အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
အပိုင်း (၉၇) ရွေးချယ်မှု
ရှောင်လင်ယွီ ပြန်သွားပြီးနောက်ပိုင်းတွင် ပုံမှန်ဆိုလျှင် အေးချမ်းငြိမ်သက်နေသည့် စုမိသားစုမှာ ပိုပြီး အေးချမ်းတိတ်ဆိတ်သွားတော့သည်။
ယခုမူ စုကျားရှန်းဆိုင်လုပ်ငန်းကလည်း ကြီးသည်ထက် ကြီးလာခဲ့သည်။ အနောက်ဘက် မီးဖိုဆောင်ထဲတွင် မုန့်လုပ်သူဦးရေ ဆယ်ယောက် ရှိလာသည်။ ယိုကျင့်သည် ဆိုင်ရှေ့တွင် တာဝန်ယူပေးမည့် အသေးစားစီးပွားရေးတချို့ လုပ်ခဲ့ဖူးသည့် ချန်မျိုးနွယ် အမျိုးသမီးတစ်ယောက်ကို သီးသန့်ရှာတွေ့ထားခဲ့သည်။ ယောက်မချန်သည် လူများနှင့် ဆက်ဆံရာတွင် ဖြတ်ထိုးဉာဏ်ရှိသူတစ်ယောက်ပင်။ အရှေ့ဘက်ဆိုင်ကို သူမအား တာဝန်ပေးလိုက်သဖြင့် လုပ်ငန်းမှာ အနည်းငယ် တိုးတင်လာပြီး ရံဖန်ရံခါ လာတတ်သည့်ဧည်များလည်း တိုးလာတော့သည်။
အခုတော့ ယိုရင်သည် ဆိုင်၏နေ့စဥ် စာရင်းဇယားကိုသာ တာဝန်ယူရတော့သည်။ ယိုကျူးမှာ မုန့်အမယ်များကို တင်းနေအောင် ကိုင်ထားသည်။ ညီအစ်မနှစ်ယောက်သည် အခုတော့ ပိုပြီး လုပ်ရည်ကိုင်ရည် ရှိလာခဲ့သည်။ ယိုကျင့်က ဆိုင်အတွက် လူငှားပေးခြင်း အဓိကအလုပ်များနှင့် လစဥ်စာရင်းဇယားကိုသာ လုပ်ပေးရတော့သည်။ ကျန်သည့်အလုက်များနှင့် အသေးအဖွဲကိစ္စများကို ယိုရင်တို့ ညီမအစ်နှစ်ယောက်ကို တိုင်ပင်ကာ လုပ်စေလိုက်သည်။ ထို့ကြောင့် ယိုကျင့်မှာ အားလပ်ချိန်ရလာတော့သည်။
ယခုမူ ဆောင်းဦးပွဲတော်က နီးလာပြီးဖြစ်ရာ စုကျာရှန်းသည် လမုန့်ပုံစံကွက်များကို လုပ်ထားကာ ဝယ်ယူသူများရှေ့တွင် ချထားပေးကာ ရွေးချယ် မှာယူစေသည်။ လက်ရှိအချိန်သည် ဆောင်းဦးပွဲတော် ရောက်ရန် ဆယ်ရက်လောက်လိုသေးသည်။ လမုန့်အမှာစာ အခု ၇၀၀ လောက် ရရှိထားပြီးဖြစ်သည်။ စုကျားရှန်၏လမုန့်ကို ၄ဝမ် ၊ ၈ဝမ် နှင့် ၂လျန်ဟူ၍ အစုံလိုက် အမျိုးအစားသုံးခု ခွဲထားသည်။ တစ်စုံတွင် ၆ပိုင်းပါရှိသည်။ စျေးကြီးသည်ဟု ဆိုနိုင်လေသည်။
သို့သော် လော့ဟယ်မြို့တွင် လူပေါင်းများစွာရှိပြီး လူချမ်းသာများကလည်း မရှားပေ။ ထို့အပြင် လော့ဟယ်တွင် သွားရေစာမုန့်ဟု ဆိုလိုက်လျှင် အားလုံးက စုကျားရှန်းကို သိထားကြသည်။ လူချမ်းသာများက သည်လိုငွေပမာဏနည်းနည်းလေးကို ဂရုမစိုက်ကြမည်က သဘာဝပင်။ နောက်ဆုံး လမုန့်သည် လူများကို လက်ဆောင်ပေးရန်အတွက် ဖြစ်ပြီး သူတို့လိုချင်သည်ကလည်း မျက်နှာပန်းလှဖို့ပင်။ သူတို့သည် တခြားပစ္စည်းများကို လက်ဆောင်ပေးခဲ့လျှင် ပေါ်လွင်နိုင်မည် မဟုတ်ပေ။ သို့ဆိုလျှင် သူတို့၏တန်ဖိုး ကျသွားရပေလိမ့်မည်။ ထို့ကြောင့် စျေးအကြီးဆုံး ၂လျန်တန် က အမှာစာ ၇၀၀၏ တစ်ဝက်ကျော်လောက်ကို နေရာယူထားတော့သည်။
ဆိုင်ရှေ့တွင် ယိုရင်သည် ပေသီးခုံပေါ်တွင် ဝမ်းသာအားရ အလုပ်လုပ်နေသည်။ အနောက်ဘက် မီးဖိုဆောင်တွင်တော့ ယိုကျူးက မုန့်လုပ်သည့် လူဆယ်ယောက် အဖွဲ့ကို ဦးဆောင်ပြီး လမုန့်များလုပ်ရန် အချိန်ပို စဆင်းနေရသည်။ ပင်ပန်းသော်လည်း သည်နှစ်အစပိုင်းတွင်ယိုကျင့်တို့ညီအစ်မသုံးယောက် တိုင်ပင်ကာ ထုတ်ထားသည့် အလုပ်သမားအပိုဆုကြေး ဆိုသည်က ရှိလေသည်။ မုန့်တစ်ခု ရောင်းရတိုင်း အရှေ့နှင့် အနောက်ဘက်က မုန့်လုပ်သူများက ညီမျှသည့်ဝန်ဆောင်ခတစ်ခု ရကြသည်။ အနောက်ဘက် မီးဖိုဆောင်က လူများသည် အနည်းငယ် ပိုပင်ပန်းကြသော်လည်း အခုတော့ သူတို့လတိုင်း ရှာနိုင်သည့် ငွေမှာ ၂လျန်နီးပါးရှိလေသည်။ ဒါသည် အပြင်ဘက် မုန့်ဆိုင်များ၏လစာများထက် နှစ်ဆကျော်ဖြစ်သည်။ ထိုအရာများသည် သူတို့သည် စုမိသားစုအား သူတို့ကိုယ်သူတို့ ရောင်းစားလိုက်သည်ဖြစ်စေ၊ မရောင်းစားသည်ဖြစ်စေ သူတို့အားလုံးကို စုမိသားစုအတွက် အလုပ်လုပ်ပေးရန် ဆုံးဖြတ်သွားစေတော့သည်။
“အခုပဲ အရှေ့ဘက်က သတင်းရောက်လာတယ်၊ ၂လျန်တန် လမုန့် အမှာစာ ၃၀ ကို လက်ခံထားတယ်တဲ့၊ ဒီနေ့ကစပြီး ငါတို့တွေကတော့ ဆိုင်မှာပဲ စားပြီး ဆိုင်မှာပဲ ခဏလောက်နေရလိမ့်မယ်။ ငါတို့တွေ လမုန့်အားလုံးကို အနည်းဆုံး ၁၃ရက်နေ့မတိုင်ခင် အပြီးလုပ်ရလိမ့်မယ်၊ ဒုတိယအစ်မနဲ့ ငါ တိုင်ပင်ပြီးပြီ၊ အလုပ်များတဲ့အချိန်ပြီးသွားတာနဲ့ ငါတို့တွေက သေသေချာချာအနားယူနိုင်အောင် အားလုံးကို အားလပ်ရက် ၃ရက်စီပြန်ပေးမယ်”
ယိုကျူးသည် ပဲနီအနှစ်ထဲ ထည့်မည့် ပျားရည်ကွေ့ဟွားကို ချိန်ဆလိုက်ပြီး ရောထည့်လိုက်ရန် တခြားသူများကို လှမ်းပေးလိုက်ကာ အားလုံးကို အားပေးလိုက်သည်။ စုကျားရှန်းဆိုင် ပြောင်းလာချိန်က ယိုကျင့်သည် တော်တော်ကြီးလှသည့်ဆိုင်တစ်ခုကို တမင်ရှာထားခဲ့လေသည်။ မိုးဖိုဆောင်အပြင် အနောက်ဘက်ခြံတွင် အခန်း၈ခန်းရှိသည်။ ထိုထဲက နှစ်ခန်းကို မုန့်လုပ်ရတွင် လိုအပ်သည့် ပါဝင်ပစ္စည်းများကို သိုလှောင်ရန် အသုံးပြုထားသည်။ ကျန်ငါးခန်းကိုတော့သည် အထွေထွေကုန်စုံဆိုင်တစ်ခု အဖြစ်ပြောင်းလိုက်ပြီး တစ်ခန်းကို စုမိသားစု ညီအစ်မများက ပုံမှန်နေ့များတွင် အနားယူရန်အတွက် သုံးလိုက်သည်။ ပစ္စည်းအားလုံးနှင့် ပရိဘောဂအားလုံးကို အဆင်သင့်ရနိုင်လေသည်။
“ တတိယမမလေး မစိုးရိမ်ပါနဲ့၊ ကျွန်မတို့တွေ သေချာပေါက်ပြီးမှာပါ”
ကြာပန်းရောင် မျက်နှာဖုံးနှင့် အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်က သူမ၏ရင်ဘတ်ကို ပုတ်လိုက်ပြီး ကြေညာလိုက်လေသည်။
“တခြားအတွက် မဟုတ်ဘဲ ကျွန်မတို့ ညီအစ်မတွေက ငွေအတွက် အလုပ်လုပ်နေတာပဲလေ ဟုတ်တယ်မလား”
အားလုံးကလည်း တညီတညွတ်ထဲ ခေါင်းညိတ်လိုက်ကြသည်။ လက်ထဲက တာဝန်များသည် အနည်းငယ် မြန်မြန်ဆန်ဆန် ပြီးမြောက်သွားတော့သည်။
အခုတော့ အနောက်ဘက်မီးဖိုဆောင်သည် အချင်းချင်းနားလည်မှုဖြင့် စုစည်းကာ ညီညီညွှတ်ညွှတ် လုပ်နေကြသည့် အဖွဲ့တစ်ခု ဖြစ်သွားတော့သည်။ ပစ္စည်းများ ရောခြင်း၊ ဂျုံနယ်ခြင်း နှင့် ပုံသွင်းခြင်းများကို တာဝန်ယူထားသူများကို လုပ်အားခွဲဝေမှု ရှင်းရှင်းလင်းလင်းလုပ်ထားပေးပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြသည်။ မီးဖိုထဲတွင် မုန့်လုပ်ရသည့်အလုပ်က တစ်နေကုန် အချိန်ယူရလေသည်။ အားလုံးပေါ်တွင် တာဝန်များ လျော့နည်းသွားစေရန် ယိုကျူးက ရှည်လျားသည့် အလုပ်စားပွဲရှည်ကြီးတစ်လုံးကို ကိုယ်တိုင်အထူးလုပ်ထားပြီး ခွေးခြေခုံများကိုလည်း အမြင့်နှင့် ကိုက်ညီအောင် ကွက်တိလုပ်ထားပေးသည်။ အားလုံးက အလုပ်လုပ်ချိန်၌ ခွေးခြေခုံများပေါ်တွင် ထိုင်ကြသည်။ တနေ့လုံး ရပ်စရာမလိုတော့သည့် နေ့များနှင့် သူတို့၏ခြေထောက်များ အရောင်ကျသွားသည်က အများပြီး သက်တောင့်သက်သာ ရှိလာစေတော့သည်။
ရုပ်ကလေးလှပသည့် အမျိုးသမီးနောက်တစ်ယောက်က မျက်ခုံးများ ကွေးညွတ်သွားသည်အထိ သွားပေါ်အောင် ပြုံးကာ မှတ်ချက်ပေးလိုက်တော့သည်။
“ တခြားဟာတွေ မပြောနဲ့အုံး ကျွန်မတို့မိသားစုထုတ်တဲ့ ပျားရည်တစ်ခုထဲကတော့ တခြားလူတွေထက် အများကြီး သာနေပြီလေ”
စုကျားရှန်း၏ ပဲအစာသွပ်မုန့်ထဲတွင် ဟိုကျားဝမ်တောင်က ရသည့် စုမိသားစု၏ ပျားမွေးမြူရေးက ပျားရည်များကို ထည့်သွင်းထားခဲ့သည်။ သာ့ဖုန်းတွင် ပျားမွေးသူများ သိပ်မရှိကြချေ။ စုမိသားစုကဲ့သို့ မုန့်ထဲတွင် ပျားရည်ထည့်နိုင်သူများက မရှိသလောက်ပင်။ တမူထူးခြားသည့် ချိုမြမြပျားရည်နံ့က ကွေ့ဟွာရနံ့နှင့် ရောသွားသည်။ မရေမတွက်နိုင်သည့်လူများ၏ တောင့်တစိတ်ကို ထိုအရာက မွှေနှောက်ထားတော့သည်။ ယခုမူ ပဲနှစ်မုန့်သည် စုကျားရှန်း ဧည့်သည်များအတွက် မဝယ်မဖြစ် မုန့်တစ်မျိုး ဖြစ်လာတော့သည်။
