်ငန်းက ပုံမှန်လည်ပတ်နေတာပဲ၊ စိတ်ပူစရာမလိုပါဘူး”
အခုတော့ ဒီဇင်ဘာလပင် ရောက်တော့မည်။ လော့ဟယ်မြို့၏ ရာသီဥတုက ချွေ့ဖုန်းထက် အနည်းငယ် ပိုကောင်းသည်။ ဆောင်းရာသီ၏နှင်းများက သိပ်မထူပေ။ ထို့အပြင် အခုတော့ စုမိသားစုသည် ငွေရှိလာပြီဖြစ်သည်။ အားလုံးက စားနိုင်သောက်နိုင်ပြီး နွေးနွေးထွေးထွေး ဝတ်စားလာနိုင်သည်။ သည်ဆောင်းက အလွန်ခက်ခဲလိမ့်မည် မဟုတ်ပေ။
ပဲနီအစာသွပ်ပန်ကိတ်အပြည့် ထားသည့်သစ်သားဗန်းကို ကိုင်ကာ ချွေ့ချွေ့ သည် လက်တစ်ဖက်ဖြင့် ခန်းဆီးကို မ,လိုက်ပြီး အပြုံးဖြင့် ဝင်လာခဲ့သည်။
“ မမလေး အသစ်ဖုတ်ထားတဲ့ ပဲနီအစာသွပ်ပန်ကိတ်လေ”
ယွိလန်၏အကြံပြုတိုက်တွန်းချက်အရ အားလုံးက စုမိသားစု၏ ညီအစ်မများကို မမလေးဟု ပြောင်းခေါ်ရလေသည်။ သခင်နှင့် အစေခံကြား စည်းက တဖြည်းဖြည်းနှင့် ရှင်းလင်းလာတော့သည်။
“ အွန်း စင်ပေါ်တင်ထားလိုက်”
ယိုကျင့်သည် အသစ်ဖုတ်ထားသည့် ပန်ကိတ်များကို ကြည့်လိုက်၏။ အားလုံးက ရွှေဝါရောင်သန်းနေပြီး ပဲနှစ်၏ချိုမြမြအရသာကို ထုတ်ပြနေသည်။ အလွန်ဆွဲဆောင်မှု ရှိနေတော့သည်။
***
မြို့တော်သို့ ပြန်သွားပြီဖြစ်သည့် ရှောင်လင်ဖုန်းက လော့ဟယ်မြို့သို့ ပြန်လာခဲ့ပြီး သူ့အချစ်တော်မြင်းကို စီးနေလေသည်။ သူနောက်တွင် အစောင့်များ တသီတတန်းလုံးပါလာ၏။ ဒါသည် ရှောင်လင်ယွီနှင့် ရှောင်မိသားစု၏ အကြီးအကဲတို့ကြားက ကစားပွဲတစ်ခု၏ ရလဒ်ဖြစ်လာသည်။ သူ့နောက်က လူအများကြီး လိုက်လာသည်ကို မကြိုက်သော်လည်း အိမ်မှာနေပြီး ပျင်းရိငြီးငွေ့နေသည်ထက် စာလျှင်တော်သေးသည်။
သူသည် မြင်းစီးရင်း လမ်းပေါ်တွင် တရွေ့ရွေ့ လာနေလေသည်။ သူသည် အရည်အသွေးကောင်း အဖြူရောင်မြေခွေးဝတ်ရုံကို ခြုံထားသည်ဖြစ်ရာ နှင်းပွင့်များက အဝတ်အစားတွင် လာစိုမည်ကို မစိုးရိမ်ပေ။ အလွန်ပင် အနုအရွဆန်လှသည်ဟု ဆိုနိုင်လေသည်။ ရုတ်တရက်ဆိုသလို လေအေးအေးထဲတွင် ချိုမြိန်သည့်အနံ့တစ်ခု ရလိုက်ပြီး သူ့ပါးစပ်က သွားရည်များ ကျလာတော့သည်။
သွားရည်များကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ရနံ့သိသိသာသာရနေသည့် ရှေ့က ဖြတ်သွားဖြတ်လာ တစ်ယောက်ကို မေးလိုက်၏။
“ မင်းလက်ထဲက ဘာကိုင်ထားတာလဲ အနံ့က မွှေးနေတာပဲ”
ဖြတ်သွားဖြတ်လာတစ်ယောက်က သူသည် သန့်ပြန့်သည့်ကလေးတစ်ယောက်မှန်း တွေ့လိုက်ရသဖြင့် သူ့ရိုင်းစိုင်းမှုကို စိတ်ထဲမထားလိုက်ချေ။ သူသည် ပန်ကိတ်ကို တစ်ကိုက်ကိုက်လိုက်ရာ ပဲနီအနှစ်လေးက ပေါ်လာလေသည်။ ထိုစူးရှရှအနံက ရှောင်လင်ဖုန်း၏အကြည့်ကို စူးရဲသွားစေတော့သည်။ ထိုလူက လေထဲတွင် လွင့်နေသည့် သိပ်မဝေးလှသည့် ကြာပန်းရောင်သင်္ကေတတစ်ခုကို ညွှန်ပြလိုက်ပြီး
