← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အပိုင်း (၁၀၃) ကောက်ညှင်းဆန်မျိုးစေ့

မျက်စိတစ်မှိတ်အတွင်း ဆောင်းလယ်ကာလ ရောက်လို့လာပြန်သည်။

အခုတော့ စုမိသားစု၏မိန်းကလေးများသည် မြစ်ကမ်းနဖူးပေါ်တွင် လမ်းမလျှောက်ကြတော့ပေ။ ရှောင်မိသားစု ထားခဲ့သည့် သက်တော်စောင့်ခေါင်းဆောင် မနက်တိုင်း နာရီဝက်လောက် တိုက်ခိုက်ရေးအကွက်တချို့ကို ခေါင်းဆောင်ပြီး သင်ကြားပေးသည်။ တစ်ချက်မှာ ကိုယ့်ကိုယ်ကိုယ် ခုခံဖို့ရန်ဖြစ်ပြီး ဒုတိယအချက်မှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးအတွက်ဖြစ်သည်။ အစပိုင်းတွင် အမျိုးသမီးစုသည် အငယ်ဆုံးလေးအတွက် စိတ်သောက ဖြစ်ခဲ့ရသည်။ ထို့ကြောင့် စုခမ်းမှာ သိုင်းပညာ မလေ့ကျင့်ရပေ။ သို့သော် ဆောင်းဦးကတည်းက စုခမ်းသည် နေ့တိုင်း အတန်းတက်ရသည့်အပြင် သိုင်းပညာကိုလည်း လေ့ကျင့်ခဲ့ရသည်။ ပင်ပန်းသော်လည်း နေ့စဥ်နာရီဝက်က လပေါင်းများစွာ ကြာလာပြီးနောက်တွင် တော်တော် ထိရောက်မှုရှိလာလေသည်။ အစောပိုင်းက ရာသီ ပြောင်းချိန်များတွင် သူတို့သည် ဂရုမစိုက်တတ်ကြသဖြင့် သူ့ခန္ဓာကိုယ်သေးသေးလေးက ဖျားနာခဲ့သည်။ သည်နှစ်တွင်တော့ သူသည် ဆောင်းရာသီကို မဖျားမနာတော့ဘဲ ဝင်လာနိုင်ခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း အမျိုးသမီးစုသည် သားဖြစ်သူ၏ပြောင်းလဲမှုကို စောင့်ကြည့်လာခဲ့၏။ သူမက ဝမ်းမသာဘူးလို့ပြောရင်း လိမ်ရာကျမှာပဲ။ အရင်က သားကို မှားယွင်းပျိုးထောင်ပေးခဲ့မိတာ ဝန်မခံချင်ဘူးဆိုပေမဲ့လည်း လက်ရှိနည်းလမ်းက သားဖြစ်သူ ကောင်းဖို့အတွက်မှန်း အမျိုးသမီးစု သိလိုက်ပါတယ်။

“ မကြီး ကျွန်တော် စာသွားဖတ်တော့မယ်နော်”

စုခမ်းက တရိုတသေ ဦးညွတ်လိုက်ပြီး ယိုကျင့်ကို နှုတ်ဆက်လိုက်လေသည်။ အခုတော့ စုခမ်း၏ နေ့စဥ်အချိန်ဇယားမှာ အပြည့်ဖြစ်နေပြီဟု ဆိုရမည်။ မနက်ထလာလျှင် နာရီဝက် လေ့ကျင့်ခန်း လုပ်ရသည်။ ထို့နောက် မနက်ခင်းနှင့် နေ့လယ်ခင်းတွင် ဆရာချန်းဆီမှာ သင်ယူရန် စာကြည့်ခန်းထဲတွင် နှစ်နာရီတိတိ နေရသည်။ မနက်ခင်းတွင်တော့ စုမိသားစု၏မိန်းကလေးများသည် စုခမ်းနှင့်အတူတူပင်။ သို့သော် နေ့လယ်ခင်းတွင်တော့ သူတို့သည် ဗျပ်စောင်း၊ စစ်တုရင်၊ လက်ရေးလှရေးခြင်းနှင့် ပန်းချီဆွဲခြင်းကို ခြံအနောက်ဘက်တွင် ယွိလန်နှင့်အတူတူ လေ့လာရသည်။ ဂန္ဓဝင်စာပေနှင့် သမိုင်းကြောင်းများ စုစည်းမှုတွင် ယွိလန်၏အရည်အချင်းက ဆရာချန်းလောက် မတော်သော်လည်း သူမသည် ငယ်ငယ်ကတည်းက အရည်အချင်းရှိသည့် မိန်းကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ သူမသည် ဗျပ်စောင်းတီးခြင်း၊ စစ်တုရင်၊ လက်ရေးလှ နှင့် ပန်းချီဆွဲခြင်း၌ အရည်အချင်းကို ပြသနိုင်သည်။ စွမ်းရည်များစွာ ရှိခြင်းကလည်း အားနည်းချက်တစ်ခု ဖြစ်မနေသည့်အတွေးဖြင့် ယိုကျင့်က သူမ၏ညီမငယ်လေးများအတွက် စီစဥ်းပေးထားမည်က သဘာဝပင်။

ယိုကျင့်က ခေါင်းညိတ်လိုက်ပြီး

“ မသွားခင် အဝတ်အစားလဲသွားပြီး အအေးမမိအောင် ချင်းပြုတ်ရည်ပူပူလေး သောက်သွားနော်”

မောင်လေး၏ခန္ဓာကိုယ်က အရင်ကတထက် ပိုကောင်းလာသော်လည်း သူမသည် ထိုအချက်ကို ဂရုစိုက်ပေးဖို့လိုသေးသည်။ ဆောင်းဝင်စ,ကတည်းက မီးဖိုဆောင်ထဲတွင် နေ့တိုင်း ချင်းပြုတ်ရည် ပြင်ဆင်ထားပေးခဲ့သည်။ ဆရာက သူတို့၏လေ့ကျင့်ခန်းများကို စစ်ဆေးပြီးသွားပြီး လက်ဆေးချိန်တွင်တော့ ၈၀%လောက် ပူနေပြီဖြစ်သည်။ ချင်းပြုတ်ရည် သောက်ပြီး မကြာခင်မှာပင် ခန္ဓာကိုယ်တစ်ခုလုံးက နွေးတက်လာလေသည်။

“ နားလည်ပါပြီ မကြီး၊ ဒါဆို ကျွန်တော် သွားတော့မယ်နော်”

စုခမ်းက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ခြေလှမ်းသေးသေးများဖြင့် အနောက်ဘက်ခြံမှ သိုင်းလေ့ကျင့်ရာ အရှေ့ဘက်ခြံသို့ လျှောက်သွားလိုက်တော့သည်။ ကလေးများသည် မေ့ပျောက်လွယ်ပြီး မကောင်းသည့်အကျင့်မှန်သမျှကို ပြုပြင်ပေးရန် လွယ်ကူလေသည်။ မောင်ဖြစ်သူ၏ ပြည့်ဖောင်းဖောင်းခန္ဓာကိုယ်လေးက ထောင့်မှ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ယိုကျင့်သည် စိတ်အေးသွားကာ သက်ပြင်းကို လေးလေးပင်ချလိုက်တော့သည်။ နောက်ကျတာက မလုပ်တာထက်စာရင်တော့ ပိုကောင်းတာပေါ့။ သူမသာ မောင်လေး နည်းနည်းကြီးလာတဲ့အထိ စောင့်လိုက်မိရင် ဒီကိစ္စတွေကို ပြင်ဆင်ပေးဖို့ အများကြီး အားစိုက်ထုတ်ရလောက်တယ်။

ရေချိုးသန့်စင်ပြီးနောက် သူမသည် ပန်းရောင်ပန်းပွင့် ဘရိုကိတ်ဂါဝန်ကို အဖြူရောင် ယုန်မွေးတစ်ထည်ဖြင့် တွဲဝတ်ထားသည်။ ယိုကျင့်၏ စိုပြည်နီမြန်းသည့် အသွင်သဏ္ဌာန်ကို အလှတိုးသွားစေသည်။ သူမသည် အရွယ်မရောက်သေးသဖြင့် သူမ တိမ်မျှင်လို ဆံခြည်မျှင်များကို အထုံးလေးနှစ်ခုဖြစ်အောင် ထုံးထားပြီး မက်မွန်နီရောင် ဖဲကြိုးတစ်ခုဖြင့် ချည်ထားသည်။ မိန်းမငယ်လေး၏ နူးညံ့သည့်အသွင်ပြင်က သူမကို စောင့်နေသည့် အစေခံမလေး၏မျက်လုံးထဲ ဝင်လာသည်။ အစေခံမလေးက စိတ်ထဲမှ မှတ်ချက်ပေးလိုက်၏။ အကြီးဆုံးမမလေးက တကယ် အလွန်တော်တာပဲ။ ရုပ်ချောပြီး ငွေလည်းရှာတတ်တယ်။ နောက်ဆိုရင် ဘယ်မိသားစုရဲ့ သခင်လေးက အကြီးဆုံးမမလေးကို လက်ထပ်ဖို့ ထိုက်တန်လောက်အောင် ကံကောင်းတဲ့သူ ဖြစ်မလဲမသိဘူး။

“ အနောက်ဘက်စျေးက ထွက်လာရင် အစ်မယိုဟယ်ရဲ့ အိမ်ကို အရင်သွားကြမယ်နော်၊ ပြီးမှ ယွင်ဝေ့ရွှမ်းကို သွားမယ်”

သည်နေ့ ယိုကျင့်သည် လုပ်ငန်းတစ်ခုကို ဆွေးနွေးရန် စျေးအနောက်ဘက်တွင် ကုန်သည်တစ်ယောက်နှင့် ချိန်းထားပြီးမှ ပြီးခဲ့သည့်အခေါက်က တတိယသခင်ကြီးဟွမ် ပြောထားသည့်ကိစ္စကို သတိရသွားတော့သည်။

သည်နှစ် စပါးများက အထွက်ကောင်းလေသည်။ လော့ဟယ်ပြည်နယ်က လူများသည် လုံလုံလောက်လောက် စားသောက်နိုင်ပြီး လက်ထဲတွင် ငွေပိုများပင် ထားနိုင်ခဲ့သည်။ ထို့အပြင် ကုန်းတွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးကလည်း အလွန်အဆင်ပြေလေသည်။ ဆောင်းဝင်လာပြီးနောက်တွင် လော့ဟယ်မြို့၌ လူပြတ်နေသည်ဟူ၍ မရှိတော့ပေ။

လော့ဟယ်မြို့လမ်းကြောင်းရှိ သင်္ဘောဆိပ်က ထိုနေရာတွင်ရှိသည့်အတွက် အခုတော့ မြို့တောင်ဘက်ပေါက် အပြင်ဘက် ဝူလီချောင်မှ လော့ဟယ်အထိ ကမ်းပါးတစ်လျှောက်တွင် ကုန်သည်များနှင့် လယ်သမားများ ရှိနေကြသည်။ မြို့ထဲသို့ မဝင်ခင်တွင် ယိုကျင့်သည် မြည်းလှည်းထဲမှပင် အသက်ဝင်လှသည့် အပြင်က စျေးရောင်းသံ အော်သံများကို ကြားနေရသည်။ မြည်းလှည်း၏ ဟနေသည့်ကြားနေရာကို ဖြတ်လာသည့် လတ်ဆတ်သည့်အသားဖက်ထုပ်အနံ့ကိုလည်း ရနေသည်။ ထိုအရာအားလုံးသည် ပြီးခဲ့သည့် နှစ်နှစ် သုံးနှစ်အတွင်း ဖြစ်သွားသည့် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသည့် အပြောင်းအလဲများကို ညွှန်ပြနေခြင်းဖြစ်လေသည်။

တူးမြောင်းမဖော်မီ လွန်ခဲ့သည့်နှစ်နှစ်က စုမိသားစု ဝယ်ထားခဲ့သည့် မြေရိုင်းသည် အခုတော့ လမ်းတစ်လျှောက်တွင်း ဆိုင်ခန်းများ ဆောက်လုပ်ထားလေသည်။ မြို့လောက် မစည်ကားသော်လည်း ဆိုင်တန်း လေး ငါးခုမှ ငှားရမ်းခရလေသည်။ စုမိသားစု၏အရှေ့ဘက်ဆိုင်ခန်းများကို ဆောက်လုပ်ပြီးနောက်တွင် သူကြီးမိသားစုရှိ အမျိုးသမီးကျောက်က ဆိုင်ခန်းများထဲကတစ်ဆိုင်ကို ပထမဆုံးငှားရမ်းခဲ့သည်။ အခုတော့ သူမသည်နေ့တိုင်း အစားအသောက်တချို့ကို ရောင်းချနေသည်။ မြေကြီးတွင် စိုက်စားရသည်ထက် ပိုအဆင်ပြေလေသည်။

