အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
အပိုင်း (၈၈) နှစ်သစ်ကူးနှင့် ဒေါ်လေးဆီကစာ
စုမိသားစုသည် ဝူလီချောင်တွင် ဆွေမျိုးများမရှိပေ။ ထို့ကြောင့် နှစ်သစ်ကူးတိုင်း မိသားစုတစ်ခုလုံး အတူတူကုန်ဆုံးရန် အချိန်ကောင်းတစ်ခု ဖြစ်လေသည်။ သို့သော် သည်နှစ်က ပြီးခဲ့သည့်နှစ်နှင့် အနည်းငယ် ကွာခြားသည်။
နှစ်သစ်ကူးတတိယနေ့ကတည်း မင်္ဂလာကိစ္စလာကြောင်းလမ်းကြသည့် အောင်သွယ်တော်များ ငါးယောက် ခြောက်ယောက်မက ရှိလေသည်။ သူတို့၏ အဓိကပစ်မှတ်မှာ စုမိသားစု၏ အကြီးဆုံးသမီး ဖြစ်သည်။
“ သခင်မစုရယ် ကျွန်မ ကြွားနေတာ မဟုတ်ပါဘူး၊ ဒီလျိုမိသားစုက စိုက်ပျိုးမြေ ဧကတစ်ရာကျော် ရှိတယ်၊ သခင်လေးလျိုက အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်ဆိုပေမဲ့ သူက စံပြပုဂ္ဂိုလ်တစ်ယောက်ပါ၊ သူ့စရိုက်ရော ရုပ်ရည်ကော ဘာမှ မကောင်းပြောစရာမရှိဘူး၊ လျိုမိသားစုလင်မယား နှစ်ယောက်လုံးကလည်း အရည်အချင်းရှိပြီး သဘောကောင်းတဲ့ သူတွေပါ၊ ကျွန်မတို့အကြီးဆုံးတူမလေးက လက်ထပ်ပြီးသွားရင် သေချာပေါက် ဝမ်းနည်းရမှာမဟုတ်ပါဘူး”
အပြောကောင်းလွန်းသည့် အောင်သွယ်တော်က လျိုမိသားစုအကြောင်းကို ပန်းများပွင့်လာတော့မတတ် ကြွားဝါပြောနေသည်ကို နားထောင်ရင်း အမျိုးသမီးစုမှာ ငိုရခက် ရယ်ရခက်ဖြစ်သွားတောသည်။ ထိုခံစားချက်ကို သည်းခံလိုက်ရင်း သူမက ငြင်းဆန်လိုက်လေသည်။
“ ယောက်မကြီးကို ကျေးဇူးတင်ပါတယ်၊ အခု ကျွန်မတို့မိသားစုရဲ့သမီးက ငယ်သေးတယ်လေ ပြီးတော့ ကျွန်မတို့က နောက်နှစ်နှစ်လောက် သူ့ကို ဆက်ခေါ်ထားချင်သေးတယ်ရှင့်”
ပြီးခဲ့သည့်နှစ်သစ်က ဟယ်အိမ်မှ ပြန်လာပြီးနောက်ပိုင်း ယိုကျင့်သာ သူမကို မင်္ဂလာကိစ္စသတ်မှတ်ခြင်းမှ မတားမြစ်ထားလျှင် အမျိုးသမီးစုသည် အိမ်တံခါးလာခေါက်သည့် ငါးယောက်မြောက်အောင်သွယ်တော်၏ စကားကို စိတ်မလှုပ်ရှားဘဲ ရှိပါမည်နည်း။
အမျိုးသမီးစု ငြင်းလိုက်သည့်စကားကိုကြားလိုက်ရပြီးနောက် လျိုမိသားစုက ဖိတ်ထားသည့် အောင်သွယ်တော်သည် လက်မလျှော့သေးချေ။ အပြုံးတစ်ခုဖြင့် အမျိုးသမီးစု၏လက်ကို ဆုပ်ကာ အလေးအနက်တွေးပေးသည့်အကြည့်ဖြင့် ပြောလိုက်လေသည်။
“ ညီမလေးစုရယ် အစ်မက မြှောက်ပြောနေတာမဟုတ်ပါဘူး၊ သခင်လေးလျိုက တကယ်နှစ်လိုဖွယ်ကောင်းတာပါ၊ အကြီးဆုံးတူမလေးနဲ့ တွဲပေးလိုက်ရင် သူ ဝမ်းနည်းရမှာ မဟုတ်ပါဘူး၊ မိသားစုမှာ စိုက်ပျိုးမြေဧက ၁၀၀ကျော်တောင်ရှိတာကို သိရမယ်လေ၊ ပြီးတော့ မြေတွေကို ပြုစုဖို့ နှစ်ရှည်အလုပ်သမားတွေလည်း ရှိတယ်၊ အကြီးဆုံးတူမလေးက လက်ထပ်ပြီး ပြောင်းလာရင် သူ့ယောက္ခမတွေကိုပဲ စောင့်ရှောက်ပေးပြီး လျိုအိမ်ကကောင်လေးကို ပြုစုပေးပြီး လျိုမိသားစုအတွက် မျိုးဆက်သစ်တွေ ဝေဖြာအောင် လုပ်ပေးဖို့ပဲလိုတာပါ၊ ဒါက ကောင်းချီးတစ်ခုပဲလေ”
သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ရသည်တွင် အစောပိုင်းက အနည်းငယ်စိတ်လှုပ်ရှားနေသည့် အမျိုးသမီးစု၏ အတွေးများသည် ရပ်တန့်သွားတော့သည်။ အခုက သမီးဖြစ်သူ အိမ်မှာ အပျိုရံ ၊ အစေခံတွေရဲ့ အလုပ်အကျွေးပြုခံနေရတာပဲ။ သူသာ လျိုမိသားစုနဲ့ လက်ထပ်လိုက်ရင် သူ့ယောက္ခမတွေ နှိပ်စက်တာ ခံရမှာလိမ့်မယ် မဟုတ်ဘူးလား။ အမျိုးသမီးစုသည် ဟိုတုန်းက သူမ၏ ကိုယ်တွေ့ဝမ်းနည်းစရာအတွေ့အကြုံကို စဥ်းစားမိသွားပြီး တွေဝေမနေဘဲ အောင်သွယ်တော်ကို ငြင်းလိုက်တော့သည်။
“ယောက်မကြီးနဲ့ စေတနာကို ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မတို့မိသားစုရဲ့သမီးက တကယ်ငယ်သေးလို့ပါ၊ ပြီးတော့ ကျွန်မတို့မိသားစုမှာလည်း ယိုကျင့်မရှိလို့ မဖြစ်သေးဘူး၊ နောက်တစ်နှစ် နှစ်နှစ်လောက်မှပဲ ထပ်ပြောရအောင်ပါရှင်”
မည်သို့မှ လှုံ့ဆော်လို့မရသည်ကို တွေ့လိုက်ရသည့် အောင်သွယ်တော်က သည်ငွေကို ရှာနိုင်တော့မည်မဟုတ်မှန်း သိလိုက်လေသည်။ သို့သော် စုမိသားစုတွင် အကြီးဆုံးသမီးအပြင် သမီး၇ယောက် ရှိသေးသည်ကို စဥ်းစားလိုက်မိပြီး နောက်တွင်လည်း သူတို့နှင့် အဆက်အသွယ် လုပ်ရအုံးမည်ဖြစ်ရာ သူမက ပြုံးရင် နှုတ်ဆက်ကာ ပြန်သွားတော့သည်။ ဆက်ပြီး နှောင့်ယှက်ရန် မလိုတော့ချေ။
အောင်သွယ်တော်ကို လိုက်ပို့ပေးလိုက်ပြီးနောက် နောက်ဆုံးတွင် အမျိုးသမီးစုက စိတ်ပေါ့ပါးသွားဟန် သက်ပြင်းချလိုက်လေသည်။
“ မိသားစုက သမီးတစ်ယောက် အရွယ်ရောက်လာရင် ဒီလောက်အထိ ပင်ပန်းရလိမ့်မယ်လို့ မသိခဲ့ဘူး”
အဒေါ်စုန်သည့် လက်ဖက်ရည်ပန်းကန်နှင့် ရောက်လာ၏။ သူမပြောလိုက်သည့်စကားကို ကြားလိုက်ရသောအခါ အဒေါ်စုန့်က ရွှင်လန်းစွာ ပြန်ဖြေလိုက်လေသည်။
“ အကျင့်စရိုက်ပဲဖြစ်ဖြစ် အသွင်အပြင်ပဲဖြစ်ဖြစ် ကျွန်မတို့မိသားစုရဲ့ အကြီးဆုံးမမလေးက အကောင်းဆုံးပါပဲ၊ ပြီးတော့ သခင်မရယ် ကျွန်မတို့မိသားစုရဲ့ လက်ရှိအခြေအနေကို စဥ်းစားကြည့်ပါအုံး၊ ကျွန်မတို့တွေက လော့ဟယ်မြို့ပေါ်က အိမ်ကြီးတွေနဲ့ မယှဥ်နိုင်ပေမဲ့ မြို့ကမိသားစုတွေအားလုံးမှာတော့ အဆင့်အတန်းအမြင့်ဆုံး ဖြစ်နိုင်တယ်လေ”
ဘယ်သူကများ ချမ်းသာပြီး အရည်အချင်းရှိတဲ့ ချွေးမကို မလိုချင်ဘဲ ဘယ်ရှိမှာလဲ။
“ ရှင်ပြောတာ ဟုတ်တယ်၊ မနှစ်က ဒီလိုအချိန်တုန်းကဆိုရင် ဘယ်အောင်သွယ်တော်က မင်္ဂလာကိစ္စကြောင်းလမ်းဖို့ ကျွန်မတို့အိမ်တံခါးကို ဘယ်လိုလုပ်လာချင်မှာလဲ။ သူတို့တွေက ကျွန်မတို့မိသားစုရဲ့ ကြွယ်ဝတာတွေကို မြင်သွားမှာ လာကမ်းလှမ်းကြတာ”
အမျိုးသမီးစု၏ စိတ်နေစိတ်ထားသည့် ပျော့ညံ့သော်လည်း သူမ၏ဦးနှောက်ကတော့ မတုံးအသေးချေ။ အဒေါ်စုန့်က ထိုစကားကို ပြောလိုက်သဖြင့် သူမ၏စိတ်ကိုလည်း နားလည်ရန် ကြိုးစားလိုက်တော့သည်။
“ ဒါပေမဲ့ ဒီလက်ထပ်ပွဲကလည်း ကလေးတွေကိုယ်တိုင်ပေါ် မူတည်သေးတယ်၊ ပြီးတော့ မိသားစုအတွက် ကောင်းမွန်တဲ့ယောက်ျားတစ်ယောက်ကို ရွေးတတ်ဖို့လည်းလိုတယ်”
အမျိုးသမီးစုကိုယ်တိုင်က ယွဲ့မိသားစုနှင့် လက်ထပ်ရန် ဖိအားပေးခံခဲ့ရပြီး ဤမျှ အာဏာသုံးရတာ ကြိုက်သည့် ယောက္ခမတစ်ယောက်ကို ရင်ဆိုင်ခဲ့ရပြန်သည်။ သူမသည် ထိုစိုးရိမ်မှုတွင် ရစ်ဝဲနေသည်က သဘာဝပင်။
အဒေါ်စုန့်က စားပွဲပေါ်က သုံးပြီးသား လက်ဖက်ရည်ပန်းကန်လုံးများကို အသာအယာ သွက်သွက်လက်လ်က သိမ်းဆည်းရင် ပြုံးက ပြောလိုက်၏။
“ သခင်မ အခုချိန်က ဒီကိစ္စကို ပူပန်ရမဲ့အချိန်မဟုတ်သေးပါဘူး၊ နောက်နှစ်နှစ်လောက်နေရင် မိန်းကလေးတွေအားလုံးကလည်း အရွယ်ရောက်ပြီ ပိုပြီးတော့တောင် စိတ်ရှုပ်စရာတွေ ဖြစ်လာအုံးမှာ”
စုမိသားစု၏ညီအစ်မများသည် ရွယ်တူနီးပါးဖြစ်ကြလေသည်။ နှစ်တိုင်း တစ်ယောက်ပြီးတစ်ယောက် အရွယ်ရောက်လာကြလိမ့်မည်။ ယခုနေ သူတို့သည် သည်အကြောင်းကို တွေးနေသည်က အမှန်ပင် ပူပင်ရန် အချိန်မကျသေးချေ။
အဒေါ်စုန့်၏စကားကို နားထောင်လိုက်ပြီးနောက် အမျိုးသမီးက မတတ်သာတော့ဘဲ သွားပေါ်အောင် ပြုံးရယ်လိုက်တော့သည်။
“ ရှင် ပြောတာဟုတ်တယ်၊ စိတ်ရှုပ်ခံရမဲ့ အချိန်မကျသေးဘူး”
အိမ်တံခါးလာခေါက်သည့် အောင်သွယ်တော်အားလုံးသည် အရှုံးဖြင့် လှည့်ပြန်သွားကြရလေသည်။ အချိန်တစ်ခု ကြာပြီးနောက် အောင်သွယ်တော်များကလည်း ဆင်ဆင်ခြင်ခြင်ဖြင့် စုမိသားစုအိမ်သို့ လာခြင်းမှာ ရပ်တန့်သွားကြတော့သည်။ နောက်ဆုံး သည်ခရီးက အချိန်အလကားဖြစ်လေရာ အဘယ်ကြောင့် အပင်ပန်းခံရပါမည်နည်း။ အမျိုးသမီးစုသည် ထိုအကြောင်း မသိသော်လည်း အောင်သွယ်တော်များက သူမဆီသို့ တစ်ယောက်ပြီး တစ်ယောက် တရစပ် ရောက်မလာကြတော့သဖြင့် အမှန်ပင် စိတ်အေးသွားတော့သည်။
