အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အပိုင်း (၈၅) မြေခွေးဖြူလေး
မျက်စိတစ်မှိတ်အတွင်း၌ပင် ဆောင်းဦးရာသီအလယ်သို့ ရောက်လာလေသည်။
“စုမိန်းကလေး အစ်ကိုနဲ့ငါက မနက်ဖြန်ဆို မြို့တော်ကို ပြန်တော့မှာ။ တကယ်လို့ နောက်နှစ်လာဖြစ်ရင် မင်းတို့အတွက် မြို့တော်က အကောင်းတကာ့အကောင်းဆုံးတွေကို ယူလာခဲ့မယ်” စုမိသားစု၏အိမ်၌ နှစ်၀က်မျှ စားသောက်နေခဲ့သော ရှောင်လင်ဖုန်းသည် ဖြူဖွေးသည့် ၀တုတ်လေးဖြစ်လာကာ စုအိမ်၏ခြံအနောက်ရှိ ကွပ်ပျစ်၌ထိုင်နေလေသည်။ ထိုလူငယ်လေးသည် သူ၏ပူပန်မှုကို ထုတ်ဖော်ပြောဆိုလေသည်။ “လော့ဟယ်မြို့က အရမ်းခေါင်လွန်းတယ်။ မြို့တော်မှာဆို စိတ်၀င်စားစရာတွေ အများကြီးရှိတယ်။ မင်းအားရင် မြို့တော်ကို လာလည်ပါ့လား။ အဲ့အချိန်ကျ မင်းနဲ့အတူ လျှောက်လည်ပေးမယ်”
ယိုကျင့်သည် သူမအခြောက်ကြော်ထားခဲ့သော ရနံ့မွှေးလက်ဖက်ခြောက်အိုးကို ရှောင်လင်ဖုန်း အမြည်းစမ်းစေရန် ယူလာခဲ့သည်။ ရှောင်လင်ဖုန်းမှ မြို့တော်အကြောင်း ပြောကြားသည့်အခါ ယိုကျင့်သည် ပေါ့ပေါ့ပါးပါးပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည်။ “သေချာတာပေါ့။ မြို့တော်ကို ရောက်တာနဲ့ သေချာပေါက်လာရှာမှာ”
ရှောင်လင်ယွီသည် အငွေ့များဝေ့နေသော ရေနွေးကြမ်းခွက်ကို ယူကာ နှာခေါင်းနားသို့တေ့ရင်း အနံ့ခံလိုက်သည်။ “ဒါက ရနံ့မွှေးလက်ဖက်ခြောက်လား”
ယိုကျင့်သည် အသာအယာခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။ ကျွန်မအားတဲ့အချိန်မှာ ဖန်တီးထားတဲ့ ရနံ့မွှေးလက်ဖက်ခြောက်ပါ။ ကိုယ့်အိမ်မှာကို သုံးဖို့ဆိုပေမဲ့ အရသာက မဆိုးလှပါဘူး။ လူကြီးမင်းရှောင် သောက်ကြည့်လို့ရပါတယ်” ထို့နောက် ယိုကျင့်သည် ကျောက်စားပွဲပေါ်ရှိ အဝါရောင်ပန်းဖောက်ထားသည့် လက်ဖက်ရည်ခွက်ကို မကာ ရှောင်လင်ယွီဆီသို့ အနည်းငယ် မြှင့်လိုက်ပြီး အချက်ပြလိုက်သည်။
ရှောင်လင်ယွီသည် ထိုလက်ဖက်ခြောက်ကို အဆင့်အတန်းမြင့်သည်ဟု ခံစားရကာ တစ်ငုံမျှသောက်လိုက်သည်။ အရသာသည် ဖော်မပြနိုင်လောက်အောင် ကောင်းမွန်သည့်အတွက် ခေါင်းတညိတ်ညိတ်ဖြင့်သာ ပြုံးနေလိုက်သည်။ “ပန်းရဲ့မွှေးရနံ့က လက်ဖက်ခြောက်ရဲ့ နူးညံ့မှုနဲ့ ရောသွားတာပဲ။ ကောင်းပါတယ်။ စုမိန်းကလေးများ ဒါကို ရောင်းဖို့အစီအစဉ်ရှိလား”
ရှောင်လင်ယွီသည် ကောင်းမွန်ကာ အရည်အသွေးမြင့်သည့် ကုန်ပစ္စည်းတစ်ခုကို တွေ့သည်နှင့် မည်မျှ ငွေရနိုင်မည်ကို အရင်တွေးတောတတ်သူဖြစ်သည်။
“ရောင်းဖို့က ဈေးကွက်ရှိဦးမှလေ” ယိုကျင့်၏ လက်ဖက်ခြောက်သည် အကြမ်းဖျင်းသာရှိသေးသည်။ ရှောင်လင်ယွီနှင့် ခြောက်လမျှ ပြောဆိုဆက်ဆံပြီးနောက် ထိုလူမှာ သူမထက်ပင် ငွေရှာကြမ်းကြောင်း သိလိုက်ရသည်။ ထိုလက်ဖက်ရည်အိုးသည် အောင်မြင်မှုရရန်အတွက် ခြေတစ်လှမ်းသာ ရှိသေးသည်။
ကျောက်စိမ်းသဖွယ် ကြည်လင်သည့် လက်ချောင်းသွယ်များသည် ကွေးလိုက်ကာ စားပွဲကို တီးခေါက်နေရင်း သူ၏စိတ်ထဲရှိ အကြမ်းဖျင်းစီစဉ်ထားမှုကို ပြောလိုက်သည်။ “ရေနွေးကြမ်းက လက်ဖက်ရနံ့က သင်းတယ်။ ပန်းရနံ့နဲ့ နှစ်ခုလုံးက အလိုက်သင့်ပေါင်းဖက်ထားတယ်။ ပြဿနာက လက်ဖက်ခြောက်ပဲ မိန်းကလေးစုသုံးထားတဲ့ လက်ဖက်ခြောက်က ဈေးနည်းလွန်းတယ်။ တကယ်လို့ ဈေးနည်းနည်းနဲ့ ရောင်းမယ်ဆို ရောင်းထွက်နိုင်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးထိပ်တန်း လက်ဖက်ခြောက်ဖြစ်ဖို့ စီစဉ်ထားတယ်ဆိုရင်တော့ ဝူယီလက်ဖက်ကို သုံးဖို့အကြံပေးချင်တယ်။ ရောင်းဈေးကတော့ ထည့်ပြောနေစရာမလိုတော့ဘူး”
ယိုကျင့်သည် သူထောက်ပြသည့် အချက်ကို လက်ခံပေသည်။ သူမယခုသုံးထားသည့် ဆောင်းတွင်းလက်ဖက်ခြောက်မှာ မကောင်းမွန်ပေ။ အခွင့်အရေးရတုန်း ရှောင်လင်ယွီဆီမှ အကြံတောင်းချင်၍သာ အလျင်စလို ပြုလုပ်လိုက်ရခြင်းဖြစ်သည်။ သူမသည် ရှောင်လင်ယွီ၏ရှေ့ရှိ ထက်၀က်ကျိုးနေသော ရေနွေးပန်းကန်ကို ပြည့်အောင်ထပ်ထည့်ပေးလိုက်သည်။
“လူကြီးမင်းပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဝူယီက ကျွန်မနဲ့ထောင်ပေါင်းများစွာ ဝေးတဲ့နေရာလေ။ ကျွန်မမှာ ဝူယီလက်ဖက်ကို ၀ယ်ဖို့ အရင်းအနှီးမလောက်မှာ စိုးရိမ်မိတယ်။ လူကြီးမင်းအကြံပြုချင်တဲ့ အခြား လက်ဖက်တောင်စိုက်ခင်းလေးများ မရှိဘူးလား”
ထိုနှစ်ဦးသည် စီးပွားရေးကိစ္စများ ဆက်လက်ပြောဆိုနေခြင်းကြောင့် ရှောင်လင်ဖုန်းသည် ပျင်းရိကာ အရှေ့ခြံထဲသို့ ထွက်သွားလေသည်။
“လော့ဟယ်မြို့ရဲ့ တောင်စွန်းကို လေးငါးရက်လောက်သွားလိုက်ရင် ဟန်ချန်စီရင်စုမှာ ချားရှန်း(လက်ဖက်ရွာ)လို့ခေါ်တဲ့ ရွာငယ်လေးတစ်ရွာရှိသည်။ အဲ့ကလူတွေက လက်ဖက်ရွက်ပေါ်မှာပဲ အမှီပြုနေကြတာ။ ဝူယီလက်ဖက်လောက်တော့ မကောင်းပေမဲ့ လော့ဟယ်က လက်ဖက်တွေထက်တော့ သာပါတယ်” ရှောင်လင်ယွီသည် တစ်နှစ်တာမျှ လှည့်လည်သွားလာခဲ့သောကြောင့် သာ့ဖန်ရှိ ယဉ်ကျေးမှုနှင့်ရိုးရာ ဓလေ့အမြောက်အမြားကို နားလည်သိရှိထားသည်။ သူသည် ချားရှန်းရွာသို့ ကံကြုံကြိုက်ကာ ဖြတ်သန်းသွားလာခဲ့သည်။ ထိုရွာရှိ လက်ဖက်ခြောက်သည် အနည်းငယ်ကောင်းမွန်သောကြောင့် ထိုရွာအပေါ် ထင်မြင်ချက်ကောင်းကောင်း ရှိပေသည်။
ယိုကျင့်သည် သက်ရှိမြေပုံ ရှောင်လင်ယွီကို အမှန်ပင်ကျေးဇူးတင်မိသည်။ “လေးငါးရက်ခရီက တကယ်တန်ပါတယ်”
ယိုကျင့်စီစဉ်ထားသည့် လက်ဖက်ခြောက်စီးပွားရေးသည် သစ်ခြောက်ပန်းရနံ့နှင့် ရပ်တန့်မသွားပေ။ သူမသည် ရနံ့မွှေးလက်ဖက်ခြောက်စီးပွားရေးအား ပို၍ပင်ကြီးမားအောင် ပြုလုပ်ချင်သည်။ ထို့အတွက် ဈေးသက်သာကာ များပြားသည့် လက်ဖက်ရွက် ထောက်ပံ့မှုကို လိုအပ်ပေသည်။
“ချားရှန်းမှာ ကျိုးအမည်ရှိတဲ့ ပညာတော်သင်တစ်ယောက်နဲ့ ရင်းနှီးဖူးတယ်။ သူ့ကို ပေးဖို့ စာတစ်စောင်ပေးလိုက်မယ်။ သူ့ကိုတွေ့ရင် သေချာပေါက်အကူအညီရမှာပါ” ရှောင်လင်ယွီသည် သူပြောသည့်စကားများအား တသွေမသိမ်း မျက်လုံးလေးပင့်ကာ နားစိုက်ထောင်နေသော မိန်းမပျိုလေးကို ကြည့်ရင်း ပျော်ရွှင်မှုကို ဖုံးဖိမရ ဖြစ်နေခဲ့သည်။ “မင်းတို့အိမ်မှာ လင်ဖုန်းခြောက်လလောက် စားသောက်နေတာတွေအတွက် ပြန်ပေးတယ် သဘောထားလိုက်ပေါ့”။
“အဲဒါဆို လူကြီးမင်းကိုပဲ ဒုက္ခပေးရဦးမယ်” ယိုကျင့်သည် ယဉ်ကျေးမှုအရ ငြင်းချင်သော်လည်း သူမသည် ထိုစာကို အမှန်လိုအပ်နေခဲ့သည်။
“ပြီးတော့ ရှောင်လင်ဖုန်း ကျွန်မတို့အိမ်မှာ စားသမျှက ကျွန်မတို့အတွက် ထင်းအနည်းငယ်ကုန်သွားတာအပြင် မပိုပါဘူး။ သူ့ကြောင့် စားကောင်းသောက်ကောင်းတွေစားရတဲ့ ကျွန်မတို့က ပိုမြတ်တာပါ”
