← Chapters

အိမ်တွင်း အပြောင်းအလဲ

Vol. 13 Ch. 128

အိမ်တွင်း အပြောင်းအလဲ

Vol. 13 Ch. 128

သူမ၏ ခေါင်းထဲတွင် ရှုပ်ထွေးနေစဉ်မှာပင် ရှအန်းနှင့် ချွမ်ချီတို့က ဟင်းလျာများ ယူဆောင်လာသည်ကို မြင်လိုက်ရပေသည်။

"ပထမသခင်မကြီး… အရင် နေ့လယ်စာ စားကြပါလား… အခု နေ့လယ်တောင် ရောက်နေပြီ"

ရှအန်းက ဝင်ရောက် ‌ ပြောလိုက်လေသည်။

သခင်မသုန် နန်းတွင်းသို့ ဝင်လာသည်မှာ လေးနာရီခန့်သာ ကြာသေးသော်လည်း ထမင်းစားချိန်တော့ စားရမည် မဟုတ်လား။

ဤလေးနာရီအတွင်း ဘာမှ မလုပ်ဘဲ ငိုနေရုံသက်သက်ဖြင့် အချိန်ဖြုန်းနေရန် မသင့်တော်ချေ။

လင်ဝမ်ယိသည် လက်ကိုင်ပဝါကို ယူ၍ သူမ၏ မျက်တောင်မှ မျက်ရည်များကို သုတ်ပေးလိုက်လေသည်။

ထို့နောက် မိခင်ဖြစ်သူကို ဆွဲခေါ်ကာ စားပွဲတွင် ထိုင်ခိုင်းလိုက်၏။

စားပွဲပေါ်တွင် ပြည့်နှက်နေသော ဟင်းလျာများမှာ လင်ဝမ်ယိ ပြောခဲ့သည့်အတိုင်း သူမ အနှစ်သက်ဆုံး အစားအစာများချည်းသာ ဖြစ်ပေသည်။

"ဒီမှာ တခြားလူတွေ မရှိပါဘူး အမေ… အနေခက်မနေပါနဲ့… သမီးတို့ အရင်တုန်းကလိုပဲ ပေါ့ပေါ့ပါးပါး နေကြတာပေါ့"

"အေး… အေးပါ"

ပြောရင်းနှင့် လင်ဝမ်ယိက သခင်မသုန်ကို ဟင်းချိုတစ်ခွက် ခပ်ပေးလိုက်လေသည်။

ပူနွေးသော ဟင်းချိုကို သောက်လိုက်ရသဖြင့် သူမ၏ ရင်ထဲရှိ အေးစက်မှုများပင် အနည်းငယ် ပြေလျော့သွားသကဲ့သို့ ခံစားလိုက်ရ၏။

ယခုအချိန်မှာ ထမင်းစားနေခြင်း ဖြစ်သဖြင့် သခင်မသုန်သည် လင်ဝမ်ယိ၏ ပျော်ရွှင်မှုကို မနှောင့်ယှက်ချင်ခဲ့ပေ။

ထမင်းစားပြီး သရေစာများ စားသောက်ချိန်ရောက်မှသာ အခြားလူများကို အပြင်သို့ ထွက်သွားခိုင်းလိုက်ပြီး အခန်းထဲတွင် ချွမ်ချီနှင့် ရှအန်းတို့သာ ကျန်ရစ်ခဲ့တော့သည်။

ထိုအခါမှသာ သူမက လက်ဝတ်ရတနာများ၊ ဆံထိုးများနှင့် ခါးပတ်ကို ချွတ်လိုက်လေသည်။

ထို့နောက် ရှအန်းကို ကမ်းပေးလိုက်၏။

"ဒီအထဲမှာ ဆေးလုံးတွေ ထည့်ထားတယ်… အားလုံးက ဒုတိယသခင်ကြီး ကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေးတွေချည်းပဲ… သခင်မလေးရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်… တခြားလူတွေ မတွေ့စေနဲ့နော်… ပြဿနာ ဖြစ်သွားလိမ့်မယ်… ကြားလား"

"သခင်မကြီး စိတ်ချပါ… ဒီအစေခံ သေချာ သိမ်းထားပါ့မယ်"