သည်ကိစ္စကြောင့်ပင် ဟယ်မိသားစုနှင့် စုမိသားစုတို့သည် ပိုရင်းနှီးလာကြတော့သည်။ ထို့အပြင် ဟယ်ရွှမ်းဟိုင်၏ လက်ထပ်ပွဲကိုလည်း အတည်ပြုခဲ့ကြသည်။ သူ့ကျောင်းက ဆရာ၏ တူမလေးနှင့် ဖြစ်သည်။ သူမသည် သည်နှစ်တွင် ၁၅နှစ်ပြည့်သွားသည်။ လှပပြီး စာတတ်ပေတတ်တစ်ယောက်ပင်။ သူမ၏အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားတို့က မဆိုးလှပေ။ ဟယ်ဟောက်နှင့် အမျိုးသမီးကျောက်တို့ကလည်း သည်ချွေးမလောင်းလေးကို အလွန်သဘောကျလေသည်။ မိသားစုနှစ်ယောက်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ကြသည်။ လက်ထပ်ပွဲမှာ နောက်နှစ် ငါးလပိုင်း ဖြစ်သည်။ သူတို့သား မိန်းမယူဖို့ရာ ငွေစုရန်အတွက် ဟယ်ဟောက်နှင့် သူ့ဇနီးသည် အားလုံးက အပြင်ထွက် အလုပ်လုပ်ကြသည်။ သူတို့သည် နေ့တိုင်း မိုးလင်း မိုးချုပ် ဆိုင်ဖွင့်ခဲ့ကြသည်။ အရသာက ကောင်းမွန်ပြီး ပမာဏများသည့်အတွင် လုပ်ငန်းက တော်တော်ကောင်းပြီး နေ့တိုင်း ဝမ်၁၀၀ခန့် ဝင်လေသည်။

မြည်းလှည်းက ဆူညံစွာ ရွေ့လျားနေ၏။ တောင်ဘက်ပေါက်ကို ကျော်လာပြီး စျေးအနောက်ဘက်က ကုန်သည်၏ဆိုင်သို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။

ထိုကုန်သည်သည် စုမိသားစုက သည်သခင်မလေးနှင့် အလုပ်လုပ်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ စုမိသားစု၏မမလေးက အကြိမ်တိုင်း သူ့ကို ထူးထူးဆန်းဆန်း ပစ္စည်းများ ယူပြန်လာပေးရန် တောင်းဆိုခဲ့သော်လည်း စုမိသားစု၏မိန်းကလေးက ငွေကို လိုလိုချင်ချင် သုံးရှာသည်။ သူက သူမ၏ငွေကို လက်ခံပြီး သူမအတွက် အလုပ်လုပ်ပေးနေသည်။ သည်တစ်ကြိမ်တွင် သူက မိန်းကလေးစုကို ကူညီပြီး ပစ္စည်းများ သယ်ပြန်လာခဲ့သည်။ ဝယ်ယူသူက သည်နေ့ ပစ္စည်းများကို လာယူမည်ကို သိထားသဖြင့် သူသည် မနက်အစောကြီးကတည်းက သူမ ရောက်အလာကို စောင့်နေလိုက်သည်။ ရင်းနှီးသည့် မြည်းလှည်းတစ်စီး တံခါးရှေ့တွင် ရပ်လိုက်သည်ကို မြင်လိုက်သဖြင့် ခန်းဆီးစကို မ,ပြီး မြည်းလှည်းပေါ်က ဆင်းလာသည့် မိန်းမငယ်လေးကု နှုတ်ဆက်ရန် အလောတကြီး ထွက်လာလိုက်သည်။

“ မိန်းကလေးစု အရမ်းအေးတယ်၊ အထဲဝင်ပြီး ရေနွေးလေးသောက်ပါအုံး”

“ ဆိုင်ရှင်ချန် ဒီခရီးက ဘယ်လိုနေလဲ”

ယိုကျင့်က ရွှင်လန်းစွာ ခေါင်းညိတ်ပြလိုက်ပြီး ဆိုင်ထဲသို့ ချန်းမျိုးနွယ်နောက်က လိုက်သွားလိုက်သည်။ ဆိုင်ရှင်ချန်သည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ပိုအိုမင်းလာခဲ့သည်။ ကုန်သည်တစ်ယောက်အဖြစ် အပြင်ထွက်လုပ်ရသည့် အလုပ်ကို သူ့သားအား လွှဲပေးခဲ့သည်။ အခုတော့ သူသည် လုပ်ငန်းလုပ်ရန် လော့ဟယ်မြို့တွင် ဆိုင်စောင့်သာလုပ်တော့သည်။ ဝယ်ယူသူလိုချင်သည့် ပစ္စည်းတိုင်းကို တောင်နှင့် မြောက်သို့ ခရီးသွားနေသည့် သူ့သားများအား ကိုယ်တိုင်ယူပြန်လာခိုင်း၍သော်လည်းကောင်း အာမခံဌာနကို အပ်၍သော်လည်းကောင်း ယူပြန်လာပေးသည်။

ဆိုင်ရှင်ချန်သည် တဟင်းဟင်း ရယ်ရင်း ပြန်ဖြေလေသည်။

“ မိန်းကလေးစုရဲ့ကျေးဇူးကြောင့် အားလုံးက အဆင်ပြေနေပါတယ်”

သူက သူမကို လက်ဖက်ရည်ဖြင့် အရင်ဆုံး ဧည့်ခံလိုက်သည်။ ထို့နောက် သူက ဆိုင်က လက်ထောက်များကို သူမ လိုချင်သည့် ပစ္စည်းများကို ယူလာခိုင်းလိုက်သည်။

“မိန်းကလေးစု ဒီမှာ၊ ဒီလို ကောက်နှံမျိုးလား”

ဆိုင်ရှင်ချန်က ယိုကျင့် အစောကြီးကတည်းက ရှာနေသည့် ကောက်ညှင်းဆန်စေ့များကို သည်တစ်ကြိမ်တွင် ရှာတွေ့ခဲ့လေသည်။ ဆိုင်ရှင်ချန်သည် ကောက်ညှင်းဆန်က ဘာအတွက်သုံးရသည်ကို မသိသော်လည်း စားစရာဟု မှတ်ယူထားလိုက်သည်။ စုမိသားစုက မိန်းကလေးမှာ ငွေရှိတယ်ဆိုတော့ ဝယ်ယူတဲ့သူက ဘုရင်ပဲလေ။

ဆိုင်ရှင်ချန်၏သားက အသိကုန်သည်တစ်ယောက်ကို ကောက်ညှင်းဆန်အိတ်အနည်းငယ် ယူပြန်လာရန် တောင်းဆိုခဲ့သည်။ လက်ထောက်များက ကောက်ညှင်းဆန်စေ့များကို ထုတ်ပြလိုက်ပြီးနောက် သူက ထွက်မသွားခင် မမေးတော့ဘဲ အိတ်ကို ချည်ထားသည့် ကြိုးစအား ကျွမ်းကျွမ်းကျင်ကျင် ဖြည်လိုက်လေသည်။

ယိုကျင့်က ရှေ့သို့ လျှောက်လာပြီး ရွှေကောက်ညှင်းဆန်စေ့များကို လက်တစ်ဆုပ်စာ ယူလိုက်ကာ လက်ထဲတွင် ကိုင်ထားပြီး ဆန်စေ့များကို ခဏလောက် သေသေချာချာ လေ့လာကြည့်လိုက်သည်။ ထို့နောက် သူမက ဆန်တစ်စေ့ကို ကောက်လိုက်ပြီး ညစ်ပတ်သည်လား ဘာလား ဂရုစိုက်မနေဘဲ ပါးစပ်ထဲထည့်ကာ အစေ့ခွံကို ကိုက်ဖွင့်လိုက်ပြီး သေသေချာချာ အရသာခံလိုက်လေသည်။ ကောက်ညှင်းဆန်ကြမ်း အရသာကို အတည်ပြုလိုက်ပြီးနောက် သူမက ကျေနပ်သွားကာ ခေါင်းညိတ်လိုက်တော့သည်။

“ ဟုတ်တယ်၊ ဒါ ကျွန်မလိုချင်နေတဲ့ဟာပဲ”

ဆိုင်ရှင်ချန်နှင့် နောက်ငွေချေလိုက်ပြီးနောက် ဧည့်သည်၏ တောင်းဆိုချက်အရ လက်ထောက်များက ဆန်အိတ်တချို့ကို မြည်းလှည်းပေါ်သို့ တင်ပေးလိုက်သည်။ ဆိုင်ရှင်ချန်သည် နောက်ထပ် အမှာစာထားခဲ့သည့် စုမိသားစုက မိန်းကလေးကို ဝမ်းသာအားရဖြင့် လိုက်ပို့ပေးလိုက်လေသည်။

***

“ရာသီဥတုက ပိုပိုအေးလာပြီ၊ အစ်မယိုဟယ်က ကိုယ်ဝန်အရင့်အမာနဲ့၊ မိသားစုဝင်တွေကိုပဲ ဆိုင်ကိစ္စ စီမံခိုင်းလိုက်ပါ၊ အစ်မယိုဟယ်က ကိုယ့်ဟာကိုယ် ဂရုစိုက်တာ ပိုကောင်းတယ်”

ယိုကျင့်က စွံပလွန်သီးခြောက် လက်ဖက်ရည်ခွက်ကို လက်ထဲတွင် ကိုင်ထားပြီး တစ်ငုံ သောက်လိုက်လေသည်။ ပြုံးပြုံးရွှင်ရွှင်ဖြင့် ယိုဟယ်နှင့် စကားပြောနေလိုက်သည်။

“ ပြီးခဲ့တဲ့ ရက်တုန်းက ညီမ သားရေတချို့ ရထားတယ်၊ အမေက သားရေတချို့ကို အစ်မယိုဟယ်ဆီသွားပို့ပေးဖို့ ညီမကို သေသေချာချာ ပြောခဲ့တယ်လေ၊ အစ်မ မနက်ဖြန်ကြရင် တစ်ယောက်ယောက်ကို ခိုင်းပြီး အနွေးထည်နှစ်ထည်လောက် သွားချုပ်ခိုင်းလိုက်ပါ၊ အစ်မ နင်က ခန္ဓာကိုယ်နှစ်ခုနဲ့ သူနော်၊ သေချာပေါက် ဂရုစိုက်ရမယ်၊ လျိုမိသားစု အစ်မကို နစ်နာအောင် လုပ်ရဲခဲ့ရင် ညီမတို့ကို ဖုံးကွယ်မထားနဲ့နော်”

“ ကလေးမ နင့်ပါးစပ်ကလည်း တဖြည်းဖြည်းနဲ့ စွာလာပြီ၊ ငါ့ကို ကြည့်ပါအုံး၊ ငါ့မျက်နှာက ဆောင်းဝင်လာကတည်းက ဝိုင်းစက်လာပြီ၊ ငါက ဘယ်လိုလုပ်ပြီး နစ်နာရမှာလဲ၊ ငါ့ ယောက္ခမနဲ့ ယောက်မတွေက ငါ့ကို အရမ်းဂရုစိုက်ပါတယ်ဟဲ့၊ နေ့တိုင်း စွပ်ပြုတ်နဲ့ ရေက ဘယ်တော့မှ မပြတ်ဘူး၊ အခု ငါလည်း ဆိုင်ကိစ္စကို ထပ်ပြီး စိတ်ပူစရာမလိုတော့ပါဘူး၊ ယောက္ခမကပဲ အားလုံးကို လုပ်ပေးနေတာ၊ ရာသီဥတုသာယာရင် ငါက အညောင်းပြေ လမ်းလျှောက်ပြီး သွားစစ်ဆေးကြည့်ရုံပဲ၊ အားလုံး အဆင်ပြေပါတယ်ဟယ်”

ယိုဟယ်က ထင်းမီးဖြင့် အနွေးပေးထားသည့် ခုတင်ပေါ်တွင် ထိုင်နေသည်။ ကိုယ်အလေးချိန်ခံနိုင်ရန် ခေါင်းအုံးပျော့ပျော့လေးတစ်လုံးကို ခါးတဝိုက်တွင် ခုထားသည်။ သူမ၏မျက်နှာက မက်မွန်ပန်းပွင့်လေးတစ်ပွင့်နှယ်။ သူမသည် အလွန်ဇိမ်ကျသည့် ဘဝတစ်ခုတွင် နေထိုင်နေသည်မှာ အလွန်သိသာလေသည်။

“ဒီသားရေတောင်မှ ငါ နှစ်လယ်တုန်းက မင်္ဂလာဆောင်တုန်းက အဒေါ်အများကြီးပေးထားခဲ့တဲ့ ဟာတွေထဲကလေ၊ အခု နင်ကလည်း ငါ့ကို ထပ်ပေးပြန်ပြီ၊ ငါ ဒါကို ဘယ်လိုလက်ခံလို့ဖြစ်မှာလဲ”

ဒီနေ့ ယိုကျင့်က အညိုရောင်ယုန်မွှေးသားရေ၊ အဖြူရောင်ယုန်သားရေနဲ့ အကောင်းစားသားမွေးရောင်ရှိတဲ့ မြွေပါကတိုးသားရေတွေ ပေးလိုက်တယ်လေ။ ယုန်သားရေတွေကတော့ ထားပါတော့။ မြွေပါကတိုးသားရေက ကြည့်လိုက်တာနဲ့ စျေးအများကြီး ပေးရတာ သိသာနေတာပဲ။ လော့ဟယ်ကို ရောက်လာပြီးကတည်း သူမက အဒေါ့်မိသားစုရဲ့ သစ်ပင်ကြီးကို မှီခိုပြီး အရိပ်မှာ နားခဲ့ရတာ။ သူမရဲ့ လက်ဖွဲ့စာရင်းကိုတောင် အဒေါ်မိသားစုကပဲ ပြင်ဆင်ပေးခဲ့တာ။ သူမမှာ စုမိသားစုကို အမြဲတမ်း ကျေးဇူးတင်နေရတာပေါ့။ အခုတော့ သူမက အိမ်ထောင်သည်မိန်းမတစ်ယောက် ဖြစ်သွားပြီ။ စုမိသားစုရဲ့ ညီမလေးတွေနဲ့ မတူတဲ့ မျိုးနွယ်တစ်ခု ဖြစ်သွားပြီလေ။ ဒီဝမ်းကွဲညီမလေးက သူမကို ပစ္စည်းတွေ ပေးကမ်းနေတုန်း။ သူမက ဘယ်လိုလုပ်ပြီး ဒါကိုလက်ခံဖို့ သတ္တိရှိနိုင်ပါ့မလဲ။