“မင်းနဲ့လင်ဖုန်းက ရင်းနှီးနေတဲ့လူတွေပဲ။ အစ်ကို့ကို အဲ့လောက် ယဉ်ကျေးနေစရာမလိုပါဘူး။ အစ်ကိုကြီးရှောင်လို့ပဲ ခေါ်ရင်ရပါပြီ” ရှောင်လင်ယွီသည် အစာကိုချောင်းနေသည့် မြေခွေးဖြူလေး၏ အကြည့်နှင့် ပြုံးရယ်နေသော မိန်းကလေးကိုကြည့်ကာ ငယ်စဉ်က မွေးခဲ့ဖူးသည် မြေခွေးဖြူလေးကို သတိရသွားမိသည်။ သူသည် မနေနိုင်ဘဲ လက်ဆန့်ကာ ချောမွေ့သည့်ပါးပြင်လေးကို ဆွဲလိုက်သည်။
ဆွဲဆိတ်လိုက်လိုက်ချင်းပင် ရှောင်လင်ယွီရော ယိုကျင့်ပါ ကြောင်အသွားလေသည်။ ရှောင်လင်ယွီသည် သူ၏လက်ကို ချက်ချင်းပင် ပြန်ရုပ်သိမ်းလိုက်သည်။ အခွံခွာထားသည့် ကြက်ဥပြုတ်မျက်နှာပြင်ကဲ့သို့ ချောမွေ့သည့် အသားအရေ အထိအတွေ့သည် သူ၏လက်၌ စူးရှရှခံစားမှုကို ဖြစ်စေသည်။ ရှောင်မိသားစု၏ သင်ကြားမှုသည် တင်းကျပ်ပေသည်။ ရှောင်လင်ယွီသည် ယောက်ျားမိန်းမသဘာ၀ကို လျစ်လျူရှုသည့်သူ ဖြစ်သည့်အပြင် မိန်းကလေးများနှင့် ဆက်ဆံရမည်ကိုလည်း မကြိုက်နှစ်သက်သူ ဖြစ်သည်။ သို့သော် ဆယ့်ကိုးနှစ်အရွယ် လူပျိုလေးတစ်ဦးမှာ ကောင်ငယ်လေးတစ်ဦးသာ ဖြစ်နေသေးသည်။ သူသည် အရွယ်မရောက်သေးသော မိန်းကလေးတစ်ဦးအား ထိတွေ့ရန် မရည်ရွယ်ခဲ့ပေ။ ထိုအပြုအမူသည် သူ၏ လူကြီးလူကောင်းပုံရိပ်ကို ထိခိုက်စေသည်။
ယိုကျင့်သည် နေရခက်စွာ ရယ်သွမ်းလိုက်ပြီးနောက် အကြောင်းအရာကို ပြောင်းလဲပြောဆိုလိုက်သည်။
“ဒါနဲ့ အစ်ကိုကြီးရှောင်က မြို့တော်ကို ပြန်ပြီးရင် ဘယ်တော့လောက် လော့ဟယ်စီရင်စုကို ပြန်လာမှာလဲ”
ရှောင်လင်ယွီသည် လက်ကိုအနောက်၌ဖွက်ကာ အံ့ဩဖွယ်အကောင်းဆုံးအရာတစ်ခုကို ထိတွေ့လိုက်ရသည့်နှယ် သူ၏လက်နှစ်ချောင်းကို ပွတ်တိုက်နေခဲ့သည်။ ယိုကျင့်၏မေးခွန်းကို ကြားမှသာ ပြန်လည်ဖြေကြားခဲ့လေသည်။ “ပြန်မလာဖြစ်မှာတောင် စိုးရိမ်မိတယ်။ နှစ်ကူးပွဲတော်ပြီးတာနဲ့ အစ်ကို့ရဲ့လက်ထပ်ပွဲက စီစဉ်မှာ”
“အဲဒါဆို အစ်ကို့ကို ဂုဏ်ပြုပါတယ်။ ဂုဏ်ပြုလက်ဆောင်တောင် မပြင်ထားလိုက်ရဘူး။ ကျွန်မ အလိုက်မသိတတ်ပုံများ” ရှောင်လင်ယွီ လက်ထပ်တော့မည် ဖြစ်ကြောင်း ကြားသိချိန်၌ ယိုကျင့်၏စိတ်ထဲတွင် ဖော်ပြရန် ခက်ခဲသော ခံစားချက်များ ဖြစ်ပေါ်လာသော်လည်း အပြုံးလေးဖြင့် ဂုဏ်ပြုနေဆဲပင်ဖြစ်သည်။
ယွီလန်သည် ထီးဖြင့် ခြံအနောက်ထဲသို့ ၀င်လာချိန်၌ အနီနှင့်အဖြူ ရောယှက်ထားသည့် ထိုင်ခုံအသေးပေါ်၌ ထိုင်နေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ အမျိုးသားသည် သွယ်လျချောမောကာ အမျိုးသမီးသည် လင်းလက်တောက်ပကာ ဆွဲဆောင်မှုရှိပေသည်။
..........
ရှောင်ညီနှောင်နှစ်ဦး ထွက်သွားပြီးချန်၌ စုမိသားစုသည် ရှောင်မိသားစုမှာ သူတို့၏ဘ၀ထဲသို့ မရှိခဲ့သည့်အတိုင်းပင် ပုံမှန်အတိုင်း လည်ပတ်နေခဲ့သည်။ စကားစတင်ပြောနိုင်ပြီဖြစ်သော ရှောင်ပါးသည် တံခါး၏အပြင်ဘက်သို့ ကြည့်ကာ “အစ်ကိုကြီး”ဟူသော စာလုံးကို ထပ်ခါထပ်ခါ ပြောတတ်သည်။
ယခုနှစ်၌ စုမိသားစုသည် ဧကနှစ်ဆယ်ကျော်မျှ နေကြာပန်းများ စိုက်ပျိုးခဲ့သည်။ နေကြာစေ့များကို အခြောက်ခံပြီးနောက် ပြန်လည်သိမ်းကြသည်။ လက်ရှိ၌ မိသားစုတွင် လူဦးရေ များပြားသောကြောင့် အစေ့အစံကြော်လှော်ရသည်မှာ မခက်ခဲတော့ပေ။ ဒီဇင်ဘာလ ဆယ်ရက်မြောက်နေ့၌ စုကျားရှန်းတွင် ဖရုံစေ့လှော် အရသာလေးမျိုးကို ရောင်းချလေသည်။ “လက်ဖက်စိမ်းအရသာ၊ သစ်ကြားသီးအရသာ၊ အရသာငါးမျိုးစပ်နှင့် မူရင်းအရသာ”တို့ကို လော့ဟယ်စီရင်စုရှိ ဖရုံစေ့များ၏ သုံးပုံနှစ်ပုံကို အသြံးပြုကာပြုလုပ်ခဲ့သည်။ လော့ဟယ်စီရင်စုရှိ အစေ့လှော်ရောင်းချမှု သုံးပုံနှစ်ပုံကို သူမတို့မှ စုစည်းသိမ်းပိုက်နိုင်ခဲ့သည်။
ယခု၌ စုကျားရှန်းသည် လော့ဟယ်စီရင်စု၌ အောင်မြင်ကျော်ကြားသော မုန့်ဆိုင်ဖြစ်လာခဲ့သည်။ မိန်းကလေးငယ်များ ဦးစီးသည့် စုကျားရှန်းကို အထင်သေးခဲ့သည့်သူများမှာ နောင်တရနေခဲ့ကြသည်။ သူမတို့၏ အဆက်မပြတ်တိုးတက်လာသော စီးပွားရေးနှင့် စုကျားရှန်းရှိ အကျိုးအမြတ်များကြောင့် အချို့လူများသည့် မနာလို၀န်တိုလာကြသည်။
သို့သော်လည်း ရှောင်လင်ယွီသည် ထွက်မသွားခင်၌ အရာရှိချင်၏အိမ်တော်သို့ သွားရောက်ကာ လက်ဆောင်ပဏ္ဍာများ ပေးပို့ခဲ့သည်။ ထိုနေရာ၌ ရှောင်မိသားစုနှင့် ရင်းနှီးသော ညီမငယ်တစ်ဦးမှ ဖွင့်လှစ်ထားသည့် စုကျားရှန်းဆိုင်ဟုဆိုကာ ယိုကျင့်တို့၏ ဆိုင်အကြောင်းကို ပြောခဲ့ပြီး ကူညီစောင့်ရှောက်ပေးရန် အကူအညီတောင်းခဲ့လေသည်။ အရာရှိချင်၏ စောင့်ရှောက်မှုအောက်၌ စုကျားရှန်းသည် လော့ဟယ်စီရင်စုတွင် ကြီးမားသည့် ကျောထောက်နောက်ခံရှိသည့်နေရာ ဖြစ်လာသည်။ သို့သော်လည်း မျက်ကန်းတစ္ဆေ မကြောက်တတ်သကဲ့သို့ ပြဿနာရှာချင်သည့်သူများ ရှိသော်လည်း ထိုလူများ ထောင်နန်းစံရမည်မှာ မြေကြီးလက်ခက်မလွဲပင် ဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေးနှင့် အုပ်ချုပ်ရေးအာဏာစက်အောက်၌ ထိုလူများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပေသည်။ ထို့ကြောင့် စုကျားရှန်း၏ စီးပွားရေးသည် တစတစ ကောင်းမွန်လာတော့သည်။
ဒီဇင်ဘာလ၏ နှစ်ဆယ့်ခြောက်ရက်မြောက်နေ့၌ စုမိသားစုအိမ်ရှေ့၌ များလှစွာသော အထုပ်အပိုးများနှင့် လှည်းများ ရပ်ထားလေသည်။ ထိုလှည်း၌ ရှောင်မိသားစု၏ အမှတ်တံဆိပ်ကို လွှင့်ထူထားလေသည်။ မြင်းပေါ်ရှိလူသည် ဆင်းလာကာ စုအိမ်တော်၏တံခါးကို ခေါက်လိုက်သည်။
ထို့နေမှစတင်ကာ စုကျားရှန်းသည် နှစ်သစ်ကူး၏ ရှစ်ရက်မြောက်နေ့မတိုင်ခင်အထိ ပိတ်ထားမည်ဖြစ်သည်။ ထို့ကြောင့် ယိုကျင့်နှင့် ညီအစ်မများသည် အိမ်၌အနားယူနေကြသည်။ တံခါးကို စောင့်နေသည့် အမျိုးသမီးတစ်ဦးမှ ထိုအရာကို အကြောင်းကြားချိန်၌ ယိုကျင့်သည် ရှောင်ပါးကို လက်မောင်း၌ ပွေ့ချီကာ ချော့မြူနေခဲ့သည်။ ရှောင်မိသားစုမှ လူတစ်ဦးလွှတ်လိုက်ကြောင်း ကြားသည်နှင့် သူမသည် ယွီလန်ကို မမှာကြားခင် ရှောင်ပါးကို ယွီလန်လက်ထဲသို့ ထည့်ပေးလိုက်သည်။ “သူ့ကိုခေါ်သွားလိုက်တော့။ ပြီးကျရင် နွေးသွားအောင် မုန့်နဲ့ရေနွေးကြမ်းတွေ ပြင်ထားလိုက်”
ထို့သိုပြောပြီးနောက် သူမသည် အိစက်ညက်ညောသည့် ဖဲသားဖြင့် ပြုလုပ်ထားသော အပေါ်ရုံကို ခြုံလိုက်ကာ ထွက်သွားလေသည်။
“မိန်းကလေးစု ကျွန်တော်တို့ သခင်လေးတွေက နှစ်သစ်ကူးလက်ဆောင့် ပို့ခိုင်းလိုက်လို့ပါ” ဧည့်ခန်း၌ ရပ်နေသည့်သူမှာ ရှောင်မိသားစုနှင့်ပါလာခဲ့ဖူးသော ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်သည်။
မနည်းလှသော လက်ဆောင်ထုပ်များထဲ၌ ကြီးကြီးသေးသေး အိတ်များအပြင် အခြားတန်ဖိုးရှိလှသည့် လက်ဆောင်များပါ ပါရှိသည့်အတွက် ယိုကျင့်သည် သူမ၏မျက်ခုံးများပင် တွန့်ချိတ်သွားသလို ခံစားလိုက်ရသည်။ အဲ့လောက် အကျယ်ချဲ့ဖို့လိုလို့လား။ သို့သော်လည်း သူမသည် အပြုံးလေးနှင့် ငြင်းဆိုလိုက်သည်။ “ဒီလက်ဆောင်တွေက ဈေးကြီးလွန်းပါတယ်။ ဒီလိုဆုလာဘ်မျိုးနဲ့ ထိုက်တန်အောင် ဘာမှ မစွမ်းဆောင်ထားတဲ့အတွက် ဒီကအစ်ကိုကြီးကပဲ လက်ဆောင်တွေကို ပြန်သယ်သွားပေးပါ”
