← Chapters

မွေးနေ့လက်ဆောင်

Vol. 13 Ch. 123

မွေးနေ့လက်ဆောင်

Vol. 13 Ch. 123

"သုန်မားမားကို ဆေးယူခိုင်းပြီး… ရှင့်ကို လိမ်းပေးမယ်လေ… အဖေက အသက်သာကြီးတာ အားက ကောင်းတုန်းပဲနော်… သူ ကန်လိုက်တာကြောင့် ရှင် ဆေးသောက်ရတဲ့အထိ ဖြစ်သွားဦးမယ်…"

သခင်မသုန်၏ နောက်ပြောင်မှုကြောင့် စောစောက ဝမ်းနည်းနေသော ခံစားချက်များ အားလုံး ပျောက်ကွယ်သွားတော့၏။

သူတို့ လင်မယား နှစ်ယောက်သည် နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းလာခဲ့ကြပြီး စိတ်သဘောထားချင်းလည်း တိုက်ဆိုင်ကြသဖြင့် စိတ်ခံစားချက်ပိုင်းတွင် မည်သည့် ပြဿနာမျှ မရှိခဲ့ဖူးချေ။

ယခုအခါ အမတ်ချုပ်အိမ်တော်မှ ထွက်ခွာလာပြီ ဖြစ်ရာ နောင်လာမည့် နေ့ရက်များတွင်လည်း သေချာပေါက် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်မည်သာ ဖြစ်ပေသည်။

ထိုအကြောင်းကို တွေးမိပြီး နှစ်ယောက်သား အပြန်အလှန် ကြည့်ကာ ပြုံးလိုက်ကြလေ၏။

"နောက်နှစ်ရက်နေရင်… ကိုယ် အမတ်ချုပ်အိမ်တော်ကို တစ်ခေါက် ပြန်သွားရဦးမယ်…"

"ဘာသွားလုပ်မလို့လဲ… ကျွန်မရော လိုက်ခဲ့မယ်လေ…"

ပထမသခင်ကြီးလင်သည် ယခုအခါ ဇနီးဖြစ်သူကို သူ့၏ အရေးအပါဆုံး အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားလေပြီ။

အသေးအဖွဲ ကိစ္စလေးများက သူမကို ထိခိုက်သွားမည်ကိုပင် စိုးရိမ်နေမိ၏။

သခင်မသုန်ကမူ ခေါင်းခါလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်လေသည်။

"ကျွန်မက နန်းတော်ထဲသွားပြီး ချန်ချန်ကို သွားတွေ့ရဦးမှာလေ… ရှင် လိုက်ခဲ့မယ်ဆိုရင်တောင် နွေရာသီအပန်းဖြေနန်းတော်ထဲ ဝင်ခွင့်ရမှာမှ မဟုတ်တာ… မေ့သွားပြီလား…"

ထိုအခါမှသာ ပထမသခင်ကြီးလင်က သူ၏ နဖူးကို ရိုက်လိုက်မိတော့သည်။

ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် အလုပ်ရှုပ်သွားသဖြင့် ဤအရေးကြီးသော ကိစ္စကိုပင် သူ မေ့သွားလုနီးပါး ဖြစ်သွားခဲ့ချေပြီ။

"ကောင်းပြီလေ… ဒါဆို အဲဒီနေ့ကျရင် ကိုယ် မင်းကို လိုက်ပို့ပေးပြီးမှ သွားလိုက်မယ်…"

"အင်းပါ…"

လင်မယား နှစ်ယောက်၏ ဆက်ဆံရေးမှာ ကောင်းမွန်သဖြင့် ဤသို့ အပြန်အလှန် ရိုသေလေးစားစွာ နေထိုင်ရသော နေ့ရက်များမှာလည်း လျင်မြန်စွာ ကုန်ဆုံးသွားပေသည်။

နောက်တစ်နေ့ မနက်စောစောတွင် လင်မယား နှစ်ယောက်သား သုန်သခင်ကြီးနှင့် သုန်သခင်မကြီးတို့ကို အရိုအသေပေးရန် ပင်မဆောင်သို့ သွားရောက်ခဲ့ကြလေ၏။

ပင်မဆောင်ထဲတွင် သုန်မိသားစုမှ မောင်နှမသုံးယောက်စလုံး စုံစုံလင်လင် ရောက်ရှိနေကြပေသည်။

