အခန်း (၉၄-၉၆)
Vol. 7 Ch. 94-96
အပိုင်း (၉၄) ဖရဲသီး
စုမိသားစု၏ဖရဲသီးမှာ ရင့်မှည့်နေပြီဖြစ်သည်။
အစက အမျိုးသမီးစုသည် သမီးဖြစ်သူက ထိုအမည်းရောင်ဖရဲစေ့များနှင့် ဘာမှ စိုက်ပျိုးနိုင်လိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သည်။ ထိုအချိန်က ယိုကျင့်သည် ယုံကြည်မှုအပြည့်အဝရှိနေ၏။
“ ဒီဖရဲသီးတွေက ရွှေဖရုံသီးတွေနဲ့ အတူတူပဲလေ၊ စိုက်လို့ရမှာပါ”
ဖရဲစေ့ ၃ဧကနီးပါးကို တောင်ကုန်းဘေးတွင် စိုက်ခဲ့ကြသည်။ မျှော်လင့်မထားဘဲ အများစုက အပင်ပေါက်လာကြသည်။
နွေရာသီတွင် ရေသွင်းပြီး မိုးရာသီတွင် ချောင်းရေလောင်းခြင်းဖြင့် ဖရဲခင်းတစ်ခု ဖြစ်လာတော့သည်။ ၇လပိုင်းလယ်လောက်တွင် ဖရဲသီးများ ရင့်မှည့်လာမည့်အချိန်ရောက်လာတော့သည်။ ယိုကျင့်သည် ရှောင်လင်ယွီအား ပေးထားသည့်ကတိကို မမေ့လျော့ဘဲ ဖရဲသီးများမှည့်သည်နှင့်တစ်ပြိုင်နက် သူ့အတွက် ဖရဲသီးတစ်သုတ်ကို မြို့တော်သို့ ပို့ပေးခဲ့လေသည်။
သို့နှင့် ဝူလီချောင်က မြင်းလှည်းတစ်စီးသည် တအိအိနှင့် ဝေးကွာသွားတော့သည်။ အစိမ်းရောင်နွယ်များ ကျန်နေသေးကာ အသီးပုံစံလှသည့် မှည့်လုနီးနီး ဖရဲသီးများလှည်းတစ်ခုကို ဆွဲပြီး မြို့တော်သို့ ဦးတည်သွားခဲ့လေသည်။ ထိုပစ္စည်းများနှင့်အတူ ပြီးခဲ့သည့်နှစ်လက ချာရှန်းတွင် ယိုကျင့်လုပ်ထားသည့် လက်ဖက်အသစ်များကလည်း ထည့်ပေးလိုက်ရာ ရှောင်လင်ယွီအား စာတစ်စောင် ပြန်ရေးလိုက်လေသည်။
သို့သော် စုမိသားစု၏ ဖရဲသီးက မြို့တော်သို့ မရောက်ခင်မှာပင် ရှောင်လင်ယွီသည် လော့ဟယ်မြို့သို့ ရောက်နှင့်ပြီးဖြစ်နေတော့သည်။
“အစ်ကိုကြီးရှောင်”
သည်နေ့တွင် သူမသည် ဘာမှလုပ်စရာမရှိပေ။ အိမ်တွင်နေရင်း အိမ်က ကြီးမားခန့်ညားလှသည့် ဝံပုလွေခွေးကြီးများကို လေ့ကျင့်ပေးရင်း လော့ဟယ်တူးမြောင်းဘက်မှ ခွေးများကို ပြန်ခေါ်လာခဲ့လေသည်။ ထိုအချိန်တွင် လတော်တော်ကြာအောင် မတွေ့ရသည့် လူတစ်ယောက်က မြင်းဖြူတစ်ကောင်ကို စီးလာနေသည်ကို တွေ့လိုက်ရ၏။ သူသည် သူမကို ပြုံးရွှင်ကာ ကြည့်နေလေသည်။
ရှောင်လင်ယွီသည် သူမအား အဝေးကပင် မြင်နှင့်ပြီးဖြစ်သည်။ ယိုကျင့်သည် ကျောက်စိမ်းဖျော့ရောင် လက်အဝကျဥ်း ရင်ဖုံးအင်္ကျီဂါဝန်နှင့်တွဲကာ ပွယောင်ယောင်ဘောင်းဘီကို ဝတ်ထားလေသည်။ သိမ်မွေ့ကာအထက်တန်းဆန်သည့် မိန်းကလေးများ မြင်နေကျဖြစ်သည့် ရှောင်လင်ယွီသည် သူမက သူ့မျက်လုံးထဲတွင် အေးချမ်းနေသလို ခံစားလိုက်ရလေသည်။ သူသည် ဂရုတစိုက်ဖြင့် ပြောလိုက်၏
“ မတွေ့တာကြာပြီနော်၊ မင်း လုံးဝမပြောင်းလဲသွားဘူးနော်”
ရှောင်လင်ယွီသည် မြင်းပေါ်က ဆင်းလိုက်ပြီး သူ့နောက်ကလိုက်စီးလာသည့် အခြွေအရံအား မြင်းဇက်ကြိုးကို ပေးလိုက်ပြီးနောက် ယိုကျင့်၏ဘေးတွင် ရပ်လိုက်လေသည်။ သူတို့နှစ်ဦးသားသည် တမင်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ တစ်ပေအကွာတွင် ရပ်လိုက်ကြလေသည်။ သူတို့သည် မြစ်ကမ်းပါးပေါ်တွင် ဖြည်းညင်းစွာ လမ်းလျှောက်လာကြ၏။ ဝံပုလွေခွေးများကို အသိဉာဏ်ရှိနေအောင် သင်ကြားပေးထားသည်။ သူတို့သခင်က အိမ်သို့ ဖြည်းညင်းစွာ လျှောက်ပြန်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့လည်း သခင်နောက်မှ ခြေလေးချောင်းဖြင့် အေးဆေးသက်သာစွာ လျှောက်လာခဲ့တော့သည်။
ယိုကျင့်က နောက်မှလိုက်လာသည့် စာသင်ဖက်အခြွေအရံနှင့် အစောင့်တစ်ယောက်ကို ကြည့်လိုက်၏။ သူမသည် အနည်းငယ် အံ့ဩသွားတော့သည်။
“ အစ်ကိုကြီးရှောင် မြို့တော်ကနေ ဒီအတိုင်းလာခဲ့တာလား၊ ဒီတစ်ခါကျတော့ ဘာလို့ လူနှစ်ယောက်ပဲ ခေါ်လာတာလဲ”
“ အနားယူဖို့ ထွက်လာတာလေ၊ လူအများကြီးခေါ်လာရင် အရမ်းအနေကြပ်တယ်”
ရှောင်လင်ယွီက မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးဖြင့် ရှင်းပြလိုက်၏။
အလွန်ပင်ပန်းနေပြီး မျက်တွင်းကျကာ အထီးကျန်နေသည့်သူ့ကို မြင်လိုက်ရသဖြင့် ယိုကျင့်ကသည် သူ့စိတ်ထဲတွင် တစ်ခုခု ရှိနေမှန်း သိလိုက်လေသည်။ ထို့ကြောင့် ဘာမှထပ်မမေးတော့ဘဲ အကြောင်းအရာ ပြောင်းလိုက်တော့သည်။ နှစ်ယောက်သား စကားစမြည်ပြောလာကြ၏။ တူးမြောင်း၏ အဝေးတစ်နေမှ သင်္ဘောများက ချဥ်းကပ်လာနေပြီး တူးမြောင်းတစ်ဖက်တစ်ချက်တွင် စည်ကားနေသည်ကို ကြည့်လိုက်ပြီး ရှောင်လင်ယွီက စိတ်အေးချမ်းစွာ သက်ပြင်းချလိုက်လေသည်။
“ တစ်နှစ်တောင် မပြည့်သေးဘူး မင်းတို့တွေလည်း ကြီးမားတဲ့အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ၊ နှစ်တွေ ကုန်ဆုံးလာတဲ့နဲ့အညီ အရာရာကလည်း ပြောင်းလဲနေတာပဲ”
လော့ဟယ်မြို့ရှိ လော့ဟယ်တူးမြောင်း၏ ကျောက်ချရပ်နားရာနေရာသည် လော့ဟယ်မြို့တောင်ဖက် တစ်ကီလိုမီတာနှင့် ဝူလီချောင်မှ နှစ်ကီလိုမီတာ အဝေးတွင် တည်ဆောက်ထားသောကြောင့် ရေလမ်းကြောင်းယာဥ်ကြောက အနီးအနားရှိလူများကို တဖြည်းဖြည်း ပိုတိုးလာစေတော့သည်. အစပိုင်းက တစ်နည်းနည်းဖြင့် အထီးကျန်တိတ်ဆိတ်နေသည့် ဝူလီချောင်မြစ် အနောက်ဘက်ခြမ်းသည်လည်း အများကြီး ပိုစည်ကားလာတော့သည်။
“ အရင်ကထက် အများကြီးစည်ကားလာတာတော့အမှန်ပဲ”
ဖြတ်သွားသည့် ရွာသားတစ်ယောက်ကို ခေါင်းညိတ်ရင်း ပြုံးပြလိုက်ပြီး ယိုကျင့်က အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်လေသည်။
ခဏကြာသည်အထိ ဘာမှမပြောကြတော့ပေ။ ထို့နောက် ရှောင်လင်ယွီက မေးလိုက်တော့သည်။
“ ဒီနှစ်လအတွင်း ဘာလို့ ကျွန်တော့်စာတွေကို မပြန်တာလဲ”
ယိုကျင့်က သူ့စာကို မပြန်သဖြင့် အကြောင်းအရင်းတချို့ကြောင့် အနည်းငယ် စိတ်ပျက်မိခဲ့သည်။
ယိုကျင့်က သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
“ အစ်ကိုကြီး လူတိုင်းက အိမ်မှာပဲနေပြီး နေ့တိုင်း စာပြန်နိုင်တာမဟုတ်ဘူးလေ ဟုတ်ပြီနော်၊ ကျွန်မ ၅လပိုင်းတုန်းက ချာရှန်းကို သွားခဲ့ရပြီး နှစ်လဆက်တိုက် အလုပ်ကြိုးစားခဲ့ရတာ၊ ပြန်လာတာတောင် မကြာသေးဘူး၊ ကျွန်မ စာတွေကို လုံးဝ မရခဲ့တာလေ ဒီတော့ ဘယ်လိုစာပြန်ရမှာလဲ”
နှိုင်းယှဥ်ခြင်းက လူများကို ဝမ်းနည်းရစေလေသည်။ ရွှေဇွန်းကိုက်ပြီး မွေးလာသူများက သာမန်လူများ၏ စိတ်ဒုက္ခကို မည်သို့နားလည်နိုင်ပါမည်နည်း။
‘ ရှင်ကလေ အရမ်းငယ်ပါသေးတယ်’ဟုပြောနေသည့် သူမ၏စိတ်ပျက်နေသည့် အမူအရာကို ကြည့်ရင်း ရှောင်လင်ယွီ၏စိတ်ဆိုးမှုများက လွင့်ပြယ်သွားတော့သည်။ သူက ပြုံးရင်း တောင်းပန်လိုက်၏။
“ ဒါဆိုရင်တော့ ကိုယ့်အမှားပါ”
စကားပြောရင်း ရယ်မောရင်းဖြင့် နှစ်ယောက်သားသည် ၁၅မိနစ်လောက် လမ်းလျှောက်လာခဲ့ပြီးနောက် စုအိမ်သို့ ပြန်လာခဲ့ကြတော့သည်။
ရှောင်လင်ယွီက ဘာမှမပြောသဖြင့် ယိုကျင့်ကလည်း သူရုတ်တရက် လော့ဟယ်သို့ ရောက်လာသည့်အကြောင်းကို မမေးတော့ချေ။ အမျိုးသမီးစု၏မိသားစုက ရှောင်လင်ယွီ ရောက်လာသဖြင့် ကြိုဆိုကြလေသည်။ ရှောင်လင်ယွီက စုအိမ်တော်တွင် ယာယီနေထိုင်ခွင့် တောင်းခံလိုက်ပြီး သူမက သဘောတူလိုက်၏။ တစ်နည်းနည်းဖြင့် တောင်းပန်သည့်လေသံဖြင့် သူမက ပြောလိုက်လေသည်။