အစောင့်ရှောင်သည် သူ၏လက်ကိုထပ်လိုက်ကာ စိတ်ပိုင်းဖြတ်ထားသည့်အကြည့်ဖြင့် ပြောလေသည်။
“သခင်မလေး ကျွန်တော်တို့က သခင်မှာတဲ့အတိုင်း လုပ်ရုံပါပဲ။ သခင်က ပစ္စည်းတွေ ပို့ဖို့ပဲမှာလိုက်တာပါ။ ပြန်ယူဖို့ မပြောခဲ့ပါဘူး” ထို့နောက် သူသည် စာနှစ်စောင်ကို ထုတ်လိုက်လေသည်။ “ဒါက ကျွန်တော်တို့သခင်နဲ့ ဒုတိယသခင်တို့ ပေးလိုက်တဲ့စာပါ”
ယိုကျင့်သည် ထိုလူ၏စကားများကြောင့် ဆွံ့အသွားကာ ရယ်ရခက် ငိုရခက်ဖြစ်နေလေသည်။ သူမအား လက်ဆောင်များ လက်ခံစေရန် အတင်ဖိအားပေးနေခြင်းမဟုတ်လား။ ယိုကျင့်သည် ထိုလူကမ်းပေးသော စာနှစ်စောင်အား ဘေး၌ချလိုက်ကာ သက်ပြင်းချလေသည်။ “အဲဒါဆိုလည်း သူများကို အခက်တွေ့အောင် မလုပ်တော့ပါဘူး။ မီးဖိုဆောင်မှာ ဟင်းပွဲနဲ့ စွပ်ပြုတ်ပူပူလေး ပြင်ထားပါတယ်။ ဒီက အစ်ကိုလဲ ခရီးတစ်လျှောက်နှင်လာတာ ပင်ပန်းရောပေါ့။ စားသောက်ပြီး ခရီးတစ်ထောက် နားသွားပါ့လား”
“သခင်မလေးစုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးက မြို့တော်ကို တာ၀န်ပြီးမြောက်ကြောင်း ပြန်တင်ပြရမှာမို့ မနေတော့ပါဘူး” ထိုသို့ပြောပြီးသည်နှင့် သူသည် ဦးလေးစုန့်၏နောက်မှ မီးဖိုချောင်သို့ လိုက်သွားလေသည်။ ရှောင်မိသားစု၏ အစောင့်နှင့် အခြွေအရံတိုင်းအတွက် ဟင်းပွဲများ ပြင်ဆင်ထားပေသည်။
ယိုကျင့်သည် ဧည့်ခန်းရှိ တောင်လောက်မြင့်သော လက်ဆောင်ပုံကြီးကို ကြည့်ကာ သက်ပြင်းထပ်ချမိလေသည်။ ထို့နောက် ရှောင်လင်ယွီတို့ညီအစ်ကိုနှစ်ဦး၏စာကို ဖောက်ဖတ်လိုက်သည်။
ရှောင်လင်ဖုန်းသည် အကြောင်းအရာများများစားစား ရေးမထားပေ။ သူမအတွက် အရုပ်ကောင်းများနှင့် ပစ္စည်းများ ပြင်ဆင်ထားကြောင်း ရေးထားလေသည်။ ရှန်းနိုင်နှင့် အခြားလူများ နေရာချနေသော လက်ဆောင်များကို ကြည့်ကာ ယိုကျင့်သည် စုတ်သပ်လိုက်သည်။
“ဒီရှောင်လင်ဖုန်းကတော့”
လင်ဖုန်း၏စာကို ဖတ်ပြီးနောက် ရှောင်လင်ယွီ၏စာကို ဖတ်ရန်ပြင်လိုက်သည်။ ယိုကျင့်တစ်ယောက် ရှောင်လင်ယွီ၏စာကို ဖတ်ရသည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ရှေးဆိုရိုးအတိုင်းပင် လူတစ်ဦး၏လက်ရေးသည် သူ၏အမူအကျင့်ကို ရည်ညွန်းပေသည်။ ရှောင်လင်ယွီ၏ လက်ရေးများသည် ပြေပြစ်ကာ ထောင့်မှန်ကျနေသည်။ ရှောင်လင်ယွီ၏စာကို ဖတ်မပြီးသေးခင်ပင် ရှန်းနိုင်သည် သူမဆီသို့ သေတ္တာတစ်ခုကို ကိုင်ကာ ရောက်လာခဲ့သည်။ “သခင်မလေး ဒီမှာ ငွေစက္ကူတွေ ရှိနေတယ်”
ရှန်းနိုင်ပြောသည်ကို နားထောင်ပြီးချိန်၌ သူမသည် စာကိုဖတ်ပြီးပြီဖြစ်သည်။ စာထဲ၌ ရှောင်လင်ယွီသည် ငွေအကြောင်းကို ပြောထားပေသည်။ “အစ်ကို့ဆီက လျန်းတစ်သောင်း ချေးတယ်သဘောထားလိုက် ဒါမှမဟုတ် မင်းရဲ့ လက်ဖက်ခြောက်စီးပွာရေးမှာ ရင်းနှီးမြှုပ်နှံတယ်လို့ သဘောထားလိုက်”
ယိုကျင့်သည် ဒေါသတကြီးဖြင့် စာရွက်ကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ “ငါ့မျက်နှာမှာ ငွေပြတ်နေတယ်လို့များ ရေးထားလို့လား”
ယိုကျင့်သည် အခြားလူများ၏ ကြင်နာသနားမှုကို မခံယူချင်ပေ။ အထူးသဖြင့် ငွေပမာဏသည် လျန်းတစ်သောင်းဖြစ်သည်။ သူမတို့စီးပွားရေး အောင်မြင်လျှင် အဆင်ပြေမည်ဖြစ်သော်လည်း မအောင်မြင်ပါက ထိုငွေပမာဏအား ရှိသမျှအကုန် ရောင်းချ၍ပင် ပြန်ဆပ်နိုင်ချေမရှိပေ။
ယိုကျင့်သည် ထိုအရာကို ချိန်ကိုက်ဗုံးတစ်ခုကဲ့သို့ခံစားလိုက်ရသည်။ ထို့ကြောင့် ရှန်းနိုင်ဆီမှ ထိုသေတ္တာကို ဆူပုတ်စွာဖြင့် လှမ်းယူလိုက်သည်။ ကျဉ်းမြောင်းရှည်လျားသည် သစ်သားသေတ္တာထဲတွင် လျန်းတစ်ထောင်တန် ငွေလက်မှတ်ဆယ်ရွက်ရှိပေသည်။ ယိုကျင့်သည် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ဒီသေတ္တာထဲမှာ အခြား ရတနာပစ္စည်းတွေရော ထည့်လို့ရလား”
သခင်မဖြစ်သူ၏ ကြောင်အအ စကားကြောင့် ရှန်းနိုင်နှင့် အခြားလူများသည် ပါးစပ်များအုပ်ကာ ရယ်ကြလေသည်။
ယိုကျင့်သည် သေတ္တာကို ဖွင့်လိုက်ကာ အထဲရှိအရာကို သေချာကြည့်လိုက်သည်။ ကျောက်စိမ်းဆံထိုး ဖြစ်ပုံရပြီး အနည်းငယ်နွေးထွေးပေသည်။ ဆံထိုး၏အဆုံး၌ မြေခွေးတစ်ကောင်ကို အနားသတ် အလှဆင်ထားကာ အနည်းငယ် စိတ်၀င်စားစရာကောင်းပေသည်။
“လှလိုက်တဲ့ဆံထိုးလေး” ရှန်းနိုင်နှင့် အခြားလူများအပြင် ယိုကျင့်သည်ပင် အံ့ဩမိလေသည်။ ဆံထိုးအောက်၌ စာတစ်စောင် ပါသောကြောင့် ဖွင့်ဖတ်လိုက်ရာ ရှောင်လင်ယွီ၏စာဖြစ်နေခဲ့သည်။
“မင်းကလင်ဖုန်းထက် နှစ်၀က်ပဲ ငယ်တာမလား။ မင်းရဲ့ အရွယ်ရောက်ပွဲ အခမ်းအနားကျ မလာဖြစ်လောက်ဘူး။ အဲဒါကြောင့် အဲ့အတွက် လက်ဆောင်ကြိုပေးထားတာ”
ယိုကျင့်သည် သူမ၏မျက်နှာမှာ အနည်းငယ် ပူလောင်လာကြောင်း ခံစားမိပေသည်။ ထို့ကြောင့် ဆံထိုးပါသည့် သေတ္တာအား ပိတ်လိုက်ကာ ငေးမောနေကြသော မိန်းကလေးအုပ်စုကို ဆူလိုက်သည်။
“ငေးမနေနဲ့ ပစ္စည်းတွေ အမြန်သိမ်းတော့”
ရှောင်မိသားစု၏ သက်တော်စောင့်ခေါင်းဆောင်မှာ ဟင်းပွဲများကြောင့် ယိုကျင့်ကို ကျေးဇူးတင်ချိန်၌ ယိုကျင့်သည် ပြန်စာအနည်းငယ်နှင့် ကျောက်စိမ်းဆံထိုးကို ပြန်ပေးလိုက်လေသည်။
“ဒါကဈေးကြီးလွန်းလို့ လက်မခံနိုင်ပါဘူး။ ဦးလေးကိုပဲ ပြန်ပို့ဖို့ ဒုက္ခပေးပါရစေ”
ထိုသက်တော်စောင့်သည် မြို့ကတည်းကပင် သခင်ဖြစ်သူထံမှ ပေးထားသမျှပစ္စည်းများကို ပြန်မယူလာစေချင်ကြောင်း အကြိမ်ကြိမ်မှာကြားခံခဲ့ရသည်။ ထို့ကြောင့် သူသည် ရှိသမျှ နည်းလမ်းအကုန်သုံးကာ ဖျောင်းဖျလေသည်။
ယိုကျင့်သည် အခြားသော အရေးကြီးစာတစ်စောင်ကို ရေးပေးလိုက်ကာ ကိုယ်ရံတော်အား စုမိသားစုမှ ပြင်ဆင်ပေးသော နှစ်သစ်ကူးလက်ဆောင်များနှင့်အတူ မြို့တော်သို့ ပြန်လွှတ်လိုက်သည်။
…
အပိုင်း (၈၆) နာကျည်းချက်
ရှောင်မိသားစုမှ ပို့လိုက်သည် လက်ဆောင်များတွင် ရွှေငွေရတနာသေတ္တာကြီးတစ်ခု ပါလာသည်။ ထိုပစ္စည်းများသည် ယိုကျင့်ဝှက်ထားသည့် အဖြူရောင်ကျောက်စိမ်းဆံထိုးလောက် တန်ဖိုးမကြီးလှသော်လည်း အားလုံးမှာ မြို့တော်တွင် ခေတ်စားနေသည့် ပစ္စည်းများဖြစ်လေသည်။ အခုလောလောဆယ်တွင် စုမိသားစု၌ အမျိုးသမီးစုတစ်ယောက်သာ ခေါင်းဆောင်း ဝတ်နိုင်သေးသည်။ ယိုကျင့်၏ နားချစကားကြောင့် အမျိုးသမီးစုက သူမအသက်အရွယ်နှင့် သင့်တော်မည့် ရွှေနှင့်ငွေ စပ်ထားသည့် ပစ္စည်းတချို့ကို ရွေးလိုက်သည်။ ကျန်သည့် ငွေလည်ဆွဲများနှင့် လက်ကောက်များကို ရှောင်လင်ယွီက ရှစ်ခုပွားကာ တွေးတွေးဆဆဖြင့် ပြင်ဆင်ပေးခဲ့လသည်. စုမိသားစုအားလုံး တစ်ခုစီရကြသည်။
အမျိုးသမီးစုက အလွန်ကောင်းမွန်သည့်အမွေး ရှိသည့်သားရေကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ အနည်းငယ်မလုံမလဲ ဖြစ်သွားတော့သည်။