မူလက ကုန်သည်မိသားစုများတွင် စည်းကမ်းချက်များ သိပ်မများလှသော်လည်း ယနေ့သည် ညီမဖြစ်သူနှင့် သမက်ဖြစ်သူတို့ အိမ်သို့ လာရောက် နေထိုင်သည့်နေ့ ဖြစ်သဖြင့် ပထမသခင်ကြီးသုန်နှင့် ဒုတိယသခင်ကြီးသုန်တို့က မိသားစုဝင်များကိုပါ ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်ပေသည်။

သုန်သခင်မကြီးက သမီးနှင့် သမက်ကို ဂရုတစိုက် ရှိလှသဖြင့် ဦးစွာ စကားစတင် မေးမြန်းလိုက်လေသည်။

"မနေ့ညက အိပ်လို့ ကောင်းရဲ့လား… လိုအပ်တာများ ရှိသေးလား… ရှိရင်လည်း မင်းရဲ့ မရီးကိုသာ ပြောလိုက်…"

"အမေ စိတ်ချပါ… မရီးက အရာရာ သေချာ စီစဉ်ပေးထားပါတယ်… သမီးတို့ အဆင်ပြေပြေ နေရပါတယ်…"

"ညီမသုံး… ငါကို အားနာမနေနဲ့နော်… တို့တွေက မိသားစုတွေပဲဟာ… အခု မုကျစ်ကို ပြုစုရတာလည်း ပင်ပန်းနေမှာဆိုတော့… လိုအပ်တာရှိရင် အချိန်မရွေး လာပြောလို့ရတယ်… ကြားလား…"

"မရီး စိတ်ချပါ… ကျွန်မ အားနာမနေပါဘူး…"

ပထမသခင်မကြီးဝမ်ရှီ အိမ်ထောင်ကျလာချိန်တွင် သခင်မသုန်မှာ အိမ်ထောင်မကျသေးချေ။

ထို့ကြောင့် ယောက်မနှစ်ယောက်သည် လအနည်းငယ်ခန့် အတူတကွ နေထိုင်ခဲ့ဖူးကြပေသည်။

ထို့နောက် နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် သူမက အကူအညီတောင်းလာလျှင် မရီးဖြစ်သူ ဝမ်ရှီက တစ်ကြိမ်မျှ ငြင်းဆန်ခဲ့ဖူးခြင်း မရှိချေ။

ထို့ကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန် ခိုင်မြဲလှပေသည်။

ယနေ့ သူတို့ လင်မယား နှစ်ယောက် လာရောက်ရသည့် အကြောင်းရင်းမှာ ပြောစရာ ကိစ္စတစ်ခု ရှိနေသေးသောကြောင့်ပင်။

"အစ်ကိုကြီး… ချန်ချန် အဆိပ်မိတဲ့ကိစ္စနဲ့ပတ်သက်ပြီး… တစ်ခုခုများ စုံစမ်းလို့ ရခဲ့လား…"

"အဲဒါကိုပဲ အစ်ကိုကြီး ပြောမလို့… ချန်ချန်က အခု နန်းတော်ထဲက သခင်မလေး ဖြစ်နေပြီဆိုတော့… သူရဲ့ ဆေးမှတ်တမ်းတွေကို အပြင်ကို ထုတ်ပြောလို့ မရဘူးလေ… တော်ဝင်သမားတော်သို့က သူ့သားကနေတစ်ဆင့် အခြေအနေကို သွယ်ဝိုက်ပြီး ပြောပြလိုက်တာ… အသေးစိတ် အချက်အလက်တွေကိုတော့ အစ်ကိုကြီး ဒုတိယညီလေးကို ပြောပြထားတယ်…"

ပထမသခင်ကြီးသုန်၏ စကားအဆုံးတွင် လူတိုင်းက ဒုတိယသခင်ကြီးသုန်ဘက်သို့ လှည့်ကြည့်လိုက်ကြလေ၏။

သူ၏ မျက်နှာမှာ အခြားလူများကဲ့သို့ စိုးရိမ်နေပုံ မပေါ်ဘဲ သေချာသည့် လေသံဖြင့် ပြောလိုက်လေသည်။

"ချန်ချန် အဆိပ်မိတာက… သူမဘာသာ သူမ သောက်လိုက်တာ ဖြစ်ဖို့များတယ်…"

"သူမဘာသာ သူမ သောက်တာ…"

ဤသတင်းက လူတိုင်းကို အလွန် အံ့အားသင့်သွားစေခဲ့သော်လည်း သုန်သခင်ကြီးကမူ အားလုံးကို နားလည်သည့် ပုံစံမျိုး ဖြစ်သွားလေသည်။

