သုန်မိသားစုအိမ်တော်၌ ဆေးကုခြင်း
Vol. 13 Ch. 121
အိမ်တော်ထိန်းလင်ကတော့ တိတ်ဆိတ်နေချေ၏။
ဤကဲ့သို့သော ရလဒ်မျိုးအတွက် သူက အနည်းငယ်မျှပင် အံ့ဩမနေခဲ့ပေ။
မည်သို့ပင်ဆိုစေ နှစ်ပေါင်းများစွာအတွင်း ပထမသခင်ကြီးတို့ မိသားစု ခံစားခဲ့ရသည့် မတရားမှုများကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်သာ ဖြစ်ပေသည်။
သို့သော် သူသည် သာမန် အစေခံတစ်ယောက်သာ ဖြစ်နေသဖြင့် အများကြီး ဝင်ပြောရန် မသင့်တော်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုအခါ သူတို့တွေ အမတ်ချုပ်အိမ်တော်မှ ထွက်ခွာပြီး ကိုယ်ပိုင်ဘဝလေးကို တည်ဆောက်နိုင်တော့မည် ဖြစ်ရာ ၎င်းသည်လည်း ကောင်းမွန်သော ကိစ္စတစ်ရပ်ပင် ဖြစ်နေတော့၏။
ထို့ကြောင့် သူက ပထမသခင်ကြီးလင်ကို ရိုရိုသေသေ အရိုအသေပေးလိုက်ပြီး ပြောလိုက်လေသည်။
"ပထမသခင်ကြီး ဖြည်းဖြည်းသွားပါဗျာ…"
ရှူဆွေ့မှာလည်း အိမ်တော်ထိန်းလင်၏ နောက်မှနေ၍ အရိုအသေပေးရုံမှတစ်ပါး မျက်နှာပေါ်တွင် မည်သည့် လှုပ်ရှားမှုမျိုးမှ မလုပ်ရဲရှာပေ။
ယွိရှင်းကျိုင်၏ ကိစ္စများတွင် သူမ ပါဝင်ပတ်သက်ခြင်း မရှိခဲ့သော်ငြား သူမသည်လည်း ပြစ်ဒဏ်မှ လွတ်ကင်းနိုင်မည်တော့ မဟုတ်ချေ။
သူမသည် ဒုတိယသခင်ကြီးတို့ဘက်မှ လူဖြစ်နေသည့်တိုင် ပထမသခင်ကြီးလင်က အပြစ်မရှာဘဲ လွှတ်ပေးခဲ့သည်ကပင် ကံကောင်းလှပြီပင်
ထိုအကြောင်းကို တွေးမိလေလေ သူမက ပို၍ ရိုကျိုးလာလေလေ ဖြစ်သည်။
ပထမသခင်ကြီးလင်သည် နောက်ဆုံးကျန်နေသည့် ပစ္စည်းသေတ္တာကို ယူဆောင်ပြီး ထွက်ခွာသွားချိန်တွင်တော့ အရှေ့ဆောင်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားလေပြီ။
နေမင်းကြီး ဝင်ရောက်သွားပြီးနောက် ညနေဆည်းဆာအလင်းရောင်များက အမတ်ချုပ်အိမ်တော် တစ်ခုလုံးအပေါ်သို့ ဖြာကျနေပေသည်။
နွေးထွေးပြီး အလွန်ပင် နေလို့ထိုင်လို့ ကောင်းလှ၏။
ပထမသခင်ကြီးတို့ မိသားစုမှာလည်း နောက်ဆုံးတွင်တော့ ဘဝသစ်တစ်ခုကို ပြန်လည်စတင်နိုင်မည့် အခွင့်အရေး ရရှိသွားခဲ့ကြလေပြီ။
အမတ်ချုပ်အိမ်တော်မှ ထွက်လာပြီးနောက် ပထမသခင်ကြီးလင်သည် သုန်မိသားစုအိမ်တော်ဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့လေသည်။
