အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
အပိုင်း (၇၀) အပြန်အလှန် ကြည့်မိကြလေသလား
နောက်တစ်နေ့ မနက်စောစောတွင် အမျိုးသမီးကျောက်က ဟယ်ရှောင်နင်ကို ခေါ်ကာ နှမ်းလုံးမုန့်ပေါင်းများ ထည့်ထားသည့်ခြင်းတစ်ခုနှင့် မြစ်အနောက်ဘက်ကမ်းသို့ ရောက်လာလေသည်။
ရွာထဲမှ ထွက်လာသည့်လမ်းတစ်လျှောက်တွင် လမ်းဘေးတွင်ထိုင်ကာ စကားစမြည် ပြောနေသည့် မိန်းမက ခြင်းတစ်လုံးနှင့် အနောက်ဘက်ကမ်းသို့ သွားနေသည့်သူမကို မြင်သွားလေသည်။ သူတို့သည် မနေနိုင်တော့ဘဲ နှုတ်ခမ်းများကို ကွေးလိုက်ကာ တီးတိုးပြောဆိုကြတော့သည်။
“ တော်တော် အရှက်မရှိတာပဲတော့ ၊ သူကြီးမိန်းမလုပ်ပြီး အပြင်လူတွေကို ဖားဖို့ အပြေးအလွှား သွားရနေရတယ်လို့”
နောက်ဆုံး ရွာထဲက လူတိုင်းသည် ဟယ်မိသားစု၏ မနက်စာဆိုင်လေးက အလွန်စည်ကားသည်ကို တွေးခဲ့လေသည်။ သူတို့သည် မနာလို အားမကျပါဟု ပြောလျှင် လိမ်ရာကျပေမည်။ ထိုအတင်းပြောသူများကလည်း နောက်ကွယ်တွင် တိတ်တိတ်လေးသာ ပြောရဲကြသည်။ အမျိုးသမီးကျောက်၏ တက်ကြွသည့်ဒေါသနှင့် ဆိုလျှင် သူမရှေ့တွင် ပြောခဲ့လျှင် သူတို့၏ပါးစပ်ကို အပိုင်းပိုင်း အစစဖြစ်အောင် ဆွဲဖြဲပစ်နိုင်သည်။
“အကြီးဆုံးမမလေး နိုးပြီပဲ၊ ဆန်ပြုတ်ကို မီးဖိုပေါ်မှာ နွှေးထားတယ်”
ချွေ့ချွေ့ က မီးဖိုထဲက ထွက်လာရာ ယိုကျင့်က အပြင်ဝတ်များဖြင့် ဆင်ဝင်အောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူမက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်၏။ (မူရင်းမှာကိုက နာမည်မပါတာ
“ အကြီးဆုံးမမလေးအတွက် အရင်ဆုး ရေနွေးသွားယူပေးမယ်နော်”
ထိုနောက် သူမသည် မီးဖိုထဲသို့ ပြန်ဝင်သွားလေသည်။
အခုတော့ စုမိသားစုတွင် မိန်းကလေး ၆ယောက်နှင့် ယွိလန် ရှိလာပြီဖြစ်ရာ စုမိသားစုမှ မိန်းကလေးအားလုံးသည် အိမ်အလုပ်ကို လုပ်ရန် မလိုတော့ချေ။ စုမိသားစုတွင် လူများလာသဖြင့် အနောက်ဆောင်မှ ယိုရင်တို့ ညီအစ်မသုံးယောက်က ပင်မဆောင်သို့ ပြောင်းကာ အမျိုးသမီးစုနှင့် နေကြရသည်။ အနောက်ဆောင်၏ အပေါ်ဘက်အခန်းနှင့် အောက်ဘက်အခန်းများကို ယွိလန်နှင့် မိန်းကလေးခြောက်ယောက်က နေသည်။ အနည်းငယ် လူများသော်လည်း သွားလာလို့တော့ ရသေးသည်။
နှင်းများ ရပ်သွားပြီးနောက် ခြံငယ်လေးကို ကြည့်ရင်း ယိုကျင့်သည် စိတ်အေးလက်အေး သက်ပြင်းချမိလေသည်။ ဒီလိုနေ့တွေက တကယ်နေလို့ကောင်းတာပဲ။
“မကြီး မနက်စာစားမယ်”
ယိုကျူး၏အသံက မီးဖိုဆောင်ဘက်မှ ထွက်လာ၏။ စုမိသားစုတွင် သခင်နှင့် အစေခံစည်းက ပိုထင်ရှားလာပြီး စားပွဲခွဲစားရသော်လည်း တစ်ရက်သုံးနပ်ကတော့ အတူတူပင်။
ပျစ်နှစ်သည့်ကောက်ညင်းဆန် ဆန်ပြုတ်ကို နွေရာသီတုန်းက ယိုကျင့်ကိုယ်တိုင်လုပ်ထားသည့် ကြက်သွန်ပင်ချဥ်နှင့် တွဲစားကြသည်။ အလွန်ပင် နှုတ်မြိန်လေသည်။ ဆန်ပြုတ် တစ်ပန်းကန်နှင့် ရိုးရိုးပန်ကိတ်တစ်လုံး စားပြီးနောက် ယိုကျင့်က ကျေနပ်စွာဖြင့် လက်ထဲက ပန်းကန်းလုံးကို ချထားလိုက်သည်။ သူမသည် သည်နှစ်အတွက် စာရင်းများ လုပ်ရန် အခန်းသို့ ပြန်တော့မည်ပြင်လိုက်စဥ် အပြင်ဘက်မှ အမျိုးသမီးကျောက်၏ ရွှင်လန်းနေသည့်အသံကို ကြားလိုက်ရတော့သည်။
“ စုမိသားစုအမျိုးသမီး ရှင် အခုပိုကောင်းလာတဲ့ပုံပဲနော်”
အမျိုးသမီးစုသည် အောက်သို့အနည်းငယ်လျှောကျနေသည့် ရှောင်ပါ့ကို ချီကာ ပြုံးလျက် အမျိုးသမီးကျောက်တို့ သားအမိကို ပင်မဆောင်သို့ ခေါ်လာခဲ့လေသည်။ မီးဖိုဆောင်မှ ထွက်လာသည့် ယိုကျင့်ကလည်း နောက်မှလိုက်လာ၏။
“ ရှင်တို့မိသားစုအိမ်လေးက အခုဆို ပရိဘောဂတွေနဲ့ ကောင်းကောင်းဆင်ယင်ထားတာပဲ”
အမျိုးသမီးကျောက်သည် စုမိသားစု၏ပင်မဆောင်ကို လှည့်ပတ်ကြည့်လိုက်လေသည်။ စျေးကြီးပစ္စည်းများ မဟုတ်သော်လည်း ဂွမ်းစောင်ထူထူ ၊ အပူပေး ခုတင်ကောင်းကောင်းတစ်လုံး နှင့် နူးညံ့သည့်သွားရေစာမုန့်များပင် စားပွဲပေါ်တွင် တင်ထားသေးသည်။ လက်ဖက်ရည်ယူလာပေးသည့် မျက်နှာစိမ်း ကောင်မလေးတစ်ယောက်လည်း ရှိသေးသည်။ ထိုအရာအားလုံးက စုမိသားစုသည် သူတို့၏လက်ရှိမိသားစုအခြေအနေတွင် အလွန်တိုးတက်လာပြီဟူသည့် သဘောပင်။
ယိုကျင့်က ပြုံးလိုက်ပြီး အမျိုးသမီးကျောက်၏နောက်တွင် ထိုင်လိုက်သည်။ သူမသည် သူမဆီ လက်လှမ်းနေသည့် ရှောင်ပါ့ကို လှမ်းချီလိုက်၏။ အမျိုးသမီးစုက ကလေးကို လှမ်းပေးလိုက်ပြီးနောက် အမျိုးသမီးကျောက်ဘက် ပြန်လှည့်လာလိုက်သည်။
“ ရှင့်မိသားစုရဲ့ စောင့်ရှောက်ပေးတာတွေကြောင့်ပါရှင်၊ ကျွန်မတို့တွေ ဝူလီချောင်မှာ အခြေချနိုင်ခဲ့တယ်”
ဟယ်ရှောင်နင်သည် ယိုပေါင်နှင့် အတူတူတွဲထိုင်ရင်း တိုးတိုးလေး စကားပြောကာ မုန့်စားနေကြလေသည်။ အမျိုးသမီးစုက အလွန်ဧည့်ဝတ်ကျေလွန်းလှသည်ကို မြင်လိုက်သဖြင့် အမျိုးသမီးကျောက်က ပြောလိုက်၏။
“ ကျွန်မတို့က ရှင့်မိသားစုကို စောင့်ရှောက်ပေးတာ ဘယ်ဟုတ်ရမလဲ၊ ကျွန်မ ပြောမယ်၊ ရှင့်မိသားစုကြောင့်သာ ကျွန်မတို့လည်း မနက်စာဆိုင်လည်း ဖွင့်ဖြင့် ငွေရှာနိုင်ခဲ့တာလေ”
စကားပြောပြီးနောက် သူမသည် မနေ့ညက ဟယ်ဟောက်နှင့် တိုင်ပင်ခဲ့သည့်အကြောင်းအရာကို အကြမ်းဖျဥ်းပြောလိုက်လေသည်။ ထို့နောက် သူမက ယိုကျင့်ကို ကြည့်လိုက်ပြီး
“ ယိုကျင့် နင် သဘောကောင်းပြီး စိတ်ထားကောင်းတာ အဒေါ်သိပါတယ် ဒါပေမဲ့ ဒါက စီးပွားရေးလုပ်နေတာလေ၊ အဒေါ်တို့က နင့်နေရာကို ဘာမှမပေးဘဲနဲ့တော့ ယူမထားနိုင်ဘူး ဟုတ်တယ်မလား”
အမျိုးသမီးစုသည် စီးပွားရေးကိစ္စကို ဘယ်တော့မှ ဝင်ပြောလေ့မရှိပေ။ အနောက်ဘက်တွင် ရှောင်ပါ့နှင့် ကစားပေးနေသည့် ယိုကျင့်က ခဏလောက်စဥ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။
“ အဒေါ်က ဖွင့်ပြောလာတယ်ဆိုတော့ ကျွန်မ အခုက စပြီး လက်ခံလိုက်ပါမယ်၊ တစ်လကို ဝမ်၅၀ ဆိုရင် ဘယ်လိုလဲ”
အမျိုးသမီးကျောက်သည် သူမက ဤမျှနိမ့်သည့် စျေးနှုန်းဖြင့် ပေးလိမ့်မည်ဟု လုံးဝမျှော်လင့်မထားချေ။ သူမသည် ထိုသို့လုပ်ခြင်းဖြင့် ငွေသက်သာမည်ဆိုသော်လည်း အမျိုးသမီးကျောက်က တခြားသူများအပေါ် ဘယ်တုန်းကမှ အမြတ်ထုတ်တတ်သူမဟုတ်။ သူမသည် နာကျင်မှုကို သည်းခံရင်း ပြောလိုက်လေသည်။
“ယိုကျင့်ရယ် ဒီလိုဆိုရင် အဒေါ်တို့က နင့်မိသားစုအပေါ် အမြတ်ထုတ်သလိုဖြစ်နေမှာပေါ့”
“ အဒေါ်ရယ် မစိုးရိမ်ပါနဲ့၊ ကျွန်မက ရှုံးမဲ့ စီးပွားရေးကို ဘယ်တော့မှမလုပ်ဘူး၊ အဒေါ်တို့လည်း နေ့တိုင်း မနက်စောစောထ ညနောက်ကျမှ အိပ်ရတာ လွယ်တာ မဟုတ်ဘူး၊ လုပ်ငန်းသေးသေးလေးက ငွေရှာဖို့ပဲလေ ဟုတ်တယ်မလား”
တကယ်လို့ မိသားစု ဝူလီချောင်မှာ အခြေချချင်ရင် သူတို့တွေ ဟယ်မိသားစုရဲ့ ထောက်ခံမှုကို လိုတယ်လေ။ ဒါက အရှုံးမဟုတ်ပါဘူး။
