အခန်း (၉၁-၉၃)
Vol. 7 Ch. 91-93
အပိုင်း (၉၁) ယိုဟယ်ရဲ့မင်္ဂလာပွဲ (၂)
၅လပိုင်း ၂ရက်နေ့သည် လက်ထပ်ရန် သင့်တော်ပေသည်။
စုမိသားစု၏ လက်ထပ်သွားသည့် သမီးအတွက် ညစာစားပွဲကို နေ့လယ်ခင်းတွင် စီစဥ်ထား၏။ ထိုပွဲနှင့်အတူ လက်ဖွဲ့များကို ပြသရပေမည်။ သို့သော် စုမိသားစုသည် ဝူလီချောင်တွင် ဆွေမျိုးမိတ်သင်္ဂဟများ မရှိပေ။ အနည်းငယ်စည်ကားရန်အတွက် စားပွဲ ၅ပွဲ ၆ပွဲကိုသာ စီစဥ်ထားလိုက်သည်။
သည်နေ့၏ အဓိကဇာတ်ကောင် ယိုဟယ်ကို မင်္ဂလာဆောင် အထိန်းတော်အမျိုးသမီးက အစောပိုင်းကတည်းက ပြင်ဆင်ပေးထားသည်။ မိတ်ကပ်ထူထူ လိမ်းခြယ်ထားသည့် သူမ၏အသွင်က ပုံမှန်ရိုးရှင်းကာ ကြော့ရှင်းနေသည့်အသွင်နှင့် အလွန်ကွာခြားနေတော့သည်။ သို့တိုင် သူမသည် အင်မတန်လှပနေဆဲ။ ရွှန်းလဲ့နေသည့် ဇမဏီငှက်တို့၏ မျက်လုံးအစုံက ပျော်ရွှင်မှု၊ ရှက်ရွံ့မှုတို့နှင့် ပြည့်နေသည်။ စုမိသားစု၏ မိန်ကလေးငယ်များသည် မျက်လုံးများကို လုံးဝမခွာနိုင်အောင် ဖြစ်နေကြသည်။
“ အစ်မယိုဟယ်က ဒီနေ့ သိပ်လှတာပဲ”
“ အေးပါ အေးပါ၊ ကလေးမတွေ လျိုမိသားစုရဲ့ မင်္ဂလာယာဥ်တန်းလည်း ခဏနေရောက်တော့မယ်၊ ကမလေးတွေ သူတို့ကို မြန်မြန်သွားတားကြဟေ့”
အထိန်းတော်အမျိုးသမီးက ရွှင်လန်းကာ ဝင်လာပြီး အားလုံးကို ချော့မော့က ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် သူမက ယိုဟယ်ကို ကောက်ညှင်းဆန်လုံးများကို ကျွေးလိုက်သည်။
“ သတို့သမီး အရင်ဆုံး တစ်ခုခုစားလိုက်အုံး၊ မဟုတ်ရင် နင်ဗိုက်ဆာနေလိမ့်မယ်”
ယိုဟယ်က အထိန်းတော်အမျိုးသမီးယူလာသည့် ကောက်ညှင်းလုံးကို ယူလိုက်သည်။ တစ်ကိုက် နှစ်ကိုက်လောက်စားလိုက်ပြီး ပြန်ချထားလိုက်၏။ အပြင်က ဗုံသံမောင်းသံများ ပိုနီးကပ်လာသည်ကို ကြားလိုက်ရတော့ သူမသည် စိုးရိမ်စိတ်နှင့်အတူ စိတ်လှုပ်ရှားလာတော့သည်။
နဂိုကတည်းက ချောမောသည့် လျိုကျိုးထင်သည် သည်နေ့တွင် အနီရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားလေသည်။ အငယ်တန်းအဆင့်စာမေးပွဲကို အောင်မြင်ထားသဖြင့် သူ့မျက်နှာက ပျော်ရွှင်မှု အပြည့်ဖြစ်နေသည်။ ပညာရှင်တစ်ယောက်အသွင်ဖြင့် သူသည် ယိုဟယ်နှင့် အင်မတန် လိုက်ဖက်နေလေသည်။ သို့သော် ထိုအခိုက်အတန့်တွင် စုမိသားစု၏သမက်ကို တံခါးအပြင်ဘက်က ခယ်မငယ်လေးများက ဝိုင်းတားထားကြလေသည်။
“ အစ်မယိုဟယ်ကို လက်ထပ်ချင်ရင် ညီမတို့ စစ်ဆေးတာကို အရင်ဆုံး အောင်မြင်မှရမယ်”
လျိုမိသားစု ဖိတ်ထားသည့် အထိန်းတော်က မြန်မြန် ရှေ့ထွက်လာသည်။ သူမက သကြားလုံးများကို မြန်မြန်ဝေပေးလိုက်ပြီး စကားချိုချိုလေးများ ပြောလိုက်တော့သည်။ သူတို့ကို တော်တော်ကြာအောင် တားဆီးထားသည့် စုမိသားစု၏ ညီအစ်မများသည် ယိုကျင့်၏အချက်ပေးချက်ရမှ သူတို့ကို လွှတ်ပေးလိုက်တော့သည်။ သမက်အသစ်စက်စက်လေးက အိမ်ထဲသို့ ဝင်လာခဲ့၏။
ယိုဟယ်၏ အပျိုခန်းရှေ့တွင် ရပ်လျက် လျိုကျိုးထင်၏မျက်နှာသည် နီမြန်းနေတော့သည်။ သို့တိုင် သူက ဓလေ့ထုံးစံအတိုင်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။
“ မိန်းမရေ ယောက်ျားက မိန်းမကို လာကြိုတာပါ”
အပြင်ဘက်က အော်သံကို ကြားလိုက်ရပြီး အထိန်းတော်က အနီးတွင် ချထားသည့် ရေထဲတွင် ကစားနေကြသည့် ဘဲမောင်နှံပန်းထိုး အနီရောင်ပဝါကို ယိုဟယ်၏ခေါင်းပေါ် အုပ်ပေးလိုက်လေသည်။ သတို့သားက သုံးကြိမ်မြောက အော်ခေါ်အပြီး သတို့သမီး၏ အပျိုခန်းတံခါးက ကျွီခနဲမြည်သံနှင့်အတူ ပွင့်လိုက်တော့သည်။
“ သတို့သမီး ထွက်လာပါပြီ”
မင်္ဂလာအထိန်းတော် ကမ်းပေးလိုက်သည် အနီရောင်ဖဲစ၏ အစွန်းကို ယူလိုက်ပြီး လျိုကျိုးထင်က ယိုဟယ်ဘေးတွင် ရပ်လိုက်ကာ သူမကို မြဲနေအောင် တွဲထားလိုက်လေသည်။
“ မကြောက်နဲ့နော်”
အစောပိုင်းက စိတ်လှုပ်ရှားကာ စိုးရိမ်နေသည့် ယိုဟယ်သည် သူ့စကားကို ကြားလိုက်ရချိန်တွင် အများကြီး စိတ်အေးသွားတော့သည်။ သူမသည် ဘယ်နေရာသို့ သွားနေမှန်း မသိရဘဲ သူမ ခင်ပွန်းလောင်း၏ ခြေလှမ်းများအတိုင်း လိုက်သွားလေသည်။ ယောက်မကောနှင့် ချွန်းဟွာတို့၏ အကူအညီဖြင့် သူမသည် အမျိုးသမီးကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။ စုမိသားစု၏ တံခါးမှထွက်ခွာသွားပြီးနောက် သူမသည် မင်္ဂလာယာဥ်တန်း၏ သတို့သမီးဝေါယာဥ်ပေါ် တက်လိုက်လေသည်။ ရှည်ကြာလှသည့် ပျော်ရွှင်မှုနှင့် မီးရှူးမီးပန်းများ၏ အသံများနှင့်အတူ သူတို့သည် ဝူလီချောင်မှ ထွက်ခွာလာကာ လော့ဟယ်ပြည်နယ်၏ လော့ဟယ်မြို့သို့ ဦးတည်သွားလိုက်ကြတော့သည်။
တံခါးအပြင်ဘက်တွင် ရပ်နေရင်း အမျိုးသမီးစုသည် မင်္ဂလာယာဥ်တန်းက အဝေးသို့ ဦးတည်သွားနေသည်ကို ကြည့်ရင်း အကြောင်းတချို့ကြောင့် အနည်းငယ် ဝမ်းနည်းလာကာ အမျိုးသမီးစုသည် ဆုံးရှုံးသော ခံစားမှုလေးတစ်ခု ဖြစ်သွားတော့သည်။
“နောက်ဆိုရင် သူက တခြားမိသားစုတစ်ခုရဲ့ ချွေးမလေးဖြစ်သွားပြီပဲ၊ လျိုမိသားစုက သူ့ကို ကောင်းကောင်းဆက်ဆံပါ့မလား မသိပါဘူး”
ဒါက တူမလေးကို လက်ထပ်ပေးလိုက်တာပဲ ရှိသေးတယ်။ နောက်ပိုင်း သမီးတွေကို လက်ထပ်ပေးရမဲ့ အချိန်ရောက်လာရင်း ဘယ်လောက်တောင် ဝမ်းနည်းမိမလဲ မသိဘူး။ အမျိုးသမီးစုဘေးတွင် တိုးဝေ့နေသည့် ယိုကျင့်က လေသံတိုးတိုးဖြင့် ပြောလာ၏။
“ သမီးတို့ မိသားစုနှစ်ခုက နီးတာပဲလေ၊ ဒီတော့ အစ်မယိုဟယ်က မျက်နှာငယ်ရမှာမဟုတ်ပါဘူး”
ပွင့်ပွင့်လင်းလင်းပြောရရင် မိခင်ဘက်က မိသားစု တောင့်တင်းနေသ၍ လျိုမိသားစု ယိုဟယ်ကို ဘယ်တော့မှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူးလေ။
***
လျိုမိသားစုဘက်တွင်တော့ အိမ်ထဲသို့ တစ်ခုပြီးတစ်ခု သယ်ဝင်လာသည့် စုမိသားစု၏ လက်ဖွဲ့များနှင့် အနီဖျော့ဖျော့ အဝတ်အစားနှင့် သတို့သမီးနောက် လိုက်လာသည့် အစေခံနှင့်တူသည့် လူများကို ကြည့်ရင်း သူတို့သည် အနည်းငယ် မသက်မသာ ဖြစ်သွားတော့သည်။ သူတို့သည် သတို့သမီးက အလိုလိုက်ခံထားရပြီး မိသားစုကလည်း ယခုအချိန်ကစပြီး ကမောက်ကမ ဖြစ်တော့မှာကို စိုးရိမ်နေကြလေသည်။
နှစ်ဘက်လုံးက အနည်းငယ် မသက်မသာ ဖြစ်နေကြလေသည်။ သူတို့သည် နောက်တစ်နေ့၌ ချွေးမအသစ်လေးက တောက်တောက်ပြောင်ပြောင် ဝတ်စားထားသည်ကို တွေ့ရသော်လည်း သူမသည် အလွန်ရိုကျိုးလေသည်။ လျိုမိသားစုမှ လူကြီးနှစ်ယောက်မှာ စိတ်အေးသွားကြတော့သည်။
“ နောက်ဆိုရင် သမီးက ကျိုးထင်ကို ကောင်းကောင်း ပြုစုလုပ်ကျွေးပြီး လျိုမိသားစုအတွက် သားသမီးတွေ ပွားများအောင် လုပ်ပေးရမယ်နော်”
သည်နေ့ ယိုဟယ်သည် အနီရောင်စိုစို အနွေးထည် အထူနှင့် စကပ်ကို ဝတ်ထားပြီး ရွှေသား ဆံထုံးအဆင်အယင်တစ်စုံကို ပန်ဆင်ထားသည်။ တော်တော် တောင်ပြောင်ကာ ကြည်နူးဖွယ်ပသ်။ ဆုံးမစကားကို နာခံလိုက်ပြီး သူမက ခေါင်းညိတ်ပြလိုက်၏။ လျိုကျိုးထင်မှလွဲလျှင် လျိုမိသားစုဝင်အားလုံးက စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။
လျိုကျိုးထင်သည် ဇနီးအသစ်လေးကို တော်တော်ချစ်ခင်ကာ သူမကို ကာကွယ်ပေးတတ်သည်။
“ ယိုဟယ်က တော်ပါတယ် ၊ အဖေနဲ့အမေတို့ စိတ်ချထားလို့ရပါတယ်”
နွေရာသီ၏ မနက်စောစောတွင် ဇနီးသည်ဖြစ်လာမည့် ကြာပန်းဖြူလေးတစ်ပွင့်နှင့် တူသည့် မိန်းကလေးနှင့် ပထမဆုံးတွေ့ခဲ့ရချိန်ကို စဥ်းမိရင်း လျိုကျိုးထင်သည် ရှင်းမပြတတ်အောင် ဂုဏ်ယူကျေနပ်နေတော့သည်။
လျိုမိသားစုအိမ်၏ အပြင်အဆင်သည် ကျေးလက်က အိမ်များနှင့် ဆင်သည်။ ပင်မဆောင်၏ တစ်ဖက်တစ်ချက်တွင် အရှေ့ဆောင်နှင့် အနောက်ဆောင်တို့ရှိသော်လည်း နေရာက ပိုပြီးသေးငယ်လေသည်။ အရှေ့ဆောင်သည် လျိုကျိုးထင်၏အိပ်ခန်းနှင့် စာကြည့်ခန်းဖြစ်သည်။ အနောက်ဆောင်တွင်တော့ သူ့ညီမလေးနှစ်ယောက် နေသည်။ ယိုဟယ်ခေါ်လာသည့် အစေခံနှစ်ယောက်ကိုတော့ အနောက်ဆောင်၏ အနောက်ဘက်ခန်းတွင် နေရာချထားပေးလိုက်သည်။ အနည်းငယ် ပြည့်ကျပ်နေသော်လည်း သွားလာလို့တော့ ရသေးသည်။
