အခြားသူ၏ လက်ကို ငှားရမ်းခြင်း
Vol. 13 Ch. 129
လင်ဝမ်ယိက သူ့ကို အလွန် ကျေးဇူးတင်နေမိသည်။
အမှန်တကယ်တော့ သူမသည် အလွန် ကံကောင်းသူ တစ်ယောက် ဖြစ်ပေသည်။
နန်းတွင်းသို့ စတင် ဝင်ရောက်လာကတည်းက သူမ ပထမဆုံး တွေ့ဆုံခဲ့ရသူမှာ ချင်ကုန်းကုန်း ဖြစ်၏။
သူ့ကြောင့်သာ သူမအနေဖြင့် ရှောင်လုကျစ်ကဲ့သို့ သစ္စာရှိသော အစေခံတစ်ယောက်ကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ထို့နောက် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များစွာတွင်လည်း သူက အကြိမ်ကြိမ် ကူညီဆောင်ရွက်ပေးခဲ့လေသည်။
သာမန်အချိန်များတွင် သူမက သူ့အပေါ် ယဉ်ကျေးစွာ ဆက်ဆံလေ့ရှိသော်လည်း မောင်းမဆောင်တွင် ဤကဲ့သို့ ယဉ်ကျေးမှုမျိုးမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပေသည်။
တချို့အချိန်များတွင် နန်းတွင်းရေးရာဌာန၏ လက်ထောက်မိန်းမစိုးချုပ် တစ်ယောက်ဖြစ်သော ချင်အန်းက သူမကို ဘာကြောင့် ဤမျှလောက် ကူညီနေရသနည်းဆိုသည်ကို လင်ဝမ်ယိ တကယ်ကို နားမလည်နိုင်အောင် ဖြစ်ရလေ၏။
"ဒါဆိုရင် ချင်ကုန်းကုန်းကိုပဲ ဒုက္ခပေးရတော့မယ်"
ပြောရင်းနှင့် ရှအန်းကို ပိုက်ဆံအိတ်တစ်အိတ် ပေးခိုင်းလိုက်လေသည်။
ကျေးဇူးတင်စကားများစွာ ပြောဆိုရန် လိုအပ်သော်လည်း ပေးသင့်ပေးထိုက်သော ဆုငွေကိုလည်း လျှော့ချ၍ မဖြစ်ပေ။
ချင်အန်းသည်လည်း ငြင်းဆန်ခြင်း မရှိဘဲ ပိုက်ဆံအိတ်ကို လက်ခံလိုက်ပြီးနောက် သခင်မသုန်ကို သေသေချာချာ လိုက်လံ ပို့ဆောင်ပေးခဲ့လေသည်။
"အမေ စိတ်ချပါ… သမီး နန်းတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပါ့မယ်… နောက်ပိုင်း အခွင့်အရေး ရရင် သမီးတို့ ထပ်တွေ့ကြတာပေါ့"
စကားက ဤသို့ ပြောလိုက်သော်လည်း နန်းတွင်းစည်းကမ်းများက ကြီးမားလှပေသည်။
ဤတစ်ကြိမ် တွေ့ပြီးပါက နောက်တစ်ကြိမ် မည်သည့်အခွင့်အရေးတွင် ပြန်လည် ဆုံတွေ့နိုင်မည်ကို မည်သူကမျှ မသိနိုင်ချေ။
ထို့အပြင် သူမ၏ စိတ်ထဲတွင်လည်း မောင်လေးဖြစ်သူ၏ ကိစ္စအတွက် အလွန် စိုးရိမ်နေမိ၏။
ထို့ကြောင့် သူမက ရဲဝံ့စွာဖြင့် ပြောလိုက်လေသည်။
"ချင်ကုန်းကုန်း… ကျွန်မ မိသားစုကိစ္စနဲ့ ပတ်သက်ပြီး အဆင်ပြေရင် စကားတစ်ခွန်းလောက် ယူဆောင်လာပေးလို့ ရမလား… ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး… အိမ်က လူတွေ အားလုံး ကျန်းကျန်းမာမာနဲ့ အဆင်ပြေတယ်ဆိုတာကို သိရရင် ရပါပြီ"