“ သခင်လေးရှောင်က ကျွန်မတို့တောရွာလိုနေရာလေးမှာ လာနေတာက ကျွန်မတို့အတွက် ဂုဏ်ယူစရာပါ ဒါပေမဲ့ ကျွန်မတို့နေရာသေးသေးလေးက အဆင်မပြေဘူးနော်၊ သခင်လေးရှောင်ကို နစ်နာစေမိမှာ စိုးပါတယ်”
“ ကျေးလက်တောရွာက မြို့မှာလို ကြီးပွားချမ်းသာတာမျိုး မဟုတ်ပေမဲ့ ရိုးစင်းပြီး ချစ်စရာကောင်းတာ တွေတော့ ရှိပါတယ်၊ အဒေါ်စုရဲ့အချက်အပြုတ်လက်ရာ အရမ်းကောင်းတယ်လို့ လင်ဖုန်း ခဏခဏ ပြောနေတာ ကြားဖူးတယ်၊ ဒီတစ်ခါတော့ ကျွန်တော်ကပဲ အတင့်ရဲပြီး တောင်းဆိုပါတယ်”
ရှောင်လင်ယွီက လူငယ်တစ်ယောက်လို တလေးတစား ဦးညွှတ်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပြောလိုက်လေသည်။
ယွိလန်နှင့် အဒေါ်စုန့်တို့က သိပ်မသင့်တော်ဘူးဟု တွေးကြသော်လည်း ကာယကံရှင်ကိုယ်တိုင်က ထိုသို့ပြောနေသဖြင့် သူတို့လည်း အလိုလို ဘာမှမပြောကြတောပေ။ ရှောင်လင်ယွီကို ရှေ့ခြံဝင်း၏ ဧည့်ခန်းဆောင်တစ်ခုတွင် စီစဥ်ပေးလိုက်လေသည်။ သူခေါ်လာသည့် လူနှစ်ယောက်ကို နံရံသာခြားသည့် စုမိသားစု၏အိမ်ဟောင်းတွင် နေရာချပေးလိုက်၏။ ရှောင်ချီနှင့် ရှောင်ပါ့တို့သည် နှစ်ကြိမ် သုံးကြိမ်လောက် တွေ့ခဲ့ဖူးသည့် သည်အစ်ကိုကြီးနှင့် ပြန်လည်တွေ့ဆုံလိုက်ရပြီး သူတို့မှာ အလွန်ပျော်နေကြတော့သည်။
“ မင်း ပြောတဲ့ပုံအရဆိုရင် ပြီးခဲ့တ့ နှစ်လလုံးလုံး ချာရှန်းမှာ ဟိုလှည့်ဒီလှည့်နဲ့ အချိန်ကုန်သွားခဲ့တာပေါ့”
ယိုကျင့် ချာရှန်းမှ ယူပြန်လာသည့် လက်ဖက်အသစ်ကို အရသာခံကြည့်လိုက်ပြီးနောက် ရှောင်လင်ယွီသည် လေပြေလေး တိုက်ခတ်သွားသလို ပေါ့ပေါ့ပါးပါး ပြုံးလိုက်တော့သည်။
“မဆိုးဘူး၊ ဒီတစ်ခေါက်လက်ဖက်က ပြီးခဲ့တစ်ခေါက် မင်းပေးခဲ့တဲ့ဟာထက် အများကြီး ပိုကောင်းတယ်”
ယိုကျင့်က သူ့အတွက် နောက်ထပ်လက်ဖက်ရည်တစ်ပန်းကန် လောင်းထည့်ပေးလိုက်ပြီး မသိမသာအပြုံးလေးဖြင့် ပြန်ဖြေလိုက်လေသည်။
“ အစ်ကိုကြီးရှောင် ကူညီပေးခဲ့တဲ့ ကျေးဇူးကြောင့်ပါလေ၊ အဲလိုသာမဟုတ်ရင် ကျွန်မ ဒါကို လုပ်နိုင်မှာတောင် မဟုတ်သေးဘူး”
ဟိုတုန်းက ရှောင်လင်ယွီက ငွေများကို အတင်းထိုးထည့်ပေးလိုက်စဥ်က ယိုကျင့်၏စိတ်ထဲတွင် အထုံးလေးတစ်ခု ဖြစ်သွားခဲ့သေးသည်။ အခုတော့ သူမသည် ထိုအကြောင်းကို ပြန်စဥ်းစားလိုက်ပြီး ရှောင်လင်ယွီက ကိုယ့်သဘောဖြင့် သူမကို ချေးပေးခဲ့သည့် ငွေများသည် အမှန်ပင် အထောက်အကူကြီးတစ်ခု ဖြစ်ခဲ့လေသည်။ ထို့ကြောင့် သူမက သူ့ကို စိတ်ရင်းနှင့် ကျေးဇူးတင်စကား ပြောလိုက်တော့သည်။
“ မင်း ဒီနေ့ အရမ်းကို အကင်းပါးလာတာပဲ”
ရှောင်လင်ယွီသည် လက်ထဲက လက်ဖက်ရည်ပန်းကန်းလုံးကို ချထားလိုက်ပြီး သူ့ဆီသို့ တိုးဝေ့လာသည့် ရှောင်ပါ့ကို ဖမ်းလိုက်လေသည်။ ယိုကျင့်ကို မကြည့်ဘဲ သူက ပြောလိုက်၏။
“ ဟိုတုန်းက စာထဲမှာ ကျွန်တော့်ခေါင်းက သွေးရွှဲသွားတဲ့အထိ ဒေါသတကြီး ဆူပူပစ်ချင်တယ်လို့ ပါတယ်နော်၊ အခုကျတော့ မင်းရဲ့စိတ်ဘာလို့ ပြောင်းသွားတာလဲ”
သူမသည် ရှောင်ပါ့ကိုချီထားသည့် သူ့အား ကြည့်လိုက်ပြး နှစ်ယောက်လုံးက ပျော်ရွှင်စွာ ရယ်မောလိုက်ကြလေသည်။ ယိုကျင့်သည် သူ အလွန်ပျော်ရွှင်ပြီး ရယ်မောနေသည်ကို ပထမဆုံးအကြိမ် မြင်ခဲ့ရခြင်းပင်။ သူမက ပြန်ချေပလိုက်၏။
“ ရှင်က ရွှေဇွန်းကိုက်ပြီး မွေးလာတာလေ၊ ဒီတော့ ငွေပမာဏအများကို မတွေးမိတာ သဘာဝပဲပေါ့၊ ဒါပေမဲ့ သခင်လေးရှောင်ရေ ကျွန်မတို့မိသားစုရဲ့ စုစုပေါင်းချမ်းသာမှုက အဲလောက်မများဘူးရှင့်၊ ရှင်သာဆိုရင်တော့ ဘာလုပ်မလဲ”
ရှောင်လင်ယွီက ရှောင်ပါ့ကို စုစားဖိုဆောင်မှ အသစ်ထုတ်ထားသည့် ဆီးသီးစိမ်းကိတ်တစ်ပိုင်းကို ကျွေးလိုက်သည်။ ထိုအခါမှ ရှောင်ပါ့သည် ကျေနပ်သွားပြီး အဒေါ်စုန့်နှင့်အတူ ဧည့်ခန်းမှ လိုက်ထွက်လာခဲ့တော့သည်။ စားပွဲပေါ်က လက်ကိုင်ပဝါကို ကောက်ကိုင်လိုက်ပြီး ရှောင်လင်ယွီက သူ့လက်များကို အသာအယာ သုတ်လိုက်၏။
“ ဒီကိစ္စမှာလည်း ကျွန်တော် တကယ်သေချာမစဥ်းစားခဲ့မိတာပဲ”
“ အဲလိုဆိုရင်တောင် ကျွန်မက အစ်ကိုကြီးရှောင်ကို ကျေးဇူးတင်စကား ပြောမှကိုဖြစ်မှာလေ၊ ရှင့်ပိုက်ဆံတွေကြောင့်သာ မဟုတ်ရင် ဒီဆိုင်ကို စဖို့ နောက်ထပ်နှစ်နည်းနည်းလောက် အချိန်ယူရလိမ့်မယ်”
ယိုကျင့်သည် အကောင်းအဆိုး မသိသူမဟုတ်ပေ။ သူမ၏ဖျော့တော့သသည့် ကိုယ့်ကိုယ်ကိုယ် လေးစားမှုသည် ချမ်းသာပြီး အင်အားကြီးသည့် ရှောင်လင်ယွီကြောင့် အခိုက်တန့်လောက် မရည်ရွယ်ဘဲ နာကျင်ခဲ့ရလေသည်။ မည်သို့ပင်ဖြစ်စေ ရှောင်လင်ယွီက စေတနာကောင်းဖြင့် လုပ်ခဲ့ခြင်းပင်။ သူမသည် သူ့ကို မထုံတက်တေး မဆက်ဆံနိုင်ပေ။
***
လော့ဟယ်ရှိလေများသည် တစ်နေ့ပြီးတစ်နေ့ တိုက်ခတ်လာခဲ့သည်။ ယိုကျင့်တို့ညီအစ်မ အိမ်ရှေ့တွင် စိုက်ထားခဲ့သည့် ကြာပန်းများကလည်း တစ်နွေလုံး လန်းလန်းဆန်းဆန်း ပွင့်လန်းနေသည်။
နေရင်းထိုင်ရင်းဖြင့် ရှောင်လင်ယွီသည် စုအိမ်တွင် နေလာသည်မှာ တစ်လကျော်လာပြီဖြစ်သည်။ မြို့တော်က စာကလည်း တစ်ခြားလိုလို အမြဲမြဲရောက်လာတတ်သည်။ သို့သော် ရှောင်လင်ယွီသည် နတ်ဘုရားတစ်ပါးလို့ မတုန်မလှုပ်ရှိနေဆဲ။ သူ ဘယ်နေ့ပြန်ဖြစ်မည့်အကြောင်း မပြောပေ။ သူသည် ခန်းအာနှင့် ရှောင်ပါ့တို့ကိုပင် စာဖတ်တတ်အောင် နေ့တိုင်း သင်ပေးလိုက်သေးသည်။ စကားကောင်းဖြင့် ဆိုရလျှင် ‘အသိပညာအရင်းအမြစ်ကို အုတ်မြစ်ချပေးခြင်း’ဟု ခေါ်ရမည်။
သည်နှစ် စုမိသားစုက စိုက်ပျိုးထားသည့် ဖရဲသီးများကို ပထမဆုံးခူးဆွတ်တော့ စုမိသားစုအတွက် ဝင်ငွေအများအပြား ယူလာပေးခဲ့သည်။ ထိုဖရဲသီးနှင့် သစ်သီးဝလံရောင်းသူများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လူချမ်းသာတချို့က စုကျားရှန်းမုန့်ဆိုင်တွင် ဖရဲသီးရောင်းမှန်း သိကြလေသည်။ သူတို့ထဲက အများစုက ယိုကျင့်ကို တိုက်ရိုက်လာရှာကြပြီး ပစ္စည်းများကို ဝယ်ခဲ့ကြသည်။ နောက်ဆုံး စုမိသားစုက ဖရဲသီးအရသာသည် အနောက်တိုင်းမှလာသည့် ဖရဲသီးများနှင့် အတူဆုံး ဖြစ်လေသည်။ စုမိသားစုက ရောင်းစျေးကလည်း အနောက်တိုင်းမှလာသည့် ဖရဲသီးများထက် ၁၀ရာခိုင်နှုန်းလောက် ပိုစျေးသက်သာသည်။ ရေရှည်အနေဖြင့် ဒါသည် သေးငယ်သည့်ပမာဏ မဟုတ်ချေ။
ယိုကျင့်သည် လုပ်ငန်းကြီးကို လုပ်နေရသည့်အတွက် အလိုလိုပျော်နေလေသည်။ တစ်ခါခူးလျှင် လော့ဟယ်မြို့သို့ တင်ပို့ရန် နာရီဝက်ပင် မကြာချေ။ ဖရဲသီးများ ဒါဇင်မက ရောင်းထွက်နိုင်သည်။ ဒါက အခက်အခဲများကို အများကြီးသက်သာစေ၏။
ယခုမူ ယိုပေါင်သည် ယိုကျင့်ဘေးတွင် စာရင်းအင်း စီမံခြင်းကို လေ့လာနေ၏။ ညီမငယ်လေးများအတွက် ယိုကျင့်ဆန္ဒမှာ သူတို့အားလုံးသည် အနည်းဆုံးတော့ အသိပညာအရည်အချင်းတစ်ခု ရှိရမည်။ ကလေးဘဝကတည်း ယိုပေါင်သည် အေးအေးဆေးဆေး နေတတ်သည့် အကျင့်ရှိပြီး အပြင်လူများနှင့် ဆက်ဆံရသည်ကို မကြိုက်ပေ။ သို့သော် သူမ၏ အစ်မကြီးများက မိသားစုအတွက် နေ့တိုင်းလိုလို ပြေးလွှားနေသည်ကို မြင်နေရသည်က သူမကို အလွန်မသက်မသာဖြစ်ရစေသည်။ ထို့ကြောင့် ယိုကျင့်က သူမသည် စာရင်းအင်းများကို လေ့လာသင့်သည်ဟု ပြောတော့ ယိုပေါင်ကလည်း နှစ်ခါတွေးမနေတော့ဘဲ သဘောတူလိုက်တော့သည်။