လက်ထပ်ပြီးနောက် ပထမဆုံး သုံးရက်တွင် စည်းကမ်းများ ချမှတ်ရန် မလိုအပ်ချေ။ ထို့အပြင် ယိုကျင့်က ယိုဟယ်အတွက် ရွေးပေးလိုက်သည့် လူနှစ်ယောက်လုံးကလည်း အိမ်မှုကိစ္စ တော်ကြသည်။ ယောက်မကြီးကောက အချက်အပြုတ်ကောင်းသည်။ လျိုကျိုးထင်နှင့် တိုင်ပင်လိုက်ပြီးနောက် ယိုဟယ်က သူမ၏ယောက္ခမ အမျိုးသမီးချင်ကို ထိုအကြောင်း ပြောပြလိုက်ပြီး နောက်ပိုင်းတွင် ယောက်မကောကို လျိုမိသားစု၏ အလျှော်အဖွတ်၊ အချက်အပြုတ် တာဝန်ပေးလိုက်ပြီး ချွန်းဟွာကိုတော့ ယိုဟယ်နောက်လိုက်ကာ ပြုစုခိုင်းရန် ဆုံးဖြတ်လိုက်သည်။
အမျိုးသမီးချင်သည် သူမ၏ချွေးမကို ပြဿနာရှာတတ်သူမျိုးမဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ယိုဟယ်ကို ထူးထူးဆန်းဆန်း အံ့ဩမိနေသေးသည်။ နောက်ဆုံးကျ သူမသည် ချမ်းသာသည့်မိသားစုတစ်ခု၏ သမီးဖြစ်သည်။ သူမသည် မိသားစု၏ အဓိကလုပ်အားသုံးရသည့် အလုပ်များကို သူမကို အဖော်ပြုပေးမည့်အစေခံများအား ဆောင်ရွက်ခိုင်းမည့် စဥ်းစားပေးတတ်သည့် ယိုဟယ်၏အတွေးကို အပြည့်အဝ ထောက်ခံပေးလိုက်တော့သည်။
“ သူတို့တွေက သမီးခေါ်လာတဲ့ သမီးရဲ့လူတွေဆိုတော့ သမီးကိုယ်တိုင်ပဲ စီစဥ်လိုက်ပါ”
“ ပြီးတော့လေ ကျွန်မ လက်ထပ်တုန်းက မိသားစုက ကျွန်မအတွက် စိုက်ပျိုးမြေ ၁၀ဧက ပြင်ဆင်ပေးခဲ့သေးတယ်၊ အမေ ကျွန်မတို့တွေ စိုက်ပျိုးဖို့ လူငှားလိုက်ရင် ပိုကောင်းမယ်လို့ မထင်ဘူးလား၊ ဒါမှမဟုတ် မြေငှားရင်ကော”
သူမသည် အမျိုးသမီးချင်ကို အလွန်မှ ယုံကြည်သည်လား၊ သူမကိုယ်တိုင်က အမှန်ပင် တုံးအသည်လား မပြောတတ်ပေ။ ယိုကျင့်က သူမအတွက် သပ်သပ်ပေးခဲ့သည့် လက်ဖွဲ့အားလုံးကို အမှန်ပင် ထုတ်ပြောလိုက်လေသည်။
အမျိုးသမီးချင်သည် စုမိသားစုက ချမ်းသာသော်လည်း ယိုဟယ်၏မျိုးရိုးနာမည်မှာ စုမဟုတ်မှန်း သိထားလေသည်။ ထို့ကြောင့် ရွှေသားဆံထုံးအဆင်တန်ဆာက အကြီးဆုံးပိုင်ဆိုင်မှုဖြစ်မည်ဟု ယူဆထားခဲ့သည်။ သည်ပစ္စည်းများလည်း ပါလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။ သူမသည် လျှာကိုထုတ်ကာ တစ်နည်းနည်းဖြင့် ခြောက်သွေ့နေသည့် နှုတ်ခမ်းများကို သပ်လိုက်လေသည်။ ခဏကြာပြီးနောက် သူမက ပြန်ဖြေလိုက်တော့သည်။
“ ဒီကိစ္စကိုတော့ သမီးကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါကွယ်”
သူမက ကြားဝင်လိုက်ပြီးမှ နောက်ပိုင်း တစ်ခုခုဖြစ်ရင် စုမိသားစုက သူမကို ချွေးမရဲ့လက်ဖွဲ့ပစ္စည်းကို အလွဲသုံးစား လုပ်တယ်လို့ ထင်နေပါအုံးမယ်။ ဒါဆိုတော့ မကောင်းလှချေဘူး။ ခြုံပြောရရင် မိသားစုနှစ်ခုကြားက ကွာဟချက်ကလည်း တော်တော်ကြီးတယ်။ အမျိုးသမီးချင်က သားဖြစ်သူ၏ သဘောထားကို ကြိုသိထားခဲ့တာ မဟုတ်ဘဲ အောင်သွယ်တော်ကို စုံစမ်းခိုင်းခြင်းသာ မရှိခဲ့လျှင် သူမသည် သည်လိုအခြေအနေမျိုးရှိသည့် စုမိသားစုအား မျက်စိပင် ကျရဲမည်မဟုတ်ချေ။
အမှန်တွင်တော့ ဒါသည် ယိုဟယ်၏လက်ဖွဲ့ထဲက အစိတ်အပိုင်းလေးတစ်ခု သာဖြစ်လေသည်။ နှင်းတောထဲတွင် မီးသွေးပေးခဲ့သည့် အမျိုးသမီးဟန်၏ စေတနာနှင့် ယိုဟယ်၏ ကောင်းမွန်သည့် အကျင့်စရိုက်ကြောင့် အမျိုးသမီးစုနှင့် ယိုကျင့်တို့က သူမကို မနစ်နာစေလိုပေ။ ထို့ကြောင့် သူတို့သည် ခမ်းနားသည့်လက်ဖွဲ့တစ်ခုကို ပြင်ဆင်ပေးခဲ့သည်။ စိုက်ပျိုးမြေ ၁၀ဧကတင် မဟုတ်ပေ။ ရွှေသားခေါင်းဆောင်း အဆင်တန်ဆာတစ်စုံ၊ စတာလင်ငွေသား ခေါင်းဆောင်းအဆင်တန်ဆာ နှစ်စုံ၊ ရာသီတစ်ခုစီအတွက် အဝတ်အစား ခြောက်စုံစီ နှင့် လက်ဖွဲ့ငွေသား လျန်၅၀တို့လည်း ပါသေးသည်။ စုစုပေါင်း လျန်၂၀၀နီးပါးပင်။ ထိုအရာများတင်မကဘဲ ယိုဟယ်က ခရီးဝေးသွားရမည်ဖြစ်သဖြင့် အမျိုးသမီးဟန်က သူမကို လျန်၂၀ ပေးခဲ့သေးသည်။ ယခုမူ ယိုဟယ်၏လက်ထဲတွင် ငွေသားလျန် ၅၀ရှိလေသည်။
ချင်မိသားစု (လျိုကျိုးထင်အမေ)သာ သိသွားလျှင် သူတို့သည် အမှန်ပင် အံ့အားသင့်သွားကြပေလိမ့်မည်။ ယိုဟယ်သည် သူမ၏လက်ဖွဲ့နှင့် အကြောင်းအရာအားလုံးကို ထုတ်ပြောရလောက်သည်အထိတော့ မအပါချေ။ သူမတွင်လည်း ငွေရှိကြောင်း သိစေချင်သဖြင့် စိုက်ပျိုးမြေ ၁၀ဧကို ထုတ်ပြကာ နောက်ပိုင်း ဖြစ်လာနိုင်သည့်ပြဿနာကို ရှောင်လွှဲလိုက်ခြင်း ဖြစ်လေသည်။
မည်သို့ဆိုစေ စုမိသားစုနှင့် လျိုမိသားစုတို့သည် သည်လက်ထပ်ပွဲကို ကျေနပ်ကြလေသည်။ စုမိသားစုဝင်အားလုံးက သုံးရက်မြောက်နေ့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ နဂါးလှေပွဲတော်နေ့ မနက်ခင်းတွင်တော့ တတိယနေ့တွင် ပြန်လာမည့် လက်ထပ်သွားသည့် ဝမ်းကွဲမမလေးကို ပြန်ခေါ်လာမည့် သူတို့၏ သမက်အသစ်စက်စက်ကလေး ရောက်အလာကို နောက်ဆုံးတော့ စောင့်ဆိုင်းရကျိုးနပ်သွားတော့သည်။
အမျိုးသမီးစုက လျိုကျိုးထင်ကို အရှေ့ဘက်ခြံတွင် စကားပြောရန်ခေါ်ထားလိုက်ပြီး ယိုဟယ်ကတော့ စုမိသားစု၏ ညီအစ်မများက အနောက်ဘက်ခြံသို့ ဆွဲခေါ်သွားကြလေသည်။ လူငယ်စုံတွဲ၏ တခဏပင် မခွဲခွာနိုင်ဖြစ်နေသည့် မျက်လုံးများကို မြင်လိုက်ရသဖြင့် အမျိုးသမီးစုမှာ အလွန် ပီတိဖြစ်သွားတော့သည်။ လျိုကျိုးထင်က ယိုဟယ်ကို အလွန်မှ ချစ်မြတ်နိုးသည့် သက်သေပင်။ သူမက စကားစလိုက်၏။
“ အဒေါ်က ယိုဟယ်ရဲ့ အဖေဘက်က အဒေါ်ပါ၊ မင်း အဒေါ့်ကို ထုံးစံအတိုင်းခေါ်လို့ရပါတယ်၊ အဒေါ်က မင်းကို ကျိုးထင်လို့ ခေါ်ရင်ကော ဘယ်လိုလဲ”
“ အဒေါ်က ကျွန်တော့်အပေါ် အရမ်းကို ကောင်းနေပါပြီ ခင်ဗျာ”
လျိုကျိုးထင်သည် သည်နေ့တွင် ဝါးလုံးစိမ်းရောင် ဝတ်ရုံတစ်ထည်ကို ဝတ်ထားသည်။ မင်္ဂလာပွဲညတုန်းက သူ့ဇနီးသည်အပေါ် ထားသည့် စုမိသားစု၏ စေတနာများကို သိခဲ့ရပြီး သူ့ဇနီးကလည်း စုမိသားစုကို သူမမိခင်ဘက်က မိသားစုလို စိတ်ထဲတွင် သတ်မှတ်ထားကြောင်း သိခဲ့ရသည်။ ထို့ကြောင့် သူသည်လည်း စုမိသားစုကို လေးစားရလေသည်။
အမျိုးသမီးစုက အဒေါ်စုန့်ကို လက်ဖက်ရည်နှင့် မုန့်များ ယူလာရန် အချက်ပြလိုက်ပြီး လျိုကျိုးထင်အား ထိုင်ခိုင်းလိုက်သည်။ သူမက ရွှင်လန်းကာဖြင့် စကားစမြည်ပြောနေလိုက်သည်။
“ အဲဒီကလေးမလေးတွေ ယိုဟယ်နဲ့ မခွဲချင်ဖြစ်နေကြတာ၊ သူတို့တွေကလေ ဒီရက်ပိုင်းမှာ သူ့ကို ဘယ်လောက်တောင် သတိရနေတာပါဆိုပြီး နေ့တိုင်းပြောနေကြတာလေ၊ ညီအစ်မတွေမှာ ပြောစရာစကားတွေ အများရှိနေလောက်တယ်၊ ကျိုးထင် မင်းလည်း အရှေ့ဘက်ခြံမှာ အနားယူပေါ့၊ အဒေါ်တို့ စကားပြောကြမယ်”
“ ဒီလိုဆိုမှတော့ ကျွန်တော်က နားညည်းအောင် လုပ်မိတော့မှာပဲ”
လျိုကျိုးထင်က သူ့လက်များကို ယှက်လိုက်ပြီး အသိအမှတ်ပြုလက်ခံလိုက်လေသည်။ အလွန်တရာ ခန့်ညားစွာ ထိုင်ရင် သူက အမျိုးသမီးစု၏စကားများကို အလေးအနက် နားထောင်ပေးလိုက်သည်။
အရှေ့ဘက်ခြံတွင် လူနှစ်ယောက်က သတိနှင့် စကားပြောနေကြစဥ် အနောက်ဘက်ခြံထဲက ယိုဟယ်၏ အပျိုခန်းမှာ အလွန်မှစည်ကားနေတော့သည်။ စုမိသားစု၏ မိန်းကလေးများက ဝိုင်းဖွဲ့ထိုင်နေကြပြီး လက်ထပ်သွားသည့် ဝမ်းကွဲအစ်မဖြစ်သူအား မျက်တောင်မခတ်တမ်း ငေးကြည့်နေကြလေသည်။ ရှောင်ပါ့က ယိုဟယ်၏အင်္ကျီလက်ကို ဆွဲကာ သူမကို ပွေ့ဖက်ချင်ကြောင်း ပြောလေသည်။
ယိုဟယ်က နှစ်နှစ်အရွယ် ရှောင်ပါ့ကို ချီလိုက်ပြီး သူမ၏ပေါင်ပေါ်တွင် ထိုင်ခိုင်းလိုက်၏။ သူမက ပြုံးရင်း မေးလိုက်လေသည်။
“ ရှောင်ပါ့က အစ်မကို လွှမ်းနေတာလား”
အခုတလော ရှောင်ပါ့သည် တောက်တောင်ပြောင်ပြောင် ပစ္စည်းများကို သဘောအကျဆုံးဖြစ်နေသည်။ သူမသည် လွမ်းကြောင့် ကလေးဆန်ဆန် ပြန်ဖြေလိုက်၏။ သူမ၏ခေါင်းပေါ်က ရွှေသားဆံထိုးကို မြင်လိုက်ပြီး သူမက လှမ်းဆွဲလိုက်ကာ
“ အစ်မယိုဟယ် ရှောင်ပါ့ ဒါလေး လိုချင်တယ်”
သူမက ယိုဟယ်၏ဆံထုံးကို ရှုပ်ပွသွားအောင် လုပ်ပစ်မည်စိုးသဖြင့် ယိုကျင့်က သူမကို မြန်မြန် ချီသွားလိုက်ကာ
“ ရှောင်ပါ့ကို အရှေ့ဘက်ခြံက ခဲအိုဆီ ခေါ်သွားလိုက်”
