သမက်ဖြစ်သူအား ဆုံးမခြင်း
Vol. 13 Ch. 122
သူ၏ ဤကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေသော ပုံစံကြောင့်ပင် အပြင်လူများက သူ့ကို ဦးနှောက်မရှိသူဟု ထင်မြင်နေကြခြင်း ဖြစ်ပေသည်။
အမှန်တကယ်တော့ သူသည် စာပေသင်ကြားရာတွင် အလွန်ပင် ပါရမီပါသူ တစ်ယောက် ဖြစ်၏။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သုန်မိသားစုသည် ကုန်သည်မျိုးရိုး ဖြစ်နေသဖြင့် သူ့အနေဖြင့် နိုင်ငံ့ဝန်ထမ်း စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် မရှိခြင်းပင်။
သုန်ခဲ့လီ၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး သူသည် ကလေးတစ်ယောက် ဖြစ်သော်လည်း ဘေးနားရှိ လူကြီးများထက်ပင် ပို၍ တည်ငြိမ်နေသယောင် ရှိလေသည်။
"အမေ စိတ်ချပါ… သား အဘွားကို ခြံဝင်းထဲ ပြန်ပို့ပြီး နားခိုင်းလိုက်ပါ့မယ်…"
ဘေးနားရှိ သုန်ချိုးယွဲ့မှာလည်း ယခုအခါ အရွယ်ရောက်နေပြီ ဖြစ်ပြီး သူမ၏ စိတ်နေစိတ်ထားမှာ မိခင်ဖြစ်သူ ယွင်ရှီကဲ့သို့ အေးစက်စက် နိုင်ခြင်းမျိုး မရှိပေ။
ဆန့်ကျင်ဘက်အားဖြင့် သူမ၏ အချိန်အများစုက သုန်သခင်မကြီး၏ အနားတွင် ကြီးပြင်းလာခဲ့ရသဖြင့် အဘွားဖြစ်သူ၏ စိတ်နေစိတ်ထားနှင့် ပို၍ တူညီနေလေသည်။
နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးပျူငှာကာ ချစ်စဖွယ်ကောင်းလှ၏။
သူမသည် အမြဲတမ်း ပြုံးရွှင်နေတတ်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ တစ်ယောက် ဖြစ်ပေသည်။
"အဒေါ်ကြီး စိတ်ချပါ… ချိုးယွဲ့က အဘွားအနားမှာပဲ နေမှာပါ… ဘယ်ကိုမှ မသွားပါဘူး…"
ဝမ်ရှီသည် သုန်ချိုးယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ဤတူမလေးကို အလွန် သဘောကျမိလေသည်။
ထို့ကြောင့် သူမက ပြုံးရင်း ပြန်ဖြေလိုက်၏။
"သမီး ရှိနေရင်တော့ အဒေါ်ကြီး တကယ် စိတ်ချရပါပြီ…"
သုန်သခင်မကြီးသည်လည်း ဤသည်မှာ သားအကြီးဆုံးက လူများကို ဖယ်ထုတ်နေခြင်း ဖြစ်ကြောင်း နားလည်လေသည်။
မူလက စကားအနည်းငယ် ပြောချင်သေးသော်လည်း ယခုတွင်တော့ ပါးစပ်ကို ပိတ်ထားလိုက်တော့၏။
"မုကျစ်ဆီက သတင်းတစ်ခုခု ထူးလာရင်… ငါ့ကို လာခေါ်ဖို့ လူလွှတ်လိုက်ဦးနော်…"
"အမေ စိတ်ချပါ… သမီး လွှတ်လိုက်ပါ့မယ်…"
ထိုသို့ ပြောပြီးမှသာ သူမက ခေါင်းညိတ်လိုက်ပြီး မြေးဖြစ်သူများနှင့် အစေခံများကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေတော့သည်။
လင်မုကျစ်၏ ခြံဝင်းထဲတွင်မူ လူများ အတော်လေး ရှင်းလင်းသွားခဲ့လေပြီ။