“ သခင်လေးရှောင်က အမေတို့နဲ့ တစ်နပ်နှစ်နပ်လောက်ပဲ စားခဲ့တာပါ၊ အမေတို့က ဒီလောက်စျေးကြီးတဲ့ လက်ဆောင်တွေကို လက်ခံနေရတာ၊ အခွင့်အရေး အရမ်းယူသလို ဖြစ်မနေဘူးလား”
အမျိုးသမီးစုသည် သည်နှစ်သစ်ကူးလက်ဆောင်များ စုစုပေါင်းလိုက်လျှင် အနည်းဆုံး ငွေစ လျန်၁၀၀၀ ရှိမည်ဟု တွက်ဆမိလေသည်။ ဒီအတိုင်းလက်ခံလိုက်ရင် သူတို့တွေကို ငွေအတွက် အရမ်းလောဘကြီးတယ်လို့များ ထင်သွားမလား။
ယိုကျင့်က အမျိုးသမီးစု၏လက်ကို ပုတ်ကာ ပြောလိုက်လေသည်။
“အမေရယ် သမီးလည်း ဘာမှမတတ်နိုင်ဘူးလေ၊ သမီး ရှောင်မိသားစုရဲ့အစောင့်တွေကို ပြန်ယူသွားဖို့ ပြောပါသေးတယ်၊ ဒါပေမဲ့ သူတို့က သူတို့သခင်ရဲ့စကားကိုပဲ နားထောင်တယ်တဲ့၊ သမီးက ဘာတတ်နိုင်မှာလဲ၊ အခုတော့ ဒီအကြွေးကို ကျေးဇူးတင်စိတ်နဲ့ပဲ လက်ခံထားနိုင်တော့တာပဲ၊ နောက်ပိုင်း သမီးအခွင့်အရေးရလာတာနဲ့ ဖြည်းဖြည်းချင်း ပြန်ဆပ်မှာပါ”
ယိုကျင့်သည် သူမ၏လက်ထဲတွင် ငွေသားလျန်၁၀၀၀၀ နှင့် တစ်ချက်ကြည့်လိုက်သည်နှင့် အများကြီးတန်ဖိုးရှိသည့် အဖြူရောင်ကျောက်စိမ်းဆံထိုးရှိနေသေးကြောင်းကိုတော့ မပြောရဲပေ။ အမျိုးသမီးစုသာ သိသွားလျှင် သူမသည် ထပ်ပြီး ပူပန်နေလိမ့်မည်။
“ ဒီလိုမှန်း စောစောသိရင် ရှောင်မိသားစုဆီပို့ဖို့ လက်ဆောင်တချို့ဝယ်ခဲ့ပါတယ်ကွယ်”
ဤမျှစျေးကြီးသည့် လက်ဆောင်များကို လက်ခံလိုက်ပြီးနောက် အမျိုးသမီးစုက အနည်းငယ်မသက်မသာ ခံစားနေရတော့သည်။
“စိတ်မပူပါနဲ့ အမေရယ်၊ သမီး ရှောင်မိသားစုက အစောင့်တွေ ပြန်ယူသွားဖို့အတွက် တစ်ခုခု ပြင်ဆင်ပေးလိုက်ပါသေးတယ်၊ အများကြီး မတန်ဘူးဆိုပေမဲ့ စိတ်ရင်းလေးပေါ့လေ”
ယိုကျင့်သည် ရှောင်မိသားစု၏အစောင့်များကို မပြန်ခင် ကွေ့ဟွားလက်ဖက်တစ်အိုး ယူသွားခိုင်းလိုက်လေသည်။ ထိုနေ့ကို ပြန်သတိရသွားပြီး ရှောင်လင်ယွီ၏အကြိုက်ဟု မှတ်ယူနိုင်သည်။ ထို့အပြင် လက်ရှိ၌ စုမိသားစုတွင် တန်ဖိုးရှိသည်မှာ ဘာမှမရှိလေရာ ဤသို့သာ လုပ်ပေးနိုင်တော့သည်။
တစ်ဖက်က မြို့တော်တွင်တော့ ရှောင်လင်ယွီနှင့် ညီအစ်ကိုတို့သည် လော့ဟယ်သို့ပို့ရန် လှည်းကြီးသုံးစီးကို တိတ်တဆိတ် ပြင်ဆင်ခဲ့သော်လည်း ရှောင်မိသားစု၏အကြီးအကဲများ၏ မျက်လုံးအောက်မှ မလွှတ်ခဲ့ချေ။
“ ယွီအာ သား လော့ဟယ်က ပြန်လာကတည်းက သားစိတ်ထဲမှာ အမြဲတမ်းတစ်ခုခုရှိနေသလိုပဲ၊ အမေ့ကို ပြောပြပါလား”
အမျိုးသမီးယွီသည် သူမ၏သားက သူ့ဘေးက အစောင့်ခေါင်းဆောင်အား စျေးကြီးသည့် လက်ဆောင်များ ပါသည့် လှည်းသုံးစီးကို လော့ဟယ်မို့က စုမျိုးနွယ်အမည်ရှိ မိသားစုသို့ ပို့ခိုင်းလိုက်ကြောင်း သူမ၏ယုံကြည်ရသည့် အခြွေအရံထံမှ ကြားခဲ့လေသည်။ သူမ၏သားသည် လော့ဟယ်မှ ပြန်လာတည်းက သူ့လက်ထပ်ပွဲကို ဦးစားပေးပြင်ဆင်နေခဲ့သည်။ သို့သော် အမျိုးသမီးယွီသည် အမည်ဖော်မတတ်သည့် စိုးရိမ်စိတ်များဖြစ်နေလေသည်။
ရှောင်လင်ယွီက အသာအယာခေါင်းခါပြလိုက်၏။
“ သားဘာမှမဖြစ်ပါဘူး၊ အမေက ဆောင်းဝင်လာကတည်းက ကျန်းမာရေးမကောင်းဖြစ်နေတာနော်၊ အလုပ်တွေအများကြီးလုပ်နေတာ မသင့်တော်ဘူး”
သူသည် အမျိုးသမီးယွီအား တွဲကာ ထိပ်ကထိုင်ခုံသို့ ပို့ပေးလိုက်ပြီးမှ အမျိုးသမီးယွီ၏အောက်ဘက်က ထိုင်ခုံတွင် ထိုင်ချလိုက်လေသည်။ သူ့ဘေးက အစေခံက မြန်မြန်ဆန်ဆန် လက်ဖက်ရည်ပူတစ်ခွက်ကို ဧည့်ဝတ်ပြုလိုက်၏။
သူမသား၏ ညှိုးငယ်နေသည့်မျက်နှာကို ကြည့်ရင် အမျိုးသမီးယွီက မနေနိုင်တော့ဘဲ သက်ပြင်းထပ်ချမိလေသည်။
“ အမေတွေက သူတို့ကလေးတွေကို အသိဆုံးပါ၊ သားကို တစ်ချက်ကြည့်လိုက်တာနဲ့ သားစိတ်ထဲမှာ တစ်ခုခုရှိနေတာ အမေသိတယ်၊ သားလော့ဟယ်မှာ အဆင်မပြေတဲ့ကိစ္စတစ်ခုများ ရှိခဲ့လို့လား”
အမှန်တွင်တော့ အမျိုးသမီးစုမေးချင်သည့်စကားမှာ သူမသား၏စိတ်နှလုံးကို ဖမ်းစားထားသည့် မြေခွေးမတချို့နှင့် တွေ့ခဲ့သလားဟူ၍ပင်။ သူမဘေးက အခြွေအရံက စုမိသားစု၏ အခြေအနေအကြောင်းကို စုံစမ်းထားပြီးဖြစ်လေသည်။ အမျိုးသမီးယွီက တစ်ဖက်လူသည် သူတို့၏ ချမ်းသာမှုကို မျက်စိကျနေသည်ဟု ကြိုတင်မှန်းချက်ထုတ်ထားခဲ့သည်။ သူမသည် စုမိသားစုအပေါ် အလိုလိုပင် အကောင်းမမြင်နိုင်တော့ပေ။
“ဒါက စီးပွားရေးကိစ္စလေးပါ၊ သားကောင်းကောင်း ဖြေရှင်းနိုင်ပါတယ်၊ အမေက အမေ့ရဲ့ခန္ဓာကိုယ်ကိုပဲ ကောင်းကောင်းဂရုစိုက်ပါ”
အမှန်တွင် ရှောင်လင်ယွီကိုယ်တိုင်လည်း ဘာကိုသောကရောက်နေမှန်း မသိပေ။ မြို့တော်သို့ ပြန်ရောက်လာပြီးကတည်းက ပိုင်မိသားစု၏မိန်းကလေးနှင့် လက်ထပ်ပွဲကို အစီအစဥ်ထဲ ထည့်ဆွဲထားပြီးသားပင်။ အထက်တန်းပညာရှင်မိသားစုက အရည်အချင်းရှိသည့် မိန်းကလေးသည် ရှောင်မိသားစု၏ သခင်မလောင်း ဖြစ်လာတော့မည်။ ရှောင်မိသားစုဝင်တိုင်း ပျော်ရွှင်နေကြမှာ သဘာဝပင်။ သို့သော် သူ မငြင်းပယ်နိုင်သည့် သည်လက်ထပ်ပွဲကို တစ်နည်းနည်းဖြင့် ရှင်းမပြတတ်အောင် ဆန့်ကျင်ချင်နေလေသည်။
သတိမထားမိလိုက်သည့် အချိန်တစ်ခုကတည်းက သူနှင့် မရင်းနှီးတော့သည့် သားအကြီးဆုံးက တခြားသူများကို ဘာစကားမှမပြောချင်ဖြစ်နေသည်ကို ကြည့်ရင်း အမျိုးသမီးယွီသည် သူမ၏အကြီးဆုံးသားကို အချိန်အကြာကြီး ပစ်ထားခဲ့မိသည်ဟု ရုတ်တရက် အတွေးဝင်လာမိတော့သည်။ နောက်ဆုံးတွင် သူမသည် သက်ပြင်းချလိုက်ပြီး
“ကောင်းပါပြီလေ သားက အဲလိုပြောမှတော့ အမေ ထပ်မမေးတော့ပါဘူး၊ နောက်နှစ်ရက်လောက်နေရင်း သားရဲ့ဒုတိယဦးလေးက ညစာစားပွဲတစ်ခု လုပ်လိမ့်မယ်၊ ပိုင်မိသားစုက မိန်းကလေးကိုလည်း ဖိတ်ထားတယ်၊ သားတို့ချင်းမတွေ့တာ တစ်နှစ်နီးပါး ရှိသွားပြီးတော့ အသင့်ပြင်ထားလိုက်နော်”
“ ဟုတ်ကဲ့ သား အမေ့ကို ရိုရိုသေသေနဲ့ နှုတ်ဆက်ပါတယ်”
ရှောင်လင်ယွီသည် အမျိုးသမီးယွီအား ခြံဝအထိ လိုက်ပို့ပေးလိုက်ပြီး တရိုတသေဖြင့် လက်နှစ်ဖက်ကို ယှက်ကာ ဦးညွှတ်လိုက်ေသည်။
အမျိုးသမီးယွီသည် ယဥ်ကျေးလှသည့် အကြီးဆုံးသားကို တစ်ချက်ကြည့်လိုက်၏။ အမည်မသိ အကြောင်းတချို့ကြောင့် သူမ၏မျက်လုံးများသည် အနည်းငယ်နီရဲသွားလေသည်။ သူမရဲ့သားက ဘယ်တုန်းက သူမနဲ့ အဲလောက်တောင် စိမ်းသွားတာလဲ။ သက်ပြင်းချရင်း သူ့ကို ဆက်မကြည့်တော့ဘဲ ထမ်းစင်ပေါ် တက်ကာ ထွက်သွားတော့သည်။
အမျိုးသမီးယွီကို လိုက်ပို့ပေးပြီးနောက် ရှောင်လင်ယွီသည် ထူးထူးခြားခြား သက်ပြင်းချမိသွားတော့သည်။ ဒီမိသားစုထဲမှာ သူ့ကိုယ်သူ ဘယ်ကတည်းက ဒီလိုမျိုသိပ်တတ်သွားတာလဲ။ ရှောင်လင်ယွီသည် ထိုသို့တွေးမိလိုက်သည်နှင့် ချက်ချင်း သည်အတွေးကို ငြင်းဆန်လိုက်တော့သည်။ ဒီအိမ်မှာ သူ့ကိုယ်သူ ဒီလိုမျိုသိပ်ထားမိနေတာကို ဘယ်တုန်းက သတိထားမိသွားတာလဲ လို့မေးသင့်တာပါ။ သူ အရင်က ဒီလိုတစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီတစ်ကြိမ် လော့ဟယ်က ပြန်လာပြီးကတည်း အမည်မသိတဲ့အကြောင်းတချို့ကြောင့် မြို့တော်က ရှိသမျှ အားလုံးကို အမြဲဆန့်ကျင်နေခဲ့မိတာပဲ...