ယိုကျူး၏ နှုတ်ခမ်းထောင့်တွင် ခပ်ရေးရေးအပြုံးတစ်ခု ရှိနေသည်။ သူမသည် ဘာမှ ပြန်မပြောလိုက်ချေ။ လက်ရှိ မိသားစုတွင် အမေ၊ မကြီးနှင့် သူမသာ မုန့်လုပ်နည်းကို သိလေသည်။ ဆိုင်က လူများသည် ပါဝင်ပစ္စည်းများကို သိထားသော်လည်း အချိုးအစားအတိအကျကိုတော့ မကြီးနှင့် သူမက ညပေါင်းများစွာ မအိပ်တန်းနေ စမ်းခဲ့ပြီးမှ ရလာခြင်းပင်။ သူတို့သည် အရသာတွင် အနည်းငယ်ကွဲပြားသည့် မုန့်အားလုံးကို ပြည့်အင့်ကာ အန်ထွက်သည်အထိ အရသာခံကြည့်ခဲ့ပြီးမှ ပြီးပြည့်စုံသည့် မုန့်လုပ်နည်းကို ရလာခြင်းပင်။ ဒါသည် သူမ၏မိသားစုက အသက်ရှင် ရပ်တည်ရန်အတွက် မှီခိုအားထားရသည့် မုန့်လုပ်နည်းပပင်။ သူမသည် ထိုမုန့်လုပ်နည်းကို ပေါက်ကြားခွင့် မပြုနိုင်ပေ။
စုမိသားစုထဲတွင် ယိုကျင့်သည် အရသာအခံတတ်ဆုံး သူဖြစ်သည်။ အနည်းငယ် ပိုချိုနေသည်ဖြစ်စေ အပူအနည်းငယ် များသွားသည်ဖြစ်စေ မကြီးက ကွာခြားချက်ကို အမြဲတမ်း အရသာခံနိုင်ခဲ့သည်။ ထို့ကြောင့် ယိုကျူးက စိတ်ကူးသစ်ရလာတိုင်း သူမသည် ယိုကျင့်ကို ဆွဲခေါ်ကာ အကြံဉာဏ်များ တောင်းတတ်သည်။ ယိုကျူးချက်သည့် အစားအသောက်များက သိပ်မကောင်းလှသေးသော်လည်း သူမသည် ဖန်တီးနိုင်စွမ်း ရှိပြီး အသစ်အဆန်းများကို လုပ်ရဲသည့်သတ္တိရှိသည်။ စုကျားရှန်းတွင် ရောင်းကောင်းလာသည့် မုန့်တချို့မှာ သူမ၏ရုတ်တရက် စိတ်ကူးများနှင့် အတွေ့အကြုံများသာ ဖြစ်လေသည်။ အိမ်အခြေအနေမှာ တဖြည်းဖြည်း ကောင်းသည်ထက် ကောင်းလာသည်။ ထို့ကြောင့် ယိုကျင့်သည် ကိုယ်ဟာကိုယ် ဟိုလှည့် သည်လှည့်ဖြင့် ကောင်းကောင်းအနားပေးနိုင်လာသည်။
စုကျားရှန်း၏ မုန့်လုပ်နည်းအကြောင်းကို စုမိသားစုမှ မိန်းကလေးအချို့သာ သိကြသည့်အချက်ကိုလည်း စုကျားရှန်းတွင် အလုပ်လုပ်ကြသူတိုင်း သိကြသည်။ တခြားမုန့်ဆိုင်များက မုန့်လုပ်နည်းကို ခိုးယူရန် စုကျားရှန်းတွင် အလုပ်လုပ်နေသည့် လူများ လာဘ်ထိုးဖို့ မကြိုးစားခဲ့တာတော့ မဟုတ်ပေ။ သူတို့အားလုံးက မအောင်မြင်ခဲ့ကြခြင်းသာ။ တချို့ကို အကြီးဆုံးမမလေးကိုယ်တိုင် မိသွားပြီး စုကျားရှန်းမှ ချက်ချင်း မောင်ထုတ်ပစ်လိုက်သည်။
အရင်က သင်ခန်းစာများကို သိထားသောကြောင့် အလုပ်သမားများသည် သိချင်ကြသော်လည်း မစုံစမ်းရဲကြတော့ချေ။ တော်တော်ကြာသည်အထိ အေးချမ်းသွားတော့သည်။
***
“မမလေး ဟိုကျားဝမ်က ဒီနှစ် ကျွန်တော်တို့ရဲ့ပျိုးပင်တွေအားလုံး ကြီးလာပြီ၊ ကွေ့ဟွားနဲ့ ဆူးနှင်းဆီတွေလည်း အထွက်ကောင်းကြတယ်၊ အစောပိုင်းက ကြက်ပေါက် အကောင်တစ်ရာကလည်း အများကြီး ထွားလာကြပြီ၊ ကြည့်ရတာတော့ ဒီနှစ်ကုန်ရင် သားသတ်ရုံကို ရောင်းလို့ရနိုင်လောက်တယ်”
စုန့်ဟွာသည် ချာရှန်းသို့ သွားလိုက်ပြီးနောက်တွင် ဦးလေးစုန့်က ဟိုကျားဝန်က ကိစ္စများကို တာဝန်ယူထားရသည်။ သူသည် နေ့တိုင်း အလွန်အလုပ်များလေသည်။
ယိုကျင့်က အရင်လက စာရင်းစာအုပ်ကို ဂရုတစိုက်ကြည့်လိုက်ကာ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“ အခု ဆောင်းဦးရောက်နေပြီ၊ အပင်တွေအတွက် အအေးဒဏ်ခံနိုင်မဲ့ အလုပ်နဲ့ ကြက်ခြံတွေကိုလည်း ကာပေးဖို့ သေချာချာ လုပ်ထားသင့်တယ်၊ အခု အိမ်မှာ အလုပ်တွေများနေတော့ ကျွန်မက ဦးလေးစုန့်ကိုပဲ ကြိုးစားပေးဖို့ အပူကပ်ရတော့မှာပဲ”
အခုတော့ စုမိသားစု၏လုပ်ငန်းမှာ ကြီးသထက်ကြီးလာပြီး သုံးစရာလူများများ မရှိသလောက်ပင်။ စုစုပေါင်း လူအနည်းငယ်သာ ကျန်တော့သည်။ ထို့ကြောင့် စုန့်မိသားစု၏ သားအဖေက ပင်ပန်းခဲ့ရသည်။
“ ဒါက ဒီအစေခံအိုကြီး လုပ်သင့်တာတွေပါ၊ မမလေးရဲ့ အလေးပေးခံရတာကိုကာ ကျွန်တော်တို့ ကံကောင်းတာပါ၊ ကျွန်တော်က ဘယ်တော့မှ ပင်ပန်းတယ်လို့ မမြင်ပါဘူး”
ဦးလေးစုန့်က လက်နှစ်ဖက်ကို ယှက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ သူသည် အရင်က ချမ်းသာသည့်အိမ်ထောင်တစ်ခုတွင် အလုပ်လုပ်ခဲ့သော်လည်း လက်ရှိ စုမိသားစုတွင် နေရသလောက် အဆင်မပြေခဲ့ချေ။ သခင်များက သူ့ကို ယုံကြည်ပေးပြီး လေးစားကြသည်။ ထို့ကြောင့် သူသည် ပိုမို အားစိုက်ထည့်ကာ လုပ်ဆောင်မည်က သဘာဝပင်။
ယိုကျင့်က စာရင်းစာအုပ်ပို ပိတ်လိုက်ပြီး ဦးလေးစုန့်ကို ကြည့်လိုက်ကာ
“ ကျွန်မ ပြီးခဲ့တဲ့ ရက်တုန်းက ချာရှန်းကို စာတစ်စောင် ပို့ခိုင်းလိုက်သေးတယ်၊ စုန့်ဟွာက ဆောင်းဦးပွဲတော်ကို သေချာပေါက် မလွှတ်စေရပါဘူး၊ အချိန်တန်ရင် ဦးလေးတို့မိသားစု ပြန်ဆုံစည်းပြီး ဆောင်းဦးပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမှာပါ”
ယိုကျင့်တွင် သူမ၏ကိုယ်ပိုင်အစီအစဥ်များ ရှိပြီးသားပင်။ သည်တစ်ကြိမ် စုန့်ဟွာကို ပြန်ခေါ်ရခြင်းကလည်း ချာရှန်းသို့ လူတစ်ယောက် ထပ်ထည့်ပေးရန် စီစဥ်ထားသောကြောင့်ပင်။ တစ်ချက်မှာ သူတို့ကို အကူအညီပေးရန်ဖြစ်ပြီး အပြန်အလှန် မှီခိုအားထားရရန်ဖြစ်သည်။ ဒုတိယအချက်မှာ ကောင်းကင်က မြင့်မားပြီး ဧကရာဇ်မင်းကလည်း ဝေးကွာလွန်းလှသည်။ လူနှစ်ယောက် ရှိခြင်းက တစ်ယောက်တည်းရှိသည် ထက်စာလျှင်တော့ ပိုကောင်းလေသည်။
“ ကျေးဇူးတင်ပါတယ် မမလေး”
ဦးလေးစုန့်တွင် စုန့်ဟွာဟူသည့် သားတစ်ယောက်သာရှိသည်။ ဆောင်းဦးပွဲတော်အတွင်း မိသားစု ပြန်ဆုံစည်းဖို့ မျှော်လင့်မိသည်က ပြောရန်ပင် မလိုချေ။ သို့သော် သူတို့သည် ကိုယ်တိုင် ကျွန်များအဖြစ် ရောင်းချထားခဲ့ပြီးဖြစ်သည်။ သခင့်အလိုတိုင်းသာ လုပ်ရပေမည်။ ထို့ကြောင့် သူသည် သားဖြစ်သူက ပွဲတော်အတွက် ပြန်လာရန် မတောင်းဆိုရဲပေ။ အကြီးဆုံးမမလေးက အရင်ဆုံး ထုတ်ပြောလာသဖြင့် သူ့မှာ ကျေးဇူးတင်လို့ပင် မဆုံးတော့ချေ။
လူကြီးနှင့် လူငယ်နှစ်ယောက်သည် စာဖတ်ခန်းထဲတွင် အချိန်တော်တော်ကြာအောင် စကားပြောလိုက်ပြီးကြပြီးနောက် ယိုကျင့်က ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် ဦးလေးစုန့်သည် ပြန်ထွက်လာခဲ့သည်။
သူသည် စာကြည့်ခန်းတံခါးမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် တရုတ်ရိုးရာပုံစံ အနွေးထည်နှင့် ဘောင်းဘီကို ဝတ်ဆင်ကာ တံခါးနားတွင် ရပ်နေသည့် ဟန်လီကို တွေ့လိုက်ရ၏။ သူက ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ထွက်သွားလိုက်တော့သည်။
ဟန်လီက အကြီးဆုံးမမလေး ဘာကြောင့် သည်ကို ခေါ်ခဲ့သည့်အကြောင်းအရင်းကို မသိပေ။ သို့သော် မှာကြားထားသည့်အတိုင်း မိနစ်အနည်းငယ်ကြာအောင် တံခါးနားတါင် စောင့်နေလိုက်သည်။ ဦးလေးစုန့် ထွက်လာပြီး သိပ်မကြားခင်တွင် အထဲဘက်မှ အကြီးဆုံးမမလေး၏အသံက ထွက်လာခဲ့၏။
“ဝင်ခဲ့ပါ”
ထို့နောက် သူက စာကြည့်ခန်းထဲသို့ လျှောက်ကာဝင်သွားလိုက်သည်။
ချိုးဖန်က လက်ဖက်ရည်ကို ပြန်ဖြည့်ပေးရန် ရောက်လာ၏။ သူမသည် အကြီးဆုံးမမလေးက မျက်လုံးဖြင့် အချက်ပေးလိုက်သဖြင့် တိတ်တိတ်လေး ပြန်ထွက်သွားပြီး တံခါးနားတွင် စောင့်ကြပ်နေလိုက်သည်။ ချိုးဖန်နှင့် တခြားလူ ၇ယောက်သည် စုမိသားစုက ဝယ်ပြန်လာသည့် အမျိုးသမီးအစေခံများ ဖြစ်ကြသည်။ ယိုကျင့်သည် နာမည်များကို စဥ်းစားရန် ပျင်းလာသဖြင့် သူတို့ကို နေစနစ်အခေါ်အဝေါ် ၂၄ခုထဲက ၈ခုနာမည် ပေးထားလိုက်သည်။ စုအိမ်သို့ ဝင်လာပြီးနောက် အဒေါ်စုန့်၏ ဆယ်ရက်ကျော် သင်ကြားပေးခြင်းကို လက်ခံရရှိပြီးနောက် ချိုးဖန်ကို သူမ၏ ဆင်ခြင်တတ်ပြီး ရိုးသားမှုကြောင့် အကြီးဆုံးမမလေးကို စောင့်ရှောက်ပေးရန် တာဝန်ပေးခံခဲ့ရသည်။ ချိုးဖန်သည် စုမိသားစုသို့ ဝင်လာပြီးနောက်တွင် စုမိသားစု၏လုပ်ငန်းကို အကြီးဆုံးမမလေးက တာဝန်ယူထားမှန်း သိလာခဲ့သည်။ အကြီးဆုံးမမလေးသည် သူမနှင့် သက်တူရွယ်တူခန့်ဖြစ်သော်လည်း သူမသည် အကြီးဆုံးမမလေးကို အမြဲတမ်း အံ့ဩလေးစားရလေသည်။ အကြီးဆုံးမမလေးက ဘာကိုပဲ ပြောပြော သူမသည် သူမကို သိုးထိန်းတစ်ယောက်လို ဆက်ဆံခဲ့ပြီး လိုက်လျောတတ်သည်။