သူမသည် ထိုသို့သတ်မှတ်လိုက်ပြီကို သိလိုက်ရသဖြင့် အမျိုးသမီးကျောက်ကလည်း သူမ၏စေတနာကို လက်ခံလိုက်တော့သည်။ သူမသယ်လာသည့် အဝတ်ဖြင့်ဖုံးသည့် ခြင်းကို မ,လိုက်ပြီး
“ ဒီနှမ်းလုံးမုန့်ပေါင်းက နှစ်သစ်ကူးမှာ ကျွန်မတို့တွေက ဘိုးဘွားတွေနဲ့ ဘုရားကန်တော့တဲ့အခါ ထည့်ရတဲ့အစားအစာလေ၊ ရှင်တို့ ဒီကိုပြောင်းလာတာ အခုမှ ပထမဆုံးနှစ်ဆိုတော့ ဒါကို သိမယ်မထင်ဘူး၊ ငွေအများကြီး ကုန်ကျတာ မဟုတ်ပေမဲ့လည်း ကျွန်မတို့ရဲ့စေတနာလို့ မှတ်ပေးပါနော်”
သူမ စကားကိုကြားလိုက်သည်နှင့် အမျိုးသမီးစုက လက်ခံပေးလိုက်လေသည်။
“ ဒါဆိုရင်တော့ ယောက်မကို ကျေးဇူးတင်ပါတယ်ရှင်”
သူတို့သုံးယောက်သည် အတန်ကြာအောင် စကားပြောလိုက်ကြ၏။ အမျိုးသမီးကျောက်က ယိုကျင့်ကို တစ်ဖက်လှည့်ဖြင့် အပြင်သို့ ပို့လိုက်ပြီးနောက် သူမက စုမိသားစုနှင့် လက်ထပ်ထိမ်းမြားပြီး ဆွေမျိုးတော်စပ်ချင်သည့်အကြောင်း အမျိုးသမီးစုကို ပြောပြလိုက်တော့သည်။
“ ရှင်တို့ယိုကျင့်က လာမဲ့နှစ်စဆိုရင် ဆယ့်သုံးနှစ် ရှိပြီမလား၊ သူက အခုဆိုရင် မိန်းမပျိုလေး ဖြစ်လာပြီနော်၊ တခြားလူတွေကို အာရုံစိုက်ပေးရမဲ့အချိန်ရောက်လာပြီ ဟုတ်တယ်နော်”
ထိုစကားကို ပြောလိုက်တော့ အမျိုးသမီးစုက သက်ပြင်းချလေသည်။
“ ကျွန်မလည်း ဂရုစိုက်ချင်ပါတယ် ဒါပေမဲ့ ကျွန်မတို့က အခုမှပြောင်းလာတဲ့သူတွေလေ၊ ဘယ်သူနဲ့မှလည်း မရင်းနှီးဘူး၊ ကျွန်မတို့ ဘယ်လိုလုပ်ပြီး သတိထားမိနိုင်ပါ့မလဲ”
“ ကျွန်မရဲ့အကြီးဆုံးသားက ဆယ့်ခြောက်နှစ်ရှိပြီလေ၊ ပြီးတော့ လော့ဟယ်မှာ ကျောင်းတက်နေတယ်၊ သူက ထုန်ရှန်း(ပထမအဆင့်တော်ဝင်စာမေးပွဲအောင်ပြီးသူ) ဖြစ်ပြီးသားရှင့်၊ ကျွန်မလည်း သူ့မင်္ဂလာပွဲကိစ္စအတွက် စိတ်ပူနေတာ၊ ဒါပေမဲ့ သူ့အဖေက အခုက စာလေ့လာရမဲ့အချိန်လို့ ပြောထားလို့လေ၊ နောက်နှစ်နှစ်လောက်နေမှ ဆွေးနွေးတာပိုကောင်းမယ်တဲ့လေ”
အမျိုးသမီးကျောက်သည် သူမ၏မိသားစုတွင် သင့်တော်သည့် အရွယ်ရောက်ပြီးသား အလွန်အလားအလာရှိသည့် သားကြီးတစ်ယောက်ရှိမှန်း အမျိုးသမီးစုအား စောင်းပါးရိပ်ခြည် ပြောပြလိုက်လေသည်။
အမျိုးသမီးစုသည်လည်း ပါးနပ်သူတစ်ယောက်ပင်။ အမျိုးသမီးကျောက်၏စကားကို ကြားလိုက်တော့ အမျိုးသမီးကျောက်က အကြီးဆုံးသမီးဖြစ်သူကို မျက်စိကျနေမှန်း စိတ်ထဲတွင် သိလိုက်လေသည်။ အမျိုးသမီးစုသည် အမျိုးသမီးကျောက်၏မိသားစုကဲ့သို့သော မိသားစုကို အလိုလိုကျေနပ်ပြီးသားပင်။ သူမသည် အမျိုးသမီးကျောက်၏ သားကိုမမြင်ဖူးသော်လည်း ဝူလီချောင်က အမျိုးသမီးများ ပြောနေကြသည့်ကို ကြားခဲ့ဖူးသည်။ သူသည် အမှန်ပင် အရည်အချင်းရှိသူတစ်ယောက်ပင်။
“ ရှင့်အကြီးဆုံးသားက တကယ်တော်တဲ့လူငယ်လေးပဲရှင့်၊ ရှင်ဘာစိတ်ပူစရာလိုလဲ၊ ကျွန်မရဲ့ခမ်းအာသာ အနာဂတ်မှာ ဒီလိုလေးဖြစ်လာရင် ကျွန်မတော့ စိတ်အေးနိုင်ပါပြီရှင်”
သူမပြောလိုက်သည့်စကားက ဟယ်ရွှမ်းဟိုင်အား သဘောကျသည်ဟူ၍။
ယောက်ျားကလည်း ချစ်မြတ်နိုးပြီး မိန်းမကလည်း စိတ်ဝင်းစားသည်။ သို့နှင့် နှစ်ယောက်သားသည် အတန်ကြာအောင် စကားပြောလိုက်ပြီးနောက် အမျိုးသမီးကျောက်က မုန့်အဝစားထားသည့် ဟယ်ရှောင်နင်ကို ဆွဲကာ ပြုံးဖြီးကာဖြင့် မြစ်အရှေ့ဘက်ကမ်းသို့ ပြန်လာလေသည်။ နှမ်းလုံးမုန့်ပေါင်းထည့်ထားသည့်ခြင်းထဲတွင် အမျိုးသမီးစု၏ ကွာစေ့နှင့် သွားရေစာမုန့်နှစ်ထုပ်က နေရာယူထားလေသည်။
အမျိုးသမီးကျောက် ထွက်သွားသည်ကို မြင်လိုက်ပြီးနောက် ယိုကျင့်က ရှောင်ပါ့ကို ချီကာ ပင်မဆောင်သို့ ပြန်လာခဲ့သည်။ ခုတင်ပေါ်တွင် ချပေးလိုက်ပြီး ညီမငယ်လေးများက ခုတင်ပေါ်က ခမ်းအာနှင့် ကစားနေကြသည်။ သူမက မေးလိုက်၏။
“အမေ အဒေါ်ကျောက်နဲ့ ဘာတွေပြောနေကြတာလဲ၊ ပြီးတော့ သမီးတောင် နားထောင်မရဘူးလား”
သမီးဖြစ်သူ၏ တောက်ပသည့်မျက်လုံးအောက်တွင် အမျိုးသမီးစု အကြောင်းတချို့ကြောင့် အနည်းငယ် မလုံမလဲ ဖြစ်သွားလေသည်။ သူမသည် စကားကို လွှဲပြောလိုက်၏။
“ ဘာမှမဟုတ်ပါဘူး၊ ဟိုအတင်းဒီအတင်း ပြောနေတာပါ”
“တကယ်လား”
ယိုကျင့်သည် အမျိုးသမီးစု၏မျက်လုံးများကို ကြည့်ကာ စဥ်းစားလိုက်လေသည်။ သူမ၏စကားများသည် သံသယအပြည့်ဖြစ်နေ၏။ အမျိုးသမီးစု ထုတ်မပြောချင်လေရာ သူမကလည်း ထပ်မမေးတော့ချေ။ သူမသည် သည်အတိုင်းပြောလိုက်တော့သည်။
“ အမေ ဘာလုပ်နေတယ်ဆိုတာ သိရင်ဟုတ်ပါပြီ၊ သမီးကို ဘာမှမပြောဘဲနဲ့တော့ သမီးတို့ကို မရောင်းစားလိုက်နဲ့နော်”
“ အမေက ဘယ်လိုလုပ်ရက်မှာလဲ”
အမျိုးသမီးစုသည် မလုံမလဲဖြင့် ရယ်မောလိုက်လေသည်။
“ အမေဘာပဲလုပ်လုပ် သမီးတို့ကောင်းဖို့အတွက် လုပ်တာပါ၊ အမေက သမီးတို့ကို ဘယ်လိုများ ဒုက္ခရောက်အောင် လုပ်ရက်မှာလဲ”
အမျိုးသမီးစုသည် အကြီးဆုံးသမီးဖြစ်သူက အလွန်ဉာဏ်ကောင်းကာ သန်မာကြောင်း သိလေသည်။ သို့သော် ဒါသည် ကြီးမားသည့် ဘဝအပြောင်းအလဲကိစ္စပင်။ သူမက လျစ်လျူရှုမထားနိုင်ပေ။ သတင်းသာ ပေါက်ကြားသွားပြီး မိသားစုနှစ်ခုက လက်မထပ်ဖြစ်လျှင် အနာဂတ်တွင် သမီးဖြစ်သူ၏ဂုဏ်သိက္ခာ ပျက်စီးသွားလိမ့်မည်။ သို့ဆိုလျှင် ယိုကျင့်၏ဘဝတစ်ခုလုံးကို ဒုက္ခဖြစ်စေပေလိမ့်မည်။
သူမက ထိုသို့ပြောလိုက်သဖြင့် ယိုကျင့်ကလည်း ဆက်ပြီး ခန့်မှန်းမနေတော့ချေ။ တကယ်တော့လည်း အမေပြောတာ ဟုတ်ပါတယ်လေ။ သူဘာပဲလုပ်လုပ် သူကိုယ်တိုင်နဲ့ ညီမလေးတွေကိုတော့ ဒုက္ခရောက်အောင် လုပ်မှာမဟုတ်ပါဘူး။
ပင်မဆောင်မှ ထွက်လာပြီးနောက် ယိုကျင့်သည် အရှေ့ဆောင်၏ အောက်ဘက်အခန်းရှိ လုပ်လက်စ စာသင်ခန်းသို့ သွားလိုက်လေသည်။ ယွိလန်က စုမိသားစုက မိန်းကလေးများကို စာသင်ပေးနေ၏။ မိသားစုအခြေအနေ တိုးတက်လာသဖြင့် ယိုကျင့်က လက်ရေးလှရေးကျင့်ရန်အတွက် စျေးပေါသည့် စာရေးကိရိယာများကို ဝယ်ခဲ့လေသည်။ ယိုလော့ပင် သူမ၏နာမည်ကို တွန့်တွန့်ကောက်ကောက်ဖြင့် ရေးနိုင်နေပြီ။ အလွန်ထိရောက်မှုရှိသည်ဟု ဆိုနိုင်၏။
စာဖတ်ခန်းဟု ဆိုရလောက်အောင်လည်း လေးထောင့်စားပွဲဟောင်း သုံးလုံးသာရှိသည်။ စုမိသားစုက မိန်းကလေးများက ဝိုင်းထိုင်လိုက်ကြပြီး ယွိလန်၏ သင်ကြားမှုအောက်တွင် ဂရုတစိုက် စာရေးနေကြသည်။
“ မမလေးရဲ့လက်ရေးက အခုဆိုရင် ပိုပြီးလှလာပြီ၊ ပထမဆုံးအကြိမ်တုန်းက စုတ်တံကိုင်ပြီး ရေးတာနဲ့ ယှဥ်ကြည့်ရင် ဆီနဲ့ ရေလိုပဲ”
ယိုကျင့်ရေးထားသည့် စာလုံးကြီးများကို ကြည့်လိုက်ပြီးနောက် ယွိလန်က စိတ်အေးလက်အေးဖြင့် ခေါင်းညိတ်ပြလေသည်။ လက်ရေးကတော့ သာမန်ပဲလို့ သတ်မှတ်ရမယ်။ ဒါပေမဲ့ အရင်တုန်းက ခွေးခြစ်ကြောင်ခြစ် ရေးတဲ့ပုံထက်စာရင်တော့ အများကြီးလှလာတယ်။
ယိုကျင့်က နိမ့်နိမ့်ချချ ပြုံးလိုက်ပြီး
“ ဆရာက ကျွန်မက သေသေချာချာ သင်ပေးလို့ပါ”