“ ငါ ဒီပဲနီပန်ကိတ်ကို ရှေ့က စုကျားရှန်းဆိုင်ကနေ ဝယ်ခဲ့တာ”
ထိုစကားကို ကြားလိုက်ပြီးနောက် ရှောင်လင်ဖုန်း၏မျက်လုံးများက တောက်ပသွားတော့သည်။ သူသည် မြင်းကို စိုင်းလိုက်ပြီး စုကျားရှန်၏ဆိုင်တံခါးရှေ့တွင် ရပ်လိုက်၏။ မြင်းပေါ်ကမဆင်းခင်မှာပဲ အထဲက ရံနံ့ကြောင့် အေးခဲသွားမတတ် ဆွဲဆောင်ခံလိုက်ရတော့သည်။
“ အနံ့ကလည်း မွှေးနေတာပဲ”
တစ်လမ်းလုံးနောက်က လိုက်လာသည့် အစောင့်များက မအံ့ဩကြပေ။ ရှောင်မိသားစု၏ အငယ်ဆုံးသခင်လေးည် အစားအသောက်ကြိုက်တတ်ပြီး စားနည်းကိုလည်း သိလေသည်။ ဒါသည် ရှောင်မိသားစု၏ သိပြီးသား လျှို့ဝှက်ချက်တစ်ခုပင်။ ဒါသည် ရှောင်မိသားစုက စားသောက်ဆိုင်လောကတွင် ဝင်ရောက်လာရသည့် အဓိကတွန်းအားတစ်ခုလည်း ဖြစ်လေသည်။ အကြီးအကဲ၊ သခင်ကြီး၊ သခင်မကြီးနှင့် အကြီးဆုံးသခင်လေး အားလုံးက အငယ်ဆုံးသခင်လေးကို ချစ်ကြလေသည်။ အငယ်ဆုံးသခင်လေး၏ ခံတွင်းကို ကျေနပ်စေရန် မြို့တော်၏အိမ်တော်က စားဖိုမှူးသီးသန့် ဆယ်နှစ်ယောက်ခန့်ကို ပျိုးထောင်ထားကြလေတော့သည်။
...
အပိုင်း (၆၉) ဆီးချိုရည်ကောင်မလေးတောင် ပြောင်းလဲသွားပြီ
ကျစ်စူးနှင့် ရှင်းယီသည် အပေါက်၀၌ ဧည့်သည်လာမည်ကို ပျင်းရိစွာရပ်စောင့်နေရင်း ဆိုင်ထဲသို့ ဧည့်သည်တစ်ဦး ၀င်ရောက်လာသည်ကို မြင်သည်နှင့် သူတို့၏မျက်လုံးကို ကျယ်ကျယ် ဖွင့်ဟလိုက်သည်။ “သခင်လေးက ဘယ်လို အချိုမုန့်မျိုးကို လိုချင်ပါသလဲ။
လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ ပဲနီနှစ်ဘိန်းမုန့်လား ပန်းရနံ့ပဲကိတ်လား”
ရှောင်လင်ဖုန်းသည် မည်သည့်မေးခွန်းကိုမျှ အလျင်စလို မေးမြန်းခြင်းမရှိပေ။ စင်ပေါ်ရှိ မုန့်များ၏နာမည်ကို ဂရုတစိုက်ဖြင့် ဖတ်ရှုနေလေသည်။ နောက်တစ်ကြိမ် ဖတ်ရှုချိန်၌ ရှောင်လင်ဖုန်းသည် သာယာနာပျော်ဖွယ် အံ့ဩနေသည့် အသံလေးတစ်ခုကြောင့် နှောင့်ယှက်ခံခဲ့ရသည်။ “သခင်လေးရှောင်”
ရှောင်လင်ဖုန်းသည် စားကောင်းသောက်ဖွယ် ရွေးချယ်နေစဉ်၌ နှောင့်ယှက်ခံရ၍ ထိုအလိုက်မသိသည့်သူအား ပြန်လည် ရန်တွေ့ရန် အနောက်သို့ လှည့်လိုက်လေသည်။ ထိုအခါ မရင်းနှီးသော်လည်း မျက်မှန်းတန်းမိနေသော မျက်နှာကို တွေ့လိုက်ရသဖြင့် သူ၏ခေါင်းကိုကိုင်ကာ အနည်းငယ် စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် လွန်ခဲ့သည့်နှစ်၀က်က ရက်စက်ကြမ်းကြုတ်လှသည့် မိန်းကလေးနှင့် ယခု သူ၏ရှေ့၌ ၀တ်ကောင်းစားလှများဖြင့် လှပနေသည့် မိန်းကလေးမှာ တူညီကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် အလောသုံးဆယ် မေးမြန်းလိုက်သည်။ “မင်းက ဆီးချိုရည်ကောင်မလေးမလား”