***
နှစ်သစ်ကူးပြီး ရှစ်ရက်မြောက်နေ့တွင် စုကျားရှန်းမုန့်ဆိုင်ကို ပုံမှန်အတိုင်းပြန်ဖွင့်လိုက်သည်။
အခုတော့ ဆိုင်ရှေ့တွင် ဧည့်သည်များနှုတ်ဆက်ခြင်းနှင့် စာရင်းများစီမံခြင်းအလုပ်အားလုံးကို ယိုရင်က လုပ်သည်။ ယိုကျင့်က လတိုင်း၏လကုန်စားရင်းကို တွက်ချက်ရန်သာ တာဝန်ယူပေးသည်။ မီးဖိုအနောက်ဘက်တွင် ယိုကျူးက -- ၊ ပိုင်ကျီ ၊ စသည့် လူ ၅ယောက် ၆ယောက်ကို ဦးဆောင်ကာ အလုပ်များနေ၏။ အခုတော့ ယိုကျူးသည် တာဝန်များအားလုံးကို ယူစရာမလိုတော့ချေ။ သူမက လုပ်နည်းကို သိမ်းထားပြီး နေ့စဥ်သုံးရသည့် ပါဝင်ပစ္စည်းကုန်ကြမ်းများကို ထုတ်ပေးရန်သာ လိုတော့သည်။ ကျန်လူများက ကျန်သည့်အလုပ်များကို လုပ်ကြသည်။ အလုပ်သမားခွဲဝေရေးကလည်း ဆိုင်ရှေ့နှင့် ဆိုင်နောက်ကြား အလွန်ရှင်းရှင်းလင်းလင်း လုပ်ထားသည်။ အပိုင်းနှစ်ပိုင်းသည် ထပ်နေခြင်းမရှိချေ။
ယိုကျင့်၏အဓိကအလုပ်က စုကျားရှန်းမှ ဝင်လာသည့်ငွေများကို ပိုအကျိုးအမြတ်များသည့် နေရာတွင် တိုးပွားအောင်လုပ်ခြင်းပင်။ ငွေကိုသုံးပြီး ငွေရှာရသည်။ သူမသည် နေ့တိုင်းလိုလို မနက်စောစောအိမ်ကထွက်သွားပြီး ညနောက်ကျမှ အိမ်ပြန်လာတတ်သည်။ အလွန်အလုပ်များလေရာ သူမ၏အရိပ်ကိုပင်မမြင်နိုင်ပေ။
“မမလေး ဒီနေ့ အိမ်ရှေ့မှာ မမလေးဆီလာတဲ့ စာနှစ်စောင်ရောက်နေတယ်”
ယိုကျင့်သည် အိမ်ပြန်ရောက်တော့ အဒေါ်စုန့်က စာနှစ်စောင်နှင့် နောက်ကမြန်မြန်လိုက်လာလေသည်။
ဝတ်ရုံကို ချွတ်လိုက်ပြီး သူမဘေးက လိုက်လာသည် ချောင်အာက အလိုက်သိစွာ ဝတ်ရုံကို ယူလိုက်လေသည်။ အဒေါ်စုန့်ပေးလာသည့် စာများကို လက်ခံလိုက်ပြီးနောက် ယိုကျင့်က ပြုံးကာ ပြန်ပြောလိုက်၏။
“ တစ်ယောက်ယောက် ကျွန်မဆီ စာပို့လာလိမ့်မယ်လို့ ထင်တောင်မထင်ဘူး”
ပထမစာကို ကြည့်လိုက်ပြီး ရှောင်လင်ယွီ၏လက်ရေး ဖြစ်နေသည်။ ထို့နောက် သူမသည် ဒုတိယစာကို ဖြတ်လိုက်တော့ စာအိတ်ပေါ်က လက်ရေးကိုသာ ခန့်မှန်းနိုင်လေသည်။ အမျိုးသမီးတစ်ယောက်၏ လက်ရေးပင်။ ယိုကျင့်သည် အနည်းငယ်ထူးဆန်းသွား၏။ ဧည့်ခန်းထဲတွင် ထိုင်ကာ မီးဖိုဆောင်က ညစာပြင်ဆင်နေသည်ကို စောင့်ရင်း စာကိုဖွင့်ဖတ်လိုက်တော့သည်။
“ ဘယ်သူများပါလိမ့်”
စာကို ဖတ်လိုက်ပြီးနေက် ယိုကျင့်၏မျက်နှာပေါ်က အပြုံးအားလုံး ပျောက်ကွယ်သွားတော့သည်။ တိတ်ဆိတ်ခြင်းသာ ကျန်ရစ်တော့သည်။ အချိန်တော်တော်ကြာမှ သူမက သက်ပြင်းချလိုက်ပြီး ချောင်အာကို ပြောလိုက်၏။
“ သခင်မကို သွားပင့်လာခဲ့”
သူမသည် သည်ကိစ္စကို ကြားဝင်ပေးနိုင်သော်လည်း မပတ်သက်ချင်တော့ပေ။ ထို့ကြောင့် ထိုကိစ္စကို အတူတူတိုင်ပင်ရန် အမျိုးသမီးစုကို ခေါ်ခိုင်းလိုက်ချင်းပင်။
“ ဘာကိစ္စရှိလို့လဲ”
အမျိုးသမီးစုသည် တတောက်တောက်လမ်းလျှောက်တတ်စ ရှောင်ပါ့ကို ချီကာ ဝင်လာ၏။ ရှောင်ပါ့သည် ယိုကျင့်ကို မြင်လိုက်သည်နှင့် ချက်ချင်း အမျိုးသမီးစုကို လွှတ်ကာ ယိုင်တိယိုင်တိုင် ခြေလှမ်းများဖြင့် ယိုကျင့်ထံ သွားလိုက်တော့သည်။ “ မကြီး ချီပေး”
ယိုကျင့်သည် ပြည့်ဖောင်းဖောင်းရှောင်ပါ့ကို မြန်မြန်ဖမ်းလိုက်ပြီး သူမကို ကောက်ချီလိုက်ကာ ပေါင်ပေါ်တွင် တင်လိုက်လေသည်။ သူမသည် ချောင်အာကို စားပွဲပေါ်ကဖွင့်ထားသည့်စာအား အမျိုးသမီးစုထံ ပေးလိုက်ရန် အချက်ပြလိုက်လေသည်။
“အမေ တစ်ချက်လောက်ကြည့်ပါအုံး”
ထို့နောက် သူမသည် ရှောင်ပါ့ကို ကျီစယ်ကာ ကစားပေးနေလိုက်သည်။
အမျိုးသမီးစုက အကြီးဆုံးသမီးနှင့် အငယ်ဆုံးသမီးတို့ကြားက အပြန်အလှန်ဆက်ဆံရေး သဘောကျစွာ ကြည့်နေမိသည်။ သူမက ချောင်အာဆီက စာကိုယူလိုက်ပြီး ဖြည်းဖြည်းချင်း ဖတ်လိုက်၏။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း အမျိုးသမီးစုကလည်း ယွိလန်ထံမှာ စာလုံးများကို မှတ်သားသင်ယူလာခဲ့ပြီး အရေးအဖတ်တွင် အများကြီးတိုးတက်လာသည်။ စားပွဲပေါ်သို့ စာကို ပြန်တင်ထားလိုက်ပြီးနောက် ရှောင်ပါ့ကို ရယ်မောအောင် လုပ်ပေးနေသည့် ယိုကျင့်ဖက်သို့ ပြန်လှည့်ကာ မေးလိုက်တော့သည်။
“ ဘယ်လိုလုပ်သင့်တယ်လို့ သမီးထင်လဲ၊ သမီးရဲ့ဒေါ်လေးက အမေတို့ကို ရှာတယ်ဆိုတော့ သူ သွားစရာလမ်း မရှိတော့လို့ပဲ ဖြစ်ရမယ်”
အမျိုးသမီးဟန်၏ စာအရ ထိုသို့ဖြစ်လာလေသည်။ သူမသည် လိပ်စာကို မည်သို့သိသွားမှန်း မသိပေ။
“ သမီးတို့ ကူညီနိုင်ပါတယ်၊ နောက်ဆုံး သမီးတို့ တင်းယွမ်က ထွက်လာတုန်းက ဒေါ်လေးကပဲ သမီးတို့ကို အများကြီး ကူညီပေးခဲ့တာလေ၊ ဒါပေမဲ့ သမီးတို့ ပြန်သွားလို့မရဘူး၊ သမီးတို့က ဒေါ်လေးကို ကူညီဖို့ အားကိုးရာကို စွန့်လွှတ်လို့မရဘူး”
ယိုကျင့်အတွက်တော့ ယွဲ့မိသားစု၏ ကြောင်တောင်တောင်လူများသည် သူမရှောင်ရှားချင်သည့် တည်ရှိမှုတစ်ခုဟု ပြောနိုင်လေသည်.
“ အမေ စဥ်းစားကြည့်၊ တယ်လို့ ယွဲ့ချန်လုသာ သမီးတို့ရဲ့လက်ရှိအခြေအနေကို သိသွားရင် သူတွေ့ထားသည့် ချမ်းသာမှုတွေကို လျစ်လျူရှုနိုင်မှာတဲ့လား”
အမျိုးသမီးစုသည် အရင်ယောက်ျားကို စဥ်းစားလိုက်မိရာ တစ်ကိုယ်လုံး ကြက်သီးများပင် ထသွားတော့သည်။ သူမသည် သမီးဖြစ်သူ၏စကားကို ထောက်ခံလိုက်၏။
“ မဖြစ်ပါဘူး၊ အမေတို့ ဒီစွန့်စားတာကိုတော့ လုပ်လို့မဖြစ်ဘူး”
သို့သော် အမျိုးသမီးဟန်၏စာထဲတွင် ဖော်ပြထားသည့်အကြောင်းအရာများကို စဥ်းစားလိုက်ပြီး အမျိုးသမီးစုက မတွေးဘဲ မနေနိုင်တော့ပေ။
“ ဒါပေမဲ့ ယိုဟယ်က မီးပုံထဲခုန်ချမှာ အမေတို့ ဒီအတိုင်းထိုင်ကြည့်နေလို့ မရဘူးလေ”
“ အမေက ပြောပြီဆိုမှတော့ သမီး ဒီကိစ္စကို စီစဥ်လိုက်ပါ့မယ်”
ယိုကျင့်က ကစားရတာ မောသွားသည့် ရှောင်ပါ့ကို အမျိုးသမီးစု၏လက်ထဲ ပြန်ထည့်ပေးလိုက်ပြီး
“ ဦးလေးစုန့်ကို ချောင်အာကိုခေါ်သွားခိုင်းပြီး မနက်ဖြန်တင်းယွမ်ကို လွှတ်လိုက်မယ်”
အမျိုးသမီးဟန်က အတိဒုက္ခရောက်နေတဲ့အချိန်မှာ တခြားရွေးစရာ မရှိတော့ရင် တစ်ခုခုကိုတော့ ကြိုးရမှာပဲလေ။ ဒါကြောင့်လည်း သူမက အချိန်အကြာကြီး အဆက်အသွယ်မရှိခဲ့တဲ့ စုမိသားစုကို တောင်းဆိုခဲ့တာပေါ့။ ဟိုတုန်းက ကျေးဇူးကို ပြန်ဆပ်တယ်လို့ သတ်မှတ်လိုက်ပါတယ်။
အမျိုးသမီးစုသည် ချွေ့ဖုန်းရွာက ဒုက္ခများကို စဥ်းစားမိလိုက်ချိန်၌ အလွန်ကသိကအောက် ဖြစ်သွားတော့သည်။ သူမသည် သည်ကိစ္စကို ကြားမဝင်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။
“ ဒါဆို သမီး စီစဥ်လိုက်တော့လေ”
“အမေ မစိုးရိမ်ပါနဲ့နော်”
ယိုကျင့်က ခေါင်းညိတ်ပြလိုက်၏။ သူမသည် ဦးလေးစုန့်ကို ချက်ချင်းခေါ်ကာ စာကို သူ့ဆီပေးလိုက်ပြီး မှာကြားလိုက်လေသည်။
“ ဦးလေးစုန့် မနက်ဖြန်မနက် ခရီးထွက်ဖို့ ချောင်အာကိုပါ ခေါ်သွားလိုက်နော်၊ ဒီစာကို ဦးလေးနဲ့အတူ ယူသွားလိုက်၊ ကျွန်မ နောက်ထပ်စာတစ်စောင်လည်း ရေးပေးလိုက်မယ်၊ တင်းယွမ်ကိုသွားပြီး အစ်မယိုဟယ်ကို သွားကြိုပြီးရင် ချက်ချင်းပြန်လာခဲ့နော်။ ဘယ်သူမှ မတွေ့စေနဲ့”
ဦးလေးစုန့်က ခေါင်းညိတ်လိုက်ပြီး “ မမလေး စိတ်မပူပါနဲ့”
ထိုနေ့ညတွင် စုမိသားစုသည် ခဏလောက် အလုပ်များသွား၏။ ယိုကျင့်က အခန်းထဲသို့ပြန်သွားကာ စာတစ်စောင်ရေးလိုက်ပြီး လျန်၅၀ ထုတ်လာပြီး ဦးလေးစုန့်တို့ သားအဖကို ပေးလိုက်ကာ ဦးလေးစုန့်ကို မှာစရာရှိတာ ထပ်မှာလိုက်လေသည်။ ထို့နောက်မှ ယိုကျင့်သည် သူမ၏အခန်းသို့ပြန်လာပြီး မြို့တော်မှလာသည့် စာကို ဖတ်လိုက်တော့သည်။