ဝူမားမားသည်လည်း ကျန်းချင့်နှင့် ရှင်းဖေးကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်သွားလေ၏။
အခန်းထဲတွင် ပထမသခင်ကြီးသုန်နှင့် သခင်မသုန်တို့ကို အဖော်ပြုပေးနေသည့် ဒုတိယသခင်ကြီးသုန်သာ ကျန်ရစ်ခဲ့ပြီး သူတို့သည် လင်မုကျစ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြပေသည်။
သူတို့၏ မျက်ဝန်းထဲမှ သနားကြင်နာမှုများမှာ အရည်ပျော်မကျနိုင်လောက်အောင်ပင် နက်ရှိုင်းနေချေ၏။
ကပ်လျက်ရှိ သခင်မသုန်၏ ခြံဝင်းထဲတွင်မူ အခန်းထဲသို့ ဝင်ပြီး တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် သုန်သခင်ကြီးက ပထမသခင်ကြီးလင်ကို ခြေထောက်ဖြင့် တစ်ချက် ကန်ချလိုက်ရာ သူ၏ ရင်ဘတ်ကို တည့်တည့်ထိသွားလေသည်။
ပထမသခင်ကြီးလင်မှာ နာကျင်လွန်းသဖြင့် အံကြိတ်ထားရသော်လည်း အသံတစ်ချက်မျှ မထွက်ရဲရှာပေ။
"…ငါ တကယ် မျက်ကန်းဖြစ်ခဲ့တာပဲ… အဲဒီတုန်းက ဘာလို့များ မင်းကို ရွေးပြီး သမီးနဲ့ ပေးစားခဲ့မိပါလိမ့်… မင်းပဲ ကြည့်စမ်း… ဒီနှစ်တွေထဲမှာ ငါ့သမီး အမတ်ချုပ်အိမ်တော်မှာ ဘယ်လိုဘဝမျိုးနဲ့ ဖြတ်သန်းခဲ့ရလဲဆိုတာကို…"
သုန်သခင်ကြီးသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီး နီရဲနေပြီး မျက်လုံးအိမ်များလည်း ကျယ်နေချေ၏။
ဒေါသကို ဖြေဖျောက်ရန် ပထမသခင်ကြီးလင်ကို နေရာမှာတင် ရိုက်သတ်ပစ်ချင်စိတ်များပင် ဖြစ်ပေါ်နေသည်။
"ငါတို့ သုန်မိသားစုက ကုန်သည်မျိုးရိုးဆိုတာ မှန်ပေမဲ့… ချင်ကျန်းကို မွေးကတည်းက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားခဲ့တာ… ဒုက္ခဆိုတာ နည်းနည်းလေးတောင် မခံစားခဲ့ရဖူးဘူး… မင်းကို ယုံကြည်လို့ သူနဲ့ပေးစားခဲ့တာ… အမတ်ချုပ်အိမ်တော်မှာလည်း သူကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငါ့ပိုင်ဆိုင်မှုတစ်ဝက်လောက်ကို သတို့သမီးတင်တောင်းငွေးအဖြစ် ထည့်ပေးလိုက်တာ…"
"ဒါပေမဲ့ နောက်ဆုံးတော့ရော…"
"နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ဟိုဟာလေး ကူဖြည့်ပေးပါဦး… ဒီဟာလေး စိုက်ပေးပါဦးဆိုပြီး… မင်းတို့ အမတ်ချုပ်အိမ်တော်ရဲ့ လိုအပ်ချက်တွေကို ငွေတွေ အမြောက်အမြားနဲ့ လိုက်ဖြည့်ဆည်းပေးခဲ့ရတာ… ဘယ်လောက်ပဲ ဖြည့်ဖြည့် ဘယ်တော့မှ ပြည့်မလာခဲ့ဘူး… ကုန်သည်မျိုးရိုးကနေ ကင်းလွတ်သွားရင် ကလေးတွေအတွက်လည်း အနာဂတ်ကောင်းလေး ရနိုင်မယ်လို့ တွေးခဲ့မိပေမဲ့… တကယ့် လက်တွေ့မှာတော့ ဘယ်လိုဖြစ်နေလဲ…"