ထိုစကား ပြောလိုက်သည်နှင့်ချက်ချင်း ရှောင်လျို့နှင့် ရှောင်ချီတို့ကလည်း ခဲအိုကို သွားတွေ့ရန် နောက်က လိုက်သွားကြတော့သည်။ အကြီးများသာ ကျန်ခဲ့ကာ ယိုဟယ်၏အခန်းထဲတွင် ထိုင်နေကြလေသည်။
နွေရာသီ မနက်စောစောတွင် ငွားငွားစွင့်စွင့်ပွင့်နေသည့် ကြာပန်းလေးတစ်ပွင့်လို လှပနှစ်လိုဖွယ် ကောင်းနေသည့် အိမ်ထောင်သည်ပေါက်စလေး ဖြစ်လာသည့်ယိုဟယ်ကို ကြည့်ရင်း သူမသည် လျိုမိသားစုတွင် ကောင်းကောင်းမွန်မွန် နေထိုင်ရသည်ကို ယိုကျင့် သိလိုက်လေသည်။ သူမသည် တော်တော် စိတ်အေးသွားတော့သည်။
“ အစ်မဝမ်းကွဲ လျိုမိသားစုမှာ နစ်နာစရာတွေ ခံစားရရင် ပြန်လာပြီး ညီမတို့ကို ပြောရမယ်နော်၊ ညီမတို့က အစ်မကို သေချာပေါက် အားပေးနေမယ်”
ယိုဟယ်က ခစ်ခနဲရယ်လိုက်ပြီး ယိုကျင့်၏ခေါင်းလေးကို ပုတ်လိုက်ကာ
“လက်ထပ်တယ်ဆိုတာ မိသားစုနှစ်ခုကြားက ကောင်းမွန်တဲ့ဆက်ရေးတစ်ခုပဲလေ၊ ငါကပဲ အနိုင်ကျင့်ခံရဖို့ လက်ထပ်သွားသလို ဘာလို့ပြောနေရတာလဲ”
ယိုကျင့်က စိတ်မဆိုးချေ။ ညီအစ်မများသည် အပြင်ဘက်က ချောင်အာက သူတို့ကို လာခေါ်သည့်အချိန်အထိ အချိန်အတော်ကြာအောင် စကားပြောလိုက်ကြသည်။ ညီအစ်မများသည် လက်ချင်းတွဲပြီး အရှေ့ဘက်ခြံက ထမင်းစားခန်းဆီသို့ သွားလိုက်ကြသည်။
ယိုဟယ်တို့စုံတွဲသည် စုမိသားစုတွင် ညစာစားသောက်ပြီးမှ မမှောင်ခင်လေးတွင် အလောတကြီး ပြန်သွားကြသည်။ လျိုကျိုးထင်က မနက်စောစောကတည်းက မြို့မှ မြည်းလှည်းကို ပြန်ငှားထားခဲ့သည်။ လျိုမိသားစု ယိုဟယ်ကို စိတ်မပျက်စေရန်အလို့ငှာ စုမိသားစုက သူတို့နှစ်ယောက် အိမ်ယူပြန်သွားရန် လှည်းတစ်ဝက်အပြည့် ပစ္စည်းများ ထည့်ပေးလိုက်လေသည်။ ယိုဟယ်သည် စိတ်လှုပ်ရှားသွားပြီး အတန်ကြာသည်အထိ လက်မခံဘဲ တားမြစ်လိုက်သေးသည်။ အချိန်ကလည်း နောက်ကျနေပြီဖြစ်သဖြင့် လူငယ်စုံတွဲက မြို့ဆီသို့ အလျင်စလိုပြန်သွားကြတော့သည်။
ညပိုင်း လျိုအိမ်၏ အရှေ့ဆောင်။
အခန်းထဲတွင် ‘喜’ စာလုံးကို ကပ်ထားဆဲ။ အိပ်ရာပေါ်က ခန်းဆီးစများသည် လေမတိုက်ပါဘဲနှင့် နာရီဝက်လောက် လှုပ်ရမ်းနေပြီးမှ တဖြည်းဖြည်း ရပ်သွားတော့သည်။ လျိုကျို့ထင်က သူ့ချစ်ဇနီးလေးကို သူ့လက်မောင်းထဲတွင် ပွေ့ဖက်ထားလိုက်သည်။ ယိုဟယ်၏ကျောကို အသာအယာ ပွတ်ပေးရင်း သူမ၏နူးညံ့မှုများကို တစိမ့်စိမ့်ခံစားရင်း ရှတတလေသံဖြင့် ပြောလိုက်လေသည်။
“ ဟယ်အာ ညီမရဲ့အဒေါ်မိသားစု ညီမအပေါ် အရမ်းကောင်းတယ်နော်”
“ ညီမ သိပါတယ်ရှင့်”
ရှက်သွေးဖြာနေသည့် ယိုဟယ်က သူမယောက်ျား၏လက်မောင်းပေါ်တွင် လှဲလျောင်းနေသည်။ ငလျင်လှုပ်သလို လှုပ်ရှားနေသည့် ခံစားချက်ထဲတွင် နစ်မျောနေပြီး သူမသည် အသက်ရှူပင် မမှန်တော့ချေ။ သူမ၏အသက်ရှူသံကို ကူညီနေသည့် သူ့ကြင်ကြင်နာနာအပြုအမူက သူမကို တုန်ရီသွားစေတော့သည်။ သူမ၏အသံမှာ ကြောင်ကလေးက တစ်ယောက်ယောက်ကို ကုတ်ခြစ်နေသည့်နှယ်။
“အဒေါ်တို့မိသားစုက ကျွန်မကို ပြန်လည်မွေးဖွားလာခွင့်ပေးခဲ့တာပါ၊ သူတို့ ကျေးဇူးကြောင့်သာ မဟုတ်ရင် ညီမလည်း အကိုနဲ့ လက်ထပ်နိုင်မှာမဟုတ်ဘူး...”
လင်မယားနှစ်ယောက်သည် တိုးတိုးတိတ်တိတ် အိပ်ရာဝင်စကား ပြောလိုက်ကြသည်။ လျိုကျိုးထင်၏ အစောပိုင်းက ဂရုတစိုက် ရှိလှသည့်လက်များသည် သူ့ဇနီးသည်၏ ဆက်တိုက်ကျုံ့ကျုံ့လေး ဖြစ်သွားသည့် အပြုအမူအောက်တွင် ပိုပိုပြီး ဆိုးလာတော့သည်။ နောက်တွင် သူသည် ကိုယ်ကို တစ်ကြိမ်လှည့်လိုက်ပြီး တီးတိုးပြောနေသည့် နှုတ်ခမ်းနီနီလေးများကို ပိတ်ဆို့ထားလိုက်လေသည်။ အနီရောင်လှိုင်းများ နောက်တစ်ကြိမ် ပြန်စလာလေတော့သည်။
ညပိုင်းတွင် တစ်ရေးနိုးပြီး အပြင်ထွက်လာသည့် အမျိုးသမီးချင်မှာ အရှေ့ဆောင်မှ ခပ်သဲ့သဲ့ လှုပ်ရှားသံများကို ကြားလိုက်ရလေသည်။ အသံက တိတ်ဆိတ်သည့်ညတွင် အလွန်မှာ ရှင်းလင်းနေသည်။ သူမသည် ကျေနပ်စွာ မပြုံးဘဲမနေနိုင် ဖြစ်သွားလေသည်။ သူမသည် မကြာခင်တွင် ဝဝကစ်ကစ်မြေးကလေးကို ချီရတော့မည် ထင်ပါသည်။
…
အပိုင်း (၉၂) တော်ဝင်မြို့တော်
ယိုဟယ် လက်ထပ်မခင်က ယိုကျင့်သည် တင်းယွမ်ရှိ အမျိုးသမီးဟယ်ထံသို့ လူတစ်ယောက်နှင့် စာပို့ခိုင်းလိုက်သေးသည်။ နှစ်ရက်ကြာပြီ ယိုဟယ်၏တတိယနေ့ အိမ်ပြန်လာချိန်တွင် အမျိုးသမီးဟန်ထံမှ ပြန်စာရောက်လာခဲ့၏။
စာထဲတွင် အမျိုးသမီးဟန်က ယိုကျင့်နှင့် အမျိုးသမီးစုတို့က ယိုဟယ်ကို စောင့်ရှောက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။ ယိုဟယ် ပျောက်သွားပြီးနောက်ပိုင်း တင်းယွမ်တင်တွင် ဖြစ်ခဲ့သည့်ကိစ္စများကိုလည်း ထည့်ရေးထားသည် : ယွဲ့ဝမ်ထောင်က စီရင်စုထဲက ချမ်းသာတဲ့မိသားစုတစ်ခုက သမီးနဲ့လက်ထပ်လိုက်တယ်။ သူက အမျိုးသမီးမိသားစုထဲ ဝင်လိုက်တာ မဟုတ်ပေမဲ့ ယွဲ့ချန်ရှို့လိုပဲ ယောက္ခထီးအိမ်မှာ လိုက်နေတဘ်။ ယွဲ့ယိုထင်ကတော့ တမြန်နှစ်က လက်ထပ်လိုက်ပြီး ချန်မာဇီနဲ့လုံးဝမတူတဲ့ သားတစ်ယောက်ကို မွေးခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လတုန်းက သူမနဲ့ ကျိုးကျွင်းဖုန်တို့ တွေ့ခဲ့တာကို တစ်ယောက်ယောက်က တွေ့ခဲ့တယ်တဲ့။ ယွဲ့ယိုထင်ရဲ့ သားက ပုံစံခွက်နဲ့ ထုတ်ထားသလို ကျိုးကျွင်းဖုန်နဲ့ တစ်ရုပ်ထဲ တူနေတာကို လူတွေကလည်း သတိမိပါရဲ့.. ဒီအချက်တွေပါ ထည့်ပြောလိုက်ရင်တော့ အသေးစိတ်တောင် ထုတ်ပြောစရာ မလိုတော့ဘူးလေ။
စာအဆုံးတွင် အမျိုးသမီးဟန်က အထူးမှာကြားထားလေသည်။ “ အခု အိမ်မှာ အားလုံးက ဖရိုဖရဲ ဖြစ်နေတာ၊ ယိုဟယ်ဖြစ်ဖြစ် ယိုကျင့်ဖြစ်ဖြစ် ဘာကိစ္စပဲရှိရှိ လုံးဝပြန်မလာကြပါနဲ့၊ ပြီးတော့ စာလည်း ပြန်မရေးပါနဲ့၊ ဒါကတော့ သဲလွန်စ မပေါ်သွားစေချင်လို့၊ ပြီးတော့ ယွဲ့မိသားစုက ရှာမတွေ့သွားစေချင်လို့ပါ”
ယိုကျင့်ဖတ်ပြလိုက်သည့် စာကို နားထောင်ပြီး အမျိုးသမီးမှာ အလွန်ခံစားလိုက်ရတော့သည်။
“ပြီးပြည့်စုံလောက်အောင် ကောင်းမွန်နေတဲ့ မိသားစုတစ်ခုက ဘာကြောင့်များ ဒီလိုဖရိုဖရဲ ဖြစ်သွားတာလဲ”
ယိုကျင့်သည် စာကို ချထားလိုက်၏။ သူမနှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု တွဲခိုသွားတော့သည်။
“ အမေက အဲဒီမိသားစုကို လုံးဝပြီးပြည့်စုံတယ်လို့ တကယ်ထင်နေတာလား”
ယိုကျင့်၏အမြင်တွင်တော့ ယွဲ့မိသားစုသည် အလွန်ဆိုးရွားသည့်အမှိုက်ထုပ်တစ်ခုပင်။ အပြင်ပန်းပဲ တောက်ပနေတာလေ။ ဒါက လုံးဝအစပဲ ရှိသေးတယ်။
သူမ၏မွေးနေ့ ပြီးသွားသည့်နောက် ၅လပိုင်းလလယ် ရောက်လာ၏။ နွေဦးစကတည်းက ယိုကျင့်သည် ယိုဟယ်၏ကိစ္စများလွဲလျှင် အနားရသည်ဟူ၍ မရှိခဲ့ပေ။
၃လပိုင်းတွင် သူမသည်တောင်ပိုင်းက လက်ဖက်ရွာသို့ သွားခဲ့သည်။ ရှောင်လင်ယွီ ပြောခဲ့ဖူးသည့် ကျိုးအမည်ရှိ ပညာသင်ကျောင်းသားနှင့် တွ့ခဲ့သည်။ လက်ဖက်ရွက် ကိစ္စများကို ပညာသင်ကျိုးကို အကူအညီတောင်းကာ အပ်ထားလေသည်။ ပြီးခဲ့သည့်နှစ်ရက်လောက်က ပို့လိုက်သည့်စာထဲတွင် အားလုံးနီးပါး ပြင်ဆင်ပြီးကြောင်း ပြောထားသည်။ နှစ်ရက်အတွင်း သူမသည် လက်ဖက်ရွာသို့ ခရီးတိုလေးတစ်ခု သွားရမည်။
မြို့တော်က ရှောင်လင်ယွီကတော့ ဘာတွေဖြစ်နေမှန်း မသိခဲ့ချေ။ သူသည် သူမကို ရက်အနည်းငယ်ကြာတိုင်း စာများရေးကာ ပို့ခဲ့သည်။ ယိုကျင့်သည် သူ့ထံမှ စာရောက်လာတိုင်း အမြဲလိုလို စိတ်ထဲတွင် ‘ လူတွေက ငွေအတွက်သေကြတယ်၊ ငှက်တွေကတော့ အစာအတွက် သေကြတယ်’ဟု ရေရွတ်လိုက်ပြီး သူမ၏စိတ်ထဲက စိတ်ရှုပ်မှုနှင့် အကူအညီမဲ့သည့်ခံစားချက်တို့ကို တိတ်တဆိတ် ဖိနှိပ်ထားလိုက်တော့သည်။ ဒီအစ်ကိုကြီးက ငါလေး အရမ်းအားနေတယ်ထင်ပြီး သူနဲ့နေ့တိုင်း စာအပြန်အလှန် ရေးနိုင်မယ်ထင်နေတာလားမသိဘူး။
သူမသည် မြို့တော်တွင် ခြေချိတ်ထိုင်ကာ သူ့ရင်ခွင်ထဲတွင် ချစ်ဇနီးလေးနှင့် လှပသည့် ကိုယ်လုပ်တော်ကို ထည့်ထားပြီး နေ့တိုင်းလိုလို သူမထံ စာအပျော်ရေးနေသည့် အကြီးဆုံးသခင်လေးအကြောင်း စဥ်းစားမိလိုက်တိုင်း ယိုကျင့်က ဒေါသများ ပုံချစရာမရှိဘဲ ဒေါသမီး တောက်နေသည်ကို ခံစားရလေသည်။ တကယ်ပါပဲ။ လူချင်းတူတာတောင် ကံက ကွာသေးတယ်။