လင်ဝမ်ယိသည် လူအများကြီး ရှေ့တွင် ဤစကားကို ပြောလိုက်ခြင်း ဖြစ်ပေသည်။
အမှန်တကယ်တော့ သူမက လောင်းကြေးထပ်လိုက်ခြင်းသာ ဖြစ်၏။
ချင်အန်းက သူမကို ကူညီခဲ့ဖူးသည်များကို အားကိုးပြီး သူ လက်ခံလိမ့်မည်ဟု သူမ ယုံကြည်ထားလေသည်။
ချင်အန်းမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် အပြုံးတစ်ခုကို ဖန်တီးလိုက်လေ၏။
"သခင်မလေး စိတ်ချပါ… နန်းတွင်းစည်းကမ်းတွေနဲ့ မဆန့်ကျင်သရွေ့ ဒီအစေခံ လုပ်ပေးနိုင်တာ အကုန် လုပ်ပေးပါ့မယ်"
စကားကို တိုက်ရိုက် မပြောသော်လည်း အဓိပ္ပါယ်ကို ရှင်းလင်းစွာ သိနိုင်ပေသည်။
လင်ဝမ်ယိ တောင်းဆိုသည်မှာလည်း အများကြီး မဟုတ်ချေ။ မောင်လေးဖြစ်သူ အန္တရာယ်မှ လွတ်မြောက်လျှင် သတင်းကို နန်းတွင်းသို့ ပေးပို့ရန်သာ ဖြစ်ပေသည်။
ဤသို့ဖြင့် သူမအနေဖြင့် စိုးရိမ်မှု အနည်းငယ် လျော့နည်းသွားနိုင်မည် ဖြစ်၏။
လူများကို ခြံဝင်းတံခါးဝမှ အတော်ဝေးဝေးအထိ လိုက်ပို့ပြီးမှသာ လင်ဝမ်ယိက ရပ်တန့်လိုက်လေသည်။
သခင်မသုန်၏ နောက်ကျောပုံရိပ် ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးနောက် သူမက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိတော့၏။
"ခရီးဝေး ပို့ပေးရပေမဲ့လည်း လမ်းခွဲရမှာပါပဲ… သခင်မလေး အရမ်းကြီး ဝမ်းနည်းမနေပါနဲ့တော့"
"အင်း… သိပါပြီ… ပြန်ကြစို့"
လင်ဝမ်ယိသည် လမ်းလျှောက်ရင်း စဉ်းစားနေမိလေသည်။
မိခင်ဖြစ်သူ နန်းတွင်းသို့ လာရောက် ပြောပြခဲ့သော သတင်းများက တကယ်ကို အံ့ဩစရာ ကောင်းလှပေသည်။
ဒုတိယအိမ်တော်နှင့် ပထမအိမ်တော်အကြားတွင် မသင့်မြတ်မှုများ ရှိသော်လည်း နှစ်ပေါင်းများစွာ ကြာလာသည့်တိုင်အောင် စကားဖြင့်သာ အပြန်အလှန် တိုက်ခိုက်လေ့ ရှိကြ၏။
ဘာကြောင့် ဤတစ်ကြိမ်တွင် ဤမျှလောက် ပြင်းပြင်းထန်ထန် ဒေါသထွက်ခဲ့ကြသနည်း။
စဉ်းစားကြည့်လေ အကြောင်းရင်း တစ်ခုတည်းသာ ရှိနိုင်ကြောင်း သူမ တွေ့လိုက်ရပေသည်။
၎င်းမှာ လင်ကွေ့ဖေးက အန္တရာယ်ကို ခံစားလိုက်ရသဖြင့် ပထမအိမ်တော်၏ အင်အားကို နှိမ်နှင်းရန် အပြင်သို့ သတင်းပို့လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
မင်းသမီးရုံခန့်သည် အလွန် သတိထားတတ်သူ ဖြစ်ပြီး အာဏာရှင်ဆန်သော်လည်း အလုပ်လုပ်ရာတွင် အခြားသူများ အပြစ်တင်စရာ အကြောင်း မချန်ထားခဲ့တတ်ချေ။