"ကလေးတွေအားလုံး ဘယ်လိုတောင် နှိပ်စက်ခံလိုက်ရပြီလဲ… ငါတို့ သုန်မိသားစုက မြေးတွေလောက်တောင် စိတ်ချမ်းသာပျော်ရွှင်ရတဲ့ ဘဝမျိုး မရခဲ့ကြဘူး…"
"သူတို့ သားအမိတွေ ဒီနေ့လို အခြေအနေမျိုး ရောက်သွားမယ်မှန်းသာ ကြိုသိခဲ့ရင်… အဲဒီတုန်းကတည်းက ကွာရှင်းစာချုပ် တောင်းပြီး ငါ့သမီးကို ပြန်ခေါ်လာခဲ့မှာ…"
သုန်သခင်ကြီး၏ စကားများမှာ မြန်ဆန်ပြီး ပြင်းထန်လှရာ စကားတစ်ခွန်းချင်းစီက ပထမသခင်ကြီးလင်၏ ရင်ထဲသို့ ဓားနှင့် ထိုးစိုက်လိုက်သကဲ့သို့ နာကျင်စေပေသည်။
သူ၏ ပျော့ညံ့မှု၊ သူ၏ ကင်းမဲ့သော မိဘရိုသေမှုနှင့် သူ၏ အရေးမယူမှုများကပင် ယနေ့လို ရလဒ်မျိုးကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်၏။
အကယ်၍ လင်မုကျစ်သာ အန္တရာယ်မှ ကင်းလွတ်သွားခဲ့လျှင် သူ အနည်းငယ် စိတ်သက်သာရာ ရနိုင်ပေလိမ့်မည်။
အကယ်၍ ဤကိစ္စကြောင့် တစ်စုံတစ်ခု အမှားအယွင်း ဖြစ်သွားပြီး တစ်သက်လုံး ဒုက္ခိတဖြစ်သွားခဲ့လျှင်မူ သူ ချက်ချင်း သေသွားခဲ့လျှင်တောင် ကလေး၏ နာကျင်မှုကို အစားထိုးနိုင်မည် မဟုတ်တော့ချေ။
"ယောက္ခမကြီး ပြောတာ မှန်ပါတယ်… အဲဒီတုန်းက ကျွန်တော်သာ ခေါင်းမာမာနဲ့ ချင်ကျန်းကို အတင်း လက်မထပ်ခဲ့ဘူးဆိုရင်… အခုချိန် သူရဲ့ ဘဝက အများကြီး သာယာဖြောင့်ဖြူးနေမှာပါ… ဒါပေမဲ့ သမက်ဖြစ်တဲ့ ကျွန်တော် တကယ် အမှားသိပါပြီ… အတိတ်က ကိစ္စတွေအတွက် ကိုယ့်ကိုယ်ကိုယ် မဖုံးကွယ်ချင်တော့ပါဘူး… ဒါပေမဲ့ ဒီနေ့ကစပြီး သူတို့ သားအမိကို ကျွန်တော် မကာကွယ်နိုင်ခဲ့ဘူးဆိုရင်… မိုးကြိုးပစ်ခံရပါစေ… သေသွားရင်တောင် ငရဲပြည်ကို ရောက်ပြီး ဘယ်တော့မှ လူပြန်မဝင်စားရပါစေနဲ့…"
ပထမသခင်ကြီးလင်သည် အမြဲတမ်း ပျော့ညံ့ပြီး စကားပြောဆိုရာတွင် အလျှော့ပေးတတ်သူ တစ်ယောက် ဖြစ်ပေသည်။
ယနေ့တွင် ဤကဲ့သို့ ပြတ်သားသော စကားမျိုးကို ပြောထွက်လာသဖြင့် သုန်သခင်ကြီး၏ ဒေါသများ အနည်းငယ် ပြေလျော့သွားရလေ၏။
သူ၏ ရင်ဘတ်ပေါ်မှ ခြေရာကို ကြည့်ရင်း သုန်သခင်ကြီးက တိတ်ဆိတ်စွာ နေလိုက်ချေသည်။
ခဏအကြာမှသာ အသံနှိမ့်၍ ပြောလိုက်၏။
"ခင်ပွန်းတစ်ယောက်… ဖခင်တစ်ယောက်အနေနဲ့ ဘယ်လိုနေထိုင်ရမလဲဆိုတာ မင်း တကယ် နားလည်သွားရင်တော့ အကောင်းဆုံးပဲ… နောက်ထပ် ဒီလိုကိစ္စမျိုး ထပ်ဖြစ်လာရင်တော့ အမတ်ချုပ်အိမ်တော်က တရားဝင်သားဖြစ်နေပါစေ… ချင်ကျန်းကို မင်းနဲ့ ကွာရှင်းခိုင်းပစ်မယ်…"
"ဟုတ်ကဲ့… သမက်ဖြစ်သူ မှတ်သားထားပါ့မယ်…"
သုန်သခင်ကြီးသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ခြံဝင်းထဲမှ ထွက်ခွာသွားလေတော့သည်။