သူ ရောက်သွားချိန်တွင်တော့ သခင်မကြီးသုန်နှင့် လင်မုကျစ်တို့မှာ နေရာတကျ ရှိနေကြပြီ ဖြစ်ပေသည်။
သူတို့မိသားစုသည် သုန်သခင်မကြီး မတောင်းဆိုခင်က နေထိုင်ခဲ့သည့် ခြံဝင်းလေးထဲတွင် ဝင်ရောက် နေထိုင်ကြခြင်း ဖြစ်၏။
ထို့အတူ သူတို့နှင့် ကပ်လျက်ရှိနေသော အခြားခြံဝင်းငယ်လေးတစ်ခုတွင်မူ လင်မုကျစ်က နေထိုင်လေသည်။
ဤခြံဝင်းငယ်လေးသည် ဒုတိယသခင်ကြီးသုန်တို့၏ ခြံဝင်းနှင့်လည်း နီးကပ်စွာ ရှိနေပေသည်။
လမ်းလျှောက်သွားမည်ဆိုလျှင် လက်ဖက်ရည်တစ်ဝက်သောက်ချိန်ခန့်သာ ကြာမြင့်မည် ဖြစ်၏။
ထို့ကြောင့် ဤနေရာတွင် နေရာချထားခြင်းသည် အသင့်တော်ဆုံးပင် ဖြစ်သည်။
ပထမသခင်ကြီးလင်သည် ထိုခြံဝင်းငယ်လေး၏ တံခါးဝသို့ ဝင်လိုက်သည်နှင့် ခြံဝင်းထဲတွင် အစေခံများ အုံခဲနေသည်ကို မြင်လိုက်ရချေသည်။
အချို့မှာ သူတို့ ခေါ်ဆောင်လာသူများ ဖြစ်သော်လည်း အများစုမှာမူ သုန်မိသားစုအိမ်တော်မှ နဂိုအစေခံများသာ ဖြစ်ကြ၏။
သုန်သခင်မကြီး၏ အနားတွင် ခစားသူများ၊ ပထမသခင်မကြီးဝမ်ရှီ၏ အနားတွင် ခစားသူများနှင့် ဒုတိယသခင်မကြီးယွင်ရှီ၏ အနားတွင် ခစားသူများပင် ပါဝင်ပေသည်။
ထို့ပြင် သုန်မိသားစုမှ ကလေးများ၏ အနားတွင် ခစားသူများလည်း ရှိနေသေး၏။
အားလုံး စုံစုံလင်လင် ရောက်ရှိနေကြခြင်း ဖြစ်ပေသည်။
ပထမသခင်ကြီးလင်၏ မျက်နှာမှာ တင်းမာသွားပြီး တစ်စုံတစ်ခု အမှားအယွင်း ဖြစ်သွားမည်ကို စိုးရိမ်သွားမိလေသည်။
ထို့ကြောင့် သူက အမြန် ကမန်းကတန်း လျှောက်သွားလိုက်၏။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် သုန်သခင်မကြီး၏ ရှိုက်ငိုသံကို ကြားလိုက်ရချေသည်။
"ငါ့ရဲ့ မြေးလေးရယ်… ဒီလောက်လိမ္မာတဲ့ ကလေးက ဘာလို့များ ဒီလောက်တောင် ဒုက္ခတွေ ခံစားနေရတာလဲကွယ်…"
သူမက ငိုယိုနေရင်း လက်ကိုင်ပဝါဖြင့် လင်မုကျစ်၏ လက်ဖမိုးကို ဖွဖွလေး သုတ်ပေးနေလေသည်။
သုန်မိသားစုအိမ်တော်သို့ ရောက်ကတည်းက သုန်သခင်မကြီးသည် သူ့ကို သန့်ရှင်းသော အတွင်းခံအဝတ်အစားများ လဲလှယ်ပေးရန် အမိန့်ပေးခဲ့ပြီး ဖြစ်၏။
အသုံးပြုထားသည့် ပစ္စည်းများမှာလည်း အကောင်းစားများချည်းသာ ဖြစ်ပေသည်။