ထို့ကြောင့် ဤကိစ္စသည် မိုက်မဲပြီး ဆိုးယုတ်လှသော ဒုတိယအဒေါ် ဝမ်ရှီ၏ လက်ချက်သာ ဖြစ်ပေလိမ့်မည်။
ဤကိစ္စအပြီးတွင် သူမအနေဖြင့် အချိန်အတန်ကြာ ငြိမ်သက်သွားနိုင်ပေသည်။
သို့သော် သူမ သတိပြန်ဝင်လာပါက သေချာပေါက် လက်စားချေလိမ့်မည်မှာ အသေအချာပင်။
သုန်မိသားစုမှာ သာမန် ကုန်သည်မိသားစုသာ ဖြစ်ရာ အမတ်ချုပ်အိမ်တော်၊ ကျန်းမင်းသားအိမ်တော်နှင့် ဝမ်မိသားစုတို့၏ တိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိပါမည်လား။ထိုအကြောင်းကို တွေးမိပြီးနောက် သူမ၏ အကြည့်များတွင် ပို၍ ခိုင်မာမှုများ ပါဝင်လာခဲ့တော့၏။
လင်ကွေ့ဖေးက အန္တရာယ်ရှိနေသည်ဟု ထင်နေမှတော့ သူမ၏ အာရုံကို လွှဲပြောင်းရန် ပိုမို ကြီးမားသော အန္တရာယ်များကို ရှာဖွေပေးရမည်သာ ဖြစ်ပေသည်။
သူမနှင့် ယှဉ်ပြိုင်နိုင်သူမှာ သေချာပေါက် ယီဖေးပင် ဖြစ်၏။
လွန်ခဲ့သော ရက်အနည်းငယ်က လျိုမိသားစု ဒုက္ခရောက်နေကြောင်း ချိုးမင်ထံမှ သူမ ကြားသိခဲ့ရပြီး ဖြစ်ရာ လျိုမိသားစုဝင် တစ်ဦးဖြစ်သော ယီဖေးအနေဖြင့် သေချာပေါက် စိုးရိမ်ပူပန်နေမည်သာ ဖြစ်ပေသည်။
သို့သော် မည်သို့ လုပ်ဆောင်ရမည်နည်း။ ယီဖေးနှင့် သတိမထားမိအောင် မည်သို့ အဆက်အသွယ် လုပ်ရမည်နည်း။
ထို့အပြင် ယီဖေး၏ လက်ကို ငှားရမ်း၍ လင်ကွေ့ဖေးကို သင်ခန်းစာပေးရန် မည်သို့ လုပ်ဆောင်ရမည်နည်း။
လင်ဝမ်ယိ၏ ခေါင်းထဲတွင် အဆက်မပြတ် စဉ်းစားနေမိလေသည်။
သူမ ခြံဝင်းထဲသို့ ပြန်ရောက်လာချိန်တွင် စင်္ကြံလမ်း၌ စောင့်နေသော ဒုတိယမင်းသားကို တွေ့လိုက်ရပေသည်။
လင်ဝမ်ယိ ဝင်လာချိန်တွင် မျက်နှာအမူအရာ မကောင်းသည်ကို မြင်သောအခါ…
သူက ချက်ချင်းပင် လျှောက်လာပြီး နှစ်သိမ့်ပေးလိုက်လေ၏။
"လင်နျန်နျန် ဝမ်းနည်းမနေပါနဲ့… လင်သခင်မကြီးကို တွေ့ဖို့ အခွင့်အရေးတွေ ရှိပါသေးတယ်"
ဒုတိယမင်းသား၏ အပြစ်ကင်းစင်သော ပုံစံကို ကြည့်ရင်း လင်ဝမ်ယိက ပြုံးလိုက်မိလေသည်။
အိမ်တွင်း ပြဿနာများက သူ၏ စိတ်နှလုံးကို အနှောင့်အယှက် ဖြစ်စေမည်ကို သူမ မလိုလားခဲ့ချေ။
ထို့ကြောင့် သူမက ချက်ချင်းပင် မေးလိုက်၏။
"ဒုတိယမင်းသား ပြောတာ မှန်ပါတယ်… ဒီနေ့ နေ့လယ်စာ စားရတာ အဆင်ပြေရဲ့လား"
"အင်း… ချွမ်ချီက ကျွန်တော် ကြိုက်တာတွေကို အထူးတလည် ချက်ပေးတယ်… ထမင်း နှစ်ပန်းကန်တောင် စားလိုက်ရတယ်"
