← Chapters

ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲခြင်း

Vol. 13 Ch. 125

ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲခြင်း

Vol. 13 Ch. 125

"လင်နျန်နျန် စိတ်ချပါ… ကျွန်တော် အဲဒီမှတ်တမ်းစာအုပ်ကို သေချာ ဖတ်ပါ့မယ်"

ဒုတိယမင်းသား ပြုံးရွှင်သွားသည်ကို မြင်မှသာ လင်ဝမ်ယိလည်း စိတ်ချလက်ချ ထွက်ခွာလာခဲ့တော့သည်။

အရှေ့ဆောင်သို့ ပြန်ရောက်သောအခါ အရှင်မင်းကြီးသည် အဝတ်အစားများကို ချွတ်ထားပြီး အတွင်းခံအင်္ကျီဖြင့်သာ ကုတင်ပေါ်တွင် မှီလျက် စာဖတ်နေသည်ကို လင်ဝမ်ယိက တွေ့လိုက်ရပေသည်။

လင်ဝမ်ယိ၏ ခြေသံကို ကြားမှသာ အရှင်မင်းကြီးက ခေါင်းမော့ကြည့်လိုက်လေ၏။

"ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ"

လင်ဝမ်ယိမှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားရပြီး အရှင်မင်းကြီး ကြို၍ပြန်လာသည်မှာ လက်ဖက်ရည်တစ်ခွက်စာ အချိန်မျှသာ ရှိသေးသည် မဟုတ်လား။

ဘယ်လိုလုပ်ပြီး ကြာသွားရသနည်းဟု သူမက တွေးလိုက်မိ၏။

သို့သော် ယခုအချိန်တွင်မူ သူမက စိတ်ရှည်လက်ရှည်ဖြင့် ပြန်ဖြေလိုက်လေသည်။

"ဒုတိယမင်းသားက ကျွန်တော်မျိုးမကို အဲဒီလေးအကြောင်း ပြောနေလို့ပါ… ဒါကြောင့် နည်းနည်း နောက်ကျသွားတာ"

မိမိ ပေးခဲ့သော မွေးနေ့လက်ဆောင်အကြောင်းကို သူတို့နှစ်ယောက် ပြောဆိုနေကြကြောင်း ကြားလိုက်ရသဖြင့် အရှင်မင်းကြီးမှာ ခန္ဓာကိုယ်ကို မတ်မတ် ထိုင်လိုက်လေ၏။

ထို့နောက် လင်ဝမ်ယိကို မေးလိုက်ပေသည်။

"သူ သဘောကျရဲ့လား"

"သဘောကျပါတယ်… ဒါပေမဲ့ သူ့အရပ်က အဲဒီလေးလောက်တောင် မရှည်သေးတော့… ဘယ်တော့များမှ အဲဒီလေးကို ဆွဲညွှတ်နိုင်ပါ့မလဲလို့ ပြောနေတယ်"

"အလောတကြီး လုပ်လို့ မရပါဘူး… ခန္ဓာကိုယ် အခြေခံကောင်းလာရင် လေ့ကျင့်မှု များများလုပ်တာနဲ့အမျှ သူ့အလိုလို ဆွဲညွှတ်နိုင်လာမှာပါ"

အရှင်မင်းကြီး၏ မျှော်လင့်ချက်မှာ အတော်လေး မြင့်မားနေပေသည်။

၎င်းမှာ တော်ဝင်သမားတော်သို့က ဒုတိယမင်းသား ခံစားနေရသော အဆိပ်ကို ရှာဖွေတွေ့ရှိသွားခြင်းကြောင့် ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ဒုတိယမင်းသား၏ အနာဂတ်မှာ တောက်ပလာနိုင်မည်ဟု အရှင်မင်းကြီးက တွေးထင်နေပုံရ၏။

သို့သော် လင်ဝမ်ယိကမူ ၎င်းမှာ အလောတကြီး လုပ်လွန်းသည်ဟု ခံစားနေရဆဲပင်။

လင်ဝမ်ယိက စကားပြောရန် ပြင်လိုက်စဉ်မှာပင် အရှင်မင်းကြီးက အနည်းငယ် မကျေနပ်သော လေသံဖြင့် ပြောလာသည်ကို ကြားလိုက်ရပေသည်။