သူ၏ မျက်ခုံးများကြားမှ စိုးရိမ်မှုများမှာလည်း အနည်းငယ် လျော့ကျသွားတော့၏။

"ဟုတ်တယ်… တော်ဝင်သမားတော်သို့ ပြောပြတဲ့ မူးဝေတာတွေ… အန်တာတွေနဲ့ နောက်ပိုင်း လက္ခဏာတွေကို ကြည့်ရရင်… သူ ယင်းဖော့ဆေးလုံးကို သောက်လိုက်တာ ဖြစ်ရမယ်… အဲဒီအဆိပ်ဖြေဆေးက ရှအန်းဆီမှာ ရှိနေတော့… စိုးရိမ်စရာတော့ မရှိပါဘူး…"

ထိုစကားကို ကြားသောအခါမှသာ သခင်မသုန်၏ ရင်ထဲတွင် အမြဲ တထိတ်ထိတ် ဖြစ်နေရသော စိုးရိမ်မှုများ ပြေလျော့သွားတော့သည်။

"ဒါပေမဲ့ သူ့ ခန္ဓာကိုယ်ထဲက အအေးမိရောဂါက ပြန်ပေါ်လာလောက်တယ်… ဒါကြောင့် အစ်ကို ဆေးနည်းနည်း ထပ်ဖော်ပေးရဦးမယ်…"

"အန္တရာယ် ရှိလား…"

သုန်သခင်ကြီးက ဝင်ရောက် မေးမြန်းလိုက်လေသည်။

"အဆင်ပြေပါတယ်… ယင်းဖော့ဆေးလုံးရဲ့ အဆိပ်က ဖြေရမခက်ပါဘူး… ဒါပေမဲ့ အအေးမိရောဂါ ပြန်ပေါ်လာတဲ့အတွက်… လအနည်းငယ်လောက်တော့ ဆေးထပ်သောက်ပြီး ကုသရဦးမယ်…"

ဒုတိယသခင်ကြီးသုန်က စကားပြောပြီးနောက် သူ၏ ညီမဖြစ်သူကို လှည့်ကြည့်ကာ ဆက်ပြောလိုက်၏။

"စိတ်မပူပါနဲ့… ချန်ချန်ရဲ့ ကျန်းမာရေးကို သေချာ ပြန်လည် ပြုစုင်လိုက်ရင်… ကလေးရဖို့က မခက်ပါဘူး…"

ဤသည်မှာ ယခုအချိန်တွင် အားလုံး အလေးထားဆုံး ကိစ္စရပ်ပင် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ နန်းတော်ထဲတွင် သားသမီးမရှိသော ကိုယ်လုပ်တော်များမှာ ကောင်းမွန်စွာ နေထိုင်နိုင်မည် မဟုတ်ချေ။

ဝမ်ရှီကလည်း စကားလမ်းကြောင်းကို ဆက်၍ ပြောလိုက်လေသည်။

"ယောက္ခထီးကြီး ရက်ပိုင်းက လုပ်ခိုင်းထားတဲ့ ဆံထိုးတွေနဲ့ လက်ဝတ်ရတနာတွေလည်း အဆင်သင့် ဖြစ်နေပါပြီ… ဘာအမှားအယွင်းမှ မရှိနိုင်ပါဘူး…"

"အေး ဒါဆိုလည်း ကောင်းတာပေါ့… ဒုတိယဆောင်ကို အခုချက်ချင်း ပို့လိုက်… ဆေးတွေ ထည့်ပြီးရင် ချင်ကျန်းဆီကို ပို့ပေးလိုက်ကြ…"

သုန်သခင်ကြီးက အမိန့်ပေးလိုက်လေသည်။

"ဟုတ်ကဲ့ပါ…"

ဝမ်ရှီက ရိုရိုသေသေ ပြန်ဖြေလိုက်၏။

သုန်မိသားစု တစ်ခုလုံးက ဤကဲ့သို့ အချင်းချင်း ကူညီဖေးမနေကြသည်ကို မြင်သောအခါ ပထမသခင်ကြီးလင်သည် အိမ်ခွဲနေခြင်းက မည်မျှ ကောင်းမွန်သော ကိစ္စဖြစ်ကြောင်းကို နားလည်သွားတော့သည်။

အိမ်ကို စောစော မခွဲနိုင်ခဲ့သဖြင့် ဇနီးနှင့် သားသမီးများ အချည်းနှီး ဒုက္ခရောက်ခဲ့ရသည်ကို တွေးပြီး နောင်တရမိလေ၏။