ရှောင်လင်ယွီ၏စာကို ဖတ်လိုက်ပြီးနောက် ယိုကျင့်သည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်တော့သည်။ သူတို့နှစ်ယောက်က ပြီးခဲ့တဲ့နှစ်က နှစ်ဝက်လောက် သိကျွမ်းခဲ့တယ်လို့ စဥ်းစားနိုင်ပေမဲ့ သူ့ထက် ၆နှစ်နီးပါးငယ်တဲ့ မိန်းမငယ်လေးတစ်ယောက်ကို သူ့ဘဝအတွက် ဆရာသခင်လို့မှတ်ယူဖို့က တကယ်ပဲ သင့်တော်ပါ့မလား။ ဒါပေမဲ့ သေတ္တာထဲက လျန်၁၀,၀၀၀ ကို စဥ်းစားကြည့်လိုက်တော့ မတတ်သာတော့ဘဲ စုတ်တံကို ကိုင်ပြီး စာပြန်ရတော့မှာပေါ့။ “လူတွေက ငွေအတွက်သေကြတယ်၊ ငှက်တွေကတော့ အစာအတွက် သေကြတယ်”
အမှန်တွင်တော့ ရှောင်လင်ယွီသည် အဘယ်ကြောင့်များ သည်လိုစာကိုရေးပြီး လော့ဟယ်သို့ ပို့ခဲ့မိမှန်း မသိပေ။ သူသည် စာကိုပို့လိုက်ပြီသည်နှင့်ချက်ချင်း နောင်တရသွားတော့သည်။ သူ့နှလုံးသားသည် တွယ်ရစ်နေပြီး စုမိသားစု၏ ကလေးမ ပြန်လာမည့်စာကို ခပ်ရေးရေး မျှော်လင့်နေမိသည်။
လော့ဟယ်မှ မြို့တော်သို့ မြင်းဖြင့်ခရီးနှင်လျှင် လဝက်နီးပါး ကြာသည်။ ရှောင်လင်ယွီက ယိုကျင့်သည် သူ့ကိုစာကို ပြန်လိမ့်မည်မဟုတ်တော့ဟု ထင်ထားလိုက်ချိန်၌ ယိုကျင့်ထံမှ ပြန်စာကို လက်ခံရရှိခဲ့တော့သည်။ သူမ၏ကလေးဆန်သော်လည်း ရှုပ်ထွေးပြီး ဆီလျော်မှု မရှိသည့် ‘အတွေးဝါဒ’ဆွေးနွေးထားသည့်အကြောင်း ဖတ်လိုက်ပြီးနောက် ရှောင်လင်ယွီသည် အချိန်အကြာကြီး စိတ်ဓာတ်ကျနေရာမှ နောက်ဆုံးတော့ ရှားပါးသည့်အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။
“ ဒီကောင်မလေးက ဝမ်းနည်းတတ်တဲ့အရသာကို မသိတဲ့ တကယ့်လူငယ်လေးတစ်ယောက်ပဲ”
သူသည် ယိုကျင့်ကို ဘာမှမသိသည့်ကလေးတစ်ယောက်လို သတ်မှတ်မိလိုက်သယောင် ဖြစ်သွားသော်လည်း သူသည် တစ်ဖက်လူထက် အများကြီးမကြီးသည့်အချက်ကို မေ့လျော့သွားတော့သည်။
စိတ်အေးသွားသဖြင့် စိတ်ထဲက အထုံးကို ခံစားမိလိုက်ပြီး ရှောင်လင်ယွီက စုတံတစ်ခုကို ကောက်ကိုင်လိုက်ကာ စုမိသားစုက ကလေးမထံ နောက်ထပ်စာတစ်စောင် ရေးလိုက်ပြီး သူ့ဘေးက အစေခံကို တတ်နိုင်သမျှမြန်မြန် စာပို့လိုက်ရန် ပြောလိုက်လေသည်။ ထို့နောက် သူသည် စုမိသားစု၏ကလေးမလေးထံမှ ပြန်စာကို တိတ်တိတ်လေး စတင်မျှော်တတ်လာတော့သည်။
***
တင်းယွမ်သို့ သွားလိုက်သည့် ဦးလေးစုန့်သည် လျန်၅၀နှင့် စာနှစ်စောင်ကို ယူကာ သမီးဖြစ်သူနှင့် လော့ဟယ်မှ ထွက်မည့် ကုန်သည်လှည်းတစ်စီးနှင့် ကပ်လိုက်လာလေသည်။ သူတို့သည် ၅ရက်အတွင်း တင်းယွမ်သို့ ရောက်လာကြ၏။
အကြီးဆုံးမမလေး၏ မှာကြားချက်အရ ဦးလေးစုန့်သည် တင်းယွမ်တွင် အရင်ဆုံး တည်းခိုလိုက်သည်။ ယွဲ့မိသားစု၏ကိစ္စများကို နှစ်ရက်လောက်စုံစမ်းပြီးနောက် သူသည် အမျိုးသမီးဟန်ကို သွားရှာန်ရန် ဟန်မိသားစုကုန်စုံဆိုင်သို့ သွားလိုက်တော့သည်။ အမျိုးသမီးဟန်၏ဖခင်သည် ဆုံးပါးသွားသော်လည်း ကုန်စုံဆိုင်က ယွဲ့ချန်ရှို့၏စီမံမှုအောက်တွင် ရှိနေ၏။ ကုန်စုံဆိုင် စာရေးကတော့ အမျိုးသမီးဟန်၏အမိန့်ကို သီးသန့်လိုက်နာနေသေးသည်။ ဦးလေးစုန့်က အမျိုးသမီးဟန်ကို ရှာနေသည်ဟု ပြောလိုက်သည်နှင့်ချက်ချင်း သူတို့သည် မြန်မြန်အထဲဝင်သွားကာ အမျိုးသမီးဟန်အား ထွက်လာခိုင်းလိုက်သည်။
“ ရှင်က ဘယ်သူ”
ဦးလေးစုန့်သည် ချည်သားအကောင်းစားအဝတ်အစားကို ဝတ်ဆင်ထားပြီး ချမ်းသာသည့်မိသားစု၏ အိမ်တော်ထိန်းတစ်ယောက်နှင့် တူနေသည်။ အမျိုးသမီးဟန်က လုပ်ငန်းကြီးတစ်ခု လာရောက်စုံစမ်းသည်ဟု ထင်လိုက်သဖြင့် သူမကိုယ်သူမ စိတ်အားတက်အောင် အားတင်းလိုက်ကာ ထွက်လာပြီး နှုတ်ဆက်လိုက်လေသည်။
ဦးလေးစုန်က လက်နှစ်ဖက်ကို ယှက်ကာ ယဥ်ယဥ်ကျေးကျေး မေးလိုက်၏။
“ တတိယသခင်မယွဲ့လား ခင်မျာ၊ ကျွန်တော်က တောင်ပိုင်းက စုမိသားစုကပါ”
သူမသည် သူက စုမိသားစုမှဟု ကြားလိုက်ချိန်တွင် အမျိုးသမီးဟန်၏ အေးစက်နေပြီးသား စိတ်နှလုံးသည် ချက်ချင်းအသက်ဝင်လာတော့သည်။
“ ရှင်က စုမိသားစုကလား”
သူမသည် ဒုတိယယောက်မ၏ မိသားစုအမည်မှာ စုဖြစ်မှန်း အလိုလိုသတိရသွားတော့သည်။ ကလေးအားလုံးကလည်း စုမျိုးရိုးကို ပြောင်းလိုက်ကြသည်။
“ အမှန်ပါပဲခင်မျ ၊ ဒီနေရာမှာ စကားပြောဖို့ လုံးဝအဆင်မပြေလို့ပါ၊ ကျွန်တော်တို့ တခြားနေရာကို ပြောင်းနိုင်ရင် ကောင်းမယ်ထင်တယ်နော်”
ဦးလေးစုန့်က ကုန်စုံဆိုင်ထဲ ဝင်ထွက်နေသည့်လူများကို ကြည့်လိုက်လေသည်။ အမှန်ပင် စကားပြောရန် ကောင်းသည့်နေရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် သူက မျက်နှာချင်းဆိုင်လမ်းက လက်ဖက်ရည်ဆိုင်သို့ အမျိုးသမီးစုအား ဖိတ်လိုက်လေသည်။
ဆိုင်ဝန်ထမ်းကို စကားတစ်ခွန်းနှစ်ခွန်း မှာခဲ့လိုက်ပြီးနောက် အမျိုးသမီးဟန်သည် ကုန်စုံဆိုင်မှ ထွက်လာပြီး ဦးလေးစုန့်နောက်သို့ မြန်မြန်လိုက်သွားလေတော့သည်။
…
အပိုင်း (၈၉) ယိုဟယ်
လက်ဖက်ရည်ဆိုင်ခန်းမ၏ သီးသန့်ခန်းတစ်ခုထဲတွင် ထိုင်းရင်း အမျိုးသမီးဟန်က သက်ပြင်းချလိုက်၏။
“ လူကြီးမင်း ရဲ့ နာမည်က ဘာများလဲရှင်”
တခြားနည်းလမ်းသာ ရှိခဲ့လျှင် သန်မာလှသည့်အမျိုးသမီးဟန်က ဒုတိယယောက်မ၏ လက်ရှိ တည်ငြိမ်အေးချမ်းသည့်ဘဝကို လုံးဝနှောင့်ယှက်လိမ့်မည်မဟုတ်ပေ။ သို့သော် သူမ၏အဖေ ဆုံးပါးသွားပြီးကတည်းက ယွဲ့ချန်ရှို့က ပို၍ဆိုးဝါးလာခဲ့သည်။ အခုတော့ သူသည် သူတို့၏ တစ်ဦးတည်းသောသမီးကို ကောက်ကျစ်စွာ မျက်စိကျလာခဲ့ပြီ။ ဟန်မိသားစုသည် ဆုံးပါးသွားသည့် လူကြီးမင်းဟန်၏အကူအညီဖြင့် ကုန်စုံဆိုင်တစ်ခုကို ဖွင့်ထားသော်လည်း သူတို့သည် တင်းယွင်တွင် ဆွေမျိုးများ မရှိကြပေ။ သူတို့တွင် ဆွေမျိုးများရှိလျှင်တောင် ယွဲ့မိသားစု၏သမီးက ဘာတတ်နိုင်ပါမည်နည်း။ သူတို့သည်လည်း ဆက်တိုက် စွက်ဖက်နေပေးအုံးမည်။ အမျိုးသမီးဟန်သည် ရေရှည်အတွက် စဥ်းစားလိုက်တော့သည်။ သမီးဖြစ်သူအား မီးပုံထဲမှ ကယ်ဆယ်ဖို့ရာ သူမ၏ကိုယ်ပိုင်နည်းလမ်းကိုသာ ရှာဖွေနိုင်တော့သည်။
“ ကျွန်တော်က စုမိသားစုရဲ့ အိမ်တော်ထိန်းပါ၊ ကျွန်တော့်မိသားစုနာမည်က စုန့်ပါ၊ ဒီလက်ရေးစာက ကျွန်တော်တို့မိသားစုက မမလေးက တတိသသခင်မယွဲ့ဆီ ယူလာခိုင်းတဲ့စာပါ”
ဦးလေးစုန့်က သူ့အိတ်ထဲက စာနှစ်စောင်ကို ထုတ်ပေးလိုက်သည်။ တစ်ခုမှာ အမျိုးသမီးစုန့်၏ ကိုယ်ပိုင်လက်ရေးစာ ဖြစ်သည်။ အမျိုးသမီးစု မှတ်မိမည်မှာ သဘာဝပင်။ တခြားစာအိတ်ပေါ်က လက်ရေးမှာ အလွန်လှပလေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အမျိုးသမီးတစ်ယောက်၏လက်ရေးမှန်း သိလိုက်သည်။ သူမသည် စာကို မြန်မြန်ဖွင့်လိုက်ပြီး သေသေချာချာ ဖတ်လိုက်၏။
ယိုကျင့်စာထဲက အကြံပေးထားသည်များကို ဖတ်လိုက်ပြီးနောက် အမျိုးသမီးဟန်က နောက်ဆုံးတော့ သက်ပြင်းချလိုက်ပြန်သည်။
“ ကျွန်မလေ အစတုန်းကတော့ ယိုကျင့်ကို တကယ် မနှောင့်ယှက်ချင်ခဲ့ပါဘူး ဒါပေမဲ့ ကျွန်မမှာ တကယ်ပဲ တခြားနည်းလမ်း မရှိတော့လို့ပါ”
အဖေဖြစ်သူ ဆုံးပါးသွားပြီးကတည်း မူလက စိတ်အားတက်ကြွတတ်သည့် အမျိုးသမီးဟန်မှာ အများကြီး အိုစာသွားကြီး အသားအရေမှာလည်း ခြောက်ကပ်လာတော့သည်။ သူမ၏မူက ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ်က အများကြီးပိန်ကျသွားလေသည်။ အခုတော့ မနှစ်က သူမ၏အဝတ်အစားများပင် ချောင်ချိနေတော့သည်။
ဦးလေးစုန့်ကို တည့်တည့်ကြည့်လိုက်ပြီး အမျိုးသမီးဟန်က သူတို့၏မျှော်လင့်ချက်အားလုံးကို စုမိသားစုအပေါ်တွင်သာ ပုံချထားလိုက်တော့သည်။
“ယိုကျင့်က ဒီလိုပြောလာတယ်၊ ပြီးတော့ ကျွန်မမှာလည်း တခြားဖြေရှင်းဖို့ နည်းလမ်း မရှိတော့ဘူးဆိုတော့ လူကြီးမင်းစုန့်က ဘယ်တော့ ပြန်မှာလဲရှင်”
ယွဲ့ချန်ရှို့၏ ရည်ရွယ်ချက်ကို ခန့်မှန်းကြည့်လျှင် သူမအတွက် အချိန်ရှိတော့မည် မထင်ပေ။ ရှည်ကြာလှသည့်ညများနှင့် အိပ်မက်များကို ရှောင်ဖယ်ဖို့ရာ သူမသည် ယိုဟယ်ကို အဝေးသို့ မြန်မြန်ပို့လိုက်လေလေ ပိုကောင်းလေလေ ဖြစ်တော့မည်။