“ နင် ငါတို့မိသားစုဆီ ရောက်တာ နှစ်နှစ်နီးပါး ရှိသွားပြီမလား”
ယိုကျင့်က ပန်းကန်လုံးထဲက ရေနွေးငွေ့များကို အသာအယာမှုတ်လိုက်သည်။ အနည်းငယ် ကိုးရိုးကားယားနှင့် ရပ်နေသည့် ဟန်လီကို ကြည့်ရင်း သူမက လေသံပျော့ပျော့ဖြင့် မေးလိုက်၏။
ဟန်လီသည် အခုဆိုလျှင် အသက်၁၆နှစ် ပြည့်တော့မည်။ ပြီးခဲ့သည့်နှစ်နှစ်အတွင်း သူသည် စုမိသားစုတွင် ကောင်းကောင်းစားပြီး နွေးနွေးထွေးထွေး ဝတ်စားခဲ့ရသည်။ သူသည် မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းနှင့် ချောမောသန်မာသည့် လူငယ်လေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။ ပုံမှန်အားဖြင့် သူသည် အပြင်ဘက်တွင် သွားလာရချိန်၌ ဝူလီချောင်က မိန်းမငယ်လေးများ၏ အကြည့်ကို ဆွဲဆောင်ထားခဲ့သည်။ မမလေး၏မေးခွန်းကို ကြားလိုက်ရပြီး ဟန်လီသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။ သို့သော် သူက ရိုးရိုးသားသား ပြန်ဖြေလိုက်၏။
“ မမလေးရဲ့မေးခွန်းကို ပြန်ဖြေပါတယ်၊ နှစ်နှစ်နဲ့ သုံးလရှိပါပြီ”
“ အဲလောက်တောင် ကြာသွားပြီလား”
ယိုကျင့်က သူမ၏လက်ဖက်ရည်ပန်းကန်ကို ချထားလိုက်ကာ ဟန်လီနှင့် အားဟွာတို့ စုအိမ်ကို ရောက်ချိန်က သူတို့သည် ညစ်ပတ်ပေတူးနေသည့် သူတောင်းစားလေးနှစ်ယောက်ကို သတိရသွားတော့သည်။ သတိမထားမိခင်မှာပဲ နှစ်နှစ်ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်သွားတာပဲ။ အချိန်က အရမ်းကုန်မြန်တာပဲ။
.... ဟန်လီသည် ဘာပြောရမည် မသိဖြစ်သွားသဖြင့် ဘာမှဆက်မပြောဘဲ နေလိုက်တော့သည်။
ခေါင်းငုံ့ထားသည့် ဟန်လီကို ကြည့်ရင်း ယိုကျင့်က ပြုံးကာ ပြောလိုက်၏။
“ စိတ်မလှုပ်ရှားပါနဲ့၊ အရင် ထိုင်ပါအုံး၊ စကားကောင်းကောင်း ပြောကြတာပေါ့”
“ဟုတ်ကဲ့”
သူက ဘာတစ်ခွန်းမှ မပြောသည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်က မသိမသာ သက်ပြင်းချင်လိုက်တော့သည်။ ယိုရင်က ဘယ်လိုဖြစ်ပြီး ဒီလို တုံးတုံးအအ ဘဲငန်းကိုမှ မျက်စိကျသွားတာလဲ မသိပါဘူး။ ဟုတ်ပါသည်။ ယိုကျင့်သည် နေ့တိုင်း အလုပ်များနေသော်လည်း ငယ်ချစ်ဦးဟု သတ်မှတ်လို့ရသည့် လူငယ်တစ်တွဲကြားက ဆက်ဆံရေးအကြောင်း တချို့ကိုတော့ သိထားသည်။
ယိုကျင့်သည် ဟန်လီကို သဘောမကျသည်က မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူနှင့် နှစ်နှစ်တာ ဆက်ဆံလာခဲ့ပြီးနောက် သူမသည် ဟန်လီကို အကြမ်းဖျင်းတော့ နားလည်လာခဲ့သည်။ သူသည် ရိုးသား ပွင့်လင်းပြီး မကောင်းသည့် စိတ်ကူးများ မရှိပေ။ တစ်ချက်ကို ထုတ်ပြရမည်ဆိုလျှင် သူသည် မိဘမဲ့ ဖြစ်နေခြင်းပင်။ ယိုရင်သည် အမြဲလိုလို စိတ်ပျော့သည့်အကျင့်တစ်ခု ရှိသည်။ သူမသည် အဝေးသို့ လက်ထပ်သွားခဲ့လျှင် အနာဂတ်တွင် သူမ အနိုင်ကျင့်ခံရလျှင် ယိုကျင့်က သူမကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဟန်လီနှင့် လက်ထပ်ပေးလိုက်လျှင်တော့ ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်လာလိမ့်မည်။
“နင်ကလည်း ၁၆နှစ်ပြည့်တော့မယ်နော်၊ လက်ထပ်ဖို့ စကားပြောရမဲ့ အရွယ်ရောက်နေပြီ၊ နင် ဘယ်လိုစဥ်းစားထားလဲ”
သူမသည် တည့်တိုးမေးလိုက်သော်လည်း ယိုကျင့်မှာ အနည်းငယ် ရှက်ရွံ့နေမိသည်။ သူမသည် ကိုယ်ဟာကိုယ် သတိပေးလိုက်ပြီး ချောင်းဟန့်ကာ မေးလိုက်လေသည်။
နေရခက်ခက်နှင့် ထိုင်နေသည့် ဟန်လီမှာ အကြီးဆုံးမမလေးက သည်မေးခွန်းကို သူ့ကို ခေါ်မေးလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူ၏ နေလောင်နေသည့်မျက်နှာပေါ်တွင် မသင်္ကာဖွယ် ရှက်သွားသည့်အသွင်တစ်ခု ပေါ်လာတော့သည်။ သူသည် စကားလုံးများ အထစ်ထစ် အငေါ့ငေါ့ဖြင့် စကားမပြောနိုင်အောင် ဖြစ်သွားတော့သည်။
“ ကျ - ကျွန်တော် ကျွန်တော်....”
သူ့နှလုံးသားသည်လည်း ယောက်ယက်ခတ်သွားတော့သည်။ သူပထမဆုံးတုံ့ပြန်မှုမှာ အပြစ်ရှိသည့် အသိစိတ်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။ မမလေးက သူ့နှလုံးသား နက်နက်ထဲတွင် ဖုံးကွယ်ထားသည့်အရာကို ရှာဖွေတွေ့ရှိသွားသလို ခံစားလိုက်ရလေတော့သည်။
…
အပိုင်း (၉၈) ဆောင်းဦးပွဲတော်
“ စိတ်မပူပါနဲ့ ငါက ဒီအတိုင်းမေးကြည့်တာပါ”
သူ၏မွှန်ထူသွားပုံကို မြင်လိုက်ရပြီးနောက် ယိုကျင့်သည် မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွားတော့သည်။ ဟန်လီက သူမကို ချစ်ငှက်မောင်နှံအား ကွဲအောင်လုပ်တော့မည့် လူဆိုးတစ်ယောက်လို့ ထင်နေသလို ခံစားလိုက်ရတော့သည်။
“ နင်က အခု ၁၆နှစ်ရှိပြီလေ၊ နင်သာ သာမန်လူတစ်ယောက်ဆိုရင် လက်ထပ်ဖို့ စကားပြောရမဲ့ အရွယ်ရောက်နေပြီ၊ နင့်မှာ စဥ်းစားထားတာ တစ်ခုခုရှိရင် ငါ့ကို ပြောပြကြည့်ပါလား”
ဟန်လီသည် ရှက်ရှက်နှင့် သူ့နောက်စေ့ကို သပ်နေတော့သည်။ သူကိုယ်တိုင်နှင့် သူချစ်ရသည်ကြားက ကွာဟချက်ကို စဥ်းစားလိုက်ပြီး မတတ်သာတော့ဘဲ အနည်းငယ် ငြင်းဆိုလိုက်မိတော့သည်။
“ ကျွန်တော့်မှာ မိဘလည်းမရှိဘူး၊ မိသားစုလုပ်ငန်းလည်း မရှိဘူး၊ ဘယ်သူက ကျွန်တော့်ကို စိတ်ဝင်စားမှာလဲဗျာ”
ဟန်လီသည် တွေးမိလေလေ သူ့စိတ်ထဲတွင် ဆုံးရှုံးမှုခံစားချက်ကို ပိုခံစားရလေလေ ဖြစ်နေတော့သည်။ သူသည် ငန်းသားကို စားဖူးချင်သည့် ဖားတစ်ကောင်ဖြစ်မှာ စိုးနေမိ၏။
ယိုကျင့်သည် သူစဥ်းစားနေသည့်အရာများကို ဂရုမစိုက်နေဘဲ သည်အတိုင်းပြောလိုက်တော့သည်။
“ နင်ရောက်လာကတည်းက ငါတို့မိသားစုနဲ့ စာဖတ်တယ်၊ လက်ရေးလည်း သင်လာတာခဲ့တာပဲ၊ ဘာလို့ ကိုယ့်ဟာကိုယ် လျှော့တွက်နေတာလဲ၊ ငါ့မှာ လတ်တလော စိတ်ကူးတစ်ခု ရှိတယ်၊ ငါနင့်ကို ကိစ္စတွေကို စီမံတာ ကူခိုင်းဖို့ ချာရှန်းကို လွှတ်မလို့၊ နင်ဘယ်လိုထင်လဲ”
“ချာရှန်းကို သွားရမယ် ဟုတ်လား”
ဟန်လီသည် အကြီးဆုံးမမလေးက သူ့ကို တိုးတက်လာအောင် လုပ်ပေးနေမှန်း နားလည်သွားတော့သည်။ သို့သော် သူသွားလိုက်လျှင် အားဟွာက ဝူလီချောင်တွင် တစ်ယောက်တည်း ကျန်ခဲ့မည့်အရေးကို စဥ်းစားလိုက်မိပြီး အနည်းငယ် တုံ့ဆိုင်းနေတော့သည်။
ယိုကျင့်က သူ့သောကကို သိလိုက်သဖြင့် အာမခံပေးလိုက်လေသည်။
“စိတ်ချလက်ချနဲ့သာ သွားပါ၊ အားဟွာက စုမိသားစုအိမ်မှာ ဘာမှအနိုင်ကျင့်ခံရစရာအကြောင်း မရှိပါဘူး၊ အခုက ချာရှန်းမှာ စုန့်ဟွာတစ်ယောက်ပဲ ရှိတာလေ၊ နင် ဦးလေးစုန့်နားမှာ ခဏလောက်တော့ သင်ရအုံးမှာပေါ့၊ အခုက လက်တွေ့အသုံးချဖို့ အချိန်ရောက်ပြီလေ”
အမှန်တွင်တော့ ဟန်လီအပေါ် ယိုကျင့်၏မျှော်လင့်ချက်သည် ထိုထက်မြင့်လေသည်။
“ ပြီးတော့ နင် ချာရှန်းကို သွားလိုက်လည်း စာလုပ်တာကိုတော့ လျှော့လိုက်လို့မရဘူးနော်၊ နင်က အခုဆိုရင် အဆင့်နိမ့်လူတန်းစား မဟုတ်တော့ဘူး၊ သန့်ရှင်းတဲ့ နောက်ခံတစ်ခုရှိတာထက် ထုန်ရှန်း တစ်ယောက် ဖြစ်ရင် ပိုကောင်းတာပေါ့”
သာ့ဖုန်း၏ဥပဒေအရ သူတို့ကိုယ်သူတို့ ရောင်းစားထားသည့် အဆင့်နိမ့်လူတန်းစားများသည် တော်ဝင်စာမေးပွဲကို ဖြေဆိုခွင့်မရှိကြပေ။ ဟန်လီသည် စုမိသားစုသို့ ဝင်လာစဥ်က သူ့ကိုယ်သူ မရောင်းချခဲ့ပေ။ အခုတော့ ထိုအရာကပင် ကောင်းသည့်အချက် ဖြစ်နေသယောင်။
အချိန်တော်တော်ကြာအောင် စကားပြောလိုက်ကြပြီးနောက် ဟန်လင်း၏ မပြတ်သားနိုင်သည့် တုံ့ပြန်မှုကြောင့် ယိုကျင့်သည် ဆေးပြင်းအားကို ထပ်တိုးရန် ဆုံးဖြတ်လိုက်တော့သည်။