ယွိလန်သည် ကျွန်တစ်ယောက်အဖြစ် ရောင်းခံခဲ့ရသော်လည်း လက်ရှိတွင်တော့ စုမိသားစု၏ လေးစားရသည့် ဆရာတစ်ယောက်ပင်။ သူမသည် ကလေးများကို အရေးအဖတ် သင်ပေးရန်နှင့် အမျိုးသမီးစုအား ကလေးထိန်းကူရန်သာ တာဝန်ယူရသည်။ ယွိလန်၏ဘဝသည် အလွန် ကောင်းမွန်လာလေသည်။
“ မာနကို ချိုးနှိမ်ပြီး နှိမ့်ချတတ်ရမယ်တဲ့၊ အရေးအသားမှာ အများကြီးတိုးတက်လာတယ်ဆိုပြီး ထောင်လွှာပြီး ဘဝမြင့်မနေရဘူးတဲ့၊ နောက်ထပ် သုံးမျက်နှာရေးပြီးရင် မမလေး သွားလို့ရပါပြီ”
ယွိလန်သည် စာရွက်သုံးရွက်ကို ထုတ်ပေးလိုက်၏။ ကောက်ရိုးဖြင့် လုပ်ထားသည့် စာရွက်ကြမ်းများက သူမ အရေးအဖတ်သင်စဥ်ကနှင့် လုံးဝမတူပေ။ သို့တိုင် ယွိလန်သည် စုမိသားစု၏လက်ရှိတတ်နိုင်သည့် အကောင်းအဆုံးအနေထားကို သိထားလေသည်။
အမှန်အတိုင်းပြောရရင် အစတုန်းက ယိုကျင့်က သူမကို စုမိသားစုအတွက် အရေးအဖတ် သင်ပေးစေချင်တယ်လို့ ကြားလိုက်တော့ စုမိသားစု ငွေအရမ်းချမ်းသာပြီး ငွေကို ဘယ်လိုသုံးရမယ်မှန်း မသိတာလို့ ထင်ထားခဲ့တာ။ နောက်ဆုံး ဒါက မိန်းကလေး ၇ယောက် တစ်ပြိုင်တည်း စာသင်ကြတာလေ။ နေ့တိုင်း စုတ်တံနဲ့မှင်တွေ လိုတာပေါ့။ ဒါက ကုန်ကျစားရိတ်အရမ်းများတာ။ မိန်းကလေးတွေက တော်ဝင်စားမေးပွဲကိုလည်း ဝင်ဖြေလို့ရတာမဟုတ်ဘူး။ အစတုန်းက ယွိလန်ထင်ထားတာက ယိုကျင့်က မိန်းကလေးတွင် မျက်စိပိတ်နားပိတ် မဖြစ်စေချင်လို့ပဲ လို့ ထင်ထားတာ။ ဒါပေမဲ့ အခုတာ့ ယိုကျင့်က စုမိသားစုရဲ့မိန်းကလေးတွေကို ယောက်ျားလေးတွေလို ပျိုးထောင်ပေးချင်နေတာပဲ။
“ဟုတ်ကဲ့”
ယိုကျင့်က သူမ၏နေရာတွင် ပြန်ထိုင်လိုက်ပြီး အာရုံစိုက်ကာ စုတ်ချက်တစ်ခုချင်းကို ဆွဲလိုက်လေသည်။ အကြီးဆုံးအစ်မက အလွန်စိတ်ဝင်တစားလုပ်နေသည်ကို မြင်လိုက်ရသဖြင့် ညီမငယ်လေးများကလည်း သေသေချာချာလုပ်ကာ လိမ်လိမ်မာမာဖြင့် လက်ရေးလှ ရေးကျင့်ကြတော့သည်။
နာရီဝင်လောက် လေ့ကျင့်ပြီး နောက်ဆုံး စာလုံးကို ရေးလိုက်ပြီးနောက် ယိုကျင့်သည် စိတ်အေးသွားဟန် သက်ပြင်းချလိုက်တော့သည်။
“ဆရာ ကျွန်မ စာရေးလို့ ပြီးသွားပါပြီ”
ယွိလန်သည် သေသေချာချာ စစ်ဆေးလိုက်ပြီးနောက် အသာအယာခေါင်းညိတ်လိုက်ကာ
“ ကောင်းပြီ ဒီနေ့ ဒီလောက်နဲ့ နားလိုက်ပါ၊ သွားလို့ရပါပြီ”
ယိုကျင့်တွင် တခြားအလုပ်များ ရှိသေးမှန်း သိထားသဖြင့် သူမအား အတင်းမနေခိုင်းတော့ပေ။
စာဖတ်ခန်းမှ ထွက်လာပြီးနောက် ယိုကျင့်သည် အရှေ့ဆောင်သို့ ပြန်လာခဲ့၏။ တံခါးကို သော့ခတ်လိုက်ပြီးနောက် ဗီဒိုထဲတွင် သိမ်းထားသည့် သစ်သားသေတ္တာလေးကို ဆွဲထုတ်လိုက်သည်။ ဒီနေ့ ဝူလီချောင်ကို ပြောင်းလာပြီးနောက်ပိုင်း ငွေအဝင်အထွက်ကို တွက်ရမယ်။ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ ယိုကျင့်သည် ဒီဇာင်ဘာ ၂၆ရက်ကတည်းက တွက်ချက်လာသည်ဖြစ်ရာ သည်နေ့တော့ ပြီးသင့်ပါပြီ။
ခေါင်းငုံ့ကာ စာရင်းတွက်ချက်လိုက်သည့်အချိန်က အမြဲလိုလို မြန်မြန်ပင် ကုန်ဆုံးသွားတတသည်။ ယိုကျင့်သည် စာရင်းလုပ်သည်မှာ သိပ်တောင်မကြာလိုက်သေးဟု ထင်နေတုန်း အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရပြန်သည်။
“ မမလေး နေ့လယ်စာအသင့်ဖြစ်ပါပြီ”
သူမသည် နေ့လယ်စာစားရန်အတွက် အပြင်ထွက်လာရပြန်သည်။ ထို့နောက် ယိုကျင့်သည် ပြန်လာပြီး စာရင်းပြုစုသည့်အလုပ်ကို ဆက်လုပ်လိုက်တော့သည်။ နောက်ဆုံးတွင် စာရင်းအားလုံးက ညနေစာမစားခင် ပြီးမြောက်သွားလေတော့သည်။
…
အပိုင်း (၇၁) နှစ်သစ်ကူးပွဲတော်
“ဆိုင်ဖွင့်တာ နှစ်ဆယ့်နှစ်ရက်ရှိနေပြီ။ စုစုပေါင်း ငါးရာ့သုံးလျန်း စုမိတယ်” ညနက်ချိန်၌ အမျိုးသမီးစု၊ ယိုကျူး၊ ယိုရင်နှင့်ယိုပေါင်တို့သည် ယိုကျင့်နှင့်အတူ ပင်မခန်း၌ စုဝေးနေကြသည်။ ယိုကျင့်သည် ထိုလေးဦးကို တီးတိုးပြောလိုက်သည်။ နောက်ဆုံးရက်က ရောင်းရငွေပါ ထည့်တွက်ထားခြင်းဖြစ်သည်။
“အဲ့ထဲက လေးဆယ့်ခုနှစ်လျန်းက ကွာစေ့မွှေးကနေ ရတာ ကျန်တဲ့ လေးရာငါးဆယ့်ခြောက်လျန်းက မုန့်ဆိုင်ကနေရတာ”
“အဲ့လောက်များတာလား” ကလေးများတင်သာမက အမျိုးသမီးစုသည်ပင် ဆွံ့အသွားခဲ့ရသည်။
“ယိုကျင့် သမီးမှားတွက်မိတာလား။ အမေတို့က အဲ့လောက်အများကြီး ရှာနိုင်လို့လား”
အမျိုးသမီးစုသည် သူမ၏စွမ်းရည်အသေးစားမှာ ထိုသို့ ငွေရှာနိုင်မည်မှန်း မသိခဲ့ပေ။
ကလေးလေးဦးမှာ အံ့ဩနေကြလေသည်။ “လျန်းငါးရာ အများကြီးပဲ”
ယိုရင်နှင့်ယိုကျူးသည် ယိုကျင့်၏ဘေး၌ ကူညီလုပ်ကိုင်နေကြ၍ သူမတို့ ပိုက်ဆံများစွာရှာနိုင်ကြောင်း သိပေသည်။ သို့သော် ထိုကဲ့သို့ များပြားမည်မှန်း မတွေးထင်ခဲ့ကြပေ။ ယိုကျူးသည် အကြံတစ်ခုကို အမြန်စဉ်းစားလိုက်သည်။ “မမကြီး နောက်နှစ်မှာ ဆိုင်အသစ် ထပ်ဖွင့်ရင်ရော ဘယ်လိုလဲ”
လူတိုင်း အံ့ဩနေကြသည့်အတွက် ယိုကျင့်သည် ကျေနပ်၀မ်းသာသွားမိသည်။
“လျန်းငါးရာ စုမိတယ်ဆိုပေမဲ့ ဆိုင်၀ယ်တာနဲ့ အလုပ်သမားခ ဖြတ်လိုက်ရင် ဘယ်နှရာမှ မကျန်တော့ဘူး။တကယ်လို့ ဆိုင်အသစ်အမြန်ဖွင့်မယ်ဆိုရင် လုပ်သားနဲ့ ငွေအားက ပြဿနာရှိတယ်။ အဲ့အတိုင်း ဆက်သွားရင် ပြဿနာတက်နိုင်တယ်”
“နွေဦးရောက်ရင် အိမ်ကို ပြန်ပြင်ဆောက်မယ်လို့ စဉ်းစားထားတယ်။ အိမ်မှာ လူအများကြီး ရှိရုံတင်မကဘူး။ သမီးတို့ညီအစ်မတွေလည်း ကိုယ်ပိုင်အခန်းကိုယ်စီ ရှိသင့်တယ်။ မဟုတ်ဘူးလား”
ယိုကျင့်သည် ထိုပြဿနာကို ရေရှည်ဆွဲဆန့်ထားရန် မစဉ်းစားထားချေ။ အိမ်ပြင်ဆောက်ခြင်းနှင့် မြေများ၀ယ်ယူခြင်းသည် အမှန်ပင် ငွေကုန်ကြေးကျများပေသည်။
ကိုယ်ပိုင်အခန်းရမည်ဟုကြားသိသည်နှင့် ညီအစ်မများသည် စိတ်လှုပ်ရှားလာတော့သည်။ သူမတို့ ကြီးပြင်းလာသည့် တလျှောက်တွင် ကိုယ်ပိုင်အခန်း မပိုင်ဆိုင်ဖူးသည့်အတွက် ကလေးများသည် သူတို့၏အကြံများကို အစ်မဖြစ်သူထံသို့ သာလိကာများကဲ့သို့ပင် စတင်ပြောဆိုတော့သည်။ “မမကြီး အဲဒါဆို သမီးတို့မှာ မီးဖိုချောင်အကြီးကြီး ရှိဖို့လိုတယ်”
“ဟုတ်တယ် နောက်ဘေးခြံတစ်ခုထားပြီး တောင်နောက်က မက်မွန်ပင်ကနေ မက်မွန်ပင်တွေ စိုက်ယူလို့ရတယ်”
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မင်းတို့ညီအစ်မတွေက ပြောလေ ကဲလေပဲ။ မနက်ဖြန် နှစ်သစ်ကူးပွဲတော် ရောက်ပြီမလို့ အိပ်ရာစောစော၀င်ကြ” အမျိုးသမီးစုသည် ထခုန်တော့မည့် သမီးဖြစ်သူများကို တည်ငြိမ်အောင် ပြောလိုက်သည်။
ယိုကျင့်သည် သဘောတူခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါပြီ ဘယ်နေရာမှာ ဆေုက်ရမလဲ ရွေးပြီးတာနဲ့ နှစ်သစ်ကူးပြီးနောက် နွေဦးကျရင် အိမ်ကိုစဆောက်မှာပါ”
အမျိုးသမီးစုတို့ သားအမိနှစ်ယောက်သည် ခဏတာဆွေးနွေးပြီးနောက် ယိုကျင့်သည် အိပ်စက်ရန် အနောက်ခြံ၀င်သို့ ပြန်သွားလေသည်။
………….
