← Chapters

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း (၂၅၁) ပေါက်ကွဲမှုကြီး [၁]

အကျဉ်းထောင်မှ ထွက်လာသည့် လမ်းတစ်လျှောက် ပိုင်ချူးရန်ကို မြင်ခဲ့သော နတ်ဆိုးအစောင့်အားလုံးသည် အသံပင် မထွက်နိုင်မီမှာပင် မေ့မြောသွားအောင် ရိုက်နှက်ခြင်း ခံလိုက်ရသည်။ ပိုင်ချူးရန်သည် မြို့ထဲသို့ အတားအဆီးမဲ့စွာ ဆက်သွားကာ မြောက်ပိုင်းနတ်ဆိုးနယ်မြေ၏ အရှင်သခင်ဖြစ်သော ဝက်ဝံဖြူ၏ အခန်းဆီသို့ ဦးစွာ ရောက်ရှိလာ၏။

ယခင်က ပြောခဲ့သည့်အတိုင်း ဤဝက်ဝံသည် သူ၏လက်အောက်ရှိ နတ်ဆိုးဘုရင်တစ်စုကို ခေါ်ဆောင်ကာ သောက်စားပျော်ပါးနေသော်လည်း ဝန်ကြီးချုပ် ယွင်ခွန်းဘက်မှ မျောက်ဝံနှင့် နဂါးတို့သည် ဤနေရာတွင် မရှိကြပေ။

မြောက်ပိုင်း နတ်ဆိုးနယ်မြေ၏ ဓလေ့များမှာ အလွန်ကြမ်းတမ်းပုံရ၏။ ဝက်ဝံဖြူနှင့် ကျားပျံတို့သည် အရက်မူးနေကြပြီဖြစ်သည်။ သူတို့သည် သားမွေး ရင်စည်းနှင့် ဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားသော လှပလှသည့် နတ်ဆိုးမိန်းမပျိုလေးများကို ဖက်တွယ်ထားကြပြီး နီမြန်းနေသော မျက်နှာများဖြင့် ရယ်မောနေကြ၏။ မြေခွေးဖြူ၏ နေရာသည် လွတ်နေသော်လည်း သူ့အတွက် အရက်နှင့် အစားအစာများကို ပြင်ဆင်ပေးထားပြီးဖြစ်သည်။ အခြားတစ်ဖက်ရှိ နတ်ဆိုးနွားမှာမူ အားနည်းနွမ်းနယ်မှုများ ပြည့်နှက်နေပြီး သူ၏ဘေးတွင် ထိုင်နေသော သွေးဆောင်ဖြားယောင်းနေသည့် မိန်းမပျိုများကို လျစ်လျူရှုကာ စားပွဲပေါ်ရှိ အစားအစာများကိုသာ ငေးမောကြည့်နေ၏။

ပိုင်ချူးရန်သည် တံခါးအပြင်ဘက်တွင် သုံးစက္ကန့်ခန့် ရပ်၍ စဉ်းစားနေပြီးနောက် တံခါးပေါ်သို့ လက်ဝါးကို ဖိကပ်လာသည်။ သူ၏ကိုယ်တွင်းရှိ ချီစွမ်းအင်များ ဆူပွက် ပေါက်ကွဲထွက်လာပြီ အလွန်တရာ ပူပြင်းလှကာ ငြိမ်းသတ်၍မရသည့် အစစ်အမှန် မီးတောက်အဖြစ်သို့ ပြောင်းလဲသွားပြီး လက်ဝါးထဲတွင် စုစည်းသွား၏။

ပိုင်ချူးရန်သည် ဤအပူချိန်ပြင်းပြသော မီးတောက်ကို အသုံးပြု၍ တံခါးကို အရည်ပျော်စေကာ အပေါက်လေးတစ်ခု ဖောက်သည်။ ထို့နောက် ငြိမ်းသတ်၍မရသော မီးတောက်များကို မီးပုတီးစေ့ပုံစံဖြင့် အနည်းငယ် ပြုလုပ်၏။ ထိုမီးပုတီးစေ့များ အားလုံးသည် လက်ဝါးအရွယ်အစားရှိသော အပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ဝင်ရောက်သွားပြီး အသံတစ်ခုကို ထွက်ပေါ်လာစေသည်။

——————

မြို့အပြင်ဘက်တွင်မူ စစ်ပွဲမှာမူ ပြင်းထန်နေဆဲပင်။ စုရှန်ရွှယ်တွင် လူဒါဇင်အနည်းငယ်သာ ကျန်ရှိတော့သော်လည်း မြေခွေးဖြူသည် သူမအား နှိမ်နင်းရန် အခက်တွေ့နေရဆဲဖြစ်သည်။

ယခုအချိန်အထိ တောင့်ခံထားနိုင်သော နတ်ဆိုးစစ်သည် အယောက်နှစ်ဆယ်ကျော်သည် စစ်တလင်းပေါ်တွင် သူတို့၏ သွေးမျိုးဆက်နိုးထမှုကို အလုံးစုံ ပြီးမြောက်သွားပုံရ၏။ စုရှန်ရွှယ်၏ စောင်းသံ ထောက်ပံ့မှုနှင့်အတူ သူတို့သည် အဆင့်တူညီသော ရန်သူများကို ရင်ဆိုင်ရလျှင်ပင် ကြက်ပေါက်၊ ခွေးပေါက်များကို သတ်သည့်အလား အလွယ်တကူ သတ်ဖြတ်နိုင်ကြသည်။