ယိုဟယ်သည် အစောပိုင်းက အားနည်းသည့် စိတ်နေသဘောထားရှိသော်လည်း သူမ၏ အရိုးအသားများကတော့ သဘောထားကြီးခြင်းနှင့် လက်တွေ့ကျကျ တွေးတောတတ်သည့် မိခင်ဖြစ်သူ အမျိုးသမီးဟန် သင်ထားပေးသည့် ဆင်ခြင်ဉာဏ်တို့ကို ဖော်ပြနေလေသည်။ မနှစ်က ဖြစ်သွားခဲ့သည့် ကိစ္စများစွာက သူမ၏စိတ်ကို အနည်းငယ် ပိုသန်မာလာအောင် သွေးပေးခဲ့သည်။ အခုတော့ သူမနှင့် စုမိသားစုဝင်အားလုံးကြားက ဆက်ဆံရေးသည် ပိုပိုပြီး ညီညွှတ်မျှတလာတော့သည်။ ယိုကျင့်သည် သည် ဝမ်းကွဲအစ်မကို အမှန်ပင် သဘောကျပြီး မိခင်မိသားစုနှင့် ဝေးကွာနေသည့် သူမကို စောင့်ရှောက်ပေးရန် လိုလိုလားလား ရှိလေသည်။ ညီအစ်မနှစ်ယောက်က အချင်းချင်း ရင်းနှီးချင်ကြသဖြင့် သူတို့၏ဆက်ဆံရေးကလည်း အလိုလို သင့်မြတ်နေတော့သည်။

လျိုကျိုးထင်သည် ကျောင်းမှ ပြန်လာချိန်၌ သူ့ဇနီး၏ အဖေဘက်က ဝမ်းကွဲညီမလေးရောက်နေသည်ဟု ကြားလိုက်ရသည်။ သူလည်း ပင်မဆောင်သို့ သွားရောက်လာ သည်အလွန်မှ တော်လှသည့် ဝမ်းကွဲညီမလေးနှင့် စကားနည်းနည်းပါးပါး ပြောလိုက်သည်။ ထို့နောက် သူက သူ့ဇနီးနှင့် သူမ၏ဝမ်းကွဲတို့ကို အချိန်ပေးလိုက်ပြီး မီးဖိုဆောင်သို့ မြန်မြန်သွားလိုက်ကာ တစ်ခုခု သောက်လိုက်ပြီးနောက် စာဖတ်ရန် သူ့အခန်းသို့ ပြန်သွားလိုက်တော့သည်။

“ နှစ်သစ်အစပိုင်းမှာ နွေဦးစာမေးပွဲရှိတယ်လေ၊ နင့်ခဲအိုက စိတ်ပူနေတာ၊ ဒါကြောင့် သူ့ကို စိတ်ထဲမထားနဲ့နော်”

ယိုဟယ်က ယောက်ျားဖြစ်က စကားနည်းနည်းပါးပါး ပြောပြီး ထွက်ပြေးသွားသည့် ယောကျ်ားဖြစ်သူ၏ အပြုအမူကို ပြုံးကာ ရှင်းပြလိုက်လေသည်။

“ နွေဦးစာမေးပွဲပြီးရင် မြို့နယ်အဆင့်စာမေးပွဲရောက်ဖို့ကလည်း တစ်နှစ်တောင် မကျန်တော့ဘူးလေ၊ သူ ကျခဲ့ရင် နောက်ထပ်သုံးနှစ် စောင့်ရလိမ့်မယ်၊ အခုက မိသားစုကလည်း သူ့ကို အနှောင့်အယှက် ဖြစ်အောင်လုပ်မိမှာ စိုးနေတာ၊ သူဘာကိုမှ အာရုံရဘူး၊ နေ့တိုင်း စာကြိုးစားဖို့လောက်ပဲ စိတ်နှစ်ထားတယ်လေ”

ယိုကျင့်က တက်တက်ကြွကြွဖြင့် ပြန်ဖြေလိုက်၏။

“ အစ်မရယ် နင် အဲလောက်အများကြီး မပြောစရာမလိုပါဘူး၊ ညီမ နားလည်ပါတယ်၊ ခဲအိုသာ ဒီမှာရှိနေရင် ညီမလည်း ဘာပြောလို့ ပြောရမယ်မှန်း မသိဘူးရယ်”

စကားပြောလိုက်ပြီးနောက် သူမက ယိုဟယ်ကို မျက်လုံးမှိတ်ပြလိုက်ကာ ယိုဟယ်က သူမ၏ဗိုက်ကို ကိုင်ကာ ရယ်မောသွားအောင် လုပ်ပေးလိုက်လေသည်။ အရှေ့ဘက်အဆောင်တွင်တော့ စာအုပ်တစ်အုပ် ကိုင်ပြီး စာကြိုးစားနေသည့် လျိုကျိုးထင်သည် ပင်မဆောင်ဘက်မှ သူ့ဇနီးဖြစ်သူ၏ ငွေခေါင်းလောင်းသံနှယ် ရယ်မောသံကို ကြားလိုက်ရလေသည်။ အပြုံးတစ်ခုက သူ့နှုတ်ခမ်းထောင့်တွင် အမှတ်တမဲ့ မသိမသာ တွဲခိုသွားတော့သည်။ သို့သော် သူ့အာရုံက ဘယ်တော့မှ လွင့်မသွားခဲ့ပေ။

ညီအစ်မနှစ်ယောက်က အချိန်တော်တော်ကြာသည်အထိ တီးတိုးစကားပြောလိုက်ကြသည်။ မပြန်ခင် ယိုကျင့်က ယိုဟယ်၏လက်ထဲသို့ နောက်ထပ် ၁၀လျန် အတင်းထိုးပေးလိုက်ပြီး

“ အစ်မ ယူထားလိုက်၊ ညီမက ညီမရဲ့တူလေးကို မုန့်ဝယ်ကျွေးတာလို့ သဘောထားလိုက်နော်”

“ယိုကျင့် နင် ဘာလုပ်တာလဲ” ယိုဟယ်က ငွေကိုလက်ခံဖို့ ငြင်းလိုက်တော့သည်။

“ ငါ့မှာ လက်ဖွဲ့ငွေတွေ အများကြီး ရှိပါတယ်ဟဲ့၊ ငါ့ ငွေမလိုပါဘူး၊ ဒါကြောင့် မြန်မြန် ပြန်ယူသွားနော်”

ငွေတုံးများကို ပူပြင်းသည့် အာလူးဖုတ်တစ်ခုနှယ် သူမက ဘယ်လိုဖြစ်ဖြစ် လက်ခံလိုက်ဖို့ ငြင်းဆန်လိုက်တော့သည်။

“ အစ်မက အခု ကိုယ်ဝန်အရင့်မာကြီးနဲ့လေ၊ မိသားစုတစ်ခုလုံးကလည်း ငွေကုန်နေရတာ၊ အစ်မဆီမှာ ငွေမရှိလို့ မဖြစ်ဘူးလေ ပြီးတော့ အစ်မယောက္ခမဆီကနေ လက်ဖြန့်တောင်းနေလို့ မရဘူး ဟုတ်တယ်မလား”

ယိုကျင့်က ငွေတုံးများကို ယိုဟယ်၏လက်ထဲ အတင်းဖိထည့်ပေးလိုက်ပြီး

“ အစ်မ နင် ညီမကို တကယ်ပဲ ညီမလေးတစ်ယောက်ကို သဘောထားတယ်ဆိုရင် ဒီအတိုင်း လက်ခံလိုက်ပါနော်”

ယိုကျင့်၏စကားလုံးများက သည်အခြေအနေအထိ ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် ယိုဟယ်မှာ မတတ်သာတော့ပေ။ သူမက အနည်းငယ်သာ ဆူပူနိုင်တော့သည်။

“ နင်ကတော့လေ”

သို့တိုင် သူမ၏နှလုံးသားက နွေးထွေးမှုတို့ လွှမ်းခြုံထားသလို ခံစားလိုက်ရတော့သည်။ အကြောင်းမှာ ယိုကျင့်ကိုယ်တိုင်က မိသားစုဝင်တစ်ယောက်လို အမှန်ပင် သတ်မှတ်ထားမှန်း သိနေသောကြောင့်ပင်။ ညီမငယ်လေးကို လိုက်ပို့ပေးလိုက်ပြီးနောက် ယိုဟယ်က သည်နေ့ ယိုကျင့်လာပို့ပေးသည့် ပစ္စည်းအားလုံးကို အရှေ့ဆောင်သို့ ပြန်သယ်လာခဲ့သည်။ သူမက ငွေအတင်းပေးခဲ့သည့် ကိစ္စကို ခဏလောက် အနားယူနေသည့် လျိုကျိုးထင်ကို ပြန်ပြောလိုက်လေသည်။

“ဒီဉာဏ်များကတဲ့ကလေးကလေ၊ အမြဲတမ်း ညီမကို ဒီလိုနည်းနဲ့ ထောက်ပံ့ပေးဖို့ အကောင်းဆုံး ကြိုးစားနေတာပဲ၊ ညီမကျတော့ အကြီးဖြစ်ပြီး အမြဲတမ်း အခွင့်အရေးယူမိနေတယ်၊ တကယ် ရှက်မိတာပါပဲ”

…

အပိုင်း (၁၀၄) လှုပ်လှုပ်ရှားရှားသတင်း

“မတွေ့တာကြာပြီနော် တတိယသခင်ကြီးက ပိုပိုပြီး ကောင်းခြင်းနဲ့ပြည့်စုံလာတယ်”

ယိုကျင့်က တတိယသခင်ကြီးဟွမ်ကို တွေ့လိုက်သောအခါ တလေးတစားဖြင့် ဦးညွှတ်လိုက်လေသည်။

“ စုမိသားစုကလေးမ မတွေ့တာကြာပြီ မင်း အများကြီး ထွားလာတာပဲ”

တတိယသခင်ကြီးဟွမ်သည် မြို့တော်မှ ပြန်ရောက်ခါစဖြစ်ပြီး ခရီးပန်းသဖြင့် အနားယူနေစဥ် စုမိသားစုကလေးမက သူ့ကို လာရှာသည်ဟု ကြားလိုက်ရသည်။ သူသည် အောက်ကလူများက သူမအား ဒုတိယထပ်က ဘေးအဆောင်သို့ မြန်မြန်ခေါ်လာခိုင်းလိုက်၏။

“ မင်းက သတင်းရမြန်သားပဲ၊ ငါ ပြန်ရောက်တာ နှစ်ရက်ပဲရှိသေးတယ် မင်းက လာရှာနေပြီ”

တတိယသခင်ကြီးဟွမ်က ပိုင်ရှင်မိသားစု၏ အကြီးဆုံးနှင့် အငယ်ဆုံးသားတို့မှာ စုမိသားစု၏ ကလေးမနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိမှန်း သိနေမည်မှာ ပြောရန်ပင်မလိုပေ။ ထို့အပြင့် သူ့ရှေ့က မိန်းကလေးငယ်လေး၏ ဦးဆောင်မှုအောက်တွင် စုမိသားစု ချမ်းသာလာခဲ့သည်ကိုလည်း ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သူသည် စုမိသားစု၏ကလေးမကို အထင်မကြီးဘဲ မနေနိုင်ပေ။

ယိုကျင့်က အောက်ဘက်အစွန်တွင် ထိုင်လိုက်၏။ မျက်နှာပေါ်တွင် ခပ်ပါးပါးအပြုံးလေးတစ်ခုဖြင့် သူမက ပြောလိုက်လေသည်။

“ တတိယသခင်ကြီးရဲ့စကားက ကျွန်မကို အရှက်ရစေပါပြီရှင်၊ ကျွန်မ ဒီနေ့ ရှင့်ကို လာနှောင့်ယှက်ရတဲ့ အဓိကအကြောင်းအရင်းကလည်း တတိယသခင်ကြီးက ခရီးမှာ သတင်းတွေ စေ့စေ့စပ်စပ် ကြားခဲ့မယ်ဆိုတာ သိနေလို့ပါ၊ တတိယသခင်ကြီးဆီမှာ သတင်းတချို့ စုံစမ်းချင်လို့ပါ”

ယိုကျင့်သည် သွယ်ဝိုက်မနေတော့ဘဲ လိုရင်းကို ပြောလိုက်လေသည်။

စုမိသားစုသည် သူတို့၏နေထိုင်ရေးအတွက် မုန့်ဆိုင်ကို အဓိကအားထားခဲ့သော်လည်း အများအားဖြင့် အသီးအရွက်များ စိုက်ပျိုးနေကြသေးသည်။ ဆောင်းတွင်းတွင် သူတို့သည် ယွင်ဝေ့ရွှမ်းအား ပဲပင်ပေါက်နှင့် ပဲအမျိုးမျိုး စသည့် ရှားပါးလတ်ဆတ်သည့် အသီးအရွက်များ ထောက်ပံ့ပေးသည်။ သူမသည် တတိယသခင်ကြီးဟွမ်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို အမြဲ ထိန်းသိမ်းထားလေသည်။ ယိုကျင့်က သတင်းလာမေးသည်မှာလည်း ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

တတိယသခင်ကြီးဟွမ်က သူ့လက်ဖက်ရည်ပန်းကန်လုံးကို ချထားလိုက်ကာ ပြန်ဖြေလိုက်၏။

“ ကျွန်တော်ကတော့ မောင်စပ်စုကြီး ဖြစ်တော့မယ်၊ ကဲ ပြော ဒီတစ်ခါရော ဘာသတင်းစုံစမ်းချင်တာလဲ”

