← Chapters

သားအဖနှစ်ယောက်၏ အချိန်လေး

Vol. 13 Ch. 124

သားအဖနှစ်ယောက်၏ အချိန်လေး

Vol. 13 Ch. 124

ထို့ကြောင့် ဒုတိယမင်းသားသည် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် လင်ဝမ်ယိကို မျှော်လင့်တကြီး ကြည့်ရင်း ပြောလိုက်လေ၏။

"လင်နျန်နျန်… နျန်နျန်ပေးမယ့် မွေးနေ့လက်ဆောင်ကရော"

သူသည် ယခုအခါ လင်ဝမ်ယိနှင့် အများကြီး ပို၍ ရင်းနှီးလာခဲ့ပြီ ဖြစ်ပေသည်။

သူတို့နှစ်ယောက်၏ အသက်ကွာဟချက်မှာ ဆယ့်တစ်နှစ်ခန့်သာ ရှိသဖြင့် သားအမိဆက်ဆံရေးထက် မောင်နှမဆက်ဆံရေးနှင့် ပို၍ တူနေချေ၏။

ထို့ကြောင့် ဒုတိယမင်းသား၏ သက်သောင့်သက်သာဖြင့် ပြောလိုက်သော လေသံက အထက်တွင် ထိုင်နေသော အရှင်မင်းကြီးအား အနည်းငယ် ရိုင်းပြသည်ဟု ခံစားရစေတော့သည်။

သို့သော် ယနေ့သည် ဒုတိယမင်းသား၏ မွေးနေ့ဖြစ်နေသဖြင့် အရှင်မင်းကြီးက အများကြီး ဝင်မပြောခဲ့ပေ။

အရှင်မင်းကြီးက တုမားမားကို တစ်ချက် ကြည့်လိုက်ရာ သူမက ဒုတိယမင်းသားကို မေတ္တာအပြည့်ပါသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရပေသည်။

အမြဲတမ်း တင်းမာနေတတ်သော တုမားမား၏ နှုတ်ခမ်းထောင့်များသည် ယခုအခါ အပြုံးရိပ်လေးများ သန်းနေချေ၏။

ထိုမြင်ကွင်းက အရှင်မင်းကြီးကို အံ့ဩသွားစေသည်။

လွန်ခဲ့သော နှစ်များစွာက တုမားမားသည် အရှင်မင်းကြီးကို ပြုစုစောင့်ရှောက်ခဲ့စဉ်က အရာရာကို ဂရုတစိုက် လုပ်ဆောင်ပေးခဲ့သော်လည်း သူမ၏ အပြုံးကိုမူ တွေ့ရခဲလှပေသည်။

ယခု ဒုတိယမင်းသားကို ပြုစုစောင့်ရှောက်ရသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း ဘာကြောင့် ဤမျှလောက် မေတ္တာပိုနေရသနည်း။

ဒါက အသက်ကြီးလာလို့ မြေးတွေကို ချစ်တဲ့ စိတ်မျိုး ဖြစ်လာတာလားဟု အရှင်မင်းကြီးက တွေးမိလိုက်၏။

အရှင်မင်းကြီးမှာ တွေးတောနေစဉ်မှာပင် လင်ဝမ်ယိက မျက်လှည့်ပြသကဲ့သို့ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်လေသည်။

"ကုန်းစွန်းမှတ်တမ်းစာအုပ် ဟုတ်လား… လင်နျန်နျန်… ဒါက ဘာစာအုပ်လဲ"

"အရင်ဆုံး ဖွင့်ကြည့်လိုက်ပါဦး"

ဒုတိယမင်းသားသည် ယခုအချိန်တွင် စာများများစားစား မဖတ်တတ်သေးသော်လည်း ဤစာအုပ်ကိုမူ ဖတ်လေလေ ပို၍ သဘောကျလေလေ ဖြစ်လာတော့၏။

ထိုအထဲတွင် ရှည်လျားသော စာပိုဒ်များ မပါဝင်ဘဲ ပုံဆွဲပြထားခြင်းက အများစု ဖြစ်ပေသည်။

သစ်သားနွားနှင့် လျှောတိုက်မြင်းကဲ့သို့သော စက်ယန္တရားများ၏ လျှို့ဝှက်ချက်များကို မှတ်တမ်းတင်ထားရာ ကြည့်ရုံနှင့်ပင် ကျွမ်းကျင်သူ တစ်ဦး၏ လက်ရာဖြစ်ကြောင်း သိသာလှပေသည်။