ယိုကျင့်၏မျက်နှာ၌ ကြင်နာတတ်သည့် အပြုံးတစ်ခု ပန်ဆင်ထားပြီး သန့်စင်သည့် ပန်းကန်ပြားတစ်ချပ်ကို အမြန်ယူလိုက်သည်။ ထိုပန်းကန်ပြားအား ရှောင်လင်ဖန်၏ရှေ့၌ မချပေးခင် သစ်သားညှပ်ဖြင့် မုန့်စင်မှ မုန့်မျိုးစုံကို တမျိုးစီထည့်ပေးလိုက်သည်။ “ရှောင်သခင်လေး မြည်းကြည့်ပါဦး”
ရှောင်လင်ဖုန်းသည် ထိုမိသားစုပြုလုပ်သည့် ဆီးချိုရည်မှာ အရသာရှိကြောင်း သိသည့်အတွက် ပဲပူတင်းမှာလည်း ခံတွင်းတွေ့ဖွယ်ရာကောင်းကြောင်း မှတ်မိပေသည်။ ကျစ်စူးဆီမှ လက်ကိုင်ပဝါကိုယူကာ သူ၏လက်ကို သုတ်လိုက်ပြီးနောက် ဂန္ဓာမာမုန့်ကြွပ်ကို တစ်ပိုင်းကိုယူကာ မြည်းကြည့်လေသည်။
ရှောင်လင်ဖုန်းသည် သူ၏မေးရိုးကို လှုပ်ရှားကာ ဝါးနေစဉ်အတွင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်နေခဲ့သည်။ သူသည် ယိုကျင့်ချပေးသည့် မုန့်များကို တစ်ခုပြီးတစ်ခု မြည်းကာ နေုက်ဆုံးသော အပိုင်းအစကို စားပြီးချန်၌ ယိုကျင့်ကမ်းပေးသည့် အငွေ့ထနေသော ရေနွေးကြမ်းကို အနည်းငယ်မျှသောက်လိုက်ကာ မှတ်ချက်ပေးလေသည်။ “မင်းတို့မိသားစုရဲ့ မုန့်တွေက တဖြည်းဖြည်း ပိုကောင်းလာတာပဲ”
ယိုကျင့်သည် စိတ်ကျေနပ်မှုကြောင့် အမွေးဖွာကာ သည်းညူပြနေသည့် ကြောင်တစ်ကောင်နှင့် တူသည့် ထိုကောင်လေးကို ကြည့်လိုက်လေသည်။ “သခင်လေးရှောင် နှစ်သက်တယ်ဆို ၀မ်းသာပါတယ်”
သူတို့နှစ်ဦးစကားပြောနေစဉ်အတွင်း၌ပင် အပြင်ဘက်ရှိ အစောင့်များမှ စုကျားရှန်၏ တံခါးလိုက်ကာစကို ပင့်တင်လိုက်သည်။ မည်းနက်နေသော ၀တ်ရုံနှင့် မြေခွေးနက်၏ အမွေးဖြင့် ရက်လုပ်သော ခြုံထည်ကို ဆင်မြန်းထားသည့် အရပ်ရှည်ရှည် ပုံရိပ်မှာ ရှောင်လင်ယွီဖြစ်ပုံပေါ်သည်။ သူသည် အနီးအနား၌ ဖြတ်သန်းသွားရင် ရှောင်မိသားစု၏ ကိုယ်ရံတော်ကို တွေ့သောကြောင့် ဤနေရာ၌ ညီဖြစ်သူ ရှိမည်ဟု ခန့်မှန်းကာ ကြည့်ရှုရန်လာခဲ့ခြင်း ဖြစ်သည်။
“လူကြီးမင်းရှောင်" ယိုကျင့်သည် ယွိလန်ဆီမှ သူမသင်ယူထားသည့် ဓလေ့ထုံတမ်း အစဉ်အလာအတိုင်း ရှောင်လင်ယွီကို ဂါရ၀ပြုလိုက်သည်။
ရှောင်လင်ယွီသည် ငယ်စဉ်ကတည်းကပင် မှတ်ဉာဏ်ကောင်းမွန်သောကြောင့် သူ၏ရှေ့ရှိ မိန်းကလေးကို သဘာ၀ကျစွာပင် မှတ်မိလေသည်။ ထိုမိန်းကလေးသည် လွန်ခဲ့သည့် နှစ်၀က်က လက်နှစ်ဖက်ကိုယှက်ကာသာ ဂါရ၀ပြုခဲ့ပြီး ယခုကဲ့သို့ တိုးတက်လာသည့်အတွက် ၀မ်းသာမိပေသည်။ နူးညံ့ပျော့ပျောင်းသည့် အပြုံးတစ်ခုသည် ရှောင်လင်ယွီ၏နှုတ်ခမ်းထောင့်၌ ပုန်းလျှိုးကွယ်လျှိုး ထွက်ပေါ်လာခဲ့သည်။ “စုမိန်းကလေးက မတွေ့ရတဲ့အတောအတွင်း အဆင်ပြေနေတာပဲ”
ယိုကျင့်သည် ပန်ကန်းပြားအသစ်တစ်ချပ်ကိုယူကာ မုန့်များထည့်ပေးပြီး ရှောင်လင်ယွီ၏ရှေ့သို့ ချပေးလေသည်။ ထို့နောက် သူမသည် အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ “လူကြီးမင်းရှောင် စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အကုန်လုံးသာသာယာယာပါပဲ။ မုန့်လေးတွေ မြည်းစမ်းကြည့်ပါဦး”
