← Chapters

လူဆိုးက အရင် တိုင်တန်းခြင်း

Vol. 13 Ch. 130

လူဆိုးက အရင် တိုင်တန်းခြင်း

Vol. 13 Ch. 130

ရှအန်းက ဘေးမှနေ၍ ဝင်ရောက် သုံးသပ်ပြလေသည်။

လင်ဝမ်ယိကလည်း ထိုသို့ပင် ထင်မြင်မိသဖြင့် သူမ၏ ရင်ထဲတွင် ပို၍ပင် ကျေးဇူးတင်စိတ်များ တိုးပွားလာခဲ့ပေသည်။

သူက နိုင်ငံတစ်နိုင်ငံ၏ ဘုရင်တစ်ပါး ဖြစ်ရာ နိုင်ငံရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရသည်မှာပင် အလွန် အလုပ်များနေပြီ ဖြစ်၏။

သို့သော် ဖခင်ဖြစ်သူကို သီးသန့်ခေါ်တွေ့ပြီး ဤကိစ္စကို အသိပေးရန် အချိန်ပေးခဲ့ရုံသာမက မိခင်ဖြစ်သူကိုပါ နန်းတွင်းသို့ ဝင်ရောက်ခွင့် ပြုခဲ့သေးသည်။

လင်ဝမ်ယိ၏ ရင်ထဲတွင် မခံစားရဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။ ထို့ကြောင့် လူကိုယ်တိုင် တွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြားချင်နေမိ၏။

သို့သော် ချိုးမင် အမြန်ပြန်လာ၍ ပေးပို့သော သတင်းကမူ လင်ဝမ်ယိကို ပျော်ရွှင်ချင်သော်လည်း ပျော်ရွှင်၍ မရအောင် ဖြစ်သွားစေခဲ့ပေသည်။

အဘယ်ကြောင့်ဆိုသော် အရှင်မင်းကြီးသည် လင်ကွေ့ဖေးထံ ရောက်ရှိနေသောကြောင့်ပင်။

ယောင်ထိုင်စံအိမ်တွင်မူ လင်ကွေ့ဖေးသည် လူဆိုးက အရင် တိုင်တန်းသည့် အလုပ်ကို လုပ်ဆောင်နေလေသည်။

"ကျွန်တော်မျိုးမရဲ့ အမေက အမတ်ချုပ်အိမ်တော်ကို ချွေးမအဖြစ် ဝင်ရောက်လာကတည်းက အခုလို အနိုင်ကျင့် မခံခဲ့ရဖူးပါဘူး… အဘွား လာတုန်းက ပြောပြတာက ပထမအဒေါ်ကြီးက အစေခံဆိုးတွေကို ခေါ်လာပြီး ဒုတိယခြံဝင်းကို ဒဏ်ရာအနာတရတွေ အများကြီး ရအောင် ရိုက်နှက်ခဲ့တယ်တဲ့… အမေ့ကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ခဲ့တဲ့ နို့ထိန်းကိုတောင် ရိုက်သတ်သွားခဲ့တယ်တဲ့… ဒါက… တရားဥပဒေ စိုးမိုးနေတဲ့ အချိန်မှာ… ဥပဒေဆိုတာ မရှိတော့ဘူးလား"

သူမက ပြောရင်း ငိုရင်းဖြင့် ခန္ဓာကိုယ်တွင် အားအင်များ ကုန်ခမ်းသွားသကဲ့သို့ မြေကြီးပေါ်သို့ ပစ်ကျသွားလေသည်။

ထိန်းမရအောင် ရှိုက်ငိုနေတော့၏။

အရှင်မင်းကြီးက အထက်တွင် ထိုင်နေပြီး သူမ၏ ငိုယိုတိုင်တန်းမှုများကို နားထောင်နေသော်လည်း မျက်နှာပေါ်တွင် မည်သည့် အရိပ်အယောင်မျှ မပြခဲ့ချေ။

တစ်ချိန်က သူ၏ ကွေ့ဖေးသည်လည်း နားလည်မှုရှိသော ပန်းလေးတစ်ပွင့် ဖြစ်ခဲ့ဖူးပေသည်။

သို့သော် မည်သည့်အချိန်က စတင်၍ ပြောင်းလဲသွားခဲ့ပြီး ရည်မှန်းချက် ပိုမို ကြီးမားလာခဲ့သနည်း။လင်ကွေ့ဖေး ကိုယ်တိုင် အချိန်အတော်ကြာအောင် ငိုယိုနေခဲ့သော်လည်း အရှင်မင်းကြီးထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။