“ နင် ဘာမှမရှိဘဲနဲ့တော့ ငါတို့အိမ်ကို လက်ထပ်ခွင့်တောင်းဖို့ စဥ်းစားလို့မရနိုင်ဘူးလေ ဟုတ်တယ်မလား၊ နင် ယိုရင်ကို သဘောကျနေတာ ငါ မသိတာ မဟုတ်ပါဘူး၊ ယိုရင်က ငါ့ညီမလေးလေ၊ အနာဂတ်မှာ သူ မခံစားရအောင် မျှော်လင့်မိတာက သဘာဝပဲ၊ နင့်လက်ရှိအခြေအနေနဲ့ဆိုရင် လက်ထပ်ဖို့အရေး တင်တောင်းဖို့ ဘာရှိလို့လဲ”
“အကြီဆုံးမမလေး”
ဟန်လီသည် အလွန်လန့်ဖျပ်သွားပြီး သူမကို တည့်တည်းစိုက်ကြည့်လိုက်လေသည်။ သူသည် ဘာပြောရမည်မသိဖြစ်သွားတော့သည်။
ယိုကျင့်က လက်ခါပြလိုက်ပြီး သူ့ကို ဆက်မတိုက်တွန်းတော့ချေ။
“ ဒီကိစ္စကို သေချာလေးစဥ်းစားလိုက်ပါ”
ထို့နောက် သူမသည် သူ့ကို ပြန်လွှတ်လိုက်တော့သည်။ ဟန်လီသည် စာကြည့်ခန်းမှ ထွက်လာသောအခါ သူ့စိတ်အစဥ်တို့သည် ရေဗွက်ကြီးတစ်ခုလို ဖြစ်နေပြီး ဘာလုပ်ရမည်မသိ ဖြစ်နေတော့သည်။
***
ယိုကျင့်နှင့် ဟန်လီတို့သာ သည်ကိစ္စကို သိထားကြ၏။ နှစ်ယောက်လုံးသည် အပြန်အလှန် နားလည်ထားရင်း ထိုကိစ္စကို မေ့ထားသည့်နှယ် လုံးဝထုတ်မပြောခဲ့ကြပေ။
ဆောင်းဦးပွဲတော်ကလည်း တဖြည်းဖြည်းနီးကပ်လာ၏။ ၁၁ရက်နေ့တွင် ချာရှန်းတွင် ရောက်နေသည့် စုန့်ဟွာက ရက်အနည်းငယ် ခရီးနှင်လာပြီးနောက် ဝူလီချောင်သို့ ပြန်ရောက်လာခဲ့သည်။
“ သားရယ် ပိုပိန်၊ ပိုမည်းပြီး အရပ်ပိုရှည်လာတာပဲ”
နှစ်လနီးပါးလောက် မတွေ့ရသည့် သားဖြစ်သူကို ကြည့်ရင်း အဒေါ်စုန့်၏မျက်ရည်များသည် မထိန်းနိုင်တော့ဘဲ နီလာတော့သည်။
ဘေးက ဦးလေးစုန့်ကလည်း မျက်ရည်များ လည်လာ၏။ သို့သော် သူ့ခံစားချက်ကို ချိုးနှိမ်ထားလိုက်ကာ ပြောလိုက်၏။
“ သားပြန်လာတာ ကောင်းတဲ့ကိစ္စပဲလေ၊ အဘွားကြီး နင်က ဘာလို့ အဲလောက်ငိုနေတာလဲ၊ သား မင်းလည်း တစ်လမ်းလုံး ပင်ပန်းလာပြီ ဝင်သွားပြီး မြန်မြန်အနားယူတော့”
သူ့လူကြီး ပြောလိုက်သည့် စကားကိုကြားလိုက်သဖြင့် အဒေါ်စုန့်သည် သားဖြစ်သူမှာ ခရီးဝေး နှင်လာရသဖြင့် အလွန်ပင်ပန်းနေမည်ကို သတိရသွားတော့သည်။ သူမသည် မျက်လုံးထောင့်က မျက်ရည်များကို မြန်မြန်သုတ်လိုက်ပြီး
“ ဪဟယ် ဟုတ်ပါ့ မမလေးက သားပြန်လာရင် အနားယူလိုက်ပါလို့ ပြောထားတယ်၊ သွား နားတော့နော်၊ မမလေးပြန်လာတာကို စောင့်ပြီးမှပဲ အလုပ်အတွက် သတင်းသွားပို့လိုက်”
ယိုကျင့်သည် သည်မနက်စောစောတွင် အိမ်က ထွက်ခဲ့သည်နှင့် ကြုံသွားခြင်းပင်။ ဆောင်းဦးပွဲတော်ကလည်း နီးကပ်လာပြီ။ သူမသည် သူတို့၏ဓလေ့အတိုင်း ဧည့်သည်များကို လက်ဆောင်တချို့ ပေးချင်ခဲ့သည်။ ကျန်တာကို ဖယ်ထားလိုက်လျှင်တောင် တရားသူကြီး အရာရှိချင်မိသားစုကိုတော့ မဖြစ်မနေပို့ရမည်။
ရှောင်လင်ယွီသည် စုအိမ်တွင် တစ်လကျော်နေသွားခဲ့သည်မှာ အလကား မဟုတ်ချေ။ သူ့အဆက်အသွယ်များကြောင့် ယိုကျင့်သည် တရားသူကြီး၏သစ်ပင်ကြီးပေါ်သို့ တက်နိုင်သည်ဟု မှတ်ယူနိုင်လေသည်။ ထို့အပြင် တရားသူကြီးကတော် အမျိုးသမီးဝူကလည်း အစားကြိုက်သည်။ သူမသည် စုကျားရှန်း၏ သွားရည်စာမုန့်များကို အပြည့်အဝ ချီးကျူးခဲ့ဖူးသည်။ အမျိုးသမီးဝူသည် သားနှစ်ယောက်ကိုသာ မွေးထားသော်လည်း သူမ အလွန်မျှော်လင့်ရသည့် ချစ်စဖွယ်ကောင်းပြီး လိမ္မာသည့်သမီးကိုတော့ မပိုင်ဆိုင်ခဲ့ချေ။ ဤမျှအရာသာရှိသည့် မုန့်များလုပ်တတ်ပြီး ချောမောလှပသည့် စုမိသားစု၏မိန်းကလေးများကို သဘောကျနေသည်က ပြောရန်ပင်မလိုချေ။
သေချာပါသည်။ စုမိသားစု၏ အစားအသောက်မုန့်ဘူးကြီးနှစ်ခုကို တရားသူကြီးအိမ်တော်သို့ ပို့လိုက်ပြီး ၁၅မိနစ်တောင် မကြာလိုက်ပေ အစားအသောက်ဘူးများကို သယ်ပြန်လာသည့် ချင်မိသားစု၏ အစေခံများက အမျိုသမီးဝူပြင်ဆင်ခိုင်းထားသည့် လက်ဆောင်နှင့်အတူ ပြန်ထွက်လာလေသည်။
“မိန်းကလေးစု ကျွန်တော့်မိသားစုရဲ့သခင်မက ဒီလက်ဆောင်ကို မိန်းကလေးဆီ ပို့ပေးဖို့ အထူးမှာကြားလိုက်လို့ပါ”
အမျိုးသမီးဝူသည် မူလက ချမ်းသာသည့်မိသားစုတစ်ခု၏ သခင်မလေးဖြစ်သည်။ ထို့ကြောင့် သူမပေးလိုက်သည့်လက်ဆောင်က ကြုံရာရွေးထားခြင်း မဟုတ်သည်မှာ သဘာဝပင်။ ယိုကျင့်ကလည်း မငြင်းလိုက်ပေ။
“ သခင်မကို ဆုလက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ပြောပေးပါနော်”
သည်အဆင့်သာရှိသည့် လူတစ်ယောက်က အမျိုးသမီးဝူကို တွေ့ချင်တိုင်း တွေ့လို့မရမှန်း ယိုကျင့်သိထားသည်။ ထို့ကြောင့် သူမသည် ထိုကိစ္စအသေးအမွဲလေးကြောင့် အတိုက်အခံ လုပ်မနေတော့ချေ။ သူမသည် ဘေးကလူများကို ချင်မိသားစု၏လက်ဆောင်အား လက်ခံခိုင်းလိုက်ပြီးနောက် ထွက်လာခဲ့လေသည်။
လုပ်ငန်းလုပ်နေကြ ဧည့်သည်များကို လက်ဆောင်ပေးလိုက်ပြီးနောက် ယိုကျင့်သည် သူမ၏ အလုပ်သမားများအတွက် လက်ဆောင်များ စတင်ပြင်ဆင်တော့သည်။ လမုန့်၂ခုနှင့် ဝက်သား ၅ပိဿာဖြစ်သည်။ စုမိသားစုကို ရောင်းထားကြသူများနှင့် စုအိမ်တွင် နေထိုင်သူများအတွက်တော့ ဝက်သား၅ပိဿာကို တန်ဖိုးတူ အကောင်းစား ချည်သားပိတ်စဖြင့် လဲပေးလိုက်လေသည်။
“ ဒါတွေအားလုံး ဘယ်လောက်ကျသွားလဲဟင်”
တောင်လိုပုံနေသည့် လက်ဆောင်များကို ကြည့်ရင်း ယိုကျူးက မနေနိုင်တော့ပဲ စုတ်တသပ်သပ် ဖြစ်နေတော့သည်။
“မကြီးက အရမ်းသဘောကောင်းလွန်းနေပြီ”
အရေအတွက်ကို မှန်ကန်အောင် ရေတွက်လိုက်ပြီးနောက် ယိုကျင့်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်လေသည်။
“ လူတွေရဲ့စိတ်က လွှမ်းမိုးထားဖို့လိုအပ်တဲ့အရာပဲ၊ ငါတို့မိသားစုထဲက ဒါဇင်ချီတဲ့ လူတွေရဲ့စိတ်ကို တည်ငြိ်နေအောင်လုပ်ဖို့ ငွေလေးနည်းနည်းပါးပါးသုံးတာ တန်ပါတယ်၊ လူတွေရဲ့စိတ်သာ ကိုယ့်နားမှာ မရှိတော့ဘူးဆိုရင် အဲဒါကိုပြန်ရဖို့ ငွေဘယ်လောက်ပေးပေး မရနိုင်တော့ဘူး၊ စည်းလုံးညီညွှတ်ပြီး သဟဇာတဖြစ်တဲ့မိသားစုတစ်ခုက အရာရာတိုင်းကို ပေါများကြွယ်ဝအောင် လုပ်နိုင်တယ်လေ၊ ယိုကျူး နားလည်ပြီလား”
ပြီးခဲ့သည့် နှစ်နှစ်အတွင်း လော့ဟယ်မြို့တွင် မုန့်ဆိုင်စဖွင့် ကတည်းက ယိုကျူးသည် ဆိုင်ရှေ့တွင် နေရသည်ဟုတ်သော်လည်း လူများစွာနှင့် တွေ့ဆုံခဲ့ရလေသည်။ သူမသည် လက်အောက်ငယ်သားများကို စည်းကမ်းတင်းကြပ်ရမည်မှာ အရေးကြီးကြောင်း နားလည်ထားသည်။ ထို့ကြောင့်ပင် သူမသည် သည်သင်ခန်းစာကို အလိုလို လက်ခံလိုက်တော့သည်။
“ ဟုတ် ညီမလေးနားလည်ပါပြီ မကြီး”
ယိုကျူး၏ မျက်နှာပေါ်တွင် မကျေနပ်ရိပ်များ မရှိတော့သည်ကို မြင်လိုက်ရပြီး ယိုကျင့်က ခေါင်းညိတ်ကာ ဘာမှထပ်မပြောတော့ချေ။ ယိုကျူးသည် ပါးနပ်သည့်မိန်းကလေးငယ်တစ်ယောက်မှန်း သူမသိလေသည်။ အရာအားလုံးတွင် အကန့်သတ်တစ်ခုတော့ ရှိလေသည်။
ယိုကျင့်သည် ညီမငယ်လေးများကို ပျိုးထောင်ရာတွင် အရေးအဖတ်ဖြစ်စေ၊ လူမှုဆက်ဆံရေးဖြစ်စေ ခန္ဓာကိုယ် ကြံ့ခိုင်ရေးတွင်ဖြစ်စေ အလွန်ဂရုတစိုက်ရှိလှ၏။ သူမကိုယ်တိုင် သူတို့ကို အကောင်းဖြစ်အောင် သင်ကြားပေးပြီး သူမ နားမလည်နိုင်သည့် အရာများအတွက်လည်း ငွေသုံးကာ တခြားလူများကို သင်ကြားပေးရန် အကူအညီတောင်းခဲ့သည်။ အမျိုးသမီးစုသည် အစမှအဆုံးအထိ ကလေးများကို သင်ကြားပေးရာတွင် ကြားဝင်စွပ်ဖက်ခြင်းမရှိချေ။ သည်နှစ်များတွင် သူမ၏သမီးတော်တော်များများသည် သူမနှင့်တူကြောင်း သိထားပြီးလေရာ အနာဂတ်တွင် ပြဿနာကြီးများ ဖြစ်လာပေလိမ့်မည်။ ယိုကျင့်သည် သာမန်မိန်းကလေးအများစုထက် ပိုသန်မာသော်လည်း အနိုင်ကျင့်မခံရလျှင် အကောင်းဆုံးပင်။
***
ပွဲတော်မတိုင်ခင် အလုပ်များပြားသည့်ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် စုမိသားစုက ဆောင်းဦးပွဲတော်အတွက် မိသားစုညစာစားပွဲကို ကျင်းပခဲ့သည်။ သခင်နှင့် အစေခံများသည် အတူတူ စုစည်းကြပြီး ခမ်းနားသည့် ဆောင်းဦးလယ်ပွဲတော် မိသားစုညစာစားပွဲကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲလိုက်ကြသည်။