သို့သော် ယခုအခါ အခြေအနေများ အေးချမ်းသွားပြီ ဖြစ်ရာ နောင်လာမည့် ဘဝခရီးလမ်းမှာလည်း ဘေးကင်းချမ်းသာစွာဖြင့် ဖြတ်သန်းနိုင်မည်မှာ သေချာပေသည်။

အိမ်တွင် ဤမျှလောက် များပြားသော ကိစ္စရပ်များ ဖြစ်ပျက်နေသည်ကို အဝေးရှိ နွေရာသီအပန်းဖြေနန်းတော်တွင် ရောက်ရှိနေသော လင်ဝမ်ယိမှာမူ အနည်းငယ်မျှပင် မသိရှာပေ။

သူမသည် မိခင်ဖြစ်သူ ရောက်လာမည့်အချိန်ကို စောင့်မျှော်ရင်း ပစ္စည်းများကို ပျော်ရွှင်စွာ ပြင်ဆင်နေလေ၏။

တစ်ချိန်တည်းမှာပင် ဒုတိယမင်းသားအတွက် ရိုးရှင်းသော မွေးနေ့ပွဲလေး တစ်ခုကိုလည်း ပြင်ဆင်ပေးနေပေသည်။

စူးဖေးအတွက် ရည်စူး၍ ပြုလုပ်သော ကုသိုလ်ကောင်းမှုများမှာလည်း ပြီးဆုံးသွားခဲ့လေပြီ။

လင်ကွေ့ဖေးသည် ဤတစ်ကြိမ်တွင်တော့ အားလုံးကို သေသေချာချာ စီစဉ်ပေးခဲ့သဖြင့် ဘာသာရေးပွဲများ ပြီးဆုံးသွားသောအခါ အရှင်မင်းကြီးက သုန်ယွီကျုံးကို စေလွှတ်၍ ဘေးကင်းစေသော အဆောင်လက်ဖွဲ့ စက္ကူများကို ပေးသနားခဲ့လေသည်။

တစ်ခုမှာ သူမအတွက် ဖြစ်ပြီး နောက်တစ်ခုမှာ မင်းသမီးမင်‌ရော့အတွက် ဖြစ်ပေသည်။

အားလုံးက နိမိတ်ကောင်းများ ဖြစ်သဖြင့် လင်ကွေ့ဖေးမှာ အဆောင်လက်ဖွဲ့ စက္ကူကို မြင်သည်နှင့် အလွန် ပျော်ရွှင်သွားတော့၏။

ထို့ကြောင့် လက်အောက်ငယ်သားများကိုပင် ကြည့်ရသည်မှာ ပို၍ အဆင်ပြေလာသလို ခံစားရလေသည်။

ထိုသို့ဖြင့် ဒုတိယမင်းသားဘက်ရှိ ကိစ္စရပ်များကို သူမ သိပ်ပြီး ဂရုမစိုက်ဖြစ်တော့ချေ။

မွေးနေ့ပွဲဟု ဆိုသော်လည်း အမှန်တကယ်တော့ ပုံမှန် ညစာစားပွဲနှင့် သိပ်မကွာခြားလှပေ။

မည်သို့ပင်ဆိုစေ ထမင်းစားမည့်သူများမှာ အရှင်မင်းကြီး၊ ဒုတိယမင်းသားနှင့် လင်ဝမ်ယိတို့သာ ဖြစ်ကြသည် မဟုတ်လား။

သို့သော် ယနေ့ ညစာစားပွဲကို အနောက်ခြံဝင်းတွင် ကျင်းပမည် ဖြစ်သဖြင့် ထိုနေရာကို ကြိုတင်၍ အနည်းငယ် ပြင်ဆင်ထားလေသည်။

ဘာသာရေးပွဲများ ပြီးခါစ ဖြစ်သဖြင့် အနီရောင်ပန်းများဖြင့် တခမ်းတနား အလှဆင်ရန် မသင့်တော်ချေ။

တုမားမားက ပန်းခြံစောင့်ကို အရောင်အသွေး စုံလင်သော ပန်းပင်အချို့ကို ရွှေ့ပြောင်းစိုက်ပျိုးခိုင်းလိုက်ရာ အနောက်ခြံဝင်း တစ်ခုလုံးမှာ သက်ဝင်လှုပ်ရှားနေသကဲ့သို့ ဖြစ်သွားလေတော့သည်။

ဒုတိယမင်းသားသည် ယနေ့တွင် အသက်ခြောက်နှစ်ပြည့် မွေးနေ့ကို ကျင်းပခြင်း ဖြစ်ပေသည်။

ယခင်နှစ်များက မွေးနေ့ပွဲများမှာ တိတ်ဆိတ်စွာ ပြီးဆုံးသွားတတ်သည် သို့မဟုတ် အလွန်အမင်း ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိကြ၏။