ဦးလေးစုန့်က ခဏလောက်စဥ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်၏။
“ကျွန်တော် မလာခင်တုန်းက အကြီးဆုံးမမလေးက မှာခဲ့ပါသေးတယ်၊ တကယ်လို့များ တတိယသခင်မက စိတ်ကူးရှိခဲ့ရင် ကျွန်တော်တို့နဲ့ လော့ဟယ်ကို လိုက်ခဲ့ပြီး မိသားစုအမည် ပြောင်းပြီး လာနေလို့ရပါတယ်တဲ့၊ အခုထက်တော့ ပိုဆိုးမှာ မဟုတ်ပါဘူးတဲ့”
သည်အခြေအနေအောက်တွင် အမျိုးသမီးဟန်သာ သူနှင့် လော့ဟယ်သို့ လိုက်သွားခဲ့လျှင် နေခဲ့သည့်ထက် ပိုကောင်းပေသည်။
အမျိုးသမီးဟန်က ညှိုးနွမ်းစွာ ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်၏။
“ ကျွန်မ ထွက်သွားရင် ကျွန်မရဲ့ သားနှစ်ယောက်နဲ့ ကျွန်မရဲ့အမေက ဘယ်လိုလုပ်မှာလဲ”
သူမ ရှိနေစဥ်တွင် သူမသည် သူတို့ကို နည်းနည်းဖြစ်ဖြစ် ကာကွယ်ပေးနိုင်သည်။ သို့သော် သူမ သွားလိုက်လျှင် မိသားစုသည် တကွဲတပြားအန္တရာယ် ကျရောက်လိမ့်မည် မဟုတ်ပါလား။
“ လူကြီးမင်းကပဲ ကျေးဇူးပြုပြီး ယိုဟယ်ကို ခေါ်သွားပေးပါ၊ ဝေးလေကောင်းလေပါပဲ၊ တင်းယွင်ကို ထပ်ပြီး ပြန်မလာခဲ့ပါနဲ့”
သူမ၏ ထပ်တလဲလဲ တောင်းဆိုချက်ကို သိလိုက်ရသဖြင့် ဦးလေးစုန့်သည် သူမကို ခက်ခဲအောင် မလုပ်တော့ပေ။ သူက ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
“ ဒါဆို ကျွန်တော် မနက်ဖြန်မနက် ၇နာရီ ၁၅လောက် လမ်းထောင့်မှာ ကျွန်တော်တို့လှည်းနဲ့ စောင့်နေပါမယ်၊ တတိယသခင်မနဲ့ ဝမ်းကွဲမမလေးက ဒီနေ့ အသင့်ပြင်ထားတာ ပိုကောင်းလိမ့်မယ်”
မနက် ၇နာရီ ၁၅မိနစ်က မြို့တံခါးဖွင့်ချိန်ပဲ။ သူတို့တွေ တင်းယွင်ကနေ ထွက်သွားတာနဲ့ အနာဂတ်က တောက်ပနေလိမ့်မယ်။ ယိုဟယ်လည်း လွတ်လပ်သွားလိမ့်မယ်။ ထိုသို့စဥ်းစားလိုက်ပြီးနောက် အမျိုးသမီးဟန်က ကျေးဇူးတင်ကာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
“ ကောင်းပါပြီ၊ ကျွန်မ မနက်ဖြန်မနက် ယိုဟယ်ကို သေချာပေါက် ခေါ်လာခဲ့ပါ့မယ်” လိုအပ်သည်များ ပြောဆိုပြီးနောက် သူတို့နှစ်ယောက်က လမ်းခွဲလိုက်ကြတော့သည်။
***
ထိုနေ့ညတွင် ယွဲ့ချန်ရှို့က တစ်နေရာရာတွင် ပတ်လည်နေပြီး အိမ်မပြန်လာသည်ကို အခွင့်ကောင်ယူကာ အမျိုးသမီးဟန်က သူမ၏သမီးအခန်းဆီသို့ တိတ်တိတ်လေး ဝင်သွားလိုက်သည်။
ယွဲ့ယိုဟယ်သည် ကြေးဝါမှန်ရှေ့တွင် ထိုင်နေပြီး တိတ်တိတ်လေး ငိုနေလေသည်။ သူမအမေ ဝင်လာသည်ကို မြင်လိုက်ပြီးနောက် သူမ၏မျက်လုံးများသည် ရေတံခွန်အဖြစ် ပြောင်းလဲသွားတော့သည်။
“ အမေ”
သူမသည် အဘိုးအရွယ်လောက် ရှိသည့် လူချမ်းသာကြီးကို လက်မထပ်လိုပေ။ သူမသည် ငယ်ငယ်ကတည်း သိမ်မွေ့ပြီး အလိုလိုက်ခံရင်း ကြီးပြင်းလာသူဖြစ်သည်။ သို့တိုင် သူမသည် သူမ၏အမေက မိသားစုကောင်းတစ်ခုကို ရှာတွေ့ထားမှန်း သူမ ခပ်ရေးရေး သိထားသည်။ သူမ၏ အမေဘက်က အဘိုးသာ ရုတ်တရက်ဖျားနာပြီး မဆုံးပါးသွားခဲ့လျှင် ထိုကိစ္စကိုလည်း ဆိုင်းငံ့ထားလိမ့်မည် မဟုတ်သလို သူမအတွက် ခုန်ချရမည့်မီးပုံတစ်ခုလည်း ရှိလာလိမ့်မည်မဟုတ်ပေ။
“ အမေ့ရဲ့ ဟယ်အာ”
ယိုဟယ်ရှေ့တွင် ထိုင်ချလိုက်ပြီး အမျိုးသမီးဟန်က လက်ကိုင်ပဝါတစ်ထည်ဖြင့် သူမမျက်နှာပေါ်က မျက်ရည်များကို သုတ်ပေးလိုက်ပြီးနောက် တီးတိုးပြောလိုက်လေသည်။
“ သမီးရဲ့အဖေ ပြန်မလာခင် သမီးရဲ့ အဝတ်အစားတွေကို မြန်မြန်ထုပ်ပိုးထားရမယ်”
“ သမီးရဲ့အဝတ်အစားတွေကို ထုပ်ပိုးရမယ်ဟုတ်လား”
ယိုဟယ်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့သည်။ သူမ၏ နီရဲပြီး ယောင်ကိုင်းနေသည့် မျက်လုံးများက သံသယတချို့နှင့် အမျိုးသမီးဟန်ကို ကြည့်နေလေသည်။
သမီးဖြစ်သူက မလှုပ်မယှက်ဖြစ်နေသဖြင့် အမျိုးသမီးဟန်က သူမသမီး၏ အဝတ်ဗီဒိုကို ကိုယ်တိုင်ဖွင့်လိုက်ပြီး သူမ ဝတ်နေကျ အဝတ်အစားအားလုံးကို ယူထုတ်လာပြီးနောက် သူမ၏အိတ်ထဲက လျန်၂၀ ကို ထုတ်လိုက်ပြီး ယိုဟယ်၏လက်မောင်းထဲ အတင်း ထိုးထည့်လိုက်လေသည်။
“အမေ ယိုကျင့်ဆီ စာရေးခဲ့တယ်၊ သမီးကို လာကြိုဖို့ သူလွှတ်လိုက်တဲ့လူတွေက ဒီကိုရောက်နေပြီ၊ သမီး မနက်ဖြန် သူတို့နဲ့ အတူတူ တင်းယွင်က ထွက်သွားရမယ်”
“တင်းယွင်က ထွက်သွားရမယ်ဟုတ်လား၊ ဒါဆို သမီးက ဘယ်ကိုသွားရမှာလဲ”
ယိုဟယ်သည် တစ်နေ့တွင် သူမက အိမ်မှ ထွက်ပြေးရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။
“ အမေ ယိုကျင့်ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ၊ သူတို့တွေက အခုဘယ်မှာလဲ”
သမီးဖြစ်သူ၏ ပစ္စည်းအားလုံးကို ထုပ်ပိုးလိုက်ပြီးနောက် အမျိုးသမီးဟန်က သူမ၏သမီးကိုခေါ်ကာ ခုတင်ဘေးတွင် ထိုင်ခိုင်းလိုက်သည်။ သူမက လေသံဖြင့် ရှင်းပြလိုက်လေသည်။
“ ယိုကျင့်တို့ မိသားစု တင်းယွင်က ထွက်သွားတုန်းက အမေက မကြည့်ရက်လို့ သူတို့ကို ငွေစနည်းနည်း ပေးလိုက်တယ်လေ၊ မနှစ်က နှစ်သစ်ကူး မရောက်ခင်တုန်က သူက တစ်ယောက်ယောက်နဲ့ ငွေကို ပြန်လာပေးခိုင်းလိုက်တယ်၊ အခုတော့ သူတို့မိသားစု တောင်ပိုင်းမှာနေပြီး အမေတို့ထက်အများကြီး အခြေအနေကောင်းသွားပြီ၊ သမီး ယိုကျင့်ရဲ့အိမ်ကို သွားရမယ်၊ သမီးတစ်ယောက်ထဲ ဖြစ်သွားပြီဆိုတော့ ကိုယ့်ဟာကိုယ် ဂရုစိုက်ရမယ်နော်”
“ဒါပေမဲ့ သမီးထွက်သွားရင် အမေနဲ့ အဘွားက ဘယ်လိုလုပ်မှာလဲ”
ပြီးခဲ့သည့်ခြောက်လလောက်က အဖေဖြစ်သူ ပြောင်းလဲသွားပြီး သူမကို ချမ်းသာကြွယ်ဝမှုအတွက် ရောင်းစားချင်နေသည့်အကြောင်းကို စဥ်းစားမိလိုက်ပြီး ယိုဟယ်သည် သူမတစ်ယောက်ထဲ ထွက်သွားခဲ့လျှင် အမေနှင့် အဘွားတို့၏ဘဝက လွယ်ကူလိမ့်မည် မဟုတ်တော့မှန်း ခံစားမိလေသ်။
“အမေက အဆင်ပြေမှာပါ၊ အမေ သမီး မီးပုံထဲခုန်ချမှာပဲ မကြည့်ရက်နိုင်တာ၊ မိန်းမ ဘယ်နှစ်ယောက်လောက်တောင်များ အဲဒီလူချမ်းသာကျန့်မျိုးနွယ်ရဲ့ အသေအလဲ အရိုက်ခံရပြီးပြီလဲ”
အမျိုးသမီးဟန်သည် သူမ၏မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး ယိုဟယ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်လေသည်။
“ အမေ ဒီည သမီးနဲ့ အိပ်မယ်၊ မနက်ဖြန်မနက်ကျရင် အမေသမီးကို လိုက်ပို့ပေးမယ်”
ယခုဆိုလျှင် ယွဲ့ချန်ရှို့သည် နေ့တိုင်း အပြင်ထွက်ကာ ပျော်ပါးနေလေသည်။ အိမ်သို့ ရက်အနည်းငယ်လောက် ပြန်မလာသည်က သူ့အတွက် အထူးအဆန်း မဟုတ်တော့ပေ။ သို့သော် ပြီးခဲ့သည့်နှစ်ရက်က သူ့စိတ်ထဲတွင် အမြဲလိုလို အနည်းငယ် စိတ်တထင့်ထင့် ဖြစ်နေသည်။ သူနှင့် အစောပိုင်းက ရန်ဖြစ်နေကျ အမျိုးသမီးဟန်က ဘာမှမလှုပ်ရှားတော့ပေ။ သူမက တစ်ခုခုကို စီစဥ်နေသည်ဟု ခံစားနေရသည်။ ထို့ကြောင့် သည်နေ့ည မိတ်ဆွေတချို့နှင့် သောက်စားလိုက်ပြီးနောက် သူသည် အိမ်သို့ မူးပြန်လာပြီး သမီးဖြစ်သူ၏အခန်းသို့ တစ်ချက်သွားကြည့်လိုက်သည်။ သမီးနှင့် အမျိုးသမီးဟန်တို့က အခန်းထဲတွင် ထိုင်နေသည်ကို မြင်လိုက်ရပြီး သူသည် စိတ်အေးသွားကာ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် ပင်မဆောင်သို့ ပြန်လာခဲ့လိုက်သည်။
အိပ်ရာအစွန်းတွင် ဝှက်ထားသည့် အဝတ်ထုပ်ကိုကြည့်လိုက်ပြီး အမျိုးသမီးဟန်က စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး
“ ယိုဟယ် အမေ့စကားနားထောင်၊ အမေက ဒီဘဝမှာ သမီးရဲ့အဖေကို လက်ထပ်ခဲ့ပြီးပြီ၊ သူ ကောင်းကောင်းဆိုးဆိုး အမေ့ရဲ့ကံတရားကို လက်ခံနိုင်တယ်၊ ဒါပေမဲ့ သမီးက ငယ်သေးတယ်၊ သမီးရဲ့ကံတရားကို ဒီအတိုင်းလက်ခံလို့မရဘူး၊ နားလည်လား”
“ဒါပေမဲ့ သမီး တောင်ပိုင်းကို သွားရင်တော့ ဘာလုပ်နိုင်မှာလဲ”