ဒုတိယမင်းသားမှာ အလွန် ဝမ်းသာသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် လင်နျန်နျန်… ဒီမွေးနေ့လက်ဆောင်ကို ကျွန်တော် အရမ်း သဘောကျတယ်"

"သဘောကျရင် ပြီးတာပါပဲ… ဒါက ကျွန်မ သိတဲ့ အရမ်းကိုတော်တဲ့ လက်မှုပညာရှင် တစ်ယောက် ရေးထားတာ… မင်းသာ ဒီစာအုပ်ထဲက အတိုင်း ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းလောက် တူအောင် လုပ်နိုင်တယ်ဆိုရင်… သူ့ကို မင်းနဲ့ မိတ်ဆက်ပေးမယ်… ဘယ်လိုလဲ"

ဒုတိယမင်းသားမှာ ထိုစကားကို ကြားသောအခါ ပို၍ပင် ဝမ်းသာသွားရလေသည်။

မူလက ဒုတိယမင်းသားသည် နေမကောင်းဖြစ်နေသဖြင့် မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်း မရှိခဲ့ချေ။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က သစ်သားနွားနှင့် လျှောတိုက်မြင်းကို ကစားပြီးကတည်းက ဤအရာများအပေါ် အလွန်အမင်း စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်ပေသည်။

ဤသည်မှာ အသေးအဖွဲ ကိစ္စလေးဟု ထင်ရသော်လည်း ဇွဲလုံ့လနှင့် ဉာဏ်ပညာကို အများဆုံး စမ်းသပ်သည့် အရာပင် ဖြစ်၏။

အနည်းငယ်မျှ သတိလွတ်သွားပါက အဆက်အစပ် နေရာများမှာ တပ်ဆင်၍ ရတော့မည် မဟုတ်ချေ။

ထို့ကြောင့် အလွန်ပင် ဂရုစိုက်ရန် လိုအပ်ပေသည်။

ဒုတိယမင်းသား၏ လက်ရှိ ခန္ဓာကိုယ် အခြေအနေအရ ပြေးလွှားဆော့ကစားရန် မဖြစ်နိုင်သော်လည်း ဤကဲ့သို့ သိမ်မွေ့သော လက်မှုပညာ အလုပ်လေးများ လုပ်ရန်မူ အဆင်ပြေလှပေသည်။

အရှင်မင်းကြီးသည် ထိုအရာများကို ကြည့်ပြီး ကစားစရာများဖြင့် အချိန်ဖြုန်းနေသည်ဟု ခံစားလိုက်ရ၏။

အရှင်မင်းကြီးက စကားပြောရန် ပြင်လိုက်စဉ်မှာပင် လင်ဝမ်ယိက သူ၏ အင်္ကျီလက်ကို ဖွဖွလေး ဆွဲလိုက်ပြီး ခေါင်းခါပြလိုက်သည်ကို မြင်လိုက်ရပေသည်။

အရှင်မင်းကြီးသည် သူမ၏ လုပ်ရပ်ကို နားမလည်သော်လည်း လည်ချောင်းဝသို့ ရောက်နေသော စကားများကို မြိုချလိုက်ရတော့သည်။

ထို့နောက် သုန်ယွီကျုံးဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။

"သုန်ယွီကျုံး"

"ဒီအစေခံ ရှိပါတယ်"

"လက်ဆောင်ကို ယူခဲ့"

"ဟုတ်ကဲ့"

သုန်ယွီကျုံး ယူဆောင်လာသော ကြီးမားလှသည့် သေတ္တာကြီးကို မြင်သောအခါ ဒုတိယမင်းသား၏ မျက်နှာပေါ်တွင် နားမလည်မှုများ ပြည့်နှက်သွားလေသည်။

ဘာလက်ဆောင်များဖြစ်လို့ ဒီလောက်ကြီးမားတဲ့ သေတ္တာကြီးကို သုံးရတာလဲ… အရှည်ကြီးဆိုတော့ ဓား… ဓားများလားဟု ဒုတိယမင်းသားက တွေးလိုက်မိ၏။

သူ အဖြေမရှာနိုင်သေးခင်မှာပင် သုန်ယွီကျုံးက ပြုံးရွှင်စွာဖြင့် သေတ္တာကို ဖွင့်ပြလိုက်လေပြီ။

ထိုအထဲတွင် အကောင်းစား လေးတစ်လက်ကို ထည့်သွင်းထားပြီး အနက်ရောင် ဆေးသုတ်ပြီး ရွှေရောင်ဖြင့် အလှဆင်ထားရာ ခမ်းနားထည်ဝါရုံသာမက ခိုင်ခံ့တောင့်တင်းမှုလည်း ရှိကြောင်း တွေ့ရပေသည်။