သည်အခိုက် အလွန်ဝေးကွာသည့် မြို့တော်၌ ရှောင်လင်ယွီသည် စာအိတ်တစ်ခုထဲတွင် မှင်ခြောက်သွေ့သွားပြီဖြစ်သည့် စာတစ်စောင့်ကို ထည့်လိုက်ပြီး သူ၏အထူးဖယောင်းချိပ်ဖြင့် စာကို ပိတ်လိုက်ကာ စာကြည့်ဖော်လေးကို လော့ဟယ်သို့ ပို့ပေးရန် လှမ်းပေးလိုက်လေသည်။ သူသည် အကြောင်းမဲ့ အပြင်းအထန် နှာချေလိုက်တော့သည်။
ရှောင်နှင့် ပိုင်မိသားစု၏ တွန့်ဆုတ်မှုတို့ကြောင့် မင်္ဂလာပွဲကို ၈လပိုင်း ၁၉ရက်နေ့ဟု နောက်ဆုံးတော့ သတ်မှတ်လိုက်၏။ လက်ရှိတွင် ၅လပိုင်းဖြစ်ပြီး ရှောင်မိသားစု၏ မျိုးနွယ်စုခေါင်းအလောင်းအလျာ၏ လက်ထပ်ပွဲရောက်ရန် ၃လခွဲသာ လိုတော့သည်။ ရှောင်မိသားစုတစ်ခုလုံးက အလုပ်များနေကြမည်မှာ သဘာဝပင်။ ရှောင်မိသားစု၏ လက်ရှိမျိုးနွယ်စုခေါင်းဆောင် ရှောင်ဟိုင်ချောင်၏ မျက်နှာပေါ်က ပုံမှန်တင်းမာသည့်အကြည့်က လတ်တလောတွင် ပျော်ရွှင်သည့်အရိပ်တစ်ခုကို ဆောင်နေလေသည်။
တစ်အိမ်လုံးကလွဲလျှင် ကွဲထွက်နေသည်မှာ သတို့သားလောင်းသာဖြစ်သည်။ ပြီးခဲ့သည့်နှစ်ဝက် မြို့တော်သို့ ပြန်ရောက်လာကတည်း ရှောင်မိသားစု၏ အဘွားက လက်ထပ်ပွဲ နီးလာပြီဖြစ်သဖြင့် မြို့တော်က မထွက်တော့ရန် သူ့ကို အမိန့်ပေးထားသည်။ သူ့မိသားစု၏ စီစဥ်မှုအောက်တွင် သူသည် သူ့သတို့သမီးလောင်း ပိုင်ယအာနှင့် အကြိမ်အနည်းငယ်တွေ့ခဲ့ရသည်။
အရင်တုန်းကတော့ ရှောင်လင်ယွီသည် ပိုင်ယအာက ရှောင်မိသားစု၏သခင်မဖြစ်လာရန် အရည်အချင်းရှိလိမ့်မည်ဟုသာ တွေးထားခဲ့သည်။ သို့သော် နှစ်ဝက်လောက် မကြာခဏ တွေ့ဆုံပြီးနောက်တွင် ရှောင်လင်ယွီသည် ပြဿနာတစ်ခုကို တွေ့ရှိသွားတော့သည်။ သူ ပိုင်ယအာနဲ့ ရှိနေတဲ့အချိန်ဆိုရင် အမြဲလိုလို အမှတ်တမဲ့ အရမ်းသတိထားနေရတယ်လို့ ခံစားမိတယ်။ ပြီးတော့ ပိုင်ယအာက ပိုပြီး ရွံစရာကောင်းလာတယ် ဆိုတဲ့အကြည့်နဲ့ သူ့ကို ကြည့်ခဲ့တာပဲ။ ဒါက သူ့ကိုအမြဲတမ်း အရမ်းစိတ်ရှုပ်ရစေတယ်လေ။ ဒီလိုလက်ထပ်ပွဲက တကယ်ပဲ သူလိုချင်တဲ့အရာမျိုးလား။ သူကရော တကယ်ပဲ သူ့ကိုအထင်သေးတဲ့မိန်းမတစ်ယောက်နဲ့ တစ်ဘဝလုံး ကုန်ဆုံးချင်ရဲ့လား။
သာ့ဖုန်းမင်းဆက်သည် ကုန်သည်များကို ဦးစားပေး ဆက်ဆံခဲ့ပြီး ကုန်သည်မိသားစုများကလည်း တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ကာ ရုံးတော်အတွင်း အရာရှိများ ဖြစ်လာနိုင်လေသည်။ သို့သော် ရှေးခေတ်ကတည်းက စာပေပညာရှင်များက မျိုးရိုးမြင့်ကြသည်။ သူတို့သည် အမြဲလိုလို ကုန်သည်များကို အထင်သေးကြလေသည်။ ကဗျာဆရာများနှင့် စာရေးဆရာများ၏ အမွေအနှစ်တစ်ခု ပိုင်ဆိုင်ထားသည့် ပိုင်မိသားစုကဲ့သို့သော် စာပေပညာရှင်များကိုတော့ ထည့်ပြောရန်ပင် မလိုပါချေ။ သို့သော် သည်လက်ထပ်ပွဲကို ဆုံးပါးသွားပြီဖြစ်သည့် ရှောင်မိသားစု၏ ခေါင်းဆောင်ဟောင်းက ဆုံးဖြတ်ပေးခဲ့ခြင်းပင်။ ပိုင်မိသားစုဖက်က အရင်ဆုံးမရုပ်သိမ်းလျှင် သည်လက်ထပ်ပွဲကို ရုပ်သိမ်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။
သို့သော် ပိုင်မိသားစု၏ သခင်ကြီးသည် ထူးခြားသည့် စာပေပညာရှင်တစ်ယောက်ဖြစ်လေသည်။ သူသည် ချမ်းသာပြီး အင်အားရှိသည့် ရှောင်မိသားစု၏သခင်ကြီးနှင့် အလွန်ခင်မင်ရသည့် မိတ်ဆွေတစ်ယောက် ဖြစ်ခဲ့သည်။ သူသည် သူ့မိတ်ဆွေဟောင်းကြီး မသေခင် သတ်မှတ်ခဲ့သည့် လက်ထပ်ပွဲကို အဘယ်မှာ ငြင်းပယ်ရန် ဖြစ်နိုင်ပါမည်နည်း။ ပိုင်ယာသည် သတိလစ်သွားသည်အထိ ပင်မဆောင်ထဲတွင် ယောင်ကိုင်းလာသည်အထိ ငိုယိုကာ ဒူးထောက်ခဲ့သည်။ သူမ၏ဒူးသည် နီရဲကာ လက်တော်တော်ကြာအောင် ယောင်ကိုင်းခဲ့ပြီးမှ ပြန်ကောင်းလာခဲ့သည်။ သို့တိုင် ပိုင်သခင်ကြီးက တံခါးပင် ဖွင့်မပေးချေ။ သူက သူ့ကိုယ်ပိုင် အိမ်တော်ထိန်းကို စကားသာ ပါးလိုက်လေသည်။
“ လူကြီးလူကောင်းတစ်ယောက်က သူ့ကတိကို တန်ဖိုးထားလေးစားရသည်’ ဟူ၍။
ပိုင်ယအာသည် ငယ်စဥ်ကတည်းက အလိုလိုက်ခံ၊ ပိုးမွေးသလို ကြီးပြင်းလာခဲ့သည်။ ထိုအခြင်းအရာထက် သူမသည် အချစ်နှင့်ပတ်သက်သည့် ကဗျာများ၊ စာအုပ်များကိုကို စိတ်ကူးယဥ်ဆန်ဆန်ပြန်ဆိုထားသည့်စာများကို အလွန်အမင်းဖတ်တတ်သည်။ သူမတွင် တစ်သက်လုံး အတူတူနေကာ အိုမင်းသွားလိုသည့် တစ်စုံတစ်ယောက်ကလည်း ရှိနှင့်ပြီးဖြစ်သည်။ သူမသည် တစ်ကိုယ်လုံး ငွေနံ့နံနေသည့်လူကို မည်သို့ လက်ထပ်နိုင်ပါမည်နည်း။ နွေဦးရောင်ခြည်၏ နှင်းပွင့်လေးနှင့်တူသည် သူမသည် ရွှံ့နွံထဲ ကျရတော့မည်မဟုတ်ပါလား။
နေ့တစ်ဝက်လောက် သတိလစ်နေပြီးမှ နိုးလာသည့်ပိုင်ယအာသည် သူမ၏အဖိုးဖြစ်သူက သည်ကိစ္စကို သဘောထား ပြောင်းလဲမည်မဟုတ်မှန်း သိသွားတော့သည်။ အခုတော့ မိသားစုနှစ်ခု၏ သဘောတူထားသည့် မင်္ဂလာပွဲရက်က သုံးလသာလိုတော့သည်။ သည်လိုအချိန်ဆွဲနေလျှင် သူမနှင့် ချစ်သူရွှီတို့သည် သည်ဘဝတွင် အမှန်ပင် လွဲချော်သွားပေတော့မည်။
အမှန်တွင်တော့ သဘောတရားအားလုံးတွင် ပိုင်ယအာ၏ စံပြပုဂ္ဂိုလ်မှာ အသွင်အပြင်ဖြစ်စေ ၊ မိသားစုနောက်ခံဖြစ်စေ ရှောင်လင်ယွီထက် အများကြီး နိမ့်ကျလေသည်။ အချစ်က လူကို မျက်ကန်းစေသည်ဟုပင် ဆိုနိုင်၏။ အဆင့်၈ အရာရှိတစ်ယောက်၏ ကိုယ်လုပ်တော်မှ မွေးဖွားခဲ့ခြင်းဖြစ်သည်။ သာမာန်မျှချောမောသည့် ရွှီကျီထုန်းသည် ပိုင်ယအာ၏မျက်လုံးထဲတွင်တော့ မသေမျိုးလောကမှ မောင်းထုတ်ခံလာရသူတစ်ယောက်နှယ် သည်လောကတွင် ပြိုင်စံရှားသည်ဟူ၍။
မျက်ရည်လည်ရွဲနှင့် ပိုင်ယအာက ရွှီကျီထုန်းနှင့် ပထမဆုံးတွေ့ဆုံခဲ့စဥ်က အဖြစ်အပျက်ကို ပြန်သတိရမိနေသည်။ မနက်စောစော မြူနှင်းများဆိုင်းကာ မိုးရွာနေသည့်နွေဦးတစ်ခုတွင် ဗောဓိ ဘုရားကျောင်း၏ ပန်းများပွင့်လန်းနေသည့် ကန်သင်းရိုး၏ အပြင်ဘက် လျှောက်လမ်းတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပညာသင်တစ်ယောက်သည် သစ်တော်ပန်းများ ဝေဝေဆာဆာပွင့်နေသည့် သစ်တော်ပင်အောက်တွင် ထိုင်နေလေသည်။ စာအုပ်တစ်အုပ်ထဲတွင် လုံးဝစျာန်ဝင်နေပြီး လေထဲတွင် လွင့်လာသည့် သစ်တော်ပန်းပွင့်များက သူ့ခေါင်းပေါ်သို့ ကြွေကျနေသည်ကိုပင် သတိမထားချေ။ သို့သော် အကြောင်းကြောင်းကြောင့် ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ့အား ကြောင်ကြည့်နေသည့် သူမကို တွေ့သွားတော့သည်။ သူမ၏ရှယ်ဖွယ်အဖြစ်ကို မျက်ကွယ်ပြုထားလိုက်ပြီး သူက ကျက်သရေရှိလှသည့် အပြုအမူတစ်ခုဖြင့် အဝေးမှနေ၍ ကျောင်းသားတို့ထုံးစံအတိုင်း နှုတ်ဆက်ချက်လိုက်လေသည်။
ပထမဆုံးတွေ့ဆုံးခြင်း၏ မြင်မြင်ချင်းမှာပင် လန့်ဖျတ်သွားခဲ့သည်။ သူသည် မြို့တော်၏ အဆင့်၈အရာရှိမိသားစု၏ ကိုယ်လုပ်တော်မှ မွေးသည့်သားတစ်ယောက်ဖြစ်မှာ တခြားလူဆီမှ သိခဲ့ရသည်။ သူသည် ငယ်စဥ်ကတည်းက သူ့တရားဝင်မိခင်၏ ချစ်ခြင်းမခံခဲ့ရသော်လည်း သူသည် ကဗျာနှင့် စာပေများတွင် ထူးချွန်ခဲ့သည်။ အသက် ၁၇နှစ်တွင် သူသည် ရှို့ချိုင်(တော်ဝင်စာမေးပွဲကို ပထမအဆင့်ဖြင့် အောင်မြင်သူ) တစ်ယောက်ပင် ဖြစ်နှင့်ပြီးပြီ။ အရည်အချင်းမရှိသည့် တရားဝင်သားနှင့်ယှဥ်လျှင် သူသည် အရာရှိရွှီ၏သဘောကျမှုကို ပိုရရှိထားလေသည်။
တော်ဝင်မြို့တော်၏ အထက်တန်းစား အသိုင်းအဝိုင်းကြားတွင် ကဗျာစာပေများ စုစည်းရွတ်ဖတ်ကြသည့် ပွဲများရှိ၏။ ပိုင်ယအာသည် အရင်က ထိုပွဲများကို မတက်ခဲ့ချေ။ သူမသည် အရင်က ရွှီကျီထုန်းကိုလည်း မသိခဲ့ပေ။ သို့သော် ပန်းများပွင်းလန်းနေသည့် ကန်သင်းရိုးတွင် တစ်ကြိမ်လောက် တွေ့ခဲ့ပြီးနောက်ပြီး သူမသည် သူနှင့် မမျှော်လင့်ဘဲ အကြိမ်များစွာ တွေ့ခဲ့ရသည်။ လေးလပိုင်း နွေးဦးနှောင်းပိုင်းရောက်တော့ နှစ်ယောက်သားသည် သူတို့၏ခံစားချက်များကို အပြန်အလှန် ပြောပြခဲ့ကြပြီးနောက် ဘဝအတွက် သီးသန့်စေ့စပ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
“ မောင်ကြီး ရွှီ....”