နှစ်ဖက်စလုံးသည် နံနက်စောစောမှစ၍ ကောင်းကင်လင်းထိန်လာသည်အထိ တောက်လျှောက် တိုက်ခိုက်၏။ စုရှန်ရွှယ်ဘက်မှ အင်အားလျော့ကျသွားခြင်း မရှိဘဲ ဧကရာဇ်မြို့တော် တပ်မတော်နှင့် မြောက်ပိုင်း နတ်ဆိုးနယ်မြေ တပ်မတော်တို့မှာသာ မြေပြင်ပေါ်တွင် အလောင်းဒါဇင်ပေါင်းများစွာကို ထပ်မံစတေးခဲ့ရသည်။

သို့သော်လည်း ဆက်တိုက်ဆိုသလို ပြင်းထန်သော တိုက်ပွဲများအောက်တွင် စုရှန်ရွှယ်ကိုယ်တိုင် အပါအဝင် သူမဘက်မှ လူများသည် အနည်းငယ် ပင်ပန်းနွမ်းနယ်သည့် လက္ခဏာများကို ပြလာကြ၏။ ထိူအရာကို မြင်သောအခါ မြေခွေးဖြူက အလျင်စလို ဖြောင်းဖျသည်။ "မင်းသမီး။ ရပ်လိုက်ကြရအောင်။ မင်း ရှုံးဖို့ သေချာနေပါပြီ။ အခု ဒီလူ နှစ်ဆယ်ကျော်ပဲ ကျန်တော့တာ အားလုံးက သစ္စာရှိပြီး သန်မာတဲ့ စစ်သည်တွေချည်းပဲ။ သူတို့ကို ဒီနေရာမှာ သေခိုင်းလိုက်ရင် နှမြောစရာလည်း ကောင်းပါတယ်။"

စုရှန်ရွှယ်သည် ထိုစကားကို ကြားသောအခါ လှောင်ပြုံးပြုံးပြီး မေး၏။ "မြေခွေးဖြူရဲ့ စကားကို ကြားရတာ ဒီမင်းသမီး ရှုံးဖို့ သေချာနေပြီလို့ ထင်နေတာလား။"

"မဟုတ်လို့လား။"

မြေခွေးဖြူမင်းသည် ပတ်ဝန်းကျင်ကို ခေတ္တမျှ ဝှေ့ကြည့်ပြီးနောက် ပြန်ပြောသည်။ "ဓားဘိုးဘေးကိုလည်း နှိမ်နင်းလိုက်ပြီဆိုတော့ မင်းသမီးမှာ အားကိုးစရာ ဘာကျန်သေးလို့လဲ။ ကျွန်တော်မျိုးကြီး စကားကို လွန်ကျူးမိတယ်လို့ မထင်ပါနဲ့ မင်းသမီးရဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်က စစ်တပ်ကို ကွပ်ကဲတဲ့ပုံစံက လေ့ကျင့်သင်ကြားထားတဲ့ စစ်သူကြီးတစ်ယောက်နဲ့ တကယ်ကို မတူပါဘူး။"

"ဟုတ်တယ်။ ဒီမင်းသမီးက ဒီနေရာမှာ မရှိမဖြစ်တဲ့သူ မဟုတ်ပေမဲ့ အာဏာအတွက် တိုက်ခိုက်ရုံကလွဲလို့ ရွေးချယ်စရာ မရှိဘူးလေ။ စစ်ချီတာ၊ တိုက်ခိုက်တာတွေနဲ့ ယှဉ်ရင် ဒီမင်းသမီးက စောင်းတီးတာ၊ စစ်တုရင်ကစားတာ၊ စာရေးတာ၊ ပန်းချီဆွဲတာ၊ ပန်းထိုးတာ၊ ဟင်းချက်တာတွေမှာ ပိုကျွမ်းကျင်တယ် ဒါပေမဲ့ လောလောဆယ် အနောက်ပိုင်း နတ်ဆိုးနယ်မြေမှာ ခေါင်းဆောင် မရှိဘူးလေ။ ဒီမင်းသမီးလည်း တပ်ကို ယာယီ ကွပ်ကဲဖို့ကလွဲလို့ ရွေးချယ်စရာ မရှိဘူး ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါ့တပ်မှ မဟုတ်တာ။"

စုရှန်ရွှယ်သည် အဓိပ္ပာယ်ပါပါ ပြုံးကာ ဆက်ပြော၏။ "မြေခွေးဖြူ။ နင်က ပိုင်ချူးရန်ကို အောင်အောင်မြင်မြင် နှိမ်နင်းလိုက်ပြီလို့ တကယ်ပဲ ထင်နေတာလား။"

မြေခွေးဖြူ အံ့အားသင့်သွားရသည်။ "မင်းသမီး ဘာကို ပြောချင်တာလဲ။"

"ပြောချက်တာက ပိုင်ချူးရန်ကို နားမလည်သေးဘူးလို့ ပြောတာ။"

စုရှန်ရွှယ်က မေးစေ့ကို ပင့်လိုက်သည်။ "ဟိုဘက်ကို ကြည့်လိုက်ဦး။"

မြေခွေးဖြူသည် ခေါင်းကို လှည့်ကြည့်လိုက်ရာ ရုတ်တရက် အနောက်ဘက်ရှိ မြို့တွင်းမှ မြို့စားအိမ်တော်တွင် ကမ္ဘာမြေကိုပင် တုန်လှုပ်စေလောက်သော ပေါက်ကွဲမှုကြီးတစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာပြီး လိမ့်တက်နေသော မီးခိုးလုံးများနှင့် မီးတိုင်ကြီးသည် အော်ဟစ်ငိုယိုသံများစွာနှင့် ရောနှောကာ ကောင်းကင်ယံသို့ ထိုးတက်သွား၏။

All Chapters