အနည်းငယ်မျှပင် ပေါ့ပေါ့ဆဆ မလုပ်ရဲကြချေ။
ချက်ချင်းပင် သူမ၏ အနားမှ အရည်အချင်းရှိသူ နှစ်ယောက်ကို ခေါ်လိုက်ရာ တစ်ယောက်မှာ တာဝန်ခံ ဝူမားမား ဖြစ်ပြီး နောက်တစ်ယောက်မှာ ဉာဏ်ကောင်းသော အစေခံလေး တစ်ယောက် ဖြစ်ပေသည်။
ဝူမားမားသည် အသက်အရွယ်အားဖြင့် ကြီးရင့်ခြင်း မရှိသေးဘဲ အသက်ငါးဆယ်ပင် မပြည့်သေးချေ။
သို့သော် သူမ၏ လှုပ်ရှားမှုများနှင့် ဝတ်စားဆင်ယင်မှုများမှာ အလွန် သွက်လက်ပြီး စည်းကမ်းတကျ ရှိသဖြင့် အရည်အချင်းရှိသူ တစ်ယောက်မှန်း မြင်ရုံနှင့်ပင် သိနိုင်ပေသည်။
သူမက သုန်သခင်မကြီး၏ လက်ထဲမှ လက်ကိုင်ပဝါကို မရပ်မနား လဲလှယ်ပေးနေပြီး လက်ကိုင်ပဝါ အေးသွားပါက လင်မုကျစ်ကို ထိခိုက်မည်ကို စိုးရိမ်နေရှာသည်။
ဘေးဘက်တွင် ရပ်နေသော ဝမ်ရှီမှာလည်း မျက်ရည်များ ကျဆင်းနေချေ၏။
သူမသည်လည်း သားသမီးရထားသူ မိခင်တစ်ယောက် ဖြစ်ရာ သမီးဖြစ်သူက အိမ်ထောင်ကျသွားပြီ ဖြစ်သော်လည်း သားဖြစ်သူမှာ အိမ်တွင် ရှိနေဆဲပင် ဖြစ်၏။
အသက်အရွယ်အားဖြင့်လည်း ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပြီး လင်မုကျစ်နှင့် သိပ်မကွာခြားလှချေ။
ဤအရွယ်သည် ဆော့ကစားရန်နှင့် စာပေသင်ကြားရန် အကောင်းဆုံးအရွယ် ဖြစ်ကြောင်း တွေးမိလိုက်တိုင်း လင်မုကျစ်တစ်ယောက် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို မြင်ရသောအခါ သူမ၏ ရင်ထဲတွင်လည်း မခံစားနိုင်အောင် ဖြစ်ရပေသည်။
သို့သော် သူမသည် ဆေးပညာကို နားမလည်သဖြင့် ကူညီချင်သော်လည်း မကူညီနိုင်ခဲ့ချေ။
နေ့စဉ်ဘဝ လိုအပ်ချက်များတွင် ပိုမို ဂရုစိုက်ပေးရန်သာ တတ်နိုင်တော့၏။
သခင်မသုန်သည် သားဖြစ်သူ၏ အနားတွင် တိတ်ဆိတ်စွာ စောင့်ရှောက်နေပြီး မျက်လုံးများထဲတွင် မျက်ရည်ပင် မကျနိုင်တော့လောက်အောင် ဖြစ်နေလေပြီ။
သို့သော် သူမက အနည်းငယ်မျှပင် စိတ်မချဘဲ တစ်စုံတစ်ခု အမှားအယွင်း ဖြစ်လာမည်ကို စိုးရိမ်နေရှာသည်။
ယွင်ရှီသည် သူ၏ ဦးခေါင်းပေါ်မှ ရွှေအပ်များကို တစ်ချောင်းချင်းစီ ပြန်နုတ်ယူလိုက်ရာ နောက်ဆုံးတစ်ချောင်းကို နုတ်ယူလိုက်ချိန်တွင်တော့…