“ မကြီး ညီမလေးတို့ ဒီရာသီ ဖရဲသီးရောင်းထွက်သွားတော့ ငွေအများကြီး ဝင်လာတယ်”
ယိုပေါင်၏ ပေသီးသည် နေ့တိုင်းလိုလို ပေသီးကို လက်ကမချပေ။ သူမသည် ပေသီးတွက်ရာတွင် သူ့အစ်မ ၃ယောက်ကို မမီသော်လည်း သူမ၏ကြိုးစားမှုကြောင့် ကျွမ်းကျင်လာခဲ့သည်။ ထို့ကြောင့် သူမသည် ပေသီးတွက်ခြင်းကို အတွေ့အကြုံရှိသူတစ်ယောက်လို လုပ်ကိုင်နိုင်ခဲ့သည်။
“ ညီမလေးတို့ ဖရဲသီးကိုလေ ငွေလျန်၅ပြားနဲ့ပဲ ရောင်းတာနော်၊ အစကတည်းက ငွေအများကြီး ရင်းနှီးထားတာ မဟုတ်တော့လေ အားလုံးက အမြတ်ချည်းသက်သက်ပဲ”
ယိုကျင့်သည် ဝင်ငွေတိုင်းနှင့် အသုံးစားရိတ်တိုင်းက ကလေးလက်ရေးဖြင့် ရှင်းရှင်းလင်းလင်း ချရေးထားသည့် စာရင်းစာအုပ်ကို လှန်လှောကြည့်လိုက်၏။ သူမက ကျေနပ်ကာ ခေါင်းညိတ်ပြလိုက်လေသည်။
“ စားရင်းတွေကလည်း ရှင်းတယ်၊ ကြည့်ရတာ နောက်ဆိုရင် နင်ငါ့ထက်တောင် ပိုကျွမ်းလာတော့မှာပဲ၊ နင့်ကျန်းမာရေးက သည်းမခံနိုင်မှာကို စိုးရိမ်ခဲ့တာ၊ အခုကြည့်လိုက်တော့ စိတ်ပူလွန်နေခဲ့တာပဲ”
ယိုကျင့်ရှေ့တွင် ရပ်ရင်း ယိုပေါင်၏မျက်နှာသည် မကြီးထံက ချီးမွှမ်းစကားကို ကြားလိုက်ရသဖြင့် အနည်းငယ် နီမြန်းသွားတော့သည်။ သူမက အနည်းငယ်ရှက်သွားကာ ပြုံးလိုက်ပြီး ပြောလို့မပြီးသေးသည့်စကားကို ဆက်ပြောလိုက်လေသည်။
“ ဒီနှစ် ညီမလေးတို့မိသားစုက ဖရဲသီးစိုက်တာ ၃ဧကမပြည့်ခဲ့ဘူးနော်၊ စုစုပေါင်း ၂၀၄၉လုံး ရောင်းခဲ့ပြီးတော့ ၈၇လုံးကတော့ အိမ်ကစားတာနဲ့ သူများကိုလက်ဆောင်ပေးတာနဲ့ပေါ့၊ တကယ်လို့ ညီမလေးတို့ နောက်နှစ် ဧကနည်းနည်းလောက် ပိုစိုက်မယ်ဆိုရင် ငွေတွေပိုပြီး ရှာနိုင်မှာပဲ”
ယိုကျင့်သည် အနည်းငယ် လန့်ဖျပ်သွားတော့သည်။ ကွာခြားချက်တစ်ခုကြောင့်ပင်။ သူတို့ ကိုယ်ပိုင်ဖရဲသီးများ၏ ပျှမ်းမျှစျေးနှုန်းသည် ငွေလျန် ၄ပြားသာရှိသော်လည်း ဝင်ငွေက နွေရာသီတစ်ခုတည်းနှင့် ငွေလျန် ၈၂၀၀စ ထပ်ပို ဝင်ခဲ့သည်။ ကုန်ကျစားရိတ် လျန်၁၀၀ကျော်ကို ဖယ်လိုက်လျှင် နောက်ဆုံးအသားတင်အမြတ်က လျန်၈၀၀၀ လောက်မြင့်နေသည်။
“ အဲလိုဆိုမှတော့ နောက်နှစ်ကျရင် ဖရဲသီးပိုစိုက်ကြတာပေါ့”
ယိုကျင့်က စာရင်းစာအုပ်ကို ပိတ်ကာ မေးလိုက်၏။
“ မျိုးတွေရော လုံလုံလောက်လောက်ကျန်ရဲ့လား”
ယိုကျင့်၏အမြင်တွင် ဖရဲစေ့များကို အပင်ပေါက်အောင်လုပ်ရခြင်းက မခက်ခဲ့ချေ။ မျိုးစေ့များ လုံလုံလောက်လောက် ရှိသ၍ ၁၀ဧကကျော်ကို အလွယ်တကူစိုက်ပျိုးနိုင်သည်။ သို့သော် ယိုပေါင်၏ စိတ်လှုပ်ရှားနေသည့် မျက်နှာကို မြင်လိုက်ရသဖြင့် ယိုကျင့်က သူမကို မျှော်လင့်ချက်အများကြီး မထားစေလိုသဖြင့် ပြောလိုက်လေသည်။
“ ဒီနှစ်က တစ်လုံးကို လျန် ၄-၅ပြားနဲ့ ရောင်းနိုင်တယ်ဆိုပေမဲ့ နောက်နှစ်ကတော့ ပြောလို့မရဘူးနော်၊ နောက်ဆုံး ဒီလိုဖရဲသီးမျိုးစိုက်တာက မခက်ဘူး”
သေချာပါသည်။ ယိုပေါင်သည် မကြီးပြောလိုက်သည့်စကားကို ကြားလိုက်ရချိန်၌ နောက်နှစ် ဧက၂၀လောက် ဖရဲသီးစိုက်ပြီး ငွေအများကြီးရှာရန် ကြံနေသည့်သူမ၏ စိတ်လှုပ်ရှားမှုများက ချက်ချင်း ထိုးကျသွားတော့သည်။ မကြာလိုက်ပေ။ သူမ၏စိတ်အားကို ပြန်မြင့်တင်လိုက်ပြီး
“ ရပါတယ်၊ ဒီနှစ်ရဲ့ စျေးတစ်ဝက်ပဲ ရမယ်ဆိုရင်တောင် ညီမလေးတို့ ငွေအများကြီး ရှာနိုင်ပါသေးတယ်၊ ညီမလေး ဟန်လီနှင့် ဟန်အားဟွာကို ဖရဲစေ့တေ သေသေချာချာသိမ်းထားဖို့ ပြောထားတယ်၊ ၁၀ဧကကျော်လောက်တော့ စိုက်နိုင်မှာပါ”
သူမသည် စိတ်လှုပ်ရှားကာ ပြောလိုက်ရင်း ပေသီးကို ဆုပ်ကာ မကြီးဘေးတွင် ချက်ချင်း ထိုင်ချလိုက်လေသည်။ ပေးသီးများကို ခေါက်ရင်း သူမတစ်ယောက်ထဲ ရေရွတ်နေတော့သည်။
“ နောက်နှစ် ၁၅ဧကလောက် စိုက်မယ်ဆိုရင် ၁ဧက ထွက်နှုန်းက ၈၀၀ ၊ ဒါဆို ဖရဲသီးပေါင်း ၁၂၀၀၀လောက် ထွက်မှာပေါ့ ဒါဆို အမြတ်က ၃၆၀၀၀ လျန်၊ အဆိုးဆုံးအနေနဲ့ တစ်လုံး လျန်၁ပြားဆိုရင် ဒီနှစ်လောက်နီးပါး ရှာနိုင်သေးတာပဲ”
ညီမဖြစ်သူ၏ တောက်ပနေသည့်မျက်လုံးများကို ကြည့်ရင် ယိုကျင့်၏မျက်နှာပေါ်က အပြုံးမှာ လေးနက်သွားတော့သည်။
“ ဒါဆို ငါတို့တွေ ငွေအများကြီးရှာနိုင်အုံးမှာပဲလေ မဟုတ်ဘူးလား”
ယိုပေါင်သည် ကြက်ကလေးက အစာကောက်သလို ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး
“ မကြီး ညီမလေ အစ်ကိုဟန်လီကို သွားရှာပြီး နောက်ထက်ဖရဲစေ့တွေ ရနိုင်မဲ့နည်းလမ်း ရှာခိုင်းလိုက်မယ်၊ နောက်နှစ် ပိုစိုက်ကြရအောင်နော်”
…
အပိုင်း (၉၅) ကိုယ်ဝန်
“ အခုဆို ယိုပေါင်ကတောင် အရည်အချင်းတက်လာပြီ”
သည်နေ့ ယိုဟယ်က သူမ၏မိခင်အိမ်သို့ ပြန်လာခဲ့သည်။ သူမသည် ပင်မခန်းမထဲတွင် ပျော်ရွှင်စွာထိုင်နေရင်း အမျိုးသမီးစုနှင့် စကားပြောနေသည်။
“ ဒီနှစ်နွေရာသီက ကျွန်မတို့မိသားစုတွေ ဖရဲစေ့ကို စျေးပေါပေါနဲ့ဝယ်ဖို့ ယိုပေါင်ကိုပဲ အားကိုးခဲ့ရတာလေ၊ ကျွန်မတို့တွေ တကယ်ပဲ ငွေအများကြီး ရှာနိုင်ခဲ့တယ်၊ ကျွန်မ ဒီနေ့မလာခင်တုန်းကတောင် ယောက္ခမက ပြောနေသေးတယ်၊ ဒုတိယဒေါ်လေးနဲ့ ယိုပေါင်ကို ကျေးဇူးတင်စကား သေချာပြောလိုက်အုံးတဲ့”
ယိုဟယ်သည် လက်ထပ်ပြီး လျိုမိသားစုသို့ ရောက်သွားသည်မှာ သုံးလကျော်သွားပြီးဖြစ်သည်။ ယောက္ခမက အမေရင်းနှင့် မယှဥ်နိုင်သော်လည်း သူမသည် ကောင်းကောင်းဆက်ဆံပေးသည်။ သူမ၏ခင်ပွန်းဖြစ်သူ လျိုကျိုးထင်ကလည်း သူမကို ချစ်မြတ်နိုးသည်။ ညီမငယ်လေးများကလည်း အလွန်သိတတ်ကြသည်။ သူမမိခင်ဘက်က စုမိသားစု၏ ထောက်ပံ့မှု ထပ်ပေါင်းလိုက်လျှင် လျိုမိသားစုတွင် ယိုဟယ်၏ဘဝသည် တော်တော် အဆင်ပြေလေသည်။
သည်နှစ်နွေရာသီတွင် စုမိသားစု၏ အကူအညီဖြင့် သူတို့သည် စုမိသားစုမှ ဖရဲသီးများကို ပေါက်စျေးထပ် နိမ့်ကာ ၂ဝမ်ဖြင့် ဝယ်ပြီး ပြန်ရောင်းချခဲ့သည်။ တစ်နွေကုန်သွားပြီးနောက် သူတို့သည် လျန်၃၀နီးပါး ရှာဖွေနိုင်ခဲ့သည်။ သည်ကိစ္စကြောင့် ယိုဟယ်၏ယောက္ခမ အမျိုးသမီးချင်က သူမကိုပိုပြီး ကောင်းကောင်းဆက်ခံခဲ့သည်။ သည်နေ့ သူမက မိခင်အိမ် ပြန်မည်ကို သိထားသဖြင့် သူမက စုမိသားစုကို သေချာကျေးဇူးတင်စကားပြောရန် အထူးမှာကြားလိုက်လေသည်။
“ ငါတို့တွေအားလုံးက တစ်မိသားစုထဲပဲလေ၊ ဒီလို အားနာစရာစကားတွေ ဘာလို့ပြောနေတာလဲ”
အမျိုးသမီးစုက ရွှင်လန်းကာဖြင့် သူမကို ဆူလိုက်လေသည်။
“ ဒီကလေးကတော့ တဖြည်းဖြည်းပိုပြီး အားနာတတ်လာတာပဲ”
အနောက်ဘက်ခြံထဲတွင် စာရင်းလုပ်နေကြသည့် ညီအစ်မနှစ်ယောက်က ယိုဟယ် ရောက်နေမှန်း သိသွားကြသည်။ သူတို့နှစ်ယောက်လုံးက စာရင်းရှင်းတမ်းများ လုပ်ပြီးနောက် အရှေ့ဘက်ခြံသို့ ရောက်လာကြလေသည်။ ယိုကျင့်က ပြုံးကာ ယိုဟယ်ကို နှုတ်ဆက်လိုက်၏။
“ လဝက်လောက် မတွေ့ရတာနဲ့ အစ်မယိုဟယ်က အများကြီး လှလာတာပဲ၊ လျိုမိသားစုမှာ နေရတာ အဆင်ပြေတယ်ဟုတ်”