သူမ၏ စိတ်ထဲတွင် ပို၍ပင် စိုးရိမ်လာမိ၏။

နီရဲရောင်ရမ်းနေသော မျက်လုံးများကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ပြီးနောက် သတိထားကာ ပြောလိုက်လေသည်။

"အရှင်မင်းကြီး…"

သူမက အရှင်မင်းကြီးကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ နက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ ဖြစ်နေပြီး မည်သည့် စိတ်ခံစားချက်ကိုမျှ မမြင်ရချေ။

သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေသဖြင့် လင်ကွေ့ဖေးမှာ နောက်ကျောပင် ချမ်းစိမ့်လာသလို ခံစားလိုက်ရပေသည်။

ထိုအခါမှသာ အရှင်မင်းကြီးက ဖြည်းညင်းစွာ စကားစလိုက်၏။

"မင်းသမီးရုံခန့်က မင်းကို ပြောပြတာနဲ့… အမတ်ချုပ်ကြီး တင်ပြထားတာနဲ့က အတော်လေး ကွာခြားနေတယ်နော်"

ပြောရင်းနှင့် သုန်ယွီကျုံးကို အစီရင်ခံစာတစ်ခု ကမ်းပေးခိုင်းလိုက်လေသည်။

လင်ကွေ့ဖေးမှာ အံ့အားသင့်သွားပြီး အစီရင်ခံစာကို ယူကာ သေချာ ဖတ်ကြည့်လိုက်ရာ ဖတ်လေလေ ချွေးစေးများ ပိုထွက်လာလေလေ ဖြစ်နေတော့၏။

သူမ သေသည့်တိုင်အောင်ပင် မိမိ၏ အဘိုးအရင်းက အပြင်လူဘက် ပါသွားပြီး ကိစ္စအားလုံးကို အရှင်မင်းကြီးထံ တိုက်ရိုက် လာရောက် တင်ပြလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

"မိသားစု တစ်စုတည်းက လူတွေ… ပြောနေတာက စကားနှစ်မျိုး ဖြစ်နေတယ်… ကွေ့ဖေး… ဒီကိစ္စမှာ ဘယ်သူ လိမ်ပြောနေတယ်လို့ မင်း ထင်လဲ"

အကယ်၍ ဤကိစ္စကို ပထမအိမ်တော်က လာတိုင်ခြင်း သို့မဟုတ် လင်ဝမ်ယိ လာတိုင်ခြင်း ဆိုပါက သူမတွင် ဖြေရှင်းစရာ စကားလုံးများ ရှိနေပေလိမ့်မည်။

သို့သော် ဤသူမှာ သူမ၏ အဘိုးအရင်း၊ ဂုဏ်သရေရှိ အမတ်ချုပ်ကြီးလင် ဖြစ်နေပေသည်။

နှစ်ဖက်စလုံးမှာ သူ၏ သားအရင်းများ ဖြစ်ရာ သူက ပထမအိမ်တော်ဘက်သို့ တမင် ဘက်လိုက်နေသည်ဟု ပြောမည်ဆိုလျှင် အပြင်လူ မည်သူကမျှ ယုံကြည်မည် မဟုတ်ချေ။

"ဒါက… အဘိုးက လူလိမ်ခံရတာများ ဖြစ်မလား"

လင်ကွေ့ဖေး၏ ဤစကားကို ကြားသောအခါ အရှင်မင်းကြီးက ရုတ်တရက် သရော်လှောင်ပြောင်လိုက်လေသည်။

"အသိဉာဏ်မဲ့တဲ့ မိန်းမ… အမတ်ချုပ်ကြီးလင်က မင်းလိုထင်နေလား… မင်းက ငါကိုယ်တော်ရဲ့ မောင်းမဆောင်မှာ စကားတွေ လျှောက်ပြောပြီး ပြဿနာရှာနေတာကို… ခြောက်ဆောင်က ကိစ္စတွေက မင်းအတွက် အလုပ်မများသေးဘူးလို့ ထင်နေတာလား… နေ့တိုင်း ဖြေရှင်းရမယ့် ကိစ္စတွေ ပြည့်နေတာ…ခေါင်း‌တောင် မဖော်နိုင်ကြဘူး…"

အရှင်မင်းကြီး၏ ဤပြင်းထန်သော ပြစ်တင်မောင်းမဲမှုကြောင့် လင်ကွေ့ဖေးမှာ ချက်ချင်းပင် မတ်မတ် ထိုင်လိုက်ပြီး သူ၏ ရှေ့တွင် ဒူးထောက်လိုက်လေသည်။