ယိုကျင့်သည် ရှောင်လင်ယွီအား အမှန်ပင်ကျေးဇူးတင်ပေသည်။ ထိုသူသည် သူမတို့၏ ဆီးချိုရည်လုပ်နည်းကို ဈေးကြီးပေး၀ယ်ခဲ့၍သာ လယ်မြေများ၊ ဆိုင်များကို ၀ယ်ယူနိုင်ပြီး ယခုကဲ့သို့ မုန့်ဆိုင်စီးပွားရေး ထူထောင်နိုင်ခြင်းဖြစ်သည်။
ရှောင်လင်ယွီသည် ထိုမိန်းကလေးအား ပို၍ပို၍ပင် သဘောတွေ့လာခဲ့သည်။ သူမသည် ထိုသို့ အသက်ငယ်ငယ်လေးနှင့်ပင် မိသားစုကြီးတစ်ခု၏ တာ၀န်များကို ထမ်းပိုးကာ ထောက်ပံ့နေရသည်။ သူမသည် သူ၏ ဆိုးသွမ်းသော ညီဖြစ်သူထက် တစ်နှစ်မျှသာ ငယ်သည်ဖြစ်ရာ တည်ငြိမ်ကာ ရင့်ကျက်ပေသည်။ သူ့ညီကို ထိုကလေးများနှင့် ပေါင်းသင်းပြီး အချိန်ကုန်ဆုံးစေကာ ပုံမှန်လူနေမှုဘ၀၏ ဆင်းရဲပင်ပန်းပုံကို သိရှိစေလိုသည်။
သူသည် ပဲနီကိတ်မွှေး တစ်ပိုင်းကိုယူကာ အနည်းငယ် မြည်းစမ်းလိုက်လေသည်။ ထို့နောက် ကောင်းမွန်သည့် အဆိုပြုချက်တစ်ခုကို ပေးလိုက်သည်။ “အရသာကောင်းပါတယ် ဆိုင်ပြင်ဆင်ပုံလည်း မဆိုးဘူး” မုန့်များမှာ အမှန်တကယ် အရသာကောင်းသော်လည်း ပါ၀င်သည့် ပစ္စည်း၏အရည်အသွေးမှာ နိမ့်ပေသည်။ သို့သော်လည်း လော့ဟယ်စီရင်စုရှိ မုန့်ဆိုင်အသေးစားတစ်ခုအနေနှင့် အရည်အသွေးမှာ ထိပ်တန်းဖြစ်နေသည်။ ထို့ကြောင့် သူသည် ထိုစကားကို ထုတ်မပြောခဲ့ခြင်းဖြစ်သည်။
ရှောင်လင်ဖုန်းသည် မုန့်ရှစ်မျိုးအတွက် ငွေပေးချေပြီးနောက် ညီအစ်ကိုနှစ်ဦးသည် ယိုကျင့်အား နှုတ်ဆက်ကာ ရှောင်မိသားစုဆီသို့ မုန့်များပြန်ယူသွားတော့သည်။ “စုမိန်းကလေး နောက်နှစ်ရက်နေရင် မင်းတို့ဆီ လာလည်ဦးမယ်”
ရှောင်လင်ဖုန်း၏ တွန့်ဆုန်တွန့်ဆုတ်ဖြစ်နေသော အမူအရာကြောင့် ယိုကျင့်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။ “ဟုတ်ပြီ လာတဲ့နေကျ မုန့်နဲ့ဧည့်ခံပါ့မယ်”
ဧည့်သည်ထူးနှစ်ဦးကို နှုတ်ဆက်ပို့ဆောင်ပြီးမှသာ ကျောက်တိုင်ကဲ့သို့ ရပ်နေခဲ့သည့် ကျစ်စူးနှင့် ရှင်းယီသည် အနည်းငယ် သက်သာရာရခဲ့သည်။ ထိုမှသာ သူတို့သည် စကားစပြောတော့သည်။
“လန့်လို့သေတော့မယ်။ ဒီအထူးဧည့်သည်တွေက တကယ်မျိုးရိုးမြင့်တာပဲ”
ယိုကျင့်သည် ရှောင်လင်ယွီပေးထားခဲ့သည့် ငွေသားများကို အံ့ဆွဲထဲသို့ထည့်နေရင်း ရှင်းယီအား ပန်းကန်အပေများကို စုစည်းကာ သိမ်းဆည်းရန် ပြောလိုက်သည်။ “သူတို့က တကယ့် အထူးဧည့်သည်တွေပဲ။ နောက်တစ်ခါ သူတို့နဲ့တွေ့ရင် သတိလက်လွတ်မနေနဲ့”
“ဟုတ် နားလည်ပါပြီ” ထိုနှစ်ဦးသားသည် တစ်ပြိုင်နက်တည်း ဖြေကြားလိုက်ကာ သင်ကြားပေးသည့် သင်ခန်းစာကို စွဲမြဲစွာ မှတ်ထားလေသည်။
.............