သူမ၏လက်ထဲတွင် တင်းကျပ်နေအောင်ဆုပ်ထားသည့်အရာမှာ ကြာပန်းပွင့်ပုံ သာမန်အရည်အသွေး ရှိသည့် ကျောက်စိမ်းကဆွဲသီးလေးတစ်ခု ဖြစ်သည်။ ရွှီကျီထုန်း၏ ဆုံးပါးသွားပြီဖြစ်သည့် ကိုယ်လုပ်တော်အမေဆီက ချန်ခဲ့သည့် တစ်ခုတည်းသော အမွေဖြစ်၏။ သူ့ဆီမှ ရခဲ့သည့် တစ်ခုတည်းသော ချစ်သက်လက်ဆောင်လည်းဖြစ်လေသည်။ အိမ်တော်၏အပြင်ဘက်တွင် စောင့်နေအုံးမည့် ရွှီကျီထုန်းကအကြောင်းစဥ်းစားရင် ပိုင်ယအာသည် တစ်ဖန် ဝမ်းနည်းလာပြန်တော့သည်။
***
ရှောင်လင်ယွီသည် ယိုကျင့်ထံမှာ တစ်စောင်မှ ပြန်မလာသည့် စာများကို ရက်ပေါင်းများစွာ စောင့်စားခဲ့လေသည်။ သူသည် အိမ်တော်တွင် ပျော်ရွှင်နေကြသည့်မိသားစုဝင်များထဲတွင် နည်းနည်း ထူးခြားနေလေသည်။ ထို့ကြောင့် စာကြည့်ခန်းထဲတွင် နေ့တိုင်း စာဖတ်နေမည့်အစား ကဗျာနှင့် စာအုပ်များအကြောင်း ဆွေးနွေးရန် သူငယ်ချင်း လေး-ငါးယောက်လောက်ကို မြို့တော်က လက်ဖက်ရည်ဆိုင်တစ်ခုတွင် ၄-၅ရက်တစ်ခါ ချိန်းဆိုတတ်လေသည်။ ထိုအရာက ပျင်းစရာကောင်းသည့်အချိန်မှာကို ကုန်လွန်သွားစေတော့သည်။
၅လပိုင်းတွင် တော်ဝင်မြို့တော်၌ အနည်းငယ်ပင် မွန်းကြပ်စရာကောင်းလာတော့သည်။ မိန်းကလေးများက သည်နှစ်တွင် ခေတ်စားနေသည့် နွေရာသီအဝတ်အစားများကို ဝတ်စားထားကြသည်။ လမ်းများပေါ်တွင် လူများပျားပန်းခတ်များ လှုပ်ရှားကာ အလွန် အသက်ဝင်နေတော့သည်။ လက်ဖက်ရည်ဆိုင်၏ ဒုတိယထပ် ရေကန်ကိုမျက်နှာမူထားသည့် အပန်းဖြေခန်းထဲတွင် ထိုင်ရင်း ရှောင်လင်ယွီသည် နေရောင်အောက်က တစ်လက်လက် တောက်ပနေသည့် ကုန်းတွင်းမြစ်ရေကို ကြည့်ရင်း အေးဆေးသက်သာစွာ သက်ပြင်းချလိုက်တော့သည်။
“ မင်း ပြီးခဲ့တဲ့နှစ်နှစ်လောက်ကတည်း သက်ပြင်းပိုချလာခဲ့တာပဲ”
ရှောင်လင်ယွီနှင့် သက်တူရွယ်တူခန့်ရှိသည့် သူ့ဘေးတွင်ထိုင်နေသည့် လူတစ်ယောက်က သူ့အတွက် လက်ဖက်စိမ်းတစ်ခွက်ကို လောင်းထည့်ပေးလိုက်ပြီး
“ ဒါပေမဲ့ ငါတို့စတွေ့ကတည်း မင်းက ငယ်တဲ့ပုံပေါက်ပေမဲ့ ရင့်ကျက်တဲ့ပုံနဲ့ပဲ နေလာခဲ့တာပဲ”
လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ကာ တစ်ငုံလောက်သောက်လိုက်ပြီး မြစ်တစ်ဖက်ကမ်းတွင် ပျော်ပျော်ပါးပါး ကစားနေကြသည့် ကလေးများကို ကြည့်လိုက်လေသည်။ ရှောင်လင်ယွီသည် အနည်းငယ် အားကျသွားပြီး မှတ်ချက်ပေးလိုက်၏။
“ ငါ အဖြေရှာမရသေးတဲ့ ကိစ္စတချို့ရှိနေလို့ပါ၊ မင်း မနှစ်က လက်ထပ်တော့ အဲဒီတုန်းက တခြားအတွေးတွေ ရှိခဲ့လား”
ဖုန်းဟွာသည် ရှောင်လင်ယွီနှင့် နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်လာခဲ့သော်လည်း ကျန်အိမ်ထောင်မပြုရသေးသည့်လူနှင့် ယှဥ်လျှင် ဖုန်းဟွာသည် ဖခင်လောင်းလျာတစ်ယောက် ဖြစ်လေသည်။
သူ့မေးခွန်းကို ကြားလိုက်ရပြီးနောက် ဖုန်းဟွာသည် သည်လက်ထပ်ပွဲကိစ္စနှင့် ပတ်သတ်ပြီး နောက်အတွေးများ ရှိခဲ့သည်ကို သိလိုက်ရပြီး မတတ်သာတော့ဘဲ ခေါင်းခါပြလိုက်တော့သည်။
“ ငါတို့လို လူတွေအတွက်တော့ လက်ထပ်ပွဲနဲ့ပတ်သက်ပြီး ငြင်းလို့မရဘူးလေ၊ ဒါက အကျိုးစီးပွားခြင်း ဖလှယ်တာပဲ”
ဖုန်းဟွာနှင့် သူ့ဇနီးသည်လည်း မျိုးနွယ်နှစ်ခု ပေါင်းစည်းထားခြင်းပင်။ ဇနီးသည် သည်လက်ထပ်ပြီးကတည်း အလွန်ချစ်ခင်တတ်သည့် ပြောလို့မရသော်လည်း သူမသည် ယောက္ခမများအပေါ် သိတတ်ပြီး သူ့ကိုလည်း စိတ်ရင်းဖြင့် အလုပ်အကျွေးပြုခဲ့သည်။ လူငယ်အတွဲလေးသည် ပျားသကာလို ချိုမြိန်လှသည်ဟု မှတ်ယူနိုင်လေသည်။
ဖုန်းဟွာ၏ စကားကို ကြားလိုက်သည်တွင် ရှောင်လင်ယွီက ဖြည်းညင်းစွာ သက်ပြင်းချလိုက်တော့သည်။ ဒီတော့ သူ အရမ်းသာနေတော့လဲ ဘာလုပ်ရမှာလဲ။ သူ့မှာ ဘာလွတ်လပ်ခွင့်တောင်မှ မရှိတာပဲ။
သူတို့နှစ်ယောက်သည် လက်ဖက်ရည်ဆိုင်တွင် နာရီဝက်လောက် ဆက်ထိုင်လိုက်ကြပြီးနောက် နှုတ်ဆက်လမ်းခွဲလိုက်ကြသည်။ ဖုန်းဟွာကို လိုက်ပို့လိုက်ပြီးနောက် ရှောင်လင်ယွီသည် ဒုတိယထပ်က အခန်းထဲတွင် တစ်ယောက်ထဲ ကျန်နေခဲ့၏။ မြစ်နှစ်ဘက်လုံးက ဆူညံ့သံများကို နှုတ်ဆိတ်ကာ နားထောင်နေရင်း အနည်းငယ် မူးနောက်သလိုဖြစ်လာတော့သည်။ ဘေးအခန်းက လာသည့်အသံများကို အမှတ်တမဲ့ကြားလိုက်ရတော့သည်
“ ပိုင်မိသားစုက စာပေပညာရှင်အသိုင်းအဝိုင်းမှာ နာမည်ကြီးတဲ့သူပဲ၊ အခုနေ အရာရှိပိုင်က အဆင့်ငါး ဝန်ထမ်းဆိုပေမဲ့ အရာရှိပိုင်ရဲ့ဂုဏ်သတင်းကို လျှော့တွက်လို့မရဘူးနော်၊ တကယ်လို့များ အစ်ကိုရွှီက ဒီတစ်ခါ ပိုင်မိသားစုရဲ့ လှေကုန်းပတ်ပေါ် ယုံယုံကြည်ကြည် တက်နိုင်ခဲ့ရင်း အစ်ကို့ရဲ့အရည်အချငးကို အပြည့်အဝ ချပြနိုင်လိမ့်မယ်၊ အဲဒီအတွက်တော့ ချပြရမဲ့ဟာတော့ ရှိမှ သဘာဝပဲလေ”
လူငယ်တစ်ယောက်၏အသံသည် ပိုကျယ်လာတော့သည်။ သူပြောနေသည့် ‘အစ်ကိုရွှီ’ကို အားကျနေသည်လား၊ မနာလိုဖြစ်နေသည်လားတော့ မသိရပေ။
ထိုယောက်ျားသည့် အခုလေးတင်ပြောလိုက်သည့် စကားများကို ပြန်ဖြေနေသည့်နှယ် အသံပိုတိုးသည့် အမျိုးသားတစ်ယောက် အသံထွက်လာ၏။
“ပိုင်ယအာက အခုဆိုရင် ငါ့ကို အရမ်းချစ်မြတ်နိုးနေပြီလေ၊ ငါတို့တွေ သူ့ကို ဆွဲထုတ်လာနိုင်ရင် အရာရှိပိုင်ရဲ့ အတောင်တွေအောက် ရောက်ဖို့က ဘာပြဿနာမှ မရှိတော့ဘူး”
သူသည် တည်တည်ငြိမ် ပြောလိုက်သော်လည်း ခပ်ရေးရေးထောင်လွှားဟန်နှင့် ကိုယ့်ဟာကိုယ် ကျေနပ်နေသည့် အသံက သူ့လက်ရှိမာနကို ထုတ်ဖော်ပြီးသား ဖြစ်နေတော့သည်။
“ အချိန်ကျလာရင်တော့ အစ်ကိုရွှီက မိန်းမလှလေးတစ်ယောက်အပြင် ကျော်ကြားမှုနဲ့ ချမ်းသာမှုပါ ရအုံးမှာပဲ၊ တခြားလူတွေကို တကယ်အားကျရအောင်လုပ်လိုက်တာပဲဗျ” တတိယသူစိမ်းအသံတစ်ခုက ရေရွတ်လိုက်သသည်။
ရှောင်လင်ယွီသည် မည်မျှ ပါးနပ်ခဲ့ပါသနည်း။ ထိုအခြင်းအရာထက် ဘေးအခန်းက လူများ၏စကားများက အထိုက်အလျောက်သိသာလွန်းလေသည်။ သည်အချိန်အတွင် ရှောင်လင်ယွီသည် ထိုအစ်ကိုရွှီနှင့် သူ့သတို့သမီးလောင်းတို့ကြားတွင် လျှို့ဝှက်ချက်တချို့ရှိမှန်း သေချာသိသွားတော့သည်။ စိတ်ထဲတွင် ရှုပ်ထွေးနေသည့်အရာများက ရုတ်ခြည်းဆိုသလို အများကြီး သက်သာသွားလေသည်။ သူသည် တံခါးနားက အစောင့်ကို ဝင်လာခိုင်းလိုက်ပြီး
“ ဘေးအခန်းက လူတွေကဘယ်သူတွေလဲဆိုတာ သွားစုံစမ်းလာခဲ့၊ အထူးသဖြင့် ရွှီမျိုးရိုးနာမည်နဲ့လူကို သူ့ဇာစ်မြစ်ကို ရှာလာခဲ့”
“ဟုတ်ကဲ့”
အစောင့်က လက်နှစ်ဖက်ကိုယှက်ကာ ထွက်သွား၏။ မကြာခင်မှာပင် သူသည် သတင်းဖြင့် ပြန်လာလေသည်။
“ နက္ခတ်ဗေဒဌာနရဲ့ မှတ်တမ်းပြုစုသူ ရွှီချန်းရှန့်ရဲ့မိသားစုက တဲ့လား”
အဆင့်ရှစ်အရာရှိ မိသားစုလေးတစ်ခုရဲ့ ကိုယ်လုပ်တော်ကမွေးတဲ့သားက ပိုင်ယအာနဲ့ ပတ်သက်မှုတချို့ ရှိနေတာတဲ့လား။ စားပွဲဝိုင်းတွင်ထိုင်နေရင်း ရှောင်လင်ယွီသည် အခိုက်တန့်ကြာသည်အထိ ဘာပြောရမည်မှန်းမသိ ဖြစ်သွားတော့သည်။ ပိုင်ယအာက သူနဲ့ အကြိမ်ကြိမ်တွေ့ခဲ့တဲ့အချိန်တုန်းက သူ့ကို အဲလောက်ဆိုးဆိုးဝါးမုန်းနေမှန်း သူ သတိမထားမိတာတော့ မဟုတ်ခဲ့ပဘူး။ သူလုံးဝ မျှော်လင့်မထားခဲ့တာက အထက်တန်းစား စာပေပညာရှင်မိသားစုတစ်ခုရဲ့ တရားဝင်သမီးတစ်ယောက်က ရှောင်မိသားစုထဲ လက်ထပ်ဖို့တောင် မဝင်လာရသေးဘူး သူ့ကို ဒီလိုအရှက်ခွဲလိမ့်မယ်ဆိုတာပဲ။