သူသည် သူ့ကို ပြုစုပေးနေသည့် အစေခံများကို ပြန်ခိုင်းလိုက်ပြီး မီးများ ထွန်းချိန်ရောက်သည်အထိ စာကြည့်ခန်းထဲတွင် အခန်းတံခါးပိတ်ကာ နေလိုက်လေသည်။ သို့တိုင် ရှောင်လင်ယွီသည် နားမလည်နိုင်ခဲ့ပေ။
***
သည်နှစ်ဆောင်းတွင်းသည် သာမန်ထက်လွန်ကဲစွာ အေးနေလေသည်။ လော့ဟယ်စီရင်စုအတွင်း တူးမြောင်းများအားလုံးလည်း ချိတ်ဆက်ပြီးသွားတော့သည်။ စုမိသားစုတွင် နှစ်နှစ်လောက် နေလာခဲ့သည့် တူးမြောင်းအလုပ်သမားများအားလုံးကလည်း ပျောက်ကွယ်သွားကာ ယိုယွင်းနေသည့် သက်ကယ်မိုးတဲလေးနှင့် တံခါးစောင့် ဦးလေးဝမ်သာကျန်ခဲ့လေသည်။
ဦးလေးဝမ်သည် တခြားအလုပ်များကို လုပ်ရန် အလွန်အိုမင်းနေပြီးဖြစ်သဖြင့် ယိုကျင်းက စုမိသားစု၏ အိမ်တံခါးကို စောင့်ပေးရန် တောင်းဆိုလိုက်၏။ တစ်လလျှင် ငွေ၂ပြား နှင့် နေရာထိုင်ခင်း ပေးသည်။ တူးမြောင်းအလုပ်သမားများအားလုံး ပြန်သွားချိန်၌ ဦးလေးဝမ်သည် သူ့အသက်မွေးဖို့အရေးကို အနည်းငယ် စိတ်ပူနေခဲ့မိသေးသည်။ သူသည် ပြီးခဲ့သည် နှစ်နှစ်အတွင်း ငွေစ ၃လျန်နီးပါး စုဆောင်းနိုင်ခဲ့သော်လည်း သုံးလျှင်တော့ အများကြီးကျန်မည်မဟုတ်ပေ။ ထို့ကြောင့် ယိုကျင့်၏ စကားမဆုံးခင်မှာပင် ဦးလေးဝမ်က လက်နှစ်ဖက်ကိုယှက်ကာ သဘောတူလိုက်လေသည်။
“ ဒီလိုအဘိုးကြီးမှာ ငွေအများကြီးရဖို့မလိုပါဘူး၊ ဒီအဘိုးကြီးကို နေစရာ စားစရာနဲ့ အားလပ်ရက်အတွင်းမှာ အရက်လေးနည်းနည်းပါးပါး တိုက်ရင်ရပြီ၊ ဒီလိုဆိုရင်တော့ ကျုပ် ကျေနပ်တာထပ်ကို ပိုနေပါပြီ”
ဦးလေးဝမ်၏စကားကို ကြားလိုက်သည်တွင် ယိုကျင့်သည် ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်ကာ ကတိပေးလိုက်လေသည်။
“ ကောင်းပါပြီရှင်၊ နောက်ဆိုရင် ပွဲတော်နဲ့ နှစ်သစ်ကူးပွဲကာလအတွင်းမှာ ဦးလေးကို အရက်ပြတ်အောင် လုပ်မဲ့သူမရှိတော့ပါဘူး”
လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်တို့က ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြ၏။ နေရာတွင် ဟန်လီက ဦးလေးဝမ်၏ပစ္စည်းများကို ကူညီထုပ်ပိုးပေးပြီး စုမိသားစုအိမ်သို့ ပြောင်းကူပေးလိုက်သည်။ သူသည် သက်သောင့်သက်သာရှိလှသည့် စုမိသားစု တံခါးဘေးက အခန်းငယ်လေးသို့ ပြောင်းရွှေ့နေထိုင်လိုက်တော့သည်။
တူးမြောင်းအလုပ်သမားအဆောင်ကို တရားဝင် ပိတ်ထားလိုက်ပြီး ဟယ်ဟောက်နှင့် သူ့ဇနီးကလည်း သူတို့လုပ်ငန်းကို ရပ်နားလိုက်တော့သည်။ နှစ်နှစ်နီးပါး စည်ကားနေခဲ့သည့် မြစ်အနောက်ဘက်ကမ်းသည် ရုတ်တရက် ပြန်လည်ငြိမ်သက်သွားတော့သည်။
သည်နှစ်တွင် ဝူလီချောင်ရွာသားများသည် ကောင်းကောင်းနေထိုင်စားသောက်နိုင်ခဲ့ကြလေသည်။ ရွာထဲက မိသားစု ဆယ်စုမှ ကိုးစုသည် သူတို့အိမ်၏အခန်းလွတ်များကို ရှင်းလင်းပြီး တူးမြောင်းအလုပ်သမားများကို ငှားခဲ့ကြသည်။ သူတို့သည် အပိုဝင်ငွေ ရခဲ့ကြ၏။ သူတို့ထဲက အများစုကလည်း အစားအသောက်များ ရောင်းကြသည်။ သို့နှင့် သူတို့သည် သူကြီးဟယ်ဟောက်၏ မိသားစုကဲ့သို့ပင် ဝင်ငွေများ ပိုရှာနိုင်ခဲ့ကြ၏။
ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဟယ်မိသားစုသည် ဟယ်ဟောက်နှင့် သူ့မိန်းမ၏ မနက်မှ ညအထိအလုပ်ခြင်းဖြင့် ငွေစ လျန်၄၀ကျော် စုဆောင်းမိခဲ့သည်။ မိသားစုတစ်ခုလုံးသည် ကောင်းမွန်သည့် နှစ်တစ်နှစ်ကို စည်းစည်းလုံးလုံးဖြင့် နေနိုင်ပေသည်။ တစ်ခုတည်းသော သေးငယ်သည့်အားနည်းချက်မှာ ဟယ်ရွှမ်းဟိုင်သည် သည်နှစ်ဆာင်းဦးစာမေးပွဲကို ဝင်ခွင့်မရခဲ့ခြင်းပင်။ ထိုအရာက ညီညွှတ်ပြီး ပျော်ရွှင်စရာကောင်းသည့်နှစ်တစ်ခုကို မြူများဖုံးအုပ်နေသလို ဖြစ်နေတော့သည်။
“ အိမ်ဦးနတ်ကြီး... ရွှမ်းဟိုင် ဒီလိုနေနေတာ ကောင်းတဲ့စိတ်ကူးမဟုတ်ဘူးနော်”
အဆင့်သတ်မှတ်ချက် ထွက်လာပြီးကတည်းက သားဖြစ်သူ ဝိတ်ကျသွားသည်ကို မြင်နေရသည့် အမျိုးသမီးကျောက်သည် အမှန်းပင် စိုရိမ်ပူပန်နေတော့သည်။
အမြဲလိုလို တက်ကြွနေသည့် သားဖြစ်သူက ဤသို့ဖြစ်နေသည်ကို မြင်နေရသဖြင့် ဟယ်ဟောက်လည်း စိုးရိမ်မိသည်။ ဆေးလိပ်ကြီး တစ်ဖွာနှစ်ဖွာလောက် သောက်လိုက်ပြီးနောက် သူသည် မျက်မှောင်ကျုံ့ကာ ပြောလိုက်လေသည်။
“ ငါသိပါတယ်၊ နောက်မှ ငါ သူနဲ့ စကားပြောလိုက်ပါမယ်၊ ငါ့သားက နှစ်သစ်ရောက်ရင် ၁၇နှစ် ပြည့်တော့မယ်၊ မင်း သူ့ကို အလုပ်အကျွေးပြုဖို့ နောက်ထပ်တစ်ယောက်လောက် မြန်မြန် ရှာပေးသင့်တယ်၊ဒီလိုဆိုရင်တော့ ပိုကောင်းလာမယ်ထင်ပါရဲ့”
ဒါသည် ဟယ်မိသားစု၏ သေးငယ်သည့်အားနည်းချက်ဟု ဆိုလျှင် နှစ်လမ်းကျော်က ချန်လောင်စန်းအိမ်တွင်တော့ ဒုက္ခမီးများ ဝိုင်းနေတော့သည်။
ချန်လောင်စန်းသည် ‘ငွေများနှင့် ထွက်ပြေး’သွားပြီးကတည်းက ချန်လောင်စန်း စောင့်ရှောက်ပေးရမည့် ကလေးလေးယောက်ကို ချန်လောင်စန်း၏မိန်းမကသာ ကျွေးမွေးလာခဲ့လေသည်။ ချန်မိသားစု၏မြေကို ပြီးခဲ့တဲ့ တစ်နှစ်နှစ်နှစ်လောက်က ချန်လောင်စန်းက အကြွေးပေးစရာရှိသဖြင့် ထုတ်ရောင်းခဲ့သည်။ ပုံမှန်ဆိုလျှင် သူတို့သည် အစားအသောက်အတွက် ချန်လောင်စန်း၏ ညစ်ပတ်သည့်အကြံအစည်များနှင့် ခိုးဝှက်ခြင်းကို မှီခိုကြရလေသည်။ အခုတော့ ချန်လောင်စန်းလည်း မရှိတော့ဖြင့် ချန်မိသားစု၏ မီးဖိုကလည်း မီးခိုးမထွက်နိုင်တော့ပေ။ သူတို့သည် တူးမြောင်းအလုပ်သမားများအား အခန်းကို ငှားရမ်းချင်ခဲ့ကြသည်။ ချန်အိမ်ရှိ တူးမြောင်းအလုပ်သမား ငါးယောက် ကြုံခဲ့ရသော အဖြစ်အပျက်များက သတင်းပျံ့နှံ့နှင့်ပြီး ဖြစ်ရာ မည်သူက လာနေပါလိမ့်မည်နည်း။ ထို့ကြောင့် သူတို့သည် နောက်ပိုင်းမှ ပိုက်ဆံများ ချေးငှားပြီး အရှေ့ပိုင်းတွင် လိမ်စားကြလေသည်။ ခန်းလောင်စန်း၏ သားအကြီးဆုံးက ကာယအလုပ်သမားတစ်ယောက်လုပ်ကာ ငွေအနည်းငယ် ရှာရလေသည်။ သူတို့သည် ခက်ခက်ခဲခဲ ရှင်သန်ကြရလေသည်။
နှစ်သစ်ကူးလည်း ရောက်လုနီးလာပြီဖြစ်၏။ ရွာထဲက ဘယ်မိသားစုက နှစ်သစ်ကူးပစ္စည်းများကို မပြင်ဆင်ဘဲ ကောင်းမွန်သည့်နှစ်တစ်နှစ်ကို စောင့်စားကြပါလိမ့်မည်နည်း။ သို့သော်ငြား ချန်မိသားစုကတော့ ခုတင်အောက်တွင် ထင်းများပင် မရှိတော့ချေ။ သူတို့သည် သည်နှစ်ကို မည်သို့ ရှင်သန်ကြရပါမည်နည်း။
ချန်ရှောင်ဟုန်သည် ဖာထေးရာအထပ်ထပ်နှင့် ပြဲနေသည့်အနွေးထည်းကို ဝတ်ထားသည်။ သူမသည် တောင်ပေါ်မှ ထင်းများကို သယ်လာ၏။ သူမ၏ခြေထောက်သည် အအေးဓာတ်ကြောင့် ထုံကျဥ်နေပြီး ဖြစ်လေသည်။ သူမသည် နောက်ဆုံးအိမ်သို့ရောက်လာချိန်၌ ပါးစပ်အပြည့် ပူပူနွေးနွေး စွပ်ပြုတ်တစ်ဇွန်းပင် မစားနိုင်ပေ။ ရှေ့လာမည့်ရက်များကြောင့် စိတ်ဓာတ်ကျနေသည့် အခြေအနေရောက်သည့် ချန်ရှောင်ဟုန်သည် ရွေးစရာမရှိတော့ဘဲ စုမိသားစုကို ထပ်သွားရှာပြန်တော့သည်။
“ နင် ငါ့ကို ငွေစ လျန်၁၀၀ မဟုတ်ဘူး လျန်၅၀ ပေးရင် နင် ချန်လောင်စန်းနဲ့ တခြားလူတွေကို သတ်ခဲ့တဲ့အကြောင်း ငါ ဘယ်တော့မှ ထုတ်မပြောဘူး၊ စုယိုကျင့် နင့်မိသားစုက အခုဆို ချမ်းသာနေပြီပဲ ဒီတော့ နင်ငါ့ကို လျန်၅၀ ပေးလိုက်ပါလား”
ချန်ရှောင်ဟန်သည် တံခါးနှင့် အနီးဆုံးရှိ လက်ကိုင်ပါသည့်ထိုင်ခုံတွင် ထိုင်ရင်း အတွင်းခန်း၏ နွေဦးရာသီလို နွေးထွေးမှုကို ခံစားနေလေသည်။ သူမသည် ရေနွေးပူပူတစ်ခွက် နှစ်ခွက်လောက် သောက်လိုက်ပြီးနောက် ပြန်လည်ကောင်းမွန်လာတော့သည်။
ယိုကျင့်က ‘ ငါက ဆင်းရဲတယ်၊ ဒါကြောင့် ငါက မှန်တယ်၊ နင်က ချမ်းသာတယ် ဒီတော့ ခံသင့်တယ်’ဟူသည့် သူမ၏သဘောထားကို ဒေါသထွက်သွားတော့သည်။