ပထမသခင်ကြီးလင် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး သူ၏ ရင်ဘတ်ကို ကိုင်ကာ အံကြိတ်ထားရရှာသည်။
ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းသပ်ရပ်အောင် ပြင်ဆင်ပြီးမှသာ လင်မုကျစ်၏ ခြံဝင်းထဲသို့ ပြန်လည် ထွက်လာခဲ့လေ၏။
ပထမသခင်ကြီးသုန်နှင့် ဒုတိယသခင်ကြီးသုန်တို့မှာ လုပ်စရာကိစ္စများ ရှိနေသေးသဖြင့် သခင်မသုန်ကို ခဏမျှ အဖော်ပြုပေးပြီးနောက် ထွက်ခွာသွားကြလေသည်။
ထို့ကြောင့် အခန်းထဲတွင် ဝူမားမားနှင့် သခင်မသုန်တို့သာ ရှိကြပေသည်။
ပထမသခင်ကြီးလင် ဝင်လာသည်ကို မြင်မှသာ သခင်မသုန်၏ စိုးရိမ်ပူပန်နေသော စိတ်များ အနည်းငယ် သက်သာရာ ရသွားတော့၏။
သို့သော် သူ၏ အဝတ်အစားများ လဲလှယ်ထားသည်ကို မြင်လိုက်ရသောအခါ သူမ ပြောမည့် စကားများမှာ လည်ချောင်းဝတွင် တစ်ဆို့သွားရလေသည်။
"ဝူမားမား… မုကျစ်ကို မားမားကိုပဲ အပ်ခဲ့မယ်နော်… ကျွန်မ ပြန်ပြီး အဝတ်အစား သွားလဲလိုက်ဦးမယ်…"
"သခင်မလေး စိတ်ချပါ… ဒီအစေခံက သခင်လေးကို သေချာ ဂရုစိုက်ပေးပါ့မယ်…"
"အင်း…"
သခင်မသုန်သည် ဝူမားမားအပေါ် ယုံကြည်စိတ်ချသဖြင့် ပထမသခင်ကြီးလင်နှင့် အတူ ခြံဝင်းထဲသို့ အမြန် ပြန်လာခဲ့လေသည်။
"ဘာမှ မဖြစ်ဘူးမလား…"
"…ကိုယ် ဘာမှမဖြစ်ပါဘူးကွာ…"
"…တကယ် ဘာမှ မဖြစ်တာလား… ဒါဆို ဘာလို့ အဝတ်အစား လဲထားတာလဲ… အဖေ ရိုက်လိုက်တာလား…"
ပထမသခင်ကြီးလင်သည် တိတ်ဆိတ်သွားမိ၏။
သူ စကားမစရသေးခင်မှာပင် သခင်မသုန်က အခြေအနေကို ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ရိပ်မိနေပြီ ဖြစ်ပေသည်။
"ယောက္ခမကြီးက ဒေါသထွက်ပြီး ကိုယ့်ကို တစ်ချက် ကန်လိုက်တာပါ… မင်း စိတ်ပူနေမှာစိုးလို့ အဝတ်အစား လဲလိုက်တာ… မထင်မှတ်ဘဲ မိသွားတာပဲ…"
သူက ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ ဇနီးသည်အပေါ် ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရလေ၏။
သူ၏ အဝတ်အစား အရောင်များမှာ အားလုံး ဆင်တူနေပြီး လဲလှယ်သည့်အခါတွင်လည်း အနီးစပ်ဆုံး အရောင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ဇနီးဖြစ်သူက တစ်ချက်ကြည့်ရုံနှင့် သိသွားခဲ့ချေပြီ။
သူမ၏ ဂရုစိုက်မှုများက အရိုးထဲထိ စိမ့်ဝင်နေကြောင်း တွေးမိလေ ယောက္ခမကြီး ဆူပူသည်မှာ အလွန် မှန်ကန်လှသည်ဟု သူ ခံစားရလေ ဖြစ်တော့သည်။
သူမကို ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်ပြီး ငိုသံပါသော လေသံဖြင့် ပြောလိုက်လေ၏။