ယိုဟယ်သည် သူမ၏ကံတရားကို လက်ခံချင်ခဲ့သည့် လူတစ်ယောက် ဖြစ်ပြီးလေသည်။ အခုတော့ သူမ၏ရှေ့တွင် မျှော်လင့်ချက်အသစ်တစ်ခုက ရုတ်တရက်ပေါ်လာခဲ့သည်။ သူမသည် အနည်းငယ် တွေဝေသွားတော့သည်။ ဟုတ်တယ်လေ။ သူ ထွက်သွားပြီးတာနဲ့ ဘာလုပ်နိုင်မှာလဲ။
အမျိုးသမီးဟန်က သမီးဖြစ်သူ၏ပခုံးကို အားဖြင့် လှုပ်ခါလိုက်ပြီးနောက် ပြောလိုက်တော့သည်။
“ယိုဟယ် ဘာပဲဖြစ်ဖြစ် သမီး မီးပုံထဲ ခုန်ချတာထက်တော့ ဆိုးမှာမဟုတ်ဘူး၊ နားလည်လား”
အမျိုးသမီးဟန်သည် အနည်းငယ် စိုးရိမ်နေမိသော်လည်း သူမက ယုံကြည်နေမိသည်။ သူမသည် ယိုကျင့်၏ အကျင့်စရိုက်နှင့် ယိုဟယ်ကို ဆိုးဆိုးရွားရွား ဆက်ဆံမည်မဟုတ်သည့်အကြောင်းကိုသာ ယုံကြည်နိုင်တော့သည်။
သားအမိနှစ်ယောက်သည် အချိန်အကြာပြီး တိတ်တိတ်လေး စကားပြောလိုက်ကြသည်။ ပင်မဆောင်တွင်တော့ ယွဲ့ချန်ရှို့၏ဟောက်သံက ဆူညံစွာထွက်ပေါ်နေ၏။ ခြံဝင်းငယ်လေး အေးချမ်းနေသော်လည်း အမျိုးသမီးဟန်ကတော့ လုံးဝ အိပ်ချင်မနေချေ။ သူမသည် နောက်တစ်နေ့ရောက်သည်အထိ ခုတင်စွန်းတွင်ထိုင်ကာ မျက်လုံးများ ဖွင့်ထားလိုက်လေသည်။
သူမသည် သမီးဖြစ်သူကို အသာအယာနှိုးလိုက်၏။ အမျိုးသမီးဟန်၏ အချက်ပေးမှုအောက်တွင် ယိုဟယ်သည် အဝတ်အစားများကို တိတ်တတ်လေး ဝတ်လိုက်ပြီး နွေဦးမနက်စောစော၏ အအေးဒဏ်ကို ကာကွယ်ရန် ဝတ်ရုံတစ်ထည်ကို ခြုံလိုက်လေသည်။ သားအမိနှစ်ယောက်သည် ယိုဟယ်အခန်း၏ မျက်နှာချင်းဆိုင် အနောက်ဘက်တံခါးမှ တိတ်တိတ်လေး လျှောက်ကာ ထွက်လာခဲ့ကြသည်။ ကောင်ငယ်လေးတစ်ယောက်က သူတို့နောက် လိုက်လာသည်ကိုတော့ သတိမထားမိလိုက်ကြပေ။
အမျိုးသမီးဟန်၏ ကုန်စုံဆိုင်ရှိရာ လမ်းထောင့်တွင် ခပ်လတ်လတ်လှည်းတစ်စီးက လမ်းဘေးတွင် တိတ်တိတ်လေး ရပ်ထားလေသည်။ ဦးလေးစုန့် လှည်းယာဥ်မောင်းနေရာတွင် ထိုင်နေပြီး အိပ်ချင်မူးတူး ဖြစ်နေသည့် ချောင်အာက ပြတင်းပေါက်နားတွင် လဲလျောင်းရင်း ပတ်ဝန်းကျင် စစ်ဆေးကြည့်နေလေသည်။
တခြားလူများ မြင်သွားမည်စိုးသဖြင့် အမျိုးသမီးဟန်က ယိုဟယ်အား သူမဝတ်ရုံ၏ဦးထုပ်ကို အောက်သို့ ဆွဲချထားခိုင်းလိုက်သည်။ ဦးလေးစုန့်က ဘေးဘီကိုကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သားအမိနှစ်ယောက်က မြန်မြန် လျှောက်သွားလိုက်လေသည်။
“ လူကြီးမင်း စုန့်”
အမျိုးသမီးဟန်ကို တွေ့လိုက်ရသဖြင့် ဦးလေးစုန့်က လှည်းပေါ်မှ ခုန်ဆင်းကာ ပြောလိုက်၏။
“ တတိယသခင်မ”
သူက အမျိုးသမီးဟန်၏လက်ထဲက အထုပ်ကို ယူလိုက်ပြီး ချောမောသည့် မျက်နှာတစ်ဝက်သာဖော်ထားသည့် မိန်းကလေးကို ကြည့်လိုက်လေသည်။
“ ဒါက ဝမ်းကွဲမမလေးပဲ ဖြစ်ရမယ်”
“ ဟုတ်ပါတယ်၊ ကျေးဇူးပြုပြီး အခုချိန်က စပြီး လူကြီးမင်းကပဲ သူ့ကို စောင့်ရှောက်ပေးအုံးရှင်”
အမျိုးသမီးဟန်က ယိုဟယ်ကို ရှေ့သို့ တွန်းလိုက်လေသည်။ ယိုဟယ်သည် လူ့ကျင့်ဝတ်များကို သင်ကြားခဲ့ဖူးလေသည်။ သူမက ယဥ်ယဥ်ကျေးကျေးဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်၏။
“ လူကြီးမင်း စုန့်”
“ဝမ်းကွဲမမလေးက အရမ်းယဥ်ကျေးနေပါပြီ၊ လှည်းပေါ် မြန်မြန်တက်ကြမယ်၊ ခဏနေဆိုရင် လူများလာရင် အဆင်မပြေတော့ဘူး”
ဦးလေးစုန့်က သူမ၏ဦးညွှတ်နှုတ်ဆက်သည်ကို လက်မခံဘဲ လှည့်ထွက်သွားတော့သည်။ သူက ချောင်အာကို ဆင်းလာခိုင်းလိုက်ပြီး ယိုဟယ်အား လှည်းပေါ်တက်ရန် ကူတွဲခိုင်းလိုက်လေသည်။
အမျိုးသမီးဟန်သည် လှည်းပြတင်းပေါက်မှ မျက်ရည်ဝဲနေသည့်သမီးကို ကြည့်နေလိုက်သည်။ သူမ၏မျက်လုံးများကလည်း နီရဲနေသည်။ သူမက မနေ့ကရေးထားသည့် စာကို ရင်ခွင်ထဲမှ မြန်မြန်ထုတ်လာလိုက်ပြီး ဦးလေးစုန့်ထံ လှမ်းပေးလိုက်၏။
“ ယိုဟယ်ကို ပြန်ခေါ်သွားပေးဖို့ လူကြီးမင်းကိုပဲ ဒုက္ခပေးရပါအုံးမယ်၊ နောက်ဆိုရင် ယိုဟယ်ကို အပ်ပါတယ်နော်”
ဦးလေးစုန့်က ခေါင်းညိတ်ပြလိုက်ပြီး စာကို သူ့အိတ်ထဲ ဂရုတစိုက်ထည့်ထားလိုက်သည်။ ထို့နောက် သူက ယာဥ်မောင်းကို ထွက်ခွာဖို့ ပြောလိုက်တော့သည်။ လှည်းမောင်းသမားက သူ့ကြာပွတ်ကို မြောက်ကာ မြင်း၏ကျောကို အသာအယာ ပုတ်လိုက်လေသည်။ လှည်းသည် လမ်းပေါ်သို့ ဆူညံစွာ ဆင်းသွားပြီး ခဏအကြာတွင် ပျောက်ကွယ်သွားတော့သည်။
ပျောက်ကွယ်သွားသည့် လှည်းကိုကြည့်ရင်း အမျိုးသမီးဟန်သည် နောက်ဆုံးတွင် မျက်ရည်များကို မထိန်းနိုင်တော့ပေ။
“အမေ့ရဲ့ယိုဟယ်....”
“အမေ”
အမျိုးသမီးဟန်တို့ သားအမိနှစ်ယောက်နောက် တိတ်တိတ်လေး လိုက်လာသည့် ယွဲ့ဝမ်ရှန့်က အနည်းငယ် ယိမ်းယိုင်သွားသည့် အမျိုးသမီးဟန်ကို တင်းနေအောင် တွဲကာ ထိန်းထားပေးလိုက်လေသည်။
“ဝမ်ရှန့် သား ဘာလို့ ဒီကိုရောက်နေတာလဲ”
အမျိုးသမီးဟန်သည် အလန့်တကြားဖြင့် သားအကြီးဆုံးကို ကြည့်လိုက်၏။ သူမ သမီးကို အဝေးကို ပို့လိုက်တာ သူမြင်သွားပြီလား။
ယွဲ့ဝမ်ရှန့်က အမျိုးသမီးဟန်အား အိမ်သို့ တွဲပြန်လာခဲ့လိုက်သည်။ သူသည် ဘာမှတ်ချက်မှ မပေးခဲ့ဘဲ သည်အတိုင်းသာ ပြောလိုက်လေသည်။
“ အိမ် မြန်မြန် ပြန်ရအောင်၊ ခဏနေ အဖေနိုးလာလိမ့်မယ်”
သားဖြစ်သူ၏စကားကို ကြားလိုက်ရသဖြင့် သားဖြစ်သူက သူမအတွက် သည်လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးလိုက်သည်ကို အမျိုးသမီးဟန် သိလိုက်လေသည်။ သားအမိနှစ်ယောက်သည် အချင်းချင်းနားလည်မှုဖြင့် သူတို့ခြေလှမ်းများကို မြန်မြန်လျှောက်ကာ ဘယ်သူမှ အာရုံမစိုက်ခင်မှာပင် အိမ်ပြန်ရောက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်ကြသည်။
ယွဲ့ယိုဟယ်၏ လှည်းထဲတွင်တော့ သူမသည် လှည်းထဲတွင် ကျစ်ဆံမြီးနှစ်ဖက် ကျစ်ထားသည့် ဆယ်နှစ်အရွယ် မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်ရပြီး သူမကို ကြည့်နေလိုက်သည်။ သူမက မေးလိုက်၏။
“ ကျွန်မတို့ ဘယ်သွားကြမှာလဲ”
ဝတ်ရုံကို ချွတ်လိုက်ပြီး ချောမောလှသည့် ယိုဟယ်ကို မြင်လိုက်ရသဖြင့် ချောင်အာက ရင်းနှီးသလို ခံစားလိုက်ရလေသည်။ သူမက ပြုံးလိုက်ပြီး သူမအဖေ အခုလေးတင် ဝယ်လာပေးခဲ့သည့် ပေါင်မုန့်ပူပူလေးကို ယိုဟယ်ထံ လှမ်းပေးလိုက်သည်။
“ ဝမ်းကွဲမမလေး ပေါင်မုန့်လေးတွေ မြန်မြန် စားလိုက်ပါ၊ လော့ဟယ်ကို ပြန်ရောက်ဖို့ ရက်နည်းနည်း ကြာလိမ့်မယ်”
“လော့ဟယ် ဟုတ်လား”
ယိုဟယ်က ဇဝေဇဝါဖြင့် မေးလိုက်၏။ သူမသည် မွေးကတည်းက တင်းယွင်တွင် နေခဲ့ပြီး ဘယ်မှမသွားခဲ့ဖူးချေ။ သူမသည် လော့ဟယ် မည်သည့်အရပ်တွင် ရှိမှန်းမသိသည်က သဘာဝပင်။
လော့ဟယ်ဟု ပြောလိုက်သည်တွင် ချောင်အာက ဝါးကျည်တောက်ထဲက ပဲစေ့များကို လောင်းချလိုက်သလို အားလုံးကို ရှင်းပြလိုက်လေသည်။ နောက်ဆုံးတွင် သူမက စကားကို အဆုံးသ-တ်လိုက်တော့သည်။
“ကျွန်မတို့ အကြီးဆုံးမမလေးက အရမ်းအံ့ဩစရာကောင်းတာပဲ”
ချောင်အာ၏ စကားများကို နားထောင်လိုက်ပြီးနောက်တွင် ယိုဟယ်၏မျက်လုံးများသည် မယုံကြည်မှုများဖြင့် ဝိုင်းစက်သွားတော့သည်။ ဒုတိယမိသားစု ယွဲ့အိမ်က ထွက်သွားပြီးနောက်ပိုင်း တကယ်ကို အဆင်ပြေပြေနဲ့ နိုင်သွားခဲ့တာတဲ့လား။ ဒါဆို သူမကရော တဖက်လူအတွက် ဘယ်လိုဒုက္ခ ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာလဲ။ ယိုဟယ်သည် မသက်မသာအခြေအနေနှင့် ခပ်ရေးရေး မျှော်လင့်ချက်များကြားတွင် လှည်းက နေ့နေ့ ညည ခရီးနှင်လာခဲ့သည်။ ငါးရက်မြောက်နေ့ မနက်တွင် လူလေးယောက်ပါသည့် အဖွဲ့သည် ဝူလီချောင်ရှိ စုအိမ်သို့ ပြန်ရောက်လာခဲ့ကြလေသည်။
သည်မနက်တွင် ယိုကျင့်သည် ရှားရှားပါးပါး အားလက်ချိန်ရသဖြင့် အိမ်၌ အမျိုးသမီးစုနှင့် အဖော်လုပ်ပေးကာ စကားပြောနေစဥ် အိမ်ရှေ့မှ ဆူညံ့သံကို ကြားလိုက်ရသည်။ မကြာမီတွင် ဦးလေးစုန့်သည် ကြာပန်းဖူးလေးတစ်ခုနှင့် ကျက်သရေရှိစွာ ကြီးပြင်းလာသည့် ယွဲ့ယိုဟယ်နှင့်အတူ ဝင်လာခဲ့လေသည်။