သို့သော် ဤလေးကို ဆွဲညွှတ်နိုင်ရန်အတွက်မူ သူလို ကလေးသုံးယောက် ပေါင်းလျှင်တောင် ရနိုင်မည် မဟုတ်ချေ။

ဒုတိယမင်းသားမှာ ဤအရာကို ကြည့်ရင်း အရှင်မင်းကြီးက သူ့ရောဂါ သက်သာလာပါက မြင်းစီးခြင်းနှင့် လေးပစ်ခြင်းကို သင်ကြားပေးမည်ဟု ပြောခဲ့ဖူးသည်ကို သတိရသွားလေသည်။

ကြည့်ရသည်မှာ ထိုစကားက အလကား ပြောခဲ့ခြင်း မဟုတ်ပေ။

"ဒီလေးက မင်းအတွက် အထူးမှာယူပြီး လုပ်ခိုင်းထားတာ… ကျောက်မျက်ရတနာတွေ သိပ်မထည့်ထားဘူး… ဒါပေမဲ့ ဆွဲအားကတော့ တခြားဟာတွေထက် အများကြီး ပိုကောင်းတယ်… မင်းရဲ့ အားတစ်ဝက်လောက် သုံးလိုက်ရုံနဲ့ အပြည့်အဝ ဆွဲညွှတ်နိုင်တယ်"

ပြောပြီးသည်နှင့် အရှင်မင်းကြီးက လေးကို ကောက်ကိုင်ကာ ကိုယ်တိုင် ဆွဲညွှတ်ပြလိုက်လေသည်။

တကယ်ကို လွယ်လွယ်ကူကူပင် ဆွဲညွှတ်နိုင်ကြောင်း တွေ့လိုက်ရ၏။

ထို့နောက် လေးကို ဒုတိယမင်းသား ရှေ့သို့ ကမ်းပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။

"မင်း စမ်းကြည့်ပါဦး"

ဒုတိယမင်းသား၏ စိတ်ထဲတွင် အနည်းငယ်မျှပင် ဆန္ဒမရှိသော်လည်း မျက်နှာပေါ်တွင်မူ အလွန် သဘောကျသည့် ပုံစံမျိုး ဟန်ဆောင်နေရရှာသည်။

သေးငယ်သော လက်မောင်းလေးများဖြင့် အစွမ်းကုန် အားယူသော်လည်း ဒုတိယမင်းသားက လေးကို အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ခဲ့ချေ။

အရှင်မင်းကြီးက မျက်မှောင်ကြုတ်ကာ တစ်ချက် ကြည့်လိုက်လေ၏။

"အခြေခံက အရမ်း အားနည်းနေသေးတယ်… ကိုယ်တော် တော်ဝင်သမားတော်ကို သေချာ ကုသပေးဖို့ ပြောရဦးမယ်… မဟုတ်ရင် တာ့ဝေ့ပြည်ရဲ့ မင်းသားတစ်ပါး ဖြစ်နေပြီး… လေးတစ်လက်ကိုတောင် မဆွဲညွှတ်နိုင်ဘူးဆိုရင်… တခြားလူတွေ လှောင်ရယ်တာ ခံရလိမ့်မယ်"

ပြောသူက အမှတ်တမဲ့ ပြောလိုက်သော်လည်း ကြားသူကမူ အမှတ်တရ ဖြစ်သွားစေ၏။

အရှင်မင်းကြီး၏ ဤစကားတစ်ခွန်းက ပျော်ရွှင်စရာကောင်းနေသော အခြေအနေကို ဖျက်ဆီးပစ်လိုက်လေပြီ။

လင်ဝမ်ယိသည် ဒုတိယမင်းသား၏ မျက်ဝန်းများထဲတွင် ဖြတ်ပြေးသွားသော စိတ်ပျက်မှုနှင့် အားငယ်မှုတို့ကို မြင်လိုက်ရသဖြင့် အခြေအနေကို အမြန် ဝင်ရောက် ထိန်းပေးလိုက်တော့သည်။

"အရှင်မင်းကြီး… ကျွန်တော်မျိုးမတို့ အရင် ထမင်းစားကြရအောင်… ဒီဟင်းပွဲတွေ အားလုံးက စောစောစီးစီးကတည်းက ပြင်ဆင်ထားတာဆိုတော့… အေးသွားရင် စားမကောင်းဖြစ်သွားလိမ့်မယ်"

"အင်း… ဒါဆိုလည်း အရင် စားကြတာပေါ့"