နှစ်သစ်ကူးနေ့၏ မနက်ခင်းအစော၌ ဗျောက်အိုးဖောက်သံများ ဆူညံနေလေသည်။ ယိုကျင့်သည် နွေးထွေးသည့် ခုတင်ပေါ်မှ ထထိုင်လိုက်သည်နှင့် စက္ကူကာထားသည့် ပြတင်းပေါက်မှတစ်ဆင့် ခြံထဲရှိပြေးလွှားနေသည့် ပုံရိပ်လေးကို ဝိုးတဝါးမြင်လိုက်ရသည်။ စုမိသားစုရှိ မိန်းကလေးများ ခြံထဲ၌ ဆော့ကစားနေကြခြင်းဖြစ်သည်။
“အား စန်းကျဲ ဗျောက်တွေကို မပစ်ရဘူးလေ” ယိုပေါင်သည် ဗျောက်များကိုင်ကာ အနောက်မှလိုက်လာသည့် ယိုကျူးကြောင့် ခြံထဲ၌ ပြေးလွှားနေလေ၏။ အငယ်ဆုံးကလေးမှာ ထိုနှစ်ဦးနောက်မှ ပြေးလိုက်နေလေသည်။ ခြံထဲ၌ ထိုကလေးများ၏ ရယ်သံများ လွှမ်းမိုးနေလေသည်။ နှင်းဖြူဖြူလွှမ်းနေသည့် အိမ်လေးမှာ စိုပြေကာ အသက်၀င်လှပေသည်။
ပြေးလိုက်နေရာမှ မောပန်းနေသော ယိုကျူးသည် ဗျောက်အား ယိုပေါင်၏နံဘေးသို့ ချိန်ကာပစ်လိုက်သည်။ ဗျောက်သည် အားပျော့သော်လည်း ယိုပေါ်အား အော်ဟစ်စေနိုင်သည်။ ကယ်တင်မည့်သူရောက်လာကြောင်း တွေ့သည်နှင့် ယိုပေါင်သည် အမြန်ပြေးသွားလိုက်လေသည်။
“မမကြီး စန်းကျဲက သမီးကို အနိုင်ကျင့်တယ်”
“စုယိုပေါင် နင်မရှက်ဘူးလား။ နင့်ဘာသာ မပြေးနိုင်ရင်လည်း မမကြီးကို သွားအပူမကပ်နဲ့လေ”
ယိုကျူးသည် သူမ၏ဖောင်းနေသော မျက်နှာလေးဖြင့် ယိုပေါင်အား ဆူပုတ်ပြလေသည်။ သူမ၏ပါးများမှာ ဖောင်းနေကာ နှင်းဆီရောင်သန်းနေလေသည်။ ထိုကလေးမသည် အမှန်ပင် တက်ကြွလန်းဆန်းနေလေ၏။
ယိုကျင့်သည် စိတ်ကျေနပ်သွားအောင် ယိုပေါင်၏ပခုံးကို ပုတ်ပေးကာ နှစ်သိမ့်လိုက်သည်။ “ဟုတ်ပါပြီ မင်းတို့အကုန်လုံး ပြေးလွှားနေလို့ ချွေးတွေထွက်နေပြီ။ အထဲ၀င်ပြီး သွားသုတ်ချည်တော့။ နှစ်သစ်ကူးကြီးမှာ ဖျားရင် ဆေး၀ယ်စရာနေရာမရှိဘူးနော်။ မင်းတို့ပဲ ကြိတ်ခံနေရမှာ”
အစ်မဖြစ်သူ၏စကားကြောင့် ကလေးများသည် အိမ်ထဲသို့ နာခံစွာ ၀င်သွားကြပြီး ချွေးများကို သေချာစွာ သုတ်လိုက်သည်။ ထူထဲသည့်အ၀တ်အထည်ကောင်းများကို ၀တ်ထားသည့် ညီမငယ်များသည် တစ်နှစ်ထက်တစ်နှစ် စားသောက်နေရင်းဖြင့် ကြီးထွားလာကြသည်။ ထိုကလေးများသည် အမှန်ပင် ကောင်းမွန်စွာ ပွင့်လန်းလာကြလေသည်။ တစ်ယောက်ချင်းစီသည် အလှကိုယ်စီ ရှိကြပေသည်။ ထိုပုံရိပ်များကို ယိုကျင့်၏နှလုံးသား၌ ကျေနပ်မှုကို ခံစားလိုက်ရသည်။
အိမ်ထဲသို့၀င်ကာ ချွေးများသုတ်ပြီး အအေးဒဏ်ကို အံတုရန် စွပ်ပြုတ်ပူသောက်ပြီးနောက် စုညီအစ်များ၏ စာလုပ်ချိန်သို့ ကျရောက်လာလေသည်။ ယွိလန်၏စီစဉ်မှုကြောင့် ညီအစ်မများသည် မနက်နှင့် ညနေခင်း၌ တစ်နာရီစီ စာလုပ်ရပေသည်။ နှစ်သစ်ကူးနေ့တွင်ပင် ပိတ်ရက်မရှိချေ။ သူမတို့ သင်ယူသင့်သည်များကို သင်ယူရမည်ဖြစ်သည်။
စုမိသားစုရှိ မိန်းကလေးများ စာသင်နေချိန်၌ ရှင်းယီ၊ ရှန်းနိုင်နှင့် အခြားလူများသည်လည်း အချောင်ခိုမနေကြချေ။ သူတို့သည် မီးဖိုချောင်ထဲသို့သွားကာ နှစ်သစ်ကူးညစာအတွက် ပြင်ဆင်နေကြသည်။
ယခုနှစ် နှစ်သစ်ကူး ညစာစားပွဲကျင်းပရန် စုမိသားစု၌ လူပေါင်းများစာရှိလေသည်။ ထို့အတွက် ယိုကျင့်သည် ဝူလီချောင်ရွာရှိ မိသားစုတစ်ခုဆီမှ ၀က်တစ်ကောင်ကို ၀ယ်ကာ အမျိုးသမီးစုအား ၀က်သားဆားနယ်ခြောက်နှင့် ၀က်ပေါင်ခြောက်များ ပြုလုပ်ခိုင်းလိုက်သည်။ ကျန်သည်များကို အအေးခံကာ တဖြည်းဖြည်း စားမည်ဖြစ်သည်။ ထို့အပြင် သူမတို့အိမ်၌ သိုလှောင်ထားသည့် ဂေါ်ဖီထုပ်နှင့် အာလူးများ ရှိသေးသည်။ ယိုကျင့်သည် လော့ဟယ်စီရင်စုမှ ဆိတ်နံရိုးသားများ ၀ယ်ယူလာသောကြောင့် နှစ်သစ်ကူးညစာသည် ဖွယ်ဖွယ်ရာရာမဖြစ်မည်ကို စိုးရိမ်စရာမရှိချေ။
ယခု၌ အမျိုးသမီးစုသည် မည်သည့်အလုပ်ကို လုပ်ကိုင်ရန် မလိုအပ်ပါချေ။ သို့သော်လည်း သူမသည် သမီးဖြစ်သူများအတွက် ညစာပြင်ဆင်ပေးရသည်ကို နေသားကျနေသောကြောင့် ရှင်းယိအား အငယ်လေးနှစ်ဦးကို ထိန်းခိုင်းစေကာ အကူငါးယောက်ဖြင့် သူမပြုလုပ်နေကြအတိုင်း ပြုလုပ်တော့သည်။
စုမိသားစု၏ နှစ်သစ်ကူးညစာအတွက် ပြင်ဆင်ရသည့် ပမာဏမှာ မနည်းလှပေ။ စုမိသားစု၀င် ဆယ်ယောက်နှင့် ယွိလန်အပါအ၀င် အကူခုနှစ်ယောက်ရှိပေသည်။ ဦးလေး၀မ်နှင့် ဟန်လီတို့ညီအစ်ကိုပါ ထည့်တွက်ပါက အတိအကျ လူနှစ်ဆယ်ရှိပေသည်။ ထို့အတွက် အမျိုးသမီးစုသည် ဟင်းပွဲပန်းကန် ခြောက်ချပ်နှင့် စွပ်ပြုတ်အိုးကြီးတစ်အိုး တည်လိုက်လေသည်။ ဟင်းပွဲပန်းကန်တစ်ခုစီ၌ ၀က်သားများ ပြည့်မောက်နေအောင် ထည့်သွင်းထားသည့်အတွက် မလုံလောက်မည်ကို စိုးရိမ်စရာမရှိပေ။
နှစ်သစ်ကူးနေ့တွင် ရာသီဥတုမှာ အလွန်ပင် ကောင်းမွန်လှပေသည်။ နေ၀င်သည်နှင့် ယိုကျင့်သည် ညီမများကိုခေါ်ကာ ခြံ၀င်းထဲ၌ နှစ်ကြောင်းစပ်ကဗျာများ လိုက်လံကပ်လေသည်။ ထို့နောက် မြစ်၏တစ်ဖက်ကမ်းရှိ ဝူလီချောင်ရွာကို ရပ်ကြည့်မိလေသည်။ မီးခိုးငွေ့များသည် မီးဖိုချောင်မှ လိပ်တက်လာကာ ရွှေရောင်အလင်းတန်းများသည် အိမ်မှဖြာထွက်နေပြီး နှင်းများပေါ်သို့ ကျဆင်းလေသည်။ ခွေးဟောင်သံများ၊ ကလေးများ၏ ရယ်သံများနှင့် ဗျောက်အိုးဖောက်သံများကိာ ရံဖန်ရံခါကြားရပေသည်။
လေအေးများကို ရှူထုတ်လိုက်သည့်အခါ ထိုလေများသည် အဖြူရေုင် မြူခိုးငွေ့များအဖြစ် ပြောင်းလဲပြီးမှသာ ပျောက်ကွယ်သွားခဲ့သည်။ သူမသည် ကျောပေးလိုက်ကာ အိမ်ထဲသို့၀င်ပြီးနောက် အပြင်လူများ၏ အမြင်နှင့် အေးစက်မှုများကို ကွယ်ပျောက်စေရန် တံခါးကို ပိတ်လိုက်တော့သည်။
နှစ်သစ်ကူး ညစာစားပွဲအား အမျိုးသမီးစု၏ ပင်မအခန်း၌ ကျင်းပပေသည်။ ပိုင်ကျီမှ နောက်ဆုံးသော မျှစ်ဟင်းကို စားပွဲသို့ ယူလာပြီးချိန်၌ ယိုကျင့်သည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ စကားစလေသည်။ “ဒီနေ့က နှစ်သစ်ကူးပွဲတော်နေ့ပဲ။ အရက်အစား ဒီရေနွေးကြမ်းလေးနဲ့ပဲ အားလုံးရဲ့ ကြိုးစားပေးမှုကို ကျေးဇူးတင်လိုက်ပါတယ်။ နောက်နှစ်တွေမှာလည်း အတူအလုပ်လုပ်ပြီး အစားကောင်းတွေ စားပြီး အိမ်အကြီးကြီးမှာ နေပြီး ငွေတွေပိုရှာကြမယ်”
ယိုကျင့်၏ စကားဆုံးသည်နှင့် အခန်းထဲရှိ လူအားလုံးသည် ခွက်ကို မြှောက်ကာ ဂုဏ်ပြုကြတော့သည်။
“ငွေပိုရှာကြမယ်”
သူတို့သည် သေရည်အစား လက်ဖက်ရည်ကြမ်းကို သုံးကာ မတ်တတ်ရပ်၍ပင် ခွက်များတိုက်ကာ ချီးမြှောက်ကြလေသည်။
ထိုဆနရာ၌ သေရည်သောက်သူမှာ ဦးလေး၀မ်တစ်ဦးသာရှိပြီး ယိုကျင့်သည် ဦးလေး၀မ် သောက်သုံးရန်အတွက် အရည်အသွေး ပြည့်မီသော ကျူးယီချင်ကျင်း၀က်ကို သီးသန့်၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ဦးလေး၀မ်သည် တစ်ခွက်မျှ သောက်သုံးပြီးနောက် ထိုသို့ဆိုလေသည်။
“ငါက အသက်ကြီးနေပြီ။ ငွေက အဲ့လောက် အရေးမပါဘူး။ နောက်နှစ်တွေမှာ ဒီထက်ကောင်းတဲ့အရက် သောက်ရရင် ရပြီ”
“ဟုတ်ပြီ ဦးလေးဖို့ နောက်နှစ်ကျ ဒီထက်ကောင်းတဲ့ သေရည်ရစေရမယ်” ယိုကျင့်သည် ကောင်းမွန်စွာ တုံ့ပြန်ပြီးနောက် ဆော်ဩလိုက်သည်။
“အကုန်လုံး တူတွေကိုင်ကြတော့လေ။ ထပ်စောင့်နေရင်။ အေးကုန်တော့မယ်”