ယိုကျင့်က သူမကို နှုတ်ဆက်ရန် ထွက်လာခဲ့၏။
“ အစ်မယိုဟယ် နောက်ဆုံးတော့ ရောက်လာပြီနော်၊ အမေက ပြီးခဲ့တဲ့နှစ်ရက်ကတည်း အစ်မ ရောက်လာမဲ့အချန်ကိုပဲ ပြောနေတာ”
ယိုဟယ်ကို ပင်မဆောင်ဆီသို့ ခေါ်လာရင်း သူမက ယိုဟယ်၏အဝတ်ထုပ်ကို အဒေါ်စုန့်ကို သယ်လာခိုင်းလိုက်လေသည်။ သပ်သပ်ရပ်ရပ် ရှင်းလင်းထားသည့် အခန်းများသည် အစီအစဥ်တကျ ရှိနေသည်။
“ ညီမက .... ယိုကျင့်လား”
ယိုဟယ်သည် သူမကို အားတက်သရော ဆွဲခေါ်လာသည့် သူမရှေ့က ချောမောသည့်မိန်းကလေးမှာ ရင်းနှီးနေသည်ဟု ခံစားရသော်လည်း အတည်မပြုရဲပေ။ ထို့ကြောင့် သူမက မဝံ့မရဲဖြင့် မေးလိုက်လေသည်။
ယိုကျင့်က သူမကို အမျိုးသမီးစုထံ ဆွဲခေါ်သွားလိုက်ပြီးနောက် ပြုံးကာ ဖြေလိုက်လေသည်။
“ ညီမတို့ သုံးနှစ်လောက် မတွေ့လိုက်တာနဲ့ အစ်မယိုဟယ်က ညီမကို မမှတ်မိတော့ဘူးလားဟင်”
ယိုဟယ်သည် ဒုတိယမိသားစု၏လက်ရှိ ချမ်းသာမှုကြောင့် အထိတ်တလန့်ဖြစ်သွားပြီး တစ်ချိန်ထဲတွင် ဒုတိယမိသားစုဝင်များ အလွန်ပြောင်းလဲသွားခြင်းကြောင့်လည်း အံ့ဩထိတ်လန့် မိသွားတော့သည်။ သူမသည် အချိန်တော်တော်ကြာသည်အထိ သတိပြန်မဝင်နိုင်အောင် ဖြစ်သွားတော့သည်။
“သမီး ဒီကိုရောက်လာပြီဆိုတော့ ဒီမှာပဲ စိတ်အေးအေးနဲ့ နေနော်၊ ဟိုတုန်းက အဒေါ်တို့ ခက်ခဲတဲ့အချိန်တွေ အများကြီး ကြုံတွေ့ခဲ့ရတယ်၊ နှင်းတောထဲမှာ မီးသွေးခဲ လာပို့ပေးပြီး အဒေါ်တို့ကို ပေါ်တင်တစ်မျိုး၊ တိတ်တိတ်လေးတဖုံ ထောက်ပံ့ပေးခဲ့တဲ့ သမီးအမေကို ကျေးဇူးတင်ရမယ်၊ အခုတော့ အဒေါ်တို့က သမီးတို့ကို ကျေးဇူးပြန်ဆပ်ရမဲ့အချိန် ရောက်လာပြီ”
အမျိုးသမီးစုက သူမ၏မျက်လုံးထောင့်ကို သုတ်လိုက်လေသည်။ ယိုဟယ်၏ ကြမ်းတမ်းလှသည့် ကံကြမ္မာကို စဥ်းစားမိရင် သူမအတွက် အလွန်စိတ်မကောင်းဖြစ်နေတော့သည်။
လူချမ်းသာ ကျန့်မျိုးနွယ်အိမ်နှင့် လက်ထပ်တော့မည့် တင်းယွင်က ယွဲ့မိသားစု၏သမီးသည် ဘယ်သူမှ သတိမထားမိလိုက်ဘဲ ပျောက်ကွယ်သွားပြီး သိမ်မွေ့ကျော့ရှင်းသည့် ဝမ်းကွဲမမလေးတစ်ယောက်သည် မိုင်ရာချီဝေးသည့် လော့ဟယ်မြို့က စုမိသားစုတွင် ပေါ်လာခဲ့လေတော့သည်။
…
အပိုင်း (၉၀) ယိုဟယ်ရဲ့လက်ထပ်ပွဲ
ယွဲ့ယိုဟယ်သည် စုအိမ်သို့ ရောက်စက အမြဲလိုလို သတိနှင့်နေခဲ့လေသည်။ သို့သော် ရက်အနည်းငယ် ကြာပြီးနောက် ဒုတိယဒေါ်လေးဖြစ်စေ ယိုကျင့် သို့မဟုတ် စုမိသားစု၏အစေခံများက ဖြစ်စေ သူမက စုအိမ်တွင် အမြဲတမ်းနေလာသည့်နှယ် သူတို့သည် ထူးထူးခြားခြား ပြောင်းလဲဆက်ဆံခြင်းမရှိကြပေ။ ထို့ကြောင့် ယိုဟယ်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်သွားတော့သည်။ ထို့အပြင် သူမဘေးကလူများကလည်း သွေးတော်သည့်ဆွေးမျိုးများ ဖြစ်ကြသည်။ သူမ လော့ဟယ်သို့ ရောက်စက ခံစားခဲ့ရသည့် အကူအညီမဲ့ပြီး သူစိမ်းဆန်သည့်ခံစားမှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
“ တကယ်လို့ အစ်မယိုဟယ် ဆန္ဒရှိရင် ကျွန်မတို့နဲ့အတူတူ စာဖတ်ခန်းမှာ လက်ရေး လေ့ကျင့်လို့ရတယ်နော်”
ယိုကျင့်၏စကားကြောင့် ယိုဟယ်သည် လက်ရေးကျင့်ရန် အရှေ့ဘက်ခြံက စာကြည့်ခန်းသို့ နေ့တိုင်းသွားခဲ့သည်။ နေ့လည်ပိုင်းတွင် သူမသည် အမျိုးသမီးစု ဇာထိုးပန်းထိုးလေ့ကျင့်၏။ ဘဝနှင့် ပတ်သက်ပြီး စိတ်ဓာတ်ကျနေဖို့ရာ သူမအတွက် အချိန်များများ မရှိချေ။
အမျိုးသမီးစုသည် ယိုဟယ်ထိုးထားသည့် ပန်းပေါ်တွင် လိပ်ပြာများပျံနေသည့် ချုပ်သားကျစ်ကျစ်နှင့် လက်ကိုင်ပဝါလေးကို ကြည့်လိုက်ပြီး သဘောကျကာ ခေါင်းညိတ်လိုက်လေသည်။
“ သမီးရဲ့အမေက သမီးကို သင်ပေးဖို့ အများကြီးကြိုးစားခဲ့တာပဲ၊ ကျန်တာတွေ မပြောနဲ့အုံး ဒီလက်ကိုင်ပဝါလေးက သမီးရဲ့ညီမလေးတွေရဲ့လက်ရာထက်အများကြီးသာတယ်”
ယိုဟယ်က ချီးမွှမ်းခံလိုက်ရသဖြင့် ဝမ်းသာသွားသော်လည်း သူမက ပြုံးလိုက်ပြီး
“ ဒုတိယဒေါ်လေးကလည်း အရမ်းချီးမွှမ်းလွန်းနေပါပြီ၊ ပုံမှန်နေ့တွေဆို လျှောက်ဆော့ကစားနေတာ သမီးပါ၊ ကြွားဝါဖို့လောက်အထိတော့ ဘယ်ကောင်းပါ့မလဲ”
အမျိုးသမီးစုသည် ယိုဟယ်ကို အမှန်ပင်ချစ်ပြီး သူမ၏အတွေ့အကြုံအတွက်လည်း သနားမိလေသည်။ သူမသည် ယိုဟယ်၏ နူးညံ့သည့်လက်များကို ပုတ်ပေးလိုက်ပြီး ပြောလိုက်၏။
“ သမီး ဒီကိုလာတုန်းက သမီးအမေက သမီးသဘောကျတဲ့သူနဲ့ လက်ထပ်ပေးဖို့ အထူးတလည် တောင်းဆိုထားခဲ့တာ၊ ဒုတိယဒေါ်လေးက သမီးကို အရှက်ရအောင် လုပ်နေတာမဟုတ်ပါဘူး၊ လက်ထပ်ပွဲဆိုတာက အရေးကြီးတဲ့ကိစ္စတစ်ခုပဲလေ၊ သမီးက ဘာမှမသိဘဲ လက်ထပ်လိုက်လို့ ဘယ်ဖြစ်မလဲ ဟုတ်တယ်မလား”
အမျိုးသမီးစုသည် မိသားစုထဲ ပုံမှန်မဟုတ်သည့်သမီးများ၏ ဦးနှောက်ဆေးခြင်းကို ခံထားရပြီးဖြစ်ပြီး လက်ထပ်သည့်အရေးတွင် ကလေးများ၏သဘောထားက အရေးပါသည်ဟု ထင်မြင်ထားပြီး ဖြစ်တော့သည်။
“ အမေက ဒုတိယဒေါ်လေးကို အပ်ထားတယ်ဆိုတော့ သမီးက ဒုတိယဒေါ်လေးရဲ့စကားကို နားထောင်မှာပါ”
ယိုဟယ်သည် ရှက်ရှက်ဖြင့် ခေါင်းလေးကို တစ်ဝက်ငုံ့ကာ ပြန်ဖြေလိုက်လေသည်။ အမျိုးသမီးဟန်သည် အလွန်ထက်မြက်သည့် စိတ်နေစိတ်ထားရှိသော်လည်း ယိုဟယ်ကတော့ သိမ်မွေ့နူးညံ့သည်။ သူမ၏စိတ်နေစိတ်ထားလေးက ကောင်းမွန်သော်လည်း သူမသည် လက်မထပ်ရသေးသည့် သမီးတစ်ယောက်ပင်။ သူမသည် အရှက်အကြောက်ကြီးလေသည်။ သို့သော် သူမသည် လော့ဟယ်မြို့သို့ မလာခင်က သူမအမေက သေချာပေါက် မှာခဲ့လေသည်။ အနာဂတ်ပြဿနာများကို ရှောင်ရှားရန် တတ်နိုင်သလောက်မြန်မြန် လက်ထပ်ရမည်တဲ့။
အမျိုးသမီးစုသည် သူမကို ကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်နေ၏။ ထို့ကြောင့် သူမက ယိုကျင့်ကို ခဏတိုင်း တိုက်တွန်းပြီး ယိုဟယ်အတွက် မိသားစုကောင်းတစ်ခု ရှာခိုင်းထားခဲ့သည်။
ယိုကျင့်သည် အမျိုးသမီးစု၏စကားကြောင့် အနည်းငယ် ကူကယ်ရာမဲ့သွားတော့သည်။
“အမေရယ် သမီးက အောင်သွယ်တော်မှ မဟုတ်ဘဲနဲ့၊ အစ်မယိုဟယ်အတွက် ဘယ်လို ကြည့်ပေးလို့ရတတ်မှာလဲ”
သူမ နေစဥ် ဆက်ဆံနေသည့်လူများမှာ များသောအားဖြင့် မုန့်ဆိုင်က ဧည့်သည်များနှင့် အိမ်မှ နှစ်ရှည်အလုပ်သမားများသာ ဖြစ်လေသည်။ သူမက သင့်တော်သည့်မိသားစုတစ်ခုကို မည်သို့ရှာပေးနိုင်ပါမည်နည်း။
“ ခက်ခက်ခဲခဲနဲ့ လုပ်ထားပြီးမှ အစ်မယိုဟယ်ရဲ့ နာမည်ကို သမီးတို့မိသားစုအိမ်ထောင်စု စာရင်းထဲ ထည့်နိုင်ခဲ့တာ၊ အမေ သမီးကို ၂ရက်လောက်တော့ ပေးနားပါအုံး ဟုတ်ပြီနော်”
ယိုကျင့်၏စကားကြောင့် အမျိုးသမီးစုမှ မတတ်သာတော့ဘဲ ပြောလိုက်ရတော့သည်။
“ ဒါဆိုလည်း သမီး နားလိုက်အုံး၊ အဲလိုဆိုပေမဲ့ အချိန်တော့မဆွဲနဲ့နော်၊ သမီးရဲ့အစ်မယိုဟယ်က အသက်၁၆နှစ်ရှိနေပြီ၊ အချိန်ဆွဲလို့ မရတော့ဘူး”
***
သို့သော် တစ်ခါတစ်ရံ ကံကြမ္မာက တစ်စုံတစ်ယောက် ဖိအားပေးလို့ရသည့်အရာမဟုတ်ဘဲ အမှတ်တမဲ့ ရောက်လာခဲ့တော့သည်။
ယိုဟယ်သည် ဝူလီချောင်သို့ရောက်လာသည်မှာ နှစ်လနီးပါးရှိပြီဖြစ်၏။ ၂လပိုင်း နွေဦးအစမှ ၃လပိုင်း နွေးနှောင်းပိုင်းအထိ ယိုဟယ်သည် စုမိသားစု၏ကမ္ဘာတွင် သဟဇာတဖြစ်နှင့်ပြီး ဖြစ်လေသည်။ သူမက မကြာခဏဆိုသလို ယိုရင်နှင့်တခြားလူများနောက်လိုက် လော့ဟယ်မြို့က မုန့်ဆိုင်လေးတွင် ဧည့်သည်များကို ကူညီဧည့်ခံပေးတတ်သည်။
စုမိသားစုမှ မိန်းကလေးများအားလုံးသည် ရုပ်ရည်ချောမောကြ၏။ မုန့်လာ၀ယ်ကြသူအများစုမှ အမျိုးသမီးများဖြစ်ကြသည်။ သူတို့သည် စုကျားရှန်းတွင် မကြာသေးခင်က ရောက်လာသည့် အသက် ၁၅- ၁၆နှစ်အရွယ် မျက်လုံးကြည်ကြည်လေးနှင့် ဖြူဖွေးသည့်သွားများရှိသည့် မိန်းကလေးတစ်ယောက် တိုးလာမှန်း အလိုလိုသိလာကြသည်။ အိမ်တွင် အရွယ်ရောက်နှင့်ပြီးသား လက်မထပ်ရသေးသည့် လူငယ်များ ရှိကြသူများက မသိမသာစိတ်ဝင်စားလာကြတော့သည်။ တချို့က ဆိုင်ထဲမှာ တခြားမိန်းကလေးများထံတွင် စတင်စုံစမ်းလာကြလေသည်။