ယိုဟယ်သည် အမျိုးသမီးဟန်လောက် စိတ်မမာသော်လည်း အလွန်သဘောကောင်းကာ ရည်ရည်မွန်မွန် ရှိသည်။ သူမသည် ယခုအချိန်တွင် စုမိသားစုကို မိသားစုတမျှ ရင်းနှီးသော်လည်း စုမိသားစုထံမှ ဘာကိုမှ မမက်မောခဲ့ဖူးချေ။ ထို့ကြောင့် ယိုကျင့်က သည်ဝမ်းကွဲအစ်မနှင့် ပတ်သက်ရသည်ကို အလွန်သဘောကျလေသည်။ သည်တစ်ကြိမ် ဖရဲသီးရောင်းမည့် စိတ်ကူးကိုလည်း ယိုကျင့်က အရင်ဆုံး ထုတ်ပြောခဲ့ခြင်းပင်။ ထိုအခါမှ ယိုဟယ်က အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်သည်။
“ယိုကျင့် နင့်ပါးစပ်လေးကတော့လေ ပိုပိုပြီး အစွမ်းထက်လာတယ်နော်”
ယိုဟယ်က သူမကို ပြုံးကာ လှမ်းကြည့်လိုက်၏။
“ ငါ့ယောက္ခမတွေက ကောင်းပါတယ်ဟယ်၊ ပြီးတော့ ငါ့ကို ကာကွယ်ပေးမဲ့ နင်တို့ နှစ်ယောက်လည်း ရှိနေတာပဲမလား၊ ငါ့က ဘယ်လိုလုပ်ပြီး အနိုင်ကျင့်ခံရမှာလဲ”
ယိုဟယ်၏ စိတ်နေစိတ်ထားသည် လက်ထပ်ပြီးမှ အမှန်ပင် အများကြီးပြောင်းလဲသွားသည်။ သူမသည် အရင်က အနည်းငယ် ကလေးဆန်တတ်ခဲ့သော်လည်း အခုတော့ တဖြည်းဖြည်း တည်ငြိမ်ကာ သဘောထား ကြီးလာသည်။ ဟိုတုန်းက အမျိုးသမီးဟန်၏ ပုံစံနှင့် တော်တော်တူလာသည်။
ပြောသာ ပြောရသော်လည်း ယိုဟယ်သည် လက်ထပ်ပြီးကတည်းက မိခင်အိမ်သို့ ဆယ်ရက်တစ်ခါ ပြန်လေသည်။ အစပိုင်းတွင် သူမ၏ယောက္ခမက သိပ်မကြည်ဖြူပေ။ သူမသည် သူမ၏ အဘိုးကြီးထံတွင် တိတ်တိတ်လေး ညည်းညူခဲ့ရသည်။
“ ဘယ်အိမ်ထောင်သည်မိန်းမက နေ့တိုင်း မိခင်အိမ်ပြန်လို့လဲ၊ ဒါက လူတွေကို ရယ်စရာဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးလား”
“အဘွားကြီး မင်းအမြင်က သိပ်တိမ်ပါလားဟ၊ စုမိသားစုက သာမန်မိသားစုလား”
လျိုတဟယ်သည် ဆေတံ သောက်နေသည်။ သူ့လေးနက်သည့်အသံက ပြန်ထွက်လာ၏။
“ စုမိသားစုက ဒီလောက် ခမ်းနားတဲ့ဘဝပုံစံနဲ့ နေလာတာ၊ သူတို့တွေက သူတို့တူမလေးကို ငါတို့လိုမိသားစုနဲ့ လက်ထပ်ဖို့ သဘောတူခဲ့တာ ဘာလို့လဲ သိလား၊ သူတို့တွေက ငါတို့တွေ သူ့ကို ကောင်းကောင်း ဆက်ဆံမလားဆိုတာ စောင့်ကြည့်နေနိုင်လို့ပဲ၊ ပြီးတော့ ချွေးမက သူ့မိခင် မိသားစုနဲ့ အပြန်အလှန် အဆက်အသွယ်ရှိလေလေ စုမိသားစုရဲ့ လက်ချောင်းတွေက ပိုပြီးလျော့ရဲလာလေလေပဲ၊ ဒီလိုဆိုရင် အထောက်အပံ့တစ်ခု ရလာလိမ့်မယ် ဟုတ်တယ်မလား”
စုမိသားစုက လော့ဟယ်မြို့က လူချမ်းသာမိသားစုတွေနဲ့ မယှဥ်နိုင်ဘူးဆိုပေမဲ့ လျိုမိသားစုကလည်း ချမ်းသာမှု များများစားစား မရှိပါဘူး။ ပြီးတော့ နှစ်ဖက်စလုံးက မြို့မှာ စီးပွားရေး လုပ်နေကြတဲ့သူတွေပဲလေ။ လျိုတဟယ်က စုမိသားစု၏မုန့်ဆိုင်လုပ်ငန်း မည်မျှကောင်းသည်ကို မသိခဲ့ချေ။ ချွေးမလေး အိမ်ကိုဝင်လာတန်းက ယူလာတဲ့ လက်ဖွဲ့ကိုပဲ အရင်ကြည့်အုံး။ တခြားဟာမပြောသေးနဲ့။ စိုက်ပျိုးမြေ ၁၀ဧကထဲက မိသားစုတစ်ခုလုံး တစ်နှစ်စာ စားဖို့ လုံလောက်နေပြီလေ။ ဒီလောက်ကောင်းတဲ့ ကိစ္စကို ဘယ်နားသွားရှာလို့ရမှာလဲ။
“ အပြင်ကလူတွေက ကျွန်မတို့အကြောင်း ပြောနေကြမှာ စိုးတာပါ၊ မသိတဲ့သူတွေက ကျွန်မတို့ကပဲ ချွေးမကို နှိပ်စက်တယ် ထင်နေအုံးမယ်၊ သူက အမေအိမ်ကို ခဏ ခဏပြန်နေတာဆိုတော့....”
လျိုတဟယ်၏စကားကို နားထောင်လိုက်ပြီးနောက် အမျိုးသမီးချင်၏စိတ်သဘောထားသည် အလိုလို ပြောင်းသွားတော့သည်။ သို့သော် စိတ်ထဲတွင်တော့ အနည်းငယ် ဘဝင်မကျချင်ပေ။ ဘယ်ချွေးမက အမေကိုအိမ် သုံးရက်တစ်ခါ အိမ်ပြန်လို့တုန်း။
သို့သော်ငြား အမျိုးသမီးချင်၏ ဘဝင်မကျနိုင်သည်စိတ်က မကြာခင်မှာပင် ပျောက်ကွယ်သွားတော့သည်။ စျေးထဲတွင် ဖရဲသီးများ ပေါ်ပြီး သိပ်မကြာခင်တွင် ယိုဟယ်က အိမ်သို့ သတင်းကောင်း သယ်ပြန်လာခဲ့သည်။ စုမိသားစုက ပစ္စည်းကို ပေါက်စျေးထက် လျှော့ပေးမဲ့အပြင် ဖရဲသီးဖိုးကိုလည်း ရောင်းပြီးမှ ပေးလို့ရတယ်တဲ့။ လျိုမိသားစုမှာ အမှန်ပင် ဝမ်းသာသွားတော့သည်။
ချိုမြမြအရသာကို ခံစားလိုက်ရပြီးနောက် အမျိုးသမီးချင်သည် ယိုဟယ်က အမေအိမ်ပြန်သည့်ကိစ္စကို မတားတော့ပေ။ ထို့ကြောင့် သည်နေ့ ယိုဟယ်က အမေအိမ်ပြန်မည်ကို သိနေသဖြင့် သူမသည် အစောကြီးကတည်းက လက်ဆောင်တစ်ခုကို ပြင်ဆင်ပေးထားပြီး သူမအား သူမအမေမိသားစုကို ကျေးဇူးတင်စကားပြောရန် အထူးမှာကြားလိုက်လေသည်။
ညီအစ်မများသည် ဝမ်းသာရွှင်မြူးကာ စကားစမြည်ပြောနေကြ၏။ သဟဇာတ ဖြစ်လှပေသည်။ မိသားစု ကလေးများက လိမ်မာပြီး ယိုဟယ်က အရွယ်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးစုမှ သက်ပြင်းမချဘဲ မနေနိုင်ဖြစ်သွားတော့သည်။
“ သမီးရဲ့အမေသာ သမီးအခုလို အဆင်ပြေပြေနေနေရာ သိရင် အရမ်းပျော်နေမှာသေချာတယ်၊ ဟုတ်တယ်မလား”
အမျိုးသမီးစုက အလွန်ဝေးကွာသည့် တင်းယွင်မှာရှိနေသည့် အမျိုးသမီးဟန်အကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရပြီး ယိုဟယ်မျက်နှာပေါ်က အပြုံးမှာ ပျောက်ကွယ်သွားတော့သည်။ သူမသည် ခပ်ယဲ့ယဲ့ သက်ပြင်းချလိုက်ပြီး
“ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်မ တစ်ယောက်ယောက်နဲ့ တိတ်တိတ်လေး စာပို့လိုက်တုန်းက အမေက ကျွန်မကို စာပြန်လာခဲ့တယ်၊ သူက အိမ်မှာ ဒီကိစ္စကို ထုတ်မပြောခဲ့ဘူးတဲ့၊ သမီးကို အိမ်ကို စာမရေးဖို့နဲ့ အိမ်ပြန်မလာဖို့ဘဲ အတန်တန် ပြောနေတယ်”
အမျိုးသမီးဟန်အကြောင်း ပြောလိုက်လျှင် ယိုဟယ်မှာ အလွန်စိတ်ပူမိနေဆဲပင်။
“ အစတုန်းကတော့ ကျွန်မ ဒီလိုထွက်ပြေးသွားလို့ အဖေက အမေ့ကို ဒုက္ခပေးမှ သေချာတယ်၊ ကျွန်မ အရမ်းစိတ်ပူနေပေမဲ့ အမေကတော့ ဘာမှမပြောခဲ့ဘူး၊ ကျွန်မ ဘာလုပ်ရမလဲ တကယ် မသိတော့ဘူး”
“ ဒေါ်လေးက အစ်မကို ပြန်မလာစေချင်ဘူးဆိုတာကလည်း အစ်မပြန်သွားရင် မီးပုံထဲ ကျသွားမှာစိုးလို့ပါ၊ ဒီလိုဆိုရင်ကော၊ နောက်နှစ်ရက်လောက်နေရင်း တင်းယွင်ကိုသွားမဲ့ ကုန်သည်တစ်ယောက်ကို ရှာပြီး သူတို့ဆီက သတင်းမေးပေးမယ်၊ တင်းယွင်မှာ တစ်ခုခုဖြစ်တယ်ဆိုရင် ညီမတို့တွေ အဲဒီအခါကျမှ တစ်ခုခုစီစဥ်ကြမယ်လေ”
ယခုအချိန်ထိပင် ယိုကျင့်က အမျိုးသမီးဟန်အပေါ် အလွန်မှကျေးဇူးတင်နေသည်။ အမျိုးသမီးဟန်သည် ဟိုတုန်းက သူတို့မိသားစုကို စိတ်ရင်းနှင့်အကူအညီပေးခဲ့သည်။ ယခုတွင် သူမသည် အနည်းငယ် ကျေးဇူးပြန်ဆပ်နေသော်လည်း ယိုကျင့်က သည်လိုကြင်နာတတ်သည့် အမျိုးသမီးတစ်ယောက် မီးပုံထဲ ပြုတ်ကျမည်ကိုတော့ မကြည့်ရက်နိုင်ပေ။
“ နောက်ဆုံး အစ်မတို့ သားအမိတွေက ညီမတို့မိသားစုအပေါ် ကျေးဇူးကြွေးရှိနေတာပါ” ယိုဟယ်သည် မျက်လုံးထောင့်က မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ဒုတိယဒေါ်လေး မိသားစု၏ စေတနာကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကားပြောလိုက်လေသည်။
သူမ ငိုနေသည်ကို မြင်လိုက်ရသဖြင့် ယိုဟယ်၏အစေခံမလေးက သူမကို လေသံတိုးတိုးဖြင့် မြန်မြန် နှစ်သိမ့်ပေးလိုက်၏။
“ သခင်မ အခုချိန်မှာ ဒီလိုလုပ်လို့မဖြစ်ဘူးလေ၊ ကျန်းမာရေးက အရေးကြီးတယ်”
ယိုဟယ်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး
“ ကျွန်မ သိပါတယ်”
သူတို့နှစ်ယောက် စကားပြောပုံကို ကြည့်လိုက်ပြီး အမျိုးသမီးစု၏မျက်လုံးထဲတွင် အံ့ဩရိပ် ဖျတ်ခနဲလက်သွားကာ သံသယတချို့နှင့် မေးလိုက်တော့သည်။
“ ယိုဟယ် သမီး....”