မူလက မည်သည့် လှုပ်ရှားမှုမျှ မရှိသော လင်မုကျစ်မှာ ရုတ်တရက် တုန်ခနဲ ဖြစ်သွားလေသည်။
ထိုအရာက အခန်းထဲရှိ လူအားလုံးကို ထိတ်လန့်သွားစေတော့၏။
"ဘယ်လိုနေလဲ…"
ချက်ချင်းပင် လူများ ဝိုင်းအုံလာကြလေသည်။
ယွင်ရှီသည် နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်ပြီး သူမ၏ မျက်နှာမှာ ယခင်ကထက် အများကြီး ပိုကောင်းလာခဲ့ချေပြီ။
"စိတ်ပူစရာမရှိပါဘူး… ဒီလို တုံ့ပြန်မှုရှိတာ ကောင်းတဲ့လက္ခဏာပဲ… ဒီရွှေအပ်စိုက်နည်းက ကျွန်မဆရာရဲ့ လျှို့ဝှက်ပညာရပ်လေ… ဆရာက တောင်ပေါ်မှာ ထင်းခုတ်ရင်း ပြုတ်ကျလို့ နှစ်ပေါင်းများစွာ သတိလစ်နေတဲ့ လူတစ်ယောက်ကို ကုသပေးဖူးတယ်လို့ ကြားဖူးတယ်… ဒါကြောင့် မုကျစ်အပေါ်မှာလည်း သေချာပေါက် အာနိသင်ပြမှာပါ…"
ထိုစကားကို ကြားလိုက်ရချိန်တွင် သခင်မကြီးသုန်မှာ မထိန်းနိုင်တော့ဘဲ အသံထွက်၍ပင် ရှိုက်ငိုလိုက်မိတော့သည်။
"ကျေးဇူးတင်ပါတယ် ဒုတိယမရီး… ကျေးဇူးတင်ပါတယ်…"
အခြားစကားများကိုမူ သူမ မပြောတတ်တော့ဘဲ ဤစကားကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေမိလေသည်။
ယွင်ရှီသည် အေးစက်စက် နေတတ်သူ ဖြစ်သော်လည်း လူ့သဘာဝကို နားမလည်သူတော့ မဟုတ်ချေ။
ဤကဲ့သို့ နက်ရှိုင်းလှသော မိခင်မေတ္တာကို မြင်တွေ့ရသောအခါ သူမ၏ ရင်ထဲတွင်လည်း ခံစားသွားရသည်။
ချက်ချင်းပင် သူမကို တွဲထူလိုက်ပြီး ကုတင်ဘေးတွင် ထိုင်ခိုင်းလိုက်လေသည်။
ထို့နောက် နှစ်သိမ့်သည့် လေသံဖြင့် ပြောလိုက်၏။
"ညီမသုံး စိတ်ချပါ… ကျွန်မ အစွမ်းကုန် ကြိုးစားပြီး မုကျစ်ကို ကုသပေးမှာပါ… ဒါပေမဲ့ အဲဒီမတိုင်ခင် ညီမ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် အရင် ဂရုစိုက်ရမယ်… မဟုတ်ရင် နေ့တိုင်း ဒီလိုထိုင်စောင့်နေရတာနဲ့တင် မုကျစ် သတိမရလာခင် ညီမကိုယ်တိုင် လဲကျသွားလိမ့်မယ်… နားလည်လား…"
သခင်မသုန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ အမှန်တကယ်ပင် ပြင်းထန်လှပေသည်။
မည်သို့ပင်ဆိုစေ သူမသည် အမြဲတမ်း အလုပ်လုပ်နေရသည့် အစေခံတစ်ယောက် မဟုတ်သဖြင့် အသားအရေမှာ နူးနူးညံ့ညံ့နေသည်သာ ဖြစ်ပေသည်။