စုမိသားစု၏ နှစ်သစ်ကူးညစာမှာ ပေါများကာ အရသာရှိလှသည်။ ခုတင်သည်လည်း ပူပြင်းနေကာ တစ်အိမ်လုံးကိုပင် အပူပေးနိုင်လေသည်။ အကုန်လုံး၏ နှုတ်ခမ်းများသည် ဆီများဖြင့် ပေရည်နေပြီး ခန္ဓာကိုယ်များလည်း လေးလံနေကြသည်။ သူတို့သည် ထိုညစာကို အပြီးသတ်ရန် နာရီ၀က်မျှ ကြာပေသည်။ ထို့နောက် ကျန်ရှိသည့်ဟင်းအပိုများကို စားပွဲ၌သာ ချန်ထားခဲ့ကြသည်။
စားသောက်ပြီးသည်နှင့် ဦးလေး၀မ်သည် သေရည်ဒဏ်ကို မခံနိုင်သောကြောင့် အနားယူရန် အဆောင်သို့ ပြန်သွားလေသည်။ ဟန်လီတို့ညီအစ်ကိုနှစ်ဦးသာ စုအိမ်၌ နှစ်ကူးပွဲကျင်းပရန် ကျန်ရှိခဲ့သည်။
“ယိုကျူး အာ့ဟွာနဲ့ အခြားလူတွေကို ခေါ်ပြီး အရင်နေ့က စတိုခန်းထဲမှာသိမ်းထားတဲ့ ဗျောက်တွေနဲ့ မီးပန်းတွေကို ထွန်းဖို့သွားယူလာခဲ့” ယိုကျင့်သည် ဆင်၀င်၏ တံစက်မြိတ်အောက်၌ ရပ်ကာ ကြယ်ရောင်စုံသည့် ကောင်ကင်ကို ငေးမောရင်း ပျင်းရိနေသော ကလေးများအတွက် ပျော်စရာ ဖန်တီးပေးလိုက်လေသည်။
ယိုကျင့်ပြောသည့် စကားကို ကြသည်နှင့် ကလေးများသည် ဆူညံပွက်လောရိုက်စွာဖြင့် စတိုခန်းထဲသို့ သွားကြလေသည်။ အသက်ကြီးသူယိုကျင့် တစ်ဦးတည်းသာ တံစက်မြိတ်အောက်၌ ရပ်ကာ ကြည့်ရှုနေလေသည်။
“မင်းငါတို့အိမ်ကို ရောက်တာ နှစ်၀က်လောက်ရှိနေပြီ နေသားကျသွားပြီလား” ယိုကျင့်နှင့် ဟန်လီသည် ခြေလှမ်းအနည်းငယ်ကွာရုံသာ ခြားပြီး ဘေးချင်း ယှဉ်ရပ်နေကြသည်။ သူမသည် ခြံထဲ၌ ပျော်ပါးနေကြသော ကလေးများကို ကြည့်ကာ သတိလက်လွတ်မေးလိုက်သည်။
ဟန်လီသည် စကားလုံးအနည်းငယ်သာ ပြောတတ်သည့်သူဖြစ်၍ “အွန်း”ဟူသော အသံသာပြုကာ မည်သည့်အသံမျှ မထွက်တော့ချေ။ ယိုကျင့်သည် ထိုအရာကို စိတ်မဆိုးသည့်အပြင် ပျော်ရွှင်စွာ စကားဆက်လေသည်။ “အစက မင်းကို အိမ်မှာ ခေါ်မထားချင်ခဲ့ဘူး။ မင်းရဲ့နောက်ခံကို ငါတို့မှမသိတာ။ ပြီးတော့ မင်းက တအားခုခံတတ်ပြီး တိုက်ခိုက်တတ်တယ်။ ဒါပေမဲ့ ယိုရင်က မင်းတို့ခံစားနေရတာကို မကြည့်ရက်လို့ ငါ့ကိုအကြာကြီး တောင်းဆိုခဲ့တာ”
ယိုကျင့်သည် မသိလိုက် မသိဘာသာဖြင့် ခေါင်းရမ်းလိုက်မိသည်။ “ငါလည်း သူ့ကို မတားနိုင်ဘူးလေ”
ဟန်လီသည် စုအိမ်တော်သို့ ရောက်ရှိရသည့် အကြောင်းအရင်းအမှန်ကို ပထမဆုံး ကြားသိရခြင်းဖြစ်သည်။ ထိုမိန်းကလေးငယ်သည် သူ့အတွက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ခြံ၀န်းထဲရှိ လာဗင်ဒါ၀တ်စုံလေးနှင့် ပြုံးရယ်နေသော ထိုသူကို ကြည့်ကာ ဟန်လီ၏ မျက်၀န်းထဲ၌ ကျေးဇူးတင်စိတ်များ ပေါက်ဖွားလာလေသည်။
“မေ့လိုက်တော့ အကုန်လုံးက အတိတ်တွေပဲ။ စုအိမ်ကို ရောက်မှတော့ မိသားစုလိုပဲနေကြပေါ့။ တကယ်လို့ တစ်နေ့ ထွက်သွားချင်ရင် ကြိုပြီးတော့ အသိပေး” ယိုကျင့်သည် သက်ပြင်းချကာ အတည်ပေါက်ဖြင့် ပြောလိုက်သည်။
“ဘာနေနေ မိတ်ဆွေတွေပဲမလား”
ဟန်လီတို့ညီအစ်ကို နှစ်ဦးသည် အခြားသူများနှင့်မတူဘဲ စုမိသားစုထံ၌ ကိုယ့်ကိုယ်ကိုယ် ရောင်းစားထားခြင်းမဟုတ်ပေ။ ထို့အတွက် သူတို့ထွက်သွားလိုပါက ထွက်သွားနိုင်သည်။
“မသွားပါဘူး” ဟန်လီထံမှ ထိုသို့ရှင်းလင်းသည့် ဖော်ပြချက်မျိုး ထုတ်ပြသည်မှာ ရှားပါးပေသည်။ ယိုကျင့်သည် ဟန်လီ၏တုံ့ပြန်မှုကြောင့် ပြုံးလိုက်ကာ မည်သည့်စကားမျှ မဆိုတော့ချေ။
နှစ်သစ်ကူးအချိန်သည် ညနက်သည်ထိ အကျုံး၀င်ပေသည်။ ကလေးအုပ်စုသည် ထိုအချိန်ကို စောင့်စားနေရင်း ဆော့ကစားနေကြသည်။ ဆယ်နာရီထိ ဆော့ကစားပြီးနောက် အိပ်ချင်လာသည့်အခါ ကလေးများသည် သက်ဆိုင်ရာအခန်းရှိ အိပ်ရာပေါ်သို့ သွားရောက် အိပ်စက်ကြတော့သည်။ အစဉ်လိုက် အိပ်မောကျနေသော ညီမဖြစ်သူများအား နွေးထွေးစေရန် စောင်များ ဂရုတစိုက် ခြုံပေးလိုက်သည်။ ထို့နောက် ယိုကျင့်သည် အခန်းထဲမှ အမျိုးသမီးစု၏ အခန်းသို့ တိတ်တဆိတ်ထွက်ခွာခဲ့လေသည်။ သူမရောက်ရှိသည့်အခါ အမျိုးသမီးစုသည် ယွိလန်အား တီးတိုးပြောနေရာမှ ရပ်လိုက်လေသည်။
သူမတို့အား ထိုသို့ တွေ့လိုက်ရသောအခါ ယိုကျင့်သည် ဘာမျှမပြောဘဲ အခန်းထံမှထွက်ကာ သူမ၏အခန်းထဲရှိ တစ်စစီဖြစ်ခါနီး စာအုပ်အဟောင်းလေးကို ယူပြီး ပင်မခန်းသို့ ပြန်လာခဲ့သည်။ ထို့နောက် ဖယောင်းတိုင်အောက်၌ ထိုင်ကာ မီးမငြိမ်းခင်အထိ စာကြည့်နေခဲ့သည်။
အမျိုးသမီးစု၏ စကားကို နားထောင်ပေးခဲ့သည့် ယွိလန်သည် အမျိုးသမီးစုကဲ့သို့ ပျော်ရွှင်နေရမည့်အစား မျက်မှောင်ကြုတ်ကာ ကန့်ကွက်လေသည်။
“သခင်မ မမလေးကို အရင်မေးတာ ကောင်းမယ်ထင်တယ်။ ကျွန်မအထင် သူတို့နှစ်ယောက်က မလိုက်ဖက်ဘူး”
“ဘာလဲ။ ငါတို့ယိုကျင့်က ဟယ်မိသားစုက အကြီးဆုံးသားနဲ့ မတန်ဘူးထင်တာလား” ယွိလန်ပြောသည့် စကားကို ကြားပြီးနောက် ယွိလန်သည် သူမတို့အား ကိုင်းမြှင့်ကို တက်ချင်သည်ဟု ထင်နေကြောင်း တွေးမိလိုက်သည်။
“ဟယ်မိသားစု အကြီးဆုံးသားက တုန်ရှန်းရောက်နေတယ်ဆိုပေမဲ့ ငါတို့သမီးကလည်း သူ့လောက် မညံ့ပါဘူး။ ငါတို့မိသားစု စီးပွားရေးက သူတို့ထက်ပိုကောင်းတယ်မလား”
“သခင်မ ကိုင်းမြှင့်ကို တက်တာ ကျွန်မတို့ မဟုတ်ဘူး။ အဲဒါ ဟယ်မိသားစုပဲ။ အကြီးဆုံးမမလေးက သခင်မဗိုက်ထဲက ထွက်လာတဲ့ကလေးပါ သူရဲ့စိတ်နေစိတ်ထားနဲ့ စွမ်းရည်ကို သခင်မအသိဆုံးပါ။ တခြားအကြောင်းမပြောဘဲ စုမိသားစုရဲ့အနာဂတ်ကိုပဲကြည့်။ ကျွန်မတို့ အခု အခြေအနေက သခင်မလေးကိုယ်တိုင် လက်ဗလာနဲ့ ထူထောင်ခဲ့တာ။ သာ့ဖန်တပြည်လုံးမှာ သခင်မလေးလို အသက်ဆယ့်နှစ် ဆယ့်သုံးနှစ်နဲ့ စွမ်းဆောင်နိုင်တဲ့ မိန်းကလေးရှိလို့လား” ယွိလန်၏အမြင်၌ ဟယ်မိသားစု၏ သားအကြီးဆုံးမှာ တုန်ရှန်းသာ ရှိသေး၍ ထိုလူသည် မြို့တော်ပင်မဆိုချေ လော့ဟယ်စီရင်စု၌ပင် မြေတစ်ကွက်ကို မပိုင်ဆိုင်သေးချေ။ သို့သော် သာ့ဖန်တပြည်လုံး၌ သူမ၏သခင်မလေးကဲ့သို့ လူမျိုးကို ရှာမတွေ့နိုင်ချေ။ ဟယ်မိသားစုသာ စုမိသားစုကဲ့သို့ ကိုင်းမြှင့်ကို လှမ်းမှန်းကြသူများဖြစ်ပေသည်။
ယွိလန်သည် သူမတို့၏အဝေး၌ရှိနေသော ယိုကျင့်ကို ကြည့်ကာ တီးတိုးပြောလိုက်သည်။
“အကြီးဆုံးမမလေးက သူ့အတွေးနဲ့သူရှိနေတာ။ တကယ်လို့ သခင်မသာ သူ့ကို ဘာမှမပြောဘဲ စီစဉ်လိုက်တာ သိသွားရင် စိတ်ပျက်သွားလိမ့်မယ်။ အနာဂတ်မှာလည်း ဒီကိစ္စကြောင့် သွေးကွဲသွားလိမ့်မယ်”
ယွိလန်ပြောသည့်စကားများကြောင့် အမျိုးသမီးစုသည် သက်ပြင်းချမိလေသည်။ ယွိလန်ဆို လိုချင်သည်ကို သူမနားလည်ပေသည်။ ယိုကျင့်သည် ငယ်စဉ်ကတည်းကပင် ကိုယ်ပိုင်အတွေးရှိသူ ဖြစ်သည်။ သူမသာ ယိုကျင့် မကြိုက်သည့်ကိစ္စကို အတင်းစီစဉ်လိုက်ပါက သူမတို့နှစ်ဦးကြား၌ သွေးကွဲသွားလိမ့်မည်။ သူမသည် ယွိလန်ပြောသည်ကို လက်ခံလိုက်သည်။
“မင်းပြောတာမှန်တယ်။ မနက်ဖြန်ကျ သူနဲ့ဆွေးနွေးလိုက်ပါ့မယ်”
ပင်မအခန်းထဲ၌ ရှန်းနိုင်နှင့် အခြားလူများသည် ကွာစေ့နှင့်သရေစာများစားကာ ဆူညံနေကြသည်။ ယိုကျင့်သည် သူမ၏စာ၌သာ အာရုံစိုက်ထားခြင်းကြောင့် အမျိုးသမီးစုနှင့်ယွိလန်တို့ ပြောသည့်စကားများကို မကြားသည်မှာ ပုံမှန်ဖြစ်သည်။
...