စုမိသားစု၏မိန်းကလေးသည် သူ့ထံတွင် သတင်းလာစုံစမ်းသော်လည်း တတိယသခင်ကြီးဟွမ်သည် လျှို့ဝှက်မထားဘဲ သူ သိသမျှအားလုံးကို ပြောပြလိုက်၏။

အမှန်တွင်တော့ တတိယသခင်ကြီးဟွမ်က သည်မိန်းကလေးကို အမြဲလိုလို အားကျခဲ့မိသည်။ သူမသည် စဥ်းစားရဲသလို လုပ်လည်းလုပ်ရဲသည်။ သူ့မိသားစုတွင် သားတစ်ယောက်သာ ရှိခဲ့လျှင် ဒီအိမ်က မိန်းကလေးကို သူ့ချွေးမအဖြစ် လက်ထပ်ပေးထားလိုက်မည်။ သည်လို ချွေးမမျိုးသာ ရှိလျှင် သူတို့မိသားစုသည် မျိုးဆက်တိုင်း ပိုမတိုးတက်လာမှာ ပူရန်ပင်မလိုတော့ပေ။ သူ့တွင် သမီးသုံးယောက်သာ ရှိသည့်အကြောင်းတွေးမိပြီး တတိယသခင်ကြီးဟွမ်မှာ တိတ်တဆိတ် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

“ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကြားခဲ့တာတော့ မြောက်ပိုင်းမှာ စစ်ပွဲစနေပြီဆိုလား”

ယိုကျင့်သည် လွန်ခဲ့သည့်ရက်အနည်းငယ်က ထိုသတင်းကို ကြားလိုက်ကတည်းက စိုးရိမ်နေခဲ့မိသည်။ လော့ဟယ်ပြည်နယ်သည် နယ်စပ်နှင့် မနီးသော်လည်း မြောက်ပိုင်းနယ်စပ်သာ ထိုးဖောက်ခံရလျှင် သံမဏီမြင်းတပ်က လော့ဟယ်ကိုချီတက်တိုက်ခိုက်ရန် လဝက်သာအချိန်ယူရမည်။ ထိုအချိန် ရောက်လျှင် ဆယ်ယောက်မကသည့် သူမ၏စုမိသားစုဝင်များကို အသက်ရှင်လျက် စောင့်ရှောက်နိုင်ဖို့အရေးက နောက်အကြောင်းအရာတစ်ခု ဖြစ်သွားလိမ့်မည်။ ယိုကျင့်သည် သူမ၏အရင်ဘဝတွင် စစ်တပ်ထဲတွင် မွေးဖွားလာသူဖြစ်ရဦ စစ်၏ရက်စက်မှုကို အလိုလို သိထားလေသည်။

စုမိသားစု၏ကလေးမက ထိုမျှအလွန်အရေးကြီးသည့် ခေါင်းစဥ်ကို ဆွဲထုတ်သဖြင့် တတိယသခင်ကြီးဟွမ်မှာ အနည်းငယ်အံ့ဩသွားပြီး အနည်းငယ် ချောင်းဆိုးမိလိုက်တော့သည်။ ပုံမှန် အသက်ရှူနှုန်း ပြန်ဖြစ်သွားသည်နှင့် သူက ပြောလိုက်၏။

“ ငါလည်း သိပ်မကြာသေးခင်ကမှ သတင်းရခဲ့တာ၊ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ စစ်ပွဲက နယ်စပ်မှာ ရိက္ခာတွေကို ပျောက်ကြားတိုက်ခိုက်တာကနေ တိုက်ပွဲငယ်လေးတွေ ဖြစ်နေတာပါ၊ ဒီနှစ်က မြောက်ပိုင်းရဲ့ နွေဦးနဲ့ နွေရာသီမှာ မိုးခေါင်တာ အရမ်းဆိုးတယ်လေ၊ အစကတည်း ကောက်ပဲသီးနှံလည်း များများစားစား မရှိတော့ သူတို့တွေက မိုးခေါင်တာနဲ့ သေကုန်ကြတာပဲ၊ မြောက်ပိုင်း ရွှေ့ပြောင်းနေထိုင်သူတွေက ကျွဲနွား၊ သိုးနဲ့ မြင်းတွေမွေးတာ သိတယ်မလား၊ သူတို့ရဲ့ တိရိစ္ဆာန်တွေလည်း အပူချိန်အေးခဲတာနဲ့ သေကုန်ကြတဘ်။ ရိက္ခာခြောက် မလုံလောက်တော့ သူတို့တွေက သာ့ဖုန်းရဲ့နယ်စပ်ကလူတွေကို အာရုံစိုက်နေကြတာ သဘာဝပဲပေါ့”

တတိယသခင်ကြီးဟွမ်သည် ထိုသို့ပြောလိုက်သော်လည်း စိတ်ပူနေသေးဟန်ပေါ်လေသည်။ သူမ ပြောလိုက်သည့်စကားမှာ သူသည်လည်း စစ်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေသည် ဟူသည့်အကြောင်းပင်။ လော့ဟယ်ပြည်နယ်သည် သာ့ဖုန်း၏မြောက်ပိုင်းတွင် ရှိပြီး ထုတ်ကုန်ပစ္စည်းပေါကြွယ်ကာ အရေးကြီးသည့် ထွက်ပေါက်လမ်းကြောင်းတစ်ခု ဖြစ်သည်။ ရန်သူတပ်၏ အဓိကပစ်မှတ်များထဲက တစ်ခုဖြစ်လိမ့်မည်က သဘာဝပင်။

တတိယသခင်ကြီး စဥ်းစားမိသည့်အရာကို ယိုကျင့်ကလည်း သေချာပေါက်တွေးမိခဲ့သ်။ တိတ်ဆိတ်နေသည့် ဘေးဘက်အဆောင်ထဲတွင် လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်သည် တည်ကြည်သည့်မျက်နှာထားဖြင့် မျက်နှာချင်းဆိုင်ထိုင်ကာ တည်ကြည်သည့်မျက်နှာထားဖြင့် အပြန်အလှန်ကြည့်နေကြလေသည်။

အချိန်အတော်လင့်သွားမှ တတိယသခင်ကြီးက အခန်းထဲက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

“ စုမိသားစု ကလေးမ အများကြီး မစဥ်းစားပါနဲ့လေ၊ ငါတို့ သာ့ဖုန်းက အခုဆို ချမ်းသာပြီး အင်အားကြီးနိုင်ငံတစ်ခုလို့ မှတ်ယူလို့ရပါတယ်၊ တကယ် တိုက်ခိုက်ကြမယ်ဆိုရင်တောင် ငါတို့တွေ ရှုံးမှာ မဟုတ်ပါဘူး”

ထိုသို့ပြောရသော်လည်း မြောက်ပိုင်းတွင် တိုက်ခိုက်ရမည်ဆိုလျှင် သာ့ဖုန်းစစ်တပ်က မြောက်ပိုင်းရန်သူများလို သေချာပေါက် အားသာလိမ့်မည်မဟုတ်ချေ။ တတိယသခင်ကြီး ဘာဆက်ပြောရမည်မသိဖြစ်သွားရာ အဓိပ္ပာယ်မဲ့ စကားတချို့သာပြန်ပြောလိုက်တော့သည်။

ယိုကျင့်ကလည်း စိတ်နှင့်ကိုယ်မကပ်ဘဲ နားထောင်နေမိ၏။ ထို့နောက် သူမသည် မြို့တော်က သတင်းတချို့ကို မေးလိုက်လေသည်။ ရှောင်လင်းယွီထံမှ ဘာစာမှ မလာသည့်မှာ အတော်ကြာပြီဖြစ်သဖြင့် ရှင်းမပြတတ်အောင် စိတ်ပျက်မိနေ၏။ ထို့ကြောင့် သူမသည် မတတ်သာတော့ဘဲ မေးလိုက်ရတော့သည်။

“ ဒီတစ်ခေါက် မြို့တော်ကို သွားတာ အကြီးဆုံးသခင်လေးနဲ့ မတွေ့ခဲ့ရဘူး၊ ဒါပေမဲ့ မြို့တော်က ကြီးကြပ်ရေးမှူးဆီက ကြားခဲ့တာတော့ အကြီးဆုံးသခင်လေးက လက်ထပ်ပွဲတစ်ခု စီစဥ်နေပုံရတယ်၊ အငယ်ဆုံးသခင်လေးကလည်း မြို့တော်ရဲ့ တရားဝင်ကျောင်းမှာ စာလေ့လာနေပြီ၊ သူတို့တွေ ၄-၅နှစ်လောက်တော့ လော့ဟယ်ကို လာနိုင်မှာမဟုတ်သေးဘူးထင်တဘ်”

တတိယသခင်ကြီးဟွမ်သည် အဓိကအကြောင်းအရင်းကို မသိပေ။ စုမိသားစုကလေးမက အငယ်ဆုံးသခင်လေးနှင့် တော်တော်ခင်သည်ဟုသာ ယူဆထားလေသည်။ ထို့ကြောင့် သူက အငယ်ဆုံးသခင်လေးအကြောင်း တချို့ကို ထည့်ပြောလိုက်၏။

“ တစ်နေ့တော့ ငါ ကျူးချိုးလမ်းမပေါ် ရောက်နေတုန်း အငယ်ဆုံးသခင်လေးက လမ်းပေါ်မှာ မြင်းဖြူတစ်ကောင် စီးသွားတာ တွေ့လိုက်ရတယ်၊ မြို့တော်က မိန်းကလေးငယ်လေးတွေကလည်း မျက်လုံးတွေကို တိတ်တိတ်လေး တဖျတ်ဖျတ်ခတ်ပြီး ကြည့်နေကြတာ မျက်လုံးတွေ ထွက်ကျတော့မတတ်ပဲ”

ထိုအကြောင်း ပြောလိုက်ရင်း တတိယသခင်ကြီးဟွမ်က မနေနိုင်တော့ဘဲ အော်ရယ်လိုက်လေသည်။

ယိုကျင့်၏ လေးနက်သည့်အမူအရာသည် ပျောက်သွားပြီး အပြုံးရေးရေးလေးတစ်ခုသာ ပေါ်လာတော့သည်။ သူမက ပြန်ပြောလိုက်၏။

“ မြို့တော်က လူတွေက အဲလောက်ပွင့်လင်းကြလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး၊ နောက်ပိုင်း အခွင့်အရေးရရင် သေချာပေါက် သွားကြည့်ရအုံးမယ်”

သူတို့နှစ်ယောက်သည် မြောက်ပိုင်းနယ်စပ်ကိစ္စကို အလိုလိုနားလည်စိတ်ဖြင့် စကားလမ်းကြောင်း လွှဲလိုက်ကြတော့သည်။ ခဏလောက် စကားဆက်ပြောလိုက်ကြပြီးနောက် ယိုကျင့်က ထရပ်ကာ နှုတ်ဆက်စကား ဆိုလိုက်၏။

“ ဒီနေ့တော့ ကျွန်မ ရှင့်ကို အနှောင့်အယှက်ပေးမိပြီ၊ တတိယသခင်ကြီးကို ကျေးဇူးတင်ပါတယ်ရှင်”

“ကိစ္စမရှိပါဘူး၊ အခု ဆောင်းတွင်းရောက်နေပြီဆိုတော့ ငါ့မှာ ဘာမှလုပ်စရာမရှိဘူး၊ ငါအားတဲ့အချိန်လေးမှာ မင်းနဲ့ စကားပြောရရုံရလောက်ပါပဲ၊ အချိန်ဖြုန်းလို့ကောင်းတယ်လေ”

တတိယသခင်ကြီးဟွမ်သည် သူမကို လှေကားနားအထိ လိုက်ပို့ပေးလိုက်ပြီးနောက် နှစ်ယောက်သားသည် စကားနည်းနည်း ထပ်ပြောလိုက်ကြသည်။ သူမသည် ယွင်ဝေ့ရွှမ်းမှ ထွက်လာပြီးနောက် စုကျားရှန်း ဆိုင်သို့ သွားလိုက်လေသည်။

စုကျားရှန်း၏လုပ်ငန်းသည့် အခုတော့ တိုးပွားလာပြီဖြစ်သည်။ ယိုကျင့်သည် သူမ၏ဆိုင်တံခါးထဲသို့ လှမ်းလိုက်ချိန်၌ ဧည့်သည်များကို ဧည့်ခံနေကြသည့် ကလေးမ ၇ယောက် ၈ယောက်လုံးက မအားကြချေ။ အားလုံးသည် မျက်နှာပေါ်တွင် နွေးထွေးသည့်အပြုံးကို ဆောင်ထားကြပြီး ငှက်ဝါလေးနှင့် စာကလေးငှက်များပမာ တစာစာ ပြောဆိုနေကြလေသည်။ မုန့်လာဝယ်ကြသည့် ဧည့်သည်များသည် ပျော်ရွှင်သည့်စိတ်တို့ လွှမ်းခြုံသွားကြတော့သည်။ စုကျားရှန်၏လုပ်ငန်းက ပိုမိုတိုးတက်လာသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

တာဝန်ခံက ယိုကျင့်ကို သတိထားမိသွား၏။ သူသည် လုပ်လက်စကို မြန်မြန် အပြီးသတ်လိုက်ပြီး သူမကို လာနှုတ်ဆက်လေသည်။

“ အကြီးဆုံးမမလေးက ဒီနေ့ လာဖို့ အချိန်ရသလား၊ ဒုတိယမမလေးက အပေါ်ထပ်မှာ”