"ဒီလေးကို အဲဒီနံရံပေါ်မှာ ချိတ်ထားလိုက်… ဒုတိယမင်းသား နေ့တိုင်း မြင်တွေ့နိုင်အောင်လို့… ဒါမှလည်း သူ့ကို သတိပေးရာ ရောက်မှာ"

အရှင်မင်းကြီးက စကားကို ထပ်မံ ဖြည့်စွက် ပြောလိုက်ပြန်သည်။

"ဟုတ်ကဲ့"

ဒုတိယမင်းသားမှာ ဖြူလွှလွှ နံရံပေါ်တွင် သူ့အတွက် မလိုအပ်သော လေးတစ်လက် ရုတ်တရက် ရောက်ရှိလာသည်ကို ကြည့်လိုက်မိလေသည်။

သူ၏ မွေးနေ့ပွဲ ကျင်းပချင်စိတ်များပင် တစ်ဝက်ခန့် လျော့နည်းသွားတော့၏။

အရှင်မင်းကြီးကတော့ အစားအသောက်များကို မြိန်ရည်ယှက်ရည် စားသောက်နေလေပြီး ဤညစာစားပွဲကို သေချာ ပြင်ဆင်ထားကြောင်း မြင်ရုံနှင့်ပင် သိနိုင်ပေသည်။

ဟင်းလျာတိုင်းက သူ၏ အကြိုက်နှင့် ကိုက်ညီနေ၏။

ထို့ကြောင့် တော်ဝင်စားဖိုဆောင်မှ လူများကို ခေါ်ယူ၍ လေ့လာခိုင်းရမည်ဟု အရှင်မင်းကြီး၏ စိတ်ထဲတွင် ပိုမို ခိုင်မာစွာ တွေးလိုက်မိတော့သည်။

မဟုတ်လျှင် နေ့စဉ် ချက်ပြုတ်လာသည့် ဟင်းလျာများမှာ အရသာ တစ်မျိုးတည်း ဖြစ်နေသဖြင့် များများစားမိပါက ရိုးအီသွားစေသည် မဟုတ်ပါလော။

လင်ဝမ်ယိသည် ဒုတိယမင်းသား အနည်းငယ် နေရခက်နေသည်ကို ရိပ်မိသဖြင့် သူ အကြိုက်ဆုံး ခရမ်းချဉ်သီးနှင့် ကြက်သားကြော်ကို ခပ်ထည့်ပေးလိုက်လေသည်။

"ဒုတိယမင်းသား… ဒီဟာကို ခေါက်ဆွဲနဲ့ တွဲစားကြည့်ပါလား… အရသာ တကယ့်ကို ထူးခြားတယ်နော်"

ဒုတိယမင်းသားသည် အစပိုင်းတွင် အနည်းငယ် သံသယဖြစ်နေသော်လည်း တစ်လုပ် စားကြည့်လိုက်ပြီးနောက် တကယ်ကို အရသာရှိကြောင်း သိလိုက်ရပေသည်။

သူ ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်မှသာ လင်ဝမ်ယိလည်း စိတ်သက်သာရာ ရသွားတော့၏။

ဤမွေးနေ့ညစာစားပွဲလေးမှာ အဆင်ပြေချောမွေ့စွာပင် ပြီးဆုံးသွားလေသည်။

ထမင်းစားပြီး သိပ်မကြာခင်မှာပင် အရှင်မင်းကြီးသည် ပင်မဆောင်သို့ ပြန်သွားခဲ့လေ၏။

လင်ဝမ်ယိကမူ ဒုတိယမင်းသားကို ပြုစုပေးရန် ဤနေရာတွင် ကျန်ရစ်ခဲ့ပေသည်။

နံရံပေါ်ရှိ လေးကို ကြည့်ရင်း သူတို့နှစ်ယောက်စလုံး တစ်ပြိုင်နက် သက်ပြင်းချလိုက်မိပြီးနောက် အပြန်အလှန် ကြည့်ကာ ပြုံးလိုက်ကြလေ၏။

"ခမည်းတော်က ဘယ်လိုတွေ စဉ်းစားနေလဲ မသိပါဘူး… ကျွန်တော့်ကို လေးတစ်လက် လက်ဆောင်ပေးတယ်… လင်နျန်နျန်ပဲ ကြည့်ပါဦး… ကျွန်တော့် အရပ်က အဲဒီလေးလောက်တောင် မရှည်သေးဘူး"