“ငါတို့မိသားစု ပိုက်ဆံရှိတာ ငါတို့ကိစ္စပါ၊ ငါက ဘာလို့ နင့်ကို ပေးရမှာလဲ၊ နင်က နင့်အတွက် အရမ်းကို ခက်ခဲကြောင်း အမြဲပြောနေတယ်၊ ဒီတော့ ငါ့ပိုက်ဆံတွေက မိုးပေါ်ကကျလာတာမလို့လား”
လှောင်ရယ်နေသည့်အကြည့်က ချန်ရှောင်ဟုန် အရှက်ရနေသည့်မျက်နှာကို ဆန်းစစ်ကြည့်နေလိုက်ပြီး
“ ငါတို့မိသားစု ဝူလီချောင်ကို စပြောင်းလာတုန်းက ငါတို့မှာ ဆင်းရဲလွန်းလို့ သရဲခြောက်တဲ့အိမ်မှာ နေခဲ့ရတယ်၊ ငါတို့တွေ ချမ်းသာတဲ့လူတွေဆီက ပိုက်ဆံတောင်းခဲ့ဖူးလား၊ ချန်လောင်စန်းက မျက်လုံးထဲမှာ ပိုက်ဆံပဲ ရှိတဲ့ တိရိစ္ဆာန်တစ်ကောင်လို့ နင်ပြောခဲ့တယ်နော်၊ နင်လည်း ပါးစပ်ဟလိုက်တာနဲ့ ငါ့ကို ဒီလိုငွေညှစ်နေတာက ချန်လောင်စန်းထက်တောင် ပိုဆိုးသေးတယ်”
“ငါက တောသူတစ်ယောက်ပဲ ဘာတတ်နိုင်မှာလဲ” ချန်ရှောင်ဟုန်သည် အနည်းငယ် မလုံမလဲ ဖြစ်သွားတော့သည်။ သို့တိုင် သူမသည် ခေါင်းမာမာနှင့် ပြန်နေဆဲ။ သူမသည် နှလုံးသားထဲမှ ထိုအရာကို အမှန်ပင် ခံစားမိလေသည်။ သည်လို စုတ်ပြတ်နေသည့် မိသားစုတစ်ခုတွင် မွေးဖွားလာသည့် မိန်းမတစ်ယောက်အနေဖြင့် သူမ ဘာတတ်နိုင်ပါမည်နည်း။
“နင့်ကို ငွေပေးဖို့တော့ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ကောင်းမွန်တဲ့နှစ်သစ်တစ်ခုအတွက်တော့ ငါနင့်ကို ကူညီနိုင်ပါတယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ်ပဲ ရမယ်”
သူသည် ဦးလေးစုန့်ကိုခေါ်ကာ ဆန်နှင့်ဂျုံနှစ်ပိဿာကို ပြင်ဆင်ခိုင်းလိုက်ပြီး အဒေါ်စုန့်ကို အမျိုးသမီးစု၏ ဖျင်ကြမ်းဝတ်စုံများကို တောင်းခိုင်းလိုက်လေသည်။
ချန်ရှောင်ဟုန်သည် ကြမ်းပြင်ပေါ်က အစားအသောက်နှင့် အဝတ်အစားများကို ကြည့်လိုက်၏။ စုမိသားစုက သူတောင်းစားများကို မောင်းထုတ်နေသည်ဟု ခံစားလိုက်ရတော့သည်။
“ နင့်စကားတွေက နားထောင်လို့ကောင်းသားပဲ၊ ဒီလိုပစ္စည်းလေးတွေနဲ့ နင်က ငါ့ကို လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားစေချင်တာလား၊ နင်က ဒီအတိုင်းအနိုင်ကျင့်နေတာပဲ”
“ ဒီပစ္စည်းတွေက အများကြီးပါ၊ ယူချင်ယူ မယူချင်နေ နင့်သဘောပဲ၊ ငါ ချန်လောင်စန်းကို သတ်ခဲ့တယ်ဆိုတဲ့ နင့်စကားကို ပြန်ပြောရရင် နင့်မှာ သက်သေရှိလို့လား”
ယိုကျင့်သည် သည်အရူးမနှင့် ဆက်ပြီး ပြဿနာမတက်ချင်တော့ပေ။ သူမသည် ဦးလေးစုန့်ကို သူမအား အပြင်သို့ လိုက်ပို့ခိုင်းလိုက်ပြီး ဦးလေးဝမ်အား အခုချိန်ကစပြီး ချန်လောင်စန်းမိသားစုက ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဖို့ မှာကြားလိုက်လေသည်။
ချန်ရှောင်ဟုန်သည် စုမိသားစုက သူတောင်းစားကို မောင်းထုတ်နေသည်ကို ခံစားခဲ့ရသော်လည်း သူမ ယူသွားသင့်သည်အရာများကိုတော့ မမေ့လျော့ပေ။ သူမသည် ဆန်၊ ဂျုံနှင့် အဝတ်အစားများကို သယ်ကာ မြစ်အရှေ့ဘက်ကမ်းသို့ ပြန်သွားတော့သည်။ သူမစိတ်ထဲတွင်တော့ စုမိသားစု၏ ပိုင်ဆိုင်မှုများကို တပ်မက်စိတ်ပိုကြီးလာတော့သည်။ တစ်ချိန်ထဲတွင် ယိုယွင်းနေသည့် ချန်မိသားစုကိုလည်း နာကျည်းချက်များကို တိုးထွက်လာတော့သည်။
…
အပိုင်း (၈၇) အသည်းကွဲသွားတဲ့ကောင်လေး
ရှောင်မိသားစုထံမှ နှစ်သစ်ကူးလက်ဆောင် ပို့လာပြီး နောက်တစ်နေ့တွင် ရာသီဥတုက ရှားရှားပါးပါး နေသာနေလေသည်။
စုမိသားစု ခြံဝင်းထဲက နှင်းများကို ရှင်းလင်းထားလိုက်သည်။ နှစ်သစ်ကူးအတွက် အဝတ်အစားများကိုလည်း အစောကြီးကတည်းက ချုပ်လုပ်ထားခဲ့ပြီးဖြစ်သည်။ ရှောင်လင်ယွီ ပို့လိုက်သည့် ပစ္စည်းများသည် အလွန်တန်ဖိုးကြီးလှသဖြင့် အမျိုးသမီးစုမှာ သုံးဖို့ရာ တွန့်ဆုတ်နေမိတော့သည်။ သားရေများကိုပင် ဂိုဒေါင်ထဲတွင် သော့ခတ်ကာ သိမ်းဆည်းထားရသည်။ မိန်းကလေးများ ကြီးလာသည်အထိစောင့်ပြီးမှ အဝတ်ချုပ်ပေးလျှင် ပိုကောင်းလိမ့်မည်။
ဘာမှ လုပ်စရာမရှိသဖြင့် ယိုကျင့် မိန်းကလေးများကို ဦးဆောင်ကာ ပြတင်းပေါက်တွင် အလှဆင်မည့် အနီရောင်စက္ကူများကို ညှပ်ရင်း ကော်သုတ်ကာ မှန်ပြတင်းပေါက်တွင် ကပ်လိုက်ကြသည်။ ဟင်းလင်းဖြစ်နေသည့် ခြံဝင်းကို နွေးထွေးသည့် နောက်ခံတစ်ခု ဖြစ်သွားစေပြီး ပိုသားနားသည့်အငွေ့အသက်ကို ထပ်ဖြည့်ပေးထားသည်။ လက်ရှိကာလနှင့် တော်တော် သင့်တော်လှပေသည်။
တစ်နှစ်ပတ်လုံးတွင် စုမိသားစုဆိုင်က နှစ်ကူးကာလတွင် ဆယ်ရက်ခန့်သာ ပိတ်သည်။ သို့သော် စုမိသားစု၏ အစေခံများက လတိုင်း အားလပ်ရက်လေးရက် ရလေသည်။ သူတို့သည် တလှည့်စီ အနားယူရသဖြင့် သူတို့အလုပ်ကိုလည်း မနှောင့်နှေးစေချေ။ သို့သော် တစ်ဖွဲ့လုံး အားလပ်ရက်ကတော့ တစ်နှစ်မှ တစ်ခါသာ ရသည်။ အားလပ်ချိန်ရလာသဖြင့် မိန်းမငယ်လေးများသည် နောက်ဆုံးတွင် တစ်နှစ်လုံး စုဆောင်းလာသည့် လစာများကို သုံးရန် အခွင့်အရေးရလာတော့သည်။ ထို့ကြောင့် သူတို့အားလုံးက ယိုကျင့်ထံမှ ခွင့်တောင်းကြပြီး ဟန်လီကို မြည်းလှည်းဖြင့် လော့ဟယ်စျေးသို့ ပို့ပေးရန် တောင်းဆိုလိုက်ကြလေသည်။
ယိုကျင့်က အကြီးဆုံးသုံးယောက်ဖြစ်သည့် ယိုရင်၊ ယိုကျူးနှင့် ယိုပေါ်တို့ကို မြစ်အရှေ့ဘက်ကမ်းရှိ ဝူလီချောင်ရွာသို့ ခေါ်လာခဲ့သည်။ သည်နေ့ သူတို့သည် သူကြီးမိသားစုနှင့် သူတို့ မကြာခဏ ဆက်ဆံဖြစ်သည့် အဒေါ်များကို လက်ဆောင်တချို့ ပေးရန် လာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်အခေါက်က ချန်လောင်စန်း၏ကိစ္စ ဖြစ်သွားသည့်အတွက် ယိုကျင့်မှာ သင်ခန်းစာရသွားသည်။ ယိုကျင့်သည် သည်မိသားစုများအတွက် လက်ဆောင်များစွာ မပြင်ဆင်ပေးခဲ့တော့ပေ။ ဝက်သား နှစ်ပေါင် ၃ပေါင်နှင့် မုန့်ထုပ်တစ်ထုပ်သာ ထည့်ထားလိုက်သည်။ တခြားမိသားစုများကို လက်ဆောင်အရင် ပို့ပေးလိုက်ပြီးနောက် သူမသည် နောက်ဆုံးမှ ဟယ်အိမ်သို့ သွားလိုက်တော့သည်။ ဟယ်မိသားစု၏ လက်ဆောင်ကတော့ အမြဲတမ်း ပိုပြီး လေးလံပေသည်။
“ ဪ လာပါပြီ”
အထဲလူများက တံခါးခေါက်သံကို ကြားလိုက်သဖြင့် တံခါးဖွင့်ပေးရန် မြန်မြန်ထွက်လာခဲ့သည်။ တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ဟယ်မိသားစု၏ အငယ်ဆုံးသမီး ဟယ်ရှောင်နင် ဖြစ်နေလေသည်။ စုမိသားစုက ညီအစ်မများကို တွေ့လိုက်ရသဖြင့် သူမက ယဥ်ယဥ်ကျေးကျေးဖြင့် နှုတ်ဆက်လိုက်၏။
“ မင်္ဂလာပါ အစ်မတို့”
ထို့နောက် သူမသည် ခန္ဓာကိုယ်ကို မြန်မြန် ဖယ်ပေးလိုက်ပြီး စုမိသားစု ညီအစ်မများကို ဝင်လာခိုင်းလိုက်သည်။
“ ရှောင်နင် ညီမလေးရဲ့ အဖေနဲ့အမေ အိမ်မှာရှိလား” ယိုကျင့်က ရွှင်ရွှင်လန်းလန်းဖြင့် မေးရင်း ရှောင်နင်နောက်က လိုက်သွားလိုက်သည်။
ရှေ့က လျှောက်နေသည့် ရှောင်နင်က ခေါင်းညိတ်ပြလိုက်ပြီး
“ ရှိတယ်”
သူတို့သည် ပင်မဆောင်၏ တံခါးနားရောက်ချိန်၌ သူမက အော်ပြောလိုက်တော့သည်။
“ အမေရေ အစ်မယိုကျင့်တို့ ရောက်နေတယ်”
အထဲက လူများက စုမိသားစုမှ တစ်ယောက်ယောက် လာနေသည်ဟု ကြားလိုက်ရသည်နှင့်ချက်ချင်း သူတို့ကို ကြိုဆိုရန် အလျင်အမြန် ထွက်လာကြလေသည်။ အမျိုးသမီးကျောက်က ပြုံးကာ သူတို့ကို ဆွဲခေါ်လာပြီး ခုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။
“ တကယ်ပါပဲ ဘာတွေ တွေးနေကြတာလဲ၊ ဒီလို အေးတဲ့ရာသီမှာ ညီမငယ်လေးတွေကို ခေါ်လာရတယ်လို့၊ အေးခဲသွားမှာ မစိုးရိမ်ကြဘူးလား”
စုမိသားစု၏ သမီးများက တန်းစီထိုင်နေကြပြီး သူတို့၏သမီးအရင်းဖြစ်သူက သူတို့ဘေးတွင် ရပ်နေသည်ကို ကြည့်ရင်း သူမသည် အနည်းငယ် ကွာခြားသွားသလို ခံစားလိုက်ရတော့သည်။
“ အဒေါ်ရယ် အလုပ်ရှုပ်ခံမနေပါနဲ့၊ ကျွန်မတို့က ဒီပစ္စည်တွေနဲ့ အဒေါ်ကို ဒုက္ခပေးလို့ ရောက်လာတာ မဟုတ်ပါဘူး”