ယိုဟယ်၏ မျက်နှာလှလှလေးသည် အနည်းငယ်နီမြန်းသွားပြီး မသိမသာခေါင်းညိတ်ပြလိုက်ကာ
“ ရှေ့ရက်တွေတုန်းက သိပ်နေမကောင်းဖြစ်နေတာ၊ သမားတော်ကို ပင့်ကြည့်လိုက်မှပဲ အခုဆိုရင် နှစ်လလောက် ရှိနေပြီဆိုတာ သိလိုက်ရတယ်”
“ ဒါ သတင်းကောင်းပဲ”
အမျိုးသမီးစုမှာ အလွန်ပျော်သွားတော့သည်။ ယိုဟယ်၏လက်ကို ကိုင်ကာ ပြောလိုက်၏၊။
“ ဒီကလေးကတော့ အခု ကိုယ်ဝန်သည်ဖြစ်နေပြီလေ၊ ဒီကိစ္စတွေကို ဂရုစိုက်ရမှာပေါ့၊ ဒီလောက်အဝေးကြီးကနေ လာခဲ့ရတယ်လို့၊ ပင်ပန်းသွားရင် ဘယ်လိုလုပ်မလဲ၊ တကယ်ပါပဲ ဒီကလေးနှယ်တော့၊ သမီးက နားမလည်တာကို၊ သမီးရဲ့ယောက္ခမကလည်း တကတည်း သမီးကို သွားလိုက် ပြန်လိုက် လုပ်ခွင့်ပေးရသလား”
အမျိုးသမီးစုသည် ပျော်ရွှင်ရသလို စိတ်လည်းပူမိလေသည်။ ယိုဟယ် ကိုယ်ဝန်ရလာသဖြင့် ပျော်ရွှင်ရပြီး သူမကို ကောင်းကောင်း စောင့်ရှောက်ပေးသူမရှိသဖြင့် စိတ်ပူခဲ့မိသည်။
“ ဒေါ်လေးရယ် စိတ်မပူပါနဲ့၊ ကျွန်မ ကျန်းမာပါတယ်၊ ယောက္ခမကလည်း ကျွန်မကို အရမ်းဂရုစိုက်တယ်၊ ကျွန်မရဲ့ အစားအသောက်တွေကို ပုံမှန်နေ့တွေမှာဆိုလည်း ကောင်းကောင်းမွန်မွန် ချက်ပြုတ်ပေးတယ်၊ အခုဆိုရင် ကျွန်မက ငြိမ်ငြိမ်လေး ထိုင်မနေတတ်တော့ မမွေးခင်အထိ အိမ်မှာ ဘာမှမလုပ်ဘဲ နေဖို့ပြောနေလို့ အသက်ရှူတောင် ကြပ်တော့မယ်” သူမက သည်လိုတုံ့ပြန်လိုက်သဖြင့် ယိုဟယ်ကလည်း သူမကို ပျော့ပျော့ပြောင်းပြောင်းနှင့် မြန်မြန် နှစ်သိမ့်ပေးလိုက်လေသည်။
ယိုဟယ်က ကိုယ်ဝန်ရှိနေပြီဟု ကြားလိုက်ရချိန်၌ ယိုကျင့်တို့ ညီအစ်မများကလည်း အလွန်ပျော်သွားကြတော့သည်။ ယိုကျင့်၏ တကိုယ်စာအမြင်အရ ၁၇နှစ်မပြည့်သေးခင်မှာပင် ယိုဟယ်၏ခန္ဓာကိုယ်က ကလေးတစ်ယောက် ရှိလာသည်မှာ ကောင်းသည်ဟုတော့ မထင်ချေ။ သို့သော် သည်ရာစု၏ ထုံးစံဖြစ်နေခဲ့သည်။ အသက်၂၀ မရောက်ခင်အထိစောင့်ပြီး ကလေးတစ်ယောက်ပင် မရလျှင် ပြဿနာများစွာ ရှိလာလိမ့်မည်။
“ မဖြစ်သေးပါဘူး၊ သမီးရဲ့ယောက္ခမက နေ့တိုင်း ခေါက်ဆွဲဆိုင်အလုပ်နဲ့ အလုပ်များနေတာ၊ အိမ်မှာ သမီးကို စောင့်ရှောက်ပေးမဲ့သူက မရှိသေးဘူး၊ အဒေါ်စုန့် မီးဖိုထဲသွားပြီး တစ်ယောက်လောက် သွားရွေးပါအုံး၊ အခုချိန်ကစပြီး သူတို့တွေက ယိုရင်နဲ့ တခြားသူ မြို့ထဲသွားတဲ့အချိန် နေ့တိုင်း လိုက်သွားပြီး ယိုဟယ်ကို စောင့်ရှောက်ခိုင်းရမယ်၊ အိမ်မှာနေပြီး စားသောက်လာတဲ့သူဆိုတော့ ငါတို့တွေ ယိုဟယ်ကို ကောင်းကောင်း စောင့်ရှောက်ရမယ်”
ထိုသို့စဥ်းစားလိုက်ပြီးနောက် သူမသည် ယိုဟယ်ကို သည်ထက်ကောင်းကောင်း စောင့်ရှောက်ပေးသင့်သည်ဟု ခံစားမိနေသည်။ ထို့ကြောင့် သူမက အဒေါ်စုန့်အား ယိုဟယ်ကို စောင့်ရှောက်ပေးမည့်သူ တစ်ယောက်ကို မီးဖိုဆောင်တွင် သွားရွေးခိုင်းလိုက်တော့သည်။
သူမ၏ အပြုအမူများကို မြင်လိုက်ရသည့် ယိုဟယ်မှာ သူမကို မြန်မြန်တားလိုက်တော့သည်။
“ အဒေါ်ရယ် ကိုယ်ဟာကိုယ် အလုပ်ပိုအောင်မလုပ်ပါနဲ့၊ အခုဆို အိမ်မှာလည်း အိမ်အလုပ်လုပ်ဖို့ လူနှစ်ယောက် နေပြီး၊ ကျွန်မလက်တွေလည်း မညစ်ပတ်ရပါဘူး၊ အဒေါ် ကျွန်မကို စောင့်ရှောက်ဖို့ နောက်တစ်ယောက် ထပ်ပို့လိုက်ရင် လူတွေက ကျွန်မကို လှောင်ကြတော့မှာ စိုးမိတယ်”
သူမသည် အမျိုးသမီးစုကို ငြင်းပယ်လိုက်သော်လည်း ယိုဟယ်၏စိတ်ထဲတွင်တော့ အလွန်တရာ ကျေးဇူးတင်မိပြီး အမျိုးသမီးစုက သူမကို သမီးအရင်းတစ်ယောက်လို သဘောထားကြောင်းလည်း နားလည်လေသည်။
ယိုကျင့်သည် သည်ကိစ္စများကို နားမလည်ပေ။ သို့သော် သူမက နောက်တစ်ခု စဥ်းစားပေးလိုက်၏။
“အစ်မယိုဟယ်က ကလေးရှိလာပြီးဆိုတော့ နောက်ပိုင်းကျရင် ငွေသုံးရမဲ့နေရာတွေ ပိုများလာမယ် ထင်တယ်၊ သမီတို့တွေ အစ်မယိုဟယ်ကို ရှေ့ကလွတ်နေတဲ့ ဆိုင်ခန်းလေး ပေးလိုက်မယ်လေ၊ အရင်ဆုံး အစ်မလုပ်ချင်တဲ့ လုပ်ငန်းလေး လုပ်လို့ရတာပေါ့၊ အနည်းနဲ့အများတော့ အထောက်အပံ့ရမှာပဲ”
ယခုမူ စုကျားရှန်း၏လုပ်ငန်းသည် ကြီးသည်ထက် ကြီးလာပြီဖြစ်သည်။ ပြီးခဲ့သည့်လ ၂၀ရက်နေ့က ပိုစည်ကားသည့် အရှေ့ဘက်လမ်းသို့ ပြောင်းရွှေ့ဖွင့်လစ်ခဲ့သည်။ အသစ်ဖွင့်ထားသည့်ဆိုင်မှာ မူရင်းဆိုင်ထပ် နှစ်ဆကျယ်ဝန်းသည်။ လုပ်ငန်းကလည်း အရင်ကထက် ပိုပြီးတွင်ကျယ်လာခဲ့သည်။ ယခုအခါ လော့ဟယ်မြို့တွင် မုန့်ဟုပြောလိုက်လျှင် အားလုံးက စုကျားရှန်းကို ညွှန်းကြလိမ့်မည်။
မုန့်ဆိုင်က ပြောင်းရွှေ့သွားပြီး မူလဆိုင်ငယ်လေးက လွတ်နေ၏။ ယိုကျင့်က ရောင်းပစ်ဖို့ စိတ်မကူးခဲ့ချေ။ ထို့ကြောင့် အခုတော့ အသုံးဝင်လာတော့သည်။
သို့သော် ယိုဟယ်က ခေါင်းခါ ငြင်းပယ်လိုက်၏။
“ ငါ့မှာ နင့်ကို ကျေးဇူးကြွေးတွေ အများကြီးတင်နေပြီးပြီ၊ နင်က ကျေးဇူးပြန်ဆပ်တာပါဆိုပေမဲ့လည်း ဟိုတုန်းက မိသားစုလည်းဖြစ်တာမလို့ ငါ့အမေက နင်တို့ကို ကိုယ်ချင်းစာခဲ့တာလို့ ယုံတယ်၊ ကျေးဇူးပြန်ဆပ်တာ လိုချင်လို့မဟုတ်ပါဘူး၊ ပြီးတော့ လျိုမိသားစုနဲ့ လက်ထပ်ဖို့ အောင်သွယ်တုန်းကလည်း နင် ငါ့ကို အများကြီး ကူညီပေးပြီးပြီလေ၊ ငါ အရမ်းလောဘကြီးနေလို့ ဘယ်ဖြစ်မလဲ”
“ ဒီကလေးကလည်း ဘာလို့ အပြင်လူလို လုပ်နေရတာလဲ”
အမျိုးသမီးစုသသည် သမီးဖြစ်သူ၏စိတ်ကူးက တော်တော်ကောင်းသည်ဟု ထင်လေသည်။
“ နောက်ဆို ကလေးမွေးလာရင် ကုန်စရာတွေ အများကြီးပဲ၊ ပြီးတော့ ကျိုးထင်ကလည်း တော်ဝင်စာမေးပွဲ ဖြေရအုံးမှာ၊ သမီးရဲ့ယောက်မတွေကလည်း နောက်တစ်နှစ် နှစ်နှစ်လောက်ဆို လက်ထပ်ရတော့မယ်၊ ဒါတွေအားလုံးက ကုန်စရာတွေချည်းပဲ”
ယိုဟယ်သည် ရှေ့တိုးနောက်ဆုတ်ရမည့်အခြေအနေကို သိလေသည်။ သူမသည် စုမိသားစုနှင့် ရင်းနှီးမှုအတိုင်းအတာကို ထိန်းထားပြီး ကျေးဇူးကြွေးကို ဘယ်တော့မှ ပြန်မတောင်းချေ။ အတိအကျပြောရလျှင် ထို့အတွက်ကြောင့်ပင် ယိုကျင့်က သူမအတွက် အကောင်းဆုံး စဥ်းစားပေးချင်ခဲ့ခြင်းပင်။
“အစ်မယိုဟယ် ညီမတို့အားလုံးက မိန်းမသားတွေပါ၊ အခက်အခဲကို ရင်ဆိုင်ဖို့ ကျွန်မတို့ လက်ထဲမှာလည်း ငွေကိုင်ထားရမယ် မဟုတ်ဘူးလား၊ အခုအချိန်မှာ အဆင်ပြေနေတယ်ဆိုပေမဲ့ လူတွေရဲ့ စိတ်သဘောက အပြောင်းအလဲမြန်တယ်၊ ငွေကတော့ ပြောင်းလဲမှာ မဟုတ်ဘူး”
သူမ၏စကားကို ကြားလိုက်ရတော့ ယိုဟယ်သည် တင်းယွင်တွင် ရှိနေသည့် သူမ၏ မိဘများအကြောင်းကို တွေးမိသွားတော့သည်။ ဟုတ်တယ်။ အမေ့ဘက်က အဘိုး သက်ရှိထင်ရှား ရှိစဥ်တုန်းက အဖေနဲ့အမေနဲ့ အရမ်းကိုရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု ရှိခဲ့တယ်။ အဘိုးဆုံးသွားပြီး နှစ်ဝက်လောက်နေတော့ အဖေက လုံးဝပြောင်းလဲသွားခဲ့တယ်။ နေ့တိုင်း အပြင်မှာ သောက်စား ပျော်ပါးခဲ့တယ်။ အမေနဲ့လည်း ခဏခဏ ရန်ဖြစ်စကားများပြီး သူမကိုတောင် ရိုက်နှက်ခဲ့သေးတယ်။
၁၅နှစ် ၁၆နှစ်အတူတူ နေလာပြီးသည့်နောက် ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပေးခဲ့ဖူးသည့် သူမ၏ အဖေဖြစ်သူအကြောင်း စဥ်းစားမိလိုက်ပြီး ယိုဟယ်သည် ပင့်သက်ရှိုက်လိုက်ပြီး အသာအယာ ခေါင်းညိတ်လိုက်တော့သည်။