"မွေးနေ့လက်ဆောင်အကြောင်း ပြောရမယ်ဆိုရင်… လွန်ခဲ့တဲ့ ရက်ပိုင်းကမှ မင်း သူ့ကို ကစားစရာတွေ တစ်ခြင်းလုံး ပေးထားတာ မဟုတ်ဘူးလား… ဘာလို့ အခု မှတ်တမ်းစာအုပ်ကို ထပ်ပေးရတာလဲ… အဲဒီလို လုပ်တာက ကစားစရာတွေနဲ့ အချိန်ဖြုန်းနေစေတာ မဟုတ်ဘူးလား"

လင်ဝမ်ယိသည် အရှင်မင်းကြီး မကျေမနပ်ဖြစ်နေကြောင်းကို စောစောကတည်းက ရိပ်မိထားခဲ့ပြီး ဖြစ်ကာ သူ့ကို တားဆီးခဲ့ခြင်းမှာလည်း ဒုတိယမင်းသားကို ပိုမို ပျော်ရွှင်စေချင်သောကြောင့်ပင်။

ယခုအခါမှ လင်ဝမ်ယိက အကြောင်းရင်းကို ထုတ်ပြောပြလိုက်တော့သည်။

"လာမယ့် နွေဦးပေါက်ရင် ဒုတိယမင်းသားကို စာသင်ကျောင်းပို့မယ်လို့ အရှင်မင်းကြီး ပြောခဲ့ဖူးတယ် မဟုတ်လား… အရှင်မင်းကြီးက ဒုတိယမင်းသားအပေါ် မျှော်လင့်ချက်တွေ အရမ်းကြီးနေပေမဲ့… သူက တတိယမင်းသားလို ငယ်ငယ်ကတည်းက နာမည်ကြီး ဆရာတွေနဲ့ သင်ကြားခဲ့ရတာ မဟုတ်ဘူးဆိုတာကို မေ့နေပုံရတယ်… အခု သူသိတဲ့ စာလုံးအရေအတွက်က တစ်ရာတောင် မပြည့်သေးဘူး… ဒီလိုအခြေအနေမျိုးမှာ တတိယမင်းသားနဲ့အတူ စာသင်ကျောင်းကို သွားရမယ်ဆိုရင်… လဝက်တောင် ကြာမှာမဟုတ်ဘူး ပြင်းပြင်းထန်ထန် နှိုင်းယှဉ်ခံရပြီး အရှက်ကွဲရလိမ့်မယ်"

"သူက ကလေးတစ်ယောက် ဖြစ်ပေမဲ့ မာနတော့ ရှိပါတယ်… အမြဲတမ်း အရှက်ခွဲခံနေရမယ်ဆိုရင်… စာသင်တာကို စိတ်ပျက်သွားပြီး သူ့ရဲ့ အနာဂတ်လမ်းကို ဖျက်ဆီးလိုက်သလို ဖြစ်မသွားဘူးလား"

လင်ဝမ်ယိ၏ စကားများက အရှင်မင်းကြီးကို တိတ်ဆိတ်သွားစေခဲ့သည်။

တတိယမင်းသားသည် ယခုအခါ စာဖတ်တတ်ရုံသာမက ကျန့်ကော်ချဲ့စာအုပ်ကိုပင် အကြိမ်အနည်းငယ် ဖတ်ရှုနိုင်နေပြီ ဖြစ်ပေသည်။

ဒုတိယမင်းသားသာ ရုတ်တရက် စာသင်ကျောင်းသို့ သွားရောက်ပါက ကြီးမားသော ကွာဟမှုကို ခံစားရမည်မှာ အသေအချာပင်။