ယိုကျင့်က သကြားရည် လောင်းထည့်ပေးပြီး မုန့်များ ပြင်ဆင်ပေးရန် လုပ်နေသည့် အမျိုးသမီးကျောက်ကို မြန်မြန်လှမ်းဆွဲထားလိုက်လေသည်။
“အရမ်းအေးတယ်နော်၊ အဒေါ် အခုတော့ နွေးနွေးထွေးထွေးနေမှဖြစ်မယ်”
သူမက စုန့်ဟွာအား လက်ထဲက ခြင်းကို စားပွဲပေါ် တင်လိုက်ရန် အချက်ပြလိုက်လေသည်။
ခြင်းထဲက ပစ္စည်းများကို ကြည့်ရင်း အမျိုးသမီးကျောက်မှာ ဘာပြောရမည်မသိ ဖြစ်သွားတော့သည်။
“ ဒီကလေးကတော့ ကိုယ်တိုင်ရောက်လာရင် တော်ပြီပေါ့၊ ဒီပစ္စည်းတွေပါ ယူလာပြီး ဘာလုပ်တာလဲ”
ပြီးခဲ့သည့်နှစ်နှစ်အတွင်း စုမိသားစုက နေရာတစ်ခုကို စျေးလျှော့ပြီး ငှားပေးခဲ့သည့် ကျေးဇူးကြောင့် သူတို့သည် အစားအသောက်လုပ်ပြီး ငွေအများအပြားရှာနိုင်ခဲ့သည်။ သူမက သူတို့ကို ကျေးဇူးတင်စကား မပြောရသေးခင်မှာပင် သူတို့က ပစ္စည်းတချို့ယူလာပြီးကို သူမကို လာပေးပြန်သည်။ ထိုအရာက သူမကို အရှက်မရဘဲ အဘယ်မှာဖြစ်စေပါမည်နည်း။
ယိုကျင့်က ပြုံးကာ အမျိုးသမီးကျောက၏ ငြင်းဆန်နေသည့်လက်ကို ဖိထားလိုက်ပြီး ပြောလိုက်တော့သည်။
“ ပြီးခဲ့တဲ့နှစ်နှစ်တုန်းက အဒေါ်ကပဲ ကျွန်မတို့မိသားစုကို စောင့်ရှောက်ပေးခဲ့တာလေ၊ ဒီလက်ဆောင်က အများကြီး မတန်ပါဘူး၊ ကျွန်မတို့ရဲ့ စေတနာ အနည်း အများလို့ပဲ သဘောထားပေးပါ၊ အဒေါ် လက်ခံပေးရမယ်နော်”
ယိုကျင့်၏ တိုက်တွန်းနေဟန်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးကျောက်မှာ မျက်နှာပြောင်ပြောင်နှင့်ပင် လက်ခံလိုက်ရတော့သည်။ နှစ်ယောက်သား ခဏလောက် စကားပြောလိုက်ကြပြီးနောက် ယိုကျင့်က ညီမငယ်လေးများကို ခေါ်ကာ အမျိုးသမီးကျောက်အား နှုတ်ဆက်ပြီး မြစ်အနောက်ဘက်ခြမ်းသို့ ပြန်လာခဲ့လိုက်ကြသည်။ စုမိသားစုက ဟယ်မိသားစု၏ ခြံတံခါး အပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် သူတို့နောက်သို့ လိုက်လာသည့် ခြေသံတစ်ခုကို ကြားလိုက်ရသည်။
“မိန်းကလေးစု”
စုမိသားစုက ထိုအသံကို ကြားပြီး နောက်လှည့်ကြည့်လိုက်ကြ၏။ သူတို့၏ အကြည့်က ဟယ်ရွှမ်းဟိုင်ကို အနည်းငယ် ရှက်ရွံ့သွားစေတော့သည်။
“ ကျွန်တော် အကြီးဆုံးမမလေးစုကို လာရှာတာပါ”
“ဪ”
ယိုရင်နှင့် တခြားသူများက ဘာမှမဖြစ်သလို ပြန်ဖြေလိုက်ကြသည်။ ယိုကျင့်က ဟယ်ရွှမ်းဟိုင်ကို ကြည့်လိုက်ပြီး သက်တူရွယ်တူနှုတ်ဆက်နည်းအတိုင်း နှုတ်ဆက်လိုက်ပြီး
“ သခင်လေးဟယ် ဘာကိစ္စရှိလို့လဲ၊ အဒေါ်ကျောက်က ကျွန်မကို ရှာနေတာလား”
ဟယ်ရွှမ်းဟိုင်သည် မိန်းကလေးစုနောက်က လိုက်လာသည့် အမျိုးသားမှာ သပ်သပ်ရပ်ရပ် ဝတ်စားထားသည်ကို သတိထားမိသွားပြီး သူက အနည်းငယ် မသပ်မရပ် ဖြစ်နေသည်ကို သတိထားမိသွားတော့သည်။ သူက ရှက်ရွံ့ကာ ခေါင်းကုပ်လိုက်မိ၏။
“ ကျွန်တော့်အမေက မိန်းကလေးကို ရှာတာ မဟုတ်ပါဘူး၊ ကျွန်တော်က လာရှာတာပါ၊ ကျွန်တော် မိန်းကလေးကို ပြန်ပို့ပေးမယ်လေ၊ လမ်းလျှောက်ရင်း စကားပြောကြမလား”
ယိုကျင့်က သိမ်မွေ့စွာ ပြုံးလိုက်သော်လည်း ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်ပြီး
“ မလိုပါဘူးရှင်၊ နှင်းဖုံးနေတဲ့လမ်းက လျှောက်လို့ မလွယ်ဘူး၊ သခင်လေးဟယ် ပြေးလွှားပြီး ဒုက္ခရှာစရာ မလိုပါဘူး၊ ဘာကိစ္စပဲဖြစ်ဖြစ် ဒီမှာပဲ ပြောလိုက်ပါ”
သူမ၏စိတ်တို့သည် အပြန်ပြန် အလှန်လှန် စဥ်းစားနေမိသည်။ ယိုကျင့်က သူမနှင့် သူ့ကြားတွင် အပြန်အလှန် ဆက်ဆံစရာရှိသည်ဟု မထင်ခဲ့ချေ။ ဒီတော့ ဘာကိစ္စပါလိမ့််။ ကျန်သည့် စုမိသားစုဝင်များအားလုံးကလည်း မျက်တောင်များ တဖျတ်ဖျတ်ခတ်ရင်း ဟယ်ရွှမ်းဟိုင်ကို ကြည့်ကာ မကြီး ပြောမည့်စကားကို စောင့်နေကြလေသည်။ မကြီးက သူတို့ကို ထွက်မသွားခိုင်းသဖြင့် သူတို့ နားထောင်လို့ရသည့် သဘောပင်။
ဟယ်ရွှမ်းဟိုင်သည် အစက ယိုကျင့်အား နောက်ထပ်သုံးနှစ်လောက် စောင့်ပေးနိုင်မလားဟု မေးချင်ခဲ့သည်။ သုံးနှစ်အတွင်း သူသည် စာမေးပွဲ အောင်ပြီး သူမကို သေချာပေါက် ခမ်းခမ်းနားနား လက်ထပ်နိုင်လိမ့်မည်။ သို့သော် အခုတော့ သူ ဖွင့်ပြောချင်ခဲ့သည့် မိန်းကလေး၏ဘေးတွင် မျက်လုံး အဝိုင်းအသားနှင့် ကြည့်ရန် စောင့်ဆိုင်းနေကြသည့် နောက်ထပ် လူလေးယောက်က ရှိနေသည်။ အမြဲလိုလို အရှက်အကြောက်ကြီးတတ်သည့် သူက မည်သို့ ထုတ်ပြောနိုင်ပါမည်နည်း။
စကားပြောရန် တွေဝေနေသည့် သူ့ကို ကြည့်ရင်း ယိုကျင့်မှာ အနည်းငယ် ဆွံ့အသွားတော့သည်။ သူ့မှာ ငါ့ကို ပြောစရာရှိတယ်လို့ ပြောခဲ့တယ်မလား။ ဘာလို့ မပြောသေးတာလဲ။ ထို့နောက်တွင်တော့ သူမက မေးလိုက်တော့သည်။
“သခင်လေးဟယ် ပြောစရာရှိတယ်ဆိုရင် ပြောပါတော့လား”
“ ကျွန် - ကျွန်တော်တို့ ဘေးနားမှာ သွားပြောလို့ရမလား”
ဟယ်ရွှမ်းဟိုင်က ယိုရင်နှင့် တခြားလူများနှင့် ဆယ်လှမ်းအကွာလောက်တွင် ရှိသည့် နေရာတစ်ခုကို ရှက်ရှက်နှင့် ညွှန်ပြလိုက်ပြီး ယိုကျင့်ကို တောင်းပန်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
“ ခဏလေးပါပဲ”
ယိုကျင့်သည် သည်စာဂျပိုးများ၏ ဦးနှောက်အလုပ်လုပ်ပုံကို အမှန်ပင်နားမလည်ခဲ့ချေ။ သူ့လိုပါပဲ။ ရှောင်လင်ယွီလည်း စာပေသမားတစ်ယောက်ပဲ ပြီးတော့ ကျွီရန်အဆင့်တစ်ယောက်။ ရှောင်လင်ယွီက ဟယ်ရွှမ်းဟိုင်ထက် အများကြီးပိုတော်တယ် မဟုတ်ဘူးလား။ သက်ပြင်းချရင်း သူမက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဟယ်ရွှမ်းဟိုင်နောက်က ခြေလှမ်းအနည်းငယ်အကွာအထိ လိုက်သွားလေသည်။
“ပြောပါ”
သူ သဘောကျသည့် မိန်းကလေးနှင့် မျက်နှာချင်းဆိုင်လိုက်ရသဖြင့် ပုံမှန်ဆိုလျှင် ကဗျာ သီချင်းအကြောင်းကို ကြေညက်နေအောင် ပြောတတ်သည့် ဟယ်ရွှမ်းဟိုင်မှာ နမော်နမဲ့ ငတုံးတစ်ယောက် ဖြစ်သွားတော့သည်။ ရှက်ရှက်နှင့် နောက်ဆုံးတော့ သူ့ပါးစပ်ကို ဖွင့်လိုက်ကာ မရေမတွက်နိုင်အောင် အကြမ်းလေ့ကျင့်ထားသည့် စကားကို ပြောလိုက်လေသည်။
“မိန်းကလေးစု မိန်းကလေးက ကျွန်တော့်ကို စောင့်ဖို့ ဆန္ဒ.. ဆန္ဒများရှိ.....”
ယိုကျင့်သည် သူစကားပြောရမည်ကို အချိန်အကြာကြီး စောင့်ပေးခဲ့သော်လည်း ရလဒ်မှာ သူ့အသံက တဖြည်းဖြည်း အားပျော့ကာ တိမ်ဝင်သွားတော့သည်။ သူမသည် သူပြောနေသည့်စကားများကို အဆုံးအထိ မကြားလိုက်ပေ။ ယိုကျင့်မှာ သူမ၏ နောက်ဆုံး စိတ်ရှည်ခြင်းက ကုန်ဆုံးသွားတော့မလို ခံစားလိုက်ရတော့သည်။
“သခင်လေးဟယ် ရှင် ဘာတွေ ပြောနေတာလဲ၊ ပြောစရာကျန်သေးလား၊ မကျန်တော့ရင် ကျွန်မ အရင်ပြန်နှင့်တော့မယ်”
ဒီလောက်အေးတဲ့ရာသီဥတုမှာ အပြင်ဘက်မှာ အေးခဲပြီးနေရတာ ပျော်စရာကောင်းလို့လား။
“ မသွားပါနဲ့”
ဟယ်ရွှမ်းဟိုင်သည် သူမ ပြန်တော့မည်ဟု ကြားလိုက်သည်နှင့်ချက်ချင်း သူ့လက်ကို ဆန့်လိုက်ကာ ယိုကျင့်၏ ဝတ်ရုံကို စိတ်ပျက်ပျက်နှင့် ဖမ်းဆွဲလိုက်လေသည်။
“ မိန်းကလေးစု ကျွန်တော် မေးချင်တာကလေ ကျွန်တော့်ကို စောင့်ပေးနိုင်မလားလို့ပါ”
“ ရှင့်ကို စောင့်ရမယ်ဟုတ်လား၊ ဘာလို့ ရှင့်ကို စောင့်ရမှာလဲ”
ယိုကျင့်က သူ့ဖမ်းဆွဲထားသည့် သူမ၏ဝတ်ရုံကို ပြန်ဆွဲလိုက်ပြီး မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည်။ သူမသည် သူ၏အဓိပ္ပာယ်မရှိလှသည့် စကားများကြောင့် စိတ်ရှုပ်သွားတော့သည်။
စကား တစ်ဝက်ရောက်လာပြီးမှ ဟယ်ရွှမ်းဟိုင် သည်လို ပြန်မေးခံလိုက်ရပြီး နောက်ဆုံးတွင် လျော့ကျသွားသည့် ရှက်နေသော မျက်နှာက တဖန် အားတက်လာပြီး
“ ကျွန်တော် စာမေးပွဲမှာ အဆင့်ရပြီး ဂုဏ်ပြုခံရတဲ့အချိန်အထိ စောင့်ပေးပါ၊ ကျွန်တော် မိန်းကလေးကို လက်ထပ်ပါမယ်.....”