“ ဒီလိုဆိုမှတော့ ယိုကျင့်ရယ် နင့်အပေါ်တင်မိတဲ့ အကြွေးတွေကိုလည်း ပြန်မဆပ်နိုင်တော့ပါဘူး”
သူမသည် ဆိုင်ကို လက်ခံဖို့ သဘောတူလိုက်ပြီးနောက် လုပ်ငန်းသေးသေးတချို့ လုပ်ရန် စဥ်းစားလိုက်သည်။
“ အဒေါ်တို့တွေက မိသားစုတစ်ခု ထဲကို ဘာအကြွေးလဲ” ယိုဟယ်သည် အလွန်သိတတ်ပြီး စိတ်အေးရစေသဖြင့် အမျိုးသမီးစု၏ စိတ်နှလုံးမှာ နွေးထွေးလာတော့သည်။ သည်လိုမိန်းမကောင်းလေးတစ်ယောက်က သေချာပေါက် မနစ်နာသင့်ဟု သူမ ခံစားလိုက်မိလေသည်။
သူမက လုပ်ငန်းသေးသေးလေး လုပ်ချင်သည်ဟု ဆိုသော်လည်း ယိုဟယ်သည် ဘာလုပ်ရမည်မှန်း မသိချေ။ အရင်က သူမ၏မိသားစုက ကုန်စုံဆိုင်တစ်ခု ဖွင့်ခဲ့သော်လည်း သူမက ဘယ်တုန်းကမှ ဝင်မလုပ်ခဲ့ဖူးပေ။ စုမိသားစုမှ ပြန်လာပြီးနောက် သူမက ယောကျ်ားဖြစ်သူနှင့် အချိန်တော်တော်ကြာသည်အထိ တိုင်ပင်လိုက်ခဲ့သော်လည်း ဘာအဖြေမှ မရခဲ့ချေ။
“ ယောကျ်ားက ညီမထက် နှစ်နှစ်ကြီးတယ်ဆိုပေမဲ့ ကိုယ်တို့မိသားစုက ခေါက်ဆွဲဆိုင်လေးနဲ့ အသက်မွေးလာတာလေ၊ ကိုယ် ဒီလို ကိစ္စတွေကို တစ်ခါမှ သေချာမလုပ်ဖူးဘူး၊ ဒါကြောင့် ကိုယ်လည်း စိတ်ကူးကောင်းကောင်းလေးတွေ တကယ်မတွေးတတ်ဘူး” သူ့လက်မောင်းက ဇနီးသည်၏ ခါးသိမ်သိမ်လေးကို ဖက်ထားကာ ခုတင်စွန်းတွင် ထိုင်ရင်း လျိုကျိုးထင်သည်လည်း ဘာမှမတတ်နိုင်ဖြစ်နေတော့သည်။
ယိုဟယ်က သူ့လက်မောင်းများထဲ တိုးဝေ့လိုက်ပြီး စူအောင့်အောင့်ဖြင့် ပြောလိုက်လေသည်။
“ ကျွန်မ အမေသာ ဒီမှာရှိရင်ကောင်းမှာပဲ၊ သူဆိုရင် သေချာပေါက် စိတ်ကူးကောင်းတစ်ခုတော့ရှိမှာ”
လျိုကျိုးထင်သည် သူ့မိန်းမက ကိုယ်ဝန်ရှိလာကတည်းက စိတ်ဆတ်ပြီး အငိုလွယ်လာသည်ကို သိနေသည်။ အဝေးက တင်းယွင်တွင် ရှိနေသည့် ယောက္ခမဖြစ်သူကို အလွန်လွမ်းနေသည်ကို မြင်လိုက်ရသဖြင့် သူက သူမကို ငိုသွားမှာ စိုးရိမ်သဖြင့် ပြောလိုက်တော့သည်။
“ဒီနေ့ စုအိမ်ကို သွားလိုက် ပြန်လိုက် လုပ်နေရလို့ ညီမ ပင်ပန်းမှာ စိုးလို့ပါ၊ စောစောအနားယူလိုက်နော်၊ မနက်ဖြန်ကျရင် ညီမဘာလုပ်ချင်လဲ စဥ်းစားဖို့ အချိန်ရှိပါသေးတယ်”
လင်မယားနှစ်ယောက်သည် တီးတိုးစကားပြောခဲ့ကြ၏။ သိပ်မကြာခင်မှာပင် ယိုဟယ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
သူမ အိပ်ပျော်သွားသည်ကို တွေ့လိုက်ရသဖြင့် လျိုကျိုးထင်က စောင်ပါးပါးလေးတစ်ထည်ဖြင့် သူမကို ဂရုတစိုက် ခြုံပေးလိုက်၏။ သူသည် တိုက်ပွဲနောက်တစ်ခုအတွက် ဆီမီးအိမ်ဘေးတွင် ပြန်ထိုင်လိုက်လေသည်။ သူသည် သည်နှစ်အစိုးရ စာမေးပွဲကို မအောင်ခဲ့ချေ။ နောက်နှစ်နွေဦးတွင် ကျင်းပမည့် စာမေးပွဲအတွက် ယှဥ်ပြိုင်ရပေအုံးမည်။
…
အပိုင်း (၉၆) မြေခွေးလေး
“အစ်ကိုကြီးရှောင် နောက်ဆယ်ရက်လောက်ဆို ဆောင်းဦးပွဲတော် ရောက်တော့မယ်နော်၊ ဘယ်တော့ မြို့တော်ကို ပြန်မှာလဲ”
ယိုကျင့်သည် သူ့အား မောင်းထုတ်ဖို့ မရည်ရွယ်ထားသော်လည်း မြို့တော်ရှိ ရှောင်မိသားစုမှ စာက သူမထံသို့ ရောက်နှင့်နေပြီးဖြစ်လေသည်။ ရှောင်မိသားစု၏ သခင်မဖြစ်သူ အမျိုးသမီးက သူမ၏အဖိုးတန်သားလေးကို လော့ဟယ်မြို့၏ သည်လို ဆင်းရဲပြီးခေါင်လွန်းသည့် နေရာတွင် ပျော်ပျော်နေလေအောင် ဆွဲဆောင်ထားသည့် မြေခွးမဟု သူမကို လက်ညှိုးငေါက်ငေါက်ထိုးလုနီးပါး ပြောဆိုထားလေသည်။ ပြီးခဲ့သည့် လအနည်းငယ်က ရှောင်လင်ယွီက သူမကို ငွေအားနှင့် လုပ်အားပါ ကူညီပေးခဲ့သဖြင့် ကျေးဇူးတင်မိသော်လည်း သူမသည် တခြားလူ၏သားကို လုယူကာ မြေခွေးမတစ်ယောက် လုပ်ရန်တော့ စိတ်ကူးမရှိချေ။
ရှောင်လင်ယွီက လက်ထဲက စာရင်းစာအုပ်ကို ချထားလိုက်၏။ သူသည် ပြီးခဲ့သည့် လအနည်းက ဘာမှလုပ်မနေခဲ့သလို ရှောင်မိသားစု၏အရေးကိစ္စမျာကိုလည်း လျစ်လျူရှုထားခဲ့သည်။ ထို့ကြောင့် သူ့တွင် အားလပ်ချိန်အများအပြား ရှိနေပြီး စုမိသားစုအား စာရင်းစစ်ဆေးကူခြင်းကို စေတနာဖြင့် လုပ်ကိုက်ပေးခဲ့လေသည်။ ယိုကျင့်ကလည်း အလွန်သဘောထားကြီး၏။ သူမသည် သူ့ကို သတိထားနေခြင်းမျိုး မရှိချေ။ အမှန်တွင်လည်း ရှောင်လင်ယွီသည် နှစ်ပေါင်းများစွာ စီးပွားရေးလောကတွင် ကျင်လည်လာခဲ့ပြီး အရည်အချင်းတချို့လည်း ရှိလေသည်။
ရှောင်လင်ယွီက ပြုံးလိုက်ပြီးနောက် ယိုကျင့်က အိမ်နာမည်ကိုခေါ်လိုက်ပြီး
“ယိုကျင့်က ကျွန်တော် များများစားပြီး နည်းနည်းပဲ လုပ်တယ်လို့ ထင်နေမိလို့လား၊ ဒါမှမဟုတ် ကျွန်တော်က မင်းရဲ့အိမ်မှာ စားလိုက် သောက်လိုက်နဲ့ဆိုတော့ ငွေအလကားကုန်တယ်လို့ ထင်လို့လား”
မျက်စိတစ်မှိတ်အတွင်း ရှောင်လင်ယွီသည် စုအိမ်တွင်နေလာသည်မှာ တစ်လကျော်မျှ ကြာသွားလေသည်။ သူသည် စုမိသားစုနှင့် အလွန်ရင်းနှီးလာခဲ့သည်။ သူသည် ထိုအိမ်တွင် နေတာကြာလာလေလေ မပြန်ချင်လေလေ ဖြစ်နေတော့သည်။ စုမိသားစု၏နွေးထွေးက အသက်ဝင်လှသည့် မိသားစုအငွေ့အသက်လေးက ရှောင်လင်ယွီအရင်ကတစ်ခါမှ မတွေ့ကြုံဖူးသည့် အရာမျိုးပင်။ အရာအားလုံးသည် အလွန်ထူးဆန်းနေသော်လည်း သူ့ကို ဆက်နေရန် ဆွဲဆောင်ထားလေသည်။ တစ်နေ့ပြီးတစ်နေ့ သူ့ကို ပြန်လာရန်တိုက်တွန်းနေသည့် မြို့တော်မှ စာများကလည်း တစ်စောင်ပြီးတစ်စောင် ရောက်လာသော်လည်း သူသည် မြို့တော်သို့ လုံးဝမပြန်ချင်ပေ။
ယိုကျင့်က ကူကယ်ရာမဲ့သွားသလို ခေါင်းခါပြလိုက်ပြီး
“ အစ်ကိုကြီးရှောင်ရယ် ရှင်နဲ့ကျွန်မ နှစ်ယောက်လုံး သိပါတယ်၊ ဒီလောကမှ ဘယ်အရာကိုမှ ရှောင်ဖယ်နေလို့ မရဘူးဆိုတာကိုလေ၊ တာဝန်ယူပြီး ပခုံးထမ်းသင့်တဲ့ကိစ္စမျိုးရှိရင် အမြဲတမ်း တာဝန်ယူရမှာပဲလေ”
သူမသည် ရှောင်လင်ယွီက လော့ဟယ်သို့ တိတ်တဆိတ်လာခဲ့သည့်အကြောင်းအရင်းကို ဘယ်တော့မှ မမေးခဲ့ချေ။ သို့သော် ရှောင်လင်ယွီက ရှောင်မိသားစု၏ နောက်တက်မည့် မိသားစုခေါင်းဆောင်မှန်းကိုလည်း သူမက မသိထားချေ။ သူ ထမ်းရသည့်အရာမှာ ရှောင်မိသားစု၏ အနာဂတ်ပင်။ သူမနှင့် ဘာမှမဆိုင်သော်လည်း သူမသည် မြေခွေးမဟူသည့် တံဆိပ်ကိုတော့ လုံးဝအကပ်မခံလိုပေ။
သက်ပြင်းချလိုက်ရင်း ရှောင်လင်ယွီသည် သူ့ရှေ့က မိန်းမငယ်လေးသည်လည်း သူနှင့် တစ်လမ်းတည်း သွားနေရမှန်း ပထမဆုံးအကြိမ် သဘောပေါက်သွားတော့သည်။ တစ်ယောက်စီက မိသားစုအနာဂတ်ကို ထမ်းထားရတာပဲ။ ဒါပေမဲ့ ယိုကျင့်ကတော့ အမြဲတမ်း အကြောင်းအရာတွေကို သူ့ထက်ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တာပဲ။ သူက ခပ်နွမ်းနွမ်းအပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်၏။
“ မင်းကတော့လေ ကျွန်တော်လုံးဝ မစဥ်းစားမိတဲ့ ကြီးကြီးကျယ်ကျယ်အကြောင်းပြချက်တွေ တစ်ပုံကြီးရှိတယ်နော်၊ ဟုတ်ပါပြီ၊ ကျွန်တော်က ခဏလောက်တော့ ရေသာခိုမိတဲ့ဘဝတစ်ခုကို ခိုးယူခဲ့ပြီးပြီဆိုတော့ ပြန်သင့်ပါပြီလေ”
မတ်တတ်ထရပ်လိုက်ပြီး ယိုကျင့်ကိုကို လေးလေးနက်နက် စိုက်ကြည့်လိုက်ကာ၏။ “တကယ်လို့များ.... ဘာမှမဟုတ်တော့ပါဘူး....”