ဒီဇင်ဘာလဆယ်ရက်ကျော်၌ စုမိသားစုသည် လက်ဖက်စိမ်းနှင့် သစ်ကြားသီးအရသာရှိသည့် ကွာစေ့အရသာသစ် နှစ်မျိုးကို ထုတ်လုပ်လိုက်သည်။ ထိုကွာစေ့သည် ပုံမှန်ကွာစေ့များထက် ဈေးကြီးသော်လည်း လော့ဟယ်စီရင်စု၌ လူချမ်းသာများ ပြတ်လပ်နေသည်မဟုတ်ပေ။
စုမိသားစုမှ ကွာစေ့များ စတင်ရောင်းချသည်နှင့် ဖောက်သည်အသစ်ရော ဖောက်သည်အဟောင်းများပါ ကြိုက်နှစ်သက်ကြလေသည်။ “ယိုကျင့် ငါ့ကို မင်းတို့ဆိုင်က ကွာစေ့အရသာအစုံ တစ်ခု ငါးကျင်းစီထည့်ပေး”
ယိုကျင့်သည် စစ်ဆေးကြည့်လိုက်သည်။ “ကွာစေ့အသစ်လုပ်ထားတာတွေက ရောင်းကုန်သွားလို့ နောက်နေ့မှ ပြန်လာ၀ယ်လို့ရလား”
ယိုကျင့်တို့မိသားစု၏ ကွာစေ့မှာ တစ်ကျင်းလျှင် ယွမ်ငါးဆယ်ကျသင့်ကာ ဈေးကြီးလွန်းသည် မဟုတ်ပေ။ ဆိုင်သို့ မုန့်များ လာရောက်စားသောက်ကြသော ဧည့်သည်များသည် ပြန်သည်နှင့် ကွာစေ့များကို ၀ယ်ယူသွားကြသည်။ ရက်အနည်းငယ် အတွင်း၌ပင် ရောင်းကုန်သွားလေသည်။ ယိုကျင့်သည် ရွေးချယ်စရာမရှိဘဲ ကွာစေ့များထပ်မံပြုလုပ်ရန် ဟင်းသီးဟင်းရွက်နှင့်ကုန်စုံဆိုင်များမှ ကွာစေ့နှင့် နှမ်းဆီများကို မှာယူရလေသည်။ သူမတို့၏လက်ထဲ၌ သိုလှောင်ထားသည်များ ကုန်သွားသဖြင့် ကြိုတင်အော်ဒါများကိုသာ ကောက်ယူရတော့သည်။
စုကျားရှန်း မုန့်ဆိုင်သည် နှစ်သစ်မကူးခင် ဒီဇင်ဘာလနှစ်ဆယ့်ရှစ်ရက်နေ့အထိ ဖွင့်လှစ်ပေသည်။ ဆိုင်ထဲရှိ နောက်ဆုံးဧည့်သည်၏မုန့်ကို ထုပ်ပိုးပြီးချိန်၌ ဧည့်သည်ကို ပို့ဆောင်လိုက်ကြသည်။ ထို့နောက် စုမိသားစုရှိ ညီအစ်မများသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
“နောက်ဆုံးတော့ နှစ်ကူးပြီပဲ”
ယိုကျင့်သည် ငွေရှင်းကောင်တာမှ အံဆွဲကို သန့်ရှင်းရေးလုပ်ကာ ဖြေကြားလိုက်တယ်။ “ဟုတ်ပြီး အကုန်လုံး ပစ္စည်းတွေ သိမ်းကြမယ်။ ခဏနေ ဟန်လီရောက်လာတော့မှာ။ အလုပ်ပြီးတာနဲ့ နှစ်သစ်ကို ကောင်းကောင်း ဖြတ်သန်းကြမယ်”
စုမိသား၏ မုန့်ဆိုင်ဖွင့်လှစ်ပြီးချိန်၌ ရာသီဥတုမှာ တစ်နေ့ထက်တစ်နေ့ ပို၍အေးလာပေသည်။ သူမတို့သည် မြို့တွင်းနှင့်မြို့ပြင်ကို ကူးသန်းသွားလာနေရသောကြောင့် ဆောင်မ၀င်ခင်ပင် မြည်းလှည်းတစ်စင်းကို ၀ယ်ယူလိုက်သည်။ ထို့ကြောင့် ဟန်လီသည် စုကျားရှန်းသို့ နေ့စဉ်အကြိုအပို့ ပြုလုပ်ပေးရပေသည်။