ရှအန်းသည် လျှို့ဝှက်ခလုတ်ကို ဖွင့်ကာ ဆေးလုံးများကို တစ်လုံးချင်းစီ ထုတ်ယူလိုက်လေသည်။

ထုတ်ယူလေလေ ပို၍ အံ့ဩလာလေလေ ဖြစ်နေတော့၏။

ဒီအထဲမှာ ဘယ်လောက်တောင် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ထည့်ထားတာလဲဟု သူမက တွေးလိုက်မိသည်။

သုန်မိသားစုက ယွင်ကျန့်မြက်ပင်ကိုတောင် နန်းတွင်းထဲ ပို့ပေးလိုက်ပြီး အခြား အဆိပ်ဖြေဆေးတွေလည်း အများကြီး ပါလာသေးသည်တကား။

ထို့နောက် ရှအန်းက လင်ဝမ်ယိကို အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

"သုန်သခင်ကြီးက တကယ့်ကို အဖိုးတန် ဆေးစွမ်းကောင်းတွေကို ပို့ပေးလိုက်တာပဲ… တကယ်လို့များ…"

ယွင်ကျန့်မြက်ပင်သည် အဆိပ်ဖြေနိုင်ရုံသာမက သေလုမြောပါး ဖြစ်နေသူကိုပင် အသက်ကယ်နိုင်စွမ်း ရှိပေသည်။

မူလက မဖြစ်မနေ လိုအပ်လာမှသာ သုန်မိသားစုက အသုံးပြုမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုတော့ ရှအန်း စကားမဆုံးခင်မှာပင် လင်ဝမ်ယိက အခြေအနေကို နားလည်သွားခဲ့လေပြီ။

သူမက အမေဖြစ်သူ သခင်မသုန်ကို စိတ်လှုပ်ရှားမှုနှင့် သနားကြင်နာမှုများ ရောယှက်နေသော အသံဖြင့် ပြောလိုက်လေသည်။

"အမေ… ဒါက အဘိုးအတွက် ချန်ထားတဲ့ ဆေး မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး နန်းတွင်းကို ပို့လိုက်ရတာလဲ"

"စိတ်ချပါ… သမီးရဲ့ အဘိုးက ပို့ခိုင်းလိုက်တယ်ဆိုကတည်းက အကြောင်းပြချက် ရှိလို့ပေါ့… အမေ့အတွက်ကတော့ သမီးလေးရယ်ရှင်းကျစ်နဲ့ မုကျစ်တို့ ဘေးကင်းဖို့သာ အရေးကြီးဆုံးပါပဲ…"

လင်ဝမ်ယိ၏ အစ်ကိုနှင့် မောင်လေးအကြောင်းကို ပြောလိုက်မိချိန်တွင် သခင်မသုန်မှာ ပို၍ပင် ဝမ်းနည်းစွာ ငိုကြွေးလိုက်မိလေသည်။

လင်ဝမ်ယိက အမေဖြစ်သူသည် အစ်ကိုကြီးအတွက် စိုးရိမ်နေသည်ဟု ထင်မှတ်ကာ နှစ်သိမ့်ပေးလိုက်၏။

"အစ်ကိုကြီးကို စတုတ္ထမင်းသားရဲ့ အနားမှာ ကိုယ်ရံတော်အဖြစ် ခန့်အပ်လိုက်ပြီမို့လို့… အမေ စိတ်ချပါ… ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး"

"တကယ်လား"

"ဒါက အရှင်မင်းကြီး လူလွှတ်ပြီး သမီးကို ပြောပြထားတဲ့ သတင်းပါ… အမှားမရှိနိုင်ပါဘူး… အမေ စိတ်အေးအေးထားပါ… မောင်လေးကိုလည်း သေချာ ဂရုစိုက်ပေးပါ… အခွင့်အရေး ရရင် မောင်လေးကို တော်ဝင်ကျောင်းတော်ကို သွားခွင့်ပြုဖို့ သမီး အရှင်မင်းကြီးကို တောင်းဆိုပေးပါ့မယ်"