အနည်းငယ်မျှပင် ငိုသံ မထွက်ရဲတော့ချေ။

အဘိုးဖြစ်သူက ဤသို့ လုပ်လိမ့်မည်ဟု ကြိုသိခဲ့ပါက သူမ သေသည့်တိုင်အောင်ပင် ဤတိုင်တန်းမှုကို လာလုပ်မည် မဟုတ်ချေ။

အဘွားဖြစ်သူကလည်း ထိုနည်းလည်းကောင်းပင်။ မှန်ကန်သော ကိစ္စများကို မပြောဘဲ သူမ၏ ရှေ့တွင် မီးလောင်ရာ လေပင့်လာလုပ်နေသည်တကား။

ယခုတော့ အဆင်ပြေသွားပြီ… အရှင်မင်းကြီးကို အမျက်တော်ရှစေခဲ့ပြီ… ဘယ်လို လုပ်ရမည်နည်းဟု သူမက တွေးလိုက်မိ၏။

"အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ… ကျွန်တော်မျိုးမ… ကျွန်တော်မျိုးမလည်း အမေ့ကို လွမ်းဆွတ်လွန်းလို့ပါ… မူလက မိသားစုနဲ့ ပြန်လည် ဆုံတွေ့ရမယ့်နေ့ ဖြစ်ပေမဲ့ လူလည်း ရောက်မလာဘူးဆိုတော့… အဘွားကို စပ်စုပြီး မေးကြည့်မိတာပါ"

"ဟင်း… မင်းသမီးရုံခန့်က ဒီလောက်တောင် ကုန်းချောတတ်မှန်း ငါကိုယ်တော် မသိခဲ့ဘူး"

ကုန်းချောသည်ဟူသော အပြစ်ကို တပ်လိုက်ပြီ ဖြစ်ရာ လင်ကွေ့ဖေးမှာ လန့်ဖြတ်သွားပြီး အမြန် ရှင်းပြလိုက်လေသည်။

"အဘွားက အစကတည်းက ကျွန်တော်မျိုးမကို ပြောပြဖို့ မရည်ရွယ်ပါဘူး… ကျွန်တော်မျိုးမက အတင်း မေးမြန်းခဲ့လို့ပါ… သူလည်း အဲဒီနေရာမှာ ရှိမနေခဲ့ပါဘူး…အောက်က အစေခံတွေက လျှောက်ပြောကြတာ ဖြစ်ပါလိမ့်မယ်… အရှင်မင်းကြီး သေချာ စုံစမ်းတော်မူပါ"

မင်းသမီးရုံခန့်မှာ သူမ၏ မျှော်လင့်ချက်နှင့် ကျောထောက်နောက်ခံ ဖြစ်ပေသည်။

မည်သူ့ကို လဲကျခိုင်းရစေကာမူ သူမကို လဲကျခိုင်း၍ မဖြစ်ချေ။

ထို့ကြောင့် လင်ကွေ့ဖေး၏ ကာကွယ်လိုစိတ်မှာ သိသာလှပေသည်။

လင်ကွေ့ဖေး၏ ဤလုပ်ရပ်များကို ကြည့်ရင်း အရှင်မင်းကြီးက ရင်ထဲမှနေ၍ ရွံရှာနေမိလေသည်။

ထိုစဉ်က သူမကို နန်းတွင်းသို့ ရွေးချယ်စေလွှတ်ခဲ့စဉ်က… အမတ်ချုပ်ကြီးလင်၏ မြေးမဖြစ်နေသဖြင့် အရှင်မင်းကြီးက မျှော်လင့်ချက် အနည်းငယ် ထားခဲ့ဖူးပေသည်။

အမတ်ချုပ်ကြီးလင်ကဲ့သို့သော အားကိုးရသည့် အမတ်ကြီးတစ်ဦး ပြုစုပျိုးထောင်ပေးလိုက်သော ကိုယ်လုပ်တော်သည်လည်း သေချာပေါက် ပညာရှိပြီး သီလနှင့် ပြည့်စုံသူ ဖြစ်လိမ့်မည်ဟု သူက အမြဲ ထင်မှတ်ခဲ့၏။

သို့သော် သိပ်မကြာခင်မှာပင် မြေခွေးအမြီးက ပေါ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။

တဖြည်းဖြည်းနှင့် သူမအပေါ် မနှစ်သက်သော စိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။