ဘေးအခန်းက လူတွေက မူးနေတာလား ဒါမှမဟုတ် ရွှီမိသားစုရဲ့ ကိုယ်လုပ်တော်သားက သူ့အင်အားကို ထုတ်ကြွားဖို့ ကြိုးစားနေတာ မသိပေမဲ့ သူကတော့ သူနှဲ့ ပိုင်ယအာတို့ တိတ်တိတ်လေး ချိန်းတွေ့ကြတဲ့အကြောင်းကို အားလုံးကိုပြောပြပြီး အဲဒီ ငယ်ရွယ်ပြီး တက်ကြွတဲ့ စာပေပညာရှင်နဲ့ ကျောင်းသားတွေကို ရိုင်းရိုင်းစိုင်းစိုင်း ရယ်မောလာအောင် သွားဆွနေတော့တာပဲ။ နောက်ဆုံးတော့ သူတို့တွေက ‘ သူတို့ရဲ့ဒေါသမီးကို အေးသွားအောင်’လုပ်ဖို့ နေရာကောင်းတစ်ခုကို စီစဥ်ထားခဲ့တာပဲ။
လက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်းရင်း တောက်ပနေသည့်နေရောင်ခြည်ကို အလင်းပြန်နေသည့် ရေပြင်သည် တဖြည်းဖြည်း နေဝင်သွားသည်ကို ကြည့်နေရင်း အစောပိုင်းတွင် အချိန်တော်တော်ကြာအောင် စိတ်ရှုပ်ထွေးခဲ့ရသည့် ရှောင်လင်ယွီသည် အခုတော့ တောက်ပကာ ခိုင်မာသည့်မျက်လုံးများ ရှိလာတော့သည်။ သူသည် ဆုံးဖြတ်ချက်တချို့ ချခဲ့ပြီးသည့်နှယ် လူများကို ရှောင်အိမ်တော်သို့ ခေါ်ပြန်လာခဲ့တော့သည်။
…
အပိုင်း (၉၃) ချာရှန်း
လော့ဟယ်မြို့က ပညာသင်ကျိုး၏စာကို လက်ခံရပြီးနောက် ယိုကျင့်က လုပ်လက်စကိစ္စများကို အလောတကြီး ပြီးစီးအောင်လုပ်လိုက်တော့သည်။ တတိယမြောက်နေ့တွင် သူမသည် ဦးလေးစုန့်၊ ချောင်အာနှင့် အသစ်ခန့်ထားသည့် လှည်းသမားကိုခေါ်ကာ အသစ်ဝယ်ထားသည့် လှည်းဖြင့် တောင်ပိုင်းသို့ သွားလိုက်တော့သည်။
နာမည်တွင်သည့်အတိုင်းပင် ချာရှန်းတွင် လက်ဖက်စိုက်ခြင်းဖြင့် အသက်မွေးကြသည်။ စုကျိုးနှင့် ဟန်ကျိုးက လက်ဖက်ခြံများနှင့်ယှဥ်လျှင် ချန်ရှန်းမှ လက်ဖက်ရွက်များကို နောက်ကျမှ ခူးကြသည်။ ဒါသည် သာယာသည့်နေ့နှင့် မိုးရွာသည့်နေ့လို ခြားနေလေသည်။
ယိုကျင့်သည် နွေးဦးလက်ဖက်များဖူးစ,အချိန် ၂လပိုင်းက ချာရှန်းသို့ အလည်အပတ် ရောက်ခဲ့ပြီး ဖြစ်သည်။ သင့်တော်သည် တောင်ပေါ်ဒေသလက်ဖက်ကို ဝယ်ရန် မဖြစ်နိုင်ခဲ့ချေ။ ထို့အပြင် လူအများသုက လက်ဖက်ကို ကိုယ်တိုင်စိုက်ပျိုးကြသည်။ အရေးပေါ် ငွေလိုသည့်အချိန်မှလွဲလျှင် သူတို့သည် မိသားစုတစ်ခုလုံး အသက်ရှင်နေရန် မှီခိုအားထားရသည့် လက်ဖက်ခြံကို ရောင်းချဖို့ မစဥ်းစားကြပေ။ ထို့ကြောင့် ယိုကျင့်က ချာရှန်းတွင် ဆယ်ရက်ကျော်နေခဲ့သော်လည်း သင့်တော်သည့် လက်ဖက်ခြံတစ်ခြံပင် ရှာမတွေ့ခဲ့ခြင်းပင်။ ထို့ကြောင့် သူမ၏အစီအစဥ်ကို ပြောင်းလိုက်ရတော့သည်။ ပညာသင်ကျိုးအား ချာရှန်းအနီးတွင် လက်ဖက်စိုက်ခင်းတစ်ခုအတွက် သင့်တော်သည့် တောင်ကုန်းတစ်ခုကို ရှာခိုင်းကာ အတွေ့အကြုံရင့် လက်ဖက်စိုက်တောင်သူတချို့ကို ရှာဖွေပေးဖို့ တောင်းဆိုလိုက်ရသည်။ သူမသည် ချာရှန်းတွင် စုမိသားစု လက်ဖက်ခြံတစ်ခု တည်ချင်ခဲ့လေသည်။
ပညာသင်ကျိုးသည် ကျောင်းတော်သားတစ်ယောက် ဖြစ်သော်လည်း သူ့အရည်အချင်းက ထုန်ရှန့်အဆင့်တွင်သာ ရှိကြောင်း သိလေသည်။ ထုန်ရှန့် ဝင်ခွင့်စာမေးပွဲ အောင်မြင်သွားပြီးနောက်တွင် သူသည် စာလေ့လာခြင်းကို ဆက်မလုပ်တော့ချေ။ သူသည် ချာရှန်းဒေသတွင် အသေးစား စီးပွားရေးလုပ်ငန်းတချို့ လုပ်လိုက်ပြီး အဆက်အသွယ်များစွာ ရလာခဲ့သည်။ ယိုကျင့် သူ့ကို အပ်ထားသည့် အလုပ်များကလည်း မြန်မြန်ဆန်ဆန် ပြီးမြောက်သွားတော့သည်။
“မိန်းကလေးစု တောင်းဆိုထားတဲ့အတိုင်းပဲ ဒီနေရာမြေတွေက တစ်ဆက်ထဲဖြစ်နေတဲ့ တောင်ကုန်းတွေပါ၊ စုစုပေါင်း ၃၇၉ဧကရှိတယ်၊ တကယ်လို့ ဒီနေရာမှာ လက်ဖက်ပင် စိုက်မယ်ဆိုရင် ပျိုးပင်ချည်းသက်သက်ကို ကုန်ကျစရိတ်က အရမ်းများမှာ”
ပညာသင်ကျိုးက ယိုကျင့်အား မညီမညာဖြစ်နေသည့် တောင်ပေါ်လမ်းအတိုင်း တစ်လမ်းပြီး တစ်လမ်း ခေါ်လာခဲ့သည်။ သူသည် သည်လက်ဖက်တောင်၏ အခြေအနေကို သူမအား ရှင်းပြလိုက်၏။
“ ဒီလက်ဖက်တောင်က အရင်ကတည်း ပိုင်ရှင်မရှိတဲ့ မြေရိုင်းတစ်ခုပဲ၊ ကျွန်တော် ရုံးတော်က တစ်ယောက်ယောက်ဆီမှာ စုံစမ်းကြည့်လိုက်သေးတယ်၊ မြေခွန်နဲ့ ကုန်ကျစားရိတ်က မြေတစ်ဧကကို ၁လျန်ရှိတယ်၊ မိန်းကလေး ဒါကို ဝယ်ဖို့ စိတ်ကူးများရှိသလား”
ကျတ်တီးမြေတောင်ကုန်း၏စျေးကလည်း အတူတူပင်။ သို့သော် ပညာသင်ကျိုး ရွေးပေးခဲ့သည့် တောင်ကုန်းက နေရာအလွန်ကောင်းသည်။ သူတို့ရှေ့က တောင်ကုန်းကို ဖြတ်သွားလျှင် တရားဝင်လမ်းမကြီးသို့ ရောက်သည်။ သူမသည် နောက်ပိုင်းတွင် လက်ဖက်သယ်ယူပို့ဆောင်ရေး လုပ်ချင်လျှင် အလွန်မှ သက်သာပေလိမ့်မည်။
ယိုကျင့်က အသာအယာခေါင်းညိတ်ကာ မေးလိုက်၏။
“ ရေကရော ဘယ်ကရမှာလဲ”
လက်ဖက်တောင် ဧက၄၀၀အတွက် ရေရင်းမြစ် မရှိလျှင် လက်ဖက်ခြံကို ရေသွင်းဖို့ရန်က ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မည်။
“ ရေရင်းမြစ်က ရှေ့နားလေးတင်ပဲ၊ တောင်ကုန်းတွေပေါ်မှာ စမ်းချောင်းလေးတွေ အများကြီးရှိတယ်၊ ကျွန်တော်တို့က ပိုကြီးတဲ့တစ်ခုကို တူးလိုက်ရင် ရေက လုံလောက်သွားလိမ့်မယ်”
ပညာသင်ကျိုးသည် သည်နေရာကို ရွေးချယ်ခဲ့သည့်အတွက် သူ့တွင် စဥ်းစားထားသည်များ ရှိမည်က သဘာဝပင်။
နှစ်ယောက်သားသည် တောင်ကိုပတ်ကာ ရှေ့ဆင့် နောက်ဆင့်လျှောက်လာပြီး တစ်ဦးကမေး တစ်ဦးက ဖြေလာခဲ့သည်။ သူတို့သည် တောင်ပေါ်မှ ဆင်းလာချိန်၌ အကြီးမမလေးနောက်တွင် ကပ်လိုက်လာသည့် ဦးလေးစုန့်မှာ သူ့ကျောတွင် ချွေးများ ရွှဲနစ်နေပြီး အလွန်မှ ပူအိုက်နေသည်ကို ခံစားလိုက်ရတော့သည်။ အကြီးမမလေးကို ကျန်းကျန်းမာမာ တက်တက်ကြွကြွဖြင့် မြင်လိုက်ရပြီး ဦးလေးစုန့်သည် အိုလာသည့်ခံစားချက်ကို ခံစားလိုက်ရတော့သည်။ သူ့သခင်က အဝေးသို့ တစ်ဖန် လျှောက်သွားသည်ကို မြင်လိုက်ရပြီး သူသည် နောက်မှာ အလျင်စလို လိုက်သွားလေတော့သည်။
ပညာသင်ကျိုးသည် ရုံးတော်တွင် အသိမိတ်ဆွေများ ရှိသည်။ ယိုကျင့်က သည်မြေကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ နှစ်ရက်အတွင်း မြေစာချုပ်ကို ရရှိလာပြီး ယိုကျင့်လက်ထဲ အပ်လိုက်တော့သည်။ ထို့အပြင် လက်ဖက်တောင်ကို စတင် သန့်ရှင်းရေးလုပ်ရန် အချိန်ပိုင်းအလုပ်သမားများစွာကိုလည်း ရှာပေးခဲ့သည်။
ဧက ၄၀၀နီးပါး လက်ဖက်တောင်ကို သန့်ရှင်းရေးလုပ်ရန် အားစိုက်ထုတ်မှု အများအပြား လုပ်ခဲ့ရသည်။ သို့တိုင် ချာရှန်းအနီးတဝိုက်က အချိန်ပိုင်းအလုပ်သမားများသည် လက်ဖက်တောင်ကို ရှင်းလင်းရန် အတွေ့အကြုံ ရှိကြသည်။ ပညာသင်ကျိုးနှင့် ယိုကျင့်တို့ တိုင်ပင်ပြီးနောက် အလုပ်အားလုံးသည် အစီစဥ်တစ်ကျ ပြီးမြောက်သွားခဲ့သည်။
ပညာသင်ကျိုးက လက်ဖက်ပင် စိုက်ရန်အတွက် လိုအပ်သည့် ပျိုးပင်များကို ဝယ်ယူခဲ့ပြီးဖြစ်သည်။ လက်ဖက်တောင်ကို ရှင်းလင်းပြီး တမြန်နေ့က လုပ်ထားသည့် မြေဩဇာများကို ထည့်ပြီးနောက်တွင် စိုက်ပျိုးရေးကို စီစဥ်နိုင်ပြီဖြစ်သည်။