လင်ဝမ်ယိသည် ယခုအခါ အရှင်မင်းကြီး၏ ရှေ့တော်တွင် မျက်နှာသာရနေသူ ဖြစ်ပေသည်။

သို့သော် အိမ်တွင်းကိစ္စများကို သူမ အမြဲတမ်း နှောင့်နှေးနေခဲ့ရခြင်းမှာ အရှင်မင်းကြီး သဘောတူမည်ကို အပြည့်အဝ မသေချာသောကြောင့်ပင်။

အကယ်၍ တစ်ကြိမ် ငြင်းပယ်ခံရပါက နောက်ထပ် တောင်းဆိုရန် ပို၍ ခက်ခဲသွားမည် ဖြစ်၏။

ထို့ကြောင့် သူမက သည်းခံ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် သခင်မသုန်သည် ဤစကားကို ကြားသောအခါ ရပ်တန့်သွားသော မျက်ရည်များမှာ ရေကာတာကျိုးကျသကဲ့သို့ ထပ်မံ ကျဆင်းလာပြန်တော့၏။

"ချန်ချန်… မုကျစ်က…"

လင်ဝမ်ယိသည် မူလက ပြုံးနေသော်လည်း အမေဖြစ်သူ၏ မျက်နှာအမူအရာ မကောင်းသည်ကို မြင်သောအခါ ချက်ချင်းပင် စိုးရိမ်သွားလေသည်။

"ဘာဖြစ်လို့လဲ… မောင်လေး ဘာဖြစ်လို့လဲ"

စောစောက အမေဖြစ်သူ ပြောခဲ့သော အိမ်ခွဲလိုက်သည်ဆိုသည့် ကိစ္စကို ရုတ်တရက် သတိရသွားကာ အမြန် မေးလိုက်လေသည်။

"ရုံဟယ့်ဆောင်နဲ့ အနောက်ဆောင်က လူတွေက အမေတို့ကို အနိုင်ကျင့်လိုက်တာလား"

"အနိုင်ကျင့်ရုံတင် ဆိုရင် တော်သေးတာပေါ့… မုကျစ်ကို ဒုတိယအိမ်တော်က ဝမ်မားမားက ရိုက်လိုက်လို့ ခေါင်းမှာ ဒဏ်ရာရသွားပြီး အခုထိ သတိမရသေးဘူး… ဒုတိယယောက္ခမက သေချာ ကုသပေးနေတယ်… တကယ်လို့များ… တကယ်လို့များ…"

စကားမဆုံးခင်မှာပင် သခင်မသုန်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေလေပြီ။

လင်ဝမ်ယိသည် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ပျက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

သူမက အမြန် မေးလိုက်လေသည်။

"ဘယ်လိုဖြစ်ရတာလဲ… အမေ မြန်မြန် ပြောပြပါဦး"

သခင်မသုန်က ရှိုက်ငိုရင်း ယွိရှင်းကျိုင်တွင် ဖြစ်ပျက်ခဲ့သမျှကို အကုန်လုံး ပြောပြလိုက်လေ၏။

ဝမ်မားမားက သစ်သားပြားဖြင့် မောင်လေးကို ရိုက်လိုက်ကြောင်း ကြားလိုက်ရသောအခါ လင်ဝမ်ယိမှာ အနောက်ဆောင်အပေါ် အလွန်အမင်း ရွံရှာမုန်းတီးသွားတော့သည်။

"ဒီနှစ်တွေတစ်လျှောက်လုံး ဒုတိယအိမ်တော်က သမီးတို့ ပထမအိမ်တော်ကို အဖတ်တောင် မလုပ်ခဲ့ဘူး… အခုတော့ အစေခံအိုကြီး တစ်ယောက်ကတောင် မောင်လေးကို ရိုက်ရဲနေပြီပေါ့… သမီးနဲ့ အစ်ကိုကြီးသာ အိမ်မှာ ရှိနေရင် ဒီကိစ္စကို လုံးဝ အဖြစ်ခံမှာ မဟုတ်ဘူး… ဝမ်မားမားကော ဘယ်မှာလဲ"

"သုန်မားမားက သူ့ကို နေရာမှာတင် ရိုက်သတ်လိုက်ပြီ"