အကြီးဆုံးမမလေးက ဆိုင်ကို သိပ်မလာတတ်လေဘူး။ ပြဿနာတစ်ခုခု ရှိရင်လည်း ဒုတိယမမလေးနဲ့ တတိယမမလေးတို့က တိုင်ပင်ပြီး ဖြေရှင်းလိုက်ကြတာပဲ။ သူတို့တွေ မဖြေရှင်းနိုင်တော့ဘူးဆိုမှ အကြီးမမလေးကို သွားရှာကြတော့တာ။ ထို့ကြောင့် တာဝန်ခံသည် အကြီးမမလေးကို မြင်လိုက်ရချိန်၌ တစ်ခုခုဖြစ်နေပြီဟု တွေးလိုက်တော့သည်။ သူမ၏မျက်နှာပေါ်က အမူအရာသည် တစ်သမတ်တည်း ဖြစ်နေသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် မသက်မသာဖြစ်နေလေသည်။

“ကိစ္စမရှိပါဘူး၊ တစ်ယောက်ယောက် ချိန်းထားတာရှိလို့ ဒီတိုင်းဖြတ်သွားရင်းက တစ်ချက်ဝင်ကြည့်တာ၊ ရှင် သွားပြီးတော့ အလုပ်လုပ်ပါ”

ယိုကျင့်သည် တာဝန်ခံကို ပြန်လွှတ်လိုက်ပြီး ဒုတိယထပ်တွင် စုမိသားစုနားနေရန်အတွက် လုပ်ထားသည့် ဘေးဖက်အခန်းသို့ တန်းတက်သွားလိုက်တော့သည်။ သူမသည် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်၏။ ဆိုင်ထဲသို့ လူများ ဝင်ထွက်နေကြသည်ကို ကြည့်ရင်း ယိုရင်နှင့် ခဏလောက်စကားပြောလိုက်လေသည်။

အခုတော့ စုကျားရှန်းသည် တော်တော်ကြီးလာပြီး ယိုကျင့်က ဒုတိယထပ်တွင် ခမ်းနားသည့် ပရိဘောဂများ ထည့်သွင်းထားသည့်အပန်းဖြေအခန်းများကို ဖွင့်ထားလေသည်။ မိတ်ဆွေသူငယ်ချင်းများနှင့်တွေ့ဆုံရန်၊ အဆင့်အတန်းတစ်ခု ရှိကြသည့် အထက်တန်းစားမိသားစုများနှင့် ချမ်းသာသည့်မိသားစုများက အမျိုးသမီးများအတွက် စျေးဝယ်ပြီး နားခိုရန် ရွေးချယ်လို့ကောင်းသည့်နေရာတစ်ခု ဖန်တီးပေးထားလေသည်။

စုကျားရှန်း၏ဒုတိယထပ်တွင် ခမ်နားသည့် အပန်းဖြေခန်း ၁၂ခန်းရှိလေသည်။ အနိမ့်ဆုံးစျေးနှုန်းမှာ လျန်ငွေ ၁စဖြစ်၏။ လျန်၁စသည် ချမ်းသာသည့်မိသားစုများမှ အမျိုးသမီးများ၏မျက်လုံးထဲတွင်တော့ ဘာတန်ဖိုးမှမရှိပေ။ ထို့အပြင် စုကျားရှန်း၏ လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားသည့်မုန့်များကလည်း ပူတုန်းစားလျှင် အရသာပိုရှိလေသည်။ ထို့ကြောင့် ချမ်းသာသည့်မိသားစုများက အမျိုးသမီးများက စျေးဝယ်ထွက်လာလျှင် ခဏအနားယူရန်အတွက် စုကျားရှန်းမုန့်ဆိုင်ကို အမြဲရွေးချယ်ကြလိမ့်မည်။

ထို့ကြောင့် သည်ခမ်းနားသည့် အပန်းဖြေခန်း ၁၂ခန်းက တစ်လလျှင် လျန်၁၀၀နီးပါး အမြတ်ရလေသည်။ အစပိုင်းက အနည်းငယ်တွေဝေနေသည့် ယိုရင်မှာ မကြီးဆုံးဖြတ်ချက်ကို တစ်ဖန် ထပ်ယုံကြည်သွားတော့သည်။ မကြီးဝင်လာသည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ယိုရင်က လက်ထဲကအလုပ်ကို ချထားလိုက်ပြီး သူမဆီ သွားလိုက်တော့သည်။

“ မကြီး ဘာလို့ ဒီကိုလာခဲ့တာလဲ၊ အလုပ်ကိစ္စတိုင်ပင်ဖို့ သွားလိုက်တာမဟုတ်ဘူးလား”

ယိုရင်၏ တောက်ပြောင်နေသည့် ဆံသားနက်နက်များကို ထိကိုင်လိုက်ရင်း ယိုကျင့်က ပြုံးကာ ပြန်ဖြေလိုက်လေသည်။

“ ချိန်းထားတာ တွေ့ခဲ့ပြီးမှ စောနေသေးလို့ ညီမလေးကို လာတွေ့တာလေ၊ လုပ်ငန်းအခြေအနေ ဘယ်လိုရှိလဲ”

မကြီး၏မေးခွန်းကို ကြားလိုက်သည်တွင် ယိုရင်က စာရင်းစာအုပ်ကို မကြီးထံ လှမ်းပေးလိုက်လေသည်။

“ ဒီလရဲ့အသုံးစာရင်း ဂျုံချော ပေါင်၄၀နဲ့ ၈ပုံး၊ ကြက်ဥအလုံး ၃၀၀ကျော်၊ ပဲနီ၊ ပဲစိမ်းနဲ့ တခြားပဲတွေက ၈ပေါင်စီကုန်တယ်၊ ကုန်ကျစားရိတ်က ၂၉၀လျန်၊ ဝင်ငွေက ၈၂၃လျန်”

လတစ်ဝက်ပဲ ရှိသေးသည်။ စုမိသားစု၏မုန့်ဆိုင်းက လျန်၆၀၀ကျော် ဝင်နေပြီဖြစ်၏။ လုပ်ငန်းက တော်တော်လေး ကောင်းသည်ဟု ဆိုရမည်။

“ အခု ညီမလေးက စာရင်းတွေကို ပိုပြီး ရှင်းလာအောင် လုပ်တတ်လာပြီပဲ” ယိုကျင့်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

“ ဆိုင်က ကိစ္စတွေကို တာဝန်ခံနဲ့ ယိုကျူးတို့နဲ့ မကြာမကြာ တိုင်ပင်သင့်တယ်၊ တစ်ခုခု မသေချာရင် မကြီးကို တန်းပြောနော်”

အခုတော့ စုကျားရှန်းသည် တရားသူကြီး ဇနီး၏စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး လော့ဟယ်က လူချမ်းသာမိသားစုအများကလည်း သူတို့က အမာခံဖောက်သည်များ ဖြစ်လာလေသည်။ ထို့ကြောင့် အစတုန်းကလို အလကားနေရင်း ရန်လာစမည့်သူ၊ နာမည်ဖျက်ရဲသူများ မရှိတော့ပေ။ သို့တိုင် ဆိုင်တစ်ခု ဖွင့်လျှင် အသေးအဖွဲကိစ္စများက ရှိသေးသည်။ ယိုရင်၏စိတ်ထားသည် ပျော့ပြောင်းနေဆဲ။ ယိုကျင့်က သူမ၏စိတ်သဘောထားကို ပြောင်းပေးလိုစိတ်ရှိလေသည်။ ထို့ကြောင့် မိသားစုထဲ လူများသော်လည်း သူမက ယိုရင်ကို နောက်ကွယ်မှနေ၍ စုကျားရှန်း၏ အလုပ်ကိစ္စများကို စီမံစေလိုသည်။

“ မကြီး စိတ်မပူပါနဲ့ ညီမလေး သိပါပြီ”

ယိုရင်သည် မကြီး၏အတည်ပြုချက်ကို ရလိုက်သဖြင့် ဝမ်းသာသွားတော့သည်။ မကြီး၏စကားက မကောင်းသည့်သဘော မပါမှန်း သိလေရာ သူမက သင်ကြားပေးသည်ကို လက်ခံလိုက်လေသည်။

စာရင်းစာအုပ်ကို ချထားလိုက်ပြီး ယိုကျင့်သည် ရေနွေးတစ်ငုံသောက်လိုက်ပြီးနောက် မေးလိုက်လေသည်။

“ အခု ဂိုဒေါင်ထဲမှာ ကုန်ကြမ်း ဘယ်လောက်ကျန်သေးလဲ”

မုန့်ဆိုင်တွင် ကိုယ်ပိုင်ဂိုဒေါင်ထားရှိ၏။ တံခါးရှေ့တွင် ပစ္စည်းလာပို့နေကျ ပုံမှန်ပစ္စည်းပို့သူများ ရှိလေသည်။ ထို့ကြောင့် ကုန်ကြမ်းပစ္စည်းများ စုပုံနေခြင်းမျိုးမရှိချေ။ အများဆုံး တစ်လစာ ကုန်ကြမ်းများ ရှိလေသည်။

သေချာပါသည်။ ယိုရင်က ပြန်ဖြေလိုက်၏။

“ လဝက်စာလောက် ကျန်ပါသေးတယ်၊ ဆိုင်ရှင်စုန့်က နှစ်ရက်အတွင်း ကုန်ကြမ်းပစ္စည်းအသစ် လာပို့လိမ့်မယ်”

“ခဏနေကျရင် အစ်မ ဆိုင်ရှင်စုန့်ဆီ တစ်ယောက်ယောက်နဲ့ စာတစ်စောင်သွားပို့ခိုင်းလိုက်မယ်၊ ဒီတစ်ခါတော့ အစ်မတို့တွေ ကုန်ကြမ်းကို ၃-၄လစာလောက် လှောင်ထားရလိမ့်မယ်”

ယိုကျင့်သည် စဥ်းစားလိုက်ပြီးနောက် ကြိုတင်ကာကွယ်ရန် ဆုံးဖြတ်လိုက်တော့သည်။ စစ်ကြီးသာ အမှန်တကယ်ဖြစ်လာလျှင် အခက်အခဲများကို ကျော်လွှားရန် မိသားစုကို ထောက်ပံ့ပေးမည့် အစားအသောက်တချို့တော့ အနည်းဆုံး ရှိရလိမ့်မည်။

“ ညီမလေး နင် အချိန်ကျရင်တော့ ဂိုဒေါင်မှာ ပစ္စည်းတွေပြည့်နေဖို့ လုပ်ထားရမယ်၊ ပြီးတော့ ဂိုဒေါင် သော့ကိုလည်း သေချာသိမ်းထားမှရမယ်”

“ ညီမလေး သိပါပြီ၊ ယိုကျူးနဲ့ ညီမလေးဆီမှာပဲ ဂိုဒေါင်သော့ရှိတာပါ၊ တာဝန်ခံကိုတောင် သော့ကို ပေးမထိဘူး”

ယိုရင်က ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။ သူမသည် မိသားစု၏ ဂိုဒေါင်အရေးကြီးပုံကို အလိုလို သိပြီးသားပင်။ သူမသည် သော့ကို ကိုယ်နှင့်မကွာ အမြဲဆောင်ထားသည်။

“မကြီး ဘာဖြစ်လို့ အစားအသောက်တွေကို ပြင်ဆင်ထားချင်တာလဲ”

“ မြောက်ပိုင်းမှာ နှင်းမုန်တိုင်းကျနေတယ်လို့ လူတွေပြောတာ ကြားခဲ့လို့လေ၊ ကောက်နှံစျေးတွေ အတက်အကျ ဖြစ်မှာစိုးလို့၊ အရင်ဆုံး စုဆောင်းထားလိုက်တာ ကောင်းပါတယ်၊ ဘာပဲပြောပြော ကောက်နှံတွေဆိုတော့၊ တစ်နှစ် ၊ နှစ်နှစ်အထိ ပျက်စီးမှာမဟုတ်ဘူး”

ယိုကျင့်က ဇဝေဇဝါဖြစ်နေသည့် ယိုရင်ကို ကြည့်လိုက်ပြီး ပြုံးကာ ရှင်းပြလိုက်လေသည်။ သူမ၏ အမူအရာက တည်ငြိမ်နေသဖြင့် ယိုရင်က လက်ခံသွားပြီး ဘာမှ ထပ်မမေးတော့ချေ။

ယိုကျင့်သည် ယုံကြည်ချက် မရှိသော်လည်း မြောက်ပိုင်း ဝရုန်းသုန်းကားအခြေအနေက တတိယသခင်ကြီးဟွမ်ဆီသို့ ရောက်လာကတည်းက ဖြစ်နိုင်ခြေ ၈၀%လောက်ရှိနေ၏။ ဒါသည် သတင်းအမှန် ဖြစ်နေလျှင်တောင် ယိုကျင့်မှာ သူမ၏မိသားစုကို ထိုအကြောင်း မပြောပြရဲပေ။ တိတ်တဆိတ်သာ စတင်ပြင်ဆင်ထားနိုင်တော့သည်။ စစ်ပွဲသာ အမှန်ပင်စခဲ့လျှင် မိသားစုတစ်ခုလုံးက အသက်ရှင်နိုင်မည့်လမ်းကို ဖောက်ရတော့မည်။