ယိုကျင့်သည် လက်ဖက်ပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်ပြီး များများစားစား မသိချေ။ သူမသည် ပြီးခဲ့သည့် နှစ်လလောက်ကမှ လက်ဖက်ပင်စိုက်ပျိုးရေးအကြောင်း အသိပညာကို လေ့လာခဲ့ရုံသာ။ အသေးစိတ် ဆောင်ရွက်ချက်များတွင် သူမသည် ပညာသင်ကျိုးကို အားကိုးနေရသေးသည်။ ဆိုရိုးစကားအတိုင်းပင်။ လူတစ်ယောက်ကို အသုံးချမယ်ဆိုရင် သံသယမဖြစ်လေနဲ့။ သံသယဖြစ်မယ်ဆိုရင် မသုံးလေနဲ့။ ယိုကျင့်က ပညာသင်ကျိုး ကြံပြုခဲ့သည့် ကျိုးကြောင်းသင့်သည့် သဘောထားအများစုကို လက်ခံခဲ့သည်။ သူတို့နှစ်ယောက်၏ လက်တွဲလုပ်ဆောင်မှုက အလွန်မှ ကျေနပ်စရာကောင်းလှသည်။
သည်တစ်ကြိမ်တွင် ယိုကျင့်သည် ချာရှန်း၌ တစ်လနီးပါး နေလိုက်ရသည်။ လက်ဖက်တောင် ကိစ္စကို ဖြေရှင်းခဲ့ရုံမက အသစ်ဝယ်ယူခဲ့သည့် အူလုံရွက်ကြီးနှင့် ပိလော်ချွန်းလက်ဖက်ကို ဧက ၁၀၀ စိုက်လိုက်သည်။ ဝတ်ရုံနီလက်ဖက်နှင့် ငွေအပ်လက်ဖက် ကို ဧက၅၀စီ။ ကျန်သည့် ၇၀ဧကကိုတော့ ချာရှန်းတွင် နာမည်ကြီးသည့် အရှေ့တိုင်းအလှမယ်ဟုခေါ်ကြသည့် လက်ဖက်အမျိုးအစားကို စိုက်ပျိုးခဲ့သည်။
သူတို့သည် လက်ဖက်တောင်ခြေတွင် အဝင် အထွက်နှစ်ပေါက်ရှိသည့် အိမ်ကြီးတစ်လုံးကို ဆောက်လုပ်ရန် လူရှာခဲ့သေးသည်။ အကျယ်အဝန်းမှာ ဝူလီချောင်က စုအိမ်နှင့် အတူတူပင်။ အသေးစိတ် ပြင်ဆင်မထားပေ။ သန့်ရှင်းပြီး ညီညာသည့် စိုက်ပျိုးရေးခြံတစ်ခု နှင့် တူသည်။ စုမိသားစု လက်ဖက်ခြံ၏ လက်ဖက်လုပ်သားများအတွက် အဆောင်အဖြစ် အပြာရောင်အုတ်နှင့် ကြွေပြားသုံးထားသည့် တန်းလျားနှစ်ခုကို အိမ်ဘေးတွင် ဆောက်ပေးလိုက်သည်။ နောက်ဆုံး စုမိသားစု၏ လက်ဖက်ခြံက အလွန်ကြီးသဖြင့် လက်ဖက်ပင်များ၏ ကြီးထွားမှုကို နေ့တိုင်း စောင့်ရှောက်ပေးရန် အနည်းဆုံး လူဆယ့်နှစ်ယောက်လောက် လိုအပ်သည်။
ပညာသင်ကျိုး၏ အကြံပြုချက်ဖြင့် ၃ဧကလောက်ကျယ်သည့် လက်ဖက်လှော်သည့် အလုပ်ရုံတစ်ခုကိုလည်း နောက်နှစ် လက်ဖက်ခူးချိန်အတွက် ပြင်ဆင်ကာ ဆောက်လုပ်ထားလိုက်သည်။ ထိုကိစ္စအားလုံးသည် ကုန်ကျစားရိတ် အလွန်ကြီးမားလေသည်။ ချာရှန်းတွင် နေသည့် တစ်လအတွင်း ယိုကျင့်သည် ရှောင်လင်ယွီ သူမကို ချေးပေးခဲ့သည် လျန်တစ်သောင်း၏ သုံးပုံတစ်ပုံလောက် သုံးပြီးသွားတော့သည်။
“ မမလေး ကျွန်တော်တို့တွေ ဒီနေရာကို စောင့်ကြပ်ဖို့ တစ်ယောက်ယောက် ချန်ခဲ့သင့်တယ်မလား၊ နောက်ဆုံး ဒါကြီးက ဧက ၃-၄၀၀ ရှိတဲ့ လက်ဖက်ခြံကြီးတစ်ခုဆိုတော့”
ဦးလေးစုန့်က အနည်းငယ် စိုးရိမ်နေသည်။ သည်နေရာတွင် ခေါ်ယူထားသည့် အလုပ်သမားများက ဒေသခံများ ဖြစ်ကြသည်။ သူတို့သည် လော့ဟယ်သို့ ပြန်ရောက်သွားသည်နှင့် လက်ဖက်ပျိုးပင်များ နုတ်ခံလိုက်ရနိုင်သည့် အခြေအနေတစ်ခု ရှိသေးသည်။
ယိုကျင့်က ခေါင်းညိတ်လိုက်၏။ မကြာခဏဆိုသလို အနည်းအကျဥ်း ကူညီပေးနိုင်သည့် ပညာသင်ကျိုး ရှိသည်ဆိုသော်လည်း သူတို့ကိုယ်ပိုင်လူများ သည်နေရာတွင် ရှိနေဖို့လိုသေးသည်။ ထို့ကြောင့် သူမ စိတ်ထဲတွင် စဥ်းစားထားသည့်အရာကို ပြောပြလိုက်တော့သည်။
“ စုန့်ဟွာကို ဟိုကျားဝမ် ပို့မယ်လို့ စဥ်းစားထားပြီးမှာ ဒီဘက်ခြမ်းက ပိုပြီး ဦးစားပေးရမဲ့ဟာ ဖြစ်နေတယ်၊ စုန့်ဟွာကလည်း ဦးလေးနဲ့ တော်တော်ကြာအောင် လေ့ကျင့်လာခဲ့တာပဲ၊ ဦးလေးစုန့် ဘယ်လိုထင်လဲ”
အကြီးဆုံးမမလေးက သည်လောက်အရေးကြီးသည့် ကိစ္စကို သူ့သားအား လွှဲပေးမည်ဟု ကြားလိုက်ရတော့ ဦးလေးစုန့်က ပြန်ဖြေလိုက်လေသည်။
“ စုန့်ဟွာကို အခွင့်အရေးပေးတာ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီကလေးက အမြဲတမ်း တည်ငြိမ်နေတာ မဟုတ်ဘူး၊ သူ မမလေးကို ဒုက္ခပေးမိမှာစိုးတယ်....”
ဒါသည် ရှားပါးသည့်အခွင့်အရေးတစ်ခု ဖြစ်မှန်းသိသော်လည်း သားဖြစ်သူက ပြဿနာရှာခဲ့မိလျှင် ပိုကြီးမားသည့် အပြစ်တစ်ခု ဖြစ်သွားလိမ့်မည်။
“ စုန့်ဟွာက အခုဆိုရင် ၁၆နှစ်ပြည့်တော့မယ်လေ၊ ခဏလောက် ထွက်လာပြီး လေ့ကျင့်ရမဲ့ အချိန်ပဲ၊ ပြီးတော့ လော့ဟယ်ကလည်း ဒီနေရာနဲ့ ဝေးတာမှမဟုတ်တာ၊ တစ်ခုခုဆိုရင် စာအပေးအယူလုပ်ဖို့ အဆင်ပြေတယ်လေ ဟုတ်တယ်မလား”
ယိုကျင့်က ဒါသည် လေ့ကျင့်ရန် အလွန်ကောင်းမွန်သည့် အခွင့်အရေးတစ်ခုဟု ထင်လေသည်။ စုန့်ဟွာသည် ဉာဏ်ကောင်းပြီး အပြန်အလှန် ဆက်ဆံတတ်သည်။ သည်အတွေ့အကြုံနှင့်ဆိုလျှင် သူသည် နောက်ပိုင်းတွင် အထောက်အကူကြီးတစ်ခု ဖြစ်လာလိမ့်မည်။
ဦးလေးစုန့်က လေးနက်စွာ ဦးချလိုက်ပြီး
“ စုန့်ဟွာကိုယ်စား ကျွန်တော်က မမလေးကို ကျေးဇူးတင်ပါတယ်”
ယိုကျင့်က သူ့ကို မြန်မြန် တွဲထူလိုက်ကာ
“ ဦးလေးစုန့်ကလည်း အရမ်းကို ယဥ်ကျေးလွန်းနေပါပြီ”
သည်ဘက်တွင် တိုင်ပင်ပြီးသွားသည့်နောက် ဝူလီချောင်သို့ စာတစ်စောင် ချက်ချင်း ပို့လိုက်တော့သည်။ ဆယ်ရက်ကြာပြီးနောက် စုန့်ဟွာသည် ကျောပေါ်တွင် အဝတ်ထုပ်တစ်ခုဖြင့် မြင်းလှည်းစီးကာ ချာရှန်းသို့ ရောက်လာတော့သည်။
ပြီးခဲ့သည့် ဆယ်ရက်လောက်က ယိုကျင့်၊ ပညာသင်ကျိုးနှင့် ဦးလေးစုန့်တို့သည် ငယ်ရွယ်သန်မာသည့် အလုပ်သမား ၁၇ယောက်ကို ဝယ်ယူခဲ့ပြီး သည်အလုပ်သမားများအား လက်ဖက်ပင် စောင့်ရှောက်နည်းကို သင်ပေးရန် ချာရှန်းက လက်ဖက်တောင်သူကြီးလေးယောက်ကို ငှားရမ်းခဲ့ကြသည်။
စုန့်ဟွာသည် ရောက်လာသည်နှင့် ချက်ချင်း မြေလွတ်တောင်ကုန်းများနှင့် ထိုတောင်ကုန်းပေါ်တွင် အမည်မသိ တာဝန်များဖြင့် ပြန့်ကျဲနေသည့် လူတစ်စုကို တွေ့လိုက်ရတော့သည်။
“ကိုကြီး”
တောင်ခြေတွင် ချောင်အာက တစ်လခွဲနီးပါး မတွေ့ရသည့် သူမ၏အစ်ကိုကို အရင်ဆုံးမြင်သွားသည်။ သူမက သူ့ကို ဝမ်းသာအားရ လက်ယမ်းပြလိုက်ကာ အပြေးတစ်ပိုင်း ရောက်လာခဲ့သည်။
“ ကိုကြီးလာမယ်လို့ အကြီးဆုံးမမလေးဆီက ကြားထားတယ်၊ ကိုကြီး နောက်ဆုံးတော့ ရောက်လာပြီပဲ”
မောဟိုက်နေရင်း သူမသည် အသစ်ဆောက်ထားသည့် အိမ်ဆီသို့ အစ်ကိုဖြစ်သူကို ခေါ်လာခဲ့ပြီး အကြီးဆုံးမမလေးက သူ့အတွက် စီစဥ်ထားပေးသည့် အရှေ့ဘက်ခြံက အိမ်ထဲတွင် ပစ္စည်းကို ချပေးလိုက်သည်။ ထို့နောက်မှ သူမက သူ့ကို တော်ပေါ်သို့ ခေါ်လာခဲ့လိုက်သည်။
နေလောင်ဒဏ်ကြောင့် အသားတော်တော်ညိုသွားသည့် တစ်လကျော်လောက် မတွေ့ရသည့် သူ့ညီမလေးကို မြင်ရတော့ စုန့်ဟွာက ဟာသလုပ်ကာ မေးလိုက်တော့သည်။
“ ချောင်အာ နင်အကြီးဆုံးမမလေးနဲ့ ဘာတွေလုပ်နေတာလဲ၊ နင်ဘာလို့ မီးသွေးတုံးကြီး ဖြစ်သွားတာလဲ”
ချောင်အာသည် ငယ်သေးသော်လည်း ဘယ်မိန်းကလေးက အလှအပ မကြိုက်ဘဲ ရှိပါမည်နည်း။ သူ့စကားကို ကြားလိုက်ရပြီးနောက် သူမက နှုတ်ခမ်းကို စူလိုက်တော့သည်။
“ ကိုကြီးနော်”
မောင်နှမနှစ်ယောက်သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် စ,ရင်းနောက်ရင်း တောင်ပေါ်တက်လာခဲ့ကြသည်။ သည်အချိန်တွင် ယိုကျင့်က လက်ဖက်စိုက်တောင်သူအနည်းငယ်နှင့်အတူ ကြိုးကြိုးစားစား သင်ယူနေကြသည့် အလုပ်သမားအုပ်စုတစ်ခုကို ဦးဆောင်ကာ ခေါ်လာ၏။ စုန့်ဟွာ လာနေသည်ကို မြင်လိုက်ရသဖြင့် သူမသည် သူ့ကို မြန်မြန် လက်ယမ်းပြလိုက်လေသည်။
“ နင် အချိန်ကိုက် ရောက်လာတာပဲ၊ ငါတို့နဲ့အတူတူ မြန်မြန်လာနားထောင်”
စုန့်ဟွာသည် မမလေးကို မြင်လိုက်ရတော့ သူ့မျက်နှာပေါ်က ကျီစယ်နေသည့်အပြုံးမှာ လေးနက်သွားတော့သည်။