“ ကျွန်မကို လက်ထပ်မယ် ဟုတ်လား၊ ကျွန်မက ရှင့်ကို လက်ထပ်ချင်တယ်လို့ ဘယ်တုန်းက ပြောလို့လဲ”
ယိုကျင့်က ဟယ်ရွှမ်းဟိုင်သည် ဦးနှောက်တွင် ပြဿနာတစ်ခုခု ရှိနေပြီဟု ခံစားလိုက်ရတော့သည်။
“သခင်လေးဟယ် ကျွန်မတို့ စုစုပေါင်းတွေ့ဖူးတာမှ နှစ်ခါတောင် မရှိသေးဘူး၊ ကျွန်မက ရှင့်ကို လက်ထပ်ချင်ပါတယ်လို့လဲ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး၊ ဘယ်လိုဖြစ်ပြီး ကျွန်မက ရှင့်ကို လက်ထပ်ချင်ပါတယ်လို့ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလဲ”
ယိုကျင့်က သူမ၏စိတ်ထဲက စိတ်မရှည်မှုကို ဖိနှိပ်ထားရင်း ပြန်မေးလိုက်တော့သည်။
ဟယ်ရွှမ်းဟိုင်သည် သည်လို အဖြေမရှိသည့် မေးခွန်းကို ကိုယ်တိုင် ပြန်မေးခံလိုက်ရချိန်တွင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ အမေက စုအိမ်ကို သွားပြီး လက်ထပ်မဲ့ကိစ္စ ပြောမယ်လို့ အဖေ့ကို ပြောလိုက်တာ သူ သေချာကြားလိုက်ပါတယ်။ မိန်းကလေးစုက ဘာလို့ ဒီအကြောင်းကို မသိခဲ့ရတာလဲ။ ဒါမှမဟုတ် သူ အဆင့်မရတာ သိသွားလို့ ဒီလက်ထပ်ပွဲကို မလုပ်ချင်တော့တာများလား။
သူ၏ဆွံ့အနေသည့် အကြည့်ကို မြင်လိုက်ရသဖြင့် ယိုကျင့်က သက်ပြင်းချလိုက်လေသည်။
“ သခင်လေးဟယ် ကျွန်မက ရှင့်ကို လက်ထပ်ချင်ပါတယ်ဆိုတဲ့ စိတ်ကူးကို ရှင်ဘယ်က ရခဲ့လဲတော့ ကျွန်မမသိဘူး၊ ဒါပေမဲ့ ကျွန်မ ဒီနေ့ ရှင့်ကို ရှင်းအောင်ပြောလိုက်မယ်၊ ကျွန်မ ရှင့်ကို လက်ထပ်ဖို့ စိတ်ကူး အရင်ကရော၊ အခုရော မရှိဘူး၊ နောက်လည်း ရှိလာမှာမဟုတ်ဘူး၊ ကျွန်မရော ကျွန်မမိသားစုရော ဒီလိုအတွေးမျိုး မရှိဘူး၊ မိသားစုနှစ်ခုကြားက ခင်မင်မှုကြောင့် သခင်လေးဟယ်က ဒီကိစ္စကို ထပ်မပြောဖို့ ကျွန်မကပဲ တောင်းဆိုပါတယ်”
“ ဒါပေမဲ့ ကျွန်တော့် အမေ အရင်က ပြောခဲ့တာကို သေချာပေါက် ကြားခဲ့တာ.....”
ဟယ်ရွှမ်းဟိုင်က သူ ရာထူး မရခဲ့သည့်အတွက် သူမက သူ့ကို ငြင်းပယ်ခဲ့သည်ဟုသာ မှတ်ယူလိုက်ပြီး ပြောလိုက်လေသည်။
“ မိန်းကလေးစု၊ ယိုကျင့် ကျွန်တော့်ကို ယုံပါ၊ သုံးနှစ်အတွင်း ကျွန်တော် စာမေးပွဲအောင်အောင် သေချာပေါက်လုပ်ပြီး မိန်းကလေးကို ခမ်းခမ်းနားနားနဲ့ လက်ထပ်ပါ့မယ်”
သူသည် အနည်းငယ်ရူးသွားပြီကို မြင်လိုက်ရပြီးနောက် ယိုကျင့်က အန္တရာယ်ကင်းအောင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး
“ ဒီမယ် သခင်လေးဟယ် ကျွန်မတို့ကြားမှာလည်း ဘာသံယောဇဥ်များများစားစားမှ မရှိဘူး၊ ရှင် ကျွန်မက မိန်းကလေးစုလို့ ခေါ်သင့်တယ်၊ အဒေါ်ကျောက်ကတော့ ဒီကိစ္စကို ပြောခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ကျွန်မမိသားစုက သဘောမတူခဲ့ဘူး၊ ရှင် မယုံဘူးဆိုရင် အိမ်ပြန်ပြီး အဒေါ်ကျောက်ကို သွားမေးလို့ရတယ်၊ ဘာမှ ပြောစရာမရှိတော့ဘူးဆို ကျွန်မ အရင်ပြန်နှင့်မယ်၊ မိန်းမတစ်ယောက်ရဲ့ သိက္ခာက အရေးကြီးတဲ့အရာပဲ၊ ဒီတော့ သခင်လေးဟယ်က သာမန်ကာလျှံက မပြောဖို့ ကျွန်မက တောင်းဆိုချင်တယ်”
စကားဆုံးသွားသည်နှင့် သူမသည် လှည့်ထွက်လာကာ သူတို့ကို အနီးကပ် စောင့်ကြည့်နေသည့် ညီမငယ်လေးများနှင့် စုန့်ဟွာရှိသည့်နေရာသို့ လျှောက်လာခဲ့လိုက်သည်။ ထို့နောက် သူတို့သည် မြစ်အနောက်ဘက်ကမ်းသို့ ပြန်လာခဲ့ကြသည်။ မူးဝေပြီး နောက်တွင် ကျန်ခဲ့သည့် ဟယ်ရွှမ်းဟိုင်မှာ ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ပြီး မြေကြီးပေါ်သို့ သတိလစ်ကာ လဲကျသွားတော့သည်။
“ကောင်းသွားပါပြီ၊ သွေးတွေ အန်ထုတ်လိုက်တာ ပိုကောင်းသွားတယ်၊ သူ့နှလုံးထဲ စိတ်အားငယ်နေတာတွေ အများကြီး ပျောက်သွားတယ်၊ သူ အိပ်ပြီး ပြန်နိုးလာလိမ့်မယ်၊ ကျုပ် မင်းတို့အတွက် ဆေးညွှန်းရေးပေးလိုက်မယ်၊ ငါးခွက်တစ်ခွက်ကျန်အောင် ကြိုလိုက်နော်၊ တစ်နေ့ နှစ်ကြိမ်၊ ၄-၅ရက်လောက် နေရင်း သူ ကောင်းသွားပါလိမ့်မယ်”
ဝူလီချောင်ရွာက ခြေကြွသမားတော်သည် သွေးခုန်နှုန်းကို စမ်းကြည့်လိုက်ပြီး စိတ်ပူနေသည့် ဟယ်မိသားစုကို စိတ်အေးသွားအောင် ပြောလိုက်လေသည်။
“ ရွှမ်းဟိုင်ရဲ့ခန္ဓာကိုယ်က အခုလောလောဆယ် အရမ်းအားနေလို့ပါ၊ အနည်းနဲ့အများတော့ သူ ပြန်ပြီး အားပြည့်အောင် လုပ်ဖို့လိုတယ်”
ဟယ်ဟောက်သည် သမားတော်သည် သူ့သားအခြေအနေကောင်းသည်ဟု ပြောလိုက်ချိန်တွင် စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။
“ ကျေးဇူးတင်ပါတယ် သမားတော်ရယ်၊ နောက်မှ ကျွန်တော် ကလေးရဲ့အမေကို ကြက်တစ်ကောင်သ-တ်ခိုင်းပြီး ကလေးကို အားဖြည့်ခိုင်းလိုက်ပါ့မယ်”
သမားတော်ကို ပြန်ပို့ပေးလိုက်ကြသည်။ မိသားစုက ကြက်တစ်ကောင်သ-တ်လိုက်ပြီး ဆေးနှင့် ရောပြုတ်လိုက်၏။ နေ့လည်ခင်းတွင် နှစ်နာရီလောက်နီးပါး အိပ်ပျော်သွားသည့် ဟယ်ရွှမ်ဟိုင်သည် နောက်ဆုံးတွင် နိုးလာတော့သည်။ ဟယ်မိသားစုမှာ အခုမှ သက်ပြင်းချနိုင်တော့သည်။
ဆေးကို လိမ်လိမ်မာမာ သောက်လိုက်သည့် ဟယ်ရွှမ်းဟိုင်က မျက်လုံးများ နီနေသည့် အမျိုးသမီးကျောက်ကို မသိမသာ ကြည့်လိုက်လေသည်။ အနည်းငယ် စိတ်ရှုပ်သွားသဖြင့် သူက ပြောလိုက်၏။
“ အဖေနဲ့ အမေ ဘာဖြစ်လို့လဲ”
“ ဘာမဖြစ်ပါဘူး၊ အားလုံးအဆင်ပြေတယ်၊ သား အဆင်ပြေနေသရွေ့ အဖေနဲ့ အမေကလည်း အဆင်ပြေတယ်”
အမျိုးသမီးကျောက်က ဆေးမရှိတော့သည့် ပန်းကန်လုံးအလွတ်ကို အနီးက ဟယ်ရှောင်နင်ဆီ လှမ်းပေးလိုက်ပြီးနောက် အနံ့မွှေးမွှေးနှင့် အရသာထွက်လာသည်အထိ ပြုတ်ထားသည့် ကြက်မကြီး စွပ်ပြုတ်တစ်ပန်းကန်ကို ယူလာခဲ့လေသည်။
“ ဒီကြက်သားစွပ်ပြုတ်က အခုလေးတင် ချလာတာ၊ ကုန်အောင် သောက်လိုက်အုံး”
ဟယ်ရွှမ်းဟိုင်သည် သွေးအန်လိုက်ပြီးနောက်တွင် သူ့နှလုံးထဲက ညစ်နွမ်းနေသည့်စွမ်းအင်များသည် အများကြီး ပျောက်ကွယ်သွားတော့သည်။ သူသည် အခုချိန်တွင် အနည်းငယ် အားနည်းနေသေးသော်လည်း သူ့မျက်နှာပေါ်က ညှိုးနွမ်းနေသည့်စွမ်းအင်ကတော့ ပျောက်သွားပြီဖြစ်သည်။ သူသည် သတိမလစ်ခင်က စုမိသားစု၏ မိန်းကလေးနှင့် အဖြစ်အပျက်တို့ကိ မှတ်မိနေပြီး သူ့နှလုံးသား အနည်းငယ်နာကျင်နေသေးသော်လည်း မိသားစုက သူ့အိပ်ရာဘေးတွင် စောင့်ရှောက်ပေးနေသည်ကို မြင်လိုက်ရပြီး မိဘများက စိတ်ပူနေမည်ကို မကြည့်ရက်နိုင်ပေ။ ထို့ကြောင့် သူက ကြက်စွပ်ပြုတ် ပန်းကန်သေးလေးတစ်ပွဲကို တစ်ဇွန်းချင်း သောက်လိုက်ပြီးမှ ပြောလိုက်တော့သည်။
“ အမေ ကျွန်တော် ခဏလောက်နားချင်တယ်”
“ ဪ အေးအေး၊ ဒါဆို အမေတို့အားလုံး အပြင်ထွက်ပေးမယ်နော်၊ သား တစ်ခုခုလိုရင် လှမ်းခေါ်လိုက်”
အမျိုးသမီးကျောက်သည် သူမ၏သားဖြစ်သူက စားသောက်ချင်စိတ်ရှိနေသည်ကို မြင်လိုက်ရသဖြင့် စိတ်အေးသွားတော့သည်။ သူက ပင်ပန်းနေပြီးဟု ပြောလိုက်သဖြင့် သူမသည် ယောက်ျားနှင့် ကလေးများကို မြန်မြန် ပတ်ခေါ်လိုက်ပြီး အကြီးဆုံးသား ကောင်းကောင်း အနားယူနိုင်ဖို့ရာ တံခါးဖွင့်ပေးပြီး ထွက်သွားခိုင်းလိုက်တော့သည်။
တံခါးက တင်းနေအောင် ပိတ်သွားသည်ကို မြင်လိုက်ပြီးနောက် ဟယ်ရွှမ်းဟိုင်သည် သူ့မျက်လုံးများကို မှိတ်ထားလိုက်၏။ သူ့မျက်လုံးထဲတွင်တော့ ရက်စက်သည့် စကားများ ပြောခဲ့သည့် ယိုကျင့်၏ မျက်နှာလှလှလေးက လာထင်ဟပ်နေလေသည်။ မျက်ရည်တစ်စက်က သူ့မျက်လုံးထောင့်မှ စီးကျသွားပြီး ခေါင်းအုံးထဲသို့ စိမ့်ဝင်သွားလေတော့သည်။