ထိုအချိန်က ဒုတိယသခင်မကြီးဝမ်ကို လိုက်ရိုက်နေခြင်းမှာ ဒေါသစိတ် တစ်ခုတည်းကြောင့်သာပင်။ သုန်မိသားစုအိမ်တော်သို့ ပြန်ရောက်သည်အထိ တောင့်ခံထားနိုင်ခြင်းကပင် တော်လှပြီ ဖြစ်ပေသည်။
ထို့ကြောင့် ယွင်ရှီက ဤစကားကို ပြောလိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ အတော်လေး ပျော့ခွေသွားတော့၏။
ပထမသခင်ကြီးလင်သည် အခြေအနေကို မြင်သည်နှင့် ချက်ချင်း ရှေ့တိုးကာ သူ၏ ဇနီးသည်ကို တွဲကူလိုက်ပြီးနောက် အားလုံးဟာကို သူ့အပြစ်သကဲ့သို့ လေးလေးနက်နက် ပြောလိုက်လေသည်။
"ဒီနေ့ကိစ္စတွေ အားလုံးက သမက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ပျော့ညံ့တဲ့ စိတ်ကြောင့် ဖြစ်ခဲ့ရတာပါ… ခင်ပွန်းသည်ဖြစ်တဲ့ ကျွန်တော်ကသာ သေချာရပ်တည်ပေးနိုင်ခဲ့ရင် သူတို့တွေ ဒီလိုမျိုး အနိုင်ကျင့်ရမှာမဟုတ်ဘူး…အဖေတို့အမေတို့ကို ကျွန်တော်စိတ်ပျက်သွားစေမိပါပြီ…ကျွန်တော့်ကို ရိုက်ချင်လည်းရိုက်ပါ…ဒဏ်ပေးချင်လည်းပေးပါ… ကျွန်တော် အကုန်လုံးကို ခံပါ့မယ်…"
"မင်း…"
သုန်သခင်မကြီးမှာ ဒေါသထွက်လွန်းသဖြင့် ရင်ထဲမှ အမုန်းတရားများကို ဖြေဖျောက်ရန် သူ့ကို လက်သီးဖြင့် အချက်အတော်များများ ထုရိုက်ချင်စိတ်ပင် ပေါက်သွားမိလေသည်။
သို့သော် သူ့ကို ထုရိုက်နေ၍ရော ဘာထူးမည်နည်း။
ကလေးက ဤအခြေအနေသို့ ရောက်နေပြီ ဖြစ်ရာ ခါးသီးသော အသီးအပွင့်များကို မြိုချရုံသာ တတ်နိုင်တော့၏။
ဝမ်ရှီ၏ တွဲကူမှုဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီးနောက် အသက်ရှူမှန်အောင် ကြိုးစားလိုက်ရပေသည်။
သုန်သခင်ကြီးကတော့ မိမိအမှားကို ဝန်ခံနေသော သမက်ဖြစ်သူအား ကြည့်ကာ တစ်ခွန်းမျှ ဝင်မပြောခဲ့ချေ။
သို့သော် သုန်သခင်ကြီး၏ စိတ်နေစိတ်ထားကို သိသူများကတော့ သူ့ဆီမှ ခွင့်လွှတ်မှုရရန် အလှမ်းဝေးနေသေးကြောင်းကို နားလည်ထားကြပေသည်။
ထင်သည့်အတိုင်းပင် လင်မုကျစ်ကို နေရာချပြီးနောက် သုန်သခင်ကြီးက ပထမသခင်ကြီးလင်ကို စကားဆိုလိုက်၏။
"ချင်ကျန်းရဲ့ ခြံဝင်းထဲကို လာခဲ့… ငါ မင်းနဲ့ ပြောစရာ စကားရှိတယ်…"
"ဟုတ်ကဲ့…"