"ကလေးတွေကို သင်ကြားပေးတဲ့အခါမှာ အလောတကြီး လုပ်လို့ မရပါဘူး… ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲတာက အကောင်းဆုံးပါပဲ… ကျွန်တော်မျိုးမ ပေးလိုက်တဲ့ မှတ်တမ်းစာအုပ်ထဲမှာ ဒုတိယမင်းသား မသိတဲ့ စာလုံးတွေ အများကြီး ပါပါတယ်… ဒါပေမဲ့ အဲဒီစက်ယန္တရား ကစားစရာတွေအပေါ် သူ့ရဲ့ စိတ်ဝင်စားမှုကြောင့် သေချာပေါက် နားလည်အောင် ကြိုးစားလိမ့်မယ်… ဒါက စာလုံးတွေကို သင်ယူဖို့ အကောင်းဆုံး အခွင့်အရေးပဲလေ"

"ကိုယ်တိုင် စိတ်ပါလက်ပါ သင်ယူတာက အတင်းအကျပ် ခိုင်းစေတာထက် အများကြီး အကျိုးရှိစေပါတယ်… အဲဒီမှတ်တမ်းစာအုပ်က အထူကြီးပဲ… ဒီလအနည်းငယ်အတွင်းမှာ သေချာ လေ့လာနိုင်ရင်… နောက်ပိုင်း တခြားစာအုပ်တွေ ဖတ်တဲ့အခါလည်း မခက်ခဲတော့ဘူးပေါ့… အရှင်မင်းကြီးကော ဘယ်လိုထင်လဲ"

လင်ဝမ်ယိ၏ ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲခြင်း ဆိုသည့် သင်ကြားရေးနည်းလမ်းကို အရှင်မင်းကြီးသည်လည်း အတော်လေး သဘောကျသွားပေသည်။

မည်သို့ပင်ဆိုစေ ဒုတိယမင်းသားမှာ သာမန် မင်းသား မင်းသမီးများနှင့် မတူညီချေ။

မွေးဖွားလာကတည်းက မတူညီခဲ့ခြင်း ဖြစ်၏။

အခြားသူများက ကြီးပြင်းလာရန် ကြိုးစားနေချိန်တွင် သူက အသက်ရှင်သန်ရန် ကြိုးစားနေရသည် မဟုတ်လား။

ထို့ကြောင့် ပညာသင်ကြားရာတွင်လည်း မတူညီသော နည်းလမ်းများဖြင့် သင်ကြားပေးရန် လိုအပ်ပေသည်။

လင်ဝမ်ယိ၏ ပုံစံကို ကြည့်ရင်း အရှင်မင်းကြီးက အသာအယာ ရယ်မောလိုက်လေ၏။

"မင်းက ကလေးတွေကို ကောင်းကောင်း သင်ပေးတတ်တာပဲ… နောက်ပိုင်း မင်းမှာ ကလေးရလာရင်…"

အရှင်မင်းကြီးက အမှတ်တမဲ့ ပြောလိုက်သော်လည်း စကားမဆုံးခင်မှာပင် အမှားပြောမိသွားကြောင်း သတိထားမိလိုက်သည်။

လင်ဝမ်ယိ၏ ခန္ဓာကိုယ် အခြေအနေမှာ မည်သည့်အချိန်တွင် ကုသပျောက်ကင်းနိုင်မည်မှန်း မသိရသေးရာ ဘယ်လိုလုပ်ပြီး ကလေးရနိုင်ဦးမည်နည်း။

အရှင်မင်းကြီးက လင်ဝမ်ယိကို သနားကြင်နာသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး သူ၏ စကားမှားသွားမှုအတွက် အနည်းငယ် နေရခက်သွားသလို ခံစားလိုက်ရပေသည်။

သို့သော် လင်ဝမ်ယိကမူ အနည်းငယ်မျှပင် ဂရုစိုက်ပုံမပေါ်ချေ။

မူလကတည်းက သူမသည် မြန်မြန်ဆန်ဆန် ကိုယ်ဝန်မယူချင်သေးဘဲ ရန်သူများ တိုးလာနိုင်သည့်အပြင် ကလေးကို ကာကွယ်နိုင်မည်ဟုလည်း မသေချာသောကြောင့်ပင်။