အပိုင်း (၇၂) နှစ်သစ်ကူးနှုတ်ဆက်ခြင်း
နောက်တစ်နေ့ မနက်တွင် မနက်စောစောမှာသာ စည်ကားနေတတ်သည့် စုမိသားစုသည် မိုးလင်းလာသည်နှင့် အသက်ဝင်လာတော့သည်။ စုမိသားစုသည် လော့ဟယ်တွင် ဇာတိမဟုတ်သလို ၊ အလည်အပတ် သွားရန် ဆွေးမျိုးလည်းမရှိ ကန်တော့ရန် ဘိုးဘွားများလည်းမရှိသော်လည်း တဖုန်းတွင် နှစ်သစ်ကူး၏ပထမဆုံးရက်တွင် စောစောထရသည့် အလေ့အထရှိလေသည်။ အဓိပ္ပာယ်မှာ မနက်စောစောထသူများက အလုပ်ကြိုးကြိုးစားစား လုပ်နိုင်ပြီး နှစ်သစ်တွင် ကံကောင်းခြင်းများ သယ်လာကာ ချမ်းသာမည် ဟူ၍။
စုမိသားစု၏ကလေးများကလည်း နှစ်သစ်၏ပထမဆုံးရက်တွင် စောစောထရမည့် ဓလေ့ကို သိထားလေသည်။ သို့သော် သူတို့သည် ချွေ့ဖုန်းရွာတွင် ရှိစဥ်က နှစ်သစ်ကူး၏ပထမရက်မှာ နှစ်တိုင်းလိုလို ညီအစ်မများ အရိုက်ခံရသည့် အချိန်ဖြစ်ခဲ့လေသည်။ သူတို့အားလုံးသည် ပြင်းပြင်းထန်ထန် အရိုက်ခံခဲ့ရသည်။ သည်နှစ်တွင် သူတို့ကို လာရိုက်မည့်သူ မည်သူမှမရှိသော်လည်း သူတို့အားလုံးသည် မနက်စောစောထကာ အဝတ်အစားသစ်များကို လဲလိုက်ကြသည်။ ထို့နောက် တန်းစီကာ အမျိုးသမီးစုအား ကန်တော့ကြပြီး နှစ်ကူးမုန့်ဖိုးတောင်းကြသည်။
“အမေ နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာပါစေ”
ယိုကျင့်နှင့်ယိုရင်တို့က ညီမငယ်လေးများကို ဦးဆောင်ကာ နှစ်တန်းစီလိုက်ပြီး ဒူးထောက်ကာ အမျိုးသမီးစုကို ဦးချကန်တော့လိုက်လေသည်။ ချွေ့ချွေ့ နှင့် ပိုင်ကျီတို့က တွဲထားပေးသည့် ရှောင်ပါ့နှင့် ခန်းအာတို့ကပင် ကန်တော့လိုက်ကြလေသည်။
အပေါ်တွင်ထိုင်ရင်း အမျိုးသမီးစုက အဝတ်အစားသစ်များ ဝတ်ဆင်ထားသည့် ကလေးများကို ကြည့်လိုက်၏။ သမီးအားလုံးသည် ခြောက်ကပ်ပိန်ပါးနေသည့် အသွင်မှ ချောမောကာ ချစ်စဖွယ်အသွင် ပြောင်းလာ၏။ သူမ၏မျက်လုံးများသည် မထိန်းနိုင်တော့ဘဲ မသိမသာ နီရဲသွားတော့သည်။
“ အိုကွယ် ထကြပါ မြေကြီးက အေးတယ်”
သူမသည် နှာရှုံ့လိုက်ပြီး စီးကျလာတော့မည့် မျက်ရည်များကို ဖိနှိပ်ထားလိုက်၏။ အစောကတည်းက ပြင်ဆင်ထားသည့် နှစ်သစ်ကူးမုန့်ဖိုးကို လက်ဖြန့်တောင်းနေကြသည့် သမီးများအား လှမ်းပေးလိုက်ပြီး
“ လိမ္မာသိတတ်တဲ့ သမီးလေးတွေဖြစ်ပါစေ၊ ဒီနှစ်လည်း များများစားပြီး ပိုကြီးလာကြနော်”
စုမိသားစု၏မိန်းကလေးများက နှစ်သစ်ကူးနှုတ်ဆက်ကန်တော့ပြီးနောက် ယွိလန်က ဦးဆောင်ပြီး ရှင်းယီ၊ ချွေ့ချွေ့ နှင့် တခြားသူများကလည်း နှစ်တန်းဖြစ်အောင် စီရပ်လိုက်ကာ
“ သခင်မနှင့် မမလေးအားလုံးအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းပေးပါတယ်”
“ ဆရာ ဘာလုပ်တာလဲ”
ယိုကျင့်က ယွိလန်ကို မြန်မြန်တွဲထူလိုက်တော့သည်။ သို့သော် ယွိလန်က သူမကို အသာအယာ တွန်းလိုက်ပြီး
“ မမလေး ဒီလိုကန်တော့ရမှာက ယွိလန် အစောကြီးကတည်းက လုပ်သင့်တဲ့အရာပါ”
စုမိသားစုကြောင့်သာ မဟုတ်ရင် သူမ ဝဝလင်လင် စားရပြီး နွေးနွေးထွေးထွေးနေနိုင်ဖို့က တခြားအကြောင်းအရာတစ်ခု ဖြစ်သွားပြီ။ သူမက တရားဝင်ကျေးကျွန်တစ်ယောက်ပဲလေ။ ဒီတော့ သူမရဲ့တစ်ဘဝလုံးက အဆင့်နိမ့်လူတစ်ယောက်ပဲ ဖြစ်နိုင်မှာ။ ဒါပေမဲ့ သူမ စုမိသားစုရဲ့အိမ်တံခါးကို ဝင်လာကတည်းက စုမိသားစုဝင်အားလုံးက သူမကို ဆရာတစ်ယောက်ကို လေးစားပေးကြတယ်။ ဒါက ဒုတိယဘဝရဲ့ကျက်သရေတစ်ခုလို့ ပြောလို့ရတယ်လေ။ ဒါကြောင့်ပဲ သူမက အစောကတည်း ဒီလိုလုပ်သင့်တာပေါ့။
သူမ၏စိတ်အားထက်သန်မှုကို မြင်လိုက်ရသဖြင့် ယိုကျင့်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရုံသာ တတ်နိုင်တော့သည်။ ယွိလန်ဆီမှ ဦးညွှတ်နှုတ်ဆက်ခြင်းကို လက်ခံပြီးနောက် သူမကို မြန်မြန်တွဲထူပေးလိုက်လေသည်။ အမျိုးသမီးစုက ကြိုတင်ပြင်ဆင်ထားသည့် နှစ်သစ်ကူးမုန့်ဖို့ကို မိန်းကလေးများအား တစ်ယောက်ချင်း ဝေပေးလိုက်၏။
“ ငွေတွေ စုထားကြနော်၊ မိန်းကလေးတစ်ယောက်မှာ ပိုင်ဆိုင်မှုတချို့တော့ ရှိထားသင့်တယ်”
“ ဟုတ်ကဲ့ပါ သခင်မ”
ချွေ့ချွေ့ နှင့် ကျန်လူများက ပြုံးရွှင်ကာ ပြန်ဖြေလိုက်ကြ၏။ နှစ်သစ်ကူးအကြိုတွင် ယိုကျင့်က ပြီးခဲ့သည့် လများက အလုပ်ကြိုးစားခဲ့ကြသူအားလုံးကို အပိုဆုကြေး ပေးလိုက်လေသည်။ မီးဖိုထဲတွင် မုန့်လုပ်ရသည့် ချွေ့ချွေ့ နှင့် တခြားမိန်းကလေးများက ငွေ နှစ်စ။ ရှေ့ဘက်တွင် ဧည့်ခံပေးကြသည့် ရှင်းယီနှင့် ကျန်မိန်းကလေးများက အနည်းငယ်လျော့ကာ ရကြသည်။ သို့သော် ငွေတစ်စသာ နည်းလေသည်။ ထို့အပြင် သူတို့အရင်က ရထားသည့် နှစ်လစာ ပေါင်းလိုက်လျှင် အစေခံမလေးများသည် သူတို့၏လက်ထဲတွင် ငွေတချို့ ရှိလာတော့သည်။ သူတို့အားလုံး အလွန်ပျော်သွားကြတော့သည်။
စုမိသားစုသည် သူတို့၏ဘိုးဘွားများကို ကန်တော့စရာမလိုပေ။ အမျိုးသမီးစုအား နှစ်သစ်ကူး ကန်တော့ပြီးနောက် နှစ်သစ်ကူး လာကန်တော့ကြရင်း မုန့်တောင်းစားကြသည့် ကလေးများလည်း ရှိသည်။
“ အဒေါ်စု နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာပါစေ”
“ ဟုတ်ပါပြီကွယ် ထကြ မြေကြီးက အေးတယ်”
အမျိုးသမီးစုသည် ဝမ်းသာပျော်ရွှင်ကာ ထရပ်လိုက်ပြီး ကွာစေ့နှင့် မုန့်များ အပြည့်ထည့်ထားသည့် ဝါးခြင်းတောင်းတစ်ခုကို ယူလာလိုက်ပြီး
“ မြန်မြန်ယူစားကြနော်”
စုမိသားစု၏ အရသာရှိသည့်မုန့်အကြောင်းသည် ဝူလီချောင်ရွာက ကလေးများကြားတွင် နာမည်ကြီးလေသည်။ အမျိုးသမီးက အလွန်သဘောကောင်းသည်ကို တွေ့လိုက်ရသဖြင့် မိန်းကလေးငယ်လေးများက အစပိုင်းတွင် နည်းနည်းရှက်နေကြ၏။ ယိုပေါင်က မြန်မြန် တီးတိုးပြောလိုက်လေသည်။
“ ရပါတယ်၊ ငါ့အိမ်မှာ အများကြီးရှိသေးတယ်၊ ယူလိုက်”
နှစ်သစ်ကူး အလည်လာကြသည့် ပထမကလေးအုပ်စုက ယိုပေါင်၏ကစားဖော်များ ဖြစ်နေတော့သည်။ ယိုပေါင် ပြောလိုက်သည့်စကားကို ကြားလိုက်ပြီး မိန်းကလေးများက ရှက်ပြုံးပြုံးလိုက်ကာ ကွာစေ့များကိုယူပြီး သူတို့၏အိတ်ကပ်ထဲ ထည့်လိုက်ကြလေသည်။ ကလေးမများက ရှက်နေကြသည်ကို မြင်လိုက်သဖြင့် အမျိုးသမီးစုက လက်တစ်စုံကို လှမ်းဆွဲလိုက်ပြီး သူတို့၏ အိတ်ကပ်ထဲ ထည့်ပေးလိုက်တော့သည်။ နှစ်သစ်ကူး နှုတ်ဆက်ပြီးနောက် ကလေးမလေးများက ယိုပေါင်နှင့် ရက်အနည်းငယ်လောက် အတူတူကစားကြရန် တိုင်ပင်လိုက်ကြပြီး ပြန်သွားကြတော့သည်။