“ မနေ့က ဆိုင်မှာလာကူပေးတဲ့ ကောင်မလေးက ဘယ်မိသားစုကလဲဟင်။ သူ လက်ထပ်ပြီးပြီလား”
ရှန့်နိုင်က ပြုံးလိုက်ပြီး သူမရှေ့က လာစပ်စုနေသည့်မိန်းမကို ရှင်းပြလိုက်၏။
“ အဲဒါက ကျွန်မတို့မိသားစုရဲ့ ဝမ်းကွဲမမလေးလေ၊ သူက တခြားနေရာက အခုမှ ရောက်လာတာ၊ ပြီးတော့ မစေ့စပ်ရသေးပါဘူး”
စုမိသားစုက သူတို့၏မျိုးရိုးနာမည်ကို စုဟု ပြောင်းလိုက်သဖြင့် မလိုအပ်သည့်ပြဿနာများရှောင်ရှားရန် သူတို့က သူမကို ဝမ်းကွဲမမလေး ဟုခေါ်ကြသည်။
သင့်တော်သည့်အရွယ်ရှိသည့် လက်မထပ်ရသေးသည့် နောက်ထပ်မိန်းကလေးတစ်ယောက်က ဝူလီချောင်ရှိ စုမိသားစုသို့ ရောက်လာသည့်သတင်းကြောင့် အနီးအနားရှိ အောင်သွယ်တော်များသည် သတင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။ စုမိသားစုသည် အိမ်တံခါးလာခေါက်ကြသည့် အောင်သွယ်များကို ကြိုရဆိုမည့်နေ့များ တဖန်ရောက်လာပြန်တော့သည်။
သည်တစ်ကြိမ်တွင် အမျိုးသမီးစုက စိတ်ရောကိုယ်ပါ အားစိုက်ပြီး ယိုဟယ်အတွက် ကောင်းမွန်သည့် လက်ထပ်ပွဲတစ်ခုကို ရွေးချယ်ပေးလေတော့သည်။ သေသေချာချာ ရွေးချယ်လိုက်ပြီးနောက် လူငယ်မျိုးဆက် သုံးခု ကျန်နေသေးသည်။ အမျိုးသမီးစုသည် မည်သို့ရွေးချယ်ရမည်ကို မသိတော့သဖြင့် ယိုကျင့်နှင့် ယွိလန်ကို အကူအညီတောင်းတော့သည်။
“ အားလုံးက အရမ်းအဆင်ပြေတယ်လို့ ထင်တာပဲ၊ ဘာလုပ်ရမလဲကို တကယ်မသိတော့ဘူး၊ မင်းတို့နှစ်ယောက်လုံး ကြည့်ကူကြပါအုံး”
ယိုကျင့်က ရှောင်ပါ့ကို ကျီစယ်ရင်း ညည်းတွားလိုက်လေသည်။
“အမေရယ် ကိုယ့်ဟာကိုယ် အားလုံးကို လုပ်နိုင်နေတာပဲ မလား၊ သမီးတို့ကို ဘာလို့လိုအပ်နေအုံးမှာလဲ”
သည်ကာလအတွင်း အမျိုးသမီးစုသည် ပြုစားထားခံရသကဲ့ပင်။ နေ့တိုင်း ထိုအကြောင်းအရာနှင့်သာ နှစ်ပါးသွားနေလေသည်။ ယိုကျင့်မှာ သူမ၏နားများ အသားမာတက်လုနီးနီး ဖြစ်လာသဖြင့် အလွန်စိတ်ညစ်သွားတော့သည်။
“ ဒီကလးကတော့”
အမျိုးသမီးစုက ရွှင်မြူးကာဖြင့် ယိုကျင့်ကို မျက်စောင်းဖြင့် ကြည့်လိုက်ပြီး
“ ဒါက သမီးအစ်မ ယိုဟယ်ရဲ့ဘဝအတွက် အရေးကြီးတဲ့ကိစ္စတစ်ခုလေ၊ ဒါကြောင့် ဘာမှအမှားခံလို့ မဖြစ်ဘူး၊ အသေးစိတ် လိုက်ဂရုစိုက်ပေးတာ အမေက ဘာမှားလို့လဲ”
ယိုကျင့်က သူမကို လျစ်လျူရှုထားသည်ကို မြင်လိုက်ရသဖြင့် သူမသည် ယွိလန်ဖက်လှည့်ကာ တောင်းပန်းတိုးလျှိုးလေသည်။
ယွိလန်သည် လက်ထဲတွင် ရှောင်ပါ့အတွင်း အတွင်းခံပြားလေးကို ထိုးပေးနေ၏။ သူမက ခေါင်းမမော့ဘဲ ပြန်ဖြေလိုက်တော့သည်။
“ သခင်မက ဒီလောက်ရွေးရခက်နေတယ်ဆိုရင်လည်း ဝမ်းကွဲမမလေးကို ကိုယ်တိုင်ရွေးခိုင်းလိုက်ပါ”
“ ဆရာ ပြောတာဟုတ်တယ်၊ သမီးတို့က အစ်မယိုဟယ်အတွက် ဒုတိယမျက်လုံးပဲ ဖြစ်ပေးနိုင်တာလေ၊ နောက်ဆုံးတော့ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ အဲဒီလူနဲ့လက်ထပ်ပြီး အတူတူနေရမှာက အစ်မယိုဟယ်ပဲ၊ သူကျေနပ်ရင် ပိုကောင်းတာပေါ့”
သည်ကိစ္စ ဖြေရှင်းပြီးသွားသ၍ ယိုကျင့်အဖို့တော့ အဆင်ပြေလေသည်။ သူမ ထိုကိစ္စကို ဘယ်လိုလုပ်မည်ကို မည်သူက ဂရုစိုက်ပါမည်နည်း။
အမျိုးသမီးစုကိုယ်တိုင်ကလည်း အလားအလာရှိသည့်မိသားစုများကို စုံစမ်းစစ်ဆေးရာတွင် အတွေ့အကြုံ မရှိပေ။ ထိုအချင်းအရာထက် ယိုဟယ်သည် သူမ၏သမီးမဟုတ်ပေ။ သူမ နစ်နာရလျှင် အမျိုးသမီးဟန်ကို ရှင်းပြတတ်မည်မဟုတ်ပေ။ သူမက ယိုကျင့်နှင့် ယွိလန်တို့၏နည်းလမ်းကို သဘောတူလိုက်ပြီး သည်ကိစ္စကို တိုင်ပင်ရန် ယိုဟယ်ကို ခေါ်လိုက်လေသည်။
သို့သော် ယိုဟယ်မှာ အရှက်အကြောက်ကြီးသူဖြစ်လေသည်။ သူမသည် တင်းယွမ်မှာကတည်းက သူမ၏အမေက သူမအတွက် မိသားစုများ ရှာပေးနေသည့်အကြောင်း ခပ်ရေးရေးသာ ကြားခဲ့ဖူးသည်။ သူမနှင့်အတူ ထိုကိစ္စကို တိုက်ရိုက်တိုင်ပင်တာမျိုး မရှိခဲ့ပေ။ အမျိုးသမီးစု၏ဘေးတွင် ထိုင်ရင်း သူမသည် ရှက်လွန်းသဖြင့် မျက်နှာများ ပန်းရောင်သန်းသွားတော့သည်။ သူမက ခေါင်းကို ငုံ့ထားလိုက်ပြီး ရေရွတ်လိုက်၏။
“ အဒေါ့်ဆုံးဖြတ်ချက်အတိုင်းပါပဲ”
ယိုကျင့်မှာ သောက်လက်စ လက်ဖက်ရည်များကို မှုတ်ထုတ်မိတော့မလိုဖြစ်သွားတော့သည်။ ဒီကိစ္စကို အမေနဲ့ ယိုဟယ်ကိုသာ အပ်ထားလိုက်ရင် ၄ - ၅နှစ် လေ့လာပြီးတာတောင် ဘာအဖြေမှ ထွက်လာမှာ မဟုတ်လောက်ဘူး။ လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး လက်ကိုင်ပဝါနှင့် ပါးစပ်ကိုသုတ်ကာ သူမသည် ပြုံးရင်း အကြံပေးလိုက်တော့သည်။
“ ဒီလိုဆိုရင်ကော သမီး လူတစ်ယောက်ရှာပြီး ဒီလူတွေရဲ့မိသားစုနောက်ခံ၊ အကျင့်စရိုက် နဲ့ ပင်ကိုယ်စိတ်နေသဘာထားကို ဒီနှစ်ရက်အတွင်း စုံစမ်းခိုင်းလိုက်မယ်၊ နောက်မှ သူတို့ကို သွားချောင်းကြည့်ကြတာပေါ့၊ အချိန်တန်ရင်တော့ အစ်မယိုဟယ်ရဲ့မျက်လုံးထဲမှာ သဘောကျတဲ့သူကို သမီးတို့က ရွေးပေးလိုက်ကြမယ်လေ”
“ကျွန်မလည်း ဒါက အဆင်ပြေမယ်ထင်တယ်၊ နောက်ဆုံး အဲဒီအောင်သွယ်တော်တွေက စကားအရမ်းတတ်တာ၊ အဆင့်သုံးရှိတဲ့လူတစ်ယောက်က သူတို့ပါးစပ်ထဲ ရောက်သွားရင် အဆင့်တစ်ဆယ်လောက်ဖြစ်သွားတာ၊ ကိုယ့်ဟာကိုယ် သီးသန့်စုံစမ်းတာက ပိုကောင်းတယ်”
ယွိလန်ကိုယ်တိုင်ကလည်း ထိုဖြစ်စဥ်ကို ကြုံတွေ့ခဲ့ဖူးလေသည်။ သူမသည် သည်အောင်သွယ်တော်များ၏ နည်းလမ်းကို နားလည်နေသည်က သဘာဝပင်။ သူမသည် ယိုကျင့်၏စိတ်ကူးကို လေးလေးနက်နက် သဘောတူလိုက်တော့သည်။
ထိုစကားနှစ်ခွန်းကြောင့် အမျိုးသမီးစုနှင့် ယိုဟယ်တို့က မငြင်းကြချေ။ သူမကို မလိုတော့မှန်း သိလိုက်သဖြင့် အလွန်ရှက်နေသည့်ယိုဟယ်က သူမ၏အခန်းကို လှည့်ပြန်သွားတော့သည်။
ရှာဖွေရေးကိစ္စကို ဖြေရှင်းပြီးသွားပြီဖြစ်၏။ အခုတော့ လက်ဖွဲ့ပစ္စည်း အလှည့်ပင်။
စုံစမ်းစစ်ဆေးမှု များစွာလုပ်ခဲ့ပြီးနောက် သူတို့သည် နောက်ဆုံးတွင် ယိုဟယ်၏လက်ထပ်ပွဲကို အတည်ပြုလိုက်တော့သည်။ လူငယ်လေး၏အမည်မှာ လျိုကျိုးထင် ဖြစ်၏။ သူသည် သည်နှစ်တွင် အသက်၁၉နှစ် ဖြစ်သည်။ သူ့မိသားစုက လော့ဟယ်တွင် ခေါက်ဆွဲဆိုင်တစ်ဆိုင် ဖွင့်ထားသည်။ လျိုကျိုးထင် ကိုယ်တိုင်ကလည်း မြို့က ကိုယ်ပိုင်ကျောင်းတွင် စာလေ့လာနေပြီး ပြီးခဲ့သည့်နွေဦးက စာမေးပွဲအောင်ထားကာ ထုန်ရှန့်အဆင့်ကို ရထားလေသည်။
“ မိသားစုနောက်ခံက အကောင်းဆုံးတော့ မဟုတ်ဘူး၊ ခေါက်ဆွဲဆိုင်ကို နှစ်တွေအများကြီး ဖွင့်လာခဲ့ပေမဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရုံလောက်ပဲ၊ ပြီးတော့ လျိုမိသားစုမှာ သည်နှစ်မှ အသက် ၇နှစ်နဲ့ ၈နှစ် သမီးငယ်နှစ်ယောက် ရှိသေးတယ်၊ အစ်မ လက်ထပ်ရင် တစ်နှစ် နှစ်နှစ်လောက်တော့ နည်းနည်းခက်ခဲမယ်ထင်တယ်”
ယိုဟယ်က လျိုမိသားစုကို ရွေးမည်ဟု ပြောတော့ ယိုကျင့်က အလေးအနက်ရှင်းပြလေသည်။ သည်နှစ်လအတွင်း အချင်းချင်း အဆင်ပြေလာကြပြီးနောက်တွင် ယိုကျင့်သည် ယိုဟယ်က ဂရုတစိုက် ပြုစုပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာမှန်း သိခဲ့ရသည်။ အမျိုးသမီးဟန်၏ စိတ်သဘောထားနှင့် ထက်မြက်သည့်အကျင့်စရိုက်နဲ့ လုံးဝမတူဘဲ သူမသည် ပျော့ပြောင်းကာ အားနည်းသည့် စိတ်သဘောထား ရှိလေသည်။ အရွယ်ကောင်းဖြစ်နေသေးသည့် ယောက္ခမနှင့် ယောက်မများရှိသည့် မိသားစုတစ်ခုသို့ ဝင်ခဲ့လျှင် အနည်းနှင့်အများတော့ ဒုက္ခခံရလိမ့်မည်။
သို့သော် ယိုဟယ်က ထိုသိမ်မွေ့ကာ ကျက်သရေရှိသည့်လျိုကျိုးထင်ကို ချစ်မြတ်နိုးနေလေသည်။
“ အစ်မကတော့ သူက အရမ်းကောင်းတယ်လို့ ထင်တာပဲ....”