သူပြောသော ပန်းကန်ဆိုသည်မှာ သာမန် ပန်းကန်လုံးသာ ဖြစ်ပေသည်။
သို့သော် ယခင်ကနှင့် နှိုင်းယှဉ်ပါက ဟွေ့ဖန်းယာခြံဝင်းသို့ ရောက်လာပြီးကတည်းက သူ အမှန်တကယ် ပိုစားနိုင်လာခဲ့ခြင်း ဖြစ်၏။
တစ်ညတုန်းက တုမားမားကတောင် ဒုတိယမင်းသား၏ အဝတ်အစားများ တိုနေသယောင် ရှိသည်ဟု ပြောခဲ့ဖူးလေသည်။
ယူကြည့်လိုက်သောအခါ အမှန်တကယ်ပင် ထိုသို့ ဖြစ်နေကြောင်း တွေ့လိုက်ရပေသည်။
ထို့ကြောင့် ပန်းထိုးဌာနမှ လူများ လာရောက်၍ အရွယ်အစား ပြန်လည် တိုင်းတာကာ ဒုတိယမင်းသားအတွက် အဝတ်အစားသစ်များ ချုပ်လုပ်ပေးရန် စီစဉ်နေကြခြင်း ဖြစ်၏။
လင်ဝမ်ယိကလည်း သူ့အတွက် ဆောင်းတွင်းဝတ် အင်္ကျီနှစ်ထည် ချုပ်ပေးရန် ကတိပေးထားသော်လည်း ယခုအချိန်အထိ အထည်သား မရွေးချယ်ရသေးချေ။
ဒုတိယမင်းသားအတွက် ဆောင်းတွင်းဝတ် အင်္ကျီမချုပ်ပေးရသေးသော အကြောင်းရင်းမှာ သူမ လက်ထဲတွင် ချုပ်လုပ်စရာ အဝတ်အစားများ အလွန် များပြားနေသောကြောင့်ပင်။
အရှင်မင်းကြီးသည် သူမ ချုပ်လုပ်ပေးသော နွေရာသီဝတ် အင်္ကျီနှင့် သာမန်အဝတ်အစားများကို ဝတ်ဆင်ပြီးနောက် ပန်းထိုးဌာနမှ ပို့လာသော အဝတ်အစားများကို ဘေးဖယ်ထားလိုက်တော့၏။
သာမန်အချိန်များတွင် အချိန်အများစု၌ ဤအဝတ်အစားများကိုသာ ဝတ်ဆင်လေ့ရှိသဖြင့် တဖြည်းဖြည်းနှင့် မလုံလောက်သလို ဖြစ်လာခဲ့ပေသည်။
လင်ဝမ်ယိမှာ နွေရာသီဝတ် အင်္ကျီများ ချုပ်ပြီးလျှင် ဆောင်းဦးဝတ် အင်္ကျီများ ဆက်ချုပ်ရပြီး ဆောင်းဦးဝတ် အင်္ကျီများ ပြီးလျှင် သားရေအင်္ကျီ ချုပ်ရန် အထည်သား ရွေးချယ်ရပြန်သည်။
ဤကဲ့သို့ အဆက်မပြတ် အလုပ်များနေသဖြင့် တစ်နှစ်ပတ်လုံး အနားယူရမည့်ရက်ပင် မရှိတော့ချေ။
ဒုတိယမင်းသားအတွက် အချိန်ပေးနိုင်ခြင်းကပင် တော်လှပြီ ဖြစ်ပေသည်။
ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ ဒုတိယမင်းသားက မည်သည့် မကျေနပ်မှုမျှ မရှိခဲ့ချေ။
အမှန်တကယ်တော့ သူက မျှော်လင့်တကြီး စောင့်စားနေခဲ့ခြင်း ဖြစ်၏။
"စားနိုင်တာက ကောင်းချီးတစ်မျိုးပဲ… ဒါက ဒုတိယမင်းသားရဲ့ ခန္ဓာကိုယ် တဖြည်းဖြည်း ကောင်းလာပြီဆိုတဲ့ သဘောပဲလေ"
"တုမားမားကလည်း အဲဒီလိုပဲ ပြောတယ်… ကျွန်တော်က တတိယညီတော်ထက် အသက်ပိုကြီးပေမဲ့ သူ့လောက် အရပ်မရှည်ဘူး… ကျွန်တော်များများစားရင် သေချာပေါက် အရပ်ရှည်လာမှာပါ"