စုမိသားစုသို့ လာနှုတ်ဆက်ကြသည့် ကလေးအဖွဲ့များကို နှုတ်ဆက်လိုက်ပြီး အမျိုးသမီးစုက ယိုကျင့်ကို ခေါ်ကာ အငယ်လေးများနှင့် သူကြီးအိမ်သွားရောက် နှုတ်ဆက်ရင် ပြောလိုက်လေသည်။
“ သူကြီးနဲ့ သမီးရဲ့အဒေါ်ကျောက်တို့ အမေတို့မိသားစုကို စောင့်ရှောက်ပေးလာတာ၊ သူတို့ကို နောက်ကျရင် သွားကန်တော့လိုက်အုံးနော် သိလား”
“ အမေ စိတ်မပူပါနဲ့နော် သမီး နားလည်ပါတယ်”
ယိုကျင့်သည် ရှောင်ချီ၏လက်ကို တွဲထား၏။ စကားပြောရင်း ရယ်မောရင်းဖြင့် ညီမငယ်များနှင့်အတူ မြစ်အရှေ့ဘက်ခြမ်းသို့ လျှောက်လာလိုက်လေသည်။ ရှောင်ဟေးနှင့် တဟွမ်တို့ကလည်း ညီအစ်မ၇ယောက်နောက်မှ လိုက်လာ၏။ အမွေးတောက်တောက်နှင့် သွားများရှိကြသည့် ဝံပုလွေလိုက်ခွေးကြီးနှစ်ကောင်သည် တောက်ပသည့် ဆောင်းတွင်းနေရောင်အောက်တွင် ထူးခြားစွာ ဝင့်ကြွားနေသလို ကြောက်စရာလည်းကောင်းလေသည်။
“ မကြီးယိုကျင့် အစ်မတို့အိမ်က ခွေးနှစ်ကောင်က ရူးပြီး လူတွေကို မကိုက်လောက်ပါဘူးနော် ဟုတ်တယ်မလား”
အသက် ၇နှစ် ၈နှစ်အရွယ် ကလေးမလေးနှစ်က လမ်းဘေးက အိမ်နားကပ်လိုက်ပြီး စုညီအစ်မဘေးက ဝံပုလွေလိုက်ခွေးကြီးကို စိုက်ကြည့်နေကြလေသည်။ ကြောက်ရွံ့စိတ်အနည်းငယ်၊ စပ်စုလိုစိတ် အနည်းငယ်ဖြင့် မေးလာကြလေသည်။
ယိုကျင့်က ရှောင်ဟေးအား လက်ဖျောက်တီးကာ လက်ယှက်ခေါ်လိုက်၏။ ထို့နောက် သူမသည် ရှောင်ဟေး၏ ခေါင်းကို ပုတ်ကာ ပြုံးရင် စိတ်ချလက်ချ ပြောလိုက်တော့သည်။
“ နင်တို့တွေ သူ့ကို ရန်သွားမစရင် သူက မကိုက်ပါဘူး”
ထိုအခါကျမှ ကလေးမလေးများက သတိလျှော့လိုက်ပြီး ပျော်ရွှင်စွာ လျှောက်သွားကြလိုက်တော့သည်။
ဝူလီချောင်ရွာသားအများစုသည် ကပ်ဘေးကြုံရစဥ်က သည်နေရာသို့ ထွက်ပြေးလာကြပြီး သည်နေ့တွင် အခြေချကြခြင်း ဖြစ်လေသည်။ သို့သော် နှစ် ၂၀ ,၃၀ အတွင်း ရွာသားများ၏ ဘိုးဘွားများက မတူကြချေ။ ထို့ကြောင့် ရွာသားအများစုက သူတို့၏ဘိုးဘွားများကို သည်အတိုင်းကန်တော့ကြပြီး အိမ်၌ နှစ်သစ်ကူးကြို ညစာကို စားကြလေသည်။
နှစ်သစ်ကူးပထမနေ့တွင် ဖွင့်လှစ်ပေးထားသည့် ဘိုးဘွားခန်းမ မရှိချေ။ ရွာကလေးများကလည်း အနည်းဆုံးတော့ ပုံမှန်နေများထက် ကောင်းကောင်းမွန်မွန်ဝတ်စားကြပြီး အိမ်နီးချင်းမှ လူကြီးများကို နှစ်သစ်ကူး နှုတ်ဆက်ရန် ပြေးလွှားနေကြလေသည်။ သူတို့အများစုသည် မနေ့ညက မသုံးလိုက်ရဘဲ ကျန်နေသည့် မီးရှူးမီးပန်းများကို ကောက်ယူကာ ဆော့ကစားကြလေသည်။ ရယ်မောသံများနှင့် မီးရှုးမီးပန်းသံများက အဆုံးမသတ်တော့ပေ။ ထိုင်းမှိုင်းသည့် ဆောင်းနေ့ရက်ကို အလွန် အသက်ဝင်လှုပ်ရှားလာစေတော့သည်။
အားလုံးက ရွာသားများကို နှုတ်ဆက်ကြ၏။ ခဏလောက် ဆက်လျှောက်လာပြီးနောက်တွင် သူတို့သည် သူကြီးအိမ်သို့ ရောက်လာကြတော့သည်။ သည်နေ့တွင် ဟယ်မိသားစု၏ ခြံတံခါးကို ဖွင့်ထားသည်။ အကြောင်းမှာ နှစ်သစ်ကူး လာနှုတ်ဆက်ကြသည့် လူများသောကြောင့်ပင်။ ထို့ကြောင့် အမျိုးသမီးကျောက်က ခြံတံခါးကို တန်းဖွင့်လိုက်ထားတော့သည်။ တံခါးပွင့်သွားပြီး ယိုကျင့်က သူမ၏ ညီမလေးများကို ဦးဆောင်ကာ ဟယ်ခြံဝိုင်းထဲသို့ ဝင်လာကြတော့သည်။
စင်္ကြံနားတွင် ရပ်နေသည့် ဟယ်ရှောင်နင်က ယိုကျင့်နှင့် ကျန်လူများကို မြင်သွားတော့သည်။ သူမသည် ဝမ်းသာအားရဖြင့် သူတို့ကို မြန်မြန်နှုတ်ဆက်လိုက်လေသည်။
“မကြီးယိုကျင့် ၊ ယိုပေါင်”
“ နှစ်သစ်မှာ ပျော်ရွှင်ပါစေ ရှောင်နင်၊ နင့်မိဘတွေရော”
ယိုကျင့်က ပြုံးကာမေးလိုက်ပြီး ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသည့် သူမ၏ခေါင်းလေးကို သပ်ပေးလိုက်၏။ အဖြေပြန်လာတော့ သူမသည် ညီမငယ် ၇ ယောက်ကို ဦးဆောင်ကာ တံခါးဘောင်ကို ကျော်လိုက်ပြီး ဟယ်မိသားစု၏ ပင်မဆောင်ထဲ ဝင်သွားလိုက်တော့သည်။
“ ယိုကျင့် (ယိုရင်, ယိုကျူး....) တို့က သူကြီးနဲ့ အဒေါ်ကျောက်ကို နှစ်သစ်ကူးဆုတောင်းပေးပါတယ်”
သူမသည် ညီမငယ်လေးများကို ဦးဆောင်က သေသေချာချာ ဒူးထောက်လိုက်ပြီးနောက် သုံးကြိမ်ဦးချလိုက်လေသည်။
ခုတင်ပေါ်တွင် ထိုင်နေသည့် အမျိုးသမီးကျောက်က မြန်မြန်ထရပ်လိုက်ပြီး သူမကို ထူပေးလိုက်၏။
“ ရပြီ ရပြီ၊ ဒီလောက်အေးတဲ့နေ့မှ နင့်အမေက နင်တို့ကို အပြင်ပေးထွက်ရသလား၊ ရှောင်ချီလေးက အေးလို့ နီရဲနေပြီ၊ မြန်မြန်လာ၊ နွေးအောင်လုပ်လိုက်”
ထိုသို့ ပြောလိုက်ပြီးနောက် သူမသည် မင်္ဂလာတိမ်ပုံစံ ထိုးထားသည့် ပန်းရောင် အပေါ်ထပ် အနွေးထည်ဝတ်ထားသည့် ရှောင်ချီကို ကောက်ချီလိုက်ပြီး ခုတင်ပေါ် ပြန်ထိုင်လိုက်လေသည်။ ထို့နောက် လက်တစ်ဆုပ်စာ ကွာစေ့နှင့် မြေပဲများကို ယူလိုက်ပြီး ရှောင်ချီ၏လက်ထဲ ထည့်ပေးလိုက်လေသည်။
“ ရှောင်ချီ မုန့်လေးမြန်မြန်စားလိုက်နော် ပြီးရင် အဒေါ်တို့ စကားပြောကြမယ်”
ယိုကျင့်တို့ ညီအစ်မများသည်လည်း ရပ်နေကြလေသည်။ သည်နေ့တွင် စုမိသားစုညီအစ်မများက အနည်းငယ် ဆင်တူသည့် အဝတ်အစားများကို ဝတ်ထားကြ၏။ သူတို့အားလုံးသည် အနီရောင်အင်္ကျီနှင့် အဖြူရောင်စကပ်ကို တွဲဝတ်ထားကြသည်။ စကပ်များကို လိပ်ပြာပုံစံ ပန်းထိုးထားလေသည်။ လမ်းလျှောက်လိုက်လျှင် ထိုလိပ်ပြာလေးများသည် အထက်အောက် ပျံသန်းနေသယောင်။
ပြီးခဲ့သည့်နွေရာဦးရာသီ ပထမဆုံးပြောင်းရွှေ့လာသည့် တစ်ချိန်က ပိန်ကပ်ကပ်ဖြစ်ခဲ့ကြသည့် မိန်းကလေးအဖွဲ့ကို ကြည့်လိုက်ပြီး ဟယ်ဟောက်သည် စုမိသားစုမှ အားနည်းသည့်မိန်းမနှင့် ကလေများသည် အမှန်ပင် လုပ်ရည်ကိုင်ရည်ရှိကြောင်း ခံစားမိလေသည်။ တစ်နေ့ညက သူ့မိန်းမပြောခဲ့သည့်စကားကို ပြန်စဥ်းစားလိုက်မိပြီး စုမိသားစုဘက်မှ ထိုစိတ်ကူးရှိလျှင် သည်လက်ထပ်ပွဲက ဖြစ်နိုင်သည်ဟု တွေးမိတော့သည်။
ထိုအခိုက်တွက် စာဖတ်ခန်းထဲတွင် စာဖတ်နေသည့် ဟယ်ရွှမ်းဟိုင်သည် ကြီးလေးသည့်တာဝန် ပေးခံထားရသည့် ရှောင်နင်၏ ဆွဲခေါ်ခံလာရပြီး ပင်မဆောင်သို့ ဝင်လာတော့သည်။
“ အဖေ အမေ”
ကျောင်းသားတို့ ထုံးစံအတိုင်း နှုတ်ဆက်လိုက်ပြီးနောက် စုမိသားစု ညီအစ်မများဘက် လှည့်လိုက်၏။
“ သူတို့ ဘယ်သူတွေလဲ”
“ရွှမ်းဟိုင် သူတို့တွေက အမေ သားကို ပြောပြထားတဲ့ စုမိသားစုအိမ်က ညီအစ်မတွေလေ”
အမျိုးသမီးကျောက်သည် နှစ်ဖက်လုံးကို ပြုံးရွှင်စွာ မိတ်ဆက်ပေးလိုက်၏.