အကယ်၍ နောက်ပိုင်းတွင် မင်းသမီးမင်ရော့ မွေးဖွားလာပြီး သူတို့နှစ်ဦး၏ ဆက်ဆံရေးကို မဖြေလျော့ပေးခဲ့လျှင်… ဤမောက်မာလှသော လင်ကွေ့ဖေးကို နန်းတွင်းတွင် အရုပ်တစ်ရုပ်ကဲ့သို့ အလှထားရုံသာ တတ်နိုင်ပေလိမ့်မည်။

မင်းသမီးမင်ရော့ကို သတိရသွားသောအခါ အရှင်မင်းကြီး၏ စိတ်နှလုံးမှာ မာကျော၍ မရတော့ချေ။

ခဏအကြာမှသာ ပြောလိုက်လေ၏။

"မင်းမိခင်က ဒဏ်ရာရပြီး နေမကောင်းဖြစ်နေတယ်ဆိုတော့… သမီးတစ်ယောက်အနေနဲ့လည်း အပြင်ထွက်ပြီး လျှောက်သွားနေဖို့ မသင့်တော်တော့ဘူး… ယောင်ထိုင်စံအိမ်ထဲမှာပဲ သူမအတွက် ဆုတောင်းပေးနေလိုက်တော့… မင်ရော့ကိုတော့…"

လင်ကွေ့ဖေးသည် ရုတ်တရက် အကျယ်ချုပ်ချခံလိုက်ရသဖြင့် ကြက်သေ သေသွားတော့၏။

သူမက ဤသို့ တိုင်တန်းလိုက်ခြင်းဖြင့် လင်ဝမ်ယိကို ဒုက္ခရောက်သွားစေမည်ဟု ထင်မှတ်ထားခဲ့သည်။

ရလဒ်အနေဖြင့် မိမိကိုယ်တိုင် ဒုက္ခရောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

"အရှင်မင်းကြီး… ကျွန်တော်မျိုးမက စကားမှားသွားတာပါ… ဘာလို့များ…"

"စကားမှားတယ် ဟုတ်လား… မင်း ဘယ်လောက်တောင် ကိစ္စတွေ အများကြီး လုပ်ခဲ့လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါဦး… ငါကိုယ်တော့်ကို အရူးလို့ ထင်နေတာလား… မင်း လှည့်စားတာကို ခံနေရမယ်လို့ ထင်နေလား… မင်းလို အကျင့်စရိုက်မျိုးနဲ့… မင်ရော့ရဲ့ မိခင်ဖြစ်ဖို့ ထိုက်တန်ရဲ့လား… ငါကိုယ်တော်ရဲ့ ကောင်းမွန်တဲ့ သမီးလေးကို သင်ကြားမှု မှားယွင်းသွားစေရင်… မင်း ဘယ်လို လျော်ကြေးပေးမလဲ"

စကားများက မြန်ဆန်ပြီး ပြင်းထန်လှပေသည်။

လင်ကွေ့ဖေးမှာ ဆူပူခံရလွန်းသဖြင့် ပါးစပ်ပင် မဟရဲတော့ချေ။

သို့သော် ဒဏ်ရာ အပြင်းထန်ဆုံး ရထားသူမှာ မိခင်ဖြစ်ပြီး မျက်နှာပျက်ခဲ့ရသည်မှာ ဒုတိယအိမ်တော် ဖြစ်ပေသည်။

အရှင်မင်းကြီးက ဘာကြောင့် သခင်မသုန်နှင့် လင်ဝမ်ယိကိုသာ ကာကွယ်ပေးနေရသနည်း။

ဤအချိန်တွင် သူမသည် အဘိုးအရင်း၏ အစီရင်ခံစာကြောင့် အရှင်မင်းကြီးက အဖြစ်အပျက် အစအဆုံးကို သိသွားရခြင်း ဖြစ်ကြောင်းကို လုံးဝ မမှတ်မိတော့ချေ။

ဆန့်ကျင်ဘက်အားဖြင့် အပြစ်အားလုံးကို လင်ဝမ်ယိနှင့် ပထမအိမ်တော်၏ အပေါ်သို့သာ ပုံချလိုက်တော့၏။

"အဲဒီလို မဟုတ်ပါဘူး… အဲဒီလို မဟုတ်ပါဘူး… အရှင်မင်းကြီး…"