ဒုတိယမင်းသားသည် ယုံကြည်မှု အပြည့်ရှိနေသော်လည်း လင်ဝမ်ယိကမူ ထိုသို့ မထင်ခဲ့ချေ။
အရပ်ရှည်ခြင်းဆိုသည်မှာ မျိုးရိုးနှင့် များစွာ သက်ဆိုင်ပေသည်။
ယီဖေးသည် စစ်သူကြီး မိသားစုမှ ဆင်းသက်လာသူ ဖြစ်ရာ မျိုးဆက်ပေါင်းများစွာ စုဆောင်းလာခဲ့သော အမွေအနှစ်များကြောင့် သူတို့မိသားစုမှ မွေးဖွားလာသော ကလေးများမှာ ပိုမို ကျန်းမာသန်စွမ်းကြမည်မှာ သေချာပေသည်။
ထို့ကြောင့် တတိယမင်းသားသည် အခြားသူများနှင့် နှိုင်းယှဉ်ပါက ပိုမို ကြီးမားပြီး သွက်လက်နေခြင်း ဖြစ်၏။
လင်ဝမ်ယိသည် စူးဖေးကို မမြင်ဖူးသဖြင့် မည်ကဲ့သို့သော အမျိုးသမီးမျိုး ဖြစ်သည်ကို မသိချေ။
သို့သော် အရှင်မင်းကြီးဘက်မှ ကြည့်မည်ဆိုလျှင် အရပ်ရှည်ရန်မှာ မခက်ခဲလှပေ။
ထို့ကြောင့် သူမက အားပေးစကား ပြောလိုက်လေသည်။
"ပြဿနာ မရှိပါဘူး… ဒုတိယမင်းသား သေချာပေါက် အရပ်ရှည်လာမှာပါ"
သူတို့နှစ်ဦး အပြန်အလှန် ကြည့်ကာ ပြုံးလိုက်ကြပြီး လင်ဝမ်ယိ၏ စောစောက ဝမ်းနည်းမှုများမှာလည်း အများကြီး လျော့ပါးသွားတော့၏။
ညစာကို လင်ဝမ်ယိနှင့် ဒုတိယမင်းသားတို့ အတူတကွ စားသောက်ခဲ့ကြပြီး အရှင်မင်းကြီး ရောက်မလာခဲ့ချေ။
လင်ဝမ်ယိသည် ရှားရှားပါးပါး ချိုးမင်ကို စေလွှတ်၍ အရှင်မင်းကြီး မည်သည့်နေရာသို့ ရောက်နေသည်ကို စုံစမ်းခိုင်းလိုက်လေသည်။
၎င်းက ဟွေ့ဖန်းယာခြံဝင်းမှ အစေခံများကို အလွန် စူးစမ်းချင်စိတ် ဖြစ်ပေါ်စေခဲ့၏။
"သခင်မလေး… ဒါက"
အရင်ကဆိုလျှင် အရှင်မင်းကြီး မကြာခဏ ရောက်လာတတ်သဖြင့် သခင်မလေးမှာ မျက်နှာပျက်နေတတ်ပေသည်။ အကယ်၍ တစ်နေ့နေ့တွင် အရှင်မင်းကြီး ရောက်မလာပါက သူမက အေးအေးဆေးဆေး နေရသဖြင့် ပျော်ရွှင်နေတတ်၏။ သို့သော် ယနေ့ ဘာကြောင့် အရှင်မင်းကြီး ဘယ်ရောက်နေသလဲဟု စုံစမ်းနေရသနည်း။ နားလည်သွားပြီလားဟု အစေခံများက တွေးတောနေကြသည်။
"အရှင်မင်းကြီးက နောက်ကွယ်ကနေ အများကြီး စီစဉ်ပေးခဲ့မှန်း ငါ မသိခဲ့ဘူး… နန်းတွင်းစည်းကမ်းအရ တွေ့ခွင့်ရတာလို့ပဲ ထင်နေခဲ့တာ"
အမှန်တကယ်တော့ သခင်မသုန် ရောက်လာခြင်းက လင်ဝမ်ယိကို အရှင်မင်းကြီး မပြောပြခဲ့သော ကိစ္စအချို့ကို သိရှိသွားစေခဲ့ပေသည်။
"အရှင်မင်းကြီးက သခင်မလေး အဆိပ်မိလို့ ဝမ်းနည်းနေမှာ စိုးလို့ နေမှာပါ… ဒါကြောင့် သခင်မလေး စိတ်အေးချမ်းသွားအောင် မိသားစုဝင်တွေကို လာတွေ့ခိုင်းတာ ဖြစ်ရမယ်"