ထို့ကြောင့် အပြစ်ကင်းသော အသက်တစ်ချောင်းအတွက် အချိန်အနည်းငယ် ထပ်စောင့်ကြည့်ရန်သာ သူမက ဆုံးဖြတ်ထားလေသည်။

ထို့ကြောင့် သူမက ရှေ့တိုးကာ နှစ်သိမ့်လိုက်၏။

"အရှင်မင်းကြီး သတိထားနေစရာ မလိုပါဘူး… ဒီကိစ္စကို ကျွန်တော်မျိုးမ သေချာ နားလည်ပါတယ်… ကလေးနဲ့ မိဘရဲ့ ရေစက်ဆိုတာ ပြောတိုင်း ရနိုင်တာမျိုးမှ မဟုတ်တာ… တကယ်လို့ ကျွန်တော်မျိုးမ မိခင်တစ်ယောက် ဖြစ်သင့်ပြီလို့ ကောင်းကင်ဘုံက သတ်မှတ်ရင် သေချာပေါက် ပေးသနားလာမှာပါ"

လင်ဝမ်ယိ၏ ဤကဲ့သို့ နားလည်မှုရှိသော ပုံစံကို ကြည့်ရင်း အရှင်မင်းကြီးမှာ ပို၍ပင် သနားသွားမိလေတော့သည်။

"စိတ်ချပါ… မင်းရဲ့ ကျန်းမာရေးကို အဓိကထားပြီး ကုသပေးပါ့မယ်… သက်သာလာတာနဲ့ တော်ဝင်ဆေးကုသဆောင်ကို အကောင်းဆုံး အားဖြည့်ဆေးတွေ ဖော်စပ်ပေးဖို့ ကိုယ်တော် အမိန့်ပေးလိုက်မယ်"

လင်ဝမ်ယိက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်တွင်မူ စိတ်ခံစားမှု အများကြီး ပြောင်းလဲသွားခြင်း မရှိချေ။

အရှင်မင်းကြီးက ဤအခြေအနေကို မြင်သောအခါ စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"မနက်ဖြန်က ကိုယ်လုပ်တော်တွေရဲ့ မိသားစုဝင်တွေ နန်းတွင်းကို လာရောက် ဂါရဝပြုရမယ့်နေ့ပဲ… ကိုယ်တော် အမတ်ချုပ်အိမ်တော်ဆီကို အမိန့်လွှာ ပို့ခိုင်းလိုက်ပြီ… အဲဒီအချိန်ကျရင် မင်းရဲ့ မိခင်ကို လင်ကွေ့ဖေးရဲ့ မိသားစုဝင်တွေနဲ့ အတူ နန်းတွင်းကို လာခိုင်းလိုက်မယ်"

"မနက်ဖြန် ဟုတ်လား… ဒါပေမဲ့ ဟိုတစ်နေ့က ချင်ကုန်းကုန်း ပြောတုန်းကတော့ နောက်ထပ် နှစ်ရက် သုံးရက်လောက် စောင့်ရဦးမယ်လို့ ပြောတယ်လေ"

"မင်းက အခု ချန်ကျိုက် အဆင့်ပဲ ရှိသေးတယ် ဆိုပေမဲ့… အမတ်ချုပ်အိမ်တော်က လာတာဆိုတော့… မိသားစုဝင်တွေ အတူတူ လာတာကလည်း သဘာဝကျပါတယ်"

ဤသတင်းကောင်းကို ကြားလိုက်ရသောအခါ လင်ဝမ်ယိမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ဒီည အိပ်ပျော်နိုင်မည် မဟုတ်တော့ဟုပင် ခံစားလိုက်ရလေသည်။

မနက်ဖြန် မိခင်ဖြစ်သူနှင့် တွေ့ရတော့မည်ကို တွေးမိပြီး ဘာကို အရင်ဆုံး ပြင်ဆင်ရမည်မှန်းပင် မသိအောင် ဝမ်းသာသွားမိ၏။