"စိတ်မပူပါနဲ့… လေးကတော့ ကြီးလာမှာ မဟုတ်ဘူးလေ… ဒါပေမဲ့ ဒုတိယမင်းသားကတော့ ကြံပင်လေးလို နေ့ရက်တိုင်း ပိုပိုရှည်လာမှာပါ… အဲဒီအချိန်ကျရင် လေးတစ်လက်က ဘာပြောပမလဲ… နှစ်လက်ဆိုရင်တောင် မယှဉ်နိုင်တော့ဘူးပေါ့"

ဤနောက်ပြောင်သော စကားကြောင့် ဒုတိယမင်းသားမှာ ထပ်မံ ရယ်မောလိုက်မိပြန်သည်။

ယခင်က ဒုတိယမင်းသားသည် အသက်ရှင်ရသည်မှာ အဓိပ္ပါယ်မရှိဟု အမြဲ ခံစားခဲ့ရပြီး နေ့စဉ် ကုတင်ပေါ်တွင်သာ လဲလျောင်းနေရသည့်အပြင် မကောင်းသော အစေခံများ၏ အနိုင်ကျင့်မှုကိုလည်း သည်းခံနေခဲ့ရပေသည်။

သို့သော် ယခုတွင် မတူညီတော့ချေ။ ဆေးသောက်ရမည့် အချိန်ကိုပင် သူ အတိအကျ မှတ်မိနေလေပြီ။

နေ့စဉ်နေ့တိုင်း လင်ဝမ်ယိနှင့်အတူ စားပွဲတွင် ထိုင်ကာ လက်ဖက်ရည်သောက်ရမည့် အချိန်ကို သူက မျှော်နေတတ်ပေ၏။

ဤသည်မှာ အသက်ရှင်လိုစိတ်များ ပြန်လည် နိုးကြားလာခြင်းကြောင့် ဖြစ်နိုင်ပေရာ သူ၏ စိတ်နေစိတ်ထားမှာ အများကြီး ပို၍ တက်ကြွလာခဲ့တော့၏။

"ကဲပါ… လင်နျန်နျန် မြန်မြန်သွားပါတော့… ခဏနေရင် ခမည်းတော်က လူလွှတ်ပြီး လာခေါ်ခိုင်းလိမ့်မယ်… ကျွန်တော်ကပဲ နျန်နျန်ကို အတင်း ဖမ်းထားသလို ဖြစ်နေဦးမယ်"

လင်ဝမ်ယိက ဒုတိယမင်းသား၏ ခေါင်းကို လက်ညှိုးဖြင့် ဖွဖွလေး ထောက်လိုက်လေသည်။

"အို… စကားတွေတောင် တတ်နေပြီပေါ့… ကြည့်ရတာ ဒုတိယမင်းသားက အသက်ကြီးလာတာနဲ့အမျှ ဉာဏ်ပါ ကြီးလာတာပဲ… ဒါဆိုရင် ကျွန်မက ဒုတိယမင်းသားရဲ့ အနားမှာ ခစားဖို့ ရုပ်ချောပြီး လိမ္မာတဲ့ နန်းတွင်းသူလေး နှစ်ယောက်လောက် ရှာပေးဖို့ ခမည်းတော်ကို ပြောပေးရမလား"

ဒုတိယမင်းသားသည် ထိုစကားကို ကြားသောအခါ နှုတ်ခမ်းကို စူလိုက်ပြီး လုံးဝ သဘောမတူသည့် ပုံစံမျိုး ပြုလုပ်လိုက်၏။

ထိုပုံစံက လင်ဝမ်ယိကို ရယ်ချင်စိတ် ထိန်းမရအောင် ဖြစ်သွားစေတော့သည်။

သူ၏ ယခုပုံစံကမှ ချစ်စရာကောင်းသော ကလေးလေးတစ်ယောက်နှင့် တူနေပေသည်။

ယခင်ကမူ လောကကြီးကို စိတ်ပျက်နေသည့် အဘိုးကြီးတစ်ယောက်နှင့် တူနေပြီး အနည်းငယ်မျှပင် ချစ်စရာ မကောင်းခဲ့ချေ။

ဒုတိယမင်းသားကို ကြည့်ရင်း လင်ဝမ်ယိက အိမ်မှ မောင်လေးကို ပြန်လည် သတိရသွားမိလေသည်။

ထို့ကြောင့် သူမက သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။

"ဒါဆို ဒုတိယမင်းသား အဲဒီမှတ်တမ်းစာအုပ်ထဲက အကြောင်းအရာတွေကို အရင် ဖတ်ကြည့်လိုက်ဦး… နားမလည်တာရှိရင် မနက်ဖြန်ကျမှ လာမေးပေါ့"

All Chapters