"သတ်တာ ကောင်းတယ်… ဒါပေမဲ့ အမေ… အမေတို့ ဘယ်လိုလုပ်ပြီး အမတ်ချုပ်အိမ်တော်ကနေ ခွဲထွက်လာခဲ့တာလဲ"

"စာရင်းစာအုပ်တွေကို သုံးလိုက်တာလေ… အနောက်ဆောင်နဲ့ ရုံဟယ့်ဆောင်က အမေတို့ဆီက ယူသွားခဲ့တဲ့ ငွေကြေးတွေ အားလုံးကို ယောက္ခထီးကြီးဆီ တင်ပြလိုက်ပြီးမှ လွတ်လာတာ… မဟုတ်ရင် သုန်မားမားရဲ့ အသက်တောင် ကယ်နိုင်မှာ မဟုတ်ဘူး"

"ဒါဆို အခု အမေတို့က အဘိုးအိမ်မှာ နေနေကြတာလား"

"အင်း… မောင်လေးရဲ့ ဒဏ်ရာကို ကုသဖို့အတွက် အိမ်မှာ နေတာက ပိုအဆင်ပြေတယ်လေ"

လင်ဝမ်ယိက ခေါင်းညိတ်လိုက်သော်လည်း သူမ၏ ရင်ထဲရှိ ဒေါသများမှာ အနည်းငယ်မျှပင် လျော့ကျမသွားခဲ့ချေ။

ရုံဟယ့်ဆောင်နှင့် အနောက်ဆောင်က သူတို့ ပထမအိမ်တော်ကို မနှိပ်စက်ရပါက ကျေနပ်မည် မဟုတ်ပေ။

ယခုအခါ လူတစ်ယောက်၏ နောက်စေ့ကိုပင် ရိုက်ရဲနေပြီ ဖြစ်ရာ မောင်လေးကို ချက်ချင်း သေသွားစေချင်သည့် ရည်ရွယ်ချက်သာ ဖြစ်ပေသည်။

အကယ်၍ မသေခဲ့လျှင်တောင် တစ်သက်လုံး ရူးသွားစေရန်နှင့် သူတို့မိသားစု တစ်ခုလုံး ဘဝပျက်သွားစေရန် ရည်ရွယ်ချက် ဖြစ်၏။

စဉ်းစားကြည့်ပြီးနောက် သူမ၏ မျက်ဝန်းများထဲတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။

သူတို့က ပထမအိမ်တော်၏ သားကို မျက်လုံးထဲ မထည့်မှတော့ သူမလည်း အနောက်ဆောင်မှ လူကို ဒေါသပုံချမည်ကို အပြစ်မတင်နှင့်တော့။

မည်သို့ပင်ဆိုစေ အနောက်ဆောင်မှ အစ်ကိုဝမ်းကွဲကို သူမ ကြည့်မရသည်မှာ ကြာလှပြီ ဖြစ်ရာ ယခုအခါ လင်ကွေ့ဖေးကိုလည်း မောင်လေးတစ်ယောက် ညှဉ်းပန်းနှိပ်စက်ခံရသည့် အရသာကို မြည်းစမ်းခိုင်းရမည်။

ထိုအကြောင်းကို တွေးမိပြီး သူမက အမေဖြစ်သူကို အမြန် နှစ်သိမ့်လိုက်လေ၏။

"မောင်လေးရဲ့ ဒဏ်ရာက အရေးကြီးတယ်… ဒုတိယဦးလေးက ကုသရင်ပျောက်ကင်းနိုင်မယ်လို့ ပြောလား"

"ဒုတိယမရီးကတော့ သူတို့ရဲ့ ရွှေအပ်စိုက်နည်းက အလုပ်ဖြစ်နိုင်တယ်လို့ ပြောတယ်… ဒါပေမဲ့ မုကျစ် သတိမရလာခင်အထိတော့ ဘာမှ သေချာ မပြောနိုင်သေးဘူးတဲ့"

လင်ဝမ်ယိသည် ယခုအချိန်တွင် သူမအနေဖြင့် ဒုတိယဦးလေးထံမှ ဆေးပညာကို သေချာ မသင်ယူခဲ့မိသည်ကို အလွန် နောင်တရနေမိလေသည်။