ရှောင်လင်းယွိ၏ တွေဝေနေသည့်အမူအရာကိုမြင်လိုက်ရပြီးနောက် ယိုကျင့်သည် စိတ်ထဲတွင် ကြောင်တစ်ကောင်က လာကုတ်ခြစ်နေသလို အသည်းတယားယားခံစားလိုက်ရသဖြင့် မေးလိုက်တော့သည်။
“ တကယ်လို့ ဘာဖြစ်လဲ”
သေးငယ်သည့်အပြုံးလေးတစ်ခုဖြင့် သူက ခေါင်းခါပြလိုက်၏။
“ ဘာမှမဟုတ်ပါဘူး၊ ကျွန်တော် ဒီတစ်ခါပြန်သွားရင် လော့ဟယ်ကို အချိန်အကြာကြီး ပြန်လာဖြစ်မှာ မဟုတ်ဘူး၊ မင်းက မိန်းကလေးဆိုတော့ ကိုယ့်ဟာကိုယ် စောင့်ရှောက်မှ ဖြစ်မယ်၊ ကျွန်တော် တွေ့ရသလောက်တော့ မင်းမှာ လူတွေအများကြီး ရှိပေမဲ့ သက်တော်စောင့်တွေ မရှိသေးဘူး၊ မနက်ဖြန်ကျရင် ရှောင်အိမ်တော်က လူတချို့ပို့ပေးလိုက်မယ်နော်၊ သူတို့က အိမ်ကို စောင့်ရှောက်တဲ့နေရာမှာ တော်ကြပါတယ်”
ယိုကျင့်သည် မျက်မှောင်ကျုံ့လိုက်ပြီး ရှောင်လင်ယွီက စကားလမ်းလွှဲနေသည်ဟု ခံစားလိုက်ရတော့သည်။ သို့သော် သူက ဘာမှမပြောချင်သဖြင့် သူမကလည်း ထပ်မမေးနိုင်တော့ချေ။ ထို့ကြောင့် သူမသည် သူ့စိတ်ကူးများကိုသာ လက်ခံလိုက်လေတော့သည်။
“ ကျွန်မလည်း အိမ်အတွက် သက်တော်စောင့်တချို့ရှာဖို့ စဥ်းစားနေတာ၊ အစ်ကိုကြီးရှောင်က သူတို့ထဲကတချို့ကို ခွဲပေးချင်တယ်ဆိုရင် ကျွန်မက တလေးတစားနဲ့ လိုက်လျောပေးရမှာပေါ့”
သူမ၏အပြုံးချိုချိုလေးကို မြင်လိုက်ရသဖြင့် ရှောင်လင်ယွီသည် တစ္ဆေသရဲနှင့် နတ်ဘုရားများက တိုက်တွန်းနေသည့် သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။
အနည်းငယ် အေးမြမြဘယ်ဖက်ပါးပြင်လေးကို ယောက်ျားတစ်ယောက်၏ နွေးထွေးကာ ကျယ်ပြန့်သည့် လက်ဖဝါးက လုံးဝဖုံးအုပ်ထားလေသည်။ ယိုကျင့်သည် အခိုက်တန့် မှင်တက်သွားပြီး သူမနှင့် မီတာဝက်ပင်မဝေးသည့် ရှောင်လင်ယွီကို ကြောင်ကြောင်တောင် ငေးကြည့်နေမိတော့သည်။ ထိုမြင်ကွင်းသည် ရင်းနှီးနေသလိုပင်။
သူ့လက်ဖဝါးထဲတွင် အခွံခွာထားသည့် ကြက်ဥတစ်လုံးလို အိစက်နေသည့် မိန်းကလေး၏ပါးပြင်ကို ထိထားလေသည်။ ရှောင်လင်ယွီသည် မီးပုံးပွဲတော်ကာလအတွင်း မီးရှူးမီးပန်းများ ပြည့်နှက်နေသည့် ကောင်းကင်ထဲသို့ ရောက်သွားသလို တောက်ပကာ ရင်ကို မွှေနှောက်လိုက်သလို ခံစားလိုက်ရတော့သည်။
နှစ်ယောက်သားသည် အချိန်ခဏကြာသည်အထိ ဆွံ့အနေကြလေသည်။ သူတို့၏နှလုံးသားများက မုန်တိုင်းထန်နေသည့်လှိုင်းလုံးကြီးမှာနှယ်။ ရှင်းပြလို့မတတ်သည့် ခံစားချက်က စိတ်ထဲတွင် နေ့ညမရွေး ပွင့်လန်းနေသည့် ငွေရောင်ပန်းပွင်းများနှင့် မီးတောက်နေသည့် သစ်ပင်ကြီးတစ်ခုနှယ် ပေါက်ကွဲသွားတော့သည်။
အချိန်မည်မျှကြာသွားသည်ကို မသိလိုက်ခင်မှာပင် ယိုကျင့်က အရင်ဆုံး အသံထွက်လာတော့သည်။
“နောက်ကျနေပြီနော်၊ ကျွန်မ အရင်ပြန်နှင့်မယ်”
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် အနောက်ခြံဝင်းထဲသို့ မြန်မြန်ဆန်ဆန် လှည့်ကာ ထွက်ပြေးသွားတော့သည်။
ထွက်သွားသည့် မိန်းကလေး၏ပုံရိပ်ကို ကြည့်ရင်း ရှောင်လင်ယွီသည် သူ့နှလုံးသားထဲတွင် ရှင်းမပြတတ်အောင် ဟာတာတာ ဖြစ်သွားတော့သည်။ သူသည် အချစ်အကြောင်းကို ဘယ်တုန်းကမှ နားမလည်တတ်ခဲ့သော်လည်း သည်အခိုက်အတန့်တွင် ညီမလေးတစ်ယောက်လို အမြဲတမ်း သဘောထားခဲ့သည့် မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေခဲ့မှန်း သိသွားတော့သည်။
လေထဲတွင် မြှောက်ထားသည့် လက်ဗလာသည် မိန်းကလေး၏ခန္ဓာကိုယ်မှ လာသည့် ခပ်ဖျော့ဖျော့ရနံ့ကို ဖမ်းဆုပ်ထားချင်မိသယောင်။ သို့သော် နောက်ဆုံးတွင်တော့ မတတ်သာတော့ဘဲ လက်ကို ချလိုက်ရတော့သည်။
အနောက်ဘက်ခြံသို့ သတိဖြင့်ပြန်ရောက်လာခဲ့သည် ယိုကျင့်ကတော့ သူမ၏နှလုံးသားသည် အချိန်တော်တော်ကြာသည်အထိ ခုန်နေဆဲဖြစ်ကြောင်း ခံစားလိုက်ရလေသည်။ ကြေးမှန်ရှေ့တွင် ထိုင်ကာ မှုန်းဝါးဝါးအရိပ်ကို ကြည့်ရင်း သူမ၏လက်များသည် သူမ၏ပါးပေါ်သို့ ရောက်သွားတော့သည်။ သူမက သက်ပြင်းချလိုက်ပြီး
“နောက်ဆုံးတော့လည်း နင်တို့တွေက တစ်လမ်းထဲမဟုတ်ဘူးလေ၊ နင့်နှလုံးသားက ဘာလို့ လှုပ်ရှားနေတာလဲ”
ယိုကျင့်၏စိတ်သည် ဘာမှမသိတတ်သည့် မိန်းကလေးတစ်ယောက် မဟုတ်ပေ။ သူမသည် သူမ၏နှလုံးသားလေးက အခုလေးတင် ဗြောင်းဆန်သွားရသည့် အကြောင်းအရင်းကို အလိုလို သိနေ၏။ ရှောင်လင်ယွီမှာ အထက်တန်းစား စာပေပညာရှင်မိသားစုတစ်ခုက သတို့သမီးလောင်း ရှိတဲ့အချက်ကို ဖယ်လိုက်ရင် လိုက်ဖက်ညီတဲ့အနေအထားမရှိတဲ့ စုံတွဲတစ်ခုပဲလေ။ သူမက သာမန်ကျေးတောသူလေးပါ။ ဘယ်လိုလုပ်ပြီး ရှောင်မိသားစုရဲ့ ထုပ်တန်းပေါ် တက်လို့ရမှာလဲ။
အိစက်နေသည့် ဂွမ်းသားအိပ်ရာပေါ်သို့ ချိနဲ့စွာပစ်လှဲလိုက်ပြီး မျက်နှာကျက်ကို အတိုင်းသာ ငေးကြည့်နေမိရင်း တစ်ယောက်တည်း ရေရွတ်နေမိတော့သည်။
“ တကယ်လို့များ အဲလိုမဟုတ်ခဲ့ဘူးဆိုရင်.....”
ဆောင်းဦးအစောပိုင်း၏ လခြမ်းအောက်တွင် အချစ်ကို အခုလေးတင်မှ ရှာဖွေတွေ့ရှိသွားကြသည့် အမျိုးသားနှင့်အမျိုးသမီးတို့သည် ဟိုလှည့်သည်လှည့်ဖြင့် တစ်ညလုံး အိပ်မပျော်နိုင် ဖြစ်ခဲ့ရတော့သည်။ နှစ်ယောက်လုံးက မစသေးရသေးခင်မှာပဲ အဆုံးသတ်ရန် ကြမ္မာဖန်လာသည့် သည်အချစ်ကို မချိတင်ကဲ ခံစားနေရတော့သည်။
***
နှစ်ဦးသား၏ ချိနဲ့သည့်ခံစားချက်က ထိုနေ့ညက ဆောင်းဦးညတွင် ကြွေသွားသည့် ကြယ်များနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်နေ့မနက် နိုးလာချိန်တွင်တော့ သူတို့သည် တဖန် တည်တည်ငြိမ်ငြိမ် ယဥ်ယဥ်ကျေးကျေးဟန်ဖြင့် အပြင်လူများအတွက်တော့ ပုံမှန်လိုဖြစ်နေလေသည်။ သက်ဆိုင်သူများကသာ အချင်းချင်း၏ မျက်လုံးများထဲက ထူးခြားချက်ကို မြင်နေရ၏။
“ ဒီလူရှစ်ယောက်က ရှောင်မိသားစုအိမ်ကနေ ရွေးထားတဲ့ သက်တော်စောင့်တွေပဲ၊ သူတို့အားလုံးကို မင်းဆီမှာ ထားခဲ့လိုက်မယ်”
ရှောင်လင်ယွီသည် ပြောသည့်အတိုင်း လုပ်တတ်သူပင်။ သူမအတွက် လူရွေးပေးမည်ဟု ပြောခဲ့ပြီး မကြာခင်မှာပင် သူတို့ကို ခေါ်လာခဲ့၏။
ယခုတော့ စုမိသားစု သက်တော်စောင့်များအတွက် ငွေကြေးမတတ်နိုင်သည့် မိသားစုတစ်ခု မဟုတ်တော့ပေ။ သို့သော် အထူးအရည်အချင်းရှိသည့် သက်တော်စောင့်များသည် တခြားလူများနှင့် မတူပေ။ သူတို့သည် လူများက သေချာမခွဲခြားတတ်ဘဲ လူဆိုးများကို ရွေးခဲ့မိလျှင် အိမ်ထဲသို့ ဝံပုလွေများကို ဆွဲသွင်းမိသလိုဖြစ်သွားလိမ့်မည်။ သည်အချက်ကြောင့်ပင် ယိုကျင့်က အချိန် ကြာလာသည်အထိ သင့်တော်သည့် လူများကို ရှာမတွေ့ခဲ့ခြင်းပင်။
ရှောင်လင်ယွီ သူမကိုပေးခဲ့သည် သက်တော်စောင့်ရှစ်ယောက်လုံးသည် အသက် ၂၀ဝန်းကျင်သာ ရှိကြသေးသည့် လူငယ်များဖြစ်လေသည်။ အသက်၃၀အရွယ်ခန့် ရှိသည့် သက်တော်စောင့်ခေါင်းဆောင် တစ်ယောက်သာ ပါ၏။ သူတို့အားလုံးသည် ကလေးဘဝကတည်းက ရှောင်မိသားစုထဲသို့ ဝင်ခဲ့ကြသည်။ နောက်တက်မည့်မျိုးနွယ်စုခေါင်းဆောင်ထံမှ အမိန့်ကို မငြင်းဆန်သည်က သဘာဝပင်။ ယိုကျင့်သည် သည်လိုလူများကြောင့် စိတ်အေးသွားပြီး ရှစ်ယောက်လုံးကို ခေါ်ထားလိုက်တော့သည်။
“ ကျွန်မကတော့ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးရှောင်ကို စိတ်ပူမိအောင် ဒုက္ခပေးခဲ့ပြီဆိုတော့ တလေးတစားနဲ့ လက်ခံလိုက်ပါ့မယ်”
ဦးလေးစုန့်ကို သူတို့ကို ခေါ်သွားပြီး နေရာချပေးခိုင်းလိုက်ပြီးနောက် ယိုကျင့်က ကျေးဇူးတင်သည့်အနေဖြင့် ရှောင်လင်ယွီကို ဦးညွှတ်လိုက်လေသည်။
ရှောင်လင်ယွီက အသာအယာခေါင်းညိတ်လိုက်ပြီးနောက် ပြန်ပြောလိုက်၏။
“ မင်းနဲ့ ကျွန်တော့်ကြားမှာ အဲလောက်ယဥ်ကျေးနေစရာမလိုပါဘူးလေ”
ထိုစကားလုံး ထွက်လာသည်နှင့်တပြိုင်နက် သူတို့နှစ်ယောက်ကြားက အနေအထားသည် ချက်ချင်းပင် ကသိကအောက် ဖြစ်သွားတော့သည်။ ရှောင်လင်ယွီက နှစ်ခါလောက် ချောင်းခြောက်ဆိုးလိုက်ပြီး ခြောက်ကပ်ကပ်ဖြင့် စကားလမ်းလွှဲလိုက်တော့သည်။
“ ကျွန်တော်မနက်ဖြန် မနက်စောစော ပြန်ရမယ်၊ ကျွန်တော် ဒီကနေပြန်သွားတာနဲ့ နောက်ဆိုရင် ကျွန်တော်တို့တွေ အချိန်အကြာကြီး ပြန်မတွေ့ဖြစ်မှာ စိုးရိမ်မိတယ်၊ မင်းရဲ့လက်ဖက်တွေရရင် နမူနာပို့ပေးဖို့တော့ သတိရရမှာနော်”