“ ငယ်ငယ်တုန်းကဆိုရင် လဆိုတာ ဘာမှန်းတောင်မသိခဲ့ဘူး၊ သူ့ကို ကျောက်စိမ်းဖြူလင်ပန်းလို့ ခေါ်ခဲ့တာ၊ ကောင်းကင်ဘုံက မှန်တစ်ချပ်က အပြာရောင်ကောင်းကင်မှာ ပျံနေတာလို့ ထင်ခဲ့ဖူးတယ်”
မိသားစုညစာစားပွဲ ပြီးဆုံးသွားပြိး အစေခံအားလုံးက လူစုခွဲလိုက်ကြပြီးနောက်တွင် စုမိသားစုဝင်များသာ ခြံအနောက်ဘက်က ရှုခင်းကြည့်ဇရပ်ထဲတွင် ထိုင်ပြီး လကို ကြည့်နေကြလေသည်။ အစ်မများ၏ တိုက်တွန်းမှုအောက်တွင် ရှောင်ချီ၏ ကြည်လင်သည့် ကလေးအသံက တိတ်ဆိတ်သည့်ညထဲတွင် လွင့်ပျံနေ၏။ မိန်းမငယ်လေးတစ်ယောက်နှယ် သူမသည် လက်ကိုရှေ့တွင် တရိုတသေယှက်ထားပြီး မတ်မတ်ရပ်ကာ ပြီးခဲ့သည့်ရက်အနည်းငယ်က ဆရာယွိလန် ကျက်ခိုင်းထားသည့် ကဗျာကိ ပြန်ရွတ်ပြနေလေသည်။
ကဗျာကိုရွတ်ပြလိုက်ပြီးနောက် သူမက ဂုဏ်ယူစွာဖြင့် ရင်လေးကိုချီကာ ‘ မြန်မြန်ချီးကျူးတော့လေ’ဟူသည့် အမူအရာဖြင့် သူမ၏အမေနှင့် အစ်မဖြစ်သူများကို ကြည့်လိုက်လေသည်။ သူတို့ထံမှာ တစ်ပြိုင်တည်း ချီးကျူးသံကို ကြားလိုက်ရပြီးနောက်တွင်တော့ သူမသည် သွားများကို ပေါ်အောင်ပြုံးလိုက်ပြီး ယိုကျင့်ဘေးတွင် ပြန်ထိုင်ချလိုက်လေသည်။
စုမိသားစုသည် ည၁၀နာရီအထိ လကို ရှုစားလိုက်ကြ၏။ ကလေးများကတော့ အိပ်ချင်သည့်စိတ်ကို မနိုင်ခဲ့ချေ။ သူတို့၏မျက်လုံးများသည် စင်းကျနေပြီး မဖွင့်နိုင်ကြတော့ပေ။ ယိုကျင့်၏ လက်မောင်းထဲတွင် ရှောင်ပါ့ အသက်ပုံမှန်ရှူရင်း အိပ်မောကျလို့နေလေသည်။ ခန်းအာက အမျိုးသမီးစု၏ လက်ပေါ်တွင် အိပ်ပျောနေ၏။
“ တော်တော်လေးလည်း မှောင်လာပြီ ၊ အားလုံးလည်း ပင်ပန်းလှပြီ ၊ စောစောပြန်ပြီး နားကြတော့”
အမျိုးသမီးစုက လေသံဖြင့်ပြောလိုက်၏။ အကြီးများက ခေါင်းညိတ်ပြလိုက်လေသည်။ ယိုကျင့်က ကလေးများကို စောင့်ရှောက်ပေးရန် အထူးတာဝန် ပေးထားသည့် အမျိုးသမီးများကို လက်ယက်ခေါ်လိုက်သည်။
“ ကလေးမလေးတွေနဲ့ ခန်းအားကို အိပ်ရာထဲ ခေါ်သွားလိုက်တော့နော်၊ ဂရုစိုက်အုံး၊ သူတို့တွေ အအေးမမိစေနဲ့”
“ဟုတ်ကဲ့”
အမျိုးသမီးအချို့က ရှောင်ဝူ၊ ရှောင်လျို့၊ ရှောင်ချီနှင့် သခင်များ၏လက်ပေါ်တွင် အိပ်မောကျနေကြသည့် ရှောင်ပါ့နှင့် သခင်လေးကို ညလေမတိုက်အောင် ဝတ်ရုံပါးလေးတစ်ထည်ဖြင့် ခြုံပေးကာ ချီသွားလိုက်တော့သည်။
ညသည် တဖြည်းဖြည်း ပိုငြိမ်သက်တိတ်ဆိတ်လာ၏။ စုမိသားစုဝင်အားလုံးသည်လည်း လူခွဲသွားကြလေသည်။
ယိုကျင့်သည် ရေချိုးပြီးနောက် လက်နှင် အင်္ကျီအနားတွင် တိမ်ပုံစံ ထိုးထားသည့် အကောင်းစားချည်သား အနွေးထည်ကို ဝတ်ထားလိုက်သည်။ သူမသည် ခုတင်ဘေးက ပြတင်းပေါက်ဘေးတွင် ထိုင်ချလိုက်ပြီး မှန်ပြင်တင်းပေါက် အပြင်ဘက်က စုမိသားစု၏ခြံဝင်းထဲတွင် ငြိမ်သက်စွာ ဖြာကျနေသော တောက်ပသည့် လရောင်ကို ကြည့်နေမိလေသည်။ လက်ရှိတွင် အားလုံးက အနားယူနေကြပြီဖြစ်၏။ ယိုကျင့်နေသည့် အခန်းတစ်ခုတည်းသာ တောက်လောက်နေသည့် ဖယောင်းတိုင်မှ အလင်းထွက်နေလေသည်။
ပျော်ရွှင်ပြီးနောက် အနည်ထိုင်သွားသည့် စိတ်ကြောင့် ယိုကျင့်သည် သူမ၏အိမ်တွင် နှစ်လကျော်လောက်နေသွားခဲ့သည့် ယောက်ျားကို စဥ်းစားနေမိသည်။ စမ်းရေအိုင်လေးတစ်ခုကို နှောင့်ယှက်ပြီး ထွက်သွားပြီးမှ ဘာသတင်းမှမကြားအောင် တကယ်ပဲ ပျောက်ကွယ်သွားလေရဲ့။ သူမသည် မနေနိုင်တော့ဘဲ ဒေါသဖြင့် စိတ်ထဲတွင် ဆူပူမိတော့သည်။ “ ဒီလိုမှန်း စောစောကတည်းက သိခဲ့ရင် ငါ သူ့ကို ငွေပိုတောင်းခဲ့ပါတယ်”
သူမ စဥ်းစားနေသူသည်လည်း အခုတော့ လရောင်အောက်တွင် တစ်ယောက်တည်းထိုင်ကာ ဝိုင်အနည်းငယ်သောက်ရင်း အနည်းငယ်မူးဝေနေလေသည်။ နီမြန်းနေသည့်ပါးနှစ်ဖက်နှင့် သူ့ဝိုင်ခွက်ကို မလိုက်ပြီး လမင်းအား သူနှင့်အတူတူလာသောက်ရန် ဖိတ်ခေါ်နေ၏.
“ ဝိုင်ခွက်ကိုပင့်ပြီး လမင်းကြီးကို ဖိတ်ခေါ်လိုက်ပါတယ်၊ ဝိုင်ကလည်း လူသုံးယောက်ဖြစ်သွားမယ်၊ ဒီနေ့ညတော့ လမင်းကြီးကပဲ ကျွန်တော့်ကို အဖော်ပြုပေးရတော့မယ် ထင်ပါ့ဗျာ”
ရှောင်လင်ဖုန်းသည် အရှေ့ဘက်ခြံက စားသောက်ပွဲမှ ထွက်လာပြီး အနောက်ဘက်ခြံသို့ တိတ်တိတ်လေး ခိုးထွက်လာချိန်၌ သေမျိုးတို့၏အလိုရမ္မက်ကို မပျော်မွေ့တတ်သည့် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် သူ့အစ်ကိုကြီးက မြေကြီးပေါ်တွင် ထိုင်ကာ ကျောက်ဆောင်ကိုမှီပြီး ကိုယ်တိုင် အရက်ငှဲ့သောက်နေသည်ကို တွေ့လိုက်ရလေသည်။ သူ့ကျောဘက်မြင်ကွင်းက အနည်းငယ် အထီးကျန်နေပုံ ပေါ်နေသည်။
“ အစ်ကိုကြီး ဝိုင်တွေ ဘယ်လောက်တောင် သောက်ထားတာလဲ၊ အစ်ကို့ဝင်းထဲက အစေခံတွေရော ဘယ်ရောက်ကုန်ပြီလဲ၊ ဘာလို့ တစ်ယောက်မှ အစ်ကို့ကို လာမပြုစုကြတာလဲ”
ညီငယ်လေး၏စိုးရိမ်စကားကို နားထောင်ရင်း ရှောင်လင်ယွီက ပြုံးလိုက်ပြီး
“ ရပါတယ်ကွာ၊ ဒီနေ့ည အစ်ကိုကြီး စိတ်ပျော်နေလို့ပါ၊ မင်းက ဘာလို့ စားသောက်ပွဲကနေ ခိုးထွက်လာတာလ”
စကားပြောပြီးသည်နှင့် အဖြူရောင်ကျောက်စိမ်းခွက်ထဲ ဝိုင်နောက်တစ်ခွက် လောင်းထည့်လိုကပြီး တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။ ပြင်းရှရှအနံ့အရသာပေါင်းစပ်မှုက အရသာဖုများကို လှုံ့ဆော်လိုက်၏။ သူသည် မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်တော့သည်။
“ တကယ်ကောင်းလိုက်တဲ့ဝိုင်ပဲ”
ရှောင်လင်ဖုန်းသည် အစ်ကိုဖြစ်သူက ဤသို့ဣန္ဒြေပျက်နေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ စိုးရိမ်စိတ်ဖြင့် သူ့ဘေးတွင် ထိုင်ချလိုက်ပြီး
“ အစ်ကိုကြီး အစ်ကိုအနားယူဖို့ တစ်ယောက်ယောက်ကို လာစောင့်ခိုင်းလိုက်မယ်လေ”
ရှောင်လင်ယွီက ခေါင်းခါပြလိုက်၏။ စိုးရိမ်တကြီးဖြစ်နေသည့် သူ့ညီလေးကို ကြည့်ရင်း မသိမသာ သက်ပြင်းချလိုက်တော့သည်။
“ ရပါတယ် ရပါတယ်....”
ရှောင်လင်ဖုန်းက ခေါင်းကို စောင်းလိုက်ပြီး ဝမ်းနည်းသည့် မျက်နှာထားဖြစ်သွားတော့သည်။ မနေ့က သူ့အစ်ကိုကြီး အိမ်ပြန်ရောက်လာကတည်းက မျိုးနွယ်အကြီးအကဲက ပင်မဆောင်ကို ခေါ်တာခံလိုက်ရပြီး စကားပြောလိုက်ကြတာ အနောက်ဘက်ကို နေဝင်သွားပြီး လထွက်လာတဲ့အထိပဲ။ အဲအချိန်ကျမှ ပင်မဆောင်ရဲ့ စန္ဒကူးတံခါးကလည်း ဖြည်းဖြည်းချင်း ပွင့်လာခဲ့တယ်။ အရင်က စိတ်တက်ကြွပြီး အားမာန်အပြည့်နဲ့ အစ်ကိုကြီးက တကယ်တော့ နည်းနည်းစိတ်ဓာတ်ကျနေခဲ့တဲ့ပုံပဲ။ သူ ဘယ်သူနဲ့မှလည်း စကားမပြောတော့ဘဲနဲ့ ကိုယ့်ဟာကိုယ်ပဲ သူ့ခြံဝင်းဆီ ပြန်သွားခဲ့တယ်။ ဒီနေ့ညက ဆောင်းဦးလယ်ပွဲတော် ညစာစားပွဲလေ။ ဒါပေမဲ့ အစ်ကိုကြီးကတော့ ဒီနေရာကို သူ့ကိုယ်သူ ဝိုက်ခွက်ထဲ နစ်ထားပြီး ဘယ်သူကမှလည်း သူ့ကိုလာပြီး မရှာကြဘူး။ ရှောင်လင်ယွီသည် ဘာဖြစ်ခဲ့မှန်း မသိခဲ့ပေ။ အမြဲလိုလို ကျီစယ်နောက်ပြောင်နေတတ်သည့် သူက သူ့အစ်ကိုကြီးဘေးတွင် လိမ်လိမ်မာမာလေး ထိုင်ကာ ဘာစကားမှမပြောဘဲ သူ့ကို စောင့်ကြည့်ပေးနေတော့သည်။
“လင်ဖုန်းက အနာဂတ်မှာ ဘာလုပ်မယ်ဆိုပြီး စဥ်းစားကြည့်ခဲ့ဖူးလား”
အချိန်မည်မျှပင် ကြာသွားမှန်း မသိလိုက်သည့်နောက်တွင် အိပ်ငိုက်လွန်းသဖြင့် ခေါင်းငိုက်စိုက်ကျနေသည့် ရှောင်လင်ဖုန်းသည် အချိန်တစ်ခုအထိ ပါးစပ်မဟသည့် ရှောင်လင်ယွီသည် ရုပ်တည်ဖြင့် မေးလိုက်သည်ကို ကြားလိုက်ရလေသည်။
သူ့ခေါင်းသည် ဆတ်ခနဲထောင်သွားပြီး အစ်ကိုကြီးစကားကို ကြားလိုက်ရအပြီးတွင် တအံ့ဩဖြင့် မျက်စိကျယ်သွားတော့သည်။ သူသည် မျက်လုံးကို ပွတ်လိုက်ပြီး ခဏလောက်စဥ်းစားနေလိုက်၏။ သို့သော် သူသည် ဘာကိုမှ စဥ်းစားလို့မထွက်ချေ။ နောက်ဆုံးတွင်တော့ ခေါင်းခါပြလိုက်တာ့သည်။
“ကျွန်တော် မသိဘူး...”