ဝူလီချောင်က စုမိသားစု၏ ဂိုဒေါင်များနှင့် မြို့က စုကျားရှန်း၏ ဂိုဒေါင်များသည် ကောက်နှံများအပြည့် ဖြစ်သွားတော့သည်။ ယိုကျင့်သည် ချည်နှင့် သားရေများကိုလည်း ဝယ်ထားလိုက်သည်။ ထို့နောက် ဟိုကျားဝမ်တောင်ပေါ်က ဝက်နှစ်ကောင်ကို သတ်ခိုင်းလိုက်ကာ အားလုံးကို ကြပ်ခိုး တိုက်ခိုင်းလိုက်သည်။ မိုးရွာသည့်နေ့များအတွက် ဝက်အသားပြားကို ပြုထားလိုက်၏။ စုမိသားစုဝင်အားလုံးက သူမသည် နှစ်သစ်ကူးအတွက် ပြင်ဆင်နေသည်ဟုသာ ထင်နေကြလေသည်။ သူမသည် စစ်ပွဲအတွက် တိတ်တိတ်လေး ပြင်ဆင်နေသည်ကို ဘယ်သူမှ မသိကြချေ။

စုမိသားစုက ကောက်နှံဝယ်ပြီး ရက်အနည်းငယ်အကြာတွင်တော့ မြောက်ပိုင်းက စစ်ပွဲသတင်းသည် နေရာအနှံ့က အေးစက်လှသည့်လေလို လော့ဟယ်မြို့သို့ တိတ်တိတ်လေး ပျံ့နှံ့လာတော့သည်။ ထင်ထားသည့်အတိုင်းပင် အားလုံးက ခဏလောက် ပျာယာခတ်သွားကြ၏။ ဆန်၊ ဆီ နှင့် အဝတ်အစား၊ စစ်ပွဲကာလအတွင်း လိုအပ်သည့် ပစ္စည်းများသည် တစ်ခုပြီးတစ်ခု စတင် စျေးတက်လာတော့သည်။

အိမ်တွင်သာ နေသည့် အမျိုးသမီးစုပင် မြောက်ပိုင်းက စစ်ပွဲသတင်းကို ကြားရလေသည်။ မြောက်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူ မြင်းတပ်က မနက်ဖြန် သဘက်ခါပင် လော့ဟယ်မြို့ဂိတ်သို့ ထိုးဖောက်လာတော့မည့်နှယ် သူမသည် တော်တော် စိတ်ပူလာတော့သည်။

…

အပိုင်း (၁၀၅) တင်းယွင်က ဆွေမျိုးများ

အစောပိုင်းကတည်းက မြောက်ပိုင်းက အခြေအနေသည် တောင်ပိုင်းဘက်မှ မကြာခဏဆိုသလို အစားအသောက်များ လုယက်နေသည့် ပျောက်ကြားတိုက်ခိုက်မှုများသာ ရှိခဲ့သည်။ မြောက်ပိုင်းတွင် နောက်တစ်လအထိ နှင်းများ သည်းထည်စွာ ဆက်တိုက်ကျဆင်းခဲ့ပြီးနောက်တွင် တောင်ဘက်က ကြီးမားသည့် အဓမ္မလုယက်ခြင်း စစ်ပွဲတစ်ခုသည် နောက်ဆုံးတော့ ၁၂လပိုင်း လလယ်လောက်တွင် ဖြစ်ပွားလာတော့သည်။ လော့ဟယ်သည် မြောက်ပိုင်းနယ်စပ်နှင့် လဝက်ကြာမျှသာ ကွာဝေးးသည်။ ထို့အပြင် လော့ဟယ်သည် ပြည်နယ်ခံတပ်မြို့တစ်ခုဖြစ်သည။ ဂိတ်တံခါးတွင် တပ်ခွဲများကို နေရာချသည်။ ထို့ကြောင့် စစ်ပွဲက သည်ဘက်ကိုတော့ အချိန်ခဏအထိ သက်ရောက်လိမ့်အုံးမည် မဟုတ်ပေ။

ရွှေ့ပြောင်းနေထိုင်သူများသည် ရဲစွမ်းသတ္တိဖြင့် မွေးဖွားလာပြီး တိုက်ခိုက်ရေးတွင် ကျွမ်းကျင်ကြသည်။ ထိုအခြင်းအရာထက် သူတို့သည် လမ်းဆုံးသို့ တွန်းပို့ခံခဲ့ရသည်။ သူတို့သည် တိုက်ခိုက်ကြလျှင် အားလုံး ထွက်လာကြသည်။ ဆောင်းဝင်စကတည်းက သာ့ဖုန်း၏စစ်တပ်သည် အစာရေစာ ပြတ်လပ်ပြီး တိုက်ပွဲ ဝင်လာခဲ့ရသည်။ သည်နှိုင်းယှဥ်ချက်နှင့်ပင် သူတိုသည် အရေးနိမ့်လာခဲ့သည်။ နယ်စပ်က ထိုးဖောက်ခံလိုက်ရ၏။ ရွှေ့ပြောင်းနေထိုင်သူများက အလုံးအရင်း ဝင်ချလာပြီး မြောက်ပိုင်းမှ တင်းယွင်စီရင်စုမြို့သို့ တစ်ခရီးသာ ကြာသည့် ကျားရှင်းဂိတ်သို့ ၁၀ရက်မပြည့်ခင်မှာပင် ရောက်လာကြတော့သည်။

လွန်ခဲ့သည့်ရက်ပေါင်းများစွာက ယွဲ့မိသားစုဝင်အားလုံးသည် အခုတော့ အိုးပူတစ်ခုထဲက ပုရွတ်ဆိတ်များကဲ့သို့ပင်။ မိသားစုတစ်ခုလုံးက အိတ်ကြီးအိတ်ငယ်များကို ရုန်းရင်းဆန်ခတ် ထုတ်ပိုးကာ တောင်ပိုင်းသို့ ထွက်ပြေးလာကြတော့သည်။ ယွဲ့မိသားစု အိမ်များနှင့် လယ်များက ချွေ့ဖုန်းရွာတွင် ရှိသော်လည်း သည်အပြင်ပန်းပစ္စည်းများက အသက်နှင့်ယှဥ်လာလျှင် လုံးဝအရေးမကြီးမတော့ပေ။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ယွဲ့ဝမ်ထောင်နှင့် ယွဲ့ဝမ်ဝေတို့သည် လက်ထပ်ခဲ့ကြသည်။ ယွဲ့ချိန်ရှို့က သူ့ဒုတိယအစ်ကိုကဲ့သို့ပင် တခြားသူများနည်းတူ တူညီသည့်ကံကောင်းခြင်းတွင် ပျော်ရွှင်နေခဲ့သည်။ အမျိုးသမီးဟန်၏တစ်ကိုယ်လုံးသည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း မြန်မြန် အိုစာသွားခဲ့သည်။ သူမသည် ယွဲ့ချန်ရှို့နှင့် ရင်းရင်းနှီးနှီး မနေလိုတော့ပေ။ ယွဲ့ချန်ရှို့က သူယောက္ခထီး ဆုံးသွားကတည်း လုံးဝ ထိန်းထိန်းသိမ်းသိမ်း မရှိတော့ဘဲ နေ့တိုင်း မူးရူးကာ အိမ်ပြန်လာတတ်သည်။

နောက်ပိုင်းတွင် သူသည် ကချေသည်တစ်ယောက်ကို ရုတ်တရက်ဝယ်လိုက်ပြီး အိမ်ထဲသို့ ခေါ်ဝင်ခဲ့သည်။ သူမသည် သူ့အချစ်ဆုံးလူတစ်ယောက် ဖြစ်လာခဲ့သည်။ သားနှစ်ယောက်မှာလည်း သည်ကိစ္စကြောင့် မရေမတွက်နိုင်အောင် ရိုက်နှက်ခံခဲ့ရသည်။ အားကျဖွယ်မိသားစုသည် အစောကြီးကတည်း ပြိုကွဲသွားပြီဖြစ်တော့သည်။

ယွဲ့ဝမ်ထောင်က ထုန်ရှန့် ဖြစ်လာပြီးနောက်တွင် သူက ကုန်သည်မိသားစုတစ်ခု၏ တစ်ဦးတည်းသောသမီးနှင့် လက်ထပ်ခဲ့သည်။ ဇနီးအသစ်လေး၏ အလျှံပယ်လက်ဖွဲ့ငွေနှင့် ယောက္ခထီးကြီး၏ ထောက်ပံ့ပေးခြင်းကြောင်း ယွဲ့မိသားစု၏ ပထမမိသားစုသည် တဖြည်းဖြည်းနှင့် ညီအစ်ကိုသုံးယောက်ထဲတွင် အချစ်ခံရဆုံး ဖြစ်လာခဲ့သည်။ သည်တစ်ကြိမ်တွင် တောင်ပိုင်းသို့ ထွက်ပြေးရန် ကြိုးစားနေသူမှာ ယွဲ့ချန်ဖူနှင့် သူ့မိသားစုဖြစ်လေသည်။

ယွဲ့မိသားစု၏ လက်ရှိ မိသားစုဝင်မှာ အယောက်၂၀ကျော်ရှိနေသည်။ သူတို့သည် သည်တိုင်း ထသွားလိုက်လို့ အဘယ်မှာဖြစ်နိုင်ပါမည်နည်း။ ပထမမိသားစုဝင်အားလုံးက ပါးနပ်ကြသည်။ သူတို့သည် လောင်အာ့နှင့် လောင်စန်း မိသားစုများက သူတို့၏ကိုယ်ပိုင်ငွေကို ညာစားတော့မည်ကို မည်သို့ကြည်ဖြူနိုင်ပါမည်နည်း။ ပထမမိသားစု၏အခန်းသည် တံခါးပိတ် ဆွေးနွေးခဲ့ကြသော်လည်း ဒုတိယမိသားစုနှင့် တတိယမိသားစုတို့လည်း သူတို့အချင်းချင်း တိုင်ပင်နေကြသည်ကိုတော့ မသိလိုက်ကြပေ။ ထိုနေ့ညက ဒုတိယနှင့် တတိယမိသားစုက ပထမမိသားစုနှင့် အဘိုးကြီးလင်မယား အာရုံမစိုက်နိုင်သည်ကို အခွင့်ကောင်းယူကာ မိသားစု နွားလှည်းဖြင့် တိတ်တိတ်လေး ထွက်ပြေးသွားကြတော့သည်။ ယွဲ့ချန်ရှို့သည် တင်းယွင်က ဆိုင်ကို ဟိုအရင်ကတည်း ရောင်းထုတ်လိုက်ပြီး မိသားစု၏ ငွေအားလုံးးကိုယူကာ ကချေသည်နှင့် သားနှစ်ယောက်ကိုသာ ခေါ်သွားခဲ့သည်။ သူသည် အမျိုးသမီးဟန်ကို ချွေ့ဖုန်းရွာတွင် ထားခဲ့လေသည်။

တတိယမိသားစု၏ သားနှစ်ယောက်မှာ လွန်ခဲသည့် နှစ်နှစ်ကတည်းက သူတို့အဖေ၏ လုပ်ရပ်များကြောင့် ရင်ကွဲခဲ့ရပြီးဖြစ်သည်။ သူတို့အမေက သူမ၏အသက်နှင့် မခြိမ်းခြောက်ထားခဲ့လျှင် သူတို့သည် သူတို့အဖေနှင့် လိုက်ရသည်ထက် တင်းယွင်တွင် အမေနှင့်နေခဲ့ကာ အသေခံသွားလိမ့်မည်။ ယွဲ့ချန်ရှို့နှင့် ယွဲ့မိသားစုက တခြားလူများ၏ လှည်းနောက်သို့ ရွာအဝင်ဝအထိ တိတ်တိတ်လေး လိုက်သွားခဲ့သည့် အမျိုးသမီးဟန်သည် နွားလှည်းက တောင်ဘက်သို့သွားနေသည်ကို မျက်လုံးနီများဖြင့် စောင့်ကြည့်နေခဲ့လေသည်။ သူမ သေရဲတယ်။ သူမ ယွဲ့ချန်ရှို့ကိုလည်း သေစေချင်တယ်။ ဒါပေမဲ့ သူမရဲ့သားနှစ်ယောက်တော့ အသက်ရှင်ရအုံးမယ်။ ကလေးများအတွက် သူမသည် ယွဲ့ချန်ရှို့နှင့် တခြားသူများ ထွက်သွားသည်ကိုသာ စောင့်ကြည့်နေနိုင်တော့သည်။

နောက်တစ်နေ့မနက် ယွဲ့မိသားစု၏ ပထမမိသားစု အိပ်ရာထလာချိန်တွင်တော့ မိသားစု၏ နွားလှည်းက ပျောက်သွားပြီး တံခါးနားတွင်ရပ်ကာ နှင်းပွင့်များ ဖြည်းဖြည်းချင်းကျလာသည်ကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေသည့် အမျိုးသမီးဟန်ကိုသာ တွေ့လိုက်ရတော့သည်။

“ လောင်အာ့ နဲ့ လောင်စန်း ခွေးတိရိစ္ဆာန်ကောင်တွေ”

ယွဲ့တာ့ဖူသည် အလွန်ဒေါသထွက်လွန်းသဖြင့် နောက်ပြန်လဲကျသွားတော့သည်။ သူသည် သားနှစ်ယောက်ကို ထားခဲ့ရန် စိတ်ကူး ရှိထားသော်လည်း သူ့သားနှစ်ယောက်က သူ့ကို တစ်ထပ်တည်း တွေးနေမည်ကိုတော့ မျှော်လင့်မထားခဲ့ပေ။ ခုတင်ပေါ်တွင် ထိုင်ရင်း အကြိမ်ကြိမ် ကျိန်ဆဲနေလိုက်တော့သည်။

“ မျက်ဆန်ဖြူနဲ့ ဝံပုလွေနှစ်ကောင်၊ မသိတတ်လိုက်တဲ့သားတွေ”