ထိုအကြောင်းကို ကြားသည်နှင့် လူတိုင်းသည် ဆေးကြောစရာရှိသည်များနှင့် သိမ်းစရာရှိသည်များကို နုရီ၀က်အတွင်း အသီးသီး တာ၀န်ယူသိမ်းဆည်းလိုက်ကြသည်။ ခဏအကြာ၌ ဟန်လီ၏လှည်းသည် ရောက်ရှိလာပေသည်။ လူအကုန်လုံးသည် ဆိုင်ထဲမှထွက်ပြီးသည်နှင့် ယိုကျင့်သည် ဆိုင်တံခါးကို ပိတ်ကာ လှည်းပေါ်သို့တက်လိုက်သည်။ ထိုသို့ဖြင့် သူမတို့သည် ဝူလီချောင်သို့ ဦးတည်သွားကြတော့သည်။
ဝူလီချောင်ရှိ တူးမြောင်းလုပ်သားဆောင်၌ နေထိုင်သူအများစုမှာ ပြန်သွားကြပြီဖြစ်သည်။ လုပ်သားများသည် လ၀က်မျှ ခွင့်ရသည့်အတွက် နှစ်သစ်ကူးရန် သက်ဆိုင်ရာ မွေးရပ်မြေများသို့ ပြန်ကြလေသည်။ ယခု၌ လုပ်သားဆောင်တွင် ဦးလေး၀မ်၊ ဟန်ညီအစ်ကိုနှင့် မပြန်ကြသော လုပ်သားအနည်းစုသာ ရှိပေသည်။
ယခုနှစ်၌ ဝူလီချောင်ရွာရှိ ရွာသားအများစုသည် ငွေများစွာ စုဆောင်းမိပေသည်။ အထူးသဖြင့် မြစ်အနောက်ဘက်ခြမ်းရှိ စုမိသားစုနှင့် အရှေ့ဘက်ခြမ်းရှိဟယ်မိသားစုတို့ဖြစ်သည်။
သားနှင့်သမီးဖြစ်သူတို့၏ အင်္ကျီအသစ်များ၀တ်ဆင်နေကြသော ပုံရိပ်ကိုကြည့်ကာ အမျိုးသမီးကျိုး၏ မျက်၀န်း၌ ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ “အွန်း မင်းတို့နဲ့ တော်သားပဲ”
စုမိသားစု၏ ဆိုင်ခန်းငှားပေးမှုကြောင့် သူမတို့မိသားစုသည် နှစ်၀က်အတွင်း လျန်းအနည်းငယ် စုဆောင်းမိပေသည်။ ထို့အပြင် ယခုနှစ်၌ သီးနှံပိုမိုဖြစ်ထွန်းသည့်အတွက် လယ်မြေအထွက်နှုန်းလည်း ကောင်းမွန်ပေသည်။
ဟယ်ဟောက်သည် ခုတင်၏အစွန်း၌ ဆေးလိပ်သောက်နေရင်း ပျော်ရွှင်နေသည့် ကလေးများကို ကြည့်နေလေသည်။ အမျိုးသမီးကျိုးအား တီးတိုးမှာကြားလိုက်သည်။ “မနက်ဖြန်ကျ နှမ်းဖက်ထုပ်တွေ ယူပြီး စုမိသားစုကို သွားပေးလိုက်ဦး။ ငါက သူတို့ ဒီကို ပြောင်းလာတုန်းက ဘာမှလည်း ကူပေးလိုက်ရတာ မဟုတ်ဘူး” နှမ်းဖက်ထုပ်ဆိုသည်မှာ အဆီရွှဲရွှဲနှင့် ကြော်လှော်ရသည့် အစားအစာတစ်မျိုး ဖြစ်ကာ လော့ဟယ်စီရင်စု၌ နှစ်သစ်ကူးကန်တော့ပွဲအတွက် မရှိမဖြစ် လိုအပ်သည့်အရာလည်းဖြစ်သည်။
“အဲဒါ ရှင်ပြောဖို့ လိုသေးလို့လား” အမျိုးသမီးကျိုးသည် သူမ၏အမျိုးသားဖြစ်သူကို မကျေနပ်စွာ မျက်စောင်းထိုးရင်းပြောလေသည်။ “ဘယ်လိုနေနေ စုမိသားစုက ငှားရမ်းခအတွက် ဘာမှမမေးခဲ့ဘူးမလား။ သူတို့လုပ်သားဆောင်မှာ အခန်းတစ်ခုကို တစ်လစာအတွက်ဆို ယွမ်တစ်ရာ့ငါးဆယ် ပေးရတာတဲ့။ ကျုပ်တို့ တအားအမြတ်ထုတ်နေသလို မဖြစ်ဘူးလား”
အမျိုးသမီးကျိုးသည် နွေးထွေးကြင်နာတတ်သည့်သူ ဖြစ်သကဲ့သို့ အခြားသူများအပေါ်၌ အမြတ်ထုတ်ရမည်ကိုလည်း ရှက်ရွံ့သူဖြစ်သည်။ “ကျွန်မတို့ရဲ့နှစ်၀က်က တစ်လျန်းနဲ့ ညီနေပြီ”