မဟုတ်လျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမအနေဖြင့် အကူအညီပေးနိုင်မည်သာ ဖြစ်ပေသည်။

"ဒါဆို ယွင်ကျန့်မြက်ပင်ကို ပြန်ယူသွားတာ ပိုကောင်းမယ်… မောင်လေးကို တိုက်လိုက်ရင် ပိုကောင်းမှာပေါ့"

"သမီး မောင်လေးက အပြင်ဒဏ်ရာကြောင့် ဖြစ်တာလေ… အသက်ဆက်ဆေးမှုန့် သောက်ထားပြီးပြီဆိုတော့… ဒီယွင်ကျန့်မြက်ပင်က သူ့အတွက် သိပ်အသုံးမဝင်ပါဘူး"

အကယ်၍ အသုံးဝင်မည်ဆိုပါက သူတို့က လင်မုကျစ်ကို စောစောကတည်းက တိုက်ထားပြီး ဖြစ်ပေလိမ့်မည်။

သခင်မသုန် အနေဖြင့်လည်း ဤမျှလောက် အပင်ပန်းခံကာ နန်းတွင်းသို့ ယူဆောင်လာမည် မဟုတ်ချေ။

ရှအန်းသည် ဆေးများကို သေချာစွာ ထုပ်ပိုးလိုက်ရာ စုစုပေါင်း ဆယ့်နှစ်ပုလင်း ရရှိလေသည်။

ပထမဆုံးအကြိမ် နန်းတွင်းဝင်လာစဉ်က ပါလာသော ဆေးများနှင့် ပေါင်းလိုက်လျှင် နှစ်နှစ်ခန့် အသုံးပြုရန် လုံလောက်နေပြီ ဖြစ်ပေသည်။

အမှန်တကယ်တော့ ဆေးလုံးများ ဖော်စပ်သည့် နည်းလမ်းများနှင့် ကျွမ်းကျင်မှုများကို ရှအန်း ကိုယ်တိုင်လည်း သိရှိထားလေ၏။

သို့သော် နန်းတွင်းထဲတွင် ဆေးဘက်ဝင်အပင်များ ရှာဖွေရန် ခက်ခဲနေခြင်း‌ကြောင့် ဖြစ်ပေသည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သခင်မသုန် နန်းတွင်းမှ ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာခဲ့လေသည်။

လင်ဝမ်ယိသည် မည်မျှပင် ခွဲခွာရခက်နေစေကာမူ အမေဖြစ်သူ ထွက်ခွာသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့၏။

ထွက်ခွာမည့်အချိန်တွင် သုန်ကုန်းကုန်းက အထူးပစ္စည်း ယူဆောင်လာလေသည်။

အရှင်မင်းကြီးက ဆုချီးမြှင့်လိုက်သည်ဟု ဆိုပေသည်။

ပစ္စည်းများက သိပ်မများလှဘဲ ခေတ်ပေါ် ပိုးထည်အနည်းငယ်နှင့် အမျိုးသမီးများ အသုံးပြုလေ့ရှိသော လက်ဝတ်ရတနာများသာ ဖြစ်၏။

သို့သော် ဤအဓိပ္ပါယ်ကတော့ မတူညီချေ။

အခြား ကိုယ်လုပ်တော်များ၏ မိသားစုဝင်များ ရရှိသော ဆုများမှာ နန်းတွင်းရေးရာဌာနက စည်းကမ်းအတိုင်း ပေးပို့ခြင်းသာ ဖြစ်ပေသည်။

လင်ဝမ်ယိ၏ နေရာတစ်ခုတည်းတွင်သာ အရှင်မင်းကြီး ကိုယ်တိုင် ဆုချီးမြှင့်ခြင်း ဖြစ်၏။

လင်ဝမ်ယိသည် အခြားသူများ၏ အာရုံစိုက်မှုကို ခံရမည်ကို စိုးရိမ်သဖြင့် အမေဖြစ်သူကို အပြန်လမ်းတွင် သတိထားရန် အထူး မှာကြားလိုက်လေသည်။

သို့သော် ချင်အန်းကမူ ပထမသခင်မကြီးကို အိမ်အထိ လုံခြုံစွာ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်ပေသည်။

All Chapters