“ အဖေ အခုတော့ အဖေ ဘယ်လောက်ပဲ ဆဲဆဲ လောင်အာ့နဲ့ လောင်စန်း ကလေးတွေက ထွက်သွားတာ ကြာလှပြီ၊ ကျွန်တော်တို့လည်း မြန်မြန်သွားသင့်ပြီမလား၊ ကျွန်တော်တို့ တစ်ရက်တောင် နောက်ကျသွားပြီ၊ မြောက်ပိုင်းက စစ်ပွဲက ဒီကိုရောက်လာတော့မယ်”

ယွဲ့ချန်ဖူသည် သည်မသေနိုင်သေးသည့်နှစ်ယောက်ကို ချန်ခဲ့ချင်သော်လည်း သည်မသေနိုင်သေးသည့် နှစ်ယောက်တွင် နှစ်ပေါင်းများစွာ စုဆောင်းထားသည့်ငွေများ ရှိနေမည်ဖြစ်ကြောင်း သိနေသည်။ သူသည် သူတို့ကို ခေါ်သွားလျှင် လမ်းတစ်လျှောက် စားသောက်စားရိတ်အားလုံးကို ရလိမ့်မည်။ ထို့ကြောင့် သူသည် သူ့ဒေါသကို မျိုသိပ်ကာ မျက်နှာတည်ဖြင့် မေးလိုတော့သည်။

“မြို့ကိုသွားပြီး လားတစ်စီး ငှားပြန်လာခဲ့၊ ငွေပိုကုန်ရမယ်ဆိုရင်တောင် သုံးခဲ့၊ မြန်မြန်ထွက်သွားရမယ်”

ယွဲ့တာ့ဖူသည် စစ်ပွဲက ချွေ့ဖုန်းသို့ ရောက်လာတော့မည်ဟု ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ခုတင်ကို မြန်မြန်ပုတ်လိုက်ပြီး မိသားစုကို စတင်အလုပ်လုပ်ဖို့ အမိန့်ပေးတော့သည်။

“ အဘွားကြီး မြန်မြန်၊ အကြီးဆုံးချွေးမကို သွားခေါ်၊ လမ်းမှာစားဖို့ မန်ထိုနည်းနည်းလောက် ပေါင်းခိုင်းလိုက်၊ အဝတ်အစားနဲ့ အိပ်ရာတွေကို သိမ်းထုပ်ထား၊ မြန်မြန်လုပ်၊ ယူသွားလို့ မရတဲ့ဟာတွေကိုတော့ အားလုံးကို သော့ခတ်ခဲ့လိုက်”

အားလုံးက ရှုပ်ထွေးနေသော်လည်း ယွဲ့တာ့ဖူမိသားစု၏ အိမ်ဦးနတ်ရာထူးကတော့ တည်ငြိမ်နေဆဲ။ သူက ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် အားလုံးက မြန်မြန်လုပ်လှုပ်ရှားလိုက်ကြတော့သည်။

အားလုံးသည် အလုပ်များနေကြလေသည်။ အမျိုးသမီးဟန်တစ်ယောက်ကသာ ဒုက္ခသုက္ခအားလုံးသည် သူမနှင့် ဘာမှမဆိုင်သကဲ့သို့ ရှိနေတော့သည်။ အမျိုးသမီးချန်၏ ဝင်လိုက်ထွက်လိုက် ပျာယာခတ်နေချိန်တွင် သူသည် လျစ်လျူရှုခံထားရသည့် သွေးထွက်မတတ်အကြည့်များကို မရေမတွက် ပစ်လွှတ်နေလေသည်။ ဒေါသထွက်ထွက်ဖြင့် အမျိုးသမီးချန်က သူမ၏ယောက္ခမဖြစ်သူထဲ ချက်ချင်း သွားကာ ညည်းညူလိုက်ပြီး မကောင်းသည့်စိတ်ကူးများ ပေါ်လာတော့သည်။

“အမေ လောင်စန်းက သူ့မိန်းမကိုတောင် ခေါ်မသွားဘူး သူ ကျွန်မတို့နဲ့ လိုက်ချင်နေတာတော့ မဟုတ်ဘူးမလား”

ဂျုံနယ်ရင်း အမျိုးသမီးချန်က အဘွားချန်နှင့် စကားပြောနေလသည်။

“ ကျွန်မ အခုလေးတင် သူ ကျောက်တုံးကြီးတစ်တုံးလို ရပ်နေတာ တွေ့ခဲ့တယ်၊ သူ့မှာ လာကူရမယ်ဆိုတာလည်း မသိဘူး၊ အဲဒီအလကားစားနေတဲ့ဟာတွေက တကယ့်ဝန်အပိုတွေပဲ”

အမျိုးသမီးချန်သည် အဘွားချန်ကို မျက်စိစပါးမွှေးစူးအောင် လုပ်နေကြဖြစ်သည်။ သေချာနေပါပြီ။ အဘွားချန်သည် သူမပြောလိုက်သည့်စကားကို ကြားလိုက်ရပြီးနောက် ချက်ချင်း ဒေါသထွက်သွားတော့သည်။

“ ဂြိုဟ်ဆိုးမ၊ အပျက်မ၊ သူ့အဘိုးကြီးက သေသွားတာဖြင့်ကြာနေပြီး အခုထိ ငိုယိုနေတဲ့မျက်နှာနဲ့၊ သူ့ကြောင့်သာ မဟုတ်ရင် အဲဒီတုန်းက လောင်စန်းက မြို့က ကောင်စီဝင်မိသားစုတစ်ခုနဲ့ လက်ထပ်ရမှာ၊ အခုလောက်ဆိုရင် ဘဝကြီးက အများကြီးပိုကောင်းနေလောက်ပြီ၊ မိသားစုလုပ်ငန်းကြီးတစခုက သူ့ကြောင့် ပျက်စီးသွားတာတောင် သူက ဒီအဘွားကြီးဆီမှာ အလကား စားသောက်ချင်နေသေးတာလား၊ အိပ်မက်မက်နေလိုက်”

အဘွားချန်၏စကားကို ကြားလိုက်ရသဖြင့် အမျိုသမီးချန်က ကြိတ်ပျော်သွားတော့သည်။ မိသားစုဟောင်းမှာ တစ်ယောက်လျော့လေ တစ်ယောက်ရဲ့ဝန်ထုပ်ဝန်ပိုးသက်သာလေ၊ သူမမိသားစုရဲ့ အိုကြီးအိုမနှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို လုမဲ့သူ တစ်ယောက်လျော့သွားလေပဲလေ။ တောက်ပနေသည့် ပျော်ရွှင်မှုတစ်ခုက မျက်နှာပေါ်တွင် မဖုံးဖိနိုင်အောင် ပေါ်လာလေသည်။ မီးဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည့် ဝမ်ထောင်၏မိန်းမက ယောက္ခမနှင့် အဘွားဖြစ်သူတို့ စကားကို ကြားလိုက်ပြီး အသက်ပြင်းပြင်း မရှူရဲချေ။ သူမသည် ခေါင်းကိုသာ ငုံ့ထားလိုက်ပြီး ယပ်ခတ်နေလိုက်လေသည်။

မကြာမီတွင် ယွဲ့ချန်ဖူသည် တောင်ပိုင်းသို့ ထွက်ပြေးမည့် လားတစ်စီးကို ငှားလာခဲ့သည်။ ပိုင်ရှင်မှာ လင်မယားနှစ်ယောက် ဖြစ်သည်။ ယွဲ့ချန်ဖူပေးသည့် စျေးက များသဖြင့် ယွဲ့မိသားစုကို လာခေါ်ပြီး တောင်ပိုင်းသို့ အတူတူသွားရန် သဘောတူလိုက်တော့သည်။

အခုတော့ ချွေးဖုံးရွာတွင် လူဆယ်ယောက်မှာ ကိုးယောက်က ထွက်သွားပြီးဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်အဘိုးနှင့် မျိုးနွယ်အကြီးအကဲတချို့ကသာ ထွက်ခွာရန် ငြင်းဆန်ခဲ့သည်။ ကျန်လူများသည် တစ်ယောက်ပြီး တစ်ယောက် တောင်ပိုင်းသို့ ထွက်ပြေးသွားခဲ့ကြသည်။

ပင်မအခန်း၏အပေါ်ဘက်တွင် ယွဲ့တာ့ဖူက ငွေအားလုံးနှင့် စာချုပ်ကို သူ့ကျောနောက်တွင် ဝှက်ထားလိုက်သည်။ ထို့နောက်မှ သူက ပင်မအခန်းထဲက ထွက်လာပြီး တံခါးအားလုံးကို တစ်ခုပြီး တစ်ခုခေါက်လိုက်ကာ နောက်ဆုံးတွင် ပင်မဝင်ပေါက်ကို သော့ခတ်လိုက်လေသည်။ မိသားစုတစ်ခုလုံး ထွက်လာကြ၏။ လားလှည်းပေါ်တက်လိုက်ကြပြီးနောက်တွင် ကြီးမားငယ်ရွယ်သည့် လားသည် ခွာများကို ယက်ကာ တောင်ဘက်သို့ ပြေးထွက်သွားတော့သည်။ ယွဲ့အိမ်တံခါးတွင် ရပ်နေသူမှာ အိတ်စုတ်လေးတစ်လုံးကို သယ်ကာ ဘယ်သွားရမည်မှန်းမသိသည့် အမျိုးသမီးဟန်သာဖြစ်တော့သည်။ ယွဲ့မိသားစုဝင်များသည့် နောက်ဆုံးတွင် အမျိုးသမီးဟန်ကို ထားခဲ့ကြလေသည်။

***

“အကြီးဆုံးမမလေး ကျွန်တော် လူကို ခေါ်လာပါပြီ”

နှစ်သစ်ကူး ဒုတိယနေ့သည် ယွဲ့ယိုဟယ်က သူမ၏မိခင်အိမ်သို့ ပြန်လာခဲ့သည့် နေ့ဖြစ်သည်။ စုအိမ်၏ ပင်မခြံဝင်းထဲတွင် ပျားပန်းခတ်မျှ စည်ကားနေလေသည်။ အပြင်က ဦးလေးစုန့်က ခြေလှမ်းကျဲများဖြင့် ဝင်လာပြီး ယိုကျင့်နားနားတွင် တစ်ခုခုကို တီးတိုးပြောလိုက်၏။

ယိုကျင့်က ခေါင်းညိတ်ပြလိုက်ပြီး

“ လူကို အရင်ခေါ်လာခဲ့လိုက်”

အမိန့်ကို လက်ခံလိုက်ရပြီး ဦးလေးစုန့်က လက်နှစ်ဖက်ယှက်ကာ ပြန်ထွက်သွားတော့သည်။

“ တစ်ယောက်ယောက်ကို ခေါ်လာခိုင်းထားတာလား”

အမျိုးသမီးစုက ယိုဟယ်နှင့် ရယ်မောကာ စကားပြောနေစဥ် ယိုကျင့်၏ အဆက်အစပ်မရှီသည့် စကားကို ကြားလိုက်ရသဖြင့် သည်အတိုင်းမေးလိုက်ခြင်းဖြစ်သည်။

ယိုကျင့်က ယိုဟယ်၏ဘေးတွင် ထိုင်လိုက်ပြီး ယိုဟယ်၏လက်ကို ကိုင်ထားကာ စကားတစ်ခွန်းမှမပြောဘဲ ပြုံးပြလိုက်လေသည်။ သူမ တုံ့ပြန်မှုကို တွေ့လိုက်ရသည့် ယိုဟယ်၏ စိတ်တို့သည် မနေသာတော့ဘဲ တုန်ယင်သွားပြီး မယုံကြည်ဟန်ဖြင့် ရေရွတ်လိုက်၏။

“ ငါ့အမလေား”

“ သူ အဆင်ပြေပါတယ်၊ အစ်မ ယိုဟယ်ရယ်၊ ကျေးဇူးပြုပြီး စိတ်မလှုပ်ရှားပါနဲ့၊ အစ်မ အခု ရှစ်လရှိတော့မယ်လေ”

ယိုကျင့်၏စကားက ယိုဟယ်၏ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်လေသည်။ ယိုဟယ်၏ မျက်လုံးလှလှလေးများတွင် ရုတ်ခြည်းဆိုသလို မျက်ရည်များ ဝေ့တက်လာတော့သည်။ သို့တိုင် သူမက ယိုကျင့်၏ စကားကို နားထောင်လိုက်လေသည်။ သူမသည် အလွန်စိတ်လှုပ်ရှားမိပြီး ကလေးကိုလည်း စိတ်လှုပ်ရှားမိအောင် လုပ်မိမည်စိုးသဖြင့် လက်နှစ်ဖက်ဖြင့် သူမ၏ဝမ်းဗိုက်ကို တင်းနေအောင် ကိုင်ထားလိုက်လေသည်။

ထွက်သွားသည့် ဦးလေးစုန့်က မြန်မြန်ပြန်ဝင်လာခဲ့၏။ သည်တစ်ကြိမ်၌ သူ့နောက်တွင် ပိန်ပါးကာ ခန္ဓာကိုယ် ပုံပျက်နေပြီဖြစ်သည့် အမျိုးသမီးဟန်က လိုက်ပါလာလေသည်။ အမျိုးသမီးဟန်က သူမသည် တင်းယွင်တွင် ကံဆိုးမိုးမှောင်ကျပြီး သေတော့မည်ဟု ထင်ထားခဲ့သည်။ ယွဲ့မိသားစု ထွက်သွားပြီးနောက် နေ့လယ်ခင်းတွင် စကားပြောဆိုရာတွင် လေသံကွဲပြားသည့် လားတစ်စီး မောင်းလာသည့် လူငယ်လေးတစ်ယောက်က သူ့လက်ထဲတွင် ရင်းနှီးသည့် လက်ရေးစာတစ်စောင် ကိုင်ကာ သူမကို လာရှာခဲ့လေသည်။ စာကို ဖတ်လိုက်ပြီးနောက် သူမသည် လားလှည်းပေါ် တက်လိုက်ပြီး ကြယ်များနှင့် လရောင်အောက်တွင် တစ်လမ်းလုံးခရီးနှင်လာကာ နောက်ဆုံးတော့ နှစ်သစ်ကူးဒုတိယနေ့တွင် လော့ဟယ်သို့ ရောက်လာခဲ့လေသည်။