“ ယိုကျင့် ဒါက လော့ဟယ်မှာ ကျောင်းတက်နေတဲ့ အဒေါ့်သားအကြီးဆုံးလေ ၊ ရွှမ်းဟိုင် တဲ့”
“ အကိုကြီးဟယ်”
အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးကို တစ်ချက်ကြည့်ကာ ယိုကျင့်က မိန်းကလေးတို့ဓလေ့အတိုင်း ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိုက်လေသည်။
ရွှမ်းဟိုင်သည် ယိုကျင့်၏ လုပ်ပုံကိုင်ပုံများကို ကြားဖူးလေသည်။ သူမက ရွက်ကြမ်းရေကြို တောသူမလေးဖြစ်မည်ဟု ထင်ထားခဲ့၏။ မျှော်လင့်မထားဘဲ တောက်ပသည့်မျက်လုံး၊ ဖြူဖွေးသည့် သွားများ ပိုင်ဆိုင်ထားသည့် မိန်းကလေးတစ်ယောက် ဖြစ်နေလေသည်။ သည်ကျက်သရေရှိလှသည့် ရုပ်လေးက လော့ဟယ်မြို့က မိန်းကလေးများထက်ပင် ပို၍ဆွဲဆောင်မှု ရှိနေတော့သည်။ သူသည် အချိန်တစ်ခုအထိ အနည်းငယ် နစ်မြောသွားတော့သည်။ သူသည် နေရာတွင် ကျောက်ရုပ်တစ်ခုကို ငြိမ်ငြိမ်လေး ရပ်နေလေသည်။
“ကိုကြီး မကြီးယိုကျင့် နင့်ကို နှုတ်ဆက်နေတယ်လေ”
ဘေးက ဟယ်ရှောင်နင်က အယဥ်ကျေးဆုံးအကျင့်ရှိသည့် အကြီးဆုံးအစ်ကို ငေးငိုင်နေသည်ကို ကြည့်လိုက်ပြီး သူ့အင်္ကျီအနားကို ဆွဲကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
ထိုအခါမှ ဟယ်ရွှမ်းဟိုင်သည် သတိပြန်ဝင်လာတော့သည်။ သူ့မျက်နှာပေါ်တွင် မသင်္ကာစရာ ရှက်သွေးဖြာသွားပြီး ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။
“ မိန်းကလေးစု”
သားဖြစ်သူ၏ မျှော်လင့်ချက်မဲ့နေသည့် တုံ့ပြန်ပုံကို ကြည့်လိုက်ပြီး အမျိုးသမီးကျောက်က မနေနိုင်တော့ဘဲ အပြုံးတစ်ခုဖြင့် စနောက်လိုက်တော့သည်။ သို့သော် သူမသည် သားဖြစ်သူ၏မျက်နှာကို ပြန်ဆယ်ပေးလိုက်လေသည်။
“ ရွှမ်းဟိုင် ယိုကျင့်က သားထက် ၃နှစ်ငယ်တယ်၊ နောက်ဆိုရင် သားက သူ့ကို စောင့်ရှောက်ပေးရမယ်နော်၊ သူ့ကိုအနိုင်မကျင့်ရဘူး”
မိခင်ဖြစ်သူ၏စကားကို နားမလည်သော်လည်း ဟယ်ရွှမ်းဟိုင်သည် တရိုတသေဖြင့် ‘ဟုတ်ကဲ့’ဟု ပြန်ဖြေလိုက်သေးသည်။ ခဏလောက် စကားပြောလိုက်ပြီးနောက် တစ်စုံတစ်ယောက်က ဟယ်အိမ်သို့ နှစ်သစ်ကူးနှုတ်ဆက်ရန် ရောက်လာလေသည်။ ထို့ကြောင့် ယိုကျင့်သည် အခွင့်အရေးကို အမိအရယူကာ နှုတ်ဆက်စကားပြောလိုက်ပြီးနောက် ညီမငယ်များနှင့်အတူ မြစ်အနောက်ဘက်ခြမ်းသို့ ပြန်လာခဲ့တော့သည်။
ဟယ်မိသားစုဘက်တွင် နှစ်သစ်ကူးနှုတ်ဆက်စကားပြောပြီး လက်ပြနှုတ်ဆက်လိုက်ပြီးနောက် အမျိုးသမီးကျောကက် ဟယ်ဟောက်နားကပ်ကာ တီးတိုးပြောလိုက်လေသည်။
“အိမ်ဦးနတ်ကြီး ဒီနေ့ ရွှမ်းဟိုင် ယိုကျင့်ကို ရပ်ကြည့်နေတဲ့ပုံကို တွေ့လိုက်လား၊ ရွှေချထားတဲ့ကောင်လေးနဲ့ ကျောက်စိမ်းရောင်မိန်းကလေးတို့က ကွမ်ရင်ရုပ်ထုဘေးမှာ ထိုင်နေကြတာနဲ့ မတူဘူလား”
ဟယ်ဟောက်သည် ဆေးလိပ်ကို တစ်ချက်ဖွာလိုက်၏။ သူသည် တုံဏိဘာဝေနေလိုက်ပြီး အခြေအနေကိုသာ ပြောလိုက်လေသည်။
“ယိုကျင့်က ဒီကိစ္စကို သိမယ်မထင်ဘူး၊ နှစ်ရက်လောက်နေရင် စုမိသားစုက ဘာပြောမလဲ အခြေအနေ သွားကြည့်ကြည့်လိုက်လေ၊ စုမိသားစုက ခေါင်းညိတ်ရင်တော့ ဒီကိစ္စကို ထုတ်ပြောပြီး စီစဥ်လိုက်တာပေါ့”
အမျိုးသမီးကျောက်သည် အစပိုင်းက ဆန့်ကျင်နေသည့် အိမ်ဦးနတ်က သည်နေ့မှ စိတ်ပြန်လည်လာပြီး သဘောတူလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ဝမ်းသာအားရဖြင့် သူမက ပြန်ပြောလိုက်တော့သည်။
“ ကျွန်မ နောက်နှစ်ရက်လောက်နေရင် စုအိမ်ကိုသွားပြီး ထပ်မေးကြည့်လိုက်မယ်”
***
ဟယ်မိသားစုသည် ယိုကျင့်ကို ချွေးမတစ်ယောက်နီးပါး သဘောထားသော်လည်း ယိုကျင့်ဘက်တွင်တော့ သူမသည် ထိုအကြောင်းကို မသိသေးချေ။
သမီးဖြစ်သူ ပြန်လာသည်ကို တွေ့လိုက်ရသဖြင့် ခုတင်ပေါ်တွင် ထိုင်ကာ ခန်းအာနှင့် ရှောင်ပါ့တို့ကို ကျီစယ်နေသည့် အမျိုးသမီးစုက မေးလိုက်လေသည်။
“ ဘာလို့ ချက်ချင်းပြန်လာကြတာလဲ”
“ သူကြီးအိမ်မှာ လာနှုတ်ဆက်တဲ့သူတွေ အများကြီးပဲ၊ သမီးတို့လည်း ကန်တော့ပြီးတော့ စကားခဏလောက် ပြောပြီးတာနဲ့ ပြန်လာခဲ့လိုက်တာ”
ယိုကျင့်သည် ရှောင်ချီ၏ အနွေးထည်ကို ချွတ်ပေးလိုက်ပြီးနောက် ရှင်းယီ ကမ်းပေးသည့် ရေနွေးကို တစ်ငုံသောက်လိုက်လေသည်။ ထို့နောက်မှ သူမသည် ပုံမှန်စကားပြောနိုင်တော့သည်။
သမီးဖြစ်သူ၏အမူအရာက ခါတိုင်းလို ပုံမှန်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးစုသည် အနည်းငယ် စိတ်ပျက်သွားတော့သည်။
“ သမီးတို့သွားလည်တော့ အဒေါ်ကျောက်မိသားစုရဲ့ ကျန်တဲ့မိသားစုတွေနဲ့ရော တွေ့ခဲ့လား”
“ သမီး ရှောင်နင်ရဲ့ အစ်ကိုနဲ့ တွေ့ခဲ့ပါတယ်၊ သူ့နာမည်က ရွှမ်းဟိုင်ဆိုလားပဲ”
ယိုကျင့်သည် မိန်းကလေးတစ်ယောက်ကို မြင်ရုံနှင့် ရှက်သွားတတ်သည့် ဘဲငန်းလို ဟယ်ရွှမ်းဟိုင်ကို လုံးဝစိတ်မဝင်စားချေ။ အတတ နိုင်သည်ဟုသာ မြင်လေသည်။
“ဒါဆို ရွှမ်းဟိုင်ကို ဘယ်လိုမြင်လဲ”
အမျိုးသမီးက သည်ကိစ္စ၏ တကယ့်အခြေအနေကို သိချင်စိတ်ပြင်းပြနေလေသည်။
“ ရွှမ်းဟိုင်က အသက် ၁၆နှစ်နဲ့ ထုန်ရှန်းတစ်ယောက် ဖြစ်နေပြီလို့ အမေကြားထားတယ်၊ သူ့အနာဂတ်က ဖြောင့်ဖြူးနေမှာပဲ”
“ အနာဂတ် ဖြောင့်တာမဖြောင့်တာ သူတို့ကိစ္စပါ အမေရယ်၊ အမေက ဘာလို့ အဲလောက် စိတ်လှုပ်ရှားနေတာလဲ”
ယိုကျင့်သည် ခုတင်ပေါ်တွင် ထိုင်ကာ ရှောင်ပါ့လေးကို ရယ်မောအောင် စနောက်လိုက်ပြီး ပျော်ရွှင်လာတော့သည်။
သည်အခိုက်တွင် ပင်မဆောင်၌ အမျိုးသမီးစု၊ ယိုကျင့်နှင့် ဘာမှမသိတတ်သေးသည့် ရှောင်ချီသာ ရှိလေသည်။ အမျိုးသမီးစုသည် ထိုနေ့က ယွိလန်ပြောသည့်စကားကို ပြန်စဥ်းစားလိုက်လေသည်။ ထို့နောက် အမျိုးသမီးကြောက်ပြောသွားသည့် စကားကို အသေးစိတ် ပြန်ပြောပြလိုက်တော့သည်။
“ ဒီလိုဆိုရင် ဟယ်မိသားစုရဲ့ အကြီးဆုံးသားက သင့်တော်တာပဲလေ သမီးရော ဘယ်လိုထင်လဲ”