သူသည် ကလေးဘဝကတည်းက အလိုလိုက်ခံထားရသဖြင့် ဆိုးလေသည်။ ရှောင်မိသားစု၏ နောက်တက်မည့်ခေါင်းဆောင်မှာ အစ်ကိုကြီးဖြစ်သည်။ သူသည် နေ့တိုင်းလိုလို မူးရူးပြီး ပျော်ပါးနေခဲ့လျှင်တောင် သူ့ဘဝတစ်လျှောက်လုံး ချမ်းချမ်းသာသာဖြင့် မကြောင့်မကျနေနိုင်သည်။ အစ်ကိုကြီးဖြစ်သူ၏ မေးခွန်းကို ရုတ်တရက်ကြားလိုက်ရချိန်တွင် ဘာကြောင့်မှန်းလည်း အမှန်ပင် နားမလည်သလို ဘယ်လိုပြန်ဖြေရမည်ကိုလည်း မသိတော့ချေ။
ညီအငယ်ဆုံးလေးကို ကြည့်လိုက်ပြီး ရှောင်လင်ယွီက ခေါင်းခါလိုက်ကာ မတတ်သာတော့ဟန်ဖြင့် ပြုံးလိုက်တော့သည်။
“ ထားလိုက်ပါလေ၊ ပြန်အိပ်တော့”
ထိုသို့ပြောလိုက်ပြီးနောက် သိပ်မဝေးလှသည့် နေရာတွင် စောင့်ကြည့်ပေးနေသည့် ရှောင်လင်ဖုန်း၏ အခြွေအရံကို လက်ယက်ခေါ်လိုက်ပြီး
“ အငယ်ဆုံးသခင်လေးကို အနားယူခိုင်းဖို့ ခေါ်သွားလိုက်တော့”
စုန့်ရန်က ဦးညွှတ်ကာ အမိန့်ကို နာခံလိုက်၏။ ထို့နောက် သူသည် အိပ်ချင်လွန်းသဖြင့် ခွေနေပြီဖြစ်သည့် ရှောင်လင်ဖုန်းကို တွဲလိုက်ကာ ကျင်းယန်ခြံဝင်းထဲမှာ ထွက်လာခဲ့သည်။ တစ်ယောက်တည်း ဆက်သောက်နေသော ၇၀%လောက် မူးနေပြီဖြစ်သည့် ရှောင်လင်ယွီကို တစ်ယောက်တည်း ချန်ရစ်ခဲ့လိုက်လေတော့သည်။
…
အပိုင်း (၉၉) ဆိုးလာတယ်
အဖြူရောင်ကျောက်စိမ်းပုလင်းအလွတ်ကို ခါရင်း ရှောင်လင်ယွီသည် သက်ပြင်းချလိုက်ကာ ကျောက်ဆောင်အစွန်းကို သည်အတိုင်း လေးတွဲကာ မှီထားလိုက်သည်။ တောက်ပနေသည့် ငွေလရောင်ကို ကြည့်လိုက်ပြီး မနေ့က အကြီးအကဲ သူ့ကို ပြောခဲ့သည့်စကားများကို ပြန်စဥ်းစားနေမိလေသည်။
“လင်ယွီ သားက ရှောင်မိသားစုရဲ့ နောက်တက်မဲ့ခေါင်းဆောင်ပဲ၊ ကိစ္စတော်တော်များကို သားဖြစ်ချင်တဲ့အတိုင်း လုပ်လို့မရဘူး၊ သားဖြစ်ချင်တာပဲလုပ်နေရင် သားကိုယ်တိုင်နဲ့ ရှောင်မိသားစုကိုပဲ နာကျင်စေလိမ့်မယ်”
ရှောင်မိသားစု၏အကြီးအကဲဖြစ်သူ အမျိုးသမီးစုန့်သည် လွန်ခဲ့သည့် နှစ်လေးဆယ်ကျော်ကတည်း လက်ထပ်ပြီး ရှောင်မိသားစုထဲသို့ ဝင်လာခဲ့သည်။ ရှောင်မိသားစု၏ သခင် ဘိုးဘိုးကြီး လွန်ခဲ့သည့် နှစ်အနည်းငယ်က ဆုံးပါးသွားပြီးကတည်း အကြီးအကဲမှာ ပိုပြီး သီးခြားနေတတ်လာသည်။ သို့သော် ရှောင်မိသားစု၏ ဘယ်ကိစ္စကိုမှ သူမကို ဖုံးကွယ်ထားလို့မရပေ။ သူမ၏ အရေးအကြီးဆုံး အကြီးဆုံးမြေးလေးက ပြီးခဲ့တဲ့နှစ်ကတည်းက ပြောင်းလဲသွားမှန်း သိနေမှာလည်း ပြောရန်ပင်မလိုပေ။ သူသည် သူတို့နှင့် ပိုစိမ်းကားလာပြီး ပိုပြီး ဆန့်ကျင်တတ်လာသည်။
ရှောင်လင်ယွီမှာ ‘ မင်းက ရှောင်မိသားစုရဲ့ နောက်တက်မဲ့ မျိုးနွယ်စုခေါင်းဆောင်’ ‘မင်းက တည်ငြိမ်နေရမယ်’ ‘လိမ္မာရမယ်’ စသည့်စကားများကို ငယ်ငယ်ကတည်းက ကြားလာခဲ့ရပြီး ထပ်မကြားချင်တော့ပေ။ အကြီးအကဲက သည်စကားများကိုပဲ တစ်ဖန် ထပ်ပြောနေသည်ကို ကြားလိုက်ရသဖြင့် သူသည် လော့ဟယ်မြို့က နေ့ရက်များကို သတိရသွားတော့သည်။ စုခန်းက စုမိသားစုရဲ့ တစ်ဦးတည်းသောသား ဖြစ်ပေမဲ့ ယိုကျင့်ရော အဒေါ်စုရောက သူ့ကို ဘယ်တော့မှ မတင်းကြပ်ထားဘူး။ သူ စုမိသားစုမှာ တစ်လကျော်လောက် နေခဲ့တာ ဒီလိုစကားတွေပြောတာ တစ်ခါမှမကြားခဲ့ဖူးဘူး။ ခနဲ့တဲ့တဲ့ အပြုံးတစ်ခုဖြင့် သူက ထုတ်ပြောလိုက်လေသည်။
“ အဘွားရယ် ဒါက ကျွန်တော့်ဘဝကို ရှင်သန်နိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းတဲ့လား”
သူ ဘာပဲပြောပြော သူဘာပဲလုပ်လုပ် ရှောင်မိသားစုအတွက်ပဲ။ သူကိုယ်တိုင်အတွက်ကရော ဘယ်မှာလဲ။ သူ့ဘဝ အတွက်ကရော။ ဒီခံစားချက်တွေ အတွက်ကရော။
“ အဘွား မင်းကို မြို့တော်ကနေ အကြာကြီး ထွက်နေခွင့်မပေးခဲ့သင့်ဘူး၊ အချိန်အကြာကြီး အပြင်မှာနေခဲ့တော့ မင်းစိတ်တွေကလည်း အရိုင်းဆန်လာပြီ”
“လင်ယွီနဲ့ ပိုင်မိသားစုတို့ရဲ့ မင်္ဂလာပွဲက လင်ယွီကို တကယ်မျက်နှာပျက်ရစေခဲ့တယ်”
ထို့ကြောင့်ပင် အမျိုးသမီးစုန့်က သူ့ကို မြို့တော်မှ ထွက်သွားခွင့်ပြုလိုက်ခြင်းပင်။ မျှော်လင့်မထားဘဲ သည်အချက်က ကပ်ဘေးဒုက္ခ၏အမြစ် တွယ်လာစေခဲ့သည်။ မသာမယာမျက်နှာထားနှင့် အကြီးဆုံးမြေးလေးကို တွေ့လိုက်ရသဖြင့် အမျိုးသမီးစုန့်က သက်ပြင်းချလိုက်ပြီး
“ ပြီးခဲ့တဲ့ နှစ်လတုန်းက ပိုင်မိသားစုလည်း ကောင်းကောင်းမနေခဲ့ရဘူး၊ မင်းရဲ့ ဒုတိယဦးလေးက ပိုင်မိသားစုကိစ္စကို အကြိမ်ကြိမ် အစဆွဲထုတ်ခဲ့တာမလို့၊ ပိုင်မိသားစုက မင်းကြီးရှေ့မှာ အများကြီး ခံစားခဲ့ရတယ်၊ မင်းက ဒီကိစ္စမှာ နစ်နာခဲ့ရတယ်ဆိုပေမဲ့ ရှောင်မိသားစုကိုတော့ စောင့်ရှောက်ပေးရအုံးမယ်လေ မဟုတ်ဘူးလား”
သူ့မျက်လုံးများကို မှိတ်ထားပြီး အထီးကျန်နေသည့် လမင်းကြီးကို ဆက်မကြည့်တော့ဘဲ အမူးလွန်နေသည့် ရှောင်လင်ယွီက သူ့ကိုယ်သူ ရေရွတ်နေလိုက်လေသည်။
“ နောက်ဆုံးတော့လည်း ငါက ရှောင်မိသားစုရဲ့ နယ်ရုပ်တစ်ခုပဲ၊ ဘာ မျိုးနွယ်စုခေါင်းဆောင်လဲ၊ ဘာချမ်းသာမှုလဲ ဘာဂုဏ်အရှိန်အဝါလဲ၊ ဒါက လှောင်အိမ်တစ်ခု သက်သက်ပဲ....”