“ဒါပေါ့ရှင့် ဒါဆိုရင်တော့ ကျွန်မက အစ်ကိုကြီးရှောင်ကို ကူညီပေးဖို့ အားကိုးရတော့မှာပဲ၊ ကျွန်မက ရှင့်လို လူချမ်းသာတစ်ယောက်ကို မလျှော်ပစ်နိုင်ဘူးလေ ဟုတ်တယ်မလား”
တခစ်ခစ်ရယ်လိုက်ရင်း ယိုကျင့်သည် ရှောင်လင်ယွီ၏ ဘေးတွင် ရပ်လိုက်လေသည်။ နှစ်ဦးကြားတွင် မီတာဝက်သာ ကွာဝေးပြီး လှေများ သွားလိုက်လာလိုက် လုပ်နေသည့် လော့မြစ်တစ်လျှောက် ဖြည်းဖြည်းချင်း လမ်းလျှောက်လာကြလေသည်။ အကွာအဝေးတစ်ခုမှနေ၍ သက်တော်စောင့်များသည် နောက်ကလိုက်လာပြီး သူတို့ကို မနှောင့်ယှက်ရဲကြချေ။
ရှောင်လင်ယွီသည် ဘာတစ်ခွန်းမှမပြောဘဲ အဝေးက လှိုင်းကြက်ခွပ်များထနေသည့် မြစ်ရေပါ်တွင် ရောင်ပြန်ဟပ်နေသည့် နီရဲရဲဆည်းဆာရောင်ကိုသာ ကြည့်နေလေသည်။ သူတို့နှစ်ယောက်သည် တိတ်ဆိတ်နေကြသော်လည်း သူ့စိတ်ထဲတွင်တော့ အေးချမ်းနေလေသည်။ သူက ညင်ညင်သာသာ မေးလိုက်၏။
“ နောက်ပိုင်း အခွင့်အရေးရရင် ယိုကျင့် မြို့တော်ကို လာခဲ့ပါလား”
“ မြို့တော်က သာ့ဖုန်းမှာ ချမ်းသာကြွယ်ဝဆုံးမြို့ပဲ၊ ကျွန်မ လာချင်တာပေါ့၊ မြို့တော်ကိုမှ မဟုတ်ဘူး၊ သာ့ဖုန်းမှာရှိတဲ့ မြစ်ကြီးတွေ၊ တောင်ကြီးတွေဆီကိုလည်း သွားချင်သေးတယ်၊ ကျွန်မ တစ်ခါမှ မမြင်ဖူးဘူးလေ၊ အခွင့်အရေးသာရရင် သေချာပေါက် နှံ့နှံ့စပ်စပ်ခရီးတစ်ခုတော့ သွားချင်သေးတယ်၊ ကျွန်မက ကြီးကျယ်မြင့်မြတ်တဲ့သူတစ်ယောက် မဖြစ်နိုင်ပေမဲ့ ဘဝဆို အရမ်းကို တိုတောင်းလွန်ပါတယ်၊ ဒါကြောင့် တစ်ခုခုဖြစ်လာအောင်တော့ လုပ်ရမယ်လေ”
ယိုကျင့်သည် ပင့်သက်ရှိုက်လိုက်ပြီး သူမ၏အသံကိုမြင့်ကာ ပြောလိုက်လေသည်။
“ကျွန်မက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ယောက်ျားတစ်ယောက်လို အသက်မွေးဝမ်းကြောင်းတစ်ခု အောင်မြင်မှု မနိုင်ပေမဲ့ ဒီဘဝကိုတော့ အလျင်စလို အလောတကြီးနဲ့ ပြီးမသွားချင်ဘူး၊ သမိုင်းမှာ ကျွန်မရဲ့နာမည်ကို ချန်မထားနိုင်ခဲ့ပေမဲ့လည်း အမှတ်အသားတစ်ခုတော့ ချန်ထားခဲ့နိုင်သေးတယ်လေ”
စိတ်ထဲက ရေရှည်ပန်းတိုင်အကြောင်း ပြောနေသည့် ဆည်းဆာအောက်က မိန်းကလေး၏ ဘေးတိုက်ပုံရိပ်ကို ကြည့်ရင်း ရှောင်လင်ယွီသည် မနေနိုင်တော့ဘဲ ခေါင်းငုံ့လိုက်ကာ တဟင်းဟင်း ရယ်မောလိုက်တော့သည်။
“ မင်းကတော့ အမြဲတမ်း ကြီးကြီးကျယ်ကျယ် ဆင်ခြေတွေ ရှိနေတာပဲ”
ယိုကျင့်သည် သူမနှင့် ခြေတစ်လှမ်းစာအဝေးတွင် ရှိနေပြီး မျက်လုံးတွင် သိမ်မွေ့သည့်အလင်းရောင် ပါရှိသည့် ယောက်ျားကို ကြည့်လိုက်မိပြီးနောက် သူမ၏နှလုံးသားသည် ဒိတ်ခနဲ ခုန်သွားတော့သည်။ သူမသည် သူမ၏တစ်မျိုးတစ်မည် ဖြစ်သွားသည့်ခံစားချက်ကို အပြုံးတစ်ခုဖြင့် မြန်မြန် ဖုံးကွယ်လိုက်ပြီး အဝေးက အဆုံးမရှိသည့်စပါးခင်းကို ကြည့်လိုက်တော့သည်။ သူမသည် ပြုံးရင်း မှတ်ချက်ပြုလိုက်၏။
“ ဒီလောကမှာ နေထိုင်ရတာက လူတစ်ယောက်ဟာ လုပ်ချင်တဲ့အမှုကိစ္စ ၁၀ခုမှာ ၉ခုလောက်ကို မလုပ်နိုင်ဘူးတဲ့၊ ၁၀ခုထဲက ၁ခုမှာတော့ မွေ့လျှော်သင့်ပါတယ်လေ”
အမျိုးသားသည် အရပ်မြင့်မြင့် ချောမောပြီး အမျိုးသမီးသည် အရပ်မြင့်ပြီး လှပလေသည်။ သူတို့သည် နေဝင်ချိန်ကြောင့် ဆွဲဆန့်ထားသည့် အရိပ်ရှည်ကြီးများနှင့်အတူ လော့ကျိုးမြစ်တမံပေါ်တွင် ဘေးချင်းယှဥ်ကာ လမ်းလျှောက်လာခဲ့၏။ အပြန်အလှန်မှီခိုနေကြသည့် အရိပ်များသည် လောကကြီးတွင် အလိုက်ဖက်ဆုံးစုံတွဲတစ်ခုနှယ် တစ်ခြားသူများကို အားကျအောင် လုပ်နေတော့သည်။
ရှောင်လင်ယွီသည် သူမ၏လှုပ်ရှားမှုကို အလိုလို သတိထားမိနေပြီး ထုတ်ပြောလိုက်တော့သည်။
“ နေဝင်သွားတော့ နည်းနည်းအေးလာတယ်နော်၊ ပြန်ကြတော့မလား”
အစကတည်း ယိုကျင့်ကို လမ်းလျှောက်ထွက်ရန် သူက ဆွဲခေါ်လာခြင်း ဖြစ်သည်။ သူ ပြောလိုက်သည့်စကားကို ကြားလိုက်ရချိန်၌ သူမက အားတက်သရော ခေါင်းညိတ်ပြလိုက်တော့သည်။ သူတို့နှစ်ယောက် စုအိမ်ရှိရာဘက်သို့ လှည့်ပြန်လာခဲ့ကြတော့သည်။
ညလေသည် တရှဲရှဲ တိုက်ခတ်နေ၏။ ရောက်လာသည့်အေးမြမြလေက မိန်းကလေးရှိရာဘက်သို့ တိုက်ခတ်နေသော်လည်း အရပ်မြင့်မြင့်ယောက်ျား၏ ရက်ရက်စက်စက် ကြားဖြတ်ခံလိုက်ရသဖြင့် မတတ်သာတော့ဘဲ လမ်းလွဲသွားရတော့သည်။
နှစ်ယောက်သားသည် ဘေးချင်းယှဥ်ကာ လျှောက်လာ၏။ ရှောင်လင်ယွီသည် ညလေ၏တိုက်ခိုက်မှာကို တားဆီးပေးရန် ဘေးသို့လှည့်ကာ လျှောက်လာ၏။ နှစ်ယောက်သားသည် စုအိမ်ရှိရာဖက်သို့ ရှေ့ဆင့်နောက်ဆင့် လျှောက်လာကြလေသည်။ သက်တော်စောင့်များက အကွာအဝေးတစ်ခုမှ လိုက်လာနေဆဲဖြစ်ပြီး သူတို့၏သခင်များကို နှောင့်ယှက်ရန် ရှေ့သို့ တိုးမလာရဲကြချေ။ မကြာခဏဆိုသလို ယောက်ျားတစ်ယောက် ရယ်သံသည် ဆောင်းဦးည၏လေနှင့်အတူ ပါလာလေသည်။
မြစ်တစ်လျှောက်လမ်းလျှောက်လာရင်း အဝေးတစ်နေရာက စုအိမ်ရှေ့တွင် မီးအိမ်နှစ်လုံးကို တွေ့နေရသည်။ မြစ်တခြားဘက်က လယ်သမားများသည် ညရောက်လာပြီး လရောင်ထွက်လာမှ အိမ်ပြန်ကြလေသည်။ ဆောင်းဦးအစောပိုင်းကာလ၏ ပရစ်များသည် လယ်ကွင်းထဲတွင် မမောမပမ်း တစ်ကျီကျီ မြည်နေကြလေသည်။ တူးမြောင်းထဲက ရေထဲမှ ငါးများသည် မကြာခဏဆိုသလို ခုန်ထွက်လာတတ်ကြသည်။ လရောင်အောင် တလက်လက်တောက်ပနေပြီး လှပသည့်မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။
ယိုကျင့်ကို သွားကြိုရန် လွှတ်လိုက်သည့် အစေခံကောင်လေးက မီးအိမ်တစ်လုံးကို ကိုင်ထားပြီး အဝေးတစ်နေရာမှ မမလေးနှင့် သခင်လေးရှောင်တို့ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် စုမိသားစု ဂိတ်တံခါးရှေ့တွင် ရပ်လိုက်ပြီး ဦးလေးဝမ်အား တံခါးဖွင့်ခိုင်းထာကာ အကြီးဆုံးမမလေးပြန်အလာကို တိတ်တိတ်လေး စောင့်နေလိုက်လေသည်။ ဦးလေးဝမ်သည် စုအိမ်တွင် အလုပ်လုပ်ပြီး အခုတော့ ဟန်လီတို့ညီအစ်ကိုနှင့် တစ်ခန်းထဲ နေသည်။ လူကြီးနှင့်လူငယ်ကြားက ဆက်ဆံရေးကလည်း မြဲမြံ၏။ အခုတော့ နေစရာနှင့် စားစရာများကို စုအိမ်က တာဝန်ယူပေးထားပြီး ဝူလီချောင်က မရေမတွက်နိုင်သည့် ရွာသားများကလည်း သူ့ကို အားကျကြသည်။
“ ညလေက နည်းနည်းအေးနေသေးတယ်၊ မမလေးကလည်း ငယ်သေးတယ်၊ မီးဖိုက စားဖိုမှူးကို မမလေးအတွက် အအေးသက်သာစေမဲ့ စွပ်ပြုတ်သွားလုပ်ခိုင်းလိုက်”
တံခါးနားတွင် ရပ်နေသည့် ဦးလေးဝမ်သည် သိပ်မဝေးလှသည့်နေကို မျက်လုံးများ ကျုံ့ကာ ကြည့်နေလေသည်။ သူသည် စိတ်ထဲတွင်တော့ သက်ပြင်းမချနိုင်ဘဲ မနေနိုင်တော့ချေ။ အကြီးဆုံးမမလေးက အခုဆိုရင် ၁၅နှစ်ဖြစ်နေပြီ။ ယောက်ျားနဲ့ မိန်းမကြားက ဒီလိုဆက်ဆံရေးကို သံသယတွေ မပွားရလေအောင် ရှောင်ကြဉ်သင့်တယ်လေ။
ဦးလေးဝမ်သည် ဂိတ်စောင့်တစ်ယောက် ဖြစ်သော်လည်း စုမိသားစု စတည်ထောင်ကတည်းက အတူတူနေလာခဲ့သူဖြစ်သည်။ စုမိသား၏ နောက်ရောက်လာသည့် အစေခံများနှင့် အိမ်တော်ထိန်း ဦးလေးစုန့်ကပင် သူ့ကိုအလွန်လေးစားကြသည်။ သည်ကောင်လေးကိုတော့ ထည့်ပြောရန်ပင် မလိုချေ။ အစေခံလေးသည် တလေးတစားဖြင့် နားထောင်လိုက်ပြီး ထိုအလုပ်ကို မမေ့လျော့ရဲပေ။
“ ဦးလေးဝမ် ညက အေးတယ်လေ၊ ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ”
ယိုကျင့်သည် အိမ်ကို ပြန်ရောက်ရောက်ချင်း လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်က တံခါးနားတွင် စောင့်နေသည်ကို မြင်လိုက်ရတော့ စိတ်ပူသွားပြီး မေးလိုက်တော့သည်။
ဦးလေးဝမ်သည် မမလေး ပြန်ရောက်လာကို မြင်လိုက်ရချိန်၌ သူက အစေခံလေးကို လမ်းပြပေးရန် မြန်မြန် စေခိုင်းလိုက်တော့သည်။
“မမလေးက ညပိုင်းအေးတာကို သိရက်နဲ့ ဘာလို့ အပြင်မှာ ရပ်နေသေးတာလဲ၊ အထဲဝင်ပါတော့”
တစ်ဖက်တွင်တော့ ရှောင်လင်ယွီသည် စုမိသား၏ သခင်နှင့်အစေခံကားက စည်းမျဥ်းများ ထားရှိသော်လည်း သူတို့သည် အပြန်အလှန်စောင့်ရှောက်ကြပြီး မိသားစုဝင်များကို စိတ်ရင်းနှင့် ရင်းနှီးကြမှန်း သတိထားမိလေသည်။ သူသည် မနက်ဖြန် ပြန်ရတော့မည်ကို စဥ်းစားလိုက်မိသောအခါ အနည်းငယ်ပိုပြီး တွန့်ဆုတ်နေမိသလို ခံစားလိုက်ရတော့သည်။