"ကိုယ် မင်းအပေါ် တောင်းပန်ပါတယ်ကွာ… ဒီနှစ်တွေထဲမှာ မင်းတို့ သားအမိကို ကိုယ်နဲ့အတူ ဒုက္ခခံစေခဲ့မိပြီ…"
သခင်မသုန်သည် ဤစကားကို ကြားသောအခါ မူလက အနည်းငယ် ငြိမ်သက်သွားသော စိတ်ခံစားချက်များမှာ ပြန်လည် ဝမ်းနည်းလာရပြန်သည်။
လင်မယား နှစ်ယောက်သားသည် စိမ်းသက်နေသော ဤခြံဝင်းလေးထဲတွင် မိမိတို့၏ ခံစားချက်များကို ဖွင့်ထုတ်နေကြလေတော့၏။
သုန်မားမားသည် လက်ဖက်ရည် လာပို့ရန် ပြင်ထားသော်လည်း အခန်းထဲမှ တိုးတိုးလေး ထွက်ပေါ်လာသော ငိုရှိုက်သံများကို ကြားလိုက်ရသဖြင့် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားလေသည်။
ထို့ပြင် ခြံဝင်းထဲရှိ အစေခံများကိုလည်း အခန်းထဲသို့ ဝင်ရောက် အနှောင့်အယှက် မပေးရန် မှာကြားထားခဲ့သေး၏။
ဒီပထမသခင်ကြီးလင်ကို မကောင်းဘူးလို့ ပြောရမည်ဆိုလျှင်လည်း… အချက်ပေါင်း ထောင်သောင်းမက ဆိုးရွားလွန်းလေသည်။
သို့သော် သူ၏ ကောင်းကွက်များကို ပြောရမည်ဆိုလျှင်လည်း ရေတွက်၍သာ ရနိုင်ပေသည်။
ဥပမာအားဖြင့် အိမ်ထောင်သက် တော်တော်ကြာပြီ ဖြစ်သော်လည်း အခန်းထဲတွင် ဇနီးဖြစ်သူ သခင်မသုန်မှလွဲ၍ အခြား ကိုယ်လုပ်တော် တစ်ယောက်မျှ မရှိခဲ့ချေ။
မယားငယ်မှ မွေးဖွားလာသော ကလေးများဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။
ဒီနှစ်တွေထဲမှာ သူ၏ ရာထူးတိုးတက်မှုက သိပ်မဖြောင့်ဖြူးခဲ့သော်လည်း အသက်ကြီးမှသာ အဆင့်ရှစ် တော်ဝင်နက္ခတ္တဗေဒဌာန တာဝန်ခံအမတ် နေရာလေးကို ရရှိခဲ့ခြင်း ဖြစ်၏။
သို့သော် လက်မှုပညာတွင်မူ သူသည် အလွန် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပေသည်။
သူ့တွင် အနောက်ဘက်ဈေးတန်း၌ ဆိုင်ခန်းနှစ်ခန်း ရှိပြီး သစ်သားပန်းပုလုပ်ငန်းများကို အထူးပြု လုပ်ကိုင်နေခြင်း ဖြစ်၏။
အရည်အချင်းရှိသော လက်မှုပညာရှင် အတော်များများက သူ့ကို ကုန်းစွန်း ဟူသော သစ်သားပန်းပုဆရာ ဟုသာ သိထားကြလေသည်။
သူ၏ လက်ရာများမှာ နတ်ဘုရားများ ဖန်တီးထားသကဲ့သို့ အံ့မခန်း ဖြစ်ကြောင်း ချီးကျူးကြပေသည်။
သို့သော် ဤမျှ နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် ဤသစ်သားပန်းပုဆရာကို မည်သူမျှ မမြင်ဖူးခဲ့ကြချေ။
ထို့ကြောင့် သူ၏ နာမည်မှာ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာခဲ့တော့၏။
အချိန်အတော်ကြာ ငိုယိုပြီးနောက် သခင်မသုန်၏ ရင်ထဲတွင် နှစ်ပေါင်းများစွာ ပိတ်လှောင်နေခဲ့သော အသက်ရှူကြပ်မှုများမှာ ပြေလျော့သွားခဲ့လေပြီ။