သူမက မိမိကိုယ်ကိုယ် ကာကွယ်ရန် စကားအနည်းငယ် ထပ်ပြောချင်သေးသော်လည်း အရှင်မင်းကြီး၏ ရွံရှာနေသော အကြည့်ကို မြင်လိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရုတ်တရက် အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားလေသည်။

ယခုအချိန်တွင် အရှင်မင်းကြီးကို ဆက်လက်၍ ငိုယိုတောင်းပန်နေပါက ရလဒ်မှာ အကျယ်ချုပ်ချခံရခြင်းထက် ပိုကောင်းလာမည် မဟုတ်ကြောင်း သူမ သိလိုက်ပေသည်။

ထို့အပြင် မင်ရော့ ရှိသေးသည် မဟုတ်ပါလော။

ဟုတ်တယ်… မင်ရော့… သူမ၏ တစ်ဦးတည်းသော သမီးလေးကို သတိရသွားပြီးနောက် လင်ကွေ့ဖေးသည် ချက်ချင်းပင် အကြံတစ်ခု ရသွားလေသည်။

သမီးဖြစ်သူကို အသုံးချ၍ ချက်ချင်းပင် စကားစလိုက်လေ၏။

"အရှင်မင်းကြီး သနားတော်မူပါ… ကျွန်တော်မျိုးမက အခြားသူတွေရဲ့ သွေးထိုးမှုကို ခံရပြီး အကျိုးအကြောင်း မခွဲခြားဘဲ အခြားသူတွေကို စွပ်စွဲမိတာပါ… အားလုံးက ကျွန်တော်မျိုးမရဲ့ အမှားပါ… ဒါပေမဲ့ မင်ရော့က ငယ်ငယ်ကတည်းက ကျွန်တော်မျိုးမရဲ့ အနားမှာ ကြီးပြင်းလာတာ… ဘာဒုက္ခမှ မခံစားခဲ့ရဖူးပါဘူး… မိခင်ဖြစ်တဲ့ ကျွန်တော်မျိုးမမှာ အမှားရှိပေမဲ့ ကလေးကိုတော့ မထိခိုက်စေပါနဲ့"

"အရှင်မင်းကြီး သနားတော်မူပါ"

"အရှင်မင်းကြီး သနားတော်မူပါ"

လင်ကွေ့ဖေး၏ အနားတွင် ရှိနေသော မိန်းမစိုး ကျန်းဟယ်ချင့်… အပျိုတော်ချင်ဟယ့်… ချင်လျိုတို့ကလည်း ချက်ချင်း ဒူးထောက်ကာ အရှင်မင်းကြီးထံ တောင်းပန်လိုက်ကြလေသည်။

သူမက ကလေးအတွက် တောင်းပန်နေသည့် ပုံစံကို ကြည့်ပြီး အရှင်မင်းကြီး၏ ဒေါသများက တဖြည်းဖြည်း ပြေလျော့သွားတော့၏။

တစ်ခဏတာမျှ သမီးဖြစ်သူကို မည်သည့်နေရာသို့ ပို့ထားရမည်ကို သူလည်း စဉ်းစား၍ မရခဲ့ချေ။

ထို့ကြောင့် ဒေါသကို မြိုသိပ်လိုက်ပြီး သတိပေးသည့် လေသံဖြင့် ပြောလိုက်လေသည်။

"မင်ရော့က ငါကိုယ်တော်ရဲ့ တစ်ဦးတည်းသော သမီးပဲ… နောက်ဆိုရင် အပြင်လူတွေကို သူမရဲ့ ရှေ့မှာ ဒီလို ကုန်းချောတဲ့ စကားတွေ မပြောခိုင်းနဲ့တော့… အကယ်၍ ငါကိုယ်တော် ကြားမိလို့ကတော့… ကိုယ်တော် မညှာမတာ လုပ်ပြီး သမီးကို တခြားပို့လိုက်မယ်ဆိုတာ အပြစ်မတင်နဲ့"

အရှင်မင်းကြီး၏ အမြင်တွင် အကျယ်ချုပ်ချခံရခြင်းထက် သမီးဖြစ်သူကို အခြားသို့ ပို့ခံရခြင်းက လင်ကွေ့ဖေးအတွက် ပို၍ ကြီးမားသော ထိုးနှက်ချက် ဖြစ်ပေသည်။

သူမတွင် ဤကလေးတစ်ယောက်သာ ရှိပြီး မင်းသမီးတစ်ပါးသာ ဖြစ်သော်လည်း လက်ဝါးပေါ်တွင် တင်ကာ ယုယုယယ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပေသည်။

All Chapters