ခဏကြာသွားပြီးနောက် သူသည် ကျောက်ဆောင်ကြီးကို မှီကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
အိပ်နေရင်းက ရှောင်လင်ယွီသည် သူ လော့ဟယ်မှ ထွက်မလာခင်က ညအကြောင်းကို အိပ်မက်မက်ခဲ့လေသည်။ တောက်ပနေသည့် ကောင်းကင်ကြီးအောက်တွင် မိန်းကလေးတစ်ယောက်က သူ့ထံသို့ ဖြည်းဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူ့နှလုံးသားမှာ ရုတ်ခြည်း စည်းချက်လွဲသွားတော့သည်။
ကံဆိုးချင်တော့ အိပ်မက်ချိုချိုများက တိုတောင်းပြီး ကောင်းသောညများက ရှားပါးလေသည်။ ရှောင်လင်ယွီက သူ့ရှေ့မှ မိန်းကလေးကို ပွေ့ဖက်ရန် လက်ဆန့်လိုက်ချိန်တွင် အသံတစ်ခုကြောင့် နိုးသွားတော့သည်။ အစေခံတစ်ယောက်က သူ မူးပြီး မြေကြီးပေါ်တွင် မှောက်နေသည်ကို တွေ့လိုက်ရခြင်းပင်။ သူ့ကို ဘာမှမလုပ်ရဲသဖြင့် အစေခံက ရှောင်မိသားစု၏ သခင်မကို သွားခေါ်လာခြင်းဖြစ်တော့သည်။
“ ဆင်းရဲတဲ့ ကျေးရွာက ရွှံ့တွေပေနေတဲ့ခြေထောက်တစ်ခုပဲ၊ မင်းရဲ့စွဲလမ်းမှုနဲ့ တန်လို့လား”
အမူးလွန်ပြီး မထိန်းနိုင်ဖြစ်နေသည့် သူမ၏အကြီးဆုံးသားကို တွေ့လိုက်ရတော့ အမျိုးသမီးယွီသည် မတတ်သာဘဲ အနည်းငယ် ရင်ကွဲရလေသည်။
“ လင်ယွီ သားက ဆိုးလာတာပဲ အဲလိုမှန်း စောစောကသာသိခဲ့ရင် မြို့တော်ကနေ ပေးမထွက်ခဲ့ပါဘူး”
သားဖြစ်သူက အခုလေးတင် မြေပေါ်တွင်မူးရူးကာ ထိုမြေခွေးမလေး၏နာမည်ကို ရေရွတ်နေသည်ကို ပြန်စဥ်းစားလိုက်မိပြီး အမျိုးသမီးယွီမှာ ဒေါသမထွက်ဘဲ မနေနိုင်ဖြစ်သွားလေသည်။ သေချာနေပါပြီ။ အောက်တန်းစားက အောက်တန်းစားပဲ။ သူမ ဂုဏ်အယူရဆုံး အကြီးဆုံးသားက အသိစိတ်ပါ ပျောက်သွားတဲ့အထိ မြူဆွယ်ခံလိုက်ရတယ်လို့။
ရှောင်လင်ယွီသည် သူ့အိပ်မက်ကို နှောင့်ယှက်ခံလိုက်ရသဖြင့် မျက်လုံးများကို ဖွင့်လိုက်ရာ သူ့အမေက အမျိုးသမီးတစ်ယောက်၏ စည်းကမ်းကို မျက်ကွယ်ပြုပြီး အံ့ကြိတ်ရင်း အဝေးမှာရှိသည့် လော့ဟယ်မြို့က စုမိသားစုကို ဆဲဆိုနေသည်ကို ကြားလိုက်ရတော့သည်။ သူသည် သည်းမခံနိုင်တော့ဘဲ မျက်မှောင်ကျုံ့ကာ မသိမသာဖြင့် သူ့အနေအထားကို အမျိုးသမီးယွီနှင့် အနည်းငယ် ခွာထားလိုက်လေသည်။ သူ့မျက်ခုံးများကြားက ယစ်မူးနေသည့်ခံစားချက်တို့ ပျောက်ကွယ်သွားတော့သည်။ အေးစက်စက်အမူအရာက သူ့မျက်နှာပေါ်သို့ ပြန်ရောက်လာပြီး
“ အမေ ညကြီးနောက်ကျမှ ရောက်လာတာ ဘာကိစ္စများရှိလို့လဲ”
သူ၏ သူစိမ်းဆန်ဆန် တုံ့ပြန်မှုကို မြင်လိုက်ရသည့် အမျိုးသမီးယွီက တစ်ခုခုပြောရန် ပါးစပ်ပြင်လိုက်သော်လည်း ဘယ်က စပြောရမည်မသိပေ။ သူမသည် နောက်ဆုံးတော့ လက်လျှော့ထားကာ ပြောလိုက်တော့သည်။
“ သား ခြံထဲမှာ မူးပြီး သတိလှစ်နေတယ်လို့ အစေခံက သတင်းလာပို့လို့ ၊ အမေသာ သားကို လာမကြည့်ရင် မင်းဘယ်လောက်အထိ အထိန်းအကွပ်မဲ့နေမလဲ သိမှာတောင်မဟုတ်ဘူး”
ရှောင်လင်ယွီက သူ့အမေ၏မှတ်ချက်ကို ကြားလိုက်ပြီး ကျောက်ဆောင်ကို အားပြုကာ ထရပ်လိုက်သည်။ သူက ယိုင်တိယိုင်တိုင်ဖြင့် ဦးညွှတ်လိုက်ပြီး
“ သားရဲ့ အမှားကို သိပါပြီ၊ အမေ့မှာ တခြားကိစ္စမရှိတော့ရင် သားအရင် ပြန်တော့မယ်”
နီမြန်းနေသည့် မျက်နှာနှင့် ပေါ့ပျက်ပျက်ခြေလှမ်းများကို ကြည့်ရင်း အမျိုးသမီးယွီက သက်ပြင်းချလိုက်ကာ ကျင်းယန် ခြံဝင်းထဲက အစေခံများကို လက်ခါပြလိုက်ပြီး သူ့ကို တွဲကူခိုင်းလိုက်လေသည်။
“ ကိစ္စမရှိဘူး၊ နောက်ကျနေပြီ၊ သား ပြန်သွားပြီး နားလိုက်တော့နော်”
ရှောင်လင်ယွီက မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး ဘယ်သူအကူအညီမှ မယူဘဲ ယိုင်နဲ့နဲ့ခြေလှမ်းများနှင့် သူ့အခန်းဆီသို့ ပြန်သွားတော့သည်။ ဝမ်းနည်းသည့် မျက်နှာတစ်ခုဖြင့် အမျိုးသမီးယွီနှင့် ခြံဝင်းထဲတွင် ကျန်ခဲ့သည် သတိလက်လွှတ်ဖြစ်နေသည့် အစေခံများက အချင်းချင်း ကြည့်လိုက်ကြပြီး ဘာလုပ်ရမည်မသိ ဖြစ်သွားကြတော့သည်။
***
ရှောင်မိသားစုနှင့် ပိုင်မိသားစုတို့ကြားက မင်္ဂလာပွဲဖျက်သိမ်းလိုက်သည့်အကြောင်းအရင်းကို မည်သူမှ မသိကြချေ။ ရှောင်မိသားစုက မင်္ဂလာပွဲကို ဖျက်လိုက်ပြီးနောက် ပိုင်မိသားစု အရည်အချင်းရှိပြီး လှပသည့်သမီးဖြစ်သူ ပိုင်ယအာသည် ရွှီမိသားစု၏ ကိုယ်လုပ်တော်မှ မွေးသည့်သားကို အလျင်စလို လက်ထပ်ခဲ့လေသည်။ သည်လက်ထပ်ပွဲသည် ယုတ္တိတန်လှပြီး လူများ၏ အတင်းပြောချင်သည့် စိတ်ကို နိုးဆွခဲ့လေသည်။
“ ပိုင်မိသားစုက အထက်တန်းစားမိသားစုတစ်ခုပဲ၊ မိသားစုထဲမှာ လက်မထပ်ရသေးတဲ့ မိန်းကလေးတွေလည်း အများကြီး ရှိသေးတယ်၊ ဒီပိုင်ယအာက ဒီလိုစ,ပြီး ကိုယ့်ထပ်နိမ့်တဲ့သူကို လက်ထပ်ခဲ့တော့ နောက်ဆိုရင် ကျန်နေသေးတဲ့ ပိုင်မျိုးနွယ်ရဲ့ မိန်ကလေးတွေရဲ့ လက်ထပ်ပွဲကို သွားထိခိုက်မှာ စိုးမိတယ်”
“ ဒီလိုမဟုတ်ဘူးလား၊ ငါကြားတာတော့ ပိုင်ယအာနဲ့ ရွှီမိသားစုရဲ့ ကိုယ်လုပ်တော်သားတို့ကို မင်္ဂလာပွဲ တတိယနေ့ ပြန်လာတော့ ပိုင်မိသားစုရဲ့ အိမ်တံခါးထဲတောင် အဝင်မခံဘဲ မောင်းထုတ်လိုက်တယ်တဲ့၊ အရာရှိမင်းပိုင်က နောက်ဆိုရင် ပိုင်မိသားစုမှာ ပိုင်ယအားဆိုတာ မရှိတော့ဘူးလို့ ကြေညာခဲ့တယ်တဲ့၊ ကြည့်ရတာ ဆက်ဆံရေးကတော့ ပြတ်ပြီထင်ပါတယ်”
ကောလာဟလသတင်း အမျိုးမျိုးက မြို့တော်တခွင် ပြန့်နှံ့နေလေသည်။ ရုံးတော်အစည်းအဝေးတွင် ပိုင်မိသားစုသည် ရှောင်မိသားစု၏ ချောင်ပိတ်ခံလိုက်ရသည်။ မိသားစု ပိုင်ဆိုင်မှုအများအပြားကပင် ရှောင်မိသားစု၏ ပစ်မှတ်ဖြစ်လာပြီး ငွေအမြောက်အများ ဆုံးရှုံးခဲ့ရလေသည်။ သူတို့သည် ထောင့်ပေါင်းစုံမှ ထိန်းချုပ်ခံနေရသည်ဟု ဆိုနိုင်သည်။
“ သခင်ကြီး ကျွန်မတို့မှာ ဒီသမီးလေး ယအာ တစ်ယောက်ပဲရှိတာ၊ သူ့ကို အလိုလိုက်ပြီး ပိုးမွေးသလို မွေးလာခဲ့ရတာ၊ သူက ဒီလိုခါးသီးမှုကို ဘယ်လိုခံနိုင်ရည်ရှိမှာလဲ၊ အဖေ့ကို ထပ်ပြီး သွားတောင်းပန်ပေးပါအုံး”
ပိုင်မိသားစု၏သခင်မသည် သမီးဖြစ်သူကိစ္စအတွက် သခင်ကြီးပိုင်ကို အကြိမ်ပေါင်းများစွာ တောင်းပန်လာခဲ့သည်။ သည်ကိစ္စ ပထမဆုံးဖြစ်သွားချိန်က သူမသည် အပြင်းအထန် အရိုက်ခံခဲ့ရပြီး အကြိမ်အနည်းငယ် ဖျားနာခဲ့သည်။ ယခုမူ ဆောင်းဦး ဝင်လာပြီး သူမ၏ကျန်းမာရေးကလည်း တဖြည်းဖြည်း ပိုဆိုးလာခဲ့သည်။ သူမ၏နှလုံးသားက သွေးသားပြတ်စဲခံလိုက်ရသည့် သမီးဖြစ်သူကို အလွန်မှ လွှမ်းဆွတ်နေလေသည်။
“ သူ့မှာ အခုဆိုရင် အစေခံ တစ်ယောက်နှစ်ယောက်လောက်ပဲ ရှိတော့တာ၊ ပြီးတော့ ရွှီကျီထုန်းကလည်း ကိုယ်လုပ်တော်ရဲ့သား၊ ကျွန်မတို့သာ နည်းနည်းလေးမှ မကူညီပေးခဲ့ရင် သူ ဒီဘဝကို ဘယ်လိုရှင်သန်နိုင်ပါ့မလဲ”
“ သူ့ကို ကူညီရမယ်ဟုတ်လား၊ ငါက သူ့ကို ဘယ်လို ကူညီပေးသင့်တယ်ထင်လဲ၊ သူ ဒီလိုကိစ္စကို အရှက်မရှိဘဲ လုပ်ခဲ့တာ၊ ငါကတော့ သူ့ကို အသေ မရိုက်ခဲ့တဲ့အချိန်တည်းက သားအဖ သံယောဇဥ်ပြတ်ပြီးလို့ စဥ်းထားပြီးသား”
အရာရှိပိုင်သည် ဆင်ခြင်တုံတရားမရှိ၊ အရှက်မရှိသည့် သူ့သမီးလုပ်ခဲ့သည့် ပြဿနာအားလုံးကို စဥ်းစားမိတိုင်း အလွန်မှ စိတ်ပျက်ရလေသည်။ သူ့အမျက်ဒေါသက ဆတိုးကာ ကြီးထွားလာတော့သည်။
“ ဧကန္တ သူ့ကို ကျေနပ်တဲ့အထိ ကူညီဖို့ ပိုင်မိသားစုတစ်ခုလုံးကို အနစ်နာခံခိုင်းရမှာလား”
ပိုင်မိသားစုသည် အထက်တန်းစား စာပေပညာရှင်အိမ်တော်တစ်ခုဖြစ်ပြီး အရာရှိပိုင်က ရှောင်မိသားစုကို အထင်သေးသော်လည်း ရှောင်မိသားစုက ဘယ်လိုပင် ဆိုးဝါးနေသည်ဖြစ်စေ အဆင့်နိမ့်အရာရှိနေရာက ရွှီမိသားစု၏ ကိုယ်လုပ်တော်သား ထက်တော့ သာသေးသည် မဟုတ်ပါလား။ ထို့အပြင် ရှောင်မိသားစု၏ ဒုတိယသားကလည်း ရုံးတော်တွင် သူ့ကိုဖိအား အများကြီးပေးထားခဲ့သည်။ လက်ရှိဘုရင်မင်းမြတ်က သူ့ကို အလွန်နှစ်သက်လေသည်။ တခြားကိစ္စ မဆိုထားနှင့် ရှောင်မိသားစု၏ ဒုတိယတစ်ယောက်တည်းနှင့် လုံလောက်သည်။ သူသည် အားနည်းချက်တစ်ခုကို ဖမ်းမိသွားလျှင် သူတို့၏ ပိုင်မိသားစုတစ်ခုလုံးက တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မည်။