သူမ၏ မျက်နှာပေါ်မှ ဖုံးကွယ်မထားနိုင်သော ပျော်ရွှင်မှုများကို ကြည့်ရင်း မိသားစုဝင်များကို သူမနှင့် တွေ့ဆုံခွင့်ပေးလိုက်ခြင်းသည် မှန်ကန်သော ကိစ္စတစ်ခုဖြစ်ကြောင်း အရှင်မင်းကြီးက ပထမဆုံးအကြိမ် ခံစားလိုက်ရလေသည်။

သို့သော် နိုင်ငံတွင် နိုင်ငံ့ဥပဒေရှိပြီး အိမ်တွင် အိမ့်စည်းကမ်းရှိပေသည်။

သူမကို အမြဲတမ်း မျက်နှာသာပေးနေ၍ မရသဖြင့် နောက်ပိုင်းတွင်တော့ စည်းကမ်းအတိုင်းသာ လုပ်ဆောင်ရမည်ဟု အရှင်မင်းကြီးက တွေးလိုက်၏။

လင်ဝမ်ယိသည် အရှင်မင်းကြီး၏ ဤလုပ်ရပ်အပေါ် ကျေးဇူးတင်နေသဖြင့် သူ့ကို ပြုစုရာတွင်လည်း ပို၍ ဂရုတစိုက် ရှိလာခဲ့ပေသည်။

"ဒီနေ့ ညနေက ရှောင်လုကျစ်တို့ မက်မွန်သီး ခြင်းငယ် နှစ်ခြင်း ထပ်ခူးလာခဲ့တယ်… အရှင်မင်းကြီး မြည်းကြည့်ချင်လား… အခုလို လတ်လတ်ဆတ်ဆတ် စားရတာ အချိုဆုံးပဲလေ"

လင်ဝမ်ယိ ရှားရှားပါးပါး မျက်နှာချိုသွေးနေသည်ကို မြင်သောအခါ အရှင်မင်းကြီးသည်လည်း မသိစိတ်မှပင် ခေါင်းညိတ်လိုက်မိလေသည်။

သာမန်အချိန်များတွင်ဆိုလျှင် အရှင်မင်းကြီးသည် ညဘက်တွင် သစ်သီးစားလေ့ မရှိချေ။

မက်မွန်သီးများကို ရေဆေးကာ အတုံးလေးများ တုံးထားပြီး ယူဆောင်လာသောအခါ အပေါ်တွင် နှင်းရည်များပင် ခိုတွဲနေသေးသယောင် ထင်ရပေသည်။

အရှင်မင်းကြီးက တစ်လုပ် မြည်းကြည့်လိုက်ရာ အမှန်တကယ်ပင် အလွန် ချိုမြိန်နေကြောင်း တွေ့လိုက်ရ၏။

ထို့ကြောင့် အရှင်မင်းကြီးက လင်ဝမ်ယိနှင့်အတူ ပန်းကန်တစ်ဝက်ခန့် ကုန်သည်အထိ စားပြီးမှသာ ရပ်လိုက်တော့သည်။

လင်ဝမ်ယိ ပျော်ရွှင်စွာ စားနေသည်ကို မြင်သောအခါ အရှင်မင်းကြီးက စိတ်ပျက်စရာကောင်းသော စကားတစ်ခွန်းကို ပြောလိုက်မိပြန်သည်။

"အများကြီး စားရင် ကျန်းမာရေးထိခိုက်‌နေဦးမယ် … ညဘက် ဗိုက်နာနေမှာကို သတိထားဦး"

လင်ဝမ်ယိသည် သူမ၏ လက်ထဲမှ သစ်သားခက်ရင်းကို ရှက်ရွံ့စွာ ချထားလိုက်ပြီး အရှင်မင်းကြီး၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။

သူတို့နှစ်ဦးမှာ ဟိုအကြောင်း ဒီအကြောင်း အနည်းငယ် ပြောဆိုနေကြ၏။

ဖယောင်းတိုင်မီးရောင်က သူတို့နှစ်ဦး၏ အရိပ်များကို ပြတင်းပေါက်ပေါ်သို့ ထင်ဟပ်စေပြီး တကယ့်ကို အေးချမ်းသာယာလှသော အချိန်လေးတစ်ခု ဖြစ်ပေသည်။

All Chapters