“အမေ”

ယိုဟယ်က ပင်မခြံဝင်းထဲတွင် ထရပ်လိုက်ပြီး ဦးလေးစုန့်နောက်က အမျိုးသမီးဟန်ကို မြင်သွားတော့သည်။ သူမသည် မျက်ရည်များကို မထိန်းနိုင်တော့ပေ။ ရှေ့သို့ အနည်းငယ် လှမ်းသွားလိုက်ပြီး အမျိုးသမီးဟန်၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်လေသည်။ သူမသည် ရေတံခွန်တစ်ခု ဖြစ်လာလေတော့သည်။

“ လိမ္မာလိုက်တဲ့ကလေးရယ် အမေအားလုံး အဆင်ပြေနေပါတယ်”

အမျိုးသမီးဟန်က အချိန်အကြာကြီး ကွဲကွာနေခဲ့သည့် သမီးဖြစ်သူကို ပွေ့ဖက်ထားပြီး သူမကို အသာအယာ နှစ်သိမ့်ပေးလိုက်လေသည်။ ယိုကျင့်ကို ကြည့်လိုက်ပြီး မျက်လုံးဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်၏။

အမျိုးသမီးစုကလည်း အစကတည်းက အငိုသန်သူတစ်ယောက် ဖြစ်လေသည်။ သူမသည် သည်လိုမြင်ကွင်းမျိုးကို ခံနိုင်ရည်မရှိပေ။ အခြေအနေက ထိန်းမရဖြစ်တော့မည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်က မြန်မြန်ဖြတ်ပြောလိုက်၏။

“ အစ်မယိုဟယ်က အခု ကိုယ်ဝန်နဲ့လေ၊ အရမ်း စိတ်လှုပ်ရှားလို့ မဖြစ်ဘူး၊ ဒေါ်လေးလည်း ရက်တော်တော်များများ လမ်းပေါ်မှာနေခဲ့တာ၊ ထိုင်ပြီး ခဏလောက် အနားယူပါအုံးလား၊ နောက်ဆိုရင် အတူတူနေဖို့ အချိန်တွေ အများကြီးရှိပါတယ်”

ယိုကျင့်၏ စကားကို ကြားလိုက်ရမှ အမျိုးသမီးဟန်က သမီးဖြစ်သူက ဗိုက်ကြီးကို တွေ့သွားပြီး သူမကို အလျင်စလို အစ်တင်လိုက်တော့သည်။

“ ဒီကလေးကတော့ အမေတောင်ဖြစ်တော့မယ်၊ အဲလောက်အထိ ငိုနေတုန်းပဲ၊ နောက်ပိုင်း ကလေးမွေးလာပြီးမှ အငိုသန်လေး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”

သမီးဖြစ်သူကို ပြစ်တင်ရင်း ဂရုတစိုက် တွဲကူပေးရင်း ထိုင်ခိုင်းလိုက်လေသည်။ အမျိုးသမီးစု၏ လက်ဟန်အောက်တွင် သူမက အမျိုးသမီးစုဘေးတွင် ထိုင်လိုက်၏။

ဘေးတွင် အချိန်အကြာကြီး ကြောင်အမ်းအမ်းဖြင့် ရပ်နေသည့် လျိုကျိုးထင်က ရှေ့တိုးသွားကာ သူမကို နှုတ်ဆက်လိုက်လေသည်။

“ သမက်တော် လျိုကျိုးထင်က ယောက္ခမကြီးကို နှုတ်ဆက်ပါတယ်”

အမျိုးသမီးဟန်သည် သူမသမီးအတွက် ဒုတိယမိသားစုက ရွေးချယ်ပေးခဲ့သည့် ခင်ပွန်းကို သေသေချာချာ အကဲခတ်လိုက်ပြီး နောက်ဆုံးတွင် ကျေနပ်သွားကာ ခေါင်းညိတ်လိုက်လေသည်။ လူငယ်လေးက ရည်မွန်သည့်ကလေးတစ်ယောက် ဖြစ်ဟန်တူသည်။ သူမက ပြောလိုက်၏။

“ လိမ္မာလိုက်တဲ့ကလေး ဒီရက်ပိုင်းမှာ ယိုဟယ်ကို စောင့်ရှောက်ဖို့ ကြိုးစားပေးခဲ့တာပဲ၊ ဘာပဲဖြစ်ဖြစ်ပါ အမေကတော့ မင်းတို့တွေကို နည်းနည်းလေးပိုပြီး စိတ်ပူနေခဲ့တာ”

“ ယောက္ခမကြီးစကားက အရမ်းကို လေးနက်လွန်းနေပါပြီ”

လျိုကျိုးထင်သည် အနည်းငယ် မာဆတ်ဆတ် ဖြစ်နေသော်လည်း ယောက္ခမကြီး၏ မျက်လုံးထဲတွင်တော့ သည်လူငယ်လေး၏ နားလည်မှုကျင့်ဝတ်တစ်ခုဟုသာ မြင်လေသည်။ ယောက္ခမကြီးက သမက်ကို ကြည့်လေလေ ပိုပြီး သဘောကျလေလေ ဖြစ်နေတော့သည်။

ယိုဟယ်က စုမိသားစု၏အစေခံမလေး ကမ်းပေးလိုက်သည့် လက်ကိုင်ပဝါနွေးနွေးလေးကို ယူလိုက်ကာ မျက်နှာကို သုတ်လိုက်လေသည်။ ခဏအကြာတွင် သူမသည် တည်ငြိမ်သွားတော့သည်။ သားအမိနှစ်ယောက်သည် အချိန်အကြာကြီး ကွဲကွာနေခဲ့သော်လည်း သွေးက စကားပြောနေလေသည်။ သူမသည် ချွဲနွဲ့ကာဖြင့် မှတ်ချက်ပေးလိုက်၏။

“ အမေကတော့ မျက်နှာလိုက်နေပြီ၊ ဒီကိုရောက်တာနဲ့ ချက်ချင်း သမက်ကိုပဲ ကြည့်ပြီး သမီးကိုကျတော့ မေ့ထားတယ်နော်”

သူမသည် အလွန်ချွဲနွဲ့ကာ ပြောနေသော်လည်း ယိုဟယ်မှာ မနှစ်က သူမထွက်လာချိန်ကထက်စာလျှင် ၇နှစ် ၈နှစ်လောက် ရင့်သွားသည့် အမျိုးသမီးဟန်ကို မြင်လိုက်ရသဖြင့် စိတ်မကောင်း ဖြစ်သွားတော့သည်။

“ အမေ လော့ဟယ်ကို ရောက်လာပြီဆိုတော့ နောက်ဆို ပေးမထွက်သွားတော့ဘူး”

အမျိုးသမီးဟန်က ယိုဟယ်၏လက်ကို အမြတ်တနိုး ပုတ်လိုက်လေသည်။ သူမ၏သမီးသည် အမှန်ပင် ရင့်ကျက်လေသည်။

သားအမိနှစ်ယောက်က စိတ်မလှုပ်ရှားတော့သည်ကို တွေ့လိုက်ရပြီးမှ ယိုကျင့်က ဖြည်းဖြည်းချင်း မေးလိုက်တော့သည်။

“ဒေါ်လေး ဘာလို့ တစ်ယောက်ထဲ ရောက်လာတာလဲ၊ ဝမ်ရှန့်တို့ ညီအစ်ကိုတတွေရော”

ယိုကျင့်သည် အမျိုးသမီးဟန်နှင့် သူမ၏ဝမ်းကွဲနှစ်ယောက်ကို သွားကြိုရန် လူလွှတ်လိုက်ခြင်းပင်။ နောက်ဆုံး အမျိုးသမီးဟန်က သားနှစ်ယောက်ကို ထားခဲ့မည့်သူ မဟုတ်ပေ။

အမျိုးသမီးဟန်က သက်ပြင်းချလိုက်ပြီး လွန်ခဲ့သည့်ရက်အနည်းက ချွေ့ဖုန်းရွာတွင် ဖြစ်ပျက်ခဲ့သည့် ယွဲ့မိသားစုအကြောင်းကို ပြန်ပြောပြလိုက်လေသည်။

အမျိုးသမီးဟန်၏ စကားကိုနားထောင်လိုက်ပြီး ယိုဟယ်မှာ ဒေါသတို့ကြောင့် ရင်ဘတ်က တဒုတ်ဒုတ် ခုန်နေသည်ကိုသာ ခံစားလိုက်ရတော့သည်။

“ အဖေက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ၊ မောင်လေးတွေက အဖေ့နောက်လိုက်သွားပြီး တစ်ခုခုဖြ စ်သွားမှာတော့ မဟုတ်ပါဘူးနော်”

ယိုဟယ်နှင့် သူမ၏မောင်လေးနှစ်ယောက်သည် ငယ်ငယ်ကတည်းက သံယောဇဥ် ကြီးကြလေသည်။ အခုတော့ အပြင်ဘက်တွင် ဖရိုဖရဲဖြစ်နေလေရာ သူမသည် အလိုလိုပင် စိတ်ပူမိတော့သည်။

ယိုကျင့်က ထိုအကြောင်းကို ကြားလိုက်ရတော့ ရယ်ရခက် ငိုရခက်ဖြစ်သွားတော့သည်။ ယွဲ့မိသားစုက ယောက်ျားတွေက တကယ့်မိသားစုတစ်ခုပဲ။ ကပ်ဘေးကြီး ဖြစ်နေတာတောင် လမ်းခွဲသွားကြသေးတယ်။ ယိုဟယ်၏လက်ကို အသာအယာပုတ်ပေးလိုက်ပြီး သူမက လေးနက်သည့် လေသံတစ်သံဖြင့် နှစ်သိမ့်ပေးလိုက်လေသည်။

“ အစ်မယိုဟယ်နဲ့ ဒေါ်လေးတို့ စိတ်မပူပါနဲ့၊ သူတို့တွေ တောင်ပိုင်းကို ထွက်ပြေးလာကြတာဆိုတော့ သူတို့လည်း လော့ဟယ်ကို ရောက်လာလောက်တယ်၊ ကျွန်မက တစ်ယောက်ယောက်နဲ့ စုံစမ်းခိုင်းလိုက်ပါမယ်၊ သူတို့ကို တွေ့တာနဲ့ ဒီကိုခေါ်လာခိုင်းပြီး ဦးလေးနဲ့ ဒုက္ခခံနေရတာကို တားဆီးပေးမှာပါ”

စိတ်လှုပ်ရှားကာ ဝမ်းသာသွားပြီး အမျိုးသမီးဟန်က ထရပ်လိုက်၏။ သူမက ယိုကျင့်နှင့် အမျိုးသမီးစု ရှိရာဘက်သို့ ဒူးထောက်ချလိုက်ကာ အကြိမ်ကြိမ် ဦးချလိုက်လေသည်။

“ ယောက်မနဲ့ ယိုကျင့်တို့ကို ကျေးဇူးတင်ပါတယ်၊ ယောက်မတို့ အကူအညီကြောင့်သာ မဟုတ်ရင် ကျွန်မတို့မိသားစုက ယိုဟယ်နဲ့ ကျွန်မက အသက်တောင် ဆုံးရှုံးသွားလောက်ပါပြီ”

“ ဒေါ်လေး (ရှင်) ဘာလုပ်နေတာလဲ”

ယိုကျင့်နှင့် အမျိုးသမီးစုတို့က တပြိုင်ထဲ ထခုန်လိုက်ကြပြီး သူမကို မြန်မြန်တွဲကာ ထိုင်ခိုင်းလိုက်လေသည်။ အမျိုးသမီးစုက အမျိုးသမီးဟန်၏လက်ကို ဆုပ်ကိုင်ထားလေသည်။ သူမ၏အသံက ငိုသံပါနေ၏။

“ ကျွန်မတို့အားလုံးက မိသားစုတွေပဲလေ၊ ရှင်သာ ကျွန်မတို့ကို ပေါ်တင်တစ်မျိုး၊ တိတ်တိတ်လေးတစ်ဖုံ မကူညီပေးခဲ့ရင် ယိုကျင့်နဲ့ သူတို့ညီအစ်မတွေ အများကြီး ဒုက္ခရောက်ခဲ့ရမှာပါ”

အမျိုးသမီးဟန်သည် ဝူလီချောင်သို့ ရောက်လာပြီး စုမိသားစု၏ အိမ်တံခါးကို မြင်လိုက်ကတည်းက စုမိသားစုက အမှန်ပင် ချမ်းသာနေပြီဖြစ်မှန်း သိလိုက်လေသည်။ လူများက ငွေနှင့်ပိုးထည်တို့၏ ပြုစားခံရထားရနိုင်သည့်အကြောင်း စဥ်းစားလိုက်မိပြီး အနည်းငယ် မသက်မသာ ဖြစ်သွားတော့သည်။ အခုတော့ ထိုခံစားချက်က လုံးဝပျောက်ကွယ်သွားတော့သည်။ သမီးယောက်မနှစ်ယောက်သည် ပိုပြီး ရင်းနှီးလာလေတော့သည်။

All Chapters