“ ငါ မင်းကို အရင်ကတည်းက ပြောခဲ့သားပဲ သူ့ကို သေချာထိန်းပါလို့၊ ဒါပေမဲ့ ဒါက မင်း သူ့ကို ထိန်းသိမ်းတဲ့ပုံစံလား၊ မင်းက သူ့ကို ကူညီပေးဖို့ ငါ့ကို လာတောင်းဆိုရဲတယ်၊ မင်း ဒီစိတ်ကူးကို လက်လျှော့လိုက်သင့်ပြီ၊ သူသာ အိမ်တံခါးရှေ့ ရောက်လာရဲ ရောက်လာကြည့်စမ်း ငါ လူတွေကို ခေါ်ပြီး သူ့ကို မောင်းထုတ်ခိုင်းပစ်မယ်”
ပိုင်ယအာ၏ အရှုပ်ထုပ်ကြောင့် ဖြစ်သွားသည့် ပိုင်မိသားစုထဲက ပြဿနာများကို စဥ်းစားရင်း သခင်ကြီးပိုင်က ဒေါသကြောင့် မျက်နှာများပင် နီးရဲလာတော့သည်။
“အဲဒီတုန်းက သူ ဒီလိုကိစ္စမျိုး လုပ်ရဲခဲ့တယ်ဆိုမှတော့ ဒီနေ့လို ရလဒ်မျိုးကိုလည်း စဥ်းစားထားခဲ့သင့်တယ်”
ရှောင်မိသားစု၏ ဂုဏ်သရေရှိအကြီးဆုံးသားက မင်္ဂလာပွဲကို ဖျက်သိမ်းရန် လာခဲ့ချိန်က ပြောခဲ့သည့်စကားကို ပြန်စဥ်းစားလိုက်မိပြီး သခင်ကြီးပိုင်၏မုတ်ဆိတ်မွေးတို့သည် ဒေါသကြောင့် ထောင်တက်လာဆဲပင်။
“မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ဟာကိုယ် ဘယ်လိုလေးစားပြီး ကိုယ့်ဟာကို ဘယ်လိုချစ်တတ်အောင် နေရမလဲမသိဘူး၊ ပြီးတော့ သည်လုပ်ရပ်မှာ သတို့သားလောင်းက သူ့ကိုဖမ်းမိသွားတဲ့အထိ ဖြစ်စေခဲ့တယ်၊ ဒီလိုသမီးမျိုးကို ကျွန်တော်က ဘာအတွက် လက်ထပ်ရမှာလဲ”
သခင်ကြီးပိုင်မှာ ပြောလေလေ အမျက်ထွက်လာ လေလေပင်။ နောက်ဆုံးတွင် သူသည် အိပ်ရာထဲမှ ထွက်လာပြီး တစ်ယောက်ယောက်ကို မီးထွန်းခိုင်းလိုက်ကာ တိတ်တိတ်လေး တရှုံ့ရှုံ့ငိုနေသည့် ပိုင်မိသားစု၏ တစ်ဦးတည်းသော သခင်မကို ထားခဲ့ပြီး ကိုယ်လုပ်တော်အခန်းတွင် အိပ်ရန် ထွက်သွားတော့သည်။
***
မနေ့ညက အိပ်မက်မက်ချိုချိုလေးသည် နှောင့်ယှက်ခံလိုက်ရပြီးနောက်တွင် ရှောင်လင်ယွီသည် လော့ဟယ်မြို့က လူများနှင့် ကိစ္စအကြောင်း အိပ်မက် ထပ်မမက်တော့ပေ။ သူသည် မနက်မိုးလင်းသည့်အထိ ဘာအိပ်မက်မှ မမက်ခဲ့ပေ။
အခန်းထဲက ဆူညံသံကို ကြားလိုက်ရပြီး အခြွေအရံငယ်လေးက မြန်မြန် ဝင်လာ၏။
“ အကြီးဆုံးသခင်လေး ထပါတော့၊ သခင်ကြီးက မနက်စာ စားပြီးရင် သခင်လေးကို တွေ့ချင်တယ်လို့ အမှာစကားပါးလိုက်တယ်”
ခုတင်ပေါ်တွင်ထိုင်ရင်း ဘရိုကိတ်သား ခြုံစောင်ကို ကိုယ်ပေါ်တွင် လွှမ်းခြုံထားဆဲ။ ဖဲသားအနွေးထည်၏ လည်ပင်းအနားစက အနည်းငယ်ပွင့်နေပြီး မှင်ရောင်ဆံခြည်မျှင်တို့သည် ကျောပေါ်တွင် ပြန့်ကျဲနေလေသည်။ ပုံမှန်ဆိုလျှင် မနက်နိုးသည်နှင့် အမြဲတမ်း သပ်သပ်ရပ်ရပ် ဝတ်စားတတ်သူက အလွန်ပျက်ပြားနေပြီး မျက်လုံးများကို ဆွဲဆောင်နေလေသည်။ ရှောင်လင်ယွီ အနည်းငယ် ကိုက်ခဲနေသည့် ခေါင်းကို လက်ထုတ်ကာ ဖိထားရင်း ပြန်ဖြေလိုက်သည်။
“ သိပြီ တစ်ယောက်ယောက်ကို မနက်စာယူလာခိုင်းဖို့ သွားစီစဥ်လိုက်”
ရေမိုးချိုးပြီးနောက် သူသည် အပြာရောင်ကျောက်စိမ်းဆံထိုးကို လဆန်းရောင် အင်္ကျီဖြူတစ်ထည်နှင့် တွဲဖက်ကာ ဝတ်ပြီး သူ၏မင်းသားဆန်ဆန် အသွင် ပြန်ရောက်လာလေသည်။ မွေးပျံ့ပြီး အရသာရှိလှသည့် ငှက်သိုက်ကို သောက်နေရင်း ရှောင်လင်ယွီသည် မနေ့က အသောက်လွန်သွားသည့်ကိစ္စကို နောင်တရမိနေသည်။ နောက်ဆိုလျှင် သည်လို ထပ်မလုပ်တော့ဖို့ စိတ်ထဲတွင် ကျိတ်ပြီး သစ္စာပြုလိုက်လေသည်။
“မင်း မနေ့ညက ခြံထဲမှာ အမူးလွန်ပြီး သတိလစ်သွားတယ်လို့ မင်းအမေဆီက ကြားခဲ့တယ် ဟုတ်လား”
ရှောင်မိသားစု၏ မျိုးနွယ်စုခေါင်းဆောင်သည် သည်နှစ်တွင် အသက်လေးဆယ်နားနီးလာပြီဖြစ်ပြီး ရှောင်လင်ယွီနှင့် ၅၀%လောက် တူသော်လည်း တည်ငြိမ်ရင့်ကျက်ခြင်းနှင့် နှစ်ပေါင်းများစွာ အတွေ့အကြုံကြောင့် အရေးအကြောင်းများ ပေါ်နေလေသည်။
“ အခု ပိုင်မိသားစုရဲ့ ကိစ္စလည်း ပြီးသွားပြီ၊ မင်း လက်ထပ်ပွဲကို ပြန်စီစဥ်သင့်တယ်၊ မင်း မြို့တော်မှာပဲ စိတ်အေးအေးချမ်းချမ်းနဲ့ နေမှာပါလို့ မင်းအမေကို ပြောထားတယ်၊ လော့ဟယ်က ကိစ္စကိုတော့ အောက်လူတွေကိုပဲ ကိုင်ခိုင်းလိုက်တော့”
ရှောင်ဟိုင်ရူသည် မနေ့ကဖြစ်ခဲ့သည့်ကိစ္စနှင့် သူ့သား လော့ဟယ်တွင် ဖြစ်ခဲ့သည့်ကိစ္စများကို သိပြီးသားပင်။ မျှော်လင့်ထားသည့်အတိုင်း သူသည် သားဖြစ်သူကို အသိတရား ပြန်ရလာအောင် လုပ်ခဲ့ရသည်။
ရှောင်လင်ယွီက ကိုယ့်ကိုယ်ကိုအပြစ်တန်ဟန် ဟက်ခနဲ ရယ်လိုက်ပြီး
“ကျွန်တော်တို့ ရှောင်မိသားစု အခုဆိုရင် မြို့တော်တစ်ခုလုံးမှာ ရယ်စရာကြီးကို ဖြစ်လို့ပါပဲ၊ ဘာလက်ထပ်ပွဲမျိုး ရှိနိုင်အုံးမှာလဲ”
“ ပိုင်မိသားစု ဒီလိုအရှက်မဲ့တဲ့ ကိစ္စကို လုပ်ခဲ့တယ်၊ မျက်နှာပျက်ရတာက ပိုင်မိသားစုပါ၊ မင်းနဲ့ ဘာဆိုင်လို့လဲ”
ရှောင်ဟိုင်ရူသည် သူ့လက်ထဲက စုတ်တံကို ချထားလိုက်ပြီး ခန်းမအလယ်တွင် ရပ်နေသည့် သူ့နှင့် တထေရာထဲသူသည့် မျက်လုံးပိုင်ရှင် အကြီးဆုံးသားကို ကြည့်လိုက်လေသည်။ သက်ပြင်းချလိုက်ပြီး သူက ပြောလိုက်၏။
“ အဖေ မင်းရဲ့အတွေးတွေကို သိပါတယ်၊ ကလေးမလေးက ဘယ်လောက်ပဲ တော်တော် သူက ထုတ်ပြလို့မရတဲ့ မိသားစုနောက်ခံက လာတာလေ၊ သူ့ကို သခင်မငယ်တစ်ယောက်လို ခေါ်ထားရင် ရပါတယ်၊ ငါတို့ရှောင်မိသားစုရဲ့ သခင်မကြီးကတော့ နာမည်ရှိတဲ့အိမ်တော်တစ်ခုက သမီးတစ်ယောက်ပဲ ဖြစ်ရမယ်”
ရှောင်လင်ယွီသည် လော့ဟယ်မြို့တွင် နှစ်လနီးပါးလောက် နေခဲ့သည်။ ရှောင်မိသားစု၏ လူကြီးများက လော့ဟယ်တွင် သူ့တစ်ယောက်ထဲ လွှတ်ထားမည် မဟုတ်သည်က အမှန်ပင်။ သူတို့သည် စုမိသားစုအကြောင်းကို သီးသန့်စုံစမ်းထားခဲ့ပြီး ဖြစ်သည်။ ထုတ်ပြလို့မရနိုင်တဲ့ ကျေးလက်က မိန်းကလေးတစ်ယောက်ပဲလေ။ သူတို့သားက မြို့တော်ကနေ ခရီးထွက်ရလောက်တဲ့အထိ တန်တယ်ဆိုတာတော့ မယုံနိုင်ဘူး။ သားဖြစ်သူကလည်း တောရွာက မိန်းကလေးတစ်ယောက်ကို တကယ်ချစ်သွားမယ်လို့ ရှောင်မိသားစုက ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး။ သူ့က အခိုက်တန့်သာယာပြီး ခဏနေရင် အဲဒီမိန်းကလေးကို မေ့သွားလိမ့်မယ်လို့ပဲ ယူဆထားခဲ့ကြတာ။
သားဖြစ်သူက သူမကို အမှန်တကယ် ချစ်နေလျှင်တော့ သူ့စိတ်နှလုံးကို ပြန်ခေါ်ထားနိုင်ပြီး မိသားစုလုပ်ငန်းကို အမွေဆက်ခံသရွေ့ သူမကို ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ခေါ်ထားလည်း အဆင်ပြေသည်ဟု ရှောင်ဟိုင်ရူက တွေးလေသည်။ နောက်ဆုံး သူတို့ရှောင်မိသားစုသည် ကြီးမားသည့် လုပ်ငန်းကြီးတစ်ခု ပိုင်ဆိုင်ထားခဲ့သည်။ ကိုယ်လုပ်တော် နောက်တစ်ယောက်ကို ကျွေးထားရသည်ကလည်း အရေးမဟုတ်ပေ။ သို့သော် အမျိုးသမီးယွီကတော့ အမြင်မတူပေ။ စုမိသားစု၏ မြေခွေးမလေးက သားဖြစ်သူ၏စိတ်ကို ဖမ်းစားထားခဲ့သည်ဟုသာ အရင်ကတည်းက ယုံကြည်လာခဲ့သည်။ သူမသည် စုမိသားစုက မည်သူ့ကိုမှ ရှောင်အိမ်၏တံခါးကို ဝင်လာဖို့ ဘယ်လိုမှ ခွင့်မပြုနိုင်ပေ။
“အဖေ စုယိုကျင့်နဲ့ ကျွန်တော်က အဖေထင်သလို မဟုတ်ပါဘူး၊ ကျွန်တော်က သူ့ကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာပါ”
ရှောင်လင်ယွီသည် သူ့အဖေက ယိုကျင့်အား မိသားစုထဲသို့ ဝင်ခွင့်ပြုသည် ကြားလိုက်ရတော့ ဝမ်းသာသွားသည်ကို အမှန်ပင် မငြင်းနိုင်ပေ။ ထိုနေ့ညက ယိုကျင့်ပြောခဲ့စကားကို ကြည့်လျှင် သူမသည် အိမ်တော်ထဲသို့ မယားငယ်တစ်ယောက်အနေနှင့် ဘယ်တော့မှ ဝင်လာမည်မဟုတ်သည်ကိုလည်း ရှောင်လင်ယွီ သိနေသည်။
အဖေရောက်လာမည့်အချိန်ကို မျှော်ရင်း တစ်နေကုန် ခြံအနောက်ဘက်တွင်သာ နေရပြီး သခင်မကြီး ချမှတ်ထားသည့် စည်းကမ်းများကြောင့် အရိုက်ခံရသည့် အိမ်က ကိုယ်လုပ်တော်များကို စဥ်းစားမိရင်း ထိုတောက်ပပြီး လွတ်လွတ်လပ်လက်နေတတ်သည့် မိန်းကလေးသာ သည်လိုဖြစ်လာလျှင် သူ့ကို ဘယ်လောက်တောင် မုန်းလိမ့်မလဲဟူသည့်အကြောင်းကို ရှောင်လင်ယွီမှာ မတွေးရဲအောင် ဖြစ်သွားတော့သည်။ သူမကိုလည်း မခံစားရစေချင်ပါဘူး။ သူမကို လက်လွှတ်ပေးလိုက်တာပဲ ပိုကောင်းပါတယ်လေ။