သခင်မသုန်သည် သူမ၏ ခင်ပွန်းဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ဖခင်ဖြစ်သူ၏ ဒေါသသဘာဝအရ ဤကိစ္စကို လွယ်လွယ်နှင့် ကျော်လွှားခွင့်ပေးမည် မဟုတ်ကြောင်း သိထားလေသည်။
ထို့ကြောင့် သူမက ပထမသခင်ကြီးလင်ကို စိုးရိမ်တကြီး ကြည့်နေမိ၏။
ပထမသခင်ကြီးလင်ကမူ အသာအယာ ပြုံးလိုက်ကာ သူမ၏ လက်ဖမိုးကို ပွတ်ပေးလိုက်ပြီးနောက် မတ်တပ်ရပ်ကာ သုန်သခင်ကြီး၏ နောက်သို့ လိုက်သွားတော့သည်။
သူတို့ ထွက်သွားသည်ကို မြင်သောအခါ ပထမသခင်ကြီးသုန်သည် သူ၏ ယောက်ဖဖြစ်သူအနေဖြင့် အခြေအနေ ကောင်းနိုင်မည်မဟုတ်ကြောင်း နားလည်လိုက်ပေသည်။
ဤခြံဝင်းသည် ညီမဖြစ်သူ၏ ခြံဝင်းနှင့်လည်း နီးကပ်စွာ ရှိနေရာ တော်ကြာ တစ်စုံတစ်ခု အသံထွက်လာပါက အစေခံများ ကြားသွားမည်ကို စိုးရိမ်ရလေသည်။
ထို့ကြောင့် သူက ဇနီးဖြစ်သူ ဝမ်ရှီကို ပြောလိုက်၏။
"လူတွေကို အရင် လူစုခွဲခိုင်းလိုက်ပါ… ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ကြဖို့ ပြောလိုက်… ဒီမှာ အကုန်လုံး ဝိုင်းအုံနေရင် မုကျစ် ရောဂါကုသရာမှာလည်း အနှောင့်အယှက် ဖြစ်စေနိုင်တယ်…"
ဝမ်ရှီသည် ပထမသခင်ကြီးသုန်နှင့် အတူပေါင်းသင်းလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ သူ၏ ရည်ရွယ်ချက်ကို အလိုလို နားလည်ပေသည်။
ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"သိပါပြီ…"
ထို့နောက် သူမက အနောက်သို့ လှည့်ကာ သားဖြစ်သူနှင့် ဘေးနားရှိ ဒုတိယသခင်ကြီးတို့ဘက်မှ တူမဖြစ်သူကို ပြောလိုက်၏။
"ခဲ့လီ… ချိုးယွဲ့… သားတို့ အဘွားကို ခြံဝင်းထဲ ပြန်ပို့ပေးလိုက်ကြပါ… ပြီးရင် စာလုပ်စရာရှိတဲ့သူက စာလုပ်… စောင်းတီးလေ့ကျင့်စရာရှိတဲ့သူက လေ့ကျင့်ကြ… နောက်ရက်အနည်းငယ် ကြာမှပဲ မုကျစ် အစ်ကိုဝမ်းကွဲကို လာကြည့်ကြပေါ့…"
သုန်ခဲ့လီသည် ပထမသခင်ကြီးတို့ မိသားစု၏ သားအငယ်ဆုံး ဖြစ်ပေသည်။
ယခုအခါ အသက်ဆယ့်ခြောက်နှစ် ပြည့်တော့မည် ဖြစ်ပြီး ခေါင်းမာမာ တောင့်တောင့်တင်းတင်းနှင့် သန်မာထွားကြိုင်းလှ၏။
သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ စစ်တပ်ထဲမှ စစ်သားများနှင့်ပင် ဆင်တူနေပြီး ခွန်အားကြီးမားသည့် ပုံရှိသော်လည်းဦးနှောက်မရှိသူတစ်ယောက်ဟု ထင်မှတ်ရသည်။