“ဟုတ်ကဲ့”
ထို့နောက် သူသည် လက်ဖက်အလုပ်သမားကြားတွင် လွတ်နေသည့် နေရာတစ်ခုတွင် ဝင်ထိုင်ကာ နားထောင်လိုက်လေသည်။ သူသည် ဘာမှ နားမလည်သော်လည်း အနည်းအကျဥ်းတော့ မှတ်မိလိုက်သည်။
ယိုကျင့်က အချက်အပြုတ် တာဝန်ပေးရန် သက်လတ်ပိုင်း အမျိုးသမီး သုံးယောက်ကို သီးသန့်ဝယ်လိုက်သည်။ သူတို့သည် သူတို့မိသားစု၏ အလုပ်သမားများအတွက် နေ့တိုင်း ချက်ပြုတ်ပေးရန် တာဝန်ယူရမည်။ အလွန်မှ အဆင်ပြေသွားတော့သည်။ စုန့်ဟွာ ရောက်သည့်ညတွင် သခင် လေးယောက်နှင့် အစေခံများသည် ဖွယ်ဖွယ်ရာရာ ညစာတစ်နပ်ကို အတူတူ စားသောက်လိုက်ကြသည်။ ထို့နောက် ယိုကျင့်က စောစော အနားယူလိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဦးလေးစုန့်က သားဖြစ်သူ စုန့်ဟွာနှင့် ညဥ့်နက်သည်အထိ စကားပြောလိုက်ကြသည်။ ဦးလေးစုန့်သည် သားဖြစ်သူက ငယ်ငယ်ကတည်းက သူ့ဘေးတွင် နေလာခဲ့သည်ကို သိလေသည်။ သူ့အကျင့်စရိုက်က ကောင်းမွန်ပြီး ဉာဏ်ကောင်းသည့် ကောင်လေးတစ်ယောက်ပင်။ သားဖြစ်သူက သူနှင့်ဝေးရာအရပ်တွင် နေရတော့မည်ကို စဥ်းစားလိုက်မိသည်နှင့် သူ့မှာ မသက်မသာ ဖြစ်သွားရသည်။
စုန့်ဟွာကို ချာရှန်းဘက်ခြမ်းသို့ အလည်အပတ်ပို့ပေးလိုက်ပြီး ပညာသင်ကျိုးနှင့် တခြားသူများကိုလည်း မိတ်ဆက်ပေးခဲ့လိုက်သည်။ စုန့်ဟွာသည် ပိုင်ရှင် ထားခဲ့သည့် လူယုံတစ်ယောက်ဖြစ်ပြီး တော်တော် လူမှုရေးသိတတ်သဖြင့် ရက်အနည်းငယ်မှာပင် စုမိသားစုလက်ဖက်ခြံ အလုပ်သမားများနှင့် ရင်းနှီးလာခဲ့သည်။ ရက်အနည်းငယ်လောက်နေပြီး စုန့်ဟွာ အခြေကျသွားပြီကို တွေ့လိုက်ရသဖြင့် ယိုကျင်တို့ သခင်နှင့် အစေခံများက လော့ဟယ်သို့ ပြန်လာခဲ့ကြတော့သည်။
ယိုကျင့်နှင့် တခြားသူများ ဝူလီချောင်သို့ ပြန်ရောက်လာချိန်တွင် သူတို့သည် ဝူလီချောင်မှ ၂လလောက် ခွဲခွာနေခဲ့ပြီးဖြစ်တော့သည်။ သည်ကာလအတွင်းတွင် မြို့တော်မှ ပို့လာသည့် စာမှာ ၅-၆စောင့်လောက် ရောက်နေသည်။ အမျိုးသမီးစုနှင့် တခြားသူများကလည်း နေ့တိုင်း ယိုကျင့်ပြန်အလာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည်။ နောက်ဆုံး သည်ခရီးက သူမ အိမ်ပြန်လာရန် ထိုမျှလောက် အချိန်ကြာကြာ ယူရလိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။
“ သမီးသွားလိုက်တုန်းက အခြွေအရံနည်းနည်းပါးပါးနဲ့ ပေါ့ပေါ့ပါးပါး ခရီးသွားလိုက်တာပဲ၊ ရက်နည်းနည်းကြာရင်တော့ ပြန်လာလိမ့်မယ်လို့ ထင်ထားခဲ့တာ၊ သမီးက နှစ်လတောင် ခရီးထွက်လိမ့်မယ်လို့ လုံးဝ မထင်ထားဘူး၊ လူတစ်ကိုယ်လုံးကလည်း မည်းပြီး ပိန်သွားလိုက်တာ”
အနည်းငယ်ညိုမည်းကာ အများကြီး ပိန်သွားသည့် သမီးဖြစ်သူကို ကြည့်ရင်း အမျိုးသမီးစုသည် စိတ်ဆင်းရဲကာဖြင့် ညည်းညူနေတော့သည်။
“ အမေတို့ မျက်စိအောက်က လွတ်တာနဲ့ အလုပ်အရမ်းများလို့ဆိုပြီး စားတောင် မစားတော့ဘူးမလား”
အမျိုးသမီးစုဘေးတွင် ထိုင်ရင်း ယိုကျင့်က ဆုံးမစကားကို လိမ်လိမ်မာမာ နားထောင်နေလိုက်သည်။ သမီးဖြစ်သူ မျက်နှာပေါ်က ပင်ပန်းမှုကို မြင်လိုက်ရပြီး အမျိုးသမီးစုက ထပ်မဆူဆဲရက်တော့ဘဲ ပြောလိုက်တော့သည်။
“ ကိုင်း ကောင်းပါပြီ၊ မြန်မြန် ပြန်သွား၊ ဆေးကြောပြီး အနားယူတော့၊ ညနေစာအသင့်ဖြစ်ရင် အမေ သမီးကို ထပ်ခေါ်လိုက်မယ်”
ရက်တော်တော်ကြာအောင် လှည်းထဲတွင် ထိုင်လာရသည့် ယိုကျင့်သည် အနားယူရတော့မည်ဖြစ်သဖြင့် အမှန်ပင် ဝမ်းသာသွားတော့သည်။ သူမက ရေအရင်ချိုးလိုက်သည်။ ထို့နောက် အဝတ်အစားပါးပါးလေးကို ဝတ်လိုက်ပြီး အိပ်ရာခင်းကို ပြင်ဆင်လိုက်သည်။ သို့သော် သူမ၏ စားပွဲပေါ်က စာထုပ်တစ်ခုက သူမ၏မျက်လုံးကို ဆွဲဆောင်သွားလေသည်။ သိချင်စိတ်ဖြင့် သူသည် စာများကို ကောက်ကိုင်လိုက်တော့သည်။ ခုတင်ပေါ်တွင်ထိုင်လိုက်ပြီး တစ်စောင်ချင်း လှန်လှောကြည့်လိုက်သည်။ စာအားလုံးမှာ ရှောင်လင်ယွီ ပို့လာသည့် စာများဖြစ်နေမှန်း သိလိုက်ရတော့သည်။
“ ဒီလူ တကယ် အားနေတာပဲ”
ဝမ်းသာစိတ်ဖြင့် ပြစ်တင်ဝေဖန်လိုက်ပြီး သူမသည် စာမဖတ်တော့ဘဲ အိပ်လိုက်တော့သည်။
ယိုကျင့်သည် နဂါးလှေပွဲပြီးနောက် ရက်အနည်းငယ်တွင် ထွက်လာခဲ့ပြီး သူမ ပြန်လာချိန်၌ တစ္ဆေပွဲတော် ရောက်တော့မည်။ တက်ကြွနေကြသည့် စုမိသားစု မိန်းကလေးငယ်များသည် အကြီးဆုံးအစ်မကို အမှန်ပင် တွေ့ချင်နေကြပြီးဖြစ်သော်လည်း မကြီးက ခရီးဝေးနှင်လာရသဖြင့် သွားမနှောင့်ယှက်သင့်ဟု အမေက ပြောလာသည်။ ထို့ကြောင့် သူတို့သည် အကြီးဆုံးအစ်မ နိုးလာမည့်အချန်ကို အရှေ့ဘက်ခြံထဲတွင် လိမ်လိမ်မာမာ စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။
“ မကြီး ထတော့လေ”
တစ်ချိန်တွင် အနောက်ဘက်ခြံထဲသို့ ခိုးဝင်လာပြီး ဘယ်သူမှ သတိမထားမိခင် ယိုကျင့်အခန်းထဲသို့ ဝင်လာသည့်ရှောင်ပါ့က မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ယိုကျင့်၏ခုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ အိပ်နေသည့် အကြီးဆုံးအစ်မကိုကြည့်ရင်းမှ သူမ၏မျက်လုံးများ ပွင့်လာသည်ကို မြင်လိုက်သည်တွင် ရှောင်ပါ့က ဝမ်းသာအားရဖြင့် သူမ၏ရင်ခွင်ထဲသို့ ပစ်ဝင်လာတော့သည်။
ယိုကျင့်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး အင်အားများ ပြန်ပြည့်လာရုံရှိသေး သူမ၏ရင်ခွင်ထဲ ရုတ်တရက် ခုန်ဝင်လာသည့် အရာလေးကြောင့် အလန့်တကြား ဖြစ်သွားတော့သည်။ ချက်ချင်းပင် သူမ၏အာရုံများ အတိနိုးထသွားတော့သည်။
“ရှောင်ပါ့ မကြီးကို အရင်ပေးထပါအုံး ဟုတ်ပြီလား”
ရှောင်ပါ့သည် သူမ၏လက်မောင်းထဲတွင် အတန်ကြာအောင် ငိုက်စိုက်ကျကာ ဖက်ထားပြီးနောက် သူမကို မလွှတ်ချင် လွှတ်ချင်နှင့် ထလာလေသည်။ ရှောင်ပါ့၏ ပြည့်ဖောင်းဖောင်းပါးလေးကို ဖျစ်လိုက်ပြီး ယိုကျင့်က ထထိုင်လိုက်၏။ သူမသည် မှန်ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ အပြင်ဘက်က မှောင်ရီပျိုးနေသည့် ကောင်းကင်ကို တွေ့လိုက်ရသည်။ ထိုအခါမှ သူမသည် နေ့တစ်ဝက်လောက် အိပ်ခဲ့မှန်း သိလိုက်ရတော့သည်။ သူမသည် အရိုးများ ညောင်းလာသည်အထိ အိပ်ခဲ့လေသည်။
အပြင်ဘက်က အစေခံမလေး ချောင်ကောက အကြီးဆုံးမမလေးအခန်းထဲက လှုပ်ရှားမှုကို ကြားလိုက်ပြီးနောက် ရေနွေး ယူလာပေးလိုက်သည်။
“ အကြီးဆုံးမမလေး နိုးပြီလား”
ခုတင်ပေါ်တွင် အကြီးတစ်ယောက်နှင့် အငယ်တစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူမသည် သွားများ ပေါ်သည်အထိ ပြုံးလိုက်ပြီး
“ အခုပဲ သခင်မကပြောနေတာ ခေါင်းလေးတစ်ချက်အလှည့်မှာ မမလေးရှစ်က ပျောက်သွားတယ်တဲ့၊ အကြီးဆုံးမမလေးဆီ ရောက်နေတာကိုး”
“ မမလေးကို အရှေ့ခြံကို အရင်ခေါ်သွားလိုက်၊ ကျွန်မ ပြင်ဆင်ပြီးရင် နောက်ကလိုက်ခဲ့မယ်”
သူမသည် ရှောင်ပါ့ကို ချောင်ကောထံ လှမ်းပေးလိုက်သည်။ ချောင်ကော ကမ်းပေးလာသည့် ရေနွေးစိမ်ထားသည့် လက်ကိုင်ပဝါကို ယူလိုက်ပြီးနောက် မျက်နှာကို သုတ်လိုက်သည်။ သူမသည် လန်းဆန်းသွားသည်နှင့်ချက်ချင်း အရှေ့ဘက်ခြံသို့ ထွက်လာခဲ့လိုက်လေတော့သည်။