စုမိသားစုသည် သူတို့မိသားစုအပေါ်၌ မျက်နှာသာပေးကြောင်း ဟယ်ဟောက်သိပေသည်။ ထို့ကြောင့် သူသဘောတူလိုက်သည်။
“ဟုတ်ပြီ။ မနက်ဖြန် မင်းနှမ်းဖက်ထုပ်သွားပေးရင်းနဲ့ မေးခဲ့ပေါ။ သူတို့ဘယ်လောက်လိုချင်ချင် ဈေးမဆစ်ခဲ့နဲ့”
ထိုသို့သာပြောသော်လည်း စုမိန်းကလေးသည် သူတို့အား ထိုအခန်းကို ပုံမှန်ဈေးထက် ထက်၀က်မျှလျှော့ကာ ငှားရမ်းပေးပေသည်။ “ဒီကလေးမက ဉာဏ်မကောင်းလွန်းဘူးလား”
“မြစ်အနောက်က စုမိသားစုက ကျွန်တော်တို့မိသားစုအတွက် ငှားရမ်းခ မယူဘူးလား” ဟယ်ဟောက်၏ အကြီးဆုံးသားဖြစ်သူ ဟယ်ရွှမ်းဟိုက်သည် လော့ဟယ်စီရင်စု၏ ကျောင်းတော်၌ ပညာသင်ကြားနေသူ ဖြစ်သည်။ သူသည် အိမ်နှင့်ကျောင်းကို ခေါက်တုံ့ခေါက်ပြန် ပြန်လာသော်လည်း စာထဲ၌သာ စိတ်နှစ်ထားသူဖြစ်သည်။ ထိုစာဂျပိုးသည် ပြင်ပရှိစကားများကို အာရုံမစိုက်တတ်ပေ။ မိသားစုမှ အခြားတစ်ဖက်ခြမ်း၌ ဆိုင်ခန်းဖွင့်ကာ မနက်စာရောင်းကြောင်းသိသော်လည်း သူသည် စုမိသားစုနှင့် တစ်ခါမျှ တွေ့ဆုံဖူးခြင်း မရှိခဲ့ပေ။ မိဘများမှ ခဏခဏ ပြောနေ၍သာ သိချင်စိတ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“စုမိသားစုက မမကြီးက တကယ်ကောင်းတာ သမီးကို ပဲနှစ်ကိတ်လည်း ပေးသေးတယ်“
ဟယ်မိသားစု၏ အငယ်ဆုံးသမီးဖြစ်သူ ဟယ်ရှောင်နင်မှာ အသက်ခုနှစ်နှစ်သာ ရှိသေးသည်ဖြစ်၍ မြစ်အနောက်ဖက်ခြမ်းရှိ ယိုပေါင်တို့ညီအစ်များနှင့် အဆက်အသွယ်ရှိပေသည်။ ထို့အတွက် ယိုကျင့်ကို မြင်ဖူးပေသည်။ ယိုကျင့်သည် ချစ်စရာကောင်းသည့် မိန်းကလေးများနှင့် ရင်းနှီးသည်မှာ မထူးဆန်းပေ။ ထို့ကြောင့် သူမသည် ဟယ်ရှောင်နင်နှင့်လည်း ရင်းနှီးပေသည်။
“စိတ်မပူနဲ့ မိသားစုကိစ္စက မင်းအမေနဲ့ငါဖြေရှင်းရတယ်။ တစ်နှစ်နေရင် အစိုးရစစ် လာတော့မယ်မလား။ စိတ်မလွင့်စေနဲ့” ဟယ်ဟောက်သည် ပြင်ပကိစ္စများကြောင့် သားဖြစ်သူ၏တည်ငြိမ်မှုကို မနှောင့်ယှက်ချင်ပေ။ ဟယ်ရွှမ်းဟိုက်သည် အသက်ဆယ့်ငါးနှစ်သာ ရှိသေးသော်လည်း တုန်ရှန်းကို အောင်မြင်ပြီး ဖြစ်သည်။ ထို့အတွက် ဟယ်ဟောက်သည် အကြီးဆုံးသားဖြစ်သူအပေါ်၌ ရည်မှန်းချက်မြင့်မြင့်ထားပေသည်။
“ဟုတ်ကဲ့ ကျွန်တော် အဖေပြောတာကို နားထောင်ပါ့မယ်” ဟယ်ရွှမ်းဟိုက်သည် ဟယ်ဟောက်အား အငယ်တို့ ပြုသင့်သော ရိုသေမှုထုံးတမ်းနှင့်အညီ ဂါရ၀ပြုလေသည်။