ဂုဏ်ပြုစကား ဆိုသူများမှာ ထောင်သောင်းမက ရှိသော်လည်း မည်သူကမျှ သူ၏ အပေါ်တွင် အမှန်တကယ် စိတ်ဝင်စားမှု မရှိခဲ့ကြချေ။

သို့သော် ယနေ့တွင်မူ မတူညီတော့ပေ။

ခြံဝင်းထဲတွင် သူနှစ်သက်သော ပန်းများကို စိုက်ပျိုးထားပြီး စားပွဲပေါ်တွင် သူနှစ်သက်သော ဟင်းလျာများကို တင်ထားလေသည်။

အခန်းထဲတွင် သူနှစ်သက်သော သစ်မွှေးနံ့သာကို ထွန်းညှိထားပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေသူများမှာလည်း သူအလေးစားဆုံးနှင့် အချစ်ဆုံးသူများ ဖြစ်ကြပေသည်။

ဤအရာအားလုံးက ဒုတိယမင်းသားကို ဘဝသစ်တစ်ခု ပြန်လည်ရရှိသွားသကဲ့သို့ ခံစားရစေ၏။

ချွမ်ချီက သက်ရှည်ခေါက်ဆွဲ တစ်ပန်းကန်ကို ဦးစွာ ယူဆောင်လာခဲ့ရာ ဟင်းရည်မှာ ဒုတိယမင်းသား နှစ်သက်သော ကြက်စွပ်ပြုတ်ကြည် ဖြစ်ပေသည်။

သို့သော် ထိုအထဲတွင် သစ်အယ်သီး အနည်းငယ် ထည့်ထားသဖြင့် စားလိုက်သည့်အခါ ပို၍ ချိုမြိန်နေမည်ဖြစ်၏။

ခေါက်ဆွဲများကိုမူ ရှောင်လုကျစ် ကိုယ်တိုင် လှိမ့်၍ ပြုလုပ်ထားခြင်း ဖြစ်ပြီး တော်ဝင်စားဖိုဆောင်မှ ပို့လာသော ခေါက်ဆွဲများလောက် မနူးညံ့သော်လည်း ဒုတိယမင်းသား၏ အမြင်တွင်မူ အကောင်းဆုံးပင် ဖြစ်နေတော့၏။

ရှအန်းက သူ့အတွက် လတ်ဆတ်ပြီး မွှေးကြိုင်သော ဆေးအိတ်တစ်အိတ်ကို ချုပ်ပေးထားရာ ထိုအထဲတွင် သူ၏ ရောဂါအတွက် ကောင်းမွန်သော ပန်းများနှင့် ဆေးဖက်ဝင်အပင်များကို ထည့်သွင်းထားလေသည်။

အကယ်၍ သူ နေထိုင်မကောင်းဖြစ်လာပါက ထိုဆေးအိတ်ကို ယူ၍ ရှူရှိုက်လိုက်ရုံဖြင့် သက်သာသွားစေမည် ဖြစ်ပေသည်။

တုမားမားက သူမ ကိုယ်တိုင် ရေးကူးထားသော ဗုဒ္ဓကျမ်းစာလိပ်အချို့ကို လက်ဆောင်ပေးခဲ့ရာ ပုံမှန်အချိန်များတွင် စိတ်အေးချမ်းစေရန် ဖတ်ရှုနိုင်ပေသည်။

ချိုးမင်ကမူ အပြင်လူများကို အကူအညီတောင်း၍ ကျိုးမာမီးအိမ် တစ်လုံးကို ရှာဖွေပေးခဲ့ရာ ဒုတိယမင်းသားမှာ အလွန် အံ့အားသင့်ပြီး ဝမ်းသာသွားရလေ၏။

ဤမွေးနေ့လက်ဆောင်များကို အပြင်လူများ အမြင်ဖြင့် ကြည့်မည်ဆိုလျှင် အလွန်ပင် ဆင်းရဲနွမ်းပါးလှသည်ဟု ဆိုရပေမည်။

သို့သော် ဒုတိယမင်းသားကမူ အလွန်ပင် သဘောကျ နှစ်သက်နေလေသည်။

ယခုအခါ သူ အသိချင်ဆုံး အရာမှာ အရှင်မင်းကြီးနှင့် လင်ဝမ်ယိတို့က သူ့ကို မည်သည့် မွေးနေ့လက်ဆောင် ပေးမည်နည်း ဆိုသည်ပင်။

All Chapters