ထိုနေ့က လမ်းပေါ်တွင် သူမတွေ့ခဲ့သည် တောက်ပကာ ကြည်နူးဖွယ်ယောက်ျားအကြောင်း စဥ်းစားလိုက်မိပြီး ယိုဟယ်သည် ရှက်သွေးဖြန်းသွားတော့သည်။ သူမဝမ်းကွဲအစ်မ၏ မိန်းကလေးဆန်ဆန် နှလုံးသားကို ကြည့်ရင်း ယိုကျင့်က သက်ပြင်းချလိုက်ပြီး
“ ညီမ ပြောသင့်တာ ပြောပြီးပြီနော်၊ အစ်မက စိတ်အားထက်သန်နေမှတော့ အစ်မယိုဟယ် ညီမတို့မှာ ဘာမှပြောစရာမရှိတော့ဘူး”
အောင်သွယ်တော်က သတင်းကောင်းကို သယ်လာချိန်တွင်တော့ လျိုမိသားစု၏သခင်မ အမျိုးသမီးချင်သည် မယုံနိုင်လောက်အောင် ဖြစ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
“ စုမိသားစုက သဘောတူလိုက်တယ် ဟုတ်လား”
အသက်ရှင်သန်ရသည်မှာ သူမမိသားစုအတွက်ပင် ခက်ခဲလေသည်။ သူတို့သည် လော့ဟယ်မြို့တွင် စီးပွားရေးလုပ်ငန်းငယ်လေးတစ်ခု လုပ်နေသော်လည်း သားအကြီးဆုံး၏ နှစ်စဥ် ကုန်ကျစရိတ်ချည်းကပင် မိသားစုဝင်ငွေ၏တစ်ဝက်လောက် သုံးရသည်။ ထို့အပြင် သမီးနှစ်ယောက်ကလည်း ရှိသေးသည်။ အမျိုးသမီးချင်သည် စုမိသားစုက လုံးဝသဘောတူလိမ့်မည်မဟုတ်ဟု တွေးထားခဲ့လေသည်။ မျှော်လင့်မထားဘဲ အမှန်တကယ် ဖြစ်လာခဲ့၏။
အောင်သွယ်တော်က ပါးစပ်နားရွက်တက်ချိတ်သည်အထိ သွားပေါ်အောင် ပြုံးရယ်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်၏။
“ကျွန်မ ဒီမင်္ဂလာပွဲကို သွားပြောပေးတာဆိုမှတော့ စုမိသားစုကလည်း သေချာပေါက် ခေါင်းညိတ်ပေးရမှာပေါ့၊ ယောက်မကြီး စိတ်ချထားလို့ရပါပြီး ချွေးမရဲ့လက်ဖက်ရည် ကမ်းတာကို စောင့်နေလိုက်တော့”
မိသားစုနှစ်ခုလုံးက ဆန္ဒရှိသဖြင့် လူနှစ်ယောက်မွေးဇာတာကို မကြာခင် တိုက်လိုက်ကြလေသည်။ ထုံးတမ်းအစဥ်အလာအတိုင်း ဆောက်ရွက်လိုက်ကြပြီးနောက် မင်္ဂလာရက်ကို နဂါးလှေပွဲတော်မတိုင်ခင် သုံးရက်အလို ငါးလပိုင်း ဒုတိယနေ့ကို သတ်မှတ်လိုက်တော့သည်။
အခုတော့ မိသားစုနှစ်ခု၏ မင်္ဂလာရက်ရောက်ရန် တစ်လပင် မလိုတော့ချေ။ စုမိသားစု ကြီးကြီးကျယ်ကျယ် လုပ်ပေးဖို့ စိတ်ကူးရှိသော်လည်း လျိုမိသားစုသည် အမှန်ပင် ငွေများများစားစား မရှိချေ။ ယိုဟယ်က သူမ၏မင်္ဂလာဝတ်စုံကို အခန်းထဲတွင် နေ့တိုင်း ချုပ်လုပ်နေသည်။ မိသားစုနှစ်ခုကလည်း ကလေးနှစ်ယောက်၏လက်ထပ်ပွဲကို စီစဥ်ရန် ယောက်ယက်ခတ်နေတော့သည်။
လေးလပိုင်း ၂၉ရက်နေ့။ စုမိသားစုနှင့် လျိုမိသားစု၏ ကြီးကျယ်သည့်နေ့ရောက်ရန် သုံးရက်လိုသေးသည်။ နေ့လည်ခင်းတွင် ယိုကျင့်သည် လူစိမ်းနှစ်ယောက်ကို ခေါ်ကာ အိမ်ပြန်လာပြီး တစ်ယောက်ယောက်အား ယိုဟယ်ကို သွားခေါ်ခိုင်းလိုက်၏။
ယိုဟယ်ရောက်လာတော့ ယိုကျင့်က မျက်နှာအောက်ချထားသည့် လူနှစ်ယောက်ဖက်လှည့်ကာ ပြောလိုက်လေသည်။
“ အခုချိန်ကပြီး သူက ရှင်တို့ရဲသခင်မပဲ၊ မမလေးယိုဟယ်ကို သွားနှုတ်ဆက်လိုက်ကြ”
“ ဒါက”
ယိုဟယ်သည် ရောက်ရောက်ချင်း အမျိုးသမီးနှစ်ယောက် သူမရှေ့တွင် ဒူးထောက်နေသည်ကို မြင်လိုက်ရချိန်၌ အနည်းငယ် စိတ်ရှုပ်သွားတော့သည်။
ယိုဟယ်ကို ဆွဲကာ ထိုင်ခိုင်းလိုက်ပြီးနောက် ယိုကျင့်က မိတ်ဆက်ပေးလိုက်၏။
သူတို့နှစ်ယောက်သည် ဦးညွတ်ကာ သူမ၏စကားကို အသိအမှတ်ပြုလိုက်လေသည်။
“ အကြီးတစ်ယောက်ရဲ့ မျိုးရိုးနာမည်က ကော တဲ့၊ အငယ်တစ်ယောက်ရဲ့နာမည်ကတော့ ချွန်းဟွား၊ သူတို့တွေက အစ်မနဲ့အတူတူ လျိုမိသားစုကို လိုက်ခဲ့လိမ့်မယ်”
ယိုကျင့်သည် သူမလက်ထပ်ပြီးလျှင် အဖော်ပြုပေးရန် အစေခံနှစ်ယောက်ကို ရွေးပေးခဲ့သည်။ အကြီးတစ်ယောက်က အသက် ၃၀ဝန်းကျင်သာ ရှိသေးသည်။ အငယ်တစ်ယောက်ကတော့ ၁၄-၁၅နှစ်ဝန်းကျင် ဖြစ်သည်။ တမင်ရည်ရွယ်ချက်ဖြင့်လား ဘာလား မသိသော်လည်း သူတို့နှစ်ယောက်လုံးသည် အလွန်သာမန်ဆန်သည့် ရုပ်ရည်များ ဖြစ်ကြသည်။
“ ဒါကို ဘယ်လိုလက်ခံရမှာလဲ”
သူမကို အဖော်ပြုပေးမည့် မိန်းကလေး အစေခံများဖြစ်သည်ကို ကြားလိုက်ရသဖြင့် ယိုဟယ်က ချက်ချင်း ငြင်းလိုက်၏။
“ သာမန်မိသားစုတစ်ခုက သမီးတစ်ယောက် လက်ထပ်ပြီး ပြောင်းသွားမှာ၊ အစေခံတွေရော ထည့်ပေးလိုက်လို့ ဘယ်ဖြစ်မလဲ၊ ရယ်စရာဖြစ်နေမှာ စိုးတယ်”
သူမသည် ထိုသို့ပြောလိုက်သော်လည်း ယိုကျင့်က သူမအတွက် အကောင်းဆုံးစဥ်းစားပေးထားသဖြင့် အလွန်ကျေးဇူးတင်မိလေသည်။
ယိုကျင့်က အဒေါ်စုန့်ကို သူတို့နှစ်ယောက်အား ခေါ်သွားပြီး နေရာချပေးရန် အချက်ပြလိုက်လေသည်။ ထို့နောက် သူမသည် ယိုကျင့်ကို အနောက်ဘက်ခြံဝင်းဆီသို့ ခေါ်လာခဲ့သည်။ ယိုဟယ်၏အခန်းထဲ ရောက်သွားပြီးမှ နှစ်ယောက်သားသည် ထိုင်ခုံအသီးသီးတွင် ဝင်ထိုင်လိုက်ကြပြီ’
“ အစ်မယိုဟယ် အခုက လျိုမိသားစုရဲ့ ဘဝအခြေအနေက လွယ်ကူနေတာ မဟုတ်ဘူး၊ အစေခံမရှိရင် အစ်မကပဲ ဒီလောက်ကြီးတဲ့မိသားစုတစ်ခုအတွင် နေ့တိုင်း အဝတ်လျှော်ချက်ပြုတ်တာတွေ လုပ်ပေးရမှာ၊ အစ်မက အစ်မရဲ့ယောက္ခမတွေကိုလည်း ပြုစုရအုံးမယ် အစ်မရဲ့ ယောက်မလေးတွေကိုလည်း စောင့်ရှောက်ပေးရအုံးမယ်၊ ဒါက အရမ်းခက်တာနော်”
ယိုကျင့်သည် သူမ၏လက်နှင့် လုံးဝကွာခြားသည့် လက်တစ်စုံကို လှမ်းဆွဲလိုက်ပြီး နှစ်နှစ်ကျော် ပြုစုပြီးသွားသည့်နောက် အသားမာပါးပါးလေး တက်နေသေးသည့် သူမ၏လက်မျာကို ပြလိုက်လေသည်။
“ ညီမ ယွဲ့အိမ်မှာ နေတုန်းက နေ့တိုင်း အလုပ်တွေ ဘယ်လိုလုပ်ရတယ်ဆိုကို မှတ်မိတယ်မလား၊ တခြားအရာတွေကို မပြောနဲ့အုံး၊ ညီမ ဒီလက်တွေကို နှစ်နှစ်လောက် ပြုစုလာရတာ၊ လက်တွေက အခုထိ အရမ်းကိုကြမ်းနေတုန်းပဲ၊ အစ်မလက်တွေအတွက် ဝမ်းမနည်းဘူးလား”
သူမက စကားကို ထိုသို့ပြောလိုက်သဖြင့် ယိုဟယ်သည် ခဏလောက်တိတ်ဆိတ်သွားတော့သည်။ သူမသည် ကလေးဘဝကတည်းက အလိုလိုက်ခံလာရသူ ဖြစ်သည်။ မိသားစုတွင် အစေခံများ မရှိသော်လည်း သူမ၏အမေဘက်က အဘွားနှင့် အမေတို့က သွက်လက်ကြသူများဖြစ်သည်။ သူမသည် ဘာကိုမှ စိုးရိမ်ပူရန်မလိုခဲ့ချေ။ သူမသည် အနာဂတ်တွင် သည်ကိစ္စများကို ကိုင်တွယ်ရမည်ဆိုလျှင် အများစုက သူမအတွက် အလွန်ခက်ခဲသည့် အရာပင် ဖြစ်လိမ့်မည် မဟုတ်ပါလား။
သူမ တွေဝေသွားသည်ကို မြင်လိုက်ရသဖြင့် ယိုကျင့်က အောင်ပွဲအတွက် အခွင့်ကောင်းကို အမိအရယူကာ တိုက်တွန်းလိုက်တော့သည်။
“ဒါကြောင့် ညီမက အစ်မအတွက် လူနှစ်ယောက် ရွေးလာပေးခဲ့တာ၊ ကျန်တာတွေ ဘေးဖယ်ထားလိုက်အုံး အနည်းဆုံးတော့ သူတို့တွေက အိမ်ကိစ္စအသေးအဖွဲတွေကို ကူညီပေးနိုင်တယ်လေ၊ ပြီးတော့ လျိုမိသားစုမှာ အနိုင်ကျင့်ခံရရင်တောင် အစ်မဘေးမှာ ရပ်တည်ပြီး အစ်မကို ကာကွယ်ပေးမဲ့လူ ရှိသေးတယ်”
သူမသည် ရင်ဘတ်ထဲက ယိုဟယ်နာမည်နှင့် အနီရောင်စာချုပ်တစ်ခုကို ထုတ်လာလိုက်သည်။
“ဒါက အစ်မရဲ့ငွေသားလက်ဖွဲ့ထဲမှာ ထည့်ပေးဖို့ အမေနဲ့ ညီမ အစ်မအတွက် ပြင်ဆင်ပေးထားတဲ့ လက်ဖွဲ့ပါ၊ သေချာသိမ်းထားနော်”
ယိုဟယ်သည် စာဖတ်တတ်သည်။ သူမက စာချုပ်ကို ဖွင့်ကြည့်လိုက်တော့ လော့ဟယ်မြို့ အနောက်ဘက် ကီလိုမီတာ အနည်းငယ်က စိုက်ပျိုးမြေ၁၀ဧက ဖြစ်နေတော့သည်။ ပူလောင်သည့် အာလူးတစ်ခုကို ကိုင်လိုက်ရသလို သူမသည် ထိုစာချုပ်ကို ယိုကျင့်၏လက်ထဲ ပြန်ထိုးထည့်ပေးလိုက်တော့သည်။
“ ဒါက အရမ်းတန်ဖိုးကြီးတယ်၊ အစ်မ လက်မခံနိုင်ဘူး”
စိုက်ပျိုးမြေ ၁၀ဧကသည် အနည်းဆုံးတော့ လျန်ငွေ ၇စ ၈စ ကျသင့်လိမ့်မည်။ သူမသည် သည်လောက် အဖိုးတန်သည့်အရာကို မည်သို့ လက်ခံနိုင်ပါမည်နည်း။
ယိုကျင့်က သူမ၏လက်ထဲသို့ စာချုပ်ကို ပြတ်ပြတ်သားသား ပြန်ထည့်ပေးလိုက်ပြီး
“ ဒါက အများကြီး မဟုတ်ပေမဲ့ အစ်မလည်း ကိုယ်ပိုင်ပိုင်ဆိုင်မှုတချို့တော့ ရှိဖို့လိုသေးတယ်လေ၊ အစ်မက အစားအသောက်တိုင်းနဲ့ ဝတ်စားဖို့တိုင်းအတွက် လျိုမိသားစုကိုပဲ အားကိုးနေမယ်ဆို အစ်မအမြဲတမ်း သိမ်ငယ်နေရလိမ့်မယ်”
ယိုဟယ်သည် အစပိုင်းက ဒုတိယမိသားစုနှင့် စည်းတချို့ခြားထားခဲ့လေသည်။ နောက်ဆုံး သူတို့သည် အစပိုင်း၌ မရင်းနှီးခဲ့ကြပေ။ သို့သော် အဒေါ်နှင့် အဖေဘက်က ဝမ်းကွဲညီမလေးက သူမအတွက်အရာရာ စဥ်းစားပေးသည်ကို တွေ့လိုက်ရပြီး သူမသည် မထိန်းနိုင်တော့ဘဲ မျက်လုံးများ နီလာတော့သည်။
“ယိုကျင့် အစ်မလေ”
ဒုတိယမိသားစုရဲ့အကူအညီကြောင့်သာ မဟုတ်ရင် သူမ မီးပုံထဲ ခုန်ဆင်းနေရပြီးလောက်ပြီ။ ဒီလို ခင်ပွန်းကောင်းတစ်ယောက်နဲ့ သူမအတွက် ဒီလိုအဖိုးတန် လက်ဖွဲ့တစ်ခု ပြင်ဆင်ပေးမဲ့ ဆွေမျိုးဆိုတာ ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်ပါမလဲ။