ဟယ်မိသားစုသည် နွေးထွေးသည့် မီးရောင်အောက်၌ အနားမယူခင်အထိ ကြာမြင့်စွာ စကားပြောနေခဲ့ကြသည်။ အမျိုးသမီးကျိုးသည် ဝါးပင်ကဲ့သို့ ကြည်လင်သန့်ရှင်းသည့် သားဖြစ်သူမှာ ဆယ့်ငါးနှစ် ရှိပြီဖြစ်ကြောင်း သတိရလိုက်သည်။ ထို့ကြောင့် သူမသည် ထထိုင်လိုက်ပြီး ဟယ်ဟောက်ကို စိုက်ကြည့်လိုက်သည်။ “ဒီမှာလူအိုကြီး ကျွန်မတို့ဟယ်ဟောက်က ဆယ့်ငါးနှစ်ရှိပြီနော် စုမိသားစုက ကောင်မလေးနဲ့လည်း အသက်အတူတူပဲ။ တကယ်လို့ စုအမျိုးသမီးကို ပြောကြည့်မယ်ဆို အဆင်ပြေလောက်မယ် ထင်လား” ဆယ်လကြာ စုမိသားစုနှင့် အဆက်အဆံ ရှိပြီးနောက်တွင် အမျိုးသမီးကျိုးသည် စုမိသားစုရှိ အကြီးဆုံးကလေးအပေါ် ပို၍ပို၍ သဘောတွေ့လာပေသည်။ ထိုမိန်းကလေးသည် သူမတို့မိသားစု၏ ချွေးမအဖြစ် အရည်အချင်းပြည့်မှီသည်ဟု ခံစားရသည်။
အမျိုးသမီးဖြစ်သူ၏ စကားကိုကြားသည်နှင့် ဟယ်ဟောက်သည် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်သည်။ “ငါတို့ရွှမ်ဟိုက်က စုမိန်းကလေးနဲ့ မသင့်တော်ဘူး။ ထပ်မစဉ်းစားနဲ့တော့”
အားနည်းကာ အသက်ကြီးသည့် အမျိုးသမီးများသာရှိသော စုမိသားစုသည် နှစ်၀က်အတွင်း၌ပင် မိသားစုစီးပွားရေးတစ်ခုကို တည်ထောင်နိုင်ပေသည်။ နောင်သုံးနှစ်မှ ငါးနှစ်အတွင်း လော့ဟယ်စီရင်စု၌ မထင်ရှားလျှင်ပင် ဘေးအနီးနားရှိရွာများမှ အသိအမှတ်ပြုခြင်းကိုပင် ခံရလိမ့်မည်။
“ဘာဖြစ်လဲ။ ကျွန်မတို့ရဲ့ ရွှမ်ဟိုက်ကလည်း မဆိုးပါဘူး။ ဆယ့်လေးနှစ်နဲ့ တုန်ရှန်း အောင်လာတာ။ နောက်နှစ်ဆို ချူရှိုက်ဖြစ်တာနဲ့ နှစ်အနည်းငယ်အတွင်း ကျူရန်ဖြစ်ပြီး တရား၀င်ဖြစ်လာမှာ”
အမျိုးသမီးကျိုးသည် သားဖြစ်သူအပေါ်၌ များစွာ မျှော်လင့်ထားသောကြောင့် ထိုကလေးအပေါ်၌ မကောင်းပြောသည်ကို မကြိုက်ပေ။
လက်မလျှော့ချင်သည့် အမျိုးသမီးဖြစ်သူကြောင့် ဟယ်ဟောက်သည် မျက်လုံးလှည့်လိုက်တော့သည်။
“မယုံလဲ မနက်ဖြန်ကျ စုမိန်းကလေးကို သွားမေးချည်။ သူဘာပြောမလဲကြည့်ရအောင်”
ထိုသို့ပြောပြီးသည်နှင့် ဟယ်ဟောက်သည် အခြားဘက်သို့လှည့်ကာ စောင်ကို ဆွဲယူရင်း အမျိုးသမီးကျိုးကို လျစ်လျူရှုလိုက်သည်။ ခဏအတွင်း၌ပင် သူသည် အိပ်မောကျသွားတော့သည်။
“သွားမေးမှာ” အမျိုးသမီးကျိုးသည် သားဖြစ်သူအပေါ်၌ ယုံကြည်ချက်ရှိပေသည်။ သူမတို့မိသားစုသည် လော့ဟယ်စီရင်စုအတွင်းရှိ လူကုန်ထံမိသားစုများကဲ့သို့ အခြေအနေ မကောင်းမွန်သော်လည်း ဝူလီချောင်၌ အချမ်းသာဆုံး ဖြစ်သည်။ ထို့အပြင် သားဖြစ်သူမှာ တုန်ရှန်း အောင်မြင်ထားသောကြောင့် ပတ်၀န်းကျင်ရွာများနှင့် မြို့များတွင် ကျော်ကြားပေသည်။ စုမိသားစုက ဘာကိစ္စသဘောမတူရမှာလဲ။